Tuesday, March 10, 2015
ကျမ်းသစ္စာကျိန်ဆိုရာတွင် -
ကျမ်းသစ္စာကျိန်ဆိုရာတွင်​ ...
ဆောင်းပါး-မောင်သင်းပျံ့
          အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာ ရင်ဆိုင်ရနိုင်သည်ဟု ရှေးရိုးစကားရှိပါသည်။ လူ့ဝန်း ကျင်တွင်နေထိုင်ကြ၍ ဘဝကို အေးချမ်းစွာ ဖြတ်သန်း လိုသူနှင့် လောဘ၊ ဒေါသ၊ မောဟဖြင့် ဘဝကို ဖြတ် သန်းလိုသူဟူ၍ရှိကြရာ အဆိုပါမတူညီသောနှစ်ခု အကြောင်းအားလျော်စွာ တွေ့ဆုံမိသောအခါ အမှန် တရားပေါ်ပေါက်ရန်အတွက် တရားတဘောင်ရင်ဆိုင် ရတတ်ပါသည်။
          အမှန်တရားအတွက်တရားရင်ဆိုင်ရာတွင် မိမိကိုယ် တိုင်နှင့် သက်သေဟူ၍ တရားရုံးတွင်သက်သေထွက် ဆိုရလေ့ရှိပြီး ပိတ်စအနီဖြင့်အုပ်ထားသော ကျမ်းစာကို ကိုင်ကာ ကျမ်းသစ္စာကို ကျိန်ဆိုရပါသည်။ ကျမ်းစာတွင် ပါဝင်သောစာများမှာ စူးရှထက်မြက်သောကြောင့် မှန် ကန်စွာထွက်ဆိုလျှင် လောကီ၊ လောကုတ္တရာကောင်းကျိုး နှစ်ဖြာကိုရရှိနိုင်ပြီး မုသားပြောဆိုပါက သား၊ မြေး၊ ကျေး ကျွန်တိုင်အောင် အကျိုးပေးခံစားရပုံကို ဖော်ပြထား ပါသည်။
          ကျမ်းသစ္စာကျိန်ဆိုမြဲကျမ်းစာတွင် နမောတဿ ဘဂ ဝတော အရဟတော သမ္မာသမ္ဗုဒ္ဓသ စိန္တိတံ သတ္တသင်္ချေ ယ်၊ နဝသေခ်ၤယ် ဝါစကံ၊ ကာယ ဝါစာ စတုခ်ာတံ ဟူ၍ ကျမ်းစာကိုစတင်ဖွင့်ထားပြီး အောက်အပိုဒ်တွင် ကျမ်းစာကိုစောင့်ရှောက်သောနတ်အပေါင်းတို့ကို တိုင်တည် ထားပါသည်။
          ကျမ်းသစ္စာကျိန်ဆိုရာတွင် မဟုတ်မမှန်ထွက်ဆိုပါက ရရှိခံစားရမည့်အကျိုးတရားများကိုလည်း ယခုလိုရေးထိုး ထားပါသည်။
          ဟုတ်မှန်သည်ကိုသာထွက်ဆိုပါမည်။ မဟုတ်မမှန် ဆိုပါချေလျှင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း တွက်ကိန်း ပြည်ထ၊ လုံ့လသည်းစွာ၊ ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမ ပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ ပညာပါရမီ၊ သစ္စာ ပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာန်ပါရမီ ပါရမီဆယ်ပါးအပြား သုံးဆယ်ကိုဖြည့်၍ ဘုရားရှင်ကိုယ်တော်မြတ်ကိုစောင့်သောနတ်လည်း သတ်၍မနေ သေစေသောဟူလေ။ သွားတော်လေးဆယ်၊ စွယ်တော်လေးချောင်း၊ ညှပ်ရိုးတော်နှစ်ချောင်း၊ ဓာတ်တော်ပေါင်း ရှစ်စရွတ်ကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသော ဟူလေ ။ လက်ျာရံရှင်သာရိပုတ္တရာ၊ လက်ဝဲရံရှင် မောဂ္ဂလာန်စသော အသီတိရှစ်ကျိပ်သော ရဟန္တာမြတ် တို့၏ ဓာတ်တော် မွေတော်ကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသော ဟူလေ။ ထိုမှတစ်ပါး ဘုရား သခင် ​ဟောတော် မူသော၊ ဝိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်း၊ ပိဋကတ်သုံးပုံ၊ ဓမ္မာခက္ခန္တာပေါင်း ရှစ်သောင်းလေးထောင် ကျမ်းကုန်အောင်စောင့်သော နတ်လည်း သတ်၍မနေ သေစေသော ဟူလေ။ ထိုမှ တစ်ပါး သာမဗေဒင်၊ ယဇုဗေဒင်၊ က္ကသျှုဗေဒင်၊ အာတပ် ပန ဗေဒင်လေးပုံကို ​စောင့်သောနတ်လည်း သတ်၍မနေ သေစေသော ဟူလေ။ ထိုမှတစ်ပါး သာသနာတော်ငါး ထောင်ကို ​စောင့်သောနတ်လည်း သတ်၍မနေ သေစေ သော ဟူလေ။ ထိုမှတစ်ပါး ဇမ္မူဒီပါ၊ အပရဂေါယာ၊ ဥတ္တ ရကုရု၊ ပြုဗ္မဝိဒေဟာ၊ကျွန်းကြီးလေးကျွန်း၊ ကျွန်းငယ် နှစ်ထောင်၊ အရံဆောင်သော ကျွန်းအပေါင်းကို စောင့် သောနတ်လည်း သတ်၍မနေ သေစေသောဟူလေ။ ထို မှ တစ်ပါး မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ဂင်္ဂါယမုံနာ၊ အစီရဝတီမဟီ၊ အရဘူ၊ ဟူသည်မကြွင်း၊အိုင်အင်းချောင်း မြောင်း၊ အပေါင်းစောင့်မှတ် ခပ်သိမ်းနတ်လည်း သတ် ၍မနေ သေစေသော ဟူလေ။ ဟိမဝန္တာတောသုံးတောင် ကို ကုန်အောင်စောင့်သော အာကာသစိုး၊ ဗိဿနိုးမလွတ် ဘုတ်ပြိတ်နတ်လည်း သတ်၍မနေသေစေသော ဟူလေ။ ထိုမှတစ်ပါး အဿမုက္ခိ၊ စန္ဒပါရမီသွာ၊ မဟာဂီရိစသော အရှိန်ပြင်းထန်၊ ဝေဿန်ဝန်နှင့် ကုမ္ဘာန်ယက္ခ၊ ကန္ဓဗ္မက စသည့် ဒေဝိန်၊ အသူရိန်အလား၊ ကျော်ထင်ရှားသည့် နတ်အများလည်း သတ်၍မနေ သေစေသော ဟူလေ။ ထိုမှတစ်ပါး သွေးခဲသွေးနက် ပွက်ပွက်၍ ကိုယ်လက် ပြောင်းပြန်သွေးခဲအန်၍ သေစေသောဟူလေ။ ထိုမှ တစ်ပါး ဘေးရှစ်ပါး၊ ဒဏ်ဆယ်ပါးလည်း ထင်ရှားသတ်၍ လတ်လတ်ချက်ချင်းသေစေသော ဟူလေ။ ထိုမှတစ်ပါး သားမြေးဥစ္စာ၊ မကြာပျက်စီး၊ ဆီမီးတန်ဆောင်၊ တုံးသော ရောင်သို့၊ ကုန်အောင်မကြွင်း ပျက်စီးခြင်းသို့ရောက်စေသော၊ဟူလေ။
          ထိုမှတစ်ပါး ရေဝယ်သွားလည်း ရေသား များတွေ ဆယ်ကုဋေတွင်၊ ရေနေအပေါင်း၊ မိချောင်း လပိုင်၊ ညွံထိတိုင်၍ မကာန်းလိပ်ငါး၊ စား၍မနေ သေစေ သော၊ ဟူလေ။ ထိုမှတစ်ပါး ကြည်းဝယ်သွားလည်း၊ ကြည်း သားအပြား၊ များသည်အနေ၊ ကိုးကုဋေတွင် သစ်ကျား ဆင်ရဲ၊ စိုင်ထီးငမွဲ၊ ဝက်ရဲစား၍၊ ထွားထွားညက်ညက်၊ ကိုယ်လုံးပျက်၍ သေစေသော၊ ဟူလေ။ ထိုမှတစ်ပါး မြွေပွေးမြွေဟောက်၊ ငန်းပျောက်ငန်းကျား၊ ငန်းငါးပါး လည်း ပေါက်ထမနေသေစေသော၊ ဟူလေ ဟူ၍ လော ကီတွင် ကျိန်စာ၏အကျိုးပေးကိုဖော်ပြထားသကဲ့သို့ နောင် ဘဝလောကုတ္တရာတွင်လည်း အကျိုးဆက်ခံရနိုင်ပုံကို ယခုလိုဖော်ပြထားပြန်သည်။
          ထိုမှတစ်ပါးသေတုံငြားလည်း၊ ငရဲကြီးရှစ်ထပ်၊ ငရဲငယ် တစ်ရာနှစ်ဆယ့်ရှစ်ထပ်၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ အပါယ်လေးပါးလားစေသော၊ဟူလေ။ ထိုမှတစ်ပါးလူဖြစ် ငြားလည်း၊ လူချင်းမတူ၊ နုဖြူနုဆွတ်၊ မုန်ညင်းရွက်အဆင်း ခရုသင်းမလွတ်၊ ဘက်သကဘက်သများ၊ ထိုအနာလည်းစွဲ စေသော၊ ဟူလေ။ ထိုမှတစ်ပါး မင်းကမလွတ်၊ အမတ် ဗိုလ်ပါ၊ စွဲစရာသား၊ အိမ်ထားလက်နက်၊ သုံးမည်စက်နှင့် ခြေလက်ထောင်းထောင်း၊ လက်ဦးခေါင်းလည်း၊ ထောင်း ထောင်းပြတ်၍ သေစေသော၊ ဟူလေ။ ထိုမှတစ်ပါး မဟာသမုဒ္ဒရာ၊ ပင်လယ်ကြောဝယ်၊ သင်္ဘောလှေကြီး၊ ပျက်စီးမျောပါ၊ တွဲသောလားသို့၊ ထွားထွားညက်ညက် ပျက်စေသော၊ ဟူလေ။ ထိုမှတစ်ပါး ဂွမ်းတလှည်းတို၊ အကျွမ်းဘုတ်သော်၊ တဆုပ်လောက်မျှ၊ စမ်းမရသို့ဖြစ် သော၊ဟူလေ။ ထိုမှတစ်ပါး သား၊ မြေး၊ ကျေးကျွန်၊ ထွန် သည့် ကျွဲ၊ နွား၊ ခမ်းနားမကြွင်း၊ ပြုန်းတီးခြင်းနှင့် ဆင်း ရဲကြီးသည်၊ မြေကြီးဝက်ခွဲ၊ ခွက်လက်စွဲ၍၊ ငရဲအရှင်၊ စားကျင်လှည့်ကာ၊ ဘုန်းစားရာဘဝ၊ တွင်းဆုံးကျ၍၊ အလှမဲ့ပါ၊ လူပြိတ္တာလည်း ဖြစ်စေသော၊ ဟူလေ။ ထိုမှ တစ်ပါး မင်းနန်းသူကျိန်ခြင်း၊ ထုံးနှယ်ဆင်းသည်၊ ထင်း မီးစကဲ့သို့ တစတစ တိုစေသော၊ ဟူလေ စသည်ဖြင့် မုသားထွက်ဆိုမှုကြောင့် ရရှိခံစားရမည့် လောကီ၊ လော ကုတ္တာအကျိုးကို ကျမ်းစာတွင် နက်ရှိုင်းစွာ ​ဖော်ပြထားပါ သည်။
          သစ္စာစကားတည်သော်ငြား နွယ်မြက်သစ်ပင် ဆေး ဖက်ဝင်ဟူသော စကားလည်းရှိ၏။ မှန်ကန်သော သစ္စာ စကားသည် မြေ၊ ရေ၊ လေထုကို ပြောင်းလဲစေနိုင်ပြီး ကျင့်ကြံပွားများအားထုတ်မှု၏ အကျိုးတရားအလိုက် စူးရှထက်မြက်စေပါသည်။ အထင်ကရ ဆရာတော်ကြီး များသည် သစ္စာစကားတိုင်တည်၍ လူ၊ သတ္တဝါတို့အား တရားရေအေး အမြိုက် ​ဆေးတိုက်ကျွေးကာ နိဗ္ဗာန်သို့ ကူးပြောင်းသွားကြလျက်ရှိသည်။ ထိုသို့ပင် တရားကို နတ်စောင့်၏။ တရားကိုနတ်စောင့်ခြင်းမှာလည်း မှန်ကန် သောသစ္စာ စကားကြောင့်ပင် ဖြစ်သည်။ မှန်ကန်သော စကား ပြောကြားခြင်း၊ ထွက်ဆိုခြင်းသည် လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးကျေးဇူးကို ရရှိစေပါသည်။ တရားရုံးတွင် ရွတ်ဆိုရသော ကျမ်းစာတွင် ဟုတ် မှန်သည့်အတိုင်း ထွက်ဆိုပါက လူ့ပြည်သာမက နတ်ပြည် သို့ရောက်သည့် တိုင် အောက်ပါ အကျိုးတရားများ ရရှိစေကြောင်း ​ဖော်ပြထားပါသည်။
          ဟုတ်မှန်သည့်အတိုင်း ဆိုချေလျှင် မှန်သောသစ္စာ၊ အာနုဘော် အကျိုးဆက်ကြောင့် ယခင် ​ရေရွတ်ဆိုခဲ့ပြီး သာ နတ်ကောင်း၊ နတ်မြတ်အပေါင်းတို့သည် ကောင်း သောကြည့်ခြင်းဖြင့်ကြည့်မြင်လျက် စောင့်ရှောက်တော် မူကြသည်ဖြစ်၍၊ ကာယသုခ၊ စိတ္တသုခ၊ ချမ်းသာခြင်း ဖြစ်စေသတည်း။ ထိုမှတစ်ပါး မှန်သောသစ္စာအာနု ဘော် အကျိုးဆက်ကြောင့် အရှင်မင်းစသော မြို့ကွပ် ပြည်စိုး၊ အမှုအမတ်၊ သူရဲသူခက်အပေါင်းတို့နှင့် ဆိုခဲ့ သမျှ ကြည်းနေ ရေနေသတ္တဝါ အပေါင်းတို့သည် ရင်ဝယ် ဖြစ်သောသားကဲ့သို့ သနား ချစ်ခင်ခြင်း ရှိကြကုန်လျက် ကိုယ်မှစ၍ သား၊ မြေး၊ မြစ်အဆွေ ခုနစ်ဆက်တို့သည် ဓာတ်လေးပါးတို့ သောင်းသော တည်ကြည်ခြင်းဖြင့် တည်ကြည် ညီညွတ်၍၊ ကြမ္မာအပေါင်း၊ ဘေးဥပဒ် အပေါင်း၊ အပြစ်ဒဏ်ဟူသမျှ၊ ရောဂါအနာမျိုး၊ ကိုးဆယ့် ခြောက်ပါးတို့သည် မထိမရောက်၊ မကပ် မစွန်းမငြိ၊ ချမ်းသာ အတိပြည့်စုံ၊ ကုံလုံကြွယ်ဝလျက်၊ အသဒိသ သဖွယ်ဖြစ် အလှူကြီးကို၊ ကြိမ်ဖန်များစွာ၊ ဒါန၊ သီလ တို့ကို မပြတ်ဖြည့်စွမ်းနိုင်၍၊ သာသနာတော်မြတ်ကို ချီး ပင့်နိုင်သူဖြစ်စေသတည်း။ သေတုံသော်လည်းအပါယ် လေးပါး၊ ကပ်သုံးပါး၊ အရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါးသို့၊ မလားမကပ်၊ မရောက်သည်ဖြစ်၍၊ လူ့ပြည်နတ်ရွာ၊ ချမ်းသာကြီး သုံးပါးကိုရသည် ဖြစ်စေသတည်း၊ ကိုယ်မှ စ၍သား၊ မြေး ဥစ္စာ၊ ရတနာမျိုး၊ တက်တိုးချမ်းသာ၊ မင်္ဂလာအပေါင်း၊ ကောင်းမြတ်သောဂုဏ်ကျက်သရေ၊ တစ်နေ့တစ်ဆင့်၊ ဆန်းလမြင့်သို့ ဖြစ်စေသော်ဟု ပါရှိပါ သည်။
          ကျမ်းသစ္စာကျိန်ဆိုမြဲကျမ်းစာ၏အောက်ဆုံးအပိုဒ် တွင် ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်အတွက်(ကျမ်းစာကိုမိမိလက်နှစ်ဖက်ဖြင့်စုံကိုင်၍) ယခုတရားရုံးရှေ့ ကျရောက် သည့်အမှုတွင်အလုံးစုံအမှန်အကန် အစစ်ခံပါမည်ဟု ကျွန်ုပ် ကြေညာပါသည်။ကျွန်ုပ်သည် မမှန်မကန်သည်ကို အစစ်ခံသည်ရှိသော်၊ သို့တည်းမဟုတ် မည်သည်ကိုမဆို ထိန်ချန်ထားသည်ရှိသော် ဤကျမ်းစာတွင် ဖော်ပြထား သော ကျိန်စာများ ကျွန်ုပ်အားသင့်ပါစေသား၊ ကျွန်ုပ် သည် အလုံးစုံ အမှန်အကန်ကို အစစ်ခံသည်ရှိသော် ဤ ကျမ်းစာတွင် ​ဖော်ပြထားသော ကောင်းကျိုးချမ်းသာကို ခံစားရပါစေ သားဟု လေးနက်စွာ ဖော်ပြထားသော ကြောင့် ဗုဒ္ဓဘာသာဝင်များ လောကီသာမက နောင် သံသရာအထိ ​ကောင်းကျိုးချမ်းသာကို သိရှိလိုက်နာနိုင်စေရန်၊ အပြင်လောကထက် တရားခွင်တွင်ကြုံတွေ့ရမည့် ကျမ်းသစ္စာ၏လေးနက်ပုံကို သတိမူမိစေရန် တင်ပြခြင်း ပင်ဖြစ်ပါသည်။ သစ္စာစကားဆိုခြင်းဖြင့် တိုင်းကျိုးပြည် ကျိုး၊ ရပ်ရွာအကျိုးကို သည်ပိုး၍ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးများလည်း ပြည့်နိုင်ကြစေ။       ။
မြန်​မာ့အလင်း မှ ကူးယူ​ဖော်​ပြသည်​။
Monday, March 9, 2015
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လေ့လာသုံးသပ်ခြင်း
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လေ့လာသုံးသပ်ခြင်း
          National Network for Education Reform (NNER)နှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်​ကော်မတီတို့မှ ကိုယ်စားလှယ်များ ကိုယ်စား ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်းနှင့် ဦးအောင်မှိုင်းဆန်းတို့ လက်မှတ်ရေးထိုး တင်သွင်းထားသည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ရှုထောင့် အမျိုးမျိုးမှ သုံးသပ် ​ရေးသားသည့် ဆောင်းပါးများအနက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ အများပြည်သူ ဝန်ဆောင်မှုမီဒီယာဆိုင်ရာ စံနှုန်းများနှင့်ကိုက်ညီသော ဆောင်းပါးများကို ရွေးချယ်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဆောင်းပါးတွင် ဖော်ပြထားသည့် သုံးသပ်ချက်များသည် ဆောင်းပါးရှင်၏ ကိုယ်ပိုင်ရှုမြင် သုံးသပ်ချက်များသာ ဖြစ်ပြီး သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၏ အယူအဆ မဟုတ်ပါ။ အမျိုးသားပညာရေးဥပဒေကို စိတ်ဝင်စားသူများအနေဖြင့်လည်း ဆောင်းပါးများ ရေးသားပေးပို့နိုင်ပြီး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ မူဝါဒနှင့်ကိုက်ညီပါက ဖော်ပြပေးသွား မည်ဖြစ်ပါသည်။
           အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အခန်း(၁) ပုဒ်မ ၂ (ဆ) အမျိုးသားပညာရေး၏ အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် မူလအမျိုးသား ပညာရေးဥပဒေပါ ''ဘက်စုံအတွေးအခေါ် မှန်ကန်၍'' ဟူသော စာသားကို ''လွတ်လပ်စွာတွေးခေါ်၍'' ဟု အစားထိုးထားပါသည်။ မည်သူ၏ အတွေး အခေါ်ကို မည်သူက ချုပ်ချယ်၍ ရပါသနည်း။ (Stone walls do not a prison make. nor iron bars a cage) တွေးခေါ်မှု၏ မူလအဓိပ္ပာယ်၌ လွတ်လပ်အဓိပ္ပာယ်ပါပြီးဖြစ်ပါသည်။(to use your mind to consider sth.to form connected ideas, to try to solve problems, etc; a person's mind and all the ideas that they have in it when they are thinking) ဘက်စုံအတွေးအခေါ်ဆိုသည်မှာ အဘက်ဘက်၊ သူ့ဘက်ကိုယ့်ဘက် ပြည့်စုံစွာ ရှုထောင့်စုံမှ တွေးခေါ်၍ ဆိုလိုခြင်း ဖြစ်ပါသည်။ ''မှန်ကန်၍''ဟူသော စကားရပ်မှာ ပညာ၏ သဘောလက္ခဏာ ဖြစ်ပါသည်။ မှားမှန် ကောင်းဆိုးချင့်ချိန် ဝေဖန်ပညာဥာဏ်သာ ဖြစ်ပါသည်။ ထို့ကြောင့် လေးနက် ဆီလျော်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်က ပိုမိုကောင်းမွန်ပါသည်။
          အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အခန်း(၁) ပုဒ်မ ၂(ည) ကျောင်းပညာရေး၏ အဓိပ္ပာယ်ကို ''ကျောင်းပညာရေး ဆိုသည်မှာ မူကြိုပညာရေး၊ မူလတန်းပညာရေး၊ အလယ်တန်းပညာရေး၊ အထက်တန်း ပညာရေး၊ နည်းပညာနှင့် သက်မွေး ပညာရေးနှင့် အဆင့်မြင့်ပညာရေးတို့ အကျုံးဝင်သည့် ပညာရေးကိုဆိုလိုသည်''ဟု ပြန်လည်ပြင်ဆင်ဖွင့်ဆိုထားပါ သည်။ ပြင်ဆင်သည့် ဥပဒေကြမ်းသည် ကျောင်းပညာရေး ; (Formal Education)၊ ကျောင်းပြင်ပ ပညာရေး (Non-Formal Education) နှင့် ကိုယ်တိုင်သင်ပညာရေး (Informal Education) ဆိုသည့် ပညာပေးမှု၊ ပညာရယူမှု ပုံစံသုံးမျိုးကို ခွဲခြားစဉ်းစားထား ရှိပုံ မပေါ်ပါ။ ကျောင်းပညာရေး ဆိုသည်မှာ သင်ရိုးညွှန်းတမ်းကို အမှီပြုသင်ကြားသဖြင့် သင်ယူသူ၏ အသက်အရွယ်၊ သင်ယူရမည့် အချိန်ကာလ၊ နေရာ၊ အတန်း၊ ပညာရည်စစ်ဆေး တိုင်းတာမှုစနစ် စသည်တို့ ရှိရမည်ဖြစ်ပါသည်။ ထို့ကြောင့် မူလအမျိုးသား ပညာရေးဥပဒေပါ ''ကျောင်းပညာရေး ဆိုသည်မှာ သင်ယူသူ၏ အသက်အရွယ်၊ သင်ယူရမည့်အချိန်ကာလ၊ နေရာ၊ အတန်း၊ ပညာရည်စစ်ဆေး တိုင်းတာမှုစနစ်နှင့် တိကျသောသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပေးသော ကျောင်းအခြေပြု မူကြိုပညာရေး၊ မူလတန်းပညာရေး၊ အလယ်တန်းပညာရေး၊ အထက်တန်းပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့် အဆင့်မြင့် ပညာရေးတို့ အကျုံးဝင်သည့်ပညာရေးကို ဆိုလိုသည်။''ဟူသော အဓိပ္ပာယ် ဖွင့်ဆိုချက်က ပိုမိုပြည့်စုံနေသည်ကို တွေ့ရှိရပါသည်။
          အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အခန်း(၁) ပုဒ်မ ၂(ဘ) အထူးပညာရေး အစီအစဉ်၏ အဓိပ္ပာယ်ကို ''မသန်စွမ်းတစ်ဦးချင်း စီ၏ သီးခြားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် သင့်တော်သော သင်ကြားနည်း စနစ်များကို ပညာသင်ပေးခြင်းကို ဆိုလိုသည်''ဟု ပြင်ဆင် ဖွင့်ဆိုထားပါသည်။ သင့်တော်သော သင်ကြားနည်း စနစ်များဖြင့် သို့မဟုတ် သင့်တော်သော သင်ကြားနည်းစနစ်များကို သင်ပေးခြင်းဟု ရေးသင့်ပါသည်။ သင်ကြားနည်းစနစ်များကို ပညာသင်ပေးခြင်းဟု ရေးသည်မှာ မရှင်းလင်းပါ။ အစီအစဉ် ဆိုသည်မှာသင်ကြားနည်းစနစ်များကို ပညာသင်ပေးခြင်း မဟုတ်ပါ။ သင်ကြားနည်း စနစ်များကသာ အစီအစဉ်တွင် ပါဝင်ရပါမည်။ အထူးပညာ ရေးအစီအစဉ်ဆိုသည်မှာ မသန်စွမ်းသူများအတွက် အထူးအစီအစဉ်ဖြင့် ပညာသင်ကြား ​ပေးခြင်းကို ဆိုလိုပါသည်။
          အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အခန်း (၁) ပုဒ်မ ၂(ဃ) အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ကော်မတီ၏ အဓိပ္ပာယ်ကို ''လွတ်လပ်သော ပညာရှင်များပါဝင်ဖွဲ့ စည်းထားသော''ဟု ဖြည့်စွက်ပြင်ဆင်ထားပါသည်။ သို့သော် အမျိုးသား ပညာရေးဥပဒေ ပုဒ်မ ၅၅ ကို အစားထိုးသည့် စာသား ''၅၅။(က)'' တွင် ''ပုဒ်မ ၅၄ ပါ လုပ်ငန်းများကိုဆောင်ရွက်ရန် အမျိုးသားပညာရေး အဆင့် အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီကို အနည်းဆုံး ကိုးဦးဖြင့် ဖွဲ့စည်းရာတွင် ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများမှ အသိ အမှတ်ပြုသော လွတ်လပ်သည့်ပညာရှင်များ အနည်းဆုံးငါးဦး(အများဆုံး တစ်လောကလုံးများလား) ဟု ဖော်ပြထားပြီး ဝန်ကြီးဌာနမှ ခန့်အပ်သော ပညာရှင်များ(ဟုဆိုသော်လည်းနောက်၌) နှစ်ဦးဟု ရေးထားပြန်ပါသည်။ လွှတ်တော် ကိုယ်စားလှယ်များမှ ရွေးချယ်သော ပညာရှင်နှစ်ဦးဟု ဖော်ပြထား သဖြင့် ''လွတ်လပ်သော ပညာရှင်များ ပါဝင်ဖွဲ့စည်းထားသော'' ဟူသည့် စကားရပ်နှင့် ရှေ့နောက်မကိုက်ညီပါ။ လွတ်လပ်သော ပညာရှင်များကိုပင် ကျောင်းသား သမဂ္ဂများ၊ ဆရာ သမဂ္ဂများမှ ထိန်းချုပ်ရန် ဆန္ဒပြင်းပြနေသည် ကို တွေ့ရပါသည်။
          အမျိုးသား ပညာရေးဥပဒေ အခန်း (၄) ကို ပြင်ဆင်သည့် ဥပဒေကြမ်း၏ ဒီမိုကရေစီပညာရေးလွတ်လပ်ခွင့်ကို အာမခံခြင်း၊ အပိုဒ် (ဂ) အမျိုးသားသင်ရိုး ညွှန်းတမ်း ရေးဆွဲရေး ​ကော်မတီ၌လည်း ထိုနည်းလည်းကောင်း လွတ်လပ်သည့် ပညာရှင်များဖြင့် ဖွဲ့စည်းမည်ဟုဆိုကာ ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများမှ ထိန်းချုပ်ခြယ်လှယ်လိုသော ဆန္ဒပြင်းပြနေသည်ကို တွေ့ရပါသည်။ဥပဒေ ဆိုသည်မှာ လူတစ်ဦး၊ လူတစ်စု ဖြစ်စေချင်သည့် အရာများကို ရေးသားထား ခြင်းမဟုတ်ပါ။ (The law is the whole system of rules that everyone in a country or society must obey).
          အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အခန်း (၁) ပုဒ်မ ၂(သ)သည် အမျိုးသား ပညာရေး ဥပဒေပါ မိဘဆရာအသင်းကို ပယ်ဖျက် ပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် အစားထိုးထားခြင်းဖြစ်သည်။ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် မိဘဆရာ အသင်း၌ ကျောင်းအုပ်ကြီး၊ ဆရာကိုယ်စားလှယ်များ၊ မိဘများ၊ အုပ်ထိန်းသူများ၊ ရပ်ရွာမှ လေးစား ယုံကြည်သူများ ပါဝင်နေသည်ကို သိရှိပုံမရ။ ကျောင်းအုပ်ကြီးက ဥက္ကဋ္ဌ၊ မိဘ ကိုယ်စားလှယ်တစ်ဦးက ဒုဥက္ကဋ္ဌ၊ ဆရာ ကိုယ်စားလှယ်များထဲမှ အတွင်းရေးမှူး၊ မိဘကိုယ်စားလှယ်တစ်ဦးက တွဲဖက်အတွင်းရေးမှူး၊ မိဘ ကိုယ်စားလှယ်တစ်ဦးက ဘဏ္ဍာရေးမှူး၊ အဖွဲ့ဝင်နှစ်ဦး (ဆရာတစ်ဦး၊ မိဘ တစ်ဦး) ဘဏ်မရှိသည့် ​ဒေသတွင် ငွေထိန်းမှာ မိဘ ကိုယ်စားလှယ်တစ်ဦး၊ စာရင်းစစ်အဖွဲ့တွင် ခေါင်းဆောင်သည့် မိဘကိုယ်စားလှယ်တစ်ဦး၊ အဖွဲ့ဝင် နှစ်ဦး၊ ဆရာတစ်ဦး၊ မိဘတစ်ဦး စသည်ဖြင့် ကျောင်းသားအင်အား၊ မိဘ အင်အား၊ ဆရာအင်အား အပေါ်အခြေခံ၍ ဖွဲ့စည်းကြပါသည်။ စုဆောင်းရရှိ သည့် ဘဏ္ဍာငွေကို အဆောက်အအုံနှင့် ပရိဘောဂ အတွက် ၄ဝရာခိုင်နှုန်း၊ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုအတွက် ၃ဝ ရာခိုင်နှုန်း၊ အားကစားအတွက် ၂ဝ ရာခိုင်နှုန်းနှင့် ကျောင်းစာကြည့်တိုက်အတွက် ၁ဝ ရာခိုင်နှုန်းစီ နှစ်စဉ်အချိုးကျ သုံးစွဲရပါသည်။ နှစ်ပတ်လည် မိဘဆရာ သင်းလုံးကျွတ်အစည်းအဝေးများတွင် ကျောင်းအုပ်ကြီးက ခရေစေ့တွင်းကျ ရှင်းပြရပါသည်။ ထို့ကြောင့် ရည်ရွယ်ချက် မွန်မြတ်လှသည့် မိဘဆရာပူးပေါင်း ကလေးပညာကောင်း ဟူသည့် ဆောင်ပုဒ် ထားရှိသည့် မိဘဆရာအသင်းကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဖြင့် ပြင်ဆင်အစား မထိုးထိုက်ပါ။
          ဆက်လက်သုံးသပ် လိုသည်မှာ အမျိုးသားပညာရေးဥပဒေအခန်း (၃)ပုဒ်မ ၄ (က) (ခ) (ဂ) နှင့်(ဃ)တို့ကို ပြင်ဆင်ရေးသားထားသည့် ပုဒ်မ ၄ (က)တွင် ''နိုင်ငံတော်သည် ပညာရေးလွတ်လပ်ခွင့်ကို အာမခံရေး''ဟု လည်းကောင်း၊ ပုဒ်မ ၄(ခ)တွင် ''ပညာရေးလွတ်လပ်ခွင့်တွင် ကျောင်းသားများ လွတ်လပ်ခွင့်၊ ဆရာများ လွတ်လပ်ခွင့်၊ သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်၊ ဘာသာ စကားလွတ်လပ်ခွင့်၊ အတွေးအခေါ် လွတ်လပ်ခွင့်၊ ဒေသဆိုင်ရာ လွတ်လပ်ခွင့်၊ ကျောင်းများ လွတ်လပ်ခွင့် စသည်တို့ပါဝင်ရေး''ဟူသော အခြေခံမူများကို ဥပဒေဖြင့် ရေးဆွဲပြဋ္ဌာန်းချင်သည့် သဘောမှာ စည်းမဲ့ကမ်းမဲ့၊ ပရမ်းပတာ ပညာရေးစနစ်သို့ ဦးတည်နေသည်ဟုယူဆပါသည်။ လွတ်လပ်မှုနှင့်အတူတွဲ စပ်နေသည့် တာဝန်ယူမှု၊ တာဝန်ခံမှုသဘောတရားများကို ထိမ်ချန်မထားအပ်ပါ။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ကျောင်းပညာရေး ၏ အဓိပ္ပာယ်၊ သင်ရိုးညွှန်းတမ်း၏ အဓိပ္ပာယ်များကိုပြည့်စုံစွာ ကျောထောက် နောက်ခံပြုထားခြင်းမရှိပါ။ မည်သည့် တိုင်းပြည်၏ သင်ရိုးညွှန်းတမ်း၌မဆို သင်ရိုးညွှန်းတမ်း အညွှန်းဘောင်ရှိကြသည်ချည်းဖြစ်၍ ပရမ်းပတာ လွတ်လပ် မှုမရနိုင်ပါ။ ကျောင်းသားများကို ကြိုက်သလို လွတ်လပ်ခွင့်ပေးပြီး ပညာသင် ကြားပေးသည့် ပညာရေးစနစ် ဤကမ္ဘာ၌မရှိပါ။ ဘွဲ့လွန်ကျောင်းသားများ၊ ပါရဂူဘွဲ့ကျမ်းပြုသူများကိုပင် ကျမ်းကြီးကြပ်သူများ၊ ကျမ်းစစ်ဆေးသူများ၊ ခုံသမာဓိများဖြင့် စစ်ဆေးမေးမြန်း၍ ဘွဲ့အပ်နှင်းချီးမြှင့်လေ့ရှိပါသည်။ ဆရာများလွတ်လပ်ခွင့်ဟု ရေးသားထားပုံကို ထောက်ရှုပါက အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေသည် ဆရာနှင့် ဆရာအလုပ်ကို လုပ်ကိုင်သူဆိုသည့် စကားရပ်များကို ကွဲကွဲပြားပြား ခွဲခြားနိုင်စွမ်း မရှိသည် ကိုတွေ့ရပါသည်။ တစ်နည်းအားဖြင့် Professional Ethics ကို အခြေခံ ထားကြောင်းသိရှိနိုင်ပါသည်။ ဘာသာစကား လွတ်လပ်ခွင့်ဆိုသည်မှာ မိမိ ပြောဆိုရေးသားသုံးစွဲလိုသည့် ဘာသာစကားကို မိမိပြောဆိုရေးသားသုံးစွဲ ခွင့်ပင်ဖြစ်ပါသည်။ မည်သူကမည်သူ့ကို ပိတ်ပင်ထားပါသနည်း။ ကျောင်းများ တွင် ကျောင်းသားတတ်သည့် ဘာသာစကားကို ဆရာကမတတ်၊ ဆရာတတ် သည့် ဘာသာစကားကို ကျောင်းသားကမတတ်လျှင် သင်ကြားသင်ယူမှုကို မည်သို့ပြုလုပ်ကြပါမည်နည်း။ မသင်ကြား မသင်ယူဘဲ နေကြမည်လော။ သင်ကြားသင်ယူမှုကို မဏ္ဍိုင်ပြုသည့် ဘာသာစကားတစ်ခုကိုသုံးစွဲ၍ လေ့လာ ဆည်းပူး၊ သင်ကြားသင်ယူရန် အားပေးတိုက်တွန်းမှုပြုသင့်ပါသည်။
          အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အခန်း(၁)ပုဒ်မ ၂ (ဟ)သည် အမျိုးသားပညာရေးဥပဒေပါ ကျောင်းအကျိုးတော်ဆောင် အဖွဲ့အား အစားထိုးသည့် တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ၏ အဓိပ္ပာယ် ဖော်ပြချက် ဖြစ်ပါသည်။ အမျိုးသားပညာရေးဥပဒေ အခန်း (၃)ပုဒ်မ ၄(က)(ခ)(ဂ)နှင့်(ဃ)တို့ကို ပြင်ဆင်ရေးသား ထားသည့် ပုဒ်မ ၄ (ခ)တွင် လွတ်လပ်ခွင့် အမျိုးမျိုးဖော်ပြထားသော်လည်း တက္ကသိုလ်ကျောင်းများ၏ စီမံခန့်ခွဲရေးကို တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီက တာဝန်ယူဆောင်ရွက်မည်ဟုဆိုပါသည်။ ယင်းကောင်စီတွင် ''တက္ကသိုလ်နှင့် ကောလိပ်များမှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ် ကောလိပ် ဆရာသမဂ္ဂများ၏ ကိုယ်စားလှယ်များ၊ ကျောင်းသား သမဂ္ဂကိုယ်စား လှယ်များ၊ နိုင်ငံ့ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များနှင့် လွတ်လပ်သော ပညာရှင်များ ပါဝင်သည့်ကောင်စီဖြစ်သည်''ဟု ဆိုပါသည်။ ဤအချက်နှင့်ပတ်သက်၍ STATUTES OF THE UNIVERSITY OF CAMBRIDGE ၏ အခန်း (၄)း THE COUNCIL AND ITS COMMITTEES အခန်း၌ [2. The Council shall consist of the Chancellor, the Vice-Chancellor, nineteen elected members and four appointed members in the following classes: ဟု ရေးသားထားပါသည်။ ထို့နောက် Elected student members အပိုဒ်ကို ဆက်လက်ကောက်နုတ် ​ဖော်ပြအပ်ပါ သည်။(d) three from among the students in the University. of whom at least one shall be from among those certified by the Registrary to be graduate students. Members in class (d) shall be elected by the students in the University for a period and in a manner determined by Special Ordinance. ဤကောက်နုတ်ချက်ဖြင့် ထောက်ချင့်ကြည့်ပါက အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းသည် တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီတွင် တက္ကသိုလ်ကောလိပ် ဆရာသမဂ္ဂများ၏ ကိုယ်စားလှယ်များ၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ က နေရာရယူနိုင်ရေးကို ဦးတည်ကြိုးပမ်း၍ ရေးသားထားသဖြင့် ယင်းဥပဒေ ကြမ်းသည် တရားမျှတမှုမရှိပါ။ တက္ကသိုလ်များသည် မိမိတက္ကသိုလ်၏ သဘောသဘာဝနှင့် ကိုက်ညီသော တက္ကသိုလ်ပဋိညာဉ်စာတမ်းတစ်ခုစီ ရေးဆွဲ၍ ဆောင်ရွက်သင့်ပါသည်။
          အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အပိုဒ် ၁၇ တွင် မူလအမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (ဇ)အား ပုဒ်မခွဲ (ဌ)အဖြစ် အစားထိုးမည့်စာပိုဒ် ''တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကို ကျောင်းသားကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်ခွင့် ရရှိရန်၊ တက္ကသိုလ်ဝင်ခွင့်သည် အခြေခံပညာ အထက်တန်း စာမေးပွဲရမှတ် ဖြင့် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ သင်ယူမည့်ဘာသာရပ်၏ လိုအပ်ချက်အရ ကျောင်းသား၏ လေ့လာသင်ယူထားရှိမှုအပေါ် အခြေခံရွေးချယ်ရန်၊ ကျောင်းသား၏ ဘာသာရပ်ဆိုင်ရာလိုအပ်ချက်များကို တက္ကသိုလ်က ဖြည့်ဆည်းပေးသည့် စနစ်ထားရှိရေး။''ဟု ဖော်ပြထားခြင်းမှာ အလွန်အစွန်း ရောက်နေပါသည်။ ကျောင်းသား၏ဘာသာရပ်ဆိုင်ရာ လိုအပ်ချက်များကို တက္ကသိုလ်က ဖြည့်ဆည်းပေးသည့် စနစ်ဆိုသည်မှာ ဤကမ္ဘာပေါ်၌ မည်သည့် တက္ကသိုလ်မျှ မရှိပါ။ တက္ကသိုလ်၏လိုအပ်ချက်၊ တက္ကသိုလ်က ပြဋ္ဌာန်းထားသည့် ဘာသာရပ်ဆိုင်ရာ လိုအပ်ချက်များကိုသာ ကျောင်းသားက ပြည့်မီအောင် ကြိုးစားရသည်ချည်းဖြစ်ပါသည်။
          ဥပမာ Oxford, Cambridge. Harvard, Stanford. Columbia, Massachusetts Institute of Technology (MIT) စသည့် တက္ကသိုလ်များ ကို မည်သူမဆို လူတိုင်း လွတ်လပ်စွာ တက်ရောက်ပညာသင်ယူခွင့်ရှိပါသည်။ သို့သော် သက်ဆိုင်ရာတက္ကသိုလ်၏လိုအပ်ချက်ကိုပြည့်မီရမည့် ကျောင်းသား၏ လေ့လာသင်ယူထားရှိမှုကိုမူ ကန့်သတ်ထားလေ့ရှိပါသည်။ ကျောင်းသား၏ ဘာသာရပ်ဆိုင်ရာ လိုအပ်ချက်များကို တက္ကသိုလ်ကဖြည့်ဆည်းပေးရမည် ဆိုခြင်းသည် ဆရာကိုကြေးတန်းစားအဖြစ်ရှုမြင်နေပုံရသည်။ မြန်မာ့ ယဉ်ကျေးမှုစရိုက်လက္ခဏာ တန်ဖိုးထားမှုများတွင် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတို့ကို အနန္တဂိုဏ်းဝင်အဖြစ် သတ်မှတ်ထားသည့် အစဉ်အလာကို ဖျက်ဆီးရာ ရောက်ပါလိမ့်မည်။ သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကို ကျောင်းသားကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ခွင့် ရရှိရန် ခွင့်ပြုနိုင်ပါသည်။ တက္ကသိုလ်၏ လိုအပ်ချက်ဖြစ်သည့် ရုပ်ဝတ္ထုပစ္စည်းများကို ငွေရှိလျှင် အချိန်တိုအတွင်း ဖြည့်တင်း၍ ရနိုင်ပါသည်။ သို့သော် အရည်အချင်းပြည့်ဝ သည့် ဆရာများကိုမူ ချက်ချင်းမရရှိနိုင်ပါ။ ဆရာအလုပ်ကို လုပ်ကိုင်မည့် သူများကိုမူ ချက်ချင်းရနိုင်ပါသည်။ ရလဒ်အားဖြင့် ပညာအရည်အသွေး နိမ့်ကျခြင်းဖြစ်လာပါလိမ့်မည်။ ထို့ကြောင့် တက္ကသိုလ်များသည် ယင်းတို့၏ ဘာသာရပ်လိုအပ်ချက၊ ကျောင်းသားဦးရေ၊ ဝင်ခွင့်အရည်အချင်းနှင့် ကျောင်းလခများကို သတ်မှတ်ထားလေ့ရှိပါသည်။
          အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အပိုဒ် ၁၈ တွင် မူလအမျိုးသားပညာရေး ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဈ) အား ပုဒ်မခွဲ(ဍ) အဖြစ်အစားထိုးမည့် ''ပညာရေးသည် ဘာသာရေးအဖွဲ့အစည်း၊ နိုင်ငံရေး အဖွဲ့အစည်းတို့၏ လွှမ်းမိုးမှုမှ ကင်းလွတ်ရမည်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ နိုင်ငံရေးယုံကြည်ခွင့်နှင့် လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားမည်။''ဟူသော စာပိုဒ်သည် ယင်းပြင်ဆင်သည့် ဥပဒေကြမ်း အပိုဒ် ၃၆ ပါ ''အမျိုးသားပညာရေးဥပဒေပုဒ်မ ၃၄(ဈ) နောက်တွင် ပုဒ်မခွဲ (ည)ကို အောက်ပါအတိုင်းဖြည့်စွက်မည်။''ဆိုသည့် ''(ည) အခြား ဘာသာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများ''ဟူသော ထပ်မံထည့်သွင်း ထားသည့်ဖော်ပြချက်နှင့် ဆန့်ကျင်နေပြန်ပါသည်။ ယင်းပညာရေးကျောင်းများသည် ယင်းအခြား ဘာသာရေး အဖွဲ့အစည်းများ၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိနေပြီး ''ပညာရေးသည် ဘာသာရေးအဖွဲ့ အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းတို့၏ လွှမ်းမိုးမှုမှ'' ကင်းလွတ်ပါမည်လော။ ဘာသာရေး အဖွဲ့အစည်းများက ဘာသာရေးအကြောင်းပြကာ ပညာရေး ကျောင်းတည်ထောင်ချင်၊ ပညာရေးအဖွဲ့အစည်းများက ဘာသာရေးကျောင်း တည်ထောင်ချင်ကြလျှင် အထိန်းအကွပ်မရှိသည့် ကမောက်ကမ ပညာရေးစနစ် ဖြစ်သွားပါလိမ့်မည်။ ထို့အပြင် ပညာရေးကို လုပ်ကိုင်ဆောင်ရွက်လိုသည့် မည်သူမဆို လုပ်ချင်သလို လွတ်လပ်စွာ လုပ်ကြမည်ဆိုပါက အမျိုးသားပညာ ရေးဥပဒေကိုပင်လျှင် ပြုစုရန်လိုအပ်ပါ ​သေးသလောဟု မေးစရာဖြစ်လာ နိုင်ပါသည်။
          အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အပိုဒ် ၁၉ တွင် မူလအမျိုးသားပညာရေး ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ည)အား ပုဒ်မခွဲ (ဎ) အဖြစ် အစားထိုးမည့် စာပိုဒ် ''အခမဲ့မသင်မနေရ အလယ်တန်းပညာရေး ကို အကောင်အထည်ဖော်ရေး''ဆိုသည်မှာ မူလအမျိုးသားပညာရေးဥပဒေပါ ''အခမဲ့ မသင်မနေရ မူလတန်းပညာရေးကို ဦးတည် အကောင်အထည် ​ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ဆောင်ရွက်ရေး''ဆိုသည့်အချက်ကို ပယ်ဖျက်လိုက်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉၄ဝ ခုနှစ် မူလတန်းပညာသင်ကြားရေး အက်ဥပဒေ (၁၉၄ဝ ပြည့်နှစ် မြန်မာနိုင်ငံတော် အက်ဥပဒေ နံပါတ် ၂ဝ) An Act to provide facilities for the introduction of free compulsory Primary Education အရ ၁၉၅ဝ ခုနှစ် ဒီဇင်ဘာလ ကတည်းက အခမဲ့မသင်မနေရ မူလတန်းပညာရေးကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၃၃ တွင် ''အထူးသဖြင့် နိုင်ငံတော်သည် အခလွတ် မသင်မနေရ မူလတန်းပညာ သင်ကြားရေးအတွက် ပြဋ္ဌာန်းချက်များကို ပြုရမည်'' ဟု ပြဋ္ဌာန်းပြီးလည်း ဖြစ်ပါသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၂ ပုဒ်မခွဲ(၁) ၌ ''နိုင်ငံသားတိုင်း ပညာသင်ကြား ပိုင်ခွင့်ရှိသည်။'' ပုဒ်မခွဲ(၃) ၌ ''နိုင်ငံသားတိုင်းသည် ဥပဒေဖြင့် ပြဋ္ဌာန်းသည့် မသင်မနေရ အခြေခံပညာကို သင်ကြားရမည်။''ဟု ပြဋ္ဌာန်းထားပြီး ဖြစ်ခဲ့သည်။ ကြိုးပမ်းခဲ့ကြပါသည်။ ယခုတိုင်လည်း ကြိုးပမ်းနေဆဲ ဖြစ်ပါသည်။ ရာခိုင်နှုန်းပြည့် မအောင်မြင်သေးပါ။ ကျောင်းနေရွယ်ကလေးများ ကျောင်းပြင်ပ ​ရောက်နေပါသေးသည်။ အဘယ်ကြောင့်နည်း။ မြန်မာနိုင်ငံသား တို့၏ ပျမ်းမျှတစ်ဦးကျဝင်ငွေသည် မြင့်မားသည့် လူနေမှုအဆင့်အတန်းတစ်ခုသို့ မရောက်ရှိနိုင်သေးပါ။ မြန်မာတစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးမြင့်မားလာရန် လိုအပ်နေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံသားတို့၏ ထူးခြားသည့် ယဉ်ကျေးမှုစရိုက်လက္ခဏာတစ်ခုမှာ မည်သည့်ပြန်စားရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ပညာကို အလွန်တန်ဖိုး ထားခြင်းပင်ဖြစ်သည်။ မည်သည့်မိဘမဆို မိမိ၏သားသမီးများကို ပညာ သင်ကြားစေချင်သည် ချည်းဖြစ်ပါသည်။ သို့သော် ဒေသ၏ လမ်းပန်းဆက်သွယ် ရေး၊ လူမှုစီးပွားရေးနှင့် ပျမ်းမျှတစ်ဦးကျ ဝင်ငွေ နိမ့်ကျနေစဉ် ပညာသင် စရိတ်အခမဲ့ဆိုသော်ငြားလည်း ကလေးအပေါ် မိသားစု၏လိုအပ်ချက် သို့မဟုတ် ပုံမှန်ကျောင်းသို့တက်ရောက်ရန် အခက်အခဲများရှိနေဆဲတွင် ချက်ချင်း မသင်မနေရ အလယ်တန်း ပညာရေးကိုပြဋ္ဌာန်း၍ အကောင်အထည် ဖော်မည်ဆိုလျှင် မအောင်မြင်နိုင်ပါ။ နိုင်ငံသားတို့၏ ပျမ်းမျှ တစ်ဦးကျဝင်ငွေ မြင့်မားပြီး လူနေမှုအဆင့်အတန်းတိုးတက်လာပါက တစ်ဆင့်ပြီး တစ်ဆင့် တိုးချဲ့ဆောင်ရွက် ​ရေးကသာလျှင် ဖြစ်နိုင်ခြေရှိပြီး ဥပဒေကြောင်းအရ အကောင်အထည် ​ဖော်နိုင်စွမ်းလည်းရှိပါသည်။ ကျောင်းပြင်ပရောက် ကျောင်း နေရွယ်ကလေးများအတွက်လည်း ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်များဖြင့် မြို့နယ်အလိုက် နှစ်စဉ်တိုးချဲ့ဆောင်ရွက်ပေးနေပါသည်။ ကျောင်းပြင်ပ အလယ်တန်း ပညာရေးကိုလည်း စတင်ဆောင်ရွက်နေပါသည်။ ဥပဒေတစ်ခုသည် လိုက်နာနိုင်စွမ်းရှိပါမှ အာဏာတည်သကဲ့သို့ မလိုက်နာ နိုင်ပါက အရေးယူဆောင်ရွက်ရမှုများ များပြားလာမှုကြောင့် ကုန်ကျစရိတ် ပိုလာပြီး အလုပ်ရှုပ်ကာ မတိုးတက်ဘဲ နှောင့်နှေးကြန့်ကြာတတ်ပါသည်။
          မြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာ မြန်မာနိုင်ငံသားအားလုံး၏ ယဉ်ကျေးမှု စရိုက်လက္ခဏာ တန်ဖိုးထား မှုများ ကို အဓွန့်ရှည်အောင် ဆောင်ကြဉ်းပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ် သင့်ပါသည်။ ပုဂ္ဂလိက ခံစားချက်နှင့် အတ္တစွဲ တို့ကိုဦးတည်၍ ဥပဒေပြုခြင်းထက် ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်၍ ဥပဒေပြုခြင်းက ရေရှည်တည်တံ့ကာ အများကောင်းကျိုး ဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း လေ့လာသုံးသပ် တင်ပြအပ် ပါသည်။      ။
ပါမောက္ခ ​ဒေါက်တာစိုးသန်း (ရန်ကုန်ပညာရေး တက္ကသိုလ်)
မြန်​မာ့အလင်း မှ ကူးယူ​ဖော်​ပြသည်​။
Sunday, March 8, 2015
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၅၁၄ အရ ခံဝန်ချုပ် ဖေါက်ဖျက်ခြင်း
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၅၁၄ အရ ခံဝန်ချုပ် ဖေါက်ဖျက်ခြင်း
               သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက တရားခံပြေးမှုများမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၅၁၂ အရ တရားခံပြေးမှုအပြင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၅၁၄ အရပါ တရားခံကို ခံဝန်ချုပ်ဖေါက်ဖျက်မှုနှင့် ပြစ်မှုဆိုင်ရာ အထွေထွေမှုများ စွဲတင်လေ့ရှိပါတယ်။
                    အဲလို စွဲတင်တဲ့အခါ အမှုတွဲမှာပါတဲ့ စာရွက်စာတမ်းများကို စီစစ် တဲ့အခါ ရဲစက္ကူတွေမှာ ပါတဲ့ ခံဝန်ချုပ်ပုံစံကို သေချာစွာ စစ်ဆေးပါ။ စစ်ဆေးတဲ့ အခါ တရားခံလက်မှတ်ထိုးထားခြင်း ရှိ/ မရှိ၊ ခံဝန်ချုပ်ကို မည်သူ့ရှေ့မှာ ချုပ်ဆိုတာလဲ၊ အာမခံပေးသူဟာ ရဲအုပ်အဆင့်ဟုတ်ရဲ့လားစတာတွေ စီစစ်ပါ။ မညီညွတ်တဲ့ ကိစ္စတွေတွေ့ရင် ဘာမျှ မပြောဘဲ အထွေထွေမှု ဖွင့်ပေးလိုက်ပါ။ အမှန်က တော့ ဒီလိုအပ်ချက် ​တွေကို သက်ဆိုင်ရာ ရဲစခန်း၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊မှုခင်းတပ်ဖွဲ့၊ မြို့နယ်ဥပဒေရုံးတို့က အဆင့်ဆင့် စီစစ်ပြီး ဖြတ်ကျော် လာခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီရုံးများဟာ စီစစ်ရမယ့်ဟာ တွေကို စီစစ်ဖို့အားနည်းပြီး တံဆိပ်တုံးထု၊ လက်မှတ်ထိုးရုံသာ ထိုးပေးလိုက်တာပါ။
                 ဒီတော့ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းရဲ့ ချို့ယွင်းချက်၊ ပေါ့ဆချက်၊ လိုအပ်ချက်တွေကို တရားရုံးက  ဖြည့် စွက် ပေးဖို့ရာ တာဝန်မရှိပါဘူး။  အမှုဖွင့်ပြီးတော့မှ မှတ်မှတ်သားသား ​လေးဖြစ် သွားအောင် အောက်က စီရင်ချက် လေးကို ကိုးကားပြီး အမိန့်လေးသာ ချမှတ်ပေးလိုက်ပါ။ ဒါဆို နောက်မပေါ့ ရဲတော့ပါဘူး။ တစ်ခါ တစ်ရံကိုယ်က စေတနာနဲ့ စီစစ်ပေးနေပေမယ့် အမှားတွေဟာ ထပ်တလဲလဲ ဖြစ်နေတတ် တာတွေ့ရပါတယ်။
                တစ်ခါတစ်ရံ အဆိုးဆုံးကတော့ ခံဝန်ချုပ်ပုံစံမှာ မူလက ချုပ်တုန်းက ၅၀၀၀၀၀ိ/-အာမခံသူ(၂)ဦး
ဖြစ်ပေမယ့် ရုံးကို စွဲတင်တဲ့အခါ Correction နဲ့ ဖျက်ပြီး သုံည နှစ်လုံးဖြုတ်ကာ ငါးထောင်ကျပ်သာ ဖြစ်သွားတာ မျိုးလည်း ရှိတတ်ကြပါတယ်။ ဒီလိုအခါ အဲဒီ Correction နဲ့ ဖျက်ထားတာ ကိုယ်မဖြစ်ဖို့ အမှုတွဲ လာတင်တဲ့ စာရေးကို ဖျက်ရာနေရာမှာ လက်မှတ်ထိုးခိုင်း ဖို့လိုပါတယ်။ ဒါ့ထက်ပို ဆိုးတာလည်း ရှိပါသေးတယ်။
          ဥပဒေအရာရှိက အကြံပြုလိုက်တာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၀၆ နဲ့ ၄၂၀ ဖြစ်ပေမယ့် ဥပဒေရုံးနဲ့ တရားရုံး ကြားမှာ ၄၂၀ ပျောက်သွားပြီး ၄၀၆ တစ်ခုတည်းပဲ ကျန်တတ်သလို ၄၀၆ ကိုဖျက်ပြီး ၄၂၀ ပဲဖြစ်သွားတတ် တာမျိုးကိုလည်း တရားသူကြီးများ သတိထားသင့်ပါတယ်။
             ရဲအရာရှိက ရယူသည့် အာမခံ ခံဝန်ချုပ်ကို တရားခံက ဖေါက်ဖျက်ခြင်း အတွက် အာမခံသူများ အပေါ် ပြစ်မှုဆိုင် ရာ ကျင့်ထုံးဥပဒေပုဒ်မ-၅၁၄ အရ အရေးယူခြင်းသည် ဥပဒေအရ မှန်ကန်ခြင်း ရှိ/ မရှိကိစ္စ။
ဆုံးဖြတ်ချက်။
                အာမခံမပေးနိုင်သော ပြစ်မှုဖြင့် စွပ်စွဲခံရသူကို အာမခံပေးနိုင်ခွင့်မှာ  ရဲစခန်းမှူးနှင့် တရားရုံးတို့
သာ ဖြစ်သည်။ စခန်းမှူးအောက်နိမ့်သော အရာရှိက အာမခံမပေးနိုင်။ ဤအမှုတွင် မည်သူက အာမခံပေးကြောင်း ဖေါ်ပြမထားပေ။ အမှုဖွင့်တိုင်ကြားသူ ဒုရဲအုပ်ဌေးဝင်း၏ တိုင်ကြားချက် တွင်လည်း  ယင်းအကြောင်းကို ဖေါ်ပြမထားပေ။ ခံဝန်ချုပ်ကို မည်သူ၏ရှေ့တွင် ပြုလုပ်ကြောင်းကိုလည်း ခံဝန်ချု ပ် တွင် ဖေါ်ပြမထားပေ။တရားခံအား (ပ)နံပါတ်-၆၄၈/၉၉ တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၀၆ အရ အမှုဖွင့် ထားသော်လည်း ခံဝန်ချုပ် တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၂၀ ဟု ဖေါ်ပြပြီး ခံဝန်ချု ပ် ချုပ်ဆိုထားသည် ကို တွေ့ရသည်။ သို့ဖြစ်ရာ အဆိုပါ ခံဝန်ချုပ်သည် ဥပဒေလုပ်ထုံး လုပ်နည်းနှင့် ညီညွတ်သော ခံဝန်ချုပ်ဖြစ် သည်ဟု ဆိုနိုင်ရန် ခဲယဉ်းပေသည်။
          ဦးအောင်ကြည်ပါ-၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ( ၂၀၀၁-ခုနှစ်၊ မတစ၊ စာ-၁၁၃)  ဆရာ ဦးသောင်းထွန်း၊  တွဲညွှန်၊  တရားရုံးချုပ် ပြုစုသော မြန်မာနိုင်ငံတရား စီရင်ထုံး ​ပေါင်းချုပ် (ပြစ်မှု တရားစီရင်ရေး  ၁၉၇၄-၂၀၀၅)  စာအုပ်တွင် လည်း ဖတ်ရှု နိုင်ပါသည်။
အောင် စိုး (ပြည်)
၂၀-၁၀-၂၀၁၄
Saturday, March 7, 2015
ထောင်ကျပြီးနောက် လွတ်ခြင်း
ထောင်ကျပြီးနောက် လွတ်ခြင်း
             ကနေ့တော့ ပြစ်မှုကျူးလွန်တယ်ဆိုပြီး တရားရုံးက ထောင်ချလိုက်တဲ့ တရားခံဟာ ကျခံရမဲ့ ထောင်ဒဏ်ကို ထောင်ထဲ မှာ မခံစားရဘဲ အရပ်ထဲမှာ (နေမြဲ၊ စားမြဲ၊ သွားမြဲ၊ လာမြဲ၊ လုပ်ကိုင်မြဲ) အလုပ်များကို လုပ်ကိုင်နေထိုင်တဲ့အကြောင်း တင်ပြပါ မည်။
ကိုဖြူ ။ ။ ဆရာရယ်၊ ဟုတ်ပါ့မလားခင်ဗျာ၊ ဒီလိုသာဆိုရင် တရားရုံးအမိန့်တို့၊ တရားဥပဒေစိုးမိုးရေးတို့ဆိုတာ ဘယ်နားရောက်ကုန်ပြီလဲ ဆရာ။
ယူတီကေ ။ ။ ဟုတ်ကဲ့။ တရားဥပဒေစိုးမိုးရေး Rule of Law ဆိုတာ -
(၁) တရားစွဲဆိုတဲ့ အဖွဲ့အစည်းက တကယ်ပြစ်မှုကျူးလွန်တဲ့ တရားခံတွေကို စုံစမ်း၊ ဖော်ထုတ်၊ ဖမ်းဆီး တရားစွဲဆိုနိုင်ပါတယ်။
(၂) တရားရုံးများကလည်း တရားစွဲဆိုတင်ပို့လာတဲ့ အစွပ်စွဲခံရသူတွေထဲက အမှန်တကယ် ပြစ်မှု ကျူးလွန်တဲ့ တရားခံအစစ်တွေကို ပြစ်ဒဏ်ချမှတ်နိုင်ရပါမယ်။
(၃) တရားရုံးက သေဒဏ်၊ ထောင်ဒဏ် ချမှတ်လိုက်တဲ့ ထောင်ကျတရားခံများကို တရားရုံးရဲ့ အမိန့်အတိုင်း အကျဉ်းဦးစီးဌာနက “မသေမချင်း လည်ပင်းကြိုးကွင်းစွပ်ပြီး သတ်ရပါမယ်” ချမှတ်လိုက်တဲ့ ထောင်ဒဏ်ကာလကိုလည်း အပြည့်အ၀ တရားခံ ကျခံစေရမှာဖြစ်ပါတယ်။
ဒါမှသာ (Rule of Law) ဥပဒေနဲ့အညီ အုပ်ချုပ်တယ်၊ စိုးမိုးတယ်၊ အစိုးရတယ်၊ ကြီးစိုးတယ်၊ တရားရုံးရဲ့ ရေးသားထား တဲ့ အမိန့်၊ စီရင်ချက်၊ ညွှန်ကြားချက်အတိုင်း အတည်ဖြစ်တယ်လို့ ခေါ်ပါတယ်။ တရားဥပဒေစိုးမိုးဖို့ရာ (၁) တရားစွဲဆိုတဲ့ အဖွဲ့ အစည်း (၂) တရားခံအပြစ် ရှိ/မရှိ ဆုံးဖြတ်တဲ့ အဖွဲ့အစည်း (၃) တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရတဲ့ အဖွဲ့ အစည်း အသီးသီးဟာ ဥပဒေအတိုင်း အတိအကျ လိုက်နာဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ မိမိလုပ်ပိုင်ခွင့်အတွင်း ရောက်တဲ့ အခါမှာ မိမိသဘော၊ လုပ်ချင်ရာလုပ်လို့ မရပါဘူး။ မလုပ်ကောင်းပါဘူး။
ပြစ်ဒဏ်ချမှတ်ခြင်းအကြောင်း
           ရှေးယခင်က ပြစ်ဒဏ် သတ်မှတ်ရာမှာ မျက်စိကို မျက်စိနဲ့ (An Eye for An Eye) ၊ သွားကိုသွားနဲ့ (A Tooth for A Tooth)၊ အသက်ကို အသက်နဲ့ (A Life for A Life) ပြန်လည်ပေးဆပ်ရမယ်လို့ ဟာမူရာဘီ ကုတ်မှာ သီအိုရီရှိခဲ့ဖူးတယ်။ ဒီ ပြစ်ဒဏ်ပေးခြင်းသီအိုရီအရ ပြစ်မှုကျူးလွန်သူအပေါ် ညီတူညီမျှ ကလဲ့စားချေတဲ့ ပြစ်ဒဏ်ပေးခြင်းဖြစ်တယ်။ နစ်နာသူ/ကျူးလွန် ခံရသူတွေကတော့ ဒီသီအိုရီအတိုင်း အပြစ်ပေးတာကို လိုလားကြတယ်။ တောင်းဆိုကြတာ တွေ့ရတယ်။ နောက်ပိုင်းမှာတော့ ပြစ်ဒဏ်ပေးခြင်း သီအိုရီ (Theory of Punishment) တွေ အမျိုးမျိုးပေါ်လာတယ်။ နိုင်ငံတော်အစိုးရက မှုခင်းကာကွယ်ရန် ရည် ရွယ်ပြီး ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ် (၂)မျိုး ခံစားစေပါတယ်။
(၁) ကိုယ်တိုင်ခန္ဓာကိုယ်နဲ့ ပေးလျော်စေခြင်း။ (ဥပမာ - သေဒဏ်ချမှတ်ခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်း)
(၂) ငွေကြေးနဲ့ ပေးလျော်စေခြင်း။ (ဥပမာ - ငွေဒဏ်ချမှတ်ခြင်း)
သေဒဏ်အကြောင်း
          သေဒဏ်ဟာ အမြင့်မားဆုံး ပြစ်ဒဏ်ဖြစ်ပါတယ်။ အချို့တိုင်းပြည်များမှာ သေဒဏ်ကို ပယ်ဖျက်ထားပါတယ်။ အချို့ တိုင်းပြည်များ မှာတော့ သေဒဏ်ရှိပြီး အမှန်တကယ် သေဒဏ်အတည်ပြု (သတ်ပစ်)ပါတယ်။ လူသားကို သတ်တဲ့ လူသတ် သမားနဲ့ လူဆိုးလူမိုက်တွေကို “အသက်ကို အသက်နဲ့ ပြန်လည်ပေးဆပ်စေရမယ်။ သေဒဏ်ထားရှိမှသာ သူတို့ကို အဟန့်အတား ဖြစ်စေနိုင်တယ်” လို့ ယူဆကြပါတယ်။ မကြာမီကာလက မြန်မာနိုင်ငံသား (စိုင်းနော်ခမ်း)ဟာ တရုတ်ပြည် တရားရုံးက သေဒဏ် ချမှတ်တာ ခံရပါတယ်။ တရုတ်ပြည် အကျဉ်းထောင်မှာ စိုင်းနော်ခမ်းကို (ဆေးထိုးပြီး) သေဒဏ်စီရင်ခဲ့လို့ အမှန်တကယ် သေသွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း တရားရုံးများက သေဒဏ်ချမှတ်ထားတဲ့ တရားခံတွေ အများကြီးရှိပါတယ်။ တရားရုံးက သေဒဏ်ချမှတ်သော်လည်း အကျဉ်းဦးစီးဌာန (ပြည်ထဲရေး)က အမှန်တကယ် သေဒဏ် အတည်မပြု (သတ်မပစ်) ပါဘူး။ သေဒဏ်ကျတဲ့ (၁၉၇၆) ခုနှစ်က ဗိုလ်ကြီးအုန်းကျော်မြင့်နဲ့ (၁၉၈၈) ခုနှစ်က တပ်သားအုန်းထွန်း (ပြင်ဦးလွင်၊ ဗိုလ်မှူး ခင်မောင်တင့်သတ်မှု) တရားခံတွေကိုပဲ သတ်ပစ်ခဲ့တာ တွေ့ရပါတယ်။ တရုတ်ပြည်က သတ်ပစ်လိုက်တဲ့ စိုင်းနော်ခမ်းလို အလားတူပြစ်မှုတွေ မြန်မာပြည်မှာ ကျူးလွန်ပြီး သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်ကျနေတဲ့ အဲဒီနိုင်ငံသားတွေ ထောင်ထဲမှာ အများကြီး ရှိခဲ့ပါတယ်။ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွေ၊ အစိုးရရဲ့ နှစ်နိုင်ငံချစ်ကြည်ရေး အလေးထားမှုတွေကြောင့် ဒီလူတွေ လွတ်မြောက်သွားခဲ့ကြပါပြီ။ သတ္တ၀ါတစ်ခု၊ ကံတစ်ခုလို့ပဲ ပြောရမှာပါ။ စိုင်းနော်ခမ်းဟာ (ကံ)မကောင်း၊ အကြောင်းမလှရှာပါဘူး။ ဒီနိုင်ငံမှာ ပြစ်မှုကျူးလွန်ပြီး သေဒဏ်ကျတဲ့သူတွေရဲ့ ကံဟာ (၁) တကယ်မသတ်တဲ့ နိုင်ငံမှာ သေဒဏ်ကျတဲ့ကံ (၂) ပေါက်ဖော် မိတ်ဆွေ နိုင်ငံသားဖြစ်ရတဲ့ကံ (၃) လွတ်ငြိမ်းချမ်းသာခွင့် ခဏခဏပေးတဲ့ကံ နှင့် (၄) မိမိနိုင်ငံနဲ့ ချစ်ကြည်ရေးကို အလေးထားတဲ့ ကံတွေကြောင့် မသေကောင်း၊ မပျောက်ကောင်း လွတ်မြောက်သွားခဲ့ကြရပါ တယ်။
ထောင်ဒဏ်ကျခံခြင်း
          ပြစ်မှုကျူးလွန်သူကို ထောင်သွင်းအကျဉ်းချထားခြင်းရဲ့ ရည်ရွယ်ချက်က သူ့ကို နောင်အလားတူ ပြစ်မှုမျိုး မကျူးလွန် တော့ဘဲ နောင်တရစေဖို့အတွက် သူ့ရဲ့ ကိုယ်ခန္ဓာကို ချုပ်နှောင်ထားတာ ဖြစ်တယ်။ သူရဲ့ လွတ်လပ်စွာ သွားလာနေထိုင် လုပ် ကိုင်ခွင့်နဲ့ မိသားစုနဲ့ အတူနေထိုင်ခွင့်ကို ကန့်သတ်ချုပ်ချယ်ထားခြင်းဖြစ်တယ်။ တရားရုံးက တရားခံကို ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ချမှတ်ပါတယ်။ အကျဉ်းဦးစီးဌာနက တရားရုံးရဲ့ အမိန့်အတိုင်း တရားခံကို ထောင်ထဲမှာ ချုပ်နှောင်ထိန်းသိမ်းထား ကြရပါတယ်။ လူတစ်ယောက် ထောင်ကျသွားရင် သူဟာ ထောင်ထဲမှာ သွားနေရတော့မှာပဲလို့ ပြည်သူတွေ စိတ်ထဲမှာ မှတ်ထင် ယုံကြည်ထား ကြပါတယ်။ သို့သော် …. ဒီလူ ထောင်ကျတယ်သာဆိုတယ်၊ မကြာမီ အရပ်ထဲ ပြန်ရောက်လာပြီး၊ ယခင်အတိုင်း နေမြဲ၊ လုပ်ကိုင်မြဲ ရှိနေတာတွေ တွေ့နေရကြောင်း လူတွေပြောနေကြပါတယ်။ ဘာကြောင့်ပါလဲ။ ထောင်ကျတရားခံများရဲ့ ပြောပြချက်အရ ထောင်ကျ သွားသော်လည်း လွတ်မြောက်နိုင်တဲ့ လမ်းကြောင်းများရှိကြောင်း သိလာရပါတယ်။
(က) ပေါ်တာ (အထမ်းသမား) အဖြစ် အပြင်ထွက်ခြင်း
           ရှေ့တန်းရောက် တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် ပစ္စည်းသယ်ယူပေးတဲ့ အထမ်းသမား (ပေါ်တာ)များ တောင်းဆိုတဲ့အခါ ထောင်ကျအကျဉ်းသားတွေကို ပို့ပေးပါတယ်။ အဲဒီထောင်ကျတွေကို တပ်ရင်းမှူးက ခွင့်ရက်ရှည်ပေးလိုက်ရင်၊ တပ်ထောက်ခံစာ နဲ့ မိမိအရပ်ဒေသမှာ ပြန်နေနိုင်ကြောင်း တွေ့ရပါတယ်။
