Sunday, February 14, 2016

အာမခံ (သို့မဟုတ်) ခံဝန်ချုပ်သည်ဆိုရာဝယ်


အာမခံ (သို့မဟုတ်) ခံဝန်ချုပ်သည်ဆိုရာဝယ်

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

TUN  MYO  HTAY



 စွပ်စွဲခံရသူတစ်ဦးအား  တရားရုံးသို့ တရားစွဲတင်ပို့ခြင်းမပြုမီ ရဲအရာရှိက စုံစမ်းထောက်လှမ်းနေစဉ်ကာလအတွင်း သို့မဟုတ် တရားရုံးရှေ့ မှုခင်းကိစ္စတစ်ရပ်ရပ် ပြုလုပ်ဆောင်ရွက်နေစဉ်ကာလအတွင်း အာမခံဖြင့်လွှတ်ထားသည့်အခါ ထိုစွပ်စွဲခံရ သူအား ခံဝန်ချုပ်ဆိုရပါသည်။ အကယ်၍ စွပ်စွဲခံရသူမှာ အရွယ်မရောက်သေးသူ တစ်ဦးဖြစ်နေပါက ကျင်ထုံးပုဒ်မ ၅၁၄ခ နှင့် တရားရုံးများလက်စွဲအပိုဒ် ၅၂၀အရ ၄င်းကို ခံဝန်ချုပ်ဆိုမည့်အစား အာမခံသူတစ်ဦး သို့မဟုတ် အများက ချုပ်ဆိုသော ခံဝန်ကို ချုပ်ဆိုရပါသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၉၉ တွင် အောက်ပါအတိုင်းပြဌာန်းထားပါသည်။

မည်သူ့ကိုမဆို အာမခံဖြင့်  သို့မဟုတ် သူ၏ ကိုယ်တိုင်ခံဝန်ချုပ်ဖြင့် မလွှတ်မီ သက်ဆိုင်ရာ ရဲအရာရှိ၊ သို့မဟုတ် တရားရုံးက လုံလောက် သည်ဟုထင်မြင်သည့် ငွေကြေးပမာဏအတွက် ခံဝန်ချုပ်တစ်ခုကို အဆိုပါ သူအားလည်းကောင်း၊ ထိုသူအား အာမခံဖြင့်လွှတ်သောအခါ ခံဝန်ချုပ်၌ ဖော်ပြထားသော အချိန် နှင့် နေရာတွင် ထိုသူ လာရောက်စေပါမည်။ ထို့ပြင် သက်ဆိုင်ရာ ရဲအရာရှိ သို့မဟုတ် တရားရုံးက အခြားနည်း မညွှန်ကြားသေး သမျှ ထိုကဲ့သို့ ဆက်လက်လာရောက်စေပါမည်ဟု တာဝန်ယူသည့် တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော လုံလောက်သည့်အာမခံသူများအား လည်း ကောင်းချုပ်ဆိုစေရမည်။

 ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၅၀၀(၁)အရ ခံဝန်ချုပ်ကို ချုပ်ဆိုပြီးလျှင်ပြီး ချင်း ရောက်ရှိရန် ခံဝန်ချုပ်ဆိုပေးရသူကို လွှတ်ရမည်။ ထိုသူသည် အကျဉ်းထောင်၌ရှိ နေပါက အာမခံခွင့်ပြုသောတရားရုံးက ထိုသူအားလွှတ်ရန် အကျဉ်းထောင်တာဝန်ခံ အရာရှိထံ အမိန့်တစ်ရပ်ထုတ်ဆင့်ရမည်။ အဆိုပါအရာရှိသည် တရားရုံး၏အမိန့်ကိုရရှိ သောအခါ ထိုသူကိုလွှတ်ရမည်ဖြစ်ပါသည်။

++++++++++++++++++++++++++

အာမခံတောင်းဆိုသော ငွေအရေအတွက်သည် မများလွန်းစေရ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၉၈(၂)တွင် ဤအခန်းအရ ချုပ်ဆိုသော ခံဝန်ချုပ်တိုင်း၏ငွေအရေအတွက်သည် အခြေအနေအရမများလွန်းစေရ ဟု ကန့်သတ် ထားပါသည်။

++++++++++++++++++++++++++

အာမခံအတွက် ပိုင်ဆိုင်မှုအထောက်အထားများတောင်းခံရန်မလိုအပ်ခြင်း။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အာမခံကိစ္စသည် Personal Bond သာ ဖြစ်ပါသည်။ ပုဂ္ဂလိကချုပ်ဆိုတဲ့ ခံဝန်များသာလျှင်ဖြစ်ပြီး ခံဝန်ဖောက်ဖျက်လျှင်လည်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၁၄ အရ ဆိုင်ရာ ပုဂ္ဂိုလ်တွေအပေါ်တွင်သာ အရေးယူ၍ရသောခံဝန်မျိုးဖြစ်ပါသည်။
အာမခံသည့်သူသည် ခံဝန်ချုပ်ကို လျော်နိုင်လောက်တဲ့ အခြေအနေရှိမရှိကို တရားရုံးက စိစစ်ဖို့ လိုအပ်သည်မှာမှန်သော်လည်း အာမခံသူတွင် အာမခံပစ္စည်းများ တကယ်ရှိမရှိ စိစစ်ရန် မလိုအပ်ပါ။ အာမခံသူတင်ပြသော ပစ္စည်းများသည် အပေါင် ပေးသွင်းမှုပြုခြင်း မဟုတ်၍ဖြစ်ပါသည်။

အိမ်ခြေရာခြေရှိကြောင်း ရပ်ကွက်ကထောက်ခံပြီး ထိုသူ ပေးလျော်နိုင် လောက်သည့်အခြေအနေ တွေ့ရှိရလျှင် အာမခံကိုလက်ခံရန် လုံလောက်ပြီဖြစ်ပါ သည်။  ယုတ်စွအဆုံး အိမ်ခွန်၊ မြေခွန်ဆောင်ထားသော အခွန်ပြေစာလေးယူလာပြီး ကျနော့်မှာအိမ်ရှိပါတယ်ဟု ပြနိုင်လျှင်ပင် ခံဝန်ချုပ်ဆိုရန် လုံလောက်ပြီဖြစ်ပါသည်။

အကယ်၍ တရားခံထွက်ပြေးလျှင် အာမခံသူတင်ပြလာသည့် သူပိုင် မရွှေ့ မပြောင်းနိုင်သော ပစ္စည်းကို ကျင့်ထုံးပုဒ်မ ၅၁၄ အရ အရေးယူခွင့်မရှိပါ။ ကျင့်ထုံးပုဒ်မ ၅၁၄ အရ အရေးယူခွင့်ရှိသောပစ္စည်းမှာ ရွှေ့ပြောင်းနိုင်သောပစ္စည်းသာဖြစ်ပါသည်။ အာမခံတဲ့လူတွင် လျော်နိုင်လောက်တဲ့အနေအထားရှိမရှိကို  တီးခေါက်ကြည့်ခြင်းသာ ဖြစ်ပါသည်။

(ကျမ်းကိုး- ဆရာဦးမြ၊ တရားရေးဝန်ထမ်းများအရည်အသွေးမြင့်သင်တန်း ပို့ချချက်များ၊ စာ-၁၅၄၊၁၅၅၊၁၅၆)

အာမခံသူများတွင် မရွှေ့မပြောင်းနိုင်သောပစ္စည်းများရှိကြောင်း အာမခံ ခံဝန်ချုပ်ကျောဘက်တွင် ဖော်ပြလေ့ရှိသည်။ အမှန်တော့ လိုအပ်သည်မဟုတ်။ ၄င်း ပစ္စည်းများကို အာမခံသွင်းခြင်းမဟုတ်၊ ဟုတ်ပါမူ ခံဝန်ချုပ်ကို မှတ်ပုံတင်ရပေလိမ့် မည်။ ခံဝန်ချုပ်ကို တံဆိပ်ခေါင်းခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပေးထားသော် လည်း (တရားရုံးများလက်စွဲစာပိုဒ်  ၁၀၁ကိုကြည့်ပါ) မရွှေ့မပြောင်းနိုင်သောပစ္စည်းကို အာမခံအဖြစ်ပေးသွင်းပါက စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေ ပုဒ်မ ၁၇(၁)(ခ)အရ မှတ်ပုံတင်ရမည်ဖြစ်သည်။( ဦးမြ ၊ သောင်းပြောင်းထွေလာဥပဒေ ပြဿနာအမှတ် - ၆ ၊ စာ - ၁၆၃ )

ခံဝန်ချုပ်အစား အာမခံငွေ တင်သွင်းစေရန်ခွင့်ပြုနိုင်ခြင်း။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၁၃ အရ တရားခံတစ်ဦးကို အာမခံခွင့်ပြု သည့်အခါ ခံဝန်ချုပ်ဆိုစေမည့်အစား တရားရုံးက သတ်မှတ်သည့်အရေအတွက်ရှိ သောငွေတစ်ရပ်ကိုဖြစ်စေ၊ အစိုးရငွေပေးကတိစာချုပ်ကိုဖြစ်စေ တင်သွင်းစေရန် ခွင့်ပြု နိုင်ပါသည်။
တရားရုံးများလက်စွဲအပိုဒ် ၅၁၉ တွင် ခံဝန်ချုပ်ကို ချုပ်ဆိုစေမည့်အစား တရားရုံးသည် မည်သည့်အမှုတွင်မဆို မိမိသတ်မှတ်သည့် ငွေအရေအတွက်ရှိ ငွေကို ဖြစ်စေ၊ အစိုးရ ငွေချေးသက်သေခံလက်မှတ်များကိုဖြစ်စေ တင်သွင်းစေရန်ခွင့်ပြုနိုင် သည်ဟု ဖော်ပြထားပါသည်။

++++++++++++++++++++++++++

အာမခံမလုံလောက်သောအခါ လုံလောက်သောအာမခံပေးရန် အမိန့်ချမှတ်နိုင်သည့် အာဏာ

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၀၁ အရ  မှားယွင်းမှု၊ လိမ်လည်မှု သို့မ
ဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် မလုံလောက်သောအာမခံသူများကို လက်ခံ ထားပြီးဖြစ်လျှင် သို့မဟုတ် ထိုအာမခံသူများသည် နောက်ပိုင်းတွင် မလုံလောက်ဖြစ် လာလျှင် တရားရုံးသည် အာမခံဖြင့်လွှတ်ထားသူကို ရှေ့သို့ ခေါ်ဆောင်လာရန် ညွှန်ကြားချက်ဖြင့် လူဖမ်းဝရမ်းတစ်စောင် ထုတ်ပေးနိုင်သည်။ ထို့ပြင် ထိုသူကို လုံလောက်သောအာမခံသူများရှာပေးရန် အမိန့်ချမှတ်နိုင်သည်။  ထိုသူက ညွှန်ကြား ချက်အတိုင်းဆောင်ရွက်ရန်ပျက်ကွက်ခဲ့သော် ၄င်းအားအကျဉ်းထောင်သို့ပို့နိုင်ပါသည်။

ခံဝန်အသစ်ချုပ်ဆိုရန် တောင်းဆိုနိုင်သည့်အာဏာ

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
 ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၁၄က အရ အောက်ပါအခြေအနေ (၃)ရပ် တွင် အာမခံအသစ်တင်သွင်းရန် ဆင့်ဆိုနိုင်ပါသည်။
 (၁)  အာမခံသူသည် လူမွဲအဖြစ် ခံယူသွားခြင်း
 (၂) အာမခံသူ သေဆုံးခြင်း
 (၃) ကျင့်ထုံးပုဒ်မ ၅၁၄ ပါ ပြဌာန်းချက်များအရ ခံဝန်ချုပ်ကို သိမ်းယူခြင်း

++++++++++++++++++++++++++

ရုံးပြောင်းသည့်အခါ ခံဝန်ချုပ်အသစ်တစ်ရပ် ပြန်လည်ပြုလုပ်ရခြင်း

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 ရုံးရှေ့သို့ တရားခံလာရောက်ရန်အတွက် ခံဝန်ချုပ်ချုပ်ဆိုထားခြင်းဖြစ်လျှင် အမှုကို အခြားတရားရုံး တစ်ရုံးရုံးသို့ လွှဲပြောင်းသည့်အခါ မူလချုပ်ထားသည့် ခံဝန်ချုပ်မှာ အကျိုးသက်ရောက်ပြီးဖြစ်သည့်အတွက် ခံဝန်ချုပ်တာဝန်မှ ခံဝန်သူများ သည်ကင်းလွတ်သွားပါသည်။ ခံဝန်ချုပ်ဆိုထားသည့် ရုံးရှေ့ဖြစ်စေ၊ လွှဲပြောင်းပေးခြင်း ခံရသည့် ရုံးရှေ့ဖြစ်စေ တရားခံမလာသည့်အကြောင်းကြောင့် ခံဝန်ချုပ်အရ အရေးယူ ၍ မရတော့ပါ။  မောင်ငယ် နှင့် အစိုးရ (အတွဲ - ၂ ၊ ရန်ကုန်၊ စာ ၅၈၁) တွင် ကြည့်ပါ။

 တရားရုံးများလက်စွဲအပိုဒ် ၅၂၁(၂)တွင် ခံဝန်ချုပ်ကို ကျနသေချာစွာ အဓိပ္ပါယ်ကောက်ယူရမည်။ ထို့ပြင် အမှုကို လွှဲပြောင်းပေးလိုက်သည့် တရားရုံးသို့ လာရောက်ခြင်း မရှိသည့်အချက်၌ ထိုတရားရုံးသို့ လာရောက်ရန်တာဝန်ကို ထိုခံဝန်ချုပ်တွင် သီးခြားဖော်ပြထားခြင်းမရှိလျှင် ခံဝန်ချုပ်ပါငွေကို ဘဏ္ဍာတော် အဖြစ် သိမ်းယူခြင်းမပြုနိုင်။ သို့ဖြစ်၍ အမှုတခုခုကို လွှဲပြောင်းလိုက်သောအခါ တရားခံမှာ ခံဝန်နှင့်ရှိနေလျှင် အမှုကိုလွှဲပြောင်းလိုက်သော တရားရုံးသို့လာရောက်စေရန် ခံဝန်ချုပ် အသစ်တစ်ရပ်ကို သာမန်အားဖြင့် ၄င်း တရားခံထံမှ ရယူရမည် ဟု ဖော်ပြထားပါ သည်။  ထို့ကြောင့် ရုံးပြောင်းသည့်အခါ ခံဝန်ချုပ်အသစ်ကိုထပ်မံချုပ်ဆိုရန်လိုအပ်မည် ဖြစ်ပါသည်။

++++++++++++++++++++++++++

အာမခံသူက အာမခံကိုပြန်လည်ရုပ်သိမ်းခြင်း။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၀၂(၁)အရ အာမခံပေးထားသူ အားလုံးက ဖြစ်စေ၊ တစ်ဦးတစ်ယောက်ကဖြစ်စေ ခံဝန်ချုပ်ကိုဖျက်သိမ်းပေးရန် လျှောက်ထားနိုင် ပါသည်။ ယင်းသို့လျှောက်ထားလာသည့်အခါ တရားခံ ရုံးရှေ့မရှိပါက တရားခံကို ရုံးရှေ့ခေါ်လာစေရန် ကျင့်ထုံးပုဒ်မ ၅၀၂(၂)အရ လူဖမ်းဝါရမ်း ထုတ်ရပါမည်။

 တရားခံ ရုံးရှေ့ရောက်လာသည့်အခါမှ ကျင့်ထုံးပုဒ်မ၅၀၂(၃)အရ ခံဝန်ချုပ်ကို ဖျက်သိမ်းရန် ရာဇ၀တ်တရားသူကြီးက ညွှန်ကြားရမည်ဖြစ်ပါသည်။

ထို့နောက် တရားသူကြီးက  တရားခံကို အခြားလုံလောက်သော အာမခံသူ များရှာပေးရန်တောင်းဆိုရမည်ဖြစ်ပြီး တရားခံကလိုက်နာဆောင်ရွက်ရန် ပျက်ကွက် ပါက အချုပ်သို့ပို့နိုင်ပါသည်။

++++++++++++++++++++++++++

အာမခံဖောက်ဖျက်မှုအတွက်  ပြစ်မှုဆိုင်ရာအထွေထွေမှုဖွင့်ရခြင်း။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အာမခံဖောက်ဖျက်မှုအတွက် ပြစ်မှုအသေးမှု (ပြစ်မှုဆိုင်ရာအထွေထွေမှု) ဖွင့်ရန်ဖြစ်ပါသည်။ ယင်းပြစ်ထွေမှုတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က လျှောက်ထားသူဖြစ်ပြီး  အာမခံသူများက လျှောက်ထားခံရသူများအဖြစ် ဖော်ပြရေးဖွင့် ရန်ဖြစ်ပါသည်။

အာမခံဖောက်ဖျက်မှုကို စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ   ၅၁၄ အရ ခံဝန်ချုပ်ရယူခဲ့သည့် တရားရုံး သည် မိမိပေးထားသောခံဝန်ကို ဖောက်ဖျက်မှုအတွက် မိမိကိုယ်တိုင် အရေးယူ၍ ရပါသည်။ ဆိုလိုသည်မှာ မိမိရုံးကို မလာသည့်ကိစ္စတွင် မိမိကိုယ်တိုင် အမှုဖွင့်ပြီး အရေးယူနိုင်ပါသည်။ အဆိုပါတရားသူကြီးသည် ပထမတန်းအာဏာရဖြစ်စေ၊ ဒုတိယ တန်းအာဏာရ ဖြစ်စေ၊ တတိယတန်းအာဏာရဖြစ်စေ အရေးယူနိုင်ပါသည်။

တရားရုံးများလက်စွဲအပိုဒ် ၅၂၁(၁)တွင် ခံဝန်ချုပ်မှာ သူတစ်ဦးတစ်ယောက် တရားရုံးရှေ့သို့ လာရောက်ရန်ဖြစ်လျှင် ထိုတရားရုံးကသာလျှင် ခံဝန်ချုပ်ကို ဘဏ္ဍာ တော်အဖြစ် သိမ်းယူကြောင်းကျေညာနိုင်သည်ဟု ပြဌာန်းထားပါသည်။

သို့ရာတွင် ပထမတန်းအာဏာရ ရာဇ၀တ်တရားသူကြီးသည် တရားရုံး တစ်ရုံးရှေ့ရောက်ရှိရန်အတွက် အခြားသူက (၀ါ) အခြားရုံးက ချုပ်ဆိုသည့် ခံဝန်ကို ဖောက်ဖျက်မှုကို အရေးယူဆောင်ရွက်နိုင်သည်ကို သတိချပ်ရန်ဖြစ်ပါသည်။

အာမခံသူများ၏ ခံဝန်ချုပ်အပေါ် တာဝန်ရှိမှုအတိုင်းအတာ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဦးမြကြီးပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၅၉၊ မတစ၊ လွှတ်တော်၊ စာ -၁၆၀) အမှုတွင် ခံဝန်ချုပ်မှာ ငွေ ၅၀၀ိ အတွက်ဖြစ်ရင် လက်မှတ်ရေးထိုးသူ တရားခံ နှင့် အာမခံသူ (၂)ဦး စုစုပေါင်း (၃)ဦးသည် အတူတကွသော်လည်းကောင်း၊ အသီး အခြားသော်လည်း စုစုပေါင်း ၅၀၀ိ အတွက် တာဝန်ရှိပြီး ထိုပမာဏထက်မပိုကြောင်း အောက်ပါအတိုင်းဆုံးဖြတ်သည်။

That the bond was one for the sum of K 500 and that all the three signatories i.e, the accused Maung Aung Khin, applicants U Mya Gyi and U Tha Lun were jointly and severally liable for a total sum of K 500 and no more.

မာမက်အာလမ်ပါ ၂ ဦး နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် (၁၉၈၁၊ မတစ၊ စာ - ၉၄) အမှုတွင်

တရားခံအား အာမခံပေး၍ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၉၆ နှင့် ၄၉၉ တို့အရ ခံဝန်သူများနှင့် ခံဝန်ချုပ်ဆိုရာတွင် ခံဝန်ပြုသည့် ငွေအရေအတွက်ကို ခံဝန်သူများအနက် တစ်ဦးတည်းကဖြစ်စေ၊ ခံဝန်သူများ အတူ တကွ စုပေါင်း၍ဖြစ်စေ ဆုံးရှုံးခံရန်သာဖြစ်ကြောင်း အောက်ပါအတိုင်းဆုံးဖြတ်သည်။

" တရားခံတစ်ဦးအား ရုံးချိန်းရက်တွင် တရားရုံးရှေ့မှောက်သို့ လာ ရောက်ရန်အတွက် တရားရုံးက တရားခံအား အာမခံပေး၍ ပြစ်မှုဆိုင်ရာ ကျင့်
ထုံးဥပဒေပုဒ်မ ၄၉၆ နှင့် ၄၉၉ တို့အရ ခံဝန်သူများဖြင့် ခံဝန်ချုပ်ဆိုစေရာ
တွင် သတ်မှတ်ထားသည့်ခံဝန်ပုံစံ၌ ခံဝန်ပြုသည့်ငွေအရေအတွက်ကို တရားခံ၏ပျက်ကွက်မှုတွင် အတူတကွဖြစ်စေ၊ သီးခြားဖြစ်စေ ဆုံးရှုံးခံပါမည် ဟုဖော်ပြ၍ လက်မှတ်ရေးထိုးကြရပေသည်။ ထိုခံဝန်ချုပ်ပေါ်တွင် ဖော်ပြ ထားသော ခံဝန်ပြုသည့် ငွေအရေအတွက်ကို ပျက်ကွက်မှုအတွက် ဆုံးရှုံးခံ ပါမည်ဟု တရားခံကိုယ်တိုင်ကလည်းခံဝန်ချုပ်ဆို၍ လက်မှတ်ရေးထိုးရပေ သည်။ ခံဝန်ပြုသည့် ငွေအရေအတွက်ကို ခံဝန်သူများက အတူတကွဖြစ်စေ၊ သီးခြားဖြစ်စေဆုံးရှုံးခံပါမည်ဟုဆိုရာတွင် ယင်းငွေအရေအတွက်ကို ခံဝန်သူ များအနက် တစ်ဦးတည်းကဖြစ်စေ၊ ခံဝန်သူများစုပေါင်း၍ အတူတကွဖြစ်စေ၊ ဆုံးရှုံးခံရန်သာဖြစ်ပေသည်။ အလားတူပင် ခံဝန်ချုပ်တွင် လက်မှတ်ရေးထိုး ထားသည့် တရားခံကိုယ်တိုင်ကလည်း ခံဝန်ပြုသည့် ငွေအရေအတွက် ဆုံးရှုံး ခံရန်တာဝန်ရှိပေသည်။ လျှောက်ထားသူ(၁)မာမက်အာလမ်နှင့် လျှောက် ထားသူ(၂)ရရှစ်တို့သည် တရားခံ မူဆာအာလီ၏ပျက်ကွက်မှုအတွက် ခံဝန် ချုပ်အရ ခံဝန်ပြုသော ငွေကျပ် ၃၀၀၀ိ/- ကိုသာ တစ်ဦးချင်း ဖြစ်စေ၊ နှစ်ဦး ပေါင်း၍ဖြစ်စေပေးလျော်ရန်တာဝန်ရှိပေသည်။ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀ိ/- စီ၊ စုစုပေါင်းငွေကျပ် ၆၀၀၀ိ/- ပေးလျော်ရန် တာဝန်ရှိသည် မဟုတ်ပေ။"

တရားရုံးများလက်စွဲအပိုဒ် ၅၂၃ တွင်လည်း

ခံဝန်ချုပ်ပါ ဒဏ်ကြေးအားလုံးကို ဖြစ်စေ၊ အချို့အ၀က်ကိုဖြစ်စေ၊ ခံဝန်ချုပ်ချုပ် ချုပ်ဆိုသည့် အရင်းခံ လူထံမှဖြစ်စေ၊ ခံဝန်သူတစ်ဦးဦးထံမှဖြစ်စေ တောင်းခံနိုင်သည်။ သို့ရာတွင် စုစုပေါင်း ခံဝန်ချုပ်တွင် ဖော်ပြထားသော ဒဏ်ကြေးငွေထက်ပို၍ မတောင်းခံနိုင်ကြောင်း ပြဌာန်းထားပါသည်။

သို့ဖြစ်ရာ ခံဝန်ချုပ်ကို ကျပ် ၁၀သိန်းဖြင့် ပြုလုပ်ထားလျှင်  ခံဝန်ဖောက်ဖျက် သည့်အခါ ယင်း ခံဝန်ငွေ ၁၀သိန်းကို  တရားခံ နှင့်  အာမခံသူနှစ်ဦး တို့ထံမှ  စုစုပေါင်း ကျပ် ၁၀သိန်းကိုသာ ခံဝန်ဖောက်ဖျက်မှုအတွက် တောင်းခံခွင့်ရှိပါသည်။ တစ်ဦးစီထံမှ ကျပ် ၁၀ သိန်း တောင်းခံရန် မဟုတ်။ ထို ၁၀ သိန်း ကို တစ်ဦးတည်းထံမှ တောင်းခံနိုင် သကဲ့သို့  သုံးဦးလုံးထံမှလည်း မျှ၍ တောင်းခံနိုင်ပါသည်။

ခံဝန်ချုပ်ပါငွေပမာဏကို လျော့ပေါ့ပေးနိုင်ခွင့်အာဏာ

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၁၄(၅) အရ တရားရုံးသည်မိမိသဘော
အတိုင်း ခံဝန်ချုပ်တွင် ဖော်ပြပါရှိသော ဒဏ်ကြေးအချို့အ၀က်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြု၍ တစ်စိတ်တစ်ဒေသကိုသာ ပေးဆောင်စေရန် အတင်းအကြပ် တောင်းဆိုနိုင် ပါသည်။

ဒဏ်ကြေးကို ပေးဆောင်ပါက ခံဝန်ချုပ်၏ တာဝန်ကင်းလွတ်ခြင်း

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 တရားရုံးများလက်စွဲအပိုဒ် ၅၂၂ တွင် ခံဝန်ချုပ်ပါ ဒဏ်ကြေးကိုပေးဆောင်ပြီး ဖြစ်သောအခါ ခံဝန်ချုပ်သည်တာဝန်မှကင်းလွတ်သည်။ ထို့ပြင် ပုဒ်မ၅၁၄၊ ပုဒ်မခွဲ(၅) အရ ခံဝန်ချုပ်ပါ ဒဏ်ကြေးအချို့အ၀က်ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုသည်ဖြစ်စေ၊ မပြု သည်ဖြစ်စေ ခံဝန်ချုပ်ချုပ်ဆိုသည့် အရင်းခံလူအပေါ်၌သော်၎င်း၊ ခံဝန်သူများအပေါ်၌ သော်၎င်း တာဝန်ထပ်မံတင်ခြင်းမရှိချေ ဟု ပြဌာန်းထားပါသည်။

အာမခံသူက ခံဝန်ငွေကို ပေးလျော်ရန်ပျက်ကွက်လျှင် အရေးယူနိုင်သော ပစ္စည်း
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၁၄(၂)တွင် ခံဝန်သူသည် ဒဏ်ကြေးကို မပေးဆောင်ခဲ့လျှင်  ထိုသူပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်းကိုရောင်းချရန်သာ  အာဏာ အပ်နှင်းထားပါသည်။ အာမခံသူ၏ ရွှေ့ပြောင်းနိုင်သောပစ္စည်းကို ၀ရမ်းထုတ်ဆင့်၍ ရောင်းချပြီး ဒဏ်ကြေးငွေကိုရယူရန်ဖြစ်ပါသည်။

မည်သည့်နည်းနှင့်မျှ ဒဏ်ကြေးမရလျှင် ဆောင်ရွက်ရန်နည်းလမ်း

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၁၄(၄)အရ အာမခံသူက ဒဏ်ကြေးကို မပေးသည့်အပြင် ၀ရမ်းကပ်၍ ရောင်းချခြင်းဖြင့်လည်း ထိုဒဏ်ကြေးကို မရရှိနိုင်လျှင် အာမခံသူကို တရားမထောင်၌ (၆)လအထိ ကျခံစေရမည် ဖြစ်ပါသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ  ၅၁၄ အရ အရေးယူဆောင်ရွက်ထားသောအမှုတွင် တရားခံရုံးရှေ့ရောက်လာလျှင် ခံဝန်သူများအပေါ် ဆက်လက်ဆောင်ရွက်ရန် နည်းလမ်း။
ရက်ချိန်းပျက်သောနေ့အတွက် အာမခံသူများမှာတာဝန်ရှိပါသည်။သို့ရာတွင် တရားခံရောက်လာလျှင် အာမခံပေးထားသူအပေါ် ဆက်လက်အရေးယူရန်အကြောင်း မရှိတော့သဖြင့် အမှုကိုပိတ်သင့်ပါသည်။

