Friday, March 31, 2017

ဇာရီပြုရာတွင် တရားရှုံးကို တရားမထောင်ချခြင်း (၂)

ဇာရီပြုရာတွင် တရားရှုံးကို တရားမထောင်ချခြင်း (၂)
xxxxxxxxxxxxxxxxxxxxxxxxxxxx

တရားမထောင်ချရန်သင့်မသင့် စုံစမ်းစစ်ဆေးပုံအဆင့်ဆင့်
xxxxxxxxxxxxxxxxxxxxxxxxxxxxxx

(က)  ငွေပေးဆပ်ရန်ဒီကရီကိုသာ စုံစမ်းစစ်ဆေးရန် လိုအပ်ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေပုဒ်မ ၅၁ ခြွင်းချက်ပါ ပြဋ္ဌာန်းချက်အရ ဒီကရီမှာ ငွေပေး ဆပ်အတွက်ဖြစ်လျှင် တရားရှုံးအား မည်သည့်အတွက်ကြောင့်အကျဉ်းထောင်သို့ မပို့ ထိုက်ကြောင်း အကြောင်းပြထုချေစေရန် အခွင့်အရေးမပေးဘဲနှင့်လည်းကောင်း၊ ပုဒ်မ ၅၁ ခြွင်းချက် (က) မှ (ဂ) အထိပါ အခြေအနေဖြစ်ပေါ်လျက်ရှိကြောင်း တရားရုံးအနေ ဖြင့် ကျေနပ်မှုမရှိဘဲနှင့်လည်းကောင်း အကျဉ်းထောင်တွင် ချုပ်နှောင်ထားစေခြင်းဖြင့် ဒီကရီအတည်ပြုရန် အမိန့်ချမှတ်ခြင်းမပြုရပါ။



သို့ဖြစ်ရာ တရားမထောင်ချထားနိုင်သောဒီကရီများဖြစ်သည့်  အထက်တွင် ဖော်ပြခဲ့သော ဒီကရီအမျိုးအစား (၄)မျိုးအနက် "ငွေပေးဆပ်ရန်ဒီကရီ" ကိုသာ စုံစမ်း စစ်ဆေးမှုပြုလုပ်ရန် လိုအပ်မည်ဖြစ်ပါသည်။

---

(ခ)  တရားရှုံး တရားရုံးရှေ့ ရောက်ရှိခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxx

ငွေပေးဆပ်ရန် ဒီကရီကိုအတည်ပြုရာတွင် အမိန့် ၂၁၊ နည်းဥပဒေ ၃၇(၁) အရ ထုတ်ဆင့်သော အကြောင်းကြားစာကို လိုက်နာလျက် တရားရှုံးသည် တရားရုံး သို့ရောက်ရှိနိုင်ပါသည်။ သို့မဟုတ် နည်းဥပဒေ ၃၇(၂)အရ ထုတ်ဆင့်သော ၀ရမ်း အရဖမ်းဆီးပြီးနောက် တရားရုံးသို့တင်ပို့လျှင် တရားရှုံးသည် တရားရုံးရှေ့ရောက်ရှိ နိုင်ပါသည်။

အမိန့် ၂၁၊ နည်း ၃၇ အရ နို့တစ်စာရသူ တရားရှုံးသည် တရားရုံးသို့ ကိုယ် တိုင်သွားရောက်ရမည်။ ၄င်းကိုယ်စား ရှေ့နေလာရောက်ရုံမျှဖြင့် မပြီး။ မက်ဟူစူဒန် နှင့် ထရင်ဘက် (အေအိုင်အာ၊ ၁၉၆၁ ဘုံဘိုင် ၂၃) (ဆရာ ဦးမြ၊ တရားမဇာရီမှုများ၊   စာ ၉၀)

--

(ဂ)  တရားရှုံး ရုံးရှေ့ရောက်ရှိလျှင် ဆောင်ရွက်ရန် လုပ်ထုံး
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ငွေပေးဆပ်ရန်ဒီကရီကို အတည်ပြုရာ၌ တရားရှုံးကိုဖမ်းဆီး၍ တရားရုံးရှေ့ တင်ပို့လာသည့်အခါ တရားရုံးသည် တရားရှုံးအနေဖြင့် မိမိအား လူမွဲအဖြစ် ကြေညာ ပေးရန် လျှောက်ထားနိုင်ကြောင်း၊ ထို့ပြင် လျှောက်ထားသည့် အကြောင်းအရာနှင့် စပ်လျဉ်း၍ တရားရှုံးအနေဖြင့် မရိုးမဖြောင့်သောသဘောဖြင့်  တစ်စုံတစ်ခု ပြုလုပ်ခဲ့ ခြင်းမရှိဘဲ တည်ဆဲလူမွဲအဖြစ်ခံယူမှုဥပဒေ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက် လျှင် ၄င်းအား ကင်းလွတ်ခွင့်ပေးနိုင်ကြောင်း အသိပေးရမည်။ (တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၅၅(၃))

