Showing posts with label ပြစ်​မှု. Show all posts
Showing posts with label ပြစ်​မှု. Show all posts
Saturday, May 16, 2020
သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ
 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှုတွေကို တရားရုံးတွေမှာ ဘယ်လိုများ စစ်ဆေး ဆောင်ရွက်ကြမလဲ ဆိုတာပါပဲ။  အမှုမှာ တရားခံဘက်က ပြစ်မှုဖြစ်ပွားစဉ် အချိန်က သူဟာ ရူးသွပ်နေတာပါ၊ ဘာဖြစ်ခဲ့မှန်း မသိပါဘူး စသည်ဖြင့် ထုချေငြင်းဆိုကြတာမျိုးတွေ ရှိတတ်သလို၊ တရားရုံး ရှေ့မှောက် ရောက်ရှိနေစဉ်မှာ ကတည်းကိုက ဘာမှမပြောမဆိုဘဲ နေတာမျိုး၊ သွပ်သွပ်ခါအောင် ရူးသွပ်နေတဲ့ အနေအထားမျိုးတွေလည်း ရှိနိုင်တာဖြစ်လို့ အဲဒီလို အမှုအခင်းမျိုး ကြုံလာတဲ့အခါ ဘယ်လို စစ်ဆေးစီရင် ဆောင်ရွက်ကြမလဲ ဆိုတာကို ကျွန်တော် စိတ်ဝင်စားစရာ စူးစမ်းလေ့လာမိခဲ့ပါတယ်။ စိတ်ဝင်စားလွန်းလို့ ဥပဒေစာအုပ်တွေနဲ့ ဥပဒေပညာရှင်များ ရေးသားခဲ့တဲ့ ဆောင်းပါးတွေကို ရှာဖွေ ဖတ်ရှုကြည့်တော့ တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ ကျင့်ထုံးနည်းလမ်းတွေကို တွေ့ရလို့ ဥပဒေ ပညာကို စိတ်ဝင်တစား လေ့လာနေကြသူတွေကိုလည်း နားလည်သိရှိစေချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာခဲ့တဲ့ အတွက် ဒီပို့စ်လေး ရေးသားဖို့ ဖြစ်လာခဲ့ရပါတယ်။   အခုတင်ပြမယ့် အကြောင်းအရာတွေကိုတော့ ဆရာ (ဦး)လှအေး (တရားရေး) ရေးသားခဲ့တဲ့ ဥပဒေဆောင်းပါးအပေါ် နည်းမှီ ကိုးကားပြီး စာရှုသူတို့ လွယ်လင့်တကူ နားဝင်နိုင်စေဖို့ စကားပြေသဘော သက်သက်နဲ့ ရှဂ်းလင်း တင်ပြပေးသွားမှာ ဖြစ်ပါတယ်။  အကျယ်တဝံ့ လေ့လာဖတ်ရှုသင့်တာကတော့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၈၄၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၄ မှ ၄၇၅ အထိ၊ တရားရုံးများလက်စွဲ အပိုဒ် ၅၀၂ မှ ၅၀၉ အထိနဲ့ အပိုဒ် ၈၄၄ မှ ၈၅၉ အထိ တွေပဲ ဖြစ်ပါတယ်။
* စိတ်ဝေဒနာသည် သူရူး ဟုတ်၊ မဟုတ် စိစစ်ရခြင်း
   -------------------------------------
 ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၄(၁)၊  တရားရုံးများလက်စွဲ အပိုဒ် ၅၀၃ နဲ့ တရားရုံး ညွှန်ကြားလွှာအမှတ်-၂/၁၉၆၅ တို့အရ ပြစ်မှုနဲ့ တရားစွဲ တင်ပို့ခြင်းခံရသော စိတ်ဝေဒနာရှင် တရားခံအပေါ် စစ်ဆေးစီရင်ရာမှာ ၎င်းတရားခံဟာ သူ့အပေါ် စွဲဆိုခံထားရတဲ့ ပြစ်မှုအတွက် ထုချေရှင်းလင်းနိုင်မှု ရှိ၊ မရှိကို ရုံးက ကနဦး စိစစ်ရမှာ ဖြစ်ပါတယ်။  တရားခံဟာ စိတ်ဝေဒနာ ရှိ၊ မရှိ ဆိုတာကိုတော့ ခရိုင်ဆရာဝန်၊ ဒါမှမဟုတ် နိုင်ငံတော်သမ္မတက ညွှန်ကြားတဲ့ အခြား ဆေးဘက်ဆိုင်ရာ အရာရှိ/ စိတ်ရောဂါ အထူးကုဆေးရုံမှ ဆေးရုံအုပ်ကြီးရဲ့ အကူအညီကို ရယူကာ စမ်းသပ်ကြည့်ရှု စစ်ဆေးစေရမှာ ဖြစ်သလို ဆေးစစ်ခဲ့တဲ့ ဆရာဝန်ကိုလည်း တရားရုံးက သက်သေအဖြစ် ခေါ်ယူစစ်ဆေးရမှာ ဖြစ်ပါတယ်။  ဆူရင်ဒတ်ကူးမား နှင့် နိုင်ငံတော် (၁၉၉၄၊ မတစ၊ စာ-၂၃) အမှုမှာလည်း အချင်းဖြစ်ချိန်က တရားခံဟာ စိတ်ဖောက်ပြန်မှု ရှိနိုင်၊ မရှိနိုင် ဆုံးဖြတ်နိုင်ရန် စိတ်ရောဂါကု ဆရာဝန်ကို သက်သေအဖြစ် စစ်ဆေးပြီး၊ စိတ်ရောဂါကု ဆေးရုံရဲ့ ဆေးကုသမှတ်တမ်းကို ဖြစ်စေ၊ ၎င်းမှတ်တမ်းရဲ့ တရားဝင်မိတ္တူကို ဖြစ်စေ သက်ဆိုင်ရာမှ တင်ပြစေရန် ဆင့်ဆိုပြီးနောက် စစ်ဆေးမေးမြန်းရမည် ဖြစ်ကြောင်း၊ ထောင်ဒဏ်ကျခံနေ ရတဲ့ အကျဉ်းသားတရားခံ ဖြစ်ခဲ့လျှင်လည်း အကျဉ်းထောင် တာဝန်ခံအရာရှိကို ခေါ်ယူကာ လက်ရှိ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြည့်ပြည့်စုံစုံ စစ်ဆေးမေးမြန်းရမည် ဖြစ်ကြောင်း လမ်းညွှန်ထုံးဖွဲ့ထားတာ ကို တွေ့ရပါတယ်။
* ရူးသွပ်တရားခံအား အာမခံပေးနိုင်၊ မပေးနိုင်
   ---------------------------------
 အမှုစစ်ဆေးနေစဉ်အတွင်းမှာ ရူးသွပ်သူ တရားခံဟာ ကောင်းမွန်စွာ ထုချေနိုင်စွမ်း မရှိကြောင်း စိတ်ရောဂါကု ဆရာဝန်ရဲ့ ဆေးမှတ်တမ်း၊ သက်သေထွက်ချက်တို့အရ ပေါ်ပေါက်ခဲ့ရင်တော့ တရားသူကြီး အနေနဲ့ အမှုဟာ အာမခံပေးခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တရားခံကို ကောင်းမွန်စွာ ထိန်းသိမ်း ကြည့်ရှုထားမည် ဖြစ်ကြောင်း၊ ၎င်းကိုယ်ကိုဖြစ်စေ၊ အခြားသူ တစ်စုံတစ်ယောက်ကို ဖြစ်စေ နစ်နာခြင်း မဖြစ်အောင် ဟန့်တားထားပါမည့်အကြောင်း၊ ၎င်းကို အလိုရှိသည့်အခါ တရားသူကြီး ရှေ့မှောက်သို့ ရောက်ရှိစေမည်ဖြစ်ပါကြောင်းဖြင့် လုံလောက်သော အာမခံ လျှောက်ထားလာလျှင် ၎င်းတရားခံကို အာမခံဖြင့် လွှတ်ထားနိုင်ကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၆(၁)မှာ ပြဋ္ဌာန်းပါရှိပြီး၊ အာမခံ မပေးသင့်ကြောင်း ထင်မြင်တယ် ဆိုရင်တော့ စိတ်ရောဂါကုဆေးရုံ၌ ထိန်းသိမ်းထားရန် အမိန့်ချမှတ်ရမည် ဖြစ်ကြောင်း ယင်းပုဒ်မ ၄၆၆(၂)မှာ ဆက်လက် ဖော်ပြထားပြီး စစ်ဆေးနေတဲ့ အမှုကိုလည်း ရွှေ့ဆိုင်းထား ရမယ်လို့ ဆိုပါတယ်။
* ရူးသွပ်တရားခံအား စိတ်ရောဂါကု ဆေးရုံသို့ ပို့အပ်ရာတွင်
   -------------------------------------------
 စိတ်ဝေဒနာရှင် ရူးသွပ်တရားခံကို စိတ်ရောဂါကုဆေးရုံသို့ ပို့အပ်ရာမှာ ၎င်းရဲ့ ဆေးဘက်ဆိုင်ရာ အတ္ထုပ္ပတ္တိစာတမ်းကိုလည်း ဝရမ်း (ရာဇဝတ်ပုံစံ-၁၃၃) နဲ့အတူ ပူးတွဲပေးပို့ရမယ်လို့ တရားရုံးများလက်စွဲ အပိုဒ် ၈၄၉ မှာ ညွှန်ပြထားတာ တွေ့ရပါတယ်။ 
* ရူးသွပ်တရားခံ ပြန်လည်ကောင်းမွန်လာခဲ့လျှင်
   ----------------------------------
 ရူးသွပ်တရားခံဟာ ၎င်းအပေါ် စွဲဆိုမှုမှာ ကောင်းမွန်စွာ ချေပနိုင်ပြီလို့ တရားသူကြီးက ထင်မြင်ရင် ရွှေ့ဆိုင်းထားတဲ့ အမှုကို ဆက်လက်ပြီး စုံစမ်း စစ်ဆေး စီရင်သွားရပါမယ်။  ထိုသူအနေနဲ့ ခုခံချေပနိုင်စွမ်း မရှိသေးဘူးလို့ ထင်မြင်ရင်တော့ အထက်မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၄၊ သို့မဟုတ် ၄၆၅၊ ၄၆၆ တို့အရ ထပ်မံ ဆောင်ရွက်ခွင့်ရှိကြောင်း ပုဒ်မ ၄၆၈ မှာ ပြဋ္ဌာန်းပါရှိပါတယ်။
* အမှုစစ်ဆေးစီရင်ခြင်း
   ----------------
 ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၀ အရ ရူးသွပ်တရားခံဟာ မိမိအမှုကို ကောင်းစွာထုချေနိုင် မယ် ဆိုရင်တော့ ရွှေ့ဆိုင်းထားခဲ့တဲ့အမှုကို ဆက်လက်စစ်ဆေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။  စစ်ဆေးမှု ပြီးဆုံးသွားလို့ တရားရုံးအနေနဲ့ အမှုမှစိတ်ဝေဒနာရှင် ရူးသွပ်တရားခံရဲ့ ပြုလုပ်မှုဟာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၈၄ အရ ကင်းလွတ်ရမြဲအချက်နဲ့ အကျုံးဝင်၊ မဝင်ကို သုံးသပ်ဆုံးဖြတ်ရမှာ ဖြစ်ပြီး၊ အကျုံးဝင်ခဲ့ရင် တော့ အဆိုပါတရားခံကို အပြီးအပြတ်လွှတ်လိုက်ရမှာ ဖြစ်ပါတယ်။  လွှတ်တယ်ဆိုတဲ့ နေရာမှာလည်း အရမ်းကာရော လွှတ်လိုက်လို့ မရသေးပါဘူး။  ဒီစိတ်ဝေဒနာရှင် တရားခံဟာ ပြစ်မှုကို ကျူးလွန်ခဲ့ကြောင်း ၊ ဒါမှမဟုတ် ကျူးလွန်ခဲ့ခြင်း မရှိကြောင်းကို အထင်အရှား ဖော်ပြရေးသားပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
* စီရင်ချက်၊ အမိန့် ရေးသားချမှတ်ရာတွင် ရေးထုံး လေ့လာသင့်သည့် စီရင်ထုံး
   ---------------------------------------------------------
 `အထက်ပါ အကြောင်းများကြောင့် ဤအယူခံကို ခွင့်ပြု၍ မကွေးတိုင်းတရားရုံး (သရက်ခရိုင်)မှ အယူခံတရားလို ဦးလှရွှေအပေါ် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၄ အရ ပြစ်မှုထင်ရှားစီရင်သည့် ပြစ်ဒဏ်တို့ကို ပယ်ဖျက်၍ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၈၄ ကင်းလွတ်ချက်အရ ဦးလှရွှေအား အမှုမှ အပြီးအပြတ် လွှတ်လိုက်သည်။  ထို့ပြင် ဒေါ်ခင်ညွန့်အား အယူခံတရားလိုက ဓါးဖြင့် ခုတ်သတ်ခဲ့သည်မှာလည်း မှန်ကြောင်း ဖော်ပြလိုက်သည်။  အယူခံတရားလိုနှင့် စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၁ နှင့်အညီ ဆက်လက် ဆောင်ရွက်စေရန် မူလရုံးအား ညွှန်ကြားလိုက်သည်။`
( ဦးလှရွှေ နှင့် နိုင်ငံတော်၊ ၁၉၉၇၊ မတစ၊ စာ-၇၅ )
* ရူးသွပ်တရားခံအား အမှုမှ အပြီးအပြတ်လွှတ်လျှင် မည်သို့ဆက်လုပ်ရမည်-
   -------------------------------------------------------
 အထက်ပါအတိုင်း တရားခံအား အမှုမှ အပြီးအပြတ် လွှတ်လိုက်တယ်လို့ ဆိုပေမယ့်လည်း အကယ်၍သာ အမှုမှာ ရူးသွပ်တရားခံရဲ့ ပြုလုပ်မှုဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ပေါ်လွင်နေခဲ့တယ် ဆိုရင် (သိနိုင်စွမ်းမရှိတဲ့ အကြောင်းကြောင့်မှတပါး) ပြစ်မှုကျူးလွန်ရာ ရောက်မယ်ဆိုရင်တော့ ၎င်းတရားခံ ကို စိတ်ရောဂါကုဆေးရုံသို့ ပေးပို့၍ ထိန်းသိမ်းထားရမည် ဆိုတဲ့ အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၁(၁)အရ ရုံးတော်က တစ်ဆက်တည်း ချမှတ်ပေးမှာပဲ ဖြစ်ပါတယ်။
* ရူးသွပ်တရားခံကို လွှတ်မိန့်ပေးနိုင်ကြောင်း ဆေးရုံက သက်သေခံလက်မှတ် ထုတ်ပေးလာလျှင်-
   ----------------------------------------------------------------------
 ဖော်ပြခဲ့ပြီးဖြစ်တဲ့ ပုဒ်မ ၄၆၆(၂) (အမှုအတွင်း ဆေးရုံ၌ ထိန်းသိမ်းထားစေခြင်း) နဲ့ ပုဒ်မ ၄၇၁ (တရားခံကို အပြီးအပြတ်လွှတ်ပြီးသည့်တိုင် ဆက်လက်၍ ဆေးရုံ၌ ထိန်းထိမ်းထားစေခြင်း) ပါ ပြဋ္ဌာန်းချက် အသီးသီးအရ ရူးသွပ်တရားခံကို စိတ်ရောဂါကုဆေးရုံက ထိန်းသိမ်းပေးထားခဲ့ရာမှာ ထိုဆေးရုံက တရားခံဟာ သူ့ကိုယ်ကိုဖြစ်စေ၊ အခြားသူ တစ်ဦးတစ်ယောက်ကို ဖြစ်စေ အန္တရာယ် ပြုလိမ့်မယ်လို့ စိုးရိမ်ရန်အကြောင်း မရှိဘဲ လွှတ်မိန့်ပေးနိုင်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးလာရင်တော့ တရားရုံးအနေနဲ့ စိတ်ရောဂါကုဆေးရုံသို့ ရူးသွပ်တရားခံကို ပို့အပ်ခဲ့ခြင်းနှင့် သက်ဆိုင်တဲ့ အမှုတွဲတွေ နဲ့အတူ သက်ဆိုင်ရာ အမှုတွဲ၊ တရားခံအား လက်ခံရရှိကြောင်း ဆေးရုံမှ သက်သေခံလက်မှတ် ရေးထိုးထား တဲ့ ရာဇဝတ်ပုံစံ ၁၃၃ မူရင်းခွဲ၊ တရားခံရဲ့ ဆေးဘက်ဆိုင်ရာ အတ္ထုပ္ပတ္တိမှတ်တမ်းတွေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ တင်ပေးပို့ရမှာ ဖြစ်ပါတယ်။  တရားခံဟာ စိတ်ကျန်းမာရေး ကောင်းမွန်ပြီး သူ့အပေါ် စွဲဆိုထားတဲ့အမှုကို ထုချေနိုင်စွမ်းရှိပြီလို့ စိတ်ရောဂါကုဆေးရုံမှ တင်ပြချက် ရှိလာပြီဆိုရင်တော့ ယင်းဆေးရုံက ထိုသို့ဖော်ပြပေးပို့လာတဲ့ သက်သေခံဆေးစာနဲ့အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး သို့ အမှုစစ်ရုံးက တင်ပြရမှာဖြစ်ပြီး၊ ယခင် တင်ပို့ထားခဲ့တဲ့ အမှုတွဲကို ပြန်လည်တောင်းခံရမှာ ဖြစ်ပါတယ်။
* သူရူးမှုနှင့် ပတ်သက်၍ ဖတ်မှတ်လေ့လာသင့်သော စီရင်ထုံးများ
   -----------------------------------------------
 သူရူးမှု စစ်ဆေးစီရင်ရာမှာ အထောက်အကူပြု အကျိုးများစေမယ့် စီရင်ထုံးများကို ရှာဖွေ စုဆောင်း ဖော်ပြပေးလိုက်ပါတယ် -
-   အစိုးရ နှင့် ကုလားညို၊ ၁၉၄၁၊ ရန်ကုန်စီရင်ထုံး၊ စာ-၅၄၄
-   အစိုးရ နှင့် မောင်ပို၊ ၁၉၄၆၊ ရန်ကုန်စီရင်ထုံး၊ စာ-၁၈၆
-   ဆပွင့်(ခ)ပေါလူး နှင့် ပြည်ထောင်စု၊ ၁၉၅၀၊ မတစ (လွှတ်တော်)၊ စာ-၃၅၂
-   နိုင်ငံတော် နှင့် ဦးလှခိုင်၊ ၁၉၅၈၊ မတစ (လွှတ်တော်)၊ စာ-၁၄၃
-   စောရင်ဖေ နှင့် ပြည်ထောင်စု၊ ၁၉၅၉၊ မတစ (လွှတ်တော်)၊ စာ-၂၀၅
-   မောင်ထွန်းစိန် နှင့် အစိုးရ၊ ၁၉၆၂၊ မတစ (ရုံးချုပ်)၊ စာ-၃၃၈
-   ပြည်ထောင်စု နှင့် မောင်သံချောင်း၊ ၁၉၆၅၊ မတစ (ရုံးချုပ်)၊ စာ-၁၃၂
-   မောင်စံရွှေ နှင့် ပထစ၊ ၁၉၅၉၊ မတစ (လွှတ်တော်)၊ စာ-၁၄၃
-   မောင်ကုတ်ဦး နှင့် နိုင်ငံတော်၊ ၁၉၆၆၊ မတစ (ရုံးချုပ်)၊ စာ-၁၀၉၆
-   မောင်စိုးသိန်း နှင့် ဆိုရှယ်လစ်၊ ၁၉၇၉၊ မတစ၊ စာ-၄၇
-   ခင်မောင် နှင့် နိုင်ငံတော်၊ ၁၉၆၅၊ မတစ၊ စာ-၃၂၈
-   မောင်ကုတ်ချိ နှင့် နိုင်ငံတော်၊ ၁၉၆၅၊ မတစ၊ စာ-၁၀၉၆
-   ဒေါ်ချစ်မယ် နှင့် နိုင်ငံတော်၊ ၁၉၇၁၊ မတစ၊ စာ-၄၆
-   ဆူရင်ဒတ်ကူးမား နှင့် နိုင်ငံတော်၊ ၁၉၉၄၊ မတစ၊ စာ-၂၃
-   ဦးလှငွေ နှင့် နိုင်ငံတော်၊ ၁၉၉၇၊ မတစ၊ စာ-၇၅
-   ကိုသက်ဦး နှင့် နိုင်ငံတော်၊ ၂၀၀၈၊ မတစ၊ စာ-၁၀၇ (အထူး)
 ရူးသွပ်နေတဲ့ စိတ်ဝေဒနာရှင် တရားခံကို စစ်ဆေး စီရင်ရတဲ့ အရပ်ရပ်သော လုပ်ငန်းစဉ်တွေဟာ ရိုးရှင်းလွယ်ကူလှတဲ့ ကျင့်ထုံးနည်းလမ်းတွေတော့ မဟုတ်ပါဘူး။  လေ့လာ ဖတ်ရှု မှတ်သားသူများအနေနဲ့ အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်တဲ့ ကျင့်ထုံးနည်းလမ်းများကို ထဲထဲဝင်ဝင် လေ့လာဆည်းပူးပါမှ သူရူးမှု စစ်ဆေးခြင်း လုပ်ငန်းစဉ်များကို အကျွမ်းတဝင် ရှိလာမှာပဲ ဖြစ်ပါတယ်။  သူရူးမှုနဲ့ ပတ်သက်လာရင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၈၄ ပါ ကင်းလွတ်ရမြဲအချက်ဟာ စိတ်ဝေဒနာရှင် ရူးသွပ်တရားခံတွေရဲ့ သက်သာခွင့် လမ်းကြောင်းဖြစ်ပါတယ်။ သက်သေခံဥပဒေ ပုဒ်မ ၁၀၅ အရ အချင်းဖြစ်စဉ်က မိမိမှာ ရူးသွပ်နေလို့ မိမိရဲ့ပြုလုပ်မှု ဘယ်လိုသဘောရှိတယ်၊ မတော်မမှန်မှုဖြစ်တယ်၊ ဥပဒေနဲ့ ဆန့်ကျင်တယ် စတာတွေကို မသိနိုင်ခဲ့လို့သာ ပြုလုပ်မိခြင်း ဖြစ်တဲ့အတွက် ကင်းလွတ်ရမြဲအချက် အတွင်း ကျရောက်နေပါ ကြောင်း တရားခံက ချေပမယ် ဆိုရင်တော့ ထိုသို့အဆိုရှိသူမှာ သက်သေပြဖို့တာဝန် ကျရောက်ပါတယ်။ 
ဒါပေမဲ့ အထူးတလည် မှတ်သားရမှာတစ်ခုက ရူးသွပ်သူ တရားခံမှာ သက်သေပြဖို့ တာဝန်ကျရောက် နေလင့်ကစား ၎င်းရူးသွပ်နေစဉ် အချိန်ဝန်းကျင်က အဖြစ်အပျက်တွေကို ကောင်းစွာ မှတ်မိနိုင်ဖို့က မဖြစ်နိုင်သလောက်ပဲ ဆိုတော့ အချို့သောကိစ္စရပ်မျိုးတွေမှာ သူရူးတရားခံက သူ့အနေနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၈၄ ရဲ့ အကာအကွယ်ကို ရထိုက်ပါတယ်လို့ ထုချေခြင်း မပြုခဲ့စေကာမူ အမှုမှာ ပေါ်ပေါက်တဲ့ သက်သေခံချက်များနဲ့တကွ အမှုအဖြစ်အပျက် အကြောင်းအရာတို့က တရားခံဟာ ပြစ်မှုဖြစ်ပွားစဉ်က ရူးသွပ်နေကြောင်း ထင်ရှားစေမယ်ဆိုရင်တော့ သူ့အပေါ် ကျရောက်တဲ့ သက်သေပြရန်တာဝန်ကို ကျေပြွန်တယ်လို့ပဲ မှတ်ယူရပါမယ်။  ဒါက အမှုဖြစ်စဉ်မှာကိုက သက်သေခံချက်တွေ ပေါ်ပေါက်လာတဲ့အခါ မျိုးမှာ ဆိုလိုတာဖြစ်ပါတယ်။ အရာခပ်သိမ်းတော့ ကင်းလွတ်ချက်ထဲ ကျရောက်တယ်လို့ ပေါ့ပေါ့လွယ်လွယ် မတွေးသင့်ပါဘူး။  ယင်းမူသဘောနဲ့ ပတ်သက်လို့  မောင်ကုတ်ချိ နှင့် နိုင်ငံတော် ( ၁၉၆၅၊ မတစ (ရုံးချုပ်)၊ စာ-၁၀၉၆ )မှာ ထုံးဖွဲ့စီရင်ထားတာကိုလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။
လွှမ်းမိုးအောင် (တရားရေး)
Saturday, January 5, 2019
ယာဉ်မောင်းသူကိုသာ ထိခိုက်မိသည့် ယာဉ်မတော်တဆမှုများတွင် အဆိုပါ ယာဉ်မောင်းကို တရားစွဲဆိုခွင့် ရှိ /မရှိ
"ရာဇသတ်ကြီးက အကာအကွယ် ပေးထားသော လူ့ခန္ဓာကိုယ် လုံခြုံမှု" နှင့် ယာဉ်မောင်းသူကိုသာ ထိခိုက်မိသည့် ယာဉ်မတော်တဆမှုများတွင် အဆိုပါ ယာဉ်မောင်းကို တရားစွဲဆိုခွင့် ရှိ /မရှိဟူသော အဆိုအပေါ် ဆွေးနွေးတင်ပြခြင်း"
         ရာဇသတ်ကြီး Penal Code (၁ - ၅ - ၁၈၆၁) ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက စတင် အာဏာ သက်ရောက် ခဲ့တဲ့ ဥပဒေတစ်ခု ဖြစ်လို့ တိုးတက် ပြောင်းလဲလာသည့် လူမှု/စီးပွား/နိုင်ငံရေးဖြစ်စဉ် နဲ့အညီ အချို့သော ပြဌာန်းချက်များကို ပြုပြင်သင့်သည် သို့မဟုတ် ပယ်ဖျက်သင့်သည်ဟူသောအဆိုကို  "မူ" (principle)အားဖြင့် အများ လက်ခံကြလိမ့်မည် ဟု ယုံကြည်ပါသည်။
         သို့ရာတွင် ပြုပြင်/ပယ်ဖျက်ရာ၌ နှစ်ပေါင်း ၁၀၀ကျော်တိုင် ယင်း ဥပဒေများပါ ပြဌာန်းချက်များက လူမှု အဖွဲ့ အစည်းတစ်ခုကို ခိုင်မြဲစွာ အကာအကွယ်ပေးနှိုင်ခဲ့သည့် ဂုဏ်အဂါင်္ အနှစ်သာရ ဝိညာဉ်(spirit of law)ကိုမူ အထူး ဂရုပြု စီစစ်၍သာ ပြန်လည် ပြုပြင် ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးအကြံပြုလိုပါသည်။
         ရာဇသတ်ကြီးတွင် အခန်း-၂၃ခန်း၊ ပုဒ်မ-၅၁၁ ခုဖြင့် ဖွဲ့စည်းပြဌာန်းထားသည်ကို တွေ့မြင်နှိုင်ပါသည်။ ယင်းပြဌာန်းချက်များအနက် လူသားတစ်ဦးစီ၏ ကိုယ်ခန္ဓာအပေါ် ကာကွယ်ပေးထာသည့် ပြဌာန်းချက်များကို စီစစ် ရွေးချယ် သုံးသပ် တင်ပြလိုပါသည်။
          ယင်း ရာဇသတ်ကြီး၏ ပြဌာန်းချက်များတွင် လူသားတစ်ဦးအဖြစ် ပဋိသန္ဓေ ဖြစ်တည်ခွင့်(ဖြစ်တည်ခွင့်) မှစ၍ သေဆုံးပြီး death bodyအဖြစ် သင်္ချိုင်းမြေတွင် မြှပ်နှံထားသည့်ကာလတိုင် ဥပဒေက အကာအကွယ်ပေး ထားသည်ကို တွေ့မြင်နှိုင်ပါသည်။ (ပုဒ်မ- ၃၁၂ မှ၃၁၈ ၊နှင့်၂၉၇ တို့ကို ရည်ညွန်းပါသည်။)
