Friday, June 30, 2017
ဂရန်မြေကို ခွဲစိတ်မယ်ဆိုရင် .....
ဂရန်မြေကို ခွဲစိတ်မယ်ရင် သိသင့်တဲ့အချက်တွေကို ဖော်ပြပါတယ်။
ဂရန်မြေခွဲစိတ်တဲ့အခါ ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေနဲ့ ဂရန်မြေတွေကို ခွဲစိတ်နိုင်ပါတယ်။
ဂရန်ခွဲစိတ်ဖို့ ဆိုရင်
(က) ခွဲစိတ်ပြီးမြေဟာ မျက်နှာစာ အနည်းဆုံးပေ (၂၀) ရှိရပါမယ်။
(ခ) ခွဲစိတ်ပြီး မြေဧရိယာ အနည်းဆုံး စတုရန်းပေ ၁၂၀၀ ရှိရပါမယ်။
(ဂ) ခွဲစိတ်ပြီး မြေကွက်အားလုံး ၀င်လမ်းထွက်လမ်း ရှိရပါမယ်။ စည်ပင်လမ်းမရှိရင် ပုဂလိကလမ်း လျာထားရပါမယ်။
  လျှောက်ထားရမှာလိုအပ်တဲ့ အထောက်အထား
၁။ နိုင်ငံသားစိစစ်ရေးကတ်မိတ္ထူ
၂။ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးအမိန့် ဒီဂရီ၊ သေတမ်းစာအတည်ပြု လက်မှတ်၊ အမွေဆက်ခံခွင့်လက်မှတ်၊ ကျမ်းကျိန်လွှာ၊ မှတ်ပုံတင်ထားတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (သို့) အထွေထွေ ကိုယ်စားလှယ်လွှဲစာ မိတ္ထူများ။
၃။ မြေကွက်ရဲ့အစိတ်ပိုင်းဖြစ်ရင် ခွဲစိတ်မှုကို မြေကွက်ပူးတွဲပိုင်ရှင်ရဲ့ သဘောတူညီချက်နဲ့ သူ့ရဲ့မှတ်ပုံတင်မိတ္ထူတို့ လိုအပ်ပါတယ်။
  မြေကွက်ခွဲစိတ်ရာမှာ အောက်ပါလုပ်ငန်းတွေ ဆောင်ရွက်​ဖို့ လိုအပ်ပါတယ်။
၁။ မြေကွက်ခွဲစိတ်ဖို့  မြေပုံ မြေရာဇ၀င်လျှောက်ထားခြင်း။
၂။ မြေတိုင်းလျှောက်ထားခြင်း။
၃။ ပြင်ပလိုင်စင် အင်ဂျင်နီယာနဲ့  မိမိနှစ်သက်သည့်အတိုင်း အဆိုပါမြေပုံရေးဆွဲခြင်း။
၎။ အဆိုပါခွဲစိတ်မြေပုံသည်(က) ဂရန်မြေဖြစ်ပါက ဌာနကို အတည်ပြုချက် ရယူခြင်း၊ ­­­(ခ) မြေပိုင် မြေဖြစ်ပါက စည်ပင် အင်ဂျင်နီယာ(အဆောက်အအုံ) တင်ပြအတည်ပြုချက်လျှောက်ထားခြင်း။
၅။ မြေတိုင်းလျှောက်ထားခြင်း။
၆။ အမှားပြင်၊ မြေပုံရာဇ၀င်လျှောက်ထားခြင်း။
၇။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမှားပြင်ဆင် စာချုပ်ချုပ်ဆိုခြင်း။
၈။ ဂရန်မြေဖြစ်ပါက မြေစာရင်းတွင် ဂရန်စာချုပ် ခွဲစိတ်ပေးရန်နှင့် မြေပိုင်မြေဖြစ်ပါက မြေကွက်ခွဲစိတ်ခြင်းအား မှတ်တမ်းတင်ပေးရန် လျှောက်ထားခြင်းတို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
စိစစ်ပြီး ပြည့်စုံမှန်ကန်ပါက လုပ်ထုံးလုပ်နည်းများနှင့် အညီတိုင်းတာပြီး မြေစာရင်းတွင် တရားဝင်ခွဲစိတ်ခွင့်ပြုပါသည်။
Ref : The Kumudra
Posted By : Wai Phyoe Aung
Operative Order အကြောင်း ဆွေးနွေးတင်ပြခြင်း
 ဒီ​နေ့ ကျွန်​​တော်​ ​ဆွေးနွေးတင်ပြချင်တဲ့ အကြောင်းအရာကတော့ _ တစ်ခါတစ်ရံ ကျွန်တော်တို့ကိုယ်တိုင် ဒီကရီ ရေးဆွဲရာမှာ အမှတ်တမဲ့ဖြစ်ပြီးေ၀၀ါးဝါးဖြစ်ခဲ့ရတဲ့ Operative Order (အကျိုးသက်ရောက်စေသော အမိန့်) အကြောင်းပဲ ဖြစ်ပါတယ်။  ဒီပို့စ်လေး ရေးသားဖို့ ဖြစ်လာရတဲ့ အကြောင်းရင်းခံကတော့ ဆရာကြီး ဦးမြ ရေးသားခဲ့တဲ့ သောင်းပြောင်းထွေလာ ဥပဒေပြဿနာ အတွဲ(၆) စာအုပ်မှာ ဖော်ပြပါရှိတဲ့ အောက်ပါ သွန်သင်ညွှန်ပြချက်ကို စတင်မြင်တွေ့ဖတ်ရှုမိခဲ့ရာမှ မိမိရဲ့လိုအပ်ချက် အမှားများကို သတိမူ ပညာယူမိခဲ့ တဲ့အတွက် တရားသူကြီးများနှင့် ဥပဒေကို လေ့လာလိုက်စားကြသူတွေ အတွက် ဆင်ခြင် မှတ်သားဖွယ်ရာ message လေးတစ်ခု ကျန်ခဲ့စေဖို့ ရည်ရွယ်ပြီး ဒီပို့စ်လေး ရေးသားဖို့ ဖြစ်လာခဲ့ရပါတယ်။ Operative Order ​အ​ကြောင်းကို တရား​ရေးဂျာနယ်​မှာလည်း ဖတ်​၊မှတ်​ခဲ့ရဖူးပါတယ်​။
 ဆရာကြီး ဦးမြ က ညွှန်ပြသွန်သင်သည်မှာ ××××× ဒီကရီကို စီရင်ချက်အပေါ် အခြေခံ၍ ရေးဆွဲရသည်။  ဒီကရီရေးဆွဲသူ စာရေး၊ စိစစ်သူ တရားရေးဝန်ထမ်း၊ လက်မှတ်ရေးထိုးသူတို့သည် သံပတ်ပေးထားသော စက်ရုပ်ကဲ့သို့ ရေးသူက ရေး၊ စိစစ်သူက စိစစ်၊ လက်မှတ်ရေးထိုးသူက လက်မှတ်ရေးထိုးကြ၊ ကိုးရိုး ကားရားနိုင်သော ဒီကရီဖြစ်သည်ကို သတိမထားကြချေ။  တာဝန်အရှိဆုံးမှာ တရားရေးဝန်ထမ်း ဖြစ်သည်။
 ဆက်လက်၍ လမ်းညွှန်ပြသည်မှာ - ဒီကရီဟူသည် တရားရုံး၏ ဆုံးဖြတ်ချက်ကို ထုံးနည်းတကျ ရေးသား ထားသော ဖော်ပြချက် ဖြစ်သည်။  စီရင်ချက်ပါ အရေးယူဆောင်ရွက်ရန် အမိန့် Operative Order (စီရင်ချက် တွင် အမိန့် ဟူသော ခေါင်းစီးရေးပြီး ချမှတ်သော နောက်ဆုံးစာပိုဒ်)အတိုင်း ဒီကရီတွင် ကူးရေးကြလေ့ ရှိသည်ကို တွေ့ရသည်။  ထိုသို့ရေးသားသော ဒီကရီမှာ ထုံးနည်းကျကျ ရေးသား ဖော်ပြချက် မဟုတ်၊ ဒီကရီပါဟု ကျမ်းကျိန်ပြောဆိုရမည့် ဒီကရီမျိုး ဖြစ်သည် လို့ ဆရာကြီးက ဝေဖန်ပြခဲ့တာကို တွေ့ရပါတယ်။  ကျွန်တော်ကိုယ်တိုင်လည်း အရင်က ဆရာကြီး ဦးမြ ပြောသလိုပါပဲ၊ စီရင်ချက်ရဲ့ နောက်ဆုံးစာပိုဒ်မှာ ဖော်ပြချမှတ်ခဲ့တဲ့ စာပိုဒ်ကို ဒီကရီမှာ ကူးရေး ဖော်ပြ ရေးဆွဲရတာပါလို့ ပေါ့ပေါ့လွယ်လွယ် တွေးတော ဆောင်ရွက်ခဲ့ဖူးပါတယ်။
 ဆရာကြီးက ဆက်လက်ပြီး ဥပမာပြ ညွှန်ပြခဲ့တာလေးကိုလည်း ဆက်လက်တင်ပြပါရစေ။ - ငွေကျပ်ငါးထောင် ရလိုကြောင်း စွဲဆိုသောအမှုတွင် စီရင်ချက်၏ နောက်ဆုံးအမိန့်တွင် တရားလို စွဲဆိုသည့်အတိုင်း ဒီကရီချမှတ်လိုက်သည်ဟု ရေးသည့်အတိုင်း ဒီကရီတွင် ဖော်ပြရန်မဟုတ်။  ဒီကရီတွင် တရားပြိုင် ဦးဖြူက တရားလို ဦးနီအား ငွေကျပ်ငါးထောင် ပေးစေ စသည်ဖြင့် စာသံပေသံပါပါ ထုံးနည်းတကျ ရေးသားရန် ဖြစ်သည်။  ထိုနည်းတူ ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၂(၁)(စ)အရ စွဲဆိုသောအမှုတွင် တရားလို စွဲဆိုသည့်အတိုင်း ဒီကရီကို ချမှတ်လိုက်သည်ဟု ဆုံးဖြတ်သော စီရင်ချက်နှင့်အညီ ဒီကရီရေးဆွဲရာ၌ `တရားပြိုင် ဦးမြသည် ------မြို့၊ (၁၀)လမ်း၊ အိမ်အမှတ်(၅၃)၏ မြေညီထပ် လက်ဝဲဘက် အစွန်ဆုံးအခန်းမှ ၁၉၆၀ ပြည့်၊ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၂(၁)(စ)အရ ဖယ်ရှားထွက်ခွါသွားစေ` ဟု ပြည့်ပြည့်စုံစုံ ရေးသား ဖော်ပြရန် ဖြစ်သည်။
 အလျဉ်းသင့်တိုက်ဆိုင်လို့ ဆက်လက်တင်ပြလိုတာက ဒီကရီဆိုတဲ့အကြောင်းကို အကျဉ်းမျှ ပြန်ရှင်းပြလိုပါတယ်။  တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၂(၂)မှာ- ဒီကရီ ဆိုတာက အမှုသည်တို့ အငြင်းပွားတဲ့ အကြောင်းအရာတွေ အပေါ်မှာ ရပိုင်ခွင့်တွေကို အပြီးသတ် ဆုံးဖြတ်ပေးသော စီရင်ချက်မှာ ထုံးနည်းတကျ ရေးသား ဖော်ပြချက်ကို ဆိုလိုကြောင်း ယင်းပုဒ်မ ၂(၂)မှာ ဖော်ပြပါရှိပါတယ်။  ဒါ့အပြင် တရားရုံးတွေဟာ တရားမမှုတွေကို စစ်ဆေးကြားနာပြီးနောက်မှာ စီရင်ချက် ချမှတ်ကြရတဲ့အပြင်၊ အဲဒီလို ချမှတ်ခဲ့တဲ့ စီရင်ချက်နဲ့ ညီညွတ်အောင်လည်း ဒီကရီကို ရေးဆွဲကြရမယ် ဆိုတဲ့အကြောင်း တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၃၃ နဲ့ အမိန့် ၂၀၊ နည်းဥပဒေ ၆(၁)တို့မှာ ပြဋ္ဌာန်းပါရှိပါတယ်။
