Thursday, June 6, 2019

တရားမစွဲခင် တရားရုံးမှာ စေ့စပ်ညှိနှိုင်းကြမလား

ဒေါ်ကြည်ကြည်သန်းတစ်ယောက် အမွေဆိုင်အိမ်တစ်လုံးအတွက် တရားရုံးတွင် ဖြေရှင်းနေသည်မှာ တစ်နှစ်ကျော် ကြာမြင့်နေ၍ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။

တရားရုံး ရုံးချိန်းများ မကြာခဏ သွားရောက်နေရခြင်းကလည်း သူ့အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီး အလုပ်အကိုင်ပျက်သည်အထိ ထိခိုက်လာခဲ့ကြောင်း ၎င်းက ညည်းညူပြောဆိုသည်။

“အမှုက လွန်ခဲ့တဲ့နှစ်ကတည်းက ဖြစ်နေတာ။ ရုံးချိန်းပေါင်း မြောက်မြားစွာနဲ့ အလုပ်ပျက်အကိုင်ပျက် စီးပွားရေးပါထိလာပြီ။ နှစ်ဖက်စလုံး စရိတ်ထောင်းတယ်။ သက်သေတင်လိုက် ပြန်ကန့်ကွက်လိုက်နဲ့ မပြီးမပြီးနိုင်တော့ဘူး” ဟု တာမွေမြို့နယ်တွင် နေထိုင်သည့် ဒေါ်ကြည်ကြည်သန်းက ဆိုသည်။

တရားရုံးများတွင် အမှုကြန့်ကြာမှုများကြောင့် အခက်အခဲများဖြစ်ပေါ်နေသည်မှာ ဒေါ်ကြည်ကြည် သန်းတစ်ဦးတည်းတော့ မဟုတ်။

အချို့သော အမှုများမှာ ဆယ်စုနှစ်အထိကြာ မြင့်သည်အထိရှိနေသည်။ 

တရားရုံးများအနေနှင့်လည်း အမှုများပြားလွန်းသည့်အတွက် မနိုင်မနင်း ဖြေရှင်းနေရသည်။ ထိုမနိုင်မနင်းဖြစ်နေသော တရားစီရင်ရေးစနစ်ကို ဖြေရှင်းရန် နည်းလမ်းအချို့ကို တရားလွှတ်တော်က စတင်စဉ်းစားလာသည်။ 

ထိုနည်းလမ်းကတော့ တရားရုံးက ဦးဆောင်သည့် စေ့စပ်ညှိနှိုင်းစေသည့် နည်းလမ်းဖြစ်သည်။ 

တရားမမှုများကို ရုံးတင်စစ်ဆေးသည့် နည်းလမ်းအသုံးမပြုသေးဘဲ ပထမဦးစွာ တရားရုံးက ဦးဆောင်သည့် စေ့စပ်ညှိနှိုင်းစေသည့် နည်းလမ်း အသုံးပြုခြင်းဖြစ်သည်။ 

ထိုစနစ်ဖြင့် တရားရုံးများ၏ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က စတင်ကြိုးပမ်းလာခဲ့ပြီး ရှေ့ပြေး Pilot Project  အဖြစ် ယခုနှစ် မတ်လမှစတင်ကာ တရားရုံး ၄ ရုံးတွင် စမ်းသပ်အသုံးပြုနေသည်။ 

အဆိုပါ စီမံကိန်းအတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က နည်းပညာနှင့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့သည်။

နေပြည်တော်ရှိ တပ်ကုန်းတရားရုံး၊ ဒက္ခိဏသီရိတရားရုံး၊ ပဲခူးတရားရုံးနှင့် တောင်ငူတရားရုံး စသည့် တရားရုံးလေးခုတွင် ရှေ့ပြေးအနေနှင့် လုပ်ဆောင်နေသော အဆိုပါစီမံချက်တွင် အမှုပေါင်း ၂၀၀ ခန့်ကို ကိုင်တွယ်နေကာ သုံးလအတွင်း တရားမမှု ၁၅ ရာခိုင်နှုန်းခန့်ကို ဖြေရှင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း JICA ကဆိုသည်။ 