 သို့ရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၁၄ နှင့် အာမခံသူများအား ခံဝန်ငွေပေးလျော်ရန် ချမှတ်လိုက်ပြီးနောက်တွင်မှ တရားခံ ရောက်ရှိလာခြင်းဖြစ်ပါမူ ချမှတ်ထားသောအမိန့်ကို ပြင်ဆင်ခွင့်ရှိမည် မဟုတ် ပါ။ အထက်ရုံး အနေဖြင့် လျှော့ပေးသင့်မသင့်စဉ်းစားရန် လုံလောက်သောအကြောင်း တစ်ရပ်သာဖြစ်ပါသည်။ (ဆရာဦးမြ ၊ သောင်းပြောင်းထွေလာဥပဒေပြသနာ အမှတ် - ၈ ၊ စာ -၂၆၉)

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လေးစားစွာဖြင့်

TUN  MYO  HTAY


Saturday, February 13, 2016

လွှတ်တော်ရှေ့က `ကျိုင်း´

လွှတ်တော်ရှေ့က `ကျိုင်း´                           


နှစ်လပိုင်းတုန်းက ရန်ကုန်ပြန်တယ် ပြန်တော့ညဘက်တွေ သတင်းတွေဘာတွေ နားထောင်ဖြစ် တယ် ၊ အဲတုန်းက အများအားဖြင့်က လွှတ်တော်သတင်းတွေလေ၊ လွှတ်တော် တတ်တော့မယ် ဆိုရင် အရင်ဆုံး လွတ်တော်ဥက္ကဌရှေ့က ကျိုင်းကိုင်စာရေးက ကျိုင်းကြီးကို ထမ်းလာပြီး ကလပ် ပေါ်တွင် တင်ပြီးမှ အခမ်းစတင်ပြီ ဖြစ်ကြောင်း သဘာပတိက တူထုခါ လွှတ်တော်ကို စတင်သည် ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တွင်တွေ့မြင်လိုက်ပါတယ်။

တူမတွေ တူတွေက အဲဒီ တင်းပုတ် လိုလို ဘာလိုလို ရွှေရောင်ငွေရောင် တပြောင်ပြောင်နဲ့ ဟာကြီးကို ဦးလေးဖြစ်သူကို ဘာကြီးလဲ လေးလေးလို့မေးတော့ ဦးလေးဖြစ်သူက ကျိုင်းတော့ လို့တော့သိတယ် ဘာလို့ဆို ကျိုင်းဆိုတာ ဘင်ခရာတီးဝိုင်းမှာလဲ ပါတယ်လေ ဘင်ခရာလေးဘာလေး တီးခဲ့မှုတ်ခဲ့ဘူးတော့ အဲဒါကျိုင်းကွယ့် တူလေး တူမလေးတို့ရဲ့ လို့ပြောလိုက်ပေမဲ့၊ တူတွေတူမတွေက ကျေနပ်ပုံမပေါ်ဘူး ကျိုင်းကြီးက ဘာလို့ဒီနားလာထားတာလဲ လေးလေး ဆိုတော့ ကျွန်တော်လဲ ဆက်မပြောတတ်တာနဲ့ `ပျောက် မှာဆိုးလို့ကွ သူကရွှေဆိုတော့ အဘိုးတန်တယ်လေ လူကြီးတွေ အစည်းဝေးလုပ်နေတုန်း လူမ သွားရင် ရွှေ၆ပိဿာ ဆုံးမှာကိုးကွ ဟဲဟဲ အဲဒါကြောင့်ယူလာတာ´။အဲလိုသလို ခပ်တည် တည်လေးနဲ့ ရွှီးလိုက်တော့ ၂တန်းသာရှိသေးတဲ့ တူနဲ့ တူမက ယုံတာပေါ့ ကျွန်တော်အ ဖြေကို တူတွေ တူမတွေ တော်တော်သဘောကျသွားတယ်၊ ဟုတ်တယ်နော် လေးလေး ရွှေတွေနဲ့ လုပ်ထားတာ ဆိုတော့ ဟိုလူကလိုချင်ဒီလူက လိုချင်နေမှာပေါ့ `ဟုတ်တာပေါ့ကွ´ ။

ခလေးကိုညာချတယ်လို့တော့ စာဖက်တဲ့လူတွေကို မထင်စေချင်ဘူး ကျွန်တော်လဲသိမှမသိတာ မသိတာနဲ့ အဲလိုဘဲဖြေလိုက်တာပေါ့ ၊ စိတ်ထဲမှာတော့ တူလေးတူမလေးတွေ အရွယ်ရောက် လာရင်တော့ ကျိုင်း အကြောင်းကို နားလည်အောင်ရှင်းပြမယ်လို့ တော့တွေးထားပါ တယ်၊ အခုအင် တာနက်ကနေ ရှာဖွေဖက်ရှုနေတာ တော်တော်လေး ကျိုင်းအကြောင်းကို သိနေ ပါပြီ၊ အဲဒါကြောင့်  ကျိုင်းအကြောင်းကို သိသလောက် ဖောက်သယ်ချပါ့မယ်နော်။

ကျိုင်းကို အင်္ဂလိပ်လို (Mace) လို့သုံးနှုန်းတယ်၊ မြန်မာလိုအဓိပ္ပါယ်ကတော့ အခွင့်အာဏာကို ကိုယ်စားပြုခြင်းလို့ ဆိုပါတယ်၊ မြန်မာ စွယ်စုံကျမ်း အတွဲ ၂ မှာကတော့ ကျိုင်းဆိုတာ မြင့်မြတ် သောအခွင့် အာဏာကို ညွန်းဆိုသည့် အဆောင်အယောင်လို့ ဆိုပါတယ်၊ ကျိုင်းမှာ မြန်မာမင်းများလက်ထက် ဘုရင် မိဖုရားနှင့် မင်းညီမင်းသားတို့၏ အဆောင် အယောင် တစ်ပါးဖြစ်၏။ ဘုရင်က ခြီးမြောက် သူကောင်းပြုခံရသူများလည်း ဘုရင့်အမိန့် အရ ကျိုင်းကို ကိုင်ဆောင်သုံးစွဲခွင့် ရ၏။ ကျိုင်းကို ဘုရင်၊ မိဖုရား၊ မင်းညီမင်းသား စသည်တို့ မင်းပွဲသဘင် စသော အခမ်းအနားများသို့ တက်ရောက်သောအခါ ဆိုင်ရာကျိုင်းကိုင် အမှုထမ်း များက ကိုင်ဆောင်၍ လိုက်ပါရ၏။

ကျိုင်းမှာ အရိုးရှည်တပ်ထားသော ခမောက်သဏ္ဍန်အရာ ဖြစ်၏။ အထွတ်ကို ရွှေချထားခြင်း တစ်မျိုး၊ အထွတ်ရွှေနှင့် အအုံ၊ အရွက်၊ အရိုးတို့ အနီသုတ်ခြင်းတစ်မျိုး။ ကျိုင်းဖြူတွင် အထွတ်အနီသုတ်ခြင်း တစ်မျိုးအားဖြင့် ၃ မျိုးရှိ၏။ ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် ကျိုင်းကို လက်ကိုင်အရိုး တွင် မှန်စီ၍လည်း အသုံးပြုကြောင်းကို၊ မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းတွင်ပါသော 'ဝေါရှည်နှင့် ဝေါတော်ရှေ့ကျိုင်း ၄ ချက် စီ၊ လက်ကိုင် မှန်စီကျိုင်းတော်နှစ်'ဟူသော စကားအရ သိရပြီး။ တစ်ခါတစ်ရံ ကျိုင်းကိုရှေ့ မှကိုင်ဆောင်ရုံမက ဆောင်းမိုးခြင်းလည်း ပြုကြောင်းကို ပြာဋိဟာခန်းပျို့လာ 'ယာဉ်ညင်စီးစီး၊ ကျိုင်း ထီးဆောင်းဆောင်း'ဟူသော စကားအရ၄င်း၊ လွှတ်တော် သတ်ပုံလာ 'ဆောင်းသည့်ကျိုင်း' ဟူသော စကားအရ၄င်း သိရ လေသည်။

ကျိုင်းကို အဆောင်အယောင်အဖြစ် အသုံးပြုရာ၌၊ မင်းနှင့် မိဖုရားကား ၈-လက်၊ အိမ်ရှေ့မင်း၊ မင်းညီ မင်းသားတို့ကား ၄- လက်၊ တစ်ခါတစ်ရံ ၆-လက်ဆောင်၏။ ကျိုင်းကို မင်္ဂလာ အခမ်းအနား များတွင်သာမက အသုဘအခမ်းအနားများတွင် လည်း အဆင့်အတန်းအလိုက်၊ ဆိုင်ရာအမှု ထမ်းများက ကိုင်ဆောင်၍ လိုက်ပါရသည်။

ကျိုင်းကို မြင့်မြတ်သူတို့၏ အဆောင်အယောင်ဖြစ်သဖြင့် သာမာန်လူတို့နှင့် မထိုက်တန်ရကား၊ 'ကျိုင်းနှင့် သပေါက်၊ မထောက်မတန်'ဟူ၍၄င်း၊ 'သိုင်းနှင့် ကျိုင်းနှင့် ဂုဏ်ကြီးမြင့် သည်' ဟူ၍၄င်း စာပေတွင် စပ်ဆိုကြသည်။ ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဌနှင့် လူမျိုးစုလွှတ်တော် နာယကတို့တွင် ငွေဖြင့်ပြုလုပ် ထားသော ကျိုင်းကို အဆောင်အယောင်အဖြစ် ထားရှိသည်။ ထိုကျိုင်းမှာ အရှည် ၄ ပေနှင့် ၈ လက်မခွဲရှိ၍ ငွေသား ကျပ်ချိန် ၆ဝဝ ရှိ၏။ အဆိုပါကျိုင်းသည် ဥက္ကဋ္ဌနှင့် နာယက တို့၏ မြင့်မြတ်သော အခွင့် အာဏာကိုပြ၏။ မြန်မာမင်းများ လက်ထက်ကျိုင်းနှင့် ယခုလွှတ်တော် တွင် တွေ့မြင်ရသော ကျိုင်းတို့မှာ အထွတ်အမြတ်ဖြစ်သော သဘော ချင်းသာ တူ၍ ပုံသဏ္ဍာန်ချင်းကား မတူချေ။ (ရှေးမြန်မာမင်းများလက်ထက် ကျိုင်းသည် ခမောက်ကဲ့သို့ သဏ္ဍာန် ရှိပြီး ရွှေထီး ကဲ့သို့ အောက်ခြေခုံတွင် ထောင်ထားရသည်)

 အင်္ဂလန်နိုင်ငံ၏ လွှတ်တော်တွင် အသုံးပြုသော ကျိုင်းမှာ ဗြိတိသျှ ဘုရင်မကြီးကို ကိုယ်စားပြု သည့် အနေဖြင့် ထားသောကျိုင်းဖြစ်သည်၊ မြန်မာလွှတ်တော်တွင် ထားသော ကျိုင်းသည် လွှတ်တော် ဥက္ကဋ္ဌ၏ အခွင့်အာဏာကို ပြသည့် ကျိုင်းဖြစ်သည်၊ဥက္ကဋ္ဌဌနှင့် နာယကသည် လွှတ်တော်အစည်း အဝေးခန်းမသို့ ကြွရောက်သောအခါ ဆိုင်ရာကျိုင်းကိုင်အရာရှိက ဥက္ကဋ္ဌကြီး ၏ ရှေ့ ၈ ပေခန့်အကွာမှ ကျိုင်းကို ကိုင်လျက် သွားရ၏။

သတ်မှတ်ထားသော နေရာတွင် ဥက္ကဋ္ဌကြီး ထိုင်ပြီးသောအခါ ဥက္ကဋ္ဌကြီးရှေ့ရှိ ကျိုင်းထားရာ သီးသန့်နေရာတွင် ကျိုင်းကို အလျားလိုက် တင်ထားရသည်။ အစည်းအဝေးပြီး၍ ဥက္က ဋ္ဌကြီး ပြန်လည်ထွက်ခွာမည့်အခါ ကျိုင်းကိုင်အရာရှိသည် ကျိုင်းကို ယူဆောင်၍ ရှေ့မှ သွားနှင့်ရသည်။ ကျိုင်းမှာ လွှတ်တော်တွင် အရေးပါလှ၏။ လွှတ်တော်ထဲတွင် ကျိုင်းရှိနေလျှင် လွှတ်တော် အစည်းအဝေးရှိနေသည်။ ဥက္ကဋ္ဌကြီး၏ ရှေ့၌ရှိသော ကျိုင်းကို ယူဆောင်သွားလျှင်ပင် အစည်း အဝေး ပြီးဆုံးပြီဟူသော အထိမ်း အမှတ်ဖြစ်တော့သည်။ ကျိုင်းကိုင်အရာရှိကို အစဉ်အလာ အားဖြင့် ရဲဝန်ထက် (ရဲချုပ်သို့မဟုတ် ရဲဝန်ကြီး)  အဆင့်အတန်းနိမ့်သူကို ခန့်ထားရိုး မရှိချေ။

နိုင်ငံတော်တရား လွှတ်တော်ချုပ်နှင့် တရားလွှတ်တော် တရားဝန်ကြီးများလည်း ကျိုင်းအဆောင် အယောင်များ ရရှိကြ၍ တရားခွင်သို့ ဝင်သည့်အခါကျိုင်းနှင့် ဝင်ကြသည်။ တရားဝန် ကြီးများ၏ ကျိုင်းမှာ တရားဝန်ကြီး၏ အခွင့်အာဏာကို ပြသည့်အပြင် 'ဥပဒေနှင့် တရားမျှတမှု'၏ အထိမ်းအမှတ် လည်း ဖြစ်သည်။

တရားလွှတ်တော်ချုပ်တွင် သုံးသောကျိုင်းသည် ၆ ပေခန့် ရှည်၍ သစ်သားဖြင့် ပြုလုပ် ထား၏။ကျိုင်း၏ ထိပ်မှာ လုံးဝန်း ၍ ရွှေချထားသည်။ တရားဝန်ကြီး တရားခွင်သို့ ကြွလာသည့် အခါ ကျိုင်းကိုင်လုလင်က တရားဝန်ကြီး၏ ရှေ့ ၉ ပေခန့် အကွာမှ ကျိုင်းကို ထမ်း၍ သွားရသည်။ တရားဝန်ကြီးက နေရာတွင် ထိုက်လိုက်သည်နှင့် တပြိုင်နက်၊ ကျိုင်းကိုင် လုလင်က ကြမ်းပြင် ကိုကျိုင်းဖြင့်ဆောင့်၍ အချက်ပေးလိုက် သည်။ ယင်းသိြု့ပု လုပ်ခြင်းမှာ ထိုအချိန်မှစ၍ တရားရုံး ထိုင်ပြီဖြစ်ကြောင်း ကျေညာခြင်းပင် ဖြစ်၏။ တရားဝန်ကြီး ပြန်လည်ကြွသွားသည့်အခါ ကျိုင်း ကိုင်လုလင်က ဝင်လာသည့် နည်းတူ တရား ဝန်ကြီး၏ ရှေ့က ထွက်နှင့်ရသည်။

ဗြိတိသျှ ပါလီမာန်မှာ လွှတ်တော် နှစ်ရပ် အပြင်၊  စည်းမျဉ်းခံ ဘုရင်စနစ်အရ ဘုရင်မကြီး ရှိပါတယ်။ တိုင်းပြည်ရဲ့ အရေးပါတဲ့ လွှတ်တော်ကို ဗြိတိသျှတွေရဲ့ ရိုးရာ အစဉ်အလာအရ ဘုရင် မကြီး ရဲ့ ရှေ့မှောက်မှာ ကျင်းပရပါတယ်။ တကယ့်လက်တွေ့မှာ အစည်းအဝေး တိုင်းအတွက် ဘုရင် မကြီးက မတတ်ရောက်နိုင်တာရှိပါတယ် ။ ဒါကြောင့် ဘုရင်မကြီးကိုယ်စား ကျိုင်းကို ပါလီမန်မှာ ချထား တာ ဖြစ်ပါတယ်။ အစည်းအဝေး "စ" တော့မယ်ဆိုရင် ကျိုင်းကို  ဘုရင်မကြီး အစည်းအဝေးခန်းထဲ ဝင်လာတဲ့ အထိမ်းအမှတ်နဲ့ အားလုံးက အရိုအသေပေးပြီး ပါလီမန်ထဲကို လူတစ်ယောက်က သယ်လာရပါတယ်။ အစည်းအဝေးပြီးရင် ပြန်သယ်သွားရပါတယ်။ နယူးဇီလန်၊ သြစတေးလျှလို ဗြိတိသျှ ဘုရင်မကြီး သြဇာခံ ဓနသဟာရ နိုင်ငံတွေရဲ့ ပါလီမန်မှာလဲ ကျိုင်းကို ထားရှိပါတယ်။

ကျိုင်းမှာ မြင့်မြတ်သောဂုဏ်ထူးနှင့် အခွင့်အာဏာ၏ အထိမ်းအမှတ်ဖြစ်၍ အခြားနိုင်ငံ များတွင်လည်း ပါလီမန် လွှတ်တော်များ၊ တရားလွှတ်တော်များ၊ တက္ကသိုလ်များတွင် ဆိုင်ရာအကြီးအကဲများ၏ အဆောင်အယောင်အဖြစ် ထားရှိ၏။ အင်္ဂန်နိုင်ငံ လန်ဒန်မြို့ တော်ဝန်ထံတွင် ငွေကျိုင်းအဆောင် အယောင် ရှိသလို ။ ကျိုင်းကိုင် အမှုထမ်းများကိုလည်း ထားရှိလေသည်။ ရှေးခေတ်ဟောင်းက စစ်ဖက် ဆိုင်ရာ ကျိုင်းများကို လက်နက်သဖွယ် အသုံးပြုနိုင် အောင် ပြုလုပ်ထားသလို ။ အိန္ဒိယနိုင်ငံတွင်မူ အလှအပမွမ်းမံထားသော ကျိုင်းအပြင် လက်နက် သဖွယ် ကိုင်ဆောင်ရသော ကျိုင်းများကိုလည်း အသုံးပြကြသေးတာကို တွေ့မြင်ရပါတယ်။

တချို့သော သူများက မြန်မာလွှတ်တော်တွင် ကျိုင်း ထားခြင်းကို ဗြိတိသျှ ပါလီမန်မှ အတုယူ လုပ်ခြင်းဖြစ်သည် ဟုပြောဆိုတာ ကိုတွေ့မြင်ဖူးပါသည်၊ မဟုတ်ပါ ကျိုင်းထားခြင်းကို မြန်မာလွှတ်တော် စတင်ပေါ်ပေါက်ခဲ့သော ပုဂံခေတ် နရပတိစည်သူမင်းကြီး လက်ထက်မှာပင် ကျိုင်းကို စတင်သုံးစွဲနေပြီ ဖြစ်ကြောင်းရွှေဘုံ နိဒါန်းလာ မင်းခမ်းမင်းနား များတွင် ဖက်မှတ်ဖူးပါသည် မည်သို့ပင် ဖြစ်စေ ကျိုင်းဟူ သည် ၊ ယဉ်ကျေးမှုအဆင်အလာအားဖြင့် ကြီးမား သောတိုင်းနိုင်ငံများတွင် အလွန်အရေးပါသော မင်းခမ်း မင်းနား အမှတ်တံဆိပ်တခု ဖြစ်ပါကြောင်း သိသလောက် ဖောက်သယ် ချ လိုက်ရပါတယ်။
စာရှုသူများ အထွေထွေဗဟုသုတ ကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်းပါ တယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်မျာ။


ကျိုင်းကိုင်​လုလင်​ ဆိုတာ သူ​ပေါ့


လန်​ဒန်​မြို့​တော်​ဝန်​၏  ဘုရင်​မကြီးကိုယ်​စားပြုသည့်​ ကျိုင်း


ဗြတိသျှ တရားလွှတ်​​တော်​ချုပ်​ရှိ  ဘုရင်​မကြီး ကိုယ်​စားပြုသည့်​ ကျိုင်း


ဗြိတိသျပါလီမန်



ဗြိတိသျလွှတ်​​တော်​​ရှေ့က ကျိုင်း



မြန်​မာနိုင်​ငံရှိ  ပြည်​​ထောင်​စုလွှတ်​​တော်​​ရှေ့က  ကျိုင်း



ပြည်​​ထောင်​စုလွှတ်​​တော်​မှ  ကျိုင်း




ငွေလမင်း ဘ​လော့မှ တစ်​ဆင့်​မျှ​ဝေ ​ဖော်​ပြပါသည်​။

http://ngwelamin30.blogspot.com/2011/04/blog-post.html?m=1

Monday, February 8, 2016

ပြစ်မှု နဲ့ တရားမ



ပြစ်မှု နဲ့ တရားမ


UAS - Legal pages



အားလုံးပဲ မင်္ဂလာပါ။
သာယာချမ်းမြေ့တဲ့ နေ့တစ်နေ့ဖြစ်ပါစေကြောင်း ဆုတောင်းအပ်ပါတယ်။
ဒီနေ့တင် ပြချင် တာလေး တစ်ခုရှိပါတယ်။

ရပ်ကွက်ထဲမှာ လှည့်လည်သွားလာရင်းဖြစ်စေ၊ လက်ဖက်ရည်ဆိုင် မှာ
မိတ်ဆွေအပေါင်းအသင်းများနဲ့ ထိုင် ရင်းဖြစ်စေ ကျွန်တော်က ဥပဒေ
သမားမှန်း သိကြတော့ မကြာခဏမေးမြန်းကြတဲ့ အကြောင်းအရာလေး
တွေရှိပါတယ်။

အဲဒီအကြောင်းအရာလေးကတော့ ပြစ်မှုဆိုတာ ဘာလဲ၊ တရားမမှုဆိုတာ
ဘာလဲ၊ အဲဒီအမျိုးအစားနှစ်ခုက ဘယ်လို ကွာသလဲ ဆိုတာပါပဲ။
ဒါ့အပြင် နောက်ထပ် ခဏခဏ မှားကြတဲ့ အကြောင်းအရာလေး ရှိကြပါ
သေးတယ်။ အဲဒါက တရားသူကြီးနဲ့ ရှေ့နေ၊ ဥပ ဒေအရာရှိတို့ကို ကွဲကွဲပြား
ပြား မသိကြသေးခြင်းပါပဲ။

တရားသူကြီးကိုလည်း ရှေ့နေလို့ ခေါ်ချင် ခေါ်နေကြပြီး ပြင် ပအမှုလိုက်တဲ့ရှေ့နေများကိုတော့ တရားသူကြီးလို့ထင် နေတတ်ကြတာမျိုးတွေလည်း တွေ့ရှိရပါတယ်။
နိုင်ငံတော်ဘက်ကလိုက်ပါဆောင်ရွက်ပေးနေတဲ့ဥပဒေအရာရှိကြီးများကိုလည်း ရှေ့နေလို့ထင်
နေပုံတွေ ပြောဆိုနေကြတာ တွေ့ရပါတယ်။

ဒါကို ကြည့်ရင် ကျွန်တော်တို့ နိုင် ငံက ပြည်သူတွေ (အားလုံးကိုတော့ မဆိုလိုပါ)မှာ တရားစီရင် ရေးနဲ့
ပတ်သက်တဲ့ဗဟုသုတတွေအားနည်းေ နကြသေးတယ်ဆိုတာ သုံးသပ်လို့ ရပါတယ်။
ဒီလိုအခြေအနေမျိုးတွေရှိနေသမျှဟန်ဆောင်လိမ်လည်လိုသူများအနေနဲ့
လည်းအဆင် ပြေနေကြအုံးမှာပါ။ဒါကြောင့်တိုက်ပုံအင်္ကျီအမဲဝတ်တိုင်းလည်း ရှေ့နေမဟုတ်သလို၊ တရားသူကြီး၊ ဥပ ဒေအရာများ မဟုတ်ကြပါဘူးဆိုတာ ကွဲကွဲပြားပြားသိ စေချင် ပါတယ်။

ဥပ ဒေပညာနဲ့ ပတ်သက်လို့ ဗဟုသုတနည်းပါးကြလို့လည်း တရားရုံးများကဆုံးဖြတ်ချက်များအပေါ် ထစ်ကနည်းရှိရင် ဆန္ဒပြ ပြ နေကြတယ်လို့ ထင် ပါတယ်။ ဥပဒေပညာတတ်ကြမယ်၊ ဒါမှမဟုတ် ဥပ ဒေပညာကို လေ့လာလိုက်စားကြလို့ အတော်အသင့် သိရှိကြမယ်ဆိုရင် တော့ တရားရုံးများရဲ့
ဆုံးဖြတ်ချက်အပေါ် မှန်တယ်၊ မှားတယ်ဆိုတာ ကိုယ်ပိုင် ဦးနှောက်နဲ့ ဆင် ခြင် သုံးသပ်နို င်ကြပြီး
အမှုရှုံးရင် တရားဥပဒေလမ်းကြောင်းကနေ အမှုနိုင် အောင်ဘာဆက်လုပ်ရမယ်ဆိုတာ သိရှိကြတာကြောင့် ဆန္ဒပြဖို့လိုကိစ္စမျိုးကို စဉ်းစားကြတော့မှာ မဟုတ်ပါဘူး။

ထူးဆန်းနေတာကတော့ ဆန္ဒပြနေကြတဲ့သူအချို့ထဲမှာ ဥပဒေဘွဲ့ရပညာရှင်အမည်ခံ ပုဂ္ဂိုလ်များ ပါနေခြင်းပါပဲ။ အများပြည်သူအနေနဲ့ မှတ်သားထားဖို့ကတော့ မည်သည့် ဒီမိုကရေစီနိုင် ငံ
မှာမှ လူများများနဲ့ ၀ိုင်းပြီး ဆန္ဒဖေါ်ထုတ်တိုင်းဆန္ဒဖေါ်ထုတ်သူများရဲ့အလိုကိုတရားရုံးများက ဖြည့်စွမ်းပေး
မှာ မဟုတ်ပဲ ဥပဒေနဲ့ အညီပဲ ဆုံးဖြတ်ပေးမှာဖြစ်ကြောင်းပါပဲ။
ကဲ... ဒီနေ့ ရှင်းပြလိုတဲ့ အကြောင်းအရာလေးဆီ ပြန်ပြီး ဦးတည်လိုက်ကြရအောင်နော် -

ပြစ်မှု နဲ့ တရားမမှုဆိုတာ ဘယ်လိုအမှုတွေလဲဆိုတာ ဆက်လက်ရှင်းလင်းတင် ပြပါ့မယ် ။  တရားစီရင် ရေးနယ်ပယ်မှာ ပြစ်မှု တရားစီရင် ရေးနဲ့တရားမတရားစီရင်ရေးဆိုတာ
နှစ်မျိုးနှစ်စားရှိပါတယ်။

ဟိုးယခင်ကတော့ ပြစ်မှု တရားသူကြီး၊ တရားမ တရားသူကြီးဆိုပြီး နှစ်မျိုးခွဲခြားထား ခဲ့ပါသေးတယ်။ ပြစ်မှုတရားသူကြီးက ပြစ်မှုဆိုင် ရာအမှုတွေကိုစစ်ဆေးစီရင် ဆုံးဖြတ်ကြ
ရသလို တရားမ တရားသူကြီးကလည်း တရားမမှုတွေကို စစ်ဆေး စီရင် ဆုံးဖြတ်ခဲ့ကြရပါတယ်။
အခုတော့ အဲဒီလို ခွဲခြားထားမှု မရှိတော့ပါဘူး။