 ဒီကရီနှင့် ပတ်သတ်ပြီး ယခင် တရားရုံးချုပ်ကလည်း (၂၀-၄-၁၉၉၀)ရက်စွဲပါ စာအမှတ်၊ ၂၈၂/၁၆၄ (လထန)နဲ့  မှာကြားခဲ့ဖူးတာ ရှိပါတယ်။  အမှုမကြန့်ကြာစေရန်နှင့် နှစ်ဘက်အမှုသည်များ အငြင်းမပွား စေရန် စီရင်ချက်နှင့် အညီ ဒီကရီရေးဆွဲရန် လိုအပ်ကြောင်း၊ ဒီကရီနှင့် ထုံးပုံကျအမိန့်များ ရေးဆွဲရာတွင် လိုက်နာဆောင်ရွက်ရန် နည်းလမ်းများကို အမိန့် ၂၀ နှင့် တရားရုံးများလက်စွဲ အပိုဒ် ၁၇၄၊ ၁၇၅ နှင့် ၁၇၇ တို့တွင် ပြဋ္ဌာန်းထားသည့်အပြင်၊ ဒီကရီနမူနာများကိုလည်း တရားမကျင့်ထုံးဥပဒေ နောက်ဆက်တွဲ(ဃ) တွင် ဖော်ပြထားကြောင်း၊ ဒီကရီရေးဆွဲရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုကြောင်းနှင့် ဒီကရီကို သေချာစွာ စိစစ်၍ စီရင်ချက်နှင့် ညီညွတ်ပြီး ကျေနပ်မှသာ တရားသူကြီးက လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း မှာကြားခဲ့တာကို တွေ့ရပါတယ်။
 ဒီတော့ တရားမ စီရင်ချက်များမှာ ပါရှိတဲ့ Operative Order တွေဟာ လွန်စွာ အရေးကြီး လှတဲ့အတွက်  ကျွန်တော်တို့အနေနဲ့  စာရေးအချို့က ပေါ့ပေါ့လွယ်လွယ် ရေးသားတင်ပြလာတဲ့ ဒီကရီမျိုးကို လွယ်လင့် တကူ လက်ခံရန်မသင့်ပါဘူး။  စာရေးတွေကိုလည်း နားလည်သဘောပေါက်အောင် ညွှန်ပြပေးသင့်ပါတယ်။ ကျွန်တော် တရားသူကြီး စဖြစ်ကာစကလည်း စာတွေ့ကို လက်တွေ့နဲ့ မပေါင်းစပ်တတ်သေးတော့ တရားရုံး ဘိလစ်ကြီးက စာအုပ်အထူကြီးတစ်အုပ် ယူလာပြပြီး ပြသရင်း ရှင်းပြပေးလို့ သဘောပေါက် နားလည်လာ ခဲ့ရဖူးပါတယ်။ ဒီကရီဟာ အမှုရဲ့ အသက်ဖြစ်တာကြောင့် အမှားအယွင်းမရှိရအောင် အထူး ဂရုစိုက်ပြီး ရေးသားစေရမှာပဲ ဖြစ်ပါတယ်။  ယခင်တရားရုံးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့က ချမှတ်ခဲ့တဲ့ စီရင်ထုံးများကို အသေအချာ လေ့လာဖတ်ရှု ကြည့်မယ်ဆိုရင် ဒီကရီရေးဆွဲရာမှာ ရေးသားဖော်ပြရမယ့် Operative Order တွေကို စီရင်ထုံးရဲ့ နောက်ဆုံးမှာ အထင်အရှား တွေ့ရှိနိုင်ပါလိမ့်မယ်။  လေ့လာကြည့်လိုက်ကြပါစို့။
* အထက်ပါ အကြောင်းများကြောင့် ဤအယူခံမှုကို ခွင့်ပြု၍ မူလပြည်နယ်တရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်လိုက်သည်။  ၄င်းနောက် အချင်းဖြစ်မြေသည် လယ်ယာမြေဖြစ်၍ တရားလိုသည် တရားစွဲဆိုပိုင်ခွင့်မရှိဘဲ အမှုပုံစံ မှားယွင်းနေသည်ဟု ဆိုခြင်းမှာ မမှန်ကြောင်း ပဏာမငြင်းချက် အမှတ်(၁) နှင့် (၂)တို့အပေါ် ဖြေဆို ဆုံးဖြတ်လိုက်သည်။
 မွန်ပြည်နယ်တရားရုံးသည် မူလမှုတရားလို စွဲဆိုသော အမှုကို မူလမှုနံပါတ်ဖြင့် ပြန်လည်ဖွင့်လှစ်ပြီး ဤရုံးငြင်းချက်များကို ဥပဒေနှင့်အညီ ဖြေဆိုဆုံးဖြတ်ရန် တရားမကျင့်ထုံးဥပဒေ အမိန့် ၄၁၊ နည်းဥပဒေ ၂၃ အရ ညွှန်ကြားလိုက်သည်။
 ဤအယူခံမှုတွင် အယူခံတရားလို ထမ်းဆောင်ထားသော ရုံးခွန်ကို ပြန်အမ်းစေရန်အတွက် လိုအပ်သည့် သက်သေခံလက်မှတ်ကို အယူခံတရားလိုအား ထုတ်ပေးစေ။
( ခွင့်ပြုချက်ဖြင့်ထားသူကို နှင်လိုမှု၊ ၂၀၀၅၊ မတစ၊ စာ-၁၀၉ )
--------------------------------------------
* မူလရုံးတရားလို ဒေါ်အေးအေးသန်း တင်သွင်းသည့် တရားမအထူးအယူခံမှုကို တစ်စိတ်တစ်ဒေသ ခွင့်ပြုပြီး တရားရုံးချုပ်နှင့် တိုင်းတရားရုံးတို့၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်ကာ မူလရုံးတရားလို ဒေါ်အေးအေးသန်းသည် ဦးစိန်၊ ဒေါ်ငွေအောင်တို့၏ လက်ထက်ပွားပစ္စည်းတွင် ၆ ပုံ ၅ ပုံကို ရထိုက်ကြောင်း ပြင်ဆင်၍ ပဏာမဒီကရီ ချမှတ်လိုက်သည်။
 မူလရုံးတရားပြိုင် ဦးကံရှိန် တင်သွင်းသည့် တရားမ အထူးအယူခံမှုကိုမူ စရိတ်နှင့်တကွ ပလပ်လိုက်သည်။
 တရားစရိတ်ကို အမွေပုံမှ ကျခံစေ။
 ရှေ့နေစရိတ် ကျပ် ၃၀၀၀ စီ သတ်မှတ်သည်။
( အမွေပုံ စီမံခန့်ခွဲပေးစေလိုမှု၊ ၂၀၀၄၊ မတစ၊ စာ-၁၄၆ )
-----------------------------------------
* သို့ဖြစ်ရာ ဤအထူးအယူခံခုံရုံးဖြင့် ကြားနာလျက်ရှိသော ပြဿနာကို အောက်ပါအတိုင်း ဖြေဆိုလိုက်သည်-
`အပေးစာချုပ်ကို အကြောင်းပြုပြီး မြေနှင့်အိမ်အားလုံးကို မူလရုံးတရားလိုတို့အား လက်ရောက် ရထိုက်ကြောင်း ချမှတ်ခဲ့သည့် ဒီကရီကို အတည်ပြုပေးခဲ့သည့် တရားရုံးချုပ် (မန္တလေး)၏ တရားမ ပထမ အယူခံမှုအမှတ် ၉၇/၂၀၀၈ ၏ စီရင်ချက်နှင့် ဒီကရီသည် မှန်ကန်မှုရှိကြောင်း။`
 ထို့ကြောင့် ဤအထူးအယူခံမှုကို စရိတ်နှင့်တကွ ပလပ်လိုက်သည်။
 ရှေ့နေစရိတ် ကျပ် ၅၀၀၀၀/- သတ်မှတ်သည်။
( မြေနှင့် အဆောက်အအုံများ လက်ရောက်ရလိုမှု၊ ၂၀၁၂၊ မတစ၊ စာ-၁၄၉ )
------------------------------------------------------
 ဒီကရီ၊ အမိန့်ရဲ့ တိကျမှန်ကန်မှု၊ ပြည့်စုံမှုတွေအပေါ်မှာ အမှုသည်တို့ရဲ့ အနာဂတ် အခွင့်အရေးတည်တာ ဖြစ်လို့ ကိုယ့်ဘက်က ချို့ယွင်းခဲ့ရင်၊ မပြည့်စုံခဲ့ရင်၊ မသေမချာ မရှင်းမလင်း ဖော်ပြမိခဲ့ရင် အမှုသည်တွေကို ဆုံးရှုံးနစ်နာစေနိုင်တဲ့အပြင်၊ အယူခံရုံးနှင့် အခြားနေရာများမှာ မှုခင်းများ ဆိုင်ပြိုင်မှုတွေ ထပ်တလဲလဲ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း တရားရုံးများလက်စွဲ အပိုဒ် ၁၇၅ မှာ အသေးစိတ် လမ်းညွှန်ထား တာကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။  ဒါကြောင့် တရားမမှုများကို စစ်ဆေးစီရင် အဆုံးအဖြတ် ပြုကြတဲ့သူတွေ အနေနဲ့ မိမိတို့ ချမှတ်ခဲ့တဲ့ စီရင်ချက်မှ Operative Order (အကျိုး သက်ရောက် ​စေသော အမိန့်)တွေကို ကနဦးကပင် စေ့စပ်သေချာစွာ ရေးသားချမှတ်ကြရမှာ ဖြစ်ပြီး၊ ဒီကရီမှာ ပြီးစလွယ် ရေးသားဖော်ပြခြင်းမျိုး မဖြစ်စေဖို့  ပိုမိုသတိပြုမိအောင် ရေးသားတင်ပြလိုက်ရပါတယ် ခင်ဗျာ။
လွှမ်းမိုးအောင် (တရားရေး)
* စိတ်ဝေဒနာသည် သူရူး ဟုတ်၊ မဟုတ် စိစစ်ရခြင်း
   -------------------------------------
 ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၄(၁)၊  တရားရုံးများလက်စွဲ အပိုဒ် ၅၀၃ နဲ့ တရားရုံး ညွှန်ကြားလွှာအမှတ်-၂/၁၉၆၅ တို့အရ ပြစ်မှုနဲ့ တရားစွဲ တင်ပို့ခြင်းခံရသော စိတ်ဝေဒနာရှင် တရားခံအပေါ် စစ်ဆေးစီရင်ရာမှာ ၎င်းတရားခံဟာ သူ့အပေါ် စွဲဆိုခံထားရတဲ့ ပြစ်မှုအတွက် ထုချေရှင်းလင်းနိုင်မှု ရှိ၊ မရှိကို ရုံးက ကနဦး စိစစ်ရမှာ ဖြစ်ပါတယ်။  တရားခံဟာ စိတ်ဝေဒနာ ရှိ၊ မရှိ ဆိုတာကိုတော့ ခရိုင်ဆရာဝန်၊ ဒါမှမဟုတ် နိုင်ငံတော်သမ္မတက ညွှန်ကြားတဲ့ အခြား ဆေးဘက်ဆိုင်ရာ အရာရှိ/ စိတ်ရောဂါ အထူးကုဆေးရုံမှ ဆေးရုံအုပ်ကြီးရဲ့ အကူအညီကို ရယူကာ စမ်းသပ်ကြည့်ရှု စစ်ဆေးစေရမှာ ဖြစ်သလို ဆေးစစ်ခဲ့တဲ့ ဆရာဝန်ကိုလည်း တရားရုံးက သက်သေအဖြစ် ခေါ်ယူစစ်ဆေးရမှာ ဖြစ်ပါတယ်။  ဆူရင်ဒတ်ကူးမား နှင့် နိုင်ငံတော် (၁၉၉၄၊ မတစ၊ စာ-၂၃) အမှုမှာလည်း အချင်းဖြစ်ချိန်က တရားခံဟာ စိတ်ဖောက်ပြန်မှု ရှိနိုင်၊ မရှိနိုင် ဆုံးဖြတ်နိုင်ရန် စိတ်ရောဂါကု ဆရာဝန်ကို သက်သေအဖြစ် စစ်ဆေးပြီး၊ စိတ်ရောဂါကု ဆေးရုံရဲ့ ဆေးကုသမှတ်တမ်းကို ဖြစ်စေ၊ ၎င်းမှတ်တမ်းရဲ့ တရားဝင်မိတ္တူကို ဖြစ်စေ သက်ဆိုင်ရာမှ တင်ပြစေရန် ဆင့်ဆိုပြီးနောက် စစ်ဆေးမေးမြန်းရမည် ဖြစ်ကြောင်း၊ ထောင်ဒဏ်ကျခံနေ ရတဲ့ အကျဉ်းသားတရားခံ ဖြစ်ခဲ့လျှင်လည်း အကျဉ်းထောင် တာဝန်ခံအရာရှိကို ခေါ်ယူကာ လက်ရှိ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြည့်ပြည့်စုံစုံ စစ်ဆေးမေးမြန်းရမည် ဖြစ်ကြောင်း လမ်းညွှန်ထုံးဖွဲ့ထားတာ ကို တွေ့ရပါတယ်။
