Friday, March 31, 2017

ဆန္ဒပြခြင်းဖြင့် တရားရုံး၏အမိန့်ကို ပြောင်းလဲနိုင်သလော။

ဆန္ဒပြခြင်းဖြင့် တရားရုံး၏အမိန့်ကို ပြောင်းလဲနိုင်သလော
*************************************
ပြေလွင်မြင့်
*******

အမှုနိုင်သူနှင့် အမှုရှုံးသူတို့အားလုံးသည် ပြည်သူများချည်းသာဖြစ်သဖြင့် ဥပဒေကပေးသော အခွင့်အရေးကို ညီတူညီမျှ အပြည့်အဝရရှိစေရန် တရားရုံးက ဆောင်ရွက်ပေးရကြောင်း ၊ တရားရုံးအဆင့်ဆင့် အတည်ဖြစ် လျက်ရှိသော ဒီကရီကို ယင်းဒီကရီအတည်ဖြစ်နေသမျှ ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန် မိမိတို့၌ တာဝန်ရှိကြောင်း၊ လူစု လူဝေးနှင့် ဆန္ဒထုတ်ဖော်ခြင်းဖြင့် တရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပြောင်းလဲပစ်နိုင်လိမ့်မည် မဟုတ်ကြောင်း ညောင်လေးပင်မြို့နယ်တရားသူကြီး ဒေါ်လွင်လွင်ဌေးက ဒီဇင်ဘာ ၂၃ ရက်တွင်ပြောကြားလိုက်သည်။



အခွင့်အမိန့်ဖြင့် အခမဲ့ထားသူအား ဖယ်ရှားနှင်ထုတ်ပေးရန် စွဲဆိုမှုတွင် အယူခံရုံးအဆင့်ဆင့်အထိ အနိုင်ရရှိထားသောဒီကရီအတိုင်း တရားရှုံး များအား အချင်းဖြစ်ဥပစာပေါ်မှ ဖယ်ရှား၍ တရားနိုင်သို့  လက်ရောက် ပေးအပ်ရန် ဝရမ်း(Delivery Warrant)အား အတည်ပြုနိုင်ရန်အတွက် မြို့နယ်တရားရုံး ဘိလစ်က သွားရောက်ခဲ့ရာ တရားရှုံး ရှိနေသောနေအိမ် ခြံဝင်းထဲ၌ သတင်းမီဒီယာဟုဆိုသောသူ သုံးဦးအပါအဝင် လူ ၅၀ ခန့် စုဝေးရောက်ရှိနေပြီး ဝရမ်းကိုဖတ်ပြကာ တစ်နာရီခန့် အချိန်ပေးခဲ့သော်လည်း အချင်းဖြစ်ဥပစာမှ ဖယ်ရှားပေးရန် ငြင်းဆန်ခဲ့ကြောင်းနှင့် ရက် အနည်းငယ်အတွင်း အဆိုပါလူစုလူဝေးက မြို့နယ်တရားရုံးရှေ့သို့ လာရောက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ပုဂ္ဂိလကသတင်းစာအချို့တွင် ဖတ်ရှုခဲ့ရပြီးနောက် ဒီဗွီဘီက မြို့နယ်တရားသူကြီးဒေါ်လွင်လွင်ဌေးကို တွေ့ ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၈ ရက်ကလည်း တရားရုံး၏ ဒီကရီကို အတည်ပြုရန် ဆောင်ရွက်ခဲ့ခြင်းအပေါ် ဆန့်ကျင်ခုခံသူတို့က ခရိုင်တရားရုံးတစ်ရုံး ရှေ့သို့လာရောက်၍ ဆန္ဒထုတ်ဖော်ခဲ့သည့် လူစုလူဝေး၏နောက်တွင် ကျွန်တော်ရောက်ရှိနေခဲ့သည်။

ဘိုးဘပိုင်မြေပေါ်၌ ကျူးကျော်နေထိုင်သူတို့အား ဖယ်ရှားနှင်ထုတ်ပေး ရန် စွဲဆိုမှုတွင် အမြင့်ဆုံးတရားရုံးအထိ နှစ်ဖက်ဆိုင်ပြိုင်ကြပြီးနောက် ရှုံးနိမ့်ခဲ့သောအမှုသည်များက ဖယ်ရှားမပေးလိုသဖြင့် တရားရုံးရှေ့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်သူတို့ဘက်က ကြွေးကြော်သံများတွင် "တရားဥပဒေစိုးမိုးရေး-တို့အရေး" "တရားရုံး အထက်တွင် မည်သူမျှမရှိစေရေး - တို့အရေး" ဆိုသောအချက်များ ပါရှိသည်။

