Tuesday, August 1, 2017

စုစည်းမှုမရှိသည့် "ရုံးငြင်းချက်"များကြောင့် ပေါ်ပေါက်လာတတ်သော အကျိုးဆက်များကို လေ့လာခြင်း(၁)

စုစည်းမှုမရှိသည့် "ရုံးငြင်းချက်"များကြောင့် ပေါ်ပေါက်လာတတ်သော အကျိုးဆက်များကို လေ့လာခြင်း  (၁)

ဦးမျိုးတင့်
             
          တရားမမှုခင်းများတွင် ရုံးငြင်းချက်များကို မည်သို့ထုတ်နှုတ် ထားရှိရမည်ကို ကျင့်ထုံးဥပဒေ၊ ရုံးလက်စွဲ၊ ညွှန်ကြားလွှာ၊ ညွှန်ကြားချက်/အမိန့်စာများ ထုတ်ပြန်ထားသဖြင့် ဥပဒေသမားတိုင်း သိရှိကြပြီး ဖြစ်ပါသည်။

         မည်သိုပင် စေ့ငှစွာ ပြဌာန်းထားသည်ဆိုစေဦး။ အချို့သော လုပ်ငန်းဆိုင်ရာ အချက်အလက်ငယ်များကို လွှမ်းခြုံ ပြဌာန်းထားနှိုင်ခြင်း မရှိသဖြင့် လက်တွေ့လုပ်ငန်းငယ်အချို့ကို ဥပဒေနှင့်လည်းမဆန့်ကျင့်သည့် Court practice (ရုံးကျင့်စဉ်) အရသာ လိုက်နာဆောင်ရွက်နေကြသည်ကို တွေ့မြင်ရတတ်ပါသည်။  

         ယင်းကျင့်စဉ်အချို့ သည် ကျင့်ထုံး၊ လက်စွဲ၊ ညွှန်ကြားချက်များတွင် ပါဝင်ခြင်းမရှိသဖြင့် လိုက်နာရန်မလိုဟု ဆိုသူက ဆိုကြပါသည်။ အချို့ကလည်း မိမိလက်ဦးဆရာ၏ ကျင့်စဉ်အတိုင်း လိုက်နာဆောင်ရွက် တတ်ကြသည်ကို တွေ့မြင်ရပါသည်။ သို့ဖြစ်၍ ကျင့်ထုံးတွင် အတိအကျ ဖော်ပြထားခြင်း မရှိသော ရုံးလုပ်ငန်းအချို့ကို လိုက်နာ ဆောင်ရွက်မှုသည် တခါတရံ လက်ဦး ဆရာများ၏ ကျင့်စဉ် (လုပ်နည်းလုပ်ဟန်) အပေါ်အခြေတည် တတ်သည်ဟု ဆိုရပေမည်။

         တရားမမှုတစ်ခုကို စတင်စစ်ဆေးသည့် တရားသူကြီးကပင် စီရင်ချက် ချမှတ်ခွင့်ကြုံသည့် အမှုများရှိသကဲ့သို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်နေ ကြရသဖြင့်၎င်း အခြားအကြောင်း တစ်ခုခုကြောင့် ၄/၅နှစ်ကျော် ကြန့်ကြာနေ သဖြင့်၎င်း နောက်ဆက်ခံသူတရားသူကြီးများက စီရင်ချက် ချရသည့် အမှုများလည်း ရှိတတ်ပါသည်။

           ထိုသို့ တရားသူကြီးအဆင့်ဆင့် လွှဲပြောင်းစစ်ဆေးခဲ့ရသည်ပြင် အမှုသည်များကလည်း ရှေ့နေအကြိမ်ကြိမ် ပြောင်းလဲကာ စွပ်စွဲ/ထုချေ တတ်ကြသဖြင့် အမှုကြာလာသည်နှင့်အမျှ ထုတ်နှုတ်ပြီးသော မူလရုံးငြင်းချက်များကိုပင် (နောက်)ရှေ့နေအသစ်က ကြေနပ်မှု   မရှိ ဖြစ်တတ်ရာမှ --

- နောက်တိုးငြင်းချက်(အသစ်)အဖြစ် ထပ်မံ ဖြည့်စွက်ပေးရန်

- မူလရုံးငြင်းချက်များအနက် အချို့ငြင်းချက်များကို နှုတ်ပယ်ပေးရန်

- နောက်တိုးငြင်းချက် သို့မဟုတ် အချို့ငြင်းချက်ကို ဥပဒေ ငြင်းချက်အဖြစ် ထုတ်နှုတ်ပေးရန်

