Monday, November 26, 2018

တရားသူကြီးတစ်ယောက်၏ ကျင့်ဝတ်သိက္ခာ

ပြေလွင်မြင့်

‘‘တရားသူကြီးတစ်ယောက် ရဲ့ ကျင့်ဝတ်သိက္ခာနဲ့ သူရထားတဲ့ ကုလားထိုင်ကို လဲကောင်းလဲရမယ့်အခါမျိုးမှာ သူ့ရဲ့ ကုလားထိုင်ကို ရွေးချယ်လိုက်ခြင်းက မတော်မတရားမှုတွေ ဖြစ်ရခြင်းရဲ့အကြောင်းရင်းတစ်ခု ဖြစ်မယ်ထင်ပါတယ်’’

တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် တွေ့ဆုံပွဲတစ်ခုတွင် အထက် ပါအတိုင်း ကျွန်တော်ပြောခဲ့မိပါ သည်။ ထိုပွဲသို့ ဖိတ်ကြားခံရသူ များတွင် တရားစီရင်ရေးကို စိတ် ၀င်စားသည့် INGO များမှ ရှေ့နေ ၁၀ ဦးခန့်နှင့် အငြိမ်းစားတရား ရေးအရာရှိ နှစ်ဦးပါသည်။ အား လုံးပါဝင်ဆွေးနွေးခွင့်ရခဲ့ကြသည့် လွတ်လပ်ပွင့်လင်းသော တွေ့ဆုံ ပွဲတစ်ခုပဲ ဖြစ်ရာ ရှေ့နေအများစု က ပြောခဲ့သည်တို့မှာ တရားရုံး အနိဋ္ဌာရုံများပဲ ဖြစ်ပါသည်။ အမျိုးသမီးရှေ့နေတစ်ဦးက သူမ၏ တရားရုံးအတွေ့အကြုံကို ရင်ဖွင့်ပြောပြရင်း စင်ပေါ်တွင် ငိုချလိုက်တော့မည်ကဲ့သို့ပင် ဖြစ်ခဲ့ပါသည်။ အားလုံးမှန်သည်ဟု မဆိုသာ စေကာမူ အားလုံးမှားသည်ဟု မငြင်းသာနိုင်ပါ။

ဘာတွေဖြစ်နေသည်ကို သိနိုင်ရန် တရားရေးဌာနကို စီမံကွပ်ကဲသည့် ပုဂ္ဂိုလ်များနားထောင်သင့်ပါသည်။

ကျွန်တော်သည် ဌာနကို ကိုယ်စားပြုတက်ရောက်ခြင်းမ ဟုတ်သဖြင့် အချို့ဖြစ်ရပ်များကို စာနာခံစားမိစေကာမူ ၀န်ခံပိုင်ခွင့် မရှိသကဲ့သို့ ငြင်းဆိုပိုင်ခွင့်မရှိ ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး တရားသူကြီးချုပ်ကသာလျှင် ဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း စကားခံလျက် ကျွန်တော်၏ အ တွေ့အကြုံနှင့် အတွေးအမြင်ကို (အခွင့်ရှိသရွေ့)ပါဝင်ဆွေးနွေးခဲ့ ခြင်း ဖြစ်ပါသည်။

Judicial Ethics နှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ် တော်ချုပ်နှင့် ICJ (International Commission of Jurists) တို့ ပူး ပေါင်းပြုလုပ်သည့် အလုပ်ရုံဆွေး နွေးပွဲတစ်ခုကို ၂၀၁၅ ခုနှစ်က နေပြည်တော်သင်္ဂဟဟိုတယ်တွင် ကျင်းပရာ ဌာနကျေးဇူးဖြင့် ကျွန် တော်လည်း တက်ရောက်ခွင့်ရ သည်။ ပွင့်လင်းသော ဆွေးနွေးပွဲ တစ်ခုပဲ ဖြစ်ပါသည်။

ထိုပွဲတွင် အိုင်စီဂျေမှ ဥပဒေ ပညာရှင်များက နိုင်ငံတကာလူ့ အခွင့်အရေးကြေညာစာတမ်း၊ တရားသူကြီးများ၏ ကျင့်ဝတ် သိက္ခာဆိုင်ရာ နိုင်ငံတကာစံနှုန်း များကို အခြေပြုဆွေးနွေးခဲ့သည် ဟု မှတ်မိပါသည်။ ကျွန်တော်တို့ ဘက်မှ အခြေခံဥပဒေပါ တရားစီ ရင်ရေးဆိုင်ရာမူများ၊ တရားသူ ကြီးများကျင့်ဝတ်နှင့် သိမှတ်ဖွယ် ရာများ (အ၀ါရောင်စာအုပ်)တို့ကိုအခြေပြု၍ ဆွေးနွေးခဲ့သည်ဟု မှတ်မိပါသည်။

