Wednesday, December 31, 2014

သက်သေအမျိုးမျိုးအကြောင်း သိကောင်းစရာ


သက်သေအမျိုးမျိုးအကြောင်း သိကောင်းစရာ


 ဒီနေ့တော့ စိတ်ပါဝင်စားဖွယ် ကောင်းတဲ့ "သက်သေအမျိုးမျိုး အကြောင်း"ကို ဥပဒေပညာရှင် များရဲ့ ဋီကာများမှတဆင့် ပညာယူကာ အစီအစဉ်တကျ ပြန်လည်မျှဝေ တင်ပြသွားဖို့ ရှိပါတယ်။    တရားရုံးများဟာ အမှုအခင်းတွေ စီရင်ဆုံးဖြတ်ရာမှာ နှစ်ဘက်သက်သေ သက္ကာယများရဲ့ တင်ပြထွက်ဆို ချက်များအရပဲ မည်သည်က မှားသည်၊ မည်သည်က မှန်သည်ကို စိစစ်သုံးသပ် ဆုံးဖြတ်ပေး ကြရတာ ဖြစ်လို့ စာရှုသူတို့ အနေနဲ့ သက်သေအမျိုးမျိုး အကြောင်းကို လေ့လာထားသင့်ပါတယ်။

 သက်သေအမျိုးမျိုး ရှိပါတယ်။  သက်သေခံဥပဒေနှင့် စပ်ဆိုင်ပတ်သက်တဲ့ သက်သေများ ဖြစ်သော ကလေးသက်သေ၊ သူရူးသက်သေ၊ ဆွံ့အသက်သေ၊ လင်မယားသက်သေ၊ ဆွေမျိုးသက်သေ၊ ကြုံကြိုက်သက်သေများ အကြောင်းကို ဆွေးနွေးတင်ပြပါ့မယ်။   ဒီလို .......သက်သေ အခေါ်အဝေါ်တွေ ကတော့ ပြဋ္ဌာန်းဥပဒေ ပုဒ်မများနဲ့ စီရင်ထုံးများပါ ဖော်ပြချက်များအရ ခြုံငုံမိစေရန် မှတ်သားရ လွယ်ကူအောင် ခေါ်ဝေါ်သုံးစွဲ ပေးထားခြင်းလည်း ဖြစ်ပါတယ်။  ယင်းသက်သေများ အကြောင်းကို ဥပဒေ ပညာရှင်များရဲ့ အသုံးချဋီကာများမှ ကောက်နုတ်စုစည်းပြီး ဒီပို့စ်လေးမှာ မျှဝေတင်ပြပေးမှာ ဖြစ်ပါတယ်။

 သက်သေခံဥပဒေ ပုဒ်မ ၁၁၈ မှာ အောက်ပါအတိုင်း ပြဋ္ဌာန်းပါရှိပါတယ်။
(ပုဒ်မ-၁၁၈) " မည်သူမဆို သက်သေခံနိုင်ခွင့် ရှိသည်။  သို့ရာတွင် အသက်အရွယ် နုနယ်သောကြောင့် သော်လည်းကောင်း၊ အလွန်အိုမင်း သောကြောင့် သော်လည်းကောင်း၊ ကိုယ်၌ဖြစ်စေ၊ စိတ်၌ဖြစ်စေ ရောဂါ စွဲကပ်ခြင်းကြောင့် သော်လည်းကောင်း၊ အလားတူဖြစ်သော အခြားအကြောင်း တစ်ခုခုကြောင့် သော်လည်းကောင်း မိမိအား မေးမြန်းသည့် မေးခွန်းများကို နားမလည်နိုင်သူ၊ သို့မဟုတ် ဆင်ခြင် တိုင်းထွာ၍ ဖြေဆိုခြင်း မပြုနိုင်သူဟု တရားရုံးက ထင်မြင်ယူဆလျှင် ထိုသူကို သက်သေခံခွင့် မပြုရ။ "

သက်သေခံဥပဒေ ပုဒ်မ ၁၁၈ အရ လူတစ်ဦးဟာ မေးမြန်းတဲ့ မေးခွန်းကို နားလည်ရင်၊ ဒါမှမဟုတ် ကြောင်းကျိုး ဆီလျော်စွာ ဖြေဆိုနိုင်စွမ်း ရှိရင် ၎င်းဟာ တရားရုံးမှာ သက်သေခံနိုင်မှာ ဖြစ်ပါတယ်။  သက်သေခံနိုင်သူ တစ်ဦးကို သာမန်အားဖြင့်တော့ သက်သေခံဖို့ အတင်းအကြပ် ပြုနိုင်ပါတယ်။  ပုဒ်မ ၁၂၁ မှ ၁၃၂ အထိပါ ပြဋ္ဌာန်းချက်များအရ သက်သေခံ လာရောက်တဲ့သက်သေကို အချို့သော မေးခွန်းများ မေးမြန်းခြင်း မပြုနိုင်ပါဘူး။  သက်သေခံနိုင်သူတိုင်းရဲ့ ထွက်ဆိုချက်တိုင်းဟာ သက်သေခံ ၀င်နေတာလား ဆိုတော့ မဟုတ်ပါဘူး။  တဆင့်ကြားစကား၊ တရားခံက ရဲထံပေးတဲ့ ဖြောင့်ချက်မျိုးတွေ ကတော့ သက်သေခံ ၀င်မှာမဟုတ်ပါဘူး။  မှတ်သားသင့်တဲ့ အချက်တစ်ခု ရှိပါတယ်။  အဲဒါက တရားခံနှစ်ဦး အနက် တစ်ဦးဟာ တရားရှင်လွတ်သွား ခဲ့မယ်ဆိုရင် ထိုသို့ လွတ်သွားသော တရားခံဟာ အဆိုပါအမှုမှာပဲ သက်သေခံနိုင်ခွင့် ရှိသေးတယ် ဆိုတာကို မှတ်သားရပါမယ်။

* ကလေးသက်သေ
""""""""""""""""""""""
 အပတ် နှင့် အစိုးရ (၁၉၄၀၊ ရန်ကုန်စီရင်ထုံး၊ စာ-၁၀၄)တွင် __ "ကလေးသူငယ်သက်သေ (Child Witness) တစ်ဦးကို သက်သေအဖြစ် မစစ်ဆေးမီ မေးခွန်းများကို နားလည်နိုင်မည် ဟုတ်၊မဟုတ်နှင့် အကြောင်းနှင့် လျော်ညီစွာ ဖြေဆိုနိုင်ခြင်း ရှိ၊မရှိ သိရှိရန်အတွက် ၎င်းအား တရားရုံးက မေးခွန်းများထုတ်၍ မေးမြန်းရမည်။  ထို့နောက် အထက်ပါ အချက်များနှင့် ပတ်သက်၍ ကျေနပ်မှသာလျှင် အမှုတွင် သက်သေ အဖြစ် စစ်ဆေးရမည်" ဟု ညွှန်ပြထားပါတယ်။

 မောင်မြမောင် နှင့် နိုင်ငံတော် (၁၉၆၀၊ မတစ (လွှတ်ချုပ်)၊ စာ-၂၀) တွင် __ "အသက်အရွယ် နုနယ် လူမမယ်ကလေးများ၏ သက်သေခံချက်ကို အထူးသတိချပ်၍ ချိန်ဆ ဝေဖန်ရမည်။  အကြောင်းကား အသက်အရွယ် နုနယ် လူမမယ်ကလေးများသည် လူမသမာများ မဟုတ်မမှန် လုပ်ကြံသင်ပေးသည်ကို ယုံလွယ်၍ မှတ်လွယ်ကြသောကြောင့် ဖြစ်သည်။  ယင်းသို့ လူမမယ်ကလေးများကို သက်သေထူသည့် အခါ၌ သက်သေအဖြစ် စစ်ဆေးခြင်းမပြုမီ သင့်တော်သော ပဏာမ မေးခွန်းများ မေး၍ မေးသည့်မေးခွန်းကို နားလည်သလော၊ အဖြေများကို မိမိအသက် အရွယ်အလျောက် သာမန်လူများကဲ့သို့ ဖြေဆိုနိုင်သလော ဟု စဉ်းစားဆုံးဖြတ် ရမည်ဖြစ်သည်။  ယင်းသို့ မေးမြန်းဆုံးဖြတ်ကြောင်းကို အမှုတွဲတွင် ပေါ်လွင်အောင် တနည်းနည်းဖြင့် ဆောင်ရွက်သင့်သည်။  သို့မှသာလျှင် အယူခံရုံးတော်က သက်ရွယ်နုနယ်သူများကို သက်သေခံဥပဒေ ပုဒ်မ ၁၁၈ အရ သက်သေခံနိုင် လောက်သောသူများ ဟုတ်၊မဟုတ်ကို ချိန်ဆနိုင်မည် ဖြစ်သည်" ဟု လမ်းညွှန်ထုံးဖွဲ့ထားပါတယ်။

 မောင်ဖြူ နှင့် နိုင်ငံတော် (၁၉၆၅၊ မတစ (ရုံးချုပ်)၊ စာ-၃၇၈)တွင် __ "ကလေးသက်သေကို စစ်ဆေး လက်ခံခြင်းနှင့် ပတ်သက်၍ မှတ်သားရန်မှာ အမှုသည်ဆိုသည်မှာ တစ်မှုနှင့်တစ်မှု အကြောင်းခြင်းရာ အားဖြင့် ထပ်တူထပ်မျှ ပေါ်ထွက်ကြသည်မဟုတ်။  ဤအမှု၌ ကလေးသက်သေကို စစ်ဆေးသော တရားသူကြီးက ၎င်းက ကိုယ်တိုင်တွေ့မြင်ပြီးလျှင် မေးခွန်းများကို မေးကာ ၎င်းကလေးက နားလည်သည်၊ ရေရေလည်လည် ဖြေကြားနိုင်သည်ဟု မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။  ထို့ကြောင့် ၎င်းအား လက်ခံစစ်ဆေးခြင်းသည် တရားမျှတသည်ဟု ယူဆရမည်ဖြစ်သည်။" ဟူ၍ စီရင်ထုံးဖွဲ့ထားပါတယ်။

 မောင်ထွန်းမြင့် နှင့် နိုင်ငံတော် (၁၉၆၆၊ မတစ (ရုံးချုပ်)၊ စာ-၄၄၉)တွင်လည်း__ "သက်သေတစ်ဦးသည် အသက်ပင် ငယ်ရွယ်သော်လည်း အသိဥာဏ်နှင့် ပြည့်စုံပြီး အမှုတွင် ပေါ်ပေါက်လျက် ရှိနေသော ပြစ်မှုခြင်းရာများအရ လိမ်လည်ထွက်ဆိုရန် အကြောင်းမရှိက ၎င်း၏ ထွက်ဆို ချက်ကို လက်မခံနိုင်စရာ အကြောင်းမရှိ။  သို့ရာတွင် အသက်အရွယ် နုနယ်သည့် ကလေးသက်သေ များသည် မသမာသူတို့က လုပ်ကြံကာ သင်ကြားထားသည့်အတိုင်း ယုံလွယ်၊ မှတ်လွယ်ကြသောကြောင့် ယင်းသက်သေ ထွက်ချက်မျိုးကို သတိကြီးစွာဖြင့် လက်ခံရမည်။"ဟု ဖော်ပြထားတာကို တွေ့ရပါတယ်။

 (၁၂)နှစ်အောက် ကလေးသူငယ်သက်သေမှအပ အခြားကလေး သက်သေတွေကို စစ်ဆေးတဲ့ အခါမှာ လူကြီးသက်သေများလိုပဲ ကျမ်း၊ သို့မဟုတ် ကတိသစ္စာ ပြုစေပြီး သက်သေခံစေရပါတယ်။  ကလေးသက်သေ အချို့ကို ကျွန်တော် စစ်ဆေးဖူးပါတယ်။  ကျွန်တော် စစ်ခဲ့ဖူးသမျှ ကလေးသက်သေ အများစုဟာ ရိုးသားကြတယ်။ ပွင့်လင်းကြတယ်။ ရေရေလည်လည် သဘောပေါက်လွယ် ကြတယ်။  အချို့သော ကလေးတွေဟာ အဖြစ်မှန်ကို ရည်ရွယ်ထွက်ဆိုကြတဲ့ နေရာမှာ အမှန်ကို ထွက်ဆိုလင့်ကစား တစ်ဦးဦးက သိလိုလို့ စူးစမ်းမေးမြန်းတဲ့ အချို့သော ကိစ္စရပ်မျိုးတွေမှာ သူတို့ရဲ့ ထင်ရာမြင်ရာကို မှန်းဆပြီး လွယ်လင့်တကူ ပြောဆိုတတ်ကြ တာကိုလည်း ကျွန်တော် သတိထားမိ ခဲ့ပါတယ်။  ကလေးတိုင်းတော့ မဟုတ်ပါဘူး။  အများစုလို့ ပြောရင်တော့ ရပါတယ်။  ဒါ့အပြင် ကလေးသက်သေ အချို့ဟာ ရိုးရှင်းစွာနဲ့ အစီအစဉ်တကျ မေးမြန်းတဲ့ ပြန်လှန်မေးခွန်း တိုက်စစ်မျိုးကို ရေလည်သဘောပေါက်စွာ ဖြေဆိုနိုင်တာကို တွေ့ရတတ်သော်လည်း၊ တခါတရံ ကြားဖောက်ပြီး ဟိုရောက်၊ ဒီရောက် မေးမြန်းခဲ့ရင်တော့ စိတ်ပျက်အားလျော့သွား တတ်ကြပြီး ကြာကြာ မေးမြန်းနေတာနဲ့အမျှ စိတ်မပါတော့ဘဲ ခေါင်းညိမ့်၊ ခေါင်းခါ၊ ဟုတ်တယ်၊ မဟုတ်ဘူး၊ ဟိုငေး၊ ဒီငေးနဲ့ နေတတ်ကြတာ မျိုးကိုလည်း မြင်တွေ့ခဲ့ရဖူးပါတယ်။  ကလေးသက်သေတွေကို တစ်ဘက်ဘက်က စစ်ဆေး မေးမြန်းတဲ့အခါမှာ ကျယ်လောင်စွာ အော်ဟစ်မေးမြန်းခြင်း၊ ငေါက်ငမ်းမေးမြန်းခြင်း၊ သရော်သယောင် မေးမြန်းခြင်းတို့ကို တရားရုံးက အထူးထိန်းကျောင်း တားမြစ်သင့်ပါတယ်။  သူတို့လေးတွေရဲ့ ရိုးသားမှုတွေက အမှုမှန် ပေါ်ပေါက်စေဖို့အတွက် အားတစ်ရပ် ဖြစ်တယ်ဆိုတာကို သတိမူထား သင့်ပါတယ်။

* သူရူးသက်သေ
"""""""""""""""""""
 ရူးသွပ်တဲ့သက်သေနဲ့ ပတ်သက်လို့ သက်သေခံဥပဒေ ပုဒ်မ ၁၁၈ ရဲ့ ရှင်းလင်းချက်မှာ အောက်ပါအတိုင်း ပြဆိုထားပါတယ်။
"ရူးသွပ်သူတစ်ယောက်သည် မိမိအား မေးမြန်းသည့် မေးခွန်းများကို နားလည်နိုင်စွမ်း မရှိ၊ ဆင်ခြင်တိုင်းထွာ၍ ဖြေဆိုနိုင်စွမ်းလည်း မရှိလောက်အောင် ရူးသွပ်နေသည့် အခြေအနေမျိုး မဟုတ်လျှင် သက်သေခံနိုင်ခွင့် ရှိသည်။"
 ရူးသွပ်သောသူဟာ ၎င်း စိတ်ကောင်းဝင်နေချိန်မှာ မေးမြန်းတဲ့ မေးခွန်းများကို နားလည် သဘောပေါက်ပြီး ကျိုးကြောင်းဆီလျော်စွာ ဖြေဆိုနိုင်တဲ့ အခါမျိုးမှာ ၎င်းကို သက်သေအဖြစ် အစစ်ခံနိုင်ခွင့် ရှိကြောင်း ဒီပုဒ်မရဲ့ ရှင်းလင်းချက်မှာ ဖော်ပြထားခြင်း ဖြစ်ပါတယ်။  ဒီလို သူရူးသက်သေမျိုး အမှုမှာ ပါလာတယ် ဆိုရင်တော့ ရုံးအနေနဲ့ အထူးသတိထားကာ ချင့်ချိန်စိစစ်ပြီးမှသာ တင်ပြလာတဲ့ သူရူးသက်သေကို သက်သေအဖြစ် လက်ခံစစ်ဆေးရန် သင့်၊ မသင့်ကို စဉ်းစားဆုံးဖြတ်သင့်ပါတယ်။

* ဆွံ့အသက်သေ
""""""""""""""""""""
 သက်သေခံဥပဒေ ပုဒ်မ ၁၁၉ တွင် "စကားမပြောနိုင်သော သက်သေတစ်ဦးသည် စာရေးသား တင်ပြခြင်း၊ သို့မဟုတ် လက်ရိပ်ခြေရိပ်ပြခြင်း ကဲ့သို့ သူတစ်ပါး နားလည်နိုင်သော အခြားနည်း တစ်နည်းနည်းဖြင့် သက်သေ တင်ပြနိုင်သည်။  သို့ရာတွင် ထိုကဲ့သို့ စာရေးသား တင်ပြခြင်း၊ သို့မဟုတ် လက်ရိပ်လက်ခြေပြခြင်းကို တရားရုံးတွင် လူအများရှေ့၌ ပြုလုပ်ရမည်။  ထိုကဲ့သို့ တင်ပြသော သက်သေခံချက်ကို နှုတ်သက်သေခံချက်ဟု မှတ်ယူရမည်။" လို့ ပြဋ္ဌာန်းပါရှိတာကို တွေ့ရပါတယ်။
 ဒီအချက်ကို ဆရာ ဦးသက်ဖေက ဝေဖန်ထားတာကတော့ စကားမပြောနိုင်တဲ့ သက်သေဟာ စာတတ်သူဖြစ်မယ်ဆိုရင် စာရေးသား၍ သက်သေထွက်ဆိုစေခြင်းက အမူအရာ လက်ဟန်ခြေဟန်နဲ့ တင်ပြနေခြင်းထက် ပိုမို စိတ်ချရမှာဖြစ်ကြောင်း၊ စာမတတ်မှသာ အမူအရာ ပြသပြီး ထွက်ဆိုစေရမှာ ဖြစ်ကြောင်း၊ စကားမပြောနိုင်သော သက်သေဟာ သက်သေခံနိုင်သူလည်း ဖြစ်ရန်လိုမှာ ဖြစ်တဲ့အကြောင်း၊ ဒါပေမယ့် မေးခွန်းကို နားမလည်နိုင်သည့်၊ သို့မဟုတ် အကြောင်းအားလျော်စွာ ဖြေဆိုခြင်းမပြုနိုင်သည့် စကားမပြောနိုင်သူဟာ သက်သေခံခြင်း မပြုနိုင်ကြောင်း ဝေဖန်ပြထားတာကို လေ့လာမှတ်သားရပါတယ်။

* လင်မယားသက်သေ
"""""""""""""""""""""""""
 တရားမမှုများ အားလုံးမှာ အမှုသည် နှင့် အမှုသည်ရဲ့ ခင်ပွန်း (သို့မဟုတ်) ဇနီးဖြစ်သူဟာ သက်သေအဖြစ် အစစ်ခံနိုင်သူ ဖြစ်ကြောင်း၊  ရာဇ၀တ်မှုခင်းများမှာလည်း တရားစွဲဆိုခြင်း ခံရသူရဲ့ ခင်ပွန်း (သို့မဟုတ်) ဇနီးဖြစ်သူဟာ သက်သေအဖြစ် အစစ်ခံနိုင်သူ ဖြစ်ကြောင်း သက်သေခံဥပဒေ ပုဒ်မ ၁၂၀ မှာ ပြဋ္ဌာန်းထားပါတယ်။
 သက်သေခံဥပဒေ ပုဒ်မ ၁၂၂ မှာ လင်ယောကျာ်းနှင့် မယားဖြစ်သူတို့ဟာ ၎င်းတို့ လက်ထပ်ထိမ်းမြား ပေါင်းသင်း နေစဉ်အတွင်း တစ်ဦးက တစ်ဦးကို ပြောဆိုတဲ့စကားတွေကို အမှုမှာ သက်သေခံ တင်ပြခွင့်မရှိပါဘူး။  ခြွင်းချက်အားဖြင့်တော့__ ပြောကြားသူ (သို့မဟုတ်) ၎င်း၏အကျိုးကို ဆက်ခံသူက သဘောတူလျှင်ဖြစ်စေ၊ လင်မယားချင်း ဖြစ်ပွားသော တရားမမှုမှာ ဖြစ်စေ၊ တစ်ဦးက တစ်ဦး အပေါ် စွဲဆိုတဲ့ ရာဇ၀တ်မှုမှာ ဖြစ်စေ ပြောဆိုတဲ့စကား တွေကိုတော့ သက်သေခံတင်ပြခွင့် ရှိတယ်လို့ ပါရှိပါတယ်။