ယင်းသို့ ရှေ့ပြေးစီမံကိန်း အောင်မြင်မှုရှိပါက အခြားတရားရုံးများတွင် ဆက်လက်လုပ်ဆောင်သွားရန်လည်း JICA က ပံ့ပိုးမည်ဟု ပြောထားသည်။ 

ဘယ်လိုတရားမမှုတွေကို စေ့စပ်ညှိနှိုင်းမှာလဲ

ပြစ်မှုဆိုင်ရာ ဥပဒေတွင် တရားမမှုနှင့် ရာဇဝတ်မှုဟူ၍ ဥပဒေအမျိုးအစားနှစ်ခု ခွဲခြားထားသည်။

လူတစ်ဦးတစ်ယောက်တည်းသာမက အများပြည်သူကို ထိခိုက်စေနိုင်သည်ဟု ယူဆနိုင်သည့် ပြစ်မှုများကို ရာဇဝတ်မှုအနေနှင့် သတ်မှတ်ထားပြီး လူပုဂ္ဂိုလ် တစ်ဦးချင်းစီအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများ အကျိုးစီးပွား ပဋိပက္ခများကို တရားမမှုများအဖြစ် သတ်မှတ်ထားသည်။

တရားမမှုများတွင် ငွေမှု သို့တည်းမဟုတ် ပုဂ္ဂလိက နစ်နာမှုများပါဝင်ပြီး ကတိပျက်ကွက်မှု၊ ကြွေးမြီရလိုမှု၊ ပစ္စည်းရလိုမှု၊ ဘာသာရေး ဓလေ့ထုံးစံများအလိုက် ဖြေရှင်းရသည့် အမွေခွဲဝေမှုများ၊ အိမ်ထောင်ရေး ပြဿနာများ အစရှိသည့် ပုဂ္ဂလိက ဆိုင်ရာ ပြဿနာများလည်း ပါဝင်သည်။

လက်ရှိတွင် တရားရုံးများက ဦးဆောင်ကာ စေ့စပ်ညှိနှိုင်းသည့် နည်းလမ်းကို ကွာရှင်းခြင်း၊ အမွေဆက်ခံခြင်း၊ ငွေချေးငှားခြင်း စသည့် ပြဿနာများတွင် အသုံးပြုနိုင်ကြောင်း JICA ၏ ဥပဒေရေးရာ အကြံပေး Ms. Tomoko Nakashima က ပြောကြားသည်။

ထို့ပြင် လက်ရှိ ရှေ့ပြေးစီမံချက် လုပ်ဆောင်နေသည့် တရားရုံးများတွင် အဆိုပါစနစ်ကို အသုံးပြုသူများပြားလာနေပြီး ယင်းစနစ်သည် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့်စနစ်ဖြစ်ကြောင်း Ms. Tomoko Nakashima က ဆိုသည်။

“ကျွန်မတို့ ဂျပန်နိုင်ငံမှာ ဒီစနစ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်က အသုံးပြုလာတာဖြစ်တယ်။ ကျွန်မကိုယ်တိုင်လည်း အမှုပေါင်း ၁၀၀ ကျော် လောက်ကို စေ့စပ်ဖြေရှင်းပေးနိုင်ခဲ့တယ်။ ဒီစနစ်က ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ တရားရုံးမှာ ပြောဆိုရခက်တဲ့ အကြောင်းအရာကို စေ့စပ်ပေးမယ့်စနစ်ဖြစ်တယ်။ မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ်လို့လည်း ယူဆတယ်။ ကျွန်မတို့ သိသလောက်တော့ တရားလွှတ်တော်ချုပ်ကလည်း ဒီစနစ်ကို အသုံးပြုဖို သုံးသပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

ဘယ်လိုပုံစံ စေ့စပ်ညှိနှိုင်းပေးမှာလဲ

တရားရုံးက ဦးဆောင်သည့် စေ့စပ်ညှိနှိုင်းရေးနည်းလမ်းတွင် အမှုသည်နှစ်ဦးနှင့် လေ့ကျင့်သင်ကြားပေးထားသည့် စေ့စပ်ညှိနှိုင်းသူတစ်ဦး သုံးပွင့်ဆိုင်အခန်းတစ်ခုတွင် စေ့စပ်ညှိနှိုင်းစေမည်ဖြစ်သည်။

