Showing posts with label တရားမ. Show all posts
Showing posts with label တရားမ. Show all posts

Tuesday, February 4, 2020

ငြင်းချက်ထုတ်သည့်နေ့ရက်တွင် စာရွက်စာတမ်းများမတင်ပြဘဲ စာရွက်စာတမ်းစာရင်းသာ တင်သွင်းနိုင်ခြင်းရှိမရှိ နှင့်  နှစ်ဘက်သက်သေစာရင်းတင်သွင်းရန် လိုမလို 

ငြင်းချက်ထုတ်သည့်နေ့ရက်တွင် စာရွက်စာတမ်းများမတင်ပြပဲ စာရွက်စာတမ်းစာရင်းသာ တင်သွင်းနိုင်ခြင်းရှိမရှိ နှင့်  နှစ်ဖက်သက်သေစာရင်းတင်သွင်းရန် လိုမလို နှင့် ပတ်သက်၍။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Shwe Yati

 ငြင်းချက်ထုတ်တဲ့နေ့

ဒီရုံးချိန်မှာ နှစ်ဖက်သက်သေစာရင်းနဲ့ စာရွက်စာတမ်းစာရင်းပါ တင်ရတယ်နော်

----------------------------

Tun Myo Htay

ငြင်းချက်ထုတ်သည့်နေ့တွင် အမိန့် - ၁၃၊ နည်း - ၁(၁) အရ အမှုတွင်တင်ပြမည့် လက်ဝယ်ရှိ စာရွက်စာတမ်း နှင့် တရားရုံးကတင်ပြရန် အမိန့်ချမှတ်ထားသည့် စာရွက်စာတမ်း အားလုံးကိုတင်ပြရန်ဖြစ်ပါတယ်။ 

ထိုသို့တင်ပြရာတွင် နည်း - ၁(၂) အရ သတ်မှတ်ပုံစံဖြင့် စာရွက်စာတမ်းများစာရင်း ကိုလည်း တင်ပြရမည်ဖြစ်ပါသည်။

ထို့ကြောင့် ငြင်းချက်ထုတ်သည့်နေ့မှာ စာရွက်စာတမ်းစာရင်းသာမက စာရွက်စာတမ်းများကို ပါ တင်ပြရန်ဖြစ်ပါသည်။

------------

ငြင်းချက်ထုတ်သည့်နေ့တွင် နှစ်ဖက်သက်သေစာရင်းတင်ရန်လိုအပ်ခြင်းမရှိသေးပါ။

နှစ်ဖက်သက်သေစာရင်းတင်သွင်းရန်နေ့ရက် နှင့်စပ်လျဉ်း၍ တရားရေးဂျာနယ်၊ အတွဲ(၃)၊ အမှတ် (၃) ပါ ဆရာ ဦးတင်ဟုန်(တရားရေး)၏ မတူကွဲပြား အမြင်များ ဆောင်းပါးမှ ဆရာ့၏ အမြင်ကို  တင်ပြအပ်ပါသည်။

------

ငြင်းချက်ထုတ်သည့်နေ့မှာ နှစ်ဖက်သက်သေစာရင်းတင်သွင်းရမယ်လို့ပြောပါတယ်။ တရားရုံးများ လက်စွဲအပိုဒ် ၁၅၄ပါ ပြဌာန်းချက်နဲ့ကွဲလွဲနေတယ်လို့ထင်ပါတယ်။

တရားရုံးများလက်စွဲအပိုဒ် ၁၅၄(၁)မှာ အမှုမစစ်ဆေးမီ ဦးစွာပေါ်ပေါက်တဲ့ကိစ္စအရပ်ရပ်တို့ကို စစ်ဆေးရန် နေ့ရက်ချိန်းဆိုခြင်းမပြုမီ ဖြေရှင်းပြီးဖြစ်စေရမည်လို့ ဖော်ပြထားပါတယ်။

ဦးစွာပေါ်ပေါက်သည့်ကိစ္စများမှာ ငြင်းချက်များထုတ်ခြင်း နှင့် ပဏာမငြင်းချက်များရှိရင် ထိုငြင်းချက်ကိုဆုံးဖြတ်ခြင်းလည်း ပါဝင်ပါတယ်။

အပိုဒ် ၁၅၄(၃) အရ ငြင်းချက်ထုတ်ပြီးသည့်အခါမှ သက်သေစာရင်းတင်သွင်းရန် နဲ့ အမိန့်ဆင့်စာ၊ သမ္မာန်စာ စသည်တို့အတွက် လိုအပ်တဲ့ အခငွေနဲ့ စရိတ်ငွေတို့ကို ပေးသွင်းရန် နေ့ရက်တစ်ရက် ကို ချိန်းဆိုရန်ဖြစ်ပါတယ်။

တရားမ တရားစီရင်ရေးစာစောင် ၊ ၁၉၇၃ ၊ အခန်း ၂ အပိုဒ် ၁၄(က) မှာလည်း အမှုကို ကြားနာ စစ်ဆေးရန် ရက်သတ်မှတ်သည့်အခါဖြစ်စေ၊ ထို့နောက်ကြားရက်တစ်ရက်တွင်ဖြစ်စေ တရားလို နှင့် တရားပြိုင်တို့သည် သက်သေစာရင်း တင်သွင်းရန်ဖြစ်ကြောင်း ဖောြ်ပထားပါတယ်။

တရားမကျင့်ထုံးဥပဒေ အမိန့် ၁၈ ၊ နည်း ၂ အရ နှစ်ဖက်အမှုသည်များဟာ မိမိတို့သက်သေ ထင်ရှားပြသရန်တာဝန်ရှိတဲ့ ငြင်းချက်များကို ထောက်ခံသည့် သက်သေခံအထောက်အထား ကိုတင်ပြရန် ဖြစ်ပါတယ်။

ငြင်းချက်ထုတ်ပြီးမှသာ မိမိက သက်သေထင်ရှားပြသရမယ့် ငြင်းချက်များကို သိရှိနိုင်မှာဖြစ်လို့ မည်သူ့ကို သက်သေအဖြစ် တင်ပြရမယ်ဆိုတာ ငြင်းချက်ထုတ်ပြီးမှသာ ဆုံးဖြတ်နိုင်မှာဖြစ်ကြောင်းမြင်သာပါတယ်။

---

ထို့ကြောင့် ငြင်းချက်ထုတ်သည့်နေ့တွင် နှစ်ဖက်သက်သေစာရင်းများတင်သွင်းရန် မလိုအပ်သေး ပါကြောင်း နှင့်

 ငြင်းချက်ထုတ်ပြီးနောက် ကြားရက်တစ်ရက်ရက်တွင်ဖြစ်စေ၊ အမှုစတင်စစ်ဆေးရန် ချိန်းဆိုသည့်နေ့ရက်တွင်ဖြစ်စေ တင်သွင်းရန်ဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

Tun Myo Htay




Zawgyi Version 👇


Shwe Yati

 ငြင်းချက်ထုတ်တဲ့နေ့

----------------------------

Tun Myo Htay




------------



------





တရားမ တရားစီရင်ရေးစာစောင် ၊ ၁၉၇၃ ၊ အခန်း ၂ အပိုဒ် ၁၄(က) မှာလည်း အမှုကို ကြားနာ စစ်ဆေးရန် ရက်သတ်မှတ်သည့်အခါဖြစ်စေ၊ ထို့နောက်ကြားရက်တစ်ရက်တွင်ဖြစ်စေ တရားလို နှင့် တရားပြိုင်တို့သည် သက်သေစာရင်း တင်သွင်းရန်ဖြစ်ကြောင်း ဖြော်ပထားပါတယ်။



---



Tun Myo Htay

Sunday, February 24, 2019

အဆိုအချေဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂)

အဆိုအချေများမှ ထုတ်ပယ်ခြင်း
🌂🌂🌂🌂🌂🌂🌂🌂

အမိန့်-၆၊ နည်း ၁၆

တရားရုံးသည် အမှုတွင် မည်သည့်အဆင့်၌မဆို အဆိုအချေ တစ်ရပ်ရပ်ပါ လိုအပ်မည်မဟုတ်သော သို့မဟုတ် အသရေပျက်စေမည် ဖြစ်သော သို့မဟုတ် အမှုကို မျှတစွာ စစ်ဆေးစီရင်ရာတွင် ထိခိုက်မှုကိုသော်လည်းကောင်း၊ အနှောင့်အယှက်သော်လည်းကောင်း၊ ကြန့်ကြာမှု သော်လည်းကောင်း ဖြစ်စေနိုင်သော မည်သည့်အကြောင်းအရာကိုမဆို ထုတ်ပယ်ရန် သို့မဟုတ် ပြင်ဆင်ရန် အမိန့်ချမှတ်နိုင်သည်။

လိုအပ်မည်မဟုတ်သော
💐💐💐💐💐💐

ယေဘုယျအားဖြင့်ဆိုလျှင် အဆိုအချေ သို့မဟုတ် စွပ်စွဲချက်များသည် မလိုအပ်ကာမျှဖြင့် အသရေပျက်စေခြင်း သို့မဟုတ် အနှောင့်အယှက်ဖြစ်စေခြင်း (ကသိကအောက်ဖြစ်စေခြင်း) မရှိလျှင် ဤနည်းဥပဒေအရ ပယ်ဖျက်ရန် မဟုတ်။
(အထက်ပါကျမ်း၊ စာ-၂၂၃၈)

အဆိုအချေများတွင် မလိုအပ်သည့်အပြင် တရားပြိုင်အပေါ် မရိုးသားသော အပြုအမူများ စွပ်စွဲထားလျှင်ဖြစ်စေ၊ တရားပြိုင်အား သို့မဟုတ် တရားရုံးအား အမှုစစ်ဆေးစီရင်ရာတွင် အနှောင့်အယှက် ဖြစ်စေလျှင်ဖြစ်စေ ထုတ်ပယ်ပစ်ရန် အမိန့်ချမှတ်မည်ဖြစ်သည်။
(အေအိုင်၊ ၁၉၅၃၊ တီစီ၊ ၅၂၄)၊ (အထက်ပါကျမ်း၊ စာ ၂၂၃၀)၊ (အေအိုင်အာ၊ ၁၉၅ဝ၊ ပတ္တနာ၊ ၃၆၄)

တစ်ဖက်တွင် အဆို သို့မဟုတ် အချေသည် မလိုအပ်ဘဲရှည်လျားနေလျှင်ဖြစ်စေ၊ လျှောက်လဲသည့်သဘောဖြစ်လျှင်ဖြစ်စေ လုံးဝ မစပ်ဆိုင်သော သို့မဟုတ် နားမလည်နိုင်သော အကြောင်းအရာများ ပါရှိလျှင်ဖြစ်စေ ဤနည်းဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည်။
(အိန္ဒိယအမှုများ၊ အတွဲ-၁၁၄၊ စာ-၉၀၆)၊ (အထက်ပါကျမ်း၊ စာ ၂၂၃၈)

အသရေပျက်စေခြင်း
💐💐💐💐💐

တရားပြိုင်အပေါ် မရိုးသားသော အပြုအမူကို အဆို၌ စွပ်စွဲထားသော်လည်း ထိုအကြောင်းအရ သက်သာခွင့်တောင်းဆိုထားခြင်း မရှိလျှင် ယင်းစွပ်စွဲချက်များကို အသရေပျက်စေပြီး အနှောင့်အယှက် ဖြစ်စေသည့်အနေဖြင့် ပယ်ဖျက်မည်ဖြစ်သည်။ (အထက်ပါကျမ်း၊ စာ ၂၂၃၉) မယားက လင်အပေါ် ထိမ်းမြားမှုဆိုင်ရာ စီမံမှုကို ပြင်ဆင်ပေးရန် စွဲဆိုရာ၌ တရားပြိုင်သည် ကလေးမတစ်ဦးအား ဗလက္ကာရပြုသဖြင့် တရားလိုသည် ၄င်းနှင့်အတူနေရန် ငြင်းပယ်ခဲ့ကြောင်း စွပ်စွဲချက်သည် အသရေပျက်စေသည်ဖြစ်၍ ပယ်ဖျက်ရန် အမိန့်ချမှတ်သည်။
(အထက်ပါကျမ်း၊ စာ-၂၂၃၉)

အောက်ရုံးတရားသူကြီး ဘက်လိုက်ကြောင်း အယူခံလွှာပါ စွပ်စွဲချက်ကို တရားလွှတ်တော်က ပယ်ဖျက်သည်။
(မဒရပ်၊ အတွဲ ၂၂၊ စာ-၁၅၅)

တစ်ဖက်တွင် အသရေပျက်စေသည်ဆိုသော အဆိုအချေပါ စွပ်စွဲချက်သည် အမှုတွင် ထုတ်ထားသော ငြင်းချက် သို့မဟုတ် ငြင်းချက်များအနက် တစ်ခုနှင့်စပ်ဆိုင်လျှင် သို့မဟုတ် လိုအပ်လျှင် ပယ်ဖျက်ခြင်းမပြုနိုင်။
(အထက်ပါကျမ်း၊ စာ-၂၂၃၉)

မျှတစွာစစ်ဆေးစီရင်ရာတွင် ထိခိုက်မှု (သို့မဟုတ်) အနှောင့်အယှက် ဖြစ်စေခြင်း
💐💐💐💐💐💐💐💐💐💐💐💐💐💐💐


အမှုတွင် အသုံးပြုခွင့်မရှိသော တောင်းဆိုချက် သို့မဟုတ် ထုချေချက်မပြတ်သားသော သို့မဟုတ် နားမလည်နိုင်သော အဆိုအချေ၊ မထင်မရှား၊ မလိုအပ်သော သို့မဟုတ် စပ်ဆိုင်မှုမရှိသည့် အဆိုပြုချက်များပါ အဆိုလွှာသည် အနှောင့်အယှက်ဖြစ်စေသည်ဖြစ်၍ ထုတ်ပယ်နိုင်သည်။
(အထက်ပါကျမ်း-၂၂၄ဝ)
(အေအိုင်အာ၊ ၁၉၅၅၊ ဗာရားလွှတ်တော်ချုပ်၊ ၆၁၀)

တရားရုံး၏ လုပ်ပိုင်ခွင့်
💐💐💐💐💐💐

တရားရုံးသည် နည်း ၁၆ တွင် အကျုံးဝင်သော စွပ်စွဲချက်များကို မိမိသဘောအလျောက် ထုတ်ပယ်နိုင်သည်။
(အေအိုင်အာ၊ ၁၉၁၀၊ မဒရပ်၊ ၆၈၁)

ဤနည်းဥပဒေအရ ထုတ်ပယ်ခွင့် သို့မဟုတ် ပြင်ဆင်ခွင့်အာဏာကို တရားရုံးက မိမိသဘောအတိုင်း သုံးစွဲရန် ဖြစ်၍ အထူး သတိကြီးစွာဖြင့် ကျင့်သုံးရမည်။
(အေအိုင်အာ၊ ၁၉၅၁၊ နဂ္ဂပူး၊ ၄၁၂)


💥💥💥💥💥💥💥💥💥💥💥💥💥💥


အဆိုအချေများကို ပြင်ဆင်ခြင်း
🌂🌂🌂🌂🌂🌂🌂🌂

နည်း ၁၇ တရားရုံးသည် အမှုတွင် မည်သည့်အဆင့်၌မဆို တရားမျှတသောနည်းလမ်းနှင့် စည်းကမ်းချက်များ သတ်မှတ်၍ တစ်ဖက်ဖက်သော အမှုသည်အား အဆိုအချေများကို ပြောင်းလဲရန် သို့မဟုတ် ပြင်ဆင်ရန် ခွင့်ပြုနိုင်သည်။ ထို့ပြင် အမှုသည်တို့အကြား အငြင်းပွားသည့် ပြဿနာအမှန်ကို ဆုံးဖြတ်ရန်ကိစ္စအလို့ငှာ လိုအပ်သည့် ပြင်ဆင်ချက်များအားလုံးကိုလည်း ပြုလုပ်ရမည်။

ပြင်ဆင်ခြင်းအမျိုးမျိုး
💐💐💐💐💐

တရားမကျင့်ထုံးဥပဒေတွင် ပြင်ဆင်ချက်ငါးမျိုးကို ပြဋ္ဌာန်းထားသည်။
(က) ပုဒ်မ-၁၅၂ (စီရင်ချက် အစရှိသည်တို့ကို ပြင်ဆင်ခြင်း)
(ခ) ပုဒ်မ-၁၅၃ (အမှုတွင် ဆောင်ရွက်ချက်များကို ပြင်ဆင်ခြင်း)
(ဂ) အမိန့် ၁၊ နည်း ၁၀ (၂) (အမှုသည်များ ထုတ်ပယ်ခြင်းနှင့် ထည့်သွင်းခြင်း)
(ဃ) အမိန့် ၆၊ နည်း ၁၆ (ဆန့်ကျင်ဘက်အမှုသည်၏ အဆိုအချေကို ပြင်ဆင်ခြင်း)
(င) အမိန့် ၆၊ နည်း ၁၇ (မိမိ၏ အဆိုအချေကို ပြင်ဆင်ခြင်း)

ပြင်ဆင်ခွင့်ပေးခြင်း
💐💐💐💐💐

ယေဘုယျဥပဒေသမှာ အဆိုအချေကို ပြင်ဆင်ခြင်းဖြင့် တစ်ဖက်အမှုသည်အား ငွေကြေးဖြင့် ထေ၍ မရနိုင်သော နစ်နာမှု မပေါ်ပေါက်လျှင် အဆိုအချေတွင် အမှုသည်များအကြား အမှန်တကယ် အငြင်းပွားမှု ပေါ်လွင်လာစေရန် အဆိုအချေတို့ကို ပြင်ဆင်ခွင့်ပေးသင့်သည်။
(အေအက်စ်၊ မွတ်တန်နှင့် အိုင်အမ်မဒါး၊ ၁၉၄၉၊ မတစ၊ ၄၈၄ (တရားလွှတ်တော်))

မူလပျက်ကွက်မှုသည် ပေါ့ဆမှု သို့မဟုတ် ဂရုမစိုက်မှုမှ ပေါ်ပေါက်ရသည်မှာ အဓိကမဟုတ်၊ ပထမပျက်ကွက်မှုသည် မည်မျှပင် ပေါ့ဆမှုကြောင့်ဖြစ်စေကာမူ သို့မဟုတ် မည်မျှပင် ဂရုမစိုက်မှု ကြောင့်ဖြစ်စေကာမူ တစ်ဖက်ကို မတရားမှုမဖြစ်စေပါက ခွင့်ပြုသင့်သည်။ တစ်ဖက်ကို တရားစရိတ်ပေးလျော်စေခြင်းဖြင့် ထေနိုင်ပါက မတရားမှု မဖြစ်စေနိုင်။
(အေအိုင်အာ၊ ၁၉၅၄၊ ပတ္တနာ၊ ၄၃၉)

တရားစရိတ်သည် လုံလောက်သော လျော်ကြေးမဟုတ်လျှင် ပြင်ဆင်ချက်ကို ငြင်းပယ်ရန် ဖြစ်သည်။
(အေအိုင်အာ၊ ၁၉၅၆၊ အာသံ၊ ၇၉)

ပြင်ဆင်လိုသော မှားယွင်းချက်သည် မတော်တဆမှားယွင်းမှု ဟုတ်၊ မဟုတ်သည် အဓိကမဟုတ်၊ မတော်တဆ အမှားများကိုသာ ပြင်ဆင်နိုင်သည်ဟု ကန့်သတ်ထားခြင်းမရှိ။ ဥပဒေအကြောင်းအရ ဖြစ်စေ၊ အကြောင်းခြင်းရာအရဖြစ်စေ၊ သဘောရိုးဖြင့် မှားယွင်းချက်များ၏ အကျိုးသက်ရောက်မှုများကို ကျော်လွှားနိုင်စေရန်အလို့ငှာ သင့်တော်သော အမှုများတွင် အဆိုအချေကို ပြင်ဆင်ခွင့်ပြုသင့်သည်။ ယင်းမှားယွင်းမှုများကြောင့်ဖြစ်ပေါ်စေသော ပျက်ကွက်မှုများ သို့မဟုတ် တင်ပြချက်များကို တမင်သက်သက်ပြုလုပ်သည်၊ မပြုလုပ်သည် ပဓာန မဟုတ်။
(ကေအီးအေကေ အာမက်ဆာဟစ်ကုမ္ပဏီနှင့် ကေအမ်အဒမ်ဆာ၊ ရန်ကုန်၊ အတွဲ-၂၊ စာ-၆၆)

“အမှုသည်တို့အကြား အငြင်းပွားသည့်ပြဿနာအမှန်ကို ဆုံးဖြတ်ရန်ကိစ္စအလို့ငှာ လိုအပ်သည့် ပြင်ဆင်ချက်အားလုံးကို ပြုလုပ်နိုင်သည်”ဟု နည်းဥပဒေက ဆိုသည်။ သို့ဖြစ်ရာ ငွေပေးကတိစာချုပ်ကို အခြေခံ၍ စွဲဆိုသော အမှုတွင် မူလအဖိုးစားနားအတွက် ပြောင်းလဲစွဲဆိုနိုင်ရန် တရားလိုသည် အဆိုလွှာကို ပြင်ဆင်နိုင်သည်။
(မောင်ရွှေမြတ်နှင့် မောင်ဘိုးဆင်၊ ရန်ကုန်၊ အတွဲ-၃၊ စာ ၁၈၃(စုံညီ))

(ဥပမာ- ငွေပေးကတိစာချုပ်မှာ သက်သေခံမဝင်ကြောင်း သတိမထားဘဲ စွဲဆိုရာမှ သက်သေခံမဝင်ကြောင်း တွေ့ရှိရသည့်အခါ စာချုပ်အပေါ် မှီငြမ်းခြင်းမပြုတော့ဘဲ ချေးငွေကို ရလိုကြောင်း ပြင်ဆင်ခြင်း)။ ကာလစည်းကမ်းသတ်မှတ်ကျော်လွန်ခြင်းမှ ကင်းလွတ်ခွင့်ရရန် အကြောင်းပြချက်တစ်ရပ်အစား အခြားတစ်ရပ်ကို အစားထိုးနိုင်ရန် အလို့ငှာ အဆိုလွှာကို ပြင်ဆင်ခွင့်ပြုနိုင်သည်။
(အေအိုင်အာ၊ ၁၉၃၅၊ ဘုံဘိုင်၊ ၂၁၃)

