Sunday, January 27, 2019

ဥပဒေကို ဘယ်လို ဖတ်ကြမှာလဲ

မောင်စာဂ

လူ့ဘောင်လောကတွင် လူအားလုံးသည် ဥပဒေနှင့် ကင်းကွာ၍ မရစကောင်းပါ။ လူတစ်ဦး တစ်ယောက်ချင်း ဖြစ်စေ၊ အစုအဖွဲ့အနေဖြင့်ဖြစ်စေ၊ တိုင်းနိုင်ငံတစ်ခုချင်း ဖြစ်စေ ပြောဆိုပြုမှု လုပ်ကိုင်ဆောင်ရွက်မှု မှန်သမျှသည် ဥပဒေနှင့်အညီသာ ဖြစ်ကြရသည်။ လူတစ်ဦးချင်း အနေ ဖြင့် ''အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာ ကြုံရတတ်သည်''ဟုဆိုကြသည်။ အမှုကိစ္စများကြုံလာ ရသောအခါ ဥပဒေသည် လူနှင့်ပတ်သက်လာကြရတော့ သည်။ ထိုအခါ သက်ဆိုင်သူအားလုံး ဥပဒေအရ ပြောကြ ဆိုကြ ကျင့်သုံးကြရန် ဥပဒေကို ဖတ်ရမှတ်ရ လေ့လာရ တော့သည်။

ဥပဒေတစ်ခုကိုဖတ်ရှုလေ့လာကြရာတွင် ဖတ်ရှုသူ၏ စရိုက်လက္ခဏာနှင့်    ပင်ကိုဓာတ်ခံ     သဘောအရ ချဉ်းကပ်ဖတ်ရှုလေ့လာမှုပုံစံ အမျိုးမျိုးကိုတွေ့ရသည်။ ဥပဒေတစ်ခုတည်းကိုပင် ဖတ်ရှုသည့်ပုံစံအပေါ်မူတည်၍ ပေါ်ထွက်လာသည့် အကျိုးရလဒ်သည် မတူကွဲပြား ခြားနားရသည်။ တစ်ဦးတည်းပင်လျှင် ဥပဒေတစ်ခုကို ဖတ်ရှုလေ့လာသည့်အခါ ဖတ်သည့်ပုံစံနှင့် ဖတ်သည့်စိတ် အခံအရ တစ်ခါနှင့်တစ်ခါ နားလည်သဘောပေါက်မှု၊ ရှုမြင်သုံးသပ်မှု မတူသည်ကိုတွေ့ရသည်။ ဤဥပဒေကိုပင် ပထမအကြိမ်ဖတ်တော့  တစ်မျိုး၊  နောက်တစ်ကြိမ် ဖတ်တော့ နောက်တစ်မျိုး မြင်နိုင်သည်။ မြင်တတ်သည်။ ဤသို့ဆိုလျှင် ဥပဒေကို မည်သို့ဖတ်ကြမည်နည်း။ လက်တွေ့နှင့်ယှဉ်ကာ     စောကြောဆင်ခြင်ကြည့်ကြ
ပါစို့။

ဥပဒေကို ဘယ်ပုံဘယ်နည်း ဖတ်ကြမည်နည်း

ဥပဒေကိုဖတ်ကြရာတွင် အဓိကအားဖြင့် သာမန် သမားရိုးကျဖတ်ခြင်းနှင့် စိတ်ခံစားမှုအရ တစ်နည်းအား ဖြင့် စိတ်အခံအစွဲဖြင့် ဖတ်ခြင်းဟူ၍ နှစ်မျိုးနှစ်စားတွေ့ ရသည်။

သာမန်သမားရိုးကျဖတ်ခြင်းတွင် ဥပဒေကိုအောက်မှ နေ၍ ဖတ်ခြင်း၊ ဥပဒေကို ရင်ပေါင်တန်း၍ ဖတ်ခြင်းနှင့် ဥပဒေကို အပေါ်စီးမှနေ၍ ဖတ်ခြင်းဟူ၍ သုံးမျိုးသုံးစား တွေ့ရပြန်သည်။

စိတ်၏ခံစားမှုအရ အစွဲဖြင့်ဖတ်ခြင်းတွင် ယေဘုယျ အားဖြင့် လောဘဖြင့်ဖတ်ခြင်း၊ ဒေါသဖြင့်ဖတ်ခြင်း၊ ဘယာ ဖြင့်ဖတ်ခြင်း၊ မောဟဖြင့်ဖတ်ခြင်း၊ အတ္တမာနဖြင့်ဖတ်ခြင်း ဟူ၍ ငါးမျိုးငါးစားရှိသည်ကို သတိထားမိသည်။ တစ်မျိုး စီ၏ အနှစ်ချုပ်ကိုရှင်းလင်းပါအံ့။

