Sunday, May 20, 2018
တရားစီရင်ရေး ဆောင်ရွက်ပုံအဆင့်ဆင့်
တရားစီရင်ရေးတွင် 
(၁) ပြစ်မှုဆိုင်ရာအမှုများ 
(၂) တရားမ ဆိုင်ရာအမှုများ ဟူ၍ နှစ်မျိုး ရှိပါသည်။
ပြစ်မှုဆိုင်ရာအမှုများမှာ လူပုဂ္ဂိုလ်နှင့် သက်ဆိုင်ပြီး တရားမဆိုင်ရာအမှုများမှာမူကား ပိုင်ဆိုင်မှုပစ္စည်းများ၊ ငွေကြေးများနှင့် သက်ဆိုင်ပါသည်။ပြစ်မှုဆိုင်ရာအမှုများမှာ လူပုဂ္ဂိုလ်နှင့် သက်ဆိုင်သောကြောင့် ပြစ်မှုဆိုင်ရာအမှုများအကြောင်းကို ထဲထဲဝင်ဝင် မဟုတ်သည့်တိုင် ယေဘုယျအားဖြင့် သိထားသင့်သည်ဟုထင်မြင်မိပါသည်။ သို့အတွက် ပြစ်မှုဆိုင်ရာအမှုများ စစ်ဆေးစီရင်ခြင်းအကြောင်းကို ဗဟု သုတအလို့ငှာတင်ပြလိုက်ပါသည်။ ရာဇသတ်ကြီးဥပဒေ (The Penal Code) ကို အများသိပြီးဖြစ်ပါသည်။ ယခင်က ရာဇ၀တ်မှုဟု သုံးနှုန်းခဲ့ပါသည်။ယခုအခါ ပြစ်မှုဆိုင်ရာအမှုဟု ခေါ်ဝေါ်သုံးနှုန်းလျက်ရှိပါသည်။
ပြစ်မှုဆိုင်ရာအမှုကို မည်သို့မည်ပုံ စစ်ဆေးဆောင်ရွက်ကြောင်း အကျဉ်း ချုပ်တင်ပြလိုပါသည်။ ပြစ်မှုဆိုင်ရာအမှုတွင် ပထမဦးဆုံး စတင်သည်မှာ ပထမသတင်းပေး တိုင်ချက် (FirstInformation Report) ပင် ဖြစ်ပါသည်။ ပထမသတင်း ပေးတိုင်ချက် မည်သို့ပြုလုပ်ရကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၁၅၄ တွင် ပြဋ္ဌာန်းထားပါသည်။'သတင်းပေး တိုင်ချက်ကို ရဲစခန်းမှူးထံ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေတိုင်တန်းနိုင်သည်' ဟူ၍ ပြဋ္ဌာန်းထားပါသည်။ရဲစခန်းမှူးထံ တိုင်ကြားရာတွင် တိုင်ချက်ကို ရဲတပ်ကြပ် ကြီး (စာရေး) (ယခင်အခေါ် ဂါတ်စာရေး)က ရေးမှတ်ယူပါသည်။  ထို့နောက် ရဲစခန်းမှူးက ကိုယ်တိုင်ဖြစ်စေ၊ ဒုရဲအုပ် တစ်ဦးဦးကိုဖြစ်စေ တာဝန်ပေးပြီးအမှုကို စုံစမ်းစစ်ဆေးပါသည်။
ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၂ အရ သက်သေ များအား စစ်မေးခြင်းပြုလုပ်ပါသည်။ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၀၃ အရ သက်သေခံပစ္စည်း သိမ်းဆည်းခြင်းပြုလုပ်ပါသည်။ထိခိုက်ဒဏ်ရာရသည့် အမှုဖြစ်ပါက ဒဏ်ရာရသူကို ဆေးစာနှင့် အတူ ဆေးရုံသို့ပို့ပြီးစစ်ဆေးခြင်း၊ ဆရာဝန်၏ ထင်မြင်ချက်ကို တောင်းခံ ခြင်းများ ပြုလုပ်ရပါသည်။ ပြစ်မှုကျူးလွန် သူကို ဖမ်းဆီးရပါသည်။
တရားခံအား ၂၄ နာရီထက် ပိုမိုချုပ် နှောင်ထားရန် လိုအပ်ပါကပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၇ အရ အနီးဆုံး တရားသူကြီး ထံ တရားခံအားတင်ပို့၍ ချုပ်ရမန် တောင်းခံရပါသည်။ယင်းနောက် မြို့နယ်ဥပဒေအရာရှိ ထံ ရဲစက္ကူများ ပေးပို့ပြီး အကြံပြုချက် ​တောင်းခံရပါသည်။ အကြံပြုချက်ရရှိပြီး ပါက အမှုကို ပြည့်စုံစွာ တည်ဆောက်ပြီး တရားရုံးသို့စွဲတင်ရပါသည်။ပြစ်မှုကြီး များကို ခရိုင်တရားရုံးသို့ တင်ပို့ပြီး ကျန်ပြစ်မှုများကိုမြို့နယ်တရားရုံးသို့ စွဲတင်ရပါသည်။ ဆိုင်ရာတရားရုံးက ရဲစွဲချက်တွင် ဖော်ပြပါရှိသော တရားလိုပြသက်သေ များကို ရဲပုံစံ၁၀၄ ဖြင့် ဆင့်ခေါ်ပြီး စစ်ဆေးပါသည်။
ထိုသို့စစ်ဆေးရာတွင် သက်သေခံဥပဒေပုဒ်မ ၁၃၈ ပါ အစီ အစဉ်အတိုင်း ဥပဒေအရာရှိက ဦးစွာပထမ အဓိကစစ်မေးခြင်းပြုပြီး တရားခံ ရှေ့နေက ပြန်လှန်စစ်ဆေးပါသည်။ သက်သေ၏ ထွက်ဆိုချက်တွင် ရှုပ်ထွေး နေပါက မြို့နယ်ဥပဒေအရာရှိက ပြန်ရှင်း စစ်မေးခြင်း(နောက်ထပ်စစ်မေးခြင်း) ကို ပြုလုပ်ပါသည်။ လိုအပ်လျှင် တရားသူကြီးက (ရုံးမေး) ဟူ၍ မေးမြန်းပါ သည်။ 
ထိုသို့စစ်မေးနေ စဉ် တရားလိုပြ သက်သေ အကုန်မ စစ်ဆေးရသေးမီ ဖြစ်စေ၊ အကုန်စစ်ဆေးပြီးနောက်ဖြစ်စေ တရားခံ သည် ပြစ်မှုတစ်ခုခုနှင့် ငြိစွန်းကြောင်း ပေါ်ပေါက်ပါကတရားခံအား စွဲချက် တင်ပါသည်။
ငြိစွန်းကြောင်း ပေါ်ပေါက် ခြင်းမရှိပါက စွဲချက်မတင်မီ (တရားရှင်)လွှတ်ပါသည်။ စွဲချက်တင်ခဲ့ပါက တရားခံဘက်ကို စစ်ဆေးပါသည်။ 
ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခြင်းမရှိပါက အမှုမှ အပြီးအပြတ် (တရားသေ)လွှတ်ပါသည်။ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားပါက တရားခံ အား ပြစ်မှုထင်ရှား စီရင်ပါသည်။အမှုစစ်တရားသူကြီးသည် အမှုတွဲ တွင် ပေါ်ပေါက်ချက်အပေါ်တွင်သာ သုံးသပ် ဆုံးဖြတ်ရပါသည်။ ဤသည်မှာ ပြစ်မှုဆိုင်ရာအမှုများကို ဆောင်ရွက်ပုံအဆင့်ဆင့်၏ အကျဉ်းချုပ် ဖြစ်ပါသည်။ ယင်းကဲ့သို့ တရားစီရင်ခြင်းကို ဆောင် ရွက်ကြရာ၌ အောက်ပါပုဂ္ဂိုလ်များက ကဏ္ဍအလိုက်ဆောင်ရွက်ကြပါသည်။
၎င်းတို့မှာ - ရဲတပ်ဖွဲ့၊ ဥပဒေအရာရှိ၊ ဆရာဝန်၊ ဓာတုဗေဒ၀န်၊ ရဲမှုခင်းတပ်ဖွဲ့(စီအိုင်ဒီ)၊ သက်သေများ၊ ရှေ့နေ၊ တရားသူကြီးတို့ ဖြစ်ပါသည်။ ရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တရားစွဲ အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ အမှုကို ဖော်ထုတ်သူများ ဖြစ်သောကြောင့် လွန်စွာ အရေးပါသောအပိုင်းကိုထမ်းဆောင်ကြသူများ ဖြစ်ပါသည်။ မျက်မြင်သက်သေများ၊ နားကြားသက် သေများ၊ အမှန်ကို ပြောဆိုမည့် သက်သေ များကိုရှာဖွေစုံစမ်းပြီး စစ်ချက်ယူရ သကဲ့သို့ သက်သေခံပစ္စည်းများ သိမ်း ဆည်းခြင်း၊တရားခံကို ဖော်ထုတ်ဖမ်းဆီး ခြင်းများ ပြုလုပ်ရပါသည်။
လူနာကို ဆေးရုံသို့ပို့ခြင်း၊ သက်သေခံပစ္စည်းကို ဓာတ်ခွဲစမ်းသပ်ရန်ဓာတုဗေဒ၀န်ရုံးသို့ ပို့ခြင်း စသည့် ရဲလုပ်ငန်းများကို အပြည့် အစုံ လုပ်ရပါသည်။ဥပဒေအရာရှိ အမှုစစ်ရဲအရာရှိက အမှုတည် ဆောက်ပြီးနောက် ရဲစက္ကူများကို ဥပဒေ အရာရှိထံပေးပို့ပြီး အကြံပြုချက်တောင်း ခံပါသည်။ဥပဒေအရာရှိက ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အကြံပေး ခြင်းကို ဆောင်ရွက်ပါသည်။ 
တရားရုံးသို့ အမှုစွဲတင်သည့်အခါတွင်လည်း ရဲစက္ကူ များကို ကိုင်ဆောင်၍ အမှုမှ သက်သေများကို စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ပါ သည်။
တစ်နည်းအားဖြင့် တရားလိုဘက် မှ လိုက်ပါဆောင်ရွက်ခြင်း ဖြစ်ပါသည်။ အမှုမှန်ပေါ်ပေါက်စေရေး ဦးတည်ချက် ဖြင့် လိုက်ပါဆောင်ရွက်ရပါသည်။ အမှန်တရားပေါ်ပေါက်လာစေရန် ဆောင် ရွက်ရသဖြင့် ဥပဒေအရာရှိသည်အရေး ပါသောကဏ္ဍကို ​ဆောင်ရွက်ကြောင်း သိနိုင်ပါသည်။ ဆရာဝန် ရဲက ဆေးစာဖြင့် တင်ပို့လာသော လူနာကို ​ဆေးကုသပေးရသည့် အပြင် ဒဏ်ရာသည်ပြင်းထန်ဒဏ်ရာဖြစ်သည် သို့မဟုတ် သာမန်ဒဏ်ရာဖြစ်သည် စသည်ဖြင့်ထင်မြင်ချက်ပေးရပါသည်။
ဒဏ်ရာအခြေအနေပေါ်မူတည်လျက် ပုဒ်မအကြီး၊ အသေး ဖြစ်ပေါ်ရပါသည်။မုဒိမ်းမှုများတွင် ကာယကံရှင်မိန်းကလေး သည် လတ်တလော ကာမစပ်ယှက်ခံ ထားရခြင်းရှိ၊မရှိ ဆေးစစ်ဆေးရပါ သည်။ ထိုသို့ မစစ်ဆေးမီ မိန်းကလေး အား ဦးစွာ မြို့နယ်တရားသူကြီးထံပို့၍ဆေးစစ်ဆေးခွင့်တောင်းခံရန် လို ကြောင်း ရဲလက်စွဲအပိုဒ် ၁၇၇၀ တွင် ညွှန်ကြားထားပါသည်။ မုဒိမ်းမှုများတွင် အများအားဖြင့် မျက်မြင်သက်သေမရှိ နိုင်ပါ။ သို့ဖြစ်၍ ဆရာဝန်၏ ဆေးစာမှာ အမှုတွင် မည်မျှအရေးကြီးကြောင်း သိ နိုင်ပါသည်။ဓာတုဗေဒ၀န် ဓာတုဗေဒ၀န်မှာလည်း အရေးကြီး သော အပိုင်းကို ထမ်းဆောင်ရပါသည်။ မူးယစ်ဆေးဝါးမှုများတွင် တရားခံသည် မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ၊ မရှိသိနိုင်ရန်၎င်း၏ ဆီးနမူနာကို ဆရာဝန်ကရယူပြီး ဓာတုဗေဒ၀န်ထံ ပေးပို့စစ်ဆေးပါသည်။
ဆီးထဲတွင် မူးယစ်ဆေးဝါးအာနိသင် ရှိ၊ မရှိ ဓာတုဗေဒ၀န်က စစ်ဆေးပြီး ဆရာဝန်ထံပြန်ကြားရပါသည်။ 
သို့ဖြစ် ၍ တရားခံသည် မူးယစ်ဆေးဝါးသုံးစွဲ ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရာ၌ဓာတုဗေဒ၀န်ရုံး ၏ စစ်ဆေးချက်သည် အဓိကကျ ကြောင်း တွေ့နိုင်ပါသည်။ ၎င်းအပြင် လူသတ်မှုများတွင် သက်သေခံဓား၊ တုတ် တို့၌ သွေးရှိ၊ မရှိ စမ်းသပ်ပြီး ဆိုင်ရာရဲစခန်းသို့ ပြန်ကြားရပါသည်။မုဒိမ်းမှု များတွင်လည်း တရားခံ၏ အ၀တ် အစားနှင့် မိန်းကလေး၏ အ၀တ်အစား များတွင်သုက်ရည်၊ သုက်ပိုးတွေ့၊ မတွေ့ ဓာတုဗေဒ၀န်ရုံးက စစ်ဆေးရပါသည်။ သို့ဖြစ်ရာ ဓာတုဗေဒ၀န်ရုံး၏ စစ်ဆေး ပြန်ကြားချက်သည် အမှုတွင် အမှန် တရားကိုရှာဖွေရာ၌ လွန်စွာအဖိုးတန် လှပါသည်။
ရဲမှုခင်းတပ်ဖွဲ့(စီအိုင်ဒီ) ရဲမှုခင်းတပ်ဖွဲ့(စီအိုင်ဒီ)သည် အချို့ သောအရေးကြီးအမှုများကိုဖော်ထုတ် ရသော လုပ်ငန်းကို ဆောင်ရွက်သကဲ့သို့အခြားတစ်ဖက်တွင်လည်း လက်ရေး၊ လက်မှတ်၊ လက်ဗွေများကို စစ်ဆေးပြန် ကြားပေးရပါသည်။
ပြစ်မှုများတွင် သာမကဘဲ တရားမ မှုများတွင် စာချုပ်စာတမ်းတစ်ခုတွင် ရေးသားထားသော၊ရေးထိုးထားသော လက်မှတ်၊ လက်ဗွေ တို့အပေါ် စစ်ဆေး ပြန်ကြားပေးသည့် အလုပ်ကိုလည်းလုပ်ပါသည်။ သို့ဖြစ်၍ ရဲမှုခင်းတပ်ဖွဲ့(စီအိုင်ဒီ) သည် ပြစ်မှုများကို ဖော်ထုတ်ရာတွင် အရေးပါသောတာဝန်ကိုထမ်းဆောင် နေကြောင်းမြင် သာပါသည်။ သက်သေများ အမှု၏ အဓိကကျောရိုးမှာ သက်သေများ ဖြစ်ပါသည်။
သက်သေများက အမှန် ကို ထွက်ဆိုကြလျှင် အမှုမှန်ဖော်ထုတ် ရာတွင် လွယ်ကူပါသည်။သက်သေများ က အမှန်ကို ထုတ်ဖော်ထွက်ဆိုခြင်း မရှိ လျှင် အမှုမှန်ဖော်ထုတ်ရာ၌ခဲယဉ်းတတ် ပါသည်။ အမှန်တရားသည် သက်သေ များ၏ ဖြောင့်မတ်မှန်ကန်မှုအပေါ် များစွာမူတည်ပါသည်။ သို့ဖြစ်၍လည်း သက်သေများကို ကျမ်းကိုင်ပြီး ထွက်ဆို စေခြင်း ဖြစ်ပါသည်။ 
တရားခံမှာ မိမိ၏ ဆွေမျိုး၊ မိတ်ဆွေဖြစ်သောကြောင့် လိမ် လည်ထွက်ဆိုသကဲ့သို့တရားခံကို မုန်းတီးသောစိတ်ကြောင့် ပိုပိုသာသာ ထွက်ဆိုသူများလည်း ရှိတတ်ပါသည်။ အချို့က အသက်အန္တရာယ်စိုးရိမ်သဖြင့် အမှုကို မထွက်ဆိုဝံ့သကဲ့သို့ အချို့က လည်းအဖြစ်အပျက်ကို မသိဘဲ ကောလာဟလကို အမှန်ဟု ရမ်းသမ်း ထွက်ဆိုကြသူများလည်း ရှိတတ်သည်။ 
အမှုစီရင်ဆုံးဖြတ်ရာတွင် သက်သေ များ၏ ထွက်ဆိုချက်ကို အခြေခံပြီးဆုံးဖြတ်ရသောကြောင့် သက်သေများ သည် ဖြောင့်မတ်ကြ ရန် လိုကြောင်း တွေ့ နိုင်ပါသည်။သက်သေများသည် တရား စီရင်ခြင်း၏ အဓိကဇာတ်ကောင်များဟု ပင်ခေါ်ဆိုနိုင်ပါသည်။ 
