Wednesday, February 11, 2015

ကိုယ့်ဘာသာ ဆိုင်ကယ်စီးပြီး မှောက်လို့ ကိုယ့်မှာပဲ အပြင်းအထန် ဒဏ်ရာရတဲ့အခါ -

ကိုယ့်ဘာသာ ဆိုင်ကယ်စီးပြီး မှောက်လို့ ကိုယ့်မှာပဲ အပြင်းအထန် ဒဏ်ရာရတဲ့အခါ -



          (၂၀-၁၀-၂၀၁၄)ရက်နေ့ နောက်ပိုင်း ကစပြီး အကြောင်း ကြောင်း ကြောင့် ကျွန်တော် ဥပဒေရေးရာ အဖြာဖြာမှာ မရေးဖြစ် ခဲ့ တာလေးကို ခွင့်လွှတ် ပေးစေချင်ပါတယ်။

          ဒီနေ့တော့  တရားဌာနက ညီငယ် ညီမငယ်များ အပါ အ၀င် ဥပဒေပညာ နှင့် အသက်မွေးဝမ်း ​ကြောင်း ပြုနေကြ တဲ့ ညီငယ်  ညီမငယ်များ အားလုံးအတွက် အထောက်အကူ တစ်ခု ခု ရလိမ့် မယ်လို့ ယုံကြည်တဲ့ တရားရုံးချုပ်ရဲ့ စီရင်ချက်လေး တစ်ခုကို  မျှဝေ ချင်ပါတယ်။  ပထမတော့ Scanner ဖတ်ပြီး တင်ပေး ဖို့ပါပဲ။  ဒါပေမယ့် Scanner ဖတ်လို့ရ ​လောက်အောင် စီရင်ချက် က ပီပြင် ထင်ရှားမှု မရှိတော့ကြောင့် ညီငယ် ညီမ ငယ် များ အတွက် ကိုယ်တိုင် အပင်ပမ်းခံပြီး  ရိုက်တင်ပေး လိုက် ရပါတယ်။

          စီရင်ချက် ကတော့ ဟိုစဉ်    တရားရုံးချုပ်က တရားရုံး ချုပ်  တရားသူကြီး ဆရာဦးသက်ထွန်းချမှတ်ခဲ့တဲ့ စီရင်ချက် ​လေး  ပါပဲ။  တရားဝင် မိတ္တူ ကူးထားတဲ့ စီရင်ချက်လေး ဖြစ်ပြီး  လောင်းလုံမြို့နယ် တရားရုံးရဲ့ ပြစ်မှုဆိုင်ရာ မူလမှု အမှတ်- ၁၇၀/၀၇ ရဲ့ အပြီးသတ် အမိန့်အပေါ် တက်ထားတဲ့ စီရင်ချက် ကလေးပါ။  တရားရုံးချုပ်ရဲ့ ပြစ်မှုဆိုင် ရာ အယူခံမှုအမှတ်- ၃၀/၂၀၀၈ ဖြစ်ပါတယ်။  လောင်းလုံမြို့နယ် တရားရုံးရဲ့ ပြစ်မှု ဆိုင်ရာ မူလမှုအမှတ်- ၁၇၁/၂၀၀၇ ရဲ့ ၂-၈-၂၀၀၇ ရက်စွဲပါ အမိန့်ကို ရှေ့နေချုပ်ရုံးက မကျေနပ်လို့ တက်သွားတဲ့ အမှုလေး ဖြစ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၃၃၈ နှင့် ၂၇၉ တို့အရ စွဲဆိုတဲ့ အမှုလေး ဖြစ်ပါတယ်။ 

                  (တရားရုံးချုပ် စီရင်ချက် ပြစ်ယူ- ၃၀/၀၈)


                                          စီရင်ချက်
                                            အမိန့်
                                         နေ့စွဲ၊၂၀၀၈ ခုနှစ်၊ မေလ၂၇ ရက်

       လောင်းလုံမြို့နယ် တရားရုံး၏ ပြစ်မှုကြီးအမှတ်- ၁၇၁/၀၇  တွင် တရားခံ ထိန်ဝင်း (ခ) ​နော်ဖူး အပေါ် ပြစ်မှု ဆိုင်ရာဥပဒေ ပုဒ်မ-၂၇၉ နှင့် ၃၃၈ တို့အရ စွဲချက်တင် စစ်ဆေးပြီးနောက် ပုဒ်မ-၂၇၉ အရ ပြစ်မှုထင် ရှား စီရင် ခဲ့ပြီး ပုဒ်မ-၃၃၈အရ ပြစ်မှု ထင်ရှား စီရင်ခဲ့ခြင်း မရှိသဖြင့် အပြီးအပြတ် လွှတ်ရာ ရောက် သောကြောင့် ရှေ့နေ ချုပ်ရုံးက တရားရုံးချုပ်တွင် ဤ ပြစ်မှု ဆိုင်ရာ အယူခံမှုကို တင်သွင်းခြင်း ဖြစ်သည်။
        အမှုမှာ ၉-၁-၀၇ ရက်နေ့ (၀၅း၀၀)နာရီ အချိန်တွင် လောင်းလုံ မြို့နယ် ရေဖြူကျေးရွာနှင့် ကဒက်ငယ်ဆိပ် ကျေးရွာ ဆက်သွယ်သည့် လမ်းပေါ်ရှိ ကဒက်ငယ်ဆိပ် ​ကျေးရွာအ၀င် တံတားအနီးတွင် ထိန်ဝင်း(ခ)နော်ဖူး စီးနင်း မောင်းနှင်လာသည့် ဏ/၃၂၇၄ ဆိုင်ကယ်မှာ တိမ်းမှောက်၍ ထိန်ဝင်း၏ ၀ဲဖက် နဖူးချိုင့်သည့် ဒဏ်ရာ ဖြင့် သတိမေ့နေသဖြင့် ထားဝယ် ဆေးရုံသို့ တင်ပို့ ကုသရသောကြောင့် ထိန်ဝင်း(ခ)နော်ဖူးအား
အရေးယူ ​ပေးရန် ဒုရဲအုပ် ​ကျော်မိုးမှ တိုင်တန်း၍  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၇၉ ၊ ၃၃၈ အရ တရားစွဲဆို တင်ပို့ခဲ့သော အမှု ဖြစ်သည်။
          အယူခံတရားလို နိုင် ငံတော် အတွက် ရှေ့နေချုပ်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးက အမှုတွင် ​ပေါ်ပေါက်ချက်များအရ တရားခံ နော်ဖူး(ခ)ထိန်ဝင်းသည် အချင်းဖြစ်နေ့က ဆိုင်ကယ်ကို အရက်မူးပြီး အရမ်း (သို့မဟုတ်) ​ပေါ့လျော့စွာ မောင်းနှင်သဖြင့် ဆိုင် ကယ် တိမ်းမှောက်ပြီး ဆိုင် ကယ် ပျက်စီးကာ ၄င်း (ထိန်ဝင်း) ၏ ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ​ပေါ်ပေါက်ပါလျှက် မူလရုံးက ပြစ်မှုဆိုင် ရာဥပ ဒေပုဒ်မ-၂၇၉
အရသာ ပြစ်မှုထင် ရှား စီရင် ပြီး ပြစ်မှုဆိုင်ရာ ဥပ​ဒေပုဒ်မ- ၃၃၈ အရ ပြစ်ဒဏ် မစီရင် ခဲ့ခြင်းသည် ဥပ ဒေအရ မှားယွင်းနေသဖြင့် ထိန်ဝင်းအပေါ် ပြစ်မှုဆိုင် ရာဥပဒေပုဒ်မ-၃၃၈အရ ထိုက်သင့်သော ပြစ်ဒဏ်ချမှတ်သင့် ကြောင်း လျှောက်လဲ တင်ပြသည်။
         အယူခံတရားခံ ထိန်ဝင်း(ခ)နော်ဖူးအား ဤရုံးမှ  အကြောင်းကြားစာ ပေးပို့ အတည် ဖြစ်သော်လည်း အယူခံတရားခံ ထိန်ဝင်းသည် ရုံးရှေ့လာရောက်ခဲ့ခြင်း မရှိချေ။
         မူလမှုအား လေ့လာ စိစစ်ရာ ၉-၁-၀၇ ရက်နေ့ ၀၅း၀၀ နာရီ အချိန်ခန့်တွင် အယူခံ တရားခံ ထိန်ဝင်း (ခ) ​နော်ဖူး စီးနင်းလာသော ဏ/၃၂၇၄ ဆိုင် ကယ် သည် လောင်းလုံမြို့နယ်၊ ရေဖြူ ​ ကျေးရွာနှင့် ကဒက်ငယ်ဆိပ် ​ကျေးရွာ ဆက်သွယ်သည့် လမ်းပေါ်ရှိ ကဒက်ငယ်ဆိပ် ကျေးရွာအ၀င် တံတားအနီးတွင် တိမ်းမှောက်၍ ထိန်ဝင်း (ခ) ​နော်ဖူး၏ ၀ဲဖက်နဖူးတွင် ချိုင့်ဝင် နေသည့် ဒဏ်ရာရရှိခဲ့ရာ ထိုဒဏ်ရာသည် ပြင်းထန်ဒဏ်ရာ
ဖြစ်ကြောင်း သက်သေခံ(ဂ) ​ဆေးစာအရ တွေ့ရှိရသည်။
          အယူခံ တရားခံ ထိန်ဝင်း၏ မဆင် မခြင် ဆိုင် ကယ်ကို ​မောင်းနှင် စီးနင်းသဖြင့် ဆိုင်ကယ် တိမ်းမှောက် ခဲ့ရာတွင် တစ်စုံတစ်ဦး အား ဒဏ်ရာရ ရှိစေခဲ့ကြောင်း အမှုတွင် ပေါ်ပေါက် ခြင်းမရှိဘဲ  ဆိုင် ကယ်စီးနင်း လာသူ အယူခံတရားခံ ထိန်ဝင်း သာ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။
            သို့ဖြစ်၍ မူလရုံးက အများပြည်သူ ဆိုင်ရာ နေရာ လမ်းတွင်  အယူခံ တရားခံ ထိန်ဝင်း သည် ဆိုင် ကယ်ကို အရမ်း စီးနင်းရာမှ တိမ်းမှောက်ခဲ့သဖြင့် ၄င်းအား ပြစ်မှုဆိုင် ရာဥပ ဒေပုဒ်မ-၂၇၉ အရ ပြစ်မှုထင် ရှားစီရင် ခဲ့သည်။ သို့သော် ၄င်း အယူခံ တရားခံ ထိန်ဝင်း၏ ပြုလုပ်မှုကြောင့် အခြား  တစ်စုံတစ်ဦးကို နာကျင်စေမှု ဖြစ်ပွါးစေ ခဲ့ခြင်း မရှိသဖြင့် ၄င်း(ထိန်ဝင်း)အားပြစ်မှုဆိုင်ရာ ဥပ ဒေပုဒ်မ-၃၃၈ အရ ပြစ်မှုထင်ရှား မစီရင်ခြင်း သည် ဥပဒေ အရ မှားယွင်းမှု မရှိချေ။
             နာကျင်စေမှု ဆိုသည်မှာ တစ်စုံတစ်ဦးက အခြားတစ်စုံ တစ်ဦးကို နာကျင်စေရန် ပြုလုပ်မှသာ ထိုပြုလုပ်သူ (ပြစ်မှု ကျူးလွန်သူ)ကို တစ်ဦးတစ်ယောက်အား နာကျင်စေမှု ကျူး လွန်သည်ဟု ခေါ်ဆိုနိုင်​မည် ဖြစ်သည်။
             မူလမှုတွင် အယူခံ တရားခံထိန်ဝင်းသည် ဆိုင် ကယ်ကို မဆင်မခြင် မောင်းနှင် စီးနင်းသဖြင့် ဆိုင်ကယ် တိမ်းမှောက် ရာတွင် ၄င်း(ထိန်ဝင်း)ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။  ၄င်း(ထိန်ဝင်း)၏ ပြုလုပ်မှုကြောင့် တစ်ဦးတစ်ယောက် သောသူ အား (အပြင်းအထန်) နာကျင်စေမှု ဖြစ်ပေါ်စေ ခဲ့ခြင်း မရှိချေ။  ဤအခြေ အနေတွင် ဆိုင်ကယ် စီးနင်းသူ ဒဏ်ရာရရှိခြင်း သည် ၄င်း၏ မဆင်မခြင် မောင်းနှင် မှုကြောင့် ဖြစ်သည် ဆိုကာ ၄င်း(ထိန်ဝင်း) အား ပြစ်မှုဆိုင်ရာ ဥပ ဒေ ပုဒ်မ-၃၃၈ အရ ပြစ်မှု ထင်ရှား စီရင်ရန် အကြောင်း မရှိချေ။
           ထို့ကြောင့် မူလရုံး အမိန့်ကို အတည်ပြု၍ ဤပြစ်မှု ဆိုင် ရာ အယူခံမှုကို ပလပ်လိုက် သည်။

                                                  ( သက်ထွန်း)
                                                  တရားသူကြီး

           သည် စီရင်ချက်ကလေးကတော့ ဆိုင်ကယ် တိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့ ခုလိုကာလမျိုးမှာ ပြစ်မှုဆိုင်ရာဥပ ဒေပုဒ်မ-၃၁၉ အရ နာကျင်မှုများနဲ့ ပတ်သက်ပြီး အနက် ကောက်ယူရာမှာ သတိပြုသင့်တဲ့ အချက်လေး ပါရှိ နေတဲ့ အတွက် အသုံးဝင် လိမ့်မယ်လို့ မျှော်လင့်ရ ပါကြောင်း။


ေ အာ င် စိုး ( ပြည် )


၁၀ -၂- ၂၀၁၅

Prejudice သို့မဟုတ် .. ညစ်ပေနေတဲ့ ခွက်တစ်ခွက်


Prejudice သို့မဟုတ် .. ညစ်ပေနေတဲ့ ခွက်တစ်ခွက်
===================================

 .         'ဒီလောက် ပရီဂျူးဒစ်(စ်) ဖြစ်နေရင် ဒီအမှုကို ကိုရင်က တရားသူကြီး အဖြစ် မစီရင်သင့်ဘူး'
  .        နစ်နာသူ တရားလိုရဲ့ တိုင်ချက်ကို ဖတ်ပြီးတာနဲ့ စိတ် ခံစားချက်တွေ မြူးလွင့် ကြွတက်ပြီး အလျင်စလို ကောက်ချက် ချနေတဲ့ မိတ်ဆွေ တရားသူကြီးလေး တစ်ယောက်ကို သူ့ အထက် အဆင့်မြင့် တရားသူကြီး တစ်ဦးက သွန်သင် ဆုံးမခဲ့ တာ ဖြစ်ပါတယ်။
.          (Prejudice) ဆိုတာ ယုတ္တိမတန် -- ကျိုးကြောင်း ဆီလျော်မှု မရှိတဲ့ ထင်မြင်ချက်လို့ အဘိဓာန် တချို့က အနက် ပေးပါတယ်။  ဒေါက်တာ ဘဟန်ရဲ့ အဘိဓာန်မှာတော့ 'ဟုတ်တိုင်း မှန်ရာ ဆုံးဖြတ်နိုင်ရန် စေ့စေ့ငုငု မစစ်ဆေးဘဲ သဘော ပိုင်းဖြတ်ခြင်း၊ အခုအခံ အကြိတ်အခဲ အစွဲရှိခြင်း'လို့ ဖွင့်ဆိုထား ပါတယ်။ နှစ်ဖက် ကြားနာပြီးတော့မှ ချင့်ချိန် သုံးသပ်ရမယ့် ကိစ္စတွေမှာ Prejudice ဆိုတာ တော်တော် အန္တရာယ် ကြီးလှပါတယ်။
++++++++++++++++

.          'စွပ်စွဲခံရသူကို တရားခံလို့ ခေါ်ကြတာကိုပဲ ကျွန်တော်တော့ ဘ၀င်မကျ လှဘူး'
.          မနေ့တစ်နေ့ကမှ ခေါင်းပေါင်း ပေါင်းပြီး တိုက်ပုံအနက် ၀တ်ခွင့်ရလာတဲ့ တရားသူကြီး ကလေး တစ်ယောက် ပြောတာကို ကြားရတာနဲ့ပဲ ဥပဒေသမား တစ်ယောက် အနေနဲ့ ကျေနပ်နေမိ ပါတယ်။
.          စာနယ်ဇင်း ကျင့်ဝတ် (၁၀)ချက်ထဲမှာ ကျွန်တော် သိပ်ကို နှစ်လိုတဲ့ အချက် တစ်ချက် ပါပါတယ်။
.           'စီရင်ပိုင်ခွင့် ရှိသော တရားရုံးတော်က ပြစ်မှုထင်ရှား စီရင်ခြင်း မပြုသေးသမျှ ကာလပတ်လုံး တရားခံအား အပြစ် ကင်းစင်သူ တစ်ဦး ဖြစ်သည်ဟု သဘောပိုက်ရမည်' တဲ့။
.          လူတစ်ဦး တစ်ယောက်ရဲ့ အခြေခံ ကျလှတဲ့ ဂုဏ်သိက္ခာ နဲ့ သူ့ရဲ့ ဥပဒေပါ အခွင့်အရေးကို တလေးတစား အသိအမှတ် ပြုတဲ့ သဘောပဲ ဖြစ်ပါတယ်။
.           ပြစ်မှုတစ်ခုခု ကျူးလွန်တယ်လို့ စွပ်စွဲခံရသူကို သက်ဆိုင်ရာ တရားစွဲဆိုတဲ့ အဖွဲ့က 'အမှုကို ခိုင်မာအောင် တည်ဆောက် စွဲဆို'တယ် ဆိုတိုင်း မစစ်ဆေး မကြားနာဘဲ တန်းပြီး အပြစ်ပေးလိုက်တဲ့ တရားရုံးရယ်လို့ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်မှာမှ မရှိပါဘူး။  တရားရုံးတွေ ထားရှိတာကိုက နှစ်ဖက် ကြားနာ စီရင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။  စွပ်စွဲခံရသူ ဟာ ဥပဒေ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ပြီး ပြစ်မှု ကျူးလွန်တယ် ဆိုတာ တရားလို ပြုတဲ့ နိုင်ငံတော် ဘက်က သက်သေထူ ရပါတယ်။  သက်သေပြရန် တာဝန် (burden of proof) ဆိုတာ အဲဒါပါ။  အစိုးရ ရှေ့နေလို့ ခေါ်တဲ့ ဥပဒေ အရာရှိတွေက တရားလိုဘက်က အမှုလိုက်ပါ ဆောင်ရွက်ရ ပါတယ်။  တရားခံ အပြစ်ရှိကြောင်း သက်သေထူဖို့ တာဝန်ယူရ ပါတယ်။
.          တရားလိုဘက် သက်သေခံချက် တွေအရ စွဲချက်တင်ဖို့ အထောက်အထား လုံလောက်တယ် (prima facie ပေါ်တယ်) ဆိုရင် အမှုစစ် တရားသူကြီးက အကျုံးဝင်တဲ့ ပြစ်မှု တစ်ရပ် ရပ်နဲ့ တရားခံကို စွဲချက် တင်ပြီး ဖြေရှင်းခွင့် ပေးရပါတယ်။  လုံလောက်တဲ့ အထောက်အထား မရှိရင်လည်း အဲဒီအဆင့် မှာပဲ တရားခံကို (discharge) တရားရှင် လွှတ်နိုင်ပါတယ်။  စွဲချက်တင်ခဲ့လို့ တရားခံက အပြစ် မရှိကြောင်း ငြင်းဆို ခုခံရင် တရားခံ ဘက်က တင်ပြတဲ့ သက်သေတွေကို စစ်ဆေးရ ပါတယ်။  နိုင်ငံတော် တရားရုံးချုပ် (ခု ပြည်ထောင်စု တရား လွှတ်တော်ချုပ်) က လိုင်စင်ထုတ်ပေး ထားတဲ့ ရှေ့နေတွေဟာ တရားခံဘက်က လိုက်ပါ ဆောင်ရွက်ရနိုင်ပါတယ်။  ဥပဒေနဲ့ အညီအညွတ် ဖြစ်တဲ့ ခုခံချေပခွင့်ကို လူသားတစ်ဦး အနေနဲ့ ရခွင့် ရှိပါတယ်။
.          စီရင်ပိုင်ခွင့် ရှိတဲ့ တရားရုံးက နှစ်ဖက် သက်သေ တင်ပြချက် တွေကို ကြားနာ စိစစ်ပြီးတော့မှ စီရင် ဆုံးဖြတ်ရ တာဟာ တရားရုံးများရဲ့ အင်မတန် အခြေခံ ကျလှတဲ့ လုပ်ထုံး နည်းနာပဲ ဖြစ်ပါတယ်။  "ကျုပ်က တိုင်ကြားချက်ကို ဖတ်လိုက် တာနဲ့ မှန်မမှန် အလိုလို သိကို သိနေတာ၊  မတရားလုပ်တဲ့ ဟိုအကောင် တွေတော့ တွေ့မယ်' ဆိုတာမျိုး ဘယ်တရား သူကြီးမှ ပြောလေ့ မရှိပါဘူး။  prejudice မဖြစ်တတ် ပါဘူး။
.          မူလရုံးက တရားသူကြီးက အပြစ်ပေးလို့ပဲ ဖြစ်ဖြစ်၊ အပြစ်က လွှတ်လိုက်လို့ပဲ ဖြစ်ဖြစ်။  မမှန်ကန်ဘူး၊ မမျှတဘူး၊ သို့မဟုတ် -- ဥပဒေနဲ့ မညီဘူးလို့ ထင်မြင် ယူဆတဲ့ဘက်က တရားရုံး အဆင့်ဆင့် (အမြင့်ဆုံး တရားရုံး အထိ) အယူခံ ပြင်ဆင် တက်ရောက် နိုင်ပါတယ်။  အမြင့်ဆုံး တရားရုံး ဆိုတာ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို ဆိုလိုတာ ဖြစ်ပါတယ်။
.           ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၉၅(ခ) နဲ့ (ဂ)တို့အရ ပြည်ထောင်စု တရား လွှတ်တော်ချုပ် ရဲ့ စီရင်ဆုံးဖြတ်ချက် ဟာ အပြီးအပြတ် ဖြစ်ပါတယ်။  အတည် ဖြစ်ပါတယ်။  အဲဒါက ဥပဒေ ပြဋ္ဌာန်းချက်ပါ။
.          ဥပဒေက ခွင့်ပြုတဲ့အတိုင်း တူညီတဲ့ အခွင့်အရေးနဲ့ နှစ်ဖက် ကြားနာပြီးမှ စီရင်ဆုံးဖြတ် ခဲ့တဲ့အပြင် မှားယွင်း လွဲချော်ပါတယ် လို့ ထင်မြင်ယူဆတဲ့ ဘက်ကလည်း တရားရုံး အဆင့်ဆင့် တက်ရောက် ဆိုင်ပြိုင် ပြီးမှ အတည်ပြု ခဲ့တဲ့ စီရင် ဆုံးဖြတ်ချက် တွေကို အာဏာခွဲဝေ ကျင့်သုံးတဲ့ ဒီမိုကရေစီ နိုင်ငံတွေရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက တစ်စုံတစ်ရာ ၀င်ရောက် စွက်ဖက်မှု မပြုဘူး ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။
++++++++++