* ဆွေမျိုးသက်သေ
"""""""""""""""""""""
 မောင်ချစ်လှ ပါ-၆ နှင့် နိုင်ငံတော် (၁၉၆၆၊ မတစ (ရုံးချုပ်)၊ စာ-၉၇၈)၌__  "ရာဇ၀တ်မှုများတွင်သက်သေများသည် စွပ်စွဲသူနှင့် ဆွေမျိုးတော်စပ်သည့် အကြောင်းကြောင့် သက်သေတို့၏ ထွက်ချက်ကို လက်မခံရ ဆိုသော တားမြစ်သည့် ဥပဒေ မရှိချေ။  သက်သေတစ်ဦးဦးအား ယုံကြည်သင့်၊မသင့် ဆိုသော ပြဿနာနှင့် ပတ်သက်၍ ထိုသက်သေသည် အမှုဖြစ်ပွားပုံကို တွေ့မြင်နိုင်ရန် အကြောင်းရှိ၊မရှိ၊  ကွယ်ထောင့် လိမ်လည်၍ ထွက်ဆိုရန် အကြောင်းရှိ၊မရှိ၊  ၎င်း၏ထွက်ချက်သည် အမှုဖြစ်အကြောင်း ခြင်းရာများနှင့် ဆီလျော်အပ်စပ်ခြင်း ရှိ၊မရှိ ဆိုသည့် အချက်အလက်များအပေါ် မူတည်၍ အဆုံးအဖြတ် ပြုရမည် ဖြစ်သည်"ဟု စီရင်ထုံးဖွဲ့ထားတာကိုလည်း လေ့လာမှတ်သားသင့်ပါတယ်။
 "ပြစ်မှုဆိုင်ရာအမှုများနှင့်ပတ်သက်၍ သက်သေခံဥပဒေတွင် သက်သေများသည် တရားလိုနှင့်ဆွေမျိုး တော်စပ်သည့် အကြောင်းကြောင့် ယင်းသက်သေများ၏ထွက်ချက်ကို လက်မခံရ ဟု  တားမြစ်ထားသော ပြဌာန်းချက်မရှိချေ။"
မောင်စံလွင်(ခ)နသီး နှင့်  ဆိုရှယ်လစ် (၁၉၇၈ ၊ မတစ၊ စာ- ၂၄)

* ကြုံကြိုက်သက်သေ
"""""""""""""""""""""""""
  ဦးလှထွန်း နှင့် ဦးထီ (၁၉၆၆၊ မတစ (ရုံးချုပ်)၊ စာ-၁၅၉၉) စီရင်ထုံးမှာ__ "ကြုံကြိုက်သက်သေများ (Chance Witness) တို့၏ ထွက်ချက်များကို သတိနှင့် လက်ခံရမည်ဖြစ်သည်။  ကြုံကြိုက်သက်သေတိုင်း မမှန်သက်သေ ဖြစ်သည်ဟု မဆိုနိုင်သော်လည်း ထိုသက်သေမျိုးကို အလွယ်တကူနှင့် ပြနိုင်သည့် အလျောက် ခြွင်းချက်မရှိ လက်ခံခြင်း မပြုနိုင်ပေ" ဟူ၍လည်း မှတ်သားဖွယ် စီရင်ဆုံးဖြတ်ထားတာကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
(ထပ်မံမှတ်သားဖွယ် စီရင်ထုံး)
"အခြားထောက်ခံသက်သေမရှိဘဲ ကြုံကြိုက်သက်သေ၏ သက်သေခံချက်ကို မယုံကြည်ထိုက်ပေ။"
 ဦးအောင်စိန် နှင့် ဦးခင်ဆင့် (၁၉၇၈ ၊ မတစ၊ စာ - ၁၂၇)

 အထက်မှာ အမျိုးမျိုးသော သက်သေများရဲ့အကြောင်းကို မျှဝေတင်ပြခဲ့ပြီး ပါပြီ။  ရိုးသားတဲ့ သက်သေ ဟုတ်၊မဟုတ် ဆိုတာကို သက်သေရဲ့ အပြောအဆို၊ အမူအရာ၊ ဥပဓိ၊  အရိပ်အကဲ စတာတွေကိုကြည့်ပြီး အကဲဖြတ်နိုင်တာမျိုးလည်း ရှိပါတယ်။ တရားရုံး ရှေ့မှောက်မှာ အချို့သော သက်သေတွေဟာ အဖြစ်မှန်အတိုင်း တစ်ခွန်းမကျန် ပြောပြထွက်ဆိုတတ် ကြသလို၊ အချို့ကလည်း အမှန်နှင့် အမှားကို ရောထွေး တင်ပြထွက်ဆို ကြတာမျိုးလည်း ရှိပါတယ်။  သက်သေတွေဟာ အမှတ်တမဲ့ဖြစ်ခြင်း၊ သတိမေ့ခြင်း၊ မှတ်ဥာဏ် ချွတ်ချော်ခြင်း၊ ကာလကြာညောင်းခြင်း အကြောင်းရင်း တစ်ခုခုကြောင့် အလွဲအမှား တင်ပြထွက်ဆိုတတ် ကြတာမျိုး ရှိသလို၊ ထင်မြင်ချက်တွေနဲ့ ရော်ရမ်းမှန်းဆပြီး ထွက်ဆိုတတ်ကြ တာမျိုးလည်း ရှိတတ်ပြန်ပါတယ်။  အချို့သော သက်သေများ ကျပြန်တော့ တစ်ဦးတစ်ယောက်ရဲ့ သင်ကြားလမ်းညွှန်မှု ကြောင့် မှန်တာထက် ပို၍သော်လည်းကောင်း၊ လျော့ပေါ့၍ သော်လည်းကောင်း ထွက်ဆိုတာမျိုးလည်း ရှိတတ်တာမို့ သက်သေများကို စစ်ဆေးနေစဉ်မှာ အမှုစစ်ဆေးသူ၊ စီရင်ဆုံးဖြတ်ရသူ များအားလုံးက အထူးသတိ ၀ီရိယထား စစ်ဆေး၊ စီရင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

 အချိန်ကြာမြင့်သော်လည်း အသေးစိတ် အချက်အလက်များကို အတိအကျ ဖော်ထုတ်ပြောဆိုတဲ့ သက်သေမျိုးကို သတိပြုသင့်ပါတယ်။  သင်ထား ကျက်ထားလို့များ ဒီလောက် တိကျနေရတာလားလို့ ချင့်ချိန်စဉ်းစား သင့်ပါတယ်။ အချို့အချက်တွေကို မမှတ်မိတော့ပါဘူးလို့ ပြောတဲ့သက်သေနဲ့ မှားပြီး ပြောတဲ့ သက်သေတွေကို လုံးဝ တန်ဖိုးမရှိတဲ့သက်သေလို့တော့ တရားသေ ပြောလို့မရပါဘူး။  တရားရုံးမှာ သက်သေခံတဲ့အခါမှာ လူ့သဘာဝအရ မိမိရဲ့အမှုသည်အတွက် အကျိုးရှိမယ့် အချက်တွေကို ချဲ့ထွင်ပြောကြ တာမျိုးတွေ ရှိတတ်ပါတယ်။  ထိခိုက်မယ့်အချက် ကျပြန်တော့ လျော့လျော့ပေါ့ပေါ့ ထွက်ဆို တတ်ကြတာမျိုး တွေလည်း ရှိပါတယ်။  အထူးချင့်ချိန်စဉ်းစားကြရမှာ ဖြစ်ပါတယ်

 ဆရာ ဦးဗကြိုင် လမ်းညွှန်ပြခဲ့တာကတော့ သက်သေတစ်ဦးရဲ့ အမူအရာ၊ ပြန်လှန်မေးခွန်းအပေါ် သက်သေရဲ့ ဖြေကြားပုံ၊ သက်သေရဲ့ အခြား စာရွက်စာတမ်းများ၊ (သို့မဟုတ်) အငြင်းပွားချက် မရှိတဲ့ အကြောင်းအချက်များနဲ့ ညီညွတ်ပုံ (သို့မဟုတ်) ကွဲလွဲပုံ၊ သက်သေရဲ့ အဖြေဟာ သဘာဝယုတ္တိ ရှိ မရှိ၊ ဖြစ်တန်ရာသည်၊ ဟုတ်မှန်ရာသည် (သို့မဟုတ်) ဖြစ်နိုင်၊ မဖြစ်နိုင်၊ အခြားသက်သေခံချက်များနဲ့ စပ်ဟပ် ညီညွတ်မှု ရှိ၊မရှိ၊ ရှေ့နောက်ညီညွတ်မှု ရှိ၊မရှိ စတဲ့ အချက်အလက်တွေကို သေချာစွာ အစွဲအလမ်း မထားဘဲ၊ ယထာဘူတာကျကျ ဆင်ခြင်သုံးသပ် ချင့်ချိန်ပြီး သက်သေတစ်ဦးကို မည်မျှအထိ မည်သည့် သက်သေခံချက်နှင့် စပ်လျဉ်း၍ ယုံကြည်သင့်တယ် ဆိုတာကို ဆုံးဖြတ်ရမယ်လို့ လမ်းညွှန်ခဲ့တာကို မှတ်သားထားသင့်ပါတယ်။

လွှမ်းမိုးအောင် (တရားရေး)


31-12-2014   1:41 am.

Sunday, December 28, 2014

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အချက် ၃၀။ 


အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အချက် ၃၀။ 



အပိုဒ် ၁

လူတိုင်းသည်တူညီလွတ်လပ်သောဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများ ဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ် သောဥာဏ်နှင့် ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်းမေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်သည်။


အပိုဒ် ၂

လူတိုင်းသည် လူ့အခွင့်အရေးကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေး အားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား၊ မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံ ရေးယူဆချက် သို့တည်းမဟုတ် အခြားယူဆချက် အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော သို့တည်းမဟုတ် လူ နေမှုအဆင့်အတန်းနှင့်ဆိုင်သောဇစ်မြစ်အားဖြင့် ဖြစ်စေ၊ ပစ်္စည်းဥစ္စာဂုဏ်အားဖြင့်ဖြစစေ၊ အခြားအဆင့် အတန်းအားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။ ထို့ပြင် လူတစ်ဦးတစ်ယောက်နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေး ဆိုင်ရာဖြစ်စေ၊ စီရင်ပိုင်ခွင့်ဆိုင်ရာဖြစ်စေ၊ တိုင်းပြည်အချင်းချင်းဆိုင်ရာဖြစ်စေ၊ အဆင့်အတန်း တစ်ခုခုကို အခြေပြု ၍သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နယ်မြေ သို့ တည်းမဟုတ် ကုလသမဂ္ဂမှထိန်းသိမ်စောင့်ရှောက်ထားရသည့်နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်အာဏာတို့ကို တစိတ်တဒေသလောက်သာရရှိသည့်နယ်မြေ စသည်ဖြင့် ယင်းသို့သော နယ်မြေများ ဖြစ်သည်၊ မဖြစ်သည်ဟူသောအကြောင်းကိုအထောက်အထား ပြု၍သော်လည်းကောင်း ခွဲခြားခြင်းလုံးဝ မရှိစေရ။ 


အပိုဒ် ၃

လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။ 


အပိုဒ် ၎

မည်သူ့ကိုမျှ ကျေးကျွန်အဖြစ် သို့တည်းမဟုတ် အစေအပါးအဖြစ် နိုင်ထက်စီးနင်း ခိုင်းစေခြင်း မပြုရ၊ လူ ကို ကျွန်သဖွယ် အဓမ္မခိုင်းစေခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင်တားမြစ်ရမည်။ 


အပိုဒ် ၅

မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှုမပြုရ။ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရ။ 


အပိုဒ် ၆

လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ်္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ် ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။ 


အပိုဒ် ၇

လူအားလုံးတို့သည် ဥပဒေအရာ၌တူညီကြသည့်အပြင်၊ ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်းမခံရစေပဲ တူညီစွာခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရား များကိုဖီဆန်၍ ခွဲခြားခြင်းမှလည်း ကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှလည်းကောင်း ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာခံစားပိုင်ခွင့်ရှိသည်။ 


အပိုဒ် ၈

ဖွဲ့စည်းပုံအခြေခံဥပဒေကသော်လည်းကောင်၊ အခြားဥပဒေကသော်လည်းကောင်း လူတိုင်းအတွက်ပေး ထားသည့် အခြေခံအခွင့်အရေးများသည် ချိုးဖောက်ခံခဲ့ရလျှင် ထိုသို့ချိုးဖောက် ဖျက်ဆီးသောပြုလုပ်မှုကြောင့်ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာခွင့်ရနိုင်စေရမည်။ 


အပိုဒ် ၉

မည်သူမျှ ဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။ 


အပိုဒ် ၁၀

အခွင့်အရေးများနှင့် တာဝန်ဝတ်္တရားများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲ ဆိုစီရင်ဆုံးဖြတ်ခံရာတွင်လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ဘက်မလိုက် သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာကြားနာစစ်ဆေးခြင်းကို တူညီစွာခံစား ပိုင်ခွင့်ရှိသည်။ 


အပိုဒ် ၁၁

(၁) လူအများရှေ့မှောက်၌ ဥပဒေအတိုင်းစစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရ သည့်အချိန်အထိ ပြစ်မှုနှင့်တရားစွဲဆိုခြင်းခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့် အရေးရှိသည်။ ထိုအမှုကိုကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ် သောအခွင့်အရေးများကို ထိုသူအားပေးပြီးဖြစ်စေရမည်။
(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရဖြစ်စေ၊ ပြစ်မှု မမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုအပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန် စဉ်အခါက ထိုက်သင့်စေနိုင်သောအပြစ်ဒဏ်ထက်ပိုမိုကြီးမားသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။ 



အပိုဒ် ၁၂

မည်သူမျှမိမိသဘောအတိုင်းအေးချမ်းလွတ်လပ်စွာနေထိုင်ခြင်းကိုသော်လည်း ကောင်း၊ မိမိ၏မိသားစုကို သော်လည်းကောင်း၊ မိမိ၏နေအိမ်အသိုက်အ၀န်းကိုသော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်း ကောင်း၊ ဥပဒေအရမဟုတ်သော ၀င်ရောက်စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ဂုဏ်သိက်္ခာကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်းမခံစေရ။ လူတိုင်းတွင်ထိုသို့ဝင်ရောက် စွက်ဖက်ခြင်းမှသော်လည်း ကောင်း၊ ပုတ်ခတ်ခြင်းမှသော်လည်းကောင်း ဥပဒေအရကာကွယ်ပိုင်ခွင့်ရှိသည်။ 


အပိုဒ် ၁၃

(၁) လူတိုင်းတွင် မိမိနိုင်ငံနယ်နိမိတ်အတွင်း၍လွတ်လပ်စွာသွားလာရွှေ့ပြောင်းနိုင်ခွင့်၊ နေထိုင်ခွင့်ရှိ သည်။
(၂) လူတိုင်းတွင် မိမိနေထိုင်ရာတိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှ လည်းကောင်း ထွက်ခွာ သွားပိုင်ခွင့်ရှိသည့်အပြင် မိမိတိုင်းပြည်သို့ပြန်လာပိုင်ခွင့်လည်းရှိသည်။ 



အပိုဒ် ၁၄

(၁) လူတိုင်းညှင်းပန်းနှိပ်စက်ခံနေရခြင်းမှလွတ်ကင်းရန် အခြားတိုင်းပြည်များ၌ အေးချမ်းစွာခိုလှုံနေ နိုင်ခွင့်ရှိသည်။
(၂) နိုင်ငံရေးနှင့်မပတ်သက်သည့် ပြစ်မှုများမှသော်လည်းကောင်း၊ ကုလသမဂ်္ဂ၏ ရည်ရွယ်ချက်နှင့် သ ဘောတရားမူများကိုဖီဆန်သော အမှုများမှသော်လည်းကောင်း၊အမှန်ပေါ်ပေါက် လာသောပြစ်မှုကြောင့် တရားစွဲဆိုခြင်းခံရသည့် အမှုအခင်းများတွင် အထက်ပါအခွင့်အရေးကို အသုံးမပြုနိုင်စေရ။



အပိုဒ် ၁၅

(၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
(၂) ဥပဒေအရမဟုတ်လျှင် မည်သူုမျှ မိမိ၏နိုင်ငံသားအဖြစ်ကိုစွန့်လွှတ်ခြင်းမခံစေရ။ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။



အပိုဒ် ၁၆

(၁) အရွယ်ရောက်ပြီးသော ယောက်ျားနှင့်မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ် ကိုသော်လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာကိုသော်လည်းကောင်း အကြောင်းပြု၍ ကန့်သတ်ခြင်းမရှိ ဘဲ ထိမ်မြားနိုင်ခွင့်နှင့် မိသားစုထူထောင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့်မိန်းမတို့သည် လင်မယားအဖြစ်ပေါင်းသင်းနေစဉ်အချိန်အတွင်း၌သော်လည်းကောင်း၊ အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌သော်လည်းကောင်း၊ လက်ထပ်ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်းသော တူညီသည့်အခွင့်အရေးများကို ရရှိထိုက်သည်။
(၂) သတို့သားနှင့်သတို့သမီး နှစ်ဦးနှစ်ဖက်၏ လွတ်လပ်သောသဘောဆန်္ဒရှိ မှသာလျှင် လက်ထပ် ထိမ်းမြားခြင်းကိုပြုရမည်။
(၃) မိသားစုတခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တရပ်ဖြစ်သည်။ ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကိုခံယူခွင့်ရှိသည်။ 



အပိုဒ် ၁၇

လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့်ဖက်စပ်၍ သော်လည်းကောင်း၊ ပစ်္စည်းဥစ္စာတို့ကိုပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။ ဥပဒေအရမဟုတ်လျှင်မည်သူမျှ မိမိ၏ပစ်္စည်းဥစ်္စာပိုင်ဆိုင် ခွင့်ကို စွန့်လွှတ်ခြင်းမခံစေရ။ 


အပိုဒ် ၁၈

လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာသက်ဝင်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာပြောင်းလဲနိုင်ခွင့်ပါဝင်သည့် အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊ အခြားသူများနှင့်စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများရှေ့မှောက် တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင်မဟုတ် ဘဲသော်လည်းကောင်း၊ မိမိကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ် လပ်စွာသင်ပြနိုင်ခွင့်၊ ၀တ်ပြုကိုးကွယ် နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။ 


အပိုဒ် ၁၉

လူတိုင်းသည် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟပြောပြနိုင်ခွင့် ရှိသည်။ အဆိုပါအ ခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင်၊ နိုင်ငံနယ် နိမိတ်များကိုထောက်ထားရန်မလိုဘဲသတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။ 


အပိုဒ် ၂၀

(၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာစုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။
(၂) မည်သူ့ကိုမျှ အဖွဲ့အစည်းတစ်ခုသို့ဝင်စေရန် အတင်းအကျပမပြုရ။ 



အပိုဒ် ၂၁

(၁) လူတိုင်းတွင် မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ် လိုက်သည့်ကိုယ်စား လှယ်များမှတစ်ဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိနိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌၀င်ရောက်နိုင်ရန် တူညီသည့် အခွင့်အရေးရှိသည်။
(၃) ပြည်သူပြည်သားတို့၏ဆန်္ဒသည် အုပ်ချုပ်ရေးအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါဆန္ဒကို အ ချိန်ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေးကောက်ပွဲများတွင် လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးပိုင်ခွင့်ရှိရမည့်အပြင်၊ ထိုရွေးကောက်ပွဲ များကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ဖြစ်စေ၊ အလားတူလွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။ 



အပိုဒ် ၂၂

လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့်ရယူ ပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံ ရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း ထိုသူ၏ ဂုဏ်သိက်္ခာနှင့်စရိုက်လက်္ခဏာ လွတ်လပ် စွာတိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေး များကို သုံးစွဲပိုင်ခွင့်ရှိသည်။ 


အပိုဒ် ၂၃

(၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ်အကိုင်ကို လွတ် လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍လုပ်ပျော်သောအလုပ်ခွင်၏ အခြေအနေကိုရရှိရန်လည်း ကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း အခွင့်အရေးရှိသည်။
(၂) လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ တူညီသောအလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့် ရှိသည်။
(၃) အလုပ်လုပ်ကိုင်သည့်လူတိုင်းတွင် မိမိနှင့် မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာ နှင့်ညီအောင် နေ ထိုင်စားသောက်နိုင်ရန် စိတ်ချလောက်သည့်အပြင် တရားမျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့် ရှိသည်။ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှလူမှုရေးအထောက်အပံ့ ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။
(၄) လူတိုင်းအတွက် မိမိအကျိုးခံစားခွင့်ကိုကာကွယ်ရန် အလုပ်သမားအစည်းအရုံး များဖွဲ့စည်းခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် ရှိသည်။ 



အပိုဒ် ၂၄

လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန်အပြင် လစာနှင့်တကွ အခါအား လျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့်ကို ခံစားပိုင်ခွင့်ရှိသည်။ 


အပိုဒ် ၂၅

(၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေ ထိုင်နိုင်ရေးအတွက် အစာအဟာရ၊ အ၀တ်အထည်၊ နေအိမ်၊ ဆေးဝါး အကူအညီ နှင့် လိုအပ်သည့် လူမှု အထောက်အပံ့များပါဝင်သော သင့်တော်လျှောက်ပတ်သည့်လူမှုအဆင့် အတန်းကို ရယူခံစားခွင့်ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သောအခါ၌ သော်လည်းကောင်း၊ မကျန်းမမာဖြစ်သောအခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်းမသန်ဖြစ်သောအခါ၌ သော်လည်းကောင်း၊ မုဆိုးမဖြစ်သောအခါ၌ သော်လည်းကောင်း၊ အသက်အရွယ်အိုမင်းသော အခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ၀မ်းစာရှာမှီး နိုင်သော နည်းလမ်းမရှိသောအခါ၌ သော်လည်းကောင်း နေထိုင်စား သောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။
(၂) သားသည်မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီ ပေးခြင်းကို ရ ခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေမွေးဖွားသော ကလေးအားလုံး သည် တူညီသောလူမှုကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။ 