* ရူးသွပ်တရားခံအား အာမခံပေးနိုင်၊ မပေးနိုင်
   ---------------------------------
 အမှုစစ်ဆေးနေစဉ်အတွင်းမှာ ရူးသွပ်သူ တရားခံဟာ ကောင်းမွန်စွာ ထုချေနိုင်စွမ်း မရှိကြောင်း စိတ်ရောဂါကု ဆရာဝန်ရဲ့ ဆေးမှတ်တမ်း၊ သက်သေထွက်ချက်တို့အရ ပေါ်ပေါက်ခဲ့ရင်တော့ တရားသူကြီး အနေနဲ့ အမှုဟာ အာမခံပေးခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တရားခံကို ကောင်းမွန်စွာ ထိန်းသိမ်း ကြည့်ရှုထားမည် ဖြစ်ကြောင်း၊ ၎င်းကိုယ်ကိုဖြစ်စေ၊ အခြားသူ တစ်စုံတစ်ယောက်ကို ဖြစ်စေ နစ်နာခြင်း မဖြစ်အောင် ဟန့်တားထားပါမည့်အကြောင်း၊ ၎င်းကို အလိုရှိသည့်အခါ တရားသူကြီး ရှေ့မှောက်သို့ ရောက်ရှိစေမည်ဖြစ်ပါကြောင်းဖြင့် လုံလောက်သော အာမခံ လျှောက်ထားလာလျှင် ၎င်းတရားခံကို အာမခံဖြင့် လွှတ်ထားနိုင်ကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၆(၁)မှာ ပြဋ္ဌာန်းပါရှိပြီး၊ အာမခံ မပေးသင့်ကြောင်း ထင်မြင်တယ် ဆိုရင်တော့ စိတ်ရောဂါကုဆေးရုံ၌ ထိန်းသိမ်းထားရန် အမိန့်ချမှတ်ရမည် ဖြစ်ကြောင်း ယင်းပုဒ်မ ၄၆၆(၂)မှာ ဆက်လက် ဖော်ပြထားပြီး စစ်ဆေးနေတဲ့ အမှုကိုလည်း ရွှေ့ဆိုင်းထား ရမယ်လို့ ဆိုပါတယ်။
* ရူးသွပ်တရားခံအား စိတ်ရောဂါကု ဆေးရုံသို့ ပို့အပ်ရာတွင်
   -------------------------------------------
 စိတ်ဝေဒနာရှင် ရူးသွပ်တရားခံကို စိတ်ရောဂါကုဆေးရုံသို့ ပို့အပ်ရာမှာ ၎င်းရဲ့ ဆေးဘက်ဆိုင်ရာ အတ္ထုပ္ပတ္တိစာတမ်းကိုလည်း ၀ရမ်း (ရာဇ၀တ်ပုံစံ-၁၃၃) နဲ့အတူ ပူးတွဲပေးပို့ရမယ်လို့ တရားရုံးများလက်စွဲ အပိုဒ် ၈၄၉ မှာ ညွှန်ပြထားတာ တွေ့ရပါတယ်။ 
* ရူးသွပ်တရားခံ ပြန်လည်ကောင်းမွန်လာခဲ့လျှင်
   ----------------------------------
 ရူးသွပ်တရားခံဟာ ၎င်းအပေါ် စွဲဆိုမှုမှာ ကောင်းမွန်စွာ ချေပနိုင်ပြီလို့ တရားသူကြီးက ထင်မြင်ရင် ရွှေ့ဆိုင်းထားတဲ့ အမှုကို ဆက်လက်ပြီး စုံစမ်း စစ်ဆေး စီရင်သွားရပါမယ်။  ထိုသူအနေနဲ့ ခုခံချေပနိုင်စွမ်း မရှိသေးဘူးလို့ ထင်မြင်ရင်တော့ အထက်မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၄၊ သို့မဟုတ် ၄၆၅၊ ၄၆၆ တို့အရ ထပ်မံ ဆောင်ရွက်ခွင့်ရှိကြောင်း ပုဒ်မ ၄၆၈ မှာ ပြဋ္ဌာန်းပါရှိပါတယ်။
* အမှုစစ်ဆေးစီရင်ခြင်း
   ----------------
 ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၀ အရ ရူးသွပ်တရားခံဟာ မိမိအမှုကို ကောင်းစွာထုချေနိုင် မယ် ဆိုရင်တော့ ရွှေ့ဆိုင်းထားခဲ့တဲ့အမှုကို ဆက်လက်စစ်ဆေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။  စစ်ဆေးမှု ပြီးဆုံးသွားလို့ တရားရုံးအနေနဲ့ အမှုမှစိတ်ဝေဒနာရှင် ရူးသွပ်တရားခံရဲ့ ပြုလုပ်မှုဟာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၈၄ အရ ကင်းလွတ်ရမြဲအချက်နဲ့ အကျုံးဝင်၊ မ၀င်ကို သုံးသပ်ဆုံးဖြတ်ရမှာ ဖြစ်ပြီး၊ အကျုံးဝင်ခဲ့ရင် တော့ အဆိုပါတရားခံကို အပြီးအပြတ်လွှတ်လိုက်ရမှာ ဖြစ်ပါတယ်။  လွှတ်တယ်ဆိုတဲ့ နေရာမှာလည်း အရမ်းကာရော လွှတ်လိုက်လို့ မရသေးပါဘူး။  ဒီစိတ်ဝေဒနာရှင် တရားခံဟာ ပြစ်မှုကို ကျူးလွန်ခဲ့ကြောင်း ၊ ဒါမှမဟုတ် ကျူးလွန်ခဲ့ခြင်း မရှိကြောင်းကို အထင်အရှား ဖော်ပြရေးသားပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
* စီရင်ချက်၊ အမိန့် ရေးသားချမှတ်ရာတွင် ရေးထုံး လေ့လာသင့်သည့် စီရင်ထုံး
   ---------------------------------------------------------
 `အထက်ပါ အကြောင်းများကြောင့် ဤအယူခံကို ခွင့်ပြု၍ မကွေးတိုင်းတရားရုံး (သရက်ခရိုင်)မှ အယူခံတရားလို ဦးလှရွှေအပေါ် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၄ အရ ပြစ်မှုထင်ရှားစီရင်သည့် ပြစ်ဒဏ်တို့ကို ပယ်ဖျက်၍ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၈၄ ကင်းလွတ်ချက်အရ ဦးလှရွှေအား အမှုမှ အပြီးအပြတ် လွှတ်လိုက်သည်။  ထို့ပြင် ဒေါ်ခင်ညွန့်အား အယူခံတရားလိုက ဓါးဖြင့် ခုတ်သတ်ခဲ့သည်မှာလည်း မှန်ကြောင်း ဖော်ပြလိုက်သည်။  အယူခံတရားလိုနှင့် စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၁ နှင့်အညီ ဆက်လက် ဆောင်ရွက်စေရန် မူလရုံးအား ညွှန်ကြားလိုက်သည်။`
( ဦးလှရွှေ နှင့် နိုင်ငံတော်၊ ၁၉၉၇၊ မတစ၊ စာ-၇၅ )
* ရူးသွပ်တရားခံအား အမှုမှ အပြီးအပြတ်လွှတ်လျှင် မည်သို့ဆက်လုပ်ရမည်-
   -------------------------------------------------------
 အထက်ပါအတိုင်း တရားခံအား အမှုမှ အပြီးအပြတ် လွှတ်လိုက်တယ်လို့ ဆိုပေမယ့်လည်း အကယ်၍သာ အမှုမှာ ရူးသွပ်တရားခံရဲ့ ပြုလုပ်မှုဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ပေါ်လွင်နေခဲ့တယ် ဆိုရင် (သိနိုင်စွမ်းမရှိတဲ့ အကြောင်းကြောင့်မှတပါး) ပြစ်မှုကျူးလွန်ရာ ရောက်မယ်ဆိုရင်တော့ ၎င်းတရားခံ ကို စိတ်ရောဂါကုဆေးရုံသို့ ပေးပို့၍ ထိန်းသိမ်းထားရမည် ဆိုတဲ့ အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၁(၁)အရ ရုံးတော်က တစ်ဆက်တည်း ချမှတ်ပေးမှာပဲ ဖြစ်ပါတယ်။
* ရူးသွပ်တရားခံကို လွှတ်မိန့်ပေးနိုင်ကြောင်း ဆေးရုံက သက်သေခံလက်မှတ် ထုတ်ပေးလာလျှင်-
   ----------------------------------------------------------------------
 ဖော်ပြခဲ့ပြီးဖြစ်တဲ့ ပုဒ်မ ၄၆၆(၂) (အမှုအတွင်း ဆေးရုံ၌ ထိန်းသိမ်းထားစေခြင်း) နဲ့ ပုဒ်မ ၄၇၁ (တရားခံကို အပြီးအပြတ်လွှတ်ပြီးသည့်တိုင် ဆက်လက်၍ ဆေးရုံ၌ ထိန်းထိမ်းထားစေခြင်း) ပါ ပြဋ္ဌာန်းချက် အသီးသီးအရ ရူးသွပ်တရားခံကို စိတ်ရောဂါကုဆေးရုံက ထိန်းသိမ်းပေးထားခဲ့ရာမှာ ထိုဆေးရုံက တရားခံဟာ သူ့ကိုယ်ကိုဖြစ်စေ၊ အခြားသူ တစ်ဦးတစ်ယောက်ကို ဖြစ်စေ အန္တရာယ် ပြုလိမ့်မယ်လို့ စိုးရိမ်ရန်အကြောင်း မရှိဘဲ လွှတ်မိန့်ပေးနိုင်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးလာရင်တော့ တရားရုံးအနေနဲ့ စိတ်ရောဂါကုဆေးရုံသို့ ရူးသွပ်တရားခံကို ပို့အပ်ခဲ့ခြင်းနှင့် သက်ဆိုင်တဲ့ အမှုတွဲတွေ နဲ့အတူ သက်ဆိုင်ရာ အမှုတွဲ၊ တရားခံအား လက်ခံရရှိကြောင်း ဆေးရုံမှ သက်သေခံလက်မှတ် ရေးထိုးထား တဲ့ ရာဇ၀တ်ပုံစံ ၁၃၃ မူရင်းခွဲ၊ တရားခံရဲ့ ဆေးဘက်ဆိုင်ရာ အတ္ထုပ္ပတ္တိမှတ်တမ်းတွေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ တင်ပေးပို့ရမှာ ဖြစ်ပါတယ်။  တရားခံဟာ စိတ်ကျန်းမာရေး ကောင်းမွန်ပြီး သူ့အပေါ် စွဲဆိုထားတဲ့အမှုကို ထုချေနိုင်စွမ်းရှိပြီလို့ စိတ်ရောဂါကုဆေးရုံမှ တင်ပြချက် ရှိလာပြီဆိုရင်တော့ ယင်းဆေးရုံက ထိုသို့ဖော်ပြပေးပို့လာတဲ့ သက်သေခံဆေးစာနဲ့အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး သို့ အမှုစစ်ရုံးက တင်ပြရမှာဖြစ်ပြီး၊ ယခင် တင်ပို့ထားခဲ့တဲ့ အမှုတွဲကို ပြန်လည်တောင်းခံရမှာ ဖြစ်ပါတယ်။
* သူရူးမှုနှင့် ပတ်သက်၍ ဖတ်မှတ်လေ့လာသင့်သော စီရင်ထုံးများ
   -----------------------------------------------
