Friday, November 24, 2017

ငြင်းချက်ထုတ်ရန်သမ္မာန်စာအရ တရားပြိုင်လာရောက်ရန်နေ့ရက်တွင် တရားပြိုင်မလာပဲ ၄င်း၏ရှေ့နေသာ လာရောက်ခြင်း နှင့်စပ်လျဉ်း၍ သတိပြုရန်အချက်။

ငြင်းချက်ထုတ်ရန်သမ္မာန်စာအရ တရားပြိုင်လာရောက်ရန်နေ့ရက်တွင် တရားပြိုင်မလာပဲ ၄င်း၏ရှေ့နေသာ လာရောက်ခြင်း နှင့်စပ်လျဉ်း၍ သတိပြုရန်အချက်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

- ငြင်းချက်ထုတ်ရန်သမ္မာန်စာအရ တရားပြိုင်လာရန်နေ့ရက်သည် အမိန့်-၉၊ နည်း - ၁အရ ကြားနာရန်နေ့ရက်ဖြစ်ခြင်း

- အမိန့်- ၉၊ နည်း- ၁ တွင် -
တရားပြိုင်လာရောက်ဖြေဆိုရန် သမ္မာန်စာတွင် သတ်မှတ်သည့်ရက်၌ အမှုသည်များသည် ကိုယ်တိုင်ဖြစ်စေ၊ ၄င်းတို့၏ဆိုင်ရာရှေ့နေများဖြင့်ဖြစ်စေ တရားရုံးအဆောက်အအုံတွင် တက်ရောက်ရမည်။ တရားရုံးက အမှုကြားနာစစ်ဆေးခြင်းကို နောက်တစ်ရက်သို့ ရွှေ့ဆိုင်းချိန်း ဆိုခြင်း မပြုပါက အဆိုပါ သတ်မှတ်ရက်၌ပင် အမှုကြားနာစစ်ဆေးရမည်။ ဟုပြဌာန်းထားပါသည်။

- ငြင်းချက်ထုတ်ရန်သမ္မာန်စာအရ တရားပြိုင်လာရန်နေ့ရက်တွင် တရားပြိုင် လာရောက်ရန် လိုအပ်ခြင်း။

Wednesday, September 27, 2017

မေတ္တာဖြင့်ပေးကမ်းခြင်း ဆိုတာ ဘယ်လိုလဲ?

ဒေါ်ခင်နုသာ

သိချင်သူများအတွက်ပါ။ မေတ္တာနဲ့ပေးကမ်းခြင်းကို ဥပဒေနဲ့အညီပေးချင်ရင်တော့ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေတို့ ပဋိညာဉ် ဥပဒေ တို့ကို လေ့လာသင့်ပါတယ်။

ပစ္စည်းလွှဲပြောင်းခြင်း  ဥပဒေ ပုဒ်မ ၁၂၂ အလိုအရဆိုရင်တော့

ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းပဲဖြစ်ဖြစ် မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းပဲ ဖြစ်ဖြစ် မေတ္တာနဲ့ပေးကမ်းနိုင်ပါတယ်။

ဘာတွေလိုအပ်သလဲဆိုရင်တော့

၁- ပေးသူ နဲ့ လက်ခံသူရှိရပါမယ်၊
၂- ပေးသူက မိမိအလိုအလျောက် အဘိုးစားနားမရှိဘဲ ပေးတာ
    ဖြစ်ရပါမယ်၊
၃- ပေးသူက မိမိပိုင်ပစ္စည်းကိုလွှဲပြောင်းပေးရမယ်၊
၎- ပေးတဲ့ပစ္စည်းကို လက်ခံတဲ့သူက ပေးတဲ့သူ အသက်ရှင်နေစဉ်မှာ ပေးနိုင်တဲ့အခြေအနေရှိစဉ် လက်ခံရမယ်၊
၅- တကယ်လို့ပေးတဲ့ပစ္စည်းက မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းကို ပေးမယ်ဆိုရင်တော့ ပေးသူ ဒါမှမဟုတ် ပေးသူကိုယ်စား  လက်မှတ်ထိုးပြီး သက်သေနှစ်ဦး အသိသက်သေအဖြစ် လက်မှတ်ရေးထိုးထားတဲ့ မှတ်ပုံတင်စာချုပ်နဲ့ပြုလုပ်ရပါမယ်။

တကယ်လို့ပေးတဲ့ပစ္စည်းက ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းဆိုရင်တော့
မှတ်ပုံတင်စာချုပ်နဲ့ပေးလို့ရသလို လက်ရောက်ပေးလို့လဲ ရပါတယ်။


ဒါဆိုရင်တံဆိပ်ခေါင်းကဘယ်လိုကပ်ရမလဲ သိချင်ကြမှာပါ။
အပေးစာချုပ်ချုပ်ရင်တော့ ပစ္စည်းရဲ့တန်ဘိုး၏ ၃% တံဆိပ်ခေါင်းထမ်းဆောင်ရမယ်လို့ တံဆိပ်ခေါင်းအက်ဥပဒေ ဇယား ၁ ၊ အပိုဒ် ၃၃ မှာပြဌာန်းထားပါတယ်။

အဲ့တော့ ပေးတဲ့သူကကော ပေးချင်တိုင်းပေးလို့ရပါသလားလို့ သိချင်ကြပါအုံးမယ်။ ဟုတ်ကဲ့ပါ ။ 

ပေးတဲ့သူကတော့ 
- အရွယ်ရောက်တဲ့သူတော့ဖြစ်ရမှာပေါ့ ၊
- ရူးနေလို့လည်းမဖြစ်သေးဘူးလေ၊
- ဥပဒေတစ်ရပ်ရပ်က ပဋိညာဉ် ပြုရန်တားမြစ်ထားတဲ့သူလဲ  မဖြစ်အုံးမှ ( ပဋိညာဉ် ဥပဒေပုဒ်မ -၁၁ ကိုတော့ ဖတ်ကြည့်
   စေချင်ပါတယ်။) 
- တစ်ခါ ပေးမယ့်ပစ္စည်းကိုလွှဲပြောင်းခွင့်လဲ ရှိအုံးမှ ၊တကယ်လို့လွှဲပြောင်ခွင့်မရှိပေမယ့်လည်း လွှဲပြောင်းပေးဖို့ အခွင့်အာဏာအပ်ထားရင်တော့ မေတ္တာနဲ့ လွှဲပြောင်းနိုင်ပါတယ်။( ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ ၇ လေးတော့ပြန်ကြည့်လိုက်ပေါ့နော်) 
- ပေးသူကိုယ်တိုင်ပဲဖြစ်ဖြစ် ၊ပေးသူကိုယ်စား တစ်ဦးဦးကပဲဖြစ်ဖြစ် ၊ပေးဖို့ကမ်းလှမ်းနိုင်ပါတယ်။

ဒါဆိုရင် လက်ခံတဲ့သူကကော ?

လက်ခံတဲ့သူကတော့ အရွယ်ရောက်ပြီးသူပဲဖြစ်ဖြစ် အရွယ်မရောက်သေးတဲ့သူပဲဖြစ်ဖြစ်  လက်ခံနိုင်ပါတယ်။

သက်ရှိမဟုတ်တဲ့အသင်းအဖွဲ့လိုမျိုး ၊ ဘုရားပုထိုးများကတောင် လက်ခံသူ ဖြစ်နိုင်ပါတယ်။

အတိအကျ ဒါမှမဟုတ် အတိအကျသတ်မှတ်လို့ရတဲ့ ပုဂ္ဂိုလ်ဖြစ်ဖို့တော့ လိုပါတယ်။

ဒါမှသာ အဲ့ဒီပုဂ္ဂိုလ် ဒါမှမဟုတ် သူ့ရဲ့ကိုယ်စား မေတ္တာနဲ့ပေးခြင်းကို လက်ခံတာ ငြင်းပယ်တာတွေပြုလုပ်နိုင်မှာပါ။
အသင်းရဲ့အမှုဆောင်အဖွဲ့  ဘုရားပုထိုးရဲ့ ဂေါပကအဖွဲ့တွေက အသင်းအဖွဲ့၊ ဘုရားပုထိုး ကိုယ်စား ပေးကမ်းတဲ့ပစ္စည်းကို လက်ခံနိုင် ငြင်းပယ်နိုင်ပါတယ်။

အဲ့တော့ ဘယ်လိုပစ္စည်းမျိုးကို ပေးကမ်းရမှာလဲ?

ပစ္စည်းကတော့ ဒြပ်ရှိတဲ့ပစ္စည်းကိုပဲ မေတ္တာနဲ့ပေးနိုင်တာပါ။
ပြီးတော့ပေးကမ်းတဲ့အချိန်မှာ အဲ့ဒီပစ္စည်းကရှိနေရပါမယ်။
နောင်တစ်ချိန်ပေါ်ပေါက်လာမယ့် ဒါမှမဟုတ် ရရှိလာမယ့်ပစ္စည်းကိုတော့ ပေးလို့မရဘူးနော်။( ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ ၁၂၂ အရ ဆိုရင်ပေါ့) 
အဲ့လိုပဲ အတိအကျမဖေါ်ပြနိုင်တဲ့ပစ္စည်းကိုလည်း မေတ္တာနဲ့မပေးနိုင်ပါဘူးရှင်။

ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ ၁၂၂ အရ မေတ္တာဖြင့်ပေးကမ်းခြင်း အထမြောက်ရန်မှာ ...

၁- ပေးသူ နှင့်လက်ခံသူရှိရပါမည်၊
၂- မေတ္တာနှင့် ပေးသောပစ္စည်းသည် လက်ရှိပစ္စည်းဖြစ်ရန်လိုပါသည်။
၃- ပေးသူက မိမိအလိုအလျောက် အဖိုးစားနားမပါဘဲ ပေးခြင်းဖြစ်ရပါမည်။
၎- ပေးသူက မိမိပိုင်ပစ္စည်းကို လွှဲပြောင်းပေးရပါမည်။
၅- ပေးသောပစ္စည်းကို လက်ခံသူက ပေးသူအသက်ရှင်ဆဲ ပေးနိုင်သည့် အခြေအနေရှိစဉ် 
လက်ခံရမည်။

ပစ္စည်းလွှဲပြောင်ခြင်းဥပဒေ ပုဒ်မ ၁၂၃ အရ-
၆- မရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုမေတ္တာဖြင့်ပေးလျှင် ပေးသူ သို့မဟုတ် ပေးသူကိုယ်စား လက်မှတ်ထိုးပြီး သက်သေနှစ်ဦးအသိသက်သေအဖြစ်လက်မှတ်ထိုးထားသည့် မှတ်ပုံတင်စာချုပ်ဖြင့် ပြုလုပ်ပြီး ပေးရမည်။
၇-  ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုပေးလျှင် မှတ်ပုံတင်စာချုပ်ဖြင့်ဖြစ်စေ၊ လက်ရောက်ပေးအပ်ခြင်းဖြင့်ဖြစ်စေ ပြုလုပ်နိုင်သည်။

စီရင်ထုံးကတော့ .....

၂၀၀၇ ခုနှစ်။ မတစ ။စာ ၅၂ပါ။ (၁၂၂  အတွက်)

၁၉၄၈  မတစ  ၇၁၇
၁၉၆၆ မတစ    ၇၅၅  တွေကတော့ ပုဒ်မ ၁၂၃ အတွက်ပါ။


ဒေါ်ခင်နုသာ


မေတ္တာဖြင့်ပေးကမ်းခြင်း(Gift) ပြုကြရာဝယ်

မောင်စာဂ

မေတ္တာဖြင့် ပေးကမ်းခြင်းဟုဆိုရာတွင် ပစ္စည်းလွှဲပြောင်း ရေးအက်ဥပဒေ၊ ပဋိညာဉ်အက် ဥပဒေတို့အရ ပေးကမ်း ခြင်းရှိသည်။ ဓလေ့ထုံးတမ်းဥပဒေအရ ပေးကမ်းခြင်းရှိသည်။ မည်သည့်နည်းဖြင့် ပေးကမ်းခြင်းပြုသည်ဖြစ်စေ၊ ပြဋ္ဌာန်းဥပဒေများနှင့် ညီညွတ်ပါမှ သို့မဟုတ် ဓလေ့ ထုံးတမ်းနှင့်အညီဖြစ်ပါမှ ပေးကမ်းခြင်းအထမြောက် မည်။ ဤသို့မဟုတ်လျှင် ''ပေးကားပေး၏မရ'' ဆိုသလို ဖြစ်သွားနိုင်သည်။ 

သို့ပါ၍ ''မေတ္တာဖြင့်ပေးကမ်းခြင်း'' ဆိုင်ရာ သိသင့် သိထိုက်သည်များကို မှတ်သားမိသမျှ ပြန်လည်မျှ ဝေပါရစေ။ 

မေတ္တာဖြင့်ပေးကမ်းခြင်းဟူသည် ...

''မေတ္တာဖြင့်ပေးကမ်းခြင်း'' ဆိုသည်မှာ ရှိနေသော ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း သို့မဟုတ် မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းတစ်ခုကို ပေးသူက ရယူသူသို့ အဖိုးစား နားမရှိဘဲ အလိုအလျောက် လွှဲပြောင်းပေးရာ ရယူသူက ဖြစ်စေ၊ ၄င်းအတွက်ဖြစ်စေ လက်ခံယူခြင်းဖြစ်သည်။ (ပစ္စည်းလွှဲပြောင်း ခြင်း ဥပဒေပုဒ်မ ၁၂၂)

မည်သို့သော ပစ္စည်းကို ပေးကမ်းနိုင်သနည်း ...

မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းသာမက ရွှေ့ပြောင်း နိုင် သည့် ပစ္စည်းကိုပါ မေတ္တာဖြင့် ပေးခြင်းပြုနိုင်သည်။ ဒြပ်ရှိသည့်ပစ္စည်းကိုသာ ပေးနိုင်သည်။ ထို့ပြင် ပေးကမ်း ချိန်၌ ထိုပစ္စည်းသည် ရှိနေရမည်။ နောင်တစ်ချိန်တွင် ပေါ်ပေါက်လာမည့် သို့မဟုတ် ရရှိလာမည့်ပစ္စည်းကို ပေးကမ်းခြင်း မပြုနိုင်။ အလားတူပင် အတိအကျဖော်ပြ ခြင်း မပြုနိုင်သည့် ပစ္စည်းသည်လည်း မေတ္တာဖြင့် ပေး နိုင်သော ပစ္စည်းတစ်ရပ်မဖြစ်နိုင်။ (ပုဒ်မ ၁၂၂ နှင့် ၁၂၄)

မေတ္တာဖြင့်ပေးခြင်းတွင် မည်သည့်အချက်များလိုပါသနည်း ...

ပေးသူနှင့် လက်ခံသူရှိရမည်။ ပေးကမ်းသော ပစ္စည်းသည် လက်ရှိပစ္စည်းဖြစ်ရန်လိုသည်။ ပေးသူက မိမိ အလိုအလျောက် အဖိုးစားနားမရှိဘဲ ပေးခြင်းဖြစ်ရမည်။ ပေးသူက မိမိပိုင်ပစ္စည်းကို လွှဲပြောင်းပေးရမည်။ ပေးသောပစ္စည်းကို လက်ခံသူက ပေးသူအသက်ရှင်ဆဲ ပေးနိုင်သည့် အခြေအနေရှိစဉ် လက်ခံရမည်၊ (၂ဝဝ၁ ခုနှစ်၊ မတစ၊ ၃၉၂)(၂ဝဝ၇ ခုနှစ်၊ မတစ၊ ၅၂)

''ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၁၂၂ တွင် ''အပိုင်ပေးခြင်း'' ဆိုသည်မှာ တည်ဆဲရွှေ့ပြောင်းနိုင် သောပစ္စည်း သို့မဟုတ် မရွှေ့ပြောင်းနိုင်သောပစ္စည်းကို အပိုင်ပေးသူဟုခေါ်တွင် သူက အပိုင်ရသူဟုခေါ်တွင် သူသို့ အဖိုးစားနားမရှိဘဲ အလိုအလျောက်လွှဲပြောင်း ပေးရာ အပိုင်ရ သူကဖြစ်စေ၊ ၄င်းအတွက်ဖြစ်စေ လက်ခံရယူခြင်းဖြစ်သည်'' ဟုပြဋ္ဌာန်းထားရာ ''အပိုင်ပေးခြင်း''တွင် တည်ဆဲပစ္စည်းကို ပေးကမ်းခြင်းနှင့် ပေးကမ်းခြင်းကို အပိုင်ရသူကဖြစ်စေ၊ ၄င်းအတွက်ဖြစ်စေ လက်ခံရယူခြင်းစသည့်အချက်များနှင့် ပြည့်စုံလျှင် အပိုင်ပေးခြင်းအထမြောက်သည်။ အပိုင်ပေးသော ပစ္စည်းသည် အပိုင်ပေးသူလက်ရှိဖြစ်ရမည်။ အပိုင်ပေးသော ပစ္စည်းကိုအပိုင်ရသူက လက်ရောက် ရရှိရမည်ဟု ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၁၂၂ ပါ ပြဋ္ဌာန်းချက်က မဆိုလိုကြောင်း ပေါ်လွင်သည်။ (၂ဝ၁၅ ခုနှစ်၊ မတစ၊ ၁၃၇)

မေတ္တာဖြင့်ပေးခြင်းကို ပေးသူအသက်ရှင်လျက်ရှိစဉ် ပစ္စည်းအားပေးနိုင်သည့် အခြေအနေ ရှိခိုက်ပေးမှသာ အထမြောက်သည်။ မေတ္တာဖြင့်ပေးခြင်း အထမမြောက်မီ ပေးသူသေဆုံးသွားလျှင် ပေးရာမရောက်နိုင်။ အလားတူပင် ပေးသူကပစ္စည်းကို ပေးနိုင်သည့်အခြေအနေ မရှိလျှင် မေတ္တာဖြင့်ပေးခြင်း အထမြောက်မည်မဟုတ်။ ဥပမာအားဖြင့် မြန်မာဓလေ့ထုံးတမ်းဥပဒေအရ သေခါ နီး ပေးကမ်းခြင်းသည် အတည်မဖြစ်သည့်အလျောက် ပေးသူက သေခါနီးဆဲဆဲသေမည်ဟု ယူဆပြီး ပစ္စည်း ကို မေတ္တာဖြင့် မပေးနိုင်။ (၁၉၄၉ ခုနှစ်၊ မတစ၊ ၄၇၁ လွှတ်တော်)

အပိုင်ပေးခြင်းကို လက်ခံကြောင်း ထင်ရှားရမည် ...

အပိုင်ပေးသူဘက်မှ အပိုင်ပေးခြင်းကို လက်ခံသူ ဘက်မှ လက်ခံကြောင်း အပိုင်ပေး စာချုပ် ၌မပါ။ သို့ သော် အပိုင်ပေးစာချုပ်ချုပ်ဆိုပြီးနောက် အပိုင်ရသူ အမည်သို့ ပြောင်းခြင်း၊ အပိုင်ရသူ အမည်ဖြင့် အခွန် အခကောက်ခံခြင်း၊ အပိုင်ရသူက အပိုင်ပေးပစ္စည်း၏ ငှားရမ်းခများနှင့် အကျိုးအမြတ်ခံစားခြင်းတို့အရ အပိုင်ပေးစာချုပ်ကို လက်ခံကြောင်း ကောက်ချက်ချနိုင် သည်ဟု ပြဆိုထား သည်။ (၁၉၄၉ ခုနှစ်၊ မတစ၊ ၃၃၈ လွှတ်တော်)

ဤစီရင်ထုံးပါ ''acceptance of a gift'' ဟူသော ပြဆိုချက်ကို  ထောက်ချင့်ပါက   ပုဒ်မ  ၁၂၂    ပါ ''accepted'' သည် အပိုင်ပေးခြင်း၊ gift ကို လက်ခံခြင်း သာဖြစ်ကြောင်း ပေါ်လွင်သည်။ (၂ဝ၁၅ ခုနှစ်၊ မတစ၊ ၁၃၇)

မည်သူတို့ကပေးနိုင်သနည်း ...

ပစ္စည်းကိုပေးသူသည် ပစ္စည်းအား လွှဲပြောင်းပေး နိုင်သူဖြစ်ရမည်။ အရွယ်ရောက်ပြီးသူတိုင်း၊ ပဋိညာဉ်ပြု နိုင်သူတိုင်းသည် ပစ္စည်းကို မေတ္တာဖြင့် ပေးနိုင်သည်။   
 ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ (ပုဒ်မ ၇) ။ 

မည်သူ့တို့ကလက်ခံနိုင်သနည်း ...

အရွယ်ရောက်ပြီးသူဖြစ်စေ၊ အရွယ်မရောက်သေး သူဖြစ်စေ    လက်ခံသူဖြစ်နိုင်သည်။   အတိအကျ သို့မဟုတ် အတိအကျသတ်မှတ်၍ရသည့် ပုဂ္ဂိုလ်ဖြစ်ရန် လိုသည်။ သို့မှသာ ထိုပုဂ္ဂိုလ် သို့မဟုတ် ၄င်း၏ကိုယ်စား မေတ္တာဖြင့် ပေးခြင်းကိုလက်ခံခြင်း သို့မဟုတ် ငြင်းပယ် ခြင်း ပြုနိုင်မည်ဖြစ်သည်။ အသက်ရှိ မဟုတ်သည့် အသင်းအဖွဲ့၊ ဘုရားပုထိုးများ သည်လည်း လက်ခံသူဖြစ် နိုင်သည်။ အသင်း၏အမှုဆောင်အဖွဲ့၊ ဘုရားပုထိုး၏ ဂေါပကအဖွဲ့တို့သည် အသင်းအဖွဲ့၊ ဘုရားပုထိုး ကိုယ်စားပေးကမ်းသည့်ပစ္စည်းကို လက်ခံနိုင်သည်။ ငြင်းပယ်နိုင်သည်။

သတိပြုရန်အချက်မှာ     မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းလွှဲပြောင်းခြင်း (ကန့်သတ်မှု) ဥပဒေအရ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းကို နိုင်ငံခြားသားအား အပိုင် ပေးလျှင် တရားမဝင် ပျက်ပြယ်ကြောင်း သိရှိရန်လိုသည်။ (၁၉၇၅ ခုနှစ်၊ မတစ၊ စာ ၈၄) (၁၉၅၉ ခုနှစ်၊ မတစ ၁ လွှတ်တော်)

အလိုအလျောက်ပေးခြင်းဖြစ်ရမည် ...

မေတ္တာဖြင့်ပေးခြင်း အထမြောက်ရန်အလို့ငှာ အရေး ကြီးသည့် လိုအပ်ချက်တစ်ရပ်မှာ ပေးသူသည် ရယူသူ သို့မဟုတ် အခြားသူတစ်ဦး၏ သွေးဆောင်ဖြားယောင်းမှု၊ အကျပ်ကိုင်မှု၊ မလျော်သြဇာအသုံးချမှု စသည်တို့ မပါဘဲ မိမိသဘောအတိုင်း အလိုအလျောက်ပေးရန်လိုသည်။

အဖိုးစားနားမပါဘဲ ပေးခြင်းဖြစ်ရမည် ...

