ပွင့်လင်းမြင်သာသော တရားစီရင်ရေးစနစ် ဆီသို့ ... (သတင်း)
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ၊ သတင်းအချက် အလက်များ၊ တရားရုံး အဆင့်ဆင့်၏ လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ပြည်သူများ ဗဟုသုတ ရရှိစေရန်၊ လွတ်လပ်စွာ တရားစီရင်မှုကို ပြည်သူများ သိရှိ နားလည်စေရန်၊ တရားရုံး လုပ်ထုံးလုပ်နည်း များနှင့် စပ်လျဉ်း၍ ပိုမို ပွင့်လင်းမြင်သာမှု ရှိစေရန်၊ သတင်းအမှန် များကို ပြည်သူများ အချိန်နှင့် တပြေးညီ သိရှိနားလည် စေရန်တို့ကို ရည်ရွယ်၍ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက ပြည်ထောင်စု တရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၊ ခရိုင်တရားရုံး များနှင့် မြို့နယ်တရားရုံး များတွင် သတင်းပြန်ကြားရေးအဖွဲ့များ အသီးသီး ဖွဲ့စည်း ထားရှိခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ ယခင်ခေတ် ကာလများနှင့်မတူဘဲ ပိုမို လွတ်လပ်ပြီး ပွင့်လင်းမြင်သာသော တရားစီရင်ရေး စနစ် ကို တရားရုံး အဆင့်ဆင့်က ဖော်ဆောင်နေ ပြီဖြစ်ကြောင်း အများပြည်သူတို့ သိရှိနိုင်ရန် ဤသတင်းပို့စ် ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၏ လုပ်ငန်း စီမံချက်များမှ ကောက်နုတ်၍ ပြုစု မျှဝေလိုက် ရပါသည်။
သတင်းဌာနအမည်များ
သတင်းဌာနများ၏ အမည်ကို သတ်မှတ်ရာတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အတွက် "သတင်းပြန်ကြားရေး အဖွဲ့၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်" ဟူ၍ လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် များအတွက် "သတင်းပြန်ကြားရေး အဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်" ဟူ၍ လည်းကောင်း၊ ခရိုင်တရားရုံး များအတွက် "တရားရုံး သတင်းပြန်ကြားရေး အရာရှိ၊ ခရိုင်တရားရုံး" ဟူ၍ လည်းကောင်း၊ မြို့နယ် တရားရုံးများ အတွက် "တရားရုံး သတင်းပြန်ကြားရေး အရာရှိ၊ မြို့နယ်တရားရုံး" ဟူ၍ လည်းကောင်း သတ်မှတ် ထားရှိပါသည်။သတင်းပြန်ကြားရေး အဖွဲ့များတွင် မည်သည့်ပုဂ္ဂိုလ်များ ပါဝင်သည် -
* ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၏ သတင်း ပြန်ကြားရေး အဖွဲ့တွင်__ ညွှန်ကြားရေးမှူးချုပ် (အဖွဲ့ခေါင်းဆောင်)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (အဖွဲ့ဝင်)၊ ညွှန်ကြားရေးမှူး (စီမံ) (အဖွဲ့ဝင်)၊ လက်ထောက် ညွှန်ကြားရေးမှူး (လေ့ကျင့်) (အတွင်းရေးမှူး) တို့ဖြင့် ဖွဲ့စည်း ထားရှိပါသည်။* တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် သတင်း ပြန်ကြားရေး အဖွဲ့တွင်__ တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် တရားရေး ဦးစီးမှူး (အဖွဲ့ခေါင်းဆောင်) နှင့် ဒုတိယ ညွှန်ကြားရေးမှူး (တရားစီရင်ရေး) (သို့မဟုတ်) တိုင်းဒေသကြီး/ ပြည်နယ် တရားရေး ဦးစီးမှူးက တာဝန် ပေးအပ်သူ (အဖွဲ့ဝင်) တို့ဖြင့် ဖွဲ့စည်း ထားရှိပါသည်။
