Saturday, March 7, 2015

ထောင်ကျပြီးနောက် လွတ်ခြင်း


ထောင်ကျပြီးနောက် လွတ်ခြင်း


             ကနေ့တော့ ပြစ်မှုကျူးလွန်တယ်ဆိုပြီး တရားရုံးက ထောင်ချလိုက်တဲ့ တရားခံဟာ ကျခံရမဲ့ ထောင်ဒဏ်ကို ထောင်ထဲ မှာ မခံစားရဘဲ အရပ်ထဲမှာ (နေမြဲ၊ စားမြဲ၊ သွားမြဲ၊ လာမြဲ၊ လုပ်ကိုင်မြဲ) အလုပ်များကို လုပ်ကိုင်နေထိုင်တဲ့အကြောင်း တင်ပြပါ မည်။
ကိုဖြူ ။ ။ ဆရာရယ်၊ ဟုတ်ပါ့မလားခင်ဗျာ၊ ဒီလိုသာဆိုရင် တရားရုံးအမိန့်တို့၊ တရားဥပဒေစိုးမိုးရေးတို့ဆိုတာ ဘယ်နားရောက်ကုန်ပြီလဲ ဆရာ။
ယူတီကေ ။ ။ ဟုတ်ကဲ့။ တရားဥပဒေစိုးမိုးရေး Rule of Law ဆိုတာ -
(၁) တရားစွဲဆိုတဲ့ အဖွဲ့အစည်းက တကယ်ပြစ်မှုကျူးလွန်တဲ့ တရားခံတွေကို စုံစမ်း၊ ဖော်ထုတ်၊ ဖမ်းဆီး တရားစွဲဆိုနိုင်ပါတယ်။
(၂) တရားရုံးများကလည်း တရားစွဲဆိုတင်ပို့လာတဲ့ အစွပ်စွဲခံရသူတွေထဲက အမှန်တကယ် ပြစ်မှု ကျူးလွန်တဲ့ တရားခံအစစ်တွေကို ပြစ်ဒဏ်ချမှတ်နိုင်ရပါမယ်။
(၃) တရားရုံးက သေဒဏ်၊ ထောင်ဒဏ် ချမှတ်လိုက်တဲ့ ထောင်ကျတရားခံများကို တရားရုံးရဲ့ အမိန့်အတိုင်း အကျဉ်းဦးစီးဌာနက “မသေမချင်း လည်ပင်းကြိုးကွင်းစွပ်ပြီး သတ်ရပါမယ်” ချမှတ်လိုက်တဲ့ ထောင်ဒဏ်ကာလကိုလည်း အပြည့်အ၀ တရားခံ ကျခံစေရမှာဖြစ်ပါတယ်။
ဒါမှသာ (Rule of Law) ဥပဒေနဲ့အညီ အုပ်ချုပ်တယ်၊ စိုးမိုးတယ်၊ အစိုးရတယ်၊ ကြီးစိုးတယ်၊ တရားရုံးရဲ့ ရေးသားထား တဲ့ အမိန့်၊ စီရင်ချက်၊ ညွှန်ကြားချက်အတိုင်း အတည်ဖြစ်တယ်လို့ ခေါ်ပါတယ်။ တရားဥပဒေစိုးမိုးဖို့ရာ (၁) တရားစွဲဆိုတဲ့ အဖွဲ့ အစည်း (၂) တရားခံအပြစ် ရှိ/မရှိ ဆုံးဖြတ်တဲ့ အဖွဲ့အစည်း (၃) တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရတဲ့ အဖွဲ့ အစည်း အသီးသီးဟာ ဥပဒေအတိုင်း အတိအကျ လိုက်နာဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ မိမိလုပ်ပိုင်ခွင့်အတွင်း ရောက်တဲ့ အခါမှာ မိမိသဘော၊ လုပ်ချင်ရာလုပ်လို့ မရပါဘူး။ မလုပ်ကောင်းပါဘူး။