အဆိုပါစာအုပ်ကို ၂၀၀၁ ခုနှစ်တွင် နိုင်ငံတော်တရားရုံးချုပ် က (သူ့ခေတ်သူ့အခါနှင့် လျော် ညီအောင်) ပြုစုခဲ့ခြင်း ဖြစ်ပြီး တရားသူကြီး၏ ဂုဏ်အင်္ဂါ၊ ကျင့် ၀တ်စသည်တို့ကို ရာဇသတ်၊ ဓမ္မ သတ်ကျမ်းများမှ ထုတ်နုတ်ထား သည်တို့လည်း ပါရှိပါသည်။

ကျွန်တော့်အလှည့်တွင် ကျွန်တော်(တို့အဖွဲ့)က သဘောမညီ သည်များကို ဆွေးနွေးခဲ့ပါသည်။

တရားသူကြီး၏ ဂုဏ်အင်္ဂါ အဖြစ်ဖော်ပြသည့် ‘အမျိုးသီလ နှင့် ပြည့်စုံခြင်း’ဆိုသည်မှာ တိကျ သေချာမှုမရှိသည့်အပြင် ခေတ် နှင့်မညီကြောင်း၊ ကျင့်ဝတ်အပိုင်း ၌ ‘အမှုသည်တို့၏ အမျိုးဝံသ ဇာတ်သဘာဝကိုကြည့်ရှုအပ် ခြင်း’ဆိုသည်မှာ အနက်ထွေပြားေ၀၀ါးကြောင်း၊ အထူးသဖြင့် နိုင်ငံ ရေးအမြင်၊ စစ်ရေးအမြင်၊ စီးပွား ရေးအမြင်၊ အုပ်ချုပ်ရေးအမြင်ဆို သည်တို့ကို ‘အမြင်လေးမြင်’ဟု ဖော်ပြ၍ ‘အရာရာတွင် အမြင် လေးမြင်ဖြင့် ရှုမြင်သုံးသပ်ဆောင် ရွက်’ဟု ဖော်ပြထားခြင်းမှာ တရားသူကြီးတစ်ယောက်၏ ကျင့်ဝတ် နှင့် မသက်ဆိုင်သည့်အပြင် လွတ် လပ်သော တရားစီရင်မှုနှင့် သွေ ဖည်ကြောင်း၊ လွတ်လပ်သော တရားစီရင်မှုကို ထိပါးရာရောက် ကြောင်းစသည်ဖြင့် လွတ်လွတ် လပ်လပ်ပါဝင်ဆွေးနွေးခဲ့ပါသည်။

Participants အဖြစ် ကျွန် တော်တို့နှင့်အတူ တက်ရောက် သည့် တရားလွှတ်တော်တရားသူ ကြီးတစ်ဦးက ‘‘ဒါလေး ကျွန်တော် ပြောရင် ကောင်းပါ့မလား’’ဟု တိုင်ပင်ပါသည်။ ‘‘ဆရာအသက် ဘယ်လောက်ရှိပြီလဲ’’မေးရသည်။ ‘‘အခုအသက်အရွယ်မှာမှ မပြော ရင် ဆရာဘယ်တော့ပြောမလဲ’’ ဆိုတော့မှ သူလည်း ပွင့်ပွင့်လင်းလင်း ၀င်ရောက်ပြောဆိုပါတော့သည်။

တော်တော်ကောင်းသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုပဲ ဖြစ်ပါ သည်။ အိုင်စီဂျေမှ ပုဂ္ဂိုလ်များက နိုင်ငံတကာတွင် တရားသူကြီးများကို မည်သို့အရည်အချင်းစိစစ်ပုံ၊ ခန့်ထားပုံ၊ မည်သို့အရေးယူပုံ (သူတို့အဖွဲ့တွင်ပါသည့် သြစ တြေးလျမှ အမျိုးသမီးတရားသူ ကြီးမှာ တရားစွဲဆိုမှုခံရပြီးမှ လွတ် မြောက်ခဲ့သူ ဖြစ်သည်)စသည်တို့ ကို ဆွေးနွေးရာ ကြားမြင်သုတတိုးစေခဲ့ပါသည်။

