Sunday, January 25, 2015

ပြန်လှန်စစ်မေးရာတွင် တားမြစ်ကန့်သတ်ထားသည့် အချက်များကို လေ့လာခြင်း (အပိုင်း-၃)


ပြန်လှန်စစ်မေးရာတွင် တားမြစ်ကန့်သတ်ထားသည့် အချက်များကို လေ့လာခြင်း (အပိုင်း-၃)


ပြန်လှန်စစ်မေးရာမှာ တားမြစ်ကန့်သတ်ထားတဲ့ အချက်များကို လေ့လာခဲ့ရာမှာ ယနေ့တော့ အဆုံးသတ်အဖြစ် အပိုင်း(၃)ကို တင်ပြပေးမှာ ဖြစ်ပါတယ်။  ပြန်လှန်စစ်မေးခြင်းအား ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းခွင့် ရှိသော်လည်း၊ ပြန်လှန်မေးခွန်း မေးမြန်းကြရာမှာ တားမြစ်ကန့်သတ် ချက်တွေလည်း ရှိတယ် ဆိုတာကို သတိမူ ဂရုပြု လိုက်နာနိုင်ကြစေရန် နှင့် အမှုအခင်းများကို သက်သေခံ ဥပဒေနှင့် အညီ မှန်မှန်နှင့် မြန်မြန် စစ်ဆေး မေးမြန်းမှု ပြုနိုင်ကြစေရန် ရည်သန်လျက် တိုတိုနဲ့လိုရင်း စုစည်း ရေးသားပေး နေခြင်းပဲ ဖြစ်ပါ တယ်။  ပုဒ်​မများအလိုက်​ ​လေ့လာကြည့်​ကြရ ​အောင်​ပါ။

*   သက်သေခံဥပဒေ ပုဒ်မ ၁၃၉

----------------------------------
တရားရုံး၌ အမှုအခင်းများ စစ်ဆေးစဉ်မှာ တစ်ဦးတစ်ယောက် သောသူရဲ့ လက်ဝယ်မှာ ရှိတဲ့ စာတမ်း အမှတ်အသား တစ်ခုခုကို တင်ပြစေဖို့ ဆင့်ဆိုခြင်းခံရသူဟာ ရုံးတော်မှ ဆင့်ဆိုတောင်းခေါ်တဲ့ စာတမ်းအမှတ် အသားကို တင်ပြရုံမျှနဲ့ သက်သေအဖြစ်သို့ မရောက်ရှိပါဘူး။  ထိုသူ့ကို သက်သေအဖြစ် တင်ပြခြင်းမျိုး မဟုတ်တဲ့ အတွက် ၎င်းအား ပြန်လှန်စစ်မေးခြင်း မပြုနိုင်ကြောင်း သက်သေခံ ဥပဒေ ပုဒ်မ ၁၃၉ က ကန့်သတ် ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။

စာတမ်းအမှတ် အသားကို ဆင့်ဆိုခြင်း ခံရတဲ့သူဟာ တရားမမှုမှာ တရားမကျင့်ထုံး ဥပဒေ၊ အမိန့်-၁၆၊ နည်းဥပဒေ-၆ အရ လည်းကောင်း၊ ပြစ်မှုမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၉၄(၂)အရ လည်းကောင်း ထိုစာမှတ်စာတမ်းကို မိမိကိုယ်တိုင် ရုံးသို့ လာရောက် တင်သွင်းရန် မလိုဘဲ၊ အခြားသူနဲ့ ကိုယ်စား တင်သွင်းရန် စေလွှတ်နိုင် ပါတယ်။  သက်သေခံ ဥပဒေ ပုဒ်မ ၁၃၉ အရ စာတမ်းအမှတ်အသား တင်သွင်းဖို့ ဆင့်ခေါ်ခံရ တဲ့သူဟာ အမှုမှာ သက်သေ ဖြစ်လာမည် မဟုတ်ပါ။  သက်သေ မဟုတ်တဲ့အတွက် သူ့ကို ပြန်လှန်စစ်မေးလို့လည်း ရမှာ မဟုတ်ပါဘူး။  ဒါပေမယ့် တစ်ခုမှတ်ရမှာက ထိုသူအား ကျမ်း (သို့မဟုတ်) ကတိသစ္စာ ပြုစေပြီး စာတမ်းအမှတ် အသားရှိ အချက်အလက် တွေကို မေးမြန်းမယ် ဆိုရင်တော့ ပြန်လှန်စစ်မေးခွင့် ရှိတယ်လို့ ဆရာ ဦးသက်ဖေရဲ့ သက်သေခံ ဥပဒေ စာအုပ်မှာ ရှင်းပြထားတာကို မှတ်သားထား သင့်ပါတယ်။

*   သက်သေခံဥပဒေ ပုဒ်မ ၁၄၉

----------------------------------
သက်သေခံဥပဒေ ပုဒ်မ ၁၄၈ မှာ ရည်ညွှန်း ဖော်ပြတဲ့ မေးခွန်းတွေကို မေးမြန်းသူဟာ ထိုမေးခွန်းမှာ ပါတဲ့ ရည်ညွှန်းသည့် စွပ်စွဲချက်မှာ အခြေအမြစ် ကောင်းစွာ ရှိတယ်လို့ သင့်တော်တဲ့ အကြောင်းယုတ္တိ မရှိရင် ထိုမေးခွန်းမျိုးကို မမေးသင့်ကြောင်း သက်သေခံ ဥပဒေ ပုဒ်မ ၁၄၉ မှာ ပြဋ္ဌာန်းပါရှိ ပါတယ်။   ပုဒ်မ ၁၄၈ မှာ ရည်ညွှန်းဖော်ပြ ထားတယ်ဆိုတဲ့ မေးခွန်းတွေကို ဆက်စပ်လေ့လာ ကြည့်မယ်ဆိုရင် __
(၁)  မေးခွန်းတွေမှာ ပါတဲ့ ရည်ညွှန်းသည့် စွပ်စွဲချက် မှန်ကန်ပါက သက်သေ အစစ်ခံနေတဲ့ အကြောင်းအရာ နှင့်စပ်လျဉ်းလို့ ထိုသက်သေကို ယုံသင့်၊ မယုံသင့် တရားရုံးက စဉ်းစားဆင်ခြင် ရာမှာ များစွာ ထိခိုက်စေမယ်ဆိုရင် ထိုသို့သော မေးခွန်းတွေဟာ မေးထိုက်သော မေးခွန်းများဖြစ်ကြောင်း၊
(၂) စွပ်စွဲချက်သည် အချိန်ကာလ ကြာမြင့်စွာက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ ဖြစ်လို့ပဲ ဖြစ်ဖြစ်၊ ထိုစွပ်စွဲချက် မှန်ကန်လျှင်လည်း သက်သေ ထွက်ဆိုတဲ့ အကြောင်းအရာနဲ့ စပ်လျဉ်းလို့ ထိုသက်သေကို ယုံသင့်၊ မယုံသင့် တရားရုံးက စဉ်းစားဆင်ခြင် ရာမှာ ထိခိုက်စေခြင်း မရှိလျှင် (သို့မဟုတ်) အနည်းငယ်မျှသာ ထိခိုက်စေမည် ဖြစ်လျှင် ထိုသို့သော မေးခွန်းတွေကတော့ မေးသင့်သော မေးခွန်း မဟုတ်ကြောင်း၊
(၃) သက်သေရဲ့ အကျင့်စာရိတ္တကို ထိပါးစေတဲ့ စွပ်စွဲချက်ရဲ့ အရေးပါမှုနဲ့ သက်သေခံချက် တို့ရဲ့ အရေးပါမှုတို့မှာ မမျှမတအောင် ကွာခြားနေရင်လည်း ထိုသို့သော မေးခွန်းတွေကလည်း မေးသင့်သော မေးခွန်း မဟုတ်ကြောင်း၊
(၄) မေးခွန်းကို မဖြေဆိုလိုကြောင်း သက်သေက ငြင်းဆိုလျှင် တရားရုံးက ထိုငြင်းဆိုချက်ကို ထောက်ရှုလျက် မေးခွန်းကို ဖြေဆိုခဲ့သော် ထိုသက်သေအတွက် အကျိုးယုတ်ရန် ရှိတယ်လို့ ကောက်ယူသင့်တယ် ထင်မြင်ရင် ထိုသို့ ကောက်ယူနိုင်ကြောင်း လေ့လာ တွေ့ရှိရပါတယ်။
(ပြန်လည်ခြုံငုံ ပြောရရင် အထက်ပါအချက် (၄)ချက်မှာ ရည်ညွှန်းဖော်ပြ မေးမြန်းတဲ့ စွပ်စွဲချက်ပါသော မေးခွန်းမျိုးဟာ အခြေအမြစ် ရှိကြောင်း သင့်တော်တဲ့ အကြောင်းယုတ္တိ မရှိဘူးဆိုလျှင် အထက်ပါ မေးခွန်းမျိုးကို မမေးဖို့ သက်သေခံ ဥပဒေ ပုဒ်မ ၁၄၉ က ကန့်သတ်ထားကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။)

ဥပမာအားဖြင့် __ ရှေ့နေသည် သူ့အမှုသည်က သက်သေမှာ ဓားပြ ဖြစ်တယ်လို့ ပြောကြားခဲ့လျှင် သော်လည်းကောင်း၊  တရားရုံးမှာ ရှေ့နေကို လူတစ်ယောက်က - အရေးကြီးတဲ့ သက်သေမှာ ဓားပြ ဖြစ်တယ်လို့ ကျေနပ်လောက်သော အကြောင်းနဲ့ ပြောပြခဲ့လျှင် သော်လည်းကောင်း  သက်သေအား ဓားပြ ဟုတ်၊မဟုတ် မေးမြန်းရန် သင့်လျော်သော အကြောင်းတွေပဲ ဖြစ်ပါတယ်။   ဒါပေမယ့်လို့ သက်သေရဲ့ အကြောင်းကို မည်သို့မျှ မသိဘဲလျက် ဓားပြ ဟုတ်၊မဟုတ် ရော်ရမ်းမှန်းဆပြီး မေးမြန်းရန် သင့်မှာ မဟုတ်ပါဘူး။  ဒါပေမယ့် ထိုသက်သေရဲ့ နေထိုင်မှု အခြေအနေနဲ့ အသက်မွေး ၀မ်းကြောင်းမှုကို မေးမြန်းရာမှာ သူက ကျေနပ်ဖွယ် မရှိတဲ့ အဖြေကို ပေးခဲ့ရင်တော့ ဆိုခဲ့ပြီးသလို မေးမြန်းရန် သင့်လျော်တဲ့ အကြောင်း ဖြစ်လာမှာ ဖြစ်ပါတယ်။

သတိချပ်ရမှာက သက်သေခံ ဥပဒေ ပုဒ်မ ၁၅၀ အရ သင့်လျော်တဲ့ အကြောင်းယုတ္တိ မရှိပါဘဲလျက် ရှေ့နေက မေးမြန်းခဲ့တယ်လို့ တရားရုံးက ထင်မြင်ယူဆလျှင် တရားရုံးက ၎င်းအမှုရဲ့ အခြေအနေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့ဖြစ်စေ၊ ထိုရှေ့နေအပေါ် အာဏာပိုင်သူ ထံသို့ဖြစ်စေ တိုင်ကြားနိုင်တာမို့ အထူးချင့်ချိန်ပြီး မေးမြန်းဖို့ လိုအပ်​မှာ ဖြစ်ပါတယ်။

*   သက်သေခံဥပဒေ ပုဒ်မ ၁၅၁

----------------------------------
သင့်တင့် လျောက်ပတ်ခြင်း မရှိ၊ မဖွယ်မရာ ဖြစ်သည်၊ အသရေကို ထိခိုက်စေသည်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်စေမည်ဟု တရားရုံးက ထင်မြင်သော မေးခွန်း (သို့မဟုတ်) စုံစမ်း စစ်ဆေးချက်သည် တရားရုံး ရှေ့မှောက်ရှိ ပြဿနာများနဲ့ အနည်းငယ်မျှ သက်ဆိုင်စေကာမူ အငြင်းဖြစ်သည့် အကြောင်းခြင်းရာများ နှင့်သော်လည်းကောင်း၊ အငြင်းဖြစ်သည့် အကြောင်းအရာများ တည်ရှိ၊မရှိကို ချင့်ချိန် ဆုံးဖြတ်နိုင်ရန် လိုအပ်သော အကြောင်းခြင်းရာနှင့် ပတ်သက်ခြင်း မရှိလျှင် ယင်းမေးခွန်း (သို့မဟုတ်) စုံစမ်း စစ်ဆေးချက်များကို မေးမြန်း စစ်ဆေးခြင်း မပြုရန် တရားရုံးက တားမြစ် နိုင်ကြောင်း သက်သေခံဥပဒေ ပုဒ်မ ၁၅၁ မှာ ပြဋ္ဌာန်းထားပါတယ်။

သို့သော်လည်း မုဒိန်းမှု၊ မယားခိုးမှု၊ လင်မယား ကွာလိုမှု စတဲ့ အမှုမျိုးမှာ မေးမြန်းရတဲ့ မေးခွန်းတွေဟာ အရှက်တကွဲ အကျိုးနည်းစေရန် အကြောင်း ရှိနိုင်လင့်ကစား၊ အမှုမှာ အငြင်းထွက် အကြောင်းခြင်းရာများ (facts in issue) နဲ့ ပတ်သက်နေတာ ဖြစ်တဲ့အတွက် မေးမြန်းခွင့် ရှိမှာ ဖြစ်ပါတယ်။  မေးမြန်းခွင့်မပြုတဲ့ မေးခွန်းကို တရားရုံးက မှတ်တမ်းတင် ရေးမှတ်ထားရမှာ ဖြစ်ပြီး၊ ဘာကြောင့် ထိုမေးခွန်း ကို မေးမြန်းခွင့် မပြုရကြောင်းကိုလည်း ရေးမှတ်ထားရန် လိုအပ်မှာ ဖြစ်ပါတယ်။  သို့မှသာ အယူခံ/ပြင်ဆင် ရုံးက မူလရုံးရဲ့ အမိန် မှန်၊ မမှန်ကို စိစစ် ချင့်ချိန်နိုင်မှာ ဖြစ်လို့ပါပဲ။

*   သက်သေခံဥပဒေ ပုဒ်မ ၁၅၂

----------------------------------
စော်ကားရန်၊ စိတ်ငြိုငြင်စေရန် ရည်ရွယ် မေးမြန်းတဲ့ မေးခွန်း ဖြစ်တယ်လို့ တရားရုံးက ထင်မြင်တဲ့ မေးခွန်း (သို့မဟုတ်) သင့်တော်သော မေးခွန်းပင် ဖြစ်သော်လည်း အကြောင်းမဲ့ ပုတ်ခတ်ခြင်း၊ မခံချင် ဖြစ်စေခြင်း၊ နာကြည်းစေခြင်း ဖြစ်စေတဲ့ မေးခွန်းမျိုးကို တရားရုံးက တားမြစ်ရမယ်လို့ သက်သေခံ ဥပဒေ ပုဒ်မ ၁၅၂ မှာ ပြဋ္ဌာန်း ပါရှိပါတယ်။  သက်သေတွေဟာ အမှန်တရား ပေါ်ပေါက်ရေး အတွက် တရားရုံးသို့ လာရောက် ကူညီရသူများ ဖြစ်ကြ၍ အမှုသည်နှင့် ရှေ့နေတို့ရဲ့ စော်ကားမှု၊ စိတ်ငြိုငြင်အောင် ပြုမူ ပြောဆိုမှု တွေကို တရားရုံးက အကာအကွယ် ပေးရန် တာဝန်ရှိမှာ ဖြစ်ပါတယ်။  

