Wednesday, February 20, 2019
ချေလွှာ ရေးသားရာတွင် လိုက်နာကျင့်သုံးရမည့်အချက်များ
ချေလွှာ ရေးသားရာတွင် အောက်ဖော်ပြပါအတိုင်း လိုက်နာ ကျင့်သုံးရမည်။
(၁)   ချေလွှာ၏ခေါင်းစီးတွင် အဆိုလွှာခေါင်းစီးအတိုင်း တရားရုံး အမည်၊ ခုနှစ်၊ တရားမကြီးမှုအမှတ်၊ တရားလို၊ တရားပြိုင်တို့၏ အမည်၊ သိသာရန် ဖော်ပြချက်နှင့် နေရပ်လိပ်စာတို့ကို ဖော်ပြရသည်။ 
(အမိန့် ၆၊ နည်း ၃ နှင့် တရားမကျင့်ထုံးဥပဒေ နောက်ဆက်တွဲ(က) ပုံစံ)
တရားပြိုင်က ချေလွှာတွင် မိမိ၏လိပ်စာကို ဖော်ပြရုံဖြင့်မပြီး၊ မိမိထံ ဆင့်ဆိုရန်အတွက် အမိန့် ၅၊ နည်း ၂၀-က(၂)အရ လိပ်စာတင်သွင်းသည့် သီးခြားလျှောက်လွှာတင်ပြရန် လိုသည်။
(၂)   တရားလိုဖြစ်စေ၊ တရားပြိုင်ဖြစ်စေ အရွယ်မရောက်သေးသူ ဖြစ်လျှင်သော်လည်းကောင်း၊ စိတ်မနှံ့သူတစ်ဦးဖြစ်လျှင်သော်လည်းကောင်း ထိုသို့ဖြစ်ကြောင်း ဖော်ပြပေးရမည်။
(အမိန့်၇၊ နည်း၁ (ဃ))
(၃)   ချေလွှာပါစာပိုဒ်များသည် တိုတိုတုတ်တုတ်နှင့် လိုရင်းအချက ပါရမည်။ ချေလွှာရေးသားရာ၌ စာပိုဒ်များခွဲ၍ စာပိုဒ်အသီးသီးကို အမှတ်စဉ် တပ်ရမည်။ အချင်းဖြစ်ကိစ္စနှင့် မသက်ဆိုင်သည့်အချက်ကို ဖယ်ထုတ်ရမည်။ 
(အမိန့် ၆၊ နည်း ၂)၊
(တရားရုံးများလက်စွဲအပိုဒ်-၁၁၉)
(င)   ချေလွှာရေးရာတွင် အရေးပါသော အကြောင်းအချက်များကိုသာ ဖော်ပြရပြီး သက်သေခံချက်များကို ဖော်ပြခြင်း မပြုရ။
(အမိန့် ၆၊ နည်း ၂)
(၅)   ရက်စွဲ၊ ငွေကြေးပမာဏနှင့် ကိန်းဂဏန်းတို့ကို စာသားဖြင့် မဖော်ပြဘဲ ဂဏန်းဖြင့် ဖော်ပြရမည်။ 
(အမိန့် ၆၊ နည်း ၂)
(၆)   အလွဲပြောဆိုခြင်း၊ လိမ်လည်ခြင်း၊ ယုံကြည်အပ်နှံမှု ဖောက်ဖျက်ခြင်း၊ တမင်ပျက်ကွက်ခြင်း၊ မလျော်သြဇာသုံးခြင်း တစ်ရပ်ရပ်ကြောင့် စွဲဆိုမှုနှင့် အခြားသော အမှုများတွင် ဖော်ပြပါ နောက်ဆက်တွဲ (က)ပါ ပုံစံများတွင် ဥပမာအဖြစ် ဖော်ပြထားသည်ထက် အမှုအလျောက် အချက်အလက်များ ပြည့်ပြည့်စုံစုံ ဖော်ပြရမည့်အပြင် လိုအပ်ပါက ရက်စွဲနှင့် အသေးစိတ်အချက်အလက်များ ဖော်ပြရမည်။ 
(အမိန့် ၆၊ နည်း ၄ နှင့် ၅)
(၇)   အမှုမစွဲမီက အချင်းဖြစ်ကိစ္စနှင့် စပ်လျဉ်း၍ လိုအပ်သော လုပ်ဆောင်ချက်၊ အခြေအနေ၊ အဖြစ်အပျက်တို့ကို ထင်ရှားစွာ ဖော်ပြရမည့်အပြင် ထိုကိစ္စအတွက် အခိုင်အမာပြဆောင်ရွက်ခဲ့ကြောင်းကိုလည်း ချေလွှာတွင် သဘောသက်ရောက်စေရန် ဖော်ပြရမည်။ 
(အမိန့် ၆၊ နည်း ၆)
(၈)   ပဋိညာဉ်နှင့်စပ်လျဉ်း၍ ငြင်းဆိုပါက ပဋိညာဉ် မပြုလုပ်ပါဟု သာမန်အားဖြင့် ငြင်းဆို၍ မလုံလောက်။ ပဋိညာဉ်ပါ အချက်များ မမှန်ကန်ကြောင်း၊ တရားမဝင်ကြောင်း အတိအလင်း ငြင်းဆိုရမည်။ 
(အမိန့် ၆၊ နည်း ၈)
(၉)   စာချုပ်စာတမ်းနှင့်ပတ်သက်၍ စာချုပ်စာတမ်းပါ လိုရင်းအချက်ကိုသာ ဖော်ပြရပြီး စာချုပ်ပါအချက်အားလုံး အကျယ်ဖော်ပြရန် မလို။ 
(အမိန့် ၆၊ နည်း ၉)
(၁ဝ)   တစ်ဦးတစ်ယောက်၏ မသမာစိတ်၊ လိမ်လည်လိုစိတ်၊ အစိတ် သို့မဟုတ် အခြားစိတ်အခြေအနေ ဖော်ပြရန် လိုသည့်အခါ မည်သို့ စိတ်အခြေအနေရှိသည်ကို ပတ်ဝန်းကျင် အကြောင်းများ မဖော်ပြဘဲ ဖြစ်ပေါ်နေသည့် စိတ်အခြေအနေ ကို တိုက်ရိုက်ဖော်ပြလျှင် လုံလောက်သည်။ 
(အမိန့် ၆ နည်း ၁၀)
(၁၁)   အမှုဖြစ်ကိစ္စနှင့် စပ်လျဉ်း၍ အမှုသည်အချင်းချင်း တစ်ဘက်နှင့်တစ်ဘက် စာအတန်တန်အလီလီ အပြန်အလှန်ပေးစာများ၊ ပြောဆိုမှုများ၊ ပတ်ဝန်းကျင်အကြောင်းခြင်းရာများအရ သွယ်ဝိုက်၍ ပဋိညာဉ် သို့မဟုတ် ဆက်ဆံမှုဖြစ်လာခြင်းကို အကြောင်းပြုရာ၌ ယင်းတို့ကို အသေးစိတ်ဖော်ပြရန် မလိုဘဲယေဘုယျခြုံငုံဖော်ပြလျှင် လုံလောက်သည်။ အဆိုပါပဋိညာဉ်၊ သို့မဟုတ် ဆက်ဆံမှုသည် တစ်ခုထက်ပို၍ ရှိနေပြီး တစ်ခုမဟုတ် တစ်ခုကို အားကိုးအားထားပြုလိုပါက နှစ်ခွဖော်ပြနိုင်သည်။ 
(အမိန့် ၆၊ နည်း ၁၂)
(၁၂)   တစ်ဘက်အမှုသည်က မငြင်းဆိုသော အချက်နှင့် တစ်ဘက်အမှုသည်က သက်သေပြရန် တာဝန်ရှိသည့်အချက်များကို ချေလွှာတွင် ဖော်ပြရန် မလို။ 
(အမိန့် ၆၊ နည်း ၁၃)
(၁၃)   ချေလွှာတွင် မလိုအပ်သော၊ အသရေပျက်စေသော၊ တရားမျှတစွာစီရင်မှုကို ထိခိုက်စေသော၊ အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် ကြန့်ကြာစေသော အချက်အလက်များမပါရှိစေရ။ ပါရှိလာပါက တရားရုံးက ထုတ်ပယ်ရန်၊ ပြင်ဆင်ရန် အမိန့်ချနိုင်သည်။ 
(အမိန့် ၆၊ နည်း ၁၆)
(၁၄)   ငြင်းဆိုချက်မှာ တိကျရမည်။ ယေဘုယျဆန်ဆန် မငြင်းဆိုရ။ ဝေ့လည်ကြောင်ပတ် မငြင်းဆိုရ။ လျော်ကြေးကိစ္စမှအပ ဝန်မခံသည့် အချက်များကို တိတိကျကျငြင်းရမည်။ 
(အမိန့် ၈၊ နည်း ၃၊ ၄၊ ၅)
(၁၅)   တရားပြိုင်သည် ချေလွှာတွင် အမှုစွဲဆိုခွင့်မရှိကြောင်း၊ ဆိုလွှာ ပါ စွပ်စွဲသည့်ကိစ္စမှာ ဥပဒေအရ ပျက်ပြယ်သော၊ ပျက်ပြယ်စေနိုင်သောကိစ္စဖြစ်ကြောင်း ဖော်ပြရမည့်အပြင် အဆိုလွှာတွင် မပါသော်လည်း လိမ်လည်စွဲဆိုကြောင်း၊ ကာလစည်းကမ်းသတ် ကျော်လွန်ကြောင်း၊ စွန့်လွှတ်ပြီး၊ ပေးကမ်းပြီး၊ ဆောင်ရွက်ပြီးကြောင်း စသည်ဖြင့် ခုခံချေပချက်အရပ်ရပ်ကို ဖော်ပြရမည်။ 
(အမိန့် ၈၊ နည်း ၂)
(၁၆)   ချေလွှာကို တင်သွင်းပြီးနောက် အမိန့် ၆၊ နည်း ၁၇ အရ ပြင်ဆင်ခြင်းမဟုတ်ဘဲ မူလချေလွှာနှင့် မညီညွတ်သည့်အချက်၊ သို့မဟုတ် ချေလွှာတွင် မပါသည့် အကြောင်းပြချက်အသစ်၊ စွပ်စွဲချက်အသစ် တစ်ရပ်ရပ်ကို ထပ်မံတင်ပြခြင်း၊ ထည့်သွင်း ခြင်း မပြုရ။ 
(အမိန့် ၆၊ နည်း ၇)၊ (အမိန့် ၈၊ နည်း ၈)
(၁၇)   တရားပြိုင်သည် သီးခြားကွဲပြားသော ခုခံချေပချက်၊ သို့မဟုတ် ခုနှိမ်ချက်အပေါ် အခြေပြုပါက ချေလွှာတွင် ဖြစ်နိုင်သမျှ တသီးတခြား ကွဲကွဲပြားပြား ဖော်ပြရမည်။ 
(အမိန့် ၈၊ နည်း ၇ နှင့် ၈)
(၁၈)   ငွေရလိုကြောင်း စွဲဆိုသော တရားမမှုတွင် တရားပြိုင်က တရားလိုထံမှ တရားဝင်ရရှိသော ငွေကို ခုနှိမ်ရန် ရှိက ချေလွှာတွင် တိတိကျကျဖော်ပြရမည်။ 
(အမိန့် ၈၊ နည်း ၆)
(၁၉)   ခုနှိမ်ချက်ပါသော ချေလွှာအပေါ် နောက်ဆက်တွဲချေလွှာ (Additional Written Statement) တင်ပြခြင်းမှအပ မည်သည့် အဆိုအချေကိုမျှ တရားရုံး၏ ခွင့်ပြုချက်မရရှိဘဲတင်သွင်းခွင့်မရှိ။ လိုအပ်လျှင် တရားရုံးက မည်သည့်အချိန်တွင်မဆို နောက်ဆက်တွဲအဆိုအချေ တင်သွင်းခွင့်ပြုနိုင်သည်။
(အမိန့် ၈၊ နည်း ၉)
(၂၀)   ချေလွှာတင်သွင်းရန် ဆင့်ဆိုခြင်းခံရသော အမှုသည်တစ်ဦးဦးသည် တရားရုံးက သတ်မှတ်သည့်အချိန်အတွင်း တင်သွင်းရန် ပျက် ကွက်သောအခါ တရားရုံးသည် ၄င်းအမှုသည်အား အရှုံးပေးသည့်စီရင်ချက် ချမှတ်နိုင်သည်။ သို့မဟုတ် ယင်းအမှုနှင့် စပ်လျဉ်း၍ သင့်သည်ထင်မြင်သည့်အမိန့်ကို ချမှတ်နိုင်သည်။ 
(အမိန့် ၈၊ နည်း ၁၀)
(၂၁)   ချေလွှာတွင် တရားလိုကဖြစ်စေ၊ နည်းလမ်းတကျ လွှဲအပ်ထားသော တရားလို၏ အခွင့်ရကိုယ်စားလှယ်ကဖြစ်စေ လက်မှတ်ရေးထိုးရသည်။ ရှေ့နေငှားရမ်းထားပါက ရှေ့နေကလည်း လက်မှတ်ထိုးရသည်။ 
(အမိန့် ၆၊ နည်း ၁၄)
(၂၂)   ချေလွှာ၏ အောက်ခြေတွင် “ဝန်ခံချက်” (Verification of Pleading) ဟူ၍ရေးပြီး ချေလွှာပါ မည်သည့်အပိုဒ်သည် ကိုယ်တိုင်သိရှိမှန်ကန်သည်ဟု ယုံကြည်ကြောင်း၊ မည်သည့်အပိုဒ်သည် သတင်းကြားသိမှန်ကန်သည်ဟု ယုံကြည်ကြောင်း၊ မည်သည့်နေ့၊ မည်သည့် နေရာတွင် ဝန်ခံလက်မှတ် ရေးထိုးကြောင်း ဖော်ပြရသည်။ 
(အမိန့် ၆၊ နည်း ၁၅)
(၂၃)   ချေလွှာ၊ လျှောက်လွှာအသီးသီး၏ လက်ဝဲဘက်နံဘေး၌ မည်သည့်စာကိုမျှ ရေးသားခြင်းမပြုဘဲ လက်ဝဲဘက်နံဘေးတွင် (၂)လက်မကွက်လပ် ချန်လှပ်ထားရမည်။ 
(တရားရုံးများလက်စွဲ အပိုဒ်-၁၁၀၉)
(၂၄)   အဆိုလွှာကဲ့သို့ ချေလွှာတွင် တရားပြိုင်ဘက်မှ မှီခိုအားထားပြုသည့် စာရွက်စာတမ်းများ၏စာရင်းကို ပူးတွဲတင်သွင်းရမည်။ 
(တရားရုံးများလက်စွဲ အပိုဒ်-၁၅၈)
(၂၅)   အဆိုလွှာပါ စွပ်စွဲချက်အတိုင်း မှန်ကန်ကြောင်း နှုတ်ဖြင့်ဖြောင့်ဆိုဝန်ခံပါက ရုံးခွန်ထမ်းဆောင်ရန် မလို။ ခုနှိမ်ရန်သော်လည်းကောင်း၊ ပြန်လှန်စွဲတောင်းခြင်းမပြုဘဲ အမိန့် ၈၊ နည်း ၁ အရ တင်သွင်းသည့်ချေလွှာကို ပထမအကြိမ် အမှုမဆိုင်မီဖြစ်စေ၊ ဆိုင်သည့်နေ့တွင်ဖြစ်စေ တင်သွင်းပါက ရုံးခွန်တံဆိပ်ခေါင်းကပ်ရန် မလို။ ပထမအကြိမ် အမှုဆိုင်သည့်နောက်ပိုင်းရက်များတွင် ဖြောင့်ဆိုဝန်ခံလွှာ တင်ပါက ရုံးခွန် /- ကျပ် ကပ်ရသည်။ ခုနှိမ်ရန်သော်လည်းကောင်း၊ ပြန်လှန်စွဲဆိုတောင်းခြင်းသော်လည်းကောင်းပြု၍ တင်သွင်းသော ချေလွှာတွင် ခုနှိမ်သည့်၊ ပြန်လှန်တောင်းဆိုသည့်တန်ဖိုးအပေါ် ရုံးခွန်တံဆိပ်ခေါင်းကပ်ရန် လိုသည်။ 
(တရားရုံးများလက်စွဲ အပိုဒ် ၉၅၊ ၉၆ နှင့် ၁၅၀) 
(ရုံးခွန်အက်ဥပဒေဇယား-၁၊ အပိုဒ်-၁)
တရားပြိုင်သည် မိမိချေပလိုသော အကြောင်းခြင်းရာ၊ သို့မဟုတ် ဥပဒေပြဿနာနှင့် စပ်လျဉ်းသော အချက်အလက်အရပ်ရပ်ကို ချေလွှာတွင် ဖော်ပြရန် လိုသည်။ 
(ဦးသာခင်နှင့် မတင်လှ၊ ၁၉၈၀၊ မတစ၊ ၆၅)
ပျက်ကွက်လျှင် သက်သေခံအထောက်အထားအပေါ် အခြေခံသော ချေပချက်အသစ်ကို အယူခံတွင် ပထမဆုံးအကြိမ် တင်ပြခွင့်ပြုမည် မဟုတ်။ 
(ဦးကျော်ဇံနှင့် ဦးစောလှအောင်၊ ၁၉၇၈၊ မတစ၊ ၈)
အမှုစွဲဆိုခွင့်မရှိကြောင်း ညွှန်ပြသော အကြောင်းအချက်များကိုချေလွှာတွင် ဖော်ပြရမည်။ သို့ဖြစ်ရာ ချေလွှာ၌ ထုချေခြင်းမပြုသောကိစ္စကို နောက်ပိုင်းတွင် အခွင့်အရေးတစ်ရပ်အနေဖြင့် တင်ပြခွင့်မရှိ။
(အေအိုင်အာ၊ ၁၉၂၆၊ ကာလကတ္တား၊ ၆၂၅)
ဥပဒေပြဿနာသည် အဆိုလွှာတွင် မပေါ်ပေါက်သော အကြောင်းခြင်းရာများနှင့် ဆက်နွယ်နေလျှင် တရားပြိုင်သည် နည်း ၂ အရ မိမိချေလွှာတွင် ထိုပြဿနာကို ထုချေရန် တာဝန်ရှိသည်။ ပျက်ကွက်လျှင် ထိုကိစ္စကို ခွင့်ပြုသင့်၊ မသင့်မှာ တရားရုံး၏ သဘောအတိုင်း ဖြစ်သည်။ 
(လွှဲအပ်ပစ္စည်းထိန်းဝန်နှင့် မစ္စစ်ရေးဘန်း၊ ၁၉၄ဝ၊ ရန်ကုန်၊ ၂၇၃) 
အဆိုလွှာပါ အဆိုပြုချက်များကို တရားပြိုင်က ဝန်ခံနိုင်သည်၊ သို့မဟုတ် ငြင်းဆိုနိုင်သည်။ ငြင်းလျှင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ငြင်းရမည်။ 
(အေအိုင်အာ၊ ၁၉၅၂၊ ဂျေနှင့် ကေ ၂၉)
တရားလို၏ အဆိုပြုချက်များကို ဝန်ခံခြင်းမပြုပါဟူသော ယေဘုယျဆန်ဆန် ဖော်ပြချက်သည် မလုံလောက်။ 
(အေအိုင်အာ၊ ၁၉၄၉၊ အလာဟာဘတ်၊ ၁၇၃)
အမိန့် ၈၊ နည်း ၅ ၏ အကျိုးသက်ရောက်မှုမှာ တိတိကျကျ ငြင်းဆိုခြင်းမပြုလျှင်ဖြစ်စေ၊ ဝန်ခံခြင်းမပြုကြောင်း ဖော်ပြခြင်းမရှိလျှင်ဖြစ်စေ အဆိုလွှာပါ စွပ်စွဲချက်များကို တရားလိုအနေဖြင့် သက်သေပြရန် တာဝန်ရှိခြင်းမှ သက်သာရာ ရစေသည်။ 
( အိုင်အာ၊ ၁၉၅၅၊ အာသံ၊ ၁၀၂)
Tuesday, February 19, 2019
ရဲတရားရုံးသည် အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊မရှိ
ထုတ်ပြန်ကြေညာခြင်းမပြုစေကာမူ ရဲတရားရုံးက ပြစ်မှုထင်ရှားစီရင်ခဲ့သည့်အမှု များစွာရှိပါလိမ့်မည်။ရဲတရားရုံးဖြင့် စစ်ဆေး၍ ပြစ်မှုထင်ရှားစီရင်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်မှု ရှိမရှိ ဆွေးနွေးတင်ပြလိုပါသည်။ 
“ ပြည်သူ့ရဲတပ်ဖွဲ့ (နောင်အခါ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့) စည်းကမ်းထိန်းသိမ်းရေးဥပဒေ” ဟူ၍  နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ၁၉၉၅ ခုနှစ်၊ဧပြီလ ၂၆ ရက်နေ့တွင် ပြဌာန်းခဲ့သဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ မတည်ရှိမီက ဥပဒေ ဖြစ်ပါသည်။ ရဲတရားရုံးဆိုသည်မှာ ယင်းဥပဒေပုဒ်မ-၃၀၊၃၁ တို့အရ ရဲချုပ်က ပြန်တမ်းဝင်(ရဲ)အရာရှိ-၃ ဦးဖြင့် ဖွဲ့စည်းသည့် တရားရုံးအမျိုးအစားတစ်ခု ဖြစ်ပါသည်။ 
ယင်းဥပဒေအခန်း(၆)တွင်  ရဲတရားရုံးသည် အရာခံ၊အကြပ်၊တပ်သားတစ်ဦးအား အကျဉ်းနည်းဖြင့်စစ်ဆေးခွင့်ရှိပြီး ၀န်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ရာထူးမှရပ်စဲခြင်း၊စသည့်ဝန်ထမ်းဆိုင်ရာပြစ်ဒဏ်များနှင့် ရဲအချုပ်၌်-၃ လထိ ထောင်ဒဏ်ချ မှတ်နိုင်သည့်အခွင့်အာဏာကို ရဲချုပ်၊ပြည်နယ်တိုင်းရဲတပ်ဖွဲ့မှူးတို့အား အပ်နှင်းထားကြောင်း တွေ့ရပါသည်။ 
ထို့ပြင်၊ရဲတပ်ဖွဲ့ဝင်များအား ရဲတရားရုံးဖြင့်စစ်ဆေး၍ပုဒ်မ-၃၃ အရ၊ ၀န်ထမ်းဆိုင်ရာပြစ်ဒဏ်နှင့် ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ကို ချမှတ်နိုင်သည့်အခွင့်အာဏာရှိပါသည်။ ရဲချုပ်သည် ရဲတရားရုံး၏ဆုံးဖြတ်ချက်နှင့်ပြစ်ဒဏ်ကိုအတည်ပြုခြင်း၊ လျှော့ခြင်း၊လွတ်ငြိမ်းသက်သာခွင့်ပေးခြင်း၊ ပြုနိုင်ပြီး  ရဲတရားရုံး၏ဆုံးဖြတ်ချက်ကို  နစ်နာသည်ဟု ယူဆသူ(ရဲတပ်ဖွဲ့ဝင်)၏   အသနားခံစာရရှိပါက ပြည်ထဲရေးဝန်ကြီးသည်လည်း ပြစ်ဒဏ်ကို လျှော့ခြင်း၊ပြောင်းလဲခြင်း၊ လွတ်ငြိမ်း သက်သာခွင့်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊ စသည့်အခွင့်အာဏာများကို ယင်းဥပဒေပုဒ်မ-၅၆ အရ ကျင့်သုံးဆောင်ရွက်ခွင့်ရှိပါသည်။
ယင်းဥပဒေအရ ၀န်ကြီး၏ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြောင်းလဲရန်၊အယူခံရန် မည်သည့်တရားရုံးကိုမျှ အခွင့်အာဏာ အပ်နှင်းသည်ကို မတွေ့ရသဖြင့် ၀န်ကြီး၏ဆုံးဖြတ်ချက်သည် “အပြီးအပြတ်အတည်”(Coclusive Proof)ဖြစ်ပါသည်။
“ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့်”ဆိုသည်မှာ အခြေခံဥပဒေပုဒ်မ-၂၀၄(က)အရ နိုင်ငံတော်သမ္မတအား အပ်နှင်း အခွင့်အာဏာနှင့် အလားသဏ္ဍာန်တူပါသည်။