 သူရူးမှု စစ်ဆေးစီရင်ရာမှာ အထောက်အကူပြု အကျိုးများစေမယ့် စီရင်ထုံးများကို ရှာဖွေ စုဆောင်း ဖော်ပြပေးလိုက်ပါတယ် -
-   အစိုးရ နှင့် ကုလားညို၊ ၁၉၄၁၊ ရန်ကုန်စီရင်ထုံး၊ စာ-၅၄၄
-   အစိုးရ နှင့် မောင်ပို၊ ၁၉၄၆၊ ရန်ကုန်စီရင်ထုံး၊ စာ-၁၈၆
-   ဆပွင့်(ခ)ပေါလူး နှင့် ပြည်ထောင်စု၊ ၁၉၅၀၊ မတစ (လွှတ်တော်)၊ စာ-၃၅၂
-   နိုင်ငံတော် နှင့် ဦးလှခိုင်၊ ၁၉၅၈၊ မတစ (လွှတ်တော်)၊ စာ-၁၄၃
-   စောရင်ဖေ နှင့် ပြည်ထောင်စု၊ ၁၉၅၉၊ မတစ (လွှတ်တော်)၊ စာ-၂၀၅
-   မောင်ထွန်းစိန် နှင့် အစိုးရ၊ ၁၉၆၂၊ မတစ (ရုံးချုပ်)၊ စာ-၃၃၈
-   ပြည်ထောင်စု နှင့် မောင်သံချောင်း၊ ၁၉၆၅၊ မတစ (ရုံးချုပ်)၊ စာ-၁၃၂
-   မောင်စံရွှေ နှင့် ပထစ၊ ၁၉၅၉၊ မတစ (လွှတ်တော်)၊ စာ-၁၄၃
-   မောင်ကုတ်ဦး နှင့် နိုင်ငံတော်၊ ၁၉၆၆၊ မတစ (ရုံးချုပ်)၊ စာ-၁၀၉၆
-   မောင်စိုးသိန်း နှင့် ဆိုရှယ်လစ်၊ ၁၉၇၉၊ မတစ၊ စာ-၄၇
-   ခင်မောင် နှင့် နိုင်ငံတော်၊ ၁၉၆၅၊ မတစ၊ စာ-၃၂၈
-   မောင်ကုတ်ချိ နှင့် နိုင်ငံတော်၊ ၁၉၆၅၊ မတစ၊ စာ-၁၀၉၆
-   ဒေါ်ချစ်မယ် နှင့် နိုင်ငံတော်၊ ၁၉၇၁၊ မတစ၊ စာ-၄၆
-   ဆူရင်ဒတ်ကူးမား နှင့် နိုင်ငံတော်၊ ၁၉၉၄၊ မတစ၊ စာ-၂၃
-   ဦးလှငွေ နှင့် နိုင်ငံတော်၊ ၁၉၉၇၊ မတစ၊ စာ-၇၅
-   ကိုသက်ဦး နှင့် နိုင်ငံတော်၊ ၂၀၀၈၊ မတစ၊ စာ-၁၀၇ (အထူး)
 ရူးသွပ်နေတဲ့ စိတ်ဝေဒနာရှင် တရားခံကို စစ်ဆေး စီရင်ရတဲ့ အရပ်ရပ်သော လုပ်ငန်းစဉ်တွေဟာ ရိုးရှင်းလွယ်ကူလှတဲ့ ကျင့်ထုံးနည်းလမ်းတွေတော့ မဟုတ်ပါဘူး။  လေ့လာ ဖတ်ရှု မှတ်သားသူများအနေနဲ့ အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်တဲ့ ကျင့်ထုံးနည်းလမ်းများကို ထဲထဲဝင်ဝင် လေ့လာဆည်းပူးပါမှ သူရူးမှု စစ်ဆေးခြင်း လုပ်ငန်းစဉ်များကို အကျွမ်းတ၀င် ရှိလာမှာပဲ ဖြစ်ပါတယ်။  သူရူးမှုနဲ့ ပတ်သက်လာရင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၈၄ ပါ ကင်းလွတ်ရမြဲအချက်ဟာ စိတ်ဝေဒနာရှင် ရူးသွပ်တရားခံတွေရဲ့ သက်သာခွင့် လမ်းကြောင်းဖြစ်ပါတယ်။ သက်သေခံဥပဒေ ပုဒ်မ ၁၀၅ အရ အချင်းဖြစ်စဉ်က မိမိမှာ ရူးသွပ်နေလို့ မိမိရဲ့ပြုလုပ်မှု ဘယ်လိုသဘောရှိတယ်၊ မတော်မမှန်မှုဖြစ်တယ်၊ ဥပဒေနဲ့ ဆန့်ကျင်တယ် စတာတွေကို မသိနိုင်ခဲ့လို့သာ ပြုလုပ်မိခြင်း ဖြစ်တဲ့အတွက် ကင်းလွတ်ရမြဲအချက် အတွင်း ကျရောက်နေပါ ကြောင်း တရားခံက ချေပမယ် ဆိုရင်တော့ ထိုသို့အဆိုရှိသူမှာ သက်သေပြဖို့တာဝန် ကျရောက်ပါတယ်။ 
ဒါပေမယ့် ထူးထူးခြားခြား မှတ်သားရမှာတစ်ခုက ရူးသွပ်သူ တရားခံမှာ သက်သေပြဖို့ တာဝန်ကျရောက် နေလင့်ကစား ၎င်းရူးသွပ်နေစဉ် အချိန်ဝန်းကျင်က အဖြစ်အပျက်တွေကို ကောင်းစွာ မှတ်မိနိုင်ဖို့က မဖြစ်နိုင်သလောက်ပဲ ဆိုတော့ အချို့သောကိစ္စရပ်မျိုးတွေမှာ သူရူးတရားခံက သူ့အနေနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၈၄ ရဲ့ အကာအကွယ်ကို ရထိုက်ပါတယ်လို့ ထုချေခြင်း မပြုခဲ့စေကာမူ အမှုမှာ ပေါ်ပေါက်တဲ့ သက်သေခံချက်များနဲ့တကွ အမှုအဖြစ်အပျက် အကြောင်းအရာတို့က တရားခံဟာ ပြစ်မှုဖြစ်ပွားစဉ်က ရူးသွပ်နေကြောင်း ထင်ရှားစေမယ်ဆိုရင်တော့ သူ့အပေါ် ကျရောက်တဲ့ သက်သေပြရန်တာဝန်ကို ကျေပြွန်တယ်လို့ပဲ မှတ်ယူရပါမယ်။  ဒါက အမှုဖြစ်စဉ်မှာကိုက သက်သေခံချက်တွေ ပေါ်ပေါက်လာတဲ့အခါ မျိုးမှာ ဆိုလိုတာဖြစ်ပါတယ်။ အရာခပ်သိမ်းတော့ ကင်းလွတ်ချက်ထဲ ကျရောက်တယ်လို့ ပေါ့ပေါ့လွယ်လွယ် မတွေးသင့်ပါဘူး။  ယင်းမူသဘောနဲ့ ပတ်သက်လို့  မောင်ကုတ်ချိ နှင့် နိုင်ငံတော် ( ၁၉၆၅၊ မတစ (ရုံးချုပ်)၊ စာ-၁၀၉၆ )မှာ ထုံးဖွဲ့စီရင်ထားတာကိုလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။
 စာရှုသူတို့အနေနဲ့ အဆင်ပြေ ချောမွေ့စွာ လေ့လာ မှတ်သားနိုင်စေဖို့ တရားရုံး လုပ်ထုံးလုပ်နည်း တွေကို မူရင်းပြဋ္ဌာန်းချက်များမှ စကားပြေပြန်ကာ တင်ပြခဲ့တဲ့နေရာမှာ အားနည်းချက်၊ လိုအပ်ချက်များ ရှိခဲ့ရင် စာရေးသူဖြစ်တဲ့ ကျွန်တော့်ရဲ့တာဝန်သာ ဖြစ်ပါတယ်။  ပြည်ထောင်စုတရားစီရင်ရေးဥပဒေရဲ့ တရား စီရင်ရေးဆိုင်ရာမူများထဲက တစ်ချက်ဖြစ်တဲ့ `ဥပဒေကို ပြည်သူများက နားလည်လိုက်နာ ကျင့်သုံးလာ စေရန် ပညာပေးရေးနှင့် ပြည်သူများက ဥပဒေကို လိုက်နာသော အလေ့အကျင့် ပျိုးထောင်ပေးရေး`ဆိုတဲ့ မူကို ကျွန်တော့်အနေနဲ့ တစ်ထောင့်တစ်နေရာက တတ်စွမ်းသမျှလေးနဲ့ အကောင်အထည် ဖော်ပေးနေခြင်း ဖြစ်လို့ မွန်မြတ်သော ဥပဒေရေးရာ စာပေများကို ဆက်လက်မျှဝေပေး သွားမှာဖြစ်ပါတယ်ခင်ဗျာ။
လွှမ်းမိုးအောင် (တရားရေး)
ငွေရလိုမှုတွင် အတိုးငွေ (Interest) ခွင့်ပြုခြင်း
ယခု ကျွန်တော် တင်ပြမယ့် အကြောင်းအရာကတော့ ငွေရလိုမှုများမှာ အတိုးငွေ သတ်မှတ်ခွင့်ပြု ပေးခြင်းနှင့် စပ်လျဉ်းတဲ့ ဥပဒေ ဗဟုသုတများကို ပြန်လည် မျှဝေသွားမှာ ဖြစ်ပါတယ်။  အမှုမှာ ဆုံးခန်းတိုင်စေတဲ့ စီရင်ချက်ကို စစ်ဆေးစီရင်တဲ့ တရားရုံးက ရေးသားချမှတ်တဲ့အခါမှာ အတိုးနဲ့တကွ ငွေရလိုကြောင်း စွဲဆိုမှုမျိုး ဖြစ်ရင် အမှုမှာ တရားပြိုင်က တရားလိုထံ အတိုးပေးပါမယ်လို့ ကတိပဋိညာဉ် ပြုထားခြင်း ရှိ၊ မရှိ၊  တရားဥပဒေ တစ်ရပ်ရပ် အရ တရားလိုဟာ အတိုးရထိုက်ခွင့် ရှိ၊ မရှိ ဆိုတာတွေကို စိစစ်ဆုံးဖြတ်ဖို့ လိုပါတယ်။  အမှုပေါ်ပေါက်ချက်တွေအရ တရားလိုဘက်ကို အသာပေး ဖြေ ဆိုတယ် ဆိုရင်တော့ တရားလိုဟာ ငွေမည်ရွေ့မည်မျှကို ရထိုက်ခွင့်ရှိကြောင်း ဆုံးဖြတ်ပေးရတဲ့အပြင်၊ အတိုးငွေကိုလည်း ရထိုက်ခွင့် ရှိ၊ မရှိ ဆုံးဖြတ်ပေးရပါတယ်။ အတိုးရထိုက်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ရင်တော့ မည်သို့သော အတိုး နှုန်းထားနဲ့ ရထိုက်ခွင့်ရှိမယ် ဆိုတာကိုလည်း ဆက်လက် ထည့်သွင်းဆုံးဖြတ် ပေးရမှာပဲ ဖြစ်ပါတယ်။
ဒီလို အတိုးသတ်မှတ်ပေးရာမှာ အပိုင်း(၃)ပိုင်း ရှိတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။
(၁)   တရားရုံးက ဆုံးဖြတ်သတ်မှတ်ပေးတဲ့ ငွေရင်းအပေါ်မှာ ငွေချေးတဲ့နေ့ကစလို့ တရားစွဲဆိုတဲ့နေ့အထိ ကာလအတွက် အတိုး၊
(၂)   တရားစွဲဆိုတဲ့နေ့မှ ဒီကရီချမှတ်တဲ့ နေ့အထိ ကာလတွက် အတိုး နဲ့
(၃)   ဒီကရီ ချမှတ်တဲ့နေ့မှ ငွေအပြေအကျေ ပေးဆပ်တဲ့ ကာလအတွက် အတိုး ဆိုပြီး အပိုင်း(၃)ပိုင်း ရှိပါတယ်။  အပိုင်းတစ်ပိုင်းချင်းအလိုက် ခွဲခြားစိတ်ဖြာ လေ့လာကြည့်ကြပါစို့။
(၁) ငွေချေးသည့်နေ့မှ တရားစွဲဆိုသည့်နေ့အထိ အတိုး။
          ငွေချေးတဲ့နေ့ကစလို့ တရားစွဲဆိုတဲ့နေ့အထိ အတိုးကို ခွင့်ပြုပေးရာမှာ (၂)ပိုင်း ခွဲခြား စဉ်းစားရပါမယ်။
          (၁)   သတ်မှတ်ထားတဲ့နှုန်းဖြင့် အတိုးပေးရန် သတ်မှတ်ချက် ရှိတဲ့ ကိစ္စ နဲ့
          (၂)   အတိုးပေးရန် သတ်မှတ်ထားခြင်း မရှိတဲ့ ကိစ္စ။
