Monday, February 2, 2015

"သက်သေမလိုက်ပါရစေနှင့်"ဟုဆိုခြင်း


"သက်သေမလိုက်ပါရစေနှင့်" ဟုဆိုခြင်း

ဦးဟန်ညွန့် (ဥပဒေ)


ကူညီပါဦး


''တရားရုံးနဲ့ ရဲစခန်းကိုတစ်ခါမှ မရောက်ဖူးပါဘူး။ ရောက်လည်းမရောက်ချင်ပါဘူး။ ယခုရုံးခေါ်စာလာနေ လို့ပါ။ သက်သေစာရင်းထဲပါနေလို့ပါ။ သက်သေမလိုက် ပါရစေနဲ့ဆရာရယ်။ ကူညီပါဦး'' ဟု မိတ်ဆွေတစ်ဦး က ဆိုလာပါသည်။ ဘယ်လိုရှင်းရပါ့။

သက်သေခံဥပဒေ


သက်သေခံဥပဒေသည် အမှုများနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထားသောတည်ဆဲဥပဒေဖြစ်သည်။ တရား သူကြီး၊ ရဲအရာရှိ၊ ဥပဒေအရာရှိ၊ ရှေ့နေရှေ့ရပ် စသည့် ဥပဒေနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ အမှုသည်များ၊ သက်သေများနှင့် စပ်ဆိုင်သောဥပဒေဖြစ်သည်။ သက်သေခေါ်ခြင်း၊ သက်သေအဖြစ် စစ်မေးခြင်း၊ ဖြေဆိုခြင်းများကို သက်သေခံဥပဒေနှင့်အညီသာ ဆောင်ရွက်ရပေသည်။

သက်သေအမျိုးမျိုး


(၁) ကလေးသူငယ်သက်သေ
တရားရုံးများ၊ ရဲစခန်းများတွင် ကလေးသူငယ် သက်သေများကိုစစ်မေးရတတ်သည်။ အလွန်သိမ်မွေ့ လှပေသည်။ ငယ်ရွယ်သောကလေး၊ အသိဉာဏ်နုပျို သောကလေး၊ ချက်ချက်ချာချာရှိသော ကလေး၊ ဉာဏ်နည်းပါးသောကလေး စသည် စသည်ရှိနိုင်သည်။ ကလေးဖြစ်သော်လည်း တရားသူကြီး၏ မေးခွန်းကို ဖြေဆိုနိုင်လျှင်သက်သေခံနိုင်သည်။ (သက်သေခံဥပဒေ ပုဒ်မ ၁၁၈)

အသက်ငယ်ရွယ်နုနယ်သောကလေးများ၏ သက် သေခံချက်ကိုအထူးသတိချပ်၍ ချိန်ဆဝေဖန်ရသည်။ လူမသမာများ၏ မဟုတ်မမှန်လုပ်ကြံသင်ကြားသည်ကို ယုံမှတ်ထားသည့် ကလေးများရှိတတ်သည်။ သို့ဖြစ် ၍ သက်သေမခံမီသင့်တော်သော ပဏာမမေးခွန်းများ ဖြင့် စမ်းသပ်စစ်မေးမှုပြုရသည်။ တရားသူကြီးက ချိန်ဆ ရသည်။

(၂) အသက်အရွယ်ကြီးရင့်သောသက်သေ
အသက်အရွယ်ကြီးရင့်သော သက်ကြီးရွယ်အို သက်သေအချို့ကိုလည်း ကြုံရတတ်သည်။ အိုမင်း မစွမ်းလည်းဖြစ်၊ ရောဂါလည်းရှိ၊ မေ့လျော့တတ်သူ လည်း ဖြစ်နေတတ်သည်။ လိုအပ်ချက်အရ မဖြစ်မနေ စစ်မေးရသည့် အခြေအနေမျိုးတွင် စစ်မေးရသည်။ ဥပဒေနှင့်အညီစစ်ဆေးမှုပြုရပါသည်။

