Friday, March 31, 2017

ဇာရီမှုကို ဆိုင်းငံ့ခြင်း (အပိုင်း…၄)

အပိုင်း (၄)
xxxxxxxxxxx

ဇာရီမှုကို ဆိုင်းငံ့ခြင်း
xxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၅၁ အရ ဇာရီမှုကို ဆိုင်းငံ့ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မည်သို့သောအခြေအနေတွင် ဇာရီမှုကို ပုဒ်မ ၁၅၁ အရ ဆိုင်းငံ့ထားနိုင်ခြင်း
+++++++++++++++++++++++++++++++++++++++++++++++

ဒေါ်ထွေးတင် နှင့် ဒေါ်ကြည်ကြည် (၁၉၉၀၊ မတစ၊ စာ ၅၆(၅၈)) အမှုတွင် အောက်ပါအတိုင်း ညွှန်ပြပါသည်။



"ထူးခြားသောအခြေအနေတွင် တရားရုံးတစ်ရုံးသည် တရားမကျင့် ထုံးဥပဒေ ပုဒ်မ ၁၅၁ ပါ မူလဘူတအာဏာကို သုံးစွဲ၍ ဇာရီမှုတစ်မှုကို ဆိုင်းငံ့ နိုင်သည်။ ဒေါ်ထွေးတင်ရရှိထားသည့် ဒီကရီကို တရားရုံးချုပ်က အတည်ပြု ထားသည်ဖြစ်ရာ ယင်းဒီကရီကိုဇာရီပြုလုပ်ခြင်းသည် တရားရုံး၏ယန္တရားကို အလွဲသုံးစားပြုသည်ဟု ကောက်ယူရန် အကြောင်း မပေါ်ပေါက်ချေ။ အကယ် ၍ အမွေထိန်းစာကို ပယ်ဖျက်လိုက်ပါမူ ဇာရီမှုအရ ဒေါ်ကြည်ကြည်အနေဖြင့် လက်လွတ်လိုက်ရသော ပစ္စည်းများကို ပိုနေမြဲကျားနေမြဲပြန်ရရန် လျှောက် ထားခွင့်ရှိသည်၊ ဤအခြေအနေတွင် တရားမျှတမှုအလို့ငှာ ဇာရီမှုကို ဆိုင်းငံ့ ထားရန် တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၅၁ ပါလုပ်ပိုင်ခွင့်ကို ကျင့်သုံးရန်လို မည် မဟုတ်ချေ။"

ဒေါ်ဆင့် နှင့် ဦးခန့်ပါ(၂) (၁၉၇၉၊ မတစ၊ စာ ၂၉)အမှုတွင် အောက်ပါအတိုင်း ညွှန်ပြပါသည်။

"တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၁ အရ တရားရုံးသည် အမှုဖြစ် ပျက်သည့် အကြောင်းခြင်းရာအပေါ်မူတည်၍ တရားမျှတသည်ဟု ယူဆ သောအမိန့်ကို မည်သည့်အချိန်အခါတွင်မဆို အသုံးပြုနိုင်ခွင့်ရှိကြောင်း မှန်သော်လည်း ယင်းဥပဒေမှာ အခြားဥပဒေပြဋ္ဌာန်းချက်များ သီးခြားမရှိမှသာ ဖြစ်ပေါ်သော အခြေအနေကို သုံးသပ်၍ ဆောင်ရွက်နိုင်ခွင့်ပေးထားသော မူလဘူတအာဏာ ဖြစ်သည်။"

ဦးကျော်စိုး နှင့် အက်စ်အလီခန်း(ခ)ဦးလှမောင်ပါ ၂(၁၉၉၄ မတစ၊ စာ ၉) အမှု တွင် အောက်ပါအတိုင်းထုံးဖွဲ့ထားပါသည်။

