Saturday, March 17, 2018

တရားရေးမဏ္ဍိုင်ကြံ့ခိုင်ဖို့ ဥပဒေပညာရှင် မွေးထုတ်စို့

 တရားစီရင်ရေးမဏ္ဍိုင်ကို ဦးဆောင်နေကြသူများမှာ ဥပဒေပညာဖြင့် အသက်မွေးသူများ ဖြစ်သည်။ တရားစီရင်ရေးကဏ္ဍပြုပြင်     ပြောင်းလဲမည်ဆိုပါက အရည်အချင်းပြည့်ဝသည့် တရားသူကြီးများ၊       ဥပဒေအရာရှိများနှင့် ရှေ့နေများ မွေးထုတ်ရန် မလွဲမသွေလိုအပ်မည်ဖြစ်သည်။ လွှတ်တော် (၂) ရပ် သည် နိုင်ငံတော်၏ဥပဒေပြုရေးအာဏာကို ကျင့်သုံးသည်။ အစိုးရသည် အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရသည်။ ထို့ကြောင့် တရားစီရင်ရေးမဏ္ဍိုင်သာမက အုပ်ချုပ်ရေးမဏဿဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့တွင်လည်း အရည်အချင်းပြည့်ဝသည့် ဥပဒေပညာရှင်များ အထူးလိုအပ်ပါသည်။
                 မြန်မာနိုင်ငံနှင့် ဥပဒေပညာသမိုင်း

နိုင်ငံတကာတွင် ဥပဒေပညာသည် ဆေးပညာ၊ အင်ဂျင်နီယာပညာကဲ့သို့ သော အဆင့်မြင့်သည့် အသက်မွေးဝမ်းကြောင်း ပညာရပ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်က ဥပဒေပညာကို အလွန်တန်ဖိုးထားကြသည်။ ဝတ်လုံတော်ရရှေ့နေကြီးဖြစ်လျှင် အလွန်ဂုဏ်ရှိသကဲ့သို့ ကုံလုံ    ကြွယ်ဝသူ တစ်ဦးဖြစ်လာနိုင်သည်။ ဥပဒေပညာကို အင်္ဂလန်သို့     သွားရောက်သင်ကြားရကြောင်း လေ့လာမှတ်သားဖူး ပါသည်။

မြန်မာနိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ်နောက်ပိုင်းတွင် အာဏာရှင်   စနစ် ကြီးစိုးခဲ့သည်။ အာဏာရှင်စနစ်နှင့် စစ်မှန်သော၊ သန့်ရှင်းသော    ဥပဒေပညာသည် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သည်။ ထို့ကြောင့်     ဥပဒေပညာရှင်များကို နေရာမပေးခဲ့၊ ဥပဒေနှင့်အညီ ပြောဆိုသူများကို မလိုလား ခဲ့ကြပေ။ ဥပဒေကို ၎င်းတို့အလိုကျ လက်နက်သဖွယ်အသုံးပြုလာခဲ့ကြပြီး ဥပဒေသမားများကိုလည်း အာဏာရှင်စနစ်တည်မြဲစေမည့်  ဥပဒေများကို ပြဋ္ဌာန်းစေခဲ့သည်။ ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးကိုလည်း ၎င်းတို့၏လက်ကိုင်တုတ်သဖွယ်အသုံးပြုခဲ့သည်။

 မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင်  တရားရေး အရာရှိများက တရားရုံးများတွင် အကြံပေးများဖြစ်လာကြပြီး ဥပဒေပညာမတတ်မြောက်သည့် ပါတီဝင်များက  တရားစီရင်ရေးကို ကြီးစိုးလာကြသည်။ ထို့ကြောင့် ဥပဒေပညာရပ်သည် ထိုခေတ်အခါက မှေးမှိန်ခဲ့ရသည်။ မြန်မာတို့သည် ဥပဒေပညာရပ်အပေါ်အယူအဆတစ်ခုရှိသည်။ "ငိုစားရယ်စားပညာ၊ သူများဒုက္ခရောက်မှ     ထမင်းစားရသည့်ပညာ" ဟု ပြောကြသည်။ နိုင်ငံတကာက "ဥပဒေပညာသည် အကျင့်သိက္ခာနှင့် ပြည့်စုံသောပညာဖြစ်သည်" ဟု လက်ခံထား သော်လည်း မြန်မာနိုင်ငံတွင် အများစုက လက်မခံခဲ့ကြ။

