Tuesday, November 27, 2018

ဖိအားပေး၍ အနိုင်ယူခြင်းသည် တရားမျှတမှု မဟုတ်

ပြေလွင်မြင့် 

ပြုံးစရာကာတွန်းလေးတစ်ကွက် တွေ့ရတယ်။
တရားရေးဆိုတဲ့ တိုင်ကြီးတစ်တိုင် ကို ကလောင်ရှည်ကြီးထမ်းထားတဲ့  လူတစ်ယောက်က စက်ဝိုင်းပတ်ပတ် ပြီး လမ်းလျှောက်နေတဲ့ပုံ။ ကလောင် တစ်ချောင်းထမ်းပြီး တရားစီရင်မှုကို  စောင့်ကြပ်နေတဲ့ သဘောထင်ပါရဲ့။ အဲဒီလူက “ထိရဲထိကြည့်၊ ဟင်း၊ဟင်း” ဆိုပြီး ကြိမ်းဝါးနေသေးတာ။ လင်းတ လိုလို ငှက်တစ်ကောင်ရဲ့ မှတ်ချက် လည်းပါတယ်။ ““ဒီလို လူမျိုးတွေ လည်း- ရှိသေးတယ်နော်”” တဲ့။

တကယ့်ကို ကာတွန်းလေးက ချစ် စရာ၊ ပြုံးစရာလေးပါပဲ။
အဲဒီနေ့မှာပဲ အမျိုးသမီး တရား ရေးအရာရှိတစ်ယောက်က ကျွန်တော့် ကိုပြောတယ်။
““အဲဒါ၊ ရှင့်ကိုရေးတာပဲဖြစ်မယ်၊ ရှင်တစ်ယောက်ပဲ ကာကွယ်ခုခံနေ တာမဟုတ်လား””

ကျွန်တော် သေချာပြန်တွေးကြည့် တယ်။ ကာတွန်းက ကျွန်တော့်ကိုရည် ရွယ်ပြီး ရေးတယ်လို့တော့ဖြင့် မထင် ပါဘူး။
ဒါပေမဲ့၊ ကျွန်တော်က သူမ,ပြော သလို ကာကွယ်ခုခံနေတာလား။ ကာ ကွယ်ခုခံဖို့ လိုသလား။ ကာကွယ်ခုခံ နေတာဆိုရင်ကော၊ ဘာအတွက်လဲ၊ ဘာကြောင့်လဲ။ ဘာအကြောင်းကြောင့် လဲ။

တရားစီရင်ရေးဆိုတာ တစ်စုံတစ် ယောက်၊ တစ်စုတစ်ဖွဲ့က ကာကွယ် ပေးဖို့လိုအပ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့ ကျွန်တော်မထင်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ဥပဒေ မရှိရင် တရားစီရင်ရေးဆိုတာမရှိဘူး။ တရားစီရင်ရေးဌာန၊ တရားစီရင်တဲ့ အဖွဲ့အစည်းသည်ပင်လျှင် ဥပဒေပြ ဋ္ဌာန်းချက်အရ ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။ တရားသူကြီး၊ ဥပဒေအ ရာရှိ၊ ရှေ့နေရှေ့ရပ်၊ ရဲတပ်ဖွဲ့ အစရှိ တဲ့သူတွေဟာ တရားစီရင်မှုမှာ အဓိ ကပါဝင်တဲ့သူတွေပါပဲ။ အဓိကဇာတ် ကောင်တွေပါပဲ။

တရားစီရင်မှုဆိုတာ တရားသူကြီး တစ်ဦးတည်းနဲ့ပဲ သက်ဆိုင်အကျုံး ၀င်တဲ့ ကိစ္စမဟုတ်တာ လူတိုင်းသိပါ တယ်။
အမှုအခင်းတစ်ခု ပေါ်ပေါက်လာ ရင် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ( investigate)လုပ်ရတယ်။ သက်သေ၊ သက်သေခံအရာ(၀တ္ထုပစ္စည်း)တွေ နဲ့ အမှုတည်ဆောက်ရတယ်။ ပြစ်မှု ကျူးလွန်ကြောင်း အထောက်အထား ရှိတဲ့ တရားခံကို ဖမ်းဆီးရတယ်။ သူ  ကျူးလွန်တဲ့ပြစ်မှုက တည်ဆဲဥပဒေ များအရ ဘယ်ပုဒ်မနဲ့အကျုံးဝင်တယ် (ဘယ်ပြစ်မှုနဲ့ တရားစွဲတင်ရမယ်) ဆို တာကို သက်ဆိုင်ရာဥပဒေအရာရှိထံ မှာ ဥပဒေအကြံဉာဏ် တောင်းခံရ တယ်။ ဥပဒေအကြံပြုချက်အရ တ ရားရုံးကို တရားစွဲဆိုတင်ပို့ရတယ်။

တရားခံက ကျွမ်းကျင်တဲ့ရှေ့နေ ရှေ့ရပ်ကို မိမိစိတ်တိုင်းကျ ငှားရမ်း ပြီး ခုခံချေပခွင့်ရှိတယ်။ (သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ်ကျခံနိုင်တဲ့ ပြစ်မှုမျိုးနဲ့ တရားစွဲခံရတဲ့တရားခံက ရှေ့နေမငှားနိုင်ပါဘူးဆိုရင်တောင်မှ သူ့အတွက် အမှုလိုက်ပါဆောင်ရွက် ပေးမယ့် ရှေ့နေတစ်ယောက်ယောက် ကို နိုင်ငံတော်စရိတ်နဲ့ ငှားရမ်းပေးရ တယ်။

အမှုစစ်ဆေးစီရင်တဲ့ တရားရုံး တစ်ခုမှာ စွပ်စွဲခံရတဲ့တရားခံရယ်၊ စွပ် စွဲသူ(သာမန်အားဖြင့်တရားလို)ရယ်၊  နှစ်ဖက်တင်ပြတဲ့သက်သေတွေရယ် ပါဝင်ရတယ်။
တရားခံဘက်က သူ့ရဲ့ရှေ့နေက လိုက်ပါဆောင်ရွက်တယ်။ တရားလို (ရာဇ၀တ်မှုတွေမှာဆိုရင် နိုင်ငံတော်)ဘက်က ဥပဒေအရာရှိက လိုက်ပါ ဆောင်ရွက်တယ်။ တရားသူကြီးက သက်သေစစ်ဆေးပေါ်ပေါက်ချက်များ အရ တရားခံအပြစ်ရှိ၊မရှိ ဥပဒေပြဋ္ဌာန်း ချက်များအရ စီရင်ဆုံးဖြတ်တယ်။ ပြစ်ဒဏ်ပေးတာ များတယ်၊ နစ်နာ တယ်လို့ တရားခံကယူဆရင် အထက် တရားရုံးကို အယူခံတက်ရောက်ခွင့် ရှိတယ်။ တရားခံကို ပြစ်မှုမထင်ရှား လို့ လွှတ်လိုက်တဲ့အခါ၊ သို့မဟုတ်- ပြစ်ဒဏ်ပေးတာ နည်းတယ်လို့ ယူဆ တဲ့အခါ၊တရားလို(ဥပဒေအရာရှိ)ဘက် က အထက်ရုံးကို အယူခံမှု/ပြင်ဆင်မှု  တက်ရောက်ခွင့်ရှိတယ်။

အထက်ရုံးရောက်တဲ့အခါ အောက် တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ဟာ မှား ယွင်းကြောင်း၊ မှန်ကန် မျှတမှုမရှိ ကြောင်း၊ ဥပဒေနဲ့မညီညွတ်ကြောင်း တရားဝင်/နည်းလမ်းတကျ လျှောက် လဲခွင့်ရှိတယ်။ အရေးဆိုခွင့်ရှိတယ်။
အဲဒါ အတည်ဖြစ်ဆဲ ဥပဒေပြဋ္ဌာန်း ချက်တွေအရ ယေဘုယျကျင့်သုံးနေ တဲ့ တရားစီရင်မှုဖြစ်စဉ်ပါပဲ။

တရားစီရင်ရေးဇာတ်ခုံမှာ ပါဝင် ကြရတဲ့ ရဲအရာရှိ၊ ဥပဒေအရာရှိ၊ ရှေ့ နေရှေ့ရပ်၊ တရားသူကြီး  စသူတို့ အားလုံးဟာ သူတို့ပြုလုပ်ဆောင်ရွက် ရမယ့် လုပ်ငန်းတာဝန်နဲ့ ပတ်သက်လို့ တတ်မြောက်ဖို့လိုအပ်တဲ့ ပညာရပ် တွေကို ဆည်းပူးခဲ့တဲ့သူတွေချည်းပါ ပဲ။ လေ့ကျင့်ထားတဲ့သူတွေချည်းပါပဲ။ ထိုက်တန်တဲ့ အရည်အချင်းရှိလို့ ခန့် ထားခဲ့သူတွေချည်းပါပဲ။

သူတို့တာဝန် ဘာလဲဆိုတာ သူ တို့ ကောင်းကောင်းသိတယ်။ ဘာလုပ် ရမလဲဆိုတာ သူတို့ ကောင်းကောင်း သိတယ်။ ဘာမလုပ်ရဘူးဆိုတာလည်း သူတို့ ကောင်းကောင်းသိတယ်။ သူ တို့ ဘယ်နေရာအထိရောက်အောင် သွားခွင့်ရှိတယ်၊ ဘယ်နေရာကိုရောက် ရင် ရပ်ရမယ်ဆိုတာ ကောင်းကောင်း နားလည်တယ်။

အဲဒီလိုလူတွေပါဝင်တဲ့ တရားစီ ရင်ရေးဆိုတာကို တစ်ယောက်ယောက် က ကာကွယ်ပေးဖို့၊ ခုခံပေးဖို့၊ လိုအပ် မယ်လို့ ကျွန်တော်မထင်မြင်ပါဘူး။ ကျွန်တော် မယူဆပါဘူး။ ဘယ်သူ့ အကာအကွယ်ကိုမှ ရယူဖို့မလိုပါဘူး။

သို့ပေတဲ့၊ ကျွန်တော်က တရား စီရင်ရေးနဲ့ပတ်သက်တဲ့ ဆောင်းပါး လေးတွေ၊ ကျွန်တော့်ရဲ့ ထင်မြင်ယူဆ ချက်တွေကို ဟောတစ်ပုဒ်၊ ဟောတစ် ပုဒ်ဆိုသလို အတော်များများရေးဖြစ် ခဲ့ပါပြီ။ ၀န်ခံရမယ်ဆိုရင် ရေးရတာ အတော်ငြီးငွေ့နေပါပြီ။

ဒါပေမဲ့ ရေးစရာအကြောင်းအရာ တွေက ရှိနေသေးတယ်။ အသစ်အ သစ်တွေလည်း ပေါ်ပေါက်နေသေး တယ်။ ပွင့်လင်းမြင်သာရှိလာတယ်- ဆိုတဲ့ ခုလိုအခါမျိုးမှာ သတင်းစာ၊ ဂျာနယ်တွေ အပြိုင်းအရိုင်း ပေါ်လာ တာကို စာရေးဆရာတစ်ယောက်အ နေနဲ့ ကျေနပ်အားရမိတာအမှန်ပါ။

ဘိန်းချလို့ရတဲ့ပိုက်ဆံနဲ့ပဲဖြစ်ဖြစ်၊ သစ်မှောင်ခို ကျောက်မှောင်ခိုလုပ်လို့ ရလာတဲ့ ပိုက်ဆံနဲ့ပဲဖြစ်ဖြစ်၊ ချဲဒိုင်-ဘောလုံးဒိုင် လုပ်လို့ရလာတဲ့ပိုက်ဆံ နဲ့ပဲဖြစ်ဖြစ်၊ ပြောရရင်-မတော်မတရား ရှာဖွေရရှိလာတဲ့ အစီးအပွားနဲ့ပဲဖြစ် ဖြစ်၊ ချွေးနှဲစာလေးတွေကို ရိုးရိုး သားသား ခြစ်ကုတ်စုဆောင်းရရှိလာ တဲ့ ပိုက်ဆံနဲ့ပဲဖြစ်ဖြစ်၊ သတင်းစာ/ ဂျာနယ်ထုတ်ဝေခွင့်ရလို့ စာနယ်ဇင်း မီဒီယာရယ်လို့ ဖြစ်ခဲ့တယ်ဆိုရင်လည်း စာရေးတဲ့သူတစ်ယောက်အနေနဲ့ ကျေ နပ်ရမှာပါပဲ။ လက်နက်နဲ့ငြိမ်းချမ်းရေး တောင် လဲခဲ့သေးတာပဲ။

သို့သော်၊ အဲဒီလိုလူကြီးမင်းတွေ က ဥပဒေအရ စနစ်တကျဖွဲ့စည်းထား တဲ့ ဌာနအဖွဲ့အစည်းတွေကို၊ သို့မ ဟုတ်- သက်ဆိုင်တဲ့ဘာသာရပ်၊ လုပ် ငန်းတာဝန်အလိုက် ကျွမ်းကျင်အောင် လေ့ကျင့်ဆည်းပူးထားတဲ့ သူတွေကို  စာနယ်ဇင်း မီဒီယာအနေနဲ့ ဝေဖန် ထောက်ပြတဲ့အခါ နည်းလမ်းကျနတာ တွေ့ရသလို၊ နည်းလမ်းမကျနတာတွေ ကိုလည်း တွေ့ရတယ်။ အမှန်ကို ဝေ ဖန်ထောက်ပြနိုင်တာတွေ့ရသလို လမ်းဘေးက lay man တွေလို ရေးမိ ရေးရာ၊ ပြောမိပြောရာ၊ လောဘ-အာ ဃာတ မကင်းစင်သူတွေက တက် ထောင်မောင်းနင်း ရေးချင်တိုင်းရေး နေတာတွေလည်း ဖတ်ရတယ်။ (အဲ ဒါမျိုးကိုမှသဘောကျတဲ့ လူပြိန်းတွေ ရှိနေတာလည်း သိပါတယ်)

နားမလည်တဲ့ လူပြိန်းတွေက လက်ခုပ်လက်ဝါးတီးကြပေမဲ့ သေ ချာနားလည်တဲ့သူတွေက စိတ်မချမ်း သာကြဘူး။ ဘယ်သူကတော့ဖြင့် ဘယ်လိုရေးလိုက်ပြန်ပြီ။ ဘယ်သူက ဘယ်လို လက်လွတ်စပယ်ပြောလိုက် တာကို ပုံကြီးချဲ့ပြီး ရေးပြန်ပြီ၊ နားမ လည်ပါးမလည်နဲ့ ပြောနေ၊ ရေးနေ တာတွေကို ဒီတိုင်း ကြည့်နေဦးမှာ လား-တဲ့။ ပြန်ရေးမှဖြစ်မှာပေါ့-တဲ့။ တစ်ပုဒ်နှစ်ပုဒ် ရေးပြီးရင်၊ ဒါတွေမရေး ချင်၊ မရေးတော့ဘူး-တွေးခဲ့ပေမဲ့ ထန်းတက်လက်မှတ်ရတဲ့ ထန်းသမား လိုပဲ။ ဆရာမောင်စွမ်းရည်က ““မြို့ ပေါ်မှာသောင်တင်၊ ကလောင်မင်အက် ဆစ်စွက်၊ ဟိုပက်ဒီကော်၊ တစ်နေ့ သော်ပိုင်နိုးနိုင်နိုးနဲ့၊ ဝေဖန်ရေးကျားဆိုး ကို၊ အားကြိုးမာန်ခဲ၊ အမြီးကိုဆွဲမိပေါ့”” ကဗျာထဲရေးတဲ့အတိုင်း ကျားဆိုးရဲ့ အမြီးဆွဲမိတာနဲ့ တူနေပြီ။

ဘယ်နှပုဒ်ပဲရေးရေး၊ ဘယ်လောက် များများ၊ ဘယ်လောက်ရှည်ရှည်ဝေး ဝေးပဲရေးရေး။ ကျွန်တော်ဦးတည်ခဲ့ တာ၊ ရည်ရွယ်ခဲ့တာ တစ်ခုတည်းပါပဲ။ independent of judiciary ပါ။ လွတ်လပ်တဲ့တရားစီရင်မှုပါ။ အမှီအ ခိုကင်းတဲ့ တရားစီရင်ရေးပါ။

တရားစီရင်မှု ဆောင်ရွက်နေသူ တွေကို သူတော်ကောင်း သူမြတ် လောင်းတွေ ဖြစ်တဲ့အကြောင်း၊ အာ မခံချက်ပေးနေတာ မဟုတ်ပါဘူး။ ခြောက်ပြစ်ကင်း သဲလဲစင်တွေ ဖြစ်တဲ့အကြောင်း၊ ထောက်ခံစာရေး နေတာ မဟုတ်ပါဘူး။ သူတို့ဟာ ခင် ဗျားတို့လိုပဲ ခင်ဗျားတို့ဖြတ်သန်းနေ တဲ့ခေတ်ကို ခင်ဗျားတို့နဲ့အတူတကွ ဖြတ်သန်းနေတဲ့ သူတွေပါ။ သူတို့ဟာ ခင်ဗျားတို့လောက်ပဲ ကောင်းနိုင်လိမ့် မယ်-ထင်ပါတယ်။

လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ တရားစီရင်မှု-ဆိုတာ တတ်မြောက် ကျွမ်းကျင်ပြီး ဖြောင့်မတ်မှန်ကန်တဲ့ အုပ်ချုပ်ရေးသမားတွေ၊ ပြည့်ဝရင့် ကျက်တဲ့ ပညာရှင်တွေ၊ အမြော်အမြင် ကြီးသူ၊ အတွေ့အကြုံရင့်သန်သူတွေ က ရှေ့နောက်ဆင်ခြင်ပြီး သဘော ထားကြီးစွာနဲ့  encourage လုပ်ပေးရ တာမျိုး၊ ဝေဖန်ထောက်ပြရတာမျိုးပါ။

လောဘ၊ အာဃာတမကင်းစင် သူ၊ ဉာဏ်ပညာနည်းသူ၊ တရားစီရင် မှုနဲ့ပတ်သက်ပြီး နကန်းတစ်လုံးမှ နား မလည်သူတွေက ကိုယ့်စိတ်နဲ့မတွေ့ တိုင်း၊ ကိုယ့်အလိုဆန္ဒနဲ့ မကိုက်ညီ တိုင်း၊ မျက်မမြင်ဆင်စမ်းသလို၊ ဂျပိုး သူခိုးတွေကိုပြောသလို၊ လက်လွတ် စပယ်ပြောပြီး ချိုးဖဲ့နှိပ်ကွပ်နေရတာ မျိုး မဟုတ်ပါဘူး။ ကိုယ်အနိုင်ရစေချင် တဲ့သူကို အနိုင်ရရှိရေးအတွက် ချိုးဖဲ့ နှိပ်ကွပ်နေတာ၊ တိုင်စာနဲ့ ခြိမ်းခြောက် တာ၊ တစ်နည်းနည်း ဖိအားပေးတာ ဟာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ တရားစီရင်ရေးကို အနှောင့်အယှက် ပေးနေတာပါပဲ။ တရားဥပဒေစိုးမိုး ရေးကို အဖျက်အမှောင့် လုပ်နေတာ ပါပဲ။

ဒီစာမူကို အဆုံးမသတ်မီ ၀မ်းသာ စရာသတင်းတစ်ခု ဖတ်ရပါတယ်။

မကြာသေးခင်က အုတ်အော် သောင်းတင်းလုပ်ခဲ့တဲ့ သတင်းထောက် မိန်းကလေးရဲ့အမှု၊ ပြစ်ဒဏ်တိုးမြှင့် ပေးဖို့အတွက် တရားလိုရှေ့နေ မိန်း ကလေးဘက်က ပြင်ဆင်မှုတင်သွင်း ခဲ့တာမှာ ကယားပြည်နယ် တရား လွှတ်တော်က လက်ခံကြားနာခြင်းမ ပြုဘဲ ပယ်ချလိုက်တယ်ဆိုတဲ့သတင်း ပါ။ တကယ်က “ပယ်ချ”တာမဟုတ် ပါဘူး။ (summary dismiss) ““အ ကျဉ်းနည်းပလပ်””လိုက်တာ ဖြစ်ပါ တယ်။ ““လက်ခံဆောင်ရွက်ဖို့ အ ကြောင်းမပေါ်ပေါက်တဲ့အတွက် အမှု ပ လပ်လိုက်တာဖြစ်တယ်”” ဆိုတာကို လည်း တရားလွှတ်တော်တရားသူကြီး ဦးတင်ဌေးကပြောပါသတဲ့။

ကျွန်တော် စဉ်းစားမိပါတယ်။
အကယ်၍များ သူမ,တင်သွင်းတဲ့ ပြင်ဆင်မှု၊ အဲသလိုပလပ်လိုက်တာ ကို ရှေ့နေမိန်းကလေးဘက်က မကျေ နပ်ဘူးဆိုပါတော့။ အဲသလို မကျေနပ် တဲ့အတွက် မီဒီယာစာမျက်နှာတစ်ခု ကနေ ကြေညာချက် ထုတ်ပြန်ခဲ့မယ် ဆိုပါတော့။

““ကယားပြည်နယ် တရားလွှတ် တော်သည်  ၎င်းတင်သွင်းသည့် ပြင် ဆင်မှုကို မတရားသဖြင့် စီရင်ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း၊ တရားသူကြီးသည် အဂတိလိုက်စား၍ စီရင်ဆုံးဖြတ်ခဲ့ခြင်း ရှိမရှိ၊ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေး အာဏာပိုင်များက ၀င်ရောက် စွက်ဖက်ခဲ့ခြင်းရှိမရှိ၊ နိုင်ငံတော်အ ကြီးအကဲများအနေဖြင့် စုံစမ်းစစ်ဆေး ရေးအဖွဲ့ ဖွဲ့၍ ဆောင်ရွက်ပေးသင့်ပါ ကြောင်း၊ ရှေ့နေတစ်ဦး၏ မိမိနေအိမ် အတွင်း လွတ်လပ်စွာနေထိုင်မှုကို ထိ ခိုက်ပါကြောင်း၊ လူ့အခွင့်အရေးကို ထိပါးကျူးကျော်ရာရောက်ပါကြောင်း၊ ရှေ့နေကွန်ရက်နှင့် လူမှုအဖွဲ့အစည်း များအနေဖြင့်လည်း ၀ိုင်းဝန်းပူးပေါင်း ပါဝင်ကြပါရန် တိုက်တွန်းပါကြောင်း၊ ပြင်းထန်စွာကန့်ကွက်ပါကြောင်း”” အစရှိတဲ့ ကြေညာချက်မျိုးကို ထုတ် ပြန်ခဲ့မယ်ဆိုပါတော့။ အဖွဲ့အစည်း တချို့မှာ မသိနိုးနား နိုးကြားနေတဲ့သူ အချို့ကလည်း ဓာတ်တိုင် နှစ်တိုင် လောက် လမ်းလျှောက်ဆန္ဒဖော်ထုတ် ခဲ့မယ်ဆိုပါတော့။

အဲဒါဆို နှစ်ဖက်ဆိုင်ပြိုင်တဲ့အမှု မှာ လွတ်လပ်စွာစီရင်ရမယ့် တရားစီ ရင်မှုကို ၀င်ရောက်စွက်ဖက်ရာ ရောက် ပါမယ်။ စဉ်းစားကြည့်ပါတယ်။ ၃၁-၁၂-၂၀၁၃ ရက်နေ့မှာ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်တဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့်ကို တရားလွှတ် တော်က ထည့်သွင်းစဉ်းစားခဲ့ဟန်တူ ပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတဲ့အမိန့် မှာ သတင်းထောက်မိန်းကလေးကျူး လွန် (တယ်ဆိုပြီး) အပြစ်ပေးခံရတဲ့ ပြစ်မှုတွေ အကျုံးမ၀င်တဲ့အတွက် ပြစ် ဒဏ်ရဲ့လေးပုံတစ်ပုံလျော့နည်းကျခံ စေတဲ့ သာမန်အခွင့်အရေးကိုသာ ခံ စားခွင့်ရခဲ့ပါတယ်။ သို့ပေတဲ့၊ မောင်စိုး သိန်းပါ-၅ နှင့် ပြည်ထောင်စုမြန်မာ နိုင်ငံအမှု(၁၉၇၂၊မတစ၊၁၅)မှာ““တော် လှန်ရေးကောင်စီဥက္ကဋ္ဌက အမိန့်အ မှတ်-၈၇/၁၉၇၁ ကို ထုတ်ပြန်၍ ယင်း အမိန့်မတိုင်မီက ကျခံနေရသော ရာဇ ၀တ်ပြစ်ဒဏ်များကို သုံးပုံတစ်ပုံလျှော့ ပေးခဲ့သည်။ လျှော့ပေးပြီး ပြစ်ဒဏ် ကို တရားရုံးက တိုးမြှင့်ခြင်းမပြုနိုင်၊  တိုးမြှင့်ပေးခြင်းမပြုအပ်၊ နိုင်ငံတော် အာဏာဖြင့်ထုတ်ပြန်သော အမိန့်ဖြစ် ၍ တရားဥပဒေ အာနိသင်ဆောင် သည်”” ဆိုပြီး စီရင်ထုံးပြုပါတယ်။ အဲဒီစီရင်ထုံးကို ဒေါ်တင်တင်အောင် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အမှု (၂၀၁၁၊မတစ၊၃၉)နဲ့ ဒေါ် သန်းသန်းနွဲ့နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပါ ၂ အမှု (၂၀၁၂၊ မတစ၊၅၉)တွေမှာ လိုက်နာခဲ့ပါတယ်။ ပြစ်ဒဏ်တိုးမြှင့်ဖို့ မလျော်ကန်တာ ကြောင့် ပြင်ဆင်မှုကို အကျဉ်းနည်း ပလပ်ခဲ့တာ ဖြစ်မယ်ထင်ပါတယ်။ တရားဥပဒေကလှပါတယ်။ မှိုချိုးမျှစ် ချိုးပြောသူတွေက နားမလည်နိုင်တာ ပါ။ မစောင့်စည်းနိုင်တာပါ။

တရားစီရင်မှုကို လူအုပ်နဲ့ဖိအား ပေးတာ(ဆိုရင်) မှားယွင်းပါတယ်။ the rule of law and not of men.

