Friday, May 11, 2018

မယုံကြည်ထိုက်သောသက်သေ၊ ထီးချက်စောင့်နတ်သမီးနှင့့် 

ပြေလွင်မြင့်

 တရားခံများကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တရားရုံးရှေ့ထွက်ဆိုသည့်တရားလိုပြသက်သေအား သက်သေခံဥပဒေပုဒ်မ-၁၅၅(၃)အရ“မယုံကြည်ထိုက်သောသက်သေအဖြစ်ကြေညာခွင့်ပြုရန်”  အမှုလိုက် ဥပဒေအရာရှိ၏ လျှောက်ထားချက်ကိုပယ်လိုက်သည့် တရားရုံး၏အမိန့်ကို အများတကာနည်းတူ ကျွန်တော်လည်း လှိုက်လှဲကြိုဆိုပါသည်။

သို့သော်၊ရန်လိုသောဆန့်ကျင်သက်သေ(Hostile Witness)၊ သို့မဟုတ်-မယုံကြည်ထိုက်သောသက်သေအဖြစ်ကြေ ညာရန် တရားရုံးကငြင်းပယ်လိုက်ခြင်းသည် ယုံကြည်ထိုက်သောသက်သေအဖြစ် ခြွင်းချက်မရှိလက်ခံဖို့ ဆုံးဖြတ်လိုက်ခြင်း မဟုတ်သည်ကို ဥာဏ်ပညာရှေ့သွားဖြင့်  ဆင်ခြင်နိုင်ကြလိမ့်မည်ဟု ယူဆမိပါသည်။ 

ရာဇ၀တ်ပြစ်မှုများတွင် တရားခံပြစ်မှုထင်ရှားကျူးလွန်ကြောင်းကို တရားလိုဘက်မှ သက်သေထူရန် တာဝန်ရှိသည်။ 
 တရားခံအားပြစ်မှုထင်ရှားစီရင်နိုင်သည့်အထောက်အထား၊သက်သေခံချက်များ ကွင်းဆက်မပြတ်၊လုံလောက်ထင်ရှားအောင် တရားလိုဘက်ကတင်ပြရသည်။ တရားလို၏“ဟာကွက်”များကို တရားခံ၏“ပျော့ကွက်”များဖြင့် ဖြည့်စွက်၍သုံးသပ်ခြင်းမပြုရ။ တရားခံပြစ်မှုကျူးလွန်ခဲ့သည်ဆိုခြင်းကို သံသယကင်းရှင်းသည်အထိသက်သေထူရန် တရားလို(ဘက်)တွင်တာဝန်ရှိသည်။
ဤသည်မှာ လက်ရှိမြန်မာနိုင်ငံတရားစီရင်ရေးစနစ်က လက်ခံကျင့်သုံးနေသောမူဖြစ်ပါသည်။

အမှုစစ်ရဲအရာရှိသည် သက်သေများကိုရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၁ အရစစ်ဆေးသည့်အခါ ထွက်ချက်များကို ရေးမှတ်ယူရသည်။ထိုရေးသားချက်တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ သက်သေခံချက်အဖြစ်အသုံးမပြုရဟု ပုဒ်မ-၁၆၂(၁) တွင်ပြဌာန်းထားသည်။

သက်သေသည်တရားရုံးတွင် ရဲထံအစစ်ခံချက်(ရဲစက္ကူ)နှင့်ကွဲလွဲထွက်ဆိုလျှင် ၎င်းအား သက်သေခံဥပဒေပုဒ်မ-၁၄၅၊ ၁၅၅တို့အရ ရဲစက္ကူနှင့်တိုက်ဆိုင်မေးမြန်းနိုင်သည်။ 
ရဲစက္ကူနှင့်တိုက်ဆိုင်စစ်မေးသည့်အခါ အမှုစစ်ရဲအရာရှိက၎င်းအားစစ်မေးခဲ့ခြင်းမရှိကြောင်း ငြင်းဆိုသည့် တရားလိုပြ သက်သေများစွာရှိသည်။ရဲအရာရှိကစစ်ဆေးခဲ့ပါလျက် စစ်ဆေးခဲ့ခြင်းမရှိဟုငြင်းဆိုသောသက်သေလည်းရှိသည်။
ရဲအရာရှိက အမှန်တကယ်မစစ်ဆေးဘဲ သက်သေ၏ကိုယ်ရေးအချက်အလက်များကိုမေးမြန်းမှတ်သား၍ရဲထံအစစ်ခံချက်(ရဲစက္ကူ)အဖြစ် ဖန်တီးပြုလုပ်ထားသည်မျိုးလည်း ရှိသည်။
 မည်သို့ဆိုစေကာမူ တရားရုံးရှေ့တွင် သက်သေက ရဲထံ၌ထိုသို့အစစ်ခံခဲ့ပါသည်၊ ရဲထံထွက်ဆိုချက်ကမှန်ပါသည်ဟု ထွက်ဆိုမှသာလျှင် ရဲစက္ကူကို သက်သေခံချက်အဖြစ် ထည့်သွင်းစဉ်းစားနိုင်ပါသည်။ 