သတင်းပြန်ကြားရေးအရာရှိ အဖြစ် မည်သည့်ပုဂ္ဂိုလ်အား ခန့်အပ် တာဝန်ပေးသည် -
ပြည်ထောင်စု တရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် များတွင် သတင်းပြန်ကြားရေး အဖွဲ့ဝင်များထဲမှ သတင်းပြန်ကြားရေး အရာရှိ (Public Information Officer) (P.I.O) တစ်ဦးကို ရွေးချယ် ခန့်အပ် တာဝန်ပေး ထားပါသည်။တရားရုံးသတင်းပြန်ကြားရေး အရာရှိများကို မည်သည့်ပုဂ္ဂိုလ်များ ခန့်အပ် တာဝန်ပေးသည် -
ခရိုင်တရားရုံးတွင် တရားရုံး သတင်း ပြန်ကြားရေး အရာရှိ (Court Information Officer) (C.I.O) အဖြစ် ခရိုင်တရားသူကြီး (သို့မဟုတ်) ၎င်းက တာဝန်ပေးအပ်သူ အားလည်းကောင်း၊ မြို့နယ်တရားရုံး တွင် တရားရုံး သတင်း ပြန်ကြားရေး အရာရှိ (Court Information Officer) (C.I.O) အဖြစ် မြို့နယ် တရားသူကြီး (သို့မဟုတ်) ၎င်းက တာဝန်ပေးအပ်သူ အားလည်းကောင်း ခန့်အပ် တာဝန်ပေး ထားပါသည်။သတင်းမီဒီယာများမှ သိရှိလိုက်နာရန် အချက်များ
သတင်းမီဒီယာများ အနေဖြင့် အဆင့်ဆင့်သော တရားရုံးများမှ သတင်းရယူခြင်း၊ ထုတ်ပြန်ခြင်း ပြုရာတွင် အောက်ပါ အချက်အလက် များအား လိုက်နာရန် ဖြစ်ပါသည် __(က) တရားရုံးသို့ သတင်းရယူရန် လာရောက်ရာတွင် သတင်းထောက် အသိအမှတ်ပြု ကဒ် (Identity Card) ပါရှိရမည်။
(ခ) သက်ဆိုင်ရာ ရုံးအကြီးအကဲထံ ခွင့်ပြုချက် တောင်းခံ၍ ကြိုတင် ချိန်းဆိုမှု ပြုပြီး သတ်မှတ်ထား သော နေရာတွင်သာ နည်းလမ်းတကျ သတင်းရယူ ရမည်။
(ဂ) ဗီဒီယိုနှင့် ဓာတ်ပုံ ရိုက်ကူးရာတွင် သတ်မှတ်ထားသည့် တွေ့ဆုံခန်း အတွင်းတွင်သာ ရိုက်ကူးရမည်၊ သတင်းနှင့် မစပ်ဆိုင်သည့် နေရာများတွင် ဗီဒီယိုနှင့် ဓာတ်ပုံ ရိုက်ကူးခြင်း မပြုရ။
(ဃ) သတင်းရယူသူများ အနေဖြင့် အမှုသည်များ နှင့်အတူ လာရောက် မေးမြန်းခြင်း၊ သတင်း ရယူခြင်း မပြုရ။
(င) စစ်ဆေးဆဲ မှုခင်းများနှင့် ပတ်သက်၍ မှုခင်း ဖြစ်ပွားမှု သတင်းနှင့် အမှု စစ်ဆေး ဆောင်ရွက်သည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကိစ္စရပ်များ အပေါ်တွင် မေးခွန်းများ မေးမြန်းနိုင်သော်လည်း အမှု၏ အရည်အသွေး နှင့် စပ်ဆိုင်သော မေးခွန်းများကို မေးမြန်းခြင်း မပြုရ။
(စ) တရားရုံး ပရ၀ုဏ် အတွင်း ရောက်ရှိနေသူ မည်သူ တစ်ဦးတစ်ယောက် ကိုမှ ရုံးအကြီးအကဲ၏ ခွင့်ပြုချက် မရရှိဘဲ မေးမြန်းခြင်း၊ သတင်း ရယူခြင်း မပြုရ။
(ဆ) တရားခွင် အတွင်းသို့ ၀င်ရောက် သတင်းရယူ လိုပါက တရားရုံး အကြီးအကဲ၏ ခွင့်ပြုချက် ရယူရ မည်။
(ဇ) တရားခွင် အတွင်းသို့ အသံဖမ်းစက်၊ ကင်မရာ၊ လက်ကိုင်ဖုန်းများ ယူဆောင်လာခြင်း မပြုရ။
(ဈ) အမှုစစ်ဆေး စီရင်နေသည့် တရားခွင်တွင်းသို့ တစ်နည်းနည်းဖြင့် ဗီဒီယို ရိုက်ကူးခြင်း၊ ဓာတ်ပုံ ရိုက်ကူးခြင်း လုံးဝ မပြုလုပ်ရ။
(ည) သတင်းရေးသားရာတွင် တရားရုံးကို မထီမဲ့မြင် ဖြစ်စေသော၊ ဖြောင့်မှန်စွာ တရားစီရင်ရေးကို ထိခိုက်စေသော ဝေဖန် ရေးသားမှုမျိုးကို ရှောင်ကြဉ်ရမည်။