ဆိုကရေးတီးကို အဆိပ်ခွက်ပေး ပြီး သေဒဏ်ကျခံစေခဲ့တာဟာ Learned Judge  ဆိုတဲ့ ပညာရှိတရားသူ ကြီးတစ်ဦးက ချမှတ်တဲ့ စီရင်ချက် မဟုတ်ပါဘူး။ ဉာဏ်ပညာအမြော်အ မြင်နုံ့နဲ့တဲ့သူတွေ ချမှတ်တဲ့ စီရင်ချက် ပါ။ လူများတရားနိုင်ဖြစ်ခဲ့တာပါ။

The Ladies News Journal


Monday, November 26, 2018

ဒီမိုး၊ ဒီလေ၊ ဒီလူတွေ

ပြေလွင်မြင့် 

““ဟလို””
““အိပ်နေတာလား ကိုယ့်လူရဲ့၊ စကားပြောရအောင်ပါ””
““မပြောနိုင်ဘူး - ကိုပြေလွင်မြင့်၊ အချိန်ကိုလည်းကြည့်ဦး။ ဘယ့်နှယ်၊ သန်းခေါင်သန်းလွှဲကျမှ စကားပြော ချင်ရတယ်လို့””
““aggressive မှာ ရေးတာလေး ခုမှဖတ်မိတာနဲ့ ခင်ဗျားနဲ့ စကားပြောချင်လာလို့ပါဗျာ၊ ခင်ဗျား စိတ်မ၀င် စားရင်လည်း အိပ်တော့၊ ကျွန်တော် ဖုန်းချလိုက်တော့မယ်””
““ဟေ့လူ၊ ဖုန်းမချလိုက်နဲ့ ဦးဗျ၊ ဘယ် aggressive ဂျာနယ်လဲ၊ တစ်ခါမှ - မကြားဖူးပါလား။ အသစ် ထွက်တာလား၊ ပြောပါဦး””

““ကိုယ့်လူက အိပ်ချင်မူးတူးနဲ့ ကြောင်ပြန်ပါပြီ။ aggressive ဆိုတာ ခင်ဗျားပေးထားတဲ့ nickname ပဲ လေဗျာ။ ကားပါမစ်ပေါ်လစီပြောင်း ပြောင်းပြန်ပြီ၊အခွန်ကောက် ကောက်ပြန်ပြီ၊ ကားတွေကျပ်ကျပ်ပြန်ပြီ၊ လမ်းတွေပျက် ပျက်ပြန်ပြီ၊ အုပ်ချုပ်တဲ့သူ တွေလည်းမကောင်း၊ ဥပဒေပြုအမတ်တွေကလည်းညံ့၊ တရားစီရင်သူတွေလည်း တစ်စက်မှရစရာမရှိအောင် ပြော၊ မီဒီယာအချင်းချင်း ကျတော့လည်း မတည့်၊ ရန်လိုလွန်း၊ အမှုပွေလွန်းလို့ ခင်ဗျားပဲ ချစ်စနိုးနဲ့ နာမည် ပေးခဲ့တာလေ- aggressive ””

““ဟုတ်ပါပြီ၊သိပါပြီဗျာ။ ကဲ-ပြောစရာရှိတာသာ ပြောပါတော့””
““ဘာမှမဟုတ်လှပါဘူးဗျာ၊ ခုတလော ရေးစရာကုန်ကြမ်း ရှားပြန်တယ် ထင်ပါရဲ့။ ဓာတ်ပြားဟောင်းကြီးဖွင့်၊ ဖိုင်တွဲအစုတ်အပြတ်တွေ ဓာတ်ပုံရိုက်ပြပြီး သူတို့အမှုတွေကို တစ်ခါမှအနိုင် မပေးခဲ့တဲ့တရားရုံးတွေကို မရေရာတဲ့ စွပ်စွဲချက်တွေနဲ့ အပုပ်ချရေးထားတာဖတ်ပြီး စိတ်ပျက်လွန်းလို့ ခင်ဗျားဆီ ညကြီးမင်းကြီး ဖုန်းဆက်မိတာပါ””
““ပြောပါဦးဗျာ၊ ဘာတွေ- ဒီလောက်ရေးထားလို့လဲ””

““မပြောချင်တော့ဘူးဗျာ၊ ပြောလည်း- အိပ်ပျက်တာပဲ အဖတ်တင်မယ်၊ ဖုန်းချလိုက်တော့မယ်””
““ဟေ့လူ ကိုပြေလွင်မြင့်။ တိုးလို့ တန်းလန်းမလုပ်ပါနဲ့ဗျ။ ကျုပ်-အခု မျက်လုံးကျယ်သွားပြီ””
““ရန်ကုန်ကယိမ်းယိုင်ပြီး  မန္တလေး ကပြိုလဲနေတယ်ဆိုတာမျိုးက စတာပါပဲဗျာ””
““အဲဒီ- ဆီသည်မ လက်သုတ်ကြီး လာပြန်ပြီလားဗျ””
““အိပ်ပျက်တာပဲ အဖတ်တင်မယ်လို့ပြောသားပဲဗျာ။ မြှောက်ပေးရင် သေးထွက်အောင်ကတဲ့ ဟိုလူတွေ ကိုပဲ အရပ်ပြဇာတ်လုပ်ခိုင်းလိုက်တာပေါ့””

““သြော၊ ဒီလိုလား။ ဒါဆို- ခင်ဗျားမပြောနဲ့။ ကျုပ်ပဲပြောမယ်။ ဟို- တိုင်စာပေါင်းသောင်းခြောက်ထောင် ကိုပြပြပြီး ကမ္ဘာကြီးပျက်စီးလုနီးနေပါပြီလို့ အလန့်တကြား ထထအော်တတ်တဲ့ ဟိုလူကြီးပါတယ်မှုတ်လားဗျ””
““သေချာတာပေါ့ဗျာ၊ ဒီတစ်ခါတော့ ဖိုင်တွဲအစုတ်ကိုပါ ဓာတ်ပုံရိုက်ပြပါတယ်ဆိုမှ””

““ဟုတ်လား၊ တိုင်စာဖိုင်တွဲတဲ့ လား””
““ဖိုင်အဖုံးမှာတော့ အဲသလိုရေး ထားတာ တွေ့တာပဲဗျာ၊ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင်   လုပ်ထားတဲ့ documents တွေပေါ့၊ ကျွန်တော့်ဆီ ဒီတစ်ခါဂျာနယ်လစ်နဲ့လာရင် ဂိုဒေါင်ထဲက ဖိုင်တွဲအစုတ် တွေ ခါးလည်လောက်မြင့်အောင် စားပွဲပေါ်တင်ပြပြီး ဓာတ်ပုံအရိုက်ခံလိုက်မလားလို့””

““အရပ်ပြဇာတ်က ဆက်တင်တွေ ဘာတွေနဲ့ပေါ့လေ။ နေပါဦး၊ မိုးကောင်းကင်ကြီးကော ပါရဲ့မဟုတ်လား””
““ဘယ်သူ့ပြောတာလဲ၊အဲဒါတော့ ကျွန်တော်ဉာဏ်မမီဘူး””
““ခင်ဗျားကလဲဗျာ၊ သူ့အထက်မှာ မိုးကောင်းကင်ကြီးပဲ ရှိပါတယ်၊ မိုးပြိုမှာစိုးလို့ ညတိုင်း ဖင်ဘူးတောင်း ထောင်အိပ်နေပါတယ်ဆိုတဲ့ ဟာကြီးလေဗျာ””

““ကိုယ့်လူ၊ မှားနေပြီ။ ကျွန်တော်ကြားမိတာက မိုးကောင်းကင်နဲ့ အနီးဆုံးလူကိုပဲ မိုးကြိုးကပစ်တယ်ဆို တာပါ””

““ဒီလူတွေပဲဆိုရင်တော့ သူတို့ ဘာပြောမယ်ဆိုတာ ကျုပ်သိပြီ။ ငွေများ တရားနိုင်ဖြစ်နေပါပြီ။ ဘယ် တ ရားရုံးတွေမှာ ဘယ်သူ့ကို ငွေဘယ်လောက်ပေးရတယ်ဆိုတဲ့ သတင်းစကားတွေ မိုးလုံးပြည့်ပြောနေကြပါ ပြီ။ ပလတ်စတစ်ကောက်၊ ဒန်အိုး ဒန်ခွက်ရောင်း၊ လမ်းတကာလည်  အမှိုက်ကောက်တဲ့ ငနဲလေးတွေ (ဒါ ပေမဲ့ အမည်မဖော်လိုသူတွေ) ကပြော တဲ့ အထောက်အထား၊ အချက်အလက်တွေလည်း အပြည့်အစုံရထားပါပြီ။ ဒါကြောင့်၊ တရားစီရင်မှုဟာ ငွေများတရားနိုင် ဖြစ်နေတဲ့အတွက်  လူများ တရားနိုင်တဲ့နည်းနဲ့ ကျွန်တော်တို့က ထိန်းကျောင်းနေရပါပြီ။ ဒါ ကြောင့်၊ ဥပဒေက မည်သို့ပင် ဆိုစေကာမူ လူနည်းတရားရှုံးတဲ့ခေတ်ဟာ  လက်တစ်ကမ်းအကွာမှာ ရောက်နေပါပြီ၊ ဒါကြောင့့်  ”
”
““ဟိုး၊ ဟိုး၊ ကိုယ့်လူ။ အဲဒါတွေက ရိပ်ဖမ်း သံဖမ်းပဲပါတော့တာဗျ။ ဒီတစ်ခါက၊ ပိုပြီးပြောင်ပြောင်တင်းတင်း ပြောလာတာ””
““ဟုတ်လား။ ဘာတဲ့လဲ””
““ကျွန်တော်မှတ်မိသလောက်ပြန် ပြောပြမယ်ဗျာ။ ခင်ဗျား- သိပ်မရှုပ်နဲ့၊ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက် ရင် ရန်ကုန်က အများဆုံးဖြစ်ပါတယ်ဆိုပဲ””
““ဟုတ်လား။ ဘာအထောက်အထားနဲ့ ပြောတာလဲ””
““အထောက်အထားက ဖိုင်တွဲ အစုတ်နေမှာပေါ့ဗျာ။ သူ့ဘာသာသူ ရေးထားတဲ့တိုင်စာတွေလည်း ပါချင် ပါမှာပေါ့””

““နေဦး၊ ကျွန်တော်လည်း တိုင်စာ အစောင်တစ်ထောင်လောက်ရေးပြီး ဓာတ်ပုံအရိုက်ခံဦးမယ်။ ရှေ့နေကြီး တစ်ယောက်ဟာ တရားရုံးရဲ့ ဒီဂရီ အရ ကျွန်မတို့ အမွေခွဲဝေရမယ့် မြေ ပေါ်မှာ သူ့ရဲ့နိုင်ငံရေးပါတီရုံးကို အ ခိုင်အမာဆောက်ပြီး မတရားလုပ်နေ ပါတယ်။ တိုင်စာတစ်စောင်လက်ခံဖို့ ငွေဆယ်သိန်းပေးရပါတယ်။ တာဝန် ရှိသူလက်ထဲ အရောက်ပို့ပေးဖို့ဆိုရင် သိန်းနှစ်ဆယ်ပေးရပါတယ်။ တာဝန်ရှိတဲ့သူက ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ဆိုရင် အဲဒီတာဝန်ရှိ သူဆိုသူအတွက် သိန်းတစ်ရာထပ်ပေး ရပါတယ်။ မြန်မာပြည်မှာ၊ အကောင်းဆုံး စီးပွားရေးလုပ်ငန်းက တိုင်စာလက်ခံစိစစ်တဲ့ လုပ်ငန်းပဲဖြစ်ပါတယ်။တိုင်းကြားခံရတဲ့ ဌာနအဖွဲ့အစည်းကိုလည်း မိုးပြောချိုးပြောပြောလို့ ရတယ်။   ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းယောင်ဆောင်ပြီး ကိုယ်စားထားဝါးထားတာတွေကို မရိုးသားတဲ့ မီဒီယာတွေနဲ့ ပူးပေါင်းပြီး အကာအကွယ် လုပ်ထားလို့ရတယ်။ တိုင်ကြားတဲ့ သူတွေအားလုံး သူတော်ကောင်း သူတော်မြတ်တွေဖြစ်ပြီး၊ အတိုင်ခံရသူတွေအားလုံး(ကျွန်တော်တို့မပါ)သူ ယုတ်မာတွေဖြစ်ပါတယ်။ သံကောင်းဟစ်လို့ ဘယ်လောက်ကောင်းလဲ””

““ဟေ့လူ၊ ကျွန်တော်ပြောဦးမယ် လေဗျာ””
““ပြောဗျာ၊ပြောဗျာ””
““လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ရင် ရန်ကုန်က အများဆုံးဆိုတာ ပြောတဲ့အပြင် ရန်ကုန်တိုင်းတရားသူ ကြီးချုပ်နဲ့ တရားလွှတ်တော်တရား သူကြီးတွေရဲ့နာမည်ကို တန်းစီရေးပြတာဗျ””

““ပေါ်တင်ကြီးပါလားဗျာ””
““အရင်လုပ်ခဲ့တဲ့ ရာထူးဌာနန္တရ တွေတောင်ပါသေးတယ်ဗျ””
““ကျွန်တော်သိသလောက်၊ ရန်ကုန်တိုင်း တရားသူကြီးချုပ်ဆိုရင် မြောက်ဒဂုံ၊ ၃၆/၃ရ ချောင်ကြိုချောင် ကြားရပ်ကွက်မှာ နံကပ်တိုက်နဲ့ နေတာဗျ။ ခု-ပြောတဲ့သူက ဘယ်ဝင်ဒါမီယာမှာ ဘယ်လိုတိုက်ကြီးနဲ့ နေ တာတဲ့လဲ””
““ဒါတော့၊ ဘယ်သိမှာလဲဗျာ။ ဒီလူတွေက၊ ပြောင်ပြောင်တင်းတင်း စော်ကားလာတာပြောပါတယ်””
““အဲဒါကို၊ အဲဒီတရားသူကြီးတွေက ဘာကြောက်ပြီး ရေငုံနှုတ်ပိတ် လုပ်နေကြတာလဲဗျ””
““ဒါတော့ ဘယ်သိမှာလဲ ကိုယ့်လူရာ။ စစ်ကိုင်းတိုင်းတရားသူကြီးချုပ်ကို စော်ကားလိုက်တာများဆိုရင် ရ စရာကိုမရှိဘူး””
““ဟုတ်လား၊ နာမည်နဲ့ပြောတာ လား””

““နာမည်လိုလို့လားဗျာ၊ တိုင်းတစ်တိုင်းမှာ တရားသူကြီးချုပ်ဆိုတာ တစ်ယောက်ပဲရှိတဲ့ဟာ””
““ဟုတ်သားပဲ””
““အမှုတစ်မှုချင်းကို လာဘ်ငွေ သိန်း ၅၀၊ ၁၀၀ လက်ခံခဲ့သတဲ့။ သိန်း ၂၀၀ ပေးတဲ့သူကို ထောင်ချခဲ့သတဲ့””
““အထောက်အထားရှိလို့လား””
““အဲဒီထောင်ကျခဲ့တဲ့သူကိုယ်တိုင်က ပြောတာတဲ့လေ””
““ဟ၊ ထောင်ကျတရားခံက တရားသူကြီး ဘယ်လောက်ပေးရပါတယ် ပြောတာ ယုံရလောက်အောင် ခင်ဗျား လူတွေက ဦးနှောက်မှရှိသေးရဲ့လားဗျ””
““သူတို့ အရည်အချင်းပဲလေဗျာ။ပြီးတော့ရှိသေးတယ်။ ငွေသာမက လူကိုပါ အိပ်ဖို့စည်းရုံးသတဲ့။ အဲဒီ တရားသူကြီးရဲ့ - ၁၀ နှစ်ကျော်ကြာ ကိုယ်ထိလက်ရောက် စော်ကားမှုကို ခံခဲ့ရပါတယ်ဆိုတဲ့ တရားသူကြီးမ လေးတစ်ယောက်ဟာလည်း   ဒီပဲယင်းမြို့ကနေ ရွှေဘိုမြို့ကို ပြောင်းရွှေ့ခံရပြီး ၁၅ ရက်လောက်အကြာမှာ ရာထူးက ရပ်ဆိုင်းခံခဲ့ရတယ်တဲ့””

““အဲဒါကော အထောက်အထား ရှိလို့လား””
““ပြောတာကိုကြားပါတယ်ဆိုပြီး ရေးပါတယ်ဆိုတဲ့ ဂျာနယ်ပါဆိုမှ””
““နေပါဦး၊ ကျွန်တော်သိသလောက်ဆိုရင်၊ အဲဒီကိစ္စကို သူတို့အဖွဲ့ဖွဲ့ပြီး သွားစစ်ခဲ့သေးဆို။ သူက၊ သူတို့ရဲ့ စစ်ဆေးပေါ်ပေါက်ခဲ့တဲ့တွေ့ ရှိချက်ကိုပြောနေတာလား””

““အဲဒီလိုလည်း သေချာမပြောဘူးဗျ။ အစိုးရတို့ ပြည်ထဲရေးတို့က ဆက်လုပ်မှာဖြစ်ပါတယ်တဲ့””

““စစ်ဆေးပေါ်ပေါက်တဲ့အထောက် အထားမရှိဘဲနဲ့ ပြောရဲတာ အံ့သြတယ်ဗျာ။ သူတို့ပြောသလိုဆို၊ ကျွန် တော်တို့ နိုင်ငံပါ တော်တော်သိက္ခာကျစရာဖြစ်နေပြီ။ နေပါဦး၊ အဲဒီလို အဆင့်က တရားသူကြီးတွေကို ခန့် ထားဖို့ သဘောတူတယ်ခေါ်မလား၊ အတည်ပြုတယ်ခေါ်မလား။ အဲဒီအထဲမှာ သူတို့မပါခဲ့ဘူးလား။ သူတို့မှာကော တာဝန်မရှိဘူးလား။ အဲဒီလောက် ညံ့ဖျင်းတဲ့သူတို့ပါ နုတ်ထွက်မပေးသင့်ဘူးလား။ သူတို့ ကိုယ်တိုင် သိက္ခာရှိတဲ့လူတွေဖြစ်တယ်ဆိုရင် ပြောပါတယ်။ ဒီလူတွေ ပြည်သူ့နီတိတွေဘာတွေကော သင်ဖူးကြရဲ့လားဗျာ””


The Ladies News Journal

တရားသူကြီးတစ်ယောက်၏ ကျင့်ဝတ်သိက္ခာ

ပြေလွင်မြင့်

‘‘တရားသူကြီးတစ်ယောက် ရဲ့ ကျင့်ဝတ်သိက္ခာနဲ့ သူရထားတဲ့ ကုလားထိုင်ကို လဲကောင်းလဲရမယ့်အခါမျိုးမှာ သူ့ရဲ့ ကုလားထိုင်ကို ရွေးချယ်လိုက်ခြင်းက မတော်မတရားမှုတွေ ဖြစ်ရခြင်းရဲ့အကြောင်းရင်းတစ်ခု ဖြစ်မယ်ထင်ပါတယ်’’

တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် တွေ့ဆုံပွဲတစ်ခုတွင် အထက် ပါအတိုင်း ကျွန်တော်ပြောခဲ့မိပါ သည်။ ထိုပွဲသို့ ဖိတ်ကြားခံရသူ များတွင် တရားစီရင်ရေးကို စိတ် ၀င်စားသည့် INGO များမှ ရှေ့နေ ၁၀ ဦးခန့်နှင့် အငြိမ်းစားတရား ရေးအရာရှိ နှစ်ဦးပါသည်။ အား လုံးပါဝင်ဆွေးနွေးခွင့်ရခဲ့ကြသည့် လွတ်လပ်ပွင့်လင်းသော တွေ့ဆုံ ပွဲတစ်ခုပဲ ဖြစ်ရာ ရှေ့နေအများစု က ပြောခဲ့သည်တို့မှာ တရားရုံး အနိဋ္ဌာရုံများပဲ ဖြစ်ပါသည်။ အမျိုးသမီးရှေ့နေတစ်ဦးက သူမ၏ တရားရုံးအတွေ့အကြုံကို ရင်ဖွင့်ပြောပြရင်း စင်ပေါ်တွင် ငိုချလိုက်တော့မည်ကဲ့သို့ပင် ဖြစ်ခဲ့ပါသည်။ အားလုံးမှန်သည်ဟု မဆိုသာ စေကာမူ အားလုံးမှားသည်ဟု မငြင်းသာနိုင်ပါ။

ဘာတွေဖြစ်နေသည်ကို သိနိုင်ရန် တရားရေးဌာနကို စီမံကွပ်ကဲသည့် ပုဂ္ဂိုလ်များနားထောင်သင့်ပါသည်။

ကျွန်တော်သည် ဌာနကို ကိုယ်စားပြုတက်ရောက်ခြင်းမ ဟုတ်သဖြင့် အချို့ဖြစ်ရပ်များကို စာနာခံစားမိစေကာမူ ၀န်ခံပိုင်ခွင့် မရှိသကဲ့သို့ ငြင်းဆိုပိုင်ခွင့်မရှိ ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး တရားသူကြီးချုပ်ကသာလျှင် ဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း စကားခံလျက် ကျွန်တော်၏ အ တွေ့အကြုံနှင့် အတွေးအမြင်ကို (အခွင့်ရှိသရွေ့)ပါဝင်ဆွေးနွေးခဲ့ ခြင်း ဖြစ်ပါသည်။

Judicial Ethics နှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ် တော်ချုပ်နှင့် ICJ (International Commission of Jurists) တို့ ပူး ပေါင်းပြုလုပ်သည့် အလုပ်ရုံဆွေး နွေးပွဲတစ်ခုကို ၂၀၁၅ ခုနှစ်က နေပြည်တော်သင်္ဂဟဟိုတယ်တွင် ကျင်းပရာ ဌာနကျေးဇူးဖြင့် ကျွန် တော်လည်း တက်ရောက်ခွင့်ရ သည်။ ပွင့်လင်းသော ဆွေးနွေးပွဲ တစ်ခုပဲ ဖြစ်ပါသည်။

ထိုပွဲတွင် အိုင်စီဂျေမှ ဥပဒေ ပညာရှင်များက နိုင်ငံတကာလူ့ အခွင့်အရေးကြေညာစာတမ်း၊ တရားသူကြီးများ၏ ကျင့်ဝတ် သိက္ခာဆိုင်ရာ နိုင်ငံတကာစံနှုန်း များကို အခြေပြုဆွေးနွေးခဲ့သည် ဟု မှတ်မိပါသည်။ ကျွန်တော်တို့ ဘက်မှ အခြေခံဥပဒေပါ တရားစီ ရင်ရေးဆိုင်ရာမူများ၊ တရားသူ ကြီးများကျင့်ဝတ်နှင့် သိမှတ်ဖွယ် ရာများ (အ၀ါရောင်စာအုပ်)တို့ကိုအခြေပြု၍ ဆွေးနွေးခဲ့သည်ဟု မှတ်မိပါသည်။

အဆိုပါစာအုပ်ကို ၂၀၀၁ ခုနှစ်တွင် နိုင်ငံတော်တရားရုံးချုပ် က (သူ့ခေတ်သူ့အခါနှင့် လျော် ညီအောင်) ပြုစုခဲ့ခြင်း ဖြစ်ပြီး တရားသူကြီး၏ ဂုဏ်အင်္ဂါ၊ ကျင့် ၀တ်စသည်တို့ကို ရာဇသတ်၊ ဓမ္မ သတ်ကျမ်းများမှ ထုတ်နုတ်ထား သည်တို့လည်း ပါရှိပါသည်။

ကျွန်တော့်အလှည့်တွင် ကျွန်တော်(တို့အဖွဲ့)က သဘောမညီ သည်များကို ဆွေးနွေးခဲ့ပါသည်။

တရားသူကြီး၏ ဂုဏ်အင်္ဂါ အဖြစ်ဖော်ပြသည့် ‘အမျိုးသီလ နှင့် ပြည့်စုံခြင်း’ဆိုသည်မှာ တိကျ သေချာမှုမရှိသည့်အပြင် ခေတ် နှင့်မညီကြောင်း၊ ကျင့်ဝတ်အပိုင်း ၌ ‘အမှုသည်တို့၏ အမျိုးဝံသ ဇာတ်သဘာဝကိုကြည့်ရှုအပ် ခြင်း’ဆိုသည်မှာ အနက်ထွေပြားေ၀၀ါးကြောင်း၊ အထူးသဖြင့် နိုင်ငံ ရေးအမြင်၊ စစ်ရေးအမြင်၊ စီးပွား ရေးအမြင်၊ အုပ်ချုပ်ရေးအမြင်ဆို သည်တို့ကို ‘အမြင်လေးမြင်’ဟု ဖော်ပြ၍ ‘အရာရာတွင် အမြင် လေးမြင်ဖြင့် ရှုမြင်သုံးသပ်ဆောင် ရွက်’ဟု ဖော်ပြထားခြင်းမှာ တရားသူကြီးတစ်ယောက်၏ ကျင့်ဝတ် နှင့် မသက်ဆိုင်သည့်အပြင် လွတ် လပ်သော တရားစီရင်မှုနှင့် သွေ ဖည်ကြောင်း၊ လွတ်လပ်သော တရားစီရင်မှုကို ထိပါးရာရောက် ကြောင်းစသည်ဖြင့် လွတ်လွတ် လပ်လပ်ပါဝင်ဆွေးနွေးခဲ့ပါသည်။

Participants အဖြစ် ကျွန် တော်တို့နှင့်အတူ တက်ရောက် သည့် တရားလွှတ်တော်တရားသူ ကြီးတစ်ဦးက ‘‘ဒါလေး ကျွန်တော် ပြောရင် ကောင်းပါ့မလား’’ဟု တိုင်ပင်ပါသည်။ ‘‘ဆရာအသက် ဘယ်လောက်ရှိပြီလဲ’’မေးရသည်။ ‘‘အခုအသက်အရွယ်မှာမှ မပြော ရင် ဆရာဘယ်တော့ပြောမလဲ’’ ဆိုတော့မှ သူလည်း ပွင့်ပွင့်လင်းလင်း ၀င်ရောက်ပြောဆိုပါတော့သည်။

တော်တော်ကောင်းသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုပဲ ဖြစ်ပါ သည်။ အိုင်စီဂျေမှ ပုဂ္ဂိုလ်များက နိုင်ငံတကာတွင် တရားသူကြီးများကို မည်သို့အရည်အချင်းစိစစ်ပုံ၊ ခန့်ထားပုံ၊ မည်သို့အရေးယူပုံ (သူတို့အဖွဲ့တွင်ပါသည့် သြစ တြေးလျမှ အမျိုးသမီးတရားသူ ကြီးမှာ တရားစွဲဆိုမှုခံရပြီးမှ လွတ် မြောက်ခဲ့သူ ဖြစ်သည်)စသည်တို့ ကို ဆွေးနွေးရာ ကြားမြင်သုတတိုးစေခဲ့ပါသည်။

သို့သော် သူတို့နှင့် ကျွန်တော်တို့အကြား ကွာဟချက်များတော် တော်ရှိသည်။ အဓိကမှာ ကျွန် တော်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ ဖြစ်သည်။ သူတို့က နိုင်ငံတကာ စံနှုန်းများကို အခြေခံ၍ ပြော သည်။ ကျွန်တော်တို့က အခြေခံ ဥပဒေကို စံနှုန်းထား၍ တည်ဆဲ ဥပဒေအကန့်အသတ်ဘောင်အ တွင်းမှ ဆွေးနွေးသည်။ တော် တော်ကွာဟနေသည်။ ‘‘လူကြီး မင်းတို့အနေနဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲမလုပ်မီ ကျွန်တော်တို့ရဲ့ အခြေ ခံဥပဒေကို သေသေချာချာလေ့ လာခဲ့ပါသလား’’ဟု မေးခွန်းထုတ် ခဲ့ရသည်အထိ။

ကောင်းစေလိုသော စိတ် ဆန္ဒနှင့် ဆွေးနွေးခဲ့ကြရာ ကျေနပ် စရာလည်းကောင်း၊ ရင်မောစရာ လည်းကောင်းပါသည်။

တကယ်တော့ တရားစီရင် ရေးဆိုသည်မှာ အမျိုးသားရေး ကိစ္စဟုပင် ဆိုနိုင်ပါသည်။ နိုင်ငံ အတွင်း မှီတင်းနေသူအားလုံးနှင့် သက်ဆိုင်သည်။ နိုင်ငံသို့ လာ ရောက်ရင်းနှီးမြှုပ်နှံလိုသူများနှင့် လည်း သက်ဆိုင်သည်။ အလွန် အရေးကြီးပါသည်။

တရားသူကြီးပေါက်စဘ၀ တွင် တရားရုံးချုပ်အကြီးအကဲ တစ်ဦးက ကျွန်တော်တို့ကို တွေ့ ဆုံ၍ မှာကြားခဲ့ဖူးသည်။ သူ၏ မှာကြားချက်တွင် ‘‘တရားခံကို အပြစ်ပေးလိုက်လို့ဆိုပြီး ဘယ်တရားသူ ကြီးအရေးယူခံရတာ မင်းတို့ တွေ့ဖူးသလဲ’’ဟု ပါသည်။ ဆရာက သူ၏ တပည့်သားမြေးများ ခလုတ် မထိဆူးမငြိစေလိုသည့် စိတ်စေတနာဖြင့် ပြောခြင်းဖြစ်ပါလိမ့် မည်။ သို့သော် တရားသူကြီးတစ် ယောက်၏ တာဝန်မှာ အပြစ်ကျူး လွန်သူကို ပြစ်ဒဏ်ကျခံစေဖို့ ချည်းမဟုတ်၊ အပြစ်မကျူးသူကို ရဲရဲတင်းတင်းလွှတ်ပစ်ရန်လည်း ဖြစ်သည်ဆိုသော အချက်တစ် ချက်ကျိုးပျက်သွားသည်။

‘‘ဘယ်လိုပဲဖြစ်ဖြစ်၊ ကျုပ်တို့ က အပြစ်ပေးလိုက်ရင် တာဝန် ကင်းတယ်’’ဆိုသည့် အတွေးအ ခေါ်ကြီးစိုးသွားခဲ့သည်။

ထိုအချက်ကြောင့် မတော်မ တရားမှုများဖြစ်ခဲ့သည်။ ထိုအ ချက်ကြောင့် အပြစ်မရှိသူကို အ ပြစ်ပေးလိုက်ရမည်လားဟု ခြိမ်းခြောက်သူ၊ အခွင့်အရေးယူ၍ လုပ်ကိုင် စားသောက်သူတို့ ရှိလာ သည်။ စွပ်စွဲခံရသူတိုင်းကို အ ပြစ်ပေးလိုက်လျှင် တရားသူကြီး ၏ တာဝန်ကျေပွန်ပြီဟူသော အတွေးအခေါ်မှာ လူ့အဖွဲ့အစည်းအတွက် တော်တော်အန္တ ရာယ်ကြီးပါသည်။

ထို့ကြောင့်လည်း ခေတ်တစ် ခေတ်လုံးတွင် တရားစီရင်ရေး သည် အများတကာ၏ လက်ညှိုး ထိုးစရာ၊ မေးငေါ့စရာ၊ တံတွေး ခွက်မှာ ပက်လက်မျောစရာဖြစ်ခဲ့ ရသည်။ ထောက်လှမ်းရေးအဖွဲ့ ၀င်ရှေ့တွင် ပြစ်မှုကျူးလွန်ကြပုံ များကို ကွင်းဆက် မိမိအစစ်ခံထားခြင်းမှာ သက်သေခံဥပဒေပုဒ်မ- ၂၄ တွင် ဖော်ပြထားသည့် သွေး ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကတိပြုခြင်းတို့ကြောင့် ပြုလုပ် ကြောင်း ပေါ်လွင်ထင်ရှားခြင်း မရှိဆိုကာ ထောက်လှမ်းရေးစစ် ကြောချက်များကို လက်မခံနိုင် စရာအကြောင်းမရှိကြောင်း၊ နိုင်ငံ ၏ အမြင့်ဆုံးတရားရုံးက ဆုံးဖြတ် ခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် ဦးရဲနောင်ပါ-၂ (၁၉၉၁၊ မတစ၊ စာ-၆၃) စီရင်ထုံးမှာ ခေတ်တစ်ခေတ်၏ တရားစီရင်မှု ပြယုဂ်ဖြစ်ခဲ့သည်။

မကြာသေးမီက ခရိုင်တရားသူကြီးတစ်ဦး၏ လူမှုကွန်ရက်စာ မျက်နှာတွင် Judicial Ethics နှင့် စပ်လျဉ်းသည့် မူကြမ်း (Draft) ကို မြို့နယ်တရားသူကြီးများပါဝင် ဆွေးနွေးနေကြောင်း ဖော်ပြထား သည်။