ဥပဒေကို အောက်မှနေ၍ဖတ်ခြင်း

အချို့က ဥပဒေကို ဖတ်ရှုသည့်အခါ ဥပဒေ၏အောက် မှနေ၍ ဖတ်ရှုသည်ကို တွေ့ရသည်။ ထို့သို့ဖတ်လျှင်ဥပဒေ ကအထက်စီးရပြီး မိမိကနိမ့်ကျနေသည်။ ဥပဒေ ဆိုလို ရင်းကို လွယ်လွယ်နှင့် နားလည်သိရှိနိုင်မည်မဟုတ်။ ဥပဒေ၏ အဓိပ္ပာယ်သဘောကို မှန်မှန်ကန်ကန်ကောက်ယူ နိုင်ဖို့   မဖြစ်နိုင်၊  မေးရမြန်းရသည်။   သူတစ်ပါးကို အားကိုးရသည်။    သူတစ်ပါး၏အကူအညီကို   ယူရ
သည်။

ဥပဒေကိုရင်ပေါင်တန်း၍ဖတ်ခြင်း

အချို့က ဥပဒေနှင့်ရင်ပေါင်တန်း၍ ဖတ်သည်။ ထို့သို့ဖတ်လျှင် ဥပဒေ၏ ဆိုလိုရင်းကို လွယ်လွယ်နှင့်သိရှိ နားလည်နိုင်သည်။ ဥပဒေ၏ အဓိပ္ပာယ်သဘောကို မှန်မှန်ကန်ကန်  ကောက်ယူနိုင်သည်။ သူ့အတွက်တော့ အဆင်ပြေသည်။ သို့သော် သူတစ်ပါးကို ရှင်းလင်းပြော ကြားဖို့၊ သင်ကြားပြသပေးဖို့ စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်။

ဥပဒေကိုအပေါ်စီးမှနေ၍ ဖတ်ခြင်း

အချို့က ဥပဒေကိုဖတ်သည့်အခါ ဥပဒေ၏ အပေါ်စီး မှနေ၍ ဖတ်နိုင်သည်။ ထိုသို့ဖတ်လျှင် ဥပဒေ၏ ဆိုလို ရင်းကို အချိန်တိုအတွင်းမှာပင် ပိုင်ပိုင်နိုင်နိုင် ကောင်းစွာ သိရှိနားလည်နိုင်သည်။ ဥပဒေ၏အဓိပ္ပာယ်သဘောကို လည်း တိတိကျကျ၊ ခိုင်ခိုင်မာမာ၊ မှန်မှန်ကန်ကန်ကောက် ယူနိုင်သည်။ မိမိအတွက်သာမက သူတစ်ပါးကိုလည်း ရှင်းလင်းပြောကြားဖို့၊ သင်ကြားပြသပေးဖို့ စွမ်းဆောင် နိုင်စွမ်းရှိသည်။  တစ်ပါးသူ၏ အားကိုးခြင်းကို ခံရသည်။

ဤသည်တို့ကား သာမန်သမားရိုးကျဖတ်ခြင်းတွင် တွေ့ရသော အမျိုးအစားသုံးမျိုးဖြစ်သည်။  ဥပဒေကို အောက်မှနေ၍ ဖတ်ခြင်းမျိုးမဟုတ်ဘဲ၊ ရင်ပေါင်တန်း၍ ဖတ်နိုင်အောင် လေ့ကျင့်သင်ယူပါ။ ရင်ပေါင်တန်း၍ ဖတ်နိုင်သည့်အဆင့်သို့ ရောက်ရှိလာလျှင် အားရကျေနပ် မနေပါနှင့်။ အပေါ်စီးမှနေ၍ ဖတ်နိုင်အောင် ကြိုးစား အားထုတ်ပါ။