တစ်ဖက်အမှုသည်ကို မနစ်နာစေရန် တရားရုံးက ပြင်ဆင်ခွင့် မပြုသင့်သော အမှား (လိမ်လည်လှည့်ဖြားမှုမရှိသော အမှား)ဟူ၍ မရှိ။
(အထက်ပါကျမ်း၊ စာ-၂၂၄၄)

သို့ဖြစ်ရာ ကြွေးမြီရလိုကြောင်း စွဲဆိုထားသော အမှုတွင် ကာလစည်းကမ်းသတ် ကျော်လွန်နေကြောင်း ထုချေချက်ပါရှိသည့် ချေလွှာတင်သွင်းပြီးနောက် တရားပြိုင်က ကြွေးမြီကို ဝန်ခံသည့်အချက်အား အဆိုလွှာ၌ ထည့်သွင်းဖော်ပြနိုင်ရန် အဆိုလွှာကို ပြင်ဆင်ခွင့် ပေးနိုင်သည်။
(ဘုံဘိုင်၊ အတွဲ-၃၄၊ စာ-၂၂၀)

ပြင်ဆင်ခွင့်ပြုရန် လျှောက်ထားရာ၌ ကြန့်ကြာခြင်းသည် ဝန်ခံချက်၏ စစ်မှန်မှုကို သံသယဖြစ်စေနိုင်သည့် အကြောင်းအရာ ဖြစ်သော်လည်း လျှောက်လွှာကို ပယ်ရန် ကောင်းသော အကြောင်းမဟုတ်။
(အေအိုင်အာ၊ ၁၉၃၃၊ အလာဟာဘတ်၊ ၃၇၄)

မှားယွင်းဝန်ခံမိခြင်းကိုပင် ရုပ်သိမ်းခွင့်ပြုကာ အဆိုလွှာကို ပြင်ဆင်ခွင့်ပေးနိုင်သည်။
( (၁၈၉၂) ၃ စီအိပ်ခ်ျ၊ စာ-၂၂၆)

အဆိုလွှာတွင် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို မှားယွင်း သရုပ်ဖော်ပြခြင်း (ဥပမာ- ဦးပိုင်အမှတ်ကို မှားယွင်းဖော်ပြခြင်း)ကို အယူခံတွင်ပင် ပြင်ဆင်နိုင်သည်။
(အေအိုင်အာ၊ ၁၉၂၂၊ အလာဟာဘတ်၊ ၈၁)

သဘောရိုးဖြင့် လျှောက်ထားခြင်းဖြစ်ရမည်။
(တိုရပ်အလီ နှင့် မိုဟာမက်အရွတ်၊ ၁၉၅၀၊ မတစ၊ ၃၆၁ (လွှတ်တော်))

ချေဖျက်ခြင်း မပြုနိုင်သည့် စာချုပ်စာတမ်း အထောက်အထားများကို တင်ပြကာ သဘောရိုးဖြင့် လျှောက်ထားရာတွင် တရားလိုသည် မူလဆင်ခဲ့သော ဇာတ်လမ်းကို လိမ်လည်ပြုလုပ်ထားသည့်စာချုပ်ဖြင့် ဖန်တီးရန် ကြိုးပမ်းခဲ့စေကာမူ လျှောက်လွှာကို ခွင့်ပြုသည်။
(အေအိုင်အာ၊ ၁၉၃၃၊ ကာလကတ္တား၊ ၂၇၁)

ပဋိညာဉ်ဖောက်ဖျက်မှုအတွက် လျော်ကြေးရလိုမှုတွင် တရားလိုသည် ပဋိညာဉ်၌ သတ်မှတ်ထားသော ဈေးနှုန်းနှင့် ပစ္စည်းကို ပြုလုပ်ရောင်းချသောအခါ ရရှိမည့် ဈေးတို့၏ ခြားနားချက်ကို လျော်ကြေးအဖြစ် တောင်းဆိုရာတွင် အမှုကို စစ်ဆေးသောအခါ ရောင်းချသောပစ္စည်းမှာ တရားပြိုင်လက်သို့ မပြောင်းသေးကြောင်း တွေ့ရလျှင် ပဋိညာဉ်အရ ဈေးနှင့် ပဋိညာဉ်ဖောက်ဖျက်သည့်နေ့တွင် ကာလ ပေါက်ဈေးတို့၏ ခြားနားချက်ဖြစ်သော လျော်ကြေးငွေရလိုကြောင်း အဆိုလွှာကို ပြင်ဆင်ခွင့်ပေးနိုင်သည်။

ကာလကတ္တား၊ အတွဲ-၃၉၊ စာ-၅၆၈ တွင် အဆိုလွှာကို မပြင်လျှင် တရားလိုသည် လျော်ကြေးငွေရခွင့်မရှိဟု ဆုံးဖြတ်သည်။

အေအိုင်အာ၊ ၁၉၂၄၊ ဘုံဘိုင်၊ ၃၉၀ တွင် အဆိုလွှာကို မပြင်ဘဲ လျော်ကြေးရခွင့်ရှိသည်ဟု ဆုံးဖြတ်သည်။ အခြားအမှု ရှုံးတော့မှ မိမိစွဲဆိုလျက်ရှိသော အမှုတွင် အဆိုလွှာကို မပြင်ဘဲထားလျှင် တောင်းဆိုသော သက်သာခွင့်ရလမ်း မရှိတော့ဟု သိရသည်အထိ အဆိုလွှာကို ပြင်ဆင်ရန် လျှောက်ထားခြင်းမပြုဘဲ တမင်ဆိုင်းငံ့ထားလျှင် ပြင်ဆင်ခွင့်ပေးမည် မဟုတ်။
(မောင်သံဒိုင်နှင့် ဦးသဲ၊ ဘီအယ်လ်တီ၊ အတွဲ-၃၊ စာ-၁၆)

အောက်ပါ အချက်များနှင့် ညီညွတ်လျှင် အမှုတွင် မည်သည့် အဆင့်၌မဆို အဆိုအချေများ ပြင်ဆင်ခြင်းကို ပြုသင့်သည်။
(မအေးကြွယ်နှင့် မလယ်ဝ၊ ဘီအယ်လ်တီ၊ အတွဲ-၁၃၊ စာ-၂၀၁)
(က) တစ်ဖက်အမှုသည်ကို မတရားမှုမဖြစ်စေခြင်း၊
(တိုရမ်အလီနှင့် မိုဟာမက်အရွတ်၊ ၁၉၅ဝ၊ မတစ၊ ၃၆၁ (တရားလွှတ်တော်))
(ခ) အမှုသည်များအကြား အငြင်းပွားလျက်ရှိသည့် ပြဿနာ အစစ်အမှန်တို့ကို အဆုံးအဖြတ်ပေးရန်အတွက် ပြင်ဆင်ရန် လိုအပ်ခြင်း။

အဆိုအချေကို ပြင်ဆင်ခွင့်ပြုလိုက်လျှင် အမှုစွဲဆိုထားရာ တရားရုံးက အမှုကို စီရင်ပိုင်ခွင့်မရှိတော့သည့်တိုင်အောင် ပြင်ဆင်ခွင့်ပေးပြီး ဆိုင်ရာတရားရုံးတွင် စွဲဆိုနိုင်ရန် အဆိုလွှာကို ပြန်ပေးရန် ဖြစ်သည်ဟု (အေအိုင်အာ၊ ၁၉၄၉၊ မဒရပ်၊ ၂၀၈)၊ အေအိုင်အာ၊ ၁၉၅၃၊ ဟိုင်ဒရာဘတ်၊ ၂၁၂၁၊ (အေအိုင်အာ၊ ၁၉၅၉၊ ရပ်(ဂ်ျ) ၁၄၆) နှင့် (အေအိုင်အာ၊ ၁၉၆၉၊ ကာရလာ၊ ၇၅)တို့တွင် ထုံးဖွဲ့ သည်။

ပြင်ဆင်ခွင့်မပြုနိုင်ဟု (အေအိုင်အာ၊ ၁၉၂၈၊ မဒရပ်၊ ၄ဝဝ) (အေအိုင်အာ၊ ၁၉၅၃၊ နဂ္ဂပူး၊ ၂၇၃)၊ (၁၉၅၉၊ မဒရပ်၊ လောဂျာနယ်၊ ၃၀၇)နှင့် (အေအိုင်အာ၊ ၁၉၅၇၊ အေပီ ၁၀)တို့တွင် ဆန့်ကျင်ဘက် ဆုံးဖြတ်သည်။

အမှုကို စီရင်ပိုင်ခွင့်မရှိ၍ ပြင်ဆင်ခွင့်ပေးခြင်းသည် စီရင်ပိုင်ခွင့်မရှိသည့်ကိစ္စကို ဆောင်ရွက်ရာရောက်မည်ဖြစ်သဖြင့် ပြင်ဆင်ခွင့် မပေးနိုင်ဟူသော အမြင်က အလေးသာပါသည်။      ။


💥💥💥💥💥💥💥💥💥💥💥💥💥💥

 

အဆိုလွှာတွင် အားကိုးအားထားပြုသည့် စာချုပ်စာတမ်းများ
🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂

အမှုစွဲဆိုရာတွင် တရားလိုအပြုသည့် စာတမ်းအမှတ်အသားများကို တင်ပြခြင်း
💐💐💐💐💐💐💐💐💐💐💐💐💐💐💐
အမိန့် ၇၊ နည်း ၁၄ (၁)

တရားလိုသည် မိမိ၏လက်ဝယ် သို့မဟုတ် မိမိ၏ ထိန်းသိမ်းမှုအောက်တွင် ရှိသော စာချုပ်စာတမ်းတစ်ခုအပေါ် အခြေပြု၍ အမှုစွဲဆို သောအခါ ထိုစာချုပ်စာတမ်းကို ဆိုလွှာတင်သွင်းသည့်နေ့ရက်၌ တရားရုံးတွင်တင်ပြရမည်။ ထို့ပြင် အဆိုလွှာနှင့်ပူးတွဲထားရန်အလို့ငှာ ယင်းစာချုပ်စာတမ်းကိုဖြစ်စေ၊ မိတ္တူကိုဖြစ်စေ ပေးအပ်ရမည်။

အခြားစာချုပ်စာတမ်းများစာရင်း
💐💐💐💐💐💐💐💐
အမိန့် ၇၊ နည်း ၁၄(၂)

တရားလိုသည် မိမိတောင်းဆိုချက်ကို ထောက်ခံသော သက်သေခံချက်အဖြစ် အခြားစာချုပ်စာတမ်းများ (မိမိ၏လက်ဝယ် သို့မဟုတ် မိမိ၏ ထိန်းသိမ်းမှု အောက်တွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ)ကို အားကိုးအားထားပြုသောအခါ စာချုပ်စာတမ်းစာရင်းကို အဆိုလွှာတွင် ဖြည့်ထည့်ရမည်၊ သို့မဟုတ် ပူးတွဲရမည်။

အမှုစွဲဆိုသည့်နေ့၌ စာချုပ်စာတမ်းများ ရှိ၊ မရှိ၊ စစ်မှန်မှု ရှိ၊ မရှိ စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နောက်ပိုင်းတွင် အငြင်းပွားမှုများ မရှိစေရန် ဖြစ်သည်။
(အိန္ဒိယအမှုများ၊ အတွဲ-၂၊ စာ-၉၄၆)

သို့ဖြစ်ရာ ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို မလွဲမသွေ လိုက်နာရမည်။
(အေအိုင်အာ၊ ၁၉၃၀၊ လာဟိုး၊ ၄၈၀)

တင်ပြရန် ပျက်ကွက်ရုံမျှဖြင့် အဆိုလွှာကို ပြန်ပေးရန် မဟုတ်။ အဆိုလွှာကို ပလပ်ရန် သို့မဟုတ် ပယ်ရန်မဟုတ်။
(အေအိုင်အာ၊ ၁၉၄၃၊ မဒရပ်၊ ၆၄၅)

အမှုစွဲဆိုစဉ်က ရှိမှန်းမသိသော စာချုပ်စာတမ်းတစ်ခုကို နောက်ပိုင်းတွင် ရှာတွေ့ရလျှင် ဤနည်းဥပဒေနှင့် မဆိုင်။
(အေအိုင်အာ၊ ၁၉၂၁၊ နဂ္ဂပူး၊ ၄၉)

အခြေပြု၍စွဲဆိုသော စာချုပ်စာတမ်းတစ်ခုကို တရားရုံးတွင် တင်သွင်းထားရာ နောက်ပိုင်းတွင် တရားရုံး၌ ပျောက်ဆုံးသွားလျှင် တရားလိုသည် ထိုစာချုပ် မည်သို့မည်ပုံ ပျောက်ဆုံးသွားကြောင်း သက်သေမပြဘဲ သက်သေခံဥပဒေပုဒ်မ-၆၅ အရ ဒုတိယအဆင့် သက်သေခံချက် တင်ပြနိုင်သည်။
(အေအိုင်အာ၊ ၁၉၂၅၊ ပီစီ၊ ၈၈)

စာချုပ်စာတမ်းများသည် တရားလို၏လက်ဝယ် သို့မဟုတ် ထိန်းသိမ်းမှုအောက်တွင် မရှိသောအခါ ဖော်ပြရန်အချက်
💐💐💐💐💐💐💐💐💐💐💐💐💐💐💐
အမိန့် ၇၊ နည်း ၁၅

အဆိုပါ စာချုပ်စာတမ်းတစ်ရပ်ရပ်မှာ တရားလို၏ လက်ဝယ် သို့မဟုတ် ၄င်း၏ ထိန်းသိမ်းမှုအောက်တွင် မရှိသောအခါ မည်သူ၏လက်ဝယ် သို့မဟုတ် မည်သူ၏ ထိန်းသိမ်းမှုအောက်တွင် ရှိကြောင်း တရားလိုက ဖော်ပြနိုင်က ဖော်ပြရမည်။

အဆိုလွှာတင်သွင်းချိန်တွင် မတင်ပြသော စာချုပ်စာတမ်းများကို တင်ပြခွင့်မရှိခြင်း
💐💐💐💐💐💐💐💐💐💐💐💐💐💐💐
အမိန့် ၇၊ နည်း ၁၈(၁)

အဆိုလွှာတင်သွင်းချိန်တွင် တရားလိုက တရားရုံးတွင် တင်ပြထိုက်သော စာချုပ်စာတမ်းကိုဖြစ်စေ၊ ဆိုလွှာတွင် ဖြည့်ထည့်ရမည့်၊ သို့မဟုတ် ပူးတွဲရမည့် စာရင်းတွင် ရေးသွင်းဖော်ပြထိုက်သော စာချုပ်စာတမ်းကိုဖြစ်စေ တင်ပြခြင်း သို့မဟုတ် ရေးသွင်းဖော်ပြခြင်းမပြုခဲ့လျှင် အမှုကြားနာသောအခါ တရားရုံး၏ ခွင့်ပြုချက်မရဘဲ ယင်းစာချုပ်စာတမ်းကို တရားလိုအတွက် သက်သေခံအဖြစ် တင်ပြခွင့်မရှိစေရ။ အဆိုလွှာနှင့်အတူ တင်ပြခြင်းမရှိသော သို့မဟုတ် စာချုပ်စာတမ်းစာရင်းတွင် စာရင်းသွင်းထားခြင်းမရှိသော စာချုပ်စာတမ်းများကို လက်ခံရာ၌ တရားရုံးသည် နှိုင်းနှိုင်းချိန်ချိန်ဆောင်ရွက်ရန် အာဏာ အပြည့်အဝရှိသည်။
(အေအိုင်အာ၊ ၁၉၅၀၊ ဆင်း ၂၆)

အများနှင့်သက်ဆိုင်သော စာချုပ်စာတမ်းများ သို့မဟုတ် တရားစီရင်ရေးဆိုင်ရာ မှုခင်းမှတ်တမ်းများ၏ တာဝန်ခံမိတ္တူမှန်ကဲ့သို့ စစ်မှန်မှုကို သံသယဖြစ်ဖွယ်မရှိနိုင်သော စာချုပ်စာတမ်းများကို တရားရုံးများက ယေဘုယျအားဖြင့် ပိတ်ပင်ရန် မဟုတ်။
(အေအိုင်အာ၊ ၁၉၅၄၊ ဟင်ပရာ၊ ၃၆)

သို့ရာတွင် မလျော်ကန်သော ကြန့်ကြာမှုရှိပြီး ကြန့်ကြာရခြင်း အတွက် ကျေနပ်ဖွယ်ကောင်းသော အကြောင်းပြချက် မပြနိုင်လျှင်
တစ်မျိုးဖြစ်ပေလိမ့်မည်။
(အေအိုင်အာ၊ ၁၉၅ဝ၊ ပီစီ၊ ၆၈)

မူလတရားရုံးက ဆင်ဆင်ခြင်ခြင် ဆောင်ရွက်ထားသည့်ကိစ္စတွင် အယူခံတရားရုံးက သာမန်အားဖြင့် စွက်ဖက်မည်မဟုတ်။
(အေအိုင်အာ၊ ၁၉၃၁၊ အလာဟာဘတ်၊ ၃၃၃)။      ။




အဆိုအချေဆိုင်ရာ သိမှတ်ဖွယ်ရာများ (၁)

အဆိုလွှာတွင် ရုံးခွန်ထမ်းဆောင်ခြင်း
🌂🌂🌂🌂🌂🌂🌂🌂🌂

အဆိုလွှာတွင် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာနှင့် ရုံးခွန်အလို့ငှာ အမှုတန်ဖိုးကို ဖော်ပြရသည်။
(အမိန့် ၇၊ နည်း ၁)

စွဲဆိုသည့်အမှုတန်ဖိုးအပေါ်ဖြစ်စေ၊ အမှုတန်ဖိုး တိတိကျကျ သတ်မှတ်၍ မရသော အမှုမျိုးတွင်ဖြစ်စေ အမှုအမျိုးအစားအလိုက် ရုံးခွန် အက်ဥပဒေနှင့်အညီ ရုံးခွန်ထမ်းဆောင်ရသည်။ အဆိုလွှာတွင် ရုံးခွန် လုံလောက်စွာ ထမ်းဆောင်မထားပါက လိုအပ်သောရုံးခွန်တံဆိပ်ခေါင်း ကို ထပ်မံထမ်းဆောင်ရန် တရားရုံးက အချိန်သတ်မှတ်ပေးမည်ဖြစ်သည်။ ဤသို့ သတ်မှတ်သည့်အချိန်အတွင်း ထပ်မံထမ်းဆောင်ရန် ပျက်ကွက်ပါက အမိန့် ၇၊ နည်း ၁၁ အရ အဆိုလွှာပယ်ခြင်းခံရမည် ဖြစ်သည်။ (အဆိုလွှာပယ်ခြင်းသည် ပလပ်ခြင်းမဟုတ်သဖြင့် အမိန့် ၇၊ နည်း ၁၃ အရ ယင်းအမှုကို ပြန်လည်စွဲဆိုနိုင်သည်။)

ရုံးခွန်အက်ဥပဒေ၏ ရည်ရွယ်ချက်မှာ တစ်ဖက်အမှုသည်အပေါ် လက်နက်သဖွယ် အသုံးပြုရန်မဟုတ်ဘဲ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာရရှိရန် ဖြစ်သည်။
(ချစ်တီးနတ်လီမိတက်ဘဏ် နှင့် ဦးတော်၊ ၁၉၅၇၊ မတစ၊ လွှတ်တော်ချုပ်၊ ၅၆)

ကြားကာလ အမြတ်အစွန်းရလိုမှုနှင့် စာရင်းရှင်းလင်းပေးစေလိုမှုများတွင် ဒီကရီကျငွေသည် တောင်းဆိုသောငွေထက် ပိုနေပါက ထိုပိုသော ငွေအတွက် ရုံးခွန်ထပ်မံမထမ်းဆောင်လျှင် ဒီကရီကို အတည်ပြုခွင့်မရပေ။ (ရုံးခွန်အက်ဥပဒေပုဒ်မ ၁၁)။ သို့အတွက် အဆိုပါအမှုများ စွဲဆိုသည့်အခါ တရားစွဲဆိုသည့်နေ့အထိ ရရန်ရှိသည့်ငွေများကို အမှုတန်ဖိုး အဖြစ် ဖော်ပြ၍ ရုံးခွန်ထမ်းဆောင်ထားပြီး ဒီကရီကျငွေက ပိုမိုချမှတ် ပါက ရုံးခွန်ထပ်မံထမ်းဆောင်ပါမည့်အကြောင်း အဆိုလွှာတွင်ဖော်ပြပေးကြသည်။

တရားပြိုင်သည် အမိန့် ၂၁၊ နည်း ၁၃ အရ အမွေဝေစုရရှိလျှင် ရုံးခွန်ထမ်းဆောင်ရသည်။
(ဦးဖိုးမြနှင့် ဘုန်းတော်ကြီး ရီယိုဖရက်၊ ၁၉၃၉၊ ရန်ကုန်၊ ၁၃၄)

ရုံးခွန်နှင့်ပတ်သက်၍ မူလမှုတွင် ကန့်ကွက်ခဲ့ခြင်း မရှိပါက ဇာရီမှုတွင် ရုံးခွန်ကိစ္စ အရေးဆိုပိုင်ခွင့်မရှိ။
(ဦးကိုကြီးနှင့် ဒေါ်ပေ၊ ၁၉၇၆၊ မတစ၊ ၄)


💥💥💥💥💥💥💥💥💥💥💥💥💥💥


အဆိုလွှာ၌ ရုံးခွန်တံဆိပ်ခေါင်းကပ်ရမည့် နေရာနှင့် ရုံးခွန်တံဆိပ်ခေါင်းကပ်နည်း
🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂

အဆိုလွှာ လျှောက်လွှာ၏ ပထမစာမျက်နှာအထက်ပိုင်းတွင် ရုံးခွန်တံဆိပ်ခေါင်းကပ်ရန်အလို့ငှာ (၄)လက်မခန့် ကွက်လပ်ချန်လှပ်ထားရမည်။ စာရွက်နံဘေးကွက်လပ်တွင် ရုံးခွန်တံဆိပ်ခေါင်း မကပ်ရ။ ကပ်လျက်ပါလျှင် တရားရုံးက လက်မခံရ။ ပြန်လည်ကပ်ရန် အမှုသည်ကို ပြန်ပေးရမည်။
(တရားရုံးများလက်စွဲ အပိုဒ်-၁၁၀၉)