(The Bangalore Princi-ples of Judicial Conduct-2002) သည် တရားစီရင်ရေးဆိုင် ရာကျင့်ဝတ်များ၌ လိုအပ်သည့် အရည်အသွေးစံနှုန်းများ (Values) ဖြစ်ပြီး နိုင်ငံတကာစံနှုန်းတစ်ခု လည်း ဖြစ်ရာ ယင်းစံနှုန်းပေါ်တွင် အခြေခံထားခြင်း ဖြစ်မည် ထင်ပါ သည်။ အမှီအခိုကင်းမှု၊ သမာသ မတ်ကျမှု၊ အခြေခံလွတ်လပ်ခွင့် ရှိမှုနှင့် တာဝန်ခံမှုဆိုသော အချက်လေးချက်သည် အိုင်စီဂျေက လက်ခံသည့် တရားသူကြီးများ၏ ကျင့် ၀တ်စံနှုန်းဖြစ်မည် ထင်ပါသည်။

ခေတ်တစ်ခေတ် ပြောင်းတိုင်း ကျင့်ဝတ်တစ်ခါပြောင်း မည်ဆိုလျှင်လည်း ယင်းကျင့်ဝတ်သည် ကျင့်ဝတ်မမည်နိုင်ပါ။ မည် သို့ဆိုစေ တရားသူကြီး၏ ကျင့် ၀တ်သိက္ခာသည် Utopia ဟု အပြောခံရမည့် လက်တွေ့နှင့် ကွာဟနေသည့် စံနှုန်းများမဖြစ် စေဘဲ လက်တွေ့လိုက်နာကျင့် သုံးအပ်သည့်၊ ကျင့်သုံးနိုင်စရာရှိ သည့် ကျင့်ဝတ်များဖြစ်လိမ့်မည် ဟု ထင်ပါသည်။

အခြေခံဥပဒေနှင့် ပြည် ထောင်စုတရားစီရင်ရေးဥပဒေ အရ မြန်မာနိုင်ငံတွင် တရားသူကြီးချုပ် ၁၅ ဦးရှိသည်။ နိုင်ငံ၏ တရားစီရင်ရေးကံကြမ္မာသည် ယင်းတို့ ၏ လက်ထဲတွင်ရှိပါသည်။ Code of Judicial Conduct ဖြစ်ပါလိမ့် မည်။ တရားသူကြီးတစ်ယောက် ၏ ကျင့်ဝတ်သိက္ခာဆိုသည်မှာ တရားသူကြီးအများကျင့်သုံးရ မည်ဖြစ်သော အနိမ့်ဆုံးအားဖြင့် အရေးကြီးသည့် တရားသူကြီးတို့ က မလွဲမသွေလိုက်နာကျင့်သုံးနေ သော ကျင့်ဝတ်သိက္ခာများဖြစ် လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါ သည်။      ။



ဆရာမနှင့် ကာလာမ

ဇေယျာမိုးမြင့်စံ

ကြေကွဲစရာပဲဖြစ်ပါသည်။ စိတ်မချမ်းသာစရာပဲဖြစ်ပါသည်။
တက္ကသိုလ်တွင် အငြိမ်းစားယူသည်အထိ တာဝန်ထမ်းဆောင်ခဲ့သော ကထိကဆရာမကြီး တစ်ဦးက ဂျာနယ်တစ်ဆောင်နှင့် အင်တာဗျူးလုပ်သည်။ ဆရာမကြီးက အမှုကိစ္စတစ်ခုနှင့် စပ်လျဉ်း၍ သူ့တပည့်တရားသူကြီးကို သွားရောက်တွေ့ဆုံခဲ့သည်။ ဆရာမကြီးက မှန်ပါသည်ဟု အာမခံခဲ့သောဘက်မှ အမှုသည်ကို တပည့်ဟောင်းတရားသူကြီးက အသာပေးစီရင်ဆုံးဖြတ်ခြင်းမပြုခဲ့။

"ဆရာမက ဆရာမသိက္ခာနဲ့ရင်းပြီး အာမခံခဲ့တယ်။ ဒါနဲ့ပက်သက်ပြီး ဆရာမမျက်နှာကိုမှ မထောက်ဘဲ အမိန့်ချလိုက်တဲ့အခါ ဆရာမကမှန်ပါတယ်လို့ အာမခံထားတဲ့သူကို အရှုံးအမိန့်ချလိုက်တယ်။ ဒီလိုမျိုးတွေဖြစ်တော့"

သောကြာနေ့တွင်ထုတ်ဝေသော ဂျာနယ်တစ်ဆောင်၏ Website တွင် ၂၄-၆-၂၀၁၃ ရက်နေ့က လူသိများ (တပည့်တပန်းများ)သော  ဆရာမကြီး၏ ဓာတ်ပုံနှင့်တကွ ဖေါ်ပြခဲ့သော အင်တာဗျူးသည် တရားစီရင်ရေးနယ်ပယ်တစ်ခုလုံးကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေခဲ့သည်။ 

ထိုသို့အုတ်အုတ်ကျက်ကျက်ဖြစ်ခဲ့ရခြင်းမှာ ဆရာမကြီး၏ သိက္ခာနှင့်ရင်း၍ အနိုင်ပေးစီရင်ရန် အာမခံခဲ့သည့် အမှုကိစ္စကို အရှုံးပေးစီရင်ခဲ့ခြင်းကြောင့်မူမဟုတ်။ တရားစီရင်ရေးနယ်ပယ်တစ်ခုလုံးကိုအညှာအတာမဲ့သိမ်းကျုံး၍ တစ်ပြားမှမတန်အောင် စွတ်စွဲပြောဆိုလိုက်ခြင်းကြောင့်ပဲ ဖြစ်ပါသည်။

"ဒီလိုမျိုးတွေဖြစ်တော့ ဘယ်စိတ်ကောင်းပါ့မလဲနော်။ တရားသူကြီးရာ၊ ဥပဒေပညာရှင်၊ ရှေ့နေတွေရော ရိုးသားမှုကိုအခြေခံပြီး ဘက်လိုက်မှုကင်းစွာလုပ်ရမယ်ဆိုတာ ရှိပြီးသား။ ဆရာမကိုယ်တိုင်လည်း တပည့်တွေအများကြီး မွေးထုတ်ပေးခဲ့တာပဲလေ။ အဲဒီတုန်းက လာဘ်ပေးလာဘ်ယူနေကြပြီး လာဘ်ပေးလာဘ်ယူကြည်ဖြူကြလို့ တစ်ခါမှသင်မပေးခဲ့ပါဘူး။ နောက်ဒီကလေးတွေ တရားရေးနဲ့ ဥပဒေရေးရာနယ်ပယ်တွေမှာ တာဝန်ကြီးတွေယူနေကြပြီး လာဘ်ပေးလာဘ်ယူဆိုတာတွေ ကြည်ဖြူပျော်မွေ့နေတော့"

တကယ့်ကို ကြေကွဲစရာ၊ စိတ်မချမ်းမြေ့စရာပဲဖြစ်ပါသည်။
လွန်ခဲ့သောနှစ်များစွာက ကျွန်တော်သည်မြန်မာ့စီးပွားရေးဘဏ်၏ ပင်စင်ထုတ်ပေးသည့်ဌာနခွဲ တစ်ခုတွင် တာဝန်ထမ်းဆောင်ရင်း အငြိမ်းစားလစာ လာရောက်ထုတ်ယူသည့် ငယ်ဆရာကြီးကို ပြန်လည်တွေ့ဆုံခွင့် ရခဲ့ပါသည်။

ငယ်ငယ်တုန်းက အလွန်ချစ်ကြောက်ရိုသေခဲ့သည့် "ကန့်ကူလက်လှည့်" မူလတန်းဆရာကြီး ဖြစ်ပါသည်။ သက်ဆုံးတိုင်ငယ်ကြောက်ဖြစ်ခဲ့ရသော ဆရာကြီးကို မိမိတတ်နိုင်တာ ကူညီသည့်အနေဖြင့် တိုကင်အမှတ်ကျော်ကာ ပင်စင်လစာငွေကို ထုတ်ပေးခဲ့ပါသည်။

ဆရာကြီးသည်  မျက်နှာမကြည်သာလှသော်လည်း ပင်စင်လစာငွေကို လက်ခံယူသွားခဲ့ပါသည်။ နောက် ၁ လ ဆရာကြီးလာ၍ ပင်စင်လျှောက်လွှာတင်သည့်အခါ ကျွန်တော့ကို ကောင်တာအပြင်မှ လှမ်း၍ခေါ်ပါသည်။ ပြီး - တိုးတိတ်စွာပြောပါသည်။

"ပင်စင်စားဆိုတာ ဆရာလို့ အဘိုးအိုတွေပါပဲတပည့်ရာ။ ဆရာက မင်းရဲ့ဆရာဆိုတာနဲ့ပဲ သူတို့အလှည့်ကိုကျော်ပြီး ငွေထုတ်ပေးလိုက်တော့ ဆရာ့အတွက်တော့ အဆင်ပြေပါရဲ့။ ဘဝတူပင်စင်စားတွေရဲ့မျက်နှာကို ဆရာဘယ်လိုကြည့်ရမလဲ။ ကိုယ့်အလုပ်တာဝန်နဲ့ သိက္ခာကိုရင်းပြီးမှ ဆရာ့ကို ငဲ့ညှာဖို့မလိုပါဘူးကွယ်"

ဖြောင့်မတ်ဖြူစင်သည့် ကန့်ကူလက်လှည့်ဆရာကြီး၏ဆိုဆုံးမချက်ပဲဖြစ်ပါသည်။

သေးငယ်သော်လည်း မှားယွင်းသောကူညီမှုအတွက် ပရိတ်သတ်ဗိုလ်ပုံအလယ်တွင် မဟုတ်ဘဲ တပည့်၏သိက္ခာကိုငဲ့၍ တိုးတိုးကြိတ်ဆုံးမသော ငယ်ဆရာ၏ မေတ္တာကိုလည်း ခံစားရပါသည်။

မိတ်ဆွေတရားသူကြီးပြန်ပြောသော သူ့အတွေ့အကြုံတစ်ခုကလည်း မှတ်သားစရာဖြစ်ပါသည်။

"ကျွန်တော့ဇာတိမြို့လေးမှာ ပြန်ပြီးတာဝန်ကျဖူးတယ်။ ခင်ဗျားလည်းသိတဲ့အတိုင်း အမှုသည်ဆိုတာ သူ့အမှုစီရင်မယ့်တရားသူကြီးကို ဘယ်လိုတွေ့ရမလဲလို့ ဆီလိုအပေါက်ရှာတဲ့ခေတ်။ ပြစ်မှုထင်ရှားလို့ထောင်ချဖို့ သေချာသလောက်ရှိတဲ့ အမှုသည်က တောမှာနေတဲ့ကျွန်တော့အမေကို သွားတွေ့တယ်။ ပြောပေးပါပေါ့။ အမေပြောမှသိရတာက အဲဒီအမှုသည်ဆိုတာ အမေ့ရဲ့ညီမနှစ်ဝမ်းကွဲဗျ"

"ခင်ဗျားအမေဘာပြောလဲ"
"ကျွန်တော့်အမေ တောသူမကြီး ရိုးရိုးပဲပြောတာဗျ၊ ကရင်ဗမာဖြစ်တုန်းက သူတို့ရွာကိုအမေတို့ ပြေးခဲ့ရတယ်။ သူတို့မိဘတွေရဲ့ကျေးဇူးရှိတယ်။ အမှုဆိုတာနှစ်ဘက်ရှိတာမဟုတ်လား။ တစ်ဘက်မျက်နှာသာပေးရင် တစ်ဘက်ကနာသွားမှာပေါ့ - တဲ့။ ကျေးဇူးကိုဒီလိုမဆပ်ရဘူးသားရဲ့။ ဆပ်ရင်လည်းမကြေဘူး၊ ကြွေးမှမဟုတ်ဘဲ - တဲ့ဗျာ"

မိတ်ဆွေတရားသူကြီးတော်တော်များများ၏ အထက်အရာရှိဖြစ်ခဲ့ဖူးသော ညွှန်ကြားရေးမှူး၊ တိုင်းတရားသူကြီးစသူတို့ အငြိမ်းစားယူပြီးနောက် သူတို့စစ်ဆေးစီရင်သော တရားခွင်တွင် ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်နေသည်ကို မကြာမကြာတွေ့ဖူးပါသည်။ အချို့သည် မသိတာ၊ မတတ်တာ၊ နာမလည်တာ၊ သွန်သင်ပြရုံမက သူတို့၏လူမှုဘဝကိုပါ ထိန်းကြောင်းစောင့်ရှောက်ခဲ့သည့် ကျေးဇူးရှိသူများဖြစ်နိုင်ပါသည်။ ထိုထိုပုဂ္ဂိုလ်တို့သည် မတရားအခွင့်ဆို၍ အသက်မွေးမှုမပြုချေ။

တရားသူကြီးချုပ်ဟောင်းဦးလှသင်းသည် ရန်ကုန်မြို့တွင် သူ့တပည့်တရားသူကြီးများ၏ တရားခွင့်တွင် ရှေ့နေလိုက်ပါရင်း သူ၏အိုမင်းသောဘဝကို ဖြတ်သန်းခဲ့သူဖြစ်ပါသည်။ "ရုံးမင်းခင်ဗျာ" ဟု အာလုပ်ပြုလျှက် ဥပဒေ၊ စီရင်ထုံး၊ အကိုးအကားများဖြင့် သူ့တရားခံလွတ်မြောက်ရေး သို့မဟုတ် - သူ့အမှုသည် အနိုင်ရရှိရေးအတွက် တရားရုံးရှေ့တွင် တစာစာ လျှောက်လဲတင်ပြနေခဲ့ဖူးပါသည်။

အမှုတွဲပေါ်ပေါက်ချက်နှင် သက်သေခံအထောက်အထားများကို စိစစ်ဝေဖန်၍သာလျှင် စီရင်ဆုံးဖြတ်ရမြဲဖြစ်သော တရားရုံးများတွင် ရှေ့နေကြီးဦးလှသင်းလိုက်ပါသော အမှုဟူသမျှ အနိုင်ရရှိခဲ့သည်မဟုတ်ပါ။ 
ရှုံးနိမ့်ခဲ့သော စီရင်ဆုံးဖြတ်ချက်ကို ကြည်ဖြူစွာလက်ခံ၍ အထက်တရားရုံးအဆင့်ဆင့် တက်ရောက် ပြိုင်ဆိုင်ခဲ့သည့်ပဲဖြစ်ပါသည်။

"ဆရာလိုက်တဲ့အမှုတိုင်း နိုင်ကိုနိုင်ရမယ်ဆို ဘယ်တရားပါ့မလဲကွယ်၊ အနိုင်မရထိုက်တဲ့အမှုတစ်ခု ရှုံးနိမ့်သွားတာကိုလဲ ကျေနပ်နိုင်ရမှာပေါ့ ။ ဒါအင်မတန် သဘာဝကျပြီး အင်မတန် မင်္ဂလာရှိတဲ့အချက်ပဲ"

ဆရာမတစ်ဦးဦးက သိက္ခာနှင့်ရင်း၍ အာမခံသော အမှုတိုင်းကိုသာ တပည့်ဟောင်းတရားသူကြီးတို့က အနိုင်ပေးစီရင်ရမည်ဆိုပါက ရှေ့နေရှေ့ရပ်များ အလုပ်အကိုင်ရှားပါး၍ အငြိမ်းစားဆရာ၊ ဆရာမများ မအးမလပ်ရအောင် အလုပ်များဖွယ်ရာ ရှိပေလိမ့်မည်။

နိုင်ငံတော်တရားရုံးချုပ်တရားသူကြီးတာဝန်ကို ထမ်းဆောင်ခဲ့သော ဥပဒေပါမောက္ခနှစ်ဦး ရှိပါသည်။ သူရို့လိုတပည့်တပန်းများပြီး သူရို့နယ်အာစရိယဂုဏ်ကို လေးမြတ်ရိုသေသော သူမျိုးရှိအံ့ဟု ကျွန်တော်မထင်ပါ။

 သို့သော် ထိုပါမောက္ခအိုကြီးနှစ်ဦးလုံးသည် ကျောင်းတုန်းက စာသင်ပေးခဲ့၍ တရားဌာနတွင် လက်အောက်အရာရှိဖြစ်နေသော တပည့်ဟောင်း တရားသူကြီး ပေါက်စနများ စစ်ဆေးစီရင်နေသည့် အမှုအခင်းတစ်ခုကို အနိုင်ပေးစီရင်ရန် တနည်းနည်းဖြင့် ဖိအားပေးခဲ့သည်ဟု တစ်ရံခါမျှ မကြားဖူးခဲ့ပါ။ သူရို့၏ ဂုဏ်သိက္ခာနှင့်ရင်း၍လည်း မည်သည့်အမှုသည်ကိုမျှ မှန်ကန်ကြောင်း အာမမခံခဲ့ပါ။

အဘယ်ကြောင့်ဆိုသော် အာစရိယဂုဏ်ဆိုသည်မှာ အမှုတစ်မှုအနိုင်ရရှိရေးအတွက် အာမခံအဖြစ် အသုံးချလောက်အောင် သေးနုပ်သည့် တံစိုးလက်ဆောင်မဟုတ်သောကြောင့် ဖြစ်ပါသည်။

သို့မဟုတ် အမှုအခင်းဟူသမျှအနိုင်လိုမှုအလို့ငှာ တူညီသော ဥပဒေအခွင့်အရေးဖြင့် ဆိုင်ပြိုင်ကြသည်ကို တရားမဲ့ဝင်ရောက်စွက်ဖက်မှုမပြုလိုသော ကြောင့် ဖြစ်ပေလိမ့်မည်။

" ..... အို ကာလာမအမျိုးသားတို့၊ မိမိတို့ဆည်းကပ်ကိုးကွယ်သောဆရာတို့၏ စကားဟူသမျှကိုလည်း ဟုတ်ပြီ၊ မှန်ပြီ၊ အကျိုးရှိပြီဟု မှတ်ယူခြင်းမပြုကုန်လင့်။ 

အို ... ကာလာမအမျိုးသားတို့ ဤ တရားတို့သည် အကုသိုလ်တရား၊ အပြစ်ရှိသောတရား၊ ပညာရှိတို့ ကဲ့ရဲ့အပ်သောတရားတည်း၊ ထိုတရားတို့ကို ကျင့်သုံးပါက ဆင်းရဲခြင်းငှာဖြစ်ကုန်၏ဟု သင်တို့ကိုယ်တိုင် ကိုကယ်ကျ သိရှိ၏။ ယင်းတို့ကိုစွန့်ပယ်ရာ၏။ ဤ အာတို့သည်ကား ကုသိုလ်တရား၊ အပြစ်မရှိသောတရား၊ ပညာရှိတို့ချီးမွမ်းသောအရာတည်း။ ထိုတရားတို့ကို ကျင့်သုံးပါက ချမ်းသာခြင်းငှာ ဖြစ်ကုန်၏ဟု သင်တို့ကိုယ်တိုင်ကိုယ်ကျ သိရှိ၏ ယင်းတို့နှင့် ပြည့်စုံနေကုန်ရာ၏"
(အင်္ဂုတ်တ္တရနိကာယ်၊ တိကနိပါတ်၊ မဟာဝဂ်၊ ကေသမုတ္တိသုတ်)

ဤမြေကမ္ဘာတွင် ကျေးဇူးတရားတို့သည်  အမှန်ရှိ၏။ ဘုရားအစရှိသော သူတော်ကောင်းတို့သည် ကျေးဇူးတရားတွင် သက်ဝင်လေးမြတ်ကြသော်လည်း တစ်ဦးတစ်ယောက်သောသူအပေါ် တရားမဲ့ပြုစေပြီးမှ ကျေးဇူးဆပ်ခြင်းကို ချီးမွမ်းတော်မူမည်ဟု ကျွန်တော်မယုံကြည်နိုင်ချေ။ ကျေးဇူးဆိုသည်မှာ ကြွေးမီမဟုတ်သောကြောင့်ဖြစ်သည်။

(ဇေယျာမိုးမြင့်စံ)
ပဲ့တင်သံဂျာနယ် (၁၈-၇-၁၃)



လေဒီရှူးနဲ့ ခုံဖိနပ် 

မောင်ရင့်မာ(ကျောင်းကုန်း)

(၁)

“အဲဒီမိန်းကလေးက တရားခံလားဟင်…နွယ်”

လုပ်ပြီ။ ခင်မမဝေတစ်ယောက် နွယ်ရုံးခန်းသို့ ရောက်လာပြီဆိုကတည်းက ထုံးစံအတိုင်း အပျိုကြီးပီပီ ဟိုမေးဒီမြန်းနှင့် စပ်စပ်စုစုလုပ်တော့မယ်ဆိုတာ နွယ်က အစင်းသိ။ 

“ဟုတ်တယ် မမဝေ၊ သူ့နာမည်က ၀င်းဝင်းမြိုင်တဲ့” 

တရားခွင်က အမှုခေါ်နေပြီဖြစ်၍ ‘ရဲအမှုတွဲ’ ကို ကသောကမျောဖတ်နေရာမှ ရဲမေတစ်ယောက်နှင့်အတူ ဖြတ်သွားသော ၀င်းဝင်းမြိုင်၏ နောက်ကျောကို ဖျတ်ခနဲ လှမ်းကြည့်ရင်း နွယ်က ဖြေလိုက်သည်။ 

“အလိုတော် ရုပ်ကလေးသနားကမားနဲ့ ဘာမှုတဲ့လဲ နွယ်” 

“ပြည့်တန်ဆာ”

“ဟယ်” 

“နွယ် အခု အဲဒီအမှုကို ဦးဗျက်ဇဟုမ်းတရားခွင်မှာ သွားစစ်ရမယ်။ မမဝေ စိတ်ဝင်စားရင်လိုက်ခဲ့လေ"

ခင်မမဝေမျက်နှာက ရှက်သွေးဖြင့် ရဲခနဲ နီမြန်းသွားသည်။ 

"နွယ်ကလည်းဟယ်၊ ကိုယ်က ၀င်းဝင်းမြိုင်ကို စိတ်ဝင်စားလို့ပါ။ ယူ့တရားသူကြီး ဦးဗျက်ဇဟုမ်းကို စိတ်ဝင်စားလို့ မဟုတ်ပါဘူး "ဟု မမဝေပြောတော့ နွယ်က ငါသိပါတယ် သာလိကာရယ်ဆိုသော မျက်လုံးမျိုးနှင့် ခင်မမဝေကို စိုက်ကြည့်လိုက်သည်။ ပြီး သူငယ်ချင်းကို နားလည်စွာ ပြုံးပြလိုက်သည်။ 

ဦးဗျက်ဇဟုမ်း ပြောင်းရွှေ့လာတာ ရက်ပိုင်းပဲရှိသေးသည်။ ခင်မမဝေ နေ့လယ်က နွယ့်ရုံးကို ၀င်လာရင်း သူနှင့်ဆုံ၍ မိတ်ဖွဲ့ပေးလိုက်သည်။ ဦးဗျက်ဇဟုမ်းကလည်း ဖော်ရွေပျူငှာသွက်လက်ချက်ချာရှိသည်။ … ဌာနက အရာရှိအပျိုကြီးပီပီ အင်မတန် မျက်နှာထားခက်ထန်သည်ဟု နာမည်ကြီးသော နွယ့်သူငယ်ချင်း ခင်မမဝေမျက်နှာ ကလည်း ပြုံးရွှင်ချိုလက်နေသည်။ 

ညနေရုံးဆင်းတော့ " သူက လူပျိုလားဟင် "ဟု နွယ့်ကို မေးသည်။ 

" ဟင်းနော် အပျိုကြီး " 

ခုရက်ပိုင်းအတွင်းတွင်မှ တရားခွင်မှာ အမှုစစ်တာကို စိတ်ဝင်တစား လာရောက်နားထောင်လိုပါသည်ဆိုသော သူငယ်ချင်းကို နွယ်က ဘာသာစကားမကွဲပြားသော ဘ၀တူမိန်းမသားပီပီ နားလည်မှုထားရပါလိမ့်မည်။

(၂)

ဝင်းဝင်းမြိုင်။ အသက်အရွယ်က နွယ်တို့နှင့် သိပ်ကွာလှမည်မဟုတ်။ သုံးဆယ်ကျော်ရုံပဲရှိလိမ့်ဦးမည်။ သို့သော် သူက ရှိရင်းစွဲအသက်ထက် ပို၍ရင့်ရော်ပုံရသည်။ ဘ၀ရဲ့ ဒဏ်ရာဒဏ်ချက်တွေက သူ့ကို ဘယ်လောက်ထုနှက်ခဲ့ပြီလဲ မသိနိုင်။ အပေါစားမိတ်ကပ်များ ခြယ်သနေကျ သူ့ပါးပြင်က ချောမွေ့ပြေစင်ခြင်းမရှိ။ ပေါ်လွင်ဖြောင့်စင်းသော နှာတံအောက်က နှုတ်ခမ်းတွဲတွဲလေးများမှာ ခြောက်သွေ့လို့နေသည်။ ခန္ဓာကိုယ်အဆက်အပေါက် အချိုးအစား လှပပေမဲ့ ပြည့်တင်းစိုဝင်းခြင်းမရှိတော့။ သိသိသာသာ လျော့ရဲအိတွဲနေလေသည်။ ပြည့်တန်ဆာတဲ့။ ဣနြေ္ဒရှင်မိန်းကလေးတစ်ဦးအဖို့ ဘယ်လောက်မသတီဖွယ် နုံချာဆိုးရွားလိုက်တဲ့ ဝေါဟာရလဲလို့။ 

“ကျွန်မ ဥက္ကံတွင် စားဝတ်နေရေး မပြေလည်သောကြောင့် ကျွန်းကလေးရှိ အဒေါ်ဖြစ်သူထံလာပြီး ကုန်စိမ်း အတူရောင်းပါသည်။ ထို့နောက် မြင်းလှည်းမောင်းသူ ကိုကျော်ဌေးနှင့် ချစ်ကြိုက်ရည်ငံလျက် ကိုကျော်ဌေးအိမ်သို့ လိုက်သွားခဲ့ပါသည်။ နောက်တစ်နေ့တွင် ကျွန်မတို့လင်မယားထံ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်လူကြီးများ ရောက်လာလျက် ဧည့်စာရင်းစစ်ပါသည်။ ကျွန်မတို့လင်မယားအား ဧည့်စာရင်းမတိုင်မှုဖြင့် ဖမ်းဆီးကြောင်း သိရပါသည်။ ကျွန်မသည် အခကြေးငွေယူ၍ ယောက်ျားများနှင့် ပျော်ပါးခြင်းမရှိပါ။ ထို့ကြောင့် ကျွန်မ၌ အပြစ်မရှိပါ။” 

သူ၏ထုချေချက်မှာ ရိုးရိုးလေးပင် ဖြစ်သည်။ မ၀င်းဝင်းမြိုင်ကို စွပ်စွဲထားတဲ့ ပုဒ်မက ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေပုဒ်မ ၇(၁) (က)။ စီမံချက်ဝင်အမှု။ ပြည့်တန်ဆာအဖြစ် အမြဲတစေ အသက်မွေးဝမ်းကျောင်းသူဖြစ်ကြောင်း ပေါ်လွင်အောင် စစ်ဆေးပေးနိုင်လျှင် အမှုလိုက်ဥပဒေအရာရှိအဖြစ် ဆောင်ရွက်ရသော နွယ့်တာဝန်ကျေပြီ။ သို့သော် ခုအမှုမှာက ၀င်းဝင်းမြိုင်အပေါ် ပြည့်တန်ဆာမအဖြစ် စွပ်စွဲနိုင်ရန် အထောက်အထားများမှာ အားနည်းချည့်နဲ့လှကြောင်း “ရဲအမှုတွဲ”ကို လေ့လာကတည်းက နွယ် သဘောပေါက်ပြီးဖြစ်သည်။ တစ်ခုပဲရှိသည်။ ထိုတစ်ခုကို ပေါ်လွင်ထင်ရှားအောင် နွယ် အားထုတ်ရပေးလိမ့်မယ်။ 

နွယ်က ပြန်လှန်မေးခွန်းမေးရန် မတ်တတ်ရပ်လိုက်ပြီး ၀င်းဝင်းမြိုင်ကို စေ့စေ့ကြည့်လိုက်သည်။ ၀င်းဝင်းမြိုင်ကလည်း ထီမထင်သော မျက်လုံးများဖြင့် နွယ့်ကို ပြန်ကြည့်သည်။ မျက်လုံးချင်းအားပြိုင်နေသည်။ 

“ပြည့်တန်ဆာခေါင်းလုပ်မှုနဲ့ ကိုကျော်ဌေးကို ဖမ်းဆီးအရေးယူဖူးတယ်ဆိုတာ မ၀င်းဝင်းမြိုင်သိတယ်နော်” 

“ဟင့်အင်း ကျွန်မ မသိပါဘူး” 

“စောစောက မ၀င်းဝင်းမြိုင်ရဲ့ ထွက်ဆိုချက်အရ ကျွန်းကလေးကို ရောက်လာတာ မေလ တစ်ရက်နေ့နော်” 

“ဟုတ်ကဲ့” 

“ဘယ်နှရက်လောက်အကြာမှာ ကိုကျော်ဌေးနဲ့ ချစ်ကြိုက်သွားတာလဲ” 

“နှစ်ရက်…အဲ…မဟုတ်ဘူး၊ သုံးရက်” 