ရှေ့နေများ ရှေ့နေများသည်လည်း အလွန်အရေး ပါသော တာဝန်ကိုထမ်းရွက်ကြရပါ သည်။အမှန်တရားကို ဖော်ထုတ်ရာ တွင် ရှေ့နေများက မေးခွန်းများကို ဥပဒေဘောင်အတွင်းမှဉာဏ်ပညာဖြင့် မေးမြန်းဖော်ထုတ်ရပါသည်။
ကြောက်ရွံ့ နေသော သက်သေများ၊ လိမ်လည်နေ သော သက်သေများ၊ ထိမ်ချန်ထွက်ဆို နေသောသက်သေများကို ပညာဉာဏ် ဖြင့် မေးမြန်းဖော်ထုတ်ရပါသည်။လိမ် လည်ထားသည်ကို ပေါ်လွင်ရန်၊ ဖုံးကွယ် ထားသည်ကို ဖော်ထုတ်ရန်၊ ကွေ့ကောက်နေသည်ကို ဖြောင့်မတ်လာစေ ရန် ဉာဏ်ပညာဖြင့် ဆောင်ရွက်ကြပါ သည်။ရှေ့နေများ၏ ဉာဏ်ပညာထက် မြက်လျှင် ထက်မြက်သလောက် အမှန် ကို ဖော်ထုတ်နိုင်ပါသည်။သို့ဖြစ်ပေရာ တရားစီရင်ခြင်း ဖြောင့်မတ်ရန်အတွက် ဆောင်ရွက်ရာ တွင် ရှေ့နေများ၏ ဉာဏ်ပညာကြီးမား မှုက မည်မျှအရေးပါပုံကို သိမြင်နိုင်ပါ သည်။ တရားသူကြီး အမှုတစ်ခုလုံး၏ အဆုံးသတ်အပိုင်း ကို ဆောင်ရွက်ရသူ ဖြစ်ပါသည်။ အမှု တွဲတွင် ပေါ်ပေါက်ချက်ကိုသာ သုံးသပ် ဆုံးဖြတ်ခွင့် ရှိပါသည်။ အမှုတွဲတွင်ပေါ်ပေါက်ခြင်းမရှိသော အချက်များကို အခြေခံပြီး ဆုံးဖြတ်ခွင့်မရှိပါ။
နှစ်ဖက် အမှုသည်များကတင်ပြကြသော သက် သေခံ အထောက်အထားများအနက် သက်သေခံဥပဒေနှင့်ကိုက်ညီသော အချက်အလက်များကိုသာ ထည့်သွင်း သုံးသပ်ခွင့်ရှိပါသည်။ ဥပဒေနှင့် ကိုက် ညီခြင်းမရှိသည်ကို ပယ်ပြီး ဥပဒေနှင့် ကိုက်ညီသည့်အချက်များကိုသာလက်ခံ ရပါသည်။ တစ်နည်းအားဖြင့် တရား သူကြီး၏ လုပ်ပိုင်ခွင့်ကို သက်သေခံ ဥပဒေဖြင့်ဘောင်ခတ်ထားသည်ဟု ဆို နိုင်ပါသည်။ သက်သေခံဥပဒေနှင့် ညီညွတ်သော တင်ပြချက်များအပေါ် အခြေခံပြီး ဆုံးဖြတ်ရာတွင်လည်းပြဋ္ဌာန်းဥပဒေ၊ ကျင့်ထုံးဥပဒေ၊ နည်းဥပဒေ၊ စီရင်ထုံး ဥပဒေလမ်းညွှန်ချက်၊ တရားရုံးများလက်စွဲများနှင့် ခြုံငုံသုံးသပ်ဆုံးဖြတ်ရပါ သည်။ တရားဥပဒေနှင့် ညီညွတ်ရမည့် အပြင် မျှတမှုရှိရန်လည်း ထည့်သွင်း စဉ်းစားရပါသည်။
သို့ဖြစ်ရာ တရားစီရင်ခြင်း၏ အဆုံး သတ်အပိုင်းကို ဆောင်ရွက်ကြရသော တရားသူကြီး၏လုပ်ငန်းတာဝန် မည်မျှ ကြီးမားပုံကို သိနိုင်ပါသည်။ ဤသည်မှာပြစ်မှုဆိုင်ရာအမှုများကို တရားစီရင်ရာ၌ ဆောင်ရွက်ပုံအဆင့် ဆင့်၏ အကျဉ်းချုပ်နှင့်တရားစီရင်ခြင်း တွင် မည်သူက မည်သည့်အပိုင်းကို တာဝန်ယူကြရကြောင်းသိရှိရန် ဗဟုသုတအလို့ငှာ တင်ပြလိုက်ရပါသည်။
ရွှေချိန်ခွင် 
အတွဲ ၂၉ ၊ အမှတ် ၅၆၁ (၁၆ - ၂၂ ၊ ၃၊ ၂၀၁၂)
ဥပ​ဒေ မှတ်​စု
http://www.ruleoflawinmyanmar.com
ကျမ်းသစ္စာ ကျိန်ဆိုရာတွင်
          အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာ ရင်ဆိုင်ရနိုင်သည်ဟု ရှေးရိုးစကားရှိပါသည်။ လူ့ဝန်း ကျင်တွင်နေထိုင်ကြ၍ ဘဝကို အေးချမ်းစွာ ဖြတ်သန်း လိုသူနှင့် လောဘ၊ ဒေါသ၊ မောဟဖြင့် ဘဝကို ဖြတ် သန်းလိုသူဟူ၍ရှိကြရာ အဆိုပါမတူညီသောနှစ်ခု အကြောင်းအားလျော်စွာ တွေ့ဆုံမိသောအခါ အမှန် တရားပေါ်ပေါက်ရန်အတွက် တရားတဘောင်ရင်ဆိုင် ရတတ်ပါသည်။
          အမှန်တရားအတွက်တရားရင်ဆိုင်ရာတွင် မိမိကိုယ် တိုင်နှင့် သက်သေဟူ၍ တရားရုံးတွင်သက်သေထွက် ဆိုရလေ့ရှိပြီး ပိတ်စအနီဖြင့်အုပ်ထားသော ကျမ်းစာကို ကိုင်ကာ ကျမ်းသစ္စာကို ကျိန်ဆိုရပါသည်။ ကျမ်းစာတွင် ပါဝင်သောစာများမှာ စူးရှထက်မြက်သောကြောင့် မှန် ကန်စွာထွက်ဆိုလျှင် လောကီ၊ လောကုတ္တရာကောင်းကျိုး နှစ်ဖြာကိုရရှိနိုင်ပြီး မုသားပြောဆိုပါက သား၊ မြေး၊ ကျေး ကျွန်တိုင်အောင် အကျိုးပေးခံစားရပုံကို ဖော်ပြထား ပါသည်။
          ကျမ်းသစ္စာကျိန်ဆိုမြဲကျမ်းစာတွင် နမောတဿ ဘဂ ဝတော အရဟတော သမ္မာသမ္ဗုဒ္ဓသ စိန္တိတံ သတ္တသင်္ချေ ယ်၊ နဝသေခ်ၤယ် ဝါစကံ၊ ကာယ ဝါစာ စတုခ်ာတံ ဟူ၍ ကျမ်းစာကိုစတင်ဖွင့်ထားပြီး အောက်အပိုဒ်တွင် ကျမ်းစာကိုစောင့်ရှောက်သောနတ်အပေါင်းတို့ကို တိုင်တည် ထားပါသည်။
          ကျမ်းသစ္စာကျိန်ဆိုရာတွင် မဟုတ်မမှန်ထွက်ဆိုပါက ရရှိခံစားရမည့်အကျိုးတရားများကိုလည်း ယခုလိုရေးထိုး ထားပါသည်။
          ဟုတ်မှန်သည်ကိုသာထွက်ဆိုပါမည်။ မဟုတ်မမှန် ဆိုပါချေလျှင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း တွက်ကိန်း ပြည်ထ၊ လုံ့လသည်းစွာ၊ ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမ ပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ ပညာပါရမီ၊ သစ္စာ ပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာန်ပါရမီ ပါရမီဆယ်ပါးအပြား သုံးဆယ်ကိုဖြည့်၍ ဘုရားရှင်ကိုယ်တော်မြတ်ကိုစောင့်သောနတ်လည်း သတ်၍မနေ သေစေသောဟူလေ။ သွားတော်လေးဆယ်၊ စွယ်တော်လေးချောင်း၊ ညှပ်ရိုးတော်နှစ်ချောင်း၊ ဓာတ်တော်ပေါင်း ရှစ်စရွတ်ကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသော ဟူလေ ။ လက်ျာရံရှင်သာရိပုတ္တရာ၊ လက်ဝဲရံရှင် မောဂ္ဂလာန်စသော အသီတိရှစ်ကျိပ်သော ရဟန္တာမြတ် တို့၏ ဓာတ်တော် မွေတော်ကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသော ဟူလေ။ ထိုမှတစ်ပါး ဘုရား သခင် ​ဟောတော် မူသော၊ ဝိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်း၊ ပိဋကတ်သုံးပုံ၊ ဓမ္မာခက္ခန္တာပေါင်း ရှစ်သောင်းလေးထောင် ကျမ်းကုန်အောင်စောင့်သော နတ်လည်း သတ်၍မနေ သေစေသော ဟူလေ။ ထိုမှ တစ်ပါး သာမဗေဒင်၊ ယဇုဗေဒင်၊ က္ကသျှုဗေဒင်၊ အာတပ် ပန ဗေဒင်လေးပုံကို ​စောင့်သောနတ်လည်း သတ်၍မနေ သေစေသော ဟူလေ။ ထိုမှတစ်ပါး သာသနာတော်ငါး ထောင်ကို ​စောင့်သောနတ်လည်း သတ်၍မနေ သေစေ သော ဟူလေ။ ထိုမှတစ်ပါး ဇမ္မူဒီပါ၊ အပရဂေါယာ၊ ဥတ္တ ရကုရု၊ ပြုဗ္မဝိဒေဟာ၊ကျွန်းကြီးလေးကျွန်း၊ ကျွန်းငယ် နှစ်ထောင်၊ အရံဆောင်သော ကျွန်းအပေါင်းကို စောင့် သောနတ်လည်း သတ်၍မနေ သေစေသောဟူလေ။ ထို မှ တစ်ပါး မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ဂင်္ဂါယမုံနာ၊ အစီရဝတီမဟီ၊ အရဘူ၊ ဟူသည်မကြွင်း၊အိုင်အင်းချောင်း မြောင်း၊ အပေါင်းစောင့်မှတ် ခပ်သိမ်းနတ်လည်း သတ် ၍မနေ သေစေသော ဟူလေ။ ဟိမဝန္တာတောသုံးတောင် ကို ကုန်အောင်စောင့်သော အာကာသစိုး၊ ဗိဿနိုးမလွတ် ဘုတ်ပြိတ်နတ်လည်း သတ်၍မနေသေစေသော ဟူလေ။ ထိုမှတစ်ပါး အဿမုက္ခိ၊ စန္ဒပါရမီသွာ၊ မဟာဂီရိစသော အရှိန်ပြင်းထန်၊ ဝေဿန်ဝန်နှင့် ကုမ္ဘာန်ယက္ခ၊ ကန္ဓဗ္မက စသည့် ဒေဝိန်၊ အသူရိန်အလား၊ ကျော်ထင်ရှားသည့် နတ်အများလည်း သတ်၍မနေ သေစေသော ဟူလေ။ ထိုမှတစ်ပါး သွေးခဲသွေးနက် ပွက်ပွက်၍ ကိုယ်လက် ပြောင်းပြန်သွေးခဲအန်၍ သေစေသောဟူလေ။ ထိုမှ တစ်ပါး ဘေးရှစ်ပါး၊ ဒဏ်ဆယ်ပါးလည်း ထင်ရှားသတ်၍ လတ်လတ်ချက်ချင်းသေစေသော ဟူလေ။ ထိုမှတစ်ပါး သားမြေးဥစ္စာ၊ မကြာပျက်စီး၊ ဆီမီးတန်ဆောင်၊ တုံးသော ရောင်သို့၊ ကုန်အောင်မကြွင်း ပျက်စီးခြင်းသို့ရောက်စေသော၊ဟူလေ။
          ထိုမှတစ်ပါး ရေဝယ်သွားလည်း ရေသား များတွေ ဆယ်ကုဋေတွင်၊ ရေနေအပေါင်း၊ မိချောင်း လပိုင်၊ ညွံထိတိုင်၍ မကာန်းလိပ်ငါး၊ စား၍မနေ သေစေ သော၊ ဟူလေ။ ထိုမှတစ်ပါး ကြည်းဝယ်သွားလည်း၊ ကြည်း သားအပြား၊ များသည်အနေ၊ ကိုးကုဋေတွင် သစ်ကျား ဆင်ရဲ၊ စိုင်ထီးငမွဲ၊ ဝက်ရဲစား၍၊ ထွားထွားညက်ညက်၊ ကိုယ်လုံးပျက်၍ သေစေသော၊ ဟူလေ။ ထိုမှတစ်ပါး မြွေပွေးမြွေဟောက်၊ ငန်းပျောက်ငန်းကျား၊ ငန်းငါးပါး လည်း ပေါက်ထမနေသေစေသော၊ ဟူလေ ဟူ၍ လော ကီတွင် ကျိန်စာ၏အကျိုးပေးကိုဖော်ပြထားသကဲ့သို့ နောင် ဘဝလောကုတ္တရာတွင်လည်း အကျိုးဆက်ခံရနိုင်ပုံကို ယခုလိုဖော်ပြထားပြန်သည်။
          ထိုမှတစ်ပါးသေတုံငြားလည်း၊ ငရဲကြီးရှစ်ထပ်၊ ငရဲငယ် တစ်ရာနှစ်ဆယ့်ရှစ်ထပ်၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ အပါယ်လေးပါးလားစေသော၊ဟူလေ။ ထိုမှတစ်ပါးလူဖြစ် ငြားလည်း၊ လူချင်းမတူ၊ နုဖြူနုဆွတ်၊ မုန်ညင်းရွက်အဆင်း ခရုသင်းမလွတ်၊ ဘက်သကဘက်သများ၊ ထိုအနာလည်းစွဲ စေသော၊ ဟူလေ။ ထိုမှတစ်ပါး မင်းကမလွတ်၊ အမတ် ဗိုလ်ပါ၊ စွဲစရာသား၊ အိမ်ထားလက်နက်၊ သုံးမည်စက်နှင့် ခြေလက်ထောင်းထောင်း၊ လက်ဦးခေါင်းလည်း၊ ထောင်း ထောင်းပြတ်၍ သေစေသော၊ ဟူလေ။ ထိုမှတစ်ပါး မဟာသမုဒ္ဒရာ၊ ပင်လယ်ကြောဝယ်၊ သင်္ဘောလှေကြီး၊ ပျက်စီးမျောပါ၊ တွဲသောလားသို့၊ ထွားထွားညက်ညက် ပျက်စေသော၊ ဟူလေ။ ထိုမှတစ်ပါး ဂွမ်းတလှည်းတို၊ အကျွမ်းဘုတ်သော်၊ တဆုပ်လောက်မျှ၊ စမ်းမရသို့ဖြစ် သော၊ဟူလေ။ ထိုမှတစ်ပါး သား၊ မြေး၊ ကျေးကျွန်၊ ထွန် သည့် ကျွဲ၊ နွား၊ ခမ်းနားမကြွင်း၊ ပြုန်းတီးခြင်းနှင့် ဆင်း ရဲကြီးသည်၊ မြေကြီးဝက်ခွဲ၊ ခွက်လက်စွဲ၍၊ ငရဲအရှင်၊ စားကျင်လှည့်ကာ၊ ဘုန်းစားရာဘဝ၊ တွင်းဆုံးကျ၍၊ အလှမဲ့ပါ၊ လူပြိတ္တာလည်း ဖြစ်စေသော၊ ဟူလေ။ ထိုမှ တစ်ပါး မင်းနန်းသူကျိန်ခြင်း၊ ထုံးနှယ်ဆင်းသည်၊ ထင်း မီးစကဲ့သို့ တစတစ တိုစေသော၊ ဟူလေ စသည်ဖြင့် မုသားထွက်ဆိုမှုကြောင့် ရရှိခံစားရမည့် လောကီ၊ လော ကုတ္တာအကျိုးကို ကျမ်းစာတွင် နက်ရှိုင်းစွာ ​ဖော်ပြထားပါ သည်။
          သစ္စာစကားတည်သော်ငြား နွယ်မြက်သစ်ပင် ဆေး ဖက်ဝင်ဟူသော စကားလည်းရှိ၏။ မှန်ကန်သော သစ္စာ စကားသည် မြေ၊ ရေ၊ လေထုကို ပြောင်းလဲစေနိုင်ပြီး ကျင့်ကြံပွားများအားထုတ်မှု၏ အကျိုးတရားအလိုက် စူးရှထက်မြက်စေပါသည်။ အထင်ကရ ဆရာတော်ကြီး များသည် သစ္စာစကားတိုင်တည်၍ လူ၊ သတ္တဝါတို့အား တရားရေအေး အမြိုက် ​ဆေးတိုက်ကျွေးကာ နိဗ္ဗာန်သို့ ကူးပြောင်းသွားကြလျက်ရှိသည်။ ထိုသို့ပင် တရားကို နတ်စောင့်၏။ တရားကိုနတ်စောင့်ခြင်းမှာလည်း မှန်ကန် သောသစ္စာ စကားကြောင့်ပင် ဖြစ်သည်။ မှန်ကန်သော စကား ပြောကြားခြင်း၊ ထွက်ဆိုခြင်းသည် လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးကျေးဇူးကို ရရှိစေပါသည်။ တရားရုံးတွင် ရွတ်ဆိုရသော ကျမ်းစာတွင် ဟုတ် မှန်သည့်အတိုင်း ထွက်ဆိုပါက လူ့ပြည်သာမက နတ်ပြည် သို့ရောက်သည့် တိုင် အောက်ပါ အကျိုးတရားများ ရရှိစေကြောင်း ​ဖော်ပြထားပါသည်။