          ပထမအပိုင်း(၁)ကို စဉ်းစားတဲ့အခါမှာ တရားလိုနဲ့ တရားပြိုင်တို့ဟာ အတိုးနှုန်း သတ်မှတ်ထားခဲ့ ကြတယ် ဆိုရင် သူတို့သတ်မှတ်တဲ့ အတိုးနှုန်းဟာ မြင့်မားလွန်းတယ်လို့ ယူဆနိုင်စေကာမူ တရားရုံး အနေနဲ့တော့ သူတို့သဘောတူခဲ့ကြတဲ့ အတိုးနှုန်းထားအတိုင်းပဲ (ငွေချေးသည့်နေ့မှ တရားစွဲဆိုသည့်နေ့ အထိ) အတိုး ခွင့်ပြုပေးရမှာပဲ ဖြစ်ပါတယ်။  ဒါပေမယ့်လို့ သူတို့သဘောတူခဲ့ကြတဲ့ အတိုးနှုန်းထားဟာ ဒဏ်ခတ်တဲ့သဘော (penal) သတ်မှတ်တဲ့ အတိုးနှုန်း ဖြစ်ခဲ့ရင် ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၇၄ အရ တရားရုံးက သင့်တော်သည် ထင်တဲ့အတိုင်း အတိုးနှုန်း သတ်မှတ်ပေးနိုင်ပါတယ်။  နောက်တစ်ချက်က အတိုးနှုန်းထားဟာ ဆိုခဲ့သလို ဒဏ်ခတ်တဲ့သဘောမျိုး မဟုတ်ဘူးလို့ ဆိုနိုင်စေကာမူ အတိုးနှုန်း အလွန် ကြီးမြင့်လွန်းပြီး တရားမျှတမှု မရှိဘူးလို့ ရုံးက သုံးသပ်ယူဆရင် အတိုးနှုန်းကို လျှော့ချသတ်မှတ် ပေးနိုင် ပါတယ်။
          ဒုတိယအပိုင်း(၂)အရ အတိုးပေးရန် သတ်မှတ်ချက် အတိအလင်း မရှိတဲ့ကိစ္စမှာ ယေဘုယျ အားဖြင့် အတိုးရထိုက်ခွင့် မရှိပါဘူး။  ဒါပေမယ့် ကူးသန်းရောင်းဝယ်ရေး လောကမှာ အတိုးပေးရန် ထုံးစံရှိတဲ့ ကိစ္စမျိုးမှာ ယင်းသို့ ထုံးစံရှိကြောင်းကို တရားလိုက သက်သေထင်ရှား တင်ပြနိုင်ခဲ့ရင် အတိုး ရထိုက်ခွင့် ရှိမယ်။  ဥပဒေပြဋ္ဌာန်းချက် တစ်ရပ်ရပ်မှာ အတိုးရထိုက်ခွင့် ရှိကြောင်း (သို့မဟုတ်) အတိုး ခွင့်ပြု နိုင်ကြောင်း ဥပဒေပြဋ္ဌာန်းချက်ရှိရင် တရားရုံးအနေနဲ့ အတိုးပေးရန် တာဝန်ရှိတယ်။  ဒါ့အပြင် အမှုသည် တို့ချင်း ဆက်ဆံဆောင်ရွက်ပုံ အစဉ်အလာအရ အတိုးပေးရန် သဘောတူညီတဲ့ အဓိပ္ပာယ် သက်ရောက် သော (၀ါ) သဘောတူညီရာ ရောက်သောကိစ္စ တွေမှာလည်း အတိုးရနိုင်ပါသေးတယ်။
 (၂) တရားစွဲဆိုသည့်နေ့မှ ဒီကရီကျသည့်နေ့အထိ အတိုး။
          တရားစွဲဆိုတဲ့နေ့မှ ဒီကရီကျသည့်နေ့အထိ အတိုးနှုန်းကိုတော့ တရားရုံးရဲ့ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ပေးရတာ ဖြစ်ပါတယ်။  သို့သော်လည်း ပဋိညာဉ်ပါ အတိုးနှုန်းကို ခွင့်ပြုလိုက်ခြင်းဖြင့် တရားမျှတမှု ကင်းမဲ့စရာ မရှိနိုင်ဘူးဆိုရင်တော့ ပဋိညာဉ်ပါ အတိုးနှုန်းကိုသာ ခွင့်ပြုသင့်ပါတယ်။  အဆိုလွှာမှာ တရားလိုက အတိုးပေးရန် အတိအလင်း အတိုးတောင်းဆိုခြင်း မရှိလင့်ကစား အမိန့် ၇၊ နည်းဥပဒေ ၇ အရ အတိုးပေးစေရန် တရားရုံးက အမိန့်ချမှတ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။
မကြင်တင် ပါ-၅ နှင့် ပြည်သူ့ဘဏ် (၁၁) (၁၉၆၉၊ မတစ (ရုံးချုပ်)၊ စာ-၂၀၀) စီရင်ထုံးမှာ အောက်ပါအတိုင်း လမ်းညွှန်ထုံးဖွဲ့ထား တာကိုလည်း တွေ့ရပါတယ်။
          တရားစွဲဆိုသည့်နေ့မှ ဒီကရီချမှတ်သည့် နေ့အထိ အတိုးနှုန်းကို မူလရုံးနှုန်းအတိုင်း ငွေတစ်ရာ၊ တစ်နှစ် ကိုးရာခိုင်နှုန်း ခွင့်ပြုခဲ့သည်ကို တွေ့ရ၏။  ပဋိညာဉ်အရ နှစ်ဦးသဘောတူ ခဲ့သည့်အတိုင်း ခြောက် ရာခိုင်နှုန်းသာ ဖြစ်ပေသည်။  တရားရုံးအနေဖြင့် ပဋိညာဉ်အရ သဘောတူခဲ့သည့် အတိုးနှုန်းသည် ရုံးခွန်ထက် များနေမှသာ သက်သာသော ရုံးနှုန်းအတိုင်း အတိုးငွေကို ခွင့်ပြုလေ့ရှိပေသည်။  ပဋိညာဉ်အရ သဘောတူခဲ့သော အတိုးနှုန်းသည် ရုံးနှုန်းထက် နည်းနေပါမူ သက်သာသည့် အတိုးနှုန်းကိုသာ ခွင့်ပြုသင့် သည်။
(၃) ဒီကရီကျသည့်နေ့မှ ငွေပေးချေသည့်နေ့အထိ အတိုး။
          ဒီကရီကျတဲ့နေ့မှ ငွေပေးချေတဲ့နေ့အထိ ပေးရမယ့် အတိုးနှုန်းမှာလည်း တရားရုံးက ဆင်ခြင်တုံ တရားနဲ့ ဆုံးဖြတ်ရတာပဲ ဖြစ်ပါတယ်။  ဒီကရီကျတဲ့နေ့ကစလို့ အတိုးပေးရမယ်လို့ အတိုးနှုန်း သတ်မှတ်ခြင်း မရှိဘဲ တရားရုံးက အမိန့်ချမှတ်ပေးထားတယ် ဆိုရင်တော့ ဒီကရီရသူဟာ တရားရုံးရဲ့ နှုန်းဖြစ်တဲ့ (၆)ရာခိုင်နှုန်း အတိုး ရခွင့်ရှိပါမယ်။  တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၃၄ အရ ဒီကရီ အနိုင်ရသူသို့ ခွင့်ပြုတဲ့ ရုံးအတိုးနှုန်းကို သာမန်အားဖြင့် ငွေကျပ် (၁၀၀)လျှင် (၉)ကျပ်နှုန်းဖြစ်စေ၊ ပဋိညာဉ်အရ ၄င်းအောက်ကျ သောအတိုးကိုဖြစ်စေ သတ်မှတ်ရမယ်လို့ တရားရုံးများလက်စွဲ အပိုဒ် ၁၇၃ မှာ ညွှန်ပြထားပါတယ်။  ဒီကရီအရ အတိုးပေးရန် အမိန့်ချမှတ်ထားခြင်း မရှိရင် အတိုးပေးရန်ကိစ္စကို တရားရုံးက ငြင်းပယ်ခြင်းသာ ဖြစ်တယ်လို့ မှတ်ယူရမှာ ဖြစ်ပြီး၊ ယင်းအတိုးအတွက် အမှု သီးခြား စွဲဆိုနိုင်ခွင့် မရှိပါဘူး။
          ပြည်သူ့ဘဏ်အမှတ်(၉) နှင့် မက်ဆားစ် နေရှင်နယ် စီးကရက် ကုမ္ပဏီပါ-၁၆ (၁၉၆၇၊ မတစ (ရုံးချုပ်)၊ စာ-၂၃၀) အမှုမှာလည်း အောက်ပါအတိုင်း စီရင်ထုံးဖွဲ့ထားတာကို လေ့လာနိုင်ပါတယ်။
          တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၃၄ အရ တရားရုံးချုပ်သည် မိမိသင့်တော်သည်ဟု ထင်မြင်သည့် နှုန်းထားအတိုင်း အတိုးပေးရန် အမိန့် ချမှတ်နိုင်သည်။  သို့ရာတွင် ထိုကဲ့သို့ အမိန့်ချမှတ်ရာ၌ မိမိတို့ ထင်သလို အမိန့် ချမှတ်သည်မဟုတ်။  တရားမျှတမှုကို အဓိကထား၍ အစဉ်တစိုက် လိုက်နာအပ်သည့် မူနှင့် ဥပဒေသများ အတိုင်းသာလျှင် အမိန့်ချမှတ်ရမည် ဖြစ်သည်။  အယူခံတရားလိုများနှင့် အယူခံ တရားခံများသည် ချေးငွေများအတွက် တစ်နှစ်လျှင် (၇)ရာခိုင်နှုန်း အတိုးပေးရန် သဘောတူညီခဲ့ကြပြီး ဖြစ်သည်။  ထိုကဲ့သို့ နှစ်ဦး သဘောတူညီမှု ရရှိခဲ့သော်လည်း အလွန်ခိုင်လုံသည့် အကြောင်းပြချက်များ မရှိဘဲ တရားရုံးသည် ထိုနှုန်းထားအတိုင်း ဒီကရီ ချမှတ်သည့်နေ့အထိ အတိုးပေးရန် အမိန့် ချမှတ် သင့်သည်။  အဘယ့်ကြောင့်ဆိုသော် ထိုအတိုးနှုန်းသည် တရားမျှတသည့် အတိုးနှုန်း ဖြစ်သည်။  များပြားလှသော အတိုးနှုန်းဖြစ်သည်ဟု မယူဆနိုင်။  တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၃၄ အရ တရားရုံးသည် ဒီကရီချမှတ်သည့်နေ့မှ ဒီကရီငွေများ ရရှိသည်အထိ သင့်တော်သည့်နှုန်းဖြင့် အတိုးပေးစေရန် အမိန့်ချမှတ် နိုင်သည်။  သို့ရာတွင် ထိုအာဏာကို အသုံးပြုရာ၌ တရားမျှတရာ ရောက်မည့် အမိန့်မျိုးကိုသာ ချမှတ်နိုင် မည်ဖြစ်သည်။
          နှစ်ဦးနှစ်ဘက် အတိုးငွေအတွက် ကတိပဋိညာဉ်ရှိကြောင်း ပေါ်ပေါက်ရင် ထိုပဋိညာဉ်အတိုင်း အတိုးသတ်မှတ်ပေးနိုင်တာဖြစ်ပါတယ်။  ပဋိညာဉ် မရှိတဲ့ ကိစ္စမျိုးတွေမှာ တရားလိုက အတိုးသတ်မှတ် ပေးဖို့ တောင်းဆိုလာခဲ့ရင်တော့ တရားရုံးက အတိုးထည့်သွင်း စဉ်းစားပေးသင့်တယ်လို့ ထင်ရင် ဆင်ခြင်တုံတရား အလျောက် အတိုးနှုန်းထား သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။  ထိုသို့ အတိုးသတ်မှတ်ပေးဖို့ အကြောင်းပေါ်ပေါက်တဲ့အခါ မည်သို့သော အကြောင်းတရားများကို အထောက်အထားပြု၍ မည်သို့သော အတိုးနှုန်းထားဖြင့် ခွင့်ပြုပေးသင့်ကြောင်းကို သုံးသပ်ဖော်ပြပေးရမှာ ဖြစ်ပါတယ်။   ဒီလို သုံးသပ်ချက် ရှိနေမှသာ တရားရုံးအနေနဲ့ ဆင်ခြင်တုံတရားကို အပြည့်အ၀ သုံးစွဲခဲ့တယ်ဆိုတာ မြင်သာစေနိုင်မှာ ဖြစ်လို့ပါပဲ။       ငွေရလိုမှုတွေမှာ အချို့အမှု တွေက မေတ္တာနဲ့ ချေးငှားကူညီ ပေးလိုက်တာမျိုးကြောင့် ပေါ်ပေါက်လာရတဲ့ အမှုတွေရှိသလို၊ အတိုးရလိုမှုနဲ့ ငွေချေးငှားခဲ့ရာမှ ပေါ်ပေါက်လာရတဲ့ အမှုတွေလည်း ရှိလေတော့ ဒီလိုငွေချေးငွေငှား အမှုအခင်းတွေ ပေါ်ပေါက်လာလို့ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းကြတဲ့အခါ အခြေခံကျတဲ့ ဥပဒေ ပြဿနာရပ်တွေကို အများပြည်သူတို့ လွယ်လင့်တကူ နားလည်သဘောပေါက် ထားကြရင် လွန်စွာ အကျိုးများလှမှာပဲ ဖြစ်ပါတယ်။
