Friday, March 31, 2017

ဇာရီပြုရာတွင် တရားရှုံးကို တရားမထောင်ချခြင်း (၁)

ဇာရီပြုရာတွင် တရားရှုံးကို တရားမထောင်ချခြင်း  (၁)
xxxxxxxxxxxxxxxxxxxxxxxxxxx

ဇာရီပြုရာတွင် တရားရှုံးကို တရားမထောင်ချထားရာ၌ တရားမကျင့်ထုံး ဥပဒေပုဒ်မ ၅၁(ဂ)၊ ၅၁ ခြွင်းချက်၊ ၅၅၊ ၅၇၊ ၅၈၊ ၅၉၊ အမိန့် ၂၁၊ နည်းဥပဒေ ၃၇ မှ ၄၀ အထိ နှင့် တရားရုံးများလက်စွဲအပိုဒ် ၂၆၇ မှ ၂၈၁ အထိပါ ပြဋ္ဌာန်းချက်များကို      လိုက်နာဆောင်ရွက်ရန်ဖြစ်ပါသည်။

တရားမထောင်ချထားနိုင်သော ဒီကရီအမျိုးအစားများ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဇာရီပြုရာတွင် တရားနိုင်သည် မိမိရရှိသောဒီကရီအမျိုးအစားအပေါ်မူတည်၍ တရားရှုံးအား တရားမထောင်ချထားပေးရန် လျှောက်ထားနိုင်ပါသည်။ တရားရုံးသည် တရားရှုံးကို ဖမ်းဆီး၍ချုပ်နှောင်ထားရန် ပုဒ်မ ၅၁(ဂ) အရ အမိန့်ချမှတ်နိုင်ပါသည်။



တရားရှုံးကို တရားမထောင်ချထားခြင်းဖြင့် အတည်ပြုနိုင်သော ဒီကရီအမျိုး အစားများမှာ အောက်ပါအတိုင်း (၄)မျိုး ဖြစ်ပါသည်။

(၁) ငွေပေးဆပ်ရန်ဒီကရီ (အမိန့် ၂၁၊ နည်းဥပဒေ ၁၁(၁) နှင့် ၃၀)
(၂) ရွှေ့ပြောင်းနိုင်သောပစ္စည်းလက်ရောက်ပေးအပ်ရန် ဒီကရီ  (အမိန့် ၂၁၊ နည်းဥပဒေ ၃၁)
(၃) ပဋိညာဉ်ကို သီးခြားဆောင်ရွက်ပေးရန်အတွက် ဒီကရီ
(အမိန့် ၂၁၊ နည်းဥပဒေ ၃၂)
(၄) တားဝရမ်းအတွက်ဒီကရီ (အမိန့် ၂၁၊ နည်းဥပဒေ ၃၂)

ရွှေ့ပြောင်းနိုင်သောပစ္စည်း လက်ရောက်ပေးအပ်ရန် ဒီကရီ၊      ပဋိညာဉ်ကို သီးခြားဆောင်ရွက်ပေးရန်အတွက် ဒီကရီ၊ တားဝရမ်းအတွက်ဒီကရီများကို ဇာရီပြုရာ တွင် တရားရှုံးကို တရားမထောင်ချထားနိုင်ရန်အတွက် အကြောင်းကြားစာထုတ်ဆင့် ရန် လိုအပ်ကြောင်း  ပြဋ္ဌာန်းချက်မရှိပါ။ တရားရှုံးကို ဖမ်းဆီးရန်ဝရမ်းအား တိုက်ရိုက် ထုတ်ဆင့်နိုင်ပါသည်။