အပိုဒ် ၂၆

(၁) လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့်အခြေခံ အဆင့်အတန်းများ တွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရပညာရေးဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှုပညာများကို ယေဘုယျ အားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကိုအခြေခံပြု၍ တူညီသောအခွင့်အရေး ရရှိစေရမည်။
(၂) ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာအပြည့်အ၀တိုးတက်မှု အပြင်၊ လူ့အခွင့်အရေး နှင့် အခြေခံလွတ်လပ်ခွင့်၊ ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာ စေရန်ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည်နိုင်ငံအားလုံးတို့တွင်လည်းကောင်း၊ လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေး အသင်းအဖွဲ့များတွင်လည်းကောင်း၊ အချင်းချင်း နားလည်မှု၊ သည်းခံမှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရ မည်။ ထို့ပြင် ငြိမ်းချမ်းရေးတည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှါ ကုလသမဂ်္ဂ၏ဆောင်ရွက်မှုများကို လည်း ဖြစ်မြောက်အောင်အားပေးရမည်။
(၃) မိဘတို့တွင် မိမိတို့၏ကလေးများသင်ယူရမည့် ပညာအမျိုးအစားကို ရွေးချယ် နိုင်သော လက်ဦးအခွင့်အရေးရှိသည်။ 



အပိုဒ် ၂၇

(၁) လူတိုင်းတွင် သက်ဆိုင်ရာယဉ်ကျေးမှုလောက၌ လွတ်လပ်စွာပါဝင်ဆောင်ရွက် နိုင်ခွင့် သုခုမပညာ ရပ်များကို လွတ်လပ်စွာ လိုက်စားမွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာထွန်းကားရေး လုပ်ငန်းများတွင် လွတ်လပ် စွာဝင်ရောက်လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏အကျိုးအာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိ သည်။ (၂) လူတိုင်းတွင် သိပ်္ပံမှဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှဖြစ်စေ မိမိကိုယ်ပိုင် ဥာဏ်ဖြင့် ကြံစည် ဖန်တီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ငွေကြေးအကျိုးအမြတ်များကို ခံစားရယူ နိုင်ရန်အခွင့်အရေးအတွက် ကာကွယ်မှုကိုရရှိရန် အခွင့်အရေးရှိသည်။ 


အပိုဒ် ၂၈

လူတိုင်းသည် ဤကြေညာစာတမ်းတွင်ဖော်ပြထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့် အစုံရယူနိုင်သော လူမှုဆက်ဆံရေးအခြေအနေနှင့် အပြည်ပြည် ဆိုင်ရာဆက်ဆံရေးအခြေအနေတို့၏ အ ကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။ 


အပိုဒ် ၂၉

(၁) မိမိ၏စရိုက်လက်္ခဏာ လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုင်းအ၀န်း အတွက် လူတိုင်း၌တာဝန်ရှိသည်။
(၂) မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုသုံးစွဲရာတွင် လူတိုင်းသည် အခြား သူများ၏ အခွင့် အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားရန်အလို့ငှာ လည်းကောင်း၊ ဒီမိုကရေ စီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင်ရ ပ်ရွာ အေးချမ်းသာယာရေးနှင့် ပြည်သူ့အ ကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန် အလို့ငှာလည်းကောင်း ဥပဒေကပြဌာန်း ထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
(၃) အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ်္စတွင်မျှ ကုလသမဂ္ဂ၏ရည် ရွယ်များနှင့်လည်းကောင်း၊ အခြေခံမူများနှင့်လည်းကောင်း ဆန့်ကျင်၍မသုံးစွဲရ။ 



အပိုဒ် ၃၀

ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ၊ပျက်စီးရာ ပျက်စီးကြောင်းတို့ကို ရည်ရွယ် ၍ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော် လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန်အခွင့်ရှိသည်ဟုသော် လည်းကောင်း အဓိပ္ပါယ်ပိုင်းခြားကောက်ယူခြင်း မရှိစေရ။        ။


(သုတေသနသရုပ်ပြအဘိဓာန်)

Saturday, December 27, 2014

ဥပဒေကြမ်းများ ဥပဒေဖြစ်လာခြင်း


ဥပဒေကြမ်းများ ဥပဒေဖြစ်လာခြင်း


ကိုဖြူ ။ ။ “ဥပဒေ” ကို ဘယ်အဖွဲ့အစည်းတွေက ပြုလုပ်သလဲဆရာ။
ယူတီကေ ။ ။ “ဥပဒေ”ကို ဥပဒေပြုခွင့်အာဏာရှိတဲ့သူ၊ အာဏာရရှိထားတဲ့အဖွဲ့အစည်းက ပြုလုပ်ပါတယ်။ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းက ဥပဒေပြုခွင့်အာဏာရရှိထားတယ်၊ ရယူထားတယ်ဆိုတာ ကတော့ အဲဒီလူ့အဖွဲကအစည်း၊ နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရှိ/မရှိ ကြည့်ရပါတယ်။ မရှိရင် ဘယ်သူ၊ ဘယ်အဖွဲ့စည်းက ကိုင်တွယ်ကျင့်သုံးနေသလဲဆိုတဲ့ အပေါ်တည်ပြီး ဥပဒေ ဆိုတာတွေ ပေါ်ပေါက်လာပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိတယ်ဆိုရင်တော့ ဘယ်အဖွဲ့ အစည်းကို ဥပဒေပြုအာဏာအပ်နှင်းထားတယ်ဆိုတဲ့ အချက်ပါလေ့ရှိပါတယ်။

တရားဝင်လင်မယား ဟုတ်၊ မဟုတ်


တရားဝင်လင်မယား ဟုတ်၊ မဟုတ်


ယောက်ျားတစ်ယောက် နှင့် မိန်းမတစ်ယောက် သည်
တရားဝင်လင်မယား ဟုတ်မဟုတ်ဆိုသော အချက်ကို
၎င်းတို့၏ အပြုအမှု နှင့် ကျော်ဇောသတင်းကို အခြေပြု၍
ဆုံးဖြတ်ရမည်။

အပြုအမှုနှင့် ကျော်ဇောသတင်းကို အောက်ပါအချက်(၁၀)
ချက် (အားလုံးမလို) ဖြင့် စိစစ်သည်-

၁။ ယောက်ျာဖြစ်စေ၊ မိန်းမဖြစ်စေ တဦးဦး/နှစ်ဦးလုံးက
၎င်းတို့သည် လင်မယားဟုတ်မဟုတ် ဆိုသည်ကို
ဖွင့်ဟပြောဆိုဘူးသလား။

၂။ ၄င်းတို့ အတူနေထိုင်သလား။

၃။ အခြားသူများက လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး
သော်လည်းကောင်း သာမန်လင်မယားတို့ ကဲ့သို့
ပြုမှု ဆက်ဆံ သလား။

၎။ ၄င်းတို့သည် ဆွေမျိုး၊မိတ်ဆွေများထံ အတူတကွ
သွားလာ လည်ပတ်သလား။

၅။ ၄င်းတို့သည် ဘုရားကျောင်းကန်သို့ အတူသွားလာ
အလှူ အတူပြုသလား။

၆။ ယောက်ျားအား လည်းကောင်း မိန်းမအား လည်းကောင်း
တဘက်ဆွေမျိုးများက မည်ကဲသို့ဆက်ဆံသနည်း။

၇။ မိန်းမနှင့် ၄င်းမိဘများ၏ အဆင့်အတန်း နှင့် အကျင့်စာရိတ္တ။

၈။ ၄င်းတို့ ဆက်ဆံပုံမှာ တရားဥပဒေ နှင့် ဆန့်ကျင်ပြီး
တိတ်တိတ်ပုန်းဆက်ဆံသည်ဟု ဆွေမျိုးမိတ်ဆွေ တို့က
ထင်မှတ်ရန် အကြောင်းရှိသလား။

၉။ ပစ္စည်းခန်းတွင် နှစ်ဦးအတူ ဆက်ဆံသလား။

၁၀။ တစ်ဦးသေဆုံးသောအခါ အသုဘ၌ ကျန်တစ်ဦး၏ အပြုအမှု။


Ref: မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊


A selection of leading cases on Buddhist law 1919 p, 35




Thu Wun မှ ထပ်​ဆင့်​မျှ​ဝေပါသည်​။


အခြားမြို့နယ်ရဲစခန်းမှ တရားခံတစ်ဦးအား ဖမ်းဆီးရန်အကြောင်းကြားစာကို လက်ခံရရှိသော ရဲစခန်း၏ဆောင်ရွက်ရန်လုပ်ထုံး။


အခြားမြို့နယ်ရဲစခန်းမှ တရားခံတစ်ဦးအား ဖမ်းဆီးရန်အကြောင်းကြားစာကို လက်ခံရရှိသော ရဲစခန်း၏ဆောင်ရွက်ရန်လုပ်ထုံး။



ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၅၄(န၀မအချက်) အရ ရဲအရာရှိသည့် 
အခြားရဲအရာရှိထံမှ ဖမ်းဆီးပေးရန်စာအရ ဖမ်းဆီးခံရမည့်သူတစ်ဦးကို ၀ရမ်းမပါဘဲ ဖမ်းဆီးနိုင်ပါသည်။

သို့ရာတွင် ယင်းပုဒ်မ ၏ ခြွင်းချက်အရ ယင်းတောင်းဆိုချက်တွင် ဖမ်းဆီးပေးရမည့် သူကို တိတိကျကျဖော်ပြထားရမည်။ ထို့ပြင် ၄င်းအား မည်သည့်ပြစ်မှုအရ ဖမ်းဆီးရမည်။ သို့မဟုတ် အခြားမည်သည့်အကြောင်းကြောင့် ဖမ်းဆီးရမည်ဟုဖော်ပြရမည့်အပြင် ဖမ်းဆီးပေးရန်တောင်းဆိုသည့်အရာရှိအနေဖြင့် ထိုသူကို ၀ရမ်းမပါဘဲ ဥပဒေ နှင့်အညီ ဖမ်းဆီးခွင့်ရှိကြောင်းပေါ်လွင်စေရမည်။

------

ရဲလက်စွဲ (၂၀၀၀ပြည့်နှစ်ထုတ်) အပိုဒ် - ၁၆၆၈ အရလည်း

မိမိရဲစခန်းပိုင်နယ်မြေအတွင်းနေထိုင်သူတစ်ဦးအား ရဲအရေးယူပိုင်မှုကျူးလွန်၍ ဖမ်းဆီးပေးရန် အခြားရဲစခန်း သို့မဟုတ် တရားသူကြီးတစ်ဦးဦးက ကြေးနန်းစာဖြင့် အကြောင်းကြားလာလျှင်၊ ထိုအကြောင်းကြားစာတွင် စွပ်စွဲသည့်ပြစ်မှု နှင့် ဖမ်းဆီးရန်အကြောင်းအရာများ လုံလောက်စွာပါရှိရေးမှာ ကြေးနန်းပို့သူ၏ တာဝန်သာဖြစ်သည်။

------

ရဲလက်စွဲ (၂၀၀၀ပြည့်နှစ်ထုတ်) အပိုဒ် - ၁၇၄၀ ၊ မှတ်ချက်အရ 

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၉၆ အရ အာမခံပေးခွင့်ရသည့်ပြစ်မှုနှင့် စွပ်စွဲခံရသူက

မည်သည့် အမှုစစ်ရဲအရာရှိထံမဆို "အာမခံပေးသည့်အခါ" ထိုသူကို အာမခံနှင့် 

လွှတ်ရမည်။ (ပုဒ်မ - ၆၀)

------

ရဲလက်စွဲ (၂၀၀၀ပြည့်နှစ်ထုတ်)အပိုဒ်- ၁၇၈၅ တွင် 

အာမခံပေးခွင့်ရသည့် အမှုများတွင် အာမခံမှာ အခွင့်အရေး အလျောက်ရထိုက်သည်ဖြစ်သည်။ 

အာမခံပေးသူ အရာရှိက ကြည့်ရှုစောင်မလိုသောသဘောရှိမှ ရထိုက်သည်မဟုတ်ချေ။ 

အချုပ်ထောင်တွင်ချုပ်ထားရန် မူလဆိုလိုရင်းမဟုတ်၍ အာမခံမပေးနိုင်မှချုပ်ထားရန်ဖြစ်သည်။

----

မည်သူ့ကိုမဆို ဖမ်းဆီးခြင်းမပြုပဲ အချုပ်တွင် ချုပ်နှောင်ထားခွင့်မရှိ။ ထိုသို့ ချုပ်ထားခြင်းသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၄၀ အရ မတရားချုပ်နှောင်မှု မြောက်သည်။ 

ဖမ်းဆီးရန် ၀ရမ်းမပါဘဲ ဖမ်းဆီးခံရသူကို အကြောင်းမဲ့ကြန့်ကြာခြင်းမရှိဘဲ ရဲစခန်းမှူး ထံပို့ရန်မှာ ဖမ်းဆီးသော ရဲအရာရှိ၏ တာဝန်ဝတ္တရားဖြစ်သည်။

ဦးချစ်မောင်၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေဋီကာ - စာ-၁၃၅

--

ရဲလက်စွဲ (၂၀၀၀ပြည့်နှစ်ထုတ်) အပိုဒ် - ၁၇၃၁ အရ

ပြစ်မှုကျူးလွန်ရာခရိုင်မှတပါး အခြားခရိုင်တွင် ၄င်းတရားခံကို ဖမ်းဆီးရမိသည့်အခါ လိုက်နာဆောင်ရွက်ရန်နည်းလမ်းမှာ တရားခံကို အာမခံနှင့် မလွှတ်လျှင် ဖမ်းဆီးရမိရာ ဒေသရှိ စီရင်ပိုင်ခွင့်အာဏာရ တရားသူကြီးထံ ရမ္မာန်အမိန့်တောင်းခံရန် ခေါ်ဆောင်သွားရမည်။ သို့မဟုတ် အနီးဆုံးရဲစခန်းမှူးထံ ခေါ်ဆောင်သွားရမည်။ ရဲစခန်းမှူးကလည်း ၄င်းတရားခံကို ဆိုခဲ့သည့် တရားသူကြီးထံ ပို့ဆောင်ပေးရမည်။

---

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ -၄၉၆ အရ အာမခံပေးရမည့်ပုဒ်မဖြင့်စွပ်စွဲခံရသူအား 

ရဲကြပ်ကြီးရာထူးထက်မနိမ့်သည့် ဖမ်းဆီးသောမည်သည့် အရာရှိမဆို ဖမ်းဆီးခံရသူက အာမခံပေးရန်အသင့်ရှိပါက အာမခံဖြင့်လွှတ်ထားရမည်(shall be release on bail) ဖြစ်ရာ ဖမ်းဆီးသည့်ရဲအရာရှိ၊ ဖမ်းဆီးပေးရသည့် စခန်း၏ စခန်းမှူးသည်လည်း ဖမ်းဆီးခံရသူက အာမခံပေးရန်အသင့်ရှိလျှင် အာမခံပေးရမည်သာဖြစ်ပါသည်။

တရားခံက အာမခံပေးရန်အသင့်ရှိပါလျက် ဖမ်းဆီးခိုင်းသည့်ရဲစခန်းက တရားခံကို လာရောက်ခေါ်ဆောင်သည့်အချိန်အထိ ချုပ်နှောင်ထားခွင့်ရှိမည်မဟုတ်ပါ။ 

အာမခံပေးရမည့်ပြစ်မှုဖြင့် ၀ါရမ်းမပါဘဲ ဖမ်းဆီးခံရသူက အာမခံပေးရန်အသင့်ဖြစ်လျှင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၄၉၆ အာမခံဖြင့်လွှတ်ထားရမည်(shall be release on bail)သာဖြစ်ပါသည်။ မလိုက်နာမနေရသော (Shall) ပြဌာန်းချက်သာဖြစ်ပါသည်။

အာမခံပေးရန်အသင့်ဖြစ်ပါလျက် အာမခံပေးရန်ငြင်းဆန်လျှင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၃၄၀ အရ ပြစ်မှုမြောက်မည်ဖြစ်ပါသည်။

လေးစားစွာဖြင့်။

TUN MYO HTAY



Comment အ​မေး၊ အ​ဖြေ


ကန် ရာသီ ဘွား

အာမခံ‌ပေးပြန်‌‌တော့ ခံဝန်‌လူမရှိ ကိုယ်‌တိုင်‌ခံဝန်‌‌ပေးရင်‌လဲ စိတ်‌မချရ အုပ်‌ချုပ်‌‌ရေးမှူး နဲ့အဖွဲ့ဝင်‌‌တွေကလဲ တရားခံရဲ့ အ‌ဖေ အ‌မေက လာ‌ပြောရင်‌ အာမခံ‌ပေးမယ်‌ဆိုပြန်‌‌တော့ သူ့အ‌ဖေအ‌မေနဲ့ အမျိုး‌တွေက လှည့်‌‌တောင်‌မကြည့်‌ပါဆရာ ကိုယ်‌တိုင်‌ခံဝန်‌‌ပေးလိုက်‌လို့ တရားစွဲ မယ့်‌‌နေ့မှာ မလာရင်‌လဲ ရဲကကွဲ‌တော့မှာဆရာ ‌ဆေးစာကလဲမရ‌သေးပါဆရာ အဲဒိလိုအ‌ခြေ‌နေမျိုးမှာ‌ရောဆရာ အမှုက‌တော့ ၃၃၇ /၃၃၈ပါဆရာ


Tun Myo Htay

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၄၉၆ မှာ တရားခံက “ is prepared ---------- to give bail (အာမခံပေးရန်အသင့်ဖြစ်လျှင်)အာမခံဖြင့် လွှတ်ထားရမည် (shall be released on bail) ဖြစ်ပါသည်ဆရာ။ အပြန်အလှန်အားဖြင့် အာမခံပေးရန် အသင့်မဖြစ်လျှင် အာမခံပေးရန်လိုမည်မဟုတ်ပါဆရာ။ ချုပ်မိန့်တောင်းခံရန်ဖြစ်ပါသည်။

ကိုယ်ပိုင်ခံဝန်ကိစ္စက ခြွင်းချက်ဖြစ်ပါသည်။ မလုပ်မနေရပြဌာန်းချက်မဟုတ်ပါ။ may -------discharge him on his executing a bond without sureties ပါဆရာ။ ကိုယ်ပိုင်ခံဝန်မပေးတာ ပြသနာမရှိပါဆရာ


ကန် ရာသီ ဘွား

‌ကျေးဇူးပါဆရာ


Tun Myo Htay

ရဲလက်စွဲ (၂၀၀၀ပြည့်နှစ်ထုတ်)အပိုဒ်- ၁၇၈၅ တွင် အာမခံပေးခွင့်ရသည့် အမှုများတွင် အာမခံမှာ အခွင့်အရေး အလျောက်ရထိုက်သည်ဖြစ်သည်။

အာမခံပေးသူ အရာရှိက ကြည့်ရှုစောင်မလိုသောသဘောရှိမှ ရထိုက်သည်မဟုတ်ချေ။

အချုပ်ထောင်တွင်ချုပ်ထားရန် မူလဆိုလိုရင်းမဟုတ်၍ အာမခံမပေးနိုင်မှချုပ်ထားရန်ဖြစ်သည်။

မြန်ဆန်သော တရားစီရင်ရေး


မြန်ဆန်သော တရားစီရင်ရေး


မေး ။ ။ ဆရာခင်မျာ။ အမှုတွေမြန်မြန်ဆန်ဆန်ပြီးအောင် အဖြစ်နိုင်ဆုံးနည်းလမ်းပြောပေးပါလား။

ဖြေ။ ။ သက်ဆိုင်ရာ တရားစီရင်ရေးမှာ ပါဝင်သူများ၏ ဥပဒေပိုင်းဆိုင်ရာ အရည်အချင်း ကိစ္စများက ကျယ်ပြန့်လွန်းတော့ အဲဒီအပိုင်းတော့ ကျနော့်အရည်အချင်းလောက် နဲ့ မဆွေးနွေးရဲပါဘူး။ ဆိုလိုတာက ပြသနာတစ်ရပ်ကို ကြန့်ကြာမှုမရှိဘဲ လျှောက်လဲချက် လက်တန်းပေးတာတွေ၊ အမိန့် လက်တန်းချပေးတာတွေ၊ မြန်မြန်ဆန်ဆန် အမိန့်ချမှတ်ပေးနိုင်တာတွေကလည်း သက်ဆိုင်ရာဥပဒေပညာရပ်အပေါ်နှံစပ်ကျွမ်းကျင်မှု အရည်အချင်းနှင့်ဆိုင်လို့ပါ။

ဥပဒေပညာရပ်ပိုင်းနဲ့မဆိုင်ပဲ court practise နဲ့ဆိုင်တာလေးတွေ ချက်ချင်း စဉ်းစားမိတာလေးတော့ဖြေပါ့မယ်။ မူလရုံးအမှုစစ်ဆေးခြင်း နှင့်ဆိုင်တာလေးတွေပါ။ လက်တွေ့လည်း ချက်ချင်းလုပ်လို့ရမည့်အရာလေးတွေထင်ပါတယ်။