တရားရုံးရှေ့ထွက်ဆိုချက်နှင့်ရဲရှေ့အစစ်ခံချက်(ရဲစက္ကူ)ကွဲလွဲသည့်အခါတိုင်း-  ဥပဒေအရာရှိက၎င်း၏သက်သေကို မယုံကြည်ထိုက်သောဆန့်ကျင်သက်သေ(Hostile Witness)အဖြစ် ကြေညာခွင့်ပြုရန် တရားရုံးသို့ လျှောက်ထားခြင်း မပြုပါ။ ဥပဒေအရာရှိက လျှောက်ထားသည့်အခါတိုင်းလည်း တရားရုံးများကအခါခပ်သိမ်း ခွင့်ပြုလိုက်လျောလေ့ရှိသည် မဟုတ်ပါ။ 
 အဘယ်ကြောင့်ဆိုသော် သက်သေတစ်ဦးအား 
မယုံကြည်ထိုက်သောသက်သေအဖြစ် ကြေညာလိုက်ခြင်းသည်၎င်း ၏ထွက်ဆိုချက်ဟူသမျှကို မှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ၊မည်သည့်ဘက်ကမှအသုံးမပြုနိုင်တော့သောကြောင့်ဖြစ်ပါသည်။ 

ပညာရှင်တို့က “မယုံကြည်ထိုက်သောသက်သေအဖြစ်ကြေညာခြင်း”ကို (poisoning the well) “ရေတွင်းထဲအဆိပ်ခပ်ခြင်း” ဟုပင်ဆိုကြပါသည်။ ထို့ကြောင့် ရေတွင်းအဆိပ်ခပ်သည့်ပြုလုပ်မှုမျိုး၊ တစ်နည်းအားဖြင့် “မစားရတဲ့အမဲ သဲနှင့်ပက်”သည့်ပြု လုပ်မှုမျိုးကို ဖြစ်နိုင်လျှင် မည်သည့်တရားသူကြီးကမျှ ခွင့်ပြုလိုက်လျောချင်လိမ့်မည် မဟုတ်ပါ။

မောင်ဦးမြင့်နှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်အမှု (၁၉၅၈၊မတစ၊၅၁၃၊လွှတ်တော်)တွင်  “ရဲထံတွင် အစစ်ခံချက်နှင့် တရားရုံးတွင်အစစ်ခံချက်များကွဲလွဲနေသဖြင့် ပြန်လှန်မေးခွန်းများမေးမြန်းရန်အတွက် ၎င်းအား ဆန့်ကျင်သက်သေ (Hostile Witness)အဖြစ် သတ်မှတ်ပေးရန်မလိုကြောင်း” စီရင်ထုံးဖွဲ့ချက်တစ်ရပ် အငြင်းပွားဖွယ်ရာရှိခဲ့စေကာမူ  ဒေါ်ညွန့်စိန်နှင့်ပြည် ထောင်စုမြန်မာနိုင်ငံတော်အမှု(၂၀၀၄ ၊မတစ၊၁)တွင်အောက်ပါအတိုင်း ဆုံးဖြတ်ကြောင်းတွေ့ရပါသည်။ 
 “ယုံကြည်ထိုက်၊မယုံကြည်ထိုက်ကို သက်သေခံအက်ဥပဒေပုဒ်မ-၁၄၅၊၁၄၆၊၁၅၄၊၁၅၅ တို့နှင့်အညီ သက်သေကို မယုံ ထိုက်သူဖြစ်ကြောင်းစွပ်စွဲမေးမြန်း၍ တရားရုံး၏ခွင့်ပြုချက်အရ  ထိုသက်သေကို မယုံကြည်ထိုက်သော ဆန့်ကျင်သက်သေဖြစ် ကြောင်း ကြေညာရန်လိုသည်” ဟုဆုံးဖြတ်ပါသည်။