**********************
တရားမမှုဆိုသည်မှာ သာမန်အားဖြင့် ပြည်သူအချင်းချင်းအငြင်းပွားသော အမှုများဖြစ်ပြီး တရားရုံး၏ပြင်ပတွင် ဖြေရှင်း၍ ပြေလည်မှုမရရှိတော့ သည့်အခါ ၄င်းတို့၏အငြင်းပွားမှုကို တရားရုံးက ဖြေရှင်းဆုံးဖြတ်ပေးပါ ရန် စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးသို့ရုံးခွန်တော် ထမ်းဆောင်ပြီးမှ စွဲဆို ဆိုင်ပြိုင်ရသောအမှုမျိုးဖြစ်ပါသည်။ တရားမကြီးမှုတွင် နှစ်ဖက်အမှုသည် တို့သည် (အများအားဖြင့်) ကျွမ်းကျင်သောရှေ့နေရှေ့ရပ်များကို ငှားရမ်း လေ့ရှိပြီး တရားရုံး၏အပြီးသတ်အမိန့်မဟုတ်သည့် ကြားဖြတ်အမိန့်များ ကိုပင်လျှင် အထက်ရုံးအဆင့်ဆင့်သို့ ပြင်ဆင်မှုများ တက်ရောက်လေ့ ရှိပါသည်။ အပြီးသတ်အမိန့်များကိုလည်း ဥပဒေကခွင့်ပြုသည့်လုပ်ထုံး နည်းနာများအတိုင်း အယူခံရုံးအဆင့်ဆင့်တက်ရောက်ပြီးမှ တရားမကြီးမှုပြီးပြတ်ပါသည်။

နှစ်ဖက်အမှုသည်တို့သည် ကျင့်ထုံးဥပဒေကခွင့်ပြုသမျှ တရားရုံးအဆင့် ဆင့်ဆိုင်ပြိုင်ပြီးသောအခါတွင် "တရားနိုင်" "တရားရှုံး"ဟူ၍ ပေါ်ပေါက် လာပါသည်။ တရားနိုင်သည် ၄င်းဆိုင်ပြိုင်ခဲ့သည့်အမှု အနိုင်ရရှိသည့် အခါယင်းဒီကရီ၏အကျိုးသက်ရောက်မှုကို ခံစားခွင့်မရသေးပါ။ အနိုင် ဒီကရီပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တရားရုံးသို့ အမှုတစ်မှု ထပ်မံလျှောက်ထားရပါသေးသည်။

ဒီကရီတွင် ဖော်ပြသည့် သက်သာခွင့်ကို အကောင်အထည်ဖော်ပေးရန် အတွက် တရားရုံးသို့ ထပ်မံလျှောက်ထားသည့်အမှုကို "ဇာရီမှု(သို့မဟုတ်) တရားမဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မှု" ဟုခေါ်ပါသည်။

ယခုအခါ "တရားဥပဒေစိုးမိုးရေး" "တရားရုံး၏အထက်တွင် မည်သူ မျှမရှိစေရေး" စသည်ဖြင့် ကြွေးကြော်၍ ဆန္ဒထုတ်ဖော်ပြသနေသော လူစုလူဝေးများမှာ ဥပဒေကခွင့်ပြုထားသည့်အတိုင်း တရားရုံးအဆင့် ဆင့် နှစ်ဖက်ဆိုင်ပြိုင်၍ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီကရီပါအတိုင်း ဥပဒေနှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်သည့် ဇာရီမှုအသီးသီးတွင် ရှုံးနိမ့်သူတို့ဘက်က တရားရုံး၏အမိန့်ကို ဆန့်ကျင်ပြုလုပ်နေသော အစုအဝေးမျှသာဖြစ်ပါသည်။

