Saturday, September 1, 2018

စီရင်ထုံးများကပြောပြနေသည့်တရားစီရင်ရေးဆိုင်ရာ အခြေခံသဘောတရားများ

တရားရုံးများသည် ပြစ်မှုဆိုင်ရာမှုခင်းများ စစ်ဆေးကြားနာရာတွင်လည်းကောင်း၊ အဆုံးအဖြတ်ပြုရာတွင်လည်းကောင်း၊ စွပ်စွဲခံရသူအပြစ် ရှိ-မရှိ ဆန်းစစ်သုံးသပ်ရာတွင်လည်းကောင်း များစွာသတိထားကြရသည်။

ဥပဒေကြောင်းအချက်အလက်၊ အကြောင်းခြင်းရာ အချက်အလက်များအပေါ် ဆန်းစစ်သုံးသပ်ရသည်။ ဆန်းစစ်သုံးသပ်ချက်များ မှားယွင်းလျှင် မှန်ကန်သော ဆုံးဖြတ်ချက်ကို ရရှိနိုင်မည်မဟုတ်။ မှန်ကန်သော ဆုံးဖြတ်ချက်ကို မချမှတ်နိုင်က အမှုသည်များအဖို့ ကုစားမရနိုင်သော ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ရသည်။ ပြစ်မှုဟူသည် နိုင်ငံတော်နှင့်လည်း တိုက်ရိုက်သက်ဆိုင်သည်။ နိုင်ငံတော်အတွက်လည်း ထိခိုက်မှုဖြစ်စေသည်။ တရားစီရင်ရေးလမ်းကြောင်းကိုလည်း တိမ်းစောင်းယိမ်းယိုင်စေသည်။

သို့ဖြစ်ရာ တရားစီရင်ရေးလုပ်ငန်းဆောင်ရွက်ကြရာတွင် စီရင်ထုံးများကပြောပြနေသော တရားစီရင်ရေး
ဆိုင်ရာ လိုက်နာရမည့် အခြေခံသဘောတရားများနှင့် ဥပဒေက ပြဋ္ဌာန်းပေးထားသည့် တရားစီရင်ရေးဆိုင်ရာ လိုက်နာရမည့်အခြေခံမူများကို သိရှိနားလည်လိုက်နာကျင့်သုံးကြဖို့ လိုအပ်နေဦးမည်။

ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားမပြနိုင်သရွေ့ တရားခံအား အပြစ်မရှိသူဟု မှတ်ယူရခြင်း

ဤသဘောတရားမှာ ''အပြစ်ရှိသူကိုးဦး လွတ်မြောက်သွားခြင်းထက် အပြစ်မရှိသူတစ်ဦး မှားယွင်းပြစ်ဒဏ်မကျစေခြင်းက ပို၍သင့်မြတ်သည်'' ဟူသော သဘောတရားမှ ဆင်းသက်လာခြင်း ဖြစ်သည်။ တရားရုံးရှေ့သို့ရောက်ရှိလာသူ တရားခံတိုင်းကို အပြစ်ရှိသူဟူ၍ လွယ်လွယ်နှင့် မှတ်ယူခွင့်မရ။ တရားစွဲဆိုခြင်းခံရသော တရားခံအား တရားဥပဒေက အကာအကွယ်ပေးထားသော အခွင့်အရေးအားလုံး အပြည့်အဝခံစားခွင့်ရရှိအောင် ဆောင်ရွက်ပေးရန်မှာ တရားရုံးများ၏တာဝန်ဖြစ်သည်။

အာမခံပေးခြင်းသည် 'မူ'၊ အာမခံမပေးခြင်းသည် 'ခြွင်းချက်' ဖြစ်ခြင်း

အာမခံပေးရမည်ဟု ပြဋ္ဌာန်းထားသောအမှုများဖြစ်လျှင် အာမခံပေးရမည်။ မပေးဘဲနေ၍ မရ။  အာမခံမပေးနိုင်သော အမှုဖြစ်စေကာမူ တရားရုံးက ဥပဒေနှင့်အညီ သုံးသပ်၍ အာမခံပေးသင့်သည်ဟုထင်မြင်ပါက အာမခံပေးနိုင်ခွင့်ရှိသည်။ သို့မှသာ တရားခံသည် ၄င်းအပေါ် စွဲဆိုထားသည့်အမှုကို ပြည့်ပြည့်စုံစုံနှင့် လွတ်လွတ်လပ်လပ် ခုခံချေပနိုင်သည့် အခွင့်အရေးကိုရရှိမည်။ ထို့ကြောင့်ပင် အာမခံပေးခြင်းသည် 'မူ'၊ မပေးခြင်းသည် 'ခြွင်းချက်' ဟူသော အခြေခံသဘောတရားတစ်ရပ်ဖြစ်လာရသည်။

