Saturday, May 16, 2020

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှုတွေကို တရားရုံးတွေမှာ ဘယ်လိုများ စစ်ဆေး ဆောင်ရွက်ကြမလဲ ဆိုတာပါပဲ။  အမှုမှာ တရားခံဘက်က ပြစ်မှုဖြစ်ပွားစဉ် အချိန်က သူဟာ ရူးသွပ်နေတာပါ၊ ဘာဖြစ်ခဲ့မှန်း မသိပါဘူး စသည်ဖြင့် ထုချေငြင်းဆိုကြတာမျိုးတွေ ရှိတတ်သလို၊ တရားရုံး ရှေ့မှောက် ရောက်ရှိနေစဉ်မှာ ကတည်းကိုက ဘာမှမပြောမဆိုဘဲ နေတာမျိုး၊ သွပ်သွပ်ခါအောင် ရူးသွပ်နေတဲ့ အနေအထားမျိုးတွေလည်း ရှိနိုင်တာဖြစ်လို့ အဲဒီလို အမှုအခင်းမျိုး ကြုံလာတဲ့အခါ ဘယ်လို စစ်ဆေးစီရင် ဆောင်ရွက်ကြမလဲ ဆိုတာကို ကျွန်တော် စိတ်ဝင်စားစရာ စူးစမ်းလေ့လာမိခဲ့ပါတယ်။ စိတ်ဝင်စားလွန်းလို့ ဥပဒေစာအုပ်တွေနဲ့ ဥပဒေပညာရှင်များ ရေးသားခဲ့တဲ့ ဆောင်းပါးတွေကို ရှာဖွေ ဖတ်ရှုကြည့်တော့ တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ ကျင့်ထုံးနည်းလမ်းတွေကို တွေ့ရလို့ ဥပဒေ ပညာကို စိတ်ဝင်တစား လေ့လာနေကြသူတွေကိုလည်း နားလည်သိရှိစေချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာခဲ့တဲ့ အတွက် ဒီပို့စ်လေး ရေးသားဖို့ ဖြစ်လာခဲ့ရပါတယ်။   အခုတင်ပြမယ့် အကြောင်းအရာတွေကိုတော့ ဆရာ (ဦး)လှအေး (တရားရေး) ရေးသားခဲ့တဲ့ ဥပဒေဆောင်းပါးအပေါ် နည်းမှီ ကိုးကားပြီး စာရှုသူတို့ လွယ်လင့်တကူ နားဝင်နိုင်စေဖို့ စကားပြေသဘော သက်သက်နဲ့ ရှဂ်းလင်း တင်ပြပေးသွားမှာ ဖြစ်ပါတယ်။  အကျယ်တဝံ့ လေ့လာဖတ်ရှုသင့်တာကတော့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၈၄၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၄ မှ ၄၇၅ အထိ၊ တရားရုံးများလက်စွဲ အပိုဒ် ၅၀၂ မှ ၅၀၉ အထိနဲ့ အပိုဒ် ၈၄၄ မှ ၈၅၉ အထိ တွေပဲ ဖြစ်ပါတယ်။

