Monday, November 26, 2018

ညပေါင်းများစွာ ...

 မောင်ရင့်မာ  ( ကျောင်းကုန်း )

 အခန်းကလေးက ဆယ်ပေခန့်ကျယ်ဝန်းမည်ထင်သည်။ သံတိုင်များအတွင်းရှိ အင်္ဂတေကြမ်းပြင်ပေါ်၌ အေးစက် စိုထိုင်းမှုကို ခံနိုင်ဖို့ ဖရိုဖရဲခင်းထားသည့် အဝတ်ဖျာကလေး သုံး၊ လေးခု တွေ့ရသည်။ အခန်းထဲက လူနှစ်ဦးသည် ပိတ်လှောင်ခံထားရသည့် ကျားနာနှစ်ကောင်လို ခေါက်တုန့်လူးလာ လျှောက်နေသည်။ သွက်သွက်မြန်မြန် ဒေါသတကြီး မဟုတ်၊ လေးလေးတွဲ့တွဲ့ဖြစ်သည်။ သူတို့၏မျက်နှာ၌ နာကျင်မှုတွေ စွန်းထင်းနေသည်။ ဟန်တင်းထားစေကာမှုလည်း သိမ်ငယ်မှုကို ဖုံးမထားနိုင်ဟု ကျွန်တော်ထင်သည်။ သည်နေရာသို့ရောက်လာသူ မည်သူမဆို အသို့လျှင် မသိမ်ငယ် မညှိုးခြုံးဘဲ နေနိုင်ပါမည်နည်း။ 

သူတို့နှစ်ဦးသည် စင်စစ်အခွင့်အာဏာနှင့် ကာလများစွာ နေသားတကျ ရှိခဲ့သူများဖြစ်သည်။ အပြစ်ကျူးသူ၊ သို့မဟုတ် အပြစ်ကျူးလွန်သည်ဟု စွပ်စွဲခံရသူများ၏ လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်စွာ နေထိုင်မှုကို ဆုံးဖြတ်ပေးပိုင်ခွင့်ရှိခဲ့သူများ ဖြစ် သည်။ ယခုသော် သူတို့သည် အဆုံးအဖြတ်ခံရမည့်သူများအဖြစ် ရုတ်ခြည်း ပြောင်းလဲသွားခဲ့ပြီ။ 

မိမိတို့၏ဂုဏ်သိက္ခာနှင့် အရိပ်အာဝါသကို မှီခို၍ ရှင်သန်ရသော မိသားစုသိုက်မြုံကို ထားရစ်ကာ မမျှော်လင့်ပါဘဲ စည်းခြားထားသည့် သံတိုင်များနောက်၌ ပိတ်လှောင်ခံနေရခြင်းမှာ မည်သူ့အတွက်မဆို နာကျင်ကြေကွဲစရာပဲ ဖြစ်ပါသည်။ 

ကျွန်တော်သည် တစ်ခါတုန်းက လောကနယ်ပယ်တစ်ခုတည်း၌ အတူကျင်လည်ခဲ့သူတို့ကို ငေးကြည့်နေမိပါသည်။ ကံကြမ္မာလော၊ ဝဋ်ကြွေးလော၊ သို့မဟုတ် လောဘသက္ကာယလော။ သည်လိုချည်း ဖြစ်လိမ့်မည်ဟူ၍တော့ ကျွန်တော်မထင်ပါ။ ထိုနှစ်ဦးသည် လောဘသက္ကာယနှင့်စပ်လျဉ်း၍ နာမည်ပျက်ခဲ့သူများမဟုတ်။ အကျော်အစော ရှိခဲ့သူ များ မဟုတ်။ ဆင်ခြင်တုံ တရား ပျက်ပြားသွားသည်အထိ ဓနဥစ္စာကို ငမ်းငမ်းတက် တပ်မက်ခဲ့သူများမဟုတ်။ 

သို့ဆိုလျှင် တစ်စုံတစ်ရာကို မလွန်ဆန်နိုင်သောကြောင့်လော၊ မငြင်းပယ်နိုင်သောကြောင့်လော၊ ဘာကြောင့်လဲ။

