Friday, March 31, 2017

ဇာရီမှုကို ဆိုင်းငံ့ခြင်း (အပိုင်း-၁)

ဇာရီမှုကို ဆိုင်းငံ့ခြင်း
xxxxxxxxxxx

ဒေါ်ထွေးတင် နှင့် ဒေါ်ကြည်ကြည် (၁၉၉၀၊ မတစ၊ စာ ၅၆(၅၇)) ဇာရီမှု တစ်မှုကို ဆိုင်းငံ့ထားနိုင်သော ပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က) တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၂၆၊

 (ခ) တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၂၉၊

 (ဂ) တရားမကျင့်ထုံးဥပဒေ အမိန့် ၄၁၊ နည်း ၅။

(ဃ)ထူးခြားသောအခြေအနေတွင်တရားရုံးတစ်ရုံးသည်တရားမကျင့်ထုံး ဥပဒေပုဒ်မ ၁၅၁ ပါ မူလဘူတအာဏာကို သုံးစွဲ၍ ဇာရီမှုတစ်မှုကို ဆိုင်းငံ့နိုင်သည်။



ထို့ပြင် ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၅(၁) ပါပြဋ္ဌာန်းချက်အရလည်း ဇာရီမှုကို ဆိုင်းငံထားနိုင်ပါသည်။

----

အပိုင်း (၁)
xxxxxxxxx

အမိန့် ၂၁၊ နည်း ၂၆ အရ ဇာရီမှုကို ဆိုင်းငံ့ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နည်း ၂၆ အရ ဇာရီမှုကို ဆိုင်းငံ့နိုင်သော တရားရုံး
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၂၆(၁) ပါ ပြဋ္ဌာန်းချက်အရ အောက်ပါတရားရုံးသည် ဇာရီမှုကို ဆိုင်းငံ့နိုင်ပါသည်။
"ဒီကရီကိုအတည်ပြုပေးရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး"
(the Court to which a decree has been sent for execution)

ဆရာ ဦးမြ သောင်းပြောင်းထွေလာဥပဒေပြဿနာ အမှတ် ၁၀၊ စာ ၃၆၁ တွင် အောက်ပါအတိုင်း ညွှန်ပြပါသည်။

"နည်း ၂၆ သည် ဒီကရီကို လွှဲပြောင်းရရှိထားသည့် တရားရုံးက ဒီကရီအတည်ပြုခြင်းကို ဆိုင်းငံ့ခြင်းနှင့် သက်ဆိုင်သည်။ ဒီကရီကို ချမှတ် သည့် တရားရုံးက အဆိုပါလုပ်ပိုင်ခွင့်ကို ကျင့်သုံးခွင့် မရှိချေ။"

ဆရာ ဦးမြ သောင်းပြောင်းထွေလာဥပဒေပြဿနာ အမှတ် ၈၊ စာ ၆၀၊ ၆၁ တွင် အောက်ပါအတိုင်းဖော်ပြပါသည်။

