Friday, March 31, 2017

ဇာရီမှုကို ဆိုင်းငံ့ခြင်း (အပိုင်း-၂)

အပိုင်း (၂)
xxxxxx

ဇာရီမှုကို ဆိုင်းငံ့ခြင်း။
xxxxxxxxxxx

အမိန့် ၂၁၊ နည်း ၂၉ အရ ဇာရီမှုကို ဆိုင်းငံ့ခြင်း
xxxxxxxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၂၉ အရ တရားရုံးတစ်ရုံးရုံး တွင် ယင်းရုံးက ချမှတ်သည့် ဒီကရီကိုရရှိထားသူ တရားနိုင်အပေါ် ယင်းဒီကရီချမှတ်ခံ ရသူက စွဲဆိုသော အခြားအမှုတစ်မှုမှာ မပြီးမပြတ်ရှိနေလျှင်၊ ထိုအမှုကို မဆုံးဖြတ်ရ သေးမီ ထိုတရားရုံးသည် အာမခံနှင့်စပ်လျဉ်း၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ သင့် သည်ထင်မြင်သည့် စည်းကမ်းချက်များသတ်မှတ်၍ အဆိုပါဒီကရီအတည်ပြုခြင်းကို ဆိုင်းငံ့နိုင်သည်။



ဇာရီမှုကို အမိန့် ၂၁၊ နည်းဥပဒေ ၂၉ အရ ဆိုင်းငံ့နိုင်ရန် အောက်ပါ အချက်များ ညီညွတ်ရန် လိုအပ်ပါသည်။

(က) ဆိုင်းငံ့ပေးရန် လျှောက်လွှာကို ဇာရီမှုတွင် တင်သွင်းရန်ဖြစ်ပြီး ဇာရီရုံးက အဆုံးအဖြတ်ပေးရမည်။

(ခ) မပြီးပြတ်သေးသောအမှုသည် "တရားမကြီးမှု" ဖြစ်ရမည်။

(ဂ) မပြီးပြတ်သေးသောတရားမကြီးမှုနှင့် ဆိုင်းငံ့ရမည့်ဇာရီမှုသည် တရားသူကြီးတစ်ဦးတည်းထံတွင် ရှိရမည်။

(ဃ) မပြီးပြတ်သေးသော တရားမကြီးမှုသည် ဇာရီမှုမှ တရားနိုင်၊ တရားရှုံးတို့ စပ်ကြားဖြစ်ပျက်သော မှုခင်းဖြစ်ရမည်။

(င) ပထမစွဲဆိုသည့်အမှုမှ တရားလို၊ တရားပြိုင်များနှင့် နောက်စွဲသည့် တရားမမှုမှ တရားလို၊ တရားပြိုင်တို့သည် ထပ်တူထပ်မျှဖြစ်ရမည်။

(စ) ဒုတိယအမှုကို စွဲဆိုသည့် တရားလိုသည် ပထမအမှုမှ တရားရှုံးဖြစ် ရမည်။

(ဆ) စစ်ဆေးဆဲတရားမကြီးမှု၏သဘောသဘာဝသည် အတည်ပြုလို သည့် ဒီကရီ၏သဘောသဘာဝနှင့် ထပ်တူထပ်မျှတူညီရန် သို့မ ဟုတ် အလားတူရန်မလိုအပ်သော်လည်း တရားနိုင်နှင့် တရားရှုံး တို့သည် တစ်ဦးအပေါ်တစ်ဦးက တောင်းဆိုမှုများကို "ထေ" နိုင် ရမည်။

(ဇ) ဆိုင်းငံ့ရန်လျှောက်လွှာကို ဇာရီမှုတွင် ပစ္စည်းမရောင်းချမီ တင်သွင်း ရမည်။

----

(က) ဆိုင်းငံ့ပေးရန် လျှောက်လွှာကို ဇာရီမှုတွင် တင်သွင်းရန်ဖြစ်ပြီး ဇာရီရုံးက အဆုံးအဖြတ်ပေးရမည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒေါက်တာလှမင်း ပါ (၂) နှင့် ဒေါ်စောလှိုင် (၁၉၈၉၊ မတစ၊ စာ ၆၆) အမှုတွင် အောက်ပါအတိုင်းဆုံးဖြတ်ပါသည်။