“ကဲ…စာရေးကြီးရေ၊ အဲဒါလေး သေသေချာချာ လိုက်ရေးပေးပါ။ ကျွန်မ ကျွန်းကလေးသို့ ရောက်ရှိပြီး ဆယ့်ငါးရက်အကြာတွင် ကိုကျော်ဌေးနှင့် တွေ့ဆုံချစ်ကြိုက်ကြပြီးနောက် သုံးရက်အကြာတွင် ကိုကျော်ဌေးအိမ်သို့ ခိုးရာလိုက်သွားခဲ့ပါသည်လို့ ရတယ်နော်” 

စာရေးကြီးကိုတင်ရွှေက သူ့ထုံးစံအတိုင်း နှေးနှေးကွေးကွေး လေးလေးလံလံ လိုက်ရေးနေသည်ကို နွယ်က စိတ်ရှည်လက်ရှည် သည်းခံနေရ၏။ သည်းခံစောင့်ဆိုင်းရခြင်းအတွက် နွယ့်အဖို့ အကျိုးရှိနိုင်ပါသည်။ နွယ်က ထိုအချက်ကိုပင်လျှင် တရားသူကြီး ဦးခေါင်းထဲသို့ တစိမ့်စိမ့် ပျံ့နှံ့စီးဝင်စေချင်သည် မဟုတ်ပါလား။ ဦးဗျက်ဇဟုမ်းကို ပါးနပ်သော တရားသူကြီးတစ်ဦးဟု နွယ်ယုံကြည်သည်။ 

(၃)

ပါးလည်းပါးနပ်၍ သွက်လည်းသွက်လက်သည့် နေရာမှာတော့ ဦးဗျက်ဇဟုမ်းနှင့် ခင်မမဝေကို နွယ်လိုက်မမီ။ နေ့လယ် လက်ဖက်ရည်သောက်ချိန်ဆိုလျှင် ခင်မမဝေသည် နွယ့်ရုံးသို့ အချိန်မှန်ရထားတစ်စီးလို့ ရောက် ရောက်လာတတ်ပြီ။ နွယ်က “ဦးဗျက်”ဟု ခေါ်သလို မမဝေက လိုက်ခေါ်သည်။ နွယ်က ‘မမဝေ’ဟုခေါ်သလို ဦးဗျက်က လိုက်ခေါ်သည်။ သူတို့သည် တိုတောင်းသောကာလအတွင်းမှာပင် ရင်းနှီးသွားကြပြီး နေ့လယ်ဘက်မာမွတ်ဆိုင်မှာ လက်ဖက်ရည်အတူသောက်ကြသည်။ တစ်ခါတစ်ရံ မမဝေတို့ရုံးက ကင်န်တင်းမှာ အသုပ်စားကြသည်။ သည်တစ်ခါတော့ မမဝေ အရအမိ သုတ်တော့မည် ထင်သည်။ တောင်ပေါ်သားလေးရဲ့ စူးရဲတဲ့အကြည့်တွေဟာ မမဝေကို ရင်ခုန်ပူနွေးစေသတဲ့လေ။ စင်စစ် မမဝေသည် နွယ့်လောက်မလှပါ။ နွယ့်ထက်ပို၍ အသားညိုသည်။ ညိုသော်လည်း ညက်သည်။ မျက်နှာက ကြည့်ပျော် ရှုပျော် ရွက်ကြမ်းရေကျိုမျှသာ။ သို့သော် အသားနှင့်လိုက်ဖက်အောင် ပြင်တတ်ဆင်တတ်သည်။ ကိုယ်လုံးကိုပေါက်တော့ လှသည်။ နွယ်နှင့်ကျောင်းမှာကတည်းက တစ်ခန်းတည်း အတူတူနေခဲ့သူ။ နွယ်တို့နှစ်ယောက်သည် ဘာအကြောင်းမှ မည်မည်ရရမရှိဘဲ ခုထိတိုင် အပျိုကြီးလိုင်စင်ဖြင့် တိုင်မင်မကိုက်ဘဲ ရှိနေဆဲ ဖြစ်သည်။ 

“သိပ်လည်းစဉ်းစားမနေနဲ့ မမဝေ၊ ခုခေတ်မှာ တို့နဲ့သက်တူရွယ်တူ လူပျိုအရာရှိဆိုတာလည်း အရှားသား၊ မြန်မြန်စဉ်းစားပြီး မြန်မြန်ဆုံးဖြတ်မှ ဖြစ်မယ်” 

“ကြည့် နွယ်ကလည်းလေ။ အဲဒါ စဉ်းစားဆုံးဖြတ်ဖို့ ယူ့ကို တိုင်ပင်တာပေါ့လို့” 

မမဝေမျက်နှာလေးက ရှက်ရွံ့ခြင်းဖြင့် ထူအမ်းနီမြန်းနေသည်။ ပြောသာ ပြောရသည်။ နွယ့်ရင်ထဲမှာလည်း မမဝေ ဖွင့်ဟတိုင်ပင်တော့ ဆွေးမြည့်နေသည်။ သူငယ်ချင်းကို နှမြောတာများလား။ 

“သိပ်အကြာကြီး လုပ်မနေဖို့ပြောတာ မမဝေရဲ့။ ဖျတ်လတ်သွက်လက်တဲ့ တောင်ပေါ်သား လူချောလေးကို ဟိုအုပ်စုကလည်း အလစ်ချောင်းနေတာ” 

“ဘယ်သူလဲ၊ ဘယ်သူလဲ” 

မမဝေ ပြူးပြူးပျာပျာဖြစ်သွားသည်။ နွယ်လည်း ရယ်ချင်သလိုဖြစ်လာ၍ ရယ်ချင်စိတ်ကို ထိန်းကာ သာသာ ထိုးထိုးလေးပြောလိုက်သည်။ 

“ဘယ်သူရှိရဦးမှာလဲ။ မေခရေတို့၊ ခင်ခင်ခိုင်တို့ အုပ်စုပေါ့။ သူတို့ငှားနေတဲ့ အဆောင်နဲ့ ဦးဗျက်နေတဲ့အိမ်နဲ့ က တစ်လမ်းတည်းမဟုတ်လား။ ဦးဗျက် စားရသောက်ရ ချက်ပြုတ်နေတာ သနားလို့ ညနေ ညနေဆို စားသောက်ဖွယ်တွေ စီမံပို့ရတာ အမော” 

“ဟင်း …မုန့်လေပွေမတွေ၊ ရွကို ရွတယ်။ တစ်ခါတည်း မပြောလိုက်ချင်ဘူး”

(၄)

မ၀င်းဝင်းမြိုင်က ခပ်တောင့်တောင့်ရပ်နေသည်။ နွယ်က လက်ယာဘက်တွင် နေရာယူ၍ ထိုင်သည်။ တရားခွင်ပေါ်မှာ ‘ဦးဗျက်’က အ၀ါရောင် ခေါင်းပေါင်းစတလူလူနှင့် အမိန့်ဖတ်နေသည်။ 

“စွပ်စွဲခံရသူ မ၀င်းဝင်းမြိုင်သည် အဒေါ်ဖြစ်သူနှင့် ကုန်စိမ်းလိုက်ရောင်းသည်ဆိုသော်လည်း ထောက်ခံသည့် သက်သေတစ်စုံတစ်ဦးကိုမှ တင်ပြနိုင်ခဲ့ခြင်းမရှိပေ။ ထို့ပြင် တစ်ကြိမ်တစ်ခါမှ သိကျွမ်းရင်းနှီးခဲ့ခြင်းမရှိသော သူစိမ်း ယောက်ျားတစ်ဦးအား စတင်တွေ့ဆုံသည်မှ ဆယ့်ငါးရက်အတွင်း ချစ်ကြိုက်ခဲ့ပြီးနောက် သုံးရက်အကြာတွင် အတူ ပေါင်းသင်းရန် ခိုးရာလိုက်ခဲ့သည်ဆိုခြင်းမှာ ဣနြေ္ဒရှင် မြန်မာမိန်းကလေးတို့၏ သဘောသဘာဝဖြစ်သည်ဟု ယုံကြည်လက်ခံရန် ခဲယဉ်းပေသည်။ သို့ဖြစ်၍ ....” 

တရားသူကြီးသည် သူ၏စီရင်ချက်တွင် မ၀င်းဝင်းမြိုင်အား ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းသူဖြစ်ကြောင်း သုံးသပ်ဖော်ပြလျက် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေပုဒ်မ ၇(၂)အရ (၁)နှစ်အတွင်း ကောင်းမွန်စွာ နေထိုင်စေရန် ငါးထောက်ကျပ်တန် ခံဝန်သူနှစ်ဦးဖြင့် ခံဝန်ချုပ်ပြုလုပ်ဖို့ အမိန့်ချမှတ်လိုက်သည်။

(၅)

“ဟယ်… ကြည့်စမ်း၊ ကြည့်စမ်း။ မမဝေရယ် မြန်လိုက်တာ”

“ နိုး…ယူပဲ သိပ်အကြာကြီး စဉ်းစားမနေနဲ့ဆို။ အဲဒီတော့ ကိုယ်က သူများနောက်ပါမှာစိုးပြီး ခပ်မြန်မြန် အဖြေပေးလိုက်တာပေါ့လို့” 

အချစ်ဖြင့် ရွှန်းလက်ပျိုမျစ်နေသော မမဝေရဲ့မျက်နှာလေးက လန်းဆတ်တောက်ပနေလေသည်။ 

“ဒါနဲ့ ဒီနေ့ ဘာနေ့ပါလိမ့်” 

“ဇွန် နှစ်ဆယ့်ငါး” 

ဦးဗျက်ကို မမဝေ စတင်တွေ့ဆုံသည်မှာ တစ်လတင်းတင်းပြည့်သောနေ့ဟု နွယ် စိတ်တွက် တွက်လိုက်မိသည်။

“ ဘာဖြစ်လို့မေးတာလဲ နွယ်” 

မမဝေက ပြုံးပျော်ကြည်နူးနေရာမှ မျက်နှာပိုးသတ်၍ နွယ့်ကို နားမလည်သလို ကြည့်မေးသည်။ 

“သြော်…ဆယ့်ငါးရက်နဲ့ တစ်လဆိုတာ သိပ်မကွာခြားပါဘူးလို့ တွေးနေမိလို့ပါ မမဝေ” 

ထိုစကားစုကလေးကို နွယ် မပြောဖြစ်လိုက်ပါ။ တစ်စုံတစ်ရာသော ဆုံးရှုံးမှုက နွယ့်နှလုံးသားကို ခပ်ကြမ်းကြမ်း ဆုပ်ညှစ်ထားသောကြောင့် ဖြစ်သည်။         ။ 



ကြီးမြတ်သော နှလုံးသား

မောင်ရင့်မာ ( ကျောင်းကုန်း )

'' သြော်-ဘရူးတပ်စ်၊ မင်းလည်းပါသကိုး''

ကမ္ဘာလောကသည် ဆန်ပေးတိုင်း ဆေးရတတ်သည်မဟုတ်ပါချေ။ လူတစ်ယောက်၏ဘဝတွင် ဘရူးတပ်(စ်)ကဲ့သို့သော နောက်ကျောကို ဓားနှင့် ထိုးသူ၊ ခရစ်တော်ကို သူသတ်တို့လက်သို့ထိုးအပ်ခဲ့သည့် ခရစ်တော်၏ လူယုံ ယုဒကဲ့သို့သော သစ္စာမဲ့သူ၊ ထိုသို့သော မိတ်ဆွေမျိုးနဲ့ ကြုံကောင်းကြုံရနိုင်ပါသည်။ ''မိတ်ဆွေ'' ဆိုပေမည့် ''မြွေဆိပ်လို မိတ်ဆွေ'' ဖြစ်ပါသည်။

''မြွေဆိပ်လိုမိတ်ဆွေ''ရှိသည်ဆိုလျှင် ''ရိုးသားတဲ့ရန်သူ''ဆိုသည်လည်း ရှိရပေလိမ့်မည်။

''ရန်သူနှင့်အတူ အိပ်စက်ခြင်း'' ဟူသော အက်ဆေးတစ်ပုဒ်ကိုဖတ်မိခဲ့ စဉ်က ကျွန်တော့်ရင်ထဲသို့ တွန်းတွန်းထိုးထိုး ဝင်ရောက်လာသောစကားလုံး တစ်ခုရှိသည်။ ရိုးသားတဲ့ရန်သူ။

ရိုးသားသော ရန်သူရှိသလော။ ချစ်စရာကောင်းသည့် ရန်သူရှိသလော။ ရန်သူကို ချစ်၍ရနိုင်သလော။ ရန်သူနှင့် အတူပေါင်းဖွဲ့၍ အိပ်စက်ပျော်နိုင်ပါသလော။

ဘဝခရီးတစ်လျှောက်တွင် ကျွန်တော်တို့သည် မလွဲမသွေ ကြုံဆုံရမည့် လူနှစ်စားရှိသည်။

ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်။ ကွယ်လွန်သူ ကဗျာဆရာမောင်ချောနွယ်ကတော့ အဲသလိုဆိုခဲ့ဖူးသည်။ ရန်သူနှင့် မိတ်ဆွေ၊ အဲသည်နှစ်ခု။ မိတ်ဆွေ ဆိုသည်မှာ တစ်ဦးတစ်ယောက်၏ ဘဝခရီးအတွက် လိုအပ်ချက်တစ်ခုဖြစ်သည် ဆိုခြင်းကို အငြင်းမပွားတန်ရာသော်လည်း ရန်သူသည် ဘဝအတွက် လိုအပ်ချက်တစ်ခုဖြစ်၊ မဖြစ် အငြင်းပွားဖွယ် ရှိမည်ထင်သည်။ အငြင်းပွား ဖွယ်ရာရှိနိုင်သည်။

Inna Cummin ပြောဖူးသောစကားကို ကျွန်တော်သဘောကျသည်။

''ကျွန်မမှာ မိတ်ဆွေသုံးဦးရှိတယ်။ ချစ်သူ၊ မုန်းသူ၊ အလေးဂရုမထား သူတို့ပဲဖြစ်ပါတယ်။ ကျွန်မကို ချစ်သူတွေက ယဉ်ကျေးသိမ်မွေ့အောင် သင်ပေးတယ်။ မုန်းသူတွေက သတိထားတတ်အောင်သင်ပေးတယ်။ ကျွန်မကို အလေးမထားသူတွေကတော့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်အောင် သင်ပေးတယ်''တဲ့။

''နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ''ဟူ၍ ဆရာ ဒဂုန်တာရာမကွယ်လွန်မီ တဖွဖွပြောခဲ့သည်။ ထိုအချက်နှင့်စပ်လျဉ်း၍ အငြင်းပွားမှုမရှိခဲ့သော်လည်း ''မုန်းသူမရှိချစ်သူသာရှိ''ဟု ဆိုခဲ့ခြင်းနှင့် စပ်လျဉ်း၍မူ အငြင်းပွားသူများရှိခဲ့သည်။ ငြင်းခုံ၊ ဝေဖန်၊ စောဒကတက်သံများ ညံညံကျယ်ခဲ့သည်။ ဆရာ၏အဘိဓမ္မာကို ကျားကုတ်ကျားခဲခုခံသူများလည်း ရှိသည်။

''ချစ်သူကို မုန်းသူဖြစ်အောင်'' လုပ်တတ်သော သူမျိုးလည်းရှိပေလိမ့်မည်။

ကျွန်တော်သည် ရန်သူနှင့် မိတ်ဆွေတို့၏ ခြားနားသောသဘောကို တွေးတောဆင်ခြင်ကြည့်မိပါသည်။

ချစ်သောသူများပင်ဖြစ်စေကာမူ တစ်ယောက်ကိုတစ်ယောက် အကျိုးမလိုလားတော့ဘူးဆိုလျှင်၊ တစ်ဦး၏ ပျက်စီးရာပျက်စီးကြောင်းကို တစ်ဦးက ပြုလုပ်နေမည်ဆိုလျှင်၊ ပျက်စီးစေလို၊ ဆုံးရှုံးစေလို၊ ထိခိုက်နစ်နာစေလိုသော သဘောဆန္ဒရှိမည်ဆိုလျှင် ထိုသူသည် ရန်သူပဲဖြစ်ပါသည်။

မုန်းသောသူများပင်ဖြစ်စေကာမူ တစ်ယောက်ကို တစ်ယောက်အကျိုး လိုလားမှုရှိမည်ဆိုလျှင်၊ တစ်ဦး၏ အကျိုးရှိရာရှိကြောင်းကို တစ်ဦးက ပြုလုပ်မည်ဆိုလျှင်၊ ပွားစည်းစေလိုအောင်မြင်စေလိုခိုင်မြဲစေလိုမထိခိုက် မနစ်နာစေလိုသော သဘောဆန္ဒရှိမည်ဆိုလျှင် ထိုသူသည် မိတ်ဆွေပဲ ဖြစ်ပါသည်။

အင်းဝနှင့် ဟံသာဝတီတို့ အကြိမ်ကြိမ်ဆင်နွှဲခဲ့သော စစ်ပွဲများအတွင်း လူယောက်ျား၊ မိန်းမ၊ ကလေး၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ စစ်သည် သူရဲကောင်းများစွာ ကျဆုံးကျေပြုန်းခဲ့သည်။ အင်းဝသည် ဟံသာဝတီကို မသိမ်းပိုက်နိုင်သကဲ့သို့ ဟံသာဝတီကလည်း အင်းဝကို မသိမ်းပိုက်နိုင်ခဲ့။ အရှုံးအနိုင်လည်း မပေါ်ခဲ့ချေ။ ထို့နောက် အင်းဝဘုရင်မင်းခေါင် နတ်ရွာစံသည်။ ထိုသတင်းသည် မင်းခေါင်၏ရန်သူ ဟံသာဝတီဘုရင်အတွက် ဝမ်းမြောက်ဖွယ်ဟူ၍ ယိုးမှားစရာရှိသည်။ သို့သော် သူ့ရှင်ရာဇာဓိရာဇ်အဖို့ရာ ဘုရင်မင်းခေါင်နတ်ရွာ လားသည့်သတင်းသည် ကြေကွဲဖွယ်ရာသတင်းတစ်ပုဒ်ပဲဖြစ်နေသည်။ ရန်သူ ဘုရင်၏ နာရေးကို ကြားသိရသောအခါ ဟံသာဝတီဘုရင် သူ့ရှင်ရာဇာဓိရာဇ်သည် ဝမ်းနည်း ယူကျုံးမရဖြစ်ခဲ့သည်။ ရှိုက်ကြီးတငင်ငိုကြွေးခဲ့လေသည်။

ယောက်ျားကောင်းတို့သည်သာ ရန်သူ၏ ကျဆုံးမှုကို ဝမ်းနည်းစရာ၊ နှမြောတသကြေကွဲစရာအဖြစ် ခံစားနိုင်သည့် ကြီးမြတ်သော နှလုံးသားရှိကြသည်။

ရန်သူကို မိတ်ဆွေဖြစ်အောင် အောင်အောင်မြင်မြင်လုပ်ပြသွားနိုင်ခဲ့သူ တစ်ဦးရှိသည်။ မဝေးကွာလှသေးသော လတ်လတ်ဆတ်ဆတ်သမိုင်း၌ အသေအချာရှိခဲ့ဖူးပါသည်။

တစ်ချိန်သောအခါက မြစ်ဝကျွန်းပေါ်ဒေသတွင် တစ်မြေတည်းနေ တစ်ရေတည်းသောက်တို့သည် ရန်သူကြီးများသဖွယ် စစ်ခင်းခဲ့ကြသည်။ မုန်းတီးစရာအကြောင်း လုံလောက်စွာမရှိပါဘဲလျက် အချင်းချင်း သတ်ဖြတ်ခဲ့၊ ရွာတွေ မီးရှို့ခဲ့ကြသည်။ ကျွန်တော်တို့၏ အမိအဖတွေ တစ်ရွာပြီး တစ်ရွာ စစ်ရှောင်ပြေးခဲ့ကြသည်။ အသက်ကို ဖက်နှင့် ထုပ်ခဲ့ကြရသည်။

ကရင်ခေါင်းဆောင် ဗိုလ်စောစံဖိုးသင်က ''စောစံဖိုးသင်ပြောသောပုံပြင်''တွင် ဤသို့ပြန်ပြောပြဖူးသည်။

''ဘီအိုင်အေခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဟာ ကျွန်တော့်ရန်သူပါ။ ကျွန်တော် အခုပြောချင်တာက ဗိုလ်ချုပ်ဟာ ရန်သူကို မိတ်ဆွေဖြစ်အောင် ဘယ်လိုလုပ်တတ်သလဲဆိုတာ အင်မတန် ထူးကဲတဲ့ အချက်ပဲဖြစ်ပါတယ်''။

၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက် မြန်မာပြည်လွတ်လပ်ရေးကြေညာသောအခါ ဗိုလ်စောစံဖိုးသင်က ရန်ကုန်သို့ ဆင်းလာခဲ့သည်။ သူ့မိတ်ဆွေအချို့က မသွားနဲ့ဟု တားသည်။ သခင်တွေက ခင်ဗျားကို သတ်လိမ့်မယ်ဟု ပြောသည်။ သို့သော် သူသွားခဲ့သည်။ သခင်ဗိုလ်၊ သခင်မောင်ကြီးတို့နှင့်တွေ့သည်။ ထို့နောက် သခင်သန်းထွန်း၊ နောက်ဆုံး ဗိုလ်ချုပ်နှင့်တွေ့သည်။

''ခင်ဗျား ဘယ်သူလဲ'' ဗိုလ်ချုပ်က မေးသည်။

''ကျုပ်- ခင်ဗျားရဲ့ ရန်သူပဲ၊ စောစံဖိုးသင်ဆိုတာကျွန်တော်ပဲ၊'' ဗိုလ်ချုပ်က ရုတ်တရက်အံ့သြသွားသည်။ ထို့နောက် စောစံဖိုးသင်ကြီး အကြီးအကျယ် အံ့သြတုန်လှုပ်သွားအောင် တုံ့ပြန်လိုက်သည်။

''A brave enemy is a good friend''

''သတ္တိရှိတဲ့ ရန်သူဟာ အကောင်းဆုံးမိတ်ဆွေပဲ'' စကားတစ်ခွန်းဖြင့် စောစံဖိုးသင်သည် ဗိုလ်ချုပ်နှင့် ဆွေးနွေးသွားခဲ့သည်။ မိတ်ဆွေရင်းချာဖြစ်သွားခဲ့သည်။ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့သည်။ သံလိုက်လို ဆွဲဆောင်သော ညှို့ဓာတ်ရှိသူဟု သူက ပြောပါသည်။ သူသည် နောင်အခါ ဗိုလ်ချုပ်၏ အစိုးရအဖွဲ့တွင် ဝန်ကြီးပင်ဖြစ်ခဲ့လေသေးရာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရစဉ်က ဝန်ကြီးဦးစောစံဖိုးသင်သည် မအူပင်တွင် သင်္ဘောပျက်နေခဲ့သောကြောင့် အာဇာနည်ဖြစ်ခွင့်မရခဲ့''ဟူ၍ ပြန်ပြောပြခဲ့သည်။

ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်နည်းကို ဗိုလ်ချုပ်က စံနမူနာပြသွားခဲ့သည်။

တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးချိုးငှက်ကို အနုပညာမြောက်ထုဆစ်လို့ ရနိုင်သည်ဟု ပြောပြသွားခဲ့ခြင်းပဲ ဖြစ်ပါသည်။

ကျွန်တော်တို့သည် တစ်ဦးတစ်ယောက်၏ မိတ်ဆွေဖြစ်နိုင်သကဲ့သို့ တစ်ချိန်တည်းတွင် တစ်ဦးတစ်ယောက်၏ ရန်သူလည်း ဖြစ်နေနိုင်ပါသည်။ မိတ်ဆွေများ ရန်သူဖြစ်နိုင်သကဲ့သို့ ရန်သူများလည်း မိတ်ဆွေဖြစ်နိုင်သည်ကို အငြင်းမပွားတန်ရာပါ။

ရန်သူပင် ဖြစ်လင့်ကစား ရိုးသားဖြောင့်မှန်ပါက လေးစားဖွယ်ဖြစ်သည်။ ယောက်ျားကောင်းတို့သည် ရိုးသား၍ ရဲရင့်သော ရန်သူကို လေးစားအသိအမှတ်ပြုနိုင်သည်အထိ စိတ်နှလုံးကြီးမြတ်မှုရှိပြီး ကြီးမြတ်သည့် စိတ်နှလုံးရှိသူများသာ ရန်သူကို လေးစားအသိအမှတ်ပြုနိုင်ကြသည်။

ရန်သူများကို လေးစားအသိအမှတ်ပြုတတ်ခြင်းမရှိဘဲနှင့် ကျွန်တော်တို့သည် ငြိမ်းချမ်းရေးအကြောင်းကို ပြောခွင့်မရှိဟု ထင်သည်။ ငြိမ်းချမ်းရေး မဆိုထားနှင့် တစ်ဦးတစ်ယောက်နှင့် လက်ဆွဲနှုတ်ဆက်ဖို့ပင် မဖြစ်နိုင်ဟု ကျွန်တော်ထင်ပါသည်။    ။

{Source : the Mirror Daily}



လူ့အခွင့်အရေး ကော်မရှင် မှားယွင်းသည်

ပြေလွင်မြင့်

 လူ့အခွင့်အရေး ချိုး ဖောက် ခံရခြင်းနှင့် ကြီးလေးသော ပြစ်ဒဏ် ထိုက်သင့်နိုင်ဖွယ်ရှိသည့် ရာဇ၀တ်ပြစ်မှုများ ကျူးလွန်ခံရခြင်းတို့ကြောင့် ဘေးအန္တရာယ်ကျရောက်လျက်ရှိသည့် အိမ်အကူမိန်းကလေးနှစ်ဦးအပေါ် လူသားချင်း စာနာထောက်ထားမှု၊ အမှန်တရားမြတ်နိုးမှု အစရှိသည့်ကောင်းမွန်သော စိတ်စေတနာ၊ မလျှော့သောဇွဲတို့ဖြင့် ၎င်း၏ သတင်းအတတ်ပညာကို အသုံးပြု​၍ ကူကယ်စောင့်ရှောက်ခဲ့သော စိတ်ယဉ်ကျေးမှုအဆင့်မြင့်မားသည့် Myanmar Now  သတင်းဌာနမှ သတင်းထောက် ချုပ်ကိုဆွေဝင်းအား နိုင်ငံတော် သမ္မတက အလျင်အမြန်ချီးကျူး ဂုဏ်ပြုခဲ့ပြီး ပြည်သူနှင့်အရပ်ဘက်အဖွဲ့အစည်းများက နှစ်ထောင်း အားရ အားပေးချီးမြှောက်နေချိန် တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်းနှင့် အခြေခံဥပဒေပါနိုင်ငံသားများ၏ မူလအခွင့်အရေးကို ကာကွယ်စောင့် ရှောက်ရန် ရည်ရွယ်ဖွဲ့စည်းထား သည့် မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့်အရေးကော်မရှင်အဖွဲ့ဝင် များသည် လူသားချင်းစာနာမှုနှင့် ယင်းတို့၏ တာဝန်ရှိမှုကို မျက် ကွယ်ပြုရာရောက်သည့် ပြုလုပ်မှုများအ ပြင် ပြေပြစ်ချေငံမှုနှင့် တာဝန်ခံမှု ကင်းမဲ့သော သတင်းစာရှင်းလင်းပွဲရလဒ်တို့ကြောင့် ပြည်သူအများစု၏ လူမှုကွန်ရက်စာမျက်နှာများ တွင် ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင် ရှုတ်ချခြင်းခံနေရပြီး ကော်မရှင်အဖွဲ့ဝင်အချို့ကို ထိရောက်စွာ အရေးယူပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အ ဆိုကို  ပြည်သူ့လွှတ်တော်က တစ်ခဲနက် အတည်ပြုဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါသည်။

ကော်မရှင်အဖွဲ့ဝင်များကို အကြီးအကျယ် မကျေမနပ်ဖြစ်ရ သည့် အဓိကအချက်မှာ အိမ်အ ကူမိန်းကလေးနှစ်ဦးအပေါ် ရာဇ ၀တ်ပြစ်မှုများကျူးလွန်ခဲ့သည်ဟု ကောက်ယူနိုင်သည့် ရဲတပ်ဖွဲ့၏ အစီရင်ခံစာရရှိပါလျက်တရားဥပ ဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းစေ ရေးထက် ဥပဒေအပြင်အပ၌ ငွေ ကြေးပေး၍ ညှိနှိုင်းကျေအေးခဲ့ခြင်း ကို လက်ပိုက်ကြည့်နေခဲ့သည့် မှား ယွင်းသော လုပ်ရပ်ကြောင့်ဖြစ် ကြောင်း တွေ့ရပါသည်။ လွှတ် တော်ကိုယ်စားလှယ်များက ဤအ ချက်ကို အလေးထား၍ ဝေဖန် ထောက်ပြခဲ့ကြောင်း တွေ့ရပါ သည်။