ပြန်လှန်စစ်မေးရာတွင် တားမြစ်ကန့်သတ်ထားသည့် အချက်များ ပါဝင်သော သက်သေခံ ဥပဒေ ပုဒ်မ ၅၆၊ ၅၇၊ ၁၂၂၊ ၁၂၃၊ ၁၂၄၊ ၁၂၅၊ ၁၂၆၊ ၁၃၉၊ ၁၄၉၊ ၁၅၁၊ ၁၅၂ တို့ကို အပိုင်း(၃)ပိုင်း ခွဲခြား၍ လေ့လာဖတ်ရှု နိုင်ကြစေရန် စုစည်း တင်ပြခဲ့ပြီ ဖြစ်ပါတယ်။  အမှားကြာ အမှန်ဖြစ်၊ တစ်ရုံး တစ်ထုံး ဆိုတာမျိုး မဖြစ်စေဖို့ သက်သေခံ ဥပဒေပါ သိမှတ် လိုက်နာရမည့် တားမြစ် ကန့်သတ်ချက် များကို တစ်စုတစ်စည်းထဲ ဖြစ်အောင် တင်ပြခဲ့ရာမှာ အားနည်းချက်များ၊ လိုအပ်ချက်များ၊ မလျော်ကန်သည်များ ရှိခဲ့ပါလျှင် နားလည် ခွင့်လွှတ်ပေး ကြပါမည့် အကြောင်းနဲ့ သွန်သင်လမ်းပြမှု ပြုပေးကြပါမည့် အကြောင်း မေတ္တာရပ်ခံ အပ်ပါတယ်ခင်ဗျ။

       မိမိတို့ ဥပဒေ လောကသားများဟာ မွန်မြတ်တဲ့ ဥပဒေ ပညာရပ်နဲ့ အသက်မွေး ၀မ်းကျောင်းနေကြ သူများ ဖြစ်ကြတဲ့ အားလျော်စွာ အမှန်တရား ချိန်ခွင်ညီညာ မျှစေဖို့ ဥာဏ်ပညာ ဓါးလက်နက်နဲ့ မကောင်းသူ ပယ်၊ ကောင်းသူ ကယ်ကာ လောကပါလ တရားများ အစဉ်ရှင်သန် ထွန်းကားစေဖို့ အကျိုးတော် ဆောင်ပေးကြရမှာ ဖြစ်ပါတယ်။  အမှား ကွယ်ပျောက်၊ အမှန် ရောက်ဖို့ ရည်တူစေတနာ များနဲ့ ဥပဒေ ဘက်တော်သားများ အချင်းချင်း ဖေးမ၀န်းရံကာ အပြုသဘောဆောင် ထိန်းကျောင်း ပဲ့ပြင်ပေးကြရင်းမှ ဖြောင့်မတ် မှန်ကန်သော တရားစီရင်ရေး စနစ်ဆီသို့ ဦးတည် လှမ်းကြပါစို့လို့ လေးစားစွာ တိုက်တွန်း လိုက်ရပါတယ်။

ပညာ ဥာဏ်ရောင် ထွန်းလင်းပြောင်၍ ကောင်းကျိုး ကိုယ်၌ တည်ကြပါစေ။

လွှမ်းမိုးအောင် (တရားရေး)


25-1-2015   1:05 am.

Thursday, January 22, 2015

ပြန်လှန်စစ်မေးရာတွင် တားမြစ်ကန့်သတ်ထားသည့် အချက်များကို ​လေ့လာခြင်း (အပိုင်း-၂)

ပြန်လှန်စစ်မေးရာတွင် တားမြစ်ကန့်သတ်ထားသည့် အချက်များကို ​လေ့လာခြင်း (အပိုင်း-၂)




      မနေ့က ပြန်လှန်စစ်မေးရာတွင် တားမြစ် ကန့်သတ်ထားသည့် အချက်များကို လေ့လာခြင်း (အပိုင်း-၁)ကို ဆွေးနွေးတင်ပြ ခဲ့ပြီးဖြစ်လို့ ယနေ့တော့ အပိုင်း(၂)အဖြစ် ဆက်လက်ဆွေးနွေး ပါရစေ။  မနေ့က သက်သေခံ ဥပဒေ ပုဒ်မ ၅၆၊ ၅၇ နဲ့ ပတ်သက်တဲ့ အချက်တွေကို ဆွေးနွေးခဲ့တာပါ။  ဒီနေ့ ဆွေးနွေး တင်ပြမယ့် အကြောင်းအရာ တွေကတော့ ပြန်လှန်စစ်မေးရာမှာ တားမြစ်ထားတဲ့ ကန့်သတ်ချက် များအကြောင်း ပြဋ္ဌာန်းပါရှိတဲ့ သက်သေခံ ဥပဒေ ပုဒ်မ ၁၂၂၊ ၁၂၃၊ ၁၂၄၊ ၁၂၅၊ ၁၂၆ တို့အကြောင်းကို ဆက်လက် ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။

*   သက်သေခံဥပဒေ ပုဒ်မ ၁၂၂

---------------------------------------
-   သက်သေခံဥပဒေ ပုဒ်မ ၁၂၂ အရ အိမ်ထောင် လက်ရှိဖြစ်သူ (သို့မဟုတ်) အိမ်ထောင်ပြုခဲ့ဖူးသူ တစ်ဦးကို ၎င်းနဲ့ လက်ထပ်ပေါင်းသင်းနေသူ (သို့မဟုတ်) ပေါင်းသင်းခဲ့ဖူးသူက လက်ထပ်ပေါင်းသင်း နေစဉ် ကာလအတွင်း ဆက်သွယ်မှု (ပြောဆိုခဲ့သော စကား) တစ်ရပ်ရပ်ကို ထုတ်ဖော် ပြောဆိုစေရန် အတင်းအကျပ် ပြန်လှန် မေးမြန်းခြင်း ပြုလို့ မရပါဘူး။
-   ဒါ့အပြင် အိမ်ထောင်ဖက် အချင်းချင်း ဖြစ်ပွားကြတဲ့ (လင်မယား ကွာရှင်းလိုမှု ကဲ့သို့သော) တရားမမှုများ နဲ့ အိမ်ထောင်ဖက် တစ်ဦးက တစ်ဦးအပေါ် ကျူးလွန်တဲ့ (ရိုက်နှက်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ ချုပ်နှောင်ထားမှု ကဲ့သို့သော) ပြစ်မှုဆိုင်ရာ မှုခင်းများ မှတစ်ပါး ပြောဆိုသူက ဖြစ်စေ၊ သူ့အကျိုး ဆက်ခံသူကဖြစ်စေ သဘောမတူရင်လည်း အထက်ပါအတိုင်း ဆက်သွယ် ပြောဆိုခဲ့သော စကားတွေကို ထုတ်ဖော်ပြောဆိုခွင့် မရှိသလို၊  သက်သေခံ တင်ပြခွင့်လည်း ရှိမှာ မဟုတ်ပါဘူး။

      ဒီပုဒ်မမှာ ခြွင်းချက်(၃)ရပ်ကို တွေ့နိုင်မှာ ဖြစ်ပါတယ်။  ပြောကြားသူ (သို့မဟုတ်) ၎င်းရဲ့ အကျိုးဆက်ခံသူက လင်မယား လက်ထပ် ပေါင်းသင်းနေဆဲ ပြောဆိုခဲ့ကြတဲ့ စကားတွေကို ဖြေဆိုသက်သေခံဖို့ရာ သဘောတူလျှင် ဖြစ်စေ၊ လင်မယားချင်း ဖြစ်ပွားတဲ့ တရားမမှုမှာ ဖြစ်စေ၊ အိမ်ထောင်ဖက် တစ်ဦးက တစ်ဦးအပေါ် စွဲဆိုတဲ့ ပြစ်မှုဆိုင်ရာမှုခင်းမှာ ဖြစ်စေ ၄င်းတို့ ပြောဆိုခဲ့ကြတဲ့ စကားတွေကို ထုတ်ဖော်ပြောဆိုစေရန် တစ်ဘက်အမှုသည်ရဲ့ သဘောတူချက် ရယူဖို့ မလိုဘဲ၊ သက်သေခံ တင်ပြခွင့် ရရှိမှာ ဖြစ်ပါတယ်။

      ဒီပုဒ်မ ၁၂၂ ဟာ အိမ်ထောင်စု သာယာရေးကို ပျက်ပြားထိခိုက်မှု မရှိစေဖို့ ရည်ရွယ်ကာ တားမြစ် ကန့်သတ်ထားတဲ့ ပုဒ်မ ဖြစ်တယ်လို့ လေ့လာမှတ်သား ရပါတယ်။  ဒီလို လင်မယားချင်း ပြောဆိုတဲ့စကားကို အတင်းအကျပ် ဖြေဆိုစေခွင့် မရှိဘူးဆိုရင် အခြားနည်း သက်သေခံ တင်ပြခွင့်မျိုး ရှိနိုင်ပါသေးသလားလို့ မေးစရာ ရှိပါတယ်။  သက်သေခံ တင်ပြခွင့် ရှိနိုင်ပါသေးတယ်။  ဘယ်လို တင်ပြနိုင်သလဲဆိုရင် ထိုလင်မယားတို့ ပြောဆိုခဲ့ကြတဲ့ စကားကို ဘေးကနေ အမှန်တကယ် ကြားသိခဲ့ရတဲ့ အခြားသူတစ်ဦးဦး အနေနဲ့ ရုံးမှာ သက်သေအဖြစ် အစစ်ဆေးခံပြီး ထိုလင်မယားရဲ့ ပြောစကားတွေကို ထင်ရှားအောင် တင်ပြထွက်ဆို နိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။

*   သက်သေခံဥပဒေ ပုဒ်မ ၁၂၃

---------------------------------------
      သက်သေခံဥပဒေ ပုဒ်မ ၁၂၃ မှာတော့ နိုင်ငံတော်ရေးရာ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းလို့ ထုတ်ပြန် ကြေညာခြင်း မပြုတဲ့ ရုံးမှတ်တမ်းများပါ အချက်တွေကို သက်ဆိုင်ရာ ဌာနအကြီးအကဲရဲ့ ခွင့်ပြုချက် မရဘဲ မည်သူကမျှ သက်သေခံ တင်ပြခွင့် မရှိကြောင်း၊  ဌာနအကြီးအကဲက သင့်လျော်တယ် ထင်မြင်တဲ့အတိုင်း ထိုခွင့်ပြုချက်ကို ပေးနိုင်သလို၊ မပေးဘဲလည်း နေနိုင်ကြောင်း ပြဋ္ဌာန်းပါရှိ ပါတယ်။   ဒီပုဒ်မဟာ ပုဂ္ဂလိက အခွင့်အရေးထက် နိုင်ငံတော်ရဲ့ အခွင့်အရေးက ပိုမို အရေးကြီးတာဖြစ်လို့ ဒီလိုမျိုး နိုင်ငံတော်ရေးရာ မှတ်တမ်းမှတ်ရာတွေကို ထုတ်ဖော်ခြင်းအားဖြင့် အများပြည်သူ အကျိုးကို ထိခိုက်နစ်နာခြင်းမှ ကာကွယ်ရန် ရည်ရွယ်ခြင်းလည်း ဖြစ်ပါတယ်။   ထုတ်ပြန်ကြေညာပြီး ဖြစ်တဲ့ မှတ်တမ်းမှတ်ရာ ကိစ္စဖြစ်မယ် ဆိုရင်တော့ ဒီပုဒ်မနဲ့ အကျုံးဝင်မှာ မဟုတ်ပါဘူး။

-     ဦးလောရုံ နှင့် နိုင်ငံတော် (၁၉၅၄၊ မတစ (လွှတ်တော်)၊ စာ-၁၁၆)မှာ__ "တိုင်းရေးပြည်မှုနှင့် စပ်ဆိုင်သော စာရွက်စာတမ်းများကို သက်သေခံ တင်ပြရန် ခွင့်ပြုမည်၊ မပြုမည်မှာ ဌာနဆိုင်ရာ အကြီးအကဲ၏ ဆင်ခြင်တုံသဘောအရ ဆုံးဖြတ်ရမည့် အခွင့်အရေး ဖြစ်သည်။  အဆိုပါ အခွင့်အရေးကို ရရှိရန် တရားရုံးသို့ ကျမ်းကျိန်ချက် တင်သွင်းရန် လိုအပ်သည်ဟု သက်သေခံဥပဒေ ပုဒ်မ ၁၂၃၊ ၁၂၄၊ ၁၆၂ တွင် ပြဋ္ဌာန်းထားခြင်း မရှိပေ" လို့ စီရင်ထုံးဖွဲ့ထားပါတယ်။

*   သက်သေခံဥပဒေ ပုဒ်မ ၁၂၄

----------------------------------
      ပြည်သူ့ဝန်ထမ်းတစ်ဦးက မိမိအား ရာထူး အလုပ်ဝတ္တရားအလျောက် ယုံကြည်စိတ်ချလို့ အသိပေး ထားတဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခြင်းအားဖြင့် အများပြည်သူ့အကျိုး ထိခိုက်နစ်နာမယ်လို့ ထင်မြင်ယူဆလျှင် ထိုပြည်သူ့ဝန်ထမ်းအနေနဲ့ အဆိုပါအချက်တွေကို အတင်းအကျပ် ထုတ်ဖော်ပြောဆို စေခြင်း မပြုရကြောင်း သက်သေခံဥပဒေ ပုဒ်မ ၁၂၄ မှာ ပြဋ္ဌာန်းထားပါတယ်။  ဒီလို ကန့်သတ်တားမြစ် ထားတဲ့အတွက် (ပြန်လှန်မေးခွန်း မေးမြန်းလင့်ကစား) ထိုပြည်သူ့ဝန်ထမ်းက အများပြည်သူ့အကျိုးကို ချင့်ချိန်ပြီး ဖြေလိုမှ ဖြေပေးမှာဖြစ်ပြီး၊ မဖြေလိုလျှင် အတင်းအကျပ် ဖြေဆိုဖို့ တောင်းဆိုလို့ မရဘူး ဆိုတာကို သိထားရမှာ ဖြစ်ပါတယ်။

*   သက်သေခံဥပဒေ ပုဒ်မ ၁၂၅

----------------------------------
      ပြစ်မှုတစ်ခုခု ကျူးလွန်ခြင်းနဲ့ စပ်လျဉ်းတဲ့ သတင်းကို မည်သူ့ထံက ရရှိကြောင်း ပြောဆိုစေရန် မည်သည့် တရားသူကြီး (သို့မဟုတ်) ရဲအရာရှိကိုမျှ အတင်းအကျပ်ပြုကာ ပြန်လှန်မေးခွန်း မေးမြန်းခြင်း မပြုရပါ။  ပြည်သူ့အခွန်ငွေ ယုတ်လျော့စေရန် ပြစ်မှုတစ်ခုခု ကျူးလွန်ခြင်းနဲ့ စပ်လျဉ်းတဲ့ သတင်းကို မည်သူ့ထံမှ ရရှိကြောင်းကို ပြောဆိုစေရန်လည်း မည်သည့် အခွန်အရာရှိကိုမျှ အတင်းအကျပ် မပြုရကြောင်း သက်သေခံဥပဒေ ပုဒ်မ ၁၂၅ မှာ ပြဋ္ဌာန်းပါရှိပါတယ်။

