Sunday, June 28, 2015

ပွင့်လင်းမြင်သာသော တရားစီရင်ရေးစနစ် ဆီသို့ ... (သတင်း)


ပွင့်လင်းမြင်သာသော တရားစီရင်ရေးစနစ် ဆီသို့ ... (သတင်း)



          ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ၊ သတင်းအချက် အလက်များ၊ တရားရုံး အဆင့်ဆင့်၏ လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ပြည်သူများ ဗဟုသုတ ရရှိစေရန်၊ လွတ်လပ်စွာ တရားစီရင်မှုကို ပြည်သူများ သိရှိ နားလည်စေရန်၊ တရားရုံး လုပ်ထုံးလုပ်နည်း များနှင့် စပ်လျဉ်း၍ ပိုမို ပွင့်လင်းမြင်သာမှု ရှိစေရန်၊ သတင်းအမှန် များကို ပြည်သူများ အချိန်နှင့် တပြေးညီ သိရှိနားလည် စေရန်တို့ကို ရည်ရွယ်၍ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက ပြည်ထောင်စု တရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၊ ခရိုင်တရားရုံး များနှင့် မြို့နယ်တရားရုံး များတွင် သတင်းပြန်ကြားရေးအဖွဲ့များ အသီးသီး ဖွဲ့စည်း ထားရှိခဲ့ပြီး ဖြစ်ပါသည်။  သို့ဖြစ်၍ ယခင်ခေတ် ကာလများနှင့်မတူဘဲ ပိုမို လွတ်လပ်ပြီး ပွင့်လင်းမြင်သာသော တရားစီရင်ရေး စနစ် ကို တရားရုံး အဆင့်ဆင့်က ဖော်ဆောင်နေ ပြီဖြစ်ကြောင်း အများပြည်သူတို့ သိရှိနိုင်ရန် ဤသတင်းပို့စ် ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၏ လုပ်ငန်း စီမံချက်များမှ ကောက်နုတ်၍ ပြုစု မျှဝေလိုက် ရပါသည်။

သတင်းဌာနအမည်များ

          သတင်းဌာနများ၏ အမည်ကို သတ်မှတ်ရာတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အတွက် "သတင်းပြန်ကြားရေး အဖွဲ့၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်" ဟူ၍ လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် များအတွက် "သတင်းပြန်ကြားရေး အဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်" ဟူ၍ လည်းကောင်း၊ ခရိုင်တရားရုံး များအတွက် "တရားရုံး သတင်းပြန်ကြားရေး အရာရှိ၊ ခရိုင်တရားရုံး" ဟူ၍ လည်းကောင်း၊ မြို့နယ် တရားရုံးများ အတွက် "တရားရုံး သတင်းပြန်ကြားရေး အရာရှိ၊ မြို့နယ်တရားရုံး" ဟူ၍ လည်းကောင်း သတ်မှတ် ထားရှိပါသည်။  

သတင်းပြန်ကြားရေး အဖွဲ့များတွင် မည်သည့်ပုဂ္ဂိုလ်များ ပါဝင်သည် -

*          ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၏ သတင်း ပြန်ကြားရေး အဖွဲ့တွင်__ ညွှန်ကြားရေးမှူးချုပ် (အဖွဲ့ခေါင်းဆောင်)၊  ဒုတိယ ညွှန်ကြားရေးမှူးချုပ် (အဖွဲ့ဝင်)၊  ညွှန်ကြားရေးမှူး (စီမံ) (အဖွဲ့ဝင်)၊  လက်ထောက် ညွှန်ကြားရေးမှူး (လေ့ကျင့်) (အတွင်းရေးမှူး) တို့ဖြင့် ဖွဲ့စည်း ထားရှိပါသည်။
*          တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် သတင်း ပြန်ကြားရေး အဖွဲ့တွင်__ တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် တရားရေး ဦးစီးမှူး (အဖွဲ့ခေါင်းဆောင်) နှင့် ဒုတိယ ညွှန်ကြားရေးမှူး (တရားစီရင်ရေး) (သို့မဟုတ်) တိုင်းဒေသကြီး/ ပြည်နယ် တရားရေး ဦးစီးမှူးက တာဝန် ပေးအပ်သူ (အဖွဲ့ဝင်) တို့ဖြင့် ဖွဲ့စည်း ထားရှိပါသည်။

သတင်းပြန်ကြားရေးအရာရှိ အဖြစ် မည်သည့်ပုဂ္ဂိုလ်အား ခန့်အပ် တာဝန်ပေးသည် -

          ပြည်ထောင်စု တရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် များတွင် သတင်းပြန်ကြားရေး အဖွဲ့ဝင်များထဲမှ သတင်းပြန်ကြားရေး အရာရှိ (Public Information Officer) (P.I.O) တစ်ဦးကို ရွေးချယ် ခန့်အပ် တာဝန်ပေး ထားပါသည်။

တရားရုံးသတင်းပြန်ကြားရေး အရာရှိများကို မည်သည့်ပုဂ္ဂိုလ်များ ခန့်အပ် တာဝန်ပေးသည် -

          ခရိုင်တရားရုံးတွင် တရားရုံး သတင်း ပြန်ကြားရေး အရာရှိ (Court Information Officer) (C.I.O) အဖြစ် ခရိုင်တရားသူကြီး (သို့မဟုတ်) ၎င်းက တာဝန်ပေးအပ်သူ အားလည်းကောင်း၊  မြို့နယ်တရားရုံး တွင် တရားရုံး သတင်း ပြန်ကြားရေး အရာရှိ (Court Information Officer) (C.I.O) အဖြစ် မြို့နယ် တရားသူကြီး (သို့မဟုတ်) ၎င်းက တာဝန်ပေးအပ်သူ အားလည်းကောင်း ခန့်အပ် တာဝန်ပေး ထားပါသည်။

သတင်းမီဒီယာများမှ သိရှိလိုက်နာရန် အချက်များ

          သတင်းမီဒီယာများ အနေဖြင့် အဆင့်ဆင့်သော တရားရုံးများမှ သတင်းရယူခြင်း၊ ထုတ်ပြန်ခြင်း ပြုရာတွင် အောက်ပါ အချက်အလက် များအား လိုက်နာရန် ဖြစ်ပါသည် __
(က)     တရားရုံးသို့ သတင်းရယူရန် လာရောက်ရာတွင် သတင်းထောက် အသိအမှတ်ပြု ကဒ် (Identity Card) ပါရှိရမည်။
(ခ)     သက်ဆိုင်ရာ ရုံးအကြီးအကဲထံ ခွင့်ပြုချက် တောင်းခံ၍ ကြိုတင် ချိန်းဆိုမှု ပြုပြီး သတ်မှတ်ထား သော နေရာတွင်သာ နည်းလမ်းတကျ သတင်းရယူ ရမည်။
(ဂ)     ဗီဒီယိုနှင့် ဓာတ်ပုံ ရိုက်ကူးရာတွင် သတ်မှတ်ထားသည့် တွေ့ဆုံခန်း အတွင်းတွင်သာ ရိုက်ကူးရမည်၊ သတင်းနှင့် မစပ်ဆိုင်သည့် နေရာများတွင် ဗီဒီယိုနှင့် ဓာတ်ပုံ ရိုက်ကူးခြင်း မပြုရ။
(ဃ)     သတင်းရယူသူများ အနေဖြင့် အမှုသည်များ နှင့်အတူ လာရောက် မေးမြန်းခြင်း၊ သတင်း ရယူခြင်း မပြုရ။
(င)     စစ်ဆေးဆဲ မှုခင်းများနှင့် ပတ်သက်၍ မှုခင်း ဖြစ်ပွားမှု သတင်းနှင့် အမှု စစ်ဆေး ဆောင်ရွက်သည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကိစ္စရပ်များ အပေါ်တွင် မေးခွန်းများ မေးမြန်းနိုင်သော်လည်း အမှု၏ အရည်အသွေး နှင့် စပ်ဆိုင်သော မေးခွန်းများကို မေးမြန်းခြင်း မပြုရ။
(စ)     တရားရုံး ပရ၀ုဏ် အတွင်း ရောက်ရှိနေသူ မည်သူ တစ်ဦးတစ်ယောက် ကိုမှ ရုံးအကြီးအကဲ၏ ခွင့်ပြုချက် မရရှိဘဲ မေးမြန်းခြင်း၊ သတင်း ရယူခြင်း မပြုရ။
(ဆ)     တရားခွင် အတွင်းသို့ ၀င်ရောက် သတင်းရယူ လိုပါက တရားရုံး အကြီးအကဲ၏ ခွင့်ပြုချက် ရယူရ မည်။
(ဇ)     တရားခွင် အတွင်းသို့ အသံဖမ်းစက်၊ ကင်မရာ၊ လက်ကိုင်ဖုန်းများ ယူဆောင်လာခြင်း မပြုရ။
(ဈ)     အမှုစစ်ဆေး စီရင်နေသည့် တရားခွင်တွင်းသို့ တစ်နည်းနည်းဖြင့် ဗီဒီယို ရိုက်ကူးခြင်း၊ ဓာတ်ပုံ ရိုက်ကူးခြင်း လုံးဝ မပြုလုပ်ရ။
(ည)     သတင်းရေးသားရာတွင် တရားရုံးကို မထီမဲ့မြင် ဖြစ်စေသော၊ ဖြောင့်မှန်စွာ တရားစီရင်ရေးကို ထိခိုက်စေသော ဝေဖန် ရေးသားမှုမျိုးကို ရှောင်ကြဉ်ရမည်။
(ဋ)     ကလေးသူငယ်များ ပါဝင် ပတ်သက်နေသော မှုခင်းများတွင် ကလေးသူငယ်များ၏ သတင်းနှင့် ပတ်သက်၍ တရားရုံး၏ ခွင့်ပြုချက် ရရှိမှသာ ရေးသား ဖော်ပြရမည်။
(ဌ)     ထုတ်ပြန်ပေးသည့် သတင်းနှင့် စပ်လျဉ်း၍ ပုံနှိပ် ထုတ်ဝေခြင်း မပြုမီ တိကျသေချာမှု ရှိစေရန် တတ်နိုင်သမျှ ဆောင်ရွက်ရမည်။
(ဍ)     သတင်းကို မှားယွင်း ရေးသားမိကြောင်း သိလျှင်သိချင်း ဆောလျင်စွာ လူသိရှင်ကြား ပြန်လည် ဖြေရှင်း ပေးရမည်။
(ဎ)     သတင်းရေးသားရာတွင် တည်ဆဲဥပဒေ၊ ဓလေ့ထုံးတမ်း များနှင့် မီဒီယာ ကျင့်ဝတ်များကို လိုက်နာ ရေးသားရမည်။
(ဏ)     ဥပဒေတစ်ရပ်ရပ်အရ ကန့်သတ်ထားသော စာရင်းဇယားများ၊ ဓာတ်ပုံ မှတ်တမ်းများ၊ စာတမ်း အမှတ်အသား ရေးသားချက်များကို သတင်း ရေးသားခြင်း မပြုရ။

ဆက်သွယ်ရမည့် နည်းလမ်းများ

          သတင်းပြန်ကြားရေး အဖွဲ့ အသီးသီးကို ဆက်သွယ်နိုင်မည့် တယ်လီဖုန်း နံပါတ်၊ e-mail address နှင့် Social Network တို့ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၏ Website ဖြစ်သော www.unionsupremecourt.gov.mm တွင် မကြာမီ ဖော်ပြမည် ဖြစ်ပါသည်။

          နိုင်ငံတစ်နိုင်ငံ၏ တရားစီရင်ရေး စနစ်အပေါ် ပြည်သူလူထုမှ ယုံကြည်မှု ရှိလာစေရန် အတွက် တရားစီရင်ရေး ဆောင်ရွက်ချက် များကို ပြည်သူများအား ပွင့်လင်းစွာ ရှင်းလင်း တင်ပြရန်မှာ လွန်စွာ အရေးကြီးပါသည်။  သို့မှသာ ပြည်သူများ အနေဖြင့် တရားစီရင်ရေး ယန္တရားကို နားလည် သဘောပေါက်၍ အမှန်တရား ပေါ်ပေါက်ရေး အတွက် ပူးပေါင်း ပါဝင်လာနိုင်ပြီး ဖြောင့်မှန်သော တရားစီရင်ရေး ကို အထောက်အကူ ပြုနိုင်မည် ဖြစ်ပါသည်။  ထိုသို့ ပြည်သူများကို အသိပေး ရှင်းလင်းရန် အတွက် တရားစီရင်ရေး ဆောင်ရွက်ချက်များကို ကြားခံ မီဒီယာများ၏ အကူအညီ ရယူ၍ ထုတ်ဖော် ပြောဆိုမှသာ အဆင်ပြေ ချောမွေ့နိုင်မည် ဖြစ်ပါသည်။  ယနေ့ အချိန်အခါတွင် သတင်းမီဒီယာများမှ သတင်းတာဝန်ခံ၊ သတင်းထောက် များသည် မိမိတို့ ရယူလိုသော သတင်း အချက်အလက်များ ကို သက်ဆိုင်ရာ တရားရုံး အဆင့်ဆင့်တွင် ရင်းနှီးပွင့်လင်းစွာဖြင့် နည်းလမ်းတကျ မေးမြန်းရယူ နိုင်ကြပြီလည်း ဖြစ်ပါသည်။

          သတင်းမီဒီယာ များအနေဖြင့် အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်သော သတင်းမီဒီယာများ သိရှိလိုက်နာရန် အချက် (၁၅)ချက်ကို ကျေလည်စွာ ဖတ်ရှု နားလည် လိုက်နာပေးကြရန် အထူးလိုအပ်လှပါ ကြောင်းနှင့် သတင်း ပြန်ကြားရေး အရာရှိ၊ တရားရုံး သတင်း ပြန်ကြားရေး အရာရှိ စသော အခေါ်အဝေါ် အသုံးအနှုန်းများကို ပြည့်စုံ မှန်ကန်စွာ ရေးသား ဖော်ပြပေးကြရန် လိုအပ်ပါသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အထက်ပါ မူသဘောထားနှင့် လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည် ဖော်ကာ မီဒီယာများ၏ အကူအညီ ရယူ၍ ပွင့်လင်းမြင်သာသော တရားစီရင်ရေး စနစ် ဖော်ဆောင်နေသည့် အခြေအနေကို အများပြည်သူတို့ လေ့လာဖတ်ရှု သိရှိသင့်သည်ဟု ယူဆပါသဖြင့် စေတနာ အရင်းခံလျက် ကောက်နုတ်မျှဝေ တင်ပြပေး လိုက်ရပါသည်။       ။

သတင်း မျှဝေသူ   -   လွှမ်းမိုးအောင် (တရားရေး)

7-2-2015   6:15 pm.

ဒဏ်ငွေမှ စရိတ်စက (သို့မဟုတ်) လျော်ကြေး သတ်မှတ်ပေးနိုင်ခြင်း


ဒဏ်ငွေမှ စရိတ်စက (သို့မဟုတ်) လျော်ကြေး သတ်မှတ်ပေးနိုင်ခြင်း


          တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ တရားရုံး တစ်ရုံးရုံးက ငွေဒဏ် ချမှတ်တဲ့ အခါမှာဖြစ်ဖြစ်၊ ငွေဒဏ် ပါတဲ့ ပြစ်ဒဏ်ကို အယူခံမှု၊ ပြင်ဆင်မှု၊ အခြားအမှု တစ်မျိုးမျိုးမှာ ငွေဒဏ်ပြစ်ဒဏ် (သို့မဟုတ်) ငွေဒဏ်ပါတဲ့ ပြစ်ဒဏ်ကို အတည်ပြုတဲ့ အခါမှာပဲ ဖြစ်ဖြစ် တရားရုံးက စီရင်ချက် ချမှတ်တဲ့အခါ ရရှိတဲ့ ဒဏ်ငွေအားလုံးကို သော်လည်းကောင်း၊ တစ်ချို့တစ်ဝက်ကို သော်လည်းကောင်း တရားခံက အမှုမှ နစ်နာသူထံ စရိတ်စက (သို့မဟုတ်) လျော်ကြေး ပေးစေရန် သတ်မှတ်ပေးနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၅(၁)မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက် အကြောင်းကို ယနေ့ လေ့လာဆွေးနွေး တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

          ဒီပြဋ္ဌာန်းချက်အရ နစ်နာသူအား ဒဏ်ငွေမှ စရိတ်စက (သို့မဟုတ်) လျော်ကြေး သတ်မှတ်ပေးစေတယ် ဆိုတဲ့ကိစ္စဟာ လက်တွေ့နယ်ပယ်မှာ ကျင့်သုံးဆောင်ရွက်မှု နည်းပါးလှတယ် ဆိုတာကိုတော့ သတိထားမိပါတယ်။  သို့သော်လည်း ဥပဒေပညာကို နှံ့နှံ့စပ်စပ် လေ့လာမှတ်သားနိုင်ကြစေဖို့ ဗဟုသုတ အလို့ငှာ တင်ပြပေးမှာ လည်း ဖြစ်ပါတယ်။  ကျင့်သုံးဆောင်ရွက်မှု နည်းပင် နည်းလင့်သည် ဆိုလင့်ကစား တစ်ချိန်က အဆင့်မြင့် တရားရုံးတစ်ရုံးက ဒီလို ဒဏ်ငွေမှ လျော်ကြေး သတ်မှတ်ပေးခဲ့ဖူးတာကို တွေ့ကြုံခဲ့ဖူးလို့ ကျွန်တော် စိတ်ဝင်တစား မှတ်သား လေ့လာခဲ့ပါတယ်။  စိတ်ဝင်စားဖို့ ကောင်းတဲ့ ပြဋ္ဌာန်းချက် တစ်ရပ်ဖြစ်လို့ အကျယ်တ၀ံ့ ဆွေးနွေးပါ့မယ်။

          ခေါင်းစဉ်ပါ အကြောင်းအရာနဲ့ ပတ်သက်လို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၅(၁)ကို အသေးစိတ် လေ့လာကြည့်မယ် ဆိုရင် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ တရားရုံး တစ်ရုံးရုံးက ငွေဒဏ် ချမှတ်ရာမှာ ဖြစ်ဖြစ်၊ ငွေဒဏ်ပါတဲ့ ပြစ်ဒဏ်ကို အထက်အဆင့်မြင့် အယူခံ/ပြင်ဆင် တရားရုံးက ငွေဒဏ်ပြစ်ဒဏ် (သို့မဟုတ်) ငွေဒဏ်ပါတဲ့ ပြစ်ဒဏ်ကို အတည်ပြုရာမှာပဲ ဖြစ်ဖြစ် တရားရုံးက စီရင်ချက် ချမှတ်ရာဝယ် ရရှိတဲ့ ဒဏ်ငွေအားလုံး (သို့မဟုတ်) တစ်ချို့တစ်ဝက်ကို အောက်ပါအချက် (၃)ချက်နဲ့ စရိတ်စက/ လျော်ကြေးငွေ သတ်မှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၁)   တရားစွဲဆိုရာမှာ အထိုက်အလျောက် ကုန်ကျတဲ့ စရိတ်စက၊
(၂)   တရားမရုံးမှာ နစ်နာသူ အနေနဲ့ လျော်ကြေး လုံလုံလောက်လောက် ရရှိနိုင်လိမ့်မယ်လို့ တရားရုံးက ထင်မြင်တဲ့အခါ ပြစ်မှုကြောင့် ထိုသူရဲ့ ဆုံးရှုံးမှု၊ နစ်နာမှုအတွက် လျော်ကြေးငွေ၊
(၃)   တစ်ဦးတစ်ယောက်ဟာ ခိုးမှု၊ အလွဲသုံးစားမှု၊ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု၊ လိမ်လည်မှု၊ ခိုးရာပါပစ္စည်း လက်ခံမှု/ လက်ဝယ်ထားမှု၊ ယင်းပစ္စည်းကို ထုခွဲရာမှာ ကူညီမှုများနှင့် ပတ်သက်တဲ့ ပြစ်မှုတစ်ရပ်ရပ်နဲ့ ပြစ်ဒဏ်ထင်ရှား စီရင်ခြင်း ခံရတဲ့အခါမျိုးမှာ ထိုပစ္စည်းကို လက်ရှိထားခွင့် ရှိသူသို့ ပြန်ပေးရလျှင် သဘောရိုးနဲ့ ၀ယ်ယူခဲ့မိတဲ့ အခြားသူ မည်သူ့ကိုမဆို ပစ္စည်းဆုံးရှုံးရတဲ့ အတွက် တရားခံက လျော်ကြေးငွေ ပေးအပ်စေရန် တရားရုံးက အမိန့်ချမှတ် ပေးနိုင်ပါတယ်။

          ပုဒ်မ ၅၄၅ ရဲ့ ပုဒ်မခွဲ(၂)မှာ အယူခံခွင့်ရှိတဲ့ အမှုတွေမှာ ငွေဒဏ် ချမှတ်ခဲ့ရင် အယူခံ တင်သွင်းရန် အတွက် ခွင့်ပြုထားတဲ့ အချိန်ကာလ မကုန်ဆုံးမီမှာ ဖြစ်ဖြစ်၊ အကယ်၍ အယူခံ တင်သွင်းခဲ့ရင်လည်း အဆုံးအဖြတ် မပြုရသေးမီမှာ ဖြစ်ဖြစ် အဆိုပါ ဒဏ်ငွေများကို ထုတ်ပေးခြင်း မပြုရကြောင်း ကန့်သတ် ပြဋ္ဌာန်းထားတာ တွေ့ရှိရပါတယ်။  သတိပြု လိုက်နာရမယ့် အချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။  ဒါ့အပြင် သတိထားရမယ့် နောက်တစ်ချက်က ပုဒ်မ ၅၄၆ အရ အကြောင်းအရာ တစ်ရပ်နဲ့ စပ်လျဉ်းလို့ နောက်ထပ် စွဲဆိုမယ့် တရားမမှုမှာ တရားရုံးက လျော်ကြေး ချမှတ်ပေးတဲ့ အခါမှာ ပုဒ်မ ၅၄၅ အရ လျော်ကြေးအဖြစ် သတ်မှတ်ပေးခဲ့တဲ့ (သို့မဟုတ်) ရရှိခဲ့ပြီးဖြစ်တဲ့ ငွေကြေး တစ်စုံတစ်ရာကို တရားရုံးက ထည့်သွင်းခုနှိမ် ပေးရမယ် ဆိုတာကိုလည်း သတိထားရမှာ ဖြစ်ပါတယ်။

          ရဲအရေးမပိုင်တဲ့ ပြစ်မှုတစ်ခုခုနဲ့ တရားရုံးသို့ ဦးတိုက်တိုင်လျှောက်မှု တွေမှာ ရုံးက တရားခံအပေါ် ပြစ်မှုထင်ရှား စီရင်ခဲ့ရင် ၎င်းတရားခံအပေါ် ချမှတ်တဲ့ ပြစ်ဒဏ်အပြင်၊ ယင်းသို့ တိုင်လျှောက်ချက် အတွက် ကုန်ကျစရိတ်၊ ဒါ့အပြင် မိမိသက်သေများကို ဖြစ်စေ၊ တရားခံကို ဖြစ်စေ အမိန့်ဆင့်စာ ချမှတ်ရတဲ့ အတွက် ပေးရတဲ့ ကုန်ကျစရိတ်တွေကို တရားခံက တိုင်တန်းသူ တရားလိုထံ ပေးစေရန် အမိန့်ချမှတ်နိုင်ပါတယ်။  တကယ်လို့ ထိုစရိတ်ငွေတွေကို ပေးဆောင်ဖို့ ပျက်ကွက်နေမယ် ဆိုရင်တော့ တရားခံကို ရက်ပေါင်း(၃၀) ထက် မပိုတဲ့ အလုပ်မဲ့ထောင်ဒဏ် ကျခံစေရန် အမိန့်ချမှတ်နိုင်ကြောင်း ပုဒ်မ ၅၄၆(၁)မှာ ပြဋ္ဌာန်းထား ပါတယ်။  ပုဒ်မ ၅၄၇ အရ ငွေဒဏ်မှတစ်ပါး ယခုကဲ့သို့သော စရိတ်စကငွေ (သို့မဟုတ်) လျော်ကြေးငွေကို ပေးဆောင်ရမည် ဖြစ်သော၊ ထို့ပြင် ငွေတောင်းခံရန် နည်းလမ်းကို အခြားနည်း အတိအလင်း ပြဋ္ဌာန်းထားခြင်း မရှိတဲ့ ငွေတစ်ရပ်ရပ်ကို ငွေဒဏ်ကဲ့သို့ပဲ တောင်းခံနိုင်ခွင့် ရှိမှာ ဖြစ်ပါတယ်။

          လေ့လာမှတ်သားဖွယ် စီရင်ထုံး ကောက်နုတ်ချက်များကို ဗဟုသုတ အဖြစ် ဆက်လက် တင်ပြပေးပါ့မယ်။


*   ပုဒ်မ ၅၄၅ အရ ခွင့်ပြုသော လျော်ကြေးမှာ တရားစွဲရာတွင် ကုန်ကျသင့် ကုန်ကျထိုက်သော စရိတ်များကို ကာမိစေရန် ရည်ရွယ်သည်။
(အောက်မြန်မာပြည်  အတွဲ-၁၊ စာ-၄၈)
*   စီရင်ချက်ချမှတ်စဉ် ဒဏ်ငွေမှ လျော်ကြေးပေးစေရန် အမိန့် ချမှတ်သင့်သည်။  စီရင်ချက် ချမှတ်ပြီးနောက် နောက်ထပ် အမိန့် ချမှတ်ခြင်း မပြုနိုင်။
(၁၈၉၂-၉၆၊ အထက်မြန်မာပြည်၊ စာ-၈၀)
*   ဆင့်စာခ သာမက တရားဝင် ကုန်ကျသော စရိတ်များနှင့် ရရှိစေသည့် ဒဏ်ရာအတွက် လျော်ကြေးတို့ကို ပုဒ်မ ၅၄၅ အရ ခွင့်ပြုနိုင်သည်။
(အက်စ်ဂျေ အယ်လ်ဘီ၊ စာ-၄၀၉)
*   ငွေကြေးဆုံးရှုံးမှု မရှိသော အသေးအဖွဲ အမှုများတွင် လျော်ကြေး မပေးသင့်။
(အက်စ်ဂျေ အယ်လ်ဘီ၊ စာ-၅၃၈)
*   နစ်နာသည်ထက် ပို၍ လျော်ကြေး မပေးသင့်။
(အောက်မြန်မာပြည်၊ အတွဲ-၃၊ စာ-၅၀)

          ဥပဒေတစ်ရပ်ရပ်မှာ (ယခုကဲ့သို့ ဒဏ်ငွေထဲမှ ပေးတဲ့ လျော်ကြေး မဟုတ်တဲ့) လျော်ကြေး ချမှတ်ပေးနိုင်ကြောင်း ပြဋ္ဌာန်းချက် မရှိရင်တော့ လျော်ကြေးအမိန့် ချမှတ်နိုင်ခွင့် မရှိဘူးဆိုတာကို သတိချပ် ရပါမယ်။   ၁၉၆၄ ခုနှစ်၊ မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၂၃ မှာ လျော်ကြေး ချမှတ်ပေးနိုင်ခွင့် ရှိတယ်လို့ မှတ်သားရပါတယ်။  ၁၉၆၄ ခုနှစ်၊ မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၂၃ အရ တရားခံအပေါ် ငွေဒဏ်ပြစ်ဒဏ် စီရင်ခဲ့တဲ့ အမှု တစ်မှုမှာ တရားရုံးက လျော်ကြေး သတ်မှတ်ပေးခဲ့ခြင်း အပေါ် တွေးခေါ်ယူဆပုံ နဲ့ လုပ်ထုံးလုပ်နည်း ဆိုင်ရာ စံနမူနာပြ စီရင်ထုံးတစ်ခု ပေါ်ထွက်ခဲ့ဖူး ပါတယ်။  အဲဒါကတော့ ပြည်ထောင်စု မြန်မာနိုင်ငံ နှင့် မောင်ဘငြိမ်း (၁၉၇၀၊ မတစ (ရုံးချုပ်)၊ စာ-၁၂၃) စီရင်ထုံးပဲ ဖြစ်ပြီး ဖတ်ရှုမှတ်သားသင့်လို့ အကျယ်တ၀ံ့ပဲ ဖော်ပြပေး လိုက်ပါတယ်။