ပြစ်မှုဆိုတာ လူတစ်ဦးချင်းရဲ့ အသက်အိုးအိမ် ပစ္စည်းဥစ္စာများကို ထိပါးစေတဲ့အမှုမျိုးတွေ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ထိခိုက်စေတဲ့ ထိပါးကျူးလွန်မှုမျိုးတွေကို ပြစ်မှုလို့ ခေါ်ပါတယ်။
လူတစ်ဦးချင်း တစ်ဦးချင်းကို ထိခိုက်လာစေတဲ့ပြစ်မှုမျိုးတွေများပြားလာတော့ လူ့အဖွဲ့အစည်းတစ်ရပ် လုံးကိုပါ ထိခိုက်စေတဲ့ အပြုအမူလုပ်ရပ်တွေ ဖြစ်လာကြတော့တာပေါ့။
တစ်နည်းအားဖြင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ စားဝတ်နေမှု၊ လုံခြုံမှုတို့ကိုပါ တာဝန်ယူထားတဲ့
သက်ဆိုင် ရာ နိုင် ငံတော်အစိုးရကိုပါ ထိခိုက်လာစေတဲ့ အမှုမျိုးတွေကို ဆိုလိုတာပါ။
သက်ဆိုင်ရာနိုင်ငံတော်အစိုးရတွေဟာသူတာဝန်ယူအုပ်ချုပ်နေရတဲ့တိုင်းပြည်ထဲကတိုင်းသူ
ပြည်သားတွေရဲ့အိပ်ကောင်းခြင်းအိပ်ရဖို့တွေစားကောင်းခြင်းစားရဖို့တွေ၊ခရီးသွားလာတဲ့အခါမှာလည်း
လုံခြုံ ချောမွေ့စွာသွားလာနိုင် မှုတွေအတွက် တာဝန်ယူကြရပါတယ်။

လူတစ်ယောက် အိပ်ကောင်းခြင်း မအိပ်ရခြင်း၊ စားကောင်းခြင်း မစားရခြင်း၊ သွားကောင်းခြင်းမသွား မလာနိုင် ခြင်းတို့ အစစဟာ သက်ဆိုင် ရာ အစိုးရမင်းများမှာ တာဝန်ရှိပါတယ်။
ရပ်ကွက်တွေထဲမှာ သူခိုးတွေ သောင်းကျန်းလို့ ကောင်းစွာ မအိပ်ရခြင်းဟာလူတစ်ဦးခြင်းရဲ့ ထိခိုက်မှု ဖြစ်သော်လည်း အစိုးရမှာ တာဝန်ရှိနေပါတယ်။

အဲဒီလိုပဲ အိမ်ရှင် မ တစ်ယောက်ဝယ်လာတဲ့ စားသောက်ကုန် တစ်ခုခုမှာအဆိပ်အတောက်ပါလာပြီး စားသုံးသူမှာ အဆိပ်အတောက်ဖြစ်လို့ ဆေးရုံရောက်သွားခြင်းဟာလည်း အစိုးရမှာပဲ တာဝန်ရှိပါ တယ်။ထို့အတူ ခရီးသွားရင်း ခရီးသည်တင် ကားကို လမ်းက ဖြတ်ပြီး ဓါးပြတိုက်လုယက်တာခံရခြင်း
ဟာလည်း အစိုးရမင်းများမှာပဲ တာဝန်ရှိမှာဖြစ်ပါတယ်။

ကိုယ့်ဘာသာ အိမ်မှာ နေရင်းထိုင် ရင်း အိမ်ထဲဝင် အစော်ကားခံရတဲ့ ကိစ္စမျိုးတွေ ၊ ကိုယ့်ဘာသာ အလုပ်က ပြန်လာတုန်း အလုခံရတဲ့ကိစ္စ ၊ စသည်တို့ဟာ လူတစ်ဦးချင်းကို ထိခိုက်တဲ့ ပြစ်မှုများပဲဖြစ် ပါတယ်။
လက်ရှိဖြစ်ပေါ် နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ ကိစ္စမျိုးကျတော့ လူ့အဖွဲ့အစည်းတစ်ရပ်သာမက ကမ္ဘာပေါ်မှာ ရှိတဲ့ လူ့အဖွဲ့အစည်းတွေကိုပါ ထိခိုက်စေတဲ့ ပြစ်မှုမျိုးဖြစ်တာကြောင့် အစိုးရတစ်ရပ် တည်းသာ မကကမ္ဘာပေါ်က အစိုးရအားလုံးမှာပါ တာဝန်ရှိလာတဲ့ ကိစ္စမျိုးဖြစ်လာပါတယ်။

လူတစ်ဦးခြင်းမှာ ဖြစ်ပေါ်တဲ့ ကိုယ့်အိမ်ပေါ်မှာ တက် ပစ္စည်း အခိုးခံရမှု၊ ကိုယ့်ကို ဓါးနဲ့အထိုးခံရမှု၊
တုတ်နဲ့ အရိုက်ခံရမှုတွေက အစ ရပ်ကွက်ထဲဈေးထဲမှာ ရန်ဖြစ်ကြ၊ သတ်ပုတ်ကြတဲ့အမှုမျိုးတွေမှာပါ မခံမရပ်နိုင် ဖြစ်ကြလို့ ကိုယ်က သွားအမှုဖွင့် တာဖြစ်ပေမယ့် တကယ့်တကယ်ကျတော့
အဲဒီအမှုတွေဟာ နိုင် ငံတော်ကပဲ အမြဲတမ်း တရားလိုအဖြစ်ဆောင် ရွက်ပါတယ်။ ကိုယ့်ကို တုတ်နဲ့ အရိုက်ခံရတဲ့အမှု၊ ဓါးနဲ့ အထိုးခံရတဲ့ အမှုမျိုးတွေမှာ ကိုယ်က တရားလိုလုပ်ပြီး ရဲစခန်းမှာ အမှုဖွင့် ခဲ့ပေမယ့် တရားရုံးရောက် တဲ့အခါ ကိုယ်က ရှေ့နေငှားစရာ မလိုပဲ ကိုယ့်အတွက် ဥပ ဒေအရာရှိတစ်ဦး
က အမှုလိုက်ပါဆောင် ရွက်ပေးနေခြင်းဟာ ကိုယ့်ကို နိုင် ငံတော်က အခမဲ့အမှုလိုက်ပါဆောင် ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။

ခြွင်းချက် ရှိတဲ့ အမှုအမျိုးအစား အချို့ကလွဲပြီး အမှုအများအပြားမှာတော့ထိခိုက်နစ်နာသူကိုယ်စား နိုင် ငံတော်ကပဲ တရားလိုပြုလုပ်ပြီး အမှုများကိုတရားစွဲဆိုလေ့ ရှိကြပါတယ်။
ပြစ်မှု တွေမှာလည်းရဲအရေးပိုင်တဲ့အမှုမျိုးနဲ့ရဲအရေးမပိုင်တဲ့အမှုအမျိုးအစားဆိုပြီး နှစ်မျိုးခွဲခြားထား
ပါသေးတယ်။

ရဲအရေးပိုင် တဲ့အမှုတွေမှာတော့ နို င် ငံတော်ကသာ တရားလိုပြုလုပ်ပြီး အမှုစွဲဆိုပေးလေ့ ရှိပေမယ့် ရဲအရေးမပိုင် တဲ့ အမှုတွေမှာ တော့ မိမိဘာသာ တရားရုံးမှာ ဦးတိုက် လျှောက်ထားကြရပါတယ်။
(ရဲစခန်းသွားတိုင် တဲ့အခါ ပထမသတင်းပေးတိုင် ချက် မဖွင့်တော့ပဲ (က)၊(ခ)ပုံစံဆိုတာနဲ့ လျှောက်
လွှာ နှစ်စောင် ရေးပေးပြီး တရားရုံးကို ဆက်သွားပါလို့ ညွှန်လိုက်တဲ့ အမှုများဖြစ်ကြ ပါတယ်။)
ရဲအရေးပိုင် အမှုဆိုတာက ရဲက တရားရုံးရဲ့ ဖမ်းဝါရမ်းမလိုပဲ တရားခံတစ်ယောက်ကို ဖမ်းဆီးနိုင် တဲ့ အမှုမျိုးကို ခေါ်ပြီး ရဲအရေးမပိုင် အမှုဆိုတာကတော့ တရားရုံးရဲ့ အမိန့်ဝါရမ်းစာပါမှ တရားခံတစ်ဦးကို
ရဲကဖမ်းဆီးနိုင် တဲ့ အမှုမျိုးကို ခေါ်တယ်လို့ အကြမ်းဖျင်း မှတ်သားထားလို့ ရပါတယ်။

ရဲအရေးမပိုင် အမှုဆိုတာ တစ်နည်းအားဖြင့် တရားမ မှု ဆန်ဆန် အမှုတွေပါ။ တရားရုံးမှာ ကိုယ်တိုင် ဦးတိုက် လျှောက်ထားခဲ့ပေမယ့် တစ်ဖက်က အတိုင် ခံရသူ ရုံးကို ရောက်ပြီး ကိုယ့်ကို တောင်းပန်တဲ့အခါ ကိုယ်ကလည်းစိတ်ပြေသွားတဲ့အခါမှာ ကိုယ့်ဆန္ဒနဲ့ကိုယ် အမှုကို ပြန်ပြီး ကြေအေးနိုင် တဲ့အမှုအမျိုးအစား များဖြစ်ကြပါတယ်။

ဥပမာ အားဖြင့် အတည်တကျလက်ထပ်ယူပါမယ်ဆိုပြီး မိန်းကလေးတစ်ဦးဆီက ကာမလိမ်လည်ရယူမှု၊ လိမ်လည်မှု (ပြစ်မှုပုဒ်မ-၄၁၇ )၊ မယားခိုးမှုစတာမျိုးတွေပါ။
ရဲအရေးပိုင် မှုတွေမှာ တော့ အစိုးရက သဘောတူမှ အမှုကို ပြန်လည် ရုပ်သိမ်းခွင့် ကြေအေးခွင့် ရှိပါမယ်။
ဒါကြောင့် အချို့သော မုဒီမ့်မှုတွေမှာ အပြုကျင့်ခံရတဲ့ မိန်းကလေးဟာ တရားခံက ခြိမ်းခြောက်တာ ခံရလို့ပဲဖြစ်စေ၊ ရှက်ကြောက်လို့ပဲဖြစ်စေ အချင်းဖြစ်ပြီးပြီးချင်း အချင်းဖြစ်ကိစ္စကို လူကြီးမိဘများကို
ဖွင့် မပြောပဲ လူကြီးမိဘတွေက ချော့မော့မေးမြန်းတော့မှ အဖြစ်မှန်ကို ဖွင့်ပြောလို့ ရဲစခန်းသွားတိုင် တဲ့အခါ အချို့သော ရဲစခန်းများက အမှုဖွင့်ပေးကြပေမယ့်အချို့သော ရဲစခန်းများက အချင်းဖြစ်ပြီး ကြာမြင့်တော့မှ တိုင် ကြားလာတာကြောင့် သက်သေခံချက်တွေ မရနိုင် တော့တာတို့ ၊ တရားလို မိန်းကလေးကို လိုအပ်တဲ့ ဆေးစစ်ချက်တွေ ပြုလုပ်ရာမှာ ရက်ကြာသွားတဲ့အတွက် လိုအပ်တဲ့သက်သေခံ ချက်များ မရရှိနိုင် တော့တာတို့ကြောင့် ပထမသတင်းပေး တိုင် ချက်ဖွင့် မပေးတော့ပဲ ရဲပုံစံ(က)(ခ)နဲ့ ဦးတိုက်လျှောက်လွှာကိုသာရေးပေးပြီး ရုံးမှာ အမှုဖွင့် ဖို့ပဲ စေလွှတ်တတ်ပါတယ်။

ရုံးက အမှုဖွင့်ပေးပြီး
တဲ့နောက်ပိုင်းကျမှ တစ်ခါ တရားခံဖက်က ကျေနပ်လောက်အောင် တောင်းပန်လို့ အမှုကို ပြန်ရုပ်သိမ်းချင် လာတဲ့အခါမှာတော့ ကိုယ့်သဘောနဲ့ကိုယ်အမှုကို ရုပ်သိမ်းလို့ မရတော့ပါဘူး။ ရဲအရေးပိုင် ဖြစ်နေလို့ ရဲအရေးပိုင် မှုများရုပ်သိမ်းခွင့် ပြုလုပ်ရာမှာ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ကြရပါတော့ တယ်။ ဒါကို အချို့က ဦးတိုက်လျှောက်ထားတဲ့အမှုမှာ ဥပဒေအရာရှိနဲ့ ရဲတပ်ဖွဲ့အဆင့်ဆင့်ရဲ့ သဘောထား လိုလို့လားလို့ မေးတတ်ကြပါတယ်။

ဒါဟာ ရဲအရေးပိုင်မှုဖြစ်နေတဲ့အတွက် နိုင် ငံတော် ကိုယ်စားလိုက်ပါဆောင်ရွက်ကြရတဲ့ ဥပဒေအရာရှိ၊ ရဲတပ်ဖွဲ့တို့ရဲ့ အခန်းကဏ္ဍပါလာခြင်းဖြစ် ပါတယ်။
ပြစ်မှုဆိုင် ရာ အမှုတွေမှာ တစ်ခါထပ်ပြီး ခွဲခြမ်းတဲ့အခါ ပြစ်မှုဆိုင် ရာ အမှုကြီးနဲ့ ပြစ်မှုဆိုင် ရာ အထွေထွေမှုဆိုပြီး ရှိပါသေးတယ်။

ပြစ်မှုကြီးဆိုတာကတော့ လူတစ်ယောက်ဟာ ပြစ်မှုဆိုင်ရာ ဥပဒေမှာ ပြဌာန်းထားတဲ့ စည်းကမ်းချက်များ ကိုကိုချိုးဖေါက်တာကြောင့်စွဲဆိုစစ်ဆေးပြီးအပြစ်ရှိရင်အပြစ်ဒဏ်(ထောင်ဒဏ်၊ ငွေဒဏ်စသည်တစ်ခု
ခုဖြစ်စေ၊ နှစ်ခုလုံးဖြစ်စေ) ချမှတ်နိုင် တဲ့ ပြစ်မှုတွေနဲ့ စွဲဆိုတဲ့ အမှုတွေကို ခေါ်ပါတယ်။
ပြစ်မှုဆိုင် ရာ အထွေထွေမှုဆိုတာကတော့ မယားစရိတ်၊ကလေးစရိတ်တောင်းခံတဲ့ အမှုမျိုး၊ တရားခံပြေး များကို စွဲတဲ့အမှုမျိုး၊ ရဲစခန်းမှာဖြစ်စေ၊တရားရုံးမှာဖြစ်စေ အာမခံပြုလုပ်ထားတဲ့ ခံဝန်ချုပ်ကို ဖေါက်ဖျက်လို့ စွဲဆိုတဲ့အမှုမျိုးတွေ၊တရားခံတစ်ဦးထံက ဖြောင့်ချက်ရယူတဲ့အမှုမျိုး၊မျက်မြင်သက်သေတစ်ဦးဦးထံက
နောင် ပြောင်းလည်းထွက်ဆိုခြင်း မပြု နိုင် အောင်ကြို တင် ရယူလေ့ရှိတဲ့ ကြို တင် ထွက်ဆိုချက်ရယူခြင်း စတဲ့ အမှုမျိုးတွေကိုခေါ်ပါတယ်။ (တစ်နည်းအားဖြင့် ပြစ်မှုဆိုင် ရာ ကျင့်ထုံးဥပဒေ အရ ဆောင် ရွက်ကြလေ့ ရှိတဲ့ အမှုမျိုး တွေကို ပြစ်မှုဆိုင် ရာ အထွေထွေမှုများအဖြစ် ဖွင့်လှစ်တယ်ဆိုတာ မှတ်သားထား နိုင် ပါတယ်။)

ပြစ်မှုဆိုင် ရာ ဥပဒေအရ စွဲဆိုမှုတွေကို ပြစ်မကြီး သို့မဟုတ် ပြစ်မှုဆိုင်ရာမူလမှုလို့ ခေါ်ဆိုကြပြီး ပြစ်မှုဆိုင် ရာ ကျင့်ထုံးဥပဒေအရ စွဲဆိုမှု မှန်သမျှကိုတော့ ပြစ်မှုဆိုင် ရာ အထွေထွေမှုလို့ ခေါ်ဆိုကြပါတယ်။
ပြစ်မှုဆိုင် ရာ ဥပဒေ အရ စွဲဆိုခံရတဲ့ စွပ်စွဲခံရသူတစ်ဦးရဲ့ အမှုမှ တရားလိုပြသက်သေများကို စစ်ဆေးပြီး ပြစ်မှု ကျူးလွန်ကြောင်း မတွေ့ရတဲ့အခါစွဲချက်မတင် မီလွှတ်ခြင်း (အရပ်အခေါ် တရားရှင် လွှတ်ခြင်း)နဲ့ စွဲချက်တင်ပြီး တရားခံနဲ့ သူပြသတဲ့ သက်သေများကို စစ်ဆေးပြီးမှ အပြစ် မရှိကြောင်း
ပေါ်ပေါက်လို့လွှတ်ရင် တော့အပြီးအပြတ်လွှတ်ခြင်း(အရပ်အခေါ်တရားသေလွှတ်ခြင်း)လို့ ခေါ်ကြပါ
တယ်။

တရားသေလွှတ်တယ်ဆိုတာကတော့ တရားလိုဖက်သက်သေများ စစ်ဆေးပြီးပေမယ့် စွဲချက်တင် ဖို့ရာ အထောက်အထားနည်းပါးနေတာကြောင့် စွဲချက် မတင် ပဲ လွှတ်လိုက်ပေမယ့် အမှုဟာ အရှင် လွှတ်
ထား တာဖြစ်တာကြောင့် သတ်မှတ်ကာလအတွင်း တရားလိုဖက်က အောက်ရုံးရဲ့ အမိန့်ကိုပယ်ဖျက်ပြီး
တရားခံအပေါ် စွဲချက်တင် ဖို့ပေါ်ပေါက်တဲ့ ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မတစ်ခုခုအရ စွဲချက်တင် စေတဲ့ အမိန့်တစ်ရပ်ချမှတ်ပေးဖို့ရာတက်ရောက်နိုင် ခွင့် ရှိပြီး အထက်ရုံးကလည်း အမှုတွဲတောင်းခေါ်ပြီး
တရားလိုပြသက်သေများရဲ့ထွက်ဆိုချက်များအရစွဲချက်တစ်ခုခုတင် စေသင့်သေးကြောင်းတွေ့ရရင်
အောက်ရုံးရဲ့ အမိန့်ကို ပယ်ဖျက်ပြီး စွဲချက်တင် စေတဲ့အမိန့်တစ်ရပ် ချမှတ်နိုင် ခွင့် ရှိပါတယ်။ ဒါကြောင့် စွဲချက်မတင် မီလွှတ်ခြင်း သို့မဟုတ် တရားရှင် လွှတ်ခြင်းဟာ အမှုကနေ အရှင် ပြန်လွှတ်ထားခြင်း သာဖြစ် တယ်လို့ ဆိုတာပါ။

အပြီးအပြတ်လွှတ်တယ်ဆိုတာကတော့ အမှုမှာပါတဲ့ တရားလိုပြသက်သေများကို စစ်ဆေးပြီး စွပ်စွဲခံရသူ(တရားခံ)အပေါ် သူကျူးလွန်ခဲ့ဟန်ရှိတဲ့ပြစ်မှုဆိုင် ရာဥပဒေ ပုဒ်မ တစ်ခုခုအရဖြစ်စေ၊ ပုဒ်မ အများအရဖြစ်စေ စွဲချက်တင် ဖြေရှင်းစေသင့်နေသေးရင် စွဲချက်တင် ဖြေရှင်းစေပြီး သူ့ရဲ့ထုချေချက်၊ သူပြသတဲ့ တရားခံပြသက်သေများရဲ့ သက်သေခံချက်များကို ရယူပြီးမှ အဆုံးမှာ တရားလိုဖက် သက်သေခံ ချက်များ၊ တရားခံဖက်က ပြသတဲ့သက်သေခံချက်များနဲ့ စွဲချက်တင် ထားတဲ့ ပုဒ်မမှာ ပြစ်မှုမြောက်ဖို့ လိုအပ်
တဲ့ အင်္ဂါရပ်များနဲ့ ကိုက်ညီမှု ရှိ/မရှိ ချိန်ထိုးသုံးသပ်ပြီးမှ တရားခံဟာ စွဲဆိုခံထားရတဲ့ ပြစ်မှု များကို ကျူးလွန်မှုမရှိဘူးဆိုတာ တွေ့ရှိရတဲ့အခါအမှုကနေအပြီးအပြတ်(အရပ်အခေါ်တရားသေ)လွှတ်လိုက်
ခြင်းကို အပြီးအပြတ်လွှတ်တယ်၊ သို့မဟုတ် တရားသေလွှတ်တယ်လို့ ခေါ်ပါတယ်။

ဒါပေမယ့်အဲဒီအဆင့်မှာစွဲဆိုတဲ့ပုဒ်မများပါ ပြစ်မှုကိုကျူးလွန်ကြောင်းတွေ့ရှိရရင် တော့အဲဒီကျူးလွန်ပါတယ် ဆိုတဲ့ ပုဒ်မမှာ ပြဌာန်းထားတဲ့ ပြစ်ဒဏ်ကို ချမှတ်ကြရပါတယ်။ ပြစ်ဒဏ်တွေကတော့ ငွေဒဏ်၊ ထောင်
ဒဏ်၊ကျွန်းဒဏ်၊ သေဒဏ်ဆိုပြီးအစားစားရှိကြပါတယ်။အဲလိုရှိတဲ့ထဲကမှတရားခံကျူးလွန်တဲ့ ပြစ်မှုအမျိုး
အစား၊ ထိခိုက်နစ်နာမှု အခြေအနေ စသည်တို့အပေါ် မူတည်ပြီး အပြစ်ဒဏ်ပေးကြလေ့ရှိပါတယ်။
ဒီလောက်ဆိုရင် တော့ ပြစ်မှုဆိုတဲ့အပိုင်းကို အခြေခံအားဖြင့်တော့ သိရှိကြပြီလို့ ယူဆပါတယ်။
ပြစ်မှုမှာလည်း ပညာရှင် အများအပြားရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ သက်ဆိုင်တိုင်း နိုင် ငံအလိုက် ပြစ်မှု အမျိုးအစားသတ်မှတ်ပုံ ကွဲပြားမှုများ ရှိနိုင်ကြ သေးပေမယ့် နောင် အခွင့်သင့်မှပဲဆက်လက်တင် ပြပါမယ်။
ဆက်လက်ပြီး တရားမမှုများအကြောင်းကို တင် ပြပါမယ်။

တရားမမှု ဆိုတာက တော့-
လူတစ်ဦးတစ်ယောက်ကိုသာ ထိခိုက် နစ်နာစေတဲ့ အမှုမျိုးဖြစ်ပါတယ်။
လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို ထိခိုက်နစ်နာစေသော အမှုမျိုးတော့ မဟုတ်ပါဘူး။
တရားမမှု အမျိုးအစားမှာတော့ နစ်နာသူကိုယ်တိုင် က တရားလိုလုပ်ပြီးသက်ဆိုင် ရာ စီရင် ပိုင် ခွင့် ရှိတဲ့ တရားရုံးမှာတရားစွဲဆိုကြရပါတယ်။အစိုးရအနေနဲ့ဝင် ရောက်စွက်ဖက်ခြင်းမပြုပါဘူး။(သို့သော် ခြွင်းချက်အား
ဖြင့်ကျွန်တော်တို့နိုင်ငံမှာကုန်လွန်ခဲ့တဲ့စစ်အစိုးရအုပ်ချုပ်စဉ်ကာလတုန်းကတော့တရားမမှုတွေ မှာလည်း သက်ဆိုင်ရာအုပ်ချုပ် ရေးအာဏာပိုင်များဟာအရှက်အကြောက်တရားကင်းမဲ့စွာနဲ့တရားရုံးများနဲ့တရားသူကြီး များကိုတရားစီရင် ရေးမှာဝင်စွက်တာမဟုတ်ပါဘူးလို့လူကြားကောင်းအောင်ပြောဆိုပြီးလက်သိပ်ထိုးဖိအား
 ပေးကာဝင်စွက်ဖက်တာမျိုးလေးတွေတော့ရှိ ခဲ့ကြပါတယ်။)

သာမန်အားဖြင့် အစိုးရအဖွဲ့အစည်းကို ထိခိုက်နစ်နာစေတဲ့ ကိစ္စမျိုးဆိုလို့ ရှိရင် တော့အစိုးရကတရားလိုပြု လုပ်ပြီး စွဲဆိုတဲ့ တရားမမှုမျိုးရှိနိုင် ပါတယ်။
ပြစ်မှုဆိုင်ရာ အမှုတွေမှာ ပြစ်မှု ကျူးလွန်တဲ့တရားခံကို ငွေဒဏ်၊ ထောင်ဒဏ်၊ကျွန်းဒဏ်၊ သေဒဏ်ဆိုသလို အပြစ်ဒဏ်များ ပေးနိုင် သလို တရားခံရဲ့ ပြုလုပ်မှုကြောင့် ထိခိုက်နစ်နာမှုဖြစ်ခဲ့ရတဲ့တရားလိုရဲ့ ဆေးရုံတက်
ရောက် ကုသခံခဲ့ရမှုကြောင့် ငွေကြေးနစ်နာမှုမျိုးဖြစ်ပေါ်ခဲ့တဲ့ အမှု မျိုးတွေမှာတော့ တရားရုံးတော်ရဲ့ ဆင် ခြင် တုံတရားအရ တရားခံပေးဆောင် စေခဲ့တဲ့ ဒဏ်ငွေအနက်ကနေ အချို့အ၀က်ကိုထိခိုက်နစ်နာသူ တရားလိုကိုလျော်ကြေးပေးစေတဲ့ အမိန့်မျိုးလည်း ချမှတ်တာမျိုးတွေ့ရှိနိုင် ပါတယ်။
တရားမ မှုတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နစ်နာသူ တရားလိုအား၎င်း ဆုံးရှုံးခံခဲ့ရမှုကို အစားထိုးပြန် ရစေရန် သို့မဟုတ် လျော်ကြေးပြန်ပေးစေရန် တို့ဖြစ်ပါတယ်။
ပြစ်မှုတွေမှာ တရားလို တရားခံလို့ သုံးနှုန်းခေါ်ဝေါ်ကြပေမယ့် တရားမမှုတွေမှာတော့ တရားလို တရားပြိုင် လို့ ခေါ်ဝေါ်ကြပါတယ် ။

ပြစ်မှုများမှာ ရဲစခန်းကိုသွားပြီး အမှုဖွင့် တဲ့အခါ ရုံးခွန်တော်တံဆိပ်ခေါင်းထမ်းဆောင် စရာ မလိုပေမယ့် တရားမမှုများမှာတော့ မိမိတောင်းဆိုတဲ့ သက်သာခွင့်အပေါ်မူတည်ပြီး ရုံးခွန်တော်ခေါင်း ထမ်းဆောင် ကြရပါတယ်။
အဲဒီရုံးခွန်တော်ခေါင်းနဲ့ တရားစရိတ်တို့ကိုတော့ သက်ဆိုင်ရာ အမှုသည်များက ကျခံရမှာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင် တော့ ပြစ်မှုနဲ့ တရားမတို့ရဲ့ ကွဲပြားမှုများကို အကြမ်းဖျင်းသိရှိ နိုင် ကြလောက်ပြီလို့ ယူဆပါတယ်။

UAS - Legal pages

4-5-2015


Aung Soe - Pyay 



တရားခံ ဘယ်​သူလဲ​ဟေ့ !


တရားခံ ဘယ်သူလဲဟေ့ !