တရားမျှတမှုကို နှောင့်နှေးစွာဆောင်ရွက်ခြင်းသည် တရားမျှတမှုကို ငြင်းပယ်ရာရောက်ခြင်း

တရားမျှတမှုကို နှောင့်နှေးစွာဆောင်ရွက်ခြင်းသည် တရားမျှတမှုကို ငြင်းပယ်ရာ (မျက်ကွယ်ပြုရာ) ရောက်သည် (Justice delay is Justice denied) ဟူသော ဥပဒေဆိုရိုးစကားလည်း ရှိသည်။ တရားမျှတမှုကို နှောင့်နှေးစွာဆောင်ရွက်ခြင်းဟူသည် အကြောင်းအချက်မျိုးစုံဖြစ်နိုင်သည်။ တရားစီရင်မှုကိစ္စကို  အချိန်ဆွဲ၍ ဆောင်ရွက်ခြင်း၊ ရက်ချိန်းတစ်ချိန်းနှင့်တစ်ချိန်း ဝေးကွာစွာချိန်းဆိုခြင်း၊ အာမခံပေးသင့်သည့်အချိန်တွင်မပေးဘဲ အချိန်ကြာမြင့်မှပေးခြင်း၊ စွဲချက်တင်ရန်အထောက်အထားမရှိပါဘဲနှင့် တရားခံအားစွဲချက်တင်ပြီး ပင်ပန်းကြီးစွာ ဖြေရှင်းစေခြင်း၊ နှစ်ဖက်အမှုသည်များက အပြီးသတ်လျှောက်လဲချက်ပေးပြီးဖြစ်သော်လည်း စီရင်ချက်အမိန့်ချမှတ်ရာတွင် ကြာမြင့်နေခြင်း စသည်တို့ဖြစ်သည်။

သက်သေထူရန်တာဝန်ရှိခြင်း

ရာဇဝတ်မှုများတွင် တရားခံသည် ပြစ်မှုကျူးလွန်ခဲ့ကြောင်းကို သံသယကင်းရှင်းသည်အထိ သက်သေထူရန်တာဝန်သည် တရားလိုဘက်တွင် အစဉ်တစိုက်ကျရောက်သည်။ ဤသဘောတရားသည် အရေးပါလှသည်။ တရားလိုဘက်က စွပ်စွဲပြီးလျှင် တာဝန်ကျေပွန်ပြီးဆုံးပြီ။ စွပ်စွဲခံရသူက စွပ်စွဲသည့်အတိုင်း မဟုတ်ဟုဆိုလျှင် ခိုင်လုံစွာချေပရမည်ဟု တာဝန်ကို ပခုံးပြောင်း၍မရ။ ပြည့်စုံစွာစုံစမ်း၍ ခိုင်လုံစွာသက်သေထူရန်တာဝန်သည် ယေဘုယျအားဖြင့် တရားလိုအပေါ်တွင် တည်နေသည်။ ဤသို့မဟုတ်လျှင် မသမာသူတို့က လွယ်လွယ်စွပ်စွဲကာ အပြစ်မဲ့သောသူတို့က ခုခံချေပရခြင်းဖြင့် ပင်ပန်းဆင်းရဲရှိကြလိမ့်မည်။

တရားလိုဘက်က သက်သေထူရာတွင် ပြတ်နေသောကွင်းဆက်များရှိနေပါက ထင်မြင်ချက်ဖြင့် ဆက်၍မရနိုင်။ တရားခံဘက်ကထုချေသည့် ပျော့ကွက်ဟာကွက်ဖြင့် ဖြည့်စွက်၍ သုံးသပ်ခြင်းမပြုနိုင်။ ရာဇဝတ်မှုများတွင် တရားခံသည် အပြစ်ရှိကြောင်းသက်သေထူရန် တာဝန်မှာ တရားလိုဘက်၌ အစဉ်တစိုက်ရှိသော်လည်း တရားခံက ၎င်း၏ပြုမူချက်မှာ ရာဇသတ်ကြီးဥပဒေပါ ကင်းလွတ်ချက်တစ်ခုခုနှင့် အကျုံးဝင်သည်ဟု ထုချေလာပါက ထိုထုချေချက် ထင်ရှားအောင်သက်သေပြရန် တာဝန်သည်ကား တရားခံအပေါ်၌ ကျရောက်သွားစေသည်။