ဆုံးဖြတ်ချက်။     ။ ပုဒ်မ ၂၃ တွင် ဖော်ပြသော လျော်ကြေးသည် ပြစ်ဒဏ်မဟုတ်၊ ငွေဒဏ်မဟုတ်၊ လျော်ကြေးကို အရတောင်းသည်၊ ပေးဆပ်ရသည်။  ငွေဒဏ်ကို စီရင်သည်၊ တပ်ရိုက်သည်။   အသုံးအနှုန်းမှအစ အတွေးအခေါ် အထိ မတူချေ။  ယခုခေတ်တွင် အချို့သော ရာဇ၀တ် ပြစ်မှုများ၌ ထောင်ဒဏ်အစား နစ်နာသူအား လျော်ကြေး သတ်မှတ်သည့် နည်းစနစ်ကို စမ်းသပ်လျက် ရှိကြရာဝယ် ကျွန်ုပ်တို့က လျော်ကြေးမပေးက ထောင်ဒဏ် သတ်မှတ်ခြင်းသည် လျော်ကန် သင့်မြတ်သည်ဟုလည်း မဆိုသာချေ။  ထို့ကြောင့် မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၂၃ တွင် လျော်ကြေးပေးရန် ပျက်ကွက်မှသာလျှင် ရာဇ၀တ်ကျင့်ထုံး ပုဒ်မ ၃၈၆ အရ ပစ္စည်း ၀ရမ်းကပ်ခြင်း စသည့်နည်းဖြင့် (တရားရုံးများလက်စွဲ အပိုဒ် ၇၃၁ ကိုကြည့်) အရ ကောက်ခံနိုင်ရန် ပုဒ်မခွဲ-၄ က "ငွေဒဏ်ကဲ့သို့ အရ တောင်းခံရမည်" ဟု လမ်းညွှန် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။  လျော်ကြေး မပေးက ထောင်ဒဏ်ကျခံစေရမည် ဟု မောင်ဘငြိမ်း ပြင်ဆင်မှုတွင် အမိန့်ချမှတ် ခဲ့ခြင်းသည် ဥပဒေ ပြဋ္ဌာန်းချက်နှင့် မညီချေ။

ထပ်မံဆုံးဖြတ်ချက်။     ။  တိုက်ခိုက်မိ၍ ကျိုးပဲ့ပျက်စီးသော ဓာတ်မီးတိုင်၊ မော်တော်ယာဉ် စသည်တို့သည် ထင်ရှားသော "ပစ္စည်း"များ ဖြစ်ကြသည်။  ထိုကဲ့သို့ ထင်ရှားသော ပစ္စည်းထက် ပို၍ ပျက်စီးသော ပစ္စည်းများ ရှိလျှင် အထင်အရှား ပြရန် လျော်ကြေးတောင်းသူတွင် တာဝန်ရှိသည်။  ပျက်စီးရခြင်းသည် ပြစ်မှုနှင့် သွယ်ဝိုက်၍သာ သက်ဆိုင်ခြင်း မဟုတ်ဘဲ တိုက်ရိုက် သက်ဆိုင်ကြောင်းလည်း ပြဖို့ လိုလိမ့်မည်။  ရုံးက လျော်ကြေး တောင်းခံရသူအား ခုခံချေပရန် အခွင့်အရေး ပေးရပေလိမ့်မည်။  ဌာန၊ ပုဂ္ဂိုလ် စသော နစ်နာသူထံ ပုဒ်မ ၂၃(င)အရ လျော်ကြေးပေးရန် အမိန့်ကို ရာဇ၀တ်အမှုတွင် ရုံးက ချမှတ်ပေးပြီး စေကာမူ တရားမကြောင်း ဖြင့်လည်း စွဲဆိုနိုင်သေးသည် ဖြစ်ရာ လက်ထောက် ရှေ့နေချုပ် တင်ပြသကဲ့သို့ ရာဇ၀တ် အမှုတွင် တိုက်ရိုက်ပျက်စီးသော ပစ္စည်းအတွက် မများလွန်းသော လျော်ကြေးကိုသာ တောင်းသင့်သည်။  ဌာနဆိုင်ရာက စဉ်းစား ဆုံးဖြတ်ပြီးနောက် ဆက်လက်၍ လျော်ကြေး ရသင့်သေးသည် ဟု ယူဆက တရားမကြောင်း စွဲဆိုသင့်သည်။

ထပ်မံဆုံးဖြတ်ချက်။     ။  လျော်ကြေးငွေကို ဒဏ်ငွေနှင့် ရောနှော ထည့်သွင်းလျှင် စာရင်းရှုပ်ထွေးနိုင် သဖြင့် ဘိလစ်က ၎င်းထံ အပ်နှံငွေအဖြစ် ငွေစာရင်း မှတ်ပုံတင်(၂)တွင် ထည့်သွင်း၍ ဆောင်ရွက်လျှင် စာရင်းလည်း မရှုပ်၊ ကြန့်ကြာ ခက်ခဲမှုလည်း မဖြစ်နိုင်ပါ ဟူ၍ ခရိုင်ရာဇ၀တ် တရားသူကြီးက တင်ပြသည်။  ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် သင့်မြတ်သည်ဟု ကျွန်ုပ်တို့ ယူဆသည်။  တရားရုံးများ လက်စွဲ အပိုဒ်-၁၀၄၇ ပါ လုပ်ထုံးနှင့် ဆီလျော်ပေလိမ့်မည်။    လျော်ကြေးပေးရန် ရှိသူက ရုံးက ညွှန်ကြားသည့် အတိုင်း လျော်ကြေးကို တစ်ကြိမ်တည်း ဖြစ်စေ၊ အရစ်ကျ မှန်မှန်ဖြစ်စေ ပေးသွင်းပါက မူလ ရာဇ၀တ်ကြီးမှု တွင်ပင် စီရင်ချက် ချမှတ်ပြီးနောက် နေ့စဉ်မှတ်တမ်းဖြင့် ဆက်လက် ဆောင်ရွက်သင့်ကြောင်း၊ ပေးသွင်းရန် ပျက်ကွက်မှသာ ပုဒ်မ ၂၃(၄)အရ ဆောင်ရွက်ရန် ရာဇ၀တ်ကြီးမှုကို ပိတ်၍ ရာဇ၀တ်သေးဖွဲမှု ဖွင့်လှစ်သင့် ကြောင်းကို ခရိုင်ရာဇ၀တ် တရားသူကြီးက အဆိုပြုသည်မှာလည်း သင့်မြတ်သည်ဟု ကျွန်ုပ်တို့ ယူဆသည်။  တရားရုံးများ လက်စွဲ အပိုဒ်-၁၁၃၄ တွင် လုပ်နည်း အကျယ် ပါသည်။

          အထက်ပါ စီရင်ထုံးရဲ့ အပေါ်ဆုံးက ဆုံးဖြတ်ချက်များကို စံနမူနာပြ မှတ်သား လိုက်နာ ကျင့်သုံးစေရန် တရားရုံးများ ညွှန်ကြားလွှာလက်စွဲ ရဲ့ စာမျက်နှာ- ၄၇ နဲ့ ၄၈ တို့မှာ ညွှန်ကြား ထုတ်ပြန်ထားတာကို လေ့လာ တွေ့ရှိရပါတယ်။   ယခု တင်ပြခဲ့ပြီး ဖြစ်တဲ့ အကြောင်းအရာများဟာ ဥပဒေ ပညာ လေ့လာလိုက်စားကြသူတိုင်း သိရှိမှတ်သား ထားသင့်တဲ့ ဥပဒေရေးရာ ဗဟုသုတ ဖြစ်တာကြောင့် တစ်စုံတစ်ရာ အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ကောင်းမှု မြတ်နိုး၊ ကောင်းအောင် ကြိုး၍၊ ကောင်းကျိုး ကိုယ်၌ တည်နိုင်ကြ ပါစေသောဝ်။


လွှမ်းမိုးအောင် (တရားရေး)

5-2-2015   1:09 am.

တရားခံ ထွက်ပြေးတိမ်းရှောင်သည့် သက်သေခံချက်


တရားခံ ထွက်ပြေးတိမ်းရှောင်သည့် သက်သေခံချက်

*******************************************

        ပြစ်မှုဆိုင်ရာ မှုခင်းတွေမှာ တရားခံအချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင် ခြင်းမျိုး ရှိတတ်ပါတယ်။ အကြောင်းအမျိုးမျိုး ဆိုတဲ့ နေရာမှာ တစ်ချို့က အမှန်တကယ် ပြစ်မှုကျူးလွန် ပြီးနောက် ဖမ်းဆီးထိန်းသိမ်း ခံရမှာကို ကြောက်လို့ ထွက်ပြေးတိမ်းရှောင်တာ ရှိသလို၊ အချို့ကျပြန်တော့ ပြစ်မှု မကျူးလွန် ပါဘဲလျက် သင်္ကာမကင်း ဖြစ်ခံရလို့ ဖြစ်ဖြစ်၊ မတရား စွပ်စွဲခံရလို့ပဲ ဖြစ်ဖြစ် ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင် သွားကြတာမျိုးလည်း ရှိတတ်ပြန်ပါတယ်။ အဲဒီလို တရားခံ (စွပ်စွဲခံရသူ) ထွက်ပြေး တိမ်းရှောင်ခဲ့ပြီးနောက် ဖမ်းဆီးရမိ လာတဲ့အခါ တရားရုံးမှာ တရားစွဲတင်ပို့ ခြင်းခံရပါတော့တယ်။ ထိုအခါမျိုးမှာ တရားခံ ထွက်ပြေး တိမ်းရှောင်ခဲ့တဲ့ အကြောင်းရင်းဟာ ၄င်း ပြစ်မှုကျူးလွန် ခဲ့ခြင်း ဖြစ်လို့သာ ထိုသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ခြင်းဖြစ်ကြောင်းဖြင့် တရားလိုဘက်မှ စွပ်စွဲပြောဆို ပါလိမ့်မယ်။ ယေဘုယျ အားဖြင့် စဉ်းစားကြည့်မယ် ဆိုရင်တော့ ပြောမယ် ဆိုရင်လည်း ပြောစရာ ဖြစ်နေတော့တာပေါ့။

       ဒါပေမယ့် အဲဒီလို ထွက်ပြေးတိမ်းရှောင်တဲ့ သူတိုင်းဟာ အမှန်တကယ် ပြစ်မှုကျူးလွန်သူ ဖြစ်တယ်လို့ တပ်အပ်ဆိုနိုင် ပါ့မလား ဆိုတာက စဉ်းစားစရာပါ။ မောင်ရွှေ နှင့် နိုင်ငံတော် (၁၉၆၁၊ မတစ၊ စာ-၂၄၃) စီရင်ထုံးကို ဦးစွာ လေ့လာကြည့်ပါမယ်။
အဆိုပါ စီရင်ထုံးမှာ __ "တရားခံ အပြစ်ရှိ-မရှိ သုံးသပ်ရာတွင် အချင်းဖြစ်ပွားပြီးနောက် ၄င်းသည် အကြောင်းမဲ့ ထွက်ပြေးတိမ်းရှောင် ခဲ့သည် ဆိုသောအချက်ကို ထည့်သွင်း စဉ်းစားနိုင်သည်။ ယင်းအချက် သည် တရားလိုဘက်ကို ထောက်ခံထားသော အထောက်အထား တစ်ရပ် ဖြစ်သည်။ အခြား အထောက် အထားရှိလျှင် ယင်းအချက်ကို ထည့်သွင်း စဉ်းစားနိုင်သည်"လို့ သုံးသပ် ထားတာကို တွေ့ရပါတယ်။

       အချင်းဖြစ်ပွား ပြီးတဲ့နောက်ပိုင်းမှာ တရားခံ ထွက်ပြေး တိမ်းရှောင်ရုံ သက်သက်မျှနဲ့ ၎င်းကို အပြစ်ရှိတယ်လို့ တပ်အပ် ဆိုရမှာ မဟုတ်ဘဲ၊ အမှုမှာ ပေါ်ပေါက်နေတဲ့ အခြားသော သက်သေခံ အထောက်အထား တွေမှာလည်း တရားခံ ပြစ်မှုကျူးလွန်တယ်လို့ ကောက်ယူနိုင်တဲ့ သက်သေခံချက်တွေ ပေါ်ပေါက်နေတဲ့အပြင်၊ တရားခံကလည်း အချင်းဖြစ်ပွား ပြီးနောက် အကြောင်းမဲ့ ထွက်ပြေးတိမ်းရှောင် နေခဲ့တယ် ဆိုရင် အဲဒီလို တရားခံ ထွက်ပြေးခဲ့ခြင်း အကြောင်းရင်းဟာ ပြစ်မှုကျူးလွန်ခဲ့လို့သာ ထွက်ပြေးခြင်း ဖြစ်တန်ရာတယ်ရယ်လို့ (တရားလိုဘက်ကို ထောက်ခံတဲ့ အထောက်အထား တစ်ရပ်အဖြစ်) ထည့်သွင်းစဉ်းစား နိုင်တယ်လို့ တစ်နည်းအားဖြင့် ဆိုလိုပါတယ်။

       တရားခံ ထွက်ပြေးတိမ်းရှောင်တယ် ဆိုရုံ သက်သက်မျှနဲ့ မိမိ(တရားလို)ဘက်က ပြသရမယ့် သက်သေပြရန် တာဝန်ကို ရှောင်လွှဲသွားပြီး တရားခံကို အပြစ်ပုံချ သွားလို့တော့ ရမှာ မဟုတ်ပါဘူး။ သက်သေခံဥပဒေက ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ သက်သေပြရန် တာဝန်ကို မကျေသရွေ့တော့ ၎င်းတရားခံဟာ အပြစ်ရှိသူ ဖြစ်တယ်လို့ သံသယ ကင်းကင်းနဲ့ သတ်မှတ်နိုင်မှာ မဟုတ်ပါဘူး။ ဒီနေ့ အဓိကထားပြီး မျှဝေတင်ပြပေးလိုတဲ့ စီရင်ထုံး(၄)ခုကို စာရှုသူတို့ လေ့လာမှတ်သား နိုင်ကြရန် အလို့ငှာ အောက်မှာ တင်ပြပေးလိုက်ပါတယ် __

* ထိုသို့ တိမ်းရှောင်ရုံနှင့် အပြစ်ရှိသည်ဟု တထစ်ချ မယူဆနိုင်ပေ။ အကြောင်း တစ်ခုခုကြောင့် ရှောင်တိမ်းခြင်းလည်း ဖြစ်နိုင်သည်။
(မောင်ထွန်းစိန် နှင့် နိုင်ငံတော်၊ ၁၉၅၄၊ လွှတ်ချုပ်၊ စာ-၁၁)

* တရားခံသည် အချင်းဖြစ် ညနေ၌ သေသူနှင့် စကားများ နေကြခြင်းကို တွေ့ခြင်းဖြင့် လည်းကောင်း၊ ရွာမှ တရားခံသည် အချင်းဖြစ်ပြီး တိမ်းရှောင်နေခြင်းဖြင့် လည်းကောင်း ဤအခြင်းအရာ များကြောင့် တရားခံပင်လျှင် ပြစ်မှုကျူးလွန်သူဟု ယူဆရန် မဖြစ်နိုင်ပေ။
(မောင်ရွှေ နှင့် နိုင်ငံတော်၊ ၁၉၆၀၊ လွှတ်တော်၊ စာ-၂၄၃(၂၅၂))

* အချင်းဖြစ်ပြီးလျှင် ပြီးချင်း ရွာမှ တိမ်းရှောင်နေရုံကာမျှဖြင့် တရားခံသည် ပြစ်မှုကျူးလွန်သူ ဟူ၍ မယူဆသင့်ကြောင်း မောင်ထွန်းစိန် နှင့် နိုင်ငံတော် (၁၉၅၄၊ လွှတ်ချုပ်၊ စာ-၁၁)တွင် ရှင်းလင်း ဖော်ပြ ထားသည်ကို တွေ့ရှိနိုင်လေသည်။ ဤအမှုတွင်လည်း အယူခံ တရားလိုနှင့် ရန်ဖြစ်ကြသူများမှာ သေဆုံးသူ၏ ညီအစ်ကိုများ ဖြစ်လေရာ အယူခံ တရားလိုသည် ထိုညီအစ်ကိုများကို ကြောက်ရွံ့သောကြောင့် ယခုကဲ့သို့ ရှောင်တိမ်းသွားသည်ဟု ယူဆနိုင်လေသည်။
(မောင်သူတော်လေး နှင့် နိုင်ငံတော်၊ ၁၉၆၅၊ ရုံးချုပ်၊ စာ-၉၄၅(၉၄၈))

* အယူခံတရားလိုသည် အခင်းဖြစ်ပြီးနောက် နှစ်လနီးပါးခန့် တိမ်းရှောင်နေသည်ကား မှန်၏။ သို့ရာတွင် ၎င်းက ၎င်းအပေါ် လူသတ်မှုဖြင့် မဟုတ် မတရား စွပ်စွဲထားသောကြောင့် ကြောက်ရွံ့ပြီး တိမ်းရှောင်နေမိကြောင်း ထုချေထားရာ၊ တိမ်းရှောင်နေသည် ဆိုသော အချက်ကြောင့် အယူခံ တရားလိုသည် လူသတ်သမား ဖြစ်ရမည်ဟု တထစ်ချ မယူဆနိုင်ပေ။
(မောင်တင်လှိုင် နှင့် နိုင်ငံတော်၊ ၁၉၆၆၊ ရုံးချုပ်၊ စာ-၆၅၄(၆၆၀))

       ဆိုခဲ့ပြီးတဲ့ စီရင်ထုံးတွေကို သာဓကယူပြီးတဲ့ နောက် __ တရားခံဟာ အခင်းဖြစ်ပွားပြီး နောက်ပိုင်း ထွက်ပြေးတိမ်းရှောင် နေတယ် ဆိုရုံမျှနဲ့ ၎င်းကို ပြစ်မှုကျူးလွန်သူ ဖြစ်တယ်လို့ ပုံသေကားချပ် မှတ်ယူလို့ မရနိုင်ဘူး ဆိုတာကို ပိုမို သတိပြုမိ လိမ့်မယ်ထင်ပါတယ်။ ပတ်ဝန်းကျင် သက်သေခံချက်တွေ ပြည့်စုံလုံလောက်အောင် တရားလိုဘက်က တင်ပြနိုင်ရမယ့် အပြင်၊ ကွင်းဆက်မပြတ်တဲ့ သက်သေခံချက်တွေနဲ့ ဆက်စပ် စဉ်းစားသုံးသပ် နိုင်လောက်အောင် သက်သေထင်ရှား ပေါ်လွင်နေဖို့ လိုမှာလည်း ဖြစ်ပါတယ်။ သို့မှသာ တရားခံ ထွက်ပြေး တိမ်းရှောင်ခဲ့ရခြင်း အကြောင်းရင်းဟာ ၎င်း ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်၍သာ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း တရားလိုဘက် ထောက်ခံတဲ့ သက်သေခံ အထောက်အထား တစ်ရပ် အဖြစ် တရားရုံးက သက်သေထင်ရှား သုံးသပ်မှာ ဖြစ်ပါတယ်။

လွှမ်းမိုးအောင် (တရားရေး)

3-2-2015 1:53 am.

ပြန်လှန်စစ်မေးရာတွင် တားမြစ်ကန့်သတ်ထားသည့် အချက်များကို လေ့လာခြင်း (အပိုင်း-၃)


ပြန်လှန်စစ်မေးရာတွင် တားမြစ်ကန့်သတ်ထားသည့် အချက်များကို လေ့လာခြင်း (အပိုင်း-၃)


 ပြန်လှန်စစ်မေးရာမှာ တားမြစ်ကန့်သတ်ထားတဲ့ အချက်များကို လေ့လာခဲ့ရာမှာ ယနေ့တော့ အဆုံးသတ်အဖြစ် အပိုင်း(၃)ကို တင်ပြပေးမှာ ဖြစ်ပါတယ်။  ပြန်လှန်စစ်မေးခြင်းအား ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းခွင့် ရှိသော်လည်း၊ ပြန်လှန်မေးခွန်း မေးမြန်းကြရာမှာ တားမြစ်ကန့်သတ် ချက်တွေလည်း ရှိတယ် ဆိုတာကို သတိမူ ဂရုပြု လိုက်နာနိုင်ကြစေရန် နှင့် အမှုအခင်းများကို သက်သေခံ ဥပဒေနှင့် အညီ မှန်မှန်နှင့် မြန်မြန် စစ်ဆေး မေးမြန်းမှု ပြုနိုင်ကြစေရန် ရည်သန်လျက် တိုတိုနဲ့လိုရင်း စုစည်း ရေးသားပေး နေခြင်းပဲ ဖြစ်ပါ တယ်။  ပုဒ်​မများအလိုက်​ ​လေ့လာကြည့်​ကြရ ​အောင်​ပါ။

*   သက်သေခံဥပဒေ ပုဒ်မ ၁၃၉

----------------------------------
 တရားရုံး၌ အမှုအခင်းများ စစ်ဆေးစဉ်မှာ တစ်ဦးတစ်ယောက် သောသူရဲ့ လက်ဝယ်မှာ ရှိတဲ့ စာတမ်း အမှတ်အသား တစ်ခုခုကို တင်ပြစေဖို့ ဆင့်ဆိုခြင်းခံရသူဟာ ရုံးတော်မှ ဆင့်ဆိုတောင်းခေါ်တဲ့ စာတမ်းအမှတ် အသားကို တင်ပြရုံမျှနဲ့ သက်သေအဖြစ်သို့ မရောက်ရှိပါဘူး။  ထိုသူ့ကို သက်သေအဖြစ် တင်ပြခြင်းမျိုး မဟုတ်တဲ့ အတွက် ၎င်းအား ပြန်လှန်စစ်မေးခြင်း မပြုနိုင်ကြောင်း သက်သေခံ ဥပဒေ ပုဒ်မ ၁၃၉ က ကန့်သတ် ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။

 စာတမ်းအမှတ် အသားကို ဆင့်ဆိုခြင်း ခံရတဲ့သူဟာ တရားမမှုမှာ တရားမကျင့်ထုံး ဥပဒေ၊ အမိန့်-၁၆၊ နည်းဥပဒေ-၆ အရ လည်းကောင်း၊ ပြစ်မှုမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၉၄(၂)အရ လည်းကောင်း ထိုစာမှတ်စာတမ်းကို မိမိကိုယ်တိုင် ရုံးသို့ လာရောက် တင်သွင်းရန် မလိုဘဲ၊ အခြားသူနဲ့ ကိုယ်စား တင်သွင်းရန် စေလွှတ်နိုင် ပါတယ်။  သက်သေခံ ဥပဒေ ပုဒ်မ ၁၃၉ အရ စာတမ်းအမှတ်အသား တင်သွင်းဖို့ ဆင့်ခေါ်ခံရ တဲ့သူဟာ အမှုမှာ သက်သေ ဖြစ်လာမည် မဟုတ်ပါ။  သက်သေ မဟုတ်တဲ့အတွက် သူ့ကို ပြန်လှန်စစ်မေးလို့လည်း ရမှာ မဟုတ်ပါဘူး။  ဒါပေမယ့် တစ်ခုမှတ်ရမှာက ထိုသူအား ကျမ်း (သို့မဟုတ်) ကတိသစ္စာ ပြုစေပြီး စာတမ်းအမှတ် အသားရှိ အချက်အလက် တွေကို မေးမြန်းမယ် ဆိုရင်တော့ ပြန်လှန်စစ်မေးခွင့် ရှိတယ်လို့ ဆရာ ဦးသက်ဖေရဲ့ သက်သေခံ ဥပဒေ စာအုပ်မှာ ရှင်းပြထားတာကို မှတ်သားထား သင့်ပါတယ်။

*   သက်သေခံဥပဒေ ပုဒ်မ ၁၄၉

----------------------------------
 သက်သေခံဥပဒေ ပုဒ်မ ၁၄၈ မှာ ရည်ညွှန်း ဖော်ပြတဲ့ မေးခွန်းတွေကို မေးမြန်းသူဟာ ထိုမေးခွန်းမှာ ပါတဲ့ ရည်ညွှန်းသည့် စွပ်စွဲချက်မှာ အခြေအမြစ် ကောင်းစွာ ရှိတယ်လို့ သင့်တော်တဲ့ အကြောင်းယုတ္တိ မရှိရင် ထိုမေးခွန်းမျိုးကို မမေးသင့်ကြောင်း သက်သေခံ ဥပဒေ ပုဒ်မ ၁၄၉ မှာ ပြဋ္ဌာန်းပါရှိ ပါတယ်။   ပုဒ်မ ၁၄၈ မှာ ရည်ညွှန်းဖော်ပြ ထားတယ်ဆိုတဲ့ မေးခွန်းတွေကို ဆက်စပ်လေ့လာ ကြည့်မယ်ဆိုရင် __
(၁)  မေးခွန်းတွေမှာ ပါတဲ့ ရည်ညွှန်းသည့် စွပ်စွဲချက် မှန်ကန်ပါက သက်သေ အစစ်ခံနေတဲ့ အကြောင်းအရာ နှင့်စပ်လျဉ်းလို့ ထိုသက်သေကို ယုံသင့်၊ မယုံသင့် တရားရုံးက စဉ်းစားဆင်ခြင် ရာမှာ များစွာ ထိခိုက်စေမယ်ဆိုရင် ထိုသို့သော မေးခွန်းတွေဟာ မေးထိုက်သော မေးခွန်းများဖြစ်ကြောင်း၊
(၂) စွပ်စွဲချက်သည် အချိန်ကာလ ကြာမြင့်စွာက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ ဖြစ်လို့ပဲ ဖြစ်ဖြစ်၊ ထိုစွပ်စွဲချက် မှန်ကန်လျှင်လည်း သက်သေ ထွက်ဆိုတဲ့ အကြောင်းအရာနဲ့ စပ်လျဉ်းလို့ ထိုသက်သေကို ယုံသင့်၊ မယုံသင့် တရားရုံးက စဉ်းစားဆင်ခြင် ရာမှာ ထိခိုက်စေခြင်း မရှိလျှင် (သို့မဟုတ်) အနည်းငယ်မျှသာ ထိခိုက်စေမည် ဖြစ်လျှင် ထိုသို့သော မေးခွန်းတွေကတော့ မေးသင့်သော မေးခွန်း မဟုတ်ကြောင်း၊
(၃) သက်သေရဲ့ အကျင့်စာရိတ္တကို ထိပါးစေတဲ့ စွပ်စွဲချက်ရဲ့ အရေးပါမှုနဲ့ သက်သေခံချက် တို့ရဲ့ အရေးပါမှုတို့မှာ မမျှမတအောင် ကွာခြားနေရင်လည်း ထိုသို့သော မေးခွန်းတွေကလည်း မေးသင့်သော မေးခွန်း မဟုတ်ကြောင်း၊
(၄) မေးခွန်းကို မဖြေဆိုလိုကြောင်း သက်သေက ငြင်းဆိုလျှင် တရားရုံးက ထိုငြင်းဆိုချက်ကို ထောက်ရှုလျက် မေးခွန်းကို ဖြေဆိုခဲ့သော် ထိုသက်သေအတွက် အကျိုးယုတ်ရန် ရှိတယ်လို့ ကောက်ယူသင့်တယ် ထင်မြင်ရင် ထိုသို့ ကောက်ယူနိုင်ကြောင်း လေ့လာ တွေ့ရှိရပါတယ်။
(ပြန်လည်ခြုံငုံ ပြောရရင် အထက်ပါအချက် (၄)ချက်မှာ ရည်ညွှန်းဖော်ပြ မေးမြန်းတဲ့ စွပ်စွဲချက်ပါသော မေးခွန်းမျိုးဟာ အခြေအမြစ် ရှိကြောင်း သင့်တော်တဲ့ အကြောင်းယုတ္တိ မရှိဘူးဆိုလျှင် အထက်ပါ မေးခွန်းမျိုးကို မမေးဖို့ သက်သေခံ ဥပဒေ ပုဒ်မ ၁၄၉ က ကန့်သတ်ထားကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။)

 ဥပမာအားဖြင့် __ ရှေ့နေသည် သူ့အမှုသည်က သက်သေမှာ ဓားပြ ဖြစ်တယ်လို့ ပြောကြားခဲ့လျှင် သော်လည်းကောင်း၊  တရားရုံးမှာ ရှေ့နေကို လူတစ်ယောက်က - အရေးကြီးတဲ့ သက်သေမှာ ဓားပြ ဖြစ်တယ်လို့ ကျေနပ်လောက်သော အကြောင်းနဲ့ ပြောပြခဲ့လျှင် သော်လည်းကောင်း  သက်သေအား ဓားပြ ဟုတ်၊မဟုတ် မေးမြန်းရန် သင့်လျော်သော အကြောင်းတွေပဲ ဖြစ်ပါတယ်။   ဒါပေမယ့်လို့ သက်သေရဲ့ အကြောင်းကို မည်သို့မျှ မသိဘဲလျက် ဓားပြ ဟုတ်၊မဟုတ် ရော်ရမ်းမှန်းဆပြီး မေးမြန်းရန် သင့်မှာ မဟုတ်ပါဘူး။  ဒါပေမယ့် ထိုသက်သေရဲ့ နေထိုင်မှု အခြေအနေနဲ့ အသက်မွေး ၀မ်းကြောင်းမှုကို မေးမြန်းရာမှာ သူက ကျေနပ်ဖွယ် မရှိတဲ့ အဖြေကို ပေးခဲ့ရင်တော့ ဆိုခဲ့ပြီးသလို မေးမြန်းရန် သင့်လျော်တဲ့ အကြောင်း ဖြစ်လာမှာ ဖြစ်ပါတယ်။