ရုံးခွန်တံဆိပ်ခေါင်းများကို ရနိုင်သရွေ့ အမြင့်ဆုံးတန်ဖိုးရှိ တံဆိပ်ခေါင်းများကို အသုံးပြုရမည်။ ရုံးခွန်တံဆိပ်ခေါင်းများတစ်ခု အပေါ်တစ်ခု ထပ်အောင် ကပ်ခြင်း မပြုရ။ ထပ်၍ ကပ်ပါက ရုံးက ခွင့်မပြုရ။
(တရားရုံးများလက်စွဲ အပိုဒ်-၉၀)

တရားရုံးက ရုံးခွန်တံဆိပ်ခေါင်းအစား ငွေသားကို လက်ခံယူခြင်း မပြုရ။ လက်ခံရယူသည့် အလေ့အထလည်း မရှိစေရ။ စာရေးများသည် ရုံးခွန်တံဆိပ်ခေါင်းများကို လက်ခံယူသည့်အခါ ရရှိကြောင်း ပြေစာလက်မှတ်ပေးရမည်။
(တရားရုံးများလက်စွဲ အပိုဒ်-၉၀ နှင့် ၁၀၃၀)

၁၉၉ဝ ပြည့်နှစ်၊ ရုံးခွန်အက်ဥပဒေ ပြင်ဆင်ချက်အရ ရုံးခွန် အများဆုံး ၁၅ဝဝဝဝိ/- ကျပ်အထိ သတ်မှတ်ထားသဖြင့် ယင်းအမှုမျိုးအတွက် ရုံးခွန်နှိပ်တံဆိပ်ခေါင်းများဖြင့် သီးခြားထမ်းဆောင်နိုင်သည်။ ယင်းကဲ့သို့ သီးခြားရုံးခွန်ထမ်းဆောင်သည့် ရုံးခွန်တံဆိပ်ခေါင်းစာရွက် အသီးသီးတွင် အဆိုလွှာခေါင်းစီး၌ ဖော်ပြသကဲ့သို့ ရုံးအမည်။ တရားမကြီးမှုအမှတ်၊ အမှုသည်အမည်၊ အမှုသည်များကို ရေးသား၊ ရိုက်နှိပ်ထားပြီး ရုံးခွန်တန်ဖိုး မည်မျှထမ်းဆောင်ပါကြောင်း ဖော်ပြ၍ အမှုသည် သို့မဟုတ် ရှေ့နေက လက်မှတ်ထိုးထားရန် လိုမည်ဖြစ်သည်။


💥💥💥💥💥💥💥💥💥💥💥💥💥💥💥


အဆိုလွှာ၊ ချေလွှာနှင့်အတူ ဆင့်ဆိုရန် လိပ်စာတင်သွင်းခြင်း
🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂

အဆိုလွှာ၊ ချေလွှာတို့တွင် အမိန့် ၆၊ နည်း ၃ နှင့် အမိန့် ၇၊ နည်း ၁ တို့အရ အဆိုလွှာ၊ ချေလွှာတို့တွင် တရားလို၊ တရားပြိုင်တို့၏ နေရပ်လိပ်စာများ ဖော်ပြရသည့်အပြင် တရားလိုသည် အဆိုလွှာ တင်သွင်းသည့်အခါ မိမိအား .ဆင့်ဆိုရန် လိပ်စာဖော်ပြထားသည့် သီးခြားစာတွဲ (a proceeding stating his address for service) (တစ်နည်းအားဖြင့် ၄င်းအားဆင့်ဆိုရန် လိပ်စာသီးခြားလျှောက်လွှာ)ကို တစ်ပြိုင်တည်းတင်သွင်းရမည်။
(အမိန့် ၅၊ နည်း ၂ဝ-က(၁))

ထို့အတူ လာရောက်ခုခံမည့် တရားပြိုင်က ၄င်းအား တရားရုံးသို့ လာရောက်၍ ချေလွှာတင်ရန် ဆင့်ဆိုသည့်နေ့ သို့မဟုတ် ထိုနေ့မတိုင်မီ မိမိအား ဆင့်ဆိုရန် လိပ်စာဖော်ပြထားသည့်လျှောက်လွှာ၊ စာတွဲကို တင်ရမည်။
(အမိန့် ၅၊ နည်း ၂ဝ-က(၂))

တရားလိုက မိမိအား ဆင့်ဆိုရန် လိပ်စာတင်သွင်းရန် ပျက်ကွက်လျှင် အဆိုလွှာကို ပလပ်ခြင်းခံရမည်။ ထို့အတူ တရားပြိုင်က မိမိအား ဆင့်ဆိုရန် လိပ်စာတင်သွင်းရန် ပျက်ကွက်လျှင် ချေလွှာကို ပလပ်ခြင်းခံရမည်။ ထိုသို့ လိပ်စာတင်ရန် ပျက်ကွက်သော အမှုသည် အပေါ် ယင်းသို့သော ပလပ်သည့်အမိန့်ချပေးရန် တစ်ဖက်က လျှောက်ထားနိုင်သည်။ ယင်းသို့ လျှောက်ထားချက်အပေါ် တရားရုံးက သင့်လျော်မျှတသည့် အမိန့်ချမှတ်ပေးနိုင်သည်။
(အမိန့် ၅၊ နည်း ၂၀-က(၄))

အဆိုအချေများတွင် လိပ်စာများဖော်ပြထားသည်ကို အကြောင်းပြုပြီး အမိန့် ၅၊ နည်း ၂၀-က အရ ဆင့်ခေါ်ရန် လိပ်စာဖော်ပြရန် မလိုဟု မှားယွင်းယူဆတတ်ကြသည်။ အဆိုတွင် အမိန့် ၇၊ နည်း ၁(ခ)နှင့် (ဂ)အရ တရားလိုနှင့် တရားပြိုင်အသီးသီး၏ နေရပ်ကို ဖော်ပြရသည်မှန်သော်လည်း အမိန့် ၅၊ နည်း ၂ဝ-ကတွင် ဆင့်ခေါ်ရန် လိပ်စာကို ရည်ညွှန်းထားကြောင်း တွေ့ရပေလိမ့်မည်။ ယင်းပြဋ္ဌာန်းချက်များကို တိတိကျကျလိုက်နာမည်ဆိုပါက ဆင့်ခေါ်ရန်လိပ်စာကို သီးခြားစာတွဲ (ဆိုလိုသည်မှာ သီးခြားစာရွက်)တွင် ဖော်ပြရန် ဖြစ်သည်။ အချို့က အဆိုအချေပါအမှုသည်များ၏ နေရပ်ကို ညွှန်း၍ အမိန့် ၅၊ နည်း ၂ဝ-က အလို့ငှာ ဆင့်ခေါ်ရန်လိပ်စာဖြစ်ကြောင်း အဆိုအချေမှာပင် တစ်ပါတည်းဖော်ပြကြသည်ကို တွေ့ရသည်။ ဤနည်းဖြင့် အမိန့် ၅၊ နည်း ၂ဝ-ကပါ ပြဋ္ဌာန်းချက်များကို စတိသဘော လိုက်နာကြသည်။ တရားရုံးများက အမှုသည်များ၏ လိပ်စာကို အမိန့် ၅၊ နည်း ၂ဝ-က တွင် အတိအလင်းသတ်မှတ်ထားသည့်အတိုင်း သီးခြားစာတွဲဖြင့် တင်သွင်းစေရန်အတွက် ကြီးကြပ်ကွပ်ကဲကြရန် လိုအပ်ကြောင်း နှိုးဆော်လိုက်သည်။

မူလရုံးတရားပြိုင်တို့သည် အမိန့် ၅၊ နည်း ၂၀-က(၂)အရ လိုအပ်သည့်လိပ်စာကို တရားရုံးတွင် တင်သွင်းရန် ပျက်ကွက်ခဲ့ကြခြင်းဖြစ်သည်။ တရားမကျင့်ထုံးဥပဒေ အမိန့် ၅၊ နည်း ၂ဝ-က ကို ပြဋ္ဌာန်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း ယင်းပြဋ္ဌာန်းချက်ကို အမှုသည်များ၊ ရှေ့နေများ၊ တရားသူကြီးများ ကောင်းစွာ လေ့လာကြဟန် မတူချေ။ နည်း ၂ဝ-က(၂) အရဆိုလျှင် အမှုကို ဆိုင်ပြိုင်ရန် ရည်ရွယ်သူတရားပြိုင် သို့မဟုတ် အယူခံတရားပြိုင် သို့မဟုတ် လျှောက်ထားခံရသူသည် ရုံးခေါ်စာ သို့မဟုတ် နို့တစ်စာ၌ ဖော်ပြထားသော ရုံးချိန်းနေ့မတိုင်မီဖြစ်စေ၊ ယင်းနေ့တွင်ဖြစ်စေ မိမိအား ဆင့်ဆိုရန်လိပ်စာကို တင်သွင်းရမည် ဖြစ်သည်။
(မောင်သာဌေးပါ-၄ နှင့် ဦးခင်မောင်မြင့်၊ ၁၉၈၉၊ မတစ၊ ၇၈ (၈၀) (၈၁))

တရားပြိုင်က ၄င်းအား ဆင့်ဆိုရန် လိပ်စာမတင်သွင်းသဖြင့် လိပ်စာတင်ရန် တရားရုံးက ၃ ကြိမ်ညွှန်ကြားသော်လည်း မတင်သွင်းသည့်အပြင် ရုံးချိန်းတစ်ချိန်း၌ လိပ်စာတင်သည့်လျှောက်လွှာတင်သော်လည်း တရားလိုဘက်မှ ကန့်ကွက်သဖြင့် ၄င်း၏လျှောက်လွှာကို မတင်လိုတော့ကြောင်းနှင့် ၄င်းတွင် ကုစားရန် အခြားနည်းရှိကြောင်း ရှေ့နေက ပြောပြီး ပြန်ယူသွားသည်။ ဤပျက်ကွက်မှုမှာ ဥပဒေပါ ပြဋ္ဌာန်းချက်ကို မလိုက်နာရာကျသည့်အပြင် တရားရုံးကို မထီလေးစားပြုရာရောက်သဖြင့် ချေလွှာကို ပလပ်သည့်အမိန့်မှာ မှန်ကန်သည်။
(ဦးကြီးစိန် (ခ) ဝူချီစင်းနှင့် ဦးလှမြိုင်၊ တရားမပြင်ဆင်မှုအမှတ်- ၃၅၁/၉၄ (၁၅-၂-၉၅))။         ။ 




Thursday, February 21, 2019

အဆိုလွှာ ရေးသားရာတွင် လိုက်နာကျင့်သုံးရမည့်အချက်များ

အဆိုလွှာ ရေးသားရာတွင် အောက်ဖော်ပြပါအတိုင်း လိုက်နာကျင့်သုံးရမည်။ 

(၁)   အဆိုလွှာကို တရားမကျင့်ထုံးဥပဒေ နောက်ဆက်တွဲ(က)ပါပုံစံများကို အသုံးပြုနိုင်သမျှ ပြုရမည်။ ယင်းတို့ကို အသုံးမပြုနိုင်ပါက ယင်းပုံစံများနှင့် သဘောအားဖြင့် ကိုက်ညီနိုင်သမျှ ကိုက်ညီသောပုံစံများကို အသုံးပြုရမည်။ 
(အမိန့် ၆၊ နည်း ၃)

(၂)   တရားမကြီးမှုကို တရားစွဲဆိုလွှာတင်သွင်းသည့် တရားရုံးအမည်၊ ခုနှစ်၊ တရားမကြီးမှုအမှတ် ပါရှိရမည်။ 
(အမိန့် ၇၊ နည်း၁ (က))

တရားမကြီးမှုအမှတ်ကို စွဲဆိုသည့်ခုနှစ်အလိုက် တရားရုံးတော်က သတ်မှတ်ပေးရမည်။ 
(အမိန့် ၄၊ နည်း ၂)

(၃)   တရားစွဲဆိုသော တရားလို၏ အမည်၊ သရုပ်ဖော်ပြချက်နှင့် နေရပ်တို့ကို ဖော်ပြပေးရမည်။ 
(အမိန့် ၇၊ နည်း၁ (ခ))

သရုပ်ဖော်ပြချက်ဆိုသည်မှာ အဖအမည်နှင့် ကာယကံရှင်သည် မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ရန် လိုအပ်သောအခြား အချက်အလက်များ ဖြစ်သည်။ 
(အေအိုင်အာ၊ ၁၉၄၃၊ ကာလကတ္တား၊ ၃၁၉)

(၄)   တရားစွဲဆိုခံရသော တရားပြိုင်၏ အမည်၊ သရုပ်ဖော်ပြချက် နှင့် နေရပ်တို့ကို စုံစမ်းသိရှိနိုင်သမျှ ဖော်ပြပေးရမည်။ 
(အမိန့် ၇၊ နည်း ၁(ဂ))

(၅)   တရားလိုဖြစ်စေ၊ တရားပြိုင်ဖြစ်စေ အရွယ်မရောက်သေးသူ ဖြစ်လျှင်သော်လည်းကောင်း၊ စိတ်မနှံ့သူတစ်ဦး ဖြစ်လျှင် သော်လည်းကောင်း ထိုသို့ဖြစ်ကြောင်း ဖော်ပြပေးရမည်။
(အမိန့် ၇၊ နည်း၁ (ဃ))

အရွယ်မရောက်သေးသူဆိုသည်မှာ အရွယ်ရောက်ခြင်းအက်ဥပဒေ (The Majority Act) ပုဒ်မ ၃ အရ အသက် ၁၈နှစ် မပြည့်သူကို ဆိုလိုသည်။ ။

စိတ်မနှံ့သူ (Person of unsound mind)ဆိုရာတွင် ရူးသွပ်သူအပြင် စိတ်ပေါ့သွပ်သူ၊ စိတ်နောက်သူ စသည့် စိတ်မမှန် (Mental infirmity) ဖြစ်ကြသူများလည်း ပါဝင်ကြသည်။
(အမိန့် ၃၂၊ နည်း ၁၅)

အရွယ်မရောက်သေးသူကဖြစ်စေ၊ စိတ်မနှံ့သူကဖြစ်စေ တရားလိုအဖြစ် တရားစွဲဆိုလျှင် ၄င်းတို့၏ နီးစပ်ရာဆွေမျိုးမိတ်ဆွေ (Next friend) ဖြင့် စွဲဆိုရသည်။ 
(အမိန့် ၃၂၊ နည်း ၁ နှင့် ၁၅)

အရွယ်မရောက်သေးသူသည် အမှုကို ကိုယ်တိုင်စွဲဆိုခြင်း၊ ခုခံချေပခြင်း မပြုနိုင်သဖြင့် ၄င်း၏ အကျိုးသက်ဆိုင်ခွင့် (ဆိုင်ရာဆိုင်ခွင့်ကို) အရွယ်ရောက်သူက ကြည့်ရှုရန် လိုအပ်သည်။ အရွယ်မရောက်သေးသူသည် တရားလိုဖြစ်လျှင် ထိုသူကို နီးစပ်ရာ မိတ်ဆွေဟူ၍လည်းကောင်း၊ တရားပြိုင် ဖြစ်လျှင် အုပ်ထိန်းသူဟူ၍လည်းကောင်း ခေါ်သည်။

(၆)   အဆိုလွှာရေးသားရာ၌ စာပိုဒ်များခွဲ၍ စာပိုဒ်အသီးသီးကို အမှတ်စဉ်တပ်ရမည်။ ရက်စွဲ၊ ငွေကြေးပမာဏနှင့် ကိန်းဂဏန်းတို့ကို စာသားဖြင့် မဖော်ပြဘဲ ဂဏန်းဖြင့် ဖော်ပြရမည်။
(အမိန့် ၆၊ နည်း ၂)

(၇)   အဆိုလွှာရေးရာတွင် အရေးပါသော အကြောင်းအချက်များကို တိုတိုနှင့် လိုရင်းကို ပြည့်စုံစွာ ဖော်ပြရသည်။ သက်သေခံချက်များ၊ ဥပဒေအချက်အလက်များကို မဖော်ပြရ။ 
(အမိန့် ၆၊ နည်း ၂ နှင့် ၅) 
(တရားရုံးများလက်စွဲ အပိုဒ်-၁၁၉)

(၈)   တရားလိုသည် ကွဲပြားသော တောင်းဆိုချက်အများအပြားကို ဖြစ်စေ၊ သီးခြားကွဲပြားသော အကြောင်းပြချက်များမှ ပေါ်ပေါက်လာသော တရားစွဲဆိုရန် အကြောင်းများကိုဖြစ်စေ တသီးတခြားစီ ကွဲကွဲပြားပြားဖော်ပြရမည်။ 
(အမိန့် ၇၊ နည်း ၈)

(၉)   အမှုမစွဲဆိုမီက အချင်းဖြစ်ကိစ္စနှင့် လိုအပ်သော လုပ်ဆောင်ချက်၊ အခြေအနေ၊ အဖြစ်အပျက်တို့ကို ထင်ရှားစွာ ဖော်ပြရမည့် အပြင်၊ ထိုကိစ္စအတွက် အခိုင်အမာဆောင်ရွက်ခဲ့ကြောင်းကိုလည်း အဆိုလွှာတွင် သဘောသက်ရောက်စေရန် ဖော်ပြရ မည်။ 
(အမိန့် ၆၊ နည်း ၆)

(၁၀)   အမှုဖြစ်ကိစ္စနှင့်စပ်လျဉ်း၍ အမှုသည်အချင်းချင်း တစ်ဘက်နှင့် .တစ်ဘက် စာအတန်တန်အလီလီ အပြန်အလှန်ပေးစာများ၊ ပြောဆိုမှုများ၊ ပတ်ဝန်းကျင်အကြောင်းခြင်းရာများအရ သွယ်ဝိုက်၍ ပဋိညာဉ် သို့မဟုတ် ဆက်ဆံမှုဖြစ်လာခြင်းကို အကြောင်းပြုရာတွင် ယင်းတို့ကို အသေးစိတ်ဖော်ပြရန် မလိုဘဲ ယေဘုယျ ခြုံငုံဖော်ပြလျှင် လုံလောက် သည်။ အဆိုပါ ပဋိညာဉ် သို့မဟုတ် ဆက်ဆံမှုသည် တစ်ခုထက်ပို၍ ရှိနေပြီး တစ်ခု သို့မဟုတ် တစ်ခုကို အားကိုးအားထားပြု၍ ဖော်ပြ စွဲဆိုလိုပါက စွဲဆိုနိုင်သည်။ 
(အမိန့် ၆၊ နည်း ၁၂)

(၁၁)   ဥပဒေအရ မိမိအတွက် အသာစီးမှတ်ယူသောအချက်နှင့် တစ်ဘက်အမှုသည်က သက်သေပြရန် တာဝန်ရှိသည့်အချက် များကို တစ်ဘက်အမှုသည်ကလည်း ငြင်းဆိုခြင်းမရှိလျှင် အဆိုလွှာတွင် ဖော်ပြရန် မလို။ 
(အမိန့် ၆၊ နည်း ၁၃)

(၁၂)   မရွှေ့မပြောင်းနိုင်သော ပစ္စည်းပေါင်နှံခြင်းနှင့် စပ်လျဉ်း အပေါင်ပစ္စည်းရွေးနုတ်ခွင့် ပိတ်ပင်လိုမှုတွင်ဖြစ်စေ၊ ရောင်းလိုမှုတွင်ဖြစ်စေ၊ ရွေးနုတ်လိုမှုတွင်ဖြစ်စေ အပေါင်ပစ္စည်းနှင့်လည်းကောင်း၊ ရွေးနုတ်ခွင့်နှင့်လည်းကောင်း အကျိုးသက်ဆိုင်ခွင့်ရှိသူများဟု တရားလိုက သိရှိထားသူအားလုံးကို အဆိုလွှာ တွင် ထည့်သွင်းဖော်ပြရမည်။ 
(အမိန့် ၃၄၊ နည်း ၁(ခ))

(၁၃)   တရားပြိုင်သည် အချင်းဖြစ်ပစ္စည်းတွင် အကျိုးသက်ဆိုင်ခွင့် ရှိကြောင်း သို့မဟုတ် ယင်းသို့ အကျိုးသက်ဆိုင်ခွင့်ရှိသည်ဟု အရေးဆိုလျက်ရှိကြောင်း အဆိုလွှာတွင် ဖော်ပြရမည့်အပြင်၊ တရားလို၏ တောင်းဆိုချက်ကို ဖြေရှင်းရန်လည်း တာဝန်ရှိ ကြောင်း ဖော်ပြရမည်။ 
(အမိန့် ၇၊ နည်း ၅)

(၁၄)   စာချုပ်စာတမ်းနှင့်ပတ်သက်၍ စာချုပ်စာတမ်းပါ အရေးပါ သော လိုရင်းအချက်ကိုသာ ဖော်ပြရပြီး စာချုပ်ပါ အချက် အားလုံးကို အကျယ်ဖော်ပြရန် မလို။ အရေးမပါသော အချက်ကို ဖြစ်နိုင်သမျှ အကျဉ်းချုံး၍ဖော်ပြရမည်။ 
(အမိန့် ၆၊ နည်း ၉) 

(၁၅)   တစ်ဦးတစ်ယောက်၏ မသမာစိတ်၊ လိမ်လည်လိုစိတ်နှင့် အခြားစိတ်နေစိတ်ထား၊ ကြံရွယ်ချက် မည်သို့ရှိကြောင်း ဖော်ပြရန် လိုသည့်ကိစ္စတွင် မည်သည့်ပတ်ဝန်းကျင် အခြေအနေအကြောင်းများအရ မည်သို့စိတ်ထားရှိကြောင်း ပတ်ဝန်းကျင် အကြောင်းအရာများကို အကျယ်ဖော်ပြရန် မလို။ ယင်းဖြစ်ပေါ်နေသည့် စိတ်အခြေအနေကိုသာ တိုက်ရိုက်ဖော်ပြ အဆိုပြုလျှင် လုံလောက်သည်။ 
(အမိန့် ၆၊ နည်း ၁၀)