ရှစ်လေးလုံးအရေးအခင်းကို ဥပဒေပညာရှင်အများစုက ဦးဆောင်ခဲ့ကြ သည်။ ထို့ကြောင့် အစိုးရက ဥပဒေပညာကို မျက်မုန်းကျိုးခဲ့သည်ဟု အများကဆိုကြသည်။ ထို့ကြောင့် ယခင်က ဘွဲ့ရများ ဖြေဆိုနိုင်သည့် မှတ်ပုံတင်ရှေ့နေစာမေးပွဲ (RL) နှင့် ဒသမတန်းအောင်မြင်သူများ ဖြေဆိုနိုင်သည့် အထက်တန်းရှေ့နေစာမေးပွဲ (HGP) များကို ပိတ်ပစ်ခဲ့ခြင်းဖြင့် ဥပဒေပညာ လေ့လာသူ နည်းပါးစေခဲ့ သည်ဟု အချို့ဆိုကြသည်။     

ထိုစဉ်က ဥပဒေဘာသာရပ်ကို ရန်ကုန်တက္ကသိုလ်တွင်သာ ဖွင့်လှစ်ခဲ့ပြီး  ကြပ်ကြပ်မတ်မတ် သင်ကြားပေးနိုင်ခဲ့သည်။ တစ်နှစ်လျှင် ဥပဒေဘွဲ့ရ (၂၀၀) ဦး ဝန်းကျင်ခန့်သာ မွေးထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် ဥပဒေဘာသာရပ်ကို ဒသမတန်းစာမေးပွဲတွင် အမှတ်မြင့်မားသူများ သာ လေ့လာသင်ယူခွင့်ရကြသည်။ ထိုစဉ်က တက္ကသိုလ်များသည်လည်း အရေအတွက် နည်းပါးသေးသည်။

ရှစ်လေးလုံးအရေးအခင်းတွင် တက္ကသိုလ်ကျောင်းသား အများ   အပြားပါဝင်ခဲ့သည်။ အရေးအခင်းပြီးနောက် မြို့ကြီးတိုင်းတွင် တက္ကသိုလ်များကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး အစိုးရက နယ်မှ ကျောင်းသားများ  တက္ကသိုလ်ပညာကို အလွယ်တကူသင်ကြားနိုင်ရန် ရည်ရွယ်သည်ဟုဆိုသော်လည်း အချို့ က ကျောင်းသားများစုဝေး၍ ဆန္ဒမပြနိုင်ရန်အတွက်ဟု ဆိုသည်။ မည်သို့ဆိုစေ တက္ကသိုလ် အများအပြား ဖွင့်လှစ်ခဲ့ပြီး  အဝေးသင်တက္ကသိုလ် အပါအဝင် တက္ကသိုလ်တိုင်းတွင် ဥပဒေဘာသာရပ်ကို ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။ လက်ခံသည့်အရေအတွက်များ သောကြောင့် ဒသမတန်းကို ရမှတ်အနည်းငယ် မျှနှင့်အောင်လျှင် လျှောက်ထားလာနိုင်သည်။ ထို့ကြောင့် ဥပဒေဘာသာရပ်သည် သာမန်ဘာသာရပ်တစ်ခုအဖြစ် ရောက်ရှိ သွားခဲ့ပြီး အရည်အသွေးကျဆင်းလာသည်။ အခြားဘာသာရပ်များသည်လည်း အရည်အသွေးကျဆင်းလာ ခဲ့သည်။       

ဒီမိုကရေစီစနစ်ကိုပြောင်းလဲကျင့်သုံးလာသည့်အခါ ဥပဒေပညာရှင်အများအပြား လိုအပ် လာသည်။ ဥပဒေပညာကို နိုင်ငံတကာအဆင့်မီ မသင်ကြားခဲ့ရသဖြင့် ဒီမိုကရေစီစနစ်နှင့် လိုက်လျော ညီထွေသည့်ဥပဒေများကို ရေးဆွဲရန်လိုအပ်လာသည့်အခါ ဥပဒေပညာရှင် မလုံလောက်သည့် စိန်ခေါ်မှု နှင့် ရင်ဆိုင်ခဲ့ကြရသည်။ 