မေတ္တာဖြင့် ပေးသည့်ကိစ္စတွင် ထူးခြားသည့်အချက်မှာ အဖိုးစားနား လုံးဝမပါခြင်းဖြစ်သည်။ အဖိုးစားနား ဆိုသည်မှာ ငွေ သို့မဟုတ် ငွေနှင့်တန်ဖိုးဖြတ်၍ရသည့် ပစ္စည်းကို ဆိုလိုသည်။ အခြား အခြားသော ပစ္စည်း လွှဲပြောင်းမှုများတွင် အနည်းနှင့်အများဆိုသလို ပစ္စည်းအတွက် အဖိုးစားနား ပေးရသော်လည်း မေတ္တာဖြင့် ပေးရာ၌ အဖိုးစားနား လုံးဝပေးရန်မလို။ 

အသိသက်သေနှစ်ဦး လက်မှတ်ထိုးရန်လိုသည် ...

မေတ္တာဖြင့်ပေးသည့်စာချုပ်တွင် ပေးသူကိုယ်တိုင် ဖြစ်စေ၊ ၄င်း၏ကိုယ်စား လက်မှတ်ထိုးနိုင်သူကဖြစ်စေ၊ လက်မှတ်ရေးထိုးပြီး အနည်းဆုံးသက်သေနှစ်ဦးက အသိသက်သေအဖြစ် လက်မှတ်ထိုးရန်လိုသည်။ မရွှေ့ မပြောင်းနိုင်သည့် ပစ္စည်းဖြစ်ပါက ထိုကဲ့သို့ လက်မှတ် ရေးထိုးထားသည့် စာချုပ်ကို မှတ်ပုံတင်ပြီးမှသာ မေတ္တာ ဖြင့်ပေးခြင်း အထမြောက်သည်။ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း ဖြစ်ပါမူ မှတ်ပုံတင်စာချုပ် ချုပ်ဆို၍ဖြစ်စေ၊ လက်ရောက်ပေးအပ်ခြင်းဖြင့်ဖြစ်စေ ပြုလုပ်နိုင်သည်။ (၁၉၆၆ ခုနှစ်၊ မတစ၊ ၇၅၅) (၁၉၄၈ ခုနှစ်၊ မတစ၊ ၇၁၇) (၁၉၉၅ ခုနှစ်၊ မတစ၊ ၈၄)

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် မေတ္တာဖြင့်ပေးခြင်း သဘောအဓိပ္ပာယ် ...

ပစ္စည်းကို မေတ္တာဖြင့်ပေးခြင်းသည် သာမန်အားဖြင့် ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ၊ ပဋိညာဉ် ဥပဒေတို့နှင့်သာ သက်ဆိုင်သည်။ သို့ရာတွင် ထိုကဲ့သို့ မေတ္တာဖြင့်ပေးခြင်းသည် ဘာသာရေး၊  ထိမ်းမြားလက်ထပ်ရေး၊ အမွေ ဆက်ခံရေးတို့နှင့်ပတ်သက်လာလျှင် မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေ အရ ခိုင်မာခြင်း ရှိ မရှိ ညှိနှိုင်းဆုံးဖြတ်ရသည်။ ရှင်ပြုချိန် ပေးကမ်းခြင်းသည် ဘာသာရေးနှင့် သက်ဆိုင်မည်ဖြစ်သည်။ [အတွဲ ၂ အထက်မြန်မာပြည် စီရင်ထုံး (၁၉ဝ၂-ဝ၃) ၁] 

ဘိုးဘွားများက မြေးများကို မေတ္တာဖြင့်ပေးခြင်းသည် အမွေဆက်ခံခြင်းနှင့် သက်ဆိုင်သည်။ ဘိုးဘွားများ သေဆုံးသည့်အခါ မြေးများသည် ၄င်းတို့၏ဦးကြီး၊ ဦးလေးတို့နှင့် ယှဉ်ပြိုင်၍ အမွေခွဲရာ၌ မနစ်နာစေရန် ဘိုးဘွားများက အမွေပေးခဲ့ခြင်းဖြစ်သည်။ [အတွဲ ၃ အထက်မြန်မာပြည် စီရင်ထုံး (၁၉၁၇-၂ဝ)၂၂၈]

မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကိုပေးသူက ဘုန်းကြီး တစ်ပါးအား လှူဒါန်းရာ လှူဒါန်းသည့် စာချုပ်၌ ပေးသူ ကွယ်လွန်ပြီးနောက် ပစ္စည်းကိုရောင်းချ၍ ရောင်းရ ငွေဖြင့် ဖော်ပြထားသည့်ကိစ္စများဆောင်ရွက်ပေးရန် စည်းကမ်းချက်များပါရှိသည်။ ထိုမေတ္တာဖြင့်ပေးသော စာချုပ်မှာ အမှန်အားဖြင့် သေတမ်းစာဖြစ်၍ မြန်မာ ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ပြုလုပ်ခွင့်မရှိ။ (အတွဲ ၅၊ ရန်ကုန် ၃၇၁)

တစ်နည်းဆိုရသော် ပေးသူသေဆုံးပြီးမှသာ မေတ္တာ ဖြင့်ပေးသည့် စာချုပ်သည် အတည်ဖြစ်သည့်သဘော သက်ရောက်လျှင် ပေးသူသည် သေတမ်းစာရေးသားရာ ရောက်သဖြင့် မြန်မာဗုဒ္ဓဘာသာဝင်များ အနေဖြင့် ပြုလုပ်ခွင့်မရှိ။ (အတွဲ ၁ဝ ရန်ကုန် ၂၂၄)

သေခါနီးဆဲဆဲ မေတ္တာဖြင့်ပေးခြင်း ...

ပစ္စည်းကို မေတ္တာဖြင့်ပေးသူသည် အသက်ရှင်ရန် မျှော်လင့်ချက်လုံးဝမရှိဘဲ သေခါနီးဆဲဆဲ အိပ်ရာပေါ်၌ လဲနေချိန်တွင် မိမိ၏သဘောအတိုင်း ပစ္စည်းကို ရယူသူအား လွှဲပြောင်းပေးခြင်းကို သေခါနီးဆဲဆဲပေးခြင်းဟု ခေါ်သည်။ (၁၉၄၆ ခုနှစ်၊ ရန်ကုန်စီရင်ထုံး ၁၃၉)

သေခါနီးဆဲဆဲ မေတ္တာဖြင့်ပေးခြင်းမှာ စင်စစ်အားဖြင့် ပေးသူသည် ၄င်းသေဆုံးသည့်အခါမှ ပေးရန်ရည်ရွယ်၍ ပြုလုပ်သည်ဟုကောက်ယူရမည်ဖြစ်၍ သေတမ်းစာ ပြုလုပ်သည့် နည်းလမ်းတစ်ခုဖြစ်သည်ဟု ယူဆရမည်။ မြန်မာဗုဒ္ဓဘာသာများတွင် သေတမ်းစာပြုလုပ်ပြီး မိမိ၏ပစ္စည်းကို ခွဲဝေပေးကမ်းခွင့်မရှိ၍ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေကို ချိုးဖောက်ရာရောက်သဖြင့် အတည်မဖြစ် နိုင်။ (အတွဲ ၁ဝ ရန်ကုန် ၂၂၄)

သေတမ်းစာ ...

သေတမ်းစာဆိုသည်မှာ ပစ္စည်းရှင်က မိမိကွယ်လွန် သောအခါ မိမိ၏ပစ္စည်းကို မည်သို့ မည်ပုံစီမံခန့်ခွဲလို ကြောင်းနှင့် ၄င်း၏ရည်ရွယ်ချက်ကို ဖော်ထုတ်ထားသည့် တရားဝင်ကြေညာ စာတမ်းဖြစ်သည်။ (၂ဝဝ၁ ခုနှစ်၊ မတစ၊ ၃၉၂)

သေတမ်းစာပြုလုပ်၍ မေတ္တာဖြင့်ပေးခြင်း ...

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မြန်မာဗုဒ္ဓ ဘာသာဝင်များသည် သေတမ်းစာရေးသားခွင့် မရှိဆိုသောအချက်မှာ ယနေ့အထိ အခိုင်အမာ အတည် ဖြစ်လျက်ရှိသည်။ (အောက်မြန်မာပြည် ရွေးချယ်ထား သည့် စီရင်ထုံးများ ၉၅)

သို့ရာတွင်  မြန်မာဗုဒ္ဓဘာသာဝင်  အချို့သည်  ထို ဥပဒေသဘောတရားကို ရှောင်တိမ်းလိုသည့်သဘောဖြင့် သေတမ်းစာအဖြစ် အကျိုးသက်ရောက်သည့် မေတ္တာဖြင့်ပေးသော စာချုပ်စာတမ်းများ ချုပ်ဆိုကြ သည်ကို တွေ့ရသည်။ မိခင်ဖြစ်သူက သားသမီးငါးဦးရှိ သည့်အနက် သုံးဦးအား မြေကိုမေတ္တာဖြင့် ပေးသည့် စာချုပ်ချုပ်ဆိုခဲ့ရာ ထိုစာချုပ်တွင် မိခင်သေဆုံးမှသာ မေတ္တာဖြင့်ပေးခြင်း အတည်ဖြစ်သည်ဆိုသော စည်းကမ်းချက်ပါရှိနေသဖြင့် ထိုစာချုပ်သည် စင်စစ်မေတ္တာ ဖြင့် ပေးသောစာချုပ်မဟုတ်ဘဲ သေတမ်းစာသာဖြစ် သည့်အလျောက် ဥပဒေနှင့်ကိုက်ညီခြင်းမရှိ။ (အတွဲ ၁ ရန်ကုန် ၃၅၁)

မည်သည့်အတိုင်းအတာအထိ ပေးနိုင်သနည်း ...

လူတစ်ဦးသည် မိမိပိုင်ဆိုင်သော ပစ္စည်းကို မိမိ၏ဆန္ဒအလျောက် မေတ္တာဖြင့် ပေးခွင့်ရှိသည်ဆိုခြင်းမှာ အခြေခံသဘောတရားပင်ဖြစ်သည်။ သို့ရာတွင် မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေအရ မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦး သည် မိမိ၏အမွေစား အမွေခံများ၏ အခွင့်အရေးကို ဆုံးရှုံးနစ်နာ အောင် မိမိတွင်ရှိသမျှ ပစ္စည်းအားလုံးကို မေတ္တာဖြင့်ပေးခြင်းမပြုနိုင်။ (၁၉၄၉ ခုနှစ်၊ မတစ၊ ၄၇၁)။ ပေးလျှင်ပျက်ပြယ်သည်။ (၁၉၈၃ ခုနှစ်၊ မတစ၊ ၁၉၁) (၁၉၉၁ ခုနှစ်၊ မတစ၊ ၁၄၉ စုံညီ)

ရာဇသတ်၊ ဓမ္မသတ်နှင့် မနုကျယ်ဓမ္မသတ်တို့တွင် ကြက်မကြီးသည် ရှာဖွေခဲ့သော အစာများကို ကြက် သူငယ်များအနက် တစ်ကောင်တည်းကိုသာ ပေးငြားသော် ကြက်သူငယ်တို့ လုယက် စားသောက်ကြမည်ဖြစ်၍ မသင့်လျော်သည့်နည်းတူ အမွေရှင်က အမွေဆိုင်တစ်ဦး တည်းကိုသာ စုပုံ၍ပေးခြင်းမပြုရ။ ပေးခဲ့သော် အတည် မဖြစ်စေရဟု ဖော်ပြထားသည်မှာ မှတ်သားစရာပင်။ 

ဇနီးနှင့်ခင်ပွန်းနှစ်ဦးပိုင်ပစ္စည်းများကို ခင်ပွန်းက ဖြစ်စေ၊ ဇနီးကဖြစ်စေ ခင်ပွန်း သို့မဟုတ် ဇနီးသည်၏ သဘောတူညီချက်မရှိဘဲ မေတ္တာဖြင့်ပေးလျှင် ပေးသည့် ပစ္စည်း၌ ပေးသူ၏အကျိုးခံစားခွင့်ရှိသော အစုအတွက် သာ အတည်ဖြစ်သည်။ သဘောတူညီချက်မပေးသည့် ခင်ပွန်း သို့မဟုတ် ဇနီးသည်၏ အကျိုးခံစားခွင့် ထိခိုက် ခြင်းမရှိ။ (အတွဲ ၁ဝ ရန်ကုန် ၂၆၁ နှင့် အတွဲ ၉ ရန်ကုန် ၅၂၄)

မေတ္တာဖြင့်ပေးခြင်း ဟုတ် မဟုတ် မည်သို့စိစစ်မည်နည်း ...

စာချုပ်တစ်ခုသည် မေတ္တာဖြင့်ပေးသည့် စာချုပ်ဖြစ်ပါ သလော၊ ရောင်းချသည့်စာချုပ်ဖြစ်ပါ သလောဆိုသည့် ပြဿနာကို ဆုံးဖြတ်ရာ၌ စာချုပ်ပါစကားရပ်များသာမက ထိုစာချုပ်ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင် အထောက် အထားများကို စိစစ်ရန်လိုမည်ဖြစ်သည်။ စာချုပ်တွင် ဖော်ပြထားသည့်စကားရပ်သည်  နှစ်ဦးနှစ်ဘက် သဘောတူထားကြသည့်အတိုင်း ရည်ရွယ်ထားကြသည့် အတိုင်း ဖြစ်ချင်မှဖြစ်မည်။ သို့ဖြစ်ရာ မေတ္တာဖြင့်ပေး သည်ဟု စာချုပ်၌ ဖော်ပြထားစေကာမူ စင်စစ်အားဖြင့် မေတ္တာဖြင့် ပေးခြင်းမဟုတ်ဘဲ ရောင်းချခြင်းသာဖြစ် နိုင်သည်။ မေတ္တာဖြင့်ပေးခြင်းနှင့် ရောင်းချ ခြင်းတို့၏ အဓိကကွာခြားချက်မှာ ရောင်းချခြင်းတွင် ရောင်းချသည့် ပစ္စည်းအတွက် အဖိုးစားနား ပေးခြင်း၊ ပေးရန်ကတိပြု ခြင်းရှိပြီး မေတ္တာဖြင့်ပေးခြင်းတွင် ပေးသည့်ပစ္စည်း အတွက် လုံးဝအဖိုးစားနား မရှိခြင်းဖြစ်သည်။ (၁၉၆၁ ခုနှစ်၊ မတစ၊ ၃၉၅ လွှတ်တော်)

အစဉ်အလာကောင်းကို ထိန်းသိမ်းစောင့်ရှောက်ကြပါ ...

မေတ္တာဖြင့်ပေးကမ်းခြင်းပြုကြရာတွင် ပြဋ္ဌာန်းဥပဒေ များ၊ ဓလေ့ထုံးတမ်းဥပဒေများနှင့်အညီဖြစ်စေရေးအတွက် ဖော်ပြပါစီရင်ထုံးများကို လေ့လာမှတ်သားသင့်သည်။ ဤသည်မှာ အညွှန်းသဘောမျှသာဖြစ်သည်။ စီရင်ထုံးအကျယ်ဖတ်ရန် လိုပါမည်။ ဆောင်သင့်တာ ဆောင်၍ ရှောင်သင့်တာရှောင်ရပါမည်။ လိုက်နာသင့် သည်များ လိုက်နာရပါမည်။ ဥပဒေနှင့်အညီ ဆောင် ရွက်ခြင်းဖြင့် ဥပဒေစိုးမိုးမှုဖြစ်စေသည်။ မိမိ၏ရည်မှန်း ချက်အထမြောက်မည်။ 

မေတ္တာဖြင့် ပေးကမ်းခြင်းပြုရာတွင် စေတနာသဒ္ဓါ တရားထက်သန်မှု၊ ရက်ရက်ရောရော ရှိမှုတို့သည် လေးစားထိုက်၊ ဂုဏ်ယူထိုက်၊ မြတ်နိုးထိုက်သည့် အစဉ် အလာကောင်း တစ်ရပ် ဖြစ်သည်။ ထိုအစဉ်အလာ ကောင်း တစ်ရပ်ကို ပြုမူဆောင်ရွက်ကြရာတွင် ပြဋ္ဌာန်း ဥပဒေ၊ ဓလေ့ထုံးတမ်းဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ကြခြင်းဖြင့် ဆက်လက်ထိန်းသိမ်းစောင့် ရှောက်ကြပါစို့ဟု ဆန္ဒပြုလိုက်ပါရစေ။

မောင်စာဂ



Monday, September 25, 2017

တရားရုံးရောက်မှ တွေ့ကြတာပေါ့ကွာ

တရားရုံးရောက်မှ တွေ့ကြတာပေါ့ကွာ 

✨✨✨✨✨✨✨✨✨✨

  1.                  ပြေလွင်မြင့်

     တရားရုံးက ဖရိုဖရဲ။ တရားသူကြီးက ဗရမ်းဗတာ။ရှေ့နေက ကလိန်ကကျစ်။ စာအုပ်များနှင့်ဖိုင်တွဲအစုတ်တွေ၊ ယိုင်ရွဲ့ရွဲ့စာအုပ်စင်တွေနှင့်တရားခွင်တစ်ခုလုံး မှောင်မိုက်လှောင်အိုက်နေသည်။

    ထိပ်ပြောင်၍ ၀ဖြီး ပြဲလန်နေသောတရားသူကြီးသည် တရားခွင်ပေါ်၌မျက်မှန်ချွတ်လိုက်၊ ပြန်တပ်လိုက်၊ရှေ့ဖတ်စာရေး လာတင်သည့် စာရွက်ကိုငုံ့ဖတ်ကြည့်လိုက်နှင့် အလုပ်ရှုပ်နေသည်။ရှေ့နေက အားတက်သရော လျှောက်လဲနေစဉ်မှာပဲ သမီးထံမှ တယ်လီဖုန်းလာသဖြင့်ဖုန်းကိုကောက်ကိုင်လိုက်သည်။ သမီး၏ လက်ထပ်ပွဲတွင်ဝယ်မည့် အ၀တ်အစားများကိစ္စကို တဆွေးတနွေးပြောနေသည်ကို နှစ်ဖက်ရှေ့နေတို့က စိတ်ပျက်လက်ပျက်ငေးကြည့်နေသည်။ ထို့နောက်၊တရားခွင်ပေါ်မှပင် တရားသူကြီးက “လက်ထပ်ဝတ်စုံတစ်ခုဘယ်ဈေးပေါက်သလဲ” ဟုရှေ့နေကိုလှမ်းမေးလိုက်ပြီး သူ့သမီးမင်္ဂလာဆောင်လျှင် လာဖို့ဖိတ်ကြားနေသည်။ ထို့နောက်၊ရှေ့နေအား လျှောက်လဲချက်ကို ဆက်ပြောခိုင်းလိုက်သည်။


    ရှေ့နေသည် သူ့ဆရာရှေ့နေကြီးအတွက်အမှုသည်မိန်းကလေးကပေးလိုက်သည့်ရှေ့နေခငွေနှစ်သိန်းအား မပေးဘဲ ဖြတ်ခုတ်ထားခဲ့သည့်ရှေ့နေဖြစ်သည်။ရုံးချိန်းအလီလီကုန်ဆုံးပြီးနောက် အမှုသည်မိန်းကလေးက ငိုကြီးချက်မနှင့်ရပ်ကွက်ထဲ သို့လာရောက်၍ ရန်တွေ့ခဲ့သည်ကို ငုံ့ခံခဲ့ရသည့်ရှေ့နေဖြစ်သည်။ ဂုဏ်သိက္ခာပျောက်ဆုံးနေသည့် ရှေ့နေဖြစ်သည်။

    ထိုသို့သော ဗရမ်းဗတာတရားသူကြီးနှင့်ထိုသို့သော ကလိန်ကကျစ်ရှေ့နေကို လူအများရှေ့တွင်ထုတ်ပြခဲ့ခြင်းသည် အိန္ဒိယနိုင်ငံ၏ ဖရိုဖရဲဖြစ်နေသည့် တရားစီရင်ရေးစနစ်ကို လှောင်ပြောင်သရော်ချက်ဖြစ်နိုင်ပါသည်။ ဝေဖန်ထောက်ပြချက် ဖြစ် နိုင်ပါသည်။သို့သော် ထိုသို့သောတရားရုံးနှင့်ထိုသို့သောတရားစီရင်မှုမျိုး အခြားနိုင်ငံများတွင်-မရှိ၊သို့မဟုတ်-မရှိတော့ပါဟူ၍ ငြင်းဖို့ရာ ခဲယဉ်းလိမ့်မည်ထင်ပါသည်။

    The State Vs. Jolly LL.B 2 ဇာတ်ကားကို ကြည့်နေရင်းက ကုန်လွန်ခဲ့သောခေတ်တစ်ခေတ်၊စံနစ်တစ်ခု၏ ရှက်ရွံ့ စဖွယ်ပုံရိပ်ကောက်ကြောင်းများကို ရိုက်ပြနေသကဲ့သို့ ခံစားမိပါသည်။ (စက်တင်ဘာ၊၂၀၁၆)တွင် USAID က ပြုလုပ်သည့် တရားမျှတမှုလက်လှမ်းမီရေး(Access to Justice Initiative) ဆွေးနွေးပွဲသို့ တက်ခဲ့ပါသည်။ယင်းဆွေးနွေးပွဲတွင်  “တရားရုံး များစောင့်ကြည့်လေ့လာအကဲဖြတ်သည့်အဖွဲ့”က (၁-၁-၂၀၁၆)မှ(၃၁-၃-၂၀၁၆)အထိ လေ့လာတွေ့ရှိခဲ့သည့် အစီရင်ခံစာကို ဖတ်ပါသည်။ အစီရင်ခံစာတစ်နေရာတွင် အောက်ပါအတိုင်းဖော်ပြထားပါသည်။

    “တရားသူကြီးသည် ကြားနာနေစဉ် တရားရုံးအတွင်းအမှုနှင့်မပတ်သက်သူများနှင့် စကားပြောဆိုနေခြင်း၊ တယ်လီဖုန်း လက်ခံပြောဆိုနေခြင်းအပါအ၀င် ကြားနာမှုနှင့်မသက်ဆိုင်သောအခြားအလုပ်များလုပ်နေခြင်းကို လေ့လာအကဲဖြတ်သူများက မကြာခဏ တွေ့ရှိရပါသည်။ တရားသူကြီးများသည် ကြားနာစစ်ဆေးနေဆဲတွင်ပင် တရားရုံးခန်းပြင်ပသို့ထွက်သွားပြီး ကြားနာ စစ်ဆေးခြင်းကို ၎င်းတို့ကိုယ်တိုင်ရှိမနေသော်လည်း ဆက်လက်ဆောင်ရွက်ရန်ခွင့်ပြုခြင်းများကိုပြုလုပ်သည်။တရားသူကြီးတစ် ဦးသည် တရားရုံးခန်းတစ်ခုတည်းတွင် အမှုနှစ်မှုကို တစ်ချိန်တည်း၊တစ်ပြိုင်တည်း စစ်ဆေးကြားနာခြင်း ပြုလုပ်ပါသည်”
    ကျွန်တော်သည် အိန္ဒိယနိုင်ငံ၏ လက်ခနောတရားရုံးမြင်ကွင်း-ကို သတိရလိုက်မိသည်။