တရားရှုံးက မိမိအား လူမွဲအဖြစ် ကြေညာပေးရန် လျှောက်ထားလိုကြောင်း တင်ပြသည့်ပြင် တစ်လအတွင်း ထိုသို့ လျှောက်ထားမည်ဖြစ်ကြောင်းနှင့် ယင်း လျှောက်လွှာအရ ဆောင်ရွက်သောအမှု၌ ဖြစ်စေ၊ ဒီကရီအတည်ပြုရာတွင် တရားရှုံး ဖမ်းဆီးခံရလျှင် ယင်းဒီကရီအရ ဆောင်ရွက်သော အမှု၌ဖြစ်စေ၊ ဆင့်ဆိုသည့်အခါ လာရောက်မည်ဖြစ်ကြောင်းဖြင့် ကျေနပ်လောက်အောင် အာမခံတင်သွင်းလျှင် တရားရုံးသည် ယင်းတရားရှုံးအား ဖမ်းဆီးရာမှ လွှတ်နိုင်သည်။ (တရားမကျင့်ထုံး ဥပဒေ ပုဒ်မ ၅၅(၄))

တရားရုံးများလက်စွဲအပိုဒ် ၂၇၅  တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါ   သည်။

"ငွေအတွက် ဒီကရီပြုလုပ်ရာ၌ တရားရှုံးကို အမိန့် ၂၁၊ နည်းဥပဒေ ၄၀ အရ ဖမ်းဆီး၍ တရားရုံးသို့ ခေါ်ဆောင်လာသည့်အခါ၊ လူမွဲအဖြစ် ဆုံးဖြတ်ကျေညာခံရန် လျှောက်ထားနိုင်ကြောင်းနှင့် ထိုသို့ လျှောက်ထား သည့် အကြောင်းအရာနှင့် စပ်လျဉ်း၍ မရိုးမဖြောင့်သည့် ပြုလုပ်မှုတစ်ခုခုကို ကျူးလွန်ခြင်းမရှိလျှင်၊ ထို့ပြင် တည်ဆဲဖြစ်သော လူမွဲအဖြစ် ခံယူရေးဆိုင်ရာ တရားဥပဒေပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်လျှင် မိမိကို လွှတ် နိုင်ကြောင်း တရားရုံးက တရားရှုံးအား ပြောကြားရမည်။
တရားရှုံးက အထက်ပါအတိုင်း လျှောက်ထားရန် ကြံရွယ်ကြောင်း ထုတ်ဖော်ပြောဆို၍ ဆင့်ဆိုသည့်အခါ လာရောက်ပါမည့်အကြောင်း ထို့ပြင် တစ်လအတွင်း လူမွဲအဖြစ်ကျေညာခံရရန် လျှောက်ထားပါမည့် အကြောင်း အာမခံပေးလျှင် ထိုတရားရှုံးကို လွှတ်နိုင်သည်။"

ခံဝန်ချုပ်ပုံစံမှာ တရားမပုံစံအမှတ် - ၁၁၂ ဖြစ်ပါသည်။

ဖမ်းဆီးရန်အမိန့်ချမှတ်ခြင်းခံရသော တရားရှုံးသည် လူမွဲအဖြစ်စီရင်ဆုံးဖြတ် ချက်အမိန့် (an order of adjudication) ရရှိပြီးဖြစ်သော်လည်း ကာကွယ်စောင့် ရှောက်ရန်အမိန့် (Protection Order) မရသေးလျှင် တရားမကျင့်ထုံးဥပဒေပုဒ်မ ၅၅ပါ ပြဋ္ဌာန်းချက်များအရ တရားရှုံးအား အာမခံတင်သွင်းစေရမည်ဖြစ်ကြောင်း M.V.A.L., VISWANTHAN CHETTYAR v. ABDUL MAJID (၁၉၂၅၊ အိန္ဒိယစီရင်ထုံးများ၊ အတွဲ ၃၊ ရန်ကုန်၊ စာ ၁၈၇) တွင် အောက်ပါအတိုင်းပြဆိုသည်။

"When a Judgment-debtor, on being arrested in execution of a decree, produces an Adjudication Order obtained subsequently to the institution of the execution proceedings and it is shown that he has not up to the date of his arrest obtained any Protection Order, it is the duty of the Executing Court to comply with the provision of section 55 of Civil Procedure Code and to require the judgment-debtor to give security that he will appear, when called upon, in any proceeding in insolvency or upon the decree in execution of which he was arrested."