    နိုင်ငံတကာတွင် ဥပဒေပညာရှင်များ မွေးထုတ်သည့်စနစ်

ဂျပန်နိုင်ငံ၏ဥပဒေပညာရှင်များ မွေးထုတ်ပေးသည့်စနစ်ကို တင်ပြလိုပါသည်။ ဥပဒေ ပညာရှင်များကို ဘားကောင်စီဟု ခေါ်သည့် ရှေ့နေများကောင်စီက မွေးထုတ်ပေးသည်။ ဥပဒေဘွဲ့ရရှိသူ များသည် ဥပဒေပညာရပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုလိုပါက ရှေ့နေများကောင်စီကကျင်းပသည့် ဝင်ခွင့်စာမေးပွဲဖြေကြားရသည်။ အရည်အချင်းပြည့်မီသူများကိုသာ စိစစ်လက်ခံ၍ သာမန်အားဖြင့် အောင်မြင်ရန်ခက်ခဲလှသည်ဟု သိရှိရသည်။ အောင်မြင်သူများကို တရားလွှတ်တော်ချုပ်က တရားသူကြီး၊ ဥပဒေအရာရှိနှင့် ရှေ့နေများတပ်အပ်သည့်ပညာရပ်များကို သင်ကြားပေးသည်။ အချိန်ပြည့်သင်တန်း ဖြစ်ပြီး သင်တန်းကာလ (၁) နှစ် ဖြစ်သည်။ 

ထိုသို့ ခက်ခဲသည့်အရည်အချင်းစစ် စာမေးပွဲအောင်မြင်သူ များကိုသာ စနစ်တကျလေ့ကျင့်သင်ကြားပေးပြီး တရားသူကြီး၊ ဥပဒေအရာရှိနှင့် ရှေ့နေများအဖြစ် တာဝန်ထမ်းဆောင်ခွင့်ပြုသည်။ တရားသူကြီးများကို နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းမဟုတ်ဘဲ တရား ဌာန၏ပဋိညာဉ်ခံဝန်ထမ်းအဖြစ်ခန့်အပ်သည်။ အရည်အချင်းအပေါ်မူတည်၍ တရားရေးကောင်စီက ရွေးချယ်ခန့်အပ်ခြင်းဖြစ်သည်။ ထိုကောင်စီသည် လွတ်လပ်သောအဖွဲ့အစည်းဖြစ်ပြီး တရားသူကြီးချုပ် ခေါင်းဆောင်၍ တရားသူကြီးအများစုပါဝင်ကာ ကဏ္ဍပေါင်းစုံမှကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။ 

တရားသူကြီးများအား ခန့်အပ်ခြင်း၊ ပြောင်းရွှေ့နေရာချထားခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ အရေးယူ အပြစ်ပေးခြင်းတို့ကို ထိုကောင်စီက ဆောင်ရွက်သည်။ တရားသူကြီးများ၏ပဋိညာဉ်သက်တမ်းကို (၁၀) နှစ်သတ်မှတ်ထားပြီး သက်တမ်းပြည့်သည့်အခါ သက်တမ်းတိုးနိုင်ရန်အတွက် အရည်အချင်းပြည့်မီခြင်း ရှိ မရှိကို တရားရေးကောင်စီက ဆုံးဖြတ်သည်။  ထို့ကြောင့် နောင်သက်တမ်းတွင် ထပ်မံတာဝန် ထမ်းဆောင် နိုင်ရန်အတွက် မိမိ၏လုပ်ငန်းဆိုင်ရာအရည်အချင်းကို အမြဲတမ်းတိုးတက်အောင် ကြိုးစားနေရသကဲ့သို့ ကိုယ်ကျင့်တရားနှင့် ဂုဏ်သတင်းကိုလည်း ထိန်းသိမ်းကြရသည်။ 

