Tuesday, February 19, 2019

ရဲတရားရုံးသည် အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊မရှိ


ထုတ်ပြန်ကြေညာခြင်းမပြုစေကာမူ ရဲတရားရုံးက ပြစ်မှုထင်ရှားစီရင်ခဲ့သည့်အမှု များစွာရှိပါလိမ့်မည်။ရဲတရားရုံးဖြင့် စစ်ဆေး၍ ပြစ်မှုထင်ရှားစီရင်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်မှု ရှိမရှိ ဆွေးနွေးတင်ပြလိုပါသည်။ 

“ ပြည်သူ့ရဲတပ်ဖွဲ့ (နောင်အခါ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့) စည်းကမ်းထိန်းသိမ်းရေးဥပဒေ” ဟူ၍  နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ၁၉၉၅ ခုနှစ်၊ဧပြီလ ၂၆ ရက်နေ့တွင် ပြဌာန်းခဲ့သဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ မတည်ရှိမီက ဥပဒေ ဖြစ်ပါသည်။ ရဲတရားရုံးဆိုသည်မှာ ယင်းဥပဒေပုဒ်မ-၃၀၊၃၁ တို့အရ ရဲချုပ်က ပြန်တမ်းဝင်(ရဲ)အရာရှိ-၃ ဦးဖြင့် ဖွဲ့စည်းသည့် တရားရုံးအမျိုးအစားတစ်ခု ဖြစ်ပါသည်။ 

ယင်းဥပဒေအခန်း(၆)တွင်  ရဲတရားရုံးသည် အရာခံ၊အကြပ်၊တပ်သားတစ်ဦးအား အကျဉ်းနည်းဖြင့်စစ်ဆေးခွင့်ရှိပြီး ၀န်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ရာထူးမှရပ်စဲခြင်း၊စသည့်ဝန်ထမ်းဆိုင်ရာပြစ်ဒဏ်များနှင့် ရဲအချုပ်၌်-၃ လထိ ထောင်ဒဏ်ချ မှတ်နိုင်သည့်အခွင့်အာဏာကို ရဲချုပ်၊ပြည်နယ်တိုင်းရဲတပ်ဖွဲ့မှူးတို့အား အပ်နှင်းထားကြောင်း တွေ့ရပါသည်။ 

ထို့ပြင်၊ရဲတပ်ဖွဲ့ဝင်များအား ရဲတရားရုံးဖြင့်စစ်ဆေး၍ပုဒ်မ-၃၃ အရ၊ ၀န်ထမ်းဆိုင်ရာပြစ်ဒဏ်နှင့် ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ကို ချမှတ်နိုင်သည့်အခွင့်အာဏာရှိပါသည်။ ရဲချုပ်သည် ရဲတရားရုံး၏ဆုံးဖြတ်ချက်နှင့်ပြစ်ဒဏ်ကိုအတည်ပြုခြင်း၊ လျှော့ခြင်း၊လွတ်ငြိမ်းသက်သာခွင့်ပေးခြင်း၊ ပြုနိုင်ပြီး  ရဲတရားရုံး၏ဆုံးဖြတ်ချက်ကို  နစ်နာသည်ဟု ယူဆသူ(ရဲတပ်ဖွဲ့ဝင်)၏   အသနားခံစာရရှိပါက ပြည်ထဲရေးဝန်ကြီးသည်လည်း ပြစ်ဒဏ်ကို လျှော့ခြင်း၊ပြောင်းလဲခြင်း၊ လွတ်ငြိမ်း သက်သာခွင့်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊ စသည့်အခွင့်အာဏာများကို ယင်းဥပဒေပုဒ်မ-၅၆ အရ ကျင့်သုံးဆောင်ရွက်ခွင့်ရှိပါသည်။

