Friday, March 31, 2017

တားဝရမ်းဒီကရီကို အတည်ပြုခြင်း

တားဝရမ်းဒီကရီကို အတည်ပြု ခြင်း
xxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၃၂(၁) အရ တားဝရမ်းဒီကရီ ချမှတ်ခြင်းခံရသူသည် ယင်းဒီကရီကို လိုက်နာရန် အခွင့်အလမ်းရှိပါလျက် တမင် ပျက်ကွက်လျှင် အောက်ပါအတိုင်း ဒီကရီကို အတည်ပြုနိုင်ပါသည်။

(၁) ၄င်းအား တရားမထောင်ချထားခြင်းဖြင့်ဖြစ်စေ၊
(၂) ၄င်း၏ပစ္စည်းကို ၀ရမ်းကပ်ခြင်းဖြင့်ဖြစ်စေ၊
(၃) အထက်ပါ နည်း(၂)နည်းလုံးကို ဆောင်ရွက်ခြင်းဖြင့်ဖြစ်စေ။

တားဝရမ်းဒီကရီချမှတ်ခြင်းခံရသူသည် ကော်ပိုရေးရှင်းဖြစ်လျှင် တရားမကျင့် ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၃၂(၂)အရ အောက်ပါအတိုင်း အတည်ပြုနိုင်ပါ သည်။



(၁) ကော်ပိုရေးရှင်း၏ပစ္စည်းကို ၀ရမ်းကပ်ခြင်းဖြင့်ဖြစ်စေ၊
(၂) ကော်ပိုရေးရှင်း၏ ဒါရိုက်တာများ သို့မဟုတ် အခြားအကြီးအကဲ အရာရှိများကို တရားရုံး၏ခွင့်ပြုချက်ဖြင့် တရားမထောင်တွင် အကျဉ်းချထားခြင်းဖြင့် ဖြစ်စေ၊
(၃) အထက်ပါ နည်း(၂)နည်းလုံးကို ဆောင်ရွက်ခြင်းဖြင့်ဖြစ်စေ။

အမိန့် ၂၁၊ နည်းဥပဒေ ၃၂(၅) အရ တားဝရမ်းဒီကရီကို မလိုက်နာလျှင် တရားရုံးသည် အထက်ဖော်ပြပါနည်းလမ်းများအစား သို့မဟုတ် ယင်းနည်းလမ်း အားလုံး သို့မဟုတ် တစ်ခုခုအပြင် ဆောင်ရွက်ရန်လိုအပ်သည့်ပြုလုပ်မှုကို တရားနိုင် အားသော်လည်းကောင်း၊ တရားရှုံး၏စရိတ်ဖြင့် ဖြစ်နိုင်သမျှဆောင်ရွက်စေရန် ညွှန် ကြားနိုင်သည့်အပြင် ယင်းသို့ဆောင်ရွက်ပြီးသောအခါ ကုန်ကျသည့်စရိတ်များကို ဒီကရီတွင် ပါဝင်ဘိသကဲ့သို့ ကောက်ခံနိုင်ပါသည်။

 ----

တားဝရမ်းဒီကရီ (၂)မျိုး
xxxxxxxxxxxxxxxxxxxxxx

တားဝရမ်းဒီကရီ (၂)မျိုး ရှိသည်။ ၄င်းတို့မှာ
(၁) ထာဝရတားဝရမ်း (perpetual injunction (သီးခြားသက်သာခွင့် ဥပဒေပုဒ်မ ၅၄)

(၂) အာဏတ္တိကတားဝရမ်း (သို့မဟုတ်) အမိန့်ပေးတားဝရမ်း (mandatory injunction) (သီးခြားသက်သာခွင့်ဥပဒေပုဒ်မ ၅၅)