အဆိုပါအမှုတွင် ရှေ့နေချုပ်ရုံးလက်ထောက်ညွှန်ကြားရေးမှူးက“ရှာဖွေသက်သေဇော်မင်းနိုင်နှင့်မြင့်ဇော်တို့မှာမူလရုံး တွင် မယုံကြည်ထိုက်သောသက်သေများအဖြစ်ကြေညာထားခြင်းခံရကြောင်း” ထည့်သွင်းလျှောက်လဲခဲ့ရာ တရားရုံးချုပ်တရား သူကြီးဦးခင်မြင့်က“မူလရုံး အမှုလိုက်ဥပဒေအရာရှိနှင့်တရားသူကြီးတို့က တရားလိုပြသက်သေဦးဇော်မင်းနိုင်နှင့် ဦးဇော်မြင့်တို့ အား ဆန့်ကျင်သက်သေအဖြစ်ကြေညာကြောင်းဆောင်ရွက်ထားသည်ကိုမတွေ့ရ၍ ၎င်းသက်သေနှစ်ဦးအားဆန့်ကျင်သက်သေ ဟုသတ်မှတ်ခြင်းမပြုနိုင်ပေ။ ၎င်းသက်သေနှစ်ဦး၏ထွက်ချက်များကိုတရားခံများတင်ပြသောသက်သေများကထောက်ခံထွက်ဆို ထားကြသည်ဖြစ်၍ ၎င်းတို့၏ထွက်ဆိုချက်ကို လက်ခံမှသာ တရားမျှတမှုရှိပေမည်” ဟုသုံးသပ်ခဲ့သည်ကို တွေ့ရပါသည်။ 

မယုံကြည်ထိုက်သောသက်သေအဖြစ်ကြေညာခြင်းမခံရသောသူသည် သာမာန်သက်သေတစ်ဦးမျှသာဖြစ်ကြောင်း၊ သိုဖြစ်ရာ ၎င်း၏ထွက်ဆိုချက်တစ်ခုလုံးကို မျက်စိမှိတ်၍လက်ခံရန်မဟုတ်ဘဲ အခြားသောထောက်ခံသည့်အထောက်အထား၊ ထွက်ဆိုချက်များနှင့် ချိန်ဆစိစစ်ရဦးမည်ဖြစ်ကြောင်း ဤစီရင်ထုံးက ညွှန်ပြပါသည်။

“သက်သေများ၏ ထွက်ချက်တွင် ကွဲလွဲချက်များ၊ ပုံကြီးချဲ့ခြင်းများ ရှိသည့်တိုင်အောင်တရားရုံး၏တာဝန်မှာ အမှားနှင့် အမှန်ကို ခွဲခြမ်းစိတ်ဖြာရန်ဖြစ်ပြီး ပုံကြီးချဲ့သည်၊အမှန်ကိုအမှားနှင့်ရောပြွမ်းသည်ဟု အကြောင်းပြကာ ပယ်ချရန်မဟုတ်ချေ”

“အသေးစိတ်အချက်အလက်များတွင် ကွဲလွဲမှုရှိခြင်း၊ ကျန်ရစ်ခြင်း၊ ဟာခြင်းကြောင့် သင်္ကာမကင်းမဖြစ်သင့်။  
ယင်းသို့ ကွဲလွဲမှုရှိခြင်းသည် သက်သေခံအထောက်အထားကိုအားပျော့စေမည့်အစား ပို၍ပင်ခိုင်မာစေသည်”

“အမှုအားလုံးတွင် သက်သေတစ်ဦးစီကို ၎င်း၏ ထွက်ချက်ပါ ကောင်းကျိုးဆိုးပြစ်များအရ  အမှုတွင် လက်ခံထားသော အခြားအထောက်အထားများနှင့်ချိန်ထိုးကြည့်ရမည်။ မှောင်ခိုသမားတစ်ဦးသည် မမှန်မကန်ပြောဆိုသူဟုမယူဆနိုင်သည့်နည်း တူ မှောင်ခိုသမားမဟုတ်သူသည်လည်း အမှန်အကန်ပြောဆိုသူဟု မဆိုနိုင်ပေ။ သက်သေခံချက်ကိုစိစစ်ရာ၌ ဆန်မှဆန်ကွဲကို ရွေးချယ် ခွဲခြားသကဲ့သို့ အမှန်ဖြစ်တန်ရာသောစကားနှင့်မမှန်ဖြစ်တန်ရာသောစကားတို့ကိုခွဲခြားကာ မမှန်ရာကိုပယ်၍ မှန်ရာကို ယူနိုင်သည်။အားလုံးကို ယူလိုယူ၊ မယူလိုက အားလုံးကို ပယ်ရမည် မဟုတ်ချေ။ အမှား အမှန်ကို ခွဲခြား၍ ချိန်ဆရခြင်းသည်ပင် လျှင် တရားရုံး၏အဓိကတာဝန်တစ်ရပ်ဖြစ်သည်။