တစ်နေ့သောအခါ ကြင်နာစွာအသဲနစ်အောင် ချစ်ခဲ့ရတဲ့ ဇနီးမယားဟာ
လင် ယောက်ျားနဲ့ စိတ်အခပ်မသင့် တော့ လင်ယောင်္ကျားအလစ်မှာ အိမ်က တီဗွီတွေ၊ အောက်စက်တွေ နဲ့ သူမရဲ့ ရွှေထည် ငွေထည်လက်ဝတ်လက်စား တွေကို ယူပြီး ဆင်းသွားပါတယ်။
ယောက်ျားဖြစ်သူ သိတော့ အတော့်ကို မကျေမချမ်းဖြစ်တော့တာပေါ့။
မင်းငါ့အကြောင်းသိစေရမယ်လို့ ကြိမ်းဝါးပြီး ဇနီးဖြစ်သူကို ခိုးမှုနဲ့ တရားစွဲဖို့လုပ်တယ်။ ဇနီးဖြစ်သူကလည်း အင် မတန်ကို ပါးနပ်တယ်ဗျ။
ဘယ်လိုပါးနပ်တာလည်းဆိုတော့ ရပ်ကွက်ထဲက အငြိမ်းစား တရားသူကြီးတစ်ယောက်ကို သူ့ဆွေမျိုးထဲကတစ်ယောက် သူ့ယောက်ျားနဲ့ စိတ်ဆိုးပြီး ပစ္စည်းတွေယူပြီး အိမ်က ဆင်းသွားလို့ဆရာ၊
အဲဒါ တရားစွဲလို့ ရနိုင် / မရနိုင် လာမေးတာပါလို့မေးတော့-
အဲဒီ အငြိမ်းစားတရားသူကြီးဆိုတဲ့သူကလည်း အမှန်အတိုင်းပြောလိုက်မိတယ်တဲ့ဗျာ။

အဲဒီလို မေးမြန်းစုံစမ်းပြီးတော့မှ သူ့ခင် ပွန်း အလစ်မှာ အိမ်က ပစ္စည်းတွေ အကုန်မသွားခဲ့တာကိုး။
သူ့ယောက်ျားကတော့ ဒီမိန်းမတော့၊ ဒီမိန်းတော့လို့ ဟဲလေးသီချင်းကို ဆိုပြီး ရဲစခန်းကို သွားတိုင် ပေမယ့် ရဲစခန်းကလည်း သူ့ကို အမှုဖွင့်မပေးဘူး။ ဒီအတိုင်းတော့ ဖွင့် လို့ မရဘူးလို့ ရဲစခန်းမှုခင်းစာရေးကြီးပြောတဲ့ စကားကို အဓိပ္ပါယ်ကောက်လွဲပြီး  လက်ဖက်ရည်ဖိုးပေးပါ့မယ၊် ဒီလောက်တော့ ကျုပ်မအပါဘူး၊ နားလည်မှု ရှိပါတယ်လို့သွားပြောတာ ရဲစခန်းစာရေးကြီး ဒေါသထွက်ပြီး အော်လွှတ်လိုက်တာကြောင့် ကြောက်ကြောက်နဲ့ ထွက်ပြေးခဲ့ရာက နောက်ဆုံးတရားရုံးဝင်းထဲက လျှောက်လွှာစာရေးထံမှာ လျှောက်လွှာရေးခပေး၊ လျှောက်လွှာရေးပြီး တရားရုံးမှာ ဦးတိုက်လျှောက်ထားဖို့ သွားလိုက်တော့တယ်။ သူ့လျှောက်လွှာ လက်ခံရရှိတဲ့ ဒုတိယမြို့နယ်တရားသူကြီးလေးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပ ဒေပုဒ်မ-၂၀၀ အရ သူ့ကို စစ်ဆေးပြီး နောက်ဆုံးမှာတော့
အောက်က စီရင် ထုံးလေးကို ကိုးကားပြီး သူ့အမှုကို ဥပ ဒေအရ အရေးယူသင့်ကြောင်း မတွေ့ရလို့ ပြစ်မှုဆိုင် ရာ ကျင့်ထုံးဥပဒေပုဒ်မ-၂၀၃ အရ ပလပ်လိုက်တော့တယ်။

စီရင် ထုံးလေးကတော့-ဒေါ်ရင် မေ နှင့် ပြည်ထောင် စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင် ငံတော်ပါ(၂) {၁၉၈၃-ခုနှစ်၊ မတစ၊ စာမျက်နှာ- ၂၀ } ဖြစ်ပါတယ်။

အဲဒီမှာ ဘယ်လိုလမ်းညွှန်ဆုံးဖြတ်ထားသလဲဆိုတော့ -
ဦးဘရင် က သူ၏ ဇနီး ဒေါ်ရင် မေသည် သူမရှိခိုက် နေအိမ်အတွင်း ရှိ ဗီရိုကို သော့တုဖြင့် ဖွင့် ၍ ဗီရိုထဲမှ ရွှေထည်ပစ္စည်းများကို ခိုးယူသွားသည်ဟု တိုင် တန်းသည်။ ဦးဘရင် နှင့် ဒေါ်ရင် မေတို့သည် မကွာရှင်းရသေးသော ဇနီးမောင် နှံဖြစ်သည်။ ဒေါ်ရင် မေ က သက်သေခံပစ္စည်းများကို မိမိလည်း ပိုင် သည်ဟု ယုံကြည်၍ ယူ
သွားခြင်း ဖြစ်ရာ မရိုးမဖြောင့် သော သဘောဖြင့် ယူသွားခြင်း မဟုတ်သဖြင့် ပြစ်မှုဆိုင် ရာ ဥ ပဒေပုဒ်မ- ၃၇၈ အရ ခိုးမှု မမြောက်သောကြောင့် ဒေါ်ရင် မေအပေါ်ပြစ်မှုဆိုင် ရာ ဥပ ဒေပုဒ်မ-၃၈၀ အရ  စွဲချက်တင် ရန် အကြောင်း မရှိပေ။-- တဲ့။

ကဲ - ဒီတော့လည်း အမျိုးသား ခမျာ ဘာမျှ မတတ်နိုင် တော့ဘူးပေါ့။
တရားသူကြီးလေးက နောက်ဆက်တွဲ စကားလေးလည်း အမှာပါးလိုက်သေးတယ်။ သူပြောတဲ့ အတိုင်းလုပ်ရမှာပဲတဲ့လေ။
တရားသူကြီးလေးက နောက်ဆက်တွဲ ဘာပြောလိုက်သလဲဆိုတော့-
ခင် ဗျား မိန်းမကို အသာလေးလိုက်ပြီး ပြန်ချော့ခေါ်ပေါ့ ဗျာ၊ ပစ္စည်းတွေလည်း အဲလိုလုပ်မှ ပြန်ပါလာမှာ။ သွားကြမ်းလို့တော့ မရဘူးနော်၊ သွေးထွက်သံယိုတစ်ခုခုဖြစ်ရင် ခင်ဗျားကို နာကျင်စေမှုနဲ့ အမှုဖွင့် လို့ ရတယ်။ ဒဏ်ရာကြီးရင် ကြီးသလို ပုဒ်မလည်း ကြီးသွားနိုင် တယ်။ ပုဒ်မမှာလည်း အာမခံရနိုင် တဲ့ ပုဒ်မ၊ အာမခံ မရနိုင် တဲ့
ပုဒ်မ ဆိုပြီး ရှိသေးတော့ စိတ်ထိန်းပေါ့ ဗျာတဲ့ ။
အော် တရားခံက ဘယ်သူလဲ - အငြိမ်းစားတရားသူကြီးများလား ။
သူ မလိမ္မာလို့ ပစ္စည်းတွေ ပါသွားတာများလား ။


UAS – Legal pages

22-5-2015

ရဲစွဲချက်အရ အမှုများတွင် ရုံးရှေ့ လာရောက်သော သက်သေများကို မစစ်ဆေးဘဲ Informant (သတင်းပေးသူ)ကို ဦးစွာစစ်ဆေးပြီးမှ ကျန်သက်သေများကို စစ်ဆေးရမည်ဟု ပြဌာန်းချက်ရှိမရှိ။


ရဲစွဲချက်အရ အမှုများတွင် ရုံးရှေ့ လာရောက်သော သက်သေများကို မစစ်ဆေးဘဲ Informant (သတင်းပေးသူ)ကို ဦးစွာစစ်ဆေးပြီးမှ ကျန်သက်သေများကို စစ်ဆေးရမည်ဟု ပြဌာန်းချက်ရှိမရှိ။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ရဲစွဲချက် အရ တရားရုံးသို့ တရားစွဲတင်ပို့လာသောအမှုများတွင် ရဲစွဲချက်ပါ သက်သေစာရင်းတွင် ပါရှိသူများကို ရဲပုံစံ - ၁၀၄ ဖြင့် ဆင့်ဆိုကြလေ့ ရှိပါသည်။

တစ်ခါတစ်ရံ ယင်းသက်သေစာရင်းပါ အစီအစဉ်အတိုင်း စဉ် (၁) Informant (သတင်းပေးသူ)ကို တရားစွဲအဖွဲ့အစည်းမှ အကြောင်းကိစ္စတစ်ရပ်ရပ်ဖြင့် ရုံးရှေ့ တင်ပို့ ခြင်း မပြုနိုင်ပဲ ကျန် တရားလိုပြသက်သေများကို ဦးစွာ ရုံးရှေ့ တင်ပို့ပေးသည်ကို မကြာခဏ ဆိုသလိုကြုံတွေ့ရပါသည်။
ထိုအခါ တရားခံဘက်မှ  “တရားလိုကို မစစ်ရသေး၍ ရုံးရှေ့ လာရောက်သော သက်သေများကို စစ်ဆေးခြင်းမပြုရန်”စောဒကတက် ကန့်ကွက်မှုပြုကြ သည်ကို တွေ့ရှိရပါသည်။
တစ်ခါတစ်ရံ "အမှုလိုက် ဥပဒေအရာရှိ" ကိုယ်တိုင်မှပင်
ယင်းသို့သော ကန့်ကွက်မှုကိုပြုသည်ကို အံ့သြဖွယ်တွေ့ရှိရပါသည်။
ယင်းသို့သောအခြေအနေတွင် ရုံးရှေ့လာရောက်သော သက်သေများကို မစစ်ဆေးဘဲပြန်လွှတ်ရန်သင့်ပါသလား။
ရဲစွဲချက် အရ တရားစွဲတင်ပို့လာသောအမှုများတွင် Informant (သတင်းပေးသူ)ကို ဦးစွာစစ်ဆေးပြီးမှ ကျန်သက်သေများကိုစစ်ဆေးရန် ဥပဒေအရ ကန့်သတ်ချက်ရှိပါသလား။
---------

ပြစ်မှုဆိုင်ရာ အမှုများတွင် တရားလိုသည် နိုင်ငံတော်ဖြစ်ခြင်း။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပြစ်မှုဆိုင်ရာ အမှုများ၏သဘောသဘာဝမှာ တရားမမှုများကဲ့သို့ ပုဂ္ဂလိက ဆိုင်ရာ အခွင့်အရေး ထိခိုက်နစ်နာမှုမျိုးမဟုတ်ဘဲ နိုင်ငံတော်က အရေးတယူပြု၍ စီမံဆောင်ရွက်လျက် ရှိသည့် ရာဇ၀တ်မှုခင်း များဖြစ်ကြောင်း ဦးမောင်ကိုပါ ၃ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ -၂ (၁၉၉၆၊ မတစ၊ စာ - ၁၆၉) တွင် ညွှန်ပြပါသည်။
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၉၅ မှ ၁၉၉ ပါ ပြစ်မှုများ၊ ပုဒ်မ - ၄၈၀၊ ၄၈၅၊ ပုဒ်မ - ၁၃၂ တို့ တွင်ဖော်ပြထားသည့် ကိစ္စရပ်များအပ အခြားပြစ်မှုဆိုင်ရာအမှုများကို မည်သူက တရားစွဲဆိုရမည်ဟု ပြဌာန်း ထားခြင်းမရှိပေ။ ပြစ်မှုဆိုင်ရာအမှုအားလုံးအတွက် တရားလို မှာ နိုင်ငံတော်သာ ဖြစ်သည် ဟု ဦးဥာဏ်လင်းအောင် နှင့် ပြည်ထောင် စုမြန်မာနိုင်ငံတော် ပါ ၂ (၂၀၀၆ ၊ မတစ၊ စာ -၇၅) တွင် လမ်းညွှန်သည်။
သို့ဖြစ်ရာ “တရားလိုကိုမစစ်ရသေး၍” ဟူသော စောဒက တက်ချက်၊ ကန့်ကွက်ချက်မှာ မှန်ကန်ခြင်း မရှိကြောင်းမြင်သာပါသည်။
----

တရားစွဲဆိုမှု ပုံစံ (၂)မျိုး။

xxxxxxxxxxxxxxxxxxxx

ယေဘူယျအားဖြင့် တရားရုံးသို့ ပြစ်မှုဆိုင်ရာအမှုများကို စွဲဆိုတင်ပို့သည့် နည်းလမ်း (၂)ရပ် ရှိပါသည်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၁၉၀(၁)(က) အရ တိုင်တန်းချက်ဖြင့်လည်းကောင်း၊
ပုဒ်မ - ၁၉၀(၁)(ခ) အရ ရဲအရာရှိတစ်ဦးက စာဖြင့်ရေးသားအစီရင်ခံစာ
( ရဲစွဲချက်) ဖြင့်လည်းကောင်း ရောက်ရှိပါသည်။
----

တိုင်တန်းချက် နှင့် ရဲစွဲချက် တူသလား။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၄ (၁) (ဇ)တွင် Complaint (တိုင်တန်းချက်) ကို အဓိပ္ပါယ် ဖွင့်ဆိုထားပြီး Report of police officer ( ရဲအစီရင်ခံစာ (၀ါ) ရဲစွဲချက်) မပါဝင်ကြောင်းပြဌာန်းထားပါသည်။
ရဲစွဲချက်ဟုခေါ်သော ရဲအစီရင်ခံစာသည် တိုင်တန်းချက်မဟုတ် ကြောင်း မသီတာအေး နှင့် ပထစ ပါ-၂ (၂၀၀၉၊ မတစ၊ စာ - ၆၅) တွင် ညွှန်ပြပါသည်။
ထို့ကြောင့် တိုင်တန်းချက် သည် ရဲစွဲချက် မဟုတ်သကဲ့သို့ ရဲစွဲချက်ဖြင့် တင်ပို့လာသောအမှုများသည် လည်း Complaint (တိုင်တန်းချက်) မဟုတ်ကြောင်းမြင်သာပါသည်။
--------

Complainant (တိုင်တန်းသူ) နှင့် Informant (သတင်းပေးသူ) တူသလား။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တိုင်တန်းချက်အရမှုခင်းများသည် Complainant (တိုင်တန်းသူ) ၏ရေးသားတိုင်တန်းချက်အရ အမှုစတင်ခြင်းဖြစ်ပါသည်။
ရဲစွဲချက်အရ အမှုများသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၁၅၄ အရ Informant (သတင်းပေးသူ)၏ သတင်းပေးချက်အရ အမှု စတင်ခြင်းဖြစ်ပါသည်။
တိုင်တန်းချက်အရ အမှုများကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၂၀၀ အရ တရားရုံးက Complainant (တိုင်တန်းသူ) ကို ချက်ချင်းစစ်ဆေးရပါသည်။ ထို့နောက် အမှုအား လက်ခံအရေးယူ ဆောင်ရွက်သည့်အခါ ကျင့်ထုံးပုဒ်မ - ၂၀၄ အရ တရားခံအား ရုံးရှေ့ဆင့်ဆို၍ တရားခံရုံးရှေ့ရောက်လျှင်
အမှုစစ်ဆေးခြင်း ဆောင်ရွက်ရပါသည်။
ရဲစွဲချက်အရ အမှုများသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၁၅၄ အရ Informant (သတင်းပေးသူ)၏ သတင်းပေးချက်အရ ပထမ သတင်းပေး တိုင်ချက် (FIR) ရေးဖွင့်ပြီး ရဲတပ်ဖွဲ့မှ စုံစမ်းထောက်လှမ်းပြီးနောက် ကျင့်ထုံးပုဒ်မ - ၁၇၀ အရ တရားရုံးသို့ အမှုစစ်ဆေးရန် တင်ပို့ပါသည်။
ဆိုလိုချင်သည်မှာ တိုင်တန်းချက်(ဦးတိုက်မှု)ကို Complainant (တိုင်တန်းသူ) ကပြုလုပ်ပြီး ပထမသတင်းပေးတိုင်ချက် (F.I.R) ကို Informant (သတင်းပေးသူ) ကပြုလုပ်ပါသည်။
သို့ဖြစ်ရာ Complainant (တိုင်တန်းသူ) နှင့် Informant (သတင်းပေးသူ) တို့သည် မတူညီကြောင်း တွေ့မြင်နိုင်ပါသည်။
----

ကျင့်ထုံးပုဒ်မ - ၂၄၄(၁) နှင့် ၂၅၂(၁) တွင် တိုင်တန်းသူအား (ရှိခဲ့လျှင်) ဦးစွာစစ်ဆေးရန် ပြဌာန်းထားချက်သည် Complaint (တိုင်တန်းချက်)အရ အမှုကို ရည်ညွှန်းခြင်းဖြစ်ခြင်း။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သမ္မာန်မှုစစ်ဆေးနည်းတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၂၄၄(၁)တွင် “ရာဇ၀တ်တရားသူကြီး သည် ပုဒ်မ ၂၄၃ အရ တရားခံ အပေါ် ပြစ်မှုထင်ရှားစီရင်ခြင်းမပြုလျှင် သို့မဟုတ် တရားခံက ယင်းသို့ ၀န်ခံ ခြင်းမပြုလျှင် တိုင်တန်းသူအား (ရှိခဲ့လျှင်) ဆက်လက်ကြားနာရမည်။ ထိုပြင် တရားလိုဘက်မှ တင်ပြသော သက်သေခံချက်များကို ရယူပြီးနောက် -----------------------------“ ဟု ပြဌာန်းထားပါသည်။
ဝရမ်းမှုစစ်ဆေးနည်းတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၂၅၂(၁)တွင် “ရာဇ၀တ်တရားသူကြီး ရှေ့သို့ တရားခံ ရောက်ရှိသည့်အခါ သို့မဟုတ် တရားခံကို တင်ပို့သည့်အခါ ရာဇ၀တ်တရားသူကြီးသည် တိုင်တန်းသူအား (ရှိခဲ့လျှင်) ဆက်လက်စစ်ဆေးကြားနာရမည်။ ထို့ပြင် တရားလိုဘက်မှ တင်ပြသော သက်သေခံချက်ကို ရယူရမည်။” ဟု ပြဌာန်းထားပါသည်။
အဆိုပါ ကျင့်ထုံးပုဒ်မ - ၂၄၄(၁) နှင့် ၂၅၂(၁) တွင် တိုင်တန်းသူအား (ရှိခဲ့လျှင်)ဦးစွာစစ်ဆေးရန် ပြဌာန်းထားပါသည်။ မူရင်းပြဌာန်းချက်မှာ the complainant (if any) ဖြစ်ပါသည်။
အထက်တွင်ဆိုခဲ့ပြီးဖြစ်သည့်အတိုင်း Complainant (တိုင်တန်းသူ)ဟု သုံးနှုန်းထားသဖြင့် Complaint (တိုင်တန်းချက်) အရ အမှုအား ရည်ညွှန်းခြင်းဖြစ်ကြောင်းမြင်သာပါသည်။
F.I.R အရ စုံစမ်းထောက်လှမ်း၍ ရဲစွဲချက်ဖြင့် တရားစွဲတင်ပို့လာသော အမှုမဟုတ်ကြောင်းမြင်သာပါသည်။
-------

ရဲစွဲချက် အရ တရားစွဲတင်ပို့လာသောအမှုများတွင် Informant (သတင်းပေးသူ) ကို ဦးစွာစစ်ဆေးပြီးမှ ကျန်သက်သေများကို စစ်ဆေးရမည်ဟု ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွင် ပြဌာန်းထားခြင်းရှိမရှိ။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကျင့်ထုံးပုဒ်မ - ၂၄၄(၁) နှင့် ၂၅၂(၁) တွင် တိုင်တန်းသူအား (ရှိခဲ့လျှင်) ဦးစွာစစ်ဆေးရန် ပြဌာန်းချက် သည် တိုင်တန်းချက်အရ အမှု (၀ါ) ဦးတိုက်မှုများ နှင့်သာ သက်ဆိုင်သည့် အနေအထားတွင် ရဲစွဲချက် အရ တရားစွဲတင်ပို့လာသောအမှုများ အတွက် ကန့်သတ်ချက် မရှိကြောင်း
တွေ့မြင်နိုင်ပါသည်။
အထက်တွင်ဆိုခဲ့ပြီးဖြစ်သည့်အတိုင်း ပြစ်မှုများတွင် တရားလို အဖြစ် နိုင်ငံတော်ကရပ်တည်ပေးလျက်ရှိသဖြင့် Informant (သတင်းပေးသူ)သည် သက်သေ(witness) သာဖြစ်ပါသည်။
သက်သေကို မည်သည့် အစီအစဉ်အတိုင်း စစ်ဆေးရန်ဖြစ်ကြောင်း ဥပဒေ ပြဌာန်းချက်မရှိပါ။ သက်သေခံဥပဒေပုဒ်မ - ၁၃၅ အရ တရားသူကြီး၏ လုပ်ပိုင်ခွင့်ဖြစ်ပါသည်။
-----

တရားရုံးများလက်စွဲ

Xxxxxxxxxxxxxxxxx

တရားရုံးများလက်စွဲအပိုဒ် - ၄၄၁ နှင့် ၄၄၅ တွင် တိုင်လျှောက်သူ ရှိလျှင် ဦးစွာကြားနာစစ်ဆေး ရန် ပြဌာန်းထားပါသည်။ တိုင်လျှောက်သူ ဆိုသောစကားရပ်အရ ဦးတိုက်မှုကို ရည်ညွှန်းခြင်းဖြစ်ကြောင်း မြင်သာ ပါသည်။
တရားရုံးများလက်စွဲအပိုဒ် - ၄၆၄ တွင်
အမှုကိုစတင်စစ်ဆေးရာ၌ စစ်ဆေးမှုကိုတဆက်တည်း
ဆောင်ရွက်နိုင်စေရန် နှင့် သက်သေများ စစ်မေးခြင်းနှင့် စပ်လျဉ်း၍ သက်သေခံချက်တွင် ထွက်ဆိုမည့် ဖြစ်ပျက်ပုံကြောင်းခြင်းရာကို အကောင်းဆုံး ထွက်ပေါ်နိုင်စေမည့် အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်စေရန် အလို့ငှာ၊ စစ်ဆေးစီရင်ခြင်းကိုဖြစ်စေ၊ စုံစမ်း စစ်ဆေးခြင်းကိုဖြစ်စေ၊ ကာလအနည်းငယ် မျှ ရွှေ့ဆိုင်းရန် တခါတရံ လိုအပ်မည့် အမှုများတွင်မှတပါး တရားလိုဘက် သက်သေများ၊ သို့တည်းမဟုတ် တရားခံဘက် သက်သေများအားလုံး စုံလင်အောင် မလာရောက်သည့်အတွက် အမှုကိုရွှေ့ဆိုင်းသည့်အလေ့အထ မရှိစေရ တားမြစ်သည်။
အထက်ပါပြဌာန်းချက်အရ သာမန်အားဖြင့် တရားလိုဘက် သက်သေများ စုံလင်အောင် မလာရောက်သည့်အတွက် အမှုကို
ရွှေ့ဆိုင်းသည့် အလေ့အထ မရှိစေရပါ။
တရားရုံးများလက်စွဲအပိုဒ် ၄၆၆ တွင်လည်း သက်သေတို့ကို အခြားသော နေ့ရက်၌ တဖန် လာရောက်ကြရန် ပြောဆိုသည့် အလေ့အထ မရှိစေရ တားမြစ်သည်ဟု ပြဌာန်းထားပါသည်။
-----

သက်သေစစ်ဆေးခြင်း နှင့် ပတ်သက်သော ညွှန်ကြားချက်အမှာစာများ

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရားရုံးများညွှန်ကြားလွှာအမှတ် - ၁၄/၁၉၅၃ တွင်
ရာဇ၀တ်မှုများတွင် အထူးမသင့်လျော်သည့် အကြောင်းများ မရှိခဲ့လျှင် ရုံးတော်သို့ သက်သေခံရောက်လာသော သက်သေတစ်ဦး တစ်ယောက်ကိုပင် မစစ်ဆေးဘဲ ၄င်းတို့ နေရပ်များသို့ ပြန်သွားခိုင်းရာ၌ သက်သေများ မကျေနပ် စိတ်ပျက်တတ်သည်။ အမှုများ ကြားနာရာ တွင်လည်း ပိုမို ကြန့်ကြာသွားမည့်အကြောင်းဖြစ်ပါသည်။ အစိုးရ အတွက်လည်း သက်သေစရိတ် များပိုပြီးကုန်ရန် လမ်းဖြစ်ပါသည်။
သို့ဖြစ်၍ ရုံးတော်သို့ ရောက်လာသော သက်သေများကို မပျက်မကွက် စစ်ဆေးရန် ညွှန်ကြားထားပါသည်။
တရားရုံးများညွှန်ကြားလွှာအမှတ် - ၃/၁၉၆၆ တွင်
လာရောက်သမျှသက်သေကို ရက်မရွှေ့ဘဲ စစ်ဆေးရန် ၊ ရုံးသို့ သက်သေခံလာသော သက်သေတစ်ဦးတစ်ယောက်ကို မစစ်ဆေးဘဲ ပြန်ခိုင်းလျှင် မကျေနပ်ဖြစ်မည်။ အစိုးရအတွက်လည်း သက်သေစရိတ်များ ကုန်မည်။ အမှုသည်များသဘောတူရုံ မျှနှင့်သော်လည်းကောင်း၊ သို့မဟုတ် ရှေ့နေ မလာမရောက်သည့် အတွက်ကြောင့်သော်လည်းကောင်း ၊ အမှု ရွှေ့ဆိုင်းရန်အကြောင်း မလုံလောက်သည်ကို သတိပြုရမည်။ သက်သေအစုံအလင် မရောက်ကြသည့်အတွက် လာရောက်သော သက်သေတို့ကို စစ်မေးခြင်းမပြုဘဲ အမှုရွှေ့ဆိုင်းခြင်းမပြုရ။ ဟု ညွှန်ကြားပါသည်။
တရားရုံးချုပ်၏ (၇-၁၂-၁၉၈၈) စာအမှတ် - ၁၁၇/စု-၁၉/၁၃(ထွေ)၈၈ တွင်
ရဲအရေးပိုင်သောအမှုများ တွင် တရားလိုပြသက်သေများ အများအပြားရှိသည့်အနက် တရားလိုကိုသာ မလာမချင်းဆင့်ခေါ်နေပြီး အခြား တရားလိုပြသက်သေများအား ဆင့်ခေါ်ခြင်း၊ စစ်ဆေးခြင်းမရှိ၍ ကြန့်ကြာနေမှုများအား “ဥပဒေ၀န်ထမ်းရှိနေ သဖြင့် ရောက်ရှိနေမည့် သက်သေများအား ဆက်လက်စစ်ဆေးရန်လိုသည်။” ဟု မှာကြားပါသည်။
-----

သက်သေစစ်ဆေးပုံ။

Xxxxxxxxxxxxxxxxxxx

သက်သေများကို သက်သေအမှတ် (၁) (ရဲစွဲချက်အရ) မှ စတင် စစ်ဆေးရမည်ဟု ပြဌာန်းထားခြင်း မရှိပါ။ မည်သူ့ကိုစတင်စစ်ဆေးရမည်၊ မည်သူ့ကို စစ်ပြီးလျှင် မည်သူ့ကို ဆက်လက်စစ်ဆေးရမည်ဆိုသော ကိစ္စမှာ သက်သေခံဥပဒေပုဒ်မ - ၁၃၅ အရတရားသူကြီး၏ လုပ်ပိုင်ခွင့်ဖြစ်ပါသည်။
အမှုသည်၏ အခွင့်အရေး မဟုတ်ပါ။ လာသောသက်သေများကို မစစ်ဆေးဘဲ ပြန်လွှတ်လျှင် သက်သေများအဖို့ မည်မျှ ဒုက္ခရောက် သည်ကို ကိုယ်ချင်းစာကြစေချင်ပါသည်။
လာသောသက်သေများကို ဒုက္ခမပေးသင့်ပါ။ သက်သေများကို အစီအစဉ်ကျကျ စစ်ဆေးရမည်မှာ မှန်ပါသည်။
ပြစ်မှုကျူးလွန်ကြောင်းသိရှိသော သက်သေကို ပထမ စစ်ဆေးပြီးနောက် ၄င်းအား ထောက်ခံသော သက်သေများကို စစ်ဆေးမှသာ အစီအစဉ်ကျမည်ဖြစ်ပါသည်။
ပင်မသက်သေကမလာဘဲ ၄င်းအား ထောက်ခံမည့်သက်သေက လာသည့်အချက်တွင် အစီအစဉ်မကျ မည်စိုး၍ လာသည့်သက်သေကို မစစ်ဆေးဘဲထားလျှင် သင့်မြတ်မည်မဟုတ်ပါ။
သက်သေစရိတ်ပိုမိုကုန်ကျပါ မည်။ သက်သေအနေဖြင့် ရုံးသို့ နောက်တစ်ကြိမ်လာရလျှင် အနည်း နှင့် အများ ကသိကအောက်ဖြစ်ပေလိ့မ်မည်။
သက်သေစုံသည့်အမှုတွင်မူ မျက်မြင်သက်သေကို စစ်ဆေးပြီးမှ ထောက်ခံသည့်သက်သေများကိုစစ်ဆေးရန်ဖြစ်ပါသည်။
ပင်မသက်သေမလာသည့်အမှုတွင်မူ ထောက်ခံသည့်သက်သေလာပါက ပင်မသက်သေလာသည် အထိ မစောင့်ဘဲ လာသည့်သက်သေကို စစ်ဆေးသင့်ပါသည်။
ဦးမြ ၊ သောင်းပြောင်းထွေလာဥပဒေပြသနာ အမှတ် - ၆ ၊ စာ - ၁၆၇ မှ ၁၇၃
------

တင်ပြချက်။

Xxxxxxxxxxx

ရဲစွဲချက်အရ အမှုများတွင် ရုံးရှေ့ လာရောက်သောသက်သေများကို မစစ်ဆေးဘဲ Informant (သတင်းပေးသူ)ကို ဦးစွာစစ်ဆေးပြီးမှ ကျန်သက်သေများကိုစစ်ဆေးရမည်ဟု ပြဌာန်းချက်ရှိမရှိပါကြောင်း နှင့်
လာရောက်သောသက်သေများကို စစ်ဆေးရန်ဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

လေးစားစွာဖြင့်။


Written by Tun Myo Htay



Sunday, February 7, 2016

လူတစ်ယောက် ဥပဒေအရ အပြစ်ရှိတယ် ၊ အပြစ်မရှိဘူးဆိုတာက........


