Thursday, February 5, 2015

ယာဉ်နှစ်စီးတိုက်မှု နှင့် ယာဉ်မောင်း တရားခံနှစ်ဦး



ယာဉ်နှစ်စီးတိုက်မှု နှင့် ယာဉ်မောင်း တရားခံနှစ်ဦး



. ယာဉ်ကို ပေါ့ဆစွာ မောင်းနှင်မှုကြောင့် ဖြစ်စေ၊ ယာဉ်ကို အရမ်းမဲ့ မောင်းနှင်မှုကြောင့် ဖြစ်စေ ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ ရှိကြပါသည်။  ဤအမှုမျိုးတွင် ယာဉ်မောင်း တစ်ဦးတည်း၏ ပေါ့ဆမှု၊ သို့မဟုတ် အရမ်းပြုလုပ်မှုကြောင့် ဖြစ်သလား၊ သို့တည်းမဟုတ် ယာဉ်မောင်း နှစ်ဦးစလုံး၏ ပေါ့ဆမှုကြောင့် ဖြစ်သလား ဆိုသည်ကို စဉ်းစားချင့်ချိန်ရန် လိုပါသည်။  ယာဉ်မောင်း နှစ်ဦးစလုံး၏ ပေါ့ဆမှု ကြောင့်၊ သို့မဟုတ် အရမ်းမောင်းနှင်မှုကြောင့် ယာဉ်တိုက်မှု ဖြစ်ရသည်ဟု ယူဆသည့်အခါ ယာဉ်မောင်း နှစ်ဦးစလုံးကို တရားခံများအဖြစ် အမှုတစ်မှုတည်း တွင်ပင် တရားစွဲဆို တင်ပို့နေကြသည်ကို တွေ့ရှိ ရပါသည်။

. ယင်းသို့ တစ်မှုတည်းတွင်ပင် ဆန့်ကျင်ဘက် ယာဉ်မောင်းနှစ်ဦးကို တရားခံ(၂)ဦးအဖြစ် ပူးတွဲ တရားစွဲဆို၍ စစ်ဆေးသည့်အခါတွင် တစ်ဦးအပေါ် တစ်ဦးက အပြစ်ပုံချ ထွက်ဆိုလေ့ ရှိတတ်ကြမည်မှာ ဓမ္မတာပင် ဖြစ်သောကြောင့် အမှန်တရားကို စိစစ်ရန် ခက်ခဲမည် အမှန်ပင်ဖြစ်ပါသည်။  ထို့ပြင် ထိုသို့ တရားခံ (၂)ဦးကို တစ်မှုတည်း ပေါင်းရုံး၍ တရားစွဲတင်ခြင်း၊ စစ်ဆေးခြင်းသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နှင့် ညီမညီ စိစစ်ကြည့်ရန် လိုမည်ဖြစ်ပါသည်။

. ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄(၁)(က) တွင် __"ပြစ်မှု ဆိုသည်မှာ တည်ဆဲ တရားဥပဒေ တစ်ရပ်ရပ်အရ ပြစ်ဒဏ် ထိုက်သင့်သော ပြုလုပ်မှု၊ သို့မဟုတ် ပျက်ကွက်မှုကို ဆိုသည်"ဟု ပြဋ္ဌာန်းထားပြီး၊ ပုဒ်မ ၄(၂)တွင် ပြုလုပ်မှုများကို ရည်ညွှန်းသည့် စကားလုံးများတွင် ဥပဒေနှင့် ဆန့်ကျင်သော ပျက်ကွက်မှု များလည်း အကျုံးဝင်သည်။  ထို့ပြင် ဤဥပဒေတွင် အသုံးပြု၍ ပြစ်မှုဆိုင်ရာ ဥပဒေတွင် အဓိပ္ပာယ် ဖွင့်ဆိုထားပြီး၊ ဤဥပဒေ၏ ရှေ့ပိုင်းတွင် အဓိပ္ပာယ် ဖွင့်ဆိုမထားသော စကားလုံးများနှင့် စကားရပ်များ အားလုံးတို့သည် ပြစ်မှုဆိုင်ရာ ဥပဒေတွင် ဖွင့်ဆိုထားသည့် အတိုင်း အဓိပ္ပာယ်ကို ဆောင်သည်ဟု မှတ်ယူရမည်"ဟု ပြဋ္ဌာန်းထားပါသည်။

. ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၂ တွင် __ "ရှေ့နောက်စကား တို့၌ ဆန့်ကျင်သော ရည်ရွယ်ချက် မပေါ်ပေါက်လျှင် ဤပြစ်မှုဆိုင်ရာ ဥပဒေ၏ အပိုင်းတိုင်း၌ ပြုလုပ်မှုများကို ရည်ညွှန်းသော စကားများသည် ဥပဒေနှင့် မညီသော ပျက်ကွက်မှုများ နှင့်လည်း သက်ဆိုင်သည်"ဟု ပြဋ္ဌာန်းထား ပါသည်။

. "ပြုလုပ်မှု" ဆိုသည့် စကားရပ်သည် စိတ်တွင် ဖြစ်ပေါ်သည့် အတိုင်း ကိုယ်ဖြင့် ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ ပြုလုပ်ခြင်းကို ပြုလုပ်မှုဟု အဓိပ္ပာယ် သက်ရောက်ပြီး "ပျက်ကွက်မှု" စကားရပ်သည် ဥပဒေအရ ပြုလုပ်ရန် ပျက်ကွက်မှုဟု အဓိပ္ပာယ် သက်ရောက်ပါသည်။

. ယာဉ်(၂)စီး တိုက်မှုဖြစ်လျှင် တစ်စီးက တစ်စီးကို တိုက်ခြင်းလား (သို့မဟုတ်) တစ်စီးနှင့် တစ်စီး ပွတ်ရှောင်ရာမှ ထိခိုက်မိခြင်းလား၊ ဆန့်ကျင်ဘက်မှ မောင်းနှင်လာရင်း ရင်ဆိုင် တိုက်မိခြင်းလား၊ ပွတ်ရှောင်ရာမှ ထိခိုက်မိခြင်းလား ဆိုသော ယာဉ်တိုက်မှု ဖြစ်ပုံဖြစ်နည်းကို စူးစမ်း လေ့လာရပါသည်။  ရင်ဆိုင် တိုက်မိကြလျှင် မည်သည့်ယာဉ်က မည်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ဖောက်ဖျက် သနည်း၊ ယာဉ်မောင်း နှစ်ဦးစလုံး၏ အမှားကြောင့်လား စသည်ဖြင့် ဆက်လက် တွေးတော စူးစမ်းရန် လိုအပ်မည် ဖြစ်ပါသည်။

. မောင်းနေသော ယာဉ်နှစ်စီး တိုက်မိကြလျှင် မည်သည့် ယာဉ်မောင်း၏ ပေါ့ဆမှု၊ သို့မဟုတ် အရမ်း မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှု ဖြစ်ရသည်ကို စုံစမ်း ဖော်ထုတ်ရန် ခက်ခဲပါသည်။  ရှင်းလင်း ထင်ရှားသည့် အချက်မှာ အတိုက်ခံရသော ယာဉ်သည် ရပ်နေသော ယာဉ်ဖြစ်လျှင် ထိုယာဉ်ကို ၀င်တိုက်သည့် ယာဉ်မောင်း၏ အမှားပင် ဖြစ်ပါမည်။  မောင်းနေသော ယာဉ်နှစ်စီး အနက် တစ်စီးက အတိုက်ခံရ၍ ယာဉ်နှင့် ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု ရှိခဲ့လျှင် ယာဉ်နှစ်စီး ပေါ်ပါလာသော သက်သေများကို စစ်ဆေးကြရပါသည်။  အချို့သက်သေများက အမှန်အတိုင်း ပြောသော်လည်း၊ အချို့မှာ အမှန်အတိုင်း မပြောတတ် ကြပါ။  ဘက်လိုက် ပြောဆိုမှုများလည်း ရှိတတ် ပါသည်။  ထိုအခါမျိုးတွင် မည်သည့်ယာဉ်က အရမ်း မောင်းသည်၊ သို့မဟုတ် ပေါ့ဆစွာ မောင်းသည်ကို စဉ်းစား ချင့်ချိန်ရန် အထူး လိုအပ်ပါသည်။  သို့အတွက် စုံစမ်း စစ်ဆေးသူ ရဲအရာရှိ များအနေဖြင့် အမှု(၂)မှု ခွဲ၍ စုံစမ်းစစ်ဆေးမှ သာလျှင် ပိုမို ပြတ်သားစွာ သုံးသပ်နိုင်မည် ဖြစ်ပါသည်။  အမှုကို (၂)မှု ခွဲ၍ တင်မည်၊ သို့မဟုတ် တစ်မှုတည်းတွင် တရားခံ တစ်ဦးတည်း ကိုသာ တရားစွဲတင်မည် ဆိုသည်ကို ဆုံးဖြတ်ရန် ဖြစ်ပါသည်။