‘‘Criminal နဲ့ သွားနိုင်တဲ့ လမ်းကြောင်းကို ပိတ်မထားပါ ဘူး။ လျော်ကြေးပေးတယ်ဆိုတဲ့ စာထဲမှာလည်း တရားမစွဲဘူးဆို တာမပါပါဘူး’’ဟု အဖွဲ့ဝင်ဖြစ်သူ ဥပဒေပညာရှင်တစ်ဦးက ရှင်းပြ ခဲ့သည်။ အိမ်အကူမိန်းကလေး၏ လက်ဆစ်များ အချိုးခံရခြင်း၊ နှာ ခေါင်းကိုဓားဖြင့် အလှီးခံရခြင်း စသည်တို့အတွက် ဥပဒေ၏အ ကာအကွယ်ကို  ရယူနိုင်ရန် ကော် မရှင်ကမည်သို့ ညွှန်ပြပေးခဲ့သည် ဆိုသော အချက်မပါဝင်ချေ။ အ ဆိုပါရှင်းပြချက်အရ တရားစွဲရန် မပိတ်ပင်ခဲ့ဘူးဆိုလျှင် မိန်းက လေးနှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရ ခြင်းအားငွေကြေးပေးလျော်သည် မှာ မည်သည့်အတွက် ဖြစ်ပါသ နည်းဟု မေးခွန်းထုတ်စရာရှိမည် ဖြစ်သည်။

ကော်မရှင်အဖွဲ့ဝင်များသည်  ကော်မရှင်ဖွဲ့စည်းခြင်း၏ ရည်ရွယ်
ချက်များကို သွေဖည်ပြုလုပ်ခဲ့ရုံ မျှမက ၎င်းတို့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ပင်လျှင် အိမ်စာလုပ်မလာသည့်ကျောင်း သားကဲ့သို့ သတင်းထောက်၏မေး ခွန်းများကို ကျေလည်အောင်ဖြေ ဆိုပေးနိုင်ခြင်းမရှိခဲ့သည့်အတွက် ပြည်သူအများစု၏ မကျေနပ်မှုကို မြင့်တက်စေခဲ့ပါသည်။

သို့ရာတွင် မြန်မာနိုင်ငံအမျိုး သား လူ့အခွင့်အရေးကော်မရှင် သည် တည်ရှိနေဆဲဖြစ်သည့်အ  ပြင် ၎င်းတို့အားဥပဒေနှင့်အညီ အ ရေးယူနိုင်ရန်လည်း ခဲယဉ်းနေဆဲ အခြေအနေ၌ ရှိနေသေးကြောင်း တွေ့ရပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေးကော်မရှင်ဥပဒေကို ၂၀၁၄ မတ်လ ၂၈ ရက်တွင် ပြည် ထောင်စုလွှတ်တော်ဥပဒေအမှတ် (၂၁/၂၀၁၄) အဖြစ် ပြဋ္ဌာန်းခဲ့ပြီးဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များကို ယခင်နိုင်ငံတော်သမ္မ တက ၂၀၁၄ စက်တင်ဘာ ၂၄ ရက်တွင် ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့်အရေးကော်မရှင်အဖွဲ့၏ ရာထူးသက်တမ်းမှာ ငါးနှစ်ဖြစ် ကြောင်း၊ အဖွဲ့ဝင်များသည် တစ် ဆက်တည်း ရာထူးသက်တမ်း နှစ် ခုထက် ပိုမိုထမ်းဆောင်ခွင့် မရှိ ကြောင်း ယင်းဥပဒေပုဒ်မ ၁၃၊ ၁၄ တွင် ပြဋ္ဌာန်းထားသည်။

ယင်းဥပဒေပုဒ်မ ၁၈ တွင် နိုင်ငံတော်သမ္မတသည် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်းပြီး ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးအား တာဝန်မှရပ်စဲနိုင်သည့်အချက် လေးချက်ကို ဖော်ပြထားသည်။ အကျဉ်းဖော်ပြရလျှင်

(က) ကျန်းမာရေးချွတ်ယွင်းမှု ကြောင့် တာဝန်ထမ်းဆောင်နိုင် စွမ်းမရှိတော့ကြောင်း တွေ့ရှိခြင်း၊

(ခ) တရားရုံးတစ်ခုခုက ပြစ်မှု ကြောင်းအရ ထောင်ဒဏ်ချမှတ်ခံ ရခြင်း၊

(ဂ) တရားရုံးတစ်ခုခုက လူမွဲအ ဖြစ် ကြေညာခြင်းခံရခြင်း၊

(ဃ)ကော်မရှင်က ချမှတ်ထား သော စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း -

အဆိုပါ အချက်လေးချက် တွင် အချက် သုံးချက်မှာ အနိမ့်ဆုံး အဆင့်ရှိ စာရေးဝန်ထမ်းတစ်ဦး၏ ယေဘုယျစည်းမျဉ်းသဖွယ် လျော့ လွန်းပြီး နောက်ဆုံးအချက်ဖြစ် သည့် ‘ကော်မရှင်က ချမှတ်ထား သော စည်းကမ်း’ဆိုသည်မှာ လည်း မြင်သာမှုမရှိေ၀၀ါးလှပါ သည်။ (ရာဇ၀တ်ကျူးလွန်မှုကို ငွေပေး၍ကျေအေးစေသည့်စည်း ကမ်းချက်မူ ရှိမည်မထင်ချေ)

၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြည်ထောင်စုလွှတ် တော်သည် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအပါအ၀င် ပြည်ထောင်စုဝန်ကြီးများ ပြည် ထောင်စုတရားသူကြီးချုပ်၊ ပြည် ထောင်စုရှေ့နေချုပ်၊ ပြည်ထောင် စုစာရင်းစစ်ချုပ် အစရှိသော သူ များကိုပင် စွပ်စွဲပြစ်တင်၍ ရာထူး တာဝန်မှ ဖယ်ရှားနိုင်သောအချက် များကို ဖော်ပြထားသည်။ ယင်း တို့မှာ -

(က) နိုင်ငံတော်၏ ကျေးဇူးသစ္စာ တော်ကို ဖောက်ဖျက်ခြင်း

(ခ)ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်း ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း

(ဂ)အကျင့်သိက္ခာပျက်ပြားခြင်း

(ဃ) အရည်အချင်းပျက်ယွင်းခြင်း

(င) ဥပဒေအရ ပေးအပ်သောတာ ၀န်များကို ကျေပွန်စွာမဆောင် ရွက်ခြင်း

ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်သက်တမ်းကာလအ တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့ရာ ထူးမှ ဖယ်ရှားရေးအတွက် ပြည် ထောင်စုလွှတ်တော်ကဆောင် ရွက်စဉ်အတွင်း ယင်းအဖွဲ့တစ်ဖွဲ့ လုံးနုတ်ထွက်သွားခဲ့ရသည်။ နိုင်ငံ တော်သမ္မတသည် ပြည်ထောင်စု စာရင်းစစ်ချုပ်အား ရာထူးမှဖယ် ရှား၍ သတ္တုတွင်းဝန်ကြီးကို အစားထိုးခန့်အပ်ခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံတော်သမ္မတ သည် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ စာရင်းစစ်ချုပ်တို့ကို ၎င်းတို့၏ ရာထူးတာ ၀န်မှ ဖယ်ရှားနိုင်သည့်အခွင့်အာ ဏာရှိသော်လည်း ထိုသို့ဖယ်ရှား ခြင်း မပြုနိုင်သည့် ပြည်ထောင်စု တရားသူကြီးချုပ်နှင့် တရားသူ ကြီးများကိုပင် စွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ရာထူးတာဝန်မှ ဖယ်ရှားနိုင်သော်လည်း အခြေခံ ဥပဒေအရ ဖွဲ့စည်းတာဝန်ပေး အပ်ခြင်း မဟုတ်သည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မ  ရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုမူ နိုင်ငံတော်သမ္မတ၏ အခွင့်အာ ဏာဖြင့် ရာထူးတာဝန်မှဖယ်ရှား နိုင်သည့် ပြဋ္ဌာန်းချက်မတွေ့ရချေ။

ကော်မရှင်အဖွဲ့ဝင်တစ်ဦး သည် နိုင်ငံတော်၏ကျေးဇူးသစ္စာ ကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ အ ကျင့်သိက္ခာပျက်ပြားလျှင်ဖြစ်စေ၊  အရည်အချင်းပျက်ယွင်းလျှင်ဖြစ် စေ၊ တာဝန်မကျေပွန်လျှင်ဖြစ် စေ၊ ယုတ်စွအဆုံး မြန်မာနိုင်ငံ လူ့ အခွင့်အရေးကော်မရှင်ဖွဲ့စည်းရ ခြင်း၏ ရည်ရွယ်ချက်များနှင့် သွေ ဖည်ဆန့်ကျင်၍ ဆောင်ရွက်လျှင် ဖြစ်စေ နိုင်ငံတော်သမ္မတအနေ ဖြင့်လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်အနေဖြင့်လည်း ကောင်း ၎င်းတို့၏ရာထူးတာဝန် ကို ရပ်စဲနိုင်သည့် ပြဋ္ဌာန်းချက် မတွေ့ရချေ။

ဤအချက်မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော် မရှင်ဥပဒေ၏ အားနည်းချက်ဖြစ် သည်။လက်ရှိအတည်ဖြစ်ဆဲ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥပဒေအရဆို လျှင် ယင်းကော်မရှင်အဖွဲ့ဝင်များ ကို ထိရောက်စွာအရေးယူရန် တိုက်တွန်းသည့် ပြည်သူ့လွှတ် တော်၏အဆိုကို အကောင်အ ထည်ဖော်နိုင်သည့် နည်းလမ်း ကင်းမဲ့နေဆဲ ဖြစ်သည်။ ကော်မ ရှင်အဖွဲ့ဝင် (အချို့ဟုဆိုပါသည်) က မိမိတို့ အမှားကိုမိမိတို့ကိုယ် တိုင် သိမြင်ဝန်ခံ၍ နုတ်ထွက်လွှာ တင်သွင်းသည့် နည်းလမ်းမှအပ အခြားမရှိချေ။ တာဝန်ယူ၍ နုတ် ထွက်ခြင်း ယဉ်ကျေးမှုကို တစ် ကြိမ်မျှတော့ဖြင့် လုပ်ပြသင့်ပါ သည်။

နိုင်ငံတော်သမ္မတသည် အိမ် အကူမိန်းကလေးနှစ်ဦး ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသည့် ကိစ္စကိုဖော် ထုတ်ပေးနိုင်ခဲ့သည့် သတင်း ထောက်ချုပ်ကိုဆွေဝင်းအား အ လျင်အမြန် ချီးကျူးဂုဏ်ပြုခဲ့သည့် အကြောင်းတစ်ချက်မှာ တည်ရှိဆဲ အမျိုးသားလူ့အခွင့်အရေးကော် မရှင်၏ လုပ်ကိုင်ဆောင်ရွက်ခဲ့မှု ကို ပြည်သူအများစုကဲ့သို့ ကျေနပ် ကြည်ဖြူခြင်းမရှိဟု ယူဆဖွယ်ရာ ရှိပါသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းသင့်ပါ သည်။ ပြည်သူနှင့်ပြည်သူ့ကိုယ် စားလှယ်များက လက်မခံနိုင်သော ကော်မရှင်အဖွဲ့ဝင်များကို ဖယ် ရှား၍ ပြန်လည်ဖွဲ့စည်းသင့်ပါသည်။ ထိုသို့ပြန်လည်ဖွဲ့စည်းသည့်အခါ သိုးရေခြုံထားသော သားသတ်သ မားအား သမင်တောကိုစောင့် ရှောက်ရန် တာဝန်ပေးအပ်ခြင်း မျိုး မဖြစ်စေရေး အလေးဂရုပြုသင့်ပါကြောင်း ဖော်ပြအပ်ပါ သည်။


Credit - 7Day

တရားဥပဒေစိုးမိုးရေးနှင့် အဖျက်အမှောင့် (၂)

ပြေလွင်မြင့်

“ကလင်၊ကလင်၊ကလင်”

“လွှတ်တော် channel ကို ကြည့်ဖြစ်လားကိုပြေလွင်မြင့်”
“ဘာတွေ့လိုက်လို့လဲဗျ”

“သြော်-အမတ်တစ်ယောက်က သူတင်တဲ့ဥပဒေကြမ်းတစ်ခုကို ခံစားမှုအပြည့်နဲ့ပြောဆိုသွားတာလေ”
“အဲဒီတော့အောင်မြင်သွားသလား၊ကျွန်တော်မကြည့်လိုက်ရလို့”

“ဟင့်အင်း၊မအောင်မြင်ပါဘူး။သူကလူထုအကျိုးပြုထက်လူထုအကြိုက်ဖြစ်ဖို့ဦးတည်တတ်တယ်ဗျ။ဒါကြောင့်၊သူတင် တဲ့ဥပဒေကြမ်းတွေကအောင်မြင်တာနည်းတယ်။လွှတ်တော်ကြီးအသက်ဝင်စတုန်းကလည်း contempt of courts  ကို ပယ် ဖျက်ပေးဖို့တင်ဖူးတယ်လေ”

“ကျွန်တော်မှတ်မိပြီ။တရားသူကြီးကိုအကာအကွယ်ပေးတဲ့ဥပဒေလိုဖြစ်နေပါတယ်ဆိုပြီး သူတင်ပြခဲ့တာပေါ့”
` “သူ အဲဒါမျိုးပြောတာကို သဘောကျတဲ့သူတွေလည်းရှိမှာဗျ”

“ရှိနိုင်တာပေါ့ဗျ၊တရားရုံးဆိုတာရုံးရောက်လာတဲ့အမှုသည်တိုင်းကိုအနိုင်ပေးပြီး၊ရွေးကောက်ပွဲနီးမှ စည်းရုံးရေးဆင်း သလိုလူတိုင်းကျေနပ်အောင်မျက်နှာချိုသွေးနေလို့ဖြစ်တာမှမဟုတ်ပဲ။ဒါနဲ့၊အဲဒီဥပဒေဟာတရားသူကြီးတွေကိုအကာအကွယ် ပေးထားတဲ့ဥပဒေလိုဖြစ်နေတယ်ဆိုတာ-အမှန်ပဲလို့ခင်ဗျားထင်သလား”

“ခင်ဗျားကလည်း ကျုပ်ကိုငတုံးအောက်မေ့နေပြန်ပါပြီ။ လွှတ်တော်အမတ်တွေကလည်း၊မတုံးကြောင်းပြလိုက်လို့သူ့အဆို ကထောက်ခံမဲသုံးမဲပဲရပြီးခွက်ခွက်လန်ရှုံးသွားတာပေါ့။ဒါနဲ့၊တရားရုံးများမထီမဲ့မြင်ပြုမှုအက်ဥပဒေကို သူကဘာကြောင့်သဲကြီး မဲကြီးဖြစ်နေတာလဲကိုပြေလွင်မြင့်”

“သူ့မေးမှသိမှာပေါ့ဗျာ။သူ့ကို အဲဒီဥပဒေနဲ့အရေးယူအပြစ်ပေးပြီးရှေ့နေလိုင်စင်ရပ်စဲခံရဖူးတယ်လို့ပြောကြတယ်ဗျ”
“ဟုတ်လား၊ခုလည်းဥပဒေကြမ်းတင်တာကိုလွှတ်တော်ကလက်မခံတော့ ဘာပြောသွားတယ်မှတ်သလဲ”
“ဘာပြောသွားလဲ”

“လွဲမှားတဲ့တရားစီရင်ရေးစနစ်တဲ့ဗျာ၊ဗလာချီအုပ်လို့လေ။လွှတ်တော်ဥက္ကဌကကြီးက သတိပေးရသတဲ့။ဂျာနယ်တွေ မှာ ဒီလောက်ဟိုးလေးတကျော်ရေးတာ ခင်ဗျားမတွေ့ဘူးလား”
“ခုတလောအလုပ်တွေများလို့ ဂျာနယ်မဖတ်ဖြစ်ဘူးဗျာ”

“ကျွန်တော်စဉ်းစားနေတာကဒီလိုဗျ။တရားရုံးတွေကို အဲဒီလိုပစ္စလက္ခတ်ပြောနေတာသိရက်နဲ့ ဘာမှမတုန့်ပြန်ဘဲငြိမ် ချက်သားကောင်းနေတာ ဘယ်လိုသဘောလဲလို့”
“ကျွန်တော်ဘယ်ပြောတတ်မှာလဲဗျာ”

“ဥပဒေနဲ့အညီဖွဲ့ထားတဲ့ဌာနအဖွဲ့အစည်းတစ်ခုကို သူတို့အဲသလိုပြောချင်တိုင်းပြောလို့ရသလားဗျ”
“ကျိုးကြောင်းဆီလျော်ရင်ပြောခွင့်ရတဲ့နေရာမှာတောင် အကျိုးအကြောင်းမဆီလျော်လို့်သတိပေးတားမြစ်နေပြီပဲဗျာ။ သူတို့မို့ ပြောချင်တိုင်းပြောခွင့်ရှိတယ်ဆိုပြီးဥပဒေနဲ့ကင်းလွတ်ခွင့်ပေးထားတာတော့ ကျွန်တော်မဖတ်ဖူးသေးဘူး”

“ပြည်သူလူထုရဲ့စိတ်ထဲမှာ သူဟာတရားရုံးတွေကိုပိုးစိုးပက်စက်ပြောချင်တိုင်းပြောနေတာတောင်ဘာမှအရေးယူမခံ ရဘူး။ပြီးတော့ ရုံးတွေမှာရှေ့နေလည်းလိုက်နေသေးတယ်။သူ့ကိုအားကိုးလိုက်ရင် တို့အမှုနိုင်မှာပဲထင်ကြမှာပေါ့ဗျ”

“ထင်တာရှိနိုင်ပါတယ်၊ရုံးတွေကိုတော့သူလိုက်တဲ့အမှုအနိုင်ပေးရမယ်လို့ညွှန်ကြားထားတာမရှိလောက်ပါဘူး၊တရား သူကြီးတွေကလဲ အဲသလောက်မတုံးပါဘူး”

“အမှုသည်တွေကတော့ဘယ်ပြောလို့ရမလဲဗျ။တရားရုံးတွေအပေါ်လွှမ်းမိုးနိုင်မယ်၊နိုင်စားမယ်ထင်ပြီး အားကိုးရှာချင် မှာပေါ့ဗျာ။ဘယ်သူမဆို နိုင်ချင်ကြတာကိုး။တစ်ချို့ဆို၊လွှတ်တော်အမတ်လည်းလုပ် တစ်ဖက်ကရှေ့နေလည်းလုပ်တဲ့သူကိုမှ အထင်တကြီးနဲ့ငှားတာတဲ့။လွှတ်တော်တက်ဖို့ရှိတယ်ပြောတာကိုပဲ ကိုယ်တိုင်မလိုက်နိုင်လည်းရှေ့နေပါဝါလေးပဲလက်မှတ် ထိုးပေးရင်တော်ပါပြီလို့ တောင်းပန်ကြ၊ ခယ,ကြသတဲ့”
“ ဟုတ်ရဲ့လားဗျာ”

“အရင်တုန်းက ပါဝါလက်မှတ်ထိုးပေးရုံနဲ့ နှစ်သိန်း၊နောက်တော့သုံးသိန်းလောက်ဈေးပေါက်သတဲ့”
“ဒါဆို ကိုယ်တိုင်အမှုလိုက်ပေးရင်တော်တော်ရမယ်ထင်တယ်”
“ကြားတာတော့ ရှေ့နေခသိန်းရာချီပြီးရတာရှိသတဲ့။ တစ်သက်လုံးတစ်ခါမှမရခဲ့ဖူးတဲ့နှုန်းပေါ့။  ကျွန်တော်တောင်၊ နောက်တစ်ခါရွေးကောက်ပွဲကျရင် ဇာတိပြန်ပြီးအရွေးခံရကောင်းမလားစဉ်းစားတယ်။အမတ်ဖြစ်ပြီးမှရှေ့နေလည်းလိုက်ရင် အမတ်လုပ်တဲ့ထောက်ပံ့ကြေးလည်းရမယ်။ရှေ့နေခလည်းမက်မက်စက်စက်တောင်းလို့ရမယ်”

“ကိုယ့်လူက အတော့်ကိုရည်ရွယ်ချက်ကြီးမားတာပါလား”
“ဒါကြောင့် ဖုံတက်နေတဲ့ကျွန်တော့်လိုင်စင်ကိုပြန်အသက်သွင်းမလားလို့”
“အင်းလေ၊အမတ်လုပ်ရင်ရှေ့နေလိုင်စင်ပြန်အပ်ရမယ်လို့ ပြဌာန်းချက်မှမရှိပဲ။ခင်ဗျားသဘောပေါ့”

“ဟုတ်တယ်ဗျာ။ရှေ့နေအမတ်တစ်ယောက်ဆို ရန်ကုန်ကသူ့အမှုရှိတဲ့ရုံးကိုကော်မတီဝင်အဖြစ်နဲ့သွားစစ်သတဲ့”
“လေ့လာတယ်ပြောပါဗျာ၊ဖွဲ့စည်းပုံအခြေခံဥပဒေမှာစစ်ဆေးပိုင်ခွင့်ရှိတယ်လို့မပါပါဘူး”

“ခင်ဗျားကမပါဘူးပြောတယ်။သူကအချုပ်ခန်းဝင်စစ်ပြီးရဲကခိုးမှုနဲ့တရားစွဲထားတဲ့ခုနစ်ယောက်လား၊ရှစ်ယောက်လား၊ မိသားတစ်စုလုံးကိုချုပ်ထားတာတွေ့ခဲ့ရပါတယ်ဆိုပြီး အော်ကြီးဟစ်ကျယ်လုပ်လို့ စာနယ်ဇင်းတွေမှာအုတ်အော်သောင်းတင်း ရေးလိုက်ကြတာ မတွေ့ဘူးလား”

“ခိုးမှုတရားခံကို ချုပ်မိန့်ပေးတာဥပဒေနဲ့ဆန့်ကျင်လို့လားဗျာ”
“ဥပဒေနဲ့အရဒီလိုပဲလုပ်ရတယ်ဆိုတာ ကောင်းကောင်းနားမလည်တဲ့စာနယ်ဇင်းတွေတောင်ရှိတယ်ဗျ၊သူပြောတာကို ပဲ  အဟုတ်မှတ်ပြီးလိုက်ရေးနေတာ”
“ဟ၊စာနယ်ဇင်းပါဆှိ၊ နားမလည်ရင်နားလည်အောင်လေ့လာပြီးမှရေးပေါ့ဗျာ”

“အဲဒါတော့မသိဘူး။ရှေ့နေကြီးအဲသလိုပြောပြီးကတည်းကစာနယ်ဇင်းကသူ့ကိုကြော်ငြာပေးသလိုဖြစ်ပြီးအတော့်ကို ကျော်ကြားသွားတာ။အမှုလာငှားတဲ့သူတွေ၊တရားရုံးကိုမကျေနပ်လို့တိုင်စာလာပို့တဲ့တရားရှုံးတွေ၊သူ့ရုံးမှာခြေချင်းလိန်ဆိုပဲ”
“ကြားရတာစိတ်ပျက်စရာဗျာ၊မသိတာလည်းအပြစ်ပဲလို့ ပြောရတော့မှာပဲ”

“ဟေ့လူ- ကိုပြေလွင်မြင့်၊မသီတာစမ်းချောင်းနဲ့ဘာဆိုင်လို့လဲဗျ”
“ကိုယ့်လူ၊ကျုပ်က မသီတာကိုပြောတာမဟုတ်ဘူး။မသိတာကိုပြောတာ၊မသိတာ နားမလည်တာကိုပြောတာ”

“ဆောရီး၊ကျုပ်က ဖုန်းပြောနေရင်းခင်ဗျားအိပ်ငိုက်သွားတယ်ထင်လို့”
“ခင်ဗျားကအတင်းအဖျင်းတွေချည်းပြောနေလို့ နည်းနည်းတော့ငိုက်သွားတယ်။ခု-ဒေါပွလို့မျက်လုံးပြန်ကျယ်သွားပြီ”

“ပြောချင်တာမပြီးသေးဘူးဗျ။ဘယ်ရောက်သွားပြီလဲ။အဲ-သိပြီ၊အဲဒီရှေ့နေကြီးရဲ့လုပ်ကွက်တွေကို ကျွန်တော်သတိပြု မိလာတာလေးပြောဦးမယ်။ရန်ကုန်အမှုသူလိုက်တယ်၊မန္တလေးအမှုလည်းလိုက်တယ်။အဲဒီတုန်းက ရန်ကုန်တရားစီရင်ရေးက ယိမ်းယိုင်ပြီး မန္တလေးတရားစီရင်ရေးကပြိုလဲနေပါပြီလို့ပြောတယ်။မွန်ပြည်နယ်ဘက်ကအမှုလည်းသူ့ကိုလာငှားရော၊မွန်ပြည် နယ်မှာတရားဥပဒေစိုးမိုးရေးရှိမရှိ သိချင်လို့အဲဒီအမှုကိုလက်ခံတာပါတဲ့။ ရှမ်းပြည်နယ်ကအမှုလာငှားပြန်တော့ ရှမ်းပြည်နယ် တရားစီရင်ရေးက တရားခွင်ပေါ်မှာငွေထုပ်ကြီးတင်စစ်နေတာပါလို့ဆိုပြန်ရော၊လုပ်ကွက်တွေနော်၊လုပ်ကွက်တွေ”

“သူ့ကိုလာမငှားသေးတဲ့မြို့တွေက တရားရုံးတွေက သူ့ရဲ့ပါးစပ်သေနတ်နဲ့လွတ်နေသေးတာပေါ့လေ”
“လွှတ်တော်ထဲတောင် စည်းလွတ်ဝါးလွတ်ပြောနေတာပဲကိုပြေလွင်မြင့်ရယ်။ တရားဥပဒေစိုးမိုးရေးလုပ်နေတာလို့ သူ့ကိုယ်သူ စိတ်ကြီးဝင်နေနိုင်သေးတာဗျ”

“သူ့ကိုဦးစားပေးမှတရားဥပဒေစိုးမိုးရေး၊သူလိုက်တဲ့အမှုနိုင်မှတရားဥပဒေစိုးမိုးရေး။အဲဒီလိုများထင်နေသလားဗျာ”
“ပြည်မြို့ရောက်သွားတဲ့ပညာရှင်ဆရာကြီးတစ်ယောက်ကို နိဗ္ဗာန်အကြောင်းပြောပြပါလို့ တောင်းဆိုကြသတဲ့”
“ကိုယ့်လူ၊ဘာသာရေးနဲ့မရောထွေးနဲ့လေဗျာ၊မဆိုင်တာမပြောနဲ့ဗျာ”

“ဆိုင်လာပါလိမ့်မယ်ဗျာ၊ပညာရှင်ဆရာကြီးရဲ့ပြောပုံလေးကိုသဘောကျလို့ပါ။ နိဗ္ဗာန်ကိုသူမရောက်ဖူးတော့ နိဗ္ဗာန်အ ကြောင်း သူဘယ်ပြောနိုင်မလဲတဲ့။ပြောလည်းခင်ဗျားတို့နားလည်မှာမဟုတ်ဘူးတဲ့။သူပြောနိုင်တာက နိဗ္ဗာန်ကိုတားဆီးနေတဲ့ တဏှာကိုတော့ဖြင့်သူကောင်းကောင်းသိတယ်တဲ့။တဏှာအကြောင်းပြောကြရအောင်ဗျာဆိုပြီး၊   ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာဆိုတာတွေပြောတယ်။တဏှာ-၃ပါးကိုအာရုံ-၆ပါးနဲ့မြှောက်-၁၈ပါး၊အဲဒါကိုအတိတ်၊ပစ္စုပ္ပန်၊အနာ၈တ်ကာလ-၃ပါး နဲ့မြှောက်-၅၄ပါး၊အဲဒါကို အဇ္ဈတ္တ၊ဗဟိဒ္ဓ၊သန္တာန်-၂ပါးနဲ့မြှောက်-၁၀၈ပါး”
“ကိုယ့်လူ၊ဘာတွေလဲဗျာ။အိပ်ချင်လာပြီ”

“ဟိုလူတွေလည်းခင်ဗျားလိုအိပ်ချင်နေမှာပဲဗျ။တဏှာအစစ်-၁၀၈ဆိုတာကိုကျကျနနရှင်းပြပြီးတော့မှ အဲဒီ-တဏှာရဲ့ ဆန့်ကျင်ရာကိုထွက်မြောက်နိုင်မှနိဗ္ဗာန်ကိုတွေ့မှာတဲ့။့ ဆိုတော့မှ မျက်လုံးပြူးကုန်တာ”
“ဘာ၊ဘယ်လို-ဘယ်လို”

“rule of law ရဲ့ အချုပ်ကဘယ်သူမဆိုဥပဒေရဲ့ရှေ့မှောက်မှာတန်းတူညီမျှရှိရမှာလေဗျာ။no one is above the law ဆိုပြီး ခင်ဗျားတို့ပဲအော်အော်နေတာလေ။အထူးတန်းပွဲကြည့်စင်ပေါ်စိုင်ကော်လို့ရောက်ပြီး အခွင့်အရေးပိုရလိုလို့ ခြောက်စား ဟောက်စားလုပ်ပြနေတာက rule of law ရဲ့ အတားအဆီးပဲ၊အဖျက်အမှောင့်ပဲ” 

“တစ်ခေါက်လောက်ပြန်ပြောပြပါလားဗျာ”

“တစ်ခုပဲမေးမယ်။ခင်ဗျားတို့က ရွာမီးရှို့မှ၊ဗုံးခွဲမှ၊၀ရုန်းသုန်းကားအကြမ်းဖက်မှ၊အဖျက်အမှောင့်လို့ ထင်နေတာလား”

“ဂွပ်”


The Ladies News Journal



တရားမျှတမှုကို တောင်းခံတဲ့လက်က သန့်ရှင်းဖို့လိုပါတယ်

ပြေလွင်မြင့်

အခြေခံဥပဒေနှင့်အညီဖွဲ့စည်းသည့် အချုပ်အခြာ၏မဏ္ဍိုင်တစ်ရပ်ဖြစ်သော တရားစီရင်ရေးနှင့်စပ်လျဉ်း၍ ကြိမ်ဖန်များစွာကျူးကျော်၊ထိပါး၊ပုတ်ခတ်၊ရေးသား၊တိုက်ခိုက်လျက်ရှိသောဂျာနယ်တစ်စောင်မှ သတင်းထောက်မိန်းကလေးတစ်ဦး၏ ရာဇ၀တ်ပြစ်မှုကျူးလွန်ခဲ့ခြင်းအတွက် စီရင်ပိုင်ခွင့်ရှိသော တရားရုံးတစ်ခုက ထောင်ဒဏ်ချမှတ် စီရင်လိုက်ခြင်းအပေါ် Daily Eleven သတင်းစာက ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ .......

