Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Tuesday, February 4, 2020
ဥပဒေကို မသိနားမလည်သည်ကို ဥပဒေက ခွင့်မလွှတ်သည့် အကြောင်း။
ဥပဒေကို မသိနားမလည်သည်ကို ဥပဒေက ခွင့်မလွှတ်သည့် အကြောင်း။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
●ဥပဒေတစ်ရပ်တည်ရှိပြဌာန်းထားသည့် အကြောင်းကိုတစ်စုံတစ်ရာ မသိရှိခဲ့သည့် အတွက်ပြစ်မှု ကျူးလွန်ခြင်းခဲ့ရခြင်းဖြစ်ကြောင်း တင်ပြယုံဖြင့်ဥပဒေကကျူးလွန်ခဲ့သည့်ပြစ်မှု အတွက်အပြစ်မှ ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ပါ။
●ဥပဒေ တစ်ရပ်တည်ရှိပြဌာန်းထားသည့် အကြောင်းကို မသိရှိခဲ့သည့် အတွက်ပြစ်မှု ကျူးလွန်ခဲ့ရခြင်းဖြစ်ပါသည်ဆိုသည့် အကြောင်းပြချက်တင်ပြလာတိုင်းဥပဒေက ကျူးလွန်သည့်ပြစ်မှုများအားခွင့်လွှတ်ပေးရမည်၊ လက်ခံပေး
ရမည်ဆိုရင် လူတိုင်းလူတိုင်းသည် ဥပဒေကိုသိရကောင်း၊ လိုက်နာရကောင်းမှန်း၊ရှိကြတော့မည် မဟုတ်ပါ။ 
အမှန်တစ်ကယ် ဆိုးသွမ်းပြီး အမြဲတမ်းပြစ်မှုကျူးလွန်နေသူလူဆိုးလူရမ်းကားများ အတွက်လည်း ထိုအကြောင်းပြချက် ဖြင့်အပြစ်မှ အမြဲလွှတ်ပေးနေရမည်ဖြစ်ပါသည်။ 
လူဆိုး လူရမ်းကားများ အတွက်အပြစ်လွှတ်ထိုက်သည့် အကြောင်းပြ ထုချေနေတော့မည်သာဖြစ်သည်။ ထိုသို့ ဥပဒေ တစ်ရပ်တည်ရှပြဌာန်းထားခြင်းကို မသိလို့ပါဟု ထုချေချက်ကို လက်မခံမှသာ လူဆိုးလူရမ်းကားတို့ အခွင့်ကောင်းယူ၍ မရဖြစ်ပါမည်။ 
ထို့ကြောင့်လည်း "ဥပဒေကိုနားမလည်၍ဥပဒေကခွင့်လွှတ်မည်မဟုတ်" 
"Ignorance of Law does not excuse." ဟု ဥပဒေ၏ဆိုရိုးစကားအဖြစ် လက်ခံ ကျင့်သုံးနေကြခြင်းဖြစ်ပါသည်။
●ထို့ကြောင့်တရားဥပဒေစိုးမိုးရေး၊ တရားရေးမဏ္ဍိုင်မတိမ်းစောင်းရေး၊ ကိစ္စရပ်များကိုမြန်မာနိင်ငံတစ်ဝှမ်းဆောင်ရွက်သည့် ယနေ့ယခုအခါတွင် လူတိုင်းလူတိုင်း ဥပဒေတစ်ရပ်ပြဌာန်းသည်ကို မသိ မဖြစ်ရအောင် ပြဌာန်းသည့်
ဥပဒေ အသစ် ၊ပြဌာန်ပြီးခဲ့သော တည်ဆဲဥပဒေများနှင့်ပတ်သက်၍ ဥပဒေဗဟုသုတများကို ထိရောက်ကျယ်ပြန့်စွာဆောင်ရွက်ပေးဘို့ လိုအပ်သည့် အချိန်ဖြစ်ပါသည်။
ဥပဒေသိသူက ဥပဒေမသိသူ အပေါ် မတရားသဖြင့် မပြုလုပ်နိင်
လည်း ဥပဒေဗဟုသုတများသည် အများပြည်သူတို့ အတွက် လိုအပ်နေပြီဖြစ်ပါသည်။ ဥပဒေဗဟုသုတပြန့်ပွားဘို့ ကိစ္စသည် သာမန်လူ အဖို့ခက်ခဲပါသည်။ 
အစိုးရကိုယ်တိုင်ပါဝင်လုပ်ကိုင်အားပေးထောက်ပံ့မှုပြုမှသာဆောင်ရွက်
နိင်မည်ဖြစ်ပါသည်။ ဥပဒေအမြင် ဗဟုသုတများ လူအများတွင် သိလာ ၊မြင်လာ မှလည်းဥပဒေ၏ အလေးအနက်ကို သိရှိဆင်ခြင်လိုက်နာလာ ကြမည်ဖြစ်ပါသည်။
မှုခင်းကျဆင်းမှုများဖြစ်လာမည်ဖြစ်ပါသည်။ 
မတရားမှုများလည်း နည်းသွားမည်ဖြစ်ပါသည်။     ။
Facebook Like Page: ဥပဒေ ဗဟုသုတ  
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Facebook Like Page: ဥပ​ဒေ ဗဟုသုတ  မှ ပြန်​လည်​မျှ​ဝေခြင်းဖြစ်​ပါသည်​။
Sunday, June 2, 2019
မြတ်မျိုးလတ်
+++++++
မြတ်မျိုးလတ်
Unicode
မြတ်မျိုးလတ်
+++++++
       နိုင်ငံ့တတိယမဏ္ဍိုင်ဖြစ်သည့် တရားစီရင်ရေးမဏ္ဍိုင်သည် ယိမ်းယိုင်နေကြောင်း၊ ပြိုလဲနေကြောင်း ပြောဆိုဝေဖန်သံတွေက ညံစီနေသည်။ မြန်မာနိုင်ငံ၏ လက်ရှိတရားစီရင်ရေးအခြေအနေကို အကောင်း မြင်သူ၊ ထောက်ခံသူက အင်မတန်နည်းလွန်းနေသည်။ လူမှုကွန်ရက်စာမျက်နှာတွင် တရားစီရင်ရေး အကြောင်း ဝေဖန်ထောက်ပြသူများအတွက် လက်ခုပ်သံများက များပြားလှပြီး တရားစီရင်ရေးအကြောင်း အကောင်းဘက်က သုံးသပ်ဝေဖန်သူများအပေါ် ဆဲဆိုထောမနာပြုသူများကလည်း များပြားလှသည်။
      တရားစီရင်ရေးသည် နိုင်ငံ့ခက်မသုံးဖြာ အာဏာ(၃)ရပ်အနက် သီးခြားလွပ်လပ်စွာ ရပ်တည်ရ သော အာဏာတစ်ရပ်ရရှိထားသည့် တတိယမဏ္ဍိုင်ပင် ဖြစ်သည်။ တရားစီရင်ရေးသည် အခြား မဏ္ဍိုင်များကြား တရားစီရင်ရေးအာဏာဖြင့် အပြန်အလှန်ထိန်းကျောင်းခြင်းကို ဆောင်ရွက်ရသလို တရား ဥပဒေစိုးမိုးရေးအတွက် ပြဋ္ဌာန်းဥပဒေများကို အတည်ပြုကျင့်သုံးဆောင်ရွက်ရသည့် မဏ္ဍိုင်လည်း ဖြစ်ပေ သည်။
       ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးသည် လွန်စွာအရေးကြီး သည်။ တရားရုံးများသည် ပြဋ္ဌာန်းဥပဒေများအရ မှန်ကန်မှု၊ တရားမျှတမှုကို ဖော်ထုတ်ပြီး နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို အကာအကွယ်ပြုရန် တာဝန်ရှိသည်။ ထို့ကြောင့် တရားရုံးများတွင် တရား စီရင်ရေးအာဏာ အသီးသီးအပ်နှံ၍ တာဝန်ပေးအပ်ထားသော တရားသူကြီးများသည် ပြဋ္ဌာန်းဥပဒေ များအရ မှန်ကန်မှု၊ တရားမျှတမှုကို ဖော်ထုတ်ရန်၊ နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ် ပေးရန် အဓိက တာဝန်ရှိကြောင်း ထင်ရှားသည်။ 
      နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ သတ်မှတ်ပြဋ္ဌာန်းထား သည်။ ထိုအခြေခံအခွင့်အရေးများကို နိုင်ငံသားတိုင်းအပေါ် ညီတူညီမျှ ကာကွယ်ပေးရန် လိုအပ်သည်။ တရားသူကြီးတစ်ဦးသည် ယင်းတာဝန်များကို ဆောင်ရွက်ရန် နိုင်ငံတော်က ယုံကြည်စွာဖြင့် အာဏာ အပ်နှင်းခံထားရသူဖြစ်သည်။ အချို့ဒီမိုကရေစီနိုင်ငံကြီးများတွင် တရားသူကြီးတစ်ဦးသည် ၎င်း၏စီရင် ချက်၌ ဥပဒေတစ်ရပ်သည် တရားမျှတမှုမရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်နှင့် ညီညွတ်မှု မရှိကြောင်းကိုပင် မီးမောင်းထိုး ထောက်ပြခွင့်ရှိသည်။ ထည့်သွင်းရေးသား ဝေဖန်သုံးသပ်ခွင့် ရှိသည်။  
      နိုင်ငံ့တတိယမဏ္ဍိုင်ဖြစ်သည့် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးတွင် တရားစီရင်ရေး အာဏာကို ယုံမှတ်အပ်နှင်းခြင်းခံရသည့် တရားသူကြီးများအားလုံးတွင် အဓိကတာဝန်ရှိကြောင်း အထက် တွင် ဆိုခဲ့ပြီးဖြစ်သည်။ တရားစီရင်ရေးလုပ်ငန်းတွင် ဆက်စပ်ဆောင်ရွက်ကြရသည့် အခြားအကျိုး သက် ဆိုင်သူများတွင်လည်း အသီးသီးတာဝန်ရှိသည်မှာ မှန်ပါသည်။ 
      သို့ရာတွင် တရားသူကြီးများသည် အမှု စီရင်ကြားနာရာ တရားခွင်တစ်ခုကို ကြီးကြပ်ရသူ၊ ဦးဆောင်ရသူဖြစ်ပြီး အခြားဆက်စပ်ပါဝင် နေသူများ အပေါ် မည်သို့ဦးဆောင်ရမည်၊ မည်ကဲ့သို့ကြီးကြပ်ဆောင်ရွက်ရမည် စသည်တို့ကို ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများဖြင့် သတ်မှတ်ပေးထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် တရားသူကြီးတစ်ဦးချင်း၏ တည့် မတ်ခိုင်မာမှုသည် တရားစီရင်ရေးမဏ္ဍိုင်တစ်ခုလုံး တည့်မတ်ခိုင်မာရေးနှင့် တိုက်ရိုက်အချိုးကျသည်ဟု ဆိုချင်ပါသည်။
      တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးအတွက် နိုင်ငံတော်၏ အာဏာတစ်ရပ်ဖြစ်သည့် တရား စီရင်ရေးအာဏာကို အပ်နှင်းထားခြင်းခံရသူ တရားသူကြီးတစ်ဦးချင်း တည့်မတ်ခိုင်မာမှုရှိရန် လွန်စွာ အရေးကြီးပါသည်။ တရားသူကြီးတစ်ဦးချင်း တည့်မတ်ခိုင်မာနိုင်ပါမှ တရားစီရင်ရေးမဏ္ဍိုင်ကြီးတစ်ခုလုံး တည့်မတ် ခိုင်မာလာနိုင်မည် ဖြစ်ပါသည်။ တရားသူကြီးတစ်ဦးချင်း တည့်မတ်ခိုင်မာမှုရှိမရှိ တိုင်းတာရမည့် အဓိက ပေတံကြီးနှစ်ချောင်းသာ ရှိပါသည်။ အဆိုပါပေတံကြီးနှစ်ချောင်းမှာ တရားသူကြီးတစ်ဦး၏ အပြု အမူ၊ အပြောအဆို၊ ဆောင်ရွက်ချက်များ၊ ကြားနာစီရင် ဆုံးဖြတ်ချက်များသည် (၁) ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ လိုက်နာကျင့်ကြံရမည့် ကျင့်ဝတ်စည်းကမ်းများနှင့် ညီမညီနှင့် (၂) အဂတိတရား များနှင့် ကင်းလွတ်ခြင်းရှိမရှိ တို့ပင်ဖြစ်ပေသည်။
      ပထမပေတံသည် ပြဋ္ဌာန်းဥပဒေ၊ ကျင့်ထုံးဥပဒေ၊ လက်စွဲများ၊ လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန် ချက်များ၊ ညွှန်ကြားချက်များ၊ ကျင့်ဝတ်စည်းကမ်းများနှင့် ညီမညီပင် ဖြစ်သည်။ ထိုသို့ညီညွတ်စေရန်မှာ တရားသူကြီးများသည် အဆိုပါသတ်မှတ်ချက်များကို ကျေကျေညက်ညက် သိရှိနားလည်ရန် လိုအပ်မည် ဖြစ်ပါသည်။ ထို့ကြောင့် တရားသူကြီးတစ်ယောက်သည့် အမြဲဖတ်မှတ်လေ့လာ သင်ယူနေရန်လိုအပ် သည်။ တရားရုံးများတွင် ကျင့်သုံးဆောင်ရွက်နေမှုများ၊ ဆရာ့ဆရာများ၏ လမ်းညွှန်မှုများလောက်ကိုသာ အားကိုးလို့မရ။ မူရင်းပြဋ္ဌာန်းချက်များကို လက်ကိုင်ထားရန် လိုအပ်သည်။ ပြဋ္ဌာန်းဥပဒေများကို ဖွင့်ဆို ရှင်းလင်းရေးသားထားသည့် စာအုပ်များကိုလည်း လက်ကိုင်ထားသင့်သည်။ ထို့ကြောင့် တရားသူကြီး တစ်ဦးသည် စာအုပ်ကြီးသမား တစ်ဦးဖြစ်ရန် အရေးကြီးသည်။ 
       ပထမပေတံအတွက် နောက်ထပ်လိုအပ်ချက်တစ်ရပ်မှာ ဥပဒေပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင် ရွက်ခြင်းဆိုင်ရာ အနုပညာကို နားလည်တတ်မြောက်ရန် လိုအပ်ခြင်းပင် ဖြစ်သည်။ အထက်တွင်ဆိုခဲ့သည့် ပြဋ္ဌာန်းဥပဒေ၊ ကျင့်ထုံးဥပဒေ၊ လက်စွဲများ၊ လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များ၊ ကျင့်ဝတ်စည်းကမ်းများကို ဖတ်ရှုမည်ဆိုလျှင် နားလည်နိုင်သည်။ သို့ရာတွင် အသက်ဝင်အောင် ကျင့်သုံး အကောင်အထည်ဖော်နိုင်ရေးမှာမူကား အနုပညာတစ်ရပ်ပင်ဖြစ်သည်။ ပို၍ခက်ခဲသည်။ တရားသူကြီး တစ်ဦးသည် စာဖြင့်ရေးသားပြဋ္ဌာန်းချက်(The Letter of the Law)ကို ကျေကျေညက်ညက် ဖတ်ရှု လေ့လာမှတ်သားရန် လိုအပ်သလို ဥပဒေပြဋ္ဌာန်းချက်များ၏ ရည်ရွယ်ချက်၊ အနှစ်သာရ (The Spirit of the Law)ရောက်အောင် ကျင့်သုံးဖော်ဆောင်နိုင်ရန်လည်း လွန်စွာအရေးကြီးပါသည်။ ထိုသို့ကျင့်သုံး ဖော်ဆောင်နိုင်ရန်အတွက် လူသားဆန်မှု၊ သဘာဝတရားမျှတမှုကို မြတ်နိုးတန်ဖိုးထားတတ်မှု၊ လူကိုလူလို မြင်တတ်၊တွေးတတ်၊ စဉ်းစားတတ်သည့် အလေ့အထသဘာဝ၊ အရာရာကို ဉာဏ်ပညာဖြင့် ဆင်ခြင်သုံး သပ်ဆောင်ရွက်တတ်မှု၊ စိတ်ခံစားမှုနှင့် မိမိ၏အတ္တနောမတိကို ထိန်းသိမ်းတုံ့ပြန်တတ်မှု စသည့် အရည်အ သွေးများလည်း ပြည့်စုံရန် လိုအပ်မည် ဖြစ်သည်။ 
      သည့်အတွက် တရားသူကြီးတစ်ဦးသည် အမြဲဖတ်မှတ်လေ့လာနေရန် လိုအပ်သည်။ မျက်စိဖွင့် နားစွင့်၍ ခေတ်၏တောင်းဆိုမှု၊ လူ့အဖွဲ့အစည်း၏အရွေ့ကိုလည်း မျက်ခြည်မပြတ် သိရှိနေရန် လိုအပ် သည်။ တရားသူကြီးတစ်ဦးကို ပြဋ္ဌာန်းဥပဒေများ၊ နေ့စဉ်ထုတ်သတင်းစာများ ဖတ်ရှုနိုင်ရန် အခွင့်အရေး နှင့် အချိန်ပေးရန် လိုအပ်သည်။ တစ်နည်းအားဖြင့် တရားသူကြီးတစ်ဦးသည် စာရင်းဇယားများ၊ ကိန်း ဂဏန်းများ၊ လမ်းညွှန်ချက်များဖြင့်သာ အချိန်ကုန်နေမည်၊ လူမှုရေးကိစ္စရပ်များ၊ ဗာဟီရကိစ္စရပ်များဖြင့် သာ အချိန်ကုန်နေမည်၊ မနိုင်ဝန်များ ထမ်းရွက်နေရမည်ဆိုလျှင် ပြဋ္ဌာန်းဥပဒေများ၏ အနှစ်သာရ(The Spirit of the Law) ရောက်အောင် ကျင့်သုံးဖော်ဆောင်နိုင်ရန် ခက်ခဲပေလိမ့်မည်။ အလားတူပင် တရား သူကြီးတစ်ဦးသည် သာမန်ဝန်ထမ်းတစ်ဦး ဆောင်ရွက်နိုင်သည့် ရုံးလုပ်ငန်းတာဝန်များနှင့်သာ အချိန်ကုန် ဝန်ပိနေမည် ဆိုလျှင်လည်း ဥပဒေကို ကျင့်သုံးဖော်ဆောင်ရာ၌ စာဖြင့်ရေးသားပြဋ္ဌာန်းချက် (The Letter of the Law) မျှလောက်ဖြင့်သာ ခရီးဆုံးနေပေလိမ့်မည်။ ထို့ကြောင့် တရားသူကြီးတိုင်းက ပြဋ္ဌာန်း ဥပဒေများ၏ အနှစ်သာရ(The Spirit of the Law) ရောက်အောင် ကျင့်သုံးဖော်ဆောင်နိုင်ရန် ပံ့ပိုးပေး သည့် ဝန်းကျင်တစ်ရပ် ရှိနေရန်လည်း အရေးကြီးပါသည်။
      ဒုတိယပေတံမှာ အဂတိတရားကင်းစင်ရေးပင် ဖြစ်သည်။ အဂတိတရားဟုဆိုရာ၌ တရားရုံး များတွင် လာဘ်ပေးလာဘ်ယူကင်းရှင်းရေးသည် ပထမဦးစားပေး ဆောင်ရွက်ရမည့်ကိစ္စဖြစ်သည်။ ထို အချက်သည် အဂတိတရား(၄)ပါးအနက် ဖေါက်ဖျက်မှုအများဆုံး အကြောင်းအရာဖြစ်သည်။ တရားသူ ကြီးများ လာဘ်စားလျှင် တိုင်တန်းနိုင်၊ အရေးယူနိုင်သည့် ဥပဒေယန္တယား ရှိပြီးဖြစ်သည်။ ထိရောက်သော အရေးယူမှုများက လာဘ်ပေးလာဘ်ယူကိစ္စအတွက် အဟန့်အတား ဖြစ်ပေလိမ့်မည်။ သို့ရာတွင် လုံး၀ ပျောက်သွားမည်ဆိုသည်ကား မသေချာလှ။ တရားသူကြီးတစ်ဦးသည် ငွေကြေးအတွက် အလုပ်မလုပ်ဘဲ နိုင်ငံနှင့် နိုင်ငံသားများအတွက်အလုပ်လုပ်စေရန် ၎င်း၏အခြေခံလိုအပ်ချက်များကို နိုင်ငံတော်က အာမခံ ပေးထားရန် လိုအပ်သည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် တရားသူကြီးများကို လစာကောင်းကောင်း ပေးထားသည်။ အခြားဝန်ထမ်းများနှင့်မတူ၊ လုပ်ငန်းသဘာဝအရ လိုအပ်သည့်စရိတ်များ ခွင့်ပြုပေးထား သည်။ မိမိကိုယ်တိုင်နှင့် မိသားစု၏ကျန်းမာရေးအတွက် ကျန်းမာရေးအာမခံရှိသည်။ နေရေးထိုင်ရေး အတွက် ထိုက်တန်သည့် အစိုးရအိမ်ရာ ဖန်တီးပေးသည်။ သားသမီးများ၏ ပညာရေးအတွက် ဘွဲ့ရသည် အထိ အစိုးရကတာဝန်ယူပေးသည်။ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသည့်အခါ ပြောင်းရွှေ့စရိတ်ကို လုံ လောက်အောင် ခွင့်ပြုသည်။ အစိုးရက လုံလောက်အောင်ပေးထားလည်း လာဘ်စားချင်သူက စားတာပါ ပဲ ဟူ၍ မေးခွန်းထုတ်သူတွေ တွေ့ဖူးသည်။ အစိုးရက လုံလောက်အောင်ပေးထားပါလျှက် လာဘ်စားလျှင် ထိထိရောက်ရောက် အရေးယူသည့် ဥပဒေယန္တယားဖြင့် ထိန်းကျောင်းရမည် ဖြစ်သည်။ 
      အဂတိတရား(၄)ပါးသည် တံစိုးလက်ဆောင်ပေးခြင်း တည်းဟူသည့် လာဘ်ပေးလာဘ်ယူကိစ္စ ထက် များစွာကျယ်ပြန့်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် တရားစီရင်ရေးဆိုင်ရာ အခြေခံမူဖြစ်သည့် “လွတ်လပ်စွာ တရားစီရင်ခြင်း” သည် အဂတိတရား(၄)ပါးကင်းစင်သည့် တရားစီရင် မှုကို ဆိုလိုခြင်း ဖြစ်သည်။ တရားသူကြီးတစ်ဦးက ကြောက်ရွံ့မှုကြောင့်ဖြစ်စေ၊ လူချင်းခင်မင်ရင်းနှီးမှု၊ တစ်စုံတစ်ရာ ဆက်စပ်ပတ်သက်မှုကြောင့်ဖြစ်စေ အမှန်ကို အမှား၊ အမှားကိုအမှန် စီရင်ရခြင်းသည်လည်း လွတ်လပ်သည့် တရားစီရင်ခြင်း မဟုတ်ပေ။ အလွန်အရေးကြီးသည့် အဂတိတရား(၁)ပါးမှာ မောဟဂတိ ဖြစ်သည်။ တရားသူကြီးတစ်ဦးသည် အချက်အလက်သုံးသပ်ရာတွင် ကျွမ်းကျင်လိမ္မာရန်လိုသည်။ ထို့ပြင် ဥပဒေပြဿနာများကို ဖြေရှင်းရာတွင်လည်း ကျိုးကြောင်းခိုင်လုံစွာ ဖြေရှင်းဆုံးဖြတ်နိုင်ရန် လိုသည်။ သည့်အတွက် အမှန်နှင့်အမှား၊ ဓမ္မနှင့် အဓမ္မ၊ တရားနှင့် မတရားကို ဆင်ခြင်ခွဲခြား သုံးသပ်နိုင်သည့် အလေ့အလာ ဗဟုသုတလိုသည်။ ဉာဏ်ပညာ ဆင်ခြင်တုံတရား လိုသည်။ သို့မှသာ မောဟကင်းသော တရားစီရင်ခြင်းကို ဆောင်ရွက်နိုင်ပေလိမ့်မည်။ 
      တရားစီရင်ရေး တည့်မတ်ခိုင်မာရေးအတွက် တရားသူကြီးတစ်ဦးချင်း တည့်မတ်ခိုင်မာရန် တိုင်း တာရမည့် ပေတံ(၂)ချောင်းကို အထက်တွင် တင်ပြခဲ့ပါသည်။ အခြားသောလိုအပ်ချက်များလည်း ရှိပါသည်။ သို့ရာတွင် တရားသူကြီးတစ်ဦးချင်း မိမိကိုယ်မိမိ ပြန်လည်သုံးသပ်တိုင်းတာရန် လိုအပ်သည့် အချက်များကို မီးမောင်းထိုး တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
မြတ်မျိုးလတ်
(၂၃-၂-၂၀၁၉ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်ထုတ်သတင်းစာ).
