Sunday, September 30, 2018

ဥပဒေ နှင့် တရားသူကြီး

ဥပဒေ နှင့် တရားသူကြီး
📜📜📜📜📜📜

၁။ တရားသူကြီး၏ ဆင်ခြင်စဉ်းစားမှုကို အနည်းဆုံးခွင့်ပြုသောဥပဒေသည် အကောင်းဆုံးဖြစ်သည်။

၂။ မိမိ၏ထင်မြင်ယူဆချက်ကို အလေးပေး မစဉ်းစားသော၊
တရားသူကြီးသည် အကောင်းဆုံးဖြစ်သည်။



တရားသူကြီး နှင့် တရားရုံး 
●●●●●●●●

၁။ တရားသူကြီး အနေဖြင့် အမှုကိစ္စများကို ကိုယ်ကိုယ်တိုင်သိရှိနေသည့်၊ သိရှိခြင်းသည် အဓိကမဟုတ်။

၂။ တရားရုံးရှေ့တွင် အမှုအားစစ်ဆေးကြားနာ၍ သိရှိလာသည့်အမှုဖြစ် အကြောင်းခြင်းရာ အသိသည်သာလျှင်အဓိကဖြစ်သည်။



တရားခွင်၏နေရာ
●●●●●●

အမှန်တရားကို စီရင်သည့် တရားပလ္လင်သည်၊
သန့်စင်သောနေရာဖြစ်သည်။

★★★★★★★★★★★★★★★★★★










Tuesday, September 11, 2018

တရားစီရင်ရေးဆိုင်ရာ တိုးတက်မှုများနှင့် လုပ်ငန်းစဉ်

            ''တရားမျှတရေး အတူတကွမြှင့်တင်ပေး''ဆိုသည့် ဆောင်ပုဒ် နှင့်အတူ ချမှတ်ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ တရားစီရင် ရေး၏ သုံးနှစ်တာ မဟာဗျူဟာစီမံကိန်း (၂ဝ၁၅-၂ဝ၁၇) အောင်မြင်စွာ ပြီးဆုံးပြီဖြစ်ပါသည်။ စီမံကိန်းပထမနှစ် မှစတင်လျက် မဟာဗျူဟာ အစီအစဉ်များကို သတ်မှတ်ထား သည့် ဦးစားပေးနယ်ပယ်များတွင် အရှိန်အဟုန်ဖြင့် ဆောင် ရွက်ခဲ့ပါသည်။စီမံကိန်းတစ်နှစ်ချင်းစီ၏ အပြီးသတ်ကာလ များတွင်  မိမိတို့အတွက်အရေးပါသည့် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ဖိတ်ခေါ်၍ ပြီးခဲ့သည့်နှစ်အတွင်း ဆောင်ရွက်ခဲ့သည့်  ဆောင်ရွက်ချက်များကို အကျဉ်းရှင်းလင်းခြင်းနှင့် လာမည့်နှစ်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပူးပေါင်းဆောင်ရွက် လိုသည့် အဆိုပြုချက်များကို ဖိတ်ခေါ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါ သည်။  

            တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း ပထမနှစ် အတွင်း  အကောင်အထည်ဖော် ဆောင်ရွက်မှုများအတွက် အစီရင်ခံစာကို မိမိတို့၏မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံများသို့ ပုံနှိပ်ဖြန့်ဝေနိုင်ခဲ့ပြီး အများပြည်သူထံသို့ မိမိတို့၏တရားဝင် ဝက်ဘ်ဆိုက်မှတစ်ဆင့် အသိပေးနိုင်ခဲ့ပါသည်။ ယင်းသို့  ဆောင်ရွက်ရခြင်း၏   တစ်ခုတည်းသောအရေးပါသည့်  အကြောင်းအချက်မှာ  မြန်မာနိုင်ငံတွင်  ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တကွ  အဆင့်ဆင့်သော တရားရုံးများသည် တရားစီရင်ရေးတိုးတက်မှုနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို သိရှိစေလို၍ ဖြစ်ပါသည်။

အောင်မြင်မှုများရရှိ

             ပြီးခဲ့သည့် စီမံကိန်း သုံးနှစ်တာကာလအတွင်း ထင်ရှား ပေါ်လွင်သည့် အောင်မြင်မှုများရရှိခဲ့သကဲ့သို့ ဆောင်ရွက်ရန် လုပ်ငန်းဆောင်တာများလည်း ကျန်ရှိနေဆဲဖြစ်ပါသည်။ စီမံကိန်း စတင်ဆောင်ရွက်ခဲ့သည့် ၂ဝ၁၅ ခုနှစ်တွင် တောင်ငူ ခရိုင် တရားရုံး၊ လှိုင်သာယာမြို့နယ် တရားရုံး၊ ဘားအံမြို့နယ် တရားရုံး စသည့်တရားရုံး သုံးရုံးကို ရှေ့ပြေးတရားရုံးများအဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် မော်လမြိုင် တရားရုံး၊ မုံရွာခရိုင် တရားရုံး၊ ချမ်းအေးသာစံမြို့နယ် တရားရုံး၊ ပုသိမ်မြို့နယ်  တရားရုံးနှင့်  မကွေးမြို့နယ် တရားရုံး စသည့် ရှေ့ပြေးတရားရုံး  ငါးရုံး  တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ခြင်းသည် တရားစီရင်ရေးဆိုင်ရာ  မဟာဗျူဟာစီမံကိန်း ဒုတိယနှစ် အတွက် ထူးခြားထင်ရှားသည့် အောင်မြင်မှုများဟု ဆိုနိုင်ပါ သည်။ အဆိုပါ ရှေ့ပြေးတရားရုံးများရှိ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်များ ရရှိခဲ့သည့် အပြုသဘောဆောင်သည့် ကနဦး ရလဒ်များတွင်  ကြန့်ကြာမှုများကို  သိသာစွာ လျှော့ချနိုင်ခဲ့ ခြင်းနှင့် တိုးတက်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ဆောင်ချက် များလည်း ပါဝင်လျက်ရှိပါသည်။

             ယခင် တတိယနှစ်လုပ်ငန်းအစီအစဉ်ကဲ့သို့ပင် ယခု ၂ဝ၁၈ ခုနှစ် လုပ်ငန်းအစီအစဉ် အသေးစိတ်ကိုဖော်ပြပြီး မဟာဗျူဟာ ရည်မှန်းချက်များနှင့်တကွ   မဟာဗျူဟာ ဖော် ဆောင်မည့် နယ်ပယ်ငါးရပ်တွင် ယခုနှစ်အတွက် စီမံကိန်း ဖော်ဆောင်ပြီးမှုများ ပါဝင်ပါသည်။ အချို့သော လုပ်ငန်းရပ်များ သည် ယခင်နှစ် စီမံကိန်းများအတွက် ဆက်လက်ဆောင်ရွက် လျက်ရှိသော နယ်ပယ်ကဏ္ဍများဖြစ်ပြီး အချို့မှာ အသစ် ဆောင်ရွက်ရမည့်  ကိစ္စရပ်များဖြစ်ပါသည်။ အဆိုပါ ကဏ္ဍများကို အုပ်စုခွဲခြားမည်ဆိုပါက ဤသို့တွေ့ရပါမည်။

သတင်းအချက်အလက်

             တိုးချဲ့ဖွင့်လှစ်သော တရားရုံးများတွင် အများပြည်သူ ကိုယ်တိုင် သတင်းအချက်အလက်များရယူနိုင်သည့် စားပွဲ ကောင်တာများ၊  ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရား လွှတ်တော်များတွင်ခေတ်မီအမှုလက်ခံဌာနများ ထားရှိပါသည်။ ရှေ့နေရှေ့ရပ်များနှင့် အမှုသည်များ တရားရုံးပြင်ပအဆောက် အအုံရှိ ဌာနခွဲများသို့ သွားရန်မလိုဘဲ တစ်နေရာတည်းတွင် တင်ပြစာများ၊ အမှုတွဲလျှောက်လွှာများနှင့် ရှေ့နေလိုင်စင် လျှောက်လွှာများကို တင်သွင်းခွင့်ရရှိပါသည်။

လေ့ကျင့်သင်ကြားမှု

            တရားသူကြီးများ၊ ရုံးဝန်ထမ်းများနှင့် တိုးချဲ့ရှေ့ပြေး တရားရုံးများကို ဝန်ဆောင်မှုနှင့်ဆက်ဆံပြောဆိုမှု၊ သတင်းမီဒီယာနှင့် ပြောဆို ဆက်ဆံရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်တွင် တရားရုံးဂုဏ်သိက္ခာရှိရေးဆိုင်ရာ နယ်ပယ်များအတွက် အရည်အသွေးတိုးတက်စေရန် လေ့ကျင့် သင်ကြားပေးပါသည်။  သင်တန်းဆရာများကိုလည်း ဝန်ဆောင်မှု နှင့် ဆက်ဆံမှုဆိုင်ရာသင်တန်းများကို   အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူများဖြင့် ပို့ချပေးပါသည်။  တရားသူကြီးအသစ် များကိုလည်းကောင်း၊ အလုပ်ခွင်ရောက်ပြီး တရားသူကြီးများကို လည်းကောင်း  ကျွမ်းကျင်သူများဖြင့် ပို့ချလျက်ရှိပါသည်။ သင်တန်းများ၏ သင်ရိုးညွှန်းတမ်းများ၊ ကလေးသူငယ် တရားမျှတမှုရရှိရေးသင်ရိုးညွှန်းတမ်းများ စနစ်တကျရေးဆွဲ၍ တရားသူကြီးများကို  သင်တန်းပေးပါသည်။

 အီလက်ထရွန်နစ်စနစ်

            အီလက်ထရွန်နစ်သတင်းအချက်အလက်စနစ်အား မြှင့် တင်ပေးခြင်းကို ဆောင်ရွက်ထားပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏    ဝက်ဘ်ဆိုက်(Website) နှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲ၏  ဖေ့စ်ဘွတ်(facebook) စာမျက်နှာတွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် များ၏ သတင်းအချက်အလက်များကို ဖော်ပြထားပါသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များတွင် Network Infrastructure  များ တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ရှေ့ပြေးတရားရုံး

           တိုးချဲ့ထားသည့် ရှေ့ပြေးတရားရုံးများတွင် အထောက်အပံ့ ပစ္စည်းများကို ခေတ်မီအောင် ဆောင်ရွက်ထားရှိပါသည်။ ပြည်သူ နှင့် ရှေ့ပြေးတရားရုံးရှိ အဓိကသက်ဆိုင်သူများ(ဥပမာ- ရဲတပ်ဖွဲ့၊ ဥပဒေအရာရှိနှင့် ရှေ့နေများ)အား  မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ ပြောင်းလဲမှုများကို ရှင်းလင်းပြောပြရန် အစီအစဉ်ပြုလုပ်ပေးပါ သည်။ ရှေ့ပြေးတရားရုံးများ၏ ဆောင်ရွက်ချက်ရလဒ်များအပေါ် အားနည်းချက်၊  အားသာချက်များကိုလေ့လာ၍  အကဲဖြတ် စိစစ်ခြင်း လုပ်ဆောင်ပါသည်။

ဘတ်ဂျက်

           တစ်စုတစ်စည်းတည်းသော တရားရုံးဘတ်ဂျက်ကို စီမံ ကြီးကြပ်သည့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အဓိကဦးစားပေး အစီအစဉ်များ၏ လုပ်ငန်းစဉ်များအပေါ် သုံးသပ်ခြင်း အလေးပေး ဆောင်ရွက်ပါသည်။   လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘတ်ဂျက် ဒေတာဘေ့စ်ဆော့ဖ်ဝဲများ (Budget Database Software)  ပြန်လည်သုံးသပ်ပါသည်။ ဘတ်ဂျက် တာဝန်ရှိသူများကို ဘတ်ဂျက်ဒေတာဘေ့စ် သင် တန်းပေးပါသည်။ ထို့အပြင် တရားစီရင်ရေးဆိုင်ရာ ဦးစားပေး လုပ်ငန်းစဉ်များအတွက် ဘတ်ဂျက်ဖော်ပြချက်ပြုစုခြင်းနှင့် နှစ် အလိုက် ဘတ်ဂျက်ငွေတောင်းခံ၍ လျာထားခြင်းကို သုံးသပ် ဆောင်ရွက်လျက်ရှိပါသည်။

စာကြည့်တိုက်

           တရားရုံးစာကြည့်တိုက်များကို အဆင့်မြှင့်တင်ပေးရန် ယင်း ကဏ္ဍအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ လေ့ကျင့်မှု များနှင့် သင်တန်းကျောင်းတို့က စွမ်းဆောင်ရည်တိုးတက်ရန် သင်တန်းပေးလျက်ရှိပါသည်။ သင်တန်းကျောင်း အဖွဲ့အစည်း တိုးတက်မှုဆိုင်ရာ    စီမံကိန်းအကောင်အထည်ဖော်ရာတွင် စာကြည့်တိုက်အဆင့်မြှင့်တင်ခြင်း ပါဝင်ပါသည်။ ပြည်ထောင် စု တရားလွှတ်တော်ချုပ်စာကြည့်တိုက်အတွက် စီမံချက် ရေးဆွဲ ဆောင်ရွက်ရာ၌  e-library ပြင်ဆင်ဆောင်ရွက်ခြင်းလည်း ပါဝင်ပါသည်။

ကျင့်ဝတ်များ

            တရားစီရင်ရေးဆိုင်ရာ   ကျင့်ဝတ်စည်းကမ်းများကို ပြန်လည်သုံးသပ်၍   အလုပ်ရုံဆွေးနွေးပွဲများကျင်းပကာ  ကျင့်ဝတ်စည်းကမ်းအသစ်ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ပါသည်။ တရားစီရင်ရေး ကျင့်ဝတ်အသစ်ကို တရားသူကြီးများနှင့် ရုံးဝန်ထမ်းများ နားလည်သဘောပေါက်စေရန် ရှင်းလင်းမှုများ ဆောင်ရွက်ပြီး ဖြစ်ပါသည်။

မှုခင်းများ ကျဆင်းရေးနှင့် အမှုတွဲများ

           မှုခင်းလမ်းကြောင်းလုပ်ငန်းများ မြန်ဆန်ချောမွေ့ရေးနှင့် အမှုများ ထိန်းသိမ်းခြင်း လုပ်ထုံးလုပ်နည်းများ ပိုမိုထိရောက်မှု ရှိရေးတို့ကို သုံးသပ်၍    လိုအပ်သောလုပ်ထုံးလုပ်နည်းများ သတ်မှတ်၍ လည်းကောင်း၊  တရားရုံးများသို့   ကွင်းဆင်း၍  လည်းကောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြီး ကြပ်လျက်ရှိပါသည်။ အထူးအားဖြင့် ကြန့်ကြာနေသည့် အမှုခင်းများ အမြန်ဆုံးပြီးပြတ်ရေးအတွက် နည်းလမ်းရှာဖွေ ၍  ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ထောင်စုတရားလွှတ် တော်ချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော်များတွင် အမှုတွဲ ထိန်းသိမ်းရေးဆိုင်ရာ သင်တန်း များပေး၍ အမှုတွဲထိန်းသိမ်းမှု အဆင့်မြှင့်တင် ပေးလျက်ရှိ ပါသည်။

တရားမမှုခင်းများ

           တရားမမှုခင်းများသည် တစ်နေ့တခြား တိုးပွားလျက်ရှိ ပြီး အချိန်ကြန့်ကြာမှုများကိုလည်း ရှောင်လွှဲ၍ မရသည့်အခက် အခဲများရှိနေပါသည်။ အခြားနိုင်ငံများ၏ အတွေ့အကြုံများ အပေါ် လေ့လာဆန်းစစ်၍ အမှုများကျဆင်းရန် တရားရုံးက ဦးဆောင်၍ စေ့စပ်ဖြေရှင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ရေးဆွဲလျက် ရှိပါသည်။ ဥပမာ အာဆီယံဒေသတွင်း တရားမ ဆင့်စာ ချအပ်မှု လွယ်ကူစေသည့်  လုပ်ထုံးလုပ်နည်းမျိုးလည်း  ပါဝင်ပါသည်။ မှုခင်းစီးဆင်းမှု တိုးတက်ရေးကို သိရှိရန် ရှေ့ပြေး တရားရုံးများ၏ ပြီးပြတ်မှုများကို နမူနာကောက်ယူ၍ စစ်တမ်း ပြုလုပ်ပါသည်။ နှစ်အလိုက်ပြီးပြတ်မှု၊ စစ်ဆေးဆဲအမှု၏ ကြာမြင့်ချိန်၊ တစ်နိုင်ငံလုံး အမှုဆုံးဖြတ်မှု ကြန့်ကြာချိန်တို့ကို အခြေပြု၍  စိစစ်သုံးသပ်ကာ  အမှုများ   မှန်ကန်စွာနှင့် မြန်မြန်ပြီးပြတ်စေရန် ဦးတည်ဆောင်ရွက်လျက်ရှိပါ သည်။

           အထက်ပါ လုပ်ငန်းများအပြင် ယခုနှစ်လုပ်ငန်းအစီအစဉ် တွင် အသေးစိတ်ဖော်ပြထားခြင်းမရှိသော်လည်း အခြား သော အရေးပါသည့် လုပ်ငန်းဆောင်တာတစ်ရပ်မှာ ကာလ အပိုင်းအခြား တစ်ခုအတွက် ပိုမိုသင့်လျော်ကောင်းမွန်သည့် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းအသစ် (၂ဝ၁၈- ၂ဝ၂၂) တစ်ရပ် ရေးဆွဲခဲ့ခြင်းဖြစ်ရာ   ယင်းကို ဆက်လက် အကောင်အထည် ဖော်နိုင်ရေးပင် ဖြစ်ပါသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ထိရောက်သည့် ကူညီပံ့ပိုးမှုများဖြင့် ပြည်သူအများ ယုံကြည် ကိုးစားသည့် တရားစီရင်ရေးဖြစ်ထွန်းလာစေရေးအတွက် လက်အောက်တရားရုံးများအပေါ် ဦးဆောင်လမ်းညွှန်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တရားစီရင်ရေးဆိုင်ရာ တိုးတက်မှုများနှင့် လုပ်ငန်းစဉ်များကို  စုစည်းတင်ပြအပ်ပါသည်။      ။ 

ဦးတင်ဝင်း  ( ကော်မရှင် )





Sunday, September 9, 2018

ယနေ့ခေတ်တရားစီရင်ရေးတွင်အထူးလိုက်နာကျင့်သုံးဆောင်ရွက်သင့်သည့်ရှေးယခင်ခေတ်ကစီရင်ထုံးများ (၁)

(၁)     တရားစီရင်ရာတွင် အမှန်ကိုစီရင်ဆုံးဖြတ်ရုံမျှသာမကဘဲ ထိုသို့အမှန်တရားကို စီရင်ကြောင်း အများမြင်စေရာသည်။

ပြည်ထောင်စုမြန်မာနိင်ငံနှင့်မောင်ရွှေ(ခ)မောင်ရှည်ပါ(၂)-၁၉၆၆-ခုနှစ်မြန်နိင်ငံတရားစီရင်ထုံး-စာမျက်နှာ(၆၁၆)

(၂)     တရားစီရင်သည်ဆိုရာ၌ တရားမျှတမှုကို ပြုရုံမျှနှင့်မပြီး၊တရားမျှတမှုပြုကြောင်း နှစ်ဘက်အမှုသည်များနှင့် အများပြည်သူတို့မြင်စေရသည်။

(Justice to be done also be seen to be done. )

မခင်ညွန့်နှင့်ဦးချစ်ဆိုင်-၁၉၆၆၊မြန်မာနိင်ငံတရားစီရင်ထုံး-စမျက်နှာ(၁၁၈)

(၃)      ဥပဒေမျက်စိတွင် ချမ်းသာသူ၊ ဆင်းရဲသူ၊ နိမ့်သူ၊ မြင့်သူ စသည်ဖြင့်ခွဲခြား၍မထား၊ မှန်ကန်မျှတသောတရားကိုအားလုံးတူညီစွာပေးရန်ဖြစ်သည်။

ဦးစိန်ဟန်နှင့်ပြည်ထောင်စုမြန်မာနိင်ငံ-၁၉၆၆-ခုနှစ်၊မြန်မာနိင်ငံတရားစီရင်ထုံး-(အထူး)စာမျက်နှာ(၁၇၂)