တောင်ကိုရီးယားနိုင်ငံ၏ဥပဒေပညာရှင်မွေးထုတ်သည့်စနစ်ကို တင်ပြလိုပါသည်။ ဥပဒေ ဘွဲ့ရရှိပြီးနောက် ဥပဒေပညာဖြင့်အသက်မွေးဝမ်းကြောင်းပြုလိုသူများသည် အမျိုးသားတရားရေး စာမေးပွဲ (National Judicial Exam) ကို ဝင်ရောက်ဖြေဆိုရသည်။ အောင်မြင်သူများကို တရားရေး သုတေသနနှင့် လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ရှေ့နေပညာ၊ ဥပဒေအရာရှိပညာနှင့် တရားသူကြီးပညာများကို (၂) နှစ် ကြာ စာတွေ့၊ လက်တွေ့ သင်ကြားရသည်။ ရှေ့နေအသင်း၊ ဥပဒေရုံးနှင့် တရားရုံးများတွင် လက်တွေ့ လေ့လာရသည်။ 

သင်တန်းပြီးဆုံးသောအခါ Bar Exam ဖြေဆိုစေပြီး အောင်မြင်သူများကို အသိအမှတ် ပြုလက်မှတ် ထုတ်ပေးကာ ရှေ့နေ၊ ဥပဒေအရာရှိနှင့် တရားသူကြီးအဖြစ် ဆောင်ရွက်ခွင့်ပြုသည်။ ၂၀၁၃ ခုနှစ်မှစတင်ကာ တရားသူကြီးခန့်ထားသည့်စနစ်ကို စတင်ပြောင်းလဲခဲ့သည်။ တရားသူကြီးအဖြစ် လျှောက်ထားလိုသူသည် အမျိုးသားတရားရေးစာမေးပွဲအောင်မြင်၍ တရားရေးသုတေသနနှင့် လေ့ကျင့် ရေးသင်တန်းကျောင်းတက်ရောက်ပြီး ဥပဒေအရာရှိ သို့မဟုတ် ရှေ့နေအဖြစ် အတွေ့အကြုံ ရှိသူဖြစ်ရမည်။ 

၂၀၁၇ ခုနှစ် အမျိုးသားတရားရေးစာမေးပွဲကျင်းပသည့်စနစ်ကို ဖျက်သိမ်းခဲ့သည်။  ၂၀၁၈ ခုနှစ် မှစတင် ကာ (၂) နှစ်ကြာဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဥပဒေသင်တန်း (Law School) တက်ရောက်ပြီး Bar Exam အောင်မြင်သူများကို ရှေ့နေနှင့် ဥပဒေအရာရှိအဖြစ် လုပ်ကိုင်ခွင့်ပြုမည် ဖြစ် သည်။ ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထိုအတွေ့အကြုံ (၃) နှစ်ရှိသူများကိုလည်းကောင်း၊ ၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ထိုအတွေ့အကြုံ (၅) နှစ် ရှိသူများကိုလည်းကောင်း၊ ထို့နောက်ပိုင်းတွင် ထို့အတွေ့အကြုံ (၇) နှစ်ရှိသူများကိုလည်းကောင်း တရားသူကြီးများအဖြစ် ရွေးချယ်သွားမည်ဖြစ်သည်။ 

နိုင်ငံအတော်များများတွင်လည်း အလားတူစနစ်ကို ကျင့်သုံးကြသည်။ ထို့ကြောင့် တရားသူကြီးတစ်ဦးဖြစ်ရန် မလွယ်ကူလှပေ။ တရားသူကြီးဖြစ်လိုသူ ရှေ့နေများနှင့် ဥပဒေအရာရှိများ သည် လုပ်ငန်းကျွမ်းကျင်အောင် ကြိုးစားရန်လိုအပ်သကဲ့သို့ ကိုယ်ကျင့်တရားထိန်းသိမ်းကာ ကောင်း သတင်းရှိရန်လည်း လိုအပ်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းကြောင့် တစ်ဦး၏လုပ်ငန်းသဘောကို တစ်ဦးက ကောင်းစွာနားလည်ကြပြီး ပူးပေါင်းဆောင်ရွက်မှုအားကောင်းသည်ဟု ဆိုသည်။

