Friday, May 5, 2017

တရားရုံးရောက်မှ တွေ့ကြတာပေါ့ကွာ

တရားရုံးရောက်မှ တွေ့ကြတာပေါ့ကွာ 

✨✨✨✨✨✨✨✨✨✨

                 ပြေလွင်မြင့်

 တရားရုံးက ဖရိုဖရဲ။ တရားသူကြီးက ဗရမ်းဗတာ။ရှေ့နေက ကလိန်ကကျစ်။ စာအုပ်များနှင့်ဖိုင်တွဲအစုတ်တွေ၊ ယိုင်ရွဲ့ရွဲ့စာအုပ်စင်တွေနှင့်တရားခွင်တစ်ခုလုံး မှောင်မိုက်လှောင်အိုက်နေသည်။

ထိပ်ပြောင်၍ ၀ဖြီး ပြဲလန်နေသောတရားသူကြီးသည် တရားခွင်ပေါ်၌မျက်မှန်ချွတ်လိုက်၊ ပြန်တပ်လိုက်၊ရှေ့ဖတ်စာရေး လာတင်သည့် စာရွက်ကိုငုံ့ဖတ်ကြည့်လိုက်နှင့် အလုပ်ရှုပ်နေသည်။ရှေ့နေက အားတက်သရော လျှောက်လဲနေစဉ်မှာပဲ သမီးထံမှ တယ်လီဖုန်းလာသဖြင့်ဖုန်းကိုကောက်ကိုင်လိုက်သည်။ သမီး၏ လက်ထပ်ပွဲတွင်ဝယ်မည့် အ၀တ်အစားများကိစ္စကို တဆွေးတနွေးပြောနေသည်ကို နှစ်ဖက်ရှေ့နေတို့က စိတ်ပျက်လက်ပျက်ငေးကြည့်နေသည်။ ထို့နောက်၊တရားခွင်ပေါ်မှပင် တရားသူကြီးက “လက်ထပ်ဝတ်စုံတစ်ခုဘယ်ဈေးပေါက်သလဲ” ဟုရှေ့နေကိုလှမ်းမေးလိုက်ပြီး သူ့သမီးမင်္ဂလာဆောင်လျှင် လာဖို့ဖိတ်ကြားနေသည်။ ထို့နောက်၊ရှေ့နေအား လျှောက်လဲချက်ကို ဆက်ပြောခိုင်းလိုက်သည်။


ရှေ့နေသည် သူ့ဆရာရှေ့နေကြီးအတွက်အမှုသည်မိန်းကလေးကပေးလိုက်သည့်ရှေ့နေခငွေနှစ်သိန်းအား မပေးဘဲ ဖြတ်ခုတ်ထားခဲ့သည့်ရှေ့နေဖြစ်သည်။ရုံးချိန်းအလီလီကုန်ဆုံးပြီးနောက် အမှုသည်မိန်းကလေးက ငိုကြီးချက်မနှင့်ရပ်ကွက်ထဲ သို့လာရောက်၍ ရန်တွေ့ခဲ့သည်ကို ငုံ့ခံခဲ့ရသည့်ရှေ့နေဖြစ်သည်။ ဂုဏ်သိက္ခာပျောက်ဆုံးနေသည့် ရှေ့နေဖြစ်သည်။

ထိုသို့သော ဗရမ်းဗတာတရားသူကြီးနှင့်ထိုသို့သော ကလိန်ကကျစ်ရှေ့နေကို
လူအများရှေ့တွင်ထုတ်ပြခဲ့ခြင်းသည် အိန္ဒိယနိုင်ငံ၏ဖရိုဖရဲဖြစ်နေသည့်တရားစီရင်ရေးစနစ်ကို လှောင်ပြောင်သရော်ချက်ဖြစ်နိုင်ပါသည်။ ဝေဖန်ထောက်ပြချက် ဖြစ် နိုင်ပါသည်။သို့သော် ထိုသို့သောတရားရုံးနှင့်ထိုသို့သောတရားစီရင်မှုမျိုး အခြားနိုင်ငံများတွင်-မရှိ၊သို့မဟုတ်-မရှိတော့ပါဟူ၍ ငြင်းဖို့ရာ ခဲယဉ်းလိမ့်မည်ထင်ပါသည်။