ယင်းသို့ခွဲခြားရာတွင် ပုံသေနည်းမျိုးမရှိ၊ အမှုသွားအမှုလာကိုလိုက်၍ အမှန်ကို ရှာဖွေရမည်သာ ဖြစ်သည်။ အမှန်ကိုလက်ခံပြီး အကျန်ကိုပယ်ရမည်။၎င်း၏ထွက်ချက်ကိုအမှုတွင်ပေါ်ပေါက်သော အကြောင်း ခြင်းရာများနှင့် စပ်ဟပ်သုံးသပ်ရမည်”

အမြွက်မျှဖြစ်ပါသည်။ သက်သေတစ်ဦး၏ထွက်ဆိုချက် ယုံထိုက်၊မယုံထိုက် ချိန်ဆစိစစ်ဖို့ရာ သက်သေခံဥပဒေသည် ပေတံတစ်ချောင်းဖြစ်ပါသည်။ မည်သို့ဆင်ခြင်အပ်သည်၊ဝေဖန်သုံးသပ်အပ်သည်ကိုစီရင်ထုံးများက ညွှန်ပြလေ့ရှိပါသည်။

“ဆန်မရှိပဲကျားပြုပ်၊ ဥာဏ်မရှိ ရဲသားလုပ်” ၀တ္ထုလေးကို ဟိုတုန်းကဖတ်ဖူးခဲ့ပြီး မြောက်တောက်တောက် ရဲအရာရှိများကိုမြင်လျှင် သတိရတတ်ပါသည်။သို့သော် “ရဲတပ်ဖွဲ့ဝင်မှာလည်း ဘယ်အဆင့်အတန်းမဆို သူ့ဂုဏ်သိက္ခာနဲ့သူရှိတယ်” ဟုပြောခဲ့သောရဲအရာရှိ၏နာကျင်ခံစားမှုက “ဘယ်အခြေအနေမျိုးမဆို လူကိုလူလိုတန်ဖိုးထားဆက်ဆံဖို့” သတိပေးလိုက်ပါသည်။ 

ကျွန်တော်သည် မကြာသေးခင်နှစ်ကာလများမှစ၍ယမ်းယိုင်ပြိုလဲ၊အကွဲကွဲအပြဲပြဲ ဖြစ်နေပါသည်ဟု စွပ်စွဲပြောဆိုခြင်း၊ ပြစ်တင်ရှုတ်ချခြင်း (Impeach မဟုတ်ပါ)တို့ကို အလူးလူးအလဲလဲခံခဲ့ရသည့် တရားရုံးများ၏လောကဓံနှင့် ထီးချက်စောင့်နတ် သမီး၏ကံကြမ္မာကို စောကြောမိပါသည်။ 

လူဆိုသည်မှာမိမိကသာပဲ အမှန်တရားကိုမြတ်နိုးသည်ဟု စိတ်ကြီးဝင်တတ်ပါသည်။ မိမိ၏အလိုဆန္ဒနှင့်ကိုက်ညီလျှင် အမှန်ဟုထင်မြင်လျက် မိမိ၏အလိုဆန္ဒနှင့်မကိုက်ညီလျှင် ငြူစူမျက်ဝင်၊အပြစ်မြင်ချင်တတ်ပါသည်။အလွန်အမင်း ချီးကျူးခြင်း နှင့်အလွန်အမင်းကဲ့ရဲ့ခြင်းတို့မှာ လောကဓံဖြစ်ပါသည်။ ကဲ့ရဲ့ပြစ်တင်ခြင်းသည် နာကျင်မှုကို သယ်ဆောင်လာတတ်ပါသည်။

တရားရုံးများ၌ အားနည်းချက်များစွာ၊ပြုပြင်ရန် ဖြည့်ဆည်းရန်၊ဖာထေးရန် ချို့ယွင်းချက်များစွာ ရှိသည်ကိုမည်သူကမျှ အငြင်းမပွားနိုင်ဟုထင်ပါသည်။

ရထားခုတ်ပုံမကောင်းမွန်လျှင် မည်သို့သောသံလမ်းပေါ်၌မည်သို့သောရထားကို မည်သို့သော အရည်အချင်းရှိသည့်စက်ခေါင်းဆရာကမောင်းနှင်နေခြင်းဖြစ်သည်ကို ဝေဖန်စိစစ်ရန်ဖြစ်ပါသည်။ ပြုပြင်ရန်ခဲယဉ်းသည့်အချို့ သောကိစ္စများမှာ ထီးချက်စောင့်နတ်သမီး၏ကံကြမ္မာဖြစ်ပါသည်။ နိုင်ငံ၏ကံကြမ္မာလည်း ဖြစ်နိုင်ပါသည်။    ။

pyaylwinmyint@gmail.com 



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...