ယင်းဥပဒေအရ ၀န်ကြီး၏ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြောင်းလဲရန်၊အယူခံရန် မည်သည့်တရားရုံးကိုမျှ အခွင့်အာဏာ အပ်နှင်းသည်ကို မတွေ့ရသဖြင့် ၀န်ကြီး၏ဆုံးဖြတ်ချက်သည် “အပြီးအပြတ်အတည်”(Coclusive Proof)ဖြစ်ပါသည်။

“ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့်”ဆိုသည်မှာ အခြေခံဥပဒေပုဒ်မ-၂၀၄(က)အရ နိုင်ငံတော်သမ္မတအား အပ်နှင်း အခွင့်အာဏာနှင့် အလားသဏ္ဍာန်တူပါသည်။

၂၀၁၈ ခုနှစ်တွင် ရဲတရားရုံးက ဒုရဲမှူးတစ်ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်း၊ ကျောက်ဆည်မြို့နယ်၌ သစ်ခိုးသယ်သူတို့ ကိုဖမ်းဆီးရမိပြီးမှပြန်လွှတ်ပေးခဲ့မှုတွင် နယ်ထိန်းအရာရှိနှင့်ရဲစခန်းမှူးတို့အား ထောင်ဒဏ်ချမှတ်ခဲ့ခြင်းတို့ကို  သတင်းဖော်ပြ ချက်များအရ သိရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တရားစီရင်ရေးအာဏာအပ်နှင်းခံရသည့်တရားရုံးများက ကျင့်သုံး နိုင်သည့်အခွင့်အာဏာကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ရဲတရားရုံးများကလည်းကျင့်သုံးလျက်ရှိသည်ဟုဆိုရပါမည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၉၃ တွင် နိုင်ငံတော်၏တရားစီရင်ရေးဆိုင်ရာရုံးများကို ဤသို့ဖွဲ့စည်းထားပါသည်။
(က)ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ပြည်နယ်/တိုင်းဒေသကြီးတရားလွှတ်တော်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးများ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ခရိုင်တရားရုံးများ၊မြို့နယ်တရားရုံးများနှင့် ဥပဒေအရတည်ထောင်သော အခြားတရားရုံးများ၊
(ခ) စစ်ဘက်ဆိုင်ရာတရားရုံးများ၊
(ဂ)နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊
ယင်းတရားရုံးအမျိုးအစား သုံးမျိုးကိုသာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေက အသိအမှတ်ပြုပြီး အခြားမည်သည့်တရားရုံး အမျိုးအစားကိုမျှ အသိအမှတ်ပြုထားကြောင်း မတွေ့ရပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၉၄ တွင်၊ (စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံ ရုံး၏စီရင်ပိုင်ခွင့်အာဏာများကိုမထိခိုက်စေဘဲ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏အမြင့်ဆုံးတရားရုံးဖြစ် ကြောင်း၊အတိအလင်းပြဌာန်းပါသည်။

အခြေခံဥပဒေပုဒ်မ၁၈(က)တွင် နိုင်ငံတော်၏တရားစီရင်ရေးအာဏာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတရားရုံးများအပါအ၀င် အဆင့်ဆင့်သောတရားရုံး များကိုသာ ခွဲဝေအပ်နှင်းကြောင်း ဖော်ပြထားပြီး (အခြား)မည်သည့်ဌာန အဖွဲ့အစည်းကိုမျှ ခွဲဝေအပ်နှင်းကြောင်း မတွေ့ရပါ။ 

အခြေခံဥပဒေပုဒ်မ-၂၉၃(က)တွင် “ဥပဒေအရတည်ထောင်သောအခြားတရားရုံးများ” ဟူသည့် စကားရပ် ပါရှိနေရာ 
ယင်းစကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းမပြုသဖြင့် ရဲတရားရုံးသည်ကလေးသူငယ်တရားရုံး၊ စည်ပင်သာယာတရားရုံး၊စသည် တို့ကဲ့သို့ “အခြားတရားရုံးများ”ဟူသည့်စကားရပ်တွင် အကြုံးဝင်ခြင်းရှိမရှိ ဆင်ခြင်ရန်ရှိပါသည်။