           ထို့ပြင် လူသားအဖြစ် ဖြစ်တည်ခွင့်(ဖြစ်တည်ခွင့်)ကို ပိတ်ပင်ရာရောက်သည့် မိမိ၏ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်က သန္ဓေမတည် နှိင်အောင်  *ပြုပြင်ခြင်း* သင်းကွပ်ခြင်း ကိုပင် လူသားလောင်းလျာ၏ လူဖြစ်ခွင့်(လူဖြစ်ခွင့်)တည်းဟူသော အခွင့်အရေးကိုပင် မထိခိုက် မဆုံးရှုံးစေရေးအတွက် ကာကွယ်ရန်  ဥပဒေအရ ပြစ်ဒဏ်ပြဌာန်းထားသည် ကိုလည်း တွေုမြင်နှိုင်ပါသည်။ (ပုဒ်မ-၃၁၂-ကမှ-ဃ တိုကို ရည်ညွန်းပါသည်။)
          ကိုယ်တိုင် သေကြောင်းကြံခြင်း(Suicide) လုပ်ခြင်းအပေါ် ပြစ်ဒဏ်သတ်မှတ် ထားခြင်းက မိမိကြောင့် မိမိခန္ဓာ  ကိုယ်ကို ထိခိုက်စေမှုများ ကိုလည်း ပြစ်မှု/ ပြစ်ဒဏ်မှကင်းလွတ်ခွင့်  ပြုမထားသည်ကို တွေ့မြင်နှိုင်ပါသည်။။(ရာဇသတ် ကြီးပုဒ်မ - ၃၀၉ ကိုရည်ညွန်းပါသည်။)
        သို့ဖြစ်၍ ရာဇသတ်ကြီးက ကာကွယ်ပေးထားသည့် လူ့ခန္ဓာ(human body)ဆိုရာတွင်*ပြုသူနှင့် အပြုခံရသူ*  တို့ ၏ ကိုယ်ခန္ဓာ ၂ မျိုးလုံး အကြုံးဝင်သည်ဟု ယင်းဥပဒေ၏ ဝိညာဉ် (Spirit of law)အရ အခိုင်အမာ ကောက်ယူ ကြရမည် ဖြစ်ပါသည်။ 
          အခန်း ၁၆၊ လူကိုယ်ကို ထိခိုက်စေသောပြစ်မှုများ(Of offences affecting the human body) အခန်းတွင်  ပြဌာန်းချက်များကို ခေါင်းစဉ်ငယ်များအလိုက် ပုဒ်မများခွဲ၍ ပြဌာန်းထားသည်ဖြစ်ရာ အဆိုပါ ရေးသားပြဌာန်း ချက်များ(Letter of law)စာသားကို အဓိပ္ပါယ်ကောက်ယူကြရာတွင် ရာဇသတ်ကြီး၏ ဝိညာဉ် သို့မဟုတ် ရည်ရွယ်ချက် (Spirit of law)နှင့်လည်း ညီညွတ်မှသာ အဓိပ္ပါယ်ပြည်စုံမည်ဟု ယူဆမိပါသည်။ 
            "ယာဉ် မတော်တဆမှုကြောင့် မောင်းနှင်သူသာ ထိခိုက်ဒဏ်ရာရမှု ဖြစ်စဉ် တွင် မောင်းနှင်သူအပေါ် တရားစွဲဆိုခြင်းသည် မှန်ကန်မှု ရှိမရှိ" ဆိုသောissue တစ်ခုအား ရှုဒေါင့်အမျိုးမျိုးမှ ပြည့်စုံစွာ ဥပဒေပဒေ ပညာရှင်များက ဝေဖန်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ရပါသည်။
           ယင်းကဲ့သို့ မတော်တဆမှု ဖြစ်စဉ်သည် ထိုက်သင့်သည့်သတိပြုရန် ပျက်ကွက်ရာမှ ပေါ် ပေါက်လေ့ရှိရာ ယင်းပျက်ကွက်မှုသည် ရာဇသတ်ကြီး ပုဒ်မ-၃၂ အရ  *ပြုလုပ်မှု* များကို ရည်ညွန်းသော ပြဌာန်းချက်တွင် ဥပဒေနှင့် မညီသော ပျက်ကွက်မှုများလည်း အကြုံးဝင်သည်ဟု ဖော်ပြထားပါသည်။(ဥပမာ-မော်တော်ယာဉ်ဥပဒေအရ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသည့် ပြစ်မှု)
           ထိုပြင် မည်သူကိုမျှ ထိခိုက်မှု မရှိသော်လည်း ယာဉ်ကို အရမ်း သို့မဟုတ် ပေါ့ဆစွာ မောင်းနှင်ရုံမျှဖြင့် ပုဒ်မ-၂၇၉/၂၈၀တို့အရ ပြစ်မှုကျူးလွန်သည်ဟုပင် ပြဌာန်းထားပြီးဖြစ်ရာ --
အဆိုပြုချက်ပါ ယဉ်မတော်တဆမှု ဖြစ်ပွားစဉ် --
"အခြားသူကိုမထိခိုက်ပါ မောင်းနှင်သူသာ ဒဏ်ရာရခဲ့ပါသည်" 
ဟူသော အကြောင်းပြချက်ကြောင့် ယာဉ်မောင်းသူသည် ၄င်း၏ ထိုက်သင့်သည့် သတိပျက်ကွက်မှု အကျိုးဆက်ကြောင့် ၄င်းကိုယ်တိုင် ထိခိုက်ဒဏ်ရာ ရစေသည့် ပြစ်မှုမှ ကင်းလွတ်ခွင့် ရရန်အကြောင်မရှိနှိုင်ဟု ယူဆမိပါသည်။
        မြန်မာနိုင်င်္ငတွင် ယခု issue နှင့်စပ်လျဉ်း၍ စီရင်ထုံး ခိုင်ခိုင်မာမာ မပေါ်ပေါက်ခဲ့သည်ကပင် ခေတ်အဆက်ဆက်  ပညာရှိ ရှေ့နေကြီးများက ယခု issue ကို law issue အဖြစ် လျှောက်ထားခဲ့ခြင်း မရှိသကဲ့သို့ High Court, Central Court, Supreme Court တို့ကလည်း ဖွင့်ဆိုရှင်းလင်းပြရန် လိုအပ်သည့် Law issue ဟု သတ်မှတ်ခဲ့ခြင်း မရှိဟု ယူဆနှိုင်ပေသည်။
        စီရင်ချက် နှင့် စီရင်ထုံး အမျိုးအစားနှစ်မျိုး၏ နောင်အမှုများအပေါ် စည်းနှောင်အား ချိန်ခွင်လျှာ မတူညီသည်ကို လည်း ဥပဒေသမားတိုင်း သိရှိကြပြီး ဖြစ်မည်ဟု ယုံကြည်ပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ စီရင်ထုံးကို မလိုက်နာဘဲ စီရင်ချက် ကိုသာ လိုက်နာရန်မှာလည်း ဖြစ်သင့်သော အကြောင်းပြချက် မဟုတ်ပေ။
ရာဇသတ်ကြီး ပုဒ်မ-၃၃၇/၃၃၈၏ မူရင်းပြဌာန်းချက်တွင်-
by doing any act so rashly or negligently as--
                 --   to endanger human life
                                      or    
                 --    the personal safety of others ဟု*or* ဖြင့် ပြဌာန်းထားရာ
         (၁) လူ့အသက်(အသက်ရှင်နေထိုင်မှု)ကိုဖြစ်စေ  
         (၂)အခြားသူ တို့၏ personal လုံခြုံရေးကို ဖြစ်စေ
        * ဘေးဖြစ်အောင် အရမ်း(သို့) ပေါ့ဆစွာပြုမူကြောင့် ထိခိုက်မိပါက ပြစ်မှုကျူးလွန်ရာရောက်သည်ဟု ပြဌာန်းထား ပါသည်။
          ယခု issue တွင်  ယာဥင်္မောင်းသူ၏ အရမ်း(သို့)ပေါ့စွာ မောင်းနှင်မှုကြောင့် အခြားလူကို မထိခိုက်မိဘဲ  ယာဉ်မောင်းကိုသာ ထိခိုက်မိခြင်းသည် ပထမ အပိုဒ် to endanger human life တွင်အကြုံးဝင်သဖြင့် မောင်းသူ အပေါ် ပုဒ်မ -၃၃၇/၃၃၈ တို့အရ တရားစွဲခွင့်ရှိသည်ဟုသာ သုံးသပ် တွေ့ရှိရပါကြောင်း ဆွေးနွေးတင်ပြအပ်ပါသည်။
 သို့ရာတွင် ~~
(က)   တရားစွဲအဖွဲ့အစည်းက တရားစွဲဆိုခွင့်ရှိသည်ဆိုခြင်းနှင့်
( ခ)   နှစ်ဖက်သက်သေများကို စစ်ဆေးပြီးနောက် အမှုဖြစ်စဉ်အလိုက် တရားရုံးက တရားခံအပေါ်  ပြစ်မှုထင်ရှားတွေ့ရှိခြင်း မတွေ့ရှိခြင်း
( ဂ)    ပြစ်ဒဏ်ပမာဏကို ဖြစ်ရပ် ဖြစ်စဉ်နှင့် ညီညွတ်စွာ  ရွေးချယ်ခြင်း
 တို့မှာ တူညီခြင်းမရှိသည်ကိုမူ ဂရုပြုကြရမည် ဖြစ်ပါကြောင်း ။ ဥပဒေနှင့်အညီ ဖြစ်စဉ် တခုခြင်းအလိုက် လွတ်လပ်စွာ စီရင်ဆုံးဖြတ် နိုင်ကြပါစေ။
    (လွတ်လပ်စွာ သဘောကွဲလွဲ  ဝေဖန်ခွင့် ရှိပါသည်)
ဦးမျိုးတင့်
Friday, January 4, 2019
ရာဇဝတ်ပြစ်မှုဆိုင်ရာပညာ (CRIMINALOGY) အခန်း - ၃
ရာဇဝတ်ပြစ်မှုဆိုင်ရာပညာ    (CRIMINALOGY)
📚📚📚📚📚📚📚📚📚📚📚📚📚
အခန်း - ၃
⛑⛑⛑
လောဘနှင့်ဒေါသအလျောက် ဖြစ်ပွားသည့် ရာဇဝတ်ပြစ်မှုများ 
📖📖📖📖📖📖📖📖📖📖📖📖📖📖📖
လောဘ-ဒေါသ-မောဟ-စိတ်ကြောင့် 
📖📖📖📖📖📖📖📖📖
      လူတို့သည် အခွင့်အခါကြုံခဲ့လျှင် မိမိတို့၏ အမျိုးဂုဏ်၊ အဆင့်အတန်းဂုဏ်၊ အသက်အရွယ်ဂုဏ်တို့ကိုပင် မဆင်ခြင် မထောက်ထား ကြဘဲ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်အလျောက် ရာဇဝတ်ပြစ်မှုများ ကျူးလွန်ကြသည်ကို နေ့စဉ်နှင့်အမျှ ရုံးတင် တရားစွဲသည့် လိမ်လည်မှု၊ အလွဲသုံးစားမှု၊ ခိုးမှု၊ လုယက်မှု၊ ဓါးပြတိုက်မှု၊ လူသတ်မှု၊ မုဒိန်းမှု စသည့်ပြစ်မှုများကို ဆန်းစစ်ကြည့်ခြင်းဖြင့် သိနိုင်ပေသည်။ ထိုရုံးတင် တရားစွဲသည့် အမှုများတွင် တရားခံအဖြစ် ပါဝင်သူများအနက် လူအမျိုးမျိုး၊ အဆင့်အတန်း အမျိုးမျိုး၊ အသက်အရွယ် အမျိုးမျိုး ပါဝင်ကြမည်ကို တွေ့ရကြပေမည်။ ရာဇဝတ်ပြစ်မှု ရာဇဝင်တွင် လူအဆင့်အတန်းအားဖြင့် မြင့်သည့်လူပင် ဖြစ်လင့်ကစား အခွင့်အခါကြုံက လောဘ စိတ်ကို မထိမ်းသိမ်းနိုင်သဖြင့် လူထု ကြည်ညိုအားထားမှုကိုပင် ဂရုမပြဘဲ ရာဇဝတ်ပြစ်မှုကို ကျူးလွန်သည့် အထင်ကရအမှုမှာ အင်္ဂလန်နိုင်ငံတွင် ဖြစ်ပွားသည့် “ဟိုရေရှိုဘွတ်တွမ်လီ”ခေါ်သူ၏ လိမ်လည်မှုဖြစ်သည်။ “ဘွတ်တွမ်လီ” မှာ ပထမကမ္ဘာစစ်ကြီး အတွင်းတွင် စစ်အောင်နိုင်ရေးအတွက် စစ်သားစုဆောင်းရာတွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့သဖြင့် ပြည်သူ့လူစွမ်းကောင်းတစ်ယောက်ဟု ချီးကျူးခြင်း ခံရသည့်အပြင်၊ အစိုးရ၏ ကျေးဇူးတင်ခြင်းကို ခံခဲ့ရသည်။ ၁၉၁၄ ခုနှစ်-၁၉၁၈ ခု နှစ်အတွင်းလောက်တွင် “ဘွတ်တွမ်လီ”မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီး တစ်ဦးထက်ပင် ထင်ရှားကျော်ဇော နာမည်ကြီးခဲ့သူ တစ်ဦးဖြစ်၏။ ၁၉၁၈ ခုနှစ်လောက်တွင် အစိုးရ စစ်အောင်နိုင်ရေး ငွေချေးလက်မှတ်များ ရောင်းသည့်အခါတွင် “ဘွတ်တွမ်လီ”သည် ဆင်းရဲသား လူထုလည်း ထိုငွေချေးလက်မှတ်၏ အကျိုးထူးကို ခံစားရန်ဆိုကာ စစ်အောင်နိုင်ရေး ငွေစုအသင်းဖွဲ့ကာ အစိုးရထုတ်သည့် ငွေစုလက်မှတ်များ၏ တန်ဘိုး နှစ်ဆယ် ရာခိုင်နှုန်းရှိ အစုဝယ်လက်မှတ်များကို ရောင်းချ၏။ ထိုသို့ ရောင်းချခြင်းဖြင့် အစိုးရတွင် စစ်အောင်နိုင်ရေး ငွေစုလက်မှတ်များကို ကုဋေချီ၍ ရောင်းရတော့၏။ နှစ်အနည်းငယ်အတွင်းတွင် ဆင်းရဲသားများသည် မိမိတို့ ဝယ်ထားသည့် ငွေစုလက်မှတ်ငယ်များကို လွှဲပြောင်းရာတွင်လည်းကောင်း၊၊ အမြတ်အတိုးရရန် တောင်းဆိုသည့် အခါတွင်လည်းကောင်း ရသင့်ရထိုက်သည့် ငွေများကို မရသဖြင့် သက်ဆိုင်ရာ အစိုးရဌာနသို့ တိုင်တန်းကြတော့၏။ ထိုအခါတွင် အစိုးရ၏ ပြည်သူ့ငွေစာရင်းစစ်အရာရှိက ထို“ဘွတ်တွမ်လီ” တည်ထောင်သည့် စစ်အောင်နိုင်ရေး ငွေစုအသင်း၏ စာရင်းအင်းများကို စစ်ဆေးကြည့်ရှုသည့်အခါ “ဘွတ်တွမ်လီ” သည် ငွေနှစ်သိန်းကျော်ခန့်ကို အလွဲသုံး စား ပြုလုပ်ထားကြောင်းကို တွေ့ရှိရတော့၏။ ထိုသို့ အလွဲသုံးစားပြုထားသည်ကို တွေ့ရှိသဖြင့် “ဘွတ်တွမ်လီ”အား တရားစွဲဆို အရေးယူရာတွင် ထောင်ဒဏ် အပြစ်ပေးခြင်း ခံရတော့၏။ 
ကသာငွေ တိုက်မှု 
📖📖📖📖📖
      ပြည်ထောင်စု မြန်မာနိုင်ငံတွင်လည်း ရာထူးအားဖြင့်လည်းကောင်း၊ အသက်အရွယ်အားဖြင့်လည်းကောင်း အခါအခွင့်ကြုံက လောဘစိတ်ကို မထိန်းနိုင်ဘဲ ရာဇဝတ်ပြစ်မှု ကျူးလွန်ကြောင်းကို ကသာငွေကိုက်မှ ငွေများခိုးယူ အလွဲသုံးစားပြုသည့် အမှုမှ သိနိုင်ပေသည်။ သောင်း ကျန်းသူများ ၁၉၄၉ ခု နှစ်ဦးလောက်တွင် ထကြွစဉ်က ကရင်သူပုန် များသည် မန္တလေးမြို့သို့ တိုက်ခိုက်ရန် ချီတက်လာသည့်အခါ ကသာမြို့ရှိ ငွေတိုက်မှ ငွေများကို သူပုန်တို့လက်သို့ မရောက်စေခြင်းငှါ အစိုးရက မြစ်ကြီးနားသို့ မီးရထားဖြင့် ရွှေ့ပြောင်းရန် အစီအစဉ် ပြုစေ၏။ ထိုသို့ အစီအစဉ် ပြုစေရာတွင် လောဘဇော မသတ်နိုင်သည့် အရာရှိအချို့သည် တင်ပို့ရမည့် ငွေသေတ္တာအချို့ကို ဖျောက်ထားပြီး ထိုငွေများကို ခိုးယူ အလွဲသုံးစာ ပြုကြလေသည်။ ဒေါသအလျှောက် စိတ်ကို မချုပ်တည်းနိုင်သည့်အတွက် အမျိုးဂုဏ်၊ အဆင့်အတန်းဂုဏ် စသည်တို့ကိုပင် မငဲ့ကွက်ဘဲ အခါအခွင့်အလျှောက် ရာဇဝတ် ပြစ်မှုများကို ကျူးလွန်ကြသည်မှာလည်း အများအပြားပင် ရှိလေသည်။ ထိုကဲ့သို့ ဖြစ်ပွါးသော ရာဇဝတ်ပြစ်မှုများကို နေ့စဉ်နှင့်အမျှ သတင်းစာများတွင် တွေ့နိုင်ကြပေမည်။ 
ဒေါသမီး
📖📖
      အမျိုးဂုဏ်အားဖြင့် မြင့်၍ ဥစ္စာပစ္စည်းအားဖြင့် ကြွယ်ဝချမ်းသာပြီး ပညာလည်း အတော်အတန် တတ်မြောက်သူ ဖြစ်သော်လည်း ဒေါသကို မချုပ်တည်းနိုင်၍ အခါအခွင့် ကြုံသည့်အလျှောက် ရာဇဝတ် ပြစ်မှုကို ကျူးလွန်ခဲ့သည့် ပြစ်မှုတစ်ခုမှာ ကျိုက္ခမီခရိုင်၊ မုဒုံမြို့အပိုင်က မာဝက်ရွာတွင် ဖြစ်ပွါးခဲ့သည့် သူဋ္ဌေးသားဖုန်းရွှေ၏ လူသတ်မှုဖြစ်သည်။ ဖုန်းရွှေမှာ ဥစ္စာစီးပွါး အလွန်ချမ်းသာသူ၏ သားဖြစ်ပြီး ခေတ်အလိုက် ပညာ အတော်အတန် တတ်မြောက်သူ တစ်ဦးဖြစ်သည်။ ၎င်းနေထိုင် သည့် နယ်တဝိုက်တွင်လည်း လူသူလေးစားခြင်း ခံရသူတစ်ဦးဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီးမဖြစ်မီ အချိန်လောက်တွင် ဖုန်းရွှေသည် တစ်နေ့၌ မိမိအိမ်မှ အပြင်သို့ ကိစ္စတစ်ခုနှင့် သွားရောက်နေ၏။ ထိုအချိန်တွင် တစ်ရွာတည်းနေ လူမိုက်ဖြစ်သူ ရွှေလုပ်သည် မူးယစ်လျက် ဖုန်းရွှေ၏ အိမ်ပေါ်သို့ တက်ရောက်ကာ သူ၏ဖခင်နှင့် ကိုယ်ဝန်ရှိသူ ဇနီးတို့အား ရိုက်နှက်လေသည်။ ဖုံးရွှေသည် အလုပ်ကိစ္စပြီး၍ အိမ်သို့ပြန် ရောက်လာသည့်အခါ အိမ်တွင် ဆူညံသံကြား၍ ပြေးကာ ဝင်ရောက် ကြည့်ရာတွင် မိမိ၏ ဖခင်နှင့် ဇနီးဖြစ်သူတို့အား ရွှေလုပ်က ရိုက်နှက် နေသည်ကို တွေ့ရှိသဖြင့် ဒေါသကို မချုပ်တည်းနိုင်ဘဲ မိမိလက်တွင် ပါလာသည့်တုတ်ဖြင့် ရိုက်လိုက်၏။ ထိုသို့ရိုက်လိုက်ရာတွင် ရွှေလုပ်မှာ နေရာတွင် ပုံ၍လဲကျသွား၏။ ရွှေဖူးနှင့် အတူပါလာသူ မိတ်ဆွေနှစ်ဦးလည်း အသက်ကြီးသူ ဖုံးရွှေ၏ ဖခင်နှင့် ကိုယ်ဝန်ရှိသူ ဖုန်းရွှေ၏ဇနီးတို့အား ရွှေလုပ် စော်ကားနေသည်ကို တွေ့၍ ဒေါသကို မချုပ်တည်းဘဲ ဝင်ရောက်၍ ဖုန်းရွှေနှင့်အတူ ရိုက်နှက်ကြ၏။ ရွှေလုပ်မှာ ဖုန်းရွှေနှင့် ၎င်းမိတ်ဆွေနှစ်ဦးတို့ ရိုက်နှက်သည့် ဒဏ်ရာဖြင့် သေဆုံးသွား၏။ ထိုလူသတ်မှုကို တရားစွဲတင်ရာ ဖုန်းရွှေနှင့် အပေါင်းပါ နှစ်ဦးတို့မှာ ထောင်ဒဏ် အပြစ်ပေးခြင်း ခံကြရလေသည်။
       ပြည်သူလူထု၏ကိုယ်စား အားထားမှုကိုခံရသည့် ပြည်သူ့လွှတ် အမတ်ပင် ဖြစ်လင့်ကစား အခွင့်အခါ ကြုံလာလျှင် ဒေါသကို မချုပ်တည်းနိုင်ဘဲ ရာဇဝတ်မှုကို ကျူးလွန်တတ်လေသည်။ ဒုတိယ ကမ္ဘာစစ်ကြီးမဖြစ်မီက မြန်မာပြည် မြောက်ပိုင်း မင်းတိုင်ပင် အမတ်တစ်ဦးသည် ညဥ့်စာထမင်းကို ဆိုင်တစ်ဆိုင်တွင် စားသောက်နေစဉ် ဆိုင်တွင်းရှိ အခြားလူတစ်ဦးနှင့် အချင်းများကြ၏။ ထိုသို့ အချင်းများသည်တွင် အမတ်မင်းသည် ဒေါသကို မချုပ်တည်းနိုင်သဖြင့် မိမိတွင် ပါလာသည့် သေနတ်ဖြင့် မိမိနှင့် အချင်းများသူအား ပစ်ခတ်ရာ ဒဏ်ရာကြီးစွာ ရလေသည်။ ထိုအမှုကို ရုံးတင် တရားစွဲရာတွင် ထိုမင်းတိုင်ပင်အမတ်မှာ ထောင်ဒဏ် အပြစ်ပေးခြင်း ခံရလေသည်။ 
ရဟန်းသော်မှ ဒေါသမီးကြွလျှင် 
📖📖📖📖📖📖📖📖
      နှစ်ရာ့နှစ်ဆယ် ခုနစ်သွယ်သော သိက္ခာပုဒ်ကို စောင့်ထိန်းကြရသည့် သံဃာတော်များပင် ဖြစ်လင့်ကစား ဒေါသအလျှောက် အခွင့်အခါကြုံက ရာဇဝတ်ပြစ်မှုကို ကျူးလွန်တတ်ကြလေသည်။ ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီက မော်လမြိုင်မြို့အနီးတွင် လူသူများ ကြည်ညို ကိုးကွယ်ခြင်းခံရသော ဦးသုတ ဆိုသည့် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ရှိ၏။ သို့သော် ၎င်းဘုန်းကြီး၏ ကျောင်းဝင်အတွင်းရှိ ဇရပ်တွင် နေထိုင်သည့် သီလရှင် မယ်ခေမာ ဆိုသူနှင့် ထိုကျောင်းထိုင်ဘုန်းကြီးတို့ နေထိုင်ပုံကို ရပ်ရွာရှိ လူတို့က မနှစ်သက်၍ ဘုန်းကြီးတစ်ပါးကို ပင့်ခေါ်ပြီး ကျောင်းတစ်ကျောင်း ဆောက်ပေးကာ ဘုန်းကြီး ဦးသုတ၏ ကျောင်းအနီးတွင် ကျောင်းထိုင်စေ၏။ သာမန်လူတို့ ဖြစ်ပျက်လေ့ရှိသည့်အတိုင်း ထိုဘုန်းကြီးနှစ်ပါးမှာ တစ်ပါးနှင့်တစ်ပါး မသင့်မတင့် ရှိကြ၏။ တစ်နေ့သောအခါဝယ် ဘုန်းကြီး ဦးသုတက ဦးဇာဂရ ကျောင်းနှင့် ဆက်စပ်လျက်ရှိသော မိမိ၏ ကျောင်းဝင်းခြံကို မိမိကျောင်းရှိ ကျောင်းသားသူငယ်များအား ပြုပြင်စေရာ ထိုကျောင်းသားသူငယ်များသည် ဦးဇာဂရ ကျောင်းမြေပေါ်သို့ ဝင်ရောက်ကြ၏။ ထိုအခါ ဘုန်းကြီး ဦးဇာဂရက ကျောင်းသူ၊ ကျောင်းသားများအား ကြိမ်းမောင်း၍ မောင်းနှင်ထုတ်၏။ ကျောင်းသားသူငယ်များသည် မိမိတို့၏ ဆရာဘုန်းကြီးအား သွားရောက် တိုင်ပြောရာ ဆရာဘုန်းကြီးလုပ်သူ ဦးသုတမှာ ဒေါသအလျှောက် ဦးဇာဂရ ကျောင်းသို့ သွားရောက်ပြီး ဦးဇာဂရကိုယ်တော်အား ထိုးကြိတ်တော့၏။  ဦးဇာဂရမှာ မိမိ၏အနီးရှိ ဓါးဖြင့်ယူ၍ ဦးသုတအား ခုတ်ရာ ဦးသုတမှာ ဒဏ်ရာကြီးစွာ ရရှိသွား၏။ ဓါးခုတ်မှုဖြင့် ဦးဇာဂရအား တရားစွဲဆိုရာ ထောင်ဒဏ် အပြစ်ပေးခြင်း ခံရလေသည်။ ထို့ကြောင့် ရာဇဝတ်ပြစ်မှုများကို အခါအခွင့် ကြုံခဲ့လျှင် လူတို့သည် အမျိုးမရွေး၊ အဆင့်တန်းမရွေး၊ အရွယ်မရွေး လောဘ၊ ဒေါသနှင့် မောဟစိတ်အလျှောက် ကျူးလွန်ကြသည်မှာ ထင်ရှားလှတော့၏။      ။
ဦးဝိဇ္ဇာ
Thursday, January 3, 2019
ရာဇဝတ်ပြစ်မှုဆိုင်ရာပညာ (CRIMINALOGY) အခန်း - ၂
ရာဇဝတ်ပြစ်မှုဆိုင်ရာပညာ    (CRIMINALOGY)
📚📚📚📚📚📚📚📚📚📚📚📚📚
အခန်း - ၂
⛑⛑⛑
စိတ်ရောဂါမကင်းသူများနှင့် ရာဇဝတ်ပြစ်မှုများဆက်စပ်ပုံ
📚📚📚📚📚📚📚📚📚📚📚📚📚📚
ရာဇဝတ်ပြစ်မှု ကျူးလွန်သူကို လေ့လာနည်း ၂ - ရပ်
📖📖📖📖📖📖📖📖📖📖📖📖📖
      ရာဇဝတ်ပြစ်မှုဆိုင်ရာပညာမှာ ရာဇဝတ်ပြစ်မှု ဖြစ်ပွါးခြင်း အကြောင်းဖြင့် ရာဇဝတ်ပြစ်မှု ကျူးလွန်သူကို အကြောင်းကို စုံစမ်းလေ့လာသည့် ပညာရပ်ဖြစ်သည်။ ထိုပညာရပ်ကို အနောက်နိုင်ငံများတွင် ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့၏ သဘာဝ အထုပ္ပတ္တိပညာနှင့် ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့၏ ဆက်ဆံ ပေါင်းသင်းမှုပညာဟု နှစ်ရပ် ထပ်မံခွဲပြီး လေ့လာလေသည်။ ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့၏ သဘာဝ အထုပ္ပတ္တိ ပညာတွင် ရာဇဝတ်ပြစ်မှု ကျူးလွန်သူ၏ မျိုးရိုးဗီဇ၊ ကိုယ်လက်အင်္ဂါ အနေအထားနှင့် စိတ်ဓါတ်အခြေအနေ စသည့် ကိုယ်လက်အင်္ဂါနှင့် စိတ်တို့ကို ပိုင်းခြား၍ လေ့လာသည်။ ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့၏ ဆက်ဆံ ပေါင်းသင်းမှုပညာတွင် ရာဇဝတ်ပြစ်မှု ကျူးလွန်သူသည် ငယ်စဉ်မှ မည်သို့ပေါင်းသင်း ဆက်ဆံမှုကြောင့် ရာဇဝတ်ပြစ်မှု ကျူးလွန်သည့် အခြေရောက်ရသည်ကို စုံစမ်းလေ့လာသည်။
အကြောင်းအမျိုးမျိုး 
📖📖📖📖📖