ထာဝရတားဝရမ်း၏သဘောသဘာဝမှာ တရားပြိုင်အား သတ်မှတ်ထားသော အမှုကိစ္စကို မပြုလုပ်စေရန်၊ အစဉ်အမြဲ ရှောင်ကြဉ်ရန် တားဆီးပိတ်ပင်ခြင်း ဖြစ်သည်။
ဦးဟာရစ်ချန်ဒရာပါ ၄ နှင့် ဒေါ်နီသား(ခ)ဒေါ်လှလှတင်ပါ ၆ (၂၀၁၁၊ မတစ၊ စာ ၁၃၄)

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၅၅ အရ ထုတ်ဆင့်သော အာဏတ္တိက တားဝရမ်းများသည် အနှစ်သာရအားဖြင့် တရားပြိုင်အား အမှုကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်စေသည့် တားဝရမ်းမျိုးသာဖြစ်သည်။ အမြဲတမ်းတားဝရမ်းမှာကဲ့သို့ တာဝန် ဖောက်ဖျက်မှုကို တားဆီးပိတ်ပင်ပါသော်လည်း လိုအပ်သည့်အမှုကိစ္စကို ဆောင်ရွက် ရန် ဆင့်ဆိုသည့် တားဝရမ်းဖြစ်သည်။ သို့ဖြစ်၍ ထိုတားဝရမ်းကို အာဏတ္တိက သို့မဟုတ် အမိန့်ပေးတားဝရမ်းဟုခေါ်ခြင်းဖြစ်သည်။ ဦးဟာရစ်ချန်ဒရာပါ ၄ နှင့် ဒေါ်နီသား(ခ)ဒေါ်လှလှတင်ပါ ၆ (၂၀၁၁၊ မတစ၊ စာ ၁၃၄)

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၅၄ အရ ထာဝရတားဝရမ်း နှင့် ပုဒ်မ ၅၅ အရ အာဏတ္တိကတားဝရမ်းတို့မှာ ခြားနားသည်။ ပုဒ်မ ၅၄ မှာ တစ်ဦးတစ် ယောက်အား မှားယွင်းသောပြုလုပ်မှု မပြုလုပ်စေရန် တားမြစ်ခြင်းဖြစ်သည်။ ဆောင် ရွက်ပြီးသောကိစ္စရပ်ကို နောက်ကြောင်းပြန်အနေဖြင့် ထာဝရတားဝရမ်း ထုတ် ပေးခြင်း မပြုနိုင်ပါ။

ဥပမာ - အချင်းဖြစ်မြေကွက်တွင် အုတ်တံတိုင်းကာရံထားပြီးဖြစ်လျှင် ၀င်း ထရံကာရံခြင်းမပြုရန် နှင့် သွားလာခွင့်ကို မပိတ်ပင်ရန် ထာဝရတားဝရမ်းမလျှောက် ထားနိုင်ပေ။ ဆောင်ရွက်ပြီးသောကိစ္စရပ်ကို နောက်ကြောင်းပြန်အနေဖြင့် တားမြစ်ရန် မဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ဒေါ်ခင်မျိုးမြင့်ပါ ၂ နှင့် ဦးစံသိန်းပါ ၂(၁၉၉၂၊ မတစ၊ စာ ၂၄) တွင်ကြည့်ပါ။

ပုဒ်မ ၅၅ အရ အာဏတ္တိကတားဝရမ်းမှာမူ ပြုလုပ်ပြီးသည့်ကိစ္စရပ်ကို ထပ်မံ မလုပ်စေရန် အမိန့်ဖြင့် တားမြစ်ပေးခြင်း သို့မဟုတ် ပြုလုပ်ထားသည်ကို ပယ်ဖျက်၍ မူရင်းအခြေအနေသို့ ရောက်အောင် ပြုလုပ်စေရန် အမိန့်ပေးခွင့်ရှိသည်။

အထက်ဖော်ပြပါ ဥပမာတွင် ထာဝရတားဝရမ်းထုတ်ပေးခွင့်မရှိသော်လည်း ဆောက်လုပ်ပြီး အုတ်တံတိုင်းကို ဖြိုချရန်အတွက် အာဏတ္တိကတားဝရမ်းအတွက် အဆိုလွှာကို ပြင်ဆင်နိုင်ပေသည်။ ထိုမူသဘောကို U KAN GYI v. MAHMOOD EBRAHIM ARIFF (၁၉၆၂၊ မတစ၊ တရားလွှတ်တော်၊ စာ ၁၇၄) အမှုတွင် တွေ့ နိုင်ပါသည်။