(၄)      အပြစ်ရှိသူကို ထိုက်သင့်သော အပြစ်ပေးရန်၊ အပြစ်မရှိသူကို ဥပဒေအရ အကာအကွယ်ပေးရန်မှာ တရားရုံးများ၏ အဓိကဝတ္တရားဖြစ်သည်။

မောင်ဘိုးခွေးနှင့်ပြည်ထောင်စုမြန်မာနိင်ငံ-၁၉၆၂-ခုနှစ်မြန်မာနိင်ငံတရားစီရင်ထုံး၊(ရုံးချုပ်)စာမျက်နှာ(၆၈၄)

(၅)      တရားရုံးသို့တင်ပို့သောအမှုများတွင် ဥပဒေနှင့်အညီ ခိုင်လုံထင်ရှားသော အထောက်အထားများကို ကွင်းဆက်မပြတ်တွေ့ရှိအပ်ပေသည်။ ထင်ကြေးဖြင့် အပြစ်မပေးအပ်ကြောင်း၊အထူးကြီးမားသောပြစ်မှုဖြင့် စွဲချက်တင်ထားသော အမှုမျိုးတွင် ထိုမူကိုပို၍ပင် သတိကြီးစွာဖြင့် စောင့်ထိန်းအပ်သည်။

ဘား(လ်)ဘဟာဒူးနှင့်ပြည်ထောင်စုမြန်မာနိင်ငံ-၁၉၆၀-ခုနှစ်မြန်မာနိင်ငံတရားစီရင်ထုံး(အထူးရာဇဝတ်ရုံးအယူခံအဖွဲ့)စာမျက်နှာ(၁၉)

(၆)      ရာဇဝတ်မှုကျူးလွန်သည်ဟုထင်ကြေးဖြင့်ဆုံးဖြတ်ခြင်းမပြုအပ်၊ ခိုင်လုံသော အထောက်အထားများရှိရမည်။ သံသယအကျိုးကို တရားခံအားပေးရမည်ဟု ဆိုမည့်အစား၊ ထင်ကြေးဖြင့်အပြစ်မပေးသင့်။ ခိုင်လုံသောအထောက်အထားများ ပြည့်စုံမှသာ အပြစ်ပေးရမည်ဟုလျှင် ယူဆပုံပိုမိုရှင်းလင်းမည်။

ဗိုလ်မှူးဝင်းဖေနှင့်ပြည်ထောင်စုမြန်မာနိင်ငံ-၁၉၆၉-ခုနှစ်မြန်မာနိင်ငံတရားစီရင်ထုံး(အထူးရာဇဝတ်ရုံးအယူခံအဖွဲ့)စာမျက်နှာ(၃၂)










Saturday, September 8, 2018

အမိန့်များကို အယူခံဝင်ခြင်း နှင့် အယူခံ၊ပြင်ဆင်မှုတွင် ပြည်ထောင်စု တရားစီရင်ရေးဥပဒေပုဒ်မများဖော်ပြသည့်ကိစ္စ


အမိန့်များကို အယူခံဝင်ခြင်း နှင့် အယူခံ၊ပြင်ဆင်မှုတွင် ပြည်ထောင်စု တရားစီရင်ရေးဥပဒေပုဒ်မများဖော်ပြသည့်ကိစ္စ


အယူခံဝင်ခြင်း နှင့် စပ်လျဉ်း၍ တရားမကျင့်ထုံးဥပဒေပုဒ်မ -၉၆ သည် မူလမှုဒီကရီကို အယူခံဝင်ခြင်းဖြစ်ပြီး ကျင့်ထုံးပုဒ်မ - ၁၀၀သည် အယူခံရုံးဒီကရီကို အယူခံဝင်ခြင်းဖြစ်ပါတယ်။

အမိန့်များ အယူခံဝင်ခြင်း နှင့်ပတ်သက်လို့ ပုဒ်မ - ၁၀၄ နှင့် အမိန့် - ၄၃၊ နည်း - ၁ ပါ အမိန့်များကို အယူခံဝင်နိုင်ပါတယ်။ အမိန့် - ၄၃ ၊ နည်း - ၁ပါ အမိန့်များသည် ပုဒ်မ - ၁၀၄(ဈ) မှာ အကျုံးဝင်ပါတယ်။ 

ထို့ကြောင့် အမိန့်များကို အယူခံတင်သွင်းရာမှာ ကျင့်ထုံးပုဒ်မ - ၁၀၄ အရ တင်သွင်းရန်ဖြစ်ပါတယ်။ အထွေထွေအယူခံမှုဖြစ်ပါတယ်။

အမိန့်များကို အယူခံဝင်ခြင်းသည် ကျင့်ထုံးပုဒ်မ - ၉၆၊ ၁၀၀ တို့နှင့် သက်ဆိုင်ခြင်းမရှိပါ။ ကျင့်ထုံးပုဒ်မ- ၉၆၊၁၀၀ သည် ဒီကရီကိုအယူခံဝင်ခြင်းနှင့်သက်ဆိုင်ပါတယ်။

နောက်တစ်ခုက ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ များကို ဖော်ပြသည့်ကိစ္စ အလျဉ်းသင့်လို့ တင်ပြပါရစေ။

ပြစ်မှုဆိုင်ရာအမှုများကို အယူခံ၊ ပြင်ဆင် ၀င်ရောက်ခွင့်ရရှိခြင်း သည် ပြည်ထောင်စု တရားစီရင်ရေးဥပဒေအရ ရရှိသည့် အခွင့်အရေး မဟုတ်ပါ။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အရ ရရှိသည့်အခွင့်အရေးဖြစ်ပါသည်။

အလားတူပင် တရားမမှုများကို အယူခံ၊ ပြင်ဆင် ၀င်ရောက်ခွင့်ရရှိခြင်း ပြည်ထောင်စုတရားစီရင်ရေးဥပဒေအရ ရရှိသည့် အခွင့်အရေးမဟုတ်ပါ။ တရားမကျင့်ထုံးဥပဒေအရ ရရှိသည့်အခွင့်အရေးဖြစ် ပါသည်။

ပြည်ထောင်စုတရားစီရင်ရေးဥပဒေသည် တရားရုံးများ၏ စီရင်ပိုင်ခွင့်ကို ပြဌာန်းခြင်းဖြစ်ပါသည်။

ထို့ကြောင့် အယူခံ၊ပြင်ဆင် ၀င်ရောက်ရာတွင် ပြစ်မှုဖြစ်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ တရားမဖြစ်ပါက တရားမကျင့်ထုံးဥပဒေ တို့၏ သက်ဆိုင်ရာပုဒ်မများကို ဖော်ပြလျှင် လုံလောက်သည်ဟုယူဆမိပါသည်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မများကို ဖော်ပြရန်မလိုအပ်ဟု ယူဆမိပါသည်။


လေးစားစွာဖြင့်။

TUN  MYO  HTAY

ရာဇဝတ်ဆိုင်ရာ အယူခံ၊ ပြင်ဆင်မှတ်စုများ - (၄)

ပြစ်မှုထင်ရှားစီရင်ခြင်းကို အယူခံခြင်း
×××××××××××××××××××××

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၇ (၁)တွင် အောက်ပါအတိုင်းပြဋ္ဌာန်းထား ပါသည်။
 
"Any person convicted on a trial held by any Magistrate of the second or third class, or any person sentenced under section 349 or in respect of whom an order has been made or a sentence has been passed under [sub-section (5) of section 562] by a Sub-divisional Magistrate of the second class, may appeal to the District Magistrate." 

{ဒုတိယတန်းအာဏာရ ရာဇဝတ်တရားသူကြီး သို့မဟုတ် တတိယတန်း အာဏာရ ရာဇဝတ်တရားသူကြီးက စစ်ဆေးစီရင်ရာတွင် ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူ တစ်ဦးတစ်ယောက်၊ သို့မဟုတ် ပုဒ်မ ၃၄၉ အရ ပြစ်မှု ထင်ရှားစီရင်ခြင်းခံရသူ တစ်ဦးတစ်ယောက် သို့မဟုတ် ဒုတိယတန်း အာဏာရ နယ်ပိုင်ရာဇဝတ်တရားသူကြီးက ပုဒ်မ ၅၆၂ ပုဒ်မခွဲ (၅) အရ ချမှတ်၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ တစ်ဦးတစ်ယောက်သည် ခရိုင် ရာဇဝတ်တရားသူကြီးထံ အယူခံဝင်နိုင်သည်။}

၂၀၁၆ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေပုဒ်မ ၂၁ အရ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၈ ပြဋ္ဌာန်းချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
 
"Any Person convicted on a trial held by a Township Judge or an Additional Township Judge or a Deputy Township Judge may appeal to a Court of Self-Administered Division or a Court of the Self-Administered Zone or a District Court."

{မြို့နယ်တရားသူကြီး၊ တွဲဖက်မြို့နယ်တရားသူကြီး သို့မဟုတ် ဒုတိယ မြို့နယ်တရားသူကြီးက စစ်ဆေးစီရင်၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ တစ်ဦးဦးသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး သို့မဟုတ်  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတရားရုံး သို့မဟုတ် ခရိုင်တရားရုံးသို အယူခံဝင်နိုင် သည်။}

၂၀၁၆ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၅(က) ၁၀ နှင့် ၁၁ တို့အရ ပြင်ဆင်ချက်များဖြည့်သွင်းပြီးသော ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၁၀ ပြဋ္ဌာန်းချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

"Any person convicted on a trial held by a District Judge, or an Additional District Judge or Deputy District Judge, may appeal to a High Court of the region or a High Court of the State." 

{ခရိုင်တရားသူကြီး သို့မဟုတ် တွဲဖက်ခရိုင်တရားသူကြီး သို့မဟုတ် ဒုတိယခရိုင်တရားသူကြီးက စစ်ဆေးစီရင်သည့် အမှုတွင် ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူ မည်သူမဆို တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ အယူခံဝင်နိုင်သည်။}

၂၀၁၆ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေပုဒ်မ ၂၃ အရ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၁၁ ပြဋ္ဌာန်းချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

"Any person convicted on a trial held by a High Court of the Region or a High Court of the State, may appeal to the Supreme Court of the Union." 

{တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် က စစ်ဆေးစီရင်သည့် အမှုတွင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ မည်သူမဆို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံဝင်နိုင်သည်။}

♦ ♦ ♦ ♦ ♦

အယူခံဝင်ခွင့်မရှိသော ပြစ်မှုထင်ရှားစီရင်သည့် အမိန့်များ နှင့် ယင်းအမိန့်များသည် မည်သည့်အခါ အယူခံဝင်ခွင့်ရခြင်း
××××××××××××××××××××××××××××××××××

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၁၃ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထား ပါသည်။ 

"Notwithstanding anything hereinbefore contained, there shall be no appeal by a convicted person in cases in which a Court of session passes a sentence of imprisonment not exceeding three months only, or of fine not exceeding twenty thousand kyats only, or of whipping only, or in which a District Magistrate or other Magistrate of the first class passes a sentence of imprisonment not exceeding one month only, or of fine not exceeding fifty thousand kyats only.
Explanation- There is no appeal from a sentence of imprisonment passed by such Court or Magistrate in default of payment of fine."

{အထက်က မည်သို့ပင် ပါရှိသော်လည်း စက်ရှင်တရားရုံးက သုံးလထက် မပိုသည့် ထောင်ဒဏ်ကိုသာ ဖြစ်စေ၊ ကျပ်ငွေ နှစ်သောင်း ထက်မပိုသည့် ငွေဒဏ်ကိုသာဖြစ်စေ၊ ကြိမ်ဒဏ်ကိုသာဖြစ်စေ၊ ခရိုင်ရာဇဝတ်တရား သူကြီး သို့မဟုတ် အခြား ပထမတန်းအာဏာရ ရာဇဝတ်တရားသူကြီးက တစ်လ ထက်မပိုသည့် ထောင်ဒဏ်ကိုသာဖြစ်စေ၊ ကျပ်ငွေ ငါးသောင်း ထိ ငွေဒဏ်ကိုသာဖြစ်စေ စီရင်သည့်အချက်တွင် ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသူသည် အယူခံဝင်ခွင့် မရှိစေရ။ 
ရှင်းလင်းချက် - ငွေဒဏ်မဆောင် ပျက်ကွက်သောကြောင့် ဆိုခဲ့သည့် တရားရုံး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးက ချမှတ်သော ထောင်ဒဏ် စီရင်ချက်တစ်ရပ်အပေါ် အယူခံဝင်ခွင့် မရှိစေရ။}

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၁၄ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထား ပါသည်။ 

"Notwithstanding anything hereinbefore contained, there shall 
be no appeal by a convicted person in any case tried summarily in which a Magistrate empowered to act under section 260 passes a sentence of imprisonment not exceeding one month only, or of fine not exceeding twenty thousand kyats only." 

{အထက်က မည်သို့ပင် ပါရှိစေကာမူ ပုဒ်မ ၂၆၀ အရ ဆောင်ရွက်ရန် အခွင့်အာဏာရရှိသည့် ရာဇဝတ်တရားသူကြီးတစ်ဦးက အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်သော အမှုတစ်စုံတစ်ရာတွင် တစ်လ ထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ကျပ်ငွေ နှစ်သောင်းထက် မပိုသော ငွေဒဏ်ကို ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူက အယူခံဝင်ခွင့် မရှိစေရ။}

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၁၅ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထား ပါသည်။

"An appeal may be brought against any sentence referred to in section 413 of section 414 by which any two or more of the punishments therein mentioned are combined, but no sentence which would not otherwise be liable to appeal shall be appealable merely on the ground that the person convicted is ordered to find security to keep the peace. 
Explanation- A sentence of imprisonment in default of payment of fine is not a sentence by which two or more punishments are combined within the meaning of this section."

{ပုဒ်မ ၄၁၃ တွင်ဖြစ်စေ၊ ပုဒ်မ ၄၁၄ တွင်ဖြစ်စေ ဖော်ပြပါရှိသော ပြစ်ဒဏ် နှစ်ရပ်ကိုသော်လည်းကောင်း၊ ထိုထက်ပိုသော ပြစ်ဒဏ်များကို သော် လည်းကောင်း စုပေါင်း၍ စီရင်သည့် ၄င်းပုဒ်မတွင် ရည်ညွှန်းပါရှိသော မည်သည့်ပြစ်ဒဏ်ကိုမဆို အယူခံနိုင်သည်။ သို့သော်လည်း အခြား အချက်ကြောင့် ပြစ်ဒဏ်ကို အယူခံမဝင်နိုင်လျှင် ပြစ်ဒဏ်စီရင်ခြင်းခံရသူ သည် ငြိမ်ဝပ်စွာနေထိုင်ရေးအတွက် အာမခံပေးရန် ဆင့်ဆိုခြင်းခံရရုံမျှနှင့် ၄င်းပြစ်ဒဏ်ကို အယူခံဝင်ခွင့် မရှိစေရ။ 
ရှင်းလင်းချက် - ငွေဒဏ်ပျက်ကွက်သည့်အတွက် ချမှတ်သည့် ထောင် ဒဏ်စီရင်ချက်မှာ ဤပုဒ်မ အဓိပ္ပာယ်အရ ပြစ်ဒဏ်နှစ်ရပ်ကို ဖြစ်စေ၊ အများကို ဖြစ်စေ ပူးပေါင်း၍ စီရင်သည့် ပြစ်ဒဏ်စီရင်ချက် မဟုတ်}

မှတ်စုများ
××××××

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၃ နှင့် ၄၁၄ ပြဋ္ဌာန်းချက်များအရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူက အယူမခံနိုင်သော ပြစ်ဒဏ်စီရင်ချက်များမှာ အောက်ပါပြစ်ဒဏ်စီရင်ချက်များသာ ဖြစ်သည်။ 

(၁) စက်ရှင်တရားရုံးက ၃ လ ထက် မပိုသည့် ထောင်ဒဏ် သက်သက် သို့မဟုတ် ကျပ် ၂၀၀၀၀ိ/- ထက်မပိုသည့် ငွေဒဏ် သက်သက်။ 

(၂) ခရိုင်ရာဇဝတ်တရားသူကြီးကဖြစ်စေ၊ ပထမတန်းအာဏာရ ရာဇ ဝတ်တရားသူကြီးကဖြစ်စေ  ချမှတ်သော ၁ လ ထက်မပိုသည့် ထောင်ဒဏ်သက်သက် သို့မဟုတ် ကျပ် ၅၀၀၀၀ိ/- ထက်မပို သည့် ငွေဒဏ်သက်သက်။

(၃) စက်ရှင်တရားရုံး သို့မဟုတ် ခရိုင်ရာဇဝတ်တရားသူကြီး သို့မ ဟုတ် ပထမတန်းအာဏာရ ရာဇဝတ်တရားသူကြီးက ငွေဒဏ် မဆောင်သည့်အတွက် ချမှတ်သော ထောင်ဒဏ် 

(၄) အခွင့်အာဏာရရှိသည့် ရာဇဝတ်တရားသူကြီးတစ်ဦးက အကျဉ်း နည်းဖြင့် စစ်ဆေးရာတွင် ၁ လ ထက်မပိုသော ထောင်ဒဏ် သက်သက် သို့မဟုတ် ကျပ် ၂၀၀၀၀ိ/- ထက်မပိုသော ငွေဒဏ် သက်သက်။ 

သို့ရာတွင် အထက်ဖော်ပြပါ (က)၊ (ခ) နှင့် (ဃ)တွင် ဖော်ပြထားသော ပြစ်ဒဏ် နှစ်ရပ် သို့မဟုတ် နှစ်ရပ်ထက် ပိုသော ပြစ်ဒဏ်များကို စုပေါင်း၍ စီရင်သည့်အခါတွင်မူ  ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၅ ပြဋ္ဌာန်းချက်အရ အယူခံခွင့် ရှိသည်။ 

----

(က) An appeal lies to the Court of Session against a conviction without sentence by a 1st class Magistrate under section 562, Code of Criminal Procedure. 
{ပထမတန်းအာဏာရ ရာဇဝတ်တရားသူကြီးက ချမှတ်သော ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၅၆၂ အရ  ပြစ်ဒဏ်မပါသည့် ပြစ်မှုထင်ရှားစီရင်ခြင်းကို စက်ရှင်တရားရုံးသို့ အယူခံခွင့်ရှိသည်။} 

Mi SHWE NYUN v. KING-EMPEROR 
(၁၉၀၄-၀၆၊ အတွဲ ၁၊ အထက်မြန်မာပြည် စီရင်ထုံးများ၊ စာ ၇)

(ခ) An appeal lies against a conviction without sentence under section 562 Code of Criminal Procedure, 1989. 
{ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၆၂ အရ ပြစ်ဒဏ်မပါသည့် ပြစ်မှုထင်ရှား စီရင်ခြင်းကို အယူခံခွင့် ရှိသည်။} 

MA CHIT SU v. KING-EMPEROR 
(၁၉၀၉-၁၀၊ အတွဲ ၅၊ အောက်မြန်မာပြည်စီရင်ထုံးများ၊ စာ ၁၂၉)

(ဂ) There is no general provision in the Criminal Procedure Code allowing an appeal from an order of imprisonment in default of furnishing security passed under s.123 of the Code. Under s.415 a sentence which would not otherwise be subject to appeal is not appealable merely because the person affected has been ordered to furnish security to keep the peace. 
{ရာဇဝတ်ကျင့်ထုံးဥပဒေ၌ ယင်းဥပဒေပုဒ်မ ၁၂၃ အရ အာမခံမပေး ပျက်ကွက်သည့်အတွက် ထောင်ဒဏ်ချမှတ်သည့်အမိန့်ကို အယူခံဝင် နိုင်ခွင့်ရှိသည်ဟု ယေဘူယျ ပြဋ္ဌာန်းချက် တစုံတရာ မရှိပေ။ ပုဒ်မ ၄၁၅ အရမှာ အပြစ်ပေးခံရသူအား ငြိမ်ဝပ်စွာနေထိုင်ရန် အာမခံတောင်းသည့် အမိန့်ချမှတ်ရုံမျှနှင့် အခြားနည်း အယူခံဝင်နိုင်ခွင့် မရှိသည့် ပြစ်ဒဏ်ကို အယူခံမဝင်စေရဟု ဆိုသည်။} 

KING-EMPEROR v. Nga Tun Lu 
(၁၉၃၅၊ အတွဲ ၁၃၊ ရန်ကုန်၊ စာ ၂၈၇)