"ရန်ကုန်တိုင်းတရားရုံး နှင့် တရားရုံးချုပ်တို့က ၁၉၉၁ ခုနှစ် တရားမဇာရီမှု အမှတ် ၁၇ ကို တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၅၁ အရ မူလဘူတအာဏာကို သုံးစွဲ၍ခေတ္တဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်။ ယင်းကျင့်ထုံး ဥပဒေပုဒ်မအရ မူလဘူတအာဏာကို တရားမကျင့်ထုံးဥပဒေတွင် အခြား နည်းပြဋ္ဌာန်းချက် မရှိမှသာ ကျင့်သုံးရန်ဖြစ်သည်။ ဇာရီမှုတစ်မှုကို ဆိုင်းငံ့ထား ရန် ပြဋ္ဌာန်းချက်များရှိရာ ၄င်းတို့မှာ တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၂၆၊ ၂၉ နှင့် တရားမကျင့်ထုံးဥပဒေ အမိန့် ၄၁၊ နည်း ၅ တို့ဖြစ်ကြသည်။ ထိုပြဋ္ဌာန်းချက်များရှိပြီးဖြစ်၍ တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၅၁ အရ မူလ ဘူတအာဏာကို အလွယ်တကူ ကျင့်သုံးခွင့် မရှိချေ။ ဇာရီမှုကို ခေတ္တဆိုင်းငံ့ ထားရန် လျှောက်ထားသူ ဒေါ်အမိဇံဘီဘီသည် မူလတရားမကြီးမှုတွင် လည်းကောင်း၊ ၁၉၉၁ ခုနှစ် တရားမဇာရီမှုအမှတ် ၁၇ တွင်လည်းကောင်း အမှုသည်အဖြစ် ပါဝင်သူ မဟုတ်ခဲ့ပေ။ အမှုသည် မဟုတ်သူအနေဖြင့် ဇာရီ အတည်ပြုခြင်းခံရသည့်အခါ တရားမကျင့်ထုံး ဥပဒေ အမိန့် ၂၁၊ နည်း ၉၇ မှ ၁၀၃ အထိ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခွင့် ရှိနေသည်။ ဤအခြေ အနေတွင် ရန်ကုန်တိုင်းတရားရုံးက တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၁ အရ မူလဘူတအာဏာကို သုံးစွဲ၍ ဇာရီမှုကို ဆိုင်းငံ့ခဲ့ခြင်းသည် အမှုတွဲတွင် ပေါ်ပေါက်သည့် သက်သေခံချက်များအရ မှန်ကန်သည်ဟု မဆိုနိုင်ပေ။ ရန်ကုန်တိုင်း တရားရုံး၏အမိန့်ကို အတည်ပြုခဲ့သော တရားရုံးချုပ်၏အမိန့် သည်လည်း ဥပဒေနှင့် မညီချေ။"

တိုင်းတရားရုံးက ဇာရီမှုကို တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၅၁ အရ ဆိုင်းငံ့ သည့် အမိန့်ကို ဒါဝတ်(ခ)တင်မောင် ပါ(၂) နှင့် ဦးမြင့်(ခ)အဘူခိုင်ပါ(၂) (၁၉၈၄၊ မတစ၊ စာ ၁၆၀) အမှုတွင် အောက်ပါအတိုင်း အကြောင်းပြ၍ပယ်ဖျက်သည်။

"ဦးမြင့်၏အဆိုပြုချက်အရ သူသည် မြို့နယ်တရားရုံး တရားမကြီးမှု အမှတ် ၁၄၀/၇၃ တွင် တရားပြိုင်အဖြစ် ပါဝင်ခဲ့သူ မဟုတ်ပေ။ မြို့နယ် တရားရုံးသည် ဇာရီမှု အမှတ် ၂/၇၈ တွင် လျှောက်ထားသူ ရရှိထားသော ဒီကရီကို အတည်ပြုသောအခါ အမှုသည်မဟုတ်သော ဦးမြင့်အနေဖြင့် တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၉၇ မှ ၁၀၃ အထိ ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်နိုင်ခွင့် ရှိနေပေသည်။ တရားမကျင့်ထုံးဥပဒေတွင် အခြားနည်းပြဋ္ဌာန်းချက်များ မရှိမှသာလျှင် ပုဒ်မ ၁၅၁ အရ အပ်နှင်းထား သည့် မူလဘူတအာဏာကို ကျင့်သုံးရန်ဖြစ်သည်။"