"ဇာရီမှုကိုဆိုင်းငံ့ပေးရန်လျှောက်လွှာကို မည်သည့် တရားမကြီးမှု တွင် လျှောက်ထားရမည်၊ သို့တည်းမဟုတ် ဇာရီမှုတွင် လျှောက်ထားရမည် ဆိုသောအချက်မှာမူ နည်း ၂၉ တွင် ပြတ်ပြတ်သားသား ပြဋ္ဌာန်းထားခြင်း မရှိကြောင်း တွေ့ရှိရသည်။

နည်း ၂၉ တွင်"တရားရုံး" ဟူသော စကားရပ်ကို ၃ ကြိမ်သုံးစွဲထား သည်။ နည်း ၂၉ ၏ ပထမစာကြောင်းတွင် ပါရှိသော "တရားရုံး" သည် တရားမကြီးမှု စွဲဆိုထားရာ တရားရုံးကို ရည်ညွှန်းသည်။ ဒုတိယစာကြောင်း တွင်ပါရှိသော "တရားရုံး"သည် ဇာရီမှုတင်သွင်းထားရာ တရားရုံးကိုရည်ညွှန်း သည်။ သို့ရာတွင် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း တရားရုံးမှာမူ တစ်ရုံး တည်းဖြစ်သည်။ နည်း ၂၉ ၏ တတိယစာကြောင်းပါ "တရားရုံး" ဆိုသော စကားရပ်ကို ထောက်ချင့်၍ ဒီကရီအတည်ပြုခြင်းကို ဆိုင်းငံ့ထားရန် မည်သည့်အမှုတွင် လျှောက်ထားရမည်ဆိုသော ပြဿနာကို စိစစ်ဆုံးဖြတ် ရန် ဖြစ်သည်။

ကိုအေးပါ -၂ နှင့် ရာစုဘီဘီပါ - ၃ (၁၉၅၀ ခုနှစ်၊ မတစ၊ စာ - ၂၈၈)အမှုတွင် ပြဋ္ဌာန်းချက်များအား မည်သို့မည်ပုံ အဓိပ္ပာယ်ကောက်ယူရ ကြောင်း အောက်ပါအတိုင်း ထုံးဖွဲ့ထားသည်။

" Where  two interpretations are possible, the one most in accord with justice, convenience, reason and legal principles, should be applied, as it is most improbable that the legislature
would over-throw fundamental principles,"

ဇာရီမှုကို  ဒီကရီအတည်ပြုသည့် တရားရုံးကဖြစ်စေ၊ အထက် တရားရုံးကဖြစ်စေ ဆိုင်းငံ့လေ့ရှိသည်မှာ အများအသိဖြစ်သည်။

တရားမကြီး မှုတစ်မှုတွင်ချမှတ်သောအမိန့်ဖြင့် ဇာရီမှုကို ဆိုင်းငံ့လေ့မရှိချေ။ အဆင်ပြေမှု၊ ကျိုးကြောင်းဆီလျော်မှုတို့ကို ထောက်ချင့်၍ နည်း ၂၉ ၏ တတိယစာကြောင်း တွင်ပါရှိသော "တရားရုံး" သည် ဒီကရီကို အတည်ပြုအပ်သော တရားရုံး ဖြစ်သည်ဟု ကောက်ယူမှသာ သဘာဝကျသော အဖြေကို ရရှိနိုင်ပေလိ့မ် မည်။

ဤအခြေအနေတွင် ဇာရီမှုကို နည်း ၂၉ အရ ဆိုင်းငံ့ပေးရန် လျှောက် လွှာကို ဇာရီမှုတွင် တင်သွင်း၍ ဒီကရီကို အတည်ပြုလျက်ရှိသော တရားရုံးက အဆုံးအဖြတ်ပေးခြင်းသည် အဆင်အပြေဆုံး ဖြစ်သည်။"

---

(ခ) မပြီးပြတ်သေးသောအမှုသည် "တရားမကြီးမှု" ဖြစ်ရမည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒေါ်ထွေးတင် နှင့် ဒေါ်ကြည်ကြည် (၁၉၉၀၊ မတစ၊ စာ ၅၆(၅၇၊၅၈)) အမှုတွင် အောက်ပါအတိုင်း ညွှန်ပြပါသည်။