      အတင်းအကျပ် မပြုရ ဆိုတာက ပြန်လှန်မေးမြန်းခွင့် မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။  မေးလိုလို့ ပြန်လှန်မေးမြန်းခဲ့ရင် တရားရုံးက ထိုမေးခွန်းအပေါ် ဖြေဆိုလိုမှ ဖြေဆိုနိုင်ကြောင်း၊ မဖြေဘဲလည်း နေနိုင်ကြောင်းကို ၀င်ရောက်ရှင်းပြပေးလို့ အမှုသည် (သို့မဟုတ်) သက်သေက မဖြေဆိုနိုင်ကြောင်း တင်ပြလျှင် ထိုအတိုင်းသာ ရုံးက မှတ်တမ်းတင်ပေးထားမှာ ဖြစ်ပါတယ်။  တကယ်လို့ ရုံးက ရှင်းပြ ပေးပါလျက်နဲ့မှ ထိုသူက ပြစ်မှုကျူးလွန်ခြင်းနဲ့ စပ်လျဉ်းတဲ့ သတင်းကို မည်သူ့ထံက ရရှိကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့မယ် ဆိုရင်တော့လည်း ရုံးက ထိုသူဟာ ပုဒ်မ ၁၂၅ ပါ အခွင့်အရေးကို စွန့်ပယ်ခြင်းသာ ဖြစ်တယ်လို့ ယူဆမှာ ဖြစ်ပြီး၊ ၄င်း၏ထွက်ဆိုချက်အတိုင်း မှတ်တမ်းတင်ပေး မှာပဲ ဖြစ်ပါတယ်။

*   သက်သေခံဥပဒေ ပုဒ်မ ၁၂၆

----------------------------------
      သက်သေခံဥပဒေ ပုဒ်မ ၁၂၆ အရ ရှေ့နေတစ်ဦးဟာ မိမိရဲ့အမှုသည်က သဘောတူညီခြင်း မရှိဘူးဆိုရင် ထိုအမှုသည်ရဲ့ ရှေ့နေအဖြစ် ဆောင်ရွက်နေစဉ် အတွင်း မိမိအား အမှုသည်က ပြောဆို၊ ရေးသားပေးလို့ သိရှိရတဲ့ အချက်တွေ၊ မိမိအား ပေးခဲ့တဲ့ ၎င်းရဲ့ အကြံဥာဏ်တွေကို မည်သည့်အခါတွင်မျှ ထုတ်ဖော်ပြောဆိုခွင့် မရှိပါဘူး။  ဒါပေမယ့်လို့ ခြွင်းချက်အနေနဲ့ - ဥပဒေနဲ့ မညီတဲ့ အကြံအစည် ဖြစ်မြောက် စေရန် အလို့ငှာ ပြောဆို၊ ရေးသားချက်၊ ရှေ့နေက တွေ့ရှိခဲ့ရတဲ့ အချက်တစ်ခုခုအရ မိမိအမှုသည်ဟာ ပြစ်မှု (သို့မဟုတ်) လိမ်လည်မှု တစ်ခုခုကို ထိုအမှုသည်ရဲ့ ရှေ့နေအဖြစ်သို့ ဆောင်ရွက်ခြင်း စတင်ပြီး နောက်ပိုင်းမှာ ကျူးလွန်ထားကြောင်း ပေါ်လွင်ရင်တော့ အဲဒီလို တွေ့ရှိရတဲ့ အချက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ နေခွင့်ရှိမှာ မဟုတ်ပါဘူး။  ပြန်လှန်မေးမြန်းလာခဲ့ရင် ထုတ်ဖော်ပြောဆို ရမည်သာ ဖြစ်ပါတယ်။

      ဥပမာ ဆိုရရင်__ အမှုသည် A က ရှေ့နေ B အား "ကျွန်တော် လိမ်လည်အတုပြုမှုကို ကျူးလွန်ခဲ့လို့ ကျွန်တော့်အတွက် ခုခံချေပပေးပါ" လို့ ပြောရင် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသူအတွက် ခုခံချေပပေးခြင်းဟာ ပြစ်မှုမကင်းတဲ့ အကြံအစည် မဟုတ်တဲ့အတွက် ထိုပြောဆိုချက်ကို ရှေ့နေက ထုတ်ဖော် ပြောဆိုခွင့် ရှိမှာ မဟုတ်ပါဘူး။
 ဒါပေမယ့်လို့ အမှုသည် A က ရှေ့နေ B အား "ကျွန်တော်ရဲ့ လိမ်လည် အတုပြုလုပ်ထားတဲ့ စာချုပ်နဲ့ တစ်ဘက် အမှုသည်ဆီက ပစ္စည်းကို ရယူချင်ပါတယ်။  ဒီစာချုပ်နဲ့ တရားစွဲဆိုပေးပါ" လို့ ပြောဆိုခဲ့ရင်တော့ အဲဒီ ပြောဆိုချက်ဟာ ပြစ်မှုမကင်းတဲ့ အကြံအစည် ဖြစ်မြောက်ရေး အတွက် ပြောဆိုချက် ဖြစ်တာမို့ ရှေ့နေက မထုတ်ဖော်၊ မပြောဆိုဘဲ နေခွင့်ရှိမှာ မဟုတ်ပါဘူး။  ထုတ်ဖော် ပြောဆိုရမည်သာ ဖြစ်ပါတယ်။
 နောက်ဥပမာတစ်ခုက A ဟာ အလွဲသုံးစားမှုနဲ့ တရားစွဲဆိုခံရလို့ ရှေ့နေ B ကို မိမိအား ခုခံပေးရန် ငှားရမ်းတယ်။  B ဟာ အမှု လိုက်ပါဆောင်ရွက် နေစဉ်အတွင်းမှာ A ရဲ့ စာရင်းစာအုပ်မှာ အလွဲသုံးစား ပြုထားတယ် ဆိုတဲ့ ငွေနဲ့စပ်လျဉ်းသော (မိမိအား ရှေ့နေငှားရမ်းစက မတွေ့ခဲ့ရတဲ့) ရေးသွင်းချက်ကို ထိုစာရင်းစာအုပ်မှာ တွေ့မြင်ရတယ်။  အဲဒီလို တွေ့မြင်ရတဲ့ အကြောင်းခြင်းရာဟာ မိမိ ရှေ့နေလိုက်ပါ ဆောင်ရွက်နေစဉ်အတွင်း သိရှိရတဲ့ အကြောင်းခြင်းရာ ဖြစ်ပြီး အမှုစတင် ဆောင်ရွက်သည့် နောက်ပိုင်းမှ လိမ်လည်လှည့်ဖြားမှု ကျူးလွန်ထားကြောင်း ပေါ်လွင်တဲ့အခါမှာ ထိုအကြောင်းခြင်းရာကို မထုတ်ဖော် မပြောဆိုဘဲ နေခွင့်မရှိပါဘူး။

      ယခုတင်ပြခဲ့တဲ့ ဥပဒေ ပုဒ်မများကတော့ ပြန်လှန်မေးမြန်းခွင့် လုံးဝ မရှိကြောင်း တားမြစ်ပိတ်ပင် ထားတဲ့ ပုဒ်မမျိုး မဟုတ်ဘဲ၊ မေးလိုက မေးမြန်းနိုင်ခွင့် ရှိပြီး မိမိမေးတဲ့ မေးခွန်းကို ဖြေဆိုရမည့်သူက ဖြေဆို သက်သေခံစေဖို့ရာ မိမိက အတင်းအကျပ် ပြုလို့ မရနိုင်ဘူး ဆိုတာကိုပဲ မှတ်သားထားရမှာ ဖြစ်ပါတယ်။  ဥပဒေ ပညာ လေ့လာလိုက်စားသူတို့ သိရှိမှတ်သား လိုက်နာသင့်တဲ့ အချက်များကို တူရာ စုစည်းပြီး ဖော်ပြပေးထားခြင်း ဖြစ်လို့ ဖတ်ရှုသူ မှတ်သားသူတို့အဖို့ အကျိုးရှိစေမယ်လို့ ယုံကြည်ပါတယ်။

     ပြန်လှန်စစ်မေးခြင်း ဆိုတာ လူတစ်ယောက်ရဲ့ ထွက်ဆိုချက် မှန်၊မမှန် စမ်းသပ်ရာမှာ အထိရောက် ဆုံးသော လက်နက် ဖြစ်သလို၊ တိုက်ခိုက်တဲ့ ဓါး၊ ခုခံတဲ့ ဒိုင်း လည်း ဖြစ်တယ်လို့ ရှေးပညာရှင်တို့က ဆိုခဲ့ကြပါတယ်။  ဒီလို လက်နက်၊ ဓါး၊ ဒိုင်းတွေ သုံးပြီး စစ်တလင်း တရားခွင်မှာ အမှန်တရား အတွက် တိုက်ပွဲဝင် ကြတဲ့နေရာမှာ ပရိယာယ် သေနင်္ဂဟ နည်းနာတွေ အသုံးချကာ တိုက်ပွဲဝင်မယ်ဆိုရင် အောင်မြင်တဲ့ ပန်းတိုင်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။  နာမည်ကျော် အမေရိကန် ရှေ့နေကြီး Wellman က "ရှေ့နေကောင်း တစ်ယောက်သည် ဇာတ်ဆောင်ကောင်း တစ်ယောက်ပင် ဖြစ်သည်" လို့ မွှမ်းဆိုခဲ့ဖူးကြောင်း မှတ်သားခဲ့ ရပါတယ်။  ဇာတ်ဆောင်ကောင်းနှင့်တူသော ရှေ့နေကောင်း မြောက်များစွာ ပေါ်ထွန်းလာ ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။  (အပိုင်း(၃)ကို ဆက်လက် ဖော်ပြပေးပါအုံးမယ်။)

 နှလုံး စိတ်ဝမ်း ရွှင်ကြည် ချမ်းမြ ဘေးဘယာ ဝေးကွာ ကင်းကြပါစေ။


လွှမ်းမိုးအောင် (တရားရေး)

22-1-2015   2:45 am.

Wednesday, January 21, 2015

ပြန်လှန်စစ်မေးရာတွင်တားမြစ်ကန့်သတ်ထားသည့်အချက်များကိုလေ့လာခြင်း (အပိုင်း-၁)


ပြန်လှန်စစ်မေးရာတွင်တားမြစ်ကန့်သတ်ထားသည့်အချက်များကိုလေ့လာခြင်း (အပိုင်း-၁)


         ကျယ်ပြောနက်ရှိုင်းလှတဲ့ "ပြန်လှန်စစ်မေးခြင်း" ဟူသော သမုဒ် ရေပြင်ကျယ်ကြီး ထဲမှာ အတိုင်းအဆမဲ့၊ ဦးတည်ရာမဲ့ ကူးခတ်နေခြင်းမျိုး မဖြစ်ရအောင် "သက်သေခံဥပဒေ" ဟူသော မေခလာ နတ်သမီးက အမှန်တရား ရှိရာ ပန်းတိုင်ဆီသို့ ရည်ဆောင်ညွှန်ပြ ပေးပါတယ်။  "ပညာ"ဟူသော ရေလှိုင်း အလျဉ်၊ လားရာကို ဥာဏ်ချင့်ယှဉ်ပြီး  ဇွဲ လုံ့လကြီးမားစွာနဲ့ မဟာဇနက မင်းသားလို ကူးခတ်တတ်သူဟာ ပြန်လှန်စစ်မေးခွင့်ရှိသော ရှေ့နေရှေ့ရပ်များပဲ ဖြစ်ရမှာပေါ့ ... ။

       အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ တစ်ဘက်သူရဲ့ အမှားကို ရုံးက မြင်သာအောင် ဖွင့်ချနိုင်ဖို့အတွက် ပြန်လှန်စစ်မေးခြင်းဟာ အထိရောက်ဆုံး သော နည်းလမ်းပဲ ဖြစ်ပါတယ်။  ပြန်လှန်စစ်မေးခွင့်ဟာ ကျယ်ဝန်းနက်နဲတယ် ဆိုတာ မှန်ပါတယ်။  သို့သော် အမှန်တရား ပေါ်ပေါက်စေရေးအတွက် အမှုအခင်းများ စစ်ဆေးစီရင်ရာမှာ မလိုအပ်ဘဲ ကြန့်ကြာနှောင့်နှေးခြင်း၊ သင့်မြတ်လျော်ကန်မှု မရှိခြင်း စတာတွေ ပေါ်ပေါက်မှု မရှိစေနိုင်ဖို့ အတွက် ပြန်လှန်စစ်မေးခြင်း အပေါ် တားမြစ်ကန့်သတ်ထားတဲ့ အချက်တွေလည်း ရှိတယ်ဆိုတာကို အပိုင်း(၁)အဖြစ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

*   သက်သေခံဥပဒေ ပုဒ်မ ၅၆

      "တရားရုံးက သက်သေခံချက် မယူဘဲ လက်ခံနိုင်သော အကြောင်းခြင်းရာ များကို သက်သေ ထင်ရှားပြရန် မလိုချေ။"   (သက်သေခံဥပဒေ ပုဒ်မ ၅၆)
        ဒီပုဒ်မရဲ့ ဆိုလိုရင်းက ရှင်းပါတယ်။  သက်သေခံချက် မယူဘဲ လက်ခံနိုင်တဲ့၊ လက်ခံရမယ့် အကြောင်းခြင်းရာ ဆိုတာမျိုးကတော့ (ပုဒ်မ ၅၆ နဲ့ ဆက်စပ်လေ့လာရမယ့်) ပုဒ်မ ၅၇ အပိုဒ်(၁)ပါ မြန်မာနိုင်ငံအတွင်း အာဏာတည်တဲ့ ဥပဒေ၊ နည်းဥပဒေများ၊ အပိုဒ်(၁၃)ပါ ကုန်းပေါ်၊ ရေပေါ် သွားလာရာမှာ လိုက်နာရမယ့် လမ်းစည်းကမ်း စတဲ့ အကြောင်းခြင်းရာမျိုးပဲ ဖြစ်တယ်ဆိုတာ မြင်သာပါတယ်။  ဥပမာအားဖြင့် -- တရားရုံးက သက်သေခံချက် မယူဘဲ လက်ခံနိုင်တဲ့ အကြောင်းခြင်းရာမျိုး ဖြစ်ပြီး၊ ဥပဒေပါ အင်္ဂါရပ်ကို ရည်ညွှန်းမေးမြန်းတဲ့ ပြန်လှန်မေးခွန်းမျိုး ဖြစ်တဲ့  -- "လင်ရှိမယားမှန်း မသိလို့ တရားလိုရဲ့ ဇနီးနဲ့ အတူနေထိုင် ပေါင်းသင်းမိခဲ့မယ် ဆိုရင် (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၉၇ အရ) မယားခိုးမှု မမြောက်တာကို သိသလား" ဆိုတာမျိုး၊  ဒါ့အပြင် "ချွန်ထက်တဲ့ အရာနဲ့ အပြင်းအထန် ဒဏ်ရာရစေခဲ့ရင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၆ မြောက်တယ်ဆိုတာ သိသလား" ဆိုတာမျိုးတွေဟာ ဥပဒေ အချက်အလက်တွေ ဖြစ်နေပြီး သက်သေခံချက် မယူဘဲ ဥပဒေအရ လက်ခံထားတဲ့ အကြောင်းခြင်းရာ မျိုးတွေသာ ဖြစ်လို့ ပြန်လှန်မေးခွန်းနဲ့ သက်သေထင်ရှား ဖော်ထုတ်နေဖို့ မလိုအပ်ပါဘူး။