(၁) တရားခွင်တစ်ခုမှာ တရားသူကြီးကို Laptop တစ်လုံး ၊ တရားခွင်စာရေးကို desktop computer တစ်လုံး၊ printer တစ်လုံး ဆင်ပေးကြည့်ပါ။

(၂) တစ်ရုံးလုံးအတွက် မီးစက်တစ်လုံးဆင်ပေးပါ။

(၃) ဦးတိုက်လျှောက်လွှာတွေတင်ကတည်းက တရားလိုပြသက်သေစာရင်းကို အမည်၊ အဖအမည်၊ အသက်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ယင်သက်သေသည် ဖော်ပြပါလိပ်စာတွင် အမှန်တကယ်နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိအောင် တောင်းရန်။ မပါရင် ဦးတိုက်လျှောက်လွှာကို လက်မခံနဲ့။ ရဲအရေးမပိုင်မှုတွေမှာ ဆင့်စာခ၊ သက်သေစရိတ် တစ်ပါတည်းကပ်ခိုင်း။

(၄) ရဲစွဲအမှုတွေမှာ ကျင့်ထုံးပုဒ်မ- ၁၇၀ အရ၊ တိုင်တန်းသူ နှင့် သက်သေခံဝန်ချုပ်မပါရင် ရဲစွဲတင်တဲ့ အမှုတွေလက်မခံရန်။

(၅) ရဲပုံစံ - ၁၀၄ ကို မြို့နယ်ဥပဒေရုံးကတစ်ဆင့်ချအပ်။ မချအပ်ခင် သက်ဆိုင်ရာ အမှုလိုက်ဥပဒေအရာရှိကို မည်သည့်ရုံးချိန်းတွင် မည်သည့်သက်သေကို တင်ပို့ နိုင်မည်ကို ကြိုတင်ညှိနှိုင်းရန်။

(၆) တရားခံဘက် သက်သေစာရင်းတင်ပြလာရင်လည်း သီးခြားတင်သွင်းနိုင်ရန် အချိန်ခွင့်ပြုပေးရန်။ တင်ပြလာသည့် သက်သေစာရင်းတွင် သက်သေ၏ အမည်၊ အဖအမည်၊ အသက်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ယင်သက်သေသည် ဖော်ပြပါလိပ်စာတွင် အမှန်တကယ်နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိအောင် တောင်းရန်။ ဆင့်စာခ၊ သက်သေစရိတ် တစ်ပါတည်း ထမ်းဆောင်ခိုင်းရန်။

(၇) တရားမမှုတွေမှာ ရုံးလက်စွဲ အပိုဒ် - ၁၅၄( ၃ ) နှင့် အညီ သက်သေစာရင်း တင်ဖို့ ရက်ချိန်းတစ်ခုပေးပြီး ထိုနေ့မှာ သက်သေစာရင်း ၊ ဆင့်စာခ၊ သက်သေစရိတ်။ တစ်ပါတည်း ထမ်းဆောင်တင်သွင်းရန်။သက်သေစာရင်းတွင် သက်သေ၏ အမည်၊ အဖအမည်၊ အသက်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ယင်းသက်သေသည် ဖော်ပြပါလိပ်စာတွင် အမှန်တကယ်နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိအောင် တောင်းရန်။

(၈) ဆီလျော်သောအကြောင်းမရှိဘဲ သက်သေတင်ပြရန် ပျက်ကွက်သည့် အမှုတွေမှာ ယင်းသက်သေကို ပယ်နိုင်ခွင့်အာဏာ တရားသူကြီးကို အပ်နှင်းရန်။(ဥပမာ - ပြည်သူ့ တရားသူကြီးအဖွဲ့ဥပဒေပုဒ်မ - ၇၇ ကဲ့သို့)

(၉) အမှုချိန်းဆိုရာတွင် အဆိုပါအမှုခေါ်မည့်အချိန်နာရီကို အတိအကျညှိနှိုင်းသတ်မှတ်ရန်။ ယင်းနာရီအတိုင်းအတိအကျ အမှုခေါ်ရန်။ အမှုခေါ်သည့်အချိန်တွင် သက်ဆိုင်ရာ အမှုသည်၊ ရှေ့နေများပျက်ကွက်သည့် ကိစ္စများ၊သက်သေမလာသည့်ကိစ္စများတွင် ကျင့်ထုံးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ရန်။

(၁၀) လျှောက်လဲချက်ကို စာဖြင့်တင်ပြခွင့်မပြုဘဲ နှုတ်ဖြင့် တင်ပြစေရန်။

ကျန်တာတွေတော့ အများကြီးရှိမှာပါ ကျနော့် ဦးနှောက်သေးသေးလေး နှင့် ချက်ချင်းစဉ်းစားမိတာလေးပြောတာပါ။ အဲဒီအပိုင်းလောက် ဆောင်ရွက်နိုင်ရင်ပဲ လက်ရှိ အမှုဦးရေကနေ ၅၀% လောက်တော့ လျော့ကျသွားမည်ထင်ပါတယ်။

------

မေး။ ။ computer နှင့် မီးစက်က ဘယ်လိုဆိုင်သလဲဆရာ။

ဖြေ။ ။ တရားသူကြီးကို Laptop ဆင်ခိုင်းတာက သက်သေထွက်ချက်ကို တရားသူကြီးက ကိုယ်တိုင်ရေးရတာ။ မရေးနိုင်ရင် နှုတ်က နှုတ်တိုက်ချပေးရတာ။ လက်နှင့်ရေးနေရင် တစ်နာရီ (၁)ယောက်ပြီးအောင်မနည်းရေးရတယ်။

ရေးရင်း နဲ့ မရေးနိုင်တော့ လက်ရေးတွေလည်း မလှတော့ဘူး။ အထက်ရုံးတက်ရင် လက်ရေးဖတ်မရတာတွေလည်းရှိတာပေါ့။

Laptop နှင့် စစ်ပြီး print out ထုတ်ကြည့်ပါလား။ တစ်နေ့ သက်သေ ၅ ယောက်စစ်နိုင်ရင် သက်သေ (၃)ဆ အနည်းဆုံးစစ်လို့ရတယ်။

ထွက်ချက်ကို print ထုတ်။ သက်သေကို လက်မှတ်ထိုးခိုင်း။ ပြသနာမရှိပါဘူး။

အမိန့်၊ စီရင်ချက်ရေးရင်လည်း အလားတူပါပဲ။ ပတဖ ညွှန်ကြားချက် - ၁၅၊ ၁၆ နှင့် အညီဆိုရင် သက်သေထွက်ချက် အကျဥ်း ပြန်ကောက်ရတယ်။ သက်သေထွက်ချက် တွေကို computer နှင့် ရိုက်ထားတော့ ချက်ချင်း copy ယူလိုက်ရုံပဲ ။ သုံးသပ်ချက်ရေးဖို့၊ စဉ်းစားဖို့ အချိန်တွေပိုထွက်လာတာပေါ့။

အထက်ရုံးတက်သွားရင်လည်း သက်သေထွက်ချက်အကျဉ်းပြည့်ပြည့်စုံစုံ ပါသွားနိုင်တော့ မူလရုံး အမှုတွဲတောင်းခေါ်ကြည့်ရတာတွေနည်းသွားမလားလို့။

နောက်တစ်ခုက စက်ထဲမှာ အမိန့်ပုံစံတွေ သီးခြားဖန်တီးထားလို့ရတော့ အမှုစစ်နေရင် အငြင်းပွားမှုတစ်စုံရာပေါ်ရင် ချက်ချင်း ကြည့်ပြီး အမိန့်ချလို့ရတယ်။

တရားခွင်စာရေးကို computer ဆင်ပေးရင် ဘာအကျိုးရမလဲဆိုတော့ ရုံးသုံးပုံစံတွေကို computerက တိုက်ရိုက်ထုတ်လို့ရတယ်။ ဒါဆို ရုံးသုံးပုံစံတွေ လိုအပ်သည့်ပုံစံ မလောက်ငတာ။ မလိုအပ်သည့်ပုံစံတွေ ပိုနေတာတွေမရှိတော့ဘူး။ စရိတ်သက်သာသွားမယ်။ ပုံစံတွေလည်း သပ်ရပ်ပြီး ခန့်ခန့်ညားညား ရှိသွားမယ်။

ဥပမာ ပုံစံ တစ်ခုတည်းကို (၅)စောင်ထုတ်ရမှာဆိုရင် မှင်ခံနဲ့ရေးရင်တောင် (၃)ခါရေးရမယ်။ computer နဲ့ဆိုတော့ တစ်ခါတည်းရိုက်ရမယ်။ အချိန် (၃)ဆသက်သာတာပေါ့။ ဥပမာ- အရောင်းကြော်ငြာတို့၊အမိန့် - ၂၁၊ နည်း - ၅၄ ၀ရမ်းတို့ ကြည့်ပါလား။ ပစ္စည်းစာရင်းကို ၃ ခါလောက်ပြန်ရေးရင် အခြားအလုပ်တွေမလုပ်ရတော့ဘူး။အဲဒီတစ်စောင်ရေးဖို့ကို အချိန်အတော်ပေးရပြီ။

လချုပ်စာရင်းတွေလည်း နေ့စဉ်ပြီးသည့် စာရင်းတွေ တစ်ခါတည်း ရိုက်ထားလိုက်ရင် လချုပ်သည့်နေ့ကျ သက်သက် အချိန်တစ်ခု ပေးစရာမလိုတော့ဘူးပေါ့။ စဉ်းစားမိသလောက်ပါ။ အကျိုးရလဒ်က ဒီထက်မကနိုင်ပါ။ လျော့စရာတော့မရှိပါ။

မီးစက်က တော့ဆရာရယ်ရှင်းပါတယ်။ မီးပျက်မှာစိုးလို့ပေါ့။

-------

မေး။ ။ ကုန်ကျစရိတ်ကကောစရာ။

ဖြေ။ ။ ဆရာရယ် Laptop တစ်လုံး သာမန် ၄၀၀၀၀၀ ၀န်းကျင် ၊ desktop computer က ၃၅၀၀၀၀ ၀န်းကျင် ၊ printer တစ်လုံး ၁သိန်းကျော်ပေါ့။ ဒီလောက်ကတော့ အမှုမြန်ဆန်ရေးနှင့် နှိုင်းယှဉ်ရင် မပြောပလောက်သည့်ပမာဏပါ။ theory ပိုင်းတွေထက်စာရင် အမှုမြန်ဆန်ရေးမှာ ပိုမိုထိရောက်မလားလို့။

-------

မေး။ ။ သက်သေစာရင်းတွေကို တိတိကျကျတောင်းခံတာကကောဆရာ။

ဖြေ။ ။ ဒါကရှင်းပါတယ်။ ယနေ့တရားရုံးတွေမှာ ၆၅% နှုန်းက သက်သေမလာလို့ ရုံးချိန်းပေးနေရသည့်ပြသနာပါ။ ဒ့ါ့ကြောင့် အမှုကြာနေတာ။ သက်သေစာရင်းကို တိတိကျကျလုပ်ပြီး ရုံးကဆင့်ခေါ်စစ်ဆေးမည်ဆိုရင်ဖြင့် အမှုမြန်ဆန်ရေးထိရောက် မလားလို့ပါဆရာ။

-----

မေး။ ။ တရားသူကြီး သက်သေပယ်ပိုင်ခွင့်အာဏာ အပ်ခိုင်းတာကကောဆရာ။

ဖြေ။ ။ ဆရာရယ် တစ်ချို့ မရှိတဲ့သက်သေကို သက်သေစာရင်းထဲထည့်ထားတယ်။ လိပ်စာအမှန်လည်း မတင်ပြနိုင်။ သက်ဆိုင်ရာ အမှုသည်ကလည်း မပယ်။ တရားသူကြီးက သက်သေက ပယ်လို့မရ။ ဒီအတိုင်းကြည့်နေတာ နှင့် အမှုကြာပြီပေါ့။ အခုမှပြဌာန်းမှာလည်းမဟုတ်ပါဘူး ယခင် ပြည်သူ့တရားသူကြီးအဖွဲ့ ဥပဒေပုဒ်မ - ၇၇ မှာပြဌာန်းပေးဖူးပါတယ်။

--

မေး။ ။ ရုံးချိန်းကို နာရီနှင့်ပေးဖို့ဆိုတာကကောဆရာ။

ဖြေ။ ။ မနက် ၁၀ နာရီကတည်းက အမှုသည်မစုံလို့၊ သက်သေမလာလို့ ၊ ရှေ့နေမလာလို့ တစ်နေကုန်စောင့်ခိုင်းထားတာထက်စာရင် နာရီနှင့်ပေးလိုက်တော့ အမှုခေါ်ချိန်မရှိတာ နှင့် ကျင့်ထုံးမှာပါသည့် penalty ပြဌာန်းချက်တွေကို သုံးလို့ရပြီပေါ့။
ဘယ်အချိန်လာမှန်းမသိလို့ တစ်နေကုန်စောင့်ခိုင်းထားတာလည်း ပုံစံမကျပါဘူး။ မစောင့်ပြန်တော့လည်း အချိန်အတိအကျသတ်မှတ်မထားလို့ အမှုသည်က စောဒကတက်ပါလိမ့်မယ်။

ဒီအတိုင်းပါပဲ သက်သေလည်း သတ်မှတ်ချိန်မလာရင် ပျက်ကွက်တာပဲ ။ ၀ါရမ်းထုတ်ရုံပေါ့။

ရှေ့နေတွေဆိုလည်း အခြားအမှုရှိရင် နာရီရှောင်ချိန်းပြီး တစ်နေ့တည်း ၄/၅ မှု စစ်လို့ရတာပေါ့။ နောက်မို့ တစ်မှုတည်း ဘယ်အချိန်ခေါ်မလဲမသိလို့ အကြာကြီး စောင့်နေရရင် မဖြစ်သင့်ဘူးထင်လို့ပါ။

----

( ကျနော့် ဦးနှောက်သေးသေးလေးနှင့် စဉ်းစားကြည့်မိတာပါ။ အမြင်မတူတွေလည်း ရှိနိုင်ပါသည်။ ကောင်းစေချင်သည့် စေတနာဖြင့်သာဖြစ်ပါသည်။ ရိုသေစွာဖြင့်။)


TUN MYO HTAY


Thursday, December 25, 2014

ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် (Obiter Dictum) အကြောင်း


ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် (Obiter Dictum) အကြောင်း


  Facebook မှာ ကို Linn Khaing မျှဝေပေးခဲ့သော ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် (Obiter Dictum) နဲ့ ပတ်သက်တဲ့ ဒေါ်ရင်ရင်မေ နှင့် ဒေါ်ခင်လှမော်၊ ၁၉၉၈ ခုနှစ်၊ မတစ၊ စာ-၂၃၉ (စုံညီ) စီရင်ထုံးကို ဖတ်ရှုလိုက်ရလို့၊ ယခင် တရားရေးဂျာနယ် (အတွဲ-၁၊ အမှတ်-၁)မှာ မောင်ပွင့်သာ ရေးသားခဲ့တဲ့ "ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် (Obiter Dictum)" အကြောင်းကို ပြန်လည်အမှတ်ရမိခဲ့ပါတယ်။  ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် ဆိုတာကို ဥပဒေပညာ လေ့လာလိုက်စားကြသူ အများစုက သိရှိနားလည် သဘောပေါက်ကြပြီး ဖြစ်မယ်လို့တော့ ထင်ပါတယ်။  ဒါပေမယ့် မသိကြ သေးသူတွေ၊ သတိမထားမိ သူတွေလည်း ရှိမယ် ထင်လို့ ဒီပို့စ်လေးနဲ့ လေ့လာမျှဝေပေးလိုက်ပါတယ်။

 တရားရုံးတွေက အမှုတွေမှာ စီရင်ချက် ချမှတ်ကြရာမှာ အမှုရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ် ပြုဖို့အတွက် အရေးပါတဲ့ ပြဿနာရပ်တွေအပေါ် ဝေဖန်သုံးသပ် ဆုံးဖြတ်ကြရပါတယ်။ တစ်ခါတစ်ရံမှာ ဆုံးဖြတ်ရမယ့် ပြဿနာနဲ့ မသက်ဆိုင်ပေမယ့်လည်း အမှုစွဲဆိုပုံ စွဲဆိုနည်း၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေ အယူအဆ စတာတွေနဲ့ ပတ်သက်လာခဲ့ရင် တရားရုံးက ပညာပေးတဲ့အနေနဲ့ စီရင်ချက်မှာ အပိုသုံးသပ် မှတ်ချက်ပြုတာမျိုးတွေလည်း ရှိတတ်ပါတယ်။  အဲဒီလို ပညာပေးသော အပို သုံးသပ် ဆုံးဖြတ်ချက်မျိုးကို ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် (Obiter Dictum)လို့ ခေါ်ပါတယ်။  ဒီလို ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် မျိုးဟာ အမှုရဲ့ ပင်မပြဿနာကို ဆုံးဖြတ်ပေးတာမျိုး မဟုတ်လို့ ယင်းဆုံးဖြတ်ချက်ကို လိုက်နာဖို့တော့ တာဝန်မရှိမှာ မဟုတ်ပါဘူး။

 ဒေါ်အုန်းစိန် နှင့် ဒေါ်နှင်းဆီ (၁၉၆၀ ပြည့်နှစ်၊ မတစ၊ စာ-၂၆၄)အမှုကို ကနဦး လေ့လာ ကြည့်ရအောင်ပါ။ အမှုကို အယူခံတင်သွင်းရာ၌ ကာလစည်းကမ်းသတ် ကျော်လွန်ရခြင်းမှာ ရှေ့နေ၏ပေါ့ဆမှု ကြောင့်ဖြစ်၍ ကာလစည်းကမ်းသတ် ဥပဒေ ပုဒ်မ ၅ အရ ကာလစည်းကမ်းသတ် ကျော်လွန်ခြင်းကို ခွင့်ပြုရန် တင်ပြခဲ့ရာ တရားရုံးချုပ်က ရှေ့နေအနေဖြင့် ပေါ့ဆခြင်းသည် ပုဒ်မ ၅ အရ စည်းကမ်းသတ် ကာလကို တိုးချဲ့ပေးရန် အကြောင်းမဟုတ်ကြောင်း ဆုံးဖြတ်ပေးခဲ့ပြီးနောက်၊ ဆက်လက်ပြီး ဆုံးဖြတ်ပေးခဲ့တာက "ရှေ့နေကြောင့် အမှုသည် နစ်နာလျှင် ရှေ့နေအပေါ် အရေးယူရန်သာ ဖြစ်သည်" ဆိုပြီး ဆုံးဖြတ်ပေးခဲ့ပါတယ်။  အဆိုပါ ဒုတိယ သုံးသပ်ဆုံးဖြတ်ချက်ဟာ အမှုမှာ စဉ်းစားသုံးသပ် ဆုံးဖြတ်ပေးရမယ့် ပင်မပြဿနာနဲ့ သက်ဆိုင်ခြင်း မရှိလို့ ဒါဟာ "ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက်" ဖြစ်တယ်ဆိုတာကို သတိပြု လေ့လာမှတ်သားကြရမှာ ဖြစ်ပါတယ်။  အမှုမှာ ယင်းဆုံးဖြတ်ချက်ဟာ ဥပဒေ အယူအဆနဲ့ ပတ်သက်ပြီး ပညာပေးတဲ့သဘော သက်ရောက်တဲ့ ဆုံးဖြတ်ချက်မျိုးသာ ဖြစ်တာမို့ အမှုအတွက် အကျိုး သက်ရောက်မှု ရှိလာမှာ မဟုတ်ဘူးဆိုတာကိုတော့ သတိပြုနိုင်ကြလိမ့်မယ် ထင်ပါတယ်။  ပညာယူနိုင်ကြစေဖို့ပဲ ရည်ရွယ်တယ် ဆိုတာ ဆုံးဖြတ်ချက်အရ မြင်သာနိုင်မှာလည်း ဖြစ်ပါတယ်။

 ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက်အကြောင်း ပြောရမယ်ဆိုရင် ဒေါ်ရင်ရင်မေ နှင့် ဒေါ်ခင်လှမော် စီရင်ထုံးဟာလည်း နားလည်လွယ်ကူ သဘောပေါက်စေနိုင်တဲ့ စီရင်ထုံးဖြစ်တာမို့ အမှုအကြောင်းကို အနည်းအကျဉ်း ပြောပြလိုပါတယ်။  မူရင်းစီရင်ထုံးကို အကျယ် လေ့လာကြည့်တဲ့အခါ အိမ်ငှားဖြစ်တဲ့ ဒေါ်ရင်ရင်မေနှင့် အတူနေထိုင်သူ ဦးဝင်းမြင့်က အချင်းဖြစ်ဥပစာမှာ ကျူရှင်ပြသခြင်းကြောင့် အနီးအနားမှာ နေထိုင်ကြသူ တွေကို အနှောင့်အယှက် ဖြစ်စေတယ် ဆိုပြီး အိမ်ရှင်ဖြစ်သူ တရားလို ဒေါ်ခင်လှမော်က ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၂ (၁) (က) (ဒုတိယပိုင်း)နဲ့ ပုဒ်မ ၁၂ (၁) (ဂ) တို့အရ ငှားရမ်းထားသည့် အခန်းမှ နှင်ထုတ်ဖယ်ရှား ပေးစေလိုမှု စွဲဆိုခဲ့ရာမှာ မြို့နယ်တရားရုံးက အိမ်ရှင် ဒေါ်ခင်လှမော်ကို ယင်းဥပဒေ ပုဒ်မ ၁၂ (၁) (ဂ) အရ အနိုင်ဒီကရီ ချမှတ်ပေးခဲ့တာကို တွေ့ရပါတယ်။  အိမ်ငှား ဒေါ်ရင်ရင်မော်က ထိုစီရင်ချက်နဲ့ ဒီကရီကို မကျေနပ်လို့ တိုင်းတရားရုံးသို့ အယူခံဝင်ရောက်ခဲ့ရာမှာ၊ အိမ်ရှင် ဒေါ်ခင်လှမော်ကလည်း တရားမကျင့်ထုံး ဥပဒေ အမိန့် ၄၁ နည်းဥပဒေ ၂၂ အရ ပြန်လှန်ကန့်ကွက်လွှာ တင်ပြသွင်းခဲ့လို့ တိုင်းတရားရုံးက ထိုအယူခံလွှာနှင့် ပြန်လှန်ကန့်ကွက်လွှာကို ပလပ်ခဲ့ပါတယ်။