လူတစ်ယောက် ဥပဒေအရ အပြစ်ရှိတယ် ၊ အပြစ်မရှိဘူးဆိုတာက........



အောင်​စိုး (ပြည်​)



လူတစ်ယောက် ပြစ်မှုဆိုင်ရာ တရားခွင်ရှေ့ရောက်လာပေမယ့် တရားခံလို့  မခေါ်ဆိုနိုင်သေး
ပါဘူး၊ စွပ်စွဲခံရသူအဆင့်မှာဘဲ ရှိပါသေးတယ်။
စွပ်စွဲခံရသူတစ်ဦးအပေါ် တရားလိုဘက်က စွပ်စွဲထားတဲ့အချက်တွေ ဘယ်အတိုင်းအတာအထိရှိနေသလဲ၊ ဘယ်အတိုင်းအတာအထိ မှန်နေပြီလဲ ဆိုတဲ့အချက်များကို တရားလိုဘက်က သက်သေခံဥပဒေနှင့်အညီ သက်သေထူရမှာ ဖြစ်ပါတယ်။ တစ်ဆင့်ကြားသိရုံနှင့်တော့ မှန်ကန်တယ် လို့ မှတ်ယူလို့မရပါဘူး။ ကိုယ်ကိုယ်တိုင် ကြားတဲ့အသံတောင် ညအချိန်အမှောင်ထဲမှာ ကြားရင် အရင်က စွပ်စွဲခံရသူရဲ့ အသံကို ကြားဖူးပါတယ်ဆိုရုံနှင့် စွပ်စွဲခံရသူရဲ့ အသံပါလို့ပြောတာမျိုးကို တရားမျှတမှုအစစ်အမှန်ကို ရှာဖွေကြရတဲ့ ရုံးတွေက လက်ခံလို့မရပါဘူး။ စီရင်ထုံးတွေလည်း ရှိပါတယ်။

ဒီလူကဒီလူ့ကို သတ်တာကို နေ့အခါ မြင်ရုံနှင့်တောင် ဒီလူသတ်ပါတယ်လို့ တစ်ထစ်ချမဆိုနိုင်တဲ့  လောကမှာ ထူးခြားဆန်းကြယ်လှတဲ့ အကြောင်းတရားဆိုတာတွေ ရှိနေကြပါသေးတယ်။ အဲဒါကတော့ လူသူမရှား နာမည်တူမရှား ဖြစ်တတ်တဲ့ကိစ္စတွေပါဘဲ။ လူတစ်ယောက်ကို သတ်တယ်ဆိုတဲ့ စွပ်စွဲခံရသူနှင့် အသံရော ရုပ်ရည်ရော အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ထည်ကအစ တူနေတတ်တဲ့အဖြစ်မျိုးတွေ ရှိနေတတ်ကြတာကြောင့်ပါ။

 ဒီလိုအခါမျိုးမှာ စွပ်စွဲခံရသူဘက်ကလည်း စွပ်စွဲခံရသူနှင့် ရုပ်ချင်း ချွတ်စွတ်ထပ်တူ၊အရပ်အမောင်း အသံကအစ တူနေသူမျိုးသက်ရှိထင်ရှား ရှိနေပါတယ်ဆိုတာ တရားရုံးက ယုံကြည့်လောက်တဲ့ သက်သေခံချက်မျိုးတင်ပြနိုင်မယ်ဆိုရင်တော့ တရားရုံးအနေနှင့်လည်း ရုံးရှေ့ကို တင်ပို့ခံထားရတဲ့ စွပ်စွဲခံရ
သူဟာ အမှန်တကယ် အပြစ်ရှိသူဟုတ်/မဟုတ်ဆိုတာ တရားမျှတမှုအတွက် ထည့်သွင်းစဉ်းစားရတော့ မှာပါ။

ဒါကြောင့် စွပ်စွဲခံရသူတစ်ယောက်အပေါ် သူပြစ်မှုကျူးလွန်ကြောင်း သက်သေအထောက်အထား(99%)ရှိ ရုံနဲ့ အပြစ်ရှိတယ်လို့သတ်မှတ်လို့ မရနိုင်ပါဘူး။ သက်သေခံအထောက် အထား(100%)အပြည့်ရှိမှသာ စွပ်စွဲတဲ့ ပြစ်မှုကို ဒီစွပ်စွဲခံရသူက အမှန်တကယ် ပြုလုပ်တယ်လို့ သတ်မှတ်နိုင်မှာပါ။ ဒီအဆင့်မှာလည်း တရားခံဆိုပြီး ရုံးရှေ့တင်ပို့ခံရသူအနေနှင့် အပြစ်ရှိပါတယ်လို့ မဆိုနိုင်သေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့ ပြုလုပ်မှုက သက်ဆိုင်ရာဥပဒေအရ ပြစ်မှုမြောက်ရမည့် အင်္ဂါရပ်များနှင့် ကိုက်ညီပြည့်စုံပါရဲ့ လားဆိုတာ တစ်ချက်ချင်းစီစစ်ရအုံးမှာဖြစ်လို့ပါ။ ဒီလိုတစ်ချက်ချင်း စီစစ်ပြီး စွပ်စွဲခံရသူရဲ့ပြုလုပ်မှုဟာ သူ့အပေါ် စွဲဆိုထားတဲ့ဥပဒေနှင့်အကျုံးဝင်ညီညွတ်ရမည့် အချက်များနှင့် ကိုက်ညီပြီိဆိုလျှင်တော့ ရုံးရှေ့တင်ပို့ခြင်းခံရတဲ့ စွပ်စွဲခံရသူဟာ ပြစ်မှုကျူးလွန်သူလို့ ဆိုရတော့မည့် အဆင့်ကို ရောက်လာပါပြီ။

ဒါပေမယ့် ဒီအဆင့်မှာလည်း သူ့ကို ပြစ်မှုကျူးလွန်သူ အပြစ်ရှိသူလို့ မဆိုနိုင်သေးပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ပြစ်မှုဆိုင်ရာဥပဒေမှာ ကင်းလွတ်ရမြဲအချက်များဆိုတာ ရှိနေပါသေးတယ်။ ရာဇသတ်ကြီးလို့ခေါ် တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၈၂ မှာ အသက် ၇ နှစ်အောက်ကလေးရဲ့ ပြုလုပ်မှုသည် ပြစ်မှုမမြောက်လို့ အတိအလင်းပြဋ္ဌာန်းထားချက်တွေ၊ ပုဒ်မ-၈၃ မှာ ပြုလုပ်တဲ့အချိန်တုန်းက မိမိပြုလုပ်မှုရဲ့ သဘောနှင့် အကျိုး အပြစ်ကို သိနားလည်လောက်အောင် အမြော်အမြင်အဆင်အခြင် မပြည်စုံသေးတဲ့ အသက် ၇ နှစ်အထက်
၁၂ နှစ်အောက်ရှိတဲ့ ကလေးတစ်ယောက်ရဲ့ ပြုလုပ်မှုဟာလည်း ပြစ်မှုမမြောက်ကြောင်း အတိအလင်းပြဋ္ဌာန်း ထားချက်တွေ ရှိနေတာကြောင့်ဖြစ်ပါတယ်။ အဲဒီအပြင် ပုဒ်မ-၈၄ အရ စိတ်မနှံ့တဲ့သူရဲ့ ပြုလုပ်မှုဟာလည်း ပြစ်မှုမမြောက်ကြောင်း ပြဋ္ဌာန်းထားပါသေးတယ်။

အဲဒီအချက်များအပြင် ပြစ်မှုဆိုင်ရာဥပဒေအခန်း(၄)မှာ ကင်းလွတ်ရမြဲအချက်တွေများစွာရှိနေသေးတဲ့အပြင် စွပ်စွဲခံရသူတစ်ဦးအတွက် ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်၊ လူခန္ဒာကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့် စတာတွေ
လည်း များစွာ ရှိနေပါသေးတယ်။ ဒီအချက်တွေအပြင် မည်သည့်ပြစ်မှုမျိုးကို မည်သူက ဦးတိုက်လျှောက်ထား တရားစွဲဆိုတာမျိုးမဟုတ်ရင် တရားရုံးများက လက်ခံစစ်ဆေးခြင်း မပြုရဆိုတဲ့ တား မြစ်ချက်တွေလည်း ရှိနေပါသေးတယ်။ ဒီအချက်များကတော့ ကြုံလို့တင်ပြတဲ့ သဘောပါဘဲ။

ဒါကြောင့် လူတစ်ယောက်ကို ပြစ်မှုကျူးလွန်သူ သို့မဟုတ် အပြစ်ရှိသူ သို့မဟုတ် တရားခံလို့ သတ်မှတ်နိုင်ဖို့
ရာမှာ အထက်မှာ တင်ပြခဲ့တဲ့ အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားပြီး တရားရုံးများအနေနှင့် ကိုက်ညီမှု မရှိရင် ပြစ်မှုကျူးလွန်သူ၊ တရားခံလို့ သတ်မှတ်ကြမှာ မဟုတ်ပါဘူး။
ဒါကြောင့် ရပ်ကွက်ထဲမှာ ပြောကြတဲ့ ရဲကတော့ ဘမ်းပြီးတင်လိုက်တာဘဲကွာ၊ ရုံးကျမှ လွတ်သွားတာဆိုပြီး ပြောဆိုနေကြတာတွေဟာ ဥပဒေရဲ့ သဘောသဘာဝကို ထဲထဲဝင်ဝင် မသိကြလေသူ တို့ရဲ့ ပြောစကားများသာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းကတောင် အဲဒီကင်းလွတ်ရမြဲအချက်တွေရှိနေပါလျှက်နှင့် ဇွတ်တရားစွဲတင်တာမျိုးတွေတောင် ရှိတတ်ကြပါတယ်။

တကယ်တန်းကျတော့ လူတစ်ယောက်ကို ထောင်ထဲသွင်းဖို့နေနေသာသာ အပြစ်ရှိတယ်လို့ သတ်မှတ်ပြီး ဒဏ်ငွေတပ်ရိုက်တဲ့အဆင့်လောက်မှာကိုဘဲ အဲဒီလူရဲ့ ဂုဏ်သိက္ခာဟာ သူကျင်လည်ရတဲ့ပတ်ဝန်းကျင်မှာ များစွာ ကျဆင်းသွားနိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ကို လွယ်လွယ်နှင့် အပြစ်ရှိတယ်လို့ သတ်မှတ်ဖို့ မသင့်သလို အပြစ်မရှိဘူးဆိုပြီး လွယ်လွယ်နှင့် လွှတ်လိုက်မယ်ဆိုပြန်လျှင်လည်း လူ့ပတ်ဝန်းကျင်ကို ဒုက္ခပေးလေ့ရှိတဲ့သူဆိုရင် ထပ်ပြီး ဒုက္ခပေးတတ်ကျတာကြောင့် နှစ်ဘက်စလုံးကို မျှမျှတတစဉ်းစားသုံးသပ် ပြီးမှ အပြစ်ရှိတယ်၊ အပြစ်မရှိဘူးဆိုတာ ဆုံးဖြတ်ကြရတာဖြစ်ကြောင်း ညီအစ်ကို မောင်နှမများကို ဥပဒေဗဟုသုတအနေနှင့် တင်ပြလိုက်ပါတယ်ခင်ဗျာ။


အောင်​စိုး (ပြည်​)


၂၀၁၅-ခုနှစ်၊မော်တော်ယာဉ်ဥပဒေ အသစ်ရဲ့ နောက်ကွယ်က ပဋိပက္ခများကို ဘယ်လို ရှောင် ရှား သင့်သလဲ


၂၀၁၅-ခုနှစ်၊မော်တော်ယာဉ်ဥပဒေ အသစ်ရဲ့ နောက်ကွယ်က
ပဋိပက္ခများကို ဘယ်လို ရှောင် ရှား သင့်သလဲ

အောင်​စိုး (ပြည်​)



၂၀၁၅ခုနှစ်၊စက်တင်ဘာလ(၇)ရက်နေ့မှာပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်-၅၅ နဲ့ မော်တော်ယာဉ်ဥပဒေအသစ်ကို ပြဋ္ဌာန်း လိုက်ပါတယ်။
၁၉၆၄-ခုနှစ်၊မော်တော်ယာဉ်ဥပဒေကိုပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ
ဥပဒေ အမှတ်-၁၇နဲ့ ၁၉၆၄ -ခုနှစ်၊အောက်တိုဘာလ၉ရက်နေ့မှာ စတင်ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ စတင်ပြဋ္ဌာန်းခဲ့ ပြီး ၂၅နှစ်ခန့်အကြာ ၁၉၈၉-ခုနှစ်၊နိုဝင်္ဘာ၂၇ရက်နေ့မှာနိုင်ငံတော်ငြိမ်ဝပ် ပြားမှု တည် ဆောက်ရေး အဖွဲ့က ဥပဒေအမှတ်-၂၇ နဲ့ ဥပဒေကို ပြင်ဆင်ပြီး ဒဏ်ငွေများကို တိုး မြှင့် ခဲ့တာဖြစ်ပါတယ်။ ဒီလိုတိုးမြှင့်ခဲ့ရတာလည်း စတင်ပြဋ္ဌာန်းခဲ့စဉ်က ရှိခဲ့တဲ့ ဒဏ်ငွေ ပမာန ဟာ အများပြည်သူအတွင်း ထိရောက်ဟန့်တားမှု မရှိတော့ လို့ ဖြစ်ပါတယ်။

လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းများကို မလိုက်နာဘဲ အလွယ်တကူ ချိုးဖေါက်နေသူများကလည်း တစ်နေ့ ထက်တစ်နေ့ ပိုမို များပြားလာခဲ့ပါတယ်။ စည်းကမ်း လိုက်နာသူများ ရှိကြသလို စည်းကမ်း မလိုက်နာသူများက လည်း ဒုနဲ့ဒေးပါပဲ။ စည်းကမ်း မလိုက်နာသူများပြားလာ တာနဲ့အမျှ စည်း ကမ်းလိုက်နာသူ လူနည်းစုရဲ့ဘ၀ဟာ တစ်ဖြည်းဖြည်း မလုံခြုံတဲ့ဘ၀ကို ရောက်ရှိလာပါတော့ တယ်။ ကိုယ်က ဘယ် လောက်ပဲ စည်းကမ်းကို လိုက်နာပေမယ့် စည်းမဲ့ ကမ်းမဲ့ ပရမ်းပတာ မောင်းသူတို့ ကြောင့် စည်းကမ်းတကျနေထိုင်သူတို့ဟာ အရေးကြုံလို့ လမ်းပေါ်ထွက် ကား မောင်းရမှာ၊ဆိုင်ကယ်မောင်း၊ စက်ဘီးစီးရမှာကို တောင် ကြောက်ရွံ့လာကြရတဲ့ အခြေအနေ မျိုးဖြစ် လာပါတယ်။ အဆိုးဆုံးကတော့ နယ်မြို့ တွေမှာ ဆိုင်ကယ်စီးဦးရေ များပြားလာတာနဲ့ အမျှ ဆိုင်ကယ်မောင်း သူ အချို့ဟာ လမ်းစည်းကမ်းကို ချိုးဖေါက်ချင်သလို ချိုးဖေါက်လာပါ တော့ တယ်။

အချို့ အသက် မပြည့်ဘဲ ကား/ဆိုင်ကယ် မောင်းနှင် နေကြသူများ ရှိကြသလို အသက်ပြည့်ကြသော်လည်း အများပြည်သူသွားလာရာ လမ်းမ ကြီးများပေါ်မှာ ယာဉ်မောင်း နှင်ခွင့် လိုင်စင် လုံးဝမရှိဘဲ မောင်းနှင်နေကြသူတွေ ကလည်း များပြားလှပါတယ်။ စက်တပ် ထားတဲ့ မော်တော်ကား /မော်တော် ဆိုင်ကယ်များကို ကျွမ်းကျင် စွာ မောင်းတတ်ခြင်း ရှိ/မရှိ၊ သတ် မှတ် ထားတဲ့ လမ်းစည်းကမ်း၊ယာဉ်စည်းကမ်းတွေကို ဘယ် လောက်အထိ သိရှိနားလည်ပြီးခြင်း ရှိ/မရှိသက်ဆိုင်ရာဌာနရဲ့စစ်ဆေးမှု  ခံယူရခြင်းမရှိဘဲ အများ ပြည်သူဆိုင်ရာ လမ်းမ များ ပေါ်မှာ ဥဒဟိုမောင်းနှင်နေကြခြင်းဟာ စည်းကမ်းလိုက်နာသော အများပြည်သူများ အ တွက် ဘယ် လောက်အထိ အန္တရာယ်များလှတယ်ဆိုတာ တွေးကြည့်ရင် သိရှိနိုင် ပါလိမ့်မယ်။ မကြာမီက ကျွန်တော်တို့မြို့မှာ မိန်းကလေးတစ်ဦး ဆိုင်ကယ်ကို လမ်းပြောင်းပြန် မောင်းလာ တာ တွေ့လို့ သတိပေးလိုက်မိပေမယ့် “ဒီခေတ်မှာလမ်းပြောင်းပြန် တွေ ဘာတွေလာမပြောနဲ့ မရှိတော့ဘူး” လို့ ပြန်ပြောလာပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဒီကနေ့ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းဖို့ ဘယ်လောက်အထိလိုအပ်နေပြီ၊ မော် တော်ယာဉ်နဲ့ ပတ်သက်တဲ့ အပြစ် ဒဏ်  တွေမှာ  ထိရောက်ဟန့်တားလောက်တဲ့  ဒဏ်ငွေသတ်မှတ်ချက်တွေလိုအပ်လာပြီဆိုတာကိုလည်း
တွေးကြည့်လို့ရနိုင် ပါ တယ်။

               ယနေ့ခေတ် အခါ ဟာ ၁၉၆၄-ခုနှစ်၊ မော်တော်ယာဉ်ဥပဒေပြဋ္ဌာန်း ကာစ ၁၉၆၄-ခုနှစ်ကာလနဲ့မတူညီတော့သလိုအဲဒီဥပဒေမှာသတ်မှတ်ထားတဲ့ဒဏ်ငွေပမာနကို တိုးမြှင့်ပြင်ဆင်ခဲ့တဲ့ ၁၉၈၉-ခုနှစ် ကာလကရှိခဲ့တဲ့ မော်တော် ယာဉ်အရေအတွက်၊မော်တော်ဆိုင်ကယ်အရေအတွက်တို့နဲ့လည်း မတူညီ ကြတော့ပါဘူး။ ကားကြီးကားငယ်အမျိုးမျိုး၊သုံးဘီးဆိုင်ကယ်၊ထော်လာဂျီ၊မော်တော်ဆိုင်ကယ် စသည်တို့တိုးတက်များပြားလာမှုကြောင့်လည်းကောင်း ၊ ပြောင်းလဲကျင့်သုံးလာတဲ့ဈေးကွက်စီးပွါးရေး စနစ်တို့အရလည်းကောင်း၊မြန်မာကျပ်ငွေဖေါင်းပွမှုတို့အရလည်းကောင်း ၁၉၆၄-ခုနှစ်က ပြဋ္ဌာန်းခဲ့သော
မော်တော်ယာဉ် ဥပဒေနဲ့ ၁၉၈၉ -ခုနှစ်က ထိရောက်ဟန့်တားစေရန် ပြင်ဆင် သတ်မှတ်ပေးခဲ့တဲ့ ဒဏ်ငွေ ပမာနတို့ဟာ ယနေ့အချိန်ကာလနဲ့ မည်သို့မျှ မကိုက်ညီ တော့ဘဲထိရောက်ဟန့်တားစေမှုမရှိတော့ တာ ကြောင့် နောက်ထပ်(၂၅)နှစ် ခန့်ကြာလာပြန် တဲ့ ယနေ့အချိန်အခါမှာ ယခုမော် တော်ယာဉ်ဥပဒေ အသစ်ကို ရေးဆွဲပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

                ယခုမော်တော်ယာဉ်ဥပဒေအသစ်မှာ ပြဋ္ဌာန်းထားတဲ့ ဒဏ်ငွေများဟာ ယခင်ဥပဒေအဟောင်း မှာ ပြဋ္ဌာန်းထားတဲ့ဒဏ်ငွေများထက်အဆ(၂၀) လောက်တိုးမြှင့်လာတယ်လို့ ဆိုကြပါတယ်။

                 ဒီလို တိုးမြှင့်လိုက်တဲ့အတွက်ရန်ကုန်ဘတ်စ်ကားလောကမှာ ဆူညံဆူညံ အသံများ ထွက်ပေါ် လာတာကိုကြားရပြီး ဥပဒေအသစ် ထွက်တာကိုမသိ လိုက်ကြဘဲ အဖမ်းခံရပြီး ဒဏ် ငွေဆောင်ရတော့မှ တိုးမြှင့်ထားတဲ့ဒဏ်ငွေကိုသိရှိရတော့တယ်လို့လည်းကြားသိရပါတယ်။ဥပဒေသစ်ကဒဏ်ငွေ တွေအဆ
မတန်တိုးမြှင့်လိုက်တဲ့အတွက်ရန်ကုန်ဘတ်စ်ကားလိုင်းအချို့မထွက်ကြတော့ဘဲရပ်နားထားတာ ကြောင့်
ကျောင်းသူကျောင်းသား၊ရုံးသူရုံးသားတွေနဲ့အများပြည်သူတို့သွားရေးလာရေးအခက်အခဲများနဲ့ရင်ဆိုင်ကြ ရတာတွေကိုလည်းသတင်းစာ၊ဂျာနယ်နဲ့ရုပ်မြင်သံကြားသတင်းလိုင်းတွေမှာဖတ်ကြရ၊ကြားကြရ၊  မြင်ကြ
ရတာစိတ်မချမ်း မြေ့စရာပါပဲ။ ပိုဆိုးတာကတော့၂၄- ၉ -၂၀၁၅  ရက်နေ့နံနက်၉နာရီခန့်ကမန္တလေးမြို့၊
အောင် မြေသာစံမြို့နယ် ၁၉လမ်းနဲ့ ၆၆လမ်းထောင့် နန်းရှေ့ ၊ကျုံးဘေးပလက်ဖေါင်းမှာ ယာဉ်စစ်ဆေး
 ရေးတာဝန်ထမ်းဆောင်ရင်းယာဉ်ထိန်းရဲတစ်ဦးဓါးထိုးခံခဲ့ရပြီး သေဆုံးသွား စေတဲ့အထိ ဖြစ်ခဲ့ရတဲ့
ဖြစ်ရပ်ဆိုးပဲဖြစ် ပါတယ်။

                ဥပဒေသဘောအရ ဥပဒေအသစ်တစ်ခုကို ထုတ်ပြန်ပြဋ္ဌာန်းလိုက်ပြီး တာနဲ့အများ ပြည်သူဟာ အသစ်ထုတ်ပြန်ပြဋ္ဌာန်းလိုက်တဲ့ဥပဒေကိုသိရှိပြီး ဖြစ်တယ်လို့မှတ်ယူရ မှာပဲဖြစ် ပါတယ်။  ဒါဟာအစဉ် တစိုက်အားဖြင့် လိုက်နာကျင့်သုံးကြရတဲ့ ဥပဒေမူသဘောတရားပဲ ဖြစ် ပါတယ်။ အဲဒီလိုထုတ်ပြန်ကြေငြာ ပြီးတဲ့နောက်မှာ ဥပဒေကိုမသိလို့ ကျူးလွန်မိတာပါလို့ အကြောင်းပြလို့ မရပါဘူး။ ဒီလို အကြောင်းပြတာကို လက်ခံမယ်ဆိုရင် လည်း ပြစ်မှုကျူးလွန် သူတိုင်းဟာ ဒီအကြောင်း ပြချက်ကိုအကာအကွယ်ယူပြီး
ပြစ်မှုတွေ တစ်ခုပြီးတစ်ခုကျူးလွန် နေကြပြီး လွတ်မြောက်နေကြမှာပါ။

              ဒါပေမယ့်လည်း ယခုကဲ့သို့သော အများပြည်သူ အချိန်နဲ့ တစ် ပြေးညီ သိသင့် သိ ထိုက်တဲ့ ဥပဒေမျိုးကိုတော့ လက်တွေ့ကျင့်သုံးခြင်း မပြုမီ အများပြည်သူကို ထဲထဲဝင်ဝင် သိရှိအောင် အသိပညာ
 ပေြး ခင်းတို့ကို ဦးစွာ ဆောင်ရွက်သင့်တယ်လို့လည်း ယူဆမိပါတယ်။လက်တွေ့အားဖြင့်လည်း ပညာပေး ကာလဆိုပြီး ကျင့်သုံးခဲ့ကြတဲ့ သာဓကတွေ ရှိခဲ့ဘူးပါ တယ်။ ဘတ်စ်ကားယာဉ် မောင်းသူ၊ ယာဉ်နောက် လိုက်၊ တစ်နေကုန် တစ်နေခမ်း စက်ရုံ အလုပ် ရုံတွေထဲမှာ အလုပ်လုပ်နေရသူများ နဲ့ တစ်နေကုန်ဝမ်းစာ ရှာဖွေ စားသောက် နေရသူများစသူတို့ဟာ တစ် နေကုန်အလုပ်လုပ်၊ ညကျ မှ အိမ်ပြန် ရောက်ကြ၊ ညစား စား၊ ပြီးတာနဲ့အိပ်ယာဝင်၊ နောက်တစ်နေ့ မိုးမလင်းမီမှာ အိပ်ယာက ထပြီး အလုပ်ခွင် ပြန်သွားကြရခြင်းနဲ့ပဲ သံသရာလည် နေကြရလေတော့ဥပဒေအသစ် ပြဋ္ဌာန်းတာကိုအခြားအခြားသောရုံးဝန်ထမ်းလုပ်သား
ပြည်သူများလို သိနိုင်ခွင့် အားနည်းတတ်ကြတာ မျိုး တွေ ရှိနိုင်ပါတယ်။

