Monday, November 26, 2018

ရေလိုခမ်းခြောက်ပါစေသား .....

ပြေလွင်မြင့်

“ရေလိုခမ်းခြောက်ပါစေသား ဆိုပြီး ကျိန်လို့မဖြစ်တော့ဘူး။ ရေအားက ကောင်းတုန်း”

အထက်မြန်မာနိုင်ငံမှာ ရေဘေးသင့်နေတုန်း၊ကျွန်တော်တို့ဇာတိမြစ်ဝကျွှန်းပေါ်သို့ အထက်မှရေများစီးဆင်းလာမည့် အချိန်ကိုကြိုတွေးပြီး ကြာဖြူကြာနီကျေးလက်နေ မိဘဆွေမျိုးများအတွက် ပူပန်သောကမအေးနိုင်ဖြစ်နေတုန်း၊ အထက်ပါစာ စုလေးကိုကျွန်တော်၏ လူမှုကွန်ယက်စာမျက်နှာ(facebook)မှာ ရေးတင်လိုက်သည်။

ကျွန်တော်၏စိတ်ခံစားမှုအလျောက်ရေးတင်လိုက်သည့် post တွင် မိတ်ဆွေအချို့က comments တွေဝင်၍ရေးကြ သည်။ချောက်မြို့နေ စာရေးဆရာနတ်မှူး၏ဇနီး ဒေါ်ရီရီမြင့်ကလည်း  comment တစ်ခုဝင်ရေးသည်။
“ပဲခူးမှာကောရေကြီးနေလား၊ တရားသူကြီးအိမ် ရေမြုပ်တယ်ကြားလို့” ကျွန်တော်က ချက်ချင်းပြန်ရေးလိုက်သည်။
“တရားသူကြီးမှာ မြုပ်စရာအိမ်ကို မရှိပါဘူးဗျာ”
မြုပ်စရာ အိမ်မရှိသောကြောင့် အိမ်ရေမြုပ်မှာမပူရပါဟု ရိုးရိုးရေးလိုက်ခြင်းဖြစ်သည်။ ခုပြန်ကြည့်တော့ခံစားမှုတစ်မျိုး ပေါ်လာသည်။

စင်စစ်၊ ဆရာနတ်မှူး၊ ဆရာဂျိုဇော်၊ ဆရာနေ၀င်းမြင့်တို့သည် ကျွန်တော်နှင့်ညီအစ်ကိုအရင်းတမျှ ချစ်ခင်ကြသူများဖြစ်သည်။မိသားစုချင်းပါချစ်ခင်ရင်းခြာကြသည့်အတွက်ခုတော့၊ တစ်ရွာတည်းသား၊ သားချင်းတွေလို ဖြစ်နေကြပါပြီ။ တစ်ယောက် နှင့်တစ်ယောက် အတွင်းအပြင်သိနိုင်ကြပါပြီ။ အနည်းဆုံးတော့ဖြင့် သူတို့သုံးဦးစလုံးမှာအိမ်ရှိပြီး ကျွန်တော့်မှာပဲအိမ်မရှိသည် ကို သိပြီးဖြစ်ပါသည်။

ထိုသုံးယောက်တွင် ဆရာနတ်မှူး၌ တရားသူကြီးများနှင့်စပ်လျဉ်း၍ နာကျင်သောခံစားချက်ရှိသည်။ဆိုးရွားသောအ တွေ့အကြုံတစ်ခုရှိဖူးသည်။ တရားသူကြီးဆိုတာ ပိုက်ဆံယူပြီး မတော်မတရားစီရင်ဆုံးဖြတ်တတ်သူ ဟု သူ့အတွေ့အကြုံဖြင့် ခံစားနားလည်နေခဲ့သူဖြစ်သည်။ သူ၏အတွေ့အကြုံအရဆိုလျှင် သူ၏ ခံစားနားလည်မှုကို မှားယွင်းသည်မဆိုသာပါ။ သူ့ကို ကျွန် တော် နားလည်နိုင်ပါသည်။

၂၀၁၂ ခုနှစ်မှစ၍ တရားစီရင်ရေးဆိုင်ရာဆောင်းပါးများကို ကလောင်နာမည်အမျိုးမျိုးနှင့် ကျွန်တော်ရေးခဲ့ပါသည်။ တရားစီရင်ရေးနှင့်စပ်လျဉ်း၍ ပြင်းထန်သောဝေဖန်မှုများ၊တိုက်ခိုက်ထိုးနှက်မှုများပေါ်ပေါက်လာချိန်တွင် မိမိအသက်မွေးမှုပြုပြီး အကျွမ်းတ၀င်ရှိသည့်ပညာရပ်နယ်ပယ်မှရပ်လျက် ဝေဖန်ချက်၊ထိုးနှက်ချက်(အချို့)သည် နည်းလမ်းမမှန်ကြောင်း၊ နားလည် မှုလွဲမှားနေသည်များရှိကြောင်း၊ တရားစီရင်မှု၏သဘာဝမှာ ဤသို့ဖြစ်ကြောင်း၊ စသည်ဖြင့်ကျွန်တော်၏ထင်မြင်ချက်၊ယူဆချက် များကို တစ်ခါတစ်ရံပြေပြေပြစ်ပြစ်၊တစ်ခါတစ်ရံ ခပ်ဆတ်ဆတ် ပြန်လည်ရေးသားခဲ့ပါသည်။