.          ဥပဒေက အင်မတန် လှပါတယ်။
.          ဥပဒေကို လိုက်နာ ကျင့်သုံး ဆောင်ရွက်တဲ့ သကောင့် သား အားလုံးက ရိုးဖြောင့် ဖြူစင်ဖို့နဲ့ ကျယ်ပြန့်တဲ့ သဘောထား အမြင်ရှိဖို့ပဲ လိုမယ် ထင်ပါတယ်။
.          ရာဇ၀တ်မှု တွေမှာဆိုရင် တရားခံ ပြစ်မှု ကျူးလွန်ခြင်း ရှိမရှိ ဆိုတာကို (beyond the reasonable doubt) 'အပြစ် ရှိတယ် ဆိုတာ သံသယ လုံးဝ မရှိသည်အထိ' စဉ်းစားပြီးမှ အပြစ် ပေးရတာ ဖြစ်ပါတယ်။  ဒီသဘောကို ဒဏ်ငွေ (၅၀) ကျပ် နဲ့ ထောင်ဒဏ် (၁)လအထိပဲ ချမှတ်နိုင်တဲ့ တတိယတန်း အာဏာရ အငယ်ဆုံး တရားသူကြီးက အစ သင်ကြား နားလည် ကြ ရပါတယ်။  ငါးနှစ်တာ သူ သင်ကြား ထိတွေ့ခဲ့တဲ့ ဥပဒေ ပညာရပ်နဲ့ တရားသူကြီး အဖြစ် သူ့ကို သင်ကြားလေ့ကျင့် ပေးခဲ့တဲ့ ဆရာ ဆီကနေ စနစ်တကျ နာယူ မှတ်သားခဲ့ပြီး ဖြစ်ပါတယ်။
.          အမှုအခင်း ပြဿနာတိုင်းမှာ အကြောင်းပြချက်တွေ ခိုအောင်းနေတတ် ပါတယ်။  လူတစ်ယောက်ကို ခုတ်ထစ် သတ်ဖြတ်ခဲ့ပါတယ် ဆိုတဲ့ ပြစ်မှုကျူးလွန်သူ မှာကိုပဲ သူဟာ ကာကွယ်ခုခံ ပိုင်ခွင့် အရ ပြုခဲ့ပါတယ် ဆိုတဲ့ ခုခံချေပချက် နဲ့ သူ့ရဲ့ လွတ်မြောက်ခွင့်ကိ တောင်းခံခွင့် ရှိပါတယ်။  ဒါကြောင့်  '--- အပြစ်ကင်းစင်သူ ဖြစ်သည်ဟု သဘောပိုက် ရမည်' ဆိုတဲ့ အချက်ကို ဥပဒေသမား တိုင်း ယဉ်ပါး နားလည်ကြ ရပါတယ်။
.          တရားရုံးရှေ့ အမှုဆိုင်ပြိုင်သူ တို့ဟာ သူတို့ မှန်ကန် ကြောင်းကို သက်သေထူလေ့ ရှိပါတယ်။  အမှုမှာ အနိုင်ရလို ကြတာလည်း အမှုသည်တို့ရဲ့ သဘာဝပဲ ဖြစ်ပါတယ်။  တရားရုံး ဆိုတာ နှစ်ဖက်လုံးကို အနိုင်ပေးရရိုး မရှိတဲ့အတွက် နှစ်ဖက် အမှုသည် တို့ကို သာမန်အားဖြင့် ကျေနပ်ကြည်ဖြူအောင် စီရင် ဆုံးဖြတ်ပေးလို့ မရတတ်ပါဘူး။  ရံဖန်ရံခါ နှစ်ဖက်လုံး အမှား အယွင်း မကင်းတဲ့ တရားမမှုမျိုး မှာကိုပဲ အမှားအယွင်း နည်းတဲ့ သို့မဟုတ် အဓိကအချက် မမှားယွင်းတဲ့ ဘက်ကို အနိုင်ပေးရ တာမျိုး ရှိတတ် ပါတယ်။
.          ရှုံးနိမ့်သွားတဲ့ အမှုသည်က မကျေနပ်တဲ့အခါ နည်းလမ်း နှစ်မျိုးနဲ့ တုန့်ပြန်လေ့ ရှိပါတယ်။  အထက်ရုံး အဆင့်ဆင့်ကို အယူခံမှု၊ ပြင်ဆင်မှု တက်ရောက်တာက တစ်နည်း ဖြစ်ပြီး၊ အဂတိ လိုက်စား မတရား စီရင်ဆုံးဖြတ်တာကို ခံရပါတယ် လို့ တိုင်ကြားတဲ့ နည်းက နောက်တစ်နည်း ဖြစ်တယ်။ တစ်ချို့သော အမှုတွေမှာ နည်းမျိုးစုံနဲ့ ချဉ်းကပ် သိမ်းသွင်းလို့ မရတဲ့ အဆုံး နှစ်ဖက် အမှုသည်တွေက မတရား စီရင်ခံရပါ တော့မယ် ဆိုပြီး ကြိုတင် တိုင်ကြားစာ ပေးပို့တဲ့ နည်းလမ်းဟာ ခုလို ထွေပြားတဲ့ ခေတ်တစ်ခေတ်မှာ ပေါ်ပေါက်နေပါပြီ။  အဲဒီအခါ 'ကျုပ်က အလိုလိုကို သိနေတာ ဆိုတဲ့ ပညာရှိ'များ စိတ်အနှောင့်အယှက် ဖြစ်သွားမှာကို စိုးရွံ့မိ ပါတယ်။
++++++++++

.          'ပုဂံညှပ်ကြီး' ကို ကြားဖူးကြ ပါလိမ့်မယ်။
.          ပုဂံခေတ်တုန်းက ဘုရားတစ်ဆူ အတွင်းမှာ ရှိတဲ့ ဧရာမ ညှပ်ကြီးဟာ မုသားဆိုသူ တို့ရဲ့ လက်ကို ချက်ချင်းလက်ငင်း ညှပ်ပြီး ဖြတ်ပစ်တဲ့ အတွက် ဘုရင့် တရားသူကြီးတွေကအားကိုး ယုံကြည်ကြ ပါသတဲ့။  တစ်နေ့မှာ ရွှေစင် တစ်ပိဿာကို အလွဲ သုံးစား ပြုပြီး အင်မတန် ပရိယာယ်ေ၀၀ှစ် ကြွယ်ဝတဲ့ ပုဂံသား ကပ္ပိယကြီးရဲ့ လိမ်လည်လှည့်ဖြားမှု ကြောင့် ပုဂံညှပ်ကြီးဟာ လူတို့ အယုံအကြည် ကင်းမဲ့ပြီး ပြစ်တင် ရှုံ့ချတာကို ခံခဲ့ရပါ တယ်။
.          အသက်ရှစ်ဆယ်ကျော်ပြီ ဖြစ်တဲ့ ကျွန်တော်တို့ ရွာက ဘကြီး ကတော့ဖြင့် ဒီလို ပြောပါတယ်။
.          'ခက်လိုက်တာကွယ်၊ ခုခေတ်လူတွေ ကလည်း ကပ္ပိယ ကြီးထက် ပိုပြီး ပလီစိ ချောက်ချက်တတ်၊  ခုခေတ် ခုံသမာဓိ တွေကလည်း မဟောသဓာ လောက် ပညာပါရမီ မရင့်သန့်၊  ကဲ --- ဘယ်လို လုပ်ကြမတုံး'
.          ဘကြီးရဲ့ ခုခေတ်ဆိုတာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ် ပါ။  ခုလို ထွေပြားတဲ့ နည်းနာတွေ မစုံလင်သေး တဲ့ ခေတ်ပါ။
++++++++++

.          တရားရုံး ဆိုတာ သဘာဝတရား အရ အမှန်တရား (Natural Justice) ဆိုတာထက်၊ ဥပဒေအရ အမှန်တရား (Legal Justice)ကိုသာ ရှာဖွေခွင့် ရှိတယ် ဆိုတာကိုပဲ သီးခြား ပြောရဦးမယ် ထင်ပါတယ်။
.          လူတွေပါ။  မှားနိုင်ပါတယ်၊  မှားတတ်ကြ ပါတယ်။  ခဲတံတွေမှာ ဘာကြောင့် ခဲဖျက်တွေ တပ်ထားရ သလဲ ဆိုတာကို ဆင်ခြင် ကြည့်သူတို့ ရှိခဲ့ပါတယ်။   ခဲဖျက်နဲ့ ဖျက်လို့မရတဲ့ အမှားမျိုးကို မဆိုလို ပါဘူး။  သို့ပေမယ့် တရားရုံး တစ်ခုခုက အမှားအယွင်း ပြုမိတဲ့အခါ၊ ချွတ်ချော် တိမ်းပါးတဲ့အခါ ပြင်ဆင် တည့်မတ်ပေး နိုင်ဖို့ရာ အတွက် အထက် တရားရုံး အဆင့်ဆင့် ကို ဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်။    သူတို့ဟာ အောက် တရားရုံး ရဲ့ အမှားအယွင်းကို ဥပဒေနဲ့ အညီ ပြင်ဆင်ခွင့် ရှိပါ တယ်။
.          တရားရုံးရှေ့ ဆိုင်ပြိုင်ကြတဲ့ အမှုသည် တို့ဟာ အနိုင်ရ ရေးကို တောင်းဆိုတဲ့ အခါ 'တရားမျှတမှု အလို့ငှာ' လို့ ပြောဆို လေ့ ရှိတတ်ပါတယ်။  'မတရား မမျှတမှု အလို့ငှာ' လို့ ပြောဆိုတဲ့ အမှုသည်မျိုး၊ တရားစီရင်ရေး သမိုင်းတစ်လျှောက်တစ်ယောက် မှ မပေါ်ပေါက် ခဲ့ပါဘူး။  တရားမျှတမှုကို သန့်ရှင်းတဲ့ လက်နဲ့ တောင်းခံသူတို့ တကယ်ပဲ ရှိပါတယ်။  မွှေးမြပြီး စွန်းပေနေတဲ့ လက်တွေကိုလည်း အခါမလင့် တွေ့ရတတ် ပါတယ်။
.          တရားစီရင်မှုမှ မဟုတ်ပါဘူး၊  တရားရုံးတွေမှ မဟုတ် ပါဘူး။  ဘယ်နေရာ ဘယ်ဌာနနဲ့ ဘယ်အခါ ဘယ်ကာလပဲ ဖြစ်ဖြစ် နှစ်ဘက် ကြားနာပြီးမှ ချင့်ချိန် သုံးသပ်ရမယ့် အရေး ကိစ္စ ဟူသမျှမှာ (Prejudice) ဆိုတာ တော်တော် အန္တရာယ် ကြီးပါတယ်။  တရားမျှတမှုနဲ့ ဝေးလှမ်းတဲ့ အရပ်မှာ သူ နေတတ် ပါတယ်။  အခုအခံ အကြိတ်အခဲ အစွဲအလမ်းတွေ စွန်းထင်း နေတဲ့ စဉ်းစား တွေးခေါ်မှု ဟာ ညစ်ပေနေတဲ့ ခွက်တစ်ခွက် နဲ့ တူပါတယ်။  ဘယ်လိုရေနဲ့ ဘယ်လို အရည်မျိုး ကိုပဲ ထည့်ထည့် မကြည်လင် မသန့်စင် နိုင်ဘူး ။          ။

ပြေ လွင် မြင့်


(The Ladies News Journal ; Vol (1) No(6) ; March 17 to 23, 2012)

Sunday, February 8, 2015

England ရှိ တရားရုံးများတွင်​ တရားခွင်​ အမှုစစ်​​ဆေးပုံများကို သတင်းမီဒီယာများက ပန်းချီဖြင့်​ သတင်းတင်​ခြင်း။

England ရှိ တရားရုံးများတွင်​ တရားခွင်​ အမှုစစ်​​ဆေးပုံများကို သတင်းမီဒီယာများက ပန်းချီဖြင့်​ သတင်းတင်​ခြင်း။


England ရှိ တရားရုံးတွေမှာ တရားခွင်စစ်ဆေးပုံ​တွေကို စာနယ်ဇင်းတွေ သတင်းစာတွေမှာ ပန်းချီပုံများဖြင့် မှတ်တမ်းတင်ကြသည်။ တရားခွင် ပန်းချီဆရာများသည် တရားခွင်ရှိ အမူအရာများကို ​ပေါ်လွင်အောင် ပန်းချီရေးဆွဲ ကြသည်။

တင်​ပြသူ _  Thu Wun   (H.G.P)








(ရှာ​ဖွေပြုစုတင်​ပြ​ပေး​သော ဆရာ ဦး Thu Wun အား ​ကျေးဇူးတင်​ရှိပါသည်​။)

Saturday, February 7, 2015

ပွင့်လင်းမြင်သာသော တရားစီရင်ရေးစနစ် ဆီသို့ ...


ပွင့်လင်းမြင်သာသော တရားစီရင်ရေးစနစ် ဆီသို့ ... (သတင်း)



          ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ၊ သတင်းအချက် အလက်များ၊ တရားရုံး အဆင့်ဆင့်၏ လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ပြည်သူများ ဗဟုသုတ ရရှိစေရန်၊ လွတ်လပ်စွာ တရားစီရင်မှုကို ပြည်သူများ သိရှိ နားလည်စေရန်၊ တရားရုံး လုပ်ထုံးလုပ်နည်း များနှင့် စပ်လျဉ်း၍ ပိုမို ပွင့်လင်းမြင်သာမှု ရှိစေရန်၊ သတင်းအမှန် များကို ပြည်သူများ အချိန်နှင့် တပြေးညီ သိရှိနားလည် စေရန်တို့ကို ရည်ရွယ်၍ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက ပြည်ထောင်စု တရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၊ ခရိုင်တရားရုံး များနှင့် မြို့နယ်တရားရုံး များတွင် သတင်းပြန်ကြားရေးအဖွဲ့များ အသီးသီး ဖွဲ့စည်း ထားရှိခဲ့ပြီး ဖြစ်ပါသည်။  သို့ဖြစ်၍ ယခင်ခေတ် ကာလများနှင့်မတူဘဲ ပိုမို လွတ်လပ်ပြီး ပွင့်လင်းမြင်သာသော တရားစီရင်ရေး စနစ် ကို တရားရုံး အဆင့်ဆင့်က ဖော်ဆောင်နေ ပြီဖြစ်ကြောင်း အများပြည်သူတို့ သိရှိနိုင်ရန် ဤသတင်းပို့စ် ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၏ လုပ်ငန်း စီမံချက်များမှ ကောက်နုတ်၍ ပြုစု မျှဝေလိုက် ရပါသည်။

သတင်းဌာနအမည်များ

          သတင်းဌာနများ၏ အမည်ကို သတ်မှတ်ရာတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အတွက် "သတင်းပြန်ကြားရေး အဖွဲ့၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်" ဟူ၍ လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် များအတွက် "သတင်းပြန်ကြားရေး အဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်" ဟူ၍ လည်းကောင်း၊ ခရိုင်တရားရုံး များအတွက် "တရားရုံး သတင်းပြန်ကြားရေး အရာရှိ၊ ခရိုင်တရားရုံး" ဟူ၍ လည်းကောင်း၊ မြို့နယ် တရားရုံးများ အတွက် "တရားရုံး သတင်းပြန်ကြားရေး အရာရှိ၊ မြို့နယ်တရားရုံး" ဟူ၍ လည်းကောင်း သတ်မှတ် ထားရှိပါသည်။    

သတင်းပြန်ကြားရေး အဖွဲ့များတွင် မည်သည့်ပုဂ္ဂိုလ်များ ပါဝင်သည် -

*          ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၏ သတင်း ပြန်ကြားရေး အဖွဲ့တွင်__ ညွှန်ကြားရေးမှူးချုပ် (အဖွဲ့ခေါင်းဆောင်)၊  ဒုတိယ ညွှန်ကြားရေးမှူးချုပ် (အဖွဲ့ဝင်)၊  ညွှန်ကြားရေးမှူး (စီမံ) (အဖွဲ့ဝင်)၊  လက်ထောက် ညွှန်ကြားရေးမှူး (လေ့ကျင့်) (အတွင်းရေးမှူး) တို့ဖြင့် ဖွဲ့စည်း ထားရှိပါသည်။
*          တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် သတင်း ပြန်ကြားရေး အဖွဲ့တွင်__ တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် တရားရေး ဦးစီးမှူး (အဖွဲ့ခေါင်းဆောင်) နှင့် ဒုတိယ ညွှန်ကြားရေးမှူး (တရားစီရင်ရေး) (သို့မဟုတ်) တိုင်းဒေသကြီး/ ပြည်နယ် တရားရေး ဦးစီးမှူးက တာဝန် ပေးအပ်သူ (အဖွဲ့ဝင်) တို့ဖြင့် ဖွဲ့စည်း ထားရှိပါသည်။

သတင်းပြန်ကြားရေးအရာရှိ အဖြစ် မည်သည့်ပုဂ္ဂိုလ်အား ခန့်အပ် တာဝန်ပေးသည် -

          ပြည်ထောင်စု တရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် များတွင် သတင်းပြန်ကြားရေး အဖွဲ့ဝင်များထဲမှ သတင်းပြန်ကြားရေး အရာရှိ (Public Information Officer) (P.I.O) တစ်ဦးကို ရွေးချယ် ခန့်အပ် တာဝန်ပေး ထားပါသည်။

တရားရုံးသတင်းပြန်ကြားရေး အရာရှိများကို မည်သည့်ပုဂ္ဂိုလ်များ ခန့်အပ် တာဝန်ပေးသည် -

          ခရိုင်တရားရုံးတွင် တရားရုံး သတင်း ပြန်ကြားရေး အရာရှိ (Court Information Officer) (C.I.O) အဖြစ် ခရိုင်တရားသူကြီး (သို့မဟုတ်) ၎င်းက တာဝန်ပေးအပ်သူ အားလည်းကောင်း၊  မြို့နယ်တရားရုံး တွင် တရားရုံး သတင်း ပြန်ကြားရေး အရာရှိ (Court Information Officer) (C.I.O) အဖြစ် မြို့နယ် တရားသူကြီး (သို့မဟုတ်) ၎င်းက တာဝန်ပေးအပ်သူ အားလည်းကောင်း ခန့်အပ် တာဝန်ပေး ထားပါသည်။

သတင်းမီဒီယာများမှ သိရှိလိုက်နာရန် အချက်များ

          သတင်းမီဒီယာများ အနေဖြင့် အဆင့်ဆင့်သော တရားရုံးများမှ သတင်းရယူခြင်း၊ ထုတ်ပြန်ခြင်း ပြုရာတွင် အောက်ပါ အချက်အလက် များအား လိုက်နာရန် ဖြစ်ပါသည် __
(က)     တရားရုံးသို့ သတင်းရယူရန် လာရောက်ရာတွင် သတင်းထောက် အသိအမှတ်ပြု ကဒ် (Identity Card) ပါရှိရမည်။
(ခ)     သက်ဆိုင်ရာ ရုံးအကြီးအကဲထံ ခွင့်ပြုချက် တောင်းခံ၍ ကြိုတင် ချိန်းဆိုမှု ပြုပြီး သတ်မှတ်ထား သော နေရာတွင်သာ နည်းလမ်းတကျ သတင်းရယူ ရမည်။
(ဂ)     ဗီဒီယိုနှင့် ဓာတ်ပုံ ရိုက်ကူးရာတွင် သတ်မှတ်ထားသည့် တွေ့ဆုံခန်း အတွင်းတွင်သာ ရိုက်ကူးရမည်၊ သတင်းနှင့် မစပ်ဆိုင်သည့် နေရာများတွင် ဗီဒီယိုနှင့် ဓာတ်ပုံ ရိုက်ကူးခြင်း မပြုရ။
(ဃ)     သတင်းရယူသူများ အနေဖြင့် အမှုသည်များ နှင့်အတူ လာရောက် မေးမြန်းခြင်း၊ သတင်း ရယူခြင်း မပြုရ။
(င)     စစ်ဆေးဆဲ မှုခင်းများနှင့် ပတ်သက်၍ မှုခင်း ဖြစ်ပွားမှု သတင်းနှင့် အမှု စစ်ဆေး ဆောင်ရွက်သည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကိစ္စရပ်များ အပေါ်တွင် မေးခွန်းများ မေးမြန်းနိုင်သော်လည်း အမှု၏ အရည်အသွေး နှင့် စပ်ဆိုင်သော မေးခွန်းများကို မေးမြန်းခြင်း မပြုရ။
(စ)     တရားရုံး ပရ၀ုဏ် အတွင်း ရောက်ရှိနေသူ မည်သူ တစ်ဦးတစ်ယောက် ကိုမှ ရုံးအကြီးအကဲ၏ ခွင့်ပြုချက် မရရှိဘဲ မေးမြန်းခြင်း၊ သတင်း ရယူခြင်း မပြုရ။
(ဆ)     တရားခွင် အတွင်းသို့ ၀င်ရောက် သတင်းရယူ လိုပါက တရားရုံး အကြီးအကဲ၏ ခွင့်ပြုချက် ရယူရ မည်။
(ဇ)     တရားခွင် အတွင်းသို့ အသံဖမ်းစက်၊ ကင်မရာ၊ လက်ကိုင်ဖုန်းများ ယူဆောင်လာခြင်း မပြုရ။
(ဈ)     အမှုစစ်ဆေး စီရင်နေသည့် တရားခွင်တွင်းသို့ တစ်နည်းနည်းဖြင့် ဗီဒီယို ရိုက်ကူးခြင်း၊ ဓာတ်ပုံ ရိုက်ကူးခြင်း လုံးဝ မပြုလုပ်ရ။
(ည)     သတင်းရေးသားရာတွင် တရားရုံးကို မထီမဲ့မြင် ဖြစ်စေသော၊ ဖြောင့်မှန်စွာ တရားစီရင်ရေးကို ထိခိုက်စေသော ဝေဖန် ရေးသားမှုမျိုးကို ရှောင်ကြဉ်ရမည်။
(ဋ)     ကလေးသူငယ်များ ပါဝင် ပတ်သက်နေသော မှုခင်းများတွင် ကလေးသူငယ်များ၏ သတင်းနှင့် ပတ်သက်၍ တရားရုံး၏ ခွင့်ပြုချက် ရရှိမှသာ ရေးသား ဖော်ပြရမည်။
(ဌ)     ထုတ်ပြန်ပေးသည့် သတင်းနှင့် စပ်လျဉ်း၍ ပုံနှိပ် ထုတ်ဝေခြင်း မပြုမီ တိကျသေချာမှု ရှိစေရန် တတ်နိုင်သမျှ ဆောင်ရွက်ရမည်။
(ဍ)     သတင်းကို မှားယွင်း ရေးသားမိကြောင်း သိလျှင်သိချင်း ဆောလျင်စွာ လူသိရှင်ကြား ပြန်လည် ဖြေရှင်း ပေးရမည်။
(ဎ)     သတင်းရေးသားရာတွင် တည်ဆဲဥပဒေ၊ ဓလေ့ထုံးတမ်း များနှင့် မီဒီယာ ကျင့်ဝတ်များကို လိုက်နာ ရေးသားရမည်။
(ဏ)     ဥပဒေတစ်ရပ်ရပ်အရ ကန့်သတ်ထားသော စာရင်းဇယားများ၊ ဓာတ်ပုံ မှတ်တမ်းများ၊ စာတမ်း အမှတ်အသား ရေးသားချက်များကို သတင်း ရေးသားခြင်း မပြုရ။

ဆက်သွယ်ရမည့် နည်းလမ်းများ

          သတင်းပြန်ကြားရေး အဖွဲ့ အသီးသီးကို ဆက်သွယ်နိုင်မည့် တယ်လီဖုန်း နံပါတ်၊ e-mail address နှင့် Social Network တို့ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၏ Website ဖြစ်သော www.unionsupremecourt.gov.mm တွင် မကြာမီ ဖော်ပြမည် ဖြစ်ပါသည်။

          နိုင်ငံတစ်နိုင်ငံ၏ တရားစီရင်ရေး စနစ်အပေါ် ပြည်သူလူထုမှ ယုံကြည်မှု ရှိလာစေရန် အတွက် တရားစီရင်ရေး ဆောင်ရွက်ချက် များကို ပြည်သူများအား ပွင့်လင်းစွာ ရှင်းလင်း တင်ပြရန်မှာ လွန်စွာ အရေးကြီးပါသည်။  သို့မှသာ ပြည်သူများ အနေဖြင့် တရားစီရင်ရေး ယန္တရားကို နားလည် သဘောပေါက်၍ အမှန်တရား ပေါ်ပေါက်ရေး အတွက် ပူးပေါင်း ပါဝင်လာနိုင်ပြီး ဖြောင့်မှန်သော တရားစီရင်ရေး ကို အထောက်အကူ ပြုနိုင်မည် ဖြစ်ပါသည်။  ထိုသို့ ပြည်သူများကို အသိပေး ရှင်းလင်းရန် အတွက် တရားစီရင်ရေး ဆောင်ရွက်ချက်များကို ကြားခံ မီဒီယာများ၏ အကူအညီ ရယူ၍ ထုတ်ဖော် ပြောဆိုမှသာ အဆင်ပြေ ချောမွေ့နိုင်မည် ဖြစ်ပါသည်။  ယနေ့ အချိန်အခါတွင် သတင်းမီဒီယာများမှ သတင်းတာဝန်ခံ၊ သတင်းထောက် များသည် မိမိတို့ ရယူလိုသော သတင်း အချက်အလက်များ ကို သက်ဆိုင်ရာ တရားရုံး အဆင့်ဆင့်တွင် ရင်းနှီးပွင့်လင်းစွာဖြင့် နည်းလမ်းတကျ မေးမြန်းရယူ နိုင်ကြပြီလည်း ဖြစ်ပါသည်။

          သတင်းမီဒီယာ များအနေဖြင့် အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်သော သတင်းမီဒီယာများ သိရှိလိုက်နာရန် အချက် (၁၅)ချက်ကို ကျေလည်စွာ ဖတ်ရှု နားလည် လိုက်နာပေးကြရန် အထူးလိုအပ်လှပါ ကြောင်းနှင့် သတင်း ပြန်ကြားရေး အရာရှိ၊ တရားရုံး သတင်း ပြန်ကြားရေး အရာရှိ စသော အခေါ်အဝေါ် အသုံးအနှုန်းများကို ပြည့်စုံ မှန်ကန်စွာ ရေးသား ဖော်ပြပေးကြရန် လိုအပ်ပါသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အထက်ပါ မူသဘောထားနှင့် လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည် ဖော်ကာ မီဒီယာများ၏ အကူအညီ ရယူ၍ ပွင့်လင်းမြင်သာသော တရားစီရင်ရေး စနစ် ဖော်ဆောင်နေသည့် အခြေအနေကို အများပြည်သူတို့ လေ့လာဖတ်ရှု သိရှိသင့်သည်ဟု ယူဆပါသဖြင့် စေတနာ အရင်းခံလျက် ကောက်နုတ်မျှဝေ တင်ပြပေး လိုက်ရပါသည်။       ။

သတင်း မျှဝေသူ   -   လွှမ်းမိုးအောင် (တရားရေး)


7-2-2015   6:15 pm.

