Monday, November 26, 2018

ဆရာမနှင့် ကာလာမ

ဇေယျာမိုးမြင့်စံ

ကြေကွဲစရာပဲဖြစ်ပါသည်။ စိတ်မချမ်းသာစရာပဲဖြစ်ပါသည်။
တက္ကသိုလ်တွင် အငြိမ်းစားယူသည်အထိ တာဝန်ထမ်းဆောင်ခဲ့သော ကထိကဆရာမကြီး တစ်ဦးက ဂျာနယ်တစ်ဆောင်နှင့် အင်တာဗျူးလုပ်သည်။ ဆရာမကြီးက အမှုကိစ္စတစ်ခုနှင့် စပ်လျဉ်း၍ သူ့တပည့်တရားသူကြီးကို သွားရောက်တွေ့ဆုံခဲ့သည်။ ဆရာမကြီးက မှန်ပါသည်ဟု အာမခံခဲ့သောဘက်မှ အမှုသည်ကို တပည့်ဟောင်းတရားသူကြီးက အသာပေးစီရင်ဆုံးဖြတ်ခြင်းမပြုခဲ့။

"ဆရာမက ဆရာမသိက္ခာနဲ့ရင်းပြီး အာမခံခဲ့တယ်။ ဒါနဲ့ပက်သက်ပြီး ဆရာမမျက်နှာကိုမှ မထောက်ဘဲ အမိန့်ချလိုက်တဲ့အခါ ဆရာမကမှန်ပါတယ်လို့ အာမခံထားတဲ့သူကို အရှုံးအမိန့်ချလိုက်တယ်။ ဒီလိုမျိုးတွေဖြစ်တော့"

သောကြာနေ့တွင်ထုတ်ဝေသော ဂျာနယ်တစ်ဆောင်၏ Website တွင် ၂၄-၆-၂၀၁၃ ရက်နေ့က လူသိများ (တပည့်တပန်းများ)သော  ဆရာမကြီး၏ ဓာတ်ပုံနှင့်တကွ ဖေါ်ပြခဲ့သော အင်တာဗျူးသည် တရားစီရင်ရေးနယ်ပယ်တစ်ခုလုံးကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေခဲ့သည်။ 

ထိုသို့အုတ်အုတ်ကျက်ကျက်ဖြစ်ခဲ့ရခြင်းမှာ ဆရာမကြီး၏ သိက္ခာနှင့်ရင်း၍ အနိုင်ပေးစီရင်ရန် အာမခံခဲ့သည့် အမှုကိစ္စကို အရှုံးပေးစီရင်ခဲ့ခြင်းကြောင့်မူမဟုတ်။ တရားစီရင်ရေးနယ်ပယ်တစ်ခုလုံးကိုအညှာအတာမဲ့သိမ်းကျုံး၍ တစ်ပြားမှမတန်အောင် စွတ်စွဲပြောဆိုလိုက်ခြင်းကြောင့်ပဲ ဖြစ်ပါသည်။

"ဒီလိုမျိုးတွေဖြစ်တော့ ဘယ်စိတ်ကောင်းပါ့မလဲနော်။ တရားသူကြီးရာ၊ ဥပဒေပညာရှင်၊ ရှေ့နေတွေရော ရိုးသားမှုကိုအခြေခံပြီး ဘက်လိုက်မှုကင်းစွာလုပ်ရမယ်ဆိုတာ ရှိပြီးသား။ ဆရာမကိုယ်တိုင်လည်း တပည့်တွေအများကြီး မွေးထုတ်ပေးခဲ့တာပဲလေ။ အဲဒီတုန်းက လာဘ်ပေးလာဘ်ယူနေကြပြီး လာဘ်ပေးလာဘ်ယူကြည်ဖြူကြလို့ တစ်ခါမှသင်မပေးခဲ့ပါဘူး။ နောက်ဒီကလေးတွေ တရားရေးနဲ့ ဥပဒေရေးရာနယ်ပယ်တွေမှာ တာဝန်ကြီးတွေယူနေကြပြီး လာဘ်ပေးလာဘ်ယူဆိုတာတွေ ကြည်ဖြူပျော်မွေ့နေတော့"

တကယ့်ကို ကြေကွဲစရာ၊ စိတ်မချမ်းမြေ့စရာပဲဖြစ်ပါသည်။
လွန်ခဲ့သောနှစ်များစွာက ကျွန်တော်သည်မြန်မာ့စီးပွားရေးဘဏ်၏ ပင်စင်ထုတ်ပေးသည့်ဌာနခွဲ တစ်ခုတွင် တာဝန်ထမ်းဆောင်ရင်း အငြိမ်းစားလစာ လာရောက်ထုတ်ယူသည့် ငယ်ဆရာကြီးကို ပြန်လည်တွေ့ဆုံခွင့် ရခဲ့ပါသည်။