             ဘယ်လိုပဲ ဖြစ်ဖြစ် အရင်တုန်းက ဥပဒေအဟောင်းနဲ့ မတူတော့ဘဲ ထိရောက်ဟန့် တားစေလောက် တဲ့ ဒဏ်ငွေအသစ်နဲ့ ပြဋ္ဌာန်း ထားတဲ့ ဥပဒေဖြစ်တာ ကြောင့် အများပြည်သူအတွင်းမှာ ထဲထဲဝင်ဝင် အရင် သိရှိကြရလေ အောင်တတ်သိပညာရှင်များကရှင်းလင်းပွဲတွေ၊ပညာပေးကာလ တွေ ဦးစွာ ပြုလုပ်သင့်တယ် လို့ ယူဆမိပါတယ်။( အချို့သော မော်တော် ယာဉ်လိုင်းများမှာ ရှင်း လင်းပွဲတွေ ပြုလုပ်နေကြပြီလို့လည်း သိရပါတယ်။)

                မော်တော်ယာဉ်ဥပဒေအသစ်ကို မိမိဘာသာ ရှာဖွေမလေ့လာနိုင် သူများအဖို့ တတ်သိ ပညာ ရှင်များ  လာရောက် ရှင်းလင်းတဲ့အခါမျိုးမှာလည်း သေချာစွာ ဂရုတစ်စိုက်နားထောင်မှတ် သား ခြင်း၊ မရှင်းလင်းတာရှိရင် ချက်ချင်းပြန်လည်မေးမြန်းခြင်း၊ တတ်သိပညာရှင်များ လာ ရောက်ရှင်းလင်းခြင်း မပြုနိုင်သေးဘူးဆိုရင်လည်း မိမိတို့ လိုက်နာရ မြဲ လမ်းစည်းကမ်း၊ ယာဉ် စည်းကမ်းများကိုပဲ ဆက်လက် လိုက်နာနေကြရမှာဖြစ်ပါတယ်။ ၂၀၁၅-ခုနှစ်မော်တော် ယာဉ် ဥပဒေအသစ်ရဲ့ ပုဒ်မ-၈၀ မှာ “၁၉၆၄-ခုနှစ် ၊မော်တော်ယာဉ် ဥပဒေအရ ထုတ်ပြန်ထား သော နည်းဥပဒေများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန် ကြားချက်နှင့် လုပ်ထုံးလုပ် နည်းများကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင် သည်” လို့ ပြဋ္ဌာန်းချက်ရှိထားတဲ့အတွက်ဖြစ်ပါတယ်။ နောက်ပိုင်းနည်းဥပဒေအသစ် ထွက်လာတဲ့အခါမှာတော့ နည်းဥပဒေအသစ်မှာ ပါရှိတဲ့အတိုင်း ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းများကို ဆက်လက်လိုက်နာသွား ကြရမှာဖြစ်ပါတယ်။ “စည်းကမ်းလိုက်နာ၊ ဘေးကင်းကွာ”ဆိုတဲ့ မူကို နှလုံးသွင်းကြရမှာပဲ ဖြစ်ပါတယ်။

             ဖမ်းဆီးအရေးယူသူများအပိုင်းကလည်း လောလောဆည်ကာလမှာ  မော်တော်ယာဉ်ဥပဒေ
အသစ်နဲ့ မညီသမျှတို့ကို တွေ့သမျှ ပုဒ်မတပ်အရေး ယူနိုင်ခွင့် ရှိတယ်ဆိုပေမယ့် အများ ပြည်သူကို လတ္တလောအားဖြင့် အန္တရာယ်ဖြစ်စေနိုင်တဲ့ စည်းကမ်းချိုးဖေါက်မှုမျိုးကိုပဲ ချက်ခြင်း လက်ငင်းဦးစားပေး အရေးယူခြင်းတို့ ပြုသင့်တယ်လို့ ယူဆမိပါတယ်။ ဥပဒေအသစ် တစ်ခု ပြဋ္ဌာန်းကာစမှာ ဥပဒေအသစ် အတွက် လိုအပ်တဲ့နည်းဥပဒေများအသင့်မဖြစ်သေးတဲ့အတွက် နောက်ကနေလိုက် ပြဋ္ဌာန်းပေးရတာ
မျိုးဖြစ်သလို အဲဒီဥပဒေအရ အရေးယူအပြစ်ပေး ခြင်းခံရမယ့် အများပြည်သူဘက်ကလည်း အဲဒီဥပဒေ အတိုင်း လိုက်နာနိုင်ဖို့ ကြိုတင်ပြင်ဆင်ရမယ့်အချိန်ကာလဆိုတာလည်း ရှိသင့်တာဖြစ်ပါတယ်။ ဥပဒေ အသစ်တစ်ခုပြဋ္ဌာန်းပြီး တစ်လမပြည့်ခင်ကလေးမှာ ဒီဥပဒေအသစ်ကို လက်တွေ့ကျင့်သုံးလိုက်တဲ့အခါ အများပြည်သူဘက်ကလည်း ဥပဒေအသစ်ကို လိုက်နာနိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်ချိန်မရလိုက် တာကြောင့် ဖမ်းဆီးတဲ့ တရားစွဲအဖွဲ့ အစည်း၊ တရားစီရင်ရေးတာဝန်ဆောင်ရွက်ကြရတဲ့ ဌာနများနဲ့ အများပြည်သူတို့ အကြား ပွတ်တိုက်မှုဆိုတဲ့ ပဋိပက္ခအသွင်ဖြစ်ပေါ်နိုင်ကြပါတယ်။

             တရားစီရင်ရေးအပိုင်းကလည်း တရားစွဲတင်လာတဲ့ မော်တော်ယာဉ် ဥပဒေအသစ်အရ အမှုများနဲ့ ပတ်သက်ပြီး ဒဏ်ငွေသတ်မှတ်ချက် အမြင့်ဆုံး အပြစ်ဒဏ်များအထိ ချမှတ်နိုင်ခွင့် ရှိသော်ငြားလည်း ကျူးလွန်သူရဲ့ကျူးလွန်ပုံအခြေအနေ(ဥပမာသတ်မှတ်ထားသည့်အမြန် နှုန်းထက်ပို၍  သို့မဟုတ် လျော့၍
မောင်းနှင်ခြင်း၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊မူးယစ်ဆေးဝါး သို့မဟုတ်
စိတ်ကိုပြောင်းလဲစေသောဆေးဝါးများသုံး စွဲ၍ သော်လည်းကောင်း အရက်သေစာမူးယစ်သောက်စား ၍ သော်လည်း ကောင်း မောင်းနှင် ခြင်းစသည်)တို့အပေါ်သုံးသပ်ပြီး ပြစ်မှုနဲ့လျော်ညီ ပြီး ယခင်ဥပဒေ အဟောင်းထက်လည်း ပိုမိုထိရောက်ဟန့်တားမှုလည်း ရှိစေမယ့် ဒဏ် ငွေ ပမာနမျိုးကိုသာ တပ်ရိုက်သင့်   သေးတယ်လို့ ယူဆပါတယ်။ နောက်ပိုင်း ကာလတစ်ခုအထိ ကျင့်သုံးပညာပေးပါလျှက်နဲ့ ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်းချိုးဖေါက်မှုများ လျော့နည်း မသွားခဲ့ဘူးဆိုတဲ့ အခါမျိုးကျမှသာ ဒဏ်ငွေအပြစ်ဒဏ်ကို တိုးမြှင့်သင့်တယ်လို့ ယူဆပါ တယ်။ (ယခုလို တင်ပြလို့ မိချောင်းမင်း ရေခင်းပြတယ် လို့လဲ မထင်စေချင် ပါဘူး ။)
                  ဒါ့အပြင် ယာဉ်စစ်ဆေးဖမ်းဆီးမှုပြုလုပ်ကြတဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင် များ၊ တရားစွဲတင် ရင်
ဖြတ်သန်းရမယ့် မှုခင်းတပ်ဖွဲ့(CRO)၊ မြို့နယ်ဥပဒေရုံး ၀န်ထမ်းများ၊ တရားရုံးတရားသူကြီး များအပါအ၀င် တရားရုံးဝန်ထမ်းများတို့ အနေနဲ့လည်း အသစ်ပြဋ္ဌာန်းလိုက်တဲ့ မော်တော်ယာဉ် ဥပဒေအရ တရားစွဲတင် ခံရသူများအား ဥပဒေသစ်နဲ့ပတ်သက်ပြီး စိတ်ရှည်စွာနဲ့ နားလည်သဘောပေါက်အောင် ရှင်းလင်းပြဖို့လည်း လိုအပ်ကြလိမ့်မယ်လို့ယူဆပါတယ်။ အခုလို မိမိတို့ရဲ့ တာဝန်ဝတ္တရားအရ ဆောင်ရွက်ကြရတဲ့ သက်ဆိုင် ရာဌာနဆိုင်ရာအသီးသီးတို့အနေနဲ့မကြာမီက ပြဋ္ဌာန်းလိုက်တဲ့ မော်တော်ယာဉ်ဥပဒေအသစ်နဲ့  အများ
ပြည်သူတို့အသားမကျသေးမီလတ္တလောကာလလေးမှာ ညှိညှိနှိုင်းနှိုင်း၊ ချိန်ချိန်ဆဆနဲ့ ဆောင်ရွက်သွားကြ မယ်ဆိုရင် ပြီး ခဲ့တဲ့ ၂၄-၉-၂၀၁၅ရက်နေ့က မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၉လမ်းနဲ့၆၆လမ်းထောင့်၊  နန်းရှေ့ကျုံးဘေးပလက် ဖေါင်းမှာယာဉ်စစ်ဆေးရေးတာဝန်ထမ်းဆောင်ရင်းဓါးထိုးခံခဲ့ရပြီး သေဆုံးသွား
စေတဲ့ အထိ ဖြစ်ခဲ့ရ တဲ့ ဖြစ်ရပ်ဆိုးမျိုးနဲ့အခြားမလိုလားအပ်သောအခြေအနေဆိုးများကို ရှောင်ရှားနိုင်လိမ့် မယ်လို့ ယူဆပါ ကြောင်း စေတနာကောင်းဖြင့် တင်ပြလိုက်ရပါ တယ်။

ေ အာင် စိုး ( ပြည် )


၂၀၁၅-ခုနှစ်၊အောက်တိုဘာလ (၄)ရက်နေ့(တနင်္ဂနွေနေ့ထုတ် ) ဒီမိုကရေစီတူဒေးသတင်း စာ၊ အတွဲ(၂)၊အမှတ်(၂၆၇)




ဥပဒေနဲ့အညီ အိမ်ခြံမြေ ၀ယ်ယူခြင်း

ဥပဒေနဲ့အညီ အိမ်ခြံမြေ ၀ယ်ယူခြင်း


U  T  K



မရွှေ့မပြောင်းနိုင်တဲ့ အိမ်မြေကိုဝယ်ရင်၊ တရားဝင် ၀ယ်ယူခြင်းမြောက်အောင် ဘာတွေလုပ်ရမလဲဆိုတာ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။အဲ့ဒီ ဥပဒေမှာပါတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်........



(၁) စာချုပ်ချုပ်ရမယ်။
(၂) ၀ယ်ယူတဲ့ တန်ဖိုးအလျောက်တံဆိပ်ခေါင်း ထမ်းဆောင်ရမယ်။
(၃) စာချုပ်မှာ ရောင်းသူနဲ့ဝယ်သူတို့လက်မှတ်ထိုးရမယ်။
(၄) သက်သေ(၂)ယောက် လက်မှတ်ရေးထိုးရမယ်။
(၅) စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကြေး ပေးဆောင်ပြီး မှတ်ပုံတင်ရမယ်။



ဒါမှသာ အပြည့်အ၀၊ တရားဝင်၊ ဥပဒေနဲ့အညီဝယ်ယူခြင်း ဖြစ်ကြောင်း၊
- ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊
- စာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေ၊
- အခွန်တော်ခေါင်းအက်ဥပဒေ၊ ပဋိညာဉ်အက်ဥပဒေတွေမှာ ပြဋ္ဌာန်းထားတယ်။



ဒီလိုမှတ်ပုံတင်စာချုပ်နဲ့ ၀ယ်ယူ ပြီးနောက် -



* ပြန်လည်ရရှိလာတဲ့ မှတ်ပုံတင်စာချုပ်နဲ့ သက်ဆိုင်ရာမြေစာရင်း၊ မြို့တော်စည်ပင်ဌာနမှာ မိမိ ၀ယ်ယူတဲ့မြေအမျိုး အစားအလျောက် အမည်ပြောင်း၊ ဂရန်အမည်ပေါက်ဖောက်ပေးဖို့ ဆက်လက်လုပ်ဆောင်ရပါတယ်။
* ဘိုးဘွားပိုင်မြေဆိုရင် မိမိအမည်နဲ့ ဂရန်မြေဆိုရင် မိမိအမည်ပေါက်ဂရန်စာချုပ်နဲ့အတူ မြေစာရင်းပုံစံ (၁၀၅)မြေပုံ၊ မြေစာရင်းပုံစံ(၁၀၆)မြေရာဇ၀င် ထွက်လာပါမယ်။
* ဒါဆိုရင် မိမိက၀ယ်ယူတဲ့ အိမ်မြေရဲ့ပိုင်ရေးဆိုင်ခွင့်ကို သက်သေခံစာချုပ် စာတမ်းများနဲ့အတူ ပိုင်ဆိုင်တယ်လို့ မှတ်ယူပါတယ်။
* အပြည့်အ၀ တရားဝင် ဥပဒေနဲ့အညီဝယ်ယူခြင်းဟာ အပြည့်အ၀ တရားဝင်ပိုင်ဆိုင်ခွင့်ရရှိစေပါတယ်။
* ကိုယ်ဝယ်ယူထား တဲ့ အိမ်မြေက နင်ထုတ်လို့မရဘူး။ သူများကျူးကျော်ဝင်ရောက်လို့မရဘူး။
* ကိုယ်သေရင် ကိုယ့်ရဲ့အမွေခံများ ဆက်ဆံခွင့်ရကြ တယ်။
* မသက်ဆိုင်သူများကို အိမ်မြေက နှင်ထုတ်လို့ရတယ်။
* ကိုယ်က အခြားသူကို လွှဲပြောင်းရောင်းချလို့ရတယ်။
* နောက်ဝယ် တဲ့သူဟာ တရားဝင်ပိုင်ဆိုင်ခွင့်ရတယ်။



“အရပ်ကတိစာချုပ်နှင့် ၀ယ်ယူခြင်း”

===================



အိမ်မြေတွေကို အရပ်စာချုပ်နဲ့ဝယ်ခြင်း ဟာ အပြည့်အ၀ဆောင်ရွက်ခြင်း၊ ၀ယ်ယူခြင်းမဟုတ်ဘူး။ တရားဝင်ဝယ်ယူခြင်း မမြောက်ဘူး။

အကြောင်းက -



(၁) စာချုပ်ဟာ မှတ်ပုံတင်စာချုပ်မဟုတ်ဘူး။ အရပ်စာချုပ်။
(၂) တံဆိပ်ခေါင်းခွန် (၇%) ထမ်းဆောင်မထားဘူး။
(၃) စာချုပ်ကို မှတ်ပုံတင်ကြေးပေးပြီး မှတ်ပုံတင်ရုံးမှာ
မှတ်ပုံတင်မထားဘူး။ ရုံးမှာ စာချုပ်မရှိဘူး။
(၄) မြေစာရင်းနဲ့စည်ပင်ဌာနမှာ မိမိအမည်ပြောင်း လျှောက်ထားလို့မရဘူး။ မိမိအမည်ပေါက်နိုင်ဘူး။ ဂရန်မရနိုင်ဘူး။
(၅) မြေပုံ၊ မြေရာဇ၀င်မှာ မိမိအမည်မပေါက်ဘူး။



ဒီလိုအရပ်စာချုပ်နဲ့သာ ၀ယ်ယူထားခြင်းကို -
* “တစ်ပိုင်းတစ်စဆောင်ရွက်ခြင်း” PART PERFORMANCE လို့ခေါ်တယ်။
* အပြည့်အ၀ဆောင်ရွက်ထားခြင်းမဟုတ်တဲ့အတွက် ပိုင်ဆိုင်ခွင့်မရနိုင်ဘူး။ တစ်ပိုင်းတစ်စ အခွင့်အရေးသာရနိုင်တယ်။
* မြေရဲ့ ပိုင်ဆိုင်ခွင့်အကြောင်း တရားရုံးမှာ အရေးဆိုလို့မရဘူး။ အကြောင်းကတော့ တရားဝင်ဝယ်ယူခဲ့ခြင်းမဟုတ်လို့ တရားဝင်ပိုင်ရေး ဆိုင်ခွင့်မရဘူး။
* ပိုင်ရေးဆိုင်ခွင့်ကိုအကြောင်းပြုပြီးတော့ အိမ်မြေအပေါ် ကျူးကျော်သူကို နင်ထုတ်လို့မရဘူး။
* ကိုယ်ကအခြားသူ ကို တရားဝင်ပြန်လည်ရောင်းချလို့မရဘူး။
* ရောင်းချခဲ့ရင်လည်း ၀ယ်သူဟာ တရားဝင်ပိုင်ရှင်အဆင့် မရနိုင်ဘူး။



ဒါပေမဲ့ ရောင်းသူက ကိုယ့်ကိုဒီမြေပေါ်ကနှင်ထုတ်လိုမှု ဆိုလာရင်တော့ -
* သူနဲ့ကိုယ်နဲ့ ချုပ်ဆိုထားတဲ့ အရပ်ကတိစာချုပ်ကို ရုံးတော်ကိုတင်ပြပြီး (ဒိုင်း)အဖြစ် ခုခံကာကွယ်နိုင်တယ်။
* ကိုယ့်ကို နင်ထုတ်လို့မရဘူး။
* ဒါကြောင့် တစ်ပိုင်းတစ်စ ဆောင်ရွက်ခြင်း၊ ၀ယ်ယူခြင်းဟာ ဓားအဖြစ် ထိုးခုတ်လို့မရဘူး။ ဒိုင်းအဖြစ်သာ ခုခံကာကွယ်နိုင်တယ်။
(PART PERFORMANCE IS A SHIELD, NOT A SWORD) လို့ ဥပဒေဆိုရိုးစကားရှိပါတယ်။ ဒါက ဥပဒေ ပြဋ္ဌာန်းချက်ကို တင်ပြရတာပါ။



"ယနေ့ အိမ်မြေတွေကို ဘယ်လိုဝယ်"

====================



ကနေ့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွေမှာ အိမ်မြေ အရောင်းအ၀ယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုကြတာ အတော်နည်းသွား တယ်။
(၉၀%)လောက် လျော့နည်းသွားတယ်လို့ ပြောကြတယ်။
(၉၀%)က အိမ်မြေတွေကို ဘယ်လိုဝယ်နေကြသလဲ။



(၁) အရပ်ကတိစာချုပ်နဲ့ ငွေပြေချေဝယ်ယူတယ်။
(၂) ရောင်းသူဝယ်သူ လက်မှတ်ထိုး၊ သက်သေလက်မှတ်ထိုး ကြတယ်။
(၃) အိမ်မြေကို ၀ယ်သူလက်ရောက်ရယူတယ်။
(၄) အိမ်မြေရဲ့ပိုင်ရေးဆိုင်ခွင့်စာချုပ်၊ ဂရန်မူရင်းတွေဝယ်သူ ရယူတယ်။
(၅) ရောင်းသူဟာ ဒီအိမ်မြေနဲ့ မဆိုင်တော့ပါကြောင်း၊ ၀ယ်သူကို ရောင်းချပြီးကြောင်း ကျမ်းကျိန်ချက် လုပ်ယူထား တယ်။
(၆) ရောင်းသူက ၀ယ်သူကို (SPECIAL / GENERAL POWER) အထူးကိုယ်စားလှယ်စာ၊ အထွေထွေကိုယ်စားလှယ်ကို မှတ်ပုံတင်ရုံးမှာ လုပ်ပေးတယ်။ ဒါတွေကတော့ ကနေ့ လက်တွေ့ဖြစ်ပျက်နေတာပါ။



ကိုဖြူ ။ ။ အကျိုးအပြစ်ပြောပြပါ။



ယူတီကေ ။ ။ အမှန်တကယ်ဝယ်ဈေးက ကျပ်သိန်း(၁၀၀၀၀)ဖြစ်ပေမဲ့၊ တန်ဖိုးဖြတ်အဖွဲ့ရဲ့ သတ်မှတ်ချက်က (၁၅၀၀၀)/ (၂၀၀၀၀)သိန်းလို့ ဖြတ်လိုက်မှာကို ရောင်းသူဝယ်သူတွေက စိုးရိမ်နေကြတယ်။ ဖြစ်နိုင်တာပဲ။ ဒါဆိုရင် ကုန်ကျစရိတ်နဲ့အခွန် နှစ်ဆဖြစ်သွားမယ်။ ဒါကြောင့်ဝယ်သူတွေက အထက်က အတိုင်းလုပ်ထားပြီး အခြေအနေစောင့်နေကြတယ်။ (၉၀%) အခွန်အခ မရဘဲ ဆိုင်းငံ့သွားတယ်။ နိုင်ငံတော်နစ်နာတယ်။



ကိုဖြူ ။ ။ အရပ်စာချုပ်နဲ့ဝယ်ထားတဲ့လူတွေကော ဘာဆုံးရှုံးနိုင်သလဲ။



ယူတီကေ ။ ။ ၀ယ်သူတွေအတွက် စာချုပ်ချုပ်ဆိုပေးတဲ့ ရှေ့နေတွေ ရှိပါတယ်။ ၀ယ်သူမနစ်နာအောင် တတ်နိုင်သမျှတော့ အကုန်လုပ်ထားကြတာပါပဲ။



ဒါပေမဲ့ “ဘာမှမဖြစ်ရင်၊ ဘာမှမဖြစ်ပါဘူး။ ဖြစ်လာရင်တော့ ဘာမဆိုဖြစ်သွားနိုင်တယ်” ဆိုတဲ့ ဥပဒေရှိတယ်လေ။



ဥပမာ (S.P/GP) ပေးထားတဲ့သူ၊ ယူထားတဲ့သူ သေသွားရင်၊ ရူးသွားရင်၊ ပြန်ရုပ်သိမ်းရင် ပြဿသာနာစပေါ်တာ ပေါ့။ အမှုတွေဖြစ်လာရင်တော့ ရှေ့နေတွေအလုပ်ဖြစ်ကြတာ ပေါ့ဗျာ။



အခွန်ကောက်ခံသူ၊ အခွန်ထမ်းသူနှစ်ဦးနှစ်ဖက်စိတ်ဓာတ် MINDSET တွေပြင်ကြရင်တော့ ကောင်းသွားမှာပါ။

U T K


Ref : ဥပဒေရေးရာ လေ့လာစရာ


Posted By : Wai Phyoe

ရွှေပြည်တော် မျှော်တိုင်းမဝေးစေလိုလျှင် ဖြင့် 


ရွှေပြည်တော် မျှော်တိုင်းမဝေးစေလိုလျှင် ဖြင့် 


ဆောင်းပါးရှင် - အောင် စိုး(ပြည်)



အခုတလော ဖြစ်နိုင်သမျှတော့ အိမ်အပြင်ကို မထွက်ရအောင် ဆင်ခြင်မိပါတယ်။
ဒါပေမဲ့ မလွဲသာ မရှောင်သာတဲ့ အခါမျိုးမှာတော့ မထွက်လို့ကို မဖြစ်ပါဘူး။ ကိစ္စများမြောင် လူတို့ဘောင်ဆိုတဲ့အတိုင်း အပြင်ထွက်စရာကိစ္စလေးတွေကလည်းပေါ်ပေါ်လာတတ်ပါ
တယ်။ ဒါ့အပြင် ကျွန်တော်တို့ စာရေးစာဖတ်ဝါသနာတူသူများ စုဝေးရာဖြစ်တဲ့ မြို့ထဲက
န၀၀ါသီ စာကြည့် ခန်းကလေးဆီကိုလည်း တစ်နေ့တစ်ခေါက်တော့ သွားဖြစ်ခဲ့ပါတယ်။ စာကြည့်ခန်းလေး ရောက်တဲ့အခါ အသစ်ထွက်တဲ့ ဂျာနယ်လေးတွေ ဖတ်ကြ၊ စာဖတ်လာ
သူ အချင်းချင်း ရောက်တတ်ရာရာအကြောင်းအရာမျိုးစုံတို့အပေါ် ဆွေးနွေးကြ၊ ညှိနှိုင်းကြ ပြီးတော့ ငြင်းကြခုန်ကြ၊ အချိန်တန်တော့ အိမ်ပြန်ကြနဲ့ ပျော်စရာလည်း ကောင်းလှပါတယ်။

ဒါပေမဲ့ အိမ်ပြင်မထွက်ချင်ဘူးဆိုတဲ့ အကြောင်းကလေးကိုလည်း ဆက်ပြီး ရှင်းပြပါမယ်။
ပြောကြဆိုကြတဲ့အထဲမှာ နိစ္စဓူဝ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ယာဉ်စည်းကမ်း လမ်းစည်း
ကမ်း မလိုက် နာကြ တဲ့ မော်တော်ဆိုင်ကယ် စီးသူများ အကြောင်းကလည်း မပါမဖြစ်ပါဘဲ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ မြို့လေးမှာ က မော်တော်ဆိုင်ကယ်စီးသူတွေကလည်း တစ်ဖြည်းဖြည်း များများလာတယ်။ Brand အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုး၊ အရောင်အသွေး အမျိုးမျိုး၊ အင်ဂျင်ပါဝါ အမျိုး မျိုး ၊ ဈေးနှုန်းအမျိုးမျိုးနဲ့ပြီးတော့ ထုတ်လုပ်တဲ့နိုင်ငံကလည်းအမျိုးမျိုးပါပဲ။ ဆိုင်ကယ်အရောင်းဆိုင်တွေဆိုတာကတော့ ပြောရရင် မိန်းလမ်း မကြီးပေါ်မှာ တစ်ဆိုင်နဲ့ တစ်ဆိုင် ခြားလှတယ်လို့တောင် မဆိုနိုင်ပါဘူး။ ဒါကြောင့်လည်း အချို့က ရယ်စရာ မောစရာ အနေနဲ့ ဆိုင်ကယ်ဆိုင်တွေကလည်း တစ်အိမ်ခြား တစ်ဆိုင်လောက်တောင် ရှိနေပြီ လို့ ပြောစမှတ်ပြုလာကြတဲ့အထိပါပဲ။

ဆိုင်ကယ်တွေထဲမှာ အများဆုံးဝင်တာကတော့ အိမ်နီးချင်း တရုတ်နိုင်ငံက လာတဲ့ ဆိုင်ကယ်များပဲ ဖြစ်ပါတယ်။ တရုတ်ဆိုင်ကယ်များမှာလည်း Brand အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုး၊ အင်ဂျင်ပါဝါအမျိုးမျိုး ရှိပြန် တယ်။ ဈေးနှုန်းကလည်း အမျိုးမျိုးပါပဲ ။ အချို့ဆိုင်ကယ်များ ဆို ဈေးနှုန်းက သုံးသိန်းခွဲလောက်အထိ သက်သက်သာသာ ရှိလှပါတယ်။ အပိုပစ္စည်း လည်း ပေါတော့ တရုတ်ဆိုင်ကယ်စီးသူတွေကများတယ်။ အခုနောက်ပိုင်းမှာတော့ ဗီယက် နမ်ဆိုင်ကယ်နဲ့အိန္ဒိယထုတ်ဆိုင်ကယ်များလည်း ရောင်းချနေကြတာ တွေ့ရပါတယ်။ထိုင်းနိုင်ငံ က ၀င်တဲ့ ဆိုင်ကယ်များကတော့ ပိုက်ဆံများများ တတ်နိုင်သူများကသာ များသော အားဖြင့် ၀ယ်စီးလေ့ ရှိကြပြီး အရည်အသွေးကလည်း အခြားနိုင်ငံထုတ် Brand ထက် ပိုကောင်း
တယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်ဈေးနှုန်းလေးတွေ သူ့အမျိုးအစားအပေါ်မူတည်ပြီး အသင့်အတင့်ချိုလာတဲ့
အတွက်ဝယ်စီးနိုင်သူတွေလည်းများလာတယ်။တစ်ချိန်ကဆိုရင်သာမန်မိသားစုတစ်စုဟာ
ဆိုင်ကယ်တစ်စီးဝယ်စီးနိုင်ဖို့ဆိုတာမလွယ်လှပါဘူး။နောက်ပိုင်းမှာတော့အိမ်နီးချင်း
တရုတ်ကြီးရဲ့ကောင်းမှုကြောင့် မြန်မာနိုင်ငံအတွင်းမှာ တရုတ်ဆိုင်ကယ်များ ပေါပေါများ
များစီးနိုင်လာခဲ့ကြပါတယ်။တရုတ်ကုမ္မဏီကြီးကြီးသေးသေးများကလည်း မြန်မာနိုင်ငံ
အတွင်းကိုသူတို့ ဈေးကွက်အတွက်သူ့ထက်ငါအပြိုင်အဆိုင် ဈေးကွက်ကိုဝင်ရောက်ထိုးဖေါက်
ရင်း အရစ်ကျ ရောင်းချ မှုတွေလည်းလုပ်လာခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ကျေးလက်
ရော မြို့ပေါ်ပါ အိမ်တိုင်းနီး ပါးလောက် ဈေးအတန်အသင့်ရှိတဲ့ ဆိုင်ကယ်လေးများကို ၀ယ်ယူ စီးနင်းနိုင်လာကြပါတယ်။ဟိုတုန်းကမြို့ပေါ်ကမိန်းကလေးများသာဆိုင်ကယ်ကို မောင်းနှင်
ကြပေမယ့်အခုအချိန်မှာတော့ ကျေးလက်တောရွာများကမိန်းကလေးများပါဆိုင်ကယ်ကိုယ်စီ
မောင်းနှင်နေကြ ပါပြီ။ ကျေးလက်တောရွာများမှာ တာဝန်ကျတဲ့ မြို့ပေါ်က ကျောင်း ဆရာ မလေးများဟာလည်းမိမိတို့တာဝန်ကျရာ ကျေးရွာများကိုကိုယ်တိုင်ဆိုင်ကယ်မောင်း နှင်ပြီး
ကျောင်းတက်နိုင်နေကြပါပြီ။