     မကောင်းမှုများကို ကျူးလွန်ကြသူများသည် လောဘ-ဒေါသ-မောဟစိတ်များကြောင့် ကျူးလွန်ကြခြင်းဖြစ်သည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်သော်ငြားလည်း၊ ထိုသို့ ရာဇဝတ်ပြစ်မှု ကျူးလွန်သူများတွင် စိတ်ရောဂါ မကင်းသူများ၊ ရာဂစိတ်ထူးကဲ ဖေါက်ပြန်သူများနှင့် အပေါင်းဖျက်သဖြင့် ပျက်စီးကြသူများက ဦးရေပိုမို များပြားသည်ကို တွေရမည် ဖြစ်သည်။ စိတ်ရောဂါရှိသူ၊ စိတ်ရောဂါမကင်းသူများသည် မိမိတို့၏ ချစ်ခင်သော ဆွေမျိုးများကို ၎င်း စိတ်,နောက် ပေါက်လာသည့်အခါ ရက်စက်စွာ သတ်ဖြတ်ကြသည်ကို မကြာခဏ သတင်းစာများထဲ၌ ဖတ်ရှုကြရပေသည်။ အချို့သောသူများမှာ သာမန်အားဖြင့် စိတ်ရောဂါ မရှိ၊ ပကတိ လူကောင်းများပမာ လူအများက ထင်မြင်ကြရ၏။ သို့သော် ရာဇဝတ်ပြစ်မှု ကျူးလွန်ပြီး၊ ၎င်းကို စမ်းသပ်ကြည့်သည့်အခါမှသာ စိတ်ရောဂါမကင်း၊ အတွင်းစိတ် ချွတ်ယွင်းနေရှာသည့်အတွက် ပြစ်မှုကို ကျူးလွန်ကြောင်း သိရှိရလေသည်။ ၁၉၄၉ ခုနှစ်လောက်က အင်္ဂလန်ပြည်တွင် မစ္စဒူရန်ကင် ဆိုသူနှင့် အခြားလူ ရှစ်ဦးတို့အား ရက်စက်စွာ သတ်သည့် ဂျွန်ဂျော့ဟိတ် ဆိုသူမှာ အပေါ်ယံအမြင်အားဖြင့် ၎င်းအား စိတ်ရောဂါရှိသူတစ်ဦးဟု ယူဆနိုင်စရာ အကြောင်းမရှိချေ။ လူသတ်မှုများကို ကျူးလွန်ပြီးသည့်နောက် ၎င်း၏ဇစ်မြစ်ကို စုံစမ်းသည့်အခါတွင်မှသာ ငယ်စဉ်က မကြာခဏ စိတ်နောက်ရောဂါ စွဲကပ်ခဲ့ဖူးသည့် အကြောင်းရင်းကြောင့် ရာဇဝတ်ပြစ်မှုကို ကျူးလွန်မိကြောင်း တွေ့ရှိရချေသည်။
ထူးကဲသော ရာဂစိတ်ဖောက်ပြန်မှု
📖📖📖📖📖📖📖📖
      ရာစိတ်လွန်ကဲ ဖောက်ပြန်သူများလည်း ရာဇဝတ်ပြစ်မှုများကို သာမန်လူများထက် ပိုမိုကျူးလွန်တတ်သည်။ ရာဂစိတ်ထူးကဲ ဖောက်ပြန်သူများသည် မိမိတို့၏ ပတ်ဝန်းကျင်အခြေ မည်သို့ပင် ရှိစေကာမူ ရာဂစိတ် ဖောက်ပြန်မှုကြောင့် မရှက်မကြောက် လူများ ရွံရှာမုန်းတီး သည့် ရာဇဝတ်ပြစ်မှုများကိုပင် ကျူးလွန်နိုင်ကြသည်။ အင်္ဂလန်ပြည်၌ ၁၉ ရာစုနှစ် အဆုံးလောက်တွင် နာမည်ကျော် စာရေးဆရာကြီး အေနာ့(စ) ကာပိုင်းမှာ ကွင်း(စ)ဘဲရီးမြို့စား၏သား လော့(ဒ်)အယ်ဖရက် ဒေါက်ကလပ်နှင့် ရာဇဝတ်ပြစ်မှုမကင်းသည့် ရာဂဖောက်ပြန်မှုကို ကျူးလွန်ခြင်းကြောင့် ကမ္ဘာကျော် တရားစီရင်မှုကြီးတစ်ခု ဖြစ်ပေါ်စေခဲ့ဖူးလေသည်။ ယခု လောလောဆယ်တွင်ပင် အင်္ဂလန်ပြည်တွင် ဘိုလျူးမြို့စား လော့(ဒ်)မွန်တေဂူသည် ယောက်ျားကလေးများနှင့် အကျင့်ဖောက်ပြားသည် ဆိုသည့်အတွက် ရုံးတင်တရားစွဲဆိုခြင်းခံရဆဲဖြစ်သည်။ အမေရိကန်ပြည်၊ နယူးယောက်မြို့တွင်လည်း လွန်ခဲ့သည့် သြဂုတ်လလောက်တွင် ဟာလိုဖရေဒင် ဆိုသူ မိန်းမစိတ်ပေါက်လျက်ရှိသော ယောက်ျားငယ်မှာ မိမိချစ်သူ ဒင်နစ်ဝက်(ပ်)မင်း ဆိုသူ ယောက်ျားငယ်နှင့် မိဘများ၏ လက်ရှိပစ္စည်းများသာမက ၎င်းတို့ သေဆုံးသည့်အခါမှ ရနိုင်မည့် အသက်အာမခံငွေများဖြင့် လွတ်လပ်ပျော်ရွှင်စွာ နေနိုင်ရန် မိခင်နှင့် ဖခင်တို့အား တစ်ရက်တွင် အဆိတ်ခတ် သတ်ခဲ့ဖူးလေသည်။
အပေါင်းဖျက်ဆီးမှု
📖📖📖📖📖
      ပေါင်းသင်းဆက်ဆံမှုကြောင့် ပျက်စီးကာ ရာဇဝတ်ပြစ်မှု ကျူးလွန်ကြသည်။ ရန်ကုန်မြို့ရှိ တရားရုံးများတွင် မကြာခဏ အမျိုးကောင်း သူငယ်များသည် လုယက်မှု ဓားပြတိုက်မှုများတွင် တရားခံအဖြစ် ပါဝင်လျက်ရှိကြသည်ကို တွေ့ရှိရသည်။ ဤသို့ပျက်စီးကြရသည့် အကြောင်းရင်းများမှာ လောင်းကစားခြင်း၊ အရက်သောက်စားခြင်း၊ မိန်းမများနှင့် ပျော်ပါးခြင်းတို့ကို အလွန်အကျူး လိုက်စားခြင်းတို့ကြောင့် ဖြစ်သည်။ ဤသို အပေါင်းအသင်းဖျက်၍ ပျက်စီးရသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့မှာ အနောက်နိုင်ငံများ၌လည်း အမြောက်အမြား ရှိကြသည်။ အင်္ဂလန်ပြည်၌ အပေါင်းဖျက်၍ ပျက်စီးပြီး မကောင်းမှု ရာဇဝတ်အပြစ်ကို ကျူးလွန်သည့် အထင်ကရအမှုမှာ ၁၉၃၂ ခုနှစ်လောက်တွင် ဖြစ်ပွါးခဲ့သည့် မစ္စတာ စကော့စတီဖင်အား သတ်မှုပင်ဖြစ်သည်။ မစ္စက် ဘာနီ ဆိုသူမှာ မိကောင်းဖကောင်းမှ မွေးဖွားလာသူ တစ်ယောက်ဖြစ်သော်လည်း ငယ်စဉ်က အိမ်ထောင်ပျက်ပြီး မကောင်းသူများနှင့် ပေါင်းသင်း ဆက်ဆံမိ၍ သောက်စားမူးယစ်၊ အပျော်အပါး လိုက်စားကာ မစ္စတာ စကော့စတီဖင် ဆိုသူ သူငယ်တစ်ယောက်နှင့် တရားမဝင်သည့် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့၏။ ထိုစတီဖင်မှာ အလုပ်အကိုင် မလုပ်ကိုင်ဘဲ မစ္စက်ဘာနီ၏ ဥစ္စာပစ္စည်းများကို သုံးစွဲစားသောက်နေရုံသာမက မကြာခဏ နိုင်လိုမင်းထက် ပြုကျင့်ပြီး ထွက်ခွါသွားမည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်သည်တွင် မစ္စက်ဘာနီမှာ စတီဖင်အား တစ်နေ့သောအခါ ထိုသို့ခြိမ်းခြောက်သည်တွင် မခံမရပ်နိုင်၍ သေနတ်ဖြင့် ပစ်သတ်မိတော့၏။ အခန်း-၁ တွင် ဖော်ပြခဲ့ပြီးသော အမေရိကန်ပြည် ကန်ဆတ်(စ်)မြို့တွင် ဖြစ်ပွားသည့် လူပြန်ပေးမှုတွင် ပါဝင်သည့် မစ္စတာဟောနှင့် မစ္စက်ဟေဒီ တို့မှာလည်း နဂိုကောင်းသော်လည်း အပေါင်းအသင်းဖျက်၍ ပျက်စီးခဲ့ရသောသူများ ဖြစ်လေသည်။ 
ရာဇဝတ်ပြစ်မှုကာကွယ်နည်းများ
📖📖📖📖📖📖📖📖
      စိတ်ရောဂါမကင်းသောကြောင့်လည်းကောင်း၊ ရာဂစိတ်လွန်ကဲ ဖောက်ပြန်ခြင်းကြောင့်လည်းကောင်း ရာဇဝတ်ပြစ်မှုကျူးလွန်ခြင်းကို လွယ်ကူစွာ ကြိုတင်သိရှိနိုင်ရန် ခက်ခဲသည့်အလျှောက်၊ မကာကွယ်နိုင်ကြသော်လည်း၊ အပေါင်းအသင်းကြောင့် ပျက်စီးကာ ရာဇဝတ်မှု ကျူးလွန်ခြင်းကို ကာကွယ်နိုင်၏။ ထို့ကြောင့် အနောက်နိုင်ငံများတွင် ပေါင်းသင်းဆက်ဆံရေး မြှင့်တင်သည့် ကစားခုံစားအသင်းများ၊ အနုပညာအသင်းများ၊ ပြဇာတ်အသင်း၊ ပေါင်းသင်းဆက်ဆံမှုအသင်းများ စသည့် အဖွဲ့အစည်းများကို ဖွဲ့စည်းတည်ထောင်ကာ အမျိုးမျိုးသောနည်းတို့ဖြင့် ပေါင်းသင်းဆက်ဆံရေးကို မြှင့်တင်ခြင်းဖြင့် ရာဇဝတ်မှုတားဆီးရေးကို ဆောင်ရွက်လျက်ရှိကြ၏။ ရန်ကုန်မြို့တွင်လည်း ယခုအခါ လူငယ်ဂေဟာ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးဌာန၊ အမျိုးသမီး စောင့်ရှောက်ရေးဌာန စသည်ဖြင့် ပေါင်းသင်းဆက်ဆံရေးကို မြှင့်သည့်လုပ်ငန်းရပ်များကို ဆောင်ရွက်လျက်ရှိကြသော်လည်း တစ်နိုင်ငံလုံးတွင် ပေါ်ပေါက်လျက်ရှိသည့် ရာဇဝတ်မှုဦးရေနှင့် နှိုင်းစာက နည်းလှ- မညီမျှလှသေးပေ။ ထိုသို့သော အလားတူအဖွဲ့အစည်းမျိုးများကို ပြည်ထောင်စု နိုင်ငံတွင်းရှိ တောလက်ကျေးရွာမကျန် ဖွဲ့စည်းကြခြင်းဖြင့် ပေါင်းသင်းဆက်ဆံကို တိုးတက်စေ၍ ရာဇဝတ်မှုပပျောက်ရေးကို ယခုထက် ထိရောက်စွာ ရွက်ဆောင်နိုင်ပေမည်။     ။
⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑
ဦးဝိဇ္ဇာ
ရာဇဝတ်ပြစ်မှုဆိုင်ရာပညာ (CRIMINALOGY) အခန်း - ၁
ရာဇဝတ်ပြစ်မှုဆိုင်ရာပညာ    (CRIMINALOGY)
📚📚📚📚📚📚📚📚📚📚📚📚📚
အခန်း - ၁ 
ရာဇဝတ်ပြစ်မှုကျူးလွန်သူတို့၏ စိတ်ဓါတ်
📖📖📖📖📖📖📖📖📖📖
 ရာဇဝတ်ပြစ်မှု ကျူးလွန် သူတို့၌ စိတ် ဓါတ် အမျိုးမျိုးရှိကြလေသည်။ အချို့မှာ မိမိကိုယ်ကိုမိမိ အထင်ကြီးသော စိတ်ဓါတ်၊ အချို့မှာ ကြွားဝါတတ်သော စိတ်ဓါတ်၊ အချို့မှာ စိတ်ငယ်သော စိတ်ဓါတ် စသဖြင့် ရှိကြလေသည်။ သို့ သော် မည်သည့် ရာဇဝတ်မှု ကျူးလွန်သူမဆို ၎င်းတို့ထက် အင်အားငယ်သည့် လူများကို အနိုင်အထက် ပြုလုပ်တတ်သည့် စိတ်ဓါတ်၊ ပြုလုပ်ချင်သည့် စိတ်ဓါတ် ရှိကြစမြဲဖြစ်သည်။ထိုသို့သော စိတ်ဓါတ်ရှိသောကြောင့် လက်နက်စွဲကိုင်သည့် ဓါးပြများသည် လက်နက်မဲ့ ရွာသိမ် ရွာငယ်များသို့ ဝင်ရောက်ပြီး ရွာသားများကို အနိုင်အထက် ပြုကျင့်ကာ ပစ္စည်းလု၊ လူနှိပ်စက် လုပ်ကြ၏။ ရပ်ရွာထဲတွင် သောက်စားမူးရစ်ပြီး မိမိ ကိုယ်ကို မိမိလူမိုက်ဟု အထင်ကြီးသည့် လူသည် မိမိနိုင်သူကို နှိပ်စက်ကလူ ပြုလေ့ ပြုထ ရှိပြီး မိမိကြောက်ရမည့် လူမျိုးကိုမူကား အသေအလဲ ကြောက်တတ်ကြ၏။ ထိုသို့သော အနိုင်အထက် ပြုကျင့်သော စိတ်ဓါတ်ရှိသူတို့သည် မိမိတို့ထက် အင်အားကြီးမားသည့်လူများ၊ အဖွဲ့အစည်းများ၊ သိုမဟုတ် မိမိတို့ ကြောက်ကြရ မည့် လူများ၊ အဖွဲ့အစည်းများကိုမူ အကြောင်းမရှိ၊ ကြောက်တတ်သည့် စိတ်ဓါတ်ရှိကြ၏။ ထို့အတွက်ကြောင့် ရာဇဝတ်ပြစ်မှု ကျူးလွန်သူတိုင်းပင်လျှင် ပြစ်မှုနှိမ်နင်းသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ကြောက်ရွံ့ ကြစမြဲဖြစ်၏။
စိတ်ဓါတ်လေ့လာ၍   နှိပ်ကွပ်နည်းရှာ
📖📖📖📖📖📖📖📖📖
 အနောက်နိုင်ငံများတွင် ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့၏ စိတ်ဓါတ်များကိုသိရန် ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့၏ စိတ်ဓါတ်ပညာ ( Criminal Psychology ) နှင့် ရာဇဝတ်ပြစ်မှုကျူးလွန်ခြင်း အကြောင်းရင်းများကို သိသာရန် ရာဇဝတ်ပြစ်မှုပညာရပ် (Criminology ) တို့ကို ပညာရပ်များအဖြစ်ဖြင့် လေ့လာကြပြီး ပြစ်မှုကျူးလွန်သူကို နည်းပါးအောင် နည်းအမျိုးမျိုးတို့ကို တည်ထွင်ကာ ရာဇဝတ်ပြစ်မှုကို နှိမ်နင်းကြတော့၏။ အရေးကြီးသော ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့အကြောင်းကို နည်းအမျိုးမျိုးတို့ဖြင့် လေ့လာ စုံစမ်းကြရာတွင် တိုင်းပြည်တပြည်၏ ဓလေ့ထုံးစံ၊ လူမျိုးအနေနှင့် ထားတတ်သည့် စိတ်ဓါတ် စသည်တို့ကိုပါ ထည့်သွင်း၍ စဉ်းစားကြလေသည်။ 
ပြင်သစ်နည်း
📖📖📖
ဥပမာ ပြင်သစ်ပြည်တွင် ဥပဒေအရ ရာဇဝတ်ပြစ်မှုကျူးလွန်သူသည် မိမိပြစ်မှု မကျူးလွန်ကြောင်း ချေပရမည့် တာဝန်မှာ ၎င်းအပေါ်တွင် သက်ရောက်သဖြင့် ရာဇဝတ်ပြစ်မှု တခုဖြစ်ပေါ်လာလျှင် ၎င်းအား ထိုအမှုအတွက် မသင်္ကာခြင်းခံရမည်ကို များစွာကြောက်ရွံ့ကြ၏။ ထို့အတွက် ရာဇဝတ်ပြစ်မှု မကင်းသည့်သူသည် ပြစ်မှုတခု ကျူးလွန်ပြီးခဲ့လျှင် အနေအထိုင် အမှားမှား အချော်ချော် ဖြစ်ရ၏။ ဤသို့အနေအထိုင်၊ အသွားအလာ မှားမှုကို ရာဇဝတ်ပြစ်မှု နှိမ်နင်းရေးအဖွဲ့က စုံစမ်းပြီး ၎င်းလူကို ဖမ်းဆီးကာ သေချာစွာ စစ်ဆေးမေးမြန်းခြင်းဖြင့် များသောအမှုများ၌ တရားခံများသည် အမှန်ကို ထုတ်ဖေါ်ကာ မိမိတို့ ပြစ်မှုကျူးလွန်ကြောင်းကို ဝန်ခံကြတော့၏။ ဤအမှုစုံစမ်းသည့် စနစ်ကို ပြင်သစ်ပြည်တွင် ထမြောက်အောင်မြင်စွာ အသုံးပြုသည်ကို ရာဇဝတ်မှုပြစ်မှု လေ့လာသူတိုင်း ၁၉၅၃ ခုနှစ်က အင်္ဂလိပ်လူမျိုး စားနပ်ရိက္ခာ ပါရဂူကြီးဖြစ်သော ဆာဂျက် ဒရမ်းမွန်း (Sir Jack Drummond)နှင့် ၎င်း၏ ဇနီးသမီးများကို ပြင်သစ်ပြည် တောင်ပိုင်းတွင် ဂျီ ဒိုမီနီစီ (G.Dominici.) ဆိုသူက သတ်သည့် လူသတ်မှု စုံစမ်းပေါ်ပေါက်လာပုံတွင် အကဲခပ် နိုင်၏။ ထိုလူသတ်မှုတွင် ပြင်သစ်ပြစ်မှု နှိမ်နင်းရေးအဖွဲ့မှ လူသတ်မှု စစ်ဆေးရာတွင် ပြင်သစ်ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့၏ စိတ်ဓါတ်နှင့် ပြင်သစ်ရာဇဝတ် ပြစ်မှုနှိမ်နင်းသည့်အဖွဲ့တို့ အသုံးပြုသည့် စည်းစနစ် တို့ကို ကောင်းစွာသိနိုင်လေသည်။ 
အင်္ဂလိပ်နည်း
📖📖📖📖
 အင်္ဂလန်ပြည်တွင်မူ အင်္ဂလိပ်လူမျိုးများသည် လူမျိုးအနေနှင့် မိမိတို့၏ အတွင်းရေး အကြောင်းများကို အခြားလူများ သိမှာ များစွာ ကြောက်တတ်ကြ၏။ ၎င်းပြင် အင်္ဂလိပ်လူထုမှာ ပြစ်မှုကြီးများ ဖြစ်ပွားခဲ့လျှင် ရာဇဝတ်နှိမ်နင်းရေးအဖွဲ့ကို တတ်နိုင်သောဘက်မှ အကူအညီ ပေးလိုသော အလေ့ရှိ၏။ ထို့အတွက် ဤလူမျိုးတို့၏ ဓလေ့နှင့် စိတ်ဓါတ်ကို ကောင်းစွာ လေ့လာသိရှိသော အင်္ဂလိပ် ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့တို့မှာ ပြစ်မှုတခု ဖြစ်ပွားခဲ့လျှင် ထိုပြစ်မှု ဖြစ်ပွားကြောင်းကို ဥက္ကောဒေယျ ဖြစ်အောင် နည်းအမျိုးမျိုးတို့ဖြင့် ကြေညာ၏။ ထိုသို့ပြစ်မှုကျူးလွန်ခဲ့သည့်သူမှာ နေမတတ်၊ ထိုင်မတတ် ဖြစ်ပြီး ဟိုပုန်းဒီလျှိုး လုပ်ရတော့၏။ ထိုသို့ပြုလုပ်သည့်သူကို အင်္ဂလိပ်လူထုက စောင့်ကြည့်ကာ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ကို သတင်းပေးတော့၏။ ထိုနည်းဖြင့် မသင်္ကာသူအား ဖမ်းဆီးရမိတော့၏။ ထိုသို့ရမိသည့်အခါ သေချာစွာ မေးမြန်းခြင်း ပြုလုပ်ကာ ထိုပြစ်မှုကျူးလွန်သူမှာ အချိန်အနည်းအတွင်း ဟုတ်တိုင်းမှန်ရာကို ဖြောင့်ဆို၍ ပြောတော့၏။ ဤပြစ်မှုပေါ်ပေါက်အောင် စုံစမ်းသည့် နည်းကို အချက်ကျစွာ အသုံးပြုခြင်းကို မကြာမီက နှစ်ရှည်လများ မိမိနှင့် မတရား ပေါင်းသင်းဆက်ဆံသော မိန်းမများအား လျှို့ဝှက်စွာ သတ်ဖြတ်ပြီး အိမ်အတွင်း၌ အလောင်းများ မြှုပ်နှံခဲ့သူ ဂျွန် ခရစ်(စ်)တီ ( John Christie )၏ လူသတ်မှုကို စုံစမ်းခြင်းတွင် တွေ့ရှိရ၏။ 
အမေရိကနည်း 
📖📖📖📖
အမေရိကန် ပြည်ထောင်စုသည် စက်မှုပညာ၊ ဓါတ်သတ္ထုပညာ၊ လျှပ်စစ်ပညာ စသည်တို့တွင် များစွာ ထွန်းကားတိုးတက်သောပြည်ဖြစ်၍ မည်သည့်လုပ်ငန်းတွင်မဆို ဓါတ်သတ္တုစက်တို့ အသုံးပြုခြင်းဖြင့် လိုရာကို ဖြစ်မြောက်အောင် ကြံဆောင်နိုင်သည့် အရည်အချင်းရှိသည့် တိုင်းပြည်တပြည် ဖြစ်သည့်အတိုင်း ထိုတိုင်းပြည်ရှိ လူထုမှာလည်း ထိုစက်,ဓါတ်,လျှပ်စစ် စသည်တို့ဖြင့် မည်သည့်ကိစ္စမျိုးတွင်မဆို အောင်မြင်စွာ အသုံးပြုနိုင်သည်ဟု ယုံကြည်ကြလေသည်။ ထိုသို့သော ယုံကြည်မှုမှာ ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့၌လည်း ရှိကြ၏။ ထို့အတွက် ထိုနိုင်ငံတွင် ပြစ်မှုတစ်မှု ဖြစ်ပွားကြောင်း သိလျှင် အနီးအနားရှိ ပြည်နယ်အသီးသီး တို့ရှိ တယ်လီပရင်းတာ (Teleprinter) ခေါ် လျှပ်စစ်ဓါတ်ဖြင့် ပြစ် မှု ဖြစ်ပွားကြောင်း အကြောင်းကြားသည့်စနစ်၊ ကြိုးမဲ့ ကြေးနန်း (Radio) ဖြင့်အကြောင်းကြားသည့်စနစ် စသည်တို့ကို အသုံးပြုကာ ပြစ်မှုကျူးလွန်သူတို့၏ ပုံသဏ္ဍာန်၊ ၎င်းတို့အသုံးပြုသည့် ယာဉ်၊ ၎င်းတို့ ကိုင်ဆောင်သည့် လက်နက် စသည်တို့ကို တမုဟုတ်ခြင်း ကြိုတင် အကြောင်းကြားခြင်းဖြင့် မသင်္ကာသူတို့အား ရာဇဝတ်နှိမ်နင်းရေး အဖွဲ့များမှ စောင့်၍ ကြည့်တော့၏။ ထိုသိုစောင့်၍ တွေ့ရှိသော မသင်္ကာသူတို့ကို ဖမ်းဆီးပြီးလျှင် စစ်ဆေးမေးမြန်းခြင်း ပြုသည့်အခါ၌လည်း အခြားနိုင်ငံများ၌ စစ်ဆေး မေးမြန်းခြင်း ပြုသကဲ့သို့ မဟုတ်။ မုသားပြောသည်ကို သိနိုင်သည့် ဓါတ်စက်(Lie Detector)ကို အသုံးပြုကာ စစ်ဆေး မေးမြန်းခြင်းပြု၏။ ဤသို့ ခေတ်မီစက်ကိရိယာ အမျိုးမျိုးတို့ကို အသုံးပြုကာ စုံစမ်းမေးမြန်းခြင်းခံရသော ရာဇဝတ် ပြစ်မှုမကင်းသူမှာ နဂိုစိတ်ဓါတ်က အမေရိကန် ပြည်ထောင်စု၏ စက်မှုလက်မှု လျှပ်စစ်ပညာကို တိုးတက်နေကြောင်း သိရှိသဖြင့် ထိုဓါတ်စက်ကို အသုံးပြုကာ စစ်ဆေး မေးမြန်းခြင်းပြုသည့်အခါ ကြောက်ရွံ့ပြီး များသောအားဖြင့် ဟုတ်တိုင်းမှန်ရာတို့ကို ထုတ်ဖော် ပြောဆိုကြလေသည်။ ဤသို့သော နည်းစနစ်ကို ထမြောက်စွာ အမေရိကန် ရာဇဝတ်နှိမ်နင်းရေးအဖွဲ့က အသုံးပြုခဲ့ကြောင်းကို မကြာမီက ကန်ဆား(စ်) (Kansas) မြို့ရှိ မော်တော်ယာဉ် ကုမ္ပဏီကြီးတစ်ခု၏ ပိုင်ရှင် ဂရင်းလိ(စ်) (Greenlease) ဆိုသူ၏ သားငယ်ကို ကျောင်းမှ ဖြားယောင်း သွေးဆောင် ခေါ်ယူကာ ပြန်ပေးလုပ်၍ ဒေါ်လာ ခြောက်သိန်းခန့် တောင်းယူ၍ ကလေးကိုပါ သတ်သည့် ဟောလ် (Hall) နှင့် မစ္စစ်ဟီးဒီး (Mrs, Heady.) ဆိုသူတို၏အမှု စုံစမ်းစစ်ဆေးခြင်းကို ကြည့်ရှုလေ့လာခြင်းဖြင့် သိနိုင်လေသည်။      ။ 
ဦးဝိဇ္ဇာ
Friday, October 19, 2018
စွပ်စွဲခံရသူက ရှေ့နေဖြင့်ခုခံပိုင်ခွင့်
                                   ပြေလွင်မြင့်
(၁၀-၁၁-၂၀၁၆ )7 Day Daily သတင်းစာ၊စာမျက်နှာ-၇တွင်ဖော်ပြချက်အရ ကျွန်တော်ရရှိသော သတင်းအချက်အလက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
 ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် လူတစ်ဦးတစ်ယောက်ကိုအရေးယူရန် တိုင်တန်းချက်အရ ရဲတပ်ဖွဲ့က ထိုသူ ကိုဖမ်းဆီးခဲ့သည်။ထို့နောက် ချုပ်မိန့်(remand)တောင်းခံရန် မြို့နယ်တရားရုံးသို့ရုံးထုတ်ရာ စွပ်စွဲခံရသူအတွက် ရှေ့နေပါဝါ (ကိုယ်စားလှယ်စာ)တင်သွင်းခဲ့သည်။ယင်းကို ရီမန်ကာလအတွင်းရှေ့နေပါဝါလျှောက်ထားခွင့်မရှိ ဟူသော အကြောင်းပြချက် ဖြင့် တရားသူကြီးကပယ်ချခဲ့ကြောင်းသိရသည်-ဆိုသော အချက်ပဲဖြစ်သည်။
ယခု၊ ကျွန်တော်ဆွေးနွေးလိုသည်မှာ စွပ်စွဲခံရသူတစ်ဦးတစ်ယောက်ကို ရဲကဖမ်းဆီးပြီးနောက် ချုပ်မိန့် တောင်းခံရန် တရာရုံးရှေ့သို့တင်ပို့သည့်အချိန်တွင် ရှေ့နေဖြင့်ခုခံရန်ဆောင်ရွက်သည်ကို တရားရုံးက ငြင်းပယ်လိုက်ခြင်းမှာ မှန်ကန်မျှတ ခြင်းရှိမရှိဆိုသောအချက်ပဲဖြစ်ပါသည်။
 ××××××××××××××××××××××
ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၀(၁) ပြဌာန်းချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Any person accused of an offence before a criminal Court,or against whom procedings are instituted under this Code in any such Court, may of right be defended by apleader.