လူမွဲအဖြစ်စီရင်ဆုံးဖြတ်ချက်အမိန့် (an order of adjudication)သည်   လူမွဲကို ဖမ်းဆီးခြင်းမပြုရန် အလိုအလျောက် အကာအကွယ်မပေးကြောင်းနှင့် အကာ အကွယ်ရလိုပါက တရားရှုံးအနေဖြင့် ဆိုင်ရာတရားရုံးတွင်လျှောက်ထားရန်ဖြစ်ကြောင်း P. M. HAMID v. P. K. MOHAMED SHERIFF (၁၉၃၅၊ အိန္ဒိယစီရင်ထုံးများ၊ အတွဲ ၁၃၊ ရန်ကုန်၊ စာ ၆၂၃) အမှုတွင် အောက်ပါအတိုင်း ညွှန်ပြပါသည်။

"An order of Adjudication does not operate automatically as a protection against execution upon the person of an insolvent. He must apply to the Court to grant him the privilege of protection against arrest which the Court will do only if the circumstances of the case justify it."

----

(ဃ)   တရားရှုံးသည် လူမွဲအဖြစ် လျှောက်ထားရန် ပျက်ကွက်လျှင် ဆောင်ရွက်ရန်လုပ်ထုံး
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရားရှုံးသည် လူမွဲအဖြစ်လျှောက်ထားရန် ပျက်ကွက်လျှင်ဖြစ်စေ၊ အာမခံ ဖြင့်လွှတ်ထားပြီးနောက်ပိုင်း တရားရုံးကဆင့်ခေါ်သည့်အခါ လာရောက်ရန် ပျက်ကွက် လျှင် တရားရုံးသည် တရားမကျင့်ထုံးဥပဒေပုဒ်မ ၅၅(၄) အရ -

(၁) အာမခံငွေကို သိမ်းယူရန် ညွှန်ကြားနိုင်သည်။    သို့မဟုတ်

(၂) ဒီကရီအတည်ပြုရာတွင် တရားရှုံးအား တရားမအကျဉ်းထောင်သို့
ပို့စေနိုင်သည်။

ဤနည်းနှစ်နည်းအနက် တစ်နည်းနည်းအရသာဆောင်ရွက်ခွင့်ရှိ သည်ဖြစ်၍ တရားရှုံးကို အကျဉ်းချထားပြီးနောက် အာမခံသူအပေါ်အရေးမယူနိုင်တော့ချေ။(ရက် ဟူဘာဆင်း နှင့် မဟာရူး(လ်)ဟူး(ဂ်) - အေအိုင်အာ ၁၉၄၂ ပတ္တနာ ၅၀၆) သို့ရာတွင် တရားရှုံးအား ၀ရမ်းထုတ်ဖမ်းရုံမျှဖြင့် အာမခံသူအပေါ် အရေးယူမှုကို ပိတ်ပင်ခြင်း မရှိ။ (မက်ကန်ဂျီ နှင့် ဘူတန်ဒတ်(စ်) - အေအိုင်အာ ၁၉၂၄ ဘုံဘိုင် ၄၂၈) (ဆရာဦးမြ - တရားမဇာရီမှုများ စာ ၉၁)

----

(င)  တရားရှုံးက လူမွဲအဖြစ် လျှောက်ထားလိုခြင်းမရှိကြောင်း တင်ပြလျှင် သို့မဟုတ် လျှောက်ထားသော်လည်း ၄င်း၏လူမွဲလျှောက်လွှာကို ပလပ် ခြင်းခံရလျှင်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရားရှုံးက ၄င်းအနေဖြင့် လူမွဲအဖြစ်လျှောက်ထားရန် မရှိကြောင်း တင်ပြ လျှင်ဖြစ်စေ၊ လူမွဲအဖြစ်လျှောက်ထားသော်လည်း ၄င်း၏ လျှောက်လွှာကို ပလပ်ခြင်း ခံရလျှင်ဖြစ်စေ တရားရုံးသည် တရားရှုံးအား တရားမထောင်ချရန် သင့်မသင့် စုံစမ်း စစ်ဆေးရန်လိုအပ်မည်ဖြစ်ပါသည်။

အမိန့် ၂၁၊ နည်းဥပဒေ ၄၀(၁) အရ တရားရုံးသည် တရားနိုင်အားကြားနာပြီး ဒီကရီအတည်ပြုရန် လျှောက်ထားချက်ကို ထောက်ခံသည့် တရားနိုင်တင်ပြသော
သက်သေခံချက်အားလုံးကို စစ်ဆေးရယူရမည်။ ထို့နောက် တရားရှုံးအား မည်သည့် အတွက်ကြောင့် တရားမထောင်သို့ မပို့သင့်ကြောင်း အကြောင်းပြထုချေခွင့်ပေးရ မည်ဖြစ်ပါသည်။

----

(စ)  စုံစမ်းစစ်ဆေးနေစဉ်အတွင် တရားရှုံးအား ထိန်းသိမ်းထားခြင်း သို့မဟုတ် အာမခံဖြင့်ထားခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

စုံစမ်းစစ်ဆေးမှုမပြီးပြတ်မီ တရားရုံးသည် တရားရှုံးအား တရားရုံး၏အရာရှိ တစ်ဦးက ထိန်းသိမ်းထားစေရန် မိမိသဘောအတိုင်း အမိန့်ချမှတ်နိုင်သည်။(အမိန့် ၂၁၊ နည်းဥပဒေ ၄၀(၂))