"အမွေထိန်းစာလျှောက်ထားမှုသည် တရားမကြီးမှု မဟုတ်ကြောင်း ဆူဘန်ခန်းပါ ၂ နှင့် မိုဟာမက်ယူစွက် (၁၉၃၈ ခုနှစ်၊ ရန်ကုန် စီရင်ထုံးများ၊ စာ ၇၂) အမှုတွင် ထုံးဖွဲ့ထားသည်။ အမွေထိန်းစာကို မည်သည့်အခါ ရုပ်သိမ်း နိုင်ကြောင်း အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ ၂၆၃ တွင် ပြဋ္ဌာန်း ထားသည်။ ယင်းဥပဒေ အခန်း ၄ တွင် သေတမ်းစာ အတည်ပြုလက်မှတ်နှင့် အမွေထိန်း စာထုတ်ပေးခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများ ပါရှိသည်။
အဆိုပါ ပုဒ်မ ၂၉၅ တွင် အောက်ပါအတိုင်းပြဋ္ဌာန်းထားသည်။
"295 In any case before the District Judge which there is contention, the proceeding shall take as nearly as may be, the form of a regular suit according to the provisions of the Code of Civil procedure, in which the petitioner for probate or letters of administration, as the case may be, shall be the plaintiff, and the person who has appeared to
oppose the grant shall be the defendant."

အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်များသည် အမွေထိန်းစာ ထုတ်ပေး သည့်အမှုကို ရည်ညွှန်းသည်ဟု ယူဆရန်အကြောင်း ပေါ်ပေါက်သော်လည်း ပုဒ်မ ၂၉၆ တွင် အမွေထိန်းစာရုပ်သိမ်းသည့်အခါ ဆောင်ရွက်ရမည့် လုပ်ထုံး လုပ်နည်းများကို ဖော်ပြထားခြင်းကိုထောက်ရှု၍ ပုဒ်မ ၂၉၅ ပါ ပြဋ္ဌာန်းချက် များအတိုင်း အမွေထိန်းစာရုပ်သိမ်းသည့်အမှုတွင် လိုက်နာကျင့်သုံးရန်ဖြစ် သည်ဟု ဆိုရပေမည်။ သို့ဖြစ်ရာ အမွေထိန်းစာကို ပယ်ဖျက်ပေးရန် လျှောက် ထားမှုသည် တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၂၉တွင် ရည်ညွှန်း ထားသော "တရားမကြိးမှု" မဖြစ်နိုင်ပေ။ သို့ဖြစ်၍ အမွေထိန်းစာ ပယ်ဖျက် ပေးရန် လျှောက်ထားဆဲတွင် ဒေါ်ထွေးတင် ဖွင့်လှစ်ထားသော ဇာရီမှုကို တရားမကျင့်ထုံး ဥပဒေ အမိန့် ၂၁၊ နည်း ၂၉ အရ ဆိုင်းငံ့ထားခွင့်ရှိမည် မဟုတ်ချေ။"

---

(ဂ) မပြီးပြတ်သေးသောတရားမကြီးမှုနှင့် ဆိုင်းငံ့ရမည့်ဇာရီမှုသည် တရားသူကြီးတစ်ဦးတည်းထံတွင် ရှိရမည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဦးတင်ဦး နှင့် ဦးဂွမ်းဟုတ် (၁၉၈၄၊ မတစ ၊ စာ ၂၇၀) အမှုတွင် အောက်ပါ အတိုင်းညွှန်ပြပါသည်။

"တရားမကျင့်ထုံး အမိန့် ၂၁၊ နည်း ၂၉ ပါ ပြဋ္ဌာန်းချက်များအရ ဆိုလျှင် တရားမကြီးမှုကို စစ်ဆေးလျက်ရှိသည့် တရားရုံးသည် မိမိရုံးတွင် စစ်ဆေး ဆောင်ရွက်ဆဲဖြစ်သော ဇာရီမှုကိုသာ ဆိုင်းငံ့ပေးနိုင်ပေသည်။ အခြား တရားရုံးရှိ ဇာရီမှုကို ဆိုင်းငံ့ခြင်းမပြုနိုင်ပေ။"