(၁၆)   အဆိုလွှာတွင် မလိုအပ်သော၊ အသရေပျက်စေသော၊ အမှန်တရားကို စစ်ဆေးစီရင်ရာတွင် အနှောင့်အယှက်ဖြစ်စေသော၊ ကြန့်ကြာစေသောအချက်များ မပါရှိစေရ။ 
(အမိန့် ၆၊ နည်း ၁၆)

(၁၇)   တရားလိုသည် ငွေရလိုကြောင်း စွဲဆိုလျှင် တောင်းဆိုသည့် ငွေပမာဏအတိအကျကို အဆိုလွှာတွင် ဖော်ပြရမည်။ သို့သော်လည်း ကြားကာလအမြတ်ကိုဖြစ်စေ၊ တရားလိုနှင့် တရားပြိုင်အကြား မရှင်းလင်းရသေးသည့်စာရင်းကို ရှင်းလင်းသည့်အခါ တရားလိုသို့ ပေးရန်ရှိကြောင်း တွေ့ရှိရမည့်ငွေကိုဖြစ်စေ ရလိုကြောင်းဖြင့် စွဲဆိုခြင်းဖြစ်ပါက စွဲဆိုသည့် ငွေခန့်မှန်းခြေကို အဆိုလွှာတွင် ဖော်ပြရမည်။

(၁၈)   အလွဲပြောဆိုခြင်း၊ လိမ်လည်ခြင်း၊ ယုံကြည်အပ်နှံမှု ဖောက်ဖျက်ခြင်း၊ တမင်ပျက်ကွက်ခြင်း၊ မလျော်သြဇာသုံးခြင်း တစ်ရပ်ရပ်ကို အားကိုးအားထားပြု၍ စွဲဆိုသော အမှုအားလုံးနှင့် အထက်တွင် ဆိုခဲ့သော ပုံစံများတွင် ဥပမာအဖြစ် ဖော်ပြထားသည်ထက် ပိုမိုကျယ်ဝန်းသော အချက်အလက်များ လိုအပ်သည့်အခြားအမှုအားလုံးတွင် အချက်အလက်များကို အဆိုအချေတွင် ပြည့်ပြည့်စုံစုံဖော်ပြရမည်။ လိုအပ်လျှင် ရက်စွဲနှင့် အသေးစိတ်အချက်အလက်များကိုပါ ဖော်ပြရမည်။
(အမိန့် ၆၊ နည်း ၄)

(၁၉)   အချင်းဖြစ်ပစ္စည်းသည် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းဖြစ်ပါက ထိုပစ္စည်းကို ခွဲခြားသိရှိနိုင်ရန် လုံလောက်သော အချက်အလက်များကို အဆိုလွှာတွင် ဖော်ပြရမည်။ ထို့ပြင် ကြေးတိုင်မြေတိုင်းအမှတ်၊ မြေကွက်အမှတ်၊ နယ်နိမိတ်နှင့် အမှတ်အသားများကိုလည်း ဖော်ပြရသည်။ 
(အမိန့် ၊ နည်း ၃)

(၂၀)   တရားလိုသည် မိမိတောင်းဆိုသော သက်သာခွင့်ကိုဖြစ်စေ၊ ယင်းသက်သာခွင့် မရနိုင်ပါက အခြားရလိုသည့် သက်သာခွင့်ကိုဖြစ်စေ အဆိုလွှာတွင် အတိအလင်းဖော်ပြရမည်။ 
(အမိန့် ၇၊ နည်း ၇)

(၂၁)   အဆိုလွှာကို တင်သွင်းပြီးနောက် အမိန့် ၆၊ နည်း ၁၇ အရ ပြင်ဆင်ခြင်းမဟုတ်ဘဲ မူလအဆိုလွှာနှင့် မညီညွတ်သည့် အချက်၊ သို့မဟုတ် အဆိုလွှာတွင် မပါသည့် အကြောင်းပြချက်အသစ်၊ စွပ်စွဲချက်အသစ်တစ်ရပ်ရပ်ကို တင်ပြခြင်း၊ ထည့်သွင်းခြင်း မပြုရ။ 
(အမိန့် ၆၊ နည်း ၇)

တရားမစွဲမီ နို့တစ်စာပေးရန် လိုသော အမှုတွင် မည်သည့်ကိစ္စ၌ မည်သည့်နေ့ရက်က မည်ကဲ့သို့ပေးခဲ့ကြောင်း အတိုချုပ်ဖော်ပြရန် လိုသည်။ နို့တစ်စာပါ အချက်များကို အကျယ်ဖော်ပြရန် မလို။ (အမိန့် ၆၊ နည်း ၁၁)

(၂၃)   တရားလိုက ကိုယ်စားပြုစွဲဆိုသော အမှုတွင် အချင်းဖြစ်ကိစ္စ၌ မိမိသည် အမှန်တကယ် လက်ရှိအကျိုးသက်ဆိုင်ခွင့်ရှိကြောင်းကိုသာမက အချင်းဖြစ်ကိစ္စနှင့်စပ်လျဉ်း၍ တရားမမှုစွဲဆိုနိုင်ရန် ဆောင်ရွက်ရမည့်ကိစ္စများရှိပါကလည်း ဆောင်ရွက်ပြီးကြောင်း ဖော်ပြရမည်။ 
(အမိန့် ၇၊ နည်း ၄)

(၂၄)   တရားလိုသည် တောင်းဆိုချက်အနက်မှ စွန့်ပယ်သော သို့မဟုတ်ခုနှိမ်သော အစိတ်အပိုင်းရှိလျှင် ထိုစွန့်ပယ်သော အစိတ်အပိုင်းကို ဖော်ပြရမည်။ 
(အမိန့် ၇၊ နည်း ၁)

(၂၅)   အဆိုလွှာတွင် တောင်းဆိုသော သက်သာခွင့်တန်ဖိုးကို မှန်ကန်စွာ ဖော်ပြရမည်။ လျှော့ထားပါက ပြင်ဆင်ပေးရမည်။ 
(အမိန့် ၇၊ နည်း ၁၁ (ခ))

(၂၆)   အမှုစွဲဆိုပြီးမှ ပေါ်ပေါက်လာသော အခွင့်အရေးများနှင့် စပ်လျဉ်း၍ အဆိုလွှာမပြင်ဘဲ ယင်းအခွင့်အရေးများအပေါ် အခြေခံ၍ သက်သာခွင့်ပေးနိုင်မည် မဟုတ်။ 
(အမိန့် ၆၊ နည်း ၇)

(၂၇)   ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ထားချက်ကို ဖော်ပြခြင်းမပြု ရ။ 
(အမိန့် ၇၊ နည်း ၁၁(ဃ))

(၂၈)   တရားစွဲဆိုရန် အကြောင်းဖော်ပြချက်နှင့် မည်သည့်အချိန်က စတင်ပေါ်ပေါက်ကြောင်း ဖော်ပြချက် ပါရှိရမည်။ 
(အမိန့် ၇၊ နည်း ၁(င)နှင့် နည်း ၁၁(က))

(၂၉)   တရားမမှုကို ကာလစည်းကမ်းသတ်အက်ဥပဒေအရ သတ်မှတ်ထားသည့် စည်းကမ်းသတ်ကာလကျော်လွန်ပြီးမှ စွဲဆိုသောအမှုတွင် ယင်းဥပဒေအရ ကင်းလွတ်ခွင့်ပြုထားသည့် အကြောင်းပြချက်ကို အဆိုလွှာတွင် ဖော်ပြရမည်။ 
(အမိန့် ၇၊ နည်း  ၆)

(၃၀)   အရေးကြီးသော စာချုပ်စာတမ်းများကို မတင်ပြနိုင်လျှင် ယင်းစာချုပ်စာတမ်းပါ ကိစ္စရပ်များကို သိရှိထားသည့် ပုဂ္ဂိုလ်များအား ကျမ်းသစ္စာပြုစေ၍ ယင်းသစ္စာပြုလွှာကို အဆိုလွှာတွင် ရေးသားဖော်ပြ၍ လိုအပ်သလို တင်သွင်းသွားမည်ဖြစ်ကြောင်း ဖော်ပြရပါမည်။ 
(အမိန့် ၇၊ နည်း ၁၆)

(၃၁)   စွဲဆိုသည့် တရားရုံးသည် စီရင်ပိုင်ခွင့်အာဏာရှိကြောင်း ဖော်ပြရမည်။ 
(အမိန့် ၇၊ နည်း ၁(စ))

(၃၂) အဆိုလွှာတွင် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာနှင့် ရုံးခွန် အလို့ငှာ အမှုတန်ဖိုးကို မှန်ကန်စွာ ဖော်ပြရသည်။ 
(အမိန့် ၇၊ နည်း ၁(ဈ)နှင့် နည်း ၁၁ (ဂ))

(၃၃)   အဆိုလွှာတွင် တရားလိုကဖြစ်စေ၊ နည်းလမ်းတကျ လွှဲအပ်ထားသော တရားလို၏ အခွင့်ရကိုယ်စားလှယ်ကဖြစ်စေ လက်မှတ်ရေးထိုးရသည်။ ရှေ့နေငှားရမ်းထားပါက ရှေ့နေကလည်း လက်မှတ်ထိုးရသည်။ 
(အမိန့် ၆၊ နည်း ၁၄)

(၃၄)   အဆိုလွှာ၏ အောက်ခြေတွင် “ဝန်ခံချက်” (Verification of Pleading)ဟူ၍ ရေးပြီး အဆိုလွှာပါ မည်သည့်အပိုဒ်သည် ကိုယ်တိုင်သိရှိမှန်ကန်သည်ဟု ယုံကြည်ကြောင်း၊ မည်သည့်အပိုဒ်သည် သတင်းကြားသိ မှန်ကန်သည်ဟု ယုံကြည် ကြောင်း၊ မည်သည့်နေ့ရက်၊ မည်သည့်နေရာတွင် ဝန်ခံ လက်မှတ်ရေးထိုးကြောင်း ဖော်ပြရမည်။ 
(အမိန့် ၆၊ နည်း ၁၅)

(၃၅)   အဆိုလွှာနှင့် ပူးတွဲတင်ပြရမည့် စာချုပ်စာတမ်းများ အားကိုးအားထားပြု သော စာချုပ်စာတမ်းများကို ဖော်ပြရမည်။ 
(အမိန့် ၇၊ နည်း ၉၊ ၁၄ နှင့် ၁၈)

(၃၆)   အဆိုလွှာ၏ လက်ဝဲဘက်နံဘေး၌ မည်သည့်စာကိုမျှ ရေးသားခြင်းမပြုဘဲ လက်ဝဲဘက်နံဘေးတွင် (၂)လက်မကွက်လပ် ချန်လှပ်ထားရမည်။ 
(တရားရုံးများလက်စွဲ အပိုဒ်-၁၁၀၉)

(၃၇)   အဆိုလွှာလျှောက်လွှာ၏ ပထမစာမျက်နှာအထက်ပိုင်းတွင် ရုံးခွန်တံဆိပ်ခေါင်းကပ်ရန်အလို့ငှာ (၄)လက်မခန့် ကွက်လပ် ချန် ထားရမည်။ စာရွက်နံဘေးကွက်လပ်တွင် ရုံးခွန်တံဆိပ်ခေါင်း မကပ်ရ။ 
(တရားရုံးများလက်စွဲ အပိုဒ်-၁၁၀၉)

(၃၈)   တန်ဖိုးအလျောက် ရုံးခွန်ထမ်းဆောင်ရသည့် အမှုများတွင် ရုံးခွန်တန်ဖိုးများသဖြင့် အဆိုလွှာလျှောက်လွှာ၏ ပထမ စာမျက်နှာအထက်ပိုင်းတွင် ကပ်၍ ဆုံမည်မဟုတ်။ ထို့ကြောင့် သီးခြားစာရွက်များတွင် ရုံးခွန်တံဆိပ်ခေါင်းကပ်၍လည်းကောင်း၊ ရုံးခွန်တံဆိပ်ခေါင်း ပါရှိသည့် စာရွက်များတွင်လည်းကောင်း အဆိုလွှာခေါင်းစီးတွင် ဖော်ပြသကဲ့သို့ ရုံးအမည်၊ တရားမကြီးမှုအမှတ်၊ အမှုသည်များကို ရေးသားရိုက်နှိပ်ပြီး ရုံးခွန်တန်ဖိုး မည်မျှထမ်းဆောင်ပါကြောင်း ဖော်ပြ၍ အမှုသည်၊ သို့မဟုတ် ရှေ့နေက လက်မှတ်ရေးထိုးရမည်။

(၃၉)   ရုံးခွန်တံဆိပ်ခေါင်းများကို ရနိုင်သ၍ အမြင့်ဆုံးတံဆိပ်ခေါင်းများကို အသုံးပြုရမည်။ ရုံးခွန်တံဆိပ်ခေါင်းများ တစ်ခုအပေါ် တစ်ခု ထပ်၍ မကပ်ရ။ 
(တရားရုံးများလက်စွဲ အပိုဒ်-၉၀)

(၄၀)   တရားရုံးက ရုံးခွန်တံဆိပ်ခေါင်းအစား ငွေသားကို လက်ခံယူခြင်း မပြုရ။ စာရေးများသည် ရုံးခွန်တံဆိပ်ခေါင်းများကို လက်ခံယူသည့်အခါ ရရှိကြောင်း ပြေစာလက်မှတ်ပေးရမည်။
(တရားရုံးများလက်စွဲ အပိုဒ်-၉၀ နှင့် ၂၀၃၀)

(၄၁)   တရားပြိုင်ဦးရေရှိသည့်အတိုင်း အဆိုလွှာ မိတ္တူများ တင်သွင်း ရမည်။ 
(အမိန့် ၇၊ နည်း ၉(၁))

(၄၂)   တရားလို သို့မဟုတ် အယူခံတရားလို သို့မဟုတ် လျှောက် ထားသူတိုင်းသည် အဆိုလွှာ၊ အယူခံလွှာ သို့မဟုတ် အကျဉ်းနည်းဖြင့် စစ်ဆေးရန် တောင်းခံလွှာ သို့မဟုတ် လျှောက်လွှာ တစ်ရပ်ရပ်ကို တင်သွင်းသည့်အခါ သို့မဟုတ် စွဲဆိုရန် ရောက်ရှိသည့်အခါ မိမိအား ဆင့်ခေါ်ရန် လိပ်စာဖော်ပြသောစာများကို တရားရုံးတွင် တစ်ချိန်တည်း တင်သွင်းရမည်။
(အမိန့် ၅၊ နည်း ၂ဝ-က(၁))

(၄၃)   ကိုယ်စားလှယ်မှတစ်ဆင့် တရားစွဲဆိုရာ၌ အဆိုလွှာတွင် ကိုယ်စားလှယ်၏လိပ်စာကို ဖော်ပြပြီး “အထက်ပါလိပ်စာသည် တရားလိုထံ ဆင့်ဆိုရန် လိပ်စာဖြစ်သည်”ဟု ဖော်ပြခြင်းသည် နည်း ၂ဝ က (၁)အရ လိပ်စာတင်သွင်းရာရောက်သည်။ 
(ပြာဝါဘီဘီနှင့် မစ္စတာ အမ်အီဘရာဟင်၊ ၁၉၈၄၊ မတစ၊ ၁၀၅ (အိန္ဒိယနိုင်ငံနေ တရားလို၏ လိပ်စာကို ဖော်ပြရန် မလို။)

(၄၄)   တရားမမှုတွင် အမိန့်ဆင့်စာအတွက် ရုံးခွန်တံဆိပ်ခေါင်းမှာ တရားပြိုင်တစ်ဦးအတွက် ၂၀၀ ကျပ်၊ သက်သေအတွက် ၁၀၀ ကျပ်၊ အခြားအမိန့်ဆင့်စာအတွက် ၁၀၀ ကျပ် ထမ်းဆောင်ရသည်။
(ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးများဆိုင်ရာ အမိန့်ဆင့် စာများ နည်းဥပဒေများ ၁၀ နှင့် တရားရုံးများလက်စွဲ အပိုဒ်-၁၀၀၃)။



Wednesday, February 20, 2019

ချေလွှာ ရေးသားရာတွင် လိုက်နာကျင့်သုံးရမည့်အချက်များ

ချေလွှာ ရေးသားရာတွင် အောက်ဖော်ပြပါအတိုင်း လိုက်နာ ကျင့်သုံးရမည်။

(၁)   ချေလွှာ၏ခေါင်းစီးတွင် အဆိုလွှာခေါင်းစီးအတိုင်း တရားရုံး အမည်၊ ခုနှစ်၊ တရားမကြီးမှုအမှတ်၊ တရားလို၊ တရားပြိုင်တို့၏ အမည်၊ သိသာရန် ဖော်ပြချက်နှင့် နေရပ်လိပ်စာတို့ကို ဖော်ပြရသည်။ 
(အမိန့် ၆၊ နည်း ၃ နှင့် တရားမကျင့်ထုံးဥပဒေ နောက်ဆက်တွဲ(က) ပုံစံ)

တရားပြိုင်က ချေလွှာတွင် မိမိ၏လိပ်စာကို ဖော်ပြရုံဖြင့်မပြီး၊ မိမိထံ ဆင့်ဆိုရန်အတွက် အမိန့် ၅၊ နည်း ၂၀-က(၂)အရ လိပ်စာတင်သွင်းသည့် သီးခြားလျှောက်လွှာတင်ပြရန် လိုသည်။

(၂)   တရားလိုဖြစ်စေ၊ တရားပြိုင်ဖြစ်စေ အရွယ်မရောက်သေးသူ ဖြစ်လျှင်သော်လည်းကောင်း၊ စိတ်မနှံ့သူတစ်ဦးဖြစ်လျှင်သော်လည်းကောင်း ထိုသို့ဖြစ်ကြောင်း ဖော်ပြပေးရမည်။
(အမိန့်၇၊ နည်း၁ (ဃ))

(၃)   ချေလွှာပါစာပိုဒ်များသည် တိုတိုတုတ်တုတ်နှင့် လိုရင်းအချက ပါရမည်။ ချေလွှာရေးသားရာ၌ စာပိုဒ်များခွဲ၍ စာပိုဒ်အသီးသီးကို အမှတ်စဉ် တပ်ရမည်။ အချင်းဖြစ်ကိစ္စနှင့် မသက်ဆိုင်သည့်အချက်ကို ဖယ်ထုတ်ရမည်။ 
(အမိန့် ၆၊ နည်း ၂)၊
(တရားရုံးများလက်စွဲအပိုဒ်-၁၁၉)

(င)   ချေလွှာရေးရာတွင် အရေးပါသော အကြောင်းအချက်များကိုသာ ဖော်ပြရပြီး သက်သေခံချက်များကို ဖော်ပြခြင်း မပြုရ။
(အမိန့် ၆၊ နည်း ၂)

(၅)   ရက်စွဲ၊ ငွေကြေးပမာဏနှင့် ကိန်းဂဏန်းတို့ကို စာသားဖြင့် မဖော်ပြဘဲ ဂဏန်းဖြင့် ဖော်ပြရမည်။ 
(အမိန့် ၆၊ နည်း ၂)

(၆)   အလွဲပြောဆိုခြင်း၊ လိမ်လည်ခြင်း၊ ယုံကြည်အပ်နှံမှု ဖောက်ဖျက်ခြင်း၊ တမင်ပျက်ကွက်ခြင်း၊ မလျော်သြဇာသုံးခြင်း တစ်ရပ်ရပ်ကြောင့် စွဲဆိုမှုနှင့် အခြားသော အမှုများတွင် ဖော်ပြပါ နောက်ဆက်တွဲ (က)ပါ ပုံစံများတွင် ဥပမာအဖြစ် ဖော်ပြထားသည်ထက် အမှုအလျောက် အချက်အလက်များ ပြည့်ပြည့်စုံစုံ ဖော်ပြရမည့်အပြင် လိုအပ်ပါက ရက်စွဲနှင့် အသေးစိတ်အချက်အလက်များ ဖော်ပြရမည်။ 
(အမိန့် ၆၊ နည်း ၄ နှင့် ၅)

(၇)   အမှုမစွဲမီက အချင်းဖြစ်ကိစ္စနှင့် စပ်လျဉ်း၍ လိုအပ်သော လုပ်ဆောင်ချက်၊ အခြေအနေ၊ အဖြစ်အပျက်တို့ကို ထင်ရှားစွာ ဖော်ပြရမည့်အပြင် ထိုကိစ္စအတွက် အခိုင်အမာပြဆောင်ရွက်ခဲ့ကြောင်းကိုလည်း ချေလွှာတွင် သဘောသက်ရောက်စေရန် ဖော်ပြရမည်။ 
(အမိန့် ၆၊ နည်း ၆)

(၈)   ပဋိညာဉ်နှင့်စပ်လျဉ်း၍ ငြင်းဆိုပါက ပဋိညာဉ် မပြုလုပ်ပါဟု သာမန်အားဖြင့် ငြင်းဆို၍ မလုံလောက်။ ပဋိညာဉ်ပါ အချက်များ မမှန်ကန်ကြောင်း၊ တရားမဝင်ကြောင်း အတိအလင်း ငြင်းဆိုရမည်။ 
(အမိန့် ၆၊ နည်း ၈)

(၉)   စာချုပ်စာတမ်းနှင့်ပတ်သက်၍ စာချုပ်စာတမ်းပါ လိုရင်းအချက်ကိုသာ ဖော်ပြရပြီး စာချုပ်ပါအချက်အားလုံး အကျယ်ဖော်ပြရန် မလို။ 
(အမိန့် ၆၊ နည်း ၉)

(၁ဝ)   တစ်ဦးတစ်ယောက်၏ မသမာစိတ်၊ လိမ်လည်လိုစိတ်၊ အစိတ် သို့မဟုတ် အခြားစိတ်အခြေအနေ ဖော်ပြရန် လိုသည့်အခါ မည်သို့ စိတ်အခြေအနေရှိသည်ကို ပတ်ဝန်းကျင် အကြောင်းများ မဖော်ပြဘဲ ဖြစ်ပေါ်နေသည့် စိတ်အခြေအနေ ကို တိုက်ရိုက်ဖော်ပြလျှင် လုံလောက်သည်။ 
(အမိန့် ၆ နည်း ၁၀)