သို့ရာတွင် ထိန်းသိမ်းထားရန် အမိန့်ချမှတ်ခံရသော တရားရုံးအရာရှိသည် ယင်းတရားရှုံးအား မည်သည့်အတိုင်းအတာအထိ ထိန်းသိမ်းထားရမည်၊ မည်သည့် နေရာတွင်ထိန်းသိမ်းထားရမည်၊ မည်သို့မည်ပုံ ထိန်းသိမ်းထားရမည် ဆိုသည့်အချက် မှာ တရားမကျင့်ထုံးဥပဒေတွင်လည်းကောင်း၊ တရားရုံးများလက်စွဲတွင်လည်းကောင်း မပါရှိရာ ယင်းလုပ်ထုံးလုပ်နည်းမှာ လွယ်မရောင်နှင့် ခက်သည့်သဘောရှိပါသည်။ တိကျသော လုပ်ထုံးလုပ်နည်းတစ်ရပ် ပြဋ္ဌာန်းပေးရန်လိုအပ်မည်ဟု ထင်မြင်မိပါသည်။

တရားရှုံးမှ လိုအပ်သည့်အခါလာရောက်မည်ဖြစ်ကြောင်း တရားရုံး ကျေနပ် အောင် အာမခံတင်သွင်းလျှင် တရားရုံးသည် တရားရှုံးအား မိမိသဘောအတိုင်း လွှတ် ထားနိုင်ပါသည်။  (အမိန့် ၂၁၊ နည်းဥပဒေ ၄၀(၂))

တရားမထောင်ချရန်သင့်မသင့် စုံစမ်းစစ်ဆေးနေစဉ်အတွင်း တရားရှုံးအား အာမခံဖြင့်လွှတ်ထားရန် ခံဝန်ချုပ်ပုံစံကို  တရားမမူသေပုံစံများတွင် လည်းကောင်း၊ တရားမကျင့်ထုံးဥပဒေ နောက်ဆက်တွဲပုံစံများတွင် လည်းကောင်း သီးခြားပြဋ္ဌာန်းထား ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။

သို့ဖြစ်ရာ တရားမပုံစံအမှတ်- ၁၁၂ ကို ပြုပြင်သုံးစွဲရန်ဖြစ်ပါသည်။ မလိုအပ်သော စာသားများကို မျဉ်းဖြင့် ပယ်ဖျက်ရန်ဖြစ်ပါသည်။

---

(ဆ)  တရားရှုံးကို တရားမထောင်ချထားနိုင်သော အခြေအနေများ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၅၁ ခြွင်းချက်အရ ဒီကရီမှာ ငွေပေးဆပ်ရန် အတွက်ဖြစ်လျှင် အောက်ပါအခြေအနေ(၃)ရပ်တွင် အကျုံးဝင်မှသာ တရားရှုံးအား   တရားမထောင်ချထားနိုင်မည်ဖြစ်ပါသည်။

(က) တရားရှုံးသည် ဒီကရီအတည်ပြုခြင်းကို တားဆီးနှောင့်ယှက်ရန် သို့မဟုတ် နှောင့်နှေးကြန့်ကြာစေရန် ရည်ရွယ်ချက်ဖြင့်သော်လည်း ကောင်း၊ ထိုသို့ အကျိုးသက်ရောက်စေရန်သော်လည်းကောင်း -
        (၁) ထွက်ပြေးတိမ်းရှောင်ဖွယ်ရာရှိကြောင်း၊ သို့မဟုတ် တရား
                  ရုံး၏စီရင်ပိုင်ခွင့်ဒေသမှ ထွက်ခွာသွားဖွယ်ရာ ရှိကြောင်း
                                                     သို့မဟုတ်

        (၂) ဒီကရီချမှတ်သည့်အမှုကို စွဲဆိုပြီးနောက် မရိုးသားသည့်
                  သဘောဖြင့် ၄င်းပိုင်ပစ္စည်း တစ်စိတ်တစ်ဒေသကို
                 လွှဲပြောင်းခြင်း၊ ထိမ်ဝှက်ခြင်း သို့မဟုတ် ရွှေ့ပြောင်းခြင်း
                  ပြုလုပ်ထားကြောင်း၊ သို့မဟုတ် ၄င်းပိုင်ပစ္စည်းများနှင့်
                 စပ်လျဉ်း၍အခြားမရိုးသားသည့် ပြုလုပ်ချက်တစ်ရပ်
                  ရပ်ကို ပြုလုပ်ခဲ့ကြောင်း သို့မဟုတ်
(ခ) တရားရှုံးသည် ဒီကရီချမှတ်သည့်နေ့မှစ၍ ဒီကရီကျငွေကို ဖြစ်စေ၊ ထိုငွေအနက်မှ အတော်အတန်များသော အပိုင်းကိုဖြစ်စေ၊ ပေးနိုင် စွမ်းရှိလျက်နှင့် ပေးရန်ငြင်းဆန်ကြောင်း သို့မဟုတ် ပျက်ကွက် ကြောင်း သို့မဟုတ် ပေးရန်ငြင်းဆန်ခဲ့ကြောင်း သို့မဟုတ် ပျက် ကွက်ခဲ့ကြောင်း သို့မဟုတ်