သို့ရာတွင် "ငွေပေးဆပ်ရန်ဒီကရီ"ကို အတည်ပြုရာတွင် တရားရှုံးကို တရားမထောင်ချထားရန်ဖြစ်လျှင် တရားရှုံးထံ အကြောင်းကြားစာ ဦးစွာထုတ်ဆင့်ရန် လိုအပ်ပါသည်။ ထို့ပြင် တရားရှုံးကို တရားမထောင်ချထားခြင်းမပြုမီ တရားမကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁ ၏ ခြွင်းချက်အရ မည်သည့်အတွက်ကြောင့် အကျဉ်းထောင်သို့ မပို့ထိုက်ကြောင်း အကြောင်းပြထုချေခွင့် ပေးရမည်ဖြစ်ပါသည်။

ရွှေ့ပြောင်းနိုင်သောပစ္စည်း လက်ရောက်ပေးအပ်ရန် ဒီကရီ၊      ပဋိညာဉ်ကို သီးခြားဆောင်ရွက်ပေးရန်အတွက် ဒီကရီ၊ တားဝရမ်းအတွက်ဒီကရီများကို အတည်ပြု ဆောင်ရွက်ရာတွင် တရားရှုံးကို တရားမထောင်ချထားနိုင်ရန် စုံစမ်းစစ်ဆေးမှုပြုလုပ် ရမည်ဟု ပြဋ္ဌာန်းချက်မရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

----

အပိုင်း (၁)
xxxxxxxx
ဆင့်စာခ၊ ၀ရမ်းစာခ နှင့် ဖမ်းဝရမ်းထုတ်ရာတွင် တရားရှုံးစားစရိတ်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆင့်စာခ
xxxxxxx
တရားမထောင်မချသင့်ကြောင်း အကြောင်းပြထုချေစေရန် တရားရှုံးထံ ထုတ်ဆင့်သော အကြောင်းကြားစာ အတွက် တရားနိုင်ပေးသွင်းရမည့်  ရုံးခွန်မှာ ခရိုင် တရားရုံးများနှင့် မြို့နယ်တရားရုံးများအတွက် ခရိုင်တရားရုံးများနှင့် မြို့နယ်တရား ရုံးများဆိုင်ရာဆင့်စာခနည်းဥပဒေ ၁၀(ဃ) အရ ၁၀၀ိ/- ဖြစ်ပါသည်။  တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်များအတွက် တိုင်ဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များ
ဆိုင်ရာ ဆင့်စာခနည်းဥပဒေ  ၁၀(ဃ) အရ ၂၀၀ိ/- ဖြစ်ပါသည်။

ဝရမ်းစာခ
xxxxxxx
တရားရှုံးဖမ်းဝရမ်းအတွက် တရားနိုင်ပေးသွင်းရမည့် ရုံးခွန်မှာ ခရိုင်တရားရုံး များနှင့် မြို့နယ်တရားရုံးများအတွက် ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများဆိုင်ရာ ဆင့်စာခနည်းဥပဒေ ၁၀(ဂ)(၂)(ကက) အရ  ၅၀၀ိ/-  ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များအတွက် တိုင်ဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များ ဆိုင်ရာ ဆင့်စာခနည်းဥပဒေ  ၁၀(ဂ)(၂)(ကက)အရ  ၆၀၀ိ/-  ဖြစ်ပါသည်။

ဖမ်းဝရမ်းထုတ်ရာတွင် တရားရှုံး စားစရိတ်
xxxxxxxxxxxxxxxxxxxxxxxxxxxxxx
တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၃၉(၁)အရ တရားရှုံးတစ်ဦး ကိုဖမ်းဆီးသည့်အချိန်မှ တရားရုံးသို့တင်ပို့သည့်အချိန်အထိ စားစရိတ်အတွက် တရားသူကြီးက လုံလောက်မည်ထင်သည့်ငွေကို တရားနိုင်က တရားရုံးတွင် မတင် သွင်းလျှင် တရားရှုံးအား ဖမ်းဆီးခြင်း  မပြုနိုင်ပါ။