          ဟုတ်မှန်သည့်အတိုင်း ဆိုချေလျှင် မှန်သောသစ္စာ၊ အာနုဘော် အကျိုးဆက်ကြောင့် ယခင် ​ရေရွတ်ဆိုခဲ့ပြီး သာ နတ်ကောင်း၊ နတ်မြတ်အပေါင်းတို့သည် ကောင်း သောကြည့်ခြင်းဖြင့်ကြည့်မြင်လျက် စောင့်ရှောက်တော် မူကြသည်ဖြစ်၍၊ ကာယသုခ၊ စိတ္တသုခ၊ ချမ်းသာခြင်း ဖြစ်စေသတည်း။ ထိုမှတစ်ပါး မှန်သောသစ္စာအာနု ဘော် အကျိုးဆက်ကြောင့် အရှင်မင်းစသော မြို့ကွပ် ပြည်စိုး၊ အမှုအမတ်၊ သူရဲသူခက်အပေါင်းတို့နှင့် ဆိုခဲ့ သမျှ ကြည်းနေ ရေနေသတ္တဝါ အပေါင်းတို့သည် ရင်ဝယ် ဖြစ်သောသားကဲ့သို့ သနား ချစ်ခင်ခြင်း ရှိကြကုန်လျက် ကိုယ်မှစ၍ သား၊ မြေး၊ မြစ်အဆွေ ခုနစ်ဆက်တို့သည် ဓာတ်လေးပါးတို့ သောင်းသော တည်ကြည်ခြင်းဖြင့် တည်ကြည် ညီညွတ်၍၊ ကြမ္မာအပေါင်း၊ ဘေးဥပဒ် အပေါင်း၊ အပြစ်ဒဏ်ဟူသမျှ၊ ရောဂါအနာမျိုး၊ ကိုးဆယ့် ခြောက်ပါးတို့သည် မထိမရောက်၊ မကပ် မစွန်းမငြိ၊ ချမ်းသာ အတိပြည့်စုံ၊ ကုံလုံကြွယ်ဝလျက်၊ အသဒိသ သဖွယ်ဖြစ် အလှူကြီးကို၊ ကြိမ်ဖန်များစွာ၊ ဒါန၊ သီလ တို့ကို မပြတ်ဖြည့်စွမ်းနိုင်၍၊ သာသနာတော်မြတ်ကို ချီး ပင့်နိုင်သူဖြစ်စေသတည်း။ သေတုံသော်လည်းအပါယ် လေးပါး၊ ကပ်သုံးပါး၊ အရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါးသို့၊ မလားမကပ်၊ မရောက်သည်ဖြစ်၍၊ လူ့ပြည်နတ်ရွာ၊ ချမ်းသာကြီး သုံးပါးကိုရသည် ဖြစ်စေသတည်း၊ ကိုယ်မှ စ၍သား၊ မြေး ဥစ္စာ၊ ရတနာမျိုး၊ တက်တိုးချမ်းသာ၊ မင်္ဂလာအပေါင်း၊ ကောင်းမြတ်သောဂုဏ်ကျက်သရေ၊ တစ်နေ့တစ်ဆင့်၊ ဆန်းလမြင့်သို့ ဖြစ်စေသော်ဟု ပါရှိပါ သည်။
          ကျမ်းသစ္စာကျိန်ဆိုမြဲကျမ်းစာ၏အောက်ဆုံးအပိုဒ် တွင် ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်အတွက်(ကျမ်းစာကိုမိမိလက်နှစ်ဖက်ဖြင့်စုံကိုင်၍) ယခုတရားရုံးရှေ့ ကျရောက် သည့်အမှုတွင်အလုံးစုံအမှန်အကန် အစစ်ခံပါမည်ဟု ကျွန်ုပ် ကြေညာပါသည်။ကျွန်ုပ်သည် မမှန်မကန်သည်ကို အစစ်ခံသည်ရှိသော်၊ သို့တည်းမဟုတ် မည်သည်ကိုမဆို ထိန်ချန်ထားသည်ရှိသော် ဤကျမ်းစာတွင် ဖော်ပြထား သော ကျိန်စာများ ကျွန်ုပ်အားသင့်ပါစေသား၊ ကျွန်ုပ် သည် အလုံးစုံ အမှန်အကန်ကို အစစ်ခံသည်ရှိသော် ဤ ကျမ်းစာတွင် ​ဖော်ပြထားသော ကောင်းကျိုးချမ်းသာကို ခံစားရပါစေ သားဟု လေးနက်စွာ ဖော်ပြထားသော ကြောင့် ဗုဒ္ဓဘာသာဝင်များ လောကီသာမက နောင် သံသရာအထိ ​ကောင်းကျိုးချမ်းသာကို သိရှိလိုက်နာနိုင်စေရန်၊ အပြင်လောကထက် တရားခွင်တွင်ကြုံတွေ့ရမည့် ကျမ်းသစ္စာ၏လေးနက်ပုံကို သတိမူမိစေရန် တင်ပြခြင်း ပင်ဖြစ်ပါသည်။ သစ္စာစကားဆိုခြင်းဖြင့် တိုင်းကျိုးပြည် ကျိုး၊ ရပ်ရွာအကျိုးကို သည်ပိုး၍ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးများလည်း ပြည့်နိုင်ကြစေ။       ။
မောင်သင်းပျံ့
မြန်​မာ့အလင်း မှ ကူးယူ​ဖော်​ပြသည်
ပဏာမ ဒီကရီချမှတ်ပြီးချိန် ဆောင်ရွက်ရန်ကိစ္စ
       အမွေမှုတွင် ပဏာမ ဒီကရီ ချမှတ်ပြီး ဆောင်ရွက်ရန်မှာ အမွေ ပစ္စည်းစာရင်းကောက်ယူခြင်း ကွယ်လွန်သူ ပေးရန် ရရန်ရှိသော ကြွေးမြီကို စိစစ်ခြင်း အမွေဆိုင်များသို့ ခွဲဝေပေးခြင်းဟူသော လုပ်ငန်းသာ ရှိပါသည်။ အမိန့် ၂၆ နည်း ၁၁ နှင့် ၁၃ တို့အရ ကော်မရှင်နာခန့်အပ်ပြီး ဆောင်ရွက်ရသည်ဖြစ်ရာ ကော်မရှင်နာမှ ဆောင်ရွက်ချက် အစီရင်ခံပြရပါမည်။ ပြီး မှ အစီရင်ခံစာ အား တရားရုံးမှ နှစ်ဘက်ကြားနားပြီး အမိန့်တစ်ရပ်ချမှတ်ခြင်းပြုရပါသည်။(ဦးမြတ်ကျော် နှင့် ဦးသိန်းမောင် ၁၉၈၄ မတစ ၃၀၂) အမှုသည် လေ့လာသင့်သည့် အနီးကပ် ဆုံး သာဓကဖြစ်မည်ထင်ပါသည်။
     တစ်ချို့က ပစ္စည်းခွဲဝေသည့် ကိစ္စမှာ အပြီးသတ် ဒီကရီ ချမှတ်ပြီးမှ ဆောင်ရွက်ရသည်ဟု အမြင်ရှိပြန်ပါသည်။ အမှန်မှာ ခွဲဝေ စရာ ပစ္စည်းတစ်မျိုးတည်းရှိသည့်တိုင် အောင် ခွဲဝေသည့်ကိစ္စပြီးစီးမှ အပြီးသတ် ဒီကရီ ချမှတ်နိုင်ပါမည်။ လက်ရောက်ပေးအပ်သည့် ကိစ္စမှာ လက်ငင်း မပေါ်သေးပါ။ ကော်မရှင်နာ အနေဖြင့် ပဏာမဒီကရီ အတိုင်း ဝေစုများကို ခွဲဝေသတ်မှတ်၍ အတိုင်းအတာများနှင့်တကွ တရားရုံးသို့ အစီရင်ခံရန်ဖြစ်ပါသည်။ (အလာဟာဘတ် အတွဲ ၂၀ စာ ၃၁၁။ ) 
       ပစ္စည်း၏ ပကတိတန်ဖိုးကို ဖျက်ဆီးခြင်းမပြုဘဲ ခွဲဝေခြင်း မပြုနိုင်လျှင်ဖြစ်စေ။ ပူးတွဲပိုင်ရှင်တစ်ဦးက သီးခြားလက်ရှိထားခြင်းကို ဖယ်ရှားရန်အဆင်ပြေမည်မဟုတ်လျှင်ဖြစ်စေ။ ပစ္စည်းကို ခွဲဝေခြင်း မပြုဘဲ ငွေသားဖြင့် လျော်ကြေးခွင့်ပြုနိုင်ပါမည်။ခွဲဝေရန် မဖြစ်နိုင်လျှင် ရောင်းရငွေ ကို ခွဲဝေရန် ဖြစ်ပေလိမ့်မည်။ ရောင်းချရာ၌ လက်ရှိဖြစ်သူက ဝယ်ယူခွင့် ဦးစားပေးရပါမည်။
ကာလကတ္တား အတွဲ ၁၀ စာ ၆၇၅
အိန္ဒိယအမှုများ အတွဲ ၁၁ စာ ၃၇၀
          ဝေစု များကို မျှမျှတတ ခွဲဝေနိုင်ရန် မဲနှိုက်ခြင်းသည် အမိန့် ၂၆ နည်း ၁၄ နှင့် မဆန့်ကျင်ပါ။ တရားရုံးက ထိုသို့ စီစဉ်နိုင်ပါသည်။ (အေ အိုင် အာရ် ၁၉၁၅ မဒရပ် ၁၁၇၁)
           ကော်မရှင်နာ တာဝန်အရ ဆောင်ရွက်ရန် ကိစ္စများအား လွယ်ကူစေရန် ဆရာကြီး ဦးမြ၏ တရားမကျင့်ထုံးဥပဒေ စာအုပ်မှ ကောက်နှုချက်ဖြစ်ပါသည်။ စာအုပ်ရှိကြသော်လည်း မဖတ်ဖြစ်ကြပါ။ အမှတ်တမဲ့ ဖြစ်နေသည်က များပါသည်။
လေးစားစွာဖြင့်
                ထက်ကိုကို
သက်သေခံအက်ဥပဒေ
မည်သည့်နိုင်ငံ၏ ဥပဒေစနစ်တွင်မဆို ဥပဒေရေးရာ နယ်ပယ်တွင်-
(၁) ပြစ်မှုဆိုင်ရာဥပဒေ နှင့်
(၂) တရားမဆိုင်ရာဥပဒေ ဟူ၍ ခွဲခြားထားကြောင်း တွေ့ရှိရသည်။
          ပြစ်မှုဆိုင်ရာမှုခင်းများတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးများသည် အရေးကြီး၍ ပြစ်မှုများစစ်ဆေးရာတွင် လိုက်နာကျင့်သုံးရသကဲ့သို့ တရားမမှုခင်းများ တွင်လည်း တရားမကျင့်ထုံးဥပဒေသည် အရေးကြီး၍ တရားမမှုများစစ်ဆေးရာတွင် လိုက်နာကျင့်သုံးရပေသည်။ ထိုကျင့်ထုံးဥပဒေများကဲ့သို့ပင် အရေးကြီး၍ ပြစ်မှုနှင့်တရားမ မှုခင်းများစစ်ဆေးရာတွင် လိုက်နာကျင့်သုံးရသော ကျင့်ထုံးဥပဒေ
တစ်ရပ်မှာ သက်သေခံ ဥပဒေ ဖြစ်သည်။
          ဥပဒေတွင်
*ပင်မအရင်းခံဥပဒေများ (Substantive Laws) နှင့်
*ကျင့်ထုံးဥပဒေများ (Procedural Laws) ဟူ၍
(၂)မျိုး၊ (၂)စားရှိသည်တွင် သက်သေခံဥပဒေသည် ကျင့်ထုံးဥပဒေသက်သက်ဖြစ်သည်။ တရားမမှု များတွင်ဖြစ်စေ၊ ပြစ်မှုဆိုင်ရာ အမှုများတွင်ဖြစ်စေ မစပ်ဆိုင်သော သက်သေခံချက်များတင်သွင်းခြင်းမှကာ ကွယ်ရန်၊ အမှန်ကန်ဆုံးသော သက်သေခံချက်များ တင်သွင်းနိုင်ရန်နှင့် တရားစီရင်ရာတွင် တညီတညွတ် တည်းဖြစ်စေရန်အတွက် ပြဌာန်းထားခြင်းဖြစ်သည်။
စတင်ရေးဆွဲ၊ အတည်ပြုပြဌာန်းခြင်း၊ ဆက်လက်လိုက်နာကျင့်သုံးခြင်း။
          မြန်မာနိုင်ငံတွင် ပြဌာန်းလိုက်နာကျင့်သုံးလျှက်ရှိသော သက်သေခံဥပဒေသည် အိန္ဒိယနိုင်ငံ၌ ၁၈၇၁ ခုနှစ်
တွင် ရေးဆွဲခဲ့သည်။ ၁၈၇၂ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင် အတည်ပြုပြဌာန်း သုံးစွဲသည်။
[ India Act I, 1872 (1st September 1872)]
          ကိုလိုနီခေတ်ဦး မြန်မာနိုင်ငံကို အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် ပေါင်းစပ်အုပ်ချုပ်ခဲ့သဖြင့်
မြန်မာ နိုင်ငံသည်လည်း ယင်းသက်သေခံဥပဒေကို လိုက်နာကျင့်သုံးခဲ့ရသည်။ ၁၉၃၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံနှင့် ခွဲထွက်အုပ်ချုပ်ခဲ့ပြီးနောက်တွင်လည်း ယင်းသက်သေခံဥပဒေသည် ဆက်လက် အာဏာတည်လျှက်လိုက်နာကျင့်သုံးခဲ့သည်။
          ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄)ရက်နေ့၌ မြန်မာနိုင်ငံသည် လွတ်လပ်၍အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်နိုင်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်တွင်လည်း ယင်းသက်သေခံဥပဒေ ကိုပင် ဆက်လက်ကျင့်သုံးခဲ့ပြီး ယခုထက်တိုင်ပင် ဆက်လက်အာဏာတည်ကျင့်သုံးနေဆဲ ဥပဒေတစ်ရပ် ဖြစ်သည်။
သက်သေခံဥပဒေနှင့် သက်ဆိုင်ခြင်း 
          သက်သေခံဥပဒေပုဒ်မ (၁) တွင် "ဤဥပဒေသည် တရားရုံးတစ်ခုခု၌ စစ်ဆေးစီရင်သော မှုခင်းအားလုံးနှင့်ဖြစ်စေ တပ်မတော်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်သမျှ စစ်တရားရုံး တစ်ခုခု၌ စစ်ဆေးစီရင်သော မှုခင်းအားလုံးနှင့်ဖြစ်စေ သက်ဆိုင်စေရမည်။ သို့ရာတွင် ဤဥပဒေသည် တရားရုံးတစ်ခုခု သို့မဟုတ် အရာရှိတစ်ဦးဦးထံတွင် တင်သွင်းသော ကျမ်းကျိမ်လွှာများ၊ ခုံသမာဓိလူကြီးများ ရှေ့မှောက်တွင် စစ်ဆေးသောမှုခင်းများနှင့် မသက်ဆိုင်စေရ" ဟုပြဌာန်းပါရှိသည်။
တပ်မတော်အက်ဥပဒေ ပုဒ်မ ၁၃၆ တွင် "တပ်မတော်ဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေ ဘဲ၊သက်သေခံဥပဒေသည် စစ်တရားရုံးတွင် စစ်ဆေးစီရင်သည့် မှုခင်းကိစ္စအားလုံးနှင့် သက်ဆိုင်စေရမည်" ဟူ၍လည်းပြဌာန်းထားပေသည်။ထို့ကြောင့် သက်သေခံဥပဒေသည် တရားရုံးများနှင့် စစ်တရားရုံးများတွင် စုံစမ်းစစ်ဆေးသော အမှုအားလုံးနှင့် သက်ဆိုင်သည်။ သို့ရာတွင် ကြည်း၊ ရေ၊ လေ တပ်ဆိုင်ရာ အက်ဥပဒေအရ ဖွဲ့စည်းတည် ထောင်သော စစ်ခုံရုံးများနှင့် စစ်ဆေးသော မှုခင်းများတွင် တပ်မတော်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်သမျှသာ သက်ဆိုင်မည်ဖြစ်ပြီး၊ မည်သည့်တရားရုံး (သို့မဟုတ်) မည်သည့် အရာရှိထံတွင်မဆို တင်သွင်းသော ကျမ်းကျိမ်လွှာများနှင့်၎င်း၊ ခုံသမာဓိလူကြီးက စစ်ဆေးစီရင်သည့် အမှု များနှင့်သော်၎င်း၊ မသက်ဆိုင်။ ဤဥပဒေသည် အထက်ပါခြွင်းချက်များမှတပါး မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တရားစီရင်ရေး မှုခင်းကိစ္စအရပ်ရပ်နှင့် သက်ဆိုင်သည်ကိုတွေ့ရသည်။