* စိတ်ဝေဒနာသည် သူရူး ဟုတ်၊ မဟုတ် စိစစ်ရခြင်း

   -------------------------------------
 ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၄(၁)၊  တရားရုံးများလက်စွဲ အပိုဒ် ၅၀၃ နဲ့ တရားရုံး ညွှန်ကြားလွှာအမှတ်-၂/၁၉၆၅ တို့အရ ပြစ်မှုနဲ့ တရားစွဲ တင်ပို့ခြင်းခံရသော စိတ်ဝေဒနာရှင် တရားခံအပေါ် စစ်ဆေးစီရင်ရာမှာ ၎င်းတရားခံဟာ သူ့အပေါ် စွဲဆိုခံထားရတဲ့ ပြစ်မှုအတွက် ထုချေရှင်းလင်းနိုင်မှု ရှိ၊ မရှိကို ရုံးက ကနဦး စိစစ်ရမှာ ဖြစ်ပါတယ်။  တရားခံဟာ စိတ်ဝေဒနာ ရှိ၊ မရှိ ဆိုတာကိုတော့ ခရိုင်ဆရာဝန်၊ ဒါမှမဟုတ် နိုင်ငံတော်သမ္မတက ညွှန်ကြားတဲ့ အခြား ဆေးဘက်ဆိုင်ရာ အရာရှိ/ စိတ်ရောဂါ အထူးကုဆေးရုံမှ ဆေးရုံအုပ်ကြီးရဲ့ အကူအညီကို ရယူကာ စမ်းသပ်ကြည့်ရှု စစ်ဆေးစေရမှာ ဖြစ်သလို ဆေးစစ်ခဲ့တဲ့ ဆရာဝန်ကိုလည်း တရားရုံးက သက်သေအဖြစ် ခေါ်ယူစစ်ဆေးရမှာ ဖြစ်ပါတယ်။  ဆူရင်ဒတ်ကူးမား နှင့် နိုင်ငံတော် (၁၉၉၄၊ မတစ၊ စာ-၂၃) အမှုမှာလည်း အချင်းဖြစ်ချိန်က တရားခံဟာ စိတ်ဖောက်ပြန်မှု ရှိနိုင်၊ မရှိနိုင် ဆုံးဖြတ်နိုင်ရန် စိတ်ရောဂါကု ဆရာဝန်ကို သက်သေအဖြစ် စစ်ဆေးပြီး၊ စိတ်ရောဂါကု ဆေးရုံရဲ့ ဆေးကုသမှတ်တမ်းကို ဖြစ်စေ၊ ၎င်းမှတ်တမ်းရဲ့ တရားဝင်မိတ္တူကို ဖြစ်စေ သက်ဆိုင်ရာမှ တင်ပြစေရန် ဆင့်ဆိုပြီးနောက် စစ်ဆေးမေးမြန်းရမည် ဖြစ်ကြောင်း၊ ထောင်ဒဏ်ကျခံနေ ရတဲ့ အကျဉ်းသားတရားခံ ဖြစ်ခဲ့လျှင်လည်း အကျဉ်းထောင် တာဝန်ခံအရာရှိကို ခေါ်ယူကာ လက်ရှိ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြည့်ပြည့်စုံစုံ စစ်ဆေးမေးမြန်းရမည် ဖြစ်ကြောင်း လမ်းညွှန်ထုံးဖွဲ့ထားတာ ကို တွေ့ရပါတယ်။

* ရူးသွပ်တရားခံအား အာမခံပေးနိုင်၊ မပေးနိုင်

   ---------------------------------
 အမှုစစ်ဆေးနေစဉ်အတွင်းမှာ ရူးသွပ်သူ တရားခံဟာ ကောင်းမွန်စွာ ထုချေနိုင်စွမ်း မရှိကြောင်း စိတ်ရောဂါကု ဆရာဝန်ရဲ့ ဆေးမှတ်တမ်း၊ သက်သေထွက်ချက်တို့အရ ပေါ်ပေါက်ခဲ့ရင်တော့ တရားသူကြီး အနေနဲ့ အမှုဟာ အာမခံပေးခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တရားခံကို ကောင်းမွန်စွာ ထိန်းသိမ်း ကြည့်ရှုထားမည် ဖြစ်ကြောင်း၊ ၎င်းကိုယ်ကိုဖြစ်စေ၊ အခြားသူ တစ်စုံတစ်ယောက်ကို ဖြစ်စေ နစ်နာခြင်း မဖြစ်အောင် ဟန့်တားထားပါမည့်အကြောင်း၊ ၎င်းကို အလိုရှိသည့်အခါ တရားသူကြီး ရှေ့မှောက်သို့ ရောက်ရှိစေမည်ဖြစ်ပါကြောင်းဖြင့် လုံလောက်သော အာမခံ လျှောက်ထားလာလျှင် ၎င်းတရားခံကို အာမခံဖြင့် လွှတ်ထားနိုင်ကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၆(၁)မှာ ပြဋ္ဌာန်းပါရှိပြီး၊ အာမခံ မပေးသင့်ကြောင်း ထင်မြင်တယ် ဆိုရင်တော့ စိတ်ရောဂါကုဆေးရုံ၌ ထိန်းသိမ်းထားရန် အမိန့်ချမှတ်ရမည် ဖြစ်ကြောင်း ယင်းပုဒ်မ ၄၆၆(၂)မှာ ဆက်လက် ဖော်ပြထားပြီး စစ်ဆေးနေတဲ့ အမှုကိုလည်း ရွှေ့ဆိုင်းထား ရမယ်လို့ ဆိုပါတယ်။

