Friday, March 31, 2017

ဇာရီမှုကို ဆိုင်းငံ့ခြင်း (အပိုင်း-၃)

အပိုင်း (၃)
xxxxxxxxx

ဇာရီမှုကို ဆိုင်းငံ့ခြင်း။
xxxxxxxxxxxxxxxxxx

အမိန့် ၄၁၊ နည်း ၅ အရ ဇာရီမှုကို ဆိုင်းငံ့ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒီကရီတစ်ရပ်ကို အယူခံဝင်ရုံမျှဖြင့် ရပ်ဆိုင်းမထားရဟု တရားမကျင့်ထုံး ဥပဒေ အမိန့် ၄၁၊ နည်း ၅(၁)တွင် အတိအလင်းပြဋ္ဌာန်းထားပါသည်။ အဆိုပါ နည်း ၅(၂) အရ ဇာရီမှုကို ဆိုင်းခွင့်ရှိသောတရားရုံးသည် အယူခံရုံးသာ မဟုတ်ပါ။ အယူခံ ကာလမကုန်ဆုံးမီ ဒီကရီအတည်ပြုခြင်းကို ဆိုင်းငံ့ပေးရန် ဒီကရီအတည်ပြုသည့် တရားရုံးတွင် တရားရှုံးကလျှောက်ထားနိုင်ပါသည်။ နည်း ၅(၃)တွင် ဖော်ပြထားသည့် အချက် သုံးရပ်နှင့် ညီညွတ်ပါက ဇာရီမှုကို အတည်ပြုသည့် တရားရုံးက ဆိုင်းထားနိုင် ပါသည်။ (ဆရာဦးမြ၊ သောင်းပြောင်းထွေလာဥပဒေပြဿနာ အမှတ် ၈၊ စာ ၇)

----


အမိန့် ၄၁၊ နည်း ၅ အရ ဇာရီမှုကို ဆိုင်းငံ့နိုင်သော တရားရုံး
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 အမိန့် ၄၁၊ နည်းဥပဒေ ၅(၁) အရ ဇာရီမှုအား အောက်ပါတရားရုံး (၂)ရုံးက  ဆိုင်းငံနိုင်ပါသည်။

(က) အယူခံရုံးက ဆိုင်းငံခြင်း (အမိန့် ၄၁၊ နည်းဥပဒေ ၅(၁))
 (the appellate Court)
(ခ) ဒီကရီချမှတ်သည့် တရားရုံးက ဆိုင်းငံ့ခြင်း (အမိန့် ၄၁၊ နည်းဥပဒေ ၅(၂)) (the Court which passed the decree)

တရားမကျင့်ထုံးဥပဒေ အမိန့် ၄၁၊ နည်းဥပဒေ ၅(၁)အရ လုံလောက်သည့် အကြောင်းရှိလျှင် အယူခံရုံးသည် ဒီကရီအတည်ပြုခြင်းကို ဆိုင်းငံ့စေရန် အမိန့်ချမှတ် နိုင်ပါသည်။ သို့ရာတွင် ဒီကရီအယူခံဝင်ရုံမျှဖြင့် ဒီကရီအတည်ပြုခြင်းကို ဆိုင်းငံ့ခြင်း မပြုရပါ။

ဒေါ်စိန် နှင့် ဆူလူချန်(ခေါ်)နီလာအန်နီ (၁၉၇၁၊ မတစ၊ စာ ၄) အမှုတွင် အောက်ပါအတိုင်း ညွှန်ပြပါသည်။

"အယူခံဝင်ရန် အခွင့်ထူးတောင်းနေစဉ် ဇာရီမှုကို သာမန်အားဖြင့် ဤရုံးက ဆိုင်းငံ့ထားလေ့ မရှိချေ။
တရားမကျင့်ထုံး အမိန့် ၄၁၊ နည်း ၅ အရလည်း၊ အယူခံဝင်ရုံနှင့်ပင် ဇာရီမှုသည် အလိုအလျောက် ဆိုင်းငံ့ခြင်းမရှိ။ အယူခံရုံး၏ဆင်ခြင်တုံတရား အရ ပြုလုပ်ရမည်သာဖြစ်သည်။"

တရားမကျင့်ထုံးဥပဒေ အမိန့် ၄၁၊ နည်းဥပဒေ ၅(၂)အရ အယူခံဝင်ရန် ခွင့်ပြု ထားသော အချိန်မကုန်ဆုံးမီ၊ ယင်းဒီကရီအတည်ပြုခြင်းကို ဆိုင်းငံ့ထားရန် လျှောက် ထားသည့်အခါ၊ လုံလောက်သည့်အကြောင်းပြလျှင် ယင်းဒီကရီကိုချမှတ်သည့် တရား ရုံးသည် ဒီကရီအတည်ပြုခြင်းကို ဆိုင်းငံ့စေရန် အမိန့်ချမှတ်နိုင်သည်။ အမိန့် ၄၁၊ နည်းဥပဒေ ၅(၄)အရ ဇာရီလျှောက်လွှာကိုကြားနာဆဲတွင် တရားရုံးသည် ဒီကရီ အတည်ပြုခြင်းကို ဆိုင်းငံ့ထားစေရန် တစ်ဖက်သတ်အမိန့်ချမှတ်နိုင်သည်။