Wednesday, March 13, 2019
အပြစ်တင် ငြင်းခုံခြင်းဖြင့် အဖြေမှန်ရမည် မဟုတ်။
ဇေယျာမိုးမြင့်စံ
လူပြိန်းကြိုက် လက်ခုပ်သံများကို အလွန်အမင်း မျှော်လင့်၍ ဌာနအဖွဲ့အစည်းများကို အလွန်အကျွံ စွပ်စွဲ ပြစ်တင် ရှုတ် ချနေခြင်းထက် စိတ်စေတနာ ကောင်းဖြင့် ချဉ်းကပ်လျက် အခက်အခဲများ၊ ပြဿနာများ၊ အားနည်းချက်၊ အားသာချက် များကို အတွင်းကျကျ သိရှိနားလည်အောင် ပြုကာ အကြံဉာဏ်ကောင်းများပေး ခြင်းက ပို၍ အကျိုး သက်ရောက်မှု ရှိစေမည် ဖြစ်ပါသည်။
ဒီဇင်ဘာ ၁ ရက်နေ့ထုတ် ဂျာနယ်တစ်စောင်၏ မျက်နှာဖုံးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ ပြောဆိုချက်နှင့် စပ်လျဉ်း၍ ခေါင်းစီးဖော်ပြချက်မှာ အသည်းယား စရာပဲ ဖြစ်ပါသည်။
သတင်းစာများ နိုင်ငံပိုင်ဆို လျှင် ခိုးကြ သုံးကြ ဗုန်းကြမှာပဲ.. တဲ့။
ပုဂ္ဂလိကသတင်းစာများ ထုတ် ဝေခွင့်ပြုပါက နိုင်ငံပိုင်သတင်းစာ ဆက်လက်ထားရှိရန် သင့်မသင့်ဆို သော ပြဿနာ ကို သေချာဃန လေ့ လာခဲ့ဖူးခြင်း မရှိသဖြင့် ဤနေရာတွင် ပါဝင်ဆွေးနွေးလိုခြင်းမရှိပါ။ ပုဂ္ဂလိ ကနှင့် နိုင်ငံပိုင်သတင်းစာတို့ အတူ တကွ ရှိသင့် မရှိသင့် သို့မဟုတ် ပုဂ္ဂလိက သတင်းစာသာလျှင် ရှိသင့် ပြီး နိုင်ငံပိုင် သတင်းစာဟူ၍ တစ် စောင်တစ်လေမျှပင် ရှိရန်သင့်၊ မသင့်ဆိုသည်မှာ သီးခြားစဉ်းစား၍ အဖြေရှာရမည့် ကိစ္စ ဖြစ်တန်ရာပါ သည်။ သို့ရာတွင် နိုင်ငံပိုင်သတင်း စာကို ဆက်လက်၍ ထားရှိနေဦး မည်ဆိုရုံမျှဖြင့် ခိုးကြ သုံးကြ ဗုန်း ကြမှာပဲဟူ၍ တစ်ထစ်ချ စွပ်စွဲပြောဆိုရန်မူကား အဆင်ခြင်မဲ့ ဝါးလုံး ချေးသုတ် ပြောရာရောက်ပါသည်။ လူကောင်းသူကောင်းများကို အားနာဖို့ ကောင်းပါသည်။
မည်သည့်ဌာနအဖွဲ့အသင်းမဆို ကောင်းသူတွေရှိသကဲ့သို့ ဆိုးသူတွေ ရှိနိုင်ပါသည်။ ရိုးဖြောင့်သူတို့ရှိ သကဲ့သို့ မရိုး မဖြောင့်သူတို့လည်း ရှိနိုင်ပါသည်။ လူတစ်ဦး တစ်ယောက် တည်းပင်လျှင် ကောင်းသည့်အခါ ကောင်း၍ ဆိုးသည့်အခါ ဆိုးသည် မျိုးရှိနိုင်ပါသည်။ ပညာရှိအထင်ခံ လိုပါက နှိုင်းနှိုင်းချိန်ချိန်သုခမိန်ဆို သလို သတိချပ်၍ ပြောတတ်ဖို့လိုပါ သည်။ ဉာဏ်နည်းသူတို့သည်  အပေါစားလက်ခုပ်သံများကို အလွန်အမင်း သာယာတတ်သည် ဖြစ်ရာ မိမိတို့၏ လူသိရှင်ကြားပြောဆိုချက် ကို ပညာရှိတို့ ရယ်ဖွယ် မဖြစ်အောင် ဆင်ခြင်ရမည် ဖြစ်ပါသည်။
ဤကမ္ဘာမြေတွင် သူမိုက်တို့  ၏ အချိုးအစားက ပိုသာနိုင်ဖွယ်ရှိ ပါသည်။ ဉာဏ်ကြီးသူတို့သည် လွယ်လွယ် လက်ခုပ်တီးလေ့ မရှိပါ။ လိမ္မာယဉ်ကျေးမှုနှင့် မှန်ကန်မျှတမှု သာလျှင် အစစ်အမှန်ဖြစ်သည်ကို ယုံမှားဖွယ် မရှိသင့်ပါချေ။
မကြာသေးမီက ဖွဲ့စည်းသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီက တွေ့ရှိ ချက် ၁၉ ချက်နှင့် သုံးသပ်ချက် ၅ ချက်ပါဝင်သော အစီရင်ခံစာ တစ်စောင်ကို ပြည်သူ့လွှတ်တော်သို့ တင်သွားခဲ့သည်ဟု ဆိုပါသည်။
သတင်းဖော်ပြချက် တစ်ခုမှ ကောက်နုတ် ဖော်ပြပါမည်။
တွေ့ရှိချက်များအရ တရားရုံး များတွင် အမှုပွဲစားများ ရှိနေကြောင်း၊ တရားရုံးဆင့်ခေါ်မှုတွင် ရဲနှင့်ဆင့် စာလုလင်၏ ပျက်ကွက်မှုများ ကြောင့် သက်သေများ မလာနိုင် သကဲ့သို့ သက်သေစရိတ် ချက်ချင်း မထုတ်ပေး နိုင်သဖြင့်လည်း သက်သေများ မလာလိုကြရာ အမှုများမှာ မလိုအပ်ဘဲ အချိန်ကြာမြင့်နေကြောင်း၊ အမှုစစ်ဆေး ရာတွင်လည်း သက်သေများ က အားနာသဖြင့် အမှန်ထွက်ဆိုရန် ဝန်လေးနေကြကြောင်း တရားခွင်များသည် ကျဉ်းမြောင်းလှသဖြင့် အများပြည် သူရှေ့မှောက်တွင် တရားစီရင်ရန် အခက်အခဲ ရှိနေသကဲ့သို့ တရားရေး ဝန်ထမ်းများ အပါအဝင် လူထုမှာ အကြောက်တရား လွှမ်းမိုးနေသဖြင့် ပွင့်ပွင့်လင်းလင်း မပြောရဲကြသေး ကြောင်း၊ တိုင်ချက်များကို စွပ်စွဲခံရသူများကို ညှဉ်းပန်းနှိပ်စက် ရာမှ ထွက်လာသော ထွက်ချက်များ အပေါ် အခြေခံ၍ တင်မှုများရှိနေကြောင်း၊ လာဘ်ပေး လာဘ်ယူမှုများ ယခုတိုင်ရှိနေသကဲ့သို့ ပြည်သူများ ကလည်း ထိုကိစ္စအတွက် တာဝန်မကင်းဟု မသိကြကြောင်း။
သေချာဃန စိစစ်လေ့လာခြင်း မရှိသည့် ပရမ်းပတာ စွပ်စွဲပြစ်တင် မှုများကြောင့် စိတ်လက်မချမ်းမသာ ဖြစ်ခဲ့ကြကုန်သော တတ်သိနားလည် သူအပေါင်း တို့သည် လည်းကောင်း၊ နာကျင်ခံစားနေကြသည့် တရား စီရင်မှုဝန်ထမ်းတို့သည် လည်းကောင်း၊ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြ ထားချက်များအတွက် ကျေနပ်  ကြည်ဖြူနိုင် လိမ့်မည် ထင်ပါသည်။
တရားရုံးများ အပေါ် ချီးကျူး ထားသောကြောင့် မဟုတ်ပါ။ ချီးကျူးထားချက် တစ်ချက်မှ မပါရှိပါ။
သို့သော် ရန်လိုသော၊ အပြစ်ရှာသော၊ မိမိ၏အပြစ်အနာကို ဖုံးကွယ်လို၍ သံကောင်းဟစ်ပြသော အကာပြဲ့ပြဲ့ အနှစ်မဲ့ သည့် ဖော်ပြချက်တို့ မပါဝင်သည် ကပင်လျှင် ကျေနပ်စရာ ကောင်းနေခဲ့ပါပြီ။ စာနာ နားလည်မှုကပင် ကျေနပ်စရာ ကောင်းနေခဲ့ပါပြီ။ သူတို့ လေ့လာတွေ့ရှိထားသည့် အားနည်းချက်များ ကိုသာ ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ တရားရုံး များစွာ၌ အမှန်တကယ် ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲ အချို့ကို ကော်မတီ သည် တိုတောင်းသော ကာလအတွင်း ရှာဖွေတွေ့နိုင်ခဲ့ပါသည်။
ချွတ်ယွင်းချက်များရှိပါဦးမည်။ အရေးယူရမည့် သို့မဟုတ် ပြုပြင် တည့်မတ်ပေးရမည့် သို့မဟုတ် ဌာနချင်း ပူးပေါင်းညှိနှိုင်း၍ အဖြေရှာရ မည့်အချက်များ ကျန်ရှိပါဦးမည်။  သို့သော် တစ်ခုမကျန် မဟုတ်သော် မှ ကုစားရန် မလွဲမသွေ လိုအပ်သည့် အနာဟူသမျှ ရှာဖွေတွေ့ရှိ နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
တရားစီရင်ရေးဆိုသည်မှာ တရားရုံးတစ်ခုတည်းက တစ်ဦး ကောင်းတစ်ယောက်ကောင်း လုပ်၍ ရနိုင်သော လုပ်ငန်း မဟုတ်ကြောင်း၊ ရဲအရာရှိ၊ သက်သေ၊ ရှေ့နေ၊ ဥပဒေ အရာရှိ၊ ဓာတုဗေဒဝန်၊ လက်ရေး/ လက်ဗွေ ပါရဂူ၊ ဆရာဝန်၊ မြေ စာရင်းအရာရှိနှင့် အခြားဌာနဆိုင် ရာတို့၏ မှန်ကန်သော ပူးပေါင်း ဆောင်ရွက်မှု တို့သည်လည်း အမှု အလျောက် အရေးကြီးသောအခန်း ကဏ္ဍမှ ပါဝင်ကြောင်း မကြာမီ ရှာဖွေတွေ့ရှိနိုင် လိမ့်မည်ဟု ယူဆ ပါသည်။
တရားသူကြီးဆိုသူမှာ စစ်ဆေး ပေါ်ပေါက်သည့် သက်သေ အထောက်အထားများအပေါ် ဥပဒေပြဋ္ဌာန်းချက်  နှင့်အညီ မှန်ကန် မျှတသည့် စီရင် ဆုံးဖြတ်မှုကိုပြုရန် အဓိက တာဝန် ရှိသူဖြစ်ပါသည်။ သို့သော် ရိုက်သည်ကို မြင်သော သက်သေ တို့က အားနာသောကြောင့်ဖြစ်စေ၊ ကြောက် ရွံ့သော ကြောင့်ဖြစ်စေ၊ တံစိုးမကင်း သော ကြောင့်ဖြစ်စေ၊ ရိုက်သည်ကို မြင်ကြောင်း မထွက်ပါက ရိုက်မှု ဖြင့် ပြစ်ဒဏ်စီရင်ခြင်း ပြုနိုင်မည် မဟုတ်ပါ။ မူးယစ်ဆေးဝါး သုံးစွဲသူ တစ်ဦးကို ဆီးစစ်ဆေးသည့် ဓာတု ဗေဒဝန်က ဆီးထဲတွင် အင်ဖက်တမင်း မတွေ့ ကြောင်း၊ ပြင်ပလက္ခဏာ စစ်ဆေးသည့် ဆရာဝန်က မူးယစ်ဆေးဝါး သုံးစွဲသည့် လက္ခဏာများ မတွေ့ကြောင်း သက်သေခံပါက ဥပဒေအရ အရေးယူ အပြစ်ပေး နိုင်မည် မဟုတ်ပါ။ အမှုတွင် သက်သေအဖြစ် ဆင့်ခေါ်ခြင်း ခံရသည့် ဌာနဆိုင်ရာ ဝန်ထမ်းက ဆရာဝန် များသို့နှယ် အမှုသည်ထံမှ ခြေကြွခ မရမချင်း အကြောင်းအမျိုးမျိုး ပြ၍  သက်သေခံရန် ရှောင်တိမ်းနေသည် မျိုးကို တရားသူကြီးများ ကြုံဖူးကြပါသည်။ သက်သေ ဆင့်ခေါ်စာ အတည်ဖြစ်ပါလျက် တမင်ရှောင်ဖယ် နေသော ရယက ဥက္ကဋ္ဌကို ဥပဒေနှင့်အညီ သက်သေ ဖမ်းဝရမ်း ထုတ်ခဲ့ သောကြောင့် ပြင်းထန်စွာ သတိပေးခြင်းခံရသော တရားသူကြီးမျိုး လည်း တကယ်ရှိခဲ့ဖူးပါသည်။
တရားရုံးများတွင် နှစ်အဆက်ဆက် ခေတ်အဆက်ဆက် ဖြေရှင်း၍ မပြေလည်နိုင်သေးသော အခက်အခဲ ပြဿနာများစွာ ရှိပါဦးမည်။ တရားသူကြီး များသည် ဥပဒေပညာတတ် များဖြစ်ပါသည်။ ပူးပေါင်း ဆောင်ရွက်မှု ကို ရယူ တည်ဆောက်နိုင်ဖို့ လိုပါသည်။ ရန်လိုစိတ်နှင့် အပြစ်ရှာနေခြင်းဖြင့် ရည်ရွယ်ရင်း မရောက်နိုင်ပါ။
မကြာသေးမီက ရန်ကုန်မြို့ရှိ  တရားရုံး အနည်းငယ်ကို ကော်မတီ တစ်ခု၏ တာဝန်အရ သွားရောက် စစ်ဆေး လေ့လာ ပြီးနောက် တရားရုံးများအပေါ် လူသိထင်ရှား တရားလက်လွတ် ထိပါးပြောဆိုသူတစ်ဦး ရှိခဲ့ပါသည်။ တရားရုံးများဘက်က တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိဘဲ ငြိမ်သက်နေခဲ့သေးသည်ကို ဝေဖန် ဆွေးနွေးရန် မရှိပါ။ သို့ရာတွင် ထိုသို့ ထိပါးပြောဆိုခဲ့သူသည် တစ်ချိန်တည်းတွင် အမှုသည်ထံမှ အခကြေးငွေ ယူ၍ အမှုလိုက်ပါ ဆောင်ရွက်လျက် ရှိသော ရှေ့နေရှေ့ရပ် တစ်ဦးလည်း ဖြစ်နေပြန်ရာ ထိုသူ လိုက်ပါ ဆောင်ရွက်သော အမှုများ တွင် ထိုတရားရုံးတို့က မှန်ကန်မျှတသည့် စီရင်ချက်များ ချမှတ်နိုင်ပါ မည်လား၊ တစ်စုံတစ်ရာ စိုးရွံ့ထိတ်လန့် မှုဖြင့် ထိုသူလိုက်ပါနေသော အမှုမှန်သမျှ အနိုင်ပေးစီရင်လိုက် လေမည်လားဟူ၍ ထိုသူနှင့် ဆိုင်ပြိုင်သော အမှုသည်တို့က သံသယ မကင်း ဖြစ်နိုင် ပါသည်။ တရားသူကြီး အငယ်တို့သည် မည်သူက မည် သို့ပင် ဟန်ရေးပြ၍ ပြောဆိုနေစေ ကာမူ ထည့်သွင်းစဉ်းစားဖို့မလို ဥပဒေနှင့်အညီ အမှုစစ်ဆေး ပေါ်ပေါက်ချက် အတိုင်းသာလျှင် မှန်ကန် သည့် စီရင်ဆုံးဖြတ်ချက်ကို ရဲရဲတင်းတင်း ချမှတ်ဖို့ပဲလိုသည်ဆိုတာ ရှင်းရှင်း လင်းလင်း သိမှ သိကြပါမည်လားဟု စိုးရိမ်မကင်းဖြစ်သူတို့လည်း  ရှိသည်။ သွယ်ဝိုက်ခြိမ်းခြောက်မှု သို့မဟုတ် မလျော်သြဇာ လွှမ်းမိုးမှုဖြင့် တရားစီရင်ရမည့် ခေတ်ကာလ မဟုတ်တော့ပြီကို အငယ်ဆုံးတရား သူကြီးတို့ကပါ လက်ခံယုံရဲနိုင်အောင် Encourage လုပ်ပေးဖို့ လိုပါမည်။
တရားရုံး၏ပုံရိပ်ကို ညစ်ထေးစေခဲ့သူတို့သည် ပို၍ သံကောင်း ဟစ်တတ်ကြောင်း သတိချပ်ရပါ မည်။
လာဘ်ပေး လာဘ်ယူမှု ဆိုသည်မှာ ဌာနအဖွဲ့အစည်းတစ်ခုတည်း သို့မဟုတ် လူတစ်စု တစ်အုပ်တည်း တွင် စွဲကပ်လျက် ရှိသော ရောဂါ ဝေဒနာချက်မဟုတ်သည်ကို သဘော  ညီနိုင်ကြမည်ထင်ပါသည်။ အကျင့်ပျက် ခြစားမှုကို ပြစ်တင်မောင်းမဲ သူတို့သည် အကျင့်မပျက် ခြမစားသူတို့သာ ဖြစ်ရပါမည်။ ညောင်သီး စားငှက်ကို ပစ်ခတ်မည့် လေးသမား  ကိုယ်တိုင် ညောင် ရိပ်နှင့် လွတ်ရပါမည်။ သို့မဟုတ်ပါက ညောင်သီးဖြင့် ဝလင် နေသော လေးသမားက ပို၍ အန္တရာယ်ကြီးနိုင်ပါသည်။
စွက်ဖက်မှုဆိုသည်မှာ လူတချို့က ထင်မြင်သကဲ့သို့ အိတ်ပိတ်စာ အိတ်ထဲမှ အမိန့်တစ်စုံတစ်ရာ မဖြစ် တန်ရာ ပါ။ အားနည်းချက်ရှိနေသော အမှုထမ်း အရာထမ်းတို့၏ ဘဝရပ် တည်မှုဆိုင်ရာ စိုးရိမ်မကင်းဖြစ်သည့်  အကြောက် တရား တွင်သာ အခြေခံခဲ့ဖွယ် ရှိပါသည်။ ယခင် ပြည်သူ့ တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ လုပ်ခဲ့ သော သူရ ဦးအောင်ဖေ ကတော့ ပြောပါသည်။ “တရားစီရင်မှုဆိုတာ စိတ္တသတ္တိလိုတယ်၊ တစ်ခါတစ်ခါ သူရဘွဲ့ တစ်ခုနဲ့တောင် မလုံလောက်”  ဟု ဆိုပါသည်။
မည်သည့် ဌာန အဖွဲ့အသင်းကို မဆို ရန်လိုသောသဘောဖြင့် အပြစ်တင်ငြင်းခုံနေခြင်းထက် စိတ် စေတနာ ကောင်းဖြင့် ချဉ်းကပ်အဖြေ ရှာခြင်းက ပို၍ အကျိုးများဖွယ်ရှိမည် ထင်ပါသည်။
ဇေယျာမိုးမြင့်စံ
Myanmar Independent News journal
Tuesday, February 19, 2019
ရဲတရားရုံးသည် အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊မရှိ
ထုတ်ပြန်ကြေညာခြင်းမပြုစေကာမူ ရဲတရားရုံးက ပြစ်မှုထင်ရှားစီရင်ခဲ့သည့်အမှု များစွာရှိပါလိမ့်မည်။ရဲတရားရုံးဖြင့် စစ်ဆေး၍ ပြစ်မှုထင်ရှားစီရင်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်မှု ရှိမရှိ ဆွေးနွေးတင်ပြလိုပါသည်။ 
“ ပြည်သူ့ရဲတပ်ဖွဲ့ (နောင်အခါ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့) စည်းကမ်းထိန်းသိမ်းရေးဥပဒေ” ဟူ၍  နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ၁၉၉၅ ခုနှစ်၊ဧပြီလ ၂၆ ရက်နေ့တွင် ပြဌာန်းခဲ့သဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ မတည်ရှိမီက ဥပဒေ ဖြစ်ပါသည်။ ရဲတရားရုံးဆိုသည်မှာ ယင်းဥပဒေပုဒ်မ-၃၀၊၃၁ တို့အရ ရဲချုပ်က ပြန်တမ်းဝင်(ရဲ)အရာရှိ-၃ ဦးဖြင့် ဖွဲ့စည်းသည့် တရားရုံးအမျိုးအစားတစ်ခု ဖြစ်ပါသည်။ 
ယင်းဥပဒေအခန်း(၆)တွင်  ရဲတရားရုံးသည် အရာခံ၊အကြပ်၊တပ်သားတစ်ဦးအား အကျဉ်းနည်းဖြင့်စစ်ဆေးခွင့်ရှိပြီး ၀န်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ရာထူးမှရပ်စဲခြင်း၊စသည့်ဝန်ထမ်းဆိုင်ရာပြစ်ဒဏ်များနှင့် ရဲအချုပ်၌်-၃ လထိ ထောင်ဒဏ်ချ မှတ်နိုင်သည့်အခွင့်အာဏာကို ရဲချုပ်၊ပြည်နယ်တိုင်းရဲတပ်ဖွဲ့မှူးတို့အား အပ်နှင်းထားကြောင်း တွေ့ရပါသည်။ 
ထို့ပြင်၊ရဲတပ်ဖွဲ့ဝင်များအား ရဲတရားရုံးဖြင့်စစ်ဆေး၍ပုဒ်မ-၃၃ အရ၊ ၀န်ထမ်းဆိုင်ရာပြစ်ဒဏ်နှင့် ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ကို ချမှတ်နိုင်သည့်အခွင့်အာဏာရှိပါသည်။ ရဲချုပ်သည် ရဲတရားရုံး၏ဆုံးဖြတ်ချက်နှင့်ပြစ်ဒဏ်ကိုအတည်ပြုခြင်း၊ လျှော့ခြင်း၊လွတ်ငြိမ်းသက်သာခွင့်ပေးခြင်း၊ ပြုနိုင်ပြီး  ရဲတရားရုံး၏ဆုံးဖြတ်ချက်ကို  နစ်နာသည်ဟု ယူဆသူ(ရဲတပ်ဖွဲ့ဝင်)၏   အသနားခံစာရရှိပါက ပြည်ထဲရေးဝန်ကြီးသည်လည်း ပြစ်ဒဏ်ကို လျှော့ခြင်း၊ပြောင်းလဲခြင်း၊ လွတ်ငြိမ်း သက်သာခွင့်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊ စသည့်အခွင့်အာဏာများကို ယင်းဥပဒေပုဒ်မ-၅၆ အရ ကျင့်သုံးဆောင်ရွက်ခွင့်ရှိပါသည်။
ယင်းဥပဒေအရ ၀န်ကြီး၏ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြောင်းလဲရန်၊အယူခံရန် မည်သည့်တရားရုံးကိုမျှ အခွင့်အာဏာ အပ်နှင်းသည်ကို မတွေ့ရသဖြင့် ၀န်ကြီး၏ဆုံးဖြတ်ချက်သည် “အပြီးအပြတ်အတည်”(Coclusive Proof)ဖြစ်ပါသည်။
“ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့်”ဆိုသည်မှာ အခြေခံဥပဒေပုဒ်မ-၂၀၄(က)အရ နိုင်ငံတော်သမ္မတအား အပ်နှင်း အခွင့်အာဏာနှင့် အလားသဏ္ဍာန်တူပါသည်။