--

 နည်းဥပဒေ ၃၂ အရ တားဝရမ်ဒီကရီသည် မည်သည့်တားဝရမ်းဒီကရီဖြစ် သနည်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ထာဝရတားဝရမ်းဒီကရီနှင့် အာဏတ္တိကတားဝရမ်းဒီကရီ (၂)ခုတွင် ဇာရီရုံး နှင့်စပ်လျဉ်း၍ အဓိကခြားနားချက်မှာ ဒီကရီပါဆုံးဖြတ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ကိစ္စပါရှိခြင်း၊ မပါရှိခြင်းဖြစ်သည်။

အထက်တွင်ဆိုခဲ့သည့်အတိုင်း ထာဝရတားဝရမ်းဒီကရီသည် အမှုကိစ္စကို မပြုလုပ်စေရန်၊ အစဉ်အမြဲ ရှောင်ကြဉ်ရန် တရားရှုံးအား တားဆီးပိတ်ပင်ခြင်း သာဖြစ်သည်။ တရားရှုံးသည် ယင်းဒီကရီပါဆုံးဖြတ်ချက်အတိုင်း တစ်စုံတစ်ခုကို ပြုလုပ်ဆောင်ရွက်ပေးရန် မရှိပေ။ တားဆီးပိတ်ပင်ချက်ကို မဖောက်ဖျက်ပဲ လိုက်နာ ဆောင်ရွက်ရန်သာရှိသည်။

ထာဝရတားဝရမ်းဒီကရီသည် နောက်ဆက်တွဲသက်သာခွင့် တောင်းခံခြင်းမရှိ သော မြွက်ဟဒီကရီ၊ လင်မယားကွားရှင်းပြတ်စဲစေသည့် ဒီကရီများနှင့် အလားတူ သည်။ တရားရှုံးသည် ဒီကရီပါဆုံးဖြတ်ချက်အတိုင်း လိုက်နာရန်သာတာဝန်ရှိသည်။

ဒီကရီတွင် တစ်စုံတစ်ခုကိုအကောင်အထည်ဖော်ဆောင်ရွက်ရန် ၄င်းအား ဆင့်ဆို ထားခြင်းမရှိသဖြင့် တရားနိုင်သည် တရားရှုံးအား ယင်းဒီကရီနှင့်စပ်လျဉ်း၍ တစ်စုံတစ် ရာတောင်းခံရန်အကြောင်းမပေါ်ပေါက်ပါ။

ဇာရီပြုလုပ်သော တရားရုံးသည် ဒီကရီကိုအရှိအတိုင်း ဒီကရီတွင်ပါရှိသည့် စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ရန်သာရှိသည်။ ဦးအုန်းသော် နှင့် ဒေါ်လှတင် (၁၉၇၈၊ မတစ၊ စာ ၁၄၃) ထို့ပြင် ဇာရီရုံးသည် မိမိချမှတ်ထားသည့် ဒီကရီ၌ ဖော်ပြထားသည့် ဆုံးဖြတ်ချက်များအတိုင်းသာ ဆောင်ရွက်ပေးခွင့်ရှိသည်။ ဒီကရီတွင် မပါရှိသည့်အချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပေးခွင့်မရှိချေ။ ဒေါ်စန်း(ခ) ဒေါ်စန်း ရီနှင့် ဦးဥာဏ် (ခ) စွန်ဥာဏ်ဖတ် (၁၉၈၂၊ မတစ၊ စာ ၂၀) ဇာရီတရားရုံးသည် ချမှတ် ထားသည့် ဒီကရီ၌ပါရှိသည့် ဆုံးဖြတ်ချက်များအတိုင်းသာ ဆောင်ရွက်ခွင့်ရှိသည်။ ဒီကရီကို ပြုပြင်ပြောင်းလဲ၍ ဆောင်ရွက်ခြင်း မပြုနိုင်ချေ။ ဦးဝင်းနီနှင့် ဦးသာထွန်း ပါ-၃(၁၉၈၉၊ မတစ၊ စာ ၇၄)