အဆိုပါ ရုံးခန်းနှင့် ကွန်ပျူတာအသုံးဆောင်ပစ္စည်းများအတွက် JICA က ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး စေ့စပ်ညှိနှိုင်းရေး ကျွမ်းကျင်သူကိုလည်း ဥပဒေရေးရာ ကျွမ်းကျင်သူများကို လေ့ကျင့်သင်ကြားပေးကာ မွေးထုတ်ပေးသွားမည်ဖြစ်ကြောင်း JICA ကဆိုသည်။

စေ့စပ်ညှိနှိုင်းမှုတွင် တရားစရိတ် အခမဲ့ဖြစ်ပြီး နှစ်ဦးနှစ်ဖက် တွေ့ဆုံညှိနှိုင်းရခြင်းဖြစ်သည့်အတွက် လာဘ်ပေးလာဘ်ယူမှု ဖြစ်ပွားနိုင်ခြေနည်းပါးကြောင်းလည်း Ms. Tomoko Nakashima က ပြောသည်။

ယင်းသို့ စားပွဲဝိုင်းတွင် စေ့စပ်ညှိနှိုင်းမှု အဆင်မပြေသည့် အဆင့်ရောက်မှသာ နောက်တစ်ဆင့်အနေနှင့် တရားရုံးသို့ တက်ရောက်နိုင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

တရားရုံးများ၏ ပြဿနာ

လက်ရှိ မြန်မာနိုင်ငံ၏ တရားရုံးများတွင် အမှုများ အလွန်များပြားနေပြီး တရားသူကြီးများ အနေနှင့်လည်း များပြားသည့်အမှုများကို တစ်ပြိုင်နက် ကိုင်တွယ်နေရသည့်အတွက် အမှုများ အပြီးသတ်ရန် ကြာမြင့်မှုများရှိနေကြောင်း ဥပဒေပညာရှင်များက ထောက်ပြကြသည်။

ယင်းသို့ ထောက်ပြမှုများရှိနေသော်လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသည့် ၂၀၁၈ ခုနှစ် တရားရုံး နှစ်စဉ် အစီရင်ခံစာတွင်မူ အမှုပြီးပြတ်မှုနှုန်းများ မြင့်တက်လျက်ရှိကြောင်း တွေ့ရှိရသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် တရားမမှု အမှုပြီးပြတ်မှုများမှာ ၂၀၁၅ ခုနှစ်တွင် ၈၇ ရာခိုင်နှုန်း၊ ၂၀၁၆ တွင် ၉၄ ရာခိုင်နှုန်း၊ ၂၀၁၇ တွင် ၈၈ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၁၀၄ ရာခိုင်နှုန်း အထိရှိကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် တရားမမှု အမှုပြီးပြတ်မှုများမှာ ၂၀၁၅ ခုနှစ်တွင် ၉၂ ရာခိုင်နှုန်း၊ ၂၀၁၆ခုနှစ်တွင် ၈၉ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၈၄ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၈၅ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

အလားတူ ခရိုင်တရားရုံးများတွင် ၂၀၁၅ ခုနှစ် တွင် ၈၉ ရာခိုင်နှုန်း၊ ၂၀၁၆ ခုနှစ်တွင် ၉၀ ရာခိုင်နှုန်း၊ ၂၀၁၇ တွင် ၈၉ ရာခိုင်နှုန်း၊ ၂၀၁၈ တွင် ၈၉ ရာခိုင်နှုန်း တရားမမှုများ အပြီးသတ်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာအရ မြို့နယ်အလိုက် တရားမမှုများ အမှုပြီးပြတ်မှုများလည်း မြင့်မားနေပြီး ၂၀၁၅ ခုနှစ်တွင် ၉၈ ရာခိုင်နှုန်း၊ ၂၀၁၆ တွင် ၉၈ ရာခိုင် နှုန်း၊ ၂၀၁၇ တွင် ၈၉ ရာခိုင်နှုန်း၊ ၂၀၁၈ တွင် ၉၄ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြို့နယ် တရားရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် တရားသူကြီးအရေအတွက် ၈၀၄ ဦးရှိပြီး အဆိုပါ တရားသူကြီးများအနေနှင့် ၂၀၁၈ ခုနှစ် တစ်နှစ်အတွင်း အမှုပေါင်း သုံးသိန်းလေးသောင်းကျော်ကို ကိုင်တွယ်ဖြေရှင်းခဲ့ရကြောင်း အစီရင်ခံစာ ဖော်ပြချက်အရသိရသည်။