(ဂ) ဒီကရီမှာ တရားရှုံးက ယုံမှတ်လွှဲအပ်ခံရသူအဖြစ် တင်ပြရန်တာဝန် ရှိသော ငွေပမာဏအတွက် ချမှတ်ပေးသော ဒီကရီဖြစ်ကြောင်း
(ဆရာဦးမြ၊ တရားမကျင့်ထုံးဥပဒေ (ပ+ဒု တွဲ) စာ ၈၄)

တရားမထောင်ချထားနိုင်သော ဒီကရီများဖြစ်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းလက်ရောက်ပေးအပ်ရန် ဒီကရီ၊      ပဋိညာဉ်ကို သီးခြားဆောင်ရွက်ပေးရန် အတွက်ဒီကရီ၊ တားဝရမ်းအတွက်ဒီကရီများကိုအတွက်မူ အထက်ဖော်ပြပါ တရားမ ကျင့်ထုံးဥပဒေပုဒ်မ ၅၁ ခြွင်းချက်အရ အခြေအနေ(၃)မျိုးတွင် အကျုံးဝင်ရန် လိုအပ် ကြောင်း ပြဋ္ဌာန်းချက်မရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

----

(ဇ)  စုံစမ်းစစ်ဆေးမှုတွင် သက်သေပြရန်တာဝန်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ငွေဒီကရီကိုအတည်ပြုရာ၌ တရားရှုံးအား ဖမ်းဆီး၍ အကျဉ်းချထားပေးရန် လျှောက်ထားရာတွင် ဒီကရီချမှတ်သောအမှုကို စွဲဆိုပြီးနောက် တရားရှုံးသည် မိမိပိုင် ပစ္စည်း တစ်စိတ်တစ်ဒေသကို လွှဲပြောင်းခြင်း၊ ထိမ်ဝှက်ခြင်း သို့မဟုတ် ရွှေ့ပြောင်းခြင်း ကို ပြုလုပ်ခဲ့ကြောင်း သို့မဟုတ် တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၏ ခြွင်းချက် အပိုဒ် (က)(၂)၏ အဓိပ္ပါယ်အရ မိမိပိုင်ပစ္စည်းများနှင့်စပ်လျဉ်း၍ မရိုးမဖြောင့်သောပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သက်သေပြရန်တာဝန်မှာ တရားနိုင်အပေါ် ကျရောက် ကြောင်း M.A.RASHEED v. MOHAMED ISMAIL NANABAWA (၁၉၆၁၊ မတစ၊ (တရားလွှတ်တော်) စာ ၃၀၆) တွင် အောက်ပါအတိုင်းညွှန်ပြသည်။

"In an application for arrest and detention of a judgment-debtor in prison in execution of a decree for payment of money, the onus of  proof is upon the decree-holder to establish that the judgment-debtor had, after the institution of the suit in which the decree was passed transferred, concealed or removed any part of his property, or committed any act of bad faith in relation to his property within the meaning of clause (a) (ii) of the proviso to s.51 of the Civil Procedure Code."

မလွဲမသွေလိုက်နာရမည့် သဘောရှိသော ပုဒ်မ ၅၁ ၏ ခြွင်းချက်ပါ အခြေ အနေများတွင်မှတပါး တရားနိုင်သည် တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၄၀ အရ တရားရှုံးအား အကျဉ်းချထားပေးရန် မိမိ၏ငွေဒီကရီကို အတည်မပြုနိုင်၊ တရားနိုင်သည် တရားရှုံးအား အကျဉ်းချထားနိုင်သည့် အခြေအနေများကို အခိုင်အမာ ပြဆိုရန် တာဝန်ရှိကြောင်း U AUNG THEIN v. U THAN HTUT (၁၉၆၆၊ မတစ၊ စာ ၂၈၁) တွင်အောက်ပါအတိုင်းညွှန်ပြသည်။

"Under Rule 40, Order 21, Civil Procedure Code a decree-holder cannot execute his money decree by imprisonment of the judgment-debtor except in certain circumstances specified in the proviso to s.51 which is mandatory in character. It is therefore incumbent on the decree-holder to establish the circumstances justifying imprisonment of the judgment-debtor."