--

တရားမကြိးမှုစစ်ဆေးလျက်ရှိသော တရားရုံးသည် အခြားရုံးရှိ ဇာရီမှုကို အမိန့် ၄၁၊ နည်း ၅ အရဆိုင်းငံ့ခွင့်မရှိခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆရာဦးမြ ၊ သောင်းပြောင်းထွေလာဥပဒေပြဿနာ အမှတ်  ၄ ၊ စာ ၂၂ မှ ၂၄ အထိ တွင် အောက်ပါစီရင်ချက်အား ညွှန်ပြသည်။

"ဒေါ်သော်ဘီစွမ် နှင့် ဒေါ်ရင်မေ (၁၉၈၆ ခုနှစ်၊ တရားမပြင်ဆင်မှု အမှတ် ၆၉)အမှုတွင် အေ က ဘီ အပေါ် ရပ်ကွက်တရားရုံးတွင် နှင်လိုမှု ဒီကရီရရှိထားရာ အတည်ပြုဆဲတွင် ဘီ က အေ အပေါ် အေ ရရှိထားသော ဒီကရီမှာ လိမ်လည်ရထားသော ဒီကရီဖြစ်ကြောင်း မြွက်ဟကြေညာပေးရန် မြို့နယ်တရားရုံးတွင် တရားစွဲဆိုသည်။

x     x      x    x x      x    x      x    x

အချင်းဖြစ်အခန်းတွင် နေထိုင်လျက်ရှိသည်ဟု ဆိုသော စီ က ယင်းအိမ်ခန်းတွင် ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)အရ နေထိုင်ခွင့်ပြုရန် လျှောက်ထားဆဲဖြစ်၍ ဒီကရီ ကိုအတည်မပြုပဲ တရားမကျင့်ထုံးဥပဒေ အမိန့် ၄၁၊ နည်း ၅ အရ ဆိုင်းငံ့ ထားရန် မြို့နယ်တရားရုံးတွင် လျှောက်ထားရာ မြို့နယ်တရားရုံးက ခွင့်ပြု လိုက်ပါသည်။

x     x      x    x x      x    x      x    x

စီ ကိုးကားသော အမိန့် ၄၁၊ နည်း ၅ မှာ အယူခံရုံး၏ လုပ်ပိုင်ခွင့်ဖြစ်
သည်။ ဘီ စွဲဆိုသောအမှုကို စစ်ဆေးလျက်ရှိသည့် မြို့နယ်တရားရုံးသည် မူလ အမှုကို စစ်ဆေးနေခြင်း ဖြစ်သည်။ ဒီကရီကို အတည်ပြုလျက်ရှိသော ရပ်ကွက်တရားရုံးသည်လည်း မူလမှုဆိုင်ရာ လုပ်ပိုင်ခွင့်ကို ကျင့်သုံး ဆောင် ရွက်သည်။ သို့ဖြစ်ရာ လုပ်ပိုင်ခွင့်ခြင်းတူသည့် တရားရုံးက အမိန့် ၄၁၊ နည်း ၅ အရ ရပ်ကွက်တရားရုံးတွင် စွဲဆိုထားသော ဇာရီမှုကို ဆိုင်းငံ့ခွင့် မရှိချေ။ သို့ဖြစ်၍ ဗဟိုတရားရုံးက အောက်ပါအတိုင်း သုံးသပ်သည်။
"ဒေါ်စန်းရီသည် ဇာရီမှုတွင်ဖြစ်စေ၊ ဒေါ်ရင်မေစွဲဆိုသော အမှုတွင် ဖြစ်စေ၊ အမှုသည်မဟုတ်သဖြင့် ဇာရီမှုကို ဆိုင်းငံ့ပေးရန် လျှောက်ထားခွင့်မရှိချေ။ မူလမှုကို စစ်ဆေးစီရင်သော လမ်းမတော် မြို့နယ်တရားရုံး အနေဖြင့်လည်း မူလမှု စီရင်ပိုင်ခွင့်ကို ကျင့်သုံး၍ ဒီကရီကို အတည်ပြုရန် ဆောင်ရွက်နေသော ရပ်ကွက် တရားရုံး၌ ဖွင့်လှစ်ထားသည့် ဇာရီမှုကို ဆိုင်းငံ့ခွင့် မရှိချေ။ လမ်းမတော်မြို့နယ် တရားရုံးတွင် တင်သွင်းသော ဒေါ်စန်းရီ၏ လျှောက်လွှာ၌ ကိုးကားထားသည့် တရားမကျင့်ထုံးဥပဒေ အမိန့် ၄၁၊ နည်း ၅ ပါ ပြဋ္ဌာန်းချက်များကို အယူခံရုံးကသာ ကျင့်သုံးနိုင်သည်။ မူလမှုကို စစ်ဆေးသော တရားရုံးက ကျင့်သုံးခွင့် မရှိချေ။ "