 သတိချပ်ရမှာက သက်သေခံ ဥပဒေ ပုဒ်မ ၁၅၀ အရ သင့်လျော်တဲ့ အကြောင်းယုတ္တိ မရှိပါဘဲလျက် ရှေ့နေက မေးမြန်းခဲ့တယ်လို့ တရားရုံးက ထင်မြင်ယူဆလျှင် တရားရုံးက ၎င်းအမှုရဲ့ အခြေအနေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့ဖြစ်စေ၊ ထိုရှေ့နေအပေါ် အာဏာပိုင်သူ ထံသို့ဖြစ်စေ တိုင်ကြားနိုင်တာမို့ အထူးချင့်ချိန်ပြီး မေးမြန်းဖို့ လိုအပ်​မှာ ဖြစ်ပါတယ်။

*   သက်သေခံဥပဒေ ပုဒ်မ ၁၅၁

----------------------------------
 သင့်တင့် လျောက်ပတ်ခြင်း မရှိ၊ မဖွယ်မရာ ဖြစ်သည်၊ အသရေကို ထိခိုက်စေသည်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်စေမည်ဟု တရားရုံးက ထင်မြင်သော မေးခွန်း (သို့မဟုတ်) စုံစမ်း စစ်ဆေးချက်သည် တရားရုံး ရှေ့မှောက်ရှိ ပြဿနာများနဲ့ အနည်းငယ်မျှ သက်ဆိုင်စေကာမူ အငြင်းဖြစ်သည့် အကြောင်းခြင်းရာများ နှင့်သော်လည်းကောင်း၊ အငြင်းဖြစ်သည့် အကြောင်းအရာများ တည်ရှိ၊မရှိကို ချင့်ချိန် ဆုံးဖြတ်နိုင်ရန် လိုအပ်သော အကြောင်းခြင်းရာနှင့် ပတ်သက်ခြင်း မရှိလျှင် ယင်းမေးခွန်း (သို့မဟုတ်) စုံစမ်း စစ်ဆေးချက်များကို မေးမြန်း စစ်ဆေးခြင်း မပြုရန် တရားရုံးက တားမြစ် နိုင်ကြောင်း သက်သေခံဥပဒေ ပုဒ်မ ၁၅၁ မှာ ပြဋ္ဌာန်းထားပါတယ်။

 သို့သော်လည်း မုဒိန်းမှု၊ မယားခိုးမှု၊ လင်မယား ကွာလိုမှု စတဲ့ အမှုမျိုးမှာ မေးမြန်းရတဲ့ မေးခွန်းတွေဟာ အရှက်တကွဲ အကျိုးနည်းစေရန် အကြောင်း ရှိနိုင်လင့်ကစား၊ အမှုမှာ အငြင်းထွက် အကြောင်းခြင်းရာများ (facts in issue) နဲ့ ပတ်သက်နေတာ ဖြစ်တဲ့အတွက် မေးမြန်းခွင့် ရှိမှာ ဖြစ်ပါတယ်။  မေးမြန်းခွင့်မပြုတဲ့ မေးခွန်းကို တရားရုံးက မှတ်တမ်းတင် ရေးမှတ်ထားရမှာ ဖြစ်ပြီး၊ ဘာကြောင့် ထိုမေးခွန်း ကို မေးမြန်းခွင့် မပြုရကြောင်းကိုလည်း ရေးမှတ်ထားရန် လိုအပ်မှာ ဖြစ်ပါတယ်။  သို့မှသာ အယူခံ/ပြင်ဆင် ရုံးက မူလရုံးရဲ့ အမိန် မှန်၊ မမှန်ကို စိစစ် ချင့်ချိန်နိုင်မှာ ဖြစ်လို့ပါပဲ။

*   သက်သေခံဥပဒေ ပုဒ်မ ၁၅၂

----------------------------------
 စော်ကားရန်၊ စိတ်ငြိုငြင်စေရန် ရည်ရွယ် မေးမြန်းတဲ့ မေးခွန်း ဖြစ်တယ်လို့ တရားရုံးက ထင်မြင်တဲ့ မေးခွန်း (သို့မဟုတ်) သင့်တော်သော မေးခွန်းပင် ဖြစ်သော်လည်း အကြောင်းမဲ့ ပုတ်ခတ်ခြင်း၊ မခံချင် ဖြစ်စေခြင်း၊ နာကြည်းစေခြင်း ဖြစ်စေတဲ့ မေးခွန်းမျိုးကို တရားရုံးက တားမြစ်ရမယ်လို့ သက်သေခံ ဥပဒေ ပုဒ်မ ၁၅၂ မှာ ပြဋ္ဌာန်း ပါရှိပါတယ်။  သက်သေတွေဟာ အမှန်တရား ပေါ်ပေါက်ရေး အတွက် တရားရုံးသို့ လာရောက် ကူညီရသူများ ဖြစ်ကြ၍ အမှုသည်နှင့် ရှေ့နေတို့ရဲ့ စော်ကားမှု၊ စိတ်ငြိုငြင်အောင် ပြုမူ ပြောဆိုမှု တွေကို တရားရုံးက အကာအကွယ် ပေးရန် တာဝန်ရှိမှာ ဖြစ်ပါတယ်။

 ပြန်လှန်စစ်မေးရာတွင် တားမြစ်ကန့်သတ်ထားသည့် အချက်များ ပါဝင်သော သက်သေခံ ဥပဒေ ပုဒ်မ ၅၆၊ ၅၇၊ ၁၂၂၊ ၁၂၃၊ ၁၂၄၊ ၁၂၅၊ ၁၂၆၊ ၁၃၉၊ ၁၄၉၊ ၁၅၁၊ ၁၅၂ တို့ကို အပိုင်း(၃)ပိုင်း ခွဲခြား၍ လေ့လာဖတ်ရှု နိုင်ကြစေရန် စုစည်း တင်ပြခဲ့ပြီ ဖြစ်ပါတယ်။  အမှားကြာ အမှန်ဖြစ်၊ တစ်ရုံး တစ်ထုံး ဆိုတာမျိုး မဖြစ်စေဖို့ သက်သေခံ ဥပဒေပါ သိမှတ် လိုက်နာရမည့် တားမြစ် ကန့်သတ်ချက် များကို တစ်စုတစ်စည်းထဲ ဖြစ်အောင် တင်ပြခဲ့ရာမှာ အားနည်းချက်များ၊ လိုအပ်ချက်များ၊ မလျော်ကန်သည်များ ရှိခဲ့ပါလျှင် နားလည် ခွင့်လွှတ်ပေး ကြပါမည့် အကြောင်းနဲ့ သွန်သင်လမ်းပြမှု ပြုပေးကြပါမည့် အကြောင်း မေတ္တာရပ်ခံ အပ်ပါတယ်ခင်ဗျ။

       မိမိတို့ ဥပဒေ လောကသားများဟာ မွန်မြတ်တဲ့ ဥပဒေ ပညာရပ်နဲ့ အသက်မွေး ၀မ်းကျောင်းနေကြ သူများ ဖြစ်ကြတဲ့ အားလျော်စွာ အမှန်တရား ချိန်ခွင်ညီညာ မျှစေဖို့ ဥာဏ်ပညာ ဓါးလက်နက်နဲ့ မကောင်းသူ ပယ်၊ ကောင်းသူ ကယ်ကာ လောကပါလ တရားများ အစဉ်ရှင်သန် ထွန်းကားစေဖို့ အကျိုးတော် ဆောင်ပေးကြရမှာ ဖြစ်ပါတယ်။  အမှား ကွယ်ပျောက်၊ အမှန် ရောက်ဖို့ ရည်တူစေတနာ များနဲ့ ဥပဒေ ဘက်တော်သားများ အချင်းချင်း ဖေးမ၀န်းရံကာ အပြုသဘောဆောင် ထိန်းကျောင်း ပဲ့ပြင်ပေးကြရင်းမှ ဖြောင့်မတ် မှန်ကန်သော တရားစီရင်ရေး စနစ်ဆီသို့ ဦးတည် လှမ်းကြပါစို့လို့ လေးစားစွာ တိုက်တွန်း လိုက်ရပါတယ်။

 ပညာ ဥာဏ်ရောင် ထွန်းလင်းပြောင်၍ ကောင်းကျိုး ကိုယ်၌ တည်ကြပါစေ။

လွှမ်းမိုးအောင် (တရားရေး)

25-1-2015   1:05 am.

ပြန်လှန်စစ်မေးရာတွင် တားမြစ်ကန့်သတ်ထားသည့် အချက်များကို ​လေ့လာခြင်း (အပိုင်း-၂)


ပြန်လှန်စစ်မေးရာတွင် တားမြစ်ကန့်သတ်ထားသည့် အချက်များကို ​လေ့လာခြင်း (အပိုင်း-၂)


      မနေ့က ပြန်လှန်စစ်မေးရာတွင် တားမြစ် ကန့်သတ်ထားသည့် အချက်များကို လေ့လာခြင်း (အပိုင်း-၁)ကို ဆွေးနွေးတင်ပြ ခဲ့ပြီးဖြစ်လို့ ယနေ့တော့ အပိုင်း(၂)အဖြစ် ဆက်လက်ဆွေးနွေး ပါရစေ။  မနေ့က သက်သေခံ ဥပဒေ ပုဒ်မ ၅၆၊ ၅၇ နဲ့ ပတ်သက်တဲ့ အချက်တွေကို ဆွေးနွေးခဲ့တာပါ။  ဒီနေ့ ဆွေးနွေး တင်ပြမယ့် အကြောင်းအရာ တွေကတော့ ပြန်လှန်စစ်မေးရာမှာ တားမြစ်ထားတဲ့ ကန့်သတ်ချက် များအကြောင်း ပြဋ္ဌာန်းပါရှိတဲ့ သက်သေခံ ဥပဒေ ပုဒ်မ ၁၂၂၊ ၁၂၃၊ ၁၂၄၊ ၁၂၅၊ ၁၂၆ တို့အကြောင်းကို ဆက်လက် ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။

*   သက်သေခံဥပဒေ ပုဒ်မ ၁၂၂

---------------------------------------
-   သက်သေခံဥပဒေ ပုဒ်မ ၁၂၂ အရ အိမ်ထောင် လက်ရှိဖြစ်သူ (သို့မဟုတ်) အိမ်ထောင်ပြုခဲ့ဖူးသူ တစ်ဦးကို ၎င်းနဲ့ လက်ထပ်ပေါင်းသင်းနေသူ (သို့မဟုတ်) ပေါင်းသင်းခဲ့ဖူးသူက လက်ထပ်ပေါင်းသင်း နေစဉ် ကာလအတွင်း ဆက်သွယ်မှု (ပြောဆိုခဲ့သော စကား) တစ်ရပ်ရပ်ကို ထုတ်ဖော် ပြောဆိုစေရန် အတင်းအကျပ် ပြန်လှန် မေးမြန်းခြင်း ပြုလို့ မရပါဘူး။
-   ဒါ့အပြင် အိမ်ထောင်ဖက် အချင်းချင်း ဖြစ်ပွားကြတဲ့ (လင်မယား ကွာရှင်းလိုမှု ကဲ့သို့သော) တရားမမှုများ နဲ့ အိမ်ထောင်ဖက် တစ်ဦးက တစ်ဦးအပေါ် ကျူးလွန်တဲ့ (ရိုက်နှက်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ ချုပ်နှောင်ထားမှု ကဲ့သို့သော) ပြစ်မှုဆိုင်ရာ မှုခင်းများ မှတစ်ပါး ပြောဆိုသူက ဖြစ်စေ၊ သူ့အကျိုး ဆက်ခံသူကဖြစ်စေ သဘောမတူရင်လည်း အထက်ပါအတိုင်း ဆက်သွယ် ပြောဆိုခဲ့သော စကားတွေကို ထုတ်ဖော်ပြောဆိုခွင့် မရှိသလို၊  သက်သေခံ တင်ပြခွင့်လည်း ရှိမှာ မဟုတ်ပါဘူး။

      ဒီပုဒ်မမှာ ခြွင်းချက်(၃)ရပ်ကို တွေ့နိုင်မှာ ဖြစ်ပါတယ်။  ပြောကြားသူ (သို့မဟုတ်) ၎င်းရဲ့ အကျိုးဆက်ခံသူက လင်မယား လက်ထပ် ပေါင်းသင်းနေဆဲ ပြောဆိုခဲ့ကြတဲ့ စကားတွေကို ဖြေဆိုသက်သေခံဖို့ရာ သဘောတူလျှင် ဖြစ်စေ၊ လင်မယားချင်း ဖြစ်ပွားတဲ့ တရားမမှုမှာ ဖြစ်စေ၊ အိမ်ထောင်ဖက် တစ်ဦးက တစ်ဦးအပေါ် စွဲဆိုတဲ့ ပြစ်မှုဆိုင်ရာမှုခင်းမှာ ဖြစ်စေ ၄င်းတို့ ပြောဆိုခဲ့ကြတဲ့ စကားတွေကို ထုတ်ဖော်ပြောဆိုစေရန် တစ်ဘက်အမှုသည်ရဲ့ သဘောတူချက် ရယူဖို့ မလိုဘဲ၊ သက်သေခံ တင်ပြခွင့် ရရှိမှာ ဖြစ်ပါတယ်။

      ဒီပုဒ်မ ၁၂၂ ဟာ အိမ်ထောင်စု သာယာရေးကို ပျက်ပြားထိခိုက်မှု မရှိစေဖို့ ရည်ရွယ်ကာ တားမြစ် ကန့်သတ်ထားတဲ့ ပုဒ်မ ဖြစ်တယ်လို့ လေ့လာမှတ်သား ရပါတယ်။  ဒီလို လင်မယားချင်း ပြောဆိုတဲ့စကားကို အတင်းအကျပ် ဖြေဆိုစေခွင့် မရှိဘူးဆိုရင် အခြားနည်း သက်သေခံ တင်ပြခွင့်မျိုး ရှိနိုင်ပါသေးသလားလို့ မေးစရာ ရှိပါတယ်။  သက်သေခံ တင်ပြခွင့် ရှိနိုင်ပါသေးတယ်။  ဘယ်လို တင်ပြနိုင်သလဲဆိုရင် ထိုလင်မယားတို့ ပြောဆိုခဲ့ကြတဲ့ စကားကို ဘေးကနေ အမှန်တကယ် ကြားသိခဲ့ရတဲ့ အခြားသူတစ်ဦးဦး အနေနဲ့ ရုံးမှာ သက်သေအဖြစ် အစစ်ဆေးခံပြီး ထိုလင်မယားရဲ့ ပြောစကားတွေကို ထင်ရှားအောင် တင်ပြထွက်ဆို နိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။

*   သက်သေခံဥပဒေ ပုဒ်မ ၁၂၃

---------------------------------------
      သက်သေခံဥပဒေ ပုဒ်မ ၁၂၃ မှာတော့ နိုင်ငံတော်ရေးရာ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းလို့ ထုတ်ပြန် ကြေညာခြင်း မပြုတဲ့ ရုံးမှတ်တမ်းများပါ အချက်တွေကို သက်ဆိုင်ရာ ဌာနအကြီးအကဲရဲ့ ခွင့်ပြုချက် မရဘဲ မည်သူကမျှ သက်သေခံ တင်ပြခွင့် မရှိကြောင်း၊  ဌာနအကြီးအကဲက သင့်လျော်တယ် ထင်မြင်တဲ့အတိုင်း ထိုခွင့်ပြုချက်ကို ပေးနိုင်သလို၊ မပေးဘဲလည်း နေနိုင်ကြောင်း ပြဋ္ဌာန်းပါရှိ ပါတယ်။   ဒီပုဒ်မဟာ ပုဂ္ဂလိက အခွင့်အရေးထက် နိုင်ငံတော်ရဲ့ အခွင့်အရေးက ပိုမို အရေးကြီးတာဖြစ်လို့ ဒီလိုမျိုး နိုင်ငံတော်ရေးရာ မှတ်တမ်းမှတ်ရာတွေကို ထုတ်ဖော်ခြင်းအားဖြင့် အများပြည်သူ အကျိုးကို ထိခိုက်နစ်နာခြင်းမှ ကာကွယ်ရန် ရည်ရွယ်ခြင်းလည်း ဖြစ်ပါတယ်။   ထုတ်ပြန်ကြေညာပြီး ဖြစ်တဲ့ မှတ်တမ်းမှတ်ရာ ကိစ္စဖြစ်မယ် ဆိုရင်တော့ ဒီပုဒ်မနဲ့ အကျုံးဝင်မှာ မဟုတ်ပါဘူး။

-     ဦးလောရုံ နှင့် နိုင်ငံတော် (၁၉၅၄၊ မတစ (လွှတ်တော်)၊ စာ-၁၁၆)မှာ__ "တိုင်းရေးပြည်မှုနှင့် စပ်ဆိုင်သော စာရွက်စာတမ်းများကို သက်သေခံ တင်ပြရန် ခွင့်ပြုမည်၊ မပြုမည်မှာ ဌာနဆိုင်ရာ အကြီးအကဲ၏ ဆင်ခြင်တုံသဘောအရ ဆုံးဖြတ်ရမည့် အခွင့်အရေး ဖြစ်သည်။  အဆိုပါ အခွင့်အရေးကို ရရှိရန် တရားရုံးသို့ ကျမ်းကျိန်ချက် တင်သွင်းရန် လိုအပ်သည်ဟု သက်သေခံဥပဒေ ပုဒ်မ ၁၂၃၊ ၁၂၄၊ ၁၆၂ တွင် ပြဋ္ဌာန်းထားခြင်း မရှိပေ" လို့ စီရင်ထုံးဖွဲ့ထားပါတယ်။

*   သက်သေခံဥပဒေ ပုဒ်မ ၁၂၄

----------------------------------
      ပြည်သူ့ဝန်ထမ်းတစ်ဦးက မိမိအား ရာထူး အလုပ်ဝတ္တရားအလျောက် ယုံကြည်စိတ်ချလို့ အသိပေး ထားတဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခြင်းအားဖြင့် အများပြည်သူ့အကျိုး ထိခိုက်နစ်နာမယ်လို့ ထင်မြင်ယူဆလျှင် ထိုပြည်သူ့ဝန်ထမ်းအနေနဲ့ အဆိုပါအချက်တွေကို အတင်းအကျပ် ထုတ်ဖော်ပြောဆို စေခြင်း မပြုရကြောင်း သက်သေခံဥပဒေ ပုဒ်မ ၁၂၄ မှာ ပြဋ္ဌာန်းထားပါတယ်။  ဒီလို ကန့်သတ်တားမြစ် ထားတဲ့အတွက် (ပြန်လှန်မေးခွန်း မေးမြန်းလင့်ကစား) ထိုပြည်သူ့ဝန်ထမ်းက အများပြည်သူ့အကျိုးကို ချင့်ချိန်ပြီး ဖြေလိုမှ ဖြေပေးမှာဖြစ်ပြီး၊ မဖြေလိုလျှင် အတင်းအကျပ် ဖြေဆိုဖို့ တောင်းဆိုလို့ မရဘူး ဆိုတာကို သိထားရမှာ ဖြစ်ပါတယ်။

*   သက်သေခံဥပဒေ ပုဒ်မ ၁၂၅

----------------------------------
      ပြစ်မှုတစ်ခုခု ကျူးလွန်ခြင်းနဲ့ စပ်လျဉ်းတဲ့ သတင်းကို မည်သူ့ထံက ရရှိကြောင်း ပြောဆိုစေရန် မည်သည့် တရားသူကြီး (သို့မဟုတ်) ရဲအရာရှိကိုမျှ အတင်းအကျပ်ပြုကာ ပြန်လှန်မေးခွန်း မေးမြန်းခြင်း မပြုရပါ။  ပြည်သူ့အခွန်ငွေ ယုတ်လျော့စေရန် ပြစ်မှုတစ်ခုခု ကျူးလွန်ခြင်းနဲ့ စပ်လျဉ်းတဲ့ သတင်းကို မည်သူ့ထံမှ ရရှိကြောင်းကို ပြောဆိုစေရန်လည်း မည်သည့် အခွန်အရာရှိကိုမျှ အတင်းအကျပ် မပြုရကြောင်း သက်သေခံဥပဒေ ပုဒ်မ ၁၂၅ မှာ ပြဋ္ဌာန်းပါရှိပါတယ်။

      အတင်းအကျပ် မပြုရ ဆိုတာက ပြန်လှန်မေးမြန်းခွင့် မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။  မေးလိုလို့ ပြန်လှန်မေးမြန်းခဲ့ရင် တရားရုံးက ထိုမေးခွန်းအပေါ် ဖြေဆိုလိုမှ ဖြေဆိုနိုင်ကြောင်း၊ မဖြေဘဲလည်း နေနိုင်ကြောင်းကို ၀င်ရောက်ရှင်းပြပေးလို့ အမှုသည် (သို့မဟုတ်) သက်သေက မဖြေဆိုနိုင်ကြောင်း တင်ပြလျှင် ထိုအတိုင်းသာ ရုံးက မှတ်တမ်းတင်ပေးထားမှာ ဖြစ်ပါတယ်။  တကယ်လို့ ရုံးက ရှင်းပြ ပေးပါလျက်နဲ့မှ ထိုသူက ပြစ်မှုကျူးလွန်ခြင်းနဲ့ စပ်လျဉ်းတဲ့ သတင်းကို မည်သူ့ထံက ရရှိကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့မယ် ဆိုရင်တော့လည်း ရုံးက ထိုသူဟာ ပုဒ်မ ၁၂၅ ပါ အခွင့်အရေးကို စွန့်ပယ်ခြင်းသာ ဖြစ်တယ်လို့ ယူဆမှာ ဖြစ်ပြီး၊ ၄င်း၏ထွက်ဆိုချက်အတိုင်း မှတ်တမ်းတင်ပေး မှာပဲ ဖြစ်ပါတယ်။

*   သက်သေခံဥပဒေ ပုဒ်မ ၁၂၆

----------------------------------
      သက်သေခံဥပဒေ ပုဒ်မ ၁၂၆ အရ ရှေ့နေတစ်ဦးဟာ မိမိရဲ့အမှုသည်က သဘောတူညီခြင်း မရှိဘူးဆိုရင် ထိုအမှုသည်ရဲ့ ရှေ့နေအဖြစ် ဆောင်ရွက်နေစဉ် အတွင်း မိမိအား အမှုသည်က ပြောဆို၊ ရေးသားပေးလို့ သိရှိရတဲ့ အချက်တွေ၊ မိမိအား ပေးခဲ့တဲ့ ၎င်းရဲ့ အကြံဥာဏ်တွေကို မည်သည့်အခါတွင်မျှ ထုတ်ဖော်ပြောဆိုခွင့် မရှိပါဘူး။  ဒါပေမယ့်လို့ ခြွင်းချက်အနေနဲ့ - ဥပဒေနဲ့ မညီတဲ့ အကြံအစည် ဖြစ်မြောက် စေရန် အလို့ငှာ ပြောဆို၊ ရေးသားချက်၊ ရှေ့နေက တွေ့ရှိခဲ့ရတဲ့ အချက်တစ်ခုခုအရ မိမိအမှုသည်ဟာ ပြစ်မှု (သို့မဟုတ်) လိမ်လည်မှု တစ်ခုခုကို ထိုအမှုသည်ရဲ့ ရှေ့နေအဖြစ်သို့ ဆောင်ရွက်ခြင်း စတင်ပြီး နောက်ပိုင်းမှာ ကျူးလွန်ထားကြောင်း ပေါ်လွင်ရင်တော့ အဲဒီလို တွေ့ရှိရတဲ့ အချက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ နေခွင့်ရှိမှာ မဟုတ်ပါဘူး။  ပြန်လှန်မေးမြန်းလာခဲ့ရင် ထုတ်ဖော်ပြောဆို ရမည်သာ ဖြစ်ပါတယ်။

      ဥပမာ ဆိုရရင်__ အမှုသည် A က ရှေ့နေ B အား "ကျွန်တော် လိမ်လည်အတုပြုမှုကို ကျူးလွန်ခဲ့လို့ ကျွန်တော့်အတွက် ခုခံချေပပေးပါ" လို့ ပြောရင် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသူအတွက် ခုခံချေပပေးခြင်းဟာ ပြစ်မှုမကင်းတဲ့ အကြံအစည် မဟုတ်တဲ့အတွက် ထိုပြောဆိုချက်ကို ရှေ့နေက ထုတ်ဖော် ပြောဆိုခွင့် ရှိမှာ မဟုတ်ပါဘူး။
 ဒါပေမယ့်လို့ အမှုသည် A က ရှေ့နေ B အား "ကျွန်တော်ရဲ့ လိမ်လည် အတုပြုလုပ်ထားတဲ့ စာချုပ်နဲ့ တစ်ဘက် အမှုသည်ဆီက ပစ္စည်းကို ရယူချင်ပါတယ်။  ဒီစာချုပ်နဲ့ တရားစွဲဆိုပေးပါ" လို့ ပြောဆိုခဲ့ရင်တော့ အဲဒီ ပြောဆိုချက်ဟာ ပြစ်မှုမကင်းတဲ့ အကြံအစည် ဖြစ်မြောက်ရေး အတွက် ပြောဆိုချက် ဖြစ်တာမို့ ရှေ့နေက မထုတ်ဖော်၊ မပြောဆိုဘဲ နေခွင့်ရှိမှာ မဟုတ်ပါဘူး။  ထုတ်ဖော် ပြောဆိုရမည်သာ ဖြစ်ပါတယ်။

 နောက်ဥပမာတစ်ခုက A ဟာ အလွဲသုံးစားမှုနဲ့ တရားစွဲဆိုခံရလို့ ရှေ့နေ B ကို မိမိအား ခုခံပေးရန် ငှားရမ်းတယ်။  B ဟာ အမှု လိုက်ပါဆောင်ရွက် နေစဉ်အတွင်းမှာ A ရဲ့ စာရင်းစာအုပ်မှာ အလွဲသုံးစား ပြုထားတယ် ဆိုတဲ့ ငွေနဲ့စပ်လျဉ်းသော (မိမိအား ရှေ့နေငှားရမ်းစက မတွေ့ခဲ့ရတဲ့) ရေးသွင်းချက်ကို ထိုစာရင်းစာအုပ်မှာ တွေ့မြင်ရတယ်။  အဲဒီလို တွေ့မြင်ရတဲ့ အကြောင်းခြင်းရာဟာ မိမိ ရှေ့နေလိုက်ပါ ဆောင်ရွက်နေစဉ်အတွင်း သိရှိရတဲ့ အကြောင်းခြင်းရာ ဖြစ်ပြီး အမှုစတင် ဆောင်ရွက်သည့် နောက်ပိုင်းမှ လိမ်လည်လှည့်ဖြားမှု ကျူးလွန်ထားကြောင်း ပေါ်လွင်တဲ့အခါမှာ ထိုအကြောင်းခြင်းရာကို မထုတ်ဖော် မပြောဆိုဘဲ နေခွင့်မရှိပါဘူး။

      ယခုတင်ပြခဲ့တဲ့ ဥပဒေ ပုဒ်မများကတော့ ပြန်လှန်မေးမြန်းခွင့် လုံးဝ မရှိကြောင်း တားမြစ်ပိတ်ပင် ထားတဲ့ ပုဒ်မမျိုး မဟုတ်ဘဲ၊ မေးလိုက မေးမြန်းနိုင်ခွင့် ရှိပြီး မိမိမေးတဲ့ မေးခွန်းကို ဖြေဆိုရမည့်သူက ဖြေဆို သက်သေခံစေဖို့ရာ မိမိက အတင်းအကျပ် ပြုလို့ မရနိုင်ဘူး ဆိုတာကိုပဲ မှတ်သားထားရမှာ ဖြစ်ပါတယ်။  ဥပဒေ ပညာ လေ့လာလိုက်စားသူတို့ သိရှိမှတ်သား လိုက်နာသင့်တဲ့ အချက်များကို တူရာ စုစည်းပြီး ဖော်ပြပေးထားခြင်း ဖြစ်လို့ ဖတ်ရှုသူ မှတ်သားသူတို့အဖို့ အကျိုးရှိစေမယ်လို့ ယုံကြည်ပါတယ်။

     ပြန်လှန်စစ်မေးခြင်း ဆိုတာ လူတစ်ယောက်ရဲ့ ထွက်ဆိုချက် မှန်၊မမှန် စမ်းသပ်ရာမှာ အထိရောက် ဆုံးသော လက်နက် ဖြစ်သလို၊ တိုက်ခိုက်တဲ့ ဓါး၊ ခုခံတဲ့ ဒိုင်း လည်း ဖြစ်တယ်လို့ ရှေးပညာရှင်တို့က ဆိုခဲ့ကြပါတယ်။  ဒီလို လက်နက်၊ ဓါး၊ ဒိုင်းတွေ သုံးပြီး စစ်တလင်း တရားခွင်မှာ အမှန်တရား အတွက် တိုက်ပွဲဝင် ကြတဲ့နေရာမှာ ပရိယာယ် သေနင်္ဂဟ နည်းနာတွေ အသုံးချကာ တိုက်ပွဲဝင်မယ်ဆိုရင် အောင်မြင်တဲ့ ပန်းတိုင်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။  နာမည်ကျော် အမေရိကန် ရှေ့နေကြီး Wellman က "ရှေ့နေကောင်း တစ်ယောက်သည် ဇာတ်ဆောင်ကောင်း တစ်ယောက်ပင် ဖြစ်သည်" လို့ မွှမ်းဆိုခဲ့ဖူးကြောင်း မှတ်သားခဲ့ ရပါတယ်။  ဇာတ်ဆောင်ကောင်းနှင့်တူသော ရှေ့နေကောင်း မြောက်များစွာ ပေါ်ထွန်းလာ ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။  (အပိုင်း(၃)ကို ဆက်လက် ဖော်ပြပေးပါအုံးမယ်။)

 နှလုံး စိတ်ဝမ်း ရွှင်ကြည် ချမ်းမြ ဘေးဘယာ ဝေးကွာ ကင်းကြပါစေ။


လွှမ်းမိုးအောင် (တရားရေး)

22-1-2015   2:45 am.

