Monday, November 26, 2018

လေဒီရှူးနဲ့ ခုံဖိနပ် 

မောင်ရင့်မာ(ကျောင်းကုန်း)

(၁)

“အဲဒီမိန်းကလေးက တရားခံလားဟင်…နွယ်”

လုပ်ပြီ။ ခင်မမဝေတစ်ယောက် နွယ်ရုံးခန်းသို့ ရောက်လာပြီဆိုကတည်းက ထုံးစံအတိုင်း အပျိုကြီးပီပီ ဟိုမေးဒီမြန်းနှင့် စပ်စပ်စုစုလုပ်တော့မယ်ဆိုတာ နွယ်က အစင်းသိ။ 

“ဟုတ်တယ် မမဝေ၊ သူ့နာမည်က ၀င်းဝင်းမြိုင်တဲ့” 

တရားခွင်က အမှုခေါ်နေပြီဖြစ်၍ ‘ရဲအမှုတွဲ’ ကို ကသောကမျောဖတ်နေရာမှ ရဲမေတစ်ယောက်နှင့်အတူ ဖြတ်သွားသော ၀င်းဝင်းမြိုင်၏ နောက်ကျောကို ဖျတ်ခနဲ လှမ်းကြည့်ရင်း နွယ်က ဖြေလိုက်သည်။ 

“အလိုတော် ရုပ်ကလေးသနားကမားနဲ့ ဘာမှုတဲ့လဲ နွယ်” 

“ပြည့်တန်ဆာ”

“ဟယ်” 

“နွယ် အခု အဲဒီအမှုကို ဦးဗျက်ဇဟုမ်းတရားခွင်မှာ သွားစစ်ရမယ်။ မမဝေ စိတ်ဝင်စားရင်လိုက်ခဲ့လေ"

ခင်မမဝေမျက်နှာက ရှက်သွေးဖြင့် ရဲခနဲ နီမြန်းသွားသည်။ 

"နွယ်ကလည်းဟယ်၊ ကိုယ်က ၀င်းဝင်းမြိုင်ကို စိတ်ဝင်စားလို့ပါ။ ယူ့တရားသူကြီး ဦးဗျက်ဇဟုမ်းကို စိတ်ဝင်စားလို့ မဟုတ်ပါဘူး "ဟု မမဝေပြောတော့ နွယ်က ငါသိပါတယ် သာလိကာရယ်ဆိုသော မျက်လုံးမျိုးနှင့် ခင်မမဝေကို စိုက်ကြည့်လိုက်သည်။ ပြီး သူငယ်ချင်းကို နားလည်စွာ ပြုံးပြလိုက်သည်။ 

ဦးဗျက်ဇဟုမ်း ပြောင်းရွှေ့လာတာ ရက်ပိုင်းပဲရှိသေးသည်။ ခင်မမဝေ နေ့လယ်က နွယ့်ရုံးကို ၀င်လာရင်း သူနှင့်ဆုံ၍ မိတ်ဖွဲ့ပေးလိုက်သည်။ ဦးဗျက်ဇဟုမ်းကလည်း ဖော်ရွေပျူငှာသွက်လက်ချက်ချာရှိသည်။ … ဌာနက အရာရှိအပျိုကြီးပီပီ အင်မတန် မျက်နှာထားခက်ထန်သည်ဟု နာမည်ကြီးသော နွယ့်သူငယ်ချင်း ခင်မမဝေမျက်နှာ ကလည်း ပြုံးရွှင်ချိုလက်နေသည်။ 

ညနေရုံးဆင်းတော့ " သူက လူပျိုလားဟင် "ဟု နွယ့်ကို မေးသည်။ 

" ဟင်းနော် အပျိုကြီး " 

ခုရက်ပိုင်းအတွင်းတွင်မှ တရားခွင်မှာ အမှုစစ်တာကို စိတ်ဝင်တစား လာရောက်နားထောင်လိုပါသည်ဆိုသော သူငယ်ချင်းကို နွယ်က ဘာသာစကားမကွဲပြားသော ဘ၀တူမိန်းမသားပီပီ နားလည်မှုထားရပါလိမ့်မည်။

