Sunday, February 7, 2016

စွန့်လွှတ်ခြင်း အထမြောက်မမြောက် နှင့်စပ်လျဉ်း၍ 


စွန့်လွှတ်ခြင်း အထမြောက်မမြောက် နှင့်စပ်လျဉ်း၍ 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဦးထွန်းမျိုး​ဌေး


စွန့်လွှတ်ခြင်း၏သဘောသဘာဝ
xxxxxxxxxxxxxxxxxxxxxxxxxxxx

ရပိုင်ခွင့်ကိုစွန့်လွှတ်ခြင်းသည် ပစ္စည်းလွှဲပြောင်းပေးခြင်းနှင့်သဘောချင်းမတူချေ။ ပစ္စည်းတွင်အကျိုး သက်ဆိုင်ခွင့်ကို စွန့်လွှတ်ကြသူတို့သည် သူတို့၏ရပိုင်ခွင့်များ လက်လွတ်ဆုံးရှုံးသွားသည် မှန်သော်လည်း အကျိုးခံစားခွင့်ရစေရန် ရည်စူးသောသူအား ပစ္စည်းကို လွှဲပြောင်းပေးရာမရောက်ချေ ။ ဦးယုကြည် နှင့် ဦးအောင်ခင်ဦးပါ- ၄ ( ၁၉၈၄၊ မတစ ၊ စာ - ၃၀၈ )တွင်ကြည့်ပါ။
စွန့်လွှတ်ခြင်းသည် စွန့်လွှတ်သည့် ပစ္စည်းအတွက် စွန့်လွှတ်သူက အခွင့်အရေး တစ်စုံတစ်ရာမရှိ၊ အခွင့်အရေးကို ကုန်ဆုံးပြတ်စဲစေခြင်းဖြင့် အကျိုးသက်ရောက်သည်။ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ-၅ တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည့် ပစ္စည်းလွှဲပြောင်းခြင်း၌ စွန့်လွှတ်ခြင်းအကျုံးမ၀င်ပေ။ စွန့်လွှတ်ခြင်း သည် မိမိ၏ အကျိုးခံစားခွင့်ကို လက်လွှတ်လိုက်သည့်သဘောထက် ပိုမိုခြင်းမရှိသဖြင့် တစ်ဦးဦးစီသို့ လွှဲပြောင်းသည့်သဘောသက်ရောက်ခြင်းမရှိချေ။
ဒေါ်ထားပါ ၂ နှင့် ဒေါ်ထားစိန်ပါ ၃ (၂၀၀၁၊ မတစ၊ စာ - ၂၄၄)အမှုတွင်ကြည့်ပါ။
မိမိတစ်ဦးတည်းပိုင်ဆိုင်သောပစ္စည်းကို အခြားသူတစ်ဦးအား စွန့်လွှတ်ခြင်းမပြုနိုင်ပါ။ လွှဲပြောင်း ခြင်းသာပြုလုပ်နိုင်ပါသည်။ စွန့်လွှတ်ခြင်းပြုနိုင်ရန် ပစ္စည်းကိုဖြစ်စေ၊ အကျိုးခံစားခွင့်ကိုဖြစ်စေ နှစ်ဦး သို့ မဟုတ် နှစ်ဦးထက်ပိုသောသူများက ပူးတွဲပိုင်ဆိုင်မှုရှိရမည်ဖြစ်ပါသည်။
+++++++++