၂၀၁၈ ခုနှစ်တွင် ရဲတရားရုံးက ဒုရဲမှူးတစ်ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်း၊ ကျောက်ဆည်မြို့နယ်၌ သစ်ခိုးသယ်သူတို့ ကိုဖမ်းဆီးရမိပြီးမှပြန်လွှတ်ပေးခဲ့မှုတွင် နယ်ထိန်းအရာရှိနှင့်ရဲစခန်းမှူးတို့အား ထောင်ဒဏ်ချမှတ်ခဲ့ခြင်းတို့ကို  သတင်းဖော်ပြ ချက်များအရ သိရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တရားစီရင်ရေးအာဏာအပ်နှင်းခံရသည့်တရားရုံးများက ကျင့်သုံး နိုင်သည့်အခွင့်အာဏာကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ရဲတရားရုံးများကလည်းကျင့်သုံးလျက်ရှိသည်ဟုဆိုရပါမည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၉၃ တွင် နိုင်ငံတော်၏တရားစီရင်ရေးဆိုင်ရာရုံးများကို ဤသို့ဖွဲ့စည်းထားပါသည်။
(က)ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ပြည်နယ်/တိုင်းဒေသကြီးတရားလွှတ်တော်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးများ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ခရိုင်တရားရုံးများ၊မြို့နယ်တရားရုံးများနှင့် ဥပဒေအရတည်ထောင်သော အခြားတရားရုံးများ၊
(ခ) စစ်ဘက်ဆိုင်ရာတရားရုံးများ၊
(ဂ)နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊
ယင်းတရားရုံးအမျိုးအစား သုံးမျိုးကိုသာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေက အသိအမှတ်ပြုပြီး အခြားမည်သည့်တရားရုံး အမျိုးအစားကိုမျှ အသိအမှတ်ပြုထားကြောင်း မတွေ့ရပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၉၄ တွင်၊ (စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံ ရုံး၏စီရင်ပိုင်ခွင့်အာဏာများကိုမထိခိုက်စေဘဲ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏အမြင့်ဆုံးတရားရုံးဖြစ် ကြောင်း၊အတိအလင်းပြဌာန်းပါသည်။
အခြေခံဥပဒေပုဒ်မ၁၈(က)တွင် နိုင်ငံတော်၏တရားစီရင်ရေးအာဏာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတရားရုံးများအပါအ၀င် အဆင့်ဆင့်သောတရားရုံး များကိုသာ ခွဲဝေအပ်နှင်းကြောင်း ဖော်ပြထားပြီး (အခြား)မည်သည့်ဌာန အဖွဲ့အစည်းကိုမျှ ခွဲဝေအပ်နှင်းကြောင်း မတွေ့ရပါ။ 
အခြေခံဥပဒေပုဒ်မ-၂၉၃(က)တွင် “ဥပဒေအရတည်ထောင်သောအခြားတရားရုံးများ” ဟူသည့် စကားရပ် ပါရှိနေရာ 
ယင်းစကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းမပြုသဖြင့် ရဲတရားရုံးသည်ကလေးသူငယ်တရားရုံး၊ စည်ပင်သာယာတရားရုံး၊စသည် တို့ကဲ့သို့ “အခြားတရားရုံးများ”ဟူသည့်စကားရပ်တွင် အကြုံးဝင်ခြင်းရှိမရှိ ဆင်ခြင်ရန်ရှိပါသည်။
အခြေခံဥပဒေပုဒ်မ၂၉၅(ဃ)အရ  ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်နယ်/တိုင်းဒေသကြီး၊ တရားလွှတ် တော်များ၏စီရင်ချက်များကို ဆုံးဖြတ်နိုင်သောအယူခံမှုကို စီရင်ပိုင်ခွင့်ရှိပါသည်။ ထို့ပြင် “အခြားတရားရုံးများက ချမှတ်သော စီရင်ချက်များကိုလည်း ဥပဒေနှင့်အညီစီရင်ဆုံးဖြတ်နိုင်သည့် အယူခံမှုစီရင်ပိုင်ခွင့်အာဏာရှိသည်”ဟုပြဌာန်းထားပါသည်။
ရဲတရားရုံးအပါအ၀င်၊ရဲချုပ်၊ပြည်ထဲရေးဝန်ကြီးတို့၏ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံ ၀င်ခွင့်မရှိ၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အယူခံမှုအဖြစ် ကြားနာ၊စီရင်၊ဆုံးဖြတ်ခွင့်မရှိသဖြင့် ဤအချက်အရပင်လျှင် “အခြားတရားရုံးများ” ဟူသည့်စကားရပ်တွင် “ရဲတရားရုံးများ” သည် အကြုံးမ၀င်ဟု ဆိုရပါမည်။
“အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့်အယူခံပိုင်ခွင့်ရရှိရေး”သည် အခြေခံဥပဒေ၏အခြေခံမူတစ်ရပ်ဖြစ်စေကာမူ ရဲတရားရုံးများ၏ဆုံးဖြတ်ချက်ကို အယူခံပိုင်ခွင့်မရှိသဖြင့် တစ်သီးတစ်ခြားဖြစ်နေသည်။သို့ဖြစ်ရာ အခြေခံဥပဒေအရ ဖွဲ့စည်း သည့်တရားရုံး(၃)မျိုးတွင် ရဲတရားရုံးအကြုံးဝင်ခြင်းမရှိ၊အခြေခံဥပဒေကအသိအမှတ်ပြုခဲ့ခြင်းမရှိဟုကောက်ယူရန်ရှိပါသည်။
 ထို့ပြင်၊အခြေခံဥပဒေပုဒ်မ-၂၁(ခ)တွင်“တရားရုံး၏ခွင့်ပြုချက်မရရှိက နိုင်ငံသားတစ်ဦးကို-၂၄ နာရီထက်ကျော်လွန်၍ ချုပ်နှောင်ထားခွင့်မရှိစေရ”ဟု အတိအလင်းပြဌာန်းပါသည်။
 ပုဒ်မ-၃၇၆ တွင်လည်း အလားတူ ပြဌာန်းပါသည်။
သို့သော်၊ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၀ တွင် “ဖမ်းဆီးထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ရဲတပ်ရင်းမှူး၊သို့ မဟုတ်-ခရိုင်ရဲတပ်ဖွဲ့မှူးက ၂၄နာရီထက်ကျော်လွန်ပြီး ၇ ရက်အထိချုပ်နှောင်ခွင့်ရှိကြောင်း၊ပြည်နယ်/တိုင်းရဲတပ်ဖွဲ့မှူးကမူ -၇ ရက်ထက်ကျော်လွန်ပြီး-၃၀ ရက်အထိချုပ်နှောင်ထားခွင့်ရှိကြောင်း၊ပြဌာန်းခဲ့ပါသည်။ ယင်းမှာအခြေခံဥပဒေ၏“စံ”နှင့်ဆန့်ကျင် နေခြင်း ရှိမရှိ၊“နိုင်ငံသားတစ်ဦး၏မူလအခွင့်အရေး”ကိုထိပါးခြင်းရှိမရှိ၊ စဉ်းစားဖွယ်ရာ ဖြစ်ပါသည်။
၂၀၁၁ခုနှစ်က ပြည်ထဲရေးဝန်ကြီးဌာနသည် မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး (၂၇)ဦးကို ပထမတန်းရာဇ၀တ်တရားစီရင်ရေး အာဏာအပ်နှင်းရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အကြောင်းကြားစာပို့ခဲ့ပါသည်။ပြည်ထောင်စုတရားလွှတ်တော်ချုပ် သည်  ထိုကိစ္စကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ အဆုံးအဖြတ်ခံယူရန်  တင်သွင်းလွှာအမှတ်-၁/၂၀၁၁ ဖြင့် တင်ပြခဲ့ပါသည်။ 
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက နှစ်ဖက်ကြားနာပြီးနောက် “နိုင်ငံတော်အခြေခံမူများအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊တရားစီရင်ရေးအာဏာများကို ပိုင်းခြားသုံးစွဲရမည်ဖြစ်ကြောင်း” သုံးသပ်ပြီး  “ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူးများအား အုပ်ချုပ်ရေးအာဏာအပြင် တရားစီရင်ရေးအာဏာကိုပါအပ်နှင်းမည်ဆိုပါက
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ဖွဲ့စည်းပုံအခြေ ခံဥပဒေနှင့် ညီညွတ်မှုရှိမည်မဟုတ်ကြောင်း” ဆုံးဖြတ်ပေးခဲ့သည်ကို တွေ့ရပါသည်။
အခြေခံဥပဒေတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ပြည်ထဲရေးဝန်ကြီးတို့ကို တရားစီရင်မှုအာဏာ အပ်နှင်းခဲ့ခြင်းမရှိပါ။ သို့သော် မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေက ရဲတရားရုံးများအား တရားစီရင်မှုအခွင့်အာဏာ အပ်နှင်းသည့်သဘော တွေ့ရပါသည်။ရဲတရားရုံးများနှင့်ယင်းတို့ကကျင့်သုံးလျက်ရှိသည့်အခွင့်အာဏာသည် အခြေခံဥပဒေပုဒ်မ၁၈(က)အရ ပြည် ထောင်စုတရားလွှတ်တော်ချုပ်နှင့်အဆင့်ဆင့်သောတရားရုံးများသို့သာအပ်နှင်းသည့် “တရားစီရင်ရေးအာဏာ”ကို ကျင့်သုံး ရာ ရောက်မရောက်၊ပြန်လည်စိစစ်သင့်ပါသည်။ 
ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံအတွင်းရှိဥပဒေအားလုံး၏အခြေခံဖြစ်ရာ မည်သည့်ဥပဒေမျှဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ဆန့်ကျင်၍လည်းကောင်း၊ကွဲလွဲ၍လည်းကောင်း၊တစ်သီးတစ်ခြားရပ်တည်ရန် မဖြစ်နိုင်သည်မှာ ယုံမှားဖွယ်မရှိပါ။ 
မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေတည်ရှိစေလိုပါက အခြေခံဥပဒေကို ပြင်ဆင်ရန်ရှိမည်ဖြစ်ပါသည်။
ယင်းကိစ္စအလို့ငှာ အခြေခံဥပဒေကိုပြင်ဆင်ရန်မလိုအပ်ပါက ရဲတရားရုံးဖွဲ့စည်း၍ ပြစ်မှုထင်ရှားစီရင်နိုင်သည့် 
ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်ရန်ရှိမည်ဖြစ်ပါသည်။
ဥပဒေပြုလွှတ်တော်များနှင့်ဥပဒေပညာရှင်တို့သည် ပိုမိုကောင်းမွန် အောင် ကြံဆလျက် တစ်နည်းနည်း စီမံဆောင်ရွက်သင့်ပါကြောင်း လေးလေးစားစား အကြံပြု တိုက်တွန်းလိုက်ပါသည်။
ပြေလွင်မြင့်
7 day daily news
12 feb 2019
Friday, February 15, 2019
ငို၍သော်လည်းကောင်း၊ ရှိုက်၍သော်လည်းကောင်း ...
အငြင်းပွားဖွယ်ရာ ဝေဖန်မှုများရှိနေဆဲ၊ လက်ရှိအစိုးရလက်ထက် ခန့်ထားသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးမျိုးတင့်က “တရားသူကြီးများ တာဝန်စတင်ထမ်းဆောင်ချိန်၌ကျမ်းသစ္စာကျိန်ဆိုခြင်းသည် ထမ်းဆောင်သည့် တာဝန်သက်တမ်းတစ်ခုလုံးအတွက်ပဋိညာဉ်ပြုရာရောက်သဖြင့် အဆိုကိုမှတ်တမ်းအဖြစ်သာထားရှိရန်” ပြည်ထောင်စုတရား လွှတ်တော်ချုပ်ကိုယ်စားတောင်းဆိုနေဆဲမှာပဲ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်လျက် “တရားသူကြီး၊အမှုသည်နှင့်သက်သေများ၊ တရားခွင်တွင်ကျမ်းသစ္စာကျိန်ဆိုရေး” အဆိုကို အတည်ပြုလိုက်ပြီဖြစ်ပါသည်။
  အောက်ခြေတရားသူကြီးအဆင့်ဆင့်က လွဲမှားနေသဖြင့်ကျမ်းကျိန်ဖို့ တကယ်လိုအပ်သည်၊ မှန်မှန်ကန်ကန်လုပ်ရင် မကျိန်စရာ ဘာအကြောင်းမှမရှိ၊လက်ရှိတရားရေးစနစ်ကို ပြည်သူကယုံကြည်မှု အားနည်းနေသောကြောင့် တရားသူကြီးများ ကျမ်းကျိန်ရန်အဆိုကို တင်သွင်းခြင်းဖြစ်သည်၊ ဟူသည့်ပြောဆိုချက်အရ တရားသူကြီးများကိုထိန်းကွပ်သည့်အနေဖြင့် ကျမ်း ကျိန်စေလိုခြင်းဖြစ်ကြောင်း၊တရားသူကြီးများကျမ်းသစ္စာကျိန်ဆိုပြီးမှ အမှုစစ်ဆေး၊ စီရင်၊ ဆုံးဖြတ်မည်ဆိုပါက တရားရုံးများကို ပြည်သူ၏ယုံကြည်မှုမြင့်မားလာမည်ဟု ယုံကြည်မျှော်လင့်ကြောင်း ကောက်ယူရန်ရှိပါသည်။  
တရားရုံးတစ်ရုံး၏ ဆုံးဖြတ်ချက် မှန်မမှန်ကို မည်သူက အဆုံးအဖြတ်ပေးမည်လဲ၊ မူလရုံး၏ဆုံးဖြတ်ချက်ကို အထက် တရားရုံးတစ်ရုံးက ပယ်ဖျက်ပြီး ယင်းအထက်တရားရုံး၏ဆုံးဖြတ်ချက်ကို ယင်းထက်ပို၍အဆင့်မြင့်သောတရားရုံးကပယ်ဖျက် ၍ မူလရုံးအမိန့်ကို ပြန်လည်အတည်ပြုသည်များ အနမတဂ္ဂရှိသည်ကို တရားဥပဒေနယ်တွင် ကျင်လည်အသက်မွေးသူတိုင်း သိကြပြီးဖြစ်ပါသည်။ သို့ဖြစ်ရာ မည်သည့်ဆုံးဖြတ်ချက်က မှန်သလဲ၊ တရားရုံးကရှာဖွေတွေ့ရှိသည့်အမှန်တရားဆိုတာ ဘာလဲ ဆိုသည်မှာ ဟိုရှေးယခင်မှစ၍ ယခုအထိ မရိုးနိုင်သောမေးခွန်းတစ်ခုဖြစ်နေသည်ကို အထူးတလည်ပြောဖို့ လိုမည်မထင်ပါ။
 အောက်ခြေတရားသူကြီးများသည် မှားယွင်းတတ်ပြီး အထက်ရုံးတရားသူကြီးများက အမှားအယွင်းမရှိ ဟုဆိုချင်ပုံ ရပါသည်။ ယင်းမှာ  ပြီးပြည့်စုံသည့်ယုတ္တိဗေဒ ဟုတ်မဟုတ်ဆင်ခြင်ရန်ရှိပါမည်။
တရားဝင် ပုံနှိပ်၊ထုတ်ဝေထားသည့် စီရင်ထုံးစာအုပ်များအနက်မှ နီးစပ်ရာစီရင်ထုံးတစ်အုပ်ကို လှန်လှောကြည့်စေလို သည်။ တရားလွှတ်တော်အပါအ၀င် လက်အောက်ရုံး တရားသူကြီးများ၏ ဆုံးဖြတ်ချက်ကိုသာမက ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး(တစ်ဦးထိုင်)တို့၏ဆုံးဖြတ်ချက်ကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး အားလုံးပါ ၀င်သည့်(စုံညီခုံရုံး)က ပြင်ဆင်၊ပယ်ဖျက်သည်များရှိနေဆဲဖြစ်သည်ကိုတွေ့မြင်နိုင်ပါလိမ့်သည်။ သို့ဆိုပါက အမြင့်ဆုံးရုံး တရားသူကြီးတို့သည်လည်း မှားယွင်းချွတ်ချော်နိုင်သည်ဟု ယူဆဖွယ်ရာရှိပါမည်။ မည်သူမျှ ဘုရားသခင်မဟုတ်တာ သေချာပါသည်။
မည်သို့ပင်ဆိုစေကာမူ တရားသူကြီးများ ကျမ်းကျိန်ရန်အဆိုကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်သဖြင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့်နည်းလမ်းဖြင့်ဖြစ်စေ၊ ဥပဒေနှင့်ညီသည့် အခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့် ဖြစ်စေ၊ တရားသူကြီးများသည် ကျမ်းသစ္စာတစ်ခုခုကိုကျိန်ဆိုရမည်ဖြစ်ပါသည်။ အောက်ခြေတရားသူကြီးများပဲ ကျိန်ဆိုရမည်လား၊ အဆင့်မြင့်တရားသူကြီးများ ကင်းလွတ်ခွင့်ရမည်လား ဆိုသည်မှာ ဥပဒေပြုလွှတ်တော်၏ အလိုအတိုင်းသာ ဖြစ်ပါမည်။  
၁၈၇၃ ခုနှစ်တွင် အိန္ဒိယမှ ယူဆောင်လာသော(The Oaths Act)နှင့် တရားရုံးများက ဥပဒေပမာ လိုက်နာခဲ့ကြသည့် 
တရားရုံးများလက်စွဲ(Burma Courts Manual)တို့အရ ကျမ်းကျိန်ဆိုသည့်လုပ်ထုံးနည်းနာတစ်ခု ပေါ်လာခြင်းဖြစ်ပါသည်။ 
 မည်သည့်အစိုးရလက်ထက်တွင်မှ ကျမ်းသစ္စာဥပဒေကို ပြင်ဆင်၊ တို့ထိခြင်းမရှိ၊ ပြင်ဆင်ရကောင်းသည်ဟုသတိမမူခဲ့ ကြသဖြင့် ယင်းဥပဒေမှာ ယခုအထိ တည်ရှိနေခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ တရားရုံးများသည် မည်သည့်ဂုဏ်သရေရှိသက်သေကိုမဆို အမှုစစ်ဆေးမည်ဆိုလေတိုင်း မျက်နှာပူပူနှင့် ကျမ်းကျိန်ဆိုစေခဲ့ရပါသည်။ မိမိ၏အလုပ်တာဝန်များ မအားလပ်သည့် အကြားမှ တရားရုံးသို့ လာရောက်သက်သေခံကြရသည့် ဆရာဝန်သက်သေများကို ကျမ်းထုပ်ကိုင်ခိုင်းရလျှင် အလွန်မျက်နှာ ပူရပါသည်။ဆရာဝန်၊ ပါရဂူ-စသည့် ဂုဏ်သရေရှိသက်သေများကလည်း ကျမ်းထုပ်ကို အောင့်သက်သက်နှင့် ကိုင်ကြရပါသည်။
လက်တွေ့ အမှုများ စစ်ဆေးစီရင်ခဲ့ရာ၌ “ကျုပ်က ကျမ်းကျိန်ထားတာ၊ လိမ်မထွက်နိုင်ဘူး”ဟု သူ့ကိုသက်သေအဖြစ် တင်ပြသည့်အမှုသည်(ရှေ့နေ)တို့ကို ဆန့်ကျင်၍ မိမိတွေ့မြင်သိရှိသည့်အတိုင်း ထွက်ဆိုသောသက်သေ တစ်ဦး၊ နှစ်ဦးမျှသာ တွေ့ခဲ့ဖူးပါသည်။ အများစုမှာ ကျမ်းကျိန်စေကာမူ လိမ်လိုသူက လိမ်သည်ပဲဖြစ်ပါသည်။ အမှန်ပြောလိုသူက ပြောသည်ပဲ ဖြစ်ပါ သည်။ အမှန်ထွက်ဆိုသည်မှာ ကျမ်းထုပ်ကြောင့်ဟု မယူဆပါ။ ဒါက-ကျင့်ဝတ်သိက္ခာနှင့် ပို၍သက်ဆိုင်တန်ရာပါသည်။  
“အဟုတ်၊ ဘုရားစူး၊ ခုချက်ချင်းမြေမြိုပြီး မိုးကြိုးပစ်သေရစေရဲ့”ဟုပျစ်ပျစ်နှစ်နှစ်ကျိန်၍ ပြောတတ်သူကိုမှ မျက်စိမှိတ်၍ ယုံလိုသူတို့ သိပ်များလှမည် မထင်ပါ။ ကျိန်မှ လိမ်တတ်သည်-ဆိုသည့်စကားရှိပြီး “မယုံကြည်တာခံရတဲ့ကလေးက လိမ်တတ် တယ်”(A child that with distrust to be deceitful)ဟူသည့် ဆိုရိုးလည်း ရှိသည်။ မယုံကြည်ဟု ယခု ဆိုချေပြီ။
The Oaths Act(1873) Section-6 တွင် ဤသို့ပြဌာန်းပါသည်။  
Where the witness, interpreter or juror is a Hindu or Muhammadan, or has a objection to making an oath, make an affirmation. 
ဟိန္ဒူဘာသာဝင်နှင့် မဟာမေဒင်ဘာသာဝင်သက်သေများ၊ဂျူရီလူကြီးများ၊သို့မဟုတ်-စကားပြန်များကို  ကျမ်းသစ္စာ ကျိန်ဆိုစေခြင်းမပြုရ။ ကျမ်းသစ္စာ ကျိန်ဆိုစေမည့်အစား၊ ကတိသစ္စာဆိုစေရမည်။  
ယင်းဥပဒေပုဒ်မ-၇ အရ ကျမ်းသစ္စာကျိန်ဆိုရန်ပုံစံများကို တရားရုံးချုပ်က ဤသို့ပြဌာန်းခဲ့သည်။
ခရစ်ယာန်ဘာသာဝင်သည်(သမ္မာကျမ်းစာကိုကိုင်၍)၊ရဟူဒီလူမျိုးသည်(ဓမ္မဟောင်းကျမ်းကိုကိုင်၍)“အလုံးစုံမှန်ကန် စွာ အစစ်ခံပါမည်။မမှန်မကန် မပါရှိပါဟုကျွန်ုပ်ကျမ်းကျိန်ဆိုပါသည်။ဤမှန်သောသစ္စာစကားကြောင့် ကျွန်ုပ်အားဘုရားသခင် ကယ်မတော်မူပါစေသား” ဟု ကျိန်ဆိုရပါသည်။
ဖါရစီဘာသာဝင်သည်(ဇင်ဒါအာဝက်စတာကျမ်းစာကို ညာလက်ဖြင့်ကိုင်၍) “×××မမှန်မကန်မပါရှိပါဟု ကျွန်ုပ်ကျမ်း ကျိန်ဆိုပါသည်။ မနာဆနီ၊ဂ၀ါဆနီ၊ကူနာဆနီ” ဟု ကျိန်ဆိုရပါသည်။
မည်သည့်ဘာသာဝင်မျှမဟုတ်သူသည်“××မဟုတ်မမှန်သည်ကိုအစစ်မခံပါဟုဘုရားသခင်ရှေ့တော်တွင် ကျမ်းကျိန်
ဆိုပါသည်”ဟုလည်းကောင်း၊တရုတ်လူမျိုးဖြစ်သူသည် “××× မမှန်မကန်သည်ကိုအစစ်ခံသည်ရှိသော် ဤစက္ကူမီးလောင်၍ ပျောက်ကွယ်သွားသကဲ့သို့(ဤပန်းကန် ကွဲပျက်ဘိသကဲ့သို့ဟူ၍လည်းရှိ) ပျောက်ကွယ်/ကွဲပျက်ပါစေသား”ဟုလည်းကောင်း၊
 ဗုဒ္ဓဘာသာဝင်၊ရဟန်း/သာမဏေတို့သည် “××× မဟုတ်မမှန်ပြောသည်ရှိသော်၊ ကျွန်ုပ်၏ကျင့်ဝတ်ပဋိပတ်ဖြင့် ရရှိ သောအကျိုးအာနိသင်အားလုံး ဆုံရှုံးပျက်စီးပါစေသား” ဟုလည်းကောင်း၊ ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်တို့သည် (ကျမ်းထုပ်ကို စုံကိုင်၍) “မမှန်သည်ကို အစစ်ခံသည်ရှိသော် ဤကျမ်းစာပါကျိန်စာများ ကျွန်ုပ်အားသင့်ပါစေသား၊ အမှန်ကို အစစ်ခံသည်ရှိ သော် ဤကျမ်းစာပါ ကောင်းကျိုးချမ်းသာကို ခံစားရပါစေသား”ဟုလည်းကောင်း၊ ရွတ်ဆို၍ကျိန်ရပါသည်။
 ပြဿနာက ဗုဒ္ဓဘာသာဝင်တို့ကိုင်ရသည့်ကျမ်းထုပ်ပါ ကျိန်စာများဖြစ်သည်။ အလွန်ကြောက်မက်ဖွယ်ဖြစ်ပါသည်။ 
“ မဟုတ်မမှန် ဆိုပါချေလျှင် ဘုရား၊ရဟန္တာ၊သာသနာတော်တို့ကိုစောင့်သော နတ်အပေါင်းကလည်း သတ်၍သေပါစေ၊ ကိုယ်လက်ပြောင်းပြန်၊သွေးခဲအန်၍ သေပါစေ၊ဘေးရှစ်ပါး၊ဒဏ်ဆယ်ပါးတို့ကသတ်၍လည်း လတ်လတ်ချက်ခြင်းသေပါစေ၊ မြွေ ပွေးမြွေဟောက်ပေါက်ပါစေ၊ငရဲကြီးရှစ်ထပ်၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရကာယ်၊အပါယ်လေးပါးလားပါစေ၊ခြေလက်ဦးခေါင်း ထောင်း ထောင်းပြတ်၍ သေပါစေ” စသည်ဖြင့် ဗုဒ္ဓဘာသာဝင်တို့အတွက် ကျိန်စာကြီးသည် ပါရဂူဘွဲ့ယူကျမ်းတမျှ စုံလင်လှပါသည်။
အိန္ဒိယမှ လမ်းလျှောက်လာသောဥပဒေဖြစ်ပါသည်။ 
သူ့ဘာသာဝင်တို့အတွက် ငှက်မွေးလေးကဲ့သို့ နူးညံ့၊ချိုမြလှစွာ လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်တို့အတွက်မူ ကမ်းကုန်အောင် ဆိုးရွား ကြမ်းတမ်းလှစွာလည်းကောင်း၊ အကျည်းတန်ကျိန်စာ ဆိုးများကို အကျဉ်းမျှ ဖော်ပြခဲ့ပါသည်။ ဥာဏ်ကြီးသူတို့ အကြံကြီး၍ ဖန်တီးခဲ့သည်ကို ပြန်ပြီး ဆင်ခြင်နိုင်ကြရန်ဖြစ်ပါသည်။
ခေတ်နှင့်မလျော်ညီပါက ကျမ်းသစ္စာဥပဒေကိုပယ်ဖျက်ခဲ့ရပါမည်။ သို့သော် ကာလများစွာ မေ့လျော့ထားခဲ့ကြပါသည်။ ဒါကိုပဲ တရားရုံးချုပ်လက်​ထက်​က မက်မက်စက်စက် ပြန်ဆန်းသစ်ခဲ့သေးသည်။ နောက်ကျခြင်းကိုပဲ ယိုးမယ်ဖွဲ့ရမည်လား မသိနိုင်ပါပြီ။ 
လက်တွေ့ကျင့်သုံးနိုင်၍ မှန်ကန်မျှတသည့်လုပ်ထုံးနည်းနာတစ်ရပ်ကို ရှာဖွေတွေ့ရှိနိုင်ကြပါစေဟု ဆန္ဒပြုရပါသည်။    
တရားသူကြီးများသည် ဥပဒေပြဌာန်းချက်ရှိလာပါက ယုံသည်ဖြစ်စေ၊မယုံသည်ဖြစ်စေကျိန်ဆိုရပါမည်။ကျိန်လိုသည် ဖြစ်စေ၊မကျိန်လိုသည်ဖြစ်စေ၊ ကျိန်ဆိုရမည်ပဲဖြစ်ပါသည်။ “မှန်မှန်ကန်ကန်လုပ်ရင် မကျိန်စရာ၊ ဘာအကြောင်းမှမရှိ” ဟု ဆိုသဖြင့် မကျိန်လိုဟုငြင်းဆိုဖို့ရာ ခက်လှပါတော့သည်။    ။
ပြေလွင်မြင့်
Saturday, January 5, 2019
ယာဉ်မောင်းသူကိုသာ ထိခိုက်မိသည့် ယာဉ်မတော်တဆမှုများတွင် အဆိုပါ ယာဉ်မောင်းကို တရားစွဲဆိုခွင့် ရှိ /မရှိ
"ရာဇသတ်ကြီးက အကာအကွယ် ပေးထားသော လူ့ခန္ဓာကိုယ် လုံခြုံမှု" နှင့် ယာဉ်မောင်းသူကိုသာ ထိခိုက်မိသည့် ယာဉ်မတော်တဆမှုများတွင် အဆိုပါ ယာဉ်မောင်းကို တရားစွဲဆိုခွင့် ရှိ /မရှိဟူသော အဆိုအပေါ် ဆွေးနွေးတင်ပြခြင်း"
         ရာဇသတ်ကြီး Penal Code (၁ - ၅ - ၁၈၆၁) ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက စတင် အာဏာ သက်ရောက် ခဲ့တဲ့ ဥပဒေတစ်ခု ဖြစ်လို့ တိုးတက် ပြောင်းလဲလာသည့် လူမှု/စီးပွား/နိုင်ငံရေးဖြစ်စဉ် နဲ့အညီ အချို့သော ပြဌာန်းချက်များကို ပြုပြင်သင့်သည် သို့မဟုတ် ပယ်ဖျက်သင့်သည်ဟူသောအဆိုကို  "မူ" (principle)အားဖြင့် အများ လက်ခံကြလိမ့်မည် ဟု ယုံကြည်ပါသည်။
         သို့ရာတွင် ပြုပြင်/ပယ်ဖျက်ရာ၌ နှစ်ပေါင်း ၁၀၀ကျော်တိုင် ယင်း ဥပဒေများပါ ပြဌာန်းချက်များက လူမှု အဖွဲ့ အစည်းတစ်ခုကို ခိုင်မြဲစွာ အကာအကွယ်ပေးနှိုင်ခဲ့သည့် ဂုဏ်အဂါင်္ အနှစ်သာရ ဝိညာဉ်(spirit of law)ကိုမူ အထူး ဂရုပြု စီစစ်၍သာ ပြန်လည် ပြုပြင် ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးအကြံပြုလိုပါသည်။
         ရာဇသတ်ကြီးတွင် အခန်း-၂၃ခန်း၊ ပုဒ်မ-၅၁၁ ခုဖြင့် ဖွဲ့စည်းပြဌာန်းထားသည်ကို တွေ့မြင်နှိုင်ပါသည်။ ယင်းပြဌာန်းချက်များအနက် လူသားတစ်ဦးစီ၏ ကိုယ်ခန္ဓာအပေါ် ကာကွယ်ပေးထာသည့် ပြဌာန်းချက်များကို စီစစ် ရွေးချယ် သုံးသပ် တင်ပြလိုပါသည်။
          ယင်း ရာဇသတ်ကြီး၏ ပြဌာန်းချက်များတွင် လူသားတစ်ဦးအဖြစ် ပဋိသန္ဓေ ဖြစ်တည်ခွင့်(ဖြစ်တည်ခွင့်) မှစ၍ သေဆုံးပြီး death bodyအဖြစ် သင်္ချိုင်းမြေတွင် မြှပ်နှံထားသည့်ကာလတိုင် ဥပဒေက အကာအကွယ်ပေး ထားသည်ကို တွေ့မြင်နှိုင်ပါသည်။ (ပုဒ်မ- ၃၁၂ မှ၃၁၈ ၊နှင့်၂၉၇ တို့ကို ရည်ညွန်းပါသည်။)
           ထို့ပြင် လူသားအဖြစ် ဖြစ်တည်ခွင့်(ဖြစ်တည်ခွင့်)ကို ပိတ်ပင်ရာရောက်သည့် မိမိ၏ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်က သန္ဓေမတည် နှိင်အောင်  *ပြုပြင်ခြင်း* သင်းကွပ်ခြင်း ကိုပင် လူသားလောင်းလျာ၏ လူဖြစ်ခွင့်(လူဖြစ်ခွင့်)တည်းဟူသော အခွင့်အရေးကိုပင် မထိခိုက် မဆုံးရှုံးစေရေးအတွက် ကာကွယ်ရန်  ဥပဒေအရ ပြစ်ဒဏ်ပြဌာန်းထားသည် ကိုလည်း တွေုမြင်နှိုင်ပါသည်။ (ပုဒ်မ-၃၁၂-ကမှ-ဃ တိုကို ရည်ညွန်းပါသည်။)
          ကိုယ်တိုင် သေကြောင်းကြံခြင်း(Suicide) လုပ်ခြင်းအပေါ် ပြစ်ဒဏ်သတ်မှတ် ထားခြင်းက မိမိကြောင့် မိမိခန္ဓာ  ကိုယ်ကို ထိခိုက်စေမှုများ ကိုလည်း ပြစ်မှု/ ပြစ်ဒဏ်မှကင်းလွတ်ခွင့်  ပြုမထားသည်ကို တွေ့မြင်နှိုင်ပါသည်။။(ရာဇသတ် ကြီးပုဒ်မ - ၃၀၉ ကိုရည်ညွန်းပါသည်။)
        သို့ဖြစ်၍ ရာဇသတ်ကြီးက ကာကွယ်ပေးထားသည့် လူ့ခန္ဓာ(human body)ဆိုရာတွင်*ပြုသူနှင့် အပြုခံရသူ*  တို့ ၏ ကိုယ်ခန္ဓာ ၂ မျိုးလုံး အကြုံးဝင်သည်ဟု ယင်းဥပဒေ၏ ဝိညာဉ် (Spirit of law)အရ အခိုင်အမာ ကောက်ယူ ကြရမည် ဖြစ်ပါသည်။ 
          အခန်း ၁၆၊ လူကိုယ်ကို ထိခိုက်စေသောပြစ်မှုများ(Of offences affecting the human body) အခန်းတွင်  ပြဌာန်းချက်များကို ခေါင်းစဉ်ငယ်များအလိုက် ပုဒ်မများခွဲ၍ ပြဌာန်းထားသည်ဖြစ်ရာ အဆိုပါ ရေးသားပြဌာန်း ချက်များ(Letter of law)စာသားကို အဓိပ္ပါယ်ကောက်ယူကြရာတွင် ရာဇသတ်ကြီး၏ ဝိညာဉ် သို့မဟုတ် ရည်ရွယ်ချက် (Spirit of law)နှင့်လည်း ညီညွတ်မှသာ အဓိပ္ပါယ်ပြည်စုံမည်ဟု ယူဆမိပါသည်။ 
            "ယာဉ် မတော်တဆမှုကြောင့် မောင်းနှင်သူသာ ထိခိုက်ဒဏ်ရာရမှု ဖြစ်စဉ် တွင် မောင်းနှင်သူအပေါ် တရားစွဲဆိုခြင်းသည် မှန်ကန်မှု ရှိမရှိ" ဆိုသောissue တစ်ခုအား ရှုဒေါင့်အမျိုးမျိုးမှ ပြည့်စုံစွာ ဥပဒေပဒေ ပညာရှင်များက ဝေဖန်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ရပါသည်။
           ယင်းကဲ့သို့ မတော်တဆမှု ဖြစ်စဉ်သည် ထိုက်သင့်သည့်သတိပြုရန် ပျက်ကွက်ရာမှ ပေါ် ပေါက်လေ့ရှိရာ ယင်းပျက်ကွက်မှုသည် ရာဇသတ်ကြီး ပုဒ်မ-၃၂ အရ  *ပြုလုပ်မှု* များကို ရည်ညွန်းသော ပြဌာန်းချက်တွင် ဥပဒေနှင့် မညီသော ပျက်ကွက်မှုများလည်း အကြုံးဝင်သည်ဟု ဖော်ပြထားပါသည်။(ဥပမာ-မော်တော်ယာဉ်ဥပဒေအရ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသည့် ပြစ်မှု)
           ထိုပြင် မည်သူကိုမျှ ထိခိုက်မှု မရှိသော်လည်း ယာဉ်ကို အရမ်း သို့မဟုတ် ပေါ့ဆစွာ မောင်းနှင်ရုံမျှဖြင့် ပုဒ်မ-၂၇၉/၂၈၀တို့အရ ပြစ်မှုကျူးလွန်သည်ဟုပင် ပြဌာန်းထားပြီးဖြစ်ရာ --
အဆိုပြုချက်ပါ ယဉ်မတော်တဆမှု ဖြစ်ပွားစဉ် --
"အခြားသူကိုမထိခိုက်ပါ မောင်းနှင်သူသာ ဒဏ်ရာရခဲ့ပါသည်" 
ဟူသော အကြောင်းပြချက်ကြောင့် ယာဉ်မောင်းသူသည် ၄င်း၏ ထိုက်သင့်သည့် သတိပျက်ကွက်မှု အကျိုးဆက်ကြောင့် ၄င်းကိုယ်တိုင် ထိခိုက်ဒဏ်ရာ ရစေသည့် ပြစ်မှုမှ ကင်းလွတ်ခွင့် ရရန်အကြောင်မရှိနှိုင်ဟု ယူဆမိပါသည်။
        မြန်မာနိုင်င်္ငတွင် ယခု issue နှင့်စပ်လျဉ်း၍ စီရင်ထုံး ခိုင်ခိုင်မာမာ မပေါ်ပေါက်ခဲ့သည်ကပင် ခေတ်အဆက်ဆက်  ပညာရှိ ရှေ့နေကြီးများက ယခု issue ကို law issue အဖြစ် လျှောက်ထားခဲ့ခြင်း မရှိသကဲ့သို့ High Court, Central Court, Supreme Court တို့ကလည်း ဖွင့်ဆိုရှင်းလင်းပြရန် လိုအပ်သည့် Law issue ဟု သတ်မှတ်ခဲ့ခြင်း မရှိဟု ယူဆနှိုင်ပေသည်။
        စီရင်ချက် နှင့် စီရင်ထုံး အမျိုးအစားနှစ်မျိုး၏ နောင်အမှုများအပေါ် စည်းနှောင်အား ချိန်ခွင်လျှာ မတူညီသည်ကို လည်း ဥပဒေသမားတိုင်း သိရှိကြပြီး ဖြစ်မည်ဟု ယုံကြည်ပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ စီရင်ထုံးကို မလိုက်နာဘဲ စီရင်ချက် ကိုသာ လိုက်နာရန်မှာလည်း ဖြစ်သင့်သော အကြောင်းပြချက် မဟုတ်ပေ။
ရာဇသတ်ကြီး ပုဒ်မ-၃၃၇/၃၃၈၏ မူရင်းပြဌာန်းချက်တွင်-
by doing any act so rashly or negligently as--
                 --   to endanger human life
                                      or    
                 --    the personal safety of others ဟု*or* ဖြင့် ပြဌာန်းထားရာ
         (၁) လူ့အသက်(အသက်ရှင်နေထိုင်မှု)ကိုဖြစ်စေ  
         (၂)အခြားသူ တို့၏ personal လုံခြုံရေးကို ဖြစ်စေ
        * ဘေးဖြစ်အောင် အရမ်း(သို့) ပေါ့ဆစွာပြုမူကြောင့် ထိခိုက်မိပါက ပြစ်မှုကျူးလွန်ရာရောက်သည်ဟု ပြဌာန်းထား ပါသည်။
          ယခု issue တွင်  ယာဥင်္မောင်းသူ၏ အရမ်း(သို့)ပေါ့စွာ မောင်းနှင်မှုကြောင့် အခြားလူကို မထိခိုက်မိဘဲ  ယာဉ်မောင်းကိုသာ ထိခိုက်မိခြင်းသည် ပထမ အပိုဒ် to endanger human life တွင်အကြုံးဝင်သဖြင့် မောင်းသူ အပေါ် ပုဒ်မ -၃၃၇/၃၃၈ တို့အရ တရားစွဲခွင့်ရှိသည်ဟုသာ သုံးသပ် တွေ့ရှိရပါကြောင်း ဆွေးနွေးတင်ပြအပ်ပါသည်။
 သို့ရာတွင် ~~
(က)   တရားစွဲအဖွဲ့အစည်းက တရားစွဲဆိုခွင့်ရှိသည်ဆိုခြင်းနှင့်
( ခ)   နှစ်ဖက်သက်သေများကို စစ်ဆေးပြီးနောက် အမှုဖြစ်စဉ်အလိုက် တရားရုံးက တရားခံအပေါ်  ပြစ်မှုထင်ရှားတွေ့ရှိခြင်း မတွေ့ရှိခြင်း
( ဂ)    ပြစ်ဒဏ်ပမာဏကို ဖြစ်ရပ် ဖြစ်စဉ်နှင့် ညီညွတ်စွာ  ရွေးချယ်ခြင်း
 တို့မှာ တူညီခြင်းမရှိသည်ကိုမူ ဂရုပြုကြရမည် ဖြစ်ပါကြောင်း ။ ဥပဒေနှင့်အညီ ဖြစ်စဉ် တခုခြင်းအလိုက် လွတ်လပ်စွာ စီရင်ဆုံးဖြတ် နိုင်ကြပါစေ။
    (လွတ်လပ်စွာ သဘောကွဲလွဲ  ဝေဖန်ခွင့် ရှိပါသည်)
ဦးမျိုးတင့်
Friday, January 4, 2019
တရားစီရင်မှုကို တိုင်စာဖြင့် ထိန်းကျောင်း၍ ရနိုင်သလော ...