အခြေခံဥပဒေပုဒ်မ၂၉၅(ဃ)အရ  ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်နယ်/တိုင်းဒေသကြီး၊ တရားလွှတ် တော်များ၏စီရင်ချက်များကို ဆုံးဖြတ်နိုင်သောအယူခံမှုကို စီရင်ပိုင်ခွင့်ရှိပါသည်။ ထို့ပြင် “အခြားတရားရုံးများက ချမှတ်သော စီရင်ချက်များကိုလည်း ဥပဒေနှင့်အညီစီရင်ဆုံးဖြတ်နိုင်သည့် အယူခံမှုစီရင်ပိုင်ခွင့်အာဏာရှိသည်”ဟုပြဌာန်းထားပါသည်။
ရဲတရားရုံးအပါအ၀င်၊ရဲချုပ်၊ပြည်ထဲရေးဝန်ကြီးတို့၏ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံ ၀င်ခွင့်မရှိ၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အယူခံမှုအဖြစ် ကြားနာ၊စီရင်၊ဆုံးဖြတ်ခွင့်မရှိသဖြင့် ဤအချက်အရပင်လျှင် “အခြားတရားရုံးများ” ဟူသည့်စကားရပ်တွင် “ရဲတရားရုံးများ” သည် အကြုံးမ၀င်ဟု ဆိုရပါမည်။

“အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့်အယူခံပိုင်ခွင့်ရရှိရေး”သည် အခြေခံဥပဒေ၏အခြေခံမူတစ်ရပ်ဖြစ်စေကာမူ ရဲတရားရုံးများ၏ဆုံးဖြတ်ချက်ကို အယူခံပိုင်ခွင့်မရှိသဖြင့် တစ်သီးတစ်ခြားဖြစ်နေသည်။သို့ဖြစ်ရာ အခြေခံဥပဒေအရ ဖွဲ့စည်း သည့်တရားရုံး(၃)မျိုးတွင် ရဲတရားရုံးအကြုံးဝင်ခြင်းမရှိ၊အခြေခံဥပဒေကအသိအမှတ်ပြုခဲ့ခြင်းမရှိဟုကောက်ယူရန်ရှိပါသည်။

 ထို့ပြင်၊အခြေခံဥပဒေပုဒ်မ-၂၁(ခ)တွင်“တရားရုံး၏ခွင့်ပြုချက်မရရှိက နိုင်ငံသားတစ်ဦးကို-၂၄ နာရီထက်ကျော်လွန်၍ ချုပ်နှောင်ထားခွင့်မရှိစေရ”ဟု အတိအလင်းပြဌာန်းပါသည်။
 ပုဒ်မ-၃၇၆ တွင်လည်း အလားတူ ပြဌာန်းပါသည်။

သို့သော်၊ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၀ တွင် “ဖမ်းဆီးထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ရဲတပ်ရင်းမှူး၊သို့ မဟုတ်-ခရိုင်ရဲတပ်ဖွဲ့မှူးက ၂၄နာရီထက်ကျော်လွန်ပြီး ၇ ရက်အထိချုပ်နှောင်ခွင့်ရှိကြောင်း၊ပြည်နယ်/တိုင်းရဲတပ်ဖွဲ့မှူးကမူ -၇ ရက်ထက်ကျော်လွန်ပြီး-၃၀ ရက်အထိချုပ်နှောင်ထားခွင့်ရှိကြောင်း၊ပြဌာန်းခဲ့ပါသည်။ ယင်းမှာအခြေခံဥပဒေ၏“စံ”နှင့်ဆန့်ကျင် နေခြင်း ရှိမရှိ၊“နိုင်ငံသားတစ်ဦး၏မူလအခွင့်အရေး”ကိုထိပါးခြင်းရှိမရှိ၊ စဉ်းစားဖွယ်ရာ ဖြစ်ပါသည်။