"ဇာရီကို ဒီကရီချမှတ်သည့် တရားရုံးက အတည်ပြုနိုင်သည်။ ထို ဒီကရီကို အတည်ပြုပေးရန် လွှဲပြောင်း လက်ခံရရှိသော တရားရုံးကလည်း အတည်ပြုနိုင်သည်။ တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၃၈ ကို ကြည့်ပါ။ အမိန့် ၂၁၊ နည်း ၂၆ သည် အခြားတရားရုံးမှ ဒီကရီကို အတည်ပြုပေးရန် လွှဲပြောင်း လက်ခံရရှိသည့် တရားရုံး (တစ်နည်းဆိုရသော် အခြားတရားရုံး၏ ဒီကရီ အတည်ပြုသည့် တရားရုံး)က ဇာရီမှု ဆိုင်းငံ့ခြင်းနှင့် သက်ဆိုင်ပါသည်။ ဤအကြောင်းကို အသေးစိတ် ဆွေးနွေးဖူးပါသည်။   နည်း ၂၆ သည် ဇာရီမှု အတည်ပြုသည့် တရားရုံးက ဇာရီမှု ဆိုင်းငံ့ခြင်းနှင့် သက်ဆိုင်ပါသည်။ ဤအကြောင်းကို အသေးစိတ် ဆွေးနွေးဖူးပါသည်။ နည်း ၂၆ သည် ဇာရီမှု ပြုခြင်းကို ဆိုင်းငံ့ခြင်း ဟူသော ခေါင်းစဉ် အောက်တွင်ရှိသဖြင့် ဇာရီမှုကို ဆိုင်းလိုလျှင် ထိုနည်းဥပဒေကို လွယ်လွယ် ကိုးကားကြဟန် တူပါသည်။ ဥပဒေကို လေးလေးနက်နက် လေ့လာကြရန် လိုပါသည်။"

---

နည်း ၂၆ အရ ဇာရီမှုကို ဆိုင်းငံ့နိုင်သောအကြောင်းများ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၂၆(၁) ပါ ပြဋ္ဌာန်းချက်အရ ဇာရီမှုကို အောက်ပါအချက်များကြောင့် ဆိုင်းငံ့နိုင်ပါသည်။

တရားရှုံးက -

 အောက်ပါတရားရုံး တစ်ရုံးရုံးတွင်
(၁) ဒီကရီချမှတ်သော တရားရုံး
(၂) ဒီကရီ သို့မဟုတ် ယင်းဒီကရီ အတည်ပြုခြင်းနှင့်စပ်လျဉ်း၍ အယူခံ စီရင်ပိုင်ခွင့် အာဏာရှိသော တရားရုံးတစ်ရုံးရုံး

အောက်ပါအမိန့်များအား လျှောက်ထားရယူနိုင်ရန်

(၁) ဒီကရီအတည်ပြုခြင်းကို ဆိုင်းငံ့သောအမိန့်
(၂) အထက်ဖော်ပြပါ တရားရုံးတစ်ရုံးရုံးက ချမှတ်နိုင်မည် ဖြစ်သော ဒီကရီ သို့မဟုတ် ယင်းဒီကရီ အတည်ပြုခြင်းနှင့် စပ်လျဉ်းသည့်  အခြားအမိန့်တစ်ရပ်ရပ်

ဥပမာ - သရက်မြို့နယ်တရားရုံးတွင် ငွေဒီကရီချမှတ်ထားရာ မင်းလှမြို့နယ် တရားရုံး၏ စီရင်ပိုင်ခွင့်ဒေသအတွင်းရှိ တရားရှုံးပိုင် ပစ္စည်းအပေါ် အရေးယူနိုင်ရန် ဒီကရီကို မင်းလှမြို့နယ်တရားရုံးသို့ လွှဲပြောင်းပေးလိုက်သည်။ တရားနိုင်က မင်းလှ မြို့နယ်တရားရုံးတွင် ဇာရီမှုလျှောက်ထားသောအခါ တရားရှုံးက သရက်မြို့နယ် တရားရုံးတွင် ဒီကရီကို မင်းလှမြို့နယ်တရားရုံးသို့ လွှဲပြောင်းပေးရန် ဇာရီလျှောက် လွှာသည် ကာလစည်းကမ်းသတ် ကျော်လွန်ကြောင်း တင်ပြသည်။
ထိုပြဿနာကို ဒီကရီချမှတ်သည့် သရက်မြို့နယ်တရားရုံးကသာ ဆုံးဖြတ်ခွင့် ရှိသည်ဖြစ်၍ တရားရှုံးသည် အဆိုပါတရားရုံးတွင် ယင်းကိစ္စကို တင်ပြအဆုံးအဖြတ် ခံယူနိုင်စေရန် မင်းလှမြို့နယ်တရားရုံးသည် မိမိရုံးရှိ ဇာရီလျှောက်လွှာကို တရားမ ကျင့်ထုံး ဥပဒေ အမိန့် ၂၁၊ နည်း ၂၆ အရ ဆိုင်းငံ့ထားနိုင်သည်။ ARJUNDAS v. U KA YA(ရန်ကုန်၊အတွဲ၁၄စာ၅၅၀)(ဆရာဦးမြတရားမကျင့်ထုံးဥပဒေစီရင်ထုံးပေါင်းချုပ် စာ ၃၅၃)