      ထိုနည်းလည်းကောင်းပါပဲ။  "ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအရ မော်တော်ယာဉ်တွေဟာ တောင်ပေါ်လမ်းရှိ အကွေ့တိုင်းမှာ ဟွန်းတီးပြီး အမြန်နှုန်း လျေှာ့၍ မောင်းနှင်ရမည်ကို သိပါသလား" ဆိုတဲ့ မေးခွန်းမျိုး ဟာလည်း သက်သေခံဥပဒေ ပုဒ်မ ၅၇ အပိုဒ်(၁၃)အရ ကုန်းပေါ်၌ ဖြစ်စေ၊ ရေပေါ်၌ ဖြစ်စေ သွားလာရာတွင် လိုက်နာရမည့် လမ်းစည်းကမ်းကို ရည်ညွှန်း မေးမြန်းနေခြင်းမျိုး ဖြစ်တာမို့ သက်သေခံချက် ရယူနေစရာ မလိုအပ်ပါဘူး။  တရားခွင်မှာ မကြာခဏ ဆိုသလို ဒီလိုပုံစံမျိုး မေးမြန်းတဲ့သူ တွေလည်း ရှိနေလို့ ဒီလို ဥပဒေ ပြဋ္ဌာန်းချက်ကို ဆွေးနွေးတင်ပြ ရခြင်းလည်း ဖြစ်ပါတယ်။  တချို့ကလည်း တစ်ဘက်သူရဲ့ ပျော့ကွက် ဟာကွက်၊ အားနည်းချက်၊ ပြစ်ချက်တွေကို ရုံးတော်သိမြင်စေဖို့ အစကတည်းက ပျိုးပြီး မေးမြန်းလာရင်းက ဒီလို ဥပဒေ အချက်အလက်မျိုး မေးတဲ့ အဆင့်အထိ ရောက်ရှိလာရတာ ဖြစ်လို့ ဒီလိုမှ မေးမြန်းဖော်ထုတ်ခွင့် မရရင် ဘယ်လိုမေးရမှာလဲလို့ စောဒက တက်လာကြလိမ့်မယ် ဆိုတာကို သိပါတယ်။  အဲလိုစောဒကကို မရှင်းလင်းခင် အထက်ဖော်ပြ ခဲ့ပြီးဖြစ်တဲ့ ပြန်လှန်မေးခွန်း ပြဿနာများနဲ့ စပ်လျဉ်းပြီး ဥပဒေပညာရှင်များ ရှင်းပြထားတဲ့ ဥပဒေ ဗဟုသုတ အချို့ကိုလည်း ဆက်လက် လေ့လာကြည့်ကြရအောင်ပါ။

      ဆရာ ဦးဘိုးသာ ရေးတဲ့ သက်သေခံ ဥပဒေ အဖွင့်ကျမ်းမှာ တရားရုံးက တရားဝင် အသိအမှတ်ပြုတဲ့ အကြောင်းခြင်းရာ တွေကို သက်သေခံ တင်ပြရန် မလိုအပ်ကြောင်း၊  တရားရုံးများက အလိုအလျောက် အသိအမှတ် ပြုမည်သာ ဖြစ်ကြောင်း ရှင်းလင်း ဖော်ပြထားတာကို တွေ့ရပါတယ်။  ထိုနည်းတူစွာပဲ၊ စာပေးစာယူ ပဉ္စမနှစ် ဥပဒေသင်တန်းအတွက် သက်သေခံ ဥပဒေ ပို့ချချက် အတွဲ(၁)မှာလည်း ဖော်ပြထား တာကို လေ့လာတွေ့ရှိ ရပါတယ်။  ဒါ့အပြင် ဆရာ ဦးသက်ဖေ ရေးတဲ့ သက်သေခံ ဥပဒေ၏ သိကောင်းစရာများ စာအုပ်မှာလည်း ဖော်ပြပါ အကြောင်းခြင်းရာ တွေဟာ လူအများ ကောင်းစွာ သိရှိတဲ့ အကြောင်းခြင်းရာများ ဖြစ်တဲ့ အလျောက် သက်သေထူရန် မလိုဘဲ၊ အလိုအလျောက် အသိအမှတ် ပြုစေခြင်းပင် ဖြစ်ကြောင်း၊ ဤပုဒ်မအရ အကြောင်းခြင်းရာ တစ်ခုခုကို အမှုသည် တစ်ဦးက အားကိုးလိုလျှင် ယင်းအကြောင်းခြင်းရာ တည်ရှိကြောင်း တရားရုံးသို့  "လျှောက်လဲ" ပြောဆိုနိုင်မည်ဖြစ်ကြောင်း၊ သက်သေခံချက် တစ်စုံတစ်ရာ တင်ပြရန် မလိုအပ်ကြောင်း ရှင်းလင်းဖော်ပြ ထားတာကို တွေ့နိုင်ပါတယ်။ ဆရာ ဦး​ကျော်​ဇေယျ ​ရေးတဲ့ ပြန်​လှန်​စစ်​​မေခြင်းပညာ စာအုပ်​မှာလည်း တရားဥပ​ဒေအရ ဂရုပြုနိုင်​သည်​ကို ထင်​ရှား​အောင်​ မပြုရ​ကြောင်း သက်​​သေခံ ဥပ​ဒေ ပုဒ်​မ ၅၆ မှာ ပြဌာန်းပါရှိတဲ့အတွက်​ အထက်​မှာ ​ဖော်​ပြခဲ့​သော ပြန်​လှန်​​မေးခွန်းမျိုးဟာ ဥပ​ဒေ အချက်​​အလက်​များသာ ဖြစ်​၍ ​မေးမြန်းခွင့်​ မရ​ကြောင်း ရှင်းပြထားတာကိုလည်း ​တွေ့ရပါတယ်​။တွေ့ရပါတယ်​။

      ဒီတော့ကာ စောဒကကို ရှင်းလင်းပြလို့ ရနေပါပြီ။ ပုဒ်မ ၅၆ နဲ့ ၅၇ တို့ဟာ တရားရုံးက သက်သေခံချက် မယူဘဲ လက်ခံနိုင်တဲ့၊ လက်ခံရမယ့် အကြောင်းခြင်းရာ တွေကို သက်သေထင်ရှားပြရန် မလိုကြောင်း၊ သက်သေခံချက် မယူရကြောင်း ဆက်စပ် ပြဋ္ဌာန်းထားတဲ့ ပုဒ်မများ ဖြစ်ကြောင်း ဥပဒေမှာ ပြဋ္ဌာန်းထားပြီး ဖြစ်တာကို တွေ့မြင်ပြီး ဖြစ်ပါလိမ့်မယ်။ အဆိုပါပုဒ်မပါ ပြဋ္ဌာန်းချက် တွေကိုတော့ စောဒကတက်လိုသူ အနေနဲ့ အထူးပြု ငြင်းဆိုနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ပြန်လှန်မေးမြန်းသူ အနေနဲ့ ဒီလိုတွေ မှ မေးမြန်းခွင့် မရဘူးဆိုရင် တစ်ဘက်အမှုသည် (သို့မဟုတ်) သက်သေကို ဥပဒေ အချက်အလက်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စတာမျိုးကို ရည်ညွှန်းမမေးဘဲ "လင်ရှိမယားမှန်း မသိလို့သာ တရားခံအနေနဲ့ နေထိုင်ပေါင်းသင်းမိတာကို သိသလား"၊  "ချွန်ထက်တဲ့အရာ (---)နဲ့ ထိုးခဲ့လို့ တရားလိုမှာ အပြင်းအထန် ဒဏ်ရာရစေခဲ့တာ သိသလား"၊  "သင်သည် အချင်းဖြစ်နေရာ ဖြစ်တဲ့ တောင်ပေါ်လမ်း အကွေ့မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ အညီ ဟွန်းတီးပြီး အမြန်နှုန်း လျော့ကာ မောင်းနှင်ခဲ့ခြင်း မရှိလို့သာ ယခုကဲ့သို့ ယာဉ်တိုက်မှုဖြစ်ခဲ့တယ်ဆိုတာ မှန်သလား"လို့ တိုက်ရိုက်မေးမြန်းနိုင်ခွင့်တော့ ရှိမှာ ဖြစ်ပါတယ်။

      နမူနာ မေးခွန်းများပါ အကြောင်းခြင်းရာ မျိုးတွေဟာ သက်သေခံဥပဒေ ပုဒ်မ ၅၆ နဲ့ ၅၇ အရ တရားရုံးက သက်သေခံချက် မယူဘဲ လက်ခံရမယ့် အကြောင်းခြင်းရာတွေပဲ ဖြစ်တဲ့အပြင်၊ ဒီလို အကြောင်းခြင်းရာမျိုးကို သက်သေထင်ရှား ပြသရန် မလိုတဲ့အတွက် ပြန်လှန်မေးခွန်း မေးမြန်းလို့ မရနိုင်ဘူး ဆိုတာကို မြင်သာပြီလို့ ထင်ပါတယ်။ အမှန်တရား ပေါ်ပေါက်စေရေးအတွက် အမှုအခင်းများ စစ်ဆေးစီရင်ရာမှာ မလိုအပ်ဘဲ ကြန့်ကြာနှောင့်နှေးခြင်း၊ သင့်မြတ်လျော်ကန်မှု မရှိခြင်း စတာတွေ ပေါ်ပေါက်မှု မရှိစေနိုင်ဖို့နဲ့ အချိန်ကုန် လူပမ်း မဖြစ်စေဖို့အတွက် အခုလိုမျိုး ပြန်လှန်စစ်မေးခြင်း အပေါ် သီးခြားရည်ရွယ် ပြဋ္ဌာန်းပြီး တားမြစ်ကန့်သတ်ထားခြင်း ဖြစ်လိမ့်မယ်လို့ ကျွန်တော် တွေးနေမိပါတယ်။  ပြန်လှန်စစ်မေးရာတွင် တားမြစ်ကန့်သတ်ထားသည့် အချက်များကို လေ့လာခြင်း (အပိုင်း-၁) အဖြစ် ဒီနေရာမှာ ခေတ္တရပ်နားခွင့် ပြုပါ။ အပိုင်း(၂)ကို ဆက်လက်ရေးသား ဖော်ပြပါအုံးမယ် ခင်ဗျာ။

 ပညာနှင့်ယှဉ်၍ နေထိုင်သော ပညာရှင်များ ဖြစ်နိုင်ကြပါစေ။

လွှမ်းမိုးအောင် (တရားရေး)



21-1-2015   2:17 am.

Friday, January 16, 2015

တရားမမှုများမှ ရုံးခေါ်သက်သေ နှင့် ပြန်ခေါ်သက်သေ အကြောင်း


တရားမမှုများမှ ရုံးခေါ်သက်သေ နှင့် ပြန်ခေါ်သက်သေ အကြောင်း


အရင်ရက်တွေက သက်သေအမျိုးမျိုး အကြောင်းကို အလျဉ်းသင့်သလို တင်ပြခဲ့ပါတယ်။  ဒီနေ့လည်း တင်ပြရန် ကျန်ရှိနေသေးတဲ့ - တရားမမှုတွေမှာ ရုံးခေါ်သက်သေ ဆင့်ခေါ်စစ်ဆေးပိုင်ခွင့် နဲ့ ပြန်ခေါ်သက်သေ အဖြစ် ခေါ်ယူစစ်ဆေး ပိုင်ခွင့်ဆိုင်ရာ ဥပဒေဗဟုသုတ များကိုလည်း ဆက်လက်ပြီး ပြန်လည်မျှဝေ ပေးသွားမှာ ဖြစ်ပါတယ်။  လေ့လာမှတ်သား သိရှိထားသင့်တဲ့ ဥပဒေရေးရာ ဗဟုသုတ ဖြစ်တာမို့ မျှဝေပေးရခြင်းလည်း ဖြစ်ပါတယ်။

*   ရုံး ခေါ် သက် သေ

ပြစ်မှုဆိုင်​ရာ အမှုတွေမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၀ အရ ရုံးခေါ်သက်သေအဖြစ် တရားရုံး၏ ဆင်ခြင်တုံတရား နှင့်အညီ ခေါ်ယူစစ်ဆေး ပိုင်ခွင့် ရှိသလိုမျိုးပါပဲ၊  တရားမမှုတွေမှာလည်း ရုံးခေါ်သက်သေ ခေါ်ယူစစ်ဆေး ပိုင်ခွင့်ရှိကြောင်းကို တရားမကျင့်ထုံး ဥပဒေ အမိန့် ၁၆၊ နည်းဥပဒေ ၁၄ မှာ အောက်ပါအတိုင်း အတိအလင်း ပြဋ္ဌာန်းထားပါတယ်။

"တရားရုံးသို့ လာရောက်ခြင်း၊ ရောက်ရှိခြင်းတို့နှင့် စပ်လျဉ်းသည့် တရားမကျင့်ထုံး ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်လည်းကောင်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်နှင့် လည်းကောင်း မဆန့်ကျင်စေဘဲ တရားရုံးသည် အမှုတွင် အမှုသည်တစ်ဦး မဟုတ်သော၊ ထို့ပြင် အမှုသည်တစ်ဦးက သက်သေအဖြစ် ခေါ်ယူခြင်းလည်း မပြုသော သူတစ်ဦးဦးကို စစ်ဆေးရန် လိုအပ်သည်ဟု မည်သည့်အခါမဆို ထင်မြင်လျှင် ချိန်းဆိုသော ရက်တွင် သက်သေခံရန်ဖြစ်စေ၊ ထိုသူ၏ လက်ဝယ်ရှိ​သော စာချုပ်စာတမ်း တစ်ခုခုကို တင်ပြရန် ဖြစ်စေ မိမိသဘောအလျောက် ထိုသူကို သက်သေအဖြစ် ဆင့်ခေါ်စေနိုင်သည့်အပြင်၊ ထိုသူကို သက်သေအဖြစ် စစ်မေးခြင်း သော်လည်းကောင်း၊ အဆိုပါ စာချုပ်စာတမ်းကို တင်ပြစေခြင်း သော်လည်းကောင်း ပြုနိုင်သည်။"