 ဒုတိယအယူခံရုံးဖြစ်တဲ့ တရားရုံးချုပ်က စီရင်ဆုံးဖြတ်ရာမှာ "အိမ်ငှား ဒေါ်ရင်ရင်မေ၏ ပြုလုပ်မှုကြောင့် ငှားရမ်းထားသည့် ဥပစာတွင် ခင်းထားသော ပါကေးတုံးများ ပျက်စီးကုန်သည်ကို သက်သေခံ အထောက်အထားများအရ အသေးစိတ် သုံးသပ်ပြီးနောက် မူလရုံးနှင့် တိုင်းတရားရုံးတို့က အမှုတွင် ထင်ရှားပေါ်ပေါက်နေသည့် သက်သေခံ အထောက်အထားများကို မျက်ကွယ်ပြုခဲ့ခြင်းသည် ဥပဒေအရ လွဲမှားမှုပင် ဖြစ်ကြောင်း၊ ဒေါ်ရင်ရင်မေ၏ ပြုလုပ်မှုကြောင့် ဥပစာ၏ အခြေအနေ ဆိုးဝါးသွားကြောင်း တွေ့ရှိရသည့်အတွက် ဒေါ်ခင်လှမော်အား ပုဒ်မ ၁၂ (၁) (ဂ)အရ အနိုင်ဒီကရီ ချမှတ်ပေးခဲ့ခြင်းသည် မှားယွင်းသည်ဟု မဆိုနိုင်ကြောင်း သုံးသပ်ဆုံးဖြတ်ခဲ့ပါတယ်။

 အဆိုပါ ဆုံးဖြတ်ချက်ဟာ ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် ဟုတ်၊ မဟုတ် အငြင်းပွားခြင်း အပေါ်မှာ တရားရုံးချုပ် စုံညီခုံရုံးက စိစစ်ဆုံးဖြတ် ပေးရာမှာ _ ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် "Obiter Dictum" ဆိုသည်မှာ အမှုတွင် အဆုံးအဖြတ် ပေးရန်ရှိသော ပြဿနာနှင့် မသက်ဆိုင်ဘဲ အပိုသုံးသပ်မှုကို ခေါ်ဆိုခြင်း ဖြစ်သည်။  ယင်းအပိုသုံးသပ်မှုကို လိုက်နာရန် မလိုပေ။  ဆုံးဖြတ်ချက် တစ်ရပ်သည် အပိုသုံးသပ်မှု ဟုတ် မဟုတ် အမှုတစ်မှုချင်းအလိုက် စိစစ်ရသည် ဟူ၍ ကနဦး အဓိပ္ပာယ် ရှင်းလင်းဖွင့်ဆို ပေးခဲ့တာကို လေ့လာမှတ်သားရပါတယ်။

 ဆက်လက်ပြီး အဆိုပါစီရင်ထုံးမှာပဲ ကေအယ်လ်စီတီ ချီဒမ်ဘရမ် ချစ်တီးရား နှင့် အဇစ်မြားနှင့် အခြားသူများ၊ (၁၉၃၈ ခုနှစ်၊ ရန်ကုန် ၃၁၆ (၃၁၉)) ကိုလည်း အောက်ပါအတိုင်း ကိုးကား ဖော်ပြခဲ့တာကို တွေ့ရပါတယ် __ "These observations were Obiter, as being unnecessary for the decision of the point before the learned Chief Justice, and from these dicta we are compelled with the greatest respect to express our dissent."

 မူလရုံးဟာ နှစ်ဘက်အဆိုအချေအရ "တရားပြိုင်နှင့် မိသားစုသည် ဥပစာအား အခြေအနေ ဆိုးဝါးအောင် ပြုလုပ်ခဲ့သည် ဆိုခြင်းမှာ မှန်သလား" ဆိုတဲ့ ငြင်းချက်တစ်ရပ်ကို ထုတ်နုတ်စစ်ဆေး ကြားနာခဲ့ကြောင်းလည်း လေ့လာတွေ့ရှိရပါတယ်။  စုံညီခုံရုံးရဲ့ စီရင်သုံးသပ် ဆုံးဖြတ်ချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ် __
 တရားရုံးချုပ်က ဒေါ်ခင်လှမော် အနေဖြင့် အောက်ရုံးက မိမိအား လုံးဝ အနိုင်ပေးသော ဒီကရီကို အယူခံ ၀င်ရန် မလိုအပ်ကြောင်း၊ တစ်ဘက်မှ အယူခံသည့် အယူခံမှုတွင် မိမိအား နစ်နာစေသည့် အောက်ရုံး၏ ယူဆချက်တစ်ခုခုသည် မှားယွင်းနေကြောင်းကို တင်ပြခွင့် ရှိကြောင်း ညွှန်ပြကာ အိမ်ငှား ဒေါ်ရင်ရင်မေ၏ ပြုလုပ်မှုကြောင့် ငှားရမ်းထားသည့် ဥပစာတွင် ခင်းထားသော ပါကေးတုံးများ ပျက်စီးကုန်သည်ကို သက်သေခံ အထောက်အထားများအရ အသေးစိတ် သုံးသပ်ပြီးနောက် မူလရုံးနှင့် တိုင်းတရားရုံးတို့က အမှုတွင် ထင်ရှားပေါ်ပေါက်နေသည့် သက်သေခံ အထောက်အထားများကို မျက်ကွယ်ပြု ခဲ့ခြင်းသည် ဥပဒေအရ လွဲမှားမှုပင်ဖြစ်ကြောင်း၊ ဒေါ်ရင်ရင်မေ၏ ပြုလုပ်မှုကြောင့် ဥပစာ၏ အခြေအနေ ဆိုးဝါးသွားကြောင်း တွေ့ရှိရသည့်အတွက် ဒေါ်ခင်လှမော်အား ပုဒ်မ ၁၂ (၁) (ဂ)အရ အနိုင်ဒီကရီ ချမှတ်ပေးခဲ့ခြင်းသည် မှားယွင်းသည်ဟု မဆိုနိုင်ကြောင်း သုံးသပ် ဆုံးဖြတ်သည်။
 တရားရုံးချုပ်၏ အဆိုပါ သုံးသပ်ချက်သည် အမှုတွင် အဆုံးအဖြတ် ပေးရန်ရှိသော ပြဿနာအပေါ် သက်သေခံ အထောက်အထားများအရ သုံးသပ်ဆုံးဖြတ်ခြင်း ဖြစ်သည်။  ဆုံးဖြတ်ရန် မလိုသည့်အချက် အပေါ် အပိုသုံးသပ်မှု ပြုလုပ်ခြင်း မဟုတ်ပေ။  တရားရုံးချုပ်၏ ယင်းဆုံးဖြတ်ချက်ကို ခရီးသွားဟန်လွဲ "Obiter Dictum" ဆုံးဖြတ်ခြင်းဟု မဆိုနိုင်။

 တရားရုံးချုပ် စုံညီခုံရုံးရဲ့ အထက်ပါ စီရင် ဆုံးဖြတ်ချက်အရ မူလရုံး ငြင်းချက်မှာ "တရားပြိုင်နှင့် မိသားစုသည် ဥပစာအား အခြေအနေ ဆိုးဝါးအောင် ပြုလုပ်ခဲ့သည် ဆိုခြင်းမှာ မှန်သလား" ဆိုတဲ့ ငြင်းချက်ကို ထုတ်နုတ် စစ်ဆေးကြားနာ ခဲ့တာဖြစ်လို့ မြို့နယ်တရားရုံးနဲ့ တိုင်းတရားရုံးက ယင်းငြင်းချက် အရ အမှုမှာ ထင်ရှားပေါ်ပေါက်တဲ့ သက်သေခံ အထောက်အထားတွေကို မျက်ကွယ်ပြုခဲ့ခြင်းသည် ဥပဒေအရ လွဲမှားမှုပင် ဖြစ်တယ်လို့ သုံးသပ်ဆုံးဖြတ်ခြင်းဟာ အပိုသုံးသပ် ဆုံးဖြတ်တဲ့ ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် "Obiter Dictum" မဟုတ်ဘဲ မူလရုံးငြင်းချက်မှာ သုံးသပ်ရန် လိုအပ်ချက်တွေကို ပညာပေး ထောက်ပြလမ်းညွှန်ရင်း အပြီးသတ် အကျိုးသက်ရောက်စေတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

အနှစ်ချုပ် ဆိုရရင် "ငြင်းချက်အရ" သက်သေခံ အထောက် အထားများအပေါ် အခြေပြု သုံးသပ် ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်မျိုးဟာ အမှုအတွက် အကျိုးသက်ရောက်စေတဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး၊ အမှုမှ ငြင်းချက်ပါ ဆုံးဖြတ်ရမယ့် အဓိကပြဿနာကို မသက်ဆိုင်သော်လည်း၊ အမှုစွဲဆိုပုံ၊ စွဲဆိုနည်း၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေ အယူအဆနဲ့ စပ်လျဉ်းတဲ့ ကိစ္စမျိုးတွေမှာ ပညာပေးတဲ့ အနေနဲ့ စီရင်ချက်မှာ အပိုသုံးသပ် ဆုံးဖြတ်ခြင်းမျိုးကတော့ လိုက်နာရန် မလိုတဲ့ ခရီးသွားဟန်လွဲ ဆုံးဖြတ်ချက် "Obiter Dictum"လို့ ဆိုနိုင်မှာပဲ ဖြစ်ပါကြောင်း ထပ်ဆင့်မှတ်သားနိုင်ရန် လေ့လာတင်ပြလိုက်ရပါတယ်။       ။


လွှမ်းမိုးအောင် (တရားရေး)


25-12-2014   1:45 am.

ပြည်ထောင်စု တရားလွှတ်တော်ချုပ်


ပြည်ထောင်စု တရားလွှတ်တော်ချုပ်

 ဖွဲ့စည်းခြင်း

ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အမြင့်ဆုံးသော တရားစီရင်ရေး အဖွဲအစည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တရားရုံးစနစ်တွင် အမြင့်ဆုံးသော တရားရုံးဖြစ်ပြီး ဥပဒေပြုရေး၊ စီမံခန့်ခွဲရေး အဖွဲ့များနှင့် ယှဉ်တွဲလျက် လွတ်လပ်စွာ ရပ်တည်လျက်ရှိသည့် အဖွဲ့အစည်း ဖြစ်ပါသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အ‌ခြေခံ ဥပဒေအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စု တရားသူကြီးချုပ် အပါအ၀င် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေ အနည်းဆုံး ၇ ဦးမှ ၁၁ ဦးအထိ ခန့်အပ် နိုင်ပါသည်။

စီရင်ပိုင်ခွင့်အာဏာ

ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် အယူခံမှုများအတွက် အမြင့်ဆုံး တရားရုံး ဖြစ်ပါသည်။ ၄င်းသည် အယူခံမှုနှင့် ပြင်ဆင်မှု အာဏာများကို ကျင့်သုံးနိုင်ပါသည်။ ထို့အပြင် မူလမူများကိုလည်း ကြားနာ စစ်ဆေး စီရင်ပိုင်ခွင့် အာဏာရှိပြီး အောက်ပါ ကိစ္စရပ်များအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌သာ မူလမှု စီရင်ပိုင်ခွင့် အာဏာများ ရှိပါသည်-
(က) ပြည်ထောင်စု နိုင်ငံတော်က ချုပ်ဆိုသော ပြည်ထောင် အချင်းချင်းဆိုင်ရာ စာချုပ်များနှင့်‌ စပ်လျဉ်း၍ ပေါ်ပေါက်လာသော ကိစ္စရပ်များ၊
(ခ) ပြည်ထောင်စု အစိုးရနှင့်‌ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ တို့အကြား ဖြစ်ပွားသည့်‌ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပဒေဆိုင်ရာ ပြဿနာများ မှအပ အခြား အငြင်းပွားမှုများ၊
(ဂ)တိုင်းဒေသကြီး အချင်းချင်း၊ ပြည်နယ် အချင်းချင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အချင်းချင်း၊ ပြည်ထောင်စု နယ်‌မြေနှင့်‌ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အချင်းချင်းတို့အကြား ဖြစ်ပွားသည့်‌ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပဒေဆိုင်ရာ ပြဿနာများမှအပ အခြား အငြင်းပွားမှုများ၊
(ဃ) ပင်လယ်ဓါးပြမှုများ၊ နိုင်ငံတကာ ပင်လယ်ပြင် သို့မဟုတ် ကောင်းကင်ယံ၌ ကျူးလွန်သော ပြစ်မှုများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်၍ ‌မြေပြင် သို့မဟုတ် နိုင်ငံတကာ ပင်လယ်ပြင် သို့မဟုတ် ကောင်းကင်ယံ၌ ကျူးလွန်သော ပြစ်မှုများ၊
(င) ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော အခြားကိစ္စရပ်များ။ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပဒေ သို့မဟုတ် အခြား ဥပဒေပါ ပြဌာန်းချက်ကို အထောက်အထား ပြု၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ အောက်ပါ ကိစ္စရပ်များအတွက် စီရင်ပိုင်ခွင့် ရှိသည်-
(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မူလမှု စီရင်ပိုင်ခွင့်ကို ကျင့်‌သုံး၍ ချမှတ်ခဲ့သည့်‌ စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်အပေါ် အယူခံဝင်ခြင်း၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်မှ ချမှတ်ခဲ့သည့်‌ စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်အပေါ် အယူခံဝင်ခြင်း၊
(ဂ) အခြားတရားရုံးက ဥပဒေနှင့်‌အညီ ချမှတ်ခဲ့သည့်‌ စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်အပေါ် အယူခံ ၀င်ခြင်း။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည်   တရားရုံးတစ်ရုံးက  ချမှတ်သော   စီရင်ချက် သို့မဟုတ် အမိန့်ကို ဥပဒေ နှင့်‌အညီ ပြင်ဆင်မှု စီရင်ပိုင်ခွင့် အာဏာ၊ သေဒဏ်အမိန့်ကို အတည်ပြုမှုနှင့်‌ သေဒဏ်အမိန့်ကို အယူခံမှုများအား စီရင်ပိုင်ခွင့် အာဏာ၊ မိမိ၏ ဆုံးဖြတ်ချက်အရ လွှဲပြောင်းရယူသော အမှုနှင့်‌ တရားရုံးတစ်ရုံးမှ အခြားတရားရုံး တစ်ရုံးသို့ အမှု လွှဲပြောင်းပေးမှုကိုလည်း စီရင်ပိုင်ခွင့် အာဏာရှိပါသည်။

 ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အာဏာများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အမြင့်ဆုံး တရားရုံးဖြစ်၍ နိုင်ငံတော် အတွင်းရှိ တရားရုံးများပေါ်တွင် ကြီးကြပ်မှု အာဏာရှိပြီး ၄င်း၏ ဆုံးဖြတ်ချက်သည်  တရားရုံးများ အားလုံးပေါ်တွင် စည်း‌နှောင်မှုရှိသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ အောက်ပါ စာချွန်တော်အမိန့်များကို ထုတ်ဆင့်‌ပိုင်ခွင့် အာဏာ ရှိပါသည်-
(က) ရှေ့တော်သွင်းစာချွန်တော်အမိန့်၊
(ခ) အာဏာပေးစာချွန်တော်အမိန့်၊
(ဂ) တားမြစ်စေစာချွန်တော်အမိန့်၊
(ဃ) အာဏာပိုင်မေးစာချွန်တော်အမိန့်၊
(င) အမှုခေါ်စာချွန်တော်အမိန့်

လက်အောက်ခံတရားရုံးများအတွက် တရားသူကြီးများ အသစ်ခန့်အပ်ခြင်း

မြန်မာနိုင်ငံရှိတက္ကသိုလ်များမှ ဥပဒေပညာရပ်သင်တန်းများတွင် အရည်အသွေး ပြည့်ဝ သည့် လူငယ်လူရွယ်များအား မွေးထုတ်ပေးလျက်ရှိပါသည်။ တက္ကသိုလ်များမှ အပ်နှင်းသည့် ဥပဒေဘွဲ့ သည် စာပေပညာဘာသာရပ် သက်သက်မျှမဟုတ်ပဲ အသွင်သဏ္ဍန်နှင့်အနှစ်သာရတွင် အသက်မွေး ဝမ်းကျောင်းမှု ပြုရန်အတွက်လည်း ဖြစ်ပါသည်။ ဥပဒေ ဘွဲ့ရကျောင်းသူ/ ကျောင်းသားအများစုသည် ဘွဲ့ရပြီးနောက် အလုပ်တွင်လက်တွေ့ ဝင်ရောက် လုပ်ကိုင်ကြပါသည်။ အချို့က အောက်ခြေ အဆင့်တရားရုံးများတွင် တရားသူကြီးများအဖြစ် ဝင်ရောက် လုပ်ကိုင်ကြပါသည်။ အချို့က အစိုးရရှေ့နေ (ခ) ဥပဒေအရာရှိအဖြစ် ပြည်ထောင်စုရှေ့နေချုပ်ရုံးလက်အောက် တွင် ဝင်ရောက်လုပ်ကိုင်ကြပါသည်။
အဆင့်ဆင့်သော လက်အောက်ခံ တရားရုံးများတွင် တရားစီရင်ရေး     လုပ်ငန်းများ ဆောင်ရွက်ရန် တရားသူကြီးများ ရွေးချယ်ခန့်ထားခြင်းကို အစီအစဉ်ချမှတ် ဆောင်ရွက်ပါသည်။ အဆိုပါ ခန့်ထားရေးအစီအစဉ်အရ လက်အောက်ခံ တရားရုံး တရားသူကြီးအဖြစ် ရွေးချယ်ခံရသူတစ်ဦးသည် ကိုယ်ကျင့်တရားကောင်းမွန်ပြီး တက္ကသိုလ်မှ ဥပဒေဘွဲ့ရ ပြည်ထောင်စုမြန်မာနိုင်ငံသားတစ်ဦး ဖြစ်ရပါမည်။ ရွေးချယ်ခံထားရသူများအား ဒုတိယမြို့နယ် တရားသူကြီးများအဖြစ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ခန့်ထားပါသည်။
ဒုတိယမြို့နယ်တရားသူကြီးများအဖြစ် ရွေးချယ်ခြင်းခံရသူများအား ဗဟိုဝန်ထမ်း တက္ကသိုလ်၊ အရာထမ်းငယ် အခြေခံ သင်တန်းသို့ တက်ရောက်စေပါသည်။ ထို့ပြင် လုပ်ငန်းဝင် သင်တန်းတွင် ပြစ်မှု၊ တရားမ၊ တရားရုံးသုံးအင်္ဂလိပ်စာ၊ တရားရုံးစီမံခန့်ခွဲမှု၊ ထောက်ပံ့နှင့် ငွေစာရင်း ဘာသာရပ်များကိုလည်း စာတွေ့လက်တွေ့ လေ့လာသင်ကြားစေပါသည်။ သင်တန်းများ ပြီးဆုံးပြီးနောက် ၎င်းတို့အား ဒုတိယမြို့နယ်တရားသူကြီးများအဖြစ် ခန့်အပ် တာဝန်ပေးအပ်ပါ သည်။   ၎င်းတို့မှာ ခရိုင်တရားသူကြီးများနှင့်‌ ညွှန်ကြားရေးမှုးချုပ် အဆင့်ထိ ရာထူး တိုးမြင့် ရောက်ရှိ ကြပါသည်။



တိုင်းဒေသကြီးနှင့် ပြည့်နယ်တရားလွှတ်တော်များ

ဖွဲ့စည်းခြင်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးများ  နှင့်‌ ပြည်နယ်အသီးသီးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအ‌ခြခံဥပဒေအရ  တည်ထောင် ထားပါသည်။