သက်သေခံဥပဒေ၏တန်ဖိုး
          တရားစီရင်ရေး၏ အဓိကတာဝန်သည် အမှန်ကို ရှာဖွေဖော်ထုတ်ခြင်းပင်ဖြစ်သည်။ အမှန်ကိုတွေ့ရှိ ပြီးမှ ဥပဒေနှင့်အညီ မှန်ကန်မျှတစွာ ဆုံးဖြတ်နိုင်သည်။ အမှားပေါ်တွင် အခြေခံ၍ဆုံးဖြတ်လျှင် တရားမျှတ မှု မဖြစ်နိုင်ချေ။ မတရားမှုသာဖြစ်ပေမည်။ ထို့ကြောင့် ကျင့်ထုံး၊ သက်သေခံဥပဒေ စသည်တို့သည် အမှန် ကို ရှာဖွေရန် နည်းလမ်းများဖြစ်သည်။ [တရားဥပဒေ အထွေထွေဗဟုသုတ (ဒေါက်တာမောင်မောင်)]
          အမှုများကို သက်သေခံချက်များအပေါ် မှီငြမ်းပြု၍ ဆုံးဖြတ်ရသည်။ သက်သေခံချက်ဆိုရာ၌ တိုက် ရိုက် သက်သေခံချက် ပါဝင်သကဲ့သို့ ပတ်ဝန်းကျင်သက်သေခံချက်လည်း ပါဝင်သည်။ ပြင်ပ၌ အမှုမှန်သည် မှားသည်ကို ထည့်သွင်းမစဉ်းစားဘဲ ရုံးရှေ့မှောက်တွင် ထွက်ဆိုသော သက်သေခံများအပေါ်တွင် မူတည်၍ ၄င်းသက်သေခံချက်များကို ချိန်ဆပြီး တရားခံအား အပြစ်ဒဏ်ချမှတ်ရသည်။ [မောင်ရွှေ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ၁၉၆၀၊ မ-တ-စ၊ စာ-၂၄၃ (တရားလွှတ်တော်)]
          မှုခင်းကို စစ်ဆေးရာတွင် အချက်အလက် အကြောင်းခြင်းရာတို့ကို ပြည့်စုံစွာ ဖော်ထုတ်၍ ပိုင်နိုင် စွာ သုံးသပ်ဖို့က အဓိကဖြစ်ပေသည်။ အချက်အလက်တို့ကို အခြေမခံဘဲ လူ့သဘောဖြင့်သာ မှုခင်းကို ဆုံးဖြတ်နိုင်သည် မဟုတ်ချေ။ တရားရုံးသည် အချက်အလက် အပြည့်အစုံကို မျှတမှန်ကန်စွာ ဖော်ထုတ်၍ သက်ဆိုင်သော ဥပဒေတို့နှင့် စပ်ဟပ်ညှိနှိုင်းကာ စီရင် ဆုံးဖြတ်ရန် ဖြစ်ပေသည်။ ထင်ရှားသော အချက် အလက်နှင့် ထင်ရှားသော ဥပဒေတို့ကို ပေါင်းကူးပေးခြင်းဖြင့် မှန်ကန်မျှတသော အဆုံးအဖြတ်သည် ပေါ်ထွန်းလာနိုင်ပေသည်။ [ပြည်သူ့တရားရုံးလက်စွဲ၊ စာစောင် (၁)၊ ပြစ်မှုဆိုင်ရာတရားစီရင်ရေး၊ အမှာစာမှ ကောက်နှုတ်ချက်]
          မှုခင်းကိစ္စရပ်များတွင် အမှားကိုဖယ်၊အမှန်ကိုစစ်ထုတ်၍ တရားမျှတမှုကိုဖော်ဆောင်ရသည်။ ထိုသို့ အမှန်တရားပေါ်ပေါက်ရေးအတွက် ဖော်ထုတ်ရာတွင် တိုက်ရိုက်သက်သေခံချက်များ၊ ပတ်ဝန်းကျင် သက်သေခံချက်များကို အထောက်အထားပြုရသည်။ သက်သေခံအထောက်အထားအပြည့်အစုံကို မျှတ မှန်ကန်စွာဖော်ထုတ်၍ သက်ဆိုင်သောဥပဒေတို့နှင့် စပ်ဟပ်ညှိနှိုင်း စီရင်ဆုံးဖြတ်ရန်အတွက် သက်သေခံ ချက်များကို ရယူရာ၌ သက်သေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက် ကြရသည်။  သက်သေခံဥပဒေ၏ ပြဌာန်းချက်များသည် တရားမျှတမှုနှင့် အမှန်တရားကို ရရှိစေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်သာမက ယင်းပြဌာန်းချက်များကို တရားရုံးအနေဖြင့် လည်းကောင်း၊ ရှေ့နေရှေ့ရပ်များ အနေဖြင့်လည်းကောင်း ကောင်းစွာနားလည်သဘောပေါက်ထားပါက မှုခင်းများကို အချိန်မကုန်၊ လူမပန်း ဘဲ မှန်မှန်နှင့် မြန်မြန် စစ်ဆေးစီရင်နိုင်ကြမည်ဖြစ်၍ အလွန်အသုံးဝင် အဖိုးတန်သော ဥပဒေတစ်ရပ် ဖြစ်ပါသည်။ သို့ဖြစ်၍ သက်သေခံဥပဒေ၏ အရေးပါပုံနှင့် တန်ဘိုးရှိပုံကို သိရှိကြပြီး ကောင်းစွာနားလည်သဘောပေါက်အောင် ကြိုးစား၍ လိုက်နာကျင့်သုံးနိုင်ကြစေလိုသည်။         ။
ပစ္စည်းခွဲဝေပေးစေလိုမှုနှင့် အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု ခြားနားချက်
မောင်မျိုး ။ ။ အကို ပစ္စည်းခွဲဝေပေးစေလိုမှုနှင့် အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု မှာ မတူညီတဲ့အချက်လေးတွေ ဆွေးနွေးရအောင်ပါ။
TMH ။ ။ ဟုတ်။ ကျနော်လေ့လာထားသလောက်လေးပြောပါ့မယ်။ အရင်ဆုံး အမှုတစ်ခုချင်းရဲ့အင်္ဂါရပ်ကနေစရမည်ထင်ပါတယ်။
မောင်မျိုး ။ ။ ပြောပါအကို။
TMH ။ ။ ဒေါ်ကြည်ကြည်ဇင် (ခ) ၀ိုင်အိုလက်လင်း နှင့် ဒေါ်ဝိကြိန် (၁၉၉၉၊ မတစ၊စာ-၁၀၃)အမှုတွင် ""ပစ္စည်းခွဲဝေပေးစေလိုမှုတွင် အချင်းဖြစ် ပစ္စည်းကို တရားလိုနှင့် တရားပြိုင်များ အကျိုးခံစားမှု (သို့မဟုတ်) အခွင့်အရေးအညီအမျှရှိရန်လိုသည်။ ထို့အပြင် အချင်းဖြစ်ပစ္စည်း တွင် တရားလိုနှင့် တရားပြိုင်တို့သည် အညီအမျှလက်ရှိဖြစ်ရန်လို သည်။"" ဟုထုံးဖွဲ့ထားပါတယ်။
ထိုအမှုမှာ ကိုးကားထားတဲ့ မောင်ဘတူ နှင့် မသက်စု( ၅၊ ရန်ကုန်၊စာ-၇၈၅) မှာတော့ A partition suit lies only if the parties have (1) unity of interest or title in the property sought to be partitioned, and (2) unity of possession. လို့ ထုံးဖွဲ့ထားပါတယ်။ ဦးဘန်စွမ်း နှင့် ဒေါ်သီ ပါ ၆ ( ၁၉၆၇၊ မတစ၊စာ - ၅၂၅(ရုံးချုပ်) တွင်လည်း လေ့လာနိုင်ပါတယ်။
ဆိုချင်တာက တရားလို နှင့် တရားပြိုင်များ အချင်းဖြစ် ပစ္စည်းမှာ unity of interest or title နှင့် unity of possession ရှိရင် "ပစ္စည်းခွဲဝေပေးစေလိုမှု" စွဲဆိုရန်ဖြစ်ပါတယ်။
မောင်မျိုး ။ ။ ဟုတ်ကဲ့ အကို။
TMH ။ ။ အထက်ပါ ၁၉၉၉၊ မတစ ၊ စာ-၁၀၃ အမှုစီရင်ထုံးမှာ unity of interest or title ကို “ အကျိုးခံစားမှု (သို့မဟုတ်) အခွင့်အရေး အညီအမျှ” လို့ဘာသာပြန်ထုံးဖွဲ့ထားပြီး unity of possession ကို “အညီအမျှလက်ရှိ” လို့ ဘာသာပြန်ဆိုထုံးဖွဲ့ထားပါတယ်။
မောင်မျိုး ။ ။ ဘာသာပြန်ချက်ပြဿနာရှိလို့လားအကို။
TMH ။ ။ အလျဉ်းသင့်လို့ပြောပြချင်တာပါ။ တရားရုံးချုပ် ညွှန်ကြားရေးမှူး (ငြိမ်း) ဆရာကြီး ဦးမြ ထောက်ပြသည့် ဘာသာပြန်နှင့်ပတ်သက်ပြီး အငြင်းပွားစရာလေးပါ။
မောင်မျိုး ။ ။ ဟုတ်။
TMH ။ ။ ဆရာက unity of interest (အကျိုးခံစားခွင့်များပေါင်းစည်းမှု) နှင့် unity of Possession (လက်ရှိဖြစ်ခြင်းပေါင်းစည်းမှု)ဟုဘာသာပြန် ပါတယ်။ unity ကို "ပေါင်းစည်းမှု" ဟုဘာသာပြန်ပါတယ်။
ဆရာ့ရဲ့ အမည်ခံ အမည်ငှားနှင့် နှုတ်ပိတ်ခြင်းဆိုင်ရာဥပဒေ စာ - ခ မှာ _
“ 1999 BLR 103 စီရင်ထုံးတွင်ပြဆိုသော အညီအမျှဆို သည့် ဝေါဟာရကို ပြန်လည်စိစစ်သင့်ပါသည်။ ၁/၂ ၊ ၁/၃ ၊ ၁/၄ စသည်ဖြင့် အစုအသီးသီး (အကျိုးခံစားပိုင်ခွင့်များ) ပေါင်းစည်းထား သော(ဖွဲ့စည်းထားသော)မြေ၊အဆောက်အအုံစသည်တို့တွင်ပိုင်ဆိုင် သူများ၏အနေအထား (အစုများတူညီခြင်း ရှိနိုင်သည့်နည်းတူ မတူ ကွဲပြားခြင်းလည်းရှိနိုင်သည်။)တို့ကို ဆင်ခြင်ရာသည်။" ဟု ဆရာက ထောက်ပြပါတယ်။
မောင်မျိုး ။ ။ မရှင်းဘူး။ နမူနာတစ်ခုလောက်ပြောပြပါလား။
TMH ။ ။ ဥပမာ ဗုဒ္ဓဘာသာလင်မယားပိုင်ပစ္စည်း ခွဲဝေပေးစေလိုမှုမှာ လင်၏ အမွေရလက်ထက်ပွားပစ္စည်း နေအိမ် နှင့် ခြံမြေဆိုပါတော့။ အမွေရ လက်ထက်ပွားဖြစ်လို့ အမွေရသူ လင် က ၂/၃ ၊ မယားက ၁/၃ ရမယ် မဟုတ်လား။ အညီအမျှ ဖြစ်လို့လား။ မဖြစ်ဖူးလေ။ ၁၉၉၉၊ မတစ၊ စာ-၁၀၃ မှာ ပြန်ဆိုသလို အကျိုးခံစားခွင့်အညီအမျှ နှင့် အညီအမျှ လက်ရှိဖြစ်မှ ပစ္စည်းခွဲဝေပေးစေလိုမှုစွဲရမှာဆို ဒီလိုပစ္စည်းမျိုး ပစ္စည်း ခွဲဝေပေးစေလိုမှု စွဲမရတော့ဘူးလေ။ ဟုတ်တယ်မလား။ ဒါ့ကြောင့် အချင်းဖြစ်ပစ္စည်းပေါ်မှာ အမှုသည်များရမည့်အစုတွေ မတူနိုင်တော့ "အညီအမျှ" ဆိုတဲ့ ပြန်ဆိုချက်က အငြင်းပွားစရာ ဖြစ်လာတာပေါ့။ ဒါ့ကြောင့် ဆရာကြီးက unity ကို "ပေါင်းစည်းမှု" လို့ ပြန်ဆိုရန် ဖြစ် ကြောင်း ထောက်ပြခဲ့တာပါ။
မောင်မျိုး ။ ။ ဒါဆို အချင်းဖြစ်ပစ္စည်းမှာ တရားလို၊ တရားပြိုင်များ unity of interest or title (အကျိုးခံစားမှု(သို့)အခွင့်အရေး ပေါင်းစည်းမှု) နှင့် unity of possession (လက်ရှိဖြစ်ခြင်း ပေါင်းစည်းမှု) ရှိရင် ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရမယ်လို့ မှတ်ထားရမှာပေါ့ အကို။
TMH ။ ။ ဟုတ်။ ကျနော်တော့ အဲဒီလိုပဲမှတ်ထားတယ်။
မောင်မျိုး ။ ။ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုကြတော့ရော။
TMH ။ ။ အဲဒီအမှုမျိုးက အမွေစားတစ်ဦးဦးက အခြားအမွေစားတစ်ဦး သိုမ ဟုတ် တစ်ဦးထက်ပိုသူများအပေါ် အမွေဝေစုကိုရထိုက်ကြောင်းနှင့် သေသူအမွေရှင်၏ကျန်ရှိခဲ့သောပစ္စည်းအရပ်ရပ်ကို တရားရုံးက စီမံ ခန့်ခွဲ၍ အမွေစားများရထိုက်သောအမွေဝေစုခွဲဝေပေးဖို့ တောင်းခံ တာဖြစ်ပါတယ်။
U OHN TIN Vs DAW TIN MYA (၁၉၆၅၊ မတစ၊ စာ -၁၀၄၀) မှာ အမွေပုံစီမံခန့်ခွဲပေးစေလိုမှုဆိုသည်မှာ သေသူ၏ပစ္စည်း အရပ်ရပ်တို့ကို စီမံခန့်ခွဲပေးရန်ဖြစ်သည်။ စီမံခန့်ခွဲပေးရန်ဆိုရာ၌ သေသူ ပိုင်ဆိုင်သောပစ္စည်းများနှင့် ရရန်ရှိသောပစ္စည်း၊ ကြွေးမြီများ ကိုကောက်ခံခြင်း၊ ပေးရန်ရှိသည်များကိုရှင်းလင်းပေးဆပ်ခြင်းထိုသို့ ရှင်းလင်းပြီးနောက် ကျန်ပစ္စည်းများကို သက်ဆိုင်ရာ အမွေခံအမွေ စားများကို ခွဲဝေပေးခြင်းဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။
မူရင်း အင်္ဂလိပ် ဘာသာအတိုင်းဆိုရင်တော့ “Administration means management of the deceased’s estate by the Court on request and consists of ascertainment and presentation of the estate, collection of assets, payment of debts and legacies, acts in respect adverse claims to assets and finally distribution among the heirs." လို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။
မောင်မျိုး ။ ။ ခြားနားချက်ကို သိပ်နားမလည်ဘူးအကို။
TMH ။ ။ U OHN TIN Vs DAW TIN MYA (၁၉၆၅၊ မတစ၊ စာ-၁၀၄၀) မှာ ကွယ်လွန်သူ၏အမွေကို အုပ်ထိန်းမှုတွင် ပစ္စည်းခွဲဝေခြင်းသည် ဖြစ်ရပ်တစ်ခုဖြစ်သော်လည်း လိုအပ်သောကိစ္စ မဟုတ်ပေ။ အမွေ အုပ်ထိန်းမှုတွင် ပစ္စည်းခွဲဝေခြင်းပါဝင်နေသော်လည်း ပစ္စည်းခွဲဝေမှု တစ်ခုသည် အမွေအုပ်ထိန်းမှုတစ်ခု မဟုတ်ကြောင်း ခြားနားပြပါ တယ်။