. ယာဉ်တိုက်မှုတိုင်းကို ရဲတပ်ဖွဲ့ (ယာဉ်ထိန်းရဲ) အရာရှိက တရားလို ပြုလုပ် တိုင်တန်း၍ အမှုကို စုံစမ်း စစ်ဆေးရာ၌ ယာဉ်ပေါ်ပါသူများကို တရားလိုပြ သက်သေအဖြစ် တရားရုံးသို့ တင်ပြ ရပါသည်။  တရားလိုပြ သက်သေ ဆိုသည်မှာ တရားခံ ပြစ်မှု ကျူးလွန်ကြောင်း သာမန်အားဖြင့် သက်သေခံ ရမည့်သူ ဖြစ်သောကြောင့် ယာဉ်မောင်းတရားခံ တစ်ဦး အတွက်သာ တရားလိုပြ သက်သေက တရားလိုပြ သက်သေအဖြစ် သက်သေခံမည် ဖြစ်ပါသည်။  ယာဉ်မောင်း တရားခံ(၂)ဦး အတွက် တစ်မှုတည်းတွင်ပင် တရားလိုပြ သက်သေအဖြစ် အစစ်ခံလျှင် သက်သေခံချက် များတွင် ရှုပ်ထွေးမှု များစွာ ဖြစ်ပေါ်မည်မှာ သဘာဝ ကျပါသည်။  ထို့ကြောင့် ယာဉ်တိုက်မှု တစ်မှုတွင် ယာဉ်မောင်း တရားခံ(၂)ဦး အတွက် တရားလိုပြ  သက်သေ တစ်မျိုးတစ်စားတည်း ရှိနိုင်မည် မဟုတ်ပါ။  ထိုအမှုမျိုးတွင် တရားခံ တစ်ဦးအတွက် တရားလိုပြ သက်သေစာရင်းက တစ်မျိုး ဖြစ်ပြီး၊ အခြား တရားခံ တစ်ဦးအတွက် တရားလိုပြ သက်သေ စာရင်းက နောက် တစ်မျိုး ဖြစ်မှသာလျှင် တရားစွဲ အဖွဲ့အစည်း ဖြစ်သည့် ရဲတပ်ဖွဲ့က မိမိ တရားစွဲတင်သည့် အမှုကို အောင်မြင်သည့် ယုတ္တိအိမ်ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

. တရားရုံးသို့ အမှုရောက်လာလျှင် အမှုစစ် တရားသူကြီးက တရားလိုပြ သက်သေ များကို စစ်ဆေးပြီးနောက် တရားခံအပေါ် ယာဉ်တိုက်မှု ပုဒ်မများ (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၇၉၊ ပုဒ်မ ၃၃၇၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၃၀၄-က) အနက် ပုဒ်မ တစ်ခုဖြင့် ဖြစ်စေ၊ ပုဒ်မ(၂)ခုဖြင့် ဖြစ်စေ၊ ပုဒ်မ (၃)ခုနှင့် ဖြစ်စေ တစ်မှုတည်းတွင် စွဲချက်(၃)ရပ် ထက်မပိုသော စွဲချက်များဖြင့် တရားခံ အပေါ် စွဲချက်တင် ရပါသည်။  စွဲချက် နှင့် စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၂၁ ၌ __
(၁)     ဤဥပဒေအရ စွဲချက်တိုင်းတွင် တရားခံကို မည်သည့် ပြစ်မှုနှင့် စွဲဆိုသည်ကို ဖော်ပြ ပါရှိစေရမည်။
(၂)     ပြစ်မှုကို ပြဋ္ဌာန်းသည့် ဥပဒေတွင် ထိုပြစ်မှုကို အမည် တစ်စုံတစ်ရာ သီးခြား ခေါ်ဝေါ်လျှင် ၎င်းပြစ်မှုကို ၎င်းအမည်နှင့်သာ ဖော်ပြရမည်။
(၃)     ပြစ်မှုကို ပြဋ္ဌာန်းသည့် ဥပဒေတွင် ၎င်းပြစ်မှုကို အမည် တစ်စုံတစ်ရာ သီးခြား ခေါ်ဝေါ်ခြင်း မရှိခဲ့လျှင် တရားခံ အဖြစ်ဖြင့် ၎င်းအပေါ် မည်သည့်အချက်နှင့် စွဲဆိုထားကြောင်း သိသာနိုင်ရန် ထိုပြစ်မှု၏ သဘော အဓိပ္ပာယ် ပိုင်းခြားချက်ကိုသာ ဖော်ပြရမည်။
(၄)     စွဲချက်တွင် ကျူးလွန်သည် ဆိုသော ပြစ်မှုမှာ မည်သည့် ဥပဒေနှင့် ထိုဥပဒေပါ မည်သည့် ပုဒ်မကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြ ပါရှိစေရမည်။
(၅)     စွဲချက်တင်သည် ဆိုသည့် အချင်းအရာသည် စွဲဆိုထားသည့် အမှု၌ စွဲဆိုထားသော ပြစ်မှုမြောက် အောင် ဥပဒေအရ လိုအပ်သည့် အချက် အရပ်ရပ် ပြည့်စုံသည်ဟု ဆိုရာရောက်သည် ဟု ပြဋ္ဌာန်းထား ပါသည်။

. အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်များအရ အမှု စစ်ဆေးသည့် တရားသူကြီးသည် ယာဉ်မောင်း တရားခံ တစ်ဦးအပေါ် အထက်တွင် ဖော်ပြခဲ့သည့် ပုဒ်မ ၂၇၉၊ ပုဒ်မ ၃၃၇၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၃၀၄-က ပါ ပြစ်မှုဖြင့် စွဲချက်တင် နိုင်လောက်သည့် မြင်သာသော အချက်များ ရှိ၊မရှိကို တစ်စုတစ်စည်း တည်းသော တရားလိုပြ သက်သေများကို စစ်ဆေးပြီးမှ သာလျှင် စဉ်းစား ချင့်ချိန်နိုင်မည် ဖြစ်ပါသည်။  ယာဉ်မောင်း (၂)ဦးကို တစ်မှုတည်းတွင်ပင် ပူးတွဲ စစ်ဆေးလျှင် ကွဲပြားခြားနားသည့် တရားလိုပြ သက်သေများ၏ ထွက်ချက် များကြောင့် မည်သည့် ယာဉ်မောင်း တရားခံ တွင် မည်သည့် ပြစ်မှု ပေါ်ပေါက်သည်၊ သို့မဟုတ် မည်သည့် ယာဉ်မောင်း တရားခံတွင် ပြစ်မှု မပေါ်ပေါက် ဆိုခြင်းကို ခွဲခြားသိရှိ နိုင်မည် ဖြစ်ပါသည်။  သို့အတွက် တရားရုံးများသို့ ယာဉ်မောင်း တရားခံ (၂)ဦးကို တစ်မှုတည်းတွင် ပူးတွဲ စွဲဆိုလာလျှင် (၂)မှုခွဲ၍ စစ်ဆေးစီရင်မှသာ အထက်ပါ ကျင့်ထုံး ဥပဒေ ပြဋ္ဌာန်းချက် များနှင့် ကိုက်ညီမည် ဖြစ်ပါသည်။