တရားရုံးဖွဲ့စည်းပုံ

တိုင်းဒေသကြီးနှင့်‌ ပြည်နယ်တရားလွှတ်တော်အသီးသီးတွင် တိုင်းဒေသကြီး  သို့မဟုတ်   ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်အပါအ၀င် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများဦးရေ အနည်းဆုံး ၃ ဦးမှ အများဆုံး ၇ ဦး ထိ ခန့်အပ်နိုင်ပါသည်။ နိုင်ငံတော်သမ္မတ သည် ပြည်ထောင်စုတရားသူကြီးချုပ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တို့နှင့်‌ ညှိနှိုင်း၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၁၀ နှင့်‌ ၂၀၁၀ ခုနှစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၄၈ တို့အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏   သဘောတူညီချက်ဖြင့်  ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်နိုင်ပါသည်။ နိုင်ငံတော်သမ္မတ သည် ပြည်ထောင်စုတရားသူကြီးချုပ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်တို့နှင့်‌ ညှိနှိုင်း၍ တင်ပြလာသူအား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁၀ နှင့်‌ ၂၀၁၀ ခုနှစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၄၈ တို့အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏ သဘောတူညီချက်ဖြင့်‌ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ အဖြစ် ခန့်အပ်နိုင်ပါသည်။

စီရင်ပိုင်ခွင့်အာဏာ

တရားမမှုများတွင် အခင်းဖြစ်အမှုတန်ဖိုး သိန်း ၅၀၀၀ ထက် ပိုသော တရားမမူလမှုများ သို့မဟုတ် အငြင်းပွားမှု များကို ကြားနာ စီရင် ဆုံးဖြတ်နိုင်ပါသည်။ သာမန်အားဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များ သည်ပြစ်မှုဆိုင်ရာမူလမှုခင်းများ ကို ထူးခြားသည့် အကြောင်းရှိသည်မှတပါး အရေးယူဆောင်ရွက် လေ့ မရှိပါ။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတရားရုံး သို့မဟုတ် ခရိုင်တရားရုံးက ချမှတ်သော စီရင်ချက်၊ ဒီကရီ၊ အမိန့်ကို ဥပဒေနှင့်‌အညီ အယူခံမှု စီရင်ပိုင်ခွင့် အာဏာနှင့်‌ စီရင်ချက်၊ အမိန့်ကို ဥပဒေနှင့်‌အညီ ပြင်ဆင်မှု စီရင်ပိုင်ခွင့် အာဏာများ ရှိသည်။
၎င်းပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအတွင်း တရားရုံးတစ်ရုံးမှ အခြားတရားရုံး တစ်ရုံးသို့ အမှုလွှဲပြောင်းပေးမှုကိုလည်း စစ်ဆေးစီရင် နိုင်ပါသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်မှ ချမှတ်သည့် စီရင်ချက် သို့မဟုတ် အမိန့်အပေါ် ပြစ်ဒဏ် ချမှတ်ခံရသူ သည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံခွင့် ရှိပါသည်။


Saturday, December 20, 2014

ပြည်​​ထောင်​စုတရားလွှတ်​​တော်​ချုပ်​ရုံး Website

မူလအရင်းအမြစ်



ရှေးမြန်မာဘုရင်များလက်ထက်ကတည်းကစတင်၍ မြန်မာနိုင်ငံတွင်  ခိုင်မာသည့် တရားစီရင်ရေးစနစ်နှင့် ဥပဒေရေးရာ အခြေခံအုတ်မြစ်တို့ တည်ရှိခဲ့ပြီး ဖြစ်ပါသည်။ မြန်မာ့ရိုးရာ ဥပဒေသည် ရာဇသတ်၊ ဓမ္မသတ်၊ ဖြတ်ထုံး တို့ဖြင့် ဖွဲ့စည်းထားပါသည်။

"ရာဇသတ်" ဟူသည် ပြည့်ရှင်ဘုရင်၏ အမိန့် ပြန်တမ်းနှင့် တစ်ချက်လွှတ် အမိန့်များ ဖြစ်ပြီး ၄င်းတွင် နိုင်ငံတော် သစ္စာ ဖောက်ဖျက် ပုန်ကန်မှု၊ လူသတ်မှု၊ ဓါးပြမှု၊ လုယက်မှု၊ ခိုးမှု အစရှိသည့် မှုခင်းများ အပါအဝင် တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့် အေးချမ်း သာယာရေးအတွက် ဘုရင်မှ ထုတ်ပြန်သည့် အမိန့်များ၊ ရာဇဝတ် ဥပဒေများ ပါဝင်ပါသည်။

"ဓမ္မသတ်" ဆိုသည်မှာ ခေတ်အလိုက် ရွေးထုတ် စုစည်းထားသော မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေဆိုင်ရာ မူသဘောများ ဖြစ်ပါသည်။ ထင်ရှားသည့် တရားသူကြီးများနှင့် လူပညာရှိများ၏ ဆုံးဖြတ်ချက်၊ ရေးသားချက်များ စဉ်းစား ဆင်ခြင် ကောက်ယူပုံ အကြောင်း အချက်များ၊ သဘောတူ ဆုံးဖြတ်ချက်များ ပါဝင်သည့် မြန်မာတို့၏ ဓလေ့ ထုံးတမ်းဆိုင်ရာ မူသဘောများ ဖြစ်ပါသည်။
အမှန်စင်စစ် ဓမ္မသတ်များသည် လူမှုပြဿနာများအတွက် ချမှတ်ထားသည့် တရား ဥပဒေမူများ၊ စည်းမျဉ်း စည်းကမ်းများ၊ အထူးသဖြင့် လက်ထပ်ခြင်း၊ ကွာရှင်းခြင်း၊ ပစ္စည်းခွဲဝေခြင်း၊ အမွေဆက်ခံခြင်း၊ မွေးစားခြင်း အစရှိသည့် ကိစ္စရပ်များနှင့် နှီးနွယ်သည့် တရားမ ဥပဒေများ စုစည်းပါဝင် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ အဆိုပါ ဥပဒေ စည်းမျဉ်း စည်းကမ်းများသည် "ဥပဒေအရ အားလုံး တန်းတူ ရည်တူ အခွင့်အရေး ရှိသည်" ဟူသည့် မူအပေါ် အခြေခံထားခြင်း ဖြစ်ပြီး အဆိုပါ မူကို ယနေ့တိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တရားရုံးများတွင် ဆက်လက် လိုက်နာ ကျင့်သုံးလျက် ရှိပါသည်။

"ဖြတ်ထုံး" ဆိုသည်မှာ လက်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ စီရင်ထုံးများကဲ့သို့ တရားရုံးများ၊ ခုံရုံးများ နှင့် ဘုရင့် လွှတ်တော်၏ တရားစီရင်ရေး ဆိုင်ရာ ဆုံးဖြတ်ချက်များ ဖြစ်ပါသည်။
ထိုခေတ်ကာလကပင် ပြစ်မှုနှင့် တရားမ တရားစီရင်ရေး ဟူ၍ ကွဲပြားခြားနားမှု ရှိခဲ့ပါသည်။ အများပြည်သူ လုံခြုံမှုကို ထိခိုက်စေသော၊ ငြိမ်းချမ်း သာယာမှုကို အလုံးစုံ ထိခိုက် ပျက်ပြားစေသော ပြုလုပ်မှုများကို တားဆီးခြင်း၊ အပြစ်ပေးခြင်း ကိစ္စရပ်များအတွက် အစိုးရ၏ စီမံခန့်ခွဲရေး ဆိုင်ရာ လုပ်ငန်းရပ်၊ အစိတ်အပိုင်းရပ် အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ တစ်ဖက်တွင် တရားမ တရားစီရင်ရေးကို ဘုရင်မှ ခန့်အပ်သည့် တရားသူကြီးများ၊ နှစ်ဖက် အမှုသည်များ သဘောတူ ရွေးချယ်သည့် ခုံသမာဓိ လူကြီးများက ဆောင်ရွက် စေခဲ့ပါသည်။ သဘောသဘာဝအားဖြင့် အယူခံအတွက်  နောက်ဆုံးအဆင့်  ဘုရင်ထံ  အယူခံ ဝင်ရောက်ရန် ထားရှိသော်လည်း ခုံသမာဓိ လူကြီးများ၏ ဆုံးဖြတ်ချက်အတွက် အယူခံခွင့် မရှိပါ။


ဖွံ့ဖြိုးတိုးတက်ဖြစ်ပေါ်မှု



လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိပြီးနောက် ၁၉၄၈ ခုနှစ် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအရ တရားလွှတ်တော်ချုပ်၊ တရားလွှတ်တော်နှင့် အဆင့်ဆင့်သော တရားရုံးများကို ဖွဲ့စည်း တည်ထောင် ခဲ့ပါသည်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီမှ နိုင်ငံတော် အာဏာကို ရယူခဲ့ပြီးနောက် တရားစီရင်ရေး စနစ်အား ဆိုရှယ်လစ် တရားစီရင်ရေးစနစ်သို့ အသွင် ပြောင်းလဲ ခဲ့ပါသည်။   တော်လှန်ရေး ကောင်စီသည်   တရားလွှတ်တော်ချုပ်နှင့်  တရားလွှတ်တော်အား ဖျက်သိမ်းပြီး ယင်းတို့ အစား တရားရုံးချူပ်ကို ဖွဲ့စည်း တည်ထောင်ခဲ့ ပါသည်။
၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပဒေအရ ဗဟိုတရားရုံး၊ ပြည်နယ်နှင့် တိုင်း တရားရုံးများ၊ မြို့နယ် တရားရုံးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုတရားရုံးများကို ဖွဲ့စည်းခဲ့ပါသည်။ ထိုခေတ် တရားစီရင်ရေး စနစ်၏ ထူးခြားချက်မှာ တရားရုံး အဆင့်ဆင့်တွင် လုပ်သား ပြည်သူများ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် မြန်မာနိုင်ငံ၌ တရားစီရင်ရေး ဆောင်ရွက်ရန်နှင့် အဆင့်ဆင့်သော တရားရုံးများ ဖွဲ့စည်းရန်အတွက် ၁၉၈၈ ခုနှစ်၊ တရားစီရင်ရေး ဥပဒေကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြဌာန်း ခဲ့ပါသည်။ တရားရုံးများ ပြင်ဆင်ဖွဲ့စည်းရန်နှင့် တရားစီရင်ရေးစနစ် ပိုမိုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၂၀၀၀ ပြည့်နှစ် ဇွန်လ ၂၇ ရက် နေ့တွင် ၂၀၀၀ပြည့်နှစ် တရားစီရင်ရေး ဥပဒေကို ပြဌာန်းပြီးနောက် ၁၉၈၈ ခုနှစ် တရားစီရင်ရေး ဥပဒေအား ဖျက်သိမ်းခဲ့ပါသည်။
မျက်မှောက်ခေတ် တရားစီရင်ရေး စနစ်သည် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပဒေနှင့်‌ ၂၀၁၀ ခုနှစ်၊ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေတို့အရ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။


မြန်မာနိုင်ငံတရားစီရင်ရေးစနစ်



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသတွင် တည်ရှိပြီး ‌မြောက်ဘက်နှင့် အရှေ့ မြောက်ဘက် တွင် တရုတ်နိုင်ငံ၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ တောင်ဘက် တွင် အန်ဒါမန်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိပါသည်။
မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် ၆၇၆၅၇၈ စတုရန်းကီလိုမီတာ ရှိပြီး သစ်တောဖုံး ဧရိယာမှာ ၃၄၄၂၃၇ စတုရန်း ကီလိုမီတာ၊ အသားတင် စိုက်ပျိုးမြေဧရိယာ ၁၄၇၇၂၈၀၃ ဟက်တာ၊ နှစ်သီးစား သုံးသီးစား အပါအဝင် စိုက်ပျိုးမြေဧရိယာ ၁၅၄၄၉၈၅၀ ဟက်တာ နှင့် ကမ်းရိုးတန်းအရှည် ၂၇၇၆ ကီလိုမီတာ ရှိပါသည်။
ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင် မြစ်များသည် မြောက်မှ တောင်သို့ စီးဆင်း၍ မြစ်ဝ ကျွန်းပေါ် ဒေသများ ဖြစ်ထွန်းစေလျက် ရှိပါသည်။ မဲခေါင်မြစ် သည်လည်း မြန်မာနိုင်ငံ အရှေ့ဖျား ဒေသ များတွင် စီးဆင်းလျက်ရှိပြီး တရုတ် - မြန်မာ နယ်နိမိတ်တွင် ၃၁ ကီလိုမီတာနှင့် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ အကြား နယ်နိမိတ် တစ်လျောက်တွင် ၂၃၄ ကီလိုမီတာ ဖြတ်သန်း စီးဆင်းလျက် ရှိပါသည်။
မြန်မာနိုင်ငံသည် သယံဇာတ အရင်းအမြစ်များ မြေအောက် ရေနံနှင့် ရေအား လျှပ်စစ် အစရှိသည့် စွမ်းအင် အရင်းအမြစ်များ ကြွယ်ဝသည့် နိုင်ငံ ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်တွင်  မြန်မာနိုင်ငံ၏ လူဦးရေမှာ ခန့်မှန်း သန်း ၆၀  ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီး ကုလသမဂ္ဂနှင့် ၄င်း၏ လက်အောက်ခံ အဖွဲ့အစည်းများ၏ လှုပ်ရှား ဆောင်ရွက်မှုများတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက် လာခဲ့ပါသည်။ ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ) ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့ပါသည်။
ယနေ့အချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် လက်ရှိ ဖွံ့ဖြိုး တိုးတက်မှုများ နှင့်အညီြ
မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်အား ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရန် ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါသည်။

(ပြည်​​ထောင်​စု တရားလွှတ်​​တော်​ချုပ်​ရုံး Website မှ ကူးယူ​ဖော်​ပြပါသည်​။)


Thursday, December 18, 2014

သက်သေကို ကော်မရှင်ဖြင့် စစ်ဆေးခြင်း အကြောင်း


သက်သေကို ကော်မရှင်ဖြင့် စစ်ဆေးခြင်း အကြောင်း


တရားရုံး ရှေ့မှောက်မှာ ပြုလုပ်တဲ့ စုံစမ်းစစ်ဆေးမှု (သို့မဟုတ်) စစ်ဆေးစီရင်မှု တစ်ရပ်ရပ်မှာ အမှုသည် တစ်ဘက်ဘက်က ပြသတဲ့ သက်သေတစ်ဦး တစ်ယောက်ဟာ တစ်ခုခုသော အကြောင်းကြောင့် အမှုစစ်တရားရုံးသို့ လာရောက်နိုင်ခြင်းငှာ မစွမ်းသာတဲ့အခါမှာ အမှန်တရား ပေါ်ပေါက်စေရေး အတွက် ဒီသက်သေကို စစ်ဆေးမှ ဖြစ်မယ့် အခြေအနေ ပေါ်ပေါက်နေခဲ့ရင် ၎င်းသက်သေကို အခြားသော အာဏာရှိသည့် တရားသူကြီးတစ်ဦးက ကော်မရှင်နဲ့ စစ်ဆေးပေးနိုင်ဖို့ အမှုစစ်တရားသူကြီးက ကော်မရှင်စာ ထုတ်ဆင့်ပေးပြီး စစ်ဆေးစေခြင်း နည်းနဲ့ သက်သေခံချက်များ ရယူစေနိုင်ပါတယ်။

သက်သေကို ကော်မရှင်ဖြင့် စစ်ဆေးရန် ကျင့်ထုံးနည်းလမ်းများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၀၃ မှ ၅၀၈ အထိ (ပယ်ဖျက်ထားသော ပုဒ်မ ၅၀၄ မပါ) နဲ့ တရားရုံးများလက်စွဲ အပိုဒ် ၆၂၂၊ ၆၂၄ တို့မှာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ အကျယ်တ၀ံ့ လေ့လာကြည့်ပါမယ်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ပြုလုပ်တဲ့ စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးစီရင်မှု (သို့မဟုတ်) အခြား မှုခင်း ဆောင်ရွက်မှု တစ်စုံတစ်ရာ အတောအတွင်းမှာ ဘယ်အချိန်အခါမဆို တရားဖြောင့်မှန်ရေးအတွက် သက်သေတစ်ဦးကို စစ်မေးဖို့ လိုအပ်တယ်၊ အမှုအခြေအနေအရ မလျော်ကန်သော ကြန့်ကြာမှု၊ စရိတ်ကုန်ကျမှု၊ အဆင်မပြေမှု မရှိဘဲနဲ့ ထိုသက်သေ လာရောက်ဖို့ မဖြစ်နိုင်ဘူးလို့ တရားရုံးက ထင်မြင်ယူဆရင် ထိုသက်သေ လာရောက်ခြင်းမှ ခွင့်လွှတ်ပေးနိုင်ပြီး၊ ထိုသက်သေရဲ့ ထွက်ဆိုချက်ကို ရယူရန်အတွက် သက်သေ နေထိုင်ရာအရပ်တွင် စီရင်ပိုင်ခွင့် အာဏာရှိတဲ့ တရားရုံးသို့ ကော်မရှင်စာ ထုတ်ဆင့်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၀၃ (၁)မှာ ပြဋ္ဌာန်းပါရှိပါတယ်။ ပုဒ်မ ၅၀၆ အရ ကော်မရှင်စာ ထုတ်ဆင့်ပိုင်ခွင့် မရှိတဲ့ လက်အောက်တရားသူကြီးများ (ဥပမာ- တွဲဘက် နှင့် ဒု-မြို့နယ် တရားသူကြီးများ) သည် ကော်မရှင်စာ ထုတ်ဆင့်ပိုင်ခွင့်ရှိသော အထက် တရားသူကြီး ထံမှတဆင့် အခြားရုံးသို့ ကော်မရှင်စာ ထုတ်ဆင့်နိုင်ပါတယ်။

ဒီလို မူလ အမှုစစ်တရားရုံးက ပုဒ်မ ၅၀၃ (၁)အရ ကော်မရှင်နဲ့ စစ်ဆေးစေဖို့ စီစဉ်ဆောင်ရွက်ရာ ပြင်ဆင်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်လေးတွေ ရှိပါတယ်။ ပြင်ဆင်ဆောင်ရွက်ပုံ များကတော့ သက်သေကို စစ်မေးလိုတဲ့ အမှုသည်ဘက်က မေးမြန်းလိုတဲ့ မေးခွန်းများကို အဓိကစစ်မေးချက် အဖြစ် ပထမဦးစွာ တရားရုံးကို ရေးသားတင်သွင်း စေရပါတယ်။ အဲဒီနောက်မှ တစ်ဘက်အမှုသည်ဘက်က ဒီလို ရေးတင်လာတဲ့ အဓိကစစ်မေးချက်တွေကို လေ့လာဖတ်ရှုပြီး မေးစရာရှိရင် ပြန်လှန်စစ်မေးချက်အဖြစ်နဲ့ မေးခွန်းများကို ရေးသားတင်သွင်း စေရပါတယ်။ သက်သေပြသတဲ့ အမှုသည်ဘက်က တစ်ဘက်မှ ပြန်လှန်မေးခွန်းတွေကို လေ့လာကြည့်ရှုပြီး သူ့အနေနဲ့ ထပ်မံစစ်မေးလိုခဲ့ရင် ပြန်ရှင်းစစ်မေးချက် မေးခွန်းတွေကို ထပ်မံ ရေးသားတင်သွင်းခွင့် ရရှိပါတယ်။ နောက်ဆုံးမှာ တရားရုံးက မေးမြန်းလိုတာတွေ ရှိခဲ့ရင်လည်း "ရုံးမေး"အဖြစ် မေးခွန်းများကို ရေးသားရမှာ ဖြစ်ပါတယ်။ ဒါတွေလုပ်ဆောင်ပြီးပြီ ဆိုကာမှ အမှုစစ်တရားရုံးဟာ ကော်မရှင်နည်းနဲ့ စစ်ဆေးစေမယ့် သက်သေရှိရာ အရပ်မှ တရားရုံးသို့ ကော်မရှင်စာနဲ့ အတူ အထက်ပါ အရပ်ရပ်သော မေးခွန်းများကို စဉ်တွဲပြီး ပေးပို့ရမှာ ဖြစ်ပါတယ်။

အဲဒီလို သက်သေကို ကော်မရှင်နဲ့ စစ်ဆေးပေးဖို့ ပေးပို့လာတဲ့ ကော်မရှင်စာနဲ့ မေးခွန်းများ လက်ခံ ရရှိတဲ့ တရားရုံးမှ မြို့နယ်တရားသူကြီးဟာ ပုဒ်မ ၅၀၃ (၃)အရ မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိလက်အောက်မှာ ရှိတဲ့ ပထမတန်း အာဏာထက် မနိမ့်တဲ့ တရားသူကြီး တစ်ဦးဦးကို စေခိုင်းခြင်းဖြင့် ဖြစ်စေ သက်သေကို ဆင့်ခေါ်၍ သော်လည်းကောင်း၊ သက်သေရှိရာ အရပ်သို့ သွားရောက်၍ သော်လည်းကောင်း ၀ရမ်းမှု စစ်ဆေးတဲ့ နည်းလမ်းနဲ့ အာဏာများကို သုံးစွဲလျက် စစ်ဆေးမေးမြန်းရမှာ ဖြစ်ပါတယ်။