(၃) ဆွံ့အ၊ နားမကြားသက်သေ
ဆွံ့အ၊ နားမကြားသူပင်ဖြစ်သော်ငြား သက်သေ ခံနိုင်သည်။ ထိုပုဂ္ဂိုလ်အား တရားရုံးရှေ့တွင် ၎င်းနားလည်နိုင်သောအမူအရာ၊ အရိပ်အမြွက်၊ စာရေး ပြခြင်း စသည်ဖြင့်မေးမြန်းနိုင်သည်။ ဖြေဆိုနိုင်သည့် အရည်အချင်းရှိ၊ မရှိ တရားရုံးကဆုံးဖြတ်သည်။ (သက် သေခံ ဥပဒေပုဒ်မ ၁၁၉)

(၄) ဆွေမျိုးတော်စပ်သူသက်သေ
စွပ်စွဲခံရသူနှင့် ဆွေမျိုးတော်စပ်သူသက်သေ မျိုးလည်း ကြုံရတတ်သည်။ ဆွေမျိုးတော်စပ်၍ ဘက်လိုက်တတ်သည်ဆိုကာ ငြင်းပယ်၍မရ။ လိုအပ် ချက်အရ သက်သေပြကြသည်။ သက်သေထွက်ကြရ သည်။ ဆွေမျိုးတော်၍ သက်သေမခံနိုင်ဟုဥပဒေကတားမြစ်ချက်မရှိ။ အမှုနှင့် ဆက်စပ်ပတ်သက်မှု ရှိ၊ မရှိ၊ ဆီလျော်မှုရှိ၊ မရှိ၊ လိုအပ်ချက်ကွင်းဆက်ကိုဆက်စပ် ဖော်ထုတ်နိုင်ခြင်းရှိ၊ မရှိသာအဓိကကျသည်။ တစ်ခါ တစ်ရံတွင် ရူးသွပ်သူသက်သေကိုပင် စစ်မေးရသော အခြေအနေ ကြုံကြိုက်တတ်သေးသည်။

(၅) ကြံရာပါသက်သေ
ကြံရာပါဆိုသည်မှာ (a guilty associate in crime) ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူတစ်ဦး ဖြစ်သည်။ ကြံရာပါသက်သေတစ်ဦးသည် ကျန်တရားခံ တစ်ဦးအပေါ်တွင် သက်သေခံနိုင်သူဖြစ်သည်။ (သက် သေခံဥပဒေပုဒ်မ ၁၃၃)

သက်သေအရေအတွက်

သက်သေခံဥပဒေပုဒ်မ ၁၃၄ အရ မည်သည့်အမှု တွင်မဆို အကြောင်းခြင်းရာတစ်ခုကို ထင်ရှားစေရန် အတွက် သက်သေမည်ရွေ့မည်မျှပြရမည်ဟု ကန့်သတ် ထားခြင်းမရှိပေ။ အရေအတွက်သည် အဓိကမဟုတ်။ သက်သေ၏ အရည်အချင်းသည်သာအဓိကဖြစ်ကြောင်းထင်ရှားပေသည်။ သက်သေတစ်ဦးတည်းပင် မျက်မြင် သက်သေဖြစ်နေပါကလည်း အခြားထောက်ကူချက်ရှိ နေသဖြင့် တရားခံအားအပြစ်ပေးနိုင်ကြောင်းစီရင်ထုံး အချို့ရှိပေသည်။ ခိုင်လုံစိတ်ချရသောသက်သေဖြစ်ဖို့ မူ လိုအပ်လှသည်။

ကွင်းဆက်မပြတ်သောသက်သေခံချက်

အမှုတစ်မှုတွင် ကွင်းဆက်မပြတ်သောသက်သေခံ ချက်လိုအပ်လှသည်။ အချိတ်အဆက်မိရန် အရေးကြီး သည်။ တရားခံတစ်ဦးအား လွယ်လွယ်နှင့် အပြစ်မပေး သင့်။ သက်သေခိုင်လုံမှ၊ သက်သေခံအထောက်အထား ထင်ရှားမှသာ အပြစ်ရစေသင့်သည်။ သက်သေသည် မရှိ မဖြစ်လိုအပ်သည်။