---

အမိန့် ၄၁၊ နည်း ၅ အရ ဇာရီမှုကို ဆိုင်းငံ့နိုင်သောအကြောင်းများ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အမိန့် ၄၁၊ နည်းဥပဒေ ၅(၃) ပါ ပြဋ္ဌာန်းချက်အရ ဒီကရီအတည်ပြုခြင်းကို ဆိုင်းငံ့ရန် အမိန့်ချမှတ်ရမည့် တရားရုံးသည် အောက်ပါအခြေအနေပေါ်ပေါက်ကြောင်း ကျေနပ်သည့်အခါမှ ဒီကရီအတည်ပြုခြင်းကို ဆိုင်းငံ့စေရန် အမိန့်ချမှတ်နိုင်ပါသည်။

(က) အမိန့်ချမှတ်ခြင်းမပြုပါက ဒီကရီအတည်ပြုခြင်းကို ဆိုင်းငံ့ပေးရန် လျှောက်ထားသော အမှုသည်အားအကြီးအကျယ်ဆုံးရှုံးစေနိုင်ခြင်း၊
(ခ) အကြောင်းမဲ့ကြန့်ကြာမှု မရှိဘဲ လျှောက်ထားခဲ့ခြင်း၊ ထို့ပြင်
(ဂ) လျှောက်ထားသူအပေါ် နောက်ဆုံးတွင် တာဝန်ကျရောက်လာသည့်
အတိုင်း ယင်းဒီကရီ သို့မဟုတ် အမိန့်အရ ထိုက်သင့်သလို လိုက်နာ
ဆောင်ရွက်ရန် လျှောက်ထားသူက အာမခံပေးထားပြီးဖြစ်ခြင်း။

ဦးမြ၊ သောင်းပြောင်းထွေလာဥပဒေပြဿနာ အမှတ်  ၉ ၊ စာ ၁၅၅ တွင် အောက်ပါအတိုင်းဖော်ပြပါသည်။

" မူလတရားရုံး ဒီကရီကို အယူခံဝင်ဆဲ၌ ဇာရီမှုအား တရားမ ကျင့် ထုံးဥပဒေ အမိန့် ၄၁၊ နည်း ၅(၂)အရ ဆိုင်းငံ့ပေးရန် မူလရုံးတွင် လျှောက်ထားရာ အောက်ပါအတိုင်းအကြောင်းပြသည် -
(၁) ဒီကရီကို အယူခံဝင်ထားကြောင်း၊
(၂) အယူခံတွင် အနိုင်ရမည်မှာ သေချာသဖြင့် ဒီကရီကို အတည်ပြုရာ၌ လျှောက်ထားသူအား အချင်းဖြစ်အခန်းမှ ဖယ်ရှားပါက လျှောက်ထားသူမှာ နစ်နာမည် ဖြစ်ကြောင်း။

ဇာရီမှုကို ဆိုင်းငံ့ထားနိုင်ရန် လိုအပ်ချက် (၃)ရပ်ကို နည်း ၅(၃)တွင် သတ်မှတ်ထားသည်။ ဇာရီမှုကို ဆိုင်းငံခြင်းမပြုလျှင် လျှောက်ထားသူအား အတော်အတန် ဆုံးရှုံးစေနိုင်ကြောင်း ပေါ်လွင်ရမည်ဟု နည်း ၅ (၃) (က) တွင် ပြဋ္ဌာန်းထားရာ အထက်ပါ အကြောင်းပြချက် (၂)ပါအတိုင်း တင်ပြဟန် တူသည်။ တစ်ဖက်တွင် အယူခံ၍ အနိုင်ရမည်မှာသေချာကြောင်း မည်သူ အာမခံပါမည်လဲ။ အယူခံတွင်နိုင်မည်ဟု ကြွေးကြော်ခြင်းသည် ဇာရီမှုကို ဆိုင်းငံ့ပေးရန် လျှောက်ထားသော ရုံးထိုင်တရားသူကြီးအား "တရားသူကြီး ၏ဆုံးဖြတ်ချက်မှားပါသည်"ဟု သွယ်ဝိုက်ပြောဆိုရာ မရောက်နိုင်ပေဘူးလား။ ထိုမှတစ်ဆင့်တက်ပြီး စော်ကားရာရောက်သည်ဟုပြောလျှင် အတွေးခေါင် လှချေလားဟု စွပ်စွဲမည်လား။ နည်း ၅(၃)(က)တွင် အကျုံးဝင်အောင် အကြောင်းပြဖို့ ဖြစ်ပါသည်။ မျှော်လင့်နိုင်သည့်အတိုင်း မူလရုံးက လျှောက် လွှာကို ပလပ်လိုက်သည်။ သင်ခန်းစာယူဖို့ ကောင်းပါသည်။"

---

အမိန့် ၄၁၊ နည်း ၅ သည် ဇာရီမှုတွင်ချမှတ်သော အယူခံဝင်ခွင့်ရှိသည့် အမိန့်များနှင့်လည်း သက်ဆိုင်ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အမိန့် ၄၁၊ နည်းဥပဒေ ၈ ပါ ပြဋ္ဌာန်းချက်အရ ဒီကရီကို မဟုတ်ဘဲ ယင်းဒီကရီကို ဇာရီပြုရာတွင် ချမှတ်သောအမိန့်ကို အယူခံဝင်နိုင်သည့် သို့မဟုတ် အယူခံဝင်ပြီးသည့်ကိစ္စ၌လည်း ဇာရီမှုကို ဆိုင်းငံ့ခွင့်ရှိသည်။

