Saturday, December 6, 2014

လင် (သို့မဟုတ်) မယား တစ်ဦးဦးအပေါ်ချမှတ်သော ဒီကရီအတွက် လင်မယားနှစ်ဦးပိုင်ပစ္စည်းကို ၀ရမ်းစွဲကပ်ခွင့်ရှိမရှိ။


လင် (သို့မဟုတ်) မယား တစ်ဦးဦးအပေါ်ချမှတ်သော ဒီကရီအတွက် လင်မယားနှစ်ဦးပိုင်ပစ္စည်းကို ၀ရမ်းစွဲကပ်ခွင့်ရှိမရှိ။


အင်၊ အေ၊ ဗွီ၊ အာရ် ချစ်တီးဖမ်း နှင့် မောင်သံဒိုင် (၉ ၊ ရန်ကုန်၊ စာ - ၅၂၄) တွင်

"ထိမ်းမြားလက်ထပ်ခြင်းမပြုမီ သို့မဟုတ် ထိမ်းမြားလက်ထပ်ပြီးနောက် လင် သို့မဟုတ် မယားတင်ရှိသည့် အကြွေးအတွက် ၄င်း၏ ပါရင်းပစ္စည်း နှင့် လင်မယားနှစ်ဦးပိုင်ပစ္စည်းရပ်များမှ ၄င်း၏ အကျိုးခံစားခွင့်များကို ကြွေးရှင်က ၀ရမ်းကပ်ပြီးရောင်းချပစ်နိုင်ခွင့် ရှိပေသည်။
လင်မယားနှစ်ဦးပိုင်ပစ္စည်းကို ဇာရီပြုလုပ်လိုလျှင် အမှုစွဲဆိုစဉ်က လင်မယား နှစ်ဦးစလုံးကို တရားပြိုင်အဖြစ်ထည့်သွင်းစွဲဆိုရမည်။အကယ်၍ နှစ်ဦးစလုံးအပေါ် ဒီကရီမကျလျှင် လင်မယား နှစ်ဦးပိုင်ပစ္စည်းကို ၀ရမ်းမကပ်နိုင်ကြောင်း" စီရင်ထုံးဖွဲ့ခဲ့ပါသည်။

ယင်းစီရင်ထုံးမှာ ယခုအခါ အတည်တကျဖြစ်လျက်ရှိပါသည်။

ထို့ကြောင့် လင် (သို့မဟုတ်) မယား တစ်ဦးဦးအပေါ်ချမှတ်သော ဒီကရီအတွက် လင်မယား နှစ်ဦး ပိုင်ပစ္စည်းကို ၀ရမ်းစွဲကပ်ခွင့်ရှိမည်မဟုတ်ဘဲ
ဒီကရီချမှတ်ခံရသည့် တရားရှုံးလင် သို့မဟုတ် မယား၏
အကျိုးခံစားခွင့်(ဝေစု)အပေါ်တွင်သာ ၀ရမ်းကပ်ပြီးရောင်းချပစ်နိုင်ခွင့်ရှိမည်ဖြစ်ပါသည်။

လင်မယား နှစ်ဦးစလုံးကို တရားပြိုင်အဖြစ် ထည့်သွင်းစွဲဆိုထားမှသာ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လင်မယားနှစ်ဦးစလုံးကို တရားမကြီးမှုတွင် တရားပြိုင်အဖြစ်စွဲဆိုနိုင်ရန်မှာ လွယ်ကူလှသည်တော့မဟုတ်ပါ။

ဥပမာ ငွေချေးယူရာ လင်မယား နှစ်ဦးစလုံးချေးယူခြင်းဖြစ်ရန်လိုပါမည်။ လင်မယား နှစ်ဦး စလုံးချေးယူခြင်းမဟုတ်ပါက ပဋိညာဉ်တွင် မပါသူ လင် (သို့မဟုတ်) မယား ကို တရားပြိုင် အဖြစ်ထည့်သွင်းစွဲဆိုနိုင်လိမ့်မည်မဟုတ်ပါ။ ဒေါ်ခင်စောဝေ နှင့် ဒေါ်အေးအေးသောင်းပါ ၃ ( ၁၉၉၂၊ မတစ၊ စာ - ၂၀)တွင် ကြည့်ပါ။