(ခ) ရဲဘက်စခန်းများသို့ ထွက်ခြင်း
          ယခင်က ရဲဘက်စခန်းပေါင်း (၁၀၀)လောက်ရှိပါတယ်။ ထောင်ကျအကျဉ်းသားတွေကို ရဲဘက်စခန်းတွေမှာ ပို့ပြီး အလုပ်လုပ် ​စေပါတယ်။ ကျောက်ထုတ်လုပ်ခြင်း၊ တောင်ယာစိုက်ခြင်း၊ လမ်းဖောက်ခြင်း စတဲ့အလုပ်တွေ ခိုင်းပြီး “ရာဇ၀တ်ကြွေး ကို ချွေးနဲ့ဆပ်” စေပါတယ်။ ရဲဘက်စခန်းတွေက ထောင်ကျတချို့ဟာ အ၀ယ်တော်၊ စာရင်းကိုင်အဖြစ် တာဝန်ပေးခံရရင် မြို့ပေါ်မှာ သွားရောက်နေထိုင်ပြီး ရဲဘက်စခန်းအတွက် ပစ္စည်းဝယ်ပို့ပေးသူအဖြစ် နေခွင့်ရတာတွေ တွေ့ရပါတယ်။ အဲဒီထောင် ကျ ၊ ရဲဘက်ထွက် ပုဂ္ဂိုလ်တွေနဲ့ (၂)နှစ် (၃)နှစ်လောက် အတူဂေါက်ရိုက် ခဲ့ဖူးပါတယ်။ အချို့ရဲဘက်တွေ ကိုတော့ တောင်ယာ (၂)ဧက စိုက်ခွင့်ပေးပြီး တောင်ယာမြေမှာ တဲဆောက်နေခွင့် ရပါတယ်။ မိသားစုနဲ့အတူ နေခွင့်ရပြီး မိတ်ဆွေများလည်း အလည် လာခွင့်ရပါတယ်။ ဒီရဲဘက်ရဲ့ တာဝန်က စိုက်ပျိုးမြေ (၂)ဧကအတွက် စပါးတင်း (၁၀၀)အပ်ဖို့ တာဝန်ရှိပါတယ်။ မြက်ပင်တောင် မပေါက်တဲ့ ကျောက်စရစ်ကုန်းမြေက စပါးတင်း (၁၀၀)ကို နှစ်စဉ်မှန်မှန် (ပြင်ပက စပါးဝယ်ပြီး) အပ်နိုင်ခဲ့ပါတယ်။
(ဂ) အသေလွတ် (Dead Free) လွတ်မြောက်ခြင်း
          တစ်ခါက စာရေးသူဟာ ထောင်ဒဏ် (၁၂)နှစ် ကျတဲ့ တရားခံ (လူမမြင်ဖူးပါ) တစ်ဦးရဲ့ အယူခံမှုကို တရားရုံးချုပ်မှာ လျှောက်လဲ ခဲ့ရဖူးတယ်။ တရားရုံးက ပြန်အထွက်မှာ လူစိမ်းတစ်ယောက် လာနှုတ်ဆက်တယ်။ သူက စာရေးသူ လျှောက်လဲခဲ့တဲ့ အမှုက ထောင်ကျတရားခံတဲ့။ အ၀ယ်တော်အဖြစ်နဲ့ အပြင်မှာနေတာတဲ့။ အယူခံမှု သတင်းကြားလို့ လာနားထောင်တာတဲ့။ အဲဒီလူရဲ့ အယူခံမှု ရှုံးပါတယ်။ ထောင်ဒဏ် (၁၂)နှစ်ကလည်း မလျော့သွားပါဘူး။ နောက်တစ်နှစ်လောက်အကြာမှာ ဒီထောင်ကျကို တစ်နေရာမှာတွေ့ပါတယ်။ ရဲဘက်ပြေးမှတ်ပြီး နှုတ်မဆက်ရဲပါဘူး။ ဒါပေမဲ့ သူက လာနှုတ်ဆက်ပြီး “ငါ သေပြီးပြီ ကွ၊ ငါက ငါ မဟုတ်တော့ဘူး၊ အခြားလူ ဖြစ်သွားပြီတဲ့” ရဲဘက်စခန်းမှာ “မောင်မဲ” ဆိုတဲ့ ကောင်သေတယ်။ သေသူအမည်ကို ငါ့နာမည်ပြောင်းထည့်လိုက်တယ်။ ငါသေသွားပြီ။ တကယ်သေတဲ့ “မောင်မဲ” ကိုတော့ သူ့ဓါတ်ပုံနဲ့ ရဲဘက်ပြေးဆိုတဲ့ စာရင်းပြ ပြီး ဖမ်းဖို့ ရဲစခန်းတွေ အကြောင်းကြား ထားတယ်တဲ့။ (မိအုံးတော့မှာပဲ)။ တရားရုံးမှာ တရားခံ အပြီးအပြတ် လွတ်ရင် တရားသေ လွတ်တယ်။ (Acquittal) လို့ခေါ်ပါတယ်။ အခုလို ထောင်ကျက အသေပြပြီး လွတ်လာတာကိုတော့ အသေလွတ် (ဒက်ဖရီး- Dead Free) လို့ ခေါ်ရမလားပဲ။
တနေ့က လွှတ်တော်မှာ ရဲဘက်ပြေး (၁၀၀၀၀)ကျော်ရှိတယ်လို့ တင်ပြသွားတယ်။ အားလုံးများ (ဒက်ဖရီး) အသေလွတ် တွေဆိုရင်တော့ ဖမ်းမိအုံးတော့မှာပဲ။ (ဟဲ ….. ဟဲ)
UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
နောက်ကွယ်က ကြိုးကိုင်တဲ့သူ
နောက်ကွယ်က ကြိုးကိုင်တဲ့သူ
ကိုဖြူ ။    ။ မိမိကိုယ်တိုင် ပြစ်မှုကျူးလွန်သူ မဟုတ်ပေမဲ့ ပြစ်မှုကျူးလွန်သူနဲ့ ထပ်တူ အပြစ်ရှိတဲ့အကြောင်း ပြောပြပါ ဆရာ။
ယူတီကေ ။    ။ ပြစ်မှုဆိုင်ရာ ဥပဒေ(ရာဇသတ်ကြီး) ပုဒ်မ (၁၀၇-က-၁၂၀) ထိ ပြဋ္ဌာန်းထားပါတယ်။ “အားပေးကူညီမှု” လို့ ခေါ်ပါတယ်။
အားပေးကူညီခြင်း။
လူသားတွေ တစ်ဦးနဲ့တစ်ဦး ထိတွေ့၊ ဆက်ဆံကြရတဲ့အခါ မိမိက အခြားသူကိုဖြစ်စေ၊ အခြားသူက မိမိကို ဖြစ်စေ ဆန္ဒမေးမြန်းတာ၊ တိုင်ပင်တာ၊ အကြံဥာဏ်တောင်းတာတွေ ရှိတတ်ပါတယ်။ မေးမြန်းသည်ဖြစ်စေ၊ မမေးမြန်းဘဲ ဖြစ်စေ အခြားသူ တစ်ဦးတစ်ယောက်ကို ထောက်ခံတာ၊ အားပေးတာ၊ အကြံဥာဏ်ပေးတာ၊ တိုက်တွန်းတာတွေ လူတိုင်းမှာ ပြုလုပ်ဖူး ကြပါတယ်။
ဥပမာ။ ၁။ တက္ကသိုလ်ဆက်တက်မယ်၊ မတက်ဘူး။
၂။ အလုပ်ဝင်လုပ်တယ်၊ မလုပ်ဘူး။
၃။ စစ်ထဲဝင်မယ်၊ မ၀င်ဘူး။
၎။ မိန်းမယူမယ်၊ မယူသေးဘူး။
၅။ သူချိန်းတဲ့ည သွားတွေ့မယ်၊ မတွေ့သင့်ဘူး။
အခြားသူ တစ်ယောက်ပြုလုပ်မဲ့ကိစ္စ၊ မပြုလုပ်မဲ့ကိစ္စတွေကို ပြုရန် (မပြုလုပ်ဘဲ) ပျက်ကွက်စေရန် အားပေးတိုက်တွန်း ကြရပါတယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့ကိစ္စ မဟုတ်တဲ့ (ဥပဒေနှင့် မညီမဟုတ်) တဲ့ အထက်ပါကိစ္စများကို အားပေးကူညီရင် ပြစ်မှုကြောင်းအရ တာဝန်မရှိ၊ အပြစ်မရှိပါဘူး။ ပြစ်မှုမမြောက်ပါဘူး။ ထောင်မကျနိုင်ပါဘူး။ (သို့သော် အကြံပေး၊ တိုက်တွန်းခဲ့တဲ့ ကိစ္စ မအောင်မြင်၊ မကြီးပွား၊ အဆင်မပြေရင်တော့၊ လူမှုရေးအပြစ်ပြောတာ ခံရတတ်ပါတယ်။)
ဥပမာ။ - သူငယ်ချင်းကို စစ်ထဲဝင်ဖို့ တိုက်တွန်းခဲ့မိတယ်။ ဌာနဆိုင်ရာ အကြီးအကဲ (ညွှန်ချုပ်)ဖြစ်ပြီး၊ ကြီးပွားနေရင်၊ တိုက်တွန်းအားပေးသူကို ကျေးဇူးမတင်ကြပါဘူး။ အဲ - တိုက်ပွဲကျသွားခဲ့ရင်တော့ “မင်းတို့ သူငယ်ချင်းကို သေတွင်းထဲ ၀ိုင်းပြီး ပို့လိုက်ကြတာလေ” လို့ လူမှုရေး အပြစ်တင်တာ ခံရတတ်ပါတယ်။
- အလားတူပါပဲ။ သူငယ်ချင်းကို မိန်းမယူဖို့ တိုက်တွန်းခဲ့တယ်။ ချွေးမက သဘောကောင်း၊ လုပ်တတ်ကိုင်တတ်၊ ကြီးပွားသွားရင်တော့ သူငယ်ချင်းမိဘများက ဘာမှမပြောပါဘူး။ ချွေးမက ဆိုးလို့၊ သားက မိဘကို မတွေ့ရဘူး၊ မထောက်ပံ့ရဘူးဆိုရင် မိန်းမယူဖို့ တိုက်တွန်းတဲ့ သူငယ်ချင်းတွေ အပြစ်ပြောခံရပါတယ်။
ပြစ်မှုမြောက်သော အားပေးကူညီမှုများ အကြောင်း
ပြစ်မှု - ဆိုတာ၊ ပြစ်မှုဆိုင်ရာဥပဒေအရဖြစ်စေ၊ အထူးဥပဒေအရဖြစ်စေ၊ ပြစ်ဒဏ်စီရင်ထိုက်တဲ့ ပြုလုပ်မှု ကို ခေါ်ပါတယ်။
ပြုလုပ်မှု - ဆိုတာမှာ ပြုလုပ်မှုသာမက၊ ပျက်ကွက်မှုလည်း ပါဝင်ပါတယ်။
ဥပဒေနဲ့မညီသော ပြုလုပ်မှု/ ပျက်ကွက်မှု။
ဥပဒေက တားမြစ်ထားတဲ့ ပြုလုပ်မှု၊ ပျက်ကွက်မှုကို ဆိုလိုပါတယ်။
ပြစ်မှုကျူးလွန်သူ ။ ဥပဒေနဲ့မညီသော ပြုလုပ်မှု၊ ပျက်ကွက်မှုကို ကိုယ်တိုင်ကျူးလွန်သူ။
(ဥပမာ ။ လူသတ်သူ၊ ဓါးပြတိုက်သူ၊ ခိုးသူ၊ လုယက်သူ၊ မီးရှို့သူ၊ လိမ်လည်သူ၊ အလွဲသုံးသူ)
အားပေးကူညီသူ (ABETOR)
အထက်ပါ (သတ်၊ တိုက်၊ ခိုး၊ လု၊ ရှို့၊ လိမ်၊ လွဲသုံး) ပြစ်မှုများ ကိုယ်တိုင်ကျူးလွန်သူကို၊ ကျူးလွန်စေရန် (တိုက်တွန်း လှုံ့ဆော်၊ ပူးပေါင်းကြံစည်၊ တမင်ကူပံ့) သူများကို အားပေးကူညီသူ လို့ ခေါ်ပါတယ်။
အားပေးကူညီမှု ။ အားပေးကူညီမှုမြောက်တဲ့ ပြုလုပ်မှုများ -
(က) လှုံ့ဆော်ခြင်း ။ အရာတစ်ခုပြုစေရန်၊ ဖြစ်မြောက်စေရန် လှုံ့ဆော်ခြင်း။
ဥပမာ ။ (C)ကိုသတ်ရန် (B)ကို (A)က “ဒီကောင်မျိုးက သတ်ပစ်မှ အေးမှာပါကွာ လုပ်သာလုပ်” လို့ တိုက်တွန်း တယ်။ (B) က (C)ကို သတ်တယ်။ (B) ဟာ လူသတ်မှုကျူးလွန်တယ်။ (A) လူသတ်ရန် (လှုံ့ဆော်ခြင်း ဖြင့်) အားပေးကူညီမှုကို ကျူးလွန်တယ်။
“သာလှအောင် အမှုမှာ (A) လှုံ့ဆော်သော်လည်း (B) သည် ပြစ်မှုကျူးလွန်သည်ဖြစ်စေ၊ မကျူးလွန် ဘဲဖြစ်စေ (A) သည် လူသတ်ရန် အားပေးကူညီမှုမြောက်သည်” လို့ ထုံးဖွဲ့ထားတယ်။ ဒါကြောင့် ပြစ်မှု မကျူးလွန်သော်လည်း ကျူးလွန်စေရန် လှုံ့ဆော် (အားပေးကူညီ) လျှင် ပြစ်မှုမြောက်ပါတယ်။ ထို့ပြင် အားပေးကူညီခြင်း ခံရသူ/ပြစ်မှုကျူးလွန်သူ (B)ဟာ အပြစ်မရှိ (ပြစ်မှုကျူးလွန်ရာ မရောက်နိုင်)သူ ဖြစ်ပေမဲ့၊ အားပေးကူညီသူ (A) ဟာ ပြစ်မှုမြောက်တယ်။
ဥပမာ ။ (၇)နှစ်အောက် ကလေးငယ် (B) ကို (C)စားမဲ့ထမင်းပွဲမှာ အဆိပ်ခတ်ထားတဲ့ ဟင်းခွက် သွားချစေ တယ်။ (C)သေတဲ့ကိစ္စမှာ (B) ကလေးငယ်ဟာ အပြစ်မရှိပေမဲ့၊ အားပေးကူညီသူ (A)ဟာ လူသတ်ရန် အားပေးကူညီမှုမြောက်တယ်။
ဥပမာ ။ အရူး (B) ကို ရပ်ကွက်ထဲကအိမ် မီးရှို့ရန် (A)က လှုံ့ဆော်တယ်။ မီးရှို့တယ်။ (B) ဟာအရူးဖြစ်လို့ ပြစ်မှု မမြောက်ပေမဲ့၊ အားပေးကူညီသူ (A) အားပေးကူညီမှုမြောက်တယ်။
အားပေးကူညီမှုဟာ ပြစ်မှုဖြစ်တဲ့အတွက် အားပေးကူညီသူကို အားပေးကူညီခြင်းဟာလည်း ပြစ်မှုဖြစ်တယ်။ (D)ကို (C)က သတ်စေရန် ( B ) ကို ( A ) ကလှုံ့ဆော်တယ်။ (A) အားပေး -- ( B ) အားပေး။ (C)သတ် --- (D) သေ --- တဲ့ဖြစ်စဉ်မှာ (C) ဟာ လူသတ်မှုကျူးလွန်သူ (A) နဲ့ (B) ဟာ လူသတ်ရန် အားပေး ကူညီသူမြောက်တယ်။
(ခ) ပူးပေါင်းကြံစည်ခြင်း
မတရားတဲ့ကိစ္စကို ပြုလုပ်စေရန်၊ သို့မဟုတ် တရားတဲ့ကိစ္စကို မတရားတဲ့နည်းလမ်းနဲ့ ပြုလုပ်စေရန် အလို့ငှာ လူအ များစုပေါင်းခြင်း၊ သဘောတူခြင်း၊ ပူးပေါင်းကြံစည်ခြင်းကို ဆိုလိုပါတယ်။ ပူးပေါင်းကြံစည်ခြင်းဖြစ်ဖို့ အင်္ဂါရပ် (၃)ရပ် လိုအပ်ပါတယ်။
(၁) လူတစ်ဦးထက် ပိုရမယ်။
(၂) တစ်စုံတစ်ခုပြုဖို့ တိုက်ရိုက်၊ သွယ်ဝိုက်ပြီး သဘောတူကြရမယ်။
(၃) ပူးပေါင်းကြံစည်တဲ့ အကြံအတိုင်း ပြုတဲ့ပြုလုပ်မှု လုပ်ခဲ့ရမယ်။
ဥပမာ။ (D) ကို အဆိပ်ခတ်သတ်ရန် ပူးပေါင်း၍ (A) (B) (C)တို့ ကြံစည်ကြတယ်။ (A) (B) အဆိပ်ဝယ်ခဲ့တယ်။ (C)က (D)ကို ထမင်းဖိတ်ကျွေးတယ်။ အဆိပ်ခတ်သတ်လိုက်တယ်။ (C)လူသတ်မှု ကျူးလွန်သူ။ (A) (B)က ပူးပေါင်း ကြံစည်၍ အားပေးကူညီသူဖြစ်တယ်။
(ဂ) တမင်ကူပံ့ခြင်း
ပြစ်မှုကျူးလွန်ရာမှာ လွယ်ကူစေရန် တိုက်ရိုက်ကူညီပံ့ပိုးတာကို ဆိုလိုပါတယ်။ (D) ကို အဆိပ်ခတ်သတ်ရန် ကိစ္စ အဆင်ပြေချောမွေ့စေဖို့ (D)ရဲ့ မိတ်ဆွေ (O)က (C)နဲ့ (D)ကို ထမင်းစား ဖိတ်ကျွေးတယ်။ (C)က အဆိပ်ခတ်၍ (D)သေရာမှာ ( O )ဟာ တမင်ကူပံ့ခြင်းဖြင့် အားပေးကူညီမှုမြောက်တယ်။
အားပေးကူညီသူအပေါ် ချမှတ်ရမည့်ပြစ်ဒဏ်
ပုဒ်မ-၁၀၉ - အားပေးကူညီသူအား ချမှတ်ရန် ပြစ်ဒဏ်အတိအလင်း ပြဋ္ဌာန်းမထားရင်၊ ကျူးလွန်တဲ့မူရင်းပြစ်မှုရဲ့ ပြစ်ဒဏ်ချ မှတ်ရမည်။
ပုဒ်မ-၁၁၄ - ပြစ်မှုကျူးလွန်သူနဲ့အတူ အားပေးကူညီသူရှိနေခဲ့ရင် ထိုပြစ်မှုကို ကိုယ်တိုင်ကျူးလွန်ဘိသကဲ့သို့ ပြစ်ဒဏ်ချမှတ် ရမယ်။
ပုဒ်မ-၁၁၀/ပုဒ်မ-၁၁၁ - အားပေးကူညီခံရသူက ကွဲလွဲသောပြစ်မှုကို ကျူးလွန်ခဲ့ရင် ထိုကျူးလွန်တဲ့ ပြစ်မှုအတွက် ပြဋ္ဌာန်းတဲ့ပြစ်ဒဏ်ကို အားပေးကူညီသူကလည်း ကျခံရပါတယ်။
ဥပမာ - (A) က (B) ကို (C)အားသတ်ရန် ငွေပေး၍ ခိုင်းခဲ့တယ်။ (B)က (C)အိပ်တတ်တဲ့ အိပ်ယာပေါ်မှာ အိပ်နေတဲ့သူကို သတ်ခဲ့တယ်။ သေသူဟာ ( C ) မဟုတ်ဘဲ၊ ထိုညကမှ အိမ်ကိုလာတည်းတဲ့ ဧည့်သည်ဖြစ်နေ တယ်။ ဧည့်သည်သေရန် အားပေးကူညီသူမှာ အကြံအစည် မရှိသော်လည်း ထိုသူအားသတ်ရန် တိုက်ရိုက်အား ပေးသကဲ့သို့ ပြစ်မှုမြောက်တယ်။
ဥပမာ - (A) ဟာ ကလေးငယ်ကို အဆိပ်ပါတဲ့ ဟင်းခွက် ချခိုင်းထားရာမှာ၊ လူမှားပြီး အခြားသူ အဆိပ်သင့် ပြီး သေတယ်။ ထိုသူ သေစေရန် တိုက်ရိုက်အားပေးသကဲ့သို့ တာဝန်ရှိတယ်။
ဥပမာ (A) တပ်ဖွဲ့အကြီးအကဲဟာ တပ်ဖွဲ့ကို ဆန္ဒပြနေတဲ့ လူအုပ်အား ငြိမ်းချမ်းစွာ လူစုခွဲခိုင်းတယ်။ တပ်ဖွဲ့ဝင်တစ်ဦးက လူအုပ်ထဲက မိန်းမတစ်ဦးရဲ့ ခေါင်းကို သေနတ်နဲ့ ပစ်လို့ သေသွားတယ်။ (သို့မဟုတ်) လူအုပ်ထဲက မိန်းကလေးငယ်တစ်ဦးကို မဟားဒယား ဖက်ထားတယ်။ အကြီးအကဲဟာ ဒီပြုလုပ်မှု့မှာ ထပ်တူ၊ တိုက်ရိုက် တာဝန်ရှိတယ်။
ပျက်ကွက်မှုကို အားပေးကူညီခြင်း
အားပေးကူညီသူဟာ မိမိကိုယ်တိုင်ပြုလုပ်ရန် တာဝန်မရှိတဲ့ကိစ္စကို အခြားသူအား မပြုလုပ်ဘဲ ပျက်ကွက်စေရန် အားပေးကူညီရင် ပြစ်မှုမြောက်တယ်။
ဥပမာ - ရဲအချုပ်ကြပ်၊ ထောင်မှူး၊ ထောက်လှမ်းရေး၊ အချုပ်ကြပ်တို့ ချုပ်နှောင်ထားတဲ့ (C)ကို အစာမကျွေး၊ ရေမပေးဘဲထားရန် အထက်အရာရှိ က အချုပ်ကြပ်ကို ညွှန်ကြားတယ်။ အချုပ်တရားခံ (C)သေတယ်။ အားပေး ကူညီသူအရာရှိဟာ မိမိကိုယ်တိုင် အချုပ်တရားခံများကို အစာကျွေး၊ ရေပေးရန် တာဝန်မရှိပေမဲ့၊ လူသတ်မှု အားပေးကူညီမှုမြောက်တယ်။