“ရာဇ၀တ်တရားရုံးတစ်ရုံးတွင် ပြစ်မှုတစ်ရပ်ဖြင့် အစွပ်စွဲခံရသူ မည်သူမဆို၊ သို့တည်းမဟုတ် -ဆိုခဲ့သည့်ရုံးတစ်ရုံးတွင် ဤကျင့်ထုံးဥပဒေအရ အမှုစွဲဆိုခြင်းခံရသူ မည်သူမဆို၊ ရှေ့နေဖြင့်ခုခံပိုင်ခွင့်ရှိသည်”
ချုပ်မိန့်ရီမန်ပေးမည့်မြို့နယ်တရားရုံး၊တရားသူကြီးက ရှေ့နေပါဝါကို လက်မခံဘဲ ငြင်းပယ်လိုက်ခြင်းမှာ  စွပ်စွဲခံရသူ သည် တရားရုံး၌ “အမှုစွဲဆိုခြင်းခံရသူမဖြစ်သေး” ဟူသည့် ကောက်ယူချက်ကြောင့် ဖြစ်မည်ထင်ပါသည်။
ရာဇ၀တ်တရားသူကြီး၏အမိန့်၊ သို့မဟုတ် ၀ရမ်းမိန့်မပါရှိဘဲ တစ်ဦးတစ်ယောက်သောသူအား ရဲအရာရှိကဖမ်းဆီးနိုင်သည့်အကြောင်းအရာများကို ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ-၅၄ မှ ၅၉ အထိတို့တွင်ဖော်ပြထားသည်။ သို့သော် ၀ရမ်းအမိန့်မပါ ဘဲ ဖမ်းဆီးထားသူတစ်ဦးကို ရဲအရာရှိက (သာမန်အားဖြင့်)၂၄နာရီထက်ပို၍ချုပ်နှောင်ခြင်းမပြုရန် ယင်းဥပဒေ ပုဒ်မ-၆၁ က တင်းတင်းကြပ်ကြပ် တားမြစ်ထားသည်။အခြေခံဥပဒေကလည်းခွင့်မပြုချေ။ 
သို့ဖြစ်၍၊၂၄နာရီအတွင်းမေးမြန်းစုံထောက်မှုပြီးစီးရန်လက္ခဏာမရှိလျှင်ဖြစ်စေ၊စွပ်စွဲချက်၊သို့မဟုတ်-သတင်းပေးချက် သည် ခိုင်လုံသည်-ဟုယုံကြည်ရန်အကြောင်းရှိလျှင်ဖြစ်စေ၊စွပ်စွဲခံရသူကို ရာဇ၀တ်တရားသူကြီးထံသို့ ချက်ခြင်းတင်ပို့ပေးရန် လည်း ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ-၁၆၇ တွင် အတိအလင်းညွှန်ပြထားသည်။
ပြစ်မှုတစ်ရပ်ရပ်ဖြင့်စွပ်စွဲခံရသည့်တရားခံအား စီရင်ပိုင်ခွင့်အာဏာရှိသည့်တရားရုံးသို့တရားစွဲတင်ပို့ခြင်းမှာ ရာဇ၀တ် ကျင့်ထုံးဥပဒေပုဒ်မ-၁၇၀ အရဆောင်ရွက်ခြင်းဖြစ်သည်။စွပ်စွဲခံရသူကို ချုပ်မိန့်(remand)တောင်းခံရန် ရာဇ၀တ်တရားသူကြီး တစ်ဦးထံသို့တင်ပို့ခြင်းမှာ ပုဒ်မ၁၆၇ အရဆောင်ရွက်ခြင်းဖြစ်သည်။
သို့ဖြစ်ရာ၊ချုပ်မိန့်ရရှိရန်အတွက် ရာဇ၀တ်တရားသူကြီးထံ သို့ တင်ပို့ခံရသည့် စွပ်စွဲခံရသူသည် ပုဒ်မ-၃၄၀(၁)တွင်ဖော်ပြသည့် “အမှုစွဲဆိုခြင်းခံရသူ” ဟုတ်မဟုတ် ဆင်ခြင်ရန်ရှိပါသည်။
“ရဲက တရားခံအားချုပ်မိန့်ပေးရန်လျှောက်လွှာတစ်ခုသည် ဤဥပဒေအရပုဒ်မ ၁၆၇အတွင်း ကျရောက်သည် ဖြစ်ရာ ဤဥပဒေအရ “တရားရုံး၌စွဲဆိုသောအမှုအခင်း”ဖြစ်သည်ဟု ဆုံးဖြတ်ရမည်။ သို့ဖြစ်လေရာ ဖမ်းဆီးပြီး ၂၄နာရီ ကြာပြီးနောက် တရားခံသည် တရားရုံးရှေ့သို့ ရောက်သည့်အချိန်မှစ၍ ခုခံချေပခွင့်ရှိလာသည်။ ထို့ကြောင့် ရဲကတရားခံကို စွဲချက်ပြုလုပ်၍ တရားစွဲတင်ပို့သည်ဖြစ်စေ၊ မတင်ပို့ရသေးသည်ဖြစ်စေ၊ တရားခံ၏ တရားဝင်ကိုယ်စားလှယ်(ရှေ့နေ)အား တရားခံနှင့်တွေ့ဆုံ ခွင့်ပေးရမည်” ဟု(၅၀၊ဘုံဘေ၊စာ၇၄၁) တွင် ညွှန်ပြထားသည်။
“မည်သူမဆို ရာဇ၀တ်ရုံး၌ ပြစ်မှုတစ်ရပ်ဖြင့် အစွပ်စွဲခံရသည့်အချိန်၊သို့မဟုတ် ဆိုခဲ့သည့်ရုံးတစ်ရုံးတွင် ဤကျင့်ထုံး ဥပဒေအရ အမှုစွဲဆိုခြင်းခံရသည့်အချိန်တွင် ဤအခွင့်အရေးအစပြုသည်။ 
ပုဒ်မ ၁၆၇အရ ရီမန်(ချုပ်မိန့်)တောင်းခံသည့် လျှောက်လွှာကို ရဲအရာရှိကတင်သွင်းခြင်းသည် ဤကျင့်ထုံးဥပဒေအရ အမှုစွဲဆိုခြင်း ဖြစ်သည်။ ထိုသူမှာတရားခံဖြစ်၍တရားသူကြီးရှေ့သို့ရောက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ထိုသူ ၂၄နာရီကြာ အဖမ်းထား ရပြီးနောက် တရားရုံးသို့ရောက်လာသည့်အချိန်တွင် ဤအခွင့်အရေးအစပြုပေသည်။သူ၏ရှေ့နေ လာရောက်နိုင် သည်။ချုပ်မိန့်ကို ကန့်ကွက်နိုင်သည်။ သို့မဟုတ်-သူ၏ကိုယ်စား အခြားလျှောက်ထားမှုတစ်စုံတစ်ရာပြုလုပ်နိုင်ပေသည်။
(Llewellyn Evans, 27  Criminal Law Journal.1169)
  အဆိုပါစီရင်ထုံးနှင့်ဖွင့်ဆိုချက်ညွှန်ပြချက်တို့အရဆိုလျှင် စွပ်စွဲခံရသူ(တရားခံ)အား ပြစ်မှုတစ်ရပ်ရပ်ဖြင့် တရားရုံးသို့ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ-၁၇၀(၁)အရ တရားစွဲတင်သည့်အခါတွင်သာမက  ရဲကဖမ်းဆီးထားသည့် စွပ်စွဲခံရသူ(တရားခံ) အား ချုပ်မိန့်(remand)တောင်းခံရန်အတွက် ရာဇ၀တ်တရားသူကြီးရှေ့သို့  ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ-၁၆၇အ၇  တင်ပို့ သည့်အခါတွင်လည်း “အမှုစွဲဆိုခြင်းခံရသူ”အဖြစ် မှတ်ယူရမည်ဖြစ်ရာ  ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၀(၁)ပြဌာန်းချက်နှင့် အညီ “ရှေ့နေဖြင့်ခုခံပိုင်ခွင့်”ကို ရရှိပေလိမ့်မည်။
မြန်မာနိုင်ငံတရားရုံးများလက်စွဲအပိုဒ်၄၀၃(၁)တွင် ရာဇ၀တ်တရားသူကြီးရှေ့သို့တရားခံကိုမယူဆောင်ခဲ့သမျှ၊ ထို့ပြင် ရီမန်အမိန့်မပေးထိုက်ကြောင်း တရားခံကအကြောင်းပြခွင့်မရရှိသမျှ ရီမန်ပေးရန်အမိန့်ကိုချမှတ်ခြင်းမပြုနိုင်- ဟူ၍လည်း ဖော် ပြထားရာ ရီမန်အမိန့်မပေးထိုက်ကြောင်း“တရားခံ၏အကြောင်းပြချက်”ကို ရှေ့နေက ကိုယ်စားလှယ်ပါဝါ တင်သွင်း၍ဆောင် ရွက်ခြင်းအား ရာဇ၀တ်တရားသူကြီးက တားမြစ်နိုင်သည့်၊သို့မဟုတ်-ငြင်းပယ်နိုင်သည့်အခွင့်အာဏာမရှိ-ဟုဆိုရပေမည်။
စွပ်စွဲခံရသူအား ချုပ်မိန့်တောင်းသည့်အချိန်တွင် စွပ်စွဲခံရသူအတွက်ရှေ့နေပါဝါတင်သွင်းသည်ကို လက်ခံ၍ အဘယ် ကြောင့်ချုပ်မိန့်မပေးထိုက်ကြောင်းနှင့်အဘယ်ကြောင့်အာမခံရထိုက်ကြောင်းအကြောင်းပြချက်ကိုကြားနာရန်ဖြစ်ပြီး ရှေ့နေပါ ၀ါ တင်သွင်းသည်ကို ငြင်းပယ်လိုက်ခြင်းသည် ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၀(၁)အရ “ရှေ့နေဖြင့်ခုခံပိုင်ခွင့်”ကိုငြင်းဆိုရာ ရောက်နိုင်သဖြင့် နောင်အခါဆင်ခြင်သင့်ကြောင်း အကြံပြုလိုက်ပါသည်။
      ××××××××××××××××××××××××
“ခင်ဗျားကို ကျွန်တော်ဖမ်းလိုက်ပြီ။ ခုအချိန်ကစပြီး ခင်ဗျားရဲ့ရှေ့နေကိုခေါ်နိုင်ပါတယ်”
 ပြည်ပ၀တ္ထုနှင့်ရုပ်ရှင်ကားများ၌ မည်သို့သောပြစ်မှုဖြင့်စွပ်စွဲခံရသူကိုမဆို ရဲက တာဝန်အရ ဖမ်းဆီးသည့်အခါတိုင်း ထိုသို့ပြောလေ့ရှိပြီး ထိုသို့ပြောသည်ကို ကြားရသည့်အခါတိုင်းတွင်လည်း  ရာဇ၀တ်ပြစ်မှုဖြင့်စွပ်စွဲခံရသူတစ်ဦး၏ ဥပဒေက ပေးအပ်ထားသည့်အခွင့်အရေးနှင့်ခုခံချေပခွင့်ကို အလေးထားသည့်စကားရပ်အဖြစ်ကျေနပ်မိပါသည်။
ဤသည်လည်း တရားဥပဒေစိုးမိုးမှု၏ကောင်းမွန်သည့် အမှတ်လက္ခဏာတစ်ခုဖြစ်တန်ရာပါသည်။
သဘောရိုးဖြင့် မှားယွင်းတတ်ပါသည်။ 
ဥပဒေကိုကိုင်တွယ်ကျင့်သုံး၍ တာဝန်ထမ်းရသူများ၏သောက၊ မောဟတို့ကို စာနာနားလည်ပါသည်။သို့ရာတွင် နှစ်ကာလများအတွင်း တရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုနှင့်စပ်လျဉ်း၍
 ပြင်းထန်သည့် ဝေဖန်ထိုးနှက်ချက်များကိုရင်ဆိုင်ခဲ့ရခြင်းနှင့် အခြားအကြောင်းများကြောင့် စိုးရိမ်ထိတ်လန့်မှုမကင်းသည့်တရားစီရင်မှုသန္ဓေသား ကို ထပ်မံ၍ မဖွံ့ဖြိုး မကြီးထွားစေလိုတော့ခြင်းမှာ ဤစာရေးသားခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။
ပုံစံခွက်တစ်ခုထဲတွင် အရွတ်တက်နေသော တရားသူကြီးများကို မဆိုလိုပါ။ ပျိုရွယ်သော၊ ကြည်လင်နေဆဲဖြစ်သော တရားသူကြီးငယ်လတ်များအနေဖြင့် ပညာပြည့်အောင်လည်း အားထုတ်စေလိုပါသည်။နှလုံးလှအောင်လည်း သတိမူစေလိုပါ သည်။ “ပညာပြည့်ဝနှလုံးလှ”ပါမှ မဆုတ်မနစ်သောသတ္တိဖြင့် စီရင်ဆုံးဖြတ်နိုင်ပါမည်။
ပင်ပန်းလှပါပြီ။
တိုင်းသူပြည်သားတွေကို အမှန်တရားပြန်ပေးပါ-ဆိုသည်ကို   ပြောပြဖို့မလိုတော့ဘူးထင်ပါသည်။
ပြေ လွင် မြင့်
Wednesday, August 22, 2018
အမှုရုပ်သိမ်းခြင်းပြဿနာ၏ အရင်းအမြစ်ကို တူးဖော်ကြည့်ခြင်း
 ဦးကျော်အေး  
ရန်ကုန်တိုင်း၊ ခရိုင်တရားရုံး တစ်ရုံးက လူသတ်မှုတစ်မှုကို ရုပ်သိမ်းခွင့်ပြုလိုက်တာနဲ့ ပတ်သက်လို့ သတင်းမီဒီယာလောကနှင့် လူမှုကွန်ရက်မှာ အတော်လေး ဆူဆူညံညံဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်က အဲဒီအမှုအကြောင်း ဝေဖန်ဆွေးနွေးဖို့ မဟုတ်ပါဘူး။ လွတ်လပ်စွာ တရားစီရင်ရေးမူအရ စာရေးသူအနေနှင့် တရားရုံးက စစ်ဆေးဆဲအမှုတွေမှာ ဝေဖန်လေ့မရှိဘူးဆိုတာကို ဦးစွာပြောထားပါရစေ။
လွတ်လပ်စွာ တရားစီရင်ရေးနှင့် ပတ်သက်လို့ ကျနော်ပြောချင်တာလေး ရှိတာကြောင့် လူမှုကွန်ရက် ကျနော့်ကဏ္ဍကနေပြီး ကျနော်က ဒီလို ဆွ ပေးလိုက်တယ်-
"တရားစီရင်ရေးမလွတ်လပ်တာ ဘာကြောင့်လဲ၊ တရားခံပေါ်ပြီ။ ဘယ်မှာလဲ၊ မသိဘူး၊ Facebook  ထဲမှာ ရှာကြည့်လိုက်"
လူမှုကွန်ရက်မှာ ဒီလိုတင်လိုက်တော့ လူ ၂၉၀ လောက်က  'like'  လုပ်ပြီး လူ ၃၀ ကျော်လောက်က 'share 'လုပ်ကြတယ်။  'comments'  ရေးသူ ၂၀ လောက်က 'တွေ့တယ်' လို့ပြောကြပြီး ရှေ့နေဖြစ်ပုံရသူ ၂ ဦးကတော့ ၆၆ (ဃ)က ကာ ထားလို့ ဘာမျှမမြင်ရပါဘူးတဲ့။ သူတို့ 'တွေ့တယ်' လို့ပြောသူတွေ၊ သူတို့မြင်တဲ့သူတွေ ဘယ်သူတွေဖြစ်မယ်ဆိုတာ ကျနော်ရိပ်စားမိပေမဲ့ ကျနော့်မြင်စေချင်တဲ့ လူတွေမဟုတ်ဘူးဆိုတာတော့ သေချာတယ်။ ကျနော်မြင်စေချင်တဲ့သူတွေက အဲဒီအမှုကိစ္စနှင့် ပတ်သက်ပြီးလူမှု ကွန်ရက်နှင့်သတင်းမီဒီယာတွေမှာ ဝေဖန်နေကြသူတွေဖြစ်ပါတယ်။ သူတို့ကတော့ အမှုအဖြစ်အပျက်ကိုလည်း သေချာမသိ၊ တရားရုံး အမှုတွဲပါ အကြောင်းခြင်းရာများကိုလည်း ဘာမျှမသိ၊ ဥပဒေကိုလည်း နားမလည်ဘဲနှင့် ဘုမသိ၊ ဘမသိဆိုသလို ဆိုင်ရာအာဏာ ပိုင်တွေနှင့်တရားစီရင်ရေးကို အဆိုးမြင်ဝါဒနှင့် ပုတ်ခတ်ဝေဖန်နေကြသူတွေဖြစ်ပါတယ်။
သူတို့တွေဝေဖန်ရာမှာ နှစ်ပိုင်းရှိတယ်၊ သူတို့ရဲ့ပစ်မှတ်အဖြစ် ရည်မှန်းထားသူ အာဏာပိုင်တွေကို တရားစီရင်ရေးမှာ ၀င်စွက် ဖက်တယ်လို့ စွပ်စွဲတာနှင့် တာဝန်ရှိသူတွေကို အဂတိလိုက်စားတယ်လို့ ထင်ကြေးနှင့်စွပ်စွဲတာတွေပဲဖြစ်ပါတယ်။ သူတို့စွပ်စွဲဝေဖန် တာတွေမှာ မှန်တာတွေပါနိုင်သလို သူတို့ဆန္ဒစွဲနှင့် ရမ်းသမ်းပြောကြတာတွေဖြစ်လို့ မှားတာတွေလည်းရှိမှာ သေချာပါတယ်။ ဒီကိစ္စနှင့် ပတ်သက်လို့ ပြောလို့တဲ့အချက်က တရားရုံးကစစ်ဆေးဆဲ အမှုတွေမှာ သူတို့ဝေဖန်နေတာတွေဟာလည်း လွတ်လပ်စွာ တရားစီရင်ရေး ကိစ္စမှာဝင်ရောက်စွက်ဖက်နေခြင်း ဖြစ်တယ်ဆိုတာကို သူတို့ကိုယ်တိုင် မသိရှိကြဘူးဆိုတာပဲဖြစ်တယ်။
အဲဒီလိုဝေဖန် ခြင်းအားဖြင့် သက်ဆိုင်ရာပုဂ္ဂိုလ်တွေက တာဝန်အရဆောင်ရွက်ဆုံးဖြတ်ကြရာမှာ သူတို့အပေါ်ဖိအား (pressure) တွေဖြစ်ပေါ်စေပြီး ဘယာဂတိ ကိုကျုးလွန်အောင် တွန်းပို့နေခြင်းဖြစ်တယ်ဆိုတာကိုလည်း သူတို့သတိပြုမိကြမယ်မဟုတ်ဘူး။ တချို့ကိစ္စတွေမှာဆိုရင် တရားရုံးကို မထီမဲ့မြင်ပြုမှုကို ကျုးလွန်နေကြတာကိုတောင် သူတို့ကိုယ်တိုင်သိရှိပုံမရကြပါဘူး။ ဒီအချက်ကလည်း ဒီဆောင်းပါးကို ရေးဖြစ်တဲ့ အကြောင်းပြချက်တစ်ချက် ဖြစ်ပါတယ်။
တစ်ခေတ်တစ်ခါတုန်းကတော့ တရားစီရင်ရေးမှာ " ပြည်သူ့အသံနာခံရမယ်၊ ပြည်သူ့အမြင်ကို ထည့်ပြီးစဉ်းစားရမယ် " ဆိုတဲ့ အသံတွေ ခေတ်စားခဲ့ဖူးတယ်။ ဒီလိုပြောမှလည်း နိုင်ငံရေးသမားဖြစ်တဲ့ခေတ်ပေကိုး။ ပါတီထိပ်တန်းလူကြီးတွေ၊ ကိုယ့်ထက်ရာထူး အဆင့်မြင်သူတွေကို ပြန်ပြီးအတွန့်မတက်ရဲခဲ့ပေမဲ့ ကိုယ်နှင့်အဆင့်တူသူများနှင့် ဆွေးနွေးရာမှာတော့ "အဲ့ဒီလိုဆိုတော့ ငါ့မိန်းမ ဈေးသွားရင် ကြားလာခဲ့တာကို ပြည်သူ့အမြင်လို့ သတ်မှတ်ရမှာလား၊ ဆိုက်ကားသမားတွေ ကုန်ထမ်းသမားတွေ၊ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်တွေ ပြောကြတာကိုပဲ ပြည်သူ့အသံလို့ ဆိုရမှာလား" လို့ဘုကျကျ ပြန်ပြောတော့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြရတယ်။
ဒါကြောင့် တရားစီရင်ရေးနှင့်ပတ်သက်ရင် ပြည်သူတွေအနေနှင့် မှန်ကန်စွာဝေဖန် သုံးသပ်နိုင်အောင် တရားစီရင်ရေးရဲ့ အခြေခံမူတစ်ရပ်ကို ပြောထားပါရစေ။ တရားသူကြီးတစ်ဦးအနေနှင့် အမှုတစ်မှုကို ဆုံးဖြတ်တဲ့အခါ ရုံးရှေ့မှာနှစ်ဖက် သက်သေများရဲ့ ထွက်ဆိုချက်တွေနှင့် သူတို့တင်ပြတဲ့ စာရွက်စာတမ်း၊ ရုပ်ဝတ္ထု အထောက်အထားတွေအပေါ်မှာပဲ စဉ်းစားဆင်ခြင် သုံးသပ်ပြီး ဥပဒေနှင့်အညီ ဆုံးဖြတ်ရတာဖြစ်ပါတယ်။ အပြင်ကကြားတာတွေ၊ သိရှိထားတာတွေ (imported knowledge) ကိုထည့်သွင်း မစဉ်းစားရပါဘူး။ 
အပြင်မှာ ပြစ်မှုကျုးလွန်ခဲ့တာ မှန်ချင်မှန်မယ်၊ တရားရုံးအမှုတွဲပါ သက်သေခံချက်များအရ ပြစ်မှုကျုးလွန်ကြောင်း သက်သေထင်ရှား ခြင်းမရှိရင် တရားခံကို အပြစ်ပေးလို့မရပါဘူး။ ဒါဟာယဉ်ကျေးတဲ့ နိုင်ငံတိုင်းက လက်ခံကျင့်သုံးနေတဲ့ ရာဇ၀တ် တရားစီရင်ရေးဆိုင်ရာ မူ ပဲဖြစ်ပါတယ်။ ဒီမူကိုလက်မခံဘဲ တစ်ဆင့်ကြားစကားတွေကို နာခံပြီး တရားစီရင်မယ်ဆိုရင်တော့ ဂျပန်ခေတ်က ဂျပန်စစ်ဗိုလ်ရဲ့ တရားစီရင်ရေး၊ လွတ်လပ်ရေးခေတ်မှာ တောခိုကွန်မြူနစ်တွေရဲ့ တရားစီရင်မျိုးပဲဖြစ်ပါလိမ့်မယ်။ (ကိုယ့်အလှည့်ကျရင် ဒီအချက်ကို ပိုပြီးနားလည်ပါလိမ့်မယ်)။ ဒါကြောင့် တရားသူကြီးတွေကို အကြံပေးချင်တာက အဲဒီပြည်သူ့ အမြင်ဆိုတာတွေကို လုံးဝဂရုမစိုက်ပါနဲ့။ လူမှုကွန်ရက်မှာ ထင်ရာမြင်ရာ ရမ်းသမ်းရေးနေကြတာတွေကို မဖတ်ရင်တော့ အကောင်းဆုံးပါပဲ။ မဟုတ်ရင်ဖိအားတွေ (ကြောက်စိတ်တွေ) ၀င်မှာဖြစ်လို့ပါ။