တရားမမှု၊ ရာဇဝတ်မှုများကို တရားရုံး အဆင့်ဆင့်တွင် မနိုင်မနင်း ကိုင်တွယ်နေကြရပြီး တရားသူကြီးတစ်ဦးအနေနှင့် တစ်နေ့လျှင် အမှု ၂၀ ခန့်ကို စစ်ဆေးနေရသည့်အတွက် ရုံးချိန်းအဆင့်ဆင့် ချိန်းနေကြရကြောင်း ဥပဒေရေးရာ အကြံပေးတစ်ဦးဖြစ်သူ အငြိမ်းစားထောင်မှူး ဦးခင်မောင်မြင့်က သုံးသပ်သည်။

တရားမမှုများသည် သက်သေခံအထောက်အထားတင်သွင်းမှုများတွင် တစ်ဖက်မှ ကန့်ကွက်ခြင်း၊ သက်သေများ ထပ်မံတင်သွင်းခြင်း၊ အမိန့်ချမှတ်ပြီးပါကလည်း တရားရုံး အဆင့်ဆင့်တက်ကာ အယူခံဝင်ခြင်း၊ အထက်တရားရုံးမှ ပြန်ကျလာမည့် အယူခံကို ထပ်မံစောင့်နေရခြင်း စသည့် အဆင့်ဆင့်အခြေ အနေများကြောင့် ကြန့်ကြာနေရပြီး အမှုတစ်ခုကို တစ်နှစ်ခွဲကျော်အထိ ကြာမြင့်သည်များရှိကြောင်း ဦးခင်မောင်မြင့်က ပြောသည်။

“တရားမမှုတွေက ဒီလို စေ့စပ်ညှိနှိုင်းတဲ့ နည်းလမ်းက အောင်မြင်ဖို့များပါတယ်။ တရားမမှု သဘောသဘာဝအရ နှစ်ဖက်အမှုသည်တွေက ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို နားမလည်ဘဲနဲ့ အရပ်သိသိပြီးတော့ ဒါငါ့ရပိုင်ခွင့်ဆိုပြီး တရားသေယူဆပြီးတော့ ဖြစ်ကြတာဆိုတော့ စေ့စပ်ညှိနှိုင်းတဲ့စားပွဲမှာဆိုရင် ဥပဒေအရ ဒီလိုရှိတယ်၊ ဒီတောင်းဆိုမှုအရဥပဒေအရ ဒီလိုမတောင်းရဘူးဆိုပြီးတော့ နှစ်ဖက်လုံး မနစ်နာအောင် နည်းလမ်းရွေးချယ်မယ်ဆိုရင် တရားမမှုတော်တော်များများဟာ လျှော့ချနိုင်မယ်လို့ ခန့်မှန်းရပါတယ်” ဟု ၎င်းက ဆိုသည်။

အိမ်ထောင်ကွာရှင်းမှုတစ်ခုတွင် တရားရုံးစေ့စပ်ညှိနှိုင်းမှု အစီအစဉ်ဖြင့် ဖြေရှင်းနိုင်ခဲ့သည့် မလှလှ (အမည်လွှဲ) ကလည်း အဆိုပါစနစ်က တရားရုံးတွင် ဖြေရှင်းသည်ထက် ပိုမိုကောင်းမွန်ကြောင်း ထောက်ခံပြောဆိုသည်။

