Friday, November 30, 2018

နန်းတော်ခိုးသူများ

   မောင်ရင့်မာ  ၊ကျောင်းကုန်း၊

စိန့်ဘီနီဒစ်အထက်တန်းကျောင်း၌ ၃၄နှစ်ကြာသမိုင်းဘာသာပြဆရာလုပ်ခဲ့ပြီးမှ အငြိမ်းစားယူခဲ့သောဆရာဟန်းဒတ် သည် တပည့်ဟောင်းများ၏ဖိတ်ကြားချက်အရ လောင်းအိုင်းလန်းရှိအပန်းဖြေစခန်းသို့ ရဟတ်ယာဉ်စီး၍လာခဲ့ခြင်းနှင့် ဇာတ် ကို ဖွင့်ထားသည်။ “

နှစ်ပေါင်း၃၀။ စိန့်ဘီနီဒစ်၌ ဆရာဟန်းဒတ်နှင့်သူ၏တပည့်များ စတင်တွေ့ဆုံခဲ့သည်က ၁၉၇၆ခုနှစ်ဖြစ်သည်။

×××××××××××××××××

မာတင်ဘလိုက်ဆိုသောကျောင်းသားလေးကို မတ်တပ်ရပ်ခိုင်းလိုက်ပြီး နံရံပေါ်ရှိသတ္ထုဆိုင်းဘုတ်ပြား၌မော်ကွန်းထိုး ထားသော စာကြောင်းများကိုဖတ်ပြခိုင်းသည်။ 
“ကျွန်ုပ်ရွှတ်တရွတ်နာဟွန်တေးသည် အာရှန်းနှင့် ဆူဆာနယ်မှဘုရင်ဖြစ်၍ အီလမ်းဒေသ၏ အချုပ်အခြာ အာဏာပိုင် ဖြစ်သည်။ကျွန်ုပ်သည် ဆစ်ပါးနယ်ကိုဖျက်ဆီး၍ နာရမ်ဆင်းဒေသမှကျောက်စာတိုင်ကိုအီလမ်ဒေသသို့ ပြန်ဆောင်ယူကာ”

ဆရာက ရွှတ်တရွတ်နာဟွန်တေး(Shutruk Nahunte) ဟူသောအမည်ကို ပြဌာန်းစာအုပ်ထဲမှာရှာကြည့်ဖို့ပြောတော့
 ကျောင်းသားများက အလုအယက်ရှာသည်။ ခဏကြာတော့ ရပ်ခိုင်းလိုက်သည်။

 “ရှာမနေကြနဲ့တော့၊ နာဟွန်တေးအမည်နဲ့သူ့ရဲ့လုပ်ဆောင်ချက်တွေ ဘယ်သမိုင်းစာအုပ်မှာမှရှာလို့တွေ့မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ အောင်ပွဲတွေ အမြောက်အမြားရခဲ့ပေမဲ့ လူ့အဖွဲ့အစည်းကို ဘာမှ ပေးမသွားခဲ့လို့ပဲ၊ 
ကိုင်း-မင်းတို့ကရောလူ့အဖွဲ့အစည်းကို ဘာတွေပေးမလဲ။သမိုင်းကမင်းတို့ကို ဘယ်လို အမှတ်ရစေချင်သလဲ၊ ရွှတ်တရွတ်နာဟွန်တေးကိုတော့ သမိုင်းက လုံးလုံးမေ့သွားပြီ”

ဆရာဟန်းဒတ်က စာသင်ခန်းထဲကပန်းချီကားများနှင့်ပန်းပုရုပ်များကိုညွှန်ပြပြီးဆက်ပြောသည်။ “ဟောဒီမှာအရစ္စတို 
တယ်၊သြဂတ်စတပ်၊ဆီဇာ၊ပလေတို၊ဆီဆာရို၊ဆိုကရေးတီး၊အားလုံးပဲ သမိုင်းရဲ့အထင်ကရပုဂ္ဂိုလ်ကြီးတွေ၊ 
သူတို့ ဆောင်ရွက်ခဲ့တာတွေက သူတို့ရှင်သန်ခဲ့တဲ့အချိန်တွေကိုကျော်လွန်ပြီး အခုငါတို့ခေတ်အထိတိုင် ကျန်သေးတယ်။သူတို့ရဲ့ ဇာတ်ကြောင်းတွေက အခုငါတို့သင်နေရတဲ့အကြောင်းတွေပဲ။
ကဲ ဒီနေ့သင်မှာကတော့ ဂရိနဲ့ရောမခေတ်က အနောက်တိုင်းယဉ်ကျေးမှုဖြစ်စဉ်ပါ။ ဆရာ့နာမည်ကတော့ ဟန်းဒတ်ပဲ”
ဆရာဟန်းဒတ်ကအဲသည်လိုဆရာဖြစ်သည်။

ကျွန်တော်သည် အဲသည်လောက် “အားပါ”သည့် သမိုင်းဆရာမျိုးထံ၌ တစ်ကြိမ်တစ်ခါမျှ မသင်ယူခဲ့ဖူးဘူးထင်ပါသည်။ဆရာတွေက အလုံးစုံပြည့်စုံပြီး တပည့်များကလည်း တော်ဖြောင့်ထူးချွန်နေ ကြမည်ဆိုလျှင် သည်လိုဇာတ်လမ်းမျိုးတွေ ရှိလာလိမ့်မည် မထင်။ တစ်နေ့တော့-
ဆရာဟန်းဒတ်၏စာသင်ခန်းသို့ ကားနက်ကြီးတစ်စီး ထိုးဆိုက်လာသည်။ကျောင်းအုပ်ဆရာကြီးကိုယ်တိုင် ကားနက် ကြီးအနီးသို့ တယုတယသွား၍ကြိုပေးခဲ့ရသည်။ဗာဂျီးနီးယားပြည်နယ်၏ ၀ါရင့်ဆီးနိတ်လွှတ်တော်အမတ် “ဟိုင်ရမ်ဘဲလ်”က သူ၏သားတော်မောင်“ဆက်ဂ်ျဝစ်ဘဲလ်”ကို ကျောင်းအပ်ခြင်းဖြစ်သည်။ဆရာဟန်းဒတ်၏အတန်းမှာ သူ့ကိုနေရာချပေးသည်။ 
ဆက်ဂ်ျဝစ်သည်စာသင်ခန်းကိုမထီတရီ ဝေ့ကြည့်လိုက်သည်။သည်ကောင်လေး ရောက်လာသောအခါတွင်မှ “စည်း ကမ်း”ဆိုသည်မှာ ချိုးဖောက်ရမည့်အရာဖြစ်ကြောင်း ကျောင်းသားများ သိလာကြသည်။

ဆက်ဂ်ျဝစ်သည် တော်တော်ဆိုးသည့်တပည့် ဖြစ်သည်။ ဆရာကမင်းဆက်လေးဆက်၏အမည်ကိုပြောခိုင်းရာ ဘီတဲလ်အဖွဲ့ဝင်လေးဦး၏အမည် ကို သူရွတ်ပြခဲ့သည်။လပတ်စာမေးပွဲမှာဆက်ဂျဝစ် တစ်မှတ်ပဲရသဖြင့် သူ့အဖေအမတ်မင်းထံသို့ ဆရာဟန်းဒတ် ကိုယ်တိုင် သွားတွေ့ခဲ့သည်။ဆီးနိတ်အမတ်က အနောက်တိုင်းယဉ်ကျေးမှုဖွံ့ဖြိုးလာခြင်းသင်ခန်းစာကို 
ဘာအဓိပ္ပာယ်နှင့် သင်သလဲဟု မေးသည်။

 “အဆင့်မြင့်တဲ့နိုင်ငံတစ်နိုင်ငံ အုပ်ချုပ်နိုင်ဖို့ဆိုတာ ကိုယ်ကျင့်သိက္ခာထိန်းသိမ်းခြင်းက စရပါတယ်။ ကျွန်တော့်တာဝန် က ဆက်ဂ်ျဝစ်တို့လို လူငယ်လေးတွေကို ပုံသွင်းပေးဖို့” ဆရာဟန်ဒတ်၏စကားကို ဆုံးအောင်ပြောခွင့်မပေးဘဲ အမတ်မင်းက “ဘာလဲဆရာ၊ပုံသွင်းပေးဖို့ ဟုတ်လား။ ဆရာမှားနေပြီ။ ဆရာ့တာဝန်က စာသင်ပေးဖို့ပါ။ ကမ္ဘာကြီးဘာကြောင့်လုံးသလဲ၊ဘယ် သူကဘယ်သူ့ကို ဘယ်နေရာမှာသတ်သလဲ၊အဖြစ်အပျက်တွေသင်ပေးဖို့ပါ။ကျွန်တော့်စားကိုပုံသွင်းပေးရမယ့်သူကကျွန်တော် ကိုယ်တိုင်ပါ။ ဆရာမဟုတ်ပါဘူး” ဟု ဖီဖီခါပြောလိုက်သတဲ့။ ဆရာဟန်းဒတ် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရသည်။
 

ဆရာကြည်ရွှန်းက  ပညာသင်ကြားခြင်းသည် မိမိဘ၀၌ အသက်မွေးဝမ်းကျောင်းဖို့အတွက်သာမဟုတ်ကြောင်း၊ 
(The Emperor’s Club)ကို ကြည့်ပြီးသောအခါ ပညာဘာကြောင့်သင်ဖို့လိုသလဲဆိုသည့်အဓိပ္ပာယ်ကို ခံစားသိရကြောင်း၊ရုပ်ရှင်ကား၏မူလ၀တ္ထု အမည်မှာ(The Palace Theif) “နန်းတော်ကိုခိုးယူသူ”ဟူ၍ဖြစ်ရာ ထိုအမည်ကို ဘာကြောင့်မှည့်ခေါ်ထားသလဲဟု လွယ်လင့် တကူ စဉ်းစား၍မရခဲ့ကြောင်း၊ဆိုပါသည်။

“ရုပ်ရှင်ထဲက ဆက်ဂ်ျဝစ်တို့ သားအဖမှာ ဆီးနိတ်လွှတ်တော်အမတ် ဆိုသောနေရာနှင့် ပတ်သက်ကြသူများပင်။  သို့ သော် အမတ်ဖြစ်သောအဖေက ပညာသင်ကြားရေး၏အဓိပ္ပာယ်ကို နားမလည် ၊သူအမတ်ဖြစ်ဖို့ အထောက်အပံ့ ဖြစ်စေသည့် ဖွဲ့စည်ူးပုံအခြေခံဥပဒေက ဘယ်ကလာသလဲ ဆိုတာပင်မသိ။ 
သားအတွက် ပညာသင်ယူခြင်းနှင့် စာရိတ္တပြုပြင်ခြင်း ဆိုတာကို လည်း ခွဲခြားမသိရှိ။ သို့သော်လည်း ပြည်သူက လွှဲအပ်သော အာဏာကိုတော့ ရယူခဲ့သည်”

“သားဖြစ်သူ ဆက်ဂ်ျဝစ်ကကော။ သူကတော့ပညာရှာရာမှာ မသမာတာတွေလုပ်ဖို့ နည်းနည်းမှ နောက် မတွန့်ခဲ့သူ။ တံတားကိုတွေ့ပါလျက် တံတိုင်းအောက်မလွယ်ပေါက်မှ ၀င်ချင်သူ။ တိုင်းပြည်၏အနာဂတ်ပညာရေးဆိုတာကို ကိုယ်အာဏာ ရရှိဖို့အတွက် မြိန်ရေယှက်ရေ ဟစ်ကြွေးတတ်သူ။ သည်လိုလူတွေလက်ထဲကိုများ လုပ်ပိုင်ခွင့်တွေလွှဲအပ်ခဲ့ပါလျှင်”
“ဆရာဟန်းဒတ်ကတော့ သည်လိုလူမျိုးတွေမဖြစ်ရအောင် သူ၏သင်ခန်းစာအစ၌ သမိုင်းတွင်နာမည်မကျန်ရစ်ခဲ့သော ဘုရင်တစ်ပါး၏အမည်ကို ဖော်ပြဆုံးမသွားပါသည်”

“ပထ၀ီနိုင်ငံရေး”(Geo-politics)ကျမ်းပြုဆရာ(ဒုဗိလ်မှူးကြီးသောင်းထိုက်)၏မှတ်ချက်(၁၉၉၁)ကို သတိရမိပါသည်။
“မြန်မာတို့သည် အလွန်လွတ်လပ်စွာ နေလိုသူများဖြစ်သည်၊ထို့ကြောင့် ခိုင်မာ၍စွမ်းပကားရှိသည့် ခေါင်းဆောင်များ မရှိသည့်အခါ သူတစ်လူ ငါတစ်မင်းနှင့် စည်းလုံးခြင်း ကင်းမဲ့ခဲ့သည်၊ ပုဂံခေတ်မှစ၍ ယခုချိန်အထိ အနော်ရထာ၊ဘုရင့်နောင်၊ အလောင်းဘုရားနှင့်ဗိုလ်ချုပ်အောင်ဆန်းတို့ကဲ့သို့ ခိုင်မာ၍စွမ်းပကားရှိသည့်ခေါင်းဆောင်များလက်ထက်၌သာ အရှေ့အာရှက ဖိန့်ဖိန့်တုန်အောင် ညီညွတ်စည်းလုံးခဲ့သည်၊ ယင်းကာလများမှအပ နိုင်ငံသည် ၀ါးအစည်းပြေသလို ဖြစ်ခဲ့ရသည်” 

ခိုင်မာ၍စွမ်းပကားရှိသောခေါင်းဆောင်ဆိုသည်မှာ အခွင့်အာဏာအမြင့်ဆုံးကျင့်သုံးသည့်ခေါင်းဆောင်ကြီးများ၌သာ လိုအပ်သည်မဟုတ်ပါ။အဆင့်တိုင်း အဆင့်တိုင်းမှာ တာဝန်ယူကြမည့်ခေါင်းဆောင်ငယ်များ၌လည်း လိုအပ်မှာပဲဖြစ်ပါသည်။ 
ထိုက်တန်သည့်အရည်အချင်းနှင့် တတ်မြောက်ကျွမ်းကျင်မှုမရှိဘဲ အရာပေး၍အရေးပါနေသူများကို (The Palace Thief) “နန်းတော်ခိုးသူ” ဟုဆိုခြင်း ဖြစ်ပါသည်။

ဆရာ၏“တံတိုင်းတံတားနှင့်နန်းတော်ဆီ”ကို ထိုခေတ်၏နိုင်ငံ ရေး၊ပညာရေးအခြေအနေနှင့်ထင်ဟပ်၍ ခံစားကြည့်မိပါသည်။ အရည်အချင်း ပျက်ယွင်းနေသူကလည်း သူ့ကိုယ်သူ ဧရာမ ကယ်တင်ရှင်ကြီးပမာ ထင်မြင်ပြီး “တတ်ယောင်ကား”လုပ်ခဲ့ပုံတို့ကို တောပြဇာတ်ပြန်ကြည့်ရသလို မြင်ယောင်မိပါသည်။ 

ကျွန်တော်တို့သည် ကြီးကျယ်ခမ်းနားခဲ့စေကာမူ 
သမိုင်းက အသိအမှတ်ပြုဖို့ငြင်းပယ်ခြင်းခံရသည့် “ရွှတ်တရွတ်နာ ဟွန်တေး”ကိုခေတ်တိုင်းခေတ်တိုင်းအတွက် သင်ခန်းစာယူရပါမည်။

ခမ်းနားခြင်းသည် ရိုးသားခြင်းလောက် မလှပါ။
သို့သော်ရိုးသားရုံမျှမက တော်ဖြောင့်ထူးချွန်သည့်အရည်အချင်းများဖြင့် နိုင်ငံ၏ကျက်သရေရှိသောပန်းချီကားကို ရေးဆွဲပေးနိုင်ဦးမည်ဟု ယုံကြည်မျှော်လင့်နေချင်ပါသေးသည်။

ရည်ညွှန်း  
- တံတိုင်း၊တံတားနှင့်နန်းတော်ဆီ ၊(ကြည်ရွှန်း) 
  (မဟေသီမဂ္ဂဇင်း၊၂၀၀၃၊နိုဝင်ဘာ)
- ပထ၀ီနိုင်ငံရေး (ဒုဗိုလ်မှူးကြီးသောင်းထိုက်)

ရွှေအမြု​တေ ၂၀၁၈ စက်​တင်​ဘာ
(အက်ဆေးအကြောင်းအက်ဆေး)                           



တေးဆိုနေသောငှက်တစ်ကောင်ကို ဘယ်သူ တောင်ပံလိန်ချိုးခဲ့သလဲ

      မောင်ရင့်မာ   ၊ကျောင်းကုန်း၊

                                   (၁)
“သိပ်အလေးထားဖို့လိုတာပေါ့။ ဒါက့ လူတစ်ယောက်ရဲ့အသက်မွေးမှုဘ၀ပဲ” 

မှတ်မိကြဦးမည်ထင်ပါသည်။ ပါမောက္ခတစ်ဦးကို သူ၏၀န်ကြီးဌာနက၀န်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ  စုံစမ်း စစ်ဆေးမှုတစ်စုံတစ်ရာမပြု လုပ်ခဲ့ဘဲ အချိန်မစေ့မီ အတင်းအကြပ်အငြိမ်းစားယူစေခဲ့ခြင်းနှင့်စပ်လျဉ်း၍ အဆိုပါ ပါမောက္ခက သူမ၏အခြေခံအခွင့်အရေး နစ်နာပါသည်ဆိုသောအကြောင်းပြချက်ဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့  စာချွန်တော် အမိန့်ထုတ်ပေးရန်လျှောက်ထားခဲ့ခြင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဥပဒေနှင့်ညီညွတ်ခြင်းမရှိသောဝန်ကြီးဌာန၏ အမိန့်ကို အာဏာပေးစာချွန်တော်အမိန့် (Writ of Mandamus) ထုတ်ဆင့်၍ပယ်ဖျက်ခဲ့ခြင်း၊ အဆိုပါကိစ္စရပ်များသည် စာနယ် ဇင်းမီဒီယာ၌ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ခြင်း-စသည်တို့ကို မှတ်မိကြဦးမည်ထင်ပါသည်။

“ဌာနတစ်ခုက သူ့ဝန်ထမ်းတွေ အငြိမ်းစားယူဖို့ လပိုင်းပဲလိုတော့တဲ့အချိန်မှာ ရာထူးတစ်ဆင့် တိုးပေးလိုက်တာမျိုး 
ရှိတယ်။ဌာနတစ်ခုကတော့ဖြင့် အငြိမ်းစားယူဖို့ နှစ်နှစ်လိုသေးတဲ့ဝန်ထမ်းကိုရာထူးတိုးစာမေးပွဲဖြေခွင့်မပြု တာမျိုးလည်း ရှိ ပြန်တယ်။ ဘယ်ဌာနရဲ့လုပ်ရပ်က ဥပဒေနဲ့ညီသလဲ၊ဘယ်ဌာနရဲ့လုပ်ပုံက ဥပဒေနဲ့မညီဘူးလဲ”

“နိုင်ငံ့ဝန်ထမ်းနည်းဥပဒေမှာတော့ အငြိမ်းစားယူဖို့ နှစ်နှစ်ပဲလိုတဲ့ဝန်ထမ်းကို ရာထူးတိုးမပေးရဘူးဆိုတာ မပါဘူး”
“၀န်ထမ်းဆိုတာနိုင်ငံသားပါပဲ။နိုင်ငံသားတစ်ဦးရဲ့အခွင့်အရေးကိုချိုးဖောက်ပစ်ဖို့ အခြေခံဥပဒေကခွင့်ပြုမထားပါဘူး။ ဒါက မှားယွင်းပြုလုပ်မှုတစ်ခုပါ။ဌာနအဖွဲ့အစည်းတစ်ခုမှာ တစ်ဘ၀လုံးပုံပြီး ဦးဆွေးဆံမြည့်အမှုထမ်းခဲ့တဲ့ ၀န်ထမ်းတွေရဲ့မျှော် လင့်ချက်နဲ့အနာဂတ်ကို ဘယ်သူကပဲဖြစ်ဖြစ်  အလေးထားဖို့ မလိုအပ်ဘူးလားဗျာ” 

“သိပ်အလေးထားဖို့လိုတာပေါ့။ ဒါက့ လူတစ်ယောက်ရဲ့အသက်မွေးမှုဘ၀ပဲ”

ကျွန်တော်သည် အစိုးရအရာထမ်းအမှုထမ်းများ စုဆုံ၍ပြောဆိုနေကြသောစကားဝိုင်းသို့ အမှတ်မထင်ရောက်ရှိသွား 
ခဲ့ခြင်းဖြစ်ပြီး ထိုစကားဝိုင်းမှပြန်ခဲ့သည့်တိုင် ဝေါဟာရတစ်ခုကိုစွဲလမ်းနေခဲ့မိပါသည်။ “လူတစ်ယောက်ရဲ့ အသက်မွေးမှုဘ၀” ဆိုသောဝေါဟာရပဲဖြစ်သည်။လူတစ်ယောက်ရဲ့အသက်မွေးမှုဘ၀ဆိုသည်မှာ လူတိုင်းလူတိုင်းနှင့်သက်ဆိုင်ပါသည်။ 
“၀န်ထမ်းတစ်ယောက်ရဲ့အသက်မွေးမှုဘ၀” ဆိုသည်ထက် များစွာကျယ်ပြန့်နက်ရှိုင်းပါသည်။

မည်သူ၏အသက်မွေးမှုဘ၀၌မဆိုအနိမ့်ဆုံးအားဖြင့်သူ့မိသားစု၏မှီခိုရာ၊ကိုးစားရာဖြစ်ပါသည်။လုံခြုံ နွေးထွေးရာဖြစ် ပါသည်။သူ့ဝန်းကျင်၊ သူ့ကမ္ဘာ၏ ယုံကြည်မှုဖြစ်နိုင်ပါသည်။သူ့အပေါ် အကဲဖြတ်သောမှတ်ကျောက်နှင့် ဂုဏ်သိက္ခာ ဖြစ်နိုင်ပါ သည်။ မည်မျှကြီးကျယ်၍ မည်မျှမြင့်မားသောသူပင်ဖြစ်စေကာမူ လူတစ်ယောက်၏အသက်မွေးမှုဘ၀ကို မိမိ၏အတ္ထနောမတိ သက်သက်ဖြင့်မထီမဲ့မြင်ပြုခွင့်မရှိ-ဟု ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော်  ထိုသို့ မထီမဲ့မြင်ပြုသောသူတို့၌လည်း   အသက် မွေးမှုဘ၀တစ်ခုစီရှိသောကြောင့်ဖြစ်ပါသည်။လူတိုင်းလူတိုင်းတို့၌ အသက်မွေးမှုဘ၀ကိုယ်စီရှိကြသောကြောင့်ဖြစ်ပါသည်။

                                    (၂)
ကျွန်တော်ပြောလိုသည်မှာ လူတစ်ယောက်၏အသက်မွေးမှုဘ၀နှင့်စပ်လျဉ်းသည့်အကြောင်း ဖြစ်ပါသည်။
ကံဇာတ်ဆရာက နေရာချထားသောကြောင့်-ဟုဆိုပါစို့။ ရွေးချယ်ခဲ့ရသည့်အသက်မွေးမှု ဘ၀အလျောက် ကျွန်တော် ကျင်လည်ကျက်စားခဲ့ရသည်မှာ တရားစီရင်မှုနယ်ပယ်ဖြစ်ပါသည်။တရားစီရင်မှုဆိုသည်မှာ လူတို့ပြုလုပ်ပြဌာန်းသည့် ဥပဒေ၊ နည်းဥပဒေများအရ သက်ရှိလူသားတို့က သက်ရှိလူသားတို့အပေါ်တရားစီရင်ရသည့်အလုပ်ဖြစ်ပါသည်။ အမှားအယွင်းမကင်း သည့်အလုပ်ဖြစ်ပါသည်။စိတ်ခံစားမှုထက် ဆင်ခြင်ဥာဏ်နှင့်တာဝန်တာထမ်းကို အလေးပေးရသည့်အလုပ် ဖြစ်ပါသည်။ စွပ်စွဲ ခံရသူတို့ကိုအပြစ်မရှိ၍ လွှတ်ပစ်ရသည်ကနည်းပြီး ပြစ်မှုထင်ရှား၍အပြစ်ပေးရသည်က များလေရာ တရားသူကြီးဆိုသည်မှာ ခံစားစာနာတတ်သည့်အသည်းနှလုံးမျိုးရှိပါ့မလား-ဟုပင် သံသယရှိစရာကောင်းသည့်အလုပ်မျိုးဖြစ်ပါသည်။

“စီရင်ချက်ဆိုတာ မြေကွက်ချပေးသလို လက်သိပ်ထိုးလုပ်လို့ရတာမဟုတ်ဘူး။ တရားခံရဲ့မျက်နှာကို စေ့စေ့ကြည့်ပြီး မှ သွေးအေးအေးနဲ့ အမိန့်ချရတာဗျ” 

မြန်မာပြည်အလယ်ပိုင်းမြို့တစ်မြို့၌ ထိုသို့ပြောလေ့ဆိုလေ့ရှိသော တရားသူကြီးလေးတစ်ဦးနှင့် ကြုံဆုံခဲ့ဖူးပါသည်။
တစ်နေ့သော် ကျွန်တော့်ကို သူက “ဘတ်စေ့သုံးစေ့လောက်ဘယ်မှာရနိုင်မလဲ” မေးပါသည်။

ဘာလုပ်ဖို့လဲ- ဆိုတော့ သူ့တရားရုံးမှ ဘီလစ်စာရေးကြီး ထိန်းသိမ်းထားသည့်သက်သေခံငွေ(အမေရိကန်ဒေါ်လာ-၁၀၀နှင့် ဘတ်စေ့-၃စေ့)ပျောက်ဆုံး နေသဖြင့် ၎င်းတို့တရားသူကြီးများကစိုက်ထုတ်ပေးရန် ရှာဖွေနေခြင်းဖြစ်ကြောင်း၊ အမှတ်အသားမပါသောငွေစက္ကူဖြစ်သဖြင့် ဒေါ်လာကိုရှာဖွေဝယ်ယူ၍ရသော်လည်း  ထိုင်းနိုင်ငံသုံး ဘတ်စေ့ကိုရှာမရသဖြင့် မြ၀တီဘက်သို့  လူလွှတ်ဝယ်ယူရန် စီမံနေ ကြောင်း ပြောပါသည်။ 

“နေပါဦး၊ကိုယ့်လူက အဲဒီဘီးလစ်စာရေးကြီးကို အရေးယူရမှာမဟုတ်ဘူးလား” 
“အရေးယူဖို့ဆို သူ့ကိုအမှုဖွင့်ရမှာဗျ။သိတဲ့အတိုင်းပုဒ်မ၆(၁) ဒါမှမဟုတ် အပက-၃ပဲ။ဘီးလစ်ကြီးက အသက်၆၀ပြည့် 
ခါနီးပြီ။အားကိုးလောက်တဲ့သားသမီးလည်းရှိတာမဟုတ်ဘူး။ပြီးတော့၊သူအလွဲသုံးစားလုပ်ပစ်တယ်ဆိုတာမသေချာဘူး။သူ့အရင်ဘီးလစ်စာရေးကြီးရုတ်တရက်သေသွားတာကိုသူကဆက်ခံရတာ။သူ့ရဲ့ဘ၀ကိုဖျက်ဆီးပစ်မယ့်အစားတစ်ကြိမ်တော့အခွင့် အရေးပေးကြည့်လိုက်မယ်အကိုရာ။ သူ့ကိုကယ်မယ်၊ ကျွန်တော်တို့ စုပြီးစိုက်လျော်ဖို့ ဆုံးဖြတ်လိုက်ပြီ”

ကံအားလျော်စွာ ကျွန်တော့်ရုံးမှ တရားရေးအရာရှိ ဒေါ်သိန်းသိန်းနှင်းက  “ဘတ်စေ့သုံးစေ့ကျွန်မပေးမယ်လေဆရာ။ ကျွန်မတို့ငယ်ငယ်က အိမ်မှာဇယ်တောက်ကစားနေကြတာ။ပြန်ရှာပေးပါ့မယ်” ဟုပြောသည်။သူမ၏ဖခင်သည်ယခင်က နိုင်ငံ ခြားငွေလဲလှယ်ရေးဘဏ်မှ အရာရှိကြီးတစ်ဦးဖြစ်သည်။
တရားသူကြီးလေးက ဘတ်စေ့သုံးစေ့ကိုရွှေပြားလေးတွေကဲ့သို့ ၀မ်းသာအားရလက်ခံယူရှာပါသည်။