    တရားရုံးတိုင်း ထိုသို့မဟုတ်သည်မှာတော့သေချာပါသည်။ သို့သော်၊ ခေတ်များ၊နှစ်ကာလများ၌ တရားရုံးများကို ဖိ နှိပ်မောင်းနှင်မှု၊ဥပဓိပျက်ယွင်းမှုနှင့်ဆိုဆုံးမချက်ကင်းမဲ့နေမှုများကို အနှေးပြကွက်မှာ မြင်နေရသကဲ့သို့ ခံစားမိပါသည်။      

     ×××××××××××××××××××××××××××××××

    The State Vs. Jolly LL.B 2 ကို နည်းနည်းဆက်ပြောချင်ပါသည်။
    ယင်းဇာတ်ကား၏အဓိကဇာတ်ကောင်မှာ ဒုက္ခရောက်နေသည့်အမှုသည်မိန်းကလေးထံမှ ငွေနှစ်သိန်းကို လိမ်လည် ရယူခဲ့သော Jolly ဖြစ်ပါသည်။အလိမ်ခံခဲ့ရသော မိန်းကလေးသည် တိုက်ပေါ်မှခုန်ချ၍ သူ့ကိုယ်သူ သတ်သေသွား သောအခါ ရှေ့နေJolly သည်အကြီးအကျယ်နောင်တရသွားသည်။ သူ့ကိုယ်သူပြုပြင်ခဲ့သည်။ မိန်းကလေးပေးခဲ့သော အမှုတွဲကို စေ့စေ့ စပ်စပ်ပြန်ဖတ်ခဲ့သည်။ရာထူးတက်ချင်နေသောရဲအရာရှိသည် မိန်းကလေး၏ခင်ပွန်းကို မတရားသဖြင့်ပစ်သတ်ခဲ့သော်လည်း
    ရဲအရာရှိသည်  မည်သို့မျှအရေးယူခြင်းမခံရဘဲ အမှုပိတ်သိမ်းသွားခဲ့ပြီဖြစ်သည်။

     Jolly က ထိုအမှုကို ပြန်လည် စုံစမ်းစစ်ဆေး ပေးရန် လက်ခနောတရားသူကြီးထံသို့ အသည်းအသန်လျှောက်ထားခဲ့သည်။ ဖုံးကွယ်ထားခဲ့သည့် မျက်မြင်သက်သေများကို စစ်ဆေးခွင့်ရဖို့ ကျားကုတ်ကျားခဲကြိုးစားခဲ့သည်။ စွပ်စွဲခံရသူ ရဲအရာရှိဘက်မှ အမှုလိုက်ပါသောရှေ့နေကြီးက ပြင်းပြင်းထန် ထန် ပိတ်ဆို့ကန့်ကွက်နေသည့်ကြားမှ နောက်ဆုံးတွင် သက်သေကိုစစ်မေးတင်ပြဖို့  အခွင့်အရေး ရသွားခဲ့သည်။

    ဆိုပါစို့၊အမှု၏ တကယ့်ဖြစ်ရပ်အမှန်သည် တရားခွင်ရှေ့မှောက်မှာ ဘွားဘွားကြီးရုပ်လုံးပေါ်လာသည်။ တစ်ဖက်ရှေ့နေက အကြောက်အကန်ကန့်ကွက်နေသော်လည်း တစ်လျောက်လုံးဗရမ်းဗတာလုပ်နေသည့် တရားသူကြီးက ထိုရုံးချိန်းမှာပဲအမှုကိုစီရင်ဆုံးဖြတ်နိုင်ခဲ့သည်။စီရင်ချက်မချမီ၊တရားသူကြီးကတရားခွင်ပရိသတ်ကို စကားပြောသည်။ ပြောသည့်စကားက တော်တော်စိတ်ဝင်စားစရာကောင်းသည်။တော်တော်လည်း စဉ်းစားဖို့ကောင်းသည်။

    “လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က ဒီလိုအမှုမျိုး ကိုင်ရဖူးတယ်။ကျုပ်နေ့တိုင်းတရားရုံးကိုလာခဲ့တယ်။ ၆-နာရီထိုးတာ နဲ့ အိမ်ပြန်ဖို့အတွက်ကိုပေါ့။ ဘာလုပ်မလဲ၊ ဒီနိုင်ငံရဲ့တရားစီရင်ရေးစနစ်ကိုက အဲဒီလိုပဲဖြစ်နေတယ်လေ”
    “ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပါ။ဒီမှောင်မိုက်နေတဲ့အခန်းတွေက ကျုပ်တို့တရားစီရင်တဲ့အခန်းတွေတဲ့။ကျုပ်လို တရားသူကြီးတောင် ဒီမှာမနေချင်ရင်၊ တခြားလူတွေဆို ပြောမနေနဲ့တော့ဗျာ”
    “သန်း-၃၀၊ ဒီနိုင်ငံမှာ မပြီးပြတ်သေးတဲ့အမှုပေါင်း သန်း-၃၀ကျော်ရှိတယ်။တရားသူကြီးရှိတာမှ ၂၁၀၀ တည်း။ တရား သူကြီးတစ်ယောက်က အမှုပေါင်း-၁သောင်းကျော် ကိုင်တွယ်ရတယ်။လူတွေက စိတ်ပျက်လက်ပျက်ပြန်သွားကြတယ်။ ဒါပေမဲ့၊ အိန္ဒိယမှာ လူနှစ်ယောက်ရန်ဖြစ်ပြီဆိုရင် အရင်ဆုံးတစ်ယောက်ကိုတစ်ယောက် ဘာပြောတတ်ကြသလဲ သိလား”
    “တရားရုံးရောက်မှတွေ့ကြတာပေါ့ကွာတဲ့၊လူတွေဘာလို့အဲဒီလိုလုပ်ကြတာလဲ၊ပြောစမ်းပါဦး၊ သူတို့မှာ ယုံကြည်ချက်ရှိ နေသေးလို့၊ တရားစီရင်ရေးအပေါ်ယုံကြည်နေကြသေးလို့”
    “အစိုးရအဖွဲ့အစည်းတွေနဲ့ ရဲတွေက သူတို့ပြောတာကိုနားမထောင်ကြရင်၊တရားရုံးကနားထောင်ပေးပြီး သူတို့ကိုတရား မျှတအောင်လုပ်ပေးမယ်ဆိုတာကို သူတို့တွေ ယုံကြည်ကြလို့။ ဒီတော့ ဒီခုံပေါ်မှာ ထိုင်နေတဲ့လူတိုင်းက အဲဒီ ယုံကြည်ချက်ကို မပျက်စီးစေဖို့တာဝန်ရှိတယ်”
    ရဲအရာရှိကြီး ဆူဗေးဆင်းတို့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည်။
    ပရိသတ်လည်း ကျေနပ်ခဲ့သည်။

    ဇာတ်ကားတစ်ကားဖြစ်သည့်အတွက် ဇာတ်ကောင်စရိုက်များကိုဖော်ပြရာတွင် အချို့အချက်များ၌ပိုပိုကဲကဲလေးလုပ် ပြခဲ့မည်ကို ခန့်မှန်းနိုင်စရာရှိပါသည်။ သို့ရာတွင် လက်ခနောတရားသူကြီး၏စကားသည် တကယ့်အနှစ်အသားဖြစ်သည်။

  2.     ×××××××××××××××××××××××××××××××××××

    အိန္ဒိယရုပ်ရှင်အချို့က သူ့နိုင်ငံ၏တရားစီရင်ရေးစနစ်ကို ဝေဖန်ထောက်ပြဖို့ ကြိုးစားနေသည်။ သင့်လျော်ကောင်းမွန်၍ ယုံကြည်စိတ်ချနိုင်သည့် တရားစီရင်မှုစနစ်တစ်ခုကို ပြောင်းလဲနိုင်ဖို့ရာ
    သူတို့နည်း၊သူတို့ဟန်နှင့် တောင်းဆိုနေသည်။ ကောင်းမွန်၍ယုံကြည်စိတ်ချရသည့်တရားစီရင်မှုစနစ်ကို နိုင်ငံတိုင်းက လိုလားကြမည်-ဟုကျွန်တော်ထင်ပါသည်။ တရားစီရင်မှုတွင် ကသောင်းကနင်းဖြစ်သည့်အခါတိုင်း တရားရုံးတွေကို လက်ညှိုးငေါက်ငေါက်ထိုး၍ဝေဖန်၊ပြစ်တင် လေ့ရှိသည်မှာ မည်သည့်နိုင်ငံ၌မဆို အထူးအဆန်းမဟုတ်တော့ဟုထင်ပါသည်။ သို့ရာတွင်၊ လက်ညှိုးငေါက်ငေါက်ထိုး၍ ဝေ ဖန်ပြစ်တင်ခြင်းတွင် အဆုံးသတ်ခဲ့သည်မှာ ၀မ်းနည်းစရာဖြစ်သည်။မိမိတို့ဘက်မှပြင်ဆင်ဖြည့်ဆည်းဖို့၊ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်ချက်များလည်း ရှိနေသည်ကို မသိမမြင်ယောင်ပြုနေသည်မှာ ၀မ်းနည်းစရာဖြစ်သည်။

    တရားစီရင်မှု ညီညွတ်မျှတဖို့ရာ တည်ဆဲဥပဒေများလည်းညီညွတ်မျှတရမည်ဆိုသည်ကို မေ့လျော့နေတတ်ပါသည်။ တရားစီရင်မှုယန္တရားကိုဘယ်လိုအရည်အချင်းနှင့်ဘယ်လိုအတွေ့အကြုံရှိသူတွေက၊ ဘယ်ပုံဘယ်နည်းမောင်းနှင်နေသလဲဆို သည်ကိုဥပေက္ခာပြုထားတတ်ပါသည်။ တရားစီရင်မှုဇာတ်ခုံ၌ တရားသူကြီးများသာမက ဥပဒေအရာရှိ၊ရှေ့နေရှေ့ရပ်၊ရဲတပ်ဖွဲ့၊ အစိုးရကခန့်ထားသည့်အုပ်ချုပ်ရေးမှူးများနှင့်သာမန်ပြည်သူတို့သည်ပင် ဇာတ်ကောင်အဖြစ်  ပါဝင်ကြသည်ကို  ငုတ်တုပ်မေ့ နေ တတ်ကြပါသည်။

    သို့သော်၊တာဝန်အရှိဆုံး အဓိကဇာတ်ကောင်မှာ တရားသူကြီးဖြစ်သည်ကို ယုံမှားဖွယ်မရှိပါ။ လက်ခနောတရားသူကြီးက တရားစီရင်နေသည့် မှောင်မိုက်သောအခန်းတွေကိုညွှန်ပြလျက်
    သူ့နိုင်ငံ၏တရားစီရင်ရေးစနစ်ကို ညည်းပြခဲ့သည်။
    သူ့စကား၌ နာကျင်ဆွေးမြေ့မှုတစ်စုံတစ်ရာကို လှစ်ခနဲတွေ့လိုက်ရသည်။ သူ၏ပြောဆိုချက်တွင် တရားရုံးများကိုသူ့နိုင်ငံကလျစ်လျူပြုထားပုံနှင့်သူတို့၏တရားစီရင်မှုစနစ်အပေါ် စိတ်ပျက် ငြီးငွေ့မှုများ ပါဝင်နေသည်။သူသည် ဗရမ်းဗတာတရားသူကြီးမျှသာဖြစ်သည်ကို သရုပ်ပြ၀န်ခံခဲ့သည်။မည်သို့သောရှေ့နေ၊မည် သို့သောအဖွဲ့အစည်းတွေနှင့်လက်တွဲနေရသည်ကို မြင်အောင်ပြခဲ့သည်။ချို့ယွင်းအားနည်းချက်တို့ကို ရဲရဲလက်ခံခဲ့သည်။

    အံ့သြစရာကားသည်မျှဗရမ်းဗတာဖြစ်နေခဲ့သောတရားသူကြီးပင်လျှင် သူ့တရားရုံးအပေါ် သူ့ပြည်သူ၏ယုံကြည်ကိုး စားမှုကို ဂုဏ်ယူတန်ဖိုးထားနေသည့်အချက်ဖြစ်သည်။ အစိုးရနှင့် အခွင့်အာဏာပိုင်တို့က နားမထောင်ခဲ့သည့် ပြည်သူ့နစ်နာမှု များကို တရားရုံးကလေးလေးစားစားနားထောင်၍ တရားမျှတအောင်လုပ်ပေးရမည်ဟု ခံယူနေသေးသည့်အချက်ဖြစ်သည်။
    နှစ်လိုစရာကောင်းသည်မှာ လက်ခနောတရားသူကြီး၏လက်တွင် မြဲမြဲဆုပ်ကိုင်ထားသည့် ပေတံကလေးဖြစ်ပါသည်။
     စိတ်ပျက်လက်ပျက်ဖြစ်ခဲ့သည့်တိုင် သူ့ပြည်သူက ထားရှိနေသေးသည့်ယုံကြည်မှုပေတံကလေးဖြင့် သူ့တရားရုံးကို မောင်းနှင် ခဲ့ခြင်းဖြစ်ပါသည်။ ယုံကြည်မှုတစ်စုံတစ်ရာရှိနေသေးလျှင် အလုံးစုံပျက်ယွင်းခြင်း မရှိသေးဟုဆိုရပါမည်။ ယုံကြည်မှု ရှိသေးလျှင် ထိုယုံ ကြည်မှုကို မပျက်မယွင်းစေရအောင်ဂရုဓမ္မပြုလျက် ပိုကောင်းမွန်အောင် တည်ဆောက်၍ရပါသည်ဟုမျှော်လင့်နိုင်သေးသည့်သဘောဖြစ်သည်။

    သူ့ပေတံက တော်တော်တိုပါသည်။သို့သော်၊အရေးကြီးပါသည်။
    “တရားရုံးရောက်မှတွေ့ကြတာပေါ့ကွာ”ဟုပြောနေသေးသလားဆိုသည်ကိုမူ စနည်းနာကြည့်ရမည် ထင်ပါသည်။     ။

                                      ပြေလွင်မြင့်
     စံတော်ချိန်
     ၅ မေ ၂၀၁၇






Wednesday, August 23, 2017

အာမခံပေးသည်မှာ အခြေခံမူ၊ မပေးသည် မှာ ခြွင်းချက်သာ

မောင်စာဂ

အာမခံပေးခြင်းဆိုရာတွင် ပြစ်မှုတစ်ရပ် ကျူးလွန်သူဟု စွပ်စွဲခံရသူတစ်ဦးအား ဖမ်းဆီးချုပ်နှောင်ခြင်းမပြုဘဲ  လုံလောက်သော အာမခံသူများနှင့်ခံဝန်ချုပ် ချုပ်ဆို၍ဖြစ်စေ၊ အာမခံသူများမပါဘဲ ကိုယ်တိုင်ခံဝန်ချုပ် ချုပ်ဆို၍ဖြစ်စေ လွှတ်ပေးထားခြင်းကို ဆိုလိုသည်။ 

အာမခံပေးခြင်းကိစ္စ  အပိုင်းနှစ်ပိုင်းရှိသည်။ စွပ်စွဲခံရသူကို ရဲတပ်ဖွဲ့စခန်းက ဖမ်းဆီးချုပ်နှောင်ပြီးနောက် အာမခံပေးခြင်းအပိုင်းနှင့်တရားရုံးသို့ စွဲဆိုတင်ပို့ပြီးနောက် တရားရုံးက အာမခံပေးခြင်းအပိုင်းတို့ဖြစ်သည်။ အပိုင်းနှစ်ပိုင်းစလုံးတွင် အာမခံပေးခြင်း၊ မပေးခြင်း ကိစ္စရပ်အပေါ် အဆုံးအဖြတ်ပေးကြရာ၌ လိုက်နာရမည့် ဥပဒေမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပင် ဖြစ်သည်။

ဤတွင် အာမခံပေးခြင်းကိစ္စ ဥပဒေက မည်သို့မည်ပုံ ပြဋ္ဌာန်းထားသနည်း။ လေ့လာတွေ့ရှိသမျှ ဖော်ပြပါရ စေ။

အာမခံပေးနိုင်သောပြစ်မှုနှင့် မပေးနိုင်သောပြစ်မှု

ရာဇသတ်ကြီးတွင် ပါရှိသောပြစ်မှုများအနက် မည်သည့်ပြစ်မှုက အာမခံပေးနိုင်သည်၊ မည်သည့်ပြစ်မှုက အာမခံမပေးနိုင်ဟူ၍ ရာဇဝတ်ကျင့်ထုံးဥပဒေ၌ သတ် မှတ်ထားသည်။ 

အာမခံပေးရမည့်ပြစ်မှုဆိုသည်မှာ ရာဇဝတ်ကျင့်ထုံး ဥပဒေ၏ နောက်ဆက်တွဲ ဇယား (၂) တွင် အာမခံပေးရ မည်ဟု ဖော်ပြထားသောပြစ်မှု သို့မဟုတ် တည်ဆဲအခြားဥပဒေတစ်ရပ်ရပ်အရ အာမခံပေးရမည့်ပြစ်မှုကို ဆိုသည်။ အာမခံမပေးနိုင်သောပြစ်မှုဆိုသည်မှာ အခြား ပြစ်မှုများကို ဆိုသည်။ [ပုဒ်မ ၄(၁)(က)]။ 

ရာဇသတ်ကြီးမဟုတ်ဘဲ ကျန်ရှိသည့် အထူးဥပဒေ များပါ ပြစ်မှုများကိုလည်း အာမခံ ပေးနိုင်သည့်ပြစ်မှုနှင့်အာမခံမပေးနိုင်သော ပြစ်မှုဟူ၍ သတ်မှတ်ထားသည်။  ရာဇဝတ်ကျင့်ထုံး ဥပဒေ နောက်ဆက်တွဲဇယား (၂) အဆုံးတွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။

သေဒဏ်၊ အနှစ် ၂ဝ ထောင်ဒဏ် သို့မဟုတ် ထောင် ဒဏ် ခုနစ်နှစ် သို့မဟုတ် ယင်းအထက်ပိုသော ပြစ်ဒဏ်ထိုက်သည့်ပြစ်မှုဖြစ်လျှင်သော်လည်းကောင်း၊ ထောင်ဒဏ် သုံးနှစ်နှင့်အထက် သို့သော်လည်း ခုနစ်နှစ် ထက်မပိုသော ပြစ်ဒဏ်ထိုက်သည့် ပြစ်မှုဖြစ်လျှင်သော်လည်းကောင်း အာမခံမပေးနိုင်ပါ။ ထောင်ဒဏ် သုံးနှစ်အောက် ပြစ်ဒဏ်ထိုက်သည့် ပြစ်မှုဖြစ်လျှင် အာမခံပေးရ ပါမည်။  

အာမခံပေးခြင်းကိစ္စ၊ နည်းလမ်းသတ်မှတ် ပြဋ္ဌာန်းချက်

ရာဇဝတ်ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များကို အနှစ် ချုပ်ကိုးကား၍ ရှင်းလင်းပါမည်။

အာမခံပေးနိုင်သော ပြစ်မှုဖြင့် စွပ်စွဲခြင်းခံရသူ တစ်ဦးကို သက်ဆိုင်ရာ ရဲစခန်း၏ ထိန်းသိမ်းမှု အောက် တွင်ရှိစဉ် မည်သည့်အချိန်အခါမဆို အာမခံပေးရန် အသင့်ဖြစ်လျှင် ထိုသူကိုအာမခံဖြင့် လွှတ်ထားရမည်။ ထိုနည်းတူ တရားရုံးရှေ့တွင် ဆောင်ရွက်သည့် မှုခင်းကိစ္စ၏ မည်သည့်အဆင့်၌မဆို အာမခံပေးရန်အသင့် ဖြစ်လျှင် ထိုသူကို အာမခံဖြင့်လွှတ်ထားရမည်။ (ပုဒ်မ ၄၉၆)

အာမခံမပေးနိုင်သော ပြစ်မှုဖြင့် စွပ်စွဲခံရသူတစ်ဦး သည် ရဲစခန်းက ဝရမ်းမပါဘဲ ဖမ်းဆီးခြင်းဖြစ်စေ၊ ချုပ် နှောင်ခြင်းဖြစ်စေ ခံရသည့်အခါ သို့မဟုတ် တရားရုံး ရှေ့သို့ ထိုသူ ရောက်ရှိသည့်အခါ သို့မဟုတ် တရားရုံး ရှေ့သို့ ခေါ်ဆောင်ခြင်းခံရသည့်အခါ ထိုသူကို အာမခံဖြင့် လွှတ်ထားနိုင်သည်။ [ပုဒ်မ ၄၉၇(၁)]

ဤပြဋ္ဌာန်းချက်ကို ကြည့်ခြင်းအားဖြင့် အာမခံမပေး နိုင်သော ပြစ်မှုဖြင့် စွပ်စွဲခြင်းခံရသူပင်ဖြစ်လင့်ကစား အာမခံဖြင့်လွှတ်ထားနိုင်ကြောင်းကို တွေ့မြင်ရသည်။ 

ယင်းပုဒ်မ ၄၉၇(၁) မှာပင် သို့သော်လည်း ထိုစွပ်စွဲခံရသူသည် သေဒဏ်ဖြစ်စေ၊ အနှစ် ၂ဝ ထောင်ဒဏ်ဖြစ်စေ စီရင်ထိုက်သော ပြစ်မှုတစ်စုံတစ်ရာကို ကျူး လွန်ခဲ့သည်ဟု ယုံကြည်ရန် သင့်လျော်သော အကြောင်း များရှိလျှင် ထိုကဲ့သို့ လွှတ်ထားခြင်းမပြုရပါ။ သို့ရာတွင် အဆိုပါပြစ်မှုဖြင့်    စွပ်စွဲခံရသူသည်   အမျိုးသမီးဖြစ်နေလျှင် သို့မဟုတ် မကျန်းမမာ ဖျားနာနေသူဖြစ် လျှင် သို့မဟုတ် ချည့်နဲ့နေသူဖြစ်လျှင် ထိုသူကိုအာမခံဖြင့် လွှတ်ထားနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ 