၂၀၁၈ ခုနှစ်တွင် ရဲတရားရုံးက ဒုရဲမှူးတစ်ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်း၊ ကျောက်ဆည်မြို့နယ်၌ သစ်ခိုးသယ်သူတို့ ကိုဖမ်းဆီးရမိပြီးမှပြန်လွှတ်ပေးခဲ့မှုတွင် နယ်ထိန်းအရာရှိနှင့်ရဲစခန်းမှူးတို့အား ထောင်ဒဏ်ချမှတ်ခဲ့ခြင်းတို့ကို  သတင်းဖော်ပြ ချက်များအရ သိရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တရားစီရင်ရေးအာဏာအပ်နှင်းခံရသည့်တရားရုံးများက ကျင့်သုံး နိုင်သည့်အခွင့်အာဏာကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ရဲတရားရုံးများကလည်းကျင့်သုံးလျက်ရှိသည်ဟုဆိုရပါမည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၉၃ တွင် နိုင်ငံတော်၏တရားစီရင်ရေးဆိုင်ရာရုံးများကို ဤသို့ဖွဲ့စည်းထားပါသည်။
(က)ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ပြည်နယ်/တိုင်းဒေသကြီးတရားလွှတ်တော်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးများ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ခရိုင်တရားရုံးများ၊မြို့နယ်တရားရုံးများနှင့် ဥပဒေအရတည်ထောင်သော အခြားတရားရုံးများ၊
(ခ) စစ်ဘက်ဆိုင်ရာတရားရုံးများ၊
(ဂ)နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊
ယင်းတရားရုံးအမျိုးအစား သုံးမျိုးကိုသာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေက အသိအမှတ်ပြုပြီး အခြားမည်သည့်တရားရုံး အမျိုးအစားကိုမျှ အသိအမှတ်ပြုထားကြောင်း မတွေ့ရပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၉၄ တွင်၊ (စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံ ရုံး၏စီရင်ပိုင်ခွင့်အာဏာများကိုမထိခိုက်စေဘဲ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏အမြင့်ဆုံးတရားရုံးဖြစ် ကြောင်း၊အတိအလင်းပြဌာန်းပါသည်။
အခြေခံဥပဒေပုဒ်မ၁၈(က)တွင် နိုင်ငံတော်၏တရားစီရင်ရေးအာဏာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတရားရုံးများအပါအ၀င် အဆင့်ဆင့်သောတရားရုံး များကိုသာ ခွဲဝေအပ်နှင်းကြောင်း ဖော်ပြထားပြီး (အခြား)မည်သည့်ဌာန အဖွဲ့အစည်းကိုမျှ ခွဲဝေအပ်နှင်းကြောင်း မတွေ့ရပါ။ 
အခြေခံဥပဒေပုဒ်မ-၂၉၃(က)တွင် “ဥပဒေအရတည်ထောင်သောအခြားတရားရုံးများ” ဟူသည့် စကားရပ် ပါရှိနေရာ 
ယင်းစကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းမပြုသဖြင့် ရဲတရားရုံးသည်ကလေးသူငယ်တရားရုံး၊ စည်ပင်သာယာတရားရုံး၊စသည် တို့ကဲ့သို့ “အခြားတရားရုံးများ”ဟူသည့်စကားရပ်တွင် အကြုံးဝင်ခြင်းရှိမရှိ ဆင်ခြင်ရန်ရှိပါသည်။
အခြေခံဥပဒေပုဒ်မ၂၉၅(ဃ)အရ  ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်နယ်/တိုင်းဒေသကြီး၊ တရားလွှတ် တော်များ၏စီရင်ချက်များကို ဆုံးဖြတ်နိုင်သောအယူခံမှုကို စီရင်ပိုင်ခွင့်ရှိပါသည်။ ထို့ပြင် “အခြားတရားရုံးများက ချမှတ်သော စီရင်ချက်များကိုလည်း ဥပဒေနှင့်အညီစီရင်ဆုံးဖြတ်နိုင်သည့် အယူခံမှုစီရင်ပိုင်ခွင့်အာဏာရှိသည်”ဟုပြဌာန်းထားပါသည်။
ရဲတရားရုံးအပါအ၀င်၊ရဲချုပ်၊ပြည်ထဲရေးဝန်ကြီးတို့၏ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံ ၀င်ခွင့်မရှိ၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အယူခံမှုအဖြစ် ကြားနာ၊စီရင်၊ဆုံးဖြတ်ခွင့်မရှိသဖြင့် ဤအချက်အရပင်လျှင် “အခြားတရားရုံးများ” ဟူသည့်စကားရပ်တွင် “ရဲတရားရုံးများ” သည် အကြုံးမ၀င်ဟု ဆိုရပါမည်။
“အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့်အယူခံပိုင်ခွင့်ရရှိရေး”သည် အခြေခံဥပဒေ၏အခြေခံမူတစ်ရပ်ဖြစ်စေကာမူ ရဲတရားရုံးများ၏ဆုံးဖြတ်ချက်ကို အယူခံပိုင်ခွင့်မရှိသဖြင့် တစ်သီးတစ်ခြားဖြစ်နေသည်။သို့ဖြစ်ရာ အခြေခံဥပဒေအရ ဖွဲ့စည်း သည့်တရားရုံး(၃)မျိုးတွင် ရဲတရားရုံးအကြုံးဝင်ခြင်းမရှိ၊အခြေခံဥပဒေကအသိအမှတ်ပြုခဲ့ခြင်းမရှိဟုကောက်ယူရန်ရှိပါသည်။
 ထို့ပြင်၊အခြေခံဥပဒေပုဒ်မ-၂၁(ခ)တွင်“တရားရုံး၏ခွင့်ပြုချက်မရရှိက နိုင်ငံသားတစ်ဦးကို-၂၄ နာရီထက်ကျော်လွန်၍ ချုပ်နှောင်ထားခွင့်မရှိစေရ”ဟု အတိအလင်းပြဌာန်းပါသည်။
 ပုဒ်မ-၃၇၆ တွင်လည်း အလားတူ ပြဌာန်းပါသည်။
သို့သော်၊ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၀ တွင် “ဖမ်းဆီးထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ရဲတပ်ရင်းမှူး၊သို့ မဟုတ်-ခရိုင်ရဲတပ်ဖွဲ့မှူးက ၂၄နာရီထက်ကျော်လွန်ပြီး ၇ ရက်အထိချုပ်နှောင်ခွင့်ရှိကြောင်း၊ပြည်နယ်/တိုင်းရဲတပ်ဖွဲ့မှူးကမူ -၇ ရက်ထက်ကျော်လွန်ပြီး-၃၀ ရက်အထိချုပ်နှောင်ထားခွင့်ရှိကြောင်း၊ပြဌာန်းခဲ့ပါသည်။ ယင်းမှာအခြေခံဥပဒေ၏“စံ”နှင့်ဆန့်ကျင် နေခြင်း ရှိမရှိ၊“နိုင်ငံသားတစ်ဦး၏မူလအခွင့်အရေး”ကိုထိပါးခြင်းရှိမရှိ၊ စဉ်းစားဖွယ်ရာ ဖြစ်ပါသည်။
၂၀၁၁ခုနှစ်က ပြည်ထဲရေးဝန်ကြီးဌာနသည် မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး (၂၇)ဦးကို ပထမတန်းရာဇ၀တ်တရားစီရင်ရေး အာဏာအပ်နှင်းရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အကြောင်းကြားစာပို့ခဲ့ပါသည်။ပြည်ထောင်စုတရားလွှတ်တော်ချုပ် သည်  ထိုကိစ္စကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ အဆုံးအဖြတ်ခံယူရန်  တင်သွင်းလွှာအမှတ်-၁/၂၀၁၁ ဖြင့် တင်ပြခဲ့ပါသည်။ 
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက နှစ်ဖက်ကြားနာပြီးနောက် “နိုင်ငံတော်အခြေခံမူများအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊တရားစီရင်ရေးအာဏာများကို ပိုင်းခြားသုံးစွဲရမည်ဖြစ်ကြောင်း” သုံးသပ်ပြီး  “ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူးများအား အုပ်ချုပ်ရေးအာဏာအပြင် တရားစီရင်ရေးအာဏာကိုပါအပ်နှင်းမည်ဆိုပါက
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ဖွဲ့စည်းပုံအခြေ ခံဥပဒေနှင့် ညီညွတ်မှုရှိမည်မဟုတ်ကြောင်း” ဆုံးဖြတ်ပေးခဲ့သည်ကို တွေ့ရပါသည်။
အခြေခံဥပဒေတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ပြည်ထဲရေးဝန်ကြီးတို့ကို တရားစီရင်မှုအာဏာ အပ်နှင်းခဲ့ခြင်းမရှိပါ။ သို့သော် မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေက ရဲတရားရုံးများအား တရားစီရင်မှုအခွင့်အာဏာ အပ်နှင်းသည့်သဘော တွေ့ရပါသည်။ရဲတရားရုံးများနှင့်ယင်းတို့ကကျင့်သုံးလျက်ရှိသည့်အခွင့်အာဏာသည် အခြေခံဥပဒေပုဒ်မ၁၈(က)အရ ပြည် ထောင်စုတရားလွှတ်တော်ချုပ်နှင့်အဆင့်ဆင့်သောတရားရုံးများသို့သာအပ်နှင်းသည့် “တရားစီရင်ရေးအာဏာ”ကို ကျင့်သုံး ရာ ရောက်မရောက်၊ပြန်လည်စိစစ်သင့်ပါသည်။ 
ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံအတွင်းရှိဥပဒေအားလုံး၏အခြေခံဖြစ်ရာ မည်သည့်ဥပဒေမျှဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ဆန့်ကျင်၍လည်းကောင်း၊ကွဲလွဲ၍လည်းကောင်း၊တစ်သီးတစ်ခြားရပ်တည်ရန် မဖြစ်နိုင်သည်မှာ ယုံမှားဖွယ်မရှိပါ။ 
မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေတည်ရှိစေလိုပါက အခြေခံဥပဒေကို ပြင်ဆင်ရန်ရှိမည်ဖြစ်ပါသည်။
ယင်းကိစ္စအလို့ငှာ အခြေခံဥပဒေကိုပြင်ဆင်ရန်မလိုအပ်ပါက ရဲတရားရုံးဖွဲ့စည်း၍ ပြစ်မှုထင်ရှားစီရင်နိုင်သည့် 
ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်ရန်ရှိမည်ဖြစ်ပါသည်။
ဥပဒေပြုလွှတ်တော်များနှင့်ဥပဒေပညာရှင်တို့သည် ပိုမိုကောင်းမွန် အောင် ကြံဆလျက် တစ်နည်းနည်း စီမံဆောင်ရွက်သင့်ပါကြောင်း လေးလေးစားစား အကြံပြု တိုက်တွန်းလိုက်ပါသည်။
ပြေလွင်မြင့်
7 day daily news
12 feb 2019
Friday, February 15, 2019
ငို၍သော်လည်းကောင်း၊ ရှိုက်၍သော်လည်းကောင်း ...
အငြင်းပွားဖွယ်ရာ ဝေဖန်မှုများရှိနေဆဲ၊ လက်ရှိအစိုးရလက်ထက် ခန့်ထားသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးမျိုးတင့်က “တရားသူကြီးများ တာဝန်စတင်ထမ်းဆောင်ချိန်၌ကျမ်းသစ္စာကျိန်ဆိုခြင်းသည် ထမ်းဆောင်သည့် တာဝန်သက်တမ်းတစ်ခုလုံးအတွက်ပဋိညာဉ်ပြုရာရောက်သဖြင့် အဆိုကိုမှတ်တမ်းအဖြစ်သာထားရှိရန်” ပြည်ထောင်စုတရား လွှတ်တော်ချုပ်ကိုယ်စားတောင်းဆိုနေဆဲမှာပဲ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်လျက် “တရားသူကြီး၊အမှုသည်နှင့်သက်သေများ၊ တရားခွင်တွင်ကျမ်းသစ္စာကျိန်ဆိုရေး” အဆိုကို အတည်ပြုလိုက်ပြီဖြစ်ပါသည်။
  အောက်ခြေတရားသူကြီးအဆင့်ဆင့်က လွဲမှားနေသဖြင့်ကျမ်းကျိန်ဖို့ တကယ်လိုအပ်သည်၊ မှန်မှန်ကန်ကန်လုပ်ရင် မကျိန်စရာ ဘာအကြောင်းမှမရှိ၊လက်ရှိတရားရေးစနစ်ကို ပြည်သူကယုံကြည်မှု အားနည်းနေသောကြောင့် တရားသူကြီးများ ကျမ်းကျိန်ရန်အဆိုကို တင်သွင်းခြင်းဖြစ်သည်၊ ဟူသည့်ပြောဆိုချက်အရ တရားသူကြီးများကိုထိန်းကွပ်သည့်အနေဖြင့် ကျမ်း ကျိန်စေလိုခြင်းဖြစ်ကြောင်း၊တရားသူကြီးများကျမ်းသစ္စာကျိန်ဆိုပြီးမှ အမှုစစ်ဆေး၊ စီရင်၊ ဆုံးဖြတ်မည်ဆိုပါက တရားရုံးများကို ပြည်သူ၏ယုံကြည်မှုမြင့်မားလာမည်ဟု ယုံကြည်မျှော်လင့်ကြောင်း ကောက်ယူရန်ရှိပါသည်။  
တရားရုံးတစ်ရုံး၏ ဆုံးဖြတ်ချက် မှန်မမှန်ကို မည်သူက အဆုံးအဖြတ်ပေးမည်လဲ၊ မူလရုံး၏ဆုံးဖြတ်ချက်ကို အထက် တရားရုံးတစ်ရုံးက ပယ်ဖျက်ပြီး ယင်းအထက်တရားရုံး၏ဆုံးဖြတ်ချက်ကို ယင်းထက်ပို၍အဆင့်မြင့်သောတရားရုံးကပယ်ဖျက် ၍ မူလရုံးအမိန့်ကို ပြန်လည်အတည်ပြုသည်များ အနမတဂ္ဂရှိသည်ကို တရားဥပဒေနယ်တွင် ကျင်လည်အသက်မွေးသူတိုင်း သိကြပြီးဖြစ်ပါသည်။ သို့ဖြစ်ရာ မည်သည့်ဆုံးဖြတ်ချက်က မှန်သလဲ၊ တရားရုံးကရှာဖွေတွေ့ရှိသည့်အမှန်တရားဆိုတာ ဘာလဲ ဆိုသည်မှာ ဟိုရှေးယခင်မှစ၍ ယခုအထိ မရိုးနိုင်သောမေးခွန်းတစ်ခုဖြစ်နေသည်ကို အထူးတလည်ပြောဖို့ လိုမည်မထင်ပါ။
 အောက်ခြေတရားသူကြီးများသည် မှားယွင်းတတ်ပြီး အထက်ရုံးတရားသူကြီးများက အမှားအယွင်းမရှိ ဟုဆိုချင်ပုံ ရပါသည်။ ယင်းမှာ  ပြီးပြည့်စုံသည့်ယုတ္တိဗေဒ ဟုတ်မဟုတ်ဆင်ခြင်ရန်ရှိပါမည်။
တရားဝင် ပုံနှိပ်၊ထုတ်ဝေထားသည့် စီရင်ထုံးစာအုပ်များအနက်မှ နီးစပ်ရာစီရင်ထုံးတစ်အုပ်ကို လှန်လှောကြည့်စေလို သည်။ တရားလွှတ်တော်အပါအ၀င် လက်အောက်ရုံး တရားသူကြီးများ၏ ဆုံးဖြတ်ချက်ကိုသာမက ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး(တစ်ဦးထိုင်)တို့၏ဆုံးဖြတ်ချက်ကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး အားလုံးပါ ၀င်သည့်(စုံညီခုံရုံး)က ပြင်ဆင်၊ပယ်ဖျက်သည်များရှိနေဆဲဖြစ်သည်ကိုတွေ့မြင်နိုင်ပါလိမ့်သည်။ သို့ဆိုပါက အမြင့်ဆုံးရုံး တရားသူကြီးတို့သည်လည်း မှားယွင်းချွတ်ချော်နိုင်သည်ဟု ယူဆဖွယ်ရာရှိပါမည်။ မည်သူမျှ ဘုရားသခင်မဟုတ်တာ သေချာပါသည်။
မည်သို့ပင်ဆိုစေကာမူ တရားသူကြီးများ ကျမ်းကျိန်ရန်အဆိုကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်သဖြင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့်နည်းလမ်းဖြင့်ဖြစ်စေ၊ ဥပဒေနှင့်ညီသည့် အခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့် ဖြစ်စေ၊ တရားသူကြီးများသည် ကျမ်းသစ္စာတစ်ခုခုကိုကျိန်ဆိုရမည်ဖြစ်ပါသည်။ အောက်ခြေတရားသူကြီးများပဲ ကျိန်ဆိုရမည်လား၊ အဆင့်မြင့်တရားသူကြီးများ ကင်းလွတ်ခွင့်ရမည်လား ဆိုသည်မှာ ဥပဒေပြုလွှတ်တော်၏ အလိုအတိုင်းသာ ဖြစ်ပါမည်။  
၁၈၇၃ ခုနှစ်တွင် အိန္ဒိယမှ ယူဆောင်လာသော(The Oaths Act)နှင့် တရားရုံးများက ဥပဒေပမာ လိုက်နာခဲ့ကြသည့် 
တရားရုံးများလက်စွဲ(Burma Courts Manual)တို့အရ ကျမ်းကျိန်ဆိုသည့်လုပ်ထုံးနည်းနာတစ်ခု ပေါ်လာခြင်းဖြစ်ပါသည်။ 
 မည်သည့်အစိုးရလက်ထက်တွင်မှ ကျမ်းသစ္စာဥပဒေကို ပြင်ဆင်၊ တို့ထိခြင်းမရှိ၊ ပြင်ဆင်ရကောင်းသည်ဟုသတိမမူခဲ့ ကြသဖြင့် ယင်းဥပဒေမှာ ယခုအထိ တည်ရှိနေခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ တရားရုံးများသည် မည်သည့်ဂုဏ်သရေရှိသက်သေကိုမဆို အမှုစစ်ဆေးမည်ဆိုလေတိုင်း မျက်နှာပူပူနှင့် ကျမ်းကျိန်ဆိုစေခဲ့ရပါသည်။ မိမိ၏အလုပ်တာဝန်များ မအားလပ်သည့် အကြားမှ တရားရုံးသို့ လာရောက်သက်သေခံကြရသည့် ဆရာဝန်သက်သေများကို ကျမ်းထုပ်ကိုင်ခိုင်းရလျှင် အလွန်မျက်နှာ ပူရပါသည်။ဆရာဝန်၊ ပါရဂူ-စသည့် ဂုဏ်သရေရှိသက်သေများကလည်း ကျမ်းထုပ်ကို အောင့်သက်သက်နှင့် ကိုင်ကြရပါသည်။
လက်တွေ့ အမှုများ စစ်ဆေးစီရင်ခဲ့ရာ၌ “ကျုပ်က ကျမ်းကျိန်ထားတာ၊ လိမ်မထွက်နိုင်ဘူး”ဟု သူ့ကိုသက်သေအဖြစ် တင်ပြသည့်အမှုသည်(ရှေ့နေ)တို့ကို ဆန့်ကျင်၍ မိမိတွေ့မြင်သိရှိသည့်အတိုင်း ထွက်ဆိုသောသက်သေ တစ်ဦး၊ နှစ်ဦးမျှသာ တွေ့ခဲ့ဖူးပါသည်။ အများစုမှာ ကျမ်းကျိန်စေကာမူ လိမ်လိုသူက လိမ်သည်ပဲဖြစ်ပါသည်။ အမှန်ပြောလိုသူက ပြောသည်ပဲ ဖြစ်ပါ သည်။ အမှန်ထွက်ဆိုသည်မှာ ကျမ်းထုပ်ကြောင့်ဟု မယူဆပါ။ ဒါက-ကျင့်ဝတ်သိက္ခာနှင့် ပို၍သက်ဆိုင်တန်ရာပါသည်။  
“အဟုတ်၊ ဘုရားစူး၊ ခုချက်ချင်းမြေမြိုပြီး မိုးကြိုးပစ်သေရစေရဲ့”ဟုပျစ်ပျစ်နှစ်နှစ်ကျိန်၍ ပြောတတ်သူကိုမှ မျက်စိမှိတ်၍ ယုံလိုသူတို့ သိပ်များလှမည် မထင်ပါ။ ကျိန်မှ လိမ်တတ်သည်-ဆိုသည့်စကားရှိပြီး “မယုံကြည်တာခံရတဲ့ကလေးက လိမ်တတ် တယ်”(A child that with distrust to be deceitful)ဟူသည့် ဆိုရိုးလည်း ရှိသည်။ မယုံကြည်ဟု ယခု ဆိုချေပြီ။
The Oaths Act(1873) Section-6 တွင် ဤသို့ပြဌာန်းပါသည်။  
Where the witness, interpreter or juror is a Hindu or Muhammadan, or has a objection to making an oath, make an affirmation. 