---

တရားရှုံးအမည်ဖြင့် ဂရန်ရရှိထားလျှင် ဇာရီမှုကို ဆိုင်းငံ့ထားရခြင်း
+++++++++++++++++++++++++++++++++++++++++++++

တရားရှုံးအမည်ဖြင့် ဂရန်ရရှိထားလျှင် ဒီကရီအတည်ပြုခြင်းကို ဆိုင်းငံ့ထား ရန်ဖြစ်ကြောင်း ဒေါ်ကြင်ယုံ(ခ)ဒေါ်နှင်းအောင်ပါ၂ နှင့် ဒေါ်စိန်တင် ပါ၂ (၁၉၉၉၊ မတစ၊ စာ -၉၁) အမှုတွင် အောက်ပါအတိုင်း ညွှန်ပြပါသည်။

 "x    x    x အစဉ်အလာအားဖြင့် အုပ်ချုပ်ရေး အာဏာပိုင်တို့က တရားရုံး၏ ဆုံးဖြတ်ချက်ကို အလေးဂရုထားကာ ယင်းဆုံးဖြတ်ချက်အပေါ် အခြေပြု၍ ဂရန်ထုတ်ပေးခဲ့ကြသည်။ တရားရုံးများကလည်း တရားရှုံးက ဂရန်ရရှိခဲ့လျှင် ၄င်းအား နှင်ထုတ်ခြင်း မပြုသေးဘဲ ဒီကရီအတည်ပြုခြင်းကို ခေတ္တ ဆိုင်းငံ့ထားကာ တရားရှုံးအား ဂရန်ထုတ်ပေးထားခြင်းကို ပယ်ဖျက် လိုက်သည့်အခါမှ ဒီကရီအတည်ပြုခြင်းဖြင့် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေး ၀ိရောဓိ မဖြစ်အောင် ဆောင်ရွက်ကြသည်။ ဤကောင်းမြတ်သည့် အစဉ် အလာများကို ဆက်လက် ထိန်းသိမ်းထားကြရန် လိုအပ်ပေသည်။ သို့မှသာ ပြည်သူများအနေဖြင့် တရားမျှတမှုကို ရရှိကြကာ ယင်း၏အကျိုးကျေးဇူးများ ကိုလည်း လက်တွေ့ခံစားနိုင်ကြမည် ဖြစ်သည်။

 ဤမူများနှင့်အညီ တရားနိုင် ဒေါ်စိန်တင်တို့က တရားရှုံး ဒေါ်ကြင် ယုံ (ခ) ဒေါ်နှင်းအောင်သည် ဂရန် ရရှိထားသော်လည်း အချင်းဖြစ်မြေကို အမွေဆက်ခံ ပိုင်ဆိုင်သူမှာ ဒေါ်စိန်တင်တို့ ဖြစ်သည်ဟု တရားရုံးက ဒီကရီ ချမှတ်ထားသည်ကို အထောက်အထားပြု၍ ဒေါ်ကြင်ယုံအား ထုတ်ပေးထား သည့် ဂရန်ကို ပယ်ဖျက်ပေးရန် သက်ဆိုင်ရာ အုပ်ချုပ်မှု အာဏာပိုင် အဆင့်ဆင့်သို့ အယူခံဝင်ခြင်း၊ ပြင်ဆင်မှု လျှောက်ထားခြင်း ပြုလုပ်ရမည် ဖြစ်သည်။ တရားရုံးကလည်း ဒေါ်ကြင်ယုံ(ခ)ဒေါ်နှင်းအောင် ရရှိထားသည့် ဂရန်ကို သက်ဆိုင်ရာက ပယ်ဖျက်လိုက်သည့်အချိန်အထိ ဒီကရီအတည်ပြု ခြင်းကို ဆိုင်းငံ့ထားရမည် ဖြစ်သည်။ ဒေါ်ကြင်ယုံ(ခ)ဒေါ်နှင်းအောင် အမည် ဖြင့် ဂရန်ထုတ်ပေးထားခြင်းကို ပယ်ဖျက်လိုက်သည့်အခါ တရားရုံးက ဒီကရီ အတည်ပြုရန် လမ်းပွင့်သွားပြီဖြစ်သည်။"