မူရင်းအတိုင်းဆိုရင် "The partition may be an incident but it is not a necessary incident of the administration of the deceased’s estate. A suit for partition is not an administration suit though the latter involves the former."လို့ဆိုပါတယ်။
ဆိုချင်တာက အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု (အမွေ အုပ်ထိန်းမှု)မှာ တရားလို၊ တရားပြိုင်များကြား အမွေပုံပစ္စည်းကို partition လုပ်ပေးရုံ တစ်ခုတည်း မဟုတ်ဘူးဗျ။ အမွေရှင်သေတဲ့ နေ့ကျန်ခဲ့တဲ့ ပစ္စည်းတွေကောက်ရဦးမယ်။
အမွေရှင်ရဲ့အကြွေးတွေ ပေးရဦးမယ်။ ပြီးလို့ တကယ်ကျန်တာမှ အမွေစားတွေကို partition လုပ်ပေးရတာ။ ဒါ့ကြောင့်လည်း ၁၉၆၅၊မတစ၊ စာ-၁၀၄၀ စီရင်ထုံး က Administration ထဲမှာ partition အကျုံးဝင်သော်လည်း partition ဆိုတာ administration မဟုတ်ဘူးလို့ ခြားနားပြသွား တာကိုး။
မောင်မျိုး ။ ။ ဟုတ်ကဲ့။
TMH ။ ။ ဦးတင်လှ နှင့် ဒေါ်စိန်ရှင် (၁၉၇၈၊မတစ၊စာ - ၅၂) မှာတော့ မြန်မာ ဗုဒ္ဓဘာသာအမွေခံအမွေစားများသည် အမွေပစ္စည်းတွင် ပူးတွဲ ပိုင်ရှင်များလည်းမဟုတ်၊ အမွေပစ္စည်း၌လည်း ပူးတွဲလက်ရှိ ရပိုင်ခွင့် လည်းမရှိသောကြောင့် အမွေခံအမွေစားတစ်ယောက်သည် အခြား အမွေခံထံမှ မိမိ၏အမွေဝေစုကိုရလိုပါမူ အမွေအုပ်ထိန်းမှုစွဲဆိုရ မည်။ ပစ္စည်းခွဲဝေမှု မစွဲဆိုနိုင်ပေ"လို့ထုံးဖွဲ့ထားပါတယ်။
မောင်မျိုး ။ ။ ဟုတ်ကဲ့။
TMH ။ ။ မြန်မာဗုဒ္ဓဘာသာ အမွေခံ အမွေစားများသည် အမွေပစ္စည်းမှာ tenants-in-common(အတူပိုင်သူများ)ဖြစ်ပါတယ်။ ဆရာ ဦးမြက တော့ tenants-in-common ကို “ဝေစုအလျောက်ဘုံပိုင်ဆိုင်သူ များ”လို့ ဘာသာပြန်ဆိုမှ ပိုမိုနားလည်မည်ဖြစ်ကြောင်း ဆိုပါတယ်။ joint tenants(ပူးတွဲပိုင်ဆိုင်သူများ)မဟုတ်တော့ အမွေခွဲဖို့ဆိုအမွေ ပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု(အမွေအုပ်ထိန်းမှု) စွဲမှရမှာဖြစ်ပါတယ်။
မောင်မျိုး ။ ။ ဒါဆို အမွေခံအမွေစားတစ်ယောက်သည် အခြားအမွေခံထံမှ မိမိ၏ အမွေဝေစုကို ရလိုပါမူ Administration ပဲ စွဲနိုင်မယ်။ partition မစွဲနိုင်ဘူးလို့ မှတ်ရမှာလားအကို။
TMH ။ ။ အဲဗျ။ အဲဒီလို တရားသေမမှတ်နဲ့လေ။ ဒါက ဗုဒ္ဓဘာသာအတွက် ပြောတာ။ ဗုဒ္ဓဘာသာမှာတောင် ဦးဘန်စွမ်း နှင့် ဒေါ်သီ ပါ ၆ (၁၉၆၇၊ မတစ၊ စာ - ၅၂၅) မှာပါတဲ့ အခြေအနေဆို ပစ္စည်းခွဲဝေ ပေးစေလိုမှုစွဲနိုင်တယ်။ အဲဒီအမှုမှာက အမွေဆိုင်များက အမွေဆိုင် မြေကို နှစ်အတန်ကြာ ပူးတွဲနေထိုင်အသုံးပြုကြတဲ့ကိစ္စရပ် ဖြစ်ပါ တယ်။
နောက်တစ်ခုက ဟိန္ဒူဘာသာမှာကြတော့ အမွေပစ္စည်းကို tenants-in-common (ဝေစုအလျောက်ဘုံပိုင်ဆိုင်သူများ) အမွေ ဆက်ခံသည့်အမွေစားအမွေခံရှိသလို၊ joint tenants(ပူးတွဲပိုင်ဆိုင် သူများ) အမွေဆက်ခံသည့် အမွေစားအမွေခံ ရှိသေးတယ်။ Joint Tenants (ပူးတွဲပိုင်ဆိုင်သူများ)ကို Coparceners လို့ခေါ်တယ်။ ပူးတွဲအမွေဆိုင်ပစ္စည်းကို Coparcenary property လို့ခေါ်တယ်။ Coparcenary property ဆိုရင် ပစ္စည်းခွဲဝေပေးစေလိုမှုစွဲရမှာ ဖြစ် ပါတယ်။
အစ္စလာမ်ဘာသာဝင် အမွေခံအမွေစားများသည်လည်း အမွေပစ္စည်းတွင် tenants in common ဖြစ်လို့ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု (အမွေအုပ်ထိန်းမှု) စွဲဆိုရန်ဖြစ်ပါတယ်။
သေတမ်းစာမရေးဘဲသေဆုံးသွားသည့်ခရစ်ယာန်ဘာသာ ၀င်တစ်ဦး ကျန်ရစ်သောအမွေပစ္စည်းကလည်း အမွေဆက်ခံခြင်း ဥပဒေအရ အစုသတ်မှတ်ထားတာမို့ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေ လိုမှု (အမွေအုပ်ထိန်းမှု) စွဲဆိုရန်ဖြစ်ပါတယ်။
မောင်မျိုး ။ ။ ဗုဒ္ဓဘာသာလင်မယားက ပစ္စည်းခန်းမှာ tenants-in-common ဖြစ် တယ်။ ဒါပေမယ့် လင်မယားကွာရှင်းပြီးနောက် ပစ္စည်းခွဲဝေပေးစေ လိုမှု(partition)စွဲတယ်။ ဘာဖြစ်လို့လဲ။
TMH ။ ။ မြန်မာဗုဒ္ဓဘာသာ လင်မယားကြက ဘာသာခြားတွေနဲ့ မတူတာက ပစ္စည်းခန်းမှာ သူတို့က tenants-in-Common ဖြစ်နေတယ်။ ဒါပေ မယ့် လင်မယားကွာပြီးနောက် ပစ္စည်းအပေါ်မှာ ပစ္စည်းခွဲဝေပေးစေ လိုမှု (partition) စွဲရတယ်။
ဗုဒ္ဓဘာသာလင်မယားကွာရှင်းသောအခါမိမိတို့အိမ်ထောင် ၌ဖြစ်ထွန်းခဲ့သောပစ္စည်းများကို ခွဲဝေပေးရန်တရားစွဲဆိုနိုင်ခြင်းသည် ပစ္စည်းခွဲဝေရန်လိုအပ်သည့် အကျိုးခံစားပိုင်ခွင့်များပေါင်းစည်းမှု နှင့် လက်ရှိဖြစ်ခြင်း ပေါင်းစည်းမှုရှိခြင်းကြောင့်ဖြစ်သည်လို့ ဆရာကြီးက အမည်ခံ အမည်ငှားနှင့် နှုတ်ပိတ်ခြင်းဆိုင်ရာဥပဒေ စာအုပ် စာ - ဂ မှာ ရှင်းပြပါတယ်။
မောင်မျိုး ။ ။ ဟုတ်ကဲ့
++++++++++++++++
TMH ။ ။ partition နှင့် administration နောက်ခြားနားချက်တစ်ခု ဆက်ပြောပါ့မယ်။
မောင်မျိုး ။ ။ ဟုတ်ကဲ့။
TMH ။ ။ ပစ္စည်းခွဲဝေပေးစေလိုမှုမှာ အမှုသည်များပိုင်ဆိုင်သည့် ပစ္စည်းအား လုံးပါဝင်ရမည် ဖြစ်ပါသည်။ ဆိုချင်တာက ပစ္စည်းအားလုံးကို ထည့် သွင်း တရားစွဲဆိုရမယ်။ ချန်ထားရင် အမှုရှုံးမှာဖြစ်ပါတယ်။ မမြ နှင့် မမြဲ ( ၁၈၉၇- ၀၁) အထက်မြန်မာပြည်စီရင်ထုံး ၊အတွဲ ၂ စာ ၂၉၉) အမှုမှာ ကြည့်ပါ။
မမြ နှင့် မမြဲ အမှုမှာ“a suit for partition cannot be brought unless the whole estate is brought into the division” လို့ဆိုပါတယ်။
Ma Sim Ti and others v. Saw Maung Pu and others (၁၉၅၂၊ မတစ၊ လွှတ်တော် ၊ စာ - ၃၄၄) မှာလည်း “The general principle is that a partition suit should embrace all the joint properties belonging to the parties to avoid multiplicity of suits." လို့ပြဆိုပါတယ်။
မောင်မျိုး ။ ။ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုကြတော့ကော အကို။
TMH ။ ။ အမွေမှုကြတော့ အမွေပုံပစ္စည်းအချို့ကို ချန်လှပ်ထားရုံမျှဖြင့် အမှု ကို ပလပ်ရန် မဟုတ်ကြောင်း သတိချပ်ဖို့ဖြစ်ပါတယ်။
မောင်မျိုး ။ ။ ဘာဖြစ်လို့ ဒီအမှုမျိုးကြတော့ပစ္စည်းမစုံတာကို ပယ်မရတာလဲ။
အဆိုလွှာမှာ အမွေခွဲမည့်ပစ္စည်းအားလုံး ဖော်ပြလေ့ရှိတယ် မဟုတ် လား။
TMH ။ ။ ဦးသင်ပါ ၂ နှင့် ဒေါ်ချစ်ပု ( ၁၉၆၂၊မတစ၊စာ ၃၂၉(ရုံးချုပ်)) မှာ အမွေမှုဆိုတာ သေသူရဲ့အမွေစားအမွေခံများကြားမှာ စာရင်းရှင်း ပေးစေလိုမှုဖြစ်တာကြောင့် ကွယ်လွန်သူ၏ပစ္စည်းများကို တရားလို တင်သွင်းသောစာရင်းတွင်အပြည့်အစုံမဖော်ပြဘဲထားကြောင်း အမှု သည်တစ်ဦးဦးက စွပ်စွဲသက်သေထူနိုင်သည်။ သို့သော် ယင်းသို့ အပြည့်အစုံမတင်ပြသည်ကို အကြောင်းပြု၍ တရားလို၏အမှုကို မပယ်နိုင်ကြောင်း ထုံးဖွဲထားပြီးဖြစ်ပါတယ်။
မောင်မျိုး ။ ။ ဟုတ်။ သဘောပေါက်ပြီ။
++++++++++++++++
TMH ။ ။ နောက်ခြားနားချက်တစ်ခုက တရားစွဲဆိုရန်အကြောင်း။
မောင်မျိုး ။ ။ ဟုတ်ကဲ့
TMH ။ ။ ပစ္စည်းခွဲဝေပေးစေလိုမှုတွင်ပေါ်ပေါက်သော တရားစွဲဆိုရန် အချင်း ဖြစ်အကြောင်းအရာသည် ထပ်တလဲလဲ ပေါ်ပေါက်သည်ဖြစ်၍ ပစ္စည်းခွဲမပေးသရွှေ့ကာလပတ်လုံးတရားစွဲဆိုရန် နေ့စဉ်နှင့်အမျှ အကြောင်း ပေါ်ပေါက်နေမည်သာဖြစ်သည်ဟု မရှမ်းပါ (၅) နှင့် ဦးသန်းမြင့် (၁၉၉၀၊ မတစ၊ စာ- ၈၈) တွင်လမ်းညွှန်ပါတယ်။
မောင်မျိုး ။ ။ အမွေမှုကြတော့ကော အကို
TMH ။ ။ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုမှာ တရားစွဲဆိုရန်အကြောင်းက အမွေရှင်ကွယ်လွန်သည့်အခါကစပြီး ပေါ်ပေါက်ပါတယ်။
ဦးခင်မောင်အေး (ကွယ်လွန်သူ ဒေါ်ခင်သန်းလွင်၏ တရားဝင်ကိုယ်စားလှယ်) နှင့် ဒေါ်ဝင်းမြင့် (ကွယ်လွန်သူ ဦးကျော်စိုး ၏ တရားဝင်ကိုယ်စားလှယ်) ပါ၃ (၂၀၁၄ ၊ မတစ၊ စာ - ၅၆(၇၀)) တွင်
"အမွေခွဲဝေပေးရန်တောင်းဆိုနိုင်သည့်အကြောင်းသည် အမွေ ရှင်ကွယ်လွန်ချိန်တွင်စတင်ပေါ်ပေါက်သည်ဖြစ်သောကြောင့် အမွေ ပုံစီမံခန့်ခွဲပေးစေလိုမှုကို အမွေဆိုင်တစ်ဦးကတရားလိုပြုလုပ်၍ စွဲဆို ရာ၌ တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည့်နေ့ကို အမွေရှင် သေဆုံးသည့်နေ့အဖြစ် အဆိုလွှာ၌ ဖော်ပြတရားစွဲဆိုရသည်။ " ဟု ညွှန်ပြပါတယ်။
ထိုပြင် ယင်းစီရင်ထုံးမှာပဲ တရားပြိုင်တစ်ဦးက အမွေဝေစု တောင်းခံနိုင်ခွင့်ကို အောက်ပါအတိုင်း ထပ်မံညွှန်ုပြပါတယ်။
"တရားရုံးက ဦးဆောင်ဦးရွက်ပြု၍ အမွေပုံစီမံခန့်ခွဲသော အမှု၌ တရားပြိုင်တစ်ဦးက အမွေဝေစုတောင်းဆိုခွင့်မှာမူ တရားလို အား အမွေဝေစုသတ်မှတ်ပေးသော ပဏာမဒီကရီအပေါ် အခြေခံ ကာတောင်းဆိုရခြင်းဖြစ်သည်မှာ နည်းဥပဒေ ၁၃(၂)ပါ ပြဌာန်းချက် များအရ မြင်သာသည်။"
++++++++++++++++
TMH ။ ။ နောက်တစ်ခုက ပဏာမဒီကရီ။
မောင်မျိုး ။ ။ ဟုတ်ကဲ့။
TMH ။ ။ ပစ္စည်းခွဲဝေပေးစေလိုမှုမှာ အမိန့် ၂၀၊ နည်း ၁၈(၂)ပါ ပြဌာန်းချက် အရစာရင်းကောက်ဖို့ပြဌာန်းချက်မရှိလို့ ပဏာမဒီကရီမှာ ခွဲဝေရ မည့်ပစ္စည်းကို အတိအလင်းဖော်ပြပြီး ပဏာမဒီကရီချမှတ်ရမှာဖြစ် ပါတယ်။ ဒေါ်သန်းသန်းဆွေ နှင့် ဦးရောင်းတင် (၂၀၁၄ ၊ မတစ၊ စာ- ၁၇၆) မှာကြည့်ပါ။
မောင်မျိုး ။ ။ ဟုတ်ကဲ့
TMH ။ ။ ဥပမာ လင်မယားနှစ်ဦးပိုင်ပစ္စည်းဆိုပါတော့ဗျာ။ လင်မယား နှစ်ဦး ပိုင်ပစ္စည်းတွေ ဘာတွေကျန်တယ်။ ကျန်တဲ့ပစ္စည်းတွေထဲမှာတော့ ဘယ်ပစ္စည်းကတော့ဖြင့် လက်ထက်ပွား၊ ဘယ်ပစ္စည်းတော့ဖြင့် အမွေရလက်ထက်ပွား၊ ဘယ်ပစ္စည်းကတော့ဖြင့် နှစ်ပါးစုံ ဖြစ်တယ် ဆိုတာ ပဏာဒီကရီမှာ အတိအလင်းဖော်ပြရမှာဖြစ်ပါတယ်။
ဒါ့အပြင် လက်ထပ်ပွားဖြစ်လို့ ဒီပစ္စည်းမှာ တရားလိုက ဘယ်နှစ်ပုံ၊ အမွေရလက်ထက်ပွားပစ္စည်းဖြစ်တဲ့ ဘယ်ပစ္စည်းမှာ တရားလိုက ဘယ်နှစ်ပုံ၊ နှစ်ပါးစုံပစ္စည်းဖြစ်တဲ့ ဘယ်ပစ္စည်းမှာ တရားလိုက ဘယ်နှစ်ပုံစသည်ဖြင့် အတိအလင်းကို ပဏာမဒီကရီ မှာ ဖော်ပြအမိန့်ချပေးရမှာဖြစ်ပါတယ်။
မောင်မျိုး ။ ။ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုကြတော့ကော အကို။