(ဃ) Where a person has been convicted of an offence and   under section 562 the Criminal Procedure Code is ordered to be released on his entering into a bond to be of good behavior, he has an immediate right of appeal against the conviction though no sentence has been passed, and that right is not taken away by s.414 of the Code. 
{တစ်ဦးတစ်ယောက်အား ပြစ်မှုတစ်ခုအတွက် အပြစ်ပေး၍ ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၅၆၂ အရ ကောင်းစွာကျင့် ဆောင်နေထိုင်ပါမည်ဟု ခံဝန်ချုပ်  ချုပ်ဆိုက လွှတ်ထားရန်အမိန့်ချလျှင်၊ ပြစ်ဒဏ် မချမှတ်စေကာ မူ အပြစ်ပေးခြင်းကို ချက်ချင်း အယူခံဝင်ပိုင်ခွင့်ရှိသည်။ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၁၄ က ထိုအခွင့် အရေးကို မရုပ်သိမ်းချေ။} 

SHANKAR SUKUL and others v. THE KING (၁၉၄၀၊ ရန်ကုန်၊ စာ ၃၈၁)

(မှတ်ချက်။ ပထမတန်းအာဏာရတရားသူကြီးက အကျဉ်းနည်းဖြင့် စစ်ဆေးရာတွင် ချမှတ်ခဲ့သောအမိန့်အပေါ် အယူခံ အမှုဖြစ်သည်။)

(င) A person against whom a conviction is recorded under s.562 of the Criminal Procedure Code and who is subsequently sentenced more than sixty days after the recording of the conviction can appeal against the sentence only, if he does so within sixty days from the date of that sentence. In cases coming within ss.562 and 563 of the Code the proceedings fall into two parts- the sentence does not immediately follow the conviction- but that does not deprive the person convicted of the right given him by s. 408 of the Code of appealing against either conviction only, or sentence only, or, subject to limitation, against both. 
{ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၆၂ အရ အပြစ်ပေးခံရ၍ ထိုသို့  အပြစ် ပေးပြီးသည့်နောက် ရက်ပေါင်း ၆၀ ထက် ပို၍ နောက်ပိုင်း ပြစ်ဒဏ် ချမှတ်ခြင်းခံရသူသည် ယင်းပြစ်ဒဏ်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း အယူခံဝင်လျှင် ယင်းပြစ်ဒဏ်တစ်ခုတည်းကို အယူခံဝင်နိုင် သည်။ ကျင့်ထုံးပုဒ်မ ၅၆၂ နှင့် ၅၆၃ တွင် အကျုံးဝင်သော အမှုများမှာ အပိုင်း နှစ်ပိုင်း ရှိသည်။ ပြစ်ဒဏ်သည် အပြစ်ပေးသည့်နောက်က ထင်ကြပ်မကွာ မလိုက်သေးချေ။ သို့သော် ဤအချက်ကြောင့် အပြစ် ပေးခြင်း တခုတည်းကို ဖြစ်စေ၊ ပြစ်ဒဏ် တစ်ခုတည်းကို ဖြစ်စေ ကာလ စည်းကမ်းသတ်ကို မလွန်ဆန်ဘဲ နှစ်မျိုးလုံးကို ဖြစ်စေ ကျင့်ထုံးပုဒ်မ ၄၀၈ ကပေးထားသော အယူခံဝင်ပိုင်ခွင့်ကို အပြစ်ပေးခံ ရသူထံမှ ရုပ်သိမ်း ထားသည် မဟုတ်။} 

MOHAMED KHALICK   v. THE KING 
(၁၉၄၀၊ ရန်ကုန်၊ စာ ၃၈၆)

(စ) Every bench of Magistrates invested with the powers of a Magistrate of the Second Class can try summarily under s.261, Criminal Procedure Code but the decision is subject to appeal to the District Magistrate under s.407(1) Criminal Procedure Code. As the applicant filed revision before the Learned Sessions Judge it could not be entertained at the instance of a party who could have appealed. In the present case s.439(5), Criminal Procedure Code is clearly in the way of the applicant, as the reference is not on a report by the Sessions Judge or a District Magistrate.
{ဒုတိယတန်း ရာဇဝတ်တရားသူကြီးအာဏာ အပ်နှင်းခြင်းခံရသော မည်သည့် ခုံရုံးမဆို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၆၁ အရ အကျဉ်း နည်းစစ်ဆေးနိုင်သည်။ သို့သော် ဆုံးဖြတ်ချက်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၇(၁) အရ ခရိုင်ရာဇဝတ် တရားသူကြီးထံ အယူခံဝင်နိုင် သည်။ လျှောက်ထားသူသည် ပညာရှိ စက်ရှင်တရားသူကြီးထံ ပြင်ဆင်မှု တင်ရာ အယူခံဝင်နိုင်ပါလျက် မဝင်သည့် အမှုသည်က တင်ခြင်းဖြစ် သဖြင့် ပြင်ဆင်မှုကို လက်မခံနိုင်။ လက်ရှိ အမှုမှာ စက်ရှင်တရားသူကြီး ကဖြစ်စေ၊ ခရိုင်ရာဇဝတ်တရားသူကြီးကဖြစ်စေ အစီရင်ခံ ရည်ညွှန်း သည့်အမှု မဟုတ်သဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၃၉(၅)က လျှောက်ထားသူအား အထင်အရှား ပိတ်ပင်နေသည်။} 

MA THEIN YIN v. MA KYIN SHEIN 
(၁၉၄၈၊  မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာ ၈၆၁) 

(ဆ) အမှုကို ဥပဒေအရ အကျဉ်းနည်းဖြင့် စစ်ဆေးဆုံးဖြတ်ရာတွင် ဒဏ်ငွေ ၂၀၀ိ/-ထက်မပိုသောပြစ်ဒဏ်နှင့် စပ်လျဉ်းသရွေ့ အယူခံခွင့် မရှိစေရဟု ကျင့်ထုံးပုဒ်မ ၄၁၄ အရ ပြဋ္ဌာန်းထားလေရာ လွှတ်တော်က ၄င်းအယူခံမှု 
ကိုလက်ခံစစ်ဆေးသည်မှာ အာဏာမရှိဘဲ လက်ခံစစ်ဆေးခြင်းဖြစ်သည်။ 

ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် ဦးတင်အောင် 
(၁၉၆၁၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊တရားလွှတ်တော်ချုပ်၊စာ ၆၇) 

(မှတ်ချက်။ ၂၀၁၆ ခုနှစ် ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ပုဒ်မ ၄၁၄ တွင် ငွေဒဏ်ကို ၂၀၀၀၀ ဟု ပြင်ဆင်ထားသည်။)

♦ ♦ ♦ ♦ ♦

ပူးတွဲတရားခံ၏အယူခံဝင်ခွင့်
×××××××××××××××××

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၁၅-က တွင် အောက်ပါအတိုင်း ပြဋ္ဌာန်း ထားပါသည်။
 
"Notwithstanding anything contained in this Chapter, when more persons than one are convicted in one trial, and an appealable judgment or order has been passed in respect of any of such persons, all or any of the persons convicted at such trial shall have a right of appeal." 
{ဤအခန်းတွင် မည်သို့ပင် ပါရှိစေကာမူ တစ်ဦးထက်ပိုသောသူများကို စစ်ဆေးစီရင်မှု တစ်ခုတည်းတွင် ပြစ်မှု ထင်ရှားစီရင်သောအခါ၊ ထို့ပြင် ဆိုခဲ့သည့်သူများအနက် တစ်ဦးတစ်ယောက်နှင့်ပတ်သက်၍ အယူခံ ဝင်နိုင်သော စီရင်ချက်၊ သို့မဟုတ် အမိန့်ကို ချမှတ်သောအခါ အဆိုပါ စစ်ဆေးစီရင်မှုတွင် ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသူအားလုံး၊ သို့မဟုတ် တစ်ဦးတစ်ယောက်သည် အယူခံဝင်ခွင့်ရှိစေရမည်။}

မှတ်စုများ
××××××

 တရားခံ တဦးထက်များသော အမှုတွင် တရားခံတဦးအပေါ် အယူခံဝင်ခွင့်ရသည့် ပြစ်ဒဏ်ချမှတ်လျှင် ကျန် တရားခံများသည်လည်း အယူခံဝင်နိုင်သည်။ 

 Where a person has been convicted of an offence and   under section 562 the Criminal Procedure Code is ordered to be released on his entering into a bond to be of good behavior, he has an immediate right of appeal against the conviction though no sentence has been passed, and that right is not taken away by s.414 of the Code. If another person has also been convicted and sentenced in the same trial along with such a person as is mentioned above, he also has a right of appeal by virtue of s.415-A, and he may appeal not only against his conviction but also against his sentence; and this notwithstanding the fact that, if his case had stood alone, he would, because of the provisions of ss.413 and 414 of the Codr, have had no right of appeal.

{တစ်ဦးတစ်ယောက်အား ပြစ်မှုတစ်ခုအတွက် အပြစ်ပေး၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၆၂ အရ ကောင်းစွာကျင့် ဆောင်နေထိုင်ပါမည်ဟု ခံဝန်ချုပ်  ချုပ်ဆိုက လွှတ်ထားရန်အမိန့်ချလျှင်၊ ပြစ်ဒဏ် မချမှတ်စေကာမူ အပြစ်ပေးခြင်းကို ချက်ချင်း အယူခံဝင်ပိုင်ခွင့်ရှိသည်။ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၁၄ က ထိုအခွင့် အရေးကို မရုပ်သိမ်းချေ။ အထက်ဖော်ပြပါ တစ်ဦးတစ်ယောက်နှင့်အတူ တစ်မှုတည်းတွင် အခြားတစ်ဦးတစ်ယောက်သည် အပြစ်ပေးခြင်း၊ ပြစ်ဒဏ် ချမှတ်ခြင်းခံရလျှင် ပုဒ်မ ၄၁၅-က၏ အကျိုးကြောင့် ၄င်းသည်လည်း အယူခံဝင်ပိုင် ခွင့်ရှိသည်။ ၄င်းသည် အပြစ်ပေးခြင်းကိုသာမက ပြစ်ဒဏ်ကိုပါ အယူခံဝင်နိုင် သည်။ ၄င်း၏အမှု၌ တစ်ဦးတည်းသာ ဖြစ်နေလျှင် ကျင့်ထုံးပုဒ်မ ၄၁၃ နှင့် ၄၁၄ ပါ ပြဋ္ဌာန်းချက်များကြောင့် အယူခံဝင် ပိုင်ခွင့် မရစေကာမူ၊ အယူခံဝင်ခွင့်ရသည်။ } 

SHANKAR SUKUL and others v. THE KING 
(၁၉၄၀၊ ရန်ကုန်၊ စာ ၃၈၁)

♦ ♦ ♦ ♦ ♦

အပြစ်ရှိကြောင်းဝန်ခံသည့် တရားခံ၏အယူခံခွင့်
×××××××××××××××××××××××××××

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၁၂ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထား ပါသည်။ 

"Notwithstanding anything hereinbefore contained, where an accused person has pleaded guilty and has been convicted by a Court of Session or any Magistrate of the first class on such plea, there shall be no appeal except as to the extent or legality of the sentence. 
{အထက်က မည်သို့ပင် ပါရှိစေကာမူ တရားခံက ပြစ်မှုကျူးလွန်၍ အပြစ် ရှိကြောင်းဖြေကြားပြီး ၄င်းထုချေချက်အရ စက်ရှင်တရားရုံး၊ သို့မဟုတ် ပထမတန်းအာဏာရ ရာဇဝတ်တရားသူကြီးက ထိုသူအား ပြစ်မှုထင်ရှား စီရင်သည့်အခါတွင် ပြစ်ဒဏ်အတိုင်းအတာ ပြင်းထန်ခြင်း သို့မဟုတ် တရားဥပဒေနှင့်မညီခြင်း အချက်များမှတစ်ပါး အခြားအချက်များနှင့်စပ် လျဉ်း၍ အယူခံဝင်ခွင့် မရှိစေရ။}  

မှတ်စုများ
××××××

 (က) Where the accused was convicted by a first class Magistrate on his plea of guilty and the Sessions Court without jurisdiction entertained an appeal against the conviction and set it aside, the High Court on appeal against such acquittal would consider the propriety of the conviction, before re-imposing sentence on the accused. 
{တရားခံက အပြစ်ရှိသည်ဟု ဝန်ခံသဖြင့် ပထမတန်းအာဏာရ ရာဇဝတ် တရားသူကြီးက အပြစ်ပေးရာ စက်ရှင်ရုံးက စီရင်ပိုင်ခွင့် မရှိဘဲ အယူခံဝင် သည်ကို လက်ခံ၍ အပြစ်ပေးသည်ကို ပယ်ဖျက်လျှင် ယင်းသို့ တရားသေ လွှတ်သည်ကို အယူခံရာ၌ တရားခံကို ပြန်လည် ပြစ်ဒဏ်မစီရင်မီ အပြစ် 
ပေးခြင်းမှာ သင့်မြတ်ခြင်း ရှိမရှိ စဉ်းစားလိမ့်မည်။} 

THE KING v. NGA LU GALE 
(၁၉၂၇၊ အတွဲ ၅၊ ရန်ကုန်၊ စာ ၇၁၀)

--

(ခ) An accused person is entitled to appeal against both the conviction and the sentence passed upon him notwithstanding his plea of guilty when notice for enhancement of sentence has been served upon him. Where an accused is convicted on a plea of guilty the Court ought to consider whether the accused filly understood the nature of the charge to which, and the circumstances in which, he had pleaded guilty. 
{တရားခံအပေါ် ပြစ်ဒဏ်တိုးမြှင့်ရန်အတွက် နို့တစ်စာအတည်ပြုလျှင် တရားခံက အပြစ်ရှိသည်ဟု ဝန်ခံစေကာမူ ၄င်းအပေါ် ချမှတ်ထားသည့် အပြစ်ပေးသည့်အမိန့်နှင့် ပြစ်ဒဏ်နှစ်ရပ်လုံးကို အယူခံပိုင်ခွင့် ရှိသည်။ တရားခံက အပြစ်ရှိသည်ဟုဝန်ခံသဖြင့် အပြစ်ပေးလျှင် ၄င်းသည် အပြစ် ရှိသည်ဟု ဝန်ခံသောစွဲချက်အမျိုးအစား၊ အပြစ်ရှိသည်ဟု ဝန်ခံသော အချက်အလက်များကို အသေအချာ နားလည်မလည် ရုံးက စဉ်းစားသင့် သည်။} 

NGA YWA v. KING-EMPEROR 
(၁၉၃၄၊ အတွဲ ၁၂၊ ရန်ကုန်၊ စာ ၆၁၆)

--

(ဂ) The accused may by his plea of guilty have estopped himself from questioning the correctness of his conviction; but he cannot by such waiver exclude the right and duty of this Court to see that justice had been done. This Court under the provisions of section 439 of the Criminal Procedure Code has a right, and indeed, a duty to prevent miscarriage of justice. {တရားခံသည် အပြစ်ရှိသည်ဟု ဝန်ခံခြင်းဖြင့် ၄င်းကို အပြစ်ပေးသည်မှာ မှန်မမှန် စောဒကတက်နိုင်ခွင့် ပိတ်ပင်နိုင်သည်။ သို့သော် ထိုသို့ စွန့်လွှတ် ခြင်းဖြင့် ဤရုံးက တရားမျှတမှု ရှိ မရှိ စိစစ်နိုင်ခွင့်နှင့် တာဝန်ဝတ္တရားကို ပယ်ထုတ်နိုင်သည်မဟုတ်။ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၃၉ ပါ ပြဋ္ဌာန်းချက် များအရ ဤရုံး၌ တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်ခြင်းကို ကာကွယ်ခွင့် သာမက တာဝန်လည်း အမှန်ရှိသည်။}

THE KING v. SAN FO CHIN and four others (၁၉၄၇၊ ရန်ကုန်၊ စာ ၂၀၂)

---

(ဃ) Even when an accused person pleads "guilty", before it accepts the plea and enters a conviction, the trial Court should consider whether the accused fully understands the nature of the charge, the facts of the case and the serious consequences which such a plea would entail. Though the High Court's powers are restricted by s.412 of the Criminal Procedure Code against entertaining appeals in cases where the accused has been convicted on his own plea of guilty, yet its revisional powers in such matters are not similarly restricted, and, at the same time, its inherent jurisdiction under s.561-A of the Criminal Procedure Code can be invoked to quash the conviction and sentence. 
{တရားခံက အပြစ်ရှိသည်ဟုဝန်ခံစေကာမူ အမှုစစ်သည့်ရုံးက ဝန်ခံသည် ကို လက်ခံ၍ အပြစ်မပေးမီ တရားခံသည် စွဲချက်တင်ထားပုံ၊ အမှုကြောင်း ခြင်းရာ၊ ထိုသို့ ဝန်ခံခြင်းဖြင့် ကျရောက်လာမည့် ကြီးလေးသော အကျိုး သက်ရောက်မှုကို ကောင်းစွာ နားလည်ခြင်း ရှိ မရှိ စဉ်းစားသင့်သည်။ တရားခံအား အပြစ်ရှိသည်ဟု ၄င်း၏ ဝန်ခံချက်ဖြင့် အပြစ်ပေးသောအမှု များ၌ အယူခံကို လက်မခံရန် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၂ အရ တရားလွှတ်တော်၏အာဏာကို ကန့်သတ်ထားသော်လည်း ယင်းကိစ္စများ အတွက် ၄င်း၏ ပြင်ဆင်နိုင်သည့်အာဏာကို အလားတူ ကန့်သတ် ထားခြင်းမရှိ။ တစ်ချိန်တည်းမှာလည်း အပြစ်ပေးသည့်အမိန့်နှင့် ပြစ်ဒဏ် ကိုပယ်ဖျက်ရန် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၆-ကအရ ၄င်း၏ သန္ဓေ ပါစီရင်ပိုင်ခွင့်ကို သုံးစွဲနိုင်သည်။} 

SRI SAWARMAL v. THE UNION OF BURMA  
(၁၉၅၄၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ တရားလွှတ်တော်၊ စာ ၃၃၁)

--

(င) အပြစ်ရှိကြောင်းဝန်ခံခြင်းဖြင့် တရားခံသည် မိမိအား ပြစ်မှုထင်ရှား စီရင် ခြင်းမှာ မှန်ကန်မှု ရှိ မရှိ စောဒကတက်ခွင့်ကို ပိတ်ပင်စေနိုင်သည်။ သို့ရာတွင် ပြင်ဆင်မှုတရားရုံးက တရားမျှတမှု ရှိ မရှိ စိစစ်ပိုင်ခွင့်ကိုမူ ပိတ်ပင်ထားခြင်း မရှိ။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၃၉ အရ ပြင်ဆင်မှု တရားရုံးသည် တရားဥပဒေ တိမ်းစောင်းမှုကို တားဆီးခွင့်ရှိ သည်။ တားဆီးရန်လည်း တာဝန်ရှိသည်။

 တရားခံ မောင်ဦးသည် ၄င်းအပေါ် ၁၈၉၈ ခုနှစ်၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ တင်ထားသည့် စွဲချက်၏ သဘောသဘာဝကို လုံးဝမသိဘဲ အပြစ်ရှိကြောင်း ဝန်ခံချက်အရ ပြစ်မှုထင်ရှားစီရင်ခြင်းမှ အယူခံဝင်သောအမှုများတွင် ဗဟိုတရားရုံး၏လုပ်ပိုင်ခွင့်များကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၁၂ အရ ကန့်သတ်ထားသော်လည်း ယင်းကိစ္စ များ၌ ပြင်ဆင်မှုအာဏာများကို အလားတူ ကန့်သတ်ထားခြင်း မရှိသည့် အပြင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁က အရ မူလဘူတအာဏာ ကိုကျင့်သုံးလျက်ပြစ်မှုထင်ရှားစီရင်ခြင်းနှင့် ပြစ်ဒဏ်ကိုပယ်ဖျက်နိုင်သည်။ 

မောင်ဦး  နှင့်  ပြည်ထောင်စုမြန်မာနိုင်ငံတော် 
(၂၀၀၁၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၈၉) 

♦ ♦ ♦ ♦ ♦

လေးစားစွာဖြင့် 

ဆက်လက်ဖော်ပြပါမည်။

ဦးထွန်းမျိုးဌေး


Wednesday, September 5, 2018

ရာဇဝတ်ဆိုင်ရာ အယူခံ၊ ပြင်ဆင်မှတ်စုများ - (၃)

တရားသေ (သို့မဟုတ်) အပြီးအပြတ်လွှတ်သည့် အမိန့်ကို အယူခံမှု
××××××××××××××××××××××××××××××××××

ဥပဒေပြဋ္ဌာန်းချက်
×××××××××××

၂၀၁၆ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂၄ အရ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၁၇ ပြဋ္ဌာန်းချက်မှာ အောက်ပါအတိုင်းဖြစ်ပါ သည်။ 

"(a) An Advocate General of the Region or an Advocate General of the State may direct the Public Prosecutor to present an appeal to a High Court of the Region or a High Court of the State from an original or appellate order of acquittal, or order of acquittal in revision case passed by any subordinate Court of the said High Court"

 (b) The Attorney General of the Union may direct the public Prosecutor to present an appeal to the Supreme Court of the Union from any of the following orders passed by a High Court of the Region or a High Court of the State:-
(1) order of acquittal in original case or in appeal case;
(2) order of acquittal in revision case;
(3) dismissal order on appeal against acquittal."