စွန့်လွှတ်ခြင်းသည် ၀န်ခံချက်သာ ဖြစ်ခြင်း။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နာရက်လာ(လ်) နှင့် သာသူလာ(လ်) (အေအိုင်အာရ်၊ ၁၉၁၅ ၊ ကာလကတ္တား ၊ စာ - ၈၁၉) တွင် အောက်ပါအတိုင်းပြဆိုသည်။
“ A release deed does not operate as conveyance : it is at the most an admission by the party executing the release that he has no interest in the property.”
သို့ဖြစ်ရာ စွန့်လွှတ်ခြင်းဆိုသည်မှာ ပစ္စည်းတွင်ရှိသော အကျိုးခံစားခွင့် မရှိတော့ကြောင်း ၀န်ခံခြင်း ဖြစ်ပါသည်။ သက်သေခံအက်ဥပဒေပုဒ်မ - ၂၁ အရ ၀န်ခံချက်ကို ယင်းသို့ဝန်ခံသူအပေါ် သက်သေ ထင်ရှားတင်ပြနိုင်သည်။
ထို့ပြင် သက်သေခံဥပဒေအက်ဥပဒေပုဒ်မ - ၁၇ အရ ၀န်ခံချက်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာတမ်းအမှတ် အသားဖြင့်ဖြစ်စေ ပြုလုပ်နိုင်ပေသည်။
+++++++++++

စွန့်လွှတ်ခြင်းကို နှုတ်ဖြင့် ပြုလုပ်နိုင်ခြင်း။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

စွန့်လွှတ်ခြင်းသည် ၀န်ခံချက်ဖြစ်ရာ စွန့်လွှတ်ခြင်းကို နှုတ်ဖြင့် ပြုလုပ်နိုင်ပေသည် ။
ဆရာမှန် နှင့် ဆရာလှ အခြားသူများ ( အေအိုင်အာရ် ၊ ၁၉၃၅၊ ရန်ကုန် ၊ ၄၄၈) တွင်
နှုတ်ဖြင့် စွန့်လွှတ်ခြင်းသည် ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေအရ ခိုင်လုံသော လွှဲပြောင်းမှုဖြစ်သည်ဟု ထုံးဖွဲ့ ထားကြောင်း ညွှန်ပြ၍
ဒေါ်ထားပါ ၂ နှင့် ဒေါ်ထားစိန်ပါ ၃ (၂၀၀၁၊ မတစ၊ စာ - ၂၄၄) အမှုတွင် -
“ဥပဒေအရ စာဖြင့် ရေးသားပြီးနောက် လွှဲပြောင်းနိုင်သည့် ကိစ္စများတွင် စွန့်လွှတ်ခြင်း မပါသည့် အတွက် စွန့်လွှတ်ခြင်းကို နှုတ်ဖြင့် ပြုလုပ်နိုင်ကြောင်းထင်ရှားသည်။” ဟု ပြဆိုသည်။