The State Vs. Jolly LL.B 2 ဇာတ်ကားကို ကြည့်နေရင်းက ကုန်လွန်ခဲ့သောခေတ်တစ်ခေတ်၊စံနစ်တစ်ခု၏ ရှက်ရွံ့ စဖွယ်ပုံရိပ်ကောက်ကြောင်းများကို ရိုက်ပြနေသကဲ့သို့ ခံစားမိပါသည်။ (စက်တင်ဘာ၊၂၀၁၆)တွင် USAID က ပြုလုပ်သည့် တရားမျှတမှုလက်လှမ်းမီရေး(Access to Justice Initiative) ဆွေးနွေးပွဲသို့ တက်ခဲ့ပါသည်။ယင်းဆွေးနွေးပွဲတွင်  “တရားရုံး များစောင့်ကြည့်လေ့လာအကဲဖြတ်သည့်အဖွဲ့”က (၁-၁-၂၀၁၆)မှ(၃၁-၃-၂၀၁၆)အထိ လေ့လာတွေ့ရှိခဲ့သည့် အစီရင်ခံစာကို ဖတ်ပါသည်။ အစီရင်ခံစာတစ်နေရာတွင် အောက်ပါအတိုင်းဖော်ပြထားပါသည်။

“တရားသူကြီးသည် ကြားနာနေစဉ် တရားရုံးအတွင်းအမှုနှင့်မပတ်သက်သူများနှင့် စကားပြောဆိုနေခြင်း၊
တယ်လီဖုန်း လက်ခံပြောဆိုနေခြင်းအပါအ၀င် ကြားနာမှုနှင့်မသက်ဆိုင်သောအခြားအလုပ်များလုပ်နေခြင်းကို လေ့လာအကဲဖြတ်သူများက မကြာခဏ တွေ့ရှိရပါသည်။ တရားသူကြီးများသည် ကြားနာစစ်ဆေးနေဆဲတွင်ပင် တရားရုံးခန်းပြင်ပသို့ထွက်သွားပြီး ကြားနာ စစ်ဆေးခြင်းကို ၎င်းတို့ကိုယ်တိုင်ရှိမနေသော်လည်း ဆက်လက်ဆောင်ရွက်ရန်ခွင့်ပြုခြင်းများကိုပြုလုပ်သည်။တရားသူကြီးတစ် ဦးသည် တရားရုံးခန်းတစ်ခုတည်းတွင် အမှုနှစ်မှုကို တစ်ချိန်တည်း၊တစ်ပြိုင်တည်း စစ်ဆေးကြားနာခြင်း ပြုလုပ်ပါသည်”
ကျွန်တော်သည် အိန္ဒိယနိုင်ငံ၏ လက်ခနောတရားရုံးမြင်ကွင်း-ကို သတိရလိုက်မိသည်။
တရားရုံးတိုင်း ထိုသို့မဟုတ်သည်မှာတော့သေချာပါသည်။ သို့သော်၊ ခေတ်များ၊နှစ်ကာလများ၌ တရားရုံးများကို ဖိ နှိပ်မောင်းနှင်မှု၊ဥပဓိပျက်ယွင်းမှုနှင့်ဆိုဆုံးမချက်ကင်းမဲ့နေမှုများကို အနှေးပြကွက်မှာ မြင်နေရသကဲ့သို့ ခံစားမိပါသည်။      

 ×××××××××××××××××××××××××××××××

The State Vs. Jolly LL.B 2 ကို နည်းနည်းဆက်ပြောချင်ပါသည်။
ယင်းဇာတ်ကား၏အဓိကဇာတ်ကောင်မှာ ဒုက္ခရောက်နေသည့်အမှုသည်မိန်းကလေးထံမှ ငွေနှစ်သိန်းကို
လိမ်လည် ရယူခဲ့သော Jolly ဖြစ်ပါသည်။အလိမ်ခံခဲ့ရသော မိန်းကလေးသည် တိုက်ပေါ်မှခုန်ချ၍ သူ့ကိုယ်သူ သတ်သေသွား သောအခါ ရှေ့နေJolly သည်အကြီးအကျယ်နောင်တရသွားသည်။ သူ့ကိုယ်သူပြုပြင်ခဲ့သည်။ မိန်းကလေးပေးခဲ့သော အမှုတွဲကို စေ့စေ့ စပ်စပ်ပြန်ဖတ်ခဲ့သည်။ရာထူးတက်ချင်နေသောရဲအရာရှိသည် မိန်းကလေး၏ခင်ပွန်းကို မတရားသဖြင့်ပစ်သတ်ခဲ့သော်လည်း
ရဲအရာရှိသည်  မည်သို့မျှအရေးယူခြင်းမခံရဘဲ အမှုပိတ်သိမ်းသွားခဲ့ပြီဖြစ်သည်။