ပြစ်ဒဏ်ချမှတ်ခြင်းအကြောင်း


           ရှေးယခင်က ပြစ်ဒဏ် သတ်မှတ်ရာမှာ မျက်စိကို မျက်စိနဲ့ (An Eye for An Eye) ၊ သွားကိုသွားနဲ့ (A Tooth for A Tooth)၊ အသက်ကို အသက်နဲ့ (A Life for A Life) ပြန်လည်ပေးဆပ်ရမယ်လို့ ဟာမူရာဘီ ကုတ်မှာ သီအိုရီရှိခဲ့ဖူးတယ်။ ဒီ ပြစ်ဒဏ်ပေးခြင်းသီအိုရီအရ ပြစ်မှုကျူးလွန်သူအပေါ် ညီတူညီမျှ ကလဲ့စားချေတဲ့ ပြစ်ဒဏ်ပေးခြင်းဖြစ်တယ်။ နစ်နာသူ/ကျူးလွန် ခံရသူတွေကတော့ ဒီသီအိုရီအတိုင်း အပြစ်ပေးတာကို လိုလားကြတယ်။ တောင်းဆိုကြတာ တွေ့ရတယ်။ နောက်ပိုင်းမှာတော့ ပြစ်ဒဏ်ပေးခြင်း သီအိုရီ (Theory of Punishment) တွေ အမျိုးမျိုးပေါ်လာတယ်။ နိုင်ငံတော်အစိုးရက မှုခင်းကာကွယ်ရန် ရည် ရွယ်ပြီး ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ် (၂)မျိုး ခံစားစေပါတယ်။
(၁) ကိုယ်တိုင်ခန္ဓာကိုယ်နဲ့ ပေးလျော်စေခြင်း။ (ဥပမာ - သေဒဏ်ချမှတ်ခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်း)
(၂) ငွေကြေးနဲ့ ပေးလျော်စေခြင်း။ (ဥပမာ - ငွေဒဏ်ချမှတ်ခြင်း)


သေဒဏ်အကြောင်း



          သေဒဏ်ဟာ အမြင့်မားဆုံး ပြစ်ဒဏ်ဖြစ်ပါတယ်။ အချို့တိုင်းပြည်များမှာ သေဒဏ်ကို ပယ်ဖျက်ထားပါတယ်။ အချို့ တိုင်းပြည်များ မှာတော့ သေဒဏ်ရှိပြီး အမှန်တကယ် သေဒဏ်အတည်ပြု (သတ်ပစ်)ပါတယ်။ လူသားကို သတ်တဲ့ လူသတ် သမားနဲ့ လူဆိုးလူမိုက်တွေကို “အသက်ကို အသက်နဲ့ ပြန်လည်ပေးဆပ်စေရမယ်။ သေဒဏ်ထားရှိမှသာ သူတို့ကို အဟန့်အတား ဖြစ်စေနိုင်တယ်” လို့ ယူဆကြပါတယ်။ မကြာမီကာလက မြန်မာနိုင်ငံသား (စိုင်းနော်ခမ်း)ဟာ တရုတ်ပြည် တရားရုံးက သေဒဏ် ချမှတ်တာ ခံရပါတယ်။ တရုတ်ပြည် အကျဉ်းထောင်မှာ စိုင်းနော်ခမ်းကို (ဆေးထိုးပြီး) သေဒဏ်စီရင်ခဲ့လို့ အမှန်တကယ် သေသွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း တရားရုံးများက သေဒဏ်ချမှတ်ထားတဲ့ တရားခံတွေ အများကြီးရှိပါတယ်။ တရားရုံးက သေဒဏ်ချမှတ်သော်လည်း အကျဉ်းဦးစီးဌာန (ပြည်ထဲရေး)က အမှန်တကယ် သေဒဏ် အတည်မပြု (သတ်မပစ်) ပါဘူး။ သေဒဏ်ကျတဲ့ (၁၉၇၆) ခုနှစ်က ဗိုလ်ကြီးအုန်းကျော်မြင့်နဲ့ (၁၉၈၈) ခုနှစ်က တပ်သားအုန်းထွန်း (ပြင်ဦးလွင်၊ ဗိုလ်မှူး ခင်မောင်တင့်သတ်မှု) တရားခံတွေကိုပဲ သတ်ပစ်ခဲ့တာ တွေ့ရပါတယ်။ တရုတ်ပြည်က သတ်ပစ်လိုက်တဲ့ စိုင်းနော်ခမ်းလို အလားတူပြစ်မှုတွေ မြန်မာပြည်မှာ ကျူးလွန်ပြီး သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်ကျနေတဲ့ အဲဒီနိုင်ငံသားတွေ ထောင်ထဲမှာ အများကြီး ရှိခဲ့ပါတယ်။ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွေ၊ အစိုးရရဲ့ နှစ်နိုင်ငံချစ်ကြည်ရေး အလေးထားမှုတွေကြောင့် ဒီလူတွေ လွတ်မြောက်သွားခဲ့ကြပါပြီ။ သတ္တ၀ါတစ်ခု၊ ကံတစ်ခုလို့ပဲ ပြောရမှာပါ။ စိုင်းနော်ခမ်းဟာ (ကံ)မကောင်း၊ အကြောင်းမလှရှာပါဘူး။ ဒီနိုင်ငံမှာ ပြစ်မှုကျူးလွန်ပြီး သေဒဏ်ကျတဲ့သူတွေရဲ့ ကံဟာ (၁) တကယ်မသတ်တဲ့ နိုင်ငံမှာ သေဒဏ်ကျတဲ့ကံ (၂) ပေါက်ဖော် မိတ်ဆွေ နိုင်ငံသားဖြစ်ရတဲ့ကံ (၃) လွတ်ငြိမ်းချမ်းသာခွင့် ခဏခဏပေးတဲ့ကံ နှင့် (၄) မိမိနိုင်ငံနဲ့ ချစ်ကြည်ရေးကို အလေးထားတဲ့ ကံတွေကြောင့် မသေကောင်း၊ မပျောက်ကောင်း လွတ်မြောက်သွားခဲ့ကြရပါ တယ်။