Pyay Lwin Myint
       အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စများအတွက် ဝန်ကြီးဌာနအသီးသီးက တရားသဖြင့်မဟုတ်ဘဲ စီမံခန့်ခွဲနေတာ ခံရပါတယ်လို့ တိုင်တယ်။ တရားစီရင်မှုဆိုင်ရာကိစ္စများအတွက် မတရားစီရင်ဆုံးဖြတ်ခြင်းပြုနေပါပြီလို့ တိုင်တယ်။
       ခုဆိုရင် တိုင်ကြားစာတွေကို စနစ်တကျမှတ်ပုံတင်ပြီး လက်ခံ ဖြေရှင်း ပေးနေတဲ့ နေရာဌာနတွေပေါ်ပေါက်နေပါပြီ။ လွှတ်တော်နှစ်ရပ်မှာလည်း တိုင်ကြားစာတွေ လက်ခံဖြေရှင်းတဲ့ကော်မတီတွေရှိတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့နိုင်ငံတော်သမ္မတရုံးမှာလည်းရှိတယ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာလည်း ရှိတယ်။ ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီဆိုတာတောင်ရှိတယ်လို့ မှတ်တယ်။ အကြောင်းခြင်းရာ ပြဿနာ တစ်ခုတည်းအတွက် တိုင်စာလက်ခံတဲ့ နေရာဌာနအသီးသီးကို မိတ္တူတွေ ပို့ပြီး လိပ်မူတိုင်ကြားနေတာလည်း မနည်းမနော ဖြေရှင်းပေးနေရတယ်လို့ ကြားသိရပါတယ်။ 
       'အမွေမှုတစ်မှုမှာ တရားရုံးက ဒီကရီချမှတ်ပြီး (၁၀)နှစ်ကျော် ကြာတဲ့ အမွေပစ္စည်းကိုမရရှိတဲ့အတွက် ကုသိုလ်ဒါနတောင် မပြုနိုင်တာဟာ လူ့အရေး အလွန်အမင်း ထိပါးနစ်နာနေပါပြီ ဆိုပြီး တိုင်လို့ဗျာ။ သေချာစိစစ်တော့မှ သူတို့ညီအစ်ကို မောင်နှမအရင်းတွေကပဲ အမှုခေါင်းစီးတွေ တစ်မျိုးပြီး တစ်မျိုးတပ်ပြီး တစ်မှုပြီးတစ်မှု တရားစွဲတော့တာကိုးဗျ'
       တိုင်စာစိစစ်တဲ့ဌာနတစ်ခု၏ မိတ်ဆွေအရာရှိတစ်ဦးဟာ အဲသလိုညည်း တွားခဲ့ပါတယ်။ 
       “အမှုစစ်တရားသူကြီးက ကျွန်တော် မဟုတ်ပါဘဲနဲ့ ကျွန်တော့်ကို ချည်း နှစ်ကြိမ်၊ သုံးကြိမ် တိုင်စာတွေပို့နေတော့ တစ်နေ့မှာ တိုင်ကြားသူကို ခင်ဗျ ဘာဖြစ်လို့ ကျွန်တော့်ကိုတိုင်နေတာလဲ ခေါ်မေးတယ်။ အမှုစစ်တရားသူကြီးကိုတိုင်ရင် သူ့အမှုကို အရှုံးပေးလိုက်မှာ စိုးလို့ မတိုင်ရဲဘူးတဲ့၊ သူ့ကိုအရှုံးပေးလိုက်ရင် တိုင်ပစ်လိုက်မှာနော် ဆိုတာကိုလည်း အမှုစစ်တရားသူကြီး သိစေချင်တယ်တဲ့။ မစဉ်းစား မဆင်ခြင်တတ်တဲ့ လူကြီးတစ်ယောက်ယောက်ရဲ့ လက်ထဲခင်ဗျားတိုင်စာရောက်သွားရင် ကျွန်တော့်ကို မတရားစီရင်ဆုံးဖြတ်တဲ့ တရားသူကြီးအဖြစ် အလွယ်တကူ ကောက်ချက်ချပစ်လိုက်နိုင်တာ သိလား ဆိုတော့ မသိရပါဘူးတဲ့၊ ခင်ဗျားကို ပုဒ်မ ၁၈၂ နဲ့ ကျွန်တော်က အမှုဖွင့်နိုင်တာကိုကော သိသလားဆိုတော့ ဆရာလုပ်ရင်လည်း ခံရမှာပေါ့တဲ့။ ကောင်း ရောဗျာ” 
       မိတ်ဆွေတရားသူကြီးတစ်ယောက်ကလည်း အဲသလိုညည်းတွားပြောဆိုဖူးပါတယ်။
       ကျွန်တော့်မှာ မေးခွန်းတစ်ခု ကောက်ရနေပါတယ်။ တရားစီရင်မှုကို တိုင်စာနဲ့ ထိန်းကျောင်းလို့ရသလား - ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။
       မကြာသေးခင်က တရားရေးမဏ္ဍိုင်ကို ဝိုင်းဝန်းကူညီထောက်မ ပေးရေး ဆိုတဲ့ အဆိုတစ်ရပ်ကို လွှတ်တော်ရဲ့ ရေးရာကော်မတီ ဥက္ကဋ္ဌ လုပ်တဲ့ ပုဂ္ဂိုလ်က တင်သွင်းသတဲ့၊ အဲဒီအဆိုနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်အမတ် တချို့ကလည်း စိတ်ဝင်တစား ဝင်ရောက်ပါဝင်ဆွေးနွေးကြသတဲ့။ ဆွေးနွေးချက်တွေထဲမှာ ကိုယ်စားလှယ်တစ်ဦးက လွယ်မောက်တောင် ဘုရားပွဲလူသတ်မှုမှာ တရားရုံးက တရားခံတွေကို မှားယွင်းပြီး အပြစ်ပေးတာခံခဲ့ရပါတယ် ဆိုတဲ့ တင်ပြချက် တစ်ခုပါရှိသတဲ့။ အဲဒီတင်ပြဆွေးနွေးချက်အပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ကိုယ်စား တရားသူကြီးတစ်ဦးက အရပ်သူ အရပ်သားတွေ အလွယ်တကူ နားလည်နိုင်လောက်တဲ့ စကားလုံးတွေနဲ့ ပြန်လည်ရှင်းလင်း တင်ပြခဲ့တာကို (သြဂုတ်လ ၂၁ ရက်နေ့က ထင်ပါရဲ့) ကြားလိုက်ရပါတယ်။
       တော်တော်စိတ်ဝင်စားစရာကောင်းလို့ မှတ်သားမိသရွေ့ ပြန်ပြောလိုပါတယ်။ 
       အမှုက ၂၀၀၂ ခုနှစ်၊ ဧပြီလလောက်က ကောလင်းမြို့နယ်၊ လွယ်မောက်တောင်ဘုရားပွဲမှာ ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်လုယက်မှုနဲ့ လူသတ်မှုပါ။ အမျိုးသမီးနဲ့ သူမရဲ့ အစ်ကိုဝမ်းကွဲတို့ ဘုရားပွဲမှာ ပွဲကြည့်နေခဲ့ရာက နံနက် (၁) နာရီလောက်မှာ ပွဲခင်းအပြင်ကိုထွက်ပြီး အပေါ့စွန့်ပါတယ်။ အပေါ့စွန့်ပြီး သောက်ရေခပ်ဖို့အလာမှာ အမည်မသိအမျိုးသား(၃)ဦးက မှတ်ပုံတင်ပါသလား မေးပြီး သူမရဲ့ အစ်ကိုဝမ်းကွဲကို တုတ်နဲ့ရိုက်ပစ်လိုက်ကြောင်း၊ သူမကိုလည်း အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်းနဲ့ သူမရဲ့ လည်ပင်းကဆွဲကြိုးကိုလည်း လုယက်ခဲ့ကြောင်း ကျူးလွန်ခံရတဲ့မိန်းကလေးက တိုင်တန်းတဲ့အမှု ဖြစ်ပါတယ်။ 
        အဲဒီအမှုမှာ တရားခံ ဝင်းအောင် ပါ ၃ ဦးကို ကောလင်းရဲစခန်းက တရားစွဲတင်ပို့ပါတယ်။ ကသာခရိုင်တရားရုံးက အမှုလက်ခံစစ်ဆေးပါတယ်။ တရားရုံးရှေ့နေစစ်ဆေးတဲ့ သက်သေခံချက်တွေအရ တရားလိုမိန်းကလေးကို အဓမ္မပြုကျင့်သူဟာ အသက်ကြီးကြီး လျှာထိုးဦးထုပ်ဆောင်းသူဖြစ်ကြောင်း၊ သူ့အစ်ကိုကို တုတ်နဲ့ရိုက်တော့ ကျန်တဲ့နှစ်ဦးက သူ့ကို ဆွဲခေါ်ခဲ့ကြောင်း၊ အသက်ကြီးကြီးလူက သူ့ကိုဦးစွာ အဓမ္မပြုကျင့်ပြီး ကျန်တဲ့ နှစ်ဦးကလည်း ပြုကျင့်ကြောင်း၊ အသက်ကြီးကြီးလူ အဓမ္မပြုကျင့်စဉ်က ထွက်ကျလာတဲ့ဓားကို မိန်းကလေးက ကောက်ယူထားပြီး ရဲစခန်းမှာ အမှုတိုင်တန်းတော့ အပ်နှံခဲ့ကြောင်း၊ လူမြင်ရင် မှတ်မိပါတယ်လို့ တိုင်တန်းခဲ့တဲ့အတွက် တရားသူကြီး ရှေ့မှောက် လူအများနဲ့ ရောနှောတန်းစီပြတဲ့အခါ အသက် ၅၂ နှစ်ဖြစ်တဲ့ ဝင်းအောင်ကို မှန်ကန်စွာ ရွေးထုတ်ပြနိုင်ပြီး ကျန်နှစ်ဦးကိုလည်း ညွှန်ပြနိုင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသတဲ့။
       အခင်းဖြစ်ညက ဝင်းအောင်ဟာ မီးသတ်ဝတ်စုံ ဝတ်ထားပြီး ဦးထုပ် ဆောင်းခဲ့ကြောင်း၊ ပူးတွဲတရားခံ နှစ်ယောက်နဲ့အတူ ပွဲခင်းမှာ ရှိနေခဲ့ကြောင်းနဲ့ အခင်းဖြစ်ည မတိုင်မီက ည ခွင်ဖန်ပြမယ်လို့ ပြောခဲ့ကြောင်း၊ ဝင်းအောင်ဟာ အလားတူ အမူအကျင့်မျိုး ပြုလုပ်လေ့ရှိတယ်လို့လည်း သက်သေခံချက် ရှိပါသတဲ့။ ဝင်းအောင်ဟာ အသက် ၅၂ နှစ်၊ ကျန်နှစ်ဦးက ၁၇ နှစ်နဲ့ ၅ နှစ်ဖြစ်လို့ အသက်ကြီးကြီးလူဆိုတဲ့ တရားလို မိန်းကလေးရဲ့ တိုင်ချက်နဲ့ ကိုက်ညီပါသတဲ့၊ အခင်းဖြစ်နေရာမှာ ကျန်ခဲ့တဲ့ ခြေရာပုံစံနဲ့ တရားခံ ဝင်းအောင်ရဲ့ ခြေရာပုံစံတို့ တူညီကြောင်း အင်းစိန် မှုခင်းတပ်ဖွဲ့ရဲ့ စစ်ဆေးတင်ပြချက်၊ သေသူ အစ်ကိုဝမ်းကွဲမှာ တုံးသောလက်နက်နဲ့ ပြုလုပ်တဲ့ဒဏ်ရာ၊ ဓားဒဏ်ရာတို့ ရရှိသေဆုံး ခဲ့တယ်ဆိုတဲ့ သက်သေခံချက်တွေအရ ကသာခရိုင်တရားရုံးက ပြစ်မှုထင်ရှား စီရင်ခဲ့တယ်လို့ ဆိုပါတယ်။ 
       ခရိုင်တရားရုံး အမှုစစ်ဆေးနေဆဲမှာပဲ တိုင်ကြားချက်များအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အမှုကို ထပ်မံစုံစမ်းစစ်ဆေးခဲ့ပြီး တရားခံ အစစ်အမှန်ဟာ ဝင်းအောင်ပါ-၃ ဦးတို့ မဟုတ်ကြောင်းနဲ့ ဆန်းဦးပါ-၃ ဦးတို့ ဖြစ်ကြောင်း အစီရင်ခံခဲ့တယ်လို့ ဆိုပါတယ်။ အမှုဖြစ်ပြီး(၁)နှစ်လောက်အကြာမှာ ဆန်းဦးက သူတို့ လူသတ်ခဲ့ကြောင်း ဘိုနီဆိုသူတို့ကို အရက်ဝိုင်းမှာ ပြောဆိုခဲ့တာကို ကြားသိရပါတယ်လို့ ထပ်မံ စုံစမ်းတဲ့ ရဲအရာရှိထံ ဘိုနီရဲ့ပြောဆိုချက်ကို အခြေခံပြီး တရားခံအစစ်အမှန်ဟာ ဆန်းဦးတို့သာဖြစ်တဲ့အကြောင်း ဆိုခဲ့ပေမယ့် ဆန်းဦးတို့ ဘယ်သို့ဘယ်ပုံ ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ လုံလောက်တဲ့ သက်သေခံချက်တွေ မတင်ပြနိုင်ခဲ့ ပါဘူးတဲ့။ ဝင်းအောင်တို့-၃ ဦးကို စီရင်ချက် မချမှတ်ရသေးတဲ့အချိန်မှာ ဆိုင်ရာရဲတပ်ဖွဲ့က ဆန်းဦးတို့ကို ဖမ်းဆီးတရားစွဲဆိုတာ၊ ဝင်းအောင်တို့ကို အမှုရုပ်သိမ်းခွင့်ပြုဖို့ လျှောက်ထားတာ၊ ဥပဒေ လုပ်ထုံးနည်းနာများကို ရှိတဲ့အတိုင်း လုပ်ဆောင်ခြင်း မပြုခဲ့တဲ့အတွက် ခရိုင်တရားရုံးက ဥပဒေအတိုင်း စီရင်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်တဲ့။
 +++++
       ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးရဲ့ ပြန်လည် ရှင်းလင်း တင်ပြချက်တွေမှာ စဉ်းစားဆင်ခြင်ဉာဏ်ရင့်သန်သူတို့အဖို့ရာ အလေးအနက် နှိုင်းချင့်စရာအချက်တွေ အများကြီးပါပါတယ်။ 
       “တရားရုံးများဟာ အမှုများစီရင်ဆုံးဖြတ်ရာမှာ တည်ဆဲဥပဒေ၊ ကျင့်ထုံး သက်သေခံဥပဒေ စတဲ့ စံနှုန်းသတ်မှတ်ချက်တွေအပေါ် အခြေပြုပြီး ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ တစ်ဖက်ဖက်က မကျေနပ်မှု ရှိနိုင်တာကြောင့် မကျေနပ်တဲ့ဘက်က အထက်ရုံးများကို အယူခံမှု၊ ပြင်ဆင်မှု ဝင်ရောက်ကြရပါတယ်။ တရားလို၊ တရားခံနှစ်ဖက်အကြား အမှားအမှန်ကို ဆုံးဖြတ်ပေးရတာ ဖြစ်တဲ့အတွက် မိမိလိုအင်ဆန္ဒနဲ့ မကိုက်ညီတဲ့သူက အဂတိလိုက်စား ဆုံးဖြတ်ခြင်းဖြစ်ကြောင်း အလွယ်တကူ အထောက်အထားမဲ့ စွပ်စွဲပြောဆိုတတ်ပါတယ်။ စွပ်စွဲပြောဆိုချက်ကို ကြားရတဲ့သူက အဲဒီပြောဆိုချက်ဟာ ခြေခြေမြစ်မြစ် ရှိမရှိ မစဉ်းစားဘဲ ဟုတ်မှာပဲလို့လည်း အလွယ်တကူ လက်ခံပြောဆိုလေ့ရှိတယ်”
       “တရားရုံးက ရနိုင်သမျှ အထောက်အထားအပေါ် အဆုံးအဖြတ် ပြုရာမှာ ငွေများတရားနိုင်၊ မမှန်မကန် ဘက်လိုက်ဆုံးဖြတ်ကြောင်း၊ အဂတိ လိုက်စားကြောင်း၊ အဆုံးအဖြတ်ကို မကျေနပ်သူရဲ့ အလွယ်တကူ စွပ်စွဲပြောဆိုချက်ကို လက်ခံကြမယ်ဆိုရင်၊ တရားရေးမဏ္ဍိုင် ကြံ့ခိုင်မှုမရှိကြောင်း ပြောဆိုနေကြမယ် ဆိုရင် ဝိုင်းဝန်းထောက်ကူ ဖေးမရာ ရောက်မှာ မဟုတ်ဘဲ တရားရုံးများအပေါ် ပိုပြီး အထင်အမြင် လွဲမှားနိုင်စရာသာရှိပါတယ်။” 
       “အမှုမှာ ပေါ်ပေါက်တဲ့သက်သေခံချက်တွေကို မချေဖျက်နိုင်တဲ့ တရားခံက မရေမရာ တင်ပြတဲ့ ခုခံချေပချက်ကို လက်ခံပြီး လက်ရှိပြစ်ဒဏ်ချမှတ်ခံရတဲ့ တရားခံများကို အမှုမှာ အပြစ်မရှိလို့ ဆုံးဖြတ်မယ်ဆိုရင် ကျူးလွန်ခံခဲ့ရရှာတဲ့ တရားလို မိန်းကလေးရဲ့နစ်နာမှု၊ သေဆုံးခဲ့ရရှာတဲ့ သူ့အစ်ကိုဝမ်းကွဲ မိသားစုတို့ရဲ့ နစ်နာမှုတွေကို ကုစားပေးရာ မရောက်နိုင်ပါကြောင်း၊ ကာကွယ်ပေးရာ မရောက်နိုင်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ် ခင်ဗျား။”
       တချို့သောသူတွေက တစ်ဖက်ပဲမြင်ပြီး တစ်နားပဲ ကြားပါတယ်။ အသက်အရွယ်နဲ့ ရာထူးရာခံ ကြီးရင့်မြင့်မားလာမှုကြောင့် ပေါင်းမယ့်သင်းမယ့်သူ နည်းလာပြီး “အထီးကျန်”လာတဲ့အခါ သတင်းက ရှားလာပါတယ်။ ဒရိုင်ဘာပြောလည်း ယုံလိုက်တာပဲ၊ မာလီပြောလည်း ယုံလိုက်တာပဲ။ တစ်ဖက်ခြံက အတင်းအဖျင်းကို အိမ်အကူမလေးက “အဲဒီလို ဘဘကြီးရဲ့” ဆိုလည်း ဟဲခနဲ ယုံပစ်လိုက်တာပဲ။ အဲဒီလို ပုဂ္ဂိုလ်ကြီးမျိုးရဲ့ လက်ထဲ တိုင်စာအစောင်(၁၀၀)ရောက် သွားလို့ကတော့ အစောင် (၁၀၀)စလုံး တိုင်သူ အမှန်ချည့် ပြောတော့တာ။ တရားစီရင်မှု အတွေ့အကြုံ ဆွံ့ရှားသူဖြစ်ရင် အလွန်ဆိုး။
       တရားစီရင်မှုဆိုတာ ယုံလောက်အောင် ပြောတတ်သူတို့ နှစ်ဖက်ဆိုင်ပြိုင် ကြတာချည့်၊ ယုံစရာချည့်၊ သူတို့လျှောက်လဲချက်တွေ ဝင်နားယောင်မိတာ ကျုပ်ဖြင့် နှစ်ဖက်စလုံး မှန်တယ်ထင်တာပဲ ဆိုသူတို့ကို မကြာမကြာ တွေ့ရတတ်တယ်။ တရားသူကြီးဆိုတာ နှစ်ဖက်ကြားနာတတ်အောင် လေ့ကျင့်သင်ကြားသူများ ဖြစ်ပါတယ်။ နားရွက်တစ်ဖက်၊ မျက်လုံးတစ်လုံးနဲ့ စီရင်လို့ ဘယ်ရလိမ့်မှာလဲ။
       နှစ်ဖက်အမှုသည်၊ နှစ်ဖက်ရှေ့နေတို့ သဲသဲမဲမဲဆိုင်ပြိုင်ကြလို့ သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ် ကျခံရနိုင်တဲ့ အမှုမှာ တရားခံ နွမ်းပါးလို့ ရှေ့နေမငှားနိုင်ရင်တောင်မှ နိုင်ငံတော်စရိတ်နဲ့ ရှေ့နေငှားရမ်းပေးဖို့ကို ရုံးတော်က တာဝန်ယူလို့၊ စီရင်ဆုံးဖြတ်မှုတစ်ခုကို ရှုံးနိမ့်တဲ့အခါ အထက်ရုံးကို အယူခံမှု၊ ပြင်ဆင်မှု တက်ရောက်နိုင်တဲ့ ဥပဒေပါ အခွင့်အရေးကို အသုံးပြုလို့။ တရားစီရင်မှုအတွက် တည်ဆောက်ခဲ့တဲ့ ဥပဒေ လုပ်ထုံးနည်းနာတွေက အင်မတန် လှပပါတယ်။ တချို့အမှုသည် ရှေ့နေရှေ့ရပ်တွေကပဲ ဒီဥပဒေပါ အခွင့်အရေးကို အသုံးမပြုဘဲ တရားသူကြီးကို တိုင်ကြားစာနဲ့ ခြောက်လှန့် ထိန်းကျောင်းဖို့ ကြိုးပမ်းလေ့ရှိပါတယ်။