--

အမိန့် ၄၁၊ နည်း ၅ အရ ဇာရီမှုကို ဆိုင်းငံ့နိုင်ရန် အယူခံမှုရှိရန်လိုအပ်ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒေါ်ဆင့် နှင့် ဦးခန့်ပါ(၂) (၁၉၇၉၊ မတစ၊ စာ ၂၉) တွင် အောက်ပါအတိုင်း ထုံးဖွဲ့ထားပါသည်။

"ဆိုင်းငံ့မိန့်ထုတ်ပြန်ခြင်းနှင့်စပ်လျဉ်း၍ တရားမကျင့်ထုံး အမိန့် ၄၁၊
နည်း ၅ တွင် အတည့်အလင်း ပြဋ္ဌာန်းချက်ရှိသည်။ ယင်းပြဋ္ဌာန်းချက်အရ အယူခံခွင့်ရှိသော ဒီကရီကို အယူခံတင်သွင်းခွင့်ရှိသော ကာလမကုန်ဆုံးမီ ယင်းဒီကရီကို ချမှတ်သည့် တရားရုံးက သော်လည်းကောင်း၊ အယူခံမှု ရှိနေသောအခါတွင် အယူခံတရားရုံးက သော်လည်းကောင်း၊ ဇာရီပြုလုပ် ဆောင်ရွက်ခြင်းမှ ဆိုင်းငံ့ထားရန် အမိန့်ချမှတ်နိုင်သည်။ ယခုဖြစ်ပွားသော ကိစ္စတွင် အယူခံအဆင့်ဆင့် ကုန်ဆုံးခဲ့ပြီးဖြစ်သောကြောင့် တရားမကျင့်ထုံး အမိန့် ၄၁၊ နည်းဥပဒေ ၅ အရ ဆိုင်းငံ့မိန့်ထုတ်ရန် မဖြစ်နိုင်ချေ။"

ဦးစိုးစံပါ (၂)ဦး နှင့် ဒေါ်ကျင်ပုပါ (၂)ဦး(၁၉၇၈၊ မတစ၊ စာ ၁၈(၂၀)အမှုတွင် အောက်ပါအတိုင်းညွှန်ပြပါသည်။

"ရန်ကုန်တိုင်းတရားရုံး တရားမမူလမှုအမှတ် ၁၀၂/၇၇ တွင် မင်္ဂလာတောင်ညွှန့် မြို့နယ်တရားရုံး၏ ဇာရီမှုအမှတ် ၅၈/၇၃ ကို ဆိုင်းငံ့ ထားရန် ထုတ်သည့် အမိန့်မှာ တရားမကျင့်ထုံးဥပဒေ အမိန့် ၄၁၊ နည်း ၅ အရ ထုတ်သည့် အမိန့်ဖြစ်ကြောင်း အမှုတွဲအရ ပေါ်လွင်ပေသည်။ တရားမ ကျင့်ထုံးဥပဒေ အမိန့် ၄၁၊ နည်း ၅ မှာ အယူခံမှုများ၌ အယူခံရုံးက မူလရုံး၏ ဆောင်ရွက်မှုများကို အယူခံအတောအတွင်း ဆိုင်းငံ့အမိန့် ထုတ်ပေးနိုင် ကြောင်း ပြဋ္ဌာန်းချက် ဖြစ်သည်။ ယခုအမှုမှာမူ ဒေါ်ကျင်ပုက ရန်ကုန်တိုင်း တရားရုံးတွင် ဦးစိုးစံတို့အပေါ် စွဲဆိုသည့် မူလအမှုဖြစ်သည်။ သို့ဖြစ်၍ ယင်းမူလအမှုစစ်ဆေးနေသည့် အတောအတွင်း မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးသို့ တရားမကျင့်ထုံးဥပဒေအမိန့် ၄၁၊ နည်း ၅ အရ ဆိုင်းငံ့မိန့် ထုတ်ခြင်းမှာ ဥပဒေအရ မှားယွင်းသည်။"

ဒေါ်ထွေးတင် နှင့် ဒေါ်ကြည်ကြည် (၁၉၉၀၊ မတစ၊ စာ ၅၆(၅၇)) အမှုတွင် အောက်ပါအတိုင်းညွှန်ပြသည်။

"မူလဒီကရီကို အယူခံဝင်ထားခြင်းမရှိ၍ ဇာရီမှုကို အမိန့် ၄၁၊ နည်း ၅(၂) အရ ဆိုင်းငံ့ထားရန် အကြောင်းလည်း မပေါ်ပေါက်ချေ။"

---

တရားလိုက အယူခံသည်ဖြစ်စေ၊ တရားပြိုင်ကအယူခံသည်ဖြစ်စေ အမိန့် ၄၁၊ နည်း ၅ နှင့် သက်ဆိုင်ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အယူခံမှုကို အဆုံးအဖြတ်မပေးသရွှေ့ တရားနိုင်သည် ဒီကရီကို အတည် ပြုရန် အခွင့်အရေး အပြည့်အ၀ရှိကြောင်းနှင့် အမိန့် ၄၁၊ နည်းဥပဒေ ၅(၁)သည် ယေဘူယျသဘောရှိသဖြင့် တရားလိုက အယူခံသည်ဖြစ်စေ၊ တရားပြိုင်က အယူခံ သည်ဖြစ်စေ အလားတူ သက်ဆိုင်ကြောင်း  M.E.O.KHAN v. M.H.ISMAIL (၁၉၄၉၊ မတစ၊ တရားလွှတ်တော်၊  စာ ၃၈၇)တွင် အောက်ပါအတိုင်းညွှန်ပြပါသည်။

"So long as the appeal is not disposed of the decree- holder has every right to execute the decree, and wording of Order 41, Rule 5(1) of the Code of Civil Procedure is general in its terms and applies equally whether the plaintiff or the defendant appeals."