နောက်ပြီးတရားသူကြီးများ အပါအ၀င် တရားစီရင်ရေးကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေကြသူတွေ အားလုံးကိုတရားရေးရာ စာစောင်တစ်ခုရဲ့ အမှာစာမှာ ဆရာကြီး ဒေါက်တာမောင်မောင် ကိုးကားဖော်ပြထားတဲ့ အမေရိကန် (သို့မဟုတ် အင်္ဂလိပ်) တရားဝန်ကြီးတစ်ဦး (အမည်မမှတ်မိ)ရဲ့ မိန့်ကြားချက်ကို စကားလက်ဆောင်အဖြစ် ပါးလိုက်ပါရစေ။ အဲ့ဒါကတော့ "တရားသူကြီး တစ်ဦးဟာ ပထမ ရိုးသားရမယ်၊ ဒုတိယ သတ္တိရှိရမယ်၊ တတိယ ဥပဒေကို နည်းနည်းပါးပါး သိထားရင်တော့ လုပ်ငန်းမှာ အထောက်အကူ ဖြစ်ပါလိမ့်မယ်" တဲ့။ တတိယအချက်အရ ဥပဒေသိပ်တတ်ဖို့မလိုဘူးလို့ ဆိုလိုတာမဟုတ်ဘူးနော်။ သူ့ထက်ပိုပြီးအရေးကြီးတဲ့ ပထမအချက် (၂)ချက်ကို ပိုပြီးပေါ်လွင်စေချင်လို့ တတိယအချက်ကို 'မှိန်' ပြီးပြထားတာလို့ နားလည် ကြရမယ်။ ရိုးသားရမယ် ဆိုတာကတော့ ဆန္ဒာဂတိ ကိုဆိုလိုတာဖြစ်ပြီး သတ္တိရှိရမယ်ဆိုတာကတော့ ဘယာဂတိ (ကြောက်လန့်သော ကြောင့်မဟုတ်မမှန်ဆုံးဖြတ်ခြင်း) ကိုရည်ညွန်းခြင်း ဖြစ်ပါတယ်။
ဆက်လက်ပြီးတော့ ဆောင်းပါးခေါင်းစဉ်ပါ အကြောင်းအရာဖြစ်တဲ့ အမှုရုပ်သိမ်းခြင်းဆိုင်ရာ အကြောင်းပြောပါမယ်။ ဒီအ ကြောင်းမပြောမီ စာဖတ်သူများကြိုတင်သိရှိထားဖို့လိုတဲ့ အမှုရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေအခြေခံ သဘောတရားများကို ဦးစွာပြောထား ပါရစေ။ 
အချို့ပြည်သူတွေအနေနှင့် ကျေအေးခြင်းနှင့် အမှုရုပ်သိမ်းခြင်းတို့ကို ကွဲကွဲပြားပြားမသိရှိကြဘဲ ကျေအေးခြင်းနှင့်ရုပ်သိမ်း ခြင်းတို့ကို ရောထွေးနားလည်ထား ကြပုံရတယ်။ ကျေအေးခြင်းနှင့် မတူကြပါဘူး၊ တစ်ကဏ္ဍစီဖြစ်ပါတယ်။ ရှေးဦးစွာအမှုသည်အချင်း ချင်းကျေအေးခြင်း ကိစ္စကိုပြောပါမယ်။အမှုသည်အချင်းချင်း ကျေအေးကြလို့ အမှုပြီးပြတ်ခွင့်ရှိခြင်းနှင့် ပတ်သက်ပြီး ရာဇ၀တ်ကျင့်ထုံးဥပဒေ၊ ပုဒ်မ ၃၄၅ မှာ ပြဋ္ဌာန်းပေးထားပါတယ်။ ကျေအေးခွင့်ရှိတဲ့အမှုမှာလည်း နှစ်မျိုးနှစ်စားရှိပါတယ်။ ပထမတစ်မျိုးက အမှုကိုကျေအေးပိုင်ခွင့်ရှိသူကတင် ပြလျှောက်ထားလာလျှင် တရားရုံးက ကျေအေးခွင့်ပေးရမဲ့အမှုမျိုးဖြစ်ပြီး၊ ဒုတိယအမျိုးအစားကတော့ အမှုကိုကျေအေးပိုင်ခွင့်ရှိသူက တင်ပြလျှောက်ထားသော်လည်း တရားရုံးကခွင့်ပြုမှသာလျှင် ကျေအေးခွင့်ရတဲ့ အမှုအမျိုးအစားဖြစ်ပါတယ်။ အဲ့ဒီအမှုနှစ်မျိုးစလုံး ကိုပြစ်မှုအမျိုးအစား၊ ရာဇသတ်ပုဒ်မနှင့် ကျေအေးခွင့်ရှိသူတို့ကို ဖော်ပြတဲ့ဇယား(၂)ခုနှင့် ပုဒ်မ ၃၄၅ မှာပြဋ္ဌာန်းထားပါတယ်။ အဓိကအချက်ကတော့ နစ်နာသူတရားလိုကသာ ကျေအေးခွင့်ရှိခြင်းဖြစ်ပြီး (၂) မျိုးစလုံးမှာ အမှုစစ်နေတဲ့တရားရုံးကို ကျေအေးခွင့် ရှိသူက  လျှောက်လွှာတင်ရမှာဖြစ်ပါတယ်။ အမှုကျေအေးတဲ့ကိစ္စမှာတော့ ပြဿနာပေါ်ပေါက်လေ့မရှိပါဘူး။
အမှုရုပ်သိမ်းခွင့်ကိစ္စမှာလည်း နှစ်မျိုးနှစ်စားရှိပါတယ်။ ပထမတစ်မျိုးက နစ်နာသူက တရားရုံးသို့ တိုက်ရိုက်(ဦးတိုက်)လျှောက် ထားမှုများကို ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၄၈ အရ အမှုတိုင်ကြားလျှောက်ထားသူ (ဦးတိုက်လျှောက်ထားသူ)က ပြန်လည်ရုပ်သိမ်း ခွင့်ရှိတဲ့အမှုမျိုးဖြစ်ပါတယ်။ အမှုစစ်တဲ့တရားသူကြီးက ခွင့်ပြုမှသာ ရုပ်သိမ်းခွင့်ရမှာဖြစ်ပါတယ်။ တိုင်ကြားသူအနေနှင့် သူတစ်ပါး၏ ခြိမ်းခြောက်မှုကြောင့်မဟုတ်ဘဲ ၎င်း၏သဘောဆန္ဒအလျှောက် ရုပ်သိမ်းလိုတာဖြစ်ရင် တရားရုံးက ၎င်း၏လျှောက်ထားမှုကိုငြင်းပယ် လေ့မရှိတာကြောင့် ပြဿနာအထူးအထွေ ပေါ်ပေါက်ခြင်းမရှိပါဘူး။ 
ဒုတိယအမျိုးအစားဖြစ်တဲ့ အမှုရုပ်သိမ်းခြင်းကတော့ ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရ၊  အမှုတွင် တရားလိုရှေ့နေ အဖြစ် လိုက်ပါဆောင်ရွက်နေတဲ့ အစိုးရရှေ့နေက ၄င်းလိုက်ပါဆောင်ရွက်နေတဲ့အမှုကို ရုပ်သိမ်းခြင်းဖြစ်ပါတယ်။ (တတိယ အမှုရုပ်သိမ်း နည်းဖြစ်တဲ့ ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၃၃ အရ၊ နိုင်ငံတော်ရှေ့နေချုပ်က တရားလွတ်တော်မှာ ဂျုရီစနစ်နှင့် စစ်ဆေးနေတဲ့ အမှုရုပ်သိမ်းခြင်းကို ၁၉၄၅ခုနှစ် နောက်ပိုင်းမှာ ဆက်လက်ကျင့်သုံးခြင်းမရှိတော့လို့ ထည့်သွင်းရေတွက်ဖော်ပြခြင်း မပြုတော့ပါဘူး။)
ပုဒ်မ ၄၉၄ က အစိုးရရှေ့နေကိုရော တရားရုံးကိုပါ အလွန်ကျယ်ပြန့်တဲ့အာဏာကို ပေးထားပါတယ်။ အစိုးရရှေ့နေက အမှုကို ရုပ်သိမ်းရာမှာ ခိုင်လုံတဲ့အကြောင်းပြချက်ကို တင်ပြရမယ်လို့ ပြဋ္ဌာန်းထားခြင်းမရှိသလို တရားရုံးကအမှုကို ရုပ်သိမ်းခွင့်ပြု မပြု ဆုံးဖြတ်ရာမှာလည်း အကြောင်းပြချက် ဖော်ပြရမယ်လို့ ပြဋ္ဌာန်းချက်မရှိပါဘူး။ အမှုရုပ်သိမ်းတာကို မကျေနပ်လို့ ပြင်ဆင်မှု တင်လာ ရင်ပြင်ဆင်မှုတရားရုံးအနေနှင့် အောက်ရုံး၏ ဆုံးဖြတ်ချက်မှန် မမှန် သုံးသပ်နိုင်ဖို့အတွက် မူလတရားရုံး၏ အမိန့်မှာအမှုကို ရုပ်သိမ်းခွင့်ပြုခြင်းနှင့်ပတ်သက်ပြီး အကြောင်းပြချက်ဖော်ပြရမယ်လို့ အိန္ဒိယတရားလွှတ်တော်အချို့က ဆုံးဖြတ်မှုရှိသော်လည်း အဲဒီလို လုပ်ဖို့မလိုဘူးလို့ ဆုံးဖြတ်တဲ့ စီရင်ထုံးတွေလည်းရှိပါတယ်။ ဒီတော့အမှုရုပ်သိမ်းခြင်းကိစ္စမှာ တရားလိုရှေ့နေအဖြစ် လိုက်ပါဆောင်ရွက် နေတဲ့ အစိုးရရှေ့နေကသာအမှုကို ရုပ်သိမ်းခွင့်ရှိတယ်ဆိုတဲ့အချက်နှင့် အစိုးရရှေ့နေက အမှုရုပ်သိမ်းခွင့် လျှောက်ထားသော်လည်း အမှုစစ်တရားရုံးက သဘောတူမှသာ (ခွင့်ပြုမှသာ) ရုပ်သိမ်းခြင်း အတည်ဖြစ်တယ်ဆိုတဲ့အချက် (၂)ချက်ကို သိထားလျှင် စာဖတ်သူ အဖို့လုံလောက်ပါပြီ။
(စကားစပ်မိလို့ပြောရဦးမယ်။ အဲ့ဒီပုဒ်မမှာပါတဲ့ Public Prosecutor ကို 'အစိုးရရှေ့နေ' လို့ဘာသာပြန်တာက သူ့ကိုအစိုးရ ကခန့်ထားလို့လားမသိဘူး။ အမှန်က တိုက်ရိုက်ဘာသာပြန်ဆိုမယ်ဆိုရင် "Public" ဆိုတာ ' ပြည်သူတွေ ' ကိုရည်ညွှန်းတာဖြစ်လို့ "ပြည်သူ့ရှေ့နေ" လို့ဘာသာပြန်သင့်တာပါ။ အစိုးရရှေ့နေတွေကို ပြည်သူတွေက " ဆွဲချ " လို့ခေါ်ကြတာကတော့ လက်တွေ့လုပ်ရ တာကိုအကြောင်းပြုပြီး ခေါ်ကြတာဖြစ်လို့ မှန်သင့်သလောက် မှန်ပါတယ်။ မြန်မာဇာတ်ပွဲတွေမှာ လူကြမ်းကောင်းလျှင် ဇာတ်နာ (ဇာတ်လမ်းကောင်း) သလို ရာဇ၀တ်မှုတွေစစ်ဆေးရမှာလည်း " ဆွဲချ " ကောင်းလေအမှုမှန်လေပဲဗျ။)
ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရ အမှုရုပ်သိမ်းခြင်းနှင့်  ပက်သက်ပြီး သမိုင်းတစ်လျှောက်မှာ လက်တွေ့ဆောက်ရွက်  ခဲ့ကြတာကို ပြည်သူတွေ သိရှိနားလည်းထားရင် အမှုရုပ်သိမ်းတဲ့ကိစ္စမှာ မှန်ကန်စွာ နားလည်နိုင်မှာဖြစ်လို့ လက်တွေ့ဆောင်ရွက်ပုံ အကြောင်းကိုလည်း ပြောပြပါဦးမယ်။
ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရ အစိုးရရှေ့နေက အမှုကိုရုပ်သိမ်းခွင့် ရှိတယ်ဆိုရာမှာ အဲ့ဒီအမှုမှာ တရားလို (နိုင်ငံတော်) ဘက်ကလိုက်ပါဆောင်ရွက်နေတဲ့ အစိုးရရှေ့နေကိုပဲ ဆိုလိုတာပါ။(ယခုအခါမှာ ဥပဒေအရာရှိတွေက အစိုးရရှေ့နေ အဖြစ်ဆောင်ရွက်နေတာဆိုတော့ အမှုမှာလိုက်ပါဆောင်ရွက်နေသူ မဟုတ်တဲ့ အခြားဥပဒေအရာရှိက  အမှုကိုရုပ်သိမ်းခွင့်မရှိပါဘူး)။ ၁၉၇၃ ခုနှစ် မတိုင်မီအထိ အစိုးရရှေ့နေဆိုတာ ခရိုင်တစ်ခုမှာ တစ်ဦးတည်းပဲရှိတာပါ။
အထက်တန်းရှေ့နေနှင့် တရားလွှတ်တော် ရှေ့နေတွေထဲက   မည်သူမဆို အစိုးရရှေ့နေအဖြစ် ဆောင်ရွက်လိုတယ်ဆိုရင်  သက်ဆိုင်ရာ ခရိုင်ရာဇ၀တ်တရားသူကြီး (ခရိုင်ဝန်) ထံလျှောက်ထား ကြရပါတယ်။ ခရိုင်ဝန်က ရွေးချယ်ထောက်ခံသူကို တရားရေးဝန်ကြီးဌာန အတွင်းဝန်က နိုင်ငံတော်သမ္မတဆိုတဲ့ ရာထူးအမည်ကို သုံးစွဲကာ 'အမိန့်အရ' ဆိုပြီး ခန့်ထားလေ့ရှိပါတယ်။ အဲဒီခေတ်က အစိုးရရှေ့နေတွေဟာ လခစားဝန်ထမ်းတွေ မဟုတ်ကြပါဘူး။ Retaining fee လို့ခေါ်တဲ့ထောက်ပံ့ကြေး ၁၂၆ ကျပ်နှင့်အမှုတစ်မှုချင်း (per diem) အတွက်အမှုလိုက်ခ တနေ့ကို ၂၄ ကျပ် ရကြ ပါတယ်။ အစိုးရမပါဝင်တဲ့ တရားမမှုတွေမှာတော့ ပုဂ္ဂိုလ်ကအနေနှင့်အမှု လိုက်ပါခွင့်ရှိပါတယ်။ (၁၉၇၂ ခုနှစ်နှင့် ၁၉၇၃ ခုနှစ်အတွင်းမှာ တရားစီရင်ရေးစနစ်သစ်စတင်တော့ အစိုးရရှေ့နေကိုအမှုတစ်မှုချင်းအလိုက် (ad hoc Public Prosecutor) အဖြစ်သက်ဆိုင်ရာ မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီက ခန့်ထားပါတယ်။ သူတို့ကတော့ လစဉ်ထောက်ပံ့ကြေး မရတော့ဘဲ အမှုလိုက်ခပဲရပါတယ်။)
ဒီတော့အစိုးရရှေ့နေဆိုတာ ရာဇ၀တ်မှု၊ တရားမမှုတွေမှာ အစိုးရ (နိုင်ငံတော်) ကိုယ်စားအမှုလိုက်ပါဖို့ အစိုးရကဌားရမ်း ထားတဲ့ရှေ့နေဖြစ်ပါတယ်။ ရာဇ၀တ်မှုတွေမှာ နိုင်ငံတော်အစိုးရကပဲ တရားလိုဖြစ်တာကြောင့် အစိုးရရှေ့နေကအမှုကို ရုပ်သိမ်းတယ် ဆိုတာဟာလည်း နိုင်ငံတော်က အမှုကိုရုပ်သိမ်းတဲ့ သဘောပဲဖြစ်ပါတယ်။ အစိုးရရှေ့နေက သက်ဆိုင်ရာခရိုင်ဝန် (ခရိုင်ရာဇ၀တ် တရားသူကြီး) မှတဆင့် တရားရေးဝန်ကြီးဌာန (အစိုးရ) ကိုတာဝန်ခံရပါတယ်။ ရှေ့နေဆိုတာအမှုသည်ရဲ့ သဘောတူညီချက်နှင့် ဆောင်ရွက်ရတာဖြစ်သလို အစိုးရရှေ့နေဆိုတာလည်း သူ့အမှုသည်ဖြစ်တဲ့အစိုးရရဲ့ညွန်ကြားချက်ကို လိုက်နာရတာပဲ။ အမှုရုပ်သိမ်းတဲ့ ကိစ္စမှာတော့ အမှုတစ်မှုမှာ လိုက်ပါဆောင်ရွက်နေရင်း ဥပဒေရဲ့လိုအပ်ချက်အရ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် အမှုရုပ်သိမ်းရတာ ရှိသလို အစိုးရက (ခရိုင်ဝန်) မှတဆင့် ညွှန်ကြားချက်အရ အမှုရုပ်သိမ်းရတာလည်းရှိပါတယ်။
အမှုလိုက်ရင်း ဥပဒေရဲ့လိုအပ်ချက်အရ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ရတဲ့ကိစ္စတွေက ဥပမာ၊ တရားခံတစ်ဦးကို တရားလိုဘက်သက်သေအဖြစ် ပြောင်းလဲလိုတဲ့အခါ၊ ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၃၇ အရအစိုးရသက်သေ (ဖော်ကောင်) အဖြစ် ပြောင်းလဲအသုံးပြုလိုတဲ့အခါ၊ တရားခံအပေါ် သက်သေအထောက်အထားမရှိဘဲ ရဲတပ်ဖွဲ့က မှားယွင်းစွဲဆိုထားတဲ့အခါမျိုးတွေမှာ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ အမှုကိုရုပ်သိမ်းခွင့်ရှိပါတယ်။ အစိုးရက အမှုရုပ်သိမ်းတဲကိစ္စမှာတော့ အစိုးရအနေနှင့်အကြောင်း အမျိုးမျိုးရှိနိုင်ပါတယ်။ ဥပဒေက အလွန်ကျယ်ပြန့်တဲ့ အာဏာကိုပေးထားတာဖြစ်လို့ပါ။
သာဓကတစ်ခုအနေနှင့် ဖော်ပြရရင် ၂၀၁၅ ခုနှစ်၊ ဒုတိယအကြိမ် ပြည်သူလွှတ်တော် သက်တမ်းအစမှာ လက်ရှိအစိုးရက ယခင်အစိုးရလက်ထက်မှာ ဆန္ဒပြမှုနှင့် တရားစွဲထားတဲ့ ကျောင်းသားတွေရဲ့အမှုများကို ရုပ်သိမ်းခဲ့ပါတယ်။ အဲ့ဒီလိုရုပ်သိမ်းရာမှာ အစိုးရအနေနှင့် ဥပဒေအရ ဘာအကြောင်းပြချက်မှပေးရန် တာဝန်မရှိပါဘူး။ (သက်ဆိုင်ရာ ဥပဒေအရာရှိအနေနှင့် ဥပဒေအရ အကြောင်းပြချက်ပေးရန် မလိုအပ်သော်လည်း အမှုရုပ်သိမ်းခွင့် လျှောက်လွှာမှာ အမှုရုပ်သိမ်းရတဲ့ အကြောင်းပြချက်ကို ဖော်ပြတာလည်း ရှိနိုင်ပါတယ်။    ဒါကတော့ လုပ်ရိုး လုပ်စဉ် သဘောသာ ဖြစ်ပါတယ်။)
အမှုရုပ်သိမ်းတဲ့အခါ အစိုးရကပဲ ညွှန်ကြားလို့ ရုပ်သိမ်းတာပဲဖြစ်ဖြစ်၊ အစိုးရရှေ့နေက အလုပ်သဘောအရ လိုအပ်လို့ ရုပ်သိမ်းတာပဲဖြစ်ဖြစ် တရားရုံးကို ရုပ်သိမ်းလွှာတင်လိုက်တာနဲ့ အမှုကပိတ်သွားမှာ မဟုတ်ပါဘူး။ တရားရုံးက ခွင့်ပြုမိန့်ချမှတ်မှသာ အမှုကပြီးဆုံးသွားမှာ ဖြစ်ပါတယ်။ အမှုရုပ်သိမ်းခြင်းနှင့် ပတ်သက်လို့ တရားသူကြီးက ဆုံးဖြတ်ရာမှာလည်း အကြောင်းပြချက် ဖော်ပြရန် ဥပဒေအရမလိုသော်လည်း တရားစီရင်ရေးဆိုင်ရာမူများအရ ဆုံးဖြတ်ရတာဖြစ်လို့ အမှုရုပ်သိမ်းခွင့်ပြုတဲ့ အမိန့်မှာ အကြောင်းပြချက်တွေ ရေးလေ့ရှိကြတာကလည်း လုပ်ရိုးလုပ်စဉ်သဘောဖြစ်ပါတယ်။ အမှန်မှာတော့ "အစိုးရရှေ့နေ၏လျှောက်ထား ချက်အရဤအမှုကို ရုပ်သိမ်းခွင့်ပြုလိုက်သည်" ဟုဆိုပြီး အမိန့်ချမှတ်ရင်လည်း မှားတယ်လို့ပြောခွင့်မရှိပါဘူး။
၁၉၇၄ ခုနှစ်မတိုင်မီ အထိတော့ အစိုးရရှေ့နေက အမှုရုပ်သိမ်းတာမျိုး အလွန်ရှားပါးပါတယ်။ ပြဿနာပေါ်ပေါက်တာလည်း   မကြားရဖူးပါဘူး။ တည်ဆဲရာဇ၀တ်ကျင့်ထုံးဥပဒေကို ပြဋ္ဌာန်းတဲ့ ၁၈၉၈ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်လောက်အထိ အမှုရုပ်သိမ်းခြင်းနှင့် ပတ်သက်လို့ စီရင်ထုံးအနည်းငယ်သာ ရှိခဲ့ခြင်းကိုထောက်ရူပြီး အမှုရုပ်သိမ်းခြင်းကိစ္စမှာ ပြဿနာအလွန်နည်းခဲ့တယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။
ပြဿနာရဲ့မူလအစကတော့ ၁၉၇၂ ခုနှစ်က စတင်ခဲ့တဲ့ တရားစီရင်ရေးနှင့်အုပ်ချုပ်ရေးစနစ် ပြောင်းလဲမှုလို့ဆိုရမှာ ဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ် ဇူလိုင်လမှာ ထုတ်ဝေခဲ့တဲ့ "ပြည်သူ့တရားရုံးလက်စွဲ၊ စာစောင် ၁ ၊ ရာဇ၀တ်တရားစီရင်ရေး"၊ အခန်း ၂ ၊ စာမျက်နှာ ၁၉ အပိုဒ် (၂၉) မှ (၃၁) အထိမှာ "ကြေအေးခွင့်ပြုခြင်း" (မူလသတ်ပုံအတိုင်း) ဆိုတဲ့ခေါင်းစဉ်ခွဲနှင့် ဖော်ပြထားပါတယ်။