* ရူးသွပ်တရားခံအား စိတ်ရောဂါကု ဆေးရုံသို့ ပို့အပ်ရာတွင်

   -------------------------------------------
 စိတ်ဝေဒနာရှင် ရူးသွပ်တရားခံကို စိတ်ရောဂါကုဆေးရုံသို့ ပို့အပ်ရာမှာ ၎င်းရဲ့ ဆေးဘက်ဆိုင်ရာ အတ္ထုပ္ပတ္တိစာတမ်းကိုလည်း ဝရမ်း (ရာဇဝတ်ပုံစံ-၁၃၃) နဲ့အတူ ပူးတွဲပေးပို့ရမယ်လို့ တရားရုံးများလက်စွဲ အပိုဒ် ၈၄၉ မှာ ညွှန်ပြထားတာ တွေ့ရပါတယ်။ 

* ရူးသွပ်တရားခံ ပြန်လည်ကောင်းမွန်လာခဲ့လျှင်

   ----------------------------------
 ရူးသွပ်တရားခံဟာ ၎င်းအပေါ် စွဲဆိုမှုမှာ ကောင်းမွန်စွာ ချေပနိုင်ပြီလို့ တရားသူကြီးက ထင်မြင်ရင် ရွှေ့ဆိုင်းထားတဲ့ အမှုကို ဆက်လက်ပြီး စုံစမ်း စစ်ဆေး စီရင်သွားရပါမယ်။  ထိုသူအနေနဲ့ ခုခံချေပနိုင်စွမ်း မရှိသေးဘူးလို့ ထင်မြင်ရင်တော့ အထက်မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၄၊ သို့မဟုတ် ၄၆၅၊ ၄၆၆ တို့အရ ထပ်မံ ဆောင်ရွက်ခွင့်ရှိကြောင်း ပုဒ်မ ၄၆၈ မှာ ပြဋ္ဌာန်းပါရှိပါတယ်။

* အမှုစစ်ဆေးစီရင်ခြင်း

   ----------------
 ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၀ အရ ရူးသွပ်တရားခံဟာ မိမိအမှုကို ကောင်းစွာထုချေနိုင် မယ် ဆိုရင်တော့ ရွှေ့ဆိုင်းထားခဲ့တဲ့အမှုကို ဆက်လက်စစ်ဆေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။  စစ်ဆေးမှု ပြီးဆုံးသွားလို့ တရားရုံးအနေနဲ့ အမှုမှစိတ်ဝေဒနာရှင် ရူးသွပ်တရားခံရဲ့ ပြုလုပ်မှုဟာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၈၄ အရ ကင်းလွတ်ရမြဲအချက်နဲ့ အကျုံးဝင်၊ မဝင်ကို သုံးသပ်ဆုံးဖြတ်ရမှာ ဖြစ်ပြီး၊ အကျုံးဝင်ခဲ့ရင် တော့ အဆိုပါတရားခံကို အပြီးအပြတ်လွှတ်လိုက်ရမှာ ဖြစ်ပါတယ်။  လွှတ်တယ်ဆိုတဲ့ နေရာမှာလည်း အရမ်းကာရော လွှတ်လိုက်လို့ မရသေးပါဘူး။  ဒီစိတ်ဝေဒနာရှင် တရားခံဟာ ပြစ်မှုကို ကျူးလွန်ခဲ့ကြောင်း ၊ ဒါမှမဟုတ် ကျူးလွန်ခဲ့ခြင်း မရှိကြောင်းကို အထင်အရှား ဖော်ပြရေးသားပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