ပြန်လှန်စစ်မေးရာတွင် တားမြစ်ကန့်သတ်ထားသည့် အချက်များကို လေ့လာခြင်း (အပိုင်း-၁)


ပြန်လှန်စစ်မေးရာတွင် တားမြစ်ကန့်သတ်ထားသည့် အချက်များကို လေ့လာခြင်း (အပိုင်း-၁)


         ကျယ်ပြောနက်ရှိုင်းလှတဲ့ "ပြန်လှန်စစ်မေးခြင်း" ဟူသော သမုဒ် ရေပြင်ကျယ်ကြီး ထဲမှာ အတိုင်းအဆမဲ့၊ ဦးတည်ရာမဲ့ ကူးခတ်နေခြင်းမျိုး မဖြစ်ရအောင် "သက်သေခံဥပဒေ" ဟူသော မေခလာ နတ်သမီးက အမှန်တရား ရှိရာ ပန်းတိုင်ဆီသို့ ရည်ဆောင်ညွှန်ပြ ပေးပါတယ်။  "ပညာ"ဟူသော ရေလှိုင်း အလျဉ်၊ လားရာကို ဥာဏ်ချင့်ယှဉ်ပြီး  ဇွဲ လုံ့လကြီးမားစွာနဲ့ မဟာဇနက မင်းသားလို ကူးခတ်တတ်သူဟာ ပြန်လှန်စစ်မေးခွင့်ရှိသော ရှေ့နေရှေ့ရပ်များပဲ ဖြစ်ရမှာပေါ့ ... ။

       အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ တစ်ဘက်သူရဲ့ အမှားကို ရုံးက မြင်သာအောင် ဖွင့်ချနိုင်ဖို့အတွက် ပြန်လှန်စစ်မေးခြင်းဟာ အထိရောက်ဆုံး သော နည်းလမ်းပဲ ဖြစ်ပါတယ်။  ပြန်လှန်စစ်မေးခွင့်ဟာ ကျယ်ဝန်းနက်နဲတယ် ဆိုတာ မှန်ပါတယ်။  သို့သော် အမှန်တရား ပေါ်ပေါက်စေရေးအတွက် အမှုအခင်းများ စစ်ဆေးစီရင်ရာမှာ မလိုအပ်ဘဲ ကြန့်ကြာနှောင့်နှေးခြင်း၊ သင့်မြတ်လျော်ကန်မှု မရှိခြင်း စတာတွေ ပေါ်ပေါက်မှု မရှိစေနိုင်ဖို့ အတွက် ပြန်လှန်စစ်မေးခြင်း အပေါ် တားမြစ်ကန့်သတ် ထားတဲ့ အချက်တွေလည်း ရှိတယ်ဆိုတာကို အပိုင်း(၁)အဖြစ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

*   သက်သေခံဥပဒေ ပုဒ်မ ၅၆

      "တရားရုံးက သက်သေခံချက် မယူဘဲ လက်ခံနိုင်သော အကြောင်းခြင်းရာ များကို သက်သေ ထင်ရှားပြရန် မလိုချေ။"   (သက်သေခံဥပဒေ ပုဒ်မ ၅၆)
        ဒီပုဒ်မရဲ့ ဆိုလိုရင်းက ရှင်းပါတယ်။  သက်သေခံချက် မယူဘဲ လက်ခံနိုင်တဲ့၊ လက်ခံရမယ့် အကြောင်းခြင်းရာ ဆိုတာမျိုးကတော့ (ပုဒ်မ ၅၆ နဲ့ ဆက်စပ်လေ့လာရမယ့်) ပုဒ်မ ၅၇ အပိုဒ်(၁)ပါ မြန်မာနိုင်ငံအတွင်း အာဏာတည်တဲ့ ဥပဒေ၊ နည်းဥပဒေများ၊ အပိုဒ်(၁၃)ပါ ကုန်းပေါ်၊ ရေပေါ် သွားလာရာမှာ လိုက်နာရမယ့် လမ်းစည်းကမ်း စတဲ့ အကြောင်းခြင်းရာမျိုးပဲ ဖြစ်တယ်ဆိုတာ မြင်သာပါတယ်။  ဥပမာအားဖြင့် -- တရားရုံးက သက်သေခံချက် မယူဘဲ လက်ခံနိုင်တဲ့ အကြောင်းခြင်းရာမျိုး ဖြစ်ပြီး၊ ဥပဒေပါ အင်္ဂါရပ်ကို ရည်ညွှန်းမေးမြန်းတဲ့ ပြန်လှန်မေးခွန်းမျိုး ဖြစ်တဲ့  -- "လင်ရှိမယားမှန်း မသိလို့ တရားလိုရဲ့ ဇနီးနဲ့ အတူနေထိုင် ပေါင်းသင်းမိခဲ့မယ် ဆိုရင် (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၉၇ အရ) မယားခိုးမှု မမြောက်တာကို သိသလား" ဆိုတာမျိုး၊  ဒါ့အပြင် "ချွန်ထက်တဲ့ အရာနဲ့ အပြင်းအထန် ဒဏ်ရာရစေခဲ့ရင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၆ မြောက်တယ်ဆိုတာ သိသလား" ဆိုတာမျိုးတွေဟာ ဥပဒေ အချက်အလက်တွေ ဖြစ်နေပြီး သက်သေခံချက် မယူဘဲ ဥပဒေအရ လက်ခံထားတဲ့ အကြောင်းခြင်းရာ မျိုးတွေသာ ဖြစ်လို့ ပြန်လှန်မေးခွန်းနဲ့ သက်သေထင်ရှား ဖော်ထုတ်နေဖို့ မလိုအပ်ပါဘူး။

      ထိုနည်းလည်းကောင်းပါပဲ။  "ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအရ မော်တော်ယာဉ်တွေဟာ တောင်ပေါ်လမ်းရှိ အကွေ့တိုင်းမှာ ဟွန်းတီးပြီး အမြန်နှုန်း လျေှာ့၍ မောင်းနှင်ရမည်ကို သိပါသလား" ဆိုတဲ့ မေးခွန်းမျိုး ဟာလည်း သက်သေခံဥပဒေ ပုဒ်မ ၅၇ အပိုဒ်(၁၃)အရ ကုန်းပေါ်၌ ဖြစ်စေ၊ ရေပေါ်၌ ဖြစ်စေ သွားလာရာတွင် လိုက်နာရမည့် လမ်းစည်းကမ်းကို ရည်ညွှန်း မေးမြန်းနေခြင်းမျိုး ဖြစ်တာမို့ သက်သေခံချက် ရယူနေစရာ မလိုအပ်ပါဘူး။  တရားခွင်မှာ မကြာခဏ ဆိုသလို ဒီလိုပုံစံမျိုး မေးမြန်းတဲ့သူ တွေလည်း ရှိနေလို့ ဒီလို ဥပဒေ ပြဋ္ဌာန်းချက်ကို ဆွေးနွေးတင်ပြ ရခြင်းလည်း ဖြစ်ပါတယ်။  တချို့ကလည်း တစ်ဘက်သူရဲ့ ပျော့ကွက် ဟာကွက်၊ အားနည်းချက်၊ ပြစ်ချက်တွေကို ရုံးတော်သိမြင်စေဖို့ အစကတည်းက ပျိုးပြီး မေးမြန်းလာရင်းက ဒီလို ဥပဒေ အချက်အလက်မျိုး မေးတဲ့ အဆင့်အထိ ရောက်ရှိလာရတာ ဖြစ်လို့ ဒီလိုမှ မေးမြန်းဖော်ထုတ်ခွင့် မရရင် ဘယ်လို မေးရမှာလဲလို့ စောဒက တက်လာကြလိမ့်မယ် ဆိုတာကို သိပါတယ်။  အဲလိုစောဒကကို မရှင်းလင်းခင် အထက်ဖော်ပြ ခဲ့ပြီးဖြစ်တဲ့ ပြန်လှန်မေးခွန်း ပြဿနာများနဲ့ စပ်လျဉ်းပြီး ဥပဒေ ပညာရှင်များ ရှင်းပြထားတဲ့ ဥပဒေ ဗဟုသုတ အချို့ကိုလည်း ဆက်လက် လေ့လာကြည့်ကြ ရအောင်ပါ။

      ဆရာ ဦးဘိုးသာ ရေးတဲ့ သက်သေခံ ဥပဒေ အဖွင့်ကျမ်းမှာ တရားရုံးက တရားဝင် အသိအမှတ် ပြုတဲ့ အကြောင်းခြင်းရာ တွေကို သက်သေခံ တင်ပြရန် မလိုအပ်ကြောင်း၊  တရားရုံးများက အလိုအလျောက် အသိအမှတ် ပြုမည်သာ ဖြစ်ကြောင်း ရှင်းလင်း ဖော်ပြထားတာကို တွေ့ရပါတယ်။  ထိုနည်းတူစွာပဲ၊ စာပေးစာယူ ပဉ္စမနှစ် ဥပဒေသင်တန်းအတွက် သက်သေခံ ဥပဒေ ပို့ချချက် အတွဲ(၁) မှာလည်း ဖော်ပြထား တာကို လေ့လာတွေ့ရှိ ရပါတယ်။  ဒါ့အပြင် ဆရာ ဦးသက်ဖေ ရေးတဲ့ သက်သေခံ ဥပဒေ၏ သိကောင်းစရာများ စာအုပ်မှာလည်း ဖော်ပြပါ အကြောင်းခြင်းရာ တွေဟာ လူအများ ကောင်းစွာ သိရှိတဲ့ အကြောင်းခြင်းရာများ ဖြစ်တဲ့ အလျောက် သက်သေထူရန် မလိုဘဲ၊ အလိုအလျောက် အသိအမှတ် ပြုစေခြင်းပင် ဖြစ်ကြောင်း၊ ဤပုဒ်မအရ အကြောင်းခြင်းရာ တစ်ခုခုကို အမှုသည် တစ်ဦးက အားကိုးလိုလျှင် ယင်းအကြောင်းခြင်းရာ တည်ရှိကြောင်း တရားရုံးသို့  "လျှောက်လဲ" ပြောဆိုနိုင်မည်ဖြစ်ကြောင်း၊ သက်သေခံချက် တစ်စုံတစ်ရာ တင်ပြရန် မလိုအပ်ကြောင်း ရှင်းလင်းဖော်ပြ ထားတာကို တွေ့နိုင်ပါတယ်။ ဆရာ ဦး​ကျော်​ဇေယျ ​ရေးတဲ့ ပြန်​လှန်​စစ်​​မေခြင်းပညာ စာအုပ်​မှာလည်း တရားဥပ​ဒေအရ ဂရုပြုနိုင်​သည်​ကို ထင်​ရှား​အောင်​ မပြုရ​ကြောင်း သက်​​သေခံ ဥပ​ဒေ ပုဒ်​မ ၅၆ မှာ ပြဌာန်းပါရှိတဲ့အတွက်​ အထက်​မှာ ​ဖော်​ပြခဲ့​သော ပြန်​လှန်​​မေးခွန်းမျိုးဟာ ဥပ​ဒေ အချက်​​အလက်​များသာ ဖြစ်​၍ ​မေးမြန်းခွင့်​ မရ​ကြောင်း ရှင်းပြထားတာကို လည်း ​တွေ့ရပါတယ်​။

      ဒီတော့ကာ စောဒကကို ရှင်းလင်းပြလို့ ရနေပါပြီ။ ပုဒ်မ ၅၆ နဲ့ ၅၇ တို့ဟာ တရားရုံးက သက်သေခံချက် မယူဘဲ လက်ခံနိုင်တဲ့၊ လက်ခံရမယ့် အကြောင်းခြင်းရာ တွေကို သက်သေထင်ရှားပြရန် မလိုကြောင်း၊ သက်သေခံချက် မယူရကြောင်း ဆက်စပ် ပြဋ္ဌာန်းထားတဲ့ ပုဒ်မများ ဖြစ်ကြောင်း ဥပဒေမှာ ပြဋ္ဌာန်းထားပြီး ဖြစ်တာကို တွေ့မြင်ပြီး ဖြစ်ပါလိမ့်မယ်။ အဆိုပါပုဒ်မပါ ပြဋ္ဌာန်းချက် တွေကိုတော့ စောဒကတက်လိုသူ အနေနဲ့ အထူးပြု ငြင်းဆိုနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ပြန်လှန်မေးမြန်းသူ အနေနဲ့ ဒီလိုတွေ မှ မေးမြန်းခွင့် မရဘူးဆိုရင် တစ်ဘက်အမှုသည် (သို့မဟုတ်) သက်သေကို ဥပဒေ အချက်အလက်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စတာမျိုးကို ရည်ညွှန်းမမေးဘဲ "လင်ရှိမယားမှန်း မသိလို့သာ တရားခံအနေနဲ့ နေထိုင်ပေါင်းသင်းမိတာကို သိသလား"၊  "ချွန်ထက်တဲ့အရာ (---)နဲ့ ထိုးခဲ့လို့ တရားလိုမှာ အပြင်းအထန် ဒဏ်ရာရစေခဲ့တာ သိသလား"၊  "သင်သည် အချင်းဖြစ်နေရာ ဖြစ်တဲ့ တောင်ပေါ်လမ်း အကွေ့မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ အညီ ဟွန်းတီးပြီး အမြန်နှုန်း လျော့ကာ မောင်းနှင်ခဲ့ခြင်း မရှိလို့သာ ယခုကဲ့သို့ ယာဉ်တိုက်မှုဖြစ်ခဲ့တယ်ဆိုတာ မှန်သလား"လို့ တိုက်ရိုက်မေးမြန်းနိုင်ခွင့်တော့ ရှိမှာ ဖြစ်ပါတယ်။

      နမူနာ မေးခွန်းများပါ အကြောင်းခြင်းရာ မျိုးတွေဟာ သက်သေခံဥပဒေ ပုဒ်မ ၅၆ နဲ့ ၅၇ အရ တရားရုံးက သက်သေခံချက် မယူဘဲ လက်ခံရမယ့် အကြောင်းခြင်းရာတွေပဲ ဖြစ်တဲ့အပြင်၊ ဒီလို အကြောင်းခြင်းရာမျိုးကို သက်သေထင်ရှား ပြသရန် မလိုတဲ့အတွက် ပြန်လှန်မေးခွန်း မေးမြန်းလို့ မရနိုင်ဘူး ဆိုတာကို မြင်သာပြီလို့ ထင်ပါတယ်။ အမှန်တရား ပေါ်ပေါက်စေရေးအတွက် အမှုအခင်းများ စစ်ဆေးစီရင်ရာမှာ မလိုအပ်ဘဲ ကြန့်ကြာနှောင့်နှေးခြင်း၊ သင့်မြတ်လျော်ကန်မှု မရှိခြင်း စတာတွေ ပေါ်ပေါက်မှု မရှိစေနိုင်ဖို့နဲ့ အချိန်ကုန် လူပမ်း မဖြစ်စေဖို့အတွက် အခုလိုမျိုး ပြန်လှန်စစ်မေးခြင်း အပေါ် သီးခြားရည်ရွယ် ပြဋ္ဌာန်းပြီး တားမြစ်ကန့်သတ်ထားခြင်း ဖြစ်လိမ့်မယ်လို့ ကျွန်တော် တွေးနေမိပါတယ်။  ပြန်လှန်စစ်မေးရာတွင် တားမြစ်ကန့်သတ်ထားသည့် အချက်များကို လေ့လာခြင်း (အပိုင်း-၁) အဖြစ် ဒီနေရာမှာ ခေတ္တရပ်နားခွင့် ပြုပါ။ အပိုင်း(၂)ကို ဆက်လက်ရေးသား ဖော်ပြပါအုံးမယ် ခင်ဗျာ။

 ပညာနှင့်ယှဉ်၍ နေထိုင်သော ပညာရှင်များ ဖြစ်နိုင်ကြပါစေ။

လွှမ်းမိုးအောင် (တရားရေး)

21-1-2015   2:17 am.

တရားမမှုများမှ ရုံးခေါ်သက်သေ နှင့် ပြန်ခေါ်သက်သေ အကြောင်း


တရားမမှုများမှ ရုံးခေါ်သက်သေ နှင့် ပြန်ခေါ်သက်သေ အကြောင်း


 အရင်ရက်တွေက သက်သေအမျိုးမျိုး အကြောင်းကို အလျဉ်းသင့်သလို တင်ပြခဲ့ပါတယ်။  ဒီနေ့လည်း တင်ပြရန် ကျန်ရှိနေသေးတဲ့ - တရားမမှုတွေမှာ ရုံးခေါ်သက်သေ ဆင့်ခေါ်စစ်ဆေးပိုင်ခွင့် နဲ့ ပြန်ခေါ်သက်သေ အဖြစ် ခေါ်ယူစစ်ဆေး ပိုင်ခွင့်ဆိုင်ရာ ဥပဒေဗဟုသုတ များကိုလည်း ဆက်လက်ပြီး ပြန်လည်မျှဝေ ပေးသွားမှာ ဖြစ်ပါတယ်။  လေ့လာမှတ်သား သိရှိထားသင့်တဲ့ ဥပဒေရေးရာ ဗဟုသုတ ဖြစ်တာမို့ မျှဝေပေးရခြင်းလည်း ဖြစ်ပါတယ်။

*   ရုံး ခေါ် သက် သေ

 ပြစ်မှုဆိုင်​ရာ အမှုတွေမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၀ အရ ရုံးခေါ်သက်သေအဖြစ် တရားရုံး၏ ဆင်ခြင်တုံတရား နှင့်အညီ ခေါ်ယူစစ်ဆေး ပိုင်ခွင့် ရှိသလိုမျိုးပါပဲ၊  တရားမမှုတွေမှာလည်း ရုံးခေါ်သက်သေ ခေါ်ယူစစ်ဆေး ပိုင်ခွင့်ရှိကြောင်းကို တရားမကျင့်ထုံး ဥပဒေ အမိန့် ၁၆၊ နည်းဥပဒေ ၁၄ မှာ အောက်ပါအတိုင်း အတိအလင်း ပြဋ္ဌာန်းထားပါတယ်။

 "တရားရုံးသို့ လာရောက်ခြင်း၊ ရောက်ရှိခြင်းတို့နှင့် စပ်လျဉ်းသည့် တရားမကျင့်ထုံး ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်လည်းကောင်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်နှင့် လည်းကောင်း မဆန့်ကျင်စေဘဲ တရားရုံးသည် အမှုတွင် အမှုသည်တစ်ဦး မဟုတ်သော၊ ထို့ပြင် အမှုသည်တစ်ဦးက သက်သေအဖြစ် ခေါ်ယူခြင်းလည်း မပြုသော သူတစ်ဦးဦးကို စစ်ဆေးရန် လိုအပ်သည်ဟု မည်သည့်အခါမဆို ထင်မြင်လျှင် ချိန်းဆိုသော ရက်တွင် သက်သေခံရန်ဖြစ်စေ၊ ထိုသူ၏ လက်ဝယ်ရှိ​သော စာချုပ်စာတမ်း တစ်ခုခုကို တင်ပြရန် ဖြစ်စေ မိမိသဘောအလျောက် ထိုသူကို သက်သေအဖြစ် ဆင့်ခေါ်စေနိုင်သည့်အပြင်၊ ထိုသူကို သက်သေအဖြစ် စစ်မေးခြင်း သော်လည်းကောင်း၊ အဆိုပါ စာချုပ်စာတမ်းကို တင်ပြစေခြင်း သော်လည်းကောင်း ပြုနိုင်သည်။"

 ဒီနည်းဥပဒေအရ တရားရုံးက ဘယ်အဆင့်မှာမဆို အမှုသည်လည်း မဟုတ်၊ သက်သေလည်း မဟုတ်သူ တစ်ဦးဦးကို အမှုအတွက် ခေါ်ယူစစ်ဆေးဖို့ လိုအပ်မယ်လို့ ထင်မြင်ရင် ရုံးခေါ်သက်သေအဖြစ် ဆင့်ခေါ်ပြီး စစ်ဆေးခြင်း ပြုနိုင်ကြောင်း နဲ့ ထိုသူ့ လက်ဝယ်မှာရှိတဲ့ စာချုပ်စာတမ်း တစ်ရပ်ရပ်ကိုလည်း တင်ပြစေဖို့ ဆင့်ခေါ်တင်ပြစေခြင်းမျိုး ပြုနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။   ဒီနည်းဥပဒေ အရ တရားရုံးတွေကို အပ်နှင်းထားတဲ့ အာဏာမှာ ဆင်ခြင်တုံတရားဖြင့် ကျင့်သုံးရမည့် အာဏာ ( Discretionary Power ) ဖြစ်ကြောင်း၊ Discretion ဆိုရာမှာ တရားစီရင်ထုံးများ အတိုင်း လိုက်နာ ဆုံးဖြတ်ရတဲ့ ( Jusicial Discretion ) ကို ဆိုလိုခြင်း ဖြစ်ကြောင်း၊ အမှုသည်တစ်ဘက်က တမင်သက်သက် ရည်ရွယ်ချက်နဲ့ ဖြစ်စေ၊ ပေါ့လျော့မှုကြောင့် ဖြစ်စေ သက်သေတစ်ဦးအား စစ်ဆေးဖို့ ချန်ထားခြင်း/ ကျန်ရှိခြင်းတွေကို ကုစားနိုင်ရန်အတွက် ဒီအာဏာကို အသုံးမပြုနိုင်ကြောင်း Mulla ရေးသားတဲ့ The Court of Procedure မှာ ဖော်ပြပါရှိတယ်လို့ လေ့လာမှတ်သားရပါတယ်။

ဒီလို ရုံးခေါ် သက်သေအဖြစ် စစ်ဆေးရန် ဆင့်ခေါ်လျှင် အဆိုပါသက်သေဟာ ရုံးချိန်းရက်မှာ လာရောက်ရမှာ ဖြစ်ပြီး၊ စာချုပ်စာတမ်းကို တင်ပြစေရန် ဆင့်ခေါ်တာမျိုး ဆိုရင်တော့ ၄င်းသူကိုယ်တိုင် ဖြစ်စေ၊ အခြားသူ တစ်ဦးဦးကို ဖြစ်စေ စေလွှတ်ပြီး ထိုစာချုပ်စာတမ်းကို တင်ပြစေနိုင်တယ် ဆိုတဲ့အကြောင်းကိုလည်း တရားမကျင့်ထုံး ဥပဒေ အမိန့် ၁၆၊ နည်းဥပဒေ ၁၅ မှာ ဆက်လက် ပြဋ္ဌာန်းထားပါတယ်။

 တရားရုံးများလက်စွဲ အပိုဒ် ၁၄၆ မှာ တရားရုံးက အမိန့် ၁၆၊ နည်းဥပဒေ ၁၄ အရ သက်သေကို ဆင့်ခေါ်တဲ့အခါ တရားရုံးသည် မည်သည့်အကျိုးငှာ ထိုသက်သေကို ဆင့်ခေါ်ကြောင်း ဆုံးဖြတ်ရမယ်လို့ ဆိုပါတယ်။  ဒါ့အပြင် အမိန့်ဆင့်စာ ထုတ်ဆင့်တဲ့အတွက် ဆင့်စာခနှင့် သက်သေစရိတ် များကို ထိုသူက ပေးစေရန် တရားရုံး၏ သဘောအတိုင်း တောင်းဆိုနိုင်တယ်လို့လည်း ပြဆိုထားတာကို တွေ့ရပါတယ်။  တရားရုံးချုပ်ရဲ့ စီရင်ချက် တစ်ခုကို လေ့လာနိုင်ဖို့ တင်ပြပေးလိုက်ပါတယ် __

* တရားရုံးက အချင်းဖြစ်ပစ္စည်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ပုဂ္ဂိုလ်တို့ကို ရုံးခေါ်သက်သေ အဖြစ် အမိန့် ၁၆၊ နည်းဥပဒေ ၁၄ အရ ခေါ်ယူစစ်ဆေးခွင့် ရှိသည်။  ထိုသို့ စစ်ဆေးခြင်းကို အမှုသည်တို့က ကန့်ကွက်ခွင့် မရှိ။   ( ဦးကျော်ဇော (ခ) ဦးတောဇော် နှင့် မစိုးရီ (ခ) မမြင့်မြင့်ခိုင် ပါ(၄)၊ တရားမ ပြင်ဆင်မှု အမှတ်- ၅၁၆/၁၉၉၂၊  (၂၈-၇-၁၉၉၃) )။

*   ပြန် ခေါ် သက် သေ

 ပြစ်မှုဆိုင်ရာ အမှုတွေမှာ စွဲချက်မတင်မီက စစ်ဆေးခဲ့ပြီးတဲ့ တရားလိုပြ သက်သေတွေကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၆(၁)အရ ပြန်ခေါ်သက်သေအဖြစ် ပြန်လည်ခေါ်ယူ စစ်ဆေးနိုင်ခွင့် ရှိသလိုပဲ၊  တရားမမှုတွေမှာလည်း အမှုရဲ့ မည်သည့်အဆင့်မှာမဆို ပြန်ခေါ်သက်သေ ခေါ်ယူစစ်ဆေးခွင့် ရှိကြောင်း တရားမကျင့်ထုံး ဥပဒေ အမိန့် ၁၈၊ နည်းဥပဒေ ၁၇ မှာ အောက်ပါအတိုင်း ပြဋ္ဌာန်းထား ပါတယ် __

 "တရားရုံးသည် အမှု၏ မည်သည့်အဆင့်တွင်မဆို စစ်ဆေးပြီးသော သက်သေ တစ်ဦးဦးကို ပြန်ခေါ်၍ သင့်သည်ထင်မြင်သော မေးခွန်းများကို ၄င်းအား (သက်သေခံအက် ဥပဒေနှင့် မဆန့်ကျင်စေဘဲ) မေးမြန်းနိုင်သည်။"

 ဒီနည်းဥပဒေအရ အပ်နှင်းထားတဲ့ အာဏာကို တရားရုံးက ၄င်း၏သဘောအလျောက် ( Suomotu or of its own montion ) ကျင့်သုံးနိုင်သကဲ့သို့ အမှုသည် တစ်ဦးဦးရဲ့ လျှောက်ထားချက် အရလည်း ကျင့်သုံးနိုင်ကြောင်း Mulla ရဲ့ The Code of Civil Procedure မှာ ရှင်းလင်းဖော်ပြ ပါရှိတယ်လို့ မှတ်သားရပါတယ်။

 ဒီနည်းဥပဒေရဲ့ သဘောကို ဆရာကြီး ဦးမြ ရှင်းပြရာမှာ -- ဒီနည်းဥပဒေအရ လုပ်ပိုင်ခွင့်ဟာ ကျယ်ပြန့်လို့ တရားရုံးရဲ့ သဘောအတိုင်း ကျင့်သုံးရန် လုပ်ပိုင်ခွင့် ဖြစ်ကြောင်း၊ သို့ရာတွင် ထူးခြားတဲ့ အခြေအနေမျိုး မှာသာ ကျင့်သုံးရန် ဖြစ်ကြောင်း၊ တရားလိုက စစ်ဆေးသော သက်သေကို တရားရုံးရဲ့ ခွင့်ပြုချက်မရဘဲ တရားပြိုင်က ပြန်လည်ခေါ်ယူ စစ်ဆေးခြင်း မပြုနိုင်ကြောင်း၊ ပြန်ခေါ်သက်သေကို တရားရုံးက စစ်ဆေး မေးမြန်းနိုင်ကြောင်း၊ တရားရုံးရဲ့ မေးမြန်းချက်တွေနဲ့ စပ်လျဉ်းလို့ ရုံးခွင့်ပြုချက် မရဘဲ ပြန်လှန်စစ်မေးခွင့် မရှိကြောင်း ရှင်းပြထားတာကို တွေ့ရှိ မှတ်သားရပါတယ်။  စီရင်ထုံးတွေကိုလည်း ဆက်​လက်​ လေ့လာကြည့်ကြရအောင်ပါ __

* အမိန့် ၁၈၊ နည်းဥပဒေ ၁၇ အရ တရားရုံးသည် အမှု၏ မည်သည့်အဆင့်၌မဆို စစ်ဆေးပြီး သက်သေကို ပြန်လည်ဆင့်ခေါ်ပြီး သင့်သည် ထင်မြင်သော မေးခွန်းများကို မေးမြန်းခွင့် ရှိသည်။  အမှုစစ် တရားရုံး၏ ဤစီရင်ပိုင်ခွင့်မှာ တရားရုံး၏ ဆင်ခြင်တုံတရားဖြင့် ကျင့်သုံးရသည့် စီရင်ပိုင်ခွင့် မျိုးဖြစ်ရာ ယင်းအမိန့်မှာ တရားမျှတမှု ဆိုင်ရာ ဆင်ခြင်သုံးသပ်မှုများက၊ သို့မဟုတ် ဥပဒေ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်က ထောက်ခံခြင်း မရှိသည့် အမိန့် မဟုတ်လျှင် သော်လည်းကောင်း၊ မှန်ကန်အောင် တည့်မတ် မပေးသော်လည်း တရားမျှတမှု ကင်းမဲ့ခြင်း ဖြစ်ပေါ်စေမည် မဟုတ်လျှင် သော်လည်းကောင်း တရားလွှတ်တော် သည် ၄င်း၏ ပြင်ဆင်မှု အာဏာများကို ကျင့်သုံးမည် မဟုတ်ပေ။   ( အေ၊အက်စ်၊အေ မဂျစ် (ခ) ကိုလူ နှင့် ပီ၊အေ၊အယ်လ် အလာမဲလူး အချီး ၊  ၁၉၄၈၊ မတစ၊ စာ-၆၇၂) ။

* အမှုသည် တစ်ဘက်ဘက်က ပြန်ခေါ်သက်သေ အဖြစ် ခေါ်ယူ စစ်ဆေးပေးရန် တင်ပြ တောင်းဆိုချက် အပေါ်တွင်လည်း တရားရုံးက သဘောအလျောက် ဤလုပ်ပိုင်ခွင့်ကို ကျင့်သုံး နိုင်သည်။   ( မာဒူဘိုင် နှင့် အမ်သာလာ၊  ၁၉၄၇၊ ဘုံဘေ၊ စာ-၁၅၆) ။

 တရားမမှုတွေမှာ ရုံးခေါ်သက်သေ နဲ့ ပြန်ခေါ်သက်သေ ခေါ်ယူစစ်ဆေးနိုင် ခွင့်ဆိုင်ရာများကို လေ့လာမှတ်သား မိသလောက် ပြန်လည်မျှဝေ ပေးခြင်းသာ ဖြစ်ပါတယ်။  ဥပဒေပညာကို လေ့လာလိုက်စား တန်ဖိုးထားကြသူတို့ အတွက် အနည်းငယ်မျှပင် အကျိုးဖြစ်ထွန်းမည် ဆိုပါလျှင် ကျွန်တော် လေ့လာရှာမှီး မျှဝေရကျိုး နပ်ပြီဟု ခံယူမိပါတယ်။  စာရေးခြင်းအပေါ် ၀ါသနာထုံလို့၊  (လုပ်ငန်းတာဝန်များ ကြားကပဲ) စာရေးသားနေရင်းက စာနဲ့ အမြဲမပြတ် ထိတွေ့ခွင့်ရနေ တဲ့အတွက် စာဖတ်သူ ညီအစ်ကို မောင်နှမများကို အစဉ် ကျေးဇူးတင်လျက် ရှိပါကြောင်း ဤနေရာမှ မှတ်တမ်းတင်အပ် ပါတယ် ခင်ဗျာ။

 ပ ညာ ပြည့် ၀ ၊ နှ လုံး လှ ကြ ပါ စေ ။


လွှမ်းမိုးအောင် (တရားရေး)

16-1-2015   1:22 am.