ဒီနည်းဥပဒေအရ တရားရုံးက ဘယ်အဆင့်မှာမဆို အမှုသည်လည်း မဟုတ်၊ သက်သေလည်း မဟုတ်သူ တစ်ဦးဦးကို အမှုအတွက် ခေါ်ယူစစ်ဆေးဖို့ လိုအပ်မယ်လို့ ထင်မြင်ရင် ရုံးခေါ်သက်သေအဖြစ် ဆင့်ခေါ်ပြီး စစ်ဆေးခြင်း ပြုနိုင်ကြောင်း နဲ့ ထိုသူ့ လက်ဝယ်မှာရှိတဲ့ စာချုပ်စာတမ်း တစ်ရပ်ရပ်ကိုလည်း တင်ပြစေဖို့ ဆင့်ခေါ်တင်ပြစေခြင်းမျိုး ပြုနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။   ဒီနည်းဥပဒေ အရ တရားရုံးတွေကို အပ်နှင်းထားတဲ့ အာဏာမှာ ဆင်ခြင်တုံတရားဖြင့် ကျင့်သုံးရမည့် အာဏာ ( Discretionary Power ) ဖြစ်ကြောင်း၊ Discretion ဆိုရာမှာ တရားစီရင်ထုံးများ အတိုင်း လိုက်နာ ဆုံးဖြတ်ရတဲ့ ( Jusicial Discretion ) ကို ဆိုလိုခြင်း ဖြစ်ကြောင်း၊ အမှုသည်တစ်ဘက်က တမင်သက်သက် ရည်ရွယ်ချက်နဲ့ ဖြစ်စေ၊ ပေါ့လျော့မှုကြောင့် ဖြစ်စေ သက်သေတစ်ဦးအား စစ်ဆေးဖို့ ချန်ထားခြင်း/ ကျန်ရှိခြင်းတွေကို ကုစားနိုင်ရန်အတွက် ဒီအာဏာကို အသုံးမပြုနိုင်ကြောင်း Mulla ရေးသားတဲ့ The Court of Procedure မှာ ဖော်ပြပါရှိတယ်လို့ လေ့လာမှတ်သားရပါတယ်။

ဒီလို ရုံးခေါ် သက်သေအဖြစ် စစ်ဆေးရန် ဆင့်ခေါ်လျှင် အဆိုပါသက်သေဟာ ရုံးချိန်းရက်မှာ လာရောက်ရမှာ ဖြစ်ပြီး၊ စာချုပ်စာတမ်းကို တင်ပြစေရန် ဆင့်ခေါ်တာမျိုး ဆိုရင်တော့ ၄င်းသူကိုယ်တိုင် ဖြစ်စေ၊ အခြားသူ တစ်ဦးဦးကို ဖြစ်စေ စေလွှတ်ပြီး ထိုစာချုပ်စာတမ်းကို တင်ပြစေနိုင်တယ် ဆိုတဲ့အကြောင်းကိုလည်း တရားမကျင့်ထုံး ဥပဒေ အမိန့် ၁၆၊ နည်းဥပဒေ ၁၅ မှာ ဆက်လက် ပြဋ္ဌာန်းထားပါတယ်။

တရားရုံးများလက်စွဲ အပိုဒ် ၁၄၆ မှာ တရားရုံးက အမိန့် ၁၆၊ နည်းဥပဒေ ၁၄ အရ သက်သေကို ဆင့်ခေါ်တဲ့အခါ တရားရုံးသည် မည်သည့်အကျိုးငှာ ထိုသက်သေကို ဆင့်ခေါ်ကြောင်း ဆုံးဖြတ်ရမယ်လို့ ဆိုပါတယ်။  ဒါ့အပြင် အမိန့်ဆင့်စာ ထုတ်ဆင့်တဲ့အတွက် ဆင့်စာခနှင့် သက်သေစရိတ် များကို ထိုသူက ပေးစေရန် တရားရုံး၏ သဘောအတိုင်း တောင်းဆိုနိုင်တယ်လို့လည်း ပြဆိုထားတာကို တွေ့ရပါတယ်။  တရားရုံးချုပ်ရဲ့ စီရင်ချက် တစ်ခုကို လေ့လာနိုင်ဖို့ တင်ပြပေးလိုက်ပါတယ် __

* တရားရုံးက အချင်းဖြစ်ပစ္စည်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ပုဂ္ဂိုလ်တို့ကို ရုံးခေါ်သက်သေ အဖြစ် အမိန့် ၁၆၊ နည်းဥပဒေ ၁၄ အရ ခေါ်ယူစစ်ဆေးခွင့် ရှိသည်။  ထိုသို့ စစ်ဆေးခြင်းကို အမှုသည်တို့က ကန့်ကွက်ခွင့် မရှိ။   ( ဦးကျော်ဇော (ခ) ဦးတောဇော် နှင့် မစိုးရီ (ခ) မမြင့်မြင့်ခိုင် ပါ(၄)၊ တရားမ ပြင်ဆင်မှု အမှတ်- ၅၁၆/၁၉၉၂၊  (၂၈-၇-၁၉၉၃) )။

*   ပြန် ခေါ် သက် သေ

ပြစ်မှုဆိုင်ရာ အမှုတွေမှာ စွဲချက်မတင်မီက စစ်ဆေးခဲ့ပြီးတဲ့ တရားလိုပြ သက်သေတွေကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၆(၁)အရ ပြန်ခေါ်သက်သေအဖြစ် ပြန်လည်ခေါ်ယူ စစ်ဆေးနိုင်ခွင့် ရှိသလိုပဲ၊  တရားမမှုတွေမှာလည်း အမှုရဲ့ မည်သည့်အဆင့်မှာမဆို ပြန်ခေါ်သက်သေ ခေါ်ယူစစ်ဆေးခွင့် ရှိကြောင်း တရားမကျင့်ထုံး ဥပဒေ အမိန့် ၁၈၊ နည်းဥပဒေ ၁၇ မှာ အောက်ပါအတိုင်း ပြဋ္ဌာန်းထား ပါတယ် __

"တရားရုံးသည် အမှု၏ မည်သည့်အဆင့်တွင်မဆို စစ်ဆေးပြီးသော သက်သေ တစ်ဦးဦးကို ပြန်ခေါ်၍ သင့်သည်ထင်မြင်သော မေးခွန်းများကို ၄င်းအား (သက်သေခံအက် ဥပဒေနှင့် မဆန့်ကျင်စေဘဲ) မေးမြန်းနိုင်သည်။"

ဒီနည်းဥပဒေအရ အပ်နှင်းထားတဲ့ အာဏာကို တရားရုံးက ၄င်း၏သဘောအလျောက် ( Suomotu or of its own montion ) ကျင့်သုံးနိုင်သကဲ့သို့ အမှုသည် တစ်ဦးဦးရဲ့ လျှောက်ထားချက် အရလည်း ကျင့်သုံးနိုင်ကြောင်း Mulla ရဲ့ The Code of Civil Procedure မှာ ရှင်းလင်းဖော်ပြ ပါရှိတယ်လို့ မှတ်သားရပါတယ်။

ဒီနည်းဥပဒေရဲ့ သဘောကို ဆရာကြီး ဦးမြ ရှင်းပြရာမှာ -- ဒီနည်းဥပဒေအရ လုပ်ပိုင်ခွင့်ဟာ ကျယ်ပြန့်လို့ တရားရုံးရဲ့ သဘောအတိုင်း ကျင့်သုံးရန် လုပ်ပိုင်ခွင့် ဖြစ်ကြောင်း၊ သို့ရာတွင် ထူးခြားတဲ့ အခြေအနေမျိုး မှာသာ ကျင့်သုံးရန် ဖြစ်ကြောင်း၊ တရားလိုက စစ်ဆေးသော သက်သေကို တရားရုံးရဲ့ ခွင့်ပြုချက်မရဘဲ တရားပြိုင်က ပြန်လည်ခေါ်ယူ စစ်ဆေးခြင်း မပြုနိုင်ကြောင်း၊ ပြန်ခေါ်သက်သေကို တရားရုံးက စစ်ဆေး မေးမြန်းနိုင်ကြောင်း၊ တရားရုံးရဲ့ မေးမြန်းချက်တွေနဲ့ စပ်လျဉ်းလို့ ရုံးခွင့်ပြုချက် မရဘဲ ပြန်လှန်စစ်မေးခွင့် မရှိကြောင်း ရှင်းပြထားတာကို တွေ့ရှိ မှတ်သားရပါတယ်။  စီရင်ထုံးတွေကိုလည်း ဆက်​လက်​ လေ့လာကြည့်ကြရအောင်ပါ __

* အမိန့် ၁၈၊ နည်းဥပဒေ ၁၇ အရ တရားရုံးသည် အမှု၏ မည်သည့်အဆင့်၌မဆို စစ်ဆေးပြီး သက်သေကို ပြန်လည်ဆင့်ခေါ်ပြီး သင့်သည် ထင်မြင်သော မေးခွန်းများကို မေးမြန်းခွင့် ရှိသည်။  အမှုစစ် တရားရုံး၏ ဤစီရင်ပိုင်ခွင့်မှာ တရားရုံး၏ ဆင်ခြင်တုံတရားဖြင့် ကျင့်သုံးရသည့် စီရင်ပိုင်ခွင့် မျိုးဖြစ်ရာ ယင်းအမိန့်မှာ တရားမျှတမှု ဆိုင်ရာ ဆင်ခြင်သုံးသပ်မှုများက၊ သို့မဟုတ် ဥပဒေ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်က ထောက်ခံခြင်း မရှိသည့် အမိန့် မဟုတ်လျှင် သော်လည်းကောင်း၊ မှန်ကန်အောင် တည့်မတ် မပေးသော်လည်း တရားမျှတမှု ကင်းမဲ့ခြင်း ဖြစ်ပေါ်စေမည် မဟုတ်လျှင် သော်လည်းကောင်း တရားလွှတ်တော် သည် ၄င်း၏ ပြင်ဆင်မှု အာဏာများကို ကျင့်သုံးမည် မဟုတ်ပေ။   ( အေ၊အက်စ်၊အေ မဂျစ် (ခ) ကိုလူ နှင့် ပီ၊အေ၊အယ်လ် အလာမဲလူး အချီး ၊  ၁၉၄၈၊ မတစ၊ စာ-၆၇၂) ။

* အမှုသည် တစ်ဘက်ဘက်က ပြန်ခေါ်သက်သေ အဖြစ် ခေါ်ယူ စစ်ဆေးပေးရန် တင်ပြ တောင်းဆိုချက် အပေါ်တွင်လည်း တရားရုံးက သဘောအလျောက် ဤလုပ်ပိုင်ခွင့်ကို ကျင့်သုံး နိုင်သည်။   ( မာဒူဘိုင် နှင့် အမ်သာလာ၊  ၁၉၄၇၊ ဘုံဘေ၊ စာ-၁၅၆) ။

တရားမမှုတွေမှာ ရုံးခေါ်သက်သေ နဲ့ ပြန်ခေါ်သက်သေ ခေါ်ယူစစ်ဆေးနိုင် ခွင့်ဆိုင်ရာများကို လေ့လာမှတ်သား မိသလောက် ပြန်လည်မျှဝေ ပေးခြင်းသာ ဖြစ်ပါတယ်။  ဥပဒေပညာကို လေ့လာလိုက်စား တန်ဖိုးထားကြသူတို့ အတွက် အနည်းငယ်မျှပင် အကျိုးဖြစ်ထွန်းမည် ဆိုပါလျှင် ကျွန်တော် လေ့လာရှာမှီး မျှဝေရကျိုး နပ်ပြီဟု ခံယူမိပါတယ်။  စာရေးခြင်းအပေါ် ၀ါသနာထုံလို့၊  (လုပ်ငန်းတာဝန်များ ကြားကပဲ) စာရေးသားနေရင်းက စာနဲ့ အမြဲမပြတ် ထိတွေ့ခွင့်ရနေ တဲ့အတွက် စာဖတ်သူ ညီအစ်ကို မောင်နှမများကို အစဉ် ကျေးဇူးတင်လျက် ရှိပါကြောင်း ဤနေရာမှ မှတ်တမ်းတင်အပ် ပါတယ် ခင်ဗျာ။

ပ ညာ ပြည့် ၀ ၊ နှ လုံး လှ ကြ ပါ စေ ။


လွှမ်းမိုးအောင် (တရားရေး)


16-1-2015   1:22 am.

Thursday, January 15, 2015

တရားမမှုတွင် နောက်တိုးသက်သေ လျှောက်ထားခွင့်


တရားမမှုတွင် နောက်တိုးသက်သေ လျှောက်ထားခွင့်


ပြစ်မှုတွေမှာသာမက တရားမမှုတွေမှာလည်း နောက်တိုးသက်သေ လျှောက်ထားခွင့် ရှိကြောင်းကို ဥပဒေပညာ လေ့လာလိုက်စား နေကြသူတွေအနေနဲ့ အကျယ်တ၀ံ့ ဖတ်ရှုလေ့လာနိုင်စေဖို့ အချက်အလက်များ စုစည်းပြီး ယနေ့ ပြန်လည်မျှဝေ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

ဘယ်လိုအမှုအခင်းမျိုးမှာမဆို အကြောင်းခြင်းရာ တစ်ရပ်ရပ်ကို သက်သေထင်ရှား တင်ပြဖို့အတွက် သက်သေဦးရေ မည်ရွေ့ မည်မျှ ရှိရမည်ဆိုသော ကန့်သတ်ချက် မရှိကြောင်း သက်သေခံအက်ဥပဒေ ပုဒ်မ ၁၃၄ မှာ ပြဋ္ဌာန်းပါရှိ ပါတယ်။  ဒီတော့ တစ်ဘက်ဘက်သော အမှုသည်အနေနဲ့ သက်သေစာရင်းမှာ ကနဦး တင်ပြထားခဲ့ပြီး ဖြစ်တဲ့ သက်သေကိုသာ အမှုမှာ စစ်ဆေးနိုင်တာမျိုး မဟုတ်ဘဲ၊ အမှုမှာ ပေါ်ပေါက်လာတဲ့ သက်သေခံချက် များအရ သော်လည်းကောင်း၊ အမှန်တရား ပေါ်ပေါက်ရေး အတွက်သော်လည်းကောင်း လိုအပ်တဲ့ သက်သေကိုလည်း ရုံးတော်၏ခွင့်ပြုချက်နဲ့ ဆင့်ခေါ်စစ်ဆေးနိုင်ခွင့် ရှိတယ် ဆိုတာကတော့ ယင်း ပုဒ်မ ၁၃၄ အရ မြင်သာထင်ရှားပါတယ်။   သက်သေခံအက် ဥပဒေ ပုဒ်မ ၁၃၅ မှာလည်း သက်သေများအား တင်ပြစစ်ဆေးရန် အစီအစဉ်ကို တရားမကျင့်ထုံး၊ သို့မဟုတ်  ပြစ်မှုကျင့်ထုံးအရ အခါအားလျော်စွာ တည်ရှိသည့် ဥပဒေနည်းလမ်း ရှိသည့်အတိုင်း သတ်မှတ်ရမည်။  ယင်းဥပဒေ နည်းလမ်း မရှိလျှင် တရားရုံးက ဆင်ခြင်တုံတရား လက်ကိုင်ထား၍ သတ်မှတ်ရမည် လို့ ပြဋ္ဌာန်းထားတာကို တွေ့နိုင်ပါတယ်။   