တရားရုံးတွင် ပြောဆို၍ခက်ခဲသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာများ၊ ပြည်သူရှေ့ မချပြနိုင်သည့် ကိုယ်ရေးကိုယ်တာများကို လွတ်လပ်ပွင့်လင်းစွာ ပြောဆိုခွင့်ရခဲ့သည့်အတွက် ပြဿနာကို အလွယ်တကူ အပြီးသတ်နိုင်ခဲ့ကြောင်း ၎င်းက ပြောပြသည်။ 

“အဓိကကတော့ ကျွန်မတို့ကို စေ့စပ်ပေးခဲ့တဲ့သူက ဖြစ်ချင်တဲ့ နည်းလမ်းကို နှစ်ဖက်ပြောပြီး ဘာကို ဖြစ်သင့်လဲဆိုတာ ရွေးချယ်ခိုင်းတယ်။ အဲဒီလိုမျိုး ဖြေရှင်းနိုင်လိုက်တယ်။ တရားရုံးမှာဆို ဒီလောက်တော့ မမြန်လောက်ဘူး ပိုကြာမယ် အလုပ်ပိုရှုပ်မယ် အခုလိုလုပ်လိုက်တာပိုကောင်းတယ်” ဟု မလှလှက ဆိုသည်။ 

အချုပ်အားဖြင့် ဆိုရပါက တရားမမှုများကို စေ့စပ်ညှိနှိုင်းသည့် နည်းလမ်းဖြင့် ဖြေရှင်းသည့် လုပ်ငန်းစဉ်ကို တရားလွှတ်တော်ချုပ်က တရားရုံးများတွင် ရှေ့ပြေးဆောင်ရွက်နေပြီး အဆိုပါ ဆောင်ရွက်မှုက တရားရုံးများ၏ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချသွားနိုင်ခြင်း ရှိမရှိကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းစဉ်သည် ရည်ရွယ်ချက်အားဖြင့် ကောင်းမွန်ပြီး စေ့စပ်ဖြေရှင်းသူ၏ အခန်းကဏ္ဍ၊ ဥပဒေဆိုင်ရာ အရည်အချင်းနှင့် ဖြောင့်မတ်မှန်ကန်မှုရှိရန်လိုအပ်ကြောင်း ဥပဒေအကြံပေး ဦးခင်မောင် မြင့်က သုံးသပ်သည်။

“စေ့စပ်ညှိနှိုင်းမယ့်သူသည် ဘယ်ဘက်ကိုမှ မယိမ်းယိုင်ဘဲ ဖြောင့်မတ်မှန်ကန်ဖို့လိုတယ်။ ဥပဒေဆိုင်ရာ အရည်အချင်း ရှိဖို့လိုတယ်။ သေသေချာချာ သတ်မှတ်ထားတဲ့ နည်းဥပဒေ စနစ်တကျ လေ့ကျင့် သင်ကြားမှုတွေ ပြည့်စုံမှ ရည်ရွယ်တဲ့အတိုင်း အောင်မြင်မယ်ထင်တယ်။ အဲဒီလိုမဟုတ်ရင် အခုထက်ပို ရှုပ်ထွေးသွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ အစီအစဉ်ကို တရားရုံး ၄ ရုံးတွင် သာမက အခြားနေရာများတွင် စတင်စေချင်သော အမှုသည်များလည်းရှိနေသည်။ 

တာမွေမှ အမွေဆိုင်အိမ်ကိစ္စဖြင့် တရားရုံးတွင် အချိန်ကြာနေသူ ဒေါ်ကြည်ကြည်သန်းက -

“အဲဒီစနစ်က ဘာကြောင့်ရန်ကုန်မှာ မလုပ်သေးတာလဲ။ တကယ်က ရန်ကုန်က တရားရုံးတွေမှာ အမှုတွေ အရမ်းများနေတာ။ တရားရုံးအကုန်လုံးမှာ ဒီလိုရလာဖို့ မျှော်လင့်တယ်” ဟု ဆိုသည်။

ပွင့်ဇင်မော်ဟိန်း

05-Jun-2019





















သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...