ထို့နောက် အပိုဒ် (၃၂) မှာတော့ "ကြေအေးခွင့်မရှိသည့် ပြစ်မှုများတွင် အမှုသည်များက ကြေအေးလိုပါက အမှုကိုပြန်လည် ရုပ်သိမ်းရန် တရားရေးကော်မတီသို့ တိုက်ရိုက်သော်လည်းကောင်း၊ ရုံးတွင်သော်လည်းကောင်း လျှောက်ထားနိုင်သည်။ ရုံးသို့ လျှောက်ထားလျင် ၎င်းလျှောက်ထားချက်ကို တရားရေးကော်မတီသို့ ပေးပို့ရမည်။ တရားရေးကော်မတီမှ အမှုကိုရုပ်သိမ်းခြင်း မပြုမီ အမှုကိုရပ်ဆိုင်းထားရမည်။ အမှုများရုပ်သိမ်းရေးအတွက် ရာဇ၀တ်ကျင့်ထုံးပုဒ်မ ၄၉၄ ပါအာဏာများကို မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီသို့ အပ်နှင်းထားပြီးဖြစ်သည်။ ရုပ်သိမ်းခွင့်လျှောက်လွှာကို တရားရေးကော်မတီမှ ဆုံးဖြတ်ပြီး မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီသို့ တင်ပြရန်ဖြစ်သည်" လို့ဖော်ပြထားပါတယ်။ လူသတ်မှု၊ လူသေမှု၊ လုယက်မှုများ၊ ဓားပြမှုများနှင့် လူခိုးမှု တို့ကိုတော့ ပြည်နယ်/တိုင်း လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ၏ သဘောတူညီချက်ရပြီးမှသာ ဆောင်ရွက်ရန်ဖြစ်သည် လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
ဒီညွှန်ကြားချက်ကိုကြည့်ရင် အမှုရုပ်သိမ်းခွင့်ကိစ္စဟာ အုပ်ချုပ်ရေးကိစ္စဖြစ်လို့ အုပ်ချုပ်ရေးနည်းလမ်းအတိုင်း ဆုံးဖြတ်စေတာ ဟာမှန်ကန်ပေမဲ့ ရာဇ၀တ်ကျင့်ထုံးဥပဒေ၊ ပုဒ်မ ၃၄၅ အရ ကျေအေးခွင့်မရှိတဲ့ ကြီးလေးသောထောင်ဒဏ်နှင့် သေဒဏ်ထိုက်သင့် စေနိုင်တဲ့ အမှုကြီးများကိုပါ အမှုသည် နှစ်ဖက်တို့ ကျေအေးကြမယ်ဆိုရင် ကျေအေးခွင့်ရှိပြီး အစိုးရက ၎င်းအမှုကို ရုပ်သိမ်းပေးမယ် ဆိုတဲ့အချက်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ဥပဒေပြုအဖွဲ့ကပြဋ္ဌာန်းတဲ့ ဥပဒေမဟုတ်ဘဲ အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်ဖြင့် ဥပဒေပြုတဲ့သဘော၊ အာဏာမရှိဘဲ ဥပဒေပြုတဲ့သဘောဖြစ်ပေမဲ့ ခေတ်အခြေအနေအရ ဘယ်သူကမှတော့ စောကြောခြင်း မလုပ်ခဲ့ကြပါဘူး။
တစ်ဖန် ၁၉၇၄ ခုနှစ်မှာ စတင်အာဏာတည်ခဲ့တဲ့ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမူကိုထည့်သွင်းပြဋ္ဌာန်းထားတာ တွေ့ရပြန်ပါတယ်။ ပုဒ်မ ၁၀၁ ရဲ့ ပုဒ်မခွဲ (င) မှာ ပြည်သူအချင်းချင်းနှင့်ပတ်သတ်သော အမှုကိစ္စများကို ဥပဒေခွင့်ပြုချက် ဘောင်အတွင်း၌ ဖြစ်နိုင်သမျှ ကျေအေးပြီးပြတ်စေရန် ဆောင်ရွက်ခြင်း လို့ပြဋ္ဌာန်းထားပါတယ်။ နောင်မှာ ဆက်လက်ပြဋ္ဌာန်းတဲ့ တရားစီရင်ရေးဆိုင်ရာဥပဒေ အဆက်ဆက်မှာလည်း ဒီအချက်ဟာ တရားစီရင်ရာမှာ လိုက်နာရမဲ့ မူတစ်ရပ်အဖြစ် ပြဋ္ဌာန်းပါရှိခဲ့ပါတယ်။
ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၅၄ အရ နစ်နာသူတရားလိုက ကျေအေးခွင့်ရှိတဲ့ပြစ်မှုအမျိုးအစားတွေမှာ ပြစ်ဒဏ်ကြီးလေး တဲ့ပြစ်မှုကြီးတွေပါဝင်ခြင်းမရှိပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပုဒ်မ ၁၀၁ (င) ပါ မူအရဆိုရင် သေဒဏ်ထိုက်သင့်တဲပြစ်မှုကြီးများ အပါအ၀င် မည်သည့်ပြစ်မှုကိုမဆို ကျေအေးခွင့်ရှိကြောင်း ယူဆနိုင်လောက်အောင် အဓိပ္ပာယ်အလွန် ကျယ်ပြန့်တာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီပုဒ်မခွဲမှာ အသုံးပြုထားတဲ့ "ဥပဒေခွင့်ပြုချက်ဘောင်အတွင်း၌ ဖြစ်နိုင်သမျှ ကျေအေးပြီးပြတ် စေရန်" ဆိုတဲ့ စကားရပ်ကို ထောက်ရူမယ်ဆိုရင်တော့လည်း ပုဒ်မ ၃၄၅ ပါ သတ်မှတ်ချက်ဘောင်အတွင်းကသာ ဆောင်ရွက်ရမယ်လို့ ဆိုလိုခြင်းဖြစ် သလားဆိုပြီး တွေးတောစဉ်းစားစရာ ရှိနေတာကိုလည်း တွေ့ရပြန်ပါတယ်။ နောက်ပြီးဒီကိစ္စမှာ မူသာရှိပြီး ဒီမူကိုအကောင်အထည် ဖော်ဖို့လုပ်ထုံးလုပ်နည်းလည်း မရှိသေးတော့ လုပ်ငန်းဆောင်ရွက်ကြရာမှာ တစ်ရုံးတစ်ထုံးဆိုသလို လုပ်ပုံလုပ်နည်းမတူညီမူ တွေလည်း ရှိခဲ့ပါတယ်။
ဒါကြောင့် ထို့စဉ်ကပြည်သူတရားသူကြီးအဖွဲ့က "ပုဒ်မ ၄၉၄ အရ အမှုရုပ်သိမ်းရာတွင် လုပ်ထုံးလုပ်နည်းနှင့် ပက်သတ်သော အခက်အခဲနှင့် ပြဿများရှိလာသောကြောင့် သင့်မြတ်သော မူ တစ်ရပ်ကို ချမှတ်ပေးပါရန်" နိုင်ငံတော်ကောင်စီသို့ တင်ပြခဲ့တဲ့ အတွက် နိုင်ငံတော်ကောင်စီက မူများချမှတ်ပြီး ပြည်သူတရားသူကြီးအဖွဲ့ထံ လမ်းညွှန်ပြန်ကြားခဲ့ပါတယ်။ အဲ့ဒီလမ်းညွှန်မှုများအတိုင်း ပြည်သူတရားသူကြီးအဖွဲ့ကလည်း ရာဇ၀တ်ကျင့်ထုံးဥပဒေ၊ ပုဒ်မ ၄၉၄ အရ အမှုရုပ်သိမ်းခြင်းနှင့် ပတ်သတ်လို့ ညွှန်ကြားချက်အမှတ် (၁၁/၇၅) ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီညွှန်ကြားချက်မှာ "ပြည်သူတရားစီရင်ရေး လေ့ကျင့်စဉ်အခါက ထုတ်ပြန်ထားခဲ့သော ပြည်သူ့တရားရုံး လက်စွဲစာစောင် ၁ (ရာဇ၀တ်တရားစီရင်ရေး)၊ အခန်း ၂ ပါ အမှုများရုပ်သိမ်းခြင်း လုပ်ထုံးလုပ်နည်းကို ဤညွှန်ကြားချက်ဖြင့် လွှမ်းမိုးပြီးဖြစ်သည်ဟု မှတ်ယူရမည်" ဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။
အထက်ပါညွှန်ကြားချက်အမှတ် (၁၁/၇၅) ကိုအခြေခံပြီး ယခင်ရှေ့နေချုပ်ရုံးကလည်း ၁၉၈၈ ခုနှစ် ပြစ်မှုဆိုင်ရာအမှုများကို ရုပ်သိမ်းခြင်းကိစ္စမှာ  ဥပဒေရုံးအဆင့်ဆင့်က လိုက်နာဆောင်ရွက်ရမဲ့ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ခဲ့ပါတယ်။ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးစနစ် ပြောင်းလဲလာပုံနှင့်အညီ ၎င်းလုပ်ထုံးလုပ်နည်းများကိုလည်းအခါအားလျှော်စွာ ပြင်ဆင်ချက်များ ထုတ်ပြန်ခဲ့ရာမှာ နောက်ဆုံးအတည်ဖြစ်နေတဲ့ လုပ်ထုံးလုပ်နည်းကတော့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၇ ရက်နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့သဘော တူညီချက်နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ထုတ်ပြန်ကြေညာထားတဲ့ ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများ၊ အခန်း (၉) ၊ နည်းဥပဒေ ၁၂၀ မှ ၁၂၇ အထိမှာ ဖော်ပြထားတဲ့ လုပ်ထုံးလုပ်နည်းများ ဖြစ်ပါတယ်။ ဒီလုပ်ထုံးလုပ်နည်းအရ အမှုရုပ်သိမ်းခြင်း ကိစ္စကို ဒေသန္တရအစိုးရ၊ တရားစွဲဆိုတဲ့ ဌာနတို့နှင့်ညှိနှိုင်းပြီး သက်ဆိုင်ရာဥပဒေအရာရှိက ဆုံးဖြတ်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။
နိုင်ငံတော်ကောင်စီရဲ့ လမ်းညွှန်ချက်အရ ပြည်သူတရားသူကြီးအဖွဲ့ရဲ့ ညွှန်ကြားချက်အမှတ် (၁၁/၇၅) မှာ ဖော်ပြထားတဲ့   အမှုရုပ်သိမ်းခြင်းကိစ္စမှာ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ထည့်သွင်းစဉ်းစားရမည့် အချက်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(က) တရားရုံးသည်မိမိစစ်နေဆဲ မည်သည့်ပြစ်မှုဆိုင်ရာအမှုတွင်မဆို ရုပ်သိမ်းခွင့်ပြုရန် လျှောက်ထားလာသည့်ကိစ္စများ၌ အောက်ပါ အတိုင်း လိုက်နာဆောင်ရွက်ရမည် –
(၁) အမှုကိုရုပ်သိမ်းရေးအတွက် ဥပဒေ၀န်ထမ်းကသော်လည်းကောင်း၊ ဥပဒေ၀န်ထမ်းမရှိလျှင် ပြည်သူ့ဥပဒေအကျိုးဆောင် အဖွဲ့က တာဝန်ပေးအပ်ထား သူကသော်လည်းကောင်း တရားစီရင်ရေးအဖွဲ့သို့ လျှောက်ထားလာလျှင် လက်ခံစဉ်းစား ရမည်၊ 
(၂) အမှုများရုပ်သိမ်းခွင့်ပြုရန် အမှုသည်များထံမှ တိုက်ရိုက်တင်ပြသော လျှောက်လွှာများကို လက်ခံစဉ်းစားခြင်း မပြုရ။
 (၃) အမှုသည်များထံမှ တိုက်ရိုက်လျှောက်ထားလာကြလျှင် လျှောက်လွှာကို သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့၊ သို့မဟုတ် တရားစွဲဆိုသည့်အဖွဲ့အစည်းသို့ ပေးပို့ရမည်။
(ခ) ဥပဒေ၀န်ထမ်းကဖြစ်စေ၊ ဥပဒေ၀န်ထမ်းမရှိလျှင် ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့က တာဝန်ပေးအပ်ထားသူကဖြစ်စေ တင်ပြ သည့်အမှုရုပ်သိမ်းရေးကိစ္စများကို နိုင်ငံတော်ကောင်စီက ချမှတ်ထားသော လမ်းညွှန်ချက်နှင့်ညီ၊ မညီ ကြည်ရူရမည်။ မညီညွှတ်ပါက သက်ဆိုင်ရာ ဥပဒေ၀န်ထမ်း၊ သို့မဟုတ် တာဝန်ပေးအပ်ထားသူထံသို့ လျှောက်လွှာကို ပြန်လည်ပေးရမည်။
(ဂ) အောက်ပါအခြေအနေ တစ်ရပ်ရပ်ကြောင့် အမှုရုပ်သိမ်းခွင့်တောင်းခံခြင်း၊ ဟုတ်မဟုတ်စဉ်းစားသုံးသပ်ရမည် –
(၁) တရားလိုဘက်က ပြစ်မှုထင်ရှားပေါ်လွင်အောင် သက်သေနှင့် သက်သေအထောက်အထားများ မတင်ပြနိုင်ခြင်း၊
(၂) အမှုကိုတရားစွဲတင်ပြီးမှ စွပ်စွဲခံရသူတစ်ဦးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ သက်သေအဖြစ် ပြောင်းလဲအသုံးပြုရန်အကြောင်း ပေါ်ပေါက်လာလျှင် အဆိုပါ စွပ်စွဲခံရသူအပေါ်တွင် စွဲဆိုသောအမှုကို ရုပ်သိမ်းရန် လိုအပ်လာခြင်း၊
(၃) အမှုကို စစ်ဆေးနေစဉ်အတွင်း အမှုသည်များသည် သွေးရင်းသားရင်းများဖြစ်နေကြ၍ အမှန်တရားကို ထုတ်ဖော်ပြောဆိုမည် မဟုတ်သောကြောင့် အမှုကို ဆက်လက်စစ်ဆေးခြင်းအားဖြင့် အကျိုးထူးဖွယ်ရာ မမြင်ခြင်း၊
(ဃ) ရုပ်သိမ်းခွင့်ပြုခြင်းအားဖြင့် အလားတူအမှုမျိုး တိုးတက်ဖြစ်ပွားလာစေရန် အကြောင်းရှိ၊ မရှိ စဉ်းစားသုံးသပ်ရမည်၊
(င) အထက်ပါအချက်များအပြင် သက်ဆိုင်ရာ ပြည်သူကောင်စီ အလုပ်အမှုဆောင်အဖွဲ့၏ သဘောထားမှတ်ချက်ကိုလည်း ဂရုပြု၍ ထည့်သွင်းစဉ်းစားရမည်။
အထက်မှာဖော်ပြထားတဲ့ အမှုရုပ်သိမ်းရေးဆိုင်ရာညွှန်ကြားချက်ပါ လုပ်ထုံးလုပ်နည်းများကိုစီစစ်ကြည့်တဲ့အခါ တရားရုံးက ကျင့်သုံးလေ့မရှိတဲ့၊ လက်တွေ့ဆောင်ရွက်ရာမှာလည်း သဘာဝမကျတဲ့ အောက်ပါအချက်များကိုတွေ့ရှိပါတယ် –
(၁)အထက်အပိုဒ် (က)၊ အပိုဒ်ခွဲ (၂) (၃)၊ အပိုဒ် (ခ) တို့မှာ အမှုများရုပ်သိမ်းခွင့်ပြုရန် အမှုသည်များက တရားရုံးသို့ တိုက်ရိုက်တင်ပြတဲ့ လျှောက်လွှာတွေကို လက်မခံရလို့ဆိုပြီးမှ အဲ့ဒီလျှောက်လွှာများကို သက်ဆိုင်ရာ ပြည်သူရဲတပ်ဖွဲ့ သို့မဟုတ် တရားစွဲတဲ့အဖွဲ့ထံ ပေးပို့ရမယ်ဆိုတာက ရှေ့ နောက်ဆန့်ကျင်နေတဲ့အပြင် တရားရုံးများအနေနှင့် ၎င်းင်းထံ တင်ပြလာတဲ့ လျှောက်လွှာတွေနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီ ဆုံးဖြတ်ဖို့သာဖြစ်ပြီး ဥပဒေနှင့်မညီဘဲ တင်ပြလာတဲ့ လျှောက်ကိုတော့ လက်မခံဘဲ ပယ်ဖို့ပဲရှိပါတယ်။ အဲ့ဒီလျှောက်လွှာကို တခြားဌာနတစ်ခုသို့ ပို့ပေးဖို့တာဝန်မရှိပါဘူး။ တရားစီရင်ရေး ကိစ္စများကိုဆောင်ရွက်ရာမှာ စာပေးစာယူနည်းဖြင့်လည်း ဆောင်ရွက်လေ့မရှိပါဘူး။ တရားခွင်မှာဘဲ နှစ်ဖက်အမှုသည်များ သို့မဟုတ် ၎င်းတို့၏ရှေ့နေများကို ကြားနာပြီးဆုံးဖြတ်ရပါတယ်။
(၂)အမှုရုပ်သိမ်းခွင့် ပေးသင့်မသင့် စဉ်းစားရာမှာလည်း တရားလိုဘက်က ၎င်းင်း၏အမှုထင်ရှားအောင် သက်သေခံအထောက် အထားများမတင်ပြနိုင်ခြင်း၊ အမှုသည်များဟာ သွေးရင်းသားရင်းများဖြစ်တာကြောင့် အမှန်တရားကို ထုတ်ဖော်ပြောဆို မှာမဟုတ်ခြင်း ဆိုတာတွေကလည်း သဘာဝမကျပါဘူး။ တရားရုံးကို စွဲတင်တဲ့အမှုတိုင်းမှာ ဥပဒေအရာရှိရဲ့စီစစ်အကြံ ပြုချက်အရ စွဲတင်ကြရတာဆိုတော့ သက်သေခံအထောက်အထား မရှိဘဲနဲ့တရားစွဲတင်ဖို့ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ သက်သေခံအထောက်အထားမရှိဘဲ တရားခံတစ်ဦးကို တရားစွဲတာဟာ ငွေကြေးနှင့်တန်ဖိုးဖြတ်လို့ မရတဲ့နစ်နာမှု၊ လူအခွင့်အရေး ဆုံးရှုံးမှုကိုဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ တရားရုံးရှေ့မှာ သက်သေများက အမှန်အတိုင်း ထွက်ဆိုမှုမရှိတဲ့ ကိစ္စမှာလည်း တရားခံအပေါ်စွဲချက်တင်ဖို့ သက်သေခံချက်မရှိရင် တရားရုံးက တရားခံကို တရားရှင် လွှတ်ရမှာဖြစ်လို့ အဲဒီအမှုမျိုးကို ရုပ်သိမ်းပေးဖို့ လိုမယ်မဟုတ်ပါဘူး။
(၃)အမှုကိုရုပ်သိမ်းခွင့်ပြုခြင်းအားဖြင့် အလားတူအမှုမျိုး တိုးတက်ဖြစ်ပွားလာစေရန် အကြောင်းရှိမရှိ စဉ်းစားရမည်ဆိုတာ ကလည်းကြားလို့ကောင်းပြီး မှန်သယောင်ယောင်ဖြစ်ပေမဲ့ လက်တွေမှာတော့ ဘယ်သူကမှ မှန်ကန်အောင် ကြိုတင်ခန့် မှန်းနိုင်မှာမဟုတ်ပါဘူး။ အမှုကိုရုပ်သိမ်းလိုက်တာကြောင့် အလားတူအမှုမျိုးတိုးပွားဖို့ ဖြစ်နိုင်ခြေနည်းပါတယ်။
ချုပ်ပြီးပြောရမယ်ဆိုရင်တော့ ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်သူ အချင်းချင်းနှင့်ပတ်သက်သောအမှုကိစ္စများကို ဥပဒေခွင့်ပြုချက်ဘောင်အတွင်း၌ ဖြစ်နိုင်သမျှ ကျေအေးပြီးပြတ်စေရန် ဆောင်ရွက်ခြင်း ဆိုတဲ့မူအရ အမှုရုပ်သိမ်းခြင်းပြုတဲ့ကိစ္စမှာ အောက်ဖော်ပြပါပြဿများ ပေါ်ပေါက်တာကိုတွေ့ရှိကြရမှာဖြစ်ပါတယ်။
(၁)     အမှုသည်အချင်းချင်း ကျေအေးခြင်းကိုအကြောင်းပြုပြီး အမှုကိုရုပ်သိမ်းပေးတဲ့ကိစ္စမှာ 'အမှုရုပ်သိမ်းပေးစေလိုပါက ငွေမည်မျှပေးရမယ်' ဆိုပြီး တရားလိုဘက်က တရားခံထံမှ ငွေညှစ်တောင်းခံခြင်း၊ တရားခံဘက်မှလည်း 'တရားလို၏ အသက်နှင့် ဂုဏ်သိက္ခာကိုထိခိုက်အောင်လုပ်မည်' ဖြစ်ကြောင်းတရားလိုအားခြိမ်းခြောက်ခြင်း သို့မဟုတ် တစ်နည်းနည်း ဖြင့်အကျပ်ကိုင်မှုများရှိခြင်း၊
(၂)      ရာဇ၀တ်ကျင့်ထုံးဥပဒေတွင် အမှုသည်များက မိမိတို့အချင်းချင်း အမှုကိုကျေအေးခွင့်ရှိခြင်းနှင့် အစိုးရ(နိုင်ငံတော်)က အမှုရုပ်သိမ်းပေးခြင်းတို့ကို တစ်ကဏ္ဍစီခွဲခြား၍ ပြဋ္ဌာန်းထားသော်လည်း အထက်ဖော်ပြပါ ညွှန်ကြားချက်အမှတ် (၁၁/၇၅) ကိုရုပ်သိမ်းပြီး မူလရှိပြီးဥပဒေအတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုပါက ယခုပေါ်ပေါက်လျက်ရှိသော အကြောင်းခြင်းရာဆိုင်ရာနှင့် ဥပဒေဆိုင်ရာ ပြဿများပပျောက် သွားမဲ့အပြင် အစိုးရအနေနှင့်လည်း အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာ လိုက်နာရမြဲမူဝါဒများအရ ရုပ်သိမ်းသင့်တဲ့အမှုများကို သင့်မြတ်သလို ရုပ်သိမ်းခွင့်ရှိမှာဖြစ်ပါကြောင်း။
   ဦးကျော်အေး
Sunday, May 20, 2018
တရားခံက စွဲချက်ကို ၀န်ခံပြီးမှ ငြင်းချင်တယ်ဆိုလျှင်ဖြင့် ...