စံဝင်းထိန် နှင့် ဦးကံစိန် (၁၉၉၉၊ မတစ၊ စာ ၁၁၃) အမှုတွင် အောက်ပါအတိုင်း ထုံးဖွဲ့ပါသည်။

"ဦးစံဝင်းထိန် ရရှိထားသည့်ဒီကရီမှာ ခွင့်ပြုချက်ဖြင့် ထားသူအား နှင်ထုတ်လိုမှုတွင် ရရှိသည့် ဒီကရီ ဖြစ်သည်။ ဦးစံဝင်းထိန်အနေဖြင့် အချင်း ဖြစ်မြေနှင့် စပ်လျဉ်း၍ ဂရန်ရရှိခဲ့ဖူးကြောင်း မတွေ့ရှိရပေ။ ထိုစဉ်က တရားရှုံး များအနေဖြင့်လည်း ဂရန်မရရှိခဲ့ကြချေ။ တရားနိုင် ဦးစံဝင်းထိန်က ဇာရီမှုများ ဖွင့်လှစ် ဆောင်ရွက်ဆဲတွင် တရားရှုံးများက ဂရန်အသီးသီး ရရှိခဲ့ကြသည်။

x x x x x x x xx x x x x x x x x

ဤကဲ့သို့သော အခြေအနေမျိုး ပေါ်ပေါက်လာသည့်အခါ တရားရုံး ၏ဒီကရီနှင့် အုပ်ချုပ်ရေး အာဏာပိုင်တို့၏ ဆုံးဖြတ်ချက်များ ၀ိရောဓိ မဖြစ်စေရန် တရားစီရင်ရေးကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍတို့သည် ညီညွတ် မျှတစွာ ပေါင်းစပ် ဆောင်ရွက်ရန် လိုပေသည်။
တရားရုံးများက အမှုကို အဆုံးအဖြတ်ပြုရာ၌ နှစ်ဖက်တင်ပြသည့် သက်သေခံ အထောက်အထားများကို အကြောင်းခြင်းရာအရလည်းကောင်း၊ ဥပဒေကြောင်းအရလည်းကောင်း သေချာစွာ စိစစ် ဝေဖန်  သုံးသပ်ပြီးမှ   ဆုံးဖြတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် တရားရုံး၏ ဒီကရီမှာ ခိုင်မာလျက်ရှိသည့် အပြင် တရားစီရင်ရေးအာဏာ သက်ရောက်လျက်ရှိသည်။

ထို့ကြောင့် အစဉ်အလာအားဖြင့် အုပ်ချုပ်ရေး အာဏာပိုင်တို့က တရားရုံး၏ ဆုံးဖြတ်ချက်ကို အလေးဂရုထားကာ ယင်းဆုံးဖြတ်ချက်အပေါ် အခြေပြု၍ ဂရန်ထုတ်ပေးခဲ့ကြသည်။ တရားရုံးများကလည်း တရားရှုံးက ဂရန်ရရှိခဲ့လျှင် ၄င်းအားနှင်ထုတ်ခြင်းမပြုသေးဘဲ ဒီကရီအတည်ပြုခြင်းကို ခေတ္တ ဆိုင်းငံ့ထားကာ တရားရှုံးအား ဂရန်ထုတ်ပေးထားခြင်းကို ပယ်ဖျက် လိုက်သည့်အခါမှ ဒီကရီ အတည်ပြုခြင်းဖြင့် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေး ၀ိရောဓိ မဖြစ်အောင် ဆောင်ရွက်ကြသည်။ ဤကောင်းမြတ်သည့် အစဉ် အလာများကို ဆက်လက် ထိန်းသိမ်းကြရန် လိုအပ်ပေသည်။ သို့မှသာ ပြည်သူများအနေဖြင့် တရားမျှတမှုကို ရရှိကြကာ ယင်း၏ အကျိုးကျေးဇူးများ ကိုလည်း လက်တွေ့ ခံစားနိုင်ကြမည် ဖြစ်သည်။"

-----

အပိုင်း (၅)
xxxxxxxxx

မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၅(၁)အရ ဇာရီမှုကို ဆိုင်းငံ့ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆက်လက်ဖော်ပြပါမည်။

လေးစားစွာဖြင့်။


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...