“အေဂျေကရိုနင်ရေးတဲ့စာတစ်ပုဒ်ဖတ်ဖူးလားအကို။ဆုံဆို့နာဖြစ်လို့ လေပြွန်ကို ခက်ခက်ခဲခဲခွဲစိတ်ထားတဲ့လူနာတစ် ဦးဟာအကြောက်လွန်နေတဲ့သူနာပြုဆရာမတစ်ဦးရဲ့ပေါ့ဆမှုကြောင့်ထိခိုက်နစ်နာခဲ့ရသတဲ့။ဆရာဝန်က အကြီးအကျယ်စိတ် ဆိုးတယ်။ဆရာမကိုပြင်းပြင်းထန်ထန်အရေးယူပြီးဆေးကောင်စီတင်ဖို့လုပ်တယ်။ဒါပေမဲ့ကျွန်မကိုနောက်တစ်ကြိမ်ကြိုးစားခွင့် ပေးပါလို့-ဆရာမကတောင်းပန်တာကိုစဉ်းစားပြီးလက်ခံခဲ့တယ်။နောင်အနှစ်၂၀ ကြာတော့ ကလေးသူငယ်စောင့်ရှောက်ရေး ဂေဟာက အင်မတန်စည်းစနစ်ကြီးပြီးစံနမူနာယူကြရတဲ့သူနာပြုဆရာမအုပ်ကြီးဖြစ်နေတာကို ပြန်တွေ့ရသတဲ့”

တရားစီရင်မှုနယ်တွင် တရားစီရင်မှုကိုစီးပွားရေးလုပ်ငန်းတစ်ခုကဲ့သို့လုပ်ကိုင်နေသူမျိုး မရှိ-ဟုကျွန်တော်မဆိုပါ။မဆို ၀ံ့ပါ။သို့သော်ဤသို့သောနှလုံးသားနှင့်တရားသူကြီးမျိုးရှိနေသေးခြင်းအတွက် ကျွန်တော်အလွန်ပီတိဖြစ်ရပါသည်။

နောင်အနှစ်-၂၀ ကြာသောအခါ သူ့ကို ခရိုင်တရားသူကြီးအဖြစ်ကျွန်တော်ပြန်တွေ့ရသည်။ မိတ်ဆွေတစ်ယောက်နှင့် အတူ တရားရုံးသို့ လိုက်ပါသွားရင်း ခရိုင်တရားသူကြီးအမည်ကိုမေးမိရာ “သူ” ဖြစ်နေသဖြင့် သူ၏ရုံးခန်းထဲသို့ အမှတ်မထင် ၀င်ရောက်ခဲ့မိခြင်းဖြစ်ပါသည်။ကျွန်တော်ဝင်သွားသောအခါ သူ့ရှေ့ကစာရေးမလေးကို စကားပြောလက်စ-ဖြစ်နေသည်။ 

“ရှေ့နေလိုင်စင်လဲတယ်ဆိုတာ အသက်မွေးမှုဘ၀လေကွာ။ဒါက-သူတို့အတွက် ထမင်းစားလက်မှတ်ပဲ။ တော်ရုံ လို အပ်နေတာလေးတွေရှိရင်လည်း လိုက်လျောပြီး လုပ်ပေးလိုက်ပါ။ ဒီအတွက် မုန့်ဖိုးတွေဘာတွေပေးရင်မယူရဘူးနော်”

ဧည့်သည်ရှေ့ဖြစ်သဖြင့် ဟန်ဆောင်ပန်ဆောင်ပြောနေခြင်းမဟုတ်ကြောင်းကို ကျွန်တော်အကြွင်းမဲ့ယုံကြည်ပါသည်။ သူဖြစ်နေသောကြောင့်လည်း ပိုလို့ယုံကြည်ပါသည်။ကျွန်တော်က “ဒါလည်း အေဂျေ ကရိုနင်ပဲလား” ဟုမေးလိုက်ရာ သူနည်း နည်းကြောင်သွားပါသည်။“ဘတ်စေ့သုံးစေ့လေ” ဟုပြောတော့မှ လွန်ခဲ့သောအနှစ်-၂၀ ကျော်ုကို သူသတိရသွားပုံပေါ်သည်။
“ဒီတစ်ခါတော့ အေဂျေကရိုနင်မဟုတ်ဘူး၊ကျွန်တော့်မိန်းမပါအကို” ဟုဆိုသဖြင့် ကျွန်တော်က ဆက်မေးရသည်။

“ဟိုတလောက နေ့လည်ဘက်ကျွန်တော်အိမ်ပြန်သွားတော့ မိန်းမက အိမ်ရှေ့ခရေပင်မှာလာနားတဲ့ငှက်ကလေးတွေ ဆက်ရက်လေးတွေကိုအစာကျွေးနေတယ်အစ်ကို။ဆန်စေ့လေးတွေကိုပက်ပက်ကျွေးနေရင်း သူ့ပါးစပ်ကတဖွဖွရွတ်နေတယ်။ ကျွန်တော်ကအသာရပ်ကြည့်နေတာ။ သူ့ပါးစပ်က တဖွဖွရွတ်နေတာကို ကြားရအောင် နားစိုက်ထောင်ကြည့်ရတယ်။ မင်းတို့ အခုလို ရှာဖွေစားသောက်ရလွယ်ကူသလို  ငါတို့လည်း ရှာဖွေစားသောက်ရတာလွယ်ကူပါစေတဲ့။ အဲဒီမှာ ကျွန်တော်ဖျတ်ခနဲ ပွင့်သွားတာ။ လူတစ်ယောက်ရဲ့အသက်မွေးမှုဘ၀ဟာ သိပ်အရေးကြီးတာပဲမဟုတ်လား အကို”

ထိုနေ့ရက်က ကျွန်တော်သည် ညီအရွယ်ခရိုင်တရားသူကြီး၏ အပြုအမူကို ကြည်နူးကျေနပ်နေမိပါသည်။ 
တရားရုံး ဆိုသည်မှာ အငြင်းအခုံတွေ၊ထောင်တွေတန်းတွေ၊ငိုကြွေးမြည်တမ်းသံတွေနှင့် ပြည့်နှက် နေတတ်သော နေရာတစ်ခု ဖြစ်ပါ သည်။ အနိဌာရုံများသာပဲ အားကောင်းကောင်းနှင့်လွှမ်းမိုးနေတတ်သောနေရာတစ်ခုဖြစ်ပါသည်။ ထိုသို့သောနေရာဌာန၌ ခံစားစာနာတတ်သောနှလုံးသားတစ်စုံကို ရှင်းရှင်းသန့်သန့်ကြီး တွေ့မြင်လိုက်ရသဖြင့် ကမ္ဘာ လောကသည် ကျွန်တော်တို့ထင်သလောက်မဆိုးသေးပါကလား-ဟု ဖြေသိမ့်စရာရှိပါသည်။ 

များစွာသောသူတို့သည် သမိုင်းကို သင်ခန်းစာမယူတတ်ချေ။သင်ခန်းစာယူနိုင်သောဥာဏ်ပညာ မကပ်ငြိတတ်ချေ။ သို့တည်းမဟုတ်-သင်ခန်းစာယူနိုင်သောဥာဏ်ပညာကို ၎င်းတို့၏လောဘ၊ဒေါသ၊မာန်မာန၊အာဃာတများဖြင့် သိပ်သည်းစွာ ဖုံးအုပ်ထားတတ်သည်။ထို့ကြောင့်၊ဥာဏ်ပညာမဲ့သူတို့နှင့်မခြား  မိုက်မဲတတ်ချေသည်။ ထို့ကြောင့်လည်း  သမိုင်းဆိုသည်မှာ ဥာဏ်ပညာကင်းမဲ့သည့် လူတို့၏အမိုက်အမဲမှတ်တမ်းကြီးဖြစ်သည်-ဟု အက်ဒွပ်ဂစ်ဘွန်းကပြောခဲ့ခြင်းဖြစ်တန်ရာပါသည်။

 ကျွန်တော်တို့သည် ဝေးကွာသောသမိုင်းဖြစ်စဉ်များကို ဒဏ္ဍာရီပုံပြင်သဖွယ်အာရုံခံစားမှုဖြင့် ဖတ်ခဲ့ကြပါသည်။ နည်း နည်းပို၍ ဥာဏ်ရှိသူတို့က သမိုင်းဇာတ်ဆောင်တို့ကို ၀တ္ထုရုပ်ရှင်ထဲမှ ဇာတ်ဆောင်သာသာမျှသဘောပိုက်လျက် စာနာခံစား နိုင်ဖို့ကြိုးစားကြည့်တတ်ပါသည်။ သို့သော် ဒေါက်တာသန်းထွန်းပြောသလို “သမိုင်းကို မအအောင်” သင်ခန်းစာယူချင်သည့် အမှတ်သတိဖြင့် ဖတ်ရှုဆင်ခြင်ရန်ပျက်ကွက်သည်က များပါသည်။ပျက်ကွက်သူက များပါသည်။

မကြာသေးမီက အခွင့်အာဏာမဲ့သောသူတို့ကို အခွင့်အာဏာရှိသောသူတို့က ချေမှုန်းဖို့ကြိုးပမ်းခဲ့သည်ကို မမေ့ကြ သေး-ဟုထင်ပါသည်။မိမိတို့အယူအဆ၊မိမိတို့အကျိုးစီးပွား၊ မိမိတို့လိုလားချက်နှင့်ဆန့်ကျင်သူ၊ ဆန့်ကျင်တန်ရာရှိသူတို့အား လူ့အဖွဲ့အစည်း၏အပြင်အပသို့ တွန်းပို့၍ ကာလများစွာပိတ်လှောင်ထားစေခဲ့ခြင်း၊လူတစ်ယောက်၏မာနနှင့်တန်ဖိုးကို လူသား မဆန်အောင်ပင်လျှင် ပိုးစိုးပက်စက်ချိုးဖဲ့နှိပ်ကွပ်ခဲ့ခြင်း၊ ပြုခဲ့သည်ကို မမေ့ခဲ့သေးဟုထင်ပါသည်။ စင်စစ် ထိုမျှမကပါ။ 

၎င်းတို့နှင့်ဆန့်ကျင်သောသူတွင်မကထိုသူ့မိသားစု၏လုံခြုံမှုနှင့်အသက်မွေးမှုဘ၀ကိုပါ ကျီးလန့်စာစားဖြစ်အောင်ပြုခဲ့ ကြသည်။ကတိမ်းကပါးဖြစ်အောင် ခြိမ်းခြောက်ဖျက်ဆီးခြင်း ပြုခဲ့ကြသည်။ဆရာဝန်ကို ဆေးမကုနိုင်အောင်၊  စာရေးဆရာကို စာမရေးနိုင်အောင်၊ဈေးသည်ကိုဈေးမရောင်းနိုင်အောင်၊ယုတ်စွအဆုံး လူရွှင်တော်ကို ပြက်လုံးမထုတ်နိုင်အောင်၊နည်းလမ်းအ မျိုးမျိုးနှင့် ပိတ်ပင်ခဲ့ကြသည်။ဤသည်တို့ကို-တိုင်းနိုင်ငံ၊စည်ပင် ဖွံ့ဖြိုးသာယာအောင် ပြုပြင်တည်ဆောက်သည့် မွန်မြတ်သော ကုသိုလ်ဖြစ်လုပ်ငန်းကြီးများသဖွယ် အစီအမံများစနစ်တကျချမှတ်ဆောင်ရွက်ခဲ့ကြသည်။မရှက်မကြောက်လုပ်ခဲ့ကြသည်။ထို သူတို့အမှန်တကယ်ရှိခဲ့ကြသည်။ထိုသူတို့သည် ယခုအခါ မည်သည့်နေရာသို့ရောက်နေပါပြီနည်း။မဝေးသောသမိုင်းက သူတို့ ကို မည်သည့်နေရာ၌ ထားလိုက်ပါပြီနည်း။
ထိုသူတို့က ချိုးဖဲ့ခဲ့၊နှိပ်ကွပ်ခဲ့သူတို့ကိုကော သမိုင်းက မည်သည့်နေရာ၌ ထားလိုက်ပါပြီနည်း။

အပြီးတိုင်ကြေပြုန်း၊ပျက်သုဉ်းသွားသူတို့မရှိ-ဟုမဆိုလိုပါ။ရှိခဲ့ပါသည်။အသေအချာပဲရှိခဲ့ပါသည်။သို့သော် ထိုသူတို့ကို စွန့်လွှတ်အနစ်နာခံသူများအဖြစ် မဝေးသောသမိုင်းကလွမ်းမောစွာမှတ်တမ်းတင်နေသည်။မကြေပြုန်း၊မပျက်သုဉ်းဘဲ ရှင်သန် ကျန်ရစ်သူတို့သည်မီးသင်းသံကဲ့သို့ပို၍မာကျောလာသည်။ဂုဏ်ပြုအပ်သောသူရဲကောင်းများအဖြစ် သူတို့ကိုကမ္ပည်းထိုးသည့် ပေလွှာမှတ်တမ်းမှာ တောက်ပနေသည်။               

                                   (၃)
  “တေးဆိုနေတဲ့ငှက်တစ်ကောင်ကို၊တောင်ပံလိန်ချိုးလိုက်တာ၊ဘယ်သူလဲ” ဟိုတုန်းခါကကျွန်တော်ရေးခဲ့ဖူးသည့်ကဗျာ တစ်စကိုပြန်သတိရနေမိပါသည်။ လူတစ်ယောက်၏ အသက်မွေးမှုဘ၀ဆိုသည်မှာ  သူနှင့် သူ၏မိသားစုအတွက် တေးဆိုနေ သည့် ငှက်တစ်ကောင်ဖြစ်ပါသည်။သူ၏ကမ္ဘာလောကအတွက်လည်း တေးဆိုငှက်ပဲဖြစ်ပါသည်။ 

လူတစ်ယောက်၏ အသက်မွေးမှုဘ၀ကို စာနာခြင်းကင်းစွာ  အကြင်နာမဲ့ ချိုးဖဲ့၊ဖျက်ဆီးပစ်လိုက်ခြင်းမှာ တေးဆိုနေ သောငှက်တစ်ကောင်ကို တောင်ပံလိန်ချိုးလိုက်ခြင်းပဲဖြစ်ပါသည်။လူ့အဖွဲ့အစည်းတစ်ရပ်ကို ပြစ်မှုကျူးလွန်ရာရောက်ပါသည်။ ကမ္ဘာလောကသည် တေးဆိုငှက်များကြောင့်သာ ကျက်သရေရှိစွာလှပနေခြင်းဖြစ်ပါသည်။ တေးဆိုငှက်တို့၏တောင်ပံများကို လိန်ချိုးပြီးမှ ကောင်းကင်သို့ပျံတက်ဖို့ကြိုးပမ်းသည့် ငှက်တို့အား ကမ္ဘာလောကက မည်သို့မှတ်တမ်းတင်ပါလိမ့်နည်း။

မိတ်ဆွေ။ သင့့်  ပျံသန်းနိုင်ဖို့ရာအတွက် တေးဆိုနေသောငှက်တစ်ကောင်ကို တောင်ပံလိန်ချိုးခဲ့ဖူးပါသလား။       ။



ကျင့်ဝတ်သိက္ခာကို ပဲလှော်နဲ့မလဲပါ

တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ လ၂၈ ရက်နေ့က နေပြည်တော်ရှိဟိုတယ်တစ်ခုတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြုလုပ်ခဲ့ပြီး ဒိန်းမတ်သံရုံးမှ သံ အရာရှိများ အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များအဖွဲ့(ICJ)၊ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)တို့မှ  ပညာရှင်များလည်း တက်ရောက်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖတ်ရသည်။

“မြန်မာနိုင်ငံတရားသူကြီးများအတွက် တရားစီရင်ရေးဆိုင်ရာကျင့်ဝတ်-မူကြမ်း (Court of Jud icial Conduct for Myanmar Judges-Draft) ကို စာအုပ်ပုံထဲမှပြန်ရှာလျက် ဖုတ်ဖက်ခါပြီး ဖတ်ကြည့်ပါသည်။ 

(Bangalore)ဘန်ဂလောမူကို အခြေခံရေးဆွဲထားသော တရားသူကြီးများ လိုက်နာကျင့်ဆောင်အပ်သည့်“ကျင့်ဝတ်” များကိုအင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားသည်။ မူရင်း အင်္ဂလိပ်ဘာသာမှ ကြိုးစားပြန်ဆိုထားခြင်းဖြစ်ပြီး ပြန်ဆိုချက် အချို့ချောမွေ့ပြေပြစ်ခြင်းမရှိသည်ကို တော်တော်ကြီး သည်းခံရစေကာမူ “အငယ်ဆုံးတရားသူကြီးမှ အကြီးဆုံးတရားသူကြီး အထိ”(ဒုတိယမြို့နယ်တရားသူကြီးမှပြည်ထောင်စုတရားသူကြီးချုပ်အထိ) တရားသူကြီးတိုင်း မလိုက်နာနိုင်စရာ အကြောင်းမရှိသောအချက်များဖြစ်သည်ဟု ယူဆဖွယ်ရာ ရှိပါသည်။

××××××××××××××××××××××

ဘောလခဲခရိုင်တွင်တာဝန်ထမ်းစဉ်၊တစ်နေ့သ၌ မူးယစ်ဆေးဝါးနှင့်စပ်လျဉ်း၍ အထက်တန်းကျောင်းသူကျောင်းသား များကို သွားရောက်ဟောပြောခဲ့ရပါသည်။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၅ အရ 
 သုံးစွဲသူကို မည်သို့အရေးယူပြီး၊ ပုဒ်မ-၁၆(ဂ)အရ မူးယစ်ဆေးလက်ဝယ်ထားသူကို ပြစ်ဒဏ်မည်မျှ၊ပုဒ်မ-၁၉(က)အရ ရောင်းချရန်လက်ဝယ်ထားသူကိုပြစ်ဒဏ်မည်မျှစသည်ဖြင့်မပြောလို။
“အနည်းဆုံးထောင်ဒဏ်၁၀နှစ်မှအများဆုံး နှစ်အကန့် အသတ်မရှိထောင်ဒဏ်အထိ” အစရှိသည့် ကြီးလေးသောပြစ်ဒဏ်များ၊ပုဒ်ထီးပုဒ်မများဖြင့် ပျိုနုသောပုရစ်ဖူးလေးများကို ပယ်ပယ်နယ်နယ် မပြောလိုပါ။ ခြောက်လှန့်ရာရောက်မည်စိုးသည့်အတွက် “ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေ” အစရှိသည်ဖြင့် အာဏာစက်အထိ အဆင့်ဆင့်ရွေ့လျော သက်ရောက်ပုံကို ပြောခဲ့ပါသည်။ ထိုစဉ်က ကျွန်တော်သည် ဓမ္မသတ်ကိုရာဇသတ်ချုပ်၊ ရာဇသတ်ကို ကလိယုဂ်ချုပ်-ဆိုသည့် ရှေးထုံးနိယမတို့ကို ပြောခဲ့ ပါသည်။ 

ယခုအခါ ကျွန်တော်သည် အဆိုပါပြောဆိုချက်ကို ပြန်၍ ဆင်ခြင်ကြည့်မိပါသည်။
“ကျင့်ဝတ်”ဆိုသည်ကို လိုက်နာစောင့်ထိန်းအပ်သောဝတ္တရားတစ်ခု ဖြစ်ပြီး မလိုက်နာ၊ မစောင့်ထိန်းလျှင်လည်း(သာမန်အားဖြင့်) ပြစ်ဒဏ်ချမှတ်၍ အပြစ်ပေးစီရင်နိုင်သည့်ကိစ္စမျိုးမဟုတ်ကြောင်း၊

 ဥပမာ-သိင်္ဂါလောဝါဒသုတ်လာမိဘ၀တ်၊ သား သမီးဝတ်၊တပည့်ဝတ်၊ဆရာ့ဝတ်-တို့မှာ စည်းကမ်း၊ဥပဒေ မမည်သေးသည့် ကျင့်ဝတ်များဖြစ်ကြောင်း၊  ကျောင်းဝင်းထဲသို့ ၀င် လာသည့်ဆရာမ၏ ဆွဲခြင်းကို မူလတန်းကျောင်းသားလေးက ပြေးကြိုယူငင်ခြင်း၊ ဆရာမပန်ဖို့ နှင်းဆီပန်း ခူးလာပေးခြင်းတို့မှာ “လာမူကြိုဆီး”ဆိုသည့်ကျင့်ဝတ်တစ်ခုသာဖြစ်ကြောင်း၊ ကျင့်ဝတ်မျှသာဖြစ်သည့်အတွက် ဆရာမလေးကိုပန်းမပေး၊ ပြေးမကြို မိခဲ့လျှင်လည်း ကျောင်းသားကိုအပြစ်မပေးနိုင်ကြောင်း၊ အရေးမယူနိုင်ကြောင်း။ ကျောင်းသားတစ်ဦးသည် နံနက် ၉နာရီ ကျောင်းတက်ရမည်ဖြစ်ပါလျက် လမ်း၌ဆော့ကစားနေ၍ကျောင်းချိန်နောက်ကျခြင်းမှာ စည်းကမ်းဖောက်ဖျက်ရာရောက်သဖြင့် ဆရာကြီး၏ကြိမ်လုံးစာ မိနိုင်ကြောင်း။ ကျောင်းသားချင်း ရန်ဖြစ်၍ သွေးထွက်သံယိုဖြစ်သည်အထိ နာကျင်ဒဏ်ရာရရှိစေလျှင် ဥပဒေပြဌာန်းချက်ကို ချိုးဖောက်ကျူးလွန်ရာရောက်သဖြင့် ဥပဒေအရ အပြစ်ပေးစီရင်ခြင်းခံရနိုင်ကြောင်း၊စသည်စသည်ဖြင့် ကျင့်ဝတ်၊စည်းကမ်း၊ဥပဒေတို့ကိုကြိုးစား၍ ရှင်းလင်းပြောပြခဲ့ပါသည်။

ကျွန်တော်သည် ကျင့်ဝတ်ဆိုသည်မှာ လိုက်နာကျင့်ဆောင်အပ်သောဝတ္တရားဖြစ်သည်-ဆိုသော  ဖွင့်ဆိုချက်အပေါ် အခြေပြု၍ ကျင့်ဝတ်ဆိုသည်မှာအစဉ်အလာဓမ္မသတ်သဘောမျှသာဖြစ်ကြောင်း၊ မင်းနှင့်ပြည်သူတို့ပြုလုပ်ပြဌာန်းသည့် ဥပဒေ ကဲ့သို့ “ကျင့်ဝတ်ချိုးဖောက်သူ”ကို အရေးယူ အပြစ်ပေးခြင်းမပြုနိုင်ကြောင်းပြောခဲ့ခြင်းဖြစ်ရကားအချို့သောကျင့်ဝတ်၊ဓမ္မသတ်များမှာ ရာဇသတ်နှင့်တစ်သားတည်းဖြစ်နေသည်ကိုပြောပြဖို့ရာ ကြွင်းကျန်လစ်ဟင်းခဲ့ကြောင်း တွေ့ရပါသည်။

ကျင့်ဝတ်ဆိုသည်မှာ ဓမ္မသတ်သဘောမျှဖြစ်သော်လည်း ရာဇသတ်နှင့်တစ်ထပ်တည်းဖြစ်နေတတ်ပါသည်။ မလိုက် နာမနေရသည့်ဥပဒေပြဌာန်းချက်လည်းဖြစ်နေတတ်ပါသည်။ ကျင့်ဝတ်မျှသာဖြစ်သဖြင့်(ဥပဒေမဟုတ်သည့်အတွက်) မလိုက် နာ၊မကျင့်ဆောင်လျှင်လည်းဖြစ်သည်ဟု အခါခပ်သိမ်းယူဆ၍မဖြစ်နိုင်သည်မျိုးရှိပါသည်။ဥပမာ-သတ်မှု၊ခိုးမှု၊ကာမဂုဏ်ကျူးမှု ဥပဒေပြဌာန်းချက်-တို့သည် ငါးပါးပဉ္စသီပါကျင့်ဝတ်သီလနှင့်ထပ်တူဖြစ်နေသည့်သဘောဖြစ်ပါသည်။

××××××××××××××××××××××××××××××××× 

ဆရာဝန်ကျင့်ဝတ်၊ စစ်သည်ကျင့်ဝတ် ၊မီဒီယာကျင့်ဝတ်၊ ရှေ့နေကျင့်ဝတ်၊ တရားသူကြီးကျင့်ဝတ်-စသည်ဖြင့်ရှိပါသည်။
 ဆရာဝန်များသည် ဟစ်ပိုကရေးတီးကျမ်းသစ္စာကို ဆေးပညာကျင့်ဝတ်အဖြစ် လိုက်နာစောင့်ထိန်းရပါသည်။  ဆေးပညာဘွဲ့နှင်းသဘင်များတွင် “ကမ္ဘာတစ်လွှား သမားဟူးရားကြီးများကိုသက်သေထား၍” ဟုဆိုကာ ယင်းသို့သဘောရှိသော ကျမ်းသစ္စာမျိုးကိုတိုင်တည်ရွတ်ဆိုရပါသည်။

 မြန်မာနိုင်ငံဆေးကောင်စီဥပဒေပုဒ်မ-၃၀(င)တွင် ယင်းကျင့်ဝတ်ကျိုးပျက်ပါက  မည်သို့ပြစ်ဒဏ်ချမှတ်နိုင်သည်ကို ဖော်ပြထားကြောင်းတွေ့ရပါသည်။ ရှေ့နေရှေ့ရပ်များ၏ကျင့်ဝတ်သိက္ခာများကို ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အခါအားလျော်စွာ စာအုပ်ထုတ်လေ့ရှိပါ သည်။

 ရှေ့နေလိုက်ပါသူများအက်ဥပဒေ(The Legal Practioners Act)ပုဒ်မ-၁၃တွင် ပညာသည်ကျင့်ဝတ်(ရှေ့နေကျင့်ဝတ်) များကို အတိအလင်းဖော်ပြထားပြီး
 ယင်းကျင့်ဝတ်ကျိုးပျက်ပါက မည်သို့ အရေးယူခြင်းခံရနိုင်ကြောင်းဖော်ပြထားပါသည်။ ပညာရှင်၊သို့မဟုတ်-ပညာသည်များအနေဖြင့်၎င်းတို့၏အသက်မွေးမှုဘ၀တွင် လိုက်နာစောင့်ထိန်းအပ်သည့် ကျင့်ဝတ်များသည် မလွဲမသွေလိုက်နာစောင့်ထိန်းရမည့် စည်းကမ်းဥပဒေများလည်းဖြစ်သည်ကို ဖော်ပြလိုရင်းဖြစ်ပါသည်။

×××××××××××××××××××××××××××××××××

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေတို့တွင်တရားစီရင်ရေးမူများကို ဖော်ပြထားပါသည်။ အဆိုပါ မူများကိုသွေဖည်ပြုလုပ်ပါက မည်သို့အရေးယူခံရနိုင်သည်ကို မဖော်ပြပါ။ တရားစီရင်မှုတစ်ခုသည် အဆိုပါမူများနှင့်ညီညွတ်ပါ ကမည်သို့အကာအကွယ်ရနိုင်သည်ကို မဖော်ပြပါ။ အခြေခံဥပဒေ အရ ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မတိုင်မီ၊ နိုင်ငံတော်တရားရုံးချုပ်လက်ထက်(၂၀၀၁-ခုနှစ်)က
“တရားသူကြီးများကျင့်ဝတ်နှင့် သိမှတ်ဖွယ်ရာများ” အိတ်ဆောင်စာအုပ်တစ်အုပ် ပြုစုထုတ်ဝေဖူးပါသည်။(စာအုပ်ဝါ-ဟုသိကြပါသည်)

ယင်းစာအုပ်တွင်၊ အသုံးလုံး၊ ငလေးလုံး၊ အမြင်လေးမြင်၊ စွမ်းရည်သုံးရပ်-စသည့် ကာလ၊ဒေသ၊ပယောဂအလျောက် တရားစီရင်မှုနှင့်မစပ်ဆိုင်သည်များ ရောထွေးပါနေသော်လည်း ရာဇနီတိ၊ဓမ္မသတ်၊အမေးတော်ပုံကျမ်း-တို့မှ မှတ်သားဖွယ်ရာ များလည်းပါပါသည်။ တရားသူကြီးကျင့်ဝတ်(၁၀)ချက် ကို မနုသာရကျမ်းမှထုတ်နုတ်ဖော်ပြထားပါသည်။

သို့သော် ထိုကျင့်ဝတ် များကို အငယ်ဆုံးတရားသူကြီးမှအကြီးဆုံးတရားသူကြီးအထိ လိုက်နာကျင့်ဆောင်ခဲ့ခြင်းရှိမရှိ၊ ယင်းကျင့်ဝတ်ကို စံ၊ သို့မဟုတ် ပေတံသဖွယ်ထား၍ ထိန်းကျောင်းခြင်း၊အရေးယူခြင်း၊ အကာအကွယ်ပေးခြင်း ရှိမရှိ စဉ်းစားဖွယ်ရာရှိပါသည်။ 

 သေချာသောအချက်မှာ ကျင့်ဝတ်သီလနှင့်ညီသော တရားသူကြီးများကို အကာအကွယ် မပေးနိုင်သကဲ့သို့  ကျင့်ဝတ်သီလနှင့် မညီသော တရားသူကြီးများကိုလည်း  ဆုံးမသွန်သင်ရန်၊ အရေးယူရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်ပါသည်။ ရွှေစာလုံးဖြင့် တစ်ခမ်းတစ်နား ပုံနှိပ်ဖော်ပြထားစေကာမူ “စည်းနှောင်အား”မရှိပါက 
 အချည်းနှီးဖြစ်ပါသည်။