၎င်းတို့၏ထုတ်ပြန်ချက်တွင် အမျိုးသမီးဂျာနယ်လစ်တစ်ဦးအပေါ်ထောင်ဒဏ်ချမှတ်ခဲ့ခြင်းမှာ မတရားသဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ စီရင်ချက်ချမှတ်သောတရားသူကြီးသည် အဂတိလိုက်စား၍ဆုံးဖြတ်ခဲ့ခြင်းရှိမရှိ၊ အုပ်ချုပ် ရေးအာဏာပိုင်များနှင့်တရားစီရင်ရေးအာဏာပိုင်များဝင်ရောက်စွက်ဖက်ပါဝင်ခြင်းရှိမရှိ၊စုံစမ်းစစ်ဆေး၊အရေးယူ၊ဖြေ ရှင်းပေးရန်နိုင်ငံတော်သမ္မတ၊လွှတ်တော်ဥက္ကဌများနှင့်တရားသူကြီးချုပ်စသူတို့ထံတိုင်ကြားစာများပေးပို့ထားကြောင်း ဖြင့် တရားစီရင်မှုတာဝန်ထမ်းဆောင်နေသူတစ်ဦးအပေါ် ၎င်းတို့၏ ပြည့်စုံတိကျမှုမရှိလှသော တစ်ဖက်သတ်ထင်မြင် ယူဆချက်များကိုရှေ့တန်းတင်လျက် ဆက်လက်၊ထိပါး၊ပုတ်ခတ်၊တိုက်ခိုက်နေဆဲဖြစ်သော်လည်း ........

သက်သေခံချက် များအရ ရာဇ၀တ်ပြစ်မှုကျူးလွန်ခဲ့ကြောင်း တရားရုံး၏စစ်ဆေးတွေ့ရှိချက်နှင့်စပ်လျဉ်း၍ အဆိုပါမိန်းကလေးသည် အပြစ်ကင်းစင်သူတစ်ဦးဖြစ်ကြောင်း၊ သို့မဟုတ်-ရာဇ၀တ်ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိကြောင်းကို ၎င်းတို့၏ ပြင်းထန် စွာကန့်ကွက်ကြောင်းထုတ်ပြန်ကြေညာချက်တွင် အာမခံချက်ပေးနိုင်ခြင်းမရှိခဲ့ချေ။

××××××××××××××××××××××××

တရားခံဖြစ်သူ သတင်းထောက်မှာမိန်းကလေးတစ်ဦးဖြစ်သကဲ့သို့ တရားလိုဖြစ်သူ(အထက်တန်းရှေ့နေ)မှာ လည်းအမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ အခင်းဖြစ်ည(၇)နာရီခန့်က ရှေ့နေဒေါ်အေးအေးဖြိုး၏အိမ်သို့ အမှုသည်ကတွေ့ဆုံရန် သွားရောက်ခဲ့ရာတွင် ........

သတင်းထောက်မခိုင်သည်အဆိုပါအမှုသည်နှင့်လက်ဖက်ရည်ဆိုင်၌တွေ့ဆုံမိကြပြီး ရှေ့နေ၏အိမ်သို့ လိုက်ပါသွားခဲ့ ကြောင်း၊ အစ်မရေ-ဟုခေါ်သောအခါ ခပ်၀၀အမျိုးသမီးတစ်ဦးက တံခါးဖွင့်ပေးခဲ့ကြောင်း၊ရှေ့နေခအရစ်ကျပေးခြင်း ကို အမှုသည်နှင့်ရှေ့နေတို့ လက်ခံ၊ မခံပြောဆိုစဉ် မခိုင်က သူမသည်သတင်းထောက်တစ်ဦးဖြစ်သည် ဟု ပြောပြီး ရှေ့နေခကိစ္စတရားသူကြီးထံဖုန်းဆက်မေးမည်၊ ဒီနယ်က တရားသူကြီးတွေ၊ ဥပဒေတွေ၊ ရှေ့နေတွေက ဆင်းရဲသား များထံမှ မတရားငွေညှစ်ယူတာကိုဖော်ထုတ်ရန် ရောက်လာခြင်းဖြစ်ကြောင်း-ပြောရာမှ အချင်းဖြစ်အမှုပေါ်ပေါက်ခဲ့ ကြောင်း စီရင်ချက်မိတ္တူအရ တွေ့ရသည်။
တရားလိုမအေးအေးဖြိုး၏ဖခင်(၎င်းသည်လည်းရှေ့နေဖြစ်သည်ဟုဆိုသည်) ရောက်ရှိလာသောအခါတွင် လည်း ......

သတင်းထောက်မခိုင်က“ငွေညှစ်ယူနေတာဂျာနယ်ထဲထည့်ရန်အိမ်သို့ရောက်လာခြင်းဖြစ်သည်” ဟုပြောဆို ကြောင်း၊ မခိုင်အားသတင်းထောက်ဖြစ်ပါကကတ်ပြရန် ဒေါ်အေးအေးဖြိုးကပြောရာ ....

“နင့်လက်နဲ့ငါ့ကတ်ကိုကိုင်စရာ အကြောင်းမရှိ” ဟုပြောဆိုကြောင်း၊တရားလိုတို့ကအိမ်ပေါ်မှဆင်းရန်ပြောသည်ကိုမပြန်ဘဲဆက်ထိုင်နေသေးသဖြင့် ...

“နယ်ထိန်းရဲကိုခေါ်ပြီးဆွဲထုတ်ရမလား”မေးရာ....

“ရဲလည်းမကြောက်ဘူး၊ဘယ်သူမှမကြောက်လို့ ဒီအိမ်ပေါ်ကို ခွင့်မ တောင်းဘဲတက်လာတာ”ဟုပြောကြောင်း၊ .....

ပိုင်နက်ကျူးလွန်မှုနဲ့တရားစွဲမည်ပြောသောအခါ သတင်းထောက်မခိုင် က ၎င်းအမည်ထိပ်ဆုံးကတပ်စွဲ-ဟုပြောကြောင်း၊ တရားလို၏ဖခင်က အမှုသည်အား......

“မင်းခေါ်လာတဲ့သူတွေ- မင်း ပြန်ခေါ်သွား”ဟုပြောသောအခါ .......

သတင်းထောက်မခိုင်ကညစ်ညမ်းစွာဆဲဆိုပြီး၎င်း၏(××)ကိုပုတ်ပြ၍ “ဒါပဲထင်တယ်” ဟုပြောသဖြင့် ....

၎င်းနှင့်အတူပါသူအမျိုးသမီးကအပြင်သို့ဆွဲခေါ်သွားကြောင်း၊နေအိမ်ခြံဝန်းရှေ့လမ်းမပေါ်မှအော်ဟစ် ဆဲဆိုသွားကြောင်း သက်သေခံချက်များရှိခဲ့သည်။

အမှုစစ်တရားသူကြီးဦးမြမင်းဟန်သည် အခင်းဖြစ်ရပ်ကို မြင်တွေ့ရသူ မဟုတ်ချေ။
(မြင်တွေ့ခဲ့သူဖြစ်လျှင်လည်း အခင်းဖြစ်အမှုကို တရားသူကြီးအဖြစ် စစ်ဆေးစီရင်ခွင့်မရှိချေ)။

သို့သော် ၎င်း၏တရားရုံးရှေ့ စစ်ဆေးပေါ်ပေါက်သော သက်သေခံချက်များအရ တရားခံသတင်းထောက်မိန်းကလေးအပေါ် ရာဇသတ်ကြီးပုဒ်မ ၄၅၁(ပထမပိုင်း)၊ ပုဒ်မ-၅၀၀ နှင့် ပုဒ်မ-၂၉၄(ခ) တို့ဖြင့် စွဲချက်တင်ဖြေရှင်းစေလျက် ယင်းပုဒ်မများဖြင့်ပင်လျှင် ပြစ်မှုထင်ရှားစီရင်ခဲ့သည်။

သတင်းထောက်မခိုင်သည် ရှေ့နေ၏နေအိမ်ဥပစာအတွင်းသို့ ပူးတွဲတရားခံနှင့်အတူ ၀င်ရောက်ပြီးနောက် တရားလိုမိသားစုအား စိတ်ငြိုငြင်စေခြင်း၊ စော်ကားခြင်းပြုခဲ့ကြောင်း၊ ထောင်ဒဏ်ထိုက်သည့်ပြစ်မှုကို ကျူးလွန်ရန်အလို့ငှာအိမ်ကျော်နင်းမှုကျူလွန်ခြင်းဖြစ်၍ရာဇသတ်ကြီးပုဒ်မ-၄၅၁(ပထမပိုင်း)ကိုကျူးလွန်ကြောင်း၊အိမ်ရှေ့လမ်းမ ပေါ်မှ အော်ဟစ်ဆဲဆိုခြင်းဖြင့် ပုဒ်မ-၂၉၄(ခ)ကိုကျူးလွန်ကြောင်း၊လူတစ်ဦး၏ဂုဏ်သရေကိုထိခိုက်ပြောဆိုစွပ်စွဲခြင်း ဖြင့် ပုဒ်မ-၅၀၀ပြဌာန်းချက်ကိုကျူးလွန်ဖောက်ဖျက်ကြောင်း အမှုစစ်တရားသူကြီးကကောက်ယူသုံးသပ်လျက် ပြစ်မှု ထင်ရှားစီရင်ခဲ့ခြင်းဖြစ်ကြောင်းကို ၎င်း၏စီရင်ချက်မိတ္တူတွင်ဖော်ပြချက်အရတွေ့ရသည်။

××××××××××××××××××××

စီရင်ပိုင်ခွင့်ရှိသောတရားသူကြီးတစ်ယောက်၏စစ်ဆေးတွေ့ရှိချက်သည် ဥပဒေအရမှန်ကန်ခြင်းရှိမရှိကို ၎င်း ၏အထက်၊စီရင်ပိုင်ခွင့်အာဏာရှိသောတရားရုံးကသာလျှင်စိစစ်ဝေဖန်ခွင့်ရှိမည်ဖြစ်ရာ ဤဆောင်းပါးတွင် ထိုအချက် ကို စိစစ်ဝေဖန်ခြင်းမပြုလိုချေ။

သို့ရာတွင် ပုဒ်မ-၄၅၁(ပထမပိုင်း)အရ ပြစ်မှုကျူးလွန်သူကို-၂ နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့် အပြင် ငွေဒဏ်လည်းချမှတ်ရမည်ဖြစ်ကြောင်းပြဌာန်းချက်ရှိသော်လည်း အမှုစစ်တရားသူကြီးသည် ထောင်ဒဏ် (၃) လသာလျှင်ချမှတ်ခဲ့သည်။ပုဒ်မ-၅၀၀ အရပြစ်မှုကျူးလွန်သူကို ၂ နှစ်အထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ချမှတ်ရမည်ဖြစ်ကြောင်းပြဌာန်းချက်ရှိသော်လည်း အမှုစစ်တရားသူကြီးသည် ထောင်ဒဏ် (၁)သာလျှင်ချမှတ်ခဲ့သည်။ ပုဒ်မ ၂၉၄(ခ)အရ ပြစ်မှုကျူးလွန်သူကို (၃)လအထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ချမှတ်ရမည်ဖြစ်ကြောင်းပြဌာန်းချက်ရှိသော်လည်း အမှုစစ်တရားသူကြီးသည် ထောင်ဒဏ်(၁) လသာလျှင်ချမှတ်ခဲ့သည်။ ထို့နောက်ပြစ်ဒဏ်များကို တစ်ပေါင်းတည်း(တစ်ပြိုင်တည်း)ကျခံစေခဲ့သည်။

ပြစ်ဒဏ်များကိုတစ်ခုပြီးမှတစ်ခုသီးခြားစီကျခံစေခြင်းမဟုတ်ဘဲ တစ်ပေါင်းတည်းကျခံစေခြင်း၏အကျိုးသက် ရောက်မှုမှာ တရားခံအနေဖြင့်စုစုပေါင်းထောင်ဒဏ်(၃)လသာလျှင်ကျခံစေရမည့် အနက်အဓိပ္ပာယ်ဖြစ်သည့်အတွက် အမှုစစ်တရားသူကြီးဦးမြမင်းဟန်အနေဖြင့် တရားခံဖြစ်သူသတင်းထောက်မိန်းကလေးအပေါ် အထူးတလည် သက်ညှာစွာစဉ်းစားခဲ့ကြောင်း ယူဆရန်ရှိသည်။

၎င်းပြစ်မှုများကျူးလွန်ခဲ့ကြောင်းစစ်ဆေးတွေ့ရှိခဲ့သော အမှုစစ်တရားသူကြီးအနေဖြင့် အမြင့်ဆုံးပြစ်ဒဏ်များ ဖြစ်သည့် (၂)နှစ်+(၂)နှစ်+(၃)လ= စုစုပေါင်းထောင်ဒဏ် ၄နှစ်နှင့်၃လ ပြစ်ဒစ်ကိုချမှတ်ပါကလည်း သာမန်အားဖြင့် ဥပဒေနှင့်ညီညွတ်ခြင်းမရှိဟူ၍ မဆိုနိုင်ချေ။မှန်ကန်ခြင်းမရှိ-ဟုမဆိုနိုင်ချေ။ဥပဒေနှင့်ဆန့်ကျင်ခြင်းမရှိသည့်အပြင်၎င်း ၏စီရင်ပိုင်ခွင့်အာဏာအတွင်း ဆောင်ရွက်ခြင်းမရှိ ဟူ၍ မဆိုနိုင်ချေ။ သို့စေကာမူ၊အမှုစစ်တရားသူကြီးက ၎င်းချမှတ် သောပြစ်ဒဏ်များကို တစ်ပြိုင်တည်း(စုစုပေါင်း-၃)လချမှတ်ခဲ့ခြင်းမှာ တရားခံအပေါ် ကရုဏာရှေ့ထား၍ သနားညှာ တာခဲ့ခြင်းသာဖြစ်သည်ဟု ယူဆဖွယ်ရာရှိသည်။
မတရားသဖြင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟူသောစွပ်စွဲချက်မှာမှန်ကန်သည်ဟုယူဆရန် အကြောင်းမရှိချေ။

၎င်းတို့၏ထုတ်ပြန်ချက် အပိုဒ်(၂)တွင်“သတင်းထောက်မခိုင်သည် သတင်းရယူမှုဖြစ်စဉ်အတွက်တရားစွဲဆို ခံခဲ့ရခြင်းဖြစ်ပြီး Eleven Media Group ၏သတင်းထောက်ဖြစ်ကြောင်း၊သတင်းမေးမြန်းလို၍ဖြစ်ကြောင်း၊ ကြိုတင် ပြောဆိုခဲ့သည့်အပြင်၊၀န်ထမ်းကတ်အားပြသ၍တရားဝင်ခွင့်ပြုချက်တောင်းခံပြီးကာယကံရှင်ကခွင့်ပြုခဲ့သောကြောင့် ၎င်း၏နေအိမ်အတွင်းတွင်မေးမြန်းခဲ့ခြင်းသာဖြစ်ပါသည်။ထို့အပြင်၊ သတင်းထောက်မခိုင် မေးမြန်းသောမေးခွန်းကို မကျေနပ်၍နေအိမ်မှထွက်ခွာရန်နှင်ထုတ်မှုကြောင့် ကာယကံရှင်၏ဆန္ဒအတိုင်း အဆိုပါနေအိမ်မှ ပြန်လည်ထွက်ခွာ ခဲ့သည်” ဟူ၍ ဖော်ပြခဲ့သည်။

အဆိုပါ အချက်မှာ လွိုင်ကော်မြို့နယ်တရားရုံးက နှစ်ဖက်သက်သေများကိုစစ်ဆေးပြီးနောက် ပေါ်ပေါက်ခဲ့ သောသက်သေခံချက်များနှင့် သိသိသာသာကွဲလွဲလျက်ရှိကြောင်းတွေ့ရသည်။

တရားရုံးစီရင်ချက် စာမျက်နှာ(၄)၊ စတုတ္ထပိုဒ်တွင် “အမှုမှတရားလိုဘက်စစ်ဆေးစဉ်တစ်လျောက် တရားလို ဘက်မှထွက်ဆိုချက်များအပေါ် တရားခံဘက်မှပြန်လှန်စစ်မေးချက်များအရသာ ပြုလုပ်ခဲ့ပါက အမှုဖြစ်ပွားရန် အကြောင်းမရှိပေ” ဟူ၍ သုံးသပ်ထားသည်။

သို့ရာတွင်၊ Daily Eleven သတင်းစာ၏(၁၉-၁၂-၂၀၁၃)ရက်နေ့ ထုတ်ပြန်ချက်တွင် အမှုစစ်တရားရုံး၏စီရင် ဆုံးဖြတ်ချက်အပေါ် “မတရားသဖြင့်လုပ်ဆောင်ခြင်းဖြစ်ကြောင်း” ၊ “ ဒုတိယမြို့နယ်တရားသူကြီး ဦးမြမင်းဟန်သည် အဂတိလိုက်စား၍ ဆုံးဖြတ်ခဲ့ခြင်းရှိမရှိ၊အုပ်ချုပ်ရေးအာဏာပိုင်များနှင့်တရားစီရင်ရေးအာဏာပိုင်များ ၀င်ရောက်စွက် ဖက်ပါဝင်ခြင်းရှိမရှိ” စုံစမ်း၊ စစ်ဆေး၊ ဖြေရှင်းပေးရန် တိုင်ကြားစာများပေးပို့ထားကြောင်း၊ ဂျာနယ်လစ်တစ်ဦးအား မတရားသဖြင့် ထောင်ဒဏ်ချမှတ်သည့်နည်းလမ်းဖြင့်လုပ်ဆောင်ခဲ့ခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက် ခြင်း၊ထိပါးခြင်းဖြစ်သည့်နည်းတူEleven Media Group ၏ဂုဏ်သိက္ခာကိုနစ်နာထိပါးစေသည့်အတွက် သက်ဆိုင်သူ များအားလုံးကို ဥပဒေကြောင်းအရ ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆက်လက်ဖော်ပြ ခဲ့သည်ကိုတွေ့ရသည်။

စာနယ်ဇင်းမီဒီယာများဖွံ့ဖြိုးလာသည့် ယခုအခါမျိုးတွင် သက်ဆိုင်ရာ စာနယ်ဇင်းပညာတတ်ကျွမ်းသူများက မိမိတို့စာနယ်ဇင်းတွင်ခန့်ထားသည့်သတင်းထောက်များအား သတင်းကိုမည်သို့စုံစမ်းထောက်လှမ်းရမည်၊ယဉ်ကျေး ရည်မွန်စွာပြောဆိုဆက်ဆံရမည်၊တည်ဆဲဥပဒေများ မည်သို့ပြဌာန်းချက်ရှိသဖြင့် မည်သည့်အချက်များကို သတိပြု ရမည်၊ .....

မည်သည့်အချက်များကို စောင့်ထိန်းလိုက်နာရမည်၊ချိုးဖောက်ကျူလွန်ခြင်းမပြုရ၊စသည်ဖြင့် မိမိတို့သည်မည် သည့်နေရာအထိရောက်အောင်သွားခွင့်ရှိ၍ မည်သည့်နေရာတွင်ရပ်တန့်ရမည်ကို သွန်သင်ညွှန်ပြထားသင့်သည်။ ....

ထမင်းရည်ပူစည်း ဘယ်နေရာမှာရှိသည်ကို သိနားလည်သူများထံ ချဉ်းကပ်၍နည်းနာခံဖို့လိုပေလိမ့်မည်။
ယခုအခါမူ၊ထမင်းရည်ပူစည်းကို ကျော်နင်းမိသည့်အတွက် အမှုစစ်တရားရုံး၏မလွှဲမရှောင်သာ ပြစ်ဒဏ်မှတ် ခြင်းကိုခံခဲ့ရသော သတင်းထောက်မိန်းကလေးတစ်ဦးသည် လွိုင်ကော်မြို့၏ချမ်းစိမ့်အေးစက်သည့်ဆောင်းညများကို အကျဉ်းစခန်းတစ်နေရာရှိ အခန်းငယ်တစ်ခုအတွင်းမှနေ၍ ကရုဏာသက်စဖွယ် အန်တုရင်ဆိုင်နေရပြီဖြစ်သည်။

The Ladies ဂျာနယ်


မောရစ်ကောလစ် မှားယွင်းခဲ့သလား ...

ပြေလွင်မြင့်
 
  အစိုးရကိုအကြည်ညိုပျက်စေအောင်ဟောပြောခဲ့တဲ့ ကာလကတ္တားမြို့တော်ဝန် ဆင်ဂုပတားကို ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကအရ ၁၀ နှစ်ပဲဖြစ်ဖြစ်၊ တစ်သက်တစ်ကျွန်းပဲဖြစ်ဖြစ်၊ မချမှတ်ခဲ့ဘဲ ထောင်ဒဏ် ၁၀ ရက်ပဲချခဲ့တဲ့ မောရစ်ကောလစ်ရဲ့ အတွေးအခေါ်ဟာ မြန်မာမဆန်ဘူးလို့ဆိုရပါမယ်။

 ဆင်ဂုပတားဟာသူ့အပေါ် ထောင်ဒဏ်ပြင်းပြင်းထန်ထန်ချမှတ်ခံရဖို့မျှော်လင့်ရုံမက အဲသလိုဖြစ်အောင်လည်းတရား ရုံးကိုအသိအမှတ်မပြုရုံမျှမက၊ ရုံးမေးခွန်းတွေကိုဖြေဆိုခြင်းမပြု၊ မထီမဲ့မြင်ပြုတဲ့အမူအရာမျိုးနဲ့ ကောလစ်ရဲ့စိတ်ကိုဆွပြီးကျုံး သွင်းခဲ့ပါတယ်။အင်္ဂလိပ်အစိုးရက မတရားလုပ်တယ်ဆိုတာလည်းပေါ်လွင်သွားမယ်။ မတရားသဖြင့် ထောင်ချခံလိုက်ရတဲ့သူ ကိုယ်တိုင်လည်း သူရဲကောင်းစာရင်းဝင်သွားမယ်။ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပါ။ 

 ပြင်းထန်တဲ့ ထောင်ဒဏ်ချမှတ်လိုက်ရင် ဆင်ဂုပတားလည်းကျေနပ်သွားမယ်၊ ဘုရင်ခံဆာချားလ်စ်ရဲ့ အုပ်ချုပ်ရေးအ၀န်းအ၀ိုင်းက အတွင်းဝန်ချုပ်လွိုက်တို့လို ပြည်ထဲရေးဝန်ကြီး ဆာဂျေအေမောင်ကြီးတို့လို ခပ်တိမ်တိမ်လူတွေလည်း မနောခွေ့သွား မယ်။ ခပ်ညံ့ညံ့ အုပ်ချုပ်ရေးသမားအတော်များများဟာ နိုင်ငံရေးသမားတွေကို ထောင်အနှစ် လေးငါးဆယ်၊ တစ်ရာ စသည်ဖြင့် ချပြလိုက်ရင်ပဲ သူတို့ကိုမနာခံ၊ ဆန့်ကျင်နေတဲ့နိုင်ငံရေးသမားတွေဟာ"နာခံသေ၀ပ်"လာလိမ့်မယ်၊ တစ်ခါတည်း"ခြေသုပ်ပုဆိုး မြွေစွယ်ကျိုး" ဖြစ်ပြီး ကြောက်ရွံ့တုန်လှုပ်သွားလိမ့်မယ် ၊နောင်ကြဉ်ပြီး နောက်တွန့်သွားကြလိမ့်မယ်လို့ ခပ်တိမ်တိမ် တွေးတတ် ကြပါတယ်။ 

 အဲဒီအတွေးအခေါ်ဟာ ဘယ်တုန်းကမှ မမှန်ခဲ့ပါဘူး။ နိုင်ငံလွတ်လပ်ရေး မရမီတုန်းက မှန်ကန်ခြင်း မရှိခဲ့သလို လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာလည်း မှားယွင်းခဲ့ပါတယ်။ ထပ်ခါထပ်ခါမှားယွင်းခဲ့တယ်ဆိုတာ သမိုင်းကိုဥာဏ်ပညာနဲ့ ပြန်စိစစ်ကြည့် ရင်  အထင်အရှား သိနားလည်နိုင်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။

 ဂျပန်က လက်သည်းခွံခွာခဲ့တယ်၊ ဇောက်ထိုးဆွဲနေပူလှန်း၊ 
ဗိုက်ပေါ် ကြွက်တင်၊ အိုးကင်းပူတိုက်ပြီး ရက်ရက်စက်စက် လူမဆန်အောင်လုပ်ခဲ့တယ်။ မြန်မာတော်လှန်ရေးသမားတွေ နောက်တွန့်သွားခဲ့သလား။ တစ်ခါတည်း ကြောက်ရွံ့ထိတ်လန့်ပြီး ခင်ဗျားတို့ပဲ အုပ်ချုပ်ပါတော့၊ ကျွန်တော်တို့ တုပ်တုပ်မှ မလှုပ်တော့ပါဘူး၊ ဂျပန်ကို အိညက်အိညက်လုပ်ပြီး မျက်နှာချိုသွေးခဲ့ပါသလား။ လွတ်လပ်ရေးကို မရရအောင် ယူခဲ့ကြတာပဲ မဟုတ်လား။

 ငါးဖယ်ပိုပြီးမာလာတာက ပိုပြီးအထုခံရလို့ပဲ ဆိုတာ
ကမ်းနားမှာ ငါးရှာနေတဲ့သူတွေတောင်သိပါတယ်။ မင်းသားကိုချစ်လာတာလူမိုက်ကြမ်းရမ်းပြလို့ပဲဆိုတာ ဇာတ်သမားတိုင်းသိကြပါတယ်။

 ခေတ်အဆက်ဆက်မှာမတရားပြုလုပ်ခံရသူတွေကပိုပြီးတောက်ပ ပြောင်လက်လာတယ်၊ မာကျောလာတယ်။ ခပ်တိမ်တိမ်ပဲစဉ်းစားတတ်တဲ့အခွင့်အာဏာရှိသူတွေရဲ့ဖိနှိပ်မှု၊ မတရားပြုလုပ်မှုကြောင့် ပြည်သူအများစုကစေတနာ၊ မေတ္တာတွေတုံးပြီး မတရားပြုလုပ်ခံရသူတွေအပေါ်စေတနာမေတ္တာသက်ရောက်လာတယ်။ သူတို့ဘက်ကရပ်လာတယ်။ သဘာဝကအဲဒီအတိုင်းပါပဲ။ 
 
 ဒီသဘောတရားကို ကောလစ်ကကောင်းကောင်းနားလည်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။

 နိုင်ငံအစိုးရကို အကြည်ညိုပျက်အောင် ဟောခဲ့တဲ့ ဆင်ဂုပတားကို ကောလစ်က အလုပ်မဲ့ထောင်ဒဏ် ၁၀ ရက်ပဲချလိုက် ပါတယ်။ ကောလစ်နဲ့ ဆင်ဂုပတားတို့ တရားခွင်ထဲမှာ တစ်ယောက်နဲ့တစ်ယောက်မြွေမြွေချင်းခြေမြင်တဲ့ မျက်လုံးမျိုးနဲ့ စူးစူးဝါးဝါး ဆိုင်ပြိုင်ကြည့်ရှုခဲ့ကြတာ ဒီသဘောပဲလို့ ယူဆရပါလိမ့်မယ်။

 ရန်သူကိုသေးသိမ်အောင်လုပ်လိုက်တာပါ။
သူတို့အစိုးရကို အကြည်ညိုပျက်အောင်ဟောပြောခဲ့ပေမယ့်"မောင်ရင်လုပ် တာ အသေးအဖွဲပါ၊ကိုယ့်လူ ဘယ်လောက်ပဲအကြည်ညိုပျက်အောင်ပြောပြော၊ ကျုပ်တို့က အရေးလုပ်စရာမလိုပါဘူး။ဓားမသွေး လောက်ပါဘူး" လို့ဆိုရာရောက်ပါတယ်။ 

 အဲဒါ ၁၉၃၀ ခုနှစ်ပါ။ ဆရာစံတော်လှန်ရေးဖြစ်တဲ့နှစ်ပါ။
 ဗိုလ်ချုပ်က ၁၉၁၅ ခုနှစ်မွေးဆိုတော့၊ ၁၅နှစ်သားအရွယ်ပဲရှိဦးမှာပါ။