* စီရင်ချက်၊ အမိန့် ရေးသားချမှတ်ရာတွင် ရေးထုံး လေ့လာသင့်သည့် စီရင်ထုံး

   ---------------------------------------------------------
 `အထက်ပါ အကြောင်းများကြောင့် ဤအယူခံကို ခွင့်ပြု၍ မကွေးတိုင်းတရားရုံး (သရက်ခရိုင်)မှ အယူခံတရားလို ဦးလှရွှေအပေါ် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၄ အရ ပြစ်မှုထင်ရှားစီရင်သည့် ပြစ်ဒဏ်တို့ကို ပယ်ဖျက်၍ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၈၄ ကင်းလွတ်ချက်အရ ဦးလှရွှေအား အမှုမှ အပြီးအပြတ် လွှတ်လိုက်သည်။  ထို့ပြင် ဒေါ်ခင်ညွန့်အား အယူခံတရားလိုက ဓါးဖြင့် ခုတ်သတ်ခဲ့သည်မှာလည်း မှန်ကြောင်း ဖော်ပြလိုက်သည်။  အယူခံတရားလိုနှင့် စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၁ နှင့်အညီ ဆက်လက် ဆောင်ရွက်စေရန် မူလရုံးအား ညွှန်ကြားလိုက်သည်။`
( ဦးလှရွှေ နှင့် နိုင်ငံတော်၊ ၁၉၉၇၊ မတစ၊ စာ-၇၅ )

* ရူးသွပ်တရားခံအား အမှုမှ အပြီးအပြတ်လွှတ်လျှင် မည်သို့ဆက်လုပ်ရမည်-

   -------------------------------------------------------
 အထက်ပါအတိုင်း တရားခံအား အမှုမှ အပြီးအပြတ် လွှတ်လိုက်တယ်လို့ ဆိုပေမယ့်လည်း အကယ်၍သာ အမှုမှာ ရူးသွပ်တရားခံရဲ့ ပြုလုပ်မှုဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ပေါ်လွင်နေခဲ့တယ် ဆိုရင် (သိနိုင်စွမ်းမရှိတဲ့ အကြောင်းကြောင့်မှတပါး) ပြစ်မှုကျူးလွန်ရာ ရောက်မယ်ဆိုရင်တော့ ၎င်းတရားခံ ကို စိတ်ရောဂါကုဆေးရုံသို့ ပေးပို့၍ ထိန်းသိမ်းထားရမည် ဆိုတဲ့ အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၁(၁)အရ ရုံးတော်က တစ်ဆက်တည်း ချမှတ်ပေးမှာပဲ ဖြစ်ပါတယ်။

* ရူးသွပ်တရားခံကို လွှတ်မိန့်ပေးနိုင်ကြောင်း ဆေးရုံက သက်သေခံလက်မှတ် ထုတ်ပေးလာလျှင်-

   ----------------------------------------------------------------------
 ဖော်ပြခဲ့ပြီးဖြစ်တဲ့ ပုဒ်မ ၄၆၆(၂) (အမှုအတွင်း ဆေးရုံ၌ ထိန်းသိမ်းထားစေခြင်း) နဲ့ ပုဒ်မ ၄၇၁ (တရားခံကို အပြီးအပြတ်လွှတ်ပြီးသည့်တိုင် ဆက်လက်၍ ဆေးရုံ၌ ထိန်းထိမ်းထားစေခြင်း) ပါ ပြဋ္ဌာန်းချက် အသီးသီးအရ ရူးသွပ်တရားခံကို စိတ်ရောဂါကုဆေးရုံက ထိန်းသိမ်းပေးထားခဲ့ရာမှာ ထိုဆေးရုံက တရားခံဟာ သူ့ကိုယ်ကိုဖြစ်စေ၊ အခြားသူ တစ်ဦးတစ်ယောက်ကို ဖြစ်စေ အန္တရာယ် ပြုလိမ့်မယ်လို့ စိုးရိမ်ရန်အကြောင်း မရှိဘဲ လွှတ်မိန့်ပေးနိုင်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးလာရင်တော့ တရားရုံးအနေနဲ့ စိတ်ရောဂါကုဆေးရုံသို့ ရူးသွပ်တရားခံကို ပို့အပ်ခဲ့ခြင်းနှင့် သက်ဆိုင်တဲ့ အမှုတွဲတွေ နဲ့အတူ သက်ဆိုင်ရာ အမှုတွဲ၊ တရားခံအား လက်ခံရရှိကြောင်း ဆေးရုံမှ သက်သေခံလက်မှတ် ရေးထိုးထား တဲ့ ရာဇဝတ်ပုံစံ ၁၃၃ မူရင်းခွဲ၊ တရားခံရဲ့ ဆေးဘက်ဆိုင်ရာ အတ္ထုပ္ပတ္တိမှတ်တမ်းတွေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ တင်ပေးပို့ရမှာ ဖြစ်ပါတယ်။  တရားခံဟာ စိတ်ကျန်းမာရေး ကောင်းမွန်ပြီး သူ့အပေါ် စွဲဆိုထားတဲ့အမှုကို ထုချေနိုင်စွမ်းရှိပြီလို့ စိတ်ရောဂါကုဆေးရုံမှ တင်ပြချက် ရှိလာပြီဆိုရင်တော့ ယင်းဆေးရုံက ထိုသို့ဖော်ပြပေးပို့လာတဲ့ သက်သေခံဆေးစာနဲ့အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး သို့ အမှုစစ်ရုံးက တင်ပြရမှာဖြစ်ပြီး၊ ယခင် တင်ပို့ထားခဲ့တဲ့ အမှုတွဲကို ပြန်လည်တောင်းခံရမှာ ဖြစ်ပါတယ်။