တရားရှုံးအနေဖြင့် ပေးဆောင်နိုင်စွမ်း တစ်နည်းအားဖြင့် တရားရှုံး၏ ဆင်းရဲမှုနှင့်စပ်လျဉ်း၍ တရားရုံးသည် စုံစမ်းမှုပြုရမည် ဖြစ်ကြောင်း၊ တရားရှုံးသည်        ပေးဆောင်နိုင်စွမ်းရှိကြောင်း သက်သေပြရန်တာဝန်မှာ တရားနိုင်အပေါ် ကျရောက် ကြောင်း၊ ပုဒ်မ ၅၁၏ ခြွင်းချက်တွင် ဖြော်ပထားသော အချက်တစ်ရပ်ရပ် ပေါ်ပေါက် ကြောင်း တရားရုံးက ကျေနပ်ခြင်းမရှိလျှင် မည်သည့်တရားရှုံးကိုမျှ အကျဉ်းထောင်သို့ မပို့ရကြောင်း U TUN BO v. U MAUNG SWE (၁၉၆၇၊ မတစ၊ ရုံးချုပ်၊ စာ ၁၉၆) အမှုတွင် အောက်ပါအတိုင်းညွှန်ပြသည်။

"When a judgment-debtor appears before the Court in obedience to a notice issued under Order XXI Rule 37 the Court shall proceed to hear the decree-holder and take all such evidence as may be produced in support of his application for execution, that is to say, it must hold an inquiry as to the ability to pay or, in other words, as to poverty of the judgment-debtor. The onus of proof that the judgment-debtor is able to pay is on the decree-holder. No judgment-debtor shall however be sent to prison unless the Court is satisfied that any of the conditions detailed in the proviso to s.51 of the Code exists_"

စာရင်းရှင်း တာဝန်ခံ၊ ဗျိုင်းရေအိုးစင်သမ၀ါယမ ၊ ကျားကွက်သစ်သမ၀ါယမ နှင့် ဦးထွန်းလှ - ဦးအုံးရွှေ (၁၉၆၉၊ မတစ၊ ရုံးချုပ်၊ စာ ၂၀၁)တွင် အောက်ပါအတိုင်း ပြဆိုသည်။

"အမှု၌ တရားရှုံးများသည် ကုမ္ပဏီတစ်ခု၏ဒါရိုက်တာလူကြီးတစ်ဦး ကဲ့သို့၎င်း၊ ကုန်ဖက်စပ်လုပ်ငန်းတစ်ခု၏ ပါတနာတစ်ဦးအဖြစ်၎င်း၊ တူညီ သည့်အခြေအနေရှိကြောင်း သက်သေခံ အထောက်အထား တစ်စုံတစ်ရာ မရရှိခဲ့ချေ။ သို့ဖြစ်လေရာ ၄င်းတို့သည် တရားမကျင့်ထုံး ပုဒ်မ ၅၁ခြွင်းချက်၏ အပိုဒ်ငယ်(ဂ)တွင် အကျိုးဝင်သည်ဟု ယူဆရန်ခဲယဉ်းပေသည်။ ဤအချက် နှင့်ပတ်သက်၍ မူလရုံးရှေ့တွင် စုံစမ်းစစ်ဆေးခြင်းပြုလုပ်ရာ၌ တရားနိုင်များ သည် သက်သေခံအထောက်အထားတစ်စုံတစ်ရာဖော်ထုတ်နိုင်ခြင်း မရှိချေ။"

---

(ဈ) ဒီကရီကျငွေ ပေးဆပ်နိုင်ရန် တရားရှုံးကို အခွင့်အလမ်းပေးနိုင်ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၄၀(၃) ခြွင်းချက်အရ တရားရှုံးအား ဒီကရီကို ကျေအေးပြေငြိမ်းအောင် ဆောင်ရွက်နိုင်ရန် အခွင့်အရေးပေး သည့်အနေဖြင့် တရားရုံးသည် အကျဉ်းချထားရန်အမိန့်မချမှတ်မီ တရားရှုံးအား တရားရုံးအရာရှိတစ်ဦးထံတွင် ၁၅ ရက်ထက်မပိုသောကာလကြာ ထိန်းသိမ်းထားစေ နိုင်သည်။ သို့မဟုတ် ယင်းသို့ သတ်မှတ်ပေးသည့် ကာလမကုန်ဆုံးမီ ဒီကရီကို ကျေ အေးပြေငြိမ်းအောင် ဆောင်ရွက်ခြင်းမရှိပါက၊ သတ်မှတ်သည့်ကာလကုန်ဆုံးသော အခါ တရားရုံးသို့လာရောက်မည်ဖြစ်ကြောင်း တရားရုံးက ကျေနပ်အောင် အာမခံတင် သွင်းလျှင် တရားရှုံးအား လွှတ်ထားနိုင်ပါသည်။

သို့ရာတွင် ထိန်းသိမ်းထားရန် အမိန့်ချမှတ်ခံရသော တရားရုံးအရာရှိသည် ယင်းတရားရှုံးအား မည်သည့်အတိုင်းအတာအထိ ထိန်းသိမ်းထားရမည်၊ မည်သည့် နေရာတွင်ထိန်းသိမ်းထားရမည်၊ မည်သို့မည်ပုံ ထိန်းသိမ်းထားရမည်ဆိုသည့်အချက် မှာ တရားမကျင့်ထုံးဥပဒေတွင် လည်းကောင်း၊ တရားရုံးများလက်စွဲတွင်လည်းကောင်း မပါရှိရာ ယင်းလုပ်ထုံးလုပ်နည်းမှာ လွယ်မရောင်နှင့်ခက်သည့် သဘောရှိပါသည်။
တိကျသော လုပ်ထုံးလုပ်နည်းတစ်ရပ် ပြဋ္ဌာန်းပေးရန်လိုအပ်မည်ဟု ယူဆမိပါသည်။