----

အယူခံဝင်သော ဒီကရီကို အတည်ပြုနေသည့် ဇာရီမှုကိုသာ အမိန့် ၄၁၊ နည်း ၅ အရ ဆိုင်းငံ့နိုင်ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆရာ ဦးမြ၊ သောင်းပြောင်းထွေလာဥပဒေပြဿနာ အမှတ် ၉၊ စာ ၁၂၂၊ ၁၂၃  တွင် အောက်ပါအတိုင်းဖော်ပြထားပါသည်။

"အေသည် ဘီ အပေါ် ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂(၁)(ဂ) အရ ဒီကရီရရှိသဖြင့် ထိုဒီကရီကို အတည်ပြုပေးရန်လျှောက်ထားသည်။ ဘီ က အဆိုပါ ဒီကရီမှာ လိမ်လည် ရယူထားသော ဒီကရီဖြစ်သည်ဟု အကြောင်းပြကာ ပယ်ဖျက်ပေးရန် တရား စွဲဆိုရာ အရေးနိမ့်သောကြောင့် နောက်တစ်ဆင့်မြင့်သည့်ရုံးတွင် အယူခံဝင် သည်။ ဘီ၏လျှောက်ထားချက်အရ အယူခံရုံးက အေ ဖွင့်လှစ်ထားသော ဇာရီမှုကို တရားမကျင့်ထုံးဥပဒေ အမိန့် ၄၁၊ နည်း ၅ အရ ဆိုင်းငံ့လိုက် သည်။ မှန်ပါသလား။

နည်း ၅(၁)ပါ "nor shall execution of a decree be stayed by reason only of an appeal having been preferred from the decree," ဆိုသောစကားစုတွင် အယူခံဝင်သည့် ဒီကရီအား အတည်ပြုခြင်းကိုရည်ညွှန်း ကြောင်းမြင်သာပါသည်။

ထို့ပြင် "but the appellate court may for sufficient cause order stay of execution of such decree" ဆိုသော စကားစုတွင် "such decree" မှာ အယူခံဝင်သော ဒီကရီအား အတည် ပြုခြင်းကို ဖော်ညွှန်းကြောင်း ယုံမှားဖွယ် မရှိပါ။

ဆွေးနွေးလျက်ရှိသောအမှုတွင် အယူခံဝင်သောဒီကရီမှာ ဘီစွဲဆို သောအမှုကို ပလပ်သော ဒီကရီဖြစ်ပြီး အတည်ပြုလျက်ရှိသော ဒီကရီမှာ အေက ဘီအပေါ်ရရှိထားသည့် ဒီကရီဖြစ်ရာ ဇာရီမှုကို အမိန့် ၄၁၊ နည်း ၅ အရ ဆိုင်းငံ့ခြင်း မပြုနိုင်ပါ။"

---

တရားနိုင်ထံ အကြောင်းကြားစာထုတ်ရခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရားနိုင်ထံ အကြောင်းကြားစာ မထုတ်ဘဲ ဒီကရီအတည်ပြုခြင်းကို ဆိုင်းငံ့ သည့် အပြီးသတ်အမိန့် ချမှတ်ခြင်း မပြုရ။ ဘုံဘိုင် အတွဲ ၁၅ စာ ၅၃၆ (ဦးမြ၊တရားမ ကျင့်ထုံးဥပဒေ ၊ တတိယတွဲ စာ ၄၆၇)
အကြောင်းကြားစာပုံစံမှာ သီးခြားပုံစံမရှိပါ။ တရားမပုံစံအမှတ် ၃၇ ကို အသုံး ပြုရန်ဖြစ်ပါသည်။

--

အယူခံရုံး၏ ဆိုင်းငံ့စေသည့်အမိန့်ပုံစံ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒီကရီအတည်ပြုခြင်းကို ဆိုင်းငံ့စေသည့် အမိန့် ပုံစံမှာ တရားမပုံစံအမှတ် ၁၆၃-က  နှင့် တရားမပုံစံအမှတ် ၁၆၃-ခဖြစ်ပါသည်။
ပုံစံပါ ဖော်ပြချက်အရ တရားမပုံစံအမှတ် ၁၆၃-က သည် လျှောက်ထားသူ အား စည်းကမ်းချက်တစ်ရပ်ရပ်ဖြင့် ဆိုင်းငံ့စေရန်အမိန့်ဖြစ်ပါသည်။ တရားမပုံစံအမှတ် ၁၆၃-ခ သည် စည်းကမ်းချက်မပါရှိဘဲ ဆိုင်းငံစေရန်အမိန့် ဖြစ်ပါသည်။