××××××××××××××××××××××××××××××××

 Professional ဆိုသောစကားမှာ တော်တော်ကျယ်ဝန်းပါသည်။  ပညာရှင်၊ပညာသည်တို့၏တာဝန်ထမ်းဆောင်မှုသည် လောက၏အကျိုးစီးပွားအလို့ငှာ  မိမိတို့တတ်ကျွမ်းသည့်ပညာ ဖြင့် လောက၀န်ကိုထမ်းခြင်းဖြစ်ပါသည်။ မိမိတို့ကျွမ်းကျင်တတ်မြောက်သည့်အတတ်ပညာ၊အသိပညာ၊ကောင်းမွန်သောစိတ် စေတနာဖြင့် သစ္စာရှိရှိ၊ရဲရဲဝံ့ဝံ့ထမ်းဆောင်ဖို့လိုပါသည်။ ပညာသည်ကျင့်ဝတ် သွေဖည်ကျိုးပျက်ခဲ့လျှင်  ကျောတစ်ရာရင်တစ်ရာ ခတ်၍မြိုင်ရပ်နှင်စေသည့်ထိန်းကွပ်(ထိန်းကျောင်း)မှုမျိုးရှိဖို့လိုသကဲ့သို့  ပညာသည်ကျင့်ဝတ်ကို သစ္စာသမာဓိ ခိုင်ကျည်စွာဖြင့် ကျင့်သုံးခဲ့လျှင်လည်း  အခွင့်အာဏာပိုင်တို့နှင့်ဆန္ဒမညီသည့်တိုင် ကင်းလွတ်ခွင့်၊ သို့မဟုတ် အကာအကွယ် ရစေသင့်ပါသည်။
 တရားစီရင်ရေးပုံရိပ်နှင့် တရားစီရင်မှုနယ်ပယ်၏ ပစ္စက္ခအခြေအနေကို  အထူးတလည် ပြောပြဖို့လိုမည် မထင်တော့ပါ။ 
 ဤအခြေသို့ဆိုက်ခဲ့ခြင်းမှာ ကျင့်ဝတ်သိက္ခာစောင့်စည်းမှု ကျိုးပျက်ခြင်းကြောင့်လော၊ သို့မဟုတ် ကျင့်ဝတ်သိက္ခာစောင့် စည်းမှုကို ခြိမ်းခြောက်ခံရခြင်းကြောင့်လော၊ သို့မဟုတ်-နှစ်ခုစလုံးကြောင့်လော ဆိုသည်ကို စောကြောနိုင်၊ သင်ခန်းစာယူနိုင် ကြဖို့လိုပါသည်။  ယိုယွင်းခြင်း၊ ဆုတ်ယုတ်ခြင်း၊ ပျက်စီးပြိုလဲခြင်းဟူသမျှတွင် အကြောင်းအရင်းများစွာ ရှိစမြဲဖြစ်ပါသည်။ 

 ၁၉၉၁ ခုနှစ်က ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ရှေ့အစစ်ခံချက်ကို သက်သေခံအဖြစ်လက်ခံခဲ့သည့် ရဲနောင်ပါ-၂စီရင်ထုံး မှာသံသယဖြစ်ဖွယ်ရာကျင့်ဝတ်သိက္ခာကျိုးပျက်မှု၏အကျည်းတန်ပြယုဂ်တစ်ခုဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်က အခြေခံဥပဒေဆိုင်ရာ ခုံရုံးတစ်ဖွဲ့လုံးနုတ်ထွက်သွားခဲ့ရခြင်းမှာ  ကျင့်ဝတ်သိက္ခာခြိမ်းခြောက်ခံရမှု၏ မလှပသောပြယုဂ်တစ်ခုဖြစ်ခဲ့ပါသည်။

 သားသမီးကို ထိန်းကျောင်းဖို့ အမိအဖကိုယ်တိုင် အကျင့်သိက္ခာကောင်း ရှိရပါမည်။ အမိအဖက အကျင့်သိက္ခာကောင်း မရှိ၊သားသမီးကိုလည်း ကောင်းမွန်အောင်မထိန်းမကျောင်းနိုင်လျှင်
 ရပ်ရွာက ၀င်ရောက်ထိန်းကျောင်းမည်သာ ဖြစ်ပါသည်။ စောင့်စည်းအပ်သည်ဆိုလျှင် ကျင့်ဝတ်သိက္ခာကို မလိုက်နာလျှင်မနေရသည့်ထိန်းကွပ်မှုရှိဖို့ လိုပါသည်။စည်းနှောင်အားရှိစေ ရပါမည်။
 ထို့အတူ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းမှုကို အကာအကွယ်ရစေသည့် အာမခံချက်ရှိဖို့လည်း လိုပါသည်။

 ကျင့်ဝတ်သိက္ခာဆိုသည်မှာ ဒန်အိုးဒန်ခွက်ကဲ့သို့ ပဲလှော်နှင့်လဲ၍ရသည့်ပစ္စည်း  မဟုတ်သောကြောင့်ဖြစ်ပါသည်။

 ပြေလွင်မြင့်

7 daynews journal (8-3-2017)



Thursday, November 29, 2018

မျက်နှာချိုမသွေးသည့် တရားစီရင်ရေးဆိုတာ

|| ပြေလွင်မြင့် ||

တရားစီရင်ရာတွင် ဘက်လိုက်မှုကင်းရှင်းရန် မရှိမဖြစ်လိုအပ်ပြီး မည်သည့်ပုဂ်္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမျှ  ၀င်ရောက်ခြယ်လှယ်ခြင်း၊ သြဇာလွှမ်းမိုးခြင်းမရှိစေရန်နှင့် အဆိုပါလွတ်လပ်မှုကို ကျင့်သုံးရာတွင် တရားရုံး၏ စီရင်ဆုံးဖြတ်ချက်များသည် လွတ်လပ်စွာ ဆောင်ရွက်ကြောင်းကို တာဝန်ခံနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သည်ကို  အများသိမြင်စေရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောဆိုခဲ့ပါသည်။

အခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် တရားစီရင်ရေးစနစ် လေးနှစ်သက်တမ်းရှိလာသည့်အချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပြည်နယ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၏  အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည့်နေ့တွင် ပြောဆိုလိုက်ခြင်းဖြစ်ပြီး အဆိုပါပြောဆိုချက် သည် တရားစီရင်မှုနှင့် တရားရေးဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စများကို ၎င်းကိုယ်တိုင် ပဲ့ကိုင်စီမံခဲ့သည့် အတွေ့အကြုံအပေါ် ခြုံယူဆင်ခြင်မှုဖြစ်သည်ဟု ယူဆဖွယ်ရာရှိပါသည်။

ခမ်းနားသော အဆိုပါမိန့်ခွန်း၌ နိုင်ငံတစ်ဝန်းရှိ တရားသူကြီးများသို့ သတိပေးလိုက်သော အချက်နှစ်ချက် တွေ့ရသည်။

၁။ မည်သူ၏ လွှမ်းမိုးစွက်ဖက်မှုကိုမျှမခံဘဲ လွတ်လပ်စွာစီရင်ဆုံးဖြတ်ရန်နှင့်

၂။ ထိုသို့ စီရင်ဆုံးဖြတ်လျက်ရှိနေပြီဖြစ်ကြောင်းကို အများသိမြင်အောင်ပြုလုပ်ရန် ဖြစ်သည်။

လွတ်လပ်စွာတရားစီရင်မှုဆိုသည်ကို “ပြောဖို့လိုသေးလား”ဟု “ခုထိ ပြောနေရတုန်းပဲလား” ဟု မေးသူတို့ ရှိကောင်းရှိနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၁၉၈၉ ခုနှစ် တရားစီရင်ရေးဥပဒေနှင့် အသစ်ထပ်မံပြဋ္ဌာန်းခဲ့ သည့် တရားစီရင်ရေးဥပဒေတိုင်းတွင် “ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ခြင်း” ဟူသော စကားရပ်ပါရှိမြဲ ဖြစ်သောကြောင့် ဖြစ်ပါသည်။

တရားစီရင်ရေးဆိုင်ရာ မူတစ်ရပ်အဖြစ် အတိအလင်းပါရှိခဲ့စမြဲဖြစ်သော်လည်း တရားရုံးများသည် အဆိုပါတရားစီရင်ရေးဆိုင်ရာမူနှင့်အညီ မည်သူ၏ စွက်ဖက်လွှမ်းမိုးမှုကိုမျှမခံဘဲ  ဥပဒေမျက်နှာ တစ်ခုတည်းကိုသာကြည့်၍ ပြတ်ပြတ်သားသား စီရင်ဆုံးဖြတ်ခဲ့သည်ဟု မည်သူကမျှ အသိအမှတ်မပြုခဲ့ကြပါ။ မည်သူကမျှ မယုံကြည်ခဲ့ကြပါ။

နိုင်ငံတော်သမ္မတကြီးက ၎င်းင်း၏ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များသို့ ပထမဆုံးပြောကြားသည့် မိန့်ခွန်းတွင် စာနယ်ဇင်းမီဒီယာကို စတုတ္ထမဏ္ဍိုင်အဖြစ် အလေးထားဖို့လိုကြောင်း ထည့်သွင်းပြောကြားပြီးနောက် အချုပ်အခြာအာဏာကို ကိုင်စွဲအသုံးပြုခွင့်ရသော မဏ္ဍိုင်သုံးရပ်အနက် မြန်မာစာနယ်ဇင်းများ၏ ပထမပစ်မှတ်မှာ တရားရေးမဏ္ဍိုင် ဖြစ်ခဲ့ပါသည်။

စာနယ်ဇင်း(အချို့)၏ ဝေဖန်ထောက်ပြသည်ဆိုခြင်းထက် အငြိုးတကြီးနှင့် အလွန်အကျွံ စွပ်စွဲတိုက်ခိုက်ခဲ့ခြင်းအပေါ် တရားရေးနယ်ပယ်တွင် တာဝန်ထမ်းသူများက နာကျင်ခံပြင်းခဲ့ကြသော်လည်း (အပေါစားလက်ခုပ်သံများကို မျှော်ကိုး၍ တရားလက်လွတ်ပြောဆိုမှုများကို ဖယ်ရှားခဲ့လျှင်ပင်) အချို့သော စွပ်စွဲချက်များကို မဟုတ်မမှန်ပါဟု  ယတိပြတ်မငြင်းနိုင်သည်ကို  ၀န်ခံကြရမည်ထင်ပါသည်။ “တရားရေးက အုပ်ချုပ်ရေးရဲ့ စွက်ဖက်မှုခံနေရတယ်”၊ “အုပ်ချုပ်ရေးအောက်ရောက်နေတယ်” ဆိုသောစွပ်စွဲချက်မှာ အကျယ်လောင်ဆုံးဖြစ်သည်။

ယခုအချိန်အထိ အပြင်းထန်ဆုံး စွပ်စွဲချက်အဖြစ် တည်ရှိနေဆဲဖြစ်ပြီး ငြင်းဆိုရန် ခဲယဉ်းနေဆဲဖြစ်သည်။ စွပ်စွဲချက်များ အကြောင်းမဲ့ပေါ်ထွက်ခဲ့ခြင်း မဟုတ်သည်ကိုတော့ဖြင့် ရှင်းပြရန်မလိုဟု ထင်ပါသည်။

အဆင့်မြင့်တရားသူကြီးတစ်ဦးက အဆင့်မမြင့်တရားသူကြီးတစ်ဦးကို မေးခွန်းထုတ်ဖူးသည်။
“နေပါဦး၊ မောင်ရင်တို့ တရားသူကြီးတွေက ထွေအုပ်တို့၊ ရဲတို့ကို ဘာကြောင့် မလွန်ဆန်နိုင်ရတာလဲ”
“အနှစ်နှစ်ဆယ်ကျော်လောက် ခိုင်းတာလုပ်ခဲ့ရတာ အကျင့်ပါနေလို့ ဖြစ်ပါလိမ့်မယ် ခင်ဗျ”
“သီးခြားကျင့်သုံးတာ သုံးနှစ်ကျော်ရှိနေပြီပဲဗျာ။ ခုထိအကျင့်ပါနေတုန်းလား၊ သဘာဝ ကို မကျပါဘူး”

မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြု၍ တိုင်ကြားသောအမှုတစ်မှုကို မြို့နယ်တရားသူကြီးက ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အရေးယူခဲ့သည်။ ဥပဒေအရ လွဲမှားနေခြင်းနှင့်စပ်လျဉ်း၍ ၎င်းက “ဒီပုဒ်မနဲ့ အကျုံးမ၀င်ဘူးလို့တော့ ထင်ပါတယ်ဆရာ၊ ကျွန်မက သူတို့နဲ့ပတ်သက်ပြီး တစ်ခုခုလုပ်မပေးရင် မကောင်း ဘူးလားလို့ပါ” ဟု ဖြေသည်။ သည်လိုခပ်တုံးတုံးတွေလည်း အခြေခံအကျဆုံး တရားရုံးတွေမှာ ရှိနေတုန်းပဲဖြစ် သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ဖွဲ့စည်းပြီးနောက် အခြေခံဥပဒေပုဒ်မ- ၁၁ အရ အာဏာသုံးရပ်ကို တတ်နိုင်သမျှ ခွဲဝေပိုင်းခြား ကျင့်သုံးမှုသည် အထက်ပိုင်းတွင် ပိုမိုပီပြင်လာသည်ဟု ယူဆဖွယ်ရာရှိသော်လည်း အောက်ခြေ၌ မပီမပြင်ဖြစ်နေခဲ့သေးသည်ကို ယုံမှားဖွယ်ရာမရှိပါ။

အချို့သော ပြည်နယ်တိုင်းတို့တွင် “၀န်ကြီးချုပ်က ဟိုလိုဒီလိုဖြစ်စေချင်တာ” ဟူသော တီးတိုးစကားဖြင့် တရားသူကြီး အငယ်စားများကို တရားသူကြီး အလတ်စားများက ခြောက်လှန့်နေတုန်းရှိသေးသည်။ “ကိုယ့်စီရင်ချက်ကို ကိုယ်တာဝန်ယူပါ” ဟု တဖွဖွပြောတုန်းမှာပဲ တရားလိုကျေနပ်ပါက ကျေအေးခွင့်ပြုရမည့် အမှုကို ၀န်ကြီးချုပ်က မကျေနပ်ဆိုသည့်  အကြောင်းကြောင့် ကျေအေးခွင့်မပြုဝံ့သော တရားသူကြီးမျိုး ရှိနေတုန်းဖြစ်သည်။ ကိုယ့်တရားရုံးနံဘေးက အသံကျယ်သော လွှတ်တော်အမတ်၏ တစ်မျက်နှာတည်းကိုကြည့်ပြီး သူ့အလိုလိုက်၍ စီရင်ဆုံးဖြတ်နေသော တရား သူကြီးမျိုး ရှိနေတုန်းဖြစ်သည်။ ကိုယ်က မရိုး မဖြောင့် လုပ်ထားသည့်အတွက် ကိုယ့်ထက် ပို၍ မရိုးမဖြောင့်သူဖြစ်နေသည့်တိုင် ထိုသူက ဒုက္ခပေးနိုင်သူဖြစ်သဖြင့် “မျက်နှာရိပ် မျက်နှာကဲကြည့်၊ ဗောင်းတော်ညိတ် စိတ်တော်သိ” စီရင်ဆုံးဖြတ်နေသော တရားသူကြီးမျိုးရှိနေတုန်းဖြစ်သည်။

ထိုသို့သော တရားသူကြီး အငယ်စား အလတ်စားများကြောင့် စာနယ်ဇင်းအချို့၏ ပြင်းထန်သော စွပ်စွဲချက်နှင့် ပစ်မှတ်တို့မှ မရုန်းသာ၊ မလှုပ်သာဖြစ်ခဲ့ရသည့်အခြေအနေတွင် တရားစီရင်မှု နယ်ပယ်တစ်ဝန်းလုံးကို တာဝန်ခံ နေရသူက “တရားစီရင်ရာတွင် ဘက်လိုက်မှုကင်းရှင်းရန် မရှိမဖြစ်လိုအပ်ကြောင်း” သတိပေးလိုက်ခြင်းကို အခါမသင့်ဟု မဆိုသာချေ။ မည်သည့်ပုဂ်္ဂိုလ်၊ အဖွဲ့အစည်းကမျှ ၀င်ရောက်ခြယ်လှယ်စွက်ဖက်လွှမ်းမိုးခြင်း မရှိစေရန်၊ လွတ်လပ်မှုကိုကျင့်သုံးရန်နှင့် တာဝန်ခံနိုင်ရန်လိုအပ်ကြောင်း သတိပေးချက်မှာ အခါမသင့်ဟု မဆိုသာချေ။

လွတ်လပ်သည့် တရားစီရင်မှုကို စွက်ဖက်လွှမ်းမိုး ခြယ်လှယ်လိုသူများသည် မည်သူမဆိုဖြစ်နိုင်သည်ကို သတိချပ်ရန်လိုကြောင်း  “သတိပေးချက်” အဖြစ်လည်း အခါမသင့်ဟု မဆိုသာချေ။
တရားရုံးဆိုသည်မှာ အတည်ဖြစ်ဆဲဥပဒေများကို လိုက်နာဆောင်ရွက်ပေးရသည့် ဌာနအဖွဲ့အစည်း တစ်ခုမျှသာဖြစ်သည့်အလျောက် မည်သည့်အခြေအနေတွင်မဆို (ဥပဒေနှင့်အညီ) လွတ်လပ်သော တရားစီရင်မှုကိုသာ မြဲမြဲမြံမြံ ကိုင်စွဲထားသင့်သည်မှာ ယုံမှားဖွယ်မရှိပါ။

သို့ရာတွင် စနစ်တစ်ခု၊ ခေတ်တစ်ခု၌ ပခုံးတွင် တစ်ပွင့်မျှမရှိသူတို့၏ အတင်းအဖျင်းသာသာ အစီရင်ခံစာဖြင့် ပြန်တမ်းဝင်အရာရှိဆို သူတို့ ဘာမှန်းမှမသိလိုက်ဘဲ၊ ကျွမ်းပစ်ခဲ့ရသည့် သာဓကမျိုးရှိခဲ့သည်။ (ထောက်လှမ်းရေးတပ်ကြပ်ကို ဘုရားသခင်တမျှ အလေးပေးခဲ့သော လူကြီးသူမမျိုးရှိခဲ့သည်) ဥပဒေနှင့် မညီညွတ်စေကာမူ ၎င်းတို့နှင့် ညီညွတ်ပါက အန္တရာယ်ကင်းသည့်သဖွယ် ကသမ်းကယမ်းကာလမျိုး ရှိခဲ့ဖူးသည်။ ပေါင်းစားမှ အရိုးမမျက်မည့် ကာလမျိုး၊ ထိုသူတို့နှင့် အဆင်မပြေပါက နဂါးမျက်စောင်းရှေ့ ကားကားကြီးရပ်မိသလိုမျိုး၊ ပြာကျလွင့်စဉ်သွားခဲ့ရသူများ ရှိခဲ့ဖူးသည်။ ဤသည်ကို မည်သူကမျှ စီမံခန့်ခွဲမှု အမှားအယွင်းဟူ၍ မမြင်ကြ။ မြားကိုသာမြင်၍ လေးညို့ကိုမမြင်ကြ။ မြင်နိုင်သည့် အရည်အချင်းမရှိခဲ့ကြ။

စင်စစ် တရားရုံးသည် မည်သူ၏သြဇာခံမျှ မဖြစ်ထိုက်သကဲ့သို့ မည်သူ၏ ရန်ဘက်မျှလည်း မဖြစ်ထိုက်ပါချေ။မည်သူနှင့်မျှလည်း ရန်ဘက်ဖြစ်ဖို့ မလိုပါချေ။ သို့သော် သူ့အလုပ်သဘာဝကိုက အမှုသည်တို့၏ အနိုင်အရှုံးကို ပြတ်ပြတ်သားသား စီရင်ဆုံးဖြတ်ပေးရသည့် အလုပ်ဖြစ်သည်။ ဝေဒနာပျောက်ကင်းသွားသည့် လူနာ၏ကျေးဇူးတုံ့ပြန်မှုကို  ပြုံးပြုံးကြီးခံယူနေသည့် ဆရာဝန်ကဲ့သို့ နိုင်သွားသောအမှုသည်၏ ကျေးဇူးတုံ့ပြန်မှုကို ပြုံးပြုံးကြီးခံယူနိုင်ခွင့် တရားသူကြီးမှာ ရှိသည်မဟုတ်ပါ။ တရားသူကြီးသည် ဖြောင့်မတ်ခိုင်ကျည်သူဖြစ်ပါက လေးစားမှု ရကောင်းရနိုင်မည်ဖြစ်သော်လည်း အချစ်ခံချင်၍တော့ဖြင့် မဖြစ်နိုင်ပါ။

သဘာဝမတူပါ။ အခန့်မသင့်လျှင် ရှုံးသွားသည့်အမှုသည်၏ ပိုးစိုးပက်စက် စွပ်စွဲချက်ကိုပင် အဆစ်ရလိုက်နိုင်ပါသည်။
တစ်မှုဆုံးဖြတ်ပြီးတိုင်း တရားရုံးက ရန်သူတစ်သိုက် မွေးပေးလိုက်သလိုရှိခဲ့သည်က ခေတ်အဆက်ဆက်ပဲဖြစ် သည်။

တရားရုံးဆိုသည်မှာ ချစ်သူရှိချင်မှရှိမည်ဖြစ်သော်လည်း မုန်းသူဧကန်ရှိမည် သေချာသည်။ ရှုံးသူဧကန် ရှိသောကြောင့် ဖြစ်သည်။ ပွင့်လင်းလာသည့်ခေတ်တွင် လွယ်လင့်တကူ ထင်ပေါ်လိုသော အပေါစားနိုင်ငံရေးသမားတို့က လွယ်လင့်တကူလုပ်ပြနိုင်သည့် တစ်ခုသောလုပ်ရပ်မှာ တရားရုံးကို လက်ညှိုးထိုးလိုက်ခြင်းပဲ ဖြစ်သည်။ သို့မဟုတ် - တရားရုံးကို ထိုးကျွေးလိုက်ခြင်းပဲ ဖြစ်သည်။ အုပ်ချုပ် ရေးအရာရှိအချို့ကပါ “လင်းနို့ခွန်ကောက်လျှင် - ကြွက်”၊ “ကြွက်ခွန်ကောက်လျှင် လင်းနို့” ဟု သူတို့မပါခဲ့သယောင်ပြုလျက် သူတို့ကပါ အဆစ်တစ်ချက် ၀င်ထုလိုက်တတ်သည်ကို  သင်ခန်းစာမယူနိုင်သော ခပ်ညံ့ညံ့တရားသူကြီးများ ရှိနေသေးခြင်းမှာ လွန်စွာဝမ်းနည်းဖွယ်ဖြစ်သည်။  

စင်စစ်ဘက်လိုက်မှုကင်းသော လွတ်လပ်သည့် တရားစီရင်မှုဆိုသည်မှာ တရားရုံးများက ဥပဒေမျက်နှာ တစ်ခုတည်းကိုကြည့်၍ မည်သူ့ကိုမျှ မျက်နှာချိုမသွေးဘဲ ပြတ်ပြတ်သားသား စီရင်ဆုံးဖြတ်သည့် တရားစီရင်မှုပဲဖြစ်သည်။


The Ladies News Journal


Wednesday, November 28, 2018

အပ်နှင်းသည့် အခွင့်အာဏာရှိသလား 

“ကျွန်တော်တို့ကို တင်ပြပေး။ မီဒီယာကလည်း ရေးရမယ်။ တရားသူကြီးရဲ့ အားနည်းချက်ကြောင့် တချို့ကိစ္စတွေက မှန်တဲ့ဘက်က  မှားနေရတယ်။ အဲဒါမျိုးဆိုရင် တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ ရဲမင်းကြီးနဲ့ ကျွန်တော်တို့ အစည်းအဝေး ထိုင်မယ်။ အဲဒီအခါမှာ တရားသူကြီးချုပ်က သက်ဆိုင်ရာ တရားသူကြီးကိုခေါ်ပြီး ဒါတွေ ဒါတွေ လုပ်ရမယ် ဆိုတာ ညွှန်ကြားမယ်။ ဒါဆိုရင် အမှန်အတိုင်း ပြန်ဖြစ်သွားမယ်” 
(15-11-2013, Hot News ဂျာနယ်) 

ထိုသို့ ပြောဆိုလိုက်သူမှာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်သဖြင့် သူနှင့် အစည်းအဝေး ထိုင်မည်ဆိုသော တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ ရဲမင်းကြီး (စင်စစ် ထိုအသုံးအနှုန်း ခေတ်နှင့် မလျော်ညီတော့ပါ) စသူတို့ မှာလည်း တိုင်းဒေသကြီးအဆင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိ သူများကို ဆိုလိုခြင်း ဖြစ်ကြောင်း အငြင်းပွားဖွယ်ရာ မရှိပါ။ 

ဝန်ကြီးချုပ်အနေဖြင့် ပြည်နယ်၊ သို့မဟုတ် တိုင်းဒေသကြီး ဟူသော အကန့်အသတ်ပြုထားသည့် နယ်မြေအတွင်း''စီမံခန့်ခွဲရေး''၊ တစ်နည်း အားဖြင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ကို''ဥပဒေဖြင့် အပ်နှင်းရရှိသည့် အာဏာအရ'' ထမ်းဆောင်ခွင့်ရသူ ဖြစ်ပါသည်။ ဘာမဆို လုပ်ပိုင်ခွင့် ရှိသည့် မွေးရာပါ အခွင့်အာဏာ မဟုတ်ပါ။ 

၎င်းစီမံအုပ်ချုပ်ခွင့် ရရှိသော နယ်မြေအတွင်း တရားစီရင်မှု ဆိုင်ရာအမှားအယွင်းများ မဖြစ်ပေါ်စေလိုသော စေတနာကို အသိအမှတ် ပြုနိုင် ပါသည်။ ထိုစေတနာဖြင့် ထိုသို့ပြောဆိုလိုက်ခြင်း ဖြစ်သည် ဖြစ်သည်ဟူ၍လည်း ယုံစားဖွယ်ရာ ရှိပါသည်။ သို့ရာတွင် ဥပဒေနှင့် အညီအညွတ် ရှိ၊ မရှိ ဝေဖန်စိစစ်ရပမည်။ 

တရားစီရင်မှု ဆိုသည်မှာ ဥပဒေနှင့်အညီ အပ်နှင်းထားသည့် စီရင်ပိုင်ခွင့်အာဏာ မရှိဘဲ ဆောင်ရွက်၍ မရနိုင်ကြောင်းကို သိမြင်နားလည်ရန် လိုအပ်ပါသည်။ ဤစကား ရင့်သီးကောင်း ရင့်သီးနိုင်ပါသည်။ သို့သော် မတတ်နိုင်ပါ။ 

Law sense, judicial sense ဆိုသည်ကို တစ်ထောင့်တစ်ည ပြောရဦးမည့် မွေးရာပါ ပညာရှိတွေ ပေါများလှပါသည်။ 

ရှင်းအောင်ပြောမှ ဖြစ်မည် ထင်ပါသည်။ မှားယွင်းချွတ်ချော်ပါက တတ်မြောက်ကျွမ်းကျင်သူများက ပြင်ဆင်ဖြည့်စွက်စေလိုပါသည်။ 

အမှုအခင်း၊ အငြင်းပွားမှု တစ်ရပ်ရပ်ကို (ဒေသအလျောက်၊ တန်ဖိုး အလျောက်၊ အပ်နှင်းသည့် အခွင့်အာဏာအလျောက်) စီရင်ပိုင်ခွင့်ရှိသော တရားရုံးနှင့် စီရင်ပိုင်ခွင့်ရှိသော တရားသူကြီးကသာလျှင် စီရင်ဆုံးဖြတ် ပိုင်ခွင့် ရှိပါသည်။ မအူပင်ခရိုင် တရားရုံးက စီရင်ပိုင်ခွင့်ရှိသော အမှုကို မအူပင်မြို့နယ် တရားရုံးက စီရင်ပိုင်ခွင့် မရှိပါ။ ဖျာပုံခရိုင် တရားရုံးက စီရင်ပိုင်ခွင့်မရှိပါ။ ထို့အတူ အပ်နှင်းသည့် အခွင့်အာဏာ မရှိခဲ့ဘူးဆိုပါ လျှင် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်က စီရင်ပိုင်ခွင့်ရှိမည် မဟုတ်ပါ။ 

ပြည်နယ်/တိုင်းဒေသကြီး တရားလွှတ်တော်သည် ၎င်းဒေသအတွင်း ရှိ ခရိုင်တရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်အပေါ် ဥပဒေနှင့်အညီ ရေး ဖွင့်သည့် အယူခံမှု၊ ပြင်ဆင်မှုများတွင် ပြင်ဆင်ပယ်ဖျက်ခွင့်၊ အတည်ပြုခွင့် ရှိပါသည်။ 

သို့သော် ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ စသူတို့က ပြောသည် ဆိုသော အကြောင်းကြောင့်တော့ဖြင့် ဟိုအမှု ဟိုလိုဆုံးဖြတ်၊ ဒီအမှုဒီလိုစီရင် ဟူ၍ အမှုစစ်တရားသူကြီးအား အမိန့်ပေး ညွှန်ကြားခွင့် မရှိပါ။ စွက်ဖက်ခွင့် မရှိပါ။ အာဏာအပ်မထားပါ။