သို့သော် သူတို့နှင့် ကျွန်တော်တို့အကြား ကွာဟချက်များတော် တော်ရှိသည်။ အဓိကမှာ ကျွန် တော်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ ဖြစ်သည်။ သူတို့က နိုင်ငံတကာ စံနှုန်းများကို အခြေခံ၍ ပြော သည်။ ကျွန်တော်တို့က အခြေခံ ဥပဒေကို စံနှုန်းထား၍ တည်ဆဲ ဥပဒေအကန့်အသတ်ဘောင်အ တွင်းမှ ဆွေးနွေးသည်။ တော် တော်ကွာဟနေသည်။ ‘‘လူကြီး မင်းတို့အနေနဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲမလုပ်မီ ကျွန်တော်တို့ရဲ့ အခြေ ခံဥပဒေကို သေသေချာချာလေ့ လာခဲ့ပါသလား’’ဟု မေးခွန်းထုတ် ခဲ့ရသည်အထိ။

ကောင်းစေလိုသော စိတ် ဆန္ဒနှင့် ဆွေးနွေးခဲ့ကြရာ ကျေနပ် စရာလည်းကောင်း၊ ရင်မောစရာ လည်းကောင်းပါသည်။

တကယ်တော့ တရားစီရင် ရေးဆိုသည်မှာ အမျိုးသားရေး ကိစ္စဟုပင် ဆိုနိုင်ပါသည်။ နိုင်ငံ အတွင်း မှီတင်းနေသူအားလုံးနှင့် သက်ဆိုင်သည်။ နိုင်ငံသို့ လာ ရောက်ရင်းနှီးမြှုပ်နှံလိုသူများနှင့် လည်း သက်ဆိုင်သည်။ အလွန် အရေးကြီးပါသည်။

တရားသူကြီးပေါက်စဘ၀ တွင် တရားရုံးချုပ်အကြီးအကဲ တစ်ဦးက ကျွန်တော်တို့ကို တွေ့ ဆုံ၍ မှာကြားခဲ့ဖူးသည်။ သူ၏ မှာကြားချက်တွင် ‘‘တရားခံကို အပြစ်ပေးလိုက်လို့ဆိုပြီး ဘယ်တရားသူ ကြီးအရေးယူခံရတာ မင်းတို့ တွေ့ဖူးသလဲ’’ဟု ပါသည်။ ဆရာက သူ၏ တပည့်သားမြေးများ ခလုတ် မထိဆူးမငြိစေလိုသည့် စိတ်စေတနာဖြင့် ပြောခြင်းဖြစ်ပါလိမ့် မည်။ သို့သော် တရားသူကြီးတစ် ယောက်၏ တာဝန်မှာ အပြစ်ကျူး လွန်သူကို ပြစ်ဒဏ်ကျခံစေဖို့ ချည်းမဟုတ်၊ အပြစ်မကျူးသူကို ရဲရဲတင်းတင်းလွှတ်ပစ်ရန်လည်း ဖြစ်သည်ဆိုသော အချက်တစ် ချက်ကျိုးပျက်သွားသည်။

‘‘ဘယ်လိုပဲဖြစ်ဖြစ်၊ ကျုပ်တို့ က အပြစ်ပေးလိုက်ရင် တာဝန် ကင်းတယ်’’ဆိုသည့် အတွေးအ ခေါ်ကြီးစိုးသွားခဲ့သည်။

ထိုအချက်ကြောင့် မတော်မ တရားမှုများဖြစ်ခဲ့သည်။ ထိုအ ချက်ကြောင့် အပြစ်မရှိသူကို အ ပြစ်ပေးလိုက်ရမည်လားဟု ခြိမ်းခြောက်သူ၊ အခွင့်အရေးယူ၍ လုပ်ကိုင် စားသောက်သူတို့ ရှိလာ သည်။ စွပ်စွဲခံရသူတိုင်းကို အ ပြစ်ပေးလိုက်လျှင် တရားသူကြီး ၏ တာဝန်ကျေပွန်ပြီဟူသော အတွေးအခေါ်မှာ လူ့အဖွဲ့အစည်းအတွက် တော်တော်အန္တ ရာယ်ကြီးပါသည်။