(၂)

ဝင်းဝင်းမြိုင်။ အသက်အရွယ်က နွယ်တို့နှင့် သိပ်ကွာလှမည်မဟုတ်။ သုံးဆယ်ကျော်ရုံပဲရှိလိမ့်ဦးမည်။ သို့သော် သူက ရှိရင်းစွဲအသက်ထက် ပို၍ရင့်ရော်ပုံရသည်။ ဘ၀ရဲ့ ဒဏ်ရာဒဏ်ချက်တွေက သူ့ကို ဘယ်လောက်ထုနှက်ခဲ့ပြီလဲ မသိနိုင်။ အပေါစားမိတ်ကပ်များ ခြယ်သနေကျ သူ့ပါးပြင်က ချောမွေ့ပြေစင်ခြင်းမရှိ။ ပေါ်လွင်ဖြောင့်စင်းသော နှာတံအောက်က နှုတ်ခမ်းတွဲတွဲလေးများမှာ ခြောက်သွေ့လို့နေသည်။ ခန္ဓာကိုယ်အဆက်အပေါက် အချိုးအစား လှပပေမဲ့ ပြည့်တင်းစိုဝင်းခြင်းမရှိတော့။ သိသိသာသာ လျော့ရဲအိတွဲနေလေသည်။ ပြည့်တန်ဆာတဲ့။ ဣနြေ္ဒရှင်မိန်းကလေးတစ်ဦးအဖို့ ဘယ်လောက်မသတီဖွယ် နုံချာဆိုးရွားလိုက်တဲ့ ဝေါဟာရလဲလို့။ 

“ကျွန်မ ဥက္ကံတွင် စားဝတ်နေရေး မပြေလည်သောကြောင့် ကျွန်းကလေးရှိ အဒေါ်ဖြစ်သူထံလာပြီး ကုန်စိမ်း အတူရောင်းပါသည်။ ထို့နောက် မြင်းလှည်းမောင်းသူ ကိုကျော်ဌေးနှင့် ချစ်ကြိုက်ရည်ငံလျက် ကိုကျော်ဌေးအိမ်သို့ လိုက်သွားခဲ့ပါသည်။ နောက်တစ်နေ့တွင် ကျွန်မတို့လင်မယားထံ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်လူကြီးများ ရောက်လာလျက် ဧည့်စာရင်းစစ်ပါသည်။ ကျွန်မတို့လင်မယားအား ဧည့်စာရင်းမတိုင်မှုဖြင့် ဖမ်းဆီးကြောင်း သိရပါသည်။ ကျွန်မသည် အခကြေးငွေယူ၍ ယောက်ျားများနှင့် ပျော်ပါးခြင်းမရှိပါ။ ထို့ကြောင့် ကျွန်မ၌ အပြစ်မရှိပါ။” 

သူ၏ထုချေချက်မှာ ရိုးရိုးလေးပင် ဖြစ်သည်။ မ၀င်းဝင်းမြိုင်ကို စွပ်စွဲထားတဲ့ ပုဒ်မက ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေပုဒ်မ ၇(၁) (က)။ စီမံချက်ဝင်အမှု။ ပြည့်တန်ဆာအဖြစ် အမြဲတစေ အသက်မွေးဝမ်းကျောင်းသူဖြစ်ကြောင်း ပေါ်လွင်အောင် စစ်ဆေးပေးနိုင်လျှင် အမှုလိုက်ဥပဒေအရာရှိအဖြစ် ဆောင်ရွက်ရသော နွယ့်တာဝန်ကျေပြီ။ သို့သော် ခုအမှုမှာက ၀င်းဝင်းမြိုင်အပေါ် ပြည့်တန်ဆာမအဖြစ် စွပ်စွဲနိုင်ရန် အထောက်အထားများမှာ အားနည်းချည့်နဲ့လှကြောင်း “ရဲအမှုတွဲ”ကို လေ့လာကတည်းက နွယ် သဘောပေါက်ပြီးဖြစ်သည်။ တစ်ခုပဲရှိသည်။ ထိုတစ်ခုကို ပေါ်လွင်ထင်ရှားအောင် နွယ် အားထုတ်ရပေးလိမ့်မယ်။ 