TMH ။ ။ အမွေစီမံခန့်ခွဲပေးစေလိုမှုတွင် ပဏာမဒီကရီဟူသည်မှာ အမှန်စင် စစ်အမွေပုံကိုစီမံခန့်ခွဲစေရန်ချမှတ်သည့် ဒီကရီအမျိုးအစားဖြစ်သည် ဟု ဦးခင်မောင်အေး ( ကွယ်လွန်သူ ဒေါ်ခင်သန်းလွင်၏ တရားဝင် ကိုယ်စားလှယ်) နှင့် ဒေါ်ဝင်းမြင့် (ကွယ်လွန်သူ ဦးကျော်စိုး၏ တရားဝင်ကိုယ်စားလှယ်) ပါ၃ (၂၀၁၄ ၊ မတစ၊ စာ -၅၆(၇၀))တွင် ပြဆိုပါတယ်။
U AH YAUNG Vs MA KAR KYU HMWE (၁၉၆၄၊ မတစ၊ ၁၁၄) အမှုမှာ “at the stage of the preliminary decree, it is only necessary to consider whether the deceased left any estate. The trial Court should not decide at this stage what constitutes the estate to be administered.”လို့ ထုံးဖွဲ့ ထားပါတယ်။
ဒေါ်တင်တင်ဝင်း နှင့် ဒေါ်သန်းကြည်ပါ ၃ (၁၉၈၄၊ မတစ၊ ၁၄၈) အမှုမှာလည်း “အမွေမှုတွင် ပဏာမဒီကရီမချမှတ်မီ တရားလို သည် အမွေဆိုင်တစ်ဦး ဟုတ် မဟုတ်၊ စီမံခန့်ခွဲရန်ပစ္စည်း ရှိ မရှိ၊ ရှိလျှင် တရားလိုသည် အမွေပစ္စည်းများတွင် ဝေစုမည်မျှရထိုက် သည်ကိုသာ စိစစ်ဆုံးဖြတ်ရန်လိုသည်။ အမွေပစ္စည်းများ စာရင်း ကောက်ယူရန်ကိစ္စကို ပဏာမဒီကရီချမှတ်ပြီးမှ ဆောင်ရွက်ရန်ဖြစ်
ပေသည်။” ဟု ထုံးဖွဲ့ထားပါတယ်။
ပဏာမဒီကရီအဆင့်မှာ တရားလိုသည်အမွေဆိုင် ဟုတ် မဟုတ် အမွေပစ္စည်းကျန်မကျန် ပထမစိစစ်ရတယ်။ တရားလိုသည် အမွေဆိုင်လည်း ဟုတ်တယ် စီမံခန့်ခွဲရန် အမွေပစ္စည်းလည်းကျန် တယ်ဆိုရင် အမွေပုံပစ္စည်းများ၏ ဘယ်နှစ်ပုံရထိုက်ကြောင်း ဆက် လက်ဆုံးဖြတ်ပြီး အမိန့် ၂၀၊ နည်း ၁၃(၁)အရ ကွယ်လွန်သူ ကျန် ရစ်သောပစ္စည်းများစာရင်းကို ကောက်ယူစေရန်အမိန့်ချရမှာ ဖြစ်ပါ တယ်။
မောင်မျိုး ။ ။ သဘောပေါက်ပြီ။ ပစ္စည်းခွဲဝေပေးစေလိုမှုမှာ ပဏာမဒီကရီမှာ ခွဲဝေ ပေးရမည့်ပစ္စည်းကို အတိအလင်းဖော်ပြဖို့လိုတယ်။ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုမှာတော့ ပဏာမဒီကရီမှာ သေသူကျန်ရစ်သည့် အမွေပစ္စည်းဘာတွေဆိုတာ အတိအလင်း ဆုံးဖြတ်ရန် မလိုဘူး။ အမွေပစ္စည်းဘာတွေကျန်တယ်ဆိုတာကို အမိန့် ၂၀၊ နည်း ၁၃(၁) အရ စာရင်းကောက်စေရမှာ။ ဟုတ်တယ် မဟုတ်လား အကို။
TMH ။ ။ ဟုတ်ပါတယ်။ ပစ္စည်းခွဲဝေပေးစေလိုမှုမှာ ပဏာမဒီကရီက အထက် ကပြောသလို ပစ္စည်းတွေဖော်ပြရေးရတာဆိုတော့ ရှင်းပါတယ်။ သိပ်မခက်လှပါဘူး။ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုကြတော့ ပဏာမဒီကရီကို တရားမကျင့်ထုံးဥပဒေ နောက်ဆက်တွဲ ဃ၊ အမှတ် ၁၅ ပုံစံ ၀င်အောင်ရေးဖို့လိုအပ်တော့ ပဏာမဒီကရီကို စနစ်တကျနှင့် ကျစ်ကျစ်လစ်လစ်ရေးဖို့ကြ အတော်လက်ဝင်တယ်။ အလျဉ်းသင့်လို့ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု ပဏာမဒီကရီ ရေးပုံလေးပြောပြချင်ပါတယ်။
မောင်မျိုး ။ ။ ဟုတ်ကဲ့။
TMH ။ ။ ဆရာ ဒေါက်တာမောင်မောင် ရေးပြခဲ့သည့် ပဏာမဒီကရီ ဖြစ်ပါ တယ်။ DAW KHIN KHIN KYWE Vs DAW TIN TIN KYWE (၁၉၆၄ မတစ (C.C) ၅၉၉(၆၀၆)) မှာ ပါရှိတယ်။ ဆရာဦးမြ တရားရေးဝန်ထမ်းအရည်သွေးမြင့်သင်တန်းပို့ချချက်များ ၊ စာ ၂၀၅ မှာ ဘာသာပြန်ပြထားတာလေးကိုပဲ ဖော်ပြပါရစေ။
" ဆရာကြွယ်၏အမွေကို စီမံခန့်ခွဲစေရန် ဒီကရီ ချမှတ် လိုက်သည်။ တရားလို ဒေါ်တင်ကြွယ်ဝေစုကို အမွေပုံ၏ ၈ ပုံ ၁ ပုံ သတ်မှတ်သည်။ ဆရာကြွယ်သေသည့်နေ့တွင် တည်ရှိသော အမွေပုံပစ္စည်းများကို ကော်မရှင်နာက စာရင်းကောက်ယူစေရမည်။ ထို့အပြင် တရားလိုသည် အမှုတွင် အချိုးကျ တရားစရိတ်များ ရရှိစေရမည်။"
ဒီအမှုမှာ အချိုးကျတရားစရိတ်ရစေဆိုတာ ဒေါ်တင်ကြွယ် သည် အမွေပုံ ၄ ပုံ ၁ ပုံ တောင်းပါတယ်။ ဒေါက်တာ မောင်မောင် က ၈ ပုံ ၁ ပုံပဲ ရထိုက်တယ်လို့ ဆုံးဖြတ်ခဲ့တဲ့အတွက် တရားစရိတ် အချိုးကျရစေလို့ ဖော်ပြတာဖြစ်ပါတယ်။
++++++++++++++++
TMH ။ ။ နောက်ခြားနားချက်တစ်ခုက
ပဏာမဒီကရီချမှတ်ပြီးနောက်ပိုင်းမှာ ကော်မရှင်နာ ဆောင်ရွက်ရန်အပိုင်း။
မောင်မျိုး ။ ။ ဟုတ်
TMH ။ ။ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုမှာ ကော်မရှင်နာက ဆောင်ရွက် ရန် ၂ ပိုင်း ရှိတယ်။ ပထမပိုင်းက ပဏာမဒီကရီနှင့်အညီ စာရင်း ကောက်ဖို့။ အမိန့် - ၂၆၊ နည်း ၉၊ ၁၁ အရ ပစ္စည်းစာရင်း အရင် ကောက်ပေးဖို့ ခန့်ရတယ်။ ပြီးမှ အမိန့် ၂၆၊ နည်း ၁၃ အရ ပစ္စည်းခွဲပေးဖို့ ကော်မရှင်နာခန့်မှာဖြစ်တယ်။
မောင်မျိုး ။ ။ ပစ္စည်းခွဲဝေပေးစေလိုမှုကြတော့ကော။
TMH ။ ။ ပစ္စည်းခွဲဝေပေးစေလိုမှုကြတော့ ပဏာမဒီကရီမှာ ခွဲဝေပေးရမည့် ပစ္စည်းစာရင်းအတိအလင်းပါပြီးသားဆိုတော့ ပစ္စည်းစာရင်းကောက် ပေးဖို့ကော်မရှင်နာခန့်ဖို့ မလိုဘူး။ အမိန့် ၂၆၊ နည်း ၁၃ အရ ပစ္စည်းခွဲပေးဖို့ကော်မရှင်နာ တန်းခန့်ရမှာဖြစ်ပါတယ်။
မောင်မျိုး ။ ။ ကျေးဇူးတင်ပါတယ်အကို။
လေးစားစွာဖြင့်
TUN  MYO  HTAY
တရားစရိတ် သတ်မှတ်ပုံအကြောင်း သိကောင်းစရာ
 တရားမမှုတွေမှာ အမှုဆုံးခန်းရောက်လို့ တရားရုံးတွေက အပြီးသတ် စီရင်ချက်၊ ဒီကရီတွေ ချမှတ်ပေးတဲ့ အခါမှာ တရားစရိတ် ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်းများနဲ့ စပ်လျဉ်းလို့ တစ်ပါတည်း ဖော်ပြသတ်မှတ် လေ့ရှိကြပါတယ်။  ဆိုလိုတာက "------ စရိတ်နှင့်တကွ အနိုင်ဒီကရီ ချမှတ်လိုက်သည်" ၊ "မိမိတို့၏ တရားစရိတ်ကို မိမိတို့ ကျခံကြစေ" ၊ "တရားစရိတ် မသတ်မှတ်" စသည်ဖြင့် တရားရုံးက သတ်မှတ်ပေးခြင်း ကို ဆိုလိုပါတယ်။  တရားစရိတ်နဲ့ အမှုနှင့်ဆက်စပ် ကုန်ကျတဲ့ စရိတ်တွေကို မည်သူက ပေးရမယ်၊ မည်သည့် ပစ္စည်းအနက်မှ မည်မျှအထိ ပေးရမယ်ဆိုတာကို တရားရုံးက ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။  ဒါ့အပြင် အဆိုပါကိစ္စတွေအတွက် လိုအပ်တဲ့ ညွှန်ကြားချက် အားလုံးကို ပေးရန်လည်း တရားရုံးမှာ အာဏာ အပြည့်အ၀ ရှိပါသေးတယ်။
 တရားစရိတ် ပေးခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အမှုသည်တစ်ဦးက ၄င်းရဲ့အခွင့်အရေးအတွက် တရားရုံး တွင် အရေးဆိုရာမှာ ၎င်းအနိုင်ရရှိတဲ့အတွက် ၎င်းကုန်ကျခဲ့တဲ့ တရားစရိတ်တွေကို ပြန်လည်ထုတ်ပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။  ကုန်ကျတဲ့စရိတ်တွေထက် ကျော်လွန်ပြီးတော့ တစ်ဘက်အမှုသည်ကို ပြစ်ဒဏ် ခတ်တဲ့ သဘောနဲ့ တရားစရိတ်ကို သတ်မှတ်ပေးခြင်းတော့ မပြုသင့်ပါဘူး။  ဒီပုဒ်မက စည်းကမ်းသေ၀ပ်မှု အတွက် တရားရုံးကို စီရင်ပိုင်ခွင့် ပေးထားတာမျိုး မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။  ဒီသဘောတရား တွေဟာ Mulla ရေးတဲ့ The Court of Civil Procedure မှာ ဖော်ပြပါရှိတယ်လို့ ဆရာ ဦးကျော်အေးရဲ့ တရားမ ကျင့်ထုံးဥပဒေ (ပထမတွဲ)မှာ ညွှန်းဆိုထားတာ တွေ့ရပါတယ်။
တရားမကျင့်ထုံး ဥပဒေ ပုဒ်မ ၃၅ (၁)မှာ တရားစရိတ်နဲ့ ပတ်သက်လို့ အောက်ပါအတိုင်း ပြဋ္ဌာန်းပါရှိပါတယ်။
"သတ်မှတ်ထားသော စည်းကမ်းချက်များ၊ ကန့်သတ်ချက်များနှင့် လည်းကောင်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်စေဘဲ တရားမမှုများနှင့် စပ်လျဉ်းသည့် တရားစရိတ်များမှာ တရားရုံး၏ သဘောအတိုင်း ဖြစ်စေရမည်။  ယင်းတရားစရိတ်များကို မည်သူက၊ သို့မဟုတ် မည်သည့်ပစ္စည်းမှ မည်မျှအထိ ပေးရမည်ကို ဆုံးဖြတ်ရန်နှင့် အထက်တွင် ဆိုခဲ့သည့် ကိစ္စများ အတွက် လိုအပ်သည်များကို ညွှန်ကြားရန် တရားရုံးတွင် လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိစေရမည်။  တရားရုံးက ယင်းအမှုကို စစ်ဆေးစီရင်ပိုင်ခွင့် မရှိခြင်းကြောင့် အဆိုပါလုပ်ပိုင်ခွင့် ကျင့်သုံးခြင်းကို ပိတ်ပင်ခြင်း မရှိစေရ။"
 တရားမကျင့်ထုံး ဥပဒေ အမိန့် ၂၀၊ နည်း ၆ (၂)အရ ဒီကရီမှာ တရားစရိတ် ငွေပမာဏနဲ့ ယင်း တရားစရိတ်ကို မည်သူက၊ သို့မဟုတ် မည်သည့်ပစ္စည်းမှ မည်သည့်အချိုးအရ ပေးရမယ်ဆိုတာကို ဖော်ပြရ ပါမယ်။  အမိန့် ၂၀၊ နည်း ၆ (၃)ကို ဆက်လက် လေ့လာမယ်ဆိုရင်လည်း တရားစရိတ်ငွေကို တစ်ဘက် အမှုသည်အား ပေးဖို့ရှိကြောင်း ၀န်ခံထားတဲ့၊ သို့မဟုတ် ပေးရန်ရှိကြောင်း တွေ့ရှိရတဲ့ ငွေနဲ့ ခုနှိမ်ရန် တရားရုံးက ညွှန်ကြားနိုင်ကြောင်း မှတ်သားကြရမှာ ဖြစ်ပါတယ်။
တရားရုံးများလက်စွဲ အပိုဒ် ၁၇၈ (၁)မှာ တရားစရိတ်နဲ့ ပတ်သက်လို့ ပုဒ်မ ၃၅ အရ တရားစရိတ်ကို တရားသူကြီးရဲ့သဘောအတိုင်း ဆောင်ရွက်ခွင့်ရှိကြောင်း၊ ပုဒ်မ ၃၅-က အရ မဟုတ်မမှန်၊ အနှောင့်အယှက် ဖြစ်စေတဲ့ တရားမမှုမျိုးမှာသာ ပြစ်ဒဏ်သဘောအဖြစ် လျော်ကြေးစရိတ်ငွေများ ပြဋ္ဌာန်းထားကြောင်း၊ ဒါ့အပြင် အမိန့် ၁၆၊ နည်း ၂ အရ သက်သေစရိတ်ကိုလည်း သတ်မှတ်ထားကြောင်း လမ်းညွှန်ထားတာ တွေ့ရပါတယ်။  အပိုဒ် ၁၇၈ (၂)မှာ အဆိုလွှာ၊ ချေလွှာမိတ္တူများ ပေးရတဲ့အတွက် ကုန်ကျစရိတ်မှာ ရှေ့နေခမှာ အကျုံးဝင်တာဖြစ်လို့ တရားစရိတ်မှာ ထည့်၍မရကြောင်း၊ သို့သော်လည်း လျှောက်လွှာများ၊ ကျမ်းကျိန်လွှာများနဲ့ ရှာဖွေခများအတွက်တော့ တရားစရိတ်မှာ ထည့်ရမယ်လို့ ညွှန်ပြထား ပါတယ်။
 အမှုအတွက် ကုန်ကျစရိတ်များနဲ့ ဆက်စပ် ကုန်ကျငွေများကို ပေးဖို့ တရားရုံးက အမိန့်ချမှတ် ရာမှာ ဒီပုဒ်မက တရားရုံးအနေနဲ့ ဆင်ခြင်တုံတရားအရ ဆုံးဖြတ်ရမယ် ဆိုတဲ့အကြောင်း အာဏာပေးအပ် ထားတဲ့ ပြဋ္ဌာန်းချက်လည်း ဖြစ်ပါတယ်။  တရားရုံးရဲ့ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ရန် အာဏာ (Discretion) ပေးထားတယ် ဆိုရာမှာလည်း သတ်မှတ်ထားတဲ့ မူ(စီရင်ထုံး)တွေကို လိုက်နာဆုံးဖြတ်ရမယ့် (Judicial Discretion) သာဖြစ်ပါတယ်။  တရားရုံးအနေနဲ့ တရားစရိတ်ကို အမှုမှာ ခွင့်မပြုဘူးဆိုရင်တော့ ယင်းပုဒ်မ  ၃၅ (၂)အရ ခွင့်မပြုရခြင်းရဲ့ အကျိုးအကြောင်းကို ဒီကရီမှာ ရေးသားချမှတ်ရမှာလည်း ဖြစ်ပါတယ်။  ယေဘုယျဥပဒေသကတော့ အမှုမှာ အနိုင်ရသူဟာ ကျင့်ဝတ်ဖောက်ဖျက်မှု၊ ပေါ့ဆမှု၊ ထိန်ချန်မှုကို ကျူးလွန်ခြင်းမရှိရင်၊ ဒါမှမဟုတ် တရားစရိတ် မပေးခြင်းအတွက် အခြား ကောင်းသော အကြောင်းပြချက် မရှိဘူးဆိုရင် ၎င်းအနိုင်ရသူအနေနဲ့ တရားစရိတ် ရထိုက်ခွင့် ရှိမှာပဲ ဖြစ်ပါတယ်။