အငြင်းပွားသည့် ဥပစာတွင် ကျူးကျော်နေထိုင်သူတို့အား လည်းကောင်း ၊ (တရားလို၏) အခွင့်အမိန့်ဖြင့် အခမဲ့နေထိုင်သူတို့အားလည်းကောင်း ဖယ်ရှားနှင်ထုတ်ပေးရန် စွဲဆိုသောအမှု၌ ဥပဒေအရဆိုင်ပြိုင်၍ အမှု ရှုံးနိမ့်ခဲ့သောသူတို့သည် ယင်းဥပစာမှ ဖယ်ရှားပေးရန် တာဝန်ရှိမည် မှာယုံမှားဖွယ်မရှိပါ။(ဒီကရီကို လိုက်နာရန် တာဝန်ရှိသူများဟု ဥပဒေက ဆိုပါသည်။) တရားရုံးအဆင့်ဆင့်၌ အမှုရှုံးနိမ့်သွားသည့်အခါ တရားနိုင် ကဖွင့်လှစ်သည့် 'ဇာရီမှု'တွင် အပ်ဝရမ်း(Delivery Warrant) ထုတ်ဆင့်သည်ကိုပင်လျှင် စောင့်ဆိုင်းခြင်းမပြုဘဲ ဖယ်ရှားပေးခဲ့သော သူတို့များစွာရှိခဲ့ပါသည်။ ဥပဒေကို လေးစားလိုက်နာ၍ တရားသဖြင့် ဆိုင်ပြိုင်မှု၏ အရှုံးရလဒ်ကို ကျေကျေနပ်နပ်လက်ခံခဲ့သည့် နိုင်ငံသား ကောင်းပီသသူတို့ များစွာရှိခဲ့ပါသည်။

ဇာရီမှုများ ရှုပ်ထွေးတတ်ပါသည်။ သို့သော် ဇာရီမှုတိုင်း ရှုပ်ထွေးသည် တော့ဖြင့် မဟုတ်ပါ။ ဥပမာ- လက်ရောက်ပေးအပ်ခြင်းကို ခုခံတားဆီးသူက တရားရှုံးပိုင်ပစ္စည်းမဟုတ်ဘဲ မိမိပိုင်အဖြစ် သဘောရိုးဖြင့် လက်ရှိ ထားကြောင်း တရားရုံးကျေနပ်အောင် သက်သေပြနိုင်သည့် ပြဌာန်း ချက်မျိုးရှိပါသည်။ ယင်းမှာ တရားရှုံး၏သွေးထိုးပေးမှုအရ ခုခံတားဆီး ခြင်း သို့မဟုတ် ဆန္ဒပြခြင်းနှင့်မတူပါ။(ရှုပ်ထွေးမည်စိုး၍ ယင်းကိုခြွင်းချက် အဖြစ်ချန်ခဲ့ပါမည်။) အများပြည်သူဖတ်ရန် ရည်ရွယ်သည့် ဤဆောင်းပါးတွင် ဥပဒေပြဌာန်းချက်ကို မဖော်ပြလိုပါ။ သို့သော် မလွှဲမရှောင်သာသဖြင့် တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁ နည်းဥပဒေ ၉၈ ကိုဖော်ပြလိုက်ပါမည်။

''တရားရှုံးကဖြစ်စေ၊ ၄င်းတရားရှုံး၏သွေးထိုးပေးချက်အရ သို့မဟုတ် တရားရှုံးကိုယ်စား အခြားသူတစ်ဦးတစ်ယောက်ကဖြစ်စေ၊ တရားမျှတ သောအကြောင်းမရှိဘဲ ခုခံတားဆီးဟန့်တားကြောင်း ကျေနပ်လျှင် တရားရုံးသည် လျှောက်ထားသူသို့ ပစ္စည်းလက်ရောက်ပေးအပ်ရန် ညွှန်ကြားရမည်။ ထို့ပြင် လျှောက်ထားသူသည် ယင်းပစ္စည်းကို လက်ရောက်ရယူရာတွင် ခုခံတားဆီးခံနေရသေးလျှင် တရားရုံးသည် လျှောက်ထားသူ၏တင်ပြချက်အရသော်လည်းကောင်း၊ မိမိ၏သဘော အလျောက်သော်လည်းကောင်း၊ တရားရှုံးကို သို့မဟုတ် တရားရှုံး၏ သွေးထိုးပေးချက်အရဖြစ်စေ၊ တရားရှုံးကိုယ်စားဖြစ်စေ၊ ဆောင်ရွက်သူကို ရက်ပေါင်း ၃၀ အထိ တရားမထောင်တွင် အကျဉ်းချထားရန် အမိန့်ချနိုင်သည်။"

တရားရုံး၏အမိန့်ဒီကရီကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းသည် တရားရုံး၏အကျိုးအလို့ငှာ မဟုတ်ပါ။ ဥပဒေအရ သတ်မှတ်ထားသည့် ရုံးခွန်တော်ကိုထမ်းဆောင်၍ အမှုဆိုင်ပြိုင်အနိုင်ရရှိခဲ့သော တရားနိုင်၏ သက်သာခွင့်ကို ရရှိစေရန် တရားရုံးက တာဝန်ရှိသည့်အတိုင်း ဆောင်ရွက်ပေးရခြင်းမျှသာ ဖြစ်ပါသည်။