ငယ်ငယ်တုန်းက အလွန်ချစ်ကြောက်ရိုသေခဲ့သည့် "ကန့်ကူလက်လှည့်" မူလတန်းဆရာကြီး ဖြစ်ပါသည်။ သက်ဆုံးတိုင်ငယ်ကြောက်ဖြစ်ခဲ့ရသော ဆရာကြီးကို မိမိတတ်နိုင်တာ ကူညီသည့်အနေဖြင့် တိုကင်အမှတ်ကျော်ကာ ပင်စင်လစာငွေကို ထုတ်ပေးခဲ့ပါသည်။

ဆရာကြီးသည်  မျက်နှာမကြည်သာလှသော်လည်း ပင်စင်လစာငွေကို လက်ခံယူသွားခဲ့ပါသည်။ နောက် ၁ လ ဆရာကြီးလာ၍ ပင်စင်လျှောက်လွှာတင်သည့်အခါ ကျွန်တော့ကို ကောင်တာအပြင်မှ လှမ်း၍ခေါ်ပါသည်။ ပြီး - တိုးတိတ်စွာပြောပါသည်။

"ပင်စင်စားဆိုတာ ဆရာလို့ အဘိုးအိုတွေပါပဲတပည့်ရာ။ ဆရာက မင်းရဲ့ဆရာဆိုတာနဲ့ပဲ သူတို့အလှည့်ကိုကျော်ပြီး ငွေထုတ်ပေးလိုက်တော့ ဆရာ့အတွက်တော့ အဆင်ပြေပါရဲ့။ ဘဝတူပင်စင်စားတွေရဲ့မျက်နှာကို ဆရာဘယ်လိုကြည့်ရမလဲ။ ကိုယ့်အလုပ်တာဝန်နဲ့ သိက္ခာကိုရင်းပြီးမှ ဆရာ့ကို ငဲ့ညှာဖို့မလိုပါဘူးကွယ်"

ဖြောင့်မတ်ဖြူစင်သည့် ကန့်ကူလက်လှည့်ဆရာကြီး၏ဆိုဆုံးမချက်ပဲဖြစ်ပါသည်။

သေးငယ်သော်လည်း မှားယွင်းသောကူညီမှုအတွက် ပရိတ်သတ်ဗိုလ်ပုံအလယ်တွင် မဟုတ်ဘဲ တပည့်၏သိက္ခာကိုငဲ့၍ တိုးတိုးကြိတ်ဆုံးမသော ငယ်ဆရာ၏ မေတ္တာကိုလည်း ခံစားရပါသည်။

မိတ်ဆွေတရားသူကြီးပြန်ပြောသော သူ့အတွေ့အကြုံတစ်ခုကလည်း မှတ်သားစရာဖြစ်ပါသည်။

"ကျွန်တော့ဇာတိမြို့လေးမှာ ပြန်ပြီးတာဝန်ကျဖူးတယ်။ ခင်ဗျားလည်းသိတဲ့အတိုင်း အမှုသည်ဆိုတာ သူ့အမှုစီရင်မယ့်တရားသူကြီးကို ဘယ်လိုတွေ့ရမလဲလို့ ဆီလိုအပေါက်ရှာတဲ့ခေတ်။ ပြစ်မှုထင်ရှားလို့ထောင်ချဖို့ သေချာသလောက်ရှိတဲ့ အမှုသည်က တောမှာနေတဲ့ကျွန်တော့အမေကို သွားတွေ့တယ်။ ပြောပေးပါပေါ့။ အမေပြောမှသိရတာက အဲဒီအမှုသည်ဆိုတာ အမေ့ရဲ့ညီမနှစ်ဝမ်းကွဲဗျ"

"ခင်ဗျားအမေဘာပြောလဲ"
"ကျွန်တော့်အမေ တောသူမကြီး ရိုးရိုးပဲပြောတာဗျ၊ ကရင်ဗမာဖြစ်တုန်းက သူတို့ရွာကိုအမေတို့ ပြေးခဲ့ရတယ်။ သူတို့မိဘတွေရဲ့ကျေးဇူးရှိတယ်။ အမှုဆိုတာနှစ်ဘက်ရှိတာမဟုတ်လား။ တစ်ဘက်မျက်နှာသာပေးရင် တစ်ဘက်ကနာသွားမှာပေါ့ - တဲ့။ ကျေးဇူးကိုဒီလိုမဆပ်ရဘူးသားရဲ့။ ဆပ်ရင်လည်းမကြေဘူး၊ ကြွေးမှမဟုတ်ဘဲ - တဲ့ဗျာ"