. ပြစ်မှုဆိုင်ရာ အယူခံမှု အမှတ် ၂၆၀/၉၇ တွင် တရားရုံးချုပ်က အောက်ပါအတိုင်း သုံးသပ် လမ်းညွှန် ထားပါသည် __
"ဆန့်ကျင်ဘက်မှ မောင်းလာနေသော ကား၏ ရွေ့လျားမှုကို ကြည့်၍ ရပ်နေသော ကားက ပြန်မောင်း ထွက်သင့်မသင့် စဉ်းစား ချင့်ချိန်ရမည်မှာ ပြန်မောင်းထွက်သည့် ကားမောင်းသူ၏ သတိ သမ္ပဇဉ်တွင် မူတည်သည်။  ရှေ့မှလာသည့် ကားနှင့် မလွတ်နိုင်လျှင် ရပ်နေရာမှ မောင်းထွက် လိုက်ခြင်းသည် ၎င်းအဖို့ မဆင်မခြင် ပြုရာ ရောက်သည်။  စိုးဝင်း၏ ထွက်ချက်အရလည်း တစ်ဘက်မှ မောင်းလာသည့် စည်ပင်အဖွဲ့ ပိုင် ကားက ဆိုက်ကားကို ကျော်ပြီး သူ့ယာဉ်ကြော သူ ပြန်ဝင်ချိန်တွင် ၎င်း၏ ဒိုင်နာကားကို လွတ်မည် အထင်ဖြင့် ရုတ်တရက် မောင်းထွက်လိုက် ရာမှ တစ်ဘက်ရှိ စည်ပင်အဖွဲ့ပိုင် ကားနှင့် ပွတ်ထိမိသည်ဟု ပေါ်လွင်သည်။  ဤစီရင်ချက် မပြီးဆုံးမီ ဖော်ပြ မှတ်ချက်ပြုလိုသည်မှာ မူလရုံးသို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တိုက်မိသည့် ယာဉ်(၂)စီးလုံးမှ ယာဉ်မောင်း နှစ်ဦးစလုံးကို အမှု တစ်မှုတည်းတွင် တရားခံ (၂)ဦး အဖြစ် ပူးတွဲ စွဲဆိုခြင်းကြောင့် တရားရုံး အနေဖြင့် အမှန်တရားကို ရှာဖွေ စိစစ်ရာတွင် အခက်အခဲ ရှိသည် ဆိုခြင်းပင် ဖြစ်သည်။  အန်ဝါခန် နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမှု (၁၉၅၂ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံးများ (တရားလွှတ်တော်)၊ စာ-၃၃၁) တွင် ယာဉ်ကို မဆင်မခြင်၊ သို့မဟုတ် အရမ်းမဲ့ မောင်းမှု များ၌ ယာဉ်မောင်း နှစ်ဦးစလုံး ပေါ့ဆသည်ဟု ယူဆလျှင် ဖြစ်စေ၊ ၎င်းတို့ နှစ်ဦးက တစ်ဦးကို တစ်ဦး အပြစ်ပုံချ နေကြလျှင် ဖြစ်စေ၊ အမှုတစ်မှု တည်း၌ ထိုယာဉ်မောင်း နှစ်ဦးကို တရားခံအဖြစ် ပူးတွဲ မစွဲဆိုသင့် ကြောင်း စီရင် ထုံးဖွဲ့ထားသည်ကို သတိချပ် သင့်သည်။  ယာဉ်မောင်းသူ နှစ်ဦးစလုံး၏ မဆင်မခြင် မောင်းနှင်မှု ကြောင့် ခရီးသည်နှင့် ယာဉ်ကို ထိခိုက်စေသည်ဟု သံသယ ဖြစ်ဖွယ်ရှိလျှင် ထိုယာဉ်မောင်း နှစ်ဦးကို တရားခံ တစ်ဦးစီအဖြစ် ခွဲ၍ (၂)မှုခွဲပြီး စစ်ဆေး စီရင်ရန် ဖြစ်သည်။  ထိုအမှု (၂)မှုကို တစ်ပြိုင်တည်း တစ်ရုံးတည်းတွင် စစ်ဆေး စီရင်မှသာလျှင် မည်သည့် တရားခံက မှန်သည်၊ မှားသည်ကို ပြတ်သားစွာ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။  သို့အတွက် စည်ပင် အဖွဲ့ပိုင် ကားမောင်းသူ မိုးသူ၏ ပေါ့လျော့မှု ကြောင့် မဟုတ်ဘဲ ဒိုင်နာ ကားမောင်းသူ စိုးဝင်း၏ ပေါ့လျော့မှုကြောင့် စည်ပင်ကားနှင့် ဒိုင်နာကား ပွတ်မိရာမှ ဒိုင်နာကားတွင် စီးလိုက်လာသူ ဦးထွန်းဟန်၏ လက်ဝဲဘက် လက်ဖျံရိုး ကျိုးသည့် ဒဏ်ရာ ရရှိခြင်း ဖြစ်သည် ဆိုသော မူလရုံး၏ သုံးသပ်ချက်မှာ မှားယွင်းမှု မရှိချေ။"

. သို့အတွက် ဤမှ နောင်တွင် ဖြစ်ပေါ်လာမည့် ယာဉ်တိုက်မှု များ၌ ယာဉ်မောင်းသူ (၂)ဦးစလုံး၏ ပေါ့ဆမှု၊ သို့မဟုတ် အရမ်းမောင်းနှင်မှု ကြောင့် ယာဉ်ထိခိုက်မှု၊ ယာဉ်ပေါ်ပါသူ အချို့ ထိခိုက်ဒဏ်ရာ ရမှု၊ သေဆုံးမှုများ ရှိသည်ဟု သံသယ ဖြစ်ဖွယ်ရှိလျှင် ယာဉ်မောင်းသူ တရားခံ တစ်ဦးစီကို တစ်မှုစီ ခွဲ၍ တစ်ရုံး တည်းသို့ တရားစွဲ တင်ပို့သင့်ကြောင်း တင်ပြလိုက်ပါသည်။

တရားရေးဝန်ထမ်းတစ်ဦး


(တရားရေးဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၄)ပါ ဤဆောင်းပါးကို ကူးယူ ဖော်ပြ မျှဝေခြင်း ဖြစ်ပါသည်။)



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...