တရားရုံးတစ်ရုံး၏ အခွင့်အာဏာအရ စီရင်ဆုံးဖြတ်ချက် တစ်ရပ် အပေါ် မှားသည်၊ မှန်သည်၊ မျှတသည်၊ မမျှတသည်ကို နားလည်ပါက (ယခုအခါ) ဝေဖန်နိုင်ခွင့်ရှိပါသည်။ သို့သော် မှားသည်၊ မှန်သည်၊ မျှတသည်၊ မမျှတသည်ကို ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။ ဆုံးဖြတ်နိုင်သော အခွင့်အာဏာရှိသည်မှာ စီရင်ပိုင်ခွင့်အာဏာ ရရှိသော အထက်တရားရုံး တစ်ခုခုသာ ဖြစ်ပါသည်။ 

တရားသူကြီး အများစုသည် တက္ကသိုလ် ဥပဒေပညာ ဌာနများ တွင် ပညာသင်ကြားခဲ့ကြရပါသည်။ ဥပဒေ ကထိကတစ်ဦးသည် မကြာ သေးခင်ကမှ ဥပဒေဘွဲ့ ရရှိ၍ သူ့တပည့် ဖြစ်ခဲ့ဖူးသော ဒုတိယမြို့နယ် တရားသူကြီး တစ်ဦး၏ စီရင်ဆုံးဖြတ်ချက်တစ်ခုကို မှားကြောင်း၊ မှန် ကြောင်း ထင်မြင်ချက် ပေးနိုင်ပါမည်။ သို့သော် ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။ ဥပဒေကထိကကို လည်းကောင်း၊ ဥပဒေ ပါမောက္ခကို လည်းကောင်း စီရင်ပိုင်ခွင့် အာဏာ အပ်နှင်းခြင်း မရှိခဲ့သောကြောင့် ဖြစ်ပါသည်။ 

ထို့အတူ ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်၊ ဝန်ကြီးချုပ် အစရှိ သော အခွင့်အာဏာပိုင်တို့သည် ဥပဒေအရ တရားစီရင်မှု အာဏာ အပ် နှင်းခြင်းခံရသူများ မဟုတ်သဖြင့်၊ တစ်နည်းဆိုသော် စီရင်ပိုင်ခွင့် အာဏာ ရရှိသူများ မဟုတ်သဖြင့် ဒုတိယ မြို့နယ်တရားသူကြီးက ချမှတ်သော ထောင်ဒဏ် ၇ ရက်မျှကိုပင် ပယ်ဖျက်ခွင့် မရှိပါ။ ဒဏ်ငွေ ၅ဝ ကျပ် မျှကိုပင် ပယ်ဖျက်ခွင့် မရှိပါ။ 

ဥပဒေချုပ်၊ ရဲမင်းကြီးတို့ကို ထည့်ပြောရန်ပင် အကြောင်းမရှိပါ။ 

မှားလျှင် ပြင်ဆင်၊ ပယ်ဖျက်ရပါသည်။ မှန်လျှင် အတည်ပြုရပါ သည်။ သို့သော် ဥပဒေနှင့်အညီ စိစစ်ဆင်ခြင်၍ ပြင်ဆင်ရန်၊ ပယ်ဖျက် ရန်၊ အတည်ပြုရန် အလို့ငှာမူ စီရင်ပိုင်ခွင့် အာဏာရှိဖို့ လိုပါသည်။ စီရင်ပိုင်ခွင့် မရှိလျှင် ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။

 ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အတည်ဖြစ်လျက် ရှိသော ဥပဒေကို (အတိအလင်း ပြဌာန်း၍ ကင်းလွတ်ခွင့် ပြုမထားပါက) တစ်ယောက်မကျန် လိုက်နာရန် တာဝန်ရှိပါသည်။ ယခု အတည်ဖြစ်လျက်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သည့် ဝန်ကြီးချုပ်၊ အုပ်ချုပ်ရေးမှူးကိုမျှ တရားစီရင်မှု အာဏာ အပ်နှင်းထားခြင်း မရှိပါ။ မည်သည့် လွှတ်တော်ကိုမျှ တရားစီရင်မှု အာဏာ အပ်နှင်းထားခြင်း မရှိပါ။ လွှတ်တော် အဆင့်ဆင့်အား ဥပဒေပြုအာဏာကို လည်းကောင်း၊ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်အား စီမံခန့်ခွဲရေး အာဏာကို လည်းကောင်း အပ်နှင်းထားပါသည်။ ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲကြရန် (power are separated, to the extent possible) ပင်လျှင် နိုင်ငံတော်၏ အခြေခံမူတစ်ရပ်အဖြစ် (စိုးရိမ်တကြီး) ပြဌာန်းလိုက်ပါသေးသည်။ ထိန်းကျောင်းမှုနှင့် စွက်ဖက်မှုအကြား ခြားနားမှု ရှိရပါမည်။

 အပြန်အလှန် ထိန်းကျောင်းမှု ဆိုသည်မှာ (မိမိဆန္ဒအလျောက်) လိုရာသုံးနိုင်သည့် ၀ရဇိန်လက်နက် ဖြစ်မည် မထင်ပါ။ 

ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်နှင့် ဝန်ကြီးချုပ်ကို ဖြစ်စေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော် တို့ကို ဖြစ်စေ အခြေခံဥပဒေတွင် တရားစီရင်မှုအာဏာ အပ်နှင်းထား ကြောင်း မတွေ့ရပါ။ ထို့ကြောင့် တရားရုံးတစ်ရုံး၏ စီရင်ဆုံးဖြတ်ချက် တစ်ရပ်အပေါ် ဝေဖန်တိက ပြုရုံမျှသာမက မှားကြောင်း၊ မှန်ကြောင်း ဝင်ရောက်ဆုံးဖြတ်စီရင်မည် ဆိုပါက အခွင့်အာဏာမရှိသော ဆောင်ရွက် မှုသာ ဖြစ်စရာ ရှိပါသည်။ ဥပဒေက အပ်နှင်းသည့် အခွင့်အာဏာမရှိဘဲ ကျင့်သုံးဆောင်ရွက်မှုသည် ဥပဒေကို မလိုက်နာ၊ ဖောက်ဖျက် ကျူးလွန်ရာ ရောက်သည်အထိ စဉ်းစားကြရပါမည်။ 

အခြေခံဥပဒေကို မလိုက်နာဘဲ နေခွင့်ရှိသည်ဟု မည်သူ့ကို ခြွင်းချက်ဖြင့် ခွင့်ပြုထားခြင်း မရှိပါ။ 

လွှတ်တော် ကိုယ်စားလှယ်များသည်ပင်လျှင် လွှတ်တော်နှင့် ပေါင်း ကော်မတီတို့၌ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဆန္ဒမဲပေးခွင့်ကို အ ဥပဒေကို မဆန့်ကျင်သမျှသာလျှင်) ပြုလုပ်ခွင့်ရှိကြောင်း အခြေခံဥပဒေ ပုဒ်မ-၉၂ (က)၊ ၁၃၃ (က)၊ ၁၅၅ တို့တွင် ပြဋ္ဌာန်းပါသည်။ ဖောက် ဖျက်ကျူးလွန်သူကို တာဝန်မှ ပြန်လည် ရုပ်သိမ်းနိုင်ကြောင်း ပုဒ်မ ၃၉၆ (က)(၂)တွင် ပြဋ္ဌာန်းပါသည်။

 ဝန်ကြီးချုပ်က ဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်း ဖြစ်ပါက ပုဒ်မ ၂၆၃(က)(၂) အရ စွပ်စွဲပြစ်တင်မှုကို ခံရနိုင်ပါသည်။ 

တရားရုံးတစ်ရုံး၏ စီရင်ဆုံးဖြတ်ချက် တစ်ရပ်အပေါ် တရားစီရင် မှု အာဏာ အပ်နှင်းထားခြင်း မခံရသော ဝန်ကြီးချုပ်က တရားစီရင်မှု အာဏာ အပ်နှင်းခြင်း မခံရသော ရဲမင်းကြီး၊ ဥပဒေချုပ် စသူတို့နှင့် မှားကြောင်း၊ မှန်ကြောင်းကို အစည်းအဝေးထိုင်၍ ဆုံးဖြတ်ချက် ချမှတ်ခွင့် ရှိကြောင်း အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွင် မတွေ့ပါ။ ထိုသို့ ပြုလုပ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ပါသည်။ ဖောက်ဖျက်ကျူးလွန်ရာ ရောက်ပါမည်။ အခွင့်အာဏာမရှိသည့် ဆောင်ရွက်မှု ဖြစ်ပါမည်။ Independent of judiciary နှင့် rule of law ကို အလွန်အမင်း ဟန့်တား နှောင့်ယှက်ရာ ရောက်ပါသည်။ 

အခွင့်အာဏာများ ရောထွေးကျင့်သုံးခဲ့သော နည်းစနစ် အမှား ကြောင့် တရားစီရင်မှုသည် အကြီးအကျယ် ဂုဏ်သတင်း ပျက်ယွင်းခဲ့ သည်ကို သတိသံဝေဂ ယူနိုင်ကောင်းပါသည်။ 

ဝန်ကြီးချုပ်နှင့် စည်းဝေးညှိနှိုင်း၍ ချမှတ်သော စီရင်ဆုံးဖြတ်ချက် အပေါ် (နစ်နာသူက) တရားလွှတ်တော်ချုပ်သို့ မတက်ရောက်ရတော့ဘူး လားဟု မေးခွန်းထုတ်စရာ ရှိပါမည်။ မည်သူမဆို ကျေနပ်လက်ခံသည့် အကြွင်းမဲ့တရားမျှတမှုကို ဝန်ကြီးချုပ်က ဆုံးဖြတ်နိုင်မည်လားဟု မေးခွန်း ထုတ်စရာ ရှိပါမည်။ ဝန်ကြီးချုပ်နှင့် အစည်းအဝေးပြု၍ ညွှန်ကြားသည့် အတိုင်း ဆုံးဖြတ်ခဲ့ခြင်းအပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပြင်ဆင်ခြင်း မပြုဘဲ ဘာမဆို အတည်ပြုရမည်လားဟု မေးခွန်းထုတ်စရာ ရှိပါမည်။ 

တိုင်းဒေသကြီး တရားသူကြီးချုပ်မှာ စီရင်ပိုင်ခွင့် အာဏာ ရှိတာပဲ ဟူ၍ စောဒက တက်ကောင်း တက်နိုင်ပါသည်။ မှန်ပါသည်။ သူ့ကို အပ်နှင်းသည်မှာ စီရင်ပိုင်ခွင့်အာဏာ ဖြစ်ပါသည်။ သူ၏တရားခွင်ပေါ်သို့ ဥပဒေနှင့်အညီ နည်းလမ်းတကျ ရောက်ရှိလာခဲ့သော (အယူခံ/ပြင်ဆင်)မှုများကို နှစ်ဖက်ကြားနာ၍ စီရင်ဆုံးဖြတ်ပိုင်သော စီရင်ပိုင်ခွင့်အာဏာ ရှိပါသည်။ ဝန်ကြီးချုပ်က ခေါ်ယူကျင်းပသော အစည်းအဝေး ခန်းမထဲ၌ အစည်းအဝေး တက်ရောက်သူများ၏ အလိုကျ စီရင်ဆုံးဖြတ်နိုင်ရန် ၎င်းအား အပ်နှင်းသည့် အခွင့်အာဏာ မဟုတ်ပါ။ ဂေါက်ရိုက်ရင်း ရင်း၊ ကားစီးရင်း၊ သူဆုံးဖြတ်ချင်သည့် အချိန်တွင် သူဆုံးဖြတ်ချင်သလို (လိုသလို) ဆုံးဖြတ်ပိုင်သည့် စီရင်ပိုင်ခွင့်အာဏာ မဟုတ်ပါ။

အခြေခံဥပဒေက မည်သူ့ကိုမျှ စေတစ်လုံး အာဏာမအပ်ပါ။ 

မကြိုက်လျှင် ပြင်ဆင်ရန်ဖြစ်ပြီး ပြင်ဆင်ပယ်ဖျက်ခြင်း မပြုသေးသမျှ ဥပဒေကို (မည်သူမဆို) လိုက်နာရမည် ဆိုခြင်းမှာ rule of law ၏ အခြေခံအကျဆုံး အချက်တစ်ရပ် ဖြစ်သည်ကို အငြင်းပွားဖွယ် မရှိဟု ယူဆပါသည်။ ထို့ကြောင့် ဝန်ကြီးချုပ်က တရားရုံး၏ ဆုံးဖြတ်ချက် တစ်ရပ်ရပ် ကို မီဒီယာအား တင်ပြစေ၍ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ ရဲမင်းကြီးတို့နှင့် အစည်းအဝေးထိုင်ကာ (မှားကြောင်း၊ မှန်ကြောင်း သုံးသပ်လျက်) တရားသူကြီးချုပ်မှတစ်ဆင့် သက်ဆိုင်ရာ တရားသူကြီးကို''ဒါတွေ ဒါတွေ လုပ်ရမယ်ဟု ညွှန်ကြားမည်'' ဆိုခြင်းမှာ အခြေခံဥပဒေပါ တရားစီရင်ရေးမူနှင့် ဆန့်ကျင်ကြောင်း၊ အခွင့်အာဏာ မရှိသော ဆောင်ရွက်မှု ဖြစ် ကြောင်း၊ ဝန်ကြီးချုပ်ကို အခြေခံဥပဒေက ထိုသို့ အာဏာအပ်နှင်းထားခြင်း မရှိကြောင်း၊ လွတ်လပ်စွာ တရားစီရင်မှုကို ချိုးဖောက်ရန် ဥပဒေက မည်သူ့ကိုမျှ အာဏာအပ်နှင်းထားခြင်း မရှိကြောင်း ဖော်ပြလိုသည်။ 

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွင့်အာဏာတို့ကို အရောရော အထွေးထွေး ကျင့်သုံးခဲ့သဖြင့် မတော်မတရားမှုများ ဖြစ် ခဲ့ကာ ခေါင်းမဖော်ဝံ့အောင် မျက်နှာငယ်ခဲ့ရလျက် တရားဝင် အပ်နှင်းသည့် အခွင့်အာဏာမရှိဘဲ မိမိကိုယ်ကိုယ် ဘ၀ရှင်မင်းတရားကြီးများသဖွယ် စိတ်ကြီးဝင် ပြုလုပ်မှုများကြောင့် ကြမ္မာငင်ခဲ့သော တိုင်းပြည်တစ်ပြည် ယ် တစ်ခြမ်းပဲ့လ မှုန်ပျပျနှင့် ကျွဲခြေရာခွက်ထဲသို့ ပြန်လည်၍ ငုပ်လျှိုးဝင်ရောက်သွားမည်ကို စိုးရိမ်မကင်း ဖြစ်မိကြောင်း ဖော်ပြလိုသည်။      ။ 

ပဲ့တင်သံဂျာနယ်၊ အမှတ် (၁၀)၊ ၀၅၊ ၀၉၊ ၂၀၁၃


Tuesday, November 27, 2018

ဘာကြောင့်လဲ ဘာအတွက်လဲ

 မောင်ရင့်မာ  ၊ကျောင်းကုန်း၊


ကျွန်တော်သည် အမှားအယွင်းတစ်ခုပြုပြီးနောက် ခပ်တည်တည်နှင့်မုန်လာဥလုပ်နေခြင်းထက် ၀န်ချတောင်းပန်ခြင်း က ယဉ်ကျေးသောအမူအရာဖြစ်သည်ဟုယုံသူဖြစ်ပါသည်။ သို့သော်၊စဉ်းစားစရာများစွာရှိသည်ကို တွေ့လာရပါသည်။ 

နွေရက်များကကျွန်တော်မဖတ်ဖြစ်သေး၍တေးထားခဲ့သည့်စာအုပ်ကြွေးတွေကိုဖတ်ပစ်ခဲ့ရာ အမေရိကန်စာရေးဆရာ ကြီး နသန်နီယယ်ဟောသွန်း၏ “ကြက်သွေးရောင်အက္ခရာ”လည်း ပါခဲ့ပါသည်။ 

(The Scarlet Letter)ကို ဘာသာပြန်သည့်ဆရာမောင်ထွန်းသူသည် လွန်ခဲ့သောနှစ်-၁၅၀ ကျော်က ဟော်သွန်း၏ အဖွဲ့အနွဲ့ကို စိတ်မရှည်နိုင်တော့သဖြင့် ယူထားသည့်စာမူခကိုပြန်အမ်းဖို့ပင် အကြိမ်ကြိမ်စဉ်းစားမိကြောင်းဆိုလေရာ နွေကို အန်တု၍ ဖတ်ရသောကျွန်တော့်အဖို့ရာလည်း အဘယ်မျှသည်းခံခဲ့ရသည်ကို ပြောပြဖို့မလိုတော့ဟု ထင်ပါသည်။ 

ဆာလမ်-မည်သောအမေရိကန်တောင်ပိုင်း မြို့လေးတစ်မြို့တွင် ယောကျာ်းသနာ မရှိတုန်း ကိုယ်ဝန်ဆောင်၊ ကလေး မွေးသည့် ဟက်စတာပရိုင်းနီး ဆိုသောမိန်းမတစ်ယောက်၏လောကဓံနှင့်လူတို့သဘာဝကိုရေးဖွဲ့သည့်ဝတ္ထုတစ်ပုဒ်ဖြစ်သည်။

ဒေသထုံးဓလေ့အရ ဟက်စတာသည်အပြစ်ကျူးသူဖြစ်သည်။သူမ၏ပြစ်မှုအတွက်ထောင်ဒဏ်ကျခံရသည်။ထောင်မှ လွတ်သောအခါ မြို့ကလေး၏လူသူလေးပါးဆုံရာ “အရှက်မဲ့စင်မြင့်”၌ မိမိအပြစ်ကိုဝန်ခံရသည်။ ကြက်သွေးရောင်အက္ခရာ(A)့ ကို ရင်ဘတ်တွင်ချိတ်တွဲရသည်။ (A) ဆိုသည်က (Adultress) “လင်ငယ်နေသောမိန်းမ”ဟု အဓိပ္ပာယ်ရသည်။ 

ဟက်စတာသည် အရှက်မဲ့စင်မြင့်ပေါ်မှာရပ်လျက်၊ လူသူတကာတို့၏ ကဲ့ရဲ့ပြစ်တင်ရှုတ်ချမှုများကို နာခံသေ၀ပ်လျက်၊ ကြက်သွေးရောင်အက္ခရာကို ထာဝစဉ်ဆင်မြန်းခဲ့သော်လည်း သူမနှင့်မှောက်မှားသူကို ထုတ်ပြောဖို့ ငြင်းဆန်နေသည်။ ဘော် စတွန်၏နာမည်အကြီးဆုံးနှင့်အသက်အကြီးဆုံးဘုန်းတော်ကြီးဂျွန်ဝစ်(လ်)ဆန်က စစ်မေးသောအခါ၌လည်းကောင်း၊ ဘုရင်ခံ ဘယ်လင်ဟန်ကတောင်းဆို၍အသက်အငယ်ဆုံးနှင့်ဂုဏ်သိက္ခာအရှိဆုံး သင်းအုပ်ဘုန်းကြီးဒင်းမက်ဒေးက စစ်မေးသောအခါ ၌လည်းကောင်း၊ဟက်စတာသည်သူမနှင့်မှောက်မှားသူကိုထုတ်ပြောဖို့ရာအကျောက်အကန် ငြင်းဆန်ခဲ့သည်။သူမအပြစ်ကျူး ခဲ့ပါသည်ဟုပဲ လုံလောက်ရုံမျှ ၀န်ခံခဲ့သည်။ သမီးလေးပုလဲ ခုနစ်နှစ်အရွယ်သို့ ရောက်ခဲ့သည်အထိပဲ ဖြစ်သည်။

ဟက်စတာကဆာလမ်မြို့မှာပဲ အပ်ချုပ်သမအဖြစ်အသက်မွေးရသဖြင့် သူမ၏လောကဓံမှာ ကြမ်းတမ်းခက်ထန်လှပါ သည်။သို့သော်၊ရင်ဆိုင်ခဲ့သည်။အိနြေ္ဒရရလည်းနေခဲ့သဖြင့် သူမကိုချစ်ခင်သူ၊နားလည်သူတို့ပင် မြို့ကလေးမှာ ရှိလာခဲ့သည်။ 
စိတ်ဝင်စားစရာက သူမနှင့်မှောက်မှားခဲ့သူဖြစ်သည်။မြို့ကလေး၏ “အရှက်မဲ့စင်မြင့်” ၌ ဟက်စတာပရိုင်းနီးကသူမ၏ အပြစ်ကိုဝန်ခံနေရချိန်တွင် သူမနှင့်မှောက်မှားသူသည်ဝန်ခံခြင်းမပြုခဲ့ပေ။ဟက်စတာက မြို့ကလေး၌တစ်ဝမ်းတစ်ခါး လှုပ်ရှား သွားလာချိန်တွင်လည်း မှောက်မှားသူသည် လျစ်လျူပြုနေခဲ့သည်။သို့သော်၊ လိပ်ပြာမလုံဖြစ်နေခဲ့သည်။တုန်လှုပ်ခြောက်ခြား နေခဲ့သည်။

ကြက်သွေးရောင်အက္ခရာ၊အရှက်မဲ့စင်မြင့်၊လူသူတကာ၏ကဲ့ရဲ့ပြစ်တင်မှု၊ရှုတ်ချမှုတို့ကို သူမခံစားဝံ့။မခံစားနိုင်။ စိုးရွံ့ ထိတ်လန့်ရခြင်းနှင့်နောင်တပူပန်ရခြင်းက သူ့ကို အစဉ်အမြဲခြောက်လှန့်နေခဲ့သည်။ 

အရှက်မဲ့စင်မြင့်၌် သူ့အပြစ်ကိုဝန်ချဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့သည်။သို့စေကာမူ မြို့ကလေး၏အထင်ကြီးမှု၊ လေးစားမှု့၊ ချစ်ခင်ကြည်ညိုမှုကို စွန့်လွှတ်ပစ်ဖို့ရာ သတ္တိမဲ့ နေသည်။သို့ဖြင့် သူ၏နှလုံးအိမ်မှာ တရိရိကွဲအက်၍ရူးလုမတတ်ခံစားနာကျင် နေရသည်။ စိတ်ထောင်းကိုယ်ကြေဖြစ်လာသည်။ကျန်းမာရေးထိခိုက်လာသည်။ 

နာကျင်ခါးသီးမှုများကို မခံရပ်နိုင်တော့သည့်အဆုံးမှာတော့ဖြင့် သူသည် အရှက်မဲ့စင်မြင့်ပေါ်သို့တက်သွားသည်။ 

         “ကျွန်တော့်ကိုချစ်ခင်ကြည်ညိုနေတဲ့ခင်ဗျားတို့ကိုအမှန်အတိုင်းပြောပါရစေ။ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ။ကျွန်တော်ဟာ ဒီနေရာမှာရောက်နေပါတယ်။ကမ္ဘာကြီးထဲက ဒုစရိုက်သားကောင်တစ်ယောက်လို့ ကျွန်တော့်ကိုယ်ကျွန်တော်ပြောရပါလိမ့်မယ်။
“အခု ကျွန်တော် ရပ်နေတဲ့နေရာဟာ လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်ကတည်းက ရပ်သင့်တဲ့နေရာ၊ ရပ်ရမယ့်နေရာပါ”

နှစ်ပေါင်းများစွာရာသီဥတုဒဏ် ခံထားရသဖြင့် မည်းနက်ဟောင်းနွမ်းနေသော၊ အပြစ်ကျူးလွန်သူတို့အား ပရိသတ် 
ဗိုလ်ပုံအလယ်တွင် အရှက်ခွဲရာဖြစ်သော ဈေးလယ်ခေါင်၊လင့်စင်ကြီးပေါ်၌ သူသည်ကျူးလွန်ခဲ့သောအပြစ်များကို ခြွင်းချက် 
မရှိဝန်ခံဖြောင့်ဆိုလေတော့သည်။သူ့ကိုချစ်ခင်ကြည်ညိုသောဆာလမ်မြို့သားတို့က အလွန်အမင်းတုန်လှုပ်အံ့သြနေသည်။

“ဟက်စတာလို့ခေါ်တဲ့ ဒီအမျိုးသမီးရဲ့ရင်ဘတ်ကကြက်သွေးရောင်အက္ခရာကို ခင်ဗျားတို့မြင်တယ်မဟုတ်လား။ ခင်ဗျား 
တို့ဟာ ဒီစာလုံးကိုကြည့်ပြီးထိတ်လန့်ခဲ့ကြတယ်။တုန်လှုပ်ခဲ့ကြတယ်။ ရင်ဆိုင်တွေ့ပြီဆိုရင် ဝေးဝေးက ကွင်းရှောင်သွားခဲ့တယ်။ 
သူ့ကိုကြောက်စရာ ရွံစရာလူတစ်ယောက်လို့မြင်ခဲ့ကြတယ်။ ဒါပေမဲ့ အခု ခင်ဗျားတို့ကြားမှာ ရပ်နေတဲ့လူတစ်ယောက်ရဲ့ဒုစရိုက် 
မှုကျတော့ ခင်ဗျားတို့မသိခဲ့ကြဘူး၊မမြင်ခဲ့ကြဘူး။မတုန်လှုပ်ခဲ့ကြဘူး”

မိမိအပြစ်ကိုဝန်ခံပြီး အရှက်မဲ့စင်မြင့်တွင် လဲကျသေဆုံးသွားခဲ့သည့် သင်းအုပ်ဘုန်းကြီးဒင်းမက်ဒေး၏ ရင်ဘတ်ပေါ် ၌  ကြက်သွေးရောင်အက္ခရာ(A)ကို သူတို့တွေ့သွားခဲ့ကြသည်။ဟက်စတာကဲ့သို့ အ၀တ်ပေါ်မှာနှိပ်ထားခြင်းမဟုတ်။ရင်ဘတ် အသားပေါ်၌ ထွင်းထားသောအက္ခရာဖြစ်သည်။ဒင်းမက်ဒေးသည် လွန်ခဲ့သောခုနစ်နှစ်ကတည်းကသူ့ကိုယ်သူ ပြစ်ဒဏ်ခတ် သည့်အနေဖြင့် ရင်ဘတ်အသားပေါ်တွင် ဓားနှင့်ထွင်းထားခဲ့ခြင်းဖြစ်လေသည်။

ဓလေ့ထုံးစံ၊အချစ်၊ဂုဏ်သိက္ခာ၊ရိုးဖြောင့်မှုနှင့်လူ့သဘာဝကိုဖွဲ့ဆိုသည့် ၀တ္ထုတစ်ပုဒ်ပဲဖြစ်သည်။

အပြစ်တစ်စုံတစ်ရာကျူးလွန်ကြောင်းဝန်ခံ၍ လောကဓံ၏ရိုက်ခတ်မှု၊နာကျင်ခါးသည်းမှုကို ခါးစည်း၍ရင်ဆိုင်သူနှင့် မိမိအပြစ်ကိုသိုဝှက်ဖုံးဖိ၍ သူတော်ကောင်းယောင်ဆောင်နေသူတို့၏ လိပ်ပြာစင်မှု၊မစင်မှုကို ထိုဝတ္ထုက ပြောပြထားသည်။ 

အမှားအယွင်းပြုသူ၊အပြစ်ကျူးလွန်သူတို့က စိတ်ရင်းဖြင့်ဝန်ချတောင်းပန်ခြင်းကို ယဉ်ကျေးဖွယ်ရာမှုဟုကျွန်တော်က လက်ခံသူဖြစ်ပါသည်။သို့သော်၊အပြစ်ကျူးသည်လည်းမဟုတ်ပါဘဲလျက်အပြစ်ကျူးမိသကဲ့သို့၊အမှားပြုသည်လည်းမဟုတ်ပါ ဘဲလျက် အမှားပြုသကဲ့သို့ဝန်ချတောင်းပန်သည်ကိုမူ စဉ်းစားရပါမည်။ယုတ္တိတန်ဖို့လိုပါသည်။သဘာဝကျဖို့လိုပါသည်။ 

မကြာသေးမီက လွတ်လပ်စွာပြောခွင့်ရသည့်ဝေသာလီဂဏသဘင်အတွင်း“မိမိပြောမိဆိုမိခဲ့သည်တို့ကို ခွင့်လွှတ်နား လည်ပေးပါရန်နှင့်ထိုပြောဆိုမှုများအတွက် မိမိမှာပဲတာဝန်ရှိပါသည်”ဟု ၀န်ချတောင်းပန်သည့် အံ့အားသင့်စရာဖြစ်စဉ်တစ်ခု အုတ်အော်သောင်းတင်း ပေါ်ပေါက်ခဲ့ပါသည်။ 

ဟက်စတာပရိုင်းနီးက သူမ၏အပြစ်ဝန်ခံသော်လည်း အပြစ်မှခွင့်လွှတ်ဖို့ဒူးထောက်တောင်းပန်ခြင်းမပြုခဲ့ပါ။သို့သော် “ကျွန်မတစ်ဦးတည်းမှာပဲ တာဝန်ရှိပါသည်”ဟုလည်း မပြောခဲ့သည်ကိုသတိပြုနိုင်စရာရှိပါသည်။ ဒင်းမက်ဒေးအတွက် “အနစ် နာခံသူကြီး”လုပ်မပြခဲ့ပါ။ နှစ်ဦး မှောက်မှားပါမှကိုယ်ဝန်ရနိုင်သည့်ကိစ္စတွင် သူမတစ်ဦးတည်း တာဝန်ယူ၍လည်း မဖြစ်နိုင်ပါ။ ယုတ္တိယုတ္တာမရှိပါ။သူမ ဖွင့်မပြောသည်က ဒင်းမက်ဒေးကိုအကာအကွယ်ပေးလိုသောကြောင့်ဖြစ်သည်ဟုကျွန်တော်မထင်ပါ။ 