 Jolly က ထိုအမှုကို ပြန်လည် စုံစမ်းစစ်ဆေး ပေးရန် လက်ခနောတရားသူကြီးထံသို့ အသည်းအသန်လျှောက်ထားခဲ့သည်။ ဖုံးကွယ်ထားခဲ့သည့် မျက်မြင်သက်သေများကို စစ်ဆေးခွင့်ရဖို့ ကျားကုတ်ကျားခဲကြိုးစားခဲ့သည်။
စွပ်စွဲခံရသူ ရဲအရာရှိဘက်မှ အမှုလိုက်ပါသောရှေ့နေကြီးက ပြင်းပြင်းထန် ထန် ပိတ်ဆို့ကန့်ကွက်နေသည့်ကြားမှ နောက်ဆုံးတွင် သက်သေကိုစစ်မေးတင်ပြဖို့  အခွင့်အရေး ရသွားခဲ့သည်။

ဆိုပါစို့၊အမှု၏ တကယ့်ဖြစ်ရပ်အမှန်သည် တရားခွင်ရှေ့မှောက်မှာ ဘွားဘွားကြီးရုပ်လုံးပေါ်လာသည်။
တစ်ဖက်ရှေ့နေက အကြောက်အကန်ကန့်ကွက်နေသော်လည်း တစ်လျောက်လုံးဗရမ်းဗတာလုပ်နေသည့် တရားသူကြီးက ထိုရုံးချိန်းမှာပဲအမှုကိုစီရင်ဆုံးဖြတ်နိုင်ခဲ့သည်။စီရင်ချက်မချမီ၊တရားသူကြီးကတရားခွင်ပရိသတ်ကို စကားပြောသည်။ ပြောသည့်စကားက တော်တော်စိတ်ဝင်စားစရာကောင်းသည်။တော်တော်လည်း စဉ်းစားဖို့ကောင်းသည်။

“လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က ဒီလိုအမှုမျိုး ကိုင်ရဖူးတယ်။ကျုပ်နေ့တိုင်းတရားရုံးကိုလာခဲ့တယ်။ ၆-နာရီထိုးတာ နဲ့ အိမ်ပြန်ဖို့အတွက်ကိုပေါ့။ ဘာလုပ်မလဲ၊ ဒီနိုင်ငံရဲ့တရားစီရင်ရေးစနစ်ကိုက အဲဒီလိုပဲဖြစ်နေတယ်လေ”
“ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပါ။ဒီမှောင်မိုက်နေတဲ့အခန်းတွေက ကျုပ်တို့တရားစီရင်တဲ့အခန်းတွေတဲ့။ကျုပ်လို တရားသူကြီးတောင် ဒီမှာမနေချင်ရင်၊ တခြားလူတွေဆို ပြောမနေနဲ့တော့ဗျာ”
“သန်း-၃၀၊ ဒီနိုင်ငံမှာ မပြီးပြတ်သေးတဲ့အမှုပေါင်း သန်း-၃၀ကျော်ရှိတယ်။တရားသူကြီးရှိတာမှ ၂၁၀၀ တည်း။ တရား သူကြီးတစ်ယောက်က အမှုပေါင်း-၁သောင်းကျော် ကိုင်တွယ်ရတယ်။လူတွေက စိတ်ပျက်လက်ပျက်ပြန်သွားကြတယ်။ ဒါပေမဲ့၊ အိန္ဒိယမှာ လူနှစ်ယောက်ရန်ဖြစ်ပြီဆိုရင် အရင်ဆုံးတစ်ယောက်ကိုတစ်ယောက် ဘာပြောတတ်ကြသလဲ သိလား”
“တရားရုံးရောက်မှတွေ့ကြတာပေါ့ကွာတဲ့၊လူတွေဘာလို့အဲဒီလိုလုပ်ကြတာလဲ၊ပြောစမ်းပါဦး၊ သူတို့မှာ ယုံကြည်ချက်ရှိ နေသေးလို့၊ တရားစီရင်ရေးအပေါ်ယုံကြည်နေကြသေးလို့”
“အစိုးရအဖွဲ့အစည်းတွေနဲ့ ရဲတွေက သူတို့ပြောတာကိုနားမထောင်ကြရင်၊တရားရုံးကနားထောင်ပေးပြီး သူတို့ကိုတရား မျှတအောင်လုပ်ပေးမယ်ဆိုတာကို သူတို့တွေ ယုံကြည်ကြလို့။ ဒီတော့ ဒီခုံပေါ်မှာ ထိုင်နေတဲ့လူတိုင်းက အဲဒီ ယုံကြည်ချက်ကို မပျက်စီးစေဖို့တာဝန်ရှိတယ်”
ရဲအရာရှိကြီး ဆူဗေးဆင်းတို့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည်။
ပရိသတ်လည်း ကျေနပ်ခဲ့သည်။