သက်သေပြရန်တာဝန်

တရားခံအပြစ်ရှိကြောင်းသက်သေထူရန် တာဝန်သည် တရားလိုဘက်တွင် အစဉ်တစိုက် တာဝန်ရှိသည်။ တရား လိုဘက်က သက်သေမပြနိုင်သရွေ့ တရားခံမှာအပြစ်မရှိ ဟု မှတ်ယူရသည်။ ဤသဘောတရားကိုတရားဥပဒေ ပညာရှင်တိုင်းလက်ခံထားကြသည်။ အပြစ်ရှိသူကိုးဦးလွတ်မြောက်ခြင်းထက် အပြစ်မဲ့သူတစ်ဦးအား မှားယွင်း အပြစ်မပေးမိဖို့ အရေးကြီးသည်။ ယင်းသို့ဆိုလျှင် သက်သေအထောက်အထား၊ သက်သေခံချက်သည် မည်မျှအရေးပါကြောင်းသိသာလောက်ပါပြီ။ သက်သေ မရှိဘဲ ဘာလုပ်မည်လဲ။ ဘယ်လိုသက်သေပြမှာလဲ။ ဘယ်လိုလက်ခံစဉ်းစားမည်လဲ။ သူ့ဘက်ကိုယ့်ဘက်၊ တရားလို၊ တရားခံအပြန်အလှန်၊ ဘက်နှစ်ဖက်ရှိနေ သည်မှာသေချာသည်။ ဘယ်သူမှန်သလဲ။ ဘယ်သူမှား သလဲ။ ခွဲခြားရမည်။

ရုံးခေါ်သက်သေ

အမှုတစ်မှုစစ်ဆေးနေစဉ် မည်သည့်အချိန်တွင်မဆို စီရင်ချက်မချမီ တရားမျှတမှုအတွက် လိုအပ်သည်ဟု ထင်မြင်လျှင် မည်သည့်ပုဂ္ဂိုလ်ကိုမဆို ရုံးခေါ်သက်သေ အဖြစ် တရားသူကြီးက ခေါ်ယူစစ်ဆေးနိုင်ပါသည်။ (ပြစ်မှုကျင့်ထုံး ဥပဒေပုဒ်မ ၅၄ဝ) ရုံးခေါ်သက်သေ စစ်မေးခြင်းသည် နှစ်ဖက်တရားမျှတဖို့ လိုအပ်သည်။ တရားသူကြီးက မေးခွန်းမေးနိုင်သလို နှစ်ဖက်အမှုသည် များက မေးခွန်းမေးနိုင်ပါသည်။ တရားခံအပြစ်ရရေး၊ တရားခံအပြစ်မှ လွတ်ရေးဆိုသည့် ဦးတည်ချက် မရှိစေ ရပါ။

သက်သေခံချက် (EVIDENCE)

သက်သေခံချက်ဆိုသည်မှာ -

(၁) စုံစမ်းစစ်ဆေးနေသော အကြောင်းခြင်းရာများ နှင့်စပ်လျဉ်း၍ တရားရုံးရှေ့မှောက်တွင် ရုံး၏ အခွင့်အမိန့်နှင့် သို့မဟုတ် ရုံး၏လိုအပ်ချက် အရ သက်သေတို့၏ ထွက်ဆိုချက်ကိုဆိုလိုသည်။ နှုတ်သက်သေခံချက်ဟုလည်း ခေါ်သည်။

(၂) တရားရုံးကစစ်ဆေးကြည့်ရှုရန် တင်ပြသော စာတမ်းအမှတ်အသားများကို စာတမ်းအမှတ် အသားသက်သေခံချက်ဟုခေါ်သည်။

''နှုတ်သက်သေခံချက်''သည် အလွယ်တကူ ဖန်တီးနိုင်သည်။ သင်ကြားပေးနိုင်သည်။ တရားရုံးက သတိကြီးစွာချင့်ချိန်ရသည်။

''စာတမ်းအမှတ်အသားသက်သေခံချက်''သည် စကားမပြောသောသက်သေခံချက်ဖြစ်သည်။ သက်မဲ့ဖြစ်သည်။ နှုတ်သက်သေခံချက်ထက် သာလွန်သည်။