အယွတ်အီး - ဂျီဝါမီးရား နှင့် အမ်မိုဟာမက်မွတ်စတဖာကမာလ် ပါ (၃)
(၁၉၈၄၊ မတစ၊ စာ ၃၃၅)အမှုတွင် အောက်ပါအတိုင်းညွှန်ပြသည်။

"တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၂၉ အရ တရားမကြီးကို စစ်ဆေးလျက်ရှိသည့် တရားရုံးကသာ မိမိရုံးတွင် အရေးယူဆောင်ရွက်ဆဲ ဖြစ်သော ဇာရီမှုကို ဆိုင်းငံ့ပေးနိုင်သည်။ အခြားတရားရုံး၏ ဇာရီမှုကို ဆိုင်းငံ့ ခြင်းမပြုနိုင်ပေ။"

ဒေါက်တာလှမင်း ပါ (၂) နှင့် ဒေါ်စောလှိုင် (၁၉၈၉၊ မတစ၊ စာ ၆၆(၆၈)) အမှု တွင် အောက်ပါအတိုင်းညွှန်ပြပါသည်။

"နည်း ၂၉ ပါ ပြဋ္ဌာန်းချက်အရ တရားရှုံးများက စွဲဆိုသောအမှု စွဲဆိုထားသည့် တရားရုံးနှင့် ဇာရီမှု တင်သွင်းထားသည့် တရားရုံးသည် တစ်ရုံးတည်း ဖြစ်ရမည်။"

ဦးစိုးပိုင် ပါ ၂ နှင့် ဦးသိန်းမောင် (၁၉၉၂၊ မတစ၊ စာ ၄၂ (၄၄၊၄၅)) အမှုတွင် အောက်ပါ အတိုင်းညွှန်ပြသည်။

"အလျဉ်းသင့်၍ ကျွန်ုပ်တို့ ညွှန်ကြားလိုက်သည်မှာ လက်ရှိ တရားရုံး များဖွဲ့စည်းပုံအရ ဆိုပါလျှင် တရားရုံးတစ်ရုံးတည်းပင် ဖြစ်စေကာမူ တရား သူကြီးမှာ တစ်ဦးထက်မက ရှိနိုင်သဖြင့် ထိုတရားသူကြီးအသီးသီးသည် ယင်းတရားရုံး၏ စီရင်ပိုင်ခွင့်ကိုပင် ကျင့်သုံး၍ အမှုများ စီရင်နေကြသည်။

 ယခင်က တရားရုံးဖွဲ့စည်းပုံအတိုင်း တစ်ရုံးလျှင် တစ်ဦးစီ စီရင်သည့် ပုံစံမျိုး မဟုတ်ပေ။

ထို့ကြောင့် တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၂၉ အရ ဇာရီမှုကို ဆိုင်းငံ့ခြင်းနှင့် စပ်လျဉ်း၍ လက်ရှိ တရားသူကြီးများသည် အောက်ပါအတိုင်း လိုက်နာရန် ကျွန်ုပ်တို့ ညွှန်ပြလိုက်သည်။

(က) ထပ်မံ၍ စွဲဆိုသော တရားမကြီးမှုကို စစ်ဆေးစီရင်သော တရားသူကြီး၏ လက်ဝယ်တွင် ရှိသည့် ဇာရီမှုကိုသာ ယင်း တရားသူကြီးက ဆိုင်းငံ့ထားနိုင်သည်။

(ခ) ဇာရီမှုကို ဆိုင်းငံ့ရန် ချမှတ်သောအမိန့်ကို တရားမကြီးမှု တွင် ချမှတ်ခြင်းမပြုဘဲ ဇာရီမှုတွင်သာ ချမှတ်ရန်ဖြစ်သည်၊

