Monday, November 26, 2018

မောရစ်ကောလစ် မှားယွင်းခဲ့သလား ...

ပြေလွင်မြင့်
 
  အစိုးရကိုအကြည်ညိုပျက်စေအောင်ဟောပြောခဲ့တဲ့ ကာလကတ္တားမြို့တော်ဝန် ဆင်ဂုပတားကို ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကအရ ၁၀ နှစ်ပဲဖြစ်ဖြစ်၊ တစ်သက်တစ်ကျွန်းပဲဖြစ်ဖြစ်၊ မချမှတ်ခဲ့ဘဲ ထောင်ဒဏ် ၁၀ ရက်ပဲချခဲ့တဲ့ မောရစ်ကောလစ်ရဲ့ အတွေးအခေါ်ဟာ မြန်မာမဆန်ဘူးလို့ဆိုရပါမယ်။

 ဆင်ဂုပတားဟာသူ့အပေါ် ထောင်ဒဏ်ပြင်းပြင်းထန်ထန်ချမှတ်ခံရဖို့မျှော်လင့်ရုံမက အဲသလိုဖြစ်အောင်လည်းတရား ရုံးကိုအသိအမှတ်မပြုရုံမျှမက၊ ရုံးမေးခွန်းတွေကိုဖြေဆိုခြင်းမပြု၊ မထီမဲ့မြင်ပြုတဲ့အမူအရာမျိုးနဲ့ ကောလစ်ရဲ့စိတ်ကိုဆွပြီးကျုံး သွင်းခဲ့ပါတယ်။အင်္ဂလိပ်အစိုးရက မတရားလုပ်တယ်ဆိုတာလည်းပေါ်လွင်သွားမယ်။ မတရားသဖြင့် ထောင်ချခံလိုက်ရတဲ့သူ ကိုယ်တိုင်လည်း သူရဲကောင်းစာရင်းဝင်သွားမယ်။ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပါ။ 

 ပြင်းထန်တဲ့ ထောင်ဒဏ်ချမှတ်လိုက်ရင် ဆင်ဂုပတားလည်းကျေနပ်သွားမယ်၊ ဘုရင်ခံဆာချားလ်စ်ရဲ့ အုပ်ချုပ်ရေးအ၀န်းအ၀ိုင်းက အတွင်းဝန်ချုပ်လွိုက်တို့လို ပြည်ထဲရေးဝန်ကြီး ဆာဂျေအေမောင်ကြီးတို့လို ခပ်တိမ်တိမ်လူတွေလည်း မနောခွေ့သွား မယ်။ ခပ်ညံ့ညံ့ အုပ်ချုပ်ရေးသမားအတော်များများဟာ နိုင်ငံရေးသမားတွေကို ထောင်အနှစ် လေးငါးဆယ်၊ တစ်ရာ စသည်ဖြင့် ချပြလိုက်ရင်ပဲ သူတို့ကိုမနာခံ၊ ဆန့်ကျင်နေတဲ့နိုင်ငံရေးသမားတွေဟာ"နာခံသေ၀ပ်"လာလိမ့်မယ်၊ တစ်ခါတည်း"ခြေသုပ်ပုဆိုး မြွေစွယ်ကျိုး" ဖြစ်ပြီး ကြောက်ရွံ့တုန်လှုပ်သွားလိမ့်မယ် ၊နောင်ကြဉ်ပြီး နောက်တွန့်သွားကြလိမ့်မယ်လို့ ခပ်တိမ်တိမ် တွေးတတ် ကြပါတယ်။ 

 အဲဒီအတွေးအခေါ်ဟာ ဘယ်တုန်းကမှ မမှန်ခဲ့ပါဘူး။ နိုင်ငံလွတ်လပ်ရေး မရမီတုန်းက မှန်ကန်ခြင်း မရှိခဲ့သလို လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာလည်း မှားယွင်းခဲ့ပါတယ်။ ထပ်ခါထပ်ခါမှားယွင်းခဲ့တယ်ဆိုတာ သမိုင်းကိုဥာဏ်ပညာနဲ့ ပြန်စိစစ်ကြည့် ရင်  အထင်အရှား သိနားလည်နိုင်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။