       အဲဒီလို တိုင်ကြားစာကောင်းကောင်းနဲ့ တစ်ဖက်နားပဲရှိတဲ့ ပုဂ္ဂိုလ်ကြီးမျိုးနဲ့ တွေ့လို့ကတော့ ဂျီမနဲ့ ပဲခင်းတွေ့သလို အင်မတန့်ကို အတိုင်အဖောက်ညီ တော့တာ။ သို့သော် ကျွန်တော်တို့ နားလည်မိသလောက်တော့ဖြင့် တရားရုံးတစ်ရုံးရဲ့ မှားယွင်းစီရင်ဆုံးဖြတ်မှုကို သူ့အထက်တရားရုံးက ပြင်ဆင်တာက လွဲလို့ ဘယ်တိုင်စာဌာနကမှ ပြင်ဆင်ပယ်ဖျက်လို့ မရနိုင်ခဲ့ပါဘူး။
       တရားသူကြီးကို စိုးရိမ်ကြောက်လန့်အောင် ခြောက်လှန့်လိုတဲ့ ရည်ရွယ်ချက်မျိုး တိုင်ကြားသူတချို့မှာ ရှိကောင်းရှိနိုင်ပါတယ်။ တရားသူကြီးဆိုတာကလည်း အမှုစတင်ပြီ ဆိုကတည်းက တိုင်စာနဲ့ စတင်ခဲ့တာ၊ တိုင်ချက်နဲ့စတင် အမှုဖွင့်ရတာ၊ အဲဒါသူ့အလုပ်ဌာနရဲ့ သဘာဝပါ။
       တစ်ခုပဲ၊ တစ်ခုပါပဲ။ တရားသူကြီးဟာ ပညာအားဖြင့်လည်း မချို့တဲ့ဘူး၊ မရိုးမဖြောင့်မှုနဲ့ မတရားစီရင် ဆုံးဖြတ်လိုတဲ့သဘောလည်း မရှိဘူးဆိုရင်တောင်မှ သူဟာ စိုးရိမ်ကြောက်လန့်မှု တစ်ခုခုရှိနေမယ်ဆိုရင် အမှန်ကို ဘယ်လိုမှ မစီရင်နိုင်ဘူး၊ စိုးရိမ်ထိတ်လန့်နေတဲ့ တရားသူကြီးတစ်ယောက်ဟာ အမှန်ကို ဘယ်တော့မှ မစီရင်နိုင်ဘူး။ အမှန်ကို စီရင်ဆုံးဖြတ်စေချင်ရင် ကျွန်တော်တို့က သူ့ကိုခြောက်လှန့်ရမှာမဟုတ်ဘူး။ အမှန်ကိုစီရင်ရဲတဲ့သတ္တိရှိအောင် (encourage) လုပ်ပေးရမှာ။ 
       တရားစီရင်မှုကို တိုင်စာနဲ့ ထိန်းကျောင်းလို့ရနိုင်တယ်လို့ ကျွန်တော် မထင်မြင်ပါဘူး။       ။
ပြေလွင်မြင့်
Friday, November 30, 2018
နန်းတော်ခိုးသူများ
   မောင်ရင့်မာ  ၊ကျောင်းကုန်း၊
စိန့်ဘီနီဒစ်အထက်တန်းကျောင်း၌ ၃၄နှစ်ကြာသမိုင်းဘာသာပြဆရာလုပ်ခဲ့ပြီးမှ အငြိမ်းစားယူခဲ့သောဆရာဟန်းဒတ် သည် တပည့်ဟောင်းများ၏ဖိတ်ကြားချက်အရ လောင်းအိုင်းလန်းရှိအပန်းဖြေစခန်းသို့ ရဟတ်ယာဉ်စီး၍လာခဲ့ခြင်းနှင့် ဇာတ် ကို ဖွင့်ထားသည်။ “
နှစ်ပေါင်း၃၀။ စိန့်ဘီနီဒစ်၌ ဆရာဟန်းဒတ်နှင့်သူ၏တပည့်များ စတင်တွေ့ဆုံခဲ့သည်က ၁၉၇၆ခုနှစ်ဖြစ်သည်။
×××××××××××××××××
မာတင်ဘလိုက်ဆိုသောကျောင်းသားလေးကို မတ်တပ်ရပ်ခိုင်းလိုက်ပြီး နံရံပေါ်ရှိသတ္ထုဆိုင်းဘုတ်ပြား၌မော်ကွန်းထိုး ထားသော စာကြောင်းများကိုဖတ်ပြခိုင်းသည်။ 
“ကျွန်ုပ်ရွှတ်တရွတ်နာဟွန်တေးသည် အာရှန်းနှင့် ဆူဆာနယ်မှဘုရင်ဖြစ်၍ အီလမ်းဒေသ၏ အချုပ်အခြာ အာဏာပိုင် ဖြစ်သည်။ကျွန်ုပ်သည် ဆစ်ပါးနယ်ကိုဖျက်ဆီး၍ နာရမ်ဆင်းဒေသမှကျောက်စာတိုင်ကိုအီလမ်ဒေသသို့ ပြန်ဆောင်ယူကာ”
ဆရာက ရွှတ်တရွတ်နာဟွန်တေး(Shutruk Nahunte) ဟူသောအမည်ကို ပြဌာန်းစာအုပ်ထဲမှာရှာကြည့်ဖို့ပြောတော့
 ကျောင်းသားများက အလုအယက်ရှာသည်။ ခဏကြာတော့ ရပ်ခိုင်းလိုက်သည်။
 “ရှာမနေကြနဲ့တော့၊ နာဟွန်တေးအမည်နဲ့သူ့ရဲ့လုပ်ဆောင်ချက်တွေ ဘယ်သမိုင်းစာအုပ်မှာမှရှာလို့တွေ့မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ အောင်ပွဲတွေ အမြောက်အမြားရခဲ့ပေမဲ့ လူ့အဖွဲ့အစည်းကို ဘာမှ ပေးမသွားခဲ့လို့ပဲ၊ 
ကိုင်း-မင်းတို့ကရောလူ့အဖွဲ့အစည်းကို ဘာတွေပေးမလဲ။သမိုင်းကမင်းတို့ကို ဘယ်လို အမှတ်ရစေချင်သလဲ၊ ရွှတ်တရွတ်နာဟွန်တေးကိုတော့ သမိုင်းက လုံးလုံးမေ့သွားပြီ”
ဆရာဟန်းဒတ်က စာသင်ခန်းထဲကပန်းချီကားများနှင့်ပန်းပုရုပ်များကိုညွှန်ပြပြီးဆက်ပြောသည်။ “ဟောဒီမှာအရစ္စတို 
တယ်၊သြဂတ်စတပ်၊ဆီဇာ၊ပလေတို၊ဆီဆာရို၊ဆိုကရေးတီး၊အားလုံးပဲ သမိုင်းရဲ့အထင်ကရပုဂ္ဂိုလ်ကြီးတွေ၊ 
သူတို့ ဆောင်ရွက်ခဲ့တာတွေက သူတို့ရှင်သန်ခဲ့တဲ့အချိန်တွေကိုကျော်လွန်ပြီး အခုငါတို့ခေတ်အထိတိုင် ကျန်သေးတယ်။သူတို့ရဲ့ ဇာတ်ကြောင်းတွေက အခုငါတို့သင်နေရတဲ့အကြောင်းတွေပဲ။
ကဲ ဒီနေ့သင်မှာကတော့ ဂရိနဲ့ရောမခေတ်က အနောက်တိုင်းယဉ်ကျေးမှုဖြစ်စဉ်ပါ။ ဆရာ့နာမည်ကတော့ ဟန်းဒတ်ပဲ”
ဆရာဟန်းဒတ်ကအဲသည်လိုဆရာဖြစ်သည်။
ကျွန်တော်သည် အဲသည်လောက် “အားပါ”သည့် သမိုင်းဆရာမျိုးထံ၌ တစ်ကြိမ်တစ်ခါမျှ မသင်ယူခဲ့ဖူးဘူးထင်ပါသည်။ဆရာတွေက အလုံးစုံပြည့်စုံပြီး တပည့်များကလည်း တော်ဖြောင့်ထူးချွန်နေ ကြမည်ဆိုလျှင် သည်လိုဇာတ်လမ်းမျိုးတွေ ရှိလာလိမ့်မည် မထင်။ တစ်နေ့တော့-
ဆရာဟန်းဒတ်၏စာသင်ခန်းသို့ ကားနက်ကြီးတစ်စီး ထိုးဆိုက်လာသည်။ကျောင်းအုပ်ဆရာကြီးကိုယ်တိုင် ကားနက် ကြီးအနီးသို့ တယုတယသွား၍ကြိုပေးခဲ့ရသည်။ဗာဂျီးနီးယားပြည်နယ်၏ ၀ါရင့်ဆီးနိတ်လွှတ်တော်အမတ် “ဟိုင်ရမ်ဘဲလ်”က သူ၏သားတော်မောင်“ဆက်ဂ်ျဝစ်ဘဲလ်”ကို ကျောင်းအပ်ခြင်းဖြစ်သည်။ဆရာဟန်းဒတ်၏အတန်းမှာ သူ့ကိုနေရာချပေးသည်။ 
ဆက်ဂ်ျဝစ်သည်စာသင်ခန်းကိုမထီတရီ ဝေ့ကြည့်လိုက်သည်။သည်ကောင်လေး ရောက်လာသောအခါတွင်မှ “စည်း ကမ်း”ဆိုသည်မှာ ချိုးဖောက်ရမည့်အရာဖြစ်ကြောင်း ကျောင်းသားများ သိလာကြသည်။
ဆက်ဂ်ျဝစ်သည် တော်တော်ဆိုးသည့်တပည့် ဖြစ်သည်။ ဆရာကမင်းဆက်လေးဆက်၏အမည်ကိုပြောခိုင်းရာ ဘီတဲလ်အဖွဲ့ဝင်လေးဦး၏အမည် ကို သူရွတ်ပြခဲ့သည်။လပတ်စာမေးပွဲမှာဆက်ဂျဝစ် တစ်မှတ်ပဲရသဖြင့် သူ့အဖေအမတ်မင်းထံသို့ ဆရာဟန်းဒတ် ကိုယ်တိုင် သွားတွေ့ခဲ့သည်။ဆီးနိတ်အမတ်က အနောက်တိုင်းယဉ်ကျေးမှုဖွံ့ဖြိုးလာခြင်းသင်ခန်းစာကို 
ဘာအဓိပ္ပာယ်နှင့် သင်သလဲဟု မေးသည်။
 “အဆင့်မြင့်တဲ့နိုင်ငံတစ်နိုင်ငံ အုပ်ချုပ်နိုင်ဖို့ဆိုတာ ကိုယ်ကျင့်သိက္ခာထိန်းသိမ်းခြင်းက စရပါတယ်။ ကျွန်တော့်တာဝန် က ဆက်ဂ်ျဝစ်တို့လို လူငယ်လေးတွေကို ပုံသွင်းပေးဖို့” ဆရာဟန်ဒတ်၏စကားကို ဆုံးအောင်ပြောခွင့်မပေးဘဲ အမတ်မင်းက “ဘာလဲဆရာ၊ပုံသွင်းပေးဖို့ ဟုတ်လား။ ဆရာမှားနေပြီ။ ဆရာ့တာဝန်က စာသင်ပေးဖို့ပါ။ ကမ္ဘာကြီးဘာကြောင့်လုံးသလဲ၊ဘယ် သူကဘယ်သူ့ကို ဘယ်နေရာမှာသတ်သလဲ၊အဖြစ်အပျက်တွေသင်ပေးဖို့ပါ။ကျွန်တော့်စားကိုပုံသွင်းပေးရမယ့်သူကကျွန်တော် ကိုယ်တိုင်ပါ။ ဆရာမဟုတ်ပါဘူး” ဟု ဖီဖီခါပြောလိုက်သတဲ့။ ဆရာဟန်းဒတ် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရသည်။
ဆရာကြည်ရွှန်းက  ပညာသင်ကြားခြင်းသည် မိမိဘ၀၌ အသက်မွေးဝမ်းကျောင်းဖို့အတွက်သာမဟုတ်ကြောင်း၊ 
(The Emperor’s Club)ကို ကြည့်ပြီးသောအခါ ပညာဘာကြောင့်သင်ဖို့လိုသလဲဆိုသည့်အဓိပ္ပာယ်ကို ခံစားသိရကြောင်း၊ရုပ်ရှင်ကား၏မူလ၀တ္ထု အမည်မှာ(The Palace Theif) “နန်းတော်ကိုခိုးယူသူ”ဟူ၍ဖြစ်ရာ ထိုအမည်ကို ဘာကြောင့်မှည့်ခေါ်ထားသလဲဟု လွယ်လင့် တကူ စဉ်းစား၍မရခဲ့ကြောင်း၊ဆိုပါသည်။
“ရုပ်ရှင်ထဲက ဆက်ဂ်ျဝစ်တို့ သားအဖမှာ ဆီးနိတ်လွှတ်တော်အမတ် ဆိုသောနေရာနှင့် ပတ်သက်ကြသူများပင်။  သို့ သော် အမတ်ဖြစ်သောအဖေက ပညာသင်ကြားရေး၏အဓိပ္ပာယ်ကို နားမလည် ၊သူအမတ်ဖြစ်ဖို့ အထောက်အပံ့ ဖြစ်စေသည့် ဖွဲ့စည်ူးပုံအခြေခံဥပဒေက ဘယ်ကလာသလဲ ဆိုတာပင်မသိ။ 
သားအတွက် ပညာသင်ယူခြင်းနှင့် စာရိတ္တပြုပြင်ခြင်း ဆိုတာကို လည်း ခွဲခြားမသိရှိ။ သို့သော်လည်း ပြည်သူက လွှဲအပ်သော အာဏာကိုတော့ ရယူခဲ့သည်”
“သားဖြစ်သူ ဆက်ဂ်ျဝစ်ကကော။ သူကတော့ပညာရှာရာမှာ မသမာတာတွေလုပ်ဖို့ နည်းနည်းမှ နောက် မတွန့်ခဲ့သူ။ တံတားကိုတွေ့ပါလျက် တံတိုင်းအောက်မလွယ်ပေါက်မှ ၀င်ချင်သူ။ တိုင်းပြည်၏အနာဂတ်ပညာရေးဆိုတာကို ကိုယ်အာဏာ ရရှိဖို့အတွက် မြိန်ရေယှက်ရေ ဟစ်ကြွေးတတ်သူ။ သည်လိုလူတွေလက်ထဲကိုများ လုပ်ပိုင်ခွင့်တွေလွှဲအပ်ခဲ့ပါလျှင်”
“ဆရာဟန်းဒတ်ကတော့ သည်လိုလူမျိုးတွေမဖြစ်ရအောင် သူ၏သင်ခန်းစာအစ၌ သမိုင်းတွင်နာမည်မကျန်ရစ်ခဲ့သော ဘုရင်တစ်ပါး၏အမည်ကို ဖော်ပြဆုံးမသွားပါသည်”
“ပထ၀ီနိုင်ငံရေး”(Geo-politics)ကျမ်းပြုဆရာ(ဒုဗိလ်မှူးကြီးသောင်းထိုက်)၏မှတ်ချက်(၁၉၉၁)ကို သတိရမိပါသည်။
“မြန်မာတို့သည် အလွန်လွတ်လပ်စွာ နေလိုသူများဖြစ်သည်၊ထို့ကြောင့် ခိုင်မာ၍စွမ်းပကားရှိသည့် ခေါင်းဆောင်များ မရှိသည့်အခါ သူတစ်လူ ငါတစ်မင်းနှင့် စည်းလုံးခြင်း ကင်းမဲ့ခဲ့သည်၊ ပုဂံခေတ်မှစ၍ ယခုချိန်အထိ အနော်ရထာ၊ဘုရင့်နောင်၊ အလောင်းဘုရားနှင့်ဗိုလ်ချုပ်အောင်ဆန်းတို့ကဲ့သို့ ခိုင်မာ၍စွမ်းပကားရှိသည့်ခေါင်းဆောင်များလက်ထက်၌သာ အရှေ့အာရှက ဖိန့်ဖိန့်တုန်အောင် ညီညွတ်စည်းလုံးခဲ့သည်၊ ယင်းကာလများမှအပ နိုင်ငံသည် ၀ါးအစည်းပြေသလို ဖြစ်ခဲ့ရသည်” 
ခိုင်မာ၍စွမ်းပကားရှိသောခေါင်းဆောင်ဆိုသည်မှာ အခွင့်အာဏာအမြင့်ဆုံးကျင့်သုံးသည့်ခေါင်းဆောင်ကြီးများ၌သာ လိုအပ်သည်မဟုတ်ပါ။အဆင့်တိုင်း အဆင့်တိုင်းမှာ တာဝန်ယူကြမည့်ခေါင်းဆောင်ငယ်များ၌လည်း လိုအပ်မှာပဲဖြစ်ပါသည်။ 
ထိုက်တန်သည့်အရည်အချင်းနှင့် တတ်မြောက်ကျွမ်းကျင်မှုမရှိဘဲ အရာပေး၍အရေးပါနေသူများကို (The Palace Thief) “နန်းတော်ခိုးသူ” ဟုဆိုခြင်း ဖြစ်ပါသည်။
ဆရာ၏“တံတိုင်းတံတားနှင့်နန်းတော်ဆီ”ကို ထိုခေတ်၏နိုင်ငံ ရေး၊ပညာရေးအခြေအနေနှင့်ထင်ဟပ်၍ ခံစားကြည့်မိပါသည်။ အရည်အချင်း ပျက်ယွင်းနေသူကလည်း သူ့ကိုယ်သူ ဧရာမ ကယ်တင်ရှင်ကြီးပမာ ထင်မြင်ပြီး “တတ်ယောင်ကား”လုပ်ခဲ့ပုံတို့ကို တောပြဇာတ်ပြန်ကြည့်ရသလို မြင်ယောင်မိပါသည်။ 
ကျွန်တော်တို့သည် ကြီးကျယ်ခမ်းနားခဲ့စေကာမူ 
သမိုင်းက အသိအမှတ်ပြုဖို့ငြင်းပယ်ခြင်းခံရသည့် “ရွှတ်တရွတ်နာ ဟွန်တေး”ကိုခေတ်တိုင်းခေတ်တိုင်းအတွက် သင်ခန်းစာယူရပါမည်။
ခမ်းနားခြင်းသည် ရိုးသားခြင်းလောက် မလှပါ။
သို့သော်ရိုးသားရုံမျှမက တော်ဖြောင့်ထူးချွန်သည့်အရည်အချင်းများဖြင့် နိုင်ငံ၏ကျက်သရေရှိသောပန်းချီကားကို ရေးဆွဲပေးနိုင်ဦးမည်ဟု ယုံကြည်မျှော်လင့်နေချင်ပါသေးသည်။
ရည်ညွှန်း  
- တံတိုင်း၊တံတားနှင့်နန်းတော်ဆီ ၊(ကြည်ရွှန်း) 
  (မဟေသီမဂ္ဂဇင်း၊၂၀၀၃၊နိုဝင်ဘာ)
- ပထ၀ီနိုင်ငံရေး (ဒုဗိုလ်မှူးကြီးသောင်းထိုက်)
ရွှေအမြု​တေ ၂၀၁၈ စက်​တင်​ဘာ
(အက်ဆေးအကြောင်းအက်ဆေး)                           
တေးဆိုနေသောငှက်တစ်ကောင်ကို ဘယ်သူ တောင်ပံလိန်ချိုးခဲ့သလဲ
      မောင်ရင့်မာ   ၊ကျောင်းကုန်း၊
                                   (၁)
“သိပ်အလေးထားဖို့လိုတာပေါ့။ ဒါက့ လူတစ်ယောက်ရဲ့အသက်မွေးမှုဘ၀ပဲ” 
မှတ်မိကြဦးမည်ထင်ပါသည်။ ပါမောက္ခတစ်ဦးကို သူ၏၀န်ကြီးဌာနက၀န်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ  စုံစမ်း စစ်ဆေးမှုတစ်စုံတစ်ရာမပြု လုပ်ခဲ့ဘဲ အချိန်မစေ့မီ အတင်းအကြပ်အငြိမ်းစားယူစေခဲ့ခြင်းနှင့်စပ်လျဉ်း၍ အဆိုပါ ပါမောက္ခက သူမ၏အခြေခံအခွင့်အရေး နစ်နာပါသည်ဆိုသောအကြောင်းပြချက်ဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့  စာချွန်တော် အမိန့်ထုတ်ပေးရန်လျှောက်ထားခဲ့ခြင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဥပဒေနှင့်ညီညွတ်ခြင်းမရှိသောဝန်ကြီးဌာန၏ အမိန့်ကို အာဏာပေးစာချွန်တော်အမိန့် (Writ of Mandamus) ထုတ်ဆင့်၍ပယ်ဖျက်ခဲ့ခြင်း၊ အဆိုပါကိစ္စရပ်များသည် စာနယ် ဇင်းမီဒီယာ၌ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ခြင်း-စသည်တို့ကို မှတ်မိကြဦးမည်ထင်ပါသည်။
“ဌာနတစ်ခုက သူ့ဝန်ထမ်းတွေ အငြိမ်းစားယူဖို့ လပိုင်းပဲလိုတော့တဲ့အချိန်မှာ ရာထူးတစ်ဆင့် တိုးပေးလိုက်တာမျိုး 
ရှိတယ်။ဌာနတစ်ခုကတော့ဖြင့် အငြိမ်းစားယူဖို့ နှစ်နှစ်လိုသေးတဲ့ဝန်ထမ်းကိုရာထူးတိုးစာမေးပွဲဖြေခွင့်မပြု တာမျိုးလည်း ရှိ ပြန်တယ်။ ဘယ်ဌာနရဲ့လုပ်ရပ်က ဥပဒေနဲ့ညီသလဲ၊ဘယ်ဌာနရဲ့လုပ်ပုံက ဥပဒေနဲ့မညီဘူးလဲ”
“နိုင်ငံ့ဝန်ထမ်းနည်းဥပဒေမှာတော့ အငြိမ်းစားယူဖို့ နှစ်နှစ်ပဲလိုတဲ့ဝန်ထမ်းကို ရာထူးတိုးမပေးရဘူးဆိုတာ မပါဘူး”