"ခိုင်းတာကို မလုပ်ရင် မကောင်းဘူးထင်တယ် မောင်လေး။ မင်းမလုပ်ချင်ရင် လူကြီးကို မင်းကိုယ်တိုင် သွားပြောချေ။'' တရားသူကြီးကလေးသည် ထိုစကားကို မလွန်ဆန်နိုင်ခဲ့ဟုဆို၏။ ထို့အတူ ဥပဒေအရာရှိကလည်း သူ့လူကြီးက လုပ်စေချင် သည့်ကိစ္စကို စားပွဲပေါ်တွင် နှစ်လ၊ သုံးလဆိုင်းငံ့၍ စဉ်းစားခဲ့သေးသည် ဆို၏။ ပျံ့နှံ့နေသည့်စကားများ အဘယ်မျှ မှန်ကန်မည် မသိ။ သူတို့၏ဆုံးဖြတ်ချက်ကို ပစ္စက္ခလူ့အဖွဲ့အစည်းက မှန်သည်ဟု လက်မခံနိုင်ခဲ့သည်ကတော့ဖြင့် သေချာသည်။ ထို့ကြောင့် သာပဲ သူတို့နှစ်ဦးမှာ သည်နေရာသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ 

အမြန်လမ်း၌ ကျွန်တော်သည် လျှောက်ခဲ့ဖူးသည့် ခရီးလမ်းကွေ့များကို ပြန်၍ ငေးမျှော်ပါသည်။ အမှန်များ၊ အမှားများ။ နာခံသေဝပ်ခြင်း၊ ငြင်းပယ်ခြင်းနှင့် အမှန်တရား။  ပြီးတော့ အလယ်ကလူ စကားဝဲ၍ ဒုက္ခရောက်ခဲ့သည့် ဇာတ်လမ်းများ။ ပြန်မပြောချင်သည့် အကြောင်းများဖြစ်သည်။ သို့သော် ပြန်ပြောပြမှ ဖြစ်တော့မည် ထင်ပါ၏။ ရာထူးမှထုတ်ပစ်ခံခဲ့ရသည့် စီနီယာတစ်ဦးက ကျွန်တော့်ကို ရင်ဖွင့်ချင်လို့ဟု ဆိုပြီး ရုံးမှာ လာတွေ့သည့် နေ့တစ်နေ့ကို သတိရမိဆဲဖြစ်ပါသည်။ လူက ညိုညိုပုပုနှင့် အသက်ငါးဆယ်ခန့် ရှိမည်။ ''နားလေးသူ'' ဖြစ်သဖြင့်အသံက အတန်ငယ်ကျယ် သည်။ ခိုင်းတဲ့ကိစ္စကို လုပ်မပေးခဲ့ရင် ကျွန်တော်ခုလို ဒုက္ခမရောက်ဘူး” ဟု သူက ဆိုသည်။ 

ဖြစ်ပုံက သူစစ်ဆေးနေသည့် အမှုတစ်မှုတွင် အမှုပေါ်ပေါက်ချက်အရ (အေ)ကို အနိုင်ပေး၍ (ဘီ)ကို အရှုံးပေးသင့်၏။ သူအနိုင်ပေးမည့် (အေ)က နားလေးနေသည့် တရားသူကြီးအတွက် အကောင်းစား နားကြပ်တစ်ခု လက်ဆောင် ဝယ်ပေးခဲ့၏။ စီရင်ချက်မချမီ တစ်ရက်အလို၌ ဌာနမှ လူကြီးတစ်ဦးက သူ့ကိုခေါ်တွေ့၏၊ (ဘီ)ကို အနိုင်ပေးဖို့ပြော၏။ (ဘီ)သည် အနိုင်ရထိုက် သည်ဟု ယူဆ၍ ထိုသို့ခိုင်းခြင်းမဟုတ်။ ပတ်သက်မှုတစ်ခုခုရှိသဖြင့် ခိုင်းသည့်သဘောဖြစ်၏။ ပတ်သက်မှုဆိုတာ ဘာမဆိုဖြစ် နိုင်ပါသည်။ သူသည် အထက်လူကြီးခိုင်းတာဆိုပြီး စီရင်ချက်ကို ပြန်ပြင်ရေး၍ (ဘီ)ကို အနိုင်ပေးလိုက်၏။ 

