တရားသူကြီးသည် မိမိရှေ့မှောက်ကျူးလွန်သည့်ပြစ်မှုအတွက် မိမိကိုယ်တိုင်စစ်ဆေး စီရင်ခြင်း။
ရာဇ၀တ်တရားသူကြီးသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၉၀(၁)(ဂ) အရ ရဲအရာရှိမဟုတ်သူထံမှသတင်းရလျှင် (သို့မဟုတ်) မိမိကိုယ်တိုင်သိရှိ (၀ါ) သံသယဖြစ်သည့်အခါ ထိုပြစ်မှုကို အရေးယူနိုင်ပါသည်။
ထိုသို့အရေးယူရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၁ အရ သက်သေခံချက်မယူမီ အခြားတရားရုံးတစ်ရုံးကစစ်ဆေးစီရင်ပေးရန် လျှောက်ထားပိုင် ခွင့်ရှိကြောင်း တရားခံကိုပြောကြားရမည် ဖြစ်ပါသည်။ တရားခံကလျှောက်လျှင် အခြား ရာဇ၀တ်တရားသူကြီးထံ လွှဲပေးရမည်ဖြစ်ပါသည်။
ယင်းဥပဒေသများကိုကြည့်လျှင် တရားသူကြီးတစ်ဦးသည် မိမိရှေ့မှောက် တွင်ကျူးလွန်သော ပြစ်မှုများအတွက် (၀ါ) မိမိကိုယ်တိုင် ပြစ်မှုကျူးလွန်သူထံမှကြား သိထားသည့် ပြစ်မှုများအတွက် မိမိကိုယ်တိုင် ထိုပြစ်မှုကို တတ်နိုင်သမျှ စစ်ဆေး စီရင်ခြင်းမပြုရပါ။
သို့ရာတွင် ကျင့်ထုံးပုဒ်မ ၁၉၅ တွင် ရည်ညွှန်းထားသည့် ပြစ်မှုတခုခုကို တဦး တယောက်သောသူက မိမိ၏ရှေ့တွင်ဖြစ်စေ၊ မိမိ၏အာဏာကို မထီလေးစားပြုလျက် ဖြစ်စေကျူးလွန်သည့်အခါ သို့တည်းမဟုတ် တရားစီရင်သောမှုခင်းကိစ္စတခုကို ဆောင် ရွက်နေသည့်အတွင်းကျူးလွန်သည်ကိုတွေ့ရှိသိသာရသည့်အခါ ထိုသူကို ကျင့်ထုံးပုဒ်မ ၄၈၀ မှ ၄၈၅ တွင် ပြဌာန်းပါရှိသည့်အတိုင်းမှတပါး ရာဇ၀တ်တရားသူကြီးသည် မိမိ ကိုယ်တိုင်စစ်ဆေးစီရင်ခြင်းမပြုနိုင်ပါ။ (ကျင့်ထုံးပုဒ်မ ၄၈၇၊ ရုံးလက်စွဲ ၅၀၁)
သို့ဖြစ်ရာ မိမိရှေ့မှောက်တွင်ဖြစ်ပွာသော မှုခင်းကိစ္စသည် ကျင့်ထုံးပုဒ်မ ၄၈၀ မှ ၄၈၅ တွင် အကျုံးဝင်လျှင် ရာဇ၀တ်တရားသူကြီးသည် ထိုပြစ်မှုကို ကိုယ်တိုင် စစ်ဆေးနိုင်ပါသည်။
+++++++++++++++++++
ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၈၀ နှင့်သက်ဆိုင်သည့် ပြစ်မှုများ
ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၈၀ နှင့် သက်ဆိုင်သည့်ပြစ်မှုများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