[(က) တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ် တော်၏ လက်အောက်ခံ မည်သည့်တရားရုံးကမဆို အပြီးအပြတ် လွှတ် ကြောင်းဖြင့် မူလမှု သို့မဟုတ် အယူခံမှုတွင် ချမှတ်သည့် အမိန့်တစ် ရပ်ကို  သို့မဟုတ် အပြီးအပြတ်လွှတ်ကြောင်းဖြင့် ပြင်ဆင်မှုတွင် ချမှတ် သည့်အမိန့်တစ်ရပ်ကို တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ အယူခံရမည့်အကြောင်း တိုင်းဒေသကြီး ဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ်က အစိုးရရှေ့နေကို ညွှန်ကြားနိုင်သည်။ 

 (ခ) တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ် တော်က ချမှတ်သည့် အောက်ဖော်ပြပါ အမိန့်များအနက် အမိန့်တစ်ရပ် ရပ်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့  အယူခံရမည့်အကြောင်း ပြည်ထောင်စုရှေ့နေချုပ်က အစိုးရရှေ့နေကို ညွှန်ကြားနိုင်သည်။
(၁) မူလမှုတွင်  သို့မဟုတ် အယူခံမှုတွင် အပြီးအပြတ်လွှတ်သည့် အမိန့်
(၂) ပြင်ဆင်မှုတွင် အပြီးအပြတ်လွှတ်သည့်အမိန့်
(၃) အပြီးအပြတ်လွှတ်သည့်အမိန့်ကို အယူခံရာတွင် ပလပ်သည့် အမိန့် ]

----

ကျင့်ထုံးပုဒ်မ ၄၁၇ သည် မည်သည့်အမိန့်မျိုးနှင့် သက်ဆိုင်ခြင်း
×××××××××××××××××××××××××××××××××××

ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၁၇ မှာ တရားခံတစ်ဦးအား ကွင်းလုံးကျွတ် တရားသေလွှတ်သည့် အမှုမျိုးနှင့်သာ သက်ဆိုင်ပေသည်။ တရားခံအား ပုဒ်မ တမျိုးနှင့် စွဲချက်တင်ပြီး အခြားပုဒ်မဖြင့် အပြစ်ပေးခြင်းခံရသည့် အမှုမျိုးနှင့် အကျုံး မဝင်ပေ။

ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် မောင်တင်အောင် (၁၉၆၈၊ မတစ၊ စာ ၂၉)

----

အပြီးအပြတ်လွှတ်ရာရောက်သော အမိန့်များ
×××××××××××××××××××××××××

အပြီးအပြတ်လွှတ်သောအမိန့်ကို ရှေ့နေချုပ်ရုံးက မကျေနပ်၍ တရား ရုံးချုပ်သို့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ အရ အယူခံတင်သွင်းရာတွင် အဆိုပါ အယူခံမှု၌ အပြီးအပြတ်လွှတ်သည့်အမိန့်ကို အတည်ပြုသည်။ ယင်းအမိန့်အပေါ် ရှေ့နေချုပ်ရုံးကသာလျှင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ အရ အယူခံမှု ဆက် လက်တင်သွင်းခွင့် ရှိသည်။ ထိုမူသဘောကို ဦးတင်ရွှေနှင့် ပြည်ထောင်စု မြန်မာ နိုင်ငံတော်ပါ၂ (၁၉၉၀၊ မတစ၊ စာ ၃၁) တွင်ကြည့်ပါ။ 

ယခုအမှုတွင် ပခုက္ကူမြို့နယ်တရားရုံးက တရားခံ ဘိုးထွားပါ - ၇ ဦး အပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၅၂ နှင့် ၄၂၇ တို့အရ စွဲချက်တင်စစ်ဆေးခဲ့ပြီး နောက် ပုဒ်မ ၄၅၂ နှင့်မငြိစွန်းကြောင်း စီရင်ချက်တွင် အတိအလင်းသုံးသပ်၍ ပုဒ်မ ၄၂၇ အရသာ ပြစ်မှုထင်ရှားစီရင်ခဲ့ပြီးဖြစ်သဖြင့် ပုဒ်မ ၄၅၂ အရ စွဲချက်မှာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၄၀ အရ ဘိုးထွားပါ ၇ ဦးတို့အပေါ် အပြီးအပြတ် လွှတ်ရာ ရောက်ပေသည်။ 

ပြည်ထောင်စု မြန်မာနိုင်ငံတော် နှင့် ဦးဘိုအေး (၁၉၉၀၊ မတစ၊ ၄၃)

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၁)(ခ)နှင့်စပ်လျဉ်း၍ တိုင်းတရားရုံးက အမိန့်တစ်စုံတစ်ရာ ချမှတ်ခြင်း မပြုသဖြင့် ယင်းစွဲချက်ကို တရားရုံးက ဆိုင်းငံ့ထား သည်ဟု ဆိုရပေမည်။ တိုင်းတရားရုံးက ပြစ်မှုထင်ရှားစီရင်သော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ  ၃၉၂ ကို အထက်တရားရုံးက ပြင်ဆင်ပယ်ဖျက်ခြင်း မပြုသဖြင့် အဆို ပါ ဆိုင်းငံ့ထားသော ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၁)(ခ) အရ စွဲချက်သည် အပြီး အပြတ်လွှတ်ရာရောက်ကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၂၄၀ ပါ ပြဋ္ဌာန်း ချက်အရ မြင်သာသည်။

မောင်နေလင်း နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် (၂၀၀၀၊ မတစ၊ ၆၉(၇၈))

--

အပြီးအပြတ်လွှတ်သည့်အမိန့်ကို အယူခံဝင်နိုင်သူ
××××××××××××××××××××××××××××

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၁၇ အရ အပြီးအပြတ်လွှတ်မိန့်ကို အယူခံ ဝင်ရောက်ခြင်းနှင့်စပ်လျဉ်း၍ (၂)ပိုင်း ခွဲခြား ပြဋ္ဌာန်းထားပါသည်။ 

ပုဒ်မ ၄၁၇(က)အရ အောက်ဖော်ပြပါ အပြီးအပြတ်လွှတ်သည့်အမိန့် တစ်ရပ်ရပ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ အယူခံ ဝင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်သည် အစိုးရရှေ့နေအား ညွှန်ကြားနိုင်ပါသည်။

(၁) ယင်းတရားလွှတ်တော်၏ လက်အောက်ခံ တရားရုံးတစ်ရုံးရုံးက မူလမှုတွင် ချမှတ်သော အပြီးအပြတ်လွှတ်သည့် အမိန့်။ 

(၂) ယင်းတရားလွှတ်တော်၏ လက်အောက်ခံ တရားရုံးတစ်ရုံးရုံးက အယူခံမှုတွင် ချမှတ်သော အပြီးအပြတ်လွှတ်သည့် အမိန့်။

(၃) ယင်းတရားလွှတ်တော်၏ လက်အောက်ခံ တရားရုံးတစ်ရုံးရုံးက ပြင်ဆင်မှုတွင် ချမှတ်သော အပြီးအပြတ်လွှတ်သည့် အမိန့်။

ပုဒ်မ ၄၁၇(ခ) အရ အောက်ဖော်ပြပါ အပြီးအပြတ်လွှတ်သည့်အမိန့်များ တစ်ရပ်ရပ်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံဝင်ရန် ပြည်ထောင်စု ရှေ့နေချုပ်သည် အစိုးရရှေ့နေအား ညွှန်ကြားနိုင်ပါသည်။

(၁) မူလမှုတွင်ဖြစ်စေ၊  အယူခံမှုတွင်ဖြစ်စေ  တိုင်းဒေသကြီးတရား လွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော်က   ချမှတ် သော အပြီးအပြတ်လွှတ်သည့်အမိန့်။ 

(၂) ပြင်ဆင်မှုတွင် တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က ချမှတ်သော အပြီးအပြတ်လွှတ် သည့်အမိန့်။
 
 (၃) အပြီးအပြတ်လွှတ်သည့်အမိန့်ကို အယူခံရာတွင်  တိုင်းဒေသ ကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က ပလပ်သည့် အမိန့်။

ပုဒ်မ ၄၁၇ အရ အပြီးအပြတ်လွှတ်သည့်အမိန့်ကို အယူခံဝင်ခွင့်ရှိသူသည် အစိုးရရှေ့နေ (the Public Prosecutor)သာ ဖြစ်ရာ မကျေနပ်သူ  အမှုသည် တစ်ဦးတစ်ယောက်က အယူခံဝင်ရောက်ခွင့် မရှိချေ။ 

အစိုးရရှေ့နေသည်လည်း ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် တိုင်းဒေသကြီး / ပြည်နယ်ဥပဒေချုပ်၏ ညွှန်ကြားချက်ဖြင့်သာ အယူခံဝင်ရောက်ခွင့်ရှိမည် ဖြစ်ပါသည်။ 

---

ပြစ်မှုများ အပြီးအပြတ်လွှတ်ရန် ချမှတ်ခဲ့သည့် တရားရုံး၏အမိန့်ကို မကျေနပ်ခဲ့လျှင် ဗဟိုဥပဒေရုံးကသာလျှင် ဗဟိုတရားရုံးသို့ အယူခံလျှောက်ထား နိုင်ခွင့်ရှိသည်။ အပြီးအပြတ်လွှတ်ခြင်းကို မကျေနပ်သောသူသည် ဗဟိုဥပဒေရုံး သို့ လျှောက်ထားနိုင်သည်။ ဗဟိုဥပဒေရုံးက စိစစ်၍ အယူခံသင့်သည်ဟု ယူဆ လျှင် ဗဟိုတရားရုံးသို့ အယူခံမှုတင်ရန် ဖြစ်သည်။ 

ကိုသက်ထွန်း(ခေါ်)ကျစ်မှန် နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဦးဂရင်ထိုင်)(၁၉၇၆၊ မတစ၊ စာ - ၁၂၇) 

တောင်ကြီးမြို့နယ်တရားရုံးက တရားခံ ဦးဟုတ်ပင်အား အမှုမှ အပြီး အပြတ်လွှတ်ခဲ့သည့်အမိန့်ကို ရှေ့နေချုပ်ရုံးက မကျေနပ်၍ တရားရုံးချုပ်သို့ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ အရ အယူခံတင်သွင်းခဲ့ကြောင်း တွေ့ရသည်။ ထို့ကြောင့် ဦးတင်ရွှေသည် မူလအမှုတွင် တရားလိုပင် ဖြစ်စေဦး အယူခံမှု တင် သွင်းခွင့်ရှိသူမဟုတ်သဖြင့် ဥပဒေနှင့်အညီ ရှေ့နေချုပ်ရုံးက အယူခံမှု တင်သွင်းခဲ့ရ ခြင်းဖြစ်ပေသည်။ အဆိုပါအယူခံမှုတွင်လည်း တရားရုံးချုပ်က တောင်ကြီးမြို့နယ် တရားရုံး၏အမိန့်ကို အတည်ပြုခဲ့ပြီးဖြစ်သဖြင့် အထူးအယူခံဝင်ခွင့်ရရန် တင်သွင်း ခဲ့သော ဤအထွေထွေလျှောက်လွှာ တင်သွင်းမှုသည်လည်း ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၁၇ အရ မူလအမှုစစ်တရားရုံး၏ အမိန့်ကို ပယ်ဖျက်ခွင့်ရရန် တင်သွင်းမှုပင်ဖြစ်ပေသည်။ သို့အတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၁၇အရ အယူခံမှုတင်သွင်းနိုင်သူမှာ နိုင်ငံတော်သမ္မတ၏ညွှန်ကြားချက်အရ ရှေ့နေချုပ်ရုံး သာဖြစ်သည်။ အမှုသည် တစ်ဦးတစ်ယောက်က မူလရုံးမှ တရားခံအား အပြီး အပြတ်လွှတ်ခဲ့သည့် အမိန့်ကို အယူခံဝင်ရောက်ခွင့် မရှိချေ။ ၄င်းအပြင် တရားရုံးချုပ်က ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ အရ ရှေ့နေချုပ်ရုံးမှ တင်သွင်းခဲ့သော အယူခံမှုကို ပလပ်ခဲ့သောကြောင့် နစ်နာသူမှာ ရှေ့နေချုပ်ရုံးသာ ဖြစ်သဖြင့် တရားစီရင်ရေးဥပဒေပုဒ်မ-၆ အရ အထူးအယူခံဝင်ခွင့်ရရန် အထွေထွေ လျှောက်လွှာကို ရှေ့နေချုပ်ရုံးကသာ တင်သွင်းနိုင်ခွင့်ရှိပေသည်။ ဦးတင်ရွှေ အပါအဝင် မည်သူတစ်ဦးတစ်ယောက်ကမျှ တင်သွင်းခွင့်မရှိပေ။ 
ဦးတင်ရွှေ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ၂ (၁၉၉၀၊ မတစ၊ စာ ၃၁)

ယခုအမှုတွင် ပခုက္ကူမြို့နယ်တရားရုံးက တရားခံ ဘိုးထွားပါ - ၇ ဦး အပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၅၂ နှင့် ၄၂၇ တို့အရ စွဲချက်တင်စစ်ဆေးခဲ့ပြီး နောက် ပုဒ်မ ၄၅၂ နှင့်မငြိစွန်းကြောင်း စီရင်ချက်တွင် အတိအလင်းသုံးသပ်၍ ပုဒ်မ ၄၂၇ အရသာ ပြစ်မှုထင်ရှားစီရင်ခဲ့ပြီးဖြစ်သဖြင့် ပုဒ်မ ၄၅၂ အရ စွဲချက်မှာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၄၀ အရ ဘိုးထွားပါ - ၇ ဦးတို့အပေါ် အပြီး အပြတ်လွှတ်ရာ ရောက်ပေသည်။ 

သို့ဖြစ်ရာ အပြီးအပြတ်လွှတ်ပြီးသော အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်အတွက် ရှေ့နေချုပ်ရုံးက သာ တရားရုံးချုပ်သို့ အယူခံတင်သွင်းနိုင်ခွင့်ရှိပြီး တရားရုံးချုပ်ကသာလျှင် အပြီး အပြတ်လွှတ်ခဲ့သော မူလရုံး၏အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၂၃(၁) (က)အရ ပယ်ဖျက်ပြီး တရားခံအား ပြစ်မှုထင်ရှားစီရင်နိုင်ခွင့်ရှိသည်။ မူလရုံး၏ အပြီးအပြတ်လွှတ်ခဲ့သော အမိန့်ကို ပြည်နယ်၊ တိုင်းတရားရုံးများက ပယ်ဖျက်နိုင် ခွင့်မရှိချေ။ ယင်းအချက်နှင့်စပ်လျဉ်းပြီး တရားသူကြီးအဖွဲ့က ၁-၈-၈၄ ရက်စွဲပါ ညွှန်ကြားချက် အမှတ် ၂၃ ကို လည်း ထုတ်ပြန်ပြီးဖြစ်ပေသည်။ 

ပြည်ထောင်စု မြန်မာနိုင်ငံတော် နှင့် ဦးဘိုအေး (၁၉၉၀၊ မတစ၊ ၄၃)

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၁)(ခ) နှင့်စပ်လျဉ်း၍ တိုင်းတရားရုံးက အမိန့် တစ်စုံတစ်ရာ ချမှတ်ခြင်း မပြုသဖြင့် ယင်းစွဲချက်ကို တရားရုံးက ဆိုင်းငံ့ထား သည်ဟု ဆိုရပေမည်။ တိုင်းတရားရုံးက ပြစ်မှုထင်ရှားစီရင်သော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ  ၃၉၂ ကို အထက်တရားရုံးက ပြင်ဆင်ပယ်ဖျက်ခြင်း မပြုသဖြင့် အဆိုပါ ဆိုင်းငံ့ထားသော ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၁)(ခ) အရ စွဲချက်သည် အပြီးအပြတ်လွှတ်ရာရောက်ကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၂၄၀ ပါ ပြဋ္ဌာန်းချက်အရ မြင်သာသည်။ သို့ဖြစ်၍ ရှေ့နေချုပ်ရုံးမှ တင်ပြချက်ကို လက်ခံ ရပေမည်။ ထို့ကြောင် အပြီးအပြတ်လွှတ်သော ပြစ်မှုနှင့်စပ်လျဉ်း၍ ရှေ့နေချုပ်ရုံးမှ တရားရုံးချုပ်တွင် အယူခံဝင်ရောက်ခွင့်ရှိသည်။ 

မောင်နေလင်း နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် (၂၀၀၀၊ မတစ၊ ၆၉(၇၈))

ဒေသဆိုင်ရာ အုပ်ချုပ်မှု အရာရှိများ၏ထောက်ခံချက်ဖြင့် လျှောက်ချက် ကို ထောက်ခံထားသည် မဟုတ်လျှင် သာမန်အရပ်သား တဦးတယောက်၏ လျှောက်ထားချက်အရ သာမန်အားဖြင့် အယူခံစေရန် အမိန့်ချမှတ်မည် မဟုတ် ချေ။ (တရားရုံးများလက်စွဲအပိုဒ် ၈၀၃(၉))

---

အပြီးအပြတ်လွှတ်သည့်အမိန့်ကို အယူခံမှုတွင် အကြောင်းခြင်းရာ နှင့် ဥပဒေအကြောင်း နှစ်ရပ်စလုံးကို အယူခံဝင်နိုင်ခြင်း
 ****************************************

S.417 of the Criminal Procedure Code allows the Local Government to file an appeal against an order of acquittal, and such appeal under s 418, lies on a matter of fact as well as a matter of law. 
{ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ သည် နိုင်ငံတော်အစိုးရအား တရားသေလွှတ်မိန့်ကို အယူခံလွှာ တင်သွင်းခွင့် ပေးထားသည့်ပြင် ယင်းအယူခံ၌ ပုဒ်မ ၄၁၈ အရ ကြောင်းခြင်းရာ နှင့် ဥပဒေကြောင်း နှစ်ရပ်လုံးကို အယူခံဝင်နိုင်သည်။}

KING-EMPEROR  v. MAUNG TUN NYAN (၁၉၃၀၊ အိန္ဒိယစီရင်ထုံးများ၊ အတွဲ ၈၊ ရန်ကုန်၊ စာ ၆၇၁)

That an appeal on facts against an order of acquittal is allowed.{တရားသေလွှတ်မိန့်၌ ကြောင်းခြင်းရာအပေါ်အယူခံဝင်ခြင်းကို ခွင့်ပြုသည်။}

TAN CHIT LYE (a) TET SHIN v. THE UNION OF BURMA (၁၉၅၀၊ မတစ၊ လွှတ်တော်ချုပ်၊ စာ ၁၇၂)

----

လေးစားစွာဖြင့်။

ဦးထွန်းမျိုးဌေး


ရာဇဝတ်ဆိုင်ရာ အယူခံ၊ ပြင်ဆင်မှတ်စုများ - (၂)

အပြီးအပြတ်လွှတ်သည့်အမိန့်အပေါ် ပြင်ဆင်မှု တင်သွင်းနိုင်ခြင်း ရှိ မရှိ။
×××××××××××××××××××××××××××××××××××

In an application for revision of an order of acquittal, brought by a private party, without any attempt made on his part to move the Government to appeal against the order under s.417 of the Code of Criminal Procedure, the Court has to act on certain general principles in order to ensure that the law is not made to subserve private ends. By long established practice of the Court revisional applications against orders of acquittal are not entertained from private pettioners except it be on very broad grounds of the exceptional requirements of public justice.