ဂျာနယ်အချို့ကလက်မခံပါ။ ဂျာ နယ်အချို့က လိုလားစွာပုံနှိပ်ဖော်ပြပေးခဲ့ပါသည်။ အသိအမှတ်ပြုသူ၊ အားပေးသူများနှင့် အသိအမှတ်မပြုသူ၊အားမပေးသူများလည်းရှိပါသည်။
“ငါတို့ဘက်ကခုခံကာကွယ်ပေးနေတယ်၊ ဒီလိုပြောမှဖြစ်တော့မယ်” ဆိုပြီး အားပေးသူများရှိသကဲ့သို့ “တရားရေးက ကောင်းမှမကောင်းသေးတာ၊ဒါတွေရေးနေလို့အပိုပဲ” ဆိုပြီး ဘယ်သူဘာရေးရေးဖတ်လည်းမဖတ်၊ ဆင်လည်းမဆင်ခြင်၊ပိုက် ဆံလာပေးသည့်ဖက်၊ကြောက်ရသည့်ဖက်ကိုအသာပေးစဉ်းစား၍ “ငွေများတရားနိုင်” “လူများတရားနိုင်”စီရင်ဆုံးဖြတ်နေဆဲ မပြောင်းလဲသေးသောသူများလည်း ရှိနိုင်ပါသည်။

ဆရာနတ်မှူးကတော့ဖြင့် ကျွန်တော်ရေးသောစာများကိုအားပေးသည်မဟုတ်သော်လည်း လူပုဂ္ဂိုလ်သံယောဇဉ်ဖြင့် တစ်ခုတ်တစ်ရဖတ်ရှာပါသည်။“စဉ်းစားချိန်တစ်နာရီ” ကဲ့သို့ ရသပါပြီး တရားသူကြီးတစ်ယောက်၏ စိတ်ခံစားမှုများနှင့်ပတ် သက်၍ရေးသောစာမျိုးကိုမူ “ဒါမျိုးဖတ်ရတာတော့ ကောင်းတယ်ဗျ” ဟုဖုန်းဆက်ပြောတတ်ပါသည်။

ကဗျာဆရာဖေတင်ညွန့်က “ဆရာအဲဒါတွေရေးတာတော်ပါတော့၊ဆရာ့ရဲ့အက်ဆေးကလောင်ကို ထိခိုက်နေမယ်” ဟု ကန့်ကွက်ခဲ့ရှာသည်။ကျွန်တော် မစိုးရိမ်ပါ။ဥာဏ်အားစွမ်းစ၊တတ်သမျှနှင့် စိတ်ကောင်းထား၍ရေးမည်ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။
အားပေးသူများကိုကျေးဇူးတင်ပါသည်။အားမပေးသူများကိုအပြစ်မတင်ပါ။

ကျွန်တော်ကပြောခွင့်ရှိသည်ထင်၍ ရေး ခွင့်ရှိသည်ထင်၍ ပြောနေ၊ရေးနေခြင်းဖြစ်ပါသည်။

ကျွန်တော်လုပ်သင့်သည် ဟု ယူဆသောအလုပ်ကို ကျွန်တော် တတ်စွမ်းစ တတ်သမျှလေးနှင့် အားထုတ်လုပ်နေခဲ့ခြင်း ဖြစ်ပါသည်။ကျွန်တော့်ဘက်က ပြောဖို့တစ်ခုပဲရှိပါသည်။
ဖြတ်သန်းလွန်မြောက်ခဲ့ပြီးသည့်ကာလတစ်ခုတုန်းက တရားစီရင်မှုများနှင့်စပ်လျဉ်းသည့် ပြည်သူအများ၏ခံစားချက် ကိုကျွန်တော်နားလည်ပါသည်။ စာနာပါသည်။အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည်လည်း ပြည်သူထဲက တစ်ယောက်ဖြစ် သောကြောင့်ဖြစ်ပါသည်။သို့သော်၊ဗားတော့ဗရက် ၏ကဗျာထဲကလို “ကွယ့့် ဘယ်လိုခေတ်ဆိုးကြီးပါလိမ့်” ဆိုပြီးအဖြေရှာ သောအခါမူ ကျွန်တော်တို့သည် စိတ်ခံစားမှုထက် “ဆင်ခြင်ဥာဏ် ရှေ့သွားဖြင့်” ဆင်ခြင်သုံးသပ်သင့်သည်ထင်ပါသည်။