တရားရုံးတစ်ခုခု၏အမိန့်ဒီကရီသည် ဥပဒေအရ မှန်ကန်မျှတခြင်း မရှိဟု ယူဆသဖြင့် အထက်တရားရုံးအဆင့်ဆင့်သို့ အယူခံမှု၊ ပြင်ဆင်မှုများ လည်း တက်ရောက်ခဲ့ပြီးဖြစ်သည်။ ရှုံးလည်း ရှုံးနိမ့်ခဲ့ပြီးဖြစ်သည်။ ယင်းအမိန့် သို့မဟုတ် မိမိတို့ရှုံးနိမ့်ခဲ့သော ရလဒ်ကို ကျေကျေနပ်နပ် လက်ခံလိုက်မည်ဆိုပါက မိမိတို့ကြွေးကြော်သံတွင် ပါရှိသကဲ့သို့ တရားဥပဒေစိုးမိုးရေးကို လက်ခံရာရောက်မည်။ မည်သည့်အစိုးရ လက်ထက်တွင်မဆို လက်ခံရမှာဘဲဖြစ်သည်။ အကြိမ်ကြိမ်ဆိုင်ပြိုင်ခဲ့ပြီး ရှုံးနိမ့်သောအခါတွင်မှ အရှုံးကို လက်မခံ၊ ဆန့်ကျင်ခြင်း၊ လူစုလူဝေးဖြင့် ဆန္ဒပြနေခြင်းမှာ တရားဥပဒေစိုးမိုးရေးကို ဆန့်ကျင်ရာရောက်သည်။

ဤသည်ကို နားလည်ဖို့ရာ ဥပဒေပညာတတ်ကျွမ်းဖို့မလိုပါ။ နိုင်ငံသား ကောင်းပီသဖို့ပဲ လိုပါသည်။ တရားဥပဒေစိုးမိုးရေး၏ လက္ခဏာတစ်ခု မှာ တရားဥပဒေ၏ရှေ့မှောက်တွင် မည်သူမဆိုတန်းတူညီမျှရှိရေးဖြစ် သည်။ တရားရှုံးသည် ပြည်သူဖြစ်သကဲ့သို့ တရားနိုင်လည်း ပြည်သူ ဖြစ် သည်။ "ပြည်သူ" ဟူသောစကားလုံးကို တရားရှုံးအမှုသည်များက မိမိတို့ လူစုလူဝေးဖြင့် မောင်ပိုင်စီးထား၍ မရနိုင်ချေ။ လူစုလူဝေးတိုင်းသာ အမှန်ဖြစ်မည်ဆိုပါက မည်သည့်အမှုကိုမျှ ဥပဒေပညာရှင် ရှေ့နေရှေ့ရပ်များကို အခကြေးငွေဖြင့် ငှားရမ်း၍အမှုဆိုင်ပြိုင်ရန် လိုမည် မဟုတ်ချေ။
လူစုလူဝေးကို ငှားရမ်းရုံသာ ရှိပေလိမ့်မည်။

တရားရုံးသည် မိမိအတည်ပြုရမည့် သို့မဟုတ် မိမိအကောင်အထည်ဖော် ပေးရမည့် အမိန့်ဒီကရီတစ်ခုကို လူစုလူဝေးဖြင့် ဆန့်ကျင်ကန့်ကွက် သည်ဆိုသောအကြောင်းကြောင့် ဆက်လက်ဆောင်ရွက်ခြင်း မပြုဘဲ ရပ်စဲထားနိုင်မည်မဟုတ်ချေ။

အမိန့်ဒီကရီအတည်ဖြစ်နေသေးသမျှ ဒီကရီအတိုင်း အကောင်အထည် ဖော်ပေးရန်မှာ တရားရုံး၏တာဝန်ဖြစ်သည်။ ငွေများ တရားနိုင်ဟူ၍ ပြောလေ့ရှိသည်။ လူများတရားနိုင်ဟူ၍လည်း ဖြစ်ထိုက်သည် မဟုတ်ချေ။ သို့ဖြစ်ရာ တရားရုံး၏အမိန့် သို့မဟုတ် ဒီကရီတစ်ရပ်ကို လူစုလူဝေးနှင့် ဆန္ဒပြခြင်းဖြင့် မပြောင်းလဲနိုင်သည်မှာ သေချာလှပါသည်။