နွယ်က ပြန်လှန်မေးခွန်းမေးရန် မတ်တတ်ရပ်လိုက်ပြီး ၀င်းဝင်းမြိုင်ကို စေ့စေ့ကြည့်လိုက်သည်။ ၀င်းဝင်းမြိုင်ကလည်း ထီမထင်သော မျက်လုံးများဖြင့် နွယ့်ကို ပြန်ကြည့်သည်။ မျက်လုံးချင်းအားပြိုင်နေသည်။ 

“ပြည့်တန်ဆာခေါင်းလုပ်မှုနဲ့ ကိုကျော်ဌေးကို ဖမ်းဆီးအရေးယူဖူးတယ်ဆိုတာ မ၀င်းဝင်းမြိုင်သိတယ်နော်” 

“ဟင့်အင်း ကျွန်မ မသိပါဘူး” 

“စောစောက မ၀င်းဝင်းမြိုင်ရဲ့ ထွက်ဆိုချက်အရ ကျွန်းကလေးကို ရောက်လာတာ မေလ တစ်ရက်နေ့နော်” 

“ဟုတ်ကဲ့” 

“ဘယ်နှရက်လောက်အကြာမှာ ကိုကျော်ဌေးနဲ့ ချစ်ကြိုက်သွားတာလဲ” 

“နှစ်ရက်…အဲ…မဟုတ်ဘူး၊ သုံးရက်” 

“ကဲ…စာရေးကြီးရေ၊ အဲဒါလေး သေသေချာချာ လိုက်ရေးပေးပါ။ ကျွန်မ ကျွန်းကလေးသို့ ရောက်ရှိပြီး ဆယ့်ငါးရက်အကြာတွင် ကိုကျော်ဌေးနှင့် တွေ့ဆုံချစ်ကြိုက်ကြပြီးနောက် သုံးရက်အကြာတွင် ကိုကျော်ဌေးအိမ်သို့ ခိုးရာလိုက်သွားခဲ့ပါသည်လို့ ရတယ်နော်” 

စာရေးကြီးကိုတင်ရွှေက သူ့ထုံးစံအတိုင်း နှေးနှေးကွေးကွေး လေးလေးလံလံ လိုက်ရေးနေသည်ကို နွယ်က စိတ်ရှည်လက်ရှည် သည်းခံနေရ၏။ သည်းခံစောင့်ဆိုင်းရခြင်းအတွက် နွယ့်အဖို့ အကျိုးရှိနိုင်ပါသည်။ နွယ်က ထိုအချက်ကိုပင်လျှင် တရားသူကြီး ဦးခေါင်းထဲသို့ တစိမ့်စိမ့် ပျံ့နှံ့စီးဝင်စေချင်သည် မဟုတ်ပါလား။ ဦးဗျက်ဇဟုမ်းကို ပါးနပ်သော တရားသူကြီးတစ်ဦးဟု နွယ်ယုံကြည်သည်။ 

(၃)