ထာဝရတားဝရမ်းတွင် ဒီကရီချမှတ်ခံရသူအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည့် ဆင့်ဆိုချက် တစ်စုံတစ်ရာမပါရှိရာ ယင်းဒီကရီကို ဇာရီပြုလုပ်ရန် အကြောင်းလည်းမရှိပါ။

အာဏတ္တိက သို့မဟုတ် အမိန့်ပေးတားဝရမ်းမှာမူ ယင်းသို့မဟုတ်ပေ။ အဆို ပါတားဝရမ်းတွင် အမှုကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်စေရန် တရားရှုံးအား ဆင့်ဆိုချက်ပါရှိသည်။

ယင်းဆင့်ဆိုချက်ကို တရားရှုံးက ဆောင်ရွက်ရန်ပျက်ကွက်လျှင် တရားနိုင်သည် ယင်းဒီကရီပါဆုံးဖြတ်ချက်ကို ဇာရီပြုရန်ဖြစ်ပါသည်။

ဇာရီရုံးသည် ဒီကရီတွင်ဖော်ပြထားသော တရားရှုံးအား ဆင့်ဆိုချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။

ထာဝရတားဝရမ်းသည် တားမြစ်ချက်သက်သက်သာဖြစ်သည့်အနေအထား တွင် ယင်းဒီကရီကို ဇာရီပြုရန်အကြောင်းမရှိသဖြင့် အမိန့် ၂၁၊ နည်းဥပဒေ ၃၂ ပါ တားဝရမ်းဒီကရီဆိုသည်မှာ အာဏတ္တိက သို့မဟုတ် အမိန့်ပေးတားဝရမ်း ဒီကရီကို ဆိုလိုခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။

---

 ထာဝရတားဝရမ်းဖောက်ဖျက်ခြင်းကို နည်းဥပဒေ ၃၂ အရ လျှောက် ထား နိုင်သလား။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒီဒီကရီကို အတည်ပြုရန်နည်းလမ်း(Mode of Execution)များကို တရားမ ကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၃၀ မှ ၃၆ အထိတွင်ပြဋ္ဌာန်းထားသည်။

သို့ဖြစ်ရာ အမိန့် ၂၁၊ နည်းဥပဒေ ၃၂ ပါပြဋ္ဌာန်းချက်များသည် ဒီကရီကို အတည်ပြု ရန် နည်းလမ်းတစ်ရပ်ဖြစ်သည်။

အထက်တွင်ဆိုခဲ့ပြီးဖြစ်သည့်အတိုင်း ထာဝရတားဝရမ်းဒီကရီတွင် တရားရှုံး အားတစ်စုံတစ်ရာ ဆောင်ရွက်စေရန် ဆင့်ဆိုချက်မပါရှိသဖြင့် ဇာရီပြုရန် အကြောင်း မရှိပါ။ ဇာရီပြုရန် အကြောင်းမရှိလျှင် ဒီကရီကို အတည်ပြုရန်နည်းလမ်း(Mode of Execution)များကို ကျင့်သုံး ဆောင်ရွက်ရန်အကြောင်းရှိမည်မဟုတ်ပါ။

တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေပုဒ်မ ၂(ဂ)တွင် တရားမဆိုင်ရာ မထီမဲ့ မြင်ပြုမှု ဆိုသည်မှာ "တရားရုံးတစ်ရုံးက ချမှတ်သော စီရင်ချက်၊ ဒီကရီ၊ အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် ထုတ်ဆင့်သော ဆင့်စာကို တမင်သက်သက်မလိုက်နာခြင်း ကို ဆိုသည်" ဟု ပြဋ္ဌာန်းထားပါသည်။