သို့ရာတွင် မိသားစုလုပ်ငန်းတွင် လင်ကသာ ဦးဆောင်လုပ်ကိုင်စေကာမူ
ချေးငွေမှာ မိသားစု၏ လုပ်ငန်းအတွက်ဖြစ် ပြီး မယားသည် လင်၏ဆောင်ရွက်မှုများကို သဘောတူကြောင်း မှတ်ယူရမည့်အကြောင်းအရာများပေါ်ပေါက်လျှင် မယားကို တရားပြိုင် အဖြစ်ထည့်သွင်းနိုင်မည်ဖြစ်ပြီး ချေးငွေအတွက် မယားတွင်လည်း တာဝန်
ရှိမည်ဖြစ်ပါသည်။ အဆိုပါမူသဘောကို နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်
နှင့် ဦးဖိုးဒန် ( ၁၉၆၆၊ မတစ၊ စာ - ၂၅၂)တွင်တွေ့မြင်နိုင်ပါသည်။

သို့ဖြစ်ရာ ငွေချေးရာတွင်ဖြစ်စေ၊ အခြားအကြောင်းကိစ္စတစ်ခု နှင့်ဖြစ်စေ နောက်ပိုင်းတွင် လင်မယားနှစ်ဦးပိုင်ပစ္စည်းကို အရေးယူဆောင်ရွက်ရန် ရည်ရွယ်သည့်ကိစ္စများတွင် မူလပဋိညာဉ်ပြုစဉ်ကပင် လင်မယားနှစ်ဦးစလုံးနှင့် ပဋိညာဉ်ပြုထားသင့်ပေသည်။

သို့မှသာ တရားစွဲဆိုရာတွင်လည်းကောင်း၊ ဒီကရီအတည်ပြုရာတွင်လည်းကောင်း အဆင်ပြေချောမွေ့မည်ဖြစ်ပါသည်။

လင် (သို့မဟုတ်) မယား တစ်ဦးဦးအပေါ်ချမှတ်သော ဒီကရီအတွက်ဝါရမ်းစွဲကပ်ခြင်း။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အထက်တွင်ဖော်ပြထားသော အင်၊ အေ၊ ဗွီ၊ အာရ် ချစ်တီးဖမ်း (၉ ၊ ရန်ကုန်၊ စာ - ၅၂၄)စီရင်ထုံးအရ လင်မယားနှစ်ဦးပိုင်ပစ္စည်းတစ်ခုလုံးကို ၀ါရမ်းကပ်ရောင်းချနိုင်ခွင့် မရှိသော်လည်း ဒီကရီချမှတ်ခံရသည့် (တရားရှုံး) လင် သို့မဟုတ် မယား၏အကျိုးခံစားခွင့်(ဝေစု)အပေါ်တွင် ၀ရမ်းကပ်ပြီးရောင်းချပစ်နိုင်ခွင့်ရှိကြောင်း တင်ပြပြီးဖြစ်ပါသည်။

ဝါရမ်းတွင် ပစ္စည်းအမည်ဖော်ပြ၍ တရားရှုံး လင် (သို့မဟုတ်) မယား၏ အကျိုးခံစားခွင့် (ဝေစု)ကို ၀ရမ်းစွဲကပ်ခြင်းဖြစ်ကြောင်း ထင်ထင်ရှားရှားဖော်ပြရန်ဖြစ်ပါသည်။ လေလံတင်ရောင်းချရာတွင် လည်း ပစ္စည်းစာရင်းတွင် ယင်းသို့ ထင်ထင်ရှားရှားဖော်ပြရောင်းချရန်ဖြစ်ပါသည်။

အကျိုးခံစားခွင့်(ဝေစု)ကို ၀ရမ်းစွဲကပ်ရာတွင် သတိပြုရန် အချက်တစ်ရပ်ရှိပါသည်။ လင်မယားနှစ်ဦးပိုင်ပစ္စည်းသည် ရွှေ့ပြောင်းနိုင်သောပစ္စည်းဖြစ်လျှင် အမိန့် - ၂၁၊ နည်း - ၄၃ အရ ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ နည်း - ၄၇ အရ သာဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