ဟိန္ဒူဘာသာဝင်နှင့် မဟာမေဒင်ဘာသာဝင်သက်သေများ၊ဂျူရီလူကြီးများ၊သို့မဟုတ်-စကားပြန်များကို  ကျမ်းသစ္စာ ကျိန်ဆိုစေခြင်းမပြုရ။ ကျမ်းသစ္စာ ကျိန်ဆိုစေမည့်အစား၊ ကတိသစ္စာဆိုစေရမည်။  
ယင်းဥပဒေပုဒ်မ-၇ အရ ကျမ်းသစ္စာကျိန်ဆိုရန်ပုံစံများကို တရားရုံးချုပ်က ဤသို့ပြဌာန်းခဲ့သည်။
ခရစ်ယာန်ဘာသာဝင်သည်(သမ္မာကျမ်းစာကိုကိုင်၍)၊ရဟူဒီလူမျိုးသည်(ဓမ္မဟောင်းကျမ်းကိုကိုင်၍)“အလုံးစုံမှန်ကန် စွာ အစစ်ခံပါမည်။မမှန်မကန် မပါရှိပါဟုကျွန်ုပ်ကျမ်းကျိန်ဆိုပါသည်။ဤမှန်သောသစ္စာစကားကြောင့် ကျွန်ုပ်အားဘုရားသခင် ကယ်မတော်မူပါစေသား” ဟု ကျိန်ဆိုရပါသည်။
ဖါရစီဘာသာဝင်သည်(ဇင်ဒါအာဝက်စတာကျမ်းစာကို ညာလက်ဖြင့်ကိုင်၍) “×××မမှန်မကန်မပါရှိပါဟု ကျွန်ုပ်ကျမ်း ကျိန်ဆိုပါသည်။ မနာဆနီ၊ဂ၀ါဆနီ၊ကူနာဆနီ” ဟု ကျိန်ဆိုရပါသည်။
မည်သည့်ဘာသာဝင်မျှမဟုတ်သူသည်“××မဟုတ်မမှန်သည်ကိုအစစ်မခံပါဟုဘုရားသခင်ရှေ့တော်တွင် ကျမ်းကျိန်
ဆိုပါသည်”ဟုလည်းကောင်း၊တရုတ်လူမျိုးဖြစ်သူသည် “××× မမှန်မကန်သည်ကိုအစစ်ခံသည်ရှိသော် ဤစက္ကူမီးလောင်၍ ပျောက်ကွယ်သွားသကဲ့သို့(ဤပန်းကန် ကွဲပျက်ဘိသကဲ့သို့ဟူ၍လည်းရှိ) ပျောက်ကွယ်/ကွဲပျက်ပါစေသား”ဟုလည်းကောင်း၊
 ဗုဒ္ဓဘာသာဝင်၊ရဟန်း/သာမဏေတို့သည် “××× မဟုတ်မမှန်ပြောသည်ရှိသော်၊ ကျွန်ုပ်၏ကျင့်ဝတ်ပဋိပတ်ဖြင့် ရရှိ သောအကျိုးအာနိသင်အားလုံး ဆုံရှုံးပျက်စီးပါစေသား” ဟုလည်းကောင်း၊ ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်တို့သည် (ကျမ်းထုပ်ကို စုံကိုင်၍) “မမှန်သည်ကို အစစ်ခံသည်ရှိသော် ဤကျမ်းစာပါကျိန်စာများ ကျွန်ုပ်အားသင့်ပါစေသား၊ အမှန်ကို အစစ်ခံသည်ရှိ သော် ဤကျမ်းစာပါ ကောင်းကျိုးချမ်းသာကို ခံစားရပါစေသား”ဟုလည်းကောင်း၊ ရွတ်ဆို၍ကျိန်ရပါသည်။
 ပြဿနာက ဗုဒ္ဓဘာသာဝင်တို့ကိုင်ရသည့်ကျမ်းထုပ်ပါ ကျိန်စာများဖြစ်သည်။ အလွန်ကြောက်မက်ဖွယ်ဖြစ်ပါသည်။ 
“ မဟုတ်မမှန် ဆိုပါချေလျှင် ဘုရား၊ရဟန္တာ၊သာသနာတော်တို့ကိုစောင့်သော နတ်အပေါင်းကလည်း သတ်၍သေပါစေ၊ ကိုယ်လက်ပြောင်းပြန်၊သွေးခဲအန်၍ သေပါစေ၊ဘေးရှစ်ပါး၊ဒဏ်ဆယ်ပါးတို့ကသတ်၍လည်း လတ်လတ်ချက်ခြင်းသေပါစေ၊ မြွေ ပွေးမြွေဟောက်ပေါက်ပါစေ၊ငရဲကြီးရှစ်ထပ်၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရကာယ်၊အပါယ်လေးပါးလားပါစေ၊ခြေလက်ဦးခေါင်း ထောင်း ထောင်းပြတ်၍ သေပါစေ” စသည်ဖြင့် ဗုဒ္ဓဘာသာဝင်တို့အတွက် ကျိန်စာကြီးသည် ပါရဂူဘွဲ့ယူကျမ်းတမျှ စုံလင်လှပါသည်။
အိန္ဒိယမှ လမ်းလျှောက်လာသောဥပဒေဖြစ်ပါသည်။ 
သူ့ဘာသာဝင်တို့အတွက် ငှက်မွေးလေးကဲ့သို့ နူးညံ့၊ချိုမြလှစွာ လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်တို့အတွက်မူ ကမ်းကုန်အောင် ဆိုးရွား ကြမ်းတမ်းလှစွာလည်းကောင်း၊ အကျည်းတန်ကျိန်စာ ဆိုးများကို အကျဉ်းမျှ ဖော်ပြခဲ့ပါသည်။ ဥာဏ်ကြီးသူတို့ အကြံကြီး၍ ဖန်တီးခဲ့သည်ကို ပြန်ပြီး ဆင်ခြင်နိုင်ကြရန်ဖြစ်ပါသည်။
ခေတ်နှင့်မလျော်ညီပါက ကျမ်းသစ္စာဥပဒေကိုပယ်ဖျက်ခဲ့ရပါမည်။ သို့သော် ကာလများစွာ မေ့လျော့ထားခဲ့ကြပါသည်။ ဒါကိုပဲ တရားရုံးချုပ်လက်​ထက်​က မက်မက်စက်စက် ပြန်ဆန်းသစ်ခဲ့သေးသည်။ နောက်ကျခြင်းကိုပဲ ယိုးမယ်ဖွဲ့ရမည်လား မသိနိုင်ပါပြီ။ 
လက်တွေ့ကျင့်သုံးနိုင်၍ မှန်ကန်မျှတသည့်လုပ်ထုံးနည်းနာတစ်ရပ်ကို ရှာဖွေတွေ့ရှိနိုင်ကြပါစေဟု ဆန္ဒပြုရပါသည်။    
တရားသူကြီးများသည် ဥပဒေပြဌာန်းချက်ရှိလာပါက ယုံသည်ဖြစ်စေ၊မယုံသည်ဖြစ်စေကျိန်ဆိုရပါမည်။ကျိန်လိုသည် ဖြစ်စေ၊မကျိန်လိုသည်ဖြစ်စေ၊ ကျိန်ဆိုရမည်ပဲဖြစ်ပါသည်။ “မှန်မှန်ကန်ကန်လုပ်ရင် မကျိန်စရာ၊ ဘာအကြောင်းမှမရှိ” ဟု ဆိုသဖြင့် မကျိန်လိုဟုငြင်းဆိုဖို့ရာ ခက်လှပါတော့သည်။    ။
ပြေလွင်မြင့်
Wednesday, February 13, 2019
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် သားသမီးအုပ်ထိန်းခြင်း
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဗုဒ္ဓဘာသာ မြန်မာလင်မယားတို့အဖို့လင်ခန်းမယားခန်း တည်မြဲနေချိန်တွင် သားသမီးများထိန်းသိမ်းရေးနှင့် ပတ်သက်၍ ပြဿနာမပေါ်ပေါက်သေးပေ၊ သို့ရာတွင် လင်ခန်းမယားခန်း ပြတ်စဲရန် _
(၁) နှစ်ဦးသဘောတူဖြစ်စေ၊
(၂) လင်ဖြစ်သူ ရဟန်းဘောင်သို့ ကူးပြောင်းလျှင်ဖြစ်စေ၊
(၃) အိမ်ထောင်ရေးပြစ်မှုကြောင့်ဖြစ်စေ
 ကွာရှင်းရန်အကြောင်းများ ပေါ်ပေါက်လာသောအခါ တစ်နွယ်ငင် တစ်စင်ပါ ဆိုသည့် စကားအတိုင်း သားသမီးများ ထိန်းသိမ်းရေးပြဿနာသည်လည်း တစ်ပါတည်း ပေါ်ပေါက်လာပေသည်။ ဗုဒ္ဓဘာသာ မြန်မာလင်မယားတို့သည် လင်မယားကွာရှင်းချိန်တွင် သားသမီး ထိန်းသိမ်းရေးနှင့် ပတ်သက်၍ မိဘဖြစ်သူတို့က မိမိတို့သဘောကျ စီစဉ်ချင်သလို စီစဉ်နိုင်ပေသည်။ မိဘများ၏ စီမံမှုကို သားသမီးများက နာခံကြရပေသည်။ သားသမီးများတွင် ပြောဆိုခွင့်မရှိပေ။ သို့သော် လင်မယားကွာရှင်းချိန်တွင် သားသမီး ထိန်းသိမ်းရေးနှင့် ပတ်သက်၍ မိဘများ အငြင်းပွားပြီး တရားရုံးသို့ ရောက်ရှိလာသည့်အခါတွင် သားသမီးများသည် အရွယ်မရောက်သေးသော်လည်း အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် ဆင်ခြင်တုံတရား ရှိသည့်အရွယ် ဖြစ်ပါက ကလေး၏ဆန္ဒကိုပါ အရေးပေးရပါသည်။
အရွယ်မရောက်သေးသူ (Minor)
👶👶👶👶👶👶👶👶👶
ဓမ္မသတ်များ အလိုအရဆိုလျှင် အပျိုဘော်ဝင်လျှင် ထိမ်းမြားလက်ထပ်ခြင်းပြုနိုင်ကြောင်း ပြဆိုထားသော်လည်း ယောက်ျားကလေးနှင့် မိန်းကလေးတို့၏ အသက်ကာလ အပိုင်းအခြားကို အတိအကျ သတ်မှတ်ဖော်ပြထားသည်ကို မတွေ့ရပေ။ သို့ရာတွင် ကင်းဝန်မင်းကြီး၏ (၃၄) စောင်တွဲ အိမ်ထောင်မှုခန်း ဓမ္မသတ်ကျမ်း ပုဒ်မ-၃၃ တွင် သားသမီး၊ မြေး၊ ကျေးကျွန်တို့ကို အသက်(၁၅)နှစ်၊ (၁၆)နှစ်အရွယ်ရောက်လျှင် အိမ်ထောင်ချပေးရမည်ဟု ပြဆိုထားသည်ကို တွေ့ရပေသည်။ 
သို့သော် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွင် မြန်မာ့ဘာသာ ယောက်ျားတစ်ယောက်သည် ထိမ်းမြားလက်ထပ်ရန် ကိုယ်ကာယဖြိုးမှုနှင့် ပြည့်စုံလျှင် မည်သည့်အသက်အရွယ်မဆို ထိမ်းမြားလက်ထပ်နိုင်သည်။ မိန်းကလေးမှာ တစ်ခုလပ် တစ်လင်ကွာ (သို့) မုဆိုးမ မဟုတ်လျှင် အသက် (၂၀) ပြည့်ရမည်။ အသက် (၂၀) မပြည့်လျှင် ထိမ်းမြားခြင်း မပြုနိုင်ဟု ပြဆိုထားသည်။ 
ဤပြဆိုထားချက်အရဆိုလျှင် ယောက်ျားကလေး အရွယ်ရောက်သည့်အချိန်ကို တိတိကျကျ သတ်မှတ်ထားသည်ကို မတွေ့ရသော်လည်းမိန်းကလေး အရွယ်ရောက်သည့်အချိန်ကို အသက် (၂၀) နှစ်ဖြစ်သည်ဟုမှတ်ယူရပေသည်။ ထို့ကြောင့် ယောက်ျားကလေးမှာ ကိုယ်ကာယဖွံ့ဖြိုးမှုနှင့်မပြည့်စုံလျှင်ဖြစ်စေ မိန်းကလေးမှာ အသက် (၂၀) နှစ် မပြည့်လျှင်ဖြစ်စေ အရွယ်မရောက်သေးသူဟု ယူဆရပေမည်။ 
သို့ရာတွင် ကလေးသူငယ်များ ထိမ်းမြားလက်ထပ်မှု တားမြစ်ရေး အက်ဥပဒေ ပုဒ်မ ၂ (က) တွင် ယောက်ျားကလေးများ အသက် (၁၈)နှစ်အောက်၊ မိန်းကလေးမှာ အသက် (၁၄)နှစ်အောက်ဆိုလျှင် အရွယ်မရောက်သေးသူဟု သတ်မှတ်ထားပြီး ယောက်ျားကလေးမှာ (၁၈) နှစ်မပြည့်သေးမီ၊ မိန်းကလေးမှာ (၁၄)နှစ် မပြည့်သေးမီ ထိမ်းမြားလက်ထပ်ရန် မိဘများက သဘောတူညီချက်ပေးပါက ယင်းမိဘများကို အပြစ်ပေးနိုင်ကြောင်း ယင်းဥပဒေ ပုဒ်မ ၆ (၂) တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။ ဤပြဋ္ဌာန်းချက်အရဆိုလျှင် ယောက်ျားကလေးမှာ အသက်(၁၈)နှစ်၊ မိန်းကလေးမှာ အသက်(၁၄)နှစ် မပြည့်သေးလျှင် အရွယ်မရောက်သေးသူဟု မှတ်ယူရပေသည်။ 
သို့ရာတွင် အရွယ်မရောက်သေးသူများ အုပ်ထိန်းခြင်းကိစ္စတွင် အရွယ်ရောက်ခြင်း အက်ဥပဒေ (Majority Act)နှင့် သက်ဆိုင်သဖြင့် ယင်းအက်ဥပဒေက ပြဋ္ဌာန်းထားသော အရွယ်ရောက်သည့် အသက်ကိုပင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကလည်း လက်ခံထားပါသည်။ 
အရွယ်ရောက်ခြင်း အက်ဥပဒေပုဒ်မ ၃ တွင် အသက်(၁၈)နှစ် မပြည့်သေးသူကို အရွယ်မရောက်သေးသူဟု သတ်မှတ်သည်။ သို့ရာတွင် တရားရုံးက အဆိုပါ အရွယ်မရောက်သေးသူအတွက် အုပ်ထိန်းသူ ခန့်ထားပြီးဖြစ်ပါက (သို့) အုပ်ထိန်းသူအဖြစ် မြွက်ဟကြေညာပေးပြီး ဖြစ်ပါက အသက်(၂၁)နှစ် မပြည့်မချင်း အရွယ်မရောက်သေးဟု မှတ်ယူရပေသည်။
အုပ်ထိန်းခြင်း
👥👥👥
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေသည် အုပ်ထိန်းခြင်းနှင့် ပတ်သက်၍ အုပ်ထိန်းသူများနှင့် အုပ်ထိန်းခြင်းခံရသူများ အက်ဥပဒေအတိုင်း လက်ခံလိုက်နာဆောင်ရွက်ခြင်း ဖြစ်သောကြောင့် အုပ်ထိန်းခြင်း (၃) မျိုး ရှိသည်ကို တွေ့ရှိရသည်။ ၎င်းတို့မှာ... 
(၁) အရွယ်မရောက်သေးသူ၏ ကိုယ်ကိုအုပ်ထိန်းခြင်း၊
(၂) အရွယ်မရောက်သေးသူ၏ ပစ္စည်းကိုအုပ်ထိန်းခြင်း၊
(၃) အရွယ်မရောက်သေးသူ၏ ကိုယ်နှင့်ပစ္စည်း နှစ်ရပ်စလုံးကို အုပ်ထိန်းခြင်းတို့ ဖြစ်ပါသည်။ 
အုပ်ထိန်းသူခန့်ထားခြင်း
👥👥👥👥👥👥
(၁) မိခင်ကို အုပ်ထိန်းသူခန့်ထားခြင်း
(၂) ဖခင်ကို အုပ်ထိန်းသူခန့်ထားခြင်း
(၃) တရားရုံးက အုပ်ထိန်းသူခန့်ထားခြင်း
(၁) မိခင်ကို အုပ်ထိန်းသူခန့်ထားခြင်း
👩‍👦👩‍👦👩‍👧👩‍👧👩‍👦👩‍👦👩‍👧👩‍👧👩‍👦
သာမန်အားဖြင့်ဆိုလျှင် မိခင်မှာ သဘာဝအုပ်ထိန်းသူ (Natural guardian)ဖြစ်သဖြင့် အုပ်ထိန်းသူအဖြစ် ခန့်ထားရန်မလိုအပ်ပေ။ သို့ရာတွင် မိခင်နှင့်ဖခင်တို့မှာ သားသမီးထိန်းသိမ်းရေးနှင့် ပတ်သက်၍ အငြင်းပွားလျှင်ဖြစ်စေ၊ မိခင်အုပ်ထိန်းရန် အကြောင်းပေါ်ပေါက်လာလျှင်ဖြစ်စေ အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူများ ဥပဒေအရ အရွယ်မရောက်သေးသူ ကလေးအား မည်သူအုပ်ထိန်းမှုအောက်တွင် ထားရှိသင့်သည်ဆိုသော ပြဿနာကို ဆုံးဖြတ်ရာမိခင်သာလျှင် အုပ်ထိန်းပိုင်ခွင့် ရရှိလာသည်။ ကလေးသည် အသက်နုနယ်လျှင် မိခင်ဖြစ်သူက ပို၍ ကျွေးမွေးပြုစုနိုင်သည်။ ထို့ကြောင့် သာမန်အားဖြင့်ဖြစ်သူသည် အကျင့်စာရိတ္တ ပျက်ပြားခြင်း (သို့) စောင့်ထိန်းသူဖြစ်ထိုက်သော အရည်အချင်းနှင့် ပြည့်စုံခြင်းမရှိသူ မဟုတ်လျှင် ကလေးသူငယ်ကိုပင် ထားရှိစေသည်။ မိခင်သည် တစိမ်းတစ်ရံစာနှင့် နောက်အိမ်ထောင်ပြုလျှင် ၎င်း၏ အရွယ်မရောက်သေးသည့် သားသမီးများကို အုပ်ထိန်းအခွင့်အရေးမှာ အရွယ်မရောက်သေးသူ၏ ကောင်းရာကောင်းကျိုးကို ထိခိုက်သေးပါက တည်မြဲလျက်ရှိပေသည်။ ဆုံးရှုံးမသွားပေ။
(၂) ဖခင်ကို အုပ်ထိန်းသူခန့်ထားခြင်း
👨‍👦👨‍👦👨‍👧👨‍👧👨‍👦👨‍👦👨‍👧👨‍👧👨‍👦
ဖခင်သည် မိမိ၏ အရွယ်မရောက်သေးသည့် သားသမီးများ၏ သဘာဝအုပ်ထိန်းသူဖြစ်သဖြင့် အုပ်ထိန်းသူအဖြစ် တရားရုံးက ခန့်ထားပေးရန် (သို့)အုပ်ထိန်းသူအဖြစ် မြွက်ဟကြေညာပေးရန် မလိုပေ။ သို့ရာတွင် သားသမီးထိန်းသိမ်းရေးနှင့် ပတ်သက်၍ အငြင်းပွားလာလျှင်ဖြစ်စေ၊ ဖခင်အုပ်ထိန်းရန်အကြောင်းပေါ်ပေါက်လာလျှင်ဖြစ်စေ ဖခင်သည် အုပ်ထိန်းခွင့် ရရှိလာသည့် အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူများ အက်ဥပဒေ ပုဒ်မ ၁၉ အရ အရွယ်မရောက်သေးသူ၏ ဖခင်သည် အုပ်ထိန်းသူအဖြစ် ဆောင်ရွက်ရန် သင့်လျော်ခြင်းမရှိဟု ယူဆစရာ အကြောင်းမရှိလျှင် ဖခင်ကိုသာ အုပ်ထိန်းသူအဖြစ် ခန့်ထားရပေမည်။ အခြားသူတစ်ပါးကို ခန့်ထားခြင်းမပြုနိုင်ပေ။ သို့သော် ဖခင်သည် မိမိ၏ အရွယ်မရောက်သေးသည့် သားသမီးများကို ထောက်ပံ့ကြည့်ရှုခဲ့ခြင်း မပြုခဲ့လျှင် အရွယ်မရောက်သေးသည့် သားသမီးများ၏ ကိုယ်ကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ၊ နှစ်ရပ်စလုံးအတွက် အုပ်ထိန်းသူအဖြစ် ဆောင်ရွက်နိုင်ခွင့် ဆုံးရှုံးသည်။
(၃) တရားရုံးက အုပ်ထိန်းသူခန့်ထားခြင်း
👨‍👧‍👦👩‍👦‍👦👨‍👧‍👦👩‍👦‍👦👨‍👧‍👦👩‍👦‍👦👨‍👧‍👦👩‍👦‍👦👨‍👧‍👦👩‍👦‍👦
မိခင်နှင့် ဖခင်တို့သည် သဘာဝအုပ်ထိန်းသူများ ဖြစ်သဖြင့် မိမိတို့၏အရွယ်မရောက်သေးသည့် သားသမီးများကို အုပ်ထိန်းခွင့်ရထိုက်ပေသည်။ သို့ရာတွင် အရွယ်မရောက်သေးသည့် ကလေး၏မိဘနှစ်ပါးစလုံး ကွယ်လွန်သွားသည့်အခါဖြစ်စေ၊ မိခင်ဖြစ်သူမှာ အကျင့်စာရိတ္တပျက်ပြားခြင်း (သို့) စောင့်ထိန်းသူ ဖြစ်ထိုက်သော အရည်အချင်းနှင့် ပြည့်စုံခြင်း မရှိသည့်အခါဖြစ်စေ၊ ဖခင်ဖြစ်မှာ အုပ်ထိန်းသူအဖြစ် ဆောင်ရွက်ရန် သင့်လျော်ခြင်းမရှိဟု ယူဆစရာအများ ပေါ်ပေါက်လာသည့်အခါဖြစ်စေ တရားရုံးက ကလေး၏ ကောင်းကောင်းကျိုးကို ရှေးရှု၍ အရွယ်မရောက်သေးသူ၏ အသက်နှင့် လိင်၊ လျှောက်ထားသူ၏ အကျင့်စာရိတ္တနှင့် အင်အားကိုသာမက ဆွေမျိုးတော်စပ်ရင်းနှီးခြင်း အစရှိသည့် အချက်အလက်များကို ထည့်သွင်းစဉ်းစားပြီး ကလေး၏ ကောင်းရာ ကောင်းကျိုးလိုလားသူ မည်သူ့ကိုမဆို အုပ်ထိန်းသူအဖြစ် မြွက်ဟကြေညာပေးခြင်း ပြုနိုင်သည်။ (သို့) အုပ်ထိန်းသူအဖြစ် ခန့်ထားနိုင်သည်။ ထိုအခါ တရားရုံးက ခန့်ထားသော အုပ်ထိန်းသူသည် အမှုသဘာဝအလျောက် အရွယ်မရောက်သေးသူ ကလေး၏ ကိုယ်ကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ၊ ကိုယ်နှင့်ပစ္စည်းနှစ်ရပ်စလုံးအတွက်ဖြစ်စေ အုပ်ထိန်းခြင်း ပြုနိုင်ပါသည်။ 
တရားရုံးက ခန့်ထားသော အုပ်ထိန်းသူသည် အရွယ်မရောက်သေးသူပိုင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အရွယ်မရောက်သေးသူ မုချ အကျိုးအမြတ်ခံစားစေရန် (သို့) အမြတ်အစွန်း ရရှိစေရန် စီမံခန့်ခွဲပိုင်ခွင့် ရှိပါသည်။ သို့ရာတွင် ပစ္စည်းကို စီမံခန့်ခွဲရာ၌ သာမန် ဉာဏ်အမြော်အမြင်ရှိသူတစ်ဦးက မိမိပိုင်ပစ္စည်းကို ဂရုတစိုက် စီမံဆောင်ရွက်သကဲ့သို့ စီမံဆောင်ရွက်ရပေမည်။ 
ထို့အတူ တရားရုံးက ခန့်ထားသော အုပ်ထိန်းသူသည် အရွယ်မရောက်သေးသူပိုင် မရွှေ့ပြောင်းနိုင်သောပစ္စည်းကို ပေါင်နှံခြင်း (သို့) လွှဲပြောင်းရောင်းချခြင်း (သို့) ပေးကမ်းလဲလှယ်ခြင်း (သို့) အခြားနည်းဖြင့် လွှဲပြောင်းခြင်း မပြုလုပ်ရပေ။ အကယ်၍ အုပ်ထိန်းသူက တရားရုံး၏ ခွင့်ပြုချက်အရ လွှဲပြောင်းခြင်းဖြစ်လျှင် တရားဝင်သည်။ ထိုသို့မဟုတ်လျှင် တရားမဝင် ပျက်ပြယ်ပေသည်။       ။
ဦးပိုအေး (တရားရုံးချုပ်ရှေ့နေ)
အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူများအက်ဥပဒေစာအုပ်မှ
ကောက်နုတ်ဖော်ပြပါသည်။
Sunday, January 27, 2019
ဥပဒေကို ဘယ်လို ဖတ်ကြမှာလဲ
မောင်စာဂ
လူ့ဘောင်လောကတွင် လူအားလုံးသည် ဥပဒေနှင့် ကင်းကွာ၍ မရစကောင်းပါ။ လူတစ်ဦး တစ်ယောက်ချင်း ဖြစ်စေ၊ အစုအဖွဲ့အနေဖြင့်ဖြစ်စေ၊ တိုင်းနိုင်ငံတစ်ခုချင်း ဖြစ်စေ ပြောဆိုပြုမှု လုပ်ကိုင်ဆောင်ရွက်မှု မှန်သမျှသည် ဥပဒေနှင့်အညီသာ ဖြစ်ကြရသည်။ လူတစ်ဦးချင်း အနေ ဖြင့် ''အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာ ကြုံရတတ်သည်''ဟုဆိုကြသည်။ အမှုကိစ္စများကြုံလာ ရသောအခါ ဥပဒေသည် လူနှင့်ပတ်သက်လာကြရတော့ သည်။ ထိုအခါ သက်ဆိုင်သူအားလုံး ဥပဒေအရ ပြောကြ ဆိုကြ ကျင့်သုံးကြရန် ဥပဒေကို ဖတ်ရမှတ်ရ လေ့လာရ တော့သည်။