   မြန်မာနိုင်ငံတွင် ဥပဒေပညာရှင်များ မွေးထုတ်သည့်စနစ်

မြန်မာနိုင်ငံတွင် ခရိုင်နှင့် မြို့နယ်အဆင့်တရားသူကြီးများသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြ၍ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ခန့်အပ်ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အရေးယူအပြစ်ပေးခြင်းတို့ကို ဆောင်ရွက်ရသည်။ တရားသူကြီးဝင်ပေါက်သည် ဒုတိယမြို့နယ်တရားသူကြီးအဆင့်ဖြစ်ပြီး ဒုတိယ ဦးစီးမှူးအဆင့်နှင့် ညီမျှသည်။ တရားစီရင်ရေးနှင့်ဆက်စပ်သည့် အတွေ့အကြုံများရှိရန် မလိုအပ်ဘဲ ဥပဒေ ဘွဲ့ရရှိပြီးနောက် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ရေးဖြေနှင့် နှုတ်ဖြေစာမေးပွဲများ ဝင်ရောက်ဖြေဆိုစေကာ အောင်မြင်သူများကို ခန့်ထားသည်။ ထို့ကြောင့် ဥပဒေဘွဲ့ရရှိပြီး အသက် (၂၀) ကျော်ခန့် လုပ်ငန်းနှင့် ဘဝအတွေ့အကြုံနည်းပါးသည့်ငယ်ရွယ်သူများသည် ဒုတိယမြို့နယ်တရားသူကြီး ဖြစ်လာကြသည်။ တရားသူကြီး၏လုပ်ငန်းသည် အခြားဌာနများမှ ဒုတိယဦးစီးမှူးများ၏ တာဝန်ဝတဿတရားနှင့် မတူညီပေ။ ဒုတိယဦးစီးမှူးသည် အထက်အဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် တာဝန်ထမ်းဆောင်ရသည်။ ဒုတိယမြို့နယ် တရားသူကြီးဖြစ်လင့်ကစား မိမိစစ်ဆေးစီရင်သည့်အမှုကို မိမိကိုယ်တိုင် တာဝန်ယူ၍ အမိန့်ချမှတ်ရသည်။ 

မိမိ၏လုပ်ငန်းကျွမ်းကျင်မှုသည် အမှုသည်များ၏အကျိုး၊ တစ်နည်းဆိုသော် အမှုသည်များ၏ကံကြမ္မာနှင့် သက်ဆိုင်သည်။ ဥပဒေပညာကို သိရှိရုံနှင့် တစ်နည်းဆိုသော် ဥပဒေသီအိုရီများကို အာဂုံဆောင်နိုင်ရုံမျှဖြင့် တရားသူကြီးကောင်းတစ်ဦး ဖြစ်မလာနိုင်ပေ။ တရားသူကြီးကောင်းတစ်ဦးဖြစ်ရန်အတွက် ဆင်ခြင်တုံတရား သည် အလွန်အရေးကြီးသည်။ ဆင်ခြင်တုံတရားသည် မိမိအား အကျွင်းမဲ့အာဏာအပ်နှင်းထားခြင်းမဟုတ်။ အမှုများကို ဥပဒေနှင့်အညီ စစ်ဆေးစီရင်ပြီး ဥပဒေနှင့်အညီဘက်လိုက်ခြင်းမရှိသည့်  တရားမျှတမှုကို ရှာဖွေရ ခြင်းဖြစ်သည်။ ထို့ကြောင့် ဥပဒေပညာတတ်ကျွမ်းပြီး ပြင်ပဗဟုသုတ၊ အတွေ့အကြုံများရှိရမည့်အပြင် တည်ငြိမ်ရင့်ကျက်သော၊ မာန်မာနကင်း၍ ဒေါသ၊ လောဘ၊ မောဟနည်းသောသူသာလျှင် တရားသူကြီး ကောင်းတစ်ဦး ဖြစ်လာနိုင်ပေသည်။ အသက် (၂၀) ကျော်ခန့်လူငယ်များတွင် ထိုသို့သောအရည်အချင်းနှင့် ပြည့်စုံရန်မှာ မလွယ်ကူလှပေ။ 