(ဂ) အကယ်၍ ဇာရီမှုကိုကိုင်တွယ်ဆောင်ရွက်နေသော တရား သူကြီးက မိမိတို့တရားရုံးတစ်ရုံးတည်းတွင် ရှိသော အခြား တရားသူကြီးလက်ဝယ်ရှိ တရားမကြီးမှုကို အကြောင်းပြု ပြီး မိမိ၏ဇာရီမှုကို ဆိုင်းငံ့သင့်ကြောင်း ယူဆလျှင် ဇာရီမှု နှင့် တရားမကြီးမှုတို့ တရားသူကြီးတစ်ဦးတည်းထံတွင် ရောက်ရှိစေရန်အတွက် အမှုခွဲဝေပေးပိုင်ခွင့်ရှိသော တရား သူကြီးထံ ကျိုးကြောင်းဖော်ပြ၍ တင်ပြရန်ဖြစ်သည်။

-----

(ဃ) မပြီးပြတ်သေးသော တရားမကြီးမှုသည် ဇာရီမှုမှ တရားနိုင်၊ တရားရှုံးတို့ စပ်ကြားဖြစ်ပျက်သော မှုခင်းဖြစ်ရမည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကေကေပီလေး နှင့် တီဂျေကော့ပါ (၃)ဦး (၁၉၇၈၊ မတစ၊ စာ ၄) အမှုတွင် အောက်ပါအတိုင်းညွှန်ပြပါသည်။

"တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၂၉ အရ တရားရှုံးက တရားနိုင်အပေါ် စွဲဆိုထားသော အမှုမပြီးပြတ်မှီအတွင်း တရားနိုင်က တရား ရှုံးအပေါ် ဖွင့်လှစ်ဆောင်ရွက်ထားသော ဇာရီမှုကို ဆိုင်းငံ့ထားနိုင်သည်။ ထို့ကြောင့် မပြီးမပြတ်သေးသောအမှု နှင့် ဇာရီမှုနှစ်မှုလုံးမှာ တရားနိုင် တရားရှုံးတို့ စပ်ကြား ဖြစ်ပျက်သော မှုခင်းသာ ဖြစ်ရမည်။ ယခုအမှုတွင် လျှောက်ထားသူ ကေကေပီလေးမှာ ဇာရီမှု ပေါ်ပေါက်လာသော တရားမ မူလမှု၌ သော်လည်းကောင်း၊ ဇာရီမှု၌သော်လည်းကောင်း အမှုသည်အဖြစ် ပါဝင်ခဲ့သူ မဟုတ်ပဲ အပြင်လူသာဖြစ်၍ တရားမကျင့်ထုံးဥပဒေအမိန့် ၂၁၊ နည်း ၂၉ တွင် လုံးဝအကျုံးမ၀င်သောကြောင့် ဇာရီမှုကို ဆိုင်းငံ့မိန့် မပေး နိုင်ပေ။"

---

(င) ပထမစွဲဆိုသည့်အမှုမှ တရားလို၊ တရားပြိုင်များနှင့် နောက်စွဲသည့် တရားမမှုမှ တရားလို၊ တရားပြိုင်တို့သည် ထပ်တူထပ်မျှဖြစ်ရမည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒေါ်မမော်နွယ်ပါ (၂)ဦး နှင့် ဒေါ်ဖာတီမာတီ(ခ)ဒေါ်သီ ပါ(၃)ဦး (၁၉၇၈ မတစ၊ စာ ၈၆) အမှုတွင် အောက်ပါအတိုင်း ညွှန်ပြပါသည်။

"တရားမမူလမှုတစ်မှုအဆုံးအဖြတ်မပေးသေးမီ အခြားအမှုမှ ဇာရီမှု ကိုဆိုင်းထားရန်ကိစ္စနှင့်ပတ်သက်၍ ပြဋ္ဌာန်းချက်မှာ တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၂၉ တွင် ပါရှိသည်။ တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၂၉ အရ ဇာရီမှုဆိုင်းပေးရန် အတွက် အဓိကလိုအပ်ချက်မှာ ပထမစွဲဆိုသည့် တရားမမှုမှ တရားလို၊ တရားပြိုင်များ နှင့် နောက်စွဲသည့် တရားမမှုမှ တရားလို တရားပြိုင်တို့သည် ထပ်တူထပ်မျှဖြစ်ရမည်။ ယခုမှာမူကား ဇာရီမှုအမှတ် ၂၀/၇၃  ပေါ်ပေါက်လာသည့် တရားမမှု၌ ဦးလှမောင်က ဦးသာဒင်အပေါ် စွဲဆိုသည့်အမှုဖြစ်သည်။ နောက်စွဲဆိုသည့် ရန်ကုန်တိုင်းတရားရုံး တရားမ မူလမှုအမှတ် ၁၁/၇၅ မှာ လျှောက်ထားသူက လျှောက်ထားခံရသူတို့အား စွဲဆိုသည့်အမှု ဖြစ်သည်။ သို့ဖြစ်၍ တရားမကျင့်ထုံး ဥပဒေ အမိန့် ၂၁၊ နည်း ၂၉နှင့် အကျုံးမ၀င်သဖြင့် ရန်ကုန်တိုင်းတရားရုံးရှိ တရားမမှု ပြီးပြတ်သည် အထိ မြို့နယ်တရားရုံး၏ ဇာရီမှုကို ဆိုင်းငံ့ထားရန် မဖြစ်နိုင်ပေ။"

