Prejudice သို့မဟုတ် .. ညစ်ပေနေတဲ့ ခွက်တစ်ခွက်
===================================
. 'ဒီလောက် ပရီဂျူးဒစ်(စ်) ဖြစ်နေရင် ဒီအမှုကို ကိုရင်က တရားသူကြီး အဖြစ် မစီရင်သင့်ဘူး'
. နစ်နာသူ တရားလိုရဲ့ တိုင်ချက်ကို ဖတ်ပြီးတာနဲ့ စိတ် ခံစားချက်တွေ မြူးလွင့် ကြွတက်ပြီး အလျင်စလို ကောက်ချက် ချနေတဲ့ မိတ်ဆွေ တရားသူကြီးလေး တစ်ယောက်ကို သူ့ အထက် အဆင့်မြင့် တရားသူကြီး တစ်ဦးက သွန်သင် ဆုံးမခဲ့ တာ ဖြစ်ပါတယ်။
. (Prejudice) ဆိုတာ ယုတ္တိမတန် -- ကျိုးကြောင်း ဆီလျော်မှု မရှိတဲ့ ထင်မြင်ချက်လို့ အဘိဓာန် တချို့က အနက် ပေးပါတယ်။ ဒေါက်တာ ဘဟန်ရဲ့ အဘိဓာန်မှာတော့ 'ဟုတ်တိုင်း မှန်ရာ ဆုံးဖြတ်နိုင်ရန် စေ့စေ့ငုငု မစစ်ဆေးဘဲ သဘော ပိုင်းဖြတ်ခြင်း၊ အခုအခံ အကြိတ်အခဲ အစွဲရှိခြင်း'လို့ ဖွင့်ဆိုထား ပါတယ်။ နှစ်ဖက် ကြားနာပြီးတော့မှ ချင့်ချိန် သုံးသပ်ရမယ့် ကိစ္စတွေမှာ Prejudice ဆိုတာ တော်တော် အန္တရာယ် ကြီးလှပါတယ်။
++++++++++++++++
. 'စွပ်စွဲခံရသူကို တရားခံလို့ ခေါ်ကြတာကိုပဲ ကျွန်တော်တော့ ဘ၀င်မကျ လှဘူး'
. မနေ့တစ်နေ့ကမှ ခေါင်းပေါင်း ပေါင်းပြီး တိုက်ပုံအနက် ၀တ်ခွင့်ရလာတဲ့ တရားသူကြီး ကလေး တစ်ယောက် ပြောတာကို ကြားရတာနဲ့ပဲ ဥပဒေသမား တစ်ယောက် အနေနဲ့ ကျေနပ်နေမိ ပါတယ်။
. စာနယ်ဇင်း ကျင့်ဝတ် (၁၀)ချက်ထဲမှာ ကျွန်တော် သိပ်ကို နှစ်လိုတဲ့ အချက် တစ်ချက် ပါပါတယ်။
. 'စီရင်ပိုင်ခွင့် ရှိသော တရားရုံးတော်က ပြစ်မှုထင်ရှား စီရင်ခြင်း မပြုသေးသမျှ ကာလပတ်လုံး တရားခံအား အပြစ် ကင်းစင်သူ တစ်ဦး ဖြစ်သည်ဟု သဘောပိုက်ရမည်' တဲ့။
. လူတစ်ဦး တစ်ယောက်ရဲ့ အခြေခံ ကျလှတဲ့ ဂုဏ်သိက္ခာ နဲ့ သူ့ရဲ့ ဥပဒေပါ အခွင့်အရေးကို တလေးတစား အသိအမှတ် ပြုတဲ့ သဘောပဲ ဖြစ်ပါတယ်။
. ပြစ်မှုတစ်ခုခု ကျူးလွန်တယ်လို့ စွပ်စွဲခံရသူကို သက်ဆိုင်ရာ တရားစွဲဆိုတဲ့ အဖွဲ့က 'အမှုကို ခိုင်မာအောင် တည်ဆောက် စွဲဆို'တယ် ဆိုတိုင်း မစစ်ဆေး မကြားနာဘဲ တန်းပြီး အပြစ်ပေးလိုက်တဲ့ တရားရုံးရယ်လို့ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်မှာမှ မရှိပါဘူး။ တရားရုံးတွေ ထားရှိတာကိုက နှစ်ဖက် ကြားနာ စီရင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ စွပ်စွဲခံရသူ ဟာ ဥပဒေ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ပြီး ပြစ်မှု ကျူးလွန်တယ် ဆိုတာ တရားလို ပြုတဲ့ နိုင်ငံတော် ဘက်က သက်သေထူ ရပါတယ်။ သက်သေပြရန် တာဝန် (burden of proof) ဆိုတာ အဲဒါပါ။ အစိုးရ ရှေ့နေလို့ ခေါ်တဲ့ ဥပဒေ အရာရှိတွေက တရားလိုဘက်က အမှုလိုက်ပါ ဆောင်ရွက်ရ ပါတယ်။ တရားခံ အပြစ်ရှိကြောင်း သက်သေထူဖို့ တာဝန်ယူရ ပါတယ်။
. တရားလိုဘက် သက်သေခံချက် တွေအရ စွဲချက်တင်ဖို့ အထောက်အထား လုံလောက်တယ် (prima facie ပေါ်တယ်) ဆိုရင် အမှုစစ် တရားသူကြီးက အကျုံးဝင်တဲ့ ပြစ်မှု တစ်ရပ် ရပ်နဲ့ တရားခံကို စွဲချက် တင်ပြီး ဖြေရှင်းခွင့် ပေးရပါတယ်။ လုံလောက်တဲ့ အထောက်အထား မရှိရင်လည်း အဲဒီအဆင့် မှာပဲ တရားခံကို (discharge) တရားရှင် လွှတ်နိုင်ပါတယ်။ စွဲချက်တင်ခဲ့လို့ တရားခံက အပြစ် မရှိကြောင်း ငြင်းဆို ခုခံရင် တရားခံ ဘက်က တင်ပြတဲ့ သက်သေတွေကို စစ်ဆေးရ ပါတယ်။ နိုင်ငံတော် တရားရုံးချုပ် (ခု ပြည်ထောင်စု တရား လွှတ်တော်ချုပ်) က လိုင်စင်ထုတ်ပေး ထားတဲ့ ရှေ့နေတွေဟာ တရားခံဘက်က လိုက်ပါ ဆောင်ရွက်ရနိုင်ပါတယ်။ ဥပဒေနဲ့ အညီအညွတ် ဖြစ်တဲ့ ခုခံချေပခွင့်ကို လူသားတစ်ဦး အနေနဲ့ ရခွင့် ရှိပါတယ်။
. စီရင်ပိုင်ခွင့် ရှိတဲ့ တရားရုံးက နှစ်ဖက် သက်သေ တင်ပြချက် တွေကို ကြားနာ စိစစ်ပြီးတော့မှ စီရင် ဆုံးဖြတ်ရ တာဟာ တရားရုံးများရဲ့ အင်မတန် အခြေခံ ကျလှတဲ့ လုပ်ထုံး နည်းနာပဲ ဖြစ်ပါတယ်။ "ကျုပ်က တိုင်ကြားချက်ကို ဖတ်လိုက် တာနဲ့ မှန်မမှန် အလိုလို သိကို သိနေတာ၊ မတရားလုပ်တဲ့ ဟိုအကောင် တွေတော့ တွေ့မယ်' ဆိုတာမျိုး ဘယ်တရား သူကြီးမှ ပြောလေ့ မရှိပါဘူး။ prejudice မဖြစ်တတ် ပါဘူး။
. မူလရုံးက တရားသူကြီးက အပြစ်ပေးလို့ပဲ ဖြစ်ဖြစ်၊ အပြစ်က လွှတ်လိုက်လို့ပဲ ဖြစ်ဖြစ်။ မမှန်ကန်ဘူး၊ မမျှတဘူး၊ သို့မဟုတ် -- ဥပဒေနဲ့ မညီဘူးလို့ ထင်မြင် ယူဆတဲ့ဘက်က တရားရုံး အဆင့်ဆင့် (အမြင့်ဆုံး တရားရုံး အထိ) အယူခံ ပြင်ဆင် တက်ရောက် နိုင်ပါတယ်။ အမြင့်ဆုံး တရားရုံး ဆိုတာ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို ဆိုလိုတာ ဖြစ်ပါတယ်။
. ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၉၅(ခ) နဲ့ (ဂ)တို့အရ ပြည်ထောင်စု တရား လွှတ်တော်ချုပ် ရဲ့ စီရင်ဆုံးဖြတ်ချက် ဟာ အပြီးအပြတ် ဖြစ်ပါတယ်။ အတည် ဖြစ်ပါတယ်။ အဲဒါက ဥပဒေ ပြဋ္ဌာန်းချက်ပါ။
. ဥပဒေက ခွင့်ပြုတဲ့အတိုင်း တူညီတဲ့ အခွင့်အရေးနဲ့ နှစ်ဖက် ကြားနာပြီးမှ စီရင်ဆုံးဖြတ် ခဲ့တဲ့အပြင် မှားယွင်း လွဲချော်ပါတယ် လို့ ထင်မြင်ယူဆတဲ့ ဘက်ကလည်း တရားရုံး အဆင့်ဆင့် တက်ရောက် ဆိုင်ပြိုင် ပြီးမှ အတည်ပြု ခဲ့တဲ့ စီရင် ဆုံးဖြတ်ချက် တွေကို အာဏာခွဲဝေ ကျင့်သုံးတဲ့ ဒီမိုကရေစီ နိုင်ငံတွေရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက တစ်စုံတစ်ရာ ၀င်ရောက် စွက်ဖက်မှု မပြုဘူး ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။
++++++++++
. ဥပဒေက အင်မတန် လှပါတယ်။
. ဥပဒေကို လိုက်နာ ကျင့်သုံး ဆောင်ရွက်တဲ့ သကောင့် သား အားလုံးက ရိုးဖြောင့် ဖြူစင်ဖို့နဲ့ ကျယ်ပြန့်တဲ့ သဘောထား အမြင်ရှိဖို့ပဲ လိုမယ် ထင်ပါတယ်။
. ရာဇ၀တ်မှု တွေမှာဆိုရင် တရားခံ ပြစ်မှု ကျူးလွန်ခြင်း ရှိမရှိ ဆိုတာကို (beyond the reasonable doubt) 'အပြစ် ရှိတယ် ဆိုတာ သံသယ လုံးဝ မရှိသည်အထိ' စဉ်းစားပြီးမှ အပြစ် ပေးရတာ ဖြစ်ပါတယ်။ ဒီသဘောကို ဒဏ်ငွေ (၅၀) ကျပ် နဲ့ ထောင်ဒဏ် (၁)လအထိပဲ ချမှတ်နိုင်တဲ့ တတိယတန်း အာဏာရ အငယ်ဆုံး တရားသူကြီးက အစ သင်ကြား နားလည် ကြ ရပါတယ်။ ငါးနှစ်တာ သူ သင်ကြား ထိတွေ့ခဲ့တဲ့ ဥပဒေ ပညာရပ်နဲ့ တရားသူကြီး အဖြစ် သူ့ကို သင်ကြားလေ့ကျင့် ပေးခဲ့တဲ့ ဆရာ ဆီကနေ စနစ်တကျ နာယူ မှတ်သားခဲ့ပြီး ဖြစ်ပါတယ်။
. အမှုအခင်း ပြဿနာတိုင်းမှာ အကြောင်းပြချက်တွေ ခိုအောင်းနေတတ် ပါတယ်။ လူတစ်ယောက်ကို ခုတ်ထစ် သတ်ဖြတ်ခဲ့ပါတယ် ဆိုတဲ့ ပြစ်မှုကျူးလွန်သူ မှာကိုပဲ သူဟာ ကာကွယ်ခုခံ ပိုင်ခွင့် အရ ပြုခဲ့ပါတယ် ဆိုတဲ့ ခုခံချေပချက် နဲ့ သူ့ရဲ့ လွတ်မြောက်ခွင့်ကိ တောင်းခံခွင့် ရှိပါတယ်။ ဒါကြောင့် '--- အပြစ်ကင်းစင်သူ ဖြစ်သည်ဟု သဘောပိုက် ရမည်' ဆိုတဲ့ အချက်ကို ဥပဒေသမား တိုင်း ယဉ်ပါး နားလည်ကြ ရပါတယ်။