Thursday, February 5, 2015

ယာဉ်နှစ်စီးတိုက်မှု နှင့် ယာဉ်မောင်း တရားခံနှစ်ဦး



ယာဉ်နှစ်စီးတိုက်မှု နှင့် ယာဉ်မောင်း တရားခံနှစ်ဦး



. ယာဉ်ကို ပေါ့ဆစွာ မောင်းနှင်မှုကြောင့် ဖြစ်စေ၊ ယာဉ်ကို အရမ်းမဲ့ မောင်းနှင်မှုကြောင့် ဖြစ်စေ ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ ရှိကြပါသည်။  ဤအမှုမျိုးတွင် ယာဉ်မောင်း တစ်ဦးတည်း၏ ပေါ့ဆမှု၊ သို့မဟုတ် အရမ်းပြုလုပ်မှုကြောင့် ဖြစ်သလား၊ သို့တည်းမဟုတ် ယာဉ်မောင်း နှစ်ဦးစလုံး၏ ပေါ့ဆမှုကြောင့် ဖြစ်သလား ဆိုသည်ကို စဉ်းစားချင့်ချိန်ရန် လိုပါသည်။  ယာဉ်မောင်း နှစ်ဦးစလုံး၏ ပေါ့ဆမှု ကြောင့်၊ သို့မဟုတ် အရမ်းမောင်းနှင်မှုကြောင့် ယာဉ်တိုက်မှု ဖြစ်ရသည်ဟု ယူဆသည့်အခါ ယာဉ်မောင်း နှစ်ဦးစလုံးကို တရားခံများအဖြစ် အမှုတစ်မှုတည်း တွင်ပင် တရားစွဲဆို တင်ပို့နေကြသည်ကို တွေ့ရှိ ရပါသည်။

. ယင်းသို့ တစ်မှုတည်းတွင်ပင် ဆန့်ကျင်ဘက် ယာဉ်မောင်းနှစ်ဦးကို တရားခံ(၂)ဦးအဖြစ် ပူးတွဲ တရားစွဲဆို၍ စစ်ဆေးသည့်အခါတွင် တစ်ဦးအပေါ် တစ်ဦးက အပြစ်ပုံချ ထွက်ဆိုလေ့ ရှိတတ်ကြမည်မှာ ဓမ္မတာပင် ဖြစ်သောကြောင့် အမှန်တရားကို စိစစ်ရန် ခက်ခဲမည် အမှန်ပင်ဖြစ်ပါသည်။  ထို့ပြင် ထိုသို့ တရားခံ (၂)ဦးကို တစ်မှုတည်း ပေါင်းရုံး၍ တရားစွဲတင်ခြင်း၊ စစ်ဆေးခြင်းသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နှင့် ညီမညီ စိစစ်ကြည့်ရန် လိုမည်ဖြစ်ပါသည်။

. ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄(၁)(က) တွင် __"ပြစ်မှု ဆိုသည်မှာ တည်ဆဲ တရားဥပဒေ တစ်ရပ်ရပ်အရ ပြစ်ဒဏ် ထိုက်သင့်သော ပြုလုပ်မှု၊ သို့မဟုတ် ပျက်ကွက်မှုကို ဆိုသည်"ဟု ပြဋ္ဌာန်းထားပြီး၊ ပုဒ်မ ၄(၂)တွင် ပြုလုပ်မှုများကို ရည်ညွှန်းသည့် စကားလုံးများတွင် ဥပဒေနှင့် ဆန့်ကျင်သော ပျက်ကွက်မှု များလည်း အကျုံးဝင်သည်။  ထို့ပြင် ဤဥပဒေတွင် အသုံးပြု၍ ပြစ်မှုဆိုင်ရာ ဥပဒေတွင် အဓိပ္ပာယ် ဖွင့်ဆိုထားပြီး၊ ဤဥပဒေ၏ ရှေ့ပိုင်းတွင် အဓိပ္ပာယ် ဖွင့်ဆိုမထားသော စကားလုံးများနှင့် စကားရပ်များ အားလုံးတို့သည် ပြစ်မှုဆိုင်ရာ ဥပဒေတွင် ဖွင့်ဆိုထားသည့် အတိုင်း အဓိပ္ပာယ်ကို ဆောင်သည်ဟု မှတ်ယူရမည်"ဟု ပြဋ္ဌာန်းထားပါသည်။

. ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၂ တွင် __ "ရှေ့နောက်စကား တို့၌ ဆန့်ကျင်သော ရည်ရွယ်ချက် မပေါ်ပေါက်လျှင် ဤပြစ်မှုဆိုင်ရာ ဥပဒေ၏ အပိုင်းတိုင်း၌ ပြုလုပ်မှုများကို ရည်ညွှန်းသော စကားများသည် ဥပဒေနှင့် မညီသော ပျက်ကွက်မှုများ နှင့်လည်း သက်ဆိုင်သည်"ဟု ပြဋ္ဌာန်းထား ပါသည်။

. "ပြုလုပ်မှု" ဆိုသည့် စကားရပ်သည် စိတ်တွင် ဖြစ်ပေါ်သည့် အတိုင်း ကိုယ်ဖြင့် ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ ပြုလုပ်ခြင်းကို ပြုလုပ်မှုဟု အဓိပ္ပာယ် သက်ရောက်ပြီး "ပျက်ကွက်မှု" စကားရပ်သည် ဥပဒေအရ ပြုလုပ်ရန် ပျက်ကွက်မှုဟု အဓိပ္ပာယ် သက်ရောက်ပါသည်။

. ယာဉ်(၂)စီး တိုက်မှုဖြစ်လျှင် တစ်စီးက တစ်စီးကို တိုက်ခြင်းလား (သို့မဟုတ်) တစ်စီးနှင့် တစ်စီး ပွတ်ရှောင်ရာမှ ထိခိုက်မိခြင်းလား၊ ဆန့်ကျင်ဘက်မှ မောင်းနှင်လာရင်း ရင်ဆိုင် တိုက်မိခြင်းလား၊ ပွတ်ရှောင်ရာမှ ထိခိုက်မိခြင်းလား ဆိုသော ယာဉ်တိုက်မှု ဖြစ်ပုံဖြစ်နည်းကို စူးစမ်း လေ့လာရပါသည်။  ရင်ဆိုင် တိုက်မိကြလျှင် မည်သည့်ယာဉ်က မည်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ဖောက်ဖျက် သနည်း၊ ယာဉ်မောင်း နှစ်ဦးစလုံး၏ အမှားကြောင့်လား စသည်ဖြင့် ဆက်လက် တွေးတော စူးစမ်းရန် လိုအပ်မည် ဖြစ်ပါသည်။

. မောင်းနေသော ယာဉ်နှစ်စီး တိုက်မိကြလျှင် မည်သည့် ယာဉ်မောင်း၏ ပေါ့ဆမှု၊ သို့မဟုတ် အရမ်း မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှု ဖြစ်ရသည်ကို စုံစမ်း ဖော်ထုတ်ရန် ခက်ခဲပါသည်။  ရှင်းလင်း ထင်ရှားသည့် အချက်မှာ အတိုက်ခံရသော ယာဉ်သည် ရပ်နေသော ယာဉ်ဖြစ်လျှင် ထိုယာဉ်ကို ၀င်တိုက်သည့် ယာဉ်မောင်း၏ အမှားပင် ဖြစ်ပါမည်။  မောင်းနေသော ယာဉ်နှစ်စီး အနက် တစ်စီးက အတိုက်ခံရ၍ ယာဉ်နှင့် ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု ရှိခဲ့လျှင် ယာဉ်နှစ်စီး ပေါ်ပါလာသော သက်သေများကို စစ်ဆေးကြရပါသည်။  အချို့သက်သေများက အမှန်အတိုင်း ပြောသော်လည်း၊ အချို့မှာ အမှန်အတိုင်း မပြောတတ် ကြပါ။  ဘက်လိုက် ပြောဆိုမှုများလည်း ရှိတတ် ပါသည်။  ထိုအခါမျိုးတွင် မည်သည့်ယာဉ်က အရမ်း မောင်းသည်၊ သို့မဟုတ် ပေါ့ဆစွာ မောင်းသည်ကို စဉ်းစား ချင့်ချိန်ရန် အထူး လိုအပ်ပါသည်။  သို့အတွက် စုံစမ်း စစ်ဆေးသူ ရဲအရာရှိ များအနေဖြင့် အမှု(၂)မှု ခွဲ၍ စုံစမ်းစစ်ဆေးမှ သာလျှင် ပိုမို ပြတ်သားစွာ သုံးသပ်နိုင်မည် ဖြစ်ပါသည်။  အမှုကို (၂)မှု ခွဲ၍ တင်မည်၊ သို့မဟုတ် တစ်မှုတည်းတွင် တရားခံ တစ်ဦးတည်း ကိုသာ တရားစွဲတင်မည် ဆိုသည်ကို ဆုံးဖြတ်ရန် ဖြစ်ပါသည်။

. ယာဉ်တိုက်မှုတိုင်းကို ရဲတပ်ဖွဲ့ (ယာဉ်ထိန်းရဲ) အရာရှိက တရားလို ပြုလုပ် တိုင်တန်း၍ အမှုကို စုံစမ်း စစ်ဆေးရာ၌ ယာဉ်ပေါ်ပါသူများကို တရားလိုပြ သက်သေအဖြစ် တရားရုံးသို့ တင်ပြ ရပါသည်။  တရားလိုပြ သက်သေ ဆိုသည်မှာ တရားခံ ပြစ်မှု ကျူးလွန်ကြောင်း သာမန်အားဖြင့် သက်သေခံ ရမည့်သူ ဖြစ်သောကြောင့် ယာဉ်မောင်းတရားခံ တစ်ဦး အတွက်သာ တရားလိုပြ သက်သေက တရားလိုပြ သက်သေအဖြစ် သက်သေခံမည် ဖြစ်ပါသည်။  ယာဉ်မောင်း တရားခံ(၂)ဦး အတွက် တစ်မှုတည်းတွင်ပင် တရားလိုပြ သက်သေအဖြစ် အစစ်ခံလျှင် သက်သေခံချက် များတွင် ရှုပ်ထွေးမှု များစွာ ဖြစ်ပေါ်မည်မှာ သဘာဝ ကျပါသည်။  ထို့ကြောင့် ယာဉ်တိုက်မှု တစ်မှုတွင် ယာဉ်မောင်း တရားခံ(၂)ဦး အတွက် တရားလိုပြ  သက်သေ တစ်မျိုးတစ်စားတည်း ရှိနိုင်မည် မဟုတ်ပါ။  ထိုအမှုမျိုးတွင် တရားခံ တစ်ဦးအတွက် တရားလိုပြ သက်သေစာရင်းက တစ်မျိုး ဖြစ်ပြီး၊ အခြား တရားခံ တစ်ဦးအတွက် တရားလိုပြ သက်သေ စာရင်းက နောက် တစ်မျိုး ဖြစ်မှသာလျှင် တရားစွဲ အဖွဲ့အစည်း ဖြစ်သည့် ရဲတပ်ဖွဲ့က မိမိ တရားစွဲတင်သည့် အမှုကို အောင်မြင်သည့် ယုတ္တိအိမ်ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

. တရားရုံးသို့ အမှုရောက်လာလျှင် အမှုစစ် တရားသူကြီးက တရားလိုပြ သက်သေ များကို စစ်ဆေးပြီးနောက် တရားခံအပေါ် ယာဉ်တိုက်မှု ပုဒ်မများ (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၇၉၊ ပုဒ်မ ၃၃၇၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၃၀၄-က) အနက် ပုဒ်မ တစ်ခုဖြင့် ဖြစ်စေ၊ ပုဒ်မ(၂)ခုဖြင့် ဖြစ်စေ၊ ပုဒ်မ (၃)ခုနှင့် ဖြစ်စေ တစ်မှုတည်းတွင် စွဲချက်(၃)ရပ် ထက်မပိုသော စွဲချက်များဖြင့် တရားခံ အပေါ် စွဲချက်တင် ရပါသည်။  စွဲချက် နှင့် စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၂၁ ၌ __
(၁)     ဤဥပဒေအရ စွဲချက်တိုင်းတွင် တရားခံကို မည်သည့် ပြစ်မှုနှင့် စွဲဆိုသည်ကို ဖော်ပြ ပါရှိစေရမည်။
(၂)     ပြစ်မှုကို ပြဋ္ဌာန်းသည့် ဥပဒေတွင် ထိုပြစ်မှုကို အမည် တစ်စုံတစ်ရာ သီးခြား ခေါ်ဝေါ်လျှင် ၎င်းပြစ်မှုကို ၎င်းအမည်နှင့်သာ ဖော်ပြရမည်။
(၃)     ပြစ်မှုကို ပြဋ္ဌာန်းသည့် ဥပဒေတွင် ၎င်းပြစ်မှုကို အမည် တစ်စုံတစ်ရာ သီးခြား ခေါ်ဝေါ်ခြင်း မရှိခဲ့လျှင် တရားခံ အဖြစ်ဖြင့် ၎င်းအပေါ် မည်သည့်အချက်နှင့် စွဲဆိုထားကြောင်း သိသာနိုင်ရန် ထိုပြစ်မှု၏ သဘော အဓိပ္ပာယ် ပိုင်းခြားချက်ကိုသာ ဖော်ပြရမည်။
(၄)     စွဲချက်တွင် ကျူးလွန်သည် ဆိုသော ပြစ်မှုမှာ မည်သည့် ဥပဒေနှင့် ထိုဥပဒေပါ မည်သည့် ပုဒ်မကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြ ပါရှိစေရမည်။
(၅)     စွဲချက်တင်သည် ဆိုသည့် အချင်းအရာသည် စွဲဆိုထားသည့် အမှု၌ စွဲဆိုထားသော ပြစ်မှုမြောက် အောင် ဥပဒေအရ လိုအပ်သည့် အချက် အရပ်ရပ် ပြည့်စုံသည်ဟု ဆိုရာရောက်သည် ဟု ပြဋ္ဌာန်းထား ပါသည်။

. အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်များအရ အမှု စစ်ဆေးသည့် တရားသူကြီးသည် ယာဉ်မောင်း တရားခံ တစ်ဦးအပေါ် အထက်တွင် ဖော်ပြခဲ့သည့် ပုဒ်မ ၂၇၉၊ ပုဒ်မ ၃၃၇၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၃၀၄-က ပါ ပြစ်မှုဖြင့် စွဲချက်တင် နိုင်လောက်သည့် မြင်သာသော အချက်များ ရှိ၊မရှိကို တစ်စုတစ်စည်း တည်းသော တရားလိုပြ သက်သေများကို စစ်ဆေးပြီးမှ သာလျှင် စဉ်းစား ချင့်ချိန်နိုင်မည် ဖြစ်ပါသည်။  ယာဉ်မောင်း (၂)ဦးကို တစ်မှုတည်းတွင်ပင် ပူးတွဲ စစ်ဆေးလျှင် ကွဲပြားခြားနားသည့် တရားလိုပြ သက်သေများ၏ ထွက်ချက် များကြောင့် မည်သည့် ယာဉ်မောင်း တရားခံ တွင် မည်သည့် ပြစ်မှု ပေါ်ပေါက်သည်၊ သို့မဟုတ် မည်သည့် ယာဉ်မောင်း တရားခံတွင် ပြစ်မှု မပေါ်ပေါက် ဆိုခြင်းကို ခွဲခြားသိရှိ နိုင်မည် ဖြစ်ပါသည်။  သို့အတွက် တရားရုံးများသို့ ယာဉ်မောင်း တရားခံ (၂)ဦးကို တစ်မှုတည်းတွင် ပူးတွဲ စွဲဆိုလာလျှင် (၂)မှုခွဲ၍ စစ်ဆေးစီရင်မှသာ အထက်ပါ ကျင့်ထုံး ဥပဒေ ပြဋ္ဌာန်းချက် များနှင့် ကိုက်ညီမည် ဖြစ်ပါသည်။

. ပြစ်မှုဆိုင်ရာ အယူခံမှု အမှတ် ၂၆၀/၉၇ တွင် တရားရုံးချုပ်က အောက်ပါအတိုင်း သုံးသပ် လမ်းညွှန် ထားပါသည် __
"ဆန့်ကျင်ဘက်မှ မောင်းလာနေသော ကား၏ ရွေ့လျားမှုကို ကြည့်၍ ရပ်နေသော ကားက ပြန်မောင်း ထွက်သင့်မသင့် စဉ်းစား ချင့်ချိန်ရမည်မှာ ပြန်မောင်းထွက်သည့် ကားမောင်းသူ၏ သတိ သမ္ပဇဉ်တွင် မူတည်သည်။  ရှေ့မှလာသည့် ကားနှင့် မလွတ်နိုင်လျှင် ရပ်နေရာမှ မောင်းထွက် လိုက်ခြင်းသည် ၎င်းအဖို့ မဆင်မခြင် ပြုရာ ရောက်သည်။  စိုးဝင်း၏ ထွက်ချက်အရလည်း တစ်ဘက်မှ မောင်းလာသည့် စည်ပင်အဖွဲ့ ပိုင် ကားက ဆိုက်ကားကို ကျော်ပြီး သူ့ယာဉ်ကြော သူ ပြန်ဝင်ချိန်တွင် ၎င်း၏ ဒိုင်နာကားကို လွတ်မည် အထင်ဖြင့် ရုတ်တရက် မောင်းထွက်လိုက် ရာမှ တစ်ဘက်ရှိ စည်ပင်အဖွဲ့ပိုင် ကားနှင့် ပွတ်ထိမိသည်ဟု ပေါ်လွင်သည်။  ဤစီရင်ချက် မပြီးဆုံးမီ ဖော်ပြ မှတ်ချက်ပြုလိုသည်မှာ မူလရုံးသို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တိုက်မိသည့် ယာဉ်(၂)စီးလုံးမှ ယာဉ်မောင်း နှစ်ဦးစလုံးကို အမှု တစ်မှုတည်းတွင် တရားခံ (၂)ဦး အဖြစ် ပူးတွဲ စွဲဆိုခြင်းကြောင့် တရားရုံး အနေဖြင့် အမှန်တရားကို ရှာဖွေ စိစစ်ရာတွင် အခက်အခဲ ရှိသည် ဆိုခြင်းပင် ဖြစ်သည်။  အန်ဝါခန် နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမှု (၁၉၅၂ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံးများ (တရားလွှတ်တော်)၊ စာ-၃၃၁) တွင် ယာဉ်ကို မဆင်မခြင်၊ သို့မဟုတ် အရမ်းမဲ့ မောင်းမှု များ၌ ယာဉ်မောင်း နှစ်ဦးစလုံး ပေါ့ဆသည်ဟု ယူဆလျှင် ဖြစ်စေ၊ ၎င်းတို့ နှစ်ဦးက တစ်ဦးကို တစ်ဦး အပြစ်ပုံချ နေကြလျှင် ဖြစ်စေ၊ အမှုတစ်မှု တည်း၌ ထိုယာဉ်မောင်း နှစ်ဦးကို တရားခံအဖြစ် ပူးတွဲ မစွဲဆိုသင့် ကြောင်း စီရင် ထုံးဖွဲ့ထားသည်ကို သတိချပ် သင့်သည်။  ယာဉ်မောင်းသူ နှစ်ဦးစလုံး၏ မဆင်မခြင် မောင်းနှင်မှု ကြောင့် ခရီးသည်နှင့် ယာဉ်ကို ထိခိုက်စေသည်ဟု သံသယ ဖြစ်ဖွယ်ရှိလျှင် ထိုယာဉ်မောင်း နှစ်ဦးကို တရားခံ တစ်ဦးစီအဖြစ် ခွဲ၍ (၂)မှုခွဲပြီး စစ်ဆေး စီရင်ရန် ဖြစ်သည်။  ထိုအမှု (၂)မှုကို တစ်ပြိုင်တည်း တစ်ရုံးတည်းတွင် စစ်ဆေး စီရင်မှသာလျှင် မည်သည့် တရားခံက မှန်သည်၊ မှားသည်ကို ပြတ်သားစွာ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။  သို့အတွက် စည်ပင် အဖွဲ့ပိုင် ကားမောင်းသူ မိုးသူ၏ ပေါ့လျော့မှု ကြောင့် မဟုတ်ဘဲ ဒိုင်နာ ကားမောင်းသူ စိုးဝင်း၏ ပေါ့လျော့မှုကြောင့် စည်ပင်ကားနှင့် ဒိုင်နာကား ပွတ်မိရာမှ ဒိုင်နာကားတွင် စီးလိုက်လာသူ ဦးထွန်းဟန်၏ လက်ဝဲဘက် လက်ဖျံရိုး ကျိုးသည့် ဒဏ်ရာ ရရှိခြင်း ဖြစ်သည် ဆိုသော မူလရုံး၏ သုံးသပ်ချက်မှာ မှားယွင်းမှု မရှိချေ။"

. သို့အတွက် ဤမှ နောင်တွင် ဖြစ်ပေါ်လာမည့် ယာဉ်တိုက်မှု များ၌ ယာဉ်မောင်းသူ (၂)ဦးစလုံး၏ ပေါ့ဆမှု၊ သို့မဟုတ် အရမ်းမောင်းနှင်မှု ကြောင့် ယာဉ်ထိခိုက်မှု၊ ယာဉ်ပေါ်ပါသူ အချို့ ထိခိုက်ဒဏ်ရာ ရမှု၊ သေဆုံးမှုများ ရှိသည်ဟု သံသယ ဖြစ်ဖွယ်ရှိလျှင် ယာဉ်မောင်းသူ တရားခံ တစ်ဦးစီကို တစ်မှုစီ ခွဲ၍ တစ်ရုံး တည်းသို့ တရားစွဲ တင်ပို့သင့်ကြောင်း တင်ပြလိုက်ပါသည်။

တရားရေးဝန်ထမ်းတစ်ဦး


(တရားရေးဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၄)ပါ ဤဆောင်းပါးကို ကူးယူ ဖော်ပြ မျှဝေခြင်း ဖြစ်ပါသည်။)



ဒဏ်ငွေမှ စရိတ်စက (သို့မဟုတ်) လျော်ကြေး သတ်မှတ်ပေးနိုင်ခြင်း


ဒဏ်ငွေမှ စရိတ်စက (သို့မဟုတ်) လျော်ကြေး သတ်မှတ်ပေးနိုင်ခြင်း


          တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ တရားရုံး တစ်ရုံးရုံးက ငွေဒဏ် ချမှတ်တဲ့ အခါမှာဖြစ်ဖြစ်၊ ငွေဒဏ် ပါတဲ့ ပြစ်ဒဏ်ကို အယူခံမှု၊ ပြင်ဆင်မှု၊ အခြားအမှု တစ်မျိုးမျိုးမှာ ငွေဒဏ်ပြစ်ဒဏ် (သို့မဟုတ်) ငွေဒဏ်ပါတဲ့ ပြစ်ဒဏ်ကို အတည်ပြုတဲ့ အခါမှာပဲ ဖြစ်ဖြစ် တရားရုံးက စီရင်ချက် ချမှတ်တဲ့အခါ ရရှိတဲ့ ဒဏ်ငွေအားလုံးကို သော်လည်းကောင်း၊ တစ်ချို့တစ်ဝက်ကို သော်လည်းကောင်း တရားခံက အမှုမှ နစ်နာသူထံ စရိတ်စက (သို့မဟုတ်) လျော်ကြေး ပေးစေရန် သတ်မှတ်ပေးနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၅(၁)မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက် အကြောင်းကို ယနေ့ လေ့လာဆွေးနွေး တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

          ဒီပြဋ္ဌာန်းချက်အရ နစ်နာသူအား ဒဏ်ငွေမှ စရိတ်စက (သို့မဟုတ်) လျော်ကြေး သတ်မှတ်ပေးစေတယ် ဆိုတဲ့ကိစ္စဟာ လက်တွေ့နယ်ပယ်မှာ ကျင့်သုံးဆောင်ရွက်မှု နည်းပါးလှတယ် ဆိုတာကိုတော့ သတိထားမိပါတယ်။  သို့သော်လည်း ဥပဒေပညာကို နှံ့နှံ့စပ်စပ် လေ့လာမှတ်သားနိုင်ကြစေဖို့ ဗဟုသုတ အလို့ငှာ တင်ပြပေးမှာ လည်း ဖြစ်ပါတယ်။  ကျင့်သုံးဆောင်ရွက်မှု နည်းပင် နည်းလင့်သည် ဆိုလင့်ကစား တစ်ချိန်က အဆင့်မြင့် တရားရုံးတစ်ရုံးက ဒီလို ဒဏ်ငွေမှ လျော်ကြေး သတ်မှတ်ပေးခဲ့ဖူးတာကို တွေ့ကြုံခဲ့ဖူးလို့ ကျွန်တော် စိတ်ဝင်တစား မှတ်သား လေ့လာခဲ့ပါတယ်။  စိတ်ဝင်စားဖို့ ကောင်းတဲ့ ပြဋ္ဌာန်းချက် တစ်ရပ်ဖြစ်လို့ အကျယ်တ၀ံ့ ဆွေးနွေးပါ့မယ်။