“မိမိကိစ္စမိမိ တာဝန်ယူမည်၊ကျန်တာ သူ့ကိစ္စ”ဆိုသည့်သဘော ဖြစ်တန်ရာပါသည်။ 

အပြစ်ကျူးခြင်း၊အမှားပြုခြင်းတို့မရှိခဲ့ပါဘဲလျက် ဒူးထောက်တောင်းပန်ခဲ့ရသူတစ်ဦး ဥရောပသမိုင်းမှာ အထင်အရှား ရှိခဲ့ပါသည်။အီတလီနက္ခတ်နှင့်သိပ္ပံပညာ ရှင်ကြီး ဂယ်လီလီယိုဖြစ်ပါသည်။
ဒူးထောက်တောင်းပန်ခဲ့ရခြင်းမှာ သူ၏ကျော်ကြားသော“ကြယ်တာရာဆက်သား”(Star Messenger)စာအုပ်ကြောင့် ဖြစ်သည်။ဂယ်လီလီယိုက နေ၊လ၊ကြယ်တာရာတို့သည် ကမ္ဘာကိုဗဟိုပြု၍လည်ပတ်နေခြင်းမဟုတ်ဘဲ ကမ္ဘာသည်နေကို ဗဟို ပြု၍လည်ပတ်နေခြင်းသာဖြစ်ကြောင်း ကိုပါးနီးကပ်စ်၏အဆိုကိုထောက်ခံရေးသားခဲ့သည်။ထိုကျမ်းမှာထိုစဉ်ကအလွန်တန်ခိုး သြဇာကြီးနေသည့်  ကျောင်းတော်ဝါဒ၊ ဘာသာရေးသင်ကြားပို့ချချက်များနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည်။ 

အလယ်ခေတ်ကျောင်းတော်က ဒေါသချောင်းချောင်းထွက်ခဲ့သည်။ရောမသာသနာ့ခုံရုံးသို့ ဂယ်လီလီယိုကိုဆင့်ခေါ်ခဲ့ သည်။မိစ္ဆာဒိဌိအယူဟုစွပ်စွဲလျက် ထိုအယူကိုစွန့်ခိုင်းသည်။ဂယ်လီလီယိုသည် “မီးရှို့အသတ်ခံမည်လား၊ မိမိ၏အယူကိုစွန့်၍ ဒူးထောက်အညံ့ခံမည်လား”ဟု ရွေးချယ်ခဲ့ရသည်။ ဂယ်လီလီယိုက သူ၏အယူအဆ မမှားဟု ယုံကြည်သည်။ သို့သော်၊ 
“ကျွန်ုပ်၏မံသမျက်စိသည် ဘုရားသခင်ဖန်ဆင်းသည်ဆိုသည့် စကြ၀ဠာကို မြင်နိုင်စွမ်းမရှိပါ ”ဟုအညံ့ခံခဲ့လေသည်။ 
သူ့ကို သတ္တိနည်းသူ၊ သူရဲဘောကြောင်သူဟု ယူဆသူများရှိခဲ့သည်။မှားယွင်းသည်ဟုမယုံကြည်ပါဘဲလျက် မှားယွင်း 
ပါသည်-ဟု အာဏာပိုင်များရှေ့တွင်ဒူးထောက်အညံ့ခံခြင်းကို ပြစ်တင်ရှုတ်ချသူများ ရှိခဲ့သည်။ 

သို့သော် သူသည်နလပိန်းတုံးမဟုတ်ပါ။ ရောမသာသနာ့ခုံရုံးတွင် ဒူးထောက်၍တောင်းပန်ခဲ့သော်လည်း သူယုံကြည် 
သည့်အယူအဆကို အမှန်ုတကယ်စွန့်လွှတ်ခြင်းမပြုခဲ့ပါ။နလပိန်းတုံးတို့သည် အမှန်တရားနှင့်ယုံကြည်မှုကိုအခွင့်အာဏာဖြင့် 
တည်ဆောက်လေ့ရှိပြီး ပညာရှင်ကမူ သူ၏အမှန်တရားနှင့်ယုံကြည်မှုကို စစ်ဆေးတွေ့ရှိချက်၊ အထောက်အထားတို့ဖြင့်သာ 
တည်ဆောက်လေ့ရှိပါသည်။

ဂယ်လီလီယိုသည် ဒူးထောက်ခဲ့ခြင်းကြောင့် မီးရှို့သတ်ဖြတ်သည့်ပြစ်ဒဏ်မှလွတ်ခဲ့သည်။ နေအိမ် အကျယ်ချုပ်ဖြင့် နေခဲ့ရစဉ်အတွင်း ပညာရှင်အဖိုးအို သည် နေစကြာဝဠာကိုဆက်၍သုတေသနပြုသည်။ ပိုမိုသစ်လွင်သည့် တင်ပြချက်တို့်ဖြင့်  “သိပ္ပံပညာသစ်နှစ်ရပ်အပေါ်သုံးသပ်ခြင်း”(Discourse  concerning two new sciences)ကျမ်းကိုပြုစုပြီး ဟော်လန်နိုင်ငံ၌ ထုတ်ဝေခဲ့သည်။ထိုကျမ်းသည် အနာဂတ်သိပ္ပံပညာအတွက် အရေးပါသည့်သဘောတရားများကို မျိုးစေ့ချပေးခဲ့သည်။

နောင်၊နှစ်-၅၀ တွင် “မြေဆွဲအားဥပဒေသ”ကို တွေ့ဖို့ရာ အိုက်ဇက်နယူတန်အား ထိုကျမ်းကကူညီပေးနိုင်ခဲ့သည်။ဂယ် လီလီယို၏“ချိန်သီးဥပဒေသ” ဖြင့် ပို၍တိကျကောင်းမွန်သည့်နာရီကို တီထွင်နိုင်ခဲ့သည်။သူမျက်စိကွယ်ပြီးနောက် ဆက်လက် ရှင်သန်ခွင့်ရသည့်-၈နှစ်ကာလအတွင်း စွမ်းဆောင်ခဲ့မှုများသည် သိပ္ပံပညာအတွက် သက်ရောက်မှုကြီးမားသဖြင့်  အဲလ်ဘတ် အိုင်စတိုင်းက  “ခေတ်သစ်သိပ္ပံပညာနှင့်ရူပဗေဒပညာရပ် နှစ်မျိုးလုံး၏ဖခင်ကြီး”ဟု ဂယ်လီလီယိုကို ကောင်းချီးပေးခဲ့သည်။  
“သူရဲဘောကြောင်တဲ့သူ၊ဟုတ်လား။သူရဲဘောကြောင်တဲ့သူဟာ သူလုပ်ရမယ့်အလုပ်ကိုဆက်လုပ်ဖို့ဘ၀လမ်းကို ရွေး ကြသလား။ သူရဲဘောကြောင်တဲ့သူလို့အပြောခံရမယ့်လမ်းကို တမင်ရွေးကြသလား”

ဒါက ဂယ်လီလီယိုဘက်မှ ချေပချက်ဖြစ်သည်။ 

ရောမသာသနာ့ခုံရုံးရှေ့၌ ဒူးထောက်တောင်းပန် အညံ့ခံခဲ့ရစဉ်က သူသည် အသက်-၇၀အရွယ် အဖိုးအိုတစ်ဦး ဖြစ် နေပါပြီ။သူ့၌ ရာထူးရာခံ၊အခွင့်အရေးမျှော်ကိုးချက်နှင့် လောကစည်းစိမ်တစ်စုံတစ်ရာ ခံစားဖို့ရာမဟုတ်တော့သည်မှာ သေချာ ပါသည်။သူ၏တစ်ခုတည်းသောဆန္ဒကအသက်ရှင်သန်လိုမှုဖြစ်ပါသည်။သူ၏မပြီးသေးသောပန်းချီကားအတွက်ပဲဖြစ်ပါသည်။ 

အသက်ဆက်ရှင်သန်ခွင့်ရသည့်ကာလအတွင်း ဘ၀၏အဖိုးတန်ဆုံး၊နောက်ဆုံးနေ့ရက်များ၌သူ၏သုတေသနဆောင် ရွက်ခဲ့မှုများကို ဆန်းစစ်ကြည့်ပါက သူသည်ရာထူး၊စည်းစိမ်ခံစားလိုခြင်းကြောင့်မဟုတ်ဘဲ၊အခွင့်အရေး၊မျှော်ကိုးချက် တစ်ခုခု ကြောင့်လည်းမဟုတ်ဘဲ လောကအကျိုးကိုပညာဖြင့်သယ်ပိုးလိုသောကြောင့်ဖြစ်သည်ဟုကောက်ချက်ချရပါလိမ့်သည်။ 

သူရဲဘောကြောင်သူ-ဟု အပြစ်ပြောခံရမည့်ဘ၀ကို ရဲရဲရွေးချယ်ခဲ့ပါသည်။ ထို့ကြောင့်သာပဲ သိပ္ပံပညာနယ်အတွက် အကျိုးများခဲ့သည်ဟုဆိုရပါမည်။ သူ၏ဂုဏ်သိက္ခာကို သူကိုယ်တိုင် ချနင်းခဲ့ခြင်းမှာအချည်းနှီးမဖြစ်ခဲ့ဟုဆိုရပါမည်။ 

သာမန်အားဖြင့် အမှန်ကိုအမှား၊တရားကိုမတရား၊ပြုမူပြောဆိုခြင်းသည် အမှန်တရားကိုသစ္စာစောင့်သိရန်ပျက်ကွက် မှု ဖြစ်ပါသည်။ သူ ရှင်သန်နေထိုင်သည့် လောကနယ်၊သို့မဟုတ်-ပညာရပ်နယ်ကို သစ္စာပျက်ယွင်းမှုလည်း ဖြစ်နိုင်ပါသည်။ 

ဝန်ချတောင်းပန်မှုတိုင်းသည် လူ့ယဉ်ကျေးမှု၏မီးရှူးတိုင်ကို သယ်ဆောင်ခြင်းဟုတ်မဟုတ် သံသယဖြစ်စရာများစွာရှိ ပါသည်။“ငါးပါးပဉ္စသီ”ကိုစောင့်ထိန်းမိသည်မှာ မှားယွင်းပါကြောင်းဝန်ချတောင်းပန်ခြင်းကို စဉ်းစားကြည့်စေလိုပါသည်။အမှန် တကယ်မှားယွင်းခြင်းမရှိပါဘဲလျက် မှားယွင်းကြောင်းဝန်ချတောင်းပန်ခြင်း၌ စဉ်းစားစရာများစွာရှိနိုင်ပါသည်။ ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးမျှ ဒူးထောက်အညံ့ခံ၊တောင်းပန်ဝန်ချသည်ဆိုလေတိုင်းဖြင့် ယဉ်ကျေးသောလူ့အဖွဲ့အစည်း၏ ကောင်းမြတ်သော အမူအရာအဖြစ် မျက်စိမှိတ်၍ ဂုဏ်ပြုချီးကျူးထိုက်သည် မဟုတ်ပါချေ။ ဘာကြောင့်လဲ၊ဘာအတွက်လဲ၊ စဉ်းစားရပါမည်။

ဘာကြောင့်လဲ၊ဘာအတွက်လဲ ဆိုသည်မှာ တော်တော်အရေးကြီးပါသည်။

အချို့သူတို့သည် မိမိယုံကြည်ချက်အတွက် အသက်ပေးခဲ့သည်။အသက်ပေးဖို့အထိ အသင့်ရှိနေတတ်သည်။

အချို့သူတို့သည် ပျော့ညံ့တွေဝေ၍ဘာမဆို လွှတ်ချပစ်လိုက်ဖို့ အသင့်ရှိနေတတ်သည်။အခွင့်အရေး၊ရာထူးအာဏာ အလို့ငှာ မိမိ၏ဂုဏ်သိက္ခာကိုပစ်ချ၍ ဒူးထောက်တောင်းပန်ဖို့အသင့်ဖြစ်နေတတ်သည်။ဆိုးသော၊ညံ့သော၊လောက၏ အမှိုက် သဖွယ်ဖြစ်သော ပုလင်းတူဗူးဆို့များအတွက် “အနစ်နာခံသူကြီး” လုပ်ပြတတ်သည်။ သေးနုတ်သော၊သိမ်ဖျင်းသော၊ရည်သန် မျှော်မှန်းချက်တစ်ခုခုအလို့ငှာ အခွင့်အာဏာရှိသူတို့ရှေ့မှောက်၌ ဒူးထောက်အညံ့ခံဖို့ ၀န်မလေးသူ များစွာရှိတတ်ပါသည်။ 

ဒူးထောက်တောင်းပန်ခြင်း၏ အခြားတစ်ဖက်မှာ မေးခွန်းများရှိနိုင်ပါသည်။

ကိုယ်ကျိုး၊အစီးအပွားအတွက်မဟုတ်သော၊ မြတ်သော၊ရည်သန်ချက်အလို့ငှာ လိုအပ်သဖြင့် ဒူးထောက်တောင်းပန် ခြင်းမှတစ်ပါး မည်သို့သောဒူးထောက်တောင်းပန်ခြင်းကမျှ ဂုဏ်ရောင်ပြောင်သောကိစ္စမဟုတ် ဟု ကျွန်တော်ထင်ပါသည်။      ။



ဝန်ထမ်းပဋိညာဉ်

မင်းပြောင်းမင်းလဲ

"အမတ်တိန်ကို သတ်စေ''

သက္ကရာဇ် ၇၄၅ ခုနှစ် မွန်ဘုရင်ရာဇာဓိရာဇ် နန်းတက်သည်နှင့် ပေးသောအမိန့် ဖြစ်သည်။ အမတ်တိန်က ဘုရင်ကို အပြစ်ပြတော်မူရန် လျှောက်ထားသည့်အခါ ဘုရင်က “ငါ ဒဂုံမြို့စားဘဝက လာပြီးမခစားဘဲ ဘုရင်ဖြစ်မှ လာပြီးခစားတာ မောင်မင်းအပြစ်” ဟုဆိုသည်။ အမတ်တိန်က “ထီးဖြူဆောင်းမင်းကိုသာ ခစားသည်၊ ထီးဖြူမဆောင်းသောမင်းကို မခစားတတ်၊ အမျက်တော်ရှိ၍ ကွပ်ညှပ်တော်မူသော် ကျွန်ုပ်သေရမည်” ဟု နားတော်လျှောက်၏။ အလျှောက်ကောင်းပြီး အနီးမှ မင်းကံစီသာတို့က “အမတ်တိန်၏စကားသည် စင်စစ်မှန်၏” ဟု ထောက်ခံ လျှောက်ထားကြသောကြောင့်လည်း အသက်ချမ်းသာရာ ရခဲ့ပေသည်။

လက်ရှိအာဏာပိုင်သသော ဘုရင်ကိုသာ အခစားဝင်ရမည်မှာ မင်းမှုထမ်း၏ သစ္စာတရားပင် ဖြစ်သည်။ ထို့အတူ နောက်တစ်မင်း တက်လာသည့်အခါ အကူအညီနှင့် အကြံဉာဏ်ပေးရန် အဆင်သင့်ဖြစ်နေရ မည်မှာလည်း မင်းမှုထမ်း၏အလုပ်ပင် ဖြစ်သည်။ သို့သော် သက်ဆိုင်ရာ ဘုရင်မင်းတြားတို့က ‘သူ့လူ၊ ကိုယ့်လူ၊ အရင်လူ၏တပည့်၊ အရင်လူ၏ကျွန်ယုံ’ ဟု မင်းမှုထမ်းဝန်ထမ်းကို နှိပ်ကွပ်ခဲ့ကြသည်မှာ အစဉ်အလာကဲ့သို့ ဖြစ်နေပေသည်။ အစိုးရပြောင်းကာလကလည်း အရင်လူ ဖြောင့်ဖြောင့် အနားယူနိုင်ရန် တတ်စွမ်းသော ရုံးလုပ်ငန်းပညာနှင့် ကူညီဆောင်ရွက်ရသဖြင့် အစစအရာရာ ပင်ပန်းသည်မှာ ဝန်ထမ်းဖြစ်သကဲ့သို့ နောက်တက်လာမည့် အစိုးရအတွက် လိုအပ်သော စာရင်းဇယားများ၊ သိလိုသည်များကို ဆောင်ရွက်ပေးရသည် မှာလည်း ဝန်ထမ်းပင်ဖြစ်သည်။ 

ဥပမာပေးရလျှင် အရင်ယောက်ျားဟောင်းနှင့် ကွာရှင်းပြီး ယောက်ျားအသစ် လက်ထပ်ရမည့် အိမ်ထောင်သည်အမျိုးသမီး ကဲ့သို့ အရင်လူ ထွက်ကန် ကန်မည်ကိုလည်းကြောက်ရ၊ နောက်ပေါင်းရမည့်လူ၏ စိတ်ကိုလည်း ခန့်မှန်း ပြင်ဆင်ထားရသကဲ့သို့ ဖြစ်သည်။

အရင်လူက သစ္စာမရှိဟု စွပ်စွဲနိုင်သလို နောက်လူက အရင်လူကို လွမ်းနေသလားဟု အချိန်မရွေး စွပ်စွဲနိုင်သည်။ သည်ကြားထဲ အချို့က အစိုးရဝန်ထမ်းလား၊ ပြည်သူ့ဝန်ထမ်းလား၊ နိုင်ငံဝန်ထမ်းလား ဟူသော မေးခွန်းနှင့် မီဒီယာအချို့၏ ဗျူရိုကရေစီယန္တရား အရည်အချင်းမရှိဟု ဝေဖန်မှုလည်း ခံကြရပြန်သည်။ အရင်အစိုးရနှင့် လိုက်သွားပါဟု အမနာပ ပြောသူလည်းရှိသည်။ ဝန်ထမ်းဘက်မှ ရပ်တည်ဖြေရှင်းပေးမည့်သူ မရှိသလောက် နည်းပါသည်။ မှန်သင့်သလောက်လည်း မှန်ပေသည်။ သို့သော် ဝန်ထမ်းကို ထိုအခြေအနေ ဆိုက်အောင် မည်သူ လုပ်ခဲ့ပါသနည်း။

ကမ်းနားသစ်ပင်

သက်ဦးဆံပိုင် မြန်မာမင်းများ လက်ထက်ကပင် အနီးရှိ အမတ် မင်းမှုထမ်းတို့က ဘုရင်၏ ဆောင်ရွက်မှုကို ပိဋကတ်စာပေ၊ ထုံးတမ်း၊ ဓမ္မသတ်တို့ ကျွမ်းကျင်လိမ္မာသော ပညာရှိအမတ်၊ သက်တော်ရှည်အမတ် တို့က ထိန်းထိန်းသိမ်းသိမ်း ဖြစ်အောင် လုပ်ပေးရလေသည်။ ‘သက်တော် ရှည်အမတ်’ ဟူသော ဝေါဟာရကို ထောက်ရှုခြင်းဖြင့် ကျန်မင်းမှုထမ်းများမှာ အချိန်မရွေး ကွပ်မျက်ခံရနိုင်ကြောင်း သိနိုင်သည်။ မင်းအလိုလိုက် မင်းကြိုက်တင်သူများလည်း ရှိသကဲ့သို့ အသက်ကိုမငဲ့ကွက်ဘဲ အမှန်အတိုင်း တင်ဝံ့သော ရာဇသင်္ကြန်အမတ်ကြီးနှင့် ယောအတွင်းဝန် ဦးဘိုးလှိုင် တို့ကဲ့သို့ အမတ်များလည်း ရှိခဲ့ပါသည်။

ပုဂံခေတ်နှောင်းပိုင်း ဥဇနာမင်းနှင့် နရသီဟပတေ့မင်းတို့ လက်ထက်တွင် ရာဇသင်္ကြန် အမတ်ကြီးမှာ နားချိန်မရှိ နေ့ညအမှုထမ်းရင်း ဝမ်းသွေးသွန်၍ ကွယ်လွန်ရှာသည်။ ဦးဆွေးဆံမြည့် ဟူသော စကားကို ရာဇဝင်တွင်အောင် စစ်မှုထမ်းခဲ့သော အုတ်လှငယ်ကား အသက်စွန့် အလုပ်လုပ်သလောက် အသတ်ခံရလုနီးပါး ဖြစ်ခဲ့သည်။

ပညာရှိ မင်းမှုထမ်းများထဲတွင် အမတ်ကြီး ဘိုးရာဇာသည် အင်းဝမင်းသုံးဆက် အမှုထမ်းခဲ့ပြီး စည်းတပြစ်အမတ် (စန္ဒပဇ္ဇောတ ပါဠိသက် စကား၊ လရောင်ပမာ ထွန်းလင်းသော ပညာရှိ) အဖြစ် ထင်ရှားခဲ့သည်။ ယင်း၏ လျှောက်ထုံးများကို စုစည်းထားသောကျမ်းသည် မဏိရတနာပုံ ကျမ်းဟု အမည်တွင်သည်။ ထိုကျမ်းတွင် မင်းနှင့်အမတ်တို့ ပြည်သူ့အလို လိုက်ရမည့်အကြောင်းကို မိုးခါးရေသောက်ပုံပြင်နှင့် ဥပမာပေး လျှောက်ထားခြင်းလည်း ပါသည်။ နှောင်းလူတို့က တစ်မျိုး အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ထို့နောက် ထင်ရှားသူမှာ သက္ကရာဇ် ၈၇၉ တွင် နန်းတက်သော ရခိုင်မင်းဆက် မင်းဗာကြီးလက်ထက်မှ ခြောက်ဆက်အထိ အမှုထမ်းခဲ့သော မဟာပညာကျော်မှာလည်း မဟာပညာကျော် လျှောက်ထုံးဖြင့် ထင်ရှားခဲ့သည်။

ထိုသို့ပညာဖြင့်ထင်ရှားသည့် အမှုထမ်းများသာမက ကျေးဇူးတရားနှင့် သစ္စာကို စောင့်သိ၍ ငါသေမှ ငါ့အရှင် ထိပါးရမည်ဆိုကာ ရန်သူစစ်သည်တို့ကို ဆီး၍ဟန့်တားသော ပြည်ဘုရင်၏ အလုပ်အကျွေး ၁၃ နှစ်သား ငထင်ငယ်၊ နတ်တင်ထားသော ထမင်းတစ်နပ် ကျေးဇူးကြောင့် ဘုရင်စောယွမ်းကို မသတ်ခဲ့သော ကျွန်ယုံငခင်ညိုတို့လည်း သူ့ခေတ် သူ့အခါမှ ဝန်ထမ်းကောင်းများ ဖြစ်ခဲ့ကြသည်။

ကိုလိုနီခေတ်

ဝန်ထမ်းဆိုသည်မှာ မည်သည့်ခေတ် မည်သည့်ကာလတွင် မည်သူပင် အုပ်ချုပ်သည်ဖြစ်စေ ဝမ်းရေးအရ မိမိတတ်သိထားသော ပညာနှင့် ကျေပွန်စွာ အမှုထမ်းကြရသည်မှာ ထုံးစံပင်ဖြစ်သည်။

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ တွင် အင်္ဂလိပ်တို့ အထက်မြန်မာပြည်ကို သိမ်းပိုက်၍ ကိုလိုနီ ကျွန်ပြုခံရပြီးသည့်နောက် ၁၉၁၉ အိန္ဒိယအစိုးရ အက်ဥပဒေကို မြန်မာနိုင်ငံတွင် စတင်ကျင့်သုံးကာ ၁၉၂၃ တွင် ဒိုင်အာခီ အုပ်ချုပ်ရေး စတင်ခဲ့သည်။ ထိုသောအခါ ဗြိတိသျှလူမျိုး နိုင်ငံဝန်ထမ်း (BCS, British Civil Service) နှင့် ပဋိညာဉ်ခံဝန်ထမ်း (ICS, Indian Civil Service) စသည်ဖြင့် ပေါ်ပေါက်လာချိန်တွင် မြန်မာလူမျိုး ပညာတတ်များ ဝင်ရောက်အမှုထမ်းလာကြသည်။ ထုံးစံအတိုင်း အရေးပါသောဌာနများကို အင်္ဂလိပ်တို့ ချုပ်ကိုင်၍ အရေးမပါသော ဌာနများကို မြန်မာများက အုပ်ချုပ်ခဲ့ရသည်။ ၁၉၃၅ တွင် မြန်မာနိုင်ငံအစိုးရ အက်ဥပဒေအရ အိန္ဒိယနိုင်ငံမှ ခွဲထွက်ပြီး ၉၁ ဌာနအုပ်ချုပ်ရေး စတင်ခဲ့သည်။ ကိုလိုနီခေတ် သွေးခွဲအုပ်ချုပ်ရေးတွင် ငါးထောင်စားရာထူးဖြင့် မြန်မာမျိုးချစ် ပညာတတ်များကိုလည်း မျှားခေါ်ခဲ့ကြသည်။ ဤသို့ဖြင့် မြန်မာအမျိုးသား ဝန်ထမ်းများ အလိုတော်ရိ၊ အသားထဲကလောက်ထွက် စသည့်အမည်များကို ခံယူကာ အသက်မွေးခဲ့ကြသည်။ အယဉ်ကျေးဆုံး အမည်နာမမှာ ‘ဗျူရိုကရက်များ’ ပင်ဖြစ်ပါသည်။

ဂျပန်ခေတ် ၁၉၄၂ ဩဂုတ်လတွင် ဗမာနိုင်ငံ ဝန်ထမ်းပြန်လည် ပြုပြင်ရေးအဖွဲ့ဖွဲ့ကာ ယခင်အင်္ဂလိပ်လက်ထက်က ပုံစံချထားသည့် ဗျူရိုကရေစီပုံစံကို ပြုပြင်ရန် ဆောင်ရွက်ကြပြန်သည်။ ဂျပန်တို့ ဆုတ်ခွာ၍ ဗြိတိသျှတို့ ပြန်လည်ဝင်ရောက်လာပြီး ၁၉၄၅ မေ ၃ ရက်နေ့တွင် ဗြိတိသျှများ ရန်ကုန်သို့ ရောက်လာပြီး မြန်မာနိုင်ငံကို ‘ကက်စ်ဘီ’ C.A.S (B) ခေါ် မြို့ပြ စစ်အုပ်ချုပ်ရေးအဖွဲ့ဖြင့် အုပ်ချုပ်ခဲ့သည်။

လွတ်လပ်ရေးရပြီး ခေတ်တွင် ရာထူးဝန် အက်ဥပဒေကို ပြဋ္ဌာန်းရန် လေ့လာရေးကော်မရှင်ကို ဩစတြေးလျနိုင်ငံသို့ စေလွှတ်၍ ကော်မရှင်က အစီရင်ခံစာနှင့် ထောက်ခံချက်များကို ၁၉၄၈ ဧပြီလတွင် အစိုးရသို့ တင်ပြခဲ့သည်။ ၁၉၅၃ တွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့ အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ တစ်ဖန် ၁၉၅၈ တွင် တပ်မတော်က အိမ်စောင့်အစိုးရ တာဝန် ယူသည်ကို ကြုံရပြန်သည်။

ယင်းကိုထောက်၍ sခတ်အဆက်ဆက် အုပ်ချုပ်ရေးအပြောင်းအလဲ ကိုလိုက်၍ ဝန်ထမ်းတို့အပြောင်းအလဲ၏ လောကဓံတရားကြားတွင် ငုတ်ချည်ပေါ်ချည်နှင့် မည်သို့ အစိုးရအမှုတော်ထမ်းခဲ့ကြသည်ကို တွေးဆကြည့်နိုင်ပါသည်။

ဝန်ထမ်းနှင့်နိုင်ငံရေး

၁၉၆၀ မတ်လ ၁၆ ရက်နေ့တွင် ပြည်ထောင်စု (ပထစ) အစိုးရ တက်လာပြီး မေ ၃၀ ရက်နေ့တွင် သတိုးမဟာ သရေစည်သူဦးချန်ထွန်းအောင် ဦးဆောင်သော အဖွဲ့ဝင် ၉ ဦးပါဝင်သည့် ပြည်သူ့ဝန်ထမ်း စုံစမ်းရေးကော်မရှင်ကို ဩစတြေးလျ၊ အင်္ဂလန်၊ ဆွီဒင်၊ အနောက်ဂျာမနီ၊ နယ်သာလန် စသောနိုင်ငံပေါင်း ၇ နိုင်ငံကိုလေ့လာပြီး အစီရင်ခံစာ တင်သွင်းစေခဲ့သည်။ ယင်းအစီရင်ခံစာ ကောက်နုတ်ချက် အချို့မှာ –