 နောင်၊နှစ်များစွာအကြာ ကိုအောင်ဆန်းကို ဖမ်းမိရင် ဆုတော်ငွေ ၅ကျပ်ဆိုပြီး ထုတ်ပါတယ်။ ဆုငွေ-၅၀၀ ကျပ်၊ ဒါမှ မဟုတ်-၅၀၀၀ကျပ်၊ ဘာလို့မထုတ်တာလဲ၊ ရှင်းပါတယ်။
ရန်သူကို သေးသိမ်အောင် လုပ်လိုက်တာပါ။ 
 ဆင်ဂုပတားက ကောလစ်ရဲ့တရားရုံးကို အသိအမှတ်မပြုဘဲ နေဖို့ကြိုးစားခဲ့သလိုမျိုး သူတို့က သူတို့ရဲ့ရန်သူကို အသိအမှတ်မပြုကြောင်းပြလိုက်တာပါ။ ဓားမသွေးလောက်ပါဘူးလို့ ပြောလိုက်တာပါ။ တစ်ထပ်တည်းပါပဲ။

 ကျွန်းငယ်လေးတစ်ခုကနေ၊ နေမ၀င်အင်ပါရာအဖြစ် ကမ္ဘာကိုအုပ်စိုးဖို့အထိ ကြံစည်ခဲ့သူတွေရဲ့တွေးခေါ်မြော်မြင်မှုကို တစ်ချက်ကလေး အလေးထား ဆင်ခြင်ကြည့်ရင် မောရစ်ကောလစ်မမှားခဲ့ဘူးဆိုတာတွေ့ရမယ် ထင်ပါတယ်။ ပင်လယ်ခြားရာ ခရီးကွာကနေ သူများနိုင်ငံကိုနှစ်ပေါင်းတစ်ရာ အုပ်စိုးလို့ရခဲ့တာ ခပ်တိမ်တိမ်တွေကြောင့် မဟုတ်ဘူးဆိုတာ သေချာပါတယ်။
  
 တို့ဗမာသာကီမျိုးတွေလို နက်နက်နဲနဲ မတွေးနိုင်ပါဘူးကွာလို့ ယူဆသူများ ရှိကောင်းရှိပါလိမ့်မယ်။
ဘယ်ခေတ်မှာမဆို နိုင်ငံတစ်နိုင်ငံကို အုပ်စိုးတဲ့သူတွေက သူတို့ဟာ တရားမျှတစွာအုပ်ချုပ်တယ်ဆိုတာ ပြသချင်ကြပါတယ်။

 မိတ်ဆွေတရားသူကြီးတစ်ယောက်ရဲ့ အတွေ့အကြုံကို ဒီနေရာမှာလိုအပ်သလောက်ပြန်ပြောပြချင်ပါတယ်။
 ကုန်လွန်ခဲ့ပြီဖြစ်တဲ့ ကာလတစ်ခုမှာ သူဟာ အထူးတာဝန်ပေးအပ်ခံရတဲ့ တရားသူကြီးတစ်ဦးအနေနဲ့  မတရားအသင်းများ အက်ဥပဒေအရ စွဲဆိုတဲ့အမှုတွေနဲ့ ဆက်စပ်တဲ့အမှုတွေကို စစ်ဆေးစီရင်ခဲ့ရပါသတဲ့။

 မတရားအသင်းဆိုတာ တိုတိုပြောရရင် အကြမ်းဖက်မှု၊ခြိမ်းခြောက်မှုတို့ကိုကျူးလွန်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကနေ မတရားအသင်းအဖြစ် အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်ထားတဲ့ အသင်းအဖွဲ့အစည်းတွေကိုဆိုလိုတာပါ။ဥပမာ ကွန်မြူ နစ်ပါတီ(ဗမာပြည်)၊ အလံနီတောင်သူလယ်သမားသမဂ္ဂ စတဲ့အဖွဲ့တွေဖြစ်ပါတယ်။

 အဲဒီလိုမတရားအသင်းကြေညာခံထားရတဲ့အဖွဲ့တစ်ခုခုနဲ့ဆက်သွယ်ပြီး ငွေကြေးထောက်ပံ့တာတို့၊ငွေကြေးလက်ခံ ရယူတာတို့ဟာ ပုဒ်မ-၁၇(၁)အရ အရေးယူခံရနိုင်ပါတယ်။ ထောင်ဒဏ် အများဆုံး-၃ နှစ်ကျခံရနိုင်ပါတယ်။ အဲဒီမတရားအသင်းရဲ့စီမံအုပ်ချုပ်မှုမှာပါဝင်တာ၊အစည်းအဝေးဖြစ်မြောက်အောင်
 ဆော်သြတာ၊ကူညီတာ၊ကမကထ ပြုလုပ်ပေးတာ၊မတရားအသင်းဝင်ဖြစ်တာ၊စသည်တို့ဟာ ပုဒ်မ-၁၇(၂)အရ အရေးယူခံရနိုင်ပါတယ်။ထောင်ဒဏ်အများဆုံး-၅နှစ် ကျခံ ရနိုင်ပါတယ်။

 ကျွန်တော့်မိတ်ဆွေစစ်ဆေးရတဲ့အမှုတွေက အတွဲလိုက်၆တွဲပါ။ အကြောင်းအရာက မတရားအသင်းအဖြစ် ကြေညာ ခံရပြီးပြည်ပနိုင်ငံမှာရှိနေတဲ့ အဖွဲ့အစည်းတစ်ခုဆီကို ၆ ကြိမ်တိတိသွားရောက်ခဲ့တဲ့ကိစ္စလို့ ထင်ပါတယ်။

 ဆိုပါစို့။အဲဒီ-မတရားအသင်းရှိတဲ့နေရာကို တစ်ခေါက်သွားလိုက်၊ဟိုလူဒီလူခေါ်သွားပြီးနောက်တစ်ခေါက်ပို့ပေးလိုက်၊
 ထောက်ပံ့တဲ့ငွေတွေလက်ခံလိုက်၊သုံးစွဲပစ်လိုက်နဲ့ စုစုပေါင်း ၆ကြိမ်သွားခဲ့တယ်လို့ပေါ်ပေါက်ခဲ့ရာမှာ တစ်ခေါက်သွားလိုက်တဲ့ အတွက်အမှုတွဲတစ်တွဲတွဲပါသတဲ့။ တစ်ခေါက်သွားတိုင်းကို ဥပဒေအကြံပြုချက်အရ ပုဒ်မ-၁၇(၁)၊ပုဒ်မ-၁၇(၂)နဲ့  လ၀ကအက် ၁၃(၁)တို့နဲ့စွဲတာပါ။

 တစ်ခေါက်အတွက်ဆိုရင် ၁၇(၁)အတွက်က-၃နှစ်၊၁၇(၂)အတွက်က-၅နှစ် ၊လ၀က၁၃(၁)အတွက်က-၅နှစ်၊စုစုပေါင်း ၁၃နှစ်ပါ။ သွားတွေ့တဲ့အကြိမ်ပေါင်း-၆ကြိမ်အတွက်ဆိုရင်-၇၈ နှစ်ဖြစ်ပါတယ်။

 သူငယ်ချင်းကစဉ်းစားသတဲ့။
မတရားအသင်းဆီက ထောက်ပံ့ငွေယူတဲ့တစ်ကြိမ်အတွက် ၃နှစ်ဆိုတာနဲ့ ပြည်ပကိုတစ် ခေါက်သွားတဲ့အတွက် ၅နှစ်ဆိုတာက သဘာဝကျတယ်လို့ဆိုနိုင်ပေမယ့်၊ မတရားအသင်းဝင်ဖြစ်တယ်ဆိုတဲ့ ၁၇(၂)အတွက် ကတော့ဖြင့် ဘယ်နှခေါက်သွားသွားတစ်ကြိမ်ပဲအပြစ်ဒဏ်စီရင်သင့်တယ်၊ မတရားအသင်းဝင်ဆိုတာ တစ်ကြိမ်သွားဝင်လိုက်၊ ပြန်ထွက်လာပြီးနောက်တစ်ကြိမ်သွားဝင်လိုက်မှမဟုတ်ဘဲ။ အကြိမ်တိုင်းအကြိမ်တိုင်းအတွက် တစ်ခေါက်ကို ၁၇(၂)နဲ့ ၅နှစ်စီ အပြစ်ပေးမယ်ဆိုတာတော့သဘာဝမကျဘူး။

ဒီတော့၆ကြိမ်စလုံးအတွက်၅နှစ်ပြစ်ဒဏ်ကိုတစ်ပေါင်းတည်းကျခံစေသင့်တယ်၊ (တစ်ပေါင်းတည်းဆိုတာ-အဲဒီပုဒ်မအတွက်စုစုပေါင်း-၅နှစ်ပဲကျခံရမယ်ဆိုလိုတာပါ) ဒါဆို မြင်မကောင်းရှုမကောင်း ၇၈နှစ်ဆို တာနဲ့စာရင်၊ ထိုက်သင့်သလောက် ပြစ်ဒဏ်တွေလျော့သွားမယ်၊ ဥပဒေအရလည်း မှန်ကန်မယ်။ 

 တကယ်က ကျွန်တော့်မိတ်ဆွေက ဥပဒေအရ သိသိသာသာကြီးမမှားစေချင်တာပါ။ ဟိုတရားခံကိုစာနာသနားလို့ရယ်မဟုတ်ပါဘူး။သူကအဲသလို ၁၇(၂)ပြစ်ဒဏ်တွေကို    ပေါင်းပေးမှသင့်လျော်မယ့်အကြောင်း သူ့ရဲ့တိုင်းတရားသူကြီးကိုတင်ပြပါသတဲ့။ တိုင်းတရားသူကြီးက လက်မခံခဲ့ဘဲ "အပြစ်ပေးတာကမင်းကိစ္စ၊လျှော့သင့်မသင့်စဉ်းစားတာက ရုံးချုပ်ကိစ္စ"လို့ပြောပါ သတဲ့။
ဆိုပါစို့၊ ကျွန်တော့်မိတ်ဆွေက ထောင်ဒဏ်-၇၈ နှစ်ချလိုက်တော့ (အဲဒီအခါတုန်းက)ဘီဘီစီတို့ ဗွီအိုအေတို့မှာသတင်းပါ လာတယ်။ အုတ်အော်သောင်းတင်းဖြစ်လာတော့ သူ့ရဲ့လူကြီးတစ်ယောက်က ဖုန်းလှမ်းဆက်သတဲ့။

 ၇၈-နှစ်တောင်၊လူတစ်ယောက်ကိုမဆင်မခြင်ဘာလို့ချလိုက်တာလဲတဲ့။ နိုင်ငံရဲ့ပုံရိပ်ကို ဘယ်လောက်ထိခိုက်သလဲဆို တာ မောင်ရင်နားမလည်ဘူးလား-တဲ့။

 မောရစ်ကောလစ်မှားယွင်းခဲ့သလား-ဆိုတာစဉ်းစားရင်း ကျွန်တော့်မိတ်ဆွေရဲ့အတွေ့အကြုံလေးသတိရလို့ပြန်ပြောပြ တာပါ။

 အဲဒီလိုအမိန့်ချမှတ်ခံရတဲ့သူတစ်ဦးတစ်ယောက်မှ အနှစ်သုံးလေးငါးဆယ်မနေခဲ့ရပါဘူး။  အစကတည်းက ဥပဒေအရ သင့်မြတ်လျော်ကန်တဲ့ အပြစ်ဒဏ်မျိုးပေးခဲ့ရင် ခုနာမည်ပျက်နေတဲ့သူတွေလည်း ခုလောက်နာမည်ပျက်စရာရှိမယ်မထင်ဘူး။ ဥပဒေနဲ့မညီတဲ့၊ အရပ်ရပ်နေပြည်တော်၊ ကြားလို့မှမလျော်တဲ့ပြစ်ဒဏ်တွေချမှတ်တာဟာ သူ့လူကြီးတစ်ဦးပြောခဲ့သလို နိုင်ငံရဲ့ ပုံရိပ်ကိုတောင် ထိခိုက်နိုင်တယ်ဆိုတာစဉ်းစားဖို့သိပ်ကောင်းပါတယ်။ 

ကျွန်တော့်မိတ်ဆွေကဥပဒေအရမှန်ကန်မယ်လို့်
သူထင် မြင်တဲ့အတိုင်း အမိန့်ချခဲ့ရင်ဖြစ်ဖြစ်၊
သူ့ရဲ့တိုင်းအဆင့်အကြီးအကဲက ဥပဒေအတိုင်းပဲလုပ်လို့
တိတိကျကျ ညွှန်ကြားခဲ့ရင်ပဲဖြစ်ဖြစ်၊
အထက်ရောက်တဲ့အထိ တင်ပြပေးခဲ့ရင်ပဲဖြစ်ဖြစ်
ခုလို အပြစ်တင်ခံရမှာမဟုတ်ဘူး။ အရုပ်ဆိုးခဲ့မှာမဟုတ်ဘူး။
 အလယ်ကလူ စကားဝဲခဲ့ရင်လည်း မလျော်မကန် အကျည်းတန်တာတွေဖြစ်နိုင်တာပဲဆိုတာ သတိပြုစေလိုတာ ဖြစ်ပါတယ်။   

             ၂၉-၁၀၂၀၁၄၊ ပဲ့တင်သံဂျာနယ် ဆောင်းပါး


ရေလိုခမ်းခြောက်ပါစေသား .....

ပြေလွင်မြင့်

“ရေလိုခမ်းခြောက်ပါစေသား ဆိုပြီး ကျိန်လို့မဖြစ်တော့ဘူး။ ရေအားက ကောင်းတုန်း”

အထက်မြန်မာနိုင်ငံမှာ ရေဘေးသင့်နေတုန်း၊ကျွန်တော်တို့ဇာတိမြစ်ဝကျွှန်းပေါ်သို့ အထက်မှရေများစီးဆင်းလာမည့် အချိန်ကိုကြိုတွေးပြီး ကြာဖြူကြာနီကျေးလက်နေ မိဘဆွေမျိုးများအတွက် ပူပန်သောကမအေးနိုင်ဖြစ်နေတုန်း၊ အထက်ပါစာ စုလေးကိုကျွန်တော်၏ လူမှုကွန်ယက်စာမျက်နှာ(facebook)မှာ ရေးတင်လိုက်သည်။

ကျွန်တော်၏စိတ်ခံစားမှုအလျောက်ရေးတင်လိုက်သည့် post တွင် မိတ်ဆွေအချို့က comments တွေဝင်၍ရေးကြ သည်။ချောက်မြို့နေ စာရေးဆရာနတ်မှူး၏ဇနီး ဒေါ်ရီရီမြင့်ကလည်း  comment တစ်ခုဝင်ရေးသည်။
“ပဲခူးမှာကောရေကြီးနေလား၊ တရားသူကြီးအိမ် ရေမြုပ်တယ်ကြားလို့” ကျွန်တော်က ချက်ချင်းပြန်ရေးလိုက်သည်။
“တရားသူကြီးမှာ မြုပ်စရာအိမ်ကို မရှိပါဘူးဗျာ”
မြုပ်စရာ အိမ်မရှိသောကြောင့် အိမ်ရေမြုပ်မှာမပူရပါဟု ရိုးရိုးရေးလိုက်ခြင်းဖြစ်သည်။ ခုပြန်ကြည့်တော့ခံစားမှုတစ်မျိုး ပေါ်လာသည်။

စင်စစ်၊ ဆရာနတ်မှူး၊ ဆရာဂျိုဇော်၊ ဆရာနေ၀င်းမြင့်တို့သည် ကျွန်တော်နှင့်ညီအစ်ကိုအရင်းတမျှ ချစ်ခင်ကြသူများဖြစ်သည်။မိသားစုချင်းပါချစ်ခင်ရင်းခြာကြသည့်အတွက်ခုတော့၊ တစ်ရွာတည်းသား၊ သားချင်းတွေလို ဖြစ်နေကြပါပြီ။ တစ်ယောက် နှင့်တစ်ယောက် အတွင်းအပြင်သိနိုင်ကြပါပြီ။ အနည်းဆုံးတော့ဖြင့် သူတို့သုံးဦးစလုံးမှာအိမ်ရှိပြီး ကျွန်တော့်မှာပဲအိမ်မရှိသည် ကို သိပြီးဖြစ်ပါသည်။

ထိုသုံးယောက်တွင် ဆရာနတ်မှူး၌ တရားသူကြီးများနှင့်စပ်လျဉ်း၍ နာကျင်သောခံစားချက်ရှိသည်။ဆိုးရွားသောအ တွေ့အကြုံတစ်ခုရှိဖူးသည်။ တရားသူကြီးဆိုတာ ပိုက်ဆံယူပြီး မတော်မတရားစီရင်ဆုံးဖြတ်တတ်သူ ဟု သူ့အတွေ့အကြုံဖြင့် ခံစားနားလည်နေခဲ့သူဖြစ်သည်။ သူ၏အတွေ့အကြုံအရဆိုလျှင် သူ၏ ခံစားနားလည်မှုကို မှားယွင်းသည်မဆိုသာပါ။ သူ့ကို ကျွန် တော် နားလည်နိုင်ပါသည်။

၂၀၁၂ ခုနှစ်မှစ၍ တရားစီရင်ရေးဆိုင်ရာဆောင်းပါးများကို ကလောင်နာမည်အမျိုးမျိုးနှင့် ကျွန်တော်ရေးခဲ့ပါသည်။ တရားစီရင်ရေးနှင့်စပ်လျဉ်း၍ ပြင်းထန်သောဝေဖန်မှုများ၊တိုက်ခိုက်ထိုးနှက်မှုများပေါ်ပေါက်လာချိန်တွင် မိမိအသက်မွေးမှုပြုပြီး အကျွမ်းတ၀င်ရှိသည့်ပညာရပ်နယ်ပယ်မှရပ်လျက် ဝေဖန်ချက်၊ထိုးနှက်ချက်(အချို့)သည် နည်းလမ်းမမှန်ကြောင်း၊ နားလည် မှုလွဲမှားနေသည်များရှိကြောင်း၊ တရားစီရင်မှု၏သဘာဝမှာ ဤသို့ဖြစ်ကြောင်း၊ စသည်ဖြင့်ကျွန်တော်၏ထင်မြင်ချက်၊ယူဆချက် များကို တစ်ခါတစ်ရံပြေပြေပြစ်ပြစ်၊တစ်ခါတစ်ရံ ခပ်ဆတ်ဆတ် ပြန်လည်ရေးသားခဲ့ပါသည်။

ဂျာနယ်အချို့ကလက်မခံပါ။ ဂျာ နယ်အချို့က လိုလားစွာပုံနှိပ်ဖော်ပြပေးခဲ့ပါသည်။ အသိအမှတ်ပြုသူ၊ အားပေးသူများနှင့် အသိအမှတ်မပြုသူ၊အားမပေးသူများလည်းရှိပါသည်။
“ငါတို့ဘက်ကခုခံကာကွယ်ပေးနေတယ်၊ ဒီလိုပြောမှဖြစ်တော့မယ်” ဆိုပြီး အားပေးသူများရှိသကဲ့သို့ “တရားရေးက ကောင်းမှမကောင်းသေးတာ၊ဒါတွေရေးနေလို့အပိုပဲ” ဆိုပြီး ဘယ်သူဘာရေးရေးဖတ်လည်းမဖတ်၊ ဆင်လည်းမဆင်ခြင်၊ပိုက် ဆံလာပေးသည့်ဖက်၊ကြောက်ရသည့်ဖက်ကိုအသာပေးစဉ်းစား၍ “ငွေများတရားနိုင်” “လူများတရားနိုင်”စီရင်ဆုံးဖြတ်နေဆဲ မပြောင်းလဲသေးသောသူများလည်း ရှိနိုင်ပါသည်။

ဆရာနတ်မှူးကတော့ဖြင့် ကျွန်တော်ရေးသောစာများကိုအားပေးသည်မဟုတ်သော်လည်း လူပုဂ္ဂိုလ်သံယောဇဉ်ဖြင့် တစ်ခုတ်တစ်ရဖတ်ရှာပါသည်။“စဉ်းစားချိန်တစ်နာရီ” ကဲ့သို့ ရသပါပြီး တရားသူကြီးတစ်ယောက်၏ စိတ်ခံစားမှုများနှင့်ပတ် သက်၍ရေးသောစာမျိုးကိုမူ “ဒါမျိုးဖတ်ရတာတော့ ကောင်းတယ်ဗျ” ဟုဖုန်းဆက်ပြောတတ်ပါသည်။

ကဗျာဆရာဖေတင်ညွန့်က “ဆရာအဲဒါတွေရေးတာတော်ပါတော့၊ဆရာ့ရဲ့အက်ဆေးကလောင်ကို ထိခိုက်နေမယ်” ဟု ကန့်ကွက်ခဲ့ရှာသည်။ကျွန်တော် မစိုးရိမ်ပါ။ဥာဏ်အားစွမ်းစ၊တတ်သမျှနှင့် စိတ်ကောင်းထား၍ရေးမည်ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။
အားပေးသူများကိုကျေးဇူးတင်ပါသည်။အားမပေးသူများကိုအပြစ်မတင်ပါ။

ကျွန်တော်ကပြောခွင့်ရှိသည်ထင်၍ ရေး ခွင့်ရှိသည်ထင်၍ ပြောနေ၊ရေးနေခြင်းဖြစ်ပါသည်။

ကျွန်တော်လုပ်သင့်သည် ဟု ယူဆသောအလုပ်ကို ကျွန်တော် တတ်စွမ်းစ တတ်သမျှလေးနှင့် အားထုတ်လုပ်နေခဲ့ခြင်း ဖြစ်ပါသည်။ကျွန်တော့်ဘက်က ပြောဖို့တစ်ခုပဲရှိပါသည်။
ဖြတ်သန်းလွန်မြောက်ခဲ့ပြီးသည့်ကာလတစ်ခုတုန်းက တရားစီရင်မှုများနှင့်စပ်လျဉ်းသည့် ပြည်သူအများ၏ခံစားချက် ကိုကျွန်တော်နားလည်ပါသည်။ စာနာပါသည်။အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည်လည်း ပြည်သူထဲက တစ်ယောက်ဖြစ် သောကြောင့်ဖြစ်ပါသည်။သို့သော်၊ဗားတော့ဗရက် ၏ကဗျာထဲကလို “ကွယ့့် ဘယ်လိုခေတ်ဆိုးကြီးပါလိမ့်” ဆိုပြီးအဖြေရှာ သောအခါမူ ကျွန်တော်တို့သည် စိတ်ခံစားမှုထက် “ဆင်ခြင်ဥာဏ် ရှေ့သွားဖြင့်” ဆင်ခြင်သုံးသပ်သင့်သည်ထင်ပါသည်။

တရားစီရင်မှုတစ်ခုတည်းကို ရန်စွယ်ငေါငေါနှင့်လက်ညှိုးထိုးပြစ်တင်လိုက်ခြင်းဖြင့်၊တရားခံရှာပြလိုက်ခြင်းဖြင့်၊ သို့မဟုတ် ထိုးကျွေးလိုက်ခြင်းဖြင့်၊လေးနှစ်ကျော်ကာလအတွင်း ဒုံရင်း အခြေအနေမှ မည်မျှလွန်မြောက်ခဲ့ပြီလဲ ပြန်လည်ဆင်ခြင် ကြည့်သင့်ပါပြီ။

တစ်ခုပြောလိုပါသည်။တရားစီရင်မှုနှင့်စပ်လျဉ်း၍ဆောင်းပါးများစွာကျွန်တော်ရေးခဲ့ပါသည်။

တရားရုံးများကောင်းသွား ပြီ၊ ပြုပြင်စရာမရှိအောင်ကောင်းလှချည့်ဟူ၍ကျွန်တော်ဘယ်တစ်ခါမှ မရေးခဲ့ပါ။ အာမခံချက်မပေးခဲ့ပါ။ ခုလို ပိုးစိုးပက်စက် ဝေ ဖန်ချေချွတ်နေတာ နည်းလမ်းမကျကြောင်း ခပ်ဆတ်ဆတ်တုန့်ပြန်တာမျိုးရှိနိုင်ပါသည်။ ကြိုးစား၍ကောင်းအောင်လုပ်နေတာ မြင်လျှင်လည်း အသိအမှတ်ပြုသင့်တယ် ဆိုတာမျိုး လောက်တော့ဖြင့် ပြောခဲ့လိမ့်မည်ထင်ပါသည်။

မည်သည့်ဌာနအဖွဲ့အစည်းမဆိုအားလုံးကောင်းပါသည်၊ မဖြစ်နိုင်သကဲ့သို့ အားလုံးဆိုးပါသည်ဟူ၍လည်း မရှိနိုင်ပါ။ မည်သည့်ဌာနကမျှ အင်ပို့တ်လုပ်၍တင်သွင်းသည့်သူတော်ကောင်းများကို မိုးကျရွှေကိုယ် အဖြစ် ခန့်ထားနိုင်ခြင်းမရှိသေးပါ။ မကြာသေးခင်က တရားရေးအရာရှိအပတ်စဉ်တစ်ခု၊ ပုလဲရတုသဘင်ဆိုပြီးပြုလုပ်ပါသည်။

လုပ်သက်အနှစ်သုံးဆယ်။ တရားသူကြီးတိုင်း စားနေ၊ ၀ါးနေ၊ ငွေများတရားနိုင် လုပ်နေခဲ့မည်ဆိုပါက အတော်အဆင့်မြင့်မြင့်နေထိုင်နိုင်ကြရပါမည်။ ထိုသူ များ အမှတ်တရထုတ်သည့် ပုလဲရတုမဂ္ဂဇင်းတွင် မြို့နယ်တရားသူကြီးတစ်ယောက်က ကဗျာရေးပါသည်။

“အတွင်းကြေ” ဆို သော သူ၏ကဗျာက တော်တော်ပေါက်သွားသည်။

တရားသူကြီးတဲ့လား
ခံပြင်းသမျှ အံတင်းထားလိုက်ပါတော့မယ်
အငြိမ်းစားလည်းယူတော့မှာလေ။
ဆရာတွေ၊သူငယ်ချင်းတွေက
အငြိမ်းစားယူရင်ဘယ်မှာနေမလဲတဲ့
မလှုပ် ငုတ်တုပ်။
ခြေနိုင်လက်နိုင်တိုက်ခန်းလေး
ဈေးသင့်တာရှိတယ် ၀ယ်မလားတဲ့
မလှုပ် ငုတ်တုပ်။
သူငယ်ချင်းတွေက
တို့အပတ်စဉ် ပုလဲရတုမှာ
လိပ်စာမှတ်တမ်းရေးဖို့ ပေးပါဦးဆိုလို့
၃-၆-၈၅ ရက်နေ့ ကိုယ်ရေးမှတ်တမ်းထဲက
အဖေနဲ့အမေ ဇာတိရွာလိပ်စာလေး
အရှက်ပြေရေး ပေးလိုက်တယ်။
သြော်-၀န်ထမ်းဘဝ
မာနကိုနှိမ်ချိုး၊ ကြိုးကြိုးယို့ယို့နေ
စိုးရိမ်စိတ်များနဲ့ရခဲ့တဲ့ရာထူးနှစ်ခု
တစ်ခုမှာ ၁၅နှစ်လုပ်ခဲ့ရ။
“အ” တဲ့သူ ခံပေရော့လား
“မ” တဲ့သူ စံလေရော့သလား။

ထိုကဗျာဆရာ “အညာသား” ဆိုသူမှာ တစ်သက်လုံးရိုးရိုးကုပ်ကုပ်နှင့်ဆင်ဆင်ခြင်ခြင်လုပ်ခဲ့သူဖြစ်သည်။ 
သို့သော် သူ့ကိုမှားယွင်း၍တစ်ကြိမ်အရေးယူခံခဲ့ရဖူးသည်။ အငြိမ်းစားယူဖို့နှစ်ပိုင်းအလိုမှာ အငြိမ်းစားယူမည့် အကြောင်းကြောင့်၊ရာထူး တိုးစာမေးပွဲဖြေဆိုခွင့်ပိတ်ပင်ခံခဲ့ရဖူးသည်။ အငြိမ်းစားယူဖို့လပိုင်းအလိုမှာ အငြိမ်းစားယူမည့်အကြောင်းကြောင့် တရားလွှတ် တော်သို့ ဦးစီးအရာရှိအဖြစ်ပြောင်းရွှေ့ခံခဲ့ရသည်။
“ခင်ဗျားတို့ဌာနကခင်ဗျားတို့ကိုမယုံဘူးပဲ”ဆိုတော့သူနာကျင်ခံစားရသည်။

တစ်သက်တာရိုးရိုးသားသားနှင့် ဦးဆွေး ဆံမြည့် အမှုတော်ထမ်းခဲ့ခြင်းအတွက် သူရရှိသော ဂုဏ်ပြုဆုများဖြစ်သည်။
ကြောင်ဖားများ မရှိမဟုတ်၊ ရှိပါသည်။ ထိုသူများကိုအမှန်တကယ်ဖယ်ရှင်းလိုပါက ထိုသူများကို မြင်အောင် ကြည့်နိုင် သည့် ဥာဏ်နှင့်ယှဉ်သော မျက်လုံးများရှိဖို့လိုပါသည်။ အတွေ့အကြုံနှင့်ဆင်ခြင်တုံတရားလိုပါသည်။ အနိဌာရုံနှင့် က္ကုဌာရုံကို ခံစားနားလည်နိုင်ဖို့လိုပါသည်။ရောဂါပျောက်ကင်းဖို့စေတနာရှိပါလိမ့်သည်။ကျွန်တော်တို့ယုံပါသည်။

သို့သော်၊ ဥာဏ်နှင့်ယှဉ် သောမျက်လုံးများဖြင့် ဝေဒနာ၏ဇာစ်မြစ်ကိုရှာနိုင်ဖို့လိုပါသည်။ အနာနှင့်ဆေး၊တည့်အောင်ပေးနိုင်ဖို့လိုပါသည်။ ထိုသို့မဟုတ်ပါက ကျားကိုပစ်ရင်းသမင်ကို ထိနိုင်ပါသည်။ သမင်ကိုထိလျှင် ကျားက ပျော်ပါသည်။ အမြီးလေး တယမ်း ယမ်းနှင့်ကြည်သာ ပျော်မွေ့နေနိုင်ပါသည်။ သမင်ကိုထိလျှင် ကျားကိုချီးမြှောက်ရာရောက်ပါသည်။ အနာတရ ဖြစ်ခဲ့သောသမင်၊ ဒရယ်၊ချေငယ်၊ စိုင်၊ ဆတ်တို့ကို ထပ်မံ၍ကြေကွဲအောင်၊ နာကျည်းအောင် မပြုသင့်တော့ဟု ထင်မြင်ယူဆပါသည်။

မည်သို့ဆိုစေ၊ ခြောက်ပြစ်မကင်းနိုင်လည်းငါးပြစ်ကင်းအောင်၊
ငါးပြစ်မကင်းနိုင်လည်း လေးပြစ်ကင်းအောင်၊ တတ်နိုင်သမျှ ကြိုးကုတ်လုပ်နေသူများ အမှန်ရှိခဲ့ပါသည်။ နေ၀င်ရီတရောတွင်မှ ကျောကော့ထွက်ခွာသွားတာမျိုး မဖြစ်စေလိုပါ။
ရေအားကတော့ဖြင့် ကောင်းနေတုန်းဖြစ်ပါသည်။      ။

(စံတော်ချိန်သတင်းစာ ၁၂- ၈ -၂၀၁၅)


ညပေါင်းများစွာ ...

