Friday, March 6, 2015

တိုက်ခန်းအရောင်းအ၀ယ်ကိစ္စများကို မှတ်ပုံတင်ခွင့်မရှိဆိုသည့် အယူအဆမှန်သလား။


တိုက်ခန်းအရောင်းအ၀ယ်ကိစ္စများကို မှတ်ပုံတင်ခွင့်မရှိဆိုသည့် အယူအဆမှန်သလား။


တိုက်ခန်းသည် စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပါ မရွှေ့မပြောင်းနိုင်သောပစ္စည်းဖြစ်သလား။


စာချုပ်စာတမ်းများကို မလွဲမသွေ မှတ်ပုံတင်ရန် ပြဌာန်းထားသည့် စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း အက်ဥပဒေ ပုဒ်မ - ၁၇(၁)(ခ) ပါ မရွှေ့မပြောင်းနိုင်သော ပစ္စည်းဆိုသည့်စကားရပ်ကို ယင်းဥပဒေပုဒ်မ ၂ (၆) တွင် အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားသည်။
“immoveable property” includes lands, buildings, hereditary allowance, rights to ways, lights, ferries, fisheries or any other benefit to arise out of land, and things attached to the earth or permanently fastened to anything which is attached to the earth, but not standing timber, growing crops nor grass”
ကန်ထရိုက်တိုက်၏မြေညီထပ်သည် အထက်ပုဒ်မပါ “ things attached to the earth”(မြေကြီးနှင့် စွဲကပ်နေသောပစ္စည်း)ဖြစ်သည်။ မြေညီထပ်အပေါ်ရှိ အထပ်များသည် “permanently fastened to anything which is attached to the earth” ဟူသောပြဌာန်းချက်တွင် အကျုံးဝင်သည်ဖြစ်ရာ ကန်ထရိုက်တိုက်ခန်းများ သည် ပုဒ်မ ၂(၆)တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများဖြစ်သည်မှာ ယုံမှားဖွယ်မရှိ။
ဦးမြ ဥပဒေ ပြသနာအဖြာဖြာ (ပထမအကြိမ်) စာ - ၂၈
----

တိုက်ခန်းများကို မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းမပြုဘဲ လွှဲပြောင်းခြင်းသည် အထမြောက်ခြင်း ရှိမရှိ။


ထိုတိုက်ခန်းများကို မှတ်ပုံတင်အရောင်းအ၀ယ် စာချုပ်များ ချုပ်ဆိုခြင်းမပြုဘဲ လွှဲပြောင်းခြင်းသည် အဆိုပါ အက်ဥပဒေပုဒ်မ ၄၉(က) အရ အထမြောက်သည်မဟုတ်။
ဦးမြ ဥပဒေ ပြသနာအဖြာဖြာ (ပထမအကြိမ်) စာ - ၂၈
-

မြေရှင်၊ ကန်ထရိုက် နှင့် အဆောက်အအုံဟောင်း တွင်နေသူတို့ချုပ်ဆိုသည့် တိုက်ခန်း ခွဲဝေသည့် စာချုပ်သည် မှတ်ပုံတင်ရန် လိုမလို။


မှတ်ပုံတင်မှသာ တိုက်ခန်းခွဲဝေသတ်မှတ်ခြင်းသည် အထမြောက်မည်ဖြစ်သည်။
ဦးမြ ဥပဒေ ပြသနာအဖြာဖြာ (ပထမအကြိမ်) စာ - ၂၈
----

ကန်ထရိုက်တာက ၄င်းခွဲဝေရရှိသည့် အခန်းများကို လွှဲပြောင်းရောင်းချခြင်းသည် အပျောက် စနစ်ဖြင့် ရောင်းချခြင်း ဖြစ်သလား။