ယင်းဥပဒေပုဒ်မ ၁၁ အရ တရားမဆိုင်ရာ မထီ မဲ့မြင်ပြုမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ကျပ် တစ်သိန်း ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။ ထိုသို့ ငွေဒဏ်ချမှတ်ရုံမျှဖြင့် လုံလောက်မှုမရှိဟု ထင်မြင်ပါက သုံးလထက်မပိုသော တရားမထောင်ဒဏ်ကို ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်း ထားပါသည်။

သို့ဖြစ်ရာ ထာဝရတားဝရမ်းဒီကရီကို လိုက်နာရန်ပျက်ကွက်သူအား တရားရုံး များကို မထီမဲ့မြင်ပြုမှု ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ပါသည်။

ထို့ပြင် တရားရုံးတွင် တားဝရမ်းဖောက်ဖျက်သူအပေါ် အာဏတ္တိကတားဝရမ်း (သို့မဟုတ်) အမိန့်ပေးတားဝရမ်းထုတ်ဆင့်ပေးရန် ထပ်မံလျှောက်ထားနိုင်ပါသည်။

တရားရုံးက အာဏတ္တိကတားဝရမ်းခွင့်ပြုလျှင် ဒီကရီရသူသည် အမိန့် ၂၁၊ နည်းဥပဒေ ၃၂ အရ ယင်းအမိန့်ပေးတားဝရမ်းဒီကရီကို အတည်ပြုခွင့်ရရှိလာမည်ဖြစ်ပါသည်။

---

 နည်းဥပဒေ ၃၂ အရ အရ ဒီကရီအတည်ပြုရာတွင် လိုက်နာရန်အချက်များ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

(က) ဒီကရီအတည်ပြုရာတွင် တရားရှုံးသည် ဒီကရီကိုလိုက်နာရန် အခွင့်
အလမ်းရှိပါလျက် တမင်ပျက်ကွက်ခြင်းဖြစ်ရန်လိုခြင်း
++++++++++++++++++++++++++++++++++++++++++++++++

ဤနည်းဥပဒေအရ တရားရှုံးအပေါ် ဒီကရီကိုအတည်မပြုမီ တရားရုံးသည် ဒီကရီကိုလိုက်နာရန်အခွင့်အလမ်း ရှိမရှိ၊ လိုက်နာရန် တမင်ပျက်ကွက်ခြင်း ဟုတ် မဟုတ် စိစစ်ရန်လိုသည်။ လိုက်နာရန် အခွင့်အလမ်းရရှိခဲ့လျှင် ဒီကရီကို အတည်ပြုစေ ရမည်။ တရားရှုံးထံ ဒီကရီလိုက်နာရန်အတွက် အကြောင်းကြားစာထုတ်ရန်မလို။ (ဦးမြ၊ တရားမကျင့်ထုံးဥပဒေ၊ တတိယတွဲ၊ စာ ၃၄)

(ခ) တရားရှုံးပစ္စည်းအား ၀ရမ်းကပ်ခြင်း နှင့် ရောင်းချခြင်း
+++++++++++++++++++++++++++++++++++++++

အမိန့် ၂၁၊ နည်းဥပဒေ ၃၂(၃) အရ တရားရှုံးပိုင် ပစ္စည်းကို ၀ရမ်းကပ်ပြီး အနည်းဆုံး (၃)လကြာ အတည်ဖြစ်ပြီးနောက် တရားရှုံးက ဒီကရီကို နာခံခြင်းမရှိလျှင် တရားရုံးသည် တရားနိုင်လျှောက်ထားချက်အရ ယင်းပစ္စည်းကိုရောင်းချနိုင်သည်။

တရားရုံးသည် တရားရှုံးလျှောက်ထားချက်အရ ၀ရမ်းသက်တမ်းကို (၁)နှစ်အထိ တိုး မြှင့်ပေးနိုင်ပါသည်။