 ဂျပန်က လက်သည်းခွံခွာခဲ့တယ်၊ ဇောက်ထိုးဆွဲနေပူလှန်း၊ 
ဗိုက်ပေါ် ကြွက်တင်၊ အိုးကင်းပူတိုက်ပြီး ရက်ရက်စက်စက် လူမဆန်အောင်လုပ်ခဲ့တယ်။ မြန်မာတော်လှန်ရေးသမားတွေ နောက်တွန့်သွားခဲ့သလား။ တစ်ခါတည်း ကြောက်ရွံ့ထိတ်လန့်ပြီး ခင်ဗျားတို့ပဲ အုပ်ချုပ်ပါတော့၊ ကျွန်တော်တို့ တုပ်တုပ်မှ မလှုပ်တော့ပါဘူး၊ ဂျပန်ကို အိညက်အိညက်လုပ်ပြီး မျက်နှာချိုသွေးခဲ့ပါသလား။ လွတ်လပ်ရေးကို မရရအောင် ယူခဲ့ကြတာပဲ မဟုတ်လား။

 ငါးဖယ်ပိုပြီးမာလာတာက ပိုပြီးအထုခံရလို့ပဲ ဆိုတာ
ကမ်းနားမှာ ငါးရှာနေတဲ့သူတွေတောင်သိပါတယ်။ မင်းသားကိုချစ်လာတာလူမိုက်ကြမ်းရမ်းပြလို့ပဲဆိုတာ ဇာတ်သမားတိုင်းသိကြပါတယ်။

 ခေတ်အဆက်ဆက်မှာမတရားပြုလုပ်ခံရသူတွေကပိုပြီးတောက်ပ ပြောင်လက်လာတယ်၊ မာကျောလာတယ်။ ခပ်တိမ်တိမ်ပဲစဉ်းစားတတ်တဲ့အခွင့်အာဏာရှိသူတွေရဲ့ဖိနှိပ်မှု၊ မတရားပြုလုပ်မှုကြောင့် ပြည်သူအများစုကစေတနာ၊ မေတ္တာတွေတုံးပြီး မတရားပြုလုပ်ခံရသူတွေအပေါ်စေတနာမေတ္တာသက်ရောက်လာတယ်။ သူတို့ဘက်ကရပ်လာတယ်။ သဘာဝကအဲဒီအတိုင်းပါပဲ။ 
 
 ဒီသဘောတရားကို ကောလစ်ကကောင်းကောင်းနားလည်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။

 နိုင်ငံအစိုးရကို အကြည်ညိုပျက်အောင် ဟောခဲ့တဲ့ ဆင်ဂုပတားကို ကောလစ်က အလုပ်မဲ့ထောင်ဒဏ် ၁၀ ရက်ပဲချလိုက် ပါတယ်။ ကောလစ်နဲ့ ဆင်ဂုပတားတို့ တရားခွင်ထဲမှာ တစ်ယောက်နဲ့တစ်ယောက်မြွေမြွေချင်းခြေမြင်တဲ့ မျက်လုံးမျိုးနဲ့ စူးစူးဝါးဝါး ဆိုင်ပြိုင်ကြည့်ရှုခဲ့ကြတာ ဒီသဘောပဲလို့ ယူဆရပါလိမ့်မယ်။

 ရန်သူကိုသေးသိမ်အောင်လုပ်လိုက်တာပါ။
သူတို့အစိုးရကို အကြည်ညိုပျက်အောင်ဟောပြောခဲ့ပေမယ့်"မောင်ရင်လုပ် တာ အသေးအဖွဲပါ၊ကိုယ့်လူ ဘယ်လောက်ပဲအကြည်ညိုပျက်အောင်ပြောပြော၊ ကျုပ်တို့က အရေးလုပ်စရာမလိုပါဘူး။ဓားမသွေး လောက်ပါဘူး" လို့ဆိုရာရောက်ပါတယ်။ 

 အဲဒါ ၁၉၃၀ ခုနှစ်ပါ။ ဆရာစံတော်လှန်ရေးဖြစ်တဲ့နှစ်ပါ။
 ဗိုလ်ချုပ်က ၁၉၁၅ ခုနှစ်မွေးဆိုတော့၊ ၁၅နှစ်သားအရွယ်ပဲရှိဦးမှာပါ။