ရှေ့နေနှင့် သက်သေ

သက်သေများသည် တရားရုံးရှေ့တွင် သက်သေခံကြ ရသည်။ မိမိသိသမျှပြောပြရသည်။ မြင်သမျှထွက်ဆိုရ သည်။ တရားလိုဘက် တရားလိုပြ သက်သေများကို တရားခံရှေ့နေများက မေးခွန်းများမေးတတ်ကြသည်။ လွယ်လွယ်ရှင်းရှင်းမေးရမည့်အစား သွယ်ဝိုက်မေးတတ် ကြသည်။ မျက်စိလည်အောင် ရှေ့နေပီပီစကားတတ်ကြ သည်။ လှည့်ပတ်မေးတတ်ကြသည်။ ပြန်လှန်စစ်မေးခြင်း (Cross Examination) ဟူ၍ ခေါ်ပါသည်။ ရှေ့နေနှင့် သက်သေတွေ့ဆုံခြင်းပါပဲ။

နမူနာအမှုတစ်မှု

အလွန်ရိုးပြီး အလွန်ဆင်းရဲရှာသူ သက်သေတစ်ဦး အား ပညာရှိရှေ့နေကြီးတစ်ဦး စစ်မေးပုံဖြစ်ပါသည်။

မေး - မင်းဟာသေသူနဲ့ အရင်းနှီးဆုံးအနေအထားမှာ ရှိတဲ့လူဖြစ်တယ်ဆိုရင် ငြင်းမှာလား။

ဖြေ - ဗျာ။

မေး - မင်းဟာသေသူနဲ့ အရင်းနှီးဆုံးအနေအထား မှာရှိတဲ့ လူဖြစ်တယ်ဆိုရင် ငြင်းမှာလား။

ဖြေ - ဗျာ။

မေး - ရှင်းရှင်းလေးရယ်၊ ဒီမှာ...မင်းဟာသေသူဖိုးဖြူ နဲ့ အရင်းနှီးအခင်မင်ဆုံးအနေအထားတစ်ရပ် မှာရှိခဲ့တယ်ဆိုရင် ငြင်းမလား၊ ဟုတ်တယ်ပြောမှာ လား၊ မဟုတ်ဘူးပြောမှာလား။

ဖြေ - ဗျာ။

ရှေ့နေ၏မေးခွန်း၊ ရှေ့နေ၏အသုံးအနှုန်းကို သက်သေကနားမလည်ပါ။ တရားသူကြီးက(မနေနိုင်၍) ဝင်ရောက်မေးခွန်းမေးကာ ကူညီရပါသည်။

တရားသူကြီးမေး - မင်းဟာသေသူဖိုးဖြူကိုသိလား။

ဖြေ - သိပါတယ်။

တရားသူကြီးမေး - ဘယ်လိုသိတာတုံး။

ဖြေ - ဖိုးဖြူကိုလား။ သူနဲ့ကျုပ် အနှစ် ၄ဝ လောက် အိပ်ရာထဲအတူ အိပ်ခဲ့တာပဲ။ သိတာပေါ့။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ဝင် ဦးမြင့်ဝင်း (ရွှေဘို)ရေးသားသောရှေ့နေပညာနိဒါန်းစာအုပ်၊ စာမျက်နှာ (၁ဝ၅)မှ ကောက်နုတ်ချက်

သက်သေ၏သဘောသဘာဝ

သက်သေဟူသည် အထက်ကတင်ပြခဲ့သည့်အတိုင်းပညာတတ်သူ၊ ပညာမဲ့သူ၊ ချမ်းသာသူ၊ ဆင်းရဲသူ၊ အသက်ကြီးသူ၊ အသက်ငယ်သူ၊ ရဲရင့်သူ၊ ကြောက်တတ် သူ၊ ရိုင်းပျသူ၊ ဒေါသကြီးသူ၊ ဘဝင်မြင့်သူ၊ ရှက်တတ်သူ၊ တတ်ယောင်ကားလုပ်တတ်သူ၊ အမှန်တရားကြိုက်သူ၊ လိမ်လည်တတ်သူ၊ အားနာတတ်သူစသည့်... စသည့် ရှိနိုင်ပါသည်။ ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲသွားသူ လည်း ဖြစ်နိုင်ပါသည်။