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၄၀(၃) ခြွင်းချက်အရ တရားရှုံး အား အာမခံဖြင့်လွှတ်ထားရန် ခံဝန်ချုပ်ပုံစံကို တရားမမူသေပုံစံများတွင်လည်းကောင်း၊ တရားမကျင့်ထုံးဥပဒေ နောက်ဆက်တွဲပုံစံများတွင် လည်းကောင်း သီးခြားပြဋ္ဌာန်းထား ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။

သို့ဖြစ်ရာ တရားမပုံစံအမှတ်- ၁၁၂ ကို ပြုပြင်သုံးစွဲရန်ဖြစ်ပါသည်။ မလို အပ်သော စာသားများကို မျဉ်းဖြင့်ပယ်ဖျက်ရန် ဖြစ်ပါသည်။

----

(ည) အမိန့်ချမှတ်ခြင်း
xxxxxxxxxxxxxxxxx

စုံစမ်းစစ်ဆေးမှုပြီးဆုံးသောအခါ တရားရုံးသည် ပုဒ်မ ၅၁ ပါပြဋ္ဌာန်းချက်များ ကိုသော်လည်းကောင်း၊ ဤကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များကိုသော်လည်းကောင်း အထောက်အထားပြု၍ တရားရှုံးအား တရားမထောင်တွင်  အကျဉ်းချထားရန်အမိန့် ချမှတ်နိုင်သည်။ (အမိန့် ၂၁၊ နည်းဥပဒေ ၄၀(၃))

စာရင်းရှင်း တာဝန်ခံ၊ ဗျိုင်းရေအိုးစင်သမ၀ါယမ ၊ ကျားကွက်သစ်သမ၀ါယမ နှင့် ဦးထွန်းလှ - ဦးအုံးရွှေ (၁၉၆၉၊ မတစ၊ ရုံးချုပ်၊ စာ ၂၀၁)တွင် အောက်ပါအတိုင်း ညွှန်ပြပါသည်။

"တရားမကျင့်ထုံး ပုဒ်မ ၅၁ အရ တရားရှုံးများအား ဖမ်းဆီး၍ ထောင်သွင်းအကျဉ်းချထားနိုင်သည့်အာဏာသည် သက်ဆိုင်ရာရုံး၏ဆင်ခြင် တုံတရားအရ ပြုလုပ်နိုင်သည့်အာဏာဖြစ်သည်။ ဒီကရီကို အတည်ပြုရန် အတွက် တရားရှုံးအားဖမ်းဆီး၍ အကျဉ်းကျခံစေရန် တရားရုံး၌ အာဏာ ရှိကြောင်း ပုဒ်မ ၅၁ တွင် ပြဋ္ဌာန်းထားသည်။ ထိုအာဏာကို တရားရုံးသည် မိမိသင့်တော်သည်ဟု ထင်မြင်သည့်အတိုင်း အသုံးပြုနိုင်သည်။ သို့ရာတွင် ယင်းပုဒ်မ ခြွင်းချက်၌ ထိုအာဏာကို ချုပ်ချယ်ထားသည်။ ခြွင်းချက်အပိုဒ်ငယ် (က)၊ (ခ) နှင့် (ဂ) တွင် ဖော်ပြထားသည့်အချက်များနှင့် ကိုက်ညီကြောင်း တရားရုံးက ကျေနပ်မှုရှိသည့်ကိစ္စမှလွဲ၍ တရားရှုံးအား အကျဉ်းကျခံစေရန် အမိန့်မချရဟု ပိတ်ပင်ထားသည်။ တစ်နည်းအားဖြင့်ဆိုသော် ခြွင်းချက်၏ အပိုဒ်ငယ်(က)၊ (ခ) နှင့် (ဂ) တို့တွင် အကျုံးဝင်သည့်ကိစ္စ၌ တရားရုံးသည် မိမိသင့်တော်သည် ထင်မြင်သည့်အတိုင်း တရားရှုံးအား အကျဉ်းကျခံစေရန် အမိန့်ချမှတ်နိုင်မည်ဖြစ်သော်လည်း ထိုအချက်များနှင့် မကိုက်ညီလျှင် ယင်းကဲ့သို့သော အမိန့်ချမှတ်နိုင်မည်မဟုတ်ချေ။ သို့ရာတွင် ထိုခြွင်းချက် များနှင့် အကျုံးဝင်သော အမှုတိုင်း၌ တရားရှုံးအား အကျဉ်းကျခံစေရန် အမိန့် ကို မပြုမနေရဟု အဓိပ္ပါယ်ကောက်ယူ၍ မဖြစ်နိုင်။ ခြွင်းချက်၏ အပိုဒ် (က)၊ (ခ) နှင့် (ဂ) ပါ အချက်များနှင့် ကိုက်ညီကြောင်း ရုံးက ကျေနပ်မှုမရှိလျှင် တရားရှုံးအား အကျဉ်းကျခံစေရန် အမိန့်မချမှတ်ရဟု တားမြစ်ထားသဖြင့် ထိုအချက်များနှင့်စပ်လျဉ်း၍ ရုံးကကျေနပ်မှုရှိသည့်အခါ တရားရှုံးအား အကျဉ်းကျခံစေရန် အမိန့်ချမှတ်ရမည်ဟု မဆိုလို။ တရားရှုံးအား အကျဉ်း ကျခံစေရန် အမိန့်ချမှတ်နိုင်သည့် ယေဘုယျအာဏာမှာ ရုံးက မိမိသဘော အတိုင်း သင့်တော်သည်ဟု ထင်မြင်သည့်အခါ၌သာလျှင် အသုံးပြုနိုင်သည်။ "