ထို့ပြင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းက သို့မဟုတ် တရားရုံးက စုံစမ်းစစ်ဆေးမှု သို့မဟုတ် စီရင်မှုပြုလုပ် နေသည့် မည်သည့်အဆင့်တွင်မဆို စွပ်စွဲခံရသူသည် အာမခံမပေးနိုင်သည့် ပြစ်မှုတစ်ရပ်ကို ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရန် အကြောင်းမရှိသော်လည်း ထိုသူ၏ပြစ်မှုကို  ဆက်လက်စုံစမ်းစစ်ဆေးရန်  လုံလောက်သော အကြောင်းများရှိသည်ဟု ထင်မြင်လျှင် အဆိုပါ 
စုံစမ်းစစ်ဆေးမှု အတွင်း၌ ထိုသူကိုအာမခံဖြင့် လွှတ် ထားစေရမည်။ [ပုဒ်မ ၄၉၇(၂)]

ပုဒ်မ ၄၉၇ (၁) သို့မဟုတ် ပုဒ်မ ၄၉၇(၂) အရ စွပ်စွဲခံရသူတစ်ဦးကို အာမခံဖြင့် လွှတ်ပေးသည့် အရာရှိတစ်ဦး သို့မဟုတ် တရားရုံးတစ်ရုံးသည် မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ လွှတ် ထားရကြောင်း အကြောင်းပြချက်များကို စာဖြင့်ရေးမှတ်ထားရမည်။ [ပုဒ်မ ၄၉၇(၃)]

အာမခံမပေးနိုင်သော ပြစ်မှုတစ်ရပ်ဖြင့် စွပ်စွဲခံရသူတစ်ဦးကို စစ်ဆေးမှုပြီးဆုံးပြီးနောက် စီရင်ချက်မချမီ မည်သည့်အချိန်တွင်မဆို ထိုစွပ်စွဲခံရသူသည် အဆိုပါပြစ်မှုတစ်စုံတစ်ရာကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်း တရားရုံးက ထင်မြင်လျှင် အကယ်၍ထိုစွပ်စွဲခံရသူသည် အချုပ်တွင် ရှိနေပါက စီရင်ချက်ချသည့်အခါ ထိုသူရောက်ရှိ နားထောင်ရန်အတွက် အာမခံသူများမပါဘဲ ခံဝန်ချုပ် ချုပ်ဆိုစေလျက် ထိုသူကိုလွှတ်ပေးရမည်။ [ပုဒ်မ ၄၉၇(၄)]

အထူးပြဋ္ဌာန်းချက်နှင့် ယေဘုယျပြဋ္ဌာန်းချက် 

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆ နှင့်၄၉၇ ပါ ပြဋ္ဌာန်း ချက်များသည် အထူးပြဋ္ဌာန်းချက် (Special provision) ဖြစ်သည်။ ရာဇဝတ်ကျင့်ထုံးဥပဒေ၏ နောက်ဆက်တွဲ ဇယား (၂) တွင် အာမခံပေးနိုင်သည့်ပြစ်မှု၊ အာမခံမပေးနိုင်သည့် ပြစ်မှုဟု ဖော်ပြထားချက်များသည် ယေဘုယျ ပြဋ္ဌာန်းချက် (General provision) ဖြစ်သည်။  

အာမခံပေးခြင်းသည် 'မူ'၊ မပေးခြင်းသည် ခြွင်း ချက်'

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆ နှင့်ပုဒ်မ ၄၉၇ ပါ ပြဋ္ဌာန်းချက်များကို ကြည့်ခြင်းအားဖြင့် အာမခံပေး ရမည့် ပြစ်မှုများကို အာမခံပေးရန်ဖြစ်သည်။ အာမခံ မပေးနိုင်သော ပြစ်မှုကို ကျူးလွန်သည်ဟု စွပ်စွဲခံရစေ ကာမူ    အာမခံပေးရမည့်ဘက်ကို   အလေးထား၍ ပြဋ္ဌာန်းထားသည်ကို တွေ့မြင်ရမည်။ သို့ပါ၍ အာမခံ ပေးခြင်းသည် 'မူ'၊ အာမခံမပေးခြင်းသည် 'ခြွင်းချက်' မျှသာဟူ၍ ဆိုရခြင်းဖြစ်သည်။ 

စီရင်ထုံးပါ လမ်းညွှန်ဆုံးဖြတ်ချက်များ 

အာမခံပေးခြင်း မပေးခြင်းကိစ္စနှင့်စပ်လျဉ်း၍ 'ဟူစိန်ဘခန်နှင့်နိုင်ငံတော်အမှု' တွင် မူတစ်ရပ်ကို လမ်းညွှန် ချမှတ်ခဲ့သည်။ ထိုမူမှာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆ နှင့်၄၉၇ ပါ ပြဋ္ဌာန်းချက်များအရ အာမခံပေးခြင်းသည် အခြေခံမူဖြစ်သည်။ အာမခံမပေး ငြင်းပယ် ခြင်းသည် ခြွင်းချက်ဖြစ်သည်ဟူ၍ ဆုံးဖြတ်ထားသည်။ (၁၉၆ဝ ခုနှစ်၊ မတစ၊ ၁၉၂)

တခြားတစ်မှုတွင်လည်း အစွပ်စွဲခံရသူတစ်ဦးအား ရာဇဝတ်ရုံးက အာမခံပေးခြင်းနှင့်ပတ်သက်၍   စဉ်းစား ဆုံးဖြတ်ရမည့်မူများကို   ဤရုံးက ချမှတ်ပြီးဖြစ်သည်။ သာမန်အားဖြင့်ဆိုလျှင် အစွပ်စွဲခံနေရသူတစ်ဦးဦးအား အမှုကို ရုံးသို့တင်၍ စစ်ဆေးခြင်းမပြုသေးမီ သို့မဟုတ် အမှုကို စစ်ဆေးနေစဉ်အတွင်း၌ ကြာမြင့်စွာ ချုပ်နှောင်ထားအပ်သည်မဟုတ်။ ထိုသို့ချုပ်နှောင်ခြင်း
ဖြင့်၎င်းအပေါ်တွင် ပြစ်မှုထင်ရှားမတွေ့ရှိသေးဘဲ ကြိုတင်၍ ပြစ်ဒဏ်ပေးခြင်းမျိုး မဖြစ်အပ်ပေ။ (၁၉၆၅ ခုနှစ်၊ မတစ၊ ၆၆၆)

တခြားတစ်မှုတွင်လည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်း သို့မဟုတ် သေဒဏ်ပေးနိုင်သော အမှုများမှအပ အာမခံမပေးနိုင်သောအမှုများတွင် တရားရုံးများက အာမခံပေးပိုင်ခွင့်ကို ကျင့်ထုံးပုဒ်မ ၄၉၇ က ကန့်သတ်ထားခြင်းမရှိကြောင်း ဆုံးဖြတ်ထားသည်။ (ရန်ကုန်၊ အတွဲ ၅၊ ၂၇၆)

ပြစ်ဒဏ်စီရင်ခြင်း မပြုသေးသမျှ အပြစ်ကျူးလွန်သူဟု မမှတ်ယူရ 

ပြစ်မှုတစ်ရပ်ကျူးလွန်သည်ဟူ၍ စွပ်စွဲခံရသူတစ်ဦး ကို တရားရုံးက ''ပြစ်ဒဏ်စီရင်ခြင်း မပြုသေးသမျှအပြစ်ကျူးလွန်သူဟူ၍ မမှတ်ယူရ''ဆိုရိုးစကားသည် တည်တံ့ခိုင်မာလျက်ရှိသည်။  တရားရုံးရှေ့သို့ ရောက်ရှိ လာသော ပြစ်မှုတစ်ရပ်ကို ကျူးလွန်သည်ဟု စွပ်စွဲခံရသူကို အပြစ်ကျူးလွန်သူဟူ၍ ကြိုတင်မှတ်ယူခြင်း မပြုနိုင်ပါ။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၆ နှင့်၄၉၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ    အာမခံပေးခြင်းကိစ္စ ဆောင်ရွက်သင့်ကြပါသည်။ 

မှတ်မှတ်သားသား ဆောင်ရွက်ခဲ့သည်များ 

လွန်ခဲ့သော ၁၉၇၄ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ ကာလ များအတွင်းကဖြစ်သည်။ လမ်းစဉ်ပါတီခေတ် ပြည်သူ့ တရားသူကြီး သုံးဦး ရုံးထိုင်စစ်ဆေးသည့်အချိန်ဖြစ်သည်။ စာရေးသူသည် မြို့နယ် ဥပဒေရုံးတွင် ဥပဒေ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ပြစ်မှု တော်တော်များကို တရားရုံးတွင် အစိုးရရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့ရသည်။ အာမခံပေးခြင်းကိစ္စ တရားရုံးတွင် အကြိမ်ကြိမ်တင်ပြခြင်း၊ လျှောက်လဲ ချက်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ရသည်။

အာမခံပေးရမည့်အမှုဖြစ်လျှင် အာမခံပေးဖို့ တင်ပြ ခြင်း၊ လျှောက်လဲခြင်းပြုသည်။ သေဒဏ်၊ တစ်သက် တစ်ကျွန်းဒဏ် ချမှတ်ထိုက်သော ပြစ်မှုမျိုးဖြင့် စွပ်စွဲခံရသူကို အာမခံမပေးဖို့ ကန့်ကွက်ကြောင်း ဥပဒေ နှင့်အညီတင်ပြခြင်း၊ လျှောက်လဲချက်ပေးခြင်းပြုသည်။ သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ် ချမှတ်ထိုက်သည့် ပြစ်မှုကို ကျူးလွန်ကြောင်းဖြင့် စွပ်စွဲခံရသူမဟုတ်ပါက၊ အာမခံပေးလိုက်လျှင် စွပ်စွဲခံရသူသည် ထွက်ပြေး တိမ်းရှောင်သွားရန် အကြောင်း ရှိ၊ မရှိ၊ နောက်ထပ် ရာဇဝတ်ပြစ်မှုတစ်စုံတစ်ရာ ထပ်မံကျူးလွန်ရန် အကြောင်း ရှိ၊ မရှိ၊ တင်ပြထားသည့် တရားလိုပြ သက် သေများကို ဖျက်လိုဖျက်ဆီးပြုရန် အကြောင်း ရှိ-မရှိ သက်ဆိုင်ရာ ရဲအရာရှိ  [မှုခင်းမှတ်တမ်း အရာရှိ (CRO) ] ထံသို့ သဘောထားမှတ်ချက်များ တောင်းခံရယူသည်။

ဖော်ပြပါ အချက်သုံးချက်တွင် တစ်ချက်ချက်နှင့်ငြိစွန်းနေကြောင်းတွေ့ရလျှင်  အာမခံမပေးခြင်းသည် ခြွင်းချက်ဆိုသောမူအရ အာမခံမပေးသင့်ကြောင်း ခိုင်လုံသော အထောက်အထားများဖြင့်  တင်ပြခြင်း၊ လျှောက်လဲချက်ပေးခြင်းပြုသည်။ တရားရုံးများက အာမခံမပေး။ ဖော်ပြပါ အချက်သုံးချက်စလုံးနှင့်ငြိစွန်းခြင်းမရှိခဲ့သော်၊ ထို့ပြင်စွပ်စွဲခံရသူသည် အမျိုးသမီးဖြစ်နေခဲ့သော်၊ အသက်အရွယ်ကြီးရင့်၍ အိုမင်းမစွမ်း၊ ချည့်နဲ့သူဖြစ်ခဲ့သော်၊ ကျန်းမာရေးချို့တဲ့သူဖြစ်ကြောင်း သက်ဆိုင်ရာ ဆရာဝန်၏ ခိုင်မာသောဆေးစာကို တင်ပြနိုင်ခဲ့သော် အာမခံပေးခြင်းသည် အခြေခံမူ ဖြစ်သည်ဆိုသော 'မူ' အရ လုံလောက်သောခံဝန်သူများဖြင့် အာမခံပေးမည် ဆိုလျှင် ကန့်ကွက်ရန် မရှိပါကြောင်းတင်ပြခြင်း၊ လျှောက် လဲချက်ပေးခြင်းပြုသည်။ တရားရုံးများကလည်း အာမခံ ပေးသည်။

တရားစီရင်ရေးလမ်းကြောင်း တိမ်းစောင်းစေရာ ရောက်ခြင်း

မှုခင်းတစ်ရပ်ကို ရဲတပ်ဖွဲ့စခန်းက စုံစမ်းထောက် လှမ်းခြင်း၊ တရားရုံးက စစ်ဆေးကြားနာခြင်း ပြုရသည့် ဖြစ်စဉ်တွင် စွပ်စွဲခံရသူကို အာမခံပေးခြင်း၊ မပေးခြင်း ကိစ္စသည် အရေးကြီးသော ဖြစ်စဉ်တစ်ရပ်အဖြစ် ပါရှိနေသည်။ စွပ်စွဲခံရသူက အာမခံလိုချင်သည်၊ အချုပ်လွှတ် ထုချေရှင်းလင်းခွင့် ရရှိလိုသည်။ စွပ်စွဲသူတရား လိုဘက်က စွပ်စွဲခံရသူ အာမခံရရှိသွားမည်ကို မလို 
လား။ အချုပ်နှင့်ရှိနေစေချင်သည်။ ရဲစခန်းနှင့် တရား ရုံးတို့က ဆုံးဖြတ်ချက်တစ်ခုကို မလွဲမသွေ ချမှတ်ကြ ရသည်။ တရားစီရင်ရေးလမ်းကြောင်း တိမ်းစောင်း သည်ဆိုရာတွင် အာမခံပေးခြင်း၊ မပေးခြင်းကို ဥပဒေ နှင့်အညီ ဆောင်ရွက်ခြင်းမရှိသည်ကလည်း အချက် တစ်ချက်ပင်ဖြစ်သည်။ အာမခံပေးခြင်း၊ မပေးခြင်း ကိစ္စသည် တရားသူကြီးများတွင်သာ တာဝန်ရှိသည် မဟုတ် အမှုကိုစတင်စစ်ဆေးရသည့် ရဲအရာရှိများ၊ တရားရုံးသို့ သဘောထားမှတ်ချက်၊ ဥပဒေအကြံပြု ချက်များ တင်ပြပေးရသည့် ဥပဒေအရာရှိများတွင်လည်း တာဝန်ရှိကြသည်။ 

တာဝန်ကိုယ်စီရှိကြသည့် တရားသူကြီး၊ ဥပဒေ အရာရှိ၊ အမှုစစ်ရဲအရာရှိတို့သည် အာမခံပေးခြင်း ကိစ္စနှင့်စပ်လျဉ်းပြီး ယေဘုယျပြဋ္ဌာန်းချက်ဖြစ်သည့်  ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယား ၂ တွင် ဖော်ပြချက်များ သက်သက်ကိုသာ အပေါ်ယံကြည့်၍ ဆောင်ရွက်ခြင်းများကို ရှောင်ရှားသင့်သည်။ အထူးပြဋ္ဌာန်း ချက်ဖြစ်သည့် ကျင့်ထုံးဥပဒေပုဒ်မ ၄၉၆ နှင့်၄၉၇ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် ဆုံးဖြတ်သင့်သည်။ တိုင်ကြားသူကဘယ်သူလဲ၊ တိုင် ကြားခံရသူက ဘယ်ဝါလဲဆိုသည့် ပုဂ္ဂိုလ်မျက်နှာကို မကြည့်မမြင်ဘဲ ဥပဒေပြဋ္ဌာန်းချက်ကို မျက်နှာမူပြီး ဆင်ခြင်တုံတရားဖြင့် ရဲရဲဝံ့ဝံ့သတ္တိရှိရှိ ဆောင်ရွက် နိုင်ရမည်။

ကျူးလွန်သည့်ပြစ်မှုခြင်းတူသော်လည်း ကျူးလွန်ပုံကျူးလွန်နည်း မတူခြင်း၊ ပြစ်မှုကျူးလွန်သူ၏ အသက်၊ လိင်စသည့် ကွဲပြားမှုတို့ကြောင့် တစ်မှုနှင့်တစ်မှု အာမခံ ပေးခြင်း မပေးခြင်းကိစ္စ ကွဲပြားခြားနားမှုရှိမည်ကို ပြည်သူတွေ နားလည်သိရှိပါသည်။ အာမခံမပေးခြင်း သည် ခြွင်းချက်သာ ဖြစ်သည်။ ခြွင်းချက်အရ အာမခံ မပေးခြင်းကို မပြောလိုပါ။ အာမခံမပေးခြင်းသည် 'မူ' 
တစ်ရပ် ဖြစ်နေပြီး အာမခံပေးခြင်းက 'ခြွင်းချက်' သဖွယ် ဖြစ်သွားမည်ကိုတော့ လိုလားကြမည် မဟုတ်ပါ။

အခြေခံမူကို ထိန်းသိမ်းကြပါစို့

အာမခံပေးခြင်းကိစ္စ လိုက်နာရမည့်မူများကို ဥပဒေက ရှင်းလင်းတိကျစွာ ပြဋ္ဌာန်းထားရှိပြီး ဖြစ်သည်။ စီရင်ထုံးများက တိကျပြတ်သားစွာ လမ်းညွှန်ဆုံးဖြတ် ထားပြီးဖြစ်သည်။ ခံယူချက်၊ အတွေးအမြင်၊ စိတ်သဘော ထားများ တူညီစွာထားရှိလျက် ဥပဒေပြဋ္ဌာန်းချက်၊ စီရင်ထုံးပါ လမ်းညွှန်ဆုံးဖြတ်ချက်များနှင့်အညီ ဆောင်ရွက်သွားကြမည်ဆိုပါက၊ 'အာမခံပေးခြင်းသည် အခြေခံမူ၊ အာမခံမပေးငြင်းဆိုခြင်းသည် ခြွင်းချက်သာဖြစ် သည်' ဆိုသော မူသည်၊ ထာဝရရှင်သန် ကြီးထွားနေ မည်ဖြစ်ကြောင်းပါ။

နိုင်ငံတော်အပေါ် သစ္စာထား၊ ပြည်သူအပေါ်မေတ္တာ ပွား၍ တရားနှင့်အညီ ဆောင်ရွက်နိုင်ကြပါစေ။

တရားရေးမဏ္ဍိုင် အစဉ်ထာဝရကြံ့ခိုင် တည့်မတ်နေစေရေး ဆောင်ရွက်ပေးနိုင်ကြပါစေ။ 

ဥပဒေနှင့်အညီ တရားသဖြင့် ဖြောင့်မတ်မှန်ကန်စွာ ရှုမြင်ဆင်ခြင် ဆောင်ရွက်နိုင်ကြပါစေ။

Tuesday, August 15, 2017

အပေါင်မှု နှင့် ဇာရီ

အပေါင်ဒီကရီကို အတည်ပြုရာတွင် အမိန့် ၃၄ ပြဋ္ဌာန်းချက်များကို လိုက်နာရန်ဖြစ်ခြင်း။
××××××××××××××××××××××××××××××××××

အပေါင်ပစ္စည်းရောင်းချပေးစေလိုမှုမှ ဒီကရီအရ အပေါင်ပစ္စည်းရောင်းချပေး စေရေး လျှောက်ထားမှုများနှင့် အပေါင်ပစ္စည်းရွေးနုတ်ခွင့်ရလိုမှုမှ ဒီကရီအရ ကျသင့် ငွေပေးသွင်း၍ အပေါင်ပစ္စည်း လက်ရောက်ရရှိစေရေး လျှောက်ထားမှုများကို တရားမ ကျင့်ထုံးဥပဒေ အမိန့် ၂၁ ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရန် မဟုတ်ဘဲ အမိန့် ၃၄ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာ၍ မူလတရားမကြီးမှုတွင်သာ ဆက်လက် ဆောင် ရွက်ရမည်ဖြစ်ပါသည်။
 
ဦးထွန်းထွန်း ပါ ၃ နှင့် မန်နေဂျာ(မြန်မာ့စီပွားရေးဘဏ်၊ ဟင်္သာတမြို့) (၂၀၀၃ ခုနှစ်၊ မတစ၊ စာ ၂၄၂)  တွင် အောက်ပါအတိုင်းထုံးဖွဲ့ပါသည်။
 
"တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁ တွင် ပြဋ္ဌာန်းထားသည့် နည်း ဥပဒေများမှာ ယေဘုယျ ပြဋ္ဌာန်းချက်များသာဖြစ်ပြီး အပေါင်ဒီကရီပါ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ရောင်းချခြင်းအတွက် ပြဋ္ဌာန်းထားသော အမိန့် ၃၄ မှာ အပေါင်မှုများအတွက် သီးခြား ပြဋ္ဌာန်းချက်ဖြစ်ရာ အပေါင်ဒီကရီပါ မရွှေ့မပြောင်းနိုင်သောပစ္စည်း ရောင်းချခြင်းကိစ္စတွင် တရားမကျင့်ထုံးဥပဒေ အမိန့် ၃၄ ပါ ပြဋ္ဌာန်းချက်များအရသာ လိုက်နာရန်ဖြစ်ပေသည်။ 

---

အပေါင်ဒီကရီကို အတည်ပြုရာတွင် ဇာရီမှုသီးခြားဖွင့်လှစ်ရန်မလိုခြင်း။
××××××××××××××××××××××××××××××××××

တရားရုံးများလက်စွဲအပိုဒ် ၁၂၀၈၊ တရားမမှတ်ပုံစာရင်းစာအုပ် ၂ ကို ပြုပြင်ထားရန်ရှိရန် ညွှန်ကြားချက်များ၊ ဇယားကွက် ၂ ပြုပြင်ထားရှိရန် ညွှန်ပြချက်တွင် အောက်ပါအတိုင်းဖော်ပြထားပါသည်။

"အပေါင်ဒီကရီများအရ၊ ရောင်းချခြင်း နှင့် ပတ်သက်သော ဆောင် ရွက်သည့် မှုခင်းများကို ဤဇယားကွက်* နံပါတ်စဉ် အောက်တွင် M အက္ခရာ စာလုံးကို မင်နီနှင့် ရေးသားခြင်းဖြင့် ခြားနားဖော်ပြရမည်။
*အပေါင်ဒီကရီများအရ ရောင်းချခြင်းနှင့်ပတ်သက်သော ဆောင် ရွက်သည့် မှုခင်းစက္ကူရပ်များကို တရားမကြီးမှု အမှုတွဲတွင် တွဲထား သော်လည်း၊ ထိုဆောင်ရွက်သော မှုခင်းကို ဤမှတ်ပုံစာရင်း စာအုပ် တွင် မှတ်ပုံတင် တင်သွင်းရမည်။ ဤမှတ်ပုံတင်စာအုပ်ရှိ နံပါတ်ကို တရားမကြီး အမှုတွဲမျက်နှာဖုံးပေါ်ရှိ တရားမကြီးမှု နံပါတ်အောက် တွင် မင်နီနှင့် ရေးသားထားရမည်။"