၂၀၁၁ခုနှစ်က ပြည်ထဲရေးဝန်ကြီးဌာနသည် မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး (၂၇)ဦးကို ပထမတန်းရာဇ၀တ်တရားစီရင်ရေး အာဏာအပ်နှင်းရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အကြောင်းကြားစာပို့ခဲ့ပါသည်။ပြည်ထောင်စုတရားလွှတ်တော်ချုပ် သည်  ထိုကိစ္စကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ အဆုံးအဖြတ်ခံယူရန်  တင်သွင်းလွှာအမှတ်-၁/၂၀၁၁ ဖြင့် တင်ပြခဲ့ပါသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက နှစ်ဖက်ကြားနာပြီးနောက် “နိုင်ငံတော်အခြေခံမူများအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊တရားစီရင်ရေးအာဏာများကို ပိုင်းခြားသုံးစွဲရမည်ဖြစ်ကြောင်း” သုံးသပ်ပြီး  “ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူးများအား အုပ်ချုပ်ရေးအာဏာအပြင် တရားစီရင်ရေးအာဏာကိုပါအပ်နှင်းမည်ဆိုပါက
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ဖွဲ့စည်းပုံအခြေ ခံဥပဒေနှင့် ညီညွတ်မှုရှိမည်မဟုတ်ကြောင်း” ဆုံးဖြတ်ပေးခဲ့သည်ကို တွေ့ရပါသည်။

အခြေခံဥပဒေတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ပြည်ထဲရေးဝန်ကြီးတို့ကို တရားစီရင်မှုအာဏာ အပ်နှင်းခဲ့ခြင်းမရှိပါ။ သို့သော် မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေက ရဲတရားရုံးများအား တရားစီရင်မှုအခွင့်အာဏာ အပ်နှင်းသည့်သဘော တွေ့ရပါသည်။ရဲတရားရုံးများနှင့်ယင်းတို့ကကျင့်သုံးလျက်ရှိသည့်အခွင့်အာဏာသည် အခြေခံဥပဒေပုဒ်မ၁၈(က)အရ ပြည် ထောင်စုတရားလွှတ်တော်ချုပ်နှင့်အဆင့်ဆင့်သောတရားရုံးများသို့သာအပ်နှင်းသည့် “တရားစီရင်ရေးအာဏာ”ကို ကျင့်သုံး ရာ ရောက်မရောက်၊ပြန်လည်စိစစ်သင့်ပါသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံအတွင်းရှိဥပဒေအားလုံး၏အခြေခံဖြစ်ရာ မည်သည့်ဥပဒေမျှဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ဆန့်ကျင်၍လည်းကောင်း၊ကွဲလွဲ၍လည်းကောင်း၊တစ်သီးတစ်ခြားရပ်တည်ရန် မဖြစ်နိုင်သည်မှာ ယုံမှားဖွယ်မရှိပါ။ 

မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေတည်ရှိစေလိုပါက အခြေခံဥပဒေကို ပြင်ဆင်ရန်ရှိမည်ဖြစ်ပါသည်။
ယင်းကိစ္စအလို့ငှာ အခြေခံဥပဒေကိုပြင်ဆင်ရန်မလိုအပ်ပါက ရဲတရားရုံးဖွဲ့စည်း၍ ပြစ်မှုထင်ရှားစီရင်နိုင်သည့် 
ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်ရန်ရှိမည်ဖြစ်ပါသည်။

ဥပဒေပြုလွှတ်တော်များနှင့်ဥပဒေပညာရှင်တို့သည် ပိုမိုကောင်းမွန် အောင် ကြံဆလျက် တစ်နည်းနည်း စီမံဆောင်ရွက်သင့်ပါကြောင်း လေးလေးစားစား အကြံပြု တိုက်တွန်းလိုက်ပါသည်။

ပြေလွင်မြင့်

7 day daily news
12 feb 2019



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...