ဥပဒေတစ်ခုကိုဖတ်ရှုလေ့လာကြရာတွင် ဖတ်ရှုသူ၏ စရိုက်လက္ခဏာနှင့်    ပင်ကိုဓာတ်ခံ     သဘောအရ ချဉ်းကပ်ဖတ်ရှုလေ့လာမှုပုံစံ အမျိုးမျိုးကိုတွေ့ရသည်။ ဥပဒေတစ်ခုတည်းကိုပင် ဖတ်ရှုသည့်ပုံစံအပေါ်မူတည်၍ ပေါ်ထွက်လာသည့် အကျိုးရလဒ်သည် မတူကွဲပြား ခြားနားရသည်။ တစ်ဦးတည်းပင်လျှင် ဥပဒေတစ်ခုကို ဖတ်ရှုလေ့လာသည့်အခါ ဖတ်သည့်ပုံစံနှင့် ဖတ်သည့်စိတ် အခံအရ တစ်ခါနှင့်တစ်ခါ နားလည်သဘောပေါက်မှု၊ ရှုမြင်သုံးသပ်မှု မတူသည်ကိုတွေ့ရသည်။ ဤဥပဒေကိုပင် ပထမအကြိမ်ဖတ်တော့  တစ်မျိုး၊  နောက်တစ်ကြိမ် ဖတ်တော့ နောက်တစ်မျိုး မြင်နိုင်သည်။ မြင်တတ်သည်။ ဤသို့ဆိုလျှင် ဥပဒေကို မည်သို့ဖတ်ကြမည်နည်း။ လက်တွေ့နှင့်ယှဉ်ကာ     စောကြောဆင်ခြင်ကြည့်ကြ
ပါစို့။
ဥပဒေကို ဘယ်ပုံဘယ်နည်း ဖတ်ကြမည်နည်း
ဥပဒေကိုဖတ်ကြရာတွင် အဓိကအားဖြင့် သာမန် သမားရိုးကျဖတ်ခြင်းနှင့် စိတ်ခံစားမှုအရ တစ်နည်းအား ဖြင့် စိတ်အခံအစွဲဖြင့် ဖတ်ခြင်းဟူ၍ နှစ်မျိုးနှစ်စားတွေ့ ရသည်။
သာမန်သမားရိုးကျဖတ်ခြင်းတွင် ဥပဒေကိုအောက်မှ နေ၍ ဖတ်ခြင်း၊ ဥပဒေကို ရင်ပေါင်တန်း၍ ဖတ်ခြင်းနှင့် ဥပဒေကို အပေါ်စီးမှနေ၍ ဖတ်ခြင်းဟူ၍ သုံးမျိုးသုံးစား တွေ့ရပြန်သည်။
စိတ်၏ခံစားမှုအရ အစွဲဖြင့်ဖတ်ခြင်းတွင် ယေဘုယျ အားဖြင့် လောဘဖြင့်ဖတ်ခြင်း၊ ဒေါသဖြင့်ဖတ်ခြင်း၊ ဘယာ ဖြင့်ဖတ်ခြင်း၊ မောဟဖြင့်ဖတ်ခြင်း၊ အတ္တမာနဖြင့်ဖတ်ခြင်း ဟူ၍ ငါးမျိုးငါးစားရှိသည်ကို သတိထားမိသည်။ တစ်မျိုး စီ၏ အနှစ်ချုပ်ကိုရှင်းလင်းပါအံ့။
ဥပဒေကို အောက်မှနေ၍ဖတ်ခြင်း
အချို့က ဥပဒေကို ဖတ်ရှုသည့်အခါ ဥပဒေ၏အောက် မှနေ၍ ဖတ်ရှုသည်ကို တွေ့ရသည်။ ထို့သို့ဖတ်လျှင်ဥပဒေ ကအထက်စီးရပြီး မိမိကနိမ့်ကျနေသည်။ ဥပဒေ ဆိုလို ရင်းကို လွယ်လွယ်နှင့် နားလည်သိရှိနိုင်မည်မဟုတ်။ ဥပဒေ၏ အဓိပ္ပာယ်သဘောကို မှန်မှန်ကန်ကန်ကောက်ယူ နိုင်ဖို့   မဖြစ်နိုင်၊  မေးရမြန်းရသည်။   သူတစ်ပါးကို အားကိုးရသည်။    သူတစ်ပါး၏အကူအညီကို   ယူရ
သည်။
ဥပဒေကိုရင်ပေါင်တန်း၍ဖတ်ခြင်း
အချို့က ဥပဒေနှင့်ရင်ပေါင်တန်း၍ ဖတ်သည်။ ထို့သို့ဖတ်လျှင် ဥပဒေ၏ ဆိုလိုရင်းကို လွယ်လွယ်နှင့်သိရှိ နားလည်နိုင်သည်။ ဥပဒေ၏ အဓိပ္ပာယ်သဘောကို မှန်မှန်ကန်ကန်  ကောက်ယူနိုင်သည်။ သူ့အတွက်တော့ အဆင်ပြေသည်။ သို့သော် သူတစ်ပါးကို ရှင်းလင်းပြော ကြားဖို့၊ သင်ကြားပြသပေးဖို့ စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်။
ဥပဒေကိုအပေါ်စီးမှနေ၍ ဖတ်ခြင်း
အချို့က ဥပဒေကိုဖတ်သည့်အခါ ဥပဒေ၏ အပေါ်စီး မှနေ၍ ဖတ်နိုင်သည်။ ထိုသို့ဖတ်လျှင် ဥပဒေ၏ ဆိုလို ရင်းကို အချိန်တိုအတွင်းမှာပင် ပိုင်ပိုင်နိုင်နိုင် ကောင်းစွာ သိရှိနားလည်နိုင်သည်။ ဥပဒေ၏အဓိပ္ပာယ်သဘောကို လည်း တိတိကျကျ၊ ခိုင်ခိုင်မာမာ၊ မှန်မှန်ကန်ကန်ကောက် ယူနိုင်သည်။ မိမိအတွက်သာမက သူတစ်ပါးကိုလည်း ရှင်းလင်းပြောကြားဖို့၊ သင်ကြားပြသပေးဖို့ စွမ်းဆောင် နိုင်စွမ်းရှိသည်။  တစ်ပါးသူ၏ အားကိုးခြင်းကို ခံရသည်။
ဤသည်တို့ကား သာမန်သမားရိုးကျဖတ်ခြင်းတွင် တွေ့ရသော အမျိုးအစားသုံးမျိုးဖြစ်သည်။  ဥပဒေကို အောက်မှနေ၍ ဖတ်ခြင်းမျိုးမဟုတ်ဘဲ၊ ရင်ပေါင်တန်း၍ ဖတ်နိုင်အောင် လေ့ကျင့်သင်ယူပါ။ ရင်ပေါင်တန်း၍ ဖတ်နိုင်သည့်အဆင့်သို့ ရောက်ရှိလာလျှင် အားရကျေနပ် မနေပါနှင့်။ အပေါ်စီးမှနေ၍ ဖတ်နိုင်အောင် ကြိုးစား အားထုတ်ပါ။
လောဘဖြင့်ဖတ်ခြင်း
မိမိဖြစ်စေချင်သည့် မိမိအလိုရှိသည့်အဖြေရအောင် ဦးတည်၍ ဥပဒေကိုဖတ်လျှင်  လောဘဖြင့် ဖတ်သည်ဟု မှတ်ယူရာ၏။  တစ်နည်းအားဖြင့် မိမိဆန္ဒရှိသည့် အတိုင်း ဖြစ်မြောက်အောင် ဖတ်ခြင်းဖြစ်၍ ဆန္ဒစွဲဖြင့်ဖတ် သည်ဟု မှတ်ယူရာ၏။ လောဘဖြင့်ဖတ်လျှင် အမှန်ကို မမြင်။ လိုတာရအောင် လိုတာကို ရှာဖွေဖတ်တတ်၏။ လိုရာကို ဆွဲ၍ လိုရာကို အဖြေထုတ်တတ်၏။ လောဘ ဖက်လေ၊ ရတက်ပွေနေ၊ ရလေလိုလေ အိုတစ္ဆေလိုဖြစ် နေတတ်သည်။
ဒေါသဖြင့်ဖတ်ခြင်း
အငြိုးထားသောစိတ်၊ အမုန်းပွားသောစိတ်များဖြင့် ဥပဒေကို ဖတ်လျှင် ဒေါသဖြင့်ဖတ်သည်ဟု မှတ်ယူရာ၏။ ဒေါသဖြင့်ဖတ်လျှင်   တရားမျှတမှုကို  မဖော်ထုတ်နိုင်။ တစ်ပါးသူအား မတရားသဖြင့် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ် စေ၏။ မတရားသဖြင့် ခံရစေတတ်၏။ ဥပဒေကို အလွန် အကျွံသုံးစွဲရာ  ရောက်စေတတ်၏။   ဒေါသရှေ့ထား၊ ပြုကျင့်ငြားက၊   အမှားတစ်ရာ၊   ကြုံတတ်လာသည်၊ ဘယ်မှာနိဂုံး၊ ဆုံးအံ့နည်း။
မောဟဖြင့်ဖတ်ခြင်း
ဟုတ်၏ မဟုတ်၏။ မှန်၏မမှန်၏။ တရား၏ မတရား ၏တို့ကို ဝေဖန်ပိုင်းခြား  သိမြင်နိုင်စွမ်း  မရှိဘဲဖြစ်စေ၊ မည်သို့အဖြေရှာရမည်ကို မသေချာ မရေရာဘဲနှင့်ဖြစ်စေ တွေဝေ၍ ဥပဒေကိုဖတ်လျှင် မောဟဖြင့် ဖတ်သည်ဟု မှတ်ယူရာ၏။ မောဟဖြင့်ဖတ်လျှင် မှန်ကန်သော ရလဒ် အဖြေကိုမထုတ်နိုင်။ အမှန်တရားနှင့် အလှမ်းဝေးစေ တတ်၏။ မတရားမှုဖြစ်ပေါ်စေ၏။ မောဟဖုံးငြား၊ အမှန် အမှား၊ မခွဲခြားနိုင်၊ ယိမ်းယိုင်အဖြေ၊ ထုတ်တတ်လေ၏၊ တွေဝေခြင်းမှ၊ ကင်းကြစေ။
ဘယာဖြင့်ဖတ်ခြင်း
တစ်စုံတစ်ရာသော သြဇာလွှမ်းမိုးမှု၊ ဖိအားပေးခံရ မှုတို့ကြောင့် မိမိ၏အကျိုးစီးပွား ထိခိုက်ပျက်စီး ဆုံးရှုံး သွားလိမ့်မည်ဟူ၍ စိုးရိမ်စိတ်၊ ကြောင့်ကြစိတ်၊ ပူပန် စိတ်တို့ဖြင့် ဥပဒေကိုဖတ်လျှင် ဘယာဖြင့်ဖတ်သည်ဟု မှတ်ယူရာ၏။ ဘယာဖြင့်ဖတ်လျှင် ကြောက်စိတ်ဝင်၍ အမှန်မမြင်တော့၊ တရားမျှတမှု ပျောက်ပျက်သွားစေသည်။ ဘယာဖြစ်လျှင်၊ ကြောက်စိတ်ဝင်၍၊ ဆင်ခြင်ကင်းပျောက်၊ အမှားရောက်၏။
အတ္တမာနဖြင့်ဖတ်ခြင်း
မိမိသာ တော်သည် တတ်သည်။ မိမိသာသိသည် နားလည်သည်ဟူသော စိတ်ဖြင့် ဥပဒေကိုဖတ်လျှင်အတ္တ မာနဖြင့်ဖတ်သည်ဟု    မှတ်ယူရာ၏။    အတ္တမာနဖြင့် ဖတ်လျှင် တစ်ပါးသူရရှိသည့် အဖြေကို လက်မခံတတ်၊ လက်ခံနိုင်စွမ်းမရှိ။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မိမိရရှိသောအဖြေကိုသာ မှန်ကန်သည်ဟူ၍ စွဲစွဲမြဲမြဲ ပြောဆိုတက်၏။ အတ္တစွဲလျှင် အယူလွဲတော့သည်။ မာန တက်လျှင် အခက်တွေ့တော့သည်။ အတ္တအစွဲ၊ အယူ လွဲ၍၊ တလွဲမာန၊    ရှိပြန်ကလည်း၊  အမှန်မရောက်၊ အလင်းပျောက်၏။
ဤသည်တို့ကား စိတ်၏ခံစားမှုအရ ဖတ်ခြင်းတွင် ယေဘုယျအားဖြင့် သတိထားမိသော အမျိုးအစားငါးမျိုး ဖြစ်သည်။ ဥပဒေကို စိတ်၏ခံစားမှုဖြစ်သော လောဘ (ဆန္ဒ)၊ ဒေါသ၊ ဘယာ၊ မောဟနှင့် မာနတို့ဖြင့် ဖတ်ခြင်းမှ ရှောင်ကြဉ်နိုင်ကြပါစေ။
စိတ်၏ခံစားမှုအရ အစွဲဖြင့်ဖတ်ခြင်း၏ရလဒ်များ
ဥပဒေကိုစိတ်၏ ခံစားမှုဖြစ်သော လောဘ(ဆန္ဒ)၊ ဒေါသ၊ ဘယာ၊ မောဟ၊ အတ္တမာန စသည့်အစွဲတို့ဖြင့် ဖတ်ကြလျှင် အဖြေမှာ မိမိ၏ စိတ်ခံစားမှုအတိုင်းပင် ထွက်ပေါ်လာတတ်သည်။ အမှန်တရားကို မရရှိနိုင်။ တရားမျှတမှု ဆုံးရှုံးစေသည်။ တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းစေသည်။ ဥပဒေ၏ အနှစ်သာရဖြစ်သော လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းဆိုသော လောကပါလတရားကို ဖျက်ဆီးရာ ရောက်စေတတ် သကဲ့သို့ ဖတ်ရှုကြသူတို့၏ ကိုယ်ကျင့်သိက္ခာ ပျက်ပြားစေ တတ်သည်။ စိတ်၏ ကြည်လင်သန့်ရှင်းမှု ညစ်နွမ်းစေ တတ်သည်။ အတွေးအခေါ်၊ အသိအမြင်၊ အယူအဆများ ပရမ်းပတာ ဖြစ်စေတတ်သည်။
မည်သို့ဖတ်ရပါမည်နည်း
ဥပဒေကို   အစွဲကင်းကင်း၊   အစွန်းလွတ်လွတ်ဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ ဤသို့ ဖတ်ရှုသင့်ပါသည် -
(၁) ရိုးသားဖြောင့်မတ်သော၊ တရားမျှတမှုကို လိုလား သော၊ ဘက်လိုက်မှုကင်းသော ၊ လွတ်လပ် မှုရှိသော ဥပဒေစိတ်ထားဖြင့် ဖတ်ပါ။
(၂) ပကတိအတိုင်း တွေးသော၊ အရှိကိုအရှိအတိုင်း တွေးသော၊ အစွန်းနှစ်ပါးကိုရှောင်၍ တွေး သော ဥပဒေအတွေးဖြင့် ဖတ်ပါ။
(၃) ကိုယ်ချင်းစာနာတရားကို ရှုမြင်တတ်သော ကိုယ်ချင်းစာနာ အမြင်ဖြင့်မြင်သော ဥပဒေ အမြင်ဖြင့်ဖတ်ပါ။
(၄) လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းတည်း ဟူသော လောကပါလတရား၏ တရားကိုယ် သဘောကိုသိသော ဥပဒေအသိဖြင့် ဖတ်ပါ။
ဓမ္မဓိဋ္ဌာန်ကျကျဖတ်ခြင်း၏ရလဒ် 
အထက်ဖော်ပြပါ ဥပဒေစိတ်ထား၊ ဥပဒေအတွေး၊ ဥပဒေအမြင်၊ ဥပဒေအသိတို့ဖြင့် ဖတ်ခြင်းကိုပင်လျှင် ဓမ္မဓိဋ္ဌာန်ကျကျဖတ်ခြင်း ဖြစ်သည်ဟု ဆိုချင်ပါသည်။ ဥပဒေကို ဓမ္မဓိဋ္ဌာန်ကျကျ ဖတ်လျှင်မှန်ကန်သော၊ တရား မျှတသော၊ အများယုံကြည်လက်ခံနိုင်သော ရလဒ်အဖြေ တွေ ထုတ်ဖော်ပေးနိုင်မည်။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းအဖြစ်မျိုး ကင်းစင်သွားမည်။ အစွဲ ကင်း၍ အစွန်းလွတ်သော ပကတိအရှိ အမှန်တရားကို ဖော်ထုတ်နိုင်မည်။ တရားဥပဒေစိုးမိုးမှု ဖြစ်ထွန်းစေမည်။ လူ့ဘောင်လောကတစ်ခုလုံး တည်ငြိမ်အေးချမ်း၍ သာယာဝပြောမည်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်း လင်းလွှမ်းခြုံထားနိုင်သကဲ့သို့ ထိုသို့ဖတ်ကြသူများ၏ ကောင်းသောဂုဏ် ကောင်းသောသတင်းများ ထင်ရှား ကျော်ကြား၍ ဘုန်းတန်ခိုးသြဇာ တောက်ပြောင် နေမည် ဖြစ်သည်။
သတိမူကြပါ
ဥပဒေပညာသည် အကျင့်သိက္ခာနှင့် ပြည့်စုံသော ပညာဖြစ်သည်ဟူ၍ ဆိုစမှတ်ပြုကြ၏။ ဥပဒေကို ဖတ် သောသူများက အကျင့်သိက္ခာရှိမှသာ ဥပဒေပညာသည် လည်း    အကျင့်သိက္ခာနှင့်ပြည့်စုံသည့်    ပညာဖြစ် သည်ဟူသော  ဆိုရိုးစကားသည်  ထည်ဝါဝင့်ကြွားစွာ တလူလူလွင့်နေမည်ဖြစ်၏။ ဥပဒေဖတ်သူများ  အကျင့် သိက္ခာပျက်ယွင်းနေပါလျှင် အကျင့်သိက္ခာနှင့်ပြည့်စုံ သော ဥပဒေပညာသည်လည်း တိမ်ဖုံးသည့် လမင်းပမာ မထွန်းလင်းနိုင်ဘဲ မှေးမှိန်ညှိုးငယ်နေမည်ဖြစ်၏။
ဥပဒေဖြင့်အသက်မွေးဝမ်းကျောင်းပြုသောလုပ်ငန်းသည် မြင့်မြတ်သောလုပ်ငန်းဖြစ်သည်ဟူ၍ ဆိုစမှတ်ပြု ကြ၏။ ဤတွင် သတိပြုကြရမည်မှာ ဥပဒေကို ဥပဒေ စိတ်ထား၊ ဥပဒေအတွေး၊ ဥပဒေအမြင်၊ ဥပဒေအသိ တို့ဖြင့် အစွဲကင်းကင်း အစွန်းလွတ်လွတ် ဖော်ဆောင် လုပ်ကိုင် ဆောင်ရွက်ကြမှသာ မြင့်မြတ်သော အသက် မွေးဝမ်းကျောင်းမှု လုပ်ငန်းအသွင် ဆောင်မည်ဖြစ်၏။ ဥပဒေကို လောဘ(ဆန္ဒ)၊ ဒေါသ၊ ဘယာ၊ မောဟ၊ အတ္တ မာနတို့ဖြင့် ဖော်ဆောင်လုပ်ကိုင် ဆောင်ရွက်ကြပါလျှင် မြင့်မြတ်သော အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းဟု မခေါ်ဆိုထိုက်။ မသန့်ရှင်းသော၊ ညစ်ထေးသော၊ ယုတ်ညံ့သော လုပ်ငန်းအဖြစ်သို့ ရောက်ရှိသွားမည် ဖြစ် ကြောင်းပါဗျာ။
ဥပဒေကိုဖတ်ရှုကြသည့်အခါ -
ဥပဒေစိတ်ထား၊ ဥပဒေအတွေး၊ ဥပဒေအမြင်၊ ဥပဒေ အသိတို့ဖြင့် ဖတ်တတ်ကြပါစေ။
လောဘ(ဆန္ဒ) စိတ်၊ ဒေါသစိတ်၊ ဘယာစိတ်၊ မောဟ စိတ်၊  အတ္တမာနစိတ်တို့  ကင်းရှင်းစွာဖြင့်  ဖတ်နိုင်ကြပါ စေ။
အစွဲကင်းကင်း အစွန်းလွတ်လွတ်ဖြင့် ဖတ်နိုင်ကြပါစေ။
မောင်စာဂ
Sunday, January 20, 2019
မရွှေ့မပြောင်းနိုင်သောပစ္စည်း ကျူးးကျော်မှုပြုနိုင်​သည့် နည်းလမ်း(၃)မျိုးအကြောင်း။
မရွှေ့မပြောင်းနိုင်သောပစ္စည်း ကျူးကျော်မှုပြုနိုင်​သည့် နည်းလမ်း(၃)မျိုးအကြောင်း။
(၁) အခြားသူတစ်ဦးပိုင်ဆိုင်သော မြေပေါ်သို့ မတရားသဖြင့်ကျူးကျော်ဝင်ရောက်ခြင်း။
ဥပမာ- အခြားသူတစ်ဦးပိုင်သည့် မြေအနည်းငယ် ဝင်ရောက်ခြင်း၊ အိမ်အဆောက်အဦး တံခါးပြတင်းစသည်တို့မှနေ၍ ဝင်ခြင်း၊ ခြံစည်းရိုးကျော်ခြင်း။
(၂) အခြားသူတစ်ဦးပိုင်သည့် မြေပေါ်တရားသဖြင့် ဝင်ရောက်ပြီးနောက် နေထိုင်ခွင့်ကုန်ဆုံးပြီးနောက် မတရားသဖြင့် ဆက်လက်နေထိုင်ခြင်း။
ဥပမာ-ပိုင်ရှင်၏ ခွင့်ပြုချက်အရ မြေပေါ်နေထိုင်ပြီးနောက် နေထိုင်ခွင့်သက်တမ်းကုန်ဆုံး၍ ဖယ်ရှားပြောင်းရွှေ့ပေးရန် ပိုင်ရှင်တောင်းဆိုမှုကို မလိုက်နာဘဲ မတရားသဖြင့် မြေပေါ်တွင် ဖယ်ပြောင်းရွှေ့မပေးဘဲ ဆက်လက်နေထိုင်ခြင်း။
(၃) အခြားသူတစ်ဦးပိုင်သည့် မြေကွက်ပေါ် ခွင့်ပြုချက် မရှိဘဲ ပစ္စည်းများထားခြင်း။
ဥပမာ- ဦးဘပိုင်မြေကွက်အတွင်းသို့ ဦးဘအား ခွင့်မတောင်းဘဲ မောင်ဖြူသည် ဓနိများ သွားရောက်စုပုံထားခြင်း။
ဥပဒေကြောင်းအရ ပိုင်ရှင်ဖြစ်သူက ​တောင်းဆိုနိင်သော အခွင့်အရေးများ။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(၁) လျော်ကြေးတောင်းဆိုနိင်သည်။
(၂) မြေပေါ်မှကျူးကျော်သူအားဖယ်ရှားပေးရန် တောင်းဆိုနိင်သည်။
(၃) ကျူးကျော်သူဆက်လက် မကျူးကျော်ရန် တားဝရမ်း တောင်းဆိုနိင်သည်။
Monday, January 14, 2019
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အပြီးအပြတ်ရရှိသည့် အခွင့်အရေး(Vested Right)
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အပြီးအပြတ်ရရှိသည့် အခွင့်အရေး(Vested Right) အကြောင်း၊ ဥပဒေဗဟုသုတ။
●မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရမြန်မာတို့၏ အမွေဆက်ခံခွင့်သည် ဘိုးဘွား၊ မိဘ၊ အမွေကို သားသမီး၊ မြေးမြစ်တို့က မျိုးနွယ်စဉ်ဆက်၊သားစဉ်မြေးဆက်ခံစားရသော အပြီးအပြတ်ရရှိသည့် အကျိုးခံစားခွင့် ကိုVested Right ဟုခေါ်ဆိုကြခြင်း ဖြစ်ပါသည်။
မောင်ဘတူနှင့် မသက်စု အတွဲ(၅) ရန်ကုန် ၊ စာမျက်နှာ-၇၈၅ စီရင်ထုံးတွင် ထုံးဖွဲ့ထားပါသည်။
●ယနေ့မျက်မှောက်ခေတ်တွင်မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေအရ အမွေဆက်ခံရေးနှင့်ပတ်သက်၍အ ခြေခံမူ(၆)ရပ်ရှိပါသည်။
(၁)သေတမ်း စာရေးခွင့်မရှိသည့် အမွေဆက်ခံခြင်း။
(၂)သားသမီး မရှိသည့်လင်နှင့် မယားတို့တွင် လင်သေလျှင် မယား ၊မယားသေလျှင်လင် အမွေဆက်ခံ ခြင်း။
(၃)အမွေသည်အောက်ရှိ အမွေခံများရှိနေလျှင် အထက်ရှိ အမွေခံများထံသို့ မဆန်ရခြင်း။
(၄)အမွေခံမျိုးဆက်နီးသူက အမွေခံမျိုးဆက်ဝေးသူအား အမွေမှဖယ်ထုတ်နိင်ခြင်း။
(၅)အမွေခံမျိုးဆက် အနီးအဝေးတူနေလျှင်သွေးရင်းဆွေမျိုးကသွေး တစ်ဝက်ဆွေမျိုးကိုအမွေမှဖယ် ထုတ်နိင်သည်။
(၆)အပြုအမူကောင်းခြင်းကြောင့် အမွေမရနိင်သော်လည်း၊ အပြုအမူဆိုးကြောင့်အမွေဆုံးရှုံးနိင်ခြင်း။
အထက်ပါအချက်(၆)ရပ်နှင့် ပတ်သက်၍ အချက်(၁)ရပ်ခြင်း အလိုက်ဆက်လက်၍ အချိန်ရလျှင်ရသလို ဗဟုသုတအဖြစ်ဖေါ်ပြပေးပါမည်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရအမွေဆက်ခံရေးအခြေခံမူများမှ-
(၁)သေတမ်းစာရေးခွင့်မရှိသည့်အမွေဆက်ခံခြင်းအကြောင်းဥပဒေဗဟုသုတ။
●မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ"သေတမ်းစာရေးခွင့်မရှိသည့်အမွေဆက်ခံခြင်း"
ဥပဒေသသည်အတည်ဖြစ်၍ခိုင်မြဲလျက်ရှိပါသည်။
●မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၌သေတမ်းစာဖြင့်ပစ္စည်းလွှဲပေးခြင်း၊အမွေခံပစ္စည်းကို
ခွဲဝေထားခဲ့ခြင်း၊သည်ဓလေ့ထုံးတမ်းတစ်ခုဖြစ်လာကြောင်းထင်ရှားအောင်မပြနိင်
ဘဲသေတမ်းစာကိုလက်မခံနိင်-ဟု"မဘွင့်နှင့်မရင်S.Jစာမျက်နှာ(၉၅)အမှုတွင်စီ
ရင်ထုံးဖွဲ့ထားပါသည်ကိုတွေ့ရပါသည်။