ဝက်ဝက်ကွဲခဲ့ပါသည်။ ရှုံးသွားသည့်အမှုသည် (အေ)သည် တနုံ့နုံ့ခံစားခဲ့ရဟန် တူပါ၏။ တရားသူကြီးသည် သူ့ထံက တံစိုးလက်ဆောင်ယူပြီးမှ သူ့အပေါ် မတရားဆုံးဖြတ်ခဲ့ကြောင်း တိုင်ကြားခဲ့ရာ ''ကျပ်နှစ်သိန်းတန်နားကြပ် ဝယ်ပေးခဲ့သည့် ပြေစာ''ကိုပါ တွဲတင်ပေးလိုက်၏။ စစ်ဆေးသည့်အဖွဲ့က စီရင်ချက်သည် မသင့်လျော်စွာ မှားယွင်းရှိကြောင်း၊ အမှုသည် ဝယ် ပေးသည့်နားကြပ်ကိုလည်း လက်ခံရယူခဲ့ကြောင်း အရေးယူသင့်ကြောင်း တင်ပြခဲ့၏။ နောက်ဆုံးတော့ သူ့အား ရာထူးမှထုတ်ပစ် (Dismiss)သည့် ဝန်ထမ်းဆိုင်ရာ အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်လိုက်၏။

“ကျွန်တော့်အပြစ်ပါပဲ။ ဥပဒေနဲ့မညီဘူးဆိုတာသိလျက်နဲ့ ကျွန်တော် လုပ်ပေးလိုက်မိတယ်။ သူခိုင်းတာကို ငြင်းခဲ့ရင် ကျွန်တော့်ကို ပြောင်းရုံ၊ အပြစ်တစ်ခုခုပြီးရှာပြီး ရာထူးလျော့ချရုံပေါ့။ အခုလို နာမည်ပျက်နဲ့ ထွက်ရမှာ မဟုတ်ဘူး” ဟုဆိုသည်။ 

ဖြုတ်နိုင်၊ ခန့်နိုင်သည်လည်း မဟုတ်ပါဘဲ အမှုစစ်တရားသူကြီးကို ခြိမ်းခြောက်သလိုလို ပြောဆို၍ ခိုင်းစေတတ်သည့် အလယ်လူတို့ကြောင့် အကျည်းတန်ဇာတ်လမ်းများ ရှိခဲ့ဖူးပါပြီ။ အမှုကို ဘူမသိ၊ ကိုးမသိ" လွယ်လင့်တကူ ဝင်ရောက်စွက်ဖက် တတ်သူတချို့လည်း ခေတ်တိုင်းမှာ ရှိပါသည်။ “ဝန်ထမ်းခေါက်ရိုးကျိုး“နေသော အရာရှိများသည် ကိုယ့်လူကြီးက ခိုင်းလျှင် လုပ် ပေးချင်တတ်ပါသည်။ အမှုသည်များမှာ မရှုံးသင့်ဘဲ ရှုံး၊ မနစ်နာသင့်ဘဲ နစ်နာရတတ်ပါသည်။ 