ဆက်လက်ပြီး တရားရုံးအနေနဲ့ ပုဒ်မ ၃၅ (၃)အရ တစ်နှစ်လျှင် (၆)ရာခိုင်နှုန်း ထက်မပိုတဲ့ အတိုးနှုန်းနဲ့ တရားစရိတ် အပေါ်မှာ အတိုးကို ခွင့်ပြုပြီး တရားစရိတ်မှာ ပေါင်းထည့်စေရန်လည်း အမိန့်ချမှတ် ပေးနိုင်ခွင့် ရှိပါသေးတယ် ဆိုတာကိုလည်း မှတ်သားထားရမှာ ဖြစ်ပါတယ်။  အဆိုပါ အတိုးငွေတွေကို တရားစရိတ်အဖြစ် အရ တောင်းခံပိုင်ခွင့် ရှိမှာလည်း ဖြစ်ပါတယ်။
 တရားစရိတ်နဲ့ စပ်လျဉ်းတဲ့ ပြဋ္ဌာန်းချက်တွေပါရှိသော နည်းဥပဒေတွေကတော့ __ အမိန့် ၁၁၊ နည်း ၃ (မေးခွန်းများ ဖြေဆိုသည့် စရိတ်)၊  အမိန့် ၁၂၊ နည်း ၂ (စာချုပ်စာတမ်းများကို သက်သေပြခြင်း)၊  အမိန့် ၂၁၊ နည်း ၇၂ (၃) (ရောင်းချခြင်းကို ပယ်ဖျက်ရန် လျှောက်လွှာ)၊  အမိန့် ၂၃၊ နည်း ၁ (၃) (အမှုရုပ်သိမ်းခြင်း)၊  အမိန့် ၂၄၊ နည်း ၄ (တရားရုံးသို့ ပေးသွင်းထားသည့် ငွေနှင့်စပ်လျဉ်းသည့် တရားစရိတ်)၊  အမိန့် ၃၂၊ နည်း ၄ နှင့် ၅ (နီးစပ်ရာ မိတ်ဆွေများနှင့် အုပ်ထိန်းသူများ)၊  အမိန့် ၃၃၊ နည်း ၁၀၊ ၁၁၊ ၁၆ (လူမွဲအဖြစ် တရားစွဲဆိုခြင်း)၊  အမိန့် ၃၄ (အပေါင်မှု)၊  အမိန့် ၃၅၊ နည်း ၃ (ကြားဖြတ်အမှု) တွေပဲ ဖြစ်တယ်ဆိုတာ သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။
 လေ့လာမိသမျှ တရားစရိတ်နဲ့ပတ်သက်တဲ့ စီရင်ထုံးမှတ်စုအချို့ကို ဖော်ပြပေးလိုက်ပါတယ် __
*   ထူးခြားသော အမှုများတွင် သီးခြား တရားလိုများ ကိုယ်စား လိုက်ပါသော တရားရုံးချုပ်ရှေ့နေများ အတွက် သီးခြား တရားစရိတ်များကို ခွင့်ပြုနိုင်သည်။  (The Moola Hashim Family Endowment Waqf Estate Vs. M.E. Dawoodjiee and others.  1952, B.L.R.,  H.C., p-74)
*     တရားစရိတ်ကို တောင်းဆိုသည့်ငွေအပေါ် တွက်ချက်ရန် မဟုတ်ဘဲ၊ ရုံးက ခွင့်ပြုသောငွေအပေါ် အချိုးကျ တွက်ချက်ခွင့် ပြုရမည်။  ခွင့်မပြုလျှင် ပုဒ်မ ၃၅ (၂) အရ အကြောင်းပြချက် ရေးရမည်။  (ရွှေတင် နှင့် စီတားလ်၊  ၁၉၅၄၊ မတစ၊ စာ-၂၄၈) ၊ (မူလီဒါးကန်ဒွိုင် နှင့် လက်ခါးဆင်း ပါ-၂၊ ၁၉၆၂၊ မတစ (လွှတ်တော်)၊ စာ-၁၁၂)။
*     တရားပြိုင်က ချေလွှာတွင် တစ်စိတ်တစ်ဒေသ ဖြောင့်ဆိုဝန်ခံပြီး အခြားအစိတ်အပိုင်း အတွက် ထုချေလျှင် ထုချေသည့်အပိုင်း အတွက် တရားလိုအား အချိုးကျ ခွင့်ပြုရမည်။  ရှေ့နေစရိတ်ကိုမူ တရားပြိုင်က ခုခံသည့်အနေဖြင့် ခွင့်ပြုရမည်။  (ပြည်သူ့ဘဏ် အမှတ်(၉) နှင့် မက်ဆားစ် အမျိုးသား စီးကရက် ကုမ္ပဏီလီမိတက် ပါ-၁၆၊ မတစ၊ စာ-၅၃)
*     အစုစပ်လုပ်ငန်း ဖျက်သိမ်းလိုမှုတွင် တရားစရိတ်ကို အစုစပ်လုပ်ငန်းပိုင် ငွေမှ ကျခံစေရမည်ဟု သာမန်အားဖြင့် အမိန့်ချမှတ်ရမည်။  အစုစပ်လုပ်ငန်းပိုင် ငွေမရှိမှ အစုရှင်က ကျခံရမည်။  တရားပြိုင်က စာရင်းပေးသွင်းရန်၊ အစုစပ် ဖျက်သိမ်းရန် တမင်ငြင်းဆိုမှ တရားပြိုင်က ကျခံသင့်သည်။  (ဒေါ်ငွေသီး ပါ-၁၁ နှင့် ဦးဖေသင် ပါ-၅၊ ၁၉၆၆၊ မတစ၊ စာ-၁၁၈၅)
*     အမိန့် ၁၊ နည်း ၁၀ အရ အမှုသည်အဖြစ်မှ ဖယ်ထုတ်သော တရားပြိုင်အား တန်ဖိုးအလျောက် တရားစရိတ် မပေးရ။  (E.I. Seedat and others  Vs. Mariam Bi Bi and others,  1938,  RLR,  p-252)
*     စွဲဆိုသည့် အမှုကို ပလပ်လိုက်လျှင် အမှုတန်ဖိုးအပေါ် အခြေပြု၍ တရားစရိတ်ကို တွက်ချက်ခွင့်ပြု နိုင်သည်။  တရားမကြီးမှု အဆင့် မရောက်သေးသည့် လူမွဲအဖြစ် စွဲဆိုခွင့်ပြုရန် အထွေထွေလျှောက်လွှာကို ပလပ်လျှင် အမှု၏တန်ဖိုးအပေါ် မူတည်၍ တရားစရိတ် တွက်ရန်မဟုတ်။  (ဦးထွန်းဖေ နှင့် ဦးသာထွန်း၊  ၁၉၇၇၊ မတစ၊ စာ-၃၆)
 ဒီပို့စ်လေးကို မျှဝေတင်ပြပေးရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်ကိုယ်တိုင် အပါအ၀င် အခြားသူ အချို့ဟာ တရားစရိတ်နဲ့ ပတ်သက်လာရင် အမှုနိုင်တဲ့သူကို ရှုံးတဲ့သူက တရားစရိတ် ပေးရတာပါပဲလို့ အမြင်ကျဉ်းမြောင်းစွာ ပေါ့ပေါ့လွယ်လွယ် ယေဘုယျဆန်စွာ မှတ်ယူထားခဲ့ကြလို့ ကျွန်တော်လည်း လေ့လာမှတ်သားရင်းက သိသင့်တာလေးတွေကို ပြန်လည်မျှဝေရခြင်း ဖြစ်ပါတယ်။  ဒီပို့စ်လေးကို ဖတ်ရှုရတဲ့အခါမှာတော့ တရားစရိတ်ဆိုတာ တရားရုံးက သတ်မှတ်ချင်သလို သတ်မှတ်ပေးတာမျိုး မဟုတ်ဘူး ဆိုတာကို မြင်တွေ့ရိပ်စားမိ လာကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။     ။
ဦးလွှမ်းမိုးအောင် (တရားရေး)
တရားခံက စွဲချက်ကို ၀န်ခံပြီးမှ ငြင်းချင်တယ်ဆိုလျှင်ဖြင့် ...
ဦးအုန်းမောင် နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ( ၁၉၇၆ ၊ မတစ၊ စာ ၁၄၁ ) အမှုတွင် -
"အမှုကိုစစ်ဆေးကြားနာပြီးနောက် အမိန့်မချမီ တရားရုံးသည်စွဲချက်ကိုပြင်နိုင်သည်။ တရားခံက အပြစ်ရှိကြောင်း ၀န်ခံပြီး နောက်အပြစ်မရှိကြောင်းငြင်းဆို၍ ထုချေခွင့်ပြုရန်လျှောက်ထားလာလျှင် တရားရုံးကလက်ခံ၍ စွဲချက်တွင် ပြင်ဆင် မှတ်တမ်းတင်ပြီးတရားခံအားထုချေခွင့်ပေးရမည်။ ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် တရားလမ်းကြောင်း တိမ်းစောင်းခြင်းမရှိဘဲ အမှုတွဲတွင် ပိုမိုပြည့်စုံပြီး စီရင်ဆုံးဖြတ်ရာ၌ အထောက်အကူပင်ရနိုင်သည်။ တရားခံထုချေခွင့်ကို တရားဥပဒေက မပိတ်ပင်ချေ" ဟု ထုံးဖွဲ့လမ်းညွှန်ထားပါသည်။
(ဆရာဦးမြ ၊ သောင်းပြောင်းထွေလာဥပဒေပြသနာ အမှတ် - ၈ ၊ စာ -၂၆၈)တွင်
မေး ။ ။ ပြစ်မှုဆိုင်ရာ အမှုတစ်ခုတွင် တရားခံက အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီး နောက်ပိုင်းတွင် တရားခံက စိတ်ပြောင်းပြီး အပြစ်မရှိကြောင်းငြင်းလာလျှင် မည်ကဲ့သို့ဆောင်ရွက်ရပါမည်လဲ။
ဖြေ။ ။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၂၅၅(၂)ကိုသိဖို့လိုပါသည်။ သောင်းပြောင်း (၆) မှာ အကျယ်တ၀င့်ရေးသားခဲ့ပြီးဖြစ်ပါသည်။
တရားခံက အပြစ်ရှိကြောင်း ပြောပြီးမှ ၀န်မခံတော့ဘူးဟုဆိုလျှင် နေ့စဉ်မှတ်တမ်းမှာ အကျိုးအကြောင်းရေးပါ။
"တရားခံက အပြစ်ကျူးလွန်ကြောင်းဝန်ခံချက်ကို ရုပ်သိမ်းပြီး အပြစ်မရှိကြောင်း ငြင်းသည်။" ဟု နေ့စဉ်မှတ်တမ်းတွင် ဖော်ပြရန်ဖြစ်ပါသည်။
တရားခံက အပြစ်ရှိသည်ဟု ၀န်ခံတိုင်း မလွဲမသွေ အပြစ်ပေးရမည်ဟု ဥပဒေက မဆိုပါ။ တရားခံက အပြစ်ရှိသည်ဟု ၀န်ခံရာတွင် အပြစ်မပေးရသေးပါက မိမိ၏ ၀န်ခံချက်ကို ရုပ်သိမ်းနိုင်ပါသည်။
TUN MYO HTAY
စီရင်ထုံးများ ကိုးကား ဖော်ပြနည်း
 တရားရုံးများက ဆုံးဖြတ်ရာတွင် စီရင်ထုံးကိုသာ ကိုးကား ဆုံးဖြတ်လေ့ရှိပြီး စီရင်ချက်ကို ကိုးကား ဆုံးဖြတ်မှု အလွန်နည်းပါးသည်ကို လေ့လာ တွေ့ရှိရသည်။  စီရင်ချက်များတွင် စီရင်ထုံးများကို ကိုးကား ဖော်ပြရာ၌ တရားရုံးများလက်စွဲ အပိုဒ် ၃၃ အရ စီရင်ချက်၏ စာကိုယ်တွင် ဖော်ပြလျက် စီရင်ထုံး၏ ခုနှစ်၊ အတွဲနှင့် စာမျက်နှာတို့ကို အောက်ခြေမှတ်ချက်၌ ဖော်ပြရသည်။  ထို့ပြင် စီရင်ထုံးများ ရည်ညွှန်း ခေါ်ဝေါ် သုံးစွဲခြင်းကို တရားရုံးများ ညွှန်ကြားလွှာ လက်စွဲ (၁၉၄၆-၁၉၇၀)တွင် အောက်ပါအတိုင်း ညွှန်ပြသည်။
စီရင်ထုံးများစာရင်း 
(၁)   အိန္ဒိယစီရင်ထုံး (Indian Law Reports) (Rangoon Series) (၁၉၂၃-၁၉၃၆)
(၂)   ရန်ကုန်စီရင်ထုံး (Rangoon Law Reports) (၁၉၃၇-၁၉၄၂) နှင့် (၁၉၄၆-၁၉၄၇)
(၃)   မြန်မာနိုင်ငံ စီရင်ထုံးများ (Burma Law Report) (၁၉၄၈- --)
(၄)   ရွေးချယ်စီစဉ်ထားသည့် စီရင်ထုံးများ (Selected Judgment) (၁၈၇၂-၁၉၂၂)
(၅)   ပုံနှိပ်ပြီးစီရင်ထုံးများ (Printed Judgments) (၁၉၈၁-၁၉၀၀)
(၆)   အောက်မြန်မာပြည် စီရင်ထုံးများ (Lower Burma Rulings) (၁၉၀၀-၁၉၂၂)
(၇)   အထက်မြန်မာပြည် စီရင်ထုံးများ (Upper Burma Rulings) (၁၉၈၂-၁၉၂၂)
(၈)   ဒန်ကလေ ပြုစုစီရင်သည့် မြန်မာ စီရင်ထုံးများ အကျဉ်းချုပ် (Digest of Burma Ruling by Dunkely)
       (က) အတွဲ(၁) (၁၈၇၂-၁၉၂၂)
       (ခ) အတွဲ(၂) (၁၉၂၃-၁၉၃၇)
(၉)   ဦးဘိုးသာ ပြုစုစီရင်သည့် မြန်မာ စီရင်ထုံးများ အကျဉ်းချုပ် (Digest of Burma Rulings (Civil and Criminal) by U Bo Tha) (၁၉၃၇-၁၉၅၅)
ခေါ်ဝေါ်ရည်ညွှန်းနည်း
(၁)(က)   ယခင်က King-Emperror Vs Ngs Aung Myat ဟု ခေါ်ဝေါ်သည်ကို ယခု __ အစိုးရ နှင့် မောင်အောင်မြတ် ဟု ခေါ်ဝေါ်ရပါမည်။
     (ခ)     ယခင်က Mi Me Vs Mi Shwe Ma ဟု ခေါ်ဝေါ်သည်ကို ယခု __ မမဲ နှင့် မရွှေမ ဟု ခေါ်ဝေါ်ရပါမည်။
(၂)     ဘုရင် (The King) ဘုရင်ဧကရာဇ် (King Emperor) စသည်တို့ကို အစိုးရ (Government) အစား ပြည်ထောင်စု မြန်မာနိုင်ငံ (The Union of Burma) ဟု ပြောင်းလဲ ခေါ်ဝေါ်ပါသည်။
ရည်ညွှန်းပုံ
ဥပမာ __
(၁)   အတွဲ-၇၊ ရန်ကုန်စီရင်ထုံးများ၊ စာ-၁၊ 7 Rangoon.P.1
(၂)   ၁၉၅၈ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (တရားလွှတ်တော်)၊ စာ-၂၉၊ 1958, B.L.R. (H.C) p.29.
(၃)   ၁၉၆၀ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (တရားလွှတ်တော်ချုပ်)၊ စာ-၂၀၊ 1960, B.L.R. (S.C) p.20.
(၄)   ၁၉၆၃ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (တရားရုံးချုပ်)၊ စာ-၄၃၃၊ 1963, B.L.R. (C.C) p.433.
(၅)   ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (အထူးရာဇ၀တ်ရုံး အယူခံအဖွဲ့)၊ စာ-၁၂၉၊ 1966 B.L.R. (Special Criminal Courts' Appeal Court) p.129.
(၆)   ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (စစ်ဘက် အယူခံ)၊ စာ-၈၊  1966, B.L.R. (Court Martial Appeal Court) p.8.