ဆရာ ဦးမြ သောင်းပြောင်းထွေလာဥပဒေပြဿနာ အမှတ် ၁၀ စာ ၃၆၁ တွင် အောက်ပါအတိုင်းဖော်ပြပါသည်။

 " ဆိုင်းငံရန် အကြောင်းမှာလည်း ကျယ်ပြန့်ခြင်း မရှိချေ။ ဆိုင်းငံ့နိုင် သည့် အခြေအနေတစ်ရပ်ကို အေအိုင်အာ ၁၉၃၆ ရန်ကုန် ၂၇၁ တွင် ရှင်းပြထားသည်။"

ဆရာ ဦးမြ သောင်းပြောင်းထွေလာဥပဒေပြဿနာ အမှတ် ၁၊၂၊၃ ပေါင်းချုပ် စာ ၁၈၃ တွင် အောက်ပါအတိုင်းဖော်ပြပါသည်။

"တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၂၆ အရ ဇာရီမှုကို ခေတ္တ ဆိုင်းငံ့ခြင်းသည် တရားရုံးတစ်ရုံးရုံးက ချမှတ်ထားသော ဒီကရီကို အတည်ပြု ပေးရန် လွှဲပြောင်းလက်ခံရရှိသည့် တရားရုံးက ယင်းနည်းဥပဒေတွင် ပါရှိ သည့်ကိစ္စ နှစ်ရပ် အနက် တစ်ရပ်ရပ် အတွက် ဆောင်ရွက်နိုင်ရန် ဆိုင်းငံ ထားခြင်း ဖြစ်သည်။"

-----

မိမိရုံးဒီကရီကို အတည်ပြုသည့်တရားရုံးသည် ဇာရီမှုကို နည်း ၂၆ အရ ဆိုင်းငံ့မှု မပြုနိုင်ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒေါ်ထွေးတင် နှင့် ဒေါ်ကြည်ကြည် (၁၉၉၀၊ မတစ၊ စာ ၅၆(၅၇))တွင် အောက်ပါအတိုင်း ဖော်ပြပါသည်။

"ဤအမှုတွင် ရှမ်းပြည်နယ်တရားရုံးသည် မိမိချမှတ်လိုက်သော ဒီကရီကို အတည်ပြုလျက်ရှိရာ ယင်းဒီကရီကို တရားမကျင့်ထုံး ဥပဒေ အမိန့် ၂၁၊ နည်း ၂၆ အရ ဆိုင်းငံ့ထားခွင့် မရှိသည်မှာ ယုံမှားဖွယ်မရှိချေ။"

ဒေါ်ခင်ခင်မေ နှင့် အာဆူးဘီဘီ(ခ)မလှလှဝင်း (၁၉၉၆၊ မတစ၊ စာ ၁(၄)) အမှုတွင် အောက်ပါအတိုင်း ညွှန်ပြပါသည်။

"တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၂၆ မှာ အခြားတရားရုံးမှ ဒီကရီကို အတည်ပြုပေးရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံးက ဇာရီမှုကို ဆိုင်းငံ့၏ထားခြင်းနှင့်သက်ဆိုင်သည်။ မူလရုံးသည် မိမိရုံးက ဒီကရီကို အတည်ပြုလုပ်သည့် ဇာရီမှုအား ဆိုင်းငံ့ရာ၌ တရားမကျင့်ထုံး ဥပဒေ အမိန့် ၂၁၊ နည်း ၂၆ ကို ရည်ညွှန်းခြင်း မှာ မှားယွင်းသည်။"