ဒိုင်လူကြီးအနေဖြင့်သာ အဆုံးအဖြတ်ပေးလျှင် တာဝန်ကျေပွန်လိမ့်မည်မဟုတ်ခြင်း

တရားစီရင်ရာတွင် မျှမျှတတဆောင်ရွက်ခြင်းဟူသည် အခြေခံသဘောတရားဖြစ်သည်။ တရားရုံးသည် အမှန်တရားဖော်ထုတ်ရန် အဓိကတာဝန်ရှိသည်။ အမှန်တရားပေါ်ပေါက်ရေးအတွက် မေးသင့်သည်များကို မေးရန်လိုသည်။ မျှမျှတတဖြစ်စေရေးအတွက် လိုအပ်လျှင် ရုံးခေါ်သက်သေများ ခေါ်ယူစစ်ဆေးပေးရမည်။ တရားဥပဒေက ခွင့်မပြုသောမေးခွန်းများကို နှစ်ဖက်အမှုသည်များကလည်းကောင်း၊ နှစ်ဖက်ရှေ့နေများကသော်လည်းကောင်း မေးမြန်းလာကြလျှင် တရားရုံးက တားမြစ်ရသည်။ တရားလို သို့မဟုတ် တရားခံတစ်ဦး၏ မတတ်ကျွမ်း မလိမ္မာမှုကြောင့် ဖြစ်ရပ်အမှန် ပျောက်ကွယ်တိမ်မြုပ်သွားခြင်းမရှိစေရပါ။ ဖြစ်ရပ်အမှန် ပေါ်လွင်ထင်ရှားလာရေး စစ်ဆေးဖော်ထုတ်ပေးရန် နှစ်ဖက်ရှေ့နေများနှင့် တရားရုံး၏ ဝတ္တရားတစ်ရပ်ဖြစ်သည်။ အမှန်တရားဖော်ထုတ်ရေးကို အဓိကမထားဘဲ ဒိုင်လူကြီးအနေဖြင့်သာ အဆုံးအဖြတ်ပေးလျှင် တရားရုံး၏တာဝန်ကျေပွန်လိမ့်မည်မဟုတ်ပါ။

တရားရုံး၏ရှေ့မှောက်တွင်ထွက်ဆိုသောသက်သေခံချက်များအပေါ်မူတည်၍ ဆုံးဖြတ်ရခြင်း

အမှုများစစ်ဆေးစီရင်ရာတွင် တရားခံ၏ရှေ့မှောက်၌ သက်သေခံချက်ယူရသည်။ တရားလိုဘက်၏ အဓိကထွက်ဆိုချက်အပေါ် တရားခံက ပြန်လှန်စစ်မေးခွင့်ရသည်။ တရားလိုဘက်က ပြန်ရှင်းမေးမြန်းဖို့ရှိလျှင် ပြန်ရှင်းမေးမြန်းသည်။ တရားရုံးက မေးရန်လိုအပ်လျှင်ရုံးမေးအနေဖြင့် မေးမြန်းသည်။ တရားခံဘက်ကို စစ်ဆေးသည့်အခါတွင်လည်း တရားခံဘက်၏ အဓိကထွက်ဆိုချက်များအပေါ် တရားလိုဘက်က ပြန်လှန်စစ်မေးခွင့်ရသည်။ တရားခံဘက်က ပြန်ရှင်းမေးမြန်းဖို့ ရှိလျှင် ပြန်ရှင်းမေးမြန်းသည်။ တရားရုံးက မေးရန်လိုအပ်လျှင် ရုံးမေးအနေဖြင့် မေးသည်။ ဤနည်းဖြင့် တရားမျှတမှုရှိစေရန် ဆောင်ရွက်ရသည်။ ဤနည်းအားဖြင့် ရယူသော သက်သေခံချက်များသည် သက်သေခံအက်ဥပဒေအရ သက်သေခံအဖြစ် လက်ခံနိုင်သော စပ်ဆိုင်
သော အကြောင်းအရာများဖြစ်စေရသည်။ ဤသို့ တရားရုံး၏ ရှေ့မှောက်တွင် ထွက်ဆိုသော သက်သေခံချက်များအပေါ် ချိန်ဆ၍ တရားခံအားအပြစ်ရှိ-မရှိဆုံးဖြတ်ရသည်။ ပြင်ပ၌ ကြားသိနေရသည့် အမှုမှန်သည် မှားသည်ဆိုသော အကြောင်းအချက်များကို ထည့်သွင်းမစဉ်းစားရ။ ထည့်သွင်းစဉ်းစားလျှင် ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ အဂတိတရား မကောင်းတော့ပေ။