"တရားမမှုများတွင် အမှု၌ သက်သေခံရန်ဖြစ်စေ၊ စာချုပ်စာတမ်းများကို တင်ပြစေရန် ဖြစ်စေ တရားရုံးသို့ လာရောက်ရန် လိုအပ်သူများထံ သမ္မန်စာများ ထုတ်ဆင့်ပေးရေး အတွက် အမှုသည်များက တရားရုံးသို့ အမှုစွဲဆိုပြီးနောက် မည်သည့်အဆင့် တွင်မဆို လျှောက်ထားနိုင်ခွင့် ရှိပေသည် ။ "  (တရားမကျင့်ထုံး ဥပဒေ အမိန့် ၁၆၊ နည်းဥပဒေ ၁)။

"တရားရုံးသို့ လာရောက်ခြင်း၊ ရောက်ရှိခြင်းတို့နှင့် စပ်လျဉ်းသည့် တရားမကျင့်ထုံး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် သော်လည်းကောင်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်နှင့် သော်လည်းကောင်း မဆန့်ကျင်စေဘဲ တရားရုံးသည် အမှုတွင် အမှုသည် တစ်ဦးမဟုတ်သော၊ ထို့အပြင် အမှုသည်တစ်ဦးက သက်သေအဖြစ် ခေါ်ယူခြင်း မပြုသော သူတစ်ဦးဦးကို စစ်ဆေးရန် လိုအပ်သည်ဟု မည်သည့်အခါတွင်မဆို ထင်မြင်လျှင် ချိန်းဆိုသောရက်တွင် သက်သေခံရန် ဖြစ်စေ၊ ထိုသူ့လက်ဝယ်ရှိသော စာချုပ်စာတမ်း တစ်ခုခုကို တင်ပြစေရန် ဖြစ်စေ မိမိသဘောအလျောက် ထိုသူကို သက်သေအဖြစ် ဆင့်ခေါ်စစ်ဆေး နိုင်သည့်အပြင် ထိုသူကို သက်သေအဖြစ် စစ်မေးခြင်း သော်လည်းကောင်း၊ အဆိုပါ စာချုပ်စာတမ်းကို တင်ပြစေခြင်း သော်လည်းကောင်း ပြုနိုင်သည်။"  (တရားမ ကျင့်ထုံး ဥပဒေ အမိန့် ၁၆၊ နည်းဥပဒေ ၁၄)။


တရားမမှုမှာ နောက်တိုးသက်သေ လျှောက်ထားမှုကို တရားရုံးက ဆင်ခြင်တုံတရားအရ ထည့်သွင်းခွင့် ပြုပေးနိုင်ပုံနဲ့ ပတ်သက်ပြီး အထင်ရှားဆုံးသော စီရင်ထုံးတစ်ခုဖြစ်တဲ့ - ဦးတင်မောင် နှင့် ဦးကြင်သိန်း ပါ(၅) (၁၉၈၂၊ မတစ၊ စာ-၂၆) စီရင်ထုံးကိုလည်း ဖတ်ရှုလေ့လာ မှတ်သားထား သင့်ပါတယ် __
"တရားမမှုများတွင် အမှုစွဲဆိုပြီး နောက်ပိုင်း အမှုသည်များသည် သူတို့ တင်ပြလိုသည့် သက်သေများ အားလုံးသို့ လာရောက်အစစ်ခံရန် အတွက် သမ္မန်စာချ၍ ဆင့်ခေါ်ပေးရန် လျှောက်ထားနိုင် သည်ဟု တရားမကျင့်ထုံး ဥပဒေ အမိန့် ၁၆၊ နည်းဥပဒေ ၁ တွင် ပြဋ္ဌာန်းထားသည်။  ယင်းပြဋ္ဌာန်းချက်တွင် မည်သူတို့ကို သက်သေအဖြစ် ခေါ်နိုင်ကြောင်း သတ်မှတ်ချက် သော်လည်းကောင်း၊ မည်သူတို့ကို သက်သေအဖြစ် မခေါ်နိုင်ဟု ကန့်သတ် ပိတ်ပင်ချက် သော်လည်းကောင်း မရှိပေ။  တရားလိုတစ်ဦးသည် ထိုအမှုမှ တရားပြိုင် တစ်ဦးအား မိမိတင်ပြသော သက်သေအဖြစ်ဖြင့် ခေါ်၍ မစစ်ဆေးနိုင် ဟူ၍လည်း ပိတ်ပင် ကန့်သတ်ထားခြင်း မရှိပေ။"

တရားမ ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၀(ခ)အရ သက်သေခံ လာရောက်ရန် လိုအပ်တဲ့ နောက်တိုးသက်သေထံသို့ သမ္မာန်စာများ ထုတ်ဆင့်ခြင်းနဲ့ ပတ်သက်လို့ တရားရုံးသည် သတ်မှတ်ထားတဲ့ စည်းကမ်းချက်၊ ကန့်သတ်ချက်များနှင့် မဆန့်ကျင်စေဘဲ မိမိသဘောအလျောက် ဖြစ်စေ၊ အမှုသည် တစ်ဦးဦးရဲ့ လျှောက်ထားချက် အရဖြစ်စေ ဆောင်ရွက်ခွင့် ရှိကြောင်းလည်း လေ့လာတွေ့နိုင်မှာ ဖြစ်ပါတယ်။

နောက်တိုးသက်သေ လျှောက်ထားခွင့် ဆိုင်ရာ ယခင် တရားရုံးချုပ်ရဲ့ စီရင်ချက်အချို့ကိုလည်း မှတ်သားလေ့လာ နိုင်ကြရန် အလို့ငှာ ပြန်လည်မျှဝေ ပေးလိုက်ပါတယ် __

* အမိန့် ၁၆၊ နည်းဥပဒေ ၁ အရ အမှုသည်တို့ အနေဖြင့် တရားစွဲဆိုပြီးနောက် မည်သည့်အချိန်တွင် မဆို သက်သေခံစေရန် လာရောက်စေသူ တို့ကို ဆင့်ခေါ်ပေးရန် တရားရုံးသို့ တင်ပြ တောင်းဆိုခွင့် ရှိသည်။   ( ဦးနီကြာ နှင့် ဒေါ်တင်လှ၊ တရားမ ပြင်ဆင်မှု အမှတ်- ၈၈/၁၉၉၅၊  (၂-၆-၁၉၉၅) )။

* အမှုတစ်လျှောက်လုံး နောက်တိုးသက်သေ အဖြစ် စစ်ဆေးပေးရန် မတင်ပြခဲ့ဘဲ အမှုပြီးဆုံးခါနီးမှ နောက်တိုးသက်သေ (၃)ဦးကို ခေါ်ယူစစ်ဆေးပေးရန် တင်ပြခြင်းမှာ အမှုကို ကြန့်ကြာအောင် ပြုလုပ်ရာ ရောက်သဖြင့် ခွင့်မပြုသင့်။   ( ဒေါ်တင်မြ နှင့် ဦးသန်းရွှေ၊ တရားမ ပြင်ဆင်မှု အမှတ်- ၃၆၉/၁၉၉၄၊   (၃၀-၃-၁၉၉၅) )။

* နောက်တိုးသက်သေ စာရင်းကို မည်သည့်အကြောင်းကြောင့် တင်သွင်းရကြောင်း ကျိုးကြောင်း ခိုင်လုံစွာ ဖော်ပြခြင်း မရှိလျှင် နောက်တိုးသက်သေ စာရင်းကို ပယ်ခွင့် ရှိသည်။   ( ဦးကိုကိုကြီး နှင့် ဦးတင်ဖေ၊ တရားမ ပြင်ဆင်မှု အမှတ်- ၇၂/၁၉၉၃ )။

* အမှုစွဲဆိုစဉ် အတွင်းရေးမှူးက တရားလိုအဖြစ် အများကိုယ်စားပြု၍ စွဲဆိုခဲ့ပြီးနောက် အမှု အတောအတွင်း၌ အတွင်းရေးမှူး ပြောင်းလဲသွား သောအခါ ထိုမူလ တရားလိုသည် တရားလိုအဖြစ် အစစ်ခံခွင့် မရှိတော့သဖြင့် ၄င်းအား နောက်တိုးသက်သေ အဖြစ် အစစ်ခံနိုင်ခွင့် ရှိသည်။   ( ဒေါက်တာ အိုမ်ပရပ်ကာရ် (ဥက္ကဋ္ဌ) ပါ(၂) နှင့် ရှရီဒီရင် ကူမာရ်ဘီးပ်ပါစ် (ခ) ဦးမြသိန်း (၄င်း၏ တရားဝင် ကိုယ်စားလှယ် ဒေါ်လှရီ)၊ တရားမ ပြင်ဆင်မှု အမှတ်- ၅၃၆/၁၉၉၂၊  (၁၁-၈-၁၉၉၃) )။

* တရားလိုပြ သက်သေစာရင်းတွင် မပါဝင်သူကို နောက်တိုးသက်သေ အဖြစ် စစ်ဆေးရန် တရားပြိုင်ဘက် စစ်ဆေးသည့် အဆင့်တွင် တရားပြိုင်ကို မစစ်ဆေးမီ တင်ပြခြင်းကို အမိန့် ၁၆၊ နည်းဥပဒေ ၁ အရ ခွင့်ပြုနိုင်သည်။  တရားစီရင်ရေး ဥပဒေ ပုဒ်မ ၂(ဓ) တွင်လည်း အမှုတွင် ခုခံချေပခွင့် ပေးရမည့် မူလည်း ရှိသည်။   ( ဒေါ်ရင်ရင်မေ နှင့် ဒေါ်ခင်လှမော်၊  တရားမ ပြင်ဆင်မှု အမှတ်- ၂၄၄/၁၉၉၃၊   (၂၀-၁၀-၁၉၉၃) )။


ဘယ်လိုအမှု အခင်းမျိုးမှာမဆို နောက်တိုးသက်သေ ထပ်မံတင်ပြခြင်းကို ပုံသေကားချပ် သတ်မှတ် လက်ခံလို့ မရနိုင်ပါဘူး။   အမှုမှာ ပေါ်ပေါက်နေတဲ့ အခြေအနေနဲ့ အမှန်တရား ပေါ်ပေါက်ရေး အတွက် အထောက်အကူ ဖြစ်စေမယ့် သက်သေခံချက်အရ ပေါ်ပေါက်​နေတဲ့ အချက်တွေကို ရုံးတော်က ဆင်ခြင်တုံတရားနဲ့ စိစစ်သုံးသပ်ပြီးမှသာ ဥပဒေနှင့်အညီ အဆုံးအဖြတ် ပြုပေးကြရမှာပဲ ဖြစ်ပါတယ်။

နှ လုံး စိတ် ၀မ်း အေး ချမ်း ကြ ပါ ​စေ ။


လွှမ်းမိုးအောင် (တရားရေး)


15-1-2015   1:15 am.

Wednesday, January 14, 2015

နောက်​တိုးသက်​​သေ (ပြစ်​မှု)


နောက်တိုးသက်သေ


      ပြစ်မှုဆိုင်ရာ အမှုများတွင် ဖြစ်စေ၊ တရားမ မှုခင်းများတွင် ဖြစ်စေ နှစ်ဘက်အမှုသည်များက မိမိတို့ အမှုအတွက် အထောက်အကူ ဖြစ်မေည့် ပုဂ္ဂိုလ်၊ တစ်နည်းအားဖြင့် သက်သေများကို တင်ပြကြပါသည်။  ထိုသို့ တင်ပြကြရာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေအရ မူလတင်သွင်းထားသည့် သက်သေများ အပြင် နောက်ထပ်မံ တင်ပြလိုသည့် သက်သေများကို တင်ပြလေ့ ရှိကြပါသည်။  ယင်းသို့သော သက်သေများကို တရားစီရင်ရေး လောက၌ နောက်တိုးသက်သေဟု ခေါ်ဝေါ် သတ်မှတ်ကြပါသည်။

  တရားရုံးအသီးသီးသည် နောက်တိုးသက်သေ ထည့်သင့်၊ မထည့်သင့် အငြင်းပွားမှုများကို တွေ့ကြုံ ဖြေရှင်းပေး နေရပါသည်။  အမှုသည် အသီးသီးကလည်း နောက်တိုးသက်သေ ဟူ၍ ဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားခြင်း မရှိကြောင်း လက်ကိုင်ထားပြီး တင်ပြနေကြကြောင်း တွေ့နေရပါသည်။

  ပြစ်မှုဆိုင်ရာ အမှုများတွင် တရားလိုသည် မိမိအမှုနှင့် စပ်လျဉ်းသည့် သက်သေများကို တင်ပြရန် တာဝန်ရှိသည်နှင့်အမျှ ယင်းသို့ တင်ပြရာတွင်လည်း အမှုကြန့်ကြာစေရန် တမင်သက်သက် အချိန်ဆွဲနေကြောင်း မပေါ်ပေါက်လျှင် တရားလိုသည် မိမိအမှုတွင် ကျေနပ်လောက်အောင် နောက်တိုး သက်သေများ တင်သွင်းနိုင်ခွင့် ရှိပေသည်။ (ဒေါ်အေးအေးချို နှင့် နိုင်ငံတော် ပါ(၄)၊ ၁၉၉၈၊ ပြစ်မှုပြင်ဆင်မှု အမှတ်-၃၃၄(ခ))

   ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၂(၂)တွင် ရာဇ၀တ် တရားသူကြီးသည် အမှုဖြစ် အကြောင်းအရာကို သိရှိပြီး တရားလိုဘက်မှ သက်သေခံနိုင်သည့် သူများကို တိုင်တန်းသူထံမှ ဖြစ်စေ၊ တခြားနည်းဖြင့် ဖြစ်စေ သိရှိအောင် လုပ်ရမည့်ပြင် ၄င်းတို့အနက်မှ လိုအပ်သည်ဟု မိမိထင်မြင်သူများကို မိမိရှေ့မှောက်သို့ လာရောက် သက်သေခံရန် သမ္မန်စာ ထုတ်ဆင့်ရမည်။  ထို့အပြင် တရားလိုဘက် အတွက် သက်သေခံရန် သမ္မန်စာဖြင့် ဆင့်ခေါ်ခြင်း ခံရသူကို ၊ တရားခံဘက်မှ တင်ပြသည့် နောက်တိုးသက်သေများကို ၊ အမှုအတွက် လိုအပ်သည်ဟု ထင်မြင်သူများကို နောက်တိုးသက်သေ အဖြစ် စစ်ဆေးရန် ခွင့်ပြုနိုင်ပေသည်။

  ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၂(၂) ပြဋ္ဌာန်းချက် အလိုအရ အမှုကိစ္စကို သိရှိနိုင်သူအား တိုင်ကြားသူ ထံမှဖြစ်စေ၊ တခြားနည်း အားဖြင့်ဖြစ်စေ သိရှိနိုင်ရန် တရားသူကြီးက ဖော်ထုတ်ရန် လိုအပ်သည်။  ထိုသို့ ဖော်ထုတ်ပြီးနောက် တရားရုံးသို့ ဆင့်ခေါ်စစ်မေး ရမည်ဖြစ်သည်။  ထို့ကြောင့် အမှု အတွက် သိရှိနိုင်သူ အားလုံးကို စစ်မေးဖော်ထုတ်ရန် ကိစ္စမှာ တရားသူကြီးက ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်သည်။ (မခင်ဌေး နှင့် နိုင်ငံတော် ပါ(၄)၊ ၁၉၉၉၊ မတစ၊ စာ-၇)  သို့ဖြစ်၍ အမှုစစ် တရားသူကြီးများသည် တရားလိုဘက် နောက်ထပ်တင်ပြသည့် သက်သေများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၂(၂) ပြဋ္ဌာန်းချက်အရ စိစစ်၍ ခွင့်ပြုပေးရမည်။