. တရားရုံးရှေ့ အမှုဆိုင်ပြိုင်သူ တို့ဟာ သူတို့ မှန်ကန် ကြောင်းကို သက်သေထူလေ့ ရှိပါတယ်။ အမှုမှာ အနိုင်ရလို ကြတာလည်း အမှုသည်တို့ရဲ့ သဘာဝပဲ ဖြစ်ပါတယ်။ တရားရုံး ဆိုတာ နှစ်ဖက်လုံးကို အနိုင်ပေးရရိုး မရှိတဲ့အတွက် နှစ်ဖက် အမှုသည် တို့ကို သာမန်အားဖြင့် ကျေနပ်ကြည်ဖြူအောင် စီရင် ဆုံးဖြတ်ပေးလို့ မရတတ်ပါဘူး။ ရံဖန်ရံခါ နှစ်ဖက်လုံး အမှား အယွင်း မကင်းတဲ့ တရားမမှုမျိုး မှာကိုပဲ အမှားအယွင်း နည်းတဲ့ သို့မဟုတ် အဓိကအချက် မမှားယွင်းတဲ့ ဘက်ကို အနိုင်ပေးရ တာမျိုး ရှိတတ် ပါတယ်။
. ရှုံးနိမ့်သွားတဲ့ အမှုသည်က မကျေနပ်တဲ့အခါ နည်းလမ်း နှစ်မျိုးနဲ့ တုန့်ပြန်လေ့ ရှိပါတယ်။ အထက်ရုံး အဆင့်ဆင့်ကို အယူခံမှု၊ ပြင်ဆင်မှု တက်ရောက်တာက တစ်နည်း ဖြစ်ပြီး၊ အဂတိ လိုက်စား မတရား စီရင်ဆုံးဖြတ်တာကို ခံရပါတယ် လို့ တိုင်ကြားတဲ့ နည်းက နောက်တစ်နည်း ဖြစ်တယ်။ တစ်ချို့သော အမှုတွေမှာ နည်းမျိုးစုံနဲ့ ချဉ်းကပ် သိမ်းသွင်းလို့ မရတဲ့ အဆုံး နှစ်ဖက် အမှုသည်တွေက မတရား စီရင်ခံရပါ တော့မယ် ဆိုပြီး ကြိုတင် တိုင်ကြားစာ ပေးပို့တဲ့ နည်းလမ်းဟာ ခုလို ထွေပြားတဲ့ ခေတ်တစ်ခေတ်မှာ ပေါ်ပေါက်နေပါပြီ။ အဲဒီအခါ 'ကျုပ်က အလိုလိုကို သိနေတာ ဆိုတဲ့ ပညာရှိ'များ စိတ်အနှောင့်အယှက် ဖြစ်သွားမှာကို စိုးရွံ့မိ ပါတယ်။
++++++++++
. 'ပုဂံညှပ်ကြီး' ကို ကြားဖူးကြ ပါလိမ့်မယ်။
. ပုဂံခေတ်တုန်းက ဘုရားတစ်ဆူ အတွင်းမှာ ရှိတဲ့ ဧရာမ ညှပ်ကြီးဟာ မုသားဆိုသူ တို့ရဲ့ လက်ကို ချက်ချင်းလက်ငင်း ညှပ်ပြီး ဖြတ်ပစ်တဲ့ အတွက် ဘုရင့် တရားသူကြီးတွေကအားကိုး ယုံကြည်ကြ ပါသတဲ့။ တစ်နေ့မှာ ရွှေစင် တစ်ပိဿာကို အလွဲ သုံးစား ပြုပြီး အင်မတန် ပရိယာယ်ေ၀၀ှစ် ကြွယ်ဝတဲ့ ပုဂံသား ကပ္ပိယကြီးရဲ့ လိမ်လည်လှည့်ဖြားမှု ကြောင့် ပုဂံညှပ်ကြီးဟာ လူတို့ အယုံအကြည် ကင်းမဲ့ပြီး ပြစ်တင် ရှုံ့ချတာကို ခံခဲ့ရပါ တယ်။
. အသက်ရှစ်ဆယ်ကျော်ပြီ ဖြစ်တဲ့ ကျွန်တော်တို့ ရွာက ဘကြီး ကတော့ဖြင့် ဒီလို ပြောပါတယ်။
. 'ခက်လိုက်တာကွယ်၊ ခုခေတ်လူတွေ ကလည်း ကပ္ပိယ ကြီးထက် ပိုပြီး ပလီစိ ချောက်ချက်တတ်၊ ခုခေတ် ခုံသမာဓိ တွေကလည်း မဟောသဓာ လောက် ပညာပါရမီ မရင့်သန့်၊ ကဲ --- ဘယ်လို လုပ်ကြမတုံး'