သံသယအကျိုးပေါ်ပေါက်ပါက တရားခံအားခံစားခွင့်ပေးရခြင်း

တရားခံပြစ်မှု ကျူးလွန်ကြောင်းကို သံသယကင်းရှင်းသည်အထိ သက်သေထင်ရှားပြရန် တရားလိုဘက်တွင် တာဝန်ရှိသည်။ အကယ်၍တရားလိုဘက်မှ သက်သေထင်ရှားပြရာတွင် တရားခံသည် ပြစ်မှုကျူးလွန်သူတစ်ဦး ဖြစ်မှဖြစ်ပါ့မလားဟူ၍ သံသယပေါ်ပေါက်လာပါက ထိုသံသယ၏အကျိုးကို တရားခံအား ခံစားခွင့်ပေး၍ အမှုမှအပြီးအပြတ်လွှတ်ရသော အခြေခံသဘောတရားတစ်ရပ်လည်းရှိသည်။

သို့ရာတွင် ထို 'သံသယ' ဆိုသည့်စကားရပ်ကို ဆောင်ပုဒ်သဖွယ်မသုံးဘဲ အမှုတွင် ပေါ်ပေါက်လာသော သက်သေခံအကြောင်းအချက်တို့ကို ချိန်ဆရသည်။ အမှန်တရားကို  ရှာဖွေရာတွင် အထောက်အကူဖြစ်စေသော လမ်းညွှန်တစ်ရပ်သဖွယ်သာဖြစ်စေရသည်။ သံသယသည် လွယ်လွယ်ဖြစ်တတ်သော သံသယမဟုတ်ရ။ မည်သည့်အခါမျိုး၌မဆို ဒွိဟဖုံးတတ်သော စိတ်တွင်ဖြစ်ပေါ်သည့် သံသယလည်းမဖြစ်စေရ။ ဖြစ်တတ်သောသဘာဝနှင့် နှိုင်းယှဉ်၍ ဖြစ်ပေါ်သင့်သည့်သံသယမျိုးသာဖြစ်စေရသည်။

ရာဇဝတ်မှုကျူးလွန်သည်ဟူ၍ ထင်ကြေးဖြင့်မဆုံးဖြတ်ရခြင်း

'သံသယ၏အကျိုးကို တရားခံအားပေးရမည်' ဟုဆိုသည့်အစား ထင်ကြေးဖြင့် အပြစ်မပေးသင့်။ ခိုင်လုံသောအထောက်အထားပြည့်စုံမှသာ အပြစ်ပေးရမည်ဆိုလျှင် တွေးခေါ်ယူဆပုံ ပိုမိုရှင်းလင်းမည်ဟူသော အခြေခံမူ သဘောတရားတစ်ရပ်လည်းရှိသည်။ တရားခံတစ်ဦးအပေါ် ပြစ်မှုကျူးလွန်ကြောင်း ကွင်းဆက်မပြတ် ခိုင်လုံသောသက်သေခံချက်အထောက်အထားရှိမှသာ အပြစ်ပေးရန်ဖြစ်သည်။ ထင်ကြေးဖြင့်ဖြစ်စေ၊ အစွဲအလမ်းဖြင့်ဖြစ်စေ အပြစ်ပေးခြင်းမျိုးမပြုရ။

ကောက်ချက်နှစ်မျိုးယူနိုင်သည့်ကိစ္စမျိုးတွင် တရားခံဘက်သို့ သက်ညှာသည့်ကောက်ချက်ကို လက်ခံရခြင်း