ဇာတ်ကားတစ်ကားဖြစ်သည့်အတွက် ဇာတ်ကောင်စရိုက်များကိုဖော်ပြရာတွင် အချို့အချက်များ၌ပိုပိုကဲကဲလေးလုပ် ပြခဲ့မည်ကို ခန့်မှန်းနိုင်စရာရှိပါသည်။ သို့ရာတွင် လက်ခနောတရားသူကြီး၏စကားသည် တကယ့်အနှစ်အသားဖြစ်သည်။
    ×××××××××××××××××××××××××××××××××××××

အိန္ဒိယရုပ်ရှင်အချို့က သူ့နိုင်ငံ၏တရားစီရင်ရေးစနစ်ကို ဝေဖန်ထောက်ပြဖို့ ကြိုးစားနေသည်။
သင့်လျော်ကောင်းမွန်၍ ယုံကြည်စိတ်ချနိုင်သည့် တရားစီရင်မှုစနစ်တစ်ခုကို ပြောင်းလဲနိုင်ဖို့ရာ
သူတို့နည်း၊သူတို့ဟန်နှင့် တောင်းဆိုနေသည်။
ကောင်းမွန်၍ယုံကြည်စိတ်ချရသည့်တရားစီရင်မှုစနစ်ကို နိုင်ငံတိုင်းက လိုလားကြမည်-ဟုကျွန်တော်ထင်ပါသည်။
တရားစီရင်မှုတွင် ကသောင်းကနင်းဖြစ်သည့်အခါတိုင်း တရားရုံးတွေကို လက်ညှိုးငေါက်ငေါက်ထိုး၍ဝေဖန်၊ပြစ်တင် လေ့ရှိသည်မှာ မည်သည့်နိုင်ငံ၌မဆို အထူးအဆန်းမဟုတ်တော့ဟုထင်ပါသည်။
သို့ရာတွင်၊ လက်ညှိုးငေါက်ငေါက်ထိုး၍ ဝေ ဖန်ပြစ်တင်ခြင်းတွင် အဆုံးသတ်ခဲ့သည်မှာ ၀မ်းနည်းစရာဖြစ်သည်။မိမိတို့ဘက်မှပြင်ဆင်ဖြည့်ဆည်းဖို့၊ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်ချက်များလည်း ရှိနေသည်ကို မသိမမြင်ယောင်ပြုနေသည်မှာ ၀မ်းနည်းစရာဖြစ်သည်။