လွှမ်းမိုးအောင် (တရားရေး)
ခံဝန်ချုပ် ဖောက်ဖျက်မှုအပေါ် အရေးယူခြင်း
ပြစ်မှုဆိုင်ရာဥပဒေနှင့် အခြားဥပဒေတစ်ရပ်ရပ်အရ တရားခံများအပေါ် အရေးယူထားတဲ့ အမှုတွေမှာ ၎င်းတို့ ကျူးလွန်တဲ့ ပြစ်မှုအမျိုးအစားအလိုက် အာမခံပေးရမည့်ပြစ်မှု နဲ့ အာမခံ မပေးနိုင်သောပြစ်မှု ဆိုပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ ဒုတိယဇယား၊ စာတိုင်(၅)မှာ နှစ်မျိုးနှစ်လီ ခွဲခြားသတ်မှတ်မှု ရှိပါတယ်။ အမှုကို တရားရုံးသို့ တရားစွဲတင်ပို့ခြင်း မပြုမီ ရဲတပ်ဖွဲ့က စုံစမ်းထောက်လှမ်း စစ်ဆေးနေဆဲ ကာလအတွင်း အာမခံပေးနိုင်သော အမှုမျိုးမှာ ရဲစခန်းမှူးအနေနဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၇၀(၁)အရ တရားခံကို အာမခံ ပေးထားနိုင်ပါတယ်။ ပြစ်မှုဟာ အာမခံ မပေးနိုင်သော အမှုဖြစ်မယ် ဆိုရင်လည်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇ အရ ရဲစခန်းမှူး နဲ့ တရားရုံးက အာမခံ ပေးနိုင်ခွင့် ရှိပါတယ်။  တရားခံကို ရဲခံဝန်နဲ့ တရားရုံးသို့ စွဲတင်ပို့တဲ့အခါ ၎င်းတရားခံကို အာမခံနဲ့ တင်ပို့ရမှာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ က အမှုကို စုံထောက်စစ်ဆေးနေစဉ် ချုပ်မိန့် (Remand)ကာလအတွင်းမှာ တရားရုံးက အာမခံပေးထား တယ်ဆိုရင်တော့ အဲဒီအမှုကို တရားရုံးသို့ စွဲဆိုတင်ပို့ရာမှာ တရားခံကို တရားရုံးခံဝန်အရ အာမခံနဲ့ တင်ပို့ရ ပါတယ်။  တရားရုံးကို အမှုစွဲတင်လာတဲ့နေ့မှာ တရားခံကို ယခင်က ပေးထားခဲ့တဲ့ ရဲအာမခံ (သို့မဟုတ်) ရုံးအာမခံတွေဟာ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်ပါတယ်။  တရားခံကို အမှုလက်ခံစစ်ဆေးမယ့် တရားရုံးက ဆက်လက်ပြီး အာမခံခွင့်ပြုပေးတယ်ဆိုရင် ခံဝန်ချုပ်အသစ် ထပ်မံချုပ်ဆိုရပါတယ်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၃ အရ တရားရုံးအနေနဲ့ တရားခံကို အာမခံသူများနဲ့ဖြစ်စေ၊ အာမခံသူများ မပါဘဲဖြစ်စေ ခံဝန်ချုပ်ဆိုစေရန် တောင်းဆိုတဲ့အခါမှာ ရုံးအနေနဲ့ တရားခံကို ခံဝန်ချုပ်ဆို စေမယ့်အစား (ကောင်းမွန်စွာ နေထိုင်ရန် ချုပ်ဆိုတဲ့ ခံဝန်ချုပ်မှတပါး) သင့်တော်သော အရေအတွက်ရှိတဲ့ ငွေတစ်ရပ်ကို ဖြစ်စေ၊ အစိုးရငွေပေးကတိစာချုပ်ကိုဖြစ်စေ တင်သွင်းစေရန် ခွင့်ပြုနိုင်ပါတယ်။  အာမခံတန်ဘိုးကို မတန်တဆတော့ တောင်းလို့မရပါဘူး။
တရားခံ ထွက်ပြေးလျှင် သော်လည်းကောင်း၊ အကြောင်းမဲ့ ရုံးချိန်းပျက်ကွက်လျှင် သော် လည်းကောင်း ခံဝန်သူတို့အား တရားခံကို ရှာရန် အချိန်ပေးသင့်ပါတယ်။  တရားရုံးက သင့်တော်သလို သတ်မှတ်ချိန်းဆိုတဲ့ ရုံးချိန်းနေ့ရက်တိုင် ခံဝန်သူတွေဟာ တရားခံကို ရှာဖွေမတွေ့တော့တဲ့ အခါမှသာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၄ အရ ပြစ်မှုဆိုင်ရာ အထွေထွေမှု ဖွင့်လှစ်ပြီး အရေးယူ ဆောင်ရွက်သင့်ပါတယ်။ ခံဝန်သူတွေ ရုံးရှေ့ရောက်ရှိတဲ့အခါ ၎င်းခံဝန်သူ တို့ကို ထုချေလွှာ တောင်းခေါ်ရပါမယ်။  ပြီးမှသာ တရားရုံးက ၎င်းတို့အပေါ် ခံဝန်ချုပ်ပါ အာမခံကြေးကို အပြည့်ဖြစ်စေ၊ အချို့အ၀က်ကို ဖြစ်စေ ပေးလျော်စေရန် အမိန့် ချမှတ်နိုင်သလို၊ လွတ်ငြိမ်းချမ်းသာခွင့် လည်း ပေးနိုင်ပါတယ်။
လူအာမခံ ခံဝန်ချုပ် ဖောက်ဖျက်မှုကြောင့် အရေးယူတဲ့အခါမှာ တရားခံနှင့် ခံဝန်သူများ အားလုံး အပေါ်မှာ အတူတကွ ပူးတွဲ၍ဖြစ်စေ၊ သီးခြားစီဖြစ်စေ ပေးလျော်ရန် တာဝန်ရှိကြောင်းကို မောင်မြကြီး ပါ(၂) နှင့် နိုင်ငံတော် (၁၉၅၉၊ မတစ (လွှတ်တော်)၊ စာ-၁၆၀)မှာ စီရင်ထုံးဖွဲ့ထားပါတယ်။
ရုံးက ချမှတ်တဲ့ ဒဏ်ကြေးငွေကို ငြင်းဆန်မယ် ဆိုရင်တော့ ခံဝန်သူတွေ ပိုင်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင် သောပစ္စည်းများကို ၀ရမ်းကပ် ရောင်းချပြီး ဒဏ်ကြေးကို ရယူနိုင်ပါတယ်။  ယင်းသို့ ဒဏ်ကြေးကောက်ခံရာ မှာ ဘယ်လိုဘယ်ပုံ လိုက်နာဆောင်ရွက်ရမယ် ဆိုတာကို ဦးသာရင် နှင့် ဦးစိန်မောင် (၁၉၆၅၊ မတစ (ရုံးချုပ်)၊ စာ-၆၃) မှာ အကျယ်တ၀ံ့ လမ်းညွှန် ထုံးဖွဲ့ထားတာဖြစ်လို့ ရှာဖွေဖတ်ရှုသင့်ပါတယ်။   တကယ်လို့ ခံဝန်သူတွေဟာ ဒဏ်ကြေးကို ငွေသားနှင့်လည်း ပေးဆောင်ခြင်း မရှိ၊ ပစ္စည်းဝရမ်း စွဲကပ်ရောင်းချဖို့ ကလည်း မဖြစ်နိုင်ဘူး ဆိုရင်တော့ ခံဝန်သူအပေါ် တရားမထောင်ဒဏ် (၆)လအထိ ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၄ (၄) မှာ ပြဋ္ဌာန်းပါရှိပါတယ်။
တရားရုံးတစ်ရုံးကနေ အခြားတစ်ရုံးကို (အာမခံပေးထားတဲ့ တရားခံအပေါ် စွဲဆိုထားတဲ့) အမှုတွေ လွှဲပြောင်းပေးဖို့ အကြောင်း ပေါ်ပေါက်လာတာမျိုး တစ်ခါတစ်ရံ ရှိတတ်ပါတယ်။  ဒီလို ရုံးပြောင်းလာတဲ့ အမှုမှာ လွှဲပြောင်းလိုက်တဲ့ ရုံးသို့သော်လည်းကောင်း၊ လွှဲပြောင်းပေးပို့ လက်ခံရတဲ့ရုံးသို့ သော် လည်းကောင်း တရားခံ ရောက်မလာဘူး ဆိုရင် အဲဒီလို တရားခံ မလာရောက်တာကို အကြောင်းပြုပြီး မူလရုံးက ခံဝန်ချုပ်အရ ငွေကို ဘဏ္ဍာတော်အဖြစ် သိမ်းယူရန် အာဏာ မရှိပါဘူး။  ဒီမူသဘောကို မောင်ငယ် နှင့် အစိုးရ (အတွဲ(၂)၊ ရန်ကုန် စီရင်ထုံး၊ စာ-၅၀၁) မှာ ဆုံးဖြတ်ထားပါတယ်။  ခံဝန်ချုပ်ပေါ်မှာ "အမှုလွှဲပြောင်း လိုက်တဲ့ တရားရုံးသို့ လာရောက်ရန် တာဝန်ရှိကြောင်း" ဖော်ပြမထားဘူး ဆိုရင်တော့ တရားခံဟာ ထိုရုံးကို မလာတဲ့အတွက် ခံဝန်ချုပ်ပါ ငွေကို ဘဏ္ဍာအဖြစ် သိမ်းယူခြင်း ပြုနိုင်မှာ မဟုတ်ဘူး ဆိုတာ ကိုလည်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၇၀(၃) နဲ့ တရားရုံးများလက်စွဲ အပိုဒ် ၅၂၁ မှာ ညွှန်ပြထားတာကို သတိပြုကြရ ပါမယ်။
 အောက်တွင်ဖော်ပြမယ့် ဒေါ်ရှုရင် (ခ) ဒေါ်အေးအေးမြင့် နှင့် နိုင်ငံတော် (၁၉၈၉၊ မတစ၊ စာ-၃၀) အမှုကို ဆက်လက်လေ့လာ ကြည့်ပါ။
 "တိုင်းတရားရုံးရှေ့တွင် ပြုလုပ်သော ခံဝန်ချုပ်သည် တိုင်းတရားရုံးရှေ့၌သာ အတည် ဖြစ်ပြီး မြို့နယ်တရားရုံးသို့ ရောက်ရှိသွားသည့် နေ့တွင် ယင်းခံဝန်ချုပ်သည် ဆက်လက် တည်ရှိခြင်း မရှိတော့ပေ။  အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်ရာ မြို့နယ်တရားရုံးအနေဖြင့် ခံဝန်ချုပ်ဖြင့် တရားခံအား ဆက်လက်ထား သောအမှုမျိုးတွင် ခံဝန်ချုပ် အသစ်ကို ပြန်လည်ပြုလုပ်ရမည်။"
ရဲအရာရှိက ရယူတဲ့အာမခံ ခံဝန်ချုပ်ကို တရားခံက ဖောက်ဖျက်တဲ့အခါမှာ အာမခံသူတွေအပေါ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၄ အရ အရေးယူခဲ့ခြင်းနဲ့ စပ်လျဉ်းလို့ စိတ်ဝင်စားဖွယ် ပြဿနာတစ်ရပ်ကိုလည်း အောက်မှာ ဆက်လက်လေ့လာကြည့်ပါ။  ဦးအောင်ကြည် ပါ(၂) နှင့် နိုင်ငံတော် (၂၀၀၁၊ မတစ၊ စာ-၁၃) မှာ ထုံးဖွဲ့ထားတာဖြစ်ပြီး မမှားရအောင် သတိဆောင်နိုင်မယ့် စီရင်ထုံးဖြစ်လို့ ဖော်ပြပေးလိုက်ပါတယ်။