++++++++++

မရွှေ့မပြောင်းနိုင်သောပစ္စည်း စွန့်လွှတ်ခြင်းကို စာဖြင့်ရေးသားထားလျှင် မှတ်ပုံတင်ရန်လိုအပ်ခြင်း။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆရာမှန် နှင့် ဆရာလှ အခြားသူများ ( အေအိုင်အာရ် ၊ ၁၉၃၅၊ ရန်ကုန် ၊ ၄၄၈(၄၄၉) တွင်
“စွန့်လွှတ်သည့်ကိစ္စကို စာချုပ်စာတမ်းဖြင့် ရေးမှတ်ထားရာတွင် ကျပ် တစ်ရာ နှင့် ကျပ် တစ်ရာ အထက်တန်ဖိုးရှိသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို စွန့်လွှတ်ခြင်းနှင့်စပ်လျဉ်း၍ မှတ်တမ်းတင်ထား သော စာချုပ်စာတမ်းကို စာချုပ်စာတမ်းများ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ - ၁၇(၁)(ခ) အရ မှတ်ပုံ တင်ရန်လိုသည်။” ဟု ညွှန်ပြသည်။
စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေပုဒ်မ ၁၇(၁)(ခ)/ ၄၉ အရ မရွှေ့မပြောင်းနိုင်သောပစ္စည်း နှင့် စပ်လျဉ်း၍ အကျိုးသက်ဆိုင်ခွင့်ကို စွန့်လွှတ်လိုလျှင် မှတ်ပုံတင်စာချုပ်ချုပ်ဆို စွန့်လွှတ်မှသာအထ မြောက်သည် ဟု ဒေါ်သိန်းမြင့် နှင့် ဒေါ်ခင်ကြည် ( ၁၉၈၁ ခုနှစ်၊ တရားမဒုတိယအယူခံမှုအမှတ် ၊ ၁၀၅) အမှုတွင် ဆုံးဖြတ်သည်။
ဒေါ်ညွှန့် နှင့် မအမြီနာ (၁၉၈၉ ၊ မတစ ၊ စာ - ၂၈ ) အမှုတွင် စွန့်လွှတ်စာချုပ်ကို စာချုပ်စာတမ်း နှင့် မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၁၇(၁)(ခ) အရ လိုအပ်သည့်အတိုင်း မှတ်ပုံတင်ထားခြင်းမရှိ၍အဆိုပါ ဥပဒေပုဒ်မ ၄၉ အရ စွန့်လွှတ်ခြင်းမှာ အထမမြောက်ချေဟု ထုံးဖွဲ့ညွှန်ပြသည်။
ယင်းမူသဘောကို ဒေါ်စော စိန် ပါ - ၈ နှင့် ဦးတိတ်မွန်ပါ - ၅ ( ၂၀၀၈၊ မတစ ၊ စာ - ၄၈ ) အမှုတွင် လိုက်နာသည်။
+++++++++++++++++++++