တရားစီရင်မှုဆိုသည်မှာ ခိုင်းတိုင်းလုပ်ရမည့် အလုပ်မျိုး မဟုတ်သည်ကို နားလည်သူ သိပ်မများလှဟု ထင်ပါသည်။ လူကြီးခိုင်း၍ဖြစ်စေ၊ အုပ်ချုပ်ရေး၏စွက်ဖက်မှုကို မငြင်းနိုင်သောကြောင့်ဖြစ်စေ မိမိဘဝင်မကျနိုင်သော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းသည် ထရားစီရင်မှုယန္တရားကို လွဲမှားစွာ အသုံးပြုလိုက်ခြင်းပဲ ဖြစ်သည်ကို သိသူ သိပ်မများလှဟု ထင်ပါသည်။ ပြဿနာဖြစ်သည့်အခါတိုင်း “အထက်လူကြီးဆိုသူများက မကယ်နိုင်ကြပါ။ ပြဿနာ တကယ်ကြီးလာပါက အထက် လူကြီးများမှာ ပို၍ ကြောက်တတ်ပါသည်။ ဩဇာပေး၍ ခိုင်းလေ့ရှိသော “အလယ်လူ”များက ပို၍ ကြောက်တတ်ပါသည်။ သူက ခိုင်းခဲ့စေကာမူ တရားသူကြီးပဲ၊ ကိုယ့်အမိန့်ကိုယ် တာဝန်ယူပေါ့”ဟု ခပ်တည်တည်နှင့် ရုန်းတတ်ပါသည်။ သဘာဝပဲ ဖြစ်ပါ၏။ ပြဿနာ အကြီးဆုံးနှင့် ကြုံရပါက အကြီးဆုံးဆိုသူတို့မှာ အံ့အားသင့်စရာ ကောင်းလောက်အောင် ''စိတ်ဝမ်းအငယ်ဆုံး'' ဖြစ်နေတတ်ပါသည်။ 

သည်လိုနှင့် ကြွေလွင့်သူတို့ များလှပါပြီ။ သို့သော် ဟိုတုန်းက ဖြစ်ပါသည်။ 

ဟိုတုန်းက မြန်မာနိုင်ငံအထက်ပိုင်းမှာ နာမည်ကျော်"မင်းသားကြီး” တစ်ဦး ရှိပါသည်။ သူ၏ တိုင်းအတွင်းရှိ အမှုများ တွင် "ဖိုးပါချင်" ဖြစ်ပါသည်။ ဟိုအမှုဟိုလိုလုပ်၊ ဒီအမှု ဒီလိုလုပ်စေဟူ၍ ခိုင်းတတ်ပါသည်။ လွှတ်ဖို့၊ လျှော့ပေါ့သည့်ပြစ်ဒဏ် ချမှတ်ဖို့ ရှိသောအမှုများကို သူမသိဘဲ၊ သဘောမတူဘဲ အမိန့်၍မရပါ။ ဓားပြတိုက်ဖို့ မသွားမီ နတ်ပြပူဇော်ရသည့် ဓလေ့ နှင့် တော်တော်တူပါသည်။ အပူသည်တို့သည် မိမိအမှုအနိုင်ရဖို့အလို့ငှာ အမှုစစ်တရားသူကြီးကို ချဉ်းကပ်လေ့ရှိပါသည်။ ချဉ်းကပ်၍ မလျှင် သူ့ထက်ကြီးသည့် အထက်လူကြီးထံ အထုပ်ကြီးနှင့်သွား၍ ချဉ်းကပ်ပါသည်။ သို့ဖြင့် "သမာဓိ နည်း”၍ “လော ဘ”များသည့် အလယ်လူအချို့သည် စွက်ဖက်မှုကို အရသာ တွေ့သွားခဲ့ခြင်း ဖြစ်ပါသည်။ 

တစ်ခါသော် ဒုတိယမြို့နယ်တရားသူကြီးမလေးတစ်ဦးသည် နာကျင်စေမှုတစ်ခု(ရာဇသတ်ကြီးပုဒ်မ ၃၂၃)ကို ပြစ်မှု ထင်ရှားတွေ့ရှိ၏။ ဒဏ်ရာမှာ မပြောပလောက်သဖြင့် ဒဏ်ငွေတပ်ရိုက်ဖို့ ရည်ရွယ်ထား၏။ သို့သော် နစ်နာသူ(တရားလို)သည် အညှိုးအတေးကြီးသူဖြစ်၍ တရားခံအား ထောင်ဒဏ်သုံး၊ လေးလ ချမှတ်ပေးဖို့ တရားသူကြီးမလေးထံ ချဉ်းကပ်၏။ ချဉ်းကပ် ၍ မရသောအခါ မည်သူက ညွှန်ပြလိုက်သည်မသိ၊ နာမည်ကျော် မင်းသားကြီးထံသို့ သွား၍ ချဉ်းကပ်၏။ ပြောရမှာ ရှက်စရာ ကောင်းပါသည်။ မင်းသားကြီးက တရားသူကြီးမကလေးကို ခေါ်တွေ့၏၊ ထောင်ချခိုင်း၏။ တရားသူကြီးမကလေးသည် အမှုတွဲ ပိုက်ပြီး မျက်ရည်လည်ရွဲနှင့် ပြန်လာခဲ့ရ၏။ ဤသို့လျှင် “ငရဲကို ဈေးပေါပေါနှင့် အကြုံလိုက်သူ”တို့ တကယ်ရှိခဲ့ဖူးပါသည်။ 