"အာမခံမပေးနိုင်သော ပြစ်မှုနှင့် စွပ်စွဲခံရသူကို အာမခံပေးနိုင်ခွင့်မှာ ရဲစခန်းမှူးနှင့် တရားရုံး ကသာ ဖြစ်သည်။  စခန်းမှူးအောက် ရာထူးနိမ့်သော အရာရှိက အာမခံ မပေးနိုင်။  ဤအမှုတွင် မည်သူက အာမခံပေးကြောင်း ဖော်ပြမထားပေ။  အမှုဖွင့်တိုင်ကြားသူ ဒုရဲအုပ် ဌေးဝင်း၏ တိုင်ကြားချက်တွင်လည်း ယင်းအကြောင်းကို ဖော်ပြမထားပေ။  ခံဝန်ချုပ်ကို မည်သူ၏ ရှေ့တွင် ပြုလုပ်ကြောင်းကိုလည်း ဖော်ပြမထားပေ။  တရားခံအား (ပ)နံပါတ်- ၆၄၈/၉၉ တွင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၀၆ အရ အမှုဖွင့်သော်လည်း ခံဝန်ချုပ်တွင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၂၀ ကို ဖော်ပြပြီး ခံဝန်ချုပ်ဆိုထား သည်ကို တွေ့ရသည်။  သို့ဖြစ်ရာ အဆိုပါ ခံဝန်ချုပ်သည် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်သော ခံဝန်ချုပ် ဖြစ်သည်ဟု ဆိုရန် ခဲယဉ်းသည်။  ယင်းခံဝန်ချုပ်ကို ဖောက်ဖျက်မှုဖြင့် အာမခံသူများအပေါ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၄ အရ အမှုဖွင့် အရေးယူပြီး ဒဏ်ကြေးငွေ ပေးဆောင်စေရန် ချမှတ်ထားသော အမိန့်မှာ ဥပဒေအရ မှန်ကန်သည်ဟု ဆိုနိုင်မည် မဟုတ်ပေ။"
တရားရုံးချုပ်က ထုတ်ပြန်ခဲ့တဲ့ (၁၅-၁၁-၁၉၉၁) ရက်စွဲပါ အမှာစာအမှတ်၊ ၂၃၁/၄၂၇/၉၁(လထန) ရှိ အမှာစာ အပိုဒ်(၂)နဲ့ (၃)ရဲ့ အောက်ပါ နမူနာပြ လမ်းညွှန်မှာကြားချက်နဲ့ ဒီပို့စ်လေးကို အဆုံးသတ်ပါရစေ။
(၂)     မြို့နယ်တရားရုံး တစ်ရုံးတွင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၈၀၊ ပုဒ်မ ၄၅၄၊ ပုဒ်မ ၃၄ အရ တရားစွဲဆိုခြင်း ခံရသော တရားခံအား ကျပ်တစ်သောင်းတန် အာမခံသူနှစ်ဦးဖြင့် ခံဝန်ချုပ်ဆို၍ အာမခံပေးထားရာမှ ယင်းတရားခံ ထွက်ပြေးသည့် ကိစ္စ၌ အာမခံသူများ ဒဏ်ကြေးငွေ ကျပ်ငါးရာစီ ပေးဆောင်ရန် တရားရုံးက အမိန့်ချမှတ်ထားသည်ကို တွေ့ရပါသည်။  ဤကဲ့သို့ သက်ညှာစွာ ဒဏ်ကြေးငွေ ပေးဆောင်ရန် အမိန့်ချမှတ်ခြင်းသည် အာမခံဖြင့် နေခွင့်ပြုထားသော တရားခံများ လွယ်လွယ်ဖြင့် ရုံးချိန်းပျက်ကွက်ခြင်း၊ ထွက်ပြေးခြင်းနှင့် အာမခံသူများ အနေဖြင့်လည်း ပေါ့ပေါ့တန်တန် အာမခံကြခြင်းများကို အားပေးရာ ရောက်ပါသည်။  ထို့ပြင် တရားခံ ရုံးချိန်းပျက်ကွက်ခြင်း၊ တိမ်းရှောင်နေခြင်းများ ရှိသည်နှင့်အမျှ အမှုများလည်း ကြန့်ကြာပြီး မှန်မှန်နှင့်မြန်မြန် စစ်ဆေးရေးကို တစ်နည်းတစ်ဖုံ ထိခိုက်ရာ ရောက်ပါသည်။  တရားရုံးရှေ့၌ ခံဝန်ချုပ် ချုပ်ဆိုခြင်းကို လွယ်လွယ်ဖောက်ဖျက် ခြင်းဖြင့် တရားရုံး၏အာဏာကို သေးသိမ်စေရာလည်း ရောက်ပါသည်။
(၃)     သို့ဖြစ်ပါ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၄ အရ ခံဝန်ချုပ်ကို သိမ်းယူရာတွင် ဒဏ်ကြေးငွေကို သတ်မှတ်ရာ၌ အထက်အပိုဒ် ၂ ပါ အခြေအနေများကို သတိပြုပြီး တင်းတင်းကျပ်ကျပ်နှင့် ထိရောက်စွာ အရေးယူ အမိန့်ချမှတ်ခြင်းများ ပြုလုပ်ရန် ညွှန်ကြားလိုက်သည်။
လွှမ်းမိုးအောင် (တရားရေး)
တရားစရိတ် သတ်မှတ်ပုံအကြောင်း သိကောင်းစရာ
 တရားမမှုတွေမှာ အမှုဆုံးခန်းရောက်လို့ တရားရုံးတွေက အပြီးသတ် စီရင်ချက်၊ ဒီကရီတွေ ချမှတ်ပေးတဲ့ အခါမှာ တရားစရိတ် ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်းများနဲ့ စပ်လျဉ်းလို့ တစ်ပါတည်း ဖော်ပြသတ်မှတ် လေ့ရှိကြပါတယ်။  ဆိုလိုတာက "------ စရိတ်နှင့်တကွ အနိုင်ဒီကရီ ချမှတ်လိုက်သည်" ၊ "မိမိတို့၏ တရားစရိတ်ကို မိမိတို့ ကျခံကြစေ" ၊ "တရားစရိတ် မသတ်မှတ်" စသည်ဖြင့် တရားရုံးက သတ်မှတ်ပေးခြင်း ကို ဆိုလိုပါတယ်။  တရားစရိတ်နဲ့ အမှုနှင့်ဆက်စပ် ကုန်ကျတဲ့ စရိတ်တွေကို မည်သူက ပေးရမယ်၊ မည်သည့် ပစ္စည်းအနက်မှ မည်မျှအထိ ပေးရမယ်ဆိုတာကို တရားရုံးက ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။  ဒါ့အပြင် အဆိုပါကိစ္စတွေအတွက် လိုအပ်တဲ့ ညွှန်ကြားချက် အားလုံးကို ပေးရန်လည်း တရားရုံးမှာ အာဏာ အပြည့်အ၀ ရှိပါသေးတယ်။
 တရားစရိတ် ပေးခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အမှုသည်တစ်ဦးက ၄င်းရဲ့အခွင့်အရေးအတွက် တရားရုံး တွင် အရေးဆိုရာမှာ ၎င်းအနိုင်ရရှိတဲ့အတွက် ၎င်းကုန်ကျခဲ့တဲ့ တရားစရိတ်တွေကို ပြန်လည်ထုတ်ပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။  ကုန်ကျတဲ့စရိတ်တွေထက် ကျော်လွန်ပြီးတော့ တစ်ဘက်အမှုသည်ကို ပြစ်ဒဏ် ခတ်တဲ့ သဘောနဲ့ တရားစရိတ်ကို သတ်မှတ်ပေးခြင်းတော့ မပြုသင့်ပါဘူး။  ဒီပုဒ်မက စည်းကမ်းသေ၀ပ်မှု အတွက် တရားရုံးကို စီရင်ပိုင်ခွင့် ပေးထားတာမျိုး မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။  ဒီသဘောတရား တွေဟာ Mulla ရေးတဲ့ The Court of Civil Procedure မှာ ဖော်ပြပါရှိတယ်လို့ ဆရာ ဦးကျော်အေးရဲ့ တရားမ ကျင့်ထုံးဥပဒေ (ပထမတွဲ)မှာ ညွှန်းဆိုထားတာ တွေ့ရပါတယ်။
တရားမကျင့်ထုံး ဥပဒေ ပုဒ်မ ၃၅ (၁)မှာ တရားစရိတ်နဲ့ ပတ်သက်လို့ အောက်ပါအတိုင်း ပြဋ္ဌာန်းပါရှိပါတယ်။
"သတ်မှတ်ထားသော စည်းကမ်းချက်များ၊ ကန့်သတ်ချက်များနှင့် လည်းကောင်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်စေဘဲ တရားမမှုများနှင့် စပ်လျဉ်းသည့် တရားစရိတ်များမှာ တရားရုံး၏ သဘောအတိုင်း ဖြစ်စေရမည်။  ယင်းတရားစရိတ်များကို မည်သူက၊ သို့မဟုတ် မည်သည့်ပစ္စည်းမှ မည်မျှအထိ ပေးရမည်ကို ဆုံးဖြတ်ရန်နှင့် အထက်တွင် ဆိုခဲ့သည့် ကိစ္စများ အတွက် လိုအပ်သည်များကို ညွှန်ကြားရန် တရားရုံးတွင် လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိစေရမည်။  တရားရုံးက ယင်းအမှုကို စစ်ဆေးစီရင်ပိုင်ခွင့် မရှိခြင်းကြောင့် အဆိုပါလုပ်ပိုင်ခွင့် ကျင့်သုံးခြင်းကို ပိတ်ပင်ခြင်း မရှိစေရ။"
 တရားမကျင့်ထုံး ဥပဒေ အမိန့် ၂၀၊ နည်း ၆ (၂)အရ ဒီကရီမှာ တရားစရိတ် ငွေပမာဏနဲ့ ယင်း တရားစရိတ်ကို မည်သူက၊ သို့မဟုတ် မည်သည့်ပစ္စည်းမှ မည်သည့်အချိုးအရ ပေးရမယ်ဆိုတာကို ဖော်ပြရ ပါမယ်။  အမိန့် ၂၀၊ နည်း ၆ (၃)ကို ဆက်လက် လေ့လာမယ်ဆိုရင်လည်း တရားစရိတ်ငွေကို တစ်ဘက် အမှုသည်အား ပေးဖို့ရှိကြောင်း ၀န်ခံထားတဲ့၊ သို့မဟုတ် ပေးရန်ရှိကြောင်း တွေ့ရှိရတဲ့ ငွေနဲ့ ခုနှိမ်ရန် တရားရုံးက ညွှန်ကြားနိုင်ကြောင်း မှတ်သားကြရမှာ ဖြစ်ပါတယ်။
တရားရုံးများလက်စွဲ အပိုဒ် ၁၇၈ (၁)မှာ တရားစရိတ်နဲ့ ပတ်သက်လို့ ပုဒ်မ ၃၅ အရ တရားစရိတ်ကို တရားသူကြီးရဲ့သဘောအတိုင်း ဆောင်ရွက်ခွင့်ရှိကြောင်း၊ ပုဒ်မ ၃၅-က အရ မဟုတ်မမှန်၊ အနှောင့်အယှက် ဖြစ်စေတဲ့ တရားမမှုမျိုးမှာသာ ပြစ်ဒဏ်သဘောအဖြစ် လျော်ကြေးစရိတ်ငွေများ ပြဋ္ဌာန်းထားကြောင်း၊ ဒါ့အပြင် အမိန့် ၁၆၊ နည်း ၂ အရ သက်သေစရိတ်ကိုလည်း သတ်မှတ်ထားကြောင်း လမ်းညွှန်ထားတာ တွေ့ရပါတယ်။  အပိုဒ် ၁၇၈ (၂)မှာ အဆိုလွှာ၊ ချေလွှာမိတ္တူများ ပေးရတဲ့အတွက် ကုန်ကျစရိတ်မှာ ရှေ့နေခမှာ အကျုံးဝင်တာဖြစ်လို့ တရားစရိတ်မှာ ထည့်၍မရကြောင်း၊ သို့သော်လည်း လျှောက်လွှာများ၊ ကျမ်းကျိန်လွှာများနဲ့ ရှာဖွေခများအတွက်တော့ တရားစရိတ်မှာ ထည့်ရမယ်လို့ ညွှန်ပြထား ပါတယ်။