တရားစီရင်မှု ညီညွတ်မျှတဖို့ရာ တည်ဆဲဥပဒေများလည်းညီညွတ်မျှတရမည်ဆိုသည်ကို
မေ့လျော့နေတတ်ပါသည်။
တရားစီရင်မှုယန္တရားကိုဘယ်လိုအရည်အချင်းနှင့်ဘယ်လိုအတွေ့အကြုံရှိသူတွေက၊
ဘယ်ပုံဘယ်နည်းမောင်းနှင်နေသလဲဆို သည်ကိုဥပေက္ခာပြုထားတတ်ပါသည်။
တရားစီရင်မှုဇာတ်ခုံ၌ တရားသူကြီးများသာမက ဥပဒေအရာရှိ၊ရှေ့နေရှေ့ရပ်၊ရဲတပ်ဖွဲ့၊ အစိုးရကခန့်ထားသည့်အုပ်ချုပ်ရေးမှူးများနှင့်သာမန်ပြည်သူတို့သည်ပင် ဇာတ်ကောင်အဖြစ်  ပါဝင်ကြသည်ကို  ငုတ်တုပ်မေ့ နေ တတ်ကြပါသည်။
သို့သော်၊တာဝန်အရှိဆုံး အဓိကဇာတ်ကောင်မှာ တရားသူကြီးဖြစ်သည်ကို ယုံမှားဖွယ်မရှိပါ။
 လက်ခနောတရားသူကြီးက တရားစီရင်နေသည့် မှောင်မိုက်သောအခန်းတွေကိုညွှန်ပြလျက်
သူ့နိုင်ငံ၏တရားစီရင်ရေးစနစ်ကို ညည်းပြခဲ့သည်။
သူ့စကား၌ နာကျင်ဆွေးမြေ့မှုတစ်စုံတစ်ရာကို လှစ်ခနဲတွေ့လိုက်ရသည်။
သူ၏ပြောဆိုချက်တွင် တရားရုံးများကိုသူ့နိုင်ငံကလျစ်လျူပြုထားပုံနှင့်သူတို့၏တရားစီရင်မှုစနစ်အပေါ်
စိတ်ပျက် ငြီးငွေ့မှုများ ပါဝင်နေသည်။သူသည် ဗရမ်းဗတာတရားသူကြီးမျှသာဖြစ်သည်ကို သရုပ်ပြ၀န်ခံခဲ့သည်။မည်သို့သောရှေ့နေ၊မည် သို့သောအဖွဲ့အစည်းတွေနှင့်လက်တွဲနေရသည်ကို မြင်အောင်ပြခဲ့သည်။ချို့ယွင်းအားနည်းချက်တို့ကို ရဲရဲလက်ခံခဲ့သည်။

အံ့သြစရာကားသည်မျှဗရမ်းဗတာဖြစ်နေခဲ့သောတရားသူကြီးပင်လျှင် သူ့တရားရုံးအပေါ်
သူ့ပြည်သူ၏ယုံကြည်ကိုး စားမှုကို ဂုဏ်ယူတန်ဖိုးထားနေသည့်အချက်ဖြစ်သည်။
အစိုးရနှင့်အခွင့်အာဏာပိုင်တို့က နားမထောင်ခဲ့သည့်
ပြည်သူ့နစ်နာမှု များကို တရားရုံးကလေးလေးစားစားနားထောင်၍ တရားမျှတအောင်လုပ်ပေးရမည်ဟု ခံယူနေသေးသည့်အချက်ဖြစ်သည်။
နှစ်လိုစရာကောင်းသည်မှာ လက်ခနောတရားသူကြီး၏လက်တွင် မြဲမြဲဆုပ်ကိုင်ထားသည့်
ပေတံကလေးဖြစ်ပါသည်။
 စိတ်ပျက်လက်ပျက်ဖြစ်ခဲ့သည့်တိုင် သူ့ပြည်သူက ထားရှိနေသေးသည့်ယုံကြည်မှုပေတံကလေးဖြင့်
သူ့တရားရုံးကို မောင်းနှင် ခဲ့ခြင်းဖြစ်ပါသည်။
ယုံကြည်မှုတစ်စုံတစ်ရာရှိနေသေးလျှင် အလုံးစုံပျက်ယွင်းခြင်း မရှိသေးဟုဆိုရပါမည်။
ယုံကြည်မှု ရှိသေးလျှင် ထိုယုံ ကြည်မှုကို မပျက်မယွင်းစေရအောင်ဂရုဓမ္မပြုလျက် ပိုကောင်းမွန်အောင် တည်ဆောက်၍ရပါသည်ဟုမျှော်လင့်နိုင်သေးသည့်သဘောဖြစ်သည်။
သူ့ပေတံက တော်တော်တိုပါသည်။သို့သော်၊အရေးကြီးပါသည်။
“တရားရုံးရောက်မှတွေ့ကြတာပေါ့ကွာ”ဟုပြောနေသေးသလားဆိုသည်ကိုမူ
 စနည်းနာကြည့်ရမည် ထင်ပါသည်။     ။

                                  ပြေလွင်မြင့်

 စံတော်ချိန်
 ၅ မေ ၂၀၁၇


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...