အယွတ်အီး - ဂျီဝါမီးရား နှင့် အမ်မိုဟာမက်မွတ်စတဖာကမာလ်ပါ(၃) (၁၉၈၄၊  မတစ၊ စာ ၃၃၅) အမှုတွင် အောက်ပါအတိုင်းညွှန်ပြပါသည်။

"အမှုနှစ်မှုတွင် ပါဝင်သောအမှုသည်များတူညီခြင်းမရှိသဖြင့် ဇာရီမှု ကို အမိန့် ၂၁၊ နည်း ၂၉ အရ ဆိုင်းငံ့ထားခြင်း မပြုနိုင်။"

----

(စ) ဒုတိယအမှုကို စွဲဆိုသည့် တရားလိုသည် ပထမအမှုမှ တရားရှုံးဖြစ် ရမည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဦးစိုးစံပါ (၂)ဦး နှင့် ဒေါ်ကျင်ပုပါ (၂)ဦး(၁၉၇၈၊ မတစ၊ စာ ၁၈) အမှုတွင် အောက်ပါအတိုင်း ညွှန်ပြပါသည်။

"တရားရုံးက တရားမမှုတွင် ဒီကရီချမှတ်ပြီးနောက် ယင်းအမှုမှ တရားရှုံးသည် ယင်းအပေါ် ဒီကရီချမှတ်ခြင်းခံရသည့် အမှုမှ တရားနိုင်အပေါ် တရားတစ်ထုံးထပ်မံစွဲဆိုသည့်အခါ ပထမအမှုမှ ဒီကရီအရ ဖွင့်လှစ်သည့် ဇာရီမှုကို နောက်ထပ်စွဲဆိုသည့် အမှုစစ်ဆေးနေသည့်အတောအတွင်း ယင်းတရားရုံးက တရားမကျင့်ထုံးဥပဒေအမိန့် ၂၁၊ နည်း ၂၉ အရ ဆိုင်းငံ့ အမိန့်ထုတ်ပေးနိုင်သည်။ သို့သော် တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၂၉ နှင့် အကျုံးဝင်ရန် လိုအပ်သည့် အချက်တချက်မှာ ဒုတိယမှုစွဲဆိုသည့် တရားလိုသည် ပထမမှုမှ တရားရှုံးဖြစ်ရမည်။ ဤအမှုတွင် မင်္ဂလာ တောင်ညွန့်မြို့နယ်တရားရုံး ဇာရီမှု အမှတ် ၅၈/၇၃ ပေါက်ဖွားလာသည့် တရားမမူလမှုမှာ ယခင် ရန်ကုန်မြို့တော်တရားမရုံး၊ တရားမမူလမှုအမှတ် ၁၀၅၃/၅၈ ဖြစ်သည်။ ယင်းအမှုတွင် ယခု လျှောက်ထားခံရသူ ဒေါ်ကျင်ပု သည် တရားရှုံးတစ်ဦး မဟုတ်ပေ။ ယင်းအမှုတွင် ဒေါ်ကျင်ပုသည် တရားပြိုင် တစ်ဦးအဖြစ်ဖြင့် ပါဝင်ခဲ့ခြင်း မရှိခဲ့ပေ။ သို့ဖြစ်၍ ရန်ကုန်တိုင်း တရားရုံးက တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၂၉ အရလည်း ဆိုင်းငံ့အမိန့် ထုတ်နိုင်မည် မဟုတ်ပေ။"