တစ်ခုသိထားရမှာက တရားရုံးချုပ်ရဲ့ (၁၀-၈-၁၉၉၀) ရက်စွဲပါ အမှာစာအမှတ်၊ ၂၄၂/၂၆၄/၉၀ (လထန)အရ သက်သေကို စစ်မေးရန် ကော်မရှင်စာ ထုတ်ပေးနိုင်ခွင့်အာဏာကို မြို့နယ်တရားသူကြီး များကို အပ်နှင်းကြောင်း၊ အမှုသည်တစ်ဦးဦးဟာ ကော်မရှင်နည်းနဲ့ စစ်ဆေးမယ့် တရားသူကြီး ရှေ့မှောက်ကို ရှေ့နေနဲ့ လာရောက်နိုင်သကဲ့သို့ ၎င်းဟာ ချုပ်နှောင်ခံရခြင်း မရှိဘူးဆိုရင်လည်း မိမိကိုယ်တိုင် လာရောက်နိုင်ခွင့် ရှိကြောင်း၊ အဆိုပါအမှုသည် (သို့မဟုတ်) ၎င်းရဲ့ရှေ့နေဟာ သက်သေကို စစ်မေးနိုင်ခြင်း၊ ပြန်လည် စစ်မေး နိုင်ခြင်း၊ ပြန်လှန်စစ်မေးနိုင်ခြင်းနဲ့ လိုအပ်လျှင် ထပ်မံစစ်မေးနိုင်ခြင်းတို့ ပြုလုပ်နိုင်ခွင့် ရှိကြောင်း၊ ရယူခဲ့တဲ့ သက်သေအစစ်ခံချက်ဟာ သက်သေခံဥပဒေ ပုဒ်မ ၃၃ ပါ ပြဋ္ဌာန်းချက်နဲ့ ညီညွတ်ရင် သက်သေခံချက် အဖြစ် လက်ခံနိုင်ခွင့်ရှိကြောင်း ညွှန်ပြထား တာတွေကို သိရှိမှတ်သား ထားသင့်ပါတယ်။ (အမှာစာပါ အဆိုပါ ညွှန်ပြချက်ဟာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၀၅ (၁)၊(၂)ပါ ပြဋ္ဌာန်းချက်များအတိုင်းပဲ ဖြစ်ပါတယ်။)

တရားသူကြီးဟာ ကော်မရှင်နည်းနဲ့ စစ်ဆေးဆောင်ရွက် ပြီးသွားခဲ့ပြီဆိုရင်တော့ ပုဒ်မ ၅၀၇(၁) အရ ဆောင်ရွက်ပြီးစီးကြောင်း ပြန်ကြားစာနှင့်အတူ မူလပေးပို့ခဲ့တဲ့ ရုံးမှ မေးခွန်းလွှာများ အပါအ၀င် ကော်မရှင် စာရွက်စာတမ်းများ အားလုံး၊ သက်သေထွက်ချက်တို့ကို ကော်မရှင်စာထုတ်တဲ့ အမှုစစ်ရုံးသို့ တိုက်ရိုက် ပြန်လည်ပို့ပေးရမှာပဲ ဖြစ်ပါတယ်။ ပုဒ်မ ၅၀၇ (၂)အရ ယင်းစာရွက်စာတမ်းတွေ လက်ခံရရှိတဲ့ အမှုစစ်ရုံးကလည်း သက်သေ ထွက်ချက်ကို အမှုသည်များရှေ့မှာ ဖတ်ကြားပြီးနောက် (အမှာစာမှာ ပါရှိသလိုပါပဲ) သက်သေခံဥပဒေ ပုဒ်မ ၃၃ နဲ့ ညီညွတ်ရင် အမှုတွဲမှာ သက်သေခံ စာရွက်စာတမ်း အဖြစ် လက်ခံရပါမယ်။ (ကော်မရှင်နှင့် ပတ်သက်တဲ့ သက်သေထွက်ချက် အပါအ၀င် စာရွက်စာတမ်း တွေဟာ အမှုမှတ်တမ်း (အမှုတွဲ)ရဲ့ အစိတ်အပိုင်း ဖြစ်စေရပါမယ်။) ဒါ့အပြင် ပုဒ်မ ၅၀၈ အရ ကော်မရှင်နည်းနဲ့ စစ်ဆေးနေတဲ့ကာလ အတွင်း အမှုကို သင့်တော်တဲ့ အချိန်ကာလအထိ ရွှေ့ဆိုင်းထားနိုင်တယ် ဆိုတာကိုလည်း မှတ်သားကြရပါမယ်။

ပုဒ်မ ၅၀၃ (၄) အရ အကယ်၍သာ သက်သေဟာ ပြည်ပနိုင်ငံ တစ်နိုင်ငံ (သို့မဟုတ်) အရပ်ဒေသတစ်ခုခုမှာ ရှိနေခဲ့တယ် ဆိုရင် ၎င်းသက်သေကို စစ်မေးဖို့ အတွက် ကော်မရှင် အမိန့်စာများ ထုတ်ပေးခြင်း လုပ်ထုံးလုပ်နည်းတွေကို တရားရေးဝန်ကြီးဋ္ဌာနရဲ့ (၁၁-၈-၁၉၅၅) ရက်စွဲပါ အမိန့်ကြော်ငြာစာတွေနဲ့ ထုတ်ပြန်ထားပါတယ်။ ယင်းအမိန့် ကြော်ငြာစာများကို တရားရုံးများလက်စွဲမှာ ဖော်ပြထားတာဖြစ်လို့ အကျယ်တ၀ံ့ လေ့လာမှတ်သားမှသာ အဆင်ပြေပါလိမ့်မယ်။ အဲဒီလို ကော်မရှင်နာ ထုတ်ဆင့်ရန် လိုအပ်လာတဲ့အခါမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ တင်ပြပြီးမှသာ ထုတ်ဆင့်ကြရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

အထက်တွင် တင်ပြခဲ့တဲ့ သက်သေကို ကော်မရှင်နဲ့ စစ်ဆေးခြင်း ဆိုင်ရာ သိကောင်းစရာများကို လေ့လာ ဖတ်ရှုခြင်းဖြင့် ဥပဒေ ဗဟုသုတများ တိုးပွားလာကြလိမ့်မယ်လို့ ယုံကြည် မျှော်လင့်မိပါတယ်။ ပညာပြည့်ဝ နှလုံးလှနိုင်ကြပါစေ။

လွှမ်းမိုးအောင် (တရားရေး)

17-12-2014 1:44 am.

Tuesday, December 16, 2014

တရားစရိတ် သတ်မှတ်ပုံအကြောင်း သိကောင်းစရာ


တရားစရိတ် သတ်မှတ်ပုံအကြောင်း သိကောင်းစရာ


 တရားမမှုတွေမှာ အမှုဆုံးခန်းရောက်လို့ တရားရုံးတွေက အပြီးသတ် စီရင်ချက်၊ ဒီကရီတွေ ချမှတ်ပေးတဲ့ အခါမှာ တရားစရိတ် ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်းများနဲ့ စပ်လျဉ်းလို့ တစ်ပါတည်း ဖော်ပြသတ်မှတ် လေ့ရှိကြပါတယ်။  ဆိုလိုတာက "------ စရိတ်နှင့်တကွ အနိုင်ဒီကရီ ချမှတ်လိုက်သည်" ၊ "မိမိတို့၏ တရားစရိတ်ကို မိမိတို့ ကျခံကြစေ" ၊ "တရားစရိတ် မသတ်မှတ်" စသည်ဖြင့် တရားရုံးက သတ်မှတ်ပေးခြင်း ကို ဆိုလိုပါတယ်။  တရားစရိတ်နဲ့ အမှုနှင့်ဆက်စပ် ကုန်ကျတဲ့ စရိတ်တွေကို မည်သူက ပေးရမယ်၊ မည်သည့် ပစ္စည်းအနက်မှ မည်မျှအထိ ပေးရမယ်ဆိုတာကို တရားရုံးက ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။  ဒါ့အပြင် အဆိုပါကိစ္စတွေအတွက် လိုအပ်တဲ့ ညွှန်ကြားချက် အားလုံးကို ပေးရန်လည်း တရားရုံးမှာ အာဏာ အပြည့်အ၀ ရှိပါသေးတယ်။

 တရားစရိတ် ပေးခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အမှုသည်တစ်ဦးက ၄င်းရဲ့အခွင့်အရေးအတွက် တရားရုံး တွင် အရေးဆိုရာမှာ ၎င်းအနိုင်ရရှိတဲ့အတွက် ၎င်းကုန်ကျခဲ့တဲ့ တရားစရိတ်တွေကို ပြန်လည်ထုတ်ပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။  ကုန်ကျတဲ့စရိတ်တွေထက် ကျော်လွန်ပြီးတော့ တစ်ဘက်အမှုသည်ကို ပြစ်ဒဏ် ခတ်တဲ့ သဘောနဲ့ တရားစရိတ်ကို သတ်မှတ်ပေးခြင်းတော့ မပြုသင့်ပါဘူး။  ဒီပုဒ်မက စည်းကမ်းသေ၀ပ်မှု အတွက် တရားရုံးကို စီရင်ပိုင်ခွင့် ပေးထားတာမျိုး မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။  ဒီသဘောတရား တွေဟာ Mulla ရေးတဲ့ The Court of Civil Procedure မှာ ဖော်ပြပါရှိတယ်လို့ ဆရာ ဦးကျော်အေးရဲ့ တရားမ ကျင့်ထုံးဥပဒေ (ပထမတွဲ)မှာ ညွှန်းဆိုထားတာ တွေ့ရပါတယ်။

တရားမကျင့်ထုံး ဥပဒေ ပုဒ်မ ၃၅ (၁)မှာ တရားစရိတ်နဲ့ ပတ်သက်လို့ အောက်ပါအတိုင်း ပြဋ္ဌာန်းပါရှိပါတယ်။
"သတ်မှတ်ထားသော စည်းကမ်းချက်များ၊ ကန့်သတ်ချက်များနှင့် လည်းကောင်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်စေဘဲ တရားမမှုများနှင့် စပ်လျဉ်းသည့် တရားစရိတ်များမှာ တရားရုံး၏ သဘောအတိုင်း ဖြစ်စေရမည်။  ယင်းတရားစရိတ်များကို မည်သူက၊ သို့မဟုတ် မည်သည့်ပစ္စည်းမှ မည်မျှအထိ ပေးရမည်ကို ဆုံးဖြတ်ရန်နှင့် အထက်တွင် ဆိုခဲ့သည့် ကိစ္စများ အတွက် လိုအပ်သည်များကို ညွှန်ကြားရန် တရားရုံးတွင် လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိစေရမည်။  တရားရုံးက ယင်းအမှုကို စစ်ဆေးစီရင်ပိုင်ခွင့် မရှိခြင်းကြောင့် အဆိုပါလုပ်ပိုင်ခွင့် ကျင့်သုံးခြင်းကို ပိတ်ပင်ခြင်း မရှိစေရ။" 

 တရားမကျင့်ထုံး ဥပဒေ အမိန့် ၂၀၊ နည်း ၆ (၂)အရ ဒီကရီမှာ တရားစရိတ် ငွေပမာဏနဲ့ ယင်း တရားစရိတ်ကို မည်သူက၊ သို့မဟုတ် မည်သည့်ပစ္စည်းမှ မည်သည့်အချိုးအရ ပေးရမယ်ဆိုတာကို ဖော်ပြရ ပါမယ်။  အမိန့် ၂၀၊ နည်း ၆ (၃)ကို ဆက်လက် လေ့လာမယ်ဆိုရင်လည်း တရားစရိတ်ငွေကို တစ်ဘက် အမှုသည်အား ပေးဖို့ရှိကြောင်း ၀န်ခံထားတဲ့၊ သို့မဟုတ် ပေးရန်ရှိကြောင်း တွေ့ရှိရတဲ့ ငွေနဲ့ ခုနှိမ်ရန် တရားရုံးက ညွှန်ကြားနိုင်ကြောင်း မှတ်သားကြရမှာ ဖြစ်ပါတယ်။

တရားရုံးများလက်စွဲ အပိုဒ် ၁၇၈ (၁)မှာ တရားစရိတ်နဲ့ ပတ်သက်လို့ ပုဒ်မ ၃၅ အရ တရားစရိတ်ကို တရားသူကြီးရဲ့သဘောအတိုင်း ဆောင်ရွက်ခွင့်ရှိကြောင်း၊ ပုဒ်မ ၃၅-က အရ မဟုတ်မမှန်၊ အနှောင့်အယှက် ဖြစ်စေတဲ့ တရားမမှုမျိုးမှာသာ ပြစ်ဒဏ်သဘောအဖြစ် လျော်ကြေးစရိတ်ငွေများ ပြဋ္ဌာန်းထားကြောင်း၊ ဒါ့အပြင် အမိန့် ၁၆၊ နည်း ၂ အရ သက်သေစရိတ်ကိုလည်း သတ်မှတ်ထားကြောင်း လမ်းညွှန်ထားတာ တွေ့ရပါတယ်။  အပိုဒ် ၁၇၈ (၂)မှာ အဆိုလွှာ၊ ချေလွှာမိတ္တူများ ပေးရတဲ့အတွက် ကုန်ကျစရိတ်မှာ ရှေ့နေခမှာ အကျုံးဝင်တာဖြစ်လို့ တရားစရိတ်မှာ ထည့်၍မရကြောင်း၊ သို့သော်လည်း လျှောက်လွှာများ၊ ကျမ်းကျိန်လွှာများနဲ့ ရှာဖွေခများအတွက်တော့ တရားစရိတ်မှာ ထည့်ရမယ်လို့ ညွှန်ပြထား ပါတယ်။ 

 အမှုအတွက် ကုန်ကျစရိတ်များနဲ့ ဆက်စပ် ကုန်ကျငွေများကို ပေးဖို့ တရားရုံးက အမိန့်ချမှတ် ရာမှာ ဒီပုဒ်မက တရားရုံးအနေနဲ့ ဆင်ခြင်တုံတရားအရ ဆုံးဖြတ်ရမယ် ဆိုတဲ့အကြောင်း အာဏာပေးအပ် ထားတဲ့ ပြဋ္ဌာန်းချက်လည်း ဖြစ်ပါတယ်။  တရားရုံးရဲ့ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ရန် အာဏာ (Discretion) ပေးထားတယ် ဆိုရာမှာလည်း သတ်မှတ်ထားတဲ့ မူ(စီရင်ထုံး)တွေကို လိုက်နာဆုံးဖြတ်ရမယ့် (Judicial Discretion) သာဖြစ်ပါတယ်။  တရားရုံးအနေနဲ့ တရားစရိတ်ကို အမှုမှာ ခွင့်မပြုဘူးဆိုရင်တော့ ယင်းပုဒ်မ  ၃၅ (၂)အရ ခွင့်မပြုရခြင်းရဲ့ အကျိုးအကြောင်းကို ဒီကရီမှာ ရေးသားချမှတ်ရမှာလည်း ဖြစ်ပါတယ်။  ယေဘုယျဥပဒေသကတော့ အမှုမှာ အနိုင်ရသူဟာ ကျင့်ဝတ်ဖောက်ဖျက်မှု၊ ပေါ့ဆမှု၊ ထိန်ချန်မှုကို ကျူးလွန်ခြင်းမရှိရင်၊ ဒါမှမဟုတ် တရားစရိတ် မပေးခြင်းအတွက် အခြား ကောင်းသော အကြောင်းပြချက် မရှိဘူးဆိုရင် ၎င်းအနိုင်ရသူအနေနဲ့ တရားစရိတ် ရထိုက်ခွင့် ရှိမှာပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး တရားရုံးအနေနဲ့ ပုဒ်မ ၃၅ (၃)အရ တစ်နှစ်လျှင် (၆)ရာခိုင်နှုန်း ထက်မပိုတဲ့ အတိုးနှုန်းနဲ့ တရားစရိတ် အပေါ်မှာ အတိုးကို ခွင့်ပြုပြီး တရားစရိတ်မှာ ပေါင်းထည့်စေရန်လည်း အမိန့်ချမှတ် ပေးနိုင်ခွင့် ရှိပါသေးတယ် ဆိုတာကိုလည်း မှတ်သားထားရမှာ ဖြစ်ပါတယ်။  အဆိုပါ အတိုးငွေတွေကို တရားစရိတ်အဖြစ် အရ တောင်းခံပိုင်ခွင့် ရှိမှာလည်း ဖြစ်ပါတယ်။ 

 တရားစရိတ်နဲ့ စပ်လျဉ်းတဲ့ ပြဋ္ဌာန်းချက်တွေပါရှိသော နည်းဥပဒေတွေကတော့ __ အမိန့် ၁၁၊ နည်း ၃ (မေးခွန်းများ ဖြေဆိုသည့် စရိတ်)၊  အမိန့် ၁၂၊ နည်း ၂ (စာချုပ်စာတမ်းများကို သက်သေပြခြင်း)၊  အမိန့် ၂၁၊ နည်း ၇၂ (၃) (ရောင်းချခြင်းကို ပယ်ဖျက်ရန် လျှောက်လွှာ)၊  အမိန့် ၂၃၊ နည်း ၁ (၃) (အမှုရုပ်သိမ်းခြင်း)၊  အမိန့် ၂၄၊ နည်း ၄ (တရားရုံးသို့ ပေးသွင်းထားသည့် ငွေနှင့်စပ်လျဉ်းသည့် တရားစရိတ်)၊  အမိန့် ၃၂၊ နည်း ၄ နှင့် ၅ (နီးစပ်ရာ မိတ်ဆွေများနှင့် အုပ်ထိန်းသူများ)၊  အမိန့် ၃၃၊ နည်း ၁၀၊ ၁၁၊ ၁၆ (လူမွဲအဖြစ် တရားစွဲဆိုခြင်း)၊  အမိန့် ၃၄ (အပေါင်မှု)၊  အမိန့် ၃၅၊ နည်း ၃ (ကြားဖြတ်အမှု) တွေပဲ ဖြစ်တယ်ဆိုတာ သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

 လေ့လာမိသမျှ တရားစရိတ်နဲ့ပတ်သက်တဲ့ စီရင်ထုံးမှတ်စုအချို့ကို ဖော်ပြပေးလိုက်ပါတယ် __
*   ထူးခြားသော အမှုများတွင် သီးခြား တရားလိုများ ကိုယ်စား လိုက်ပါသော တရားရုံးချုပ်ရှေ့နေများ အတွက် သီးခြား တရားစရိတ်များကို ခွင့်ပြုနိုင်သည်။  (The Moola Hashim Family Endowment Waqf Estate Vs. M.E. Dawoodjiee and others.  1952, B.L.R.,  H.C., p-74)

*     တရားစရိတ်ကို တောင်းဆိုသည့်ငွေအပေါ် တွက်ချက်ရန် မဟုတ်ဘဲ၊ ရုံးက ခွင့်ပြုသောငွေအပေါ် အချိုးကျ တွက်ချက်ခွင့် ပြုရမည်။  ခွင့်မပြုလျှင် ပုဒ်မ ၃၅ (၂) အရ အကြောင်းပြချက် ရေးရမည်။  (ရွှေတင် နှင့် စီတားလ်၊  ၁၉၅၄၊ မတစ၊ စာ-၂၄၈) ၊ (မူလီဒါးကန်ဒွိုင် နှင့် လက်ခါးဆင်း ပါ-၂၊ ၁၉၆၂၊ မတစ (လွှတ်တော်)၊ စာ-၁၁၂)။

*     တရားပြိုင်က ချေလွှာတွင် တစ်စိတ်တစ်ဒေသ ဖြောင့်ဆိုဝန်ခံပြီး အခြားအစိတ်အပိုင်း အတွက် ထုချေလျှင် ထုချေသည့်အပိုင်း အတွက် တရားလိုအား အချိုးကျ ခွင့်ပြုရမည်။  ရှေ့နေစရိတ်ကိုမူ တရားပြိုင်က ခုခံသည့်အနေဖြင့် ခွင့်ပြုရမည်။  (ပြည်သူ့ဘဏ် အမှတ်(၉) နှင့် မက်ဆားစ် အမျိုးသား စီးကရက် ကုမ္ပဏီလီမိတက် ပါ-၁၆၊ မတစ၊ စာ-၅၃)

*     အစုစပ်လုပ်ငန်း ဖျက်သိမ်းလိုမှုတွင် တရားစရိတ်ကို အစုစပ်လုပ်ငန်းပိုင် ငွေမှ ကျခံစေရမည်ဟု သာမန်အားဖြင့် အမိန့်ချမှတ်ရမည်။  အစုစပ်လုပ်ငန်းပိုင် ငွေမရှိမှ အစုရှင်က ကျခံရမည်။  တရားပြိုင်က စာရင်းပေးသွင်းရန်၊ အစုစပ် ဖျက်သိမ်းရန် တမင်ငြင်းဆိုမှ တရားပြိုင်က ကျခံသင့်သည်။  (ဒေါ်ငွေသီး ပါ-၁၁ နှင့် ဦးဖေသင် ပါ-၅၊ ၁၉၆၆၊ မတစ၊ စာ-၁၁၈၅)

*     အမိန့် ၁၊ နည်း ၁၀ အရ အမှုသည်အဖြစ်မှ ဖယ်ထုတ်သော တရားပြိုင်အား တန်ဖိုးအလျောက် တရားစရိတ် မပေးရ။  (E.I. Seedat and others  Vs. Mariam Bi Bi and others,  1938,  RLR,  p-252)

*     စွဲဆိုသည့် အမှုကို ပလပ်လိုက်လျှင် အမှုတန်ဖိုးအပေါ် အခြေပြု၍ တရားစရိတ်ကို တွက်ချက်ခွင့်ပြု နိုင်သည်။  တရားမကြီးမှု အဆင့် မရောက်သေးသည့် လူမွဲအဖြစ် စွဲဆိုခွင့်ပြုရန် အထွေထွေလျှောက်လွှာကို ပလပ်လျှင် အမှု၏တန်ဖိုးအပေါ် မူတည်၍ တရားစရိတ် တွက်ရန်မဟုတ်။  (ဦးထွန်းဖေ နှင့် ဦးသာထွန်း၊  ၁၉၇၇၊ မတစ၊ စာ-၃၆)