အားပေးကူညီမှုအနှစ်ချုပ်
၁။ အားပေးကူညီခံရသူ (ကျူးလွန်သူ)ဟာ ထိုပြစ်မှုကို ကျူးလွန်သည်ဖြစ်စေ၊ မကျူးလွန်ဘဲဖြစ်စေ၊ အားပေးကူညီသူမှာ အပြစ် ရှိတယ်။
၂။ အားပေးကူညီခံရသူဟာ (ငယ်၊ ရူး၊ မူး) စတဲ့ ပြစ်မှု မမြောက်နိုင်တဲ့သူဖြစ်သော်လည်း အားပေးကူညီသူမှ အပြစ်ရှိတယ်။
၃။ ပြစ်မှုကျူးလွန်တဲ့နေရာမှာ အားပေးကူညီသူရှိနေသည်ဖြစ်စေ၊ မရှိဘဲဖြစ်စေ အားပေးကူညီသူမှာ အပြစ်ရှိတယ်။
၎။ အားပေးကူညီလိုက်တဲ့ပြစ်မှုကို တလွဲကျူးလွန်လာရင်လည်း၊ ထိုပြစ်မှုအတွက် အားပေးကူညီသူမှာ တိုက်ရိုက်တာဝန်ရှိ တယ်။ အပြစ်ရှိတယ်။
စဉ်းစားရန်ဖြစ်စဉ်များ
၁။ တရားသူကြီးထံ လာဘ်ပေးရန် လိုက်ပို့ပေးတဲ့လူ။ မိတ်ဆက်ပေးသူ။
၂။ အဓိကရုန်းများ ဖြစ်ပေါ်စေရန် နောက်ကွယ်က ကြိုးကိုင်နေတဲ့သူ။
၃။ အဓိကရုန်းများ၌ ရုတ်တရက် ကားများနဲ့ရောက်လာတဲ့လူစုကို နောက်ကွယ်က စနစ်တကျ စီစဉ်ပေးနေတဲ့သူ။
၎။ မိမိမွေးနေ့မှာလာဖို့ ဖိတ်ရခက်တဲ့ သူငယ်ချင်းကို လက်ထိပ်ခတ်ပြီး ခေါ်လာတဲ့သူငယ်ချင်းတစ်စု။
၅။ မိမိဘက်က သက်သေ လိမ်လည်ထွက်ဆိုပေးဖို့ အငှားသက်သေ ငှားပေးသည့် အမှုပွဲစား။
၆။ သူငယ်ချင်း မိန်းမခိုးရာမှာ မိမိကားနဲ့ ကားတင် ခိုးပေးတဲ့သူငယ်ချင်း။
၇။ “မောင်ထွန်းအောင်ဟာ ဓါးပြမှုကို အစီအစဉ် ပြုလုပ်ပေးခဲ့ပြီး၊ ဓါးပြများကို စည်းရုံးပေးခဲ့တယ်။ သို့ရာတွင် ဓါးပြတိုက်ရာတွင် လိုက်ပါသွားခြင်းမရှိ။ အခြားသူများ ဓါးပြမှုကျူးလွန်ခဲ့ပြီး မောင်ထွန်းအောင်ဟာ မိမိဝေစုများ ရယူခဲ့တယ်။ ဓါးပြမှု အဓိက ကျူးလွန်သူကဲ့သို့ မောင်ထွန်းအောင်ကို ပြစ်မှုထင်ရှားစီရင်တယ်။” (မောင်ထွန်းအောင်အမှု ၁၉၄၆-ရန်ကုန်-၃၁၃)
၈။ “မိုးကျော်ကို မောင်လှမြင့် သတ်ဖြတ်စဉ်က ဦးလာဘနဲ့ မတင်လှတို့က သတ်ဖြတ်တဲ့နေရာမှာ မရှိကြဘဲ ကျောင်းပေါ်မှာ ရှိနေတယ်။ သို့ရာတွင် ဦးလာဘက လှမြင့်အား ရဲဒင်းထုတ်ပေးပြီး မိုးကျော်ကို သတ်ခိုင်းခဲ့ကြောင်း၊ ထို့နောက် သေသူ မိုးကျော်အလောင်းမှ အသားများကို ဟင်းချက်၍ လူအများကို ကျွေးခဲ့ကြောင်း တွေ့ရှိရ၍ အားပေးကူညီမှုအရ သေဒဏ် ကျခံစေ။ (လူသားစား ဦးလာဘ (ခ) ဦးရွှေမြိုင်ပါ - ၃အမှု-၁၉၇၉-မတစ-၁၃၆)
ကိုဖြူ ။   ။ ဒါဆို နောက်ကွယ်က ကြိုးကိုင်တဲ့ လူတွေဟာ ဘယ်နေရာမှာနေနေ အပြစ်က မလွတ်ဘူးပေါ့နော်။
ယူတီကေ ။    ။ ဖေါ်ထုတ်ပြီး အရေးယူနိုင်ရင်ပေါ့ဗျာ။
UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
Friday, March 6, 2015
ဥပဒေစကား ပြောကြားပါရစေ
ဥပဒေစကား ပြောကြားပါရစေ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဦးဟန်ညွန့်(ဥပဒေ)
အမျိုးသားပညာရေးဥပဒေ
▄▄▄▄▄▄▄▄▄▄▄▄▄▄
အမျိုးသားပညာရေးဥပဒေ ပြဋ္ဌာန်းရေးအတွက် ကျောင်းသားများ ဦးဆောင် လှုပ်ရှားကြသည်။ မိဘများက ကျောင်းသားများကို ကြိုဆိုသည်။ ထိန်းပေး သည်။ အမျိုးသားရေးမို့ အရေးကြီးသည်။ အစိုးရကလည်း သတိထားသည်။ အမှားမခံနိုင်။ ငြင်းခုံဆွေးနွေးမှုများ ကြီးထွားသည်။ ပြည်သူအများ ဆွေးနွေး အကြံပေးကြပြီ။ ဥပဒေကြမ်းအပေါ် ကြားနာမည့်အစီအစဉ်ပင် အမျိုးသား လွှတ်တော်က ထုတ်ပြန်ကြေညာလိုက်ပေပြီ။
ဥပဒေကျောင်းသားစိတ်
▄▄▄▄▄▄▄▄▄▄▄▄▄
စာရေးသူမှာအသက် (၆ဝ) ကျော်သော်လည်း ကျောင်းသားစိတ်က တစ်ရွေး သားမျှ မကုန်သေး။ ကျောင်းသားအရေးဆိုလျှင် တစ်ရေးနိုးအိပ်ရာကထပြီး လုပ်ချင်သည့် အကျင့်၊ လက်တွန့်သည့် ကျောင်းသား မဟုတ်ခဲ့။ ဥပဒေ ပညာ လေ့လာခွင့်၊ သင်ယူခွင့်ရခဲ့သော ဥပဒေကျောင်းသားစိတ်ဖြင့် အမျိုးသား ပညာရေး အလေးပေးချင်သည်။ ခေတ်အဆက်ဆက် ပညာရေးစနစ်၊ အားနည်းချည့်နဲ့မှုများကြောင့် ကျောင်းသားများ အစမ်းသပ်ခံ ဘဝ ရောက်ခဲ့ရ သည်မှာတော့ ဘယ်သူမှ ငြင်းနိုင်မည်မဟုတ်။ ဤသို့သော အခြေအနေ၊ ခံစားမှုများကြောင့်လည်း ပညာရေးဥပဒေပြင်ဆင်ရေး ကြွေးကြော်သံများ ဆူညံလာခြင်းမဟုတ်လား။
ဒီမိုကရေစီပညာရေး
▄▄▄▄▄▄▄▄▄▄▄
''ပညာရေးကိစ္စဟု ပြောမည့်အစား ဒီမိုကရေစီ ပညာရေး''ကိစ္စ ဟု ပြောမှ၊ ရေး မှပို၍ တိကျမည်။ ဘာ့ကြောင့်လဲ။ ဒီမိုကရေစီဆန်သော ပညာရေး၊ လွတ်လပ်သော ပညာရေး၊ အချုပ်အချယ်ကင်းသော ပညာရေး၊ ကျောင်းသား သမဂ္ဂ၊ ဆရာများသမဂ္ဂ ပါဝင်သောပညာရေး။ လိုတိုရှင်း ခြုံ၍ရေးနိုင်သော စကားလုံးမှာ ''အမျိုးသားပညာရေး'' ဖြစ်သည်။ အမျိုးသားပညာရေးသည် ဒီမိုကရေစီပညာရေး။ ဒီမိုကရေစီပညာရေးသည် ''အမျိုးသား ပညာရေး'' ဖြစ်သည်။ (ပြင်ဆင်သည့် ဥပဒေကြမ်းပုဒ်မ ၃ ကို ရည်ညွှန်း)
မြန်မာ့ပညာရေးကိုကောင်းစေချင်သော ကျောင်းသားများ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
မြန်မာ့ပညာရေးကို ကောင်းစေချင်သော ကျောင်းသားများအား လေးစားသည်။ ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သော မြန်မာ့ပညာရေး၊ အဆင့်မြင့်သော မြန်မာ့ ပညာရေး၊ တက်စုံရွက်စုံလွှင့်နိုင်၊ ကူးခပ်နိုင်သော မြန်မာ့ ပညာရေးဖြစ်ရမည်။ ဖြစ်သင့်သည်။ ဤစေတနာဖြင့် ကျောင်းသားတို့အရေးဆိုသည်။ မိဘတို့ ဝိုင်းကူသည်။ ဆရာ ဆရာမတို့ စုပေါင်းပါဝင်သည်။ အစိုးရက အတည်ပြုဆုံးဖြတ်မည်။ တက်ညီ၊ လက်ညီ၊ ဆန္ဒညီ၊ ဥပဒေနှင့် အညီဖြစ်သည်။ ဥပဒေရေးမှဖြင့် ဥပဒေနှင့် မညီ၍မဖြစ်။ စာအုပ်ကြီးသမား၊ ပုဒ်ထီးပုဒ်မ သမား၊ လက်တွေ့ဘဝနှင့် ကင်းကွာသော သီးခြားကမ္ဘာ မဖြစ်ဖို့သာ အဓိကပါ။ ထို့ကြောင့် ဥပဒေစကား ပြောကြားပါရစေ။ ဥပဒေနှင့်အညီ ဆွေးနွေးပါရစေ။
လွတ်လပ်လွန်းခြင်း
▄▄▄▄▄▄▄▄▄▄
ဥပဒေတစ်ရပ်သည် လွတ်လပ်ခြင်းရှိရမည်။ လုပ်သာကိုင်သာရှိရမည်။ တက်သာ ဆုတ်သာ ဖြစ်ရမည်။ ဖိနှိပ်မှု၊ ချုပ်ချယ်မှုတွေ မများစေရ။ အရည် အသွေးကောင်းရမည်။ အာမခံချက် ပါဝင်ရမည်။ ပညာရေး လွတ်လပ်ခွင့်ကို အာမခံရမည်။ အာဏာပိုင်၏ အာဏာရှင်လွှမ်းမိုးမှုဖြင့်သာ အရာရာမ ဆုံးဖြတ်ရ။ ဒီမိုကရေစီဆွေးနွေး တင်ပြမှုကိုလည်း စဉ်းစားပေးအပ်သည်။ လွတ်လပ်ခြင်းနှင့် လွတ်လပ်လွန်းခြင်း စကားလုံးမှာ မတူပါ။ လွတ်လပ်ခွင့် ကိုသာ ဖော်ဆောင်ပါ။
ချုပ်ချယ်မှုများလွန်းခြင်း
▄▄▄▄▄▄▄▄▄▄▄▄
နေစရာထိုင်စရာပင်မရှိ။ အသက်ပင် ရဲရဲမရှူဝံ့။ သမဂ္ဂမဖွဲ့ရ။ ကျောင်းသားတွေ ဘာပဲလုပ်လုပ် ခွင့်ပြုချက်မရရင် ဘာမှမလုပ်ရ။ စာတွေ အလွတ်ကျက်ကြ။ စာမေးပွဲ မှန်မှန်ဖြေ။ ကျောင်းမှန်မှန်တက်။ ပြောတဲ့စကား တစ်သဝေ မတိမ်း နားထောင်။ ဟိုယောင်ယောင် ဒီယောင်ယောင်မလုပ်နဲ့။ တိကျတဲ့ အဆောင် စည်းကမ်း၊ ကျောင်းစည်းကမ်းတွေ လိုက်နာကြ။ မလိုက်နာ ရင် ကျောင်း ထုတ်ပစ်။ ဆရာဆရာမတွေ ဘာမှပြန်မပြောနဲ့။ ထားရာနေ၊ စေရာ သွား။ ဤကား ချုပ်ချယ်မှုများလွန်းသည်။ အကြောက်တရားသည် ရေရှည်မခံ။ တွန်းလှန် ပုန်ကန်ချင်စိတ် ဖြစ်ပွားစေမည်။ ဥပဒေရေးသည့်အခါ စဉ်းစားစရာ။
ကျောင်းသားကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ခွင့်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ပြင်ဆင်သည့် ဥပဒေကြမ်း၊ ပုဒ်မ ၁၇ တွင် ''တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကို ကျောင်းသားကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ခွင့်ရှိရန်'' ဟု ဖော်ပြထားသည်။ စာရေးသူ ကြိုဆိုသည်။ သို့သော် မည်သို့နည်းလမ်း သတ်မှတ်မည်လဲ။ ကျောင်းသားကိုယ်တိုင် ဆုံးဖြတ်ခွင့်ကို မည်သို့ ကူညီမည်လဲ။ နည်းဥပဒေများရေးမှ စဉ်းစားမည်လား။ လက်ခံနိုင်သော အရေအတွက်၊ လက်ခံနိုင်သော တက္ကသိုလ်၊ ဝါသနာထုံသော ဘာသာရပ်၊ ဝါသနာမပါဘဲ တက္ကသိုလ်ကပေး၍ ယူရသော ဘာသာရပ်။ မကျွမ်းကျင်ဘဲ သူများခိုင်း၍ သင်ရသည့် ဘာသာရပ်။ စာမေးပွဲ ဖြေသည့်အခါကျမှ တဖုန်းဖုန်းကျသည့် ဖြစ်ရပ်။
ဘဝတစ်လျှောက်လုံး အသုံးဝင်မည့် အသိပညာ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဥပဒေကြမ်း၊ ပုဒ်မ ၂၂ (ဃ) သင်ရိုးညွှန်းတမ်း၊ (၈၈)တွင် ''ကျောင်းသား များဘဝတစ်လျှောက်လုံး အသုံးဝင်မည့် အသိပညာ၊ အတတ်ပညာ၊ စွမ်းရည် များနှင့် စဉ်းစား တွေးခေါ်မြော်မြင်မှုများ ရရှိစေရမည်။ လက်တွေ့ဘဝနှင့် ကိုက်ညီဆက်စပ်မှုရှိရမည်''ဟု ဖေါ်ပြထားသည်။ အလွန်ကောင်းသည့် အချက်ပါ။ ပြည်ထောင်စုလွှတ်တော် က အတည်ပြုစဉ်းစားမည်ဟု ကျွန်တော်ယုံသည်။ ဥပဒေကြမ်းထဲမှာ ယခုလို ကောင်းသည့်ပြဋ္ဌာန်းချက်တွေ အများကြီးပါ။ ပြင်ဆင်ရေးဆွဲသူများအား လေးစားပါသည်။
နှစ်သက်ရာပါတီ ဝင်ရောက်ခွင့်ရှိသည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဥပဒေကြမ်းပုဒ်မ ၂၂ (ခ)(ဃ)(ဃ)ကိုတော့ ကျွန်တော် သဘောမတူ။ ဘာကြောင့်လဲ။ နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၁ဝ(ဆ)မှာ ''ပါတီနိုင်ငံရေး ကင်းရှင်းခြင်း'' ဟု အတိအလင်း ပြဋ္ဌာန်းပြီးဖြစ်နေ၍ပါ။ ထို့ပြင် ရွေးကောက်ပွဲ ဥပဒေများမှာလည်း လျှို့ဝှက်မဲရုံတွင် လျှို့ဝှက်မဲပေးစနစ် ကျင့်သုံးပြီးဖြစ်သောကြောင့် မည်သည့်ပါတီကို မဲပေးပေး၊ နိုင်ငံသားတစ်ဦး၏ လွတ်လပ်ခွင့်ပေးပြီးသားဟု ကျွန်တော်ထင်သည်။ ထို့ကြောင့် ဤပုဒ်မ ကို ပြန်လည်စဉ်းစား ပေးပါ။
နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးသည့်နေ့
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဥပဒေကြမ်း ပုဒ်မ ၁ (ခ)တွင် ''ဤဥပဒေကို နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးသည့်နေ့တွင် အတည်ဖြစ် သည်''ဟု ဖော်ပြထားသည်။ ဤဖော်ပြချက် ကျွန်တော် သဘောမတူပါ။ ဘာ့ကြောင့်လဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) ပုဒ်မ ၁ဝ၅ နှင့် မညီ၍ပါ။ နိုင်ငံတော်သမ္မတ ကိုယ်တိုင် လက်မှတ်ထိုးနိုင်သကဲ့သို့ လက်မှတ်မထိုးသည့် ကိစ္စရပ်များ လည်း ပြဋ္ဌာန်းချက် ရှိ၍ ဖြစ်ပါသည်။ အကြောင်းပြချက်ပြည့်စုံလျှင်မူ ဖော်ပြနိုင် ပါမည်။ ဥပဒေ ပညာရှင်များ၊ ကျောင်းသားများ ပြန်လည် စဉ်းစားပေး စေချင် ပါသည်။
အခြေခံဥပဒေနှင့် ညီရမည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဥပဒေများ ပြဋ္ဌာန်းသည့်အခါ တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ရပါမည်။ တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်နေပါသေးသည်။ ဤမူသဘော၊ ဤမူဝါဒကို ဥပဒေပညာရှင်တိုင်း သိကြသည်။ စာများများ ဖတ်ကြသော တက္ကသိုလ် ဥပဒေကျောင်းသား များလည်း နားလည် ကြသည်။ ဥပဒေကြမ်း၏ အထူးကောင်းမွန်သော အားသာ ချက်တွေကအများကြီးပါ။ အားနည်းချက်တွေ ပြင်လိုက် လျှင် ပို၍ကောင်းမည်ထင်သည်။ ဥပဒေကျောင်းသားများ ၏ ဥပဒေအသိ၊ ဥပဒေအတွေ့အကြုံ၊ တက္ကသိုလ် ဥပဒေ ပညာဌာနမှ ပို့ချချက်များ၊ ဥပဒေကျောင်းသားတို့၏ တက်ကြွသော သုတေသနပြုချက်များ ဘယ်ရောက်သွား ပြီလဲ။ ထဲထဲဝင်ဝင် ပါဝင်ကြပါ။ ဆွေးနွေးကြပါ။ အကြံ ပေးကြပါ။ သားတို့၊ သမီးတို့ သင်ထားသော ဥပဒေပညာရပ်ဖြင့် တတ်သမျှ၊ မှတ်သမျှ၊ သမိုင်းပေးတာဝန် ပါဝင်စေချင်သည်မှာ ဥပဒေကျောင်းသား ​ဟောင်းတစ်ဦး (အသက် ၆၅ နှစ်ရှိပြီ)က မေတ္တာရပ်ခံတာပါ။
အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများ မမေ့နှင့်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဥပဒေတစ်ရပ်ရေးဆွဲတိုင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် ညီညွတ်ရမည်။ သဘောတူစာချုပ် တွေမှာ မြန်မာလက်မှတ်ထိုးထားတာ ဘာရှိသလဲ။ ကမ္ဘာနှင့် မြန်မာ ဆက်နွှယ်မှု၊ သဘောတူညီမှုတွေ မမေ့နှင့်။ သို့မှသာ ကမ္ဘာတည်မည့် မြန်မာ့ဥပဒေဖြစ်မည်။ ပွဲလယ်တင့်မည်။ သို့ဖြစ်၍ ပညာရေးဥပဒေ စတင်ရေးဆွဲစဉ်က ကမ္ဘာ့ဥပဒေပညာရှင်၊ ကမ္ဘာ့ပညာရေးသုတေသီတွေ ငှားရမ်း၊ ဖိတ်ကြား၍ လေးလေး စားစားမေးမြန်းခဲ့၊ ဆွေးနွေးခဲ့၊ အကြံတောင်းခဲ့ခြင်းဖြစ်သည်။ သူတို့သူတို့ ပြောတိုင်းလည်း ခေါင်းညိတ်ရမည်ဟု မဆိုလို။ မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာ့ပညာရေး၊ မြန်မာ့ကျောင်းသားနှင့် ကိုက်ညီမှ၊ ဆက်စပ်မှ၊ သုံး၍ရမှ၊ လက်တွေ့ဆန်မှ လက်ခံ ကြပေသည်။ စပ်ဆိုင်သောအချက်များ ထုတ်နုတ်ကြည့် ကြပါ။
ဝန်ကြီးဌာနအချင်းချင်း လုပ်ပိုင်ခွင့် မရောထွေးအောင်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဥပဒေရေးလျှင် ဤအချက်ကလည်း အရေးကြီးသေးသည်။ ပညာရေးဝန်ကြီး၏ တာဝန်သည် အခြားဝန်ကြီး ဌာနနှင့် ရောထွေး၍မရ။ လုပ်ပိုင်ခွင့်မတူညီ။ သူ့တာ၊ ကိုယ့်တာ ရှိသည်။ ဌာနအချင်းချင်း ကူညီသည်က တခြား။ ပူးပေါင်းဆောင်ရွက်သည်က တစ်မျိုး၊ ဝင်ရောက်စွက်ဖက်၊ ရောထွေးလျှင်မူ၊ မူဝါဒနှင့်မညီ။ ဤသည်ကို မစဉ်းစားသင့်ဘူးလား။
ဥပဒေကြမ်းသည် ဥပဒေကြမ်းသာ ဖြစ်သည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
''အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်း'' အဆင့်သာ ရှိသေးသည်။ ဥပဒေကြမ်းသည် ဥပဒေကြမ်းပါပဲ။ ဥပဒေ မဖြစ်သေး။ ပြည်ထောင်စု လွှတ်တော်က မပြဋ္ဌာန်းသေး။ ဤအခြေအနေ တွင် ပြည်သူအပေါင်းက လေ့လာ၊ အကြံပြုခြင်း သာ။ ပြောချင်တာ ပြောနိုင် သည်။ ဝေဖန်ချင်တာ ဝေဖန်နိုင်သည်။ ပြင်ချင်တာ ပြင်နိုင်သေးသည်။ လိုတိုးပိုလျှော့။ လိုတာတိုး၊ ပိုတာလျှော့။ မပေါ့မဆ ဆောင်ရွက်နိုင် သေး သည်။ ဒေါသ၊ လောဘ၊ မောဟ မဖက်။ အဂတိ တရား မစွက်။ ဘယ်ဘက်မှ လိုက်စရာမလို။ အမျိုးသား အကျိုးစီးပွားကိုတော့ ဦးထိပ်ထား။ မုန်းခြင်း၊ ချစ်ခြင်း၊ အင်အားသုံးခြင်းကို ရှောင်။ ''ဒီမိုကရေစီ ဆွေးနွေးမှု'' အစဉ်ရှေးရှု။ ပုဂ္ဂိုလ်ရေး အလေးမပေး။ တရားဥပဒေ စိုးမိုးရေးအသိဖြင့် မျှော်လင့်သော ပန်းတိုင် အရောက် ပေါက်မြောက်အောင် ချီတက်။ သို့မှသာ ဥပဒေ အချော ပြဋ္ဌာန်းနိုင်မည်။
ယဉ်ကျေးသော တိုင်းပြည်
▄▄▄▄▄▄▄▄▄▄▄▄▄▄
မြန်မာပြည်သည် ယဉ်ကျေးသည်။ ယဉ်ကျေးသော တိုင်းပြည်ဖြစ်သည်။ မိဘဆရာ ညီညွတ်သည်။ ကျောင်းသားကို အားထားသည်။ ယနေ့ လူငယ်တွေကလည်း ယခင်လူငယ်တွေ မဟုတ်တော့။ အသိဉာဏ်ကြွယ်သည်။ ပညာစုံသည်။ သိက္ခာရှိသည်။ ဆွေးနွေးညှိနှိုင်းမှုကို လက်ခံသည်။ လူကြီးဖြစ်မည့် ကျောင်းသားများ။ ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး။ ယနေ့လူကြီးများသည်လည်း တစ်ချိန်က လူငယ်ကျောင်းသားများ မဟုတ်လား။ ဘဝ မေ့သွားသူများလည်း ရှိတန်ကောင်းသည်။ ဘာပဲဖြစ်ဖြစ် အမျိုးသားပညာရေးကို အလေးထားရမည်။ ဘက်စုံ၊ ခြုံငုံစဉ်းစားရမည်။ လူကြီးဆန်ရမည်။ ဤသို့ ကျွန်တော် တွေးမိ၊ ယုံကြည်မိ သည်။ ကျောင်းသား များကလည်း အတွေ့အကြုံများသည့် လူကြီးစကားကို နားမထောင် ချင်နေ။ လေးစားမှတ်သားဖို့တော့၊ သင်ခန်းစာယူဖို့တော့ လိုသည်။ ဥပဒေအင်္ဂါရပ် စုံလင်အောင်၊ ခဏခဏ ပြန်မပြင်ရအောင်၊ အခြေခံကောင်းဖို့ ကြိုးစားကြရ မည်သာဖြစ်သည်။ နှစ်ဖက်အမြင် ညှိကြစေချင်သည်။
ဥပဒေအင်္ဂါရပ်
▄▄▄▄▄▄▄▄
ဥပဒေတွင် အင်္ဂါရပ်စုံဖို့ အထူးအရေးကြီးသည်။ ခြေမပါ၊ လက်မပါ၊ ဦးခေါင်းပမာ၊ ခန္ဓာကိုယ်မပါ ဖွဲ့စည်း၍ မရ။ သူ့လုပ်ထုံး၊ သူ့လုပ်နည်းတွေ ရှိပြီးသား။ မနေ့တစ်နေ့ကမှ ပေါ်လာခြင်းမဟုတ်။ ခေတ်အဆက်ဆက်၊ စနစ်အဆက်ဆက်၊ အဆိုးအကောင်း သင်ခန်းစာတွေ တစ်ပုံတစ်ပင်။ စာအုပ်ကြီးသမားဟု အထင်မှားချင်မှား။ အလွယ်၊ အလွတ်၊ ဖြစ်ချင်တာဖြစ်ပါစေဟု သဘောမထားရ။ ကျင့်ထုံး၊ လုပ်ထုံး၊ လုပ်နည်း၊ စနစ်၊ ပုံစံများအတိုင်း ဥပဒေရေး ရပေမည်။
ဘယ်နေ့မှာ အပြီးရေးဆွဲ
▄▄▄▄▄▄▄▄▄▄▄▄▄
''ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်နှနာရီမှာ အပြီးရေးဆွဲ''ဟု စီမံချက်ရေးသည်မှာ ကောင်းပါ၏။ သို့သော်ငြား ဥပဒေရေးလျှင် ''ဖုတ်ပူမီးတိုက်''လုပ်၍ မရနိုင်။ ''အာဏာဓား''မိုး၍လည်း ပုံပျက်၊ ပန်းပျက် ထွက်လာသည်သာ အဖတ်တင်မည်။ နောက် တစ်ခါ ပြန်ပြင်ဦး ဖြစ် မည်။ နှိုင်းနှိုင်းချိန်ချိန် ရေးရ၊ ပြောရမည်။ ဥပဒေ စကားလုံး တစ်လုံးကိုပင် လနှင့်ချီ၍၊ နှစ်နှင့်ချီ၍ ပညာရှင်များ ငြင်းခုံ၊ ဆွေးနွေး၊ ဆုံးဖြတ်ခဲ့ရသည့် ဥပဒေ ရေးဆွဲရေး အတွေ့အကြုံရှိခဲ့ဖူးသည်။ မြန်မြန်ပြီးချင် လေ၊ ကြာလေ၊ ကြာလေ ဖြစ်တတ်သည်။ ပညာရေး ဥပဒေမို့ အချိန်ဆွဲ တာ၊ နှောင့်နှေးကြန့်ကြာစေတာ မဟုတ်ရပါ။ အတွေ့အကြုံရှိသူတိုင်း သိကြမည်ပါ။ စေတနာကို နားလည်စေချင်သည်ပါ။
ရိုးရိုးသားသား
▄▄▄▄▄▄▄▄
ဥပဒေရေးဆွဲသူများအားလုံး ရိုးရိုးသားသား၊ ကြိုးကြိုး စားစား ဆောင်ရွက်ကြ မည်မှာ အသေအချာပါ။ သတိတရားထားကြမည်မှာလည်း ယုံမှားသံသယ မရှိပါ။ သမိုင်းသက်သေ တည်စေမည်ပါ။
တင်ပြချက်
▄▄▄▄▄▄
တစ်ချက်ပြောဖို့ ကျန်သွားသည်။ ဥပဒေဆိုရိုး စကားလေးပါ။
''သန့်ရှင်းမှု လိုချင်သူသည် သန့်ရှင်းသော လက်ဖြင့်သာလာပါ။ ညစ်ပတ်သော လက်ဖြင့် မစွက်ဖက် သင့်ပါ''။      ။
ဦးဟန်​ညွန့်​ (ဥပ​ဒေ)
အယူခံလား ။ ပြင်ဆင်လား။
အယူခံလား ။ ပြင်ဆင်လား။
အယူခံဝင်နိုင်သော ဆုံးဖြတ်ချက်များ ။
တရားရုံးတစ်ရုံးက ချမှတ်သော ဆုံးဖြတ်ချက်သည် တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၂(၂)တွင် အဓိပ္ပါယ်ဖွင့် ဆိုထားသော ဒီကရီဖြစ်နိုင်သလို ပုဒ်မ ၂(၁၄)တွင် အကျုံးဝင်သော ဒီကရီမဟုတ်သည့် အမိန့် ဖြစ်နိုင်ပါသည်။
အယူခံဝင်နိုင်သော ဆုံးဖြတ်ချက်များမှာ
(၁) မူလမှုတွင်ချမှတ်သောဒီကရီ (ပုဒ်မ -၉၆)
(၂) အယူခံမှုတွင် ချမှတ်သော ဒီကရီ (ပုဒ်မ - ၁၀၀)
(၃) ပုဒ်မ ၁၀၄(၁) နှင့် အမိန့် ၄၃ ၊ နည်း ၁ တွင်ဖော်ပြထားသည့် အမိန့်များ။
-----
ဇာရီမှုတွင် မည်သည့်ဆုံးဖြတ်ချက်များသည် ဒီကရီဖြစ်သနည်း။
ဇာရီမှုတွင်ချမှတ်သောအမိန့်များအနက် အမိန့် - ၄၃၊ နည်း - ၁(စ်)၊ ၁(စ်စ်) နှင့် ၁(ည)တွင်ပြဌာန်းထားသော အမိန့်များမှအပ ပုဒ်မ - ၄၇ ၌ အကျုံးဝင် သည့် ပြသနာများနှင့် စပ်လျဉ်း၍ချမှတ်သောအမိန့်များသည် ပုဒ်မ-၂(၂) အရ ဒီကရီဖြစ်ပါသည်။
ထို့ကြောင့် မူလမှုတန်ဘိုးအပေါ်မူတည်၍ “ဒုတိယအယူခံ” အထိ ၀င်ရောက်ခွင့်ရှိသည်။
-----
အယူခံလား ၊ ပြင်ဆင်လား ဆန်းစစ်ပုံ။
ဆုံးဖြတ်ချက်တစ်ရပ်ကို အဆင့်မြင့်သော တရားရုံးတွင် အယူခံ ၀င်ရမည်လား၊ ပြင်ဆင်မှုတင်သွင်း ရမည်လား ပြဿ နာပေါ်ပေါက်လာသည့်အခါ ထိုဆုံးဖြတ်ချက်သည် တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၂(၂) တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသော ဒီကရီဟုတ်မဟုတ် စိစစ်ရပါမည်။
ဒီကရီဖြစ်လျှင် မူလအမှုတွင် ဖြစ်စေ၊ အယူခံမှုတွင်ဖြစ်စေ ချမှတ်ထားခြင်းဖြစ်သလား ဆိုသည့် အချက်ကို နောက်တစ်ဆင့်တက်၍ ဆန်းစစ်ရပါမည်။
ဒီကရီလည်းဖြစ်သည် ၊ မူလမှု သို့မဟုတ် အယူခံမှုတွင်လည်း ချမှတ်ထားကြောင်းတွေ့ရလျှင် ထိုဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်သည်။
တစ်စုံတစ်ခုသောဆုံးဖြတ်ချက်သည် ဒီကရီမဟုတ်လျှင် အယူခံဝင်ခွင့်ရှိသော အမိန့် ဟုတ်မဟုတ် တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၄(၁) နှင့် အမိန့် ၄၃၊ နည်း ၁ တွင် ရှာဖွေရပါမည်။
အယူခံဝင်ခွင့်ရှိလျှင် အယူခံဝင်ရန်ဖြစ်သည်။
ဦးမြ ၊သောင်းပြောင်းထွေလာဥပဒေပြဿသ နာ အမှတ် (၁) ၊စာ - ၎
----
ဒီကရီတိုင်းသည် အယူခံဝင်ခွင့်ရှိ သလား။
ဒီကရီတိုင်းသည် အယူခံဝင်ခွင့်ရှိသည်မဟုတ်ပါ။ မူလမှုတွင် ချမှတ်ထားသော ဒီကရီ နှင့် အယူခံမှုတွင် ချမှတ်သော ဒီကရီများသည်သာ အယူခံဝင်ခွင့်ရှိပါသည်။
မူလမှုတွင်ချမှတ်သောဒီကရီကို ပုဒ်မ ၉၆ အရ အယူခံဝင်ခွင့်ရှိသည်။ ထိုနည်းတူ အယူခံတွင်ချမှတ်သော ဒီကရီကိုလည်း ပုဒ်မ ၁၀၀(၁) အရ အယူခံဝင် ခွင့်ရှိသည်။
သို့ဖြစ်ရာ " ပြင်ဆင်မှု " တွင် ချမှတ်သော ဒီကရီကို အယူခံဝင်ခွင့်မရှိပါ။ဒေါ်ထိုက် နှင့် ဦးပေါ်ထွန်း (၁၉၈၃၊ မတစ၊ စာ - ၄၈) တွင်ကြည့်ပါ။
---
အယူခံဝင်ခွင့်ရှိသော အမိန့်သည် တစ်ကြိမ်သာ အယူခံဝင်ခွင့်ရှိခြင်း။
ဒီကရီကိုအဆင့်ဆင့် အယူခံဝင်ခွင့်ပေးထားသော်လည်း အယူခံဝင်ခွင့်ရှိသည့် အမိန့်ကိုမူ တစ်ကြိမ်သာ အယူခံဝင်ခွင့်ရှိပါသည်။
----
ပြင်ဆင်မှု
ဒီကရီလည်းမဟုတ် ပုဒ်မ ၁၀၄(၁) နှင့် အမိန့် ၄၃၊ နည်း ၁တွင် ဖော်ပြထားသည့် အယူခံဝင်ခွင့်ရှိသော အမိန့်လည်း မဟုတ်လျှင် အယူခံဝင်ခွင့်မရှိ၊ ပြင်ဆင်မှုသာ လျှောက် ထားခွင့်ရှိသည်။
အယူခံဝင်နိုင်သော အမိန့် နှင့် စပ်လျဉ်း၍ အယူခံရုံးက ချမှတ်သော အမိန့်ဖြစ်လျှင်လည်း ပြင်ဆင်မှုသာ ဆက်လက်တင်သွင်းနိုင်ပါသည်။
အယူခံဝင်ခွင့်မရှိဟု အတိအလင်းပြဌာန်းထားသည့် ဒီကရီ နှင့် အမိန့်များသည်လည်း
ပြင်ဆင်မှုသာတင်သွင်းနိုင်ပါသည်။ (ဥပမာ သီးခြားသက်သာခွင့်ဥပဒေပုဒ်မ -၉ အရ စွဲဆိုသောအမှုတွင်ချမှတ်သောဒီကရီ)
-----
မူလမှုတန်ဘိုး သိန်း ၁၀၀ ကျပ် ရှိသည့် အမှု နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အယူခံ။
မြို့နယ်ရုံးမှ မူလမှုတန်ဘိုး ကျပ် သိန်း ၁၀၀ ရှိသော အမှုသည် ပုဒ်မ - ၁၁၀ အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် “အယူခံမှု”ဆက်လက် တင်သွင်းနိုင်ပါသည်။
လေးစားစွာဖြင့်။
Tun Myo Htay
တိုက်ခန်းအရောင်းအ၀ယ်ကိစ္စများကို မှတ်ပုံတင်ခွင့်မရှိဆိုသည့် အယူအဆမှန်သလား။
တိုက်ခန်းအရောင်းအ၀ယ်ကိစ္စများကို မှတ်ပုံတင်ခွင့်မရှိဆိုသည့် အယူအဆမှန်သလား။
တိုက်ခန်းသည် စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပါ မရွှေ့မပြောင်းနိုင်သောပစ္စည်းဖြစ်သလား။
စာချုပ်စာတမ်းများကို မလွဲမသွေ မှတ်ပုံတင်ရန် ပြဌာန်းထားသည့် စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း အက်ဥပဒေ ပုဒ်မ - ၁၇(၁)(ခ) ပါ မရွှေ့မပြောင်းနိုင်သော ပစ္စည်းဆိုသည့်စကားရပ်ကို ယင်းဥပဒေပုဒ်မ ၂ (၆) တွင် အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားသည်။
“immoveable property” includes lands, buildings, hereditary allowance, rights to ways, lights, ferries, fisheries or any other benefit to arise out of land, and things attached to the earth or permanently fastened to anything which is attached to the earth, but not standing timber, growing crops nor grass”
ကန်ထရိုက်တိုက်၏မြေညီထပ်သည် အထက်ပုဒ်မပါ “ things attached to the earth”(မြေကြီးနှင့် စွဲကပ်နေသောပစ္စည်း)ဖြစ်သည်။ မြေညီထပ်အပေါ်ရှိ အထပ်များသည် “permanently fastened to anything which is attached to the earth” ဟူသောပြဌာန်းချက်တွင် အကျုံးဝင်သည်ဖြစ်ရာ ကန်ထရိုက်တိုက်ခန်းများ သည် ပုဒ်မ ၂(၆)တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများဖြစ်သည်မှာ ယုံမှားဖွယ်မရှိ။
ဦးမြ ဥပဒေ ပြသနာအဖြာဖြာ (ပထမအကြိမ်) စာ - ၂၈
----
တိုက်ခန်းများကို မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းမပြုဘဲ လွှဲပြောင်းခြင်းသည် အထမြောက်ခြင်း ရှိမရှိ။
