Monday, August 7, 2017

အမှန်တရား ကိုယ်စီ

      ဝရမ်းမှုစစ်ဆေးခြင်းတွင် စွဲချက်မတင်မီ အဆင့် အား စုံစမ်းစစ်ဆေးမှု(enquiry)(inquiry)ဖြစ်သည် ဟု ဦးလှထွန်းဖြူ ၁၉၅၈ မတစ ၁၆၀ မှာဆိုလေတော့ ပီ။ကာ။ရာ။ပါ။ယ အမှု ၁၉၆၀ မတစ ၂၃၀ ၏ ဆိုလိုရင်းဖြစ်သော ဝရမ်းမှုစစ်ဆေးခြင်းသည် တရားခံ ရုံးရှေ့ ရောက်သည့်နေ့တွင် စတင်သည်ဟူသော ပြဆိုချက်ကို မည်သည့်အတွက် ထားရစ်ကြပါသနည်းဟု မေးရမလို ဖြစ်လာပါသည်။

        ဆိုင်ရာ ထုံးပြုချက်များတွင် အမှန်တရား ကိုယ်စီ ရှိကြပါသည်။ ဦးလှထွန်းဖြူ က ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၅၂ ပုဒ်မ ၂၅၆ တို့နှင့် သက်သေခံဥပဒေ ပုဒ်မ ၁၃၈ ပုဒ်မ ၃၃ တို့တွင်ပါရှိသည့် တရားခံ၏ အခွင့်အရေး နှင့် စွဲချက်မတင်မီ စစ်ဆေးခဲ့သော လိုပြထွက်ချက်တန်ဘိုးကို စပ်ဟပ်ပြပါသည်။
         အကယ်၍သာ စွဲချက်မတင်မီ အဆင့်သည် စစ်ဆေးစီရင်မှု မဟုတ်ဟု စွဲကိုင်ထားပါလျှင် ကျင့်၂၅၆ အရ ပြန်ခေါ်လိုသော လိုပြ သေဆုံးခြင်း သို့မဟုတ် သက်သေခံချက် မပေးနိုင်သည့် အခြေအနေ ဖြစ်ပါလျှင် စွဲချက်မတင်မီ က စစ်ဆေးခဲ့သော ယင်းလိုပြ၏ ထွက်ချက်မှာ တန်ဘိုးလျော့ဖွယ်သာ ရှိပါမည်။ထို့ကြောင့် ဦးလှထွန်းဖြူ က သင်သေခံဥပဒေ ပုဒ်မ ၃၃ ။ ပုဒ်မ ၁၃၈ တို့ဖြင့် ချိတ်ဆက်ပြခဲ့ခြင်းဖြစ်ပါမည်။

         ကါ။ရာပါယ အမှု ပြဆိုချက်မှာ အလွန်ရှင်းပါသည်။ စစ်ဆေးစီရင်ခြင်း သည် တရားခံ ရုံးရှေ့ ရောက်သည့်နေ့တွင် စတင်၍ ကျင့် ၃၅၀ အရ အမှုကို အစမှ ပြန်စစ်ဆေးရာတွင် တရားလိုပြသက်သေကို ပြန်လည်စစ်ဆေးခွင့်ရှိခြင်းဖြစ်ကြောင်း ကျင့် ၃၅၀ ၏ ပြဌာန်းချက်ဖြင့် စပ်ဟပ်ပြပါသည်။ စွဲချက်မတင်မီ အဆင့်သည် စုံစမ်းစစ်ဆေးမှု ဖြစ်ပါလျှင် အစက ပြန်စစ်ပါက လိုပြသက်သေ ပြန်စစ်ဆေးခွင့် တရားခံ တွင် ဆုံးရှုံးပါလိမ့်မည်။ ပြဌာန်းချက် နှင့် ယှဉ်တွဲကြည့်ပါမည်။

          ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄(၁)(ဋ) တွင် စုံစမ်းစစ်ဆေးမှု ဆိုသည့် စကားရပ်တွင် ဤ ဥပဒေ အရ ရာဇဝတ်တရားသူကြီး သို့မဟုတ် တရားရုံးက ပြုလုပ်သည့် စစ်ဆေးစီရင်မှု မှအပ စုံစမ်းစစ်ဆေးမှု အသီးသီးပါဝင်ကြောင်း အဓိပ္ပာယ် ဖွင့်ပါသည်။