အထက်ဖော်ပြပါ ၀ရမ်းကပ်ခြင်းကာလမကုန်မီ ပစ္စည်းရောင်းချခြင်းသည် ပျက်ပြယ်ကြောင်း MA WE GYAN v. MAUNG THAN BYU (၁၉၃၇၊ ရန်ကုန်စီရင်ထုံး၊ စာ ၁၆၄ တွင်အောက်ပါအတိုင်းညွှန်ပြသည်။

"But this is subject to the condition that the attachment must have been in force for a period of three months (or for such other period not execeeding twelve months as the Court may have decided) in accordance with the provisions of O.21, r.32(3) of the Civil Procedure Code as amended by this Court.

A Court has no jurisdiction to order the sale of property before the period of attachment for three months has elapsed. The sale in such a case is a nullity."

(ဂ) လျော်ကြေးရခွင့်
++++++++++++++++

အမိန့် ၂၁၊ နည်းဥပဒေ ၃၂(၃) အရ တရားရုံးသည် တရားရှုံးပစ္စည်း ကို ရောင်းချ၍ ရရှိသည့်ငွေမှ သင့်သည်ထင် မြင်သည့်လျော်ကြေးကို တရားနိုင်အား ပေးစေနိုင်သည်။

(ဃ) ၀ရမ်းကပ်မှုရပ်စဲခြင်း
+++++++++++++++++++

အမိန့် ၂၁၊ နည်းဥပဒေ ၃၂(၄) အရ အောက်ပါအခြေအနေများတွင် ၀ရမ်း ကပ်ခြင်းရပ်စဲသည်။

(၁) တရားရှုံးသည် ဒီကရီကို လိုက်နာ၍ မိမိပေးရန် တာဝန်ရှိသော ဒီကရီအတည်ပြုမှု ကုန်ကျစရိတ်အရပ်ရပ်ကို ပေးဆောင်ခဲ့လျှင်

(၂) ၀ရမ်းကပ်သည့်နေ့မှ တစ်နှစ်ကုန်ဆုံးချိန်တွင် ပစ္စည်းကိုရောင်းချ ပေးရန် လျှောက်ထားခြင်းမရှိလျှင်

(၃) ပစ္စည်းကိုရောင်းချပေးရန်လျှောက်ထားသော်လည်း ငြင်းပယ်လိုက် လျှင်

(င) တရားမထောင်ချထားနိုင်သည့်ကာလ
+++++++++++++++++++++++++++++

တရားမကျင့်ထုံးဥပဒေ ၅၈(၁)(ခ) အရ ရက်သတ္တပတ် (၆)ပတ်

(စ) တရားမထောင်ချထားရန်သင့်မသင့်စုံစမ်းစစ်ဆေးရန်လိုမလို
+++++++++++++++++++++++++++++++++++++++++++++

မလိုအပ်ပါ။ အမိန့် ၂၁၊ နည်း ၃၇ နှင့် ၄၀ အရ စုံစမ်းစစ်ဆေးရန်လိုအပ်သော ဒီကရီမှာ ငွေပေးဆပ်ရန်ဒီကရီဖြစ်ပါသည်။

ထို့ပြင် တရားမကျင့်ထုံးဥပဒေပုဒ်မ ၅၁ ခြွင်းချက် ပါ အခြေအနေ (၃)ရပ်တွင် အကျုံးဝင်ရမည့်ဒီကရီမှာလည်း ငွေပေးဆပ်ရန်ဒီကရီဖြစ်ပါသည်။

ထို့ကြောင့် တားဝရမ်းဒီကရီကိုအတည်ပြုရာ၌ တရားရှုံးအား တရားမထောင်ချ ထားရာတွင် စုံစမ်းစစ်ဆေးရန်လိုအပ်မည်မဟုတ်သကဲ့သို့ ပုဒ်မ ၅၁ခြွင်းချက်ပါ အခြေအနေ (၃)ရပ်တွင် အကျုံးဝင်ရန်လည်း လိုအပ်မည်မဟုတ်ပါ။

---

လေးစားစွာဖြင့်။


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...