●မှတ်ချက်-ထို့ကြောင့်ယနေ့ယခုအချိန်တွင်"သေတမ်းစာရေးသား၍အမွေမပေးနိင်"
သည့်ဥပဒေသည်အတည်ဖြစ်ခိုင်မြဲလိုက်နာကျင့်သုံးနေခြင်းဖြစ်ပါသည်။
(၂)သားသမီးမရှိလျှင် လင်သေလျှင်မယား၊မယားသေလျှင်လင်၊ အမွေဆက်ခံခြင်းအကြောင်း ဥပဒေဗဟုသုတ။
●မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ သားသမီးမကျန်ရစ်သောမုဆိုးဖို၊ မုဆိုးမများနှင့်ပတ်သက်၍ အခြေခံမူမှာ လင် ယောက်ကျားသေဆုံးလျှင် ကျန်ရစ်သူမယား(မုဆိုးမ)သည် လင်မယားနှစ်ဦးပိုင်ပစ္စည်းအားလုံးကိုတစ်ဦးတည်း
အမွေခံအဖြစ် ရရှိမည်ဖြစ်ပါသည်။ ထိုအတူပင်မယားဖြစ်သူသေဆုံးလျှင်လည်း ကျန်ရစ်သူယောက်ကျား(မုဆိုးဖို)သည် လင်မယားနှစ်ဦးပိုင်သည့်ပစ္စည်း အားလုံးကို အမွေခံအဖြစ်ရရှိမည်ဖြစ်ပါသည်။
●ထိုအပြင်သေဆုံးသူလင် သို့မဟုတ် မယားရပိုင်ခွင့်ရှိသော အမွေမခွဲရသေးသည့် အမွေပစ္စည်းအပေါ်တွင် လည်းရပိုင်ခွင့်ရှိကြောင်း ဓမ္မသတ်နှင့် စီရင်ထုံးများ၌တေိ့နိင်ပါသည်။
●"မောင်ဝိုက်နှင့်မောင်ငြိမ်းပါ(၂)အောက်မြန်မာပြည်(၁၈၉၇-၁၉၀၁)"စီရင်ထုံးတွင်-
-လင် သို့မဟုတ်မယားသေဆုံးချိန်တွင် သားသမီးမကျန်ရစ်လျှင်ထို လင်မယားနှစ်ဦးပိုင်ပစ္စည်းအားလုံးကိုကျန်ရစ်သူမုဆိုးဖို
သို့မဟုတ် မုဆိုးမ တစ်ဦးတည်းကသာ အမွေစားအမွေခံအဖြစ်ရရှိသည်။
ထို့အပြင်ကျန်ရစ်သူ မုဆိုးဖို သို့မဟုတ် မုဆိုးမအနေဖြင့်သေသူ၏မခွဲရသေးသော အမွေပုံကို ခွဲဝေပေးရန်တောင်းဆိုခွင့်ရှိသည်။
ဟုထုံးဖွဲ့ထားပါသည်။
မှတ်ချက်- ထို့ကြောင့်သားသမီး မကျန်ရစ်သည့် ဗုဒ္ဓဘာသာလင်မယားပိုင်ပစ္စည်းတွင် "လင်သေမယားရ ၊မယားသေလင်ရ" အခွင့်အရေး
ရှိပါသည်။ ထို့အပြင် အမွေမခွဲသေးသည့်သေဆုံးသူ၏ အမွေခံစားခွင့် ကိုလည်းကျန်ရစ်သူမုဆိုးဖို သို့မဟုတ် မုဆိုးမ ကတရားစွဲဆိုတောင်းဆိုခွင့်ရှိပါသည်။        ။
Saturday, January 5, 2019
ယာဉ်မောင်းသူကိုသာ ထိခိုက်မိသည့် ယာဉ်မတော်တဆမှုများတွင် အဆိုပါ ယာဉ်မောင်းကို တရားစွဲဆိုခွင့် ရှိ /မရှိ
"ရာဇသတ်ကြီးက အကာအကွယ် ပေးထားသော လူ့ခန္ဓာကိုယ် လုံခြုံမှု" နှင့် ယာဉ်မောင်းသူကိုသာ ထိခိုက်မိသည့် ယာဉ်မတော်တဆမှုများတွင် အဆိုပါ ယာဉ်မောင်းကို တရားစွဲဆိုခွင့် ရှိ /မရှိဟူသော အဆိုအပေါ် ဆွေးနွေးတင်ပြခြင်း"
         ရာဇသတ်ကြီး Penal Code (၁ - ၅ - ၁၈၆၁) ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက စတင် အာဏာ သက်ရောက် ခဲ့တဲ့ ဥပဒေတစ်ခု ဖြစ်လို့ တိုးတက် ပြောင်းလဲလာသည့် လူမှု/စီးပွား/နိုင်ငံရေးဖြစ်စဉ် နဲ့အညီ အချို့သော ပြဌာန်းချက်များကို ပြုပြင်သင့်သည် သို့မဟုတ် ပယ်ဖျက်သင့်သည်ဟူသောအဆိုကို  "မူ" (principle)အားဖြင့် အများ လက်ခံကြလိမ့်မည် ဟု ယုံကြည်ပါသည်။
         သို့ရာတွင် ပြုပြင်/ပယ်ဖျက်ရာ၌ နှစ်ပေါင်း ၁၀၀ကျော်တိုင် ယင်း ဥပဒေများပါ ပြဌာန်းချက်များက လူမှု အဖွဲ့ အစည်းတစ်ခုကို ခိုင်မြဲစွာ အကာအကွယ်ပေးနှိုင်ခဲ့သည့် ဂုဏ်အဂါင်္ အနှစ်သာရ ဝိညာဉ်(spirit of law)ကိုမူ အထူး ဂရုပြု စီစစ်၍သာ ပြန်လည် ပြုပြင် ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးအကြံပြုလိုပါသည်။
         ရာဇသတ်ကြီးတွင် အခန်း-၂၃ခန်း၊ ပုဒ်မ-၅၁၁ ခုဖြင့် ဖွဲ့စည်းပြဌာန်းထားသည်ကို တွေ့မြင်နှိုင်ပါသည်။ ယင်းပြဌာန်းချက်များအနက် လူသားတစ်ဦးစီ၏ ကိုယ်ခန္ဓာအပေါ် ကာကွယ်ပေးထာသည့် ပြဌာန်းချက်များကို စီစစ် ရွေးချယ် သုံးသပ် တင်ပြလိုပါသည်။
          ယင်း ရာဇသတ်ကြီး၏ ပြဌာန်းချက်များတွင် လူသားတစ်ဦးအဖြစ် ပဋိသန္ဓေ ဖြစ်တည်ခွင့်(ဖြစ်တည်ခွင့်) မှစ၍ သေဆုံးပြီး death bodyအဖြစ် သင်္ချိုင်းမြေတွင် မြှပ်နှံထားသည့်ကာလတိုင် ဥပဒေက အကာအကွယ်ပေး ထားသည်ကို တွေ့မြင်နှိုင်ပါသည်။ (ပုဒ်မ- ၃၁၂ မှ၃၁၈ ၊နှင့်၂၉၇ တို့ကို ရည်ညွန်းပါသည်။)
           ထို့ပြင် လူသားအဖြစ် ဖြစ်တည်ခွင့်(ဖြစ်တည်ခွင့်)ကို ပိတ်ပင်ရာရောက်သည့် မိမိ၏ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်က သန္ဓေမတည် နှိင်အောင်  *ပြုပြင်ခြင်း* သင်းကွပ်ခြင်း ကိုပင် လူသားလောင်းလျာ၏ လူဖြစ်ခွင့်(လူဖြစ်ခွင့်)တည်းဟူသော အခွင့်အရေးကိုပင် မထိခိုက် မဆုံးရှုံးစေရေးအတွက် ကာကွယ်ရန်  ဥပဒေအရ ပြစ်ဒဏ်ပြဌာန်းထားသည် ကိုလည်း တွေုမြင်နှိုင်ပါသည်။ (ပုဒ်မ-၃၁၂-ကမှ-ဃ တိုကို ရည်ညွန်းပါသည်။)
          ကိုယ်တိုင် သေကြောင်းကြံခြင်း(Suicide) လုပ်ခြင်းအပေါ် ပြစ်ဒဏ်သတ်မှတ် ထားခြင်းက မိမိကြောင့် မိမိခန္ဓာ  ကိုယ်ကို ထိခိုက်စေမှုများ ကိုလည်း ပြစ်မှု/ ပြစ်ဒဏ်မှကင်းလွတ်ခွင့်  ပြုမထားသည်ကို တွေ့မြင်နှိုင်ပါသည်။။(ရာဇသတ် ကြီးပုဒ်မ - ၃၀၉ ကိုရည်ညွန်းပါသည်။)
        သို့ဖြစ်၍ ရာဇသတ်ကြီးက ကာကွယ်ပေးထားသည့် လူ့ခန္ဓာ(human body)ဆိုရာတွင်*ပြုသူနှင့် အပြုခံရသူ*  တို့ ၏ ကိုယ်ခန္ဓာ ၂ မျိုးလုံး အကြုံးဝင်သည်ဟု ယင်းဥပဒေ၏ ဝိညာဉ် (Spirit of law)အရ အခိုင်အမာ ကောက်ယူ ကြရမည် ဖြစ်ပါသည်။ 
          အခန်း ၁၆၊ လူကိုယ်ကို ထိခိုက်စေသောပြစ်မှုများ(Of offences affecting the human body) အခန်းတွင်  ပြဌာန်းချက်များကို ခေါင်းစဉ်ငယ်များအလိုက် ပုဒ်မများခွဲ၍ ပြဌာန်းထားသည်ဖြစ်ရာ အဆိုပါ ရေးသားပြဌာန်း ချက်များ(Letter of law)စာသားကို အဓိပ္ပါယ်ကောက်ယူကြရာတွင် ရာဇသတ်ကြီး၏ ဝိညာဉ် သို့မဟုတ် ရည်ရွယ်ချက် (Spirit of law)နှင့်လည်း ညီညွတ်မှသာ အဓိပ္ပါယ်ပြည်စုံမည်ဟု ယူဆမိပါသည်။ 
            "ယာဉ် မတော်တဆမှုကြောင့် မောင်းနှင်သူသာ ထိခိုက်ဒဏ်ရာရမှု ဖြစ်စဉ် တွင် မောင်းနှင်သူအပေါ် တရားစွဲဆိုခြင်းသည် မှန်ကန်မှု ရှိမရှိ" ဆိုသောissue တစ်ခုအား ရှုဒေါင့်အမျိုးမျိုးမှ ပြည့်စုံစွာ ဥပဒေပဒေ ပညာရှင်များက ဝေဖန်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ရပါသည်။
           ယင်းကဲ့သို့ မတော်တဆမှု ဖြစ်စဉ်သည် ထိုက်သင့်သည့်သတိပြုရန် ပျက်ကွက်ရာမှ ပေါ် ပေါက်လေ့ရှိရာ ယင်းပျက်ကွက်မှုသည် ရာဇသတ်ကြီး ပုဒ်မ-၃၂ အရ  *ပြုလုပ်မှု* များကို ရည်ညွန်းသော ပြဌာန်းချက်တွင် ဥပဒေနှင့် မညီသော ပျက်ကွက်မှုများလည်း အကြုံးဝင်သည်ဟု ဖော်ပြထားပါသည်။(ဥပမာ-မော်တော်ယာဉ်ဥပဒေအရ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသည့် ပြစ်မှု)
           ထိုပြင် မည်သူကိုမျှ ထိခိုက်မှု မရှိသော်လည်း ယာဉ်ကို အရမ်း သို့မဟုတ် ပေါ့ဆစွာ မောင်းနှင်ရုံမျှဖြင့် ပုဒ်မ-၂၇၉/၂၈၀တို့အရ ပြစ်မှုကျူးလွန်သည်ဟုပင် ပြဌာန်းထားပြီးဖြစ်ရာ --
အဆိုပြုချက်ပါ ယဉ်မတော်တဆမှု ဖြစ်ပွားစဉ် --
"အခြားသူကိုမထိခိုက်ပါ မောင်းနှင်သူသာ ဒဏ်ရာရခဲ့ပါသည်" 
ဟူသော အကြောင်းပြချက်ကြောင့် ယာဉ်မောင်းသူသည် ၄င်း၏ ထိုက်သင့်သည့် သတိပျက်ကွက်မှု အကျိုးဆက်ကြောင့် ၄င်းကိုယ်တိုင် ထိခိုက်ဒဏ်ရာ ရစေသည့် ပြစ်မှုမှ ကင်းလွတ်ခွင့် ရရန်အကြောင်မရှိနှိုင်ဟု ယူဆမိပါသည်။
        မြန်မာနိုင်င်္ငတွင် ယခု issue နှင့်စပ်လျဉ်း၍ စီရင်ထုံး ခိုင်ခိုင်မာမာ မပေါ်ပေါက်ခဲ့သည်ကပင် ခေတ်အဆက်ဆက်  ပညာရှိ ရှေ့နေကြီးများက ယခု issue ကို law issue အဖြစ် လျှောက်ထားခဲ့ခြင်း မရှိသကဲ့သို့ High Court, Central Court, Supreme Court တို့ကလည်း ဖွင့်ဆိုရှင်းလင်းပြရန် လိုအပ်သည့် Law issue ဟု သတ်မှတ်ခဲ့ခြင်း မရှိဟု ယူဆနှိုင်ပေသည်။
        စီရင်ချက် နှင့် စီရင်ထုံး အမျိုးအစားနှစ်မျိုး၏ နောင်အမှုများအပေါ် စည်းနှောင်အား ချိန်ခွင်လျှာ မတူညီသည်ကို လည်း ဥပဒေသမားတိုင်း သိရှိကြပြီး ဖြစ်မည်ဟု ယုံကြည်ပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ စီရင်ထုံးကို မလိုက်နာဘဲ စီရင်ချက် ကိုသာ လိုက်နာရန်မှာလည်း ဖြစ်သင့်သော အကြောင်းပြချက် မဟုတ်ပေ။
ရာဇသတ်ကြီး ပုဒ်မ-၃၃၇/၃၃၈၏ မူရင်းပြဌာန်းချက်တွင်-
by doing any act so rashly or negligently as--
                 --   to endanger human life
                                      or    
                 --    the personal safety of others ဟု*or* ဖြင့် ပြဌာန်းထားရာ
         (၁) လူ့အသက်(အသက်ရှင်နေထိုင်မှု)ကိုဖြစ်စေ  
         (၂)အခြားသူ တို့၏ personal လုံခြုံရေးကို ဖြစ်စေ
        * ဘေးဖြစ်အောင် အရမ်း(သို့) ပေါ့ဆစွာပြုမူကြောင့် ထိခိုက်မိပါက ပြစ်မှုကျူးလွန်ရာရောက်သည်ဟု ပြဌာန်းထား ပါသည်။
          ယခု issue တွင်  ယာဥင်္မောင်းသူ၏ အရမ်း(သို့)ပေါ့စွာ မောင်းနှင်မှုကြောင့် အခြားလူကို မထိခိုက်မိဘဲ  ယာဉ်မောင်းကိုသာ ထိခိုက်မိခြင်းသည် ပထမ အပိုဒ် to endanger human life တွင်အကြုံးဝင်သဖြင့် မောင်းသူ အပေါ် ပုဒ်မ -၃၃၇/၃၃၈ တို့အရ တရားစွဲခွင့်ရှိသည်ဟုသာ သုံးသပ် တွေ့ရှိရပါကြောင်း ဆွေးနွေးတင်ပြအပ်ပါသည်။
 သို့ရာတွင် ~~
(က)   တရားစွဲအဖွဲ့အစည်းက တရားစွဲဆိုခွင့်ရှိသည်ဆိုခြင်းနှင့်
( ခ)   နှစ်ဖက်သက်သေများကို စစ်ဆေးပြီးနောက် အမှုဖြစ်စဉ်အလိုက် တရားရုံးက တရားခံအပေါ်  ပြစ်မှုထင်ရှားတွေ့ရှိခြင်း မတွေ့ရှိခြင်း
( ဂ)    ပြစ်ဒဏ်ပမာဏကို ဖြစ်ရပ် ဖြစ်စဉ်နှင့် ညီညွတ်စွာ  ရွေးချယ်ခြင်း
 တို့မှာ တူညီခြင်းမရှိသည်ကိုမူ ဂရုပြုကြရမည် ဖြစ်ပါကြောင်း ။ ဥပဒေနှင့်အညီ ဖြစ်စဉ် တခုခြင်းအလိုက် လွတ်လပ်စွာ စီရင်ဆုံးဖြတ် နိုင်ကြပါစေ။
    (လွတ်လပ်စွာ သဘောကွဲလွဲ  ဝေဖန်ခွင့် ရှိပါသည်)
ဦးမျိုးတင့်
Friday, January 4, 2019
တရားမမှု အနိုင်အရှုံး ဆုံးဖြတ်ရန် မူသဘော 
၁။ အဆိုအချေအရ ဆုံးဖြတ်ရခြင်း။
၂။ ငြင်းချက်ထုတ်၍ စစ်ဆေးဆုံးဖြတ်ရခြင်း (ငြင်းချက်မှန်မှ အမှုမှန် ဆုံးဖြတ်နိုင်မည်)။
၃။ အဆိုလွှာတွင် တောင်းဆိုမထားသော အခြားအကြောင်းဖြင့် သက်သာခွင့် မပေးနိုင်ခြင်း။ 
၎။ အဆိုလွှာကို ဆန့်ကျင်သောတရားလို အနိုင်ဒီကရီ မရနိုင်ခြင်း။
၅။ ချေလွှာတွင် မချေပခဲ့သော အချက်ဖြင့် တရားပြိုင်အား အနိုင်မပေးနိုင်ခြင်း။
၆။ ချေလွှာတွင် မချေပခဲ့သော်လည်း ထင်ရှားပေါ်လွင်သည့် အချက်အရ ဆုံးဖြတ်နိုင်ခြင်း။ 
၇။ အဆိုလွှာနှင့် အမှုဖြစ်အကြောင်းအရာ တိတိကျကျ မကိုက်ညီသော်လည်း အနိုင်ဒီကရီ ချမှတ်ပေးနိုင်ခြင်း။ 
၈။ သက်သာခွင့် တောင်းဆိုရမည့် တရားလိုတာဝန်နှင့် မတောင်းဆိုသည်ကို တရားရုံးက ခွင့်ပြုနိုင်သော အခြေအနေ။
၉။ တရားလိုသည် သက်သာခွင့် တစ်ခုမဟုတ်တစ်ခု တောင်းဆိုနိုင်ခြင်းနှင့် တရားရုံးက ချမှတ်ပေးနိုင်သော ဒီကရီ။ 
၁၀။ အဆိုလွှာပါ တောင်းဆိုချက်ထက် သက်သာခွင့် ပိုပေးနိုင်ခြင်း။
၁၁။ အမှုမပြီးပြတ်မီ ပြောင်းလဲလာသော အခြေအနေအရ သာမန်ဥပဒေသမှ သွေဖီ၍ သက်သာခွင့်ပေးနိုင်ခြင်း။      ။
တရားစီရင်မှုကို တိုင်စာဖြင့် ထိန်းကျောင်း၍ ရနိုင်သလော ...
Pyay Lwin Myint
       အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စများအတွက် ဝန်ကြီးဌာနအသီးသီးက တရားသဖြင့်မဟုတ်ဘဲ စီမံခန့်ခွဲနေတာ ခံရပါတယ်လို့ တိုင်တယ်။ တရားစီရင်မှုဆိုင်ရာကိစ္စများအတွက် မတရားစီရင်ဆုံးဖြတ်ခြင်းပြုနေပါပြီလို့ တိုင်တယ်။
       ခုဆိုရင် တိုင်ကြားစာတွေကို စနစ်တကျမှတ်ပုံတင်ပြီး လက်ခံ ဖြေရှင်း ပေးနေတဲ့ နေရာဌာနတွေပေါ်ပေါက်နေပါပြီ။ လွှတ်တော်နှစ်ရပ်မှာလည်း တိုင်ကြားစာတွေ လက်ခံဖြေရှင်းတဲ့ကော်မတီတွေရှိတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့နိုင်ငံတော်သမ္မတရုံးမှာလည်းရှိတယ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာလည်း ရှိတယ်။ ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီဆိုတာတောင်ရှိတယ်လို့ မှတ်တယ်။ အကြောင်းခြင်းရာ ပြဿနာ တစ်ခုတည်းအတွက် တိုင်စာလက်ခံတဲ့ နေရာဌာနအသီးသီးကို မိတ္တူတွေ ပို့ပြီး လိပ်မူတိုင်ကြားနေတာလည်း မနည်းမနော ဖြေရှင်းပေးနေရတယ်လို့ ကြားသိရပါတယ်။ 
       'အမွေမှုတစ်မှုမှာ တရားရုံးက ဒီကရီချမှတ်ပြီး (၁၀)နှစ်ကျော် ကြာတဲ့ အမွေပစ္စည်းကိုမရရှိတဲ့အတွက် ကုသိုလ်ဒါနတောင် မပြုနိုင်တာဟာ လူ့အရေး အလွန်အမင်း ထိပါးနစ်နာနေပါပြီ ဆိုပြီး တိုင်လို့ဗျာ။ သေချာစိစစ်တော့မှ သူတို့ညီအစ်ကို မောင်နှမအရင်းတွေကပဲ အမှုခေါင်းစီးတွေ တစ်မျိုးပြီး တစ်မျိုးတပ်ပြီး တစ်မှုပြီးတစ်မှု တရားစွဲတော့တာကိုးဗျ'
       တိုင်စာစိစစ်တဲ့ဌာနတစ်ခု၏ မိတ်ဆွေအရာရှိတစ်ဦးဟာ အဲသလိုညည်း တွားခဲ့ပါတယ်။ 
       “အမှုစစ်တရားသူကြီးက ကျွန်တော် မဟုတ်ပါဘဲနဲ့ ကျွန်တော့်ကို ချည်း နှစ်ကြိမ်၊ သုံးကြိမ် တိုင်စာတွေပို့နေတော့ တစ်နေ့မှာ တိုင်ကြားသူကို ခင်ဗျ ဘာဖြစ်လို့ ကျွန်တော့်ကိုတိုင်နေတာလဲ ခေါ်မေးတယ်။ အမှုစစ်တရားသူကြီးကိုတိုင်ရင် သူ့အမှုကို အရှုံးပေးလိုက်မှာ စိုးလို့ မတိုင်ရဲဘူးတဲ့၊ သူ့ကိုအရှုံးပေးလိုက်ရင် တိုင်ပစ်လိုက်မှာနော် ဆိုတာကိုလည်း အမှုစစ်တရားသူကြီး သိစေချင်တယ်တဲ့။ မစဉ်းစား မဆင်ခြင်တတ်တဲ့ လူကြီးတစ်ယောက်ယောက်ရဲ့ လက်ထဲခင်ဗျားတိုင်စာရောက်သွားရင် ကျွန်တော့်ကို မတရားစီရင်ဆုံးဖြတ်တဲ့ တရားသူကြီးအဖြစ် အလွယ်တကူ ကောက်ချက်ချပစ်လိုက်နိုင်တာ သိလား ဆိုတော့ မသိရပါဘူးတဲ့၊ ခင်ဗျားကို ပုဒ်မ ၁၈၂ နဲ့ ကျွန်တော်က အမှုဖွင့်နိုင်တာကိုကော သိသလားဆိုတော့ ဆရာလုပ်ရင်လည်း ခံရမှာပေါ့တဲ့။ ကောင်း ရောဗျာ” 
       မိတ်ဆွေတရားသူကြီးတစ်ယောက်ကလည်း အဲသလိုညည်းတွားပြောဆိုဖူးပါတယ်။
       ကျွန်တော့်မှာ မေးခွန်းတစ်ခု ကောက်ရနေပါတယ်။ တရားစီရင်မှုကို တိုင်စာနဲ့ ထိန်းကျောင်းလို့ရသလား - ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။
       မကြာသေးခင်က တရားရေးမဏ္ဍိုင်ကို ဝိုင်းဝန်းကူညီထောက်မ ပေးရေး ဆိုတဲ့ အဆိုတစ်ရပ်ကို လွှတ်တော်ရဲ့ ရေးရာကော်မတီ ဥက္ကဋ္ဌ လုပ်တဲ့ ပုဂ္ဂိုလ်က တင်သွင်းသတဲ့၊ အဲဒီအဆိုနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်အမတ် တချို့ကလည်း စိတ်ဝင်တစား ဝင်ရောက်ပါဝင်ဆွေးနွေးကြသတဲ့။ ဆွေးနွေးချက်တွေထဲမှာ ကိုယ်စားလှယ်တစ်ဦးက လွယ်မောက်တောင် ဘုရားပွဲလူသတ်မှုမှာ တရားရုံးက တရားခံတွေကို မှားယွင်းပြီး အပြစ်ပေးတာခံခဲ့ရပါတယ် ဆိုတဲ့ တင်ပြချက် တစ်ခုပါရှိသတဲ့။ အဲဒီတင်ပြဆွေးနွေးချက်အပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ကိုယ်စား တရားသူကြီးတစ်ဦးက အရပ်သူ အရပ်သားတွေ အလွယ်တကူ နားလည်နိုင်လောက်တဲ့ စကားလုံးတွေနဲ့ ပြန်လည်ရှင်းလင်း တင်ပြခဲ့တာကို (သြဂုတ်လ ၂၁ ရက်နေ့က ထင်ပါရဲ့) ကြားလိုက်ရပါတယ်။
       တော်တော်စိတ်ဝင်စားစရာကောင်းလို့ မှတ်သားမိသရွေ့ ပြန်ပြောလိုပါတယ်။ 