{အရပ်သား အမှုသည်တစ်ဦးက ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၁၇ အရ  အပြီးအပြတ်လွှတ်သည့်အမိန့်ကို  အယူခံဝင်ပေးရန် အစိုးရအား တစုံတရာ အားထုတ်လျှောက်ထားခြင်းမပြုဘဲ ပြင်ဆင်မှု လျှောက်ထားလျှင် ဥပဒေသည် ကိုယ်ကျိုးအတွက် သုံးစွဲရန် မဟုတ်ကြောင်း တိကျစေခြင်း ငှာ ရုံးက ယေဘုယျအားဖြင့် မူ အချို့ထား၍ ဆောင်ရွက်ရန် လိုသည်။ တရားရုံးများက ကာလကြာမြင့်စွာ လိုက်နာနေသော ထုံးစံအရ အများပြည်သူ တရားမျှတမှုအတွက် ထူးထူး ခြားခြား လိုအပ်သော အလွန်ကျယ်ပြန့်သည့် အကြောင်းပြချက်များ ရှိသည့်အခါမှတပါး အပြီးအပြတ်လွှတ်သည့်အမိန့်ကို ပြင်ဆင်ပေးရန် လျှောက်ထားသော လျှောက်လွှာများကို အရပ်သား လျှောက်ထားသူများထံမှ လက်ခံလေ့ မရှိ။} 

N.SEENI EBRAHIM v. UNION OF BURMA (M.A.CHELLAN)(၁၉၅၃၊ မတစ၊ တရားလွှတ်တော်၊ စာ ၂၂၂)

--

An appeal lies against an acquittal order and an application in revision of such order is barred under sub-s.(5) of s.439, Criminal Procedure Code. In spite of the bar in sub-s.(5) of s.439, Criminal Procedure Code, the High Court had entertained such application in revision against acquittal order either by treating these as private applications in revision or as and by way of regular appeals. 

{အပြီးအပြတ်လွှတ်သည့်အမိန့်ကို အယူခံဝင်နိုင်ခွင့်ရှိသည်။ ယင်းအမိန့်ကို ပြင်ဆင်ပေးရန် လျှောက်ထားခြင်းကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၃၉(၅) အရ ပိတ်ပင်ထားသည်။ ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၃၉(၅)အရ ပိတ်ပင်ထားစေကာမူ အပြီးအပြတ် လွှတ်သည့်အမိန့်ကို ပြင်ဆင်ပေးရန် လျှောက်ထားသော ယင်းလျှောက်လွှာမျိုးကို အမှုသည်များက တင်သွင်း သော ပြင်ဆင်မှုများအဖြစ်ဖြင့် လည်းကောင်း၊  ရိုးရိုး အယူခံမှုများအဖြစ်ဖြင့် လည်းကောင်း တရားလွှတ်တော်က လက်ခံခဲ့ဖူးသည်။} 

UNION OF BURMA v. MAUNG AYE (၁၉၅၆၊ မတစ၊ တရားလွှတ်တော်၊ စာ ၁၅၇)

--

ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၁၇ အရ၊ အစိုးရက အယူခံဝင်ရန် သင့်လျော် သော တရားသေလွှတ်မိန့်ကို နစ်နာသည်ဆိုသော ပုဂ္ဂိုလ်တဦးက လာရောက် လျှောက်ထားရုံမျှနှင့် တရားရုံးချုပ်က လွယ်လွယ်လက်ခံ၍ စဉ်းစားပေးရန် မဟုတ် ချေ။ အီဘရာဟင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၅၃၊ မတစ၊လွှတ်တော်၊ စာ ၂၂၂) အမှုတွင် ထိုသို့ပင် စီရင်ထုံးပြုထားသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် မောင်အေးပါ ၃ (၁၉၅၆၊ မတစ၊ လွှတ်တော်၊ စာ ၁၅၇) အမှုတွင်လည်း ထိုကဲ့သို့ ပင်မှတ်ချက်ပြု၍ လိုအပ်သောအခါ၌ ပြင်ဆင်မှုကို အယူခံမှုအဖြစ် လက်ခံကြား နာခြင်းစသည်ကို ပြုနိုင်ကြောင်း ဖော်ပြထားသည်။ 

သို့ရာတွင် မောင်အေးတို့ အမှုတွင်၊ တရားရုံးချုပ်သို့ ပြင်ဆင်မှုကို ထောက်ခံတင်သွင်းသူမှာ၊ ခရိုင်ရာဇဝတ် တရားသူကြီး ဖြစ်သည်။ ဤအမှုတွင်ကား နစ်နာသည်ဆိုသော ပုဂ္ဂိုလ်တဦး ကိုယ် တိုင်က၊ ခရိုင်ရာဇဝတ်တရားသူကြီးရုံးသို့ဖြစ်စေ၊ စက်ရှင် ရာဇဝတ်တရားသူကြီး ရုံးသို့ ဖြစ်စေ၊ ပြင်ဆင်မှုကို လျှောက်ထားခြင်းမပြုခဲ့ဘဲ တရားရုံးချုပ်သို့ တိုက်ရိုက်၊ ၄င်းရုံးများကိုကျော်လွန်၍ လာရောက်လျှောက်ထားခဲ့ခြင်းဖြစ်ပေသည်။ 

ဦးဘမောင် နှင့် မောင်စိန်ရပါ ၂ (၁၉၆၆၊ မတစ၊ ရုံးချုပ်၊ စာ ၁၀၇၅)

--

တရားရုံးချုပ်၏ ပြင်ဆင်မှု အာဏာသည် အရေးကြီး၍ များစွာ အသုံးဝင် သော အာဏာတရပ်ဖြစ်သည်။ ထိုအာဏာကို မှန်ကန်စွာ သုံးစွဲခြင်းဖြင့် တနိုင်ငံ လုံးတွင် တရားစီရင်ရေးကို ညှိနှိုင်းညွှန်ပြပေးနိုင်သည်။ တရားစီရင်ရေးလမ်း ကြောင်း တိမ်းစောင်းလျှင် ဖေးမပြင်ဆင်ပေးနိုင်သည်။ 

သို့ရာတွင် ပြင်ဆင်မှု အာဏာကို အထိန်းအကွပ်မရှိ သုံးစွဲပြန်လျှင်လည်း အယူခံဝင်သင့်သော အမှုများ ကို အဆင့်ဆင့် အယူခံမဝင်ကြဘဲ၊ ပြင်ဆင်မှုဖြင့် ဤရုံးသို့ လာရောက်လျှောက် ထားကြဘွယ်ရှိသည်။ ထိုသို့ လျှောက်ထားကြလျှင် တရားဥပဒေဖြင့် အယူခံဝင်ရန် သတ်မှတ်ထားသော ရုံးအဆင့်ဆင့်သည် အလဟဿ ဖြစ်ပေလိ့မ်မည်။

 ထိုရုံးများ ကို ခရိုင်ရုံးများက ပြန်လည်ကွပ်ကဲခြင်း၊ အမှားကို ပြုပြင်ပေးခြင်း၊ ပညာပေးခြင်း စသည်တို့ကို အောင်မြင်စွာ ဆောင်ရွက်ရန် ခဲယဉ်းပေလိမ့်မည်။ ထို့ကြောင့် ရာဇ ဝတ်ကျင့်ထုံးပုဒ်မ ၄၁၇ အရ အစိုးရက အယူခံဝင်ရန် သင့်လျော်သော တရားသေ လွှတ်မိန့်ကို နစ်နာသည်ဆိုသော ပုဂ္ဂိုလ်တဦးက လာရောက်လျှောက်ထားရုံမျှ နှင့် တရားရုံးချုပ်က လွယ်လွယ်လက်ခံ၍ စဉ်းစားပေးရန်မဟုတ်ချေ။ ×   ×    ×    × 

သာမန်အားဖြင့်ဆိုလျှင် အောက်ရုံးတရုံးက တရားသေလွှတ်ရန် ချမှတ်ထားသော အမိန့်တစ်ရပ်ကို အစိုးရကသာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ နှင့်အညီ အယူခံဝင်ရန်ဖြစ်သည်။ 

တရားရုံးချုပ်က နစ်နာသည် ဆိုသော ပုဂ္ဂိုလ်၏ တိုက်ရိုက် လာရောက် ပြင်ဆင်မှု ဖွင့်လှစ်ခြင်းကို လက်ခံရန် မဟုတ်ချေ။ 

လုံလောက်သော အကြောင်းကြောင့် အယူခံဝင်ရန် နှောင့်နှေး ကြန့်ကြာခဲ့ရခြင်း စသည်တို့ရှိလျှင် နစ်နာသူက စည်းကမ်းနှင့်အညီ ခရိုင်စက်ရှင် တရားရုံးသို့သော်၎င်း၊ ခရိုင်ရာဇဝတ် တရားသူကြီးရုံးသို့သော်၎င်း၊ သွားရောက်၍ ပြင်ဆင်မှုဖွင့်လှစ်ကာ ထိုရုံးကစစ်ဆေး ကြားနာပြီးနောက်၊ ပြင်ဆင်ရန် လိုအပ်လျှင် ထောက်ခံချက်ဖြင့် တရားရုံးချုပ်သို့ တင်ပို့ရန်ဖြစ်သည်။

 အများပြည်သူနှင့်ပတ်သက်သော အရေးကြီးသော ဥပဒေ ပြဿနာပေါ်ပေါက်လျှင်၊ သို့မဟုတ် တရားစီရင်ရေးလမ်းကြောင်း အထူးတိမ်း စောင်းခဲ့သည်ကိုတွေ့ရှိရလျှင် တရားရုံးချုပ်က အမိန့်ကို ပြင်ဆင်ပေးရန်ဖြစ်သည်။ 

ဦးဘမောင် နှင့် မောင်စိန်ရပါ ၂(၁၉၆၆၊ မတစ၊ ရုံးချုပ်၊ စာ ၁၀၇၅)
တရားသေလွှတ်သော အမိန့်များကို ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၁၇ အရ အယူခံဝင်ရောက်ခြင်းမရှိဘဲ ၊ ယခုကဲ့သို့ ပြင်ဆင်မှုဖွင့် ၍ သုံးသပ်နိုင်ကြောင်းကို ဦးဘမောင် နှင့် မောင်စိန်ရပါ ၂(၁၉၆၆၊ မတစ၊ ရုံးချုပ်၊ စာ ၁၀၇၅)အမှုနှင့် ပြည် ထောင်စုမြန်မာနိုင်ငံ နှင့် ဒေါ်ညို (နိုင်ငံတော်တရားရုံးချုပ်၊ ၁၉၆၈၊ ရာဇဝတ်ပြင် ဆင်မှု အမှတ် ၇၁(ခ)) အမှုတို့တွင် အဆုံးအဖြတ်ပေးထားသည်။ 

ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် မောင်လှသန်း(၁၉၆၉၊ မတစ၊ ရုံးချုပ်၊ စာ ၂၄ (၂၅))

---

လျှောက်ထားခံရသူ မောင်မြင့်သိန်းအား မူလရုံးမှ ရာဇသတ်ပုဒ်မ ၄၁၇ အရ ပြစ်ဒဏ်စီရင်ခဲ့သည်။ ယင်းအမိန့်ကို အယူခံဝင်ရာ အယူခံရုံးမှ မောင်မြင့်သိန်း အား တရားသေလွှတ်ခဲ့သည်။

 လျှောက်ထားသူ မအေးရီက တရားသေလွှတ်မိန့် ကို မကျေနပ်သဖြင့် တရားရုံးချုပ်သို့ ပြင်ဆင်မှုတင်သွင်းခြင်းဖြစ်သည်။ တရားသေ လွှတ်မိန့်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ အရ အစိုးရကသာ အယူခံဝင်နိုင် သည်။ နစ်နာသူက အယူခံဝင်ပေးရန် အစိုးရထံသို့ ချဉ်းကပ်ရမည်။ တရားရုံးချုပ်မှ ယင်းကိစ္စမျိုးတွင် ပြင်ဆင်မှု မတင်သွင်းနိုင်ကြောင်း ညွှန်ကြားထားသည်။ 

မအေးရီ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၇၃၊ မတစ၊ စာ ၂၆)

--

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၅ အရ အပြစ်မထင်ရှားသဖြင့် အပြီးအပြတ် လွှတ်ခဲ့ခြင်းကို မကျေနပ်၍ အယူခံလိုလျှင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ အရ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အတွက် ဗဟိုဥပဒေရုံးက သာ အယူခံနိုင်ခွင့် ရှိသည်။ အပြီးအပြတ်လွှတ်ခဲ့ခြင်းကို ပယ်ဖျက်ပေးပါရန် လျှောက်ထားသူသည် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်ထားနိုင်ခွင့် မရှိ။  

ဦးဘခင် နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် (၁၉၇၅၊ မတစ၊ စာ  ၆၈)

--

မူလရုံးက အပြီးအပြတ်လွှတ်ခဲ့သည့်အမိန့်ကို ပယ်ဖျက်ပေးပါရန် ပြင်ဆင် မှု လျှောက်ထားခဲ့ခြင်းကို ပြည်နယ်တရားရုံးက လက်ခံ၍ ပြစ်မှုဆိုင်ရာပြင်ဆင်မှု ဖွင့်လှစ်ပြီး ဆောင်ရွက်ခြင်းသည် သတ်မှတ်ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်း နှင့် ကိုက်ညီခြင်းမရှိကြောင်း ပေါ်လွင်သည်။ 

ကိုသက်ထွန်း(ခေါ်)ကျစ်မှန် နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (၁၉၇၆၊ မတစ၊ စာ ၁၂၇) 

---

ပြစ်မှုပြင်ဆင်မှု နှင့် ပြစ်မှုအယူခံမှုတို့ကို တိုင်းတရားရုံးက တစ်ပြိုင်တည်း ကြားနာပြီးနောက် ပြင်ဆင်မှုကို ပလပ်ပြီး အယူခံမှုကို ခွင့်ပြုကာ တရားခံကို အမှုမှ အပြီးအပြတ်လွှတ်လျှင် နစ်နာသူ မူလတရားလိုက ပြင်ဆင်မှုကို တရားရုံးချုပ်သို့ ဆက်လက်တင်သွင်းခွင့်မရှိဘဲ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ အရ ဆောင်ရွက် နိုင်ရန် သက်ဆိုင်ရာ ဥပဒေရုံး အဆင့်ဆင့်သို့ တင်ပြရန်ဖြစ်ကြောင်း 
မဝင်းဝင်းနိုင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ၃ (၁၉၉၇၊ မတစ၊ စာ ၈၁) အမှုတွင် အောက်ပါ အတိုင်းညွှန်ပြပါသည်။

"မန္တလေးတိုင်းတရားရုံး(မန္တလေးခရိုင်)က လျှောက်ထားသူ မဝင်းဝင်းနိုင် တင်သွင်းသည့် ပြင်ဆင်မှုအမှတ် ၂၃၃/၉၆ နှင့် လျှောက်ထားခံရသူ ဒေါ် စိန်စိန်၊ ကိုခင်စိုးတို့ တင်သွင်းသည့် အယူခံမှုအမှတ် ၃/၉၇ တို့ကို ၁၄-၂-၉၇ နေ့တစ်နေ့တည်း အမိန့်ချမှတ်ရာ၌ ပြင်ဆင်မှုကို ပလပ်ပြီး အယူခံမှု ကို ခွင့်ပြု၍ လျှောက်ထားခံရသူတို့ကို အမှုမှ အပြီးအပြတ်လွှတ်ခဲ့ကြောင်း တွေ့ရှိရသည်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၃၉(၅) တွင် "×× × × ဤဥပဒေအရ အယူခံဝင်ခွင့် ရှိပါလျက် အယူမခံသည့်အချက်တွင် အယူခံ ဝင်နိုင်သူက ပြင်ဆင်မှုအဖြစ် တင်သွင်းလာသည့် မှုခင်းကိစ္စများ စဉ်းစား နိုင်ရန် လက်မခံရဟု ပြဋ္ဌာန်းထားသည်။ မန္တလေးတိုင်းတရားရုံး (မန္တလေး ခရိုင်)က လျှောက်ထားခံရသူများကို အယူခံမှုတွင် အမှုမှအပြီးအပြတ် လွှတ်ခဲ့ပြီးဖြစ်၍ လျှောက်ထားသူ မူလတရားလိုအနေဖြင့် ယင်းအမိန့်ကို မကျေနပ်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ အရ ဆောင်ရွက်နိုင် ရန် သက်ဆိုင်ရာ ဥပဒေရုံးအဆင့်ဆင့်သို့ တင်ပြရန်သာရှိပေမည်။" 

---

ပြည်သူ့တရားသူကြီးအဖွဲ့ ညွှန်ကြားချက်အမှတ် (၂၃) တွင် အောက်ပါ အတိုင်း ညွှန်ပြပါသည်။

၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၃၉ ကို ၁၉၇၃ ခုနှစ်၊ ပြည် ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၂ ဖြင့် ပြင်ဆင်ခဲ့သဖြင့် ပြည်နယ်နှင့် တိုင်းတရားရုံးများသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၃၉ တွင် ပြဋ္ဌာန်းထားသော စီရင်ပိုင်ခွင့်များကို ရရှိကြပါသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၃၅ အရ မူလ တရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များတွင် မှားယွင်းချွတ်ချော်ခြင်းများကို ပြင်ဆင်ရန်လိုအပ်သည်ဟု တွေ့ရှိပါက ပြည်နယ်၊ တိုင်းတရားရုံးများက ပြင်ဆင်မှု ဖွင့်လှစ်ဆောင်ရွက်ကြပါသည်။ ဤကဲ့သို့ တရားစီရင်ရေးဆိုင် ရာ ကြီးကြပ်ကွပ်ကဲမှုအရ မူလတရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များကို စီစစ်ကြည့်ရာတွင် တရားခံအား အပြီးအပြတ်လွှတ်သည့် အမိန့်နှင့်စပ် လျဉ်း၍ ပြင်ဆင်မှု ဖွင့်လှစ်ရန် သင့်သော အမှုများ စိစစ်တွေ့ရှိရသော အခါ ပြည်နယ်နှင့် တိုင်းတရားရုံးများက ပြင်ဆင်မှု ဖွင့်လှစ်ဆောင်ရွက်ပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၃၉ အရ သင့်မြတ်သည့် အမိန့် တစ်ရပ် ရပ်ကို ချမှတ်ကြပါသည်။ 

၂။ တရားခံအား အပြီးအပြတ်လွှတ်သည့်အမိန့်နှင့် စပ်လျဉ်း၍ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်မှ အယူခံဝင်ရောက် သည့်ကိစ္စများတွင်မူ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့သည် ယင်းဥပဒေ ပုဒ်မ ၄၁၇ အရ အယူခံဝင်စေသင့်သော အမှုများ စိစစ်တွေ့ရှိပါက ဗဟို ဥပဒေရုံးအား ဗဟိုတရားရုံးသို့ အယူခံဝင်ရောက်ရန်အတွက် ညွှန်ကြား 
ခြင်း ပြုပါသည်။ 

၃။ ယင်းကဲ့သို့ တရားခံအား အပြီးအပြတ်လွှတ်သည့် အမိန့်အပေါ် ပြည်နယ်နှင့် တိုင်းတရားရုံးများက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၃၅ အရ ပြင်ဆင်မှု ဖွင့်လှစ်ဆောင်ရွက်ပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၃၉ အရ အမိန့်ချမှတ်ခြင်းနှင့် ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့က ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ အရ ဗဟိုတရားရုံးသို့ အယူခံမှု တင်သွင်းရန်အတွက် ဗဟိုဥပဒေရုံးအား ညွှန်ကြားခြင်းကိစ္စများတွင် အာဏာပိုင် အဖွဲ့အစည်းနှစ်ရပ်က ဆုံးဖြတ်ချက်နှစ်မျိုး ချမှတ်သည့် အခြေအနေမျိုး မပေါ်ပေါက်စေရန် တရားခံအား အပြီးအပြတ်လွှတ်သည့် အမိန့်နှင့်စပ်လျဉ်း၍ ပြည်နယ်နှင့် တိုင်းတရားရုံးများက ယင်းအမိန့်ကို ပြန်လည်သုံးသပ်သင့်သည်ဟု သဘောရရှိပါလျှင် "အယူခံဝင်ရန် ဆောင်ရွက်သင့်ပါက ဆောင်ရွက်ရန်" ဟူသော  မှတ်ချက်ဖြင့် ပြည်သူ့ တရားသူကြီးအဖွဲ့သို့ မူလရုံးအမှုတွဲပါ တင်ပြရန်ဖြစ်ပါသည်။ ပြည်သူ့ တရားသူကြီးအဖွဲ့က ယင်းအမှုကို စိစစ်ပြီးနောက် မူလရုံးအမိန့်ကို ပြန် လည်သုံးသပ်သင့်သည်ဟု သဘောရရှိပါလျှင် "ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၁၇ အရ အယူခံဝင်ရောက်ရန် ဆောင်ရွက်သင့်ပါက ဆောင်ရွက်နိုင်ရန် " ဟူသော မှတ်ချက်ဖြင့် ပြည်သူ့ဥပဒေအကျိုးဆောင် အဖွဲ့သို့ ပေးပို့မည် ဖြစ်ပါသည်။