လောဘဖြင့်ဖတ်ခြင်း

မိမိဖြစ်စေချင်သည့် မိမိအလိုရှိသည့်အဖြေရအောင် ဦးတည်၍ ဥပဒေကိုဖတ်လျှင်  လောဘဖြင့် ဖတ်သည်ဟု မှတ်ယူရာ၏။  တစ်နည်းအားဖြင့် မိမိဆန္ဒရှိသည့် အတိုင်း ဖြစ်မြောက်အောင် ဖတ်ခြင်းဖြစ်၍ ဆန္ဒစွဲဖြင့်ဖတ် သည်ဟု မှတ်ယူရာ၏။ လောဘဖြင့်ဖတ်လျှင် အမှန်ကို မမြင်။ လိုတာရအောင် လိုတာကို ရှာဖွေဖတ်တတ်၏။ လိုရာကို ဆွဲ၍ လိုရာကို အဖြေထုတ်တတ်၏။ လောဘ ဖက်လေ၊ ရတက်ပွေနေ၊ ရလေလိုလေ အိုတစ္ဆေလိုဖြစ် နေတတ်သည်။

ဒေါသဖြင့်ဖတ်ခြင်း

အငြိုးထားသောစိတ်၊ အမုန်းပွားသောစိတ်များဖြင့် ဥပဒေကို ဖတ်လျှင် ဒေါသဖြင့်ဖတ်သည်ဟု မှတ်ယူရာ၏။ ဒေါသဖြင့်ဖတ်လျှင်   တရားမျှတမှုကို  မဖော်ထုတ်နိုင်။ တစ်ပါးသူအား မတရားသဖြင့် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ် စေ၏။ မတရားသဖြင့် ခံရစေတတ်၏။ ဥပဒေကို အလွန် အကျွံသုံးစွဲရာ  ရောက်စေတတ်၏။   ဒေါသရှေ့ထား၊ ပြုကျင့်ငြားက၊   အမှားတစ်ရာ၊   ကြုံတတ်လာသည်၊ ဘယ်မှာနိဂုံး၊ ဆုံးအံ့နည်း။

မောဟဖြင့်ဖတ်ခြင်း

ဟုတ်၏ မဟုတ်၏။ မှန်၏မမှန်၏။ တရား၏ မတရား ၏တို့ကို ဝေဖန်ပိုင်းခြား  သိမြင်နိုင်စွမ်း  မရှိဘဲဖြစ်စေ၊ မည်သို့အဖြေရှာရမည်ကို မသေချာ မရေရာဘဲနှင့်ဖြစ်စေ တွေဝေ၍ ဥပဒေကိုဖတ်လျှင် မောဟဖြင့် ဖတ်သည်ဟု မှတ်ယူရာ၏။ မောဟဖြင့်ဖတ်လျှင် မှန်ကန်သော ရလဒ် အဖြေကိုမထုတ်နိုင်။ အမှန်တရားနှင့် အလှမ်းဝေးစေ တတ်၏။ မတရားမှုဖြစ်ပေါ်စေ၏။ မောဟဖုံးငြား၊ အမှန် အမှား၊ မခွဲခြားနိုင်၊ ယိမ်းယိုင်အဖြေ၊ ထုတ်တတ်လေ၏၊ တွေဝေခြင်းမှ၊ ကင်းကြစေ။

ဘယာဖြင့်ဖတ်ခြင်း

တစ်စုံတစ်ရာသော သြဇာလွှမ်းမိုးမှု၊ ဖိအားပေးခံရ မှုတို့ကြောင့် မိမိ၏အကျိုးစီးပွား ထိခိုက်ပျက်စီး ဆုံးရှုံး သွားလိမ့်မည်ဟူ၍ စိုးရိမ်စိတ်၊ ကြောင့်ကြစိတ်၊ ပူပန် စိတ်တို့ဖြင့် ဥပဒေကိုဖတ်လျှင် ဘယာဖြင့်ဖတ်သည်ဟု မှတ်ယူရာ၏။ ဘယာဖြင့်ဖတ်လျှင် ကြောက်စိတ်ဝင်၍ အမှန်မမြင်တော့၊ တရားမျှတမှု ပျောက်ပျက်သွားစေသည်။ ဘယာဖြစ်လျှင်၊ ကြောက်စိတ်ဝင်၍၊ ဆင်ခြင်ကင်းပျောက်၊ အမှားရောက်၏။

အတ္တမာနဖြင့်ဖတ်ခြင်း

မိမိသာ တော်သည် တတ်သည်။ မိမိသာသိသည် နားလည်သည်ဟူသော စိတ်ဖြင့် ဥပဒေကိုဖတ်လျှင်အတ္တ မာနဖြင့်ဖတ်သည်ဟု    မှတ်ယူရာ၏။    အတ္တမာနဖြင့် ဖတ်လျှင် တစ်ပါးသူရရှိသည့် အဖြေကို လက်မခံတတ်၊ လက်ခံနိုင်စွမ်းမရှိ။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မိမိရရှိသောအဖြေကိုသာ မှန်ကန်သည်ဟူ၍ စွဲစွဲမြဲမြဲ ပြောဆိုတက်၏။ အတ္တစွဲလျှင် အယူလွဲတော့သည်။ မာန တက်လျှင် အခက်တွေ့တော့သည်။ အတ္တအစွဲ၊ အယူ လွဲ၍၊ တလွဲမာန၊    ရှိပြန်ကလည်း၊  အမှန်မရောက်၊ အလင်းပျောက်၏။