       အမှုက ၂၀၀၂ ခုနှစ်၊ ဧပြီလလောက်က ကောလင်းမြို့နယ်၊ လွယ်မောက်တောင်ဘုရားပွဲမှာ ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်လုယက်မှုနဲ့ လူသတ်မှုပါ။ အမျိုးသမီးနဲ့ သူမရဲ့ အစ်ကိုဝမ်းကွဲတို့ ဘုရားပွဲမှာ ပွဲကြည့်နေခဲ့ရာက နံနက် (၁) နာရီလောက်မှာ ပွဲခင်းအပြင်ကိုထွက်ပြီး အပေါ့စွန့်ပါတယ်။ အပေါ့စွန့်ပြီး သောက်ရေခပ်ဖို့အလာမှာ အမည်မသိအမျိုးသား(၃)ဦးက မှတ်ပုံတင်ပါသလား မေးပြီး သူမရဲ့ အစ်ကိုဝမ်းကွဲကို တုတ်နဲ့ရိုက်ပစ်လိုက်ကြောင်း၊ သူမကိုလည်း အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်းနဲ့ သူမရဲ့ လည်ပင်းကဆွဲကြိုးကိုလည်း လုယက်ခဲ့ကြောင်း ကျူးလွန်ခံရတဲ့မိန်းကလေးက တိုင်တန်းတဲ့အမှု ဖြစ်ပါတယ်။ 
        အဲဒီအမှုမှာ တရားခံ ဝင်းအောင် ပါ ၃ ဦးကို ကောလင်းရဲစခန်းက တရားစွဲတင်ပို့ပါတယ်။ ကသာခရိုင်တရားရုံးက အမှုလက်ခံစစ်ဆေးပါတယ်။ တရားရုံးရှေ့နေစစ်ဆေးတဲ့ သက်သေခံချက်တွေအရ တရားလိုမိန်းကလေးကို အဓမ္မပြုကျင့်သူဟာ အသက်ကြီးကြီး လျှာထိုးဦးထုပ်ဆောင်းသူဖြစ်ကြောင်း၊ သူ့အစ်ကိုကို တုတ်နဲ့ရိုက်တော့ ကျန်တဲ့နှစ်ဦးက သူ့ကို ဆွဲခေါ်ခဲ့ကြောင်း၊ အသက်ကြီးကြီးလူက သူ့ကိုဦးစွာ အဓမ္မပြုကျင့်ပြီး ကျန်တဲ့ နှစ်ဦးကလည်း ပြုကျင့်ကြောင်း၊ အသက်ကြီးကြီးလူ အဓမ္မပြုကျင့်စဉ်က ထွက်ကျလာတဲ့ဓားကို မိန်းကလေးက ကောက်ယူထားပြီး ရဲစခန်းမှာ အမှုတိုင်တန်းတော့ အပ်နှံခဲ့ကြောင်း၊ လူမြင်ရင် မှတ်မိပါတယ်လို့ တိုင်တန်းခဲ့တဲ့အတွက် တရားသူကြီး ရှေ့မှောက် လူအများနဲ့ ရောနှောတန်းစီပြတဲ့အခါ အသက် ၅၂ နှစ်ဖြစ်တဲ့ ဝင်းအောင်ကို မှန်ကန်စွာ ရွေးထုတ်ပြနိုင်ပြီး ကျန်နှစ်ဦးကိုလည်း ညွှန်ပြနိုင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသတဲ့။
       အခင်းဖြစ်ညက ဝင်းအောင်ဟာ မီးသတ်ဝတ်စုံ ဝတ်ထားပြီး ဦးထုပ် ဆောင်းခဲ့ကြောင်း၊ ပူးတွဲတရားခံ နှစ်ယောက်နဲ့အတူ ပွဲခင်းမှာ ရှိနေခဲ့ကြောင်းနဲ့ အခင်းဖြစ်ည မတိုင်မီက ည ခွင်ဖန်ပြမယ်လို့ ပြောခဲ့ကြောင်း၊ ဝင်းအောင်ဟာ အလားတူ အမူအကျင့်မျိုး ပြုလုပ်လေ့ရှိတယ်လို့လည်း သက်သေခံချက် ရှိပါသတဲ့။ ဝင်းအောင်ဟာ အသက် ၅၂ နှစ်၊ ကျန်နှစ်ဦးက ၁၇ နှစ်နဲ့ ၅ နှစ်ဖြစ်လို့ အသက်ကြီးကြီးလူဆိုတဲ့ တရားလို မိန်းကလေးရဲ့ တိုင်ချက်နဲ့ ကိုက်ညီပါသတဲ့၊ အခင်းဖြစ်နေရာမှာ ကျန်ခဲ့တဲ့ ခြေရာပုံစံနဲ့ တရားခံ ဝင်းအောင်ရဲ့ ခြေရာပုံစံတို့ တူညီကြောင်း အင်းစိန် မှုခင်းတပ်ဖွဲ့ရဲ့ စစ်ဆေးတင်ပြချက်၊ သေသူ အစ်ကိုဝမ်းကွဲမှာ တုံးသောလက်နက်နဲ့ ပြုလုပ်တဲ့ဒဏ်ရာ၊ ဓားဒဏ်ရာတို့ ရရှိသေဆုံး ခဲ့တယ်ဆိုတဲ့ သက်သေခံချက်တွေအရ ကသာခရိုင်တရားရုံးက ပြစ်မှုထင်ရှား စီရင်ခဲ့တယ်လို့ ဆိုပါတယ်။ 
       ခရိုင်တရားရုံး အမှုစစ်ဆေးနေဆဲမှာပဲ တိုင်ကြားချက်များအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အမှုကို ထပ်မံစုံစမ်းစစ်ဆေးခဲ့ပြီး တရားခံ အစစ်အမှန်ဟာ ဝင်းအောင်ပါ-၃ ဦးတို့ မဟုတ်ကြောင်းနဲ့ ဆန်းဦးပါ-၃ ဦးတို့ ဖြစ်ကြောင်း အစီရင်ခံခဲ့တယ်လို့ ဆိုပါတယ်။ အမှုဖြစ်ပြီး(၁)နှစ်လောက်အကြာမှာ ဆန်းဦးက သူတို့ လူသတ်ခဲ့ကြောင်း ဘိုနီဆိုသူတို့ကို အရက်ဝိုင်းမှာ ပြောဆိုခဲ့တာကို ကြားသိရပါတယ်လို့ ထပ်မံ စုံစမ်းတဲ့ ရဲအရာရှိထံ ဘိုနီရဲ့ပြောဆိုချက်ကို အခြေခံပြီး တရားခံအစစ်အမှန်ဟာ ဆန်းဦးတို့သာဖြစ်တဲ့အကြောင်း ဆိုခဲ့ပေမယ့် ဆန်းဦးတို့ ဘယ်သို့ဘယ်ပုံ ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ လုံလောက်တဲ့ သက်သေခံချက်တွေ မတင်ပြနိုင်ခဲ့ ပါဘူးတဲ့။ ဝင်းအောင်တို့-၃ ဦးကို စီရင်ချက် မချမှတ်ရသေးတဲ့အချိန်မှာ ဆိုင်ရာရဲတပ်ဖွဲ့က ဆန်းဦးတို့ကို ဖမ်းဆီးတရားစွဲဆိုတာ၊ ဝင်းအောင်တို့ကို အမှုရုပ်သိမ်းခွင့်ပြုဖို့ လျှောက်ထားတာ၊ ဥပဒေ လုပ်ထုံးနည်းနာများကို ရှိတဲ့အတိုင်း လုပ်ဆောင်ခြင်း မပြုခဲ့တဲ့အတွက် ခရိုင်တရားရုံးက ဥပဒေအတိုင်း စီရင်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်တဲ့။
 +++++
       ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးရဲ့ ပြန်လည် ရှင်းလင်း တင်ပြချက်တွေမှာ စဉ်းစားဆင်ခြင်ဉာဏ်ရင့်သန်သူတို့အဖို့ရာ အလေးအနက် နှိုင်းချင့်စရာအချက်တွေ အများကြီးပါပါတယ်။ 
       “တရားရုံးများဟာ အမှုများစီရင်ဆုံးဖြတ်ရာမှာ တည်ဆဲဥပဒေ၊ ကျင့်ထုံး သက်သေခံဥပဒေ စတဲ့ စံနှုန်းသတ်မှတ်ချက်တွေအပေါ် အခြေပြုပြီး ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ တစ်ဖက်ဖက်က မကျေနပ်မှု ရှိနိုင်တာကြောင့် မကျေနပ်တဲ့ဘက်က အထက်ရုံးများကို အယူခံမှု၊ ပြင်ဆင်မှု ဝင်ရောက်ကြရပါတယ်။ တရားလို၊ တရားခံနှစ်ဖက်အကြား အမှားအမှန်ကို ဆုံးဖြတ်ပေးရတာ ဖြစ်တဲ့အတွက် မိမိလိုအင်ဆန္ဒနဲ့ မကိုက်ညီတဲ့သူက အဂတိလိုက်စား ဆုံးဖြတ်ခြင်းဖြစ်ကြောင်း အလွယ်တကူ အထောက်အထားမဲ့ စွပ်စွဲပြောဆိုတတ်ပါတယ်။ စွပ်စွဲပြောဆိုချက်ကို ကြားရတဲ့သူက အဲဒီပြောဆိုချက်ဟာ ခြေခြေမြစ်မြစ် ရှိမရှိ မစဉ်းစားဘဲ ဟုတ်မှာပဲလို့လည်း အလွယ်တကူ လက်ခံပြောဆိုလေ့ရှိတယ်”
       “တရားရုံးက ရနိုင်သမျှ အထောက်အထားအပေါ် အဆုံးအဖြတ် ပြုရာမှာ ငွေများတရားနိုင်၊ မမှန်မကန် ဘက်လိုက်ဆုံးဖြတ်ကြောင်း၊ အဂတိ လိုက်စားကြောင်း၊ အဆုံးအဖြတ်ကို မကျေနပ်သူရဲ့ အလွယ်တကူ စွပ်စွဲပြောဆိုချက်ကို လက်ခံကြမယ်ဆိုရင်၊ တရားရေးမဏ္ဍိုင် ကြံ့ခိုင်မှုမရှိကြောင်း ပြောဆိုနေကြမယ် ဆိုရင် ဝိုင်းဝန်းထောက်ကူ ဖေးမရာ ရောက်မှာ မဟုတ်ဘဲ တရားရုံးများအပေါ် ပိုပြီး အထင်အမြင် လွဲမှားနိုင်စရာသာရှိပါတယ်။” 
       “အမှုမှာ ပေါ်ပေါက်တဲ့သက်သေခံချက်တွေကို မချေဖျက်နိုင်တဲ့ တရားခံက မရေမရာ တင်ပြတဲ့ ခုခံချေပချက်ကို လက်ခံပြီး လက်ရှိပြစ်ဒဏ်ချမှတ်ခံရတဲ့ တရားခံများကို အမှုမှာ အပြစ်မရှိလို့ ဆုံးဖြတ်မယ်ဆိုရင် ကျူးလွန်ခံခဲ့ရရှာတဲ့ တရားလို မိန်းကလေးရဲ့နစ်နာမှု၊ သေဆုံးခဲ့ရရှာတဲ့ သူ့အစ်ကိုဝမ်းကွဲ မိသားစုတို့ရဲ့ နစ်နာမှုတွေကို ကုစားပေးရာ မရောက်နိုင်ပါကြောင်း၊ ကာကွယ်ပေးရာ မရောက်နိုင်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ် ခင်ဗျား။”
       တချို့သောသူတွေက တစ်ဖက်ပဲမြင်ပြီး တစ်နားပဲ ကြားပါတယ်။ အသက်အရွယ်နဲ့ ရာထူးရာခံ ကြီးရင့်မြင့်မားလာမှုကြောင့် ပေါင်းမယ့်သင်းမယ့်သူ နည်းလာပြီး “အထီးကျန်”လာတဲ့အခါ သတင်းက ရှားလာပါတယ်။ ဒရိုင်ဘာပြောလည်း ယုံလိုက်တာပဲ၊ မာလီပြောလည်း ယုံလိုက်တာပဲ။ တစ်ဖက်ခြံက အတင်းအဖျင်းကို အိမ်အကူမလေးက “အဲဒီလို ဘဘကြီးရဲ့” ဆိုလည်း ဟဲခနဲ ယုံပစ်လိုက်တာပဲ။ အဲဒီလို ပုဂ္ဂိုလ်ကြီးမျိုးရဲ့ လက်ထဲ တိုင်စာအစောင်(၁၀၀)ရောက် သွားလို့ကတော့ အစောင် (၁၀၀)စလုံး တိုင်သူ အမှန်ချည့် ပြောတော့တာ။ တရားစီရင်မှု အတွေ့အကြုံ ဆွံ့ရှားသူဖြစ်ရင် အလွန်ဆိုး။
       တရားစီရင်မှုဆိုတာ ယုံလောက်အောင် ပြောတတ်သူတို့ နှစ်ဖက်ဆိုင်ပြိုင် ကြတာချည့်၊ ယုံစရာချည့်၊ သူတို့လျှောက်လဲချက်တွေ ဝင်နားယောင်မိတာ ကျုပ်ဖြင့် နှစ်ဖက်စလုံး မှန်တယ်ထင်တာပဲ ဆိုသူတို့ကို မကြာမကြာ တွေ့ရတတ်တယ်။ တရားသူကြီးဆိုတာ နှစ်ဖက်ကြားနာတတ်အောင် လေ့ကျင့်သင်ကြားသူများ ဖြစ်ပါတယ်။ နားရွက်တစ်ဖက်၊ မျက်လုံးတစ်လုံးနဲ့ စီရင်လို့ ဘယ်ရလိမ့်မှာလဲ။
       နှစ်ဖက်အမှုသည်၊ နှစ်ဖက်ရှေ့နေတို့ သဲသဲမဲမဲဆိုင်ပြိုင်ကြလို့ သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ် ကျခံရနိုင်တဲ့ အမှုမှာ တရားခံ နွမ်းပါးလို့ ရှေ့နေမငှားနိုင်ရင်တောင်မှ နိုင်ငံတော်စရိတ်နဲ့ ရှေ့နေငှားရမ်းပေးဖို့ကို ရုံးတော်က တာဝန်ယူလို့၊ စီရင်ဆုံးဖြတ်မှုတစ်ခုကို ရှုံးနိမ့်တဲ့အခါ အထက်ရုံးကို အယူခံမှု၊ ပြင်ဆင်မှု တက်ရောက်နိုင်တဲ့ ဥပဒေပါ အခွင့်အရေးကို အသုံးပြုလို့။ တရားစီရင်မှုအတွက် တည်ဆောက်ခဲ့တဲ့ ဥပဒေ လုပ်ထုံးနည်းနာတွေက အင်မတန် လှပပါတယ်။ တချို့အမှုသည် ရှေ့နေရှေ့ရပ်တွေကပဲ ဒီဥပဒေပါ အခွင့်အရေးကို အသုံးမပြုဘဲ တရားသူကြီးကို တိုင်ကြားစာနဲ့ ခြောက်လှန့် ထိန်းကျောင်းဖို့ ကြိုးပမ်းလေ့ရှိပါတယ်။
       အဲဒီလို တိုင်ကြားစာကောင်းကောင်းနဲ့ တစ်ဖက်နားပဲရှိတဲ့ ပုဂ္ဂိုလ်ကြီးမျိုးနဲ့ တွေ့လို့ကတော့ ဂျီမနဲ့ ပဲခင်းတွေ့သလို အင်မတန့်ကို အတိုင်အဖောက်ညီ တော့တာ။ သို့သော် ကျွန်တော်တို့ နားလည်မိသလောက်တော့ဖြင့် တရားရုံးတစ်ရုံးရဲ့ မှားယွင်းစီရင်ဆုံးဖြတ်မှုကို သူ့အထက်တရားရုံးက ပြင်ဆင်တာက လွဲလို့ ဘယ်တိုင်စာဌာနကမှ ပြင်ဆင်ပယ်ဖျက်လို့ မရနိုင်ခဲ့ပါဘူး။
       တရားသူကြီးကို စိုးရိမ်ကြောက်လန့်အောင် ခြောက်လှန့်လိုတဲ့ ရည်ရွယ်ချက်မျိုး တိုင်ကြားသူတချို့မှာ ရှိကောင်းရှိနိုင်ပါတယ်။ တရားသူကြီးဆိုတာကလည်း အမှုစတင်ပြီ ဆိုကတည်းက တိုင်စာနဲ့ စတင်ခဲ့တာ၊ တိုင်ချက်နဲ့စတင် အမှုဖွင့်ရတာ၊ အဲဒါသူ့အလုပ်ဌာနရဲ့ သဘာဝပါ။
       တစ်ခုပဲ၊ တစ်ခုပါပဲ။ တရားသူကြီးဟာ ပညာအားဖြင့်လည်း မချို့တဲ့ဘူး၊ မရိုးမဖြောင့်မှုနဲ့ မတရားစီရင် ဆုံးဖြတ်လိုတဲ့သဘောလည်း မရှိဘူးဆိုရင်တောင်မှ သူဟာ စိုးရိမ်ကြောက်လန့်မှု တစ်ခုခုရှိနေမယ်ဆိုရင် အမှန်ကို ဘယ်လိုမှ မစီရင်နိုင်ဘူး၊ စိုးရိမ်ထိတ်လန့်နေတဲ့ တရားသူကြီးတစ်ယောက်ဟာ အမှန်ကို ဘယ်တော့မှ မစီရင်နိုင်ဘူး။ အမှန်ကို စီရင်ဆုံးဖြတ်စေချင်ရင် ကျွန်တော်တို့က သူ့ကိုခြောက်လှန့်ရမှာမဟုတ်ဘူး။ အမှန်ကိုစီရင်ရဲတဲ့သတ္တိရှိအောင် (encourage) လုပ်ပေးရမှာ။ 
       တရားစီရင်မှုကို တိုင်စာနဲ့ ထိန်းကျောင်းလို့ရနိုင်တယ်လို့ ကျွန်တော် မထင်မြင်ပါဘူး။       ။
ပြေလွင်မြင့်
ရာဇဝတ်ပြစ်မှုဆိုင်ရာပညာ (CRIMINALOGY) အခန်း - ၃
ရာဇဝတ်ပြစ်မှုဆိုင်ရာပညာ    (CRIMINALOGY)
📚📚📚📚📚📚📚📚📚📚📚📚📚
အခန်း - ၃
⛑⛑⛑
လောဘနှင့်ဒေါသအလျောက် ဖြစ်ပွားသည့် ရာဇဝတ်ပြစ်မှုများ 
📖📖📖📖📖📖📖📖📖📖📖📖📖📖📖
လောဘ-ဒေါသ-မောဟ-စိတ်ကြောင့် 
📖📖📖📖📖📖📖📖📖
      လူတို့သည် အခွင့်အခါကြုံခဲ့လျှင် မိမိတို့၏ အမျိုးဂုဏ်၊ အဆင့်အတန်းဂုဏ်၊ အသက်အရွယ်ဂုဏ်တို့ကိုပင် မဆင်ခြင် မထောက်ထား ကြဘဲ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်အလျောက် ရာဇဝတ်ပြစ်မှုများ ကျူးလွန်ကြသည်ကို နေ့စဉ်နှင့်အမျှ ရုံးတင် တရားစွဲသည့် လိမ်လည်မှု၊ အလွဲသုံးစားမှု၊ ခိုးမှု၊ လုယက်မှု၊ ဓါးပြတိုက်မှု၊ လူသတ်မှု၊ မုဒိန်းမှု စသည့်ပြစ်မှုများကို ဆန်းစစ်ကြည့်ခြင်းဖြင့် သိနိုင်ပေသည်။ ထိုရုံးတင် တရားစွဲသည့် အမှုများတွင် တရားခံအဖြစ် ပါဝင်သူများအနက် လူအမျိုးမျိုး၊ အဆင့်အတန်း အမျိုးမျိုး၊ အသက်အရွယ် အမျိုးမျိုး ပါဝင်ကြမည်ကို တွေ့ရကြပေမည်။ ရာဇဝတ်ပြစ်မှု ရာဇဝင်တွင် လူအဆင့်အတန်းအားဖြင့် မြင့်သည့်လူပင် ဖြစ်လင့်ကစား အခွင့်အခါကြုံက လောဘ စိတ်ကို မထိမ်းသိမ်းနိုင်သဖြင့် လူထု ကြည်ညိုအားထားမှုကိုပင် ဂရုမပြဘဲ ရာဇဝတ်ပြစ်မှုကို ကျူးလွန်သည့် အထင်ကရအမှုမှာ အင်္ဂလန်နိုင်ငံတွင် ဖြစ်ပွားသည့် “ဟိုရေရှိုဘွတ်တွမ်လီ”ခေါ်သူ၏ လိမ်လည်မှုဖြစ်သည်။ “ဘွတ်တွမ်လီ” မှာ ပထမကမ္ဘာစစ်ကြီး အတွင်းတွင် စစ်အောင်နိုင်ရေးအတွက် စစ်သားစုဆောင်းရာတွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့သဖြင့် ပြည်သူ့လူစွမ်းကောင်းတစ်ယောက်ဟု ချီးကျူးခြင်း ခံရသည့်အပြင်၊ အစိုးရ၏ ကျေးဇူးတင်ခြင်းကို ခံခဲ့ရသည်။ ၁၉၁၄ ခုနှစ်-၁၉၁၈ ခု နှစ်အတွင်းလောက်တွင် “ဘွတ်တွမ်လီ”မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီး တစ်ဦးထက်ပင် ထင်ရှားကျော်ဇော နာမည်ကြီးခဲ့သူ တစ်ဦးဖြစ်၏။ ၁၉၁၈ ခုနှစ်လောက်တွင် အစိုးရ စစ်အောင်နိုင်ရေး ငွေချေးလက်မှတ်များ ရောင်းသည့်အခါတွင် “ဘွတ်တွမ်လီ”သည် ဆင်းရဲသား လူထုလည်း ထိုငွေချေးလက်မှတ်၏ အကျိုးထူးကို ခံစားရန်ဆိုကာ စစ်အောင်နိုင်ရေး ငွေစုအသင်းဖွဲ့ကာ အစိုးရထုတ်သည့် ငွေစုလက်မှတ်များ၏ တန်ဘိုး နှစ်ဆယ် ရာခိုင်နှုန်းရှိ အစုဝယ်လက်မှတ်များကို ရောင်းချ၏။ ထိုသို့ ရောင်းချခြင်းဖြင့် အစိုးရတွင် စစ်အောင်နိုင်ရေး ငွေစုလက်မှတ်များကို ကုဋေချီ၍ ရောင်းရတော့၏။ နှစ်အနည်းငယ်အတွင်းတွင် ဆင်းရဲသားများသည် မိမိတို့ ဝယ်ထားသည့် ငွေစုလက်မှတ်ငယ်များကို လွှဲပြောင်းရာတွင်လည်းကောင်း၊၊ အမြတ်အတိုးရရန် တောင်းဆိုသည့် အခါတွင်လည်းကောင်း ရသင့်ရထိုက်သည့် ငွေများကို မရသဖြင့် သက်ဆိုင်ရာ အစိုးရဌာနသို့ တိုင်တန်းကြတော့၏။ ထိုအခါတွင် အစိုးရ၏ ပြည်သူ့ငွေစာရင်းစစ်အရာရှိက ထို“ဘွတ်တွမ်လီ” တည်ထောင်သည့် စစ်အောင်နိုင်ရေး ငွေစုအသင်း၏ စာရင်းအင်းများကို စစ်ဆေးကြည့်ရှုသည့်အခါ “ဘွတ်တွမ်လီ” သည် ငွေနှစ်သိန်းကျော်ခန့်ကို အလွဲသုံး စား ပြုလုပ်ထားကြောင်းကို တွေ့ရှိရတော့၏။ ထိုသို့ အလွဲသုံးစားပြုထားသည်ကို တွေ့ရှိသဖြင့် “ဘွတ်တွမ်လီ”အား တရားစွဲဆို အရေးယူရာတွင် ထောင်ဒဏ် အပြစ်ပေးခြင်း ခံရတော့၏။ 
ကသာငွေ တိုက်မှု 
📖📖📖📖📖
      ပြည်ထောင်စု မြန်မာနိုင်ငံတွင်လည်း ရာထူးအားဖြင့်လည်းကောင်း၊ အသက်အရွယ်အားဖြင့်လည်းကောင်း အခါအခွင့်ကြုံက လောဘစိတ်ကို မထိန်းနိုင်ဘဲ ရာဇဝတ်ပြစ်မှု ကျူးလွန်ကြောင်းကို ကသာငွေကိုက်မှ ငွေများခိုးယူ အလွဲသုံးစားပြုသည့် အမှုမှ သိနိုင်ပေသည်။ သောင်း ကျန်းသူများ ၁၉၄၉ ခု နှစ်ဦးလောက်တွင် ထကြွစဉ်က ကရင်သူပုန် များသည် မန္တလေးမြို့သို့ တိုက်ခိုက်ရန် ချီတက်လာသည့်အခါ ကသာမြို့ရှိ ငွေတိုက်မှ ငွေများကို သူပုန်တို့လက်သို့ မရောက်စေခြင်းငှါ အစိုးရက မြစ်ကြီးနားသို့ မီးရထားဖြင့် ရွှေ့ပြောင်းရန် အစီအစဉ် ပြုစေ၏။ ထိုသို့ အစီအစဉ် ပြုစေရာတွင် လောဘဇော မသတ်နိုင်သည့် အရာရှိအချို့သည် တင်ပို့ရမည့် ငွေသေတ္တာအချို့ကို ဖျောက်ထားပြီး ထိုငွေများကို ခိုးယူ အလွဲသုံးစာ ပြုကြလေသည်။ ဒေါသအလျှောက် စိတ်ကို မချုပ်တည်းနိုင်သည့်အတွက် အမျိုးဂုဏ်၊ အဆင့်အတန်းဂုဏ် စသည်တို့ကိုပင် မငဲ့ကွက်ဘဲ အခါအခွင့်အလျှောက် ရာဇဝတ် ပြစ်မှုများကို ကျူးလွန်ကြသည်မှာလည်း အများအပြားပင် ရှိလေသည်။ ထိုကဲ့သို့ ဖြစ်ပွါးသော ရာဇဝတ်ပြစ်မှုများကို နေ့စဉ်နှင့်အမျှ သတင်းစာများတွင် တွေ့နိုင်ကြပေမည်။ 
ဒေါသမီး
📖📖