(၁၁)   အမှုဖြစ်ကိစ္စနှင့် စပ်လျဉ်း၍ အမှုသည်အချင်းချင်း တစ်ဘက်နှင့်တစ်ဘက် စာအတန်တန်အလီလီ အပြန်အလှန်ပေးစာများ၊ ပြောဆိုမှုများ၊ ပတ်ဝန်းကျင်အကြောင်းခြင်းရာများအရ သွယ်ဝိုက်၍ ပဋိညာဉ် သို့မဟုတ် ဆက်ဆံမှုဖြစ်လာခြင်းကို အကြောင်းပြုရာ၌ ယင်းတို့ကို အသေးစိတ်ဖော်ပြရန် မလိုဘဲယေဘုယျခြုံငုံဖော်ပြလျှင် လုံလောက်သည်။ အဆိုပါပဋိညာဉ်၊ သို့မဟုတ် ဆက်ဆံမှုသည် တစ်ခုထက်ပို၍ ရှိနေပြီး တစ်ခုမဟုတ် တစ်ခုကို အားကိုးအားထားပြုလိုပါက နှစ်ခွဖော်ပြနိုင်သည်။ 
(အမိန့် ၆၊ နည်း ၁၂)

(၁၂)   တစ်ဘက်အမှုသည်က မငြင်းဆိုသော အချက်နှင့် တစ်ဘက်အမှုသည်က သက်သေပြရန် တာဝန်ရှိသည့်အချက်များကို ချေလွှာတွင် ဖော်ပြရန် မလို။ 
(အမိန့် ၆၊ နည်း ၁၃)

(၁၃)   ချေလွှာတွင် မလိုအပ်သော၊ အသရေပျက်စေသော၊ တရားမျှတစွာစီရင်မှုကို ထိခိုက်စေသော၊ အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် ကြန့်ကြာစေသော အချက်အလက်များမပါရှိစေရ။ ပါရှိလာပါက တရားရုံးက ထုတ်ပယ်ရန်၊ ပြင်ဆင်ရန် အမိန့်ချနိုင်သည်။ 
(အမိန့် ၆၊ နည်း ၁၆)

(၁၄)   ငြင်းဆိုချက်မှာ တိကျရမည်။ ယေဘုယျဆန်ဆန် မငြင်းဆိုရ။ ဝေ့လည်ကြောင်ပတ် မငြင်းဆိုရ။ လျော်ကြေးကိစ္စမှအပ ဝန်မခံသည့် အချက်များကို တိတိကျကျငြင်းရမည်။ 
(အမိန့် ၈၊ နည်း ၃၊ ၄၊ ၅)

(၁၅)   တရားပြိုင်သည် ချေလွှာတွင် အမှုစွဲဆိုခွင့်မရှိကြောင်း၊ ဆိုလွှာ ပါ စွပ်စွဲသည့်ကိစ္စမှာ ဥပဒေအရ ပျက်ပြယ်သော၊ ပျက်ပြယ်စေနိုင်သောကိစ္စဖြစ်ကြောင်း ဖော်ပြရမည့်အပြင် အဆိုလွှာတွင် မပါသော်လည်း လိမ်လည်စွဲဆိုကြောင်း၊ ကာလစည်းကမ်းသတ် ကျော်လွန်ကြောင်း၊ စွန့်လွှတ်ပြီး၊ ပေးကမ်းပြီး၊ ဆောင်ရွက်ပြီးကြောင်း စသည်ဖြင့် ခုခံချေပချက်အရပ်ရပ်ကို ဖော်ပြရမည်။ 
(အမိန့် ၈၊ နည်း ၂)

(၁၆)   ချေလွှာကို တင်သွင်းပြီးနောက် အမိန့် ၆၊ နည်း ၁၇ အရ ပြင်ဆင်ခြင်းမဟုတ်ဘဲ မူလချေလွှာနှင့် မညီညွတ်သည့်အချက်၊ သို့မဟုတ် ချေလွှာတွင် မပါသည့် အကြောင်းပြချက်အသစ်၊ စွပ်စွဲချက်အသစ် တစ်ရပ်ရပ်ကို ထပ်မံတင်ပြခြင်း၊ ထည့်သွင်း ခြင်း မပြုရ။ 
(အမိန့် ၆၊ နည်း ၇)၊ (အမိန့် ၈၊ နည်း ၈)

(၁၇)   တရားပြိုင်သည် သီးခြားကွဲပြားသော ခုခံချေပချက်၊ သို့မဟုတ် ခုနှိမ်ချက်အပေါ် အခြေပြုပါက ချေလွှာတွင် ဖြစ်နိုင်သမျှ တသီးတခြား ကွဲကွဲပြားပြား ဖော်ပြရမည်။ 
(အမိန့် ၈၊ နည်း ၇ နှင့် ၈)

(၁၈)   ငွေရလိုကြောင်း စွဲဆိုသော တရားမမှုတွင် တရားပြိုင်က တရားလိုထံမှ တရားဝင်ရရှိသော ငွေကို ခုနှိမ်ရန် ရှိက ချေလွှာတွင် တိတိကျကျဖော်ပြရမည်။ 
(အမိန့် ၈၊ နည်း ၆)

(၁၉)   ခုနှိမ်ချက်ပါသော ချေလွှာအပေါ် နောက်ဆက်တွဲချေလွှာ (Additional Written Statement) တင်ပြခြင်းမှအပ မည်သည့် အဆိုအချေကိုမျှ တရားရုံး၏ ခွင့်ပြုချက်မရရှိဘဲတင်သွင်းခွင့်မရှိ။ လိုအပ်လျှင် တရားရုံးက မည်သည့်အချိန်တွင်မဆို နောက်ဆက်တွဲအဆိုအချေ တင်သွင်းခွင့်ပြုနိုင်သည်။
(အမိန့် ၈၊ နည်း ၉)

(၂၀)   ချေလွှာတင်သွင်းရန် ဆင့်ဆိုခြင်းခံရသော အမှုသည်တစ်ဦးဦးသည် တရားရုံးက သတ်မှတ်သည့်အချိန်အတွင်း တင်သွင်းရန် ပျက် ကွက်သောအခါ တရားရုံးသည် ၄င်းအမှုသည်အား အရှုံးပေးသည့်စီရင်ချက် ချမှတ်နိုင်သည်။ သို့မဟုတ် ယင်းအမှုနှင့် စပ်လျဉ်း၍ သင့်သည်ထင်မြင်သည့်အမိန့်ကို ချမှတ်နိုင်သည်။ 
(အမိန့် ၈၊ နည်း ၁၀)

(၂၁)   ချေလွှာတွင် တရားလိုကဖြစ်စေ၊ နည်းလမ်းတကျ လွှဲအပ်ထားသော တရားလို၏ အခွင့်ရကိုယ်စားလှယ်ကဖြစ်စေ လက်မှတ်ရေးထိုးရသည်။ ရှေ့နေငှားရမ်းထားပါက ရှေ့နေကလည်း လက်မှတ်ထိုးရသည်။ 
(အမိန့် ၆၊ နည်း ၁၄)

(၂၂)   ချေလွှာ၏ အောက်ခြေတွင် “ဝန်ခံချက်” (Verification of Pleading) ဟူ၍ရေးပြီး ချေလွှာပါ မည်သည့်အပိုဒ်သည် ကိုယ်တိုင်သိရှိမှန်ကန်သည်ဟု ယုံကြည်ကြောင်း၊ မည်သည့်အပိုဒ်သည် သတင်းကြားသိမှန်ကန်သည်ဟု ယုံကြည်ကြောင်း၊ မည်သည့်နေ့၊ မည်သည့် နေရာတွင် ဝန်ခံလက်မှတ် ရေးထိုးကြောင်း ဖော်ပြရသည်။ 
(အမိန့် ၆၊ နည်း ၁၅)

(၂၃)   ချေလွှာ၊ လျှောက်လွှာအသီးသီး၏ လက်ဝဲဘက်နံဘေး၌ မည်သည့်စာကိုမျှ ရေးသားခြင်းမပြုဘဲ လက်ဝဲဘက်နံဘေးတွင် (၂)လက်မကွက်လပ် ချန်လှပ်ထားရမည်။ 
(တရားရုံးများလက်စွဲ အပိုဒ်-၁၁၀၉)

(၂၄)   အဆိုလွှာကဲ့သို့ ချေလွှာတွင် တရားပြိုင်ဘက်မှ မှီခိုအားထားပြုသည့် စာရွက်စာတမ်းများ၏စာရင်းကို ပူးတွဲတင်သွင်းရမည်။ 
(တရားရုံးများလက်စွဲ အပိုဒ်-၁၅၈)

(၂၅)   အဆိုလွှာပါ စွပ်စွဲချက်အတိုင်း မှန်ကန်ကြောင်း နှုတ်ဖြင့်ဖြောင့်ဆိုဝန်ခံပါက ရုံးခွန်ထမ်းဆောင်ရန် မလို။ ခုနှိမ်ရန်သော်လည်းကောင်း၊ ပြန်လှန်စွဲတောင်းခြင်းမပြုဘဲ အမိန့် ၈၊ နည်း ၁ အရ တင်သွင်းသည့်ချေလွှာကို ပထမအကြိမ် အမှုမဆိုင်မီဖြစ်စေ၊ ဆိုင်သည့်နေ့တွင်ဖြစ်စေ တင်သွင်းပါက ရုံးခွန်တံဆိပ်ခေါင်းကပ်ရန် မလို။ ပထမအကြိမ် အမှုဆိုင်သည့်နောက်ပိုင်းရက်များတွင် ဖြောင့်ဆိုဝန်ခံလွှာ တင်ပါက ရုံးခွန် /- ကျပ် ကပ်ရသည်။ ခုနှိမ်ရန်သော်လည်းကောင်း၊ ပြန်လှန်စွဲဆိုတောင်းခြင်းသော်လည်းကောင်းပြု၍ တင်သွင်းသော ချေလွှာတွင် ခုနှိမ်သည့်၊ ပြန်လှန်တောင်းဆိုသည့်တန်ဖိုးအပေါ် ရုံးခွန်တံဆိပ်ခေါင်းကပ်ရန် လိုသည်။ 
(တရားရုံးများလက်စွဲ အပိုဒ် ၉၅၊ ၉၆ နှင့် ၁၅၀) 
(ရုံးခွန်အက်ဥပဒေဇယား-၁၊ အပိုဒ်-၁)

တရားပြိုင်သည် မိမိချေပလိုသော အကြောင်းခြင်းရာ၊ သို့မဟုတ် ဥပဒေပြဿနာနှင့် စပ်လျဉ်းသော အချက်အလက်အရပ်ရပ်ကို ချေလွှာတွင် ဖော်ပြရန် လိုသည်။ 
(ဦးသာခင်နှင့် မတင်လှ၊ ၁၉၈၀၊ မတစ၊ ၆၅)

ပျက်ကွက်လျှင် သက်သေခံအထောက်အထားအပေါ် အခြေခံသော ချေပချက်အသစ်ကို အယူခံတွင် ပထမဆုံးအကြိမ် တင်ပြခွင့်ပြုမည် မဟုတ်။ 
(ဦးကျော်ဇံနှင့် ဦးစောလှအောင်၊ ၁၉၇၈၊ မတစ၊ ၈)

အမှုစွဲဆိုခွင့်မရှိကြောင်း ညွှန်ပြသော အကြောင်းအချက်များကိုချေလွှာတွင် ဖော်ပြရမည်။ သို့ဖြစ်ရာ ချေလွှာ၌ ထုချေခြင်းမပြုသောကိစ္စကို နောက်ပိုင်းတွင် အခွင့်အရေးတစ်ရပ်အနေဖြင့် တင်ပြခွင့်မရှိ။
(အေအိုင်အာ၊ ၁၉၂၆၊ ကာလကတ္တား၊ ၆၂၅)

ဥပဒေပြဿနာသည် အဆိုလွှာတွင် မပေါ်ပေါက်သော အကြောင်းခြင်းရာများနှင့် ဆက်နွယ်နေလျှင် တရားပြိုင်သည် နည်း ၂ အရ မိမိချေလွှာတွင် ထိုပြဿနာကို ထုချေရန် တာဝန်ရှိသည်။ ပျက်ကွက်လျှင် ထိုကိစ္စကို ခွင့်ပြုသင့်၊ မသင့်မှာ တရားရုံး၏ သဘောအတိုင်း ဖြစ်သည်။ 
(လွှဲအပ်ပစ္စည်းထိန်းဝန်နှင့် မစ္စစ်ရေးဘန်း၊ ၁၉၄ဝ၊ ရန်ကုန်၊ ၂၇၃) 

အဆိုလွှာပါ အဆိုပြုချက်များကို တရားပြိုင်က ဝန်ခံနိုင်သည်၊ သို့မဟုတ် ငြင်းဆိုနိုင်သည်။ ငြင်းလျှင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ငြင်းရမည်။ 
(အေအိုင်အာ၊ ၁၉၅၂၊ ဂျေနှင့် ကေ ၂၉)

တရားလို၏ အဆိုပြုချက်များကို ဝန်ခံခြင်းမပြုပါဟူသော ယေဘုယျဆန်ဆန် ဖော်ပြချက်သည် မလုံလောက်။ 
(အေအိုင်အာ၊ ၁၉၄၉၊ အလာဟာဘတ်၊ ၁၇၃)

အမိန့် ၈၊ နည်း ၅ ၏ အကျိုးသက်ရောက်မှုမှာ တိတိကျကျ ငြင်းဆိုခြင်းမပြုလျှင်ဖြစ်စေ၊ ဝန်ခံခြင်းမပြုကြောင်း ဖော်ပြခြင်းမရှိလျှင်ဖြစ်စေ အဆိုလွှာပါ စွပ်စွဲချက်များကို တရားလိုအနေဖြင့် သက်သေပြရန် တာဝန်ရှိခြင်းမှ သက်သာရာ ရစေသည်။ 
( အိုင်အာ၊ ၁၉၅၅၊ အာသံ၊ ၁၀၂)



Wednesday, February 13, 2019

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် သားသမီးအုပ်ထိန်းခြင်း

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဗုဒ္ဓဘာသာ မြန်မာလင်မယားတို့အဖို့လင်ခန်းမယားခန်း တည်မြဲနေချိန်တွင် သားသမီးများထိန်းသိမ်းရေးနှင့် ပတ်သက်၍ ပြဿနာမပေါ်ပေါက်သေးပေ၊ သို့ရာတွင် လင်ခန်းမယားခန်း ပြတ်စဲရန် _
(၁) နှစ်ဦးသဘောတူဖြစ်စေ၊
(၂) လင်ဖြစ်သူ ရဟန်းဘောင်သို့ ကူးပြောင်းလျှင်ဖြစ်စေ၊
(၃) အိမ်ထောင်ရေးပြစ်မှုကြောင့်ဖြစ်စေ
 ကွာရှင်းရန်အကြောင်းများ ပေါ်ပေါက်လာသောအခါ တစ်နွယ်ငင် တစ်စင်ပါ ဆိုသည့် စကားအတိုင်း သားသမီးများ ထိန်းသိမ်းရေးပြဿနာသည်လည်း တစ်ပါတည်း ပေါ်ပေါက်လာပေသည်။ ဗုဒ္ဓဘာသာ မြန်မာလင်မယားတို့သည် လင်မယားကွာရှင်းချိန်တွင် သားသမီး ထိန်းသိမ်းရေးနှင့် ပတ်သက်၍ မိဘဖြစ်သူတို့က မိမိတို့သဘောကျ စီစဉ်ချင်သလို စီစဉ်နိုင်ပေသည်။ မိဘများ၏ စီမံမှုကို သားသမီးများက နာခံကြရပေသည်။ သားသမီးများတွင် ပြောဆိုခွင့်မရှိပေ။ သို့သော် လင်မယားကွာရှင်းချိန်တွင် သားသမီး ထိန်းသိမ်းရေးနှင့် ပတ်သက်၍ မိဘများ အငြင်းပွားပြီး တရားရုံးသို့ ရောက်ရှိလာသည့်အခါတွင် သားသမီးများသည် အရွယ်မရောက်သေးသော်လည်း အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် ဆင်ခြင်တုံတရား ရှိသည့်အရွယ် ဖြစ်ပါက ကလေး၏ဆန္ဒကိုပါ အရေးပေးရပါသည်။

အရွယ်မရောက်သေးသူ (Minor)
👶👶👶👶👶👶👶👶👶

ဓမ္မသတ်များ အလိုအရဆိုလျှင် အပျိုဘော်ဝင်လျှင် ထိမ်းမြားလက်ထပ်ခြင်းပြုနိုင်ကြောင်း ပြဆိုထားသော်လည်း ယောက်ျားကလေးနှင့် မိန်းကလေးတို့၏ အသက်ကာလ အပိုင်းအခြားကို အတိအကျ သတ်မှတ်ဖော်ပြထားသည်ကို မတွေ့ရပေ။ သို့ရာတွင် ကင်းဝန်မင်းကြီး၏ (၃၄) စောင်တွဲ အိမ်ထောင်မှုခန်း ဓမ္မသတ်ကျမ်း ပုဒ်မ-၃၃ တွင် သားသမီး၊ မြေး၊ ကျေးကျွန်တို့ကို အသက်(၁၅)နှစ်၊ (၁၆)နှစ်အရွယ်ရောက်လျှင် အိမ်ထောင်ချပေးရမည်ဟု ပြဆိုထားသည်ကို တွေ့ရပေသည်။ 

သို့သော် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွင် မြန်မာ့ဘာသာ ယောက်ျားတစ်ယောက်သည် ထိမ်းမြားလက်ထပ်ရန် ကိုယ်ကာယဖြိုးမှုနှင့် ပြည့်စုံလျှင် မည်သည့်အသက်အရွယ်မဆို ထိမ်းမြားလက်ထပ်နိုင်သည်။ မိန်းကလေးမှာ တစ်ခုလပ် တစ်လင်ကွာ (သို့) မုဆိုးမ မဟုတ်လျှင် အသက် (၂၀) ပြည့်ရမည်။ အသက် (၂၀) မပြည့်လျှင် ထိမ်းမြားခြင်း မပြုနိုင်ဟု ပြဆိုထားသည်။ 

ဤပြဆိုထားချက်အရဆိုလျှင် ယောက်ျားကလေး အရွယ်ရောက်သည့်အချိန်ကို တိတိကျကျ သတ်မှတ်ထားသည်ကို မတွေ့ရသော်လည်းမိန်းကလေး အရွယ်ရောက်သည့်အချိန်ကို အသက် (၂၀) နှစ်ဖြစ်သည်ဟုမှတ်ယူရပေသည်။ ထို့ကြောင့် ယောက်ျားကလေးမှာ ကိုယ်ကာယဖွံ့ဖြိုးမှုနှင့်မပြည့်စုံလျှင်ဖြစ်စေ မိန်းကလေးမှာ အသက် (၂၀) နှစ် မပြည့်လျှင်ဖြစ်စေ အရွယ်မရောက်သေးသူဟု ယူဆရပေမည်။ 

သို့ရာတွင် ကလေးသူငယ်များ ထိမ်းမြားလက်ထပ်မှု တားမြစ်ရေး အက်ဥပဒေ ပုဒ်မ ၂ (က) တွင် ယောက်ျားကလေးများ အသက် (၁၈)နှစ်အောက်၊ မိန်းကလေးမှာ အသက် (၁၄)နှစ်အောက်ဆိုလျှင် အရွယ်မရောက်သေးသူဟု သတ်မှတ်ထားပြီး ယောက်ျားကလေးမှာ (၁၈) နှစ်မပြည့်သေးမီ၊ မိန်းကလေးမှာ (၁၄)နှစ် မပြည့်သေးမီ ထိမ်းမြားလက်ထပ်ရန် မိဘများက သဘောတူညီချက်ပေးပါက ယင်းမိဘများကို အပြစ်ပေးနိုင်ကြောင်း ယင်းဥပဒေ ပုဒ်မ ၆ (၂) တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။ ဤပြဋ္ဌာန်းချက်အရဆိုလျှင် ယောက်ျားကလေးမှာ အသက်(၁၈)နှစ်၊ မိန်းကလေးမှာ အသက်(၁၄)နှစ် မပြည့်သေးလျှင် အရွယ်မရောက်သေးသူဟု မှတ်ယူရပေသည်။ 

သို့ရာတွင် အရွယ်မရောက်သေးသူများ အုပ်ထိန်းခြင်းကိစ္စတွင် အရွယ်ရောက်ခြင်း အက်ဥပဒေ (Majority Act)နှင့် သက်ဆိုင်သဖြင့် ယင်းအက်ဥပဒေက ပြဋ္ဌာန်းထားသော အရွယ်ရောက်သည့် အသက်ကိုပင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကလည်း လက်ခံထားပါသည်။ 

အရွယ်ရောက်ခြင်း အက်ဥပဒေပုဒ်မ ၃ တွင် အသက်(၁၈)နှစ် မပြည့်သေးသူကို အရွယ်မရောက်သေးသူဟု သတ်မှတ်သည်။ သို့ရာတွင် တရားရုံးက အဆိုပါ အရွယ်မရောက်သေးသူအတွက် အုပ်ထိန်းသူ ခန့်ထားပြီးဖြစ်ပါက (သို့) အုပ်ထိန်းသူအဖြစ် မြွက်ဟကြေညာပေးပြီး ဖြစ်ပါက အသက်(၂၁)နှစ် မပြည့်မချင်း အရွယ်မရောက်သေးဟု မှတ်ယူရပေသည်။

အုပ်ထိန်းခြင်း
👥👥👥

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေသည် အုပ်ထိန်းခြင်းနှင့် ပတ်သက်၍ အုပ်ထိန်းသူများနှင့် အုပ်ထိန်းခြင်းခံရသူများ အက်ဥပဒေအတိုင်း လက်ခံလိုက်နာဆောင်ရွက်ခြင်း ဖြစ်သောကြောင့် အုပ်ထိန်းခြင်း (၃) မျိုး ရှိသည်ကို တွေ့ရှိရသည်။ ၎င်းတို့မှာ... 
(၁) အရွယ်မရောက်သေးသူ၏ ကိုယ်ကိုအုပ်ထိန်းခြင်း၊
(၂) အရွယ်မရောက်သေးသူ၏ ပစ္စည်းကိုအုပ်ထိန်းခြင်း၊
(၃) အရွယ်မရောက်သေးသူ၏ ကိုယ်နှင့်ပစ္စည်း နှစ်ရပ်စလုံးကို အုပ်ထိန်းခြင်းတို့ ဖြစ်ပါသည်။ 