ဤသည်တို့ကား စိတ်၏ခံစားမှုအရ ဖတ်ခြင်းတွင် ယေဘုယျအားဖြင့် သတိထားမိသော အမျိုးအစားငါးမျိုး ဖြစ်သည်။ ဥပဒေကို စိတ်၏ခံစားမှုဖြစ်သော လောဘ (ဆန္ဒ)၊ ဒေါသ၊ ဘယာ၊ မောဟနှင့် မာနတို့ဖြင့် ဖတ်ခြင်းမှ ရှောင်ကြဉ်နိုင်ကြပါစေ။

စိတ်၏ခံစားမှုအရ အစွဲဖြင့်ဖတ်ခြင်း၏ရလဒ်များ

ဥပဒေကိုစိတ်၏ ခံစားမှုဖြစ်သော လောဘ(ဆန္ဒ)၊ ဒေါသ၊ ဘယာ၊ မောဟ၊ အတ္တမာန စသည့်အစွဲတို့ဖြင့် ဖတ်ကြလျှင် အဖြေမှာ မိမိ၏ စိတ်ခံစားမှုအတိုင်းပင် ထွက်ပေါ်လာတတ်သည်။ အမှန်တရားကို မရရှိနိုင်။ တရားမျှတမှု ဆုံးရှုံးစေသည်။ တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းစေသည်။ ဥပဒေ၏ အနှစ်သာရဖြစ်သော လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းဆိုသော လောကပါလတရားကို ဖျက်ဆီးရာ ရောက်စေတတ် သကဲ့သို့ ဖတ်ရှုကြသူတို့၏ ကိုယ်ကျင့်သိက္ခာ ပျက်ပြားစေ တတ်သည်။ စိတ်၏ ကြည်လင်သန့်ရှင်းမှု ညစ်နွမ်းစေ တတ်သည်။ အတွေးအခေါ်၊ အသိအမြင်၊ အယူအဆများ ပရမ်းပတာ ဖြစ်စေတတ်သည်။

မည်သို့ဖတ်ရပါမည်နည်း

ဥပဒေကို   အစွဲကင်းကင်း၊   အစွန်းလွတ်လွတ်ဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ ဤသို့ ဖတ်ရှုသင့်ပါသည် -

(၁) ရိုးသားဖြောင့်မတ်သော၊ တရားမျှတမှုကို လိုလား သော၊ ဘက်လိုက်မှုကင်းသော ၊ လွတ်လပ် မှုရှိသော ဥပဒေစိတ်ထားဖြင့် ဖတ်ပါ။

(၂) ပကတိအတိုင်း တွေးသော၊ အရှိကိုအရှိအတိုင်း တွေးသော၊ အစွန်းနှစ်ပါးကိုရှောင်၍ တွေး သော ဥပဒေအတွေးဖြင့် ဖတ်ပါ။

(၃) ကိုယ်ချင်းစာနာတရားကို ရှုမြင်တတ်သော ကိုယ်ချင်းစာနာ အမြင်ဖြင့်မြင်သော ဥပဒေ အမြင်ဖြင့်ဖတ်ပါ။

(၄) လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းတည်း ဟူသော လောကပါလတရား၏ တရားကိုယ် သဘောကိုသိသော ဥပဒေအသိဖြင့် ဖတ်ပါ။