ကျပ် ၁၀၀ နှင့် ၁၀၀ အထက် တန်ဖိုးရှိသော မရွှေ့မပြောင်းနိုင်သော စွန့်လွှတ်ခြင်းနှင့် စပ်လျဉ်း၍ စာဖြင့် မဖြစ်မနေရေးသားရန်လိုအပ်သလား။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆရာမှန် နှင့် ဆရာလှ အခြားသူများ ( အေအိုင်အာရ် ၊ ၁၉၃၅၊ ရန်ကုန် ၊ ၄၄၈(၄၄၉)၊ ဒေါ်ညွှန့် နှင့် မအမြီနာ (၁၉၈၉ ၊ မတစ ၊ စာ - ၂၈ ) ၊ ဒေါ်စော စိန် ပါ - ၈ နှင့် ဦးတိတ်မွန်ပါ - ၅ ( ၂၀၀၈ ၊ မတစ ၊ စာ - ၄၈ ) စီရင်ထုံးများက စွန့်လွှတ်ခြင်းကို စာဖြင့်ရေးသားထားခြင်းကြောင့် မှတ်ပုံတင်ရန် လိုအပ် ကြောင်း ညွှန်ပြခြင်းဖြစ်သည်။
စာဖြင့်ရေးမထားသည့်အချက်တွင် မှတ်ပုံတင်ရန်လိုအပ်ပါမည်လား။
ဒေါ်သိန်းမြင့် နှင့် ဒေါ်ခင်ကြည် ( ၁၉၈၁ ခုနှစ်၊ တရားမဒုတိယအယူခံမှုအမှတ် ၊ ၁၀၅) တွင် မရွှေ့မပြောင်းနိုင်သောပစ္စည်း နှင့် စပ်လျဉ်း၍ အကျိုးသက်ဆိုင်ခွင့်ကို စွန့်လွှတ်လိုလျှင် မှတ်ပုံတင် စာချုပ်ချုပ်ဆို စွန့်လွှတ်မှသာ အထမြောက်သည်ဟု ညွှန်ပြသည်။
တစ်နည်းအားဖြင့် စာဖြင့်ရေးသား၍ မှတ်ပုံတင်ရန်လိုအပ်ကြောင်းညွှန်ပြခြင်းဖြစ်ပါသည်။
ဥပဒေအရ စာဖြင့်ရေးသားပြီးနောက် လွှဲပြောင်းနိုင်သည့်ကိစ္စများတွင် စွန့်လွှတ်ခြင်း မပါကြောင်း ၂၀၀၁ ခုနှစ်၊ မတစ၊ စာ- ၂၄၄ စီရင်ထုံးက ညွှန်ပြပါသည်။
ဥပဒေအရ စာဖြင့်ရေးသားရန်မလိုကြောင်း ညွှန်ပြခြင်း ဖြစ်သည်။
ဦးစံသောင်း နှင့် ဦးအေး ပါ ၂ (၁၉၈၆ ခုနှစ်၊ မတစ၊ စာ - ၁၀၀) အမှုတွင် “စီရင်ထုံး” နှင့် “စီရင်ချက်” ဆန့်ကျင်လျှင် “စီရင်ထုံး”ပါ ဥပဒေသကိုလိုက်နာရန်ဖြစ်ကြောင်း ထုံးဖွဲ့ထားပါသည်။
ထို့ကြောင့် ၂၀၀၁ ခုနှစ်၊ မတစ၊ စာ- ၂၄၄ စီရင်ထုံးပါ စွန့်လွှတ်ခြင်းကို စာဖြင့် ရေးသားရန် မလိုကြောင်း ဥပဒေသကို လိုက်နာရန်ဖြစ်ပါသည်။
၂၀၀၁ ခုနှစ် မတစ စာ ၂၄၄ စီရင်ထုံးတွင် စာဖြင့်ရေးသားပြီးနောက် လွှဲပြောင်းနိုင်သည့်ကိစ္စများကို စိစစ်ပြထားသည်။
အမှန်စင်စစ် ရပိုင်ခွင့်ကို စွန့်လွှတ်ခြင်းသည် ပစ္စည်းလွှဲပြောင်းခြင်း မဟုတ်ရာ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပါ ပြဌာန်းချက်များကို ထည့်သွင်းစဉ်းစားရန်ပင် အကြောင်းမရှိပါ။
မရွှေ့မပြောင်းနိုင်သော ပစ္စည်းမှ ရပိုင်ခွင့်အား စွန့်လွှတ်ခြင်းသည် ယင်းပစ္စည်းအား လွှဲပြောင်းပေးခြင်း မဟုတ်ပါ။ ယင်းပစ္စည်း တွင် အကျိုးခံစားခွင့် မရှိတော့ကြောင်း ၀န်ခံခြင်းမျှသာ ဖြစ်ပါသည်။
စွန့်လွှတ်ခြင်းသည် ဥပဒေအရ စာဖြင့်ရေးသားရန်လိုအပ်သည့် ကိစ္စမျိုးဖြစ်ကြောင်း အတိအလင်း ပြဌာန်းချက်မရှိသည့် အခြေအနေတွင် စွန့်လွှတ်ခြင်းကို နှုတ်ဖြင့် မလုပ်နိုင်ကြောင်း၊ စာဖြင့်ရေးသားရန် လိုအပ်ကြောင်း စောဒကတက်ရန် ခဲယဉ်းပါသည်။
ဝန်ခံချက်ကို နှုတ်ဖြင့် ပြုလုပ်နိုင်သည့် အနေအထားတွင် စွန့်လွှတ်ခြင်းကို စာဖြင့်ရေးသားရန် ဥပဒေအရ မလိုအပ်ကြောင်း ယူဆချက်က အလေးသာလျက် ရှိပါသည်။
++++++++++++++++