 မောင်ရင့်မာ  ( ကျောင်းကုန်း )

 အခန်းကလေးက ဆယ်ပေခန့်ကျယ်ဝန်းမည်ထင်သည်။ သံတိုင်များအတွင်းရှိ အင်္ဂတေကြမ်းပြင်ပေါ်၌ အေးစက် စိုထိုင်းမှုကို ခံနိုင်ဖို့ ဖရိုဖရဲခင်းထားသည့် အဝတ်ဖျာကလေး သုံး၊ လေးခု တွေ့ရသည်။ အခန်းထဲက လူနှစ်ဦးသည် ပိတ်လှောင်ခံထားရသည့် ကျားနာနှစ်ကောင်လို ခေါက်တုန့်လူးလာ လျှောက်နေသည်။ သွက်သွက်မြန်မြန် ဒေါသတကြီး မဟုတ်၊ လေးလေးတွဲ့တွဲ့ဖြစ်သည်။ သူတို့၏မျက်နှာ၌ နာကျင်မှုတွေ စွန်းထင်းနေသည်။ ဟန်တင်းထားစေကာမှုလည်း သိမ်ငယ်မှုကို ဖုံးမထားနိုင်ဟု ကျွန်တော်ထင်သည်။ သည်နေရာသို့ရောက်လာသူ မည်သူမဆို အသို့လျှင် မသိမ်ငယ် မညှိုးခြုံးဘဲ နေနိုင်ပါမည်နည်း။ 

သူတို့နှစ်ဦးသည် စင်စစ်အခွင့်အာဏာနှင့် ကာလများစွာ နေသားတကျ ရှိခဲ့သူများဖြစ်သည်။ အပြစ်ကျူးသူ၊ သို့မဟုတ် အပြစ်ကျူးလွန်သည်ဟု စွပ်စွဲခံရသူများ၏ လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်စွာ နေထိုင်မှုကို ဆုံးဖြတ်ပေးပိုင်ခွင့်ရှိခဲ့သူများ ဖြစ် သည်။ ယခုသော် သူတို့သည် အဆုံးအဖြတ်ခံရမည့်သူများအဖြစ် ရုတ်ခြည်း ပြောင်းလဲသွားခဲ့ပြီ။ 

မိမိတို့၏ဂုဏ်သိက္ခာနှင့် အရိပ်အာဝါသကို မှီခို၍ ရှင်သန်ရသော မိသားစုသိုက်မြုံကို ထားရစ်ကာ မမျှော်လင့်ပါဘဲ စည်းခြားထားသည့် သံတိုင်များနောက်၌ ပိတ်လှောင်ခံနေရခြင်းမှာ မည်သူ့အတွက်မဆို နာကျင်ကြေကွဲစရာပဲ ဖြစ်ပါသည်။ 

ကျွန်တော်သည် တစ်ခါတုန်းက လောကနယ်ပယ်တစ်ခုတည်း၌ အတူကျင်လည်ခဲ့သူတို့ကို ငေးကြည့်နေမိပါသည်။ ကံကြမ္မာလော၊ ဝဋ်ကြွေးလော၊ သို့မဟုတ် လောဘသက္ကာယလော။ သည်လိုချည်း ဖြစ်လိမ့်မည်ဟူ၍တော့ ကျွန်တော်မထင်ပါ။ ထိုနှစ်ဦးသည် လောဘသက္ကာယနှင့်စပ်လျဉ်း၍ နာမည်ပျက်ခဲ့သူများမဟုတ်။ အကျော်အစော ရှိခဲ့သူ များ မဟုတ်။ ဆင်ခြင်တုံ တရား ပျက်ပြားသွားသည်အထိ ဓနဥစ္စာကို ငမ်းငမ်းတက် တပ်မက်ခဲ့သူများမဟုတ်။ 

သို့ဆိုလျှင် တစ်စုံတစ်ရာကို မလွန်ဆန်နိုင်သောကြောင့်လော၊ မငြင်းပယ်နိုင်သောကြောင့်လော၊ ဘာကြောင့်လဲ။

"ခိုင်းတာကို မလုပ်ရင် မကောင်းဘူးထင်တယ် မောင်လေး။ မင်းမလုပ်ချင်ရင် လူကြီးကို မင်းကိုယ်တိုင် သွားပြောချေ။'' တရားသူကြီးကလေးသည် ထိုစကားကို မလွန်ဆန်နိုင်ခဲ့ဟုဆို၏။ ထို့အတူ ဥပဒေအရာရှိကလည်း သူ့လူကြီးက လုပ်စေချင် သည့်ကိစ္စကို စားပွဲပေါ်တွင် နှစ်လ၊ သုံးလဆိုင်းငံ့၍ စဉ်းစားခဲ့သေးသည် ဆို၏။ ပျံ့နှံ့နေသည့်စကားများ အဘယ်မျှ မှန်ကန်မည် မသိ။ သူတို့၏ဆုံးဖြတ်ချက်ကို ပစ္စက္ခလူ့အဖွဲ့အစည်းက မှန်သည်ဟု လက်မခံနိုင်ခဲ့သည်ကတော့ဖြင့် သေချာသည်။ ထို့ကြောင့် သာပဲ သူတို့နှစ်ဦးမှာ သည်နေရာသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ 

အမြန်လမ်း၌ ကျွန်တော်သည် လျှောက်ခဲ့ဖူးသည့် ခရီးလမ်းကွေ့များကို ပြန်၍ ငေးမျှော်ပါသည်။ အမှန်များ၊ အမှားများ။ နာခံသေဝပ်ခြင်း၊ ငြင်းပယ်ခြင်းနှင့် အမှန်တရား။  ပြီးတော့ အလယ်ကလူ စကားဝဲ၍ ဒုက္ခရောက်ခဲ့သည့် ဇာတ်လမ်းများ။ ပြန်မပြောချင်သည့် အကြောင်းများဖြစ်သည်။ သို့သော် ပြန်ပြောပြမှ ဖြစ်တော့မည် ထင်ပါ၏။ ရာထူးမှထုတ်ပစ်ခံခဲ့ရသည့် စီနီယာတစ်ဦးက ကျွန်တော့်ကို ရင်ဖွင့်ချင်လို့ဟု ဆိုပြီး ရုံးမှာ လာတွေ့သည့် နေ့တစ်နေ့ကို သတိရမိဆဲဖြစ်ပါသည်။ လူက ညိုညိုပုပုနှင့် အသက်ငါးဆယ်ခန့် ရှိမည်။ ''နားလေးသူ'' ဖြစ်သဖြင့်အသံက အတန်ငယ်ကျယ် သည်။ ခိုင်းတဲ့ကိစ္စကို လုပ်မပေးခဲ့ရင် ကျွန်တော်ခုလို ဒုက္ခမရောက်ဘူး” ဟု သူက ဆိုသည်။ 

ဖြစ်ပုံက သူစစ်ဆေးနေသည့် အမှုတစ်မှုတွင် အမှုပေါ်ပေါက်ချက်အရ (အေ)ကို အနိုင်ပေး၍ (ဘီ)ကို အရှုံးပေးသင့်၏။ သူအနိုင်ပေးမည့် (အေ)က နားလေးနေသည့် တရားသူကြီးအတွက် အကောင်းစား နားကြပ်တစ်ခု လက်ဆောင် ဝယ်ပေးခဲ့၏။ စီရင်ချက်မချမီ တစ်ရက်အလို၌ ဌာနမှ လူကြီးတစ်ဦးက သူ့ကိုခေါ်တွေ့၏၊ (ဘီ)ကို အနိုင်ပေးဖို့ပြော၏။ (ဘီ)သည် အနိုင်ရထိုက် သည်ဟု ယူဆ၍ ထိုသို့ခိုင်းခြင်းမဟုတ်။ ပတ်သက်မှုတစ်ခုခုရှိသဖြင့် ခိုင်းသည့်သဘောဖြစ်၏။ ပတ်သက်မှုဆိုတာ ဘာမဆိုဖြစ် နိုင်ပါသည်။ သူသည် အထက်လူကြီးခိုင်းတာဆိုပြီး စီရင်ချက်ကို ပြန်ပြင်ရေး၍ (ဘီ)ကို အနိုင်ပေးလိုက်၏။ 

ဝက်ဝက်ကွဲခဲ့ပါသည်။ ရှုံးသွားသည့်အမှုသည် (အေ)သည် တနုံ့နုံ့ခံစားခဲ့ရဟန် တူပါ၏။ တရားသူကြီးသည် သူ့ထံက တံစိုးလက်ဆောင်ယူပြီးမှ သူ့အပေါ် မတရားဆုံးဖြတ်ခဲ့ကြောင်း တိုင်ကြားခဲ့ရာ ''ကျပ်နှစ်သိန်းတန်နားကြပ် ဝယ်ပေးခဲ့သည့် ပြေစာ''ကိုပါ တွဲတင်ပေးလိုက်၏။ စစ်ဆေးသည့်အဖွဲ့က စီရင်ချက်သည် မသင့်လျော်စွာ မှားယွင်းရှိကြောင်း၊ အမှုသည် ဝယ် ပေးသည့်နားကြပ်ကိုလည်း လက်ခံရယူခဲ့ကြောင်း အရေးယူသင့်ကြောင်း တင်ပြခဲ့၏။ နောက်ဆုံးတော့ သူ့အား ရာထူးမှထုတ်ပစ် (Dismiss)သည့် ဝန်ထမ်းဆိုင်ရာ အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်လိုက်၏။

“ကျွန်တော့်အပြစ်ပါပဲ။ ဥပဒေနဲ့မညီဘူးဆိုတာသိလျက်နဲ့ ကျွန်တော် လုပ်ပေးလိုက်မိတယ်။ သူခိုင်းတာကို ငြင်းခဲ့ရင် ကျွန်တော့်ကို ပြောင်းရုံ၊ အပြစ်တစ်ခုခုပြီးရှာပြီး ရာထူးလျော့ချရုံပေါ့။ အခုလို နာမည်ပျက်နဲ့ ထွက်ရမှာ မဟုတ်ဘူး” ဟုဆိုသည်။ 

ဖြုတ်နိုင်၊ ခန့်နိုင်သည်လည်း မဟုတ်ပါဘဲ အမှုစစ်တရားသူကြီးကို ခြိမ်းခြောက်သလိုလို ပြောဆို၍ ခိုင်းစေတတ်သည့် အလယ်လူတို့ကြောင့် အကျည်းတန်ဇာတ်လမ်းများ ရှိခဲ့ဖူးပါပြီ။ အမှုကို ဘူမသိ၊ ကိုးမသိ" လွယ်လင့်တကူ ဝင်ရောက်စွက်ဖက် တတ်သူတချို့လည်း ခေတ်တိုင်းမှာ ရှိပါသည်။ “ဝန်ထမ်းခေါက်ရိုးကျိုး“နေသော အရာရှိများသည် ကိုယ့်လူကြီးက ခိုင်းလျှင် လုပ် ပေးချင်တတ်ပါသည်။ အမှုသည်များမှာ မရှုံးသင့်ဘဲ ရှုံး၊ မနစ်နာသင့်ဘဲ နစ်နာရတတ်ပါသည်။ 

တရားစီရင်မှုဆိုသည်မှာ ခိုင်းတိုင်းလုပ်ရမည့် အလုပ်မျိုး မဟုတ်သည်ကို နားလည်သူ သိပ်မများလှဟု ထင်ပါသည်။ လူကြီးခိုင်း၍ဖြစ်စေ၊ အုပ်ချုပ်ရေး၏စွက်ဖက်မှုကို မငြင်းနိုင်သောကြောင့်ဖြစ်စေ မိမိဘဝင်မကျနိုင်သော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းသည် ထရားစီရင်မှုယန္တရားကို လွဲမှားစွာ အသုံးပြုလိုက်ခြင်းပဲ ဖြစ်သည်ကို သိသူ သိပ်မများလှဟု ထင်ပါသည်။ ပြဿနာဖြစ်သည့်အခါတိုင်း “အထက်လူကြီးဆိုသူများက မကယ်နိုင်ကြပါ။ ပြဿနာ တကယ်ကြီးလာပါက အထက် လူကြီးများမှာ ပို၍ ကြောက်တတ်ပါသည်။ ဩဇာပေး၍ ခိုင်းလေ့ရှိသော “အလယ်လူ”များက ပို၍ ကြောက်တတ်ပါသည်။ သူက ခိုင်းခဲ့စေကာမူ တရားသူကြီးပဲ၊ ကိုယ့်အမိန့်ကိုယ် တာဝန်ယူပေါ့”ဟု ခပ်တည်တည်နှင့် ရုန်းတတ်ပါသည်။ သဘာဝပဲ ဖြစ်ပါ၏။ ပြဿနာ အကြီးဆုံးနှင့် ကြုံရပါက အကြီးဆုံးဆိုသူတို့မှာ အံ့အားသင့်စရာ ကောင်းလောက်အောင် ''စိတ်ဝမ်းအငယ်ဆုံး'' ဖြစ်နေတတ်ပါသည်။ 

သည်လိုနှင့် ကြွေလွင့်သူတို့ များလှပါပြီ။ သို့သော် ဟိုတုန်းက ဖြစ်ပါသည်။ 

ဟိုတုန်းက မြန်မာနိုင်ငံအထက်ပိုင်းမှာ နာမည်ကျော်"မင်းသားကြီး” တစ်ဦး ရှိပါသည်။ သူ၏ တိုင်းအတွင်းရှိ အမှုများ တွင် "ဖိုးပါချင်" ဖြစ်ပါသည်။ ဟိုအမှုဟိုလိုလုပ်၊ ဒီအမှု ဒီလိုလုပ်စေဟူ၍ ခိုင်းတတ်ပါသည်။ လွှတ်ဖို့၊ လျှော့ပေါ့သည့်ပြစ်ဒဏ် ချမှတ်ဖို့ ရှိသောအမှုများကို သူမသိဘဲ၊ သဘောမတူဘဲ အမိန့်၍မရပါ။ ဓားပြတိုက်ဖို့ မသွားမီ နတ်ပြပူဇော်ရသည့် ဓလေ့ နှင့် တော်တော်တူပါသည်။ အပူသည်တို့သည် မိမိအမှုအနိုင်ရဖို့အလို့ငှာ အမှုစစ်တရားသူကြီးကို ချဉ်းကပ်လေ့ရှိပါသည်။ ချဉ်းကပ်၍ မလျှင် သူ့ထက်ကြီးသည့် အထက်လူကြီးထံ အထုပ်ကြီးနှင့်သွား၍ ချဉ်းကပ်ပါသည်။ သို့ဖြင့် "သမာဓိ နည်း”၍ “လော ဘ”များသည့် အလယ်လူအချို့သည် စွက်ဖက်မှုကို အရသာ တွေ့သွားခဲ့ခြင်း ဖြစ်ပါသည်။ 

တစ်ခါသော် ဒုတိယမြို့နယ်တရားသူကြီးမလေးတစ်ဦးသည် နာကျင်စေမှုတစ်ခု(ရာဇသတ်ကြီးပုဒ်မ ၃၂၃)ကို ပြစ်မှု ထင်ရှားတွေ့ရှိ၏။ ဒဏ်ရာမှာ မပြောပလောက်သဖြင့် ဒဏ်ငွေတပ်ရိုက်ဖို့ ရည်ရွယ်ထား၏။ သို့သော် နစ်နာသူ(တရားလို)သည် အညှိုးအတေးကြီးသူဖြစ်၍ တရားခံအား ထောင်ဒဏ်သုံး၊ လေးလ ချမှတ်ပေးဖို့ တရားသူကြီးမလေးထံ ချဉ်းကပ်၏။ ချဉ်းကပ် ၍ မရသောအခါ မည်သူက ညွှန်ပြလိုက်သည်မသိ၊ နာမည်ကျော် မင်းသားကြီးထံသို့ သွား၍ ချဉ်းကပ်၏။ ပြောရမှာ ရှက်စရာ ကောင်းပါသည်။ မင်းသားကြီးက တရားသူကြီးမကလေးကို ခေါ်တွေ့၏၊ ထောင်ချခိုင်း၏။ တရားသူကြီးမကလေးသည် အမှုတွဲ ပိုက်ပြီး မျက်ရည်လည်ရွဲနှင့် ပြန်လာခဲ့ရ၏။ ဤသို့လျှင် “ငရဲကို ဈေးပေါပေါနှင့် အကြုံလိုက်သူ”တို့ တကယ်ရှိခဲ့ဖူးပါသည်။ 

မင်းသားကြီးသည် တစ်ယောက်တည်းဖြစ်သော်လည်း ပုံပြင်တွေ တော်တော်များခဲ့ပါသည်။ 

တစ်ခါသော် ရေနံထွက်ပစ္စည်းများ သယ်ဆောင်မှုဖြင့် “အရေးကြီးကုန်ပစ္စည်း”ပုဒ်မအရ စွဲဆိုထားသောအမှုတစ်မှုကို မြို့နယ်တရားသူကြီးတစ်ဦးက စီရင်ဆုံးဖြတ်ရန်ရှိ၏။ တိုင်းရုံးသို့ အစည်းအဝေး လာတက်နေစဉ် မင်းသားကြီးက သူ့ကို အစည်းအဝေးခန်းထဲမှ ခေါ်ထုတ်၏။ ရုံးသို့ ချက်ချင်းပြန်လျက် ထိုအမှုကို ချုပ်ရက်နှင့်ဖြတ်ပြီး အမိန့်ချပေးလိုက်ရန် စေခိုင်း၏။ သူသည် ချက်ချင်းပြန်ပြီးနောက် ခိုင်းသည့်အတိုင်း လုပ်လိုက်၏။ ထိုကိစ္စ သတင်းပေါက်သွားရာ မြို့နယ်တရားသူကြီးမှာ အကြီးအကျယ် စစ်ဆေးခံခဲ့ရ၏။ သူ့ဆရာ မင်းသားကြီးက သူခိုင်းသည်ဟု မပြော။ ရေငုံနှုတ်ပိတ် ဆိတ်ဆိတ်နေခဲ့၏။ ဇာတ်ပေါင်းသော် အမှုစစ် တရားသူကြီးမှာ ရာထူးတစ်ဆင့်လျှော့၍ ပြောင်းရွှေ့သည့်ပြစ်ဒဏ်ကိုချမှတ်ခံရပြီး မင်းသားကြီးမှာ ပန်းပန်၍ ကျန်ရစ်၏။ 

တစ်ကြိမ်ကတော့ ထူးခြားသည်။ နေ့လယ်ခင်း အများပြည်သူမြင်ကွင်း၌ ဖြစ်ပွားခဲ့သော လူသတ်မှု(ဓားခုတ်မှု)ကို နစ်နာသူဘက်က ပြေငြိမ်း၍ ရုပ်သိမ်း လွှာတင်၏။ တိုင်းဥပဒေကို ထောက်ခံ၏။ ထိုအမှု ရုပ်သိမ်းပေးလိုက်ဖို့ရာ အမှုစစ်ဆေးသည့် ခရိုင်တရားသူကြီးအား မင်းသား ကြီးက စေခိုင်းပြန်၏။ သည်တစ်ခါတော့ တရားသူကြီးက မနာခံငြင်းဆန်လိုက်၏။ “ရုပ်သိမ်းခွင့် မပြု” ဟု အမိန့်ချခဲ့ရာ ပျာယာခပ်ကုန်၏၊ မျက်ကလဲဆံပြာ ဖြစ်ကုန်၏။ သို့သော် ထိုအမိန့်ကို အစိုးရရှေ့နေက ကျေနပ်မှုမရှိဟုဆိုပြီး တိုင်းရုံးသို့ပြင်ဆင်မှုတက် ၏။ မင်းသားကြီးက ပါးနပ်ပါသည်။ ပြင်ဆင်မှုကို ကိုယ်တိုင်မစီရင်၊ လက်အောက်တရားသူကြီးတစ်ဦးအား အမှုခွဲပေးပြီး ရုပ်သိမ်း ခွင့်ပြုခဲ့၏။ 

ထိုကိစ္စကို မျက်မြင်သက်သေတစ်ဦးက မကျေနပ်၍ တိုင်တန်းခဲ့သော်လည်း မင်းသားကြီးသည် မည်သို့လုပ်လိုက်သည် မသိ။ မျက်လှည့်ဆရာလက်မှ ငှက်ကလေးတစ်ကောင်ပမာ ထိုကိစ္စမှာ အများပြည်သူမြင်ကွင်းမှ ဖျတ်ကနဲ ပျောက်သွားခဲ့၏။ 

ယခုမဟုတ်ပါ။ ဟိုတုန်းက ဖြစ်ပါသည်။ အနိဌာရုံများကို မြိန်ရည်ယှက်ရည် ပြောနေခြင်း မဟုတ်ပါ။ မည်သူ့ကိုမှ ထိခိုက် နစ်နာစေဖို့လည်း မရည်ရွယ်ပါ။ ဌာနအဖွဲ့အစည်းတိုင်းမှာ ကောင်းသူလည်းရှိ၊ ဆိုးသူလည်း ရှိပါသည်။ မည်သည့် အဖွဲ့အစည်းမျှ မသမာသူများဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်သကဲ့သို့ မည်သည့်ဌာနမျှ သူတော်ကောင်းများဖြင့် ဖွဲ့စည်းထားသည်လည်း မဟုတ် ပါ။ "ကိုယ်ကျင့်တရားစံနှုန်း”များ မှားယွင်းပါက အဖတ်ဆည်မရအောင် ဖျက်ဆီးတတ်သည်ကို မြင်သာစေလိုခြင်းပဲ ဖြစ်ပါသည်။

 အမှုထမ်း၊ အရာထမ်းတို့တွင် နာခံသဝပ်ခြင်းသည် အရည်အချင်းကောင်းတစ်ခု ဖြစ်ပါသည်။ သို့သော်ရံဖန်ရံခါ ငြင်းပယ်ခြင်း၌လည်း အလှတရား ရှိပါသည်။ တရားစီရင်မှုဆိုသည်မှာ ကျူးလွန်သူနှင့် နစ်နာဆုံးရှုံးခဲ့သူတို့ အကြိတ်အနယ် ဆိုင်ပြိုင်သည့်ပွဲ ဖြစ်စေကာမူ အများနှင့်သက်ဆိုင်သောကိစ္စတစ်ခု ဖြစ်နေတတ်ပါသည်။ နှစ်ဦး နှစ် ဖက် ကျေနပ်နိုင်ဖို့ ဆိုသည်မှာ သဘာဝအရပင်လျှင်မလွယ်ကူပါ။ အကြောင်းကြောင်းကြောင့် နှစ်ဖက် ကျေနပ်ကြသည့်တိုင် ပစ္စက္ခလူ့အဖွဲ့အစည်းက သူတို့ကို ဖြေသိမ့်ပေးနိုင်သည့် စီရင်ဆုံးဖြတ်မှုကို မျှော်လင့်နေသည်မျိုးလည်း ရှိတတ်ပါသည်။ မည် သည့်အဂတိမှ မကပ်ငြိစေကာမူလည်း အများအမြင်၌ ဘဝင်ကျနိုင်သည့် ဆုံးဖြတ်ချက်ကိုချနိုင်ဖို့ အတော်ကြိုးစားရပါသည်။ 

သည်ကြားထဲ ဘူမသိ၊ ကိုးမသိ ဝင်၍ပါချင်တတ်သော"အလယ်လူတို့ စကားဝဲ” တတ်သည်ကို ပါးနပ်လိမ္မာစွာ ရှောင် ရှားနိုင်ဖို့ လိုပါသည်။ မလျော်သြဇာသုံးမှုကို ငြင်းဆန်နိုင်ဖို့ လိုပါသည်။ 

အစွယ်လိုသူနှင့် အသွားစေခိုင်းသူတို့က အတွင်းကြိတ် ထိတ်လန့်ခြောက်ခြားမှုကို ဖုံးလျက် စိုးရိမ်ပူပန်နေခြင်းများ ရှိကောင်း ရှိမည်ဖြစ်သော်လည်း လုံခြုံနွေးထွေး၍ ခမ်းနားသိုက်မြိုက်သော ဘုံခန်းဆောင်၌ နားနေအိပ်စက်နေဆဲ ဖြစ်ပါသည်။ “လေးညှို့ကို မတင်ပါရစေနှင့်”ဟု ငြင်းဆန်ချင်ခဲ့စေကာမူ မငြင်းဆန်ဝံ့သူတို့သည် အေးစက်စိုထိုင်းသည့် အခန်းကျဉ်းကလေး တစ်ခုအတွင်း ဘယ်လူး၊ ညာလှိမ့်နှင့်ညတာရှည်သောညဥ့်များကို ဖြတ်သန်းရသည်မှာ ကြေကွဲစရာ ဖြစ်ပါသည်။ အလွမ်းဇာတ် တွေ များခဲ့လှပြီ ဖြစ်ပါသည်။ သံယောဇဉ်နှင့် ဝန်းဖွဲ့ထားသည့်မိသားစုတိုင်းမှာ နွေးထွေးချိုမြိန်မှု ရှိပါသည်။ ဂုဏ်သိက္ခာမှီခိုမှုရှိပါ သည်။ ဘဝကံအလျောက် ဆူကြုံနိမ့်မြင့် ရှိကြစေကာမူလည်း မိသားစုတန်ဖိုးများမှာ အတူတူရှိကြသည်ပဲ ဖြစ်ပါသည်။ 

အနာဂတ်လက်ကျန် “နည်း”နေသော ကြီးရင့်သူတို့က အနာဂတ်လက်ကျန် ”များ”သေးသော ငယ်နုသူတို့အား ဒဏ်ရာဒဏ်ချက်တွေကို လက်ဆောင်မနှင်းသင့်သည်မှာ ယုံမှားဖွယ်မရှိပါ။ နာကျင်ခါးသီးမှုတွေကို လက်ဆောင်မနှင်းသင့်သည်မှာ ယုံမှားဖွယ်မရှိပါ။ 

ယခုအခါ ကျွန်တော်တို့၏ နာမည်ကျော်မင်းသားကြီးသည် ဘေးမသီရန်မ အနားယူသွားခဲ့ပါပြီ။ သူ့ကို ပြန်မတွေ့ရ တော့ပါ။ သို့ သော် မကြာသေးမီက မင်းသားကြီးနှင့်စပ်လျဉ်းသည့် သတင်းစကားတစ်ခုကို ကြားလိုက်ပါသည်။ “တော်တော့်ကို တော်တို့လူဗျ။ ဒီဘက်ခေတ်အထိ သူပါမလာတာ သိပ်နှမြောဖို့ကောင်းတယ်” တဲ့။ 

ပြန်မပြောချင်သည့်ဇာတ်လမ်းတွေကို ပြန်ပြောရခြင်းမှာ ထိုစကားကြောင့် ဖြစ်ပါသည်။ ကိုယ်ကျင့်တရားစံနှုန်းများ မမှားယွင်းစေချင်သောကြောင့် ဖြစ်ပါသည်။ ကမောက်ကမများနှင့် အမှားအယွင်းများကို ပြတိုက်ထဲမှာ ထားမြဲ ထားလိုက်ချင် ပါ၏။ သို့သော် ပြတိုက်ထဲမှ ပြန်ထုတ်လိုက်ပါသည်။ အတုယူဖို့ မဟုတ်ပါ။ 

ခေတ်တိုင်းခေတ်တိုင်း၌ တရားစီရင်မှုယန္တရားကို လွဲမှားအသုံးပြုသူတို့သည် ဖုံထူထူခြေဖဝါးနှင့် လှည်းလမ်းကြောင်း ပေါ်မှ မျက်နှာမွဲများ မဟုတ်ပါ။ အထူးတန်းပွဲကြည့်စင်က လူကြီးမင်းများပဲ ဖြစ်နေပါသည်။ 

အိပ်မပျော်သောညများမှာ ညတာရှည်လျားတတ်ပါသည်။      ။



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...