ရဲစခန်းကိုဘာ့ကြောင့်ကြောက်

ရဲစခန်းသို့ မလာချင်၊ ရဲတပ်ဖွဲ့၏ စစ်ဆေးမှုကိုမခံ ချင်၊ရဲစခန်းမှာရင်မဆိုင်ချင်တာ ဘာ့ကြောင့်လဲ။ ရဲစခန်းကို ဘာ့ကြောင့် ကြောက်သလဲ။ မေးတာမကြိုက်လို့၊ လှည့် ပတ်မေးနေလို့(အရစ်ရှည်နေလို့)၊ စကားမှားမှာကြောက် လို့၊ တရားခံနှင့်ပတ်သက်နေလို့၊ အချိန်ကုန်လို့၊ သွားစရာ ရှိလို့၊ အလုပ်မအားလို့၊ ရဲစခန်း၏ တာဝန်ဆောင်ရွက်မှု အပေါ် မယုံကြည်လို့ စသည့် စသည့်အကြောင်းပြချက် များ၊ အထင်အမြင်လွဲမှားမှုများ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် အေးအေးလူလူနေတတ်သော မြန်မာ လူမျိုးအကျင့်စရိုက်ကြောင့် စသည်များရှိတတ်ပါ သည်။

တရားရုံးကိုဘာ့ကြောင့်ကြောက်

တရားရုံးရှေ့မှာ ဥပဒေနှင့်အညီ သက်သေခံရသည်။ သက်သေအဖြစ် မှန်မှန်ကန်ကန် အစစ်ခံပါမည်။ မမှန် မကန် အစစ်မခံခဲ့လျှင် ကျမ်းစူးပါစေဟူသောကျမ်းသစ္စာ ကျိန်ဆိုရသည်။ မုသားပါသွားလျှင် အပြစ်ဖြစ်မည်။ ပြောမှားဆိုမှားဆိုတာ ဖြစ်တတ်သည်။ ရှေ့နေကြီးက လည်း စကားမှားအောင် သွေးဆောင်သည့်ပမာ။ မျက်စိ လည်အောင် အမျိုးမျိုးမေး၊ တရားခံရှေ့နေဖြစ်သော ကြောင့် သူ၏တရားခံလွတ်ရာလွတ်ကြောင်း ကြိုးပမ်း သည်။ နိမိတ်ပြမေးခွန်း၊ ပန်လှန်မေးခွန်း၊ ဥပဒေ ပညာရှင်ပီပီမေးကြသည်။ နှစ်ဖက်ရှေ့နေပါလျှင် ပို၍ မသက်သာ။ ဟိုဘက်လိုက်၍လည်းမရ။ ဒီဘက်လိုက် ၍လည်းမဖြစ်။ တစ်ခုခုမှားသွားမည်လား။ အဂတိ တစ်ပါးပါးငြိစွန်းသွားမည်လား။ ဘာပဲဖြစ်ဖြစ် မျက်မြင် သက်သေ၊ ကြားသက်သေ၊ အဓိကကျသောသက်သေဖြစ်နေသည်ကိုညာ၍မရ။ လိမ်၍မဖြစ်၊ ဇစ်ဇစ်မြစ်မြစ်၊ ခြေခြေမြစ်မြစ်၊ တစ်တစ်ခွခွ ပြောပြ၊ ထွက်ပြ၊ သစ္စာ ဆို၍ သက်သေခံမှ ဖြစ်လိမ့်မည်။ ကြောက်ဖို့လိုသေး လား။

တရားရုံးအတွေ့အကြုံ

နှစ်ပေါင်းလေးဆယ်နီးပါး တရားရုံးအတွေ့အကြုံ တွင် မှတ်မှတ်ရရအောက်ပါသင်ခန်းစာများ ကျွန်တော် ရခဲ့ပါသည် -