‘…တိုင်းပြည်အုပ်ချုပ်သော ခေါင်းဆောင်သစ်များသည် စိတ်အားထက်သန်သူများ၊ မိမိစွမ်းအင်ကို ယုံကြည်သူများ၊ တိုင်းပြည် ထွန်းကားစေလိုသော စေတနာဗလဝ ရှိသူများ ဖြစ်ကြပေသည်…’ ‘…သို့ဖြစ် လင့်ကစား နိုင်ငံဝန်ထမ်းအပေါ်တွင် ယခင်အုပ်ချုပ်သော အစိုးရနှင့် အဆက်အသွယ် ရှိခဲ့ဖူးသည် ဖြစ်သောကြောင့် မယုံသင်္ကာဖြစ်လျက် မိမိတို့ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် နိုင်ငံဝန်ထမ်းကို တင်းပြည့်ကျပ်ပြည့် ယုံကြည်အားထားခြင်း မပြုလိုကြပေ…’ ‘….မိမိတို့ရည်မှန်း ထားသော စီမံကိန်းကြီးများ အောင်မြင်ရေးကိုသာ စိတ်အားထက်သန်နေ ကြသဖြင့် ထိုစီမံကိန်းကြီးများ အကောင်အထည်ဖော်ရန် အချိန်ကုန်မည်ကို သတိမမူကြပေ။ သာမန်အုပ်ချုပ်ရေး လုပ်ငန်းစဉ်များအရ ထုံးစံအတိုင်း အချိန်ကုန်ရသည်ကို သည်းမခံနိုင်ဘဲ နိုင်ငံ့ဝန်ထမ်းက ရိုင်းပင်းကူညီခြင်း မပြုသောကြောင့် အချိန်ကုန်ရသည်ဟု ယူဆလေ့ရှိကြသည်။ နိုင်ငံ့ဝန်ထမ်း ဆောင်ရွက်ရသော အလုပ်ဝတ္တရား များကိုလည်းကောင်း၊ အုပ်ချုပ်ရေးတွင် အစဉ်အလာအတိုင်း လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များကို လည်းကောင်း နားမလည်နိုင်ဘဲ ရှိကြလေသည်။ မလိုလားအပ်သော ကြိုးနီစနစ်ကို ပယ်ဖျက်ရန်ဟူ၍ ဆောင်ရွက်ခဲ့သော လုပ်ငန်းများမှာ၊ အမှန်စင်စစ် အားဖြင့် အုပ်ချုပ်ရေးဟူသမျှ၏ မူလအခြေခံအဖြစ်ဖြင့် နည်းလမ်းတကျ ချမှတ်ထားသော စည်းမျဉ်းများနှင့် လုပ်ငန်းစဉ်များကို ချိုးဖောက်လျက်သာ ရှိခြင်း ဖြစ်လေသည်။ ထိုအကြောင်းတို့ကြောင့် တာဝန်နှင့်အာဏာ တိကျပြတ်သားစွာ သတ်မှတ်ထားခြင်း မရှိသည့် အခြေအနေသို့ ဆိုက်ရောက်မြဲ ဆိုက်ရောက်နေရလေသည်…’ ‘…နိုင်ငံဝန်ထမ်းအဖွဲ့၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အလုပ်ဝတ္တရား ကျေပွန်မှုမှ မည်မျှ ဆုတ်ယုတ်သွားသည်ကို ဖဆပလ နှစ်ခြမ်းကွဲသည့်အခါ ကွက်ကွက်ကွင်းကွင်း ပေါ်လွင်ထင်ရှား လာပေသည်။ ဖဆပလအဖွဲ့ကြီး ကြာရှည်လေးမြင့်စွာ ပြိုင်ဘက်မရှိ အုပ်စိုးစဉ်အတွင်း နိုင်ငံဝန်ထမ်း အချို့သည် သိလျက်နှင့် လည်းကောင်း၊ မသိ၍ လည်းကောင်း နိုင်ငံအပေါ်ထက် ခေါင်းဆောင်များအပေါ်တွင် ပုဂ္ဂလ ဓိဋ္ဌာန်ဖြင့် သစ္စာစောင့်ထိန်းလာ ခဲ့ကြသည်။ ထိုသို့ဖြစ်ခြင်းကြောင့် တိုင်းပြည်ကိုသာ သစ္စာစောင့်သိရိုသေ၍ နိုင်ငံရေးမဖက်ဘဲ လွတ်လပ်သော ဝန်ထမ်းအဖွဲ့ ဖွဲ့စည်းရန် လိုအပ်ကြောင်းကို ပါတီကြီးနှစ်ဖွဲ့လုံးကပင် ကြေညာ၍ အသိအမှတ်ပြုခဲ့လေသည်’။

အစီရင်ခံစာ၏ ဆိုလိုရင်းမှာ အဓိပ္ပာယ်ပြည့်ဝပြီး ဖြစ်၍ ထပ်မံရှင်းပြရန် လိုအပ်မည်မထင်ပေ။ ထို့နောက် နှစ်နှစ်အကြာ ၁၉၆၂ မတ်လ ၂ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ ပေါ်ပေါက်လာချိန်တွင် အထက်ပါ အုပ်ချုပ်ရေးယန္တရားများ တစ်ခန်းရပ်ခဲ့ပါသည်။ နိုင်ငံဝန်ထမ်းများလည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် ပါတီမိတ်ဆွေ၊ အရန်ပါတီဝင်နှင့် တင်းပြည့်ပါတီဝင်များဖြစ်၍ ပါတီ၏ အမာခံကေဒါများ ဘဝသို့ မွေးမြူခြင်း ခံရပါတော့သည်။

၁၉၈၈ အရေးအခင်းအပြီး တပ်မတော်အာဏာသိမ်း၍ ပါဝင်ခဲ့သော ဝန်ထမ်းများ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်းခံရပြီး နဝတခေတ်နှင့် နယက ခေတ်တွင် ပါတီနိုင်ငံရေးမှ ကင်းရှင်းအောင် ပုံစံပေး ခံရပြန်ပါသည်။

အစမ်းသပ်ခံအသည်းနှလုံး၊ သဘောထားအကြီးဆုံး

မည်သည့်အစိုးရ တက်တက် ယင်းတို့၏ နိုင်ငံရေးရည်ရွယ်ချက် အမျိုးမျိုးကို အကောင်အထည်ဖော်ရန် စိတ်ဓာတ်များပြုပြင်ကာ ဆောင်ရွက်ရ၊ ဖိအားပေးခံရသည်မှာ ဝန်ထမ်းပင်ဖြစ်သည်။ အရည်အချင်းကို သိ၍ ချီးမြှောက်လျှင် စံရသကဲ့သို့ သိလျက်နှင့် နင်းချေလျှင်လည်း ခံရပေသည်။ ပါမောက္ခပညာရှိ များမှာလည်း စစ်တန်းလျားမှ စစ်သားငယ်များကဲ့သို့ အမိန့်ပေး အုပ်ချုပ်သည်ကိုလည်း ခံခဲ့ရပါသည်။ ပညာတတ်ဆရာဝန်၊ အင်ဂျင်နီယာများလည်း အပါအဝင်ဖြစ်သည်။ ဝန်ထမ်းသည် အစိုးရတိုင်း၏ အစမ်းသပ်ခံ အနှိမ်ခံဖြစ်၍ ရင်ထဲမှခံစားမှုကို မျိုသိပ်၍ သဘောထား ကြီးခဲ့ကြပါသည်။

သမိုင်းကိုပြန်ကြည့်ပါ။ 
ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ပုဂ္ဂိုလ်ကြီးက “ဦးကြီး၊ တော်ဝင်ပုဂ္ဂိုလ် လော့ဒ်မောင့်ဘတ်တန်နဲ့ တွေ့ရင် ဘယ်လိုကစပြီး ဘယ်လို သုံးနှုန်းရမယ်ဆိုတာ ကျွန်တော့ကိုသင်ပေးပါ” ဟု နိုင်ငံခြား ဆက်ဆံရေးကျင့်ဝတ်တွင် မျက်နှာမငယ်အောင် ဆရာတင်ရသည့် အိုင်စီအက်စ် ဦးတင်ထွဋ်မှာ ဝန်ထမ်းဖြစ်သည်။ ဗိုလ်ချုပ်နှင့်အတူ အာဇာနည်စာရင်းဝင် ခဲ့သည့် ဒုတိယအတွင်းဝန် ဦးအုံးမောင်မှာလည်း ဝန်ထမ်းဖြစ်သည်။ ခေတ်စမ်းစာပေ ပညာရှင်ကြီးများ ဖြစ်သည့် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်နှင့် ဆရာသိပ္ပံမောင်ဝ တို့သည်လည်း ဝန်ထမ်းများဖြစ်ကြသည်။ ပထမဆုံး ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူးဖြစ်ပြီး မြန်မာ့အသံမှ အယ်ဒီတာ့ အာဘော်ခန်းတွင် အင်္ဂလိပ်သတင်းစာ ဖတ်၍ မြန်မာလို ပြေပြေပြစ်ပြစ် ချောချောမွေ့မွေ့ သောတရှင်များခင်ဗျား အစချီကာ တိုက်ရိုက် ထုတ်လွှင့်နိုင်သော ဆရာကြီးဦးခင်ဇော်(k) မှာလည်း ဝန်ထမ်းဖြစ်ခဲ့သည်။ ထိုသို့ ပညာရှင်များစွာ ဝန်ထမ်းအဖွဲ့အစည်းတွင် ရှိခဲ့သည်။ ထိုသို့ပုဂ္ဂိုလ်များ ဝန်ထမ်းအဖွဲ့အစည်းတွင် ရှားပါးလာခြင်း၊ မလုပ်လိုကြ တော့ခြင်းမှာ ဝန်ထမ်း၏ အပြစ်လော၊ မည်သူ့တွင် တာဝန်ရှိသနည်း။ တကယ်တော့ အစိုးရအဆက်ဆက်တွင်သာ တာဝန်ရှိခဲ့ပါသည်။

ထားရှိရမည့် ပဋိညာဉ်သစ်

အစိုးရထိပ်ပိုင်းတွင် မသမာမှုများဖြစ်လျှင် ဝန်ထမ်းလည်း အဂတိ လိုက်စားမည်မှာ သဘာဝပင်ဖြစ်သည်။ ယခင် ဆိုဗီယက်ပြည်ထောင်စုခေတ်က ‘အစိုးရက ပေးချင်ယောင်ဆောင်တော့ တို့ကလည်း လုပ်ချင်ယောင် ဆောင်တယ်’ ဆိုသောစကားကဲ့သို့ မလောက်မငလစာ တိုးပေးပြီး တိုင်း ပေးထားတာနှင့် တန်အောင်လုပ်ကြ ဆိုပြီး ပြည်သူ့ဘဏ္ဍာကို မိမိ အိတ်ကပ်ထဲက ပေးရသည့်နှယ် ခပ်တည်တည် ကြိမ်းမောင်းသည်ကို နာခံရသည်မှာလည်း ဝန်ထမ်းဖြစ်သည်။ ခြောက်တတ်သောအစိုးရက ကြောက်တတ်သော ဝန်ထမ်းကိုရမည်။ မမေးမစမ်းဘဲ ဖြုတ်ပစ်လိုက် ဆိုသောခေတ် တွင်လည်း ဘဝပျက်ကြပြန်သည်။ အမြှောက်ကြိုက်သော အစိုးရက အနားပြာဝန်ထမ်းကို ရမည်။ မိမိလူကိုသာ နေရာပေးတတ်သော အစိုးရက စိတ်ဓာတ်ကျ၍ စည်းလုံးမှု ပျက်ပြားနေသော ဝန်ထမ်းအများစုကို ရမည်။ အကျင့်ပျက်ဝန်ထမ်းကို ကျောသား၊ ရင်သားမခွဲခြားဘဲ အပြစ်ပေး၍၊ အရည်အချင်းအလိုက် မြှောက်စားသောစနစ် (Meritocracy) နှင့် လေ့ကျင့် ပျိုးထောင်မှုကို ဦးစားပေးသော အစိုးရကသာ ဝန်ထမ်းကောင်းကို ရမည်။

မြန်မာ့ဝန်ထမ်းများမှာ အရိုအသေမပေး၍လည်း အကြိမ်းမောင်းခံရ၊ အရိုအသေ ပေးတော့လည်း အကြိမ်းမောင်းခံရ၊ ဘယ်ခေတ်မှာမှ စားသာခြင်းမရှိဘဲ အစိုးရကြား၊ ပြည်သူကြားတွင် အခြေအနေအမျိုးမျိုးကြောင့် ဝန်ထမ်းဖြစ်ရသည်ကို ဂုဏ်ယူရမှန်းမသိအောင် ဖြစ်လျက်ရှိသည်။ ဝါရင့်အများစု မေးကြည့်လျှင် အဆင်ပြေသူအချို့ မှအပ အသက် ၆၀ ပြည့်လျှင် တစ်ရက်မှမနေချင်အောင် ဖိအားများကြသည်ကို တွေ့ရသည်။ မလုပ်နိုင်ရင်ထွက် ဆိုတော့လည်း မထွက်နိုင်၍ လုပ်နေကြခြင်းဖြစ်သည်။ ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ပြီ၊ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ပြီ၊ ချေးစော်နံ၍ မပြန်နိုင်ခြင်းမှာ ပရိယေသနဝမ်းစာကြောင့် ဖြစ်ကြသည်။ ပင်စင်ယူချိန် နေစရာမရှိ သည်မှာလည်း ဝန်ထမ်းအများစုပင် ဖြစ်သည်။

ထို့ကြောင့် ဝန်ထမ်းနှင့်အစိုးရကြား ပုဂ္ဂိုလ်ရေးအကျိုးစီးပွား၊ ပါတီနိုင်ငံရေး အကျိုးစီးပွား ရှင်းလင်းစွာထားပြီး အာဏာနှင့်တာဝန် စည်းခြား၍ လောက်အောင်လည်းပေး၊ တန်အောင်လည်း ခိုင်းသော အစိုးရနှင့်ဝန်ထမ်း အပြန်အလှန်လေးစားသည့် ပဋိညာဉ်အသစ် လိုအပ် လျက်ရှိသည်ဟု မြင်ပါသည်။

ထင်အောင်အောင် 
(၉၊၅၊၂၀၁၆) 

 ကျမ်းကိုး – မှန်နန်းရာဇဝင်၊ ရှေးမြန်မာပြည်သူ့ဝန်ထမ်းများ၊ ဦးမြိုင်သန့်၊ မြန်မာပါမောက္ခ(အငြိမ်းစား)၊ ၁၉၆၁ ခုနှစ်မေလ ၁၈ ရက် ‘ပြည်သူ့ဝန်ထမ်း စုံစမ်းရေးကော်မရှင် အစီရင်ခံစာ’။


The Voice Weekly


အိုးမဲသုတ်သူများ

ပြေလွင်မြင့်

လတ်တလောပုံရိပ်
📸📸📸📸📸

“ငါကိုယ်တော် တရားရေးမဏ္ဍိုင်ကို တည့်မတ်လိုက်တာဖြင့် 
အဆင်များ ပြေကြရဲ့လားဟဲ့”
“အဆင်ပြေတာဖြင့် လူသတ်မှုတောင် ကျေအေးလို့ရနေပါပြီဘုရား” (ကာတွန်းကိုကျော်၊ ကြံခင်း)

“သားသားအမြင်ကတ်တဲ့သူ သတ်ချင်တိုင်းသတ်လို့ရပြီ၊ အဲဒါ အဲဒါ ၄၉၄ကြောင့်”(ကာတွန်း- Saw Naing Htoo)

(၃၀-၇-၂၀၁၈)စံတော်ချိန်သတင်းစာပါ ကာတွန်းနှစ်ကွက်၏
ထင်ဟပ်ချက် ဖြစ်ပါသည်။

မထီမဲ့မြင်
⚽⚽⚽⚽

ရန်ကုန်မြို့သူမြို့သားများ၊စာနယ်ဇင်းမီဒီယာနှင့်ဥပဒေအသိုင်းအ၀ိုင်းတွင်အုတ်အော်သောင်းတင်းဖြစ်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲကိုပါ အကြီး အကျယ်အံ့အားသင့်စေခဲ့ခြင်းမှာ လူသတ်မှုတွင် ၎င်းတို့၏ မိဘအုပ်ထိန်း သူတို့က လာရောက်အပ်နှံခဲ့သည့် စွပ်စွဲခံရသူများကို ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၉၄ အရအမှုရုပ်သိမ်း၍ တရားရှင်လွှတ်ပစ်လိုက်ခြင်းဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကို မထီမဲ့ရာရောက်သည် ဟု မှတ်ယူသောကြောင့် ဖြစ်နိုင်ပေသည်။ 

ရွှေသမင်လာတဲ့လမ်း
⚽⚽⚽⚽⚽⚽⚽⚽

အမှုရုပ်သိမ်းခြင်းမှာကျေအေးခြင်း မဟုတ်ပါ။ အမှုရုပ်သိမ်းခြင်းကို တရားရုံးက ၎င်းသဘောအလျောက် လုပ်ပိုင်ခွင့်မရှိပါ။
တရားရုံးစစ်ဆေးဆဲအမှုများ ရုပ်သိမ်းခြင်းနှင့်စပ်လျဉ်းသည့် အဓိက လုပ်ပိုင်ခွင့်ကို အစိုးရရှေ့နေ(ဥပဒေအရာရှိ)အား ရာဇ၀တ် ကျင့်ထုံး ဥပဒေပုဒ်မ-၄၉၄က ပေးအပ်ထားသည်။ တရားရုံးကစီရင်ချက်မချမီ လူတစ်ယောက်အပေါ်စွဲဆိုထားသောအမှု၊ သို့မဟုတ်-ပြစ်မှု တစ်ရပ် ရပ်နှင့်စပ်လျဉ်း၍ အစိုးရရှေ့နေ(ဥပဒေအရာရှိ)သည် တရားရုံး၏ သဘောတူညီချက်ဖြင့် ရုပ်သိမ်းနိုင်ကြောင်းပြဌာန်းထားပါသည်။ 

သို့ရာတွင် လူသတ်မှုကဲ့သို့ထောင်ဒဏ်-၁၀နှစ်နှင့်အထက် ကြီးလေး သည့်ပြစ်ဒဏ်ထိုက်သောအမှုမျိုးကိုရုပ်သိမ်းနိုင်သူမှာ မြို့နယ် နှင့်ခရိုင် အဆင့် ဥပဒေအရာရှိများမဟုတ်ပေ။ တိုင်းဥပဒေချုပ်သာဖြစ်သည်။တိုင်းဥပဒေချုပ်သည် အမှုကိုရုပ်သိမ်း ကြောင်း ဆုံးဖြတ်နိုင်သည့် အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့က အမှု ရုပ်သိမ်းသင့်သည်ဟုသဘောရရှိကြောင်း၎င်းထံသို့အကြောင်းကြားပြီး ၎င်းကလည်းအမှုရုပ်သိမ်း သင့်သည်ဟုတွေ့ရှိုပါက သက်ဆိုင်ရာ ဥပဒေရုံးသို့ အမှုရုပ်သိမ်းရန်ညွှန်ကြားနိုင်ကြောင်း ပြည်ထောင်စု ရှေ့နေချုပ်နည်းဥပဒေအပိုဒ် - ၁၂၂၊  ၁၂၃ တို့တွင် ဖော်ပြထားသည်။ 

ပရိသတ်ရာနှင့်ချီ၍တက်ရောက်ပြီး စီစီတီဗွီနှင့်လုံခြုံရေးများလည်းရှိ သည်ဆိုသော နှစ်သစ်ကူးပါတီ၏ပျော်ပွဲရွှင်ပွဲညတွင် လူတစ်ယောက်ကို ၀ိုင်းဝန်းထိုးကြိတ်ကန်ကျောက်သဖြင့် ဦးခေါင်းခွံရိုးကွဲအက်သေဆုံး ရကြောင်းဖြင့်စွဲဆိုသည့်အမှုအား စစ်ဆေးဆဲတွင် နစ်နာသူ၏အမှု ရုပ်သိမ်းပေးရန်လျှောက်ထားချက်အပေါ် တရားစွဲအဖွဲ့အစည်းက ပြတ်ပြတ်သားသားကန့်ကွက်ခဲ့သည်ကိုလျစ်လျူပြုလျက် အမှုရုပ် သိမ်းကြောင်းကို ခရိုင်ဥပဒေအရာရှိထံသို့ အကြောင်းကြားစာပေးပို့ခဲ့ သူမှာ “တိုင်းဒေသကြီးဥပဒေချုပ်” ဖြစ်သည်။

တိုင်းဥပဒေချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၄၈(ခ)အရ ၎င်း၏ ရာထူးတာဝန် အလျောက် “တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်” လည်းဖြစ်လေရာ အမှုရုပ်သိမ်းရန် ဆုံးဖြတ် ချက်ချမှတ်ခဲ့ခြင်းမှာ ၎င်းတစ်ဦးတည်း၏ သဘောဖြင့်ပြုလုပ်ခြင်းလား၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏သဘောထား ပါဝင်ခဲ့သလားဆိုသည်ကို မကွဲပြားသေးစေကာမူ မည်မျှ ခိုင်မာသည့် အကြောင်းကြောင့် အမှုရုပ်သိမ်းလိုက်ခြင်းဖြစ်သလဲ -ဆိုသည်မှာ အများ ပြည်သူသိချင်နေသည့် မေးခွန်းတစ်ခုပဲဖြစ်လေသည်။

ပြည်သူ့ မျှော်လင့်ချက်
⚽⚽⚽⚽⚽⚽⚽⚽

သို့ဖြစ်၍လည်း “ပြည်သူ့ဘဏ္ဍာ စားထားခြင်းဖြစ်သည့်အတွက် တရား စီရင်ရေးသည် ပြည်သူ့ဘက်က ဖြစ်ရမည်ဖြစ်ကြောင်း၊ လူ သေဆုံးမှုတွင် တရားလိုသည် နိုင်ငံတော် ဖြစ်ကြောင်း” စသည်ဖြင့် ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ပြီး“အမှုရုပ်သိမ်းရခြင်း၏ နောက် ခံအကြောင်းရင်း များ၊အခြားဆက်နွယ်ပတ်သက်မှုများနှင့်စပ်လျဉ်း၍ တိတိကျ ကျစိစစ်ကာ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရန်” သမ္မတကြီးက မှာကြား သဖြင့်သာ တအုံနွေးနွေးခံစားနေရသည့် ပြည်သူလူထုမှာ အနည်းငယ် စိတ်သက်သာရာရခဲ့ခြင်းဖြစ်လေသည်။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၏အဂတိကင်းစင်မှု၊ဖြောင့်မှန်မှုနှင့် သမ္မတကြီးကပေးအပ်သည့်တာဝန်ကို“မည်သို့”“မည်ပုံ”“ထမ်းဆောင်”လိမ့်မည်ကို စောင့်ကြည့်ရန် ရှိနေ သေးစေကာမူ မိမိတို့၏ လုံခြုံမှုကိုပါ ထိပါးခြိမ်းခြောက်ခံရသကဲ့သို့“စိတ်ပျက်လက်ပျက်” ဖြစ်ခဲ့ကြသည့် ပြည် သူတို့အတွက် သမ္မတကြီး၏ရပ်တည်မှုသည် “မျှော်လင့်ချက် အလင်း တစ်မျှင်” ဖြစ်သည်ဟုဆိုရပါမည်။
 
နစ်နာသူ
⚽⚽⚽

ရာဇ၀တ်မှုများတွင် နစ်နာသူ(ကျူးလွန်ခံရသူ)တို့က ရုပ်သိမ်းလွှာတင် သည့် အကြောင်းအရင်း များစွာ ရှိတတ်ပါသည်။
(က) ထိခိုက်မှုနည်းသဖြင့် ကျေနပ်ခွင့်လွှတ်ခြင်း 
(ခ) ထိခိုက်မှုကြီးမား စေကာမူ ငွေကြေး အမြောက်အမြားပေး၍ ညှိနှိုင်းသည်ကို မလွန်ဆန် နိုင်ခြင်း
(ဂ) ကျန်ရစ်သူ(တို့)၏လုံခြုံမှုကို တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်စေ၊ထပ်မံခြိမ်းခြောက်ခံရခြင်းနှင့် 
(ဃ) တရားဥပဒေစိုး မိုးမှုယန္တရားကို မောင်းနှင်နေသူတို့၏ ဖြောင့်မှန်မှုကို မယုံကြည်ရခြင်း တို့ကြောင့် နစ်နာသူတို့က ရုပ်သိမ်းလွှာတင်လေ့ရှိပါသည်။

သို့ဖြစ်၍ နစ်နာသူသည် ခြိမ်းခြောက်ခံရမှု၊မလျော်သြဇာလွှမ်းမိုးခံရမှုနှင့် တာဝန်ရှိသူတို့၏ ဘက်လိုက်လုပ်ဆောင်မှုကို တွေ့မြင်နေ မှုတို့ ကြောင့် (စိတ်မချမ်းမြေ့စွာလက်လျှော့ လိုက် ရခြင်း)မဟုတ်ဘဲ ၎င်း၏လွတ်လပ်သောသဘောဆန္ဒဖြင့်ရုပ်သိမ်းလွှာတင်ခြင်းဖြစ်သလား- ဆိုသည့်အချက်ကို တရားဥပဒေယန္တရားပေါ်မှ ရဲတပ်ဖွဲ့၊ အစိုးရရှေ့နေနှင့် တရားသူကြီးတို့က အလေးအနက်ဂရုပြုစိစစ်ရန် လိုပါသည်။

တရားစွဲအဖွဲ့အစည်း
⚽⚽⚽⚽⚽⚽⚽

တရားလို(နိုင်ငံတော်)ဘက်မှလိုက်ပါသော အစိုးရရှေ့နေ(ဥပဒေအရာရှိ၊ ဥပဒေချုပ်)စသူတို့ သည် (၁)နစ်နာသူ၏လွတ်လပ်သော သဘောဆန္ဒ အရဖြစ်ကြောင်းကျေနပ်ရမည့် အပြင် (၂)တရားစွဲအဖွဲ့ဖြစ်သောရဲတပ်ဖွဲ့က ရုပ်သိမ်းခွင့်လျှောက်လွှာကိုထောက်ခံ(မကန့်ကွက်)မှ သာလျှင် အမှုကိုရုပ်သိမ်းရေးအတွက် တရားရုံးသို့ဆက်လက်တင်ပြလေ့ရှိရာ ရဲတပ်ဖွဲ့က ကန့်ကွက်ပါက(ယာဉ်မတော်တဆဖြစ်၍ လူသေစေသည့် ပုဒ်မ-၃၀၄-က ကဲ့သို့အမှုမျိုး၌ပင် လျှင်)အမှုရုပ်သိမ်းဖို့မဖြစ်နိုင်တော့သည့်အခြေအနေတွင် ရဲကကန့်ကွက်ခဲ့ပါ လျက် လူသတ်မှု ကို ရုပ်သိမ်းဖို့ရာ တိုင်းဥပဒေချုပ်၏ ရဲတင်းသောဆုံးဖြတ်ချက်မှာ အံ့အားသင့်စရာ၊ ထူးခြား ဆန်းပြားသည့် ပဟေဠိတစ်ပုဒ် ဖြစ်ခဲ့ရပါသည်။

ယခုကိစ္စ၌ရဲတပ်ဖွဲ့သည်ပရိသတ်ဗိုလ်ပုံအလယ်တွင်ဖြစ်ပွား၍လုံခြုံရေးနှင့်စီစီတီဗွီကင်မရာများလည်းရှိနေခဲ့သည်ဆိုသောအခင်း ဖြစ်အမှုကို စုံစမ်းစစ်ဆေးရာ၌အားနည်းခဲ့သည်ဟု သံသယ ဖြစ်ဖွယ်ရှိစေကာမူ အမှုရုပ်သိမ်းခြင်းကိုမထောက်ခံရုံမျှမက ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့ပါ သည်။ လူမှုကွန်ယက်တွင်ပျံ့နှံ့နေသည့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ ၁၉-၃-၂၀၁၈ ရက်စွဲပါ စာအမှတ် - ၁၀၀၅၉ (၂၁)/၆၀၁/ဦး-၄ တွင် “ အဆိုပါ အမှုသည် အများပြည်သူစိတ်ဝင်စားပြီး ပြည်သူလူထုအား အထိတ်တလန့်ဖြစ်စေ သည့်အပြင် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် အမှုဖြစ်၍ ကန့်ကွက်ကြောင်း”  ပြန်ကြားခဲ့ ပါလျက် တိုင်းဥပဒေချုပ်က အမှုကိုရုပ်သိမ်းရန်ဆုံးဖြတ်ခဲ့ခြင်းမှာ ထူးခြားဆန်းပြားလှပါသည်။ 