          "စီရင်ထုံးကို ကိုးကားရာတွင် စီရင်ချက် အပြည်အစုံကို ဖတ်ရှုမှသာလျှင် အမှု အချက်အလက် တို့ကို သိမြင်နိုင်သည်။  ခေါင်းစီးမှတ်ချက် တို့သည် အကြောင်းအရာ ဆုံးဖြတ်ချက်ကို အရိပ်ပြခြင်းမျှသာ ပြုနိုင်သည်။  စီရင်ထုံးပါ အမှု အကြောင်းအရာနှင့် ဆုံးဖြတ်ရန် အမှု အကြောင်းအရာ တို့ကို ကောင်းစွာ နှိုင်းယှဉ်ရသည်။  ပြီးမှသာ စီရင်ထုံး၏ လမ်းညွှန်မှုကို ယူသင့်သလောက် ယူအပ်သည်။  စီရင်ထုံး နောက်သို့ ဆုံးဖြတ်ရန် အမှု၏ အကြောင်းခြင်းရာက လိုက်ရန် မဟုတ်။  အမှု အကြောင်းခြင်းရာကို ဥပဒေနှင့် စပ်ဟပ်ရာတွင် အခက်အခဲ ရှိသရွေ့သာလျှင် စီရင်ထုံးက ဆီလျော်သမျှ ထောက်ကူရန် ဖြစ်သည်။  အမှန်မှာ စီရင်ထုံး တစ်ရပ်သည် သက်ဆိုင်ရာ အမှုတွင် ပေါ်ပေါက်သော ဖြစ်ရပ်အတွက်သာ အဖြေ ဖြစ်သည်။  အမှုအားလုံးတွင် တရားသေ အသုံးပြုရန် မဟုတ်ချေ။"
     (ဦးထွန်း နှင့် ဒေါ်သိန်းငွေ (၁၉၇၁  မတစ  စာ-၈၃) နှင့် ပထစ နှင့် စိုးမြင့်နိုင် (၁၉၉၁ မတစ  ၅၃))
          စီရင်ထုံး ဟူသည် ဖြစ်ရပ်ချင်း တူသော အမှုများအတွက်သာ ထုံးသာဓက ဖြစ်ကြောင်း ၁၉၅၄ ခုနှစ် ကတည်းကပင် တရားလွှတ်တော်က မစ္စတာ ဆပ်ဝမ်ကူ နှင့် မစ္စတာ H.R ရမ်း (1954 BLR 306) တွင် ညွှန်ပြခဲ့ပြီး ဖြစ်သည်။   ဦးထွန်းအောင်သာ နှင့် နိုင်ငံတော် အမှု (၁၉၆၉ မတစ ၅၈) တွင် စီရင်ထုံး လမ်းညွန်မှုကို ခံယူပုံ ခံယူနည်းနှင့် ပတ်သက်၍ ဤသို့ အကျယ်တ၀င့် ရှင်ပြသည်။
          "မှုခင်းတစ်ရပ်ကို ကိုင်တွယ် စစ်ဆေးရာတွင် ပြစ်မှုမြောက်စေသော အင်္ဂါရပ်များ စုံညီ ထင်ရှားခြင်း ရှိ၊မရှိကို ကောင်းစွာ ဖော်ထုတ်၍ စစ်ဆေးအပ်သည်။  ပြစ်မှုမမြောက် ကင်းလွတ်စေသော အချက်များ ရှိနိုင်ကလည်း ဖော်ထုတ်၍ စစ်ဆေးအပ်သည်။  အချက်အလက် စုံလင် ထင်ရှား ပိုင်နိုင်ပြီးမှ ဥပဒေနှင့် စပ်ဟပ်ညှိနှိုင်း၍ အဆုံးအဖြတ်ကို ပေးရာသည်။
          ဥပဒေကို အဓိပ္ပာယ် ကောက်ယူရာတွင် လမ်းညွှန်မှု လိုမှသာ ဆီလျော်ရာ မြန်မာနိုင်ငံ စီရင်ထုံး တို့ကို သုံးသပ် ကိုးကားရသည်။  တစ်မှုနှင့် တစ်မှု အကြောင်းခြင်းရာ မှုခင်းဖြစ် အခြေအနေ ထပ်တူညီသည်ဟု မရှိနိုင်သဖြင့် စီရင်ထုံးတို့၏ လမ်းညွန်မှုကို ကောင်းစွာသော သတိဖြင့်သာ ခံယူရသည်။  အချက်အလက် စုံလင်ထင်ရှား ပိုင်နိုင်ခြင်း မရှိသေးဘဲ စီရင်ထုံးကို ရှာလျှင် ဆီလျော်ရာကို မတွေ့ဘဲလည်း ရှိတတ်သည်။  ဖြစ်ပျက်ခဲ့သော အချက်အလက် အတွက် စီရင်ထုံး ရှာခြင်းမျိုးထက် ကြိုက်နှစ်သက်ရာ စီရင်ထုံး အတွင်းသို့ ၀င်အောင် အချက်အလက်တို့ကို သွတ်သွင်းသည့် သဘောမျိုးလည်း ဖြစ်သွားတတ် သည်ကို သတိပြု၍ ဆင်ခြင်ရသည်။  ဥပဒေကို အဓိပ္ပာယ် ဖွင့်ဆိုရာ၌လည်း စကားပြေအရ အများနားလည် လက်ခံ၍ သဘာဝကျသော အဓိပ္ပာယ်ကို ယူခြင်းက ပို၍ မှန်ကန်တတ်သည်။  ယင်းသို့ အဓိပ္ပာယ် ဖွင့်ဆိုမှသာလျှင် ဥပဒေကို ပြည်သူအများ နားလည် လက်ခံမည်။  လိုက်နာ လေးစားကြမည်။  ဥပဒေနှင့် ပြည်သူ ရင်းနှီးကာ ဥပဒေများ သက်ဝင်လှုပ်ရှားမည်။  တရားသူကြီးများသည် အခြားနိုင်ငံများမှ စီရင်ထုံးများကို လေ့လာကောင်းပါ၏။  သို့ရာတွင် မိမိတို့ရှေ့သို့ ရောက်လာသော အမှုအခင်းများကို စစ်ဆေး စီရင်ရာတွင်ကား မှုခင်းဖြစ်ပျက် ကာလ၊ ဒေသ အခြေအနေ ပတ်ဝန်းကျင်၊ လူနေမှု၊ ဓလေ့ထုံးတမ်း စသည်တို့ကို စစ်ဆေး ဆင်ခြင်ကာ ဥပဒေဘောင် အတွင်းက မျှတမှန်ကန်၍ အများနားလည်သည့် သဘာဝကျသော တရားကို စီရင်အပ်ပေသည်။
          အခြားနိုင်ငံများမှ စီရင်ထုံးများကို ရှေ့ထား ကိုးကားလျှင် တရားစီရင်ရေသည် မြန်မာ ပီသမည် မဟုတ်ပေ။  မြန်မာ့ အခြေအနေနှင့် ကင်း၍ ပြည်သူနှင့် ဝေးဖွယ်ရာသာ ရှိသည်။  ပြည်သူအများက နားလည် လက်ခံခြင်းသည် တရားစီရင်ရေး၏ အဓိက မှတ်ကျောက် ဖြစ်သည်။  အဓိက တန်ခိုး အာနိသင် ဖြစ်သည်။  တရားဥပဒေ သည် စာအုပ်ကြီးများ၊ စီရင်ထုံးများတွင် စကားလုံးများ အဖြစ်သာလျှင် တည်နေရန် မဟုတ်။  အမြဲ သက်ဝင် လှုပ်ရှား၍ ထာဝစဉ် ပြောင်းလဲနေသော လူ့အဆောက်အအုံ၊ လူမှုရေး တို့တွင် ထိရောက်စွာ ပါဝင်၍ အကျိုးပြုရမည်။  ထို့ကြောင့် တရားဥပဒေသည် တစ်ဖက်တွင် ဥပဒေ ဘောင်ကို ဖောက်ကျော်ခြင်း မပြု၊ ထုံးတမ်းလည်း ညီညွတ်စေ၍ တစ်ဖက်တွင်လည်း ပြောင်းလဲ တိုးတက်မှုတွင် အားသစ်ဖြင့် တက်ကြွစွာ သက်ဝင်လှုပ်ရှား နိုင်ရမည်။  လူ့အဆောက်အအုံ တိုးတက်မှု၊ လူမှုရေး တို့နှင့် အကိုက်အညီ ပြဋ္ဌာန်းထားသော ဘောင်အတွင်းမှ မှန်ကန် မျှတစွာ ဥပဒေကို အဓိပ္ပာယ် ဖွင့်ဆိုအပ်သည်။  တရားမျှတ မှန်ကန်ခြင်း ဆိုသည်ကို ပြည်သူတို့က နားလည် လက်ခံခြင်းဖြင့် မှတ်ကျောက် တင်အပ်ပေသည်။"
          "တရားသူကြီး တစ်ဦးသည် ပြစ်မှု တစ်ခု၌ မည်သည့်အချက်များသည် အရေးကြီးသော အင်္ဂါရပ်များ ဖြစ်သည်ကို ဆန်းစစ်ရသည့် အပြင်၊ အမှုတစ်ခု၏ အကြောင်းခြင်းရာများ အရ မည်သည့် အကြောင်းကြောင့် ပြစ်မှုမှာ သက်သေ မထင်ရှား ဟု ပြောနိုင်ကြောင်းကို ဖော်ပြရန် တာဝန်ရှိသည်။  တရားရုံးချုပ်သည် အချို့အမှုများ၌ အကြောင်းခြင်းရာချင်း မဖြစ်စလောက် ကွဲလွဲရုံမျှနှင့် တကယ် ကျူးလွန်သော ပြစ်မှု၏ သဘောကို တစ်မျိုးတစ်ဖုံ ဆုံးဖြတ်ကြသည်ဟု တရားသူကြီး၊ သို့မဟုတ် ရာဇ၀တ် တရားသူကြီး တစ်ဦးတစ်ယောက်က ပြောဆို၍ အမှုနှစ်ခု၏ အကြောင်းခြင်းရာ များသည် တိတိကျကျ တူညီခြင်း ရှိမရှိကို ဂရုတစိုက် ဆန်းစစ် ကြည့်ရှုခြင်း မရှိ၊  မိမိရှေ့ရှိ အကြောင်းခြင်းရာ များသည် မိမိ ရည်ရွယ်သော အမှုမှ အကြောင်းခြင်းရာ များနှင့် လုံးဝ တူညီသည်ဟု မည်သို့မည်ပုံ ပြောဆိုနိုင်ကြောင်းကို ဖော်ပြခြင်း မပြုဘဲ ဆုံးဖြတ်ချက် တစ်ခုကို လိုက်နာသည်မှာ မှန်ကန်ခြင်း မရှိချေ။" ဟု မောင်လှမောင် ပါ-၇ နှင့် ပထစ အမှု တွင် ညွှန်ပြသည်။
          စင်စစ် လက်အောက် တရားရုံးတစ်ရုံးသည် မိမိအထက် တရားရုံးချုပ်၏ စီရင်ထုံးကိုသာ လိုက်နာရန် တာဝန်ရှိပြီး၊ အခြား (အခြားနိုင်ငံ) တရားရုံးချုပ်မှ ဆန့်ကျင်သော စီရင်ထုံးကို လိုက်နာခြင်း မပြုရန် စူးဂျူးတင် နှင့် မာစိန် (6 Ran 261) အမှု တွင်တရားရုံးချုပ်၏ လမ်းညွှန်ချက်ကို အထူး သတိချပ်ရန် လိုသည်။   မသောင်း နှင့် မောင်ဖေတင် (၁၉၅၇ မတစ ၂၅၉) စီရင်ထုံး အရ ဆိုလျှင် အကယ်၍ အဆင့်အတန်း တူညီသော တရားဝန်ကြီးရုံး နှစ်ရုံးမှ စီရင်ထုံး နှစ်မျိုး ရှိနေလျှင် အောက်ရုံးများက မည်သည့် စီရင်ထုံးများက မှန်သည်၊ မည်သည့် စီရင်ထုံးများက မှားသည်ဟု ပြောခွင့် မရှိဘဲ မိမိ၏ ဆင်ခြင်တုံဥာဏ်ဖြင့် သဘောကျ နှစ်ခြိုက်သော စီရင်ထုံးကိုသာ လိုက်နာရန် ဖြစ်ကြောင်း တရားလွှတ်တော်၏ ထောက်ပြချက်ကို လိုက်ရန် လိုအပ်ကြောင်း ဖော်ပြအပ်ပါသည်။
 ဦးတင်ဝင်း ၊ ညွှန်ကြားရေးမှူး (ငြိမ်း)
Saturday, May 19, 2018
ပြစ်မှုတစ်ရပ်ကို အကြိမ်ကြိမ်စွဲဆိုလာပါကဆောင်ရွက်ရန်လုပ်ထုံး။(စစ်ဆေးဆဲ)
ပစ်မှုတစ်ရပ်ကို အကြိမ်ကြိမ်စွဲဆိုလာပါကဆောင်ရွက်ရန်လုပ်ထုံး။(စစ်ဆေးဆဲ)
ဦးထွန်းမျိုးဌေး
ပြစ်မှုဆိုင်ရာ အမှုများ (စစ်ဆေးဆဲ) တွင် ပြစ်မှုတစ်ရပ်ကို အကြိမ်ကြိမ်စွဲဆိုသည့်ကိစ္စရပ်များ တခါတရံကြုံတွေ့နိုင်ပါသည်။ 
ဥပမာ - 
ရဲစခန်းတွင် ပထမသတင်းပေးတိုင်ချက် ဖွင့်ထားသည့် အမှုကို တရားရုံးသို့ လာ၍ ဦးတိုက်လျှောက်ထားသည့် ကိစ္စရပ်များတွင် တရားရုံးက ဦးတိုက်လျှောက်လွှာကို အရေးယူပြီးဆောင်ရွက်နေဆဲ ရဲထံတိုင်ထားသည့် အမှုက တက်လာသည့်ကိစ္စရပ်များ၊
ပြုလုပ်မှုတစ်ရပ်တည်းကို နစ်နာသူက ပထမသတင်းပေးတိုင်ချက်တစ်ခုဖွင့်ပြီး  ရဲအရာရှိက ပထမသတင်းပေးတိုင်ချက်တစ်ခု ဖွင့်လှစ်၍ တရားစွဲတင်ပို့လာသည့် ကိစ္စရပ်များ စသည်တို့ဖြစ်ပါသည်။ 
ယင်းသို့ကြုံတွေ့ပါက မည်သို့ဆောင်ရွက်ရသည်ကို ကျင့်ထုံးဥပဒေ၊ ရုံးလက်စွဲ၊ ညွှန်ကြားချက်များတွင် အတိအလင်း ပြဌာန်းချက်မတွေ့ရပါ။ 
သို့ရာတွင်  ဒေါက်တာမောင်မောင်စိန်ပါ - ၂ နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ပါ - ၂ (၁၉၇၈၊ မတစ၊စာ - ၉၄) အမှုတွင်
(၁)  မူလရှိပြီး ဖြစ်သည့်အမှု နှင့် ပေါင်း၍ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊
(၂)  အမှုများပူးပေါင်းဆောင်ရွက်သည့်အခါ ပင်တိုင်အမှု၏ နေ့စဉ်မှတ်တမ်းတွင် အမှုများကို ပူးပေါင်းလိုက်ကြောင်းဖော်ပြရန်ဖြစ်ကြောင်း၊
(၃)  နောက်တိုးအမှုများမှ စာရွက်စာတမ်းများကို ပင်တိုင်အမှုတွဲ၌ တွဲထားရန်ဖြစ်ပြီး
နောက်တိုးအမှုများတွင် ယင်းသို့ ဆောင်ရွက်ကြောင်းဖော်ပြပြီး အမှုများ ပိတ်လိုက်ရန်ဖြစ်ကြောင်း၊
 အောက်ပါအတိုင်းလမ်းညွှန်ထားပါသည်။
"ပြစ်မှုတစ်ရပ်အတွက် အကြိမ်ကြိမ်စွဲဆိုခြင်းဖြစ်သည်ဟုတွေ့ရှိပါက တိုင်လျှောက်လွှာများအတွက် ဖွင့်လှစ်ထားသော အမှုတွဲများကို မူလရှိပြီးဖြစ်သည့် ပြစ်မှုဆိုင်ရာ မူလမှုအမှတ် - ၅၅၄/ ၇၇ နှင့် ပူးပေါင်း၍ ဆောင်ရွက်သွားရန်သာဖြစ်သည်။ အမှုများပူးပေါင်းဆောင်ရွက်သည့်အခါ ပင်တိုင်အမှု၏ နေ့စဉ်မှတ်တမ်းတွင် အမှုများကို ပူးပေါင်းလိုက်ကြောင်းဖော်ပြ၍ နောက်တိုး အမှုများမှ စာရွက်စာတမ်းများကို ပင်တိုင်အမှုတွဲ၌ တွဲထားရန်ဖြစ်ပြီး နောက်တိုးအမှုများတွင် ယင်းသို့ဆောင်ရွက်ကြောင်း ဖော်ပြပြီး အမှုပိတ်လိုက်ရန်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်မှသာ ဥပဒေပြဌာန်းချက်များနှင့် ညီညွတ်ပြီး တရားမျှတမှု ရှိသည်ဟု ဆိုနိုင်ပေမည်။"
အထက်ပါ လုပ်ထုံးသည် စစ်ဆေးဆဲအမှုများတွင် ပြစ်မှုတစ်ရပ်ကို အကြိမ်ကြိမ်စွဲဆိုလာသည့် ကိစ္စရပ်အတွက်ဖြစ်ပါသည်။ 
စစ်ဆေးပြီးအမှုအတွက် ထပ်မံစွဲဆိုလာသောကိစ္စရပ်ဖြစ်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၂၀၃၊ ၂၅၃(၂)နှင့် ၅၆၁-က တို့ အရ ဆောင်ရွက်ရန်ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။
ဦးထွန်းမျိုးဌေး
သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ
 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...