- ရာဇသတ်ကြီး ပုဒ်မ ၁၇၅
(တရားရုံးသို့ စာတမ်းအမှတ်အသား တင်ပြရန်ပျက်ကွက်ခြင်း)
- ရာဇသတ်ကြီး ပုဒ်မ ၁၇၈
(တရားရုံးတွင် ကျမ်းကျိန်ရန်(သို့)ကတိသစ္စာပြုရန်ငြင်းဆိုခြင်း)
- ရာဇသတ်ကြီး ပုဒ်မ ၁၇၉
(တရားရုံးကမေးသောမေးခွန်းကိုဖြေဆိုရန်ငြင်းပယ်ခြင်း)
- ရာဇသတ်ကြီး ပုဒ်မ ၁၈၀
(တရားရုံး၌ထွက်ဆိုသည့် ထွက်ဆိုချက်များတွင် လက်မှတ်ရေးထိုး ရန် ငြင်းဆန်ခြင်း)
- ရာဇသတ်ကြီး ပုဒ်မ ၂၂၈
(တရားစီရင်မှုဆောင်ရွက်နေစဉ် ပြည်သူ့ဝန်ထမ်းအား စော်ကား ခြင်း၊နှောင့်ယှက်ခြင်း)
ယင်းပြစ်မှုများကို တရားရုံးက မြင်သာသည့်နေရာတွင်ဖြစ်စေ၊ ရုံးတော် ရှေ့မှောက်တွင်ဖြစ်စေ ကျူးလွန်ခဲ့ခြင်း ဖြစ်ရပါမည်။ ကျင့်ထုံးပုဒ်မ ၄၈၀တွင် ပြဌာန်း ထားသည့်ထုံးနည်းကို လျင်မြန်စွာ နည်းလမ်းတကျ လိုက်နာဆောင်ရွက်ခြင်းမပြုလျှင် ထိုရာဇ၀တ်တရားသူကြီးသည် မိမိကိုယ်တိုင် ထိုပြစ်မှုကို စစ်ဆေးစီရင်ခြင်းမပြုရပါ။ (ကျင့်ထုံးပုဒ်မ ၄၈၇ နှင့် ရုံးလက်စွဲ ၅၀၀)
+++++++++++++++
ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ - ၄၈၅ နှင့်သက်ဆိုင်သည့် ပြစ်မှုများ
ရာဇသတ်ကြီး ပုဒ်မ ၁၇၅ (တရားရုံးသို့ စာတမ်းအမှတ်အသားတင်ပြရန် ပျက်ကွက်ခြင်း)နှင့် ပုဒ်မ ၁၇၉(တရားရုံးကမေးသောမေးခွန်းကိုဖြေဆိုရန်ငြင်းပယ်ခြင်း) တို့နှင့်စပ်လျဉ်းသည့်အမှုများကို ကျင့်ထုံးပုဒ်မ ၄၈၅ အရ ဦးစွာအရေးယူဆောင်ရွက် ရမည်ဖြစ်ပါသည်။ ထိုသို့ အရေးယူဆောင်ရွက်ပါလျက် ငြင်းပယ်သည့်အခါမှ ကျင့်ထုံး ပုဒ်မ ၄၈၀ အရ အရေးယူဆောင်ရွက်ရန်ဖြစ်ပါသည်။
ကျင့်ထုံးပုဒ်မ ၄၈၅ အရ ချမှတ်နိုင်သည့် ပြစ်ဒဏ်မှာအောက်ပါအတိုင်း ဖြစ်ပါ သည်။
(၁) အလုပ်မဲ့ထောင်ဒဏ်၊
(အလုပ်မဲ့ထောင်ဒဏ်ကာလ အတိုင်းအတာ သတ်မှတ်ထားခြင်း
မတွေ့ရပါ။)
(၂) ၇ရက်ထက်မပိုသောကာလအတွင်း တရားရုံးအရာရှိထံ ချုပ်ထားရန် ချုပ်မိန့်။
++++++++++++++++
အရေးယူဆောင်ရွက်ပုံ။
ဦးမြ၊ သောင်းပြောင်းထွေလာဥပဒေပြဿနာ အမှတ် ၉၊ စာ ၃၀၄ တွင် အောက်ပါအတိုင်း ညွှန်ပြပါသည်။