သို့ရာတွင် နည်း - ၄၇ အရ တားမြစ်သည့်အကြောင်းကြားစာပုံစံ GUARD BOOK တွင် လည်းကောင်း၊တရားမကျင့်ထုံးဥပဒေ နောက်ဆက်တွဲပုံစံများတွင်လည်းကောင်း
ဖော်ပြထားခြင်းမရှိသဖြင့် လင်မယားနှစ်ဦးပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်းတွင်
တရားရှုံးလင် သို့မဟုတ် မယား၏ ဝေစု ကို ၀ရမ်းကပ်ရန်ပြဿသ နာမှာ
အတော်ဒုက္ခတွေ့နိုင်ပါသည်။

ဝါရမ်းကပ်ထားသောဝေစုကို နည်း - ၆၆ နှင့်အညီလေလံတင်ရောင်းချရာတွင်
လေလံအောင်လျှင် နည်း - ၉၂ အရ တရားရုံးက ရောင်းချခြင်းအတည်ဖြစ်ကြောင်း အမိန့်ချမှတ်ပြီး လေလံဆွဲဝယ်ယူသူက တံဆိပ်ခေါင်းတင်ပြလျှင် နည်း -၉၄ အရ ၀ယ်ယူသည့်ပစ္စည်းနှင့်ပတ်သက်၍ အရောင်းသက်သေခံ လက်မှတ်ထုတ်ပေးပါမည်။

လေလံဆွဲဝယ်ယူသူသည် နည်း - ၉၄ အရ သက်သေခံလက်မှတ်ရရှိသော်လည်း
နည်း - ၉၅ အရ တရားရှုံး လင် (သို့) မယား၏ဝေစုကို လက်ရောက်ရယူရန်
ဆောင်ရွက်နိုင် မည်မဟုတ်ပါ။

အဘယ်ကြောင့်ဆိုသော် တရားရုံးသည် တရားရှုံး လင် (သို့) မယား၏ အကျိုးခံစားခွင့်ကိုသာ ၀ရမ်းကပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ ရောင်းတဲ့အတိုင်းအတာကို ခွဲခြားသတ်မှတ်ခြင်း မပြုရသေးပါ။

မည်သည့်အပိုင်းဖြစ်ကြောင်း သီးခြားခွဲဝေသတ်မှတ်၍ မရသည့် အနေအထားမှာ တရားရှုံး လင် (သို့) မယား၏ဝေစုသည် မည်သည့် အပိုင်ဖြစ်သည်ဆိုပြီး လက်ရောက်ပေးအပ်ရန် မဖြစ်နိုင်ပါ။

လေလံဆွဲဝယ်ယူသူနှင့် တရားရှုံးမဟုတ်သည့် လင် (သို့) မယားသည် ယင်းပစ္စည်းကိုပူးတွဲပိုင်သည့် အခြေအနေကို သက်ရောက်သွားပါသည်။ ပူးတွဲပိုင်ပစ္စည်းဖြစ်သည့်အချက်တွင် ပစ္စည်းခွဲဝေပေးစေလိုမှုသာ စွဲဆိုနိုင်မည်ဖြစ်ပြီး လက်ရောက်ရလိုကြောင်း တောင်းခံနိုင်မည်မဟုတ်ပါ။

လေလံဆွဲဝယ်ယူသူမှ တရားရှုံးမဟုတ်သည့် လင် (သို့) မယား အပေါ် ပစ္စည်းခွဲဝေပေးစေလိုမှု စွဲဆိုရန်ဖြစ်ပါသည်။

စောဒက တက်ရန်အချက်တစ်ခုရှိပါသည်။ လင်မယားနှစ်ဦးကွာရှင်းခြင်း မပြုရသေးသည့်အနေအထားတွင် လင်မယားနှစ်ဦးပိုင်ပစ္စည်းကို ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုခွင့်ရှိပါမည်လားဟု စောဒကတက်ရန်ရှိပါသည်။