 ဆရာ ဦးမြ သောင်းပြောင်းထွေလာဥပဒေပြဿနာ အမှတ် ၁၊၂၊၃ ပေါင်းချုပ် စာ ၁၈၃ တွင် အောက်ပါအတိုင်းဖော်ပြပါသည်။

" ဒီကရီကိုချမှတ်သည့်တရားရုံးက မိမိဒီကရီကို အတည်ပြုရာတွင် ယင်း နည်းဥပဒေကို ကိုးကား၍ ဇာရီမှုကိုဆိုင်းငံ့ထားခြင်း မပြုနိုင်ချေ။ (စီကွန် ချာလီကာကာနှင့် ဒေါ်ဘီ၊ ၁၉၇၉ တရားမအထွေထွေအယူခံမှုအမှတ် ၇)"

-----

နည်း ၂၆(၁)အရ အမိန့် တစ်ရပ်ရပ်ကို တရားရှုံးက လျှောက်ထားနေစဉ် အတွင်း ဒီကရီအတည်ပြုရန်အမိန့် ထုတ်ဆင့်သည့်တရားရုံးက ချမှတ် နိုင်သော အမိန့်များ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နည်းဥပဒေ ၂၆(၁) အရ အမိန့်တစ်ရပ်ရပ်ကို  တရားရှုံးက လျှောက်ထား နေစဉ် ဒီကရီအတည်ပြုရန်အမိန့် ထုတ်ဆင့်သည် တရားရုံး (the Court which issued the execution)သည် နည်းဥပဒေ ၂၆(၂) အရ အောက်ပါအမိန့် (၂)ရပ်ကို ချမှတ်နိုင်ပါသည်။

(၁) ဒီကရီအတည်ပြုရာတွင် တရားရှုံးပိုင်ပစ္စည်းကို ဖမ်းဆီးထားလျှင် လျှောက်ထားမှု မပြီးပြတ်မီ ပစ္စည်းကို ပြန်ပေးရန်

(၂) ဒီကရီအတည်ပြုရာတွင် တရားရှုံးကို ဖမ်းဆီးထားလျှင် လျှောက် ထားမှု မပြီးပြတ်မီ လွှတ်ရန်။

----

အာမခံတောင်းဆိုခြင်း နှင့် စည်းကမ်းသတ်မှတ်ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၂၆(၃) ပါ ပြဋ္ဌာန်းချက်အရ ဆန့်ကျင်ကွဲလွဲသည့် လုံလောက်သည့်အကြောင်းမရှိလျှင် (unless sufficient cause is shown to the contrary) အောက်ဖော်ပြပါ အမိန့်များ မချမှတ်မီ တရားရုံးသည် သင့်သည်ထင်မြင်သော အာမခံကို တောင်းခံနိုင်သည်။ သို့မဟုတ် သင့်သည်ထင်မြင် သောစည်းကမ်းကို တရားရှုံးအပေါ် သတ်မှတ်နိုင်သည်။

(၁) ဒီကရီအတည်ပြုခြင်းကို ဆိုင်းငံ့ရန် အမိန့် ( an order to stay execution)   သို့မဟုတ်

(၂) ပစ္စည်းပြန်ပေးစေရန်အမိန့် (an order for the restitution of property) သို့မဟုတ်

(၃) တရားရှုံးကို လွှတ်ရန်အမိန့် (an order for thedischarge of the judgment-debtor)

---

အပိုင်း (၂)
xxxxxxxxxxx

အမိန့် ၂၁၊ နည်း ၂၉ အရ ဇာရီမှုကို ဆိုင်းငံ့ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆက်လက်ဖော်ပြပါမည်။

လေးစားစွာဖြင့်။



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...