တရားစီရင်မှုတစ်ခုတည်းကို ရန်စွယ်ငေါငေါနှင့်လက်ညှိုးထိုးပြစ်တင်လိုက်ခြင်းဖြင့်၊တရားခံရှာပြလိုက်ခြင်းဖြင့်၊ သို့မဟုတ် ထိုးကျွေးလိုက်ခြင်းဖြင့်၊လေးနှစ်ကျော်ကာလအတွင်း ဒုံရင်း အခြေအနေမှ မည်မျှလွန်မြောက်ခဲ့ပြီလဲ ပြန်လည်ဆင်ခြင် ကြည့်သင့်ပါပြီ။

တစ်ခုပြောလိုပါသည်။တရားစီရင်မှုနှင့်စပ်လျဉ်း၍ဆောင်းပါးများစွာကျွန်တော်ရေးခဲ့ပါသည်။

တရားရုံးများကောင်းသွား ပြီ၊ ပြုပြင်စရာမရှိအောင်ကောင်းလှချည့်ဟူ၍ကျွန်တော်ဘယ်တစ်ခါမှ မရေးခဲ့ပါ။ အာမခံချက်မပေးခဲ့ပါ။ ခုလို ပိုးစိုးပက်စက် ဝေ ဖန်ချေချွတ်နေတာ နည်းလမ်းမကျကြောင်း ခပ်ဆတ်ဆတ်တုန့်ပြန်တာမျိုးရှိနိုင်ပါသည်။ ကြိုးစား၍ကောင်းအောင်လုပ်နေတာ မြင်လျှင်လည်း အသိအမှတ်ပြုသင့်တယ် ဆိုတာမျိုး လောက်တော့ဖြင့် ပြောခဲ့လိမ့်မည်ထင်ပါသည်။

မည်သည့်ဌာနအဖွဲ့အစည်းမဆိုအားလုံးကောင်းပါသည်၊ မဖြစ်နိုင်သကဲ့သို့ အားလုံးဆိုးပါသည်ဟူ၍လည်း မရှိနိုင်ပါ။ မည်သည့်ဌာနကမျှ အင်ပို့တ်လုပ်၍တင်သွင်းသည့်သူတော်ကောင်းများကို မိုးကျရွှေကိုယ် အဖြစ် ခန့်ထားနိုင်ခြင်းမရှိသေးပါ။ မကြာသေးခင်က တရားရေးအရာရှိအပတ်စဉ်တစ်ခု၊ ပုလဲရတုသဘင်ဆိုပြီးပြုလုပ်ပါသည်။

လုပ်သက်အနှစ်သုံးဆယ်။ တရားသူကြီးတိုင်း စားနေ၊ ၀ါးနေ၊ ငွေများတရားနိုင် လုပ်နေခဲ့မည်ဆိုပါက အတော်အဆင့်မြင့်မြင့်နေထိုင်နိုင်ကြရပါမည်။ ထိုသူ များ အမှတ်တရထုတ်သည့် ပုလဲရတုမဂ္ဂဇင်းတွင် မြို့နယ်တရားသူကြီးတစ်ယောက်က ကဗျာရေးပါသည်။

“အတွင်းကြေ” ဆို သော သူ၏ကဗျာက တော်တော်ပေါက်သွားသည်။

တရားသူကြီးတဲ့လား
ခံပြင်းသမျှ အံတင်းထားလိုက်ပါတော့မယ်
အငြိမ်းစားလည်းယူတော့မှာလေ။
ဆရာတွေ၊သူငယ်ချင်းတွေက
အငြိမ်းစားယူရင်ဘယ်မှာနေမလဲတဲ့
မလှုပ် ငုတ်တုပ်။
ခြေနိုင်လက်နိုင်တိုက်ခန်းလေး
ဈေးသင့်တာရှိတယ် ၀ယ်မလားတဲ့
မလှုပ် ငုတ်တုပ်။
သူငယ်ချင်းတွေက
တို့အပတ်စဉ် ပုလဲရတုမှာ
လိပ်စာမှတ်တမ်းရေးဖို့ ပေးပါဦးဆိုလို့
၃-၆-၈၅ ရက်နေ့ ကိုယ်ရေးမှတ်တမ်းထဲက
အဖေနဲ့အမေ ဇာတိရွာလိပ်စာလေး
အရှက်ပြေရေး ပေးလိုက်တယ်။
သြော်-၀န်ထမ်းဘဝ
မာနကိုနှိမ်ချိုး၊ ကြိုးကြိုးယို့ယို့နေ
စိုးရိမ်စိတ်များနဲ့ရခဲ့တဲ့ရာထူးနှစ်ခု
တစ်ခုမှာ ၁၅နှစ်လုပ်ခဲ့ရ။
“အ” တဲ့သူ ခံပေရော့လား
“မ” တဲ့သူ စံလေရော့သလား။