မောင်ကျင်မောင် နှင့် မ၀ိုင်းကြည် ( ၁၉၆၃၊ မတစ၊ ၉၁၂ ( ၉၁၇) စီရင်ထုံးတွင် မယားရဲ့ဝေစုကို လေလံတင်ရောင်းချတဲ့အခါ ၀ယ်သူဟာ လင်အပေါ် လင်မယားပေါင်းသင်းဆဲမှာဝယ်တဲ့အစုကို ခွဲဝေပေးဖို့ တရားစွဲဆိုခွင့် မရှိကြောင်းဆုံးဖြတ်ဖူးပါသည်။

ယင်းစီရင်ထုံး နှင့်ပတ်သက်၍ ပညာရှင် ဒေါက်တာဧမောင်က မြန်မာဗုဒ္ဓဘာသာ တရားဥပဒေကျမ်း (၁၉၇၅ ပြည့်နှစ်ထုတ်) စာမျက်နှာ- ၆၃ မှာ အဲဒီဆုံးဖြတ်ချက်မှားယွင်းတဲ့အကြောင်း ထောက်ပြတဲ့အခါ ပစ္စည်းခွဲဝေပေးရန်တောင်းဆိုခွင့် မရှိခြင်းသည် လင် သို့မဟုတ် မယား နဲ့ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးရာကိစ္စဖြစ်တယ်လို့
ရှင်းပြထားပါသည်။

ဒေါက်တာတင်ဦး နှင့် ဒေါ်အေးအေးသန်း ( ၂၀၀၅၊ မတစ၊ စာ - ၅၂) တွင် မယားဖြစ်သူထံမှ မြေကွက်ကိုဝယ်ယူသူသည် အချင်းဖြစ်မြေကွက်တွင် လင်ဖြစ်သူ နှင့် အကျိုးခံစားခွင့် သို့မဟုတ် အခွင့်အရေး အညီအမျှ ရရှိသည်ဖြစ်၍ ပစ္စည်းခွဲဝေပေးစေလိုမှု စွဲဆိုရန်ဖြစ်ကြောင်း အတိအလင်းထုံးဖွဲ့ထားပြီးဖြစ်ပါသည်။

ယင်းသို့သော အနေအထားတွင် လင်မယားနှစ်ဦးပိုင်ပစ္စည်းတွင် တရားရှုံး လင် (သို့မဟုတ်) မယား ၏ အကျိုးခံစားခွင့်ကို လေလံတင်ရောင်းချရာတွင် လေလံအောင်မြင်ရန် အတော်ပင်ခက်ခဲမည်ဖြစ်ပါသည်။

သီးခြားတရားတစ်ထုံးစွဲဆိုရမည့် အနေအထားတွင် လေလံဆွဲဝယ်ယူသူ ရှိနိုင်မည်မထင်ပါ။
လင် (သို့) မယား တစ်ဦးတည်းပေါ်ကျသည့် ဒီကရီအတွက် ဇာရီမှုများပြီးပြတ်ရန်မမြင်ပါ။

ထို့ကြောင့်ငွေချေးရာတွင်ဖြစ်စေ၊ အခြားအကြောင်းကိစ္စတစ်ခုနှင့်ဖြစ်စေ နောက်ပိုင်းတွင် လင်မယားနှစ်ဦးပိုင်ပစ္စည်းကို အရေးယူဆောင်ရွက်ရန် ရည်ရွယ်သည့်ကိစ္စများတွင် မူလပဋိညာဉ်ပြုစဉ်ကပင် လင်မယားနှစ်ဦးစလုံးနှင့် ပဋိညာဉ်ပြုထားမှသာလျှင် နောင်တွင် မိမိ၏နစ်နာဆုံးရှုံးမှု အတွက် သက်သာခွင့်တောင်းခံရယူရာတွင် လွယ်ကူမည်ဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

(၀န်ခံချက်- ဆရာဦးမြ - ဥပဒေအဖြာဖြာ (ပထမတွဲ)(၂၀၀၀ပြည့်နှစ်ထုတ်) စာ- ၆၇ မှ ၇၀ နှင့် ၂၀၃ ကို အခြေခံ၍ ရေးသားခြင်းဖြစ်ပါသည်။)


TUN MYO HTAY