          ခေါင်းစဉ်ပါ အကြောင်းအရာနဲ့ ပတ်သက်လို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၅(၁)ကို အသေးစိတ် လေ့လာကြည့်မယ် ဆိုရင် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ တရားရုံး တစ်ရုံးရုံးက ငွေဒဏ် ချမှတ်ရာမှာ ဖြစ်ဖြစ်၊ ငွေဒဏ်ပါတဲ့ ပြစ်ဒဏ်ကို အထက်အဆင့်မြင့် အယူခံ/ပြင်ဆင် တရားရုံးက ငွေဒဏ်ပြစ်ဒဏ် (သို့မဟုတ်) ငွေဒဏ်ပါတဲ့ ပြစ်ဒဏ်ကို အတည်ပြုရာမှာပဲ ဖြစ်ဖြစ် တရားရုံးက စီရင်ချက် ချမှတ်ရာဝယ် ရရှိတဲ့ ဒဏ်ငွေအားလုံး (သို့မဟုတ်) တစ်ချို့တစ်ဝက်ကို အောက်ပါအချက် (၃)ချက်နဲ့ စရိတ်စက/ လျော်ကြေးငွေ သတ်မှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၁)   တရားစွဲဆိုရာမှာ အထိုက်အလျောက် ကုန်ကျတဲ့ စရိတ်စက၊
(၂)   တရားမရုံးမှာ နစ်နာသူ အနေနဲ့ လျော်ကြေး လုံလုံလောက်လောက် ရရှိနိုင်လိမ့်မယ်လို့ တရားရုံးက ထင်မြင်တဲ့အခါ ပြစ်မှုကြောင့် ထိုသူရဲ့ ဆုံးရှုံးမှု၊ နစ်နာမှုအတွက် လျော်ကြေးငွေ၊
(၃)   တစ်ဦးတစ်ယောက်ဟာ ခိုးမှု၊ အလွဲသုံးစားမှု၊ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု၊ လိမ်လည်မှု၊ ခိုးရာပါပစ္စည်း လက်ခံမှု/ လက်ဝယ်ထားမှု၊ ယင်းပစ္စည်းကို ထုခွဲရာမှာ ကူညီမှုများနှင့် ပတ်သက်တဲ့ ပြစ်မှုတစ်ရပ်ရပ်နဲ့ ပြစ်ဒဏ်ထင်ရှား စီရင်ခြင်း ခံရတဲ့အခါမျိုးမှာ ထိုပစ္စည်းကို လက်ရှိထားခွင့် ရှိသူသို့ ပြန်ပေးရလျှင် သဘောရိုးနဲ့ ၀ယ်ယူခဲ့မိတဲ့ အခြားသူ မည်သူ့ကိုမဆို ပစ္စည်းဆုံးရှုံးရတဲ့ အတွက် တရားခံက လျော်ကြေးငွေ ပေးအပ်စေရန် တရားရုံးက အမိန့်ချမှတ် ပေးနိုင်ပါတယ်။

          ပုဒ်မ ၅၄၅ ရဲ့ ပုဒ်မခွဲ(၂)မှာ အယူခံခွင့်ရှိတဲ့ အမှုတွေမှာ ငွေဒဏ် ချမှတ်ခဲ့ရင် အယူခံ တင်သွင်းရန် အတွက် ခွင့်ပြုထားတဲ့ အချိန်ကာလ မကုန်ဆုံးမီမှာ ဖြစ်ဖြစ်၊ အကယ်၍ အယူခံ တင်သွင်းခဲ့ရင်လည်း အဆုံးအဖြတ် မပြုရသေးမီမှာ ဖြစ်ဖြစ် အဆိုပါ ဒဏ်ငွေများကို ထုတ်ပေးခြင်း မပြုရကြောင်း ကန့်သတ် ပြဋ္ဌာန်းထားတာ တွေ့ရှိရပါတယ်။  သတိပြု လိုက်နာရမယ့် အချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။  ဒါ့အပြင် သတိထားရမယ့် နောက်တစ်ချက်က ပုဒ်မ ၅၄၆ အရ အကြောင်းအရာ တစ်ရပ်နဲ့ စပ်လျဉ်းလို့ နောက်ထပ် စွဲဆိုမယ့် တရားမမှုမှာ တရားရုံးက လျော်ကြေး ချမှတ်ပေးတဲ့ အခါမှာ ပုဒ်မ ၅၄၅ အရ လျော်ကြေးအဖြစ် သတ်မှတ်ပေးခဲ့တဲ့ (သို့မဟုတ်) ရရှိခဲ့ပြီးဖြစ်တဲ့ ငွေကြေး တစ်စုံတစ်ရာကို တရားရုံးက ထည့်သွင်းခုနှိမ် ပေးရမယ် ဆိုတာကိုလည်း သတိထားရမှာ ဖြစ်ပါတယ်။

          ရဲအရေးမပိုင်တဲ့ ပြစ်မှုတစ်ခုခုနဲ့ တရားရုံးသို့ ဦးတိုက်တိုင်လျှောက်မှု တွေမှာ ရုံးက တရားခံအပေါ် ပြစ်မှုထင်ရှား စီရင်ခဲ့ရင် ၎င်းတရားခံအပေါ် ချမှတ်တဲ့ ပြစ်ဒဏ်အပြင်၊ ယင်းသို့ တိုင်လျှောက်ချက် အတွက် ကုန်ကျစရိတ်၊ ဒါ့အပြင် မိမိသက်သေများကို ဖြစ်စေ၊ တရားခံကို ဖြစ်စေ အမိန့်ဆင့်စာ ချမှတ်ရတဲ့ အတွက် ပေးရတဲ့ ကုန်ကျစရိတ်တွေကို တရားခံက တိုင်တန်းသူ တရားလိုထံ ပေးစေရန် အမိန့်ချမှတ်နိုင်ပါတယ်။  တကယ်လို့ ထိုစရိတ်ငွေတွေကို ပေးဆောင်ဖို့ ပျက်ကွက်နေမယ် ဆိုရင်တော့ တရားခံကို ရက်ပေါင်း(၃၀) ထက် မပိုတဲ့ အလုပ်မဲ့ထောင်ဒဏ် ကျခံစေရန် အမိန့်ချမှတ်နိုင်ကြောင်း ပုဒ်မ ၅၄၆(၁)မှာ ပြဋ္ဌာန်းထား ပါတယ်။  ပုဒ်မ ၅၄၇ အရ ငွေဒဏ်မှတစ်ပါး ယခုကဲ့သို့သော စရိတ်စကငွေ (သို့မဟုတ်) လျော်ကြေးငွေကို ပေးဆောင်ရမည် ဖြစ်သော၊ ထို့ပြင် ငွေတောင်းခံရန် နည်းလမ်းကို အခြားနည်း အတိအလင်း ပြဋ္ဌာန်းထားခြင်း မရှိတဲ့ ငွေတစ်ရပ်ရပ်ကို ငွေဒဏ်ကဲ့သို့ပဲ တောင်းခံနိုင်ခွင့် ရှိမှာ ဖြစ်ပါတယ်။

          လေ့လာမှတ်သားဖွယ် စီရင်ထုံး ကောက်နုတ်ချက်များကို ဗဟုသုတ အဖြစ် ဆက်လက် တင်ပြပေးပါ့မယ်။

*   ပုဒ်မ ၅၄၅ အရ ခွင့်ပြုသော လျော်ကြေးမှာ တရားစွဲရာတွင် ကုန်ကျသင့် ကုန်ကျထိုက်သော စရိတ်များကို ကာမိစေရန် ရည်ရွယ်သည်။
(အောက်မြန်မာပြည်  အတွဲ-၁၊ စာ-၄၈)
*   စီရင်ချက်ချမှတ်စဉ် ဒဏ်ငွေမှ လျော်ကြေးပေးစေရန် အမိန့် ချမှတ်သင့်သည်။  စီရင်ချက် ချမှတ်ပြီးနောက် နောက်ထပ် အမိန့် ချမှတ်ခြင်း မပြုနိုင်။
(၁၈၉၂-၉၆၊ အထက်မြန်မာပြည်၊ စာ-၈၀)
*   ဆင့်စာခ သာမက တရားဝင် ကုန်ကျသော စရိတ်များနှင့် ရရှိစေသည့် ဒဏ်ရာအတွက် လျော်ကြေးတို့ကို ပုဒ်မ ၅၄၅ အရ ခွင့်ပြုနိုင်သည်။
(အက်စ်ဂျေ အယ်လ်ဘီ၊ စာ-၄၀၉)
*   ငွေကြေးဆုံးရှုံးမှု မရှိသော အသေးအဖွဲ အမှုများတွင် လျော်ကြေး မပေးသင့်။
(အက်စ်ဂျေ အယ်လ်ဘီ၊ စာ-၅၃၈)
*   နစ်နာသည်ထက် ပို၍ လျော်ကြေး မပေးသင့်။
(အောက်မြန်မာပြည်၊ အတွဲ-၃၊ စာ-၅၀)

          ဥပဒေတစ်ရပ်ရပ်မှာ (ယခုကဲ့သို့ ဒဏ်ငွေထဲမှ ပေးတဲ့ လျော်ကြေး မဟုတ်တဲ့) လျော်ကြေး ချမှတ်ပေးနိုင်ကြောင်း ပြဋ္ဌာန်းချက် မရှိရင်တော့ လျော်ကြေးအမိန့် ချမှတ်နိုင်ခွင့် မရှိဘူးဆိုတာကို သတိချပ် ရပါမယ်။   ၁၉၆၄ ခုနှစ်၊ မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၂၃ မှာ လျော်ကြေး ချမှတ်ပေးနိုင်ခွင့် ရှိတယ်လို့ မှတ်သားရပါတယ်။  ၁၉၆၄ ခုနှစ်၊ မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၂၃ အရ တရားခံအပေါ် ငွေဒဏ်ပြစ်ဒဏ် စီရင်ခဲ့တဲ့ အမှု တစ်မှုမှာ တရားရုံးက လျော်ကြေး သတ်မှတ်ပေးခဲ့ခြင်း အပေါ် တွေးခေါ်ယူဆပုံ နဲ့ လုပ်ထုံးလုပ်နည်း ဆိုင်ရာ စံနမူနာပြ စီရင်ထုံးတစ်ခု ပေါ်ထွက်ခဲ့ဖူး ပါတယ်။  အဲဒါကတော့ ပြည်ထောင်စု မြန်မာနိုင်ငံ နှင့် မောင်ဘငြိမ်း (၁၉၇၀၊ မတစ (ရုံးချုပ်)၊ စာ-၁၂၃) စီရင်ထုံးပဲ ဖြစ်ပြီး ဖတ်ရှုမှတ်သားသင့်လို့ အကျယ်တ၀ံ့ပဲ ဖော်ပြပေး လိုက်ပါတယ်။

ဆုံးဖြတ်ချက်။     ။ ပုဒ်မ ၂၃ တွင် ဖော်ပြသော လျော်ကြေးသည် ပြစ်ဒဏ်မဟုတ်၊ ငွေဒဏ်မဟုတ်၊ လျော်ကြေးကို အရတောင်းသည်၊ ပေးဆပ်ရသည်။  ငွေဒဏ်ကို စီရင်သည်၊ တပ်ရိုက်သည်။   အသုံးအနှုန်းမှအစ အတွေးအခေါ် အထိ မတူချေ။  ယခုခေတ်တွင် အချို့သော ရာဇ၀တ် ပြစ်မှုများ၌ ထောင်ဒဏ်အစား နစ်နာသူအား လျော်ကြေး သတ်မှတ်သည့် နည်းစနစ်ကို စမ်းသပ်လျက် ရှိကြရာဝယ် ကျွန်ုပ်တို့က လျော်ကြေးမပေးက ထောင်ဒဏ် သတ်မှတ်ခြင်းသည် လျော်ကန် သင့်မြတ်သည်ဟုလည်း မဆိုသာချေ။  ထို့ကြောင့် မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၂၃ တွင် လျော်ကြေးပေးရန် ပျက်ကွက်မှသာလျှင် ရာဇ၀တ်ကျင့်ထုံး ပုဒ်မ ၃၈၆ အရ ပစ္စည်း ၀ရမ်းကပ်ခြင်း စသည့်နည်းဖြင့် (တရားရုံးများလက်စွဲ အပိုဒ် ၇၃၁ ကိုကြည့်) အရ ကောက်ခံနိုင်ရန် ပုဒ်မခွဲ-၄ က "ငွေဒဏ်ကဲ့သို့ အရ တောင်းခံရမည်" ဟု လမ်းညွှန် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။  လျော်ကြေး မပေးက ထောင်ဒဏ်ကျခံစေရမည် ဟု မောင်ဘငြိမ်း ပြင်ဆင်မှုတွင် အမိန့်ချမှတ် ခဲ့ခြင်းသည် ဥပဒေ ပြဋ္ဌာန်းချက်နှင့် မညီချေ။

ထပ်မံဆုံးဖြတ်ချက်။     ။  တိုက်ခိုက်မိ၍ ကျိုးပဲ့ပျက်စီးသော ဓာတ်မီးတိုင်၊ မော်တော်ယာဉ် စသည်တို့သည် ထင်ရှားသော "ပစ္စည်း"များ ဖြစ်ကြသည်။  ထိုကဲ့သို့ ထင်ရှားသော ပစ္စည်းထက် ပို၍ ပျက်စီးသော ပစ္စည်းများ ရှိလျှင် အထင်အရှား ပြရန် လျော်ကြေးတောင်းသူတွင် တာဝန်ရှိသည်။  ပျက်စီးရခြင်းသည် ပြစ်မှုနှင့် သွယ်ဝိုက်၍သာ သက်ဆိုင်ခြင်း မဟုတ်ဘဲ တိုက်ရိုက် သက်ဆိုင်ကြောင်းလည်း ပြဖို့ လိုလိမ့်မည်။  ရုံးက လျော်ကြေး တောင်းခံရသူအား ခုခံချေပရန် အခွင့်အရေး ပေးရပေလိမ့်မည်။  ဌာန၊ ပုဂ္ဂိုလ် စသော နစ်နာသူထံ ပုဒ်မ ၂၃(င)အရ လျော်ကြေးပေးရန် အမိန့်ကို ရာဇ၀တ်အမှုတွင် ရုံးက ချမှတ်ပေးပြီး စေကာမူ တရားမကြောင်း ဖြင့်လည်း စွဲဆိုနိုင်သေးသည် ဖြစ်ရာ လက်ထောက် ရှေ့နေချုပ် တင်ပြသကဲ့သို့ ရာဇ၀တ် အမှုတွင် တိုက်ရိုက်ပျက်စီးသော ပစ္စည်းအတွက် မများလွန်းသော လျော်ကြေးကိုသာ တောင်းသင့်သည်။  ဌာနဆိုင်ရာက စဉ်းစား ဆုံးဖြတ်ပြီးနောက် ဆက်လက်၍ လျော်ကြေး ရသင့်သေးသည် ဟု ယူဆက တရားမကြောင်း စွဲဆိုသင့်သည်။

ထပ်မံဆုံးဖြတ်ချက်။     ။  လျော်ကြေးငွေကို ဒဏ်ငွေနှင့် ရောနှော ထည့်သွင်းလျှင် စာရင်းရှုပ်ထွေးနိုင် သဖြင့် ဘိလစ်က ၎င်းထံ အပ်နှံငွေအဖြစ် ငွေစာရင်း မှတ်ပုံတင်(၂)တွင် ထည့်သွင်း၍ ဆောင်ရွက်လျှင် စာရင်းလည်း မရှုပ်၊ ကြန့်ကြာ ခက်ခဲမှုလည်း မဖြစ်နိုင်ပါ ဟူ၍ ခရိုင်ရာဇ၀တ် တရားသူကြီးက တင်ပြသည်။  ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် သင့်မြတ်သည်ဟု ကျွန်ုပ်တို့ ယူဆသည်။  တရားရုံးများ လက်စွဲ အပိုဒ်-၁၀၄၇ ပါ လုပ်ထုံးနှင့် ဆီလျော်ပေလိမ့်မည်။    လျော်ကြေးပေးရန် ရှိသူက ရုံးက ညွှန်ကြားသည့် အတိုင်း လျော်ကြေးကို တစ်ကြိမ်တည်း ဖြစ်စေ၊ အရစ်ကျ မှန်မှန်ဖြစ်စေ ပေးသွင်းပါက မူလ ရာဇ၀တ်ကြီးမှု တွင်ပင် စီရင်ချက် ချမှတ်ပြီးနောက် နေ့စဉ်မှတ်တမ်းဖြင့် ဆက်လက် ဆောင်ရွက်သင့်ကြောင်း၊ ပေးသွင်းရန် ပျက်ကွက်မှသာ ပုဒ်မ ၂၃(၄)အရ ဆောင်ရွက်ရန် ရာဇ၀တ်ကြီးမှုကို ပိတ်၍ ရာဇ၀တ်သေးဖွဲမှု ဖွင့်လှစ်သင့် ကြောင်းကို ခရိုင်ရာဇ၀တ် တရားသူကြီးက အဆိုပြုသည်မှာလည်း သင့်မြတ်သည်ဟု ကျွန်ုပ်တို့ ယူဆသည်။  တရားရုံးများ လက်စွဲ အပိုဒ်-၁၁၃၄ တွင် လုပ်နည်း အကျယ် ပါသည်။

          အထက်ပါ စီရင်ထုံးရဲ့ အပေါ်ဆုံးက ဆုံးဖြတ်ချက်များကို စံနမူနာပြ မှတ်သား လိုက်နာ ကျင့်သုံးစေရန် တရားရုံးများ ညွှန်ကြားလွှာလက်စွဲ ရဲ့ စာမျက်နှာ- ၄၇ နဲ့ ၄၈ တို့မှာ ညွှန်ကြား ထုတ်ပြန်ထားတာကို လေ့လာ တွေ့ရှိရပါတယ်။   ယခု တင်ပြခဲ့ပြီး ဖြစ်တဲ့ အကြောင်းအရာများဟာ ဥပဒေ ပညာ လေ့လာလိုက်စားကြသူတိုင်း သိရှိမှတ်သား ထားသင့်တဲ့ ဥပဒေရေးရာ ဗဟုသုတ ဖြစ်တာကြောင့် တစ်စုံတစ်ရာ အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ကောင်းမှု မြတ်နိုး၊ ကောင်းအောင် ကြိုး၍၊ ကောင်းကျိုး ကိုယ်၌ တည်နိုင်ကြ ပါစေသောဝ်။


လွှမ်းမိုးအောင် (တရားရေး)

5-2-2015   1:09 am.

Wednesday, February 4, 2015

စီရင်ထုံးများ ကိုးကား ဖော်ပြနည်း


စီရင်ထုံးများ ကိုးကား ဖော်ပြနည်း


တရားရုံးများက ဆုံးဖြတ်ရာတွင် စီရင်ထုံးကိုသာ ကိုးကား ဆုံးဖြတ်လေ့ရှိပြီး စီရင်ချက်ကို ကိုးကား ဆုံးဖြတ်မှု အလွန်နည်းပါးသည်ကို လေ့လာ တွေ့ရှိရသည်။  စီရင်ချက်များတွင် စီရင်ထုံးများကို ကိုးကား ဖော်ပြရာ၌ တရားရုံးများလက်စွဲ အပိုဒ် ၃၃ အရ စီရင်ချက်၏ စာကိုယ်တွင် ဖော်ပြလျက် စီရင်ထုံး၏ ခုနှစ်၊ အတွဲနှင့် စာမျက်နှာတို့ကို အောက်ခြေမှတ်ချက်၌ ဖော်ပြရသည်။  ထို့ပြင် စီရင်ထုံးများ ရည်ညွှန်း ခေါ်ဝေါ် သုံးစွဲခြင်းကို တရားရုံးများ ညွှန်ကြားလွှာ လက်စွဲ (၁၉၄၆-၁၉၇၀)တွင် အောက်ပါအတိုင်း ညွှန်ပြသည်။

စီရင်ထုံးများစာရင်း

(၁)   အိန္ဒိယစီရင်ထုံး (Indian Law Reports) (Rangoon Series) (၁၉၂၃-၁၉၃၆)
(၂)   ရန်ကုန်စီရင်ထုံး (Rangoon Law Reports) (၁၉၃၇-၁၉၄၂) နှင့် (၁၉၄၆-၁၉၄၇)
(၃)   မြန်မာနိုင်ငံ စီရင်ထုံးများ (Burma Law Report) (၁၉၄၈- --)
(၄)   ရွေးချယ်စီစဉ်ထားသည့် စီရင်ထုံးများ (Selected Judgment) (၁၈၇၂-၁၉၂၂)
(၅)   ပုံနှိပ်ပြီးစီရင်ထုံးများ (Printed Judgments) (၁၉၈၁-၁၉၀၀)
(၆)   အောက်မြန်မာပြည် စီရင်ထုံးများ (Lower Burma Rulings) (၁၉၀၀-၁၉၂၂)
(၇)   အထက်မြန်မာပြည် စီရင်ထုံးများ (Upper Burma Rulings) (၁၉၈၂-၁၉၂၂)
(၈)   ဒန်ကလေ ပြုစုစီရင်သည့် မြန်မာ စီရင်ထုံးများ အကျဉ်းချုပ် (Digest of Burma Ruling by Dunkely)
          (က) အတွဲ(၁) (၁၈၇၂-၁၉၂၂)
          (ခ) အတွဲ(၂) (၁၉၂၃-၁၉၃၇)
(၉)   ဦးဘိုးသာ ပြုစုစီရင်သည့် မြန်မာ စီရင်ထုံးများ အကျဉ်းချုပ် (Digest of Burma Rulings (Civil and Criminal) by U Bo Tha) (၁၉၃၇-၁၉၅၅)

ခေါ်ဝေါ်ရည်ညွှန်းနည်း

(၁)(က)   ယခင်က King-Emperror Vs Ngs Aung Myat ဟု ခေါ်ဝေါ်သည်ကို ယခု __ အစိုးရ နှင့် မောင်အောင်မြတ် ဟု ခေါ်ဝေါ်ရပါမည်။
     (ခ)     ယခင်က Mi Me Vs Mi Shwe Ma ဟု ခေါ်ဝေါ်သည်ကို ယခု __ မမဲ နှင့် မရွှေမ ဟု ခေါ်ဝေါ်ရပါမည်။
(၂)     ဘုရင် (The King) ဘုရင်ဧကရာဇ် (King Emperor) စသည်တို့ကို အစိုးရ (Government) အစား ပြည်ထောင်စု မြန်မာနိုင်ငံ (The Union of Burma) ဟု ပြောင်းလဲ ခေါ်ဝေါ်ပါသည်။

ရည်ညွှန်းပုံ

ဥပမာ __
(၁)   အတွဲ-၇၊ ရန်ကုန်စီရင်ထုံးများ၊ စာ-၁၊ 7 Rangoon.P.1
(၂)   ၁၉၅၈ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (တရားလွှတ်တော်)၊ စာ-၂၉၊ 1958, B.L.R. (H.C) p.29.
(၃)   ၁၉၆၀ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (တရားလွှတ်တော်ချုပ်)၊ စာ-၂၀၊ 1960, B.L.R. (S.C) p.20.
(၄)   ၁၉၆၃ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (တရားရုံးချုပ်)၊ စာ-၄၃၃၊ 1963, B.L.R. (C.C) p.433.
(၅)   ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (အထူးရာဇ၀တ်ရုံး အယူခံအဖွဲ့)၊ စာ-၁၂၉၊ 1966 B.L.R. (Special Criminal Courts' Appeal Court) p.129.
(၆)   ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး (စစ်ဘက် အယူခံ)၊ စာ-၈၊  1966, B.L.R. (Court Martial Appeal Court) p.8.