တိုင်းဥပဒေချုပ်
⚽⚽⚽⚽⚽⚽

အမှုရုပ်သိမ်းခွင့်ပြုသည့် ခရိုင်တရားရုံး၏ စီရင်ချက်(စာမျက်နှာ-၂)တွင် ဤသို့ဖော်ပြထားပါ သည်။ 
“တရားလိုနှင့်နစ်နာသူတို့၏အမှုရုပ်သိမ်းခွင့်ပြုရန်တင်ပြလာမှုအပေါ် တရားစွဲအဖွဲ့အစည်းက ကန့်ကွက်ကြောင်း၊ သဘောထားမှတ် ချက်တင်ပြ ထားသော်လည်း အရှေ့ပိုင်းခရိုင်ဥပဒေရုံးမှ တရားလို၏အမှုရုပ်သိမ်းခွင့်လျှောက်ထားမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးသို့ တင်ပြခဲ့ရာရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံးက အမှုတွဲပေါ်ပေါက်ချက်အား စိစစ်ရာ သေဆုံး သူကိုတရားခံ(×××××) ၊ (×××××)နှင့် (×××××)တို့က ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း ထင်ရှားပေါ်ပေါက်မှုမရှိခြင်း၊ သေဆုံးသူ ဦးခေါင်းတွင် ရရှိသောဒဏ်ရာသည် မည်သူကပြုလုပ်ကြောင်း နှင့် တရားခံ(၃)ဦးနှင့်ပတ်သက်ကျူးလွန်ကြောင်း သက်သေခံချက်များ အားနည်းလျက်ရှိ၍ အမှုအားဆက်လက်စစ်ဆေးပါက အကျိုးထူးဖွယ်ရာ မရှိသဖြင့် ရန်ကုန်တိုင်းဥပဒေချုပ်ရုံးမှ အမှုအားရုပ်သိမ်းခွင့်ပြုကြောင်း အကြောင်းကြားလာသဖြင့်”တိုင်းဒေသကြီး ဥပဒေချုပ်က အမှုရုပ်သိမ်းခွင့်ပြုသည့်သည့် အဓိကအချက်မှာ အထက်ပါအတိုင်းဖြစ်သည်ဟုဆိုရပါမည်။

သို့ရာတွင် အမှုရုပ်သိမ်းခြင်းနှင့်စပ်လျဉ်း၍ ဥပဒေက မည်သူ့ကိုမျှ ထင်ရာမြင်ရာ လုပ်ခွင့်ပေး ထားသည်တော့ဖြင့် မဟုတ်ပါ။ 
ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေ- ၁၂၅တွင် ဆင်ခြင်ရမည့်အချက်များကိုဖော်ပြထား ပါသည်။ 

ယင်းတို့မှာ-
(က)ဥပဒေဆိုင်ရာ လိုအပ်ချက် တစ်ရပ်ရပ်အရ အမှုရုပ်သိမ်းဖို့လိုခြင်း 
(ခ)သက်သေခံချက်အရပြစ်မှုမမြောက်ကြောင်းထင်ရှားခြင်း 
(ဂ)ပြစ်မှု ထင်ရှားပေါ်လွင်စေရန် တရားလိုဘက်မှ သက်သေနှင့်အထောက်အထား မတင်ပြ နိုင်ခြင်း 
(ဃ)တရားခံအား တရားလိုပြ သက်သေအဖြစ် ပြောင်းလဲ အသုံးပြုရန် ပေါ်ပေါက်ခြင်း 
(င)အမှုသည်အချင်းချင်း ကျေနပ်မှုရရှိပြီးဖြစ်၍သော်လည်းကောင်း၊ သွေးရင်းသားရင်း များဖြစ်၍သော်လည်းကောင်း၊ အမှုကို ဆက်လက်စစ်ဆေးပါက အကျိုးထူးဖွယ်ရာ မရှိ ကြောင်းနှင့် အမှန်တရားကို ထုတ်ဖော်ပြောဆိုမည်မဟုတ်ကြောင်း ပေါ်ပေါက်ခြင်း 
(စ) အမှုရုပ်သိမ်းခြင်းအားဖြင့် အလားတူအမှုမျိုးထပ်မံဖြစ်ပွားစေရန်အကြောင်း မရှိခြင်း-ဟူ၍ဖြစ်ပါသည်။

ဤအမှုမျိုးမှာ (ဥပဒေသဘောအရ)“တရားလိုသည် နိုင်ငံတော်” ဖြစ်သဖြင့် အပိုဒ်(ဂ)တွင် ဖော်ပြသည့် “ပြစ်မှုထင်ရှားပေါ်လွင်စေရန် တရားလိုဘက်မှ သက်သေနှင့်အထောက်အထား မတင်ပြနိုင်ခြင်း” ဆိုရာတွင် ပရိသတ်များစည်ကားသည့်ပါတီပွဲ၊ စီစီတီဗီမှတ်တမ်းနှင့် လုံခြုံရေး များရှိနိုင်သည့်ပါတီပွဲတွင် နှာစေးချောင်းဆိုး၍ သေဆုံးခြင်းမဟုတ်ဘဲ လူတစ်စုက၀ိုင်းဝန်းပြု လုပ်ကျူးလွန်ခြင်းကြောင့် ဦးခေါင်းခွံ ရိုးကွဲအက်၍ သေဆုံးခဲ့သည်ဆိုသည့်လူသတ်မှုတွင် ခိုင်မာလုံလောက် သည့်သက်သေခံချက်များကို ရှာဖွေစုစည်း၍ တရားလို(နိုင်ငံတော်)အတွက် “အမှုကိုတည်ဆောက်ရန်” တာဝန်ရှိသူမှာ တရားစွဲအဖွဲ့ (ရဲတပ်ဖွဲ့)ဖြစ်ပါသည်။

ရဲတပ်ဖွဲ့သည် နိုင်ငံတော်ကိုယ်စားသက်သေခံချက်များ ရှာဖွေ၊စုစည်း၊ တင်ပြရန်တာဝန်ရှိပါ သည်။ လိုအပ်ချက်များရှိခဲ့ပါကလည်း “တရားစွဲမတင်မီ အကြံပြုချက်” (Pretrial Advise) ပေးရသည့် “အစိုးရ၏ရှေ့နေဖြစ်သောဥပဒေအရာရှိ” သည် “အမှုစုံစမ်းထောက်လှမ်းသည့် ကာလ”(Investigative Period)အတွင်း သက်သေခံချက်နှင့် သက်သေခံအရာများ ရှာဖွေ စုစည်း၍ အမှုကို ခိုင်မာစွာတည်ဆောက်ပြီးမှ တရားစွဲတင်ရန် ဥပဒေအကြံဥာဏ် ပေးခဲ့ရ မည်ဖြစ်ပါသည်။

သို့စဉ်လျက် အမှုရုပ်သိမ်းရန်လျှောက်ထားမှုကို ရဲတပ်ဖွဲ့ကကန့်ကွက်ပြီး (လေး)လခန့်ကြာ သည်အထိစောင့်ဆိုင်းနေခဲ့ပြီးမှ တရားလိုပြသက်သေ များစစ်ဆေးပြီးစီးသည်အထိ မစောင့်နိုင်တော့ဘဲ ဆရာဝန်အပါအ၀င် သက်သေ(၈)ဦးစစ်ဆေးရန်ကျန်ရှိသေးသည့် အမှုကို “သက်သေခံချက်အားနည်းသည်”ဟုဆိုခြင်းမှာ မိမိတို့၏လစ်ဟင်းမှုကို ဖြောင့်ဆိုလိုက်ခြင်းဖြစ် သည်ဟုသာ ကောက်ယူရန်ရှိပေသည်။ 

ထို့ပြင် “သက်သေခံချက်အားနည်းသည်”ဆိုခြင်းမှာ စွဲဆိုထားသည့် လူသတ်မှုမမြောက်ခြင်း လား၊ လူသတ်မှုမမြောက်သည့်အပြင် အခြားမည်သည့်ပြစ်မှုမှ ငြိစွန်းမှုမရှိသည်အထိ အားနည်းခြင်းဖြစ်သလားဆိုသည်မှာလည်း စိတ်ဝင်စားစရာ မေးခွန်းတစ်ခုပဲဖြစ်ပါသည်။ 

တရားဥပဒေစိုးမိုးရေးရှုထောင့်
⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽

ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေ-၁၂၅(စ)တွင် “အမှုရုပ်သိမ်းခြင်း အားဖြင့် အလားတူ အမှုမျိုးထပ်မံဖြစ်ပွားစေရန်အကြောင်းမရှိခြင်း”ဆို သည့်အချက်ကိုအလေးအနက်ထည့်သွင်း စဉ်းစားရန်ညွှန်ပြထားသည်ကိုတွေ့ပါလိမ့်မည်။ယင်းအပိုဒ်၁၂၅(က)မှ(င)အထိ အချက်များနှင့် အကြုံးဝင်စေကာမူလည်း အပိုဒ်-၁၂၅(စ)တွင်အကြုံးမ၀င်ပါက အမှုရုပ်သိမ်းခြင်းမပြုဖို့ ပိတ် ပင်သည့်သဘော ဖြစ်ပါသည်။ 
“အလားတူအမှုမျိုး ထပ်မံဖြစ်ပွားစေရန် အကြောင်းရှိမရှိ”ဆိုသည်မှာ တရားဥပဒေစိုးမိုးရေး ကိစ္စဖြစ်ပါသည်။ 
သို့သော် လူအများရှေ့ကျူးလွန်သည့်လူသတ်မှုကို  “တရားဥပဒေစိုးမိုးမှုယန္တရား”တွင် အဓိက တာဝန်ရှိသည့်အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လည်းဖြစ်သော “တိုင်းဒေသကြီးဥပဒေချုပ်” က ရုပ်သိမ်းကြောင်းဆုံးဖြတ်ခဲ့ခြင်းမှာ ပြည်ထောင်စုရှေ့နေချုပ်နည်း ဥပဒေအပိုဒ်-၁၂၅(စ) တွင် ညွှန်ပြခဲ့သည့် “တရားဥပဒေစိုးမိုးရေုးနှင့်စပ်လျဉ်းသည့် အဓိကအချက်ကို ဆင်ခြင်ရန် ပျက်ကွက်”သည်ဟု ဆိုရမည်ပဲ ဖြစ်ပါသည်။

တရားသူကြီး၏အခန်းကဏ္ဍ 
⚽⚽⚽⚽⚽⚽⚽⚽⚽⚽

 အမှုရုပ်သိမ်းသည့်စီရင်ချက်(စာမျက်နှာ-၃)တွင် အမှုစစ် တရားသူကြီးက ဤသို့အကြောင်းပြ ပါသည်။
 “ တရားခံများသည် သေဆုံးသူအားထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သက်သေနှင့်သက်သေခံ အထောက်အထားတင်ပြနိုင်မှုအားနည်းခြင်း၊သေဆုံးသူ၏ ဦးခေါင်းတွင်ရရှိသောဒဏ်ရာသည် မည်သူကပြုလုပ်၍ ရရှိကြောင်း နှင့်တရားခံများပြစ်မှုကျူးလွန်ကြောင်း သက်သေခံချက်များ အားနည်းခြင်း၊ ခရိုင်ဥပဒေအရာရှိနှင့်တိုင်းဥပဒေချုပ်ရုံးတို့မှ လျှောက်ထားချက်အရ အမှုဆက် လက်စစ်ဆေးလျှင်လည်း အကျိုးထူးဖွယ်ရာ မမြင်ခြင်း” ဟူ၍ ဖြစ်ပါသည်။ တရားသူကြီးသည် အစိုးရရှေ့နေများနှင့် တစ်သံတည်း ဖြစ်နေသည်ကို တွေ့ရပါသည်။

အစိုးရရှေ့နေသည် ဘုရားသခင်မဟုတ်ပါ။ အစိုးရရှေ့နေတို့က အမှု ရုပ်သိမ်းလိုတိုင်း တရားရုံးက သဘောတူရမည်မဟုတ်ပါ။ 
ပြည်သူ့တရားသူကြီးအဖွဲ့ ညွှန်ကြားချက်အမှတ်-၁၁၊ အပိုဒ်-၁၁ (ဂ)(၂)တွင်- “ရုပ်သိမ်းခွင့်ပြုခြင်းအားဖြင့် အလားတူအမှုမျိုးတိုးတက် ဖြစ်ပွားစေရန် အကြောင်းရှိမရှိ စဉ်းစား သုံးသပ်ရမည်”ဟုဆိုထားသဖြင့် ယင်းအချက်ကို အထူးတလည် ဂရုပြုဆင်ခြင်ခဲ့သင့်ပါသည်။ 

အမှုတစ်မှုတွင် ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ-၄၉၄ အရ တရားစွဲဆိုခြင်းခံ ရသူ မည်သူကိုမဆို အစိုးရရှေ့နေက အမှုမှ ရုပ်သိမ်းခွင့် ရှိကြောင်းဆို လျက်(အောက်တရားရုံးက) ရုပ်သိမ်းခွင့် ပြုခဲ့ခြင်းနှင့်စပ်လျဉ်း၍ “အမှုစစ်တရားသူကြီးသည် မိမိဆင်ခြင်တုံဥာဏ်ကို တရားစီရင်ဘိသကဲ့သို့ အသုံးပြုရန် ပျက်ကွက်သည်”ဟုသုံးသပ်ပြီး တရားရှင်လွှတ်သည့်အမိန့်ကို ပယ်ဖျက်ခဲ့ပါသည်။(၁၉၆၁၊ မတစ၊ လွှတ်တော်၊ စာ-၆၀)
 
အမှုတစ်မှုတွင်မူ စွဲချက်တင်ပြီးမှ ရုပ်သိမ်းခဲ့သောအမှုနှင့်စပ်လျဉ်း၍ “အမှုပင်မှန်ကန်သော်လည်း မလျော်သြဇာနှင့် ယင်းအမှုကို ပိတ်စေနိုင်လျှင် တရားစီရင်ရေး သည် သြဇာညောင်းသူတို့အတွက်သာ ဖြစ်ချေမည်။ ထို့ကြောင့် အမှုစုံစမ်းခြင်း၊ တင်ခြင်း၊ ပိတ်ခြင်းတို့တွင် မှန်ကန်မျှတ၍ အဂတိကင်းစင်ဖို့လိုသည်” ဟုညွှန်ပြခဲ့ဖူးပါသည်။ (၁၉၆၇၊မတစ၊ အထူး ရာဇ၀တ်ရုံး အယူခံအဖွဲ့ ၊စာ-၇၂)

သို့ဖြစ်ရာ အမှုစစ်တရားရုံးသည်“တရားဥပဒေစိုးမိုးရေုးကိုသာမက တရားမျှတမှုကို မျက်ကွယ် မပြုရန်”လည်းလိုအပ်ပါသည်။

ဘယ်လိုအစိုးရလဲ
⚽⚽⚽⚽⚽⚽⚽

လက်ရှိအစိုးရသည် တရားဥပဒေစိုးမိုးရေးကို အလေးထားကြောင်း ဖော်ပြ၍ ရွေးကောက်ပွဲဝင်ခဲ့သည့်အစိုးရ ဖြစ်ပါသည်။ ထိခိုက်နစ်နာ ဆုံးရှုံးခဲ့သူတို့က “အကြောင်းကြောင်းဖြင့်” အမှုပြေငြိမ်းလိုသည်ဆိုစေကာမူ တရားဥပဒေစိုးမိုးမှုယန္တရားကို မောင်းနှင်နေသူတို့က“တရားဥပဒေစိုးမိုးရေးနှင့်တရားစီရင်ရေးယန္တရားကို လွဲမှားစွာ အသုံးပြုခြင်း” မျိုးမဖြစ်စေရန် ဆင်ခြင်သင့်ပါသည်။တရားစီရင်ရေးသည် “သြဇာညောင်းသူတို့ အတွက်သာ” မဖြစ်စေရန် ချင့်ချိန်သင့်ပါသည်။

“မည်သူက ခိုင်းခိုင်း”ဥာဏ်ပညာဖြင့်ချင့်ချိန်ဆုံးဖြတ်ရပါမည်။ဥာဏ်ပညာမဲ့ သူက မြားကိုပဲ မြင်ပါသည်။ ဥာဏ်ပညာရှိသူသည် မြားကို လည်းကောင်း၊လေးကိုလည်းကောင်း၊ လေးပစ် သူကိုလည်းကောင်း၊ မြင်ပါသည်။ အိုးမဲသုတ်သူများကို ရှာတွေ့နိုင်ပါစေ၊ တရားဥပဒေ စိုးမိုးရေးကို စောင့်ရှောက်နိုင်ပါစေဟု ဆန္ဒပြုပါသည်။

ပြေလွင်မြင့်
 


(၂၄-၈-၂၀၁၈ ရက်နေ့ထုတ် စံတော်ချိန် သတင်းစာပါ ''အိုးမဲသုတ်သူများ''ဆောင်းပါးကို ကူးယူတင်ပြခြင်းဖြစ်ပါသည်။)

ရွှေသမင်လာသည့်လမ်းသို့ ဓားထမ်း၍လိုက်ပါ 

ပြေလွင်မြင့်

ယခင်က အဂတိလိုက်စားမှု များကိုတိုက်ဖျက်ရန် ကျယ်ကျယ် လောင်လောင်ကြွေးကြော်ခဲ့ပါ သည်။ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ကို လူသိရှင် ကြား ဥပဒေပြဋ္ဌာန်း၍ ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ ထိရောက် မှု ရှိ၊ မရှိ အများအသိအမြင်ပဲ ဖြစ်ပါသည်။ အဂတိလိုက်စား သည့် နည်းမျိုးစုံဖြင့် ချမ်းသာ ကြွယ်ဝလာသူများမှာ နန်းယံ၌ ပန်းပန်ဆဲဖြစ်ပါသည်။ တိုက်ဖျက် ရန် မဆိုထားဘိ မော်၍ မျှကြည့် နိုင်ခဲ့သည်မဟုတ်ပါ။

‘မော်၍ မကြည့်နိုင်’သည် မှာ အထူးတန်းပွဲကြည့်စင်မှ လူ ကြီးမင်းများကို ဖြစ်ပါသည်။
‘ငုံ့၍ကြည့်’သည်တို့ အနည်း ငယ်ရှိပါသည်။ အထူးတန်းပွဲ ကြည့်စင်မှမဟုတ်သော လူကြီး မင်းလေး တစ်ယောက်၊ နှစ် ယောက်ကို ကိုင်းဖျားကိုင်းနား ခုတ်ထွင်သကဲ့သို့ သုတ်သင်ရှင်း လင်းခဲ့ကြောင်း ဆိုလိုသည်။

ဒေါက်တာသန်းဝင်းက ‘အ ဂတိလိုက်စားမှုများ ထင်ရှား သိ သာစွာ လျော့နည်းကျဆင်းရေး အတွက်’ဟူ၍ ပြောဆိုသည်။ လက်တွေ့တွင်မူ အဂတိလိုက် စားမှုသည် နိုင်ငံတစ်ဝန်း ထင်ရှား သိသာစွာလည်းကောင်း၊ မထင် ရှားမသိသာစွာ လည်းကောင်း၊ မည်သည့်အခါကမျှ လျော့နည်း ကျဆင်းခြင်းမရှိခဲ့ကြောင်း ပြော ပြရန်လိုမည် မထင်ပါ။ လွှတ် တော်ကိုယ်စားလှယ်များ၏ ခါး သီးနာကျင်သော ဆွေးနွေးချက် များက ထိုအချက်ကို ထင်ရှားစေ လိမ့်မည် ထင်ပါသည်။

လွန်ခဲ့သော ၁၀ နှစ်ကျော် ခန့်က ခရိုင်အဆင့်အရာရှိတစ် ယောက် ပြောဖူးသည်။
‘‘တို့ကို တမင် လာဘ်မစား စားအောင် လစာတွေကို မလောက်မငပေးနေတာကွ။ တို့ က မလောက်ငတော့ ရှာရတယ်။ လူကြီးတွေက ဒါကိုသိတယ်။ တမင်သိသိချည်းနဲ့ ကြည့်နေတာ။ ဒီတော့ ငါတို့ အပြစ်မကင်းတော့ ဘူး။ အပြစ်မကင်းတော့မှ တို့ကို ကုပ်ဆွဲပြီး သူတို့ခိုင်းချင်ရာခိုင်းလို့ ရမယ်။ ဥပဒေ၊ စည်းမျဉ်းနဲ့မညီ လို့ မလုပ်နိုင်ပါဘူးလို့ ငါတို့မငြင်း နိုင်ခဲ့ဘူး။ ငြင်းရင် တွေ့မယ်လေ။ အပြစ်ကင်းအောင်မှ မနေနိုင်ပဲ။  ထမင်းအိုးလေးမကွဲအောင် ခိုင်း တာလုပ်ရတာပေါ့’’
အဆိုပါပြောဆိုချက်ကို စဉ်းစားဖို့ကောင်းသည်။ စဉ်းစားထိုက်သည် ထင်ပါသည်။

သိပ်မကြာသေးခင်က အ ဖြစ်အပျက်တစ်ခုကို ပြောပါမည်။
သူငယ်တစ်ယောက်သည် ဌာနတစ်ခုတွင် ဦးစီးအရာရှိအ ဖြစ် မကြာသေးမီက အလုပ်ဝင် ခဲ့သည်။ ဆွေကြီးမျိုးကြီး၊ မျက်နှာ ကြီးထဲက မဟုတ်ပါ။ ‘ဆရာမိဘ၊ ကွပ်ဆုံးမ၍’ ချို့တဲ့နွမ်းပါးလှ သည့် ဘဝငယ်စဉ်ကပင် ရိုးရိုး ကုပ်ကုပ် ကြိုးကြိုးစားစား နေခဲ့သူဖြစ်ပြီး ရာထူးဝင်စာမေးပွဲကို သုံး ကြိမ်ဆက်တိုက် ရေးဖြေအောင် မြင်ပြီးမှ ထိုအလုပ်ရခဲ့ခြင်းဖြစ်ပါ သည်။

‘‘ကိုယ့်အလုပ်ကို ကျွမ်းကျင် အောင် လေ့လာပေါ့ကွာ။ သင်ယူ ပါ။ ဌာနက အားကိုးထိုက်အောင် ကြိုးစားလုပ်ကွာ။ အထူးသဖြင့် ရိုးရိုးသားသားလုပ်’’။ နေပြည် တော်တွင် အလုပ်မဝင်မီ သူလာ နှုတ်ဆက်စဉ်က သွန်သင်လိုက်မိ ပါသည်။

လအနည်းငယ်ကြာသောအ ခါ လုပ်ငန်းကျွမ်းကျင်အောင်ဆို ပြီး သူ့ကို မြို့ကြီးတစ်မြို့သို့ ပို့ သည်။ သူက မသွားချင်။ နေပြည် တော်မှာပဲ နေချင်သည်။ ဘာ ကြောင့်လဲဆိုတော့ သူတို့ဌာန သဘာဝက အောက်ခြေမှာ ငွေ ရေးကြေးရေးကိစ္စတွေရှိသည်။ သည်လိုကိစ္စအရှုပ်တွေထဲမှာ သူ မပါချင်ဟု ပြောသည်။ ‘‘ဝန်ထမ်းပဲ ကွာ သွားဆိုသွားရမှာပေါ့။ တခြားကိစ္စက မင်းကိုယ်တိုင် ရှင်း အောင်နေရင်ပြီးတာပါပဲ’’ဟု ပြောလိုက်သည်။

သူ့အလုပ်က အပိုဝင်ငွေရ သည့် ဌာနခွဲတစ်ခုကို တာဝန်ခံကြီးကြပ်ရသော အလုပ်ဖြစ်သည်။ သူက သဘောတူလက်ခံမည်ဆို လျှင် နေ့စဉ်မက်မောစရာ ဝင်ငွေ ရမည်။ သူ့လက်အောက်ဝန်ထမ်း က ညနေတိုင်လျှင် ‘‘ဆရာ့အ တွက်’’ဆိုကာ စာအိတ်လေးတစ် အိတ်လာပေးသည်။ သူက လက် မခံဘဲ ငြင်းခဲ့သည်ဟု ဆိုသည်။ သည်အထိ ပြဿနာမရှိသေး။

‘‘ဒါပေါ့ကွ၊ ကိုယ်ကောင်းဖို့ ပဲလိုတာ။ မင်း မြဲမြဲမှတ်။ သူတို့ ကိုယ်တိုင် သိပ်ပြီးမရိုးသားလှတဲ့ အထက်လူကြီးများတောင်မှ ကိုယ့်လက်အောက်အရာရှိလေး တွေ ရိုးသားဖြောင့်မတ်တာကို သဘောကျတယ်ကွ’’

သို့သော် တစ်လခန့်ကြာ သောအခါ ကျွန်တော့်ဆီသို့ ဖုန်း ဆက်လာသည်။
‘‘ဦးလေး ကျွန်တော်ဘယ်လို လုပ်ရမလဲ။ ကျွန်တော့်အခုနေရာ က လူကြီးကို တစ်လဆယ်သိန်း ပို့ပေးရတဲ့နေရာတဲ့’’
‘‘ဟေ’’။ 

တစ်လလျှင် ငွေ ဆယ်သိန်းပို့ပေးရမည်ဆိုသော သူ့လူကြီး၏ ရာထူးအဆင့်ကို မေး ကြည့်တော့ ကျွန်တော်လန့်သွား သည်။ ထိုသူငယ်ကို ကျွန်တော် စာနာမိပါသည်။ ထိုသူငယ်သည် သူ့အထက်လူကြီးငြိုငြင်မည်ကို စိုးရိမ်ပါလိမ့်မည်။ ဒါလေးမှ အဖြစ်ရှိအောင် မလုပ်နိုင်ဘူး၊ အသုံး မကျဘူးဟု အထင်သေးမည်ကို စိုးရိမ်ပါလိမ့်မည်။ ‘လူကောင်းလူ ညံ့စာရင်း’သွတ်သွင်းခံရမည်ကို လည်း ပူပန်ပါလိမ့်မည်။ အနှိမ်ခံ၊ အနှိပ်ကွပ်ခံရမည်ကိုလည်း ကြောင့်ကြပါလိမ့်မည်။
မိုးခါးရေသောက်ပါ၊ အဟုန် ပြင်းသည့် ရေစီးကြောင်းကြီးထဲ မှာ ရှင်သန်နိုင်အောင် အလိုက် သင့်လှော်ပါဟု ပြောင်းပြောရ မည်လား။ ရိုးသားဖြူစင်သူအဖြစ် ဘဝကို ဖြတ်သန်းနိုင်ရန် သူ့ကို မည်သို့သွန်သင်ညွှန်ပြရမည်မသိ ဖြစ်ရပါသည်။

လာဘ်ပေးလာဘ်ယူ (သို့ မဟုတ်) အဂတိလိုက်စားသည်ဟု တိုင်ကြားချက်ရရှိ၍ စုံစမ်းစစ် ဆေးသည့် ဌာနအဖွဲ့အစည်းများ ကိုယ်တိုင်က ရိုးသားဖြောင့်မှန်ဖို့ လိုပါသည်။ သူခိုးလက်က တစ် ဝက်လုဖို့ မျှော်လင့်ရည်သန်နေ သည့် ‘သူဝှက်’မဖြစ်ဖို့လိုပါသည်။ ရိုးသားဖြောင့်မှန်သည့်တိုင် အမြင်ကျယ်ဖို့ ‘အဂတိလိုက်စားမှု’ဆိုသည်ကို နက်နက်နဲနဲနားလည်နိုင် ဖို့လိုပါသည်။

များသောအားဖြင့် ဝန်ထမ်း အရာရှိများကို စီမံကွပ်ကဲသည့် အခွင့်အာဏာပိုင်သော ဌာနအ ကြီးအကဲဆိုသူတို့သည် လက် အောက်အရာရှိများကို မတော် မတရား အစီးအပွားရှာစေသူများ ဖြစ်နေတတ်ပါသည်။ ထိုသူတို့ သည် ပြဿနာတစ်စုံတစ်ရာ မပေါ်သေးသမျှ လက်အောက် ဝန်ထမ်း၏ ကန်တော့စာ (ပေးစာ၊ ကမ်းစာ)ကို နို့သက်ခံစို့သူများဖြစ် တတ်ပါသည်။ ပြဿနာပေါ်သည့် တိုင် ကယ်နိုင်လျှင် ကယ်တင်၍ ခေတ္တသိမ်းဝှက်ထားတတ်ပါ သည်။ မေ့လျော့သလောက်ရှိ တော့မှ ရာထူးတိုးပေးလိုက်ပြီး ထပ်မံ၍ အစီးအပွားရှာဖို့ အခွင့် အလမ်းဖန်တီးပေးတတ်ပါသည်။ မကယ်နိုင်သည့်အခါတွင်မူ ‘‘စိတ် မကောင်းပါဘူး တပည့်ရာ’’ဆို လျက် ‘အရေးယူပြ’တတ်ပါသည်။
နောက်ကွယ်ရောက်မှ ‘‘ခံရ မှာပေါ့။ ဒီကောင်ပါးရည်နပ်ရည် မှမရှိဘဲ’’ဆိုကာ နောက်ထပ် တပည့်မွေးတတ်ပါသည်။ သည် ဖြစ်စဉ်မျိုးမှာ အကြီးအကျယ်နာ မည်ပျက်ယွင်းနေသော ဌာနများ တွင် အမြစ်တွယ်နေဆဲဖြစ်ပါ သည်။

‘‘ငွေရှာကောင်းမှ နေရာ ကောင်းမယ်’’၊ ‘‘ဒီအီးဖြစ်မှ လူကြီး ချစ်တယ်’’ဆိုသော စကားများ အ ကြောင်းမဲ့တွင်ကျယ်ပျံ့နှံ့သည် မဟုတ်ပါ။ ပြဿနာဖြစ်ပွားသူ တိုင်းတွင် အမည်းစက်လေးတွေရှိ ခဲ့ပြီး ထိုသို့ရှိပါလျက် ထိုနေရာသို့ မည်သူ၏ ထပ်မံနေရာချထားမှု ကြောင့် မည်သည့်နည်းလမ်းဖြင့် ရောက်ရှိလာခဲ့သည်ဆိုခြင်းကို အ ဖြေရှာတွေ့ရန် ခဲယဉ်းလှသည် မဟုတ်ပါ။
 