ထိုတိုက်ခန်းများကို မှတ်ပုံတင်အရောင်းအ၀ယ် စာချုပ်များ ချုပ်ဆိုခြင်းမပြုဘဲ လွှဲပြောင်းခြင်းသည် အဆိုပါ အက်ဥပဒေပုဒ်မ ၄၉(က) အရ အထမြောက်သည်မဟုတ်။
ဦးမြ ဥပဒေ ပြသနာအဖြာဖြာ (ပထမအကြိမ်) စာ - ၂၈
-
မြေရှင်၊ ကန်ထရိုက် နှင့် အဆောက်အအုံဟောင်း တွင်နေသူတို့ချုပ်ဆိုသည့် တိုက်ခန်း ခွဲဝေသည့် စာချုပ်သည် မှတ်ပုံတင်ရန် လိုမလို။
မှတ်ပုံတင်မှသာ တိုက်ခန်းခွဲဝေသတ်မှတ်ခြင်းသည် အထမြောက်မည်ဖြစ်သည်။
ဦးမြ ဥပဒေ ပြသနာအဖြာဖြာ (ပထမအကြိမ်) စာ - ၂၈
----
ကန်ထရိုက်တာက ၄င်းခွဲဝေရရှိသည့် အခန်းများကို လွှဲပြောင်းရောင်းချခြင်းသည် အပျောက် စနစ်ဖြင့် ရောင်းချခြင်း ဖြစ်သလား။
အပျောက်စနစ်ဖြင့်ရောင်းချခြင်းသည် လွှဲပြောင်းပိုင်ခွင့်ဖြင့် ငှားရမ်းခြင်းဖြစ်သည်။ လွှဲပြောင်းပိုင်ခွင့်ဖြင့် ငှားရမ်းခြင်းဆိုသည်မှာ ငှားရမ်းသည့်ကာလသတ်မှတ်ချက်မရှိဘဲ အိမ်ငှားက ဥပစာလက်ဝယ်ထားပိုင်ခွင့်ကို ၀ယ်ယူ၍ အိမ်ရှင်အား ငှားရမ်းခကိုပေးသည့်ငှားရမ်းခြင်းကိုဆိုသည်။
ဒေါ်ခင်သန်းဌေး နှင့် ဦးကိုဌေး ပါ ၂ (၂၀၀၂၊ မတစ၊ စာ ၁၉၀)
ကန်ထရိုက်တာသည် မြေရှင်မဟုတ်သဖြင့် ငှားရမ်းခကို လက်ခံရယူသူမဟုတ်၍ ကန်ထရိုက်တာ ထံမှ အခန်းများကို ရောင်းချခြင်းသည် အပျောက်စနစ်ဖြင့် ရောင်းချခြင်းမဟုတ်ပါ။
ဦးမြ ဥပဒေ ပြသနာအဖြာဖြာ (ပထမအကြိမ်) စာ - ၃၀
-----
စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးရန် ငြင်းဆိုလျှင် ဆောင်ရွက်ရန် နည်းလမ်း။
စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ - ၇၇(၁)တွင်
" ပုဒ်မ ၇၂ အရဖြစ်စေ၊ ပုဒ်မ ၇၆ အရ ဖြစ်စေ၊ စာချုပ်စာတမ်းကို မှတ်ပုံတင်စေရန် အမိန့်မချမမှတ်ဘဲ မှတ်ပုံတင်အရာရှိက ငြင်းပယ်သည့်အချက်တွင် ၄င်းစာချုပ်စာတမ်းအရ ဆိုင်ပိုင်ကြောင်းအဆိုရှိသူကဖြစ်စေ၊ ၄င်း၏ကိုယ်စား လွှဲအပ်ခံရသူ၊ သို့မဟုတ် ကိုယ်စားလှယ်ကဖြစ်စေ ဆိုခဲ့သည့် စာချုပ်စာတမ်းကို မှတ်ပုံတင်ရန်လျှောက်ထားသည့် ရုံးတည်ရှိရာရပ်ကွက်အတွင်း မူလ တရားမမှုစီရင်ခွင့်အာဏာရ တရားမရုံး၌ ဆိုခဲ့သည့် အတိုင်း ငြင်းပယ်ကြောင်း အမိန့်ချမှတ်ပြီးနောက် ရက်ပေါင်း ၃၀ အတွင်း တရားစွဲဆိုနိုင်ခွင့်ရှိသည်။ ဒီကရီချပေးပြီးနောက် ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင်ရန် နေရာတကျ တင်သွင်းလျှင် ဆိုခဲ့သည့် မှတ်ပုံတင်ရုံး၌ စာချုပ်စာတမ်းကို မှတ်ပုံတင်စေရန် ဆင့်ဆိုသည့် ဒီကရီကိုရလိုကြောင်း နှင့် တရားစွဲဆိုနိုင်ခွင့် ရှိစေရမည်။
ဟုပြဌာန်းထားပါသည်။
ကန်ထရိုက်တိုက်ခန်းများ မှတ်ပုံတင်စာချုပ်ကို မှတ်ပုံတင်ပေးစေရန် စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေပုဒ်မ - ၇၇(၁)တွင် ခွင့်ပြုထားသည့်အတိုင်း တရားတစ်ထုံးစွဲဆိုရန်ဖြစ်သည်။
ဦးမြ ဥပဒေ ပြသနာအဖြာဖြာ (ပထမအကြိမ်) စာ - ၂၇
(စားကြွင်း ။ ။ စာချွန်တော် နှင့်လည်း အဖြေရှာကြည့်ရင်ရမည်ဟု ယူဆပါသည်။)
လေးစားစွာဖြင့် ။
Tun Myo Htay
စာချုပ်စာတမ်းတစ်ရပ်ကို မှတ်ပုံတင်ရာတွင် မှတ်ပုံတင် အရာရှိက ငြင်းဆိုလျှင် ဆက်လက် ဆောင်ရွက်ရန်နည်းလမ်း။
စာချုပ်စာတမ်းတစ်ရပ်ကို မှတ်ပုံတင်ရာတွင် မှတ်ပုံတင် အရာရှိက ငြင်းဆိုလျှင် ဆက်လက် ဆောင်ရွက်ရန်နည်းလမ်း။
စာချုပ်စာတမ်းတစ်ရပ်ကို မှတ်ပုံတင်ရန် တင်ပြလာပါက မှတ်ပုံတင်အရာရှိက စိစစ်ရမည့် အချက်များ ။
စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ ပုဒ်မ - ၃၅ နှင့် နည်းဥပဒေ - - ၄၃ တွင်ပြဌာန်းထားပါသည်။ စိစစ်ရမည့်အချက်များမှာ
(၁) စာချုပ်စာတမ်းကို ဆိုင်ရာရုံးတွင် တင်သွင်းကြောင်း (ပုဒ်မ - ၂၈၊၂၉၊၃၀)
(၂) မူရင်းအနေနှင့်ဖြစ်စေ၊ မိတ္တူဖြတ်ပိုင်း အနေနှင့်ဖြစ်စေ၊ မူရင်းခွဲအနေနှင့်ဖြစ်စေ၊ ထိုက်သင့်သော တံဆိပ်ခေါင်း ပါကြောင်း၊ မပါကြောင်း၊ သို့မဟုတ် တံဆိပ်ခေါင်း လွတ်ငြိမ်းကြောင်း၊
(၃) ၄င်းစာချုပ်စာတမ်းမှာ ရုံးသုံးဘာသာစကား နှင့်ရေးမရေး၊ မရေးလျှင် ဘာသာပြန်ချက် နှင့် လက်ခံအမှန် ပူးတွဲ ပါ၊ မပါ ( ပုဒ်မ - ၆၂)
(၄) စာကြောင်းကြားများတွင် ရေးသွင်းချက်များပါလျှင် ပုဒ်မ - ၂၀ အတိုင်းလိုက်နာဆောင် ရွက်ခြင်း ရှိ မရှိ။
(၅) မရွှေ့မပြောင်းနိုင်သောပစ္စည်း နှင့် သက်ဆိုင်လျှင် ၄င်းပစ္စည်းမျိုးမည်များကိုဖော်ပြသည့် အကြောင်းအရာမှာ လုံလောက်ကြောင်း၊ မလုံလောက်ကြောင်း၊ (ပုဒ်မ - ၂၁)
(၆) ၄င်းစာချုပ်စာတမ်းကို တင်သွင်းခွင့်ရသည့်နေ့ရက်အတွင်း တင်သွင်းကြောင်း ၊ မတင်သွင်းကြောင်း (ပုဒ်မ - ၂၃၊ ၂၄၊၂၆)
(၇) ၄င်းစာချုပ်စာတမ်းကို တင်သွင်းပိုင်သူက တင်သွင်းကြောင်း ၊ မတင်သွင်းကြောင်း (ပုဒ်မ ၃၂)
(၈) စာချုပ်ချုပ်ဆိုသူတို့အနက် တစ်စုံတစ်ရောက်က ငြင်းဆိုခြင်း ရှိမရှိ၊ (ပုဒ်မ ၃၅)
(၉) ချုပ်ဆိုသူသည် အရွယ် မရောက်သေးသူ၊ စိတ်မနှံသူ ၊ ရူးသွပ်သူ ဟုတ်မဟုတ်၊ (ပုဒ်မ ၃၅)
(၁၀) စာချုပ်ချုပ်သူသေဆုံး၍ ၄င်း၏ ကိုယ်စား (သို့) လွှဲအပ်ခံရသူက မချုပ်ဆိုရကြောင်း ငြင်းဆိုခြင်း ရှိမရှိ (ပုဒ်မ -၃၅)
-------
အထက်ပါ အချက်အလက်များပြည့်စုံပြီး စာချုပ်ကိုချုပ်ဆိုကြောင်း ၀န်ခံသည့်အချက်တွင် မှတ်ပုံတင် အရာရှိသည် ပုဒ်မ - ၃၅ အရ ယင်းစာချုပ်စာတမ်းကို မှတ်ပုံတင်ရမည် (shall register) ဖြစ်ပါသည်။
သို့ဖြစ်ရာ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိက စာချုပ်စာတမ်းတစ်ရပ်ကို မှတ်ပုံတင်ပေးရန် ငြင်းပယ်နိုင်သည့်အကြောင်းများသည် အထက်ပါ အချက် (၁၀)ချက်သာ ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
-----
မှတ်ပုံတင်အရာရှိက မှတ်ပုံတင်ပေးရန် ငြင်းပယ်လျှင် ဆောင်ရွက်ရန်နည်းလမ်း
ငြင်းဆိုသည့် မှတ်ပုံတင်အရာရှိ၏ အထက်အရာရှိထံ ပုဒ်မ - ၇၂(၁) အရ ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်ရန်ဖြစ်ပြီး ယင်းအယူခံတွင် ထပ်မံငြင်းပယ်ခြင်းခံရပါက
ပုဒ်မ - ၇၇(၁) အရ ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုနိုင်သည်
(သို့မဟုတ်)
အာဏာပေးစာချွန်တော် အမိန့် လျှောက်ထားရယူနိုင်ပါသည်။
-----
ပုဒ်မ -၇၇(၁) အရ အမှုတွင် ရုံးခွန်
ပုဒ်မ - ၇၇(၁) အရ တရားတစ်ထုံးဆိုသည်မှာ "မှတ်ပုံတင်ပေးစေလိုမှု" ဖြစ်ပါသည်။ ရုံးခွန် အက်ဥပဒေ ဇယား ၂ အမှတ်စဉ် - ၁၇(၄) အရ ရုံးခွန်ထမ်းဆောင်ရန်ဖြစ်သည်လို့ ဆရာ ဦးမြက သောင်းပြောင်းထွေလာ အမှတ် - ၃ မှာဆိုပါတယ်။
ပုဒ်မ ၇၇(၁) အရ အမှုတွင်စိစစ်ရမည့်အချက်
ထို့ပြင် ထိုအမှုများမှာ တရားရုံးက စိစစ်ရမည့်ကိစ္စကို ဆရာဦးမြက အောက်ပါအတိုင်းဆိုပါတယ်-
"အချင်းဖြစ်စာချုပ်ကို တရားပြိုင်က ချုပ်ဆိုတဲ့အကြောင်း၊ မှတ်ပုံတင်ပေးဖို့ ဥပဒေနှင့်အညီ တင်ပြခဲ့တဲ့ အကြောင်းကိုသာ တရားလိုဘက်က သက်သေပြရမှာဖြစ်ပါတယ်။ ဒီအမှုမျိုးမှာ စာချုပ်တရားဝင်မ၀င်ကို စိစစ်ဖို့မလိုပါဘူး။ ကာယကံရှင်များ ချုပ်ဆိုခြင်း ဟုတ်မဟုတ်သာ စိစစ်ဖို့ဖြစ်ပါတယ်"
မည်သူ့ကို တရားဘက်ထားမည်နည်း။
မှတ်ပုံတင်အက်ဥပဒေပုဒ်မ (၇၇)အရ မှတ်ပုံတင်အရာရှိကိုစွဲရမှာဖြစ်တယ်။ အဲဒါက ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေလိုမှု စွဲရမှာမဟုတ်ဘူး မှတ်ပုံတင်ပေးရန်စွဲရမှာဖြစ်တယ်။ ( ဦးမြ၊ တရ၀ အရည်အသွေးမြင့်သင်တန်းပို့ချချက် စာ ၁၂၆)
---------
ပုဒ်မ - ၇၇(၁) နှင့် အာဏာပေးစာချွန်တော် မည်သည်က ပိုမိုထိရောက်မည်နည်း။
ကျနော့်အမြင့်တော့ မှတ်ပုံတင်အရာရှိအပေါ် အာဏာပေးစာချွန်တော်အမိန့် တက်ရောက်ခြင်းက ထိရောက်မြန်ဆန်မည်ဟု ယူဆမိပါသည်။
လေးစားစွာဖြင့် ။
Tun Myo Htay
Thursday, March 5, 2015
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အကြံပြုလိုသော အချက်(၃)ချက်
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး နှင့်ပတ်သက်ပြီး အကြံပြုလိုသော အချက်(၃)ချက်
          အမျိုးသားပညာရေးဥပဒေ နှင့်ပတ်သက်၍ အကြံပြုချက်များကို ပေးပို့နိုင်ပါကြောင်း ကြေညာချက်ကို ဖတ်ရကတည်းက ပို့သင့်မပို့သင့် အကြိမ်ကြိမ် စဉ်းစားခဲ့ပါသည်။ ကျွန်တော်သည် Education Digest နှင့် Academic Weekly Journal များတွင် ပညာရေးနှင့် ကလေးစိတ်ပညာ ဆောင်းပါးများကို လွန်ခဲ့သော နှစ်နှစ်ခန့်မှ စတင်ကာ ရေးသားလျက်ရှိသူ လူငယ်တက္ကသိုလ် နည်းပြတစ်ဦး ဖြစ်ပါသည်။ ပြည်ထောင်စု တစ်ခုလုံးအတွက် အရေးပါသော အမျိုးသားပညာရေး ဥပဒေကို လက်ရှိတက္ကသိုလ်နည်းပြ ပေါက်စလေးမျှ သာဖြစ်သော ကျွန်တော့်အနေဖြင့် လက်လွတ်စပယ် မဝေဖန်ရဲပါ။
          အမှန်တိုင်းတင်ပြရပါလျှင် ကျွန်တော်သည် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ ​ဆွေးနွေးပွဲ မှတ်တမ်း များကို လည်းကောင်း၊ အခြားဖွံ့ဖြိုးပြီး နိုင်ငံများမှ ပညာရေးပြုပြင် ​ပြောင်းလဲမှုဖြစ်စဉ် သမိုင်းများကို လည်းကောင်း၊ ပညာရေး သီအိုရီများကို လည်းကောင်း၊ မီဒီယာများ အင်တာနက် စာမျက်နှာ များမှ အသီးသီး ​ဝေဖန်အကြံပြုချက် များကို လည်းကောင်း အချိန်ယူကာ တတ်စွမ်းသမျှ လေ့လာခဲ့ပါသည်။ မိမိကိုယ်ကိုယ် များစွာသင်ယူရဦးမည့် သင်ယူနေသူတစ်ဦး အဖြစ်ထက် ပိုမမြင်ဝံ့ပါ။  သို့သော် အမျိုးသားပညာရေး ဥပဒေနှင့်ပတ်သက်ပြီး မိမိ အယူအဆ တစ်ရပ်ကို ရိုကျိုးနှိမ့်ချစွာဖြင့် ပညာရေးကို စိတ်ဝင်စား မြတ်နိုးသူများကို တင်ပြ လိုက်ပါသည်။  အမှန်တွင် ထိုအချက်ကို ပညာရှင်ဆရာကြီး ဆရာမကြီးများက သိပြီးဖြစ်ပါလိမ့်မည်။
          မိမိတင်ပြချက်သည် အမျိုးသားပညာရေး ဥပဒေဆိုင်ရာ ဆွေးနွေးမှုအတွက် သဲတစ်ပွင့်စာမျှသာ အထောက်အကူပြုနိုင်လျှင် ကျေနပ်ပါပြီ။ သို့သော် ယခုအခါ အင်တာနက် စာမျက်နှာများ၊ မီဒီယာများတွင် ဆွေးနွေး ​နေကြသကဲ့သို့ မည်သည်က မှန်သည်ဟု မည်သည်က မှားသည်ဟု အသေးစိတ် ​ဝေဖန်ခြင်း ပြုမည်မဟုတ်ပါ။
          ပညာရေးသီအိုရီ များစွာရှိရာ တွင်လည်း မည်သည့်ပညာရှင်၏ ပညာရေး အယူအဆပင် ဖြစ်စေကာမူ နောက်နောင် ပညာရှင်များက အသစ်သစ် ပိုကောင်းအောင် အဆင့်ဆင့်မွမ်းမံ ဖြည့်စွက်ကြရသည်။ လက်တွေ့အကောင်အထည် ​ဖော်ရာတွင်လည်း အခြားပညာရေး သီအိုရီများကို ပစ်ပယ်မထားကြဘဲ ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်ကြ ရသည်သာ ဖြစ်ပါသည်။
အဓိကတင်ပြလိုသော အချက်(က)
အဓိကတင်ပြလိုသော အချက်(ခ)
          အခြေအနေကောင်း တစ်ရပ်ကို အကောင်အထည် ​ဖော်ရန် အခြေခံ လိုအပ်ချက်များကို လျစ်လျူရှုထားပါက ရည်မှန်းချက်များ ပြည့်စုံအောင်မြင်နိုင်မည် မဟုတ်ပါ။
အဓိကတင်ပြလိုသော အချက်(ဂ)
          ပညာရေးအတွက် ဆွေးနွေးသူ အားလုံးသည် တစ်ဖက်နှင့် တစ်ဖက် အပြစ်ပြောဆိုခြင်း၊ တန်ဖိုးမထား ပစ်ပယ်ခြင်း မပြုဖို့ အလွန် အရေးကြီးပါသည်။  အမျိုးသားပညာရေး ဥပဒေ အတွက် ဆွေးနွေးခြင်း သည် အသင်းနှစ်သင်း အနိုင်လုကြရမည့် ပြိုင်ပွဲမဟုတ်ဘဲ ချစ်ကြည်ရင်းနှီး ပွင့်လင်းစွာဖြင့် ပူးပေါင်း ​ဆောင်ရွက်ကာ အောင်မြင်မှု အသီးအပွင့်များကို အတူတူ ခံစားရမည့် အနာဂတ် စံနမူနာတစ်ခု ဖြစ်သင့်ပါကြောင်း ရိုကျိုးစွာ ဖြင့် တင်ပြအပ်ပါသည် ခင်ဗျား။
ရန်နိုင်စိုးညွန့်(မဟာဝိဇ္ဇာ)
(မြန်​မာ့အလင်း မှ ကူးယူ​ဖော်​ပြပါသည်​။)
သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ
 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...