ဆရာ ဦးမြ၊ တရားမဇာရီမှုများ စာ - ၂၅၆ တွင် အောက်ပါအတိုင်း ညွှန်ပြထား ပါသည်။ 

"အပေါင်မှုတွင် အပြီးသတ် ဒီကရီ ချမှတ်ပြီးနောက် အပေါင်ပစ္စည်း ကို ရောင်းချခြင်းဖြင့် ဒီကရီကို အတည်ပြုပေးရန် လျှောက်ထားလာလျှင် ဇာရီ မှတ်ပုံတင် (တရားမမှတ်ပုံတင် အမှတ် -၂) တွင် ရေးသွင်းပြီးနောက် မူလ အမှုတွင်ပင် ဇာရီအမှတ်ကို ရေးမှတ်ရသည်။ အခြားအမှုများမှာကဲ့သို့ သီးခြား ဇာရီမှု ရေးဖွင့်ဖို့မလို။  အမှုအမှတ် အောက်တွင် (M) ဆိုသော အင်္ဂလိပ် စကားလုံးကို မင်နီဖြင့် ရေးမှတ်ရသည်။ (တရားမမှတ်ပုံတင်စာအုပ် အမှတ် ၂ ကို ပြုပြင်ထားရှိရန် ညွှန်ကြားချက်များကို ကြည့်ပါ။)

ပစ္စည်းရောင်းချရန် ကြော်ငြာခြင်း၊ ရောင်းချခြင်း၊ အတည်ပြုခြင်းတို့ မှာ အခြားမရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများ ရောင်းချရာတွင် ဆောင်ရွက် ရန် သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်းဖြစ်သည်။"

----

အပေါင်ဒီကရီကျငွေကို အရစ်ကျပေးဆပ်ခွင့်ပြုနိုင်သလား
××××××××××××××××××××××××××××××××××

ဦးအေး ပါ ၂ နှင့် ဦးချစ်ခင် (၁၉၆၆၊ မတစ၊ စာ ၂၂၀)  တွင် အောက်ပါ အတိုင်းထုံးဖွဲ့ပါသည်။ 

"……..အယူခံတရားလိုများက အပေါင်ဒီဂရီကို လစဉ်အရစ်ကျ ပေးဆပ်ရန် တောင်းဆိုခြင်းကိုလည်း လက်မခံနိုင်ပေ။ တရားမကျင့်ထုံး အမိန့် ၂၀၊ နည်း ၁၁ ပြဋ္ဌာန်းချက်မှာ ရိုးရိုးအားဖြင့် ငွေပေးရန်ဖြစ်သော ဒီဂရီ ကိုသာလျှင် လစဉ်အရစ်ကျ ပေးဆောင်ရန် တောင်းဆိုနိုင်ခွင့်ရှိသည်ကိုသာ လျှင် တွေ့ရှိရသည်။ "

၁။ ဦးခင်မောင်ကြီး ၂။ ဒေါ်ခင်ထွေး  နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ ဘဏ်(ယခင် နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်)(၁၉၇၃၊ မတစ၊ စာ ၆)တွင် အောက်ပါ အတိုင်းထုံးဖွဲ့ပါသည်။ 

"အပေါင်အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ထားသော အမှုတွင် အရစ် ကျ ပေးဆပ်ခွင့်မပြုနိုင်။"

---

အပေါင်ဒီကရီကျငွေ နှင့် ရောင်းချသောပစ္စည်းတန်ဖိုး ကွာဟလျှင် ရောင်းချနိုင်သလား။
××××××××××××××××××××××××××××××××××

ဦးအေး ပါ ၂ နှင့် ဦးချစ်ခင် (၁၉၆၆၊ မတစ၊ စာ ၂၂၀)တွင် အောက်ပါအတိုင်း ထုံးဖွဲ့ပါသည်။ 

"အယူခံတရားလိုများ၏ အပေါင်ဒီဂရီမှာ ကျပ်ငွေ ၄၀,၀၀၀ မျှသာ ဖြစ်၍၊ ဆန်စက်နှင့်တကွ သက်ဆိုင်သော ပစ္စည်းများ၏တန်ဘိုးမှာ ၂ သိန်း ကျော် ၃သိန်းမျှ ကာလတန်ဘိုးရှိသဖြင့် မမျှတသောကြောင့်၊ ယင်းပစ္စည်းများ ကို ကြေညာ၍ လေလံတင်ရောင်းချခြင်း မပြုသင့်ကြောင်း ဆိုသော ပထမ ငြင်းချက်နှင့်ပတ်သက်၍ တရားမကျင့်ထုံး အမိန့် ၂၁၊ နည်း ၁၇(၄) ခြွင်းချက် နှင့်အကျုံးမ၀င်ပေ။ ထိုခြွင်းချက်မှာ ရိုးရိုးအားဖြင့် ငွေပေးရန်ဖြစ်သော ဒီဂရီ နှင့်သာသက်ဆိုင်သည်။ အပေါင်ဒီကရီမှာ ရိုးရိုးအားဖြင့် ငွေပေးရန်ဖြစ်သော ဒီဂရီမျိုးမဟုတ်သဖြင့် ခြွင်းချက်တွင် အကျုံးမ၀င်ပေ။"

---

အပေါင်မှုတွင် ချမှတ်သော ရောင်းချရန်ဒီကရီအရ ပစ္စည်းကိုရောင်းချရာတွင် ၀ရမ်းကပ်ရန်လိုအပ်သလား။
××××××××××××××××××××××××××××××××××

အပေါင်မှုတွင်ချမှတ်သော ရောင်းချရန်ဒီကရီအရ ပစ္စည်းကို ရောင်းချရာတွင် ၀ရမ်းကပ်ရန် မလို။ ဦးခင်မောင်ကြည် နှင့် မအိဝေဇင်ထွန်း ပါ၃ (၂၀၀၀၊ မတစ၊ စာ ၆၅)

---

အပေါင်ဒီကရီအရပစ္စည်းရောင်းချရာတွင် တရားရှုံးသည် တရားမကျင့်ထုံးဥပဒေပုဒ်မ၆၀ အရ ကန့်ကွက်ခွင့်ရှိသလား။
××××××××××××××××××××××××××××××××××

တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၆၀ သည် အပေါင်ဒီကရီအရ ဒီကရီအတည်ပြု ခြင်းနှင့် မသက်ဆိုင်ကြောင်း၊ အပေါင်ဒီကရီကို အတည်ပြုရာတွင် ရောင်းချရန်အမိန့် ချမှတ်ထားသော ပစ္စည်း၌ မိမိအနေဖြင့်ရောင်းချရန် ပိုင်ဆိုင်ခွင့် တစ်စုံတစ်ရာ မရှိပါဟု တရားရှုံးက ကန့်ကွက်ခြင်းမပြုနိုင်ကြောင်း၊ ယင်းကန့်ကွက်ချက်ကို တင်ပြရန်အချိန် မှာ တရားမကြီးမှုကြားနာစဉ်က ရောင်းချရန် ဒီကရီမချမှတ်မီဖြစ်ကြောင်း U LU GALE and one v.  M. MAHOMED HABI (1929 A.I.R . Ran 275)တွင် အောက်ပါအတိုင်း ညွှန်ပြပါသည်။ 

"Section 60, Civil Procedure Code, does not apply to executions under a mortgage decree. A judgment-debtor cannot raise an objection that he has no saleable interest in the property ordered to be sold in execution of a mortgage decree. The proper time to raise such objection is at the hearing of the suit and before the decree ordering the sale is passed."

---
ပစ္စည်းကိုရောင်းချခြင်း အတည်မပြုမီ အပေါင်ရွေးနုတ်ခွင့်လျှောက်ထားနိုင်ခြင်း။
××××××××××××××××××××××××××××××××××

ဦးထွန်းထွန်း ပါ ၃ နှင့် မန်နေဂျာ(မြန်မာ့စီပွားရေးဘဏ်၊ ဟင်္သာတမြို့) (၂၀၀၃၊ မတစ၊ စာ ၂၄၂)  တွင် အောက်ပါအတိုင်းထုံးဖွဲ့ပါသည်။ 

"………အပေါင်ဒီကရီအရ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ရောင်း ချသည့်ကိစ္စ၌ ရောင်းချခြင်းကို အတည်မပြုမီ (before the confirmation of the sale) ပေါင်သူက ဖြစ်စေ၊ အပေါင်ပစ္စည်းအား ရွေးနုတ်ပိုင်ခွင့်ရှိသူ တစ်ဦးဦးကဖြစ်စေ၊ အပေါင်ရွေးနုတ်ခွင့်ပြုပါရန် လျှောက်ထားနိုင်ခွင့်ရှိပြီး ယင်းသို့ လျှောက်ထားရာတွင် လေလံဆွဲဝယ်သူက ၀ယ်ယူသည့်ငွေ (Purchase-money)များအနက် အမှန်တကယ် တရားရုံးသို့ ပေးသွင်းပြီးဖြစ် သော ငွေ၏ ၅%(five percent of the purchase-money(if any) paid into Court by the purchaser) ကို ဇာရီရုံးသို့ ပေးသွင်းရမည်ဖြစ်ကြောင်း၊ အပေါင်ပစ္စည်းရောင်းချမှုများအတွက် တရားမကျင့်ထုံးဥပဒေ အမိန့် ၃၄၊ နည်း ၃(၂) ၏ ခြွင်းချက်တွင် ပြဋ္ဌာန်းထားရာ အဆိုပါ သီးခြားပြဋ္ဌာန်းချက်ကို လိုက်နာရန် လိုအပ်ကြောင်း တရားရုံးများက သတိပြုရန် လိုအပ်ပေသည်။"

ဆရာ ဦးမြ၊ တရားမဇာရီမှုများ စာ - ၂၅၇ တွင် အောက်ပါအတိုင်း ဖော်ပြထား ပါသည်။ 

" ပစ္စည်းရောင်းချခြင်းကို အတည်မပြုမီ ပေါင်နှံသူ တရားရှုံးကဖြစ် စေ၊ အပေါင်ပစ္စည်းကို ရွေးနုတ်ခွင့်ရှိသူ အခြားအမှုသည်တဦးဦးကဖြစ်စေ အောက်ပါငွေများကို ပေးသွင်းပြီး အပြီးသတ် အပေါင်ရွေးနုတ်ခွင့် အမိန့်ကို လျှောက်ထားရယူနိုင်သည်။ [ အမိန့် ၃၄၊ နည်း ၃ (၂) ခြွင်းချက်]။

(၁) အပေါင်ပစ္စည်းအပေါ် ပေးရန်ရှိသည့် ကြွေးမြီ (အတိုးအပါ အ၀င်)

(၂) နည်း(၇)အရ တွက်ချက် ရရှိသော အပေါင်ပစ္စည်းနှင့် စပ်လျဉ်း၍ အပေါင်ခံသူက ကုန်ကျသော စရိတ်စက အရပ်ရပ်နှင့် ပြီးခဲ့သည့် စာရင်းရှင်းလင်းမှု ပြုလုပ်ပြီး နောက်တင်ရှိသောအတိုး။

(၃)  ၀ယ်ယူသူအား လျော်ကြေးအဖြစ် ပေးရန် ရောင်းဈေး၏ ၅%နှင့် ညီမျှသောငွေ။ ထိုလျော်ကြေးငွေကို အဖိုးငွေနှင့် အတူ ၀ယ်ယူသူအား ပေးရမည်။

ဦးထွန်းထွန်း ပါ ၃ နှင့် မန်နေဂျာ(မြန်မာ့စီပွားရေးဘဏ်၊ ဟင်္သာတမြို့) (၂၀၀၃၊ မတစ၊ စာ ၂၄၂(၂၄၇))  တွင် အောက်ပါအတိုင်းညွှန်ပြပါသည်။ 

"တရားမကျင့်ထုံးဥပဒေ အမိန့် ၃၄၊ နည်းဥပဒေ ၃(၂)ခြွင်းချက်တွင် ပါရှိသော five percent of the purchase-money(if any) paid into Court by the purchaser စကားရပ်၌ purchase-money နောက်တွင် paid into Court ဟူသောစကားရပ် ကပ်လျက်ပါရှိသည်ကို သတိပြုရန်လိုသည်။ purchase-money ကို paid into Court က အထူးပြုထားခြင်းဖြစ်သည်။ 
တရားရုံးတွင် ပေးသွင်းသည်ဖြစ်စေ၊ မပေးသွင်းသည်ဖြစ်စေ၊ ၀ယ်ယူသည့်ငွေတစ်ရပ်လုံးအပေါ်တွင် လျော်ကြေးငွေပေးစေလိုပါက paid into Court ဟူသောစကားရပ်ကို ထည့်သွင်းရန်အကြောင်းမရှိပေ။ တရားရုံး တွင် အမှန်တကယ် ပေးသွင်းငွေပေါ်တွင်သာ လျော်ကြေးငွေပေးစေလိုသော ကြောင့် ယင်းစကားရပ်ကို purchase-money နှင့် ကပ်လျက် ထည့်သွင်း ထားကြောင်း ထင်ရှားသည်။ 
အမှန်အားဖြင့် ၀ယ်ယူသူသည် ၄င်း အမှန်တကယ် ပေးသွင်းထား သည့် ငွေပေါ်တွင်သာ လျော်ကြေးရထိုက်ခွင့်ရှိသည်။ အမှန်တကယ် မပေး သွင်းရသေးဘဲနှင့်ဝယ်ယူရန် သဘောတူသည့်ငွေပေါ်တွင် လျော်ကြေးပေး မည်ဆိုပါက ၀ယ်ယူသူအတွက် မလျော်အခွင့်အရေးပေးရာ ရောက်ပေလိ့မ် မည်။

x x x x x x x x
 x x x x x x x x x

သို့ဖြစ်၍ တရားမကျင့်ထုံးဥပဒေ အမိန့် ၃၄၊ နည်းဥပဒေ ၃(၂)၏ ခြွင်းချက်ပါ "၀ယ်ယူသူက တရားရုံးတွင်ပေးသွင်းသော ၀ယ်ယူသည့်ငွေ" သည် အမှန်တကယ် ရုံးသို့ပေးသွင်းငွေကို ဆိုလိုသည်။ တရားရုံးတွင် ပေး သွင်းသည်ဖြစ်စေ၊ မပေးသွင်းသည်ဖြစ်စေ၊ ၀ယ်ယူသည့်ငွေ တစ်ရပ်လုံး မဟုတ်ချေ။ ၀ယ်ယူသူ သူတစ်စိမ်းသည် နစ်နာကြေးအဖြစ် တရားရုံးတွင် အမှန်တကယ်ပေးသွင်းသည့် ငွေပမာဏ အပေါ်တွင်သာ ၅% ရရှိနိုင်သည်။ အပြီးသတ် လေလံဆွဲဝယ်ငွေအဖြစ် လက်ခံသော ငွေပမာဏအပေါ် ရနိုင် မည်မဟုတ်ချေ။"

ဦးထွန်းမျိုးဋ္ဌေး

တရားမအယူခံမှုတွင် ထမ်းဆောင်ရမည့် ရုံးခွန်

ဒီကရီတစ်ရပ်အပေါ် အယူခံတင်သွင်းရာတွင် ထမ်းဆောင်ရန် ရုံးခွန်

ရုံးခွန်အက်ဥပဒေ ပထမဇယား အမှတ်စဉ် ၁ တွင် အယူခံလွှာတွင် ထမ်း ဆောင်ရန် ရုံးခွန်တန်ဖိုးကို သတ်မှတ်ရာတွင် အငြင်းပွားသည့် အချင်းဖြစ် အကြောင်း ခြင်းရာ တန်ဖိုးပေါ်တွင် ထမ်းဆောင်ရန်ဖြစ်ကြောင်းပြဋ္ဌာန်း ထား ပါသည်။  အချင်းဖြစ်အကြောင်းခြင်းရာတန်ဖိုးအပေါ် ၀.၅% ဖြင့် ထမ်းဆောင်ရန်ဖြစ်ပြီး အများဆုံးရုံးခွန်မှာ ကျပ် ၅ သိန်းဖြစ်ပါသည်။ 

အယူခံလွှာတွင်ထမ်းဆောင်ရမည့်ရုံးခွန်ကိစ္စသည် အယူခံမှု၏ အချင်းဖြစ် အကြောင်းခြင်းရာတန်ဖိုး မည်မျှဖြစ်သလဲဆိုသည့်အပေါ်တွင် မူတည်ပါ သည်။ 

အယူခံမှုတွင် အငြင်းပွားသည့်အချင်းဖြစ်အကြောင်းခြင်းရာ(subject matter in dispute in appeal)သည် မူလမှုတွင် အငြင်းပွားသည့် အချင်းဖြစ်အကြောင်းခြင်းရာ (subject matter in dispute in the suit)နှင့် တူညီလျှင် အဆိုလွှာတွင် ထမ်းဆောင် ခဲ့သည့်အတိုင်း တူညီသော ရုံးခွန်ကိုပင် အယူခံမှုတွင် ထမ်းဆောင်ရပါမည်။

ဥပမာ - တရားလိုသည် ငွေသိန်း ၁၀၀ ရလိုမှု စွဲဆိုရာ စွဲဆိုသောအမှုကို ပလပ်ခံရသဖြင့် အယူခံတက်ရောက်ရာတွင် အယူခံမှု၏ အငြင်းပွားသည့် အချင်းဖြစ် အကြောင်းခြင်းရာ တန်ဖိုးသည် ကျပ် သိန်း ၁၀၀ ပင်ဖြစ်ရာ မူလမှုတွင် ထမ်းဆောင် ခဲ့သည့် ရုံးခွန်အတိုင်း အယူခံမှုတွင် ထမ်းဆောင် ရန်ဖြစ်ပါသည်။  

အပြန်အလှန်အားဖြင့် တရားလိုသည် ငွေ သိန်း ၁၀၀ ရလိုမှုစွဲဆိုရာ စွဲဆို သည့်အတိုင်းဒီကရီရရှိသည်။ ထိုဒီကရီအပေါ် တရားပြိုင်သည် အယူခံတက်ရောက်ရာတွင် အယူခံမှု၏ အငြင်းပွားသည့် အချင်းဖြစ် အကြောင်းခြင်းရာ တန်ဖိုးသည် ကျပ် သိန်း ၁၀၀ ပင်ဖြစ်ရာ မူလမှုတွင် ထမ်းဆောင်ခဲ့သည့် ရုံးခွန်အတိုင်း အယူခံမှုတွင် ထမ်းဆောင် ရန်ဖြစ်ပါသည်။  

အယူခံမှုတွင် အငြင်းပွားသည့်အချင်းဖြစ်အကြောင်းခြင်းရာ (subject matter in dispute in appeal) သည် မူလမှုတွင် အချင်းဖြစ် အကြောင်းခြင်းရာ (subject matter in the suit) နှင့်မတူညီလျှင် ထမ်းဆောင်ရမည့်ရုံးခွန်သည် အယူခံမှုတွင် အငြင်းပွား သည့်အချင်းဖြစ်အကြောင်းခြင်းရာ (subject matter in dispute in appeal)တန်ဖိုးမည်မျှဖြစ်သလဲဆိုသည့်အပေါ်တွင်မူတည်ပါသည်။ 

အယူခံတွင် အငြင်းပွားသည့် အချင်းဖြစ်အကြောင်းခြင်းရာတန်ဖိုးသည် မူလမှု တွင် အချင်းဖြစ်အကြောင်းခြင်းရာတန်ဖိုးထက်နည်းသည့်အခါ အယူခံလွှာအပေါ်တွင် ထမ်းဆောင်ရမည့် ရုံးခွန်သည် အဆိုလွှာတွင် ထမ်းဆောင်သည့် ရုံးခွန်ထက် လျော့နည်းပါမည်။

ဥပမာ - တရားလိုသည် ငွေကျပ် သိန်း ၁၀၀ ရလိုမှု စွဲဆိုရာ ကျပ်သိန်း ၅၀ သာ ဒီကရီရရှိသည်။ ထို့ကြောင့် တရားလိုသည် ကျန် သိန်း ၅၀ အတွက် အယူခံတက် ရောက်ရာ အယူခံမှု၏ အငြင်းပွားသည့် အချင်းဖြစ် အကြောင်းခြင်းရာ တန်ဖိုးသည် ကျပ် သိန်း ၅၀ ဖြစ်သည်။ တရားလိုသည် မူလမှုတွင် ထမ်းဆောင်သည့် ရုံးခွန် အတိုင်းထမ်းဆောင်ရန်မလိုအပ်ပါ။ အယူခံတက်ရောက်သည့် ကျပ် သိန်း ၅၀ အပေါ် တွင်သာ ရုံးခွန်ထမ်းဆောင်ရန်ဖြစ်ပါသည်။ 

အပြန်အလှန်အားဖြင့် တရားပြိုင်သည် တရားလိုအနိုင်ဒီကရီရရှိသော ကျပ် သိန်း ၅၀ အပေါ် အယူခံတက်ရောက်မည်ဆိုပါကလည်း အယူခံမှု၏ အငြင်းပွားသည့် အချင်းဖြစ် အကြောင်းခြင်းရာ တန်ဖိုးသည် ကျပ် သိန်း ၅၀ ဖြစ်ရာ တရားပြိုင်သည် ထို ကျပ် သိန်း ၅၀ အပေါ်တွင်သာ ရုံးခွန်ထမ်းဆောင်ရန်ဖြစ်ပါသည်။ 

သို့ဖြစ်ရာ အယူခံမှုများ၏ ရုံးခွန်သည် အယူခံတွင် အငြင်းပွားသည့် အချင်းဖြစ် အကြောင်းခြင်းရာ တန်ဖိုးအပေါ်တွင်သာ ထမ်းဆောင်ရန် ဖြစ်ပါသည်။

-----

တရားမ အထွေထွေအယူခံမှုတွင် ထမ်းဆောင်ရန်ရုံးခွန်  
                        (သို့မဟုတ်)
ဒီကရီ သို့မဟုတ် ဒီကရီကဲ့သို့ အာဏာရှိသော အမိန့်တို့ကို အယူခံခြင်းမဟုတ်သော အယူခံလွှာတွင် ထမ်းဆောင်ရန်ရုံးခွန်

ရုံးခွန်အက်ဥပဒေ၊ ဒုတိယဇယား အမှတ်စဉ် ၁၁ အရ ခရိုင်တရားရုံး၊  ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော်သို့  တင်သွင်းသော တရားမအထွေထွေအယူခံမှုအတွက်  ရုံးခွန် "၂၀၀" ကျပ် ဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းသည့် တရားမအထွေထွေ အယူခံမှုအတွက်  ရုံးခွန် "၅၀၀" ကျပ်ဖြစ်ပါသည်။ 