ထောင်ဒဏ်ကျခံခြင်း



          ပြစ်မှုကျူးလွန်သူကို ထောင်သွင်းအကျဉ်းချထားခြင်းရဲ့ ရည်ရွယ်ချက်က သူ့ကို နောင်အလားတူ ပြစ်မှုမျိုး မကျူးလွန် တော့ဘဲ နောင်တရစေဖို့အတွက် သူ့ရဲ့ ကိုယ်ခန္ဓာကို ချုပ်နှောင်ထားတာ ဖြစ်တယ်။ သူရဲ့ လွတ်လပ်စွာ သွားလာနေထိုင် လုပ် ကိုင်ခွင့်နဲ့ မိသားစုနဲ့ အတူနေထိုင်ခွင့်ကို ကန့်သတ်ချုပ်ချယ်ထားခြင်းဖြစ်တယ်။ တရားရုံးက တရားခံကို ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ချမှတ်ပါတယ်။ အကျဉ်းဦးစီးဌာနက တရားရုံးရဲ့ အမိန့်အတိုင်း တရားခံကို ထောင်ထဲမှာ ချုပ်နှောင်ထိန်းသိမ်းထား ကြရပါတယ်။ လူတစ်ယောက် ထောင်ကျသွားရင် သူဟာ ထောင်ထဲမှာ သွားနေရတော့မှာပဲလို့ ပြည်သူတွေ စိတ်ထဲမှာ မှတ်ထင် ယုံကြည်ထား ကြပါတယ်။ သို့သော် …. ဒီလူ ထောင်ကျတယ်သာဆိုတယ်၊ မကြာမီ အရပ်ထဲ ပြန်ရောက်လာပြီး၊ ယခင်အတိုင်း နေမြဲ၊ လုပ်ကိုင်မြဲ ရှိနေတာတွေ တွေ့နေရကြောင်း လူတွေပြောနေကြပါတယ်။ ဘာကြောင့်ပါလဲ။ ထောင်ကျတရားခံများရဲ့ ပြောပြချက်အရ ထောင်ကျ သွားသော်လည်း လွတ်မြောက်နိုင်တဲ့ လမ်းကြောင်းများရှိကြောင်း သိလာရပါတယ်။

(က) ပေါ်တာ (အထမ်းသမား) အဖြစ် အပြင်ထွက်ခြင်း

           ရှေ့တန်းရောက် တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် ပစ္စည်းသယ်ယူပေးတဲ့ အထမ်းသမား (ပေါ်တာ)များ တောင်းဆိုတဲ့အခါ ထောင်ကျအကျဉ်းသားတွေကို ပို့ပေးပါတယ်။ အဲဒီထောင်ကျတွေကို တပ်ရင်းမှူးက ခွင့်ရက်ရှည်ပေးလိုက်ရင်၊ တပ်ထောက်ခံစာ နဲ့ မိမိအရပ်ဒေသမှာ ပြန်နေနိုင်ကြောင်း တွေ့ရပါတယ်။