ဓမ္မဓိဋ္ဌာန်ကျကျဖတ်ခြင်း၏ရလဒ် 

အထက်ဖော်ပြပါ ဥပဒေစိတ်ထား၊ ဥပဒေအတွေး၊ ဥပဒေအမြင်၊ ဥပဒေအသိတို့ဖြင့် ဖတ်ခြင်းကိုပင်လျှင် ဓမ္မဓိဋ္ဌာန်ကျကျဖတ်ခြင်း ဖြစ်သည်ဟု ဆိုချင်ပါသည်။ ဥပဒေကို ဓမ္မဓိဋ္ဌာန်ကျကျ ဖတ်လျှင်မှန်ကန်သော၊ တရား မျှတသော၊ အများယုံကြည်လက်ခံနိုင်သော ရလဒ်အဖြေ တွေ ထုတ်ဖော်ပေးနိုင်မည်။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းအဖြစ်မျိုး ကင်းစင်သွားမည်။ အစွဲ ကင်း၍ အစွန်းလွတ်သော ပကတိအရှိ အမှန်တရားကို ဖော်ထုတ်နိုင်မည်။ တရားဥပဒေစိုးမိုးမှု ဖြစ်ထွန်းစေမည်။ လူ့ဘောင်လောကတစ်ခုလုံး တည်ငြိမ်အေးချမ်း၍ သာယာဝပြောမည်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်း လင်းလွှမ်းခြုံထားနိုင်သကဲ့သို့ ထိုသို့ဖတ်ကြသူများ၏ ကောင်းသောဂုဏ် ကောင်းသောသတင်းများ ထင်ရှား ကျော်ကြား၍ ဘုန်းတန်ခိုးသြဇာ တောက်ပြောင် နေမည် ဖြစ်သည်။

သတိမူကြပါ

ဥပဒေပညာသည် အကျင့်သိက္ခာနှင့် ပြည့်စုံသော ပညာဖြစ်သည်ဟူ၍ ဆိုစမှတ်ပြုကြ၏။ ဥပဒေကို ဖတ် သောသူများက အကျင့်သိက္ခာရှိမှသာ ဥပဒေပညာသည် လည်း    အကျင့်သိက္ခာနှင့်ပြည့်စုံသည့်    ပညာဖြစ် သည်ဟူသော  ဆိုရိုးစကားသည်  ထည်ဝါဝင့်ကြွားစွာ တလူလူလွင့်နေမည်ဖြစ်၏။ ဥပဒေဖတ်သူများ  အကျင့် သိက္ခာပျက်ယွင်းနေပါလျှင် အကျင့်သိက္ခာနှင့်ပြည့်စုံ သော ဥပဒေပညာသည်လည်း တိမ်ဖုံးသည့် လမင်းပမာ မထွန်းလင်းနိုင်ဘဲ မှေးမှိန်ညှိုးငယ်နေမည်ဖြစ်၏။

ဥပဒေဖြင့်အသက်မွေးဝမ်းကျောင်းပြုသောလုပ်ငန်းသည် မြင့်မြတ်သောလုပ်ငန်းဖြစ်သည်ဟူ၍ ဆိုစမှတ်ပြု ကြ၏။ ဤတွင် သတိပြုကြရမည်မှာ ဥပဒေကို ဥပဒေ စိတ်ထား၊ ဥပဒေအတွေး၊ ဥပဒေအမြင်၊ ဥပဒေအသိ တို့ဖြင့် အစွဲကင်းကင်း အစွန်းလွတ်လွတ် ဖော်ဆောင် လုပ်ကိုင် ဆောင်ရွက်ကြမှသာ မြင့်မြတ်သော အသက် မွေးဝမ်းကျောင်းမှု လုပ်ငန်းအသွင် ဆောင်မည်ဖြစ်၏။ ဥပဒေကို လောဘ(ဆန္ဒ)၊ ဒေါသ၊ ဘယာ၊ မောဟ၊ အတ္တ မာနတို့ဖြင့် ဖော်ဆောင်လုပ်ကိုင် ဆောင်ရွက်ကြပါလျှင် မြင့်မြတ်သော အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းဟု မခေါ်ဆိုထိုက်။ မသန့်ရှင်းသော၊ ညစ်ထေးသော၊ ယုတ်ညံ့သော လုပ်ငန်းအဖြစ်သို့ ရောက်ရှိသွားမည် ဖြစ် ကြောင်းပါဗျာ။

ဥပဒေကိုဖတ်ရှုကြသည့်အခါ -

ဥပဒေစိတ်ထား၊ ဥပဒေအတွေး၊ ဥပဒေအမြင်၊ ဥပဒေ အသိတို့ဖြင့် ဖတ်တတ်ကြပါစေ။

လောဘ(ဆန္ဒ) စိတ်၊ ဒေါသစိတ်၊ ဘယာစိတ်၊ မောဟ စိတ်၊  အတ္တမာနစိတ်တို့  ကင်းရှင်းစွာဖြင့်  ဖတ်နိုင်ကြပါ စေ။

အစွဲကင်းကင်း အစွန်းလွတ်လွတ်ဖြင့် ဖတ်နိုင်ကြပါစေ။

မောင်စာဂ

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...