 ဒီပို့စ်လေးကို မျှဝေတင်ပြပေးရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်ကိုယ်တိုင် အပါအ၀င် အခြားသူ အချို့ဟာ တရားစရိတ်နဲ့ ပတ်သက်လာရင် အမှုနိုင်တဲ့သူကို ရှုံးတဲ့သူက တရားစရိတ် ပေးရတာပါပဲလို့ အမြင်ကျဉ်းမြောင်းစွာ ပေါ့ပေါ့လွယ်လွယ် ယေဘုယျဆန်စွာ မှတ်ယူထားခဲ့ကြလို့ ကျွန်တော်လည်း လေ့လာမှတ်သားရင်းက သိသင့်တာလေးတွေကို ပြန်လည်မျှဝေရခြင်း ဖြစ်ပါတယ်။  ဒီပို့စ်လေးကို ဖတ်ရှုရတဲ့အခါမှာတော့ တရားစရိတ်ဆိုတာ တရားရုံးက သတ်မှတ်ချင်သလို သတ်မှတ်ပေးတာမျိုး မဟုတ်ဘူး ဆိုတာကို မြင်တွေ့ရိပ်စားမိ လာကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

အလျဉ်းသင့်လို့ ပြောပါရစေခင်ဗျာ။  ဥပဒေပညာဟာ မွန်မြတ်တဲ့  ပညာရပ်ဖြစ်တဲ့အပြင်၊ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးတဲ့ ပညာရပ်လည်းဖြစ်လို့ ဥပဒေ ပညာနဲ့ အသက်မွေးဝမ်းကျောင်း ကြသူများအနေနဲ့ စာ များများဖတ်ကြဖို့ တိုက်တွန်းပါရစေ။  (ကျွန်တော့်ကိုယ် ကျွန်တော်လည်း တိုက်တွန်းရင်းပေါ့။) စာဖတ်အားနည်းတဲ့အခါမှာ ပညာဥာဏ်ရည် ယိမ်းယိုင်လာတတ် ပါတယ်၊ သူများ ပါးစပ်ပြောသမျှကို နားယဉ်ပါးပြီး ဥပဒေအသားကို ကိုယ်တိုင် မလေ့လာမိတဲ့အခါ တကယ့် ပြဿနာ အရေးကြုံလာရင် ထင်ယောင်ထင်မှား ပြောကြ၊ ဆိုကြတာမျိုးတွေ ရှိလာတတ်ပါတယ်။  ပညာမပြည့်တဲ့အခါ ကိုယ်ရည်ကိုယ်သွေးတွေ ပိုမိုနိမ့်ပါးလာနိုင်ပြီး ဆူလွယ်၊နပ်လွယ် လုပ်ငန်းဆောင်တာ များကိုသာ လုပ်ကိုင် ရှာဖွေ စားသောက်ရင်းက ဘ၀ဟာ တန်ဖိုးတက် မလာတော့ဘဲ ကျရှုံးခြင်း ဘက်သို့သာ ဆက်၍ ဆက်၍ ဦးတည်ခြေလှမ်းနေရပါတော့တယ်။  မိမိတို့ တစ်ဦးချင်း၊ တစ်ယောက်ချင်း ကျရှုံးခြင်း၊ ပညာနိမ့်ပါးခြင်းတို့ ဖြစ်လာကြတာနဲ့အမျှ ကျွန်တော်တို့ရဲ့ တရားစီရင်ရေး မဏ္ဍိုင်ဟာလည်း အားအင်ချိနဲ့လာ နိုင်တာဖြစ်လို့ အမှားတွေနဲ့ အားနည်းချက်တွေကို လွတ်လပ်စွာ ဝေဖန်ပါ၊ ပညာယူပါ၊ ထောက်ပြပါ၊ တရားစီရင်ရေး အသိုင်းအ၀ိုင်းက လူအားလုံး (အားလုံး) တန်းတူစွာ ပညာရည် ပြည့်ဝဖို့ လိုအပ်နေသေးတာ ဖြစ်လို့ စာများများ ဖတ်ကြဖို့ ထပ်ဆင့် တိုက်တွန်းလိုက်ပါရစေ။


လွှမ်းမိုးအောင် (တရားရေး)




16-12-2014   1:40 am.


Monday, December 15, 2014

ခံဝန်ချုပ် ဖောက်ဖျက်မှုအပေါ် အရေးယူခြင်း



ခံဝန်ချုပ် ဖောက်ဖျက်မှုအပေါ် အရေးယူခြင်း



ပြစ်မှုဆိုင်ရာဥပဒေနှင့် အခြားဥပဒေတစ်ရပ်ရပ်အရ တရားခံများအပေါ် အရေးယူထားတဲ့ အမှုတွေမှာ ၎င်းတို့ ကျူးလွန်တဲ့ ပြစ်မှုအမျိုးအစားအလိုက် အာမခံပေးရမည့်ပြစ်မှု နဲ့ အာမခံ မပေးနိုင်သောပြစ်မှု ဆိုပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ ဒုတိယဇယား၊ စာတိုင်(၅)မှာ နှစ်မျိုးနှစ်လီ ခွဲခြားသတ်မှတ်မှု ရှိပါတယ်။ အမှုကို တရားရုံးသို့ တရားစွဲတင်ပို့ခြင်း မပြုမီ ရဲတပ်ဖွဲ့က စုံစမ်းထောက်လှမ်း စစ်ဆေးနေဆဲ ကာလအတွင်း အာမခံပေးနိုင်သော အမှုမျိုးမှာ ရဲစခန်းမှူးအနေနဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၇၀(၁)အရ တရားခံကို အာမခံ ပေးထားနိုင်ပါတယ်။ ပြစ်မှုဟာ အာမခံ မပေးနိုင်သော အမှုဖြစ်မယ် ဆိုရင်လည်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇ အရ ရဲစခန်းမှူး နဲ့ တရားရုံးက အာမခံ ပေးနိုင်ခွင့် ရှိပါတယ်။  တရားခံကို ရဲခံဝန်နဲ့ တရားရုံးသို့ စွဲတင်ပို့တဲ့အခါ ၎င်းတရားခံကို အာမခံနဲ့ တင်ပို့ရမှာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ က အမှုကို စုံထောက်စစ်ဆေးနေစဉ် ချုပ်မိန့် (Remand)ကာလအတွင်းမှာ တရားရုံးက အာမခံပေးထား တယ်ဆိုရင်တော့ အဲဒီအမှုကို တရားရုံးသို့ စွဲဆိုတင်ပို့ရာမှာ တရားခံကို တရားရုံးခံဝန်အရ အာမခံနဲ့ တင်ပို့ရ ပါတယ်။  တရားရုံးကို အမှုစွဲတင်လာတဲ့နေ့မှာ တရားခံကို ယခင်က ပေးထားခဲ့တဲ့ ရဲအာမခံ (သို့မဟုတ်) ရုံးအာမခံတွေဟာ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်ပါတယ်။  တရားခံကို အမှုလက်ခံစစ်ဆေးမယ့် တရားရုံးက ဆက်လက်ပြီး အာမခံခွင့်ပြုပေးတယ်ဆိုရင် ခံဝန်ချုပ်အသစ် ထပ်မံချုပ်ဆိုရပါတယ်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၃ အရ တရားရုံးအနေနဲ့ တရားခံကို အာမခံသူများနဲ့ဖြစ်စေ၊ အာမခံသူများ မပါဘဲဖြစ်စေ ခံဝန်ချုပ်ဆိုစေရန် တောင်းဆိုတဲ့အခါမှာ ရုံးအနေနဲ့ တရားခံကို ခံဝန်ချုပ်ဆို စေမယ့်အစား (ကောင်းမွန်စွာ နေထိုင်ရန် ချုပ်ဆိုတဲ့ ခံဝန်ချုပ်မှတပါး) သင့်တော်သော အရေအတွက်ရှိတဲ့ ငွေတစ်ရပ်ကို ဖြစ်စေ၊ အစိုးရငွေပေးကတိစာချုပ်ကိုဖြစ်စေ တင်သွင်းစေရန် ခွင့်ပြုနိုင်ပါတယ်။  အာမခံတန်ဘိုးကို မတန်တဆတော့ တောင်းလို့မရပါဘူး။

တရားခံ ထွက်ပြေးလျှင် သော်လည်းကောင်း၊ အကြောင်းမဲ့ ရုံးချိန်းပျက်ကွက်လျှင် သော် လည်းကောင်း ခံဝန်သူတို့အား တရားခံကို ရှာရန် အချိန်ပေးသင့်ပါတယ်။  တရားရုံးက သင့်တော်သလို သတ်မှတ်ချိန်းဆိုတဲ့ ရုံးချိန်းနေ့ရက်တိုင် ခံဝန်သူတွေဟာ တရားခံကို ရှာဖွေမတွေ့တော့တဲ့ အခါမှသာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၄ အရ ပြစ်မှုဆိုင်ရာ အထွေထွေမှု ဖွင့်လှစ်ပြီး အရေးယူ ဆောင်ရွက်သင့်ပါတယ်။ ခံဝန်သူတွေ ရုံးရှေ့ရောက်ရှိတဲ့အခါ ၎င်းခံဝန်သူ တို့ကို ထုချေလွှာ တောင်းခေါ်ရပါမယ်။  ပြီးမှသာ တရားရုံးက ၎င်းတို့အပေါ် ခံဝန်ချုပ်ပါ အာမခံကြေးကို အပြည့်ဖြစ်စေ၊ အချို့အ၀က်ကို ဖြစ်စေ ပေးလျော်စေရန် အမိန့် ချမှတ်နိုင်သလို၊ လွတ်ငြိမ်းချမ်းသာခွင့် လည်း ပေးနိုင်ပါတယ်။

လူအာမခံ ခံဝန်ချုပ် ဖောက်ဖျက်မှုကြောင့် အရေးယူတဲ့အခါမှာ တရားခံနှင့် ခံဝန်သူများ အားလုံး အပေါ်မှာ အတူတကွ ပူးတွဲ၍ဖြစ်စေ၊ သီးခြားစီဖြစ်စေ ပေးလျော်ရန် တာဝန်ရှိကြောင်းကို မောင်မြကြီး ပါ(၂) နှင့် နိုင်ငံတော် (၁၉၅၉၊ မတစ (လွှတ်တော်)၊ စာ-၁၆၀)မှာ စီရင်ထုံးဖွဲ့ထားပါတယ်။

ရုံးက ချမှတ်တဲ့ ဒဏ်ကြေးငွေကို ငြင်းဆန်မယ် ဆိုရင်တော့ ခံဝန်သူတွေ ပိုင်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင် သောပစ္စည်းများကို ၀ရမ်းကပ် ရောင်းချပြီး ဒဏ်ကြေးကို ရယူနိုင်ပါတယ်။  ယင်းသို့ ဒဏ်ကြေးကောက်ခံရာ မှာ ဘယ်လိုဘယ်ပုံ လိုက်နာဆောင်ရွက်ရမယ် ဆိုတာကို ဦးသာရင် နှင့် ဦးစိန်မောင် (၁၉၆၅၊ မတစ (ရုံးချုပ်)၊ စာ-၆၃) မှာ အကျယ်တ၀ံ့ လမ်းညွှန် ထုံးဖွဲ့ထားတာဖြစ်လို့ ရှာဖွေဖတ်ရှုသင့်ပါတယ်။   တကယ်လို့ ခံဝန်သူတွေဟာ ဒဏ်ကြေးကို ငွေသားနှင့်လည်း ပေးဆောင်ခြင်း မရှိ၊ ပစ္စည်းဝရမ်း စွဲကပ်ရောင်းချဖို့ ကလည်း မဖြစ်နိုင်ဘူး ဆိုရင်တော့ ခံဝန်သူအပေါ် တရားမထောင်ဒဏ် (၆)လအထိ ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၄ (၄) မှာ ပြဋ္ဌာန်းပါရှိပါတယ်။ 

တရားရုံးတစ်ရုံးကနေ အခြားတစ်ရုံးကို (အာမခံပေးထားတဲ့ တရားခံအပေါ် စွဲဆိုထားတဲ့) အမှုတွေ လွှဲပြောင်းပေးဖို့ အကြောင်း ပေါ်ပေါက်လာတာမျိုး တစ်ခါတစ်ရံ ရှိတတ်ပါတယ်။  ဒီလို ရုံးပြောင်းလာတဲ့ အမှုမှာ လွှဲပြောင်းလိုက်တဲ့ ရုံးသို့သော်လည်းကောင်း၊ လွှဲပြောင်းပေးပို့ လက်ခံရတဲ့ရုံးသို့ သော် လည်းကောင်း တရားခံ ရောက်မလာဘူး ဆိုရင် အဲဒီလို တရားခံ မလာရောက်တာကို အကြောင်းပြုပြီး မူလရုံးက ခံဝန်ချုပ်အရ ငွေကို ဘဏ္ဍာတော်အဖြစ် သိမ်းယူရန် အာဏာ မရှိပါဘူး။  ဒီမူသဘောကို မောင်ငယ် နှင့် အစိုးရ (အတွဲ(၂)၊ ရန်ကုန် စီရင်ထုံး၊ စာ-၅၀၁) မှာ ဆုံးဖြတ်ထားပါတယ်။  ခံဝန်ချုပ်ပေါ်မှာ "အမှုလွှဲပြောင်း လိုက်တဲ့ တရားရုံးသို့ လာရောက်ရန် တာဝန်ရှိကြောင်း" ဖော်ပြမထားဘူး ဆိုရင်တော့ တရားခံဟာ ထိုရုံးကို မလာတဲ့အတွက် ခံဝန်ချုပ်ပါ ငွေကို ဘဏ္ဍာအဖြစ် သိမ်းယူခြင်း ပြုနိုင်မှာ မဟုတ်ဘူး ဆိုတာ ကိုလည်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၇၀(၃) နဲ့ တရားရုံးများလက်စွဲ အပိုဒ် ၅၂၁ မှာ ညွှန်ပြထားတာကို သတိပြုကြရ ပါမယ်။

 အောက်တွင်ဖော်ပြမယ့် ဒေါ်ရှုရင် (ခ) ဒေါ်အေးအေးမြင့် နှင့် နိုင်ငံတော် (၁၉၈၉၊ မတစ၊ စာ-၃၀) အမှုကို ဆက်လက်လေ့လာ ကြည့်ပါ။
 "တိုင်းတရားရုံးရှေ့တွင် ပြုလုပ်သော ခံဝန်ချုပ်သည် တိုင်းတရားရုံးရှေ့၌သာ အတည် ဖြစ်ပြီး မြို့နယ်တရားရုံးသို့ ရောက်ရှိသွားသည့် နေ့တွင် ယင်းခံဝန်ချုပ်သည် ဆက်လက် တည်ရှိခြင်း မရှိတော့ပေ။  အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်ရာ မြို့နယ်တရားရုံးအနေဖြင့် ခံဝန်ချုပ်ဖြင့် တရားခံအား ဆက်လက်ထား သောအမှုမျိုးတွင် ခံဝန်ချုပ် အသစ်ကို ပြန်လည်ပြုလုပ်ရမည်။"

ရဲအရာရှိက ရယူတဲ့အာမခံ ခံဝန်ချုပ်ကို တရားခံက ဖောက်ဖျက်တဲ့အခါမှာ အာမခံသူတွေအပေါ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၄ အရ အရေးယူခဲ့ခြင်းနဲ့ စပ်လျဉ်းလို့ စိတ်ဝင်စားဖွယ် ပြဿနာတစ်ရပ်ကိုလည်း အောက်မှာ ဆက်လက်လေ့လာကြည့်ပါ။  ဦးအောင်ကြည် ပါ(၂) နှင့် နိုင်ငံတော် (၂၀၀၁၊ မတစ၊ စာ-၁၃) မှာ ထုံးဖွဲ့ထားတာဖြစ်ပြီး မမှားရအောင် သတိဆောင်နိုင်မယ့် စီရင်ထုံးဖြစ်လို့ ဖော်ပြပေးလိုက်ပါတယ်။
"အာမခံမပေးနိုင်သော ပြစ်မှုနှင့် စွပ်စွဲခံရသူကို အာမခံပေးနိုင်ခွင့်မှာ ရဲစခန်းမှူးနှင့် တရားရုံး ကသာ ဖြစ်သည်။  စခန်းမှူးအောက် ရာထူးနိမ့်သော အရာရှိက အာမခံ မပေးနိုင်။  ဤအမှုတွင် မည်သူက အာမခံပေးကြောင်း ဖော်ပြမထားပေ။  အမှုဖွင့်တိုင်ကြားသူ ဒုရဲအုပ် ဌေးဝင်း၏ တိုင်ကြားချက်တွင်လည်း ယင်းအကြောင်းကို ဖော်ပြမထားပေ။  ခံဝန်ချုပ်ကို မည်သူ၏ ရှေ့တွင် ပြုလုပ်ကြောင်းကိုလည်း ဖော်ပြမထားပေ။  တရားခံအား (ပ)နံပါတ်- ၆၄၈/၉၉ တွင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၀၆ အရ အမှုဖွင့်သော်လည်း ခံဝန်ချုပ်တွင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၂၀ ကို ဖော်ပြပြီး ခံဝန်ချုပ်ဆိုထား သည်ကို တွေ့ရသည်။  သို့ဖြစ်ရာ အဆိုပါ ခံဝန်ချုပ်သည် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်သော ခံဝန်ချုပ် ဖြစ်သည်ဟု ဆိုရန် ခဲယဉ်းသည်။  ယင်းခံဝန်ချုပ်ကို ဖောက်ဖျက်မှုဖြင့် အာမခံသူများအပေါ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၄ အရ အမှုဖွင့် အရေးယူပြီး ဒဏ်ကြေးငွေ ပေးဆောင်စေရန် ချမှတ်ထားသော အမိန့်မှာ ဥပဒေအရ မှန်ကန်သည်ဟု ဆိုနိုင်မည် မဟုတ်ပေ။"

တရားရုံးချုပ်က ထုတ်ပြန်ခဲ့တဲ့ (၁၅-၁၁-၁၉၉၁) ရက်စွဲပါ အမှာစာအမှတ်၊ ၂၃၁/၄၂၇/၉၁(လထန) ရှိ အမှာစာ အပိုဒ်(၂)နဲ့ (၃)ရဲ့ အောက်ပါ နမူနာပြ လမ်းညွှန်မှာကြားချက်နဲ့ ဒီပို့စ်လေးကို အဆုံးသတ်ပါရစေ။
(၂)     မြို့နယ်တရားရုံး တစ်ရုံးတွင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၈၀၊ ပုဒ်မ ၄၅၄၊ ပုဒ်မ ၃၄ အရ တရားစွဲဆိုခြင်း ခံရသော တရားခံအား ကျပ်တစ်သောင်းတန် အာမခံသူနှစ်ဦးဖြင့် ခံဝန်ချုပ်ဆို၍ အာမခံပေးထားရာမှ ယင်းတရားခံ ထွက်ပြေးသည့် ကိစ္စ၌ အာမခံသူများ ဒဏ်ကြေးငွေ ကျပ်ငါးရာစီ ပေးဆောင်ရန် တရားရုံးက အမိန့်ချမှတ်ထားသည်ကို တွေ့ရပါသည်။  ဤကဲ့သို့ သက်ညှာစွာ ဒဏ်ကြေးငွေ ပေးဆောင်ရန် အမိန့်ချမှတ်ခြင်းသည် အာမခံဖြင့် နေခွင့်ပြုထားသော တရားခံများ လွယ်လွယ်ဖြင့် ရုံးချိန်းပျက်ကွက်ခြင်း၊ ထွက်ပြေးခြင်းနှင့် အာမခံသူများ အနေဖြင့်လည်း ပေါ့ပေါ့တန်တန် အာမခံကြခြင်းများကို အားပေးရာ ရောက်ပါသည်။  ထို့ပြင် တရားခံ ရုံးချိန်းပျက်ကွက်ခြင်း၊ တိမ်းရှောင်နေခြင်းများ ရှိသည်နှင့်အမျှ အမှုများလည်း ကြန့်ကြာပြီး မှန်မှန်နှင့်မြန်မြန် စစ်ဆေးရေးကို တစ်နည်းတစ်ဖုံ ထိခိုက်ရာ ရောက်ပါသည်။  တရားရုံးရှေ့၌ ခံဝန်ချုပ် ချုပ်ဆိုခြင်းကို လွယ်လွယ်ဖောက်ဖျက် ခြင်းဖြင့် တရားရုံး၏အာဏာကို သေးသိမ်စေရာလည်း ရောက်ပါသည်။
(၃)     သို့ဖြစ်ပါ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၄ အရ ခံဝန်ချုပ်ကို သိမ်းယူရာတွင် ဒဏ်ကြေးငွေကို သတ်မှတ်ရာ၌ အထက်အပိုဒ် ၂ ပါ အခြေအနေများကို သတိပြုပြီး တင်းတင်းကျပ်ကျပ်နှင့် ထိရောက်စွာ အရေးယူ အမိန့်ချမှတ်ခြင်းများ ပြုလုပ်ရန် ညွှန်ကြားလိုက်သည်။


လွှမ်းမိုးအောင် (တရားရေး)



15-12-2014  1:05 am.

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...