ဦးထွန်းမျိုးဋ္ဌေး

Friday, August 11, 2017

ပြန်ခေါ်သက်သေစစ်မေးခွင့်

မောင်စာဂ

ပြန်ခေါ်သက်သေ

ပြန်ခေါ်သက်သေဆိုသည်မှာ တရားခံအား စွဲချက် မတင်မီ စစ်ဆေးပြီးဖြစ်သည့် တရားလိုပြ သက်သေကို တရားခံဘက်က နောက်ထပ်ပြန်လှန်မေးခွန်းများ မေးမြန်းရန် လိုအပ်သဖြင့် တရားရုံး၏ ခွင့်ပြုချက်အရ ပြန်လည်ခေါ်ယူစစ်ဆေးသော သက်သေကိုဆိုသည်။ ပြန်ခေါ်သက်သေကို ရာဇဝတ်ပြစ်မှုများ စစ်ဆေးသည့် အခါ တွေ့ရသည်။ ရာဇဝတ်ပြစ်မှုဟု ဆိုသော်လည်း သမ္မာန်မှုများကို စစ်ဆေးသည့် အခါမတွေ့ရပါ။ ဝရမ်းမှု ကို စစ်ဆေးသည့်အခါတွင်သာ တွေ့ရသည်။ 

ဝရမ်းမှုဆိုသည်မှာ သေဒဏ် သို့မဟုတ် ခြောက်လ ထက်ပိုသော ထောင်ဒဏ်အပြစ်ပေးနိုင်သည့် ပြစ်မှုများ ဖြစ်သည်။ ဝရမ်းမှုမဟုတ်သော ပြစ်မှုများသည် သမ္မာန်မှု များဖြစ်သည်။ သမ္မာန်မှုနှင့် ဝရမ်းမှုတို့ စစ်ဆေးပုံ စစ်ဆေးနည်း မတူပါ။ 

သမ္မာန်မှုကို စစ်ဆေးပုံစစ်ဆေးနည်းအကျဉ်း

တရားသူကြီးရှေ့သို့ တရားခံရောက်ရှိသောအခါ တရားခံအပေါ် စွဲဆိုထားသောပြစ်မှုနှင့် စပ်လျဉ်းသည့် အကြောင်းအရာကို တရားသူကြီးက ရှင်းလင်းပြောပြ သည်။ ထို့နောက် မည်သည့်အတွက်ကြောင့် ပြစ်ဒဏ် စီရင်ခြင်းမပြုထိုက်ကြောင်း ထုချေရှင်းလင်းရန် ရှိ/ မရှိ တရားခံကို မေးမြန်းသည်။

တရားခံက စွဲဆိုထားသည့် ပြစ်မှုကို ကျူးလွန်ခဲ့ ကြောင်း ဝန်ခံလျှင် တရားခံ၏ ဝန်ခံချက်ကိုတရားသူကြီး က ရေးမှတ်ယူသည်။ တရားခံကို ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံစေရန် အမိန့်ချမှတ်သည်။

အကယ်၍  တရားခံကစွဲဆိုထားသည့် ပြစ်မှုကို ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့လျှင် တရားခံ၏ ငြင်းဆိုချက်ကို တရားသူကြီးက ရေးမှတ်သည်။ ပြီးလျှင် တရားခံ၏ ရှေ့မှောက်တွင် တရားလိုကို စတင်စစ်ဆေး သည်။ တရားလိုကပြသော တရားလိုပြသက်သေများကို ဆက်လက်၍ စစ်ဆေးသည်။ တရားလိုနှင့်  တရားလိုပြ သက်သေများကို စစ်ဆေးပြီးသည့်အခါ တရားခံကို စစ်ဆေးသည်။ တရားခံကပြသော သက်သေများကို ဆက်လက်စစ်ဆေးသည်။

တရားလိုနှင့် တရားခံ နှစ်ဖက်သက်သေများကို စစ်ဆေးပြီးသည့်အခါ တရားခံအပြစ်ကျူးလွန်ခြင်း ရှိ/ မရှိ နှစ်ဖက်လျှောက်လဲချက်များကို ကြားနာသည်။ တရားခံအပေါ် အပြစ်ကျူးလွန်ကြောင်း ပေါ်ပေါက်မှု မရှိပါက အမှုမှ အပြီးအပြတ်လွှတ်ကြောင်း အမိန့်ချမှတ် သည်။ တရားသေ လွှတ်သည်ဟု ခေါ်ဝေါ်ကြသည်။ အကယ်၍ တရားခံ၌ အပြစ်ရှိကြောင်း တွေ့ရှိလျှင် တရားခံအပေါ် ဥပဒေနှင့် အညီ ပြစ်ဒဏ်စီရင်သည့်အမိန့် ချမှတ်သည်။

မှတ်သားရန်အချက်မှာ သမ္မာန်မှုများကို စစ်ဆေးရာ၌ တရားခံအပေါ် နည်းလမ်းတကျစွဲချက်တင်ခြင်းမျိုးမရှိ။ တရားရှင်လွှတ်သည့် အမိန့်မျိုးချမှတ်ခြင်းမရှိ။ စစ်ဆေး ပြီး တရားလိုပြသက်သေများကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးပိုင်ခွင့်မရှိခြင်းတို့ပင်။ 

ဝရမ်းမှုကို စစ်ဆေးပုံ စစ်ဆေးနည်းအကျဉ်း

တရားသူကြီးရှေ့သို့ တရားခံရောက်ရှိသောအခါ စွဲဆိုထားသော ပြစ်မှုနှင့်  စပ်လျဉ်း၍ ကျူးလွန်ခြင်း ရှိ/ မရှိ တရားခံကို မေးမြန်းခြင်းမရှိပါ။ တရားခံ၏ ရှေ့မှောက်တွင် တရားလိုကို စစ်ဆေးသည်။ ပြီးလျှင် တရားလိုပြသော သက်သေများကို ဆက်လက်စစ်ဆေး သည်။ တရားလိုနှင့်  တရားလိုပြသက်သေများကို စစ်ဆေးပြီးနောက် တရားခံအပေါ်စွဲချက်တင်ထိုက် မတင်ထိုက်၊ တရားလိုနှင့်  တရားခံ နှစ်ဖက် အမှုသည် များ၏ လျှောက်လဲချက်ကို ကြားနာသည်။

တရားလိုနှင့်  တရားလိုပြသက်သေများ၏ ထွက် ဆိုချက်အရ တရားခံအပေါ် ပြစ်မှုထင်ရှား စီရင်ခြင်း ခံထိုက်သည့် အမှုတစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းမရှိလျှင် တရားခံကို စွဲချက်မတင်မီ လွှတ်ကြောင်း အမိန့်ချမှတ် သည်။ တရားရှင်လွှတ်သည်ဟု ခေါ်ဝေါ်သည်။

အကယ်၍ တရားလိုနှင့် တရားလိုပြသက်သေများ၏ ထွက်ချက်အရ တရားခံအပေါ်စွပ်စွဲထားသည့် ပြစ်မှုကို ကျူးလွန်ခဲ့သည်ဟု ယူဆရန် အကြောင်းပေါ်ပေါက်ပါက တရားခံကို စွဲချက်တင်ကြောင်း အမိန့်ချမှတ်ရသည်။ စွဲချက်ကို တရားခံအား ဖတ်ပြပြီး ရှင်းပြရသည်။ အပြစ် ရှိ/ မရှိ၊ အပြစ်ကျူးလွန်ခြင်း ရှိ/ မရှိ မေးမြန်းရသည်။ တရားခံက အပြစ်ကျူးလွန်ကြောင်း၊ အပြစ်ရှိကြောင်း ဖြေကြားလျှင် ယင်းဖြေကြားချက်ကို တရားသူကြီးက ရေးမှတ်ရမည်။  ပြီးလျှင်  တရားခံအပေါ် ပြစ်မှု   ထင်ရှားတွေ့ရှိ၍   ပြစ်ဒဏ်စီရင်သည့်  အမိန့်ချမှတ်ရ သည်။ 

တရားခံက အပြစ်မရှိကြောင်း၊ အပြစ်ကျူးလွန်ခြင်း မရှိကြောင်း ဖြေကြားလျှင် ဆက်လက် စစ်ဆေးရန်ဖြစ်၍ သက်သေခံချက်ရယူပြီးသော တရားလိုဘက် သက်သေ တစ်ဦးတစ်ယောက်ကို ပြန်လှန်စစ်မေးရန် တရားခံတွင် ဆန္ဒ ရှိ/ မရှိ၊ အကယ်၍ ပြန်လှန်စစ်မေးရန် ဆန္ဒရှိလျှင် မည်သည့် သက်သေကို ပြန်လှန်စစ်ဆေးလိုကြောင်း တရားခံအား ချက်ချင်းတင်ပြစေရသည်။ တရားခံက ယင်းကဲ့သို့ ဆန္ဒရှိကြောင်း တင်ပြလာလျှင် တရားခံတင်ပြ သည့် အမည်စာရင်းပါ သက်သေများကို ပြန်ခေါ် စစ်ဆေးခွင့် ပေးရသည်။ ထိုသို့ ပြန်ခေါ်စစ်မေးခွင့်ပြုသည့် သက်သေကို ပြန်ခေါ်သက်သေဟု ခေါ်ဆိုကြခြင်းဖြစ် သည်။

တရားခံက ပြန်ခေါ်သက်သေစစ်မေးရန် မရှိကြောင်း တင်ပြလာလျှင် တရားရုံးသည် တရားခံကို စစ်မေးသည်။ တရားခံပြသက်သေများကို ဆက်၍ စစ်မေးသည်။ ပြန်ခေါ်သက်သေစစ်မေးရန်ရှိကြောင်း တင်ပြလာသည့် အခါ ပြန်ခေါ်သက်သေကို စစ်မေးသည်။ ပြီးမှ တရားခံ ကို စစ်မေးသည်။ တရားခံပြသက်သေများကို ဆက်လက် စစ်မေး သည်။ တရားခံနှင့်  တရားခံပြသက်သေများကို စစ်မေးပြီးသည့်အခါ တရားခံသည် အပြစ်ကျူးလွန်ခြင်း ရှိ/ မရှိ တရားလိုနှင့်  တရားခံတို့၏ နှစ်ဖက်လျှောက်လဲ ချက်များကို ကြားနာသည်။ တရားခံအပေါ် အပြစ် ကျူးလွန်ကြောင်းတွေ့ရှိက ပြစ်မှုထင်ရှားတွေ့ရှိ၍ ပြစ်ဒဏ်စီရင်သည့် အမိန့်ချမှတ်သည်။ အပြစ်ကျူးလွန် ကြောင်း မတွေ့ရှိပါက အမှုမှ အပြီးအပြတ် (တရား သေလွှတ်) ကြောင်း အမိန့်ချမှတ်သည်။

မှတ်သားရန်အချက်မှာ ဝရမ်းမှုများကို စစ်ဆေးရာ၌ တရားခံအပေါ် နည်းလမ်းတကျ စွဲချက်တင်ခြင်းမျိုးရှိ သည်။ တရားရှင်လွှတ်သည့် အမိန့်မျိုးချမှတ်ခြင်းရှိသည်။ စစ်ဆေးပြီး တရားလိုပြသက်သေများကို ပြန်ခေါ် သက်သေအဖြစ် စစ်မေးပိုင်ခွင့်ရှိခြင်းတို့ပင်။

ပြန်ခေါ်သက်သေစစ်မေးခြင်း၏ ရည်ရွယ်ချက်

ပြန်ခေါ်သက်သေစစ်မေးခြင်းသည် စစ်ဆေးပြီး တရားလိုပြသက်သေအား ဒုတိယအကြိမ် ပြန်လှန် စစ်မေးခြင်းဖြစ်သည်။ တရားခံ၏ ခုခံချေပရာလမ်း ကြောင်းများ ပီပီပြင်ပြင်၊ ထင်ထင်ရှားရှား၊ ခိုင်ခိုင်မာမာ ဖြစ်စေရန် ရည်ရွယ်၍ စစ်မေးခြင်းဖြစ်သည်။ တစ်နည်း အားဖြင့် တရားခံအတွက် ခုခံချေပခွင့် လုံလုံလောက် လောက်၊ ပြည့်ပြည့်ဝဝရရှိစေရန် ရည်ရွယ်ပြဋ္ဌာန်းထား သည့် ထူးကဲလှစွာ ဥပဒေက ပေးအပ်ထားသော အခွင့် အရေးတစ်ရပ်ဟု ဆိုနိုင်သည်။ 

ပြန်ခေါ်သက်သေစစ်မေးရာတွင် '' အဓိကစစ်မေး ခြင်း''ဟူ၍ မရှိတော့။ တရားခံဘက်က စတင်၍ပြန်လှန် စစ်မေးသည်။ တရားလိုဘက်က ပြန်ရှင်းစစ်မေး(ထပ်မံ စစ်မေး)သည်။ ထို့နောက် တရားရုံးက ရုံးမေးပြုလုပ် သည်။

ပြန်ခေါ်သက်သေတောင်းဆိုခြင်းနှင့် တရားစီရင်ထုံးများ

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၆(၁)တွင် ပြန်ခေါ်သက်သေအဖြစ် ပြန်လှန်စစ်မေးလိုကြောင်း တရားခံက တင်ပြတောင်းဆိုလာလျှင် တင်ပြတောင်း ဆိုလာသည့် သက်သေများကို တရားရုံးက ပြန်ခေါ်ပေး ရမည်ဖြစ်ကြောင်း  အတိအလင်း ပြဋ္ဌာန်းထားသည်။ ပြန်ခေါ်သက်သေစစ်မေးခြင်းနှင့်  စပ်လျဉ်း၍ ဆုံးဖြတ် ထားသည့် တရားစီရင်ထုံးအချို့ကို ဖေါ်ပြပါမည်။

မောင်အံ့ဘွယ်ပါ ၂ နှင့်  ပြည်ထောင်စုမြန်မာနိုင်ငံ စီရင်ထုံးတွင် တရားလိုပြ သက်သေများကို ပြန်ခေါ် နိုင်သည့်အခွင့်အရေးကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၆(၁)ကပေးအပ်ထားကြောင်း၊ ယင်းပြဋ္ဌာန်းချက် သည် မလိုက်နာမနေရ အမိန့်သဘောသက်ရောက် ကြောင်း၊ အမှုစစ်တရားသူကြီးအနေဖြင့် ယင်းပြဋ္ဌာန်း ချက်ကို လိုက်နာရန်ပျက်ကွက်ခြင်းသည် တရားမျှတမှု ကင်းမဲ့ရာ ရောက်သည်ဖြစ်စေ၊  မရောက်သည်ဖြစ်စေ၊ အမှုကိုပျက်ပြယ်စေသည်ဟု ယူဆရမည်ဖြစ်ကြောင်း ဆုံးဖြတ်ထားသည်။ ( ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံတရား စီရင်ထုံး (လွှတ်) စာ - ၈၆၃ ) 

ကိုသန်းအောင်နှင့်  ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ (၂) စီရင်ထုံးတွင် ''ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၂၅၆(၁)တွင် တရားခံက ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးလိုကြောင်း တင်ပြလာလျှင် တရားရုံးက ခွင့်ပြု ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်မှန်သော်လည်း အမှုကြန့်ကြာစေလိုသည့် သဘောဖြင့် ထိုအခွင့်အရေးကို နှစ်ကြိမ်ခွဲပြီး မမှန်မကန်တောင်းဆိုခြင်းကိုမှု ခွင့်ပြုရန် မသင့်ပေ။ 

တရားခံက သက်သေ(၃)ဦးကို ပြန်ခေါ်စစ်ဆေးလို ကြောင်း တောင်းဆိုခဲ့ပြီးနောက် လေးလခန့်ကြာမှ နောက်သက်သေတစ်ဦးကို ပြန်ခေါ်စစ်ဆေးလိုကြောင်း တင်ပြခြင်းသည် အမှုကိုကြန့်ကြာအောင် တမင်ဖန်တီး နေသည့်သဘောသက်ရောက်သည်။ သက်သေဆရာဝန် ကို စစ်ဆေးခဲ့စဉ် တရားခံဘက်က ရှေ့နေရှေ့ရပ်ဖြင့် အပြည့်အစုံ ပြန်လည်မေးမြန်းခဲ့ပြီးဖြစ်၍ ၎င်းအား ပြန်ခေါ်စစ်ဆေးရန် ထူးခြားသော အကြောင်းရှိသည်ဟု မပေါ်လွင်ပေ'' ဟူ၍ ဆုံးဖြတ်ခဲ့သည်။ ( ၁၉၉ဝ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာ - ၇၅ )

ကျော်အောင် ပါ ၂ နှင့်  ပြည်ထောင်စုမြန်မာနိုင်ငံတော် စီရင်ထုံးတွင်''လျှောက်ထားသူများက စစ်ပြီး တရားလိုပြ သက်သေများကို ပြန်ခေါ်စစ်ဆေးရန်အတွက် တင်ပြ ခြင်းသည် ၎င်းတို့အပေါ် စွဲချက်တင် စစ်ဆေးသည့်အခါ အပြစ်မရှိကြောင်း ငြင်းဆိုပြီးချက်ချင်းတင်ပြခြင်းဖြစ် ကြောင်း တွေ့ရသဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၂၅၆ (၁) အရ တင်ပြထားခြင်းဖြစ်သည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၆(၁)အရစစ်ဆေးပြီး တရားလိုပြ သက်သေကို ပြန်ခေါ်စစ်ပေးရန် တင်ပြခြင်းအား တရား ရုံးအနေဖြင့် ငြင်းဆိုခွင့်မရှိဘဲ မလွဲမသွေ ဆင့်ခေါ် စစ်ဆေးခွင့်ပြုရမည်ဖြစ်သည်'' ဟူ၍ လည်းကောင်း။

''ခရိုင်တရားရုံးက လျှောက်ထားသူများမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၆ (၁) အရ ပြန်လှန်စစ်မေးရန် အတွက် ဆင့်ခေါ်ပေးရန်တင်ပြသည့် စစ်ဆေးပြီး တရားလိုသက်သေကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၇(၁)ပါ ပြဋ္ဌာန်းချက်များအား ရည်ညွှန်း၍ အမှုမှာ (၂) နှစ်နီးပါးမျှ ကြာမြင့်နေသည့် အမှုဖြစ်ကြောင်း၊ တရားခံများ၊ ရှေ့နေများဖြင့် ပြန်လှန်စစ်မေးရန် အခွင့် အရေးပေးပြီးဖြစ်ကြောင်း အမှုကြန့်ကြာစေရန်၊ အနှောင့်အယှက်ပြုရန် တရားမျှတစွာ ဆုံးဖြတ်နိုင်ရေးကို ထိခိုက်နိုင်ရန် ပြန်ခေါ် သက်သေများကို ပြန်ခေါ်နေခြင်း ဖြစ်ကြောင်း အကြောင်းပြ၍ သက်သေများကို ပြန်ခေါ် စစ်ဆေးခွင့်ပြုရန် ငြင်းပယ်ခဲ့ခြင်းသည် ဥပဒေအရ မှန်ကန်ခြင်းမရှိပေ'' ဟူ၍လည်းကောင်း ဆုံးဖြတ်ခဲ့သည်။        (၂ဝဝ၂ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး စာ-၁၁ )

တရားရုံးချုပ်က ညွှန်ကြားထားရှိခြင်း

နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးများ၏ ၁၉၆၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက် နေ့စွဲပါ ညွှန်ကြားလွှာ အမှတ် ၃/ ၆၆ မှ သိရှိသိထိုက်သည့် အချက်အချို့ကို ကောက်နုတ် ဖော်ပြပါဦးမည်။

''သို့ရာတွင် ယခင်ကလည်း အပြည့်အစုံပြန်လှန်မေး ပြီးဖြစ်သော တရားလိုပြသက်သေတစ်ဦးကို စွဲချက် တင်ပြီးနောက် တရားခံက ပြန်ခေါ်လိုသည်ဟု တောင်း ဆိုလျှင် တရားသူကြီးသည် နှစ်ဖက် ရှေ့နေအမှုလိုက်တို့ အား ညှိနှိုင်းစေ၍ မလိုအပ်ဘဲ မခေါ်စေရန် အကြံပေးရ မည်။'' [ တရားရုံးများ ညွှန်ကြားလွှာလက်စွဲ၊ (၁၉၄၆-၁၉၇ဝ) စာ-၂၆

''စွဲချက်တင်ပြီးနောက်မှ စစ်ဆေးသည့် တရားလိုဘက် သက်သေတို့ကို တရားခံကပြန်ခေါ်နိုင်ခွင့်မရှိဟု ညွှန်ကြား ပြဋ္ဌာန်းထားသည့် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၅၄၊ ၂၅၆ နှင့်  တရားရုံးများ ညွှန်ကြားလွှာအမှတ် ၁၆/ ၄၈ နှင့်  ၁၄/ ၅၃ တို့တွင်ပါရှိသည့် ပြဋ္ဌာန်းချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန်။'' [တရားရုံးများ ညွှန်ကြား လွှာလက်စွဲ၊ (၁၉၄၆-၁၉၇ဝ) စာ-၂၇ ]

အခွင့်အရေးကို ဥပဒေနှင့်အညီကျင့်သုံးပါ

ပြန်ခေါ်သက်သေအဖြစ် စစ်မေးပေးရန် တောင်းဆို ပိုင်ခွင့်သည် တရားခံ၏ အခွင့်အရေးတစ်ရပ်ဖြစ်သည့် အပြင် တရားရုံးက သာမန်အားဖြင့် ဥပဒေအရ ငြင်းဆို ပိုင်ခွင့်မရှိသည့် အခွင့်အရေးလည်းဖြစ်နေရာ ဤကဲ့သို့ သော အခွင့်အရေးကို အလွဲသုံးစားပြုကာ အမှုကို ကြန့်ကြာစေရန် မဆောင်ရွက်ပါနှင့်။ တရားစီရင်ရေးကို အနှောင့်အယှက်ဖြစ်စေရန် မကျင့်သုံးပါနှင့်။ တရား မျှတစွာ ဆုံးဖြတ်နိုင်ရေးကို ထိခိုက်စေရန် ဦးမတည်ပါ နှင့်။ အမှုကိုဆုံးဖြတ်ရာတွင် အချက်အလက်ပြည့်စုံ ခိုင်မာစေရေး၊ အမှန်တရား ပေါ်ပေါက်ရေးနှင့်  တရားခံ အတွက် ဥပဒေကပေးအပ်ထားသော ဥပဒေအကာ အကွယ်၊ ဥပဒေအခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိရေးတို့ ကို ဦးတည်ကာ ဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်ကြ စေလိုသည်။

ဥပဒေကပေးအပ်ထားသော ထူးကဲလှစွာ အနှစ်သာရ နှင့်  ပြည့်ဝနေသော ပြန်ခေါ်သက်သေ စစ်မေးခွင့်အခွင့် အရေးကို  ဥပဒေစိတ်ထား၊ ဥပဒေအသိ၊ ဥပဒေအမြင်နှင့် ဥပဒေနှင့် လျော်ညီစွာ ကျင့်သုံးဆောင်ရွက်နိုင်ကြပါစေ။ တရားရေးမဏ္ဍိုင်မြဲခိုင်စေရေး၊ တရားမျှတမှန်ကန်စွာ စီရင်ဆုံးဖြတ်နိုင်ရေး ဦးတည်ဆောင်ရွက်နိုင်ကြပါစေ။