မိတ်ဆွေတရားသူကြီးတော်တော်များများ၏ အထက်အရာရှိဖြစ်ခဲ့ဖူးသော ညွှန်ကြားရေးမှူး၊ တိုင်းတရားသူကြီးစသူတို့ အငြိမ်းစားယူပြီးနောက် သူတို့စစ်ဆေးစီရင်သော တရားခွင်တွင် ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်နေသည်ကို မကြာမကြာတွေ့ဖူးပါသည်။ အချို့သည် မသိတာ၊ မတတ်တာ၊ နာမလည်တာ၊ သွန်သင်ပြရုံမက သူတို့၏လူမှုဘဝကိုပါ ထိန်းကြောင်းစောင့်ရှောက်ခဲ့သည့် ကျေးဇူးရှိသူများဖြစ်နိုင်ပါသည်။ ထိုထိုပုဂ္ဂိုလ်တို့သည် မတရားအခွင့်ဆို၍ အသက်မွေးမှုမပြုချေ။

တရားသူကြီးချုပ်ဟောင်းဦးလှသင်းသည် ရန်ကုန်မြို့တွင် သူ့တပည့်တရားသူကြီးများ၏ တရားခွင့်တွင် ရှေ့နေလိုက်ပါရင်း သူ၏အိုမင်းသောဘဝကို ဖြတ်သန်းခဲ့သူဖြစ်ပါသည်။ "ရုံးမင်းခင်ဗျာ" ဟု အာလုပ်ပြုလျှက် ဥပဒေ၊ စီရင်ထုံး၊ အကိုးအကားများဖြင့် သူ့တရားခံလွတ်မြောက်ရေး သို့မဟုတ် - သူ့အမှုသည် အနိုင်ရရှိရေးအတွက် တရားရုံးရှေ့တွင် တစာစာ လျှောက်လဲတင်ပြနေခဲ့ဖူးပါသည်။

အမှုတွဲပေါ်ပေါက်ချက်နှင် သက်သေခံအထောက်အထားများကို စိစစ်ဝေဖန်၍သာလျှင် စီရင်ဆုံးဖြတ်ရမြဲဖြစ်သော တရားရုံးများတွင် ရှေ့နေကြီးဦးလှသင်းလိုက်ပါသော အမှုဟူသမျှ အနိုင်ရရှိခဲ့သည်မဟုတ်ပါ။ 
ရှုံးနိမ့်ခဲ့သော စီရင်ဆုံးဖြတ်ချက်ကို ကြည်ဖြူစွာလက်ခံ၍ အထက်တရားရုံးအဆင့်ဆင့် တက်ရောက် ပြိုင်ဆိုင်ခဲ့သည့်ပဲဖြစ်ပါသည်။

"ဆရာလိုက်တဲ့အမှုတိုင်း နိုင်ကိုနိုင်ရမယ်ဆို ဘယ်တရားပါ့မလဲကွယ်၊ အနိုင်မရထိုက်တဲ့အမှုတစ်ခု ရှုံးနိမ့်သွားတာကိုလဲ ကျေနပ်နိုင်ရမှာပေါ့ ။ ဒါအင်မတန် သဘာဝကျပြီး အင်မတန် မင်္ဂလာရှိတဲ့အချက်ပဲ"

ဆရာမတစ်ဦးဦးက သိက္ခာနှင့်ရင်း၍ အာမခံသော အမှုတိုင်းကိုသာ တပည့်ဟောင်းတရားသူကြီးတို့က အနိုင်ပေးစီရင်ရမည်ဆိုပါက ရှေ့နေရှေ့ရပ်များ အလုပ်အကိုင်ရှားပါး၍ အငြိမ်းစားဆရာ၊ ဆရာမများ မအးမလပ်ရအောင် အလုပ်များဖွယ်ရာ ရှိပေလိမ့်မည်။

နိုင်ငံတော်တရားရုံးချုပ်တရားသူကြီးတာဝန်ကို ထမ်းဆောင်ခဲ့သော ဥပဒေပါမောက္ခနှစ်ဦး ရှိပါသည်။ သူရို့လိုတပည့်တပန်းများပြီး သူရို့နယ်အာစရိယဂုဏ်ကို လေးမြတ်ရိုသေသော သူမျိုးရှိအံ့ဟု ကျွန်တော်မထင်ပါ။