ဦးအုန်းမောင် နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ( ၁၉၇၆ ၊ မတစ၊ စာ ၁၄၁ ) အမှုတွင် -
"အမှုကိုစစ်ဆေးကြားနာပြီးနောက် အမိန့်မချမီ တရားရုံးသည်စွဲချက်ကိုပြင်နိုင်သည်။ တရားခံက အပြစ်ရှိကြောင်း ၀န်ခံပြီး နောက်အပြစ်မရှိကြောင်းငြင်းဆို၍ ထုချေခွင့်ပြုရန်လျှောက်ထားလာလျှင် တရားရုံးကလက်ခံ၍ စွဲချက်တွင် ပြင်ဆင် မှတ်တမ်းတင်ပြီးတရားခံအားထုချေခွင့်ပေးရမည်။ ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် တရားလမ်းကြောင်း တိမ်းစောင်းခြင်းမရှိဘဲ အမှုတွဲတွင် ပိုမိုပြည့်စုံပြီး စီရင်ဆုံးဖြတ်ရာ၌ အထောက်အကူပင်ရနိုင်သည်။ တရားခံထုချေခွင့်ကို တရားဥပဒေက မပိတ်ပင်ချေ" ဟု ထုံးဖွဲ့လမ်းညွှန်ထားပါသည်။
(ဆရာဦးမြ ၊ သောင်းပြောင်းထွေလာဥပဒေပြသနာ အမှတ် - ၈ ၊ စာ -၂၆၈)တွင်
မေး ။ ။ ပြစ်မှုဆိုင်ရာ အမှုတစ်ခုတွင် တရားခံက အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီး နောက်ပိုင်းတွင် တရားခံက စိတ်ပြောင်းပြီး အပြစ်မရှိကြောင်းငြင်းလာလျှင် မည်ကဲ့သို့ဆောင်ရွက်ရပါမည်လဲ။
ဖြေ။ ။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၂၅၅(၂)ကိုသိဖို့လိုပါသည်။ သောင်းပြောင်း (၆) မှာ အကျယ်တ၀င့်ရေးသားခဲ့ပြီးဖြစ်ပါသည်။
တရားခံက အပြစ်ရှိကြောင်း ပြောပြီးမှ ၀န်မခံတော့ဘူးဟုဆိုလျှင် နေ့စဉ်မှတ်တမ်းမှာ အကျိုးအကြောင်းရေးပါ။
"တရားခံက အပြစ်ကျူးလွန်ကြောင်းဝန်ခံချက်ကို ရုပ်သိမ်းပြီး အပြစ်မရှိကြောင်း ငြင်းသည်။" ဟု နေ့စဉ်မှတ်တမ်းတွင် ဖော်ပြရန်ဖြစ်ပါသည်။
တရားခံက အပြစ်ရှိသည်ဟု ၀န်ခံတိုင်း မလွဲမသွေ အပြစ်ပေးရမည်ဟု ဥပဒေက မဆိုပါ။ တရားခံက အပြစ်ရှိသည်ဟု ၀န်ခံရာတွင် အပြစ်မပေးရသေးပါက မိမိ၏ ၀န်ခံချက်ကို ရုပ်သိမ်းနိုင်ပါသည်။
TUN MYO HTAY
Saturday, May 19, 2018
ပြစ်မှုတစ်ရပ်ကို အကြိမ်ကြိမ်စွဲဆိုလာပါကဆောင်ရွက်ရန်လုပ်ထုံး။(စစ်ဆေးဆဲ)
ပစ်မှုတစ်ရပ်ကို အကြိမ်ကြိမ်စွဲဆိုလာပါကဆောင်ရွက်ရန်လုပ်ထုံး။(စစ်ဆေးဆဲ)
ဦးထွန်းမျိုးဌေး
ပြစ်မှုဆိုင်ရာ အမှုများ (စစ်ဆေးဆဲ) တွင် ပြစ်မှုတစ်ရပ်ကို အကြိမ်ကြိမ်စွဲဆိုသည့်ကိစ္စရပ်များ တခါတရံကြုံတွေ့နိုင်ပါသည်။ 
ဥပမာ - 
ရဲစခန်းတွင် ပထမသတင်းပေးတိုင်ချက် ဖွင့်ထားသည့် အမှုကို တရားရုံးသို့ လာ၍ ဦးတိုက်လျှောက်ထားသည့် ကိစ္စရပ်များတွင် တရားရုံးက ဦးတိုက်လျှောက်လွှာကို အရေးယူပြီးဆောင်ရွက်နေဆဲ ရဲထံတိုင်ထားသည့် အမှုက တက်လာသည့်ကိစ္စရပ်များ၊
ပြုလုပ်မှုတစ်ရပ်တည်းကို နစ်နာသူက ပထမသတင်းပေးတိုင်ချက်တစ်ခုဖွင့်ပြီး  ရဲအရာရှိက ပထမသတင်းပေးတိုင်ချက်တစ်ခု ဖွင့်လှစ်၍ တရားစွဲတင်ပို့လာသည့် ကိစ္စရပ်များ စသည်တို့ဖြစ်ပါသည်။ 
ယင်းသို့ကြုံတွေ့ပါက မည်သို့ဆောင်ရွက်ရသည်ကို ကျင့်ထုံးဥပဒေ၊ ရုံးလက်စွဲ၊ ညွှန်ကြားချက်များတွင် အတိအလင်း ပြဌာန်းချက်မတွေ့ရပါ။ 
သို့ရာတွင်  ဒေါက်တာမောင်မောင်စိန်ပါ - ၂ နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ပါ - ၂ (၁၉၇၈၊ မတစ၊စာ - ၉၄) အမှုတွင်
(၁)  မူလရှိပြီး ဖြစ်သည့်အမှု နှင့် ပေါင်း၍ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊
(၂)  အမှုများပူးပေါင်းဆောင်ရွက်သည့်အခါ ပင်တိုင်အမှု၏ နေ့စဉ်မှတ်တမ်းတွင် အမှုများကို ပူးပေါင်းလိုက်ကြောင်းဖော်ပြရန်ဖြစ်ကြောင်း၊
(၃)  နောက်တိုးအမှုများမှ စာရွက်စာတမ်းများကို ပင်တိုင်အမှုတွဲ၌ တွဲထားရန်ဖြစ်ပြီး
နောက်တိုးအမှုများတွင် ယင်းသို့ ဆောင်ရွက်ကြောင်းဖော်ပြပြီး အမှုများ ပိတ်လိုက်ရန်ဖြစ်ကြောင်း၊
 အောက်ပါအတိုင်းလမ်းညွှန်ထားပါသည်။
"ပြစ်မှုတစ်ရပ်အတွက် အကြိမ်ကြိမ်စွဲဆိုခြင်းဖြစ်သည်ဟုတွေ့ရှိပါက တိုင်လျှောက်လွှာများအတွက် ဖွင့်လှစ်ထားသော အမှုတွဲများကို မူလရှိပြီးဖြစ်သည့် ပြစ်မှုဆိုင်ရာ မူလမှုအမှတ် - ၅၅၄/ ၇၇ နှင့် ပူးပေါင်း၍ ဆောင်ရွက်သွားရန်သာဖြစ်သည်။ အမှုများပူးပေါင်းဆောင်ရွက်သည့်အခါ ပင်တိုင်အမှု၏ နေ့စဉ်မှတ်တမ်းတွင် အမှုများကို ပူးပေါင်းလိုက်ကြောင်းဖော်ပြ၍ နောက်တိုး အမှုများမှ စာရွက်စာတမ်းများကို ပင်တိုင်အမှုတွဲ၌ တွဲထားရန်ဖြစ်ပြီး နောက်တိုးအမှုများတွင် ယင်းသို့ဆောင်ရွက်ကြောင်း ဖော်ပြပြီး အမှုပိတ်လိုက်ရန်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်မှသာ ဥပဒေပြဌာန်းချက်များနှင့် ညီညွတ်ပြီး တရားမျှတမှု ရှိသည်ဟု ဆိုနိုင်ပေမည်။"
အထက်ပါ လုပ်ထုံးသည် စစ်ဆေးဆဲအမှုများတွင် ပြစ်မှုတစ်ရပ်ကို အကြိမ်ကြိမ်စွဲဆိုလာသည့် ကိစ္စရပ်အတွက်ဖြစ်ပါသည်။ 
စစ်ဆေးပြီးအမှုအတွက် ထပ်မံစွဲဆိုလာသောကိစ္စရပ်ဖြစ်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၂၀၃၊ ၂၅၃(၂)နှင့် ၅၆၁-က တို့ အရ ဆောင်ရွက်ရန်ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။
ဦးထွန်းမျိုးဌေး
Friday, March 16, 2018
တရားရုံးကို မလေးမစားပြု၍ အရေးယူခြင်းနှင့်စပ်လျဉ်း၍ 
တရားသူကြီးသည် မိမိရှေ့မှောက်ကျူးလွန်သည့်ပြစ်မှုအတွက် မိမိကိုယ်တိုင်စစ်ဆေး စီရင်ခြင်း။
ရာဇ၀တ်တရားသူကြီးသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၉၀(၁)(ဂ) အရ ရဲအရာရှိမဟုတ်သူထံမှသတင်းရလျှင် (သို့မဟုတ်) မိမိကိုယ်တိုင်သိရှိ (၀ါ) သံသယဖြစ်သည့်အခါ ထိုပြစ်မှုကို အရေးယူနိုင်ပါသည်။
ထိုသို့အရေးယူရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၁ အရ သက်သေခံချက်မယူမီ အခြားတရားရုံးတစ်ရုံးကစစ်ဆေးစီရင်ပေးရန် လျှောက်ထားပိုင် ခွင့်ရှိကြောင်း တရားခံကိုပြောကြားရမည် ဖြစ်ပါသည်။ တရားခံကလျှောက်လျှင် အခြား ရာဇ၀တ်တရားသူကြီးထံ လွှဲပေးရမည်ဖြစ်ပါသည်။ 
ထို့ပြင် အမှုတစ်ခုနှင့်စပ်လျဉ်း၍ ဖြောင့်ချက်ယူထားသောတရားသူကြီးသည် ယင်းအမှုကို စစ်ဆေးခြင်းမပြုသင့်ပါ။
Wednesday, August 23, 2017
အာမခံပေးသည်မှာ အခြေခံမူ၊ မပေးသည် မှာ ခြွင်းချက်သာ
မောင်စာဂ
အာမခံပေးခြင်းဆိုရာတွင် ပြစ်မှုတစ်ရပ် ကျူးလွန်သူဟု စွပ်စွဲခံရသူတစ်ဦးအား ဖမ်းဆီးချုပ်နှောင်ခြင်းမပြုဘဲ  လုံလောက်သော အာမခံသူများနှင့်ခံဝန်ချုပ် ချုပ်ဆို၍ဖြစ်စေ၊ အာမခံသူများမပါဘဲ ကိုယ်တိုင်ခံဝန်ချုပ် ချုပ်ဆို၍ဖြစ်စေ လွှတ်ပေးထားခြင်းကို ဆိုလိုသည်။ 
အာမခံပေးခြင်းကိစ္စ  အပိုင်းနှစ်ပိုင်းရှိသည်။ စွပ်စွဲခံရသူကို ရဲတပ်ဖွဲ့စခန်းက ဖမ်းဆီးချုပ်နှောင်ပြီးနောက် အာမခံပေးခြင်းအပိုင်းနှင့်တရားရုံးသို့ စွဲဆိုတင်ပို့ပြီးနောက် တရားရုံးက အာမခံပေးခြင်းအပိုင်းတို့ဖြစ်သည်။ အပိုင်းနှစ်ပိုင်းစလုံးတွင် အာမခံပေးခြင်း၊ မပေးခြင်း ကိစ္စရပ်အပေါ် အဆုံးအဖြတ်ပေးကြရာ၌ လိုက်နာရမည့် ဥပဒေမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပင် ဖြစ်သည်။
ဤတွင် အာမခံပေးခြင်းကိစ္စ ဥပဒေက မည်သို့မည်ပုံ ပြဋ္ဌာန်းထားသနည်း။ လေ့လာတွေ့ရှိသမျှ ဖော်ပြပါရ စေ။
အာမခံပေးနိုင်သောပြစ်မှုနှင့် မပေးနိုင်သောပြစ်မှု
ရာဇသတ်ကြီးတွင် ပါရှိသောပြစ်မှုများအနက် မည်သည့်ပြစ်မှုက အာမခံပေးနိုင်သည်၊ မည်သည့်ပြစ်မှုက အာမခံမပေးနိုင်ဟူ၍ ရာဇဝတ်ကျင့်ထုံးဥပဒေ၌ သတ် မှတ်ထားသည်။ 
အာမခံပေးရမည့်ပြစ်မှုဆိုသည်မှာ ရာဇဝတ်ကျင့်ထုံး ဥပဒေ၏ နောက်ဆက်တွဲ ဇယား (၂) တွင် အာမခံပေးရ မည်ဟု ဖော်ပြထားသောပြစ်မှု သို့မဟုတ် တည်ဆဲအခြားဥပဒေတစ်ရပ်ရပ်အရ အာမခံပေးရမည့်ပြစ်မှုကို ဆိုသည်။ အာမခံမပေးနိုင်သောပြစ်မှုဆိုသည်မှာ အခြား ပြစ်မှုများကို ဆိုသည်။ [ပုဒ်မ ၄(၁)(က)]။ 
ရာဇသတ်ကြီးမဟုတ်ဘဲ ကျန်ရှိသည့် အထူးဥပဒေ များပါ ပြစ်မှုများကိုလည်း အာမခံ ပေးနိုင်သည့်ပြစ်မှုနှင့်အာမခံမပေးနိုင်သော ပြစ်မှုဟူ၍ သတ်မှတ်ထားသည်။  ရာဇဝတ်ကျင့်ထုံး ဥပဒေ နောက်ဆက်တွဲဇယား (၂) အဆုံးတွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။
သေဒဏ်၊ အနှစ် ၂ဝ ထောင်ဒဏ် သို့မဟုတ် ထောင် ဒဏ် ခုနစ်နှစ် သို့မဟုတ် ယင်းအထက်ပိုသော ပြစ်ဒဏ်ထိုက်သည့်ပြစ်မှုဖြစ်လျှင်သော်လည်းကောင်း၊ ထောင်ဒဏ် သုံးနှစ်နှင့်အထက် သို့သော်လည်း ခုနစ်နှစ် ထက်မပိုသော ပြစ်ဒဏ်ထိုက်သည့် ပြစ်မှုဖြစ်လျှင်သော်လည်းကောင်း အာမခံမပေးနိုင်ပါ။ ထောင်ဒဏ် သုံးနှစ်အောက် ပြစ်ဒဏ်ထိုက်သည့် ပြစ်မှုဖြစ်လျှင် အာမခံပေးရ ပါမည်။  
အာမခံပေးခြင်းကိစ္စ၊ နည်းလမ်းသတ်မှတ် ပြဋ္ဌာန်းချက်
ရာဇဝတ်ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များကို အနှစ် ချုပ်ကိုးကား၍ ရှင်းလင်းပါမည်။
အာမခံပေးနိုင်သော ပြစ်မှုဖြင့် စွပ်စွဲခြင်းခံရသူ တစ်ဦးကို သက်ဆိုင်ရာ ရဲစခန်း၏ ထိန်းသိမ်းမှု အောက် တွင်ရှိစဉ် မည်သည့်အချိန်အခါမဆို အာမခံပေးရန် အသင့်ဖြစ်လျှင် ထိုသူကိုအာမခံဖြင့် လွှတ်ထားရမည်။ ထိုနည်းတူ တရားရုံးရှေ့တွင် ဆောင်ရွက်သည့် မှုခင်းကိစ္စ၏ မည်သည့်အဆင့်၌မဆို အာမခံပေးရန်အသင့် ဖြစ်လျှင် ထိုသူကို အာမခံဖြင့်လွှတ်ထားရမည်။ (ပုဒ်မ ၄၉၆)
အာမခံမပေးနိုင်သော ပြစ်မှုဖြင့် စွပ်စွဲခံရသူတစ်ဦး သည် ရဲစခန်းက ဝရမ်းမပါဘဲ ဖမ်းဆီးခြင်းဖြစ်စေ၊ ချုပ် နှောင်ခြင်းဖြစ်စေ ခံရသည့်အခါ သို့မဟုတ် တရားရုံး ရှေ့သို့ ထိုသူ ရောက်ရှိသည့်အခါ သို့မဟုတ် တရားရုံး ရှေ့သို့ ခေါ်ဆောင်ခြင်းခံရသည့်အခါ ထိုသူကို အာမခံဖြင့် လွှတ်ထားနိုင်သည်။ [ပုဒ်မ ၄၉၇(၁)]
ဤပြဋ္ဌာန်းချက်ကို ကြည့်ခြင်းအားဖြင့် အာမခံမပေး နိုင်သော ပြစ်မှုဖြင့် စွပ်စွဲခြင်းခံရသူပင်ဖြစ်လင့်ကစား အာမခံဖြင့်လွှတ်ထားနိုင်ကြောင်းကို တွေ့မြင်ရသည်။ 
ယင်းပုဒ်မ ၄၉၇(၁) မှာပင် သို့သော်လည်း ထိုစွပ်စွဲခံရသူသည် သေဒဏ်ဖြစ်စေ၊ အနှစ် ၂ဝ ထောင်ဒဏ်ဖြစ်စေ စီရင်ထိုက်သော ပြစ်မှုတစ်စုံတစ်ရာကို ကျူး လွန်ခဲ့သည်ဟု ယုံကြည်ရန် သင့်လျော်သော အကြောင်း များရှိလျှင် ထိုကဲ့သို့ လွှတ်ထားခြင်းမပြုရပါ။ သို့ရာတွင် အဆိုပါပြစ်မှုဖြင့်    စွပ်စွဲခံရသူသည်   အမျိုးသမီးဖြစ်နေလျှင် သို့မဟုတ် မကျန်းမမာ ဖျားနာနေသူဖြစ် လျှင် သို့မဟုတ် ချည့်နဲ့နေသူဖြစ်လျှင် ထိုသူကိုအာမခံဖြင့် လွှတ်ထားနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ 
ထို့ပြင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းက သို့မဟုတ် တရားရုံးက စုံစမ်းစစ်ဆေးမှု သို့မဟုတ် စီရင်မှုပြုလုပ် နေသည့် မည်သည့်အဆင့်တွင်မဆို စွပ်စွဲခံရသူသည် အာမခံမပေးနိုင်သည့် ပြစ်မှုတစ်ရပ်ကို ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရန် အကြောင်းမရှိသော်လည်း ထိုသူ၏ပြစ်မှုကို  ဆက်လက်စုံစမ်းစစ်ဆေးရန်  လုံလောက်သော အကြောင်းများရှိသည်ဟု ထင်မြင်လျှင် အဆိုပါ 
စုံစမ်းစစ်ဆေးမှု အတွင်း၌ ထိုသူကိုအာမခံဖြင့် လွှတ် ထားစေရမည်။ [ပုဒ်မ ၄၉၇(၂)]
ပုဒ်မ ၄၉၇ (၁) သို့မဟုတ် ပုဒ်မ ၄၉၇(၂) အရ စွပ်စွဲခံရသူတစ်ဦးကို အာမခံဖြင့် လွှတ်ပေးသည့် အရာရှိတစ်ဦး သို့မဟုတ် တရားရုံးတစ်ရုံးသည် မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ လွှတ် ထားရကြောင်း အကြောင်းပြချက်များကို စာဖြင့်ရေးမှတ်ထားရမည်။ [ပုဒ်မ ၄၉၇(၃)]
အာမခံမပေးနိုင်သော ပြစ်မှုတစ်ရပ်ဖြင့် စွပ်စွဲခံရသူတစ်ဦးကို စစ်ဆေးမှုပြီးဆုံးပြီးနောက် စီရင်ချက်မချမီ မည်သည့်အချိန်တွင်မဆို ထိုစွပ်စွဲခံရသူသည် အဆိုပါပြစ်မှုတစ်စုံတစ်ရာကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်း တရားရုံးက ထင်မြင်လျှင် အကယ်၍ထိုစွပ်စွဲခံရသူသည် အချုပ်တွင် ရှိနေပါက စီရင်ချက်ချသည့်အခါ ထိုသူရောက်ရှိ နားထောင်ရန်အတွက် အာမခံသူများမပါဘဲ ခံဝန်ချုပ် ချုပ်ဆိုစေလျက် ထိုသူကိုလွှတ်ပေးရမည်။ [ပုဒ်မ ၄၉၇(၄)]
အထူးပြဋ္ဌာန်းချက်နှင့် ယေဘုယျပြဋ္ဌာန်းချက် 
ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆ နှင့်၄၉၇ ပါ ပြဋ္ဌာန်း ချက်များသည် အထူးပြဋ္ဌာန်းချက် (Special provision) ဖြစ်သည်။ ရာဇဝတ်ကျင့်ထုံးဥပဒေ၏ နောက်ဆက်တွဲ ဇယား (၂) တွင် အာမခံပေးနိုင်သည့်ပြစ်မှု၊ အာမခံမပေးနိုင်သည့် ပြစ်မှုဟု ဖော်ပြထားချက်များသည် ယေဘုယျ ပြဋ္ဌာန်းချက် (General provision) ဖြစ်သည်။  
အာမခံပေးခြင်းသည် 'မူ'၊ မပေးခြင်းသည် ခြွင်း ချက်'
ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆ နှင့်ပုဒ်မ ၄၉၇ ပါ ပြဋ္ဌာန်းချက်များကို ကြည့်ခြင်းအားဖြင့် အာမခံပေး ရမည့် ပြစ်မှုများကို အာမခံပေးရန်ဖြစ်သည်။ အာမခံ မပေးနိုင်သော ပြစ်မှုကို ကျူးလွန်သည်ဟု စွပ်စွဲခံရစေ ကာမူ    အာမခံပေးရမည့်ဘက်ကို   အလေးထား၍ ပြဋ္ဌာန်းထားသည်ကို တွေ့မြင်ရမည်။ သို့ပါ၍ အာမခံ ပေးခြင်းသည် 'မူ'၊ အာမခံမပေးခြင်းသည် 'ခြွင်းချက်' မျှသာဟူ၍ ဆိုရခြင်းဖြစ်သည်။ 
စီရင်ထုံးပါ လမ်းညွှန်ဆုံးဖြတ်ချက်များ 
အာမခံပေးခြင်း မပေးခြင်းကိစ္စနှင့်စပ်လျဉ်း၍ 'ဟူစိန်ဘခန်နှင့်နိုင်ငံတော်အမှု' တွင် မူတစ်ရပ်ကို လမ်းညွှန် ချမှတ်ခဲ့သည်။ ထိုမူမှာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆ နှင့်၄၉၇ ပါ ပြဋ္ဌာန်းချက်များအရ အာမခံပေးခြင်းသည် အခြေခံမူဖြစ်သည်။ အာမခံမပေး ငြင်းပယ် ခြင်းသည် ခြွင်းချက်ဖြစ်သည်ဟူ၍ ဆုံးဖြတ်ထားသည်။ (၁၉၆ဝ ခုနှစ်၊ မတစ၊ ၁၉၂)
တခြားတစ်မှုတွင်လည်း အစွပ်စွဲခံရသူတစ်ဦးအား ရာဇဝတ်ရုံးက အာမခံပေးခြင်းနှင့်ပတ်သက်၍   စဉ်းစား ဆုံးဖြတ်ရမည့်မူများကို   ဤရုံးက ချမှတ်ပြီးဖြစ်သည်။ သာမန်အားဖြင့်ဆိုလျှင် အစွပ်စွဲခံနေရသူတစ်ဦးဦးအား အမှုကို ရုံးသို့တင်၍ စစ်ဆေးခြင်းမပြုသေးမီ သို့မဟုတ် အမှုကို စစ်ဆေးနေစဉ်အတွင်း၌ ကြာမြင့်စွာ ချုပ်နှောင်ထားအပ်သည်မဟုတ်။ ထိုသို့ချုပ်နှောင်ခြင်း
ဖြင့်၎င်းအပေါ်တွင် ပြစ်မှုထင်ရှားမတွေ့ရှိသေးဘဲ ကြိုတင်၍ ပြစ်ဒဏ်ပေးခြင်းမျိုး မဖြစ်အပ်ပေ။ (၁၉၆၅ ခုနှစ်၊ မတစ၊ ၆၆၆)
တခြားတစ်မှုတွင်လည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်း သို့မဟုတ် သေဒဏ်ပေးနိုင်သော အမှုများမှအပ အာမခံမပေးနိုင်သောအမှုများတွင် တရားရုံးများက အာမခံပေးပိုင်ခွင့်ကို ကျင့်ထုံးပုဒ်မ ၄၉၇ က ကန့်သတ်ထားခြင်းမရှိကြောင်း ဆုံးဖြတ်ထားသည်။ (ရန်ကုန်၊ အတွဲ ၅၊ ၂၇၆)
ပြစ်ဒဏ်စီရင်ခြင်း မပြုသေးသမျှ အပြစ်ကျူးလွန်သူဟု မမှတ်ယူရ 
ပြစ်မှုတစ်ရပ်ကျူးလွန်သည်ဟူ၍ စွပ်စွဲခံရသူတစ်ဦး ကို တရားရုံးက ''ပြစ်ဒဏ်စီရင်ခြင်း မပြုသေးသမျှအပြစ်ကျူးလွန်သူဟူ၍ မမှတ်ယူရ''ဆိုရိုးစကားသည် တည်တံ့ခိုင်မာလျက်ရှိသည်။  တရားရုံးရှေ့သို့ ရောက်ရှိ လာသော ပြစ်မှုတစ်ရပ်ကို ကျူးလွန်သည်ဟု စွပ်စွဲခံရသူကို အပြစ်ကျူးလွန်သူဟူ၍ ကြိုတင်မှတ်ယူခြင်း မပြုနိုင်ပါ။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၆ နှင့်၄၉၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ    အာမခံပေးခြင်းကိစ္စ ဆောင်ရွက်သင့်ကြပါသည်။ 
မှတ်မှတ်သားသား ဆောင်ရွက်ခဲ့သည်များ 
လွန်ခဲ့သော ၁၉၇၄ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ ကာလ များအတွင်းကဖြစ်သည်။ လမ်းစဉ်ပါတီခေတ် ပြည်သူ့ တရားသူကြီး သုံးဦး ရုံးထိုင်စစ်ဆေးသည့်အချိန်ဖြစ်သည်။ စာရေးသူသည် မြို့နယ် ဥပဒေရုံးတွင် ဥပဒေ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ပြစ်မှု တော်တော်များကို တရားရုံးတွင် အစိုးရရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့ရသည်။ အာမခံပေးခြင်းကိစ္စ တရားရုံးတွင် အကြိမ်ကြိမ်တင်ပြခြင်း၊ လျှောက်လဲ ချက်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ရသည်။
အာမခံပေးရမည့်အမှုဖြစ်လျှင် အာမခံပေးဖို့ တင်ပြ ခြင်း၊ လျှောက်လဲခြင်းပြုသည်။ သေဒဏ်၊ တစ်သက် တစ်ကျွန်းဒဏ် ချမှတ်ထိုက်သော ပြစ်မှုမျိုးဖြင့် စွပ်စွဲခံရသူကို အာမခံမပေးဖို့ ကန့်ကွက်ကြောင်း ဥပဒေ နှင့်အညီတင်ပြခြင်း၊ လျှောက်လဲချက်ပေးခြင်းပြုသည်။ သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ် ချမှတ်ထိုက်သည့် ပြစ်မှုကို ကျူးလွန်ကြောင်းဖြင့် စွပ်စွဲခံရသူမဟုတ်ပါက၊ အာမခံပေးလိုက်လျှင် စွပ်စွဲခံရသူသည် ထွက်ပြေး တိမ်းရှောင်သွားရန် အကြောင်း ရှိ၊ မရှိ၊ နောက်ထပ် ရာဇဝတ်ပြစ်မှုတစ်စုံတစ်ရာ ထပ်မံကျူးလွန်ရန် အကြောင်း ရှိ၊ မရှိ၊ တင်ပြထားသည့် တရားလိုပြ သက် သေများကို ဖျက်လိုဖျက်ဆီးပြုရန် အကြောင်း ရှိ-မရှိ သက်ဆိုင်ရာ ရဲအရာရှိ  [မှုခင်းမှတ်တမ်း အရာရှိ (CRO) ] ထံသို့ သဘောထားမှတ်ချက်များ တောင်းခံရယူသည်။
ဖော်ပြပါ အချက်သုံးချက်တွင် တစ်ချက်ချက်နှင့်ငြိစွန်းနေကြောင်းတွေ့ရလျှင်  အာမခံမပေးခြင်းသည် ခြွင်းချက်ဆိုသောမူအရ အာမခံမပေးသင့်ကြောင်း ခိုင်လုံသော အထောက်အထားများဖြင့်  တင်ပြခြင်း၊ လျှောက်လဲချက်ပေးခြင်းပြုသည်။ တရားရုံးများက အာမခံမပေး။ ဖော်ပြပါ အချက်သုံးချက်စလုံးနှင့်ငြိစွန်းခြင်းမရှိခဲ့သော်၊ ထို့ပြင်စွပ်စွဲခံရသူသည် အမျိုးသမီးဖြစ်နေခဲ့သော်၊ အသက်အရွယ်ကြီးရင့်၍ အိုမင်းမစွမ်း၊ ချည့်နဲ့သူဖြစ်ခဲ့သော်၊ ကျန်းမာရေးချို့တဲ့သူဖြစ်ကြောင်း သက်ဆိုင်ရာ ဆရာဝန်၏ ခိုင်မာသောဆေးစာကို တင်ပြနိုင်ခဲ့သော် အာမခံပေးခြင်းသည် အခြေခံမူ ဖြစ်သည်ဆိုသော 'မူ' အရ လုံလောက်သောခံဝန်သူများဖြင့် အာမခံပေးမည် ဆိုလျှင် ကန့်ကွက်ရန် မရှိပါကြောင်းတင်ပြခြင်း၊ လျှောက် လဲချက်ပေးခြင်းပြုသည်။ တရားရုံးများကလည်း အာမခံ ပေးသည်။
တရားစီရင်ရေးလမ်းကြောင်း တိမ်းစောင်းစေရာ ရောက်ခြင်း