တရားခံတစ်ဦးသည် စွဲဆိုထားသော ပြစ်မှုကိုကျူးလွန်သည်ဟူ၍ ကောက်ယူနိုင်သည့် အထောက်အထားများရှိနေသည်။ တစ်ဖက်တွင်လည်း တရားခံသည် စွဲဆိုထားသောပြစ်မှုကို ကျူးလွန်ရန်အကြောင်းမရှိဟု ကောက်ယူနိုင်လောက်သည့် သက်သေခံချက်များရှိနေသည်။ ဤသို့ နှစ်မျိုးကောက်ယူနိုင်လျှင် တရားခံဘက်သို့ သက်ညှာသည့်ကောက်ချက်ကို လက်ခံ၍ဆုံးဖြတ်ခြင်းသည် မျှတသည်။

မမှန်ရာကိုပယ်၍ မှန်ရာကိုယူရခြင်း


သက်သေခံချက်ကို စိစစ်ချိန်ဆရာ၌ ဆန်မှဆန်ကွဲကို ရွေးချယ်ခွဲခြားသကဲ့သို့ အမှန်ဖြစ်တန်ရာသော စကားနှင့် မမှန်ဖြစ်တန်ရာသော စကားတို့ကို ခွဲခြားကာ မမှန်ရာကိုပယ်၍ မှန်ရာကိုယူနိုင်သည်။ အားလုံးကို ယူလိုယူ၊ မယူလိုက အားလုံးကိုပယ်ရမည်မဟုတ်ချေ။ အမှန်အမှားကို ခွဲခြား၍ ချိန်ဆရခြင်းသည်ပင် တရားရုံး၏ အဓိကတာဝန်တစ်ရပ်ဖြစ်သည်။

ဤသည်တို့ကား စီရင်ထုံးများကပြောပြနေသော တရားစီရင်ရေးဆိုင်ရာ အခြေခံသဘောတရားများ (အချို့) ဖြစ်သည်။

တရားစီရင်ရာတွင် အခြေခံရမည့်မူများ

တရားစီရင်ရာတွင် အခြေခံ၍စီရင်ရမည့် တရားစီရင်ရေးဆိုင်ရာမူများကို ဤသို့သတ်မှတ်ထားသည်။

(က) ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေး၊

(ခ) ဥပဒေအရ ကန့်သတ်ချက်များအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊

(ဂ) အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေး၊

(ဃ) ပြည်သူတို့၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်၍ တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေး တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေရေး၊

(င)ဥပဒေကို ပြည်သူများက နားလည်လိုက်နာကျင့်သုံးလာစေရန် ပညာပေးရေးနှင့် ပြည်သူများက ဥပဒေကို လိုက်နာသောအလေ့အကျင့် ပျိုးထောင်ပေးရေး၊

(စ) ပြည်သူအချင်းချင်းနှင့်ပတ်သက်သော အမှုကိစ္စများကို ဥပဒေဘောင်အတွင်း၌ ကျေအေးပြီးပြတ်စေရေး၊

(ဆ) ပြစ်မှုကျူးလွန်သူကို အရေးယူအပြစ်ပေးရာတွင် အကျင့်စာရိတ္တပြုပြင်မှုကို ဦးတည်ရေး။

ဤသည်မှာ တရားစီရင်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသော တရားစီရင်ရေးဆိုင်ရာ အခြေခံမူများဖြစ်သည်။

စီရင်ထုံးများလာ အခြေခံသဘောတရားများနှင့်
ဥပဒေပါအခြေခံမူ

စီရင်ထုံးများကပြောပြနေသော တရားစီရင်ရေးဆိုင်ရာ အခြေခံသဘောတရားများသည် တရားစီရင်ရေး
လုပ်ငန်းဆောင်ရွက်ကြရာတွင် ကြုံတွေ့လာရသည့် မှုခင်းထွေထွေ၊ ဖြစ်ရပ်အခြေအနေအရပ်ရပ်အပေါ် ဆင်ခြင်သုံးသပ်၍ အဆုံးအဖြတ်ပေးရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဤသို့သောသဘောတရားများကို အခြေခံ၍ သုံးသပ်ဆုံးဖြတ်ကြခြင်းဖြင့် တရားစီရင်မှု မျှမျှတတဖြစ်စေခြင်းကို ညွှန်ပြနေသည်။ တရားစီရင်ရေးမဏ္ဍိုင် မယိမ်းမယိုင်ခိုင်မာစေခြင်းကို ဖော်ညွှန်းနေ
သည်။ တရားစီရင်ရေးစနစ် အားကောင်းစေခြင်းကို မြင်သာထင်ရှားနေသည်။ ဤသည်မှာ တရားစီရင်ရေး၏ သွင်ပြင်လက္ခဏာဖြစ်သည်ဟု ဆိုနိုင်ပါမည်။