      အမျိုးဂုဏ်အားဖြင့် မြင့်၍ ဥစ္စာပစ္စည်းအားဖြင့် ကြွယ်ဝချမ်းသာပြီး ပညာလည်း အတော်အတန် တတ်မြောက်သူ ဖြစ်သော်လည်း ဒေါသကို မချုပ်တည်းနိုင်၍ အခါအခွင့် ကြုံသည့်အလျှောက် ရာဇဝတ် ပြစ်မှုကို ကျူးလွန်ခဲ့သည့် ပြစ်မှုတစ်ခုမှာ ကျိုက္ခမီခရိုင်၊ မုဒုံမြို့အပိုင်က မာဝက်ရွာတွင် ဖြစ်ပွါးခဲ့သည့် သူဋ္ဌေးသားဖုန်းရွှေ၏ လူသတ်မှုဖြစ်သည်။ ဖုန်းရွှေမှာ ဥစ္စာစီးပွါး အလွန်ချမ်းသာသူ၏ သားဖြစ်ပြီး ခေတ်အလိုက် ပညာ အတော်အတန် တတ်မြောက်သူ တစ်ဦးဖြစ်သည်။ ၎င်းနေထိုင် သည့် နယ်တဝိုက်တွင်လည်း လူသူလေးစားခြင်း ခံရသူတစ်ဦးဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီးမဖြစ်မီ အချိန်လောက်တွင် ဖုန်းရွှေသည် တစ်နေ့၌ မိမိအိမ်မှ အပြင်သို့ ကိစ္စတစ်ခုနှင့် သွားရောက်နေ၏။ ထိုအချိန်တွင် တစ်ရွာတည်းနေ လူမိုက်ဖြစ်သူ ရွှေလုပ်သည် မူးယစ်လျက် ဖုန်းရွှေ၏ အိမ်ပေါ်သို့ တက်ရောက်ကာ သူ၏ဖခင်နှင့် ကိုယ်ဝန်ရှိသူ ဇနီးတို့အား ရိုက်နှက်လေသည်။ ဖုံးရွှေသည် အလုပ်ကိစ္စပြီး၍ အိမ်သို့ပြန် ရောက်လာသည့်အခါ အိမ်တွင် ဆူညံသံကြား၍ ပြေးကာ ဝင်ရောက် ကြည့်ရာတွင် မိမိ၏ ဖခင်နှင့် ဇနီးဖြစ်သူတို့အား ရွှေလုပ်က ရိုက်နှက် နေသည်ကို တွေ့ရှိသဖြင့် ဒေါသကို မချုပ်တည်းနိုင်ဘဲ မိမိလက်တွင် ပါလာသည့်တုတ်ဖြင့် ရိုက်လိုက်၏။ ထိုသို့ရိုက်လိုက်ရာတွင် ရွှေလုပ်မှာ နေရာတွင် ပုံ၍လဲကျသွား၏။ ရွှေဖူးနှင့် အတူပါလာသူ မိတ်ဆွေနှစ်ဦးလည်း အသက်ကြီးသူ ဖုံးရွှေ၏ ဖခင်နှင့် ကိုယ်ဝန်ရှိသူ ဖုန်းရွှေ၏ဇနီးတို့အား ရွှေလုပ် စော်ကားနေသည်ကို တွေ့၍ ဒေါသကို မချုပ်တည်းဘဲ ဝင်ရောက်၍ ဖုန်းရွှေနှင့်အတူ ရိုက်နှက်ကြ၏။ ရွှေလုပ်မှာ ဖုန်းရွှေနှင့် ၎င်းမိတ်ဆွေနှစ်ဦးတို့ ရိုက်နှက်သည့် ဒဏ်ရာဖြင့် သေဆုံးသွား၏။ ထိုလူသတ်မှုကို တရားစွဲတင်ရာ ဖုန်းရွှေနှင့် အပေါင်းပါ နှစ်ဦးတို့မှာ ထောင်ဒဏ် အပြစ်ပေးခြင်း ခံကြရလေသည်။
       ပြည်သူလူထု၏ကိုယ်စား အားထားမှုကိုခံရသည့် ပြည်သူ့လွှတ် အမတ်ပင် ဖြစ်လင့်ကစား အခွင့်အခါ ကြုံလာလျှင် ဒေါသကို မချုပ်တည်းနိုင်ဘဲ ရာဇဝတ်မှုကို ကျူးလွန်တတ်လေသည်။ ဒုတိယ ကမ္ဘာစစ်ကြီးမဖြစ်မီက မြန်မာပြည် မြောက်ပိုင်း မင်းတိုင်ပင် အမတ်တစ်ဦးသည် ညဥ့်စာထမင်းကို ဆိုင်တစ်ဆိုင်တွင် စားသောက်နေစဉ် ဆိုင်တွင်းရှိ အခြားလူတစ်ဦးနှင့် အချင်းများကြ၏။ ထိုသို့ အချင်းများသည်တွင် အမတ်မင်းသည် ဒေါသကို မချုပ်တည်းနိုင်သဖြင့် မိမိတွင် ပါလာသည့် သေနတ်ဖြင့် မိမိနှင့် အချင်းများသူအား ပစ်ခတ်ရာ ဒဏ်ရာကြီးစွာ ရလေသည်။ ထိုအမှုကို ရုံးတင် တရားစွဲရာတွင် ထိုမင်းတိုင်ပင်အမတ်မှာ ထောင်ဒဏ် အပြစ်ပေးခြင်း ခံရလေသည်။ 
ရဟန်းသော်မှ ဒေါသမီးကြွလျှင် 
📖📖📖📖📖📖📖📖
      နှစ်ရာ့နှစ်ဆယ် ခုနစ်သွယ်သော သိက္ခာပုဒ်ကို စောင့်ထိန်းကြရသည့် သံဃာတော်များပင် ဖြစ်လင့်ကစား ဒေါသအလျှောက် အခွင့်အခါကြုံက ရာဇဝတ်ပြစ်မှုကို ကျူးလွန်တတ်ကြလေသည်။ ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီက မော်လမြိုင်မြို့အနီးတွင် လူသူများ ကြည်ညို ကိုးကွယ်ခြင်းခံရသော ဦးသုတ ဆိုသည့် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ရှိ၏။ သို့သော် ၎င်းဘုန်းကြီး၏ ကျောင်းဝင်အတွင်းရှိ ဇရပ်တွင် နေထိုင်သည့် သီလရှင် မယ်ခေမာ ဆိုသူနှင့် ထိုကျောင်းထိုင်ဘုန်းကြီးတို့ နေထိုင်ပုံကို ရပ်ရွာရှိ လူတို့က မနှစ်သက်၍ ဘုန်းကြီးတစ်ပါးကို ပင့်ခေါ်ပြီး ကျောင်းတစ်ကျောင်း ဆောက်ပေးကာ ဘုန်းကြီး ဦးသုတ၏ ကျောင်းအနီးတွင် ကျောင်းထိုင်စေ၏။ သာမန်လူတို့ ဖြစ်ပျက်လေ့ရှိသည့်အတိုင်း ထိုဘုန်းကြီးနှစ်ပါးမှာ တစ်ပါးနှင့်တစ်ပါး မသင့်မတင့် ရှိကြ၏။ တစ်နေ့သောအခါဝယ် ဘုန်းကြီး ဦးသုတက ဦးဇာဂရ ကျောင်းနှင့် ဆက်စပ်လျက်ရှိသော မိမိ၏ ကျောင်းဝင်းခြံကို မိမိကျောင်းရှိ ကျောင်းသားသူငယ်များအား ပြုပြင်စေရာ ထိုကျောင်းသားသူငယ်များသည် ဦးဇာဂရ ကျောင်းမြေပေါ်သို့ ဝင်ရောက်ကြ၏။ ထိုအခါ ဘုန်းကြီး ဦးဇာဂရက ကျောင်းသူ၊ ကျောင်းသားများအား ကြိမ်းမောင်း၍ မောင်းနှင်ထုတ်၏။ ကျောင်းသားသူငယ်များသည် မိမိတို့၏ ဆရာဘုန်းကြီးအား သွားရောက် တိုင်ပြောရာ ဆရာဘုန်းကြီးလုပ်သူ ဦးသုတမှာ ဒေါသအလျှောက် ဦးဇာဂရ ကျောင်းသို့ သွားရောက်ပြီး ဦးဇာဂရကိုယ်တော်အား ထိုးကြိတ်တော့၏။  ဦးဇာဂရမှာ မိမိ၏အနီးရှိ ဓါးဖြင့်ယူ၍ ဦးသုတအား ခုတ်ရာ ဦးသုတမှာ ဒဏ်ရာကြီးစွာ ရရှိသွား၏။ ဓါးခုတ်မှုဖြင့် ဦးဇာဂရအား တရားစွဲဆိုရာ ထောင်ဒဏ် အပြစ်ပေးခြင်း ခံရလေသည်။ ထို့ကြောင့် ရာဇဝတ်ပြစ်မှုများကို အခါအခွင့် ကြုံခဲ့လျှင် လူတို့သည် အမျိုးမရွေး၊ အဆင့်တန်းမရွေး၊ အရွယ်မရွေး လောဘ၊ ဒေါသနှင့် မောဟစိတ်အလျှောက် ကျူးလွန်ကြသည်မှာ ထင်ရှားလှတော့၏။      ။
ဦးဝိဇ္ဇာ
Thursday, January 3, 2019
ရာဇဝတ်ပြစ်မှုဆိုင်ရာပညာ (CRIMINALOGY) အခန်း - ၂
ရာဇဝတ်ပြစ်မှုဆိုင်ရာပညာ    (CRIMINALOGY)
📚📚📚📚📚📚📚📚📚📚📚📚📚
အခန်း - ၂
⛑⛑⛑
စိတ်ရောဂါမကင်းသူများနှင့် ရာဇဝတ်ပြစ်မှုများဆက်စပ်ပုံ
📚📚📚📚📚📚📚📚📚📚📚📚📚📚
ရာဇဝတ်ပြစ်မှု ကျူးလွန်သူကို လေ့လာနည်း ၂ - ရပ်
📖📖📖📖📖📖📖📖📖📖📖📖📖
      ရာဇဝတ်ပြစ်မှုဆိုင်ရာပညာမှာ ရာဇဝတ်ပြစ်မှု ဖြစ်ပွါးခြင်း အကြောင်းဖြင့် ရာဇဝတ်ပြစ်မှု ကျူးလွန်သူကို အကြောင်းကို စုံစမ်းလေ့လာသည့် ပညာရပ်ဖြစ်သည်။ ထိုပညာရပ်ကို အနောက်နိုင်ငံများတွင် ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့၏ သဘာဝ အထုပ္ပတ္တိပညာနှင့် ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့၏ ဆက်ဆံ ပေါင်းသင်းမှုပညာဟု နှစ်ရပ် ထပ်မံခွဲပြီး လေ့လာလေသည်။ ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့၏ သဘာဝ အထုပ္ပတ္တိ ပညာတွင် ရာဇဝတ်ပြစ်မှု ကျူးလွန်သူ၏ မျိုးရိုးဗီဇ၊ ကိုယ်လက်အင်္ဂါ အနေအထားနှင့် စိတ်ဓါတ်အခြေအနေ စသည့် ကိုယ်လက်အင်္ဂါနှင့် စိတ်တို့ကို ပိုင်းခြား၍ လေ့လာသည်။ ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့၏ ဆက်ဆံ ပေါင်းသင်းမှုပညာတွင် ရာဇဝတ်ပြစ်မှု ကျူးလွန်သူသည် ငယ်စဉ်မှ မည်သို့ပေါင်းသင်း ဆက်ဆံမှုကြောင့် ရာဇဝတ်ပြစ်မှု ကျူးလွန်သည့် အခြေရောက်ရသည်ကို စုံစမ်းလေ့လာသည်။
အကြောင်းအမျိုးမျိုး 
📖📖📖📖📖
     မကောင်းမှုများကို ကျူးလွန်ကြသူများသည် လောဘ-ဒေါသ-မောဟစိတ်များကြောင့် ကျူးလွန်ကြခြင်းဖြစ်သည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်သော်ငြားလည်း၊ ထိုသို့ ရာဇဝတ်ပြစ်မှု ကျူးလွန်သူများတွင် စိတ်ရောဂါ မကင်းသူများ၊ ရာဂစိတ်ထူးကဲ ဖေါက်ပြန်သူများနှင့် အပေါင်းဖျက်သဖြင့် ပျက်စီးကြသူများက ဦးရေပိုမို များပြားသည်ကို တွေရမည် ဖြစ်သည်။ စိတ်ရောဂါရှိသူ၊ စိတ်ရောဂါမကင်းသူများသည် မိမိတို့၏ ချစ်ခင်သော ဆွေမျိုးများကို ၎င်း စိတ်,နောက် ပေါက်လာသည့်အခါ ရက်စက်စွာ သတ်ဖြတ်ကြသည်ကို မကြာခဏ သတင်းစာများထဲ၌ ဖတ်ရှုကြရပေသည်။ အချို့သောသူများမှာ သာမန်အားဖြင့် စိတ်ရောဂါ မရှိ၊ ပကတိ လူကောင်းများပမာ လူအများက ထင်မြင်ကြရ၏။ သို့သော် ရာဇဝတ်ပြစ်မှု ကျူးလွန်ပြီး၊ ၎င်းကို စမ်းသပ်ကြည့်သည့်အခါမှသာ စိတ်ရောဂါမကင်း၊ အတွင်းစိတ် ချွတ်ယွင်းနေရှာသည့်အတွက် ပြစ်မှုကို ကျူးလွန်ကြောင်း သိရှိရလေသည်။ ၁၉၄၉ ခုနှစ်လောက်က အင်္ဂလန်ပြည်တွင် မစ္စဒူရန်ကင် ဆိုသူနှင့် အခြားလူ ရှစ်ဦးတို့အား ရက်စက်စွာ သတ်သည့် ဂျွန်ဂျော့ဟိတ် ဆိုသူမှာ အပေါ်ယံအမြင်အားဖြင့် ၎င်းအား စိတ်ရောဂါရှိသူတစ်ဦးဟု ယူဆနိုင်စရာ အကြောင်းမရှိချေ။ လူသတ်မှုများကို ကျူးလွန်ပြီးသည့်နောက် ၎င်း၏ဇစ်မြစ်ကို စုံစမ်းသည့်အခါတွင်မှသာ ငယ်စဉ်က မကြာခဏ စိတ်နောက်ရောဂါ စွဲကပ်ခဲ့ဖူးသည့် အကြောင်းရင်းကြောင့် ရာဇဝတ်ပြစ်မှုကို ကျူးလွန်မိကြောင်း တွေ့ရှိရချေသည်။
ထူးကဲသော ရာဂစိတ်ဖောက်ပြန်မှု
📖📖📖📖📖📖📖📖
      ရာစိတ်လွန်ကဲ ဖောက်ပြန်သူများလည်း ရာဇဝတ်ပြစ်မှုများကို သာမန်လူများထက် ပိုမိုကျူးလွန်တတ်သည်။ ရာဂစိတ်ထူးကဲ ဖောက်ပြန်သူများသည် မိမိတို့၏ ပတ်ဝန်းကျင်အခြေ မည်သို့ပင် ရှိစေကာမူ ရာဂစိတ် ဖောက်ပြန်မှုကြောင့် မရှက်မကြောက် လူများ ရွံရှာမုန်းတီး သည့် ရာဇဝတ်ပြစ်မှုများကိုပင် ကျူးလွန်နိုင်ကြသည်။ အင်္ဂလန်ပြည်၌ ၁၉ ရာစုနှစ် အဆုံးလောက်တွင် နာမည်ကျော် စာရေးဆရာကြီး အေနာ့(စ) ကာပိုင်းမှာ ကွင်း(စ)ဘဲရီးမြို့စား၏သား လော့(ဒ်)အယ်ဖရက် ဒေါက်ကလပ်နှင့် ရာဇဝတ်ပြစ်မှုမကင်းသည့် ရာဂဖောက်ပြန်မှုကို ကျူးလွန်ခြင်းကြောင့် ကမ္ဘာကျော် တရားစီရင်မှုကြီးတစ်ခု ဖြစ်ပေါ်စေခဲ့ဖူးလေသည်။ ယခု လောလောဆယ်တွင်ပင် အင်္ဂလန်ပြည်တွင် ဘိုလျူးမြို့စား လော့(ဒ်)မွန်တေဂူသည် ယောက်ျားကလေးများနှင့် အကျင့်ဖောက်ပြားသည် ဆိုသည့်အတွက် ရုံးတင်တရားစွဲဆိုခြင်းခံရဆဲဖြစ်သည်။ အမေရိကန်ပြည်၊ နယူးယောက်မြို့တွင်လည်း လွန်ခဲ့သည့် သြဂုတ်လလောက်တွင် ဟာလိုဖရေဒင် ဆိုသူ မိန်းမစိတ်ပေါက်လျက်ရှိသော ယောက်ျားငယ်မှာ မိမိချစ်သူ ဒင်နစ်ဝက်(ပ်)မင်း ဆိုသူ ယောက်ျားငယ်နှင့် မိဘများ၏ လက်ရှိပစ္စည်းများသာမက ၎င်းတို့ သေဆုံးသည့်အခါမှ ရနိုင်မည့် အသက်အာမခံငွေများဖြင့် လွတ်လပ်ပျော်ရွှင်စွာ နေနိုင်ရန် မိခင်နှင့် ဖခင်တို့အား တစ်ရက်တွင် အဆိတ်ခတ် သတ်ခဲ့ဖူးလေသည်။
အပေါင်းဖျက်ဆီးမှု
📖📖📖📖📖
      ပေါင်းသင်းဆက်ဆံမှုကြောင့် ပျက်စီးကာ ရာဇဝတ်ပြစ်မှု ကျူးလွန်ကြသည်။ ရန်ကုန်မြို့ရှိ တရားရုံးများတွင် မကြာခဏ အမျိုးကောင်း သူငယ်များသည် လုယက်မှု ဓားပြတိုက်မှုများတွင် တရားခံအဖြစ် ပါဝင်လျက်ရှိကြသည်ကို တွေ့ရှိရသည်။ ဤသို့ပျက်စီးကြရသည့် အကြောင်းရင်းများမှာ လောင်းကစားခြင်း၊ အရက်သောက်စားခြင်း၊ မိန်းမများနှင့် ပျော်ပါးခြင်းတို့ကို အလွန်အကျူး လိုက်စားခြင်းတို့ကြောင့် ဖြစ်သည်။ ဤသို အပေါင်းအသင်းဖျက်၍ ပျက်စီးရသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့မှာ အနောက်နိုင်ငံများ၌လည်း အမြောက်အမြား ရှိကြသည်။ အင်္ဂလန်ပြည်၌ အပေါင်းဖျက်၍ ပျက်စီးပြီး မကောင်းမှု ရာဇဝတ်အပြစ်ကို ကျူးလွန်သည့် အထင်ကရအမှုမှာ ၁၉၃၂ ခုနှစ်လောက်တွင် ဖြစ်ပွါးခဲ့သည့် မစ္စတာ စကော့စတီဖင်အား သတ်မှုပင်ဖြစ်သည်။ မစ္စက် ဘာနီ ဆိုသူမှာ မိကောင်းဖကောင်းမှ မွေးဖွားလာသူ တစ်ယောက်ဖြစ်သော်လည်း ငယ်စဉ်က အိမ်ထောင်ပျက်ပြီး မကောင်းသူများနှင့် ပေါင်းသင်း ဆက်ဆံမိ၍ သောက်စားမူးယစ်၊ အပျော်အပါး လိုက်စားကာ မစ္စတာ စကော့စတီဖင် ဆိုသူ သူငယ်တစ်ယောက်နှင့် တရားမဝင်သည့် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့၏။ ထိုစတီဖင်မှာ အလုပ်အကိုင် မလုပ်ကိုင်ဘဲ မစ္စက်ဘာနီ၏ ဥစ္စာပစ္စည်းများကို သုံးစွဲစားသောက်နေရုံသာမက မကြာခဏ နိုင်လိုမင်းထက် ပြုကျင့်ပြီး ထွက်ခွါသွားမည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်သည်တွင် မစ္စက်ဘာနီမှာ စတီဖင်အား တစ်နေ့သောအခါ ထိုသို့ခြိမ်းခြောက်သည်တွင် မခံမရပ်နိုင်၍ သေနတ်ဖြင့် ပစ်သတ်မိတော့၏။ အခန်း-၁ တွင် ဖော်ပြခဲ့ပြီးသော အမေရိကန်ပြည် ကန်ဆတ်(စ်)မြို့တွင် ဖြစ်ပွားသည့် လူပြန်ပေးမှုတွင် ပါဝင်သည့် မစ္စတာဟောနှင့် မစ္စက်ဟေဒီ တို့မှာလည်း နဂိုကောင်းသော်လည်း အပေါင်းအသင်းဖျက်၍ ပျက်စီးခဲ့ရသောသူများ ဖြစ်လေသည်။ 
ရာဇဝတ်ပြစ်မှုကာကွယ်နည်းများ
📖📖📖📖📖📖📖📖
      စိတ်ရောဂါမကင်းသောကြောင့်လည်းကောင်း၊ ရာဂစိတ်လွန်ကဲ ဖောက်ပြန်ခြင်းကြောင့်လည်းကောင်း ရာဇဝတ်ပြစ်မှုကျူးလွန်ခြင်းကို လွယ်ကူစွာ ကြိုတင်သိရှိနိုင်ရန် ခက်ခဲသည့်အလျှောက်၊ မကာကွယ်နိုင်ကြသော်လည်း၊ အပေါင်းအသင်းကြောင့် ပျက်စီးကာ ရာဇဝတ်မှု ကျူးလွန်ခြင်းကို ကာကွယ်နိုင်၏။ ထို့ကြောင့် အနောက်နိုင်ငံများတွင် ပေါင်းသင်းဆက်ဆံရေး မြှင့်တင်သည့် ကစားခုံစားအသင်းများ၊ အနုပညာအသင်းများ၊ ပြဇာတ်အသင်း၊ ပေါင်းသင်းဆက်ဆံမှုအသင်းများ စသည့် အဖွဲ့အစည်းများကို ဖွဲ့စည်းတည်ထောင်ကာ အမျိုးမျိုးသောနည်းတို့ဖြင့် ပေါင်းသင်းဆက်ဆံရေးကို မြှင့်တင်ခြင်းဖြင့် ရာဇဝတ်မှုတားဆီးရေးကို ဆောင်ရွက်လျက်ရှိကြ၏။ ရန်ကုန်မြို့တွင်လည်း ယခုအခါ လူငယ်ဂေဟာ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးဌာန၊ အမျိုးသမီး စောင့်ရှောက်ရေးဌာန စသည်ဖြင့် ပေါင်းသင်းဆက်ဆံရေးကို မြှင့်သည့်လုပ်ငန်းရပ်များကို ဆောင်ရွက်လျက်ရှိကြသော်လည်း တစ်နိုင်ငံလုံးတွင် ပေါ်ပေါက်လျက်ရှိသည့် ရာဇဝတ်မှုဦးရေနှင့် နှိုင်းစာက နည်းလှ- မညီမျှလှသေးပေ။ ထိုသို့သော အလားတူအဖွဲ့အစည်းမျိုးများကို ပြည်ထောင်စု နိုင်ငံတွင်းရှိ တောလက်ကျေးရွာမကျန် ဖွဲ့စည်းကြခြင်းဖြင့် ပေါင်းသင်းဆက်ဆံကို တိုးတက်စေ၍ ရာဇဝတ်မှုပပျောက်ရေးကို ယခုထက် ထိရောက်စွာ ရွက်ဆောင်နိုင်ပေမည်။     ။
⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑
ဦးဝိဇ္ဇာ
ရာဇဝတ်ပြစ်မှုဆိုင်ရာပညာ (CRIMINALOGY) အခန်း - ၁
ရာဇဝတ်ပြစ်မှုဆိုင်ရာပညာ    (CRIMINALOGY)
📚📚📚📚📚📚📚📚📚📚📚📚📚
အခန်း - ၁ 
ရာဇဝတ်ပြစ်မှုကျူးလွန်သူတို့၏ စိတ်ဓါတ်
📖📖📖📖📖📖📖📖📖📖
 ရာဇဝတ်ပြစ်မှု ကျူးလွန် သူတို့၌ စိတ် ဓါတ် အမျိုးမျိုးရှိကြလေသည်။ အချို့မှာ မိမိကိုယ်ကိုမိမိ အထင်ကြီးသော စိတ်ဓါတ်၊ အချို့မှာ ကြွားဝါတတ်သော စိတ်ဓါတ်၊ အချို့မှာ စိတ်ငယ်သော စိတ်ဓါတ် စသဖြင့် ရှိကြလေသည်။ သို့ သော် မည်သည့် ရာဇဝတ်မှု ကျူးလွန်သူမဆို ၎င်းတို့ထက် အင်အားငယ်သည့် လူများကို အနိုင်အထက် ပြုလုပ်တတ်သည့် စိတ်ဓါတ်၊ ပြုလုပ်ချင်သည့် စိတ်ဓါတ် ရှိကြစမြဲဖြစ်သည်။ထိုသို့သော စိတ်ဓါတ်ရှိသောကြောင့် လက်နက်စွဲကိုင်သည့် ဓါးပြများသည် လက်နက်မဲ့ ရွာသိမ် ရွာငယ်များသို့ ဝင်ရောက်ပြီး ရွာသားများကို အနိုင်အထက် ပြုကျင့်ကာ ပစ္စည်းလု၊ လူနှိပ်စက် လုပ်ကြ၏။ ရပ်ရွာထဲတွင် သောက်စားမူးရစ်ပြီး မိမိ ကိုယ်ကို မိမိလူမိုက်ဟု အထင်ကြီးသည့် လူသည် မိမိနိုင်သူကို နှိပ်စက်ကလူ ပြုလေ့ ပြုထ ရှိပြီး မိမိကြောက်ရမည့် လူမျိုးကိုမူကား အသေအလဲ ကြောက်တတ်ကြ၏။ ထိုသို့သော အနိုင်အထက် ပြုကျင့်သော စိတ်ဓါတ်ရှိသူတို့သည် မိမိတို့ထက် အင်အားကြီးမားသည့်လူများ၊ အဖွဲ့အစည်းများ၊ သိုမဟုတ် မိမိတို့ ကြောက်ကြရ မည့် လူများ၊ အဖွဲ့အစည်းများကိုမူ အကြောင်းမရှိ၊ ကြောက်တတ်သည့် စိတ်ဓါတ်ရှိကြ၏။ ထို့အတွက်ကြောင့် ရာဇဝတ်ပြစ်မှု ကျူးလွန်သူတိုင်းပင်လျှင် ပြစ်မှုနှိမ်နင်းသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ကြောက်ရွံ့ ကြစမြဲဖြစ်၏။
စိတ်ဓါတ်လေ့လာ၍   နှိပ်ကွပ်နည်းရှာ
📖📖📖📖📖📖📖📖📖
 အနောက်နိုင်ငံများတွင် ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့၏ စိတ်ဓါတ်များကိုသိရန် ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့၏ စိတ်ဓါတ်ပညာ ( Criminal Psychology ) နှင့် ရာဇဝတ်ပြစ်မှုကျူးလွန်ခြင်း အကြောင်းရင်းများကို သိသာရန် ရာဇဝတ်ပြစ်မှုပညာရပ် (Criminology ) တို့ကို ပညာရပ်များအဖြစ်ဖြင့် လေ့လာကြပြီး ပြစ်မှုကျူးလွန်သူကို နည်းပါးအောင် နည်းအမျိုးမျိုးတို့ကို တည်ထွင်ကာ ရာဇဝတ်ပြစ်မှုကို နှိမ်နင်းကြတော့၏။ အရေးကြီးသော ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့အကြောင်းကို နည်းအမျိုးမျိုးတို့ဖြင့် လေ့လာ စုံစမ်းကြရာတွင် တိုင်းပြည်တပြည်၏ ဓလေ့ထုံးစံ၊ လူမျိုးအနေနှင့် ထားတတ်သည့် စိတ်ဓါတ် စသည်တို့ကိုပါ ထည့်သွင်း၍ စဉ်းစားကြလေသည်။ 