“၀န်ထမ်းဆိုတာနိုင်ငံသားပါပဲ။နိုင်ငံသားတစ်ဦးရဲ့အခွင့်အရေးကိုချိုးဖောက်ပစ်ဖို့ အခြေခံဥပဒေကခွင့်ပြုမထားပါဘူး။ ဒါက မှားယွင်းပြုလုပ်မှုတစ်ခုပါ။ဌာနအဖွဲ့အစည်းတစ်ခုမှာ တစ်ဘ၀လုံးပုံပြီး ဦးဆွေးဆံမြည့်အမှုထမ်းခဲ့တဲ့ ၀န်ထမ်းတွေရဲ့မျှော် လင့်ချက်နဲ့အနာဂတ်ကို ဘယ်သူကပဲဖြစ်ဖြစ်  အလေးထားဖို့ မလိုအပ်ဘူးလားဗျာ” 
“သိပ်အလေးထားဖို့လိုတာပေါ့။ ဒါက့ လူတစ်ယောက်ရဲ့အသက်မွေးမှုဘ၀ပဲ”
ကျွန်တော်သည် အစိုးရအရာထမ်းအမှုထမ်းများ စုဆုံ၍ပြောဆိုနေကြသောစကားဝိုင်းသို့ အမှတ်မထင်ရောက်ရှိသွား 
ခဲ့ခြင်းဖြစ်ပြီး ထိုစကားဝိုင်းမှပြန်ခဲ့သည့်တိုင် ဝေါဟာရတစ်ခုကိုစွဲလမ်းနေခဲ့မိပါသည်။ “လူတစ်ယောက်ရဲ့ အသက်မွေးမှုဘ၀” ဆိုသောဝေါဟာရပဲဖြစ်သည်။လူတစ်ယောက်ရဲ့အသက်မွေးမှုဘ၀ဆိုသည်မှာ လူတိုင်းလူတိုင်းနှင့်သက်ဆိုင်ပါသည်။ 
“၀န်ထမ်းတစ်ယောက်ရဲ့အသက်မွေးမှုဘ၀” ဆိုသည်ထက် များစွာကျယ်ပြန့်နက်ရှိုင်းပါသည်။
မည်သူ၏အသက်မွေးမှုဘ၀၌မဆိုအနိမ့်ဆုံးအားဖြင့်သူ့မိသားစု၏မှီခိုရာ၊ကိုးစားရာဖြစ်ပါသည်။လုံခြုံ နွေးထွေးရာဖြစ် ပါသည်။သူ့ဝန်းကျင်၊ သူ့ကမ္ဘာ၏ ယုံကြည်မှုဖြစ်နိုင်ပါသည်။သူ့အပေါ် အကဲဖြတ်သောမှတ်ကျောက်နှင့် ဂုဏ်သိက္ခာ ဖြစ်နိုင်ပါ သည်။ မည်မျှကြီးကျယ်၍ မည်မျှမြင့်မားသောသူပင်ဖြစ်စေကာမူ လူတစ်ယောက်၏အသက်မွေးမှုဘ၀ကို မိမိ၏အတ္ထနောမတိ သက်သက်ဖြင့်မထီမဲ့မြင်ပြုခွင့်မရှိ-ဟု ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော်  ထိုသို့ မထီမဲ့မြင်ပြုသောသူတို့၌လည်း   အသက် မွေးမှုဘ၀တစ်ခုစီရှိသောကြောင့်ဖြစ်ပါသည်။လူတိုင်းလူတိုင်းတို့၌ အသက်မွေးမှုဘ၀ကိုယ်စီရှိကြသောကြောင့်ဖြစ်ပါသည်။
                                    (၂)
ကျွန်တော်ပြောလိုသည်မှာ လူတစ်ယောက်၏အသက်မွေးမှုဘ၀နှင့်စပ်လျဉ်းသည့်အကြောင်း ဖြစ်ပါသည်။
ကံဇာတ်ဆရာက နေရာချထားသောကြောင့်-ဟုဆိုပါစို့။ ရွေးချယ်ခဲ့ရသည့်အသက်မွေးမှု ဘ၀အလျောက် ကျွန်တော် ကျင်လည်ကျက်စားခဲ့ရသည်မှာ တရားစီရင်မှုနယ်ပယ်ဖြစ်ပါသည်။တရားစီရင်မှုဆိုသည်မှာ လူတို့ပြုလုပ်ပြဌာန်းသည့် ဥပဒေ၊ နည်းဥပဒေများအရ သက်ရှိလူသားတို့က သက်ရှိလူသားတို့အပေါ်တရားစီရင်ရသည့်အလုပ်ဖြစ်ပါသည်။ အမှားအယွင်းမကင်း သည့်အလုပ်ဖြစ်ပါသည်။စိတ်ခံစားမှုထက် ဆင်ခြင်ဥာဏ်နှင့်တာဝန်တာထမ်းကို အလေးပေးရသည့်အလုပ် ဖြစ်ပါသည်။ စွပ်စွဲ ခံရသူတို့ကိုအပြစ်မရှိ၍ လွှတ်ပစ်ရသည်ကနည်းပြီး ပြစ်မှုထင်ရှား၍အပြစ်ပေးရသည်က များလေရာ တရားသူကြီးဆိုသည်မှာ ခံစားစာနာတတ်သည့်အသည်းနှလုံးမျိုးရှိပါ့မလား-ဟုပင် သံသယရှိစရာကောင်းသည့်အလုပ်မျိုးဖြစ်ပါသည်။
“စီရင်ချက်ဆိုတာ မြေကွက်ချပေးသလို လက်သိပ်ထိုးလုပ်လို့ရတာမဟုတ်ဘူး။ တရားခံရဲ့မျက်နှာကို စေ့စေ့ကြည့်ပြီး မှ သွေးအေးအေးနဲ့ အမိန့်ချရတာဗျ” 
မြန်မာပြည်အလယ်ပိုင်းမြို့တစ်မြို့၌ ထိုသို့ပြောလေ့ဆိုလေ့ရှိသော တရားသူကြီးလေးတစ်ဦးနှင့် ကြုံဆုံခဲ့ဖူးပါသည်။
တစ်နေ့သော် ကျွန်တော့်ကို သူက “ဘတ်စေ့သုံးစေ့လောက်ဘယ်မှာရနိုင်မလဲ” မေးပါသည်။
ဘာလုပ်ဖို့လဲ- ဆိုတော့ သူ့တရားရုံးမှ ဘီလစ်စာရေးကြီး ထိန်းသိမ်းထားသည့်သက်သေခံငွေ(အမေရိကန်ဒေါ်လာ-၁၀၀နှင့် ဘတ်စေ့-၃စေ့)ပျောက်ဆုံး နေသဖြင့် ၎င်းတို့တရားသူကြီးများကစိုက်ထုတ်ပေးရန် ရှာဖွေနေခြင်းဖြစ်ကြောင်း၊ အမှတ်အသားမပါသောငွေစက္ကူဖြစ်သဖြင့် ဒေါ်လာကိုရှာဖွေဝယ်ယူ၍ရသော်လည်း  ထိုင်းနိုင်ငံသုံး ဘတ်စေ့ကိုရှာမရသဖြင့် မြ၀တီဘက်သို့  လူလွှတ်ဝယ်ယူရန် စီမံနေ ကြောင်း ပြောပါသည်။ 
“နေပါဦး၊ကိုယ့်လူက အဲဒီဘီးလစ်စာရေးကြီးကို အရေးယူရမှာမဟုတ်ဘူးလား” 
“အရေးယူဖို့ဆို သူ့ကိုအမှုဖွင့်ရမှာဗျ။သိတဲ့အတိုင်းပုဒ်မ၆(၁) ဒါမှမဟုတ် အပက-၃ပဲ။ဘီးလစ်ကြီးက အသက်၆၀ပြည့် 
ခါနီးပြီ။အားကိုးလောက်တဲ့သားသမီးလည်းရှိတာမဟုတ်ဘူး။ပြီးတော့၊သူအလွဲသုံးစားလုပ်ပစ်တယ်ဆိုတာမသေချာဘူး။သူ့အရင်ဘီးလစ်စာရေးကြီးရုတ်တရက်သေသွားတာကိုသူကဆက်ခံရတာ။သူ့ရဲ့ဘ၀ကိုဖျက်ဆီးပစ်မယ့်အစားတစ်ကြိမ်တော့အခွင့် အရေးပေးကြည့်လိုက်မယ်အကိုရာ။ သူ့ကိုကယ်မယ်၊ ကျွန်တော်တို့ စုပြီးစိုက်လျော်ဖို့ ဆုံးဖြတ်လိုက်ပြီ”
ကံအားလျော်စွာ ကျွန်တော့်ရုံးမှ တရားရေးအရာရှိ ဒေါ်သိန်းသိန်းနှင်းက  “ဘတ်စေ့သုံးစေ့ကျွန်မပေးမယ်လေဆရာ။ ကျွန်မတို့ငယ်ငယ်က အိမ်မှာဇယ်တောက်ကစားနေကြတာ။ပြန်ရှာပေးပါ့မယ်” ဟုပြောသည်။သူမ၏ဖခင်သည်ယခင်က နိုင်ငံ ခြားငွေလဲလှယ်ရေးဘဏ်မှ အရာရှိကြီးတစ်ဦးဖြစ်သည်။
တရားသူကြီးလေးက ဘတ်စေ့သုံးစေ့ကိုရွှေပြားလေးတွေကဲ့သို့ ၀မ်းသာအားရလက်ခံယူရှာပါသည်။
“အေဂျေကရိုနင်ရေးတဲ့စာတစ်ပုဒ်ဖတ်ဖူးလားအကို။ဆုံဆို့နာဖြစ်လို့ လေပြွန်ကို ခက်ခက်ခဲခဲခွဲစိတ်ထားတဲ့လူနာတစ် ဦးဟာအကြောက်လွန်နေတဲ့သူနာပြုဆရာမတစ်ဦးရဲ့ပေါ့ဆမှုကြောင့်ထိခိုက်နစ်နာခဲ့ရသတဲ့။ဆရာဝန်က အကြီးအကျယ်စိတ် ဆိုးတယ်။ဆရာမကိုပြင်းပြင်းထန်ထန်အရေးယူပြီးဆေးကောင်စီတင်ဖို့လုပ်တယ်။ဒါပေမဲ့ကျွန်မကိုနောက်တစ်ကြိမ်ကြိုးစားခွင့် ပေးပါလို့-ဆရာမကတောင်းပန်တာကိုစဉ်းစားပြီးလက်ခံခဲ့တယ်။နောင်အနှစ်၂၀ ကြာတော့ ကလေးသူငယ်စောင့်ရှောက်ရေး ဂေဟာက အင်မတန်စည်းစနစ်ကြီးပြီးစံနမူနာယူကြရတဲ့သူနာပြုဆရာမအုပ်ကြီးဖြစ်နေတာကို ပြန်တွေ့ရသတဲ့”
တရားစီရင်မှုနယ်တွင် တရားစီရင်မှုကိုစီးပွားရေးလုပ်ငန်းတစ်ခုကဲ့သို့လုပ်ကိုင်နေသူမျိုး မရှိ-ဟုကျွန်တော်မဆိုပါ။မဆို ၀ံ့ပါ။သို့သော်ဤသို့သောနှလုံးသားနှင့်တရားသူကြီးမျိုးရှိနေသေးခြင်းအတွက် ကျွန်တော်အလွန်ပီတိဖြစ်ရပါသည်။
နောင်အနှစ်-၂၀ ကြာသောအခါ သူ့ကို ခရိုင်တရားသူကြီးအဖြစ်ကျွန်တော်ပြန်တွေ့ရသည်။ မိတ်ဆွေတစ်ယောက်နှင့် အတူ တရားရုံးသို့ လိုက်ပါသွားရင်း ခရိုင်တရားသူကြီးအမည်ကိုမေးမိရာ “သူ” ဖြစ်နေသဖြင့် သူ၏ရုံးခန်းထဲသို့ အမှတ်မထင် ၀င်ရောက်ခဲ့မိခြင်းဖြစ်ပါသည်။ကျွန်တော်ဝင်သွားသောအခါ သူ့ရှေ့ကစာရေးမလေးကို စကားပြောလက်စ-ဖြစ်နေသည်။ 
“ရှေ့နေလိုင်စင်လဲတယ်ဆိုတာ အသက်မွေးမှုဘ၀လေကွာ။ဒါက-သူတို့အတွက် ထမင်းစားလက်မှတ်ပဲ။ တော်ရုံ လို အပ်နေတာလေးတွေရှိရင်လည်း လိုက်လျောပြီး လုပ်ပေးလိုက်ပါ။ ဒီအတွက် မုန့်ဖိုးတွေဘာတွေပေးရင်မယူရဘူးနော်”
ဧည့်သည်ရှေ့ဖြစ်သဖြင့် ဟန်ဆောင်ပန်ဆောင်ပြောနေခြင်းမဟုတ်ကြောင်းကို ကျွန်တော်အကြွင်းမဲ့ယုံကြည်ပါသည်။ သူဖြစ်နေသောကြောင့်လည်း ပိုလို့ယုံကြည်ပါသည်။ကျွန်တော်က “ဒါလည်း အေဂျေ ကရိုနင်ပဲလား” ဟုမေးလိုက်ရာ သူနည်း နည်းကြောင်သွားပါသည်။“ဘတ်စေ့သုံးစေ့လေ” ဟုပြောတော့မှ လွန်ခဲ့သောအနှစ်-၂၀ ကျော်ုကို သူသတိရသွားပုံပေါ်သည်။
“ဒီတစ်ခါတော့ အေဂျေကရိုနင်မဟုတ်ဘူး၊ကျွန်တော့်မိန်းမပါအကို” ဟုဆိုသဖြင့် ကျွန်တော်က ဆက်မေးရသည်။
“ဟိုတလောက နေ့လည်ဘက်ကျွန်တော်အိမ်ပြန်သွားတော့ မိန်းမက အိမ်ရှေ့ခရေပင်မှာလာနားတဲ့ငှက်ကလေးတွေ ဆက်ရက်လေးတွေကိုအစာကျွေးနေတယ်အစ်ကို။ဆန်စေ့လေးတွေကိုပက်ပက်ကျွေးနေရင်း သူ့ပါးစပ်ကတဖွဖွရွတ်နေတယ်။ ကျွန်တော်ကအသာရပ်ကြည့်နေတာ။ သူ့ပါးစပ်က တဖွဖွရွတ်နေတာကို ကြားရအောင် နားစိုက်ထောင်ကြည့်ရတယ်။ မင်းတို့ အခုလို ရှာဖွေစားသောက်ရလွယ်ကူသလို  ငါတို့လည်း ရှာဖွေစားသောက်ရတာလွယ်ကူပါစေတဲ့။ အဲဒီမှာ ကျွန်တော်ဖျတ်ခနဲ ပွင့်သွားတာ။ လူတစ်ယောက်ရဲ့အသက်မွေးမှုဘ၀ဟာ သိပ်အရေးကြီးတာပဲမဟုတ်လား အကို”
ထိုနေ့ရက်က ကျွန်တော်သည် ညီအရွယ်ခရိုင်တရားသူကြီး၏ အပြုအမူကို ကြည်နူးကျေနပ်နေမိပါသည်။ 
တရားရုံး ဆိုသည်မှာ အငြင်းအခုံတွေ၊ထောင်တွေတန်းတွေ၊ငိုကြွေးမြည်တမ်းသံတွေနှင့် ပြည့်နှက် နေတတ်သော နေရာတစ်ခု ဖြစ်ပါ သည်။ အနိဌာရုံများသာပဲ အားကောင်းကောင်းနှင့်လွှမ်းမိုးနေတတ်သောနေရာတစ်ခုဖြစ်ပါသည်။ ထိုသို့သောနေရာဌာန၌ ခံစားစာနာတတ်သောနှလုံးသားတစ်စုံကို ရှင်းရှင်းသန့်သန့်ကြီး တွေ့မြင်လိုက်ရသဖြင့် ကမ္ဘာ လောကသည် ကျွန်တော်တို့ထင်သလောက်မဆိုးသေးပါကလား-ဟု ဖြေသိမ့်စရာရှိပါသည်။ 
များစွာသောသူတို့သည် သမိုင်းကို သင်ခန်းစာမယူတတ်ချေ။သင်ခန်းစာယူနိုင်သောဥာဏ်ပညာ မကပ်ငြိတတ်ချေ။ သို့တည်းမဟုတ်-သင်ခန်းစာယူနိုင်သောဥာဏ်ပညာကို ၎င်းတို့၏လောဘ၊ဒေါသ၊မာန်မာန၊အာဃာတများဖြင့် သိပ်သည်းစွာ ဖုံးအုပ်ထားတတ်သည်။ထို့ကြောင့်၊ဥာဏ်ပညာမဲ့သူတို့နှင့်မခြား  မိုက်မဲတတ်ချေသည်။ ထို့ကြောင့်လည်း  သမိုင်းဆိုသည်မှာ ဥာဏ်ပညာကင်းမဲ့သည့် လူတို့၏အမိုက်အမဲမှတ်တမ်းကြီးဖြစ်သည်-ဟု အက်ဒွပ်ဂစ်ဘွန်းကပြောခဲ့ခြင်းဖြစ်တန်ရာပါသည်။
 ကျွန်တော်တို့သည် ဝေးကွာသောသမိုင်းဖြစ်စဉ်များကို ဒဏ္ဍာရီပုံပြင်သဖွယ်အာရုံခံစားမှုဖြင့် ဖတ်ခဲ့ကြပါသည်။ နည်း နည်းပို၍ ဥာဏ်ရှိသူတို့က သမိုင်းဇာတ်ဆောင်တို့ကို ၀တ္ထုရုပ်ရှင်ထဲမှ ဇာတ်ဆောင်သာသာမျှသဘောပိုက်လျက် စာနာခံစား နိုင်ဖို့ကြိုးစားကြည့်တတ်ပါသည်။ သို့သော် ဒေါက်တာသန်းထွန်းပြောသလို “သမိုင်းကို မအအောင်” သင်ခန်းစာယူချင်သည့် အမှတ်သတိဖြင့် ဖတ်ရှုဆင်ခြင်ရန်ပျက်ကွက်သည်က များပါသည်။ပျက်ကွက်သူက များပါသည်။
မကြာသေးမီက အခွင့်အာဏာမဲ့သောသူတို့ကို အခွင့်အာဏာရှိသောသူတို့က ချေမှုန်းဖို့ကြိုးပမ်းခဲ့သည်ကို မမေ့ကြ သေး-ဟုထင်ပါသည်။မိမိတို့အယူအဆ၊မိမိတို့အကျိုးစီးပွား၊ မိမိတို့လိုလားချက်နှင့်ဆန့်ကျင်သူ၊ ဆန့်ကျင်တန်ရာရှိသူတို့အား လူ့အဖွဲ့အစည်း၏အပြင်အပသို့ တွန်းပို့၍ ကာလများစွာပိတ်လှောင်ထားစေခဲ့ခြင်း၊လူတစ်ယောက်၏မာနနှင့်တန်ဖိုးကို လူသား မဆန်အောင်ပင်လျှင် ပိုးစိုးပက်စက်ချိုးဖဲ့နှိပ်ကွပ်ခဲ့ခြင်း၊ ပြုခဲ့သည်ကို မမေ့ခဲ့သေးဟုထင်ပါသည်။ စင်စစ် ထိုမျှမကပါ။ 
၎င်းတို့နှင့်ဆန့်ကျင်သောသူတွင်မကထိုသူ့မိသားစု၏လုံခြုံမှုနှင့်အသက်မွေးမှုဘ၀ကိုပါ ကျီးလန့်စာစားဖြစ်အောင်ပြုခဲ့ ကြသည်။ကတိမ်းကပါးဖြစ်အောင် ခြိမ်းခြောက်ဖျက်ဆီးခြင်း ပြုခဲ့ကြသည်။ဆရာဝန်ကို ဆေးမကုနိုင်အောင်၊  စာရေးဆရာကို စာမရေးနိုင်အောင်၊ဈေးသည်ကိုဈေးမရောင်းနိုင်အောင်၊ယုတ်စွအဆုံး လူရွှင်တော်ကို ပြက်လုံးမထုတ်နိုင်အောင်၊နည်းလမ်းအ မျိုးမျိုးနှင့် ပိတ်ပင်ခဲ့ကြသည်။ဤသည်တို့ကို-တိုင်းနိုင်ငံ၊စည်ပင် ဖွံ့ဖြိုးသာယာအောင် ပြုပြင်တည်ဆောက်သည့် မွန်မြတ်သော ကုသိုလ်ဖြစ်လုပ်ငန်းကြီးများသဖွယ် အစီအမံများစနစ်တကျချမှတ်ဆောင်ရွက်ခဲ့ကြသည်။မရှက်မကြောက်လုပ်ခဲ့ကြသည်။ထို သူတို့အမှန်တကယ်ရှိခဲ့ကြသည်။ထိုသူတို့သည် ယခုအခါ မည်သည့်နေရာသို့ရောက်နေပါပြီနည်း။မဝေးသောသမိုင်းက သူတို့ ကို မည်သည့်နေရာ၌ ထားလိုက်ပါပြီနည်း။
ထိုသူတို့က ချိုးဖဲ့ခဲ့၊နှိပ်ကွပ်ခဲ့သူတို့ကိုကော သမိုင်းက မည်သည့်နေရာ၌ ထားလိုက်ပါပြီနည်း။
အပြီးတိုင်ကြေပြုန်း၊ပျက်သုဉ်းသွားသူတို့မရှိ-ဟုမဆိုလိုပါ။ရှိခဲ့ပါသည်။အသေအချာပဲရှိခဲ့ပါသည်။သို့သော် ထိုသူတို့ကို စွန့်လွှတ်အနစ်နာခံသူများအဖြစ် မဝေးသောသမိုင်းကလွမ်းမောစွာမှတ်တမ်းတင်နေသည်။မကြေပြုန်း၊မပျက်သုဉ်းဘဲ ရှင်သန် ကျန်ရစ်သူတို့သည်မီးသင်းသံကဲ့သို့ပို၍မာကျောလာသည်။ဂုဏ်ပြုအပ်သောသူရဲကောင်းများအဖြစ် သူတို့ကိုကမ္ပည်းထိုးသည့် ပေလွှာမှတ်တမ်းမှာ တောက်ပနေသည်။               
                                   (၃)
  “တေးဆိုနေတဲ့ငှက်တစ်ကောင်ကို၊တောင်ပံလိန်ချိုးလိုက်တာ၊ဘယ်သူလဲ” ဟိုတုန်းခါကကျွန်တော်ရေးခဲ့ဖူးသည့်ကဗျာ တစ်စကိုပြန်သတိရနေမိပါသည်။ လူတစ်ယောက်၏ အသက်မွေးမှုဘ၀ဆိုသည်မှာ  သူနှင့် သူ၏မိသားစုအတွက် တေးဆိုနေ သည့် ငှက်တစ်ကောင်ဖြစ်ပါသည်။သူ၏ကမ္ဘာလောကအတွက်လည်း တေးဆိုငှက်ပဲဖြစ်ပါသည်။ 