အုပ်ထိန်းသူခန့်ထားခြင်း
👥👥👥👥👥👥

(၁) မိခင်ကို အုပ်ထိန်းသူခန့်ထားခြင်း
(၂) ဖခင်ကို အုပ်ထိန်းသူခန့်ထားခြင်း
(၃) တရားရုံးက အုပ်ထိန်းသူခန့်ထားခြင်း

(၁) မိခင်ကို အုပ်ထိန်းသူခန့်ထားခြင်း
👩‍👦👩‍👦👩‍👧👩‍👧👩‍👦👩‍👦👩‍👧👩‍👧👩‍👦

သာမန်အားဖြင့်ဆိုလျှင် မိခင်မှာ သဘာဝအုပ်ထိန်းသူ (Natural guardian)ဖြစ်သဖြင့် အုပ်ထိန်းသူအဖြစ် ခန့်ထားရန်မလိုအပ်ပေ။ သို့ရာတွင် မိခင်နှင့်ဖခင်တို့မှာ သားသမီးထိန်းသိမ်းရေးနှင့် ပတ်သက်၍ အငြင်းပွားလျှင်ဖြစ်စေ၊ မိခင်အုပ်ထိန်းရန် အကြောင်းပေါ်ပေါက်လာလျှင်ဖြစ်စေ အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူများ ဥပဒေအရ အရွယ်မရောက်သေးသူ ကလေးအား မည်သူအုပ်ထိန်းမှုအောက်တွင် ထားရှိသင့်သည်ဆိုသော ပြဿနာကို ဆုံးဖြတ်ရာမိခင်သာလျှင် အုပ်ထိန်းပိုင်ခွင့် ရရှိလာသည်။ ကလေးသည် အသက်နုနယ်လျှင် မိခင်ဖြစ်သူက ပို၍ ကျွေးမွေးပြုစုနိုင်သည်။ ထို့ကြောင့် သာမန်အားဖြင့်ဖြစ်သူသည် အကျင့်စာရိတ္တ ပျက်ပြားခြင်း (သို့) စောင့်ထိန်းသူဖြစ်ထိုက်သော အရည်အချင်းနှင့် ပြည့်စုံခြင်းမရှိသူ မဟုတ်လျှင် ကလေးသူငယ်ကိုပင် ထားရှိစေသည်။ မိခင်သည် တစိမ်းတစ်ရံစာနှင့် နောက်အိမ်ထောင်ပြုလျှင် ၎င်း၏ အရွယ်မရောက်သေးသည့် သားသမီးများကို အုပ်ထိန်းအခွင့်အရေးမှာ အရွယ်မရောက်သေးသူ၏ ကောင်းရာကောင်းကျိုးကို ထိခိုက်သေးပါက တည်မြဲလျက်ရှိပေသည်။ ဆုံးရှုံးမသွားပေ။

(၂) ဖခင်ကို အုပ်ထိန်းသူခန့်ထားခြင်း
👨‍👦👨‍👦👨‍👧👨‍👧👨‍👦👨‍👦👨‍👧👨‍👧👨‍👦

ဖခင်သည် မိမိ၏ အရွယ်မရောက်သေးသည့် သားသမီးများ၏ သဘာဝအုပ်ထိန်းသူဖြစ်သဖြင့် အုပ်ထိန်းသူအဖြစ် တရားရုံးက ခန့်ထားပေးရန် (သို့)အုပ်ထိန်းသူအဖြစ် မြွက်ဟကြေညာပေးရန် မလိုပေ။ သို့ရာတွင် သားသမီးထိန်းသိမ်းရေးနှင့် ပတ်သက်၍ အငြင်းပွားလာလျှင်ဖြစ်စေ၊ ဖခင်အုပ်ထိန်းရန်အကြောင်းပေါ်ပေါက်လာလျှင်ဖြစ်စေ ဖခင်သည် အုပ်ထိန်းခွင့် ရရှိလာသည့် အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူများ အက်ဥပဒေ ပုဒ်မ ၁၉ အရ အရွယ်မရောက်သေးသူ၏ ဖခင်သည် အုပ်ထိန်းသူအဖြစ် ဆောင်ရွက်ရန် သင့်လျော်ခြင်းမရှိဟု ယူဆစရာ အကြောင်းမရှိလျှင် ဖခင်ကိုသာ အုပ်ထိန်းသူအဖြစ် ခန့်ထားရပေမည်။ အခြားသူတစ်ပါးကို ခန့်ထားခြင်းမပြုနိုင်ပေ။ သို့သော် ဖခင်သည် မိမိ၏ အရွယ်မရောက်သေးသည့် သားသမီးများကို ထောက်ပံ့ကြည့်ရှုခဲ့ခြင်း မပြုခဲ့လျှင် အရွယ်မရောက်သေးသည့် သားသမီးများ၏ ကိုယ်ကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ၊ နှစ်ရပ်စလုံးအတွက် အုပ်ထိန်းသူအဖြစ် ဆောင်ရွက်နိုင်ခွင့် ဆုံးရှုံးသည်။

(၃) တရားရုံးက အုပ်ထိန်းသူခန့်ထားခြင်း
👨‍👧‍👦👩‍👦‍👦👨‍👧‍👦👩‍👦‍👦👨‍👧‍👦👩‍👦‍👦👨‍👧‍👦👩‍👦‍👦👨‍👧‍👦👩‍👦‍👦

မိခင်နှင့် ဖခင်တို့သည် သဘာဝအုပ်ထိန်းသူများ ဖြစ်သဖြင့် မိမိတို့၏အရွယ်မရောက်သေးသည့် သားသမီးများကို အုပ်ထိန်းခွင့်ရထိုက်ပေသည်။ သို့ရာတွင် အရွယ်မရောက်သေးသည့် ကလေး၏မိဘနှစ်ပါးစလုံး ကွယ်လွန်သွားသည့်အခါဖြစ်စေ၊ မိခင်ဖြစ်သူမှာ အကျင့်စာရိတ္တပျက်ပြားခြင်း (သို့) စောင့်ထိန်းသူ ဖြစ်ထိုက်သော အရည်အချင်းနှင့် ပြည့်စုံခြင်း မရှိသည့်အခါဖြစ်စေ၊ ဖခင်ဖြစ်မှာ အုပ်ထိန်းသူအဖြစ် ဆောင်ရွက်ရန် သင့်လျော်ခြင်းမရှိဟု ယူဆစရာအများ ပေါ်ပေါက်လာသည့်အခါဖြစ်စေ တရားရုံးက ကလေး၏ ကောင်းကောင်းကျိုးကို ရှေးရှု၍ အရွယ်မရောက်သေးသူ၏ အသက်နှင့် လိင်၊ လျှောက်ထားသူ၏ အကျင့်စာရိတ္တနှင့် အင်အားကိုသာမက ဆွေမျိုးတော်စပ်ရင်းနှီးခြင်း အစရှိသည့် အချက်အလက်များကို ထည့်သွင်းစဉ်းစားပြီး ကလေး၏ ကောင်းရာ ကောင်းကျိုးလိုလားသူ မည်သူ့ကိုမဆို အုပ်ထိန်းသူအဖြစ် မြွက်ဟကြေညာပေးခြင်း ပြုနိုင်သည်။ (သို့) အုပ်ထိန်းသူအဖြစ် ခန့်ထားနိုင်သည်။ ထိုအခါ တရားရုံးက ခန့်ထားသော အုပ်ထိန်းသူသည် အမှုသဘာဝအလျောက် အရွယ်မရောက်သေးသူ ကလေး၏ ကိုယ်ကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ၊ ကိုယ်နှင့်ပစ္စည်းနှစ်ရပ်စလုံးအတွက်ဖြစ်စေ အုပ်ထိန်းခြင်း ပြုနိုင်ပါသည်။ 

တရားရုံးက ခန့်ထားသော အုပ်ထိန်းသူသည် အရွယ်မရောက်သေးသူပိုင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အရွယ်မရောက်သေးသူ မုချ အကျိုးအမြတ်ခံစားစေရန် (သို့) အမြတ်အစွန်း ရရှိစေရန် စီမံခန့်ခွဲပိုင်ခွင့် ရှိပါသည်။ သို့ရာတွင် ပစ္စည်းကို စီမံခန့်ခွဲရာ၌ သာမန် ဉာဏ်အမြော်အမြင်ရှိသူတစ်ဦးက မိမိပိုင်ပစ္စည်းကို ဂရုတစိုက် စီမံဆောင်ရွက်သကဲ့သို့ စီမံဆောင်ရွက်ရပေမည်။ 

ထို့အတူ တရားရုံးက ခန့်ထားသော အုပ်ထိန်းသူသည် အရွယ်မရောက်သေးသူပိုင် မရွှေ့ပြောင်းနိုင်သောပစ္စည်းကို ပေါင်နှံခြင်း (သို့) လွှဲပြောင်းရောင်းချခြင်း (သို့) ပေးကမ်းလဲလှယ်ခြင်း (သို့) အခြားနည်းဖြင့် လွှဲပြောင်းခြင်း မပြုလုပ်ရပေ။ အကယ်၍ အုပ်ထိန်းသူက တရားရုံး၏ ခွင့်ပြုချက်အရ လွှဲပြောင်းခြင်းဖြစ်လျှင် တရားဝင်သည်။ ထိုသို့မဟုတ်လျှင် တရားမဝင် ပျက်ပြယ်ပေသည်။       ။


ဦးပိုအေး (တရားရုံးချုပ်ရှေ့နေ)
အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူများအက်ဥပဒေစာအုပ်မှ
ကောက်နုတ်ဖော်ပြပါသည်။


Sunday, January 20, 2019

မရွှေ့မပြောင်းနိုင်သောပစ္စည်း ကျူးးကျော်မှုပြုနိုင်​သည့် နည်းလမ်း(၃)မျိုးအကြောင်း။

မရွှေ့မပြောင်းနိုင်သောပစ္စည်း ကျူးကျော်မှုပြုနိုင်​သည့် နည်းလမ်း(၃)မျိုးအကြောင်း။



(၁) အခြားသူတစ်ဦးပိုင်ဆိုင်သော မြေပေါ်သို့ မတရားသဖြင့်ကျူးကျော်ဝင်ရောက်ခြင်း။

ဥပမာ- အခြားသူတစ်ဦးပိုင်သည့် မြေအနည်းငယ် ဝင်ရောက်ခြင်း၊ အိမ်အဆောက်အဦး တံခါးပြတင်းစသည်တို့မှနေ၍ ဝင်ခြင်း၊ ခြံစည်းရိုးကျော်ခြင်း။

(၂) အခြားသူတစ်ဦးပိုင်သည့် မြေပေါ်တရားသဖြင့် ဝင်ရောက်ပြီးနောက် နေထိုင်ခွင့်ကုန်ဆုံးပြီးနောက် မတရားသဖြင့် ဆက်လက်နေထိုင်ခြင်း။

ဥပမာ-ပိုင်ရှင်၏ ခွင့်ပြုချက်အရ မြေပေါ်နေထိုင်ပြီးနောက် နေထိုင်ခွင့်သက်တမ်းကုန်ဆုံး၍ ဖယ်ရှားပြောင်းရွှေ့ပေးရန် ပိုင်ရှင်တောင်းဆိုမှုကို မလိုက်နာဘဲ မတရားသဖြင့် မြေပေါ်တွင် ဖယ်ပြောင်းရွှေ့မပေးဘဲ ဆက်လက်နေထိုင်ခြင်း။

(၃) အခြားသူတစ်ဦးပိုင်သည့် မြေကွက်ပေါ် ခွင့်ပြုချက် မရှိဘဲ ပစ္စည်းများထားခြင်း။

ဥပမာ- ဦးဘပိုင်မြေကွက်အတွင်းသို့ ဦးဘအား ခွင့်မတောင်းဘဲ မောင်ဖြူသည် ဓနိများ သွားရောက်စုပုံထားခြင်း။



ဥပဒေကြောင်းအရ ပိုင်ရှင်ဖြစ်သူက ​တောင်းဆိုနိင်သော အခွင့်အရေးများ။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

(၁) လျော်ကြေးတောင်းဆိုနိင်သည်။

(၂) မြေပေါ်မှကျူးကျော်သူအားဖယ်ရှားပေးရန် တောင်းဆိုနိင်သည်။

(၃) ကျူးကျော်သူဆက်လက် မကျူးကျော်ရန် တားဝရမ်း တောင်းဆိုနိင်သည်။


Monday, January 14, 2019

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အပြီးအပြတ်ရရှိသည့် အခွင့်အရေး(Vested Right)

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အပြီးအပြတ်ရရှိသည့် အခွင့်အရေး(Vested Right) အကြောင်း၊ ဥပဒေဗဟုသုတ။


●မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရမြန်မာတို့၏ အမွေဆက်ခံခွင့်သည် ဘိုးဘွား၊ မိဘ၊ အမွေကို သားသမီး၊ မြေးမြစ်တို့က မျိုးနွယ်စဉ်ဆက်၊သားစဉ်မြေးဆက်ခံစားရသော အပြီးအပြတ်ရရှိသည့် အကျိုးခံစားခွင့် ကိုVested Right ဟုခေါ်ဆိုကြခြင်း ဖြစ်ပါသည်။

မောင်ဘတူနှင့် မသက်စု အတွဲ(၅) ရန်ကုန် ၊ စာမျက်နှာ-၇၈၅ စီရင်ထုံးတွင် ထုံးဖွဲ့ထားပါသည်။

●ယနေ့မျက်မှောက်ခေတ်တွင်မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေအရ အမွေဆက်ခံရေးနှင့်ပတ်သက်၍အ ခြေခံမူ(၆)ရပ်ရှိပါသည်။

(၁)သေတမ်း စာရေးခွင့်မရှိသည့် အမွေဆက်ခံခြင်း။

(၂)သားသမီး မရှိသည့်လင်နှင့် မယားတို့တွင် လင်သေလျှင် မယား ၊မယားသေလျှင်လင် အမွေဆက်ခံ ခြင်း။

(၃)အမွေသည်အောက်ရှိ အမွေခံများရှိနေလျှင် အထက်ရှိ အမွေခံများထံသို့ မဆန်ရခြင်း။

(၄)အမွေခံမျိုးဆက်နီးသူက အမွေခံမျိုးဆက်ဝေးသူအား အမွေမှဖယ်ထုတ်နိင်ခြင်း။

(၅)အမွေခံမျိုးဆက် အနီးအဝေးတူနေလျှင်သွေးရင်းဆွေမျိုးကသွေး တစ်ဝက်ဆွေမျိုးကိုအမွေမှဖယ် ထုတ်နိင်သည်။

(၆)အပြုအမူကောင်းခြင်းကြောင့် အမွေမရနိင်သော်လည်း၊ အပြုအမူဆိုးကြောင့်အမွေဆုံးရှုံးနိင်ခြင်း။

အထက်ပါအချက်(၆)ရပ်နှင့် ပတ်သက်၍ အချက်(၁)ရပ်ခြင်း အလိုက်ဆက်လက်၍ အချိန်ရလျှင်ရသလို ဗဟုသုတအဖြစ်ဖေါ်ပြပေးပါမည်။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရအမွေဆက်ခံရေးအခြေခံမူများမှ-

(၁)သေတမ်းစာရေးခွင့်မရှိသည့်အမွေဆက်ခံခြင်းအကြောင်းဥပဒေဗဟုသုတ။


●မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ"သေတမ်းစာရေးခွင့်မရှိသည့်အမွေဆက်ခံခြင်း"

ဥပဒေသသည်အတည်ဖြစ်၍ခိုင်မြဲလျက်ရှိပါသည်။

●မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၌သေတမ်းစာဖြင့်ပစ္စည်းလွှဲပေးခြင်း၊အမွေခံပစ္စည်းကို

ခွဲဝေထားခဲ့ခြင်း၊သည်ဓလေ့ထုံးတမ်းတစ်ခုဖြစ်လာကြောင်းထင်ရှားအောင်မပြနိင်

ဘဲသေတမ်းစာကိုလက်မခံနိင်-ဟု"မဘွင့်နှင့်မရင်S.Jစာမျက်နှာ(၉၅)အမှုတွင်စီ

ရင်ထုံးဖွဲ့ထားပါသည်ကိုတွေ့ရပါသည်။

●မှတ်ချက်-ထို့ကြောင့်ယနေ့ယခုအချိန်တွင်"သေတမ်းစာရေးသား၍အမွေမပေးနိင်"

သည့်ဥပဒေသည်အတည်ဖြစ်ခိုင်မြဲလိုက်နာကျင့်သုံးနေခြင်းဖြစ်ပါသည်။

(၂)သားသမီးမရှိလျှင် လင်သေလျှင်မယား၊မယားသေလျှင်လင်၊ အမွေဆက်ခံခြင်းအကြောင်း ဥပဒေဗဟုသုတ။


●မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ သားသမီးမကျန်ရစ်သောမုဆိုးဖို၊ မုဆိုးမများနှင့်ပတ်သက်၍ အခြေခံမူမှာ လင် ယောက်ကျားသေဆုံးလျှင် ကျန်ရစ်သူမယား(မုဆိုးမ)သည် လင်မယားနှစ်ဦးပိုင်ပစ္စည်းအားလုံးကိုတစ်ဦးတည်း
အမွေခံအဖြစ် ရရှိမည်ဖြစ်ပါသည်။ ထိုအတူပင်မယားဖြစ်သူသေဆုံးလျှင်လည်း ကျန်ရစ်သူယောက်ကျား(မုဆိုးဖို)သည် လင်မယားနှစ်ဦးပိုင်သည့်ပစ္စည်း အားလုံးကို အမွေခံအဖြစ်ရရှိမည်ဖြစ်ပါသည်။

●ထိုအပြင်သေဆုံးသူလင် သို့မဟုတ် မယားရပိုင်ခွင့်ရှိသော အမွေမခွဲရသေးသည့် အမွေပစ္စည်းအပေါ်တွင် လည်းရပိုင်ခွင့်ရှိကြောင်း ဓမ္မသတ်နှင့် စီရင်ထုံးများ၌တေိ့နိင်ပါသည်။

●"မောင်ဝိုက်နှင့်မောင်ငြိမ်းပါ(၂)အောက်မြန်မာပြည်(၁၈၉၇-၁၉၀၁)"စီရင်ထုံးတွင်-

-လင် သို့မဟုတ်မယားသေဆုံးချိန်တွင် သားသမီးမကျန်ရစ်လျှင်ထို လင်မယားနှစ်ဦးပိုင်ပစ္စည်းအားလုံးကိုကျန်ရစ်သူမုဆိုးဖို
သို့မဟုတ် မုဆိုးမ တစ်ဦးတည်းကသာ အမွေစားအမွေခံအဖြစ်ရရှိသည်။

ထို့အပြင်ကျန်ရစ်သူ မုဆိုးဖို သို့မဟုတ် မုဆိုးမအနေဖြင့်သေသူ၏မခွဲရသေးသော အမွေပုံကို ခွဲဝေပေးရန်တောင်းဆိုခွင့်ရှိသည်။

ဟုထုံးဖွဲ့ထားပါသည်။

မှတ်ချက်- ထို့ကြောင့်သားသမီး မကျန်ရစ်သည့် ဗုဒ္ဓဘာသာလင်မယားပိုင်ပစ္စည်းတွင် "လင်သေမယားရ ၊မယားသေလင်ရ" အခွင့်အရေး

ရှိပါသည်။ ထို့အပြင် အမွေမခွဲသေးသည့်သေဆုံးသူ၏ အမွေခံစားခွင့် ကိုလည်းကျန်ရစ်သူမုဆိုးဖို သို့မဟုတ် မုဆိုးမ ကတရားစွဲဆိုတောင်းဆိုခွင့်ရှိပါသည်။        ။




Friday, January 4, 2019

တရားမမှု အနိုင်အရှုံး ဆုံးဖြတ်ရန် မူသဘော 

၁။ အဆိုအချေအရ ဆုံးဖြတ်ရခြင်း။

၂။ ငြင်းချက်ထုတ်၍ စစ်ဆေးဆုံးဖြတ်ရခြင်း (ငြင်းချက်မှန်မှ အမှုမှန် ဆုံးဖြတ်နိုင်မည်)။

၃။ အဆိုလွှာတွင် တောင်းဆိုမထားသော အခြားအကြောင်းဖြင့် သက်သာခွင့် မပေးနိုင်ခြင်း။ 

၎။ အဆိုလွှာကို ဆန့်ကျင်သောတရားလို အနိုင်ဒီကရီ မရနိုင်ခြင်း။

၅။ ချေလွှာတွင် မချေပခဲ့သော အချက်ဖြင့် တရားပြိုင်အား အနိုင်မပေးနိုင်ခြင်း။

၆။ ချေလွှာတွင် မချေပခဲ့သော်လည်း ထင်ရှားပေါ်လွင်သည့် အချက်အရ ဆုံးဖြတ်နိုင်ခြင်း။ 

၇။ အဆိုလွှာနှင့် အမှုဖြစ်အကြောင်းအရာ တိတိကျကျ မကိုက်ညီသော်လည်း အနိုင်ဒီကရီ ချမှတ်ပေးနိုင်ခြင်း။ 

၈။ သက်သာခွင့် တောင်းဆိုရမည့် တရားလိုတာဝန်နှင့် မတောင်းဆိုသည်ကို တရားရုံးက ခွင့်ပြုနိုင်သော အခြေအနေ။

၉။ တရားလိုသည် သက်သာခွင့် တစ်ခုမဟုတ်တစ်ခု တောင်းဆိုနိုင်ခြင်းနှင့် တရားရုံးက ချမှတ်ပေးနိုင်သော ဒီကရီ။ 

၁၀။ အဆိုလွှာပါ တောင်းဆိုချက်ထက် သက်သာခွင့် ပိုပေးနိုင်ခြင်း။

၁၁။ အမှုမပြီးပြတ်မီ ပြောင်းလဲလာသော အခြေအနေအရ သာမန်ဥပဒေသမှ သွေဖီ၍ သက်သာခွင့်ပေးနိုင်ခြင်း။      ။


Wednesday, August 22, 2018

ပဏာမငြင်းချက်ဆုံးဖြတ်ရာတွင် အဆိုအချေနှင့်ပူးတွဲထားသည့် စာရွက်စာတမ်းများကို မည်သည့်အခါ ထည့်သွင်းစဉ်းစားနိုင်ခြင်း