          "စီရင်ထုံးကို ကိုးကားရာတွင် စီရင်ချက် အပြည်အစုံကို ဖတ်ရှုမှသာလျှင် အမှု အချက်အလက် တို့ကို သိမြင်နိုင်သည်။  ခေါင်းစီးမှတ်ချက် တို့သည် အကြောင်းအရာ ဆုံးဖြတ်ချက်ကို အရိပ်ပြခြင်းမျှသာ ပြုနိုင်သည်။  စီရင်ထုံးပါ အမှု အကြောင်းအရာနှင့် ဆုံးဖြတ်ရန် အမှု အကြောင်းအရာ တို့ကို ကောင်းစွာ နှိုင်းယှဉ်ရသည်။  ပြီးမှသာ စီရင်ထုံး၏ လမ်းညွှန်မှုကို ယူသင့်သလောက် ယူအပ်သည်။  စီရင်ထုံး နောက်သို့ ဆုံးဖြတ်ရန် အမှု၏ အကြောင်းခြင်းရာက လိုက်ရန် မဟုတ်။  အမှု အကြောင်းခြင်းရာကို ဥပဒေနှင့် စပ်ဟပ်ရာတွင် အခက်အခဲ ရှိသရွေ့သာလျှင် စီရင်ထုံးက ဆီလျော်သမျှ ထောက်ကူရန် ဖြစ်သည်။  အမှန်မှာ စီရင်ထုံး တစ်ရပ်သည် သက်ဆိုင်ရာ အမှုတွင် ပေါ်ပေါက်သော ဖြစ်ရပ်အတွက်သာ အဖြေ ဖြစ်သည်။  အမှုအားလုံးတွင် တရားသေ အသုံးပြုရန် မဟုတ်ချေ။"
     (ဦးထွန်း နှင့် ဒေါ်သိန်းငွေ (၁၉၇၁  မတစ  စာ-၈၃) နှင့် ပထစ နှင့် စိုးမြင့်နိုင် (၁၉၉၁ မတစ  ၅၃))

          စီရင်ထုံး ဟူသည် ဖြစ်ရပ်ချင်း တူသော အမှုများအတွက်သာ ထုံးသာဓက ဖြစ်ကြောင်း ၁၉၅၄ ခုနှစ် ကတည်းကပင် တရားလွှတ်တော်က မစ္စတာ ဆပ်ဝမ်ကူ နှင့် မစ္စတာ H.R ရမ်း (1954 BLR 306) တွင် ညွှန်ပြခဲ့ပြီး ဖြစ်သည်။   ဦးထွန်းအောင်သာ နှင့် နိုင်ငံတော် အမှု (၁၉၆၉ မတစ ၅၈) တွင် စီရင်ထုံး လမ်းညွန်မှုကို ခံယူပုံ ခံယူနည်းနှင့် ပတ်သက်၍ ဤသို့ အကျယ်တ၀င့် ရှင်ပြသည်။

          "မှုခင်းတစ်ရပ်ကို ကိုင်တွယ် စစ်ဆေးရာတွင် ပြစ်မှုမြောက်စေသော အင်္ဂါရပ်များ စုံညီ ထင်ရှားခြင်း ရှိ၊မရှိကို ကောင်းစွာ ဖော်ထုတ်၍ စစ်ဆေးအပ်သည်။  ပြစ်မှုမမြောက် ကင်းလွတ်စေသော အချက်များ ရှိနိုင်ကလည်း ဖော်ထုတ်၍ စစ်ဆေးအပ်သည်။  အချက်အလက် စုံလင် ထင်ရှား ပိုင်နိုင်ပြီးမှ ဥပဒေနှင့် စပ်ဟပ်ညှိနှိုင်း၍ အဆုံးအဖြတ်ကို ပေးရာသည်။
          ဥပဒေကို အဓိပ္ပာယ် ကောက်ယူရာတွင် လမ်းညွှန်မှု လိုမှသာ ဆီလျော်ရာ မြန်မာနိုင်ငံ စီရင်ထုံး တို့ကို သုံးသပ် ကိုးကားရသည်။  တစ်မှုနှင့် တစ်မှု အကြောင်းခြင်းရာ မှုခင်းဖြစ် အခြေအနေ ထပ်တူညီသည်ဟု မရှိနိုင်သဖြင့် စီရင်ထုံးတို့၏ လမ်းညွန်မှုကို ကောင်းစွာသော သတိဖြင့်သာ ခံယူရသည်။  အချက်အလက် စုံလင်ထင်ရှား ပိုင်နိုင်ခြင်း မရှိသေးဘဲ စီရင်ထုံးကို ရှာလျှင် ဆီလျော်ရာကို မတွေ့ဘဲလည်း ရှိတတ်သည်။  ဖြစ်ပျက်ခဲ့သော အချက်အလက် အတွက် စီရင်ထုံး ရှာခြင်းမျိုးထက် ကြိုက်နှစ်သက်ရာ စီရင်ထုံး အတွင်းသို့ ၀င်အောင် အချက်အလက်တို့ကို သွတ်သွင်းသည့် သဘောမျိုးလည်း ဖြစ်သွားတတ် သည်ကို သတိပြု၍ ဆင်ခြင်ရသည်။  ဥပဒေကို အဓိပ္ပာယ် ဖွင့်ဆိုရာ၌လည်း စကားပြေအရ အများနားလည် လက်ခံ၍ သဘာဝကျသော အဓိပ္ပာယ်ကို ယူခြင်းက ပို၍ မှန်ကန်တတ်သည်။  ယင်းသို့ အဓိပ္ပာယ် ဖွင့်ဆိုမှသာလျှင် ဥပဒေကို ပြည်သူအများ နားလည် လက်ခံမည်။  လိုက်နာ လေးစားကြမည်။  ဥပဒေနှင့် ပြည်သူ ရင်းနှီးကာ ဥပဒေများ သက်ဝင်လှုပ်ရှားမည်။  တရားသူကြီးများသည် အခြားနိုင်ငံများမှ စီရင်ထုံးများကို လေ့လာကောင်းပါ၏။  သို့ရာတွင် မိမိတို့ရှေ့သို့ ရောက်လာသော အမှုအခင်းများကို စစ်ဆေး စီရင်ရာတွင်ကား မှုခင်းဖြစ်ပျက် ကာလ၊ ဒေသ အခြေအနေ ပတ်ဝန်းကျင်၊ လူနေမှု၊ ဓလေ့ထုံးတမ်း စသည်တို့ကို စစ်ဆေး ဆင်ခြင်ကာ ဥပဒေဘောင် အတွင်းက မျှတမှန်ကန်၍ အများနားလည်သည့် သဘာဝကျသော တရားကို စီရင်အပ်ပေသည်။
          အခြားနိုင်ငံများမှ စီရင်ထုံးများကို ရှေ့ထား ကိုးကားလျှင် တရားစီရင်ရေသည် မြန်မာ ပီသမည် မဟုတ်ပေ။  မြန်မာ့ အခြေအနေနှင့် ကင်း၍ ပြည်သူနှင့် ဝေးဖွယ်ရာသာ ရှိသည်။  ပြည်သူအများက နားလည် လက်ခံခြင်းသည် တရားစီရင်ရေး၏ အဓိက မှတ်ကျောက် ဖြစ်သည်။  အဓိက တန်ခိုး အာနိသင် ဖြစ်သည်။  တရားဥပဒေ သည် စာအုပ်ကြီးများ၊ စီရင်ထုံးများတွင် စကားလုံးများ အဖြစ်သာလျှင် တည်နေရန် မဟုတ်။  အမြဲ သက်ဝင် လှုပ်ရှား၍ ထာဝစဉ် ပြောင်းလဲနေသော လူ့အဆောက်အအုံ၊ လူမှုရေး တို့တွင် ထိရောက်စွာ ပါဝင်၍ အကျိုးပြုရမည်။  ထို့ကြောင့် တရားဥပဒေသည် တစ်ဖက်တွင် ဥပဒေ ဘောင်ကို ဖောက်ကျော်ခြင်း မပြု၊ ထုံးတမ်းလည်း ညီညွတ်စေ၍ တစ်ဖက်တွင်လည်း ပြောင်းလဲ တိုးတက်မှုတွင် အားသစ်ဖြင့် တက်ကြွစွာ သက်ဝင်လှုပ်ရှား နိုင်ရမည်။  လူ့အဆောက်အအုံ တိုးတက်မှု၊ လူမှုရေး တို့နှင့် အကိုက်အညီ ပြဋ္ဌာန်းထားသော ဘောင်အတွင်းမှ မှန်ကန် မျှတစွာ ဥပဒေကို အဓိပ္ပာယ် ဖွင့်ဆိုအပ်သည်။  တရားမျှတ မှန်ကန်ခြင်း ဆိုသည်ကို ပြည်သူတို့က နားလည် လက်ခံခြင်းဖြင့် မှတ်ကျောက် တင်အပ်ပေသည်။"

          "တရားသူကြီး တစ်ဦးသည် ပြစ်မှု တစ်ခု၌ မည်သည့်အချက်များသည် အရေးကြီးသော အင်္ဂါရပ်များ ဖြစ်သည်ကို ဆန်းစစ်ရသည့် အပြင်၊ အမှုတစ်ခု၏ အကြောင်းခြင်းရာများ အရ မည်သည့် အကြောင်းကြောင့် ပြစ်မှုမှာ သက်သေ မထင်ရှား ဟု ပြောနိုင်ကြောင်းကို ဖော်ပြရန် တာဝန်ရှိသည်။  တရားရုံးချုပ်သည် အချို့အမှုများ၌ အကြောင်းခြင်းရာချင်း မဖြစ်စလောက် ကွဲလွဲရုံမျှနှင့် တကယ် ကျူးလွန်သော ပြစ်မှု၏ သဘောကို တစ်မျိုးတစ်ဖုံ ဆုံးဖြတ်ကြသည်ဟု တရားသူကြီး၊ သို့မဟုတ် ရာဇ၀တ် တရားသူကြီး တစ်ဦးတစ်ယောက်က ပြောဆို၍ အမှုနှစ်ခု၏ အကြောင်းခြင်းရာ များသည် တိတိကျကျ တူညီခြင်း ရှိမရှိကို ဂရုတစိုက် ဆန်းစစ် ကြည့်ရှုခြင်း မရှိ၊  မိမိရှေ့ရှိ အကြောင်းခြင်းရာ များသည် မိမိ ရည်ရွယ်သော အမှုမှ အကြောင်းခြင်းရာ များနှင့် လုံးဝ တူညီသည်ဟု မည်သို့မည်ပုံ ပြောဆိုနိုင်ကြောင်းကို ဖော်ပြခြင်း မပြုဘဲ ဆုံးဖြတ်ချက် တစ်ခုကို လိုက်နာသည်မှာ မှန်ကန်ခြင်း မရှိချေ။" ဟု မောင်လှမောင် ပါ-၇ နှင့် ပထစ အမှု တွင် ညွှန်ပြသည်။

          စင်စစ် လက်အောက် တရားရုံးတစ်ရုံးသည် မိမိအထက် တရားရုံးချုပ်၏ စီရင်ထုံးကိုသာ လိုက်နာရန် တာဝန်ရှိပြီး၊ အခြား (အခြားနိုင်ငံ) တရားရုံးချုပ်မှ ဆန့်ကျင်သော စီရင်ထုံးကို လိုက်နာခြင်း မပြုရန် စူးဂျူးတင် နှင့် မာစိန် (6 Ran 261) အမှု တွင်တရားရုံးချုပ်၏ လမ်းညွှန်ချက်ကို အထူး သတိချပ်ရန် လိုသည်။   မသောင်း နှင့် မောင်ဖေတင် (၁၉၅၇ မတစ ၂၅၉) စီရင်ထုံး အရ ဆိုလျှင် အကယ်၍ အဆင့်အတန်း တူညီသော တရားဝန်ကြီးရုံး နှစ်ရုံးမှ စီရင်ထုံး နှစ်မျိုး ရှိနေလျှင် အောက်ရုံးများက မည်သည့် စီရင်ထုံးများက မှန်သည်၊ မည်သည့် စီရင်ထုံးများက မှားသည်ဟု ပြောခွင့် မရှိဘဲ မိမိ၏ ဆင်ခြင်တုံဥာဏ်ဖြင့် သဘောကျ နှစ်ခြိုက်သော စီရင်ထုံးကိုသာ လိုက်နာရန် ဖြစ်ကြောင်း တရားလွှတ်တော်၏ ထောက်ပြချက်ကို လိုက်ရန် လိုအပ်ကြောင်း ဖော်ပြအပ်ပါသည်။

ဦးတင်ဝင်း ၊ ညွှန်ကြားရေးမှူး (ငြိမ်း)

(ဥပ​ဒေသုတ  ပြစ်​မှုမှ စာအုပ်​မှ  ​ရွေးနှုတ် မျှ​ဝေခြင်း ဖြစ်​ပါသည်​။)

Tuesday, February 3, 2015

မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများအထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဥပဒေကြမ်း ၁၉၃၇ ခုနှစ်



မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများအထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဥပဒေကြမ်း ၁၉၃၇ ခုနှစ်




ဦးမြသိန်း (ဝိဇ္ဇာ၊ ဥပဒေဝိဇ္ဇာ)



မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏အကျိုးကို ကာကွယ် စောင့်ရှောက်ပေးရန်လိုအပ်သည်ဖြစ်၍ ''မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ'' ကို အက်ဥပဒေအမှတ် ၂၄/၁၉၃၉ အဖြစ် အင်္ဂလိပ်အစိုးရလက်ထက်ကစတင်ပြဋ္ဌာန်းခဲ့ပြီး ဖဆပလ အစိုးရလက်ထက်တွင် ''၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူး ထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ''ကို အက်ဥပဒေအမှတ် ၃၂/ ၁၉၅၄ အဖြစ် ၁၉၅၄ ခုနှစ် ဧပြီလ၂၃ ရက်နေ့က ပြဋ္ဌာန်းခဲ့ပါသည်။

''မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံခြင်း အက်ဥပဒေ(၁၉၃၉)'' ကို ''၁၉၅၄ခုနှစ်၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့်အမွေဆက်ခံမှုအက်ဥပဒေ'' ပုဒ်မ ၃၁ အရ ရုပ်သိမ်း ခဲ့ပြီးဖြစ်ပါသည်။
ယခုတစ်ဖန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု လွှတ်တော်ရုံးက အမိန့်ကြော်ငြာစာအမှတ်(၁၁၁/၂ဝ၁၄)ဖြင့် ၂ဝ၁၄ နိုဝင်ဘာလ ၂၈ ရက်နေ့က '' မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြား ခြင်းဆိုင်ရာ ဥပဒေကြမ်း''ကို အများပြည်သူများဖတ်ရှုလေ့လာပြီး အကြံ ဉာဏ်များပေးနိုင်ရန် ထုတ်ပြန်ခဲ့ပြီး သင့်လျော်သောအချိန်တွင် ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးကြတော့မည်ဖြစ်ပေသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်က လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်း၍ မလိုအပ်သောဥပဒေများကို ဖျက်သိမ်း ပြီး ပြင်ဆင်သင့်သည်များကို နိုင်ငံတော်နှင့်ပြည်သူများအကျိုးငှာ ပြင်ဆင် လျက်ရှိပါသည်။
လွန်ခဲ့သောနှစ်ပေါင်း ၇၈ နှစ်၊ တိတိပပဆိုရလျှင် ၁၉၃၇ ခုနှစ်အတွင်း အင်္ဂလိပ်အစိုးရအုပ်စိုးစဉ်လက်ထက် အထက်လွှတ်တော်၌ လွှတ်တော် အမတ်များက ယင်း ''မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဥပဒေမူကြမ်း'' အပေါ် ဆွေးနွေးခဲ့ပုံများမှာ ဥပဒေလေ့လာ လိုက်စားသူများအဖို့ အလွန်လေ့လာမှတ်သားထိုက်ပြီး ဥပဒေအနှစ်သာရတို့ နှင့် ပြည့်နှက်လျက်ရှိပါသည်။

ဦးကျော်ဒင်၊ အထက်လွှတ်တော်အမတ် ။ ။ရွေးချယ်ရေးကော်မတီက တင်ပြလာသည့်အတိုင်း မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဥပဒေမူကြမ်းကိုလွှတ်တော်မှစဉ်းစားနိုင်ပါရန် လေးစားစွာ တင်ပြပါသည်။ ဤဥပဒေပြဋ္ဌာန်းရန် ရည်ရွယ်ချက်နှင့် အကြောင်းခြင်းရာ များကို ကြိုတင်ဖြန့်ဝေပြီးဖြစ်သော်လည်း မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများက ဗုဒ္ဓဘာသာဝင်မဟုတ်သူများနှင့် လက်ထပ်လိုက်သည့်အခါ၊ ယင်းမိန်းမများ၏ ဥပဒေအရအဆင့်အတန်းမည်သို့ရှိမည်၊ အကျိုးမည်သို့ရှိမည်တို့ကို လွှတ် တော်မှ စဉ်းစားနိုင်ရန် အတိုချုပ်တင်ပြပါမည်။ ဗမာနိုင်ငံ(မြန်မာနိုင်ငံ)သည် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ကျွန်ုပ်တို့ ကျင့်သုံးလျက်ရှိသော မြန်မာဓလေ့ထုံးတမ်းဥပဒေမှာ မြန်မာနိုင်ငံ တွင် အစဉ်တစိုက်လိုက်နာကျင့်သုံးလျက်ရှိသော မြန်မာနိုင်ငံ၏ ရေမြေ အရင်းခံဥပဒေဖြစ်ပါသည်။ ယင်းဥပဒေမှာ လက်ထပ်ထိမ်းမြားခြင်း၊ ကွာရှင်း ပြတ်စဲခြင်း၊ အမွေဆက်ခံခြင်းတို့နှင့်သက်ဆိုင်ပြီး ယင်းဥပဒေမှာ လူမှုရေးသက်သက်သာဖြစ်၍ ဘာသာရေးနှင့် လုံးဝ မသက်ဆိုင်ပါ။

ခရစ်ယာန်ဘာသာဝင်တို့တွင် လက်ထပ်ထိမ်းမြားခြင်းမှာ ဘာသာရေး အခမ်းအနားတစ်ခုဖြစ်ပြီး ဟိန္ဒူဘာသာဝင်တို့သည် ဟိန္ဒူဘာသာဝင် မဟုတ်သူတို့နှင့်လက်ထပ်ခွင့်မရှိပါ။ မဟာမေဒင်ဥပဒေတွင် လက်ထပ်ထိမ်း မြားခြင်းနှင့် ပတ်သက်လျှင် လိုက်နာရသည့်စည်းကမ်း၊ ထုံးနည်းများ ရှိပါ သည်။ မဟာမေဒင်ဘာသာဝင်အချင်းချင်းသာ လက်ထပ်၍ရပါသည်။
ဗုဒ္ဓဘာသာဝင်မိန်းမအဖို့ ဗုဒ္ဓဘာသာဝင်မဟုတ်သူ ယောက်ျား တစ်ယောက်နှင့် လက်ထပ်ပြီးနောက် မည်မျှပင်ခင်ပွန်းသည်ကို ချစ်မြတ်နိုး ၍ ခင်ပွန်းသည်ကို ပံ့ပိုးကူညီစောင့်ရှောက်သည်ဖြစ်စေ နောက်ဆုံး၌ ဥပဒေ ၏ အကာအကွယ်ကင်းမဲ့မှုကြောင့် တရားမဝင်အငယ်အနှောင်းဘဝနှင့်သာ နေရပြီး သားသမီးများမှာလည်း တရားမဝင်တန်ဖိုးမရှိ(bastard) သားသမီး များသာဖြစ်ရလျက် ဥပဒေအရ မည်သည့်အကျိုးခံစားခွင့်မျှမရရှိခဲ့ကြပါ။ ဗုဒ္ဓဘာသာဝင်မဟုတ်သူယောက်ျားက ဗုဒ္ဓဘာသာဝင်မိန်းမကို လက်ထပ်လို လျှင်လည်း ယခုဥပဒေအရမှတ်ပုံတင်အရာရှိထံတွင် လွယ်ကူစွာလက်ထပ် နိုင်ခွင့်ရှိပါ၍ ကြီးကျယ်သည့် အခမ်းအနားပင်မလိုပါ။

မစ္စတာမာဇအမ်ဒီရဖီ၊ အထက်လွှတ်တော်အမတ် ။ ။ကျွန်ုပ်၏ ဂုဏ် သရေရှိ၊ ပညာရှိမိတ်ဆွေ အနည်းငယ်မျှ သည်းခံစောင့်ဆိုင်းမည်ဆိုပါက မကြာမီ ကျွန်ုပ်တင်ပြမည့်အချက်ကို သိရှိလာပါလိမ့်မည်။ ကျွန်ုပ်မှီငြမ်းပြု ၍ တင်ပြလိုသည်မှာ မြန်မာနိုင်ငံအစိုးရအက်ဥပဒေပုဒ်မ ၄၄ ၊ ပိုဒ်ခွဲ ၂၊ ပိုဒ်မခွဲငယ် ၃ တွင် မြန်မာနိုင်ငံလွှတ်တော်သည် ဥပဒေပြုရာ၌ သူတစ်ဦး၏ ဘာသာရေးနှင့်စပ်လျဉ်း၍ ၎င်း၏ပစ္စည်းစီမံခန့်ခွဲမှုတစ်စုံတစ်ရာကို ထိခိုက် စေရန် ပြဋ္ဌာန်းခွင့်မရှိဆိုသည့်အချက်ပင်ဖြစ်ပေသည်။ ဥပဒေကြမ်းကို ဖတ်ရှု လေ့လာမည်ဆိုပါက ဗုဒ္ဓဘာသာဝင်မဟုတ်သူ ယောက်ျားများအတွက် ရည်ရွယ် ထားကြောင်း ပေါ်လွင်ထင်ရှားပါသည်။ ဤဥပဒေမှာ ဗုဒ္ဓဘာသာဝင် မဟုတ်သူယောက်ျား၏မူလလိုက်နာရသည့် ဥပဒေမှ လုံးဝပြောင်းလဲလိုက်ခြင်း ပင်ဖြစ်သည်။ မူဆလင်ဥပဒေအရ ယောက်ျားသေဆုံးလျှင် ကျန်ရစ်သူဇနီးက ကျန်ရစ်သည့် အမွေပုံတွင်(နှစ်ပြား)ရှစ်ပုံတစ်ပုံရ၍ ကျန်(ဆယ့်လေးပြား) ရှစ်ပုံခုနစ်ပုံကို သားသမီးများအား ခွဲဝေပေးသည်။ ထို့အပြင် ¤င်းမသေမီ ¤င်းပိုင်ပစ္စည်း၏ သုံးပုံတစ်ပုံကို သေတမ်းစာရေးခွင့်ရှိပြီး ကျန်သုံးပုံနှစ်ပုံကို မူဆလင်အမွေခန်းတရားအရ အမွေဆိုင်များကို ခွဲဝေပေးသည်။ သို့ဖြစ်ရာ ဤဥပဒေကြမ်းသည် ထိုသူ၏ ပစ္စည်းစီမံခန့်ခွဲမှုကို ထိခိုက်စေပါသည်။   ထို့ကြောင့် ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို ယူလိုက်သည်နှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သော လင်ယောက်ျားအဖို့ မိမိနှင့်သက်ဆိုင်သည့် မူလဥပဒေကို လုံးဝ ဆုံးရှုံးရပြီး ဗုဒ္ဓဘာသာဓလေ့ထုံးတမ်း ဥပဒေကသာ လွှမ်းမိုးသွားသည့်သဘော ဖြစ်နေပါသည်။

ဦးသိန်းမောင်၊ ရှေ့နေချုပ် ။ ။နာယကကြီးခင်ဗျာ၊ ကျွန်တော်သည် ရွေးချယ်ရေးကော်မတီတွင် အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ ကျွန်တော့်အနေနှင့် လွှတ်တော်က လက်ခံလာစေရန် ကြိုးစား၍တင်ပြပါမည်။ လွှတ်တော်က ယခု ကဲ့သို့သောဥပဒေမျိုးကို ပြဋ္ဌာန်းနိုင်သည်မှာ လွှတ်တော်၏လုပ်ပိုင်ခွင့်အတွင်း intra vires ကျရောက်ပါသည်။ ဤဥပဒေကြမ်းသည် ဗုဒ္ဓဘာသာဝင်မဟုတ် သူများကို ဖိနှိပ်ခွဲခြားဆက်ဆံရန်မဟုတ်ဘဲ မိမိတို့တိုင်းပြည်ရှိ ဗုဒ္ဓဘာသာဝင် မိန်းမများကို ဖိနှိပ်ခွဲခြားဆက်ဆံနေခြင်းမှ ကယ်တင်နိုင်ရန်ဖြစ်ပါသည်။

ဤဥပဒေကြမ်း၏ ရည်ရွယ်ချက်မှာ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမ တစ်ယောက်ကို ဗုဒ္ဓဘာသာဝင်မဟုတ်သူ ယောက်ျားတစ်ယောက်က လက်ထပ် ပေါင်းသင်းခဲ့လျှင် မြန်မာဓလေ့ထုံးထမ်းဥပဒေကို လိုက်နာရမည်ဖြစ်ပါသည်။
မြန်မာဗုဒ္ဓဘာသာဝင်မိန်းမကိုဖြစ်စေ၊ အခြားဘာသာဝင်မိန်းမကိုဖြစ်စေ လက်ထပ်လိုက်သည်နှင့် လင်ယောက်ျားအဖို့ ဇနီးသည်နှင့် မိသားစုအတွက် လင်ယောက်ျား၏ တာဝန်ဝတ္တရားများရှိလာပါသည်။ ပစ္စည်းခန်းမှာ လက်ထပ် ပြီးနောက် ဖြစ်ပေါ်စေသည့်အကြောင်းအရာဖြစ်ပါသည်။ ကျွန်ုပ်၏ဂုဏ်သရေ ရှိမိတ်ဆွေ ဦးကျော်ဒင်၏ တင်ပြချက်ကို ဖြည့်စွက်တင်ပြရလျှင် မြန်မာဗုဒ္ဓ ဘာသာဝင်မိန်းမကို လက်ထပ်မည့် ဗုဒ္ဓဘာသာဝင်မဟုတ်သူယောက်ျားသည် ဤဥပဒေဖြင့်သာ လက်ထပ်ရမည်ဟု မဆိုလိုပါ။

ခရစ်ယာန်ဘာသာဝင်ယောက်ျားက မြန်မာဗုဒ္ဓဘာသာဝင်မိန်းမကို လက်ထပ်သည့်အခါ ခရစ်ယာန်ဘာသာဝင်များ လက်ထပ်ထိမ်းမြားသောဥပဒေ အရ လက်ထပ်နိုင်ပါသည်။ ဟိန္ဒူ ၊ စစ်(ခ်)နှင့် ဂျိမ်းဘာသာဝင်တို့ကလည်း မြန်မာဗုဒ္ဓဘာသာဝင် မိန်းမကို အထူးလက်ထပ်ထိမ်းမြားခြင်းဥပဒေအရ လက်ထပ်နိုင်ပါသည်။ မဟာမေဒင်ဘာသာဝင်ယောက်ျားကလည်း မြန်မာဗုဒ္ဓ ဘာသာဝင်မိန်းမကို လက်မထပ်မီ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမက မဟာမေဒင် ဘာသာသို့ကူးပြောင်းပြီး လက်ထပ်နိုင်ပါသည်။ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမက မဟာမေဒင်ဘာသာသို့မကူးပြောင်းလိုသည့်အခါ ယခုဥပဒေအရ လက်ထပ်ရန် သာဖြစ်ပါသည်။ မဟာမေဒင်ဘာသာဝင်ယောက်ျားက မြန်မာဗုဒ္ဓဘာသာဝင် မိန်းမကို လက်ထပ်လိုက်သည့်နောက် မဟာမေဒင်ဥပဒေကို လိုက်နာရမည်လော၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကိုလိုက်နာရမည်လောဟု အငြင်းပွားကြလျှင် မြန်မာနိုင်ငံ၏ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေ ကိုသာလိုက်နာရပါမည်။ နိုင်ငံ၏ဥပဒေlaw of the landကိုသာ လိုက်နာရပါမည်။ ယင်းမူမှာ အင်္ဂလန်နိုင်ငံ တွင်လည်း လက်ရှိလိုက်နာကျင့်သုံးနေသော ဥပဒေဖြစ်ပါသည်။ ထို့ကြောင့် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမကို လက်ထပ်လျှင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကို သာ လိုက်နာရမည်မှာ ခိုင်မာသော ဥပဒေမူဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် မဟုတ်သူယောက်ျားက မြန်မာဗုဒ္ဓဘာသာဝင်မိန်းမကို လက်ထပ်ပြီးနောက် အကျိုးဆက်များကို တာဝန်မယူနိုင်ဆိုခြင်းမှာ အဓိပ္ပာယ်ကင်းမဲ့လှပါသည်။