လူတစ်ယောက်၏ အသက်မွေးမှုဘ၀ကို စာနာခြင်းကင်းစွာ  အကြင်နာမဲ့ ချိုးဖဲ့၊ဖျက်ဆီးပစ်လိုက်ခြင်းမှာ တေးဆိုနေ သောငှက်တစ်ကောင်ကို တောင်ပံလိန်ချိုးလိုက်ခြင်းပဲဖြစ်ပါသည်။လူ့အဖွဲ့အစည်းတစ်ရပ်ကို ပြစ်မှုကျူးလွန်ရာရောက်ပါသည်။ ကမ္ဘာလောကသည် တေးဆိုငှက်များကြောင့်သာ ကျက်သရေရှိစွာလှပနေခြင်းဖြစ်ပါသည်။ တေးဆိုငှက်တို့၏တောင်ပံများကို လိန်ချိုးပြီးမှ ကောင်းကင်သို့ပျံတက်ဖို့ကြိုးပမ်းသည့် ငှက်တို့အား ကမ္ဘာလောကက မည်သို့မှတ်တမ်းတင်ပါလိမ့်နည်း။
မိတ်ဆွေ။ သင့့်  ပျံသန်းနိုင်ဖို့ရာအတွက် တေးဆိုနေသောငှက်တစ်ကောင်ကို တောင်ပံလိန်ချိုးခဲ့ဖူးပါသလား။       ။
ကျင့်ဝတ်သိက္ခာကို ပဲလှော်နဲ့မလဲပါ
တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ လ၂၈ ရက်နေ့က နေပြည်တော်ရှိဟိုတယ်တစ်ခုတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြုလုပ်ခဲ့ပြီး ဒိန်းမတ်သံရုံးမှ သံ အရာရှိများ အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များအဖွဲ့(ICJ)၊ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)တို့မှ  ပညာရှင်များလည်း တက်ရောက်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖတ်ရသည်။
“မြန်မာနိုင်ငံတရားသူကြီးများအတွက် တရားစီရင်ရေးဆိုင်ရာကျင့်ဝတ်-မူကြမ်း (Court of Jud icial Conduct for Myanmar Judges-Draft) ကို စာအုပ်ပုံထဲမှပြန်ရှာလျက် ဖုတ်ဖက်ခါပြီး ဖတ်ကြည့်ပါသည်။ 
(Bangalore)ဘန်ဂလောမူကို အခြေခံရေးဆွဲထားသော တရားသူကြီးများ လိုက်နာကျင့်ဆောင်အပ်သည့်“ကျင့်ဝတ်” များကိုအင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားသည်။ မူရင်း အင်္ဂလိပ်ဘာသာမှ ကြိုးစားပြန်ဆိုထားခြင်းဖြစ်ပြီး ပြန်ဆိုချက် အချို့ချောမွေ့ပြေပြစ်ခြင်းမရှိသည်ကို တော်တော်ကြီး သည်းခံရစေကာမူ “အငယ်ဆုံးတရားသူကြီးမှ အကြီးဆုံးတရားသူကြီး အထိ”(ဒုတိယမြို့နယ်တရားသူကြီးမှပြည်ထောင်စုတရားသူကြီးချုပ်အထိ) တရားသူကြီးတိုင်း မလိုက်နာနိုင်စရာ အကြောင်းမရှိသောအချက်များဖြစ်သည်ဟု ယူဆဖွယ်ရာ ရှိပါသည်။
××××××××××××××××××××××
ဘောလခဲခရိုင်တွင်တာဝန်ထမ်းစဉ်၊တစ်နေ့သ၌ မူးယစ်ဆေးဝါးနှင့်စပ်လျဉ်း၍ အထက်တန်းကျောင်းသူကျောင်းသား များကို သွားရောက်ဟောပြောခဲ့ရပါသည်။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၅ အရ 
 သုံးစွဲသူကို မည်သို့အရေးယူပြီး၊ ပုဒ်မ-၁၆(ဂ)အရ မူးယစ်ဆေးလက်ဝယ်ထားသူကို ပြစ်ဒဏ်မည်မျှ၊ပုဒ်မ-၁၉(က)အရ ရောင်းချရန်လက်ဝယ်ထားသူကိုပြစ်ဒဏ်မည်မျှစသည်ဖြင့်မပြောလို။
“အနည်းဆုံးထောင်ဒဏ်၁၀နှစ်မှအများဆုံး နှစ်အကန့် အသတ်မရှိထောင်ဒဏ်အထိ” အစရှိသည့် ကြီးလေးသောပြစ်ဒဏ်များ၊ပုဒ်ထီးပုဒ်မများဖြင့် ပျိုနုသောပုရစ်ဖူးလေးများကို ပယ်ပယ်နယ်နယ် မပြောလိုပါ။ ခြောက်လှန့်ရာရောက်မည်စိုးသည့်အတွက် “ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေ” အစရှိသည်ဖြင့် အာဏာစက်အထိ အဆင့်ဆင့်ရွေ့လျော သက်ရောက်ပုံကို ပြောခဲ့ပါသည်။ ထိုစဉ်က ကျွန်တော်သည် ဓမ္မသတ်ကိုရာဇသတ်ချုပ်၊ ရာဇသတ်ကို ကလိယုဂ်ချုပ်-ဆိုသည့် ရှေးထုံးနိယမတို့ကို ပြောခဲ့ ပါသည်။ 
ယခုအခါ ကျွန်တော်သည် အဆိုပါပြောဆိုချက်ကို ပြန်၍ ဆင်ခြင်ကြည့်မိပါသည်။
“ကျင့်ဝတ်”ဆိုသည်ကို လိုက်နာစောင့်ထိန်းအပ်သောဝတ္တရားတစ်ခု ဖြစ်ပြီး မလိုက်နာ၊ မစောင့်ထိန်းလျှင်လည်း(သာမန်အားဖြင့်) ပြစ်ဒဏ်ချမှတ်၍ အပြစ်ပေးစီရင်နိုင်သည့်ကိစ္စမျိုးမဟုတ်ကြောင်း၊
 ဥပမာ-သိင်္ဂါလောဝါဒသုတ်လာမိဘ၀တ်၊ သား သမီးဝတ်၊တပည့်ဝတ်၊ဆရာ့ဝတ်-တို့မှာ စည်းကမ်း၊ဥပဒေ မမည်သေးသည့် ကျင့်ဝတ်များဖြစ်ကြောင်း၊  ကျောင်းဝင်းထဲသို့ ၀င် လာသည့်ဆရာမ၏ ဆွဲခြင်းကို မူလတန်းကျောင်းသားလေးက ပြေးကြိုယူငင်ခြင်း၊ ဆရာမပန်ဖို့ နှင်းဆီပန်း ခူးလာပေးခြင်းတို့မှာ “လာမူကြိုဆီး”ဆိုသည့်ကျင့်ဝတ်တစ်ခုသာဖြစ်ကြောင်း၊ ကျင့်ဝတ်မျှသာဖြစ်သည့်အတွက် ဆရာမလေးကိုပန်းမပေး၊ ပြေးမကြို မိခဲ့လျှင်လည်း ကျောင်းသားကိုအပြစ်မပေးနိုင်ကြောင်း၊ အရေးမယူနိုင်ကြောင်း။ ကျောင်းသားတစ်ဦးသည် နံနက် ၉နာရီ ကျောင်းတက်ရမည်ဖြစ်ပါလျက် လမ်း၌ဆော့ကစားနေ၍ကျောင်းချိန်နောက်ကျခြင်းမှာ စည်းကမ်းဖောက်ဖျက်ရာရောက်သဖြင့် ဆရာကြီး၏ကြိမ်လုံးစာ မိနိုင်ကြောင်း။ ကျောင်းသားချင်း ရန်ဖြစ်၍ သွေးထွက်သံယိုဖြစ်သည်အထိ နာကျင်ဒဏ်ရာရရှိစေလျှင် ဥပဒေပြဌာန်းချက်ကို ချိုးဖောက်ကျူးလွန်ရာရောက်သဖြင့် ဥပဒေအရ အပြစ်ပေးစီရင်ခြင်းခံရနိုင်ကြောင်း၊စသည်စသည်ဖြင့် ကျင့်ဝတ်၊စည်းကမ်း၊ဥပဒေတို့ကိုကြိုးစား၍ ရှင်းလင်းပြောပြခဲ့ပါသည်။
ကျွန်တော်သည် ကျင့်ဝတ်ဆိုသည်မှာ လိုက်နာကျင့်ဆောင်အပ်သောဝတ္တရားဖြစ်သည်-ဆိုသော  ဖွင့်ဆိုချက်အပေါ် အခြေပြု၍ ကျင့်ဝတ်ဆိုသည်မှာအစဉ်အလာဓမ္မသတ်သဘောမျှသာဖြစ်ကြောင်း၊ မင်းနှင့်ပြည်သူတို့ပြုလုပ်ပြဌာန်းသည့် ဥပဒေ ကဲ့သို့ “ကျင့်ဝတ်ချိုးဖောက်သူ”ကို အရေးယူ အပြစ်ပေးခြင်းမပြုနိုင်ကြောင်းပြောခဲ့ခြင်းဖြစ်ရကားအချို့သောကျင့်ဝတ်၊ဓမ္မသတ်များမှာ ရာဇသတ်နှင့်တစ်သားတည်းဖြစ်နေသည်ကိုပြောပြဖို့ရာ ကြွင်းကျန်လစ်ဟင်းခဲ့ကြောင်း တွေ့ရပါသည်။
ကျင့်ဝတ်ဆိုသည်မှာ ဓမ္မသတ်သဘောမျှဖြစ်သော်လည်း ရာဇသတ်နှင့်တစ်ထပ်တည်းဖြစ်နေတတ်ပါသည်။ မလိုက် နာမနေရသည့်ဥပဒေပြဌာန်းချက်လည်းဖြစ်နေတတ်ပါသည်။ ကျင့်ဝတ်မျှသာဖြစ်သဖြင့်(ဥပဒေမဟုတ်သည့်အတွက်) မလိုက် နာ၊မကျင့်ဆောင်လျှင်လည်းဖြစ်သည်ဟု အခါခပ်သိမ်းယူဆ၍မဖြစ်နိုင်သည်မျိုးရှိပါသည်။ဥပမာ-သတ်မှု၊ခိုးမှု၊ကာမဂုဏ်ကျူးမှု ဥပဒေပြဌာန်းချက်-တို့သည် ငါးပါးပဉ္စသီပါကျင့်ဝတ်သီလနှင့်ထပ်တူဖြစ်နေသည့်သဘောဖြစ်ပါသည်။
××××××××××××××××××××××××××××××××× 
ဆရာဝန်ကျင့်ဝတ်၊ စစ်သည်ကျင့်ဝတ် ၊မီဒီယာကျင့်ဝတ်၊ ရှေ့နေကျင့်ဝတ်၊ တရားသူကြီးကျင့်ဝတ်-စသည်ဖြင့်ရှိပါသည်။
 ဆရာဝန်များသည် ဟစ်ပိုကရေးတီးကျမ်းသစ္စာကို ဆေးပညာကျင့်ဝတ်အဖြစ် လိုက်နာစောင့်ထိန်းရပါသည်။  ဆေးပညာဘွဲ့နှင်းသဘင်များတွင် “ကမ္ဘာတစ်လွှား သမားဟူးရားကြီးများကိုသက်သေထား၍” ဟုဆိုကာ ယင်းသို့သဘောရှိသော ကျမ်းသစ္စာမျိုးကိုတိုင်တည်ရွတ်ဆိုရပါသည်။
 မြန်မာနိုင်ငံဆေးကောင်စီဥပဒေပုဒ်မ-၃၀(င)တွင် ယင်းကျင့်ဝတ်ကျိုးပျက်ပါက  မည်သို့ပြစ်ဒဏ်ချမှတ်နိုင်သည်ကို ဖော်ပြထားကြောင်းတွေ့ရပါသည်။ ရှေ့နေရှေ့ရပ်များ၏ကျင့်ဝတ်သိက္ခာများကို ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အခါအားလျော်စွာ စာအုပ်ထုတ်လေ့ရှိပါ သည်။
 ရှေ့နေလိုက်ပါသူများအက်ဥပဒေ(The Legal Practioners Act)ပုဒ်မ-၁၃တွင် ပညာသည်ကျင့်ဝတ်(ရှေ့နေကျင့်ဝတ်) များကို အတိအလင်းဖော်ပြထားပြီး
 ယင်းကျင့်ဝတ်ကျိုးပျက်ပါက မည်သို့ အရေးယူခြင်းခံရနိုင်ကြောင်းဖော်ပြထားပါသည်။ ပညာရှင်၊သို့မဟုတ်-ပညာသည်များအနေဖြင့်၎င်းတို့၏အသက်မွေးမှုဘ၀တွင် လိုက်နာစောင့်ထိန်းအပ်သည့် ကျင့်ဝတ်များသည် မလွဲမသွေလိုက်နာစောင့်ထိန်းရမည့် စည်းကမ်းဥပဒေများလည်းဖြစ်သည်ကို ဖော်ပြလိုရင်းဖြစ်ပါသည်။
×××××××××××××××××××××××××××××××××
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေတို့တွင်တရားစီရင်ရေးမူများကို ဖော်ပြထားပါသည်။ အဆိုပါ မူများကိုသွေဖည်ပြုလုပ်ပါက မည်သို့အရေးယူခံရနိုင်သည်ကို မဖော်ပြပါ။ တရားစီရင်မှုတစ်ခုသည် အဆိုပါမူများနှင့်ညီညွတ်ပါ ကမည်သို့အကာအကွယ်ရနိုင်သည်ကို မဖော်ပြပါ။ အခြေခံဥပဒေ အရ ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မတိုင်မီ၊ နိုင်ငံတော်တရားရုံးချုပ်လက်ထက်(၂၀၀၁-ခုနှစ်)က
“တရားသူကြီးများကျင့်ဝတ်နှင့် သိမှတ်ဖွယ်ရာများ” အိတ်ဆောင်စာအုပ်တစ်အုပ် ပြုစုထုတ်ဝေဖူးပါသည်။(စာအုပ်ဝါ-ဟုသိကြပါသည်)
ယင်းစာအုပ်တွင်၊ အသုံးလုံး၊ ငလေးလုံး၊ အမြင်လေးမြင်၊ စွမ်းရည်သုံးရပ်-စသည့် ကာလ၊ဒေသ၊ပယောဂအလျောက် တရားစီရင်မှုနှင့်မစပ်ဆိုင်သည်များ ရောထွေးပါနေသော်လည်း ရာဇနီတိ၊ဓမ္မသတ်၊အမေးတော်ပုံကျမ်း-တို့မှ မှတ်သားဖွယ်ရာ များလည်းပါပါသည်။ တရားသူကြီးကျင့်ဝတ်(၁၀)ချက် ကို မနုသာရကျမ်းမှထုတ်နုတ်ဖော်ပြထားပါသည်။
သို့သော် ထိုကျင့်ဝတ် များကို အငယ်ဆုံးတရားသူကြီးမှအကြီးဆုံးတရားသူကြီးအထိ လိုက်နာကျင့်ဆောင်ခဲ့ခြင်းရှိမရှိ၊ ယင်းကျင့်ဝတ်ကို စံ၊ သို့မဟုတ် ပေတံသဖွယ်ထား၍ ထိန်းကျောင်းခြင်း၊အရေးယူခြင်း၊ အကာအကွယ်ပေးခြင်း ရှိမရှိ စဉ်းစားဖွယ်ရာရှိပါသည်။ 
 သေချာသောအချက်မှာ ကျင့်ဝတ်သီလနှင့်ညီသော တရားသူကြီးများကို အကာအကွယ် မပေးနိုင်သကဲ့သို့  ကျင့်ဝတ်သီလနှင့် မညီသော တရားသူကြီးများကိုလည်း  ဆုံးမသွန်သင်ရန်၊ အရေးယူရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်ပါသည်။ ရွှေစာလုံးဖြင့် တစ်ခမ်းတစ်နား ပုံနှိပ်ဖော်ပြထားစေကာမူ “စည်းနှောင်အား”မရှိပါက 
 အချည်းနှီးဖြစ်ပါသည်။
××××××××××××××××××××××××××××××××
 Professional ဆိုသောစကားမှာ တော်တော်ကျယ်ဝန်းပါသည်။  ပညာရှင်၊ပညာသည်တို့၏တာဝန်ထမ်းဆောင်မှုသည် လောက၏အကျိုးစီးပွားအလို့ငှာ  မိမိတို့တတ်ကျွမ်းသည့်ပညာ ဖြင့် လောက၀န်ကိုထမ်းခြင်းဖြစ်ပါသည်။ မိမိတို့ကျွမ်းကျင်တတ်မြောက်သည့်အတတ်ပညာ၊အသိပညာ၊ကောင်းမွန်သောစိတ် စေတနာဖြင့် သစ္စာရှိရှိ၊ရဲရဲဝံ့ဝံ့ထမ်းဆောင်ဖို့လိုပါသည်။ ပညာသည်ကျင့်ဝတ် သွေဖည်ကျိုးပျက်ခဲ့လျှင်  ကျောတစ်ရာရင်တစ်ရာ ခတ်၍မြိုင်ရပ်နှင်စေသည့်ထိန်းကွပ်(ထိန်းကျောင်း)မှုမျိုးရှိဖို့လိုသကဲ့သို့  ပညာသည်ကျင့်ဝတ်ကို သစ္စာသမာဓိ ခိုင်ကျည်စွာဖြင့် ကျင့်သုံးခဲ့လျှင်လည်း  အခွင့်အာဏာပိုင်တို့နှင့်ဆန္ဒမညီသည့်တိုင် ကင်းလွတ်ခွင့်၊ သို့မဟုတ် အကာအကွယ် ရစေသင့်ပါသည်။
 တရားစီရင်ရေးပုံရိပ်နှင့် တရားစီရင်မှုနယ်ပယ်၏ ပစ္စက္ခအခြေအနေကို  အထူးတလည် ပြောပြဖို့လိုမည် မထင်တော့ပါ။ 
 ဤအခြေသို့ဆိုက်ခဲ့ခြင်းမှာ ကျင့်ဝတ်သိက္ခာစောင့်စည်းမှု ကျိုးပျက်ခြင်းကြောင့်လော၊ သို့မဟုတ် ကျင့်ဝတ်သိက္ခာစောင့် စည်းမှုကို ခြိမ်းခြောက်ခံရခြင်းကြောင့်လော၊ သို့မဟုတ်-နှစ်ခုစလုံးကြောင့်လော ဆိုသည်ကို စောကြောနိုင်၊ သင်ခန်းစာယူနိုင် ကြဖို့လိုပါသည်။  ယိုယွင်းခြင်း၊ ဆုတ်ယုတ်ခြင်း၊ ပျက်စီးပြိုလဲခြင်းဟူသမျှတွင် အကြောင်းအရင်းများစွာ ရှိစမြဲဖြစ်ပါသည်။ 
 ၁၉၉၁ ခုနှစ်က ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ရှေ့အစစ်ခံချက်ကို သက်သေခံအဖြစ်လက်ခံခဲ့သည့် ရဲနောင်ပါ-၂စီရင်ထုံး မှာသံသယဖြစ်ဖွယ်ရာကျင့်ဝတ်သိက္ခာကျိုးပျက်မှု၏အကျည်းတန်ပြယုဂ်တစ်ခုဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်က အခြေခံဥပဒေဆိုင်ရာ ခုံရုံးတစ်ဖွဲ့လုံးနုတ်ထွက်သွားခဲ့ရခြင်းမှာ  ကျင့်ဝတ်သိက္ခာခြိမ်းခြောက်ခံရမှု၏ မလှပသောပြယုဂ်တစ်ခုဖြစ်ခဲ့ပါသည်။
 သားသမီးကို ထိန်းကျောင်းဖို့ အမိအဖကိုယ်တိုင် အကျင့်သိက္ခာကောင်း ရှိရပါမည်။ အမိအဖက အကျင့်သိက္ခာကောင်း မရှိ၊သားသမီးကိုလည်း ကောင်းမွန်အောင်မထိန်းမကျောင်းနိုင်လျှင်
 ရပ်ရွာက ၀င်ရောက်ထိန်းကျောင်းမည်သာ ဖြစ်ပါသည်။ စောင့်စည်းအပ်သည်ဆိုလျှင် ကျင့်ဝတ်သိက္ခာကို မလိုက်နာလျှင်မနေရသည့်ထိန်းကွပ်မှုရှိဖို့ လိုပါသည်။စည်းနှောင်အားရှိစေ ရပါမည်။
 ထို့အတူ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းမှုကို အကာအကွယ်ရစေသည့် အာမခံချက်ရှိဖို့လည်း လိုပါသည်။
 ကျင့်ဝတ်သိက္ခာဆိုသည်မှာ ဒန်အိုးဒန်ခွက်ကဲ့သို့ ပဲလှော်နှင့်လဲ၍ရသည့်ပစ္စည်း  မဟုတ်သောကြောင့်ဖြစ်ပါသည်။
 ပြေလွင်မြင့်
7 daynews journal (8-3-2017)
သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ
 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...