တရားမမှုတွင် နောက်တိုးသက်သေ လျှောက်ထားခွင့်


တရားမမှုတွင် နောက်တိုးသက်သေ လျှောက်ထားခွင့်


  ပြစ်မှုတွေမှာသာမက တရားမမှုတွေမှာလည်း နောက်တိုးသက်သေ လျှောက်ထားခွင့် ရှိကြောင်းကို ဥပဒေပညာ လေ့လာလိုက်စား နေကြသူတွေအနေနဲ့ အကျယ်တ၀ံ့ ဖတ်ရှုလေ့လာနိုင်စေဖို့ အချက်အလက်များ စုစည်းပြီး ယနေ့ ပြန်လည်မျှဝေ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

ဘယ်လိုအမှုအခင်းမျိုးမှာမဆို အကြောင်းခြင်းရာ တစ်ရပ်ရပ်ကို သက်သေထင်ရှား တင်ပြဖို့အတွက် သက်သေဦးရေ မည်ရွေ့ မည်မျှ ရှိရမည်ဆိုသော ကန့်သတ်ချက် မရှိကြောင်း သက်သေခံအက်ဥပဒေ ပုဒ်မ ၁၃၄ မှာ ပြဋ္ဌာန်းပါရှိ ပါတယ်။  ဒီတော့ တစ်ဘက်ဘက်သော အမှုသည်အနေနဲ့ သက်သေစာရင်းမှာ ကနဦး တင်ပြထားခဲ့ပြီး ဖြစ်တဲ့ သက်သေကိုသာ အမှုမှာ စစ်ဆေးနိုင်တာမျိုး မဟုတ်ဘဲ၊ အမှုမှာ ပေါ်ပေါက်လာတဲ့ သက်သေခံချက် များအရ သော်လည်းကောင်း၊ အမှန်တရား ပေါ်ပေါက်ရေး အတွက်သော်လည်းကောင်း လိုအပ်တဲ့ သက်သေကိုလည်း ရုံးတော်၏ခွင့်ပြုချက်နဲ့ ဆင့်ခေါ်စစ်ဆေးနိုင်ခွင့် ရှိတယ် ဆိုတာကတော့ ယင်း ပုဒ်မ ၁၃၄ အရ မြင်သာထင်ရှားပါတယ်။   သက်သေခံအက် ဥပဒေ ပုဒ်မ ၁၃၅ မှာလည်း သက်သေများအား တင်ပြစစ်ဆေးရန် အစီအစဉ်ကို တရားမကျင့်ထုံး၊ သို့မဟုတ်  ပြစ်မှုကျင့်ထုံးအရ အခါအားလျော်စွာ တည်ရှိသည့် ဥပဒေနည်းလမ်း ရှိသည့်အတိုင်း သတ်မှတ်ရမည်။  ယင်းဥပဒေ နည်းလမ်း မရှိလျှင် တရားရုံးက ဆင်ခြင်တုံတရား လက်ကိုင်ထား၍ သတ်မှတ်ရမည် လို့ ပြဋ္ဌာန်းထားတာကို တွေ့နိုင်ပါတယ်။

  "တရားမမှုများတွင် အမှု၌ သက်သေခံရန်ဖြစ်စေ၊ စာချုပ်စာတမ်းများကို တင်ပြစေရန် ဖြစ်စေ တရားရုံးသို့ လာရောက်ရန် လိုအပ်သူများထံ သမ္မန်စာများ ထုတ်ဆင့်ပေးရေး အတွက် အမှုသည်များက တရားရုံးသို့ အမှုစွဲဆိုပြီးနောက် မည်သည့်အဆင့် တွင်မဆို လျှောက်ထားနိုင်ခွင့် ရှိပေသည် ။ "  (တရားမကျင့်ထုံး ဥပဒေ အမိန့် ၁၆၊ နည်းဥပဒေ ၁)။

"တရားရုံးသို့ လာရောက်ခြင်း၊ ရောက်ရှိခြင်းတို့နှင့် စပ်လျဉ်းသည့် တရားမကျင့်ထုံး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် သော်လည်းကောင်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်နှင့် သော်လည်းကောင်း မဆန့်ကျင်စေဘဲ တရားရုံးသည် အမှုတွင် အမှုသည် တစ်ဦးမဟုတ်သော၊ ထို့အပြင် အမှုသည်တစ်ဦးက သက်သေအဖြစ် ခေါ်ယူခြင်း မပြုသော သူတစ်ဦးဦးကို စစ်ဆေးရန် လိုအပ်သည်ဟု မည်သည့်အခါတွင်မဆို ထင်မြင်လျှင် ချိန်းဆိုသောရက်တွင် သက်သေခံရန် ဖြစ်စေ၊ ထိုသူ့လက်ဝယ်ရှိသော စာချုပ်စာတမ်း တစ်ခုခုကို တင်ပြစေရန် ဖြစ်စေ မိမိသဘောအလျောက် ထိုသူကို သက်သေအဖြစ် ဆင့်ခေါ်စစ်ဆေး နိုင်သည့်အပြင် ထိုသူကို သက်သေအဖြစ် စစ်မေးခြင်း သော်လည်းကောင်း၊ အဆိုပါ စာချုပ်စာတမ်းကို တင်ပြစေခြင်း သော်လည်းကောင်း ပြုနိုင်သည်။"  (တရားမ ကျင့်ထုံး ဥပဒေ အမိန့် ၁၆၊ နည်းဥပဒေ ၁၄)။


  တရားမမှုမှာ နောက်တိုးသက်သေ လျှောက်ထားမှုကို တရားရုံးက ဆင်ခြင်တုံတရားအရ ထည့်သွင်းခွင့် ပြုပေးနိုင်ပုံနဲ့ ပတ်သက်ပြီး အထင်ရှားဆုံးသော စီရင်ထုံးတစ်ခုဖြစ်တဲ့ - ဦးတင်မောင် နှင့် ဦးကြင်သိန်း ပါ(၅) (၁၉၈၂၊ မတစ၊ စာ-၂၆) စီရင်ထုံးကိုလည်း ဖတ်ရှုလေ့လာ မှတ်သားထား သင့်ပါတယ် __
"တရားမမှုများတွင် အမှုစွဲဆိုပြီး နောက်ပိုင်း အမှုသည်များသည် သူတို့ တင်ပြလိုသည့် သက်သေများ အားလုံးသို့ လာရောက်အစစ်ခံရန် အတွက် သမ္မန်စာချ၍ ဆင့်ခေါ်ပေးရန် လျှောက်ထားနိုင် သည်ဟု တရားမကျင့်ထုံး ဥပဒေ အမိန့် ၁၆၊ နည်းဥပဒေ ၁ တွင် ပြဋ္ဌာန်းထားသည်။  ယင်းပြဋ္ဌာန်းချက်တွင် မည်သူတို့ကို သက်သေအဖြစ် ခေါ်နိုင်ကြောင်း သတ်မှတ်ချက် သော်လည်းကောင်း၊ မည်သူတို့ကို သက်သေအဖြစ် မခေါ်နိုင်ဟု ကန့်သတ် ပိတ်ပင်ချက် သော်လည်းကောင်း မရှိပေ။  တရားလိုတစ်ဦးသည် ထိုအမှုမှ တရားပြိုင် တစ်ဦးအား မိမိတင်ပြသော သက်သေအဖြစ်ဖြင့် ခေါ်၍ မစစ်ဆေးနိုင် ဟူ၍လည်း ပိတ်ပင် ကန့်သတ်ထားခြင်း မရှိပေ။"

  တရားမ ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၀(ခ)အရ သက်သေခံ လာရောက်ရန် လိုအပ်တဲ့ နောက်တိုးသက်သေထံသို့ သမ္မာန်စာများ ထုတ်ဆင့်ခြင်းနဲ့ ပတ်သက်လို့ တရားရုံးသည် သတ်မှတ်ထားတဲ့ စည်းကမ်းချက်၊ ကန့်သတ်ချက်များနှင့် မဆန့်ကျင်စေဘဲ မိမိသဘောအလျောက် ဖြစ်စေ၊ အမှုသည် တစ်ဦးဦးရဲ့ လျှောက်ထားချက် အရဖြစ်စေ ဆောင်ရွက်ခွင့် ရှိကြောင်းလည်း လေ့လာတွေ့နိုင်မှာ ဖြစ်ပါတယ်။

  နောက်တိုးသက်သေ လျှောက်ထားခွင့် ဆိုင်ရာ ယခင် တရားရုံးချုပ်ရဲ့ စီရင်ချက်အချို့ကိုလည်း မှတ်သားလေ့လာ နိုင်ကြရန် အလို့ငှာ ပြန်လည်မျှဝေ ပေးလိုက်ပါတယ် __

* အမိန့် ၁၆၊ နည်းဥပဒေ ၁ အရ အမှုသည်တို့ အနေဖြင့် တရားစွဲဆိုပြီးနောက် မည်သည့်အချိန်တွင် မဆို သက်သေခံစေရန် လာရောက်စေသူ တို့ကို ဆင့်ခေါ်ပေးရန် တရားရုံးသို့ တင်ပြ တောင်းဆိုခွင့် ရှိသည်။   ( ဦးနီကြာ နှင့် ဒေါ်တင်လှ၊ တရားမ ပြင်ဆင်မှု အမှတ်- ၈၈/၁၉၉၅၊  (၂-၆-၁၉၉၅) )။

* အမှုတစ်လျှောက်လုံး နောက်တိုးသက်သေ အဖြစ် စစ်ဆေးပေးရန် မတင်ပြခဲ့ဘဲ အမှုပြီးဆုံးခါနီးမှ နောက်တိုးသက်သေ (၃)ဦးကို ခေါ်ယူစစ်ဆေးပေးရန် တင်ပြခြင်းမှာ အမှုကို ကြန့်ကြာအောင် ပြုလုပ်ရာ ရောက်သဖြင့် ခွင့်မပြုသင့်။   ( ဒေါ်တင်မြ နှင့် ဦးသန်းရွှေ၊ တရားမ ပြင်ဆင်မှု အမှတ်- ၃၆၉/၁၉၉၄၊   (၃၀-၃-၁၉၉၅) )။

* နောက်တိုးသက်သေ စာရင်းကို မည်သည့်အကြောင်းကြောင့် တင်သွင်းရကြောင်း ကျိုးကြောင်း ခိုင်လုံစွာ ဖော်ပြခြင်း မရှိလျှင် နောက်တိုးသက်သေ စာရင်းကို ပယ်ခွင့် ရှိသည်။   ( ဦးကိုကိုကြီး နှင့် ဦးတင်ဖေ၊ တရားမ ပြင်ဆင်မှု အမှတ်- ၇၂/၁၉၉၃ )။

* အမှုစွဲဆိုစဉ် အတွင်းရေးမှူးက တရားလိုအဖြစ် အများကိုယ်စားပြု၍ စွဲဆိုခဲ့ပြီးနောက် အမှု အတောအတွင်း၌ အတွင်းရေးမှူး ပြောင်းလဲသွား သောအခါ ထိုမူလ တရားလိုသည် တရားလိုအဖြစ် အစစ်ခံခွင့် မရှိတော့သဖြင့် ၄င်းအား နောက်တိုးသက်သေ အဖြစ် အစစ်ခံနိုင်ခွင့် ရှိသည်။   ( ဒေါက်တာ အိုမ်ပရပ်ကာရ် (ဥက္ကဋ္ဌ) ပါ(၂) နှင့် ရှရီဒီရင် ကူမာရ်ဘီးပ်ပါစ် (ခ) ဦးမြသိန်း (၄င်း၏ တရားဝင် ကိုယ်စားလှယ် ဒေါ်လှရီ)၊ တရားမ ပြင်ဆင်မှု အမှတ်- ၅၃၆/၁၉၉၂၊  (၁၁-၈-၁၉၉၃) )။

* တရားလိုပြ သက်သေစာရင်းတွင် မပါဝင်သူကို နောက်တိုးသက်သေ အဖြစ် စစ်ဆေးရန် တရားပြိုင်ဘက် စစ်ဆေးသည့် အဆင့်တွင် တရားပြိုင်ကို မစစ်ဆေးမီ တင်ပြခြင်းကို အမိန့် ၁၆၊ နည်းဥပဒေ ၁ အရ ခွင့်ပြုနိုင်သည်။  တရားစီရင်ရေး ဥပဒေ ပုဒ်မ ၂(ဓ) တွင်လည်း အမှုတွင် ခုခံချေပခွင့် ပေးရမည့် မူလည်း ရှိသည်။   ( ဒေါ်ရင်ရင်မေ နှင့် ဒေါ်ခင်လှမော်၊  တရားမ ပြင်ဆင်မှု အမှတ်- ၂၄၄/၁၉၉၃၊   (၂၀-၁၀-၁၉၉၃) )။


  ဘယ်လိုအမှု အခင်းမျိုးမှာမဆို နောက်တိုးသက်သေ ထပ်မံတင်ပြခြင်းကို ပုံသေကားချပ် သတ်မှတ် လက်ခံလို့ မရနိုင်ပါဘူး။   အမှုမှာ ပေါ်ပေါက်နေတဲ့ အခြေအနေနဲ့ အမှန်တရား ပေါ်ပေါက်ရေး အတွက် အထောက်အကူ ဖြစ်စေမယ့် သက်သေခံချက်အရ ပေါ်ပေါက်​နေတဲ့ အချက်တွေကို ရုံးတော်က ဆင်ခြင်တုံတရားနဲ့ စိစစ်သုံးသပ်ပြီးမှသာ ဥပဒေနှင့်အညီ အဆုံးအဖြတ် ပြုပေးကြရမှာပဲ ဖြစ်ပါတယ်။

  နှ လုံး စိတ် ၀မ်း အေး ချမ်း ကြ ပါ ​စေ ။

လွှမ်းမိုးအောင် (တရားရေး)


15-1-2015   1:15 am.

သက်သေအမျိုးမျိုးအကြောင်း သိကောင်းစရာ


သက်သေအမျိုးမျိုးအကြောင်း သိကောင်းစရာ


 ဒီနေ့တော့ စိတ်ပါဝင်စားဖွယ် ကောင်းတဲ့ "သက်သေအမျိုးမျိုး အကြောင်း"ကို ဥပဒေပညာရှင် များရဲ့ ဋီကာများမှတဆင့် ပညာယူကာ အစီအစဉ်တကျ ပြန်လည်မျှဝေ တင်ပြသွားဖို့ ရှိပါတယ်။    တရားရုံးများဟာ အမှုအခင်းတွေ စီရင်ဆုံးဖြတ်ရာမှာ နှစ်ဘက်သက်သေ သက္ကာယများရဲ့ တင်ပြထွက်ဆို ချက်များအရပဲ မည်သည်က မှားသည်၊ မည်သည်က မှန်သည်ကို စိစစ်သုံးသပ် ဆုံးဖြတ်ပေး ကြရတာ ဖြစ်လို့ စာရှုသူတို့ အနေနဲ့ သက်သေအမျိုးမျိုး အကြောင်းကို လေ့လာထားသင့်ပါတယ်။

 သက်သေအမျိုးမျိုး ရှိပါတယ်။  သက်သေခံဥပဒေနှင့် စပ်ဆိုင်ပတ်သက်တဲ့ သက်သေများ ဖြစ်သော ကလေးသက်သေ၊ သူရူးသက်သေ၊ ဆွံ့အသက်သေ၊ လင်မယားသက်သေ၊ ဆွေမျိုးသက်သေ၊ ကြုံကြိုက်သက်သေများ အကြောင်းကို ဆွေးနွေးတင်ပြပါ့မယ်။   ဒီလို .......သက်သေ အခေါ်အဝေါ်တွေ ကတော့ ပြဋ္ဌာန်းဥပဒေ ပုဒ်မများနဲ့ စီရင်ထုံးများပါ ဖော်ပြချက်များအရ ခြုံငုံမိစေရန် မှတ်သားရ လွယ်ကူအောင် ခေါ်ဝေါ်သုံးစွဲ ပေးထားခြင်းလည်း ဖြစ်ပါတယ်။  ယင်းသက်သေများ အကြောင်းကို ဥပဒေ ပညာရှင်များရဲ့ အသုံးချဋီကာများမှ ကောက်နုတ်စုစည်းပြီး ဒီပို့စ်လေးမှာ မျှဝေတင်ပြပေးမှာ ဖြစ်ပါတယ်။

 သက်သေခံဥပဒေ ပုဒ်မ ၁၁၈ မှာ အောက်ပါအတိုင်း ပြဋ္ဌာန်းပါရှိပါတယ်။
(ပုဒ်မ-၁၁၈) " မည်သူမဆို သက်သေခံနိုင်ခွင့် ရှိသည်။  သို့ရာတွင် အသက်အရွယ် နုနယ်သောကြောင့် သော်လည်းကောင်း၊ အလွန်အိုမင်း သောကြောင့် သော်လည်းကောင်း၊ ကိုယ်၌ဖြစ်စေ၊ စိတ်၌ဖြစ်စေ ရောဂါ စွဲကပ်ခြင်းကြောင့် သော်လည်းကောင်း၊ အလားတူဖြစ်သော အခြားအကြောင်း တစ်ခုခုကြောင့် သော်လည်းကောင်း မိမိအား မေးမြန်းသည့် မေးခွန်းများကို နားမလည်နိုင်သူ၊ သို့မဟုတ် ဆင်ခြင် တိုင်းထွာ၍ ဖြေဆိုခြင်း မပြုနိုင်သူဟု တရားရုံးက ထင်မြင်ယူဆလျှင် ထိုသူကို သက်သေခံခွင့် မပြုရ။ "

သက်သေခံဥပဒေ ပုဒ်မ ၁၁၈ အရ လူတစ်ဦးဟာ မေးမြန်းတဲ့ မေးခွန်းကို နားလည်ရင်၊ ဒါမှမဟုတ် ကြောင်းကျိုး ဆီလျော်စွာ ဖြေဆိုနိုင်စွမ်း ရှိရင် ၎င်းဟာ တရားရုံးမှာ သက်သေခံနိုင်မှာ ဖြစ်ပါတယ်။  သက်သေခံနိုင်သူ တစ်ဦးကို သာမန်အားဖြင့်တော့ သက်သေခံဖို့ အတင်းအကြပ် ပြုနိုင်ပါတယ်။  ပုဒ်မ ၁၂၁ မှ ၁၃၂ အထိပါ ပြဋ္ဌာန်းချက်များအရ သက်သေခံ လာရောက်တဲ့သက်သေကို အချို့သော မေးခွန်းများ မေးမြန်းခြင်း မပြုနိုင်ပါဘူး။  သက်သေခံနိုင်သူတိုင်းရဲ့ ထွက်ဆိုချက်တိုင်းဟာ သက်သေခံ ၀င်နေတာလား ဆိုတော့ မဟုတ်ပါဘူး။  တဆင့်ကြားစကား၊ တရားခံက ရဲထံပေးတဲ့ ဖြောင့်ချက်မျိုးတွေ ကတော့ သက်သေခံ ၀င်မှာမဟုတ်ပါဘူး။  မှတ်သားသင့်တဲ့ အချက်တစ်ခု ရှိပါတယ်။  အဲဒါက တရားခံနှစ်ဦး အနက် တစ်ဦးဟာ တရားရှင်လွတ်သွား ခဲ့မယ်ဆိုရင် ထိုသို့ လွတ်သွားသော တရားခံဟာ အဆိုပါအမှုမှာပဲ သက်သေခံနိုင်ခွင့် ရှိသေးတယ် ဆိုတာကို မှတ်သားရပါမယ်။

* ကလေးသက်သေ

""""""""""""""""""""""
 အပတ် နှင့် အစိုးရ (၁၉၄၀၊ ရန်ကုန်စီရင်ထုံး၊ စာ-၁၀၄)တွင် __ "ကလေးသူငယ်သက်သေ (Child Witness) တစ်ဦးကို သက်သေအဖြစ် မစစ်ဆေးမီ မေးခွန်းများကို နားလည်နိုင်မည် ဟုတ်၊မဟုတ်နှင့် အကြောင်းနှင့် လျော်ညီစွာ ဖြေဆိုနိုင်ခြင်း ရှိ၊မရှိ သိရှိရန်အတွက် ၎င်းအား တရားရုံးက မေးခွန်းများထုတ်၍ မေးမြန်းရမည်။  ထို့နောက် အထက်ပါ အချက်များနှင့် ပတ်သက်၍ ကျေနပ်မှသာလျှင် အမှုတွင် သက်သေ အဖြစ် စစ်ဆေးရမည်" ဟု ညွှန်ပြထားပါတယ်။

 မောင်မြမောင် နှင့် နိုင်ငံတော် (၁၉၆၀၊ မတစ (လွှတ်ချုပ်)၊ စာ-၂၀) တွင် __ "အသက်အရွယ် နုနယ် လူမမယ်ကလေးများ၏ သက်သေခံချက်ကို အထူးသတိချပ်၍ ချိန်ဆ ဝေဖန်ရမည်။  အကြောင်းကား အသက်အရွယ် နုနယ် လူမမယ်ကလေးများသည် လူမသမာများ မဟုတ်မမှန် လုပ်ကြံသင်ပေးသည်ကို ယုံလွယ်၍ မှတ်လွယ်ကြသောကြောင့် ဖြစ်သည်။  ယင်းသို့ လူမမယ်ကလေးများကို သက်သေထူသည့် အခါ၌ သက်သေအဖြစ် စစ်ဆေးခြင်းမပြုမီ သင့်တော်သော ပဏာမ မေးခွန်းများ မေး၍ မေးသည့်မေးခွန်းကို နားလည်သလော၊ အဖြေများကို မိမိအသက် အရွယ်အလျောက် သာမန်လူများကဲ့သို့ ဖြေဆိုနိုင်သလော ဟု စဉ်းစားဆုံးဖြတ် ရမည်ဖြစ်သည်။  ယင်းသို့ မေးမြန်းဆုံးဖြတ်ကြောင်းကို အမှုတွဲတွင် ပေါ်လွင်အောင် တနည်းနည်းဖြင့် ဆောင်ရွက်သင့်သည်။  သို့မှသာလျှင် အယူခံရုံးတော်က သက်ရွယ်နုနယ်သူများကို သက်သေခံဥပဒေ ပုဒ်မ ၁၁၈ အရ သက်သေခံနိုင် လောက်သောသူများ ဟုတ်၊မဟုတ်ကို ချိန်ဆနိုင်မည် ဖြစ်သည်" ဟု လမ်းညွှန်ထုံးဖွဲ့ထားပါတယ်။

 မောင်ဖြူ နှင့် နိုင်ငံတော် (၁၉၆၅၊ မတစ (ရုံးချုပ်)၊ စာ-၃၇၈)တွင် __ "ကလေးသက်သေကို စစ်ဆေး လက်ခံခြင်းနှင့် ပတ်သက်၍ မှတ်သားရန်မှာ အမှုသည်ဆိုသည်မှာ တစ်မှုနှင့်တစ်မှု အကြောင်းခြင်းရာ အားဖြင့် ထပ်တူထပ်မျှ ပေါ်ထွက်ကြသည်မဟုတ်။  ဤအမှု၌ ကလေးသက်သေကို စစ်ဆေးသော တရားသူကြီးက ၎င်းက ကိုယ်တိုင်တွေ့မြင်ပြီးလျှင် မေးခွန်းများကို မေးကာ ၎င်းကလေးက နားလည်သည်၊ ရေရေလည်လည် ဖြေကြားနိုင်သည်ဟု မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။  ထို့ကြောင့် ၎င်းအား လက်ခံစစ်ဆေးခြင်းသည် တရားမျှတသည်ဟု ယူဆရမည်ဖြစ်သည်။" ဟူ၍ စီရင်ထုံးဖွဲ့ထားပါတယ်။

 မောင်ထွန်းမြင့် နှင့် နိုင်ငံတော် (၁၉၆၆၊ မတစ (ရုံးချုပ်)၊ စာ-၄၄၉)တွင်လည်း__ "သက်သေတစ်ဦးသည် အသက်ပင် ငယ်ရွယ်သော်လည်း အသိဥာဏ်နှင့် ပြည့်စုံပြီး အမှုတွင် ပေါ်ပေါက်လျက် ရှိနေသော ပြစ်မှုခြင်းရာများအရ လိမ်လည်ထွက်ဆိုရန် အကြောင်းမရှိက ၎င်း၏ ထွက်ဆို ချက်ကို လက်မခံနိုင်စရာ အကြောင်းမရှိ။  သို့ရာတွင် အသက်အရွယ် နုနယ်သည့် ကလေးသက်သေ များသည် မသမာသူတို့က လုပ်ကြံကာ သင်ကြားထားသည့်အတိုင်း ယုံလွယ်၊ မှတ်လွယ်ကြသောကြောင့် ယင်းသက်သေ ထွက်ချက်မျိုးကို သတိကြီးစွာဖြင့် လက်ခံရမည်။"ဟု ဖော်ပြထားတာကို တွေ့ရပါတယ်။