  တရားရုံးများလက်စွဲအပိုဒ် ၂၇၁ တွင် လည်း "တရားရှုံးတစ်ဦးကို မဖမ်းမီ၊ ထိုသူကိုဖမ်းဆီးသည်မှ တရားရုံးသို့တင်ပို့သည့်အချိန်အထိ ကာလအပိုင်းအခြား အတွက် စာပိုဒ် ၂၇၆ တွင် ပြဋ္ဌာန်းသတ်မှတ်သည့်နှုန်းထားအတိုင်း၊ ဒီကရီရသူက တရားရုံးတွင် စားစရိတ်ငွေကို ပေးသွင်းရမည်" ဟု ပြဋ္ဌာန်းထားပါသည်

 ထို့ကြောင့် တရားရှုံးအား ဖမ်းဝါရမ်းထုတ်ဆင့်ပေးရန် တရားနိုင်က လျှောက် ထားရာတွင် တရားသူကြီးက သတ်မှတ်သော စားစရိတ်ငွေကို တရားနိုင်က ဦးစွာ    ပေးသွင်းရန်လိုအပ်မည်ဖြစ်ပါသည်။

စာပိုဒ် ၂၇၆ ပါ စားစရိတ်နှုန်းထားများမှာ မျက်မှောက်ကာလ တည်ဆဲ စားစရိတ်နှုန်းထားများမဟုတ်သည်ကို သတိပြုရန်ဖြစ်ပါသည်။
တရားရှုံး၏ တည်ဆဲ စားစရိတ်မှာ တစ်ရက် ၆၀၀ိ/- ကျပ်ဖြစ်ပါသည်။ အခါအားလျော်စွာ အပြောင်းအလဲရှိနိုင်ပါသည်။

----

အပိုင်း (၂)
xxxxxxxx
ဖမ်းဝရမ်းထုတ်ဆင့်ရာတွင် လိုက်နာရန်အချက်များ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တံဆိပ်ခတ်နှိပ်ရခြင်း
xxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၃၈ အရ ထုတ်ဆင့်သော ၀ရမ်းကို အမိန့် ၂၁၊ နည်းဥပဒေ ၂၄(၁) အရ တရားရုံးတံဆိပ်ခတ်နှိပ်ရန် လိုအပ်  ပါသည်။

တံဆိပ်ခတ်နှိပ်မှုမပြုခြင်းသည် ၀ရမ်းကို ပျက်ပြယ်စေကြောင်း THE KING v. MAUNG PO SHEIN (၁၉၃၉ ခုနှစ်၊ ရန်ကုန်စီရင်ထုံး၊ စာ ၄၄၅) အမှုတွင် အောက်ပါ အတိုင်းညွှန်ပြသည်။

"A warrant issued under O. 21, r.38 of the Civil Procedure Code requires the seal of the Court under O.21, r. 24(2) of the Code. The absence of the seal makes the warrant void,…………"

တရားရုံးက ညွှန်ကြားရမည့်အချက်။
xxxxxxxxxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၃၈ အရ တရားရှုံးသည်    ပေးဆပ်ရန်ငွေကို ကျသင့်သောအတိုးနှင့် ၄င်းက ပေးရမည့်စရိတ်(ရှိလျှင်)တို့နှင့်တကွ ပေးဆပ်ခြင်းမပြုလျှင် ၄င်းကိုဖမ်းဆီးရန် ၀ရမ်းအသီးသီးတွင် ၀ရမ်းအတည်ပြုရန် လွှဲအပ်ထားသောဝန်ထမ်းအား တရားရှုံးကို တရားရုံးရှေ့သို့ လျင်မြန်နိုင်သမျှ လျင်မြန်စွာတင်ပို့ရန် ညွှန်ကြားရမည်။