{မှတ်ချက် - စကားရပ်များအစားထိုးသည့်ဥပဒေများအရ "ပြည်သူ့ တရားသူကြီးအဖွဲ့"ကို "တရားသူကြီးချုပ်" ထိုမှတဆင့် "ပြည်ထောင်စု တရားသူကြီးချုပ်"အဖြစ်လည်းကောင်း၊ "ပြည်သူ့ဥပဒေအကျိုးဆောင် အဖွဲ့"ကို "ရှေ့နေချုပ်" ထိုမှတဆင့် "ပြည်ထောင်စုရှေ့နေချုပ်" အဖြစ် လည်းကောင်း၊m "ဗဟိုတရားရုံး"ကို "တရားရုံးချုပ်" ထိုမှတဆင့် "ပြည်ထောင်စုတရားလွှတ်တော်ချုပ်" အဖြစ်လည်းကောင်း၊ "ဗဟို ဥပဒေရုံး"ကို "ရှေ့နေချုပ်ရုံး" အဖြစ်လည်းကောင်း၊ "ပြည်နယ် သို့မဟုတ် တိုင်းတရားရုံး"ကို "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်"အဖြစ်လည်းကောင်းအဆင့်ဆင့်အစားထိုးခဲ့ပါသည်။  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များ သည် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၁၇ အရ အယူခံမှုကို စီရင်ပိုင်ခွင့် အာဏာရှိသည်။ ၂၀၁၆ ခုနှစ် ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ "ခရိုင်တရားရုံး"များသည် ပုဒ်မ ၄၃၉ အာဏာကို ရရှိသည် ဖြစ်ရာ ခရိုင်တရားရုံးများအနေဖြင့် အထက်ဖော်ပြပါ ပြည်သူ့တရားသူကြီးအဖွဲ့ ညွှန်ကြားချက်အမှတ် - ၂၃ ကို သတိပြုရန်ဖြစ်ပါသည်။}

--

လေးစားစွာဖြင့်။

ဦးထွန်းမျိုးဌေး


ရာဇဝတ်ဆိုင်ရာ အယူခံ၊ ပြင်ဆင်မှတ်စုများ - (၁)

အခန်း (၁)
++++++++

အယူခံပိုင်ခွင့်
++++++++

တရားစီရင်ရေးမူဖြစ်ခြင်း
××××××××××××××

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ နိုင်ငံတော်၏အခြေခံမူများအခန်း ပုဒ်မ ၁၉(ဂ)၌ အမှုများတွင် ဥပဒေအရ အယူခံပိုင်ခွင့်ရရှိရေး (to guarantee in all cases the right of appeal under law) ကို  တရားစီရင်ရေးမူတစ်ရပ်အနေဖြင့် ပြဋ္ဌာန်းထားရှိပါသည်။

ပြည်ထောင်စုတရားစီရင်ရေးဥပဒေ၊ အခန်း(၂)၊ တရားစီရင်ရေးဆိုင်ရာ မူများအခန်း ပုဒ်မ ၃(ဂ)တွင် "အမှုများတွင် ဥပဒေအရ အယူခံပိုင်ခွင့် ရရှိရေး" သည် တရားစီရင်ရေးဆိုင်ရာ အခြေခံမူ တစ်ရပ်အနေဖြင့် ပြဋ္ဌာန်းထားရှိပါသည်။ 

သို့ဖြစ်ရာ "အယူခံပိုင်ခွင့်" သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်စေ၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ အရဖြစ်စေ တရားစီရင်ရေးဆိုင်ရာ အခြေခံမူတစ်ရပ်ဖြစ်ပါသည်။

---

အယူခံမှုဆိုသည်မှာ
×××××××××××××

 ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂(ဂ)တွင် "အယူခံမှု" ဆိုသော စကားရပ်ကို အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုပါသည်။ 

"အယူခံမှု ဆိုသည်မှာ တရားရုံးတစ်ရုံးက ချမှတ်သည့် စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်ကို အယူခံမှု စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ ဥပဒေနှင့် အညီ အယူခံသည့်အမှုကို ဆိုသည်။"

----

အယူခံမှု စီရင်ပိုင်ခွင့်အာဏာရ တရားရုံးများ
×××××××××××××××××××××××××

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ပြည် ထောင်စုတရားစီရင်ရေးဥပဒေတို့အရ အောက်ပါတရားရုံးများသည် အယူခံမှုများ ကို စီရင်ပိုင်ခွင့် အာဏာရှိသည်။ 

(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များ
(ဂ)  ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးများ၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ

(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်
======================

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၂၉၆ ၏ ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဃ) တွင် အောက်ပါအတိုင်းပြဋ္ဌာန်းထား ပါသည်။ 

(ခ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့် ဆုံး တရားရုံး ဖြစ်သည့် အားလျော်စွာ နောက်ဆုံးအပြီးအပြတ် အယူခံဝင်ရာ  တရားရုံး ဖြစ်သည်၊

(ဂ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ချက်များသည် အမှု အားလုံးတွင် အပြီးအပြတ်ဖြစ်၍ အယူခံဝင်ခွင့် မရှိစေရ၊

(ဃ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ အခြားဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုဖြစ်စေ မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏ စီရင်ချက်များကို ဆုံးဖြတ် နိုင်သော အယူခံမှု စီရင်ပိုင်ခွင့်အာဏာရှိသည်။ ထို့အပြင် အခြား တရားရုံးများက ချမှတ်သော စီရင်ချက်များကိုလည်း ဥပဒေနှင့် အညီ စစ်ဆေးဆုံးဖြတ်နိုင်သော အယူခံမှု စီရင်ပိုင်ခွင့်အာဏာ ရှိသည်၊

ပြည်ထောင်စုတရားစီရင်ရေးဥပဒေအရ ပြည်ထောင်စုတရားလွှတ်တော် ချုပ်၏ အယူခံမှုစီရင်ပိုင်ခွင့်အာဏာနှင့်စပ်လျဉ်းသည် ပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

ပုဒ်မ၁၂။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ အခြားဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖြစ်စေ မဆန့်ကျင်စေဘဲ-

(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မူလစီရင်ပိုင်ခွင့် အာဏာကို ကျင့်သုံး၍ ချမှတ်သော စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်ကို အယူခံမှု စီရင်ပိုင်ခွင့်အာဏာ ရှိသည်။ 

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် က ချမှတ်သော  စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်ကို အယူခံမှု စီရင်ပိုင်ခွင့်အာဏာ ရှိသည်။ 

(ဂ) အခြားတရားရုံးက ချမှတ်သော စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်ကို ဥပဒေနှင့်အညီ စစ်ဆေးဆုံးဖြတ် နိုင်သော အယူခံမှု စီရင်ပိုင်ခွင့်အာဏာရှိသည်။  

ပုဒ်မ၁၄။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် သေဒဏ်အမိန့်ကို အတည်ပြုမှုနှင့် သေဒဏ်အမိန့်ကို အယူခံမှုများအား စီရင်ပိုင်ခွင့်အာဏာ ရှိသည်။ 

ပုဒ်မ၁၈။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ချက်များသည် အမှု အားလုံးတွင် အပြီးအပြတ်ဖြစ်၍ အယူခံဝင်ခွင့် မရှိစေရ။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က မိမိ မူလစီရင်ပိုင်ခွင့် အာဏာကိုကျင့်သုံး၍ ချမှတ်သည့် စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်ကိုမူ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)ပါ အယူခံပိုင်ခွင့် မဆုံးရှုံးစေရန် အလို့ငှာ အယူခံခွင့် ရှိသည်။"

ပုဒ်မ၂၂။  (က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည့် အားလျော်စွာ နောက်ဆုံးအပြီး အပြတ် အယူခံဝင်ရာ တရားရုံး ဖြစ်သည်။ 

 (ခ) ပြည်ထောင်စုတရားသူကြီးချုပ် ပါဝင်သော ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ စီရင်ချက်များသည် အမှု အားလုံး တွင် အပြီးအပြတ်ဖြစ်၍ အယူခံဝင်ခွင့် မရှိစေရ။ 

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များ
=================================

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၃၀၆၊ ပုဒ်မခွဲ (ခ) နှင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ (ခ) တို့တွင်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များတွင် ဥပဒေနှင့်အညီ အယူခံမှုကို စီရင်ပိုင်ခွင့်အာဏာရှိကြောင်း ပြဋ္ဌာန်းထားပါသည်။ 

ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၃၉ တွင် တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်တရားလွှတ်တော်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံး သို့မဟုတ် ခရိုင်တရားရုံးက ချမှတ်သော စီရင်ချက်၊ ဒီကရီ၊ အမိန့်ကို ဥပဒေနှင့်အညီ အယူခံမှု စီရင်ပိုင်ခွင့်အာဏာရှိကြောင်း ပြဋ္ဌာန်းထားပါသည်။

(ဂ) ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ
=================================

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ  ၃၁၅ တွင်  ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတရားရုံးများသည် ဥပဒေနှင့်အညီ အယူခံမှုများကို စီရင်ပိုင်ခွင့် အာဏာရှိကြောင်း ပြဋ္ဌာန်းထားပါသည်။ 

ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၅၄ တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး နှင့် ခရိုင်တရားရုံးများသည် မြို့နယ်တရားရုံးနှင့် ဥပဒေအရ တည်ထောင်သော အခြားတရားရုံးက ချမှတ်သော စီရင်ချက်၊ ဒီကရီ၊ အမိန့်ကို ဥပဒေနှင့်အညီ အယူခံမှု စီရင်ပိုင်ခွင့်အာဏာရှိကြောင်း ပြဋ္ဌာန်းထားပါသည်။ 

--------

ဥပဒေပြဋ္ဌာန်းထားမှသာ အယူခံဝင်ခွင့် ရရှိခြင်း
××××××××××××××××××××××××××

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၄ တွင် အောက်ပါအတိုင်းပြဋ္ဌာန်းထား ပါသည်။ 
"No appeal shall lies from any judgment or order of a criminal Court except as provided for by this Code or by any other law for the time being in force."
"ဤကျင့်ထုံးဥပဒေတွင်ဖြစ်စေ၊ အခြားတည်ဆဲဥပဒေ တစ်ရပ်ရပ်တွင်ဖြစ် စေ ပြဋ္ဌာန်းပါရှိချက်မှတစ်ပါး ပြစ်မှုဆိုင်ရာ တရားရုံးက ချမှတ်သည့် စီရင် ချက် သို့မဟုတ် အမိန့် တစ်စုံတစ်ရာကို အယူခံခွင့် မရှိစေရ။"}

THE RANGOON BOTATOUNG COMPANY, LIMITED v. THE COLLECTOR, RANGOON ( ၁၉၁၁-၁၂၊ အောက်မြန်မာပြည် စီရင်ထုံးများ၊ အတွဲ-၆၊ စာ - ၁၅၀) အမှုတွင် #"An appeal does not exist in the nature of things …." ဟု ညွှန်ပြပါသည်။ 

သည်ဘားမားအွိုင်းကုမ္ပဏီ လီမိတက်ပါ ၂ နှင့် မစ္စတာအမ်၊ ရာမန်(၁၉၆၂၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ ရုံးချုပ်၊ စာ ၁၅၈)အမှုတွင် အောက်ပါအတိုင်းထုံးဖွဲ့ ထားပါသည်။

"အယူခံပိုင်ခွင့် ရှိ မရှိ ဆိုသည့်အချက်မှာ အက်ဥပဒေအရ ဖြစ်စေ၊ အက် ဥပဒေကဲ့သို့ အကျိုးသက်ရောက်သော နည်းဥပဒေအရဖြစ်စေ၊ အခွင့်ပြု မှသာလျှင် အယူခံပိုင်ခွင့်ရှိသည်။"

မောင်ခင်မောင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၇၀၊ မြန်မာနိုင်ငံတရားစီ ရင်ထုံး၊  စစ်ဖက်အယူခံတရားရုံး၊စာ-၁)အမှုတွင်လည်း အောက်ပါအတိုင်း ထုံးဖွဲ့ပါသည်။

"တရားရုံးတို့၏ စီရင်ပိုင်ခွင့်ကို တရားဥပဒေက အပ်နှင်းသည်။ ယင်းသို့ အပ်နှင်းသော ဥပဒေကို ကျော်လွန်၍ တရားရုံးများသည် မိမိတို့ သဘော အတိုင်း စီရင်ပိုင်ခွင့်ကို ဖန်တီးနိုင်သည် မဟုတ်။ အလားတူပင် မူလ အမှုစစ်ရုံး၏ စီရင်အမိန့်ချမှတ်ချက်တို့မှ အယူခံဝင်ခွင့်ဟူသည်မှာလည်း တရားဥပဒေက ဖန်တီးမှသာ ဖြစ်ပေါ်သော အခွင့်အရေးဖြစ်သည်။ ဥပဒေ က မပြုလုပ်ပဲ အယူခံဝင်ခွင့် မဖြစ်ပေါ်ချေ။ အယူခံ တရားရုံးသည်လည်း ဥပဒေက အပ်နှင်းသမျှသော စီရင်ပိုင်ခွင့်ကိုသာ ရသည်။ စီရင်ပိုင်ခွင့်ကို ဥပဒေက အပ်နှင်းသမျှသာရကြသဖြင့် ဥပဒေကို ကျော်လွန်၍ တရားရုံး များသည် စီရင်ပိုင်ခွင့်ကို မိမိတို့ဘာသာ ချဲ့ထွင်ဖန်တီး၍ ယူခွင့် မရှိကြ ချေ။ ထိုနည်းတူစွာပင် ဥပဒေက အပ်နှင်းသော စီရင်ပိုင်ခွင့်နှင့် တာဝန်ကို ငြင်းဆန်၍လည်း မရချေ။ ဥပဒေအတွင်း ကျရောက်သော ကိစ္စတို့ကို စစ်ဆေးစီရင်ပေးရမည်သာဖြစ်ပေသည်။ မရှိသော စီရင်ပိုင်ခွင့်ကို ယူခြင်း သည်လည်းကောင်း၊ ရှိသော စီရင်ပိုင်ခွင့်ကို မသုံးပဲ ငြင်းဆန်ခြင်းသည် လည်းကောင်း၊ ဥပဒေကို ဆန့်ကျင်ခြင်းမြောက်သည်။" 

ဦးပန်းညွန်ပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ ၂(၁၉၉၄၊ မတစ၊  စာ ၅၅)အမှုတွင် အောက်ပါအတိုင်း ညွှန်ပြပါသည်။

"ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၄ တွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေနှင့် တည်ဆဲဥပဒေတွင် ပြဋ္ဌာန်းချက်မှတစ်ပါး ပြစ်မှုဆိုင်ရာတရားရုံး ၏ စီရင်ချက် သို့မဟုတ် အမိန့်ကို အယူခံခွင့်မရှိစေရဟု ပြဋ္ဌာန်း၍ အယူခံ ခွင့်ကို တရားဥပဒေအရ သတ်မှတ်ထားသည်။"

သို့ဖြစ်ရာ ရာဇဝတ်တရားရုံးက ချမှတ်သော စီရင်ချက်  သို့မဟုတ် အမိန့် ကို အယူခံဝင်ခွင့် ရရှိရန်အတွက် ယင်းစီရင်ချက် သို့မဟုတ် အမိန့်သည် -
- ရာဇဝတ်ကျင့်ထုံးဥပဒေတွင် အယူခံဝင်ခွင့်ရှိကြောင်း ပြဋ္ဌာန်း 
        ထားရမည်။ (သို့မဟုတ်)
- အခြားတည်ဆဲဥပဒေ (အထူးဥပဒေ၊ ဒေသန္တရဥပဒေ) တစ်ရပ် ရပ်တွင် အယူခံဝင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားခြင်း ဖြစ်ရပါမည်။ 

----

အယူခံဝင်ခွင့် နှင့် အယူခံစီရင်ပိုင်ခွင့်ကို ဥပဒေအရသာ ရုပ်သိမ်းနိုင်ခြင်း
××××××××××××××××××××××××××××××××××

မောင်ခင်မောင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၇၀၊ မတစ၊ စစ်ဖက် အယူခံတရားရုံး၊ စာ -၁)အမှုတွင် အောက်ပါအတိုင်း ညွှန်ပြခဲ့ပါသည်။ 

"ဥပဒေက ပေးသော အယူခံခွင့်ကို ဥပဒေကသာ ရုပ်သိမ်းနိုင်သကဲ့သို့ ဥပဒေက အပ်နှင်းသော အယူခံတရားရုံး၏ စီရင်ပိုင်ခွင့် နှင့် တာဝန်ကို ဥပဒေကသာ ရုပ်သိမ်းနိုင်ပေသည်။"

---

သီးခြားပြဋ္ဌာန်းချက်မရှိလျှင် ရာဇဝတ်ကျင့်ထုံးဥပဒေပါ အယူခံဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာရခြင်း
×××××××××××××××××××××××××××××××××××

အယူခံခွင့်နှင့်ပတ်သက်၍ အထူးဥပဒေ၊ ဒေသန္တရဥပဒေတို့တွင် သီးခြား ပြဋ္ဌာန်းထားလျှင် ယင်းပြဋ္ဌာန်းချက်က ရာဇဝတ်ကျင့်ထုံးဥပဒေကို လွှမ်းမိုးမည်ဖြစ်သည်။ (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁ ကိုကြည့်ပါ။)

MAUNG PO LONE v. KING-EMPEROR (၁၉၂၄၊ အိန္ဒိယစီရင်ထုံးများ၊ အတွဲ ၂၊ ရန်ကုန်၊ စာ ၃၂၁)အောက်ပါအတိုင်း ထုံးဖွဲ့ပါသည်။

"The High Court has power on appeal or revision under the Criminal Procedure Code to question the judgments or order of Magistrates acting under the Upper Burma Regulation, 1887, even though under the Regulation in question no specific provision appears to have been made for either appeal or revision."
{၁၈၈၇ အထက်မြန်မာပြည် စည်းမျဉ်းဥပဒေတွင် အယူခံမှုအတွက်သော် လည်းကောင်း၊ ပြင်ဆင်မှုအတွက်သော်လည်းကောင်း သီးခြားပြဋ္ဌာန်း ထားခြင်းမရှိလျှင် ယင်းဥပဒေအရဆောင်ရွက်သောရာဇဝတ်တရားသူကြီး ၏စီရင်ချက် သို့မဟုတ် အမိန့်ကို တရားလွှတ်တော်သည် ရာဇဝတ်ကျင့် ထုံးဥပဒေအရ အယူခံမှု သို့မဟုတ် ပြင်ဆင်မှု စီရင်ပိုင်ခွင့်အာဏာရှိ သည်။}

ထို့ကြောင့် အယူခံခွင့်နှင့်ပတ်သက်၍ အထူးဥပဒေ၊ ဒေသန္တရဥပဒေ တို့တွင် သီးခြားပြဋ္ဌာန်းထားခြင်း မရှိလျှင် ရာဇဝတ်ကျင့်ထုံးဥပဒေပါ အယူခံခွင့် ဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာရမည်ဖြစ်သည်။ 

------

အယူခံဝင်နိုင်သော ဆုံးဖြတ်ချက်များ
×××××××××××××××××××××

ရာဇဝတ်ကျင့်ထုံးဥပဒေတွင် အယူခံဝင်ခွင့်ကို ပုဒ်မ ၂၅၀၊ ပုဒ်မ ၄၀၅ မှ ၄၁၈၊ ပုဒ်မ ၄၇၆-ခ၊ ပုဒ်မ ၄၈၆၊ ပုဒ်မ ၅၁၅ နှင့် ပုဒ်မ ၅၂၄ တို့တွင် ပြဋ္ဌာန်းထား ရှိပါသည်။
 