  မည်သည့်တရားရုံးကမဆို ဤဥပဒေအရ စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးစီရင်မှု၊ သို့မဟုတ် အခြားမှုခင်း ကိစ္စ ဆောင်ရွက်မှု ပြုလုပ်သည့် မည်သည့်အဆင့်၌မဆို တစ်ဦးတစ်ယောက်ကို သက်သေအဖြစ် လာရောက်စေရန် သမ္မန်စာဖြင့် ဆင့်ခေါ်နိုင်သည်ဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၀ တွင် ပြဋ္ဌာန်း ထားပါသည်။  တရားလိုဘက်မှ ထပ်မံတင်ပြ လိုသော နောက်တိုးသက်သေ၊ သို့မဟုတ် တရားခံဘက်မှ ထပ်မံတင်ပြလိုသော နောက်တိုးသက်သေသည် အမှုကို တရားမျှတစွာ စီရင်ဆုံးဖြတ် နိုင်ရန်အတွက် မရှိမဖြစ်ဟု တရားရုံးက ယူဆလျှင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၀ ပါ ပြဋ္ဌာန်းချက်နှင့် အညီ စစ်ဆေးရန် ဆင့်ခေါ်ခွင့်ပြု ပေးရမည်ဖြစ်သည်။

  ဦးမျိုးသိန်း နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မ မြန်မာနိုင်ငံတော် (၁၉၇၉၊ မတစ၊ စာ-၁၃၀) စီရင်ထုံးတွင် လည်း တရားစီရင်ရေး အဖွဲ့များသည် ဒိုင်လူကြီးသဖွယ် ဆောင်ရွက်ရန် မဟုတ်ပေ။  အမှန်တရားကို ဖော်ထုတ်ရေးအတွက် လိုအပ်ကြောင်း တွေ့ရှိရလျှင် လိုအပ်သည့် သက်သေများကို ခေါ်ယူ စစ်ဆေးသင့်ပေသည်ဟု ထုံးပြုဆုံးဖြတ်ချက်များ အရလည်း နောက်တိုးသက်သေ ထပ်မံတင်ပြ စစ်ဆေးခွင့်များကို စိစစ်သုံးသပ် ဆုံးဖြတ်သင့်ပါသည်။

  ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၆(၂)တွင် တရားခံထံမှ သက်သေခံချက် ရယူပြီးဆုံးသည့် အခါ တရားခံဘက် သက်သေများ (ရှိခဲ့လျှင်) သက်သေခံချက် ရယူရမည်ဟုသာ ပြဋ္ဌာန်းထားပါသည်။  တရားခံဘက်မှ သက်သေများကို ထပ်မံတင်ပြခွင့် မရှိစေရဟု ပိတ်ပင်ထားခြင်း မရှိကြောင်း တွေ့နိုင်ပါသည်။  သက်သေခံအက်ဥပဒေ ပုဒ်မ ၁၃၄ တွင် မည်သည့်အမှုတွင်မဆို အကြောင်းခြင်းရာ တစ်ရပ်ရပ်ကို သက်သေထင်ရှား တင်ပြရေးအတွက် သက်သေဦးရေ မည်မျှလိုအပ်သည်ကို သတ်မှတ်ထားခြင်းလည်း မရှိ၍ နောက်တိုးသက်သေအား ထပ်မံ ထည့်သွင်းစစ်ဆေးခွင့်ကို ခွင့်ပြုနိုင်ကြောင်း မြင်သာပါသည်။

  အလားတူပင် သက်သေခံအက် ဥပဒေ ပုဒ်မ ၁၃၅ တွင်လည်း သက်သေများ တင်ပြရန်နှင့် စစ်ဆေးရန် အစီအစဉ်ကို တရားမမှုများနှင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေ နှင့်အညီ သတ်မှတ်ရမည်။  ဆိုခဲ့သည့် ဥပဒေမျိုး မရှိလျှင် အဆိုပါ အစီအစဉ်ကို တရားရုံး၏ ဆင်ခြင်မှုဖြင့် သတ်မှတ်ရ မည်ဟု ပြဋ္ဌာန်းထားပါသည်။
.



(ဆရာ ဦးလှ​အေး (တရား​ရေး)၏ ​ဆောင်းပါးမှ ​ကောက်​နုတ်​ မျှ​ဝေခြင်း ဖြစ်​ပါသည်​။)


Tuesday, January 13, 2015

ရဲထံတွင်ထွက်ဆိုချက်များသက်သေခံဝင်သည့်ကိစ္စရပ်များ


ရဲထံတွင်ထွက်ဆိုချက်များသက်သေခံဝင်သည့်ကိစ္စရပ်များ



ရဲထံတွင် သက်သေခံအစစ်ခံခဲ့သောထွက်ဆိုချက်များမှာ သက်သေခံအက်ဥပဒေ ပုဒ်မ ၂၇ နှင့် ပုဒ်မ ၃၂(၁)တို့တွင်အကျုံးဝင်သောကိစ္စရပ်များမှအပ အခြားထွက်ဆိုချက်များသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၁၆၂(၁) အရ သက်သေခံမ၀င်ပါ။

သို့ရာတွင် ၁၆၂(၁)ခြွင်းချက်အရ သက်သေကို သက်သေခံဥပဒေပုဒ်မ - ၁၄၅ အရ ဆန့်ကျင်မေးမြန်းရန် နှင့် သက်သေခံဥပဒေပုဒ်မ - ၁၅၅ အရ မယုံကြည်ထိုက်ကြောင်းပြဆိုရန် အသုံးပြုနိုင်ပါတယ်။ (ဦးသက်ဝေပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် -၁၉၈၉၊မတစ၊စာ -၃၆ နှင့် ကျင့်ထုံးပုဒ်မ - ၁၆၂(၃) တွင်ကြည့်ပါ။)

ထို့ကြောင့် ရဲထံထွက်ချက်သက်သေခံဝင်သည့် အကြောင်းတရား (၃)ခုရှိပါတယ်။
(၁) သက်သေခံဥပဒေပုဒ်မ - ၂၇ တွင်အကျုံး ၀င်လျှင်၊
(၂) သက်သေခံဥပဒေပုဒ်မ - ၃၂(၁)တွင် အကျုံးဝင်လျှင်၊
(၃) ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၁၆၂(၁) ခြွင်းချက်တွင် အကျုံးဝင်လျှင်

အခြားကိစ္စတွေမှာရဲထံထွက်ဆိုထားချက်သည် သက်သေခံမ၀င်ပါ။

ပုဒ်မ - ၂၇ အရ တရားခံ၏ပြောဆိုချက်အရ အကြောင်းအရာတစ်ခုခုကို တွေ့ရှိရခြင်း၊
(ဥပမာ - တရားခံကသက်သေခံဓားကို ဘယ်နားမှဝှက်ထားခဲ့ပါတယ်လို့ပြောလို့ သက်သေများဖြင့်သွားရောက်ရှာဖွေရာ သက်သေခံဓားကိုတွေ့ရှိခဲ့ရင် တရားခံ၏သက်သေခံဓား ဘယ်နားမှာဝှက်ထားခဲ့တယ်ပြောဆိုချက်သည် ပုဒ်မ - ၂၇ အရ သက်သေခံဝင်ပါတယ်။ သွားရှာလို့ ဓားမတွေ့ရင်တော့ သက်သေခံမ၀င်ပါဘူး။)

ပုဒ်မ - ၃၂(၁) က လူတစ်ဦးက မိမိသေဆုံးရသည့်အကြောင်းပြောဆိုသည့် သေခါနီးထွက်ချက်ကိုပြောတာပါ။

ကျင့်ထုံးပုဒ်မ- ၁၆၂(၁) ခြွင်းချက်က အထက်မှာဖော်ပြခဲ့ပြီးပါပြီ။

အထက်ပါ (၃)ချက်မှာအကျုံးမ၀င်ရင်ရဲထံထွက်ချက်ကို အမှုမှာ သက်သေခံအဖြစ်မတင်သွင်းနိုင်ပါ။


TUN  MYO  HTAY

သက်​​သေထွက်​ချက်​ မှတ်​တမ်းတင်​ရန်​ မည်​သူ့တွင်​ တာဝန်​ရှိသနည်း။



သက်​​သေထွက်​ချက်​ မှတ်​တမ်းတင်​ရန်​ မည်​သူ့တွင်​ တာဝန်​ရှိသနည်း။

Iron Rose‎ ​မေး၍ Tun Myo Htay ​ဖြေသည်​။




Iron Rose‎

July 30, 2014 ·

ကျွန်မ တစ်ခုလောက် မေးချင် ပါတယ်။ ဥပ ဒေ အရာ ရှိက မေး ခွန်း မေးပြီး ရင် မှတ်တမ်း တင်ပေးရပါတယ်။ မှတ် တမ်း တင် တာက ဥပ ဒေ အရာ ရှိ ရဲ့လုပ် ပိုင် ခွင့်လား။ တရား သူကြီး ရဲ့ လုပ် ပိုင် ခွင့်လား သိချင် ပါတယ် ဆရာ ။ တရား သူကြီး တစ်ယောက် က တော့ ဥပ ဒေ အရာ ရှိကို မှတ်တမ်း တင် ခွင့်မ ပေးပဲ သူ့ အာဘော်နဲ့ သက်သေ ပြောသမျှ ကို စကားပြော ပုံစံ နဲ့ တစ်လုံး မကျန် မှတ်တမ်း တင်နေလို့ပါ။ စာပုံစံ နဲ့ ပဲ တင် ရမှာ မဟုတ်လား ဆရာ။ သက် သေ ပြောသ မျှ ထမင်းစား ရေ သောက် တာက အစ ပေါ့။ ထွက် ချက် တွေကို တော့ တရား သူကြီး ကိုယ် တိုင် ပဲ ရေး မှတ် ရတယ် ဆိုတာကိုတော့ သိပါတယ်။( ပြစ်ကျင့် ပုဒ်မ- ၃၅၆ အရ ) ဒီပုဒ် မ မှာပြဌာန်း ထားတဲ့ သ ဘောက ရေး မှတ် ရမှာကို ပြောတာလား ။ ထွက်ချက် တွေကို သူ့ပါးစပ် နဲ့ မှတ်တမ်းတင် တာကိုပါ ​ပြောတာလား မရှင်းဘူး ဖြစ်နေလို့ပါ။ စီရင် ထုံး များ ရှိရင် လည်း ညွှန် ပြ ပေး စေချင် ပါတယ်။ ဥ ပ ဒေ အရာ ရှိတာ ဝန်က မေးခွန်း မေး ပေးရုံ သက် သက် ပဲဖြစ် နေသလား လို့ပါ ။ ဖြေကြားပေးဦး ဆရာ။


Tun Myo Htay

 ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၃၅၆ မှာ the evidence of each witness shall be taken down in writing by the Judge or Magistrate or from his dictation ------- လို့ပြဌာန်းထားပါတယ်။ သက်သေထွက်ချက်ကို ရာဇ၀တ်တရားသူကြီး ကိုယ်တိုင်က ဖြစ်စေ ၊ ၄င်းကနှုတ်တိုင်ချပေးခြင်း (dictation) ဖြင့်ဖြစ်စေ ရယူရပါတယ်။

ထို့ကြောင့် တရားသူကြီးက နှုတ်တိုက်ခေါ်ပေးတာလည်း ကျင့်ထုံးပုဒ်မ - ၃၅၆ မှာ အကျူံးဝင်ပါတယ်။

သက်သေထွက်ချက်ကို ပုဒ်မ - ၃၅၉ မှ အကြောင်းအရာပြောဆိုသည့်ပုံစံ (in the form of a narrative)ဖြင့် ​ရေးမှတ်ရမည်ဟု ပြဌာန်းထားပါတယ်။ ထို့ကြောင့် တရားသူကြီးက စကားပြော ပုံစံ နဲ့ တစ်လုံး မကျန် မှတ်တမ်းတင်တာ မှန်ပါတယ်ဆရာမ။

တစ်လုံးမကျန်မှတ်တမ်းတင်တာမှန်ပါသလားဆိုလို့ တရားသူကြီးသည် သက်သေက မေးမြန်းသည်ဖြစ်စေ၊ ဖြေကြားသည်ဖြစ်စေ၊ အမှန်တကယ်ဖြစ်နိုင်သမျှ အနီးကပ်ဆုံးရေးသားသင့်သည်။ သက်သေက ပြောကြားသည့်အတိုင်း တိတိကျကျရေးမှတ်ရမည်။ မောင်ညင်းဗြူ နှင့် အစိုးရ ( ၁၈၉၃-၁၉၀၀ ၊ အောက်မြန်မာနိုင်ငံ၊ စာ ၇၂၊(၇၇၊၇၈) ပြဆိုပါတယ်ဆရာမ။

တရားသူကြီးသည် အမေး နှင့် အဖြေကို လုံးစေ့ပတ်စေ့ရေးသားရန်တာဝန်မရှိချေ။ အမှုသည် တစ်ဘက်ဘက်မှ အထူးတောင်းဆိုသည်မဟုတ်လျှင် ၄င်း၏စဉ်းစားဝေဖန် ပဋိတာဝန်ဖြင့် ဆောင်ရွက်ရန်သာဖြစ်သည်။ ဦးချစ်မောင် ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေဋီကာ စာ - ၁၀၇၄)

သက်သေထွက်ချက် မှတ်တမ်းတင်ရန်မှာ တရားစီရင်ရေးအဖွဲ့ဝင်များ၏ တာဝန်ဖြစ်၍ အမှုသည်များအနေဖြင့် မည်သို့မည်ပုံ မှတ်တမ်း ပြုလုပ်သင့်ကြောင်း အကြံပြုရန် မဟုတ်ပေ ဟု ဗွီပရာကပ်ဆင်း နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ( ၁၉၈၁၊ မတစ၊ စာ ၆၄) မှာပြဆိုပါတယ်။

ထို့ကြောင့် ကျင့်ထုံးပုဒ်မ - ၃၅၆ ကို အတိအကျလိုက်နာမည်ဆိုလျှင်တော့ ဥပဒေအရာရှိ၊ တရားလို၏ရှေ့နေ၊ တရားခံ၏ရှေ့နေများသည် သက်သေကို စစ်မေးခွင့်သာရှိပြီး သက်သေထွက်ချက်ကို မှတ်တမ်းတင်ခွင့်မရှိပါကြောင်း ​လေးစားစွာဖြင့်​  တင်ပြအပ်ပါသည် ဆရာမခင်ဗျာ။


Iron Rose


 ဟုတ်ကဲ့ပါ ဆရာ။ အခုလို ဖြေကြား ပေးတာ ကျေးဇူးတင် ပါတယ် ဆရာ။





Friday, January 2, 2015

လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဆိုင်ရာ သိကောင်းစရာ


လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဆိုင်ရာ သိကောင်းစရာ


 ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ဟာ ကာလ၊ ဒေသအလိုက် အခေါ်အဝေါ် အသုံးအနှုန်း ကွဲပြားမှု ရှိကြသော်လည်း၊ ကမ္ဘာ့သမိုင်းစဉ် တလျောက်မှာ လက်ခံကျင့်သုံးမှု ရှိကြပါတယ်။  ပဒေသရာဇ်ခေတ် ကာလမှာပင် သက်ဦးဆံပိုင် ဘုရင်များက မင်းပြစ်မင်းဒဏ် သင့်သူ ကျေးကျွန်တော်တွေကို ရာဇဒဏ် ဘေးက လွတ်ငြိမ်းစေပြီး အသက် ချမ်းသာပေးခဲ့တဲ့ သာဓက များစွာလည်း ရှိခဲ့ပါတယ်။  မြန်မာနိုင်ငံရဲ့ သမိုင်းစဉ် တလျှောက်မှာလည်း ဘုရင်စနစ်မှ စ၍ ယနေ့ခေတ် နိုင်ငံတော် သမ္မတ လက်ထက်တိုင်အောင် လွတ်ငြိမ်းချမ်းသာခွင့်တွေ အခါအားလျော်စွာ ပေးခဲ့ကြတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။  ယနေ့တော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဆိုင်ရာ သိကောင်းစရာ အချို့ကို စာပေကျမ်းလာများ အတိုင်း ကောက်နုတ် တင်ပြပေးလိုပါတယ်။

* လွတ်ငြိမ်းချမ်းသာခွင့် (Amnesty) ဟူသည် ...

 လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာ သာမန်အားဖြင့် လူပုဂ္ဂိုလ် တစ်ဦးတည်းအတွက် ရည်ရွယ်တာ မဟုတ်ဘဲ ပြစ်မှုကျူးလွန်တဲ့ လူတစ်စု (သို့မဟုတ်) အမျိုးအစား၊ အဖွဲ့အစည်း တစ်ခုအတွက် လွတ်ငြိမ်း ချမ်းသာခွင့် ပေးခြင်းကို ဆိုလိုပါတယ်။  တစ်နည်းဆိုရရင် လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာ ပြစ်မှုလို့ သတ်မှတ်ထားတဲ့ အပြုအမူကို ပြစ်မှုလို့ မယူဆတော့ဘဲ ပြည်သူတို့ရဲ့ အကျိုးစီးပွားအတွက် ဖျောက်ဖျက် သင်ပုန်းချေကာ ခွင့်လွှတ်ခြင်းမျိုးပဲလို့ ဆိုနိုင်ပါတယ်။  တရားရုံးတွေမှာ အမှုစစ်ဆေးခံနေရဆဲ ပုဂ္ဂိုလ်တွေနဲ့ ပြစ်ဒဏ်ကျခံ နေရသူတွေကိုပါ အထိုက်အလျောက် လွတ်ငြိမ်းချမ်းသာခွင့် ရရှိစေပါတယ်။

* ဘာကြောင့် ပေးသလဲ၊ ဘယ်အခါ ပေးသလဲ

   လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဟာ နိုင်ငံအကြီးအကဲက စာနာသနား သက်ညှာလို့ ဆောင်ရွက်ပေးတဲ့ သဘောသက်ရောက်ပြီး ထူးခြားတဲ့ အခါကြီး၊ ရက်ကြီး၊ အဖြစ်အပျက်၊ ဆောင်ရွက်ချက်ကြီးများ၊ ထမြောက် အောင်မြင်မှုကြီးများ စသည်တို့ ပေါ်ပေါက်တဲ့ အခါမျိုးမှာ အထိမ်းအမှတ် အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိတာကိုလည်း လေ့လာတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။  ဒါ့အပြင် စစ်ပြေငြိမ်းတဲ့ အခါမျိုးမှာ ငြိမ်းချမ်းရေး စာချုပ်တွေ ချုပ်ဆိုကြရင် စစ်မက် ဓလေ့ထုံးတမ်းနဲ့ ဥပဒေ ကို မလိုက်နာခဲ့ဘဲ ကျူးလွန်ခဲ့ကြတဲ့ နှစ်ဘက် စစ်သားတွေအပေါ်မှာ ၄င်းတို့ ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် လွတ်ငြိမ်းခွင့်ပြုရန် ရည်ရွယ်ပြီး စစ်ပြေငြိမ်းစာချုပ်တွေမှာ လွတ်ငြိမ်းချမ်းသာခွင့် ထည့်သွင်းရေးသား ချုပ်ဆို တတ်တာမျိုးလည်း ရှိကြောင်း မှတ်သားလေ့လာ ရပါတယ်။

* ကွဲကွဲပြားပြား သိပါစေ

            လူအများက "လွတ်ငြိမ်းခွင့်ပေးခြင်း" (Pardom) ကို "လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်း" (Amnesty) ဆိုတဲ့ ဝေါဟာရနဲ့ ရောထွေးယှက်တင် သုံးစွဲလေ့ရှိကြ ပါတယ်။  လွတ်ငြိမ်းခွင့်ပေးခြင်း (Pardom) ကို အများအတွက် မဟုတ်ဘဲ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (သို့မဟုတ်) လူနည်းစုကို အကျိုးခံစားခွင့် ပေးရာမှာ သုံးစွဲလေ့ရှိတာ ဖြစ်ပါတယ်။
            "လွတ်ငြိမ်းခွင့်ပေးခြင်း" မှာ  "ကန့်သတ်ချက် မရှိဘဲ ပေးတဲ့ လုံးဝလွတ်ငြိမ်းခွင့်" (Free Pardom) နဲ့ "စည်းကမ်း သတ်မှတ်ချက်နဲ့ ပေးတဲ့ စည်းကမ်းချက်နှင့် လွတ်ငြိမ်းခွင့် (Conditional Pardom) ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။  လုံးဝ လွတ်ငြိမ်းခွင့်ပေးခြင်းရဲ့အကျိုးအာနိသင်ကတော့ လွတ်ငြိမ်းခွင့် ရသူအား ပြစ်မှုထင်ရှား စီရင်ခြင်းကို ပပျောက်စေတာ ဖြစ်လို့ ဥပဒေအရ ထိုသူဟာ ပြစ်မှုကျူးလွန် ခြင်းမရှိတဲ့ အပြစ်ကင်းစင်သူ အဖြစ်ကို ရောက်ရှိသွားပါတယ်။  ပြစ်ဒဏ်ကျခံနေရဆဲ ဖြစ်ရင်လည်း ပြစ်ဒဏ်မှ လွတ်ကင်းစေခြင်းဖြင့် ထိုပြစ်ဒဏ်ကို ဖယ်ရှား ပယ်ဖျက်၊ သင်ပုန်းချေလိုက်ခြင်း လည်း ဖြစ်တယ်လို့ မှတ်သားရပါတယ်။

* လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်း အမျိုးအစားများ

 "လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်း" (Amnesty) မှာတော့ အောက်ပါ အမျိုးအစားများ ပါဝင်ပါတယ်__
(၁)  ပြစ်ဒဏ်ဆိုင်းငံ့ခြင်း (Reprieve or Suspension of Sentence)
(၂)  ပြစ်ဒဏ် ရွှေ့ဆိုင်းခြင်း (Respite)
(၃)  ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်ကို လျော့ပေါ့ခြင်း/ လျှော်ပစ်ခြင်း (Remmission)
(၄)  ပြစ်ဒဏ် လျော့ချ ပြောင်းလဲပေးခြင်း (Commutation)
(၅)  အမှုနှင့် ပတ်သက်၍ သက်ညှာခြင်း (Clemency) ။

* ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ၄၀၂ အား လေ့လာခြင်း

 ပုဒ်မ ၄၀၁ အရ နိုင်ငံတော် သမ္မတဟာ မည်သို့သော အမိန့်မှာမဆို စည်းကမ်းချက် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ပြစ်ဒဏ်ချမှတ် ခံထားရပြီး ဖြစ်တဲ့ တရားခံတစ်ဦး အပေါ် ပြစ်ဒဏ် တစ်ခုလုံး၊ ဒါမှမဟုတ် တစ်စိတ်တစ်ဒေသကို ဆိုင်းငံ့ခြင်း (Suspersion)၊ ကျခံရန် ကျန်ရှိနေတဲ့ ပြစ်ဒဏ်ကို လျော့ပစ်ခြင်း၊ လျှော့ပေါ့စေခြင်း လုပ်ပိုင်ခွင့် ရှိပါတယ်။  ပြစ်ဒဏ်ဆိုင်းငံ့ ထားရန်၊ လွတ်ငြိမ်း သက်သာခွင့်ပေးရန် အပြစ်ကျ တရားခံက လျှောက်ထားမယ် ဆိုရင် နိုင်ငံတော် သမ္မတဟာ စစ်ဆေးတဲ့ ရုံး (သို့မဟုတ်) ပြစ်ဒဏ် အတည်ပြုတဲ့ ရုံး၌ ထိုလျှောက်လွှာကို လက်ခံရန် သင့်၊မသင့် အကြံဥာဏ် တောင်းဆိုနိုင်ပါတယ်။  လက်ခံရန် (သို့မဟုတ်) ပယ်ရန် အကြံပေးချက်ကို အမှုတွဲနှင့် တပါတည်း တင်ပြလာတဲ့ အခါမှာတော့ နိုင်ငံတော် သမ္မတဟာ လုံးဝ (သို့မဟုတ်) စည်းကမ်းချက် ပါတဲ့ ဆိုင်းငံ့သည့် အမိန့် (သို့မဟုတ်) လျော့ပေါ့စေတဲ့ အမိန့်ကို ထုတ်ပြန်နိုင်ပါတယ်။  အဲဒီလို ထုတ်ပြန်ရာမှာ လျှောက်ထားသူရဲ့ သဘောဆန္ဒကို လိုက်နာနေဖို့ မလိုပါဘူး။  နိုင်ငံတော် သမ္မတဟာ ယင်းသို့ ပြစ်ဒဏ် ဆိုင်းငံ့ရန် (သို့မဟုတ်) လျော့ပေါ့စေရန် ဆောင်ရွက်တဲ့ အခါ ဆောင်ရွက်ပုံ၊ ဆောင်ရွက်နည်းတွေကို စည်းကမ်းသတ်မှတ် ညွှန်ကြား နိုင်ပါတယ်။  ဒါပေမယ့် ဒီလို စည်းကမ်း/ ညွှန်ကြားချက် တစ်စုံတစ်ရာ ရှိတယ်လို့တော့ မကြားမိပါဘူး။  အကယ်၍သာ မရှိခဲ့ဘူး ဆိုရင်တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီညွတ်တဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း တစ်ရပ်ကို (ကျင့်ထုံးအရ) ရေးဆွဲသင့်တယ်လို့ တွေးမိပါတယ်။  ပုဒ်မ ၄၀၂ အရလည်း နိုင်ငံတော် သမ္မတသည် ပြစ်ဒဏ်ကျခံ လျက်ရှိသူရဲ့ သဘောတူညီ ချက် မပါရှိဘဲ ချမှတ်တဲ့ ပြစ်ဒဏ်ထက် နိမ့်သော အခြားပြစ်ဒဏ် တစ်မျိုးမျိုးသို့ လျော့ချ ပြောင်းလဲ သတ်မှတ်ပေးနိုင်ခွင့် ရှိပါတယ်။

* ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (က)၊ (ခ)

 ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (က)အရ နိုင်ငံတော် သမ္မတသည် ပြစ်ဒဏ် လွတ်ငြိမ်းခွင့် (Pardom) ပေးပိုင်ခွင့် ရှိပြီး၊ ပုဒ်မ ၂၀၄ (ခ)အရ နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီရဲ့ထောက်ခံချက်နဲ့ အညီ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty) ပေးပိုင်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားကို တွေ့ရပါတယ်။  ဒါကြောင့် နိုင်ငံတော် သမ္မတသည် ပြစ်မှုကျူးလွန်သူ လူတစ်စု (သို့မဟုတ်) အမျိုးအစား အဖွဲ့အစည်း တစ်ခုအတွက် လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်သော (General Amnesty) အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း မဟုတ်ဘဲ၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (သို့မဟုတ်) လူနည်းစုအား ပြစ်မှုမှသာမက ပြစ်ဒဏ်မှပါ လွတ်ငြိမ်းခွင့်ပြုသော လုံးဝ (သို့မဟုတ်) စည်းကမ်းချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်းနဲ့ ဆိုင်တဲ့ကိစ္စတွေကို ဆောင်ရွက်ပြီး၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ နဲ့ ၄၀၂ တို့အရ လျှောက်ထားကာ ပြစ်ဒဏ် ဆိုင်းငံ့ခြင်း၊ ကျန်ရှိတဲ့ ပြစ်ဒဏ်ကို လျော့ပေါ့ခြင်း၊ လျော်ပစ်ခြင်း၊ ပြစ်ဒဏ် လျော့ချ ပြောင်းလဲပေးခြင်း စတဲ့ လွတ်ငြိမ်းချမ်းသာခွင့် မျိုးကိုသာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်ခြင်း ဖြစ်တာကို လေ့လာတွေ့ရှိ နိုင်မှာဖြစ်ပါတယ်။  ဒါ့အပြင် သေဒဏ် ချမှတ်ခံရသူရဲ့ လျှောက်ထားမှုတွေမှာလည်း မည်သည့် လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လျှောက်ထားစေကာမူ နိုင်ငံတော် သမ္မတကသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားခြင်းမျိုး ဖြစ်တယ်လို့ သုံးသပ်ရရှိပါတယ်။

     ယခုအခါ ၂၀၁၄ နှစ်ဟောင်းမှ ၂၀၁၅ နှစ်သစ်သို့ ကူးပြောင်းစ ဖြစ်တာမို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးရဲ့ ဦးကင်းဥသျှောင် ဖြစ်တဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အနေနဲ့ စည်းကမ်း သေ၀ပ်ပြီး အကျင့်စာရိတ္တ ပြန်လည်ပြုပြင် လာကြသော အကျဉ်းသားများနှင့် စာရိတ္တ ဆိုင်ရာ ပြစ်မှုမဟုတ်ဘဲ အခြားပြစ်မှုများနဲ့ ပြစ်ဒဏ်ကျခံပြီး၊ ကျခံဆဲ အကျဉ်းသားများကို လူသားချင်း စာနာထောက်ထား သနားငဲ့ညှာစွာနဲ့ အကျဉ်းသားများနှင့် ၎င်းတို့၏ ကျန်ရစ်သော မိသားစုဝင်များရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အခက်အခဲ များစွာတို့အား ပြေလျော့သက်သာရာ ရစိမ့်သောငှာ သင့်မြတ်တဲ့ အချိန်ကာလ တစ်ခုမှာ လွတ်ငြိမ်းချမ်းသာခွင့်များ ထုတ်ပြန်ပေးပါစေကြောင်း မင်္ဂလာနှစ်သစ်မှာ ဆုတောင်းလိုက် ရပါတယ် ခင်ဗျာ။

လွှမ်းမိုးအောင် (တရားရေး)


1-1-2015   11:51 pm.

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...