တရုတ်ဆိုင်ကယ်တွေ ဈေးသင့်တင့်စွာနဲ့ ၀င်လာတာနဲ့အမျှ အချို့သော လူငယ်
ကလေးများဟာဆိုင်ကယ် Carry အလုပ်နဲ့အသက်မွေးဝမ်းကြောင်းပြုတဲ့ လုပ်ငန်းတစ်ခု
လည်းပေါ်ထွန်းလာကြပြန်ပါတယ်။ ကျေးလက်တောရွာနေ အချို့သော အရွယ်ခပ်လတ်လတ် အမျိုးသမီးများနဲ့ မြို့ပေါ်နေ အမျိုး သမီးကြီး အချို့တို့ဟာလည်း အမျိုးသားများနဲ့ ရင်ဘောင် တန်းပြီးမိမိတို့ရဲ့ဝမ်းစာရေးအလို့ငှာသုံးဘီးဆိုင်ကယ်များကိုခရီးသည်ပို့ဆောင်ခြင်းနဲ့ကုန်
စည်ပို့ဆောင်ခြင်းလုပ်ငန်းတို့မှာကိုယ်တိုင်မောင်းနှင် လုပ်ကိုင်လာကြတာတွေ့လာရ
ပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် ဆိုင်ကယ်စီးနင်းသူ(မောင်းနှင်သူကို ဆိုလိုပါတယ်) ဦးရေဟာ တစ်နိုင်ငံလုံးမှာ တစ်နေ့တစ်ခြား တိုးတက်မြင့်မား လာနေတာကိုလည်း ခန့်မှန်း
လို့ ရနိုင်ပါတယ်။ ဆိုင်ကယ်မောင်းနှင်သူဦးရေ များလာသလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုင်ကယ်မောင်းရင်း ကိုယ့် ဘာသာအရှိန်လွန်ပြီးတိမ်းမှောက်တာမျိုးဖြစ်စေ၊ ဆိုင်ကယ်
အချင်း ချင်း ဖြစ်စေ၊ ဆိုင်ကယ်ကလူကို ဖြစ်စေ၊ ဆိုင်ကယ်နဲ့ ကားနဲ့ဖြစ်စေ၊ ဆိုင်ကယ်နဲ့
စက်ဘီး နဲ့ ဖြစ်စေ တိုက်မိခိုက်မိတဲ့ မတော်တဆမှုများဟာ လည်း တစ်နေ့တစ်ခြား များပြားလို့လာနေတာ တွေ့ရပါတယ်။ တကယ်တော့ ဒီလို ဆိုင်ကယ်မတော် တဆမှုတွေ များပြားနေရခြင်းဟာ ဆိုင်ကယ်မောင်းနှင်သူ၊ ဆိုင်ကယ်မောင်းနှင်သူနောက်က ထိုင်လိုက်
တဲ့ ဆိုင်ကယ်စီးနင်း သူများနဲ့ ခြေလျင်လမ်းလျှောက်ကြသူများတို့ရဲ့ မော်တော်ယာဉ်ဥပဒေနဲ့ နည်းဥပဒေတို့ပါ ယာဉ်စည်းကမ်းလမ်းစည်းကမ်းတို့ကို တိကျစွာ မလိုက်နာမှုများကြောင့်
လည်း ပါဝင်ပါတယ်။

ကျွန်တော်တို့တိုင်းပြည်အတွင်းမှာလူငယ်၊လူရွယ်၊လူကြီးယခင်စက်ဘီးစီးခဲ့ကြတဲ့
ခေတ်ကနေ ယခု ဆိုင်ကယ် စီးနင်းတဲ့ခေတ်ကို ရောက်လာကြတာ ၀မ်းသာစရာပါပဲ။
ထို့အတူ ဆိုင်ကယ်ပေါ်လာတဲ့ အချိန်မှာ ကိုယ်တိုင်ဝယ်နိုင်လို့ ပဲဖြစ်စေ၊ အုံနာကြေးပေး ငှားရမ်းပြီးတော့ပဲဖြစ်စေ ဆိုင်ကယ် Carry လိုက်တဲ့ အလုပ်အကိုင်အသစ်တစ်ခုပေါ်
လာခြင်း ဟာလည်း အတန်းပညာနည်းပါးပြီးမိန်းကလေးများထက်စာလျှင်အလုပ်အကိုင်ရ
နိုင်တဲ့ အခွင့် အလမ်းနည်းပါးလွန်းလှတဲ့ လူငယ်ယောက်ျားလေးများအတွက်လည်း ၀မ်းစာ ရှာဖွေဖို့ ထွက်ပေါက် တစ်ခုရသလိုပါပဲ။ ထို့အတူ အချို့အချို့သော မုဆိုးမနဲ့သားသည် မိခင် များဟာလည်း မိသားစုရဲ့ ၀မ်းရေးအတွက် အားငယ်အားနွဲ့နေစရာမလို၊ ယောက်ျားအလုပ် မိန်းမ အလုပ် ခွဲခြားမနေနိုင်ကြတော့ဘဲ သုံးဘီးဆိုင်ကယ်မောင်းနှင်ပြီး ရတဲ့ ၀င်ငွေလေးများနဲ့ မိသားစု ရဲ့ နေ့စဉ် စားစရိတ်လေးကို ဖြေရှင်းနိုင်ခဲ့ကြတာမို့ ပီတိဖြစ်စရာပါပဲ။

ဒါပေမယ့်ဆိုင်ကယ်ကိုအများပြည်သူဆိုင်ရာလမ်းမများပေါ်မှာ နေ့စဉ်နဲ့အမျှအသုံးချ
မာင်းနှင်နေကြသူများကို သေသေချာချာ လေ့လာကြည့်လိုက်မယ်ဆိုရင်တော့ ယာဉ်စည်း
ကမ်း ၊လမ်းစည်းကမ်းနဲ့ အညီ မောင်းနှင်သူက ခပ်ရှားရှား ဖြစ်တာကို တွေ့မြင်ရပါလိမ့်မယ်။
အချို့က ယာဉ်လိုင်စင်မရှိတဲ့ ဆိုင် ကယ်များကို စီးနင်းနေကြသေးသလို အချို့က နည်းလမ်း
တကျ ထုတ်ပေးထားတဲ့ ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်နေကြတာတွေလည်းရှိနေ
ပါသေးတယ်။ ထို့အတူ ဥပဒေမှာသတ်မှတ်ထားတဲ့အသက် မပြည့်သေးဘဲ မောင်းနှင် ခွင့်မရှိသေး ဘဲ မောင်းနှင်နေကြတဲ့ ကလေးသူငယ်များနဲ့ လူငယ် များလည်း ရှိနေကြပါတယ်။

အချို့ကျပြန်တော့ ယာဉ်မောင်းလိုင်စင်ရှိနေပေမယ့် ကိုယ်နဲ့ မကွာ ယူဆောင်လာခြင်း မရှိလို့စစ်ဆေးတဲ့အခါ ပြသနိုင်ခြင်းမရှိသူတွေလည်းရှိကြပါတယ်။ အချို့ကဆိုင်ကယ်လိုင်စင်ရှိ
ကြပေမယ့် ဆိုင်ကယ်နဲ့ အတူ ပါမလာဘဲ အိမ်မှာ ကျန်ရစ်ခဲ့သူတွေ ရှိကြသလို အချို့ကတော့ လိုင်စင် သက် တမ်းပြတ်နေတဲ့ဆိုင်ကယ်စီးနင်းလာသူတွေ လည်းရှိနေကြပါတယ်။ အချို့ကတော့ဆိုင်ကယ်ကို နှစ်ယောက်ထက်ပိုစီးနင်းကြပြီးအချို့ကျပြန်တော့ဆိုင်ကယ်
မောင်းနှင်သူရောနာက်ကထိုင်စီးနင်းသူတို့ပါဆိုင်ကယ်စီးဦးထုပ်မဆောင်းကြတာတွေလည်း
ရှိနေကြပါတယ်။အချို့ရှေ့ကဆိုင်ကယ် မောင်းနှင်သူကသာ ဆိုင်ကယ်စီးဦးထုပ်ဆောင်း
ထားပြီး နောက်ကလူကဦးထုပ်မပါတာမျိုးလည်းမကြာခဏတွေ့နိုင်ပါတယ်။အချို့ဆိုင်ကယ်
စီးဦးထုပ်ဆောင်းပြန်တော့လည်းဥပဒေမှာညွှန်ကြားထားတဲ့အတိုင်း မေးသိုင်းကြိုးကို သေချာ
စွာမတပ်ဆင်ဘဲ မေးသိုင်းကြိုးတွဲလောင်းတွဲလောင်းနဲ့စီးသူတွေလည်း တွေ့နေရပါတယ်။

အချို့ကျပြန်တော့ဆိုင်ကယ်လိုင်စင်စာအုပ်များရော မောင်းနှင်ခွင့်လူလိုင်စင်များပါ ဆိုင် ကယ်မောင်းနှင်လာစဉ် ပြည့်ပြည့်စုံစုံ ပါရှိလာခဲ့ပေမယ့် လက်တွေ့မှာတော့ ဆိုင်ကယ် မှာ ရှေ့ရော နောက်ပါ ကညနက ထုတ်ပေးထားတဲ့ ယာဉ်လိုင်စင်နံပါတ်ပြား တပ်ဆင်ထားခြင်း မရှိသူတွေ၊ညအချိန်လုံလောက်တဲ့မီးရောင်ရှိဖို့လိုအပ်တဲ့မီးလုံးများကျွမ်းနေတာတွေကိုလည်း
တွေ့ရပြန်ပါတယ်။ အချို့သော ဆိုင်ကယ်များကျပြန်တော့ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် မဖြစ်မနေတပ်ဆင်ထားသင့်တဲ့ နောက်ကြည့်မှန်များတပ်ဆင်ထားခြင်းမရှိဘဲ မောင်းနှင်နေကြတာကို တွေ့ရှိနိုင်ပါတယ်။ နောက်ကြည့်မှန် မတပ်ဘဲ မောင်းနှင်ကြတာကတော့ အထူးသဖြင့် လူငယ်များ မောင်းနှင်တဲ့ ဆိုင်ကယ်များမှာ တွေ့ရှိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်၊ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးကာလများ ကို ပြန်ကြည့် မယ်ဆို ရင်လည်း လက်ရှိအာဏာရပါတီအတွက် စည်းရုံးသူများ ရော၊ အတိုက်အခံပါတီကြီးနဲ့ အခြားသော ပါတီငယ်များ၊ တစ်သီးပုဂ္ဂလအတွက် စည်းရုံးနေကြသူများပါ အများပြည်သူဆိုင်
ရာ လမ်းမကြီးများပေါ်မှာယာဉ်စည်းကမ်း၊လမ်းစည်းကမ်းကိုအပြိုင်အဆိုင်ချိုးဖေါက်နေ
သလားလို့ ထင်ရလောက်အောင် တွေ့မြင်ခဲ့ရပါတယ်။ စည်းရုံးရေးအတွက် မြို့ပေါ်လမ်း မကြီးများပေါ်မှာ ဆိုင်ကယ်များ စီးကြရာမှာ အန္တရာယ်ကင်းရှင်းရေးအတွက် သတ်မှတ်ထား
တဲ့ ဆိုင်ကယ်စီး ဦးထုပ်များ ဆောင်းကြရမဲ့အစား ခေါင်းပေါ် မှာ နှဖူးစည်းများ စည်းသူစည်း၊ ဆိုင်ကယ်စီး ဦးထုပ်များအစား အခြားသော ပါတီနဲ့ ပတ်သက်တဲ့ ဦးထုပ်အပျော့များ ဆောင်း သူဆောင်းနဲ့ တွေ့ရပါတယ်။ တကယ်တော့ တိုင်းပြည်ကို ဦးစီးဦးဆောင်နိုင်ဖို့ အများပြည်
သူကို မဲဆွယ်စည်းရုံးနေကြသူများ ဖြစ်ကြတဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ သတိထားပြီး စည်းကမ်းရှိပြကြဖို့ လိုအပ်လှပါတယ်။

အလျဉ်းသင့်လို့ တစ်ဆက်တည်း တင်ပြရမယ်ဆိုရင်တော့ အချို့သော မိန်းကလေးများ ဆိုင်ကယ် အနောက်က ထိုင်လိုက်ပြီး စီးကြရာမှာ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းကြတဲ့အပြင် ဆိုင်ကယ်ပေါ်မှာ ထိုင်လိုက်ရင်း ဘယ်ဘက်လက်က ဟန်းဖုန်းကိုင်ရင်းညာဖက်လက်က ဖုန်းမျက်နှာပြင်ကိုပွတ်ကာ Chatting လုပ်နေတတ်ကြတာကို အသဲယားဖွယ် မြင်တွေ့
နေကြရခြင်းပါဘဲ။ အရှိန်နဲ့သွားနေတဲ့အချိန် မတော်တဆ ဘရိတ်အုပ်လိုက်မယ်၊ တိုက်မိ
ခိုက် မိမယ်ဆိုရင် အနောက်က ထိုင်ရုံသာထိုင်နေသူတစ်ဦးအတွက်အင်မတန်အန္တရာယ်ကြီး
မားလှပါတယ်။ကိုယ့်ရဲ့မဆင်ခြင်မှုကြောင့်မလိုလားအပ်တဲ့ကိစ္စရပ်များလည်းဆင့်ကဲဆင့်ကဲ
ဖြစ်ပေါ်လာနိုင်သလို ကိုယ့်မိသားစုကို ဆင်းရဲတွင်းထဲ စွဲသွင်း သလို ဖြစ်သွားနိုင်တယ်ဆိုတာ ကိုလည်း သတိပြုကြရပါမယ်။ တကယ်တော့ အနောက်က ထိုင်လိုက်ရင်း ယာဉ်အန္တရာယ်
ကင်းရှင်းအောင် မစီးနင်းခြင်းဟာလည်း လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ချိုးဖေါက်ခြင်း တစ်မျိုးပါပဲ။
ဥပဒေနဲ့နည်းဥပဒေများ ပြဌာန်းထားခြင်းဟာလိုက်နာဖို့အတွက် ဖြစ်ပါတယ်။

မော်တော်ယာဉ် ဥပဒေနဲ့ နည်း ဥပဒေတို့မှာ ပါတဲ့ ယာဉ်မောင်းနှင်သူများ၊ ယာဉ်စီးနင်း
သူများ၊ လမ်းလျှောက်သူများ လိုက်နာကြရမဲ့ ယာဉ်စည်းကမ်းနဲ့ လမ်း စည်းကမ်းများဟာလည်း သက်ဆိုင်ရာ ယာဉ်မောင်းနှင်သူ၊ စီးနင်းသူနဲ့ အများ ပြည်သူတို့အန္တရာယ်ကင်းရှင်းစေဖို့
ပြဌာန်း ထားခြင်းပဲ ဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံဟာများမကြာခင်ကာလမှာနိုင်ငံ့ခေါင်း
ဆောင် အသစ်၊ အစိုးရအဖွဲ့အသစ်တို့နဲ့အတူ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
လူသစ်၊ စိတ်သစ်များနဲ့ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှုအနည်းဆုံးဆိုတဲ့ နိုင်ငံအဆင့်ကနေ ရုန်းထွက်
နိုင်ဖို့ ကြိုးစား ကြရတော့မယ့် အချိန်ကျရောက်နေပါပြီ။ ဒီလိုအချိန်အခါမျိုးမှာ ကျွန်တော်တို့ဟာ သာမန်ပြည်သူပြည်သား တိုင်း လိုက်နာနိုင်လောက်ပြီး မိမိကိုယ်တိုင်အတွက်လည်း အန္တရာယ် ကင်းရှင်းစေမဲ့ အခြေခံအားဖြင့်လည်း လိုက်နာနိုင် ကြ တဲ့စည်းကမ်းမျိုးကိုမှ မလိုက်နာနိုင်ကြ
ဘူးဆိုရင်ကျွန်တော်တို့ မျှော်မှန်းနေကြတဲ့ ရွှေပြည်တော်ဟာလည်း မျှော်တိုင်းဝေးနေအုံးမှာ
ပဲဖြစ်ပါတယ်။ကိုယ်လျှောက်လိုတဲ့လမ်းကို ကိုယ်ကိုယ်တိုင်ကမှ မဖေါက်လိုရင်ကိုယ့်ရည်မှန်း
ချက်ဟာ ဝေးနေအုံးမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာကျွန်တော်တို့အလိုရှိတဲ့အစိုးရတစ်
ရပ်ပေါ်ထွန်းလာရေးကိုလည်းညီတူညာတူ ရွေးချယ်လို့ ပြီးခဲ့ပါပြီ။

မကြာခင်ကာလအတွင်းကလည်း နိုင်ငံခေါင်းဆောင်အသစ်ဖြစ် လာတော့မဲ့ သူရဲ့လမ်းညွှန်စကားနဲ့အညီ တိုင်းပြည်ထူထောင်ရေးမှာအခြေခံအကျဆုံးလို့ဆိုအပ်တဲ့
နိုင်ငံနဲ့အ၀ှမ်းအမှိုက်ကောက်ခြင်းလုပ်ငန်းများကိုကျွန်တော်တို့ ပြည်သူတွေတစ်ညီတစ်ညွတ်
တည်းလုပ်ကိုင်ပြသခဲ့ကြတာကိုလည်းမှတ်မိကြအုံးမှာပါ။ ဒါကြောင့်အခုလည်း
ရွှေပြည်တော်မျှော်တိုင်း မဝေး စေဖို့ လူတိုင်းလူတိုင်းလည်း လိုက်နာနိုင်တဲ့ အခြေခံကျ
လှတဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းတို့ကိုလိုက်နာခြင်း ဖြင့် အနာဂတ် အတွက် စည်းကမ်း
ရှိတဲ့ လူ့ဘောင်တစ်ရပ်ကို ထူထောင်ကြပါစို့လို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။


ေ အာင် စိုး ( ပြည် )



ဒီမိုကရေစီတူဒေး၊ အတွဲ(၃) အမှတ်(၂၀)၊၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့ထုတ်


ပစ္စည်းခွဲဝေပေးစေလိုမှု နှင့် အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုတို့၏ ခြားနားချက်များ


ပစ္စည်းခွဲဝေပေးစေလိုမှု နှင့် အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုတို့၏ ခြားနားချက်များ

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(ယခင်ပိုစ်အဟောင်းအား ပြန်လည်ဖြည့်စွက်ပြင်ဆင်ရေးသားထားခြင်းဖြစ်ပါသည်။)


မောင်မျိုး ။ ။ အကို ပစ္စည်းခွဲဝေပေးစေလိုမှုနှင့် အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု မှာ မတူညီတဲ့အချက်လေးတွေ ဆွေးနွေးရအောင်ပါ။

TMH ။ ။ ဟုတ်။ ကျနော်လေ့လာထားသလောက်လေးပြောပါ့မယ်။ အရင်ဆုံး အမှုတစ်ခုချင်းရဲ့အင်္ဂါရပ်ကနေစရမည်ထင်ပါတယ်။

မောင်မျိုး ။ ။ ပြောပါအကို။

TMH ။ ။ ဒေါ်ကြည်ကြည်ဇင် (ခ) ၀ိုင်အိုလက်လင်း နှင့် ဒေါ်ဝိကြိန် (၁၉၉၉၊ မတစ၊စာ-၁၀၃)အမှုတွင် ""ပစ္စည်းခွဲဝေပေးစေလိုမှုတွင် အချင်းဖြစ် ပစ္စည်းကို တရားလိုနှင့် တရားပြိုင်များ အကျိုးခံစားမှု (သို့မဟုတ်) အခွင့်အရေးအညီအမျှရှိရန်လိုသည်။ ထို့အပြင် အချင်းဖြစ်ပစ္စည်း တွင် တရားလိုနှင့် တရားပြိုင်တို့သည် အညီအမျှလက်ရှိဖြစ်ရန်လို သည်။"" ဟုထုံးဖွဲ့ထားပါတယ်။
ထိုအမှုမှာ ကိုးကားထားတဲ့ မောင်ဘတူ နှင့် မသက်စု( ၅၊ ရန်ကုန်၊စာ-၇၈၅) မှာတော့ A partition suit lies only if the parties have (1) unity of interest or title in the property sought to be partitioned, and (2) unity of possession. လို့ ထုံးဖွဲ့ထားပါတယ်။ ဦးဘန်စွမ်း နှင့် ဒေါ်သီ ပါ ၆ ( ၁၉၆၇၊ မတစ၊စာ - ၅၂၅(ရုံးချုပ်) တွင်လည်း လေ့လာနိုင်ပါတယ်။
ဆိုချင်တာက တရားလို နှင့် တရားပြိုင်များ အချင်းဖြစ် ပစ္စည်းမှာ unity of interest or title နှင့် unity of possession ရှိရင် "ပစ္စည်းခွဲဝေပေးစေလိုမှု" စွဲဆိုရန်ဖြစ်ပါတယ်။

မောင်မျိုး ။ ။ ဟုတ်ကဲ့ အကို။

TMH ။ ။ အထက်ပါ ၁၉၉၉၊ မတစ ၊ စာ-၁၀၃ အမှုစီရင်ထုံးမှာ unity of interest or title ကို “ အကျိုးခံစားမှု (သို့မဟုတ်) အခွင့်အရေး အညီအမျှ” လို့ဘာသာပြန်ထုံးဖွဲ့ထားပြီး unity of possession ကို “အညီအမျှလက်ရှိ” လို့ ဘာသာပြန်ဆိုထုံးဖွဲ့ထားပါတယ်။

မောင်မျိုး ။ ။ ဘာသာပြန်ချက်ပြဿနာရှိလို့လားအကို။

TMH ။ ။ အလျဉ်းသင့်လို့ပြောပြချင်တာပါ။ တရားရုံးချုပ် ညွှန်ကြားရေးမှူး (ငြိမ်း) ဆရာကြီး ဦးမြ ထောက်ပြသည့် ဘာသာပြန်နှင့်ပတ်သက်ပြီး အငြင်းပွားစရာလေးပါ။

မောင်မျိုး ။ ။ ဟုတ်။

TMH ။ ။ ဆရာက unity of interest (အကျိုးခံစားခွင့်များပေါင်းစည်းမှု) နှင့် unity of Possession (လက်ရှိဖြစ်ခြင်းပေါင်းစည်းမှု)ဟုဘာသာပြန် ပါတယ်။ unity ကို "ပေါင်းစည်းမှု" ဟုဘာသာပြန်ပါတယ်။
ဆရာ့ရဲ့ အမည်ခံ အမည်ငှားနှင့် နှုတ်ပိတ်ခြင်းဆိုင်ရာဥပဒေ စာ - ခ မှာ _
“ 1999 BLR 103 စီရင်ထုံးတွင်ပြဆိုသော အညီအမျှဆို သည့် ဝေါဟာရကို ပြန်လည်စိစစ်သင့်ပါသည်။ ၁/၂ ၊ ၁/၃ ၊ ၁/၄ စသည်ဖြင့် အစုအသီးသီး (အကျိုးခံစားပိုင်ခွင့်များ) ပေါင်းစည်းထား သော(ဖွဲ့စည်းထားသော)မြေ၊အဆောက်အအုံစသည်တို့တွင်ပိုင်ဆိုင် သူများ၏အနေအထား (အစုများတူညီခြင်း ရှိနိုင်သည့်နည်းတူ မတူ ကွဲပြားခြင်းလည်းရှိနိုင်သည်။)တို့ကို ဆင်ခြင်ရာသည်။" ဟု ဆရာက ထောက်ပြပါတယ်။

မောင်မျိုး ။ ။ မရှင်းဘူး။ နမူနာတစ်ခုလောက်ပြောပြပါလား။

TMH ။ ။ ဥပမာ ဗုဒ္ဓဘာသာလင်မယားပိုင်ပစ္စည်း ခွဲဝေပေးစေလိုမှုမှာ လင်၏ အမွေရလက်ထက်ပွားပစ္စည်း နေအိမ် နှင့် ခြံမြေဆိုပါတော့။ အမွေရ လက်ထက်ပွားဖြစ်လို့ အမွေရသူ လင် က ၂/၃ ၊ မယားက ၁/၃ ရမယ် မဟုတ်လား။ အညီအမျှ ဖြစ်လို့လား။ မဖြစ်ဖူးလေ။ ၁၉၉၉၊ မတစ၊ စာ-၁၀၃ မှာ ပြန်ဆိုသလို အကျိုးခံစားခွင့်အညီအမျှ နှင့် အညီအမျှ လက်ရှိဖြစ်မှ ပစ္စည်းခွဲဝေပေးစေလိုမှုစွဲရမှာဆို ဒီလိုပစ္စည်းမျိုး ပစ္စည်း ခွဲဝေပေးစေလိုမှု စွဲမရတော့ဘူးလေ။ ဟုတ်တယ်မလား။ ဒါ့ကြောင့် အချင်းဖြစ်ပစ္စည်းပေါ်မှာ အမှုသည်များရမည့်အစုတွေ မတူနိုင်တော့ "အညီအမျှ" ဆိုတဲ့ ပြန်ဆိုချက်က အငြင်းပွားစရာ ဖြစ်လာတာပေါ့။ ဒါ့ကြောင့် ဆရာကြီးက unity ကို "ပေါင်းစည်းမှု" လို့ ပြန်ဆိုရန် ဖြစ် ကြောင်း ထောက်ပြခဲ့တာပါ။

မောင်မျိုး ။ ။ ဒါဆို အချင်းဖြစ်ပစ္စည်းမှာ တရားလို၊ တရားပြိုင်များ unity of interest or title (အကျိုးခံစားမှု(သို့)အခွင့်အရေး ပေါင်းစည်းမှု) နှင့် unity of possession (လက်ရှိဖြစ်ခြင်း ပေါင်းစည်းမှု) ရှိရင် ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရမယ်လို့ မှတ်ထားရမှာပေါ့ အကို။

TMH ။ ။ ဟုတ်။ ကျနော်တော့ အဲဒီလိုပဲမှတ်ထားတယ်။
မောင်မျိုး ။ ။ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုကြတော့ရော။