 အမှုအတွက် ကုန်ကျစရိတ်များနဲ့ ဆက်စပ် ကုန်ကျငွေများကို ပေးဖို့ တရားရုံးက အမိန့်ချမှတ် ရာမှာ ဒီပုဒ်မက တရားရုံးအနေနဲ့ ဆင်ခြင်တုံတရားအရ ဆုံးဖြတ်ရမယ် ဆိုတဲ့အကြောင်း အာဏာပေးအပ် ထားတဲ့ ပြဋ္ဌာန်းချက်လည်း ဖြစ်ပါတယ်။  တရားရုံးရဲ့ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ရန် အာဏာ (Discretion) ပေးထားတယ် ဆိုရာမှာလည်း သတ်မှတ်ထားတဲ့ မူ(စီရင်ထုံး)တွေကို လိုက်နာဆုံးဖြတ်ရမယ့် (Judicial Discretion) သာဖြစ်ပါတယ်။  တရားရုံးအနေနဲ့ တရားစရိတ်ကို အမှုမှာ ခွင့်မပြုဘူးဆိုရင်တော့ ယင်းပုဒ်မ  ၃၅ (၂)အရ ခွင့်မပြုရခြင်းရဲ့ အကျိုးအကြောင်းကို ဒီကရီမှာ ရေးသားချမှတ်ရမှာလည်း ဖြစ်ပါတယ်။  ယေဘုယျဥပဒေသကတော့ အမှုမှာ အနိုင်ရသူဟာ ကျင့်ဝတ်ဖောက်ဖျက်မှု၊ ပေါ့ဆမှု၊ ထိန်ချန်မှုကို ကျူးလွန်ခြင်းမရှိရင်၊ ဒါမှမဟုတ် တရားစရိတ် မပေးခြင်းအတွက် အခြား ကောင်းသော အကြောင်းပြချက် မရှိဘူးဆိုရင် ၎င်းအနိုင်ရသူအနေနဲ့ တရားစရိတ် ရထိုက်ခွင့် ရှိမှာပဲ ဖြစ်ပါတယ်။
ဆက်လက်ပြီး တရားရုံးအနေနဲ့ ပုဒ်မ ၃၅ (၃)အရ တစ်နှစ်လျှင် (၆)ရာခိုင်နှုန်း ထက်မပိုတဲ့ အတိုးနှုန်းနဲ့ တရားစရိတ် အပေါ်မှာ အတိုးကို ခွင့်ပြုပြီး တရားစရိတ်မှာ ပေါင်းထည့်စေရန်လည်း အမိန့်ချမှတ် ပေးနိုင်ခွင့် ရှိပါသေးတယ် ဆိုတာကိုလည်း မှတ်သားထားရမှာ ဖြစ်ပါတယ်။  အဆိုပါ အတိုးငွေတွေကို တရားစရိတ်အဖြစ် အရ တောင်းခံပိုင်ခွင့် ရှိမှာလည်း ဖြစ်ပါတယ်။
 တရားစရိတ်နဲ့ စပ်လျဉ်းတဲ့ ပြဋ္ဌာန်းချက်တွေပါရှိသော နည်းဥပဒေတွေကတော့ __ အမိန့် ၁၁၊ နည်း ၃ (မေးခွန်းများ ဖြေဆိုသည့် စရိတ်)၊  အမိန့် ၁၂၊ နည်း ၂ (စာချုပ်စာတမ်းများကို သက်သေပြခြင်း)၊  အမိန့် ၂၁၊ နည်း ၇၂ (၃) (ရောင်းချခြင်းကို ပယ်ဖျက်ရန် လျှောက်လွှာ)၊  အမိန့် ၂၃၊ နည်း ၁ (၃) (အမှုရုပ်သိမ်းခြင်း)၊  အမိန့် ၂၄၊ နည်း ၄ (တရားရုံးသို့ ပေးသွင်းထားသည့် ငွေနှင့်စပ်လျဉ်းသည့် တရားစရိတ်)၊  အမိန့် ၃၂၊ နည်း ၄ နှင့် ၅ (နီးစပ်ရာ မိတ်ဆွေများနှင့် အုပ်ထိန်းသူများ)၊  အမိန့် ၃၃၊ နည်း ၁၀၊ ၁၁၊ ၁၆ (လူမွဲအဖြစ် တရားစွဲဆိုခြင်း)၊  အမိန့် ၃၄ (အပေါင်မှု)၊  အမိန့် ၃၅၊ နည်း ၃ (ကြားဖြတ်အမှု) တွေပဲ ဖြစ်တယ်ဆိုတာ သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။
 လေ့လာမိသမျှ တရားစရိတ်နဲ့ပတ်သက်တဲ့ စီရင်ထုံးမှတ်စုအချို့ကို ဖော်ပြပေးလိုက်ပါတယ် __
*   ထူးခြားသော အမှုများတွင် သီးခြား တရားလိုများ ကိုယ်စား လိုက်ပါသော တရားရုံးချုပ်ရှေ့နေများ အတွက် သီးခြား တရားစရိတ်များကို ခွင့်ပြုနိုင်သည်။  (The Moola Hashim Family Endowment Waqf Estate Vs. M.E. Dawoodjiee and others.  1952, B.L.R.,  H.C., p-74)
*     တရားစရိတ်ကို တောင်းဆိုသည့်ငွေအပေါ် တွက်ချက်ရန် မဟုတ်ဘဲ၊ ရုံးက ခွင့်ပြုသောငွေအပေါ် အချိုးကျ တွက်ချက်ခွင့် ပြုရမည်။  ခွင့်မပြုလျှင် ပုဒ်မ ၃၅ (၂) အရ အကြောင်းပြချက် ရေးရမည်။  (ရွှေတင် နှင့် စီတားလ်၊  ၁၉၅၄၊ မတစ၊ စာ-၂၄၈) ၊ (မူလီဒါးကန်ဒွိုင် နှင့် လက်ခါးဆင်း ပါ-၂၊ ၁၉၆၂၊ မတစ (လွှတ်တော်)၊ စာ-၁၁၂)။
*     တရားပြိုင်က ချေလွှာတွင် တစ်စိတ်တစ်ဒေသ ဖြောင့်ဆိုဝန်ခံပြီး အခြားအစိတ်အပိုင်း အတွက် ထုချေလျှင် ထုချေသည့်အပိုင်း အတွက် တရားလိုအား အချိုးကျ ခွင့်ပြုရမည်။  ရှေ့နေစရိတ်ကိုမူ တရားပြိုင်က ခုခံသည့်အနေဖြင့် ခွင့်ပြုရမည်။  (ပြည်သူ့ဘဏ် အမှတ်(၉) နှင့် မက်ဆားစ် အမျိုးသား စီးကရက် ကုမ္ပဏီလီမိတက် ပါ-၁၆၊ မတစ၊ စာ-၅၃)
*     အစုစပ်လုပ်ငန်း ဖျက်သိမ်းလိုမှုတွင် တရားစရိတ်ကို အစုစပ်လုပ်ငန်းပိုင် ငွေမှ ကျခံစေရမည်ဟု သာမန်အားဖြင့် အမိန့်ချမှတ်ရမည်။  အစုစပ်လုပ်ငန်းပိုင် ငွေမရှိမှ အစုရှင်က ကျခံရမည်။  တရားပြိုင်က စာရင်းပေးသွင်းရန်၊ အစုစပ် ဖျက်သိမ်းရန် တမင်ငြင်းဆိုမှ တရားပြိုင်က ကျခံသင့်သည်။  (ဒေါ်ငွေသီး ပါ-၁၁ နှင့် ဦးဖေသင် ပါ-၅၊ ၁၉၆၆၊ မတစ၊ စာ-၁၁၈၅)
*     အမိန့် ၁၊ နည်း ၁၀ အရ အမှုသည်အဖြစ်မှ ဖယ်ထုတ်သော တရားပြိုင်အား တန်ဖိုးအလျောက် တရားစရိတ် မပေးရ။  (E.I. Seedat and others  Vs. Mariam Bi Bi and others,  1938,  RLR,  p-252)
*     စွဲဆိုသည့် အမှုကို ပလပ်လိုက်လျှင် အမှုတန်ဖိုးအပေါ် အခြေပြု၍ တရားစရိတ်ကို တွက်ချက်ခွင့်ပြု နိုင်သည်။  တရားမကြီးမှု အဆင့် မရောက်သေးသည့် လူမွဲအဖြစ် စွဲဆိုခွင့်ပြုရန် အထွေထွေလျှောက်လွှာကို ပလပ်လျှင် အမှု၏တန်ဖိုးအပေါ် မူတည်၍ တရားစရိတ် တွက်ရန်မဟုတ်။  (ဦးထွန်းဖေ နှင့် ဦးသာထွန်း၊  ၁၉၇၇၊ မတစ၊ စာ-၃၆)
 ဒီပို့စ်လေးကို မျှဝေတင်ပြပေးရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်ကိုယ်တိုင် အပါအ၀င် အခြားသူ အချို့ဟာ တရားစရိတ်နဲ့ ပတ်သက်လာရင် အမှုနိုင်တဲ့သူကို ရှုံးတဲ့သူက တရားစရိတ် ပေးရတာပါပဲလို့ အမြင်ကျဉ်းမြောင်းစွာ ပေါ့ပေါ့လွယ်လွယ် ယေဘုယျဆန်စွာ မှတ်ယူထားခဲ့ကြလို့ ကျွန်တော်လည်း လေ့လာမှတ်သားရင်းက သိသင့်တာလေးတွေကို ပြန်လည်မျှဝေရခြင်း ဖြစ်ပါတယ်။  ဒီပို့စ်လေးကို ဖတ်ရှုရတဲ့အခါမှာတော့ တရားစရိတ်ဆိုတာ တရားရုံးက သတ်မှတ်ချင်သလို သတ်မှတ်ပေးတာမျိုး မဟုတ်ဘူး ဆိုတာကို မြင်တွေ့ရိပ်စားမိ လာကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။
အလျဉ်းသင့်လို့ ပြောပါရစေခင်ဗျာ။  ဥပဒေပညာဟာ မွန်မြတ်တဲ့  ပညာရပ်ဖြစ်တဲ့အပြင်၊ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးတဲ့ ပညာရပ်လည်းဖြစ်လို့ ဥပဒေ ပညာနဲ့ အသက်မွေးဝမ်းကျောင်း ကြသူများအနေနဲ့ စာ များများဖတ်ကြဖို့ တိုက်တွန်းပါရစေ။  (ကျွန်တော့်ကိုယ် ကျွန်တော်လည်း တိုက်တွန်းရင်းပေါ့။) စာဖတ်အားနည်းတဲ့အခါမှာ ပညာဥာဏ်ရည် ယိမ်းယိုင်လာတတ် ပါတယ်၊ သူများ ပါးစပ်ပြောသမျှကို နားယဉ်ပါးပြီး ဥပဒေအသားကို ကိုယ်တိုင် မလေ့လာမိတဲ့အခါ တကယ့် ပြဿနာ အရေးကြုံလာရင် ထင်ယောင်ထင်မှား ပြောကြ၊ ဆိုကြတာမျိုးတွေ ရှိလာတတ်ပါတယ်။  ပညာမပြည့်တဲ့အခါ ကိုယ်ရည်ကိုယ်သွေးတွေ ပိုမိုနိမ့်ပါးလာနိုင်ပြီး ဆူလွယ်၊နပ်လွယ် လုပ်ငန်းဆောင်တာ များကိုသာ လုပ်ကိုင် ရှာဖွေ စားသောက်ရင်းက ဘ၀ဟာ တန်ဖိုးတက် မလာတော့ဘဲ ကျရှုံးခြင်း ဘက်သို့သာ ဆက်၍ ဆက်၍ ဦးတည်ခြေလှမ်းနေရပါတော့တယ်။  မိမိတို့ တစ်ဦးချင်း၊ တစ်ယောက်ချင်း ကျရှုံးခြင်း၊ ပညာနိမ့်ပါးခြင်းတို့ ဖြစ်လာကြတာနဲ့အမျှ ကျွန်တော်တို့ရဲ့ တရားစီရင်ရေး မဏ္ဍိုင်ဟာလည်း အားအင်ချိနဲ့လာ နိုင်တာဖြစ်လို့ အမှားတွေနဲ့ အားနည်းချက်တွေကို လွတ်လပ်စွာ ဝေဖန်ပါ၊ ပညာယူပါ၊ ထောက်ပြပါ၊ တရားစီရင်ရေး အသိုင်းအ၀ိုင်းက လူအားလုံး (အားလုံး) တန်းတူစွာ ပညာရည် ပြည့်ဝဖို့ လိုအပ်နေသေးတာ ဖြစ်လို့ အားလုံးကိုယ်​စီ ရိုးသား၊ ကြိုးစားကြဖို့ ထပ်ဆင့် တိုက်တွန်းလိုက်ပါရစေ။
လွှမ်းမိုးအောင် (တရားရေး)
သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ
 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...