 သို့သော် ထိုပါမောက္ခအိုကြီးနှစ်ဦးလုံးသည် ကျောင်းတုန်းက စာသင်ပေးခဲ့၍ တရားဌာနတွင် လက်အောက်အရာရှိဖြစ်နေသော တပည့်ဟောင်း တရားသူကြီး ပေါက်စနများ စစ်ဆေးစီရင်နေသည့် အမှုအခင်းတစ်ခုကို အနိုင်ပေးစီရင်ရန် တနည်းနည်းဖြင့် ဖိအားပေးခဲ့သည်ဟု တစ်ရံခါမျှ မကြားဖူးခဲ့ပါ။ သူရို့၏ ဂုဏ်သိက္ခာနှင့်ရင်း၍လည်း မည်သည့်အမှုသည်ကိုမျှ မှန်ကန်ကြောင်း အာမမခံခဲ့ပါ။

အဘယ်ကြောင့်ဆိုသော် အာစရိယဂုဏ်ဆိုသည်မှာ အမှုတစ်မှုအနိုင်ရရှိရေးအတွက် အာမခံအဖြစ် အသုံးချလောက်အောင် သေးနုပ်သည့် တံစိုးလက်ဆောင်မဟုတ်သောကြောင့် ဖြစ်ပါသည်။

သို့မဟုတ် အမှုအခင်းဟူသမျှအနိုင်လိုမှုအလို့ငှာ တူညီသော ဥပဒေအခွင့်အရေးဖြင့် ဆိုင်ပြိုင်ကြသည်ကို တရားမဲ့ဝင်ရောက်စွက်ဖက်မှုမပြုလိုသော ကြောင့် ဖြစ်ပေလိမ့်မည်။

" ..... အို ကာလာမအမျိုးသားတို့၊ မိမိတို့ဆည်းကပ်ကိုးကွယ်သောဆရာတို့၏ စကားဟူသမျှကိုလည်း ဟုတ်ပြီ၊ မှန်ပြီ၊ အကျိုးရှိပြီဟု မှတ်ယူခြင်းမပြုကုန်လင့်။ 

အို ... ကာလာမအမျိုးသားတို့ ဤ တရားတို့သည် အကုသိုလ်တရား၊ အပြစ်ရှိသောတရား၊ ပညာရှိတို့ ကဲ့ရဲ့အပ်သောတရားတည်း၊ ထိုတရားတို့ကို ကျင့်သုံးပါက ဆင်းရဲခြင်းငှာဖြစ်ကုန်၏ဟု သင်တို့ကိုယ်တိုင် ကိုကယ်ကျ သိရှိ၏။ ယင်းတို့ကိုစွန့်ပယ်ရာ၏။ ဤ အာတို့သည်ကား ကုသိုလ်တရား၊ အပြစ်မရှိသောတရား၊ ပညာရှိတို့ချီးမွမ်းသောအရာတည်း။ ထိုတရားတို့ကို ကျင့်သုံးပါက ချမ်းသာခြင်းငှာ ဖြစ်ကုန်၏ဟု သင်တို့ကိုယ်တိုင်ကိုယ်ကျ သိရှိ၏ ယင်းတို့နှင့် ပြည့်စုံနေကုန်ရာ၏"
(အင်္ဂုတ်တ္တရနိကာယ်၊ တိကနိပါတ်၊ မဟာဝဂ်၊ ကေသမုတ္တိသုတ်)

ဤမြေကမ္ဘာတွင် ကျေးဇူးတရားတို့သည်  အမှန်ရှိ၏။ ဘုရားအစရှိသော သူတော်ကောင်းတို့သည် ကျေးဇူးတရားတွင် သက်ဝင်လေးမြတ်ကြသော်လည်း တစ်ဦးတစ်ယောက်သောသူအပေါ် တရားမဲ့ပြုစေပြီးမှ ကျေးဇူးဆပ်ခြင်းကို ချီးမွမ်းတော်မူမည်ဟု ကျွန်တော်မယုံကြည်နိုင်ချေ။ ကျေးဇူးဆိုသည်မှာ ကြွေးမီမဟုတ်သောကြောင့်ဖြစ်သည်။

(ဇေယျာမိုးမြင့်စံ)
ပဲ့တင်သံဂျာနယ် (၁၈-၇-၁၃)



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...