(၁) လိမ်ညာသောသက်သေ ၁ဝ ဦးထက် မှန်ကန်သောသက်သေ တစ်ဦးကပို၍လိုအပ် သည်။

(၂) အကြားသက်သေထက် အမြင်သက်သေက ပို၍ အထောက်အကူရသည်။

(၃) ထောက်ခံသောသက်သေ၊ အရည်အချင်း ပြည့်ဝသော သက်သေအရေအတွက်နည်း သော်လည်း တန်ဖိုးကြီးသည်။

(၄) စကားများလွန်းသော၊ ထိန်းမရသော သက်သေထက် စကားနည်းသော၊ တိကျ ခိုင်မာသောသက်သေ၊ အံဝင်ခွင်ကျဖြစ်သော သက်သေကို ကြိုဆိုသည်။

(၅) ရှေ့နေပညာတော်ခြင်း၊ တတ်ခြင်းထက် သက်သေတာဝန်ကျေပွန်သော သက်သေ များကသာ အမှုအနိုင်အရှုံးကို ဆုံးဖြတ် သွားကြသည်။

(၆) ရှေ့နေတော်လျှင်၊ ရှေ့နေတတ်ကျွမ်းလျှင် လူလိမ်လူညာသက်သေများ တစ်သက်လုံး ကြောက်သွားပြီး နောင်တရနေမည်။

တရားဥပဒေစိုးမိုးရေး

ယနေ့ချိန်ခါသည် တရားဥပဒေစိုးမိုးရေးအတွက် အထူးအလေးအနက် ဆောင်ရွက်နေချိန်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့တာဝန်ကျေပွန် ရမည်။ အနည်းဆုံးသက်သေခံဖို့၊ သက်သေလိုက်ဖို့ ကြုံတတ်သည်။ မတော်မတရားလုပ်၍မရ။ တရားမျှတမှု အတွက် ကျားကုတ်ကျားခဲ လုပ်ရသည့်အချိန်ရှိတတ် သည်။ ဥပမာ- ကားတိုက်မှုတစ်မှု မိမိရှေ့တွင်ဖြစ်သည်။ တရားခံကထွက်ပြေးသွားသည်။ အတိုက်ခံရသူသေပြီ။ ထိုစဉ်က မိမိတစ်ဦးသာမျက်မြင်သက်သေရှိသည်။ တစ်ပါးသူမရှိ။ ကားနံပါတ်ကိုသေချာစွာမှတ်မိသည်။ ရဲကမရောက်လာသေး။ မိမိဘာလုပ်မည်လဲ။ ကားနံပါတ် မှတ်ထားသောစာရွက်၊ သေသွားသောလမ်းဘေးက လူ။ ဖုန်းဆက်ရန်တာဝန်သိ။ ဘယ်သူမှမသိ၊ ဘယ်သူမှ မရှိ၍ ကိုယ်လည်းအိမ်ပြန်သွားမည်လား။ နှုတ်ဆိတ်၊ နှုတ်ပိတ်နေမည်လား။ ရဲစခန်းလည်းမသွားချင်၊ သက်သေမခံချင်။ တရားရုံးဆိုပို၍ မသွားချင်။ အလုပ် ပျက်၊ အကိုင်ပျက်ဖြစ်တော့မည်။ သေသူကိုလည်း ကိုယ်မသိ၊ ကိုယ့်ဆွေမျိုးလည်းမဟုတ်။ ဘာလုပ်မည်လဲ။ ပြည်သူ့ကျင့်ဝတ်၊ ပြည်သူ့နီတိ၊ ပြည်သူ့တာဝန်၊ ဆင်ခြင် စရာ၊ တွေးတောစရာ၊ ဆုံးဖြတ်စရာ၊ တရားဥပဒေစိုးမိုး ရေးသည် မဝေးပါ။ သင့်လက်ထဲမှာအသေအချာ။

တင်ပြချက်

(၁) သက်သေမလိုက်ပါရစေနှင့် ပြောမည်လား။
(၂) သက်သေလိုက်မည် ပြောမည်လား။
(၃) တရားဥပဒေစိုးမိုးရေးအလေးထား။
(၄) နိုင်ငံကြီးသားပီသသွား...။



ဦးဟန်​ညွန့်​ (ဥပ​ဒေ)


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...