TMH ။ ။ အဲဒီအမှုမျိုးက အမွေစားတစ်ဦးဦးက အခြားအမွေစားတစ်ဦး သိုမ ဟုတ် တစ်ဦးထက်ပိုသူများအပေါ် အမွေဝေစုကိုရထိုက်ကြောင်းနှင့် သေသူအမွေရှင်၏ကျန်ရှိခဲ့သောပစ္စည်းအရပ်ရပ်ကို တရားရုံးက စီမံ ခန့်ခွဲ၍ အမွေစားများရထိုက်သောအမွေဝေစုခွဲဝေပေးဖို့ တောင်းခံ တာဖြစ်ပါတယ်။
U OHN TIN Vs DAW TIN MYA (၁၉၆၅၊ မတစ၊ စာ -၁၀၄၀) မှာ အမွေပုံစီမံခန့်ခွဲပေးစေလိုမှုဆိုသည်မှာ သေသူ၏ပစ္စည်း အရပ်ရပ်တို့ကို စီမံခန့်ခွဲပေးရန်ဖြစ်သည်။ စီမံခန့်ခွဲပေးရန်ဆိုရာ၌ သေသူ ပိုင်ဆိုင်သောပစ္စည်းများနှင့် ရရန်ရှိသောပစ္စည်း၊ ကြွေးမြီများ ကိုကောက်ခံခြင်း၊ ပေးရန်ရှိသည်များကိုရှင်းလင်းပေးဆပ်ခြင်းထိုသို့ ရှင်းလင်းပြီးနောက် ကျန်ပစ္စည်းများကို သက်ဆိုင်ရာ အမွေခံအမွေ စားများကို ခွဲဝေပေးခြင်းဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။
မူရင်း အင်္ဂလိပ် ဘာသာအတိုင်းဆိုရင်တော့ “Administration means management of the deceased’s estate by the Court on request and consists of ascertainment and presentation of the estate, collection of assets, payment of debts and legacies, acts in respect adverse claims to assets and finally distribution among the heirs." လို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။

မောင်မျိုး ။ ။ ခြားနားချက်ကို သိပ်နားမလည်ဘူးအကို။

TMH ။ ။ U OHN TIN Vs DAW TIN MYA (၁၉၆၅၊ မတစ၊ စာ-၁၀၄၀) မှာ ကွယ်လွန်သူ၏အမွေကို အုပ်ထိန်းမှုတွင် ပစ္စည်းခွဲဝေခြင်းသည် ဖြစ်ရပ်တစ်ခုဖြစ်သော်လည်း လိုအပ်သောကိစ္စ မဟုတ်ပေ။ အမွေ အုပ်ထိန်းမှုတွင် ပစ္စည်းခွဲဝေခြင်းပါဝင်နေသော်လည်း ပစ္စည်းခွဲဝေမှု တစ်ခုသည် အမွေအုပ်ထိန်းမှုတစ်ခု မဟုတ်ကြောင်း ခြားနားပြပါ တယ်။
မူရင်းအတိုင်းဆိုရင် "The partition may be an incident but it is not a necessary incident of the administration of the deceased’s estate. A suit for partition is not an administration suit though the latter involves the former."လို့ဆိုပါတယ်။
ဆိုချင်တာက အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု (အမွေ အုပ်ထိန်းမှု)မှာ တရားလို၊ တရားပြိုင်များကြား အမွေပုံပစ္စည်းကို partition လုပ်ပေးရုံ တစ်ခုတည်း မဟုတ်ဘူးဗျ။ အမွေရှင်သေတဲ့ နေ့ကျန်ခဲ့တဲ့ ပစ္စည်းတွေကောက်ရဦးမယ်။
အမွေရှင်ရဲ့အကြွေးတွေ ပေးရဦးမယ်။ ပြီးလို့ တကယ်ကျန်တာမှ အမွေစားတွေကို partition လုပ်ပေးရတာ။ ဒါ့ကြောင့်လည်း ၁၉၆၅၊မတစ၊ စာ-၁၀၄၀ စီရင်ထုံး က Administration ထဲမှာ partition အကျုံးဝင်သော်လည်း partition ဆိုတာ administration မဟုတ်ဘူးလို့ ခြားနားပြသွား တာကိုး။

မောင်မျိုး ။ ။ ဟုတ်ကဲ့။

TMH ။ ။ ဦးတင်လှ နှင့် ဒေါ်စိန်ရှင် (၁၉၇၈၊မတစ၊စာ - ၅၂) မှာတော့ မြန်မာ ဗုဒ္ဓဘာသာအမွေခံအမွေစားများသည် အမွေပစ္စည်းတွင် ပူးတွဲ ပိုင်ရှင်များလည်းမဟုတ်၊ အမွေပစ္စည်း၌လည်း ပူးတွဲလက်ရှိ ရပိုင်ခွင့် လည်းမရှိသောကြောင့် အမွေခံအမွေစားတစ်ယောက်သည် အခြား အမွေခံထံမှ မိမိ၏အမွေဝေစုကိုရလိုပါမူ အမွေအုပ်ထိန်းမှုစွဲဆိုရ မည်။ ပစ္စည်းခွဲဝေမှု မစွဲဆိုနိုင်ပေ"လို့ထုံးဖွဲ့ထားပါတယ်။

မောင်မျိုး ။ ။ ဟုတ်ကဲ့။

TMH ။ ။ မြန်မာဗုဒ္ဓဘာသာ အမွေခံ အမွေစားများသည် အမွေပစ္စည်းမှာ tenants-in-common(အတူပိုင်သူများ)ဖြစ်ပါတယ်။ ဆရာ ဦးမြက တော့ tenants-in-common ကို “ဝေစုအလျောက်ဘုံပိုင်ဆိုင်သူ များ”လို့ ဘာသာပြန်ဆိုမှ ပိုမိုနားလည်မည်ဖြစ်ကြောင်း ဆိုပါတယ်။ joint tenants(ပူးတွဲပိုင်ဆိုင်သူများ)မဟုတ်တော့ အမွေခွဲဖို့ဆိုအမွေ ပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု(အမွေအုပ်ထိန်းမှု) စွဲမှရမှာဖြစ်ပါတယ်။

မောင်မျိုး ။ ။ ဒါဆို အမွေခံအမွေစားတစ်ယောက်သည် အခြားအမွေခံထံမှ မိမိ၏ အမွေဝေစုကို ရလိုပါမူ Administration ပဲ စွဲနိုင်မယ်။ partition မစွဲနိုင်ဘူးလို့ မှတ်ရမှာလားအကို။

TMH ။ ။ အဲဗျ။ အဲဒီလို တရားသေမမှတ်နဲ့လေ။ ဒါက ဗုဒ္ဓဘာသာအတွက် ပြောတာ။ ဗုဒ္ဓဘာသာမှာတောင် ဦးဘန်စွမ်း နှင့် ဒေါ်သီ ပါ ၆ (၁၉၆၇၊ မတစ၊ စာ - ၅၂၅) မှာပါတဲ့ အခြေအနေဆို ပစ္စည်းခွဲဝေ ပေးစေလိုမှုစွဲနိုင်တယ်။ အဲဒီအမှုမှာက အမွေဆိုင်များက အမွေဆိုင် မြေကို နှစ်အတန်ကြာ ပူးတွဲနေထိုင်အသုံးပြုကြတဲ့ကိစ္စရပ် ဖြစ်ပါ တယ်။
နောက်တစ်ခုက ဟိန္ဒူဘာသာမှာကြတော့ အမွေပစ္စည်းကို tenants-in-common (ဝေစုအလျောက်ဘုံပိုင်ဆိုင်သူများ) အမွေ ဆက်ခံသည့်အမွေစားအမွေခံရှိသလို၊ joint tenants(ပူးတွဲပိုင်ဆိုင် သူများ) အမွေဆက်ခံသည့် အမွေစားအမွေခံ ရှိသေးတယ်။ Joint Tenants (ပူးတွဲပိုင်ဆိုင်သူများ)ကို Coparceners လို့ခေါ်တယ်။ ပူးတွဲအမွေဆိုင်ပစ္စည်းကို Coparcenary property လို့ခေါ်တယ်။ Coparcenary property ဆိုရင် ပစ္စည်းခွဲဝေပေးစေလိုမှုစွဲရမှာ ဖြစ် ပါတယ်။
အစ္စလာမ်ဘာသာဝင် အမွေခံအမွေစားများသည်လည်း အမွေပစ္စည်းတွင် tenants in common ဖြစ်လို့ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု (အမွေအုပ်ထိန်းမှု) စွဲဆိုရန်ဖြစ်ပါတယ်။
သေတမ်းစာမရေးဘဲသေဆုံးသွားသည့်ခရစ်ယာန်ဘာသာ ၀င်တစ်ဦး ကျန်ရစ်သောအမွေပစ္စည်းကလည်း အမွေဆက်ခံခြင်း ဥပဒေအရ အစုသတ်မှတ်ထားတာမို့ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေ လိုမှု (အမွေအုပ်ထိန်းမှု) စွဲဆိုရန်ဖြစ်ပါတယ်။

မောင်မျိုး ။ ။ ဗုဒ္ဓဘာသာလင်မယားက ပစ္စည်းခန်းမှာ tenants-in-common ဖြစ် တယ်။ ဒါပေမယ့် လင်မယားကွာရှင်းပြီးနောက် ပစ္စည်းခွဲဝေပေးစေ လိုမှု(partition)စွဲတယ်။ ဘာဖြစ်လို့လဲ။

TMH ။ ။ မြန်မာဗုဒ္ဓဘာသာ လင်မယားကြက ဘာသာခြားတွေနဲ့ မတူတာက ပစ္စည်းခန်းမှာ သူတို့က tenants-in-Common ဖြစ်နေတယ်။ ဒါပေ မယ့် လင်မယားကွာပြီးနောက် ပစ္စည်းအပေါ်မှာ ပစ္စည်းခွဲဝေပေးစေ လိုမှု (partition) စွဲရတယ်။
ဗုဒ္ဓဘာသာလင်မယားကွာရှင်းသောအခါမိမိတို့အိမ်ထောင် ၌ဖြစ်ထွန်းခဲ့သောပစ္စည်းများကို ခွဲဝေပေးရန်တရားစွဲဆိုနိုင်ခြင်းသည် ပစ္စည်းခွဲဝေရန်လိုအပ်သည့် အကျိုးခံစားပိုင်ခွင့်များပေါင်းစည်းမှု နှင့် လက်ရှိဖြစ်ခြင်း ပေါင်းစည်းမှုရှိခြင်းကြောင့်ဖြစ်သည်လို့ ဆရာကြီးက အမည်ခံ အမည်ငှားနှင့် နှုတ်ပိတ်ခြင်းဆိုင်ရာဥပဒေ စာအုပ် စာ - ဂ မှာ ရှင်းပြပါတယ်။

မောင်မျိုး ။ ။ ဟုတ်ကဲ့
++++++++++++++++

TMH ။ ။ partition နှင့် administration နောက်ခြားနားချက်တစ်ခု ဆက်ပြောပါ့မယ်။

မောင်မျိုး ။ ။ ဟုတ်ကဲ့။

TMH ။ ။ ပစ္စည်းခွဲဝေပေးစေလိုမှုမှာ အမှုသည်များပိုင်ဆိုင်သည့် ပစ္စည်းအား လုံးပါဝင်ရမည် ဖြစ်ပါသည်။ ဆိုချင်တာက ပစ္စည်းအားလုံးကို ထည့် သွင်း တရားစွဲဆိုရမယ်။ ချန်ထားရင် အမှုရှုံးမှာဖြစ်ပါတယ်။ မမြ နှင့် မမြဲ ( ၁၈၉၇- ၀၁) အထက်မြန်မာပြည်စီရင်ထုံး ၊အတွဲ ၂ စာ ၂၉၉) အမှုမှာ ကြည့်ပါ။
မမြ နှင့် မမြဲ အမှုမှာ“a suit for partition cannot be brought unless the whole estate is brought into the division” လို့ဆိုပါတယ်။
Ma Sim Ti and others v. Saw Maung Pu and others (၁၉၅၂၊ မတစ၊ လွှတ်တော် ၊ စာ - ၃၄၄) မှာလည်း “The general principle is that a partition suit should embrace all the joint properties belonging to the parties to avoid multiplicity of suits." လို့ပြဆိုပါတယ်။

မောင်မျိုး ။ ။ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုကြတော့ကော အကို။

TMH ။ ။ အမွေမှုကြတော့ အမွေပုံပစ္စည်းအချို့ကို ချန်လှပ်ထားရုံမျှဖြင့် အမှု ကို ပလပ်ရန် မဟုတ်ကြောင်း သတိချပ်ဖို့ဖြစ်ပါတယ်။

မောင်မျိုး ။ ။ ဘာဖြစ်လို့ ဒီအမှုမျိုးကြတော့ပစ္စည်းမစုံတာကို ပယ်မရတာလဲ။
အဆိုလွှာမှာ အမွေခွဲမည့်ပစ္စည်းအားလုံး ဖော်ပြလေ့ရှိတယ် မဟုတ် လား။

TMH ။ ။ ဦးသင်ပါ ၂ နှင့် ဒေါ်ချစ်ပု ( ၁၉၆၂၊မတစ၊စာ ၃၂၉(ရုံးချုပ်)) မှာ အမွေမှုဆိုတာ သေသူရဲ့အမွေစားအမွေခံများကြားမှာ စာရင်းရှင်း ပေးစေလိုမှုဖြစ်တာကြောင့် ကွယ်လွန်သူ၏ပစ္စည်းများကို တရားလို တင်သွင်းသောစာရင်းတွင်အပြည့်အစုံမဖော်ပြဘဲထားကြောင်း အမှု သည်တစ်ဦးဦးက စွပ်စွဲသက်သေထူနိုင်သည်။ သို့သော် ယင်းသို့ အပြည့်အစုံမတင်ပြသည်ကို အကြောင်းပြု၍ တရားလို၏အမှုကို မပယ်နိုင်ကြောင်း ထုံးဖွဲထားပြီးဖြစ်ပါတယ်။

မောင်မျိုး ။ ။ ဟုတ်။ သဘောပေါက်ပြီ။
++++++++++++++++

TMH ။ ။ နောက်ခြားနားချက်တစ်ခုက တရားစွဲဆိုရန်အကြောင်း။

မောင်မျိုး ။ ။ ဟုတ်ကဲ့

TMH ။ ။ ပစ္စည်းခွဲဝေပေးစေလိုမှုတွင်ပေါ်ပေါက်သော တရားစွဲဆိုရန် အချင်း ဖြစ်အကြောင်းအရာသည် ထပ်တလဲလဲ ပေါ်ပေါက်သည်ဖြစ်၍ ပစ္စည်းခွဲမပေးသရွှေ့ကာလပတ်လုံးတရားစွဲဆိုရန် နေ့စဉ်နှင့်အမျှ အကြောင်း ပေါ်ပေါက်နေမည်သာဖြစ်သည်ဟု မရှမ်းပါ (၅) နှင့် ဦးသန်းမြင့် (၁၉၉၀၊ မတစ၊ စာ- ၈၈) တွင်လမ်းညွှန်ပါတယ်။

မောင်မျိုး ။ ။ အမွေမှုကြတော့ကော အကို

TMH ။ ။ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုမှာ တရားစွဲဆိုရန်အကြောင်းက အမွေရှင်ကွယ်လွန်သည့်အခါကစပြီး ပေါ်ပေါက်ပါတယ်။
ဦးခင်မောင်အေး (ကွယ်လွန်သူ ဒေါ်ခင်သန်းလွင်၏ တရားဝင်ကိုယ်စားလှယ်) နှင့် ဒေါ်ဝင်းမြင့် (ကွယ်လွန်သူ ဦးကျော်စိုး ၏ တရားဝင်ကိုယ်စားလှယ်) ပါ၃ (၂၀၁၄ ၊ မတစ၊ စာ - ၅၆(၇၀)) တွင်
"အမွေခွဲဝေပေးရန်တောင်းဆိုနိုင်သည့်အကြောင်းသည် အမွေ ရှင်ကွယ်လွန်ချိန်တွင်စတင်ပေါ်ပေါက်သည်ဖြစ်သောကြောင့် အမွေ ပုံစီမံခန့်ခွဲပေးစေလိုမှုကို အမွေဆိုင်တစ်ဦးကတရားလိုပြုလုပ်၍ စွဲဆို ရာ၌ တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည့်နေ့ကို အမွေရှင် သေဆုံးသည့်နေ့အဖြစ် အဆိုလွှာ၌ ဖော်ပြတရားစွဲဆိုရသည်။ " ဟု ညွှန်ပြပါတယ်။
ထိုပြင် ယင်းစီရင်ထုံးမှာပဲ တရားပြိုင်တစ်ဦးက အမွေဝေစု တောင်းခံနိုင်ခွင့်ကို အောက်ပါအတိုင်း ထပ်မံညွှန်ုပြပါတယ်။
"တရားရုံးက ဦးဆောင်ဦးရွက်ပြု၍ အမွေပုံစီမံခန့်ခွဲသော အမှု၌ တရားပြိုင်တစ်ဦးက အမွေဝေစုတောင်းဆိုခွင့်မှာမူ တရားလို အား အမွေဝေစုသတ်မှတ်ပေးသော ပဏာမဒီကရီအပေါ် အခြေခံ ကာတောင်းဆိုရခြင်းဖြစ်သည်မှာ နည်းဥပဒေ ၁၃(၂)ပါ ပြဌာန်းချက် များအရ မြင်သာသည်။"
++++++++++++++++

TMH ။ ။ နောက်တစ်ခုက ပဏာမဒီကရီ။

မောင်မျိုး ။ ။ ဟုတ်ကဲ့။

TMH ။ ။ ပစ္စည်းခွဲဝေပေးစေလိုမှုမှာ အမိန့် ၂၀၊ နည်း ၁၈(၂)ပါ ပြဌာန်းချက် အရစာရင်းကောက်ဖို့ပြဌာန်းချက်မရှိလို့ ပဏာမဒီကရီမှာ ခွဲဝေရ မည့်ပစ္စည်းကို အတိအလင်းဖော်ပြပြီး ပဏာမဒီကရီချမှတ်ရမှာဖြစ် ပါတယ်။ ဒေါ်သန်းသန်းဆွေ နှင့် ဦးရောင်းတင် (၂၀၁၄ ၊ မတစ၊ စာ- ၁၇၆) မှာကြည့်ပါ။

မောင်မျိုး ။ ။ ဟုတ်ကဲ့

TMH ။ ။ ဥပမာ လင်မယားနှစ်ဦးပိုင်ပစ္စည်းဆိုပါတော့ဗျာ။ လင်မယား နှစ်ဦး ပိုင်ပစ္စည်းတွေ ဘာတွေကျန်တယ်။ ကျန်တဲ့ပစ္စည်းတွေထဲမှာတော့ ဘယ်ပစ္စည်းကတော့ဖြင့် လက်ထက်ပွား၊ ဘယ်ပစ္စည်းတော့ဖြင့် အမွေရလက်ထက်ပွား၊ ဘယ်ပစ္စည်းကတော့ဖြင့် နှစ်ပါးစုံ ဖြစ်တယ် ဆိုတာ ပဏာဒီကရီမှာ အတိအလင်းဖော်ပြရမှာဖြစ်ပါတယ်။
ဒါ့အပြင် လက်ထပ်ပွားဖြစ်လို့ ဒီပစ္စည်းမှာ တရားလိုက ဘယ်နှစ်ပုံ၊ အမွေရလက်ထက်ပွားပစ္စည်းဖြစ်တဲ့ ဘယ်ပစ္စည်းမှာ တရားလိုက ဘယ်နှစ်ပုံ၊ နှစ်ပါးစုံပစ္စည်းဖြစ်တဲ့ ဘယ်ပစ္စည်းမှာ တရားလိုက ဘယ်နှစ်ပုံစသည်ဖြင့် အတိအလင်းကို ပဏာမဒီကရီ မှာ ဖော်ပြအမိန့်ချပေးရမှာဖြစ်ပါတယ်။

မောင်မျိုး ။ ။ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုကြတော့ကော အကို။

TMH ။ ။ အမွေစီမံခန့်ခွဲပေးစေလိုမှုတွင် ပဏာမဒီကရီဟူသည်မှာ အမှန်စင် စစ်အမွေပုံကိုစီမံခန့်ခွဲစေရန်ချမှတ်သည့် ဒီကရီအမျိုးအစားဖြစ်သည် ဟု ဦးခင်မောင်အေး ( ကွယ်လွန်သူ ဒေါ်ခင်သန်းလွင်၏ တရားဝင် ကိုယ်စားလှယ်) နှင့် ဒေါ်ဝင်းမြင့် (ကွယ်လွန်သူ ဦးကျော်စိုး၏ တရားဝင်ကိုယ်စားလှယ်) ပါ၃ (၂၀၁၄ ၊ မတစ၊ စာ -၅၆(၇၀))တွင် ပြဆိုပါတယ်။
U AH YAUNG Vs MA KAR KYU HMWE (၁၉၆၄၊ မတစ၊ ၁၁၄) အမှုမှာ “at the stage of the preliminary decree, it is only necessary to consider whether the deceased left any estate. The trial Court should not decide at this stage what constitutes the estate to be administered.”လို့ ထုံးဖွဲ့ ထားပါတယ်။
ဒေါ်တင်တင်ဝင်း နှင့် ဒေါ်သန်းကြည်ပါ ၃ (၁၉၈၄၊ မတစ၊ ၁၄၈) အမှုမှာလည်း “အမွေမှုတွင် ပဏာမဒီကရီမချမှတ်မီ တရားလို သည် အမွေဆိုင်တစ်ဦး ဟုတ် မဟုတ်၊ စီမံခန့်ခွဲရန်ပစ္စည်း ရှိ မရှိ၊ ရှိလျှင် တရားလိုသည် အမွေပစ္စည်းများတွင် ဝေစုမည်မျှရထိုက် သည်ကိုသာ စိစစ်ဆုံးဖြတ်ရန်လိုသည်။ အမွေပစ္စည်းများ စာရင်း ကောက်ယူရန်ကိစ္စကို ပဏာမဒီကရီချမှတ်ပြီးမှ ဆောင်ရွက်ရန်ဖြစ်
ပေသည်။” ဟု ထုံးဖွဲ့ထားပါတယ်။

ပဏာမဒီကရီအဆင့်မှာ တရားလိုသည်အမွေဆိုင် ဟုတ် မဟုတ် အမွေပစ္စည်းကျန်မကျန် ပထမစိစစ်ရတယ်။ တရားလိုသည် အမွေဆိုင်လည်း ဟုတ်တယ် စီမံခန့်ခွဲရန် အမွေပစ္စည်းလည်းကျန် တယ်ဆိုရင် အမွေပုံပစ္စည်းများ၏ ဘယ်နှစ်ပုံရထိုက်ကြောင်း ဆက် လက်ဆုံးဖြတ်ပြီး အမိန့် ၂၀၊ နည်း ၁၃(၁)အရ ကွယ်လွန်သူ ကျန် ရစ်သောပစ္စည်းများစာရင်းကို ကောက်ယူစေရန်အမိန့်ချရမှာ ဖြစ်ပါ တယ်။

မောင်မျိုး ။ ။ သဘောပေါက်ပြီ။ ပစ္စည်းခွဲဝေပေးစေလိုမှုမှာ ပဏာမဒီကရီမှာ ခွဲဝေ ပေးရမည့်ပစ္စည်းကို အတိအလင်းဖော်ပြဖို့လိုတယ်။ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုမှာတော့ ပဏာမဒီကရီမှာ သေသူကျန်ရစ်သည့် အမွေပစ္စည်းဘာတွေဆိုတာ အတိအလင်း ဆုံးဖြတ်ရန် မလိုဘူး။ အမွေပစ္စည်းဘာတွေကျန်တယ်ဆိုတာကို အမိန့် ၂၀၊ နည်း ၁၃(၁) အရ စာရင်းကောက်စေရမှာ။ ဟုတ်တယ် မဟုတ်လား အကို။

TMH ။ ။ ဟုတ်ပါတယ်။ ပစ္စည်းခွဲဝေပေးစေလိုမှုမှာ ပဏာမဒီကရီက အထက် ကပြောသလို ပစ္စည်းတွေဖော်ပြရေးရတာဆိုတော့ ရှင်းပါတယ်။ သိပ်မခက်လှပါဘူး။ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုကြတော့ ပဏာမဒီကရီကို တရားမကျင့်ထုံးဥပဒေ နောက်ဆက်တွဲ ဃ၊ အမှတ် ၁၅ ပုံစံ ၀င်အောင်ရေးဖို့လိုအပ်တော့ ပဏာမဒီကရီကို စနစ်တကျနှင့် ကျစ်ကျစ်လစ်လစ်ရေးဖို့ကြ အတော်လက်ဝင်တယ်။ အလျဉ်းသင့်လို့ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု ပဏာမဒီကရီ ရေးပုံလေးပြောပြချင်ပါတယ်။

မောင်မျိုး ။ ။ ဟုတ်ကဲ့။

TMH ။ ။ ဆရာ ဒေါက်တာမောင်မောင် ရေးပြခဲ့သည့် ပဏာမဒီကရီ ဖြစ်ပါ တယ်။ DAW KHIN KHIN KYWE Vs DAW TIN TIN KYWE (၁၉၆၄ မတစ (C.C) ၅၉၉(၆၀၆)) မှာ ပါရှိတယ်။ ဆရာဦးမြ တရားရေးဝန်ထမ်းအရည်သွေးမြင့်သင်တန်းပို့ချချက်များ ၊ စာ ၂၀၅ မှာ ဘာသာပြန်ပြထားတာလေးကိုပဲ ဖော်ပြပါရစေ။
" ဆရာကြွယ်၏အမွေကို စီမံခန့်ခွဲစေရန် ဒီကရီ ချမှတ် လိုက်သည်။ တရားလို ဒေါ်တင်ကြွယ်ဝေစုကို အမွေပုံ၏ ၈ ပုံ ၁ ပုံ သတ်မှတ်သည်။ ဆရာကြွယ်သေသည့်နေ့တွင် တည်ရှိသော အမွေပုံပစ္စည်းများကို ကော်မရှင်နာက စာရင်းကောက်ယူစေရမည်။ ထို့အပြင် တရားလိုသည် အမှုတွင် အချိုးကျ တရားစရိတ်များ ရရှိစေရမည်။"
ဒီအမှုမှာ အချိုးကျတရားစရိတ်ရစေဆိုတာ ဒေါ်တင်ကြွယ် သည် အမွေပုံ ၄ ပုံ ၁ ပုံ တောင်းပါတယ်။ ဒေါက်တာ မောင်မောင် က ၈ ပုံ ၁ ပုံပဲ ရထိုက်တယ်လို့ ဆုံးဖြတ်ခဲ့တဲ့အတွက် တရားစရိတ် အချိုးကျရစေလို့ ဖော်ပြတာဖြစ်ပါတယ်။
++++++++++++++++

TMH ။ ။ နောက်ခြားနားချက်တစ်ခုက
ပဏာမဒီကရီချမှတ်ပြီးနောက်ပိုင်းမှာ ကော်မရှင်နာ ဆောင်ရွက်ရန်အပိုင်း။

မောင်မျိုး ။ ။ ဟုတ်

TMH ။ ။ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုမှာ ကော်မရှင်နာက ဆောင်ရွက် ရန် ၂ ပိုင်း ရှိတယ်။ ပထမပိုင်းက ပဏာမဒီကရီနှင့်အညီ စာရင်း ကောက်ဖို့။ အမိန့် - ၂၆၊ နည်း ၉၊ ၁၁ အရ ပစ္စည်းစာရင်း အရင် ကောက်ပေးဖို့ ခန့်ရတယ်။ ပြီးမှ အမိန့် ၂၆၊ နည်း ၁၃ အရ ပစ္စည်းခွဲပေးဖို့ ကော်မရှင်နာခန့်မှာဖြစ်တယ်။

မောင်မျိုး ။ ။ ပစ္စည်းခွဲဝေပေးစေလိုမှုကြတော့ကော။

TMH ။ ။ ပစ္စည်းခွဲဝေပေးစေလိုမှုကြတော့ ပဏာမဒီကရီမှာ ခွဲဝေပေးရမည့် ပစ္စည်းစာရင်းအတိအလင်းပါပြီးသားဆိုတော့ ပစ္စည်းစာရင်းကောက် ပေးဖို့ကော်မရှင်နာခန့်ဖို့ မလိုဘူး။ အမိန့် ၂၆၊ နည်း ၁၃ အရ ပစ္စည်းခွဲပေးဖို့ကော်မရှင်နာ တန်းခန့်ရမှာဖြစ်ပါတယ်။

မောင်မျိုး ။ ။ ကျေးဇူးတင်ပါတယ်အကို။


လေးစားစွာဖြင့်

TUN  MYO  HTAY





သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...