 (၁၂)နှစ်အောက် ကလေးသူငယ်သက်သေမှအပ အခြားကလေး သက်သေတွေကို စစ်ဆေးတဲ့ အခါမှာ လူကြီးသက်သေများလိုပဲ ကျမ်း၊ သို့မဟုတ် ကတိသစ္စာ ပြုစေပြီး သက်သေခံစေရပါတယ်။  ကလေးသက်သေ အချို့ကို ကျွန်တော် စစ်ဆေးဖူးပါတယ်။  ကျွန်တော် စစ်ခဲ့ဖူးသမျှ ကလေးသက်သေ အများစုဟာ ရိုးသားကြတယ်။ ပွင့်လင်းကြတယ်။ ရေရေလည်လည် သဘောပေါက်လွယ် ကြတယ်။  အချို့သော ကလေးတွေဟာ အဖြစ်မှန်ကို ရည်ရွယ်ထွက်ဆိုကြတဲ့ နေရာမှာ အမှန်ကို ထွက်ဆိုလင့်ကစား တစ်ဦးဦးက သိလိုလို့ စူးစမ်းမေးမြန်းတဲ့ အချို့သော ကိစ္စရပ်မျိုးတွေမှာ သူတို့ရဲ့ ထင်ရာမြင်ရာကို မှန်းဆပြီး လွယ်လင့်တကူ ပြောဆိုတတ်ကြ တာကိုလည်း ကျွန်တော် သတိထားမိ ခဲ့ပါတယ်။  ကလေးတိုင်းတော့ မဟုတ်ပါဘူး။  အများစုလို့ ပြောရင်တော့ ရပါတယ်။  ဒါ့အပြင် ကလေးသက်သေ အချို့ဟာ ရိုးရှင်းစွာနဲ့ အစီအစဉ်တကျ မေးမြန်းတဲ့ ပြန်လှန်မေးခွန်း တိုက်စစ်မျိုးကို ရေလည်သဘောပေါက်စွာ ဖြေဆိုနိုင်တာကို တွေ့ရတတ်သော်လည်း၊ တခါတရံ ကြားဖောက်ပြီး ဟိုရောက်၊ ဒီရောက် မေးမြန်းခဲ့ရင်တော့ စိတ်ပျက်အားလျော့သွား တတ်ကြပြီး ကြာကြာ မေးမြန်းနေတာနဲ့အမျှ စိတ်မပါတော့ဘဲ ခေါင်းညိမ့်၊ ခေါင်းခါ၊ ဟုတ်တယ်၊ မဟုတ်ဘူး၊ ဟိုငေး၊ ဒီငေးနဲ့ နေတတ်ကြတာ မျိုးကိုလည်း မြင်တွေ့ခဲ့ရဖူးပါတယ်။  ကလေးသက်သေတွေကို တစ်ဘက်ဘက်က စစ်ဆေး မေးမြန်းတဲ့အခါမှာ ကျယ်လောင်စွာ အော်ဟစ်မေးမြန်းခြင်း၊ ငေါက်ငမ်းမေးမြန်းခြင်း၊ သရော်သယောင် မေးမြန်းခြင်းတို့ကို တရားရုံးက အထူးထိန်းကျောင်း တားမြစ်သင့်ပါတယ်။  သူတို့လေးတွေရဲ့ ရိုးသားမှုတွေက အမှုမှန် ပေါ်ပေါက်စေဖို့အတွက် အားတစ်ရပ် ဖြစ်တယ်ဆိုတာကို သတိမူထား သင့်ပါတယ်။

* သူရူးသက်သေ

"""""""""""""""""""
 ရူးသွပ်တဲ့သက်သေနဲ့ ပတ်သက်လို့ သက်သေခံဥပဒေ ပုဒ်မ ၁၁၈ ရဲ့ ရှင်းလင်းချက်မှာ အောက်ပါအတိုင်း ပြဆိုထားပါတယ်။
"ရူးသွပ်သူတစ်ယောက်သည် မိမိအား မေးမြန်းသည့် မေးခွန်းများကို နားလည်နိုင်စွမ်း မရှိ၊ ဆင်ခြင်တိုင်းထွာ၍ ဖြေဆိုနိုင်စွမ်းလည်း မရှိလောက်အောင် ရူးသွပ်နေသည့် အခြေအနေမျိုး မဟုတ်လျှင် သက်သေခံနိုင်ခွင့် ရှိသည်။"
 ရူးသွပ်သောသူဟာ ၎င်း စိတ်ကောင်းဝင်နေချိန်မှာ မေးမြန်းတဲ့ မေးခွန်းများကို နားလည် သဘောပေါက်ပြီး ကျိုးကြောင်းဆီလျော်စွာ ဖြေဆိုနိုင်တဲ့ အခါမျိုးမှာ ၎င်းကို သက်သေအဖြစ် အစစ်ခံနိုင်ခွင့် ရှိကြောင်း ဒီပုဒ်မရဲ့ ရှင်းလင်းချက်မှာ ဖော်ပြထားခြင်း ဖြစ်ပါတယ်။  ဒီလို သူရူးသက်သေမျိုး အမှုမှာ ပါလာတယ် ဆိုရင်တော့ ရုံးအနေနဲ့ အထူးသတိထားကာ ချင့်ချိန်စိစစ်ပြီးမှသာ တင်ပြလာတဲ့ သူရူးသက်သေကို သက်သေအဖြစ် လက်ခံစစ်ဆေးရန် သင့်၊ မသင့်ကို စဉ်းစားဆုံးဖြတ်သင့်ပါတယ်။

* ဆွံ့အသက်သေ

""""""""""""""""""""
 သက်သေခံဥပဒေ ပုဒ်မ ၁၁၉ တွင် "စကားမပြောနိုင်သော သက်သေတစ်ဦးသည် စာရေးသား တင်ပြခြင်း၊ သို့မဟုတ် လက်ရိပ်ခြေရိပ်ပြခြင်း ကဲ့သို့ သူတစ်ပါး နားလည်နိုင်သော အခြားနည်း တစ်နည်းနည်းဖြင့် သက်သေ တင်ပြနိုင်သည်။  သို့ရာတွင် ထိုကဲ့သို့ စာရေးသား တင်ပြခြင်း၊ သို့မဟုတ် လက်ရိပ်လက်ခြေပြခြင်းကို တရားရုံးတွင် လူအများရှေ့၌ ပြုလုပ်ရမည်။  ထိုကဲ့သို့ တင်ပြသော သက်သေခံချက်ကို နှုတ်သက်သေခံချက်ဟု မှတ်ယူရမည်။" လို့ ပြဋ္ဌာန်းပါရှိတာကို တွေ့ရပါတယ်။
 ဒီအချက်ကို ဆရာ ဦးသက်ဖေက ဝေဖန်ထားတာကတော့ စကားမပြောနိုင်တဲ့ သက်သေဟာ စာတတ်သူဖြစ်မယ်ဆိုရင် စာရေးသား၍ သက်သေထွက်ဆိုစေခြင်းက အမူအရာ လက်ဟန်ခြေဟန်နဲ့ တင်ပြနေခြင်းထက် ပိုမို စိတ်ချရမှာဖြစ်ကြောင်း၊ စာမတတ်မှသာ အမူအရာ ပြသပြီး ထွက်ဆိုစေရမှာ ဖြစ်ကြောင်း၊ စကားမပြောနိုင်သော သက်သေဟာ သက်သေခံနိုင်သူလည်း ဖြစ်ရန်လိုမှာ ဖြစ်တဲ့အကြောင်း၊ ဒါပေမယ့် မေးခွန်းကို နားမလည်နိုင်သည့်၊ သို့မဟုတ် အကြောင်းအားလျော်စွာ ဖြေဆိုခြင်းမပြုနိုင်သည့် စကားမပြောနိုင်သူဟာ သက်သေခံခြင်း မပြုနိုင်ကြောင်း ဝေဖန်ပြထားတာကို လေ့လာမှတ်သားရပါတယ်။

* လင်မယားသက်သေ

"""""""""""""""""""""""""
 တရားမမှုများ အားလုံးမှာ အမှုသည် နှင့် အမှုသည်ရဲ့ ခင်ပွန်း (သို့မဟုတ်) ဇနီးဖြစ်သူဟာ သက်သေအဖြစ် အစစ်ခံနိုင်သူ ဖြစ်ကြောင်း၊  ရာဇ၀တ်မှုခင်းများမှာလည်း တရားစွဲဆိုခြင်း ခံရသူရဲ့ ခင်ပွန်း (သို့မဟုတ်) ဇနီးဖြစ်သူဟာ သက်သေအဖြစ် အစစ်ခံနိုင်သူ ဖြစ်ကြောင်း သက်သေခံဥပဒေ ပုဒ်မ ၁၂၀ မှာ ပြဋ္ဌာန်းထားပါတယ်။
 သက်သေခံဥပဒေ ပုဒ်မ ၁၂၂ မှာ လင်ယောကျာ်းနှင့် မယားဖြစ်သူတို့ဟာ ၎င်းတို့ လက်ထပ်ထိမ်းမြား ပေါင်းသင်း နေစဉ်အတွင်း တစ်ဦးက တစ်ဦးကို ပြောဆိုတဲ့စကားတွေကို အမှုမှာ သက်သေခံ တင်ပြခွင့်မရှိပါဘူး။  ခြွင်းချက်အားဖြင့်တော့__ ပြောကြားသူ (သို့မဟုတ်) ၎င်း၏အကျိုးကို ဆက်ခံသူက သဘောတူလျှင်ဖြစ်စေ၊ လင်မယားချင်း ဖြစ်ပွားသော တရားမမှုမှာ ဖြစ်စေ၊ တစ်ဦးက တစ်ဦး အပေါ် စွဲဆိုတဲ့ ရာဇ၀တ်မှုမှာ ဖြစ်စေ ပြောဆိုတဲ့စကား တွေကိုတော့ သက်သေခံတင်ပြခွင့် ရှိတယ်လို့ ပါရှိပါတယ်။

* ဆွေမျိုးသက်သေ

"""""""""""""""""""""
 မောင်ချစ်လှ ပါ-၆ နှင့် နိုင်ငံတော် (၁၉၆၆၊ မတစ (ရုံးချုပ်)၊ စာ-၉၇၈)၌__  "ရာဇ၀တ်မှုများတွင်သက်သေများသည် စွပ်စွဲသူနှင့် ဆွေမျိုးတော်စပ်သည့် အကြောင်းကြောင့် သက်သေတို့၏ ထွက်ချက်ကို လက်မခံရ ဆိုသော တားမြစ်သည့် ဥပဒေ မရှိချေ။  သက်သေတစ်ဦးဦးအား ယုံကြည်သင့်၊မသင့် ဆိုသော ပြဿနာနှင့် ပတ်သက်၍ ထိုသက်သေသည် အမှုဖြစ်ပွားပုံကို တွေ့မြင်နိုင်ရန် အကြောင်းရှိ၊မရှိ၊  ကွယ်ထောင့် လိမ်လည်၍ ထွက်ဆိုရန် အကြောင်းရှိ၊မရှိ၊  ၎င်း၏ထွက်ချက်သည် အမှုဖြစ်အကြောင်း ခြင်းရာများနှင့် ဆီလျော်အပ်စပ်ခြင်း ရှိ၊မရှိ ဆိုသည့် အချက်အလက်များအပေါ် မူတည်၍ အဆုံးအဖြတ် ပြုရမည် ဖြစ်သည်"ဟု စီရင်ထုံးဖွဲ့ထားတာကိုလည်း လေ့လာမှတ်သားသင့်ပါတယ်။
 "ပြစ်မှုဆိုင်ရာအမှုများနှင့်ပတ်သက်၍ သက်သေခံဥပဒေတွင် သက်သေများသည် တရားလိုနှင့်ဆွေမျိုး တော်စပ်သည့် အကြောင်းကြောင့် ယင်းသက်သေများ၏ထွက်ချက်ကို လက်မခံရ ဟု  တားမြစ်ထားသော ပြဌာန်းချက်မရှိချေ။"
မောင်စံလွင်(ခ)နသီး နှင့်  ဆိုရှယ်လစ် (၁၉၇၈ ၊ မတစ၊ စာ- ၂၄)

* ကြုံကြိုက်သက်သေ

"""""""""""""""""""""""""
  ဦးလှထွန်း နှင့် ဦးထီ (၁၉၆၆၊ မတစ (ရုံးချုပ်)၊ စာ-၁၅၉၉) စီရင်ထုံးမှာ__ "ကြုံကြိုက်သက်သေများ (Chance Witness) တို့၏ ထွက်ချက်များကို သတိနှင့် လက်ခံရမည်ဖြစ်သည်။  ကြုံကြိုက်သက်သေတိုင်း မမှန်သက်သေ ဖြစ်သည်ဟု မဆိုနိုင်သော်လည်း ထိုသက်သေမျိုးကို အလွယ်တကူနှင့် ပြနိုင်သည့် အလျောက် ခြွင်းချက်မရှိ လက်ခံခြင်း မပြုနိုင်ပေ" ဟူ၍လည်း မှတ်သားဖွယ် စီရင်ဆုံးဖြတ်ထားတာကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
(ထပ်မံမှတ်သားဖွယ် စီရင်ထုံး)
"အခြားထောက်ခံသက်သေမရှိဘဲ ကြုံကြိုက်သက်သေ၏ သက်သေခံချက်ကို မယုံကြည်ထိုက်ပေ။"
 ဦးအောင်စိန် နှင့် ဦးခင်ဆင့် (၁၉၇၈ ၊ မတစ၊ စာ - ၁၂၇)

 အထက်မှာ အမျိုးမျိုးသော သက်သေများရဲ့အကြောင်းကို မျှဝေတင်ပြခဲ့ပြီး ပါပြီ။  ရိုးသားတဲ့ သက်သေ ဟုတ်၊မဟုတ် ဆိုတာကို သက်သေရဲ့ အပြောအဆို၊ အမူအရာ၊ ဥပဓိ၊  အရိပ်အကဲ စတာတွေကိုကြည့်ပြီး အကဲဖြတ်နိုင်တာမျိုးလည်း ရှိပါတယ်။ တရားရုံး ရှေ့မှောက်မှာ အချို့သော သက်သေတွေဟာ အဖြစ်မှန်အတိုင်း တစ်ခွန်းမကျန် ပြောပြထွက်ဆိုတတ် ကြသလို၊ အချို့ကလည်း အမှန်နှင့် အမှားကို ရောထွေး တင်ပြထွက်ဆို ကြတာမျိုးလည်း ရှိပါတယ်။  သက်သေတွေဟာ အမှတ်တမဲ့ဖြစ်ခြင်း၊ သတိမေ့ခြင်း၊ မှတ်ဥာဏ် ချွတ်ချော်ခြင်း၊ ကာလကြာညောင်းခြင်း အကြောင်းရင်း တစ်ခုခုကြောင့် အလွဲအမှား တင်ပြထွက်ဆိုတတ် ကြတာမျိုး ရှိသလို၊ ထင်မြင်ချက်တွေနဲ့ ရော်ရမ်းမှန်းဆပြီး ထွက်ဆိုတတ်ကြ တာမျိုးလည်း ရှိတတ်ပြန်ပါတယ်။  အချို့သော သက်သေများ ကျပြန်တော့ တစ်ဦးတစ်ယောက်ရဲ့ သင်ကြားလမ်းညွှန်မှု ကြောင့် မှန်တာထက် ပို၍သော်လည်းကောင်း၊ လျော့ပေါ့၍ သော်လည်းကောင်း ထွက်ဆိုတာမျိုးလည်း ရှိတတ်တာမို့ သက်သေများကို စစ်ဆေးနေစဉ်မှာ အမှုစစ်ဆေးသူ၊ စီရင်ဆုံးဖြတ်ရသူ များအားလုံးက အထူးသတိ ၀ီရိယထား စစ်ဆေး၊ စီရင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

 အချိန်ကြာမြင့်သော်လည်း အသေးစိတ် အချက်အလက်များကို အတိအကျ ဖော်ထုတ်ပြောဆိုတဲ့ သက်သေမျိုးကို သတိပြုသင့်ပါတယ်။  သင်ထား ကျက်ထားလို့များ ဒီလောက် တိကျနေရတာလားလို့ ချင့်ချိန်စဉ်းစား သင့်ပါတယ်။ အချို့အချက်တွေကို မမှတ်မိတော့ပါဘူးလို့ ပြောတဲ့သက်သေနဲ့ မှားပြီး ပြောတဲ့ သက်သေတွေကို လုံးဝ တန်ဖိုးမရှိတဲ့သက်သေလို့တော့ တရားသေ ပြောလို့မရပါဘူး။  တရားရုံးမှာ သက်သေခံတဲ့အခါမှာ လူ့သဘာဝအရ မိမိရဲ့အမှုသည်အတွက် အကျိုးရှိမယ့် အချက်တွေကို ချဲ့ထွင်ပြောကြ တာမျိုးတွေ ရှိတတ်ပါတယ်။  ထိခိုက်မယ့်အချက် ကျပြန်တော့ လျော့လျော့ပေါ့ပေါ့ ထွက်ဆို တတ်ကြတာမျိုး တွေလည်း ရှိပါတယ်။  အထူးချင့်ချိန်စဉ်းစားကြရမှာ ဖြစ်ပါတယ်

 ဆရာ ဦးဗကြိုင် လမ်းညွှန်ပြခဲ့တာကတော့ သက်သေတစ်ဦးရဲ့ အမူအရာ၊ ပြန်လှန်မေးခွန်းအပေါ် သက်သေရဲ့ ဖြေကြားပုံ၊ သက်သေရဲ့ အခြား စာရွက်စာတမ်းများ၊ (သို့မဟုတ်) အငြင်းပွားချက် မရှိတဲ့ အကြောင်းအချက်များနဲ့ ညီညွတ်ပုံ (သို့မဟုတ်) ကွဲလွဲပုံ၊ သက်သေရဲ့ အဖြေဟာ သဘာဝယုတ္တိ ရှိ မရှိ၊ ဖြစ်တန်ရာသည်၊ ဟုတ်မှန်ရာသည် (သို့မဟုတ်) ဖြစ်နိုင်၊ မဖြစ်နိုင်၊ အခြားသက်သေခံချက်များနဲ့ စပ်ဟပ် ညီညွတ်မှု ရှိ၊မရှိ၊ ရှေ့နောက်ညီညွတ်မှု ရှိ၊မရှိ စတဲ့ အချက်အလက်တွေကို သေချာစွာ အစွဲအလမ်း မထားဘဲ၊ ယထာဘူတာကျကျ ဆင်ခြင်သုံးသပ် ချင့်ချိန်ပြီး သက်သေတစ်ဦးကို မည်မျှအထိ မည်သည့် သက်သေခံချက်နှင့် စပ်လျဉ်း၍ ယုံကြည်သင့်တယ် ဆိုတာကို ဆုံးဖြတ်ရမယ်လို့ လမ်းညွှန်ခဲ့တာကို မှတ်သားထားသင့်ပါတယ်။

လွှမ်းမိုးအောင် (တရားရေး)

31-12-2014   1:41 am.

ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် (Obiter Dictum) အကြောင်း


ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် (Obiter Dictum) အကြောင်း


  Facebook မှာ ကို Linn Khaing မျှဝေပေးခဲ့သော ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် (Obiter Dictum) နဲ့ ပတ်သက်တဲ့ ဒေါ်ရင်ရင်မေ နှင့် ဒေါ်ခင်လှမော်၊ ၁၉၉၈ ခုနှစ်၊ မတစ၊ စာ-၂၃၉ (စုံညီ) စီရင်ထုံးကို ဖတ်ရှုလိုက်ရလို့၊ ယခင် တရားရေးဂျာနယ် (အတွဲ-၁၊ အမှတ်-၁)မှာ မောင်ပွင့်သာ ရေးသားခဲ့တဲ့ "ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် (Obiter Dictum)" အကြောင်းကို ပြန်လည်အမှတ်ရမိခဲ့ပါတယ်။  ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် ဆိုတာကို ဥပဒေပညာ လေ့လာလိုက်စားကြသူ အများစုက သိရှိနားလည် သဘောပေါက်ကြပြီး ဖြစ်မယ်လို့တော့ ထင်ပါတယ်။  ဒါပေမယ့် မသိကြ သေးသူတွေ၊ သတိမထားမိ သူတွေလည်း ရှိမယ် ထင်လို့ ဒီပို့စ်လေးနဲ့ လေ့လာမျှဝေပေးလိုက်ပါတယ်။

 တရားရုံးတွေက အမှုတွေမှာ စီရင်ချက် ချမှတ်ကြရာမှာ အမှုရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ် ပြုဖို့အတွက် အရေးပါတဲ့ ပြဿနာရပ်တွေအပေါ် ဝေဖန်သုံးသပ် ဆုံးဖြတ်ကြရပါတယ်။ တစ်ခါတစ်ရံမှာ ဆုံးဖြတ်ရမယ့် ပြဿနာနဲ့ မသက်ဆိုင်ပေမယ့်လည်း အမှုစွဲဆိုပုံ စွဲဆိုနည်း၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေ အယူအဆ စတာတွေနဲ့ ပတ်သက်လာခဲ့ရင် တရားရုံးက ပညာပေးတဲ့အနေနဲ့ စီရင်ချက်မှာ အပိုသုံးသပ် မှတ်ချက်ပြုတာမျိုးတွေလည်း ရှိတတ်ပါတယ်။  အဲဒီလို ပညာပေးသော အပို သုံးသပ် ဆုံးဖြတ်ချက်မျိုးကို ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် (Obiter Dictum)လို့ ခေါ်ပါတယ်။  ဒီလို ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် မျိုးဟာ အမှုရဲ့ ပင်မပြဿနာကို ဆုံးဖြတ်ပေးတာမျိုး မဟုတ်လို့ ယင်းဆုံးဖြတ်ချက်ကို လိုက်နာဖို့တော့ တာဝန်မရှိမှာ မဟုတ်ပါဘူး။

 ဒေါ်အုန်းစိန် နှင့် ဒေါ်နှင်းဆီ (၁၉၆၀ ပြည့်နှစ်၊ မတစ၊ စာ-၂၆၄)အမှုကို ကနဦး လေ့လာ ကြည့်ရအောင်ပါ။ အမှုကို အယူခံတင်သွင်းရာ၌ ကာလစည်းကမ်းသတ် ကျော်လွန်ရခြင်းမှာ ရှေ့နေ၏ပေါ့ဆမှု ကြောင့်ဖြစ်၍ ကာလစည်းကမ်းသတ် ဥပဒေ ပုဒ်မ ၅ အရ ကာလစည်းကမ်းသတ် ကျော်လွန်ခြင်းကို ခွင့်ပြုရန် တင်ပြခဲ့ရာ တရားရုံးချုပ်က ရှေ့နေအနေဖြင့် ပေါ့ဆခြင်းသည် ပုဒ်မ ၅ အရ စည်းကမ်းသတ် ကာလကို တိုးချဲ့ပေးရန် အကြောင်းမဟုတ်ကြောင်း ဆုံးဖြတ်ပေးခဲ့ပြီးနောက်၊ ဆက်လက်ပြီး ဆုံးဖြတ်ပေးခဲ့တာက "ရှေ့နေကြောင့် အမှုသည် နစ်နာလျှင် ရှေ့နေအပေါ် အရေးယူရန်သာ ဖြစ်သည်" ဆိုပြီး ဆုံးဖြတ်ပေးခဲ့ပါတယ်။  အဆိုပါ ဒုတိယ သုံးသပ်ဆုံးဖြတ်ချက်ဟာ အမှုမှာ စဉ်းစားသုံးသပ် ဆုံးဖြတ်ပေးရမယ့် ပင်မပြဿနာနဲ့ သက်ဆိုင်ခြင်း မရှိလို့ ဒါဟာ "ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက်" ဖြစ်တယ်ဆိုတာကို သတိပြု လေ့လာမှတ်သားကြရမှာ ဖြစ်ပါတယ်။  အမှုမှာ ယင်းဆုံးဖြတ်ချက်ဟာ ဥပဒေ အယူအဆနဲ့ ပတ်သက်ပြီး ပညာပေးတဲ့သဘော သက်ရောက်တဲ့ ဆုံးဖြတ်ချက်မျိုးသာ ဖြစ်တာမို့ အမှုအတွက် အကျိုး သက်ရောက်မှု ရှိလာမှာ မဟုတ်ဘူးဆိုတာကိုတော့ သတိပြုနိုင်ကြလိမ့်မယ် ထင်ပါတယ်။  ပညာယူနိုင်ကြစေဖို့ပဲ ရည်ရွယ်တယ် ဆိုတာ ဆုံးဖြတ်ချက်အရ မြင်သာနိုင်မှာလည်း ဖြစ်ပါတယ်။

 ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက်အကြောင်း ပြောရမယ်ဆိုရင် ဒေါ်ရင်ရင်မေ နှင့် ဒေါ်ခင်လှမော် စီရင်ထုံးဟာလည်း နားလည်လွယ်ကူ သဘောပေါက်စေနိုင်တဲ့ စီရင်ထုံးဖြစ်တာမို့ အမှုအကြောင်းကို အနည်းအကျဉ်း ပြောပြလိုပါတယ်။  မူရင်းစီရင်ထုံးကို အကျယ် လေ့လာကြည့်တဲ့အခါ အိမ်ငှားဖြစ်တဲ့ ဒေါ်ရင်ရင်မေနှင့် အတူနေထိုင်သူ ဦးဝင်းမြင့်က အချင်းဖြစ်ဥပစာမှာ ကျူရှင်ပြသခြင်းကြောင့် အနီးအနားမှာ နေထိုင်ကြသူ တွေကို အနှောင့်အယှက် ဖြစ်စေတယ် ဆိုပြီး အိမ်ရှင်ဖြစ်သူ တရားလို ဒေါ်ခင်လှမော်က ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၂ (၁) (က) (ဒုတိယပိုင်း)နဲ့ ပုဒ်မ ၁၂ (၁) (ဂ) တို့အရ ငှားရမ်းထားသည့် အခန်းမှ နှင်ထုတ်ဖယ်ရှား ပေးစေလိုမှု စွဲဆိုခဲ့ရာမှာ မြို့နယ်တရားရုံးက အိမ်ရှင် ဒေါ်ခင်လှမော်ကို ယင်းဥပဒေ ပုဒ်မ ၁၂ (၁) (ဂ) အရ အနိုင်ဒီကရီ ချမှတ်ပေးခဲ့တာကို တွေ့ရပါတယ်။  အိမ်ငှား ဒေါ်ရင်ရင်မော်က ထိုစီရင်ချက်နဲ့ ဒီကရီကို မကျေနပ်လို့ တိုင်းတရားရုံးသို့ အယူခံဝင်ရောက်ခဲ့ရာမှာ၊ အိမ်ရှင် ဒေါ်ခင်လှမော်ကလည်း တရားမကျင့်ထုံး ဥပဒေ အမိန့် ၄၁ နည်းဥပဒေ ၂၂ အရ ပြန်လှန်ကန့်ကွက်လွှာ တင်ပြသွင်းခဲ့လို့ တိုင်းတရားရုံးက ထိုအယူခံလွှာနှင့် ပြန်လှန်ကန့်ကွက်လွှာကို ပလပ်ခဲ့ပါတယ်။

 ဒုတိယအယူခံရုံးဖြစ်တဲ့ တရားရုံးချုပ်က စီရင်ဆုံးဖြတ်ရာမှာ "အိမ်ငှား ဒေါ်ရင်ရင်မေ၏ ပြုလုပ်မှုကြောင့် ငှားရမ်းထားသည့် ဥပစာတွင် ခင်းထားသော ပါကေးတုံးများ ပျက်စီးကုန်သည်ကို သက်သေခံ အထောက်အထားများအရ အသေးစိတ် သုံးသပ်ပြီးနောက် မူလရုံးနှင့် တိုင်းတရားရုံးတို့က အမှုတွင် ထင်ရှားပေါ်ပေါက်နေသည့် သက်သေခံ အထောက်အထားများကို မျက်ကွယ်ပြုခဲ့ခြင်းသည် ဥပဒေအရ လွဲမှားမှုပင် ဖြစ်ကြောင်း၊ ဒေါ်ရင်ရင်မေ၏ ပြုလုပ်မှုကြောင့် ဥပစာ၏ အခြေအနေ ဆိုးဝါးသွားကြောင်း တွေ့ရှိရသည့်အတွက် ဒေါ်ခင်လှမော်အား ပုဒ်မ ၁၂ (၁) (ဂ)အရ အနိုင်ဒီကရီ ချမှတ်ပေးခဲ့ခြင်းသည် မှားယွင်းသည်ဟု မဆိုနိုင်ကြောင်း သုံးသပ်ဆုံးဖြတ်ခဲ့ပါတယ်။

 အဆိုပါ ဆုံးဖြတ်ချက်ဟာ ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် ဟုတ်၊ မဟုတ် အငြင်းပွားခြင်း အပေါ်မှာ တရားရုံးချုပ် စုံညီခုံရုံးက စိစစ်ဆုံးဖြတ် ပေးရာမှာ _ ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် "Obiter Dictum" ဆိုသည်မှာ အမှုတွင် အဆုံးအဖြတ် ပေးရန်ရှိသော ပြဿနာနှင့် မသက်ဆိုင်ဘဲ အပိုသုံးသပ်မှုကို ခေါ်ဆိုခြင်း ဖြစ်သည်။  ယင်းအပိုသုံးသပ်မှုကို လိုက်နာရန် မလိုပေ။  ဆုံးဖြတ်ချက် တစ်ရပ်သည် အပိုသုံးသပ်မှု ဟုတ် မဟုတ် အမှုတစ်မှုချင်းအလိုက် စိစစ်ရသည် ဟူ၍ ကနဦး အဓိပ္ပာယ် ရှင်းလင်းဖွင့်ဆို ပေးခဲ့တာကို လေ့လာမှတ်သားရပါတယ်။

 ဆက်လက်ပြီး အဆိုပါစီရင်ထုံးမှာပဲ ကေအယ်လ်စီတီ ချီဒမ်ဘရမ် ချစ်တီးရား နှင့် အဇစ်မြားနှင့် အခြားသူများ၊ (၁၉၃၈ ခုနှစ်၊ ရန်ကုန် ၃၁၆ (၃၁၉)) ကိုလည်း အောက်ပါအတိုင်း ကိုးကား ဖော်ပြခဲ့တာကို တွေ့ရပါတယ် __ "These observations were Obiter, as being unnecessary for the decision of the point before the learned Chief Justice, and from these dicta we are compelled with the greatest respect to express our dissent."