ဦးမျိုးဆွေသိမ်းပါ၂ နှင့် ဒေါ်မြနှင်းဝေ(ခ)မဝေ (၂၀၁၄ ၊မတစ၊ စာ - ၁၂၃(၁၃၄)) တွင် အောက်ပါအတိုင်းညွှန်ပြပါသည်။

တရားလိုများအဆိုပြုသည့် တရားလိုများက အမှတ် (၁)တရားပြိုင်သို့ လွှဲအပ်သည့် မှတ်ပုံတင် ကိုယ်စားလှယ်လွှဲစာများတည်ရှိခြင်းနှင့် အမှတ်(၁)တရားပြိုင်က အမှတ်(၂)တရားပြိုင်သို့ အချင်းဖြစ်မြေ ကွက်များရောင်းချခဲ့သည့် မှတ်ပုံတင်စာချုပ်များတည်ရှိခြင်းတို့ကို နှစ်ဖက်သောအမှုသည်များက အငြင်းမပွားပေ။ ထိုသို့ အငြင်းပွားမှုမရှိလျှင် ယင်းမှတ်ပုံတင်စာချုပ်များနှင့် ကိုယ်စားလှယ်လွှဲစာတို့နှင့်စပ်လျဉ်း၍ သက်သေခံချက်ရယူရန် အကြောင်းမရှိပေ။ 

ထို့အပြင် အဆိုအချေနှင့် ပူးတွဲတင်ပြသည့် အချင်းဖြစ်မြေကွက် များနှင့် စပ်လျဉ်းသည့် မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာမူရင်းများနှင့် မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ်စာ တမ်းများသည် မူရင်းများကို တင်ပြထားခြင်းဖြစ်သဖြင့် စစ်မှန်ကြောင်းမှတ်ယူရန်သာဖြစ်ပြီး အဆိုပါ စာချုပ် စာတမ်းမူရင်းများကို အဆိုအချေ၏တစ်စိတ်တစ်ဒေသအဖြစ် အမှုတွင် ထည့်သွင်းစဉ်းစားနိုင်ပေသည်။ ထို့ကြောင့် မူလတိုင်းဒေသကြီးတရားလွှတ်တော်က အဆိုအချေတို့အရ ပဏာမငြင်းချက်များကို ဖြေဆိုဆုံး ဖြတ်ခဲ့ခြင်းသည် မှားယွင်းမှုမရှိပေ။
 
---

သို့ဖြစ်ရာ

(၁)    နှစ်ဖက်အမှုသည်များ အငြင်းမပွားသော စာရွက်စာတမ်းဖြစ်ခြင်း၊

(၂)    သက်သေခံချက်ရယူရန် မလိုအပ်သောစာရွက်စာတမ်းဖြစ်ခြင်း၊

(၃)    မူရင်းစာတမ်းအမှတ်အသားများဖြစ်ခြင်း

အချက်များနှင့် ညီညွတ်လျှင် အဆိုအချေနှင့်ပူးတွဲထားသည့် စာရွက်စာတမ်းများကို ပဏာမငြင်းချက်ဖြေဆိုရာတွင်  ထည့်သွင်းစဉ်းစားနိုင်ပါသည်။

လေးစားစွာဖြင့်။

ဦးထွန်းမျိုးဌေး


Sunday, May 20, 2018

ပဏာမ ဒီကရီချမှတ်ပြီးချိန် ဆောင်ရွက်ရန်ကိစ္စ


       အမွေမှုတွင် ပဏာမ ဒီကရီ ချမှတ်ပြီး ဆောင်ရွက်ရန်မှာ အမွေ ပစ္စည်းစာရင်းကောက်ယူခြင်း ကွယ်လွန်သူ ပေးရန် ရရန်ရှိသော ကြွေးမြီကို စိစစ်ခြင်း အမွေဆိုင်များသို့ ခွဲဝေပေးခြင်းဟူသော လုပ်ငန်းသာ ရှိပါသည်။ အမိန့် ၂၆ နည်း ၁၁ နှင့် ၁၃ တို့အရ ကော်မရှင်နာခန့်အပ်ပြီး ဆောင်ရွက်ရသည်ဖြစ်ရာ ကော်မရှင်နာမှ ဆောင်ရွက်ချက် အစီရင်ခံပြရပါမည်။ ပြီး မှ အစီရင်ခံစာ အား တရားရုံးမှ နှစ်ဘက်ကြားနားပြီး အမိန့်တစ်ရပ်ချမှတ်ခြင်းပြုရပါသည်။(ဦးမြတ်ကျော် နှင့် ဦးသိန်းမောင် ၁၉၈၄ မတစ ၃၀၂) အမှုသည် လေ့လာသင့်သည့် အနီးကပ် ဆုံး သာဓကဖြစ်မည်ထင်ပါသည်။

     တစ်ချို့က ပစ္စည်းခွဲဝေသည့် ကိစ္စမှာ အပြီးသတ် ဒီကရီ ချမှတ်ပြီးမှ ဆောင်ရွက်ရသည်ဟု အမြင်ရှိပြန်ပါသည်။ အမှန်မှာ ခွဲဝေ စရာ ပစ္စည်းတစ်မျိုးတည်းရှိသည့်တိုင် အောင် ခွဲဝေသည့်ကိစ္စပြီးစီးမှ အပြီးသတ် ဒီကရီ ချမှတ်နိုင်ပါမည်။ လက်ရောက်ပေးအပ်သည့် ကိစ္စမှာ လက်ငင်း မပေါ်သေးပါ။ ကော်မရှင်နာ အနေဖြင့် ပဏာမဒီကရီ အတိုင်း ဝေစုများကို ခွဲဝေသတ်မှတ်၍ အတိုင်းအတာများနှင့်တကွ တရားရုံးသို့ အစီရင်ခံရန်ဖြစ်ပါသည်။ (အလာဟာဘတ် အတွဲ ၂၀ စာ ၃၁၁။ ) 

       ပစ္စည်း၏ ပကတိတန်ဖိုးကို ဖျက်ဆီးခြင်းမပြုဘဲ ခွဲဝေခြင်း မပြုနိုင်လျှင်ဖြစ်စေ။ ပူးတွဲပိုင်ရှင်တစ်ဦးက သီးခြားလက်ရှိထားခြင်းကို ဖယ်ရှားရန်အဆင်ပြေမည်မဟုတ်လျှင်ဖြစ်စေ။ ပစ္စည်းကို ခွဲဝေခြင်း မပြုဘဲ ငွေသားဖြင့် လျော်ကြေးခွင့်ပြုနိုင်ပါမည်။ခွဲဝေရန် မဖြစ်နိုင်လျှင် ရောင်းရငွေ ကို ခွဲဝေရန် ဖြစ်ပေလိမ့်မည်။ ရောင်းချရာ၌ လက်ရှိဖြစ်သူက ဝယ်ယူခွင့် ဦးစားပေးရပါမည်။
ကာလကတ္တား အတွဲ ၁၀ စာ ၆၇၅
အိန္ဒိယအမှုများ အတွဲ ၁၁ စာ ၃၇၀

          ဝေစု များကို မျှမျှတတ ခွဲဝေနိုင်ရန် မဲနှိုက်ခြင်းသည် အမိန့် ၂၆ နည်း ၁၄ နှင့် မဆန့်ကျင်ပါ။ တရားရုံးက ထိုသို့ စီစဉ်နိုင်ပါသည်။ (အေ အိုင် အာရ် ၁၉၁၅ မဒရပ် ၁၁၇၁)

           ကော်မရှင်နာ တာဝန်အရ ဆောင်ရွက်ရန် ကိစ္စများအား လွယ်ကူစေရန် ဆရာကြီး ဦးမြ၏ တရားမကျင့်ထုံးဥပဒေ စာအုပ်မှ ကောက်နှုချက်ဖြစ်ပါသည်။ စာအုပ်ရှိကြသော်လည်း မဖတ်ဖြစ်ကြပါ။ အမှတ်တမဲ့ ဖြစ်နေသည်က များပါသည်။

လေးစားစွာဖြင့်
                ထက်ကိုကို

ပစ္စည်းခွဲဝေပေးစေလိုမှုနှင့် အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု ခြားနားချက်



မောင်မျိုး ။ ။ အကို ပစ္စည်းခွဲဝေပေးစေလိုမှုနှင့် အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု မှာ မတူညီတဲ့အချက်လေးတွေ ဆွေးနွေးရအောင်ပါ။

TMH ။ ။ ဟုတ်။ ကျနော်လေ့လာထားသလောက်လေးပြောပါ့မယ်။ အရင်ဆုံး အမှုတစ်ခုချင်းရဲ့အင်္ဂါရပ်ကနေစရမည်ထင်ပါတယ်။

မောင်မျိုး ။ ။ ပြောပါအကို။

TMH ။ ။ ဒေါ်ကြည်ကြည်ဇင် (ခ) ၀ိုင်အိုလက်လင်း နှင့် ဒေါ်ဝိကြိန် (၁၉၉၉၊ မတစ၊စာ-၁၀၃)အမှုတွင် ""ပစ္စည်းခွဲဝေပေးစေလိုမှုတွင် အချင်းဖြစ် ပစ္စည်းကို တရားလိုနှင့် တရားပြိုင်များ အကျိုးခံစားမှု (သို့မဟုတ်) အခွင့်အရေးအညီအမျှရှိရန်လိုသည်။ ထို့အပြင် အချင်းဖြစ်ပစ္စည်း တွင် တရားလိုနှင့် တရားပြိုင်တို့သည် အညီအမျှလက်ရှိဖြစ်ရန်လို သည်။"" ဟုထုံးဖွဲ့ထားပါတယ်။
ထိုအမှုမှာ ကိုးကားထားတဲ့ မောင်ဘတူ နှင့် မသက်စု( ၅၊ ရန်ကုန်၊စာ-၇၈၅) မှာတော့ A partition suit lies only if the parties have (1) unity of interest or title in the property sought to be partitioned, and (2) unity of possession. လို့ ထုံးဖွဲ့ထားပါတယ်။ ဦးဘန်စွမ်း နှင့် ဒေါ်သီ ပါ ၆ ( ၁၉၆၇၊ မတစ၊စာ - ၅၂၅(ရုံးချုပ်) တွင်လည်း လေ့လာနိုင်ပါတယ်။
ဆိုချင်တာက တရားလို နှင့် တရားပြိုင်များ အချင်းဖြစ် ပစ္စည်းမှာ unity of interest or title နှင့် unity of possession ရှိရင် "ပစ္စည်းခွဲဝေပေးစေလိုမှု" စွဲဆိုရန်ဖြစ်ပါတယ်။

မောင်မျိုး ။ ။ ဟုတ်ကဲ့ အကို။

TMH ။ ။ အထက်ပါ ၁၉၉၉၊ မတစ ၊ စာ-၁၀၃ အမှုစီရင်ထုံးမှာ unity of interest or title ကို “ အကျိုးခံစားမှု (သို့မဟုတ်) အခွင့်အရေး အညီအမျှ” လို့ဘာသာပြန်ထုံးဖွဲ့ထားပြီး unity of possession ကို “အညီအမျှလက်ရှိ” လို့ ဘာသာပြန်ဆိုထုံးဖွဲ့ထားပါတယ်။

မောင်မျိုး ။ ။ ဘာသာပြန်ချက်ပြဿနာရှိလို့လားအကို။

TMH ။ ။ အလျဉ်းသင့်လို့ပြောပြချင်တာပါ။ တရားရုံးချုပ် ညွှန်ကြားရေးမှူး (ငြိမ်း) ဆရာကြီး ဦးမြ ထောက်ပြသည့် ဘာသာပြန်နှင့်ပတ်သက်ပြီး အငြင်းပွားစရာလေးပါ။

မောင်မျိုး ။ ။ ဟုတ်။

TMH ။ ။ ဆရာက unity of interest (အကျိုးခံစားခွင့်များပေါင်းစည်းမှု) နှင့် unity of Possession (လက်ရှိဖြစ်ခြင်းပေါင်းစည်းမှု)ဟုဘာသာပြန် ပါတယ်။ unity ကို "ပေါင်းစည်းမှု" ဟုဘာသာပြန်ပါတယ်။
ဆရာ့ရဲ့ အမည်ခံ အမည်ငှားနှင့် နှုတ်ပိတ်ခြင်းဆိုင်ရာဥပဒေ စာ - ခ မှာ _
“ 1999 BLR 103 စီရင်ထုံးတွင်ပြဆိုသော အညီအမျှဆို သည့် ဝေါဟာရကို ပြန်လည်စိစစ်သင့်ပါသည်။ ၁/၂ ၊ ၁/၃ ၊ ၁/၄ စသည်ဖြင့် အစုအသီးသီး (အကျိုးခံစားပိုင်ခွင့်များ) ပေါင်းစည်းထား သော(ဖွဲ့စည်းထားသော)မြေ၊အဆောက်အအုံစသည်တို့တွင်ပိုင်ဆိုင် သူများ၏အနေအထား (အစုများတူညီခြင်း ရှိနိုင်သည့်နည်းတူ မတူ ကွဲပြားခြင်းလည်းရှိနိုင်သည်။)တို့ကို ဆင်ခြင်ရာသည်။" ဟု ဆရာက ထောက်ပြပါတယ်။

မောင်မျိုး ။ ။ မရှင်းဘူး။ နမူနာတစ်ခုလောက်ပြောပြပါလား။

TMH ။ ။ ဥပမာ ဗုဒ္ဓဘာသာလင်မယားပိုင်ပစ္စည်း ခွဲဝေပေးစေလိုမှုမှာ လင်၏ အမွေရလက်ထက်ပွားပစ္စည်း နေအိမ် နှင့် ခြံမြေဆိုပါတော့။ အမွေရ လက်ထက်ပွားဖြစ်လို့ အမွေရသူ လင် က ၂/၃ ၊ မယားက ၁/၃ ရမယ် မဟုတ်လား။ အညီအမျှ ဖြစ်လို့လား။ မဖြစ်ဖူးလေ။ ၁၉၉၉၊ မတစ၊ စာ-၁၀၃ မှာ ပြန်ဆိုသလို အကျိုးခံစားခွင့်အညီအမျှ နှင့် အညီအမျှ လက်ရှိဖြစ်မှ ပစ္စည်းခွဲဝေပေးစေလိုမှုစွဲရမှာဆို ဒီလိုပစ္စည်းမျိုး ပစ္စည်း ခွဲဝေပေးစေလိုမှု စွဲမရတော့ဘူးလေ။ ဟုတ်တယ်မလား။ ဒါ့ကြောင့် အချင်းဖြစ်ပစ္စည်းပေါ်မှာ အမှုသည်များရမည့်အစုတွေ မတူနိုင်တော့ "အညီအမျှ" ဆိုတဲ့ ပြန်ဆိုချက်က အငြင်းပွားစရာ ဖြစ်လာတာပေါ့။ ဒါ့ကြောင့် ဆရာကြီးက unity ကို "ပေါင်းစည်းမှု" လို့ ပြန်ဆိုရန် ဖြစ် ကြောင်း ထောက်ပြခဲ့တာပါ။

မောင်မျိုး ။ ။ ဒါဆို အချင်းဖြစ်ပစ္စည်းမှာ တရားလို၊ တရားပြိုင်များ unity of interest or title (အကျိုးခံစားမှု(သို့)အခွင့်အရေး ပေါင်းစည်းမှု) နှင့် unity of possession (လက်ရှိဖြစ်ခြင်း ပေါင်းစည်းမှု) ရှိရင် ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရမယ်လို့ မှတ်ထားရမှာပေါ့ အကို။

TMH ။ ။ ဟုတ်။ ကျနော်တော့ အဲဒီလိုပဲမှတ်ထားတယ်။
မောင်မျိုး ။ ။ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုကြတော့ရော။

TMH ။ ။ အဲဒီအမှုမျိုးက အမွေစားတစ်ဦးဦးက အခြားအမွေစားတစ်ဦး သိုမ ဟုတ် တစ်ဦးထက်ပိုသူများအပေါ် အမွေဝေစုကိုရထိုက်ကြောင်းနှင့် သေသူအမွေရှင်၏ကျန်ရှိခဲ့သောပစ္စည်းအရပ်ရပ်ကို တရားရုံးက စီမံ ခန့်ခွဲ၍ အမွေစားများရထိုက်သောအမွေဝေစုခွဲဝေပေးဖို့ တောင်းခံ တာဖြစ်ပါတယ်။
U OHN TIN Vs DAW TIN MYA (၁၉၆၅၊ မတစ၊ စာ -၁၀၄၀) မှာ အမွေပုံစီမံခန့်ခွဲပေးစေလိုမှုဆိုသည်မှာ သေသူ၏ပစ္စည်း အရပ်ရပ်တို့ကို စီမံခန့်ခွဲပေးရန်ဖြစ်သည်။ စီမံခန့်ခွဲပေးရန်ဆိုရာ၌ သေသူ ပိုင်ဆိုင်သောပစ္စည်းများနှင့် ရရန်ရှိသောပစ္စည်း၊ ကြွေးမြီများ ကိုကောက်ခံခြင်း၊ ပေးရန်ရှိသည်များကိုရှင်းလင်းပေးဆပ်ခြင်းထိုသို့ ရှင်းလင်းပြီးနောက် ကျန်ပစ္စည်းများကို သက်ဆိုင်ရာ အမွေခံအမွေ စားများကို ခွဲဝေပေးခြင်းဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။
မူရင်း အင်္ဂလိပ် ဘာသာအတိုင်းဆိုရင်တော့ “Administration means management of the deceased’s estate by the Court on request and consists of ascertainment and presentation of the estate, collection of assets, payment of debts and legacies, acts in respect adverse claims to assets and finally distribution among the heirs." လို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။

မောင်မျိုး ။ ။ ခြားနားချက်ကို သိပ်နားမလည်ဘူးအကို။

TMH ။ ။ U OHN TIN Vs DAW TIN MYA (၁၉၆၅၊ မတစ၊ စာ-၁၀၄၀) မှာ ကွယ်လွန်သူ၏အမွေကို အုပ်ထိန်းမှုတွင် ပစ္စည်းခွဲဝေခြင်းသည် ဖြစ်ရပ်တစ်ခုဖြစ်သော်လည်း လိုအပ်သောကိစ္စ မဟုတ်ပေ။ အမွေ အုပ်ထိန်းမှုတွင် ပစ္စည်းခွဲဝေခြင်းပါဝင်နေသော်လည်း ပစ္စည်းခွဲဝေမှု တစ်ခုသည် အမွေအုပ်ထိန်းမှုတစ်ခု မဟုတ်ကြောင်း ခြားနားပြပါ တယ်။
မူရင်းအတိုင်းဆိုရင် "The partition may be an incident but it is not a necessary incident of the administration of the deceased’s estate. A suit for partition is not an administration suit though the latter involves the former."လို့ဆိုပါတယ်။
ဆိုချင်တာက အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု (အမွေ အုပ်ထိန်းမှု)မှာ တရားလို၊ တရားပြိုင်များကြား အမွေပုံပစ္စည်းကို partition လုပ်ပေးရုံ တစ်ခုတည်း မဟုတ်ဘူးဗျ။ အမွေရှင်သေတဲ့ နေ့ကျန်ခဲ့တဲ့ ပစ္စည်းတွေကောက်ရဦးမယ်။
အမွေရှင်ရဲ့အကြွေးတွေ ပေးရဦးမယ်။ ပြီးလို့ တကယ်ကျန်တာမှ အမွေစားတွေကို partition လုပ်ပေးရတာ။ ဒါ့ကြောင့်လည်း ၁၉၆၅၊မတစ၊ စာ-၁၀၄၀ စီရင်ထုံး က Administration ထဲမှာ partition အကျုံးဝင်သော်လည်း partition ဆိုတာ administration မဟုတ်ဘူးလို့ ခြားနားပြသွား တာကိုး။

မောင်မျိုး ။ ။ ဟုတ်ကဲ့။

TMH ။ ။ ဦးတင်လှ နှင့် ဒေါ်စိန်ရှင် (၁၉၇၈၊မတစ၊စာ - ၅၂) မှာတော့ မြန်မာ ဗုဒ္ဓဘာသာအမွေခံအမွေစားများသည် အမွေပစ္စည်းတွင် ပူးတွဲ ပိုင်ရှင်များလည်းမဟုတ်၊ အမွေပစ္စည်း၌လည်း ပူးတွဲလက်ရှိ ရပိုင်ခွင့် လည်းမရှိသောကြောင့် အမွေခံအမွေစားတစ်ယောက်သည် အခြား အမွေခံထံမှ မိမိ၏အမွေဝေစုကိုရလိုပါမူ အမွေအုပ်ထိန်းမှုစွဲဆိုရ မည်။ ပစ္စည်းခွဲဝေမှု မစွဲဆိုနိုင်ပေ"လို့ထုံးဖွဲ့ထားပါတယ်။

မောင်မျိုး ။ ။ ဟုတ်ကဲ့။

TMH ။ ။ မြန်မာဗုဒ္ဓဘာသာ အမွေခံ အမွေစားများသည် အမွေပစ္စည်းမှာ tenants-in-common(အတူပိုင်သူများ)ဖြစ်ပါတယ်။ ဆရာ ဦးမြက တော့ tenants-in-common ကို “ဝေစုအလျောက်ဘုံပိုင်ဆိုင်သူ များ”လို့ ဘာသာပြန်ဆိုမှ ပိုမိုနားလည်မည်ဖြစ်ကြောင်း ဆိုပါတယ်။ joint tenants(ပူးတွဲပိုင်ဆိုင်သူများ)မဟုတ်တော့ အမွေခွဲဖို့ဆိုအမွေ ပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု(အမွေအုပ်ထိန်းမှု) စွဲမှရမှာဖြစ်ပါတယ်။

မောင်မျိုး ။ ။ ဒါဆို အမွေခံအမွေစားတစ်ယောက်သည် အခြားအမွေခံထံမှ မိမိ၏ အမွေဝေစုကို ရလိုပါမူ Administration ပဲ စွဲနိုင်မယ်။ partition မစွဲနိုင်ဘူးလို့ မှတ်ရမှာလားအကို။