 အယူခံဝင်ခွင့်ရှိသော ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ နောက်ပိုင်းတွင် အခန်းခွဲကာ သီးခြားတင်ပြသွားမည် ဖြစ်ပါသည်။ 

---

အယူခံမဝင်နိုင်သော ဆုံးဖြတ်ချက်များ
××××××××××××××××××××××

အထက်တွင်ဖော်ပြထားသည့်အတိုင်း ရာဇဝတ်ကျင့်ထုံးဥပဒေ တွင်ဖြစ်စေ၊ အခြား တည်ဆဲဥပဒေတစ်ရပ်ရပ်တွင်ဖြစ်စေ အယူခံဝင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားခြင်း မရှိလျှင် ဆုံးဖြတ်ချက်တစ်ရပ်ကို အယူခံဝင်ခွင့် မရှိပေ။ (ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၄ တွင်ကြည့်ပါ။)

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၃ နှင့် ၄၁၄ ပြဋ္ဌာန်းချက်များအရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူက အောက်ဖော်ပြပါ ပြစ်ဒဏ်များအပေါ် အယူခံဝင်ခွင့် မရှိပေ။ 

(၁) စက်ရှင်တရားရုံးက ၃ လ ထက်မပိုသည့် ထောင်ဒဏ် သို့မဟုတ် ၂၀၀၀၀ိ/- ထက်မပိုသည့် ငွေဒဏ်သာ ချမှတ်ထားခြင်း

(၂) ခရိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် ပထမတန်း အာဏာရ ရာဇဝတ်တရားသူကြီးက ချမှတ်ထားသော ၁ လ ထက်မပိုသည့် ထောင်ဒဏ် သို့မဟုတ် ၅၀၀၀၀ိ/- ထိ ငွေဒဏ်ကိုသာ ချမှတ် ထားခြင်း 

(၃) စက်ရှင်တရားရုံး သို့မဟုတ် ခရိုင်ရာဇဝတ်တရားသူကြီး သို့မ ဟုတ် ပထမတန်းအာဏာရ ရာဇဝတ်တရားသူကြီးက ငွေဒဏ် မဆောင်သည့်အတွက် ချမှတ်သော ထောင်ဒဏ်ကိုသာ ချမှတ် ထားခြင်း။

(၄) အခွင့်အာဏာရရှိသည့် ရာဇဝတ်တရားသူကြီးတစ်ဦးက အကျဉ်း နည်းဖြင့် စစ်ဆေးရာတွင် ၁ လ ထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ၂၀၀၀၀ိ/- ထက်မပိုသော ငွေဒဏ်ကိုသာ ချမှတ်ထား ခြင်း
 
ဦးလှတင် နှင့် ဒေါ်ညို (၁၉၆၇၊ မတစ၊ ရုံးချုပ်၊ စာ ၇၆၇(၇၆၉)) အမှု တွင် ထောက်ပံ့ကြေးပမာဏကို တိုးမြှင့်ပေးရန် အယူခံဝင်ခွင့် မရှိကြောင်း အောက်ပါ အတိုင်းညွှန်ပြပါသည်။

"ပုဒ်မ ၄၈၈ အရ ထောက်ပံ့ကြေးပေးရန် ချမှတ်သည့်အမိန့်နှင့်ပတ်သက် ၍ ထောက်ပံ့ကြေးပမာဏကို တိုးမြှင့်ပေးရန် မယားလုပ်သူ၌ ပုဒ်မ ၄၀၆ (က)အရ အယူခံဝင်ခွင့် မရှိဟူ၍ ဖြစ်သည်။" 

KING-EMPEROR v.NGA TUN LU (၁၉၃၅၊ အိန္ဒိယစီရင်ထုံးများ၊ အတွဲ ၁၃၊ရန်ကုန်၊စာ ၂၈၇) အမှုတွင်  အာမခံမပေးပျက်ကွက်သည့်အတွက် ထောင်ဒဏ် ချမှတ်သည့်အမိန့် အယူခံဝင်ခွင့်မရှိကြောင်း အောက်ပါအတိုင်းညွှန်ပြပါသည်။

"There is no general provision in the Criminal Procedure Code allowing an appeal from an order of imprisonment in default of furnishing security passed under s.123 of the Code. Under s.415 a sentence which would not otherwise be subject to appeal is not appealable merely because the person affected has been ordered to furnish security to keep the peace."
{ရာဇဝတ်ကျင့်ထုံးဥပဒေ၌ ပုဒ်မ ၁၂၃ အရ အာမခံမပေးပျက်ကွက်သည့် အတွက် ထောင်ဒဏ်ချမှတ်သည့်အမိန့်ကို အယူခံဝင်နိုင်ခွင့်ရှိသည်ဟု ယေဘုယျ ပြဋ္ဌာန်းချက် တစုံတရာမရှိ။ ပုဒ်မ ၄၁၅ အရမှာ အပြစ်ပေးခံရ သူအား ငြိမ်ဝပ်စွာ နေထိုင်ရန် အာမခံတောင်းသည့်အမိန့်ချမှတ်ရုံမျှနှင့် အခြားနည်း အယူခံဝင်နိုင်ခွင့် မရှိသည့်ပြစ်ဒဏ်ကို အယူခံမဝင်စေရဟု ဆိုသည်။}

ဦးစွိုင်းနွိုက်ဉာဏ်  နှင့်  ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် (၁၉၈၃၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၁၅၅) အမှုတွင်  စွဲချက်မတင်မီလွှတ်သော အမိန့်အပေါ် အယူခံပိုင်ခွင့် မရှိကြောင်း အောက်ပါအတိုင်း ညွှန်ပြပါသည်။

"ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ အခန်း ၃၁၊ ပုဒ်မ ၄၀၄ ၌ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပါ ပြဋ္ဌာန်းချက်အရ သို့မဟုတ် အခြားတည်ဆဲဥပဒေပါ ပြဋ္ဌာန်း ချက်အရမှလွဲ၍ ပြစ်မှုဆိုင်ရာ အမှုများ စစ်ဆေးသော တရားရုံးက ချမှတ် သော စီရင်ချက် သို့မဟုတ် အမိန့်နှင့် စပ်လျဉ်း၍ အယူခံဝင်ခွင့်မရှိဟု ပြဋ္ဌာန်းထားသည်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အခန်း ၃၁ ပါ ပုဒ်မ ၄၀၅ မှ ၄၃၁ အထိတွင် စွဲချက်မတင်မီလွှတ်သည့်အမိန့်နှင့်စပ်လျဉ်း၍ အယူခံ ဝင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားခြင်းမရှိပေ။ ပြင်ဆင်မှုများနှင့်သက်ဆိုင် သော အခန်း ၃၂၊ ပုဒ်မ ၄၃၆ ၌ စွဲချက်မတင်မီလွှတ်သော အမိန့်များနှင့် စပ်လျဉ်း၍ ပြင်ဆင်မှု ဖွင့်လှစ်ဆောင်ရွက်နိုင်သည့် လုပ်ပိုင်ခွင်ကို သတ် မှတ်ပေးထားသည်။ ထို့ကြောင့် ဒေါ်ခင်မာရီက ရှမ်းပြည်နယ်တရားရုံးသို့ မြို့နယ်တရားရုံး၏ စွဲချက်မတင်မီလွှတ်သောအမိန့်ကို ပယ်ဖျက်ပေးရန် အတွက် အယူခံမှု တင်သွင်းခြင်းသည်လည်းကောင်း၊ ရှမ်းပြည်နယ်တရား ရုံးက ဒေါ်ခင်မာရီ၏ အယူခံမှုလျှောက်လွှာကို လက်ခံ၍ ထိုအယူခံမှု၌ စွဲချက်မတင်မီလွှတ်ခဲ့သည့် မြို့နယ်တရားရုံး၏ အမိန့်ကို ပယ်ဖျက်ခြင်း သည်လည်းကောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိပေ။ ပြည်နယ်တရားရုံးသည် မြို့နယ်တရားရုံး တစ်ရုံးရှိ ပြစ်မှုဆိုင်ရာ အမှုတစ်မှု၏ဆောင်ရွက်မှုတရပ်ရပ်မှာ မှားယွင်းနေ၍ ပြင် ဆင်ပေးရန် လိုအပ်သည်ဟု ယူဆပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၃၅ မှ ပုဒ် ၄၄၀ အထိပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြင်ဆင်မှု (က) ဖွင့်လှစ်ဆောင်ရွက်နိုင်ပေသည်။" 

U BA HLAING  v. BALABUX SODANI (၁၉၃၆၊ အိန္ဒိယစီရင်ထုံးများ၊ အတွဲ ၁၄ ၊ရန်ကုန်၊စာ ၆၃၃) အမှုတွင် တရားခံပြေးမှုတွင် ချမှတ်သော ပစ္စည်း စီမံခန့်ခွဲသည့်အမိန့်အပေါ် အယူခံပိုင်ခွင့်မရှိကြောင်း အောက်ပါအတိုင်း ညွှန်ပြပါ သည်။ 

"Therefore proceedings under s.512(1) of the Code are judicial proceedings which are not an inquiry.An order made at the conclusion of such proceedings for the disposal of property produced before the Court is made under the provisions of s.523 of the Code, and not under the provisions of s.517, and therefore no appeal lies against such an order."
{ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂(၁)အရ ဆောင်ရွက်မှုသည် စုံစမ်းစစ် ဆေးမှုမဟုတ် တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်မှုဖြစ်သည်။ ယင်း ဆောင်ရွက်မှု၏အဆုံး၌ ရုံးရှေ့တင်ပြသည့် ပစ္စည်းကို စီမံခန့်ခွဲသည့်အမိန့် သည် ကျင့်ထုံးပုဒ်မ ၅၂၃ အရ ချမှတ်ခြင်းဖြစ်သည်။ ပုဒ်မ ၅၁၇ အရ ပြဋ္ဌာန်းချက်အရမဟုတ်။ ထို့ကြောင့် ယင်းအမိန့်မျိုးကို အယူခံဝင်ခွင့်မရှိ။}

ဦးတစ်တူး နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ၂  (၁၉၉၅၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊စာ ၅၅) အမှုတွင်  တရားခံပြေးမှုသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ ဆောင်ရွက်ချက်ဖြစ်၍ စီရင်ချက်ချမှတ်ရန်လည်း မလိုသော ကြောင့် အယူခံခွင့်မရှိကြောင်းနှင့် ယင်းအမှုတွင် ချမှတ်သည့် သက်သေခံပစ္စည်း အပေါ် စီမံခန့်ခွဲသည့် အမိန့်ကို အယူခံခွင့် မရှိကြောင်း အောက်ပါအတိုင်း ညွှန်ပြပါ သည်။ 

"ဤစီရင်ချက်တွင် တစ်ပါတည်း မှတ်ချက်ပြုလိုသည်မှာ မူလရုံးသည် ပြစ်မှုဆိုင်ရာ အထွေထွေမှု အမှတ် ၃၀/၉၄ ၌ သက်သေခံ ကားအမှတ် ည/၃၆၇၅ ကို တရားလို ဦးတစ်တူးသို့ အယူခံရက်ကျော်က ပြန်လည် ထုတ်ပေးစေရန် ချမှတ်ခဲ့သည့်အမိန့်တွင် အယူခံရက်ကျော်က ပြန်လည် ပေးအပ်စေရန် ဆိုသော စကားရပ်များမှာ လွန်စွာ မှားယွင်းနေကြောင်း တွေ့ရှိရသည်။ တရားခံပြေးမှုတွင် အယူခံခွင့် မရှိကြောင်းကို မူလရုံး တရားသူကြီး သတိချပ်သင့်သည်။ တရားရုံးများလက်စွဲစာပိုဒ် ၅၁၃(၅) အရ တရားခံပြေးအပေါ် ပြစ်မှုကြောင့် ယုတ္တိထင်ရှား ရှိ မရှိ ကို အမှုစစ် တရားသူကြီးက ဆင်ခြင်သုံးသပ်ရန်ဖြစ်သည်ကိုလည်း မူလရုံး တရားသူ ကြီး သတိချပ်သင့်သည်။ စီရင်ချက်ရေးသားရန်လည်း မလိုချေ။

 အမှုတစ်ခုလုံးအပေါ် ခြုံ၍ စိစစ်လျှင် ပြစ်မှုဆိုင်ရာအထွေထွေမှု အမှတ် ၃၀/၉၄ သည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ အရေး ယူဆောင်ရွက်ခဲ့ခြင်းဖြစ်၍ မူလရုံးက ချမှတ်သော အမိန့်မှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၇ အရ စီမံခန့်ခွဲခြင်း မဟုတ်ချေ။ ယင်းဥပဒေပုဒ်မ ၅၂၃ အရ စီမံခန့်ခွဲခွင့်သာ ရှိပေမည်။ (ဦးဘိုကြီးနှင့် နိုင်ငံတော်အမှုကို ရည်ညွှန်းသည်။)"

----

အယူခံဝင်ရာတွင် တင်ပြခွင့်ရှိသော အချက်အလက်များ
×××××××××××××××××××××××××××××××

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၈(၁) တွင် အောက်ပါအတိုင်း ပြဋ္ဌာန်း ထားပါသည်။ 
"An appeal may lie on matter of fact as well as a matter of law, ×    ×    ×    ×   ×   ×    ×    ×      ×
×    ×    ×    ×   ×   ×    ×    ×      ×
Explanation – The alleged severity of a sentence shall, for the purposes of this section, be deemed to be a matter of law."
{အမှု အကြောင်းခြင်းရာအချက်အလက်နှင့် ဥပဒေဆိုင်ရာ အချက်အလက် များအပေါ် အယူခံနိုင်သည်။×    ×    ×    ×   . ×    ×    ×    ×   ×   ×    ×    ×      ×
×    ×    ×    ×   ×   ×    ×    ×      ×.      
ရှင်းလင်းချက်။ ပြစ်ဒဏ်ပြင်းထန်သည်ဟူသော အချက်ကို ဤပုဒ်မပါ ကိစ္စများအလို့ငှာ ဥပဒေကြောင်းဆိုင်ရာ အချက်ဖြစ်သည်ဟု မှတ်ယူရမည်။}

မျက်မှောက်ခေတ် တရားစီရင်ရေးတွင် ဂျူရီမှု စစ်ဆေးစီရင်ခြင်းမရှိသဖြင့် အထက်ဖော်ပြပါပြဋ္ဌာန်းချက်တွင် ဂျူရီလူကြီးများနှင့်သက်ဆိုင်သည့် စကားရပ်များ ကိုဖော်ပြခြင်းမပြုတော့ဘဲ ချန်လှပ်ထားခဲ့ခြင်းဖြစ်ပါသည်။
 
အထက်ဖော်ပြပါ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၈(၁)ပါ ပြဋ္ဌာန်းချက် အရ အယူခံမှုတွင် အောက်ပါအချက်အလက် ၂ ရပ်စလုံးကို တင်ပြခွင့်ရှိပါသည်။ 

(၁) အကြောင်းခြင်းရာ အချက်အလက် (matter of fact) 
(၂) ဥပဒေဆိုင်ရာ အချက်အလက် (matter of law) 

----

လေးစားစွာဖြင့်

အပိုင်း(၂) ဆက်လက်ဖော်ပြပါမည်။

ဦးထွန်းမျိုးဌေး


Saturday, September 1, 2018

စီရင်ထုံးများကပြောပြနေသည့်တရားစီရင်ရေးဆိုင်ရာ အခြေခံသဘောတရားများ

တရားရုံးများသည် ပြစ်မှုဆိုင်ရာမှုခင်းများ စစ်ဆေးကြားနာရာတွင်လည်းကောင်း၊ အဆုံးအဖြတ်ပြုရာတွင်လည်းကောင်း၊ စွပ်စွဲခံရသူအပြစ် ရှိ-မရှိ ဆန်းစစ်သုံးသပ်ရာတွင်လည်းကောင်း များစွာသတိထားကြရသည်။

ဥပဒေကြောင်းအချက်အလက်၊ အကြောင်းခြင်းရာ အချက်အလက်များအပေါ် ဆန်းစစ်သုံးသပ်ရသည်။ ဆန်းစစ်သုံးသပ်ချက်များ မှားယွင်းလျှင် မှန်ကန်သော ဆုံးဖြတ်ချက်ကို ရရှိနိုင်မည်မဟုတ်။ မှန်ကန်သော ဆုံးဖြတ်ချက်ကို မချမှတ်နိုင်က အမှုသည်များအဖို့ ကုစားမရနိုင်သော ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ရသည်။ ပြစ်မှုဟူသည် နိုင်ငံတော်နှင့်လည်း တိုက်ရိုက်သက်ဆိုင်သည်။ နိုင်ငံတော်အတွက်လည်း ထိခိုက်မှုဖြစ်စေသည်။ တရားစီရင်ရေးလမ်းကြောင်းကိုလည်း တိမ်းစောင်းယိမ်းယိုင်စေသည်။

သို့ဖြစ်ရာ တရားစီရင်ရေးလုပ်ငန်းဆောင်ရွက်ကြရာတွင် စီရင်ထုံးများကပြောပြနေသော တရားစီရင်ရေး
ဆိုင်ရာ လိုက်နာရမည့် အခြေခံသဘောတရားများနှင့် ဥပဒေက ပြဋ္ဌာန်းပေးထားသည့် တရားစီရင်ရေးဆိုင်ရာ လိုက်နာရမည့်အခြေခံမူများကို သိရှိနားလည်လိုက်နာကျင့်သုံးကြဖို့ လိုအပ်နေဦးမည်။

ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားမပြနိုင်သရွေ့ တရားခံအား အပြစ်မရှိသူဟု မှတ်ယူရခြင်း

ဤသဘောတရားမှာ ''အပြစ်ရှိသူကိုးဦး လွတ်မြောက်သွားခြင်းထက် အပြစ်မရှိသူတစ်ဦး မှားယွင်းပြစ်ဒဏ်မကျစေခြင်းက ပို၍သင့်မြတ်သည်'' ဟူသော သဘောတရားမှ ဆင်းသက်လာခြင်း ဖြစ်သည်။ တရားရုံးရှေ့သို့ရောက်ရှိလာသူ တရားခံတိုင်းကို အပြစ်ရှိသူဟူ၍ လွယ်လွယ်နှင့် မှတ်ယူခွင့်မရ။ တရားစွဲဆိုခြင်းခံရသော တရားခံအား တရားဥပဒေက အကာအကွယ်ပေးထားသော အခွင့်အရေးအားလုံး အပြည့်အဝခံစားခွင့်ရရှိအောင် ဆောင်ရွက်ပေးရန်မှာ တရားရုံးများ၏တာဝန်ဖြစ်သည်။

အာမခံပေးခြင်းသည် 'မူ'၊ အာမခံမပေးခြင်းသည် 'ခြွင်းချက်' ဖြစ်ခြင်း

အာမခံပေးရမည်ဟု ပြဋ္ဌာန်းထားသောအမှုများဖြစ်လျှင် အာမခံပေးရမည်။ မပေးဘဲနေ၍ မရ။  အာမခံမပေးနိုင်သော အမှုဖြစ်စေကာမူ တရားရုံးက ဥပဒေနှင့်အညီ သုံးသပ်၍ အာမခံပေးသင့်သည်ဟုထင်မြင်ပါက အာမခံပေးနိုင်ခွင့်ရှိသည်။ သို့မှသာ တရားခံသည် ၄င်းအပေါ် စွဲဆိုထားသည့်အမှုကို ပြည့်ပြည့်စုံစုံနှင့် လွတ်လွတ်လပ်လပ် ခုခံချေပနိုင်သည့် အခွင့်အရေးကိုရရှိမည်။ ထို့ကြောင့်ပင် အာမခံပေးခြင်းသည် 'မူ'၊ မပေးခြင်းသည် 'ခြွင်းချက်' ဟူသော အခြေခံသဘောတရားတစ်ရပ်ဖြစ်လာရသည်။

တရားမျှတမှုကို နှောင့်နှေးစွာဆောင်ရွက်ခြင်းသည် တရားမျှတမှုကို ငြင်းပယ်ရာရောက်ခြင်း