(ဋ) ကလေးသူငယ်များ ပါဝင် ပတ်သက်နေသော မှုခင်းများတွင် ကလေးသူငယ်များ၏ သတင်းနှင့် ပတ်သက်၍ တရားရုံး၏ ခွင့်ပြုချက် ရရှိမှသာ ရေးသား ဖော်ပြရမည်။
(ဌ) ထုတ်ပြန်ပေးသည့် သတင်းနှင့် စပ်လျဉ်း၍ ပုံနှိပ် ထုတ်ဝေခြင်း မပြုမီ တိကျသေချာမှု ရှိစေရန် တတ်နိုင်သမျှ ဆောင်ရွက်ရမည်။
(ဍ) သတင်းကို မှားယွင်း ရေးသားမိကြောင်း သိလျှင်သိချင်း ဆောလျင်စွာ လူသိရှင်ကြား ပြန်လည် ဖြေရှင်း ပေးရမည်။
(ဎ) သတင်းရေးသားရာတွင် တည်ဆဲဥပဒေ၊ ဓလေ့ထုံးတမ်း များနှင့် မီဒီယာ ကျင့်ဝတ်များကို လိုက်နာ ရေးသားရမည်။
(ဏ) ဥပဒေတစ်ရပ်ရပ်အရ ကန့်သတ်ထားသော စာရင်းဇယားများ၊ ဓာတ်ပုံ မှတ်တမ်းများ၊ စာတမ်း အမှတ်အသား ရေးသားချက်များကို သတင်း ရေးသားခြင်း မပြုရ။
ဆက်သွယ်ရမည့် နည်းလမ်းများ
သတင်းပြန်ကြားရေး အဖွဲ့ အသီးသီးကို ဆက်သွယ်နိုင်မည့် တယ်လီဖုန်း နံပါတ်၊ e-mail address နှင့် Social Network တို့ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၏ Website ဖြစ်သော www.unionsupremecourt.gov.mm တွင် မကြာမီ ဖော်ပြမည် ဖြစ်ပါသည်။နိုင်ငံတစ်နိုင်ငံ၏ တရားစီရင်ရေး စနစ်အပေါ် ပြည်သူလူထုမှ ယုံကြည်မှု ရှိလာစေရန် အတွက် တရားစီရင်ရေး ဆောင်ရွက်ချက် များကို ပြည်သူများအား ပွင့်လင်းစွာ ရှင်းလင်း တင်ပြရန်မှာ လွန်စွာ အရေးကြီးပါသည်။ သို့မှသာ ပြည်သူများ အနေဖြင့် တရားစီရင်ရေး ယန္တရားကို နားလည် သဘောပေါက်၍ အမှန်တရား ပေါ်ပေါက်ရေး အတွက် ပူးပေါင်း ပါဝင်လာနိုင်ပြီး ဖြောင့်မှန်သော တရားစီရင်ရေး ကို အထောက်အကူ ပြုနိုင်မည် ဖြစ်ပါသည်။ ထိုသို့ ပြည်သူများကို အသိပေး ရှင်းလင်းရန် အတွက် တရားစီရင်ရေး ဆောင်ရွက်ချက်များကို ကြားခံ မီဒီယာများ၏ အကူအညီ ရယူ၍ ထုတ်ဖော် ပြောဆိုမှသာ အဆင်ပြေ ချောမွေ့နိုင်မည် ဖြစ်ပါသည်။ ယနေ့ အချိန်အခါတွင် သတင်းမီဒီယာများမှ သတင်းတာဝန်ခံ၊ သတင်းထောက် များသည် မိမိတို့ ရယူလိုသော သတင်း အချက်အလက်များ ကို သက်ဆိုင်ရာ တရားရုံး အဆင့်ဆင့်တွင် ရင်းနှီးပွင့်လင်းစွာဖြင့် နည်းလမ်းတကျ မေးမြန်းရယူ နိုင်ကြပြီလည်း ဖြစ်ပါသည်။
သတင်းမီဒီယာ များအနေဖြင့် အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်သော သတင်းမီဒီယာများ သိရှိလိုက်နာရန် အချက် (၁၅)ချက်ကို ကျေလည်စွာ ဖတ်ရှု နားလည် လိုက်နာပေးကြရန် အထူးလိုအပ်လှပါ ကြောင်းနှင့် သတင်း ပြန်ကြားရေး အရာရှိ၊ တရားရုံး သတင်း ပြန်ကြားရေး အရာရှိ စသော အခေါ်အဝေါ် အသုံးအနှုန်းများကို ပြည့်စုံ မှန်ကန်စွာ ရေးသား ဖော်ပြပေးကြရန် လိုအပ်ပါသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အထက်ပါ မူသဘောထားနှင့် လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည် ဖော်ကာ မီဒီယာများ၏ အကူအညီ ရယူ၍ ပွင့်လင်းမြင်သာသော တရားစီရင်ရေး စနစ် ဖော်ဆောင်နေသည့် အခြေအနေကို အများပြည်သူတို့ လေ့လာဖတ်ရှု သိရှိသင့်သည်ဟု ယူဆပါသဖြင့် စေတနာ အရင်းခံလျက် ကောက်နုတ်မျှဝေ တင်ပြပေး လိုက်ရပါသည်။ ။