* သူရူးမှုနှင့် ပတ်သက်၍ ဖတ်မှတ်လေ့လာသင့်သော စီရင်ထုံးများ

   -----------------------------------------------
 သူရူးမှု စစ်ဆေးစီရင်ရာမှာ အထောက်အကူပြု အကျိုးများစေမယ့် စီရင်ထုံးများကို ရှာဖွေ စုဆောင်း ဖော်ပြပေးလိုက်ပါတယ် -
-   အစိုးရ နှင့် ကုလားညို၊ ၁၉၄၁၊ ရန်ကုန်စီရင်ထုံး၊ စာ-၅၄၄
-   အစိုးရ နှင့် မောင်ပို၊ ၁၉၄၆၊ ရန်ကုန်စီရင်ထုံး၊ စာ-၁၈၆
-   ဆပွင့်(ခ)ပေါလူး နှင့် ပြည်ထောင်စု၊ ၁၉၅၀၊ မတစ (လွှတ်တော်)၊ စာ-၃၅၂
-   နိုင်ငံတော် နှင့် ဦးလှခိုင်၊ ၁၉၅၈၊ မတစ (လွှတ်တော်)၊ စာ-၁၄၃
-   စောရင်ဖေ နှင့် ပြည်ထောင်စု၊ ၁၉၅၉၊ မတစ (လွှတ်တော်)၊ စာ-၂၀၅
-   မောင်ထွန်းစိန် နှင့် အစိုးရ၊ ၁၉၆၂၊ မတစ (ရုံးချုပ်)၊ စာ-၃၃၈
-   ပြည်ထောင်စု နှင့် မောင်သံချောင်း၊ ၁၉၆၅၊ မတစ (ရုံးချုပ်)၊ စာ-၁၃၂
-   မောင်စံရွှေ နှင့် ပထစ၊ ၁၉၅၉၊ မတစ (လွှတ်တော်)၊ စာ-၁၄၃
-   မောင်ကုတ်ဦး နှင့် နိုင်ငံတော်၊ ၁၉၆၆၊ မတစ (ရုံးချုပ်)၊ စာ-၁၀၉၆
-   မောင်စိုးသိန်း နှင့် ဆိုရှယ်လစ်၊ ၁၉၇၉၊ မတစ၊ စာ-၄၇
-   ခင်မောင် နှင့် နိုင်ငံတော်၊ ၁၉၆၅၊ မတစ၊ စာ-၃၂၈
-   မောင်ကုတ်ချိ နှင့် နိုင်ငံတော်၊ ၁၉၆၅၊ မတစ၊ စာ-၁၀၉၆
-   ဒေါ်ချစ်မယ် နှင့် နိုင်ငံတော်၊ ၁၉၇၁၊ မတစ၊ စာ-၄၆
-   ဆူရင်ဒတ်ကူးမား နှင့် နိုင်ငံတော်၊ ၁၉၉၄၊ မတစ၊ စာ-၂၃
-   ဦးလှငွေ နှင့် နိုင်ငံတော်၊ ၁၉၉၇၊ မတစ၊ စာ-၇၅
-   ကိုသက်ဦး နှင့် နိုင်ငံတော်၊ ၂၀၀၈၊ မတစ၊ စာ-၁၀၇ (အထူး)