မင်းသားကြီးသည် တစ်ယောက်တည်းဖြစ်သော်လည်း ပုံပြင်တွေ တော်တော်များခဲ့ပါသည်။ 

တစ်ခါသော် ရေနံထွက်ပစ္စည်းများ သယ်ဆောင်မှုဖြင့် “အရေးကြီးကုန်ပစ္စည်း”ပုဒ်မအရ စွဲဆိုထားသောအမှုတစ်မှုကို မြို့နယ်တရားသူကြီးတစ်ဦးက စီရင်ဆုံးဖြတ်ရန်ရှိ၏။ တိုင်းရုံးသို့ အစည်းအဝေး လာတက်နေစဉ် မင်းသားကြီးက သူ့ကို အစည်းအဝေးခန်းထဲမှ ခေါ်ထုတ်၏။ ရုံးသို့ ချက်ချင်းပြန်လျက် ထိုအမှုကို ချုပ်ရက်နှင့်ဖြတ်ပြီး အမိန့်ချပေးလိုက်ရန် စေခိုင်း၏။ သူသည် ချက်ချင်းပြန်ပြီးနောက် ခိုင်းသည့်အတိုင်း လုပ်လိုက်၏။ ထိုကိစ္စ သတင်းပေါက်သွားရာ မြို့နယ်တရားသူကြီးမှာ အကြီးအကျယ် စစ်ဆေးခံခဲ့ရ၏။ သူ့ဆရာ မင်းသားကြီးက သူခိုင်းသည်ဟု မပြော။ ရေငုံနှုတ်ပိတ် ဆိတ်ဆိတ်နေခဲ့၏။ ဇာတ်ပေါင်းသော် အမှုစစ် တရားသူကြီးမှာ ရာထူးတစ်ဆင့်လျှော့၍ ပြောင်းရွှေ့သည့်ပြစ်ဒဏ်ကိုချမှတ်ခံရပြီး မင်းသားကြီးမှာ ပန်းပန်၍ ကျန်ရစ်၏။ 

တစ်ကြိမ်ကတော့ ထူးခြားသည်။ နေ့လယ်ခင်း အများပြည်သူမြင်ကွင်း၌ ဖြစ်ပွားခဲ့သော လူသတ်မှု(ဓားခုတ်မှု)ကို နစ်နာသူဘက်က ပြေငြိမ်း၍ ရုပ်သိမ်း လွှာတင်၏။ တိုင်းဥပဒေကို ထောက်ခံ၏။ ထိုအမှု ရုပ်သိမ်းပေးလိုက်ဖို့ရာ အမှုစစ်ဆေးသည့် ခရိုင်တရားသူကြီးအား မင်းသား ကြီးက စေခိုင်းပြန်၏။ သည်တစ်ခါတော့ တရားသူကြီးက မနာခံငြင်းဆန်လိုက်၏။ “ရုပ်သိမ်းခွင့် မပြု” ဟု အမိန့်ချခဲ့ရာ ပျာယာခပ်ကုန်၏၊ မျက်ကလဲဆံပြာ ဖြစ်ကုန်၏။ သို့သော် ထိုအမိန့်ကို အစိုးရရှေ့နေက ကျေနပ်မှုမရှိဟုဆိုပြီး တိုင်းရုံးသို့ပြင်ဆင်မှုတက် ၏။ မင်းသားကြီးက ပါးနပ်ပါသည်။ ပြင်ဆင်မှုကို ကိုယ်တိုင်မစီရင်၊ လက်အောက်တရားသူကြီးတစ်ဦးအား အမှုခွဲပေးပြီး ရုပ်သိမ်း ခွင့်ပြုခဲ့၏။ 