 မူလရုံးဟာ နှစ်ဘက်အဆိုအချေအရ "တရားပြိုင်နှင့် မိသားစုသည် ဥပစာအား အခြေအနေ ဆိုးဝါးအောင် ပြုလုပ်ခဲ့သည် ဆိုခြင်းမှာ မှန်သလား" ဆိုတဲ့ ငြင်းချက်တစ်ရပ်ကို ထုတ်နုတ်စစ်ဆေး ကြားနာခဲ့ကြောင်းလည်း လေ့လာတွေ့ရှိရပါတယ်။  စုံညီခုံရုံးရဲ့ စီရင်သုံးသပ် ဆုံးဖြတ်ချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ် __
 တရားရုံးချုပ်က ဒေါ်ခင်လှမော် အနေဖြင့် အောက်ရုံးက မိမိအား လုံးဝ အနိုင်ပေးသော ဒီကရီကို အယူခံ ၀င်ရန် မလိုအပ်ကြောင်း၊ တစ်ဘက်မှ အယူခံသည့် အယူခံမှုတွင် မိမိအား နစ်နာစေသည့် အောက်ရုံး၏ ယူဆချက်တစ်ခုခုသည် မှားယွင်းနေကြောင်းကို တင်ပြခွင့် ရှိကြောင်း ညွှန်ပြကာ အိမ်ငှား ဒေါ်ရင်ရင်မေ၏ ပြုလုပ်မှုကြောင့် ငှားရမ်းထားသည့် ဥပစာတွင် ခင်းထားသော ပါကေးတုံးများ ပျက်စီးကုန်သည်ကို သက်သေခံ အထောက်အထားများအရ အသေးစိတ် သုံးသပ်ပြီးနောက် မူလရုံးနှင့် တိုင်းတရားရုံးတို့က အမှုတွင် ထင်ရှားပေါ်ပေါက်နေသည့် သက်သေခံ အထောက်အထားများကို မျက်ကွယ်ပြု ခဲ့ခြင်းသည် ဥပဒေအရ လွဲမှားမှုပင်ဖြစ်ကြောင်း၊ ဒေါ်ရင်ရင်မေ၏ ပြုလုပ်မှုကြောင့် ဥပစာ၏ အခြေအနေ ဆိုးဝါးသွားကြောင်း တွေ့ရှိရသည့်အတွက် ဒေါ်ခင်လှမော်အား ပုဒ်မ ၁၂ (၁) (ဂ)အရ အနိုင်ဒီကရီ ချမှတ်ပေးခဲ့ခြင်းသည် မှားယွင်းသည်ဟု မဆိုနိုင်ကြောင်း သုံးသပ် ဆုံးဖြတ်သည်။
 တရားရုံးချုပ်၏ အဆိုပါ သုံးသပ်ချက်သည် အမှုတွင် အဆုံးအဖြတ် ပေးရန်ရှိသော ပြဿနာအပေါ် သက်သေခံ အထောက်အထားများအရ သုံးသပ်ဆုံးဖြတ်ခြင်း ဖြစ်သည်။  ဆုံးဖြတ်ရန် မလိုသည့်အချက် အပေါ် အပိုသုံးသပ်မှု ပြုလုပ်ခြင်း မဟုတ်ပေ။  တရားရုံးချုပ်၏ ယင်းဆုံးဖြတ်ချက်ကို ခရီးသွားဟန်လွဲ "Obiter Dictum" ဆုံးဖြတ်ခြင်းဟု မဆိုနိုင်။

 တရားရုံးချုပ် စုံညီခုံရုံးရဲ့ အထက်ပါ စီရင် ဆုံးဖြတ်ချက်အရ မူလရုံး ငြင်းချက်မှာ "တရားပြိုင်နှင့် မိသားစုသည် ဥပစာအား အခြေအနေ ဆိုးဝါးအောင် ပြုလုပ်ခဲ့သည် ဆိုခြင်းမှာ မှန်သလား" ဆိုတဲ့ ငြင်းချက်ကို ထုတ်နုတ် စစ်ဆေးကြားနာ ခဲ့တာဖြစ်လို့ မြို့နယ်တရားရုံးနဲ့ တိုင်းတရားရုံးက ယင်းငြင်းချက် အရ အမှုမှာ ထင်ရှားပေါ်ပေါက်တဲ့ သက်သေခံ အထောက်အထားတွေကို မျက်ကွယ်ပြုခဲ့ခြင်းသည် ဥပဒေအရ လွဲမှားမှုပင် ဖြစ်တယ်လို့ သုံးသပ်ဆုံးဖြတ်ခြင်းဟာ အပိုသုံးသပ် ဆုံးဖြတ်တဲ့ ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် "Obiter Dictum" မဟုတ်ဘဲ မူလရုံးငြင်းချက်မှာ သုံးသပ်ရန် လိုအပ်ချက်တွေကို ပညာပေး ထောက်ပြလမ်းညွှန်ရင်း အပြီးသတ် အကျိုးသက်ရောက်စေတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

အနှစ်ချုပ် ဆိုရရင် "ငြင်းချက်အရ" သက်သေခံ အထောက် အထားများအပေါ် အခြေပြု သုံးသပ် ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်မျိုးဟာ အမှုအတွက် အကျိုးသက်ရောက်စေတဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး၊ အမှုမှ ငြင်းချက်ပါ ဆုံးဖြတ်ရမယ့် အဓိကပြဿနာကို မသက်ဆိုင်သော်လည်း၊ အမှုစွဲဆိုပုံ၊ စွဲဆိုနည်း၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေ အယူအဆနဲ့ စပ်လျဉ်းတဲ့ ကိစ္စမျိုးတွေမှာ ပညာပေးတဲ့ အနေနဲ့ စီရင်ချက်မှာ အပိုသုံးသပ် ဆုံးဖြတ်ခြင်းမျိုးကတော့ လိုက်နာရန် မလိုတဲ့ ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် "Obiter Dictum"လို့ ဆိုနိုင်မှာပဲ ဖြစ်ပါကြောင်း ထပ်ဆင့်မှတ်သားနိုင်ရန် လေ့လာတင်ပြလိုက်ရပါတယ်။       ။


လွှမ်းမိုးအောင် (တရားရေး)

25-12-2014   1:45 am.

သက်သေကို ကော်မရှင်ဖြင့် စစ်ဆေးခြင်း အကြောင်း


သက်သေကို ကော်မရှင်ဖြင့် စစ်ဆေးခြင်း အကြောင်း


တရားရုံး ရှေ့မှောက်မှာ ပြုလုပ်တဲ့ စုံစမ်းစစ်ဆေးမှု (သို့မဟုတ်) စစ်ဆေးစီရင်မှု တစ်ရပ်ရပ်မှာ အမှုသည် တစ်ဘက်ဘက်က ပြသတဲ့ သက်သေတစ်ဦး တစ်ယောက်ဟာ တစ်ခုခုသော အကြောင်းကြောင့် အမှုစစ်တရားရုံးသို့ လာရောက်နိုင်ခြင်းငှာ မစွမ်းသာတဲ့အခါမှာ အမှန်တရား ပေါ်ပေါက်စေရေး အတွက် ဒီသက်သေကို စစ်ဆေးမှ ဖြစ်မယ့် အခြေအနေ ပေါ်ပေါက်နေခဲ့ရင် ၎င်းသက်သေကို အခြားသော အာဏာရှိသည့် တရားသူကြီးတစ်ဦးက ကော်မရှင်နဲ့ စစ်ဆေးပေးနိုင်ဖို့ အမှုစစ်တရားသူကြီးက ကော်မရှင်စာ ထုတ်ဆင့်ပေးပြီး စစ်ဆေးစေခြင်း နည်းနဲ့ သက်သေခံချက်များ ရယူစေနိုင်ပါတယ်။

သက်သေကို ကော်မရှင်ဖြင့် စစ်ဆေးရန် ကျင့်ထုံးနည်းလမ်းများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၀၃ မှ ၅၀၈ အထိ (ပယ်ဖျက်ထားသော ပုဒ်မ ၅၀၄ မပါ) နဲ့ တရားရုံးများလက်စွဲ အပိုဒ် ၆၂၂၊ ၆၂၄ တို့မှာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ အကျယ်တ၀ံ့ လေ့လာကြည့်ပါမယ်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ပြုလုပ်တဲ့ စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးစီရင်မှု (သို့မဟုတ်) အခြား မှုခင်း ဆောင်ရွက်မှု တစ်စုံတစ်ရာ အတောအတွင်းမှာ ဘယ်အချိန်အခါမဆို တရားဖြောင့်မှန်ရေးအတွက် သက်သေတစ်ဦးကို စစ်မေးဖို့ လိုအပ်တယ်၊ အမှုအခြေအနေအရ မလျော်ကန်သော ကြန့်ကြာမှု၊ စရိတ်ကုန်ကျမှု၊ အဆင်မပြေမှု မရှိဘဲနဲ့ ထိုသက်သေ လာရောက်ဖို့ မဖြစ်နိုင်ဘူးလို့ တရားရုံးက ထင်မြင်ယူဆရင် ထိုသက်သေ လာရောက်ခြင်းမှ ခွင့်လွှတ်ပေးနိုင်ပြီး၊ ထိုသက်သေရဲ့ ထွက်ဆိုချက်ကို ရယူရန်အတွက် သက်သေ နေထိုင်ရာအရပ်တွင် စီရင်ပိုင်ခွင့် အာဏာရှိတဲ့ တရားရုံးသို့ ကော်မရှင်စာ ထုတ်ဆင့်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၀၃ (၁)မှာ ပြဋ္ဌာန်းပါရှိပါတယ်။ ပုဒ်မ ၅၀၆ အရ ကော်မရှင်စာ ထုတ်ဆင့်ပိုင်ခွင့် မရှိတဲ့ လက်အောက်တရားသူကြီးများ (ဥပမာ- တွဲဘက် နှင့် ဒု-မြို့နယ် တရားသူကြီးများ) သည် ကော်မရှင်စာ ထုတ်ဆင့်ပိုင်ခွင့်ရှိသော အထက် တရားသူကြီး ထံမှတဆင့် အခြားရုံးသို့ ကော်မရှင်စာ ထုတ်ဆင့်နိုင်ပါတယ်။

ဒီလို မူလ အမှုစစ်တရားရုံးက ပုဒ်မ ၅၀၃ (၁)အရ ကော်မရှင်နဲ့ စစ်ဆေးစေဖို့ စီစဉ်ဆောင်ရွက်ရာ ပြင်ဆင်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်လေးတွေ ရှိပါတယ်။ ပြင်ဆင်ဆောင်ရွက်ပုံ များကတော့ သက်သေကို စစ်မေးလိုတဲ့ အမှုသည်ဘက်က မေးမြန်းလိုတဲ့ မေးခွန်းများကို အဓိကစစ်မေးချက် အဖြစ် ပထမဦးစွာ တရားရုံးကို ရေးသားတင်သွင်း စေရပါတယ်။ အဲဒီနောက်မှ တစ်ဘက်အမှုသည်ဘက်က ဒီလို ရေးတင်လာတဲ့ အဓိကစစ်မေးချက်တွေကို လေ့လာဖတ်ရှုပြီး မေးစရာရှိရင် ပြန်လှန်စစ်မေးချက်အဖြစ်နဲ့ မေးခွန်းများကို ရေးသားတင်သွင်း စေရပါတယ်။ သက်သေပြသတဲ့ အမှုသည်ဘက်က တစ်ဘက်မှ ပြန်လှန်မေးခွန်းတွေကို လေ့လာကြည့်ရှုပြီး သူ့အနေနဲ့ ထပ်မံစစ်မေးလိုခဲ့ရင် ပြန်ရှင်းစစ်မေးချက် မေးခွန်းတွေကို ထပ်မံ ရေးသားတင်သွင်းခွင့် ရရှိပါတယ်။ နောက်ဆုံးမှာ တရားရုံးက မေးမြန်းလိုတာတွေ ရှိခဲ့ရင်လည်း "ရုံးမေး"အဖြစ် မေးခွန်းများကို ရေးသားရမှာ ဖြစ်ပါတယ်။ ဒါတွေလုပ်ဆောင်ပြီးပြီ ဆိုကာမှ အမှုစစ်တရားရုံးဟာ ကော်မရှင်နည်းနဲ့ စစ်ဆေးစေမယ့် သက်သေရှိရာ အရပ်မှ တရားရုံးသို့ ကော်မရှင်စာနဲ့ အတူ အထက်ပါ အရပ်ရပ်သော မေးခွန်းများကို စဉ်တွဲပြီး ပေးပို့ရမှာ ဖြစ်ပါတယ်။

အဲဒီလို သက်သေကို ကော်မရှင်နဲ့ စစ်ဆေးပေးဖို့ ပေးပို့လာတဲ့ ကော်မရှင်စာနဲ့ မေးခွန်းများ လက်ခံ ရရှိတဲ့ တရားရုံးမှ မြို့နယ်တရားသူကြီးဟာ ပုဒ်မ ၅၀၃ (၃)အရ မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိလက်အောက်မှာ ရှိတဲ့ ပထမတန်း အာဏာထက် မနိမ့်တဲ့ တရားသူကြီး တစ်ဦးဦးကို စေခိုင်းခြင်းဖြင့် ဖြစ်စေ သက်သေကို ဆင့်ခေါ်၍ သော်လည်းကောင်း၊ သက်သေရှိရာ အရပ်သို့ သွားရောက်၍ သော်လည်းကောင်း ၀ရမ်းမှု စစ်ဆေးတဲ့ နည်းလမ်းနဲ့ အာဏာများကို သုံးစွဲလျက် စစ်ဆေးမေးမြန်းရမှာ ဖြစ်ပါတယ်။

တစ်ခုသိထားရမှာက တရားရုံးချုပ်ရဲ့ (၁၀-၈-၁၉၉၀) ရက်စွဲပါ အမှာစာအမှတ်၊ ၂၄၂/၂၆၄/၉၀ (လထန)အရ သက်သေကို စစ်မေးရန် ကော်မရှင်စာ ထုတ်ပေးနိုင်ခွင့်အာဏာကို မြို့နယ်တရားသူကြီး များကို အပ်နှင်းကြောင်း၊ အမှုသည်တစ်ဦးဦးဟာ ကော်မရှင်နည်းနဲ့ စစ်ဆေးမယ့် တရားသူကြီး ရှေ့မှောက်ကို ရှေ့နေနဲ့ လာရောက်နိုင်သကဲ့သို့ ၎င်းဟာ ချုပ်နှောင်ခံရခြင်း မရှိဘူးဆိုရင်လည်း မိမိကိုယ်တိုင် လာရောက်နိုင်ခွင့် ရှိကြောင်း၊ အဆိုပါအမှုသည် (သို့မဟုတ်) ၎င်းရဲ့ရှေ့နေဟာ သက်သေကို စစ်မေးနိုင်ခြင်း၊ ပြန်လည် စစ်မေး နိုင်ခြင်း၊ ပြန်လှန်စစ်မေးနိုင်ခြင်းနဲ့ လိုအပ်လျှင် ထပ်မံစစ်မေးနိုင်ခြင်းတို့ ပြုလုပ်နိုင်ခွင့် ရှိကြောင်း၊ ရယူခဲ့တဲ့ သက်သေအစစ်ခံချက်ဟာ သက်သေခံဥပဒေ ပုဒ်မ ၃၃ ပါ ပြဋ္ဌာန်းချက်နဲ့ ညီညွတ်ရင် သက်သေခံချက် အဖြစ် လက်ခံနိုင်ခွင့်ရှိကြောင်း ညွှန်ပြထား တာတွေကို သိရှိမှတ်သား ထားသင့်ပါတယ်။ (အမှာစာပါ အဆိုပါ ညွှန်ပြချက်ဟာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၀၅ (၁)၊(၂)ပါ ပြဋ္ဌာန်းချက်များအတိုင်းပဲ ဖြစ်ပါတယ်။)

တရားသူကြီးဟာ ကော်မရှင်နည်းနဲ့ စစ်ဆေးဆောင်ရွက် ပြီးသွားခဲ့ပြီဆိုရင်တော့ ပုဒ်မ ၅၀၇(၁) အရ ဆောင်ရွက်ပြီးစီးကြောင်း ပြန်ကြားစာနှင့်အတူ မူလပေးပို့ခဲ့တဲ့ ရုံးမှ မေးခွန်းလွှာများ အပါအ၀င် ကော်မရှင် စာရွက်စာတမ်းများ အားလုံး၊ သက်သေထွက်ချက်တို့ကို ကော်မရှင်စာထုတ်တဲ့ အမှုစစ်ရုံးသို့ တိုက်ရိုက် ပြန်လည်ပို့ပေးရမှာပဲ ဖြစ်ပါတယ်။ ပုဒ်မ ၅၀၇ (၂)အရ ယင်းစာရွက်စာတမ်းတွေ လက်ခံရရှိတဲ့ အမှုစစ်ရုံးကလည်း သက်သေ ထွက်ချက်ကို အမှုသည်များရှေ့မှာ ဖတ်ကြားပြီးနောက် (အမှာစာမှာ ပါရှိသလိုပါပဲ) သက်သေခံဥပဒေ ပုဒ်မ ၃၃ နဲ့ ညီညွတ်ရင် အမှုတွဲမှာ သက်သေခံ စာရွက်စာတမ်း အဖြစ် လက်ခံရပါမယ်။ (ကော်မရှင်နှင့် ပတ်သက်တဲ့ သက်သေထွက်ချက် အပါအ၀င် စာရွက်စာတမ်း တွေဟာ အမှုမှတ်တမ်း (အမှုတွဲ)ရဲ့ အစိတ်အပိုင်း ဖြစ်စေရပါမယ်။) ဒါ့အပြင် ပုဒ်မ ၅၀၈ အရ ကော်မရှင်နည်းနဲ့ စစ်ဆေးနေတဲ့ကာလ အတွင်း အမှုကို သင့်တော်တဲ့ အချိန်ကာလအထိ ရွှေ့ဆိုင်းထားနိုင်တယ် ဆိုတာကိုလည်း မှတ်သားကြရပါမယ်။

ပုဒ်မ ၅၀၃ (၄) အရ အကယ်၍သာ သက်သေဟာ ပြည်ပနိုင်ငံ တစ်နိုင်ငံ (သို့မဟုတ်) အရပ်ဒေသတစ်ခုခုမှာ ရှိနေခဲ့တယ် ဆိုရင် ၎င်းသက်သေကို စစ်မေးဖို့ အတွက် ကော်မရှင် အမိန့်စာများ ထုတ်ပေးခြင်း လုပ်ထုံးလုပ်နည်းတွေကို တရားရေးဝန်ကြီးဋ္ဌာနရဲ့ (၁၁-၈-၁၉၅၅) ရက်စွဲပါ အမိန့်ကြော်ငြာစာတွေနဲ့ ထုတ်ပြန်ထားပါတယ်။ ယင်းအမိန့် ကြော်ငြာစာများကို တရားရုံးများလက်စွဲမှာ ဖော်ပြထားတာဖြစ်လို့ အကျယ်တ၀ံ့ လေ့လာမှတ်သားမှသာ အဆင်ပြေပါလိမ့်မယ်။ အဲဒီလို ကော်မရှင်နာ ထုတ်ဆင့်ရန် လိုအပ်လာတဲ့အခါမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ တင်ပြပြီးမှသာ ထုတ်ဆင့်ကြရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

အထက်တွင် တင်ပြခဲ့တဲ့ သက်သေကို ကော်မရှင်နဲ့ စစ်ဆေးခြင်း ဆိုင်ရာ သိကောင်းစရာများကို လေ့လာ ဖတ်ရှုခြင်းဖြင့် ဥပဒေ ဗဟုသုတများ တိုးပွားလာကြလိမ့်မယ်လို့ ယုံကြည် မျှော်လင့်မိပါတယ်။ ပညာပြည့်ဝ နှလုံးလှနိုင်ကြပါစေ။

လွှမ်းမိုးအောင် (တရားရေး)

17-12-2014 1:44 am.

တရားစရိတ် သတ်မှတ်ပုံအကြောင်း သိကောင်းစရာ



တရားစရိတ် သတ်မှတ်ပုံအကြောင်း သိကောင်းစရာ




 တရားမမှုတွေမှာ အမှုဆုံးခန်းရောက်လို့ တရားရုံးတွေက အပြီးသတ် စီရင်ချက်၊ ဒီကရီတွေ ချမှတ်ပေးတဲ့ အခါမှာ တရားစရိတ် ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်းများနဲ့ စပ်လျဉ်းလို့ တစ်ပါတည်း ဖော်ပြသတ်မှတ် လေ့ရှိကြပါတယ်။  ဆိုလိုတာက "------ စရိတ်နှင့်တကွ အနိုင်ဒီကရီ ချမှတ်လိုက်သည်" ၊ "မိမိတို့၏ တရားစရိတ်ကို မိမိတို့ ကျခံကြစေ" ၊ "တရားစရိတ် မသတ်မှတ်" စသည်ဖြင့် တရားရုံးက သတ်မှတ်ပေးခြင်း ကို ဆိုလိုပါတယ်။  တရားစရိတ်နဲ့ အမှုနှင့်ဆက်စပ် ကုန်ကျတဲ့ စရိတ်တွေကို မည်သူက ပေးရမယ်၊ မည်သည့် ပစ္စည်းအနက်မှ မည်မျှအထိ ပေးရမယ်ဆိုတာကို တရားရုံးက ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။  ဒါ့အပြင် အဆိုပါကိစ္စတွေအတွက် လိုအပ်တဲ့ ညွှန်ကြားချက် အားလုံးကို ပေးရန်လည်း တရားရုံးမှာ အာဏာ အပြည့်အ၀ ရှိပါသေးတယ်။

 တရားစရိတ် ပေးခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အမှုသည်တစ်ဦးက ၄င်းရဲ့အခွင့်အရေးအတွက် တရားရုံး တွင် အရေးဆိုရာမှာ ၎င်းအနိုင်ရရှိတဲ့အတွက် ၎င်းကုန်ကျခဲ့တဲ့ တရားစရိတ်တွေကို ပြန်လည်ထုတ်ပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။  ကုန်ကျတဲ့စရိတ်တွေထက် ကျော်လွန်ပြီးတော့ တစ်ဘက်အမှုသည်ကို ပြစ်ဒဏ် ခတ်တဲ့ သဘောနဲ့ တရားစရိတ်ကို သတ်မှတ်ပေးခြင်းတော့ မပြုသင့်ပါဘူး။  ဒီပုဒ်မက စည်းကမ်းသေ၀ပ်မှု အတွက် တရားရုံးကို စီရင်ပိုင်ခွင့် ပေးထားတာမျိုး မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။  ဒီသဘောတရား တွေဟာ Mulla ရေးတဲ့ The Court of Civil Procedure မှာ ဖော်ပြပါရှိတယ်လို့ ဆရာ ဦးကျော်အေးရဲ့ တရားမ ကျင့်ထုံးဥပဒေ (ပထမတွဲ)မှာ ညွှန်းဆိုထားတာ တွေ့ရပါတယ်။

တရားမကျင့်ထုံး ဥပဒေ ပုဒ်မ ၃၅ (၁)မှာ တရားစရိတ်နဲ့ ပတ်သက်လို့ အောက်ပါအတိုင်း ပြဋ္ဌာန်းပါရှိပါတယ်။
"သတ်မှတ်ထားသော စည်းကမ်းချက်များ၊ ကန့်သတ်ချက်များနှင့် လည်းကောင်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်စေဘဲ တရားမမှုများနှင့် စပ်လျဉ်းသည့် တရားစရိတ်များမှာ တရားရုံး၏ သဘောအတိုင်း ဖြစ်စေရမည်။  ယင်းတရားစရိတ်များကို မည်သူက၊ သို့မဟုတ် မည်သည့်ပစ္စည်းမှ မည်မျှအထိ ပေးရမည်ကို ဆုံးဖြတ်ရန်နှင့် အထက်တွင် ဆိုခဲ့သည့် ကိစ္စများ အတွက် လိုအပ်သည်များကို ညွှန်ကြားရန် တရားရုံးတွင် လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိစေရမည်။  တရားရုံးက ယင်းအမှုကို စစ်ဆေးစီရင်ပိုင်ခွင့် မရှိခြင်းကြောင့် အဆိုပါလုပ်ပိုင်ခွင့် ကျင့်သုံးခြင်းကို ပိတ်ပင်ခြင်း မရှိစေရ။"

 တရားမကျင့်ထုံး ဥပဒေ အမိန့် ၂၀၊ နည်း ၆ (၂)အရ ဒီကရီမှာ တရားစရိတ် ငွေပမာဏနဲ့ ယင်း တရားစရိတ်ကို မည်သူက၊ သို့မဟုတ် မည်သည့်ပစ္စည်းမှ မည်သည့်အချိုးအရ ပေးရမယ်ဆိုတာကို ဖော်ပြရ ပါမယ်။  အမိန့် ၂၀၊ နည်း ၆ (၃)ကို ဆက်လက် လေ့လာမယ်ဆိုရင်လည်း တရားစရိတ်ငွေကို တစ်ဘက် အမှုသည်အား ပေးဖို့ရှိကြောင်း ၀န်ခံထားတဲ့၊ သို့မဟုတ် ပေးရန်ရှိကြောင်း တွေ့ရှိရတဲ့ ငွေနဲ့ ခုနှိမ်ရန် တရားရုံးက ညွှန်ကြားနိုင်ကြောင်း မှတ်သားကြရမှာ ဖြစ်ပါတယ်။

တရားရုံးများလက်စွဲ အပိုဒ် ၁၇၈ (၁)မှာ တရားစရိတ်နဲ့ ပတ်သက်လို့ ပုဒ်မ ၃၅ အရ တရားစရိတ်ကို တရားသူကြီးရဲ့သဘောအတိုင်း ဆောင်ရွက်ခွင့်ရှိကြောင်း၊ ပုဒ်မ ၃၅-က အရ မဟုတ်မမှန်၊ အနှောင့်အယှက် ဖြစ်စေတဲ့ တရားမမှုမျိုးမှာသာ ပြစ်ဒဏ်သဘောအဖြစ် လျော်ကြေးစရိတ်ငွေများ ပြဋ္ဌာန်းထားကြောင်း၊ ဒါ့အပြင် အမိန့် ၁၆၊ နည်း ၂ အရ သက်သေစရိတ်ကိုလည်း သတ်မှတ်ထားကြောင်း လမ်းညွှန်ထားတာ တွေ့ရပါတယ်။  အပိုဒ် ၁၇၈ (၂)မှာ အဆိုလွှာ၊ ချေလွှာမိတ္တူများ ပေးရတဲ့အတွက် ကုန်ကျစရိတ်မှာ ရှေ့နေခမှာ အကျုံးဝင်တာဖြစ်လို့ တရားစရိတ်မှာ ထည့်၍မရကြောင်း၊ သို့သော်လည်း လျှောက်လွှာများ၊ ကျမ်းကျိန်လွှာများနဲ့ ရှာဖွေခများအတွက်တော့ တရားစရိတ်မှာ ထည့်ရမယ်လို့ ညွှန်ပြထား ပါတယ်။