 နောင်၊နှစ်များစွာအကြာ ကိုအောင်ဆန်းကို ဖမ်းမိရင် ဆုတော်ငွေ ၅ကျပ်ဆိုပြီး ထုတ်ပါတယ်။ ဆုငွေ-၅၀၀ ကျပ်၊ ဒါမှ မဟုတ်-၅၀၀၀ကျပ်၊ ဘာလို့မထုတ်တာလဲ၊ ရှင်းပါတယ်။
ရန်သူကို သေးသိမ်အောင် လုပ်လိုက်တာပါ။ 
 ဆင်ဂုပတားက ကောလစ်ရဲ့တရားရုံးကို အသိအမှတ်မပြုဘဲ နေဖို့ကြိုးစားခဲ့သလိုမျိုး သူတို့က သူတို့ရဲ့ရန်သူကို အသိအမှတ်မပြုကြောင်းပြလိုက်တာပါ။ ဓားမသွေးလောက်ပါဘူးလို့ ပြောလိုက်တာပါ။ တစ်ထပ်တည်းပါပဲ။

 ကျွန်းငယ်လေးတစ်ခုကနေ၊ နေမ၀င်အင်ပါရာအဖြစ် ကမ္ဘာကိုအုပ်စိုးဖို့အထိ ကြံစည်ခဲ့သူတွေရဲ့တွေးခေါ်မြော်မြင်မှုကို တစ်ချက်ကလေး အလေးထား ဆင်ခြင်ကြည့်ရင် မောရစ်ကောလစ်မမှားခဲ့ဘူးဆိုတာတွေ့ရမယ် ထင်ပါတယ်။ ပင်လယ်ခြားရာ ခရီးကွာကနေ သူများနိုင်ငံကိုနှစ်ပေါင်းတစ်ရာ အုပ်စိုးလို့ရခဲ့တာ ခပ်တိမ်တိမ်တွေကြောင့် မဟုတ်ဘူးဆိုတာ သေချာပါတယ်။
  
 တို့ဗမာသာကီမျိုးတွေလို နက်နက်နဲနဲ မတွေးနိုင်ပါဘူးကွာလို့ ယူဆသူများ ရှိကောင်းရှိပါလိမ့်မယ်။
ဘယ်ခေတ်မှာမဆို နိုင်ငံတစ်နိုင်ငံကို အုပ်စိုးတဲ့သူတွေက သူတို့ဟာ တရားမျှတစွာအုပ်ချုပ်တယ်ဆိုတာ ပြသချင်ကြပါတယ်။

 မိတ်ဆွေတရားသူကြီးတစ်ယောက်ရဲ့ အတွေ့အကြုံကို ဒီနေရာမှာလိုအပ်သလောက်ပြန်ပြောပြချင်ပါတယ်။
 ကုန်လွန်ခဲ့ပြီဖြစ်တဲ့ ကာလတစ်ခုမှာ သူဟာ အထူးတာဝန်ပေးအပ်ခံရတဲ့ တရားသူကြီးတစ်ဦးအနေနဲ့  မတရားအသင်းများ အက်ဥပဒေအရ စွဲဆိုတဲ့အမှုတွေနဲ့ ဆက်စပ်တဲ့အမှုတွေကို စစ်ဆေးစီရင်ခဲ့ရပါသတဲ့။

 မတရားအသင်းဆိုတာ တိုတိုပြောရရင် အကြမ်းဖက်မှု၊ခြိမ်းခြောက်မှုတို့ကိုကျူးလွန်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကနေ မတရားအသင်းအဖြစ် အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်ထားတဲ့ အသင်းအဖွဲ့အစည်းတွေကိုဆိုလိုတာပါ။ဥပမာ ကွန်မြူ နစ်ပါတီ(ဗမာပြည်)၊ အလံနီတောင်သူလယ်သမားသမဂ္ဂ စတဲ့အဖွဲ့တွေဖြစ်ပါတယ်။

 အဲဒီလိုမတရားအသင်းကြေညာခံထားရတဲ့အဖွဲ့တစ်ခုခုနဲ့ဆက်သွယ်ပြီး ငွေကြေးထောက်ပံ့တာတို့၊ငွေကြေးလက်ခံ ရယူတာတို့ဟာ ပုဒ်မ-၁၇(၁)အရ အရေးယူခံရနိုင်ပါတယ်။ ထောင်ဒဏ် အများဆုံး-၃ နှစ်ကျခံရနိုင်ပါတယ်။ အဲဒီမတရားအသင်းရဲ့စီမံအုပ်ချုပ်မှုမှာပါဝင်တာ၊အစည်းအဝေးဖြစ်မြောက်အောင်
 ဆော်သြတာ၊ကူညီတာ၊ကမကထ ပြုလုပ်ပေးတာ၊မတရားအသင်းဝင်ဖြစ်တာ၊စသည်တို့ဟာ ပုဒ်မ-၁၇(၂)အရ အရေးယူခံရနိုင်ပါတယ်။ထောင်ဒဏ်အများဆုံး-၅နှစ် ကျခံ ရနိုင်ပါတယ်။