ဥပမာနိုင်ငံခြားသားတစ်ယောက်သည် တစ်စုံတစ်ရာကို ဖောက်ဖျက်ကျူးလွန် ၍ ဒဏ်ငွေဆောင်ရခြင်း၊ ပစ္စည်းသိမ်းဆည်းခံရခြင်းများ ရှိခဲ့လျှင် ၎င်းသည် ဘာသာခြားဖြစ်၍ ထိုသို့လက်မခံနိုင်ပါဟု ပြောဆို၍မရနိုင်ပါ။ ဗုဒ္ဓ ဘာသာဝင် မဟုတ်သူ ယောက်ျားက မြန်မာဗုဒ္ဓဘာသာဝင်မိန်းမတစ်ယောက် ကို လက်ထပ်လျှင် ဖြစ်ပေါ်လာမည့်အကျိုးဆက်များ ဥပဒေအခွင့်အရေး များကို လက်မခံနိုင်ဆိုပါက ယင်းမိန်းမကိုလက်ထပ်ခြင်းမှ ရှောင်ကြဉ် ရန်သာရှိပါသည်။ မြန်မာနိုင်ငံ၌ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမကို လက်ထပ် ပြီးမှ မိမိကိုးကွယ်ရာ မဟာမေဒင်ဥပဒေကိုသာ လိုက်နာသင့်သည်ဟု လှေနံနှစ်ဖက်နင်း၍မရပါ။
စိန်ကြည်နှင့်မအိ အထက်မြန်မာပြည်စီရင်ထုံးအတွဲ၈၊ စာမျက်နှာ ၃၉၉ တွင် ဆာချား(လ်)ဖောက်က လင်ယောကျာ်း၏ ဥပဒေကိုသာလိုက်နာ၍ ဇနီးမယား၏ ဥပဒေကိုမျက်ကွယ်ပြုရမည်ဆိုသည့်အချက်မှာ အကျိုး အကြောင်းခိုင်လုံသော ဥပဒေသမဟုတ်ပါ။ ဗြိတိသျှတရားရုံးများတွင်လည်း လက်ထပ်ထိမ်းမြားသည့်ကိစ္စများနှင့်စပ်လျဉ်း၍ “lex loci contractus” ပဋိညာဉ်ပြုရာဒေသ၏ဥပဒေ၊ law of the land” ယင်းနိုင်ငံ၏ ဥပဒေနှင့် သာ လိုက်နာဆုံးဖြတ်ခဲ့ကြကြောင်း ထင်ရှားသည်။ထို့ကြောင့်အင်္ဂလန်တွင် လက်ထပ်လျှင် အင်္ဂလိပ်ဥပဒေနှင့်သာ လိုက်နာဆုံးဖြတ်ရမည်ဟုဆိုသည်။ ၄င်းတို့၏ မူလဥပဒေများကို လိုက်နာရန်မဟုတ်ချေ။ မြန်မာနိုင်ငံအစိုးရ အက်ဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ ၂၊ ပုဒ်မခွဲငယ် ၃ အရဟု တင်ပြချက်များကို ထည့်သွင်းစဉ်းစားရန်အကြောင်းမရှိပါကြောင်းနှင့် ဤဥပဒေကြမ်းနှင့်လည်း သက်ဆိုင်ခြင်းမရှိကြောင်းတင်ပြပါသည်။

ဒေါက်တာဒေါ်စောစ၊ အထက်လွှတ်တော်အမတ် ။ ။နာယကကြီးရှင့် မြင့်မားခိုင်မာသော ဥပဒေတင်ပြချက်များကို ကြားရပြီးနောက် ဆက်လက် ဆောင်ရွက်ရန်သာရှိပါကြောင်း။

ဦးကျော်ဇံ (ရန်ကုန်)၊ အထက်လွှတ်တော်အမတ် ။ ။ ဤဥပဒေကြမ်း က သတိပေးလိုက်သည်မှာ မြန်မာဗုဒ္ဓဘာသာဝင်မဟုတ်သော ယောက်ျား တို့သည် မြန်မာနိုင်ငံသို့လာရောက်ပြီး ကျွန်ုပ်တို့၏ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများကို မထိပါးစေရန်နှင့်ထိပါးလာပါက ဤဥပဒေကို တစ်သဝေမတိမ်း လိုက်နာရမည်သာဖြစ်သည်ဟု အစရှိသည်အားဖြင့် အထက်လွှတ်တော် အမတ်အသီးသီးတို့ကဆက်လက်ဆွေးနွေးကြပြီးနောက် မြန်မာဗုဒ္ဓဘာသာ ဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့်အမွေဆက်ခံမှုအက်ဥပဒေ (၁၉၃၉ ခုနှစ် အက်ဥပဒေအမှတ် ၂၄) ဟူ၍ ဦးစွာပထမ ပြဋ္ဌာန်းထွက်ပေါ်လာခဲ့ ပါသည်။

သို့ပါ၍ ပြည်ထောင်စုလွှတ်တော်၏ အမိန့်ကြော်ငြာစာအမှတ် (၁၁/ ၂ဝ၁၄)ဖြင့်အများ ပြည်သူဖတ်ရှုလေ့လာပြီး အကြံဥာဏ်များပေးပို့နိုင်ရန် ထုတ်ပြန်ခဲ့သည့် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာဥပဒေကြမ်းသည် လက်ထပ်ထိမ်းမြားခြင်း၊ ကွာရှင်းပြတ်စဲခြင်း၊ အမွေဆက်ခံခြင်းတို့နှင့်သာသက်ဆိုင်ပြီး လူမှုရေးသက်သက်သာဖြစ်၍ ဘာသာရေးနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်း ဗုဒ္ဓဘာသာဝင်မိန်းမများကို ဖိနှိပ်ခွဲခြားဆက်ဆံခြင်းမှ ကယ်တင်ရန် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများကို မထိပါးစေရန်နှင့် ထိပါးလာပါက ဤဥပဒေဖြင့် အကာအကွယ်ပြုရန်သာ ဖြစ်ကြောင်း ကိုးကားရေးသားတင်ပြလိုက်ရပါသည်။


(မှတ်ချက်။ မြန်မာနိုင်ငံဥပဒေပြုလွှတ်တော်၊ ပထမအထက်လွှတ်တော်၏ မှတ်တမ်းများ။ အတွဲ ၆ အမှတ် ၅၊ ဆဋ္ဌမအကြိမ်ဥပဒေပြုလွှတ်တော်၏ ပဉ္စမအကြိမ်မြောက်အစည်းအဝေး၊ ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်၊ ဗုဒ္ဓဟူးနေ့မှတ်တမ်းကို ကိုးကားပါသည်။)

စေတနာ ​မော်​ကွန်း (ဥပ​ဒေ သုတ .pdf DvD လှူဒါန်းခြင်း)

ေ​စတနာ ​မော်​ကွန်း

★ ★ ★ ★ ★ ★
ဆရာ ဦး​မောင်​​မောင်​ညွန့်​၏ ​မေတ္တာ ​စေတနာကို ​လေးစား 

တန်​ဖိုးထားသည့်​ အ​နေဖြင့်​ ဆရာ ပြုစုတင်​ဆက်​​သော
`ဥပ​ဒေ သုတ´ .pdf DvD ​ခွေများကို မန္တ​လေးမြို့မှ 
ကျွန်​​တော်​တို့ ညီအစ်​ကိုများက ထပ်​ဆင့်​မျှ​ဝေ လှူဒါန်း ကုသိုလ်​ယူကြမည်​ ဖြစ်​ပါသည်​။


အဆိုပါ DvD အ​ခွေများကို 

အောင်​​မြေသာစံမြို့နယ်​တရားရုံး မှ အလှူရှင်​များ ဖြစ်​ကြ​သော

ဦးလွှမ်းမိုး​အောင်

ဦး​မောင်​​မောင်​ဟိန်း

ဦးစိုင်းသူထွန်း

ဦးလှိုင်​မိုးဟိန်း

တို့ထံတွင်​ ဒါန​မြောက်​​အောင်​ အချိန်​မ​ရွေး လာ​ရောက်​ယူ​ဆောင်​​ပေးကြပါမည့်​​အကြောင်း ​မေတ္တာ ​စေတနာ များစွာဖြင့်​ ဖိတ်မန္တကပြုအပ်​ပါသည်​။



ယခုလက်​ရှိတွင်​ .pdf DvD ​အခွေ​ပေါင်း (၅၀၀) စီစဉ်​ထားရှိပြီး

ကုသိုလ်​ယူကြမည်​ ဖြစ်​ပါသည်​။

တရားဥပ​ဒေ News Application သတင်း​ကောင်း


ကျွန်တော့်ရဲ့  "တရားဥပဒေ" Application လေးကို  THE  VOICE weekly အပတ်စဉ်ထုတ် ဂျာနယ်မှာ အညွှန်း ဖော်ပြထားတာကို ယနေ့ တွေ့မြင်ရလို့  အရမ်းကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရပါတယ် ခင်ဗျ။
.

အားပေးကြတဲ့ မိတ်ဆွေ သူငယ်ချင်းများ အားလုံး နှလုံးစိတ်ဝမ်း ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ မေတ္တာပို့သအပ်ပါတယ် ခင်ဗျာ။
.

ဆက်လက် ကြိုးစားဖို့အတွက် အား တွေ ဖြစ်စေခဲ့လေပြီ။





၂•၂•၂၀၁၅
တနင်္လာ​နေ့

သူတစ်စိမ်းထံက အမွေပစ္စည်းကို အမွေဆိုင်များထဲက တစ်ဦးဦးက လက်ရောက်ရလိုမှု စွဲဆိုရာမှာ အမွေထိန်းစာလိုအပ်ပါသလား။


သူတစ်စိမ်းထံက အမွေပစ္စည်းကို အမွေဆိုင်များထဲက တစ်ဦးဦးက လက်ရောက်ရလိုမှု စွဲဆိုရာမှာ အမွေထိန်းစာလိုအပ်ပါသလား။



အမွေထိန်းစာရမှ တရားစွဲဆိုနိုင်သည်ဆိုသောဥပဒေသမှာ ဗုဒ္ဓဘာသာများနှင့် မဆိုင်ပါ။ အမွေထိန်းစာ မရဘဲ လက်ရောက်ရလိုမှု စွဲဆိုနိုင်ပါသည်။

---

ဦးကြွား ပါ - ၇ နှင့် ဒေါ်တင်လှ ပါ - ၄ (၁၉၈၄ ၊ မတစ ၊ စာ - ၂၃၉ ) အမှုတွင်

အမွေဆိုင်ပစ္စည်းများသည် သူတစ်စိမ်း လက်ဝယ်ရှိနေ၍ လက်ရောက်ရလိုကြောင်း စွဲဆိုလိုလျှင် အမွေဆိုင် တစ်ဦးဖြစ်စေ ၊ တစ်ဦးထက် ပိုသူတို့ကြ ဖစ်စေ ၊ အမွေပုံပစ္စည်းများကို ထိန်သိမ်းနိုင်ရန် အတွက် အမွေထိန်းစာ လျှောက်ထား တောင်းယူပြီးနောက် အမွေထိန်း သို့မဟုတ် အမွေထိန်းများ အဖြစ်ဖြင့် သူတစ်စိမ်း လက်ဝယ်ရှိ အမွေဆိုင်ပစ္စည်းများကို လက်ရောက်ရလိုကြောင်း စွဲဆိုနိုင်ပေသည်။

ဟုထုံးဖွဲ့ထားသည်။

ယင်းစီရင်ထုံးကို ဦးမြ ၊ သောင်းပြောင်းထွေလာ ဥပဒေပြသနာ အမှတ် - ၉ ၊ စာ - ၁၄၃ တွင် ဆရာက အောက်ပါအတိုင်းရှင်းပြပါသည်။

ဦးကြွား နှင့် ဒေါ်တင်လှ (၁၉၈၄ ၊ မတစ ၊ စာ - ၂၃၉ ) အမှုတွင် အမွေရှင်ကျန်ရစ်သော အမွေပစ္စည်းကို အမွေထိန်းစာရသူက လက်ရောက်ရလိုကြောင်း စွဲဆိုနိုင်သည်ဟုထုံးဖွဲ့ထားရာ

အတွေးခေါင်သူများက ကွယ်လွန်သူ၏ အမွေပစ္စည်းကို အမွေထိန်းစာရသူကသာ လက်ရောက်ရလိုမှု စွဲဆိုနိုင်သည်ဟု ကောက်ယူ ကြပါသည်။ စီရင်ထုံးတွင် ထိုကဲ့သို့ ထုံးဖွဲ့ထားခြင်းမရှိပါ။

အမွေထိန်းစာရမှ တရားစွဲဆိုနိုင်သည်ဆိုသောဥပဒေသမှာ ဗုဒ္ဓဘာသာများနှင့် မဆိုင်ပါ။ အမွေထိန်းစာ မရဘဲ လက်ရောက်ရလိုမှု စွဲဆိုနိုင်ပါသည်။

ဦးကြွား အမှုတွင် အမွေဆိုင်အချို့က အမွေဆိုင်ထန်းပင်များကို လက်ရောက်ရလိုကြောင်း စွဲဆိုရာ အမွေခွဲ ဝေခြင်းမပြုရသေးသဖြင့် မည်သည့်ထန်းပင်များသည် ၄င်းတို့ပိုင်ဖြစ်ကြောင်း မပြောနိုင်သေး၍ လက်ရောက် ရလိုမှု မစွဲဆိုနိုင်ကြောင်း အမွေမခွဲဝေရသေးမီ လက်ရောက်ရလိုကြောင်း စွဲဆိုလိုလျှင် အမွေထိန်းစာ လျှောက်ထားရရှိပြီး စွဲဆိုနိုင်ကြောင်း ထုံးဖွဲ့ခြင်းဖြစ်သည်။

အပေါ်ယံအားဖြင့် ကြည့်လျှင် ဒေါ်ငွေမဲ နှင့် ကိုသန်းမောင် (၁၉၅၄၊မတစ၊စာ- ၂၃၅ (လွှတ်တော်) စီရင်ထုံး နှင့် ကွဲလွဲဟန်တူသည်။ အဖြစ်အပျက်ချင်းမတူ ၊ ဦးကြွားအမှုတွင် အမွေဆိုင်တချို့ တရားပြိုင်ဖြစ်နေသည်။

(ဦးမြ ၊ သောင်းပြောင်းထွေလာ ဥပဒေပြသနာ အမှတ် - ၉ ၊ စာ - ၁၄၃)

-----

ထိုလက်ရောက်ရလိုမှုတွင် ကျန်အမွေဆိုင်များသည် အမှုသည်အဖြစ်ပါရန်ကော လိုပါသလား။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မရွှေ့မပြောင်းနိုင်သော ပစ္စည်းပိုင်ရှင်များအနက် ပူးတွဲပိုင်ရှင်တစ်ဦးသည် အခြားပူးတွဲပိုင်ရှင် သို့မဟုတ် ပူးတွဲပိုင်ရှင်များကို အမှုတွင် အမှုသည်များအဖြစ် မထည့်ဘဲ ကျူးကျော်သူအပေါ် နှင်လိုမှု စွဲဆိုနိုင်သည်။

ဒေါ်ငွေမဲ နှင့် ဦးသန်းမောင် (၁၉၅၄၊မတစ၊စာ- ၂၃၅ (လွှတ်တော်)

လေးစားစွာဖြင့် ။


TUN MYO HTAY


တရားခံ ထွက်ပြေးတိမ်းရှောင်သည့် သက်သေခံချက်

တရားခံ ထွက်ပြေးတိမ်းရှောင်သည့် သက်သေခံချက်

****************************

        ပြစ်မှုဆိုင်ရာ မှုခင်းတွေမှာ တရားခံအချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင် ခြင်းမျိုး ရှိတတ်ပါတယ်။ အကြောင်းအမျိုးမျိုး ဆိုတဲ့ နေရာမှာ တစ်ချို့က အမှန်တကယ် ပြစ်မှုကျူးလွန် ပြီးနောက် ဖမ်းဆီးထိန်းသိမ်း ခံရမှာကို ကြောက်လို့ ထွက်ပြေးတိမ်းရှောင်တာ ရှိသလို၊ အချို့ကျပြန်တော့ ပြစ်မှု မကျူးလွန် ပါဘဲလျက် သင်္ကာမကင်း ဖြစ်ခံရလို့ ဖြစ်ဖြစ်၊ မတရား စွပ်စွဲခံရလို့ပဲ ဖြစ်ဖြစ် ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင် သွားကြတာမျိုးလည်း ရှိတတ်ပြန်ပါတယ်။ အဲဒီလို တရားခံ (စွပ်စွဲခံရသူ) ထွက်ပြေး တိမ်းရှောင်ခဲ့ပြီးနောက် ဖမ်းဆီးရမိ လာတဲ့အခါ တရားရုံးမှာ တရားစွဲတင်ပို့ ခြင်းခံရပါတော့တယ်။ ထိုအခါမျိုးမှာ တရားခံ ထွက်ပြေး တိမ်းရှောင်ခဲ့တဲ့ အကြောင်းရင်းဟာ ၄င်း ပြစ်မှုကျူးလွန် ခဲ့ခြင်း ဖြစ်လို့သာ ထိုသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ခြင်းဖြစ်ကြောင်းဖြင့် တရားလိုဘက်မှ စွပ်စွဲပြောဆို ပါလိမ့်မယ်။ ယေဘုယျ အားဖြင့် စဉ်းစားကြည့်မယ် ဆိုရင်တော့ ပြောမယ် ဆိုရင်လည်း ပြောစရာ ဖြစ်နေတော့တာပေါ့။

       ဒါပေမယ့် အဲဒီလို ထွက်ပြေးတိမ်းရှောင်တဲ့ သူတိုင်းဟာ အမှန်တကယ် ပြစ်မှုကျူးလွန်သူ ဖြစ်တယ်လို့ တပ်အပ်ဆိုနိုင် ပါ့မလား ဆိုတာက စဉ်းစားစရာပါ။ မောင်ရွှေ နှင့် နိုင်ငံတော် (၁၉၆၁၊ မတစ၊ စာ-၂၄၃) စီရင်ထုံးကို ဦးစွာ လေ့လာကြည့်ပါမယ်။
အဆိုပါ စီရင်ထုံးမှာ __ "တရားခံ အပြစ်ရှိ-မရှိ သုံးသပ်ရာတွင် အချင်းဖြစ်ပွားပြီးနောက် ၄င်းသည် အကြောင်းမဲ့ ထွက်ပြေးတိမ်းရှောင် ခဲ့သည် ဆိုသောအချက်ကို ထည့်သွင်း စဉ်းစားနိုင်သည်။ ယင်းအချက် သည် တရားလိုဘက်ကို ထောက်ခံထားသော အထောက်အထား တစ်ရပ် ဖြစ်သည်။ အခြား အထောက် အထားရှိလျှင် ယင်းအချက်ကို ထည့်သွင်း စဉ်းစားနိုင်သည်"လို့ သုံးသပ် ထားတာကို တွေ့ရပါတယ်။

       အချင်းဖြစ်ပွား ပြီးတဲ့နောက်ပိုင်းမှာ တရားခံ ထွက်ပြေး တိမ်းရှောင်ရုံ သက်သက်မျှနဲ့ ၎င်းကို အပြစ်ရှိတယ်လို့ တပ်အပ် ဆိုရမှာ မဟုတ်ဘဲ၊ အမှုမှာ ပေါ်ပေါက်နေတဲ့ အခြားသော သက်သေခံ အထောက်အထား တွေမှာလည်း တရားခံ ပြစ်မှုကျူးလွန်တယ်လို့ ကောက်ယူနိုင်တဲ့ သက်သေခံချက်တွေ ပေါ်ပေါက်နေတဲ့အပြင်၊ တရားခံကလည်း အချင်းဖြစ်ပွား ပြီးနောက် အကြောင်းမဲ့ ထွက်ပြေးတိမ်းရှောင် နေခဲ့တယ် ဆိုရင် အဲဒီလို တရားခံ ထွက်ပြေးခဲ့ခြင်း အကြောင်းရင်းဟာ ပြစ်မှုကျူးလွန်ခဲ့လို့သာ ထွက်ပြေးခြင်း ဖြစ်တန်ရာတယ်ရယ်လို့ (တရားလိုဘက်ကို ထောက်ခံတဲ့ အထောက်အထား တစ်ရပ်အဖြစ်) ထည့်သွင်းစဉ်းစား နိုင်တယ်လို့ တစ်နည်းအားဖြင့် ဆိုလိုပါတယ်။

       တရားခံ ထွက်ပြေးတိမ်းရှောင်တယ် ဆိုရုံ သက်သက်မျှနဲ့ မိမိ(တရားလို)ဘက်က ပြသရမယ့် သက်သေပြရန် တာဝန်ကို ရှောင်လွှဲသွားပြီး တရားခံကို အပြစ်ပုံချ သွားလို့တော့ ရမှာ မဟုတ်ပါဘူး။ သက်သေခံဥပဒေက ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ သက်သေပြရန် တာဝန်ကို မကျေသရွေ့တော့ ၎င်းတရားခံဟာ အပြစ်ရှိသူ ဖြစ်တယ်လို့ သံသယ ကင်းကင်းနဲ့ သတ်မှတ်နိုင်မှာ မဟုတ်ပါဘူး။ ဒီနေ့ အဓိကထားပြီး မျှဝေတင်ပြပေးလိုတဲ့ စီရင်ထုံး(၄)ခုကို စာရှုသူတို့ လေ့လာမှတ်သား နိုင်ကြရန် အလို့ငှာ အောက်မှာ တင်ပြပေးလိုက်ပါတယ် __

* ထိုသို့ တိမ်းရှောင်ရုံနှင့် အပြစ်ရှိသည်ဟု တထစ်ချ မယူဆနိုင်ပေ။ အကြောင်း တစ်ခုခုကြောင့် ရှောင်တိမ်းခြင်းလည်း ဖြစ်နိုင်သည်။
(မောင်ထွန်းစိန် နှင့် နိုင်ငံတော်၊ ၁၉၅၄၊ လွှတ်ချုပ်၊ စာ-၁၁)

* တရားခံသည် အချင်းဖြစ် ညနေ၌ သေသူနှင့် စကားများ နေကြခြင်းကို တွေ့ခြင်းဖြင့် လည်းကောင်း၊ ရွာမှ တရားခံသည် အချင်းဖြစ်ပြီး တိမ်းရှောင်နေခြင်းဖြင့် လည်းကောင်း ဤအခြင်းအရာ များကြောင့် တရားခံပင်လျှင် ပြစ်မှုကျူးလွန်သူဟု ယူဆရန် မဖြစ်နိုင်ပေ။
(မောင်ရွှေ နှင့် နိုင်ငံတော်၊ ၁၉၆၀၊ လွှတ်တော်၊ စာ-၂၄၃(၂၅၂))

* အချင်းဖြစ်ပြီးလျှင် ပြီးချင်း ရွာမှ တိမ်းရှောင်နေရုံကာမျှဖြင့် တရားခံသည် ပြစ်မှုကျူးလွန်သူ ဟူ၍ မယူဆသင့်ကြောင်း မောင်ထွန်းစိန် နှင့် နိုင်ငံတော် (၁၉၅၄၊ လွှတ်ချုပ်၊ စာ-၁၁)တွင် ရှင်းလင်း ဖော်ပြ ထားသည်ကို တွေ့ရှိနိုင်လေသည်။ ဤအမှုတွင်လည်း အယူခံ တရားလိုနှင့် ရန်ဖြစ်ကြသူများမှာ သေဆုံးသူ၏ ညီအစ်ကိုများ ဖြစ်လေရာ အယူခံ တရားလိုသည် ထိုညီအစ်ကိုများကို ကြောက်ရွံ့သောကြောင့် ယခုကဲ့သို့ ရှောင်တိမ်းသွားသည်ဟု ယူဆနိုင်လေသည်။
(မောင်သူတော်လေး နှင့် နိုင်ငံတော်၊ ၁၉၆၅၊ ရုံးချုပ်၊ စာ-၉၄၅(၉၄၈))

* အယူခံတရားလိုသည် အခင်းဖြစ်ပြီးနောက် နှစ်လနီးပါးခန့် တိမ်းရှောင်နေသည်ကား မှန်၏။ သို့ရာတွင် ၎င်းက ၎င်းအပေါ် လူသတ်မှုဖြင့် မဟုတ် မတရား စွပ်စွဲထားသောကြောင့် ကြောက်ရွံ့ပြီး တိမ်းရှောင်နေမိကြောင်း ထုချေထားရာ၊ တိမ်းရှောင်နေသည် ဆိုသော အချက်ကြောင့် အယူခံ တရားလိုသည် လူသတ်သမား ဖြစ်ရမည်ဟု တထစ်ချ မယူဆနိုင်ပေ။
(မောင်တင်လှိုင် နှင့် နိုင်ငံတော်၊ ၁၉၆၆၊ ရုံးချုပ်၊ စာ-၆၅၄(၆၆၀))

       ဆိုခဲ့ပြီးတဲ့ စီရင်ထုံးတွေကို သာဓကယူပြီးတဲ့ နောက် __ တရားခံဟာ အခင်းဖြစ်ပွားပြီး နောက်ပိုင်း ထွက်ပြေးတိမ်းရှောင် နေတယ် ဆိုရုံမျှနဲ့ ၎င်းကို ပြစ်မှုကျူးလွန်သူ ဖြစ်တယ်လို့ ပုံသေကားချပ် မှတ်ယူလို့ မရနိုင်ဘူး ဆိုတာကို ပိုမို သတိပြုမိ လိမ့်မယ်ထင်ပါတယ်။ ပတ်ဝန်းကျင် သက်သေခံချက်တွေ ပြည့်စုံလုံလောက်အောင် တရားလိုဘက်က တင်ပြနိုင်ရမယ့် အပြင်၊ ကွင်းဆက်မပြတ်တဲ့ သက်သေခံချက်တွေနဲ့ ဆက်စပ် စဉ်းစားသုံးသပ် နိုင်လောက်အောင် သက်သေထင်ရှား ပေါ်လွင်နေဖို့ လိုမှာလည်း ဖြစ်ပါတယ်။ သို့မှသာ တရားခံ ထွက်ပြေး တိမ်းရှောင်ခဲ့ရခြင်း အကြောင်းရင်းဟာ ၎င်း ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်၍သာ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း တရားလိုဘက် ထောက်ခံတဲ့ သက်သေခံ အထောက်အထား တစ်ရပ် အဖြစ် တရားရုံးက သက်သေထင်ရှား သုံးသပ်မှာ ဖြစ်ပါတယ်။

လွှမ်းမိုးအောင် (တရားရေး)


3-2-2015 1:53 am.

