Friday, March 31, 2017

တရားနိုင်သည် ဒီကရီကျငွေဖြင့် ရောင်းချသည့်ပစ္စည်းကို ခုနှိမ်ဝယ်ယူ ခွင့်ပြုရန် လေလံတင်ရောင်းချပြီးနောက်တွင်မှတရားရုံးသို့ လျှောက်ထားရန်ဖြစ်သလား(သို့မဟုတ်) လေလံတင်ရောင်းချခြင်းမပြုမီတရားရုံးသို့ လျှောက်ထားရန် ဖြစ်သလား ။

တရားနိုင်သည် ဒီကရီကျငွေဖြင့် ရောင်းချသည့်ပစ္စည်းကို ခုနှိမ်ဝယ်ယူ ခွင့်ပြုရန် လေလံတင်ရောင်းချပြီးနောက်တွင်မှတရားရုံးသို့ လျှောက်ထားရန်ဖြစ်သလား(သို့မဟုတ်) လေလံတင်ရောင်းချခြင်းမပြုမီတရားရုံးသို့ လျှောက်ထားရန် ဖြစ်သလား ။

တရားရုံးများတွင်ဆောင်ရွက်လျက်ရှိသော လုပ်ထုံးကိုလေ့လာကြည့်ရာ တရားနိုင်သည် တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၇၂ အရ ဒီကရီကျငွေဖြင့်ခုနှိမ်ဝယ်ယူခွင့်ပြုရန် တရားရုံးတွင် တင်ပြလျှာက်ထားပြီး တရားရုံး၏  ခွင့်ပြုသည့် အမိန့်ရရှိမှသာ လေလံတင်ရောင်းချရာတွင် ၀င်ရောက်လေလံဆွဲ ၀ယ်ယူကြသည်ကို တွေ့ရပါသည်။



 ရောင်းချသူ ဘိလစ်များ မှလည်း တရားရုံးတွင် တရားရုံး၏နည်းဥပဒေ ၇၂ အရ အမိန့် မရှိပါက တရားနိုင်၏လေလံဆွဲဝယ်ယူခွင့်ကို လက်မခံကြောင်းလေ့လာတွေ့ရှိရပါသည်။

 ဦးအုန်း နှင့် ဒေါ်ဝိုင်း ( ၁၉၇၅ ခုနှစ်၊ မတစ၊ စာ ၁၂၂) စီရင်ထုံးအရ တရားနိုင် သည် လေလံဆွဲ ၀ယ်ယူခွင့်ရှိပါသည် တရားရုံး၏ ကြိုတင်ခွင့်ပြုချက် မလိုပါ။

 ပြဿ နာမှာ နည်း - ၇၂ အရ ရောင်းချသည့် ပစ္စည်းတန်ဖိုးကို တရားနိုင်၏ ဒီကရီကျငွေဖြင့် ခုနှိမ်ခွင့်ဖြစ်ပါသည်။

ပစ္စည်းကိုလေလံတင်ရောင်းချရာတွင် တရားနိုင်သည် အများနည်း တူ လေလံ ယှဉ်ပြိုင်ဆွဲဝယ်ယူရမည်ဖြစ်ပါသည်။ တရားနိုင်ဖြစ်၍ လေလံဆွဲရာတွင် အထူး အခွင့်အရေးမရပါ။

တရားနိုင်က အခြားသူများထက်ပိုပေး၍ လေလံ အောင်လျှင် နည်းဥပဒေ ၈၄ အရ ၀ယ်ယူသည့် အဖိုးငွေ၏ ၂၅ ရာခိုင်နှုန်းကို တရားနိုင်က ချက်ချင်းပေးသွင်းရန် အကြောင်း ပေါ်ပေါက်လာမည်ဖြစ်ပါသည်။

ထိုအချိန်ကျမှ တရားနိုင်သည် ပေးသွင်းရမည့်ငွေကို “ကိုယ်ပိုင်ငွေဖြင့်ပေးသွင်း မည်လား” သို့မဟုတ် “ဒီကရီကျငွေဖြင့်ခုနှိမ်ခြင်းဖြင့် ပေးသွင်းမည်လား" ဟူသည့် ကိစ္စရပ်ပေါ်ပေါက်လာမည်ဖြစ်ပါသည်။

အကယ်၍ တရားနိုင် လေလံမအောင်ခဲ့လျှင် တရားနိုင် ငွေပေးသွင်းရမည့် ကိစ္စမပေါ်ပေါက်၍ ၀ယ်ယူသည့်အဖိုးငွေကို ဒီကရီကျငွေဖြင့်ခုနှိမ်ရန် ကိစ္စရပ် ပေါ်ပေါက်မည်မဟုတ်ပါ။

ထို့ပြင် တရားနိုင်က ဒီကရီကျငွေဖြင့် မခုနှိမ်လိုပဲ မိမိငွေဖြင့် သီးခြားပေးသွင်းမည်ဆိုလျှင်လည်း  ဒီကရီကျငွေဖြင့် ခုနှိမ်ရန်ကိစ္စရပ် ပေါ်ပေါက်မည်မဟုတ်ပါ။