မောင်စာဂ

ကိုးကားချက်
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ( ရာဇဝတ်ကျင့်ထုံးဥပဒေ) အခန်း ၂ဝ နှင့်  ၂၁
သက်သေခံအက်ဥပဒေ အခန်း (၁ဝ)


Tuesday, August 8, 2017

မျှတသော ဥပဒေ

ဥပဒေသည်လူတန်းစားမရွေး၊ လူမျိုး၊ ဘာသာမရွေး၊ ကျားမမရွေး၊ လူအားလုံးနှင့် သက်ဆိုင်သဖြင့် ဥပဒေရှေ့မှောက်၌ခွဲခြားမှုမရှိပေ။ ဥပဒေသည် အဆင့်အတန်းသော်လည်းကောင်း၊ လူတန်းစားသော်လည်း ကောင်း ခွဲခြားမှုရှိခဲ့လျှင် ဥပဒေသည်မတရားသော အမိန့်သာလျှင်ဖြစ်ပေသည်။ ဥပဒေသည် လူပုဂ္ဂိုလ်အပေါ် ၌ခွဲခြားမှုမရှိသည့်အပြင် လူပုဂ္ဂိုလ်သည်လည်း ဥပဒေ၏ရှေ့မှောက်၌  ခွဲခြားမှုမရှိရပေ။ လူအားလုံးသည် ဥပဒေ ၏အကာအကွယ်ကို ရယူပိုင်ခွင့်ရှိရမည်။ ဥပဒေသည် လူသားအားလုံးအတွက်ဖြစ်ပြီး လူသားအားလုံးအပေါ်၌ တူညီသော နည်းလမ်းတမျိုးတည်းဖြင့်သာ ကျင့်သုံးရန်ဖြစ်သည်။ ထိုအချက်ကိုလည်း ဥပဒေအရ ပြဌာန်းထားရှိ ပြီး ဖြစ်ရမည် ဖြစ်သည်။

          ကမ္ဘာ့လူ့အခွင့်အရေကြညာစာတမ်း အပိုဒ် ၁၀ ၌၊ “အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်၎င်း၊ ပြစ်မှုကြောင်းအရတရားစွဲဆိုခြင်း၌ အဆုံးအဖြတ်ခံရာတွင်၎င်း၊ လူတိုင်းသည် လွတ်လပ်၍အဂတိမလိုက်စားသောတရားရုံးတော်၏ လူအများရှေ့မှောက်တွင် တရားမျှတစွာ ကြားနာစစ်ဆေး ခြင်းကို တူညီစွာခံစားပိုင်ခွင့်ရှိသည်”ဟု ပြဌာန်းထားပါသည။် အပြည်ပြည်ဆိုင်ရာနိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၁၄ (၁) ၌ လည်း “တရားရုံးနှင့်ဥပဒေခုံရုံးများ၏ ရှေ့မှောက်၌ လူတိုင်းတန်းတူအခွင့်အရေးရှိသည်။ လူတိုင်းသည် မိမိတို့အပေါ်(သို့မဟုတ်) အခွင့်အရေးအပေါ် စွဲချက်တင် ခြင်းနှင့်အမိန့်ချမှတ်ခြင်းတို့အတွက် ပြည်သူအများရှေ့မှောက်၌ဖြစ်သော အရည်အချင်းရှိပြီး၊ လွတ်လပ်၍ ဘက်မလိုက်ဘဲ ဥပဒေအရ တည်ထောင်ထားသော တရားစီရင်ရေးရုံးများတွင် အများပြည်သူတို့ရှေ့မှောက်၌ ကြားနာစစ်ဆေးခံရန် အခွင့်အရေးရထိုက်သည်။” ဟုဖေါ်ပြထားပါသည်။ ထို့ပြင်၎င်းစာချုပ်၏ အပိုဒ် ၂၆ ၌ လည်း “လူတိုင်းသည် ဥပဒေရှေ့မှောက်တွင် အညီအမျှဖြစ်ပြီး၊ မည်သည့်နည်းနှင့်မျှ ခွဲခြားဆက်ဆံမှုမရှိဘဲ ဥပဒေ၏အကာအကွယ်ကို ညီတူညီမျှခံစားပိုင်ခွင့်ရှိသည်။ - -ဤကဲ့သို့ပင် အသားအရောင်၊ လိင်၊ ဘာသာ စကား၊ ဘာသာရေး သို့မဟုတ်၊ အခြားအယူအဆ၊ အမျိုးသားဇစ်မြစ် သို့မဟုတ် လူမှုရေးဇစ်မြစ်၊ ဥစ္စာဓန၊ မျိုးရိုးဇာတိနှင့် အခြားအဆင့်အတန်းခြားနားမှုရှိသောလူတို့ကို အစိုးရက တူညီစွာနှင့် ထိရောက်စွာအာမခံ ပေးလျက် ကာကွယ်ပေးရမည်” ဟုဖေါ်ပြပြဌာန်းထားပါသည်။

         ဥပဒေသည်လူတန်းစားမရွေး၊ လူမျိုး၊ ဘာသာမရွေး၊ ကျားမမရွေး၊ လူအားလုံးနှင့် သက်ဆိုင်သဖြင့် ဥပဒေရှေ့မှောက်၌ခွဲခြားမှုမရှိပေ။ ဥပဒေသည် အဆင့်အတန်းသော်လည်းကောင်း၊ လူတန်းစားသော်လည်း ကောင်း ခွဲခြားမှုရှိခဲ့လျှင် ဥပဒေသည်မတရားသော အမိန့်သာလျှင်ဖြစ်ပေသည်။ ဥပဒေသည် လူပုဂ္ဂိုလ်အပေါ် ၌ခွဲခြားမှုမရှိသည့်အပြင် လူပုဂ္ဂိုလ်သည်လည်း ဥပဒေ၏ရှေ့မှောက်၌  ခွဲခြားမှုမရှိရပေ။ လူအားလုံးသည် ဥပဒေ ၏အကာအကွယ်ကို ရယူပိုင်ခွင့်ရှိရမည်။ ဥပဒေသည် လူသားအားလုံးအတွက်ဖြစ်ပြီး လူသားအားလုံးအပေါ်၌ တူညီသော နည်းလမ်းတမျိုးတည်းဖြင့်သာ ကျင့်သုံးရန်ဖြစ်သည်။ ထိုအချက်ကိုလည်း ဥပဒေအရ ပြဌာန်းထားရှိ ပြီး ဖြစ်ရမည် ဖြစ်သည်။

          ကမ္ဘာ့လူ့အခွင့်အရေကြညာစာတမ်း အပိုဒ် ၁၀ ၌၊ “အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်၎င်း၊ ပြစ်မှုကြောင်းအရတရားစွဲဆိုခြင်း၌ အဆုံးအဖြတ်ခံရာတွင်၎င်း၊ လူတိုင်းသည် လွတ်လပ်၍အဂတိမလိုက်စားသောတရားရုံးတော်၏ လူအများရှေ့မှောက်တွင် တရားမျှတစွာ ကြားနာစစ်ဆေး ခြင်းကို တူညီစွာခံစားပိုင်ခွင့်ရှိသည်”ဟု ပြဌာန်းထားပါသည။် အပြည်ပြည်ဆိုင်ရာနိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၁၄ (၁) ၌ လည်း “တရားရုံးနှင့်ဥပဒေခုံရုံးများ၏ ရှေ့မှောက်၌ လူတိုင်းတန်းတူအခွင့်အရေးရှိသည်။ လူတိုင်းသည် မိမိတို့အပေါ်(သို့မဟုတ်) အခွင့်အရေးအပေါ် စွဲချက်တင် ခြင်းနှင့်အမိန့်ချမှတ်ခြင်းတို့အတွက် ပြည်သူအများရှေ့မှောက်၌ဖြစ်သော အရည်အချင်းရှိပြီး၊ လွတ်လပ်၍ ဘက်မလိုက်ဘဲ ဥပဒေအရ တည်ထောင်ထားသော တရားစီရင်ရေးရုံးများတွင် အများပြည်သူတို့ရှေ့မှောက်၌ ကြားနာစစ်ဆေးခံရန် အခွင့်အရေးရထိုက်သည်။” ဟုဖေါ်ပြထားပါသည်။ ထို့ပြင်၎င်းစာချုပ်၏ အပိုဒ် ၂၆ ၌ လည်း “လူတိုင်းသည် ဥပဒေရှေ့မှောက်တွင် အညီအမျှဖြစ်ပြီး၊ မည်သည့်နည်းနှင့်မျှ ခွဲခြားဆက်ဆံမှုမရှိဘဲ ဥပဒေ၏အကာအကွယ်ကို ညီတူညီမျှခံစားပိုင်ခွင့်ရှိသည်။ - -ဤကဲ့သို့ပင် အသားအရောင်၊ လိင်၊ ဘာသာ စကား၊ ဘာသာရေး သို့မဟုတ်၊ အခြားအယူအဆ၊ အမျိုးသားဇစ်မြစ် သို့မဟုတ် လူမှုရေးဇစ်မြစ်၊ ဥစ္စာဓန၊ မျိုးရိုးဇာတိနှင့် အခြားအဆင့်အတန်းခြားနားမှုရှိသောလူတို့ကို အစိုးရက တူညီစွာနှင့် ထိရောက်စွာအာမခံ ပေးလျက် ကာကွယ်ပေးရမည်” ဟုဖေါ်ပြပြဌာန်းထားပါသည်။

          ဥပဒေရှေ့မှောက်၌တူညီသော အခွင့်အရေးရှိသည်ဆိုရာတွင် အမှုနှင့်ပတ်သက်၍ တရားစွဲဆိုသူနှင့် စွပ်စွဲခံရသူအကြားတွင် တဘက်ဘက်သို့မလိုက်ပဲ မျှတတည့်မတ်စွာတရားစစ်ဆေးစီရင် နိုင်ရန်မှာ အရေးကြီး သောကိစ္စရပ်ဖြစ်ပါသည်။ တရားမျှတသော စစ်ဆေးစီရင်မှုဖြစ်စေရန်အတွက် တရားစွဲဆိုခြင်းခံရသူတိုင်းသည် အပြစ်ရှိသည်ဟု သက်သေထင်ရှားမပြနိုင်သရွေ့ အပြစ်ကင်းမဲ့သူ ဟုမှတ်ယူခံရခွင့်၊ မိမိအမှုအပေါ်ခုခံကာကွယ် ရန်အတွက် ပြင်ဆင်ရန်အချိန်နှင့် အထောက်အကူနှင့် ရှေ့နေရှေ့ရပ်များရယူပိုင်ခွင့်၊ တရားစစ်ဆေးစီရင်ခြင်း မတိုင်မီနှင့် တရားစစ်ဆေးစီရင်နေသောအချိန်အတွင်း လွတ်လပ်သောတရားဝင်တင်ပြချက်ပေးနိုင်ခွင့်၊ မိမိ အနေဖြင့် သက်သေများကိုမေးမြန်းခွင့်နှင့် မိမိအတွက်သက်သေများကိုခေါ်ယူနိုင်ခွင့်၊ အသနားခံပိုင်ခွင့်စသည် တို့သည် အနိမ့်ဆုံးသော စံသတ်မှတ်ချက်များဖြစ်ပေသည်။

          ထို့အပြင် ဥပဒေရှေ့မှောက်၌ မည်သူမဆို တူညီသောအခွင့်အရေးရှိသည် ဟုဆိုရာ၌ တရားမျှတမှု ဖြစ်စေရန်အတွက် မူလပြဌာန်းထားသော သင့်တင့်လျှောက်ပတ်သည့် စံချိန်စံညွှန်းမီဥပဒေများ ရှိနေပြီးဖြစ်ရန် လိုပါသည်။ နိုင်ငံတခုအတွင်း၌ရှိသောလူများအားလုံးသည် အဆိုပါနိုင်ငံ အတွင်း၌ပြဌာန်းထားသော ဥပဒေများ ကိုလိုက်နာရမည့်တာဝန်ရှိသူများဖြစ်သည် ဆိုသည့်အချက် မှာအရေးကြီးပါသည်။ မည်သူမဆို နိုင်ငံအတွင်း၌ တည်ရှိနေသော တရားရုံးများ၏ရှေ့မှောက်၌ ပြဌာန်းထားသောဥပဒေများနှင့်အညီ တရားစီရင်ခြင်းကို လိုက်နာရ မည်ဖြစ်ပြီး၊ မည်သည့်အစိုးရ၀န်ထမ်း၊ အရာရှိ၊ အာဏာပိုင်မျှ ထိုအချက်ကိုရှောင်လွှဲခွင့်မရှိပေ။ ထို့အတူ မည်သည့် အာဏာပိုင် အစိုးရအရာရှိကမျှ မိမိတို့ရရှိထားသောအာဏာကို အလွဲသုံးစာြးုပ၍ ဥပဒေကို မထီမဲ့မြင် ပြုခြင်း မပြုလုပ်နိုင်ပေ။ ဥပဒေပြဌာန်းချက်များသည် မည်သူ့ကိုမျှမျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းမရှိဘဲ တရားမျှတမှုနှင့် လွတ်လပ်စွာတရားစီရင်မှုအတွက် ဥပဒေရှေ့မှောက်တွင် အားလုံးအတူတူပင်ဖြစ် သည်ဆို သည့် အချက်ပင်ဖြစ်ပေသည်။

          ဆက်စပ်မှုအရ၊ခြွင်းချက်တခုအနေဖြင့်သိထားသင့်သည့်အချက်မှာ တရားရုံး၏စီရင်ပိုင်ခွင့် အာဏာမှ (ဥပဒေအရ) ကင်းလွတ်ခွင့်ရသူများအကြောင်းဖြစ်သည်။ ဥပမာအားဖြင့်- အင်္ဂလိပ် တရားရုံးသည် အင်္ဂလန် နိုင်ငံအတွင်း နေထိုင်သူများအပေါ် စစ်ဆေးစီရင်ပိုင်ခွင့်အာဏာရှိသည်။ သို့ရာတွင် ¹ခွင်းချက်အနေဖြင့် နိုင်ငံ ခြားကြီးအကဲများ၊ သံတမန်အဖွဲ့ဝင်များဖြစ်လျှင် အင်္ဂလိပ်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာမှ ကင်းလွတ်ခွင့်ရကြ ပေသည်။

          မြန်မာနိုင်ငံတွင်လည်း တရားမမှုများနှင့်ပတ်သက်၍ နိုင်ငံခြားအကြီးအကဲများသည် မြန်မာနိုင်ငံ တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာမှ ကင်းလွတ်ခွင့်ရှိကြောင်း တရားမကျင့်ထုံးဥပဒေပုဒ်မ (၈၃) မှ (၈၆) အထိ တို့တွင် သတ်မှတ်ပြဌာန်းထားပေသည်။ သို့ရာတွင်ပြစ်မှုနှင့်ပတ်သက်လာလျှင် ထိုကဲ့သို့သီးခြားသတ်မှတ် ပြဌာန်းထားခြင်းမရှိသည့်အပြင် ရာဇသတ်ကြီးခေါ် ပြစ်မှုဆိုင်ရာဥပဒေတွင် မည်သူမဆိုပြစ်မှုကျူးလွန်လျှင် အပြစ်ပေးခြင်းခံရမည်ဟု ပြဌာန်းထားသည်ကို တွေ့ရသည်။ နိုင်ငံခြားအကြီးအကဲများကို ကင်းလွတ်ခွင့်များ ပေးရာ၌ နှစ်မျိုးနှစ်စားရှိပေသည်။ ပထမတမျိုးမှာ ပုဂ္ဂိုလ်ရေးကင်းလွတ်ခွင့် ဖြစ်ပြီး၊ ဒုတိယတမျိုးမှာ ပစ္စည်းဆိုင် ရာကင်းလွတ်ခွင့် တို့ဖြစ်သည်။

          ၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်းတွင် သံအဖွဲ့အကြီးအကဲ (၃) မျိုးကိုဖေါ်ပြထားသည်။ ၄င်းတို့မှာ
(က) နိုင်ငံများ၏အကြီးအကဲများထံသို့ စေလွှတ်ခန့်အပ်သည့် သံအမတ်ကြီးများ၊ ရဟန်း မင်းကြီး၏ သံတမန် များ၊ အဆင့်ညီ အခြားသံအဖွဲ့အကြီးအကဲများ။
(ခ) နိုင်ငံများ၏အကြီးအကဲ များထံသို့ စေလွှတ်ခန့်အပ်သည့် သံတမန်များ၊ သံအမတ်များနှင့် ရဟန်းမင်းကြီး၏ သံတမန်ငယ်များ။
(ဂ)နိုင်ငံခြားရေးဝန်ကြီးများထံ စေလွှတ်ခန့်အပ်သည့် သံရုံးတာဝန်ခံများ ဟူ၍ဖြစ်သည်။

          ၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်း၊ အပိုဒ် ၄၁ တွင် သံတမန်တို့လိုက်နာရမည့် ကျင့်ဝတ်သိက္ခာများကို ဖေါ်ပြထားရာတွင်
(၁) အခွင့်အရေးနှင့်ကင်းလွတ်ခွင့်များရရှိသူအားလုံးသည် မိမိ တို့၏ အခွင့်အရေးများနှင့် ကင်းလွတ်ခွင်များကို မထိခိုက်စေဘဲ လက်ခံသည့်နိုင်ငံ၏ တရားဥပဒေ များနှင့် စည်းမျဉ်းဥပဒေများကိုလေးစားရန် တာဝန်ရှိကြသည်။ ထို့အပြင် ၄င်းတို့သည် ထိုနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စများတွင် ၀င်ရောက်စွက်ဖက်ခြင်းမပြုရန်လည်း တာဝန်ရှိသည်။
(၂) စေလွှတ် သည့်နိုင်ငံက သံအဖွဲ့အား လွှဲအပ်သော လက်ခံသည့်နိုင်ငံနှင့် ဆောင်ရွက်ရမည့်ရုံးကိစ္စအားလုံးကို လက်ခံသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သို့မဟုတ်၊ သဘောတူကြသည့် အခြားဝန်ကြီးဌာနနှင့် ဖြစ်စေ၊ ထိုဌာနမှတဆင့်ဖြစ်စေ ဆောင်ရွက်ရမည်။
(၃) ဤကွန်ဗင်းရှင်းအရဖြစ်စေ၊ နိုင်ငံအများ လက်ခံသည့် အပြည်ပြည်ဆိုင်ရာဥပဒေပါ အခြားစည်းမျဉ်းများအရ ဖြစ်စေ၊ စေလွှတ်သည့်နိုင်ငံနှင့် လက်ခံသည့်နိုင်ငံတို့အတွက် တည်ဆဲအထူးသဘောတူ စာချုပ်များအရဖြစ်စေ၊ ချမှတ်ထားသော သံအဖွဲ့၏လုပ်ငန်းတာဝန်များနှင့် ဆန့်ကျင်၍ သံအဖွဲ့ဥပစာကို မည်သို့မျှအသုံးမပြုရ ဟုဖေါ်ပြ ထားပါသည်။

          ထိုကဲ့သို့ သံတမန်များအတွက် ကင်းလွတ်သက်သာခွင့်များပေးထားခြင်းကို (Diplomatic Immunity) ပေးထားခြင်းဖြစ်သည်ဟုဆိုပါသည်။ ၄င်းတို့သည် ရောက်ရှိနေသောနိုင်ငံ၏ ပြစ်မှုဆိုင်ရာ ဥပဒေနှင့် တရားမဥပဒေများကို လိုက်နာစေခြင်းမှ ကင်းလွတ်ခွင့်ရသူများဖြစ်ပါသည်။ ဥပဒေရှေ့မှောက်၌တူညီသော အခွင့်အရေးရှိသည်ဆိုရာတွင် အမှုနှင့်ပတ်သက်၍ တရားစွဲဆိုသူနှင့် စွပ်စွဲခံရသူအကြားတွင် တဘက်ဘက်သို့မလိုက်ပဲ မျှတတည့်မတ်စွာတရားစစ်ဆေးစီရင် နိုင်ရန်မှာ အရေးကြီး သောကိစ္စရပ်ဖြစ်ပါသည်။ တရားမျှတသော စစ်ဆေးစီရင်မှုဖြစ်စေရန်အတွက် တရားစွဲဆိုခြင်းခံရသူတိုင်းသည် အပြစ်ရှိသည်ဟု သက်သေထင်ရှားမပြနိုင်သရွေ့ အပြစ်ကင်းမဲ့သူ ဟုမှတ်ယူခံရခွင့်၊ မိမိအမှုအပေါ်ခုခံကာကွယ် ရန်အတွက် ပြင်ဆင်ရန်အချိန်နှင့် အထောက်အကူနှင့် ရှေ့နေရှေ့ရပ်များရယူပိုင်ခွင့်၊ တရားစစ်ဆေးစီရင်ခြင်း မတိုင်မီနှင့် တရားစစ်ဆေးစီရင်နေသောအချိန်အတွင်း လွတ်လပ်သောတရားဝင်တင်ပြချက်ပေးနိုင်ခွင့်၊ မိမိ အနေဖြင့် သက်သေများကိုမေးမြန်းခွင့်နှင့် မိမိအတွက်သက်သေများကိုခေါ်ယူနိုင်ခွင့်၊ အသနားခံပိုင်ခွင့်စသည် တို့သည် အနိမ့်ဆုံးသော စံသတ်မှတ်ချက်များဖြစ်ပေသည်။

          ထို့အပြင် ဥပဒေရှေ့မှောက်၌ မည်သူမဆို တူညီသောအခွင့်အရေးရှိသည် ဟုဆိုရာ၌ တရားမျှတမှု ဖြစ်စေရန်အတွက် မူလပြဌာန်းထားသော သင့်တင့်လျှောက်ပတ်သည့် စံချိန်စံညွှန်းမီဥပဒေများ ရှိနေပြီးဖြစ်ရန် လိုပါသည်။ နိုင်ငံတခုအတွင်း၌ရှိသောလူများအားလုံးသည် အဆိုပါနိုင်ငံ အတွင်း၌ပြဌာန်းထားသော ဥပဒေများ ကိုလိုက်နာရမည့်တာဝန်ရှိသူများဖြစ်သည် ဆိုသည့်အချက် မှာအရေးကြီးပါသည်။ မည်သူမဆို နိုင်ငံအတွင်း၌ တည်ရှိနေသော တရားရုံးများ၏ရှေ့မှောက်၌ ပြဌာန်းထားသောဥပဒေများနှင့်အညီ တရားစီရင်ခြင်းကို လိုက်နာရ မည်ဖြစ်ပြီး၊ မည်သည့်အစိုးရ၀န်ထမ်း၊ အရာရှိ၊ အာဏာပိုင်မျှ ထိုအချက်ကိုရှောင်လွှဲခွင့်မရှိပေ။ ထို့အတူ မည်သည့် အာဏာပိုင် အစိုးရအရာရှိကမျှ မိမိတို့ရရှိထားသောအာဏာကို အလွဲသုံးစာြးုပ၍ ဥပဒေကို မထီမဲ့မြင် ပြုခြင်း မပြုလုပ်နိုင်ပေ။ ဥပဒေပြဌာန်းချက်များသည် မည်သူ့ကိုမျှမျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းမရှိဘဲ တရားမျှတမှုနှင့် လွတ်လပ်စွာတရားစီရင်မှုအတွက် ဥပဒေရှေ့မှောက်တွင် အားလုံးအတူတူပင်ဖြစ် သည်ဆို သည့် အချက်ပင်ဖြစ်ပေသည်။