Monday, February 2, 2015

နိုင်ငံတော်အလံဖြုတ်ချတာက ဘယ်ပုဒ်မနဲ့ ငြိစွန်းမလဲ ...?



နိုင်ငံတော်အလံဖြုတ်ချတာက ဘယ်ပုဒ်မနဲ့ ငြိစွန်းမလဲ ...?



၂၀၁၀ ပြည့်နှစ်၊ နိုင်ငံတော်အလံဥပဒေကို ဖတ်ရှုလေ့လာကြည့်ပါ။

ထို ဥပဒေ ပုဒ်မ-၁၃


၁၃။    နိုင်ငံတော်အလံနှင့် စပ်လျဉ်း၍ မည်သူမျှ အောက်ဖော်ပြပါ တစ်ခုခု မပြုလုပ်ရ -
(က) နိုင်ငံတော်အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံ နှင့် သင်္ကေတ စသော အမှတ်အသားတစ်ခုခုကို ရေးသားခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့် အရာထင်စေခြင်း
(ခ) နိုင်ငံတော်အလံကို -
(၁) အဆင်းအရွယ်၊ ပုံသဏ္ဍာန် သို့မဟုတ် အချိုးအစား ပျက်ပြားစေရန် ပြုခြင်း၊
(၂) ပြဋ္ဌာန်းခွင့်ပြုထားခြင်း မရှိသည့် နေရာ၊ ဒေသ နှင့် ကိစ္စများတွင် အသုံးပြုခြင်း၊
(၃) မလေးမစားလုပ်ခြင်း။
(ဂ) နိုင်ငံတော်အလံ၏ အထက်နှင့် တန်းတူတွင် ပြည်တွင်းရှိ အဖွဲ့အစည်းများ၏ အလံတစ်ခုခု လွှင့်ထူခြင်း။

ပုဒ်မ ၁၄


၁၄။    နိုင်ငံတော်အလံ လွှင့်ထူကိုင်ဆောင် အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ မည်သူမျှ -
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ အမိန့်မရဘဲ နိုင်ငံတော် အလံကို တိုင်ဝက်လွှင့်ထူခြင်း မပြုရ။
(ခ) ကျောက်ရုပ်၊ ကျောက်တိုင်နှင့် ရုပ်တု အစရှိသော အထိမ်းအမှတ်ဖွင့်ပွဲများ၌ နိုင်ငံတော်အလံနှင့် ဖုံးအုပ်ထားခြင်း မပြုရ။
(ဂ) နိုင်ငံတော်အခမ်းအနား သို့မဟုတ် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်ရာတွင် မှအပ ကွယ်လွန်သူ၏ ရုပ်ကလာပ်ကို နိုင်ငံတော်အလံဖြင့် ဖုံးလွှမ်းခြင်း မပြုရ။
(ဃ) နိုင်ငံတော်အခမ်းအနား သို့မဟုတ် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်ရာတွင် ကွယ်လွန်သူ၏ ရုပ်ကလာပ်နှင့်အတူ နိုင်ငံတော်အလံကို သင်္ဂြိုဟ်ခြင်း မပြုရ။ နိုင်ငံတော်အလံနှင့် သင်္ချိုင်းမြေ မထိရ။
(င) နိုင်ငံတော်အလံကို အတင်အချပြုလုပ်ရာတွင်လည်းကောင်း၊ အသုံးပြုရာတွင်လည်းကောင်း နိုင်ငံတော်အလံအောက်ရှိ မြေပြင်၊ ရေပြင်၊ ကြမ်းပြင်တို့နှင့် မထိရ။
(စ) နိုင်ငံတော်အလံကို ဆုတ်ဖြဲဖျက်စီးခြင်း၊ ဂုဏ်ကျက်သရေ ပျက်ပြားစေရန် တမင်သက်သက်ပြုခြင်း မပြုရ။

ပုဒ်မ ၁၅


၁၅။    နိုင်ငံတော်အလံကို မည်သူမျှ -
(က) ပစ္စည်းတစ်စုံတစ်ရာ ထုပ်ပိုးချည်နှောင်ရန် အသုံးမပြုရ။
(ခ) အခင်းအဖြစ် အသုံးမပြုရ။
(ဂ) နိုင်ငံတော်အလံ၏ ကိုယ်စားသော်လည်းကောင်း၊ တစ်မျိုးသားလုံး၏ ကိုယ်စားသော်လည်းကောင်း ဆောင်ရွက်ခြင်းမှအပ ပစ္စည်းတစ်စုံတစ်ခုခု၏ အမှတ်တံဆိပ် အဖြစ်လည်းကောင်း၊ အဝတ်အထည် ခြယ်လှယ်မှု အဖြစ်လည်းကောင်း၊ ဆင်ယင်မှုအဖြစ်လည်းကောင်း သုံးစွဲခြင်း မပြုရ။


ပြုစုတင်​ပြသူ -
Daw Khin Thandar (ပြည်​)
တရားလွှတ်​​တော်​​ရှေ့​နေ


နိုင်ငံခြားသားများအပေါ် စီရင်ပိုင်ခွင့်


နိုင်ငံခြားသားများအပေါ် စီရင်ပိုင်ခွင့်


 နိုင်ငံတစ်နိုင်ငံသည် မိမိနယ်ပယ်အတွင်းရှိ နိုင်ငံသားများအပေါ် စီရင်ပိုင်ခွင့် ရှိသကဲ့သို့ နိုင်ငံခြားသားများအပေါ် စီရင်ပိုင်ခွင့်( Jurisdiction over the foreigners (ailens) ) ကိုလည်း အပြည်ပြည်ဆိုင်ရာ ဥပဒေက ခွင့်ပြုထားသည်။

 လိုတတ်စ် သင်္ဘော အမှု (The S.S.Lotus Case see supra ,P.101) တွင် အပြည်ပြည်ဆိုင်ရာ အမြဲတမ်းတရားရုံး တရာသူကြီးမူး (Moore, J.B. ) ၏ စီရင်ချက်အတိုင်းတစ်စုံတစ်ယောက်သည် နိုင်ငံခြားသား ဖြစ်ရုံမျှဖြင့် ပြည်တွင်း တရားရုံး၏ စီရင်ပိုင်ခွင့် မှ ကင်းလွတ်ခွင့် မရချေ။

 နိုင်ငံခြားသား တစ်ယောက်သည် အောက်ပါ အချက်နှစ်ခု အနက် တစ်ခုကို သက်သေမပြနိုင်လျှင် ပြည်တွင်း စီရင်ပိုင်ခွင့်မှ ကင်းလွတ်ခွင့်မရနိုင်ပေ။

 ယင်းအချက် နှစ်ချက်မှာ-
(၁) အထူးသီးခြား ကင်းလွတ်ခွင့် ပြုခြင်းအရ ပြည်တွင်းဥပဒေမှ ကင်းလွတ်ခွင့်ရခြင်း နှင့်
(၂) ပြည်တွင်းဥပဒေသည် အပြည်ပြည်ဆိုင်ရာ ဥပဒေ နှင့်မကိုက်ညီခြင်းတို့ ဖြစ်ကြသည်။

နိုင်ငံခြားသားများ ဖြစ်ကြစေကာမူ နိုင်ငံခြားအချုပ်အခြာအာဏာပိုင် ( Foreign Sovereign ) များနှင့် သံတမံပုဂ္ဂိုလ် (Diplomatic person) များမှာ ပြည်တွင်းတရားရုံး၏ စီရင်ပိုင်ခွင့်မှ ကင်းလွတ်ကြပေသည်။

 နိုင်ငံခြားအချုပ်အခြာအာဏာပိုင်တစ်ယောက်နှင့် စပ်လျဉ်း၍ နိုင်ငံတစ်နိုင်ငံသည် လူပုဂ္ဂိုလ်နှင့် ဆန့်ကျင်၍ ဖြစ်စေ၊ ၄င်းပိုင်ပစ္စည်း သို့မဟုတ် ၄င်းလက်ဝယ်ရှိပစ္စည်း ၊ သို့မဟုတ် ၄င်းကြီးကြပ် ထိန်းသိမ်းမှု အောက်ရှိ ပစ္စည်းနှင့် ဆန့်ကျင်၍ ဖြစ်စေ ၊တရားဥပဒေကြောင်းအရ တရားစွဲအရေးယူခြင်း၊ သိမ်းဆည်းခြင်း၊ သို့မဟုတ် ထိန်းသိမ်းခြင်း မပြုလုပ်နိုင်ပေ၊။

သံတမန်​ပုဂ္ဂိုလ်တစ်ယောက်သည် ပြည်တွင်းတရားရုံး၏ ပြစ်မှုဆိုင်ရာ စီရင်ပိုင်ခွင့် နှင့် တရားမ စီရင်ပိုင်ခွင့်များမှ ကင်းလွတ်ခွင့်ရှိသည်။

* အပြည်ပြည်ဆိုင်ရာဥပဒေ နိုင်ငံများ၏ အခွင့်ရေးနှင့် တာဝန်များမှ နိုင်ငံခြားသားများအပေါ် စီရင်ပိုင်ခွင့် အားထုတ်နုတ်တင်ပြခြင်းဖြစ်သည်*


အောင်ရဲစိုး(ဥပဒေ)

ေ​က်ာပိုရေးရှင်းများ နှင့် ကုမ္ပဏီများ က တရားစွဲဆိုရန် ၊ ၄င်းတို့အပေါ် တရားစွဲဆို နိုင်​ရန် ပြဌာန်းချက်



" ကော်ပိုရေးရှင်းများ နှင့် ကုမ္ပဏီများ က တရားစွဲဆိုရန် ၊ ၄င်းတို့အပေါ် တရားစွဲဆို နိုင်​ရန် ပြဌာန်းချက် "




Lawer" Phyo Phyo " က ကုမ္ပဏီအတွက် ရှေ့နေက တရားလိုပြုလုပ်၍ တရားစွဲ ဆိုနှိုင် ခြင်းရှိ - မရှိ fb မှာ အကြံတောင်းခံ လာတော့ ဥပဒေပညာရှင် အတော်များများ နားလည်သလောက် အကြံ ပြုခဲ့ကြပါသည်။ အကြံပြုသူများအနက် မှန်မှန် ကန်ကန် လမ်းညွှန်မှုပေးနှိုင်တာ "ဆရာ Htain Lin Oo နှင့် ဆရာ လူဦးမင်း " တို့သာဖြစ်ကြောင်း တွေ့ရပါသည်။

ကော်ပိုရေးရှင်း နှင့် ကုမ္ပဏီများ က တရားစွဲဆိုရန် / ၄င်းတို့အပေါ် တရားစွဲဆိုနှိုင်ရန် တရားမကျင့်ထုံးဥပဒေ အမိန့်-၂၉ ၊နည်း- ၁ ၊နည်း-၂ ၊ နည်း-၃ ဖြင့်ပြဌာန်းထားပါသည်။ကုမ္ပဏီ ကတရားလိုပြုလုပ်စွဲဆိုရန်ပြဌာန်းချက်မှာ- အမိန့်-၂၉ ၊နည်း-၁ နှင့်သက်ဆိုင်ပါသည်။

အဆိုပါနည်း-၁ တွင်-
In suits by against a corporration, any pleading may be signed and verified on behslf of the corporation by the secretary or by any
director or other principal officer of the corporation who is able to depose to the facts of the case.   ဟုပြဌာန်းထားပါသည်။

 ဒီပြဌာန်းချက်အရ Lawer Phyo Phyo မေးတဲ့ တောင်းတဲ့ ဥပဒေအကြံ ကိုဖြေရှင်းနှိုင်လောက်ပါပြီ။ ဒါကြောင့် ကုမ္ပဏီအတွက် တရားလိုပြုလုပ်ခွင့်ရှိသူဟာ " secretary, director, principal officer " တို့သာလျှင်ဖြစ်တယ် ဆိုတာ ရှင်းပါတယ်။ အခြားသူက တရားလိုပြလုပ်ပြီး စွဲခွင့် မရှိပါဘူး။  အမိန့်-၂၉ ၊နည်း-၁ အတိုင်း စွဲမယ်ဆိုပြန်တော့ တရားလိုအဖြစ် ထားရှိမှု မမှားရန်လည်းလိုအပ်ပါတယ်။ ဥပမာ -ကုမ္ပဏီ ကတရားလိုပြုလုပ် စွဲတဲ့အခါအေက်ပါအတိုင်း ထားရှိရပါမည်။

ပန်းတော်ဝင်ကုမ္ပဏီလီမိတက်
( ၄င်းဧ။်မန်းနေဂျင်းဒါရိုက်တာ -ဦးခင်ထွန်း)
အမှတ်-၂၃၅၊ ၂၆-လမ်း၊ လမ်း-၈၀ / ၈၁ လမ်း ကြား - တ ရား လို
ချမ်းအေးသာစံမြို့နယ် ၊မန္တလေးမြို့။

အကယ်၍ အဆိုပါကုမ္ပဏီ ကို တရားပြိုင်အဖြစ် ထားရင်လည်း ဒီနည်းအတိုင်းဘဲ တရားပြိုင်နေရာကို ထားရမှာဖြစ်ပါတယ်။ ကုမ္ပဏီ ရှေ့နေကတော့ သက်သေအဖြစ်မပါနှိုင်ဘူးဆိုရင် အမှုလိုက်ပါနှိုင်ပါတယ်။

နောက်တစ်နည်း အမိန့်-၃ ၊နည်း-၁ အရ တရားစွဲခွင့်ရသူ secretary , director , principal officer , တို့ရဲ့ လွဲအပ်ချက်နဲ့အညီ agent အဖြစ်ဆောင်ရွက်နှိုင်ပါသည်။

Lawre Phyo Phyo တောင်းတဲ့ ဥပဒေအကြံ ရှင်းလောက်ပြီ ထင်ပါဧ။် ။ ( Phyo Phyo ရေ your are care -တစ်ချို့ သည် စာတွေ့ သမားများဖြစ် ပြီး၊ တစ်ချို့ သည် ငါတွေ့သမားဖြစ်ပါသည်။ လက်တွေ့နဲ့ စာတွေ့ ပေါင်းစပ်၍ တကယ်အမှုလိုက်ပါမှ လက်တွေ့ပါမည်ဖြစ်ပါသည်။  ဥပဒေကို လေ့လာရာတွင် မျက်မြင် ပုဏ္ဏား(၆) ကဲ့သို့ လက်နဲ့စမ်းကြည့် ပြီး ရမ်းပြော၍ မရပါကြောင်း၊
အသိ၍မေးခြင်းသည်အမှန်ကိုရောက်စေပါဧ။် သိယောင်ဆောင်၍ ရမ်းလုပ်ခြင်းသည် အမှားကို ဖြစ်စေပါဧ။် )


Anaw Yata


ရှာဖွေပုံစံကိုဘာကြောင့်သက်သေခံတင်ရသလဲ။


ရှာဖွေပုံစံကို ဘာကြောင့် သက်သေခံ တင်ရသလဲ။


ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားသောပစ္စည်း သို့မဟုတ် စာရွက်စာတမ်းများကို သက်သေခံတင်ပြလို၍ ဖြစ်သည်။

 (သက်သေခံဥပဒေ ပုဒ်​မ ၁၀၄။ ၁၃၆)



ရှာဖွေသူအရာရှိက ဘာကြောင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားသောပစ္စည်း (တုတ်။ ဓားလက်နက်----) တို့ကို သက်သေခံအဖြစ် နံပါတ်တပ်ပြီး မတင်သလဲ။


ရှာဖွေသူအရာရှိက ရဲပုံစံ၃၂အရဘီလစ်ထံအပ်နှံပြီး ဘိလစ်က ပုံစံ၃တွင်ဖြည့်ကာ အမှုတွဲ၌ ပစ္စည်းစာရင်းတင်ပြသဖြင့် ယင်းပစ္စည်းများသည် သက်သေခံဝင်သွားသည်။

(တရားရုံးလက်စွဲအပိုဒ် ၁၀၇၅ မှ ၁၀၉၀)



ရှာဖွေသူအရာရှိက ဘာကြောင့်ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားသော စာရွက်စာတမ်းကို ဦးစွာ သက်သေခံ မတင်သလဲ။


သိမ်းဆည်းထားသော စာရွက်စာတမ်းသည် မည်သည့်အတွက်ကြောင့် ၎င်းထံရောက်ရှိနေကြောင်း သက်သေထင်ရှားတင်ပြပြီးမှ အမှုနှင့်စပ်ဆိုင်သော သက်သေခံကို တင်ပြရသည့်အတွက်ဖြစ်သည်။  ရှာဖွေပုံစံနှင့် သိမ်းဆည်းခဲ့ကြောင်း ထင်ရှားစွာ သက်သေပြပြီးမှ သိမ်းဆည်းခဲ့သော သက်သေခံစာရွက်စာတမ်းကို သက်သေခံတင်ပြနိုင်သည့်​ အတွက်ကြောင့်ဖြစ်သည်။

(သက်သေခံဥပဒေ ပုဒ်မ ၁၀၄။ ၁၃၆)



ထို့အပြင် သက်သေခံဥပဒေပုဒ်မ၆၁အရ စာတမ်းအမှတ်အသားကို သက်သေထင်ရှား တင်ပြရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားရာ သက်သေခံတင်ပြမှ သက်သေခံဝင်မည် ဖြစ်ပါသည်။

ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားသောပစ္စည်း (တုတ် ဓား။ လက်နက်-----)တို့သည် ရဲပုံစံ၃၂ဖြင့် ဘီလစ် အပ်ပြီး ပစ္စည်းစာရင်း အမှုတွဲတွင် ပါရှိပြီးနောက် ရှာဖွေပုံစံကို သက်သေခံတင်လိုက်လျှင် ၎င်းပစ္စည်းများသည် အလိုလျှောက် သက်သေခံဝင်သွားပါသည်ဟု သဘောရရှိပါသည်။

ထို့ကြောင့် ရှာဖွေပုံစံကို သက်သေခံတင်သွင်းရုံဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားသော စာရွက်စာတမ်းများသည် အလိုအ​လျှောက် သက်သေခံမဝင်ကြောင်း သုံးသပ်ရပါသည်။


ဦးကိုကို​လေး


ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၄၁၇ (ကာမလိမ်လည်မှု) ကိုစွဲချက်တင်တော့မည် ဆိုလျှင်ဖြင့်...


ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၄၁၇ (ကာမလိမ်လည်မှု) ကိုစွဲချက်တင်တော့မည် ဆိုလျှင်ဖြင့် အောက်ပါ ကောက်ယူချက်လေးကို ထည့်သွင်းစဉ်းစားစေချင်ပါသည်။



အယူခံတရားခံ ( မူလရုံး၌ စွဲဆိုသည့် တရားလို အမျိုးသမီး) အတွက် လိုက်ပါဆောင်ရွက်သည့် ပညာရှိ ၀တ်လုံတော်ရ ရှေ့နေကြီး ဦးမြစိန်က မိန်းကလေးတစ်ဦးသည် ယောက်ျားလေးတဦးအား ကာမရာဂစပ်ယှက်ရန်ခွင့်ပြုခဲ့သော် ထိုယောက်ျား၏တောင်းရမ်းထိမ်းမြားပါမည်ဟူသော ကတိရရှိ သောကြောင့်သာလျှင် ဖြစ်ပေလိမ့်မည်ဟုတင်ပြထားသည်။

----

တရားသူကြီး ဦးစိန်သင်းက အောက်ပါအတိုင်းမှတ်ချက်ပြုသည်။

ကိလေသာစိတ် မကုန်ခန်းကြသော ပုထုဇဉ်များအတွက် သွေးသားတောင့်တမှုကြောင့် မည်သည့် ရည်ရွယ်ချက်မျိုးမျှမရှိဘဲ ကာမရာဂစပ်ယှက်ခြင်းသည်လည်း ရှိနိုင်လေရာ ပညာရှိရှေ့နေကြီး၏ လျှောက်လဲချက်များကိုလက်ခံနိုင်ရန်ခဲယဉ်းလေသည်။

ယောက်ျား နှင့် မိန်းမ တို့ ကာမစပ်ယှက်သည့်ကိစ္စတိုင်းတွင် ယောက်ျားလေးက မိန်းကလေးအား ထိမ်းမြားပါမည်ဟူသော ကတိပေးခဲ့ပြီးဖြစ်သည်ဟု ယူဆမည်ဆိုပါက ၊အကျင့်ဖေါက်ပြား မိန်းမသားများ၏မာယာကျော့ကွင်းသို့ သက်ဆင်းရရှာသည့် ယောက်ျားများအတွက် အခက်ကြုံဖွယ်ရာရှိချေမည်။

ထို့ကြောင့် အကျင့်စာရိတ္တပျက်ပြားခြင်းကို အားပေးကူညီရာရောက်မည့် အတွေးအခေါ် ယူဆချက်မျိုးများမှ ရှောင်ရှားသင့်လေသည်။

မောင်သန်းဌေး နှင့် မပု(ခေါ်)မသန်းရင် (၁၉၆၆၊မတစ၊စာ - ၁၀၂၁(၁၀၂၅)

------

မောင်သန်းဌေး နှင့် မပု(ခေါ်)မသန်းရင် (၁၉၆၆၊မတစ၊စာ - ၁၀၂၁) စီရင်ထုံးကို မောင်မျိုးချစ် နှင့် မလှပု (၁၉၈၇၊ မတစ၊ စာ - ၁၀၈)တွင် ပယ်ဖျက်ထားသည့်ဟု စောဒကတက်ရန်ရှိပါသည်။

မောင်မျိုးချစ် နှင့် မလှပု (၁၉၈၇၊ မတစ၊ စာ - ၁၀၈) တွင် မောင်သန်းဌေး အမှုပါ အောက်ပါ ကိစ္စရပ်နှင့် ပတ်သက်သော ဆုံးဖြတ်ချက်ကိုသာ ပယ်ဖျက်ခဲ့ခြင်းဖြစ်ပါသည်။

"ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦးက အမျိုးသမီးတဦးအား ဖြားယောင်းသွေးဆောင်ပြီး ကျူးကျူးလွန်လွန်ဖြစ်၍ ပဋိသန္ဓေရရှိသည့်ကိစ္စတွင် ထိမ်းမြားလက်ထပ်ရန် ဂတိမရှိသော်လည်း အမျိးသမီးက လျော်ကြေးတောင်းဆိုခွင့်ရှိသည်ဟု ဖြေဆိုလိုက်ပြီး မခင် နှင့် မောင်မြင့်ကြီး၊ ဘိုးသိုက်နှင့် မနှင်းဇံ ၊ မယုံ နှင့် မောင်ဘိုးလူ ၊ မောင်သန်းဌေး နှင့် မပုတို့ အမှုများရှိ ယင်းကိစ္စနှင့် စပ်လျဉ်းသမျှ ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်သည်။

သို့ဖြစ်ရာ လျော်ကြေးရထိုက်ခွင့်ရှိမရှိ ဆုံးဖြတ်ချက်ကို သာပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း မြင်သာပါသည်။

(စာကြွင်း - မခင် နှင့် မောင်မြင့်ကြီး၊ (S.J -စာ - ၁၁၄)
ဘိုးသိုက်နှင့် မနှင်းဇံ (S.J -စာ - ၂၃၅)၊ မယုံ နှင့် မောင်ဘိုးလူ (၁၈၉၇-၀၂) အထက်မြန်မာပြည်စီရင်ထုံး-စာ၄၉၉) )