ဒေါက်တာလှမင်း ပါ (၂) နှင့် ဒေါ်စောလှိုင် (၁၉၈၉၊ မတစ၊ စာ ၆၆(၆၇)) အမှု တွင် အောက်ပါအတိုင်းညွှန်ပြသည်။

"တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၂၉ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်-
"29. Where a suit is pending in any Court against the holder of a decree of such. Court on the part of the person against whom the decree was passed, the Court may, on such terms as to security or otherwise as it thinks fit, stay execution of the decree until the pending suit has been decided."

ဤပြဋ္ဌာန်းချက်အရဆိုလျှင် စွဲဆိုထားဆဲ အမှုမှ တရားလိုများသည် ဇာရီမှုမှ တရားရှုံးများဖြစ်ရန် လိုအပ်ကြောင်း ယုံမှားဖွယ်မရှိချေ။ နည်း ၂၉ တွင် ရည်ညွှန်းထားသော အမှုသည်များသည် အဓိကအမှုသည်၊ သာမန် အမှုသည်၊ စတိအမှုသည် စသည်ဖြင့် ခွဲခြားထားခြင်း မရှိချေ။ သို့ရာတွင် တရားရုံးသည် သင့်လျော်သောအမှုတွင် အမှုနှစ်မှုလုံး၌ အမှုသည်ချင်း တူပါက တရားရှုံးများအပေါ် ဒီကရီကို အတည်မပြုဘဲ ဆိုင်းငံ့ထားနိုင်သည်။ နောက်စွဲဆိုသော အမှုတွင် မပါဝင်သည့် တရားရှုံး အပေါ်တွင်မူ ဒီကရီကို ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်သည်။"

---

(ဆ) စစ်ဆေးဆဲတရားမကြီးမှု၏သဘောသဘာဝသည် အတည်ပြုလို သည့် ဒီကရီ၏သဘောသဘာဝနှင့် ထပ်တူထပ်မျှတူညီရန် သို့မ ဟုတ် အလားတူရန်မလိုအပ်သော်လည်း တရားနိုင်နှင့် တရားရှုံး တို့သည် တစ်ဦးအပေါ်တစ်ဦးက တောင်းဆိုမှုများကို "ထေ" နိုင် ရမည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

စစ်ဆေးဆဲအမှု၏ သဘောသဘာဝသည် အတည်ပြုလိုသည့် ဒီကရီ၏ သဘောသဘာဝနှင့် ထပ်တူထပ်မျှတူညီမှသာ သို့မဟုတ် အလားတူမှသာ ဆိုင်းငံ့နိုင် သည်ဟု တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၂၉ တွင် ကန့်သတ်ထားခြင်း မရှိကြောင်း DAW OHN KHIN v. U KYIN SEIN (၁၉၆၆၊ မတစ၊ စာ ၅၄၇) တွင် အောက်ပါအတိုင်းညွှန်ပြပါသည်။

"There is no restriction whatsoever in Rule 29, Order 21, Civil Procedure Code that the stay can only be granted when the nature of the pending suit is identical or similar to that of the decree sought to be executed."

နည်းဥပဒေ ၂၉ ၏ ရည်ရွယ်ချက်မှာ ဇာရီမှုများ ပွားများခြင်းကို ပိတ်ပင်ရန် နှင့် တရားရှုံးက တရားနိုင်အပေါ်တွင် အမှုစွဲဆိုသောအခါ တရားနိုင် နှင့် တရားရှုံးတို့ သည် တစ်ဦးအပေါ်တစ်ဦး တောင်းဆိုမှုများကို "ထေ" နိုင်စေရန်ဖြစ်ကြောင်း DAW OHN KHIN v. U KYIN SEIN (၁၉၆၆၊ မတစ၊ စာ ၅၄၇) တွင် အောက်ပါအတိုင်း ညွှန်ပြသည်။

"The object of the rule is to prevent multiplicity of execution proceedings and to enable the decree-holder and the judgment-debtor to adjust their claims against each other when the judgment-debtor has instituted a suit against the decree-holder.