ဖမ်းဆီးရာတွင် ကုန်ကျစရိတ်
xxxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၃၈-က အရ တရားမအကျဉ်း သားတစ်ဦးအား ဖမ်းဆီးရန်သော်လည်းကောင်း၊ တရားရုံးသို့ လာရောက်စေရန်သော် လည်းကောင်း၊ အမိန့်ချမှတ်သောတရားရုံးသည် တရားမအကျဉ်းသားကို ပို့ဆောင် ရာတွင် အမှန်တကယ် ကုန်ကျသောစရိတ်ငွေကို ကျခံရမည်။ ယင်းစရိတ်ကို တရားနိုင် အား မကျခံစေရ။

တရားရုံးများလက်စွဲအပိုဒ် ၂၇၂ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါ သည်။
"တရားမအကျဉ်းသားကို ယူဆောင်သွားရာ အမှန်ကုန်ကျသည့် စရိတ်ကို အကြောင်းအားလျော်စွာ  အကျဉ်းသားကို ဖမ်းရန် အမိန့်ပေးသော သို့မဟုတ် ထိုအကျဉ်းသားကို တရားရုံးသို့ လာရောက်စေရန် အလိုရှိသော တရားရုံးက ကျခံရမည်။ တရားနိုင်ထံမှ တောင်းခံခြင်းမရှိစေရ။ (အမိန့် -၂၁၊ နည်းဥပဒေ ၃၈-က ကိုကြည့်)။"

 တရားရုံးသည် ဘတ်ဂျက်ခေါင်းစဉ်အမှတ်အသား ၀၃၀၄၊ ငွေစာရင်းခေါင်းစဉ် "သယ်ယူပို့ဆောင်ခ" အောက်မှ ကျခံသုံးစွဲရန်ဖြစ်ပါသည်။ ယင်းငွေစာရင်းခေါင်းစဉ် အောက်တွင် လူများသယ်ယူပို့ဆောင်စရိတ်လည်း အကျုံးဝင်ပါသည်။ (ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဘတ်ဂျက်ခေါင်း စဉ်အမှတ်အသားများစာအုပ်တွင် ကြည့်ပါ။)

ဇာရီရုံး၏စီရင်ပိုင်ခွင့်ဒေသပြင်ပတွင် နေထိုင်သော တရားရှုံးအား ဖမ်းဝရမ်းထုတ်နိုင်သလား
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆရာ ဦးတင်ဟုန်(တရားလွှတ်တော်တရားသူကြီး)၏ အကြောင်းပြထုချေ ခွင့်ပေးပါနှင့် တရားဥပဒေရေးရာဆောင်းပါးများ၊ စာ ၃၂ တွင် အောက်ပါအတိုင်းဖော် ပြထားပါသည်။

"တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၃၆ အရ ဒီကရီအတည်ပြုခြင်းနှင့် သက်ဆိုင်ခြင်းမရှိသည့်ကိစ္စတွင် တရားမကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်     တစ်ရပ်ရပ်အရ (စီရင်ချက်မချမီ လူကိုဖမ်းဆီးခြင်း၊ တရားမကျင့်ထုံးဥပဒေ အမိန့် ၃၈) တစ်ဦးဦးကိုဖမ်းဆီးရန် လျှောက်ထားသောအခါ ထိုသူနေထိုင် သည့်နေရာသည် တရားရုံး၏ စီရင်ပိုင်ခွင့်ပြင်ပတွင်ဖြစ်လျှင် တရားရုံးသည် လူဖမ်းဝရမ်းကို ထုတ်ဆင့်၍ ဖမ်းဆီးရာတွင် ကုန်ကျစရိတ်ငွေနှင့်တကွ လူဖမ်းဝရမ်း မိတ္တူတစ်စောင်ကို ထိုသူနေထိုင်ရာ စီရင်ပိုင်ခွင့်ရှိသော ခရိုင် တရားမရုံးသို့ ပေးပို့နိုင်သည်။