  **********************
လွန်ခဲ့သော နှစ်လ၊ သုံးလခန့်က မြန်မာပြည်အလယ်ပိုင်းရှိ မြို့နယ်တစ်ခုတွင် တရားရုံးဘိလစ်(အမျိုးသမီး)တစ်ဦးက အပ်ဝရမ်းဆောင်ရွက်သည် ကို ကိုယ်ထိလက်ရောက်ကြမ်းတမ်းစွာ ခုခံတိုက်ခိုက်သော ဖြစ်စဉ်တစ်ခု လူမှုကွန်ရက်စာမျက်နှာတွင် တွေ့လိုက်ရသည်။ တရားရုံး၏အမိန့်အရ ဖယ်ရှားပေးရမည့်နေအိမ်ဥပစာမှ အမျိုးသမီးက ဘောင်းဘီအသင့် ဝတ် ထားသည်။ တရားရုံးဘိလစ်နှင့်အဖွဲ့တွင်လည်း လုံခြုံရေးလိုက်ပါသည့် ရဲအရာရှိနှင့် တပ်ဖွဲ့ဝင်များပါသည်။ ဘောင်းဘီဝတ်အမျိုးသမီးသည် လုံခြုံ ရေးတပ်ဖွဲ့ဝင်များရှေ့မှောက်၌ပင်လျှင် ဘိလစ်အမျိုးသမီးကို ဆံပင်ဆွဲ၍ လုံးထွေးသတ်ပုတ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ၄င်း၏တယ်လီ ဖုန်းကင်မရာဖြင့် ဓါတ်ပုံရိုက်ယူနေသည်။ မြင်ကွင်းက တော်တော်ဝမ်းနည်းစရာ ကောင်းသည်။

ဒီမိုကရေစီဆိုသည်မှာ မင်းမဲ့စရိုက်မဟုတ်သည်ကို လူအတော်များများက သင်ယူဖို့ လိုဦးမည်ထင်ပါသည်။ ၁၉၈၈ ခုနှစ် တပ်မတော်မှ အာဏာရယူ ပြီးသည်အထိ မြစ်ဝကျွန်းပေါ်ဒေသ၌ နှစ်ရှည်လများ အပ်ဝရမ်းအတည် ပြု၍ မရနိုင်ခဲ့သောဇာရီမှုများ ရှိခဲ့သည်။ ဇာရီမှုတစ်မှုတွင် အပ်ဝရမ်း အတည်ပြုမည်ဟု တရားရုံးဘိလစ်က သတိပေးထားသည့်နေ့ရက်တိုင်းတွင် ယင်းအိမ်၌ ဘာသာရေး(ဘာသာခြား)အခမ်းအနား တစ်ခု ပြုလုပ်နေတတ်စမြဲဖြစ်၍ အတည်မပြုနိုင်ဘဲ ကြန့်ကြာနေခဲ့သည်။ ကြန့်ကြာနေ သောအမှုများ တင်ပြပါဟု ဆိုသဖြင့် တင်ပြခဲ့ရာ စစ်တိုင်းမှူးက တပ်စိပ် တစ်စိပ် စေလွှတ်ပေးသည်။

ဖယ်ရှားပေးရမည့်အိမ်၌ ထိုနေ့ကလည်း ဘာသာရေးအခမ်းအနားလုပ်နေ ခဲ့ပြန်သည်။ သို့သော် စစ်ဖိနပ်သံနှင့် မောင်းထိုးသံများ ကြားသောအခါ လူစုလူဝေးမှာ ဝရုန်းသုန်းကား ဆင်းပြေးသွားတော့သည်။ အပ်ဝရမ်း အတည်ပြုမှုပြီးမြောက်ခဲ့သည်။

တရားစီရင်ရေးအာဏာဆိုသည်မှာ အချုပ်အခြာအာဏာ၏အစိတ်အပိုင်း တစ်ခုပဲဖြစ်သည်။ တရားရုံးက အတည်ပြုဆောင်ရွက်ပေးရမည်။ အုပ်ချုပ်ရေးအဖွဲ့အစည်းက ကူညီဆောင်ရွက်ပေးရမည်။ ပြည်သူတို့က လိုက်နာဖို့ တာဝန်ရှိသည်။

ကျွန်တော်တို့ လိုချင်တာကို တရားသဖြင့်ဖြစ်သော နည်းလမ်းဖြင့်ရခွင့် ရှိပါသည်။ သို့သော် မည်သည်ကို လိုချင်သလဲဆိုသည်ကတော့ဖြင့် ကျွန်တော်တို့ ပြည်သူ၏ အရည်အချင်းနှင့် ကျွန်တော်တို့ပြည်သူ၏ ရွေးချယ်မှုပဲဖြစ်ပါသည်။

ပြေလွင်မြင့်

(၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ စံတော်ချိန် နေ့စဉ်သတင်းစာပါ ဆောင်းပါးအား အများပြည်သူအကျိုးငှာ ပြန်လည်ကူးယူဖော်ပြပါသည်။)


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...