မှုခင်းတစ်ရပ်ကို ရဲတပ်ဖွဲ့စခန်းက စုံစမ်းထောက် လှမ်းခြင်း၊ တရားရုံးက စစ်ဆေးကြားနာခြင်း ပြုရသည့် ဖြစ်စဉ်တွင် စွပ်စွဲခံရသူကို အာမခံပေးခြင်း၊ မပေးခြင်း ကိစ္စသည် အရေးကြီးသော ဖြစ်စဉ်တစ်ရပ်အဖြစ် ပါရှိနေသည်။ စွပ်စွဲခံရသူက အာမခံလိုချင်သည်၊ အချုပ်လွှတ် ထုချေရှင်းလင်းခွင့် ရရှိလိုသည်။ စွပ်စွဲသူတရား လိုဘက်က စွပ်စွဲခံရသူ အာမခံရရှိသွားမည်ကို မလို 
လား။ အချုပ်နှင့်ရှိနေစေချင်သည်။ ရဲစခန်းနှင့် တရား ရုံးတို့က ဆုံးဖြတ်ချက်တစ်ခုကို မလွဲမသွေ ချမှတ်ကြ ရသည်။ တရားစီရင်ရေးလမ်းကြောင်း တိမ်းစောင်း သည်ဆိုရာတွင် အာမခံပေးခြင်း၊ မပေးခြင်းကို ဥပဒေ နှင့်အညီ ဆောင်ရွက်ခြင်းမရှိသည်ကလည်း အချက် တစ်ချက်ပင်ဖြစ်သည်။ အာမခံပေးခြင်း၊ မပေးခြင်း ကိစ္စသည် တရားသူကြီးများတွင်သာ တာဝန်ရှိသည် မဟုတ် အမှုကိုစတင်စစ်ဆေးရသည့် ရဲအရာရှိများ၊ တရားရုံးသို့ သဘောထားမှတ်ချက်၊ ဥပဒေအကြံပြု ချက်များ တင်ပြပေးရသည့် ဥပဒေအရာရှိများတွင်လည်း တာဝန်ရှိကြသည်။ 
တာဝန်ကိုယ်စီရှိကြသည့် တရားသူကြီး၊ ဥပဒေ အရာရှိ၊ အမှုစစ်ရဲအရာရှိတို့သည် အာမခံပေးခြင်း ကိစ္စနှင့်စပ်လျဉ်းပြီး ယေဘုယျပြဋ္ဌာန်းချက်ဖြစ်သည့်  ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယား ၂ တွင် ဖော်ပြချက်များ သက်သက်ကိုသာ အပေါ်ယံကြည့်၍ ဆောင်ရွက်ခြင်းများကို ရှောင်ရှားသင့်သည်။ အထူးပြဋ္ဌာန်း ချက်ဖြစ်သည့် ကျင့်ထုံးဥပဒေပုဒ်မ ၄၉၆ နှင့်၄၉၇ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် ဆုံးဖြတ်သင့်သည်။ တိုင်ကြားသူကဘယ်သူလဲ၊ တိုင် ကြားခံရသူက ဘယ်ဝါလဲဆိုသည့် ပုဂ္ဂိုလ်မျက်နှာကို မကြည့်မမြင်ဘဲ ဥပဒေပြဋ္ဌာန်းချက်ကို မျက်နှာမူပြီး ဆင်ခြင်တုံတရားဖြင့် ရဲရဲဝံ့ဝံ့သတ္တိရှိရှိ ဆောင်ရွက် နိုင်ရမည်။
ကျူးလွန်သည့်ပြစ်မှုခြင်းတူသော်လည်း ကျူးလွန်ပုံကျူးလွန်နည်း မတူခြင်း၊ ပြစ်မှုကျူးလွန်သူ၏ အသက်၊ လိင်စသည့် ကွဲပြားမှုတို့ကြောင့် တစ်မှုနှင့်တစ်မှု အာမခံ ပေးခြင်း မပေးခြင်းကိစ္စ ကွဲပြားခြားနားမှုရှိမည်ကို ပြည်သူတွေ နားလည်သိရှိပါသည်။ အာမခံမပေးခြင်း သည် ခြွင်းချက်သာ ဖြစ်သည်။ ခြွင်းချက်အရ အာမခံ မပေးခြင်းကို မပြောလိုပါ။ အာမခံမပေးခြင်းသည် 'မူ' 
တစ်ရပ် ဖြစ်နေပြီး အာမခံပေးခြင်းက 'ခြွင်းချက်' သဖွယ် ဖြစ်သွားမည်ကိုတော့ လိုလားကြမည် မဟုတ်ပါ။
အခြေခံမူကို ထိန်းသိမ်းကြပါစို့
အာမခံပေးခြင်းကိစ္စ လိုက်နာရမည့်မူများကို ဥပဒေက ရှင်းလင်းတိကျစွာ ပြဋ္ဌာန်းထားရှိပြီး ဖြစ်သည်။ စီရင်ထုံးများက တိကျပြတ်သားစွာ လမ်းညွှန်ဆုံးဖြတ် ထားပြီးဖြစ်သည်။ ခံယူချက်၊ အတွေးအမြင်၊ စိတ်သဘော ထားများ တူညီစွာထားရှိလျက် ဥပဒေပြဋ္ဌာန်းချက်၊ စီရင်ထုံးပါ လမ်းညွှန်ဆုံးဖြတ်ချက်များနှင့်အညီ ဆောင်ရွက်သွားကြမည်ဆိုပါက၊ 'အာမခံပေးခြင်းသည် အခြေခံမူ၊ အာမခံမပေးငြင်းဆိုခြင်းသည် ခြွင်းချက်သာဖြစ် သည်' ဆိုသော မူသည်၊ ထာဝရရှင်သန် ကြီးထွားနေ မည်ဖြစ်ကြောင်းပါ။
နိုင်ငံတော်အပေါ် သစ္စာထား၊ ပြည်သူအပေါ်မေတ္တာ ပွား၍ တရားနှင့်အညီ ဆောင်ရွက်နိုင်ကြပါစေ။
တရားရေးမဏ္ဍိုင် အစဉ်ထာဝရကြံ့ခိုင် တည့်မတ်နေစေရေး ဆောင်ရွက်ပေးနိုင်ကြပါစေ။ 
ဥပဒေနှင့်အညီ တရားသဖြင့် ဖြောင့်မတ်မှန်ကန်စွာ ရှုမြင်ဆင်ခြင် ဆောင်ရွက်နိုင်ကြပါစေ။
Friday, August 11, 2017
ပြန်ခေါ်သက်သေစစ်မေးခွင့်
မောင်စာဂ
ပြန်ခေါ်သက်သေ
ပြန်ခေါ်သက်သေဆိုသည်မှာ တရားခံအား စွဲချက် မတင်မီ စစ်ဆေးပြီးဖြစ်သည့် တရားလိုပြ သက်သေကို တရားခံဘက်က နောက်ထပ်ပြန်လှန်မေးခွန်းများ မေးမြန်းရန် လိုအပ်သဖြင့် တရားရုံး၏ ခွင့်ပြုချက်အရ ပြန်လည်ခေါ်ယူစစ်ဆေးသော သက်သေကိုဆိုသည်။ ပြန်ခေါ်သက်သေကို ရာဇဝတ်ပြစ်မှုများ စစ်ဆေးသည့် အခါ တွေ့ရသည်။ ရာဇဝတ်ပြစ်မှုဟု ဆိုသော်လည်း သမ္မာန်မှုများကို စစ်ဆေးသည့် အခါမတွေ့ရပါ။ ဝရမ်းမှု ကို စစ်ဆေးသည့်အခါတွင်သာ တွေ့ရသည်။ 
ဝရမ်းမှုဆိုသည်မှာ သေဒဏ် သို့မဟုတ် ခြောက်လ ထက်ပိုသော ထောင်ဒဏ်အပြစ်ပေးနိုင်သည့် ပြစ်မှုများ ဖြစ်သည်။ ဝရမ်းမှုမဟုတ်သော ပြစ်မှုများသည် သမ္မာန်မှု များဖြစ်သည်။ သမ္မာန်မှုနှင့် ဝရမ်းမှုတို့ စစ်ဆေးပုံ စစ်ဆေးနည်း မတူပါ။ 
သမ္မာန်မှုကို စစ်ဆေးပုံစစ်ဆေးနည်းအကျဉ်း
တရားသူကြီးရှေ့သို့ တရားခံရောက်ရှိသောအခါ တရားခံအပေါ် စွဲဆိုထားသောပြစ်မှုနှင့် စပ်လျဉ်းသည့် အကြောင်းအရာကို တရားသူကြီးက ရှင်းလင်းပြောပြ သည်။ ထို့နောက် မည်သည့်အတွက်ကြောင့် ပြစ်ဒဏ် စီရင်ခြင်းမပြုထိုက်ကြောင်း ထုချေရှင်းလင်းရန် ရှိ/ မရှိ တရားခံကို မေးမြန်းသည်။
တရားခံက စွဲဆိုထားသည့် ပြစ်မှုကို ကျူးလွန်ခဲ့ ကြောင်း ဝန်ခံလျှင် တရားခံ၏ ဝန်ခံချက်ကိုတရားသူကြီး က ရေးမှတ်ယူသည်။ တရားခံကို ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံစေရန် အမိန့်ချမှတ်သည်။
အကယ်၍  တရားခံကစွဲဆိုထားသည့် ပြစ်မှုကို ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့လျှင် တရားခံ၏ ငြင်းဆိုချက်ကို တရားသူကြီးက ရေးမှတ်သည်။ ပြီးလျှင် တရားခံ၏ ရှေ့မှောက်တွင် တရားလိုကို စတင်စစ်ဆေး သည်။ တရားလိုကပြသော တရားလိုပြသက်သေများကို ဆက်လက်၍ စစ်ဆေးသည်။ တရားလိုနှင့်  တရားလိုပြ သက်သေများကို စစ်ဆေးပြီးသည့်အခါ တရားခံကို စစ်ဆေးသည်။ တရားခံကပြသော သက်သေများကို ဆက်လက်စစ်ဆေးသည်။
တရားလိုနှင့် တရားခံ နှစ်ဖက်သက်သေများကို စစ်ဆေးပြီးသည့်အခါ တရားခံအပြစ်ကျူးလွန်ခြင်း ရှိ/ မရှိ နှစ်ဖက်လျှောက်လဲချက်များကို ကြားနာသည်။ တရားခံအပေါ် အပြစ်ကျူးလွန်ကြောင်း ပေါ်ပေါက်မှု မရှိပါက အမှုမှ အပြီးအပြတ်လွှတ်ကြောင်း အမိန့်ချမှတ် သည်။ တရားသေ လွှတ်သည်ဟု ခေါ်ဝေါ်ကြသည်။ အကယ်၍ တရားခံ၌ အပြစ်ရှိကြောင်း တွေ့ရှိလျှင် တရားခံအပေါ် ဥပဒေနှင့် အညီ ပြစ်ဒဏ်စီရင်သည့်အမိန့် ချမှတ်သည်။
မှတ်သားရန်အချက်မှာ သမ္မာန်မှုများကို စစ်ဆေးရာ၌ တရားခံအပေါ် နည်းလမ်းတကျစွဲချက်တင်ခြင်းမျိုးမရှိ။ တရားရှင်လွှတ်သည့် အမိန့်မျိုးချမှတ်ခြင်းမရှိ။ စစ်ဆေး ပြီး တရားလိုပြသက်သေများကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးပိုင်ခွင့်မရှိခြင်းတို့ပင်။ 
ဝရမ်းမှုကို စစ်ဆေးပုံ စစ်ဆေးနည်းအကျဉ်း
တရားသူကြီးရှေ့သို့ တရားခံရောက်ရှိသောအခါ စွဲဆိုထားသော ပြစ်မှုနှင့်  စပ်လျဉ်း၍ ကျူးလွန်ခြင်း ရှိ/ မရှိ တရားခံကို မေးမြန်းခြင်းမရှိပါ။ တရားခံ၏ ရှေ့မှောက်တွင် တရားလိုကို စစ်ဆေးသည်။ ပြီးလျှင် တရားလိုပြသော သက်သေများကို ဆက်လက်စစ်ဆေး သည်။ တရားလိုနှင့်  တရားလိုပြသက်သေများကို စစ်ဆေးပြီးနောက် တရားခံအပေါ်စွဲချက်တင်ထိုက် မတင်ထိုက်၊ တရားလိုနှင့်  တရားခံ နှစ်ဖက် အမှုသည် များ၏ လျှောက်လဲချက်ကို ကြားနာသည်။
တရားလိုနှင့်  တရားလိုပြသက်သေများ၏ ထွက် ဆိုချက်အရ တရားခံအပေါ် ပြစ်မှုထင်ရှား စီရင်ခြင်း ခံထိုက်သည့် အမှုတစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းမရှိလျှင် တရားခံကို စွဲချက်မတင်မီ လွှတ်ကြောင်း အမိန့်ချမှတ် သည်။ တရားရှင်လွှတ်သည်ဟု ခေါ်ဝေါ်သည်။
အကယ်၍ တရားလိုနှင့် တရားလိုပြသက်သေများ၏ ထွက်ချက်အရ တရားခံအပေါ်စွပ်စွဲထားသည့် ပြစ်မှုကို ကျူးလွန်ခဲ့သည်ဟု ယူဆရန် အကြောင်းပေါ်ပေါက်ပါက တရားခံကို စွဲချက်တင်ကြောင်း အမိန့်ချမှတ်ရသည်။ စွဲချက်ကို တရားခံအား ဖတ်ပြပြီး ရှင်းပြရသည်။ အပြစ် ရှိ/ မရှိ၊ အပြစ်ကျူးလွန်ခြင်း ရှိ/ မရှိ မေးမြန်းရသည်။ တရားခံက အပြစ်ကျူးလွန်ကြောင်း၊ အပြစ်ရှိကြောင်း ဖြေကြားလျှင် ယင်းဖြေကြားချက်ကို တရားသူကြီးက ရေးမှတ်ရမည်။  ပြီးလျှင်  တရားခံအပေါ် ပြစ်မှု   ထင်ရှားတွေ့ရှိ၍   ပြစ်ဒဏ်စီရင်သည့်  အမိန့်ချမှတ်ရ သည်။ 
တရားခံက အပြစ်မရှိကြောင်း၊ အပြစ်ကျူးလွန်ခြင်း မရှိကြောင်း ဖြေကြားလျှင် ဆက်လက် စစ်ဆေးရန်ဖြစ်၍ သက်သေခံချက်ရယူပြီးသော တရားလိုဘက် သက်သေ တစ်ဦးတစ်ယောက်ကို ပြန်လှန်စစ်မေးရန် တရားခံတွင် ဆန္ဒ ရှိ/ မရှိ၊ အကယ်၍ ပြန်လှန်စစ်မေးရန် ဆန္ဒရှိလျှင် မည်သည့် သက်သေကို ပြန်လှန်စစ်ဆေးလိုကြောင်း တရားခံအား ချက်ချင်းတင်ပြစေရသည်။ တရားခံက ယင်းကဲ့သို့ ဆန္ဒရှိကြောင်း တင်ပြလာလျှင် တရားခံတင်ပြ သည့် အမည်စာရင်းပါ သက်သေများကို ပြန်ခေါ် စစ်ဆေးခွင့် ပေးရသည်။ ထိုသို့ ပြန်ခေါ်စစ်မေးခွင့်ပြုသည့် သက်သေကို ပြန်ခေါ်သက်သေဟု ခေါ်ဆိုကြခြင်းဖြစ် သည်။
တရားခံက ပြန်ခေါ်သက်သေစစ်မေးရန် မရှိကြောင်း တင်ပြလာလျှင် တရားရုံးသည် တရားခံကို စစ်မေးသည်။ တရားခံပြသက်သေများကို ဆက်၍ စစ်မေးသည်။ ပြန်ခေါ်သက်သေစစ်မေးရန်ရှိကြောင်း တင်ပြလာသည့် အခါ ပြန်ခေါ်သက်သေကို စစ်မေးသည်။ ပြီးမှ တရားခံ ကို စစ်မေးသည်။ တရားခံပြသက်သေများကို ဆက်လက် စစ်မေး သည်။ တရားခံနှင့်  တရားခံပြသက်သေများကို စစ်မေးပြီးသည့်အခါ တရားခံသည် အပြစ်ကျူးလွန်ခြင်း ရှိ/ မရှိ တရားလိုနှင့်  တရားခံတို့၏ နှစ်ဖက်လျှောက်လဲ ချက်များကို ကြားနာသည်။ တရားခံအပေါ် အပြစ် ကျူးလွန်ကြောင်းတွေ့ရှိက ပြစ်မှုထင်ရှားတွေ့ရှိ၍ ပြစ်ဒဏ်စီရင်သည့် အမိန့်ချမှတ်သည်။ အပြစ်ကျူးလွန် ကြောင်း မတွေ့ရှိပါက အမှုမှ အပြီးအပြတ် (တရား သေလွှတ်) ကြောင်း အမိန့်ချမှတ်သည်။
မှတ်သားရန်အချက်မှာ ဝရမ်းမှုများကို စစ်ဆေးရာ၌ တရားခံအပေါ် နည်းလမ်းတကျ စွဲချက်တင်ခြင်းမျိုးရှိ သည်။ တရားရှင်လွှတ်သည့် အမိန့်မျိုးချမှတ်ခြင်းရှိသည်။ စစ်ဆေးပြီး တရားလိုပြသက်သေများကို ပြန်ခေါ် သက်သေအဖြစ် စစ်မေးပိုင်ခွင့်ရှိခြင်းတို့ပင်။
ပြန်ခေါ်သက်သေစစ်မေးခြင်း၏ ရည်ရွယ်ချက်
ပြန်ခေါ်သက်သေစစ်မေးခြင်းသည် စစ်ဆေးပြီး တရားလိုပြသက်သေအား ဒုတိယအကြိမ် ပြန်လှန် စစ်မေးခြင်းဖြစ်သည်။ တရားခံ၏ ခုခံချေပရာလမ်း ကြောင်းများ ပီပီပြင်ပြင်၊ ထင်ထင်ရှားရှား၊ ခိုင်ခိုင်မာမာ ဖြစ်စေရန် ရည်ရွယ်၍ စစ်မေးခြင်းဖြစ်သည်။ တစ်နည်း အားဖြင့် တရားခံအတွက် ခုခံချေပခွင့် လုံလုံလောက် လောက်၊ ပြည့်ပြည့်ဝဝရရှိစေရန် ရည်ရွယ်ပြဋ္ဌာန်းထား သည့် ထူးကဲလှစွာ ဥပဒေက ပေးအပ်ထားသော အခွင့် အရေးတစ်ရပ်ဟု ဆိုနိုင်သည်။ 
ပြန်ခေါ်သက်သေစစ်မေးရာတွင် '' အဓိကစစ်မေး ခြင်း''ဟူ၍ မရှိတော့။ တရားခံဘက်က စတင်၍ပြန်လှန် စစ်မေးသည်။ တရားလိုဘက်က ပြန်ရှင်းစစ်မေး(ထပ်မံ စစ်မေး)သည်။ ထို့နောက် တရားရုံးက ရုံးမေးပြုလုပ် သည်။
ပြန်ခေါ်သက်သေတောင်းဆိုခြင်းနှင့် တရားစီရင်ထုံးများ
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၆(၁)တွင် ပြန်ခေါ်သက်သေအဖြစ် ပြန်လှန်စစ်မေးလိုကြောင်း တရားခံက တင်ပြတောင်းဆိုလာလျှင် တင်ပြတောင်း ဆိုလာသည့် သက်သေများကို တရားရုံးက ပြန်ခေါ်ပေး ရမည်ဖြစ်ကြောင်း  အတိအလင်း ပြဋ္ဌာန်းထားသည်။ ပြန်ခေါ်သက်သေစစ်မေးခြင်းနှင့်  စပ်လျဉ်း၍ ဆုံးဖြတ် ထားသည့် တရားစီရင်ထုံးအချို့ကို ဖေါ်ပြပါမည်။
မောင်အံ့ဘွယ်ပါ ၂ နှင့်  ပြည်ထောင်စုမြန်မာနိုင်ငံ စီရင်ထုံးတွင် တရားလိုပြ သက်သေများကို ပြန်ခေါ် နိုင်သည့်အခွင့်အရေးကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၆(၁)ကပေးအပ်ထားကြောင်း၊ ယင်းပြဋ္ဌာန်းချက် သည် မလိုက်နာမနေရ အမိန့်သဘောသက်ရောက် ကြောင်း၊ အမှုစစ်တရားသူကြီးအနေဖြင့် ယင်းပြဋ္ဌာန်း ချက်ကို လိုက်နာရန်ပျက်ကွက်ခြင်းသည် တရားမျှတမှု ကင်းမဲ့ရာ ရောက်သည်ဖြစ်စေ၊  မရောက်သည်ဖြစ်စေ၊ အမှုကိုပျက်ပြယ်စေသည်ဟု ယူဆရမည်ဖြစ်ကြောင်း ဆုံးဖြတ်ထားသည်။ ( ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံတရား စီရင်ထုံး (လွှတ်) စာ - ၈၆၃ ) 
ကိုသန်းအောင်နှင့်  ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ (၂) စီရင်ထုံးတွင် ''ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၂၅၆(၁)တွင် တရားခံက ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးလိုကြောင်း တင်ပြလာလျှင် တရားရုံးက ခွင့်ပြု ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်မှန်သော်လည်း အမှုကြန့်ကြာစေလိုသည့် သဘောဖြင့် ထိုအခွင့်အရေးကို နှစ်ကြိမ်ခွဲပြီး မမှန်မကန်တောင်းဆိုခြင်းကိုမှု ခွင့်ပြုရန် မသင့်ပေ။ 
တရားခံက သက်သေ(၃)ဦးကို ပြန်ခေါ်စစ်ဆေးလို ကြောင်း တောင်းဆိုခဲ့ပြီးနောက် လေးလခန့်ကြာမှ နောက်သက်သေတစ်ဦးကို ပြန်ခေါ်စစ်ဆေးလိုကြောင်း တင်ပြခြင်းသည် အမှုကိုကြန့်ကြာအောင် တမင်ဖန်တီး နေသည့်သဘောသက်ရောက်သည်။ သက်သေဆရာဝန် ကို စစ်ဆေးခဲ့စဉ် တရားခံဘက်က ရှေ့နေရှေ့ရပ်ဖြင့် အပြည့်အစုံ ပြန်လည်မေးမြန်းခဲ့ပြီးဖြစ်၍ ၎င်းအား ပြန်ခေါ်စစ်ဆေးရန် ထူးခြားသော အကြောင်းရှိသည်ဟု မပေါ်လွင်ပေ'' ဟူ၍ ဆုံးဖြတ်ခဲ့သည်။ ( ၁၉၉ဝ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာ - ၇၅ )
ကျော်အောင် ပါ ၂ နှင့်  ပြည်ထောင်စုမြန်မာနိုင်ငံတော် စီရင်ထုံးတွင်''လျှောက်ထားသူများက စစ်ပြီး တရားလိုပြ သက်သေများကို ပြန်ခေါ်စစ်ဆေးရန်အတွက် တင်ပြ ခြင်းသည် ၎င်းတို့အပေါ် စွဲချက်တင် စစ်ဆေးသည့်အခါ အပြစ်မရှိကြောင်း ငြင်းဆိုပြီးချက်ချင်းတင်ပြခြင်းဖြစ် ကြောင်း တွေ့ရသဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၂၅၆ (၁) အရ တင်ပြထားခြင်းဖြစ်သည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၆(၁)အရစစ်ဆေးပြီး တရားလိုပြ သက်သေကို ပြန်ခေါ်စစ်ပေးရန် တင်ပြခြင်းအား တရား ရုံးအနေဖြင့် ငြင်းဆိုခွင့်မရှိဘဲ မလွဲမသွေ ဆင့်ခေါ် စစ်ဆေးခွင့်ပြုရမည်ဖြစ်သည်'' ဟူ၍ လည်းကောင်း။
''ခရိုင်တရားရုံးက လျှောက်ထားသူများမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၆ (၁) အရ ပြန်လှန်စစ်မေးရန် အတွက် ဆင့်ခေါ်ပေးရန်တင်ပြသည့် စစ်ဆေးပြီး တရားလိုသက်သေကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၇(၁)ပါ ပြဋ္ဌာန်းချက်များအား ရည်ညွှန်း၍ အမှုမှာ (၂) နှစ်နီးပါးမျှ ကြာမြင့်နေသည့် အမှုဖြစ်ကြောင်း၊ တရားခံများ၊ ရှေ့နေများဖြင့် ပြန်လှန်စစ်မေးရန် အခွင့် အရေးပေးပြီးဖြစ်ကြောင်း အမှုကြန့်ကြာစေရန်၊ အနှောင့်အယှက်ပြုရန် တရားမျှတစွာ ဆုံးဖြတ်နိုင်ရေးကို ထိခိုက်နိုင်ရန် ပြန်ခေါ် သက်သေများကို ပြန်ခေါ်နေခြင်း ဖြစ်ကြောင်း အကြောင်းပြ၍ သက်သေများကို ပြန်ခေါ် စစ်ဆေးခွင့်ပြုရန် ငြင်းပယ်ခဲ့ခြင်းသည် ဥပဒေအရ မှန်ကန်ခြင်းမရှိပေ'' ဟူ၍လည်းကောင်း ဆုံးဖြတ်ခဲ့သည်။        (၂ဝဝ၂ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး စာ-၁၁ )
တရားရုံးချုပ်က ညွှန်ကြားထားရှိခြင်း
နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးများ၏ ၁၉၆၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက် နေ့စွဲပါ ညွှန်ကြားလွှာ အမှတ် ၃/ ၆၆ မှ သိရှိသိထိုက်သည့် အချက်အချို့ကို ကောက်နုတ် ဖော်ပြပါဦးမည်။
''သို့ရာတွင် ယခင်ကလည်း အပြည့်အစုံပြန်လှန်မေး ပြီးဖြစ်သော တရားလိုပြသက်သေတစ်ဦးကို စွဲချက် တင်ပြီးနောက် တရားခံက ပြန်ခေါ်လိုသည်ဟု တောင်း ဆိုလျှင် တရားသူကြီးသည် နှစ်ဖက် ရှေ့နေအမှုလိုက်တို့ အား ညှိနှိုင်းစေ၍ မလိုအပ်ဘဲ မခေါ်စေရန် အကြံပေးရ မည်။'' [ တရားရုံးများ ညွှန်ကြားလွှာလက်စွဲ၊ (၁၉၄၆-၁၉၇ဝ) စာ-၂၆
''စွဲချက်တင်ပြီးနောက်မှ စစ်ဆေးသည့် တရားလိုဘက် သက်သေတို့ကို တရားခံကပြန်ခေါ်နိုင်ခွင့်မရှိဟု ညွှန်ကြား ပြဋ္ဌာန်းထားသည့် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၅၄၊ ၂၅၆ နှင့်  တရားရုံးများ ညွှန်ကြားလွှာအမှတ် ၁၆/ ၄၈ နှင့်  ၁၄/ ၅၃ တို့တွင်ပါရှိသည့် ပြဋ္ဌာန်းချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန်။'' [တရားရုံးများ ညွှန်ကြား လွှာလက်စွဲ၊ (၁၉၄၆-၁၉၇ဝ) စာ-၂၇ ]
အခွင့်အရေးကို ဥပဒေနှင့်အညီကျင့်သုံးပါ
ပြန်ခေါ်သက်သေအဖြစ် စစ်မေးပေးရန် တောင်းဆို ပိုင်ခွင့်သည် တရားခံ၏ အခွင့်အရေးတစ်ရပ်ဖြစ်သည့် အပြင် တရားရုံးက သာမန်အားဖြင့် ဥပဒေအရ ငြင်းဆို ပိုင်ခွင့်မရှိသည့် အခွင့်အရေးလည်းဖြစ်နေရာ ဤကဲ့သို့ သော အခွင့်အရေးကို အလွဲသုံးစားပြုကာ အမှုကို ကြန့်ကြာစေရန် မဆောင်ရွက်ပါနှင့်။ တရားစီရင်ရေးကို အနှောင့်အယှက်ဖြစ်စေရန် မကျင့်သုံးပါနှင့်။ တရား မျှတစွာ ဆုံးဖြတ်နိုင်ရေးကို ထိခိုက်စေရန် ဦးမတည်ပါ နှင့်။ အမှုကိုဆုံးဖြတ်ရာတွင် အချက်အလက်ပြည့်စုံ ခိုင်မာစေရေး၊ အမှန်တရား ပေါ်ပေါက်ရေးနှင့်  တရားခံ အတွက် ဥပဒေကပေးအပ်ထားသော ဥပဒေအကာ အကွယ်၊ ဥပဒေအခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိရေးတို့ ကို ဦးတည်ကာ ဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်ကြ စေလိုသည်။
ဥပဒေကပေးအပ်ထားသော ထူးကဲလှစွာ အနှစ်သာရ နှင့်  ပြည့်ဝနေသော ပြန်ခေါ်သက်သေ စစ်မေးခွင့်အခွင့် အရေးကို  ဥပဒေစိတ်ထား၊ ဥပဒေအသိ၊ ဥပဒေအမြင်နှင့် ဥပဒေနှင့် လျော်ညီစွာ ကျင့်သုံးဆောင်ရွက်နိုင်ကြပါစေ။ တရားရေးမဏ္ဍိုင်မြဲခိုင်စေရေး၊ တရားမျှတမှန်ကန်စွာ စီရင်ဆုံးဖြတ်နိုင်ရေး ဦးတည်ဆောင်ရွက်နိုင်ကြပါစေ။
မောင်စာဂ
ကိုးကားချက်
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ( ရာဇဝတ်ကျင့်ထုံးဥပဒေ) အခန်း ၂ဝ နှင့်  ၂၁
သက်သေခံအက်ဥပဒေ အခန်း (၁ဝ)
သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ
 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...