--

ဆိုင်းငံ့မိန့်သည် မည်သည့်အချိန်ကစ၍ အကျိုးသက်ရောက်သနည်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆရာ ဦးမြ၊ သောင်းပြောင်းထွေလာဥပဒေပြဿနာ အမှတ် ၁၀၊ စာ ၃၄၃၊ ၃၄၄တွင် ဆိုင်းငံ့မိန့် အကျိုးသက်ရောက်ပုံနှင့်စပ်လျဉ်း၍ အယူအဆအမျိုးမျိုး ကွဲပြား ပုံကို အောက်ပါအတိုင်းညွှန်ပြပါသည်။

"ဆိုင်းငံ့မိန့်သည် ဆိုင်းငံ့မိန့်ထုတ်ရန်အမိန့်ချမှတ်သည့် အချိန်ကစ၍ အကျိုးသက်ရောက်မှုရှိသလား။ အောက်ရုံးကို အသိပေးသည့်အချိန် (ဆိုင်းငံ့ မိန့် အောက်ရုံးသို့တစ်နည်းနည်းဖြင့် ရောက်သွားသည့်အချိန်)မှစ၍ အတည် ဖြစ်သလား ဟူသော ပြဿနာမှာ ဟိုဘက် ဒီဘက် ငြင်းခုံစရာ ပြဿနာ ဖြစ် ကြောင်း ပြည့်ပြည့်စုံစုံ ချပြပြီးဖြစ်သည်။ ဥပဒေက မပြတ်သားခြင်းကြောင့် ဖြစ်ဟန်တူသည်။ အမြင်များကိုချုပ်ရသော် အောက်ပါအတိုင်း ဖြစ်သည်-

(၁) ဆိုင်းငံ့မိန့်သည် တားမြစ်မိန့်နှင့် သဘောချင်း တူသည်။ တားမြစ်မိန့်သည် တားမြစ်ခံရသူ သိမှ စတင်အတည်ဖြစ် သည်။

(၂) ဆိုင်းငံ့မိန့်ကို ခြွင်းချက်မရှိ ထုတ်ပေးရန် အမိန့်ချမှတ်သည် နှင့်တစ်ပြိုင်နက် ချက်ချင်းအသက်ဝင်သည်ဖြစ်၍ အောက် ရုံးက ဇာရီမှုကို ဆက်လက်ဆောင်ရွက်နိုင်ခွင့်ကို ဆိုင်းငံ့ လိုက်ရာရောက်သည်။ ဆိုင်းငံ့မိန့်ကို ချမှတ်သည့်အချိန် တွင် ထုတ်ဆင့်ခြင်းဖြစ်သည်။ ဆိုင်းငံ့မိန့် ရေးဆွဲသည့် အချိန်တွင်ဖြစ်စေ အသိပေးသည့် အချိန်တွင်ဖြစ်စေ ထုတ် ဆင့်ခြင်း မဟုတ်။

(၃) တရားမကျင့်ထုံးဥပဒေ အမိန့် ၄၁၊ နည်း ၅ အရ အယူခံ ၀င်ရုံနှင့်ပင် ဇာရီမှုသည် အလိုအလျောက် ရပ်ဆိုင်းသွား ခြင်းမရှိ။ ဒေါ်စိန် နှင့် ဆူလူချန် (၁၉၇၁ မတစ ၄) သို့ရာတွင် အယူခံရုံးက ဆိုင်းငံ့မိန့် ထုတ်ဆင့်နိုင်သည်။ ထိုသို့ ဆိုင်းငံ့မိန့် ထုတ်သည့်အမိန့် ချမှတ်သည့်အခါ တစ် ဦးဦးအား ညွှန်ကြားခြင်း ဆင့်ဆိုခြင်း ဖြစ်သည်။ ဇာရီမှု သည် အယူခံရုံး၏ လက်ထဲတွင် မရှိ။ အယူခံရုံးက မူလရုံး အား ဇာရီမှုတွင် "လက်ရှောင်" ဟုပြောခြင်း ဖြစ်သည်။ သို့ဖြစ်ရာ အောက်ရုံးက အယူခံရုံး၏အမိန့်ကို မသိလျှင် ဇာရီမှုကို ဆိုင်းငံ့နိုင်မည် မဟုတ် ဆက်လက် ဆောင်ရွက် ရမည်သာ ဖြစ်သည်။

(၄) ဆိုင်းငံ့မိန့်ကို ခြွင်းချက်မရှိ ထုတ်ပေးရန် အမိန့်ချမှတ်မှသာ ချမှတ်သည့်အချိန်မှစ၍ အတည်ဖြစ်နိုင်သည်။ ခံဝန်ချုပ်ဆို ပါက ဆိုင်းငံ့မိန့် ထုတ်ပေးစေဟူသော အမိန့်သည် ခံဝန် ချုပ်ဆိုပြီးမှ အတည်ဖြစ်နိုင်သည်။"

---

ခံဝန်ချုပ်ဆိုခြင်း
xxxxxxxxxxxxxx

ဆိုင်းငံ့မိန့်ထုတ်ပေးသည့်အခါ အယူခံတရားရုံးက အယူခံတွင် နောက်ဆုံး၌ ချမှတ်သည့်ဒီကရီအတိုင်း လိုက်နာပါမည်ဟူ၍ အယူခံတရားလိုအား ခံဝန်ချုပ်ဆိုစေရ ပါသည်။ (အမိန့် ၄၁၊ နည်းဥပဒေ ၅(၃)(ဂ))