-----

ယင်းသို့သောအနေအထားတွင် အထက်တွင်ဖော်ပြခဲ့သည့် မောင်သန်းဌေး နှင့် မပု(ခေါ်)မသန်းရင် (၁၉၆၆၊မတစ၊စာ - ၁၀၂၁(၁၀၂၅) ပါ တရားသူကြီး ဦးစိန်သင်း ၏
မှတ်ချက်သည် ပယ်ဖျက်ထားသည့် အထဲတွင်မပါရှိသဖြင့် လေးစားလိုက်နာရန်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

လေးစားစွာဖြင့်။


TUN MYO HTAY


အမှုတစ်ခုတွင် စာချုပ်ပျက်ပြယ်ကြောင်းအငြင်းပွားချက်ရှိနေဆဲတွင် အဆိုပါစာချုပ်ကို ပယ်ဖျက်ပေးစေလိုမှု "တရားတစ်ထုံး" ထပ်မံစွဲဆိုနိုင်ခြင်းရှိမရှိ။


အမှုတစ်ခုတွင် စာချုပ်ပျက်ပြယ်ကြောင်းအငြင်းပွားချက်ရှိနေဆဲတွင် အဆိုပါစာချုပ်ကို ပယ်ဖျက်ပေးစေလိုမှု "တရားတစ်ထုံး" ထပ်မံစွဲဆိုနိုင်ခြင်းရှိမရှိ။



အမှုတစ်ခုတွင် A က B အပေါ်တွင် စာချုပ်တစ်ခုကိုအခြေခံ၍ တရားစွဲဆိုသည်။ B က ထိုအမှုတွင် တရားလိုအားကိုးအားထားပြုသည့် စာချုပ်သည် လိမ်လည်လှည့်ဖြားချုပ်ဆိုထား၍ ပျက်ပြယ်သော(void) စာချုပ်ဖြစ်ကြောင်း ချေပသည်။

တဖန် B က ယင်းစာချုပ်နှင့်ပတ်သက်၍ ပယ်ဖျက်ပေးစေလိုမှု သီးခြားတရားတစ်ထုံးစွဲဆိုသည်။

ထိုကဲ့သို့ စွဲဆိုခြင်းများ ယနေ့ခေတ်စားနေသည်ကိုတွေ့ရှိရပါသည်။

အမှုတစ်ခုတွင် စာချုပ်ပျက်ပြယ်(void)ကြောင်း အငြင်းပွားချက်ရှိနေဆဲတွင် အဆိုပါစာချုပ်ကို ပယ်ဖျက်ပေးစေလိုမှု "တရားတစ်ထုံး" ထပ်မံစွဲဆိုပိုင်ခွင့်ရှိပါမည်လား။

------

စာချုပ်စာတမ်းပယ်ဖျက်ပေးစေလိုမှုသည်။ သီးခြားသက်သာခွင့် ဥပဒေပုဒ်မ - ၃၉ အရဖြစ်သည်။


သီးခြားသက်သာခွင့်ဥပဒေပုဒ်မ - ၃၉ အရ တရားစွဲဆိုရန်အကြောင်းသည်

(၁) အချင်းဖြစ်စာချုပ်သည် ပျက်ပြယ် (void) သို့မဟုတ် ပယ်ဖျက်ခွင့်ရှိသော (voidable) စာချုပ်ဖြစ်ခြင်း၊

(၂) ယင်းစာချုပ်ကို မပယ်ဖျက်ပဲထားပါက တရားလိုအား အကြီးအကျယ်ထိခိုက်နစ်နာမည်ဖြစ်ခြင်း၊

တို့ဖြစ်သည်။

------

ချဂန်လာ နှင့် ဒွန်ဒူး (ဘုံဘိုင် အတွဲ - ၂၇ ၊ စာ - ၆၀၇) တွင်


အချင်းဖြစ်စာချုပ်စာတမ်းသည် တရားလိုအား ထိခိုက်နစ်နာစေရန် စိုးရိမ်ဖွယ်ရာအကြောင်းရှိမှသာ တရားလိုက စာချုပ်ကို ပယ်ဖျက်မည်ဖြစ်သည်။

စာချုပ်စာတမ်းတစ်ရပ်ကို ပျက်ပြယ်စေနိုင်ခွင့်ရှိမရှိမှာ အမှုတစ်မှုတွင် ပေါ်ပေါက်ပြီးဖြစ်လျှင် ထိုစာချုပ်ကို ဖျက်ပေးရန် တရားတစ်ထုံးစွဲဆိုခြင်း မပြုနိုင်တော့ပေ။

ဥပမာ -"အေ" က "ဘီ" အပေါ် စာချုပ်တစ်ခုကို အခြေခံ၍ စွဲဆိုရာတွင် "ဘီ"က ၄င်းစာချုပ်မှာ ပျက်ပြယ်ကြောင်း ထုချေသည်။

ထိုအမှုကိုဆိုင်ဆဲတွင် "ဘီ"သည် ထိုစာချုပ်ကို ပယ်ဖျက်ပေးစေရန် အတွက် စွဲဆိုခြင်းမပြုနိုင်။

အကြောင်းမူ "အေ" စွဲဆိုသောအမှုတွင် "ဘီ"သည် ယင်းကိစ္စကို အဓိက ထားပြီး ထုချေသေးသည်ဖြစ်၍ စာချုပ်ကို ပယ်ဖျက်ပေးရန်အတွက် စွဲဆိုခြင်းမပြုလျှင် အကြီးအကျယ် ထိခိုက်နစ်နာမည်ဟု မဆိုနိုင်သောကြောင့်ဖြစ်သည်။

(ဦးမြ ၊ သောင်းပြောင်းထွေလာ ဥပဒေပြသနာ ၊ အမှတ်- ၅ ၊ စာ - ၂၉၁)


------

အထက်တွင်ဆိုခဲ့သည့်အတိုင်း စာချုပ်ပယ်ဖျက်ပေးစေလိုမှု၏တရားစွဲဆိုရန်အကြောင်းတစ်ရပ် သည်

"ယင်းစာချုပ်ကို မပယ်ဖျက်ပဲထားပါက တရားလိုတွင် အကြီးအကျယ်ထိခိုက်နစ်နာမည်ဖြစ်ခြင်း"

ဖြစ်သည်။

သို့ဖြစ်ရာ ပထမအမှုတွင် အချင်းဖြစ်စာချုပ် နှင့်ပတ်သက်၍ တင်ပြခွင့်ရှိပြီး ယင်းအမှုတွင်ပင် အဆိုပါစာချုပ် နှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးမည်ဖြစ်ရာ အချင်းဖြစ်စာချုပ်နှင့်ပတ်သက်၍ B တွင် တစ်စုံတစ်ရာထိခိုက်နစ်နာဖွယ်ရာမရှိပေ။

အမှန်စင်စစ် ဥပဒေအရ ပျက်ပြယ်သော (void) စာချုပ်သည် အာနိသင်တစ်စုတစ်ရာမရှိသောကြောင့် စက္ကူစုတ်သာဖြစ်၍ ပယ်ဖျက်စရာပင်လိုမည်မဟုတ်ပေ။ ဒေါ်ညွန့်သီ နှင့် ဦးအောင်ခင်ပါ၁၀ (၁၉၈၃၊မတစ၊စာ-၂၆)အမှုတွင်ကြည့်ပါ။

သို့ဖြစ်ရာ အကြီးအကျယ် ထိခိုက်နစ်နာစရာမရှိသည့် အခြေအနေတွင် B ထပ်မံစွဲဆိုသော စာချုပ်ပယ်ဖျက်ပေးစေလိုမှုသည် တရားစွဲဆိုရန်အကြောင်း ( cause of action) ပေါ်စရာ အကြောင်းရှိမည် မဟုတ်ပါကြောင်း ​လေ့လာတင်ပြ အပ်ပါသည်။

TUN MYO HTAY


မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းပြုရာတွင်...


မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းပြုရာတွင်...


ထိမ်းမြားခြင်းပြုရာတွင်သတိပြုရန်အချက်များ


(၁) အသက်အရွယ်
(၂) သဘောတူညီမှု
(၃) မိန်းမသည်လွတ်လပ်သူဖြစ်ခြင်း

(၁) အသက်အရွယ်
++++++++++++

မြန်မာဗုဒ္ဓဘာသာယောက်ျားတစ်ယောက်သည် ကျန်းမာရေး နှင့်ပြည့်စုံလျှင် မည်သည့်အရွယ်၌မဆို ထိမ်းမြားလက်ထပ်နိုင်ကြောင်း နှင့် မိဘ အုပ်ထိန်းသူတို့၏ သဘောတူညီချက်ရယူရန်မလိုပေဟု မောင်သိန်းမောင် နှင့် မစော ( အတွဲ - ၆၊ ရန်ကုန်စီရင်ထုံး၊ စာ -၃၄၀) တွင် ပြဆိုပါသည်။

မြန်မာဗုဒ္ဓဘာသာ မိန်းကလေးတစ်ယောက်သည် အသက် ၂၀ ပြည့်လျှင် မိဘသဘောတူညီချက်မရဘဲ မိမိနှစ်သက်သူနှင့် လက်ထပ်ခွင့်ရှိသည်။ အသက် ၂၀ မပြည့်လျှင် မိဘသဘောတူညီမှုမရရှိပါက ထိမ်းမြား လက်ထပ်ခြင်းသည် တရားမ၀င်ပေ ဟု မခင်စန်းဝင်း နှင့် မောင်တင်မြင့် ( ၁၉၇၇ ၊ မတစ၊ စာ ၁၂)တွင် ညွှန်ပြသည်။ သို့ရာတွင် အသက် ၂၀ မပြည့်သေးသော မိန်းကလေးသည် တစ်ခုလပ်တစ်လင်ကွာ နှင့် မုဆိုးမ များဖြစ်လျှင် မိဘသဘောတူညီချက်ယူရန်လိုမည်မဟုတ်ပါ။

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ - ၉၀ တွင် သဘောတူညီချက်ပေးနိုင်သည့် အသက်သည် ၁၂ နှစ်ဖြစ်ပါသည်။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၃၆၁ အရ ဥပဒေနှင့်အညီအုပ်ထိန်းသူထံမှလူကို ခိုးယူမှု၌ ယောက်ျားလေး ၏ အသက်ကန့်သတ်ချက်သည် ၁၄ နှစ် ဖြစ်ပါသည်။ မိန်းကလေး၏ အသက် ကန့်သတ်ချက်သည် ၁၆ နှစ်ဖြစ်ပါ သည်။ ၁၄ နှစ်အောက်
ယောက်ျာလေးကိုသော်လည်းကောင်း၊ အသက် ၁၆ နှစ်အောက်မိန်းကလေးကိုသော် လည်းကောင်း၊ အုပ်ထိန်းသူ သဘောမတူဘဲ ဆောင်ယူလျှင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၃၆၁ ဖြစ်ပေမည်။

သို့ဆိုလျှင် အသက် ၁၄ နှစ်အောက်ယောက်ျာလေးကိုသော်လည်းကောင်း၊ အသက် ၁၆ နှစ်အောက်မိန်းကလေးကိုသော် လည်းကောင်း၊ အဆိုပါယောက်ျား(၀ါ)မိန်းကလေး၏
မိဘ (သို့မဟုတ်) အုပ်ထိန်းသူ၏ သဘောတူညီချက်မပါဘဲ ထိမ်းမြားလက်ထပ်သူ ယောက်ျား
(၀ါ) မိန်းကလေး နှင့် သက်သေများ၊ ထိမ်းမြားခြင်းပြုပေးသူများ၊ ယင်းသို့ထိမ်းမြားခြင်းကို သဘောတူသည့် မိန်းကလေးမိဘများသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၆၁အရ ဥပဒေနှင့်အညီအုပ်ထိန်းသူထံမှလူကို ခိုးယူမှု နင့် ယင်းအမှုကို အားပေးကူညီမှုများတွင် အကျုံးဝင်ဖွယ်ရာအကြောင်းရှိပါသည်။

အကယ်၍ အမျိုးသမီးသည် အသက် ၁၄ နှစ်အောက်မိန်းကလေးဖြစ်လျှင် ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ- ၃၇၅(မုဒိမ်းမှု)တွင် အကျုံးဝင်မည်ဖြစ်၍ မိဘဖြစ်သူ သဘောတူစေကာမူ ထိမ်းမြားလက်ထပ်ခြင်းပြုသူယောက်ျားလေး နှင့် ထိမ်းမြားလက်ထပ်ပေးသူ များသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၃၇၅(မုဒိမ်းမှု) နှင့် မုဒိမ်းမှုကိုအားပေးကူညီမှုတွင် အကျုံးဝင်ဖွယ်ရာအကြောင်းရှိပါသည်။

(၂) သဘောတူညီမှု
+++++++++++++

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ထိမ်းမြားလက်ထပ်ရေး၌ ကာယကံရှင်များ
ဖြစ်ကြသော ယောက်ျား နှင့် မိန်းမတို့သဘောတူညီမှုမှာ အရေးကြီးဆုံးအချက်ပင်ဖြစ်သည်။ သတို့သား နှင့် သတို့သမီးတို့ ဆန္ဒ အလျောက် လွတ်လပ်စွာပေးသည့် သဘောတူညီမှုမရှိပါလျှင် ထိမ်းမြားလက်ထပ်မှုသည် တရားဥပဒေ နှင့် မညီညွှတ်ပေ။ တည်မြဲခိုင်မာမှုမရှိပေ ဟု မောင်စိန်ညွန့် နှင့် မအေးကြည် (၁၉၆၂၊မတစ၊စာ-၄၀၄) တွင် ထုံးဖွဲ့ထားပါသည်။

မိန်းမသည် အရွယ်ရောက်ပြီးသူဖြစ်စေ၊ အရွယ်မရောက်သေးသူဖြစ်စေ၊ ၄င်း၏ဆန္ဒကို ဆန့်ကျင်ပြီး မိဘများက ထိမ်းမြားလက်ထပ်မပေးနိုင်ပေ။ မောင်ထိုက် နှင့် မချို (၁၈၉၇-၀၁) စာ- ၁၉၇ တွင်ကြည့်ပါ။

(၃) မိန်းမသည်လွတ်လပ်သူဖြစ်ရန်လိုခြင်း။
++++++++++++++++++++++++++

မိန်းမတစ်ယောက်သည် ထိမ်းမြားလက်ထပ်ခြင်းပြုရန် လွတ်လပ်သူဖြစ်ရန် လိုပါသည်။ လင်ယောက်ျားရှိပါလျက် ထပ်မံထိမ်းမြားလက်ထပ်သည့် ဗုဒ္ဓဘာသာဝင်မိန်းမသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၄၉၄ နှင့် အကျုံးဝင်မည်ဖြစ်ပြီး ထိုမိန်းမကို ထိမ်းမြားလက်ထပ်သောယောက်ျားသည် လင်ရှိမယားဖြစ်ကြောင်း သိလျက်နှင့်ထိမ်းမြားလက်ထပ်ခြင်းဖြစ်ပါက
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၄၉၇ နှင့် အကျုံးဝင်ဖွယ်ရာရှိပါသည်။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ထိမ်းမြားလက်ထပ်ကြသည့် ဓလေ့ထုံးစံများ။


(၁) အခမ်းအနားပြုလုပ်၍ မိဘဆွေမျိုးများအား ကန်တော့ခြင်း၊ မိတ်သင်္ဂဟများအား ကျွေးမွေးခြင်း ၊ ဘုန်းကြီးဆွမ်းကျွေးခြင်း၊
(၂) တရားရုံးတွင် ကျမ်းကျိန်းဆို၍ ထိမ်းမြားခြင်း။
(၃) နှစ်ဦးသဘောတူ သက်သေလူကြီးများရှေ့မှောက်တွင် ကတိစာချုပ်ပြုလုပ်ချုပ်ဆိုထိမ်းမြားခြင်း။

(၁) အခမ်းအနားပြုလုပ်၍ မိဘဆွေမျိုးများအား ကန်တော့ခြင်း၊ မိတ်သင်္ဂဟများအား ကျွေးမွေးခြင်း ၊ ဘုန်းကြီးဆွမ်းကျွေးခြင်း

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ထိမ်းမြားလက်ထပ်ခြင်းတရားဝင်စေရန် အခမ်းအနားမလိုပေ။ မအေးမယ် နှင့် မကြည်ကြည် ( ၁၉၄၈၊မတစ၊ စာ-၆၂၅) တွင်ကြည့်ပါ။ သို့ရာတွင် ယခုခေတ်တွင် အခမ်းအနားပြုလုပ်၍ မိဘဆွေမျိုးများအား ကန်တော့ခြင်း၊ မိတ်သင်္ဂဟများအား ကျွေးမွေးခြင်း ၊ ဘုန်းကြီးဆွမ်းကျွေးခြင်း တို့မှာ ဓလေ့ထုံးတမ်းပင်ဖြစ်နေပြီဖြစ်သည်။

(၂) တရားရုံးတွင် ကျမ်းကျိန်ဆို၍ ထိမ်းမြားခြင်း

တရားရုံးတွင် ကတိသစ္စာပြုခြင်းမှာ တရားသူကြီး၏ရှေ့မှောက်တွင် မိမိတို့၏ လွတ်လပ်သည့်ဆန္ဒအရ နှစ်ဦးသဘောတူ အကြင်လင်မယားအဖြစ်
ပေါင်းသင်းနေထိုင်ကြပါမည်ဟု ကျမ်းကျိန်လွှာပြုလုပ်ခြင်းဖြစ်ပါ သည်။ တရားရုံးများကလည်း ဤကဲ့သို့လင်မယားအဖြစ်ပေါင်းသင်းနေထိုင် ကြပါမည်ဟု ကျမ်းကျိန်လွှာပြု လုပ်ခြင်းများကို လူမှုရေးကိစ္စအားကူညီသည့်အနေဖြင့် လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

မောင်ကြည် နှင့် မအုန်းမြင့်(၁၉၆၈ခုနှစ်၊ တရားမပထမအယူခံမှုအမှတ်-၆၁) တွင် ယခုခေတ် ဓလေ့ထုံးတမ်းအရ နှစ်ဦးသဘောတူ ထိမ်းမြား လက်ထပ်ခဲ့ကြောင်း အထောက်အထား ရှိပါက ပေါင်းသင်းခြင်းမပြုစေကာမူ လင်မယားအရာ မြောက်သည်ဆိုသော စီရင်ထုံးများပင်ရှိနေသည် ဟူ၍လည်းကောင်း၊ မြန်မာဗုဒ္ဓဘာသာ လူမျိုးများသည်ယခုအခါ
ချွေတာရေးကိုရှေ့ရှုလျက် ပကာသနဖက်သော ထိမ်းမြားလက်ထပ်
သည့် အခမ်းအနားကို ကြီးကြီးကျယ်ကျယ် ကျင်းပခြင်းမပြုတော့ဘဲ တရားသူကြီးရှေ့တွင် အကြင်လင်မယားအဖြစ် နေထိုင်ရန်ရည်ရွယ်ကြောင်း
ကတိပြုကာပေါင်းသင်းကြသည့် ဓလေ့ထုံးစံကိုလိုက်နာဆောင်ရွက်ရာတွင် မည်သို့မည်ပုံကတိပြုရမည်ဟု ဥပဒေအရ ပုံစံသတ်မှတ်ထားခြင်းမရှိ၊ ဟုလည်းကောင်း ဖော်ပြထားသည်။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ ကျမ်းပြု ဆရာဦးမြစိန်က အထက်ပါ စီရင်ထုံးကိုထောက်ထား၍ မြန်မာဗုဒ္ဓဘာသာ အရွယ်ရောက်သည့်
ယောက်ျားနှင့် မိန်းမတို့သည် နှစ်ဦးသဘောတူ တရားရုံးသို့သွားကာ ကျမ်းကျိန်ဆိုပြီးထိမ်းမြားလက်ထပ်ခဲ့ပါက လင်မယားအဖြစ်လူသိရှင်ကြား အထင်အရှားပေါင်းသင်းမှု မရှိစေကာမူ တရားဝင်အကြင် လင်မယားအရာ မြောက်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။

The Oaths Act ပုဒ်မ- ၄ နှင့် တရားမကျင့်ထုံးဥပဒေပုဒ်မ - ၁၃၉ အရတွင် ကျမ်းကျိန်လွှာပြုလုပ်ပေးပိုင်ခွင့်ရှိသူများကို ဖော်ပြထားပါသည်။ တရားရုံးများ
နှင့် တရားသူကြီးများသည် ယင်းဥပဒေပြဌာန်းချက်အရ ကျမ်းကျိန်လွှာ ပြုလုပ်ခွင့်အာဏာ (၀ါ) ကျမ်းသစ္စာတိုက်ခွင့်ကို ရရှိကြခြင်းဖြစ်ပါသည်။ ယင်းပြဌာန်းချက်တွင် အကျုံးမ၀င်သူများအနေဖြင့် ကျမ်းကျိန်လွှာပြုလုပ်ထိမ်းမြားပေးခွင့်ရှိမည်မဟုတ်ပါ။

(၃) နှစ်ဦးသဘောတူ သက်သေလူကြီးများရှေ့မှောက်တွင် ကတိစာချုပ်ပြုလုပ် ချုပ်ဆိုထိမ်းမြားခြင်း။


မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ထိမ်းမြားပေးခြင်းပြုနိုင်ခွင့်ကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ သီးခြား အခွင့်အာဏာအပ်နှင်းထားခြင်းမရှိပါ။

သို့ဖြစ်ရာ အခြားသူများ (ဥပမာ - ရှေ့နေရှေ့ရပ်များ၊ ဥပဒေအရာရှိများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ အခြားဂုဏ်သရေရှိပုဂ္ဂိုလ်များ)
ရှေ့မှောက်တွင်လည်း ထိမ်းမြားလက်ထပ်ခြင်း ပြုနိုင်ပြီး ၄င်းတို့ကလည်း မိမိတို့ရှေ့မှောက်၌ ထိမ်းမြားလက်ထပ်ခြင်းပြုကြကြောင်း သက်သေအဖြစ် အသိအမှတ်ပြု လက်မှတ် ရေးထိုးပေးခြင်းပြုနိုင်ပါသည်။ ယင်းသို့ပြုလုပ်ကြရာတွင် ထိုသူများ အနေဖြင့် ကျမ်းကျိန်လွှာပြု ထိမ်းမြားပေးပိုင်ခွင့်မရှိသဖြင့် နှစ်ဦးသဘောတူ ထိမ်းမြားလက်ထပ်ခြင်း ကတိစာချုပ် ဖြင့်သာ ထိမ်းမြားလက်ထပ်ပေးနိုင်မည်ဖြစ်ပါသည်။

အထက်တွင်ဆိုခဲ့သည့်အတိုင်း ထိမ်းမြားလက်ထပ်ခြင်းပြုရာတွင် အသက်အရွယ်၊ သဘောတူညီချက်၊ မိန်းမသည် လွတ်လပ်သူဖြစ်ခြင်း တို့ကို ထောက်ထားလျက် သက်သေများရှေ့ နှစ်ဦးသဘောတူ ထိမ်းမြား လက်ထပ်ခြင်းစာချုပ်ချုပ်ဆို ထိမ်းမြားလက်မှတ်ရေးထိုးကြခြင်းကို

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ထိမ်းမြားလက်ထပ်ကြောင်း သက်သေခံသည့် စာတမ်းအမှတ်အသားအဖြစ် လက်မှတ်ရေးထိုးသည်ဟု မှတ်ယူရမည်ဖြစ်ပါသည်။

ဒါကြောင့် ယနေ့ခေတ်တွင် ဥပဒေအရာရှိများသည် ကျမ်းကျိန်လွှာမဟုတ်ဘဲ သဘောတူစာချုပ် အဖြစ် ပြုလုပ်၍ မိမိရှေ့မှောက်လက်မှတ်ရေးထိုးကြောင်း ဂုဏ်သရေရှိ ပုဂ္ဂိုလ်အဖြစ်ထိမ်းမြားလက်ထပ် ပေးကြပါသည်။
ရှေ့နေချုပ်ရုံး၏ ၁/၉၈ ညွှန်ကြားချက်ကိုကြည့်ပါ။

သတိထားရန်အချက်သည် ready made ထိမ်းမြားခြင်းစာချုပ်များသည် သဘောတူ စာချုပ်အသွင် ရေးသားထားခြင်းမဟုတ်ဘဲ ကျမ်းကျိန်လွှာ အဖြစ်ရေးသားထားသော စာချုပ်များဖြစ်သဖြင့် ယင်းစာချုပ် များတွင် ကျမ်းကျိန်လွှာအတွက် တံဆိပ်ခေါင်း- ၁၅၀ သာထမ်းဆောင်ထားခြင်း ၊ ကျမ်းကျိန်ဆိုသည့် အရေးအသားများဖြစ်ခြင်းကြောင့် သဘောတူ စာချုပ်အသွင် ပြုပြင်ချုပ်ဆိုရေးသားကြရန် လိုအပ်မည်ဖြစ်ပါသည်။

ယင်းသို့ သဘောတူကတိစာချုပ်ပြုလုပ်ထိမ်းမြားကြရာတွင် တံဆိပ်ခေါင်းအက်ဥပဒေ ၊- ဇယား- ၁၊ အမှတ်စဉ် - ၅(ဃ) အရ
တံဆိပ်ခေါင်း ကျပ် ၃၀၀ ထမ်းဆောင်ရန်ဖြစ်ပါကြောင်းလေ့လာ တင်ပြအပ်ပါသည်။         ။

TUN MYO HTAY


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...