တရားမျှတမှုကို နှောင့်နှေးစွာဆောင်ရွက်ခြင်းသည် တရားမျှတမှုကို ငြင်းပယ်ရာ (မျက်ကွယ်ပြုရာ) ရောက်သည် (Justice delay is Justice denied) ဟူသော ဥပဒေဆိုရိုးစကားလည်း ရှိသည်။ တရားမျှတမှုကို နှောင့်နှေးစွာဆောင်ရွက်ခြင်းဟူသည် အကြောင်းအချက်မျိုးစုံဖြစ်နိုင်သည်။ တရားစီရင်မှုကိစ္စကို  အချိန်ဆွဲ၍ ဆောင်ရွက်ခြင်း၊ ရက်ချိန်းတစ်ချိန်းနှင့်တစ်ချိန်း ဝေးကွာစွာချိန်းဆိုခြင်း၊ အာမခံပေးသင့်သည့်အချိန်တွင်မပေးဘဲ အချိန်ကြာမြင့်မှပေးခြင်း၊ စွဲချက်တင်ရန်အထောက်အထားမရှိပါဘဲနှင့် တရားခံအားစွဲချက်တင်ပြီး ပင်ပန်းကြီးစွာ ဖြေရှင်းစေခြင်း၊ နှစ်ဖက်အမှုသည်များက အပြီးသတ်လျှောက်လဲချက်ပေးပြီးဖြစ်သော်လည်း စီရင်ချက်အမိန့်ချမှတ်ရာတွင် ကြာမြင့်နေခြင်း စသည်တို့ဖြစ်သည်။

သက်သေထူရန်တာဝန်ရှိခြင်း

ရာဇဝတ်မှုများတွင် တရားခံသည် ပြစ်မှုကျူးလွန်ခဲ့ကြောင်းကို သံသယကင်းရှင်းသည်အထိ သက်သေထူရန်တာဝန်သည် တရားလိုဘက်တွင် အစဉ်တစိုက်ကျရောက်သည်။ ဤသဘောတရားသည် အရေးပါလှသည်။ တရားလိုဘက်က စွပ်စွဲပြီးလျှင် တာဝန်ကျေပွန်ပြီးဆုံးပြီ။ စွပ်စွဲခံရသူက စွပ်စွဲသည့်အတိုင်း မဟုတ်ဟုဆိုလျှင် ခိုင်လုံစွာချေပရမည်ဟု တာဝန်ကို ပခုံးပြောင်း၍မရ။ ပြည့်စုံစွာစုံစမ်း၍ ခိုင်လုံစွာသက်သေထူရန်တာဝန်သည် ယေဘုယျအားဖြင့် တရားလိုအပေါ်တွင် တည်နေသည်။ ဤသို့မဟုတ်လျှင် မသမာသူတို့က လွယ်လွယ်စွပ်စွဲကာ အပြစ်မဲ့သောသူတို့က ခုခံချေပရခြင်းဖြင့် ပင်ပန်းဆင်းရဲရှိကြလိမ့်မည်။

တရားလိုဘက်က သက်သေထူရာတွင် ပြတ်နေသောကွင်းဆက်များရှိနေပါက ထင်မြင်ချက်ဖြင့် ဆက်၍မရနိုင်။ တရားခံဘက်ကထုချေသည့် ပျော့ကွက်ဟာကွက်ဖြင့် ဖြည့်စွက်၍ သုံးသပ်ခြင်းမပြုနိုင်။ ရာဇဝတ်မှုများတွင် တရားခံသည် အပြစ်ရှိကြောင်းသက်သေထူရန် တာဝန်မှာ တရားလိုဘက်၌ အစဉ်တစိုက်ရှိသော်လည်း တရားခံက ၎င်း၏ပြုမူချက်မှာ ရာဇသတ်ကြီးဥပဒေပါ ကင်းလွတ်ချက်တစ်ခုခုနှင့် အကျုံးဝင်သည်ဟု ထုချေလာပါက ထိုထုချေချက် ထင်ရှားအောင်သက်သေပြရန် တာဝန်သည်ကား တရားခံအပေါ်၌ ကျရောက်သွားစေသည်။

ဒိုင်လူကြီးအနေဖြင့်သာ အဆုံးအဖြတ်ပေးလျှင် တာဝန်ကျေပွန်လိမ့်မည်မဟုတ်ခြင်း

တရားစီရင်ရာတွင် မျှမျှတတဆောင်ရွက်ခြင်းဟူသည် အခြေခံသဘောတရားဖြစ်သည်။ တရားရုံးသည် အမှန်တရားဖော်ထုတ်ရန် အဓိကတာဝန်ရှိသည်။ အမှန်တရားပေါ်ပေါက်ရေးအတွက် မေးသင့်သည်များကို မေးရန်လိုသည်။ မျှမျှတတဖြစ်စေရေးအတွက် လိုအပ်လျှင် ရုံးခေါ်သက်သေများ ခေါ်ယူစစ်ဆေးပေးရမည်။ တရားဥပဒေက ခွင့်မပြုသောမေးခွန်းများကို နှစ်ဖက်အမှုသည်များကလည်းကောင်း၊ နှစ်ဖက်ရှေ့နေများကသော်လည်းကောင်း မေးမြန်းလာကြလျှင် တရားရုံးက တားမြစ်ရသည်။ တရားလို သို့မဟုတ် တရားခံတစ်ဦး၏ မတတ်ကျွမ်း မလိမ္မာမှုကြောင့် ဖြစ်ရပ်အမှန် ပျောက်ကွယ်တိမ်မြုပ်သွားခြင်းမရှိစေရပါ။ ဖြစ်ရပ်အမှန် ပေါ်လွင်ထင်ရှားလာရေး စစ်ဆေးဖော်ထုတ်ပေးရန် နှစ်ဖက်ရှေ့နေများနှင့် တရားရုံး၏ ဝတ္တရားတစ်ရပ်ဖြစ်သည်။ အမှန်တရားဖော်ထုတ်ရေးကို အဓိကမထားဘဲ ဒိုင်လူကြီးအနေဖြင့်သာ အဆုံးအဖြတ်ပေးလျှင် တရားရုံး၏တာဝန်ကျေပွန်လိမ့်မည်မဟုတ်ပါ။

တရားရုံး၏ရှေ့မှောက်တွင်ထွက်ဆိုသောသက်သေခံချက်များအပေါ်မူတည်၍ ဆုံးဖြတ်ရခြင်း

အမှုများစစ်ဆေးစီရင်ရာတွင် တရားခံ၏ရှေ့မှောက်၌ သက်သေခံချက်ယူရသည်။ တရားလိုဘက်၏ အဓိကထွက်ဆိုချက်အပေါ် တရားခံက ပြန်လှန်စစ်မေးခွင့်ရသည်။ တရားလိုဘက်က ပြန်ရှင်းမေးမြန်းဖို့ရှိလျှင် ပြန်ရှင်းမေးမြန်းသည်။ တရားရုံးက မေးရန်လိုအပ်လျှင်ရုံးမေးအနေဖြင့် မေးမြန်းသည်။ တရားခံဘက်ကို စစ်ဆေးသည့်အခါတွင်လည်း တရားခံဘက်၏ အဓိကထွက်ဆိုချက်များအပေါ် တရားလိုဘက်က ပြန်လှန်စစ်မေးခွင့်ရသည်။ တရားခံဘက်က ပြန်ရှင်းမေးမြန်းဖို့ ရှိလျှင် ပြန်ရှင်းမေးမြန်းသည်။ တရားရုံးက မေးရန်လိုအပ်လျှင် ရုံးမေးအနေဖြင့် မေးသည်။ ဤနည်းဖြင့် တရားမျှတမှုရှိစေရန် ဆောင်ရွက်ရသည်။ ဤနည်းအားဖြင့် ရယူသော သက်သေခံချက်များသည် သက်သေခံအက်ဥပဒေအရ သက်သေခံအဖြစ် လက်ခံနိုင်သော စပ်ဆိုင်
သော အကြောင်းအရာများဖြစ်စေရသည်။ ဤသို့ တရားရုံး၏ ရှေ့မှောက်တွင် ထွက်ဆိုသော သက်သေခံချက်များအပေါ် ချိန်ဆ၍ တရားခံအားအပြစ်ရှိ-မရှိဆုံးဖြတ်ရသည်။ ပြင်ပ၌ ကြားသိနေရသည့် အမှုမှန်သည် မှားသည်ဆိုသော အကြောင်းအချက်များကို ထည့်သွင်းမစဉ်းစားရ။ ထည့်သွင်းစဉ်းစားလျှင် ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ အဂတိတရား မကောင်းတော့ပေ။

သံသယအကျိုးပေါ်ပေါက်ပါက တရားခံအားခံစားခွင့်ပေးရခြင်း

တရားခံပြစ်မှု ကျူးလွန်ကြောင်းကို သံသယကင်းရှင်းသည်အထိ သက်သေထင်ရှားပြရန် တရားလိုဘက်တွင် တာဝန်ရှိသည်။ အကယ်၍တရားလိုဘက်မှ သက်သေထင်ရှားပြရာတွင် တရားခံသည် ပြစ်မှုကျူးလွန်သူတစ်ဦး ဖြစ်မှဖြစ်ပါ့မလားဟူ၍ သံသယပေါ်ပေါက်လာပါက ထိုသံသယ၏အကျိုးကို တရားခံအား ခံစားခွင့်ပေး၍ အမှုမှအပြီးအပြတ်လွှတ်ရသော အခြေခံသဘောတရားတစ်ရပ်လည်းရှိသည်။

သို့ရာတွင် ထို 'သံသယ' ဆိုသည့်စကားရပ်ကို ဆောင်ပုဒ်သဖွယ်မသုံးဘဲ အမှုတွင် ပေါ်ပေါက်လာသော သက်သေခံအကြောင်းအချက်တို့ကို ချိန်ဆရသည်။ အမှန်တရားကို  ရှာဖွေရာတွင် အထောက်အကူဖြစ်စေသော လမ်းညွှန်တစ်ရပ်သဖွယ်သာဖြစ်စေရသည်။ သံသယသည် လွယ်လွယ်ဖြစ်တတ်သော သံသယမဟုတ်ရ။ မည်သည့်အခါမျိုး၌မဆို ဒွိဟဖုံးတတ်သော စိတ်တွင်ဖြစ်ပေါ်သည့် သံသယလည်းမဖြစ်စေရ။ ဖြစ်တတ်သောသဘာဝနှင့် နှိုင်းယှဉ်၍ ဖြစ်ပေါ်သင့်သည့်သံသယမျိုးသာဖြစ်စေရသည်။

ရာဇဝတ်မှုကျူးလွန်သည်ဟူ၍ ထင်ကြေးဖြင့်မဆုံးဖြတ်ရခြင်း

'သံသယ၏အကျိုးကို တရားခံအားပေးရမည်' ဟုဆိုသည့်အစား ထင်ကြေးဖြင့် အပြစ်မပေးသင့်။ ခိုင်လုံသောအထောက်အထားပြည့်စုံမှသာ အပြစ်ပေးရမည်ဆိုလျှင် တွေးခေါ်ယူဆပုံ ပိုမိုရှင်းလင်းမည်ဟူသော အခြေခံမူ သဘောတရားတစ်ရပ်လည်းရှိသည်။ တရားခံတစ်ဦးအပေါ် ပြစ်မှုကျူးလွန်ကြောင်း ကွင်းဆက်မပြတ် ခိုင်လုံသောသက်သေခံချက်အထောက်အထားရှိမှသာ အပြစ်ပေးရန်ဖြစ်သည်။ ထင်ကြေးဖြင့်ဖြစ်စေ၊ အစွဲအလမ်းဖြင့်ဖြစ်စေ အပြစ်ပေးခြင်းမျိုးမပြုရ။

ကောက်ချက်နှစ်မျိုးယူနိုင်သည့်ကိစ္စမျိုးတွင် တရားခံဘက်သို့ သက်ညှာသည့်ကောက်ချက်ကို လက်ခံရခြင်း

တရားခံတစ်ဦးသည် စွဲဆိုထားသော ပြစ်မှုကိုကျူးလွန်သည်ဟူ၍ ကောက်ယူနိုင်သည့် အထောက်အထားများရှိနေသည်။ တစ်ဖက်တွင်လည်း တရားခံသည် စွဲဆိုထားသောပြစ်မှုကို ကျူးလွန်ရန်အကြောင်းမရှိဟု ကောက်ယူနိုင်လောက်သည့် သက်သေခံချက်များရှိနေသည်။ ဤသို့ နှစ်မျိုးကောက်ယူနိုင်လျှင် တရားခံဘက်သို့ သက်ညှာသည့်ကောက်ချက်ကို လက်ခံ၍ဆုံးဖြတ်ခြင်းသည် မျှတသည်။

မမှန်ရာကိုပယ်၍ မှန်ရာကိုယူရခြင်း


သက်သေခံချက်ကို စိစစ်ချိန်ဆရာ၌ ဆန်မှဆန်ကွဲကို ရွေးချယ်ခွဲခြားသကဲ့သို့ အမှန်ဖြစ်တန်ရာသော စကားနှင့် မမှန်ဖြစ်တန်ရာသော စကားတို့ကို ခွဲခြားကာ မမှန်ရာကိုပယ်၍ မှန်ရာကိုယူနိုင်သည်။ အားလုံးကို ယူလိုယူ၊ မယူလိုက အားလုံးကိုပယ်ရမည်မဟုတ်ချေ။ အမှန်အမှားကို ခွဲခြား၍ ချိန်ဆရခြင်းသည်ပင် တရားရုံး၏ အဓိကတာဝန်တစ်ရပ်ဖြစ်သည်။

ဤသည်တို့ကား စီရင်ထုံးများကပြောပြနေသော တရားစီရင်ရေးဆိုင်ရာ အခြေခံသဘောတရားများ (အချို့) ဖြစ်သည်။

တရားစီရင်ရာတွင် အခြေခံရမည့်မူများ

တရားစီရင်ရာတွင် အခြေခံ၍စီရင်ရမည့် တရားစီရင်ရေးဆိုင်ရာမူများကို ဤသို့သတ်မှတ်ထားသည်။

(က) ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေး၊

(ခ) ဥပဒေအရ ကန့်သတ်ချက်များအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊

(ဂ) အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေး၊

(ဃ) ပြည်သူတို့၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်၍ တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေး တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေရေး၊

(င)ဥပဒေကို ပြည်သူများက နားလည်လိုက်နာကျင့်သုံးလာစေရန် ပညာပေးရေးနှင့် ပြည်သူများက ဥပဒေကို လိုက်နာသောအလေ့အကျင့် ပျိုးထောင်ပေးရေး၊

(စ) ပြည်သူအချင်းချင်းနှင့်ပတ်သက်သော အမှုကိစ္စများကို ဥပဒေဘောင်အတွင်း၌ ကျေအေးပြီးပြတ်စေရေး၊

(ဆ) ပြစ်မှုကျူးလွန်သူကို အရေးယူအပြစ်ပေးရာတွင် အကျင့်စာရိတ္တပြုပြင်မှုကို ဦးတည်ရေး။

ဤသည်မှာ တရားစီရင်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသော တရားစီရင်ရေးဆိုင်ရာ အခြေခံမူများဖြစ်သည်။

စီရင်ထုံးများလာ အခြေခံသဘောတရားများနှင့်
ဥပဒေပါအခြေခံမူ

စီရင်ထုံးများကပြောပြနေသော တရားစီရင်ရေးဆိုင်ရာ အခြေခံသဘောတရားများသည် တရားစီရင်ရေး
လုပ်ငန်းဆောင်ရွက်ကြရာတွင် ကြုံတွေ့လာရသည့် မှုခင်းထွေထွေ၊ ဖြစ်ရပ်အခြေအနေအရပ်ရပ်အပေါ် ဆင်ခြင်သုံးသပ်၍ အဆုံးအဖြတ်ပေးရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဤသို့သောသဘောတရားများကို အခြေခံ၍ သုံးသပ်ဆုံးဖြတ်ကြခြင်းဖြင့် တရားစီရင်မှု မျှမျှတတဖြစ်စေခြင်းကို ညွှန်ပြနေသည်။ တရားစီရင်ရေးမဏ္ဍိုင် မယိမ်းမယိုင်ခိုင်မာစေခြင်းကို ဖော်ညွှန်းနေ
သည်။ တရားစီရင်ရေးစနစ် အားကောင်းစေခြင်းကို မြင်သာထင်ရှားနေသည်။ ဤသည်မှာ တရားစီရင်ရေး၏ သွင်ပြင်လက္ခဏာဖြစ်သည်ဟု ဆိုနိုင်ပါမည်။

တရားစီရင်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသော တရားစီရင်ရေးဆိုင်ရာ အခြေခံမူများသည် ဥပဒေနှင့်အညီ လွတ်လပ်စွာ၊ တရားမျှတစွာနှင့် ပြည်သူတို့၏အကျိုးစီးပွားကို ဦးတည်ကာ တရားစီရင်မှုလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်သည်ဆိုသည့်အဓိပ္ပာယ်ကို ဆောင်နေသည်။ ဤသည်မှာ တရားစီရင်ရေး၏ အခြေခံအဆောက်အအုံဖြစ်သည်ဟု ဆိုနိုင်ပါမည်။

အပိုမပါ၊ ပမာတင်စား၊ စကားအရာ ဆိုရရှာသော်၊ ဥပဒေပါ တရားစီရင်ရေးဆိုင်ရာ အခြေခံ 'မူ' များမှာ အခြေခံအုတ်မြစ်အသွင်၊ ကွန်ကရစ်တိုင်ကြီးများ အလားပမာတူလှပါ၏။ စီရင်ထုံးများလာ တရားစီရင်ရေးဆိုင်ရာ အခြေခံ 'သဘောတရား' များမှာကား တုတ်၊ ယောက်၊ ဒိုင်း၊ မြား၊ အမိုးအကာများနှင့် မခြားနား အလားပမာတူလှပါ၏။

တရားစွဲအဖွဲ့အစည်းများမှအစ တရားသူကြီးများအလယ် ရှေ့နေရှေ့ရပ်များအဆုံး တရားစီရင်မှုတစ်ခုလုံးတွင် ပါဝင်ပတ်သက်ဆက်နွှယ်သမျှ တာဝန်ရှိသူအားလုံးက တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုအစုစုကို အစဉ်ရှေးရှု အလေးဂရုပြုကြရပါမည်။ တရားစီရင်ရေးအခြေခံမူနှင့် အခြေခံသဘောတရားများကို ထာဝစဉ်နှလုံးသွင်းဆင်ခြင်လျက် ကိုယ်စီအသိနှင့် အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရပါမည်။

ဤသို့ဖြင့် အဂတိကင်းစင်သည့် တရားစီရင်ရေးမဏ္ဍိုင် မယိမ်းမယိုင်ကျောက်စာတိုင်ပမာ အစဉ်ထာဝရ တည်တံ့ခိုင်မာမှုရှိမည်ဖြစ်ပါသည်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တည်ကြည်မှန်ကန်ခြင်းတို့ဖြင့် လောကကောင်းကျိုးကို တရားနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်သည်။

တရားစီရင်ရေးဆိုင်ရာ အခြေခံ 'မူ' များ ထည်ဝါဝံ့ကြွား၊ မားမားမတ်မတ်ရှိနေနိုင်ပါစေ။

တရားစီရင်ရေးဆိုင်ရာ အခြေခံ 'သဘောတရား' များ ဖွံ့ဖြိုးရှင်သန် လန်းလန်းဆန်းဆန်း ရှိနေနိုင်ပါစေ။

အကိုးအကားပြုသောစီရင်ထုံးများ

(၁) ရန်ကုန် အတွဲ ၁၄၊ စာ ၆၆၆။

(၂) ၁၉၆၄ ခုနှစ်၊ မတစ၊ စာ ၈၇၆။

(၃) ၁၉၆၆ ခုနှစ်၊ မတစ၊ ၆၃၄။

(၄) ၁၉၆ဝ ခုနှစ်၊ မတစ၊ ၁၉၂။

(၅) ၁၉၆၆ ခုနှစ်၊ စာ ၁၂၉။

(၆) ၁၉၆၆ ခုနှစ်၊ စာ ၉၇။

(၇) အထူးရာဇဝတ်ရုံး အယူခံအဖွဲ့စီရင်ထုံးများ (၁၉၆၅-၁၉၇ဝ)၊ စာ ၃၃၊ ၄၈၊ ၉၄၊ ၂၅၂၊ ၂၉၂၊ ၃၁၂၊ ၃၁၉ နှင့် ၃၂၂။


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...