မြန်မာနိုင်ငံရှိ ဥပဒေအရာရှိ (Law Officer) များသည်လည်း နိုင်ငံ့ဝန်ထမ်းများသာ ဖြစ်၍ တရားသူကြီးများကဲ့သို့ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ခန့်အပ်ခြင်း၊ ပြောင်းရွှေ့နေရာချထားခြင်း နှင့် ရာထူးတိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ရသည်။ ၁၉၇၄ ခုနှစ် မတိုင်မီက ဥပဒေအရာရှိများအစား အမှုလိုက် ရဲအရာရှိများက တာဝန်ယူဆောင်ရွက်ကြသည်။ အမှုစစ်ရဲအရာရှိများက အမှုများကို စုံစမ်း ထောက်လှမ်းပြီး အမှုတည်ဆောက်ကြသည်။ အမှုလိုက်အရာရှိများက အမှုစစ်အရာရှိများကို ကြီးကြပ် ပြီး အမှုတည်ဆောက်ရာတွင် လိုအပ်ချက်များကို ထောက်ပြညွှန်ကြားသည်။ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် ထိုစနစ်ကို ယနေ့တိုင်ကျင့်သုံးလျက်ရှိသည်။ 

အားသာချက်အဖြစ် ၎င်းတို့သည် ဌာနတစ်ခုတည်းမှဖြစ်ပြီး ကြီးကြပ်သူသည်လည်းတစ်ဦးတည်းဖြစ်၍ ပူးပေါင်းဆောင်ရွက်မှု အားကောင်းကာ လုပ်ငန်းအောင်မြင်သည်။ နိုင်ငံတကာတွင် ဥပဒေအရာရှိအစား Public Prosecutor များဖြင့်အမှုများကို တရားစွဲတင်ပို့ကြပြီး တရားရုံးများတွင် အမှုလိုက်ပါဆောင်ရွက်ကြသည်။ ရှင်းလင်း လွယ်ကူသည့်အမှုများကိုသာ ရဲအရာရှိများက စုံစမ်းထောက်လှမ်းပြီး ကျန်အမှုများကို Public Prosecutor များကိုယ်တိုင် စုံစမ်းထောက်လှမ်းကြသည်။ 

၎င်းတို့ကို မြန်မာနိုင်ငံရှိ ဥပဒေအရာရှိများ၏ လုပ်ပိုင်ခွင့်ထက် ပိုမိုပေးထားသည်။ အမှုများစုံစမ်းထောက်လှမ်းရာတွင် သက်သေခံမလုံလောက်သော အမှုများကို ပိတ်သိမ်း ခြင်း၊ ဆိုင်းငံ့ထားခြင်းတို့ပြုလုပ်သည့်အာဏာကို အပြည့်အဝအသုံးပြုသည်။ ထို့ကြောင့် စွဲတင်သည့်အမှု များ အားလုံးနီးပါး ပြစ်ဒဏ်ချမှတ်ခြင်းခံရသည်။ ဂျပန်နိုင်ငံတွင် ထိုကဲ့သို့ကျင့်သုံးနိုင်၍ ရဲနှင့်ဥပဒေ အရာရှိများသည် အမှုတိုင်းကို တရားစွဲတင်ပို့ခြင်းမရှိဘဲ တရားစွဲတင်ပို့သည့် အမှု၏ (၉၉) ရာခိုင်နှုန်းသည် ပြစ်ဒဏ်ရရှိသည်ဟု လေ့လာသိရှိရသည်။ သက်သေခံချက်ခိုင်မာသည့် တိုင်ကြားမှု၏ (၆၀) ရာခိုင်နှုန်းခန့် ကိုသာ တရားစွဲတင်သည်ဟု သိရှိရသည်။ မြန်မာနိုင်ငံတွင်လည်း ထိုစနစ်မျိုးကို သုံးစွဲသင့်မသင့် သုတေသနပြုသင့်သည်။  