အပျောက်စနစ်ဖြင့်ရောင်းချခြင်းသည် လွှဲပြောင်းပိုင်ခွင့်ဖြင့် ငှားရမ်းခြင်းဖြစ်သည်။ လွှဲပြောင်းပိုင်ခွင့်ဖြင့် ငှားရမ်းခြင်းဆိုသည်မှာ ငှားရမ်းသည့်ကာလသတ်မှတ်ချက်မရှိဘဲ အိမ်ငှားက ဥပစာလက်ဝယ်ထားပိုင်ခွင့်ကို ၀ယ်ယူ၍ အိမ်ရှင်အား ငှားရမ်းခကိုပေးသည့်ငှားရမ်းခြင်းကိုဆိုသည်။
ဒေါ်ခင်သန်းဌေး နှင့် ဦးကိုဌေး ပါ ၂ (၂၀၀၂၊ မတစ၊ စာ ၁၉၀)
ကန်ထရိုက်တာသည် မြေရှင်မဟုတ်သဖြင့် ငှားရမ်းခကို လက်ခံရယူသူမဟုတ်၍ ကန်ထရိုက်တာ ထံမှ အခန်းများကို ရောင်းချခြင်းသည် အပျောက်စနစ်ဖြင့် ရောင်းချခြင်းမဟုတ်ပါ။
ဦးမြ ဥပဒေ ပြသနာအဖြာဖြာ (ပထမအကြိမ်) စာ - ၃၀
-----

စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးရန် ငြင်းဆိုလျှင် ဆောင်ရွက်ရန် နည်းလမ်း။


စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ - ၇၇(၁)တွင်
" ပုဒ်မ ၇၂ အရဖြစ်စေ၊ ပုဒ်မ ၇၆ အရ ဖြစ်စေ၊ စာချုပ်စာတမ်းကို မှတ်ပုံတင်စေရန် အမိန့်မချမမှတ်ဘဲ မှတ်ပုံတင်အရာရှိက ငြင်းပယ်သည့်အချက်တွင် ၄င်းစာချုပ်စာတမ်းအရ ဆိုင်ပိုင်ကြောင်းအဆိုရှိသူကဖြစ်စေ၊ ၄င်း၏ကိုယ်စား လွှဲအပ်ခံရသူ၊ သို့မဟုတ် ကိုယ်စားလှယ်ကဖြစ်စေ ဆိုခဲ့သည့် စာချုပ်စာတမ်းကို မှတ်ပုံတင်ရန်လျှောက်ထားသည့် ရုံးတည်ရှိရာရပ်ကွက်အတွင်း မူလ တရားမမှုစီရင်ခွင့်အာဏာရ တရားမရုံး၌ ဆိုခဲ့သည့် အတိုင်း ငြင်းပယ်ကြောင်း အမိန့်ချမှတ်ပြီးနောက် ရက်ပေါင်း ၃၀ အတွင်း တရားစွဲဆိုနိုင်ခွင့်ရှိသည်။ ဒီကရီချပေးပြီးနောက် ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင်ရန် နေရာတကျ တင်သွင်းလျှင် ဆိုခဲ့သည့် မှတ်ပုံတင်ရုံး၌ စာချုပ်စာတမ်းကို မှတ်ပုံတင်စေရန် ဆင့်ဆိုသည့် ဒီကရီကိုရလိုကြောင်း နှင့် တရားစွဲဆိုနိုင်ခွင့် ရှိစေရမည်။
ဟုပြဌာန်းထားပါသည်။
ကန်ထရိုက်တိုက်ခန်းများ မှတ်ပုံတင်စာချုပ်ကို မှတ်ပုံတင်ပေးစေရန် စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေပုဒ်မ - ၇၇(၁)တွင် ခွင့်ပြုထားသည့်အတိုင်း တရားတစ်ထုံးစွဲဆိုရန်ဖြစ်သည်။
ဦးမြ ဥပဒေ ပြသနာအဖြာဖြာ (ပထမအကြိမ်) စာ - ၂၇
(စားကြွင်း ။ ။ စာချွန်တော် နှင့်လည်း အဖြေရှာကြည့်ရင်ရမည်ဟု ယူဆပါသည်။)

လေးစားစွာဖြင့် ။

Tun Myo Htay



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...