(ခ) ရဲဘက်စခန်းများသို့ ထွက်ခြင်း

          ယခင်က ရဲဘက်စခန်းပေါင်း (၁၀၀)လောက်ရှိပါတယ်။ ထောင်ကျအကျဉ်းသားတွေကို ရဲဘက်စခန်းတွေမှာ ပို့ပြီး အလုပ်လုပ် ​စေပါတယ်။ ကျောက်ထုတ်လုပ်ခြင်း၊ တောင်ယာစိုက်ခြင်း၊ လမ်းဖောက်ခြင်း စတဲ့အလုပ်တွေ ခိုင်းပြီး “ရာဇ၀တ်ကြွေး ကို ချွေးနဲ့ဆပ်” စေပါတယ်။ ရဲဘက်စခန်းတွေက ထောင်ကျတချို့ဟာ အ၀ယ်တော်၊ စာရင်းကိုင်အဖြစ် တာဝန်ပေးခံရရင် မြို့ပေါ်မှာ သွားရောက်နေထိုင်ပြီး ရဲဘက်စခန်းအတွက် ပစ္စည်းဝယ်ပို့ပေးသူအဖြစ် နေခွင့်ရတာတွေ တွေ့ရပါတယ်။ အဲဒီထောင် ကျ ၊ ရဲဘက်ထွက် ပုဂ္ဂိုလ်တွေနဲ့ (၂)နှစ် (၃)နှစ်လောက် အတူဂေါက်ရိုက် ခဲ့ဖူးပါတယ်။ အချို့ရဲဘက်တွေ ကိုတော့ တောင်ယာ (၂)ဧက စိုက်ခွင့်ပေးပြီး တောင်ယာမြေမှာ တဲဆောက်နေခွင့် ရပါတယ်။ မိသားစုနဲ့အတူ နေခွင့်ရပြီး မိတ်ဆွေများလည်း အလည် လာခွင့်ရပါတယ်။ ဒီရဲဘက်ရဲ့ တာဝန်က စိုက်ပျိုးမြေ (၂)ဧကအတွက် စပါးတင်း (၁၀၀)အပ်ဖို့ တာဝန်ရှိပါတယ်။ မြက်ပင်တောင် မပေါက်တဲ့ ကျောက်စရစ်ကုန်းမြေက စပါးတင်း (၁၀၀)ကို နှစ်စဉ်မှန်မှန် (ပြင်ပက စပါးဝယ်ပြီး) အပ်နိုင်ခဲ့ပါတယ်။

(ဂ) အသေလွတ် (Dead Free) လွတ်မြောက်ခြင်း

          တစ်ခါက စာရေးသူဟာ ထောင်ဒဏ် (၁၂)နှစ် ကျတဲ့ တရားခံ (လူမမြင်ဖူးပါ) တစ်ဦးရဲ့ အယူခံမှုကို တရားရုံးချုပ်မှာ လျှောက်လဲ ခဲ့ရဖူးတယ်။ တရားရုံးက ပြန်အထွက်မှာ လူစိမ်းတစ်ယောက် လာနှုတ်ဆက်တယ်။ သူက စာရေးသူ လျှောက်လဲခဲ့တဲ့ အမှုက ထောင်ကျတရားခံတဲ့။ အ၀ယ်တော်အဖြစ်နဲ့ အပြင်မှာနေတာတဲ့။ အယူခံမှု သတင်းကြားလို့ လာနားထောင်တာတဲ့။ အဲဒီလူရဲ့ အယူခံမှု ရှုံးပါတယ်။ ထောင်ဒဏ် (၁၂)နှစ်ကလည်း မလျော့သွားပါဘူး။ နောက်တစ်နှစ်လောက်အကြာမှာ ဒီထောင်ကျကို တစ်နေရာမှာတွေ့ပါတယ်။ ရဲဘက်ပြေးမှတ်ပြီး နှုတ်မဆက်ရဲပါဘူး။ ဒါပေမဲ့ သူက လာနှုတ်ဆက်ပြီး “ငါ သေပြီးပြီ ကွ၊ ငါက ငါ မဟုတ်တော့ဘူး၊ အခြားလူ ဖြစ်သွားပြီတဲ့” ရဲဘက်စခန်းမှာ “မောင်မဲ” ဆိုတဲ့ ကောင်သေတယ်။ သေသူအမည်ကို ငါ့နာမည်ပြောင်းထည့်လိုက်တယ်။ ငါသေသွားပြီ။ တကယ်သေတဲ့ “မောင်မဲ” ကိုတော့ သူ့ဓါတ်ပုံနဲ့ ရဲဘက်ပြေးဆိုတဲ့ စာရင်းပြ ပြီး ဖမ်းဖို့ ရဲစခန်းတွေ အကြောင်းကြား ထားတယ်တဲ့။ (မိအုံးတော့မှာပဲ)။ တရားရုံးမှာ တရားခံ အပြီးအပြတ် လွတ်ရင် တရားသေ လွတ်တယ်။ (Acquittal) လို့ခေါ်ပါတယ်။ အခုလို ထောင်ကျက အသေပြပြီး လွတ်လာတာကိုတော့ အသေလွတ် (ဒက်ဖရီး- Dead Free) လို့ ခေါ်ရမလားပဲ။
တနေ့က လွှတ်တော်မှာ ရဲဘက်ပြေး (၁၀၀၀၀)ကျော်ရှိတယ်လို့ တင်ပြသွားတယ်။ အားလုံးများ (ဒက်ဖရီး) အသေလွတ် တွေဆိုရင်တော့ ဖမ်းမိအုံးတော့မှာပဲ။ (ဟဲ ….. ဟဲ)

UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...