ပြင်သစ်နည်း
📖📖📖
ဥပမာ ပြင်သစ်ပြည်တွင် ဥပဒေအရ ရာဇဝတ်ပြစ်မှုကျူးလွန်သူသည် မိမိပြစ်မှု မကျူးလွန်ကြောင်း ချေပရမည့် တာဝန်မှာ ၎င်းအပေါ်တွင် သက်ရောက်သဖြင့် ရာဇဝတ်ပြစ်မှု တခုဖြစ်ပေါ်လာလျှင် ၎င်းအား ထိုအမှုအတွက် မသင်္ကာခြင်းခံရမည်ကို များစွာကြောက်ရွံ့ကြ၏။ ထို့အတွက် ရာဇဝတ်ပြစ်မှု မကင်းသည့်သူသည် ပြစ်မှုတခု ကျူးလွန်ပြီးခဲ့လျှင် အနေအထိုင် အမှားမှား အချော်ချော် ဖြစ်ရ၏။ ဤသို့အနေအထိုင်၊ အသွားအလာ မှားမှုကို ရာဇဝတ်ပြစ်မှု နှိမ်နင်းရေးအဖွဲ့က စုံစမ်းပြီး ၎င်းလူကို ဖမ်းဆီးကာ သေချာစွာ စစ်ဆေးမေးမြန်းခြင်းဖြင့် များသောအမှုများ၌ တရားခံများသည် အမှန်ကို ထုတ်ဖေါ်ကာ မိမိတို့ ပြစ်မှုကျူးလွန်ကြောင်းကို ဝန်ခံကြတော့၏။ ဤအမှုစုံစမ်းသည့် စနစ်ကို ပြင်သစ်ပြည်တွင် ထမြောက်အောင်မြင်စွာ အသုံးပြုသည်ကို ရာဇဝတ်မှုပြစ်မှု လေ့လာသူတိုင်း ၁၉၅၃ ခုနှစ်က အင်္ဂလိပ်လူမျိုး စားနပ်ရိက္ခာ ပါရဂူကြီးဖြစ်သော ဆာဂျက် ဒရမ်းမွန်း (Sir Jack Drummond)နှင့် ၎င်း၏ ဇနီးသမီးများကို ပြင်သစ်ပြည် တောင်ပိုင်းတွင် ဂျီ ဒိုမီနီစီ (G.Dominici.) ဆိုသူက သတ်သည့် လူသတ်မှု စုံစမ်းပေါ်ပေါက်လာပုံတွင် အကဲခပ် နိုင်၏။ ထိုလူသတ်မှုတွင် ပြင်သစ်ပြစ်မှု နှိမ်နင်းရေးအဖွဲ့မှ လူသတ်မှု စစ်ဆေးရာတွင် ပြင်သစ်ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့၏ စိတ်ဓါတ်နှင့် ပြင်သစ်ရာဇဝတ် ပြစ်မှုနှိမ်နင်းသည့်အဖွဲ့တို့ အသုံးပြုသည့် စည်းစနစ် တို့ကို ကောင်းစွာသိနိုင်လေသည်။ 
အင်္ဂလိပ်နည်း
📖📖📖📖
 အင်္ဂလန်ပြည်တွင်မူ အင်္ဂလိပ်လူမျိုးများသည် လူမျိုးအနေနှင့် မိမိတို့၏ အတွင်းရေး အကြောင်းများကို အခြားလူများ သိမှာ များစွာ ကြောက်တတ်ကြ၏။ ၎င်းပြင် အင်္ဂလိပ်လူထုမှာ ပြစ်မှုကြီးများ ဖြစ်ပွားခဲ့လျှင် ရာဇဝတ်နှိမ်နင်းရေးအဖွဲ့ကို တတ်နိုင်သောဘက်မှ အကူအညီ ပေးလိုသော အလေ့ရှိ၏။ ထို့အတွက် ဤလူမျိုးတို့၏ ဓလေ့နှင့် စိတ်ဓါတ်ကို ကောင်းစွာ လေ့လာသိရှိသော အင်္ဂလိပ် ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့တို့မှာ ပြစ်မှုတခု ဖြစ်ပွားခဲ့လျှင် ထိုပြစ်မှု ဖြစ်ပွားကြောင်းကို ဥက္ကောဒေယျ ဖြစ်အောင် နည်းအမျိုးမျိုးတို့ဖြင့် ကြေညာ၏။ ထိုသို့ပြစ်မှုကျူးလွန်ခဲ့သည့်သူမှာ နေမတတ်၊ ထိုင်မတတ် ဖြစ်ပြီး ဟိုပုန်းဒီလျှိုး လုပ်ရတော့၏။ ထိုသို့ပြုလုပ်သည့်သူကို အင်္ဂလိပ်လူထုက စောင့်ကြည့်ကာ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ကို သတင်းပေးတော့၏။ ထိုနည်းဖြင့် မသင်္ကာသူအား ဖမ်းဆီးရမိတော့၏။ ထိုသို့ရမိသည့်အခါ သေချာစွာ မေးမြန်းခြင်း ပြုလုပ်ကာ ထိုပြစ်မှုကျူးလွန်သူမှာ အချိန်အနည်းအတွင်း ဟုတ်တိုင်းမှန်ရာကို ဖြောင့်ဆို၍ ပြောတော့၏။ ဤပြစ်မှုပေါ်ပေါက်အောင် စုံစမ်းသည့် နည်းကို အချက်ကျစွာ အသုံးပြုခြင်းကို မကြာမီက နှစ်ရှည်လများ မိမိနှင့် မတရား ပေါင်းသင်းဆက်ဆံသော မိန်းမများအား လျှို့ဝှက်စွာ သတ်ဖြတ်ပြီး အိမ်အတွင်း၌ အလောင်းများ မြှုပ်နှံခဲ့သူ ဂျွန် ခရစ်(စ်)တီ ( John Christie )၏ လူသတ်မှုကို စုံစမ်းခြင်းတွင် တွေ့ရှိရ၏။ 
အမေရိကနည်း 
📖📖📖📖
အမေရိကန် ပြည်ထောင်စုသည် စက်မှုပညာ၊ ဓါတ်သတ္ထုပညာ၊ လျှပ်စစ်ပညာ စသည်တို့တွင် များစွာ ထွန်းကားတိုးတက်သောပြည်ဖြစ်၍ မည်သည့်လုပ်ငန်းတွင်မဆို ဓါတ်သတ္တုစက်တို့ အသုံးပြုခြင်းဖြင့် လိုရာကို ဖြစ်မြောက်အောင် ကြံဆောင်နိုင်သည့် အရည်အချင်းရှိသည့် တိုင်းပြည်တပြည် ဖြစ်သည့်အတိုင်း ထိုတိုင်းပြည်ရှိ လူထုမှာလည်း ထိုစက်,ဓါတ်,လျှပ်စစ် စသည်တို့ဖြင့် မည်သည့်ကိစ္စမျိုးတွင်မဆို အောင်မြင်စွာ အသုံးပြုနိုင်သည်ဟု ယုံကြည်ကြလေသည်။ ထိုသို့သော ယုံကြည်မှုမှာ ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့၌လည်း ရှိကြ၏။ ထို့အတွက် ထိုနိုင်ငံတွင် ပြစ်မှုတစ်မှု ဖြစ်ပွားကြောင်း သိလျှင် အနီးအနားရှိ ပြည်နယ်အသီးသီး တို့ရှိ တယ်လီပရင်းတာ (Teleprinter) ခေါ် လျှပ်စစ်ဓါတ်ဖြင့် ပြစ် မှု ဖြစ်ပွားကြောင်း အကြောင်းကြားသည့်စနစ်၊ ကြိုးမဲ့ ကြေးနန်း (Radio) ဖြင့်အကြောင်းကြားသည့်စနစ် စသည်တို့ကို အသုံးပြုကာ ပြစ်မှုကျူးလွန်သူတို့၏ ပုံသဏ္ဍာန်၊ ၎င်းတို့အသုံးပြုသည့် ယာဉ်၊ ၎င်းတို့ ကိုင်ဆောင်သည့် လက်နက် စသည်တို့ကို တမုဟုတ်ခြင်း ကြိုတင် အကြောင်းကြားခြင်းဖြင့် မသင်္ကာသူတို့အား ရာဇဝတ်နှိမ်နင်းရေး အဖွဲ့များမှ စောင့်၍ ကြည့်တော့၏။ ထိုသိုစောင့်၍ တွေ့ရှိသော မသင်္ကာသူတို့ကို ဖမ်းဆီးပြီးလျှင် စစ်ဆေးမေးမြန်းခြင်း ပြုသည့်အခါ၌လည်း အခြားနိုင်ငံများ၌ စစ်ဆေး မေးမြန်းခြင်း ပြုသကဲ့သို့ မဟုတ်။ မုသားပြောသည်ကို သိနိုင်သည့် ဓါတ်စက်(Lie Detector)ကို အသုံးပြုကာ စစ်ဆေး မေးမြန်းခြင်းပြု၏။ ဤသို့ ခေတ်မီစက်ကိရိယာ အမျိုးမျိုးတို့ကို အသုံးပြုကာ စုံစမ်းမေးမြန်းခြင်းခံရသော ရာဇဝတ် ပြစ်မှုမကင်းသူမှာ နဂိုစိတ်ဓါတ်က အမေရိကန် ပြည်ထောင်စု၏ စက်မှုလက်မှု လျှပ်စစ်ပညာကို တိုးတက်နေကြောင်း သိရှိသဖြင့် ထိုဓါတ်စက်ကို အသုံးပြုကာ စစ်ဆေး မေးမြန်းခြင်းပြုသည့်အခါ ကြောက်ရွံ့ပြီး များသောအားဖြင့် ဟုတ်တိုင်းမှန်ရာတို့ကို ထုတ်ဖော် ပြောဆိုကြလေသည်။ ဤသို့သော နည်းစနစ်ကို ထမြောက်စွာ အမေရိကန် ရာဇဝတ်နှိမ်နင်းရေးအဖွဲ့က အသုံးပြုခဲ့ကြောင်းကို မကြာမီက ကန်ဆား(စ်) (Kansas) မြို့ရှိ မော်တော်ယာဉ် ကုမ္ပဏီကြီးတစ်ခု၏ ပိုင်ရှင် ဂရင်းလိ(စ်) (Greenlease) ဆိုသူ၏ သားငယ်ကို ကျောင်းမှ ဖြားယောင်း သွေးဆောင် ခေါ်ယူကာ ပြန်ပေးလုပ်၍ ဒေါ်လာ ခြောက်သိန်းခန့် တောင်းယူ၍ ကလေးကိုပါ သတ်သည့် ဟောလ် (Hall) နှင့် မစ္စစ်ဟီးဒီး (Mrs, Heady.) ဆိုသူတို၏အမှု စုံစမ်းစစ်ဆေးခြင်းကို ကြည့်ရှုလေ့လာခြင်းဖြင့် သိနိုင်လေသည်။      ။ 
ဦးဝိဇ္ဇာ
Friday, November 30, 2018
နန်းတော်ခိုးသူများ
   မောင်ရင့်မာ  ၊ကျောင်းကုန်း၊
စိန့်ဘီနီဒစ်အထက်တန်းကျောင်း၌ ၃၄နှစ်ကြာသမိုင်းဘာသာပြဆရာလုပ်ခဲ့ပြီးမှ အငြိမ်းစားယူခဲ့သောဆရာဟန်းဒတ် သည် တပည့်ဟောင်းများ၏ဖိတ်ကြားချက်အရ လောင်းအိုင်းလန်းရှိအပန်းဖြေစခန်းသို့ ရဟတ်ယာဉ်စီး၍လာခဲ့ခြင်းနှင့် ဇာတ် ကို ဖွင့်ထားသည်။ “
နှစ်ပေါင်း၃၀။ စိန့်ဘီနီဒစ်၌ ဆရာဟန်းဒတ်နှင့်သူ၏တပည့်များ စတင်တွေ့ဆုံခဲ့သည်က ၁၉၇၆ခုနှစ်ဖြစ်သည်။
×××××××××××××××××
မာတင်ဘလိုက်ဆိုသောကျောင်းသားလေးကို မတ်တပ်ရပ်ခိုင်းလိုက်ပြီး နံရံပေါ်ရှိသတ္ထုဆိုင်းဘုတ်ပြား၌မော်ကွန်းထိုး ထားသော စာကြောင်းများကိုဖတ်ပြခိုင်းသည်။ 
“ကျွန်ုပ်ရွှတ်တရွတ်နာဟွန်တေးသည် အာရှန်းနှင့် ဆူဆာနယ်မှဘုရင်ဖြစ်၍ အီလမ်းဒေသ၏ အချုပ်အခြာ အာဏာပိုင် ဖြစ်သည်။ကျွန်ုပ်သည် ဆစ်ပါးနယ်ကိုဖျက်ဆီး၍ နာရမ်ဆင်းဒေသမှကျောက်စာတိုင်ကိုအီလမ်ဒေသသို့ ပြန်ဆောင်ယူကာ”
ဆရာက ရွှတ်တရွတ်နာဟွန်တေး(Shutruk Nahunte) ဟူသောအမည်ကို ပြဌာန်းစာအုပ်ထဲမှာရှာကြည့်ဖို့ပြောတော့
 ကျောင်းသားများက အလုအယက်ရှာသည်။ ခဏကြာတော့ ရပ်ခိုင်းလိုက်သည်။
 “ရှာမနေကြနဲ့တော့၊ နာဟွန်တေးအမည်နဲ့သူ့ရဲ့လုပ်ဆောင်ချက်တွေ ဘယ်သမိုင်းစာအုပ်မှာမှရှာလို့တွေ့မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ အောင်ပွဲတွေ အမြောက်အမြားရခဲ့ပေမဲ့ လူ့အဖွဲ့အစည်းကို ဘာမှ ပေးမသွားခဲ့လို့ပဲ၊ 
ကိုင်း-မင်းတို့ကရောလူ့အဖွဲ့အစည်းကို ဘာတွေပေးမလဲ။သမိုင်းကမင်းတို့ကို ဘယ်လို အမှတ်ရစေချင်သလဲ၊ ရွှတ်တရွတ်နာဟွန်တေးကိုတော့ သမိုင်းက လုံးလုံးမေ့သွားပြီ”
ဆရာဟန်းဒတ်က စာသင်ခန်းထဲကပန်းချီကားများနှင့်ပန်းပုရုပ်များကိုညွှန်ပြပြီးဆက်ပြောသည်။ “ဟောဒီမှာအရစ္စတို 
တယ်၊သြဂတ်စတပ်၊ဆီဇာ၊ပလေတို၊ဆီဆာရို၊ဆိုကရေးတီး၊အားလုံးပဲ သမိုင်းရဲ့အထင်ကရပုဂ္ဂိုလ်ကြီးတွေ၊ 
သူတို့ ဆောင်ရွက်ခဲ့တာတွေက သူတို့ရှင်သန်ခဲ့တဲ့အချိန်တွေကိုကျော်လွန်ပြီး အခုငါတို့ခေတ်အထိတိုင် ကျန်သေးတယ်။သူတို့ရဲ့ ဇာတ်ကြောင်းတွေက အခုငါတို့သင်နေရတဲ့အကြောင်းတွေပဲ။
ကဲ ဒီနေ့သင်မှာကတော့ ဂရိနဲ့ရောမခေတ်က အနောက်တိုင်းယဉ်ကျေးမှုဖြစ်စဉ်ပါ။ ဆရာ့နာမည်ကတော့ ဟန်းဒတ်ပဲ”
ဆရာဟန်းဒတ်ကအဲသည်လိုဆရာဖြစ်သည်။
ကျွန်တော်သည် အဲသည်လောက် “အားပါ”သည့် သမိုင်းဆရာမျိုးထံ၌ တစ်ကြိမ်တစ်ခါမျှ မသင်ယူခဲ့ဖူးဘူးထင်ပါသည်။ဆရာတွေက အလုံးစုံပြည့်စုံပြီး တပည့်များကလည်း တော်ဖြောင့်ထူးချွန်နေ ကြမည်ဆိုလျှင် သည်လိုဇာတ်လမ်းမျိုးတွေ ရှိလာလိမ့်မည် မထင်။ တစ်နေ့တော့-
ဆရာဟန်းဒတ်၏စာသင်ခန်းသို့ ကားနက်ကြီးတစ်စီး ထိုးဆိုက်လာသည်။ကျောင်းအုပ်ဆရာကြီးကိုယ်တိုင် ကားနက် ကြီးအနီးသို့ တယုတယသွား၍ကြိုပေးခဲ့ရသည်။ဗာဂျီးနီးယားပြည်နယ်၏ ၀ါရင့်ဆီးနိတ်လွှတ်တော်အမတ် “ဟိုင်ရမ်ဘဲလ်”က သူ၏သားတော်မောင်“ဆက်ဂ်ျဝစ်ဘဲလ်”ကို ကျောင်းအပ်ခြင်းဖြစ်သည်။ဆရာဟန်းဒတ်၏အတန်းမှာ သူ့ကိုနေရာချပေးသည်။ 
ဆက်ဂ်ျဝစ်သည်စာသင်ခန်းကိုမထီတရီ ဝေ့ကြည့်လိုက်သည်။သည်ကောင်လေး ရောက်လာသောအခါတွင်မှ “စည်း ကမ်း”ဆိုသည်မှာ ချိုးဖောက်ရမည့်အရာဖြစ်ကြောင်း ကျောင်းသားများ သိလာကြသည်။
ဆက်ဂ်ျဝစ်သည် တော်တော်ဆိုးသည့်တပည့် ဖြစ်သည်။ ဆရာကမင်းဆက်လေးဆက်၏အမည်ကိုပြောခိုင်းရာ ဘီတဲလ်အဖွဲ့ဝင်လေးဦး၏အမည် ကို သူရွတ်ပြခဲ့သည်။လပတ်စာမေးပွဲမှာဆက်ဂျဝစ် တစ်မှတ်ပဲရသဖြင့် သူ့အဖေအမတ်မင်းထံသို့ ဆရာဟန်းဒတ် ကိုယ်တိုင် သွားတွေ့ခဲ့သည်။ဆီးနိတ်အမတ်က အနောက်တိုင်းယဉ်ကျေးမှုဖွံ့ဖြိုးလာခြင်းသင်ခန်းစာကို 
ဘာအဓိပ္ပာယ်နှင့် သင်သလဲဟု မေးသည်။
 “အဆင့်မြင့်တဲ့နိုင်ငံတစ်နိုင်ငံ အုပ်ချုပ်နိုင်ဖို့ဆိုတာ ကိုယ်ကျင့်သိက္ခာထိန်းသိမ်းခြင်းက စရပါတယ်။ ကျွန်တော့်တာဝန် က ဆက်ဂ်ျဝစ်တို့လို လူငယ်လေးတွေကို ပုံသွင်းပေးဖို့” ဆရာဟန်ဒတ်၏စကားကို ဆုံးအောင်ပြောခွင့်မပေးဘဲ အမတ်မင်းက “ဘာလဲဆရာ၊ပုံသွင်းပေးဖို့ ဟုတ်လား။ ဆရာမှားနေပြီ။ ဆရာ့တာဝန်က စာသင်ပေးဖို့ပါ။ ကမ္ဘာကြီးဘာကြောင့်လုံးသလဲ၊ဘယ် သူကဘယ်သူ့ကို ဘယ်နေရာမှာသတ်သလဲ၊အဖြစ်အပျက်တွေသင်ပေးဖို့ပါ။ကျွန်တော့်စားကိုပုံသွင်းပေးရမယ့်သူကကျွန်တော် ကိုယ်တိုင်ပါ။ ဆရာမဟုတ်ပါဘူး” ဟု ဖီဖီခါပြောလိုက်သတဲ့။ ဆရာဟန်းဒတ် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရသည်။
ဆရာကြည်ရွှန်းက  ပညာသင်ကြားခြင်းသည် မိမိဘ၀၌ အသက်မွေးဝမ်းကျောင်းဖို့အတွက်သာမဟုတ်ကြောင်း၊ 
(The Emperor’s Club)ကို ကြည့်ပြီးသောအခါ ပညာဘာကြောင့်သင်ဖို့လိုသလဲဆိုသည့်အဓိပ္ပာယ်ကို ခံစားသိရကြောင်း၊ရုပ်ရှင်ကား၏မူလ၀တ္ထု အမည်မှာ(The Palace Theif) “နန်းတော်ကိုခိုးယူသူ”ဟူ၍ဖြစ်ရာ ထိုအမည်ကို ဘာကြောင့်မှည့်ခေါ်ထားသလဲဟု လွယ်လင့် တကူ စဉ်းစား၍မရခဲ့ကြောင်း၊ဆိုပါသည်။
“ရုပ်ရှင်ထဲက ဆက်ဂ်ျဝစ်တို့ သားအဖမှာ ဆီးနိတ်လွှတ်တော်အမတ် ဆိုသောနေရာနှင့် ပတ်သက်ကြသူများပင်။  သို့ သော် အမတ်ဖြစ်သောအဖေက ပညာသင်ကြားရေး၏အဓိပ္ပာယ်ကို နားမလည် ၊သူအမတ်ဖြစ်ဖို့ အထောက်အပံ့ ဖြစ်စေသည့် ဖွဲ့စည်ူးပုံအခြေခံဥပဒေက ဘယ်ကလာသလဲ ဆိုတာပင်မသိ။ 
သားအတွက် ပညာသင်ယူခြင်းနှင့် စာရိတ္တပြုပြင်ခြင်း ဆိုတာကို လည်း ခွဲခြားမသိရှိ။ သို့သော်လည်း ပြည်သူက လွှဲအပ်သော အာဏာကိုတော့ ရယူခဲ့သည်”
“သားဖြစ်သူ ဆက်ဂ်ျဝစ်ကကော။ သူကတော့ပညာရှာရာမှာ မသမာတာတွေလုပ်ဖို့ နည်းနည်းမှ နောက် မတွန့်ခဲ့သူ။ တံတားကိုတွေ့ပါလျက် တံတိုင်းအောက်မလွယ်ပေါက်မှ ၀င်ချင်သူ။ တိုင်းပြည်၏အနာဂတ်ပညာရေးဆိုတာကို ကိုယ်အာဏာ ရရှိဖို့အတွက် မြိန်ရေယှက်ရေ ဟစ်ကြွေးတတ်သူ။ သည်လိုလူတွေလက်ထဲကိုများ လုပ်ပိုင်ခွင့်တွေလွှဲအပ်ခဲ့ပါလျှင်”
“ဆရာဟန်းဒတ်ကတော့ သည်လိုလူမျိုးတွေမဖြစ်ရအောင် သူ၏သင်ခန်းစာအစ၌ သမိုင်းတွင်နာမည်မကျန်ရစ်ခဲ့သော ဘုရင်တစ်ပါး၏အမည်ကို ဖော်ပြဆုံးမသွားပါသည်”
“ပထ၀ီနိုင်ငံရေး”(Geo-politics)ကျမ်းပြုဆရာ(ဒုဗိလ်မှူးကြီးသောင်းထိုက်)၏မှတ်ချက်(၁၉၉၁)ကို သတိရမိပါသည်။
“မြန်မာတို့သည် အလွန်လွတ်လပ်စွာ နေလိုသူများဖြစ်သည်၊ထို့ကြောင့် ခိုင်မာ၍စွမ်းပကားရှိသည့် ခေါင်းဆောင်များ မရှိသည့်အခါ သူတစ်လူ ငါတစ်မင်းနှင့် စည်းလုံးခြင်း ကင်းမဲ့ခဲ့သည်၊ ပုဂံခေတ်မှစ၍ ယခုချိန်အထိ အနော်ရထာ၊ဘုရင့်နောင်၊ အလောင်းဘုရားနှင့်ဗိုလ်ချုပ်အောင်ဆန်းတို့ကဲ့သို့ ခိုင်မာ၍စွမ်းပကားရှိသည့်ခေါင်းဆောင်များလက်ထက်၌သာ အရှေ့အာရှက ဖိန့်ဖိန့်တုန်အောင် ညီညွတ်စည်းလုံးခဲ့သည်၊ ယင်းကာလများမှအပ နိုင်ငံသည် ၀ါးအစည်းပြေသလို ဖြစ်ခဲ့ရသည်” 
ခိုင်မာ၍စွမ်းပကားရှိသောခေါင်းဆောင်ဆိုသည်မှာ အခွင့်အာဏာအမြင့်ဆုံးကျင့်သုံးသည့်ခေါင်းဆောင်ကြီးများ၌သာ လိုအပ်သည်မဟုတ်ပါ။အဆင့်တိုင်း အဆင့်တိုင်းမှာ တာဝန်ယူကြမည့်ခေါင်းဆောင်ငယ်များ၌လည်း လိုအပ်မှာပဲဖြစ်ပါသည်။ 
ထိုက်တန်သည့်အရည်အချင်းနှင့် တတ်မြောက်ကျွမ်းကျင်မှုမရှိဘဲ အရာပေး၍အရေးပါနေသူများကို (The Palace Thief) “နန်းတော်ခိုးသူ” ဟုဆိုခြင်း ဖြစ်ပါသည်။
ဆရာ၏“တံတိုင်းတံတားနှင့်နန်းတော်ဆီ”ကို ထိုခေတ်၏နိုင်ငံ ရေး၊ပညာရေးအခြေအနေနှင့်ထင်ဟပ်၍ ခံစားကြည့်မိပါသည်။ အရည်အချင်း ပျက်ယွင်းနေသူကလည်း သူ့ကိုယ်သူ ဧရာမ ကယ်တင်ရှင်ကြီးပမာ ထင်မြင်ပြီး “တတ်ယောင်ကား”လုပ်ခဲ့ပုံတို့ကို တောပြဇာတ်ပြန်ကြည့်ရသလို မြင်ယောင်မိပါသည်။ 
ကျွန်တော်တို့သည် ကြီးကျယ်ခမ်းနားခဲ့စေကာမူ 
သမိုင်းက အသိအမှတ်ပြုဖို့ငြင်းပယ်ခြင်းခံရသည့် “ရွှတ်တရွတ်နာ ဟွန်တေး”ကိုခေတ်တိုင်းခေတ်တိုင်းအတွက် သင်ခန်းစာယူရပါမည်။
ခမ်းနားခြင်းသည် ရိုးသားခြင်းလောက် မလှပါ။
သို့သော်ရိုးသားရုံမျှမက တော်ဖြောင့်ထူးချွန်သည့်အရည်အချင်းများဖြင့် နိုင်ငံ၏ကျက်သရေရှိသောပန်းချီကားကို ရေးဆွဲပေးနိုင်ဦးမည်ဟု ယုံကြည်မျှော်လင့်နေချင်ပါသေးသည်။
ရည်ညွှန်း  
- တံတိုင်း၊တံတားနှင့်နန်းတော်ဆီ ၊(ကြည်ရွှန်း) 
  (မဟေသီမဂ္ဂဇင်း၊၂၀၀၃၊နိုဝင်ဘာ)
- ပထ၀ီနိုင်ငံရေး (ဒုဗိုလ်မှူးကြီးသောင်းထိုက်)
ရွှေအမြု​တေ ၂၀၁၈ စက်​တင်​ဘာ
(အက်ဆေးအကြောင်းအက်ဆေး)                           
သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ
 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...