ဌာနအဖွဲ့အစည်းတစ်ခုသို့ မိုးပေါ်က ကျလာသကဲ့သို့ ရောက် လာခဲ့ပြီး အောက်ခြေလုပ်ငန်းကို နားမလည်၊ မတတ်ကျွမ်း၊ လုပ် ငန်းကျွမ်းကျင်မှုဆိုသည်မှာ ကားတံခါးအမြန်ပြေးဖွင့်တတ်ခြင်းနှင့် တံစိုးလက်ဆောင် သိုသိပ်စွာ ဆောင်ကြဉ်းတတ်ခြင်းကိုဆိုခြင်း ဖြစ်သည်ဟုသာ နားလည်သူတို့ က ဘဝရှင်မင်းတရားကြီးသဖွယ် ထင်မိမြင်ရာ ဆင်ကန်းတောတိုး စီမံခန့်ခွဲနေခြင်းမှာ အဂတိလိုက် စားမှုကို ဖွံ့ဖြိုးတိုးတက်အောင်၊ ရှင်သန်ကြီးထွားအောင် ရေ လောင်းပေါင်းသင်ပေးသကဲ့သို့ပဲ ဖြစ်ပါသည်။

ကိုင်းဖျားကိုင်းနားကို ခုတ် ထစ်ပြခြင်းဖြင့် အဂတိလိုက်စားမှု ကို တိုက်ဖျက်ရာမရောက်နိုင်ပါ။ သမင်တစ်ကောင်ကို ပစ်ခွင်းပြ လိုက်နိုင်ရုံမျှဖြင့် ကျားဆိုးရန်ကို နှိမ်နင်းသည် မမည်ပါ။
လာဘ်ပေးလာဘ်ယူပြုနေ သူတိုင်းကို လာဘ်ပေးလာဘ်ယူ ၌ ပျော်မွေ့နေသည်ဆိုသော ရှုမြင်ချက်မှာ အခါခပ်သိမ်းမှန်သည် မဆိုသာပါ။ ပြန်စဉ်းစားကြည့် သင့်ပါသည်။ ရွှေသမင်လာသည့် လမ်းကို စူးစမ်းရှာဖွေနိုင်စွမ်းရှိဖို့ လိုမည်ထင်သည်။ အဂတိလိုက်စားမှုကို တကယ်တိုက်ဖျက်မည်လား။ ရွှေသမင်လာသည့်လမ်းကို ဓားထမ်း၍ လိုက်စေလိုပါသည်။


ဖိအားပေး၍ အနိုင်ယူခြင်းသည် တရားမျှတမှု မဟုတ်

ပြေလွင်မြင့် 

ပြုံးစရာကာတွန်းလေးတစ်ကွက် တွေ့ရတယ်။
တရားရေးဆိုတဲ့ တိုင်ကြီးတစ်တိုင် ကို ကလောင်ရှည်ကြီးထမ်းထားတဲ့  လူတစ်ယောက်က စက်ဝိုင်းပတ်ပတ် ပြီး လမ်းလျှောက်နေတဲ့ပုံ။ ကလောင် တစ်ချောင်းထမ်းပြီး တရားစီရင်မှုကို  စောင့်ကြပ်နေတဲ့ သဘောထင်ပါရဲ့။ အဲဒီလူက “ထိရဲထိကြည့်၊ ဟင်း၊ဟင်း” ဆိုပြီး ကြိမ်းဝါးနေသေးတာ။ လင်းတ လိုလို ငှက်တစ်ကောင်ရဲ့ မှတ်ချက် လည်းပါတယ်။ ““ဒီလို လူမျိုးတွေ လည်း- ရှိသေးတယ်နော်”” တဲ့။

တကယ့်ကို ကာတွန်းလေးက ချစ် စရာ၊ ပြုံးစရာလေးပါပဲ။
အဲဒီနေ့မှာပဲ အမျိုးသမီး တရား ရေးအရာရှိတစ်ယောက်က ကျွန်တော့် ကိုပြောတယ်။
““အဲဒါ၊ ရှင့်ကိုရေးတာပဲဖြစ်မယ်၊ ရှင်တစ်ယောက်ပဲ ကာကွယ်ခုခံနေ တာမဟုတ်လား””

ကျွန်တော် သေချာပြန်တွေးကြည့် တယ်။ ကာတွန်းက ကျွန်တော့်ကိုရည် ရွယ်ပြီး ရေးတယ်လို့တော့ဖြင့် မထင် ပါဘူး။
ဒါပေမဲ့၊ ကျွန်တော်က သူမ,ပြော သလို ကာကွယ်ခုခံနေတာလား။ ကာ ကွယ်ခုခံဖို့ လိုသလား။ ကာကွယ်ခုခံ နေတာဆိုရင်ကော၊ ဘာအတွက်လဲ၊ ဘာကြောင့်လဲ။ ဘာအကြောင်းကြောင့် လဲ။

တရားစီရင်ရေးဆိုတာ တစ်စုံတစ် ယောက်၊ တစ်စုတစ်ဖွဲ့က ကာကွယ် ပေးဖို့လိုအပ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့ ကျွန်တော်မထင်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ဥပဒေ မရှိရင် တရားစီရင်ရေးဆိုတာမရှိဘူး။ တရားစီရင်ရေးဌာန၊ တရားစီရင်တဲ့ အဖွဲ့အစည်းသည်ပင်လျှင် ဥပဒေပြ ဋ္ဌာန်းချက်အရ ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။ တရားသူကြီး၊ ဥပဒေအ ရာရှိ၊ ရှေ့နေရှေ့ရပ်၊ ရဲတပ်ဖွဲ့ အစရှိ တဲ့သူတွေဟာ တရားစီရင်မှုမှာ အဓိ ကပါဝင်တဲ့သူတွေပါပဲ။ အဓိကဇာတ် ကောင်တွေပါပဲ။

တရားစီရင်မှုဆိုတာ တရားသူကြီး တစ်ဦးတည်းနဲ့ပဲ သက်ဆိုင်အကျုံး ၀င်တဲ့ ကိစ္စမဟုတ်တာ လူတိုင်းသိပါ တယ်။
အမှုအခင်းတစ်ခု ပေါ်ပေါက်လာ ရင် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ( investigate)လုပ်ရတယ်။ သက်သေ၊ သက်သေခံအရာ(၀တ္ထုပစ္စည်း)တွေ နဲ့ အမှုတည်ဆောက်ရတယ်။ ပြစ်မှု ကျူးလွန်ကြောင်း အထောက်အထား ရှိတဲ့ တရားခံကို ဖမ်းဆီးရတယ်။ သူ  ကျူးလွန်တဲ့ပြစ်မှုက တည်ဆဲဥပဒေ များအရ ဘယ်ပုဒ်မနဲ့အကျုံးဝင်တယ် (ဘယ်ပြစ်မှုနဲ့ တရားစွဲတင်ရမယ်) ဆို တာကို သက်ဆိုင်ရာဥပဒေအရာရှိထံ မှာ ဥပဒေအကြံဉာဏ် တောင်းခံရ တယ်။ ဥပဒေအကြံပြုချက်အရ တ ရားရုံးကို တရားစွဲဆိုတင်ပို့ရတယ်။

တရားခံက ကျွမ်းကျင်တဲ့ရှေ့နေ ရှေ့ရပ်ကို မိမိစိတ်တိုင်းကျ ငှားရမ်း ပြီး ခုခံချေပခွင့်ရှိတယ်။ (သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ်ကျခံနိုင်တဲ့ ပြစ်မှုမျိုးနဲ့ တရားစွဲခံရတဲ့တရားခံက ရှေ့နေမငှားနိုင်ပါဘူးဆိုရင်တောင်မှ သူ့အတွက် အမှုလိုက်ပါဆောင်ရွက် ပေးမယ့် ရှေ့နေတစ်ယောက်ယောက် ကို နိုင်ငံတော်စရိတ်နဲ့ ငှားရမ်းပေးရ တယ်။

အမှုစစ်ဆေးစီရင်တဲ့ တရားရုံး တစ်ခုမှာ စွပ်စွဲခံရတဲ့တရားခံရယ်၊ စွပ် စွဲသူ(သာမန်အားဖြင့်တရားလို)ရယ်၊  နှစ်ဖက်တင်ပြတဲ့သက်သေတွေရယ် ပါဝင်ရတယ်။
တရားခံဘက်က သူ့ရဲ့ရှေ့နေက လိုက်ပါဆောင်ရွက်တယ်။ တရားလို (ရာဇ၀တ်မှုတွေမှာဆိုရင် နိုင်ငံတော်)ဘက်က ဥပဒေအရာရှိက လိုက်ပါ ဆောင်ရွက်တယ်။ တရားသူကြီးက သက်သေစစ်ဆေးပေါ်ပေါက်ချက်များ အရ တရားခံအပြစ်ရှိ၊မရှိ ဥပဒေပြဋ္ဌာန်း ချက်များအရ စီရင်ဆုံးဖြတ်တယ်။ ပြစ်ဒဏ်ပေးတာ များတယ်၊ နစ်နာ တယ်လို့ တရားခံကယူဆရင် အထက် တရားရုံးကို အယူခံတက်ရောက်ခွင့် ရှိတယ်။ တရားခံကို ပြစ်မှုမထင်ရှား လို့ လွှတ်လိုက်တဲ့အခါ၊ သို့မဟုတ်- ပြစ်ဒဏ်ပေးတာ နည်းတယ်လို့ ယူဆ တဲ့အခါ၊တရားလို(ဥပဒေအရာရှိ)ဘက် က အထက်ရုံးကို အယူခံမှု/ပြင်ဆင်မှု  တက်ရောက်ခွင့်ရှိတယ်။

အထက်ရုံးရောက်တဲ့အခါ အောက် တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ဟာ မှား ယွင်းကြောင်း၊ မှန်ကန် မျှတမှုမရှိ ကြောင်း၊ ဥပဒေနဲ့မညီညွတ်ကြောင်း တရားဝင်/နည်းလမ်းတကျ လျှောက် လဲခွင့်ရှိတယ်။ အရေးဆိုခွင့်ရှိတယ်။
အဲဒါ အတည်ဖြစ်ဆဲ ဥပဒေပြဋ္ဌာန်း ချက်တွေအရ ယေဘုယျကျင့်သုံးနေ တဲ့ တရားစီရင်မှုဖြစ်စဉ်ပါပဲ။

တရားစီရင်ရေးဇာတ်ခုံမှာ ပါဝင် ကြရတဲ့ ရဲအရာရှိ၊ ဥပဒေအရာရှိ၊ ရှေ့ နေရှေ့ရပ်၊ တရားသူကြီး  စသူတို့ အားလုံးဟာ သူတို့ပြုလုပ်ဆောင်ရွက် ရမယ့် လုပ်ငန်းတာဝန်နဲ့ ပတ်သက်လို့ တတ်မြောက်ဖို့လိုအပ်တဲ့ ပညာရပ် တွေကို ဆည်းပူးခဲ့တဲ့သူတွေချည်းပါ ပဲ။ လေ့ကျင့်ထားတဲ့သူတွေချည်းပါပဲ။ ထိုက်တန်တဲ့ အရည်အချင်းရှိလို့ ခန့် ထားခဲ့သူတွေချည်းပါပဲ။

သူတို့တာဝန် ဘာလဲဆိုတာ သူ တို့ ကောင်းကောင်းသိတယ်။ ဘာလုပ် ရမလဲဆိုတာ သူတို့ ကောင်းကောင်း သိတယ်။ ဘာမလုပ်ရဘူးဆိုတာလည်း သူတို့ ကောင်းကောင်းသိတယ်။ သူ တို့ ဘယ်နေရာအထိရောက်အောင် သွားခွင့်ရှိတယ်၊ ဘယ်နေရာကိုရောက် ရင် ရပ်ရမယ်ဆိုတာ ကောင်းကောင်း နားလည်တယ်။

အဲဒီလိုလူတွေပါဝင်တဲ့ တရားစီ ရင်ရေးဆိုတာကို တစ်ယောက်ယောက် က ကာကွယ်ပေးဖို့၊ ခုခံပေးဖို့၊ လိုအပ် မယ်လို့ ကျွန်တော်မထင်မြင်ပါဘူး။ ကျွန်တော် မယူဆပါဘူး။ ဘယ်သူ့ အကာအကွယ်ကိုမှ ရယူဖို့မလိုပါဘူး။

သို့ပေတဲ့၊ ကျွန်တော်က တရား စီရင်ရေးနဲ့ပတ်သက်တဲ့ ဆောင်းပါး လေးတွေ၊ ကျွန်တော့်ရဲ့ ထင်မြင်ယူဆ ချက်တွေကို ဟောတစ်ပုဒ်၊ ဟောတစ် ပုဒ်ဆိုသလို အတော်များများရေးဖြစ် ခဲ့ပါပြီ။ ၀န်ခံရမယ်ဆိုရင် ရေးရတာ အတော်ငြီးငွေ့နေပါပြီ။

ဒါပေမဲ့ ရေးစရာအကြောင်းအရာ တွေက ရှိနေသေးတယ်။ အသစ်အ သစ်တွေလည်း ပေါ်ပေါက်နေသေး တယ်။ ပွင့်လင်းမြင်သာရှိလာတယ်- ဆိုတဲ့ ခုလိုအခါမျိုးမှာ သတင်းစာ၊ ဂျာနယ်တွေ အပြိုင်းအရိုင်း ပေါ်လာ တာကို စာရေးဆရာတစ်ယောက်အ နေနဲ့ ကျေနပ်အားရမိတာအမှန်ပါ။

ဘိန်းချလို့ရတဲ့ပိုက်ဆံနဲ့ပဲဖြစ်ဖြစ်၊ သစ်မှောင်ခို ကျောက်မှောင်ခိုလုပ်လို့ ရလာတဲ့ ပိုက်ဆံနဲ့ပဲဖြစ်ဖြစ်၊ ချဲဒိုင်-ဘောလုံးဒိုင် လုပ်လို့ရလာတဲ့ပိုက်ဆံ နဲ့ပဲဖြစ်ဖြစ်၊ ပြောရရင်-မတော်မတရား ရှာဖွေရရှိလာတဲ့ အစီးအပွားနဲ့ပဲဖြစ် ဖြစ်၊ ချွေးနှဲစာလေးတွေကို ရိုးရိုး သားသား ခြစ်ကုတ်စုဆောင်းရရှိလာ တဲ့ ပိုက်ဆံနဲ့ပဲဖြစ်ဖြစ်၊ သတင်းစာ/ ဂျာနယ်ထုတ်ဝေခွင့်ရလို့ စာနယ်ဇင်း မီဒီယာရယ်လို့ ဖြစ်ခဲ့တယ်ဆိုရင်လည်း စာရေးတဲ့သူတစ်ယောက်အနေနဲ့ ကျေ နပ်ရမှာပါပဲ။ လက်နက်နဲ့ငြိမ်းချမ်းရေး တောင် လဲခဲ့သေးတာပဲ။

သို့သော်၊ အဲဒီလိုလူကြီးမင်းတွေ က ဥပဒေအရ စနစ်တကျဖွဲ့စည်းထား တဲ့ ဌာနအဖွဲ့အစည်းတွေကို၊ သို့မ ဟုတ်- သက်ဆိုင်တဲ့ဘာသာရပ်၊ လုပ် ငန်းတာဝန်အလိုက် ကျွမ်းကျင်အောင် လေ့ကျင့်ဆည်းပူးထားတဲ့ သူတွေကို  စာနယ်ဇင်း မီဒီယာအနေနဲ့ ဝေဖန် ထောက်ပြတဲ့အခါ နည်းလမ်းကျနတာ တွေ့ရသလို၊ နည်းလမ်းမကျနတာတွေ ကိုလည်း တွေ့ရတယ်။ အမှန်ကို ဝေ ဖန်ထောက်ပြနိုင်တာတွေ့ရသလို လမ်းဘေးက lay man တွေလို ရေးမိ ရေးရာ၊ ပြောမိပြောရာ၊ လောဘ-အာ ဃာတ မကင်းစင်သူတွေက တက် ထောင်မောင်းနင်း ရေးချင်တိုင်းရေး နေတာတွေလည်း ဖတ်ရတယ်။ (အဲ ဒါမျိုးကိုမှသဘောကျတဲ့ လူပြိန်းတွေ ရှိနေတာလည်း သိပါတယ်)

နားမလည်တဲ့ လူပြိန်းတွေက လက်ခုပ်လက်ဝါးတီးကြပေမဲ့ သေ ချာနားလည်တဲ့သူတွေက စိတ်မချမ်း သာကြဘူး။ ဘယ်သူကတော့ဖြင့် ဘယ်လိုရေးလိုက်ပြန်ပြီ။ ဘယ်သူက ဘယ်လို လက်လွတ်စပယ်ပြောလိုက် တာကို ပုံကြီးချဲ့ပြီး ရေးပြန်ပြီ၊ နားမ လည်ပါးမလည်နဲ့ ပြောနေ၊ ရေးနေ တာတွေကို ဒီတိုင်း ကြည့်နေဦးမှာ လား-တဲ့။ ပြန်ရေးမှဖြစ်မှာပေါ့-တဲ့။ တစ်ပုဒ်နှစ်ပုဒ် ရေးပြီးရင်၊ ဒါတွေမရေး ချင်၊ မရေးတော့ဘူး-တွေးခဲ့ပေမဲ့ ထန်းတက်လက်မှတ်ရတဲ့ ထန်းသမား လိုပဲ။ ဆရာမောင်စွမ်းရည်က ““မြို့ ပေါ်မှာသောင်တင်၊ ကလောင်မင်အက် ဆစ်စွက်၊ ဟိုပက်ဒီကော်၊ တစ်နေ့ သော်ပိုင်နိုးနိုင်နိုးနဲ့၊ ဝေဖန်ရေးကျားဆိုး ကို၊ အားကြိုးမာန်ခဲ၊ အမြီးကိုဆွဲမိပေါ့”” ကဗျာထဲရေးတဲ့အတိုင်း ကျားဆိုးရဲ့ အမြီးဆွဲမိတာနဲ့ တူနေပြီ။

ဘယ်နှပုဒ်ပဲရေးရေး၊ ဘယ်လောက် များများ၊ ဘယ်လောက်ရှည်ရှည်ဝေး ဝေးပဲရေးရေး။ ကျွန်တော်ဦးတည်ခဲ့ တာ၊ ရည်ရွယ်ခဲ့တာ တစ်ခုတည်းပါပဲ။ independent of judiciary ပါ။ လွတ်လပ်တဲ့တရားစီရင်မှုပါ။ အမှီအ ခိုကင်းတဲ့ တရားစီရင်ရေးပါ။

တရားစီရင်မှု ဆောင်ရွက်နေသူ တွေကို သူတော်ကောင်း သူမြတ် လောင်းတွေ ဖြစ်တဲ့အကြောင်း၊ အာ မခံချက်ပေးနေတာ မဟုတ်ပါဘူး။ ခြောက်ပြစ်ကင်း သဲလဲစင်တွေ ဖြစ်တဲ့အကြောင်း၊ ထောက်ခံစာရေး နေတာ မဟုတ်ပါဘူး။ သူတို့ဟာ ခင် ဗျားတို့လိုပဲ ခင်ဗျားတို့ဖြတ်သန်းနေ တဲ့ခေတ်ကို ခင်ဗျားတို့နဲ့အတူတကွ ဖြတ်သန်းနေတဲ့ သူတွေပါ။ သူတို့ဟာ ခင်ဗျားတို့လောက်ပဲ ကောင်းနိုင်လိမ့် မယ်-ထင်ပါတယ်။

လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ တရားစီရင်မှု-ဆိုတာ တတ်မြောက် ကျွမ်းကျင်ပြီး ဖြောင့်မတ်မှန်ကန်တဲ့ အုပ်ချုပ်ရေးသမားတွေ၊ ပြည့်ဝရင့် ကျက်တဲ့ ပညာရှင်တွေ၊ အမြော်အမြင် ကြီးသူ၊ အတွေ့အကြုံရင့်သန်သူတွေ က ရှေ့နောက်ဆင်ခြင်ပြီး သဘော ထားကြီးစွာနဲ့  encourage လုပ်ပေးရ တာမျိုး၊ ဝေဖန်ထောက်ပြရတာမျိုးပါ။

လောဘ၊ အာဃာတမကင်းစင် သူ၊ ဉာဏ်ပညာနည်းသူ၊ တရားစီရင် မှုနဲ့ပတ်သက်ပြီး နကန်းတစ်လုံးမှ နား မလည်သူတွေက ကိုယ့်စိတ်နဲ့မတွေ့ တိုင်း၊ ကိုယ့်အလိုဆန္ဒနဲ့ မကိုက်ညီ တိုင်း၊ မျက်မမြင်ဆင်စမ်းသလို၊ ဂျပိုး သူခိုးတွေကိုပြောသလို၊ လက်လွတ် စပယ်ပြောပြီး ချိုးဖဲ့နှိပ်ကွပ်နေရတာ မျိုး မဟုတ်ပါဘူး။ ကိုယ်အနိုင်ရစေချင် တဲ့သူကို အနိုင်ရရှိရေးအတွက် ချိုးဖဲ့ နှိပ်ကွပ်နေတာ၊ တိုင်စာနဲ့ ခြိမ်းခြောက် တာ၊ တစ်နည်းနည်း ဖိအားပေးတာ ဟာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ တရားစီရင်ရေးကို အနှောင့်အယှက် ပေးနေတာပါပဲ။ တရားဥပဒေစိုးမိုး ရေးကို အဖျက်အမှောင့် လုပ်နေတာ ပါပဲ။

ဒီစာမူကို အဆုံးမသတ်မီ ၀မ်းသာ စရာသတင်းတစ်ခု ဖတ်ရပါတယ်။

မကြာသေးခင်က အုတ်အော် သောင်းတင်းလုပ်ခဲ့တဲ့ သတင်းထောက် မိန်းကလေးရဲ့အမှု၊ ပြစ်ဒဏ်တိုးမြှင့် ပေးဖို့အတွက် တရားလိုရှေ့နေ မိန်း ကလေးဘက်က ပြင်ဆင်မှုတင်သွင်း ခဲ့တာမှာ ကယားပြည်နယ် တရား လွှတ်တော်က လက်ခံကြားနာခြင်းမ ပြုဘဲ ပယ်ချလိုက်တယ်ဆိုတဲ့သတင်း ပါ။ တကယ်က “ပယ်ချ”တာမဟုတ် ပါဘူး။ (summary dismiss) ““အ ကျဉ်းနည်းပလပ်””လိုက်တာ ဖြစ်ပါ တယ်။ ““လက်ခံဆောင်ရွက်ဖို့ အ ကြောင်းမပေါ်ပေါက်တဲ့အတွက် အမှု ပ လပ်လိုက်တာဖြစ်တယ်”” ဆိုတာကို လည်း တရားလွှတ်တော်တရားသူကြီး ဦးတင်ဌေးကပြောပါသတဲ့။

ကျွန်တော် စဉ်းစားမိပါတယ်။
အကယ်၍များ သူမ,တင်သွင်းတဲ့ ပြင်ဆင်မှု၊ အဲသလိုပလပ်လိုက်တာ ကို ရှေ့နေမိန်းကလေးဘက်က မကျေ နပ်ဘူးဆိုပါတော့။ အဲသလို မကျေနပ် တဲ့အတွက် မီဒီယာစာမျက်နှာတစ်ခု ကနေ ကြေညာချက် ထုတ်ပြန်ခဲ့မယ် ဆိုပါတော့။

““ကယားပြည်နယ် တရားလွှတ် တော်သည်  ၎င်းတင်သွင်းသည့် ပြင် ဆင်မှုကို မတရားသဖြင့် စီရင်ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း၊ တရားသူကြီးသည် အဂတိလိုက်စား၍ စီရင်ဆုံးဖြတ်ခဲ့ခြင်း ရှိမရှိ၊ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေး အာဏာပိုင်များက ၀င်ရောက် စွက်ဖက်ခဲ့ခြင်းရှိမရှိ၊ နိုင်ငံတော်အ ကြီးအကဲများအနေဖြင့် စုံစမ်းစစ်ဆေး ရေးအဖွဲ့ ဖွဲ့၍ ဆောင်ရွက်ပေးသင့်ပါ ကြောင်း၊ ရှေ့နေတစ်ဦး၏ မိမိနေအိမ် အတွင်း လွတ်လပ်စွာနေထိုင်မှုကို ထိ ခိုက်ပါကြောင်း၊ လူ့အခွင့်အရေးကို ထိပါးကျူးကျော်ရာရောက်ပါကြောင်း၊ ရှေ့နေကွန်ရက်နှင့် လူမှုအဖွဲ့အစည်း များအနေဖြင့်လည်း ၀ိုင်းဝန်းပူးပေါင်း ပါဝင်ကြပါရန် တိုက်တွန်းပါကြောင်း၊ ပြင်းထန်စွာကန့်ကွက်ပါကြောင်း”” အစရှိတဲ့ ကြေညာချက်မျိုးကို ထုတ် ပြန်ခဲ့မယ်ဆိုပါတော့။ အဖွဲ့အစည်း တချို့မှာ မသိနိုးနား နိုးကြားနေတဲ့သူ အချို့ကလည်း ဓာတ်တိုင် နှစ်တိုင် လောက် လမ်းလျှောက်ဆန္ဒဖော်ထုတ် ခဲ့မယ်ဆိုပါတော့။

အဲဒါဆို နှစ်ဖက်ဆိုင်ပြိုင်တဲ့အမှု မှာ လွတ်လပ်စွာစီရင်ရမယ့် တရားစီ ရင်မှုကို ၀င်ရောက်စွက်ဖက်ရာ ရောက် ပါမယ်။ စဉ်းစားကြည့်ပါတယ်။ ၃၁-၁၂-၂၀၁၃ ရက်နေ့မှာ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်တဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့်ကို တရားလွှတ် တော်က ထည့်သွင်းစဉ်းစားခဲ့ဟန်တူ ပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတဲ့အမိန့် မှာ သတင်းထောက်မိန်းကလေးကျူး လွန် (တယ်ဆိုပြီး) အပြစ်ပေးခံရတဲ့ ပြစ်မှုတွေ အကျုံးမ၀င်တဲ့အတွက် ပြစ် ဒဏ်ရဲ့လေးပုံတစ်ပုံလျော့နည်းကျခံ စေတဲ့ သာမန်အခွင့်အရေးကိုသာ ခံ စားခွင့်ရခဲ့ပါတယ်။ သို့ပေတဲ့၊ မောင်စိုး သိန်းပါ-၅ နှင့် ပြည်ထောင်စုမြန်မာ နိုင်ငံအမှု(၁၉၇၂၊မတစ၊၁၅)မှာ““တော် လှန်ရေးကောင်စီဥက္ကဋ္ဌက အမိန့်အ မှတ်-၈၇/၁၉၇၁ ကို ထုတ်ပြန်၍ ယင်း အမိန့်မတိုင်မီက ကျခံနေရသော ရာဇ ၀တ်ပြစ်ဒဏ်များကို သုံးပုံတစ်ပုံလျှော့ ပေးခဲ့သည်။ လျှော့ပေးပြီး ပြစ်ဒဏ် ကို တရားရုံးက တိုးမြှင့်ခြင်းမပြုနိုင်၊  တိုးမြှင့်ပေးခြင်းမပြုအပ်၊ နိုင်ငံတော် အာဏာဖြင့်ထုတ်ပြန်သော အမိန့်ဖြစ် ၍ တရားဥပဒေ အာနိသင်ဆောင် သည်”” ဆိုပြီး စီရင်ထုံးပြုပါတယ်။ အဲဒီစီရင်ထုံးကို ဒေါ်တင်တင်အောင် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အမှု (၂၀၁၁၊မတစ၊၃၉)နဲ့ ဒေါ် သန်းသန်းနွဲ့နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပါ ၂ အမှု (၂၀၁၂၊ မတစ၊၅၉)တွေမှာ လိုက်နာခဲ့ပါတယ်။ ပြစ်ဒဏ်တိုးမြှင့်ဖို့ မလျော်ကန်တာ ကြောင့် ပြင်ဆင်မှုကို အကျဉ်းနည်း ပလပ်ခဲ့တာ ဖြစ်မယ်ထင်ပါတယ်။ တရားဥပဒေကလှပါတယ်။ မှိုချိုးမျှစ် ချိုးပြောသူတွေက နားမလည်နိုင်တာ ပါ။ မစောင့်စည်းနိုင်တာပါ။

တရားစီရင်မှုကို လူအုပ်နဲ့ဖိအား ပေးတာ(ဆိုရင်) မှားယွင်းပါတယ်။ the rule of law and not of men.

ဆိုကရေးတီးကို အဆိပ်ခွက်ပေး ပြီး သေဒဏ်ကျခံစေခဲ့တာဟာ Learned Judge  ဆိုတဲ့ ပညာရှိတရားသူ ကြီးတစ်ဦးက ချမှတ်တဲ့ စီရင်ချက် မဟုတ်ပါဘူး။ ဉာဏ်ပညာအမြော်အ မြင်နုံ့နဲ့တဲ့သူတွေ ချမှတ်တဲ့ စီရင်ချက် ပါ။ လူများတရားနိုင်ဖြစ်ခဲ့တာပါ။

The Ladies News Journal


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...