ထိုကိစ္စကို မျက်မြင်သက်သေတစ်ဦးက မကျေနပ်၍ တိုင်တန်းခဲ့သော်လည်း မင်းသားကြီးသည် မည်သို့လုပ်လိုက်သည် မသိ။ မျက်လှည့်ဆရာလက်မှ ငှက်ကလေးတစ်ကောင်ပမာ ထိုကိစ္စမှာ အများပြည်သူမြင်ကွင်းမှ ဖျတ်ကနဲ ပျောက်သွားခဲ့၏။ 

ယခုမဟုတ်ပါ။ ဟိုတုန်းက ဖြစ်ပါသည်။ အနိဌာရုံများကို မြိန်ရည်ယှက်ရည် ပြောနေခြင်း မဟုတ်ပါ။ မည်သူ့ကိုမှ ထိခိုက် နစ်နာစေဖို့လည်း မရည်ရွယ်ပါ။ ဌာနအဖွဲ့အစည်းတိုင်းမှာ ကောင်းသူလည်းရှိ၊ ဆိုးသူလည်း ရှိပါသည်။ မည်သည့် အဖွဲ့အစည်းမျှ မသမာသူများဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်သကဲ့သို့ မည်သည့်ဌာနမျှ သူတော်ကောင်းများဖြင့် ဖွဲ့စည်းထားသည်လည်း မဟုတ် ပါ။ "ကိုယ်ကျင့်တရားစံနှုန်း”များ မှားယွင်းပါက အဖတ်ဆည်မရအောင် ဖျက်ဆီးတတ်သည်ကို မြင်သာစေလိုခြင်းပဲ ဖြစ်ပါသည်။

 အမှုထမ်း၊ အရာထမ်းတို့တွင် နာခံသဝပ်ခြင်းသည် အရည်အချင်းကောင်းတစ်ခု ဖြစ်ပါသည်။ သို့သော်ရံဖန်ရံခါ ငြင်းပယ်ခြင်း၌လည်း အလှတရား ရှိပါသည်။ တရားစီရင်မှုဆိုသည်မှာ ကျူးလွန်သူနှင့် နစ်နာဆုံးရှုံးခဲ့သူတို့ အကြိတ်အနယ် ဆိုင်ပြိုင်သည့်ပွဲ ဖြစ်စေကာမူ အများနှင့်သက်ဆိုင်သောကိစ္စတစ်ခု ဖြစ်နေတတ်ပါသည်။ နှစ်ဦး နှစ် ဖက် ကျေနပ်နိုင်ဖို့ ဆိုသည်မှာ သဘာဝအရပင်လျှင်မလွယ်ကူပါ။ အကြောင်းကြောင်းကြောင့် နှစ်ဖက် ကျေနပ်ကြသည့်တိုင် ပစ္စက္ခလူ့အဖွဲ့အစည်းက သူတို့ကို ဖြေသိမ့်ပေးနိုင်သည့် စီရင်ဆုံးဖြတ်မှုကို မျှော်လင့်နေသည်မျိုးလည်း ရှိတတ်ပါသည်။ မည် သည့်အဂတိမှ မကပ်ငြိစေကာမူလည်း အများအမြင်၌ ဘဝင်ကျနိုင်သည့် ဆုံးဖြတ်ချက်ကိုချနိုင်ဖို့ အတော်ကြိုးစားရပါသည်။ 

သည်ကြားထဲ ဘူမသိ၊ ကိုးမသိ ဝင်၍ပါချင်တတ်သော"အလယ်လူတို့ စကားဝဲ” တတ်သည်ကို ပါးနပ်လိမ္မာစွာ ရှောင် ရှားနိုင်ဖို့ လိုပါသည်။ မလျော်သြဇာသုံးမှုကို ငြင်းဆန်နိုင်ဖို့ လိုပါသည်။ 