တရားစီရင်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသော တရားစီရင်ရေးဆိုင်ရာ အခြေခံမူများသည် ဥပဒေနှင့်အညီ လွတ်လပ်စွာ၊ တရားမျှတစွာနှင့် ပြည်သူတို့၏အကျိုးစီးပွားကို ဦးတည်ကာ တရားစီရင်မှုလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်သည်ဆိုသည့်အဓိပ္ပာယ်ကို ဆောင်နေသည်။ ဤသည်မှာ တရားစီရင်ရေး၏ အခြေခံအဆောက်အအုံဖြစ်သည်ဟု ဆိုနိုင်ပါမည်။

အပိုမပါ၊ ပမာတင်စား၊ စကားအရာ ဆိုရရှာသော်၊ ဥပဒေပါ တရားစီရင်ရေးဆိုင်ရာ အခြေခံ 'မူ' များမှာ အခြေခံအုတ်မြစ်အသွင်၊ ကွန်ကရစ်တိုင်ကြီးများ အလားပမာတူလှပါ၏။ စီရင်ထုံးများလာ တရားစီရင်ရေးဆိုင်ရာ အခြေခံ 'သဘောတရား' များမှာကား တုတ်၊ ယောက်၊ ဒိုင်း၊ မြား၊ အမိုးအကာများနှင့် မခြားနား အလားပမာတူလှပါ၏။

တရားစွဲအဖွဲ့အစည်းများမှအစ တရားသူကြီးများအလယ် ရှေ့နေရှေ့ရပ်များအဆုံး တရားစီရင်မှုတစ်ခုလုံးတွင် ပါဝင်ပတ်သက်ဆက်နွှယ်သမျှ တာဝန်ရှိသူအားလုံးက တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုအစုစုကို အစဉ်ရှေးရှု အလေးဂရုပြုကြရပါမည်။ တရားစီရင်ရေးအခြေခံမူနှင့် အခြေခံသဘောတရားများကို ထာဝစဉ်နှလုံးသွင်းဆင်ခြင်လျက် ကိုယ်စီအသိနှင့် အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရပါမည်။

ဤသို့ဖြင့် အဂတိကင်းစင်သည့် တရားစီရင်ရေးမဏ္ဍိုင် မယိမ်းမယိုင်ကျောက်စာတိုင်ပမာ အစဉ်ထာဝရ တည်တံ့ခိုင်မာမှုရှိမည်ဖြစ်ပါသည်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တည်ကြည်မှန်ကန်ခြင်းတို့ဖြင့် လောကကောင်းကျိုးကို တရားနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်သည်။

တရားစီရင်ရေးဆိုင်ရာ အခြေခံ 'မူ' များ ထည်ဝါဝံ့ကြွား၊ မားမားမတ်မတ်ရှိနေနိုင်ပါစေ။

တရားစီရင်ရေးဆိုင်ရာ အခြေခံ 'သဘောတရား' များ ဖွံ့ဖြိုးရှင်သန် လန်းလန်းဆန်းဆန်း ရှိနေနိုင်ပါစေ။

အကိုးအကားပြုသောစီရင်ထုံးများ

(၁) ရန်ကုန် အတွဲ ၁၄၊ စာ ၆၆၆။

(၂) ၁၉၆၄ ခုနှစ်၊ မတစ၊ စာ ၈၇၆။

(၃) ၁၉၆၆ ခုနှစ်၊ မတစ၊ ၆၃၄။

(၄) ၁၉၆ဝ ခုနှစ်၊ မတစ၊ ၁၉၂။

(၅) ၁၉၆၆ ခုနှစ်၊ စာ ၁၂၉။

(၆) ၁၉၆၆ ခုနှစ်၊ စာ ၉၇။

(၇) အထူးရာဇဝတ်ရုံး အယူခံအဖွဲ့စီရင်ထုံးများ (၁၉၆၅-၁၉၇ဝ)၊ စာ ၃၃၊ ၄၈၊ ၉၄၊ ၂၅၂၊ ၂၉၂၊ ၃၁၂၊ ၃၁၉ နှင့် ၃၂၂။


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...