 ကျွန်တော့်မိတ်ဆွေစစ်ဆေးရတဲ့အမှုတွေက အတွဲလိုက်၆တွဲပါ။ အကြောင်းအရာက မတရားအသင်းအဖြစ် ကြေညာ ခံရပြီးပြည်ပနိုင်ငံမှာရှိနေတဲ့ အဖွဲ့အစည်းတစ်ခုဆီကို ၆ ကြိမ်တိတိသွားရောက်ခဲ့တဲ့ကိစ္စလို့ ထင်ပါတယ်။

 ဆိုပါစို့။အဲဒီ-မတရားအသင်းရှိတဲ့နေရာကို တစ်ခေါက်သွားလိုက်၊ဟိုလူဒီလူခေါ်သွားပြီးနောက်တစ်ခေါက်ပို့ပေးလိုက်၊
 ထောက်ပံ့တဲ့ငွေတွေလက်ခံလိုက်၊သုံးစွဲပစ်လိုက်နဲ့ စုစုပေါင်း ၆ကြိမ်သွားခဲ့တယ်လို့ပေါ်ပေါက်ခဲ့ရာမှာ တစ်ခေါက်သွားလိုက်တဲ့ အတွက်အမှုတွဲတစ်တွဲတွဲပါသတဲ့။ တစ်ခေါက်သွားတိုင်းကို ဥပဒေအကြံပြုချက်အရ ပုဒ်မ-၁၇(၁)၊ပုဒ်မ-၁၇(၂)နဲ့  လ၀ကအက် ၁၃(၁)တို့နဲ့စွဲတာပါ။

 တစ်ခေါက်အတွက်ဆိုရင် ၁၇(၁)အတွက်က-၃နှစ်၊၁၇(၂)အတွက်က-၅နှစ် ၊လ၀က၁၃(၁)အတွက်က-၅နှစ်၊စုစုပေါင်း ၁၃နှစ်ပါ။ သွားတွေ့တဲ့အကြိမ်ပေါင်း-၆ကြိမ်အတွက်ဆိုရင်-၇၈ နှစ်ဖြစ်ပါတယ်။

 သူငယ်ချင်းကစဉ်းစားသတဲ့။
မတရားအသင်းဆီက ထောက်ပံ့ငွေယူတဲ့တစ်ကြိမ်အတွက် ၃နှစ်ဆိုတာနဲ့ ပြည်ပကိုတစ် ခေါက်သွားတဲ့အတွက် ၅နှစ်ဆိုတာက သဘာဝကျတယ်လို့ဆိုနိုင်ပေမယ့်၊ မတရားအသင်းဝင်ဖြစ်တယ်ဆိုတဲ့ ၁၇(၂)အတွက် ကတော့ဖြင့် ဘယ်နှခေါက်သွားသွားတစ်ကြိမ်ပဲအပြစ်ဒဏ်စီရင်သင့်တယ်၊ မတရားအသင်းဝင်ဆိုတာ တစ်ကြိမ်သွားဝင်လိုက်၊ ပြန်ထွက်လာပြီးနောက်တစ်ကြိမ်သွားဝင်လိုက်မှမဟုတ်ဘဲ။ အကြိမ်တိုင်းအကြိမ်တိုင်းအတွက် တစ်ခေါက်ကို ၁၇(၂)နဲ့ ၅နှစ်စီ အပြစ်ပေးမယ်ဆိုတာတော့သဘာဝမကျဘူး။

ဒီတော့၆ကြိမ်စလုံးအတွက်၅နှစ်ပြစ်ဒဏ်ကိုတစ်ပေါင်းတည်းကျခံစေသင့်တယ်၊ (တစ်ပေါင်းတည်းဆိုတာ-အဲဒီပုဒ်မအတွက်စုစုပေါင်း-၅နှစ်ပဲကျခံရမယ်ဆိုလိုတာပါ) ဒါဆို မြင်မကောင်းရှုမကောင်း ၇၈နှစ်ဆို တာနဲ့စာရင်၊ ထိုက်သင့်သလောက် ပြစ်ဒဏ်တွေလျော့သွားမယ်၊ ဥပဒေအရလည်း မှန်ကန်မယ်။ 