မှတ်ပုံတင်ခြင်းကိစ္စ။
xxxxxxxxxxxxxxxxxxx

စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေပုဒ်မ - ၁၇(၁)(ခ) အရ ကျပ် ၁၀၀ နှင့် ၁၀၀ အထက် တန်ဖိုးရှိသော မရွှေ့မပြောင်းနိုင်သောပစ္စည်း၏ အခွင့်အရေးကို ဖျက်သိမ်းသည့် စာတမ်းအမှတ်အသားကို မှတ်ပုံတင်ရမည်ဖြစ်ပါသည်။
ကျပ် ၁၀၀ နှင့် ၁၀၀ အထက် တန်ဖိုးရှိသော မရွှေ့မပြောင်းနိုင်သော စွန့်လွှတ်ခြင်းနှင့်စပ်လျဉ်း၍ မှတ်တမ်းတင်ထားသော စာချုပ်စာတမ်းသည် ပုဒ်မ - ၁၇(၁)(ခ) အရ မရွှေ့မပြောင်းနိုင်သောပစ္စည်း၏ အခွင့်အရေးကို ဖျက်သိမ်းသည့် စာတမ်းအမှတ်အသားဖြစ်သဖြင့် မှတ်ပုံတင်ရန်လိုအပ်ပါသည်။
မှတ်ပုံတင်ရန်လိုအပ်သော စာတမ်းအမှတ်အသား ကို မှတ်ပုံမတင်လျှင် စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေပုဒ်မ - ၄၉ အရ အထမမြောက်နိုင်ပါ။
စာဖြင့် ရေးသားထားခြင်းမရှိသည့် ကိစ္စတွင် စာတမ်းအမှတ်အသား(document)မရှိသဖြင့် မှတ်ပုံ တင်ရန်ကိစ္စ ပေါ်ပေါက်ရန်အကြောင်းမရှိပါ။
စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေပါ ပြဌာန်းချက်များ သည်လည်း စာဖြင့်ရေးသားထားခြင်းမရှိသည့်ကိစ္စရပ်များအပေါ်တွင် အကျိုးသက်ရောက်မှုရှိရန် အကြောင်း မရှိပါ။
အထက်တွင်ဆိုခဲ့ပြီး ဖြစ်သည့်အတိုင်း စွန့်လွှတ်ခြင်းကို ဥပဒေအရ စာဖြင့်ရေးသားရန် လိုအပ် ကြောင်း ပြဌာန်းချက်မရှိသည့်အခြေအနေတွင် စွန့်လွှတ်ခြင်းကို စာဖြင့်ရေးသားမှတ်ပုံမတင်သည့် အကြောင်းဖြင့် စွန့်လွှတ်ခြင်း၏ အကျိုးသက်ရောက်မှုကို ထိခိုက်ရန်အကြောင်းမရှိနိုင်ပါ။
စွန့်လွှတ်ခြင်းကို စာဖြင့်ရေးသာခဲ့မည်ဆိုလျှင်ဖြင့် စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေကို လိုက် နာရမည်ဖြစ်ပါသည်။ စာဖြင့်ရေးသားခဲ့ခြင်းမရှိလျှင်တော့ စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေကို ထည့် သွင်းစဉ်းစားရန် လိုအပ်မည်မဟုတ်ပါ။
++++++++++++++++

သို့ဖြစ်ရာ ရပိုင်ခွင့်တစ်ရပ်ရပ်ကို စွန့်လွှတ်ခြင်းကို
- နှုတ်ဖြင့် ပြုလုပ်နိုင်ပါသည်။
-စာတမ်းအမှတ်အသားဖြင့်လည်းပြုလုပ်နိုင်ပါသည်။ စာဖြင့်ရေးသားလျှင် ကျပ် ၁၀၀ နှင့် ၁၀၀ အထက် တန်ဖိုးရှိသော မရွှေ့မပြောင်းနိုင်သော ပစ္စည်းပါရှိပါက စာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေပုဒ်မ - ၁၇(၁)(ခ) အရ မှတ်ပုံတင်ရန် လိုအပ်ပါသည်။
-စွန့်လွှတ်ခြင်းကို စာဖြင့်ရေးသား မှတ်ပုံတင်ထားခြင်းမရှိသည့် အကြောင်းကြောင့် ရပိုင်ခွင့် တစ်ရပ်ရပ် စွန့်လွှတ်ခြင်းကို ထိခိုက်ရန်အကြောင်း မရှိပါကြောင်း လေ့လာတင်ပြအပ်ပါသည်။
လေးစားစွာဖြင့်။

TUN MYO HTAY


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...