ဆရာဦးမြ ၊ သောင်းပြောင်းထွေလာဥပဒေပြဿနာ အမှတ်  ၇ ၊ စာ ၄၀ အမှုတွင် အောက်ပါအတိုင်းဖော်ပြထားပါသည်။

"တရားရုံးချုပ်က ဇာရီမှုများကို ဆိုင်းသည့်အခါ နည်း ၅(၃)(ဂ)အရ လိုအပ်သည့် ခံဝန်များ ချုပ်ဆိုစေပါသည်။ တိုင်းတရားရုံးများကလည်း အလားတူ ခံဝန်ချုပ် ဆိုစေရပါမည်။ ထိုအခါ တရားမပုံစံ ၁၂၇ ကို သုံးရန် ဖြစ်သည်။ အာမခံငွေ ၁၀၀၀ိ/- ကျော်လျှင် တံဆိပ်ခေါင်းခွန် ကျပ် ၂၀ ထမ်း ဆောင်ရန်လိုသည်ကို သတိချပ်ရန်လိုပါသည်။

(စာရေးသူ၏စကားချပ် တည်ဆဲ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန် အက်ဥပဒေ ဇယား (၁) အမှတ်စဉ် ၅၇၏ တံဆိပ်ခေါင်းခွန်မှာ အာမခံငွေပမာဏသည် ကျပ် ၁၅၀၀၀၀ိ/- ထက်မပိုလျှင် ငွေပမာဏအပေါ် ၁.၅ % ဖြစ်ပါသည်။ ကျပ် ၁၅၀၀၀၀ိ/- ထက်ပိုလျှင် ၂၅၀၀ ဖြစ်ပါသည်။)

အယူခံဝင်သဖြင့် ဇာရီမှုကို ဆိုင်းငံ့ပေးရသည့်အတွက် ခံဝန်ချုပ် ဆိုစေခြင်းဖြင့် တရားနိုင်သည် အယူခံမှုတွင် ဆက်လက်အနိုင်ရခဲ့လျှင် မိမိ ဒီကရီအရ ရရန်ရှိသော အခွင့်အရေးကို ရရှိရန် နည်းတစ်နည်း ပိုရလာ သည်ကို သတိပြုရန် လိုပါသည်။ တရားရှုံးသည် ဒီကရီကို လိုက်နာရန်အတွက် သာမန်အားဖြင့် တရားရှုံးအပေါ် အရေးဆိုရန် ဖြစ်သည်။ အထက်ပါ ခံဝန်ချုပ်မျိုးချုပ်ဆိုသည့်ကိစ္စတွင်မူ တရားရှုံးသည် ဒီကရီအတိုင်း ဆောင်ရွက် စေရန်အတွက် အာမခံသူများအပေါ်လည်း အရေးဆိုခွင့်ရရှိသည်ဖြစ်ရာ အာမခံသူများက တရားရှုံးအား ဒီကရီအတိုင်း ဆောင်ရွက်ရန် အနည်းနှင့် အများ တွန်းအားပေးကြမည်ဖြစ်သည်။"

---

ခံဝန်ချုပ်အပေါ် အာမခံသူများ၏ တာဝန်ရှိမှု အတိုင်းအတာ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆရာဦးမြ ၊ သောင်းပြောင်းထွေလာဥပဒေပြဿနာ အမှတ်  ၇ ၊ စာ ၄၀ တွင် အောက်ပါအတိုင်း ဖော်ပြပါသည်။

အဗ္ဗဒူဂ္ဂဖား နှင့် အဗ္ဗဒူ(လ်)ရာဟင် (၁၉၆၃ မတစ စာ ၁) အမှုတွင် အေ က ဘီ အပေါ် မူလ တရားရုံးတွင် ငွေ ၁၁၃၃၀ ကျပ် အတွက် ဒီကရီ ရရှိသည်။ ဘီ က တရားလွှတ်တော်တွင် အယူခံသောအခါ အမိန့် ၄၁၊ နည်း ၅ အရ ခံဝန် ချုပ်ဆိုစေသည်။ အဆိုပါ တရားရုံးက ငွေ ၁၃၃၀ ကျပ်သာ ပေးစေဟု ပြင်ဆင်၍ ဒီကရီချမှတ်သည်။ အေ က တရားလွှတ်တော်ချုပ်သို့ ဆက်လက် အယူခံဝင်ပြန်သောအခါ တရားလွှတ်တော်ချုပ်က တရားလွှတ် တော်၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး မူလတရားရုံး၏ဒီကရီကို ပြန်လည် အတည်ပြုသည်။

ဒီကရီကို အတည်ပြုသောအခါ အာမခံသူများသည် ပထမအယူခံ တရားရုံးဖြစ်သည့် တရားလွှတ်တော်က ချမှတ်သည့် ဒီကရီကျငွေ ၁၃၃၀ိ/-အတွက်သာ တာဝန်ရှိသလား၊ သို့မဟုတ် နောက်ဆုံး အယူခံရုံးက ချမှတ် သည့် ဒီကရီကျငွေ ၁၁၃၃၀/- ကျပ်ကို ပေးဆောင်ရန် တာဝန်ရှိသလား ဟူ၍ အငြင်းပွားဖွယ် ဖြစ်လာပါသည်။