 ဒီကရီအတည်ပြုခြင်းနှင့် သက်ဆိုင်သည့်ကိစ္စ ပါဝင်ခြင်း မရှိသည်ကို တွေ့ရသည်။
ဒီကရီအတည်ပြုခြင်းနှင့် သက်ဆိုင်သည့်ကိစ္စတွင် တရားရှုံးသည် အခြားတရားရုံး၏ စီရင်ပိုင်ခွင့်နယ်နမိတ်အတွင်း နေထိုင်လျှင် တရားမ ကျင့်ထုံးဥပဒေ ပုဒ်မ ၃၉(၁)(က)အရ ဒီကရီကို လွှဲပြောင်းပေးပို့ရန်သာ ဖြစ်သည်ဟု တွေ့ရှိရပါသည်။"

----

အပိုင်း (၅)
xxxxxxxx

ငွေပေးဆပ်ရန်ဒီကရီကို အတည်ပြုရာတွင် တရားရှုံးကို တရားမထောင် ချထားပေးရန် တရားနိုင်က လျှောက်ထားလျှင် ဆောင်ရွက်ရန်လုပ်ထုံး များ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

" ငွေပေးဆပ်ရန်ဒီကရီိ " ကို ဇာရီပြုရာတွင် တရားရှုံးကို  တရားမထောင်ချ ထားပေးရန် တရားနိုင်က လျှောက်ထားလာပါက သာမန်အားဖြင့် တရားရှုံးထံ မည် သည့်အတွက် တရားမထောင်မချသင့်ကြောင်း အကြောင်းပြရန်အကြောင်းကြားစာကို အမိန့် ၂၁၊ နည်းဥပဒေ ၃၇(၁) အရ ဦးစွာထုတ်ဆင့်ရန်ဖြစ်ပါသည်။

ယင်းအကြောင်း ကြားစာကို တရားရှုံးက လိုက်နာခြင်းမပြုလျှင် တရားနိုင်က လျှောက်ထားသည့်အခါ တရားရှုံးကို ဖမ်းဆီးရန် အမိန့် ၂၁၊ နည်းဥပဒေ ၃၇(၂) အရ ၀ရမ်းထုတ်ဆင့်ရမည် ဖြစ်ပါသည်။

တရားရှုံးထံ အကြောင်းကြားစာထုတ်ဆင့်ရခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၃၇(၁) နှင့် တရားရုံးများ လက်စွဲအပိုဒ် ၂၇၀ အရ  ငွေအတွက်ဒီကရီကို အတည်ပြုရာ၌ တရားရှုံးကိုဖမ်းဆီးရန် ၀ရမ်းထုတ်ပေးမည့်အစား တရားရုံးသည် ထိုတရားရှုံးအား လာရောက်၍ မည်သည့် အတွက်ကြောင့် ထောင်တွင်မချထားသင့်ကြောင်း အကြောင်းပြထုချေစေရန် နို့တစ်စာ ထုတ်ပေးနိုင်ပါသည်။

သို့ရာတွင် တရားရှုံးသည် ဇာရီပြုခြင်းကို နှောင့်နှေးစေရန် ထွက်ပြေးတိမ်း ရှောင်ဖွယ်ရာရှိလျှင် သော်လည်းကောင်း၊ တရားရုံး၏ စီရင်ပိုင်ခွင့်ဒေသပြင်ပသို့ ထွက်ခွာသွားဖွယ်ရာရှိကြောင်း တရားရုံးက ကျေနပ်လျှင်သော်လည်းကောင်း အမိန့် ၂၁၊ နည်းဥပဒေ ၃၇(၁) ခြွင်းချက်အရ အကြောင်းကြားစာထုတ်ရန် မလိုအပ်ပါ။

တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၃၂(၁) အရ တိုင်းပြည်၏ ဓလေ့ထုံးတမ်း အလျောက် အများပြည်သူရှေ့သွားလာစေရန် အတင်းအကြပ်မပြုသင့်သော မိန်းမများ ကို တရားရုံးသို့ ကိုယ်တိုင်လာရောက်ရခြင်းမှ ကင်းလွတ်ခွင့်ပြုရမည် ဖြစ်ပါသည်။

တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၃၃(၁) နှင့် တရားရုံးများလက်စွဲအပိုဒ် ၁၃၁အရ
အောက်ပါပုဂ္ဂိုလ်များအား တရားမမှုများတွင် တရားရုံးသို့ ကိုယ်တိုင်လာရောက်ခြင်းမှ လွတ်ငြိမ်းခွင့်ပြုထားပါသည်။

ပခန်းကြီးစုဖုရား။
ဂိုဏ်းထောက်များ၊ ဂိုဏ်းအုပ်များ၊ ဂိုဏ်းချုပ်များနှင့် ထို့ထက်အဆင့် အတန်းမြင့်သည့် အားလုံးသော ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ။

တရားရှုံးထံ ထုတ်ဆင့်ရန် အကြောင်းကြားစာ(နို့တစ်စာ)ပုံစံမှာ တရားမ ကျင့်ထုံးဥပဒေ၊ နောက်ဆက်တွဲ - င၊ ပုံစံ - ၁၂ ဖြစ်ပါသည်။

သို့ရာတွင် တရားရုံးများတွင် အဆိုပါ နောက်ဆက်တွဲ - င၊ ပုံစံ ၁၂ အစား  တရားမပုံစံအမှတ် - ၃၇ကို  သုံးစွဲပါသည်။

တရားရှုံးကို ဖမ်းဆီးရန်ဝရမ်း မည်သည့်အခါ ထုတ်ဆင့်ရခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အကြောင်းကြားစာထုတ်သော်လည်း တရားရှုံးမလာမရောက်ခဲ့လျှင် တရား နိုင်က လျှောက်ထားတောင်းဆိုပါက တရားရှုံးကို ဖမ်းဆီးရန် တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၃၇(၂) နှင့် တရားရုံးများလက်စွဲအပိုဒ် ၂၇၀ အရ ဒီကရီ အတည်ပြုရာတွင် လူကိုဖမ်းဆီးရန်ဝရမ်း ထုတ်ပေးရမည်ဖြစ်ပါသည်။

သို့ရာတွင် အခြားသောနည်းလမ်းဖြင့် ဒီကရီဖြစ်မြောက်အောင် ဇာရီပြုလုပ် နိုင်သည့် အမှုများတွင် လူဖမ်းဝရမ်းကို အလွယ်တကူ ထုတ်ပေးတတ်ကြသည့် အလေ့ အထကို ကြပ်တည်းစွာ ချုတ်ချယ်ရမည် ဖြစ်ကြောင်း တရားရုံးများလက်စွဲအပိုဒ် ၂၇၀ ပါပြဋ္ဌာန်းချက်ကို သတိမူရန် လိုအပ်မည်ဖြစ်ပါသည်။

တရားရှုံးသည် ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသည့်အပြင် တရားရုံးသို့ အချိန် တောင်းရန် အမှန်တကယ်လာရောက်ပါက ဖမ်းဆီးရန် ၀ရမ်းမထုတ်နိုင်ကြောင်း  OM RAO AHIR v. NOOR MOHAMED KHAN (၁၉၆၅၊ မတစ၊ စာ ၃၀၆) အမှုတွင် အောက်ပါအတိုင်း ညွှန်ပြပါသည်။

"Thus where the judgment-debtor is not only                not absconding but has actually appeared before the Court to plead for time, a warrant of arrest cannot be issued against him."

ဒီကရီအတည်ပြုလုပ်ရာတွင် လူကိုဖမ်းဆီးရန်ဝရမ်း ပုံစံမှာ တရားမပုံစံအမှတ် ၁၀၉ ဖြစ်ပါသည်။

----

တရားမထောင်ချရန်သင့်မသင့် စုံစမ်းစစ်ဆေးပုံအဆင့်ဆင့်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆက်လက်တင်ပြပါမည်။

လေးစားစွာဖြင့်။


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...