 တကယ်က ကျွန်တော့်မိတ်ဆွေက ဥပဒေအရ သိသိသာသာကြီးမမှားစေချင်တာပါ။ ဟိုတရားခံကိုစာနာသနားလို့ရယ်မဟုတ်ပါဘူး။သူကအဲသလို ၁၇(၂)ပြစ်ဒဏ်တွေကို    ပေါင်းပေးမှသင့်လျော်မယ့်အကြောင်း သူ့ရဲ့တိုင်းတရားသူကြီးကိုတင်ပြပါသတဲ့။ တိုင်းတရားသူကြီးက လက်မခံခဲ့ဘဲ "အပြစ်ပေးတာကမင်းကိစ္စ၊လျှော့သင့်မသင့်စဉ်းစားတာက ရုံးချုပ်ကိစ္စ"လို့ပြောပါ သတဲ့။
ဆိုပါစို့၊ ကျွန်တော့်မိတ်ဆွေက ထောင်ဒဏ်-၇၈ နှစ်ချလိုက်တော့ (အဲဒီအခါတုန်းက)ဘီဘီစီတို့ ဗွီအိုအေတို့မှာသတင်းပါ လာတယ်။ အုတ်အော်သောင်းတင်းဖြစ်လာတော့ သူ့ရဲ့လူကြီးတစ်ယောက်က ဖုန်းလှမ်းဆက်သတဲ့။

 ၇၈-နှစ်တောင်၊လူတစ်ယောက်ကိုမဆင်မခြင်ဘာလို့ချလိုက်တာလဲတဲ့။ နိုင်ငံရဲ့ပုံရိပ်ကို ဘယ်လောက်ထိခိုက်သလဲဆို တာ မောင်ရင်နားမလည်ဘူးလား-တဲ့။

 မောရစ်ကောလစ်မှားယွင်းခဲ့သလား-ဆိုတာစဉ်းစားရင်း ကျွန်တော့်မိတ်ဆွေရဲ့အတွေ့အကြုံလေးသတိရလို့ပြန်ပြောပြ တာပါ။

 အဲဒီလိုအမိန့်ချမှတ်ခံရတဲ့သူတစ်ဦးတစ်ယောက်မှ အနှစ်သုံးလေးငါးဆယ်မနေခဲ့ရပါဘူး။  အစကတည်းက ဥပဒေအရ သင့်မြတ်လျော်ကန်တဲ့ အပြစ်ဒဏ်မျိုးပေးခဲ့ရင် ခုနာမည်ပျက်နေတဲ့သူတွေလည်း ခုလောက်နာမည်ပျက်စရာရှိမယ်မထင်ဘူး။ ဥပဒေနဲ့မညီတဲ့၊ အရပ်ရပ်နေပြည်တော်၊ ကြားလို့မှမလျော်တဲ့ပြစ်ဒဏ်တွေချမှတ်တာဟာ သူ့လူကြီးတစ်ဦးပြောခဲ့သလို နိုင်ငံရဲ့ ပုံရိပ်ကိုတောင် ထိခိုက်နိုင်တယ်ဆိုတာစဉ်းစားဖို့သိပ်ကောင်းပါတယ်။ 

ကျွန်တော့်မိတ်ဆွေကဥပဒေအရမှန်ကန်မယ်လို့်
သူထင် မြင်တဲ့အတိုင်း အမိန့်ချခဲ့ရင်ဖြစ်ဖြစ်၊
သူ့ရဲ့တိုင်းအဆင့်အကြီးအကဲက ဥပဒေအတိုင်းပဲလုပ်လို့
တိတိကျကျ ညွှန်ကြားခဲ့ရင်ပဲဖြစ်ဖြစ်၊
အထက်ရောက်တဲ့အထိ တင်ပြပေးခဲ့ရင်ပဲဖြစ်ဖြစ်
ခုလို အပြစ်တင်ခံရမှာမဟုတ်ဘူး။ အရုပ်ဆိုးခဲ့မှာမဟုတ်ဘူး။
 အလယ်ကလူ စကားဝဲခဲ့ရင်လည်း မလျော်မကန် အကျည်းတန်တာတွေဖြစ်နိုင်တာပဲဆိုတာ သတိပြုစေလိုတာ ဖြစ်ပါတယ်။   

             ၂၉-၁၀၂၀၁၄၊ ပဲ့တင်သံဂျာနယ် ဆောင်းပါး


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...