တရားရုံးများလက်စွဲအပိုဒ် ၂၇၄ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါ    သည်။

" အမိန့် ၂၁၊ နည်းဥပဒေ ၃၇ အရ ထုတ်သည့်နို့တစ်စာကို နာခံ၍ လာရောက်သည့် သို့မဟုတ် ဖမ်းဆီး၍ တင်ပို့သည့် တရားရှုံးမှာ၊ ဆင်းရဲ၍ ဖြစ်စေ၊ အခြားလုံလောက်သောအကြောင်းကြောင့်ဖြစ်စေ ဒီကရီကျငွေကို မပေးမဆောင်နိုင်ကြောင်း တရားရုံးက ထင်မြင်လျှင် ထိုတရားရှုံးကို လွှတ်နိုင် သည်။ ကြွေးမြီအတွက် ထောင်ချခြင်းမှာ လုပ်ဆောင်မြဲ နည်းလမ်းမဟုတ် စေဘဲ ခြွင်းချက်မျှသာဖြစ်စေရမည်။"

တရားရုံးသည် အကျဉ်းချထားရန် အမိန့်ချမှတ်ခြင်းမပြုပါက တရားနိုင်၏ လျှောက်ထားချက်ကိုပယ်ရမည်။ တရားရှုံးအား ဖမ်းဆီးထားပါက လွှတ်ရန်ညွှန်ကြား ရမည်ဖြစ်ပါသည်။ (အမိန့် ၂၁၊ နည်းဥပဒေ ၄၀(၅))

----

ထောင်ဒဏ်ကာလအပိုင်းအခြား
xxxxxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေပုဒ်မ ၅၈(၁) အရ ဒီကရီအတည်ပြုရာတွင် တရားမ အကျဉ်းထောင်၌ ချုပ်နှောင်ထားခြင်းခံရမည့်သူတိုင်းကို အောက်ပါကာလအပိုင်းအခြား အတိုင်းချုပ်နှောင်ထားရမည်။

(က) ဒီကရီအရ ပေးဆောင်ရမည့် ငွေသည် ကျပ် ၁ သိန်း ထက်ပိုသည့် အခါ  ၆  လ၊

(ခ) အခြားကိစ္စတွင် ရက်သတ္တပတ် ၆ ပတ်၊

အထက်ပါ ပုဒ်မ ၅၈(၁)(ခ)အရ ကျပ် ၁ သိန်းနှင့် ၁သိန်းအောက်လျော့သည့် ငွေပေးဆပ်ရန်ဒီကရီ၊ ရွှေ့ပြောင်းနိုင်သောပစ္စည်း လက်ရောက်ပေးအပ်ရန် ဒီကရီ၊      ပဋိညာဉ်ကိုသီးခြားဆောင်ရွက်ပေးရန်အတွက်ဒီကရီ၊ တားဝရမ်းအတွက်ဒီကရီများကို အတည်ပြုရာတွင် တရားရှုံးကို ထောင်ပို့ရန်ကာလအပိုင်းအခြားမှာ ရက်သတ္တ ၆ ပတ် ဖြစ်ပါသည်။

တရားရုံးများလက်စွဲအပိုဒ် ၂၇၈ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါ   သည်။

"အကြောင်းအားလျော်စွာ ခြောက်လအောက် လျော့နည်း၍ သော် ၄င်း၊ ရက်သတ္တပတ် ခြောက်ပတ်အောက် လျော့နည်း၍သော်၎င်း ထောင်သို့ ပို့ရန် တရားရုံး၌ အခွင့်အာဏာမရှိချေ။"

---

ထောင်သို့ပို့ရာတွင် လိုက်နာရန်လုပ်ထုံး
xxxxxxxxxxxxxxxxxxxxxxxxxxxx

ဆက်လက်ဖော်ပြပါမည်။

လေးစားစွာဖြင့်


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...