ဥပဒေဘွဲ့ရရှိသူများအနက်မှ ရှေ့နေဖြစ်လိုသူများသည် လုပ်သက် (၅) နှစ်ရှိ တရား လွှတ်တော်ရှေ့နေထံတွင် အလုပ်သင်ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ခွင့်ပြုရန် ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ လျှောက်ထားရသည်။ ထို့နောက် အလုပ်သင်ရှေ့နေအဖြစ် (၁) နှစ်ကြာ လေ့လာ ဆည်းပူးပြီး တရားရုံးများ၏ထောက်ခံချက်၊ တရားလွှတ်တော်ရှေ့နေ၏ထောက်ခံချက်တို့နှင့်အတူ အထက်တန်းရှေ့နေလိုင်စင် လျှောက်ထားကြသည်။ အချို့သည် အလုပ်သင်ရှေ့နေအဖြစ် အမှန်တကယ် လိုက်ပါကြသော်လည်း အချို့သည် ရံဖန်ရံခါသာ လိုက်ပါခဲ့ကြပြီး ထောက်ခံချက်များရယူကာ လိုင်စင် လျှောက်ထားကြသည်။ ၎င်းင်းတို့၏အရည်အချင်း ပြည့်မီခြင်းရှိ မရှိကို  စစ်ဆေးခြင်းမပြုနိုင်ဘဲ ထောက်ခံ ချက်နှင့် လိုအပ်သည့်စာရွက်စာတမ်း စုံလင်မှုရှိ မရှိကိုသာ စစ်ဆေးပြီး လိုင်စင်ထုတ်ပေးလိုက်သည်။ အထက်တန်းရှေ့နေလိုင်စင် (၃) နှစ်ပြည့်သည့်အခါ တရားလွှတ်တော်ရှေ့နေအဖြစ် လျှောက်ထားနိုင်သည်။ လျှောက်ထားမှုအပေါ် လိုအပ်သောထောက်ခံချက်များနှင့် စာရွက်စာတမ်းများ စုံလင်မှု ရှိ မရှိကိုသာ စစ်ဆေး ပြီး လိုင်စင်ထုတ်ပေးသည်။ စနစ်တကျသင်ကြားပေးနိုင်မှုမရှိ၍ အပတ်တကုတ်ကြိုးစားသူများသာ အရည် အချင်းပြည့်ဝသည့်ရှေ့နေများ ဖြစ်လာနိုင်သည်။ 

သို့ဖြစ်၍ ဥပဒေဘာသာရပ်ကို အရည်အချင်းမီသူများသာ သင်ကြားခွင်ရသည့်ဘာသာရပ် ဖြစ်စေရန် ဦးစွာဖန်တီးပြီး အရည်အချင်းမီသူများကိုသာ ဥပဒေဘွဲ့အပ်နှင်းသင့်ပေသည်။ ဥပဒေဘွဲ့ရရုံ မျှနှင့် ဥပဒေပညာရှင်အဖြစ် မသတ်မှတ်ဘဲ နိုင်ငံတကာနည်းတူ အရည်အချင်းစစ်စာမေးပွဲဖြေဆိုစေပြီး အရည်အသွေးပြည့်ဝသည့်သင်တန်းများကို တက်ရောက်အောင်မြင်မှသာ ဥပဒေပညာရှင်အဖြစ် အသိအမှတ် ပြုသည့်နည်းစနစ်များကို တီထွင်ကြံဆသင့်ပါသည်။

အရည်အချင်းပြည့်ဝသည့်ဥပဒေပညာရှင်များ မွေးထုတ်နိုင်ရန်အတွက် လိုအပ်သော ဥပဒေများပြဌာန်းပေးခြင်း၊ နိုင်ငံတကာစံနှုန်းများနှင့်ညီသည့်နည်းစနစ်များ တည်ထောင်ခြင်းနှင့် လေ့ကျင့် သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါသည်။ ထို့ကြောင့် တရားရေးမဏ္ဍိုင် ကြံ့ခိုင်စေရရန်အတွက်  အရည်အချင်းပြည့်ဝသည့်ဥပဒေပညာရှင်များ မွေးထုတ်ရန်ကို သက်ဆိုင်သူများ အားလုံးက ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်။       ။ 

ဂျူနီယာတုတ်ကလေး


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...