. ဘကြီးရဲ့ ခုခေတ်ဆိုတာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ် ပါ။ ခုလို ထွေပြားတဲ့ နည်းနာတွေ မစုံလင်သေး တဲ့ ခေတ်ပါ။
++++++++++
. တရားရုံး ဆိုတာ သဘာဝတရား အရ အမှန်တရား (Natural Justice) ဆိုတာထက်၊ ဥပဒေအရ အမှန်တရား (Legal Justice)ကိုသာ ရှာဖွေခွင့် ရှိတယ် ဆိုတာကိုပဲ သီးခြား ပြောရဦးမယ် ထင်ပါတယ်။
. လူတွေပါ။ မှားနိုင်ပါတယ်၊ မှားတတ်ကြ ပါတယ်။ ခဲတံတွေမှာ ဘာကြောင့် ခဲဖျက်တွေ တပ်ထားရ သလဲ ဆိုတာကို ဆင်ခြင် ကြည့်သူတို့ ရှိခဲ့ပါတယ်။ ခဲဖျက်နဲ့ ဖျက်လို့မရတဲ့ အမှားမျိုးကို မဆိုလို ပါဘူး။ သို့ပေမယ့် တရားရုံး တစ်ခုခုက အမှားအယွင်း ပြုမိတဲ့အခါ၊ ချွတ်ချော် တိမ်းပါးတဲ့အခါ ပြင်ဆင် တည့်မတ်ပေး နိုင်ဖို့ရာ အတွက် အထက် တရားရုံး အဆင့်ဆင့် ကို ဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်။ သူတို့ဟာ အောက် တရားရုံး ရဲ့ အမှားအယွင်းကို ဥပဒေနဲ့ အညီ ပြင်ဆင်ခွင့် ရှိပါ တယ်။
. တရားရုံးရှေ့ ဆိုင်ပြိုင်ကြတဲ့ အမှုသည် တို့ဟာ အနိုင်ရ ရေးကို တောင်းဆိုတဲ့ အခါ 'တရားမျှတမှု အလို့ငှာ' လို့ ပြောဆို လေ့ ရှိတတ်ပါတယ်။ 'မတရား မမျှတမှု အလို့ငှာ' လို့ ပြောဆိုတဲ့ အမှုသည်မျိုး၊ တရားစီရင်ရေး သမိုင်းတစ်လျှောက်တစ်ယောက် မှ မပေါ်ပေါက် ခဲ့ပါဘူး။ တရားမျှတမှုကို သန့်ရှင်းတဲ့ လက်နဲ့ တောင်းခံသူတို့ တကယ်ပဲ ရှိပါတယ်။ မွှေးမြပြီး စွန်းပေနေတဲ့ လက်တွေကိုလည်း အခါမလင့် တွေ့ရတတ် ပါတယ်။
. တရားစီရင်မှုမှ မဟုတ်ပါဘူး၊ တရားရုံးတွေမှ မဟုတ် ပါဘူး။ ဘယ်နေရာ ဘယ်ဌာနနဲ့ ဘယ်အခါ ဘယ်ကာလပဲ ဖြစ်ဖြစ် နှစ်ဘက် ကြားနာပြီးမှ ချင့်ချိန် သုံးသပ်ရမယ့် အရေး ကိစ္စ ဟူသမျှမှာ (Prejudice) ဆိုတာ တော်တော် အန္တရာယ် ကြီးပါတယ်။ တရားမျှတမှုနဲ့ ဝေးလှမ်းတဲ့ အရပ်မှာ သူ နေတတ် ပါတယ်။ အခုအခံ အကြိတ်အခဲ အစွဲအလမ်းတွေ စွန်းထင်း နေတဲ့ စဉ်းစား တွေးခေါ်မှု ဟာ ညစ်ပေနေတဲ့ ခွက်တစ်ခွက် နဲ့ တူပါတယ်။ ဘယ်လိုရေနဲ့ ဘယ်လို အရည်မျိုး ကိုပဲ ထည့်ထည့် မကြည်လင် မသန့်စင် နိုင်ဘူး ။ ။
ပြေ လွင် မြင့်
(The Ladies News Journal ; Vol (1) No(6) ; March 17 to 23, 2012)