လျှောက်ထားလာ တတ်ပါသည်။ ထိုအခါ ရုံးကနှစ်ဘက်ကြားနာ၍ အမိန့်ချ မှတ်ခြင်း၊ ယင်းအမိန့်ကို မကျေနပ်သူက ပြင်ဆင်မှုတက်ရောက်ခြင်းတို့ မလွဲမသွေ ကြုံတွေ့ရတတ် ပါသည်။ ထိုအခါ မူလရုံးငြင်းချက်/နောက်တိုးငြင်းချက်/ဥပဒေဆိုင် ရာငြင်းချက် စသည့်တို့ကို အမိန့်ချမှတ်ခဲ့ရသည့် နေ့ရက်များ တူညီခြင်း မရှိနှိုင်တော့ပေ။ 

          အမိန့်ချမှတ်သည့်နေ့များ မတူညီသည့်အလျှောက် အမှုတွဲတွင် အဆိုပါငြင်းချက်များ ရောက်ရှိနေသည့် နေရာများမှလည်း မူလငြင်းချက်များ တွဲထားရာနေရာနှင့် အလှမ်း ကွာခြားသွားကြမည် ဖြစ်သည်။

         ရှေ့နေပြောင်းငှားမှု ဖြစ်စဉ်အချို့တွင်လည်း ရှေ့နေအချင်းချင်း အမှုတွဲမှတ်တမ်းများ လွှဲပြောင်းပေးမှု အားနည်း ကြသဖြင့် ~

         (က)  ယခင်ရှေ့နေ လျှောက်ထားခဲ့သဖြင့် အမိန့်ချပြီးကိစ္စကို နောက်ရှေ့နေက ထပ်မံလျှောက် ထားမိခြင်း။

         ( ခ) နောက်  ရုံးထိုင်တရားသူကြီးများကလည်း တစ်စုတစ်စည်းတည်း မရှိသည့် ငြင်းချက်အမိန့်များကြောင့်
           ယခင်လျှောက်ထားဘူးသည်ကို မသိဘဲ ထပ်မံကြားနာ၍ အမိန့်ချမှတ်တတ်ခြင်း။

         ( ဂ)  နောက်တရားသူကြီးများက စီရင်ချက် အမိန့်ချမှတ်ရာတွင်လည်း ငြင်းချက်များပြန့်ကြဲနေသဖြင့်
            စီရင်ချက်၌ ဖြေဆိုရာတွင်  ရုံးငြင်းချက် အချို့ကျန်နေတတ်ခြင်း၊ သို့မဟုတ် 

          (ဃ) ဆက်ခံသည့် တရားသူကြီးက ငြင်းချက်များ စုစည်း စီစစ်နေရသဖြင့် စီရင်ချက်ချရန် ရက်ချိန်း
            သတ်မှတ် ထားသော်လည်း မချဖြစ်ဘဲ  ထပ်မံချိန်းဆိုနေရသဖြင့် အမှု ကြန့်ကြာတတ်ခြင်း

စသည်တို့ ဖြစ်ပေါ် လာတတ်ပါသည်။ ထိုအခါ အမှုသည်များနှင့် အများပြည်သူ အချို့က --
 
           --  တရားရုံးအပေါ် လာဘ် လာဘ မျှော်သည်ဟု အထင်မှားတတ်ခြင်း သို့မဟုတ်

           --  ယခင်ရှေ့နေလျှောက်ထားစဉ်က ပယ်ပြီးသား ဖြည့်စွက်ငြင်းချက်ကို ထပ်မံလျှောက်ထားလာသည့်
               နောက်ရှေ့နေအပေါ်တစ်ဖက်အမှုသည်က တရားရုံးကို မထေမဲ့မြင် လုပ်သည်ဟု စွပ်စွဲလာတတ်ခြင်း 
               သို့မဟုတ် 

           --  မလိုလားအပ်ဘဲ အမှုကြန့်ကြာစေခြင်း စသည်, စသည်တို့ ကြုံတွေ့ရတတ်ပါသည်။

          သို့ဖြစ်၍ မူလရုံးငြင်းချက်များကို ပြင်ဆင်ပြောင်းလဲခြင်း ပြုရာတွင် အမှုထွဲ၌ ငြင်းချက်များအား မည်ကဲ့သို့ စီစဉ် ထားရှိသင့်သည်ကို မြင်ဆရာတစ်ဦး၏   "မူ"  ကို နမူနာယူ၍ ယခု post တွင်ဆွေးနွေးလိုပါသည်။