ထိုပြဿနာပေါ်ရခြင်းမှာ နည်း ၅(၁)(ဂ)ပါ "လျှောက်ထားသူအပေါ် နောက်ဆုံးတွင် တာဝန်ကျရောက်လာသည့်အတိုင်း" (as may ultimately be binding upon him)  ဆိုသည့် စကားရပ်ကြောင့်  ဖြစ်သည်။ လျှောက်    
ထားသူဆိုသည်မှာ တရားရှုံးကို ဆိုလိုပါသည်။

မူလတရားရုံးက အာမခံသူများသည် ငွေ ၁၁၃၃၀ ကျပ်အတွက် တာဝန်ရှိသည်ဟု ဆုံးဖြတ်သည်။ သို့ရာတွင် အယူခံ၌ တရားရုံးချုပ်က အထက်ပါ စကားရပ်မှာ ပထမအယူခံတရားရုံးက နောက်ဆုံးတွင်ချမှတ်သည့် ဒီကရီ သို့မဟုတ် အမိန့်အတိုင်း ဆောင်ရွက်ရန်သာ တာဝန်ရှိသည်ဟု ဆိုလို သည်ဖြစ်၍ အာမခံသူများသည် ၁၃၃၀ိ/- အတွက်သာ တာဝန်ရှိသည်ဟု ဆုံးဖြတ်ပါသည်။

ခံဝန်ချုပ်မှာ တရားလွှတ်တော်တွင် အယူခံသည့်အတွက် ချုပ်ဆို ရခြင်းဖြစ်ရာ ထိုတရားရုံးက နောက်ဆုံးတွင် ချမှတ်သည့် ဆုံးဖြတ်ချက်အရ ပေါ်ပေါက်မည့်တာဝန်အတိုင်း ဆောင်ရွက်ရန် အာမခံသူများက တာဝန်ယူ သည်ဟု ကောက်ယူခြင်းမှာ သဘာဝကျပါသည်။ "နောက်ဆုံး" ဆိုသည့် စကားရပ်အရ နောက်ဆုံး အယူခံတရားရုံးက ချမှတ်သည့် ဒီကရီအတိုင်း ဆောင်ရွက်ရန်တာဝန်ယူသည်ဟု ကောက်ယူရန် မသင့်ပါ။ "နောက်ဆုံး" ဆိုသည်မှာ ခံဝန်ချုပ်ဆိုထားရာ တရားရုံး၏ နောက်ဆုံး ဆုံးဖြတ်ချက်၊ အပြီး သတ် ဆုံးဖြတ်ချက် ဖြစ်ပါသည်။"

----

ခံဝန်ဖောက်ဖျက်မှုကို အရေးယူခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေ ၁၄၅ တွင် အာမခံသူအပေါ် အရေးယူဆောင်ရွက် သည့် နည်းလမ်းကိုဖော်ပြထားပါသည်။ တရားမကျင့်ထုံးဥပဒေ အမိန့် ၄၁၊ နည်းဥပဒေ ၅ အရ ချုပ်ဆိုသောခံဝန်ချုပ်သည် ပုဒ်မ ၁၄၅(က)တွင် အကျုံးဝင်သည်ဖြစ်၍ ခံဝန် ဖောက်ဖျက်သည့်အတွက် အာမခံသူအပေါ် အရေးယူလျှင် ပုဒ်မ ၁၄၅ အရ ဆောင် ရွက်ရန်ဖြစ်သည်။ (ဆရာ ဦးမြ၊ သောင်းပြောင်းထွေလာဥပဒေပြဿနာ အမှတ် ၁၂၃၊ ပေါင်းချုပ်၊ စာ ၄၃၆)
အာမခံသူတို့အပေါ် အရေးယူလိုလျှင် တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၅ အရ တရားမအထွေထွေမှု ဖွင့်လှစ်ဆောင်ရွက်ရန် ဖြစ်သည်။ အာမခံငွေကို မလျော်သင့် ကြောင်း သူတို့ထံ အကြောင်းကြားစာ ထုတ်၍ ၄င်းတို့၏တင်ပြချက်ကို ကြားနာပြီး လျော်စေသင့်က ပေးလျော်ရန် အမိန့် ချမှတ်ရသည်။ မပေးလျော်လျှင် အာမခံသူများအပေါ် အာမခံငွေအတွက် ဒီကရီချမှတ်ဘိသကဲ့သို့ ဆက်လက်ဆောင်ရွက်ရန်ဖြစ် သည်။ အာမခံသူများ၏ပစ္စည်းများကို ၀ရမ်းကပ်ရောင်းချ၍ အာမခံငွေကို အရတောင်း ခံရန်ဖြစ်သည်။ (ဆရာဦးမြ၊ သောင်းပြောင်းထွေလာဥပဒေပြဿနာအမှတ် ၇၊  ၄၂)

-----

အပိုင်း (၄)
xxxxxxxxxxx

တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၅၁ အရ ဇာရီမှုကို ဆိုင်းငံ့ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆက်လက်ဖော်ပြပါမည်။

လေးစားစွာဖြင့်။


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...