ထို့ကြောင့်လည်း ခေတ်တစ် ခေတ်လုံးတွင် တရားစီရင်ရေး သည် အများတကာ၏ လက်ညှိုး ထိုးစရာ၊ မေးငေါ့စရာ၊ တံတွေး ခွက်မှာ ပက်လက်မျောစရာဖြစ်ခဲ့ ရသည်။ ထောက်လှမ်းရေးအဖွဲ့ ၀င်ရှေ့တွင် ပြစ်မှုကျူးလွန်ကြပုံ များကို ကွင်းဆက် မိမိအစစ်ခံထားခြင်းမှာ သက်သေခံဥပဒေပုဒ်မ- ၂၄ တွင် ဖော်ပြထားသည့် သွေး ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကတိပြုခြင်းတို့ကြောင့် ပြုလုပ် ကြောင်း ပေါ်လွင်ထင်ရှားခြင်း မရှိဆိုကာ ထောက်လှမ်းရေးစစ် ကြောချက်များကို လက်မခံနိုင် စရာအကြောင်းမရှိကြောင်း၊ နိုင်ငံ ၏ အမြင့်ဆုံးတရားရုံးက ဆုံးဖြတ် ခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် ဦးရဲနောင်ပါ-၂ (၁၉၉၁၊ မတစ၊ စာ-၆၃) စီရင်ထုံးမှာ ခေတ်တစ်ခေတ်၏ တရားစီရင်မှု ပြယုဂ်ဖြစ်ခဲ့သည်။

မကြာသေးမီက ခရိုင်တရားသူကြီးတစ်ဦး၏ လူမှုကွန်ရက်စာ မျက်နှာတွင် Judicial Ethics နှင့် စပ်လျဉ်းသည့် မူကြမ်း (Draft) ကို မြို့နယ်တရားသူကြီးများပါဝင် ဆွေးနွေးနေကြောင်း ဖော်ပြထား သည်။

(The Bangalore Princi-ples of Judicial Conduct-2002) သည် တရားစီရင်ရေးဆိုင် ရာကျင့်ဝတ်များ၌ လိုအပ်သည့် အရည်အသွေးစံနှုန်းများ (Values) ဖြစ်ပြီး နိုင်ငံတကာစံနှုန်းတစ်ခု လည်း ဖြစ်ရာ ယင်းစံနှုန်းပေါ်တွင် အခြေခံထားခြင်း ဖြစ်မည် ထင်ပါ သည်။ အမှီအခိုကင်းမှု၊ သမာသ မတ်ကျမှု၊ အခြေခံလွတ်လပ်ခွင့် ရှိမှုနှင့် တာဝန်ခံမှုဆိုသော အချက်လေးချက်သည် အိုင်စီဂျေက လက်ခံသည့် တရားသူကြီးများ၏ ကျင့် ၀တ်စံနှုန်းဖြစ်မည် ထင်ပါသည်။

ခေတ်တစ်ခေတ် ပြောင်းတိုင်း ကျင့်ဝတ်တစ်ခါပြောင်း မည်ဆိုလျှင်လည်း ယင်းကျင့်ဝတ်သည် ကျင့်ဝတ်မမည်နိုင်ပါ။ မည် သို့ဆိုစေ တရားသူကြီး၏ ကျင့် ၀တ်သိက္ခာသည် Utopia ဟု အပြောခံရမည့် လက်တွေ့နှင့် ကွာဟနေသည့် စံနှုန်းများမဖြစ် စေဘဲ လက်တွေ့လိုက်နာကျင့် သုံးအပ်သည့်၊ ကျင့်သုံးနိုင်စရာရှိ သည့် ကျင့်ဝတ်များဖြစ်လိမ့်မည် ဟု ထင်ပါသည်။

အခြေခံဥပဒေနှင့် ပြည် ထောင်စုတရားစီရင်ရေးဥပဒေ အရ မြန်မာနိုင်ငံတွင် တရားသူကြီးချုပ် ၁၅ ဦးရှိသည်။ နိုင်ငံ၏ တရားစီရင်ရေးကံကြမ္မာသည် ယင်းတို့ ၏ လက်ထဲတွင်ရှိပါသည်။ Code of Judicial Conduct ဖြစ်ပါလိမ့် မည်။ တရားသူကြီးတစ်ယောက် ၏ ကျင့်ဝတ်သိက္ခာဆိုသည်မှာ တရားသူကြီးအများကျင့်သုံးရ မည်ဖြစ်သော အနိမ့်ဆုံးအားဖြင့် အရေးကြီးသည့် တရားသူကြီးတို့ က မလွဲမသွေလိုက်နာကျင့်သုံးနေ သော ကျင့်ဝတ်သိက္ခာများဖြစ် လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါ သည်။      ။



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...