အစွယ်လိုသူနှင့် အသွားစေခိုင်းသူတို့က အတွင်းကြိတ် ထိတ်လန့်ခြောက်ခြားမှုကို ဖုံးလျက် စိုးရိမ်ပူပန်နေခြင်းများ ရှိကောင်း ရှိမည်ဖြစ်သော်လည်း လုံခြုံနွေးထွေး၍ ခမ်းနားသိုက်မြိုက်သော ဘုံခန်းဆောင်၌ နားနေအိပ်စက်နေဆဲ ဖြစ်ပါသည်။ “လေးညှို့ကို မတင်ပါရစေနှင့်”ဟု ငြင်းဆန်ချင်ခဲ့စေကာမူ မငြင်းဆန်ဝံ့သူတို့သည် အေးစက်စိုထိုင်းသည့် အခန်းကျဉ်းကလေး တစ်ခုအတွင်း ဘယ်လူး၊ ညာလှိမ့်နှင့်ညတာရှည်သောညဥ့်များကို ဖြတ်သန်းရသည်မှာ ကြေကွဲစရာ ဖြစ်ပါသည်။ အလွမ်းဇာတ် တွေ များခဲ့လှပြီ ဖြစ်ပါသည်။ သံယောဇဉ်နှင့် ဝန်းဖွဲ့ထားသည့်မိသားစုတိုင်းမှာ နွေးထွေးချိုမြိန်မှု ရှိပါသည်။ ဂုဏ်သိက္ခာမှီခိုမှုရှိပါ သည်။ ဘဝကံအလျောက် ဆူကြုံနိမ့်မြင့် ရှိကြစေကာမူလည်း မိသားစုတန်ဖိုးများမှာ အတူတူရှိကြသည်ပဲ ဖြစ်ပါသည်။ 

အနာဂတ်လက်ကျန် “နည်း”နေသော ကြီးရင့်သူတို့က အနာဂတ်လက်ကျန် ”များ”သေးသော ငယ်နုသူတို့အား ဒဏ်ရာဒဏ်ချက်တွေကို လက်ဆောင်မနှင်းသင့်သည်မှာ ယုံမှားဖွယ်မရှိပါ။ နာကျင်ခါးသီးမှုတွေကို လက်ဆောင်မနှင်းသင့်သည်မှာ ယုံမှားဖွယ်မရှိပါ။ 

ယခုအခါ ကျွန်တော်တို့၏ နာမည်ကျော်မင်းသားကြီးသည် ဘေးမသီရန်မ အနားယူသွားခဲ့ပါပြီ။ သူ့ကို ပြန်မတွေ့ရ တော့ပါ။ သို့ သော် မကြာသေးမီက မင်းသားကြီးနှင့်စပ်လျဉ်းသည့် သတင်းစကားတစ်ခုကို ကြားလိုက်ပါသည်။ “တော်တော့်ကို တော်တို့လူဗျ။ ဒီဘက်ခေတ်အထိ သူပါမလာတာ သိပ်နှမြောဖို့ကောင်းတယ်” တဲ့။ 

ပြန်မပြောချင်သည့်ဇာတ်လမ်းတွေကို ပြန်ပြောရခြင်းမှာ ထိုစကားကြောင့် ဖြစ်ပါသည်။ ကိုယ်ကျင့်တရားစံနှုန်းများ မမှားယွင်းစေချင်သောကြောင့် ဖြစ်ပါသည်။ ကမောက်ကမများနှင့် အမှားအယွင်းများကို ပြတိုက်ထဲမှာ ထားမြဲ ထားလိုက်ချင် ပါ၏။ သို့သော် ပြတိုက်ထဲမှ ပြန်ထုတ်လိုက်ပါသည်။ အတုယူဖို့ မဟုတ်ပါ။ 

ခေတ်တိုင်းခေတ်တိုင်း၌ တရားစီရင်မှုယန္တရားကို လွဲမှားအသုံးပြုသူတို့သည် ဖုံထူထူခြေဖဝါးနှင့် လှည်းလမ်းကြောင်း ပေါ်မှ မျက်နှာမွဲများ မဟုတ်ပါ။ အထူးတန်းပွဲကြည့်စင်က လူကြီးမင်းများပဲ ဖြစ်နေပါသည်။ 

အိပ်မပျော်သောညများမှာ ညတာရှည်လျားတတ်ပါသည်။      ။



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...