TMH ။ ။ အဲဗျ။ အဲဒီလို တရားသေမမှတ်နဲ့လေ။ ဒါက ဗုဒ္ဓဘာသာအတွက် ပြောတာ။ ဗုဒ္ဓဘာသာမှာတောင် ဦးဘန်စွမ်း နှင့် ဒေါ်သီ ပါ ၆ (၁၉၆၇၊ မတစ၊ စာ - ၅၂၅) မှာပါတဲ့ အခြေအနေဆို ပစ္စည်းခွဲဝေ ပေးစေလိုမှုစွဲနိုင်တယ်။ အဲဒီအမှုမှာက အမွေဆိုင်များက အမွေဆိုင် မြေကို နှစ်အတန်ကြာ ပူးတွဲနေထိုင်အသုံးပြုကြတဲ့ကိစ္စရပ် ဖြစ်ပါ တယ်။
နောက်တစ်ခုက ဟိန္ဒူဘာသာမှာကြတော့ အမွေပစ္စည်းကို tenants-in-common (ဝေစုအလျောက်ဘုံပိုင်ဆိုင်သူများ) အမွေ ဆက်ခံသည့်အမွေစားအမွေခံရှိသလို၊ joint tenants(ပူးတွဲပိုင်ဆိုင် သူများ) အမွေဆက်ခံသည့် အမွေစားအမွေခံ ရှိသေးတယ်။ Joint Tenants (ပူးတွဲပိုင်ဆိုင်သူများ)ကို Coparceners လို့ခေါ်တယ်။ ပူးတွဲအမွေဆိုင်ပစ္စည်းကို Coparcenary property လို့ခေါ်တယ်။ Coparcenary property ဆိုရင် ပစ္စည်းခွဲဝေပေးစေလိုမှုစွဲရမှာ ဖြစ် ပါတယ်။
အစ္စလာမ်ဘာသာဝင် အမွေခံအမွေစားများသည်လည်း အမွေပစ္စည်းတွင် tenants in common ဖြစ်လို့ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု (အမွေအုပ်ထိန်းမှု) စွဲဆိုရန်ဖြစ်ပါတယ်။
သေတမ်းစာမရေးဘဲသေဆုံးသွားသည့်ခရစ်ယာန်ဘာသာ ၀င်တစ်ဦး ကျန်ရစ်သောအမွေပစ္စည်းကလည်း အမွေဆက်ခံခြင်း ဥပဒေအရ အစုသတ်မှတ်ထားတာမို့ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေ လိုမှု (အမွေအုပ်ထိန်းမှု) စွဲဆိုရန်ဖြစ်ပါတယ်။

မောင်မျိုး ။ ။ ဗုဒ္ဓဘာသာလင်မယားက ပစ္စည်းခန်းမှာ tenants-in-common ဖြစ် တယ်။ ဒါပေမယ့် လင်မယားကွာရှင်းပြီးနောက် ပစ္စည်းခွဲဝေပေးစေ လိုမှု(partition)စွဲတယ်။ ဘာဖြစ်လို့လဲ။

TMH ။ ။ မြန်မာဗုဒ္ဓဘာသာ လင်မယားကြက ဘာသာခြားတွေနဲ့ မတူတာက ပစ္စည်းခန်းမှာ သူတို့က tenants-in-Common ဖြစ်နေတယ်။ ဒါပေ မယ့် လင်မယားကွာပြီးနောက် ပစ္စည်းအပေါ်မှာ ပစ္စည်းခွဲဝေပေးစေ လိုမှု (partition) စွဲရတယ်။
ဗုဒ္ဓဘာသာလင်မယားကွာရှင်းသောအခါမိမိတို့အိမ်ထောင် ၌ဖြစ်ထွန်းခဲ့သောပစ္စည်းများကို ခွဲဝေပေးရန်တရားစွဲဆိုနိုင်ခြင်းသည် ပစ္စည်းခွဲဝေရန်လိုအပ်သည့် အကျိုးခံစားပိုင်ခွင့်များပေါင်းစည်းမှု နှင့် လက်ရှိဖြစ်ခြင်း ပေါင်းစည်းမှုရှိခြင်းကြောင့်ဖြစ်သည်လို့ ဆရာကြီးက အမည်ခံ အမည်ငှားနှင့် နှုတ်ပိတ်ခြင်းဆိုင်ရာဥပဒေ စာအုပ် စာ - ဂ မှာ ရှင်းပြပါတယ်။

မောင်မျိုး ။ ။ ဟုတ်ကဲ့
++++++++++++++++

TMH ။ ။ partition နှင့် administration နောက်ခြားနားချက်တစ်ခု ဆက်ပြောပါ့မယ်။

မောင်မျိုး ။ ။ ဟုတ်ကဲ့။

TMH ။ ။ ပစ္စည်းခွဲဝေပေးစေလိုမှုမှာ အမှုသည်များပိုင်ဆိုင်သည့် ပစ္စည်းအား လုံးပါဝင်ရမည် ဖြစ်ပါသည်။ ဆိုချင်တာက ပစ္စည်းအားလုံးကို ထည့် သွင်း တရားစွဲဆိုရမယ်။ ချန်ထားရင် အမှုရှုံးမှာဖြစ်ပါတယ်။ မမြ နှင့် မမြဲ ( ၁၈၉၇- ၀၁) အထက်မြန်မာပြည်စီရင်ထုံး ၊အတွဲ ၂ စာ ၂၉၉) အမှုမှာ ကြည့်ပါ။
မမြ နှင့် မမြဲ အမှုမှာ“a suit for partition cannot be brought unless the whole estate is brought into the division” လို့ဆိုပါတယ်။
Ma Sim Ti and others v. Saw Maung Pu and others (၁၉၅၂၊ မတစ၊ လွှတ်တော် ၊ စာ - ၃၄၄) မှာလည်း “The general principle is that a partition suit should embrace all the joint properties belonging to the parties to avoid multiplicity of suits." လို့ပြဆိုပါတယ်။

မောင်မျိုး ။ ။ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုကြတော့ကော အကို။

TMH ။ ။ အမွေမှုကြတော့ အမွေပုံပစ္စည်းအချို့ကို ချန်လှပ်ထားရုံမျှဖြင့် အမှု ကို ပလပ်ရန် မဟုတ်ကြောင်း သတိချပ်ဖို့ဖြစ်ပါတယ်။

မောင်မျိုး ။ ။ ဘာဖြစ်လို့ ဒီအမှုမျိုးကြတော့ပစ္စည်းမစုံတာကို ပယ်မရတာလဲ။
အဆိုလွှာမှာ အမွေခွဲမည့်ပစ္စည်းအားလုံး ဖော်ပြလေ့ရှိတယ် မဟုတ် လား။

TMH ။ ။ ဦးသင်ပါ ၂ နှင့် ဒေါ်ချစ်ပု ( ၁၉၆၂၊မတစ၊စာ ၃၂၉(ရုံးချုပ်)) မှာ အမွေမှုဆိုတာ သေသူရဲ့အမွေစားအမွေခံများကြားမှာ စာရင်းရှင်း ပေးစေလိုမှုဖြစ်တာကြောင့် ကွယ်လွန်သူ၏ပစ္စည်းများကို တရားလို တင်သွင်းသောစာရင်းတွင်အပြည့်အစုံမဖော်ပြဘဲထားကြောင်း အမှု သည်တစ်ဦးဦးက စွပ်စွဲသက်သေထူနိုင်သည်။ သို့သော် ယင်းသို့ အပြည့်အစုံမတင်ပြသည်ကို အကြောင်းပြု၍ တရားလို၏အမှုကို မပယ်နိုင်ကြောင်း ထုံးဖွဲထားပြီးဖြစ်ပါတယ်။

မောင်မျိုး ။ ။ ဟုတ်။ သဘောပေါက်ပြီ။
++++++++++++++++

TMH ။ ။ နောက်ခြားနားချက်တစ်ခုက တရားစွဲဆိုရန်အကြောင်း။

မောင်မျိုး ။ ။ ဟုတ်ကဲ့

TMH ။ ။ ပစ္စည်းခွဲဝေပေးစေလိုမှုတွင်ပေါ်ပေါက်သော တရားစွဲဆိုရန် အချင်း ဖြစ်အကြောင်းအရာသည် ထပ်တလဲလဲ ပေါ်ပေါက်သည်ဖြစ်၍ ပစ္စည်းခွဲမပေးသရွှေ့ကာလပတ်လုံးတရားစွဲဆိုရန် နေ့စဉ်နှင့်အမျှ အကြောင်း ပေါ်ပေါက်နေမည်သာဖြစ်သည်ဟု မရှမ်းပါ (၅) နှင့် ဦးသန်းမြင့် (၁၉၉၀၊ မတစ၊ စာ- ၈၈) တွင်လမ်းညွှန်ပါတယ်။

မောင်မျိုး ။ ။ အမွေမှုကြတော့ကော အကို

TMH ။ ။ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုမှာ တရားစွဲဆိုရန်အကြောင်းက အမွေရှင်ကွယ်လွန်သည့်အခါကစပြီး ပေါ်ပေါက်ပါတယ်။
ဦးခင်မောင်အေး (ကွယ်လွန်သူ ဒေါ်ခင်သန်းလွင်၏ တရားဝင်ကိုယ်စားလှယ်) နှင့် ဒေါ်ဝင်းမြင့် (ကွယ်လွန်သူ ဦးကျော်စိုး ၏ တရားဝင်ကိုယ်စားလှယ်) ပါ၃ (၂၀၁၄ ၊ မတစ၊ စာ - ၅၆(၇၀)) တွင်
"အမွေခွဲဝေပေးရန်တောင်းဆိုနိုင်သည့်အကြောင်းသည် အမွေ ရှင်ကွယ်လွန်ချိန်တွင်စတင်ပေါ်ပေါက်သည်ဖြစ်သောကြောင့် အမွေ ပုံစီမံခန့်ခွဲပေးစေလိုမှုကို အမွေဆိုင်တစ်ဦးကတရားလိုပြုလုပ်၍ စွဲဆို ရာ၌ တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည့်နေ့ကို အမွေရှင် သေဆုံးသည့်နေ့အဖြစ် အဆိုလွှာ၌ ဖော်ပြတရားစွဲဆိုရသည်။ " ဟု ညွှန်ပြပါတယ်။
ထိုပြင် ယင်းစီရင်ထုံးမှာပဲ တရားပြိုင်တစ်ဦးက အမွေဝေစု တောင်းခံနိုင်ခွင့်ကို အောက်ပါအတိုင်း ထပ်မံညွှန်ုပြပါတယ်။
"တရားရုံးက ဦးဆောင်ဦးရွက်ပြု၍ အမွေပုံစီမံခန့်ခွဲသော အမှု၌ တရားပြိုင်တစ်ဦးက အမွေဝေစုတောင်းဆိုခွင့်မှာမူ တရားလို အား အမွေဝေစုသတ်မှတ်ပေးသော ပဏာမဒီကရီအပေါ် အခြေခံ ကာတောင်းဆိုရခြင်းဖြစ်သည်မှာ နည်းဥပဒေ ၁၃(၂)ပါ ပြဌာန်းချက် များအရ မြင်သာသည်။"
++++++++++++++++

TMH ။ ။ နောက်တစ်ခုက ပဏာမဒီကရီ။

မောင်မျိုး ။ ။ ဟုတ်ကဲ့။

TMH ။ ။ ပစ္စည်းခွဲဝေပေးစေလိုမှုမှာ အမိန့် ၂၀၊ နည်း ၁၈(၂)ပါ ပြဌာန်းချက် အရစာရင်းကောက်ဖို့ပြဌာန်းချက်မရှိလို့ ပဏာမဒီကရီမှာ ခွဲဝေရ မည့်ပစ္စည်းကို အတိအလင်းဖော်ပြပြီး ပဏာမဒီကရီချမှတ်ရမှာဖြစ် ပါတယ်။ ဒေါ်သန်းသန်းဆွေ နှင့် ဦးရောင်းတင် (၂၀၁၄ ၊ မတစ၊ စာ- ၁၇၆) မှာကြည့်ပါ။

မောင်မျိုး ။ ။ ဟုတ်ကဲ့

TMH ။ ။ ဥပမာ လင်မယားနှစ်ဦးပိုင်ပစ္စည်းဆိုပါတော့ဗျာ။ လင်မယား နှစ်ဦး ပိုင်ပစ္စည်းတွေ ဘာတွေကျန်တယ်။ ကျန်တဲ့ပစ္စည်းတွေထဲမှာတော့ ဘယ်ပစ္စည်းကတော့ဖြင့် လက်ထက်ပွား၊ ဘယ်ပစ္စည်းတော့ဖြင့် အမွေရလက်ထက်ပွား၊ ဘယ်ပစ္စည်းကတော့ဖြင့် နှစ်ပါးစုံ ဖြစ်တယ် ဆိုတာ ပဏာဒီကရီမှာ အတိအလင်းဖော်ပြရမှာဖြစ်ပါတယ်။
ဒါ့အပြင် လက်ထပ်ပွားဖြစ်လို့ ဒီပစ္စည်းမှာ တရားလိုက ဘယ်နှစ်ပုံ၊ အမွေရလက်ထက်ပွားပစ္စည်းဖြစ်တဲ့ ဘယ်ပစ္စည်းမှာ တရားလိုက ဘယ်နှစ်ပုံ၊ နှစ်ပါးစုံပစ္စည်းဖြစ်တဲ့ ဘယ်ပစ္စည်းမှာ တရားလိုက ဘယ်နှစ်ပုံစသည်ဖြင့် အတိအလင်းကို ပဏာမဒီကရီ မှာ ဖော်ပြအမိန့်ချပေးရမှာဖြစ်ပါတယ်။

မောင်မျိုး ။ ။ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုကြတော့ကော အကို။

TMH ။ ။ အမွေစီမံခန့်ခွဲပေးစေလိုမှုတွင် ပဏာမဒီကရီဟူသည်မှာ အမှန်စင် စစ်အမွေပုံကိုစီမံခန့်ခွဲစေရန်ချမှတ်သည့် ဒီကရီအမျိုးအစားဖြစ်သည် ဟု ဦးခင်မောင်အေး ( ကွယ်လွန်သူ ဒေါ်ခင်သန်းလွင်၏ တရားဝင် ကိုယ်စားလှယ်) နှင့် ဒေါ်ဝင်းမြင့် (ကွယ်လွန်သူ ဦးကျော်စိုး၏ တရားဝင်ကိုယ်စားလှယ်) ပါ၃ (၂၀၁၄ ၊ မတစ၊ စာ -၅၆(၇၀))တွင် ပြဆိုပါတယ်။
U AH YAUNG Vs MA KAR KYU HMWE (၁၉၆၄၊ မတစ၊ ၁၁၄) အမှုမှာ “at the stage of the preliminary decree, it is only necessary to consider whether the deceased left any estate. The trial Court should not decide at this stage what constitutes the estate to be administered.”လို့ ထုံးဖွဲ့ ထားပါတယ်။
ဒေါ်တင်တင်ဝင်း နှင့် ဒေါ်သန်းကြည်ပါ ၃ (၁၉၈၄၊ မတစ၊ ၁၄၈) အမှုမှာလည်း “အမွေမှုတွင် ပဏာမဒီကရီမချမှတ်မီ တရားလို သည် အမွေဆိုင်တစ်ဦး ဟုတ် မဟုတ်၊ စီမံခန့်ခွဲရန်ပစ္စည်း ရှိ မရှိ၊ ရှိလျှင် တရားလိုသည် အမွေပစ္စည်းများတွင် ဝေစုမည်မျှရထိုက် သည်ကိုသာ စိစစ်ဆုံးဖြတ်ရန်လိုသည်။ အမွေပစ္စည်းများ စာရင်း ကောက်ယူရန်ကိစ္စကို ပဏာမဒီကရီချမှတ်ပြီးမှ ဆောင်ရွက်ရန်ဖြစ်
ပေသည်။” ဟု ထုံးဖွဲ့ထားပါတယ်။

ပဏာမဒီကရီအဆင့်မှာ တရားလိုသည်အမွေဆိုင် ဟုတ် မဟုတ် အမွေပစ္စည်းကျန်မကျန် ပထမစိစစ်ရတယ်။ တရားလိုသည် အမွေဆိုင်လည်း ဟုတ်တယ် စီမံခန့်ခွဲရန် အမွေပစ္စည်းလည်းကျန် တယ်ဆိုရင် အမွေပုံပစ္စည်းများ၏ ဘယ်နှစ်ပုံရထိုက်ကြောင်း ဆက် လက်ဆုံးဖြတ်ပြီး အမိန့် ၂၀၊ နည်း ၁၃(၁)အရ ကွယ်လွန်သူ ကျန် ရစ်သောပစ္စည်းများစာရင်းကို ကောက်ယူစေရန်အမိန့်ချရမှာ ဖြစ်ပါ တယ်။

မောင်မျိုး ။ ။ သဘောပေါက်ပြီ။ ပစ္စည်းခွဲဝေပေးစေလိုမှုမှာ ပဏာမဒီကရီမှာ ခွဲဝေ ပေးရမည့်ပစ္စည်းကို အတိအလင်းဖော်ပြဖို့လိုတယ်။ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုမှာတော့ ပဏာမဒီကရီမှာ သေသူကျန်ရစ်သည့် အမွေပစ္စည်းဘာတွေဆိုတာ အတိအလင်း ဆုံးဖြတ်ရန် မလိုဘူး။ အမွေပစ္စည်းဘာတွေကျန်တယ်ဆိုတာကို အမိန့် ၂၀၊ နည်း ၁၃(၁) အရ စာရင်းကောက်စေရမှာ။ ဟုတ်တယ် မဟုတ်လား အကို။

TMH ။ ။ ဟုတ်ပါတယ်။ ပစ္စည်းခွဲဝေပေးစေလိုမှုမှာ ပဏာမဒီကရီက အထက် ကပြောသလို ပစ္စည်းတွေဖော်ပြရေးရတာဆိုတော့ ရှင်းပါတယ်။ သိပ်မခက်လှပါဘူး။ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုကြတော့ ပဏာမဒီကရီကို တရားမကျင့်ထုံးဥပဒေ နောက်ဆက်တွဲ ဃ၊ အမှတ် ၁၅ ပုံစံ ၀င်အောင်ရေးဖို့လိုအပ်တော့ ပဏာမဒီကရီကို စနစ်တကျနှင့် ကျစ်ကျစ်လစ်လစ်ရေးဖို့ကြ အတော်လက်ဝင်တယ်။ အလျဉ်းသင့်လို့ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု ပဏာမဒီကရီ ရေးပုံလေးပြောပြချင်ပါတယ်။

မောင်မျိုး ။ ။ ဟုတ်ကဲ့။

TMH ။ ။ ဆရာ ဒေါက်တာမောင်မောင် ရေးပြခဲ့သည့် ပဏာမဒီကရီ ဖြစ်ပါ တယ်။ DAW KHIN KHIN KYWE Vs DAW TIN TIN KYWE (၁၉၆၄ မတစ (C.C) ၅၉၉(၆၀၆)) မှာ ပါရှိတယ်။ ဆရာဦးမြ တရားရေးဝန်ထမ်းအရည်သွေးမြင့်သင်တန်းပို့ချချက်များ ၊ စာ ၂၀၅ မှာ ဘာသာပြန်ပြထားတာလေးကိုပဲ ဖော်ပြပါရစေ။
" ဆရာကြွယ်၏အမွေကို စီမံခန့်ခွဲစေရန် ဒီကရီ ချမှတ် လိုက်သည်။ တရားလို ဒေါ်တင်ကြွယ်ဝေစုကို အမွေပုံ၏ ၈ ပုံ ၁ ပုံ သတ်မှတ်သည်။ ဆရာကြွယ်သေသည့်နေ့တွင် တည်ရှိသော အမွေပုံပစ္စည်းများကို ကော်မရှင်နာက စာရင်းကောက်ယူစေရမည်။ ထို့အပြင် တရားလိုသည် အမှုတွင် အချိုးကျ တရားစရိတ်များ ရရှိစေရမည်။"
ဒီအမှုမှာ အချိုးကျတရားစရိတ်ရစေဆိုတာ ဒေါ်တင်ကြွယ် သည် အမွေပုံ ၄ ပုံ ၁ ပုံ တောင်းပါတယ်။ ဒေါက်တာ မောင်မောင် က ၈ ပုံ ၁ ပုံပဲ ရထိုက်တယ်လို့ ဆုံးဖြတ်ခဲ့တဲ့အတွက် တရားစရိတ် အချိုးကျရစေလို့ ဖော်ပြတာဖြစ်ပါတယ်။
++++++++++++++++

TMH ။ ။ နောက်ခြားနားချက်တစ်ခုက
ပဏာမဒီကရီချမှတ်ပြီးနောက်ပိုင်းမှာ ကော်မရှင်နာ ဆောင်ရွက်ရန်အပိုင်း။

မောင်မျိုး ။ ။ ဟုတ်

TMH ။ ။ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုမှာ ကော်မရှင်နာက ဆောင်ရွက် ရန် ၂ ပိုင်း ရှိတယ်။ ပထမပိုင်းက ပဏာမဒီကရီနှင့်အညီ စာရင်း ကောက်ဖို့။ အမိန့် - ၂၆၊ နည်း ၉၊ ၁၁ အရ ပစ္စည်းစာရင်း အရင် ကောက်ပေးဖို့ ခန့်ရတယ်။ ပြီးမှ အမိန့် ၂၆၊ နည်း ၁၃ အရ ပစ္စည်းခွဲပေးဖို့ ကော်မရှင်နာခန့်မှာဖြစ်တယ်။

မောင်မျိုး ။ ။ ပစ္စည်းခွဲဝေပေးစေလိုမှုကြတော့ကော။

TMH ။ ။ ပစ္စည်းခွဲဝေပေးစေလိုမှုကြတော့ ပဏာမဒီကရီမှာ ခွဲဝေပေးရမည့် ပစ္စည်းစာရင်းအတိအလင်းပါပြီးသားဆိုတော့ ပစ္စည်းစာရင်းကောက် ပေးဖို့ကော်မရှင်နာခန့်ဖို့ မလိုဘူး။ အမိန့် ၂၆၊ နည်း ၁၃ အရ ပစ္စည်းခွဲပေးဖို့ကော်မရှင်နာ တန်းခန့်ရမှာဖြစ်ပါတယ်။

မောင်မျိုး ။ ။ ကျေးဇူးတင်ပါတယ်အကို။


လေးစားစွာဖြင့်

TUN  MYO  HTAY

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...