           ဝရမ်းမှုတွင် စွဲချက်မတင်မီ တရားလိုပြ သက်သေများအား စစ်ဆေးခြင်းသည် ရာဇဝတ်ကျင့်ထုံး ဥပဒေ အရ ရာဇဝတ်တရားသူကြီး သို့မဟုတ် တရားရုံးက ပြုလုပ်သော စစ်ဆေးစီရင်မှု(trial)ဖြစ်သဖြင့် ပုဒ်မ ၄(၁)(ဋ) အရ စုံစမ်းစစ်ဆေးမှု(inquiry)မဟုတ်ကြောင်း ရိုးရိုးရှင်းရှင်း မြင်လွယ်ပါသည်။

           ပုဒ်မ ၄(၁)(ဋ) အရ ၁၉၆၀ မတစ ၂၃၀ ၏ ဆိုလိုရင်းကို လက်ခံပြီး ဝရမ်းမှု၏ စစ်ဆေးစီရင်ခြင်းသည် တရားခံ ရုံးရှေ့ရောက်သည်မှ စတင်သည်ဟု မြင်ပါမှ ကျင့် ၃၅၀ အရ အစက ပြန်စစ်ဆေးရန် ကြုံသည့်အခါ လိုက်လျောညီထွေမှု ရှိပါမည်။ထို့ကြောင့် စွဲချက်မတင်မီ အဆင့်အား inquiry ဟူသော အမြင်ကို ဆန့်ကျင်မိပါသည်။

            ထူးခြားသည့် အမြင်တစ်ခု သတိထားမိပါသည်။ ရာဇဝတ်ကြီးမှုတွင် တရားခံ အာမခံချုပ်သည်အထိ တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်မှု(judicial proceeding) အဆင့်ဟူ၍ ဆိုသူက ဆိုပါသည်။ ရာဇဝတ်ကြီးမှုတွင် တရားခံ အာမခံချုပ်သည့်ကါလ အထိ တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်ဖြစ်ကြောင်းပြဆိုသော ထုံးသာဓက မတွေ့မိပါ။(သိသူက ဖြည့်စွက်ပေးပါ ကျေးဇူးတင်ပါသည်)

          ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄(၁)(ဍ) တွင် တရားစီရင်သောမှုခင်း(judicial proceeding) ဆိုသည့် စကားရပ်တွင် သက်သေတို့အား ကျမ်းသစ္စာ ပြုစေပြီး သက်သေခံချက်များကို ဥပဒေနှင့်အညီ ရယူသည့် သို့မဟုတ် ရယူနိုင်သည့် မည်သည့်မှုခင်းကိစ္စမဆို ပါဝင်သည်ဟု ဖွင့်ဆိုပါသည်။

          ရာဇဝတ်ကြီးမှုတွင် တရားခံ အာမခံချုပ်သည်အထိ ကျမ်းသစ္စာပြုပြီး သက်သေခံချက်ယူရန်ကိစ္စ ဟူ၍ မရှိနိုင်ပါ။ အနီးကပ်ဆုံး ဥပမာ အနေဖြင့် တရားခံပြေးမှုတွင်သာ တရားခံ၏ မျက်ကွယ်တွင် ကျမ်းကျိန်ပြီး သက်သေခံချက်ယူသည်ဖြစ်၍ judicial proceeding ဖြစ်ကြောင်း ယုံမှားဖွယ်မရှိနိုင်ပေ။

          ဦးအေးကိုကို နှင့် ပထစ ၂၀၀၁ မတစ ၉၈ တွင် တရားခံပြေးမှုသည် inquiry လည်းမဟုတ် trial လည်းမဟုတ် judicial proceeding သာဖြစ်၍ နောက်တိုး တရားခံ ထည့်သွင်းကိစ္စကို ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ပြဆိုထားပါသည်။

          ပြဌာန်းချက်နှင့် ထုံးပြုချက်များသည် အမှန်တရား ကိုယ်စီ ရှိနေကြပါသဖြင့် အမှုဖြစ်ရပ်နှင့် လျော်ညီစွာ တွေးခေါ် သုံးသပ် အဖြေထုတ်နိုင်ပါမှ လောကပါလ တရားကို ကူညီ ရှာဖွေပေးရာ ရောက်ပါမည်ဟူ၍သာ***

လေးစားစွာဖြင့်
              ထက်ကိုကို

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...