တရားနိုင်သည် လေလံအောင်/မအောင် မသိရှိနိုင်သေးသည့် အနေအထား တွင် လေလံ တင်ရောင်းချခြင်း မပြုမီကပင် ဒီကရီကျငွေဖြင့်ခုနှိမ်၍ တရားနိုင် အား လေလံဆွဲဝယ်ခွင့်ပြုကြောင်း နည်း ၇၂ အရ အမိန့်ချ ထားခြင်းသည် မရေရာသည့်ကိစ္စရပ်အပေါ် ကြိုတင်အဆုံး အဖြတ်ပြု ရာ ရောက်ပါသည်။

အကယ်၍တရားနိုင် လေလံမအောင်ခဲ့သော် ယင်းအမိန့်သည် မလိုဘဲ ချမှတ် ထားခြင်းဖြစ်၍ အချည်းအနှီးသာဖြစ်ပါသည်။

--------

ယူနီဗာ့(စ်) ကုမ္ပဏီလိမိတက်   နှင့်      မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်) ပါ-၅
မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)နှင့်M.H.L.G Trading Co.Ltd ပါ-၎
မြစိမ်းရောင်အင်တာပရိုက်စ်     နှင့်      M.H.L.G Trading Co.Ltd ပါ - ၎
မြစိမ်းရောင်အင်တာပရိုက်စ်     နှင့်      M.H.L.G Trading Co.Ltd ပါ - ၎
(၂၀၀၇၊ မတစ၊ စာ - ၉၈) အမှုတွင်

“ယင်းနည်း ၇၂ ပြဌာန်းချက်အရ “Where a decree-holder purchases the property” ဟုပါရှိရာ လေလံတင်ရောင်းချရာ တွင် လေလံဆွဲဝယ်ယူပြီးနောက် တွင်မှ လျှောက်ထားကြရမည့်သူများ ဖြစ်ကြပြီး၊ ၄င်းကုမ္ပဏီနှစ်ခုမှာ  ၇၂ တွင် အကျုံးဝင်သည့် ဒီကရီအနိုင်ရသူအဖြစ် ခုနှိမ်ဝယ်ယူခွင့်ရှိကြသူများ ဖြစ်ကြ လျှင်ပင် ပစ္စည်းများကို လေလံတင်ရောင်းချခြင်းမပြုမီ ထိုသို့လျှောက်ထားကြရန် မဟုတ်ချေ" ဟုထုံးဖွဲ့ ထားပါသည်။

အထက်ပါ ( ၂၀၀၇ ၊ မတစ ၊ စာ - ၉၈) အမှုတွင် “၇၂ တွင် အကျုံးဝင်သည့် ဒီကရီအနိုင်ရသူအဖြစ် ခုနှိမ်ဝယ်ယူခွင့်ရှိကြသူများဖြစ်ကြလျှင်ပင် ပစ္စည်းများ ကို လေလံတင်ရောင်းချခြင်းမပြုမီ ထိုသို့ လျှောက်ထားကြရန် မဟုတ်ချေ”  ဟုထုံးဖွဲ့ချက်အရ

 အမိန့် ၂၁၊  နည်းဥပဒေ ၇၂ အရ ဒီကရီကျငွေဖြင့် ခုနှိမ်ခွင့် ကို လေလံတင်ရောင်းချပြီးမှ လျှောက်ထားရန်ဖြစ်ကြောင်း ထင်ရှားပါသည်။

ထို့ကြောင့် တရားနိုင်မှ လေလံဆွဲဝယ်ယူလိုပါက တရားရုံး၏ကြိုတင် ခွင့်ပြုချက် မလိုသဖြင့် တရားရုံးသို့စာတင်၍ ခွင့်ပြုချက်ရရှိရန် လျှောက်ထားဖို့မလိုဘဲလေလံ ပွဲတွင် ၀င်ရောက်ဝယ်ယူ ခွင့်ရှိပါကြောင်းတရားနိုင်လေလံအောင်သောအခါမှ ဒီကရီကျငွေဖြင့် ခုနှိမ်ခွင့်ကိစ္စရပ်ပေါ်ပေါက်မည်ဖြစ်၍

ယင်းအချိန်ကျမှ လေလံ အရာရှိထံ ဒီကရီကျငွေဖြင့် ခုနှိမ်ခွင့် လျှောက်လွှာ တင်သွင်းပြီး  လျှောက်ထား ရန်ဖြစ်ပါကြောင်း  နှင့် လေလံရောင်းချသည့် အရာရှိက ရောင်းချကြောင်း ဘိလစ်အစီရင်ခံစာ ( တရားမပုံစံ- ၉၅ ) နှင့်အတူ ယင်းလျှောက်လွှာကို တရားရုံးသို့ တင်သွင်း၍တရားရုံးက ယင်းလျှောက်လွှာ အပေါ် အမိန့် ချမှတ်ပေးရန်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

(အထက်ပါပိုစ်သည် ကျနော့်၏ လေ့လာမှုများအပေါ်တွင်သာ အခြေခံထားသဖြင့် မှားယွင်းမှုများရှိပါ ကထောက်ပြဝေဖန်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Tun Myo Htay


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...