ပါးလည်းပါးနပ်၍ သွက်လည်းသွက်လက်သည့် နေရာမှာတော့ ဦးဗျက်ဇဟုမ်းနှင့် ခင်မမဝေကို နွယ်လိုက်မမီ။ နေ့လယ် လက်ဖက်ရည်သောက်ချိန်ဆိုလျှင် ခင်မမဝေသည် နွယ့်ရုံးသို့ အချိန်မှန်ရထားတစ်စီးလို့ ရောက် ရောက်လာတတ်ပြီ။ နွယ်က “ဦးဗျက်”ဟု ခေါ်သလို မမဝေက လိုက်ခေါ်သည်။ နွယ်က ‘မမဝေ’ဟုခေါ်သလို ဦးဗျက်က လိုက်ခေါ်သည်။ သူတို့သည် တိုတောင်းသောကာလအတွင်းမှာပင် ရင်းနှီးသွားကြပြီး နေ့လယ်ဘက်မာမွတ်ဆိုင်မှာ လက်ဖက်ရည်အတူသောက်ကြသည်။ တစ်ခါတစ်ရံ မမဝေတို့ရုံးက ကင်န်တင်းမှာ အသုပ်စားကြသည်။ သည်တစ်ခါတော့ မမဝေ အရအမိ သုတ်တော့မည် ထင်သည်။ တောင်ပေါ်သားလေးရဲ့ စူးရဲတဲ့အကြည့်တွေဟာ မမဝေကို ရင်ခုန်ပူနွေးစေသတဲ့လေ။ စင်စစ် မမဝေသည် နွယ့်လောက်မလှပါ။ နွယ့်ထက်ပို၍ အသားညိုသည်။ ညိုသော်လည်း ညက်သည်။ မျက်နှာက ကြည့်ပျော် ရှုပျော် ရွက်ကြမ်းရေကျိုမျှသာ။ သို့သော် အသားနှင့်လိုက်ဖက်အောင် ပြင်တတ်ဆင်တတ်သည်။ ကိုယ်လုံးကိုပေါက်တော့ လှသည်။ နွယ်နှင့်ကျောင်းမှာကတည်းက တစ်ခန်းတည်း အတူတူနေခဲ့သူ။ နွယ်တို့နှစ်ယောက်သည် ဘာအကြောင်းမှ မည်မည်ရရမရှိဘဲ ခုထိတိုင် အပျိုကြီးလိုင်စင်ဖြင့် တိုင်မင်မကိုက်ဘဲ ရှိနေဆဲ ဖြစ်သည်။ 

“သိပ်လည်းစဉ်းစားမနေနဲ့ မမဝေ၊ ခုခေတ်မှာ တို့နဲ့သက်တူရွယ်တူ လူပျိုအရာရှိဆိုတာလည်း အရှားသား၊ မြန်မြန်စဉ်းစားပြီး မြန်မြန်ဆုံးဖြတ်မှ ဖြစ်မယ်” 

“ကြည့် နွယ်ကလည်းလေ။ အဲဒါ စဉ်းစားဆုံးဖြတ်ဖို့ ယူ့ကို တိုင်ပင်တာပေါ့လို့” 

မမဝေမျက်နှာလေးက ရှက်ရွံ့ခြင်းဖြင့် ထူအမ်းနီမြန်းနေသည်။ ပြောသာ ပြောရသည်။ နွယ့်ရင်ထဲမှာလည်း မမဝေ ဖွင့်ဟတိုင်ပင်တော့ ဆွေးမြည့်နေသည်။ သူငယ်ချင်းကို နှမြောတာများလား။ 

“သိပ်အကြာကြီး လုပ်မနေဖို့ပြောတာ မမဝေရဲ့။ ဖျတ်လတ်သွက်လက်တဲ့ တောင်ပေါ်သား လူချောလေးကို ဟိုအုပ်စုကလည်း အလစ်ချောင်းနေတာ” 

“ဘယ်သူလဲ၊ ဘယ်သူလဲ” 

မမဝေ ပြူးပြူးပျာပျာဖြစ်သွားသည်။ နွယ်လည်း ရယ်ချင်သလိုဖြစ်လာ၍ ရယ်ချင်စိတ်ကို ထိန်းကာ သာသာ ထိုးထိုးလေးပြောလိုက်သည်။ 

“ဘယ်သူရှိရဦးမှာလဲ။ မေခရေတို့၊ ခင်ခင်ခိုင်တို့ အုပ်စုပေါ့။ သူတို့ငှားနေတဲ့ အဆောင်နဲ့ ဦးဗျက်နေတဲ့အိမ်နဲ့ က တစ်လမ်းတည်းမဟုတ်လား။ ဦးဗျက် စားရသောက်ရ ချက်ပြုတ်နေတာ သနားလို့ ညနေ ညနေဆို စားသောက်ဖွယ်တွေ စီမံပို့ရတာ အမော” 

“ဟင်း …မုန့်လေပွေမတွေ၊ ရွကို ရွတယ်။ တစ်ခါတည်း မပြောလိုက်ချင်ဘူး”

(၄)