          ဆက်စပ်မှုအရ၊ခြွင်းချက်တခုအနေဖြင့်သိထားသင့်သည့်အချက်မှာ တရားရုံး၏စီရင်ပိုင်ခွင့် အာဏာမှ (ဥပဒေအရ) ကင်းလွတ်ခွင့်ရသူများအကြောင်းဖြစ်သည်။ ဥပမာအားဖြင့်- အင်္ဂလိပ် တရားရုံးသည် အင်္ဂလန် နိုင်ငံအတွင်း နေထိုင်သူများအပေါ် စစ်ဆေးစီရင်ပိုင်ခွင့်အာဏာရှိသည်။ သို့ရာတွင် ¹ခွင်းချက်အနေဖြင့် နိုင်ငံ ခြားကြီးအကဲများ၊ သံတမန်အဖွဲ့ဝင်များဖြစ်လျှင် အင်္ဂလိပ်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာမှ ကင်းလွတ်ခွင့်ရကြ ပေသည်။

          မြန်မာနိုင်ငံတွင်လည်း တရားမမှုများနှင့်ပတ်သက်၍ နိုင်ငံခြားအကြီးအကဲများသည် မြန်မာနိုင်ငံ တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာမှ ကင်းလွတ်ခွင့်ရှိကြောင်း တရားမကျင့်ထုံးဥပဒေပုဒ်မ (၈၃) မှ (၈၆) အထိ တို့တွင် သတ်မှတ်ပြဌာန်းထားပေသည်။ သို့ရာတွင်ပြစ်မှုနှင့်ပတ်သက်လာလျှင် ထိုကဲ့သို့သီးခြားသတ်မှတ် ပြဌာန်းထားခြင်းမရှိသည့်အပြင် ရာဇသတ်ကြီးခေါ် ပြစ်မှုဆိုင်ရာဥပဒေတွင် မည်သူမဆိုပြစ်မှုကျူးလွန်လျှင် အပြစ်ပေးခြင်းခံရမည်ဟု ပြဌာန်းထားသည်ကို တွေ့ရသည်။ နိုင်ငံခြားအကြီးအကဲများကို ကင်းလွတ်ခွင့်များ ပေးရာ၌ နှစ်မျိုးနှစ်စားရှိပေသည်။ ပထမတမျိုးမှာ ပုဂ္ဂိုလ်ရေးကင်းလွတ်ခွင့် ဖြစ်ပြီး၊ ဒုတိယတမျိုးမှာ ပစ္စည်းဆိုင် ရာကင်းလွတ်ခွင့် တို့ဖြစ်သည်။

          ၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်းတွင် သံအဖွဲ့အကြီးအကဲ (၃) မျိုးကိုဖေါ်ပြထားသည်။ ၄င်းတို့မှာ -

(က) နိုင်ငံများ၏အကြီးအကဲများထံသို့ စေလွှတ်ခန့်အပ်သည့် သံအမတ်ကြီးများ၊ ရဟန်း မင်းကြီး၏ သံတမန် များ၊ အဆင့်ညီ အခြားသံအဖွဲ့အကြီးအကဲများ။
(ခ) နိုင်ငံများ၏အကြီးအကဲ များထံသို့ စေလွှတ်ခန့်အပ်သည့် သံတမန်များ၊ သံအမတ်များနှင့် ရဟန်းမင်းကြီး၏ သံတမန်ငယ်များ။
(ဂ)နိုင်ငံခြားရေးဝန်ကြီးများထံ စေလွှတ်ခန့်အပ်သည့် သံရုံးတာဝန်ခံများ ဟူ၍ဖြစ်သည်။

          ၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်း၊ အပိုဒ် ၄၁ တွင် သံတမန်တို့လိုက်နာရမည့် ကျင့်ဝတ်သိက္ခာများကို ဖေါ်ပြထားရာတွင်
(၁) အခွင့်အရေးနှင့်ကင်းလွတ်ခွင့်များရရှိသူအားလုံးသည် မိမိ တို့၏ အခွင့်အရေးများနှင့် ကင်းလွတ်ခွင်များကို မထိခိုက်စေဘဲ လက်ခံသည့်နိုင်ငံ၏ တရားဥပဒေ များနှင့် စည်းမျဉ်းဥပဒေများကိုလေးစားရန် တာဝန်ရှိကြသည်။ ထို့အပြင် ၄င်းတို့သည် ထိုနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စများတွင် ၀င်ရောက်စွက်ဖက်ခြင်းမပြုရန်လည်း တာဝန်ရှိသည်။
(၂) စေလွှတ် သည့်နိုင်ငံက သံအဖွဲ့အား လွှဲအပ်သော လက်ခံသည့်နိုင်ငံနှင့် ဆောင်ရွက်ရမည့်ရုံးကိစ္စအားလုံးကို လက်ခံသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သို့မဟုတ်၊ သဘောတူကြသည့် အခြားဝန်ကြီးဌာနနှင့် ဖြစ်စေ၊ ထိုဌာနမှတဆင့်ဖြစ်စေ ဆောင်ရွက်ရမည်။
(၃) ဤကွန်ဗင်းရှင်းအရဖြစ်စေ၊ နိုင်ငံအများ လက်ခံသည့် အပြည်ပြည်ဆိုင်ရာဥပဒေပါ အခြားစည်းမျဉ်းများအရ ဖြစ်စေ၊ စေလွှတ်သည့်နိုင်ငံနှင့် လက်ခံသည့်နိုင်ငံတို့အတွက် တည်ဆဲအထူးသဘောတူ စာချုပ်များအရဖြစ်စေ၊ ချမှတ်ထားသော သံအဖွဲ့၏လုပ်ငန်းတာဝန်များနှင့် ဆန့်ကျင်၍ သံအဖွဲ့ဥပစာကို မည်သို့မျှအသုံးမြုပရ။ ဟုဖေါ်ပြ ထားပါသည်။

          ထိုကဲ့သို့ သံတမန်များအတွက် ကင်းလွတ်သက်သာခွင့်များပေးထားခြင်းကို (Diplomatic Immunity) ပေးထားခြင်းဖြစ်သည်ဟုဆိုပါသည်။ ၄င်းတို့သည် ရောက်ရှိနေသောနိုင်ငံ၏ ပြစ်မှုဆိုင်ရာ ဥပဒေနှင့် တရားမဥပဒေများကို လိုက်နာစေခြင်းမှ ကင်းလွတ်ခွင့်ရသူများဖြစ်ပါသည်။

CREDIT .. 

မင်းကို ဆုံးမသော ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင် 

မြန်မာ့သမိုင်းမှာ ပြည်သူလူထုအပေါ် တရားမျှတစွာ အုပ်ချုပ်တဲ့ မင်းတွေရှိခဲ့သလို၊ ပြည်သူကို နှိပ်စက်တဲ့ မင်းတွေလည်း အုပ်စိုးခဲ့ပါတယ်။ အဲဒီလိုကွဲပြားတဲ့ မင်းတွေရှိခဲ့သလို မင်းမှုထမ်းတွေမှာလည်း မင်းလိုလိုက် မင်းကြိုက်ဆောင်သူတွေနဲ့ မှန်ရာကို ပြောရဲ၊ ရေးရဲ၊ လုပ်ဆောင်ရဲတဲ့သူတွေဆိုပြီး ကွဲပြားစွာ ရှိခဲ့ပါတယ်။ ဒီလို မှန်ရာကို တင်ပြ လုပ်ဆောင်ရဲသူများထဲက စံပြုထိုက်သူတစ်ဦးကတော့ ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင်ဖြစ်ပါတယ်။

ယောအတွင်းဝန်၊ ရွှေပြည်ဝန်၊ ယောမင်းကြီး၊ ရွှေပြည်မင်းကြီး၊ ဝက်မစွတ်မြို့စား၊မကွေးမြို့စား ဝန်ရှင်တော်မင်းကြီး၊ သတိုးမင်းကြီး မဟာမင်းခေါင် သီဟသူ စသဖြင့် အမျိုးမျိုး ခေါ်တွင်ကြတဲ့ ဦးဘိုးလှိုင်ကို ကွယ်လွန်သူ စာဆိုကြီး ဆရာမောင်ထင်ကတော့ 'မြန်မာ့ နိုင်ငံရေးသုခမိန်ကြီး' လို့ တင်စားခေါ်ဆိုခဲ့ပါတယ်။
ဆရာမင်းယုဝေ ကလည်း သူ့ရဲ့ 'ပထမ မြန်မာများ' စာအုပ်မှာ 'ယောမင်းကြီး ဦးဘိုးလှိုင် (ပထမ သိပ္ပံစာပေ ပြုစုသူ)' လို့ ကမ္ပည်းတင်ခဲ့ပါတယ်။

မြန်မာ့စွယ်စုံကျမ်းမှာလည်း 'မြန်မာ့နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အတွေးအခေါ် အယူအဆတို့ကို ခေတ်နှင့်လျော်အောင် တိုးတက်ဖွံ့ဖြိုးစေရန် ကြံဆရွက်ဆောင်ခဲ့သော မြန်မာ့နိုင်ငံရေးသုခမိန်' လို့ ဖော်ပြခဲ့ပါတယ်။

သူဟာ သက္ကတ၊ ပါဠိ၊ မြန်မာစာပေတို့ကို နှံ့စပ်ရုံတင်မက အနောက်တိုင်း ဝိဇ္ဇာ သိပ္ပံပညာရပ်တွေမှာပါ နှံ့စပ်သူဖြစ်ပါတယ်။ ဒါကြောင့် အနောက်တိုင်းက ရတဲ့ ပညာဗဟုသုတတွေကို မြန်မာပစ္စည်းဖြစ်အောင် ကြံဆောင်ရင်း မြန်မာ့ရိုးရာကို ထိန်းသိမ်းပေးခဲ့ပါတယ်။

မင်းတုန်းမင်း လက်ထက်ကနေ သီပေါမင်းလက်ထက်အထိ အတွင်းဝန်၊ မြို့စား၊ အတိုင်ပင်ခံ ပညာရှိ စတဲ့ရာထူးတွေနဲ့ အမှုထမ်းနေစဉ်မှာပဲ မြန်မာစာပေလောကမှာ ထင်ရှားတဲ့ ကျမ်းအစောင်စောင်ကို ရေးသားပြုစုခဲ့ပါတယ်။

ဦးဘိုးလှိုင်ကို မြန်မာ့နိုင်ငံရေးသုခမိန်လို့ ဘာကြောင့်ခေါ်ဆိုပါသလဲ။
မြန်မာ့ဂန္ထဝင်မှာ ပေါ်ပေါက်ခဲ့တဲ့ ရှေးနီတိကျမ်းတွေက ရှေးရိုးစဉ်လာ မြန်မာ့အတွေးအခေါ် အယူအဆတို့ကို နိုင်ငံခြားနဲ့ ကူးလူးဆက်ဆံရာက ရရှိတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးအသိတွေနဲ့ နှိုင်းယှဉ်ပြီး သူ့ခေတ် မြန်မာနိုင်ငံသားတွေကို အမြင်သစ် ပေးနိုင်ခဲ့ပါတယ်။

သူ့ရဲ့ 'ရာဇဓမ္မသင်္ဂဟကျမ်း'ဟာ အဲဒီသဘောဖြစ်ပြီး ဒီကျမ်းတစ်စောင်တည်းနဲ့  နိုင်ငံရေးသုခမိန် ဆိုတဲ့ ပညတ်ကို ခံယူထိုက်တယ်လို့ ဆိုကြပါတယ်။ သက်ဦးဆံပိုင်စနစ်အောက်မှာ ဒီလို ကျမ်းမျိုး ရေးသားဝံ့တဲ့ အချက်ကလည်း ဦးဘိုးလှိုင်ရဲ့ သတ္တိကို ဖော်ပြနေပါတယ်။

ဦးဘိုးလှိုင်ဟာ ရာထူး စည်းစိမ်ကို မငဲ့ဘဲ မှန်ရာကို ပြောဆို၊ လုပ်ဆောင်ခဲ့တဲ့အတွက် မကြာခဏ ရှင်ဘုရင်ရဲ့ အမျက်တော်ရှခြင်းကို ခံခဲ့ရပြီး ၃ ကြိမ်မက ရာထူးစည်းစိမ် နုတ်သိမ်းခြင်းခံခဲ့ရသလို အကျယ်ချုပ် ချတာကိုတောင်ခံခဲ့ရပါတယ်။ ဥပမာအားဖြင့် မင်းတုန်းမင်းလက်ထက်မှာ သမီး၊ နှမ တို့ကို ပေးဆက်ထားတဲ့အတွက် အခွင့်အရေးရနေတဲ့ အမှုထမ်းတစ်ဦးနဲ့ပတ်သက်ပြီး ပညာမဲ့အမတ်တို့ ဘုန်းကြီးရင် ပြည်ရွာပျက်တတ်တဲ့အကြောင်း မင်းတုန်းမင်းတရားကို လျှောက်ထားခဲ့ပါတယ်။

ဒီအခါ ဘုရင်အမျက်ထွက်ပြီး လှံကိုကောက်ကိုင်ရင်း “သည်လှံနဲ့ မောင်မင်းကို စီရင်တာ ခံချင်သလား”လို့ မေးတော့ ဦးဘိုးလှိုင်က “ထိုးတော်မူပါဘုရား”လို့ ဆိုရင်း ရင်ဘတ် ကော့ပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တခြားမှူးမတ်တွေက ရဲတင်းလွန်းတယ်လို့ ပြောကြတော့ ဦးဘိုးလှိုင်က

“ကျွန်ုပ်အဖို့ လှံနှင့်ထိုးသတ်၍ သေရခြင်းကား မြတ်သည်။ နေရာတိုင်း မင်းလိုလိုက်၍ စီမံသော မကောင်းမှုဖြစ်ပွားနေသည့်အတွက် နိုင်ငံတော် ပျက်စီးခြင်း ဖြစ်ရလေသည်ဟု ဤနာမည်မျိုး ကျန်ရစ်ခဲ့ပါလျှင် သေကျိုးမနပ် ဖြစ်သည်။ ထိုမကောင်းသော အပုပ်နံ့သည် တထောင်းထောင်းနှင့် လူအပေါင်းတို့ နှာခေါင်းရှုံ့ကြမည်ကို ကြောက်စရာကောင်းသည်။ မှူးမတ်ဆိုသည့်အတိုင်း၊ အကြီးအမှူး ဖြစ်သည့်အတိုင်း တည့်တည့်မတ်မတ်ဖြစ်အောင် စီမံခန့်ခွဲလျက် လျှောက်တင်ခွင့်ရှိက အသက်ကိုစွန့်၍ ရဲရဲဝံ့ဝံ့ တင်ကြရမည်။ သို့မှ မှူးမတ်နှင့်တူသည်”

လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲကတော့ အကျယ်ချုပ်နဲ့ ရာထူးအချခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒီလို ရာထူးက ချလိုက်၊ လိုအပ်တဲ့အခါ ပြန်ခေါ်လိုက် ဖြစ်ရပေမယ့် ဦးဘိုးလှိုင်က
မှန်ရာကို ပြောဆို လုပ်ဆောင်ရင်း အမှုထမ်းခဲ့ပါတယ်။ သီပေါမင်းလက်ထက်မှာ ပြုစုခဲ့တဲ့ 'ရာဇဓမ္မသင်္ဂဟကျမ်း'ဟာ သက်ဦးဆံပိုင် ဘုရင်စနစ်အရ အုပ်ချုပ်မှုကို
တော်လှန်ပြီး ပြည်သူ့အာဏာနဲ့ အုပ်ချုပ်မှုကို ကြိုဆိုတဲ့ကျမ်းဖြစ်ပါတယ်။

ဒါကြောင့် ဘုရင်က မနှစ်သက်ပါဘူး။ ဒီကြားထဲ “ဘုရင်မင်းမြတ်ဟာ အလွန်အသုံးအဖြုန်းကြီးတယ်။ ဘဏ္ဍာတော်ဆိုတာ ဆင်းရဲသားတွေရဲ့ ချွေးနှဲစာကနေ ညှစ်ထုတ်ယူထားတာ ဖြစ်တဲ့အတွက် ကျောက်ခဲသလဲလို သဘောမထားသင့်ဘူး” ဆိုပြီး ဘုရင့်ဘဏ္ဍာရေးကို ကန့်သတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီအခါ မိဖုရားက မခံနိုင်ဖြစ်ပြီး “ရှင်ဘုရင်လုပ်ရတာ ငလှိုင်ပေးသရွေ့နဲ့ စားရမှာလား”လို့ ဒေါသနဲ့ ပြောဆိုတာကို သီပေါမင်းကလည်း နားယောင်တဲ့အတွက် ဦးဘိုးလှိုင်ကို ရာထူးချလိုက်ပါတော့တယ်။

ဒီအကြိမ်ဟာ နောက်ဆုံးအကြိမ် ရာထူးကျခြင်းဖြစ်ပြီး ရာထူးပြန်လည်ပေးအပ်ခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် ဦးဘိုးလှိုင်က မတုန်လှုပ်ဘဲ ခြံဥယျာဉ်အလုပ်ကို လုပ်ရင်း တဖက်က စာပေကျမ်းဂန် ပြုစုခြင်းအလုပ်ကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခဲ့ပါတယ်။ ပဒေသရာဇ်စနစ်အတွင်း ရှင်ဘုရင်ကို ဝေဖန်ဆုံးမတဲ့ ဦးဘိုးလှိုင်လို ရဲဝံ့သူ ပေါ်ပေါက်ခဲ့ခြင်းနဲ့ ပတ်သက်လို့ အားရစရာကောင်းသလို၊ ဒီလို ပညာရှိမျိုးကို အာဏာပိုင်တွေက အသက်သေကြေအောင် မလုပ်ဆောင်ခဲ့တာဟာလည်း အတုယူ ဆင်ခြင်စရာ ဖြစ်ပါတယ်။

မြန်မာသက္ကရာဇ် ၁၁၉၁ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဦးဘိုးလှိုင်ဟာ သက္ကရာဇ် ၁၂၄၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အသက် ၅၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ရပေမယ့် ဦးဘိုးလှိုင်ရေးသားခဲ့တဲ့ ဝိဇ္ဇာ သိပ္ပံဆိုင်ရာ ကျမ်းပေါင်း ၁၄ ကျမ်းက ခေတ်အဆက်ဆက် ကိုးကားလေ့လာစရာ စာပေတွေအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ အဲဒီထဲက လောကဓာတ်ဆေးကျမ်း၊ သဒ္ဒသင်္ဂဟကျမ်း၊ ဝိမုတ္တိရသကျမ်း၊ မဟာသမ္မတ ဝိနိစ္ဆယကျမ်း၊ ကာယာနုပဿနာကျမ်း၊ ရာဇဓမ္မသင်္ဂဟကျမ်း၊ ဥတုဘောဇနသင်္ဂဟကျမ်း တို့ဟာ မြန်မာစာဖတ်ပရိသတ်နဲ့ ရင်းနှီးနေတဲ့ အမည်တွေ ဖြစ်ပါတယ်။ အခုဖော်ပြခဲ့တဲ့ ဘာသာရေးကျမ်း၊ ဆေးပညာကျမ်း၊ နီတိကျမ်းတွေအပြင် ကြေးနန်းရိုက်နည်းကို တီထွင်ပြသထားတဲ့ လိပိဒိပိကာကျမ်း၊ လိလာဝတီ ဂဏန်းကျမ်းတို့ကိုလည်း ပြုစုခဲ့ပါတယ်။ ဦးဘိုးလှိုင်ဟာ သိပ္ပံပညာကျမ်းတွေကို ပြုစုတဲ့အခါ မြန်မာတွေ ရင်းနှီးပြီးသား အသုံးအနှုန်းတွေနဲ့ ဖော်ပြနိုင်ဖို့ အားထုတ်ခဲ့သလို၊
ကျစ်လျစ်တဲ့ ဘာသာပြန်ဆိုမှု တွေ့ရတယ်လို့ ပညာရှင်များက မှတ်ချက်ချကြပါတယ်။ ဘာသာပြန်ရာမှာလည်း အသံလှယ် ပြန်ဆိုမှုတွေအပြင် Carbon (ကာဗွန်) ကို မီးသွေး၊
Acid (အက်စစ်)ကို ငရဲမီး၊ Beer (ဘီယာ)ကို ဗျစ်ခါး စသဖြင့် မြန်မာဘာသာနဲ့ ပြန်ဆိုသုံးနှုန်းခဲ့ပါတယ်။

ဦးဘိုးလှိုင်ဟာ သူရသတ္တိနဲ့ပြည့်စုံတဲ့သူ ဖြစ်တဲ့အပြင် အလွန် ဖြောင့်မှန် ပွင့်လင်းသူ၊ ပြတ်သားသူ၊ ဘယ်သူ့ကိုမှ ရန်မပြုသူဖြစ်တယ်လို့ သိရပါတယ်။ သူ့ကို ရာထူးကျအောင် ကုန်းချောသူ သေသွားတာကိုတောင် ဝမ်းသာအားရမဖြစ်ဘဲ “သူသေတာ ငါနဲ့မဆိုင်ပါဘူးကွယ်။ သူလည်း သူ့ကံနဲ့သူ၊ ငါလည်း ငါ့ကံနဲ့ငါပါ။ သည်ဟာနှင့် စပ်လျဉ်းလို့ နောက်ထပ် မည်သူ့ကိုမျှ မပြောလေနှင့်” လို့ ပြောဆိုခဲ့ပါတယ်။

အခုဆိုရင် ပညာရှင် ဦးဘိုးလှိုင် ကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၁၂ဝ ကျော်ခဲ့ပါပြီ။ ဒါပေမယ့် သူ့ရဲ့ လေးစား အတုယူစရာ စိတ်ဓာတ်တွေနဲ့ လုပ်ဆောင်မှုတွေက စာပေများကတဆင့် ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ။


Credit ... unknown

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...