 ရူးသွပ်နေတဲ့ စိတ်ဝေဒနာရှင် တရားခံကို စစ်ဆေး စီရင်ရတဲ့ အရပ်ရပ်သော လုပ်ငန်းစဉ်တွေဟာ ရိုးရှင်းလွယ်ကူလှတဲ့ ကျင့်ထုံးနည်းလမ်းတွေတော့ မဟုတ်ပါဘူး။  လေ့လာ ဖတ်ရှု မှတ်သားသူများအနေနဲ့ အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်တဲ့ ကျင့်ထုံးနည်းလမ်းများကို ထဲထဲဝင်ဝင် လေ့လာဆည်းပူးပါမှ သူရူးမှု စစ်ဆေးခြင်း လုပ်ငန်းစဉ်များကို အကျွမ်းတဝင် ရှိလာမှာပဲ ဖြစ်ပါတယ်။  သူရူးမှုနဲ့ ပတ်သက်လာရင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၈၄ ပါ ကင်းလွတ်ရမြဲအချက်ဟာ စိတ်ဝေဒနာရှင် ရူးသွပ်တရားခံတွေရဲ့ သက်သာခွင့် လမ်းကြောင်းဖြစ်ပါတယ်။ သက်သေခံဥပဒေ ပုဒ်မ ၁၀၅ အရ အချင်းဖြစ်စဉ်က မိမိမှာ ရူးသွပ်နေလို့ မိမိရဲ့ပြုလုပ်မှု ဘယ်လိုသဘောရှိတယ်၊ မတော်မမှန်မှုဖြစ်တယ်၊ ဥပဒေနဲ့ ဆန့်ကျင်တယ် စတာတွေကို မသိနိုင်ခဲ့လို့သာ ပြုလုပ်မိခြင်း ဖြစ်တဲ့အတွက် ကင်းလွတ်ရမြဲအချက် အတွင်း ကျရောက်နေပါ ကြောင်း တရားခံက ချေပမယ် ဆိုရင်တော့ ထိုသို့အဆိုရှိသူမှာ သက်သေပြဖို့တာဝန် ကျရောက်ပါတယ်။ 

ဒါပေမဲ့ အထူးတလည် မှတ်သားရမှာတစ်ခုက ရူးသွပ်သူ တရားခံမှာ သက်သေပြဖို့ တာဝန်ကျရောက် နေလင့်ကစား ၎င်းရူးသွပ်နေစဉ် အချိန်ဝန်းကျင်က အဖြစ်အပျက်တွေကို ကောင်းစွာ မှတ်မိနိုင်ဖို့က မဖြစ်နိုင်သလောက်ပဲ ဆိုတော့ အချို့သောကိစ္စရပ်မျိုးတွေမှာ သူရူးတရားခံက သူ့အနေနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၈၄ ရဲ့ အကာအကွယ်ကို ရထိုက်ပါတယ်လို့ ထုချေခြင်း မပြုခဲ့စေကာမူ အမှုမှာ ပေါ်ပေါက်တဲ့ သက်သေခံချက်များနဲ့တကွ အမှုအဖြစ်အပျက် အကြောင်းအရာတို့က တရားခံဟာ ပြစ်မှုဖြစ်ပွားစဉ်က ရူးသွပ်နေကြောင်း ထင်ရှားစေမယ်ဆိုရင်တော့ သူ့အပေါ် ကျရောက်တဲ့ သက်သေပြရန်တာဝန်ကို ကျေပြွန်တယ်လို့ပဲ မှတ်ယူရပါမယ်။  ဒါက အမှုဖြစ်စဉ်မှာကိုက သက်သေခံချက်တွေ ပေါ်ပေါက်လာတဲ့အခါ မျိုးမှာ ဆိုလိုတာဖြစ်ပါတယ်။ အရာခပ်သိမ်းတော့ ကင်းလွတ်ချက်ထဲ ကျရောက်တယ်လို့ ပေါ့ပေါ့လွယ်လွယ် မတွေးသင့်ပါဘူး။  ယင်းမူသဘောနဲ့ ပတ်သက်လို့  မောင်ကုတ်ချိ နှင့် နိုင်ငံတော် ( ၁၉၆၅၊ မတစ (ရုံးချုပ်)၊ စာ-၁၀၉၆ )မှာ ထုံးဖွဲ့စီရင်ထားတာကိုလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။


လွှမ်းမိုးအောင် (တရားရေး)



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...