 အမှုအတွက် ကုန်ကျစရိတ်များနဲ့ ဆက်စပ် ကုန်ကျငွေများကို ပေးဖို့ တရားရုံးက အမိန့်ချမှတ် ရာမှာ ဒီပုဒ်မက တရားရုံးအနေနဲ့ ဆင်ခြင်တုံတရားအရ ဆုံးဖြတ်ရမယ် ဆိုတဲ့အကြောင်း အာဏာပေးအပ် ထားတဲ့ ပြဋ္ဌာန်းချက်လည်း ဖြစ်ပါတယ်။  တရားရုံးရဲ့ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ရန် အာဏာ (Discretion) ပေးထားတယ် ဆိုရာမှာလည်း သတ်မှတ်ထားတဲ့ မူ(စီရင်ထုံး)တွေကို လိုက်နာဆုံးဖြတ်ရမယ့် (Judicial Discretion) သာဖြစ်ပါတယ်။  တရားရုံးအနေနဲ့ တရားစရိတ်ကို အမှုမှာ ခွင့်မပြုဘူးဆိုရင်တော့ ယင်းပုဒ်မ  ၃၅ (၂)အရ ခွင့်မပြုရခြင်းရဲ့ အကျိုးအကြောင်းကို ဒီကရီမှာ ရေးသားချမှတ်ရမှာလည်း ဖြစ်ပါတယ်။  ယေဘုယျဥပဒေသကတော့ အမှုမှာ အနိုင်ရသူဟာ ကျင့်ဝတ်ဖောက်ဖျက်မှု၊ ပေါ့ဆမှု၊ ထိန်ချန်မှုကို ကျူးလွန်ခြင်းမရှိရင်၊ ဒါမှမဟုတ် တရားစရိတ် မပေးခြင်းအတွက် အခြား ကောင်းသော အကြောင်းပြချက် မရှိဘူးဆိုရင် ၎င်းအနိုင်ရသူအနေနဲ့ တရားစရိတ် ရထိုက်ခွင့် ရှိမှာပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး တရားရုံးအနေနဲ့ ပုဒ်မ ၃၅ (၃)အရ တစ်နှစ်လျှင် (၆)ရာခိုင်နှုန်း ထက်မပိုတဲ့ အတိုးနှုန်းနဲ့ တရားစရိတ် အပေါ်မှာ အတိုးကို ခွင့်ပြုပြီး တရားစရိတ်မှာ ပေါင်းထည့်စေရန်လည်း အမိန့်ချမှတ် ပေးနိုင်ခွင့် ရှိပါသေးတယ် ဆိုတာကိုလည်း မှတ်သားထားရမှာ ဖြစ်ပါတယ်။  အဆိုပါ အတိုးငွေတွေကို တရားစရိတ်အဖြစ် အရ တောင်းခံပိုင်ခွင့် ရှိမှာလည်း ဖြစ်ပါတယ်။

 တရားစရိတ်နဲ့ စပ်လျဉ်းတဲ့ ပြဋ္ဌာန်းချက်တွေပါရှိသော နည်းဥပဒေတွေကတော့ __ အမိန့် ၁၁၊ နည်း ၃ (မေးခွန်းများ ဖြေဆိုသည့် စရိတ်)၊  အမိန့် ၁၂၊ နည်း ၂ (စာချုပ်စာတမ်းများကို သက်သေပြခြင်း)၊  အမိန့် ၂၁၊ နည်း ၇၂ (၃) (ရောင်းချခြင်းကို ပယ်ဖျက်ရန် လျှောက်လွှာ)၊  အမိန့် ၂၃၊ နည်း ၁ (၃) (အမှုရုပ်သိမ်းခြင်း)၊  အမိန့် ၂၄၊ နည်း ၄ (တရားရုံးသို့ ပေးသွင်းထားသည့် ငွေနှင့်စပ်လျဉ်းသည့် တရားစရိတ်)၊  အမိန့် ၃၂၊ နည်း ၄ နှင့် ၅ (နီးစပ်ရာ မိတ်ဆွေများနှင့် အုပ်ထိန်းသူများ)၊  အမိန့် ၃၃၊ နည်း ၁၀၊ ၁၁၊ ၁၆ (လူမွဲအဖြစ် တရားစွဲဆိုခြင်း)၊  အမိန့် ၃၄ (အပေါင်မှု)၊  အမိန့် ၃၅၊ နည်း ၃ (ကြားဖြတ်အမှု) တွေပဲ ဖြစ်တယ်ဆိုတာ သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

 လေ့လာမိသမျှ တရားစရိတ်နဲ့ပတ်သက်တဲ့ စီရင်ထုံးမှတ်စုအချို့ကို ဖော်ပြပေးလိုက်ပါတယ် __
*   ထူးခြားသော အမှုများတွင် သီးခြား တရားလိုများ ကိုယ်စား လိုက်ပါသော တရားရုံးချုပ်ရှေ့နေများ အတွက် သီးခြား တရားစရိတ်များကို ခွင့်ပြုနိုင်သည်။  (The Moola Hashim Family Endowment Waqf Estate Vs. M.E. Dawoodjiee and others.  1952, B.L.R.,  H.C., p-74)

*     တရားစရိတ်ကို တောင်းဆိုသည့်ငွေအပေါ် တွက်ချက်ရန် မဟုတ်ဘဲ၊ ရုံးက ခွင့်ပြုသောငွေအပေါ် အချိုးကျ တွက်ချက်ခွင့် ပြုရမည်။  ခွင့်မပြုလျှင် ပုဒ်မ ၃၅ (၂) အရ အကြောင်းပြချက် ရေးရမည်။  (ရွှေတင် နှင့် စီတားလ်၊  ၁၉၅၄၊ မတစ၊ စာ-၂၄၈) ၊ (မူလီဒါးကန်ဒွိုင် နှင့် လက်ခါးဆင်း ပါ-၂၊ ၁၉၆၂၊ မတစ (လွှတ်တော်)၊ စာ-၁၁၂)။

*     တရားပြိုင်က ချေလွှာတွင် တစ်စိတ်တစ်ဒေသ ဖြောင့်ဆိုဝန်ခံပြီး အခြားအစိတ်အပိုင်း အတွက် ထုချေလျှင် ထုချေသည့်အပိုင်း အတွက် တရားလိုအား အချိုးကျ ခွင့်ပြုရမည်။  ရှေ့နေစရိတ်ကိုမူ တရားပြိုင်က ခုခံသည့်အနေဖြင့် ခွင့်ပြုရမည်။  (ပြည်သူ့ဘဏ် အမှတ်(၉) နှင့် မက်ဆားစ် အမျိုးသား စီးကရက် ကုမ္ပဏီလီမိတက် ပါ-၁၆၊ မတစ၊ စာ-၅၃)

*     အစုစပ်လုပ်ငန်း ဖျက်သိမ်းလိုမှုတွင် တရားစရိတ်ကို အစုစပ်လုပ်ငန်းပိုင် ငွေမှ ကျခံစေရမည်ဟု သာမန်အားဖြင့် အမိန့်ချမှတ်ရမည်။  အစုစပ်လုပ်ငန်းပိုင် ငွေမရှိမှ အစုရှင်က ကျခံရမည်။  တရားပြိုင်က စာရင်းပေးသွင်းရန်၊ အစုစပ် ဖျက်သိမ်းရန် တမင်ငြင်းဆိုမှ တရားပြိုင်က ကျခံသင့်သည်။  (ဒေါ်ငွေသီး ပါ-၁၁ နှင့် ဦးဖေသင် ပါ-၅၊ ၁၉၆၆၊ မတစ၊ စာ-၁၁၈၅)

*     အမိန့် ၁၊ နည်း ၁၀ အရ အမှုသည်အဖြစ်မှ ဖယ်ထုတ်သော တရားပြိုင်အား တန်ဖိုးအလျောက် တရားစရိတ် မပေးရ။  (E.I. Seedat and others  Vs. Mariam Bi Bi and others,  1938,  RLR,  p-252)

*     စွဲဆိုသည့် အမှုကို ပလပ်လိုက်လျှင် အမှုတန်ဖိုးအပေါ် အခြေပြု၍ တရားစရိတ်ကို တွက်ချက်ခွင့်ပြု နိုင်သည်။  တရားမကြီးမှု အဆင့် မရောက်သေးသည့် လူမွဲအဖြစ် စွဲဆိုခွင့်ပြုရန် အထွေထွေလျှောက်လွှာကို ပလပ်လျှင် အမှု၏တန်ဖိုးအပေါ် မူတည်၍ တရားစရိတ် တွက်ရန်မဟုတ်။  (ဦးထွန်းဖေ နှင့် ဦးသာထွန်း၊  ၁၉၇၇၊ မတစ၊ စာ-၃၆)

 ဒီပို့စ်လေးကို မျှဝေတင်ပြပေးရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်ကိုယ်တိုင် အပါအ၀င် အခြားသူ အချို့ဟာ တရားစရိတ်နဲ့ ပတ်သက်လာရင် အမှုနိုင်တဲ့သူကို ရှုံးတဲ့သူက တရားစရိတ် ပေးရတာပါပဲလို့ အမြင်ကျဉ်းမြောင်းစွာ ပေါ့ပေါ့လွယ်လွယ် ယေဘုယျဆန်စွာ မှတ်ယူထားခဲ့ကြလို့ ကျွန်တော်လည်း လေ့လာမှတ်သားရင်းက သိသင့်တာလေးတွေကို ပြန်လည်မျှဝေရခြင်း ဖြစ်ပါတယ်။  ဒီပို့စ်လေးကို ဖတ်ရှုရတဲ့အခါမှာတော့ တရားစရိတ်ဆိုတာ တရားရုံးက သတ်မှတ်ချင်သလို သတ်မှတ်ပေးတာမျိုး မဟုတ်ဘူး ဆိုတာကို မြင်တွေ့ရိပ်စားမိ လာကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

အလျဉ်းသင့်လို့ ပြောပါရစေခင်ဗျာ။  ဥပဒေပညာဟာ မွန်မြတ်တဲ့  ပညာရပ်ဖြစ်တဲ့အပြင်၊ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးတဲ့ ပညာရပ်လည်းဖြစ်လို့ ဥပဒေ ပညာနဲ့ အသက်မွေးဝမ်းကျောင်း ကြသူများအနေနဲ့ စာ များများဖတ်ကြဖို့ တိုက်တွန်းပါရစေ။  (ကျွန်တော့်ကိုယ် ကျွန်တော်လည်း တိုက်တွန်းရင်းပေါ့။) စာဖတ်အားနည်းတဲ့အခါမှာ ပညာဥာဏ်ရည် ယိမ်းယိုင်လာတတ် ပါတယ်၊ သူများ ပါးစပ်ပြောသမျှကို နားယဉ်ပါးပြီး ဥပဒေအသားကို ကိုယ်တိုင် မလေ့လာမိတဲ့အခါ တကယ့် ပြဿနာ အရေးကြုံလာရင် ထင်ယောင်ထင်မှား ပြောကြ၊ ဆိုကြတာမျိုးတွေ ရှိလာတတ်ပါတယ်။  ပညာမပြည့်တဲ့အခါ ကိုယ်ရည်ကိုယ်သွေးတွေ ပိုမိုနိမ့်ပါးလာနိုင်ပြီး ဆူလွယ်၊နပ်လွယ် လုပ်ငန်းဆောင်တာ များကိုသာ လုပ်ကိုင် ရှာဖွေ စားသောက်ရင်းက ဘ၀ဟာ တန်ဖိုးတက် မလာတော့ဘဲ ကျရှုံးခြင်း ဘက်သို့သာ ဆက်၍ ဆက်၍ ဦးတည်ခြေလှမ်းနေရပါတော့တယ်။  မိမိတို့ တစ်ဦးချင်း၊ တစ်ယောက်ချင်း ကျရှုံးခြင်း၊ ပညာနိမ့်ပါးခြင်းတို့ ဖြစ်လာကြတာနဲ့အမျှ ကျွန်တော်တို့ရဲ့ တရားစီရင်ရေး မဏ္ဍိုင်ဟာလည်း အားအင်ချိနဲ့လာ နိုင်တာဖြစ်လို့ အမှားတွေနဲ့ အားနည်းချက်တွေကို လွတ်လပ်စွာ ဝေဖန်ပါ၊ ပညာယူပါ၊ ထောက်ပြပါ၊ တရားစီရင်ရေး အသိုင်းအ၀ိုင်းက လူအားလုံး (အားလုံး) တန်းတူစွာ ပညာရည် ပြည့်ဝဖို့ လိုအပ်နေသေးတာ ဖြစ်လို့ အားလုံးကိုယ်​စီ ရိုးသား၊ ကြိုးစားကြဖို့ ထပ်ဆင့် တိုက်တွန်းလိုက်ပါရစေ။


လွှမ်းမိုးအောင် (တရားရေး)

16-12-2014   1:40 am.

ခံဝန်ချုပ် ဖောက်ဖျက်မှုအပေါ် အရေးယူခြင်း


ခံဝန်ချုပ် ဖောက်ဖျက်မှုအပေါ် အရေးယူခြင်း



ပြစ်မှုဆိုင်ရာဥပဒေနှင့် အခြားဥပဒေတစ်ရပ်ရပ်အရ တရားခံများအပေါ် အရေးယူထားတဲ့ အမှုတွေမှာ ၎င်းတို့ ကျူးလွန်တဲ့ ပြစ်မှုအမျိုးအစားအလိုက် အာမခံပေးရမည့်ပြစ်မှု နဲ့ အာမခံ မပေးနိုင်သောပြစ်မှု ဆိုပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ ဒုတိယဇယား၊ စာတိုင်(၅)မှာ နှစ်မျိုးနှစ်လီ ခွဲခြားသတ်မှတ်မှု ရှိပါတယ်။ အမှုကို တရားရုံးသို့ တရားစွဲတင်ပို့ခြင်း မပြုမီ ရဲတပ်ဖွဲ့က စုံစမ်းထောက်လှမ်း စစ်ဆေးနေဆဲ ကာလအတွင်း အာမခံပေးနိုင်သော အမှုမျိုးမှာ ရဲစခန်းမှူးအနေနဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၇၀(၁)အရ တရားခံကို အာမခံ ပေးထားနိုင်ပါတယ်။ ပြစ်မှုဟာ အာမခံ မပေးနိုင်သော အမှုဖြစ်မယ် ဆိုရင်လည်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇ အရ ရဲစခန်းမှူး နဲ့ တရားရုံးက အာမခံ ပေးနိုင်ခွင့် ရှိပါတယ်။  တရားခံကို ရဲခံဝန်နဲ့ တရားရုံးသို့ စွဲတင်ပို့တဲ့အခါ ၎င်းတရားခံကို အာမခံနဲ့ တင်ပို့ရမှာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ က အမှုကို စုံထောက်စစ်ဆေးနေစဉ် ချုပ်မိန့် (Remand)ကာလအတွင်းမှာ တရားရုံးက အာမခံပေးထား တယ်ဆိုရင်တော့ အဲဒီအမှုကို တရားရုံးသို့ စွဲဆိုတင်ပို့ရာမှာ တရားခံကို တရားရုံးခံဝန်အရ အာမခံနဲ့ တင်ပို့ရ ပါတယ်။  တရားရုံးကို အမှုစွဲတင်လာတဲ့နေ့မှာ တရားခံကို ယခင်က ပေးထားခဲ့တဲ့ ရဲအာမခံ (သို့မဟုတ်) ရုံးအာမခံတွေဟာ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်ပါတယ်။  တရားခံကို အမှုလက်ခံစစ်ဆေးမယ့် တရားရုံးက ဆက်လက်ပြီး အာမခံခွင့်ပြုပေးတယ်ဆိုရင် ခံဝန်ချုပ်အသစ် ထပ်မံချုပ်ဆိုရပါတယ်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၃ အရ တရားရုံးအနေနဲ့ တရားခံကို အာမခံသူများနဲ့ဖြစ်စေ၊ အာမခံသူများ မပါဘဲဖြစ်စေ ခံဝန်ချုပ်ဆိုစေရန် တောင်းဆိုတဲ့အခါမှာ ရုံးအနေနဲ့ တရားခံကို ခံဝန်ချုပ်ဆို စေမယ့်အစား (ကောင်းမွန်စွာ နေထိုင်ရန် ချုပ်ဆိုတဲ့ ခံဝန်ချုပ်မှတပါး) သင့်တော်သော အရေအတွက်ရှိတဲ့ ငွေတစ်ရပ်ကို ဖြစ်စေ၊ အစိုးရငွေပေးကတိစာချုပ်ကိုဖြစ်စေ တင်သွင်းစေရန် ခွင့်ပြုနိုင်ပါတယ်။  အာမခံတန်ဘိုးကို မတန်တဆတော့ တောင်းလို့မရပါဘူး။

တရားခံ ထွက်ပြေးလျှင် သော်လည်းကောင်း၊ အကြောင်းမဲ့ ရုံးချိန်းပျက်ကွက်လျှင် သော် လည်းကောင်း ခံဝန်သူတို့အား တရားခံကို ရှာရန် အချိန်ပေးသင့်ပါတယ်။  တရားရုံးက သင့်တော်သလို သတ်မှတ်ချိန်းဆိုတဲ့ ရုံးချိန်းနေ့ရက်တိုင် ခံဝန်သူတွေဟာ တရားခံကို ရှာဖွေမတွေ့တော့တဲ့ အခါမှသာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၄ အရ ပြစ်မှုဆိုင်ရာ အထွေထွေမှု ဖွင့်လှစ်ပြီး အရေးယူ ဆောင်ရွက်သင့်ပါတယ်။ ခံဝန်သူတွေ ရုံးရှေ့ရောက်ရှိတဲ့အခါ ၎င်းခံဝန်သူ တို့ကို ထုချေလွှာ တောင်းခေါ်ရပါမယ်။  ပြီးမှသာ တရားရုံးက ၎င်းတို့အပေါ် ခံဝန်ချုပ်ပါ အာမခံကြေးကို အပြည့်ဖြစ်စေ၊ အချို့အ၀က်ကို ဖြစ်စေ ပေးလျော်စေရန် အမိန့် ချမှတ်နိုင်သလို၊ လွတ်ငြိမ်းချမ်းသာခွင့် လည်း ပေးနိုင်ပါတယ်။

လူအာမခံ ခံဝန်ချုပ် ဖောက်ဖျက်မှုကြောင့် အရေးယူတဲ့အခါမှာ တရားခံနှင့် ခံဝန်သူများ အားလုံး အပေါ်မှာ အတူတကွ ပူးတွဲ၍ဖြစ်စေ၊ သီးခြားစီဖြစ်စေ ပေးလျော်ရန် တာဝန်ရှိကြောင်းကို မောင်မြကြီး ပါ(၂) နှင့် နိုင်ငံတော် (၁၉၅၉၊ မတစ (လွှတ်တော်)၊ စာ-၁၆၀)မှာ စီရင်ထုံးဖွဲ့ထားပါတယ်။

ရုံးက ချမှတ်တဲ့ ဒဏ်ကြေးငွေကို ငြင်းဆန်မယ် ဆိုရင်တော့ ခံဝန်သူတွေ ပိုင်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင် သောပစ္စည်းများကို ၀ရမ်းကပ် ရောင်းချပြီး ဒဏ်ကြေးကို ရယူနိုင်ပါတယ်။  ယင်းသို့ ဒဏ်ကြေးကောက်ခံရာ မှာ ဘယ်လိုဘယ်ပုံ လိုက်နာဆောင်ရွက်ရမယ် ဆိုတာကို ဦးသာရင် နှင့် ဦးစိန်မောင် (၁၉၆၅၊ မတစ (ရုံးချုပ်)၊ စာ-၆၃) မှာ အကျယ်တ၀ံ့ လမ်းညွှန် ထုံးဖွဲ့ထားတာဖြစ်လို့ ရှာဖွေဖတ်ရှုသင့်ပါတယ်။   တကယ်လို့ ခံဝန်သူတွေဟာ ဒဏ်ကြေးကို ငွေသားနှင့်လည်း ပေးဆောင်ခြင်း မရှိ၊ ပစ္စည်းဝရမ်း စွဲကပ်ရောင်းချဖို့ ကလည်း မဖြစ်နိုင်ဘူး ဆိုရင်တော့ ခံဝန်သူအပေါ် တရားမထောင်ဒဏ် (၆)လအထိ ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၄ (၄) မှာ ပြဋ္ဌာန်းပါရှိပါတယ်။

တရားရုံးတစ်ရုံးကနေ အခြားတစ်ရုံးကို (အာမခံပေးထားတဲ့ တရားခံအပေါ် စွဲဆိုထားတဲ့) အမှုတွေ လွှဲပြောင်းပေးဖို့ အကြောင်း ပေါ်ပေါက်လာတာမျိုး တစ်ခါတစ်ရံ ရှိတတ်ပါတယ်။  ဒီလို ရုံးပြောင်းလာတဲ့ အမှုမှာ လွှဲပြောင်းလိုက်တဲ့ ရုံးသို့သော်လည်းကောင်း၊ လွှဲပြောင်းပေးပို့ လက်ခံရတဲ့ရုံးသို့ သော် လည်းကောင်း တရားခံ ရောက်မလာဘူး ဆိုရင် အဲဒီလို တရားခံ မလာရောက်တာကို အကြောင်းပြုပြီး မူလရုံးက ခံဝန်ချုပ်အရ ငွေကို ဘဏ္ဍာတော်အဖြစ် သိမ်းယူရန် အာဏာ မရှိပါဘူး။  ဒီမူသဘောကို မောင်ငယ် နှင့် အစိုးရ (အတွဲ(၂)၊ ရန်ကုန် စီရင်ထုံး၊ စာ-၅၀၁) မှာ ဆုံးဖြတ်ထားပါတယ်။  ခံဝန်ချုပ်ပေါ်မှာ "အမှုလွှဲပြောင်း လိုက်တဲ့ တရားရုံးသို့ လာရောက်ရန် တာဝန်ရှိကြောင်း" ဖော်ပြမထားဘူး ဆိုရင်တော့ တရားခံဟာ ထိုရုံးကို မလာတဲ့အတွက် ခံဝန်ချုပ်ပါ ငွေကို ဘဏ္ဍာအဖြစ် သိမ်းယူခြင်း ပြုနိုင်မှာ မဟုတ်ဘူး ဆိုတာ ကိုလည်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၇၀(၃) နဲ့ တရားရုံးများလက်စွဲ အပိုဒ် ၅၂၁ မှာ ညွှန်ပြထားတာကို သတိပြုကြရ ပါမယ်။

 အောက်တွင်ဖော်ပြမယ့် ဒေါ်ရှုရင် (ခ) ဒေါ်အေးအေးမြင့် နှင့် နိုင်ငံတော် (၁၉၈၉၊ မတစ၊ စာ-၃၀) အမှုကို ဆက်လက်လေ့လာ ကြည့်ပါ။
 "တိုင်းတရားရုံးရှေ့တွင် ပြုလုပ်သော ခံဝန်ချုပ်သည် တိုင်းတရားရုံးရှေ့၌သာ အတည် ဖြစ်ပြီး မြို့နယ်တရားရုံးသို့ ရောက်ရှိသွားသည့် နေ့တွင် ယင်းခံဝန်ချုပ်သည် ဆက်လက် တည်ရှိခြင်း မရှိတော့ပေ။  အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်ရာ မြို့နယ်တရားရုံးအနေဖြင့် ခံဝန်ချုပ်ဖြင့် တရားခံအား ဆက်လက်ထား သောအမှုမျိုးတွင် ခံဝန်ချုပ် အသစ်ကို ပြန်လည်ပြုလုပ်ရမည်။"

ရဲအရာရှိက ရယူတဲ့အာမခံ ခံဝန်ချုပ်ကို တရားခံက ဖောက်ဖျက်တဲ့အခါမှာ အာမခံသူတွေအပေါ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၄ အရ အရေးယူခဲ့ခြင်းနဲ့ စပ်လျဉ်းလို့ စိတ်ဝင်စားဖွယ် ပြဿနာတစ်ရပ်ကိုလည်း အောက်မှာ ဆက်လက်လေ့လာကြည့်ပါ။  ဦးအောင်ကြည် ပါ(၂) နှင့် နိုင်ငံတော် (၂၀၀၁၊ မတစ၊ စာ-၁၃) မှာ ထုံးဖွဲ့ထားတာဖြစ်ပြီး မမှားရအောင် သတိဆောင်နိုင်မယ့် စီရင်ထုံးဖြစ်လို့ ဖော်ပြပေးလိုက်ပါတယ်။
"အာမခံမပေးနိုင်သော ပြစ်မှုနှင့် စွပ်စွဲခံရသူကို အာမခံပေးနိုင်ခွင့်မှာ ရဲစခန်းမှူးနှင့် တရားရုံး ကသာ ဖြစ်သည်။  စခန်းမှူးအောက် ရာထူးနိမ့်သော အရာရှိက အာမခံ မပေးနိုင်။  ဤအမှုတွင် မည်သူက အာမခံပေးကြောင်း ဖော်ပြမထားပေ။  အမှုဖွင့်တိုင်ကြားသူ ဒုရဲအုပ် ဌေးဝင်း၏ တိုင်ကြားချက်တွင်လည်း ယင်းအကြောင်းကို ဖော်ပြမထားပေ။  ခံဝန်ချုပ်ကို မည်သူ၏ ရှေ့တွင် ပြုလုပ်ကြောင်းကိုလည်း ဖော်ပြမထားပေ။  တရားခံအား (ပ)နံပါတ်- ၆၄၈/၉၉ တွင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၀၆ အရ အမှုဖွင့်သော်လည်း ခံဝန်ချုပ်တွင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၂၀ ကို ဖော်ပြပြီး ခံဝန်ချုပ်ဆိုထား သည်ကို တွေ့ရသည်။  သို့ဖြစ်ရာ အဆိုပါ ခံဝန်ချုပ်သည် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်သော ခံဝန်ချုပ် ဖြစ်သည်ဟု ဆိုရန် ခဲယဉ်းသည်။  ယင်းခံဝန်ချုပ်ကို ဖောက်ဖျက်မှုဖြင့် အာမခံသူများအပေါ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၄ အရ အမှုဖွင့် အရေးယူပြီး ဒဏ်ကြေးငွေ ပေးဆောင်စေရန် ချမှတ်ထားသော အမိန့်မှာ ဥပဒေအရ မှန်ကန်သည်ဟု ဆိုနိုင်မည် မဟုတ်ပေ။"

တရားရုံးချုပ်က ထုတ်ပြန်ခဲ့တဲ့ (၁၅-၁၁-၁၉၉၁) ရက်စွဲပါ အမှာစာအမှတ်၊ ၂၃၁/၄၂၇/၉၁(လထန) ရှိ အမှာစာ အပိုဒ်(၂)နဲ့ (၃)ရဲ့ အောက်ပါ နမူနာပြ လမ်းညွှန်မှာကြားချက်နဲ့ ဒီပို့စ်လေးကို အဆုံးသတ်ပါရစေ။

(၂)     မြို့နယ်တရားရုံး တစ်ရုံးတွင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၈၀၊ ပုဒ်မ ၄၅၄၊ ပုဒ်မ ၃၄ အရ တရားစွဲဆိုခြင်း ခံရသော တရားခံအား ကျပ်တစ်သောင်းတန် အာမခံသူနှစ်ဦးဖြင့် ခံဝန်ချုပ်ဆို၍ အာမခံပေးထားရာမှ ယင်းတရားခံ ထွက်ပြေးသည့် ကိစ္စ၌ အာမခံသူများ ဒဏ်ကြေးငွေ ကျပ်ငါးရာစီ ပေးဆောင်ရန် တရားရုံးက အမိန့်ချမှတ်ထားသည်ကို တွေ့ရပါသည်။  ဤကဲ့သို့ သက်ညှာစွာ ဒဏ်ကြေးငွေ ပေးဆောင်ရန် အမိန့်ချမှတ်ခြင်းသည် အာမခံဖြင့် နေခွင့်ပြုထားသော တရားခံများ လွယ်လွယ်ဖြင့် ရုံးချိန်းပျက်ကွက်ခြင်း၊ ထွက်ပြေးခြင်းနှင့် အာမခံသူများ အနေဖြင့်လည်း ပေါ့ပေါ့တန်တန် အာမခံကြခြင်းများကို အားပေးရာ ရောက်ပါသည်။  ထို့ပြင် တရားခံ ရုံးချိန်းပျက်ကွက်ခြင်း၊ တိမ်းရှောင်နေခြင်းများ ရှိသည်နှင့်အမျှ အမှုများလည်း ကြန့်ကြာပြီး မှန်မှန်နှင့်မြန်မြန် စစ်ဆေးရေးကို တစ်နည်းတစ်ဖုံ ထိခိုက်ရာ ရောက်ပါသည်။  တရားရုံးရှေ့၌ ခံဝန်ချုပ် ချုပ်ဆိုခြင်းကို လွယ်လွယ်ဖောက်ဖျက် ခြင်းဖြင့် တရားရုံး၏အာဏာကို သေးသိမ်စေရာလည်း ရောက်ပါသည်။
(၃)     သို့ဖြစ်ပါ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၄ အရ ခံဝန်ချုပ်ကို သိမ်းယူရာတွင် ဒဏ်ကြေးငွေကို သတ်မှတ်ရာ၌ အထက်အပိုဒ် ၂ ပါ အခြေအနေများကို သတိပြုပြီး တင်းတင်းကျပ်ကျပ်နှင့် ထိရောက်စွာ အရေးယူ အမိန့်ချမှတ်ခြင်းများ ပြုလုပ်ရန် ညွှန်ကြားလိုက်သည်။

လွှမ်းမိုးအောင် (တရားရေး)

15-12-2014  1:05 am.

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...