မ၀င်းဝင်းမြိုင်က ခပ်တောင့်တောင့်ရပ်နေသည်။ နွယ်က လက်ယာဘက်တွင် နေရာယူ၍ ထိုင်သည်။ တရားခွင်ပေါ်မှာ ‘ဦးဗျက်’က အ၀ါရောင် ခေါင်းပေါင်းစတလူလူနှင့် အမိန့်ဖတ်နေသည်။ 

“စွပ်စွဲခံရသူ မ၀င်းဝင်းမြိုင်သည် အဒေါ်ဖြစ်သူနှင့် ကုန်စိမ်းလိုက်ရောင်းသည်ဆိုသော်လည်း ထောက်ခံသည့် သက်သေတစ်စုံတစ်ဦးကိုမှ တင်ပြနိုင်ခဲ့ခြင်းမရှိပေ။ ထို့ပြင် တစ်ကြိမ်တစ်ခါမှ သိကျွမ်းရင်းနှီးခဲ့ခြင်းမရှိသော သူစိမ်း ယောက်ျားတစ်ဦးအား စတင်တွေ့ဆုံသည်မှ ဆယ့်ငါးရက်အတွင်း ချစ်ကြိုက်ခဲ့ပြီးနောက် သုံးရက်အကြာတွင် အတူ ပေါင်းသင်းရန် ခိုးရာလိုက်ခဲ့သည်ဆိုခြင်းမှာ ဣနြေ္ဒရှင် မြန်မာမိန်းကလေးတို့၏ သဘောသဘာဝဖြစ်သည်ဟု ယုံကြည်လက်ခံရန် ခဲယဉ်းပေသည်။ သို့ဖြစ်၍ ....” 

တရားသူကြီးသည် သူ၏စီရင်ချက်တွင် မ၀င်းဝင်းမြိုင်အား ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းသူဖြစ်ကြောင်း သုံးသပ်ဖော်ပြလျက် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေပုဒ်မ ၇(၂)အရ (၁)နှစ်အတွင်း ကောင်းမွန်စွာ နေထိုင်စေရန် ငါးထောက်ကျပ်တန် ခံဝန်သူနှစ်ဦးဖြင့် ခံဝန်ချုပ်ပြုလုပ်ဖို့ အမိန့်ချမှတ်လိုက်သည်။

(၅)

“ဟယ်… ကြည့်စမ်း၊ ကြည့်စမ်း။ မမဝေရယ် မြန်လိုက်တာ”

“ နိုး…ယူပဲ သိပ်အကြာကြီး စဉ်းစားမနေနဲ့ဆို။ အဲဒီတော့ ကိုယ်က သူများနောက်ပါမှာစိုးပြီး ခပ်မြန်မြန် အဖြေပေးလိုက်တာပေါ့လို့” 

အချစ်ဖြင့် ရွှန်းလက်ပျိုမျစ်နေသော မမဝေရဲ့မျက်နှာလေးက လန်းဆတ်တောက်ပနေလေသည်။ 

“ဒါနဲ့ ဒီနေ့ ဘာနေ့ပါလိမ့်” 

“ဇွန် နှစ်ဆယ့်ငါး” 

ဦးဗျက်ကို မမဝေ စတင်တွေ့ဆုံသည်မှာ တစ်လတင်းတင်းပြည့်သောနေ့ဟု နွယ် စိတ်တွက် တွက်လိုက်မိသည်။

“ ဘာဖြစ်လို့မေးတာလဲ နွယ်” 

မမဝေက ပြုံးပျော်ကြည်နူးနေရာမှ မျက်နှာပိုးသတ်၍ နွယ့်ကို နားမလည်သလို ကြည့်မေးသည်။ 

“သြော်…ဆယ့်ငါးရက်နဲ့ တစ်လဆိုတာ သိပ်မကွာခြားပါဘူးလို့ တွေးနေမိလို့ပါ မမဝေ” 

ထိုစကားစုကလေးကို နွယ် မပြောဖြစ်လိုက်ပါ။ တစ်စုံတစ်ရာသော ဆုံးရှုံးမှုက နွယ့်နှလုံးသားကို ခပ်ကြမ်းကြမ်း ဆုပ်ညှစ်ထားသောကြောင့် ဖြစ်သည်။         ။ 



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...