ထိုကဗျာဆရာ “အညာသား” ဆိုသူမှာ တစ်သက်လုံးရိုးရိုးကုပ်ကုပ်နှင့်ဆင်ဆင်ခြင်ခြင်လုပ်ခဲ့သူဖြစ်သည်။ 
သို့သော် သူ့ကိုမှားယွင်း၍တစ်ကြိမ်အရေးယူခံခဲ့ရဖူးသည်။ အငြိမ်းစားယူဖို့နှစ်ပိုင်းအလိုမှာ အငြိမ်းစားယူမည့် အကြောင်းကြောင့်၊ရာထူး တိုးစာမေးပွဲဖြေဆိုခွင့်ပိတ်ပင်ခံခဲ့ရဖူးသည်။ အငြိမ်းစားယူဖို့လပိုင်းအလိုမှာ အငြိမ်းစားယူမည့်အကြောင်းကြောင့် တရားလွှတ် တော်သို့ ဦးစီးအရာရှိအဖြစ်ပြောင်းရွှေ့ခံခဲ့ရသည်။
“ခင်ဗျားတို့ဌာနကခင်ဗျားတို့ကိုမယုံဘူးပဲ”ဆိုတော့သူနာကျင်ခံစားရသည်။

တစ်သက်တာရိုးရိုးသားသားနှင့် ဦးဆွေး ဆံမြည့် အမှုတော်ထမ်းခဲ့ခြင်းအတွက် သူရရှိသော ဂုဏ်ပြုဆုများဖြစ်သည်။
ကြောင်ဖားများ မရှိမဟုတ်၊ ရှိပါသည်။ ထိုသူများကိုအမှန်တကယ်ဖယ်ရှင်းလိုပါက ထိုသူများကို မြင်အောင် ကြည့်နိုင် သည့် ဥာဏ်နှင့်ယှဉ်သော မျက်လုံးများရှိဖို့လိုပါသည်။ အတွေ့အကြုံနှင့်ဆင်ခြင်တုံတရားလိုပါသည်။ အနိဌာရုံနှင့် က္ကုဌာရုံကို ခံစားနားလည်နိုင်ဖို့လိုပါသည်။ရောဂါပျောက်ကင်းဖို့စေတနာရှိပါလိမ့်သည်။ကျွန်တော်တို့ယုံပါသည်။

သို့သော်၊ ဥာဏ်နှင့်ယှဉ် သောမျက်လုံးများဖြင့် ဝေဒနာ၏ဇာစ်မြစ်ကိုရှာနိုင်ဖို့လိုပါသည်။ အနာနှင့်ဆေး၊တည့်အောင်ပေးနိုင်ဖို့လိုပါသည်။ ထိုသို့မဟုတ်ပါက ကျားကိုပစ်ရင်းသမင်ကို ထိနိုင်ပါသည်။ သမင်ကိုထိလျှင် ကျားက ပျော်ပါသည်။ အမြီးလေး တယမ်း ယမ်းနှင့်ကြည်သာ ပျော်မွေ့နေနိုင်ပါသည်။ သမင်ကိုထိလျှင် ကျားကိုချီးမြှောက်ရာရောက်ပါသည်။ အနာတရ ဖြစ်ခဲ့သောသမင်၊ ဒရယ်၊ချေငယ်၊ စိုင်၊ ဆတ်တို့ကို ထပ်မံ၍ကြေကွဲအောင်၊ နာကျည်းအောင် မပြုသင့်တော့ဟု ထင်မြင်ယူဆပါသည်။

မည်သို့ဆိုစေ၊ ခြောက်ပြစ်မကင်းနိုင်လည်းငါးပြစ်ကင်းအောင်၊
ငါးပြစ်မကင်းနိုင်လည်း လေးပြစ်ကင်းအောင်၊ တတ်နိုင်သမျှ ကြိုးကုတ်လုပ်နေသူများ အမှန်ရှိခဲ့ပါသည်။ နေ၀င်ရီတရောတွင်မှ ကျောကော့ထွက်ခွာသွားတာမျိုး မဖြစ်စေလိုပါ။
ရေအားကတော့ဖြင့် ကောင်းနေတုန်းဖြစ်ပါသည်။      ။

(စံတော်ချိန်သတင်းစာ ၁၂- ၈ -၂၀၁၅)


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...