            ရုံးငြင်းချက်များကို တိုးသည့်အခါ သို့မဟုတ် လျှော့သည့်အခါတိုင်း၌ ငြင်းချက်များကို အပိုင်းပိုင်း ခွဲမထားဘဲ အားလုံးကို စုပေါင်းပြီး အမှတ်စဉ်သစ်ဖြင့် စဉ်၍ အောက်ဖော်ပြပါ ဥပမာ-၂ သို့မဟုတ် ဥပမာ-၃ ပါအတိုင်း ငြင်းချက် ပုံစံသစ် တစ်ရွက် ရေးသားရန်  ထိုပုံစံတွင်   " ငြင်းချက်များ"ဟု  အလံတပ်ကာ အမှုမာတိကာစဉ် အတိုင်း သတ်မှတ် နေရာတွင် တွဲထားရန် လိုအပ်ပါ သည်။

ဥပမာ- ၁ 

-တရားရုံးက ဆိုလွှာချေလွှာအရ ရုံးငြင်းချက် ၃ ရပ်ထုတ်နှုတ်သည်။(တရားရုံးက ကနဦး/မူလ ထုတ်သည့်ငြင်းချက်)

                                   ရုံးငြင်းချက်များ
                  (၁) × × ×
                  (၂) × × ×
                  (၃) ×  တရားလို မည်သည့်သက်သာခွင့် ရထိုက်ပါသနည်း။

ဥပမာ-၂

     -တရားလို/ပြိုင်ကနောက်တိုးငြင်းချက်၃ရပ်တိုးရန်လျှောက်ရာ၂ရပ်ကိုခွင့်ပြုခဲ့သည်။

   အကြောင်းခြင်းရာငြင်းချက်များသာဖြစ်ပါက ငြင်းချက်ပြန်စဉ်ရန်မှာ ကွင်းဆက် အလိုက် ကပ်လျှက်စဉ်ရန်/မူလအစဉ် ၃ သည် စဉ် ၅ ဖြစ်သွားမည်။

                                     ရုံးငြင်းချက်များ
                  (၁) × × ×
                  (၂) × × ×        
                  (၃) × × ×
                  (၄) × × ×
                  (၅) × တရားလိုမည်သည့်သက်သာခွင့် ရထိုက်ပါသနည်း။

ဥပမာ- ၃

- တိုးပေးလိုက်သည့် ရုံးငြင်းချက် ၂ ရပ်တွင် ဥပဒေငြင်းချက် ၁ ရပ်ပါ က

                                      ရုံးငြင်းချက်များ

           ဥပဒေဆိုင်ရာငြင်းချက်များ

                   (၁) × × × ဖြည့်စွက်လိုက်သည့် ဥပဒေငြင်းချက်

           အကြောင်းခြင်းရာဆိုင်ရာငြင်းချက်များ
                   (၂) × × ×
                   (၃) × × ×
                   (၄) × × ×
                   (၅) ×  တရားလိုမည်သည့်သက်သာခွင့် ရထိုက်ပါသနည်း။

ဥပမာ- ၎

- ငြင်းချက် တိုးခြင်းမပြုဘဲ မူလငြင်းချက်များမှ ဥပဒေငြင်းချက် ထုတ်နှုတ်ပါက ၄င်းကိုအစဉ်(၁) မှ စတင်သတ်မှတ်ရန်ဖြစ်သည်။
        
          ယင်းသို့  စုစည်းဖော်ပြရာတွင်  ဖြည့်စွက်ငြင်းချက် ဘေးတွင် သက်ဆိုင်ရာ ရက်စွဲအတိုပြထားခြင်းဖြင့်-

                    - အမှုရင်ဆိုင်သည့် ကာလ မည်မျှကြာကြာ

                    - အမှုစစ် တရားသူကြီး ဘယ်နှစ်ဦးပြောင်းပြောင်း

                    -အမှုတွဲဘယ်လောက်ထူထူ

                   - အမှုတွဲကို ဘယ်နှစ်ပိုင်းခွဲ၍  ချုပ်ထား , ချုပ်ထား
                  
ရုံးငြင်းချက်များကို တစုတည်း အလွယ်တကူ ပြည့်စုံစွာတွေ့မြင့်နှိုင်ပါကြောင်း (ဆက်ရန်)

ဆရာ ဦးမျိုးတင့်

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...