ဦးအုန်းဖေ နှင့် ဦးအမ်ဂျီအာမက်ပါ (၂)(၁၉၈၈၊ မတစ၊ စာ ၅၇) အမှုတွင် အောက်ပါအတိုင်းထုံးဖွဲ့ထားပါသည်။

"ဦးအမ်ဂျီအာမက်တို့က ဦးအုန်းဖေ အပေါ် စွဲဆိုသောအမှုတွင် အနိုင်ရရှိခဲ့ပါက ငွေဒီကရီသာ ရရှိမည်ဖြစ်၍ ယင်းဒီကရီသည် ဦးအုန်းဖေက ဦးအမ်ဂျီအာမက်အပေါ် ရရှိထားသော အိမ်နှင့်ဒီကရီကို "ထေ" နိုင်ခြင်း မရှိပေ၊ ဒီကရီ နှစ်ရပ်သည် တသီးတခြားစီ ဖြစ်သည်။ ဤအခြေအနေတွင် မူလရုံးက တရားမကျင့်ထုံး အမိန့် ၂၁၊ နည်း ၂၉ အရ လျှောက်ထားသူ အတည်ပြုဆဲ ၁၉၈၇ ခုနှစ် တရားမဇာရီမှုအမှတ် ၅၆ ကို ဆိုင်းငံ့ထားရန် အမိန့်ထုတ်ပေးခဲ့ခြင်းသည် လျှောက်ထားသူအတွက် တရားမမျှတမှု ကင်းမဲ့ စေပြီး နစ်နာမှုရှိနိုင်ပေသည်။"

ဦးအုန်းဖေ နှင့် ဦးအမ်ဂျီအာမက်ပါ (၂) (၁၉၈၈၊ မတစ၊ စာ ၅၇(၅၉))အမှုတွင် အောက်ပါအတိုင်းညွှန်ပြသည်။

"ဒေါ်အုန်းခင် နှင့် ဒေါ်ကြင်စိန် အမှု (၁၉၆၆၊ မတစ၊ စာ ၅၄၈) အမှု တွင် မူလရုံးသုံးသပ်သကဲ့သို့ တရားမကျင့်ထုံး အမိန့် ၂၁၊ နည်း ၂၉ အရ ဇာရီမှုကို ဆိုင်းငံ့ထားရန်မှာ စွဲဆိုထားသော တရားမမှုနှင့် အတည်ပြု ဆောင်ရွက်ပေးရမည့် ဒီကရီတို့မှာ သဘောချင်းတူဘို့မလိုဟူသော အချက် သာမက တရားနိုင်နှင့် တရားရှုံးတို့သည် တစ်ဦးအပေါ်တစ်ဦးက တောင်းဆိုမှု များကို "ထေ" နိုင်ကြစေရန် ရည်ရွယ်ချက်ပါဝင်ကြောင်း ထုံးဖွဲ့ထားသည်။"

---

(ဇ) ဆိုင်းငံ့ရန်လျှောက်လွှာကို ဇာရီမှုတွင် ပစ္စည်းမရောင်းချမီ တင်သွင်း ရမည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အမိန့် ၂၁၊ နည်းဥပဒေ ၂၉ အရ လျှောက်လွှာကို ပစ္စည်းမရောင်းချမီသာ တင်သွင်းနိုင်ကြောင်း U AUNG DIN v.  HALDAR (အိန္ဒိယစီရင်ထုံးများ၊ အတွဲ ၁၃၊ ရန်ကုန်၊ စာ ၃၅၁) အမှုတွင် အောက်ပါအတိုင်း ညွှန်ပြထားသည်။

"After he sale of his property and before its confirmation, the judgment-debtor filed a suit against the decree-holder alleging a certain agreement with regard to the satisfaction of the decree. He applied to the Court for a stay of confirmation of the sale under Order 21, rule 29, of the Civil Procedure Code.
Held, that the application was too late and could only have been made before the sale."

----

အပိုင်း (၃)
xxxxxxxxx

အမိန့် ၄၁၊ နည်း ၅ အရ ဇာရီမှုကို ဆိုင်းငံ့ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆက်လက်ဖော်ပြပါမည်။

လေးစားစွာဖြင့်


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...