ရာဇ၀တ်တရားသူကြီးများသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၈၀ အရ ဆောင်ရွက်ရန်လုပ်ထုံးလုပ်နည်းကို ကျေညက်ဖို့လိုသည်။ သို့မှသာ တရားရုံး၏ ဂုဏ်သိက္ခာ ကောင်းစွာထိန်းသိမ်းနိုင်မည်။
တရားခွင်ရှေ့တွင် တရားရုံးအား မထီမဲ့မြင်ဖြစ်စေသောအပြုအမူကိုတွေ့ရှိ သည့်အခါ ပြစ်မှုဆိုင်ရာအထွေထွေမှု မှတ်ပုံတင်စာအုပ်ကိုတောင်း၍ အထွေထွေမှုကို
ထိုင်ရာမထရေးဖွင့်ရသည်။
(ရုံးဆင်းပြီးနောက်မှ ပုဒ်မ ၄၈၀ အရ အရေးယူခွင့်မရှိတော့။ ဘုံဘိုင် အတွဲ ၄၆ စာ ၉၃၇ (၉၇၉) အမှုတွင်မူ နေ့လယ်စာ စားသုံးရန် ခေတ္တရုံးနားခြင်းသည် သက်ဆိုင်ရာနေ့အတွက် ရုံးဆင်းခြင်းမဟုတ်ဟု ထုံးဖွဲ့ထားသည်။)
တရားလိုသည် ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်၍ တရားခံသည် မထီမဲ့မြင်ပြုသူ ဖြစ်သည်။ ထို့နောက် တရားခံအား ပုဒ်မ ၄၈၀ အရ အဘယ်ကြောင့် အပြစ်မပေးထိုက် ကြောင်းထုချေစေရန် ဆင့်ဆိုရသည်။ သမ္မာန်မှုစစ်ဆေးရာတွင် အသုံးပြုသည့် အကြောင်းပြသောပုံစံကိုပင် သုံးရန်ဖြစ်သည်။
တရားခံက ကျေနပ်ဖွယ်အကြောင်းမပြနိုင်လျှင် ပုဒ်မ ၄၈၀ တွင် သတ်မှတ် ထားသောပြစ်ဒဏ်ကို ချမှတ်ရသည်။ တရားခံက အမှုကို တရားသူကြီးက စစ်ဆေးခြင်း ကို စောဒကတက်ခွင့်မရှိ။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၁ အရ ဆောင်ရွက်ရန်မလို။ မထီမဲ့မြင် ပြုခြင်းခံရသော တရားသူကြီးကပင် ဆိုင်ရာတရားခံကို အရေးယူနိုင်ရန် ပုဒ်မ ၄၈၀ ကို ပြဌာန်းထားခြင်းဖြစ်သည်။
အမှုတွဲတွင် တိုက်ရိုက်လျှောက်လွှာမရှိ။ နေ့စဉ်မှတ်တမ်း နှင့် အကြောင်းပြပုံစံ နှစ်ရွက်သာရှိမည်။
တရားသူကြီးကိုယ်တိုင် မြင်တွေ့သည့်ကိစ္စဖြစ်၍ သက်သေခံချက်ယူရန် အကြောင်းလည်း ရှိမည်မဟုတ်ချေ။ ရာဇ၀တ်လောဂျာနယ် အတွဲ ၄၃၊ စာ ၇၆၉ တွင် "The Court is not bound to hear any evidence. It can rely on its own opinion of what happened, and can detain the offender in custody, take cognizance of the offence and sentence him.ဟု လမ်းညွှန်ထားသည်ကို မှတ် သားထားသင့်သည်။
++++++++++++++++
ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၈၀ အရ ချမှတ်နိုင်သည့် ပြစ်ဒဏ်အတိုင်းအတာ။
ကျင့်ထုံးပုဒ်မ ၄၈၀ အရ ချမှတ်နိုင်သည့်ပြစ်ဒဏ်သည် ၂၀၀၀၀ ထက် မပို သော ငွေဒဏ်ဖြစ်ပါသည်။ ငွေဒဏ်ဆောင်ရန်ပျက်ကွက်မှ အလုပ်မဲ့ထောင်ဒဏ်(၁)လ ချမှတ်နိုင်မည်ဖြစ်ပါသည်။
++++++++++++++++
ပိုမိုသည့်ပြစ်ဒဏ်ချမှတ်သင့်သည်ဟု ယူဆလျှင်ဆောင်ရွက်ရန် နည်းလမ်း
ပြစ်ဒဏ်သည် မိမိစီရင်ပိုင်ခွင့်အတွင်းရှိပါက--
ကျင့်ထုံးပုဒ်မ ၄၈၀ အရ ပြစ်ဒဏ်နည်းသဖြင့် ပိုမိုသည့်ပြစ်ဒဏ် ချမှတ်သင့်သည်ဟုယူဆလျှင် ပိုမိုချမှတ်လိုသောပြစ်ဒဏ်သည် မိမိ၏စီရင် ပိုင်ခွင့်အာဏာအတွင်းရှိပါက ကျင့်ထုံးပုဒ်မ ၁၉၀(၁)(ဂ) အရ အရေးယူ ဆောင်ရွက်ရန်ဖြစ်ပါသည်။
ပြစ်မှုမြောက်စေသည့်အကြောင်းများ၊ သို့မဟုတ် တရားရုံးအား တမင်နှောင့်ယှက်ခြင်း စော်ကားခြင်းပြုမူသည့်ကိစ္စများ အမှုမှတ်တမ်းတွင် ဖော်ပြ၍ ယင်းမှတ်တမ်းမိတ္တူမှန်ဖြင့် ပြစ်မှုမှတ်ပုံတင် ၁ ၌ ပြစ်မှုကြီး သီးခြား ရေးသွင်းရန်ဖြစ်ပါသည်။
တရားလိုသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဖြစ်ပြီး တရားခံသည် မထီမဲ့မြင်ပြုသူဖြစ်ပါမည်။
သတိထားရမည့်အချက်မှာ ကျင့်ထုံးပုဒ်မ ၁၉၁ ကို လိုက်နာရန် ဖြစ်ပါသည်။
တရားခံက အခြားတရားရုံးသို့ပြောင်းရွှေ့ပေးရန် တောင်းဆိုခြင်း မရှိပါက တိုင်တန်းချက်အပေါ် အရေးယူသကဲ့သို့ ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရန်ဖြစ်ပါသည်။
---
ပြစ်ဒဏ်သည်မိမိစီရင်ပိုင်ခွင့်ထက် ကျော်လွန်ပါက ---
ပိုမိုချမှတ်လိုသောပြစ်ဒဏ်သည် မိမိ၏ စီရင်ပိုင်ခွင့်အာဏာအတွင်း မရှိပါက ကျင့်ထုံးပုဒ်မ ၄၈၂ အရ ဆောင်ရွက်ရန်ဖြစ်ပါတယ်။ ပြစ်မှုမြောက် စေသည့်အကြောင်းအရာများ၊ တရားခံ၏ထွက်ချက်တို့ကိုဦးစွာရေးမှတ်ယူရန် ဖြစ်ပါသည်။
ထို့နောက် ယင်းအမှုကို စစ်ဆေးစီရင်ပိုင်ခွင့်ရှိသောတရားသူကြီး ထံတင်ပို့ရန်ဖြစ်ပါသည်။
လက်ခံရရှိသော ရာဇ၀တ်တရားသူကြီးက ကျင့်ထုံးပုဒ်မ ၄၈၂(၂) နှင့် ၄၇၆(၂)အရ တိုင်တန်းချက်အပေါ် အရေးယူသကဲ့သို့ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ ။
ဦးထွန်းမျိုးဌေး